Tuesday, June 28, 2011

၂. စုန်းဖြူ စုန်းမဲ တစ်ကောင်ထဲ

“ဖိုးပလံ နင်ဒီကျောင်းပိတ်ရက် သိပ်ငြိမ်တာပဲ ငါ့ဆီတောင် ရောက်မလာဘူး” ခခ က အသံစူးစူးနဲ့အော်လိုက်တယ်။

မော်စီကလည်း “အင်းလေ၊ ငါ့ဆီလည်းမလာပါဘူး” ၀င်အော်တယ်။

“နင်တို့ ငါပြောရင်လည်း ယုံမှာမဟုတ်ဘူး၊ ဒါကြောင့်မပြောတော့ပါဘူးလေ၊ ဟဲဟဲ၊ သိလား ငါရွှေသော့ရခဲ့တယ်။ ရွှေသော့နဲ့ဖွင့်တဲ့နေရာလည်းရောက်ခဲ့တာပဲ”

“ဟင် မပြောတော့ဘူး ဆိုပြီး ဆက်ပြောတယ်။ မနားတမ်းပြောမယ့် သဘောရှိတယ်။ မော်စီရေ ငါတို့ ကစားကွင်းသွားရအောင်၊ ပင်ပေါင်သွားရိုက်ရအောင်၊ လာ လာ၊ အခုပဲ သွားစို့၊ မြန်လေကောင်းလေပဲ” ခခ က မျက်စောင်းထိုးပြီး ပြောပါတယ်။
ခခ ကတော့ တကယ်ပဲ ညစ်ပြီ။

“အေးပါ၊ ခခရယ်၊ နင်ကလည်း၊ ဘယ်လိုဖြစ်တာလည်းချက်ချင်းကြီးပဲ၊ ပင်ပေါင်ရိုက်တာလည်းရိုက်တာပေါ့၊ ငါ ပြောတာလေးလည်း နားထောင်ရင်းသွားပေါ့ဟ”

“ဟီး ဟီး၊ ရယ်ရတယ်၊ ဖိုးပလံရော ခခရော ငပေါကြီးတွေ” မော်စီက အသားလွတ်ကြီး ၀င်နှိပ်ပါတယ်။

“အမ် ..” သူကလည်း တမျိုး၊ ခခ က တခွီးခွီး ရယ်ပါတော့တယ်။

“ပြောပါရစေဟာ၊ ငါ့ရဲ့ ရွှေသော့စွန့်စားခန်းအကြောင်း၊ ငါသိပ်လိုချင်တဲ့ ရွှေသော့ရလာတဲ့အခါ နောက်ဆုံးတော့လည်း ဘာမှတော့မဟုတ်တော့ဘူး၊ ဒါပေမဲ့ ငါကျေနပ်သွားတယ်ဟ၊ ငါ လိုချင်တပ်မက်စိတ်တွေများ၊ လောဘနောက်ဇွဲသန်သန်နဲ့လိုက်ရင်း နောက်ဆုံးတော့ ဒီလမ်းကိုပဲသွားရတာဆိုတာ ငါ့ကို စိတ်နယ်လွန်တန်ခိုးရှင်တစ်ဦးကပြလိုက်တာပဲ ဖြစ်ရမယ်။ အဘိုးရေမွန်များလားပဲ”

မော်စီက မျက်မှောင်အစွမ်းကုန်ကျုံရင်း “အမလေး၊ လုပ်ပြန်ပြီ၊ စကားလုံးတွေကကြီးကျယ်လိုက်တာ၊ အဘိုးရေမွန်ဆိုတာ ဟို မှော်ဆရာဖြူကြီးကို ပြောတာလား” လို့ ပြန်မေးပါတယ်။

“မင်းကလဲ မှော်ဆရာလို့ပဲ၊ တီထွင်ပါရဂူလုပ်ပါဟ”

“လူတိုင်းဒီလိုပဲ ခေါ် ခေါ်နေကြတာကိုး”

“ဖိုးပလံ နင်ပြောမယ်ဆိုလည်းပြောတော့၊ ငါသိချင်လာပြီ၊ ဘယ်မှာလည်း ရွှေသော့၊ ပြလေ”

“ဒါက ဒီလိုရှိတယ်၊ ရွှေသော့ရတော့ ရတယ်၊ မရတော့မရဘူး၊ ငါ တွေ့တာက အိမ်မက်ထဲမှာလို တကယ်လိုလို၊ ငါ သောကြာနေ့ညကနေ အိပ်လိုက်တာ၊ နောက်တစ်နေ့ နေ့လည်ပိုင်းကျော်တဲ့အထိ မထလို့၊ မေမေကတောင်ဆူတယ်၊ ကာတွန်းစာအုပ်တွေလည်း ဘေးမှာတွေ့တော့ တညလုံးမအိပ်ပဲ ကာတွန်းတွေဖတ်တယ်ထင်နေတာ၊ တကယ်က ငါ ကာတွန်းဖတ်တာအစလေးပဲရှိဦးမယ်၊ ပြီးတော့ ကာတွန်းထဲငါရောက်သွားတယ်၊ တီထွင်ပါရဂူဖိုးဆိတ်ဖြူကာတွန်းလေ၊ ဖိုးဆိတ်ဖြူက အဘိုးရေမွန်ဖြစ်သွားရော၊ ပြီးတော့ လေ .. x....X....x... X..*...x * X ... x ..အရိပ်တွေက ဟောဒီလို ... X ...x ... ငါးအကျင့်ပုတ်က ဒီလိုပုံ .. x ...X ”  အမူအရာမျိုးစုံလုပ်ပြီး သူတို့ကိုပြောပြလိုက်ပါတယ်။

ဖိုးပလံပြောပြနေရင်း မော်စီနဲ့ ခခ ကို ကြည့်လိုက်တယ်။ ဖိုးပလံအရိပ်တွေပုံစံလုပ်ပြရင် သူတို့ ကိုယ်တွေကလည်း လှုပ်စိလှုပ်စိနဲ့၊ ပြီးတော့ ဖိုးပလံလုပ်ပြသလို ငါးတွေလို ပါးစပ်ဂငယ်ပုံတွေဖြစ် သိပ်ရယ်ရတာပဲ၊ ပြောတဲ့သူ အားပါးတရရှိအောင် ဟယ် ........  ဟာ ........          ဟင် ......... ဆိုပြီး အသံမျိုးစုံထွက်ပြီးလည်းနားထောင်ကြပါတယ်။

ချောမောလှပတဲ့အဘွားအကြောင်း အဘိုး၃ယောက်မှာ အသက်အကြီးဆုံးအဘိုးက ကလေးပိစိလေးလို့ဆိုတော့ မော်စီက အသံအကျယ်ကြီးနဲ့အော်ရယ်ပါတော့တယ်။ “ဖိုးပလံရာ .. မင်းညီရာ .. မင်းက စကားအလွန်ကြွယ်တယ်၊ လေပေါလိုက်တာ၊ သောကြာသားဖြစ်ရမှာ ကြာသပတေးသားဖြစ်နေရတယ်လို့၊ .. ဟုတ်တော့ဟုတ်သားပဲ ကြာသပတေးက သောကြာနဲ့ နီးတာကိုး ဟား ဟား ဟား”

ခခ က မနေနိုင်တော့ဘူး .. “နောက်ဆုံး ဘာဖြစ်သွားလဲ၊ ပြောပါဟယ်၊ မော်စီရာ .. နင်ကလည်း မနောက်ပါနဲ့”

“ဟီး နောက်ဆုံးလား ငါက သော့လိုက်ရှာလိုက်တာ အသက်ကြီး ကြီးသွားရော ခခကလည်း အဒေါ်ကြီးအရွယ်ဖြစ်ရောတဲ့၊ အဒေါ်ကြီးခခက လှတော့အလှသား၊ ခခ သိလား .. နင်က အခုပုံနဲ့များ တခြားစီပဲ”

“ဟိဟိ” ခခ က ပါးစပ်ကို လက်ဝါနဲ့ပိတ်ပြီးရယ်တယ်။

“ပြီးတော့ ရွှေသော့နဲ့ ဖွင့်လို့ရတဲ့နေရာတွေ့လို့ တခါတည်းဖွင့်လိုက်တာ သက်တံကြီးဆီတက်တဲ့နေရာရောက်ရောတဲ့ .. ရောက်မှတော့ ငါလဲ မထူးဘူးဆိုပြီး သက်တံကြီးပေါ်တက်လိုက်တာပဲတဲ့ .. ဟဲဟဲ၊ ခခ နင်ကလည်း စပ်ကို စပ်စုတယ် သက်တံပေါ်ထိ လိုက်လာသေးတယ်။ အိပ်မက်လိုကြီးပဲ၊ ဒါပေမဲ့ အခုပြန်ပြောပြရင် အခုထိကြောက်တယ်။ ငါ သက်တံပေါ်ကလေအေးအေးနဲ့ စိမ့်ကနဲ ချမ်းပြီး လန့်နိုးလာတော့ .. အင်း ငါ နိုးတာအသေအချာပါ၊ ဒါပေမဲ့ ငါ့ လက်တွေကို အမြန်ကြည့်လိုက်သေးတယ်။ ငါ့ ညာဘက်လက်မှာ အကြောတွေကထောင်လို့ အမွှေးအမျှင်သန်သန်ကြီး လူကြီးတစ်ယောက်ရဲ့ လက်ကြီးလိုပဲ၊ ငါ ကြည့်နေတုန်း တဖြည်းဖြည်းချင်းပြောင်းသွားတာ၊ နတ်သမီးတိုင်းပြည်ကို ငါ တကယ်ရောက်သွားခဲ့တယ်ထင်တယ်“

မော်စီက သြဘာပေးတယ်၊ “ဖိုးပလံ ငပေါ” တဲ့။

ခခ က .. မျက်လုံးထောင့်ကပ်ပြီး ဘာတွေစဉ်းစားနေမှန်းမသိ ငြိမ်နေခဲ့ပါတယ်။

ဒီလိုနဲ့ ဖိုးပလံတို့ သူငယ်ချင်းတွေ ကျောင်းတက် အိမ်စာတွေလုပ်နဲ့ မအားကြပါဘူး။ ဖိုးပလံကတော့ ကြိတ်ပြီး စဉ်းစားနေတယ်။ သူ အဘိုးရေမွန်ဆီကို သွားတွေ့ချင်တယ်။ ခခနဲ့ မော်စီတို့ကိုတော့ ပြောမနေတော့ပါဘူး။

တစ်နေ့ ...
ကျောင်းပိတ်ရက်မနက်စောစောပဲ အဘိုးရေမွန်ရဲ့ခြံကြီးဆီကို စက်ဘီးလေးနဲ့ ထွက်လာခဲ့တယ်။ အဘိုးရေမွန်ကြိုက်ပါ့မလား၊ အဘိုးရေမွန်သူ့ကို တွေ့ချင်ပါ့မလားပဲ၊ သူ့အိမ်မှာရော ရှိမှ ရှိပါ့မလားပဲ၊ ဖိုးပလံတွေးမိရင်း စိတ်တော့ပူမိတယ်။ အဘိုးရဲ့ခြံကြီးက ဖိုးပလံတို့ ရွှေလိမ္မော်မြို့လေးရဲ့ အရှေ့ဘက်၊ ရွှေလိမ္မော်သကြားစက်အလွန်မှာရှိတာ၊ နည်းနည်းတော့ဝေးတယ်။ ဖိုးပလံအတွက်ကတော့ သကြားစက်မရောက်ခင် တ၀က်ညောင်ပင်အထိ လမ်းလျှောက်ရင်းတောင် ခဏခဏရောက်နေကြမို့ စက်ဘီးနဲ့ဆို အသာလေးပဲ၊ ဖိုးပလံစက်ဘီးကို မြန်မြန်နင်းပါတယ်။ ဘေးမှာ ကြံပင်တွေရိပ်ခနဲ ရိပ်ခနဲ ကျန်ခဲ့တာသိပ်ကြည့်ကောင်းတယ်။ ဒါပေမဲ့ စိတ်ထင်တိုင်း နင်းလို့တော့မရဘူး၊ ဒီမြို့ပြင်ဘက်ထွက်တဲ့လမ်းကြီးဟာ ကြံကားကြီးတွေဖြတ်ဖြတ်ပြီးသွားကြလွန်းတော့ စက်ဘီးနင်းရတာ မကောင်းပါဘူး၊ ဒီရွှေလိမ္မော်မြို့သကြားစက်ဆီကိုသွားတဲ့ ကြံကားကြီးတွေလမ်းမမှာ တချိန်လုံးဖြတ်နေကြတယ်။ စက်ဘီးအတွက် လမ်းလျှောက်ဖို့ လမ်းသပ်သပ်ပေးမထားဘူး၊ အဲဒီတော့ မတော်တဆထိခိုက်မိတာတွေဖြစ်ကြရော၊ ရွှေလိမ္မော် အမှတ် ၁ အထက်တန်းကျောင်းက ကျောင်းသားလေးတွေကျောင်းကအထွက် လမ်းမကြီးပေါ်ရောက်တာနဲ့ ကြံကားကြီးတွေနဲ့ အပြိုင်ပဲ လမ်းမကြီးကိုလုပြီး အသုံးပြုကြရတာကိုး။

တ၀က်ညောင်ပင်ကျော်လာတော့ မျက်နှာကိုပြေးရိုက်တဲ့ လေကပိုအေးလာတယ်။ နားထဲမှာ ၀ှီးဝှီးဆိုတဲ့ အသံတွေကြားလာရတယ်။ ရှေ့နောက်ထပ် မိုင်ဝက်လောက်ဆို အဘိုးရေမွန်ရဲ့ခြံကြီးကိုရောက်ပြီ၊ အဘိုးရေမွန်အရင်က ဖိုးပလံတို့ ရွှေမျက်နှာတိုင်းပြည်ရဲ့ အထက်ပိုင်း၊ ရွှေလိပ်ပြာမြို့က တောင်ကြားတွေဘက်မှာ သူ့ရဲ့ စမ်းသပ်မှုတွေလုပ်ဖို့ စခန်းကြီး ဆောက်ခဲ့သေးတယ်တဲ့၊ အဲဒီမှာ ဖောက်ခွဲစမ်းသပ်မှုတစ်ခုလုပ်ခဲ့တဲ့အခါ ရွှေမျက်နှာတိုင်းပြည်က မြို့တွေတော်တော်များများကနေ ကျယ်လောင်တဲ့အသံကြီးကို ကြားခဲ့ရတယ်လို့ပြောကြတယ်၊ ပြီးတော့ တွင်းနက်နက်ကြီးတစ်ခုပေါ်လာပြီး တွင်းပတ်လည်အနီးအနားမှာရှိနေတဲ့ သစ်ပင်တွေဟာ တွင်းနက်ကြီးအတွင်းဘက်ကို အကုန်လုံး ယိမ်းယိုင်နေခဲ့ကြတယ်၊ အားလုံးတွင်းကြီးထဲကို ယိုင်နေကြတဲ့ဓါတ်ပုံတွေကို သတင်းစာတွေမှာ ဖော်ပြခဲ့ကြတယ်လို့ ဖေဖေတို့ပြောပြဖူးတယ်၊ နောက်တော့ လူတွေအထိတ်တလန့်ဖြစ်ရတာကြောင့် အဘိုးရေမွန် စမ်းသပ်မှုကြီးတွေလုပ်လို့ မရတော့ဘူး၊ သူ့ရဲ့အခုရွှေလိမ္မော်မြို့ခြံကြီးမှာပဲ သူ့ဘာသာ တီထွင်မှု သေးသေးမွှားမွှားပဲ လုပ်လို့ရတော့တယ်တဲ့။

အဘိုးရေမွန်ရဲ့ခြံကြီးနားကိုရောက်လာပြီ၊ အဘိုးရေမွှန်ရဲ့ ခြံရှေ့က ကြေးနီပုန်းပုရုပ်ကြီးကလည်း သိပ်ထူးခြားတာပဲ၊ မြေကြီးပေါ်မှာ ဦးခေါင်းကြီးက ခပ်စောင်းစောင်းအနေအထားအပေါ်ကို မော့နေပြီး လက်နှစ်ဖက်က ၄၅ဒီဂရီလောက်စောင်းလျှက်ပဲ ကမ္ဘာလုံးကြီးကို ဆုတ်ကိုင်ထားတဲ့ပုံ၊ ကမ္ဘာလုံးကြီးရဲ့ အပေါ်ဘက် စောင်းစောင်းလွတ်နေတဲ့ဘက်မှာ အလင်းတွေဖြာထွက်လာတဲ့ပုံစံ လုပ်ထားတယ်။ အပေါ်ဘက်လက်မှာမှ ရေမွန်လို့ ရေးထားပြီး အောက်ဘက်လက်မှာ လျှပ်စစ်မိုးကြိုးသွားပုံစံပါတယ်။ ခြံစည်းရိုးက သစ်သားခြံစည်းရိုး ခပ်နိမ့်နိမ့်လေးပဲ၊ တံခါးမကြီးကလည်း သစ်သားတံခါးအိုကြီးပါပဲ၊ သော့ခတ်မထားဘူး။ ဒါနဲ့ ဖိုးပလံ တံခါးကြီးကို တွန်းဖွင့်ပြီး ၀င်လိုက်တယ်။ အဘိုးရေမွန်ရဲ့အိမ်ကြီးကလည်း crook house လို့ခေါ်ရမယ့် တွန်လိမ်ကောက်ကွေးနေတဲ့အိမ်ပုံစံမျိုး ဆောက်ထားသေးတာ၊ အဓိက အဆောင်သုံးခုလောက်ရှိတယ်။ အလယ်ကအဆောင်ကတော့ သိပ်ပြီးကောက်ကွေးမနေဘူး၊ ဘေးနှစ်ဆောင်က တံခါးပေါက်လေးတွေက တွန့်တွန့်ကွေးကွေးလေးတွေရယ်၊ ခြံထဲဝင်လာတော့ ပုန်းညက်ပင်ကြီးအောက်မှာ သစ်သားခုံလေးချလို့ အဘိုးရေမွန်က ၀က်မလွတ်ဌက်ပျောသီးတွေကိုအခွံခွာပြီး သေးသေးအမြှောင်းလေးတွေလှီးကာ ဗန်းထဲထည့်နေတယ်။ ဌက်ပျောသီဗန်းလေးတွေကို နေရောင်ရတဲ့နေရာတွေမှာလိုက်ချနေပါတယ်။ အဘိုးရေမွန်က ဖိုးပလံကို မြင်တော့ ချက်ချင်းပဲ မှတ်မိရှာတယ်။ “ဟေး ဖိုးပလံလားကွဲ့၊ လာကွယ် လာ .. လာ”  အဘိုးရေမွန်က လှိုက်လှိုက်လှဲလှဲခေါ်ပါတယ်။ ခြံထဲမှာ မာကလာပင်တွေ အများကြီးပဲ၊ အဘိုးရေမွန်မာကလာပင်တွေက အသီးတွေများလိုက်တာ၊ ဖိုးပလံက မာကလားသီးသိပ်ကြိုက်တော့ သဘောကျပြီးမေးလိုက်တယ်။
“အဘိုးရေမွန်ခြံထဲ မာကလာပင်တွေအများကြီးပဲ အသီးတွေကလည်းအများကြီးပဲ အဘိုးခူးမစားဘူးလား”
“ဒီအပင်က အူဖြူသီး၊ ဟိုဘက်က အပင်တွေက အူနီသီးပင်တွေ၊ အူနီသီးပင်တွေက ပိုများတယ်၊ အဘိုး ခူးတော့ ခူးစားတာပေါ့ကွယ်၊ ဒီလောက်များတာ အဘိုးတစ်ယောက်တည်း ဘယ်လိုကုန်အောင် ခူးစားနိုင်မှာလည်း ဖိုးပလံလေးကြိုက်ရင် ခူးလေကွယ် ကြိုက်သလောက်ခူး၊ သူငယ်ချင်းတွေလည်း ခေါ်လာလို့ ရသေးတာပဲ”
အဘိုးရေမွန်က တကယ်တမ်းသိပ်သဘောကောင်းတာပဲ သာမန်လူတစ်ယောက်ပါပဲ၊ ဒါနဲ့များ လူတွေက ..

“အိုး ကောင်းလိုက်တာ” ဖိုးပလံတော့ အဘိုးရေမွန်စကားလည်း ဆုံးရော ဟန်မဆောင်နိုင်ပါဘူး၊ မာကလာပင်တွေရှိရာ ပြေးတော့တာပဲ၊ “အဘိုးရေမွန်ရေ ကျွန်တော် အပင်ပေါ်ကို တက်လို့ရမလားပဲ”
“သိပ်ရတာပေါ့၊ တက်ကွာ .. အဘိုးက မျောက်လေးတွေချစ်တယ်ဟေ့” လို့ စနောက်ပါတယ်။
မာကလာသီးတွေ သိပ်ချိုတာပဲ၊ အဘိုးရေမွန်ကိုလည်း ကျွေးတယ်၊ ဖိုးပလံလဲ စားတာပါပဲ၊ မာကလာသီးသိပ်ကြိုက်တဲ့ ခခကိုတောင်သတိရမိတယ်။ မော်စီ့ကြက်တူရွေးလေး ချာချာလည်း မာကလာသီးသိပ်စားတယ်။ မော်စီ့အိမ်ရောက်တိုင်း ချာချာ မာကလာသီးစားနေတဲ့ပုံစံကြည့်ရတာ သိပ်ချစ်စရာကောင်းတာပဲ။
“အဘိုးက ..မှော်အတတ်တွေတတ်တယ်ဆိုတာ တကယ်လား”
“မှော်အတတ်ဆိုတာ လှည့်စားတာတွေ ပြုစားတာတွေလူလေးရဲ့၊ အဘိုးက လူတွေအတွက်၊ ကမ္ဘာကြီးအတွက်လိုအပ်မယ့် အထူးအဆန်းတွေတီထွင်တာကွဲ့၊ လူတွေကိုပြုစားဖို့မဟုတ်ဘူး၊ လူတွေကအသုံးပြုဖို့အတွက် .. ဒါပေမဲ့ တစ်ခါတစ်ခါ အဘိုးမတတ်နိုင်တာတွေအများသားပဲ၊ ဖိုးပလံလေး စိတ်ဝင်စားရင်တော့ အဘိုးရဲ့ မှော်အစွမ်းတွေပြချင်သေးရဲ့ကွယ် ဟား ဟား ဟား”
အဘိုးရေမွန်က ရယ်ပါတယ်၊ ရယ်မောသံက ခြောက်ကပ်ကပ်ကြီး၊ အဘိုးရေမွန်ရဲ့ဟန်ပန်က ဆို့ဆို့နင့်နင့် နာကျင်ကြေကွဲနေပုံပဲ။

အပြန် အဘိုးရေမွန်က မာကလာသီးတွေ အများကြီးပဲ ပေးလိုက်ပါတယ်၊ ခခ အိမ်ဝင်ပြီး ခခအတွက် မာကလာသီးတွေပေးတယ်၊ ပြီးတော့ မော်စီ့အိမ်ကိုထွက်ခဲ့ပါတယ်၊ ကြက်တူရွေးလေးချာချာကို မာကလာသီးအူနီသီးကြီးတွေကျွေးရမယ်။

မော်စီအိမ်ရောက်တော့ ကြက်တူရွေးလေးချာချာက နေသိပ်မကောင်းဘူး၊ တနေကုန် ငြိမ်နေတယ်တဲ့၊ ခါတိုင်းဆို သူ့အသံလေးကို စာနေရောပဲ၊ ဖိုးပလံနဲ့ မော်စီ .. ချာချာ့အိမ်လေးထဲ မာကလာသီးတစ်လုံးချိတ်ပေးကြတယ်။ ချာချာက တချက်နှစ်ချက် နှုတ်သီးလေးနဲ့ ထိုးပြီး ကိုက်လိုက်သေးတယ်။ ပြီးတော့ လှည့်မကြည့်တော့ဘူး၊ ပြန်ငြိမ်သွားပြန်ရော၊ မော်စီကတော့ စိတ်ပူနေတာပဲ၊ ဆရာဝန် သွားပြမယ်တဲ့၊ ပြီးတော့ မော်စီ့အဖေ သူငယ်ချင်းမိသားစုက ခရီးဝေးသွားကြမှာမို့ ခွေးဖြူလေးတစ်ကောင်လာပို့ထားတယ်။ ကီးနိုလို့ခေါ်ကြတယ်၊ ကီးနိုကြောင့်စိတ်ပျက်ပြီးငြိမ်ကုပ်နေတာလည်း ဖြစ်နိုင်တာပဲ။

မော်စီတို့ ကားနီလေးအဂေးပြေးလမ်းကြောင်းအတိုင်း မောင်းလာကြပါတယ်။ မော်စီ့မေမေ အန်တီကြွေကမောင်းတယ်။ မော်စီ့ဖေဖေက ဘေးက၊ မော်စီရယ် ဖိုးပလံရယ်က နောက်မှာထိုင်ကြတယ်။ ကားနောက်ခန်းထဲမှာ ကီးနိုကို ဂွမ်းစောင်ထူပွပွကြီးနဲ့ ကျစ်နေအောင် ထုပ်ပိုးထားပါတယ်၊ ချာချာကိုတော့ ကတ်ဘူးသေးသေးနဲ့ပဲ ထုတ်ထားတယ်။ ချာချာသေသွားတာ တစ်ပတ်လောက်ရှိပြီ၊ မော်စီတို့ ရွာမှာရှိတဲ့ ခြံထဲမှာမြှပ်ကြမယ်တဲ့၊ ချာချာ သေသေချင်းသူတို့ မအားလို့ မသွားနိုင်ကြသေးဘူး၊ ဒါနဲ့ ပလစ်စတစ်ဗူးနဲ့ လုံအောင်ထုပ်ပြီး freezer ထဲမှာ သိမ်းထားခဲ့ကြတယ်။ နောက်တော့ ကီးနိုလေးပါ သေပြန်တယ်၊ ခွေးမလေးကီးနိုကို ဆေးခန်းက ပြန်ခေါ်လာပြီး လမ်းမှာပဲ ကားပေါ်မှာ သေသွားတယ်လို့ မော်စီကပြောပြတယ်။ ရွာကအိမ်ကိုချက်ခြင်းပဲသွားကြဖို့ ပြင်နေတုန်း ဖိုးပလံ မော်စီတို့အိမ် ရောက်သွားပါတယ်။ မော်စီဆို မျက်နှာက မပြုံးနိုင်ဘူး၊ တော်တော်စိတ်မကောင်းဖြစ်နေပုံပဲ၊ ဖိုးပလံလည်းလိုက်ချင်တာနဲ့ ဖေဖေနဲ့ မေမေကို စိတ်မပူဖို့ ဖုန်းလှမ်းဆက်တယ်။ အမြဲ စိတ်အေးလက်အေးရှိတတ်တဲ့ မေမေက မော်စီတို့နဲ့ သွားမယ်ဆိုတာနဲ့ စိတ်ချတယ်။ “အေး အေး ဘုရားကန်တော့၊ ဂရုစိုက်သွားပါ” လို့ပဲမှာတယ်။ ဖေဖေကတော့ သေသေချာချာမေးနေတာပဲ၊ ညအိပ်သွားမယ်ဆိုတော့ မလွှတ်ချင်ဘူး၊ မေမေ က ဘေးကနေပြောပါလိမ့်မယ်၊ နောက်တော့ ဖေဖေက “ပြီးရောကွာ .. သိပ်မဆော့နဲ့” လို့ပြောတယ်၊ ပြီးတော့ ခွင့်ပြုလိုက်တာပါပဲ။

မော်စီတို့ခြံကို ရောက်တော့မှောင်နေပြီ၊ မြူတွေက ပိန်းပိတ်အောင်ထူထပ်နေတယ်။ ညမှောင်မှောင်ကြီးထဲ ကားမီးအလင်းလေးနဲ့ ခြံကြီးကိုမောင်းခဲ့ကြတယ်။ ဖိုးပလံကတော့ တွေးမိသေးရဲ့ လူလေးယောက်နဲ့ အလောင်းနှစ်လောင်းဆိုပြီး၊ ကျောထဲစိမ့်ကနဲအေးပြီး ကြောက်လိုက်သေးတယ်။ အခုနေ ချာချာနဲ့ ကီးနိုတို့ရဲ့ ၀ိညာဉ်ဘယ်မှာရှိနေမလဲလို့လည်း တွေးမိပြီး ဟိုဟိုဒီဒီလိုက်ကြည့်မိတယ်။ မော်စီတို့ခြံကြီးက ခြံဝင်းတံခါးမကနေ အိမ်ဆီကို ရောက်ဖို့ မီတာ၁၀၀လောက်တောင်မောင်းရတယ်။ လူအမြဲမနေနိုင်တော့ မြက်ပင်တွေလည်းမရိတ်နိုင်ဘူး၊ မြက်ပင်ရှည်တွေကြားထဲကနေ ကားလေးက တလှုပ်လှုပ်နဲ့ အိမ်ဆီကိုသွားနေတယ်။ ဘေးမှာ အိမ်တွေကလည်း တအိမ်နဲ့တအိမ်အဝေးကြီးပဲ၊ ဝေးတဲ့အပြင် အိမ်တွေမှာ လူရှိပုံလည်း မရဘူး၊ မြူတွေကြားကနေ ဘယ်ဘက် ညာဘက်ကအိမ်တွေဆီကြည့်မိတယ်။ ဘယ်ဘက်ရော ညာဘက်ရော မြူတွေကြားမှာ ၀ိုးတ၀ါး၊ အိမ်မဲမဲကြီးတွေပဲ တွေ့တယ်။ ခပ်ဝေးဝေးက အိမ်တွေမှာတော့ မီးရောင်လေးတွေ လင်းတဲ့အိမ်က လင်းပါတယ်။ ခွေးဟောင်သံ၊ စကားပြောသံတွေလည်း ခပ်သဲ့သဲ့တော့ကြားရသားပဲ။

လူကြီးတွေအိမ်တံခါးဖွင့်နေတဲ့အချိန် မော်စီက ဖိုးပလံအနားကပ်လာတယ်။ ကားမီး ပိတ်လိုက်တော့ ညနက်နက်အမှောင်ကြီးက ရုတ်ကနဲ ဖုံးထားလိုက်ပြီ၊ မြူငွေ့တွေက ရွေ့လျားနေကြတယ်၊ ညရဲ့အမှောင်နဲ့ မြူခိုးတွေရဲ့အလင်းက ကွက်တိကွက်ကျား ဟိုမှာသည်မှာ အရိပ်ကြီးတွေလို။

“အသံလေးဘာလေးထွက်ပါဦးဟ၊ ဖိုးပလံရဲ့၊ ဘယ်လိုဖြစ်နေတာလဲ၊ ငြိမ်ကုပ်နေတာပဲ၊ ကြောက်ပါတယ်ဆိုမှ”
မော်စီက ရုတ်တရက်ထပြောတော့ မကြောက်တတ်တဲ့ဖိုးပလံ ကိုယ်လေးတောင် ဆတ်ကနဲတုန်သွားပါတယ်။ အန်တီကြွေက တံခါးဖွင့်ပြီးလို့ အိမ်မီးတွေလိုက်ဖွင့်တယ်။ ဦးယွန်းကတော့ တံခါးတွေလိုက်စစ်နေပြီ။

“မော်စီ တော်တော်ကြောက်တတ်တဲ့ကောင်၊ ဘာကြောက်စရာရှိလဲ ကိုယ့်အိမ်ကိုလာတာပဲ သူကကြောက်နေသေးတယ်”

“ငါ ဟို အဖြူနှစ်ကောင်ကို ကြောက်တာဟ၊ ဟီးဟီး ချာချာကလည်း အဖြူ၊ ကီးနိုကလည်း အဖြူ တိုက်ဆိုင်လိုက်တာလို့ မထင်ဘူးလား”
မော်စီက ကြောက်နေတာတောင် တဟီးဟီးနဲ့ နောက်လိုက်သေးတယ်။

“ဟာ ...
အမလေး .. ဟိုမှာ နောက်ထပ်အဖြူတစ်ကောင်ဟေ့”
ဖိုးပလံ ဘာရယ်မဟုတ် ညဘက်က နှစ်ထပ်အိမ်မဲကြီးဆီ လက်ညိုးထိုးပြရင်း ဖိုးပလံကို အော်ပြီး ခြောက်လိုက်တယ်။ မော်စီက တခါတည်း ကျောကိုကော့ပြီး အိမ်ထဲဝင်ပြေးတော့တာပဲ၊ ဖိုးပလံလည်း တဟားဟားအော်ရယ်ရင်း အိမ်ထဲအ၀င် ..
အဲဒီညာဘက်က အိမ်ကြီးဆီ မျက်လုံးရောက်သွားတဲ့အခါ ...
ဖိုးပလံတသက် တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး၊ ကြက်သိန်းတွေဖြန်းကနဲထပြီး ဖိုးပလံရဲ့ခေါင်းကနှစ်ဆလောက်ကြီးသွားသလို ထူပူသွားတာပဲ၊ အိမ်ကြီးရဲ့ အပေါ်ထပ်က ပြတင်းပေါက်မှာ အရိပ်ဖြူဖြူကြီးတစ်ခုက ဖိုးပလံဘက်ကိုကြည့်နေသလိုလို၊
မြူငွေ့တွေရဲ့ အရိပ်တွေဖြစ်မှာပါလို့ စိတ်ကိုတင်းပြီး နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါ..
အရိပ်ဖြူကြီးတစ်ခုဆိုတာပိုပြီးသေချာသွားပြီ၊ မိန်းမတယောက်ရဲ့ဟန်ပန်မျိုး အဖြူရောင်ပုဝါက ဦးခေါင်းဘေးမှာ တလွင့်လွင့်နဲ့၊ ဖိုးပလံ ထပ်ပြီး မကြည့်ရဲတော့တာနဲ့ အိမ်ထဲပြေးဝင်ပြီး တံခါးကို ၀ုန်းကနဲဆောင့်ပိတ်လိုက်တော့တယ်။

အန်တီကြွေနဲ့ ဦးယွန်းတို့ ကီးနိုအတွက် အခေါင်းလေးအတွက် သစ်သားဖြတ်စက်နဲ့ သစ်သားတွေကိုဖြတ်နေကြတယ်၊ မြူတွေမှိုင်းနေတဲ့ ညအမှောင်ထဲက အိမ်လေးဆီမှာ သစ်သားဖြတ်စက်ကထွက်လာတဲ့အသံတွေ တဂျီးဂျီး ဆူညံနေတယ်။ မော်စီက မြေတိုက်ခန်းလေးထဲ ဆင်းသွားတယ်။

“မော်စီ ဘယ်လဲ” ဖိုးပလံက အော်မေးတော့
“ဂေါ်ပြားသွားယူမလို့ ကီးနိုတို့ကို မြှုပ်ဖို့ တွင်းတူးရမယ်” လို့ဖြေတယ်။

ဖိုးပလံလည်း အောက်ထပ်ခန်းထဲ ဆင်းလိုက်သွားတယ်။ မော်စီ့လိုပဲ ဂေါ်ပြားတစ်ခုဆွဲယူလာပြီး အိမ်အပြင်ထွက်ခဲ့ကြပါတယ်။

မော်စီက အိမ်ရဲ့နောက်ဘက် ညာဘက်ထောင့်မှာမြှပ်မယ်တဲ့၊ အိမ်ရဲ့နောက်မှာ မြစ်ကြီးရှိတယ်။မြူတွေကြားမှာ မြစ်ကြီးက မဲမှောင်ငြိမ်ကုပ်၊ မလှုပ်မယှက်ကြီးပဲ၊ ဖိုးပလံ ညာဘက်က အိမ်ကြီးဆီ မျက်လုံးမရောက်မိအောင်လွှဲထားလိုက်တယ်။

“မော်စီ၊ ဒီအိမ်ကြီးမှာ လူမနေဘူးလား”
“ဟင် ဘယ်အိမ်ကိုပြောတာလည်း”
“အော .. ဒီအိမ်မှာလား၊ ခုတော့ ငါလည်းမသိဘူး၊ အရင် ငါ့ဦးလေးရှိတုန်းက သူတို့နဲ့ ငါ့ဦးလေးသိတယ်၊ နောက်တော့ အဖိုးကြီးက ထောင်ကြသွားတယ်ဆိုလား၊ အဖိုးကြီးမိန်းမကတော့ သိတော့ဘူး၊ သူတို့ သားသမီးတွေ တခြားမြို့မှာ နေကြတယ်တဲ့၊ အဖေတို့ပြောတာပဲ၊ ဒီမှာ ဘယ်သူမှနေတာမတွေ့ဘူး”

မော်စီ့ကိုတော့ အဖြူရိပ်ကြီးအကြောင်းပြောမနေတော့ပါဘူး။ သူက ကြောက်နေဦးမယ်၊ မော်စီက အားကောင်းကောင်းဆလိုက်မီးတစ်ခု ယူလာတယ်။ အနားမှာရှိတဲ့ သရက်ပင်ကြီးရဲ့ကိုင်းမှာ ချိတ်လိုက်ပါတယ်။ အိမ်ထဲကနေ သွယ်ထားတဲ့ မီးကြိုးခွေမှာ ပလပ်တပ်တယ်။ မဲမဲမှောင်မှောင်နေရာကျယ်ကြီးမှာ ဖိုးပလံတို့နေရာလေးမှာပဲ မီးအလင်းက စူးတောက်နေတာပဲ၊ ဖိုးပလံလှုပ်ရှားသမျှ နေရာ ဝေးဝေးကတောင်မြင်ရမှာပဲ၊ ဖိုးပလံ ဂေါ်ပြားကြီးနဲ့ မြေကြီးကို တဂျစ်ဂျစ်ခြစ်ယူ တူးလိုက်၊ အပြင်ဘက်မှောင်ထဲကို ကြည့်လိုက်နဲ့၊ ဂနာမငြိမ်ဘူး၊ ချာချာတို့ ကီးနိုတို့လည်းကြည့်နေကြမှာပဲလို့လည်း တွေးတာပဲ၊ မြူတွေရဲ့ အရိပ်နဲ့ အပင်တွေကြားထဲမှာ ကီးနိုပုံအဖြူရောင်အရိပ်လေးဖြတ်ခနဲ တွေ့လိုက်တဲ့အခါလည်းရှိတယ်။

“မော်စီရေ”
“ဘာတုန်း”
မီးအလင်းစူးစူးကြီးရဲ့ အပြင်ဘက်ကို ခေါင်းထွက်ပြီး ခြံထဲကို ကြည့်ရင်း “ဟော ဟိုမှာ ကီးနိုဟေ့၊ ငါတို့ကိုကြည့်နေတယ်၊ တွေ့လား၊ ကြည့်လိုက်၊ ကြည့်လိုက်”
မော်စီကလည်း မီးစူးစူးအလင်းနဲ့မို့ မျက်စိအပေါ်ဘက်ကို လက်ဝါးနဲ့အုပ်ကာပြီး ဖိုးပလံပြတဲ့နေရာကြည့်ပါတယ်၊
“ဟာ .. အဲဒါ အုန်းပင်ဟ၊ ငါ ထုံးတွေအဖြူရောင်ပတ်လည်သုတ်ထားတယ်၊ ဟီးဟီး၊ ဖိုးပလံ ငကြောက်ကြီး”

ဖိုးပလံလည်း တဟဲဟဲရယ်နေလိုက်ပါတယ်။ အိမ်လေးထဲမှာ သစ်သားဖြတ်စက်သံ တဂျီးဂျီး အသံတွေဆူညံနေတုန်းပဲ၊ ဖိုးပလံနဲ့ မော်စီတို့လည်း တွင်းကို အားစိုက်ပြီး တူးပါတယ်။ ဖိုးပလံတို့ ဒူးခေါင်းအထက်နားထိရောက်လာပြီ၊ မော်စီက နက်နက်လေးတူးတာ ပိုကောင်းမယ်ဟ၊ တူးကြပါဟေ့ တူးကြပါ .. လို့ ညာသံပေးတယ်။ သူလည်း မြန်မြန်တူးတယ်၊ မြူတွေပြည့်နေတဲ့ အေးစိမ့်စိမ့်ညမှာ နှစ်ယောက်သားချွေးဒီးဒီကျနေကြပါပြီ၊ မော်စီက ပေါက်ပြားကြီးကို အားနဲ့လွှဲပြီး တွင်းထဲကိုပေါက်လိုက်တယ်။ ဒုတ်ကနဲ အသံကြီးကြားရပြီး သစ်ပင်ကြီးရဲ့ အမြစ်ကြီးတစ်ခုလိုပဲ၊ ကန့်လန့်ကြီးခံနေတယ်။ အမြစ်ကြီးကို ပေါက်ပြားနဲ့ ထိုးပြီးဖြတ်ဖို့ ပိုပိုပြီး အားစိုက်ပြီးပေါက်လိုက်တယ်။ အမြစ်ကြီးပြတ်ထွက်းသွားပြီးတဲ့အခါ ..... အား......................................................

ဖိုးပလံတို့နှစ်ဦးသား တွင်းနက်ကြီးတစ်ခုထဲကိုကျွံကျသွားကြပြီ။ နှစ်ဦးလုံးတွင်းရဲ့အောက်ဘက်ထဲကို လျှောပြီး တလိမ့်ခေါက်ကွေး ကျနေလိုက်တာ မရပ်မနား၊ မော်စီနဲ့ ဖိုးပလံတို့ ငယ်သံပါအောင်အော်ကြတယ်။ အား .............. အား ........................ အား ......
တစ်ခုခုတော့ဖြစ်ကြပြီလို့ ဖိုးပလံသိလိုက်ပါပြီ။
“ဘုတ် .. အင့် .. အောင်မလေးဗျ”  သူတို့ လျှောကျလာတာရပ်သွားတာနဲ့အတူ မြေကြီးအေးစက်စက်ကြီးနဲ့ ၀င်ဆောင့်ပါတော့တယ်။ ဘေးမှာ မြူတွေရဲ့ အဖြူရောင်တွေက ပိုပြီးထင်ရှားနေတယ်။ လင်းလက်နေတာပဲ၊ အဖြူရောင် စိန်သားတွေရဲ့အရောင်မျိုးလည်း တချက်တချက် လက်နေကြသေးတယ်။ “ဖိုးပလံ ငါတို့ ဘယ်ရောက်နေတာလဲ၊ ဖိုးပလံ ဖိုးပလံ ဖိုးပလံ” မော်စီက ဖိုးပလံရှိရာ လိုက်စမ်းပြီး အော်နေပါတယ်။  “ရှိတယ်ဟ၊ ငါလည်း မသိလို့ကြည့်နေတာလေ၊ လာပါ၊ လျှောက်ကြည့် ကြည့်ရအောင်၊ ကြည့်ရင်သိမှာပဲ”  ။

ဘေးမှာ ရေကန်ကျယ်ကြီးတွေ့တယ်။ ရေတွေက အပြာရောင်ဖျော့ဖျော့ ဖြူလဲ့လဲ့လေး၊ ကန်ထဲမှာ ဘဲဖြူဖြူလေးတွေအများကြီးပဲ၊ ကန်ရဲ့အလယ်မှာ သစ်ပင်တန်းလေးရှိတယ်။ သစ်ပင်တွေရဲ့ ပင်စည်တွေက  အနက်ရောင်တွေ၊ သစ်ကိုင်းတွေရယ်၊ သစ်ရွက်လေးတွေ အားလုံးက အဖြူရောင် အမှုံအမွှားလေးတွေ ကပ်ညိပြီး လင်းနေတာပဲ၊ အဖြူရောင်ပင်စည်နဲ့ သစ်ကိုင်းဖြူအပင်တွေ သစ်ရွက်ဖြူအပင်တွေ သိပ်လှတာပဲ၊ လမ်းဘေးတစ်လျှောက်ကသစ်ပင်တွေမှာ အဖြူရောင်ဝါဂွမ်းစလေးတွေ အဖတ်လိုက်တွယ်ကပ်နေသလို၊ ဖိုးပလံ ခေါင်းမော့ကြည့်တော့ ၀ါဂွမ်းလိပ်တွေ တိမ်အခိုးအငွေ့တွေက ဦးခေါင်းကို ထိလုထိခင်၊ သစ်ကိုင်းတွေပေါ်မှာ အဖြူရောင် ဌက်လေးတွေ၊ ချာချာ့လို ကြက်တူရွေးလေးတွေလည်းပါတယ်။ အားလုံး ဖြူလွနေလိုက်တာ၊ လျှောက်နေရင်း ဗြုန်းဆို မျက်စိကျိန်းလောက်အောင် အဖြူရောင်အလင်းတွေပေါ်လာပြီး အိမ်တစ်လုံးထဲသူတို့ရောက်နေကြံပီ၊ အိမ်ထဲမှာ တိရစ္ဆာန်အကောင်ပလောင်လေးတွေ အစုံပဲ၊ ခွေးဖြူလေးတစ်ကောင်ပြေးလာပြီး မော်စီ့ကိုတွယ်ဖက်တက်တယ်။ “ကီးနို” မော်စီအကျယ်ကြီးပဲ ထအော်ပါတယ်။ တခြား ခွေးဖြူလေးတွေလည်း အများကြီးပဲ အကောင်လေးတွေအားလုံးအဖြူရောင်လေးတွေ၊ ကလေးငယ်လေးတွေလည်း တွေ့တယ်။ အားလုံးအဖြူရောင်လေးတွေချည်းပဲ “ချာချာရောပဲ၊ ချာချာ .. ချာချာ” မော်စီ ဟိုသည်လျှောက်ကြည့်ပြီး ချာချာ့ကိုရှာပါတယ်။ ဖိုးပလံရှေ့က မြူငွေ့တွေ ပို ပိုပြီးသိပ်သည်းလာပြီ၊ အမျိုးသမီးတစ်ယောက်ပုံစံ ပေါ်လာပါတယ်။ ဟိုဘက်အိမ်က အဖြူရိပ်ကြီးများလာပဲ၊ ဦးခေါင်းမှာ ပုဝါဖြူကလွင့်နေတယ်၊ အဖြူရောင်ဂါဝန်က တလွင့်လွင့်နဲ့၊
အမျိုးသမီးတစ်ယောက်ပုံစံထင်ထင်ရှားရှားကြီးပဲ မြင်ရပြီ။

“လာကြကွဲ့၊ ဘယ့်နဲ့လည်း၊ ကိုယ်လက်တွေနာကုန်ကြလားပဲ၊ ဒီလိုဖိတ်ခေါ်လိုက်ရတာစိတ်မကောင်းပါဘူး၊ အဘွားတို့ အကူအညီတောင်းစရာရှိလို့ပါ”  အဖြူရောင်အမျိုးသမီးကပြောပါတယ်။

“နာတယ်ဗျ၊ ကျောကုန်း၊ ကျွန်တော်တို့က ကူညီနိုင်တာ ဘာများရှိလို့လည်း” ဖိုးပလံကြောက်ကြောက်နဲ့ပဲ မေးလိုက်တယ်။
“ကျွန်တော်က မီးညှောင့်ရိုးအောင့်သွားပြီ၊ ကီးနိုကိုတွေ့တယ်၊ အဘွားက ဘယ်သူလည်း၊ ကီးနိုဒီကို ဘယ်လိုရောက်နေတာပါလိမ့်”
မော်စီက အခုလို မေးခွန်းထုတ်ပါလေရော။

“အဘွားက အဖြူရောင်စုန်းမ ပေါ့၊ ကီးနိုမှ မဟုတ်ပါဘူး၊ အပြစ်ဆို မြူတစ်မှုန်မျှမသိ၊ မလုပ်ဖူးတဲ့ အဖြူရောင် ကလေးတိုင်း အဘွားဆီလာကြတာပဲ၊ အဘွားက စောင့်ရှောက်ထားတာပဲလေ၊ သူတို့မှာ ဘေးရန်မရှိအောင် အစစအရာရာ အဘွားတာဝန်ယူနိုင်ခဲ့ပါတယ်ကွယ်။ ဒါပေမဲ့ အခုတော့”

အဖြူရောင်စုန်းမလို့ ကိုယ့်ဘာသာနာမည်ပေးထားတဲံ အဖြူရောင်အမျိုးသမီးကြီး မျက်နှာက ငိုချလိုက်တော့မယ့်မျက်နှာလို အသင့်အနေအထားပဲ၊ မျက်ရည်လေးတွေတောင် ကျလာရှာတယ်။ နူးညံ့သိမ်မွေ့လွန်းတဲ့ ဒီအမျိုးသမီးက စုန်းမတဲ့၊ ဖိုးပလံ သိချင်တာတွေပိုများလာပြီ။

“အဘွားက စုန်းမလည်းပြောသေးတယ်။ လှလိုက်တာ၊ အဖြူရောင်ကြည်လင်နေတာပဲ၊ ကီးနိုနဲ့ အကောင်လေးတွေလည်း စောင့်ရှောက်တယ်။ ဒါနဲ့များတောင် အဘွားက ကိုယ့်ဘာသာ စုန်းမလို့ ပြောသေးရဲ့၊ ကာတွန်းစာအုပ်တွေနဲ့ ရုပ်ရှင်တွေထဲမှာ စုန်းမမှန်သမျှ အရုပ်ဆိုးအကျည်းတန်ကြတာချည်းပဲ၊ သူတို့က အမြဲမကောင်းတာလုပ်တတ်ကြတာချည်းပဲ မဟုတ်လား”

“စုန်းမဆိုတာနဲ့ မကောင်းတာလုပ်ဖို့ပဲ စိတ်ဝင်စားနေကြတာမဟုတ်ပါဘူး၊ အမြဲအနက်ရောင်ချည်းပဲမဟုတ်ပါဘူးလေ”

“အဘွားတို့ အဖြူရောင်အိမ် ကမ္ဘာလေးမှာ ဒီလို ငြိမ်းငြိမ်းချမ်းချမ်းလေး နေလာခဲ့တာ နှစ်ပေါင်းထောင်ကျော်နေခဲ့ပြီ၊ ဒါပေမဲ့ အခုတော့ အမဲရောင်မိစ္ဆာစုန်းမ က အဘွားတို့အိမ်လေးကို သိသွားတယ်။ သူ ညတိုင်းလိုလာပြီး နှောင့်ယှက်တယ်။ နှောင့်ယှက်တာမဟုတ်ဘူး၊ အဘွားကလေးတွေကို ၀ါးမျိုစားသောက်တာ၊ အခုဆိုအဘွားရဲ့ကလေးတွေ သိပ်ကိုထိတ်လန့်နေကြပြီ၊ ဒီလိုသာဆို သိပ်မကြာဘူး အဘွားတို့ရဲ့အဖြူရောင်ကလေးတွေ အကုန်လုံးပဲ ပျောက်ဆုံးသွားကြတော့မှာ။ အကုန်လုံး အမဲရောင်စုန်းမရဲ့ ဘက်တော်သားတွေဖြစ်ကုန်ကြတော့မယ်။ ဖိုးပလံတို့ကူညီမှ ဖြစ်မယ်။ အဘွားကိုကယ်နိုင်မယ်လို့ အဘွားသိတယ်” အဖြူရောင်အမျိုးသမီးကြီးက ပြောနေရင်းအသံတွေ တိုးတိမ်ဝင်သွားပြီး ငိုရှိုက်နေပါတယ်။ အနားမှာ ရှိနေကြတဲ့ အဖြူရောင်ကလေးငယ်လေးတွေရော၊ အဖြူရောင် အကောင်ပလောင်လေးတွေ အားလုံးပဲ တအိအိငိုရှိုက်နေကြတယ်။ သူတို့ရဲ့ ကိုယ်လေးတွေ ဆတ်ဆတ်ခါတုန်လှုပ်နေကြပြီ။

“ဟော .. ညနေစောင်းတော့မယ်” ကလေးဖြူဖြူလေးက ချောက်ချောက်ချားချား အသံလေးနဲ့ အော်ဟစ်လိုက်ပါတယ်။

ဟုတ်သားပဲ အပြင်မှာ နေတောင်ကွယ်တော့မယ်။ သိပ်မကြာဘူးအလင်းရောင်ပျောက်သွားတော့မယ်။ ဖိုးပလံ နဲ့ မော်စီတို့ လည်း သူတို့အတွက် စိတ်မကောင်းဖြစ်နေကြတယ်။ သူတို့ ဘယ်လိုများကူညီနိုင်မလည်းတွေးနေကြပါတယ်။ မော်စီက အကျီလက်မောင်းကို ပင့်တင်လိုက်သေးတယ်။

အဘွားအဖြူရောင်စုန်းမ က “ကလေးတို့ရေ မြန်မြန်ကွဲ့လာကြ၊ လာကြ၊ ညစာမြန်မြန်စားကြစိုးရဲ့ ပြီးရင် ပုလဲအိမ်ထဲဝင်နေကြရမယ်”  လို့ ခပ်သွက်သွက်သတိပေးတယ်။ ပြီးတော့ စားပွဲကြီးတွေမှာ စားစရာတွေပြင်ဆင်တယ်။ အဖြူရောင် အလင်းငွေ့တွေနဲ့ အတူသစ်သီးတွေ နွားနို့ခွက်တွေနဲ့ ကိတ်မုန့်ကြီးတွေ ပေါ်လာကြတယ်။ ကလေးလေးတွေ စားပွဲမှာ ပြေးထိုင်ကြတယ်။ အကောင်ပလောင်လေးတွေရောပဲ သူတို့နေရာလေးတွေမှာ နေရာယူကြပြီ၊ အားလုံး အထိတ်ထိတ်အလန့်လန့်နဲ့၊ အစားစားဖို့ စိတ်မ၀င်စားကြပါဘူး၊ မြန်မြန်ပြီးသွားဖို့ပဲ ကြိုးစားပြီး စားနေကြတယ်။

ဖိုးပလံနဲ့ မော်စီကတော့ အပြင်ဘက်ကို ခဏခဏကြည့်မိကြတယ်။ စုန်းမဲကြီးက ညတိုင်းလာနှောက်ယှက်တယ်။ ၀ါးမျိုးစားသောက်တယ်တဲ့ အဘွားစုန်းဖြူရဲ့ စကားတွေထပ်ခါထပ်ခါ ပြန်ကြားနေမိကြတယ်။
“ဟော ဟော ကလေးတို့ မြန်မြန် .. အသံနက်ကြီး .. အရိပ်နက်ကြီး .. မျက်လုံးနက်ကြီး .. စုန်းမဲကြီးလာနေပြီ”  ကလေးတွေ ၀ရုန်းသုန်းကား ..
စုန်းဖြူပြောတဲ့ ပုလဲအိမ်ဆိုတဲ့ အခန်းလေးထဲ ၀င်ပြေးကြတယ်။ ငှက်လေးတွေရော၊ ခွေးလေးတွေရော၊ ဘဲလေးတွေရော.. အကုန်လုံးပါပဲ၊ ကြွက်ကြွက်ညံနေတာပဲ။

အဲဒီအချိန် ကလေးငယ်တစ်ယောက် က သူ့လက်ဖ၀ါးကို ကြည့်တယ်၊ အဘွား သူလာပြီ ကျွန်တော့်ဆီ .. ဒီမှာ ဒီမှာ .. ကယ်ပါဦး လို့ အော်ပါတယ်၊ သူ့ရဲ့ လက်ဖ၀ါးလေးကို ပြတယ်၊ လက်ဖ၀ါးဖြူဖြူလေးမှာ အမဲရောင်အစက်အပျောက်ကြီးပေါ်လာတယ်။ အစက်အပျောက်ကြီးကနေ အမဲရောင်အကွက်ကြီး လက်ဖ၀ါးတစ်ခုလုံးပြည့်လာပြီ။ နောက် လက်ဖ၀ါးတစ်ဖက်၊ အဘွားရေ ကလေးငယ်က စူးစူးဝါးဝါးအော်ဟစ်ပါတယ်။ သူအလွန်အမင်းနာကျင်နေပုံပဲ၊ လည်ပင်းမှာအမဲရောင် အစင်းကြီး ထင်းကနဲပေါ်လာတယ်။ မျက်လုံးနှစ်လုံးလုံး အမဲရောင်တွေပြည့်ကုန်တယ်။ လက်မောင်းတွေလည်း အနက်ရောင်တွေပြောင်းကုန်တယ်။ ကလေးငယ်လေးရဲ့ ကိုယ်ပေါ်မှာ အမဲရောင် အစင်းတွေတစ်ခုပြီး တစ်ခုပေါ်လာတယ်။ စုန်းဖြူက ကလေးငယ်ကို ပွေ့ထားပါတယ်။ ပေါ်လာတဲ့ အမဲရောင်တွေနေရာကို လက်ဖ၀ါးနဲ့အုပ်ပြီး ပါးစပ်က ဘာတွေလည်းမသိရွတ်ပါတယ်။ နောက် စုန်းဖြူရဲ့နှင်တံလေးနဲ့ အမဲရောင် လိုင်းတွေကို လိုက်တို့တယ်။ အမဲရောင်တွေက အရောင်ဖျော့သွားတယ်။ ဒါပေမဲ့ ဟိုက ဒီက အများကြီးပေါ်လာတော့ စုန်းဖြူ မနိုင်တော့ဘူး။ အဲဒီအချိန်တခြားခွေးငယ်လေးတွေ ဘဲလေးတွေရဲ့ ကိုယ်ပေါ်မှာလည်း အမဲရောင်အစင်းတွေ ဖြတ်ကနဲ ဖြတ်ကနဲ ပေါ်လာကြတယ်။ သူတို့ရဲ့ မျက်လုံးတွေလည်း အမဲရောင်တွေပြည့်သွားပြီ၊ စုန်းဖြူလည်း နှင်တံလေးနဲ့ လိုက်တို့ရင်း ငိုကြွေးပါတယ်။ အမဲရောင်လေပွေတစ်ခုကလည်း ပြေးလွှားနေတဲ့ ကလေးငယ်တွေကြားမှာ ဖိုးပလံတို့တွေ့နေရပါတယ်။ မျက်နှာပုံသဏ္ဍာန်ကြီးကို ဖိုးပလံတို့ မြင်လိုက်ရတယ်။ ပြီးတော့ စုန်းမဲကြီးထင်းထင်းကြီးပဲ ပေါ်လာပါတယ်။ ကွေးကောက်ကောက်လက်ကြီးနှစ်ဘက်က ဌက်လေးတွေ တစ်ကောင်ပြီး တစ်ကောင်၊ ဘဲလေးတွေရော ကလေးတွေကိုပါ လိုက်လံဖမ်းဆီးနေပါတယ်။ အကောင်ပလောင်လေးတွေမှာ အမဲရောင်တွေ ပြည့်လာကြတယ်။ တစ်နာရီကြာကြာ ရုန်းရင်းဆန်ခတ် ပြေးလွှားနေကြပြီးတဲ့နောက် အမဲရောင်အငွေ့တွေဖြတ်ကနဲ ပျောက်သွားတယ်။ ဌက်လေးတွေ ကလေးတွေ တော်တော်လျော့သွားပြီ၊ စုန်းဖြူ အခန်းအလယ်မှာ ပုံလျှက်သားလဲကျနေတယ်။ ရှိုက်ကြီးတငင်ငိုကျွေးနေခဲ့ပါတယ်။

ဖိုးပလံ ချက်ချင်းပဲ အဘိုးရေမွန်ကို သတိရမိလိုက်တယ်။ အဘိုးရေမွန်ဆိုတတ်နိုင်မလားပဲ၊ “အဘွားစုန်းဖြူ ကျွန်တော် စမ်းကြည့်မယ်၊ ကျွန်တော့်အိမ်ကို ဘယ်လိုပြန်ရမလဲ၊ အဘွားတတ်နိုင်ရင် ရွှေလိမ္မော်မြို့က အဘိုးရေမွန်ဆီကို ပို့ပေးပါ၊ မြန်မြန်လေး..”

စုန်းဖြူက အခုမှ ပြန်အသက်ဝင်လာတဲ့ပုံနဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်။ မော်စီက မျက်လုံးကိုဝိုင်းနေတာပဲ၊ ကြောင်တောင်တောင်ဖြစ်နေရှာတယ်။ “အဘိုးရေမွန်ဆီ ဘာလုပ်သွားမှာလဲ၊ ငါလည်း လိုက်မယ်နော်၊ မထားခဲ့နဲ့ဦး”  တဲ့ ဖိုးပလံကိုလှမ်းပြောလိုက်တယ်။

စုန်းဖြူက စားပွဲတစ်ခုပေါ်က လက်နေတဲ့ ဖန်လုံးကြီးတစ်ခုဆီကိုသွားပါတယ်။ ဖန်လုံးကြီးပေါ်လက်ဖ၀ါးနှစ်ဘက်အုပ်မိုးထားပြီး အသံတိုးတိုးလေးနဲ့ စကားပြောတယ်။ ဖန်လုံးပတ်လည်မှာ အဖြူရောင်အငွေ့တွေပေါ်လာပြီး ဖန်လုံးကြီးက ပိုပြီးကြည်လင်လာတယ်။ ဖန်လုံးထဲမှာ အရိပ်တွေပေါ်လာတယ်။ အရိပ်တွေ တဖြည်းဖြည်းချင်ကြည်လင်လာတဲ့အခါ၊ အဘိုးရေမွန်ကိုတွေ့လိုက်ရပါတယ်။ အဘိုးရေမွန်က သူ့ရဲ့စမ်းသပ်ခန်းထဲမှာ လျှပ်စစ်အလင်းတွေ မီးပွင့်တွေဖြာနေတာကို ခုံလေးတစ်ခုမှာထိုင်ရင်းကြည့်နေပါတယ်။ မီးပွင့်တွေဖြာထွက်နေတဲ့နေရာနဲ့ နီးနီးလေးပဲ၊ အဘိုးရေမွန်က မီးပွင့်တွေကို စူးစိုက်ကြည့်နေရင်းက ဖိုးပလံတို့ဘက်ကို မျက်နှာလှည့်လာတယ်။ စုန်းဖြူကပြောတယ်။
“ဖိုးပလံလေး၊ အခုက အချိန်ကောင်းပဲ၊ အဲဒီကိုသွားတော့၊ ပြီးတော့ ပြန်လာခဲ့ပါကွယ်”

စုန်းဖြူလက်ထဲမှာ အဖြူရောင် ပုဝါစလေးနှစ်ခုပါလာတယ်။  ဖိုးပလံရဲ့ အကျီအိပ်ကပ်ထဲကို တစ်ခု၊ မော်စီရဲ့အိတ်ကပ်ထဲကို တစ်ခုထည့်ပေးတယ်။ “အဘွားဆီကို ပြန်လာတော့မယ်ဆိုရင် ဒီပုဝါစလေးတွေ လက်ကောက်ဝတ်မှာ ချည်လိုက်နော်၊ အဘွားရဲ့အဖြူရောင်အိမ်လေးကို ပြန်ရောက်လာလိမ့်မယ်”  အဘွားကမှာတယ်။
ပြီးတော့ စုန်းဖြူရဲ့ တဖြတ်ဖြတ်လက်နေတဲ့ နှင်တံလေးနဲ့ ဖိုးပလံတို့ရဲ့ ဦးခေါင်းလေးတွေကို တို့လိုက်ပါတယ်။

ဖိုးပလံတို့ အဘိုးရေမွန်ရှေ့ကိုရောက်လာခဲ့ကြပါပြီ၊ “ဟော ဖိုးပလံတို့” အဘိုးရေမွန်က နှုတ်ဆက်ပါတယ်။ ဖိုးပလံလည်း အဖြူရောင်အိမ် နဲ့ စုန်းဖြူတို့အကြောင်းကို ပြောပြလိုက်တယ်။ စုန်းမဲကြီးကို သတ်ပစ်မှဖြစ်မယ်။ သူဘယ်လောက်ရက်စက်တယ်ဆိုတာကိုလည်းပြောပါတယ်။ မော်စီကတော့ နားပဲ နားထောင်နေတာပါပဲ၊ အဘိုးရေမွန်က ခေါင်းတငြိမ့်ငြိမ့်နဲ့ သေချာနားထောင်ပါတယ်။

“လာကွဲ့ ဒီလိုဆိုတော့လည်း အဘိုးရဲ့ လက်နက်က အသုံးချလို့ ရတော့မှာပေါ့”
အဘိုးရေမွန်က အခန်းတစ်ခုထဲဝင်သွားတယ်။ ဖန်လုံးလေး နှစ်ခုယူလာပါတယ်။ စားပွဲကြီးပေါ်မှာ ဖန်လုံးဖြူလေးနှစ်လုံးကိုချတယ်။ အနားကပ်ကြည့်တော့မှ ဖန်လုံးဖြူဖြူလေးမှာ အပေါက်သေးသေးလေးတွေအများကြီးပဲပါတယ်။ အဘိုးရေမွန်က ဌက်မွှေးလိုလို ဖန်ချောင်းပြောင်လက်လက်လေးတွေကို ဖန်လုံးလေးရဲ့အပေါက်လေးတွေထဲမှာ တစ်ခုစီတပ်ပါတယ်။ အားလုံးပဲတပ်ပြီးသွားတဲ့အခါ ဖိုးပလံကိုဖန်လုံးလေးတစ်လုံး၊ မော်စီ့ကိုဖန်လုံးလေးတစ်လုံးပေးပါတယ်။ ရေခဲလျှပ်စစ်ဖန်လုံးလေးတွေလို့ အဘိုးရေမွန်ကပြောတယ်၊ ဖန်လုံးလေးတွေမှာ စိုက်ထာတဲ့ ဖန်ချောင်းလေးတွေနဲ့ စုန်းမဲရဲ့ကိုယ်ထဲကို စိုက်ဝင်သွားအောင်ပစ်ရမယ်တဲ့၊ ဖန်ချောင်းလေးတစ်ချောင်းကို ဆွဲထုတ်လိုက်တာနဲ့ ဖန်လုံးလေးအတွင်းမှာ အလင်းရောင်တွေထွက်လာမယ်၊ အဲဒီအလင်းရှိနေတဲ့အချိန် ဖန်ချောင်းလေးတွေကိုတစ်ခုပြီး တစ်ခုဆွဲနုတ်ပြီး မော်စီနဲ့ ဖိုးပလံတို့ပြိုင်တူ စုန်းမဲကို တိုက်ခိုက်ရမယ်။ အချိန်ကြာသွားရင် ဖန်ချောင်းလေးတွေရဲ့ ရေခဲလျှပ်စစ် အလင်းစွမ်းအင် လျော့သွားတတ်လို့ အဆက်မပြတ်တိုက်မှ စုန်းမဲရဲ့ခုခံနိုင်စွမ်းအရှိန်မရအောင် တားနိုင်မယ်တဲ့ အဘိုးရေမွန်က ရှင်းပြတယ်။ “အောင်မြင်ပါစေကွယ်။ ကဲ ကဲ မြန်မြန်ပဲ စုန်းမဲတစ်ကောင်ကိုတိုက်ခိုက်တော့”

ဖိုးပလံတို့ လက်ကောက်ဝတ်မှာ ပုဝါဖြူလေးတွေကို ချည်နှောင်လိုက်ကြပါတယ်။

ဖိုးပလံနဲ့ မော်စီတို့ စုန်းမဲလာမယ့်အချိန်ကို စောင့်နေကြပါပြီ၊ အဘွားစုန်းဖြူက ထောင့်တစ်ထောင့်မှာ ငြိမ်ငြိမ်လေးပဲထိုင်နေတယ်။ အဖြူရောင်အိမ် ကမ္ဘာလေးမှာ ရှိသမျှ အားလုံးပဲ ငြိမ်သက်တိတ်ဆိတ်နေကြတယ်။  သစ်ပင်လေးတွေလေမတိုးဘူး၊ အကောင်လေးတွေ အသက်ပြင်းပြင်းမရှုကြဘူး၊ ကလေးဖြူဖြူလေးတွေ လှုပ်ရှားမှုမရှိကြဘူး၊ အားလုံးပဲ နေ၀င်မယ့်အချိန်ကို ကြောက်နေကြတယ်။ နေ၀င်မယ့်အချိန်ကို စောင့်နေကြတယ်၊ ဒီလိုနဲ့ နေမင်းကတရွေ့ရွေ့လျှောဆင်းသွားတာပါပဲ၊ နေအလင်းရောင်တွေလည်းပျောက်ကုန်ကြပြီ၊ အမှောင်ထုလာပြီ၊ အနက်ရောင်လာတော့မည်။ စုန်းမဲလာတော့မည်ပေါ့။

.... ၀ုန်း .... ဂျစ် ဂျစ် ဂျစ် .. ဟော .. စုန်းဖြူကခေါင်းထောင်ကြည့်ပြီး ကလေးတွေကို သိမ်းကြုံးဖက်ထားပါတယ်။
နှင်တံလေးကို အဆက်မပြတ်ရမ်းရင်း ဂါထာမန္တန်ဖြစ်ဟန်တူရဲ့ တတွတ်တွတ်ရွတ်တယ်။
အဖြူရောင် အိမ်လေးရုတ်တရက် ခါယမ်းသွားပါတယ်။ ခေါင်မိုးတွေပေါ်မှာ တဂျစ်ဂျစ် ကုတ်ဖဲ့သံကြီးတွေပေါ်လာတယ်။ နံရံတွေဘက်ကို ကုတ်ခြစ်သံကြီးတွေရွေ့သွားတယ်။ ညီးညူသံတွေလိုလို၊ ကြိမ်းမောင်းသံကြီးတွေလိုလို မကျေမချမ်းအသံကြီးတွေ အိမ်ဖြူလေးပတ်လည်မှာ ပြေးလွှားနေကြတယ်။ တချက်တချက်ငြိမ်ကျသွားတယ်။ ပြီးတော့ အိမ်လေးခါယမ်းသွားပြန်တာပဲ၊ ခေါင်မိုးပေါ်မှာ သတ္တ၀ါတစ်ကောင်တွန်းထိုးရွေ့လျားသလို အသံကြီးကပေါ်လာပြန်တယ်။ ခေါင်မိုးဖြူဖြူလေးပေါ်မှာ အမဲကွက်ကြီးသုံးကွက်ပေါ်လာတယ်။ အမဲကွက်ကြီးနှစ်ကွက်က မျက်လုံးကြီးတွေလို ဟိုသည်ကြည့်ရွေ့လျားလာပြီး နောက်ထပ်အမဲကွက်ကြီးက ပါးစပ်ကြီးလို ဖြဲပြီးဟတယ်။ မျက်နှာကြီးပါ ခေါင်မိုးဖြူလေးထဲက ထွက်ကျလာတယ်။ ပါးစပ်ကြီးထဲက လျှာအမဲကြီးကျလာပြီး ငှက်လေးတွေဆီ လျှာကြီးက လျှောစင်းလာပြီ။ ဖိုးပလံ၊ မော်စီကို အချက်ပေးတယ်။ “မော်စီ ငါတို့စကြစို့”
မော်စီကလည်း လျှင်ပါတယ်။ ဖြတ်ကနဲ ခုန်ထလိုက်တယ်။ ဘယ်လက်ထဲမှာ ဖန်လုံးလေးကိုင်ထားပြီး ညာလက်နဲ့ ဖန်ချောင်းလေးတစ်ချောင်းကို အမြန်ဆုံးဆွဲနှုတ်ပြီး လျှာမဲကြီးဆီ လှမ်းပစ်လိုက်တယ်။ လျှာမဲကြီးမှာ ရေခဲလျှပ်စစ်ဖန်ချောင်းလေးစိုက်သွားတယ်။ မော်စီ့လက်ထဲက ဖန်လုံးလေးမှာ အလင်းတွေထွက်လာတယ်။ လျှာမဲကြီးမှာ စိုက်နေတဲ့ ဖန်ချောင်းတစ်ဝိုက်မှာ အလင်းတွေပေါ်လာပြီး ရေခဲတုံးလိုပြောင်းလာတယ်။ အမဲရောင်လျှာကြီးမှာ အဖြူပိတ်ပိတ်ရေခဲသားတစ်ချို့ဖုံးသွားတယ်။ “ဖိုးပလံရေ နောက်တစ်ချက်” မော်စီက အကျယ်ကြီးအော်ပါတယ်။ လျှာမဲကြီးကတွန့်လိမ်နေတာပဲ၊ မျက်လုံးမဲကြီးက ဖိုးပလံတို့ဘက်ကို အကြည့်ရွေ့လာတယ်။ ကြိမ်းမောင်းသံကြီးက ပြေးလွှားနေတယ်။ အဝေးကြီးကလာတဲ့အသံမျိုးပဲ၊ လာခဲ့စမ်း စုန်းမဲကြီး၊ နောက်တစ်ချောင်း၊ ဖိုးပလံ လျှာကြီးဆီပဲ တည့်တည့်ချိန်ပြီး ပစ်ထည့်လိုက်တယ်။ လျှာမဲကြီးမှာ ရေခဲဖြူတွေဖုံးလာပါပြီ၊ အဘိုးရေမွန်ကမှာထားတယ်။ မရပ်ရဘူး ဆက်တိုက် ဆက်တိုက်၊ မော်စီ .... မော်စီ့ဘက်ကို လျှာမဲကြီးက ပြေးရိုက်တယ်။ မော်စီ သတိထား .. မော်စီ အခန်းထောင့်နားမှာ ခွေကနဲပဲ၊ မော်စီ မထနိုင်တော့ဘူး၊ ဒါနဲ့ ဖိုးပလံ ဆက်တိုက် ဖန်ချောင်းလေးတွေနဲ့ပစ်တယ်။ လျှာမဲကြီးရဲ့ အရင်းနား၊ လျှာမဲကြီး အလယ်သား၊ ရေခဲတစ်ဝက် အမဲသားကြီးတစ်ဝက်လျှာကြီးက ဖိုးပလံရှိရာကို တွန့်တွန့်ပြီးလာတယ်။ သိပ်မြန်တာပဲ ဝှေ့ပြီးရမ်းတယ်။ ဖိုးပလံနောက်တစ်ချက်ပစ်စိုက်လိုက်တယ်။ လျှာကြီးမှာ ရေခဲသားတွေလက်ကနဲပဲ၊ လျှာမဲကြီး ခါရမ်းနေတာပဲ၊ ရွှီ စူးစူးရှရှအသံကြီးနဲ့အော်ပြီး လျှာမဲကြီးအမှုံအမွှားတွေဖြစ်ပြီးပျောက်သွားတယ်။ မျက်လုံးပြူးပြူးကြီးနဲ့ မျက်နှာပြင်ကြီးကတော့ ခေါင်မိုးပေါ်ကနေယီးလေးခိုပြီး ကြည့်နေတုန်းပဲ၊ ဖိုးပလံမျက်လုံးမဲမဲကြီးရဲ့ အလယ်တည့်တည့်ကို အားနဲ့ပစ်လိုက်တယ်။ ဖန်ချောင်းလေးက လက်ကနဲ မျက်လုံးအလယ်မှာ စိုက်သွားတယ်။ မျက်လုံးထဲမှာ အလင်းရောင်တစ်ချို့ပေါ်နေပါတယ်။ မော်စီ .. မော်စီ .. ထပါ .. စုန်းမဲကြီးကို ရှင်းရမယ်။ မော်စီ့ဘက်ကို ဖိုးပလံလှည့်အကြည့် မော်စီ့နားမှာ အဘွားစုန်းဖြူရှိနေတယ်။ “မော်စီ ဘယ်လိုလဲ ဘာဖြစ်သွားလဲ”  “ငါ ကျောကုန်းနဲ့ ပစ်ကျတာကွ .. နာနေတယ် ဒါပေမဲ့ ရတယ်၊ ဘာမှမဖြစ်လောက်ဘူး” မော်စီက ဖြေပါတယ်။ ဖိုးပလံ ဒီဘက်ကိုပြန်အလှည့် ... မျက်နှာကြီးက မရှိတော့ဘူး၊ ချက်ချင်းပဲ အိမ်ဖြူလေးရဲ့ နံရံတွေပါ အမဲရောင်တွေသမ်းသာတယ်။ ဖိုးပလံ .. မော်စီက အလန့်တကြားထအော်တယ်။ မော်စီ့ရဲ့လက်ဖ၀ါးဖြူဖြူလေးမှာ ချက်ချင်းအရောင်ပြောင်းသွားလေရဲ့၊ အမဲရောင်ကြီး လက်ဖ၀ါးနှစ်ဘက်လုံး အမဲရောင်ကြီး၊ အား ..... မော်စီ ကြောက်လန့်တကြားအော်တယ်၊ စုန်းဖြူက မော်စီလက်ဖ၀ါးနှစ်ဘက်လုံးကို နှင်တံလေးနဲ့ တို့ပြီး တတွတ်တွတ်ရွတ်တယ်။  စုန်းမဲကြီးက ဘယ်နေရာမှာပုန်းနေတာလဲ၊ ထွက်လာခဲ့စမ်းပါ ဖိုးပလံရဲ့ ဖန်လုံးလေးက အလင်းရောင်လျော့လာပြီ၊ မော်စီ့ရဲ့ဖန်လုံးလေးဆို အလင်းရောင်မရှိတော့ဘူး။

အိမ်လေးရဲ့အရောင်အဖြူရောင် မရှိသလောက်ပဲ၊ ကလေးတွေ အကောင်လေးတွေ ကြောက်လွန်းလို့ တုန်ရီနေကြပြီ။ တချို့ငှက်လေးတွေဆို အပေါ်ကို ဆတ်ကနဲမြောက်သွားပြီး လည်ပင်းမှာ အမဲရောင်အစင်းကြောင်းပေါ်လာပြီး ဇက်လေးတွေ ကျိုးကျကုန်ကြတယ်။ လာခဲ့စမ်းပါ၊ ထွက်လာခဲ့စမ်းပါ၊ ပုန်းမနေစမ်းပါနဲ့၊ ကလေးတွေကိုမထိနဲ့ .. စုန်းဖြူက တုန်ရီချောက်ချားစွာအော်ဟစ်တယ်။ အိမ်လေးထဲမှာ ရှိတဲ့ ပရိဘောဂတွေ ပစ္စည်းတွေပါ အမဲရောင်တွေ ပြောင်းလာပြီ။ အဲဒီအချိန် အမဲအမှုံအမွှားလေပွေတစ်ခု အင်မတန်မြန်တဲ အရှိန်နဲ့ ဖိုးပလံတို့ အားလုံးကို ၀င်ဆောင့်ပါတယ်။ အုန်း .... ၀ုန်း .. အား .... ဖိုးပလံ၊ မော်စီ၊ စုန်းဖြူ၊ ကလေးတွေနဲ့ အကောင်လေးတွေ အားလုံး နံရံဆီကိုပြေးဆောင့်မိကုန်တယ်၊ အစုလိုက်အပုံလိုက်ပဲ၊ အမဲလေပွေကြီးကနေ စုန်းမဲ ပုံသဏ္ဍာန်ပေါ်လာတယ်။ လက်နှစ်ဘက်ကို အပေါ်မှာ ကွေးကွေးကြီးမြှောက်ပြီး ၀ူး .... ဟူး အသံနက်ကြီးနဲ့အော်တယ်။ သူ့ပုံသဏ္ဍာန်ထင်ရှားလာပြီ၊ သူ့ရဲ့လျှာကြီးနာကျင်လို့ မချိမဆန်အော်တဲ့ဟန်ကြီး၊ ပိုပြီး ကြမ်းကြမ်းတမ်းတမ်းဖြစ်နေပြီ၊ ဖိုးပလံ မော်စီ နှစ်ဦးသားအချက်ပြပြီး စုန်းမဲတကိုယ်လုံးစီ ဖန်ချောင်းတွေနဲ့ ပစ်စိုက်ကြတယ်၊ တစ်ယောက်တစ်လှည့်စီ ပစ်တယ်၊ စုန်းမဲကြီးရဲ့ကိုယ်ဟာ ခါယမ်းနေတာပဲ၊ ရေခဲသားတွေဖုံးလာပြီ၊ အဖြူရောင်လျှပ်စစ်လိုင်းတွေလဲ တဖြတ်ဖြတ်ထွက်လာတယ်။ ဦးခေါင်းကြီးက လည်နေတယ်။ စုန်းဖြူရဲ့ ဦးခေါင်းကြီးကို ဆက်တိုက်ပစ်ကြပြန်တယ်၊။ ဦးခေါင်းကြီးမှာ ရေခဲတွေဖုံးလာတယ်။ လျှပ်စစ်လှိုင်းတွေ ပိုထွက်လာတယ်။ အဖြူရောင်အလင်းတွေရော .. ဖိုးပလံတို့လက်ထဲက ဖန်လုံးလေးတွေလည်း အိမ်မဲကြီးရဲ့ အလယ်မှာ လင်းလက်နေတာပဲ၊ နောက်ဆုံး စုန်းမဲကြီးရဲ့ ဦးခေါင်းထဲ က အလင်းတန်းကြီးတစ်ခုထွက်လာပြီး အလင်းတန်းကြီးက စုန်းမဲကြီးရဲ့ ကိုယ်ကို တွန့်လိမ်ရစ်ပတ်လိုက်တယ်၊ ဖေါင်း .... စုန်းမဲကြီးရဲ့ ကိုယ်ထည်ကြီး ဖေါင်းကနဲမြည်သံကြီးနဲ့အတူ အမှုံအမွှားတွေ အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲကုန်တယ်၊ စုန်းမဲ သေပြီ .. ကဲ ... နောက်ဆုံး သူ သေရပြီလေ ..

ဖိုးပလံတို့ အားရ၀မ်းသာအော်လိုက်ကြတယ်။ ဖန်လုံးလေးတွေမှာ ရေခဲလျှပ်စစ်ဖန်ချောင်းလေးတွေလည်း လက်ကျန်မရှိတော့ပါဘူး၊ အိမ်လေးမှာ ဖုံးကာနေတဲ့ အမဲရောင်ကြီးတွေ နောက်ဆုတ်နောက်ဆုတ်နဲ့ ရွေ့သွားတာ နောက်ဆုံး အဖြူရောင်အိမ်လေးအဖြစ်ပြန်ပေါ်လာတယ်။ ပစ္စည်းတွေလည်း အမဲရောင်ကြီးဖမ်းစားထားခြင်းကနေ လွတ်မြောက်သွားကြပြီ၊ မော်စီ ... “ငါ့ လက်ဖ၀ါးတွေ” လို့ ထအော်တယ်။ မော်စီ့လက်ဖ၀ါးတွေလည်း နဂိုအရောင်အတိုင်း ပြန်ပြောင်းလာပါပြီ၊ အဘွားစုန်းဖြူက ၀မ်းသာအားရ ဖြစ်ပြီး ငိုကြွေးနေရှာတယ်။ “ကျေးဇူးတင်လိုက်တာကွယ်၊ အဘွားတို့ကိုကယ်လိုက်နိုင်ပြီ၊ အဖြူရောင်အိမ် ကမ္ဘာလေးကို ဖိုးပလံနဲ့ မော်စီ ကယ်ခဲ့တာပဲ”  လို့ တဖွဖွပြောရှာတယ်။ ငိုကြွေးတယ်၊ ၀မ်းသာလွန်းလို့ ငိုကြွေးမိတာပါလို့ စုန်းဖြူက ပြောပါတယ်။ ကလေးဖြူဖြူလေးတွေ၊ ငှက်ဖြူလေးတွေ၊ အကောင်ပလောင်ဖြူဖြူလေးတွေ အားလုံးပဲ စီစီညံညံ စကားပြောဆိုကြတယ်။ အာလုံး အဖြူရောင်ကြည်ကြည်လင်လင် အရောင်လေးတွေအတိုင်း .. နဂိုအတိုင်း အဖြူထည်လေးတွေပြန်ဖြစ်သွားကြပါပြီ။

အား .. မော်စီက ရုတ်တရက် အော်ဟစ်တယ်။ အားလုံး အထိတ်တလန့်ဖြစ်သွားကြတာပေါ့။
မော်စီ့မျက်နှာက တကယ့်ကိုကြောက်လန့်နေတဲ့ပုံပဲ။

“မော်စီ ဘာဖြစ်လို့လဲ”  ဖိုးပလံ မော်စီ့အနားကို ပြေးသွားလိုက်တယ်၊
ဒီမှာ ငါ့ အကျီ ... ငါ့အကျီ အမဲရောင်ကြီး ... လုပ်ပါဦး ..

“အာ .. မော်စီရာ မင်းဝတ်လာကတည်းက အကျီက အနက်ရောင်ပါဟ”

“အမ် .. အော  ဟုတ်သားပဲ” မော်စီက သက်ပြင်းရှည်ကြီးမှုတ်ထုတ်တယ်။

“မကြောက်ပါနဲ့တော့ စုန်းမဲတကယ့်ကို ဇိဝိန်ချုပ် အဆုံးသတ်သွားပါပြီ။ သူ ဘယ်တော့မှ အဖြူရောင်ကို နောက်တစ်ခါ အရောင်မဆိုးနိုင်တော့ပါဘူး” ဖိုးပလံ မော်စီ့ကို ပြောတယ်။

စုန်းဖြူက ကြည်လင်ဝင်းပတဲ့ အပြုံးလေးပြုံးလို့ ဖိုးပလံနဲ့ မော်စီ့တို့ အတွက် လက်ဆောင်ပေးစရာရှိတယ် တဲ့။
အဘွားစုန်းဖြူပေးတဲ့လက်ဆောင်ကို ဖိုးပလံတို့ ကြည့်လိုက်ကြတော့ ......

အိုး ချာချာ ....
ကီးနို
စုန်းဖြူက နှင်တံလေးနဲ့ ဖိုးပလံ၊ မော်စီ၊ ကီးနို၊ ချာချာတို့ရဲ့ ခေါင်းလေးတွေကို တစ်ချက်စီတို့လိုက်ပါတယ်။

အိမ်လေးဆီမှာ သစ်သားဖြတ်စက်သံရပ်သွားပြီ။
မော်စီ ... မော် ..စီ
အန်တီကြွေက မော်စီတို့ကိုရှာနေပါတယ်။ မော်စီနဲ့ ဖိုးပလံ တွင်းဘေးမှာ ခြေပစ်လက်ပစ်ထိုင်လျှက်သား ..
ဦးယွန်းက အနားရောက်လာတယ်။ သားတို့ တွင်းတူးလို့ အဆင်ပြေရဲ့လား  လို့မေးတယ်။ ပြီးတော့ ဦးယွန်းရဲ့ မျက်လုံးအစုံ ပြူးဝိုင်းသွားတော့တယ်။ အန်တီကြွေက ...   အမလေး .. ချာချာ ... ကီးနို.. လို့ ခေါ်လိုက်တယ်။
မော်စီက စပ်ဖြဲဖြဲနဲ့ “မေမေ ကျွန်တော်တို့ တွင်းတူးဖို့ မလိုတော့ဘူး၊ ချာချာနဲ့ ကီးနို မသေတော့ဘူးလေ” လို့ ပြောတယ်။
“မေမေ မလန့်ပါနဲ့ သားတို့ စွန့်စားခန်းကို မေမေ့တို့ကို ပြောပြရင် သိပ်အံသြသွားဦးမယ်” လို့ ထပ်ပြီး ပြောလိုက်ပါသေးတယ်။             ။

Sunday, June 26, 2011

"ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ"

ဇွန်လ ၂၅ရက်နေ့(မနေ့က) မိုက်ကယ်ဆုံးပါးသွားတာ ၂နှစ်ပြည့်သွားခဲ့ပါပြီ။ မနေ့က သတင်းမကြည့်လိုက်ရတော့ မေ့နေတယ်။
မိုက်ကယ် ရေးထားတဲ့ Billie Jean သီချင်းအကြောင်း ပိုစ့်ကို မိုက်ကယ်အမှတ်တရ ပြန်တင်လိုက်ပါတယ်။ (အမှန်က စာအသစ်မရေးဖြစ်လို့ပါ)
Remember the time, Michael !!!


ပေါ့ပ်ဘုရင် လို့ နာမည်တွင်တဲ့ အမေရိကန်ဂီတသမား မိုက်ကယ်ဂျက်ဆန်(မိုက်ကယ်ဂျိုးဇက်ဂျက်ဆန်- သြဂုတ် ၂၉-၁၉၅၈ - ဇွန် ၂၅, ၂၀၀၉))ကတော့ ငြိမ်းချမ်းတဲ့ ယေရှုခရစ်ရဲ့ အိမ်တော်မှာ ထာဝရ အနားယူသွားပါပြီ။ ဂျက်ဆန်ဟာ သူ ပြုလုပ်ခဲ့တဲ့ ဂီတဖျော်ဖြေပွဲမှန်သမျှ အောင်မြင်ခဲ့လို့ ဈေးကွက်ဝင်အောင်မြင်တဲ့ ဖျော်ဖြေတင်ဆက်နိုင်သူ တွေထဲက တစ်ယောက်လို့လဲ နာမည်ကြီးပြန်တယ်။ ၁၉၇၁ မှာ သူ့ရဲ တစ်ကိုယ်တော် ဂီတလမ်းကြောင်းကို စတင်ခဲ့တယ်။ ၁၉၆၄ ခုနှစ်ထဲက The Jackson 5 အဖွဲ့သားအဖြစ် သီချင်းအယ်လ်ဘမ်ထုတ်ခဲ့ပြီးပါပြီ။ ဂျက်ဆန်ရဲ့အောင်မြင်မှုတွေ၊ ကျဆုံးမှုတွေ က အနိမ့်အမြင့် အတက်အကျ ကွာဟ လွန်းတယ်၊ ချီးမြှောက်မှုတွေ၊ ပြစ်တင်ရှုံ့ချမှုတွေကလဲ ဂျက်ဆန်ရဲ့ဘ၀မှာ ပြည့်သိပ်နေတာပါပဲ။ ဂျက်ဆန်ရဲ့အောင်မြင်ခဲ့တဲ့
သီချင်းတွေထဲမှာ Thriller, Bad, Beat it, Heal the World, Black or White, I just can't stop loving you, We are the world, You are not alone, Remember the Time, I'll be there သီချင်းတွေက မြန်မာပရိသတ်တွေ နှစ်ခြိုက်သဘောကျ နားစွဲနေခဲ့တဲ့သီချင်းတွေပါ။ I'll be there ကတော့ Jackson 5 ရဲ့ အဖွဲ့သားအဖြစ် ဂျက်ဆန်ပါဝင်သီဆိုခဲ့တဲ့သီချင်းဖြစ်ပြီး ပေါ့ပ် အဆိုတော် မာရေးယာကာရေး နဲ့ R&B အဆိုတော် ထရေးလောရန့်ဇ်တို့ လဲ ပြန်ဆိုထားကြတယ်။ ဂျက်ဆန် စန္ဒရားနဲ့သီဆိုထားတဲ့ I'll be there ဗီဒီယိုမှာ ဂျက်ဆန်က
စန္ဒရားတီးရင်း "I'll reach out my hand to you, I'll have faith in all you do" ဆိုပြီး သီချင်းကိုစထားတယ်။ ပြီးတော့ စန္ဒရားအတီးရပ်ကာ နောက်ကိုလှည့်အကြည့် ငယ်ငယ်က ဂျက်ဆန်ပုံရိပ်လေးက တံခါးဝမှာ ဘောင်ကိုမှီကာရပ်လိုက်တယ်။ ဂျက်ဆန်လေးက "Just call my name and I'll be there" လို့ ခပ်ချိုချို ကလေးသံလေးနဲ့ ဆိုလိုက်တယ်။ စန္ဒရားတီးနေတဲ့ ဂျက်ဆန်က အားပါးတရပြုံးရင်း စန္ဒရား ဆက်တီးတယ်။ ပြီးတော့ သံပြိုင်ဆိုပုံ ဂျက်ဆန်ရဲ့မောင်နှမတွေ၊ အဖေ အမေ ပုံရိပ်တွေထပ်တားတဲ့ I'll be there ဗီဒီယိုဟာ အခုချိန်မှာ ဂျက်ဆန်ကို ဘယ်လိုနည်းနဲ့မှ မမေ့နိုင်တဲ့ ပုံရိပ်တွေအဖြစ် ပရိသတ်တွေရဲ့ရင်ကို လှုပ်ခါရိုက်ခတ်စေခဲ့ပါပြီ။

ပေါ့ပ်ဘုရင်ဂျက်ဆန်က သီချင်းရေးဖို့လဲ စိတ်ဝင်စားပါသေးတယ်။ ဂျက်ဆန် ကိုယ်တိုင်ရေးထားတဲ့ Billie Jean သီချင်းဟာ လဲ စိတ်ဝင်စားစရာကောင်းလှတယ်။ ဂျက်ဆန်က သူ့ရဲ့ အဖြစ်မှန်ကို ရေးထားတယ်လို့ဆိုတယ်။ dance-pop R&B သီချင်းတစ်ပုဒ်ပါ။ ပရိုဂျူဆာက ကွင်စီဂျုံးဖြစ်ပြီး ဂျုံးက ဒီသီချင်းကို အစက နဲနဲမှ သဘောမကျဘူးလို့ အမေးအဖြေတွေမှာ ပြောပြလေ့ရှိတယ်။ ဂျုံးက Billie Jean ဆိုတဲ့နာမည်အစား Not My Lover လို့ ပေးချင်တယ်၊ ဂျက်ဆန်က လဲ Billie Jean ဆိုတဲ့အမည်ကိုပဲပေးချင်တယ်။ "ဒီ Billie Jean ကြောင့်ဂျက်ဆန်နဲ့ အကြိမ်အရေအတွက် အများကြီးပဲ အငြင်းပွားရတယ်၊ ကျွန်တော်က မကြိုက်ဘူး၊ သူက ကြိုက်တယ်၊
ကျွန်တော်က ဒီသီချင်းကိုဖြုတ်ပစ်ချင်တယ်၊ သူ ကထည့်ကိုထည့်ချင်နေတယ်၊ ဂျက်ဆန်ကပြောသေးတယ်၊ Billie Jean ဟာ ဂျယ်လီလိုပဲ၊ ခပ်ချိုချိုပေါ့၊ ကျွန်တော် ဒီသီချင်းဆိုလိုက်တိုင်း ကချင်လာတယ်...တဲ့ ... နောက်တော့ လဲ ... ဂျက်ဆန်မှန်ပါတယ်၊ Billie Jean ကို ဂျက်ဆန့်ပရိသတ်တွေ သဲသဲလှုပ်ကြိုက်ကြတယ်၊ "Billie Jean ဆိုတဲ့ ကလေးမ က ပိုက်ဆံတွေ အများကြီးပေးတယ်၊ သီချင်းကိုပြောတာပါဗျာ" လို့ ဂျုံးက ပြောပြတယ်။ ၁၉၈၂က ထုတ်ဝေတဲ့ Thriller မှာ Billie Jean ကို ပရိုဂျူဆာ ဂျုံးက မထည့်စေချင်ခဲ့ဘူး၊ အသံဖမ်း အင်ဂျင်နီယာ ဘရုစ်ဆွီဒီယန် က နောက်ဆုံးအဆင့် အရည်အသွေးမရခင်အထိ ၉၁ ကြိမ်တိုင်အောင် အသံဖမ်းခဲ့ရတယ်။ ၁၉၈၃ ဇန်န၀ါရီ ၂ရက်နေ့မှာ စင်ဂဲလ် ဖြန့်လိုက်တယ်။ ၁၉၈၃ခုနှစ်မှာအရောင်းရဆုံးစင်ဂဲလ် အဖြစ်အောင်မြင်ခဲ့ပြီး ယူကေရော ယူအက်စ်မှာပါ ထိပ်ဆုံးရောက်ခဲ့ပါတယ်။ ဂျက်ဆန်ရဲ့ အတ္ထုပတ္တိရေးသားသူ ဂျေ ရန်ဒီ တာရာဘော်ရဲလ်လီ က Billie Jean သီချင်းဟာ ဂျက်ဆန် ၁၉၈၁ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ တကယ့်အဖြစ်အပျက်ကို  ရေးထားတယ်လို့ဖော်ပြခဲ့တယ်။
ရူးကြောင်ကြောင်နိုင်လှတဲ့ ခပ်ငယ်ငယ်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အမွှာကလေး နှစ်ယောက်ထဲက တစ်ယောက်ရဲ့ အဖေက ဂျက်ဆန်ပဲလို့ စွပ်စွဲလိုက်တော့တယ်၊ စာတွေအကြိမ်ကြိမ်ရေးပို့ခဲ့တယ်။ ဂျက်ဆန်က အဲဒီအမျိုးသမီးငယ်ကို လုံးဝမတွေ့ဘူးပါဘူးလို့ အတ္ထုပတ္တိစာအုပ်မှာရေးသားခဲ့ပါတယ်။ စာတွေအကြိမ်ကြိမ်ပို့ပီးနောက်ပိုင်း ဂျက်ဆန် ပါဆယ်ထုတ် တစ်ခုရခဲ့တယ်၊ အဲဒီ အမျိုးသမီးပရိသတ်ရဲ့ ဓါတ်ပုံရယ်၊ စာတစ်စောင်၊ သေနတ်တစ်လက်ရယ်ပါလာတာကြောင့်ဂျက်ဆန်ခမြာ အိမ်မက်ဆိုးတွေမက်ခဲ့ရတဲ့ နေ့တွေ တောင်ကြုံရတယ်လို့ ဆိုတယ်။ အဲဒီစာရဲ့ အဓိပ္ပါယ်က သေနတ်က ဂျက်ဆန်ကိုယ့်ကိုယ်ကို သတ်သေဖို့ဖြစ်ပြီး အဲဒီစာရတဲ့အချိန်မှာ သူမရဲ့ ကလေးကိုပါ သတ်ပစ်လိုက်ပါပြီလို့ ရေးသားထားတာ ကြောင့် ဂျက်ဆန်ထိတ်လန့်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီ ဂျက်ဆန်ပရိသတ်အမျိုးသမီးငယ်ဟာ စိတ်ရောဂါဆေးရုံကို ပို့ထားရသူဖြစ်တာသိခဲ့ကြတယ်။

Motown 25 ဂီတဖျော်ဖြေပွဲမှာ Billie Jean သီချင်းသီဆိုရင်း ဂျက်ဆန်ဝတ်ဆင်ခဲ့တဲ့အတိုင်း ကမ္ဘာတ၀ှမ်းက ကလေးငယ်တွေပါ စိတ်ဝင်တစားဝတ်ဆင်ခဲ့ကြပါတယ်။ ယူအက်စ် Bound Brook High School ကျောင်းက Motown 25 မှာ ဂျက်ဆန်ဖျော်ဖြေရင်း ၀တ်ခဲ့သလို အဖြူရောင်လက်အိတ်တစ်ဘက်တည်း ၀တ်ဆင်တာကို တားမြစ်ခဲ့တယ်။

၂၀၀၈ မှာ ထုတ်ဝေခဲ့တဲ့ Billie Jean ၂၀၀၈ ဟာ ဟစ်ဟော့ပ်အဆိုတော် ကိန်းဝက်စ်နဲ့ remix ပြန်ဆိုထားတဲ့သီချင်းပါ။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ မူရင်းသီချင်းနဲ့ ဘယ်လိုမှ နှိုင်းယဉ်လို့မရဘူးလို့ အပြစ်တင်ကြသူတွေလဲ အများကြီးရှိပါတယ်။
ဂျက်ဆန်သီဆိုထားတဲ့ စာသားတွေကို အလွယ်တကူရှာနိုင်ပေမဲ့ ကိန်းဝက်စ် ရဲ့ စာသားတွေကိုတော့ အင်တာနက်မှာ ရှာလို့မရလောက်အောင် တားဖြစ်ပိတ်ပင်ထားတယ်။

ဂျက်ဆန်ရေးသားခဲ့တဲ့ Billie Jean ရဲ့အကြောင်းစပ်စုကြည့်မိတာလေး ဖော်ပြပေးလိုက်ပါတယ်။
Billie Jean သီချင်းရဲ့ စီစဉ်ရေသားသူက မိုက်ကယ်လ်ဂျက်ဆန်၊ ပရိုဂျူဆာက ကွင်စီဂျုံး၊ လိဒ်နဲ့ နောက်ခံအဆို မိုက်ကယ်လ်ဂျက်ဆန်၊ ဒရမ်သမား လီယွန်နက်ဒူဂူချန်ဆလား၊ ဘေစ့်ဂစ်တာ လူးဝစ်ဂျွန်ဆန်၊ ဂစ်တာ ဒေးဗစ်ဝီလျံမ်စ်နဲ့ mix down က အသံဖမ်းအင်ဂျင်နီယာ ဘရုစ်ဆွီဒန်တို့ဖြစ်ကြတယ်။ မိုက်ကယ်ရဲ့ Billie Jean က ဘယ်လိုလဲ မြည်းစမ်းကြည့်ရအောင်ပါ။

သူမက ရုပ်ရှင်ထဲက အလှဘုရင်မ ထက် အဆပေါင်းများစွာ သာလွန်နေသူပါ ...
စိတ်မရှိပါနဲ့ကွယ် လို့ သူ့ကို ကျွန်တော်ပြောခဲ့လိုက်တယ် ... ဒါပေမဲ့ ကပွဲခန်းမရဲ့ ကြမ်းပြင်တ၀ိုက် လှည့်ပတ် ကခုန်မယ့်သူဟာ . ကိုယ်တယောက်ထဲပါလို့ ပြောတယ် .. ဘာကိုဆိုလိုချင်တာပါလိမ့် ...
သူမက ကပွဲခန်းမရဲ့ ကြမ်းပြင်တ၀ိုက် လှည့်ပတ် ကခုန်မယ့်သူဟာ .
ကိုယ်တယောက်ထဲပါလို့ တွင်တွင်ပြောနေလေရဲ့ ...

သူမ က ပြောပြန်တယ် သူမရဲ့ အမည်က ဘီးလ်ဂျီန်းပါ တဲ့ .. ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေမှာ တွေ့ရတတ်တဲ့ အမူအယာမျိုးနဲ့ ပြောလိုက်တယ်။
အဲ့ဒီနောက်မှာ တော့ အနားက ရှိရှိသမျှ ဦးခေါင်းတွေအားလုံး သူမဆီ ငဲ့စောင်းကုန်ကြတယ် ..
သူတို့ရဲ့ မျက်လုံးတွေမှာ ကပွဲကြမ်းပြင်က သူမနဲ့ အတူကခုန်မယ့် .. သူမရဲ့ အိပ်မက်ထဲကသူ ... သူ.. ဘယ်သူများ ဖြစ်လာမလဲ လို့ အလွန်အမင်း စပ်စုလိုဟန်တွေ အတိုင်းသားမြင်နေရပြီ ...

လူတွေက ကျွန်တော်လုပ်နေတာတွေ ကို သတိထားဂရုစိုတ်ဖို့ တချိန်လုံး ပြောနေကြပြီ..
ပြီးတော့ ခပ်ရွယ်ရွယ်မိန်းကလေးတွေရဲ့ ကျိုးပဲ့နေတဲ့ အသဲနှလုံးတွေဆီ ရစ်သီဝဲလှည့်မနေဖို့လဲ တားကြပြန်ပြီ ...
ပြီးတော့လဲ မေမေက ကျွန်တော့်ကို အမြဲပြောတယ် မင်း ချစ်တဲ့သူ အဲဒီ မိန်းကလေးကို သတိထားဖို့ .. ကျွန်တော်ဘာလုပ်နေတယ် ဆိုတာ သတိထားဖို့ ...သတိပေးစကားတွေညံစီလို့ ... လိမ်ညာဟန်ဆောင်မှုတွေက အမှန် တကယ်ကို ဖြစ်လာခဲ့ပြီ ...

ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..
ကျွန်တော်တစ်ယောက်ထဲပါ လို့ တွင်တွင်ကြီးပြောနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ ...
ဒါပေမဲ့ ကလေး က ကျွန်တော့်ရဲ့သားမဟုတ်ပြန်ဘူး …
သူမက ပြောတယ် ကျွန်တော်တစ်ယောက်ထဲပါတဲ့ ... ဒါပေမဲ့ ကလေးက ကျွန်တော့်သားမဟုတ်ပြန်ဘူး ..

ရက်ပေါင်း ၄၀ .. ညပေါင်း ၄၀ လုံးလုံး ...
တရားဥပဒေက သူမ ဘက်မှာ ရှိနေခဲ့တယ် .. ဒါပေမဲ့ ပွေလီရှုပ်ထွေးတဲ့ အကြံအစည်တွေ၊ တမင်ရည်ရွယ်လိုက်တဲ့ အစီအစဉ် တွေပြည့်နေတဲ့ တောင်းဆိုမှုတွေ ထဲ သူမတိုးဝင်နေတဲ့အခါ ဘယ်သူက ကျွန်တော့်အတွက် ရပ်တည်နိုင်သလဲ ...
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကပွဲခန်းမကြမ်းပြင်ပေါ်လှည့်ပတ် ကခုန်ခဲ့ကြတာကိုး ... ကျွန်တော့်ရဲ့လေးနက်တဲ့အကြံပြုချက်ကို လက်ခံပေးပါ အမြဲတမ်း နှစ်ကြိမ်ပြန်တွေးပါ .. အဲဒါလေး ပြန်သတိရပေးပါ .. နှစ်ကြိမ်လောက်တွေးပါ ...
သူမ က ပြောတယ် .. ငါတို့ ၃နာရီတိုင်အောင် ကခုန်ခဲ့ကြတယ် .. ပြီးတော့ ကျွန်တော့်ကို ခပ်စူးစူးကြည့်ရင်း ကလေးရဲ့ ဓါတ်ပုံလေးတစ်ပုံထုတ်ပြတယ် .. သူ့ရဲ့မျက်လုံးတွေက ကျွန်တော်မျက်လုံးတွေအတိုင်းပဲ တဲ့ .. အို မဟုတ်လိုက်တာ ..
ကျွန်တော်တို့ကလဲ ကပွဲကြမ်းပြင်ပေါ် လှည့်ပတ်ကခုန်ခဲ့ကြတာကိုး ...

လူတွေက ကျွန်တော်လုပ်နေတာတွေ ကို သတိထားဂရုစိုတ်ဖို့ တချိန်လုံး ပြောနေကြပြီ..
ပြီးတော့ ခပ်ရွယ်ရွယ်မိန်းကလေးတွေရဲ့ ကျိုးပဲ့နေတဲ့ အသဲနှလုံးတွေဆီ ရစ်သီဝဲလှည့်မနေဖို့လဲ တားကြပြန်ပြီ ...
သူမက ခန်းမထဲဝင်လာခဲ့ပြီ .. ကျွန်တော့်ဘေးမှာ တွန့်လိန်တွန်လိန် ဟန်လုပ်ရင်းရပ်လိုက်တယ် .. မွှေးအီချိုမြလွန်းတဲ့ အနံ့က ရစ်ပတ်လို့ ... အဲ့ဒီနောက် အဖြစ်အပျက်တွေက ခပ်မြန်မြန် ခပ်သွက်သွက် ... သူမက သူမရဲ့အခန်းဆီ .. ခေါ်ဆောင်လို့ ...

ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..
ကျွန်တော်တစ်ယောက်ထဲပါ လို့ တွင်တွင်ကြီးပြောနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ ...
ဒါပေမဲ့ ကလေး က ကျွန်တော့်ရဲ့သားမဟုတ်ပြန်ဘူး ...
သူမက ပြောတယ် ကျွန်တော်တစ်ယောက်ထဲပါတဲ့ ... ဒါပေမဲ့ ကလေးက ကျွန်တော့်သားမဟုတ်ပြန်ဘူး ..

ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..
ကျွန်တော်တစ်ယောက်ထဲပါ လို့ တွင်တွင်ကြီးပြောနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ ...
ဒါပေမဲ့ ကလေး က ကျွန်တော့်ရဲ့သားမဟုတ်ပြန်ဘူး ...
သူမက ပြောတယ် ကျွန်တော်တစ်ယောက်ထဲပါတဲ့ ... ဒါပေမဲ့ ကလေးက ကျွန်တော့်သားမဟုတ်ပြန်ဘူး ..

ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..
ကျွန်တော်တစ်ယောက်ထဲပါ လို့ တွင်တွင်ကြီးပြောနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ ...
ဒါပေမဲ့ ကလေး က ကျွန်တော့်ရဲ့သားမဟုတ်ပြန်ဘူး ...
သူမက ပြောတယ် ကျွန်တော်တစ်ယောက်ထဲပါတဲ့ ... ဒါပေမဲ့ ကလေးက ကျွန်တော့်သားမဟုတ်ပြန်ဘူး ..

ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..
ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..
ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..
ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..
ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..

ဘီးလ်ဂျီးန် က ...
ဘီးလ်ဂျီးန် က ...
ဘီးလ်ဂျီးန် က ...

ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..
ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..
ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..
ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ ..

ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ .. ( သူမက တကယ့် မိန်းကလေးတစ်ယောက် ..)
ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ .. ( သူမက တကယ့် မိန်းကလေးတစ်ယောက် ..)
ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ .. ( သူမက တကယ့် မိန်းကလေးတစ်ယောက် ..)
ဘီးလ်ဂျီးန် က ကျွန်တော့် အသဲလေး မဟုတ်ရပါဘူးဗျာ .. ( သူမက တကယ့် မိန်းကလေးတစ်ယောက် ..)

ဘီးလ်ဂျီးန် က ...
ဘီးလ်ဂျီးန် က ...

Saturday, June 25, 2011

Rivers Of Babylon



မေမေ ကြိုက်တဲ့သီချင်း၊
ညက မေမေ့ကို အိပ်မက် မက်တယ်။ :(

Tuesday, June 21, 2011

၆. မေမေ့ရဲ့မွေးနေ့မှာ အားလုံးစုံလင်စွာ (အပိုင်း ၂)

မနေ့က...  ညကတည်းက ချက်စရာပြုတ်စရာတွေအတွက် မေမေ့ကို ကူညီပေးပါတယ်။ ခခ နဲ့ မော်စီလည်း တချိန်လုံး ကူညီပေးကြတယ်။ ခခ က သူ့မေမေ သင်ပေးထားတော့ မီးဖိုးချောင်ကိစ္စတွေသိနေခဲ့ပါပြီ။ မီးဖိုချောင်ထဲမှာ အဲဒီမိန်းကလေး ခခက သိပ်ဆရာလုပ်တာပဲ၊ ခခ ခိုင်းတဲံ့အတိုင်းပဲ ဖိုးပလံနဲ့ မော်စီက ကူညီပြင်ဆင်ပေးနေခဲ့ရတာ။

မနက်စောစော မေမေ့ပါးကို အားပါးတရမွှေးလိုက်ပြီး နှုတ်ဆက်လိုက်တယ်။
“မေမေ ရေ ..ပျော်ရွှင်ဖွယ်ရာမွေးနေ့ပါဗျ၊ မေမေ့ကို အထူးမွေးနေ့လက်ဆောင် ဒီနေ့ ပေးမယ်။ မေမေမှတ်မိလား၊ မေမေ့ကို ရွှေပန်းအိုးလေးပေးမယ်ဆိုတာ၊ နတ်သမီးနယ်မြေက သားတို့ လက်ဆောင်ရလာကြတာလေ၊ ချစ်စရာကောင်းတဲ့ သားလေးဖိုးပလံကို အခုလိုပဲ မုန့်တွေများများကျွေး၊ မုန့်ဘိုးများများပေး၊ များများစောင့်ရှောက်နိုင်ပါစေခင်ဗျား”
“ဟုတ်ပါပြီရှင်၊ သားလေး ဖိုးပလံပေးတဲ့ရွှေပန်းအိုးလေး မေမေ လိုချင်လှချည်ရဲ့၊ ခုပဲ မြန်မြန်ပေးပါတော့”  လို့ မေမေက ပြုံးရွှင်စွာပြောပါတယ်။
ဖေဖေကလည်း “မေထားရေ မင်္ဂလာရှိတဲ့ မွေးနေ့ဖြစ်ပါစေဗျား” လို့ ဆိုတယ်။ “အသက်ဘယ်လောက်ပြည့်လည်းတော့ မမေးတော့ပါဘူးကွာ နော့” လို့လည်း စနောက်လိုက်သေးတယ်။

ဖိုးပလံတို့ စောင့်နေခဲ့ကြရတဲ့ မေမေ့ မွေးနေ့ ရောက်လာခဲ့ပါပြီ။ အဘိုရေမွန်ကိုလည်း ဖိုးပလံ သေသေချာချာ ဖိတ်ထားတယ်။ ခခ တို့ မေမေ ဖေဖေလည်း လာကြမယ်ထင်ရဲ့၊ မော်စီ့ဖေဖေတို့ရောပေါ့။ ဖန်ကြောင်တို့ပါ ရောက်လာကြရင် … ဟား ပျော်စရာကြီးနေမှာပဲ။ မနက်ကလည်း ဖိုးပလံ အစောကြီးပဲ အိပ်ရာနိုးတယ်။ နိုးနိုးချင်း ရွှေပန်းအိုးလေးကို သွားကြည့်တာပေါ့။ ပန်းအိုးလေးပတ်လည်မှာ ရွှေရောင်ဖဲကြိုးလေးကို ဖဲပွင့်ပုံစံလေးချည်တယ်။ ခခ မနေ့က ဘယ်လိုချည်ရမယ်ဆိုတာ သေသေချာချာပြပေးသွားတယ်။ ဖိုးပလံရှုးဖိနပ်ကြိုးချည်ရင်
ဖဲပွင့်အနားက တစ်ဘက်တည်း ဖြစ်ဖြစ်နေတတ်လို့ ခခ က အမြဲပြောတယ်။ ဖဲပွင့်အနားနှစ်ဘက် ဘယ်တော့မှ မရပါဘူး။ တစ်ဘက်တည်းဆွဲယူပြီး ချည်တတ်တာမို့ ခခ က သင်ပေးသွားခဲ့တာ။ ရွှေပန်းအိုးထဲက မှော်ပန်းလေးတွေ ဒီနေ့မှပဲ အစွမ်းကုန်ပွင့်လန်းနေကြသလိုပဲ၊ ပန်းရနံ့လေးတွေက မွှေးကြိုင်ပြီး အပွင့်လေးတွေကလန်းလန်းဆန်းဆန်းနဲ့ သန်မာနေလိုက်တာ။
ရွှေရောင်ဖဲကြိုးလေးနဲ့ ရွှေပန်းအိုးလေးကို ဖိုးပလံကြည့်မ၀ဖြစ်နေတော့တယ်။

မေမေ့ မွေးနေ့တွေဆို ဘာမှ အထူးတလည် မလုပ်ဖြစ်ကြပါဘူး။ ဘုန်းကြီး ငါးပါးလောက်အိမ်ကိုပင့်ပြီး ဆွမ်းကပ်တဲ့အခါကပ်တယ်။ ဖေဖေ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်သွားပို့တဲ့အခါ ပို့တယ်။ အဲဒီလောက်ပါပဲ။ ခုတော့ ဖိုးပလံ ပူဆာတာနဲ့ မေမေက ကလေးတွေ စားချင်တာတွေ ချက်ပေးရှာတယ်။ ကြက်သားပလာတာ၊ ရွှေတောင်ခေါက်ဆွဲ၊ နန်းကြီးသုတ်၊ ကြာဆံချက်၊ မုန့်ဟင်းခါး တွေပြင်ဆင်ထားတယ်။ မုန့်ဟင်းခါးနဲ့ နန်းကြီးသုတ်ပဲ မေမေအိမ်မှာ ချက်တာပါ၊ ကျန်တာတွေက ဆိုင်က ဖေဖေ မှာပေးထားတာ။ အန်တီဆူးတို့ လူသူငယ်လူကြီးတို့ လာရင်တော့ စားတတ်ကြပါ့မလားမသိပါဘူး။ မေမေ့လက်ရာ နန်းကြီးသုတ် က သိပ်ကောင်းတာ၊ သူတို့ စားနိုင်ရင်တော့ တသက်စာ စွဲသွားကြမှာပဲ။ တော်ကြာနေ ရွှေလိမ္မော်မြို့လေးကို ပြောင်းလာကြမှဖြင့်၊ ဖိုးပလံ ပေါက်ကရတွေးရင်း ခုန်ပေါက်မြူးတူးနေပါတယ်။ ဘုန်းကြီးတွေကိုတော့ အာရုံဆွမ်းကပ်တယ်။ ဘုန်းကြီးကြွသွားတာနဲ့ ဖိုးပလံကတော့ ငါးဖယ်ကြော်နိုင်းချင်းနဲ့ နန်းကြီးသုတ် နှစ်ပွဲလောက်တီးပစ်လိုက်တာပဲ။ ဖေဖေက ကြက်သားပလာတာတွေ တစ်ပန်းကန်ကြီးပဲ စားတယ်။ “မေထားရေ .. ကို ၀ယ်လာတဲ့ ကြက်သားပလာတာ ကောင်းတယ်ဟေ့” လို့လည်း မေမေ့ကို လှမ်းပြောလိုက်သေးတယ်။ ဖေဖေက အဲလိုပါပဲ သူလုပ်တာဆို ကောင်းတယ်လို့ သိပ်အပြောခံချင်တာ။

အုပ် .. အုပ် … ၀ုတ်…
ဟော ..
ခခတို့လာကြပြီ။ ခွေးလေး လဲ့ရာပါ ပါလာတာကိုး။
လဲ့ရာက အသံသေးသေးလေးနဲ့ ဟောင်ပါတယ်။ ဖိုးပလံကိုတွေ့တော့ ဖိုးပလံခြေတောက်တွေပေါ် မတ်တပ်ရပ်ပြီးတက်တယ်၊ အမြီးလေးကို မပြတ်လှုပ်ရမ်းပြီး နှုတ်ဆက်ပါတယ်။ ခခ ဖေဖေနဲ့ မေမေ တို့လည်းပါလာကြတယ်။ ဖိုးပလံတို့ ဧည့်ခန်းထဲမှာ နှုတ်ဆက်သံတွေ ဆူညံသွားကြပြီ။ ခခ က မေမေ့အတွက်လက်ဆောင်ဗူးလေးကို ပေးပါတယ်။ မေမေ့ကို ခုပဲ ဖြည်ကြည့်ပါဆိုလို့ မေမေက လက်ဆောင်ဗူးလေးကို ဖြည်ပါတယ်။ ဗူးလေးထဲက ကျောက်ရောင်စုံလေးတွေ စီထားတဲ့ ခေါင်းဘီးလှလှလေးထွက်လာတယ်။ မေမေက “ချစ်စရာကောင်းလိုက်တဲ့ ခေါင်းဘီးလေးကွယ်၊ ကျေးဇူးတင်ပါတယ် ခခလေး” လို့ဆိုတယ်။

နောက်တော့ မော်စီတို့ရောက်လာကြတယ်။ ဖေဖေနဲ့ ခခ ဖေဖေတို့က ဧည်ခန်းထဲက ဆက်တီမှာထိုင်ပြီး စကားလက်ဆုံကြနေကြပြီ။ မော်စီတို့ ဖေဖေနဲ့ မေမေလည်း မေမေ့ကိုနှုတ်ဆက်တယ်။ မော်စီကတော့ မေမေ့အတွက်
မွေးနေ့ကိတ် အကြီးကြီးတစ်လုံး ယူလာတယ်တဲ့။
“အန်တီမေထား စာတွေအများကြီးရေးနိုင်ပါစေ၊ ဟက်ပီးဘာ့သ်ဒေး အန်တီမေထား” လို့ နှုတ်ဆက်တယ်။ ကိတ်မုန့်ကြီးမှာ ဟက်ပီးဘာသ့်ဒေးလို့ စာတမ်းလေးရေးထားသေးတယ်။
ခခက ဖိုးပလံအနားရောက်လာတယ်။
“အန်တီဆူးတို့ ဖန်ကြောင်တို့လည်း ရောက်မလာသေးဘူးနော်၊ သူတို့ကို ငါတို့ အိမ်လိပ်စာလည်း မပြောလိုက်ရဘူး၊ လိပ်စာပဲ မသိလို့များလားပဲ”
“ခခ နင်ဟာလေ၊ ကလေးဦးနှောက်လေးနဲ့၊ သူတို့က မှော်အစွမ်းရှိတဲ့ သူတွေဟ၊ ငါတို့ ဘယ်နေရာမှာလည်း ဆိုတာ သိမှာပေါ့၊ ခုဆို ငါတို့ကိုတောင် ကြည့်ချင်ကြည့်နေကြမှာ၊ နင်လည်း ဖန်ပြာလက်ကောက်လေးဝတ်ထားတာပဲ၊ ဖန်ပြာလက်ကောက်လေး ဘယ်မှာလည်း သူတို့ သိမှာပါဟ”
ခခ က တခစ်ခစ်ရယ်တယ်။
“သိဘူးလေဟယ်၊ ငါက လိပ်စာမပြောလိုက်ရလို့ ရုတ်တရက်စိတ်ပူသွားလို့ပါ… ခစ် ခစ်”
“ဒါနဲ့ စကားမစပ်၊ နင် ငွေရောင်ရှုးဖိနပ်လေးမှ စီးလာရဲ့လားပဲ”
“အစစ်ပေါ့၊ စီးလာတာပေါ့ဟယ်၊ ဟော .. ဟိုမှာ”
ခခက ဖိနပ်စင်မှာ ချွတ်ထားတဲ့ ဖိနပ်လေးကို လှမ်းပြပါတယ်။
“တော်တော်ရှိုးများတဲ့ ခခ”  ဖိုးပလံပြောလည်း ခခ က ခပ်ပြုံးပြုံးပဲ။

အဲဒီအချိန်မှာ လဲ့ရာလေးက အိမ်ရှေ့ကို ပြေးထွက်သွားပြီး ဟောင်နေပါတယ်။ ဖိုးပလံ က လာကြပြီထင်ရဲ့ လို့ တွေးမိလိုက်တယ်။
မော်စီကလည်း ၀ုန်းဆို အိမ်ရှေ့တံခါးပေါက်နား အပြေးသွားကြည့်တယ်။ ဖိုးပလံ မော်စီနဲ့ ခခ တို့ တံခါးဝနားမှာ အလုအယက် တိုးဝှေ့ကြည့်ကြတဲ့အခါ ..
ဟော .. အဘိုးရေမွန်ဟေ့ လို့ ဖိုးပလံက အကျယ်ကြီးပဲ အော်လိုက်ပါတယ်။ ဖိုးပလံအိမ်ရှေ့ကို ခုန်ပေါက်ပြီး ပြေးထွက်ကြိုပါတယ်။
“မင်္ဂလာပါ .. အဘိုးရေမွန်၊ အဘိုးရေမွန် ဒီရက်တွေမှာ အဆင်ပြေရဲ့လားဗျာ” လို့ နှုတ်ဆက်လိုက်တယ်။
အဘိုးရေမွန်က နူးညံ့ချိုသာတဲ့အပြုံးလေးနဲ့ ပြုံးလို့ ..
“အေးကွယ်၊ ဖိုးပလံလေး၊ ရော့ ဒီမှာ ဖိုးပလံမေမေ့ကို အဘိုးရဲ့လက်ဆောင်လေးပေးချည်ပါ” လို့ဆိုတယ်။

“မေမေရေ .. ဟောဒီမှာ သားပြောတဲ့ အဘိုးရေမွန်ပေါ့” လို့ မေမေတို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။ မေမေက အံ့သြသွားဟန် မျက်လုံးတွေ ၀ိုင်းစက်သွားပေမဲ့ ၀မ်းသာသွားတဲ့ဟန်မျိုးပဲ၊ မေမေ့ရဲ့ လူရှုပ်လေး ဖိုးပလံက အဘိုးရေမွန်နဲ့ ဘယ်လိုများ မိတ်ဆွေဖြစ်နေလိုက်ပါလိမ့်လို့ တွေးနေမှာပဲ။ ဖေဖေတို့ စကားဝိုင်းကလည်း တိတ်ဆိတ်သွားကြတယ်။ ခခ ဖေဖေ ဦးဧရာက ချက်ချင်းပဲ နေရာက ထလာပြီး အဘိုးရေမွန်ကို ကြိုပါတယ်။ ဦးဧရာက အဘိုးရေမွန်ရဲ့ တီထွင်မှုတွေကို သိပ်လေးစားအားကျတာပေါ့။ ဖေဖေ တို့လည်း အဘိုးရေမွန်ကို ၀မ်းပမ်းတသာကြိုဆိုကြပါတယ်။ မေမေက အဘိုးရေမွန်ရဲ့ မွေးနေ့လက်ဆောင်လေးကို ကြည့်နေတယ်။ အဘိုးရေမွန်လက်ဆောင်လေးက ဘာဂျာသေးသေးလိုပဲ၊ လက်တ၀ါးစာလောက်ပဲရှိမယ်။ မေမေက အသံမြည်တဲ့ ဘာဂျာလေးလို့ ထင်နေတယ်။ အဘိုးရေမွန်က ဆံပင်လေမှုတ်တဲ့စက်လေးလို့ ပြောပါတယ်။ နေရောင်ခြည်နဲ့အလုပ်လုပ်တဲ့ ဆံပင်အခြောက်ခံတဲ့စက်လေးတဲ့။ အသုံးပြုရမယ့် ခလုပ်လေးတွေကိုလည်း အဘိုးရေမွန်ကရှင်းပြတယ်။ မေမေက အလွန်အမင်းကို အံ့အားသင့်နေတာပေါ့၊ “အဲဒါက အဘိုးရေမွန်ရဲ့ တီထွင်မှုတွေထဲက ပိစိကွေးတီထွင်မှုပဲ ရှိပါသေးတယ် မေမေရာ” လို့ ဖိုးပလံက ၀င်ပြောတော့ အဘိုးရေမွန်က တဟားဟားနဲ့ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောပါတော့တယ်။

“ဖိုးပလံ.. လုပ်လေဟာ၊ အန်တီမေထားကို လက်ဆောင်ပေးတော့လေ၊ ရွှေပန်းအိုးလေး ထုတ်တော့၊ အဲလောက်လည်း အချိန်မဆွဲနဲ့တော့ ငါ စိတ်မရှည်တော့ဘူး”
မော်စီက  ထအော်ပါတယ်။
“အေး .. သွားပြီဟေ့ စတိုခန်းထဲကို လိုက်ခဲ့ပါဦး၊ မ ပေးကြပါဦးလား”  ဖိုးပလံအော်ရင်း စတိုခန်းရှိရာပြေးထွက်ခဲ့တယ်။
ခခ ရော မော်စီရော တဘုတ်ဘုတ်နဲ့ နောက်က ပြေးလိုက်လာကြပါတယ်။
ထပ်ခိုးပေါ်ကနေ ရွှေပန်းအိုးလေးကို ဂရုတစိုက်အောက်ကို မယူလာခဲ့ကြတယ်။ ပြီးတော့ ဧည့်ခန်းထဲကိုပေါ့။

ဖိုးပလံတို့ သုံးယောက်သား ဧည့်ခန်းထဲကို ရွှေပန်းအိုးလေး မလာကြတဲ့အခါ အားလုံးက စိတ်ဝင်တစားကြည့်နေကြပါတယ်။ ရွှေပန်းအိုးလေးကို ဧည့်ခန်းက ကျွန်းစားပွဲကြီးပေါ်ပဲ သူတို့ တင်လိုက်ကြတယ်။ “မေမေရေ … ဟက်ပီးဘာသ်ဒေး၊ မေမေ့အတွက် အလှပဆုံး မှော်ပန်းလေးတွေပွင့်တဲ့ ရွှေပန်းအိုးလေးပါဗျား” လို့ ဖိုးပလံ ပြောလိုက်ပါတယ်။

“အို .. ဘယ်လိုတဲ့လဲ၊ မှော်ပန်းပွင့်တယ်တဲ့လား၊ ဘယ်လိုမျိုးပါလိမ့်ကွယ်၊ မေမေတွေ့တာတော့ နှင်းဆီပန်းလေးတွေ လှလိုက်တာ၊ အံ့သြစရာ တစ်ပင်ထဲမှာ အရောင်လေးတွေက စုံနေတာပဲ၊ သိပ်လှတာပဲ”
“မေမေက ပန်းရောင်စုံဖြစ်နေတာပဲတွေ့သေးတာနော်၊ ခဏလောက် မေမေစောင့်ကြည့်၊ ဒီ့ထက်ထူးဆန်းတာ မေမေတွေ့ရလိမ့်ဦးမယ်”
“အလိုလေး … ဘာများပါလိမ့်”
မေမေက ရင်ဘတ်ကို လက်နဲ့ ဖိကာ ထိတ်လန့်ဟန်လုပ်ပြတယ်။
ဟော ဟော ..
မေမေ့ ဆီကအသံထွက်လာတယ်။
မေမေရှေ့မှာပဲ နှင်းဆီပန်းလေးတွေကနေ ကျူးလစ်ပန်းလေးတွေ ပြောင်းသွားကြတယ်။ မေမေ က သိပ်ကိုအံ့သြနေတာပေါ့။
“ပန်းလေးတွေပြောင်းသွားတဲ့ပုံစံက ထူးဆန်းလိုက်တာကွယ်။ လှလိုက်တာ။ ပန်းရနံ့လေးတွေ သင်းပျံ့နေတာပဲ”  လို့ မေမေက တဖွဖွပြောနေတော့တယ်။

ဖိုးပလံက မေမေ့ကိုပြောပြနေတုန်း ခခက ဖေဖေတို့ စကားဝိုင်းမှာ လူသူငယ်နတ်သမီးနယ်မြေသွားခဲ့တဲ့အကြောင်းတွေရှင်းပြနေပြီ။
ခခ က ပြောတယ်၊ သူ ရွှေရောင်နီလွင်ပြင်မှာ ဆိုင်ကလုံးဒဏ်မိတာကနေစပြီး လူသူငယ်တိုင်းပြည်ကိုရောက်သွားတာ၊ အရှေ့မိစ္ဆာစုန်းမကြီး သူ့ကြောင့်မတော်တဆ သေသွားပြီး စုန်းမကြီးရဲ့ကျိန်စာက လွတ်သွားကြတာတွေ၊ နောက်တော့ ဖိုးပလံတို့နဲ့ နောက်တစ်ခေါက် ထပ်သွားခဲ့ကြတာ အကုန်လုံးပဲ ပြောပြပါတယ်။ ခခ အပြောကောင်းပဲ၊ ခခ ပြောပြနေတုန်း လူကြီးတွေမှာဆို ရင်သပ်ရှုမောနဲ့ ပါးစပ်တောင်မစေ့နိုင်အောင် အံ့သြနေကြတာပေါ့။

“ဖန်ကြောင်ကလေ ဟောဒီလိုလမ်းလျှောက်တာ၊ သိပ်ဟန်များတာပဲ၊ သိပ်လှတာပဲ၊ အမြီးလေးကဆိုဖန်သားလေး ပြောင်ချောနေတာပေါ့။
မျက်လုံးက စိမ်းစိမ်းဝိုင်းဝိုင်းကြီး ကြည့်လိုက်ရင် ဟောလို ပြူးပြီး” ခခ က ဖန်ကြောင်အတိုင်းပဲ ဟန်ကျပန်ကျလုပ်ပြပါတယ်။ မေမေတို့ဆို မယုံရခက်၊ ယုံရခက်ဖြစ်နေကြတုန်းပဲ။

အဲဒီအချိန်မှာပဲ …
“ဟေ့ ဟေ့ ဘယ်လိုလည်းဟေ့၊ ဖန်ကြောင်က ဘာဖြစ်တယ်၊ ဟန်များတယ် ဟုတ်လား မျက်လုံးကလည်း ပြူးသေးတယ်၊ ဟွန့်၊ ဧည်သည့်ကိုဖိတ်ထားပြီး ဧည့်သည်အကြောင်း အတင်းပြောနေကြသလားဟေ”
အိုး ဖန်ကြောင်ပေါ့၊ ဘယ်ကနေဘယ်လိုပေါ်လာလိုက်မှန်းမသိဘူး၊ ခခက ပြောနေရင်း ပါးစပ်ကိုဝိုင်းလို့ အံ့သြသွားတယ်။
ဟေး .. ဖန်ကြောင်လာတယ်ဟေ့၊ ခခ၊ ဖိုးပလံနဲ့ မော်စီတို့ ပျော်ရွှင်စွာ အော်ဟစ်ကြတယ်။
ဟော အန်တီဆူး၊ လူသူငယ်လူကြီး၊ ဟာ မြောက်အရပ်က အန်တီစုန်းမလည်း ပါတယ်။ ခခ က ပျော်လွန်းလို့ ခုန်ပေါက်နေတာပဲ။
မေမေတို့အားလုံး အံ့အားသင့်ပြီး စကားမဆိုနိုင်ကြတော့ဘူး။

ခဏနေတော့မှ မေမေက အကုန်လုံးကို နှုတ်ဆက်စကားပြောပြီး ကျွေးမွေးဧည့်ခံဖို့ ပြင်ဆင်ထားတဲ့ စားပွဲဆီကို ခေါ်ပါတယ်။ အားလုံးစားပွဲဆီမှာ ထိုင်ကြတယ်။ စကားတွေပြောလိုက်ကြတာ ဖောင်နေတာပါပဲ။ အန်တီဆူးလည်း ပြုံးရွှင်နေတာပဲ၊ ဖိုးပလံတို့ဆီကို လာလည်ရတာ ပျော်ရွှင်ပုံရသားပဲ။ အန်တီဆူးက တလက်လက်တောက်နေတဲ့ နှင်တံလေးနဲ့ စားပွဲပေါ်ဝှေ့ယမ်းလိုက်တဲ့အခါ စားပွဲပေါ်မှာ သစ်သီးမျိုးစုံထည့်ထားတဲ့ သစ်သီးပန်းခြင်းကြီးပေါ်လာတယ်။ လူသူငယ်လူကြီးက ပြောပါတယ်။
“ကျွန်တော်တို့ လူသူငယ်တိုင်းပြည်က အကောင်းတကာ့အကောင်းဆုံးသစ်သီးတွေယူလာခဲ့ပါတယ်။ ဟောဒီခြင်းလေးကိုမဖျက်ဆီးပစ်သရွေ့ သစ်သီးတွေက ပြန်ပြီးပြည့်လာပါလိမ့်မယ်။ ကြိုက်သလောက်ယူစားလို့ရပါတယ်ခင်ဗျား။ ဟောဒီမှာ မှော်ကြည့်မှန်လေးလည်း ယူလာခဲ့ပါတယ်။ မှော်အတတ်တွေစီးဝင်နေတဲ့ ကြည့်မှန်ဖြစ်ပေမဲ့ ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ မှော်အတတ်မျိုးမဟုတ်ပါဘူး။ ပျော်ရွှင်ကြည်နှုးစရာမှော်ပညာတွေ စီးဝင်နေတဲ့ ကြည့်မှန်လေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ကိုယ့်ရဲ့ သူငယ်ချင်းဟောင်းတွေကို စိတ်မှာအာရုံပြုလိုက်တဲ့အခါ သူတို့ကို မြင်တွေ့နိုင်မယ်။ သူတို့ ပျော်ရွှင်ကြည်နှုးနေတဲ့ပုံစံတွေပဲ မြင်ရစေမယ်။ စိတ်မချမ်းမြေ့စရာအဖြစ်အပျက်တွေကိုတော့ ဒီကြည့်မှန်က ပြမှာမဟုတ်ဘူး၊ ကိုယ်သွားချင်တဲ့ နေရာတစ်ခုကို စိတ်နဲ့ တွေးကြည့်လိုက်ရင် ဒီကြည့်မှန်လေးမှာ ပေါ်လာပါလိမ့်မယ်။ ကြည့်မှန်လေးကို ပျော်ပျော်ရွှင်ရွှင်အသုံးပြုနိုင်ပါစေခင်ဗျား၊ ပျော်ရွှင်ဖွယ်ရာမွေးနေ့မင်္ဂလာဖြစ်ပါစေ လူသူငယ်တိုင်းပြည်က နှုတ်ခွန်းဆက်သပါတယ်” လို့ ဆိုတယ်။ လူသူငယ်လူကြီးစကားဆုံးတော့ အားလုံးက လက်ခုပ်တီးပြီး ချီးမြှောက်သြဘာပေးကြတယ်။
“ဟယ် ဖန်ကြောင်လေးရော ခေါ်ပါဦး၊ နွားနို့တိုက်ရအောင်၊ ငါးကြော်တော့မရှိဘူးကွယ်၊ ငါးဖယ်ကြော်တွေတော့ရှိသား။ ခေါ်ပါဦး၊ ဖိုးပလံရေ”
မေမေက ခုမှ ဖန်ကြောင်ကို သတိရသွားတယ်။ ဖိုးပလံတို့ မော်စီတို့ကတော့ တခိခိနဲ့ ရယ်တာပေါ့။
“မေမေ ဖန်ကြောင်က အစာမစားဘူးမေမေရဲ့၊ သူ့မှာ အစာအိမ်မရှိဘူး၊ သူ့ကို မှော်ဆရာကြီးက ဖန်ဆင်းတုန်းက အစာအိမ်မထည့်ထားဘူးတဲ့” ဖိုးပလံက မေမေ့ကို ရှင်းပြလိုက်တယ်။
မေမေက “အို ဖြစ်မှဖြစ်ရလေ” လို့ဆိုပြီး စုတ်တသတ်သတ် ညီးညူပါတယ်။

“မေမေပြောမှ ဖန်ကြောင်သတိရသွားပြီ၊ ဘယ်ရောက်သွားပါလိမ့်”
ဖိုးပလံ .. ဖန်ကြောင်ကို ဧည့်ခန်းထဲမှာ မတွေ့တော့ဘူး၊ ဘယ်ရောက်သွားပါလိမ့်၊ ဟော လဲ့ရာလည်း မတွေ့ဘူး၊ “လဲ့ရာငြိမ်နေပါလား”
လဲ့ရာဆိုတာနဲ့ ခခ လည်း ခေါင်းထောင်လာတယ်။
“မဟုတ်မှ လွဲရော၊ လဲ့ရာနဲ့ ဖန်ကြောင်နဲ့ ရန်များဖြစ်နေပြီလားပဲ ဟီး ဟီး” မော်စီက ခခကို နောက်ပါတယ်။
ခခက အပြေးကြည့်တယ်။ ဖိုးပလံနဲ့ မော်စီတို့လည်း လိုက်ကြတာပဲ။
ဖိုးပလံတို့ ခြံထဲ ဆင်းရှာတော့မှ .. ဖန်ကြောင်က ရေပြင်ညီ ခပ်ဖြောင်ဖြောင့်တန်းနေတဲ့သစ်ကိုင်းပေါ်မှာ၊ ကိုယ်ကိုလိမ်ခေါက်ပြီး လက်နှစ်ဘက်နဲ့ကုတ်ထားတယ်။ ခြေထောက်တစ်ချောင်းကို တွဲလောင်းချထားလိုက်သေးတယ်။ အမြီးပြောင်ချောချောလေးကလည်း ဘယ်ညာ ဝှေ့ယမ်းနေလိုက်တာ။ လဲ့ရာက အောက်ကနေ ဖန်ကြောင်အမြီးလေးကို ခုန်ခုန်ပြီး အနံ့ခံနေတယ်။ ဖန်ကြောင့် မျက်နှာက မအီမသာနဲ့၊ မျက်လုံးနှစ်ဘက်ကိုမှေးစဉ်းပြီး လဲ့ရာလှုပ်ရှားသမျှကို စက္ကန့်မလပ်လိုက်ကြည့်နေတာပေါ့။

“ကျုပ်က နားအေးပါးအေးနေတတ်တဲ့ကောင်စားမျိုး၊ စကားသံတွေညံလာပြီဆိုရင်ကို စိတ်ပျက်တာ၊ ကျုပ်ဟာကျုပ် ဒီမှာ အေးအေးလူလူလာနေတာ၊ ဒီ စုတ်ဖွားဖွားကောင်စားလေးက အနှောင့်အယှက်လာပေးနေတယ်ဟေ့၊ စုတ်ဖွားကို ခေါ်သွားမလား ကျုပ် အိမ်ထဲဝင်ရမလား”

“လဲ့ရာကို အိမ်ထဲခေါ်သွားပါမယ်ရှင်၊ သက်သက်သာသာနေပါ” ခခ က ရယ်သွမ်းသွေးပြီးပြောပါတယ်။
အဘိုးရေမွန် ခြံထဲဆင်းလာတယ်။ ဖိုးပလံတို့ အားလုံး ခြံထဲက သရက်ပင်အောက်က ကွတ်ပျစ်လေးမှာ ၀ိုင်းဖွဲ့ထိုင်လိုက်ကြတယ်။ အဘိုးရေမွန်က ဂြိုဟ်တွေ၊ ကြယ်တွေ၊ နက္ခတ်တာရာတွေအကြောင်းပြောပြပါတယ်။ အဘိုးရေမွန်ရဲ့လောလောဆယ်တီထွင်ထားတဲ့ “ကြယ်တလျှောက်”ယာဉ်ပျံလေးအကြောင်းလည်းပါတယ်။ ဖိုးပလံတို့လိုက်ချင်တယ်ဆို အဘိုးရေမွန်က ယာဉ်ပျံအသစ်လေးနဲ့ ခရီးစဉ်အသစ်မှာ လိုက်ခဲ့ကြဖို့ ခေါ်ပါတယ်။ ဖိုးပလံတို့ နွေကျောင်းပိတ်တဲ့ အခါ အဘိုးရေမွန်ရဲ့ “ကြယ်တလျှောက်ခရီးစဉ်”စမယ်လို့ အဘိုးရေမွန်က သေသေချာချာပြောတယ်။ မော်စီက “အဘိုးရေမွန်… ကျွန်တော်လည်းပါတယ်နော် .. ပါတယ်နော်” လို့ အဘိုးရေမွန်ကို ထပ်ခါတလဲလဲမေးပါတယ်။ ခခ က လည်း .. “အဘိုးရေမွန် ခခ ကိုလည်းခေါ်ပါနော်” လို့ ပူဆာပြန်တယ်။ အိမ်မကြီးဘက်က ရယ်မောသံတွေ လျှံတက်လာတယ်။ လူကြီးဝိုင်းကလည်း စိုပြေနေကြပုံပဲ။ ခခပါ ပျော်ရွှင်စွာ လိုက်ရယ်မောရင်း အိမ်မကြီးရဲ့ဘေးဘက်ဆီကို အကြည့်ရွှေ့လိုက်မိတယ်။ အမှန်က အရိပ်လိုလို ဖြတ်ကနဲ ပြေးသွားတဲ့ဟန်မြင်လိုက်လို့ပါ။ ခခ ကျောထဲမှာ အေးကနဲ၊ စိမ့်ကနဲ တုန်သွားမိတယ်။
ခခ မြင်လိုက်တာက လိမ္မော်ရောင်နဲ့ အစိမ်းရောင် ခြေအိတ်အစင်းကြားနဲ့ ခြေထောက်တစ်စုံ၊ ခခရဲ့ ငွေရောင်ရှုးဖိနပ်လေးစီးထားရက်သား၊ သူများလား၊ သူတကယ်ပဲ ပြန်လာတာလား၊ သူ တကယ်ပဲ ငွေရောင်ရှုးဖိနပ်လေး ပြန်ယူတော့မတဲ့လား။
နေရောင်အလင်းစတချို့နဲ့ အတွေ့မှာ ငွေရောင်ရှုးဖိနပ်လေးဆီက အလင်းတွေ ဖြတ်ကနဲ လက်သွားတယ်။
ခခ .. မယုံကြည်နိုင်လောက်အောင်ပဲ ထိတ်လန့်သွားတော့တယ်။       ။

Monday, June 20, 2011

၆. မေမေ့ရဲ့မွေးနေ့မှာ အားလုံးစုံလင်စွာ (အပိုင်း ၁)

ဖိုးပလံလည်း ရွှေပန်းအိုးလေးကို မေမေ မသိအောင် သိမ်းဖွက်ထာရမယ့် နေရာစဉ်းစားရပါတော့တယ်။ လောလောဆယ်တော့ ဖိုးပလံအခန်းထဲမှာပဲ ထည့်ထားလိုက်တာ၊ မေမေက လျှော်စရာအ၀တ်အစားတွေ ဖိုးပလံတခန်းလုံး နေရာလပ်မကျန်အောင် ရှာဖွေပြီးယူတတ်တာဆိုတော့ ဖိုးပလံ အခန်းထဲပဲထားရင် သိပ်မကြာဘူး မေမေ မြန်မြန်ပဲ သိသွားမှာပဲ။ ဖိုးပလံ စိတ်ကူးရလိုက်တာက စတိုခန်းထဲ ထည့်သိမ်းထားဖို့ပါ။ ဒါနဲ့ပဲ စတိုခန်းသော့ကိုယူပြီး ဖေဖေမသိအောင် တိတ်တိတ်လေး ထွက်ခဲ့တယ်။ ဖိုးပလံတို့ စတိုခန်းက အိမ်မကြီးနဲ့ တခြားစီ၊ နည်းနည်းလေးလှမ်းတယ်၊ သိပ်အဝေးကြီးတော့လည်းမဟုတ်ပါဘူး။ စတိုခန်းထဲရောက် အခန်းပတ်လည် ဖိုးပလံစူးစမ်းတယ်၊ နေရာလွတ်ကလည်း မကျန်လှအောင် ပစ္စည်းပစ္စယတွေကလည်း ပြည့်နှက်နေတာပဲ၊ သစ်သားဖြတ်စအကြီးအသေး၊ အတိုအရှည်တွေကလည်း အများကြီးနဲ့၊ ဘီရိုပိစိကွေးလေးတွေလည်းရှိတယ်။ ငှက်လှောင်အိမ်ကြီးကြီးတစ်ခုလည်းတွေ့ရဲ့၊  ပန်းအိုးအလွတ်တွေရော၊ ဖိုးပလံငယ်ငယ်ကစီးခဲ့တဲ့ စက်ဘီးနီနီလေးရော ပြည့်နေတာပဲ။ ဖိုးပလံ ရွှေပန်းအိုးလေးကို ဘယ်မှာထားရပါ့မလဲ။

ဖိုးပလံ အပေါ်ကိုလည်း မော့ကြည့်တယ်။ စတိုခန်းလေးက မကြီးလှဘူး၊ ဒါပေမဲ့ အပေါ်ဘက်ကိုတော့ ခပ်မြင့်မြင့်လေး၊ ထပ်ခိုးလေးတစ်ခု ရှိနေတယ်။ ထပ်ခိုးလေးပေါ်မှာလည်း ပစ္စည်းတချို့တော့ ရှိနေသေးတာပဲ၊ ဒါပေမဲ့ မဆိုးပါဘူး၊ အဲဒီပေါ်က ပစ္စည်းတွေ နည်းနည်းရှင်းလိုက်ရင်တော့ ရွှေပန်းအိုးလေးသိမ်းထားစရာ နေရာလေးရလာနိုင်ကောင်းရဲ့လို့ ဖိုးပလံတွေးပါတယ်။ စတိုခန်းထဲမှာ ဖိုးပလံဖေဖေ သစ်ပင်တွေပေါ်တက်တဲ့အခါ သုံးတဲ့လှေကားလည်းရှိတယ်။ လှေကားကို ဖြည်းဖြည်းချင်းရွှေ့ပြီး ထပ်ခိုးလေးပေါ်ထောင်လိုက်ပါတယ်။ စတိုခန်းတံခါးက အသံလုံတာမို့ အပြင်က ဖေဖေတို့တော့ မကြားနိုင်လောက်ဘူးထင်ပါရဲ့။ စတိုခန်းလေးမှာပြူတင်းပေါက်လေး ၂ ခုရှိတယ်။ ပြူတင်းပေါက်လေးတွေက ထပ်ခိုးလေးရဲ့ ဘယ် ညာ ရှိနေတော့ အလင်းရောင်လည်း ရသားပဲ။ ဖိုးပလံ ဆုံးဖြတ်ချက်ချလိုက်တယ်၊ ဟုတ်တယ် ထပ်ခိုးလေးပေါ်မှာပဲ သိမ်းထားတာကောင်းတယ်။ စတိုခန်းလေးထဲမှာထားတဲ့ ဂုန်လျှော်တံမြက်စည်းကြမ်းလေးနဲ့ ဖုံတွေကို လှဲကျင်းလိုက်ပါတယ်။ ဖုံတွေနဲ့ ပိုးအိမ်တွေက ထပ်ခိုးလေးပေါ်မှာ လိပ်ကနဲ ဟို သည် ပြန်ကျဲကုန်ကြတယ်။ ဖိုးပလံတော့ ကိုယ့်အခန်းကိုတောင် ကိုယ့်ဘာသာ တံမြက်စည်းမလှဲပါဘူး၊ မေမေပဲ တအိမ်လုံးကို ရှင်းလင်းတာ၊ တခါတလေ ဖိုးပလံ စိတ်လိုလက်ရ မေမေ့ကို တံမြက်စည်းကူလှည်းပေးတဲ့ခါတိုင်း မေမေက အမြဲပြောတယ်။ “ဖိုးပလံရယ် အုပ်ပြီးလှည်းပါ၊ အုပ်ပြီး လှည်းရတယ်၊ သားက ဗြန်း ဗြန်းနဲ့ လှည်းတော့ ဒီဘက်က အမှိုက်တွေက ဟိုဘက်ရောက်၊ ဟိုဘက်က အမှိုက်တွေကလည်း ဒီဘက်ရောက်၊ အဲဒါနဲ့တင် ဒီဘက်ဟိုဘက် ဖုံအပြောင်းအရွှေ့လုပ်နေသလိုပဲ↔လို့ မေမေက ပြုံးစစနဲ့ ပြောခဲ့တာ ပြန်သတိရလိုက်မိတယ်။ အဲဒီတုန်းက မေမေပြောသလိုလိုက်မလုပ်ပဲ ပေကပ်ကပ်နေခဲ့ဖူးတယ်။ အခုတော့ ဖိုးပလံကိုယ်တိုင်ပဲ အမှိုက်တွေ သေချာရှင်းလင်းမှဖြစ်မှာ၊ မေမေပြောတဲ့အတိုင်း တံမြက်စည်းနဲ့ အုပ်ပြီး သာသာလေး ဆွဲယူပြီး တဘက်ကိုပို့တယ်။ ကျန်တဲ့ဘက်က ဖုံတွေကိုလည်း အဲဒီလိုပဲအုပ်ပြီး ခပ်သာသာလေး ဆွဲယူ တစ်နေရာထဲကို စု၊ နောက်တစ်ခြားနေရာ .. မေမေပြောတဲ့ အုပ်ပြီးလှည်းရတယ် ဆိုတဲ့တံမြက်စည်းလှည်းနည်းကို ဖိုးပလံ အခု သဘောပေါက်လာပါတယ်။ အတွေ့အကြုံဆိုတာ နေရာတိုင်းမှာ အရေးကြီးတာပဲလို့ ဖိုးပလံ လူကြီးတစ်ယောက်လို တွေးကြည့်မိတယ်။ ထပ်ခိုးလေးပေါ်မှာ အမှိုက်တွေ ရှင်းရှင်းလင်းလင်းရှိသွားပြီ၊ ဖိုးပလံတော့ ကြောင်ချေးအိုးရုပ်ပေါက်နေမှာပဲ၊ မေမေတို့ မြင်ရင် ဖိုးပလံ အားပါးတရ ဆော့လာတယ်ထင်ကြမှာ။ ဟိ ဟိ … ဖိုးပလံ တစ်ယောက်တည်း အတွေးနဲ့ကျိတ်ရယ်တယ်။ အမှိုက်တွေအားလုံး အိတ်တစ်အိတ်ထဲထည့်၊ အမှိုက်ပုံးထဲကို ပစ်ရမယ်၊ မေမေက အမှိုက်အိတ်တွေ ချထားရင် မကြိုက်ဘူး၊ တစ်ခါတည်း အမှိုက်ပုံးထဲကို လွှင့်ပစ်ခိုင်းတတ်တယ်လေ။

ဖိုးပလံ အိမ်ပေါ်ကို ပြေးတက်၊ အခန်းထဲကို အ၀င်၊ မေမေက ဘုရားခန်းဘက်က ဘုရားပန်းအိုးတွေကိုင်လို့ ထွက်လာတာနဲ့ တွေ့တော့တာပဲ၊ မေမေက ဖိုးပလံကို မြင်တော့  “အမလေး .. မျောက်ဖြူ .. မျောက်ဖြူ” လို့ လှမ်းစပါလေရော၊ တဆက်တည်း ဖိုးပလံရေ .. အဆော့လွန်မနေနဲ့ ရေချိုး၊ စာကြည့်တော့ကွဲ့” လို့ လည်း ပြောလိုက်တယ်။
“ဟုတ် ဟုတ် မေမေရေ”
ဖိုးပလံ ဖြေရင်း အခန်းထဲမှာ ရွှေပန်းအိုးလေးကို သေချာကြည့်တယ်။ ပန်းလေးတွေ က ဒေလီယာ အ၀ါရောင်လေးတွေ၊ တချို့အပွင့်တွေက နှင်းဆီပွင့်ဖတ်လေးတွေလို ပြောင်းနေကြပြီ။ သိပ်မကြာခင် အနီရောင် နှင်းဆီပန်းလေးတွေ ဖြစ်ကုန်ကြတော့မယ်ထင်တယ်။ ဖိုးပလံ မေမေ နဲ့ ဖေဖေ ဘယ်နေရာမှာလဲ အခြေအနေ အကဲခတ်ပါတယ်။ ဖေဖေ .. အပြင်ထွက်မလို့ထင်တယ်။ မေမေ့ကို လှမ်းပြောနေတာ ကြားလိုက်တယ်။ မေမေ ကတော့ ရေချိုးခန်းထဲမှာ ဘုရားပန်းအိုးတွေရေလဲနေတယ်။ ဖေဖေ အပြင်ထွက်မယ့်အချိန် ခဏလေးစောင့်ပြီး ရွှေပန်းအိုးလေး စတိုခန်းထဲ သွားထားရမှာပဲ။

ဟော …
ဖေဖေတော့ အပြင်ထွက်သွားပြီ။ ၀င်းတံခါးပိတ်သံကြားလိုက်ရတယ်။ ဖိုးပလံအချိန်မဆိုင်းနိုင်တော့ဘူး၊ ရွှေပန်းအိုးလေးကို မြန်မြန်လေးပဲ မပြီး စတိုခန်းဆီ တန်းနေအောင်ပြေးတော့တယ်။ ဖိုးပလံ .. ကံကောင်းသွားတာပေါ့၊ နောက်ဆုံးတော့ ရွှေပန်းအိုးလေး စတိုခန်းထဲသယ်နိုင်ခဲ့ပြီ။ စတိုခန်းထဲမှာ ကြွက်ရှိမယ် မရှိဘူး ဖိုးပလံလည်း သေချာမသိဘူး၊ ပန်းအိုးလေးကို လုံလုံခြုံခြုံ ဖြစ်အောင် လုပ်ရဦးမယ်။ အဲ .. ငှက်လှောင်အိမ်ကိုအသုံးပြုရမယ်၊ ဟုတ်တယ်၊  ထပ်ခိုးအောက်ကို ပြန်ဆင်း၊ ငှက်လှောင်အိမ်ကို အပေါ်ကိုသယ်ယူတယ်၊ လှောင်အိမ်က ခပ်ကြီးကြီးဆိုတော့ အဆင့်သင့်လိုက်တာလို့ ဖိုးပလံတွေးရင်း ကျေနပ်နေပါတယ်။ ရွှေပန်းအိုးလေးကို နေရောင်ရမယ့်နေရာကိုလည်း ရွှေ့ထားလိုက်တယ်။ ၀င်ပေါက်ဘက်က ကြည့်ရင်လည်း မြင်သာထင်သာ မရှိရလေအောင် စတိုခန်းထဲမှာတွေ့တဲ့ ဖော့တုံးကြီးတွေနဲ့ ကာထားလိုက်တယ်။ သိပ်တော်တဲ့ဖိုးပလံပဲလို့ ကိုယ့်ဘာသာပဲ ချီးမွမ်းလိုက်ပါတယ်။


ဖိုးပလံနေ့တိုင်း ရွှေပန်းအိုးလေးကို ဂရုစိုက်ပါတယ်။ ခါတိုင်းဆို မနက်အိပ်ရာစောစောထရမှာ ဖိုးပလံ သိပ်ပျင်းတာပဲ၊ အခုတော့ မနက်အစောကြီးပဲ မျက်စိနှစ်လုံးက ၀ိုင်းစက်ပြူးကျယ်နေပြီ၊ နိုးနေပြီ၊ ရွှေပန်းအိုးလေးကို ရေပန်းကရားသေးသေးလေးနဲ့ ရေနည်းနည်းလောင်းတယ်။ ပင်စည်နဲ့ အကိုင်းလေးတွေမှာ ပိုးအိမ်မျှင်လို မှုံမှုံမွှားမွှားလေးတွေ တွေ့ရင် သင်္ဘောဆေးသုတ်တဲ့ စုတ်တံနုနုလေးနဲ့ သာသာလေးဖယ်ရှားပါတယ်။ မေမေ့ပန်းပင်လေးတွေ ပိုးကျတဲ့အခါ မေမေ အဲဒီလိုလုပ်တာတွေ့ဖူးတယ်။ ပိုးသတ်ဆေးလည်း အမြဲတမ်းကြီးမဖြန်းချင်ဘူးတဲ့။

ကျောင်းမှာ ခခ၊ မော်စီတို့ကလည်း ရွှေပန်းအိုးလေးအခြေအနေကို အမြဲတမ်းပဲ မေးကြတယ်။ ခခ က ပန်းလေးတွေအလကားကြီး ပျောက်ကွယ်သွားတာ နှမြောလိုက်တာလို့ တသသပြောနေတတ်တယ်။ ကျောင်းဆင်းရင်တော့ ခခရော မော်စီရော ဖိုးပလံအိမ်ကို လိုက် လိုက် လာကြတယ်။ မေမေတို့ မသိအောင် ခြံထဲမှာ အယောင်ပြဆော့ကြပြီး လစ်ပြီဆိုတာနဲ့ သုံးယောက်သား စတိုးခန်းထဲကို ရောက်ရောက်သွားတတ်ကြတာပဲ။ ခခက သူအသင့်ယူလာတဲ့ ပန်းဖြတ်တဲ့ ကတ်ကျေးလေးနဲ့ ပန်းလေးတွေကို ဖြတ်ယူတယ်။ ပြီးတော့ သူ့ကျောပိုးအိပ်လေးထဲ တယုတယထည့်သိမ်းတယ်။ ခခ မေမေဒေါ်သီတာအတွက်ရယ်၊ ဆရာမအတွက်ရယ် ပေးချင်လို့တဲ့၊ ဖိုးပလံကတော့ မေမေ့ကို အခုမပေးနိုင်သေးဘူး၊ မေမေ့မွေးနေ့မှာပဲ ရွှေပန်းအိုးတစ်ခုလုံးပေးမှာလေ၊ အခု ခခ ယူချင်သလောက်၊ ယူပါစေပေါ့၊ မိန်းကလေးတွေက ပန်းသိပ်ကြိုက်ကြတာပဲ၊ ပန်းပွင့်လေးတွေမြင်တာနဲ့ ဒီမိန်းကလေး ခခ က ခုန်ဆွ ခုန်ဆွနဲ့ ကို အငြိမ်မနေနိုင်တော့ဘူး။
မေမေ့မွေးနေ့ သြဂုတ်လ ၂၈ ရက်နေ့ ရောက်လာမယ့်နေ့ကို မျှော်နေရတာ မောတော့အမောသား၊ ခုချက်ချင်းပဲ မေမေ့လက်ထဲ ထည့်ပေးချင်သား၊ မော်စီကတော့ ပြောတယ်၊ သူက အင်မတန်စိတ်ပူတတ်တဲ့သူဆိုတော့ မေမေ့ကို ခုပဲပေးစေချင်တယ်။ မပြောကောင်းမဆိုကောင်း ရွှေပန်းအိုးလေးများ တခုခုဖြစ်သွားခဲ့ရင် လို့ တွေးပြီး မော်စီက စိတ်ပူနေရှာတယ်။ ဖိုးပလံကတော့ ခေါင်းမာတယ်။ စိတ်ထဲမှာလည်း သိနေသလိုလို၊ ဘာမှ အမှားအယွင်းမဖြစ်နိုင်ပါဘူး။ ဖိုးပလံ သေချာပြောမပြတတ်ပေမဲ့ ရွှေသော့လေး ရှာနေခဲ့တုန်းက ခံစားချက်မျိုးပဲ၊ ဖိုးပလံ မှန်တယ် .. ဖိုးပလံမှန်တယ် ဆိုတဲ့ စိတ်ခံစားမှုကို ကိုယ်တိုင်သိနေခဲ့တာမျိုးပေါ့။

တစ်ပတ်အလို … မေမေ့မွေးနေ့ရောက်တော့မယ်။ တစ်ပတ်ပဲလိုတော့တယ်။ ခခက နေ့တိုင်းလိုပဲ ပန်းအိုးလေးကို ဂရုစိုက်ပေးရှာတယ်။

ဒီနေ့ကျောင်းကအပြန်ပေါ့ …
အိမ်နားက လမ်းချိုးထဲ စက်ဘီးနဲ့ ဖြတ်အကွေ့ လမ်းဘေးမြက်ကြားထဲမှာ ပုန်းပြီးချောင်းမြောင်းနေတဲ့ ကြောင်လေးတစ်ကောင်ဟာ လမ်းမပေါ်ကို ခုန်ထွက်လာတယ်။ လမ်းမပေါ်မှာ ပေါင်မုန့်တစ်ဖဲ့ကို ထိုးဆိတ်ဖဲ့ရွဲ့နေတဲ့ခိုတွေရှိရာကို ခုန်အုပ်လိုက်တာ။ ဖိုးပလံ ဘရိတ်ကို စက်ဘီးလက်ကိုင်ကို တဘက်ကိုဆွဲလှည့်လိုက်ရတာပေါ့။ ဘာမှတော့ ဖြစ်မသွားပါဘူး။ ခိုတွေလည်းပျံပြေး၊ ကြောင်လေးလည်း လမ်းတဘက်က မြက်ကြားထဲ ၀င်ပြေးသွားပြီ။ မြက်တွေကြားထဲက ကြောင်လေးရဲ့ အမြီးလေးတလှုပ်လှုပ်ကို မြင်လိုက်ရတဲ့အခါ … ဖန်ကြောင်ကို ရုတ်တရက်ကြီး သတိရသွားမိတယ်။ ဖန်ကြောင် .. ဖန်ကြောင်.. အိုး မေမေ့ မွေးနေ့မှာ သူတို့ကို ဖိတ်ရရင် ဖြစ်နိုင်မလားပဲ။ ခခ ကို  အကူအညီတောင်းကြည့်ရမှာပဲ၊ ခခ မှာ သူတို့နဲ့ ဆက်သွယ်နိုင်တဲ့ ဖန်လက်ကောက်လေးရှိတယ်လေ။ ဘာလို့ ဒီလိုစိတ်ကူးကောင်းကို မေ့နေရပါလိမ့်။ ခခဆီကို ဖုန်းခေါ်ရမယ်၊ မနက်အထိ စောင့်မနေနိုင်တော့ပါဘူး။
အိမ်ရောက်တာနဲ့ စက်ဘီးလေးကို အိမ်ရှေ့မှာပစ်လှဲ၊ ကျောပိုးအိတ်ကိုလည်း စားပွဲပေါ်ဘုန်းကနဲ ပစ်တင်ပြီး ဖုန်းနံပါတ်တွေ လှည့်တာပေါ့။
ခခ အိမ်တောင်ရောက်သေးရဲ့လားပဲ။
“တူ … တူ”
“ ……………”
“ ……………”
“ဟဲလို”
ကံကောင်းလိုက်တာ၊ ခခ ပဲ..
“ခခ ရေ.. ငါဟ”
“……..ဟင် ဖလံပိုး ဘယ်လိုဖြစ်၊ အလောတကြီးနဲ့”
“ခခ .. ငါလေ မေမေ့ မွေးနေ့မှာ ဟို ဖန်ကြောင်တို့ လူသူငယ်လူကြီးတို့ .. မှော်ဆရာမ ဆူး တို့ကို ဖိတ်ချင်လိုက်တာဟာ၊ ငါတို့ သူတို့ ပဉ္စင်တိုင်းပြည်ကို သွားလည်နိုင်သလို သူတို့လည်း လာလည်လို့ဖြစ်ချင်ဖြစ်နိုင်မှာ၊ နင်..  ဖန်လက်ကောက်လေး အာရုံပြုပြီး မေးပေးပါဟာ၊ မေမေတို့လည်း ငါတို့ရဲ့ အထူးအဆန်းခရီးအကြောင်း သိသွားရင် အံသြကုန်မှာပဲ၊ ဖန်ကြောင်ကို မေမေများ မြင်ရင် သိပ်သဘောကျမှာပဲ၊ မေမေက အကောင်ပလောင်သိပ်ချစ်တာ၊ နော် … မနက် ငါ ကျောင်းကို စောစောလာခဲ့မယ်၊ နင် .. လာခဲ့နော်၊ မော်စီ့ကိုလည်း ဖုန်းဆက်ထားလိုက်မယ်။ နော် ခခ”
“နင်ကတော့ လုပ်ပြန်ပြီ၊ အဲ .. ငါလည်း ဖန်ကြောင်ကို တွေ့ချင်တယ်ဟ၊ သူစကားပြောတာ သိပ်ရယ်ရတာပဲ၊ အင်း အင်း.. ငါတို့ မနက်ကျရင် ကြိုးစားကြည့်တာပေါ့၊ ဖိုးပလံ စကားမစပ် နင့်မေမေမွေးနေ့မှာ ဘာကျွေးမှာလဲဟင် ခစ် ခစ် .. စိတ်မရှိပါနဲ့ .. ငါက အစားအသောက်ဆို .. သိပ်စိတ်ဝင်စားတာ နင်သိပါတယ်လေ၊ ဖိတ်တာတော့ ဟုတ်ပါပြီ ငါတို့ ကြိုက်တာတွေ သူတို့စားတတ်ပါ့မလားပဲ.. အင်း .. မေးကြည့်တာပေါ့ဟာ”
“ခုထိတော့မသိသေးဘူး၊ ငါတော့ ငါကြိုက်တာ အကုန်ချက်ခိုင်းမယ်၊ မုန့်ဟင်းခါး၊ ရွှေတောင်ခေါက်ဆွဲ၊ ကြက်သားပလာတာ၊ ပြီးတော့ ဘာရှိသေးပါလိမ့်”
“ခစ် ခစ် .. သိပ်ကောင်း၊ မနက်စောစောလာခဲ့မယ်၊ ကျောင်းတံခါးမရှေ့နားမှာပဲစောင့်နေ၊ မော်စီ့ကိုလည်း သေချာပြောလိုက်နော်၊ တာ့တာ ဖလံပိုးရေ”
“အေး အေး စိတ်ချ၊ ခခ ကျေးဇူး၊ တာ့တာ”

နောက်တစ်နေ့မနက်စောစောမှာတော့ ကျောင်းတံခါးဝနားမှာ ကလေးနှစ်ယောက် ခေါင်းချင်းဆိုင်လို့ စကားတွေတွတ်ထိုးနေကြပြီ။
“မော်စီက မလာဖြစ်ဘူး ခခ၊ ဒီကောင်ရယ်ရတယ်၊ တော်ကြာ ငါတို့က သူ့ကိုလူသူငယ်တိုင်းပြည်ထပ်ခေါ်သွားမှာ ကြောက်လို့မလာတာဖြစ်မှာ”
“အင်းပါ .. သူမလာလည်း ငါတို့ စမ်းကြည့်တာပေါ့၊ လာ ငါတို့ သူငယ်တန်းအခန်းဆောင်ဘက်သွားမယ်”
“……..”
သူငယ်တန်းကျောင်းဆောင်ဘက်မှာ ဖိုးပလံတို့ သွားဆော့နေကြပေါ့၊ မနက်စောစောဆိုတော့ ကလေးတွေလည်း တစ်ယောက်မှ မရှိကြဘူး။
ဖိုးပလံတို့ သူငယ်တန်းအခန်းတစ်ခုထဲကို ၀င်လိုက်ကြတယ်။ ခခ က လက်မှာ ၀တ်ထားတဲ့ ဖန်ပြာလက်ကောက်လေးကို မျက်ဝန်းတောက်တောက်လေးတွေနဲ့ စူးစိုက်ပြီးကြည့်နေပါတယ်။ ဖန်ပြာလက်ကောက်လေးကို လက်ဖ၀ါးနဲ့အုပ်ကိုင်လိုက်ပြီး စကားတိုးတိုးလေးဆိုတယ်။
ခခ စကားပြောတာ ရယ်စရာကောင်းလိုက်တာ၊ ဘာတဲ့ “လူသူငယ်လူကြီးမင်းရှင့် ကျွန်မ ခခပါ” လို့ မိတ်ဆက်လိုက်သေးတယ်။
“ခခ ပြောချင်တာလေးရှိလို့ အားတဲ့သူတစ်ယောက်လောက် ပေါ်လာပေးပါ” တဲ့။
ဟီး ခခ ပြောပုံကလည်း .. ဖိုးပလံ စိတ်ထဲကျိတ်ပြီးရယ်ချင်နေတယ်။ ခခ ကတော့ စိတ်ဝင်တစား မျက်လုံးနှစ်လုံးက ပြူးကျယ်နေရော။
“ဟော”
ခခ ဆီက အသံထွက်လာတယ်။ ဖန်ပြာလက်ကောက်လေးမှာ အပြာရောင်အလင်းလေးတွေ လက်လာပြီ၊ အပြာရောင်လေးတွေပိုပြီး စူးလဲ့လာတဲ့အခါ ရွှီး …. ဆိုတဲ့အသံတိုးတိုးနဲ့ပဲ အလင်းပြာပြာလေးတွေဖန်လက်ကောက်ထဲက ခုန်ထွက်လာကြတယ်။ အပြာရောင်စူးလဲ့လဲ့အလင်းလေးတွေ မှိန်ဖျော့သွားတော့ အဖြူရောင်လွလွအမျိုးသမီးတစ်ဦးပေါ်လာပါပြီ၊ လက်ထဲမှာ တလက်လက်တောက်ပနေတဲ့ နှင်တံလေးတစ်ချောင်းကို ကိုင်လို့၊ သစ်သီးခြမ်းဦးထုပ်စိမ်းလေးနဲ့၊
“အိုး .. အန်တီဆူး အန်တီဆူး မဟုတ်လားဟင်” ခခ က ၀မ်းသာအားရ ထအော်တယ်။
“ဟုတ်တာပေါ့ကွယ်၊ ကျေးဇူးရှင်မှော်ဆရာမလေး ခခ၊ နေကောင်းကြရဲ့နော်၊ ဟော သူလေးက ဖိုးပလံလေး၊ ငါတို့အားလုံး သတိရနေကြတာပဲ .. ကလေးတို့ အကြောင်းအမြဲပဲပြောဖြစ်ကြတယ်”
“ခခ က ဟို လူသူငယ်ဦးကြီးပေါ်လာမယ်ထင်လို့”
“တို့များက ခု ပဉ္စင်တိုင်းပြည်ရဲ့ အရှေ့အရပ်စုန်းမခေါင်းဆောင်ဖြစ်သွားပြီပေါ့ကွယ်၊ ခုဆို အရှေ့အရပ်မှာ အေးအေးချမ်းချမ်းရှိနေပြီကွဲ့၊ ကဲ .. ဘာများအလိုရှိပါသလဲ မှော်ဆရာမလေး”
အဲဒီတော့မှ ငြိမ်ပြီးနားထောင်နေတဲ့ ဖိုးပလံ.. စကားပြောဖို့ သတိရမိတော့တယ်။
“ကျွန်တော့်မေမေ မွေးနေ့ပွဲ ဖိတ်ချင်လို့ပါဗျာ၊ မေမေ့ကို ရွှေပန်းအိုးလေးပေးမယ်၊ နတ်သမီးနယ်မြေက  လူတွေကိုလည်း ကျွန်တော်တို့ ရွှေလိမ္မော်မြို့လေးကို အလည်ခေါ်ချင်လို့ပါ၊ ဟို ဦးဖန်ကြောင်လေ သူ့ကို ကျွန်တော်သတိရနေတာ၊ သူ့ကို ဖိတ်ချင်တယ်၊ တွေ့ချင်လိုက်တာ၊ သူက သိပ်လှတဲ့ကြောင်ပဲ”  ဖိုးပလံကပြောရင်းနဲ့ပဲ ခေါင်းကိုကုတ်ကာရှက်ရယ်ရယ်ပါတယ်။
“သူလား၊ သူ့ပုံစံအတိုင်းပဲ လှည့်လည်သွားလာနေတာပါပဲ၊ တချက်လေးမှ အငြိမ်မနေပါဘူး၊ သူ့ကို တစ်နေ့တစ်ခါတွေ့ရဖို့တောင် ခက်သားကွဲ့”
“အန်တီဆူး .. သူ့ကိုတွေ့အောင်ရှာပေးပါ၊ ဖိုးပလံမေမေ  မွေးနေ့က နောက်တစ်ပတ် ၂၈ရက်နေ့၊ ဒီကြားထဲသူ့ကိုတွေ့မှာပါ၊ အန်တီဆူးရယ်၊ လူသူငယ်ဦးကြီးရယ်၊ ဖန်ကြောင်ရယ်၊ ဟို.. မြောက်အရပ်က စုန်းမအန်တီကိုလည်း ဖိတ်ချင်တာ၊ ပြီးတော့ လာနိုင်တဲ့ သူ အားလုံး ဖိတ်ချင်တာပဲ” ခခက ခပ်သွက်သွက်ဝင်ပြောပါတယ်။
“ဟုတ်တယ် ခခ ပြောသလိုပဲ ကျွန်တော်ဖိတ်ပါတယ်၊ လာခဲ့ပါဗျာ”
“အေးကွယ်၊ တို့တွေ ပဉ္စင်တိုင်းပြည်ကထွက်ပြီး ဘယ်နေရာကိုမှ သွားတဲ့ အလေ့အထတော့မရှိကြဘူးကွဲ့၊ အန္တရာယ်အနံ့အသက်တော့ မရမိပါဘူး၊ တို့လည်း တခြားလူသူငယ်တွေနဲ့ တိုင်ပင်ကြည့်ရမှာပဲ၊ ကဲ အခု ပြန်မှဖြစ်တော့မယ်၊ ကလေးလေးသုံးယောက်လာနေကြပြီ”
ဖိုးပလံ ဘေးဘီကို ကြည့်လိုက်တော့ ကလေးတစ်ယောက်မှမတွေ့မိပါဘူး၊ အန်တီဆူးကတော့ နားစွင့်နေဟန်နဲ့ ပြောတာပဲ။
“ဟုတ်ကဲ့ရှင့်၊ အန်တီတို့အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်” ခခ က နှုတ်ဆက်နေပါပြီ။
“လူသူငယ်တိုင်းပြည် အေးချမ်းပါစေ” ဖိုးပလံကလည်း ဆုတောင်းပေးပါတယ်။ အန်တီဆူးက ဖိုးပလံနဲ့ ခခ တို့ရဲ့ ဦးခေါင်းလေးကို သာသာလေးပုတ်ပြီး “ကလေးတို့ ပျော်ရွှင်ကြပါစေကွယ်” လို့ နှုတ်ဆက်တယ်။ အပြာရောင် အလင်းဖျော့ဖျော့လေးတွေနဲ့ အတူ တခဏလေးပဲ အားလုံးပျောက်ကွယ်သွားပါပြီ။
ဖိုးပလံတို့ အခန်းဆောင်လေးထဲက ထွက်တော့မှ ….
ကျောပိုးအိတ်လေးတွေနဲ့ ကလေးသုံးယောက် တလှုပ်လှုပ်နဲ့ အခန်းဆီကို လာနေကြတာ ဖိုးပလံတို့ တွေ့လိုက်ကြတော့တယ်။           ။

Saturday, June 18, 2011

I have talent, Ja imam talenat !

Ja imam talenat(I have talent)- Đurađ Đuričić

ဆားဘီးယန်းဗားရှင်း Talent show ပါ။
ဒီကလေးမျိုးတစ်ယောက်လောက်ရှိထားရင် အဖေ အမေတော့ ပျင်းနေရမှာကိုမဟုတ်တော့ဘူး။
ဂျုးရက်ဂ်ျဂျူးရီချစ်ခ်ျလေးက တီးနေရင်း ပါးစပ်လေးဟောင်းလောင်းနဲ့ ချစ်စရာလေး။

Friday, June 10, 2011

ဘီလ်ဂိတ်ရဲ့ ဒုတိယမြောက်ပရဟိတပစ်မှတ်

မိုက်ကရိုဆောဖ့်တည်ထောင်သူ ဘီလ်ဂိတ်ဟာ ကမ္ဘာတစ်ဝှမ်းက ဆင်းရဲမွဲတေတဲ့တိုင်းပြည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဒေါ်လာဘီလီယံပေါင်းများစွာအသုံးပြုခဲ့ပါတယ်၊ နောက်ပိုင်းမှာ ခက်ခဲကြမ်းတမ်းစွာရုန်းကန်နေရတဲ့ အာဖရိကန်လယ်သမားတွေရဲ့ စိုက်ပျိုးရေးအတွက် အထောက်အပံ့ပေးဖို့အတွက် ခြေဦးလှည့်လိုက်ပါပြီ။ ကမ္ဘာ့သြဇာအရှိဆုံး အလှူအတန်းရက်ရောသူ ဘီလ်ဂိတ်က သူ့ရဲ့ဖောင်ဒေးရှင်းက ဘာကြောင့် လယ်ယာလုပ်ငန်းတွေဆီ ဦးတည်လိုက်တာလည်းဆိုတာကို အင်တာဗျူးတစ်ခုမှာပြောပြခဲ့ပါတယ်။ လယ်ယာလုပ်ငန်းတွေဆီချည်းကပ်မှုမှာ အထူးပြုပြင်ထားတဲ့မျိုးစေ့၊ စိုက်ပျိုးနည်းသတင်းအချက်အလက် ပြည့်ပြည့်စုံစုံပေးဝေရေး စတဲ့ လက်တွေ့ကျတဲ့အကူအညီမျိုးကို အပင်စိုက်ပျိုးသူတွေဆီအရောက်ပို့တဲ့ အစီအစဉ်တွေပါဝင်တယ်။ အငြင်းပွားနေကြဆဲ မျိုးဗီဇပြုပြင်ထားတဲ့မျိုးစေ့(GM)တွေဟာ တချို့အခြေအနေတွေမှာ ပြဿနာဖြေရှင်းနိုင်တဲ့နည်းလမ်းအဖြစ် အသုံးဝင်တာကိုလည်းတွေ့ခဲ့ရတယ်၊ ဒါပေမဲ့ ဘီလ်ဂိတ်ရဲ့ဖောင်ဒေးရှင်းကတော့ မျိုးဗီဇပြုပြင်မထားတဲ့မျိုးစေ့(non-GM)တွေကို အများအားဖြင့်အသုံးပြုတယ်လို့ လည်းရှင်းပြခဲ့ပါတယ်။ ဆယ်စုနှစ်အတွင်း လက်ရှိ လယ်ယာစိုက်ပျိုးရေး အထူးတလည်တိုးတက်မှုမရှိတဲ့ မြေနေရာတွေမှာ လယ်သမားတွေမှီဝဲစားသုံးရတဲ့ အစားအစာတွေရဲ့ ဈေးနှုန်းတွေမြင့်တက်နေမှုက အရေးကြီးတဲ့ကိစ္စအသစ်တစ်ခုဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း တကမ္ဘာလုံးမှာ အစားအသောက်ထုတ်လုပ်မှုဟာ ၁၄၅ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ပေမဲ့ အာဖရိကဒေသရဲ့ အစားအသောက်ထုတ်လုပ်မှုကတော့ ၁၉၆၀ ခုနှစ်ကတည်းက ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ဟားဗာဒ့်တက္ကသိုလ်ပရော်ဖက်ဆာ ဆာလက်စ်တာစ့်ဂျူးမာ ရေးသားထားတဲ့ “ကောက်သစ်ရိတ်ချိန်” စာအုပ်မှာ ရေးသားဖော်ပြထားတယ်။ 
၁၉၉၄ ခုနှစ်ကတည်းက ကမ္ဘာ့ကျန်းမာရေးကူညီထောက်ပံ့မှုမှာတော့ ဒေါ်လာ ၁၄.၅ ဘီလီယံအသုံးပြုခဲ့ကြတယ်ပေမဲ့ လယ်ယာစိုက်ပျိုးရေးကူညီထောက်ပံ့မှု အပါအ၀င် ကမ္ဘာ့ဖွံဖြိုးတိုးတက်ရေးအတွက် ဘီလ်နဲ့ မီလင်ဒါဂိတ်စ်ဖောင်ဒေးရှင်း က ဒေါ်လာ ၃.၃ ဘီလီယံ(ပေါင်၂ ဘီလီယံ-ယူရို၂.၃ ဘီလီယံ) အသုံးပြုခဲ့ကြတယ်လို့ နှိုင်းယှဉ်ဖော်ပြထားပါတယ်။

ဂါနာအရှေ့ပိုင်းက လယ်သမားတစ်ဦးက ဒေသခံလယ်သမားတွေက မြေဆီလွှာကို အလေးထားထိန်းသိမ်းရကောင်းမှန်းမသိသေးပဲ ရှေးရိုးအလေ့အထအတိုင်းပဲ အပင်တွေကို ခုတ်ဖြတ်တာ၊ မီးရှို့ရှင်းလင်းတာတွေလုပ်နေကြဆဲပဲလို့ ဆိုတယ်။ ဘီလ်ဂိတ်ရဲ့အစီအစဉ်သစ်မှာ အသားကျနေတဲ့ အလေ့အထတွေကို လျှော့ချပြီး နည်းလမ်းသစ်တွေ မျှဝေမယ်၊ ထွက်နှုန်းကောင်းတဲ့ မျိုးစေ့တွေပိုပြီးဖြန့်ဝေပေးမယ်၊ မြေဆီလွှာအခြေအနေကို တိုင်းတာစိစစ်မှုတွေလုပ်ကြမယ်၊ မျိုးစေ့နဲ့ မြေသြဇာဝယ်ယူနိုင်ဖို့ အရင်းအနှီးလွယ်လွယ်ကူကူထုတ်ယူရရှိစေရမယ် ဆိုတဲ့ အဆင့်တွေပါဝင်ပါတယ်။ ရေဒီယိုကနေ လယ်သမားတွေလိုအပ်မယ့်အချက်အလက်တွေ အသံလွှင့်ပေးနေမယ့် အစီအစဉ်လည်းပါဝင်ပါသေးတယ်။ ကင်ညာက လယ်လုပ်သူအမျိုးသမီးတစ်ဦးကတော့ “လမ်းပမ်းဆက်သွယ်ရေးမကောင်းတာကြောင့် သတင်းအချက်အလက်တွေချို့တဲ့ရတယ်၊ ဘယ်မျိုးစေ့ကို သုံးရမယ်၊ ဘယ်လိုပိုးသတ်ဆေးမျိုးကို သုံးရမယ်ဆိုတဲ့ အသိပညာဖြန့်ဝေပေးမှုတွေ မရနိုင်ဘူး၊ လယ်သမားတွေမှာ တစ်ခါတစ်ရံ ကုန်ပစ္စည်းရောင်းဝယ်သူတွေက မျိုးစေ့အတုတွေလှည့်စားရောင်းချလိုက်တာလည်းခံရတတ်သလို အင်းဆက်သတ်ဆေးနဲ့ မှိုသတ်ဆေးရောထွေး၊ လွဲမှားပြီးသုံးစွဲမိတာတွေလည်း ရှိတယ်”လို့ ဆိုပါတယ်။

အောင်မြင်တဲ့ ဒေသခံလယ်သမားတွေရဲ့လယ်ယာလုပ်ငန်းလုပ်ကိုင်ပုံတွေနဲ့ အမေးအဖြေ သတင်းမှတ်တမ်းရုပ်ရှင်တွေကိုလည်း ရိုက်ကူးနေပါပြီ။ ဒေသခံတွေရဲ့ ဘာသာစကား၊ အခေါ်အဝေါ်တွေပြောဆိုပြီး တူညီတဲ့မြေအနေအထားမှာလုပ်ကိုင်နေကြတဲ့ မှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူတွေကို တခြားလယ်သမားတွေကလည်း ပါဝင်ကူညီပေးခဲ့ကြပါတယ်။ ဘီလ်ဂိတ်ဟာ အာဖရိကလယ်သမားတွေရဲ့ လယ်ယာလုပ်ငန်းစိုက်ပျိုးမှုတွေမှာ အတားအဆီးဖြစ်နိုင်တဲ့အချက်အလက်တွေအားလုံးစုဆောင်းခဲ့ပါတယ်။ ရေကြီးရေလျှံတဲ့ပြဿနာနဲ့တွေ့ကြုံခဲ့ရတဲ့ ဆန်စိုက်ပျိုးသူ အမျိုးသမီးတစ်ဦးပြောပြတာကိုလည်း ဘီလ်ဂိတ်က ပြန်ပြောပြပါတယ်။ “အဲဒီအမျိုးသမီးရဲ့ သီးနှံတွေဟာ မကြာခဏ ရေထဲမှာအကြာကြီးပဲနစ်မြုပ်နေခဲ့တယ်တဲ့။ အဲဒါကို တုံ့ပြန်နိုင်အောင် ဂိတ်စ်ဖောင်ဒေးရှင်းက ပူးပေါင်းဖန်တီးထားတဲ့ ဖိစီးမှုဒဏ်ခံစပါးမျိုးသစ်တစ်မျိုးကို စမ်းသပ်စိုက်ပျိုးနေပါပြီ။ စပါးမျိုးသစ်ဟာ အကြမ်းခံသလို စပါးအထွကနှုန်းလည်း များတယ်၊ ဖိစီးမှုဒဏ်ခံစပါးမျိုးသစ်ကို ဖန်တီးကြတုန်းက မျိုးဗီဇပြုပြင်တဲ့နည်းကို မသုံးခဲ့ပါဘူး၊ မျိုးကွဲတွေ ပေါင်းစပ်ဖန်တီးတဲ့နည်းကိုပဲ အသုံးပြုခဲ့တယ်၊ ဖောင်ဒေးရှင်းရဲ့ ပရောဂျက်တစ်ချို့မှာ GM အသုံးပြုတာတွေလည်း ရှိပါတယ်” လို့ ဆိုတယ်။
အာဖရိကဒေသက လယ်ယာတွေဟာ တခြားဒေသတွေမကြုံတွေ့နိုင်တဲ့ အပူချိန်မြင့်တက်လွန်းတာကိုလည်း မကြာခဏ ရင်ဆိုင်ရတတ်ပါတယ်။ ကံမကောင်းစွာပဲ သနားစရာအာဖရိကန်လယ်သမားတွေဟာ ကမ္ဘာကြီးလုံးဆိုင်ရာ ပူနွေးလာမှုကြောင့် ပိုပြီးပူပြင်းတဲ့ရာသီဥတုမျိုးနဲ့ ရင်ဆိုင်ရပြန်ပါတယ်။  ဘီလ်ဂိတ်က “တချို့အခြေအနေမျိုးမှာ မျိုးဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေက မျိုးစေ့အသစ်တွေ ဘယ်လိုရမလည်းဆိုတဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့နည်းလမ်းလို့ ကျွန်တော်လုံးဝယူဆပါတယ်” လို့ ဆိုတယ်။ ပတ်ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ်လို့ Greenpeace အဖွဲ့က ပြစ်တင်ပြောဆိုနေကြတဲ့ GM သီးနှံတွေဟာ ကမ္ဘာကြီးရဲ့ ထွန်ယက်စိုက်ပျိုးနိုင်တဲ့ကုန်းမြေဧရိယာ ၁၀ရာခိုင်နှုန်းခန့်မှာ ကြီးထွားပေါက်ရောက်နေကြပြီလို့ ယူအန်က သတ်မှတ်ခဲ့ပြီး ယူအက်စ်စာရင်းအရ ကမ္ဘာကြီးရဲ့ထက်ဝက်ခန့် စိုက်ပျိုးပြီးကြပြီလို့ ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိစိုက်ပျိုးမှုလမ်းကြောင်းအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ GM တွေ စိုက်ပျိုးလာကြမယ်၊ နှစ်အနည်းငယ်အတွင်း ထက်ဝက်ကျော်ခန့် မြင့်တက်သွားနိုင်ပါတယ်။ 

ဘီလ်ဂိတ်က အာဖရိကန်လယ်သမားတွေကို ကူညီဖို့ သန်းကြွယ်သူဌေးတွေကို တိုက်တွန်းလိုက်ပါပြီ။ ယူအက်စ်လယ်ယာစိုက်ပျိုးရေး အတွင်းရေးမှူး တွမ်ဗီးလ်ဆက်ခ် က အာဖရိကအစိမ်းရောင်တော်လှန်ရေးအဖွဲ့(Agra) ရဲ့ အစီရင်ခံစာကို ထောက်ခံလိုက်ပြီး လယ်ယာမြေနည်းနည်းသာပိုင်ဆိုင်ကြတဲ့ လယ်သမားတွေအတွက် အကူအညီပေးနိုင်ဖို့  ၀ါရှင်တန်မှာ သဘောတူလက်မှတ်ရေးထိုး လိုက်ပါတယ်။ အာဖရိကအစိမ်းရောင်တော်လှန်ရေးအစီအစဉ်မှာ မျိုးစေ့ဖြန့်ဝေပေးရန်၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းပေးရန်၊ သီးနှံရိတ်သိမ်းရာမှာ အလေအလွင့်နည်းပါးစေရန်၊ ရေပေးဝေရေးစနစ်တွေစီစဉ်ရန် စတဲ့ အဆင့်တွေပါဝင်တယ်။ လယ်သမားတွေကို လေကျင့်သင်ကြားပေးရန်၊ ဈေးကွက်တည်ဆောက်ပေးရန်နဲ့  လယ်ယာသုံးပစ္စည်း၊ အခြေခံအဆောက်အဦး အထောက်အပံ့ပေးရန် စတဲ့အစီအစဉ်တွေကိုလည်း ဂါနာ၊ ကင်ညာ၊ မာလီ၊ တန်ဇေးနီးယား နဲ့ မိုဇမ်ဘစ် ဒေသတွေမှာ ကနဦးစတင်အကောင်အထည် ဖော်ကြပါလိမ့်မယ်။ အဲဒီဒေသတွေရဲ့ အသီးအနှံစိုက်ပျိုးနှုန်း နဲ့ အစားအသောက်ထုတ်လုပ်မှုနှုန်းတွေ တိုးတက်စေဖို့ ရည်ရွယ်ကြပါတယ်။ မစ္စတာဗီးလ်ဆက်ခ် က “လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဟာ လူသန်းပေါင်းများစွာရဲ့ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်ပြီး ၀င်ငွေတိုးတက်စေတဲ့ အဓိကျသော့ချက်ဖြစ်တယ်” လို့ ၀ါရှင်တန်လက်မှတ်ရေးထိုးပွဲနေ့က ပြောခဲ့တယ်။

“ကျွန်တော်တို့ အလွန်အမင်းစိတ်လှုပ်ရှားမိနေကြပါတယ်၊ လယ်သမားတွေရဲ့ ဖြစ်ထွန်းအောင်မြင်မှုတွေအတွက် ကူညီကြတဲ့အခါ ဘာတွေတိုးတက်လာမလဲဆိုတာ တွေ့ချင်နေကြပါပြီ၊ လယ်သမားတွေနဲ့ ကလေးငယ်တွေရဲ့ တနိုင်တပိုင် စားဝတ်နေရေး လုံလောက်အောင်အတွက်ပဲ စိုက်ပျိုးဖို့မဟုတ်ပါဘူး၊ လယ်သမားတွေ လစာဝင်ငွေကောင်းရလာကြပြီး ကလေးငယ်တွေကို ကျောင်းတွေကိုပို့နိုင်ဖို့၊ ဆင်းရဲတဲ့ မြို့ပြဒေသတွေမှာပါ စားသောက်ကုန်ဈေးနှုန်းတွေ ကျဆင်းနိုင်ကြဖို့ ရည်ရွယ်ပါတယ်” လို့  ဘီလ်ဂိတ်က ဆိုတယ်။

Bill and melinda Gates Foundation ဟာ ကမ္ဘာ့အကြီးဆုံးပုဂ္ဂလိကပိုင်ဖောင်ဒေးရှင်းဖြစ်နေပါပြီ။ စံပြအလှူရှင် ဘီလ်ဂိတ်ဟာ သူ့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေဟာ အခွန်လွတ်မြောက်စေဖို့မဟုတ်ပါဘူး လို့ ဂျာမန်သတင်းစာတစ်စောင်ဖြစ်တဲ့ FAZ နဲ့ အင်တာဗျုးတစ်ခုမှာ ပြောလိုက်ပါတယ်။ FAZ အင်တာဗျုးကို ဖတ်ကြည့်ရအောင်ပါ။

မစ္စတာဂိတ်ထ်စ်ခင်ဗျား၊ မစ္စတာဂိတ်ထ်စ်၊ အမျိုးသမီး မီလင်ဒါ နဲ့ အမေရိကန်သူဌေးကြီး ၀ါရန်ဘာဖက် အပါအ၀င် အမေရိကန်ဘီလျံနာသူကြွယ် ၅၈ ဦးက ပိုင်ဆိုင်သမျှစည်းစိမ်တွေရဲ့ ထက်ဝက်ကျော်ကို ကုသိုလ်ဖြစ်လုပ်ငန်းတွေအတွက် လှူဒါန်းမယ်လို့ ကတိပေးခဲ့ကြတယ်။ တချို့စူပါသူကြွယ်ကြီးတွေနဲ့ ရေရှည်မှာလက်တွဲဖို့အဆင်မပြေဖြစ်လာခဲ့ရင်ရော။ ဖြစ်ခဲ့ပြီးပြီလား။
အမှန်တကယ်တော့ တချို့နဲ့အဆင်မပြေဖြစ်နိုင်ပေမဲ့၊ မဖြစ်ဘူးလို့ပဲ ပြောရမှာပဲ။ တချို့လူတွေက သူတို့ကြွယ်ဝချမ်းသာမှုတွေကို သေတမ်းစာနဲ့ပဲ ချန်ထားခဲ့ချင်ကြတယ်။ သူတို့ရဲ့ ကလေးတွေက ကျိန်းသေတယ်၊ စူပါသူကြွယ်တွေဖြစ်လာကြဦးမှာပဲ။ တခြားးသူကြွယ်တွေကတော့ သူတို့အလှူအတန်းတွေဟာ ကိုယ်ရေးကိုယ်တာကိစ္စလို့မြင်ကြတယ်။ ကျွန်တော်တို့လုပ်ဆောင်ကြသလိုပဲ အများအတွက်အသုံးပြုစေချင်ကြတယ်။ ကတိပြုကြတဲ့သူတွေထဲက ဘယ်သူတွေ ပထမဆုံးလှူလာကြမလဲ ကျွန်တော်တို့ ထပ်ပြီး ဆုံးဖြတ်ကြရတယ်။ ဒါပေမဲ့ အားလုံးခြုံကြည့်ရင်တော့ ကျွန်တော်တို့ ဆွဲဆောင်နိုင်ကြပါတယ်။

ဘီလျံနာတွေထပ်ပြီး စုဆောင်းနိုင်ဦးမလား။
စာရင်းအသစ်တွေ မပြတ်ရနေဆဲပါပဲ။ လအနည်းငယ်အတွင်း နာမည်တွေ နောက်တစ်ကြိမ်ထပ်ပြီ ကြေညာပ့ါမယ်။

ခင်ဗျားရဲ့လုပ်ဆောင်မှုတွေက တစ်ခြားတစ်ယောက်ယောက် မလုပ်နိုင်ဘူး။ တချို့ကလည်း ဘီလျံနာလူစုတွေရဲ့လုပ်ရိုးလုပ်စဉ်သဘောမျိုးလို့ မကျေမနပ်ပြောကြတယ်။ ၀င်ငွေခွန်ပေးဆပ်စရာရှိတာတွေကို ရှောင်လွှဲချင်လို့ အလှူအတန်းတွေ တွဲဘက်ပြီးလှူကြတယ်လို့ အနှောင့်အယှက်ဖြစ်အောင် ပြောကြတယ်။
ဒါပေမဲ့ဗျာ ကုသိုလ်ဖြစ်လုပ်ငန်းအတွက်အသုံးပြုတယ်ဆိုတာ ချမ်းသာကြွယ်ဝတဲ့လူတွေရဲ့ ကောင်းတဲ့အရာတွေ အများကြီးပေးလိုက်ရတာ၊  အဲဒါ ပြောင်းလဲလို့မရတဲ့ အချက်ပဲ။ ပြီးတော့ အမြောက်အများလှူဒါန်းသူတစ်ဦးက အခွန်လွတ်ကင်းဖို့ မရည်ရွယ်ပါဘူး။ အခွန်ကင်းလွတ်ခွင့်အကျိုးခံစားရတာတော့ ဟုတ်ပါတယ်။ ပမာဏအများကြီးပဲလှူမယ်လို့ ကတိပြုထားကြတဲ့ အလှူရှင်တချို့ကျွန်တော်တို့မှာရှိထားပါတယ်။ တချို့ဆို့ ၁၀၀ရာခိုင်နှုန်း လှူမယ်လို့ ကတိပေးထားတဲ့သူတွေတောင်မှ ရှိနေတယ်။

ဘီလျံနာတွေကတော့ ခင်ဗျားလျှောက်တဲ့လမ်းအတိုင်း အမြဲတမ်းတော့ လိုက်ကြမှာမဟုတ်ဘူး။ သူတို့ အိန္ဒိယနဲ့တရုတ်က ချမ်းသားတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ကြတယ်။ အဲဒီမှာဘီလျံနာတွေ ပိုပြီးတော့တောင်များသေးတယ်တဲ့၊ ဒါပေမဲ့ သူတို့ရဲ့ ကုသိုလ်ဖြစ်လှူဒါန်းမှုတွေမှာတော့ အကန့်အသတ်တွေရှိနေတုန်းပဲ၊ ခင်ဗျား အလည်အပတ်သွားခဲ့တုန်းက အလှူအတန်းအတွက် ကတိက၀တ်ပြုခဲ့ကြသူတွေ အခုထက်ထိ မရှိခဲ့ကြဘူး။
အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့မှာ ကျွန်တော်တို့အတွက် အလွန်ကွဲပြားတဲ့ရည်မှန်းချက်ပန်းတိုင်တွေ ရှိကြပါတယ်။ ကျွန်တော်တို့ အဲဒီတိုင်းပြည်တွေမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ကြတယ်။ ကွန်ကရစ်သားလိုခိုင်မာတဲ့အာမခံချက်တွေ တစ်ထိုင်တည်း ရှာဖွေရယူခဲ့ကြဖို့မဟုတ်ပါဘူး။ ပရဟိတလုပ်ငန်းတွေအတွက် အကောင်အထည်ဖော်နိုင်မယ့်တွေ့ဆုံဆွေးနွေးမှုတွေ စတင်ကြတာပါ။ ကျွန်တော်တို့လည်း အမေရိကအတွက် အကန့်အသတ်တွေလုပ်ထားပါတယ်။

ဂျာမနီနဲ့ တခြားဥရောပတိုင်းပြည်တွေက ဘီလျံနာတွေကိုရော ဆွဲဆောင်ဖို့ မကြိုးစားဘူပေါ့။
မဟုတ်ပါဘူး၊ ကြွယ်ဝချမ်းသာတဲ့ဂျာမန်တွေနဲ့ ပရဟိတလုပ်ငန်းတွေအတွက် ဆွေးနွေးဖို့။ ကျွန်တော့်အတွေ့အကြုံတွေ ဖလှယ်ဖို့ ကျွန်တော်အင်မတန်စိတ်ဝင်စားပါတယ်။
ခင်ဗျားရဲ့ကလေးသုံးယောက်ရော မိဘတွေအတွက် ဘာတွေလုပ်ပေးကြလဲ။ အလှူရှင်အဖေ အမေတွေက အလှူအတန်းရက်ရောကြလွန်းသူတွေဖြစ်တော့ အမွေခံပစ္စည်းအစိတ်အပိုင်းနည်းနည်းလေးပဲ ကျန်တော့မှာလေ။
မီလင်ဒါနဲ့ ကျွန်တော် ... ကျွန်တော် တို့ရဲ့ ရပ်တည်ချက်အကြောင်း ကလေးတွေကို အကြိမ်များစွာ ရှင်းပြခဲ့တယ်။ သူတို့လည်း နားလည်သဘောပေါက်ကြတယ်လို့ ထင်ပါတယ်။ ရည်မှန်းချက်ရှိရှိ၊ သူတို့ဘ၀ကိုဖန်တီးနိုင်တဲ့ အဆင့်လေးတစ်ခုရောက်စေချင်တယ်။ လောဘတကြီး ကြီးပွားလိုစိတ်တွေမရှိစေချင်ဘူး၊ အဲဒါက သူတို့ကို သေချာပေါက် ကျန်းမာစေမှာပဲ။

နောက်တစ်ပတ်မှာ ခင်ဗျား ဂျာမနီကိုလာမယ်၊ ဂျာမန် အဓိပတိ  အန်ဂျဲလာမာကဲလ်၊ ဖွံ့ဖြိုးရေးဝန်ကြီးဒွတ်ခ်နီးဘဲလ်တို့နဲ့ တွေ့ဆုံကြမယ်။ ဘာတွေပြောဖြစ်ကြမလဲ။
ဂျာမနီက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကူညီထောက်ပံ့မှုတွေမှာ အင်မတန်ရက်ရောပါတယ်။ ဂျာမန်အစိုးရကလည်း တက်တက်ကြွကြွရှိတယ်။ ကျွန်တော်တို့ရဲ့ ဖောင်ဒေးရှင်းလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့ပါတယ်။ ကျွန်တော်တို့လုပ်ငန်းတွေရဲ့ တိုးတက်မှုနဲ့ အကျိုးကျေးဇူးတွေအကြောင်းဆွေးနွေးကြမယ်၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေအတွက် တွေ့ဆုံကြပါမယ်။

ဒါပေမဲ့.. အဲဒီတွေ့ဆုံမှုက စည်းဝါးမိနိုင်ခြေနည်းမယ်ထင်တယ်။ အဂတိလိုက်စားတဲ့သတင်းပေါ်ထွက်လာပြီးနောက်ပိုင်း လတ်တလော ဂျာမန်အစိုးရက အေအိုင်ဒီအက်စ်၊ တီဘီနဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ကမ္ဘာ့ရံပုံငွေအဖွဲ့အစည်း(GFATM)ကို ကူညီထောက်ပံ့ပေးနေတာတွေရပ်လိုက်တယ်။ အဲဒီဖောင်ဒေးရှင်းအဖွဲ့အစည်းက ရံပုံငွေထောက်ပံ့မှုအပေးနိုင်ဆုံးသူတွေထဲက တစ်ဖွဲ့ပဲ။
မှန်ပါတယ်။ ဂျာမနီက ရံပုံငွေ အမြန်ဆုံး ပြန်လည်ထောက်ပံ့နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ နောက်ဆုံးတော့ ကမ္ဘာ့ရံပုံငွေအဖွဲ့ ဆောင်ရွက်မှုတွေက ကန့်ကွက်စရာမရှိတာ သိလာရတယ်၊ အဂတိလိုက်စားမှုက သေးငယ်တဲ့ပမဏလေးပါ၊ အဖွဲ့အစည်းက ဒါကို သိရှိခဲ့ကြပါပြီ။ ဒုစရိုက်မှုမရှိဘူးဆိုတာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရံပုံငွေအဖွဲ့ဆိုတာ ချွတ်ယွင်းချက်မကင်းနိုင်ပါဘူး။ ဒါပေမဲ့ ဘယ်သူက လှူဒါန်းဖို့ငြင်းဆန်မလဲ၊ ငြင်းဆန်ခဲ့ရင် ထင်ထင်ရှားရှားသိလာရမှာက ကျွန်တော်တို့ ဆေးဝါးမရနိုင်ဘူး၊ လူတွေအများကြီးပဲ သေကြေကြလိမ့်မယ်။

ဘယ်လိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီကြမှာလဲ။ ဂျာမနီက နေရာတိုင်းကူညီလား။
ဂျာမနီက ကာကွယ်ဆေးအစီအစဉ်တွေအတွက် အရင်ကထက် ကူညီထောက်ပံ့မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဂျွန်လထဲမှာ GAVI - The Global Alliance for Vaccines and Immunisation ညီလာခံကို လန်ဒန်မှာလုပ်ကြမယ်။ ဂျာမနီကလည်း ပြင်သစ်နဲ့ ဂရိတ်ဗြိတိန်တို့လို ထောက်ပံ့မှုတွေ ပိုပြီးပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဂျာမနီက Gavi အတွက် အလှူငွေသိပ်မထည့်ခဲ့ဘူး၊ Gavi က ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကလေးသေကြေပျက်ဆီးနှုန်းလျှော့ချရေးအစီအစဉ်မှာ အကြီးအကျယ် ပါဝင်လှူဒါန်းပေးတယ်။

ခင်ဗျားရဲ့ဖောင်ဒေးရှင်းအကြောင်းကို အစိုးရပိုင်းတွေက တုံ့ပြန်သံ ဘယ်လောက်ကြားရလဲ။ ဖွံ့ဖြိုးတိုးတက်ရေးကူညီထောက်ပံ့မှုအတွက် သုံးစွဲတာနည်းပါးတယ်လို့ အီတလီကို ခင်ဗျား အပြစ်တင်ခဲ့ဖူးတယ်။ ၀န်ကြီးချုပ်ဆီလ်ဗီယိုဘာလူစကိုနီကို ခင်ဗျားကိုယ်တိုင် မေတ္တာရပ်ခံခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့တယ်။
အစိုးရတွေက ကျွန်တော်ပြောချင်တာတွေကို သေသေချာချာနားစိုက်ခဲ့ကြပါတယ်။ ဘာလူစကိုနီနဲ့ တွေ့ဆုံခွင့်တွေရခဲ့တယ်။ တခြားလူတွေနဲ့လည်း တွေ့နိုင်ခဲ့တာပဲ၊ အဆုံးမှာတော့ နိုင်ငံရေးနဲ့နွယ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်တယ်။ ဆုံးဖြတ်ခွင့်က ကျွန်တော့်လက်ထဲမှာမှ မရှိတာဗျာ။

လူတွေက ဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုတွေရဲ့ တိုးတက်မှုဟာ ခက်ခဲတယ်လို့ ထင်နေကြတာကို ခင်ဗျား ဘယ်လိုမြင်လဲ။
တကယ့်အခြင်းအရာက ပေါ်လွင်ထင်ရှားတဲ့အချက်တွေကို လစ်လျူရှုထားတာပဲ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကအခြေအနေနဲ့ ဒီနေ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေက ကလေးသေကြေပျက်စီးနှုန်းတွေ ပြန်ပြီး နှိုင်းယဉ်ကြည့်ရမှာ။ ပိုလီယိုအကြောသေရောဂါ ပျံ့နှံမှုကို ဘယ်လောက်ထူးထူးခြားခြား လျှော့ချနိုင်ခဲ့လည်းဆိုတာ ကြည့်ပါ။ အဲဒါတွေက ဖွံ့ဖြိုးတိုးတက်ရေးအထောက်အပံ့ ရလာဒ်တွေပဲ။

ဒါနဲ့များ ... ခင်ဗျားလိုလူမျိုးမှာတောင် စိတ်ရှည်သည်းခံမှုတွေ မရှိသလိုတွေ့နေရသလားလို့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေ မြန်ဆန်မှုမရှိတဲ့အတွက် မကြာခဏအချည်းနှီးဖြစ်နေရလား။
ဟုတ်မှာပဲ၊ ကျွန်တော်က စိတ်မရှည်နိုင်ဖြစ်တယ်၊ မကြာခဏ စိတ်ဓါတ်ပျက်ပြားတာလည်းဖြစ်တယ်။ ကျွန်တော်တို့ ဖောင်ဒေးရှင်းက ပရောဂျက်တွေ အောင်မြင်နေတာတောင်မှ ၇နှစ်က နေ ၈နှစ်လောက်အထိ အချိန်ယူရလိမ့်မယ်။ ဥပမာဗျာ .. ကာကွယ်ဆေးကို ဖြန့်ဝေရာမှာ ပထမ အတည်ပြုချက်လိုတယ်၊ ပြီးတော့ ဈေးနည်းနည်းနဲ့ လူတွေလက်ထဲ ဖြန့်နိုင်ဖို့လိုတယ်။ ဒါမှမဟုတ် ခင်ဗျားက စပါးမျိုးသစ်တစ်မျိုး ရှာဖွေတွေ့ရှိထားသည့်တိုင်အောင် လွယ်လွယ်ကူကူရရှိနိုင်ရမယ်။ အဲဒါကြောင့် .. တချို့ပရောဂျက်တွေ အတူတူရှုံးနိမ့်ကုန်ကြတယ်။

ခင်ဗျား မိုက်ကရိုဆောဖ့်ကနေ အနားယူလိုက်ပြီး ဖောင်ဒေးရှင်းမှာပဲ လုံးလုံးလျားလျားစိတ်နှစ်ပြီးလုပ်ကိုင်နေခဲ့တာ ၃နှစ်နီးပါးရှိခဲ့ပြီ။ ခင်ဗျားကိုယ်တိုင် ဘာတွေပြောင်းလဲသွားလဲ။
ဖောင်ဒေးရှင်းအလုပ်တွေက ကျွန်တော့်ကို အင်မတန်ပျော်ရွှင်စေတယ်။ ကျွန်တော် ခရီးတွေ အများကြီးသွားတယ်။ ချမ်းသာတဲ့၊ ဆင်းရဲတဲ့တိုင်းပြည်က နိုင်ငံရေးသမားတွေနဲ့လည်း စကားတွေပြောဖြစ်တယ်။ အတတ်ပညာရှင်တွေနဲ့လည်း အလုပ်တွေအတူတကွလုပ်နိုင်ကြတုန်းပဲ၊ ဒါပေမဲ့ ဆင်းရဲမွဲတေမှုက ကင်းလွတ်ရေးအတွက် အလုပ်အတူတူလုပ်နေကြတာ၊ ဆော့ဖ်ဝဲတွေအတွက် အလုပ်လုပ်ကြတာ မဟုတ်တော့ဘူး။

၂၀၀၈ နှစ်လယ်ပိုင်းလောက်မှာ မိုက်ကရိုဆောဖ့်ဖန်တီးရှင်ဘီလ်ဂိတ်ဟာ ဆော့ဖ်ဝဲ(စက်ပစ္စည်း)တွေနဲ့ အလုပ်လုပ်ခြင်းကနေ ရပ်တန့်လိုက်ပြီး လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု(စိတ်နှလုံး)တွေဆီကို ချဉ်းကပ်ခဲ့ပါတယ်။ ဘီလ်ဂိတ်တည်ထောင်ခဲ့တဲ့ Bill and Melinda Gates(B&MGF)ဖောင်ဒေးရှင်းဟာ ဒေါ်လာ ၃၆.ရ ဘီလီယံ လှူဒါန်းခဲ့ပြီးပါပြီ။ (B&MGF)ဖောင်ဒေးရှင်းက တကမ္ဘာလုံးက ဆင်းရဲမွဲတေတဲ့တိုင်းပြည်တွေနဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်ထဲက အကူအညီအထောက်အပံ့လိုအပ်သူတွေရဲ့ “ပညာရေး”၊ “ကျန်းမာရေးစောင့်ရှောက်မှု” နဲ့ “ဆင်းရဲမွဲတေမှုအဆုံးသတ်ရေး”အတွက် ဦးတည်လုပ်ဆောင်နေပါတယ်။ ဘီလ်ဂိတ်ရဲ့ ရည်မှန်းချက်အတိုင်းပဲ ပညာရေး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နောက်ရည်မှန်းချက်တစ်ခုဖြစ်တဲ့ “ဆင်းရဲမွဲတေမှုအဆုံးသတ်ရေး”အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမြှင့်တင်ပေးရန် အာဖရိကန်လယ်သမားတွေဆီကို သူ့ရဲ့ ပရဟိတ ပစ်မှတ်ဦးလှည့်လိုက်ပါပြီ။     ။

Source : http://www.bbc.co.uk/news/world-africa-13594085
             http://www.faz.net/artikel/C30770/bill-gates-im-interview-mir-geht-es-nicht-ums-steuersparen-30332318.html
ပေါ်ပြူလာဂျာနယ် (Tuesday July 5 2011)