Wednesday, October 27, 2010

Let It Snow! Let It Snow! Let It Snow!

 

အကို“ရရ”က သီချင်းဆိုတာ အားကြီးဝါသနာပါတယ်၊ သူဆိုထားတဲ့ သီချင်းတွေ ခဏခဏပို့ပေးတတ်တယ်၊
ဂရေဟမ်၊ ၀ိုင်ဝိုင်းသီချင်းတွေ တခြားအဆိုတော်တွေရဲ့ သီချင်းတွေလည်းပါတယ်၊ အင်္ဂလိပ်သီချင်းတွေလည်းပါတယ်၊ ကိုယ်ကမအားတဲ့အခါ “ဘယ်သီချင်းက ဘယ်လိုကောင်းပါတယ်” ချီးမွမ်းဖို့ မေ့သွားတတ်တယ်၊ အိမ်မှာတော့ တစ်ခုခုလုပ်နေလည်း သူ့သီချင်းတွေ ဖွင့်နားထောင်ပါတယ်၊ ခဏခဏလည်းနားထောင်တယ်၊ ကြိုက်လည်းကြိုက်ပါတယ်၊ သူ့ကိုတော့ မပြောမိဘူး၊
သူက အဲဒါကို စိတ်ကောက်မယ်ထင်ပါတယ်၊
ဒီ ဖိုင်လေးနဲ့ သူ စိတ်ကောက်ပြေကောင်းပါရဲ့ ...
Let It Snow ကိုတော့ အကြိုက်ဆုံးပဲ

Oh the weather outside is frightful,
But the fire is so delightful,
And since we've no place to go,
Let It Snow! Let It Snow! Let It Snow!

It doesn't show signs of stopping,
And I've bought some corn for popping,
The lights are turned way down low,
Let It Snow! Let It Snow! Let It Snow!

When we finally kiss goodnight,
How I'll hate going out in the storm!
But if you'll really hold me tight,
All the way home I'll be warm.

The fire is slowly dying,
And, my dear, we're still good-bying,
But as long as you love me so,
Let It Snow! Let It Snow! Let It Snow! 

မြန်မာနိုင်ငံရော၊ နိုင်ငံတိုင်း အေးအေးချမ်းချမ်းရှိကြပါစေ
ဆုတောင်းပါတယ်။

Friday, October 22, 2010

ပုံပြင်ထဲက ကျွန်မတို့တွေ ( အရိယာဒ့်နဲ့ချည်မျှင်)

ပုံပြင် ၉

ပြီးတော့ ဂရိပုံပြင်တစ်ပုဒ်လည်း ပြောပြဖူးပါတယ်၊ “အရိယာဒ့်နဲ့ချည်မျှင်”  တဲ့

ဂရိပုံပြင်ထဲက ခရိတ်ကျွန်း(Kait)မှာ လာဘရင့်ဆိုတဲ့ ရဲတိုက်ကြီးတစ်ခုရှိတယ်၊ ရဲတိုက်ကြီးအနီးမှာ ရွာတစ်ရွာရှိတယ်တဲ့၊ အဲဒီရွာက လူတွေဟာ လာဘရင့်ဆိုတဲ့ ရဲတိုက်ကြီးကို သိပ်ပြီးကြောက်လန့်နေကြရတယ်၊ လာဘရင့်လို့ အသံထွက်ပြီး မပြောရဲလောက်အောင် တုန်လှုပ်ခြောက်ခြားနေကြတယ်တဲ့၊ အဲဒီရဲတိုက်ကြီး က လူတိုင်းအတွက် အင်မတန်အန္တရာယ်ကြီးတယ်၊ ရဲတိုက်ထဲများရောက်လိုက်ပြီဆို အပြင်ပြန်ပြီးထွက်လို့ မလွယ်အောင် လမ်းသွယ်တွေအမျိုးမျိုးရှိတယ်၊ အတွင်းမှာ ၀င်္ကပါကြီးရှိတယ်၊ လာဘရင့်ရဲတိုက်ကြီးကို ပိုင်ဆိုင်တဲ့သူက လူစင်စစ်မဟုတ်ဘူး၊ မီနိုတားရ်လို့ခေါ်တဲ့ လူတစ်ပိုင်း၊ နွားရိုင်းတစ်ပိုင်း သတ္တ၀ါကြီးတဲ့၊ လူစင်စစ်မဟုတ်လို့လည်း ရွာသားတွေအားလုံးက ကြောက်လန့်နေကြရတာပေါ့၊ ကိုယ်ခန္ဓာကတော့ လူအတိုင်းပါပဲ၊ ခြေလက်တွေက ပုံမှန်လူသားလိုပဲ၊ ဦးခေါင်းကြီးကသာ နွားရိုင်းကြီးရဲ့ ဦးခေါင်းအကြီးကြီးနဲ့ ကြောက်စရာသိပ်ကောင်းတယ်တဲ့၊ ရဲတိုက်ထဲကနေများ သူ ဟိန်း ဟောက်လိုက်ပြီဆို ရွာသားတွေခမြာ ဖိန့်ဖိန့်တုန်အောင်ကြောက်လန့်ကြတယ်၊ အိမ်ထဲမှာ ပုန်းပြီးနေကြရတယ်၊ သူ့ကိုလည်း အခွန်မှန်မှန် ပေးရသေးတယ်ဆိုပဲ၊ အခွန်အခကလည်း တယ်ပြီး ကြီးတယ်တဲ့၊ အဖိုးတန်ရွှေတွေနဲ့ လူတွေပါ ပေးရသတဲ့၊ ရွှေကိုယူတယ် လူတွေကိုတော့ ကိုက်ဝါးစားသောက်ပစ်တာပေါ့။

ရွာသူရွာသားတွေအားလုံးက ကြောက်လန့်မုန်းတီးကြတယ်၊ နွားဘီလူးရိုင်းကြီး မီနိုတားရ်ကို သတ်ဖြတ်ဖို့လည်း အမျိုးမျိုးကြိုးစားကြတာပေါ့၊ ရဲတိုက်ထဲ ကို သူရဲကောင်းတွေ တိတ်တဆိတ်ဝင်ပြီး သတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြတယ်၊  ဘယ်လိုပဲ သူရဲကောင်းတွေ တစ်ယောက်ပြီးတစ်ယောက်ဝင်သွားကြပါစေ ၀င်္ကပါထဲ မျက်စိတွေလည်ပြီး အပြင်ပြန်မထွက်နိုင် အစာပြတ်ရေပြတ်ဖြစ်ပြီး နောက်ဆုံးတော့ မီနိုတားရ်က အသာလေး ကောက်ဝါးစားသောက်လိုက်တာ ခံလိုက်ကြရတာပဲတဲ့၊ မီနိုတားရ်ကတော့ ရဲတိုက်ထဲ ပုန်းအောင်းနေတာပေါ့။

ခရိတ်ကျွန်းနဲ့ အနီးအနားမှာကျွန်းတစ်ကျွန်းရှိသေးတယ်တဲ့၊ တဲဇဲရီဘုရင်က အုပ်စိုးတယ်၊ အဲဒီ တဲဇဲရီဘုရင်က လာဘရင့်ရဲတိုက်ကြီးအကြောင်းကြားတော့ သူကလည်း ခရိတ်ကျွန်းကိုလာပြီး စနည်းနာသတဲ့၊ တဲဇဲရီ .. ခရိတ်ကျွန်းကို ရောက်ပြီး သိပ်မကြာပါဘူး ခရိတ်ကျွန်းက အချောအလှ ဥာဏ်ကြီးရှင်မလေး အရိယာဒ့်နဲ့ နဲ့ ချစ်ကြိုက်သွားကြတယ်၊ တဲဇဲရီဘုရင်ကလည်း အရိယာဒ့်နဲ့ ကို တန်းတန်းစွဲချစ်ကြိုက်သွားလေတော့ သူတို့ကျွန်းကို နှောင့်ယှက်နေတဲ့ လာဘရင့်ရဲတိုက်က နွားဘီလူးရိုင်းကြီး မီနိုတားရ်ကို သတ်ဖြတ်ပေးချင်မိတယ်၊ အရိယာ့ဒ်နဲ့လေးရှေ့ မှာ မားမားမတ်မတ် ရပ်ပြချင်သတဲ့၊ တဲဇဲရီက မီနိုတားရ်ကို ခပ်မြန်မြန်ပဲ သွားရောက် သတ်ဖြတ်ချင်တယ်ဆိုပြီး သွေးကြွနေတာပေါ့၊ အရိယာ့ဒ်နဲ့လေးက “ချစ်ရတဲ့ တဲဇဲရီရယ်၊ ကျွန်မကို တကယ်ပဲ ချစ်မြတ်နိုးတယ်ဆို ဟောဒီ ချည်လုံးလေးကို သွားလေရာယူသွားချည်ပါ၊ ရဲတိုက်ထဲ ၀င်တာနဲ့ ချည်လုံးလေးကို ဖြည်ချသွားပါ” လို့ ဆိုသတဲ့၊ မီနိုတားရ်ကို သတ်ဖြတ်ချင်လွန်းအားကြီးပြီး တိုက်မယ်ခိုက်မယ်ဟန်နဲ့ လက်နက်တွေစစ်ဆေး စစ်တပြင်ပြင်ဖြစ်နေတဲ့ တဲဇဲရီဘုရင်က အရိယာဒ့်နဲ့လေးကိုလည်း အသက်လောက်ချစ်ရှာတယ်၊ “ချည်မျှင်လေကိုများ ဘာလုပ်ရမှာတဲ့လဲကွယ်” လို့ ပြန်ပြီး စောတကမတက်ပါဘူး၊ အလေးထားပြီး သေချာသိမ်းဆည်းပြီး ယူသွားပါတယ်၊  “အေးပါကွယ်၊ စိတ်ချပါ၊ ချည်လုံးလေးကိုလည်း အ၀င်ဝကတည်းက ဖြည်ချခဲ့ပါ့မယ်၊ မီနိုတားရ်ရဲ့ ဦးခေါင်းကြီးကိုလည်း တစ်ခါတည်းဖြတ်ပြီးယူလာခဲ့မယ်၊ အချစ်ကလေးရှေ့အရောက် ပြန်ခဲ့ပါမယ်” လို့ ဆိုပြီး ခပ်သွက်သွက်ထွက်သွားသတဲ့။

ဒီလိုနဲ့ ရဲတိုက်ကြီးထဲ စ၀င်တယ်ဆိုကတည်းက ချည်လုံးလေးကို ဖြည်ချခဲ့ပြီး ချည်လုံးလေးကို ကိုယ်မှာချိတ်ထားလိုက်တယ်၊ မီနိုတားရ်ကြီးကတော့ တစ်ယောက်ယောက် ရဲတိုက်ထဲဝင်လာပြီ ဆိုတာနဲ့ သိနေတာပါပဲ၊ လှို့ဝှက်တစ်နေရာက ချောင်းမြောင်းကြည့်နေတတ်တာကိုး၊ ကြောက်မက်ဖွယ် အသံကြီးနဲ့လည်း တဟိန်းဟိန်းလုပ် သွေးပျက်အောင်ခြောက်လှန့် သတဲ့၊ တဲဇဲရီလည်း မီနိုတားရ်ကို လိုက်ရှာတာပေါ့၊  “ဘယ်မလည်းကွဲ့ မီနိုတားရ်၊ သတ္တိရှိရှုင် ငါ့ရှေ့ထွက်ခဲ့စမ်း၊ ငါနဲ့ ဓါးချင်း ယှဉ်ခုတ်ကြစို့၊ တိုက်ကြခိုက်ကြပါစို့” လို့ တကြော်ကြော်ခေါ်တယ်၊ မီနိုတားရ်ကတော့ ထွက်မလာပါဘူး၊ ပုန်းအောင်းနေတာပါပဲ၊ တကယ်တမ်းတော့ မီနိုတားရ်က အစွမ်းမရှိလှပါဘူး၊ ရဲတိုက်ထဲ ၀င်လာတဲ့ သူရဲကောင်းတွေ အင်အားချိနဲ့သွားတော့မှသာ သူက ကောက်ယူပြီး ၀ါးမြိုစားသောက်တတ်တာကိုး၊ တဲဇဲရီလည်း တစ်ခန်းဝင်တစ်ခန်းထွက်၊ တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ၀င်္ကပါထဲလှည့်ပတ်လိုက်ရှာတာပေါ့၊ မတွေ့မတွေ့နဲ့ ညနေလည်းစောင်းရော တဲဇဲရီ က ဖြည်ချထားတဲ့ ချည်မျှင်လေးအတိုင်း ရဲတိုက်အ၀င်ဝကို ပြန်ရောက်သွားပြီး ရွာကိုပြန်တယ်၊ အစာရေစာ ၀လင်အောင်စား၊ အားပြန်ဖြည့်ပြီး နောက်တစ်နေ့ မနက်စောစော၊ လာဘရင့်ရဲတိုက်ထဲကို ၀င်သတဲ့၊ ဒီလိုနဲ့ နေ့တိုင်း ၀င်လိုက် ထွက်လိုက် မီနိုတားရ်ကို လိုက်ရှာလိုက်တာ ရက်တွေကြာလာတော့၊ တဲဇဲရီက အားမပြတ်ပဲ ခွန်အားအပြည့်ရှိနေဆဲပဲ၊ မီနိုတားရ်မှာသာ ပုန်းအောင်းနေရပြီးတော့ အခွန်အခလည်းမရ၊ လူသားမစားရ၊ အစာရေစာငတ်ပြီး အားအင်ချည်နဲ့လာသတဲ့၊ နဂိုတည်းက အစွမ်းသိပ်မရှိလှတဲ့ မီနိုတားရ်လည်း နောက်ဆုံးတော့ ရှောင်ပြေးပုန်းဖို့တောင် မစွမ်းသာတော့ပဲ တဲဇဲရီရှေ့မှောက်ကို ရောက်သွားခဲ့ရတော့တယ်၊ တဲဇီရီလည်း မီနိုတားရ်ကို တွေ့တွေ့ချင်း “လာခဲ့၊ နွားဘီလူးရိုင်းကြီး၊ အသံကောင်းလှတဲ့ အကောင်ကြီး၊ ရွာသားတွေကို ဒုက္ခပေးနေတဲ့ အကောင်ဆိုးကြီး၊ ကိုင်း ... ခုတော့ မင်း အလှည့်ပဲကွဲ့၊ သေပေတော့၊ ငါ .. မင်း ဦးခေါင်းကြီးကို ဖြတ်ယူမကွဲ့” လို့ ကြုံးဝါးပြီး တစ်ခါတည်း .. မီနိုတားရ်ကြီးရဲ့ ဦးခေါင်းကြီးကို တိကနဲ ပိုင်းချလိုက်တော့တယ်။

တဲဇဲရီ အပြန်လမ်းမှာ အရိယာ့ဒ်နဲ့လေးက ပြုံးပြုံးလေး စောင့်ကြိုနေရှာတယ်၊ တဲဇဲရီကလည်း ဆိုတယ်၊ “ဥာဏ်ကြီးလှတဲ့ အချစ်ကလေး အရိယာဒ့်နဲ့ ရယ်၊ မင်းရဲ့ ချည်မျှင်လေးကြောင့် ငါတော့ မီးနိုတားရ်ကြီးကို အောင်နိုင်ခဲ့ပြီကွဲ့” လို့ ချီးကျူးတယ်၊ အရိယာဒ့်နဲ့လေးကလည်း “တစ်ခါတစ်ရံမှာ ချည်မျှင်လေးလို သေးသေးဖွဲဖွဲလေးတွေကလည်း ကြောက်လန့်စရာအန္တရာယ်ကြီးကိုတောင်ရှင်းနိုင်ပါတယ်၊ ကျွန်မတို့ သတိပြုကြရမယ်” လို့ ပြုံးပြုံးလေးဖြေရှာတယ်။

ဟုတ်မှာပါပဲ၊ တစ်ခါတစ်ရံ ကျွန်မတို့ဘ၀မှာ ကြုံတွေ့ရတတ်တဲ့အခက်အခဲတွေကို “အရိယာ့ဒ်နဲ့ချည်မျှင်” လေးလို သေးသေးမွှားမွှားလေးတွေနဲ့လည်း ဖြေရှင်းနိုင်ကြမှာပါ၊ ဘယ်နေရာမှာမဆို ပေါ့ပေါ့ဆဆ မနေပဲ သတိပြုမိတတ်ကြဖို့ တစ်ခုပါပဲ၊

ပုံပြင်တွေကတော့ ဒီလောက်ပါပဲ၊ နဲရှောလည်း သိပ်အများကြီး မပြောပြပါဘူး၊

ဒီလိုနဲ့ ကျွန်မ ... ပုံပြင်တွေထဲမှာ ထိတ်လန့်ကြောက်ရွံ့ခဲ့ဖူးတယ်၊ အားပါးတရ ရယ်မောပျော်ရွှင်ခဲ့ဖူးတယ်၊ မတတ်နိုင်တဲ့ကိစ္စတွေအတွက် သနားဂရုဏာသက်ခဲ့ဖူးတယ်၊ ကျွန်မသာဆို ဒီလိုလုပ်မယ်၊ ကျွန်မသာဆို ဟိုလိုမလုပ်ဘူး၊ သူ့လို့ လုပ်မယ်၊ သူ့လိုမလုပ်ဘူး သင်ခန်းစာတွေ တစ်ပုံတစ်ပင်ယူခဲ့ဖူးတယ်၊ ပုံပြင်တွေက ပေးခဲ့ဖူးတဲ့ရသတွေဟာ ကျွန်မဘ၀မှာ အများကြီးပါပဲ၊
ကျွန်မရဲ့ မေမေ၊
ကျွန်မရဲ့ ဖေဖေ၊
ကျွန်မရဲ့ နဲရှော၊
ကျွန်မရဲ့တူလေး .. သူတို့တွေလည်း ပုံပြင်ထဲမှာ ကြောက်ရွံ့၊ ရယ်မော ...
ကျွန်မတို့တွေအားလုံး ပုံပြင်တွေနဲ့ ကြောက်ရွံ့၊ ရယ်မောခဲ့ရတာပါပဲ။
ဒီလိုနဲ့ ... ကျွန်မတို့ ပုံပြင်တွေထဲ နေရတာပျော်ရွှင်နေခဲ့ကြပြီ၊
ဒီလိုနဲ့ ... ကျွန်မတို့ ပုံပြင်တွေ ပြောနေကြဦးမယ်၊ ကျွန်မတို့ ပုံပြင်တွေ နားထောင်ကြရပါဦးမယ်၊

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ပုံပြင်ထဲက ကျွန်မတို့တွေ (ပုတ်သင်ညိုလေးနဲ့ အသုံးမ၀င်တဲ့ရတနာ)

ပုံပြင် ၈

တစ်ခါက ရွာတစ်ရွာမှာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးရှိတယ်၊ အဲဒီရွာလေးမှာက အများစုကဆင်းရဲကြတယ်တဲ့၊ ဘုန်းတော်ကြီးက သူတတ်နိုင်သလောက် ရွာသူရွာသားတွေကို နေ့တိုင်း ပေါင်မုန့်တွေ ဝေငှပေးကမ်းတာပေါ့၊ ဒီလိုနဲ့ တစ်နေ့ကျတော့ အ၀တ်အစားနွမ်းနွမ်းလျလျ ၀တ်ထားတဲ့ ရွာသားတစ်ဦးက ဘုန်းတော်ကြီးအရှေ့ရောက်လာပြီး ခြေအစုံရပ်လို့ “အကူအညီတောင်းပါရစေ ဘုန်းတော်ကြီးခင်ဗျား” လို့ ပြောသတဲ့၊ ဘုန်းတော်ကြီးက ပြောပါပေါ့၊ အဲဒီ ရွာသားက “ကျွန်တော်က ဂျုံစိုက်တဲ့သူတစ်ဦးပါ ဒီနှစ်မှာ ဂျုံစိုက်ခင်းတွေလည်း မအောင်မြင်၊ အိမ်မှာကလည်း ကျွန်တော့်မိန်းမက ဖျားနာနေပါတယ်၊ ကျွန်တော်တို့ရဲ့ ကလေးတွေလည်း စားစရာ ပေါင်မုန့်၊ နွားနို့မရှိတာနဲ့ ဒီလိုသာဆိုရင် ကျွန်တော်တို့ ငတ်ပြီး သေရပါတော့မယ်၊ ဘုန်းတော်ကြီး ကူညီပါဦး” လို့ ငိုကြွေးပြီးပြောတယ်၊ ဘုန်းတော်ကြီးက အေးဆေးဆေးဆေးပါပဲ၊ အနီးအနား လမ်းပေါ်မှာသွားနေတဲ့ ပုတ်သင်ညိုတစ်ကောင်ကို ကောက်ယူလိုက်ပြီး အဲဒီရွာသားရဲ့ လက်ဝါးကိုတင်ပေးလိုက်တယ်တဲ့၊ ပုတ်သင်ညိုလေးက ချက်ချင်းပဲ အဖိုးတန်ကျောက်မျက်ရတနာဖြစ်သွားတယ်၊ ဘုန်းတော်ကြီးက ပြောရှာတယ်၊ အဲဒီ ရတနာကိုထုခွဲရောင်းချပြီး လိုသလို သုံးချည်ပါ လို့ ပြောပြီးပေးလိုက်တယ်တဲ့၊ ရွာသားလေးလည်း ၀မ်းသာအားရနဲ့ ချက်ချင်းထုခွဲရောင်းချပြီး ပေါင်မုန့်တွေ နွားနို့တွေဝယ်ခြမ်းတယ်၊ ဆရာဝန်တစ်ဦးကိုလည်း အမြန်ပင့်ပြီး အိမ်ကို အပြေးပြန်တာပေါ့၊ “သားတို့ သမီးတို့ရေ ဟောဒီမှာ အဖေ ပေါင်မုန့်ရလာပြီကွဲ့၊ မိန်းမရေ ငါတော့ ဆရာဝန် ပင့်လာတယ်ကွဲ့၊ မင်း .. နေကောင်းတော့မကွဲ့” လို့ ၀မ်းသာအားရ ပြောရှာတာပေါ့၊ ကလေးတွေလည်း ဆာလောင်မွတ်သိပ်စွာနဲ့ စားကြသောက်ကြ၊ မိန်းမလည်း နောက်တော့နေကောင်းသွားတယ်တဲ့၊ ကျန်တဲ့ ငွေကြေးတွေကိုလည်း နွားတွေ၊ ဆိတ်တွေဝယ်၊ ဂျုံစေ့တွေထပ်ဝယ်လို့ ဂျုံပင်တွေ စိုက်ကြပျိုးကြနဲ့ အလုပ်ကြိုးကြိုးစားစား လုပ်ကိုင်ကြတယ်။

ဒီလိုနဲ့ နှစ်တွေအများကြီးကြာတော့ ဘုန်းတော်ကြီးလည်း အသက်အရွယ်တွေကြီးရင့်ပြီး တောင်ဝှေးတစ်ချောင်းနဲ့ သွားလာရတဲ့အရွယ်လည်း ရောက်လာတာပေါ့၊ တစ်နေ့ ဘုန်းတော်ကြီးလမ်းလျှောက်ထွက်ရင်းနဲ့ ဘုန်းတော်ကြီးရှေ့ သားသားနားနားဝတ်ထားတဲ့လူငယ်လေး၊ လူချမ်းသာလေးတစ်ယောက်က လာရပ်တယ်၊  “ဘုန်းတော်ကြီး၊ ခဏလောက်ရပ်ပါဦး၊ ကျွန်တော် ဘုန်းတော်ကြီးကို ပေးစရာလေးရှိလို့ပါ၊ အိမ်ကိုလည်းခဏလောက်လိုက်ခဲ့ပါ” လို့ ဆိုသတဲ့၊ အိမ်ရောက်တော့ သူ့ရဲ့အိမ်ကိုလှည့်လည်ပြတယ်၊ သိုးခြံတွေ၊ ဂျူံစိုက်ခင်းတွေ တစ်မျှော်တစ်ခေါ်နဲ့ အလုပ်သမားတွေ အများကြီးကိုလည်း တွေ့ရတာကိုး၊ ဘုန်းတော်ကြီးကိုလည်းလူငယ်လေးက ပြောပြပါတယ်၊ “ကျွန်တော်က လွန်ခဲ့တဲ့နှစ်တွေအများကြီးတုန်းက ပေါင်မုန့်မစားရလို့ အသက်ဆုံးပါးလုနီးဖြစ်နေတဲ့ ဂျုံသမားရဲ့သားပါ၊ ဘုန်းတော်ကြီးပေးလိုက်တဲ့ ရတနာကို ကျွန်တော့်အဖေထုခွဲရောင်းချပြီး သင့်သလိုအသုံးပြုခဲ့ပါတယ်၊ အဖေလည်း အလုပ်တွေကြိုးစားလုပ်ကိုင်ခဲ့ပါတယ်၊ အမေ့ကိုလည်း ဆေးကုနိုင်ခဲ့တယ်၊ အမေလည်း သက်တမ်းစေ့နေနိုင်ခဲ့ပါတယ်၊ အဖေ မဆုံးပါးခင်က ဘုန်းတော်ကြီးရဲ့ ရတနာမျိုးကို အဖေ ပြန်ဝယ်ထားပြီး ဘုန်းတော်ကြီးကို တွေ့အောင်ရှာပြီး ပေးဖို့မှာခဲ့ပါတယ်၊ ဘုန်းတော်ကြီးရဲ့ ရတနာကို ဘယ်လိုအသုံးပြုခဲ့သလဲဆိုတာကိုလည်း ရှင်းပြပေးဖို့ အဖေက မှာခဲ့ပါတယ်၊ ဒါကြောင့် ကျွန်တော် ဒီနေ့ ဘုန်းတော်ကြီးကို ဒီလိုတွေ့ဖို့ ဖြစ်လာတာပါပဲ” လို့ ရှင်းပြပါတယ်၊ ဘုန်းတော်ကြီးကလည်း လွန်ခဲ့တဲ့နှစ်တွေက ဂျူံသမားနဲ့ တွေ့ချိန်ကအတိုင်း အေးဆေးတည်ငြိမ်ခြင်းမျိုးနဲ့ပဲ လူငယ်လေးပေးတဲ့ရတနာကို လက်ဝါးဖြန့်ပြီးယူပါတယ်၊ ပြီးတော့ မြေပေါ်ကိုချလိုက်တဲ့ အခါ၊ အဲဒီ ကျောက်မြတ်ရတနာတုံးလေးက ပုတ်သင်ညိုလေးအဖြစ် ပြန်ပြီး အသွင်ပြောင်းသွားခဲ့တယ်၊ ပုတ်သင်ညိုလေးလည်း အဝေးကို ထွက်ပြေးသွားတော့တယ်၊ ဘုန်းတော်ကြီးက ပြောပါတယ်၊ “လိုအပ်တဲ့သူအတွက် ကျောက်သံပတ္တမြားရတနာတွေက အသုံးဝင်ပေမဲ့ ငါ့အတွက်တော့ .. ကွယ် .. ပုတ်သင်ညိုတစ်ကောင်ပါပဲ” တဲ့။

ဒီပုံပြင်လေးကျတော့လည်း စိတ်ဝင်စားစရာကောင်းသလို ပုံပြင်ကပြောချင်တာတွေရှိတယ်ဆိုတာလည်း သိလိုက်ရတယ်၊ ရတနာက လိုအပ်တဲ့သူအတွက် အသုံးဝင်ပေမဲ့ မလိုအပ်တဲ့သူတွေအတွက်တော့ ပုတ်သင်ညိုတစ်ကောင်ပဲတဲ့၊ ကျွန်မတော့ အနီးအနား သွားသွားလာလာ ပုတ်သင်ညိုတစ်ကောင်မှ မတွေ့မိသလိုပဲ။

ပြီးတော့ ဂရိပုံပြင်တစ်ပုဒ်လည်း ပြောပြဖူးပါတယ်၊ “အရိယာဒ့်နဲ့ ချည်မျှင်” တဲ့

Wednesday, October 20, 2010

ပုံပြင်ထဲက ကျွန်မတို့တွေ (ငှက်တောင်သုံးချောင်းနဲ့ မိုင်းတူးသမားလေး)

ပုံပြင် ၇

နဲရှောပြောပြတဲ့ “ငှက်တောင်သုံးချောင်းနဲ့ မိုင်းတူးသမားလေး”

ရွာတစ်ရွာမှာ မိုင်းတူးသမားလေးတစ်ယောက်ရှိရောတဲ့၊ သူ့မှာ မိဘတွေကမရှိကြတော့ဘူး၊ အဖွားနဲ့ပဲ နေတယ်တဲ့၊ (ဘာလို့မိဘတွေမရှိတော့တာလည်း မမေးတော့ပါဘူး၊ ပုံပြင်ရှေ့ကိုမရောက်မှာစိုးလို့) အဖွားနဲ့ မိုင်းသမားလေးက သိပ်ပြီး ဆင်းရဲကြတယ်၊ သူတို့ရဲ့ အိမ်ဆိုတာကလည်း လုံလုံခြုံခြုံကြီးမဟုတ်ဘူး၊ အဲဒီရွာလေးမှာ နေနေကျမို့လိုသာပဲ၊ မိုင်းသမားလေးက တစ်နေကုန် အိမ်နဲ့ ခပ်ဝေးဝေး မိုင်းတွင်းကိုသွားရပြီး ညနေမိုးစုပ်စုပ်ချုပ်မှ အိမ်ကိုပြန်ရတယ်၊ မိုင်းသမားလေးက ဆင်းရဲလွန်းလှပေမဲ့ အင်မတန်ရိုးသားတယ်၊ အဖွားကိုလည်း သိပ်ချစ်ရှာတာ၊ အဖွားကလည်း မြေးလေးကို သိပ်ဂရုစိုက်တာပဲ၊ မိုင်းတူးသမားလေးမှာ သူ့လိုပဲ ပိုက်ဆံမရှိပဲ ရိုးသားတဲ့မိန်းကလေးတစ်ယောက်နဲ့လည်း ချစ်ကြိုက်နေသတဲ့၊ ဒါပေမဲ့ သူတို့က လက်မထပ်နိုင်ကြသေးဘူး၊ နေစရာကလည်းအဆင်မပြေကြဘူး၊ ငါတို့တွေ ပိုက်ဆံစုကြဦးစိုရဲ့လို့ နှစ်ဦးသား သဘောတူ ပိုက်ဆံစုနေကြတဲ့အချိန်ပေါ့၊ တစ်နေ့တော့ မိုင်းသမားလေး မိုင်းတွင်းအလုပ်မှာ ရှိနေတဲ့အချိန် အဖွားက အိမ်မှာဆုံးပါးသွားရော၊ အဖွားရှိနေတုန်းကတော့ အိမ်နီးချင်းတွေက သိနေတော့ ဘာမှမလုပ်ကြပေမဲ့ အဖွားလည်း  အသက်မရှိတော့ဘူးလည်းဆိုရော၊ အိမ်နီးချင်းတွေက ရှိသမျှပစ္စည်းတွေ အကုန်သယ်မကုန်ကြတယ်၊ မိုင်းသမားလေးလည်း ညမိုးချုပ်အလုပ်ပြီးလို့ အိမ်လည်းပြန်လာပါလေရော .. အိမ်မှာ ပစ္စည်းတွေ ဘာတစ်ခုမှမရှိတော့ဘူး အဖွားကလည်း အိပ်ယာလေးထဲမှာ အသက်ပျောက်နေရှာပြီ၊ မိုင်းသမားလေးက ပူဆွေးသောကရောက်ပြီး ငိုကြွေးမိပေမဲ့ ဘယ်သူ့ကို အပြစ်ဆိုရမှန်းလည်း မသိတော့ဘူးတဲ့၊ အိမ်နီးချင်းတွေကလည်း မသိချင်ယောင်ဆောင်နေကြတယ်၊ နောက်ဆုံး အဖွားရဲ့ ခေါင်းအုံးအောက်က ငှက်တောင်လေး ၃ တောင်ကိုတွေ့သတဲ့၊ အဖွားကိုသိပ်ချစ်တော့ အဖွား အမြတ်တနိုးသိမ်းထားတဲ့ ငှက်တောင်လေးတွေကို မိုင်းတူးသမားလေးက တယုတယကိုင်တွယ်ပြီး သူ့ရဲ့ ဦးထုပ်လေးထဲ ထိုးစိုက်ထားလိုက်တယ်၊ ပြီးတော့ အဖွားကို ကောင်းမွန်စွာ သဂြိုဟ်ရတာပေါ့၊ အစကတည်းက ဆင်းရဲလွန်းတဲ့မိုင်းသမားလေးခမြာ ခုဆို ဘာတစ်ခုမှကို မရှိတော့တဲ့ဘ၀မှာ သူ့ရဲ့ချစ်တဲ့သူလေးနဲ့ လက်ထပ်ရဖို့လည်းဝေးရပြီ ဆိုပြီး အဲ့ဒီအတွက်လည်း ၀မ်းနည်းနေခဲ့တယ်၊ ဒါပေမဲ့လည်း ရိုးသားကြိုးစားလိုတဲ့ လူငယ်လေးက နောက်တစ်နေ့မှာတော့ ပူဆွေးသောကတွေမေ့ဖျောက်ပြီး မနက်စောစောထ၊ အလုပ်သွားဖို့ ပြင်ရတော့တာပေါ့၊ အလုပ်ကိုပုံမှန်သွားခဲ့တယ်။

ဒီလိုနဲ့ ညနေအလုပ်ပြီးတော့ စိတ်ထွေထွေဖြစ်နေတဲ့ လူငယ်လေးက အမြဲသွားနေကျလမ်းကိုမှားပြီး လမ်းစပျောက် တောနက်ထဲ ရောက်သွားတယ်၊ ဖြစ်ချင်တော့ သူတို့ မိုင်းတွင်းနားမှာ စုန်းမလိုလို၊ နတ်သမီးတွေလိုလိုနေတဲ့ နေရာတစ်ခုရှိနေတယ်၊ ညမိုးချုပ်ပြီးဆို အဲဒီဘက်ကို ဘယ်သူမှမသွားရဲကြဘူး၊ မီးရောင်တွေတလက်လက်နဲ့ သရဲတစ္စေတွေမြူးကြတယ်ဆိုပဲ၊ ဒဏ္ဍာရီတစ်ခုလိုဖြစ်နေတာပေါ့၊ အခုတော့ မိုင်းတူးသမားလေးက လမ်းမှားရင်း အဲဒီနေရာဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်သွားတာတဲ့၊ ရောက်လည်းရောက်တယ် ဆိုတာနဲ့ အင်မတန်မွှေးပျံ့သင်းကြိုင်ပြီး ချောမောလှပတဲ့ မိန်းမပျိုလေးက စွေ့ကနဲ၊ လူငယ်လေး အနားကို ဘယ်က ဘယ်လို ရောက်လာလိုက်မှန်းမသိ ရောက်လာတယ်၊ လူငယ်လေးကို ကြည့်ပြီး “ငါ .. မလှဘူးလားကွဲ့” လို့ မေးတယ်၊ လူငယ်လေးကလည်း မွန်မွန်ရည်ရည်ပြန်ဖြေရတာပေါ့၊ ကြောက်တာကိုး ဘာမှန်းမသိ၊ ညာမှန်းမသိနဲ့၊ “လှတာပေါ့ဗျာ၊ ခင်ဗျား .. အင်မတန်ချောမောလှပပါပေတယ်”  လို့ လူငယ်လေးကဖြေတယ်၊ မိန်းမပျိုလေးကထပ်မေးတယ်၊ “ကောင်လေးရေ .. ဒါဆို .. ငါ့ကို လက်ထပ်ပါလားကွဲ့၊ ငါ .. သိပ်လှတယ်ဆို၊ မင်း.. ကြိုက်ရဲ့မဟုတ်လား” လို့ တစ်ဆင့်တက်ပြီး မြူဆွယ်တယ်တဲ့၊ ကောင်လေးက ဖြေရပြန်တယ်၊  “အလိုဗျာ .. ခင်ဗျား လှတော့လှလွန်းပါရဲ့၊ ဒါပေမဲ့ ကျွန်တော်နဲ့ မအပ်စပ်ဘူး၊ ကျွန်တော့်မှာ အသက်လောက်ချစ်တဲ့ မိန်းကလေး၊ လက်ထပ်ချင်တဲ့ မိန်းကလေးရှိပြီးသားပါဗျာ၊ တစ်ခြားသူကို ရွေးချည်ပါ” လို့ လူငယ်လေးက တောင်းပန်တယ်၊ မိန်းမပျိုလေးက စိတ်နည်းနည်းဆိုးလာပြီ လှပချောမွေ့လှတဲ့ ရုပ်ကလေးကလည်း ခပ်ကြမ်းကြမ်းဖြစ်လာတယ်တဲ့၊ “ဒါဆို .. မင်း .. လူတိုင်းလူတိုင်းကြိုက်နှစ်သက်ကြတဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေတော့ မင်း လိုချင်ရဲ့ မဟုတ်လား၊ ရော့ .. ယူပါကွဲ့ .. ယူပါကွဲ့” ဆိုပြီး တဖြတ်ဖြတ်လက်နေတဲ့ ကျောက်မျက်ရတနာတွေ မိုင်းသမားလေးရဲ့ ကုတ်အကျီအိပ်ကပ်တွေထဲ အတင်း ထိုးသိပ် ထည့်ပေးတယ်တဲ့၊ လူငယ်လေးက ခေါင်းခါခါ ခြေခါခါနဲ့ “မယူပါရစေနဲ့” လို့ အကြိမ်ကြိမ်ပြောရင်း ငြင်းတာပေါ့၊ နောက်တော့ ရတနာတွေ အိပ်ကပ်တွေထဲ အပြည့်အသိပ်ထည့်ပြီးရော လူငယ်လေးလည်း နေရာကမရွှေ့နိုင်၊ မပြေးနိုင်ဖြစ်တော့မှ .. “ကဲ .. ကောင်လေး .. လာခဲ့၊ ငါ့ကိုလည်း မယူ၊ ရတနာတွေလည်း မယူ၊ ငါကတော့ မင်း .. အသွေးအသား ယူရမှာပဲကွဲ့” ဆိုပြီး သူ့ပါးစပ်ကြီးဖြဲပြီး အစွယ်ကြီးနှစ်ချောင်းကို ထုတ်လိုက်တယ်၊ ချောချောလှလှ မိန်းမပျိုလေးကနေ ကြောက်စရာလန့်စရာ စုန်းမကြီးအသွင်ပြောင်းသွားပြီ၊ လူငယ်လေးကို ဂုတ်ချိုးပြီး သွေးစုတ်မယ်လည်းပြင်ရော၊ လူငယ်လေးဦးထုပ်က အဖွားရဲ့ငှက်တောင်လေးသုံးချောင်းက စုန်းမကြီးရဲ့ နှာခေါင်းထဲကို ထိုးထိုးထောင်ထောင်နဲ့ ကလိမိတာပေါ့၊ အဲဒီမှာ စုန်းမကြီးလည်း “ဟတ်ချိုး၊ ဟတ်ချိုး” အတောမသတ်နိုင်အောင်ချေရင်း “အလိုလေး ဘယ်နှယ်ဟာပါလိမ့်” လို့ အော်ဟစ်ပြီး ကြောက်လန့်တကြား ထွက်ပြေးတယ်တဲ့၊ စုန်းမကြီးထင်လိုက်တာက၊ လူငယ်လေးတော့ ငါ့ကို လက်နက်ဆန်းတစ်မျိုးနဲ့ ခုခံလိုက်ပြီလို့ ထင်သွားရှာတာကိုး၊ တစ်ချိုးတည်း ပြေးရော၊ ဒါပေမဲ့ လူငယ်လေးရဲ့ အိတ်ကပ်ထဲမတော့ အဖိုးတန်ရတနာတွေ ရှိတုန်းပဲ၊ ဒါနဲ့ လူငယ်လေးလည်း အဲဒီအတိုင်းပဲ အိမ်ကိုပြန်ပြေးခဲ့တယ်။

နောက်နေ့ မိုးလဲလင်းရော .. မိုင်းသမားလေးက သူ့ရဲ့ ချစ်သူကောင်မလေးကို ရတနာတွေပြပြီး ရောင်းချကြသတဲ့၊ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေ ၀ယ်ခြမ်းပြီး လက်ထပ်လိုက်ကြတယ်၊ ချက်ချင်း သူတို့ ချမ်းသာသွားကြတာကို မြင်တွေ့တော့ အိမ်နီးချင်းတစ်ယောက်က လာပြီး စပ်စုမေးမြန်းတယ်၊ “ဘယ်လိုနည်းနဲ့ ပိုက်ဆံတွေရလာသလဲ” လို့ အဲဒီလူက စပ်စုတယ်၊ လူငယ်လေးက ရှိုးသားတာကိုး၊ အမှန်ကို အမှန်အတိုင်းပဲပြောလိုက်ပါတယ်၊ ဒါနဲ့ အဲဒီ အိမ်နီးချင်းက ငါလည်းပဲ ရတနာရအောင်ကြံမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လမ်း မပျောက် ပျောက်အောင်လုပ်၊ တမင်တကာကို အဲဒီစုန်းမကြီးရှိတဲ့နေရာ စွတ်တိုးသွားခဲ့တယ်၊ နောက်တော့ စုန်းမကြီးနေရာလည်းရောက်ရော .. မေးနေကျအတိုင်းမေးတာပဲတဲ့၊ လူငယ်လေးကပြောပြထားရဲ့နဲ့၊ အဲဒီအိမ်နီးချင်းက စုန်းမကြီးအလှမှာ ယစ်မူးပြီး “ငါ .. လှသလားကွဲ့” လို့ လဲ မေးရော “အိုး .. လှလိုက်တာမှ၊ တသက်နဲ့ တကိုယ်ဒီလိုချောမောလှပတာ မတွေ့ဖူးပါဘူး” လို့ ချွဲချွဲပြစ်ပြစ်ပြောလိုက်တာပေါ့၊ “ဒါဖြင့်ရင် .. ငါ့ ကို လက်ထပ်ခိုင်းရင် လက်ထပ်မယ်ပေါ့” လို့ စုန်းမကြီးက ထပ်မေးတယ်၊ အဲဒီလူက ချက်ခြင်းပဲ ဦးခေါင်းကျိုးမတတ် ခေါင်းကို သွက်သွက်ငြိမ့်ရင်း “လက်ထပ်ပါ့မယ်၊ လက်ထပ်ပါ့မယ်” လို့ အမောတကောဖြေတယ်တဲ့၊ “အဖိုးတန် ကျောက်သံပတ္တမြားတွေကော ယူချင်သေးလားကွဲ့” လို့ မေးလည်းမေးရော၊ သူအသင့်ယူလာတဲ့ အိပ်အကြီးကြီးတစ်လုံးကို ပေးပြီး “ယူချင်ပါရဲ့ဗျာ၊ ဟောဒီမှာ အိပ်အကြီးကြီးတောင် ယူလာပါရဲ့၊ အကောင်းဆုံးရတနာတွေသာ ရွေးပြီး ထည့်ချည်ပါ” လို့ ပြောပြီး အိတ်ကိုလှမ်းပေးတယ်တဲ့၊ စုန်းမကြီးလည်း ကျောက်သံပတ္တမြားတွေ အိတ်နဲ့ အပြည့်ထည့်ပေးတဲ့ အပြင်၊ သူ့ အကျီအိတ်ကပ်ထဲပါ ထည့်ပေးတော့တာကိုး၊ လောဘကြီးတဲ့ အိမ်နီးချင်းလည်း “ထည့်ပါ .. ထည့်ပါ၊ များများသာထည့်ပါ” ပြောနေရင်းနဲ့ပဲ၊ ရတနာတွေက လေးလံလွန်းတော့ လှုပ်လို့ မရတော့ဘူး၊ အဲဒီတော့မှ စုန်းမကြီးက အစွယ်ကြီးနှစ်ချောင်းနဲ့ အဲဒီလူရဲ့ လည်ပင်းကို ထိုးစိုက်ပြီး သွေးစုပ်တော့တယ်။

လောဘကြီးတဲ့သူများ ဒရက်ကူလာသွေးစုပ်တာခံရပြီး သေရှာတာပါပဲ၊ အခု ကျွန်မအသက်အရွယ်နဲ့ဆိုတော့ ငယ်ငယ်တုန်းကလို မကြောက်တတ်တော့တဲ့အပြင် နဲရှောပြောတဲ့ လောဘကြီးတဲ့ အိမ်နီးချင်းပုံစံက သိပ်ရယ်ရလွန်းတော့ ကျွန်မဖြင့် ရယ်လိုက်ရတာ၊ နဲရှောက ပိုဆိုးပါသေးတယ်၊ သူပဲပြော၊ သူက ဦးအောင်ရယ်နေခဲ့သေးတာ။

နောက်ထပ် .. “ပုတ်သင်ညှိ” ပုံပြင်ကလည်း စိတ်ဝင်စားစရာအကောင်းသား ...

ပုံပြင်ထဲက ကျွန်မတို့တွေ (ဒုတ်ထောက်မင်းသား)

ပုံပြင် ၆

ဖေဖေ့ရဲ့ “ဒုတ်ထောက်မင်းသား ပုံပြင်”


ရှေးရှေးတုံးက  တက္ကသိုလ်ပြည်မှာ အတိုင်းတိုင်း အပြည်ပြည်က ရောက်လာကြတဲ့ မင်းညီမင်းသားတွေကို မင်းတို့ တတ်အပ်တဲ့ အဋ္ဌာရဿ (၁၈)ပါး သင်ကြားပေးတဲ့ ဒီဿာပါမောက္ခဆရာကြီးတဦးရှိတယ်တဲ့၊ သူ့ မှာ ကောင်းခြင်းငါးဖြာ  ကြန်အင်လက္ခဏာနဲ့ ပြည့်စုံတဲ့ သမီးတော် တစ်ပါးလည်း ရှိသတဲ့၊ နက္ခတ်အလိုအရရော၊ ဇာတာအလိုအရပါ  မိဖုရားကြီးတစ်ပါးဖြစ်မယ်ဆိုတာ ယုံကြည်ထားတဲ့အတွက် သမီးတော်ကို မင်းသား တစ်ပါးပါးနဲ့ လက်ထပ်ထိမ်းမြားပေးလိုတဲ့ ဆန္ဒလည်းသူ့မှာရှိတယ်၊ ပညာသင်နှစ်ကုန်ဆုံးလို့ ပြည်တော်ပြန်ကာနီးမှာ ဆရာကြီးက မင်းညီမင်းသားများအားလုံး ရှေ့တော်မှာစုရုံးစေပြီး  ကြေညာချက်တစ်ရပ် ထုတ်ပြန်သတဲ့၊ အဲ့ဒီကြေညာချက်က ငါ့သမီးတော်ကို အလိုရှိသူ ဘယ်မင်းသားမဆို  ဓါးလှံလက်နက်သားရဲတွင်းထဲ ခုန်ဆင်းနိုင်စွမ်းရှိရင်  လက်ထပ်ထိမ်းမြားပေးစားမယ် ဆိုတာပါပဲ။

ဆရာကြီးဟာ  အသင့်စီမံထားတဲ့ တွင်းနက်ကြီးကို မင်းသားတွေကို ပြသလိုက်တယ်တဲ့၊ တွင်းနက်ကြီးက ငုံ့ကြည့်လိုက်ရင် လက်နက်ပေါင်းစုံ စိုက်ထူထားတာမြင်ရလိမ့်မယ်၊ ကျွမ်းကျင်ပညာရှင်များနဲ့ တိတ်တဆိတ်ပြုလုပ်ထားတာကိုး၊ ဘယ်မင်းသားမှ  မခုန်ဆင်းရဲကြပါဘူး၊ နည်းနည်းလေး ငုံ့ကြည့်မိတာနဲ့ လက်နက်ပေါင်းစုံ အချွန်အထက်တွေက မိုးမျှော်ထိုးထွက်နေတာမို့ အသည်းတွေအူတွေစိမ့်အောင် ကြောာက်လန့်ကုန်ကြပြီး၊ ဆရာကြီးသမီးမရချင် နေပါစေတော့ .. အသက်စွန့် ပြီးတော့ဖြင့် ခုန်မချရဲပါဘူး တဲ့၊ “အလိုလေး .. လေး .....” ဆိုပြီး တွင်းနက်ကြီးကို ကျောခိုင်းစွန့်ခွာလို့ ရှောင်ပြေးကြတော့တာပါဘဲတဲ့၊ နောက်ဆုံးမှာတော့  မင်းသားအားလုံးထဲက ခပ်ကြောင်ကြောင် မင်းသားတစ်ပါးဟာ နောက်ကျမှ ရောက်လာပါတယ် တဲ့၊ ယတြာအလို့ငှာ ချိတ်ဆွဲထားတဲ့ ဒုတ်ကြီးတစ်ချောင်းကလဲ ခါးမှာ တန်းလန်းကြီး၊ တွင်းနက်ကြီးထဲ  ဘာတွေရှိပါလိမ့်၊ ရွှေတွေလားပဲ၊ ငွေတွေလားပဲ နဲ့ အနားတိုးပြီး ငုံ့ကြည့်လိုက်ရာမှာ .. တစ်ခါတည်း ... ခါးမှာ ချိတ်ဆွဲထားတဲ့ ဒုတ်တိုကြီးက မြေမှာထောက်ပီး လူပါ တွင်းထဲ ပြုတ်ကျပါလေရောတဲ့၊ ဓါးလှံလက်နက်တွေက သူ့ကို ဘယ်လိုမှ အန္တရာယ်မပေးနိုင်ပါဘူး၊ အကြောင်းကတော့ ဆရာကြီးက လက်မှုပညာသည်တွေကို အခကြေးငွေ များစွာပေးပြီး ၀ါဂွမ်းများနဲ့ ဓါးလှံလက်နက်အတုတွေကို  အစစ်နဲ့ မခြား စေ့စေ့စပ်စပ် ပြုလုပ်စေတဲ့အတွက် ဘယ်လိုမှ ဒုက္ခမပေးတဲ့အပြင် ၀ါဂွမ်းတွေက နူးညံလွန်းတော့ တခေါခေါနဲ့ အိပ်လို့များတောင် ပျော်သွားလေရော။

ဆရာကြီးကတော့ သူ့ တပည့်တွေ ဘယ်လောက် တွေးခေါ်တတ်သလဲ ဆိုတာ ပညာစမ်းလိုက်ပေမဲ့  ဆရာကြီးရဲ့ ညာဏ်စွမ်းကို ဘယ်သူမှ လိုက်မမှီခဲ့ကြဘူး၊ ခပ်ကြောင်ကြောင်မင်းသားသာမပါခဲ့ရင်  ပွဲ မသိမ်းနိုင်ဘူးပေါ့၊  အခုတော့ ဆရာကြီးလည်း သူ့ စကားရှိတဲ့အတိုင်း ဓါးတွင်းလှံတွင်းထဲ ပြောင်မြောက်စွာ သတ္တိရှိရှိ ခုန်ချတာပဲ၊ ငါ့တပည့်ပီသတယ်၊ ပညာရှိတယ်၊ တယ်လည်း တွေးခေါ်မျှော်မြင်တတ်တယ် လို့  ယူဆပြီး သမီးတော်ကို ၀ကွက်အပ်နှံလို့  လက်ထပ်ထိမ်းမြားပေးလိုက်ရောတဲ့၊ မင်းသားလဲ အဲဒီအခါကစပြီး ဒုတ်ထောက်မင်းသားရယ်လို့  တွင်သွားပါသတဲ့။

ပညာစုံ ကြင်ယာစုံလို့  တိုင်းပြည်ပြန်ရောက်တဲ့အခါမှာ  ခမည်းတော်ဘုရင်မင်းမြတ်ကလည်း ကျေနပ်အားရ၊ ၀မ်းပမ်းတသာပဲ အရိုက်အရာ လွှဲအပ်တာကြောင့်  ရှင်ဘုရင်ကြီးဖြစ်သွားပါရော၊ နန်းသိမ်းပွဲတွေ၊ ရွေနန်းတက်ပွဲတွေ၊ အကြီးအကျယ် ဆင်ယင်ကျင်းပကြသတဲ့၊ ဒီဿာပါမောက္ခဆရာကြီးလဲ သူ ရည်ရွယ်မျှော်မှန်းထားသလို သူ့ သမီးဟာ ဘုရင့်မိဖုရားကြီး ဖြစ်သွားတာကြောင့်  ခေါင်းကြီးတငြိမ့်ငြိမ့်နဲ့  ပီတိတွေ ဖြစ်နေပါရောတဲ့။

ဖေဖေ့ ပုံပြင်ကတော့ ဒီလောက်ပါပဲ၊ ပုံပြင်ပြောရင်းနဲ့လည်း ဖေဖေက သူကိုယ်တိုင်ပါ တဟားဟားရယ်မောနေတတ်ခဲ့သေးတာ၊ ကျွန်မတို့လည်း ရယ်၊ ဖေဖေကလည်းရယ်ပေါ့။

နောက်တော့ ကျွန်မနဲ့ အစ်ကိုရရလည်း အသက်အရွယ်တွေ ကြီးပြင်းလို့ ဖေဖေ၊ မေမေတို့နဲ့ အဝေးတစ်ယောက် နေရာတစ်နေရာစီ ရောက်နေခဲ့ကြပြီ၊ အစ်ကိုရရကတော့ ပုံပြင်ကြိုက်သေးလား မကြိုက်တော့ဘူးလား ကျွန်မ မသိနိုင်ဘူး၊ မေးလည်းမမေးဖြစ်တော့ပါဘူး၊ ကျွန်မကတော့ ပုံပြင်နားထောင်ချင်နေတုန်းပဲ၊ ရှားရှားပါးပါး ကျွန်မအိပ်မပျော်တဲ့ သုံး၊ လေးရက်၊ နဲရှောကို ပုံပြောပြခိုင်းမိတယ်၊ တကယ်လည်း နားထောင်ရတော့ နဲရှောလည်း ပုံပြောကောင်းတဲ့သူတစ်ယောက်ပါပဲ၊ သူပြောပြတဲ့ ပုံပြင်ကလည်း ရယ်စရာကောင်းတာရော၊ သတိထားစရာလေးတွေရော ပါတယ်၊ သူလည်း ဖေဖေ့လိုပါပဲ ပုံပြောရင်း သူ့ဘာသာပြော သူ့ဘာသာ သဘောတွေကျပြီး တဟားဟားရယ်နေလို့ သူ အရယ်ရပ်တဲ့အထိ သည်းခံပြီး နားထောင်ခဲ့ရသေးတယ်။

နဲရှောပြောပြတဲ့ “ငှက်တောင်သုံးချောင်းနဲ့ မိုင်းတူးသမားလေး”၊ အဲဒီပုံပြင်က ရုရှားပုံပြင်တစ်ပုဒ်တဲ့။

ပုံပြင်ထဲက ကျွန်မတို့တွေ (မြွေမင်းသား)

 ပုံပြင် ၅

ပြီးတော့ မြွေမင်းသားပုံပြင်ပေါ့၊ ဒီပုံပြင်လေးကိုလည်း မေမေ ခဏခဏပြောပြရတာပါပဲ၊

ရှေးရှေးတုံးက  ရွာတစ်ရွာမှာ ခ၀ါသည် အဖိုးကြီးအဖွားကြီး နှစ်ယောက်ရှိသတဲ့၊ သူတို့မှာ မကြီး မလတ် မထွေးလေးဆိုပြီး သမီး ၃ ယောက်ရှိသတဲ့၊ သူတို့နှစ်ဦးဟာ နေ့စဉ် နေ့တိုင်း  မြစ်ဆိပ်ကို အ၀တ်လျှော်ထွက်ရသတဲ့၊ တစ်နေ့တော့  သူတို့နှစ်ဦး မြစ်ထဲမှာ အ၀တ်လျှော်နေတုန်း ရေထဲမှာ .. သဖန်းခိုင်ကြီးတစ်ခိုင် မျောလာတာကိုး၊ အဖွားက “အဖိုးရယ် .. ဆင်းဆယ်လိုက်ပါ” ဆိုတော့ အဖိုးက ထုံပေပေနဲ့  ငြိမ်နေသတဲ့၊ ဒါနဲ့ စိတ်မရှည်တဲ့ အဖွားက ဗြတ် .. ဗြတ် .. နဲ့ ဆင်းဆယ်လိုက်တော့  သဖန်းသီးခိုင်ကြီး လက်ထဲ ပါလာတာပေါ့၊ သဖန်းသီးကြီးတွေက ၀င်းအိနေတာပဲ တဲ့၊ အိမ်ရောက်မှ သမီးတွေကို ကျွေးရမယ် ဆိုပြီး   အဖွားက တစ်လုံး ဆွတ်မြည်းလိုက်တယ်၊ “အဖိုးရယ် .. ချိုလှချည်ရဲ့ .. ရော့ .. တစ်လုံး၊ မြည်းကြည့်စမ်း” ဆိုပြီး ပေးသတဲ့၊ အဖိုးလဲ ချို လှ .. ချို လှနဲ့  စားလို့တစ်ခိုင်လည်းကုန်ရော ဗြုန်းဆို ရေထဲက မြွေကြီးတကောင် ဧရာမကြီး ရေကူးလိုက်လာတာမြင်ရောတဲ့၊ ဒါနဲ့ အဖိုးရော အဖွားရော အ၀တ်တွေ ကပြာကရာ စုထုပ်ပြီး အမြန် အိမ်ပြန်ပြေးကြတာပေါ့၊ မြွေကြီးက သူတို့နှစ်ဦးကို မဲ လိုက်နေတယ်ဆိုတာ သူတို့ သိနေတာကိုး၊ မြွေကြီးကလိုက် သူတို့က ပြေး  နဲ့ တော်တော် အဝေးရောက်တော့  သစ်ငုတ်တိုတစ်ခု နဲ့ တွေ့ သတဲ့၊ ဒါနဲ့ အဖိုးက “သစ်ငုတ်တိုကြီးရယ် မြွေကြီးများလိုက်လာရင် ကျုပ်တို့  ဒီလမ်းက သွားတယ်လို့ မပြောလိုက်ပါနဲ့၊ ရော့ နင်စားဖို့  သဖန်းသီးတစ်လုံး” လို့ ပေးလဲ ပေး ပြေးလဲ ပြေးကြတာပေါ့၊ ရှေ့မှာတစ်ခါ တွေ့တဲ့ သူတိုင်းကို သဖန်းသီး တစ်လုံးကျပေးရင်း သူတို့ ဒီလမ်းက မသွားဘူးဆိုတာပြောဖို့ မှာခဲ့တာပေါ့၊ ဒါနဲ့ သူတို့ အိမ်ကိုရောက်တော့ သမီး ၃ ယောက်ကိုခေါ်ပြီး ဝေစားဖို့ ပြောရင်း သဖန်းခိုင်ကြီးကိုပေးသတဲ့၊ မကြီး၊ မလတ်နဲ့  မထွေးလေးတို့လည်း ပျော်ပျော်ပါးပါး စားနေကြတာပေါ့၊ သဖန်းသီးကလည်း သိပ်ချိုတာကိုး၊

မြွေကြီးခမြာလဲ သူ့ အသီးတွေ ခိုးသွားတာထင်ပြီး အပြေးလိုက်တော့ လမ်းမှာ သစ်ငုတ်တိုကြီးနဲ့ တွေ့ တာပေါ့၊ တွေ့တော့ “သစ်ငုတ်တို ခ၀ါသယ် အဖိုးကြီး အဖွားကြီး ဒီလမ်းက သွားသလား” မေးတော့ “မသွားပါဘူး မမြင်ပါဘူး”လို့  ပြောသတဲ့၊ ဒါနဲ့ မြွေကြီးက စိတ်ဆိုးလာပြီး “သယ်..  နင့်လက်ထဲက သဖန်းသီး ငါ့သဖန်းသီး  မဟုတ်လား၊ မှန်မှန်ပြော၊ တစ်ပေါက် နှစ်ပေါက် .. ပေါက်လိုက်လို့  သွေးငေါက်တောက် ထွက်စေမဟဲ့ နော် ....” လို့  ကြိမ်းလိုက်တာနဲ့ တစ်ခါတည်း “ဟုတ်ပါတယ်၊ မှန်ပါတယ် ..ဒီလမ်းက သွားပါတယ် ..”  လို့  ဖြစ်ကုန်ရော၊ နောက်တွေ့တဲ့သူတိုင်း  ဒီအတိုင်းပဲ၊ အမှန်ကို ပြောလိုက်ရတာမို့  အဖိုးကြီးအဖွားကြီးအိမ်ကို ရောက်သွားတော့ အသာလေး ... ဆန်အိုးထဲ ၀င်ခွေနေသတဲ့၊ ညနေစာ ထမင်းချက်ဖို့  အဖွားက ဆန်ခပ်မယ်လုပ်ရော လား လား ... မြွေကြီးက ထွက်လာပြီး အဖွားကို ပတ်ထားသတဲ့၊ ဒီအချိန်မှာ မကြီး မလတ်နဲ့  မထွေး တို့ လဲ ပြေးလာကြတာပေါ့၊ မြွေကြီးက မထွေးလေးကိုလဲ မြင်ရော၊ သဘောတွေကျပြီးပြုံးနေသတဲ့ အဖွားက ရိပ်စားမိသွားတာနဲ့ “မြွေမင်းရယ် ..မြွေမင်းရယ် .. မကြီးကို ကြိုက်ရင် တစ်ပတ်လောက်လျော့ပါ” ဆိုတော့ မြွေကြီးက တစ်ပတ်လျှော့သတဲ့၊ “မလတ်ကိုကြိုက်ရင် တစ်ပတ်လျှော့ပါ” ဆိုတော့လဲ မြွေကြီးက တစ်ပတ်လျှော့သတဲ့၊ “မထွေးလေးကို ကြိုက်ရင် တစ်ပတ်လျှော့ပါအုံး” ဆိုတော့ ဗြုတ်..ဗြုတ်..ဗြုတ်နဲ့  အကုန်လုံးလျှော့ပစ်လိုက်သတဲ့၊ ဒါနဲ့ အဖွားလဲ မထွေးလေးကို မြွေကြီးနဲ့ ပေးစား လိုက်ရော တဲ့။

တစ်ညတော့ မြွေကြီးက အရေခွံကြီးချွတ်ထားခဲ့ပြီး နတ်ပြည်တက်လို့ နတ်သားတွေနဲ့ စည်းဝေးပွဲသဘင်ကျင်းပတာကိုး၊ မထွေးက ဘယ်သိမလဲ၊ “ငါ့ယောက်ျား မျြွေကြီးတော့သေရှာပါပြီ” လို့ ၀မ်းနည်းပက်လက် ငိုကျြွေးရင်း အရေခွံကြီးကို မီးတင်ရှို့လိုက်တာပေါ့၊ ဒီတော့ နတ်ပြည်တက် နတ်ညီလာခံ ကျင်းပနေတဲ့ နတ်သားလေးဟာ ကောင်းကင်ကနေ ဦးစိုက်ဇောက်ထိုး ကျလာသတဲ့၊ မြွေမင်းသားလေးခမြာ မြွေရေခွံကြီးထဲ ပြန်မ၀င်နိုင်တော့ဘဲ မြွေမင်းသားလေးအဖြစ် ကာလရှည်စွာ နေသွားရတော့တယ်၊ ဒါနဲ့ မြွေမင်းသားလေးလဲ သားကြွေးမှု မယားကြွေးမှုရှိသေးတယ်ဆိုပြီး သင်္ဘောကြီးတစ်စင်းတည်ဆောက်ပြီး ကုန်ရောင်းကုန်ဝယ် ထွက်သတဲ့၊ အတန်ကြာတော့  အကြံသမား မကြီးက “မထွေးရယ် မပျင်းဘူးလား။ ငါတို့ ငယ်ငယ်က ကစားခဲ့တဲ့ ပင်လယ်အစပ်က ဒန်းကြီးသွားစီးရအောင်လား” ဆိုပြီးအတင်းကို ခေါ်ပါလေရော၊ မထွေးက မလိုက်လိုပေမဲ့ အားနာပြီးလိုက်သွားတာပေါ့၊ ဒန်းလွှဲကြတော့ မကြီးအလှဲ့၊ တစ်အားကုန် လွှဲပစ်လိုက်တာ ကြီုးပြတ်ပြီး မထွေးလေး ပင်လယ်ထဲ ကျသွားတော့တာပေါ့၊ မကြီးကတော့ အေးအေးပဲ အိမ်ပြန်လာပြီး “မထွေးလေးရေနစ်သေသွားရှာပြီ” လို့ ငိုယိုပြောလိုက်တာပေါ့။

ဒါပေမဲ့ ရေထဲ ပေါလောမျောနေတဲ့ မထွေးလေးကို ငှက်ကြီးဝံဘိုတစ်ကောင်က အစာရှာရင်း အစာမှတ်လို့  မထွေးလေးကို ဆယ်ယူသွားတာကြောင့် လက်ပံပင်ပေါ်က ၀ံဘိုအသိုက်ထဲ ရောက်သွားတော့တယ်၊ မထွေးလေး စားစရာ ငှက်ကြီးက အစာရှာပေးတာပေါ့ကွယ်၊ အသီးအနှံတွေ၊ မကြာပါဘူး၊ မထွေးလေးလဲ ကိုယ်ဝန်အရင့်အမာဖြစ် သားဖွားပါလေရော၊ ကလေးကို အမေက သားချော့တော့  “ငန်းတော်ရေ .. မြွေမင်းရဲ့သား၊ လက်ပံပင် အမေသိပ်တယ် အိပ်ပါတော့လား” လို့ ဆိုတော့ ၀ံဘိုငှက်က မကြိုက်ဘူးကွဲ့၊ “သယ် ... ငါပေါက်သတ်လိုက်ရ” လို့ ဆိုသတဲ့၊ ဒါနဲ့  မထွေးလေးက “ငှက်ကြီးဆို ၀န်ဘိုရဲ့ သား..လက်ပံပင်တင်လို့  အမေ .. သိပ်တယ် အိပ်ပါတော့လား” လို့  ပြောင်းဆိုတော့ တဟားဟားနဲ့  သဘောကျပြီး ရယ်သတဲ့၊ အဲဒါနဲ့  တစ်နေ့တော့ ပင်လယ်ထဲမှာ သင်္ဘောတစ်စင်း ခုတ်မောင်းလာတာကို မထွေးလေးမြင်သတဲ့၊ မထွေးက အကျီစဆုတ်ဖြဲ အလံထူပြီးပြတော့ သင်္ဘောပေါ်က လူတွေက မြင်သတဲ့၊ အကြောင်းသိရအောင်လို့ သင်္ဘောပေါ်ကဆင်းလာကြည့်တော့ မထွေးလေးနဲ့ သူ့သားမှန်းသိသွားတာပေါ့၊ မထွေးလေးလည်း မင်းသားလေးမှန်းသိတော့ ပျော်သွားတာပေါ့၊ ငှက်ကြီးက မထွေးလေးတို့ သားအမိကို တွယ်တာနေတော့ ပြန်မထည့်ချင်ဘူးကွဲ့၊ ဒါပေမဲ့ ငှက်ကြီးကြိုက်တတ်တဲ့ အစာငါးတွေ အသိုက်နဲ့ အပြည့်မျှားပေးခဲ့တော့မှ ကျေနပ်သွားတယ်။ သဘော်ကဆင်းလို့ အိမ်ရောက်ကာနီးတော့ မင်းသားလေးက မကြီးအကြံသိရအောင်  မထွေးလေးတို့သားအမိကို ကုန်သေတ္တာကြီးတခုထဲ ထည့်ဖွက်လိုက်သတဲ့၊ သင်္ဘောပေါ်ကလည်း ဆင်းရော  မကြီးက မထွေးလေး အယောင်ဆောင်ကြိုသတဲ့၊ ကုန်သေတ္တာကြီးကိုလဲ “ငါ့ ယောက်ျား နိုင်ငံခြားဝယ်လာတာ၊ ငါ သယ်မယ် ပေးပေး” နဲ့  ခေါင်းပေါ်ရွက်သွားပါလေရော၊  ကလေးက ရှုး ရှုး ပေါက်ချတာကိုလည်း “အမလေးတော်၊ ငါ့ယောက်ျား နိုင်ငံခြားက ၀ယ်လာတဲ့ ရေမွေးပုလင်းကုန်ပါပြီတော်” ဆိုပြီး  လက်နဲ့ ယူပြီးလိမ်းသတဲ့၊ မထွေးတို့ သားအမိ သေတ္တာထဲက ထွက်လာတာမြင်မှ  ရှက်လွန်းလို့  ခြေဆောင့်ထွက်သွားတော့တယ်၊ အဲဒီလိုနဲ့ ..  မြွေမင်းသားလေးနဲ့ မထွေးလေးတို့  ချစ်ချစ်ခင်ခင်နေကြတာမြင်ရတော့လည်း  မကြီးက အလွန်အားကျသတဲ့၊ သူ့ကိုတော့ မြွေမင်းသားလေးနဲ့ မပေးစားရကောင်းလားလို့ နေ့ရှိသရွေ့ နားပူနားဆာ လုပ်သတဲ့၊ ကြာတော့ အဖိုးက စိတ်ပေါက်ပေါက်နဲ့ တောထဲက စပါးကြီးမြွေကြီးတစ်ကောင်ဖမ်းခေါ်လာပြီး  မကြီးနဲ့ ပေးစားလိုက်တယ်၊ ညရောက်တော့ မြွေအစစ်ဆိုတော့ မကြီးကို မျိုသတဲ့၊ ဒီတော့ မကြီးက “အမေရယ် .. အဖေရယ် .. ကျမကို မြွေကြီးမျိုနေတယ်” လို့ တိုင်ပေမဲ့  အဖေ အမေ က “အမေ့သမက် အပြောင်အပျက် ကျီစားတာပါ”   ဆိုပြီး ထမကြည့်ဘူး၊ “မြွေကြီးမျိုတာ ခါးလယ်ရောက်ပါပြီ” ဆိုလဲ ထမကြည့်ကြဘူး၊ “အမေ့သမက် အပျက်ကျီစားတာ” ဆိုပြီး အေး အေး ပဲ နေကြတယ်၊ မြွေကြီးမျိုတာ လည်ပင်းရောက်တော့ မကြီးမအော်နိုင်တော့ဘူးပေါ့၊ အဖေအမေတွေကတော့ သူတို့ နှစ်ဦး ငြိမ်သွားလို့ တည့်တည့်ရှုရှုဖြစ်သွားပြီထင်ကြတာ၊ ဘာပြောကောင်းမလဲ၊ မြွေကြီး  မနက်မိုးလင်းတော့  အပေါက်ကနေ တိုးပြီးထွက်သွားမှ ၀မ်းဗိုက်ကြီးဖေါင်းကားနေတာမို့  မကြီးကို မျိုထားမှန်းသိကြတော့တယ်၊ ဘာလုပ်ရမှန်းမသိဖြစ်နေကြရော၊ ဒီတော့မှ မထွေးလေးက  မြွေမင်းသားလေးကို  “မကြီးကို ကယ်ပါဦး၊ ကယ်ပါဦး” လို့  ငိုယိုတောင်းပန်သတဲ့၊ မြွေမင်းသားလေးလည်း မနေသာတော့ပဲ ဓါးဆွဲပီး မြွေကိုပိုင်းဖြတ်လို့  မကြီးကို ကယ်ထုတ်ပေးနိုင်ခဲ့ပေမဲ့ မြွေသွေးတွေ သူ့ကိုယ်ကို စွန်းထင်းကုန်တယ်၊ ဒီအခါ မီးခိုး မှုံလို အငွေ့တွေ သူကိုယ်က လွင့်ပျံထွက် ပေါ်လာပြီး မီးခိုးမြူမှုံ လဲ ကင်းစင်သွားရော၊ မင်းသားလေးလည်း နေရာမှာမရှိတော့ပဲ  အဲဒီ မြူမှုံတွေကြားးကနေ မြွေကြီးတကောင်ထွက်လာပြီး တောနက်ထဲကို ၀င်ပြေးတာအားလုံးမြင်တွေ့လိုက်ရတော့တယ်၊ မထွေးလည်း မြွေမင်းသားလေး စိတ်လည်မလားဆိုပြီး သားကလေးကို မြှောက် .. မြှောက် .. ပြလို့  နောက်က ထပ်ချပ်မကွာ  အတင်းလိုက်တာပေါ့၊ မြွေမင်းသားလေးလဲ  စိတ်ရိုင်းဝင်လာရင် မထွေးတို့ သားအမိကို ပေါက်သတ်မိမှာစိုးလို့  အတင်းကြီးကို တောထဲဝင်ပြေးရပါသတဲ့။

အဲဒီလိုနဲ့ပဲ မေမေ့မြွေမင်းသားပုံပြင်လေးပြီးသွားတယ်၊ မေမေက တကယ်တမ်းမြွေသိပ်ကြောက်တာ၊ မြွေဆို စကားအဖြစ် ပြောတာနဲ့ကိုကြောက်တာ၊ ဘာကြောင့်လည်းမသိ၊ မြွေမင်းသားပုံပြင်ပြောတော့ ဖြောင့်တန်းလို့ အစကအဆုံး စိတ်ရှည်လက်ရှည် ပြောပြခဲ့တယ်၊ မေမေ မြွေကြောက်ပုံများ စာအုပ်လှန်ရင်း မြွေပုံများ တွေ့ပြီဆို အဲဒီစာအုပ်ကို ဗြုန်း ဆို .. လွှင့်ပစ်လိုက်တော့တာ၊ နောက်တစ်ခါ အဲဒီစာအုပ်ကို မကိုင်တော့ဘူး၊ ဖတ်ချင်တာတွေ အဲဒီစာအုပ်ထဲ ရှိနေပစေ၊ လှည့်ကိုမကြည့်တော့ဘူး၊ ငယ်ငယ်က မေမေနဲ့ အဖိုး(မေမေ့အဖေ) တို့ အိမ်မှာ နေနေတုန်း ငန်းမြွေလား လိုက်လို့ ပြေးခဲ့ရတယ်တဲ့၊ အဲဒီမြွေကြီးက ပါးပြင်းထောင်လိုက်တာများ လူကြီးလက်မောင်းအိုးတစ်ခုစာ လောက်တုတ်တယ်ဆိုပဲ၊ အရှည်လဲ အရှည်ကြီးပဲတဲ့၊ အဲဒီတုန်းက မေမေကကြောက်ပြီး အပြင်းဖျားခဲ့တာလှိမ့်နေရောပဲ၊ နောက်တော့ မြွေ ဆို အသံကို မကြားရဲအောင် ကြောက်သွားတာလို့ မေမေက ပြောပြခဲ့တယ်၊ အခုထိလည်း အဲဒီလို ကြောက်နေတုန်းပါပဲ၊ မြွေမင်းသားပုံပြင်တော့ မြွေမျိုတာတောင် သေချာပြောပြရဲခဲ့တဲ့ ပုံပြောကောင်းတဲ့ မေမေပါ၊ နောက်ပြီး မေမေပြောပြခဲ့တဲ့ ပုံပြင်တွေအများကြီးရှိသေးတယ်၊ တစ်ချို့ကို အကုန်မမှတ်မိတော့ပါဘူး၊ ဖားမလေးတို့၊ ကြွက်ကလေးသားအမိတို့၊ နောက် .. ရှိသေးတယ်၊ မေ့ကုန်ပါပြီ။

မေမေ မအားတဲ့နေ့တွေဆို ဖေဖေ့ကို ကျွန်မတို့ မောင်နှစ်မ ပုံပြင်ပြောဖို့ ပူဆာခဲ့ကြတယ်၊ ဖေဖေကတော့ ဘယ်အချိန်ပြောခိုင်း ပြောခိုင်း ပုံပြင်တစ်ပုံတည်းကိုပဲ အမြဲပြောတတ်တယ်၊ ဖေဖေပြေတတ်တဲ့ ပုံပြင်က “ဒုတ်ထောက်မင်းသား” တဲ့၊ ကျွန်မတို့ မောင်နှစ်မကလည်း ဘာပုံပြင်ပဲပြောပြောနားထောင်တာပါပဲ၊ နောက်ဆို မေမေ မအားတဲ့အချိန် ဖေဖေ့ကို ပုံပြင်ပြောပြဖို့ ပူဆာမယ်ဆို “ဖေဖေ .. ဒုတ်ထောက်မင်းသား ပြောပြပါ” ဆိုပြီး တစ်ခါတည်း နာမည်နဲ့ တပ်ပြီး ပြောပြခိုင်းရတယ်။ ဖေဖေ့ ဒုတ်ထောက်မင်းသားပုံပြင်ကလည်း ရယ်ရတယ်၊ စိတ်ဝင်စားစရာပါပဲ၊ ဖေဖေက မေမေ့လောက်တော့ စိတ်မရှည်ဘူး၊ အသံဝါကြီးနဲ့ ခပ်မြန်မြန်ပဲ ပြောပြလိုက်တာပါပဲ။

ဖေဖေ့ရဲ့ “ဒုတ်ထောက်မင်းသား ပုံပြင်”

ပုံပြင်ထဲက ကျွန်မတို့တွေ (မောင်နီနဲ့မစီ)

ပုံပြင် ၎

နောက်ပြီး မောင်နီနဲ့မစီပုံပြင် .. ကြေးဖလားလေးခေါင်းဆောင်းတာဆို ခဏခဏအမှတ်ရမိတယ်၊ သနားလည်း သနားလို့၊ မောင်နီလေးက နဂါးလေးဖြစ်သွားရှာတာ ...

“နှမမုံ့ရောင်း မောင်မုံ့ထောင်း။ ကြေးဖလားလေးဆောင်း”  တဲ့၊ အဲဒီလို မေမေက သီချင်းလေးလို ရွတ်ပြတတ်သေးတယ်၊ ဟိုး ..  ရှေးရှေးတုံးက  ရွာတရွာမှာ အဖိုး အဖွား  ဇနီးမောင်နှံ ၂ ယောက် ရှိကြတယ်၊ သူတို့ မှာအရွယ်မရောက်သေးတဲ့ မောင်နီဆိုတဲ့ သားတစ်ယောက်နဲ့ မစီဆိုတဲ့ သမီးတစ်ယောက်လည်းရှိတယ်၊ တစ်နေ့မှာ မမျှော်လင့်ပဲဇနီးဖြစ်သူ ကွယ်လွန်သွားပါတယ်၊ ကလေး ၂ယောက်နဲ့  ကျန်ရစ်ခဲ့ရာမှာ  အလုပ်အကျွေးပြုစုမယ့် သူလိုနေတာကြောင့် နောက်အိမ်ထောင် ထူထောင်လိုက်ပါရော ကွယ်၊ နောက်မိန်းမက ကလေးနှစ်ယောက်ကို မကြည်ဖြူနိုင်ပါဘူး .. တဲ့၊ အမြဲပဲ တကျီကျီနဲ့၊ တောထဲ သွားစွန့်ပစ်ဖို့ ဆူဆူပူပူလုပ်လိုက်၊ ချော့ချော့မော့မော့ ပြောလိုက်နဲ့ တိုက်တွန်ုး  နားသွင်းနေလေ့ရှိတယ်၊ အဲဒါနဲ့ အဖိုးလည်း စိတ်ပေါက်ပေါက်နဲ့ ခလေးနှစ်ယောက်ကို လှည့်ဖျားခေါ်သွားပြီး ... တောထဲရောက်တော့ “သားတို့  သမီးတို့  ဒီမှာ နားနေကြအုံး .. ခဏနေရင် လာခေါ်မယ်” ဆိုပြီး သူ့မိန်းမရှိရာ အိမ်ကို ပြန်ပြေးပါလေရော၊ မိုးချုပ်ခါနီးတဲ့ တိုင်အောင် လာမခေါ်တော့ မောင်လုပ်သူက ကြောက်လာတာပေါ့၊ အမလုပ်တဲ့သူက မောင်လေးကို အားပေးနှစ်သိမ့်ရင်း တစတစနဲ့  စမ်းတ၀ါးဝါး အပြန်လမ်းကို  ရှာဖွေ ပြန်ပြေးလာကြတဲ့အခါ  ကံကောင်းထောက်မစွာနဲ့ အလာတုံးက မောင်ငယ်လေး ၀ါးပြီး ထွေးပစ်ခဲ့တဲ့ ကြံဖတ်တွေကို ကြည့် .. ပြန်လာနိုင်လို့  မှောင်ရီဝိုးတ၀ါးအချိန်မှာပဲ အိမ်ပြန်ရောက်ခဲ့ကြတယ်၊ အိမ်ရောက်ပေမဲ့ သူတို့ခမြာ အခြေအနေကိုကြည့်ပြီး အိမ်ပေါ်မတက်ရဲကြဘူး၊ အဖိုးနဲ့ နောက်မိန်းမက ထမင်းတွေ မြိန်ရေ ယှက်ရေနဲ့ ပျော်ပျော်ကြီးစားနေကြတယ်လေ၊ ကြမ်းပေါက်ကနေ ကျလာတဲ့ ထမင်းစေ့လေးတွေကို အငမ်းမရ ဆာဆာနဲ့ နှစ်ယောက်သားအလုအယက် ကောက် .. ကောက် စားကြတယ်၊ အဖိုးကလည်း ကလေးနှစ်ယောက် အိမ်အောက်မှာ ပြန်ရောက်နေမှန်းလည်းသိရော ထမင်းတွေပိုပိုပြီး ပစ်ချပေးတယ်တဲ့၊ နောက်တော့ အဖွားက “အဖိုးကြီး .. ရှင် ဒီနေ့ တော်တော်အစားကြီးတာပဲ၊ ထမင်းတွေစားလိုက်တာ၊ ဟော တစ်လုပ်၊ ဟောတစ်လုပ်နဲ့” လို့ ဆူတယ်၊ နောက်တော့ ကလေးတွေကို ချကျွေးနေမှန်းလည်း အဲဒီနောက်မိန်းမက သိရော၊ ဒေါသအိုးပေါက်ကွဲတော့တာပေါ့၊ အဖိုးကလည်း တောင်းပန်ရှာတယ်၊ “ကွယ် .. ကလေးတွေ သနားစရာပါ၊ ငါ မပြစ်ရက်ဘူးကွယ်၊ မပစ်ပါရစေနဲ့တော့” လို့ အမျိုးမျိုးတောင်းပန်ရှာတယ်၊ ဒီလိုနဲ့ နောက်မိန်းမကလဲ မလျော့ဘူး၊ ထပ်ပြီး တောနက်နက်ထဲ သွားပစ်ဖို့ ခိုင်းစေပြန်တယ်၊ ဒီတစ်ကြိမ်မှာတော့ အဖိုးကြီးက လူလယ်ကျသွားပီလေ၊ ပြန်မလာနိုင်အောင် တောကြီးမျက်မဲထဲကို၊ ဟိုကွေ့ ဒီပတ်နဲ့ မှတ်လို့ မရအောင်၊ တောအနက်တကာ့ အနက်ထဲ ခေါ်သွားတော့တယ်။

ဒီတစ်ခါတော့ နှစ်ယောက်သား  ငိုရုံအပြင် ဘာမှ မတတ်သာတော့ဘူး၊ နေရောင်လေးရှိတုန်း ကြိုးစားရှာဖွေပေမဲ့  ပြန်လမ်းကို ဘယ်လိုမှ ရှာမတွေ့ကြတော့ဘူးပေါ့၊ တောကြီးမျက်မဲထဲမှာ  မောင်ငယ်လေးက  သူရဲကြောက်လို့ အစ်မကို ဖက် တွယ် အစ်မကလဲ မောင်ငယ်ကို အားပေးနှစ်သိမ့်၊ ဒါပေမဲ့ .. မစီလေးကိုယ်တိုင်ကလည်း သေလုအောင်ကြောက်နေတာမို့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ဖက်တွယ် လုံးထွေးရင်း မိုးစင်စင် လင်းခဲ့ကြမှ  အသက်၀၀ရှူရဲကြတော့တယ် တဲ့ ကွဲ့၊ အဲဒီလိုနဲ့ တောထဲမှာ ဘုရားတရားသံဃာနဲ့ နတ်များစောင့်ရှောက်မှုကြောင့် ဘေးကင်းချမ်းသာစွာ အနေကြာလာတော့ သူတို့အိမ်ကို ပြန်ဖို့ စိတ်မကူးတော့ဘူး၊ သူတို့ နေဖို့ သစ်ခက် သစ်လက်တွေ ကာရံပြီးအခန်းလေးဖွဲ့ အိမ်လုပ်နဲ့  အချိန်ကုန်လာတယ်၊ မောင်ငယ်လေးက လေးခွလေးတစ်ခုလုပ်ပြီး စာကလေးတွေ ငှက်ကလေးတွေကို ပစ်ခတ်လို့၊ အစ်မက ဗိုက်ခွဲမီးကင်လို့  အဟာရအဖြစ်စားကြရတယ်၊ မိုးရွာလာတဲ့အခါ  ငှက်လေးတွေရဲ့  ဗိုက်ထဲက ထွက်ကျသွားတဲ့ စပါးစေ့လေးတွေက အပင်ပေါက်ပြီး စပါးခင်းကြီးဖြစ်လာတာပေါ့၊ ဒီတော့ သူတို့အတွက် ၀မ်းစာဖူလုံသွားတာပေါ့ ကွယ်။

နေသာတဲ့အချိန်တွေမှာ သူတို့ တောလယ်ထွက်ကြရင်း လူနေအိမ်ခြေနည်းနည်းပါးပါးရှိတဲ့ ရွာလေးတွေ့တော့ သူတို့ မောင်နှစ်မ အားရှိလာတယ်၊ ရလာတဲ့ စပါးကို ကြိတ်၊ ဆန်ရတော့ မောင်ငယ်လေးက ဆန်မှုံ့ထောင်း၊ အစ်မက မုံ့ လုပ် မုံ့ ရောင်း၊ သူတို့ ဝမ်း သူတို့ ကျောင်းလို့ ဘ၀မှာ နေပျော်လာကြပါပြီ၊ တစ်နေ့တော့ မောင်ငယ်လေးက “အစ်မရယ် .. ငါလည်း မုံ့ရောင်းလိုက်ခဲ့မယ်၊ တစ်ခါလောက် လိုက်ပါရစေ လို့ ပြောသတဲ့၊ အစ်မက မောင်လေး ပင်ပမ်းမှာစိုးလို့ မလိုက်စေချင်ဘူး၊ သွားရတဲ့ခရီးက နည်းနည်းလှမ်းနေတာကိုး၊ ဒီတော့ “မောင်လေးရယ် .. မလိုက်ချင်ပါနဲ့ .. မမတောင် မလွှဲသာလို့ သွားနေရတာ အိမ်မှာပဲ ကစားပြီး အေးအေးနေခဲ့ပါ၊ မမ မောင်လေးဖို့ အင်္ကျီလှလှလေးတွေရယ်၊ ကစားစရာလေးတွေရယ် ၀ယ်လာမှာပေါ့” လို့  ချော့သတဲ့၊ ပြီးတော့ မောင်လေးစားဖို့  အစ်မ မီးဖိုထဲမှာ မုံ့တွေထားခဲ့တယ် လို့ ပြောပြီး ထွက်သွားတော့တယ်၊ ဒါနဲ့ပဲ  မောင်ငယ်လေးတယောက်ထဲ ကျန်ရစ်ရောဆိုပါတော့ ကွယ်၊ သူတို့ အိမ်နားမှာ .. ရေကန်တစ်ကန်လည်း ရှိတယ်ကွဲ့၊ ရေကန်မှာလည်း နဂါးတွေနေတယ်၊ သူတို့ မောင်နှစ်မ အခြေအနေကို  အကဲခပ်နေတဲ့၊ နဂါးမတစ်ကောင်က အစ်မလုပ်သူလဲ မုံ့ရောင်းထွက်သွားရော တစ်ခါတည်း  ဆန်ထောင်းနေတဲ့ မောင်ငယ်လေးဆီ လူယောင်ဆောင် ရောက်လာပါရော၊ နဂါးမရောက်လာပြီး မုံ့တစ်ခုရောင်းပါလို့ ပြောတာပေါ့၊ မောင်ငယ်က “ရောင်းဖို့တော့ မရှိဘူးဗျ၊ ခင်ဗျား စားချင်ရင် မီးဖိုထဲဝင်ယူသွား၊ ၂ခုရှိတယ်၊ ကျုပ်ဖို့တစ်ခုထားခဲ့ လို့ ပြောသတဲ့၊ ဒါနဲ့ နဂါးမလဲ မီးဖိုထဲဝင်သွားပြီး မုံ့တစ်ခုယူရုံတင်မကဘူး၊ ကျန်တဲ့ မုံ့ပေါ်ကို သူ့ နို့ရည်တွေ ညှစ်ချခဲ့တယ်၊ မောင်ငယ်လည်း မုံ့ထောင်းရာက ဆာတာနဲ့ မီးဖိုချောင်ဝင် မုံ့စားတော့တာပေါ့၊ မုံ့လည်း စားပြီးရော၊ တစ်ကိုယ်လုံး ပူလောင်လာတာနဲ့   ရေကန်ထဲ ရေဆင်းချိုးမယ်ဆိုပြီး ကြေးဖလားလေးခေါင်းဆောင်း ရေကန်ထဲ ပြေးဆင်းတော့တာပေါ့၊ ရေကန်ထဲလည်း ရောက်ရော သူ့ ကိုယ်လဲ အေးမြသွားပါရောတဲ့။

ဒါပေမဲ့ မောင်ငယ်လေးဟာ သနားစရာ လူစင်စစ်က နဂါးကလေးဖြစ်သွားရှာသတဲ့ ကွယ်၊ မုံ့ ရောင်းနေရတဲ့ အစ်မကလည်း ဒီနေ့မှ လိုက်ချင်တယ်ပြောတဲ့ မောင်ငယ်လေးကို မခေါ်ခဲ့ရလို့ စိတ်မကောင်းဖြစ်နေရှာ တယ်လေ၊ ဒါနဲ့ မုံ့ အတွင်ရောင်း ခပ်မြန်မြန်ပဲ အိမ်ပြန်လာတယ်၊ “မောင်လေးရေ ... ဘယ်မှာလဲ၊ မမပြန်လာပြီ .. မောင်လေးဖို့  အင်္ကျီလှလှလေးလည်း ၀ယ်လာတယ်” နဲ့ ကစားစရာလည်း ပါတယ်နဲ့ တစာစာပြော၊ တကြော်ကြော်ခေါ်၊ ဟိုရှာ ဒီရှာ ပေါ့၊ ဘယ်မှလဲ မတွေ့၊ အင်း သူ့ကို ခေါ်မသွားရကောင်းလားလို့ စိတ်ကောက်ပြီး ပုန်းနေတယ် ထင်ပါ့ မောင်လေးရေ .. အင်္ကျီလေးဝတ်ကြည်ပါဦး .. အလို ... အို .. ဟိုက ရေကန်ထဲမှာ ကြေးဖလားလေးတလုံးပါလား၊ မျောနေတယ်၊ ဟင် .. ဒါ ဘာလဲ၊ နဂါးခေါင်းလား၊ အမယ်လေး ကိုယ်ကျိုးနည်းပါပြီ၊ မောင်ငယ်လေး နဂါးဖြစ်သွားရော့လား၊ ကယ်ကြပါဘုရား၊ စသည် ပြောဆို အော်ဟစ်ငိုယိုနေပေမဲ့ မောင်ငယ်လေးက ဘာတစ်ခွန်းမှ ပြန်လည် မပြောနိုင်ပဲ .. ရေအောက်ကိုငုပ်လျှိုးပျောက်ကွယ် သွားပါသတဲ့ကွယ်၊ ပုံပြင်လေးကတော့ ဒါပါပဲကွယ်၊ တဲ့ ...

ပြန်အမှတ်ရမိသေးတယ်၊ ဖေဖေ့ဆီမှာ ကြေးဖလားလေးတစ်လုံးရှိတယ်၊ ငယ်ငယ်က ကျွန်မတို့ခေါင်းနဲ့ အရွယ်အစားက အတူတူလောက်ပဲ၊ ပုံပြင်လည်း နားထောင်ရပြီးရော ရေချိုးရင် ကြေးဖလားလေး ခေါင်းဆောင်း .. ဆောင်းပြီး ဆော့ကြတာ နဂါးဖြစ်တော့မယ် .. နဂါးဖြစ်တော့မယ်နဲ့၊ ဖေဖေ့ဆီမှာ စစ်အတွင်းက ကြေးနဲ့လုပ်ထားတဲ့ ကျည်ဆံအခွံကြီးတွေလည်းရှိတယ်၊ ဖေဖေကတော့ ပန်းအိုးလုပ်ထားတာ၊ ဖေဖေကိုးကွယ်တဲ့ ဆာဒူးဘိုးဘိုးကြီးပုံရှေ့မှာ အဲဒီ ကျည်ခွံ ကြေးပန်းအိုးသုံးလုံး ထားတယ်၊ ဂမုန်းပန်းစိမ်းစိမ်းလေးတွေ ကပ်လေ့ရှိတယ်။

ပြီးတော့ မေမေ ပုံပြောရင် “အဖေလုပ်သူ၊ သမီးလုပ်သူ” အဲဒီလိုပြော ပြောပြတတ်တော့၊ အစအနောက်သန်တဲ့ ကျွန်မတို့ မောင်နှစ်မနှစ်ယောက်က “မေမေ ...အဖေလုပ်သူ၊ သမီးလုပ်သူလို့ပဲ၊ လုပ်တာမှ မဟုတ်တာ၊ သူ့ဘာသာဖြစ်နေတာကိုး” လို့ မေးကြသေးတယ်၊ လူကြီးတွေ စကားပြောရင် ရှေးရှေးကပြောပုံဆိုပုံမျိုးနဲ့ ပြောကြတာ နားထောင်ရတစ်မျိုးကောင်းလှတယ်။

ပုံပြင်ထဲက ကျွန်မတို့တွေ (ဟန်ဆဲလ် နဲ့ ဂရဲတဲလ်)

ပုံပြင် ၃

မေမေပြောပြတဲ့ ဟန်ဆဲလ် နဲ့ ဂရဲတဲလ် ...

ဟိုရှေးရှေးတုံးက ..
တောရွာလေးတရွာမှာ အဖေရယ် အမေရယ်  သားလေး Hansel ရယ် သမီးလေး   Gretelရယ်ရှိကြတယ်ကွဲ့၊ အော်... အခုပြောပြမှာက ပြဇာတ်ကွဲ့၊ (အဲဒီတုန်းက မေမေက သူ .. ငယ်ငယ်က သင်ခဲ့တဲ့ ပြဇာတ်တိုလေးတွေကို အပိုင်းလိုက်ပြောပြခဲ့တာ)၊ မေမေ ငယ်ငယ်က  Wesley ကျောင်းမှာနေစဉ် သင်ရတဲ့  reader 1 လား  2 လား  မမှတ်မိတော့ဘူး၊  စာအုပ်ထဲ က  ပြဇာတ်တိုလေးပေါ့။ Hansel & Gretel  တဲ့၊ (အဲဒီလိုလဲ ရှင်းပြခဲ့သေးတယ်)

အဲဒါနဲ့ ပြောရရင် ပြကွက် ( ၁) ဟန်ဆဲလ်တို့ အမေက မီးဖိုနားမှာ ခုံကလေးနဲ့ ထိုင်ပြီး အပ်ချုပ်နေတယ်၊  ဟန်ဆဲလ် က ပြတင်းပေါက်ကနေ အပြင်ကို မျှော်ကြည့်နေတယ်၊ ဂရဲတဲလ်က တယောက်တည်း လှည့်ပတ်ကနေရာကနေ  “မောင်လေးရေ  မမနဲ့  လာကပါလား၊ ပျော်စရာပါကွယ် လာပါ”  လို့ ခေါ်နေတာကိုး၊ ဟန်ဆဲလ်လည်း သူ့အမကိုကြည့်ရင်း စိတ်ပါလာတာနဲ့  .. ”အေးပါ မမရဲ့  ကမှာပေါ့” ဆိုပြီး  အပြေးကလေး တွဲကတော့တာပေါ့။

နောက်ပြကွက်တစ်ခု (၂) အကလွန်တဲ့  မောင်နှမ  စားပွဲပေါ်က နွားနို့အိုးကို ၀င်တိုက်မိပါရော၊ ဘာပြော
ကောင်းမလဲ၊ ဗြန်းကနဲ  ကွဲတော့တာပဲ၊ သူတို့ အမေက အပ်ချုပ်နေရာက  နို့အိုးလဲကွဲတာ မြင်ရော အရမ်းဒေါသထွက်ပြီး  စိတ်ဆိုးလွန်းလို့ “ထွက်သွား ငါ မမြင်ချင်ဘူး၊ ထင်းကောက်ခဲ့ကြ၊ တစ်ယောက်တစ်စည်းရမှ အိမ်ပြန်လာခဲ့”  ဆိုပြီး ဒါဏ်ပေးတာပေါ့။

ပြကွက်(၃)  တောနက်ထဲမှာ ကလေးတွေ မျက်စိသူငယ် နားသူငယ်နဲ့  ထင်းခြောက်တွေ စုနေကြတယ်၊ မောင်လေးက  “မမရေ မောင်လေးတို့ .. ထင်းတွေ ပွေ့ပိုက်အိမ်ပြန်ရင်တောင် မေမေက စိတ်ဆိုးပြေပါ့မလားဟင်၊ နွားနို့ မရှိတော့ဘူးဆိုတော့  မေမေ ဘာနဲ့  မုံ့ဖုတ်မလဲ၊ မောင်လေးတို့ ဘာစားရမလဲ မသိဘူးနော်”  နဲ့  တတွတ်တွတ် ပြောနေရှာတာပေါ့၊ အစ်မလုပ်သူကတော့ ထင်းတွေကိုသာ သဲကြီးမဲကြီး ကောက်နေရှာတယ်။

ပြကွက် (၄) မှာတော့ ကလေးနှစ်ယောက် တောထဲမှာ လမ်းပျောက်ပြီး အိမ်မပြန်နိုင်ပဲ တလယ်လယ်ဖြစ်နေတဲ့အခန်းပေါ့၊

ပြကွက်(၅) မောင်နှစ်မနှစ်ယောက် မှောင်မိုက်နေတဲ့  ညကို ဘယ်လို ဖြတ်သန်းရမလဲ  မသိပေမဲ့ ဘုရားဝတ်ပြုဆုတောင်းဘို့ကိုတော့ မမေ့ကြပါဘူး၊ “မောင်လေးရေ .. မမတို့ ဘုရားရှိခိုးကြမယ်  ကောင်းကင်တမန်တွေကိုလဲ  စောင့်ရှောက်ပေးဘို့ ဆုတောင်းကြရအောင်” လို့ အမဖြစ်သူက  တိုက်တွန်းတယ် ။ ဆုတောင်းပြီးတော့ နှယောက်သား တဦးကိုတဦး တင်းတင်းကြပ်ကြပ် တွယ်ဖက်ရင်း သစ်ပင်ခြေရင်းမှာပဲ မောမောပမ်းပမ်း  နားနေ အိပ်စက်ကြတယ်၊ အိပ်မက်ထဲမှာတော့ angel ခေါ်တဲ့ နတ်တမန်လေးတွေဟာ ဟိုဟို ဒီဒီ ပျံဝဲရင်း ကလေးနှစ်ယောက်ကို စောင့်ရှောက်နေကြပါတယ်၊ သစ်ရွက်ကလေးတွေ အများကြီး ကလေးတွေ ကိုယ်ပေါ်  ခြွေချပြီး   အအေးဒါဏ်ကာကွယ်ဖို့ ခြုံစောင်သဖွယ်  ဖုံးလွှမ်းပေးနေပါတယ်၊ တစ်ညလုံးလိုလို အနီးအနားမှာပဲ ပျံဝဲ စောင့်ရှောက် ပေးနေတြတာပါ၊ ကလေးနှစ်ယောက်ဟာ နွေးနွေးထွေးထွေးနဲ့  အိပ်လို့ ကောင်းနေကြတာမို့ မနက်မိုးလင်းလို့ မျက်နှာကိုနေရောင်ထိုးမှပဲ နိုးလာကြတယ်။ ညက အိပ်မက်ထဲမှာ ကောင်းကင်တမန် နတ်ကလေးတွေ  ပျံဝဲစောင့်ရှောက် ပေးနေကြတယ်လို့ အိပ်မက်မက်တဲ့အကြောင်း တစ်ဦးကိုတစ်ဦး အပြန်အလှန်ပြောပြကြရင်း စိတ်အားထက်သန်စွာနဲ့ ပျော်ရွှင်နေကြတာပေါ့၊

ပြကွက် (၆) မှာတော့ သူတို့နှစ်ဦး ထင်းရှာရင်း  အလွန်လှပတဲ့ ရောင်စုံအိမ်ကလေးတလုံးကို တွေ့မြင်လိုက်ကြတယ်၊ သစ်ပင်ခြုံနွယ်တွေက လေအဝှေ့ တစ္ဆေညည်းတွားသံလိုလို ကြားရပြန်တော့ မောင်ငယ်လေးက ပိုကြောက်တာပေါ့၊ ပြီးတော့  ရောင်စုံအိမ်ကလေးက လှလဲလှ၊ မွှေးလဲမွှေးတာကြောင့်  ရှေ့ကိုတိုးလို့ တိုးလို့စူစမ်းကြတယ်၊ ထူးဆန်းတဲ့ အိမ်လေးလျှို့ဝှက် သွေးဆောင်နေတာကြောင့် ဟန်ဆဲလ်လေး က  စိတ်မထိန်းနိုင်ပဲ  အပြေးကလေးသွားလို့ အိမ်ခေါင်မိုးလေး တစ်စိတ်တစ်ပိုင်းကို ဖဲ့စားလိုက်တာနဲ့ တပြိုင်နက် ..
Little mouse ! Little mouse !
Who is eating my house ? 
ကြွက်ကလေး၊ ကြွက်ကလေး  ငါ့အိမ်ကို ဘယ်သူဖဲ့စားနေသလဲ ---
ဆိုတဲ့အသံ က သစ်ရွက်ကြို သစ်ရွက်ကြားက လေတိုးသံနဲ့အတူ ထွက်ပေါ်လာပါတယ်၊ မောင်လေးက
“ဟော.. ဘာသံလဲ  .. မမရေ” တဲ့၊ မောင်လေးကမေးတော့  မမဂရဲတဲလ်  က မောင်ငယ်လေးကို နှစ်သိမ့်တယ်၊
“ဘာသံမို့လဲ မောင်လေးရဲ့  .. မမဖြင့် မကြားပါဘူး” လို့  မသိကျိုးကျွံပြုလိုက်တယ်၊ မောင်လေးလဲ အတင့်ရဲပြီး နောက်ထပ် မုံ့အိမ်လေးက မုံ့တစ်ဖဲ့ ချိုးစားပြန်ပါရော၊ မုံ့ လည်းစားလိုက်ရော .. စောစော  က အသံက ပေါ်လာပြန်တာပေါ့၊
Little mouse ! Little mouse !
Who is eating my house ? 
ကြွက်ကလေး၊ ကြွက်ကလေး  ငါ့အိမ်ကို ဘယ်သူဖဲ့စားနေသလဲ ---
ဒီတစ်ခါတော့ အသံတင်မကတော့ဘူး၊ ရုပ်ပါ ပေါ်လာတယ်ကွဲ့၊ နှာတံကောက်ကောက်၊ နှဖူးမောက်မောက်၊ မျက်တွင်းဟောက်ဟောက်နဲ့ စုန်းမအိုကြီး တယောက်  တောင်ဝှေးကြီး တဒေါက်ဒေါက်ထောက်ပြီး ပေါ်လာတော့တာပေါ့။
စုန်းမကြီးက  “လာစမ်း.. ကောင်ကလေး၊ နင် ငါ့အိမ်ကိုစားပစ်လို့ ငါလဲ နင့်ကိုပြန်စားရမယ်   ဟီး ..ဟီး”  တဲ့လေ..။

နောက်ဆုံးပြကွက်မှာတော့ ..
စုန်းမအိုကြီးက မောင်ငယ်လေးကို ကြိုးတချောင်းနဲ့ချည်နှောင်ထားတယ်၊ အစ်မကိုတော့ ရေနွေးအိုး မီးထိုးခိုင်းတယ်လေ၊ မောင်ငယ်လေးကို ရေနွေးအိုးထဲထည့်ပြီး ကိတ်မုံ့ဖုတ်စားဖို့ပေါ့၊ ရေနွေးအိုးတယ်လို့ အတန်ကြာတော့ စုန်းမအိုကြီးက  ရေနွေးပွက်ပလားလို့  မမ ဂရဲတဲလ်ကို အကြည့်ခိုင်းတာပေါ့၊ ဥာဏ်သွားတဲ့ ဂရဲတဲလ်လေးက  “ဖွားဖွားရယ်  ကျွန်မအရပ်က ပုပုကလေးရယ်..၊ ဘယ်မှာ ရေနွေးအိုးကြီးကို  ကြည့်လို့ရပါ့မလဲ၊ ဖွားဖွား ကြည့်လိုက်လေ” လို့  ချိုချိုသာသာလေး နဲ့ ပြုံးပြုံးလေး  ကနွဲ့ကယလေး ပြောတာကိုး၊ ဒီတော့ စုန်းမအိုကြီးက နားဝင်သွားပြီး  ကိုယ်တိုင်  အိုးကြီးနားသွားပြီး ငုံ့ကြည့်သတဲ့၊ အိုးကြီးက လူတစ်ကိုယ်လုံးမြုပ်သွားအောင် ကြီးတာကိုးကွဲ့၊

လား .. လား၊ ဒီတော့ မမ ဂရဲတဲလ်လေးက ဘာပြောကောင်းမလဲ၊ တစ်ခါတည်း ပြေးလာပြီး စုန်းမအိုကြီးရဲ့  ခြေထောက် နှစ်ချောင်းအသာမ၊ အိုးထဲ ထည့်ချပြစ်လိုက်တာ .. အိုးကြီးထဲ ဇောက်ထိုးမိုးမျှော် ဦးခေါင်းစိုက်ကျပါလေရောတဲ့၊ စုန်းမကြီးပေါ့။

ဟန်ဆဲလ်လေးလဲ မမဂရဲတဲလ်က နွယ်ကြိုးကြီးဖြည်ပေးလို့  လွတ်မြောက်သွားတာပေါ့၊ ရေနွေးအိုးကြီးထဲ ကျသွားတဲ့ စုန်းမအိုကြီးကိုယ်က အခိုးအငွေ့တွေ လွင့်ပျံလာလိုက်တာ ပိန်းပိတ်အောင် မှောင်ကျသွားသတဲ့၊ အမြင်ရှင်းကြည်လင်လာတဲ့အခါမှာတော့  အိုးကြီးရော စုန်းမကြီးရော မုံ့အိမ်လေးရော မရှိတော့ဘူး၊ အဲဒီနေရာမှာ စိုပြည်လန်းဆန်းတဲ့ သစ်ပင်ပန်းမန်တွေနဲ့လှနေသတဲ့၊  ဒါနဲ့ မောင်နှစ်မ နှစ်ယောက်လဲ အိမ်ပြန်ချင်လှပြီလေ၊ ဗိုက်တွေလဲ ဆာလှပေါ့၊ သနားပါတယ်၊ သူတို့အမေ့ကို မျက်နှာလုပ်ဖို့ ထင်းတွေ အမြန်စုကောက်ကြတာပေါ့၊

ဒီအခါမှာ  ဟိုး အဝေးကနေ.. ဟန်ဆဲလ်ရေ .. ဂရဲတဲလ်ရေ နဲ့ တကြော်ကြော် အော်ခေါ်ရှာဖွေနေတဲ့ အဖေ အမေတွေရဲ့အသံကို ကြားလိုက်ရတယ်၊ အဲဒီအခါမှာတော့ ပြဇာတ်တိုလေးရဲ့  ဇတ်သိမ်းပိုင်းကလေးပေါ့၊ သူတို့ မိဘတွေနဲ့ ပြန်လည် ပေါင်းစည်းတွေ့ဆုံပြီး ပျော်ပျော်ပါးပါးကခုန်လို့  ကိတ်မုံ့တွေစားလို့ .. ချစ်ချစ်ခင်ခင်နေသွားကြသတဲ့ ကွဲ့၊ ပုံပြင်ကလေးကတော့ ...အဲ .. ဟုတ်ပေါင် ပြဇာတ်ကလေးကတော့ ဒါပါပဲတဲ့ကွယ် လို့ အဲဒီလိုပြောပြီး မေမေက စနောက်ခဲ့သေးတယ်၊။

ဟန်ဆန်လ်၊ ဂရဲတဲလ်ပုံပြင်လေးနားထောင်ခဲ့ရတုန်းက စိတ်ကူးနဲ့ ကိတ်မုန့်အိမ်လေးမှန်းဆကြည့်ပြီး စားချင်စိတ်တွေတဖွားဖွား ပေါ်ခဲ့ဖူးတယ်၊ အဲဒီအခါ စိတ်ထဲ ပုံဖော်ထားတဲ့ စုန်းမကြီး၊ ခါးကိုင်းကိုင်း၊ တောင်ဝှေးကြီးနဲ့၊  သူ့ရဲ့ပုံစံကြီးမျက်လုံးထဲပေါ်လာရော၊ ကိတ်မုန့်အိမ်လေးစားချင်စိတ်လေး တစ်ခါတည်းပြေးပါလေရော၊ ငယ်ငယ်တုန်းကတော့ အဲဒီလို ကိတ်မုန့်အိမ်မျိုး တောထဲမှာ တကယ်ရှိနိုင်တယ် ထင်ခဲ့မိတာပဲ၊ အင်တာနက်ဆိုတာလည်း မသိခဲ့သေး၊ အင်တာနက်မှာလည်း မရှာနိုင်ခဲ့၊ စိတ်ကူးနဲ့ ကိတ်မုန့်အိမ်လေး ပုံဖော်ကြည့်ရတာအမောပေါ့၊ နောက်တော့ မေမေ့ဆီမှာ အသုံးအဆောင် ပစ္စည်းတွေအကုန်ပါတဲ့အင်္ဂလိပ်စာအုပ်ကြီးတစ်အုပ် ရောက်လာတယ်၊ တကယ်က အင်္ကျီပုံစံတွေကြည့်ချင်လို့ပါ၊ မေမေက အကျီလည်းချုပ်တတ်တယ်၊ အနောက်တိုင်းဂါဝန်ပုံလှလှလေးတွေ သမီးတွေ ချုပ်ပေးချင်တော့ အဲဒီစာအုပ်ကြီးဝယ်လာတာတဲ့၊ ဘယ်က၀ယ်လာလဲတော့ မသိပါဘူး၊ အဲဒီ အင်္ဂလိပ်စာအုပ်ထူကြီးရလာတဲ့နေ့က ပုံလှလှလေးတွေကြည့်ပြီး ထမင်းဟင်းမေ့ ပျော်နေခဲ့တာ မှတ်မိပါသေးရဲ့၊ စာရွက်တွေ တစ်ရွက်ချင်း တစ်ရွက်ချင်း ... သေချာလှန်ကြည့်နေရင်း တစ်နေရာရောက်တော့ ကိတ်မုန့်အိမ်ပုံလေးတွေ့လိုက်ရတယ်၊ အိုး ပျော်လိုက်တာ၊ အနားမှာလည်း အဖွားအိုကြီးတစ်ယောက်ပုံ၊ ပြီးတော့ ကလေးလေး ၂ ယောက်ပုံလည်းတွေ့တယ်၊ သေချာပြီပေါ့၊ ဒါ ဟန်ဆဲလ်နဲ့ ဂရဲတဲလ်ပဲ၊ မေမေ့ကို ချက်ချင်းပြေးပြီးမေးမိခဲ့တယ်၊ “မေမေရေ ဒါ ဟန်ဆဲလ်နဲ့ ဂရဲတဲလ်လား၊ ဒါကရော ကိတ်မုန့်အိမ်လေးလား၊ ဟုတ်လားမေမေ” လို့ မေးခဲ့တယ်၊ မေမေ က “အိုး .. ဟုတ်ပါရဲ့ .. ဒါလေးက ဟဲန်ဆဲလ်လေးပေါ့၊ သူက ဂရဲတဲလ်လေး၊ ဒါ စုန်းမကြီးပေါ့၊ မေမေပြောတဲ့စုန်းမကြီးပုံစံနဲ့ တူရဲ့လား” လို့ မေမေက ပြန်မေးတယ်၊ ကျွန်မကတော့ “သိပ်တူတာပဲပေါ့၊ စာအုပ်ထဲမှာတော့ သမီးထင်ထားတာထက် အရပ်ကပုနေတယ်” လို့ ပြန်နောက်မိတယ်၊ စာအုပ်ကြီးထဲမှာက ကတွန်းရုပ်ပုံစံလေးတွေကိုး၊ မေမေပုံပြောတိုင်း ကိတ်မုန့်ဖုတ်တယ် ဆိုတာ ကြားရရင်လည်း သိပ်စိတ်ဝင်စားတာပဲ၊ ကျွန်မတို့ကကိတ်မုန့်ဆိုတာ ဆိုင်က၀ယ်စားကြတဲ့လူမျိုးတွေကိုး၊ ကိုယ်တိုင်မှ ကိတ်မုန့်ဖုတ်လေ့မရှိတာပဲနော်။

ပုံပြင်ထဲက ကျွန်မတို့တွေ (ရွှေယုန်ရွှေကျား)

ပုံပြင် ၂

နောက်ပုံပြင်တစ်ပုဒ်က ရွှေယုန်ရွှေကျားပါ၊
ရှေးရှေးတုံးက  ရွှေယုန်နဲ့ ရွှေကျား ဆိုတဲ့ သူငယ်ချင်း အကောင် ၂ကောင်ရှိကြတယ် တဲ့၊   ရွှေယုန်က ပညာဥာဏ်အမျှော်အမြင်ကြီးပြီး ကောက်ကျစ်တဲ့ စိတ်ရှိတယ်၊ ရွှေကျားကြီးကတော့ သိပ်ရိုး သိပ်အ သတဲ့၊ သူက ဘာမှ မစဉ်းစားဘူး၊  သူများပြောတိုင်း ယုံတတ်တယ်၊ တစ်နေ့တော့ ....ရွှေယုန်နဲ့  ရွှေကျား တို့ နှစ်ကောင်သား လမ်းမှာဆုံကြသတဲ့၊ ဒီတော့ “မိတ်ဆွေ ယုန်ကလေးရေ... အသင် ဘယ်ကိုများသွားမလို့ လဲ” လို့ နှုတ်ဆက်မေးမြန်းသတဲ့၊ ဒီအခါမှာ  အလွန်အကြံကြီးပြီး သူတပါးကို ချလေ့ရှိတဲ့ ရွှေယုန်က   “သက်ကယ်ရိတ်သွားမလို့၊ မိတ်ဆွေ ကျားကြီးရေ ... လိုက်ခဲ့ပါလားဗျ” လို့ သွေးဆောင်ခေါ်ငင်သတဲ့၊ ရွေှ့ကျားလဲ  မနေသာပဲ လိုက်ရတာပေါ့၊  ထမင်းထုပ်ကလေးတွေ ကိုယ်စီနဲ့ပေါ၊ သက်ကယ်ရိတ်ထွက်လာကြရော ဆိုပါတော့၊  ဒါနဲ့  သက်ကယ်တောထဲ ရောက်ရော၊ ရွှေကျားကတော့  နေမပူခင် အလုပ်ပီးအောင်ဆိုပီး ကြိုးကြိုးစားစား လုပ်သတဲ့၊ ထမင်းလဲ မစားသေးဘူး၊ အထုပ်ကလေးဘေးမှာချပီး သက်ကယ်ရိတ်နေတာကွဲ့၊ ရွှေယုန်ကတော့  ဘယ်ဒီလိုဟုတ်မလဲ၊ သူ့ကိုယ်သူ ပညာရှိဆိုပီးတော့  ရွှေကျားအပေါ်  အမြဲ အသာစီးယူတယ်၊ နောက်ပီး ထမင်းထုပ်တွေဖြည်စားတော့တာပဲ၊ ရွှေကျားအထုပ်ကိုပါ ပြောင်သလင်းခါအောင်စားတာ၊ စားပြီး ရွှေကျားထမင်းထုပ်ထဲကို  နောက်ချေးတွေရယ်  သလဲ တွေရယ် ထည့်ထားသတဲ့၊ ထည့်ပြီး  နောက်ကျရင် နောက်ချေးနဲ့ သလဲပဲ စားရမယ်ဗျို့ လို့  အော်ဟစ်ပြောလိုက်သေးတာကွဲ့ ၊ ရွှေကျားတို့ အ ပုံများ .. ရွှေယုန်က သူ့ ကို ကျီစယ်တယ်ထင်နေတာ။

အလုပ်ပြီးလို့ ထမင်းလဲ ဆာပြီဆိုမှ စားမယ် ကြံတော့ ထမင်းထုပ်ကကျောက်ခဲ သလဲတွေ ဖြစ်နေတာတွေ့ ရသတဲ့၊ ဒါလဲ သူက ဘာမှ မပြောဘူး၊ တကယ်လည်း သူက နောက်ကျမှ စားတာဆိုတော့ ထမင်းတွေလည်း တကယ်ကျောက်ခဲ သလဲတွေ ဖြစ်ကုန်တယ် ထင်နေရှာတာကွဲ့၊ ဒါနဲ့ ... နေကလဲ တော်တော်စောင်းလာပြီဆိုတော့ ရွှေယုန်က ပြန်မယ်လုပ်ကရော၊  သူနေမကောင်းလို့ပါတဲ့၊ ခင်ဗျားကျောပေါ်က လိုက်ခဲ့ပါရစေ တဲ့၊ မာယာများပြတယ်၊ “သက်ကယ်တွေရော” လို့ မေးတော့ “ဒါများဗျာ၊ မေးနေရသေးလား ခင်ဗျားကျောပေါ်ပဲ တင်ယူရမှာပေါ့ ကျုပ်က အကောင်ငယ်တာကိုး၊ ခင်ဗျားက သန်မာထွားကျိုင်းလွန်းတဲ့ ကိုယ်ခန္ဓာရှိတဲ့ဥစ္စာကို” လို့  ပြောသတဲ့၊ ဒီတော့ ရွှေကျားလဲ“ဟုတ်သားပဲ”  ဆိုပြီး “သက်ကယ်တွေ ကျုပ်ကျောပေါ်တင်ဗျို့ ”လို့ ဆိုသတဲ့၊ သက်ကယ်တွေအကုန်တင်ပြီးတော့ ရွှေယုန် သက်ကယ်ပေါ်က အိပ်လိုက်လာသတဲ့၊  လမ်းတစ်ဝက်လောက်ရောက်တော့ ရွှေယုန်က  မီးခြစ်ခြစ်သတဲ့၊ ဘာလုပ်တာလဲဗျ လို့  ရွှေကျားကမေးတော့ ရွှေယုံက ကျုပ် ဖျားနေတယ်ဗျ၊ ချမ်းလွန်းလို့ မေးရိုက်တာပါလို့ ဖြေသတဲ့၊  ဒီလိုနဲ့  မီးခြစ်လိုက်၊ မေးရိုက်တာပါပြောလိုက်နဲ့ သက်ကယ်တွေ မီးစွဲ ပါလေရော၊ ရွှေယုန်လဲ  မီးဗျို့  ...မီး....မီး  လို့ အော်ပြီး ရွှေကျားကြီးကျောပေါ်က ခုန်ဆင်းပြေးသတဲ့၊ ရွှေကျားကြီးလည်း သနားပါတယ် တော်ရုံအတာမဟုတ်ဘူး၊ နလဗိန်းတုံး  အ တာဆိုတော့ ကျောကိုလဲ မီးလောင်ခံရသတဲ့၊ အဖုအပိန့်တွေ က ပူစပ်ပူလောင်ဖြစ်တာပေါ့၊ တောင်စဉ်ရေမရ လျှောက်ပြေးရင်း အော်နေရှာတာ၊ သနားပါတယ်ကွယ်၊ ကယ်ကြပါ ဗျို့ .. ကယ်ကြပါဗျို့  နဲ့ တစာစာအော်ပြေးနေတော့ ရွှေယုန်က ရွှေကျားရှေ့က ကြိုရောက်နှင့်နေပြီး၊ သောင်ပြင်မှာ သွားလူးလိုက် လို့  ချောက်ချတာကိုလည်း အဟုတ်မှတ်ပီး သူ့ခမြာ သဲသောင်တွေထဲ လှိမ့်ကာ လှိမ့်ကာ လူးသတဲ့၊ လူးလေ လှိမ့်လေ မီးလောင်ဖုတွေက ပြဲလေ ဖြစ်ပီး ဆိုးသည်ထက် ဆိုးကုန်တာပေါ့။

နောက်ဆုံးတော့ ရွှေယုန်က ရှေ့ က ကြို ကြို ရောက်နှင့်နေအောင်  ဖန်တီးပြီး သူ့ ကိုယ်..ကို တခြားယုန်တစ်ကောင်သဖွယ် မသိကျိုးကျွံပြုမေး သတဲ့၊ ရွှေကျားကြီးမျက်စိထဲ မှာ  တခြား ရွှေယုန်တကောင်လို့ ပဲ ထင် ထင်နေရှာတာ၊ နောက်ဆုံးတော့ “ခင်ဗျားနှယ်ဗျာ... ဒီလောက်အနာလေးများ  မကြောက်နဲ့၊ အရှေ့ က ချောက်ထဲသာခုန်ချလိုက် ပြီးရောလို့  ပြောသတဲ့၊ ရွှေကျားလဲ အဟုတ်မှတ်ပီး  ချောက်ထဲ တကယ်ခုန်ချလိုက်တာ တစ်ခါတည်း ဘ၀ဇာတ်သိမ်း ငြိမ်းသွားပါလေရောတဲ့။

ကျားပေါက်သီချင်းသံကလည်း နားထဲကို ပြေးပြေးပြီးဝင်လာတတ်ပါသေးရဲ့၊ လိမ်ညာဖြီးတဲ့ ရွှေယုန်လေးအပြောမှာ ယုံတတ်လွန်းတဲ့ မောင်ကျားကြီး ကိုယ်ကျိုးတွေ နည်းသွားရှာတာပေါ့၊ ကျွန်မတော့ ရွှေယုန်လေးလို ရွှေကျားတွေကို လိမ်ညာမဖြီးခဲ့သလို ကွန်မကြောင့် ချောက်ထဲခုန်ချခဲ့ကြတဲ့ ရွှေကျားကြီးတွေလည်း တစ်ယောက်မှ မရှိခဲ့ဘူးလို့ ထင်မိတာပါပဲ။

ပုံပြင်ထဲက ကျွန်မတို့တွေ (လိပ်ကမ္ဘာမကြီး)

ပုံပြင် ၁

ကျွန်မငယ်ငယ်က ပုံပြင်တွေနားထောင်ရတာ သိပ်ကြိုက်ပါတယ်၊ ကျွန်မမေမေ က ပုံပြောသိပ်ကောင်းတယ်၊ အဲဒီတုန်းက ကျွန်မက ပုံပြင်နားထောင်သူပေါ့၊ နောက်တော့ ကျွန်မမှာ တူလေးတစ်ယောက်ရလာခဲ့တယ်၊ တူလေးအတွက်တော့ ကျွန်မက ပုံပြင်ပြောတဲ့သူ ဖြစ်သွားပြန်ရော၊ ကျွန်မပြောတဲ့ ပုံပြင်တွေက မေမေပြောပြဖူးတဲ့ ဖားမရုပ်ဆိုးလေး၊ မြွှေမင်းသား၊ မောင်နီ မစီ၊ လိပ်ကမ္ဘာမကြီး အဲဒီပုံပြင်တွေတော့ မဟုတ်ပါဘူး၊ ကျွန်မက တူလေးကြိုက်တဲ့ စူပါမင်း၅ယောက်ကို၊ ကာတွန်းအောင်ရှိန် ဇာတ်ကောင် တီထွင်ပါရဂူဖိုးဆိတ်ဖြူ၊ ကိုပူစီ၊ မောင်စူပါ၊ ဦးစိတ်တို မျောက်ညို၊ သူတို့ တွေအားလုံးနဲ့ ပေါင်းပြီး ကြုံသလိုဇာတ်လမ်းဆင်ပြောပြလိုက်တာ၊ တူလေးက ရယ်စရာ အင်မတန်ကြိုက်တယ်၊ ကျွန်မလိုပဲ ဂြိုဟ်သားတွေ ပန်းကန်ပြားပျံတွေလည်း သိပ်ကြိုက်တယ်၊ အဲဒါတွေအကုန်လုံးကို ပေါင်းထည့်ပြီး ရယ်စရာဖြစ်အောင်ပြောရတာပါပဲ၊ “ဟိုးရှေးရှေးတုန်းက ရှေးရှေးကြီးတစ်ကောင်ရှိတယ်”  လို့ စပြောတာနဲ့၊ တူလေးက “အန်တီပကလည်း လုပ်ပြီ” ဆိုပြီး တခွီးခွီးရယ်တော့တာ၊ ကျွန်မက လျှောက်ပြောလည်း တူလေးကတော့ သဘောတွေကျ၊ အိပ်ရာဝင်ခါနီး မအိပ်နိုင်ပဲ တခွိခွိလုပ်နေလို့ တူလေး မေမေက “သားလေး အိပ်တော၊့ အိပ်တော့” လို့ သတိပေးရတဲ့ ညတွေလည်းမနည်းပါဘူး၊ တူလေးနဲ့ ပုံပြောပြဖူးတဲ့ ညတွေအကြောင်းပြန်စဉ်းစားမိတော့ ကျွန်မနားထောင်ခဲ့ရဖူးတဲ့ မေမေ့ရဲ့ပုံပြင်ပြောတဲ့ညတွေဆီကို အတွေးတွေက ရောက်သွားလိုက်တာ ...
--------------------------------------------------------------
ညတွေမှာ ကျွန်မတို့ မိသားစုအိပ်တဲ့အခန်းကျယ်ကြီးထဲက ကွပ်ပြစ်ကြီးပေါ်မှာ ကျွန်မရယ် ကျွန်မအထက်က ၂နှစ်ပဲကြီးတဲ့ အစ်ကို ရရရယ် ကို မေမေက ညတိုင်းလိုပဲ ပုံပြင်တွေပြောပြတတ်တယ်၊ မေမေ ပုံပြောပြတဲ့အချိန်က ကျွန်မတို့ရဲ့ အစ်ကိုအကြီးဆုံး ကိုကို သူငယ်ချင်းတွေနဲ့ လဘက်ရည်ဆိုင်ထိုင်ပြီး ပြန်လာတဲ့အချိန်မျိုးပေါ့၊ ကျွန်မမေမေက ကလေးတွေအများကြီးမွေးထားတယ်၊ ကျွန်မမှာဆို အစ်ကိုက သုံးယောက်၊ အစ်မက သုံးယောက်တောင်ပဲရှိနေရဲ့၊ ကျန်တဲ့ အစ်ကို အစ်မတွေတော့ မေမေပုံပြောတဲ့အချိန်ဘာလုပ်နေတယ် မပြောတတ်ဘူး၊ အစ်ကိုအကြီးဆုံး ကိုကိုကတော့ အပြင်ကလည်ပြီး ပြန်လာတာနဲ့ ကျွန်မတို့ ကြားထဲ သူကိုယ်လုံးအကြီးကြီးကို ပစ်ထည့်ပြီး တိုးဝှေ့အိပ်ရင်း လာနားထောင်တတ်တယ်၊ ကျွန်မတို့က စိတ်ဝင်စားနေပြီဆို သူကလည်း မျက်လုံးကအ၀ိုင်းသား၊ ကလေးလေးလည်း မဟုတ်ပါပဲ ကျွန်မတို့နဲ့ အပြိုင် ပုံကြိုက်တတ်သေးတယ်။

မေမေ ပြောပြဖူးတဲ့ ပုံပြင်တွေထဲက လိပ်ကမ္ဘာမကြီးဆို သိပ်သနားဖို့ကောင်းတာပဲ၊ မေမေဘယ်နှစ်ခါပြောပြော ကျွန်မတို့ နားထောင်ရတာရိုးမသွားဘူး၊ မေမေက ပုံပြောရင် အသံနေအသံထားနဲ့ ပြောတတ်တယ်၊ ကြောက်စရာကောင်းတဲ့ နေရာများရောက်ပြီဆိုရင် “လား .. လား ..” လို့  မေမေက အသံကို ခပ်တိုးတိုး ဖြည်းဖြည်းလေးလေး .. လေး ပြောပြီး ပုံကိုခဏရပ်ထားတတ်တယ်၊ အဲဒီအချိန်များဆို ကျွန်မနဲ့ အစ်ကိုရရတော့ နှစ်ယောက်သားတိုးနိုင်သမျှတိုးကပ်၊ ကိုယ်လေးတွေကျုံ့၊ အသက်ပြင်းပြင်းမရှုရဲ၊ မေမေ့ရဲ့ “လား ... လား” အပြောအောက်မှာ မလှုပ်ရဲအောင် ကြောက်ခဲ့ကြရသေးတယ်၊ သိပ်လည်း သဘောကျခဲ့ကြတယ်၊ တစ်ခါတစ်လေ ရှေးရှေးကအကြောင်းတွေ ပြန်ပြောပြတဲ့အခါ မေမေ့ရဲ့ အမေအကြောင်း(ကျွန်မတို့ရဲ့အဖွားပေါ့) ပြောရင် “မေမေတို့ အမေများဆိုရင်” လို့ အစချီပြီးပြောတတ်တယ်၊ အဲဒီအခါကျ ကျွန်မမှာ အဆန်းတကြယ်ဖြစ်လို့နေရော၊ “မေမေရယ် အမေ၊ အဖေက တစ်ယောက်တည်းဟာ ဘာလို့ အမေများ၊ အဖေများလို့ ပြောတာလဲ” လို့ မေးလည်း မေမေ ကတော့ ရယ်နေတာပါပဲ၊ “မေမေတို့ အမေများကလေ .. မေမေတို့အဖေများလက်ထက်ကဆို” .. အဲဒီလို အပြောမပျက်ပါဘူး၊ ကြာတော့ ကျွန်မတို့ မေမေပြောပြတဲ့ အလေ့အကျင့်ကို အလွတ်ရသွားတော့တယ်၊ မေမေ့ကို လည်း “မေမေတို့ အမေများဆိုရင်” လို့ ကျွန်မ စနောက်တတ်လာခဲ့တယ်။

ကျွန်မရဲ့အတွေးတွေ တော်တော်ဝေးဝေးနေ့ရက်တွေအထိ ပြန်ရောက်သွားလေရဲ့ ..
ငယ်ငယ်က နေ့ရက်တွေထဲက မေမေ့ပုံပြင်လေးတွေဆီ ...
--------------------------------------------------------------
မေမေပြောပြဖူးတဲ့ပုံပြင်တွေကို ပြန်ပြောပြချင်ပါသေးတယ်၊

ဒါကတော့ လိပ်ကမ္ဘာမကြီးပုံပြင်ပေါ့ ...

ဟိုရှေးရှေးတုံးက ပင်လယ်ကြီးအနီး ကမ်းစပ် ရွာတရွာမှာ တံငါသည် အဖိုးကြီးနဲ့  အဖွားကြီး နှစ်ယောက်ရှိသတဲ့၊ သူတိုမှာ မထွေး လို့ ခေါ်တဲ့ သမီးပျိုလေးတယောက်ရှိတယ်၊ တစ်နေ့ တော့ ငါးဖမ်းထွက်ကြရာမှာ ငါးတွေကလဲ တော်တော်မိသတဲ့၊ ခါတိုင်းနဲ့ မတူဘူး၊ ဒီတော့ အဖွားကြီးက ပျော်ပီး ငါးတကောင်ရတိုင်း “ငါ့သမီးမထွေး ဈေးတင်ဘို့” လို့  လွတ်ကနဲ အော်မိသတဲ့၊ အော်လိုက်တာနဲ့  အဖိုးကြီးလက်က ငါး က လျောကနဲ လွတ်ကျသွားပါလေရော၊ တစ်ခါလဲမဟုတ် နှစ်ခါလဲမဟုတ်  မအော်ပါနဲ့ ပြောလည်းမရ၊  တစ်ခါမိ တစ်ခါအော် တစ်ခါကျ ဆိုတော့  အဖိုး စိတ်မရှည်တော့ဘူး၊ တက်မကြီးနဲ့ ရိုက်ချပစ်လိုက်တာ တခါတည်းရေထဲ ကျ သေပါလေရောကွယ်၊ ရေထဲလဲ ကျ ရော  တဆက်တည်း  လိပ်မကြီးဖြစ်သွားရောတဲ့၊ လိပ်က အကြီး ကြီး၊ ကမ္ဘာလောက်ကြီး၊ ဒါနဲ့ အဖိုးကြီးလဲ စိတ်မကောင်းဖြစ်ပီး  ပိုက်ကြီးထမ်း အိမ်ပြန်လာရတာပေါ့၊ မထွေးလေးလည်း အမေကော အမေကောနဲ့  မမြင်လို့   တတွတ်တွတ် မေးသတဲ့၊ အဖိုးကလဲ တခြားကို လွှဲ လွှဲပြောသတဲ့၊  မိုးစုန်းစုန်းချုပ်လို့  မှောင်လာတော့ မထွေးလေးက အိမ်ကနေ တိတ်တိတ်ထွက်ပီး ပင်လယ်ဘက်သွားသတဲ့၊ ကမ်းစပ်ရောက်တော့   လိပ်မကြီးက ကမ်းပေါ်တက်လာပီး  သူ သမီး ပေါင်ပေါ် မေးတင်လို့  မျက်ရည်တွေစီးကျလာသတဲ့ ကွဲ့၊ ဒီတော့မှ မထွေးလေးလည်း အဖြစ်မှန်သိတော့တယ်၊  ဒါပေမဲ့ ဘာမှ မတတ်နိုင်တော့ဘူးလေ၊ အိမ်ပြန်လမ်း တလျှောက်လုံး ငိုရုံပဲ တတ်နိုင်တော့တာကွဲ့၊ နောက်နေ့  နောက်နေ့တွေမှာလည်း မထွေးလေးက  သူ့အမေ ရှိရာ သဲသောင်စပ်ကိုသွား သွားပြီး လိပ်ကမ္ဘာမကြီးနဲ့  စကားပြောလေ့ရှိတယ်။

ရက်နည်းနည်းရလာတော့ အဖိုးကြီးက  ဆေးပေးမီးယူ အမည်တတ်ပီး  မိန်းမတယောက် ကောက်ယူ လိုက်ပါရောတဲ့ကွယ်၊  သူ့ မှာလဲ သမီးတယောက်က ပါလာသေးတာကွဲ့ ၊ အရုပ်ဆိုးလွန်းတာကြောင့်   မရုပ်ဆိုးလို  အများကခေါ်ကြလို့  အဲဒီ့အမည်တွင်နေတယ်၊ အဲဒါနဲ့  ဒီလို မထွေးလေး အိမ်က ပျောက် ပျောက်သွားတာကို  မသင်္ကာဖြစ်ပီး  နောက်မိန်းမက လိုက်ချေုာင်းသတဲ့ကွဲ့၊  အကြောင်းစုံသိသွားပြီး အိမ်ရောက်တော့ နေမကောင်းချင်ဟန်ဆောင်သတဲ၊ အိပ်ယာအောက်မှာ  မုံ့လေပွေတွေထားပီး ဟိုဘက်လှိမ့်လဲ ဂျိုးဂျိုးဂျွှတ်ဂျွတ်  ဒီဘက်လှိမ့်လဲ ဂျိုးဂျိုး ဂျွတ်ဂျွတ် .. အောင့်မယ်လေး  ..အမေ့ အရိုးတွေ ကျိုးရချည့်ရဲ့  ..လို့  အော်အော် ငိုသတဲ့၊ မူယာမာယာများတာလေ၊ မဟုတ်ပဲနဲ့၊ နောက်တော့ ... အဖိုးကြီးကို လဲ  ဗေဒင်မေးခိုင်းသတဲ့၊ ဗေဒင်ဆရာက ငွေပေးပြီး စကားထည့်ထားတဲ့အတိုင်း  လိပ်ကမ္ဘာမကြီးအသားကို စားမှ ဒီရောဂါ ပျောက်မယ်လို့  အဟောထွက်တာပေါ့။

အဲဒါနဲ့ .. အဖိုးကြီးလဲ လိပ်ကမ္ဘာမကြီးဖမ်းဖို့  ပိုက်ကြီးဆွဲ ထွက်သွားသတဲ့၊ တကယ်တမ်း ဖမ်းဘို့ ကျတော့  မလွယ်လှပါဘူး၊ လိပ်မကြီးက အဖိုးကြီး ပင်ပန်းဆင်းရဲနေတာ သနားပြီး အဖမ်းခံတော့မှ မိသွားတာပါ၊ အိမ်ရောက်တော့လဲ  မထွေးကို မီးထိုးခိုင်းသတဲ့၊ လိပ်မကြီးကို အိုးထဲ ထည့် မီးတိုက်တော့တာလေ၊  လိပ်ကမ္ဘာမကြီးလဲ တင်းခံနေတော့ မကျက်နိုင်ဘူး၊ မကျက်နိုင်လေ မထွေးလေးကို ရိုက်လေပဲ၊ ကြာတော့ မထွေးက အရှိုးရာတွေ ဗလပွ ဖြစ်လာတော့ “အမေရယ်  မြန်မြန် ကျက်ပါတော့ သမီး အသားတွေ ကွဲ ကုန်ပါပြီ” လို့  ငိုရှာသတဲ့၊  ဒီတော့မှ လိပ်ကမ္ဘာမကြီးလဲ ကျက်သွားတော့တယ်ကွယ်၊ ကျက်လဲ ကျက်ရော တအိမ်လုံးဝိုင်းစားကြသတဲ့၊ မထွေးတယောက်ကတော့ သူ့ အမေမှန်း သိနေတာမို့  ဘယ်စားရက်မလဲ ကွယ်၊ အင်္ကျီလေးလက်နဲ့  မျက်ရည်တွေသုတ်ပီး အရိုးတွေ လိုက်ကောက် သတဲ့၊ ရသရွေ့ အရိုးတွေ ကို ပေါင်းစုပီး အိုးတလုံးထဲထည့် မြေမှာမြှုပ်သတဲ၊ မနက်မိုးလင်းတော့ အဲဒီ မြှုပ်ထားတဲ့အိုးက အိမ်အ၀င်ဝမှာဆိုတော့ လူတိုင်းရပ် ရပ် ကြည့်ကြသတဲ့။

မြှုပ်ထားတဲ့ မြေအိုးနေရာက အဲဒီမြေအိုးကလေးထဲက ရွှေပင်ငွေပင်တွေ ပေါက်လာတာကိုးကွယ်၊ နောက်နေ့မှာပဲ ဘုရင့်သားတော်လေးတပါးက  တောကစားထွက်လာရင်း တွေ့သွားတာကိုး၊ ဒီတော့ ဒါ ဘယ်သူ့အပင်လဲ မေးရော  မရုပ်ဆိုးက  သူစိုက်ထားတဲ့ အပင်ပါလို့  ဖြေသတဲ့၊ ဒီတော့ မင်းသားလေးက “ငါ့လက်တော်ကိုဆက်” လို့ မိန့်တာကိုး၊ မရုပ်ဆိုးလဲ ရွှေပင်ငွေပင်တွေကို အသေ ဆွဲနှုတ်တာတာပေါ့၊ ဘယ်ရမလဲ၊ မရဘူးပေါ့၊ ဒီတော့မှ မထွေးက ရှေ့ တိုးလာပီး “ဘုရားတပည့်တော်မ  သစ္စာဆိုပါရစေ” လို့ ပြောသတဲ့၊ မင်းသားလေးက “ဆိုစေ” လို့ ပြောမှ  မထွေးလေးက သစ္စာဆိုသတဲ့၊ “ဒီရွှေပင် ငွေပင်များသည် အကျွန်မ မိခင် လိပ်ကမ္ဘာမကြီးအရိုးမှ အပင်ပေါက်လာသည်မှန်လျှင် အကျွန်မလက်ပေါ်သို့  အသာအယာ ရောက်ရှိလာပါစေသတည်း” လို့ လဲ ဆိုလိုက်ရော.. လား .. လား .. အံ့သြစရာကွယ် တခါတည်း အိုးကလေးက  မထွေးလက်ပေါ် ရောက်လာတာပေါ့၊  မထွေးက မနှုတ်ရဘူး။  အဲဒီနေ့ ကစပြီး မထွေးလေးက  အိမ်ရှေ့ မိဖုရားကြီးဖြစ်သွားပါရောတဲ့ကွဲ့၊ မင်းသားလေးက မထွေးလေးကို သနားပြီး သူ့ တိုင်းသူ့ ပြည် ခေါ်သွားတယ်၊ မိဖုရားမြှောက်လိုက်တာလေ။

တစ်နေ့တော့ နောက်မိန်းမက မထွေးလေးကို မနာလိုဖြစ်ပီး အကောက်ကြံပါလေရောကွယ်၊ ငါ့သမီး မိဖုရားကြီးဖြစ်ပီးမှ တစ်ခါမှလဲ မတွေ့ရဘူး၊ အမေတို့ အိမ် လာလည်ပါအုံးကွဲ့လို့ စာပို့သတဲ့၊ ဒါနဲ့  မင်းသားလေးကလည်း ခွင့်ပြုတာမို့ မထွေးလေးက အိမ်ကို ပြန်လာလည်သတဲ့၊ အခမ်းအနား အဆောင်အယောင်မပါဘဲ သာမန်လူ တယောက်လိုပဲ သူက အိမ်ကိုပြန်လာတာကွဲ့၊ ဒီမှာတင် အကြံများတဲ့ နောက်မိန်းမက  လက်ဝတ်ရတနာ အနည်းငယ်ပါလာတာကို ချွတ်ပြခိုင်းပီး ယူထားသတဲ့ ကွယ်၊  ပြီးမှ  ထမင်းစားကြမယ်ဆိုပီး မထွေးကို ထမင်းကြွေးတာပေါ့၊ သူတို့  ထမင်းဝိုင်းစားနေတုံး နောက်မိန်းမက ဇွန်းတွေ ကို  အိမ့် အောက်  လွှတ် လွှတ်ချပါသတဲ့၊  ကြမ်းပေါက်ကနေ ဇွန်းတွေလဲ ကျ သွားရော   နောက်မိန်းမက  မထွေးလေးကို ဆင်းကောက်ဖို့ ပြောတယ် ကွဲ့၊ သူက အကြံနဲ့ ခိုင်းတာ၊ မထွေးလေးက မသိရှာဘူး၊ ရိုးရိုးသားသားပဲ မှတ်ပြီး အိမ့်အောက်ထဲဝင် ဆင်းကောက်တာပေါ့၊  ဒီတော့ မိထွေး က အိမ်ပေါ်ကနေ အသင့်ကြိုထားတဲ့  ရေနွေးပူတွေ လောင်းချလိုက်တာ  တစ်ချီထဲ သေရှာပါလေရော၊ သေတော့ မထွေးလေးက ဗျိုင်းမလေးဖြစ်သွားတယ်တဲ့ ကွဲ့၊ ဗျိုင်းကလေးတို့  ဘာသာဘာဝ ဟိုပျံသည်ပျံ ၀ဲပျံနေလာရာက တစ်နေ့ တော့  ရှင်ဘုရင့်သားတော် အိမ်ရှေ့မင်းသားလေးက တောကစားထွက်လာပြန်တာပေါ့၊ ဒီတော့ တောထဲမှာဟိုဟိုဒီဒီ ပျံဝဲ နေရရှာတဲ့ ဗျိုင်းကလေး က မင်းသားလေးပခုံးပေါ် ၀မ်းပမ်းတသာ လာနားပါလေရော၊ မင်းသားလေးကလဲ ထူးဆန်းတဲ့ ဗျိုင်းကလေးကို သနားပြီး ရွှေနန်တော်ကြီးကို ခေါ်သွားတာပေါ့ကွယ်၊ ဒီအခါမှာ  နောက်မိန်းမက သူ့သမီး မရုပ်ဆိုးကို  မိဖုရား မထွေးလေး အ၀တ်အစားတွေ ၀တ်ပေးပီး ရွှေနန်တော်ကြီးဆီ ပြန်လွတ်တာပေါ့။  မထွေးလေး ဟန်ဆောင်ခိုင်းတာပေါ့။

နန်တော်ရောက်တော့ မင်းသားလေးကမယုံဘူး၊ ဒါပေမဲ့ သူက မေးခွန်းတွေပဲ မေးတယ်၊ နှာခေါင်းကြီးက ဘာလို့  ရှည်သလဲ၊ မျက်နှာ ဘာလို့ ကျောက်ပေါက်မာတွေ ဖြစ်နေတာလဲ၊ စသည်မေးတာပေါ့၊ မရုပ်ဆိုးကလဲ ရှောက်ဖြီးတာပေါ့၊ မောင်တော့်ကို လွမ်းလွန်းလို့  ငိုတော့ နှာရည်တွေထွက်လို့  နှပ်ညှစ်ရလွန်းလို့  နှာခေါင်းရှည်လာတာတို့ ခြတောင်ပို့ နားမှာ သွားငိုလို့ မျက်နှာခြကိုက်ဒါဏ်ရာရတာတို့  လိမ်ညာပြောတာပေါ့၊ တစ်နေ့  ကျတော့ မရုပ်ဆိုးက မိဖုရားမထွေးလေး ယက်တဲ့ယက္ကန်းစင် ထိုင်ပီး မတတ်ပဲနဲ့   ဟိုလုပ် ဒီလုပ် လုပ်နေတော့ ဗျိုင်းကလေးက လာပီး ပြသတဲ့၊ မရုပ်ဆိုးက စိတ်တိုပီး လွန်းအိမ်နဲ့ ရိုက်လိုက်တာ တစ်ချက်တည်း သေပြန်ပါရောကွယ်၊ သေတော့ ဗျိုင်းသားဟင်းချက်သတဲ့၊ မင်းသားလေး ကိုကျွေးရော ဆိုပါတော့၊ မင်းသားလေးကလေ.. မစားဘူး၊ စိတ်ဆိုးဆိုးနဲ့ သွား သွန်ပစ်ချေ လို့ ငေါက်သတဲ့။

မနက်ကျတော့ အဲဒီ ဗျိုင်းသားဟင်း သွန်ပစ်လိုက်တဲ့ နေရာမှာ  ဥသျှစ်ပင်ကြီးတပင် ထီးထီးကြီး ပေါက်လာတာကိုး၊  လူတွေလဲ အရမ်းလာ လာ ကြည့်ကြသတဲ့၊ ဥသျှစ်ပင်ကြီးနားမှာ အဖိုး နဲ့ အဖွား နှစ်ယောက်နေတဲ့  အိမ်တလုံးလဲ ရှိသတဲ့၊ သူတို့က လယ်ယာလုပ်ငန်း လုပ်တာဆိုတော့ မိုးလင်းတာနဲ့  လယ်တောဆင်းရတာပေါ့။ ညညတိုင်မှ ပြန်လာကြတာ၊ တစ်နေ့ တော့ ညဘက်သူတို့  ပြန်လာတဲ့ အခါ သူတို့အိမ်မှာ ထမင်းတွေ ဟင်းတွေ အငွေ့ တထောင်းထောင်းနဲ့  ချက်ပီးပြုတ်ပီးဖြစ်နေတာ  နေ့တိုင်း တွေ့တွေ့ နေရသတဲ့ ကွဲ့၊ အံ့သြလွန်းလို့  အကြောင်းသိရအောင် လယ်တော သွားဟန်ဆောင်ပီး ချောင်းဖမ်းကြရော၊  ဒီတော့မှ ဥသျှစ်သီးကြီးထဲက  မိန်းကလေးချောချောလှလှလေး တယောက်ထွက်လာပီး ချက်တာ ပြုတ်တာ လျှော်တာ ဖွတ်တာ မြင်ရပါလေရော တစ်ခါတည်း .. ဟေ့ မပြေးနဲ့ ဆိုပီး နှစ်ယောက်သား ၀ိုင်းဖမ်းကြတာပေါ့ ။ ဥသျှစ်ပင်ကြီးကိုလဲ  ဓါးနဲ့  တခါတည်း အပြီး ခုတ်ထစ် ပစ်လိုက်တြတာ၊ အပင်ထဲ ပြန်မ၀င်နိုင်တော့ဘူးပေါ့၊ အဲဒီနေ့ကစလို့  အဖိုးအဖွားတို့ နဲ့  ပျော်ပျော်ပါးပါး နေလာကြရာက  ရေစက်က မကုန်လေတော့ မင်းသားလေးနဲ့  ပြန်လည် ဆုံဆည်းရတာပေါ့ကွယ်၊ ဒီတခါလဲ မင်းသားလေးက တောကစား ထွက်လာတာပဲ ကွဲ့၊ ဘုရင်တွေက ဒီလိုပဲ  တောလယ်ထွက်ပီး အကောင်ပလောင်တွေကို အစမ်းပစ်ကြခတ်ကြတာပေါ့၊ ရေဆာလို့  ရေ၀င်တောင်းရာမှာ အဖိုး ပေးတော့ လက်တုန်ခြေတုန်နဲ့ မို့ တဲ့၊ အဖွားပေးတော့ မျက်ခမ်းစပ်မို့ လို့ တဲ့၊ မသောက်ဘူး မင်းသားလေးက၊ မထွေးလေး ထွက်ပေးတော့မှ  သောက်တာပေါ့၊ သောက်ရုံ ဘယ်ကမလဲ ကွယ် သူ့ မိဖုရားမှန်း သိသွားတာမို့  မိဖုရားလက်ကို မလွတ်တမ်းဆွဲ ပြီး  နန်းတော်ကြီးကို ပြန်လာကြတာပေါ့။

နန်တော်ရောက်တော့ မရုပ်ဆိုးကို ရာထူးကချလို့  ကွက်မျက်ပစ်တဲ့ အပြင် မရုပ်ဆိုးရဲ့  ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အားလုံး စဥ့်အိုးကြီးတစ်လုံးမှာထည့် ချဉ်ဖတ်သိပ်ပီး သူ့အမေ့ဆီပို့ သတဲ့ ကွဲ့၊ သူအမေက ငါ့သမီး ဘုရင်ကတော်ကြီးဖြစ်လို့ စားရတာ  စားကြ  စားကြ နဲ့   အိမ်နီးချင်းတွေလဲ ဝေ သူတို့လဲ အ၀တုတ်ကြတာပေါ့၊ မရုပ်ဆိုးရဲ့  ညီမ အငယ်လေးတယောက်လဲ ရှိတော့ သူက  အမေရယ် အမေရယ် ဒါကလေးက မမကြီး လက်ကလေးနဲ့  တူလိုက်တာ လို့ ပြောတော့ ဟဲ့..တောက်တီးတောက်တဲ့  စားမှာ စားစမ်း၊ လို့ ငေါက်သတဲ့ အဲဒါနဲ့  သူတို့ တတွေ အားရပါးရ  စားရင်း စားရင်း  နောက်ဆုံးကျတော့မှ သူ့သမီးရဲ့  ခေါင်းပြတ်ကြီးကိုလဲ တွေ့ရော...အမလေး သမီးရဲ့  ...ဆိုပီး တက်သွားလိုက်တာ  ပြန်မကျတော့ပါဘူး၊ တခါတည်းအသက်ပါသွားတော့တာကလား၊ အဲဒါကြောင့် ..သူတပါးမကောင်းကြံ  ကိုယ့်ကိုပဲ ပြန်ထိတယ်ဆိုတာ မှတ်ထားနော် လို့ မေမေက ပြောပြခဲ့တယ်။

လိပ်ကမ္ဘာမကြီးပုံပြင်မှာ “ငါ့သမီးလေး မထွေးလေး ဈေးတင်ဖို့” မေမေပြောပြတာ နားမလည်လို့ “မေမေ .. ဈေးတင်တာဘာလဲပဲ” လို့ ပြန်မေးခဲ့ရသေးတယ်၊ ပြီးတော့ မထွေးလေးရဲ့ မိထွေးက အိပ်ယာအောက်ထဲ မုန့်လေပွေထားလို့ ဟိုဘက်၊ ဒီဘက်လှိမ့်တိုင်း ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်၊ အမေ့အရိုးတွေကြိုးရချည်ရဲ့ လို့ မေမေက ဆတ်ကနဲ ကျောလေးတွန့်ပြပြီး ပြောတိုင်း၊ အဲဒီနေရာရောက်တိုင်း တခိခိရယ်မောခဲ့ရသေးတာ၊ အဲဒီအရွယ်တုန်းက ချဉ်ဖတ်ဆိုတာ ဘယ်လိုမျိုးမှန်းမသိသေးသလို ချဉ်ဖတ်ဆိုတာကြောက်စရာကြီး လူအသားတွေနဲ့ လုပ်တယ်လို့လည်းထင်ခဲ့မိသေးတယ်၊ အခုတော့လည်း ချဉ်ဖတ်ဆိုတာ မေမေ အိမ်မှာနှပ်လေ့ရှိတဲ့ မုန်လာဥဖြူချဉ်ဖတ်ကအစ ကိုးရီးယားကင်မ်ချီအဆုံး ချဉ်ဖတ်တွေအကြောင်း သိသွားပြီ၊ ကြိုက်တတ်သွားပါပြီ။

Friday, October 15, 2010

တော်လှန်ရေးသမား၊ အကြမ်းဖက်သမား .. ဘယ်လိုကွာခြား

တော်လှန်ရေးသမားတစ်ဦးနဲ့ အကြမ်းဖက်သမားတစ်ဦးရဲ့ကွာခြားချက်အစစ်အမှန်တွေကို လူနည်းနည်းကပဲ နားလည် ကြပါတယ်၊ ဖြစ်ရပ်တွေအများကြီးမှာ တော်လှန်ရေးသမားကို အကြမ်းဖက်သမားတစ်ယောက်လို့ တံဆိပ်တပ်လိုက်ကြ တယ်၊ အပြန်အလှန်အားဖြင့် အကြမ်းဖက်သမားကို တော်လှန်ရေးသမားလို့ ထင်မြင်ယူဆကြတယ်၊ တကယ်တမ်းမှာ အဲဒီအခေါ်အဝေါ်နှစ်ခုအချင်းချင်း ကွာခြားချက်ကဆန့်ကျင်ဘက်ပါ၊ တော်လှန်၊ အကြမ်းဖက် ဒီအမျိုးအစားနှစ်ခုလုံးရဲ့ လုပ်ဆောင်မှုတွေကိုအဆုံးအဖြတ်ပေးတဲ့ အခြေခံစည်းမျဉ်းတွေဟာ အင်မတန်ကွဲပြားနေကြပါတယ်။

ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ကြည့်မယ်ဆိုရင် အကြမ်းဖက်သမားတစ်ဦးဟာ တခြားလူတွေ၊ ဂိုဏ်း၊ အဖွဲ့အစည်း၊ အစိုးရတွေကို သူတို့ရဲ့ လူမှုရေး၊ နိုင်ငံရေးရည်မှန်းချက်တွေအတိုင်း လက်ခံလိုက်နာလာအောင် တရားဥပဒေနဲ့ မညီတဲ့ အားကိုသုံးမယ်၊ အကြမ်းဖက်တိုက်ခိုက်တယ်၊ အတင်းအဓမ္မတိုက်တွန်းတယ်၊ အကြမ်းဖက်သမားတစ်ဦးဟာ သူလက်ခံထားတဲ့အဆင့်ကိုရဖို့ လှုပ်ရှားမှုအမျိုးမျိုးထဲက နည်းတစ်ခုခုနဲ့ကြိုးစားတယ်၊ ကျုးလွန်တယ်၊ သူတို့ရဲ့ လှုပ်ရှားမှုတွေရဲ့အချိန်အများစုမှာ ဥပဒေကနေ ဆန့်ကျင်ဖောက်ထွက်နေကြတယ်။

အခြားတစ်ဖက်မှာဆိုရင် တော်လှန်ရေးသမားတစ်ဦးကလည်း လူတွေကို သူခံယူထားတဲ့ သဘောထားအတိုင်း လက်ခံလာအောင် ပြောင်းလဲဖို့ကြိုးစားတာပါပဲ၊ ဒါပေမဲ့ အကြမ်းဖက်တဲ့နည်းမပါပါဘူး၊ အားကိုမသုံးပါဘူး၊ အကျိုးသင့်အကြောင်းသင့် ဆင်ခြင်ပိုင်းဖြတ်မှု၊ ယုံကြည်ချက်ပြင်းပြမှု၊ ရိုးသားမှု၊ ဒါတွေကိုပဲ အားအဖြစ် အသုံးပြုပါတယ်၊ လူတွေရဲ့အမြင်ကိုပြောင်းလဲဖို့ ကြိုးစားရာမှာ အင်အားမသုံးပဲ လူတွေကို သူတို့ရဲ့ပြုမူ ဆောင်ရွက်မှု၊ အတွေးအခေါ်တွေ ကိုယ်တိုင်နားလည်သဘောပေါက်လာစေပြီး ပြောင်းလဲဖို့ပဲကြိုးစားပါတယ်။
အကြမ်းဖက်သမားကတော့ လူတွေကို သတ်ဖြတ်ခြင်းနဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေဖျက်ဆီးခြင်းက သူလိုချင်တာကိုရဖို့ လိုက်နာကျင့်သုံးရမယ့်နည်းလမ်းလို့ ယုံကြည်ထားတယ်၊ သူ့ရဲ့ဝါဒနဲ့သွေဖီသူတွေကို နားလည်လက်ခံလာအောင် ကြိုးစားဖို့ထက် ရှင်းလင်းပစ်လိုက်တာကပဲ အကောင်းဆုံးနည်းလမ်းလို့ သူယုံကြည်တယ်၊ တော်လှန်ရေးသမားက အခြားတစ်ဖက်ကပါ၊ လူတွေကိုသတ်ဖြတ်တာကို ဖြေရှင်းရမယ့်နည်းလမ်းလို့ သူမယုံကြည်ဘူး၊ ဖျက်ဆီး/သတ်ဖြတ် အဲဒီနည်းလမ်းတွေမှာ ဘယ်တော့မှ ပါဝင်ဆောင်ရွက်ခြင်း မပြုပါဘူး။

အဲဒီအချက်အလက်တွေကြည့်ပြီး အကြမ်းဖက်သမားဟာ ရာဇ၀တ်ပြစ်မှုမြောက်တဲ့လုပ်ရပ်တွေနဲ့ လူတွေကို သွေးဆောင် တယ်၊ လူတွေကိုဖျက်ဆီးတယ်၊ တော်လှန်ရေးသမားက ကမ္ဘာကြီးကိုပြောင်းလဲဖို့ကြိုးစားရာမှာ သွေးဆောင်ဖို့ သူ စိတ်မ၀င်စားဘူး၊ သူကိုယ်တိုင်ပဲ ဦးဆောင်ဦးရွက်ပြုတယ်ဆိုတာ သိသာမြင်သာစေပါတယ်။

အကြမ်းဖက်သမားဟာ မိမိကိုယ်တိုင် တကိုယ်ကောင်းဆန်ဆန်လည်း ဆုံးဖြတ်တတ်ပါသေးတယ်၊ ကမ္ဘာကြီးကို ပြောင်းလဲဖို့ကြိုးစားနေသူလို့ ကိုယ်တိုင်ပဲတံဆိပ်တပ်လိုက်ပါတယ်၊ ဒါပေမဲ့ သူပြောင်းလဲလိုတဲ့ ကမ္ဘာကြီးက သူနဲ့ နေသားတကျဖြစ်မဲ့၊ သူ့စိတ်ကြိုက်ကမ္ဘာမျိုးဖြစ်နေပါတယ်၊ အမြဲလိုလို ကမ္ဘာကြီးက ဘယ်လိုပုံစံဖြစ်နေသင့်တယ်ဆိုတဲ့ လွဲမှားတဲ့စိတ်ကူးသာရှိနေတတ်ပါတယ်၊ တော်လှန်ရေးသမားက တစ်ယောက်တည်းအမြင်နဲ့ သူ့အတွက်ပဲ မတွေးပါဘူး၊ ကမ္ဘာထဲက လူတွေအားလုံးအတွက် လေးလေးစားစား ရှိတယ်၊ ဖြန့်ကျက်တွေးပါတယ်၊ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့နေရာ၊ နေသာတဲ့နေရာဖြစ်လာဖို့ပဲ အမြဲကူညီနေလေ့ရှိပါတယ်။

အကြမ်းဖက်သမားတွေ ဘာကြောင့်အကြမ်းဖက်တာလဲ .. ဘယ်လိုအကြမ်းဖက်တာလဲ ဆိုတာ စိတ်ဝင်စားစရာတော့ကောင်းနေပါတယ်။

အကြမ်းဖက်သမားတွေ ... ဘာကြောင့် ... ဘယ်လို ...
(၁၈၀၀-၁၈၉၉)
ယူအက်စ် - ၁၈၆၅-၁၈၇၇ခုနှစ် - ငွေဝယ်ကျွန်တွေနဲ့ သူတို့ရဲ့တွဲဖက် ပြည်သူ့သမ္မတပါတီဝင် ၃၀၀၀ကျော် ကို Ku Klux Klan၊  အဖွဲ့သားတွေနဲ့ ဒေသခံလူဖြူအကြမ်းဖက်သမားအစုအဖွဲ့တွေ သတ်ဖြတ်ခဲ့ကြတယ်၊ Ku Klux Klan၊  The Klan ဆိုတဲ့အဖွဲ့ဖြစ်ပြီး KKK လို့လည်း လူသိများကြတယ်၊ ခေတ်သုံးခေတ်နဲ့ KKK အဖွဲ့အစည်း အားကြီးခဲ့ကြတယ်၊ သူတို့ရဲ့အ၀တ်အစားက အဖြူရောင်ကတော့ပုံ ခေါင်းဆောင်းမျက်နှာဖုံးနဲ့ အဖြူရောင်ခြုံထည်ပါပဲ၊ လူဖြူ၊ လူမည်းကိစ္စတွေမှာလည်း ပါဝင်ခဲ့တယ်၊ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်တာတွေလုပ်ခဲ့ကြတယ်။
ရုရှားအင်ပါယာ - ၁၈၈၁ ခုနှစ် - Narodnaya Volya(လူများရဲ့စိတ်ဆန္ဒ)လို့ အမည်ပေးထားတဲ့  အဖွဲ့ဖြစ်ပြီး ရုရှားနိုင်ငံရဲ့ ဘုရင်အလက်ဇန်းဒါး II ကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့မှုမှာ နာမည်ကြီးပါတယ်၊ အဲဒီအဖွဲ့အစည်းဟာ ပြည်သူကိုယ်စားပြုဖို့ ပေါ်ပေါက်လာတယ်လို့ကြွေးကြော်တယ်၊ လွတ်လပ်စွာ ဟောပြောခွင့်/ပုံနှိပ်ထုတ်ဝေခွင့်/ စုရုံးခွင့်တွေကိုတောင်းဆိုတယ်၊ ပြည်သူကိုယ်စားပြု ကိုယ်ပိုင်အစိုးရ တောင်းဆိုတယ်၊ စစ်တပ်ကိုပြည်သူ volunteer တွေနဲ့ပါဝင်ဖွဲ့ထားတဲ့ အမြဲတမ်း စစ်တပ်အဖြစ် ပြောင်းလဲလိုတယ်၊ ဘုရင် အလက်ဇန်းဒါး II ဟာ ပိုလန်နိုင်ငံဘုရင်၊ ဖင်လန်နိုင်ငံမြို့စားလည်းဖြစ်တယ်။
ဆွဇ်ဇာလန် - ၁၈၉၈ စက်တင်ဘာ ၁၀ရက် - သြစတီယားဧကရီ၊ ဟန်ဂေရီဘုရင်မ Elisabeth of Bavaria ကို မင်းမဲ့ဝါဒီသမား လူအီဂျီလာချီနီဆိုသူ က ဆွဇ်ဇာလန်မှာ ချွန်ထက်တဲ့ဓါးနဲ့ နှလုံးတည့်တည့်ထိုးစိုက် သတ်ဖြတ်ခဲ့ပါတယ်၊ သူ တကယ် သတ်ဖြတ်လိုတာက ဘုရင်ကို လို့ဆိုတယ်၊ သြစတြီးယား-ဟန်ဂေရီ နှစ်နိုင်ငံဘုရင် အုပ်ချုပ်မှုစနစ်အတွင်း သမိုင်းဝင် အမှတ်တံဆိပ်ပမာ နာမည်ကျော်လှတဲ့ မင်းသမီးပါ၊ ဘိုဟီးမီးရားဘုရင်မ၊ ခရိုအေးရှားဘုရင်မလို့လည်း နာမည်ကြီးလှပါတယ်။
(၁၉၀၀-၁၉၆၉)

မော်ရိုကို - ၁၉၀၄ မေ ၁၈ရက်
- ဂရိ-အမေရိကန်လူချမ်းသာကြီးအိုင်ယွန်ပါးဒီကားရစ်နဲ့ ခရွမ်းဝဲလ်ဗာလီဟာ မော်ရိုကိုမှာ ပြန်ပေးဆွဲခံခဲ့ရတယ်၊ ပြန်ပေးဆွဲသူ ရေဆူလီအာရပ်ဘ်လူမျိုးစုဝင် ရေဆွန်နီက အင်မတန်ချမ်းသာကြွယ်ဝကြတဲ့ ဆူလ်တန်ဘုရင်နဲ့ မော်ရိုကိုတော်ဝင်မျိုးဆက်တစ်ဦးဖြစ်တဲ့ Mulai Abd al-Aziz IV တို့ ဆီက ပြန်ပေးငွေ ဒေါ်လာ ၇သောင်း တောင်းဆိုခဲ့ပါတယ်။

ရုရှား -၁၉၀၄ ဇွန် ၁၆ရက်
-  ရုရှားဘုရင်ခံဗိုလ်ချုပ် နီကိုလိုင်အီဗန်နိုဗစ်ခ်ျဘော့ဘရီကောဗ့်ကို ဖင်လန်နိုင်ငံသား အမျိုးသားဝါဒီသမား ယူဂျန်ရှောန်မန်းက ဖန်လန်နိုင်ငံ၊ ဟဲလ်စင်ကီးမြို့တော်လွှတ်တော် အဆောက်အဦးမှာ လုပ်ကြံ သတ်ဖြတ်ခဲ့ပါတယ်၊ ဘော့ဘရီကောဗ့်ကိုလုပ်ကြံသတ်ဖြတ်မှုဟာ ဖင်လန်နိုင်ငံရေးသမားတွေအကြား မေးခွန်းထုတ်စရာ ထိပ်ဆုံးကကိစ္စရပ်ဖြစ်ခဲ့တယ်၊ ရှောန်ကို ဒီနေ့အထိဖင်လန်နိုင်ငံရဲ့သူရဲကောင်းအဖြစ်ဆုံးဖြတ်ထားကြဆဲပါပဲ။

သြစတြီးယား-ဟန်ဂေရီ ၁၉၁၄ ဇွန် ၂၈ ရက် - သြစတြီးယားဂရန်းမြို့စားကြီး ဖရန့်ဇ်ဖာဒီနန်နဲ့ ဇနီးသည်တို့ဟာ ဆာရာယေဗိုမြို့မှာလုပ်ကြံခံခဲ့ရတယ်။ ဘောစ့်နီးယား-ဟာဇီဂိုးဗီးနားဆေးရုံဖွင့်ပွဲတစ်ခုကို ဧည့်သည်တော်အဖြစ် တက်ရောက်ကြချိန် ကားနဲ့အလာ လမ်းမှာပဲ Young Bosnia အဖွဲ့ဝင်လူငယ် နဲလ်ဒဲရ်ကိုချာဗရီနိုဗစ်က လက်ပစ်ဗုံး တစ်လုံးကို မြို့စားကြီးရဲ့ကားထဲအရှိန်နဲ့ ပစ်သွင်းလိုက်ပါတယ်၊ ဗုံးက ၁၀စက္ကန့်နောက်ကျသွားပြီး နောက်ကားတစ်စင်းရဲ့ ဘီးနားမှာပေါက်ကွဲသွားခဲ့တယ်၊ ဒဏ်ရာရသူတွေရှိခဲ့တယ်၊ အဲဒီလူငယ်က အသင့်ယူလာတဲ့ ဆိုင်ယာနိုက်အဆိပ်ဆေးပြားကို မျိုချပြီး မြစ်ထဲခုန်ဆင်းပေမဲ့ ဆေးပြားကရက်လွန်နေသလို မြစ်ကလည်း မနက်ခဲ့ပါဘူး၊ အဲဒီလူငယ်ကို ရဲကဖမ်းမိခဲ့တယ်၊ မြို့စားကြီးက လွတ်မြောက်သွားခဲ့တယ်၊ သူ အော်ဟစ်ပါတယ်၊ “ဧည့်သည်တွေကို ဗုံးနဲ့ဧည့်ခံသလား” လို့ တာဝန်ရှိသူတွေကို ကြိမ်းမောင်းခဲ့တယ်၊ ဒဏ်ရာရသူတွေကို ကြည့်ရှုဖို့ ဆေးရုံကိုဆက်ပြီးအသွားမှာ ကားမောင်းသူရဲ့လမ်းအရွေးမှားမှုကြောင့် လမ်းခုလတ်မှာ လုပ်ကြံသူတွေ အကြံအထမြောက်စေဖို့ ဖြစ်သွားခဲ့တယ်၊ Young Bosnia နဲ့ Black Hand အဖွဲ့သား နောက်ထပ်တစ်ယောက်ဖြစ်တဲ့ အသက်၁၉နှစ်အရွယ် ဆားရ်ဘီးယန်းလူမျိုး ဂါဗရီလိုပရင်စီးပ်ဟာ FN Model 1910၊ .32 ACP အိပ်ဆောင် ပစ်စတိုသေနတ်နဲ့ ဖရန့်ဇ်ဖာဒီနန်ရဲ့လည်ပင်း၊ ဇနီးဆိုဖီရဲ့ဝမ်းဗိုက်ပိုင်းတွေပစ်ခတ်ခဲ့တယ်၊
ကယ်ဆယ်ဖို့လူတွေရောက်လာတဲ့ အချိန်ထိ ဖရန့်ဇန်ဖာဒီနန် အသက်ရှင်နေဆဲဖြစ်ပြီး ဇနီးသည်ကို “ဒါလင် သေလို့မဖြစ်ဘူး၊ ငါတို့ကလေးတွေအတွက် အသက်ရှင်ပေးပါ” လို့ တဖွဖွ ပြောဆိုနေခဲ့ပါတယ်၊ မိနစ်ပိုင်းအတွင်း သူ သေဆုံးသွားခဲ့ပြီး ဆိုဖီကတော့ ဆေးရုံ အသွားလမ်းခုလတ်မှာပဲ သေဆုံးသွားခဲ့ပါတယ်၊ ပရင်စီးပ်လည်း ကိုယ်ကိုယ်တိုင် သေနတ်နဲ့ပစ်သတ်ဖို့ ကြိုးစားပေမဲ့ သေနတ်ကိုတစ်စုံတစ်ယောက်က ဆွဲယူသိမ်းဆည်းနိုင်ခဲ့ပြီး ပထမလူငယ်လိုပဲ ဆိုင်ယာနိုက်ဆေးပြား မျိုချခဲ့တယ်၊ ပျို့အန်ခဲ့တာနဲ့ မသေခဲ့ပါဘူး၊  ပရင်စီးပ်ကိုဖမ်းဆီးမိခဲ့ပြီး သေဒဏ်ပေးဖို့ အသက်မပြည့်သေးတဲ့အတွက် ထောင်ဒဏ် နှစ်၂၀ အမြင့်ဆုံးပစ်ဒဏ်ချမှတ်ခဲ့တယ်၊ လုပ်ကြံသတ်ဖြတ်ပြီး ၃နှစ်နဲ့ ၁၀လ အကြာ တဲရဲဇင်ထောင်ထဲမှာ သေဆုံးခဲ့ပါတယ်၊ အဲဒီဖြစ်ရပ်ဟာ ပထမကမ္ဘာစစ်ဖြစ်ပွားဖို့ သေနတ်မောင်းဖြုတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ရတယ်။

ယူအက်စ် - ၁၉၂၀ စက်တင်ဘာ ၁၆ရက်
- wall street ဗုံးခွဲတိုက်ခိုက်မှုပါ၊ နယူးယောက်မြို့တော်ရဲ့ စီးပွားရေး ရပ်ကွက် FiDi မှာ နေ့လည် ၁၂ နာရီ ၁မိနစ် က ဖြစ်ပွားခဲ့ပါတယ်၊ ၃၈ ဦးသေဆုံးပြီး လူပေါင်း ၃၀၀ ကျော် ဒဏ်ရာရခဲ့ကြတယ်၊ စုံစမ်းစစ်ဆေးမှုအများစုမှာ အီတလီမင်းမဲ့ဝါဒီသမားတွေရဲ့တိုက်ခိုက်မှုလို့ ယူဆခဲ့ကြပြီး ၂၉ယောက်မြောက်  အမေရိကန်သမ္မတ ၀ါရင်းဂျီဟားဒင်းလက်ထက်မှာတော့ ဆိုဗီယက်က ကြိုးကိုင်ခိုင်းစေခဲ့တာဖြစ်နိုင်တယ်လို့ သတင်းထုတ်ပြန်ခဲ့ကြတယ်၊ နောက်တော့ ကွန်မြူနစ်ပါတီ USA လုပ်တယ်လို့ နာမည်တပ်ပြန်တယ်၊ ၁၉၄၄ ခုနှစ်မှာ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ထုတ်ပြန်ချက်တွေမှာ ယူနီယံရုရှားအလုပ်သမားအဖွဲ့၊ IWW၊ ကွန်မြူနစ် စတဲ့ အဖွဲ့အစည်းတွေလို့ ယူဆကြတယ်၊ နောက်ဆုံး စုံစမ်းစစ်ဆေးမှုတွေမှာတော့ အီတလီမင်းမဲ့ဝါဒီသမားတွေ ဒါမှမဟူတ် အီတလီအကြမ်းဖက်သမားတွေလို့ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။

ဗြိတိသျှအမိန့်အရပါလက်စတိုင်း - ၁၉၂၀-၁၉၄၈
- ၁၉၂၀ ပါလက်စတိုင်းအဓိကရုဏ်း(Nabi Musa အဓိကရုဏ်း)လို့ နာမည်ကြီးပါတယ်၊ အဲဒီအဓိရုဏ်းဟာ ဂျူးလူမျိုးတွေရဲ့တည်ရှိမှုမှာ ၂၈နှစ်ကြာ အကြီးအကျယ် အနှောင့်အယှက် ဖြစ်ခဲ့ကြတယ်။
King David Hotel after Bombing
၁၉၄၆ ဇူလိုင် ၂၂ရက်နေ့ မှာ ဂျေရုစလင်မြို့တော် King David ဟိုတယ်မှာ ဂျူးအမျိုးသားလှုပ်ရှားမှုအဖွဲ့ ဇီယွန်နစ်နဲ့ မြေအောက်အဖွဲ့အစည်းအားဂန်တို့က ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်၊ အဲဒီဟိုတယ်ဟာ ပါလက်စတိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှ စစ်တပ်ရုံးချုပ်ရုံးစိုက်တဲ့နေရာဖြစ်တယ်၊ ဗြိတိသျှတပ်သား ၉၁ယောက်နဲ့ အရပ်သားသေဆုံးမှုတွေရှိခဲ့တယ်။

ယူအက်စ် ၁၉၄၀-၁၉၅၆
- ဂျော့ခ်ျမက်တက်စကီးဟာ “ဗုံးခွဲအရူး” လို့ နာမည်ကြီးတယ်၊ အဲဒီ ဗုံးခွဲအရူး မက်တက်စကီးဟာ နယူးယောက်မြို့တော်မှာ ၁၆ နှစ်လုံးလုံး ပြဇာတ်ရုံ၊ စာကြည့်တိုက်၊ လေဆိပ်၊ ကားဂိတ်၊ ရထားဂိတ်၊ အစိုးရရုံးတွေမှာ ဗုံးပေါင်း ၃၀ကျော် တစ်ယောက်တည်း လှည့်ပြီးခွဲနေခဲ့ပါတယ်၊ မက်တက်စကီးဟာ ကုမ္ပဏီပေါ်မှာ မုန်းတီးခဲ့တဲ့ စိတ်အခံကြောင့် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ၊ ပထမကမ္ဘာစစ်ပြီးတဲ့နောက် ယူအက်စ်ရေတပ်ထဲဝင်ခဲ့ပြီး လျှစ်စစ်ကျွမ်းကျင်အဖြစ်အလုပ်လုပ်ခဲ့တယ်၊ နောက် ဇာတိကိုပြန်ခဲ့ပြီး ယူအက်စ်ရဲ့ အကြီးဆုံးလျှပ်စစ်ကုမ္ပဏီ ConEdison မှာ စက်ပြင်ဆရာအဖြစ်လုပ်ခဲ့တယ်၊ ဘွိုင်လာအိုးပေါက်ကွဲခဲ့တာကြောင့် အဆုတ်ထဲ အငွေ့တွေဝင်ရောက်ကာ အလုပ်မှ လစာနဲ့ ၂၆ပတ်ခန့် နားနေခဲ့ရတယ်၊ နောက်ပိုင်းမှာ အဲဒီအလုပ်ကိုဆုံးရှုံးခဲ့ရတယ်၊ အလုပ်မှ ထိခိုက်မှုကြောင့် နမိုးနီးယားရခဲ့ပြီး တီဘီရောဂါဆက်ပြီးဖြစ်ပွားခဲ့ပါတယ်၊ အလုပ်သမားလျော်ကြေးအတွက် တိုင်ကြားတောင်းခံခဲ့ပေမဲ့ ကုမ္ပဏီက ငြင်းဆန်ခဲ့ပြီးတဲ့နောက် ConEdison ကုမ္ပဏီကိုအလွန်အမင်းမုန်းတီးခဲ့တယ်၊ ပထမဆုံးဗုံးကို ၁၉၄၀ နိုဝင်ဘာ ၁၆ရက်နေ့မှာ ConEdison ပင်မလျှပ်စစ်ဌာနမှာ ချထားခဲ့တယ်၊ နောက်ပိုင်းမှာ ဗုံးခွဲမှုတွေ ဆက်တိုက်လုပ်ခဲ့တယ်၊ သတင်းစာတိုက်တွေကိုပါ ခြိမ်းခြောက်စာတွေ ရေးသားခဲ့တယ်၊ ၁၉၄၁ ဒီဇင်ဘာမှာ ဒုတိယကမ္ဘာစစ်ထဲ အမေရိကန်ပါဝင်လာခဲ့တော့ ရဲဌာနကို စာလုံးမဲကြီးတွေနဲ့စာရေးပို့ခဲ့ပါတယ်၊ “စစ်ပွဲအတွင်း ကျွန်တော် ဗုံးတွေကို ပြုလုပ်မှာ မဟုတ်ဘူး၊ ကျွန်တော့်ရဲ့မျိုးချစ်စိတ်က ဒီလိုဆုံးဖြတ်ဖို့ ခိုင်းစေခဲ့တာဖြစ်တယ်၊ စစ်ပွဲပြီးရင်တော့ ConEdison ကို တရားမျှတတဲ့ဘက်ရောက်စေဖို့ ကျွန်တော်ပြန်လာဦးမယ်၊ သူတို့ရဲ့ တာဝန်မဲ့တဲ့လုပ်ရပ်အတွက် သူတို့ပြန်ပြီးပေးဆပ်ရဦးမှာပဲ. F.P”  လို့ ရေးသားခဲ့တယ်၊ အမှုပေါင်း ၄၇မှုနဲ့ တရားစွဲခံရတယ်၊ သူ့ရဲ့ ခြိမ်းခြောက်စာတိုင်းမှာ F.P လို့ အဆုံးသတ်ရေးထားတာနဲ့ပတ်သတ်ပြီး စုံထောက်တွေကစစ်ဆေးမေးမြန်းတဲ့အခါ သူက Fair Play ပါလို့ ဖြေကြားခဲ့ပါတယ်၊ နယူးယောက် Fishkill Correctional Facility အကျဉ်းထောင်မှာ အကျဉ်းကျခံရပြီး ၁၉၇၃ မှာ Creedmoor စိတ်ရောဂါကုစင်တာကိုပြောင်းရွှေ့ခဲ့ရတယ်၊ အဲဒီနှစ်မှာပဲ လွတ်မြောက်ခဲ့ပါတယ်။ မြို့တော်ဝန်၊ ရဲဌာနနဲ့ သတင်းစာတိုက်တွေဆီကို စာပေါင်း ၉၀၀ ရေးသားပေးပို့ခဲ့တယ်၊ အကျဉ်းထောင်ကလွတ်လာခဲ့ပြီး နှစ်၂၀ အကြာ အသက် ၉၀ မှာ သေဆုံးခဲ့ပါတယ်။

ဆီးရီးယား ၁၉၄၉ သြဂုတ် ၅ ရက်
- ဇူလိုင်လ ၂၀ရက်နေ့က လူစန်းညီလာခံမှာ အစ္စရေး-ဆီးရီးယားတို့ ၁၉၄၉ စစ်ပြေငြိမ်းရေးသဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့ကြပြီးတဲ့အချိန်နဲ့တိုက်ဆိုင်စွာပဲ အနောက်နိုင်ငံဆန့်ကျင်ရေး အမျိုးသားအင်အားစုတွေက ဂျူးဆန့်ကျင်ရေးအတွက် ပိုမိုလှုပ်ရှားလာပြီး ဒမတ်စ်စကပ်မြို့တော် မနောရှားဆီးနဂေါန် ဂျူးရပ်ကွက်ထဲကို လက်ပစ်ဗုံးမြောက်များစွာပစ်သွင်းခဲ့တယ်၊ ဂျူးလူမျိုး၊ ကလေးငယ်တွေအပါအ၀င် ၁၂ ဦး သေဆုံးခဲ့ပြီး ၃၀ခန့် ဒဏ်ရာရခဲ့ကြတယ်။

ဆိုက်ပရပ်စ် ၁၉၅၆ ဇွန် ၁၆ ရက်
- ဆိုက်ပရပ်စ်နိုင်ငံ၊ မြို့တော် နီကိုစီးရာမှာ လူတစ်ဦးက ဗုံးခွဲတိုက်ခိုက်တာကြောင့် ၆ ဦး ဒဏ်ရာရခဲ့ပါတယ်၊ နီကိုစီးရာဟာ တူရကီပြည်သူ့သမ္မတနိုင်ငံမြောက်ပိုင်း ဆိုက်ပရပ်စ် ဖြစ်ပြီး ဆိုက်ပရပ်ကျွန်းဟာ အဲဒီအချိန်က ဂရိဆိုက်ပရပ်စ်နဲ့ တူရကီဆိုက်ပရပ်စ်ဆိုပြီး မြောက်ပိုင်း၊ တောင်ပိုင်း ၂ပိုင်းကွဲခဲ့ပါတယ်။

လက်ဘနွန် ၁၉၅၈ သြဂုတ် ၁၅ရက်
-  မြို့တော်ဘေရွတ်မှာ ဗုံးတစ်လုံးခွဲခဲ့ပြီး လူ ၃ ဦးသေဆုံးခဲ့ပါတယ်၊ အဲဒီဗုံးကြောင့် ၁၀ဦးခန့် ထပ်မံဒဏ်ရာရခဲ့ပြီး အဲဒီနေ့က အရှေ့အလယ်ပိုင်းမှာအကြမ်းဖက်တိုက်ခိုက်မှုတွေ အဆုံးသတ်စေရေးအတွက် ယူအန်အထွေထွေအစည်းအဝေးမှာ ဆွေးနွေးအဖြေရှာနေကြတဲ့အချိန်ဖြစ်တယ်။

ဗီယက်နန် - ၁၉၆၅ ဇွန် ၂၆ ရက်
- ဟိုချီမင်းမြို့တော် ဆိုင်ဂုံမြစ်ထဲက ရေပေါ်စားသောက်ဆိုင်မှာ ၂ ကြိမ် ဗုံးခွဲပါတယ်၊ ပထမတကြိမ်မှာ လူပေါင်း ၂၃ ဦးသေဆုံးခဲ့ပြီး ဒုတိယအကြိမ်ဗုံးကွဲချိန်မှာ အမေရိကန်အမျိုသမီးတစ်ဦး သေဆုံးခဲ့တယ်၊ လူပေါင်း ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။

ဂရိ - ၁၉၆၇ နိုဝင်ဘာ ၁၂ ရက်
- ရိုဒေါစ့်ဂရိကျွန်းအနီး British European Airways Flight 284 ပေါက်ကွဲခဲ့ပြီး မြေထဲပင်လယ်ထဲကို ပျက်ကျခဲ့တယ်၊ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်း ၆၆ ဦးလုံး သေဆုံးခဲ့ပါတယ်၊ ခရီးသည်တစ်ယောက်ရဲ့ထိုင်ခုံအောက်မှာ စစ်တပ်သုံးပလပ်စတစ်ဗုံးနဲ့ ခွဲခဲ့တာကို စစ်ဆေးသိရှိခဲ့ကြတယ်။

ဒီအကြမ်းတိုက်ခိုက်မှုတွေဟာ ၁၉ရာစု/၂၀ရာစု တွေရဲ့ နာမည်ကြီးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေပါ၊ ဒီဘက်ရာစုနှစ်တွေမှာ အကြမ်းဖက်တိုက်ခိုက်မှုစာရင်းတွေ နိုင်ငံအ၀ှမ်းအများကြီးပဲဖြစ်လို့နေပါပြီ၊ အကြမ်းဖက်သမားတွေ ဘာကြောင့် ဘယ်လိုတိုက်ခိုက်တယ်ဆိုတာနည်းနည်းပါးပါး သိရပြီးတဲ့အခါ တော်လှန်ရေးသမားတွေရဲ့ ဘာကြောင့် ... ဘယ်လို ... ဆိုတာလည်း ဖတ်ကြည့်စေချင်ပါတယ်၊

တော်လှန်ရေးသမားတွေ ... ဘာကြောင့် ... ဘယ်လို ...

၁၆ရာစုက ဂျာမန်ဘုန်းကြီး၊ ဘာသာရေးပညာ ပရော်ဖက်ဆာ မာတင်လူသာ ဟာ ပရိုတက်စတင့် ပြန်လည်ပုံသွင်းခြင်း စတင်လုပ်ဆောင်ခဲ့သူဖြစ်တယ်၊ ကက်သလစ်ဘာသာဝင်တွေရဲ့ အပြစ်သားတွေကို ဘုရားသခင်အပြစ်ပေးခြင်း (ကက်သလစ်ဘုရားကျောင်းတွေမှာ အခွန်ပေးဆောင်ခြင်းအားဖြင့် အပြစ်မှလွတ်ကင်းစေခြင်း)ကို စတင်ကန့်ကွက်ခဲ့ပါတယ်၊ ၁၅၁၇ ခုနှစ်မှာ The Ninety-Five Theses ကျမ်းစာကိုရေးသားခဲ့တယ်၊ အဲဒီကျမ်းဟာ နောက်ပိုင်းမှာ ဥရောပရဲ့ မြင့်မြတ်တဲ့အမွေအနှစ်တွေထဲက အထင်ရှားဆုံးတစ်ခုဖြစ်လာခဲ့တယ်။ နောက်ထပ် ဂုဏ်သရေရှိရှိကျော်ကြားခဲ့တဲ့ Luther's Large Catechism/ Luther's Small Catechism/ On the Freedom of a Christian စာအုပ်တွေကိုလည်း ရေးသားခဲ့ပါတယ်။

အိုလီဗာခရွမ်းဝဲလ် (ဧပြီ ၂၅ ၁၅၉၉ - စက်တင်ဘာ ၃ ၁၆၅၈)
- အင်္ဂလန်နိုင်ငံကို ရီပတ်ပလီကန် ဓနသဟာယနိုင်ငံဖြစ်လာစေဖို့ စတင်လှုပ်ရှားခဲ့တဲ အင်္ဂလိပ်စစ်သား၊ နိုင်ငံရေးသမားခေါင်းဆောင်တစ်ဦး အဖြစ် ကျော်ကြားပါတယ်၊ သူ့ရဲ့နိုင်ငံရေးအမြင်ဟာ အိုင်ယာလန်နဲ့ ယူကေနှစ်နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ ရန်ငြိုးတွေကနေအကြောင်းရင်းတစ်ခုအဖြစ်စတင်ခဲ့တယ်၊ အင်္ဂလိပ်ပြည်တွင်းစစ်ပွဲအတွင်း ပါလီမန်အမတ် တွေနဲ့ဖွဲ့စည်းခဲ့တဲ့ New Model Army မှာ စစ်ဗိုလ်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ အင်္ဂလန်၊ စကော့တလန်နဲ့ အိုင်ယာလန်နိုင်ငံရဲ့ ဗြိတိသျှဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရ ပေါ်ထွက်လာခဲ့တဲ့ Lord Protector ဘွဲ့ရခဲ့တယ်။ 

ကလောဒီဖိုရှေး(စက်တင်ဘာ ၂၂ ရက် ၁၇၄၄- အောက်တိုဘာ ၃၁ ရက် ၁၇၉၃) ပြင်သစ်တော်လှန်ရေးခရစ်ယာန်ဂိုဏ်းအုပ်တစ်ဦးပါ။

မက်ဇီမီလိန်းရုဘ်စပီးရဲ (မေ ၆ရက် ၁၇၅၈ - ဇူလိုင် ၂၈ ၁၇၉၄)
- ပြင်သစ်တော်လှန်ရေးမှာ နာမည် အကျော်ကြားဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံးပုံရိပ်တွေထဲက တစ်ဦးဖြစ်တယ်၊ ၁၈ရာစုအတွင်းက ပညာအလင်း ဖြန့်ဝေပေးခဲ့တဲ့ ဒဿနိက ပညာရှင်ကြီးတွေဖြစ်တဲ့ ဂျီးန်ဂျက်ရူးဆိုးနဲ့ မွန်းတက်စ်ခရူးတို့ရဲ့အသိအမြင်ဒဿန လွှမ်းမိုးပါတယ်။

မဟတမဂန္ဓီ (အောက်တိုဘာ ၂ ရက် ၁၈၆၉ - ဇန်န၀ါရီ ၃၀ ရက် ၁၉၄၈)
- အိန္ဒိယနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတွေ အတွက် လုပ်ဆောင်ရာမှာ နူးညံ့တဲ့လှုပ်ရှားမှုအသွင် ဖော်ဆောင် ခဲ့တဲ့ ငြိမ်းချမ်းရေဖခင်ကြီးဖြစ်ခဲ့တယ်၊ အိန္ဒိယအမျိုးသားအကြမ်းဖက် အဖွဲ့အစည်းတစ်ခုနဲ့ အဆက်အသွယ်ရှိသူ ဟိန္ဒူအမျိုးသားဝါဒီ နက်သူရမ်ဂေါ့ဒ်စီက အီတလီလုပ် .၃၈ အော်တိုသေနတ်နဲ့ လုပ်ကြံသတ်ဖြတ်တာခံခဲ့ရပါတယ်။

မာတင်လူသာကင်းဂျူနီယာ (ဇန်န၀ါရီ ၁၅ရက် ၁၉၂၉ – ဧပြီ ၄ရက် ၁၉၆၈) - အမေရိကန်ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်ခဲ့ဖူးသူ၊ တော်လှန်ရေးသမား၊ အထူးသဖြင့် အာဖရိကန်-အမေရိကန်ပြည်သူပြည်သားတွေရဲ့အခွင့်အရေးအတွက်လှုပ်ရှားခဲ့သူ၊ ထင်ရှားတဲ့ခေါင်းဆောင်တစ်ဦးပါ၊ မဟတမဂန္ဓီရဲ့သွန်သင်ဆုံးမမှုတွေကိုလိုက်နာခဲ့ရင်း အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ပြည်သူပြည်သားတွေရဲ့ အခွင့်အရေးအတွက်၊ ငြိမ်းချမ်းရေးအတွက်လှုပ်ရှားခဲ့သူအဖြစ် ယူအက်စ်အတွက်၊ တကမ္ဘာလုံးအတွက် အကောင်းဆုံးငြိမ်းချမ်းရေးအမှတ်တံဆိပ်ဖြစ်ခဲ့တယ်၊ ၁၉၆၈ ဧပြီ ၄ရက်နေ့မှာ တန်နက်ဆီပြည်နယ် မမ်းဖစ်မြို့တော်မှာလုပ်ကြံခံခဲ့ရပါတယ်၊ ကင်းရဲ့ အားထုတ်မှုတွေထဲမှာ ဆင်းရဲငတ်မွတ်မှုအဆုံးသတ်ရေးနဲ့ ဗီယက်နမ်စစ်ပွဲအဆုံးသတ်ရေးမှာအတွက်လည်း ဦးတည်လုပ်ဆောင်ခဲ့တယ်။

မော်စီတုန်း (ဒီဇင်ဘာ ၂၆ ရက် ၁၈၉၃- စက်တင်ဘာ ၉ ရက် ၁၉၇၆) ဟန်တရုတ်တော်လှန်ရေးသမား၊ နိုင်ငံရေးသမား၊ ကွန်မြူနစ်ခေါင်းဆောင် ဖြစ်တယ်၊ ၁၉၄၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ People's Republic of China (PRC) ကို သေဆုံးတဲ့အချိန်ထိ ဦးဆောင်ခဲ့တယ်၊ မော်စီတုန်းရဲ့ မာစ့်-လီနင်ဝါဒပါဝင်တဲ့အယူအဆ၊ စစ်ဗျူဟာတွေနဲ့ ကွန်မြူနစ်လမ်းစဉ်တွေကိုစုပေါင်းပြီး အခုအခါ မော်ဝါဒလို့ ခေါ်ဆိုကြတယ်၊

မော်စီတုန်း ရေးသားခဲ့တဲ့ စာအုပ်တွေက -
•    On Guerrilla Warfare 1937
•    On Practice 1937
•    On Contradiction  1937
•    On Protracted War 1938
•    In Memory of Norman Bethune 1939
•    On New Democracy 1940
•    Talks at the Yan'an Forum on Literature and Art 1942
•    Serve the People 1944
•    The Foolish Old Man Who Removed the Mountains 1945
•    On the Correct Handling of the Contradictions Among the People 1957 တို့ဖြစ်ကြပါတယ်။

တော်လှန်ရေးသမားတွေထဲမှာထင်ရှားတဲ့ အထူးသဖြင့်လူငယ်တွေကပါ အင်မတန်လေးစားကြတဲ့ ချေဂေးဗားရာကို ချန်ထားလို့မရပါဘူး၊ ချေဂေဗားရာဟာ မာစ့်ဝါဒီတော်လှန်ရေးသမားပါ၊ ၁၉၅၀ ခုနှစ်မှာ မော်တာတစ်လုံး ကိုယ်တိုင် တပ်ဆင်ထားတဲ့ မော်တော်ဆိုင်ကယ်နဲ့ မြောက်ပိုင်းအာဂျင်တီးနား ၄၅၀၀ကီလိုမီတာခရီးရှည်ကို တစ်ကိုယ်တည်း ထွက်ခဲ့တယ်၊ ၁၉၅၁ ခုနှစ်မှာ မြောက်အမေရိကပြည်နယ်တွေဆီ ၈၀၀၀ကီလိုမီတာခရီးနှင်ခဲ့တယ်၊ အဲဒီခရီးစဉ်တွေက လက်တင်အမေရိကရဲ့ လက်ရှိစီးပွားရေး အခြေအနေတွေသိမြင်လာခဲ့ပြီး သူရဲ့အတွေးအမြင်တွေကို အခြေခံကျကျ ပြောင်းလဲဖို့ ဖြစ်လာတယ်လို့ဆိုတယ်၊ ယူအက်စ်က အထောက်အပံ့ပေးထားတဲ့ အာဏာရှင်ကျူးဘားသမ္မတ ဖူလ်ဂျန်ဆီယို ဘက်တစ်စတာကိုဆန့်ကျင်တဲ့ ကျူးဘားတော်လှန်ရေး(၁၉၅၉ ဇန်န၀ါရီ ၁ ရက်)မှာ အဓိကခေါင်းဆောင်ဖြစ်ခဲ့တယ်၊ ဖီလ်ဒဲကက်စရိုကလည်း အဲဒီ ကျူးဘားတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်ထဲကတစ်ဦးပါပဲ၊ ချေဂေးဗားရာရဲ့ “The Motorcycle Diaries” မှတ်စုဟာ နောက်ပိုင်းမှာ နယူးယောက်တိုင်းမ်ရဲ့ အရောင်းရဆုံးစာရင်းဝင်ခဲ့တဲ့စာအုပ် ဖြစ်ခဲ့တယ်၊ တိုင်းမ်မဂ္ဂဇင်းကြီးက ၂၀ရာစုရဲ့အလွှမ်းမိုးဆုံး၁၀၀ထဲက တစ်ဦးလို့ ချေဂေးဗားရာကို အမည်တပ်ခဲ့ပါတယ်။


ကျူးဘားဓါတ်ပုံဆရာအဲလ်ဘာ့တိုကော်ဒါရိုက်ကူးခဲ့တဲ့ “သူရဲကောင်းပြောက်ကျားတပ်သား”(Guerrillero Heroico) လို့ အမည်ပေးထားတဲ့ဓါတ်ပုံဟာ ကမ္ဘာမှာအကျော်ကြားဆုံးဓါတ်ပုံအဖြစ် ကြေညာခြင်းခံခဲ့ရပါတယ်၊ ၁၉၆၀ခုနှစ် ဟာဗားနားဆိပ်ကမ်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့စဉ် ချေဂေးဗားရာရဲ့ ရုပ်သွင်ကို ကော်ဒါ .. လျှပ်တပြက်ရိုက်ကူးခဲ့တယ်၊
ကော်ဒါ က ပြောခဲ့တယ် ...
“အဲဒီပုံမှာ ချေဂေးဗားရာရဲ့ “ဒေါသနဲ့နာကျင်မှု” ကို မြင်တွေ့ခဲ့ရတယ်” တဲ့ ...


မော်နီတာဂျာနယ် အတွဲ (၁)၊ အမှတ် (၂၇)