Saturday, January 28, 2012

တစ်ယောက်တည်း ကြောက်လွန်းလို့ပါ

ပိုစ့်အဟောင်းပါ။ ရေးထားတာ ကြာပါပြီ။comment တစ်ခုမှ မရတဲ့ပိုစ့်မို့လို့ ပြန်တင်လိုက်ပါတယ်။
ဒီတစ်ခါလည်း comment တစ်ခုမှ မရခဲ့ရင်တော့ သေချာပါပြီ။ အဲဒါ တစ္စေကောင်ကြောင့်ပဲ။ သေချာတယ်။ :D


“The Terror” by Guy de Maupassant

ခင်ဗျားကပြောတယ်၊ နားမလည်နိုင်လောက်ဘူးတဲ့၊ ကျွန်တော် ခင်ဗျားကိုယုံကြည်ပါတယ်၊ ခင်ဗျားထင်နေတယ်မဟုတ်လား၊ ကျွန်တော်တော့ စိတ်ရုးပေါက်နေပြီလို့ပဲ၊ ကျွန်တော်ကလေ တကယ်တော့ ...ချစ်ရတဲ့ သူငယ်ချင်းကြီးရေ ခင်ဗျားစိတ်ကူးထဲ ထင်မြင်ယူဆနေတာထက် ကျွန်တော့်မှာ တခြား အကြောင်းပြချက်တွေရှိနေပါသေးတယ်။

ဟုတ်တယ်၊ ခု မကြာလှတဲ့အချိန်လေးမှာ လက်ထပ်တော့မယ်၊ ပြောပြပါ့မယ်၊ ဘယ်လို့ကိစ္စမျိုးကများ ဒီအဆင့်ကိုတက်လှမ်းဖို့ တိုက်တွန်းလိုက်သလဲဆိုတာကိုလေ ... ထပ်ပြောရဦးမယ်၊ ကျွန်တော့ဇနီးဖြစ်လာမယ့် ကလေးမရဲ့ အကြောင်း ကျွန်တော်သိတာ ဆိုလို့ နည်းနည်းလေးမှ တကယ့်နည်းနည်းလေးပဲရှိတယ်၊ သူလေးရဲ့အကြောင်းက မနှစ်သက်စရာတော့လဲ သိပ်မတွေ့မိဘူး၊ အဲဒါနဲ့ပဲ လက်ထပ်ဖို့ ကမ်းလှမ်းလိုက်တာပဲ၊ သူလေးက လား .. သေးသေးကွေးကွေးလေး၊ မျှမျှတတရှိမယ့် ပုံလေး၊ တည်ကြည်မယ့်ပုံလေးပါ၊ မနက်ဖြန်ပြီးတဲ့ နောက်တစ်နေ့မှာဆိုရင် အရပ်လေးရှည်ရှည်၊ အသားလေးကညှိမှောင်မှောင်၊ ပိန်ပိန်သွယ်သွယ်မိန်ကလေးအတွက် စိတ်အားထက်သန်စွာ ဆုမွန်ကောင်းတောင်းပေး ရတော့မယ်၊ သူလေးက မချမ်းသာဘူး၊ ပညာအရည်အချင်းကလဲ အလယ်တန်းလောက်ထိပဲ တက်ခဲ့တာ၊ သူလေးမှာ သီးသီးသန့်သန့်ပြစရာ အရည်အသွေး မရှိလှပေမဲ့လည်း လက်ထပ်ယူလိုက်ဖို့အတွက်လည်း ထင်ထင်ရှားရှားအမှားအယွင်းလဲမရှိဘူး၊ လူတွေက သူလေးအကြောင်း ပြောကြတယ်၊ “လာဂျိုလီလေး က အလွန်သိမ်မွေ့တဲမိန်းကလေး“ တဲ့၊ မနက်ဖြန်ဆို သူတို့ပြောကြဦးမယ်၊
“အိုး သိမ်မွေ့နူးညံ့လွန်းလှတဲ့အမျိုးသမီး မဒမ်ရေမွန်“ လို့ပေါ့၊

ကဲ .. ခင်ဗျားကမေးပြီပေါ့၊ ”ဒါဆို ဒီကမ္ဘာကြီးပေါ်က ဘယ်လိုကိစ္စအတွက်လက်ထပ်ခဲ့ရသလဲ“ တဲ့၊ အကြောင်းကတော့ ကျွန်တော်တစ်ယောက်တည်းနေရမှာ ကြောက်လို့ပဲ၊ ဒီလိုအဓိပ္ပါယ်မရှိ၊ မဖြစ်စလောက် အကြောင်းပြချက်လေးကြောင့် ပြောရခက်နေတာပေါ့၊ ခင်ဗျားနားလည်အောင် ဘယ်လိုဆိုရမယ် အခုထက်ထိ မသိနိုင်သေးဘူး၊ ဒါပေမဲ့ ကျွန်တော့်စိတ်အခြေအနေကတော့ အင်မတန်စိတ်ပျက်ဖွယ်ကောင်းနေပြီ၊ ခင်ဗျားက ကျွန်တော့်ကို သနားစဖွယ်သတ္တ၀ါလို့ထင်မယ်၊ အထင်အမြင်သေးမယ်။

အဖြစ်ကတော့ ... ညတွေမှာ တကယ့်ကို တစ်ယောက်ထဲ ကြာကြာမနေရဲလို့ဗျို့၊ ကျွန်တော်နဲ့အနီးမှာ တစ်စုံတစ်ယောက် ရှိနေတယ်ဆိုတဲ့အသိ၊ ခံစားမှုမျိုးရချင်တယ်၊ တစ်ယောက်ယောက်က တို့ထိနေတာမျိုး၊ စကားစမြည်ပြောဆိုနေတာမျိုး၊ ဘာပဲဖြစ်ဖြစ်ပြောနေဦးဗျာ ရတယ်၊ ဘာအကြောင်းအရာပဲပြောနေနေ၊ ကျွန်တော့်ဘေးက တစ်စုံတစ်ယောက်ကြောင့် ရှင်သန်နိုးထနေဖို့ အင်မတန် လိုလားတယ်၊ အဲဒီ တစ်ယောက်ယောက်သာ ရှိနေရင်ဗျာ ကျွန်တော် မေးခွန်းတချို့ ချက်ချင်းမေးနိုင်မယ်၊ ပေါက်တတ်ကရမေးခွန်းမျိုးပဲ ဖြစ်နေဦးတော့၊ လူသားတစ်ယောက်ရဲ့အသံကြားနေရရင်၊ ကျွန်တော့်ရဲ့ ၀ိညာဉ်လိပ်ပြာကနိုးထကောင်းပါရဲ့၊ ဖန်မီးအိမ်ရဲ့ အလင်းရောင်ကိုခပ်သုတ်သုတ်လေးမြှင့်ပြီး ကျွန်တော့်ဘေးက လူသားရဲ့မျက်နှာကို ကြည့်နိုင်မယ်၊ ဘာကြောင့် .. ဘာကြောင့်လဲ ..

အင်း .. ၀န်ခံရမှာတော့ရှက်သား၊ ဘာကြောင့်လဲလို့ ဆိုရရင် .. တစ်ယောက်တည်းဖြစ်နေတာကို ကြောက်လို့ပေါ့၊

အိုး...ခင်ဗျား .. အခုထိ ကျွန်တော့်ကို နားမလည်နိုင်သေးပဲကိုး.. ပြောရရင် ဘယ်လိုအန္တရာယ်မျိုးမှ ကျွန်တော်မကြောက်ဘူး၊ လူတစ်ယောက်အခန်းထဲ ၀င်လာပါစေဦး၊ ကြောက်ရွံတုန်လှုပ်မှုမရှိပဲ ဂုတ်ချိုးပြီး သတ်ပစ်နိုင်တယ်၊ စိတ်နယ်လွန်ကိစ္စရပ်တွေကို ကျွန်တော် အယုံအကြည်ရှိပေမဲ့ တစ္စေသရဲ လားလားမှမကြောက်ဘူးဗျို့၊ လူသေတွေကိုလည်းမကြောက်ဘူး၊ ဒီကမ္ဘာကြီးမျက်နှာစာမှာ ရှိနေသမျှတွေ ပျောက်ဆုံးသွားအောင် ခြေမှူန်းပစ်နိုင်တယ်လို့လဲ ယုံကြည်ထားတယ်၊ ဒါနဲ့များတောင် ကျွန်တော်ဘာကိုကြောက်နေလဲ ခင်ဗျားက စကားနာထိုးတော့မယ်၊ ကောင်းပါပြီလေ၊ ပြောရဦးတော့မယ်၊ ကျွန်တော် ကိုယ်တိုင် ကိုယ့်ဘာသာ ကြောက်လွန်းလို့ .. ရှုပ်ထွေးပွေလီလှတဲ့ စိုးရိမ်ထိတ်လန့်မှုရဲ့နောက်ကွယ်မှာ .. ကြောက်စရာအာရုံတွေ ကြိုကြိုပြီး ရနေသလိုပဲ။

ခင်ဗျားစိတ်ကြိုက် ရယ်ချင်ရယ်ပေါ့ဗျာ၊ ဒါဟာ တကယ့်ကိုကြောက်စရာကြီးဗျ၊ ကျွန်တော် နံရံတွေကို ကြောက်တယ်၊ အိမ်ထဲက ပရိဘောဂတွေကြောက်တယ်၊ အင်မတန်ရင်းနှီးကျွမ်းဝင်ပြီးသား ပစ္စည်းပစ္စယတွေလဲကြောက်တယ်၊ သူတို့တွေဟာ သက်ရှိတိရိစ္ဆာန်တွေလိုပဲ၊ တရွေ့ရွေ့တလှုပ်လှုပ်နဲ့၊ အမြဲ ရွစိရွစိ လုပ်နေကြတယ်၊ အထက်ကပြောခဲ့တဲ့ လှုပ်စိလှုပ်စိတွေက လှို့ဝှက်ဆန်းကြယ်ပြီး ဘယ်သူမှ မမြင်မသိနိုင်တဲ့ ဝေဒနာပြင်းပြင်းတွေနဲ့ ကျွန်တော့်ကိုနှိပ်စက်ကြတယ်။

ပထမတော့ ကျွန်တော့်စိတ်ထဲ ဘာမှန်းမသိ မအီမသာကြီးနဲ့၊ နောက်တော့ အဲဒီ့ ခံစားချက်ကြီးကြောင့် ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးတွေတဖြန်းဖြန်းထလောက်အောင် အေးစက်လာတော့တာ၊ ကျွန်တော် .. အခန်းပတ်လည် မျက်စိပြူးပြီး သေချာကြည့်တယ်၊ ဘာမှမရှိဘူး၊ တစ်ခုခုတွေ့လိုက်ရရင်တောင် ဟုတ်ဦးမယ်၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ တစ်ခုခု ... အကောင်အထည်ရှိတာ တစ်ခုခုလောက်၊ အခုတော့ ကျွန်တော်လဲ ကိုယ်တိုင်နားမလည်တဲ့ သွေးပျက်ခြောက်ခြားမှု သက်သက်ပဲ ဖြစ်နေတော့တာ။

ကျွန်တော် အသံထွက်စကားပြောလိုက်ရင် ကျွန်တော့်အသံကြီးကိုကြောက်တယ်၊ ကွဲအက်အက်ကြီး ..
ကျွန်တော် လမ်းလျှောက်ရင်လည်း တံခါးနောက်မှာ ဘာရှိမလည်း၊ ခန်းဆီးစတွေနောက်မှာ... ဗီရိုထဲမှာ .. ဒါမှမဟုတ် ကျွန်တော့်အိပ်ရာ အောက်မှာ၊ တချိန်လုံးပဲ ကြည့်နေရတယ်၊ တချိန်တည်းမှာပဲ ဘာမှမရှိဘူးဆိုတာလည်းသိနေပြန်တယ်၊ ကျွန်တော် ဆတ်ကနဲ နောက်ပြန်လှည့်ကြည့်တယ်၊ ကျွန်တော့်ကို စောင့်ကြည့်နေသူကို အငိုက်ဖမ်းမလို့၊ ကျောဖက်မှာ ဘာရှိနေမလည်း ကြောက်လဲကြောက်လို့ ... ဒါပေမဲ့လည်းဗျာ၊ ဘာမှမရှိဘူး၊ ကျွန်တော်သိတော့သိနေတယ်၊ ကျွန်တော် ထိတ်လန့်ကြောက်ရွံမှုတွေလဲ ပိုပိုပြီး တိုးလာပြီ၊ ဒါနဲ့ပဲ အခန်းထဲပြေးဝင်ပြီး ကျွန်တော်ကိုယ်ကျွန်တော် သိမ်းရတော့တယ်၊ အိပ်ရာထဲပြေးဝင်၊ အ၀တ်အစားထူပွပွတွေအောက်မှာသိမ်း၊ စောင်တွေအထပ်ထပ်အောက်မှာ သိမ်း၊ ဘောလုံးတစ်လုံးကို ကိုယ်ကို လိမ်ကျစ်လုံးထွေးပြီး သိမ်း ..သိမ်းလိုက်တယ်၊ မျက်စိကိုလည်းတင်းတင်းပိတ်၊ စိတ်ပျက်အားလျှော့စွာပဲ .. အချိန်ဘယ်လောက်ကြာမယ် မမှတ်နိုင်ဘူး၊ မှတ်မိတာက ကျွန်တော့်နဘေး စားပွဲပေါ်က ဖယောင်းအတိုင်အလင်း .. သူကတော့ တလက်လက်တောက်နေတော့မှာ၊ သူ့ကိုလဲ သိမ်းသင့်တယ်၊ ဒါပေမဲ့ မလုပ်ရဲဘူးဗျို့၊ ထပ်ပြီး မလှုပ်ရဲတော့ဘူး၊ ဘောလုံးလို လိမ်ကျစ်ထားတဲ့ကျွန်တော့်ခန္ဓာကိုယ်မှာ ကျွန်တော့်လက် ဘယ်နေရာသိမ်းမိတယ် မသိဘူး။

အရင်တုန်းက ဒီလိုကြောက်ရွံမှုတွေမဖြစ်ခဲ့ပါဘူး၊ ကျွန်တော် အိမ်ကို အေးအေးသက်သာပြန်လာတယ်၊ ကျွန်တော့်ရဲ့ငြိမ်းချမ်းအေးမြနေတဲ့စိတ်အစဉ်ကို ဘယ်အရာကမှ နှိပ်စက်ကလူမပြုနိုင်ပဲ အိမ်ပေါ်ထပ်၊ အိမ်အောက်ထပ် ဆင်းလိုက်တက်လိုက် လုပ်နေနိုင်တယ်၊ တစ်ခုခုထိခိုက်ဒဏ်ရာရခဲ့လဲ ကျွန်တော်အရေးပေါ်ဌာနကို ခေါ်နိုင်တယ်၊ မဖြစ်တန်ကောင်းတဲ့ စိုးရိမ်ထိတ်လန့်မှုမျိုးခံစားရဦးတော့ ပြောင်ပြောင်တင်းတင်း ရယ်ချလိုက်နိုင်တယ်၊
သေချာတယ်၊ ညအမှောင်ထဲ တံခါးလှစ်ဟထားလဲ ဘယ်တော့မှမကြောက်ဘူး၊ အိပ်ရာထဲ သက်သက်သာသာဝင်အိပ်နိုင်တယ်၊ တံခါးသော့ပိတ်ဖို့လဲ မလိုဘူး၊ ညလယ်တွေမှာလဲ တံခါးပေါက်တွေ သေချာပိတ်ထားရဲ့လား ပြန်စစ်ဖို့ ဘယ်တော့မှ တရေးနိုးလေ့မရှိဘူး၊

ပြီးခဲ့တဲ့နှစ် စိုထိုင်းထိုင်း ဆောင်းဦးညနေခင်းတစ်ခုမှာ...
အဲဒီ့ ထူးထူးဆန်းဆန်းစရိုက် စပြီး ဖြစ်လာခဲ့တာ၊ ကျွန်တော့်အိမ်က အိမ်အကူတစ်ယောက် ပြန်သွားတဲ့အချိန်ပေါ့၊
ကျွန်တော် ညစာစားတယ်၊ ပြီးတော့ ကျွန်တော်ကိုယ့်ဘာသာမေးမိတယ်၊ ဘာလုပ်နေရင် ကောင်းမလဲ၊ တစ်ခါတစ်ရံ အိမ်ခန်းထဲမှာပဲ ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့တယ်၊ အကြောင်းပြချက်မရှိပဲ လူက နုံးချိနေလိုက်တာ၊ အလုပ်မလုပ်နိုင်ပါဘူး၊ ဘာစွမ်းအားမှ မဖြုန်းရတဲ့ စာဖတ်တာလေးတောင် မလုပ်နိုင်ဘူး၊ တဖြိုက်ဖြိုက်ရွာချနေခဲ့တဲ့ မိုးက ချစ်စရာပေပဲ၊ ဒါပေမဲ့လဲ ကျွန်တော် မပျော်နိုင်ပါဘူး၊ တွေတွေငေးငေး သားကောင်တစ်ကောင်၊ ပြေးပေါက်မရှိဖြစ်နေတယ်၊ ဘာမှ ထင်သာမြင်သာလောက်တဲ့ ကိစ္စလဲမရှိပြန်ဘူး၊ ဘာမှသာမဟုတ်တယ် အင်မတန် ငိုချပစ်လိုက်ချင်တယ်၊ စကားပြောချင်တယ်၊ ကိစ္စမရှိဘူး ... ဘယ်သူပဲ ဖြစ်ပစေ၊ ဘယ်သူ့ကိုမဆို ကျွန်တော့်တို့ရဲ့ အရာရာတိမ်းညွတ် ယိမ်းယိုင်လွယ်နေတဲ့ အတွေးအမြင်တွေ လှုပ်နှိုးလိုက်၊ ဝေငှလိုက်လုပ်နေရရင် ပြီးတာပါပဲ၊

တစ်ယောက်တည်းဖြစ်လွန်းလို့ပါ၊ ကျွန်တော့်အခန်းက နဂိုရှိနေကျထက် ပိုပြီး ဗလာကျင်းတယ်၊ ဗလာကျင်း အခန်းထဲမှာ ဗလာဟင်းလင်း လူတစ်ယောက် ကျွန်တော် ငြိမ်ဆိတ်နေတယ်၊ “ငါ ဘာလုပ်ရမှာတဲ့လဲ” ၊ ကျွန်တော် ဒူးညွှတ်ထိုင်ချလိုက်တယ်၊ ဒါပေမဲ့လည်း ခြေထောက်တွေက သည်းခံနိုင်မှုစွမ်းအားတွေကင်းမဲ့လို့ သွေးဗလောင်ဆူနေကြတယ်၊ ဒီတော့ ကျွန်တော် မတ်တပ်ထရပ်ရပြန်တယ်၊ တစ်ခါထပ်ပြီး လမ်းလျှောက်ရတယ်၊ ကျောဘက်မှာ ပို့ထားတဲ့ ကျွန်တော့်ရဲ့ လက်တွေက အဖျားသွေးတွေ တရှိန်ရှိန်တက်နေသလိုပဲ၊ ကျွန်တော် ဖြေးဖြေးလေးလမ်းလျှောက်နေတယ်၊ လက်တစ်ခုရဲ့အပူက တခြားလက်တစ်ဖက်ဆီကို ကူးတယ်၊ သူတို့တွေ အချင်းချင်းလောင်ကျွမ်းသွားမတတ် ပူလောင်နေကြတယ်။ ပြီးတော့ ချက်ချင်း ပဲ တဆတ်ဆတ်တုန်လို့ အေးစက်ကုန်ကြတယ်၊ အေးစက်စက်လေတွေအခန်းထဲ တိုးဝင်လာတာကြောင့်ဖြစ်ပါလိမ့်မယ်၊ အဲဒီနှစ်ထဲ ပထမဆုံးအကြိမ်အဖြစ် မီးစာကို အရှိန်မြှင့်လိုက်ပါတယ်၊ နောက်တစ်ခါ ထိုင်ပြန်တယ်၊ မီးတောက်တွေကို စူးစိုက်ပြီးကြည့်ခဲ့တယ်၊ ဒါပေမဲ့ မကြာခင်မှာပဲ ငြိမ်ငြိမ်လေးနေလို့ မဖြစ်နိုင်တော့လောက်အောင် သွေးဆူလာပြန်တယ်၊ တစ်ကြိမ်ထပ်ပြီး မတ်တပ်ရပ်တယ်၊ အပြင်ကို ထွက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်၊ကျွန်တော့်ကို ကျွန်တော် ပြန်ပြီးထိန်းကျောင်းနိုင်ဖို့၊ ကျွန်တော့်နဲ့ အဖော်အဖြစ်ရပ်တည်ပေးနိုင်မဲ့ သူငယ်ချင်းတစ်ယောက်ရှာဖို့ အပြင်ကိုထွက်ခဲ့တယ်။

တကယ်တမ်းတော့ တစ်ယောက်မှကို မတွေ့ခဲ့ဘူး၊ သစ်ပင်လေးတွေတစ်ဘက်တစ်ချက်ပေါက်နေတဲ့ လမ်းမထက် အသိအကျွမ်းတစ်ယောက်၊ ဒါမှမဟုတ်ရင်လဲ တစ်ဦးဦး မိတ်ဆွေ ဖွဲ့လို့ ရလိုရငြား ဟိုဟိုဒီဒီ လှည့်ပြီးရှာတယ်၊ နေရာတိုင်းက စိတ်ပျက်စရာကောင်းလိုက်တာ... ၊ စိုစိစိ တမံသလင်းတွေက ညမီးရောင်တွေကြားမှာ ပြိုးပြိုးပြောင်ပြောင်လေးပဲ လက်နေကြတယ်၊ အပူရှိန်ဖိနှိပ်ထားဆဲအချိန် ရွာချလိုက်တဲ့မိုးပြင်းပြင်းကြီးရဲ့မိုးစက်မိုးပေါက်တွေက လမ်းတွေပေါ်မှာ .. လမ်းမီးတိုင်တွေရဲ့အလင်းတောင် မပြတ်သားနိုင်ကြတော့ဘူး၊ ကျွန်တော် ခပ်ဖြည်းဖြည်း လမ်းလျှောက်သွားတယ်၊ တိုးတိုးလေးရွတ်တယ် “၀ိညာဉ်တစ်ကောင်ကိုတော့ စကားပြောဖော်အဖြစ် မရှာသင့်ဘူး .. မရှာပါဘူး” .. လို့ ။
ကျွန်တော့်ရဲ့အကြည့်တွေကို ကော်ဖီဆိုင်တွေထဲလည်း ပို့တယ်၊ မက်ဒလင်းနဲ ကနေ ဖော့ဘူးဝါးဂ်အထိ ဝေးနိုင်သမျှ ဝေးဝေးသွားပြီး ရှာတယ်၊ ကော်ဖီဆိုင်တွေထဲ ထိုင်နေကြသူ တစ်ဦးချင်းစီမှာ ပျော်ရွှင်ချမ်းမြေ့ပုံမရကြဘူး၊ သူတို့မှာထားတဲ့ အရာတွေ ရှင်းလင်းဖို့တောင် လုံလောက်တဲ့ စွမ်းအားရှိပုံမရဘူး၊

လမ်းမထက် ရည်ရွယ်ချက်မဲ့ လှည့်လည်နေတာကိုက အချိန်အတော်ကြာခဲ့တယ်၊ ညလယ် စွန်းစွန်းမှာတော့ အိမ်ပြန်ဖို့ ခြေလှမ်းစလိုက်တော့တယ်၊ ကျွန်တော် အင်မတန် ငြိမ်သက်အေးဆေးနေပါတယ်၊ ပြီးတော့ အင်မတန် မောပမ်းနေခဲ့ပါပြီ ..

ကျွန်တော့်အိမ်ဝင်းတံခါးစောင့်က ချက်ချင်းကြီးပဲ တံခါးကိုဖွင့်ပေးတယ်၊ ဒါ သူ့အတွက်တော့ ခါတိုင်းလိုမဟုတ်ဘူး၊ အမြဲ ကျွန်တော်က သူ့တံခါးအဖွင့်ကို စောင့်ပေးရလေ့ရှိတယ်၊ တခြားအိမ်ငှားတစ်ယောက်ယောက် ကျွန်တော်မရောက်ခင်လေးတင် ၀င်သွားပုံရတယ် လို့ ကျွန်တော်တွေးတယ်။
ကျွန်တော်များ အပြင်သွားလို့ကတော့ ကျွန်တော့်အခန်းသော့ကို အမြဲနှစ်ထပ်ခတ်တယ်၊ ဒါပေမဲ့ ကျွန်တော့် အခန်းတံခါးဒလက်က ခပ်စေ့စေ့ပိတ်ထားရုံလေးပဲ၊ ကျွန်တော် အံအားသင့်သွားတယ်၊
“ဘယ်လိုပါလိမ့်” ..
ဟုတ်ပြီ ... စာပို့သမား ... ဒီညနေခင်းမှာ ကျွန်တော့်အတွက် စာတွေ ထားရစ်ခဲ့တာပဲဖြစ်ရမယ်။

ကျွန်တော် အိမ်ခန်းထဲကို ၀င်ပါတယ်၊ မီးစာလောင်ကျွမ်းနေဆဲဆိုတော့ မီးအလင်းရောင်ကျိုးတိုကျဲတဲ က အခန်းလေးထဲ ဟို ဒီ ဖြာကျနေတယ်၊ ဖယောင်းတိုင်တစ်တိုင်ထွန်းညှိပြီး ကြည့်တဲ့အခါ ... ကျွန်တော့်ရဲ့ လက်တင်ကုလားထိုင်ကြီးပေါ်မှာ လူတစ်ယောက်ထိုင်နေတာ သတိပြုမိလိုက်ပြီ၊ အဲဒီလူက ကျွန်တော်လာရာဘက်ဆီ ကျောပေးလျက်ကြီး ထိုင်လို့ ... သူ့ရဲ့ခြေအစုံကို မီးလင်းဖိုဆီပို့ထားလိုက်သေးတယ်၊ ကျွန်တော့်ရဲ့အကြောက်တရားဒီဂရီက အနိမ့်ဆုံးအဆင့်မှာ၊ သာမန်လေးပဲ တွေးနေဆဲပဲ၊ အဲဒီအချိန်ထိ ... ကျွန်တော့်ကို တွေ့ချင်တဲ့ သူငယ်ချင်းတစ်ယောက် စောင့်နေတယ်၊ ဒါမှမဟုတ်.. စာပို့သမားလို့ပဲ သံသယမရှိတွေးနေတုန်းပဲ၊ ကျွန်တော် အပြင်သွားနေတဲ့အချိန်တွေ အဆင်ပြေအောင် သူ့အတွက် ကိုယ်ပိုင်သော့ပေးငှားထားတယ်၊ ပြီးတော့ .. တခဏလေးအတွင်း ကျွန်တော် အိမ်ပြန်လာတဲ့အချိန်ကစလို့ အခြေအနေအားလုံးပြန်သတိရလာတယ်၊ .. လမ်းမအ၀င်ဘက်တံခါး ဘာကြောင့် ချက်ချင်းပွင့်ခဲ့တာလဲ ... အခန်းတံခါး ဒလက် ချထားရုံ .. သော့ က ခတ်မထား၊၊ တစ်ခုခုတော့ မှားကုန်ကြပြီ၊

ကျွန်တော့်သူငယ်ချင်းကို ... သူ့ရဲ့ခေါင်းလေးကလွဲလို့ ဘာမှ မမြင်ရဘူး၊ ဦးခေါင်းအနေအထားက ကျွန်တော့်ကိုစောင့်ရင်း အိပ်မောကျသွားသလို ဘေးကိုခပ်စောင်းစောင်း၊ ကျွန်တော် သူ့ကို လှုပ်နှိုးဖို့ ပြင်တယ်၊ အနားရောက်လာတော့ နည်းနည်းပိုထင်ရှားလာတယ်၊ သူ့ကိုမြင်တွေ့လာရပြီ၊ သူ့ရဲ့ ညာလက်မောင်းကြီးက ဘေးမှာ တွဲရရွဲကြီးကျလို့၊ ခြေထောက်တွေကိုလည်း ကြက်ခြေခတ်လိမ်ယှက်ထားလိုက်သေးတယ်၊ ဦးခေါင်းက လက်တင်ကုလားထိုင်ရဲ့ ဘယ်ဘက်မှာ တော်တော်စောင်းကျနေတဲ့ပုံစံ .. သူ အိပ်မောကျနေတာကို သိသာစေတယ်၊ တစ်ကိုယ်တည်း ကျွန်တော်မေးလိုက်တယ်၊“အဲဒါကြီးက ဘယ်သူများဖြစ်နိုင်သလဲ” လို့၊ သူ့ကို တိတိပပတော့ မမြင်နိုင်သေးဘူး၊ အခန်းထဲမှာ အမှောင်ဓါတ်က ပိုလာသလိုလို၊ ဒါကြောင့်ပဲ ကျွန်တော့်ရဲ့လက်အစုံကို သူ့ရဲ့လက်မောင်ဆီ ဆန့်တန်းရင်း တရွေ့ရွေ့ရှေ့တိုး .. ရှေ့ဆက်တိုး .. ရှေ့ကိုပိုပြီးနည်းနည်းထပ်တိုး .. ဆတ်ကနဲ တို့ထိလိုက်တယ်။

ဟော ... ကျွန်တော် ဘာကိုမှ မထိမကိုင်မိဘူး၊ လက်တင်ကုလားထိုင်ကြီးရဲ့ ချောချောမွေ့မွေ့ကျောဘက်ဆီသာ ကျွန်တော်ရဲ့လက်တွေ တို့ထိမိတယ်၊ အဲဒီမှာ ဘယ်သူမှ ရှိမနေဘူး၊ အဲဒီနေရာကြီးက ဗလာဟင်းလင်းကြီး၊ ကျွန်တော့်ဆီကို ကြောက်ရွံ့ထိတ်လန့်မှုတွေ အရှိန်အဟုန်ပြင်းပြင်း ၀င်ဆောင့်ပါတော့တယ်။ အဲဒီတော့မှပဲ ကြောက်လန့်ရကောင်းမှန်း ကျွန်တော်သတိရလိုက်တယ်၊

ဒါပေမဲ့ ကျွန်တော်က သွေးအေးသူပါ၊ အချိန်သိပ်မကြာလိုက်ပါဘူး ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြီးနလံထူအောင် ထိန်းချုပ်လိုက်နိုင်တယ်၊ ကျွန်တော် တွေးတယ်၊ ဒါ ..စိတ်ခြောက်ခြားတာ၊ မရှိကို အရှိထင်၊ ဒီလောက်ပါပဲ၊ ဒီထူးခြားလှတဲ့အဖြစ်အပျက်ကြောင့် ကျွန်တော့်အတွေးတွေ ခပ်မြန်မြန်ကြီး လှုပ်ရှားပျံသန်းကုန်ကြတယ်၊

မရှိတရှိမြင်လိုက်ရတဲ့ ပုံစံကြီးကို ကျွန်တော် စောဒကတက်မနေတော့ပါဘူး၊ သည်းညည်းခံနေလိုက်ပါတယ်၊ ကျွန်တော့်စိတ်ထဲမှာလည်း ကြည်ကြည်လင်လင်ပါပဲ၊ အားလုံးကပုံမှန်ပဲ၊ ကျွန်တော့်ဦးနှောက်ထဲလည်း ဘာမှရှုပ်ရှုပ်ယှက်ယှက် မရှိဘူး၊ ပုံမှန်တွေးတယ်၊ ပုံမှန်အလုပ်လုပ်နေတယ်၊ တစ်ခုပဲပေါ့ဗျာ .. မရှိတရှိအမြင်ကြီးကြောင့် ဆန်းကြယ်တဲ့ကိစ္စရပ်တွေနဲ့ ၀ိညာဉ်လောကကို ပိုပြီး ယုံကြည့်ရတော့မလို ဖြစ်နေပြီ၊ မျက်လုံးထဲမှာ မြင်ရတာတွေများလွန်းလို့ ပြည့်သိပ်ကျပ်ညပ်ပြီး ထူးခြားတဲ့ အမြင်အာရုံရလာတာများလားပဲ... ဒါလည်းမဟုတ်ဘူး မပြောနိုင်ဘူး၊

ကျွန်တော့်ရဲ့ဖယောင်းတိုင်ကို မီးညှိတယ်၊ မီးညှိနေစဉ် ကျွန်တော့်ခန္ဓာကိုယ်က ခပ်ကိုင်းကိုင်းညွှတ်ထားချိန် ... ကျွန်တော် တုန်တုန်ရီရီကြီးဖြစ်လာပြန်ပြီ၊ ကျွန်တော့်ပုခုံးကိုအနောက်ကနေ တစ်ချက် ဆက်ကနဲ ပုတ်လိုက်သလို...
အမလေး ... ကျွန်တော် ထခုန်လိုက်တယ်၊ လုပ်ပြန်ပြီတစ်ခါ၊
ဒီတစ်ခါတော့ ကျွန်တော့်ကိုကျွန်တော် သွေးအေးသွားအောင် ထိန်းချုပ်ဖို့ မသေချာတော့ဘူး။
ကျွန်တော် လမ်းနည်းနည်းလျှောက်ပြန်တယ်၊ ဟန်ကိုယ့်ဖို့ သီချင်းတစီစီ ညည်းတယ်၊ တပုဒ် လား နှစ်ပုဒ်လားပဲ၊ ပြီးတော့ တံခါးသော့နှစ်ခု ခတ်တယ်၊ သံသယကင်းပျောက်သလောက်ဖြစ်သွားပြီ၊ ကဲ အခု .. ဘယ်လိုနှုန်းမျိုးနဲ့မှ... ဘယ်သူမှ ၀င်မလာနိုင်တော့ပါဘူး။

ကျွန်တော် တစ်ခါထိုင်ချလိုက်ပြန်တယ်၊ ကျွန်တော့်ရဲ့ စွန့်စားခန်းတွေကို အချိန်တော်တော်ကြာ ပြန်ပြီးတွေးခဲ့ပါတယ်၊ ပြီးတော့ အိပ်ယာထဲဝင်တယ်၊ ဖယောင်းတိုင်းမီးကို ဟူးကနဲ မြန်မြန်မှုတ်ပြီး ငြှိမ်းလိုက်တယ်၊ ငြိမ်ငြိမ်လေး ပက်လက်လှန်လျက် လဲလျောင်းနေခဲ့ပါတယ်၊ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ မရှိတရှိအမြင်၊ မထိတထိ အတွေ့တွေကြောင့် အခန်းပတ်လည် လိုက်ကြည့် ... ကျွန်တော့်အနီးအနားကိုလည်း ကြည့်ရသေးတယ်၊ ဟိုမှာ ... မီးလင်းဖို မီးငြိမ်းတော့မယ်၊ အနည်းအကျဉ်းကျန်နေသေးတဲ့ မီးကျီးခဲလေးတွေရဲ့ ဖျော့တော့တော့အလင်းက လက်တင်ကုလားထိုင်ကြီးကိုကျော်ပြီး ကြမ်းပြင်မှာ ခပ်ဖွားဖွားလွင့်ကျနေတယ်၊
“ဟ .. ဟိုလူ” ..
အဲဒီလူ ထိုင်ခုံမှာထိုင်နေတာကျွန်တော် တစ်ခါ ထပ်တွေ့ပြန်တယ်။

ကျွန်တော် အဲဒီလူဆီ မြန်မြန်လေးပဲ ပြေးပြီး ဖမ်းချုပ်ဖို့ ကြိုးစားလိုက်တယ်၊ ကျွန်တော် အမှားတစ်ခု ထပ် လုပ်မိပြန်ပါပြီ၊ ဘာဆိုဘာမှ ရှိမနေဘူး၊ လက်တင်ကုလားထိုင်ကြီးကို ကျွန်တော့်ကုတင်ကနေ မမြင်ရတဲ့နေရာမှာ ဖွက်ထားလိုက်တယ်၊ အခုဆို အခန်းက မှောင်အတိကျနေပြီ၊ အိပ်ပျော်အောင် ကြိုးစားပါတယ်။ ငါးမိနစ်မက ကျွန်တော်ကိုယ့်ဘာသာ မေ့လျောနေတဲ့အထိ .. အလန့်လန့်အဖြတ်ဖြတ်၊ အိပ်မက်ထဲမှာလည်း ကျွန်တော်တွေ့ခဲ့ရတဲ့ အဲဒီလူကို အဲဒီအတိုင်းပဲ ပြကွက်တစ်ကွက်စီ ရှင်းရှင်းကြီး မြင်တွေ့နေခဲ့ရတယ်။ ကျွန်တော် အိပ်ရာက လန့်နိုးလာပြန်တယ်၊ ဖယောင်းတိုင်မီးရောင်က ခပ်နွဲ့နွဲ့လှုပ်ယမ်းလို့ နေတယ်၊ အိပ်ယာပေါ်မှာ ထထိုင်လိုက်တယ်၊ ဘာကိုမှ မစူးစမ်းတော့ပါဘူး၊ ပြန်အိပ်ဖို့တောင် မကြိုးစားနိုင်တော့ဘူး။
နှစ်ကြိမ်တောင် သူ့ကိုမြင်တာ ... အိပ်မောကျသွားပြီးတဲ့နောက် ကျွန်တော် တခဏတော့ ကိုယ့်ဘာသာ မေ့လျော့သွားခဲ့ပါတယ်၊ နောက်ထပ်နှစ်ကြိမ် သူ့ကိုထပ်မြင်ခဲ့သေးတယ်၊ အဲဒီ အရိပ်အယောင်တွေနဲ့ ကျွန်တော် ရူးမတတ်ပဲ၊ အဲဒီ့တစ်ညကျော်လွန်ပြီးတဲ့နောက် မွန်းလွဲပိုင်းအထိ ငြိမ်းငြိမ်းချမ်းချမ်း အိပ်မောကျသွားခဲ့ပါတယ်၊ အဖြစ်အပျက်အားလုံး ကျန်ရစ်ခဲ့ပါပြီ၊ ကျော်လွန်ခဲ့ပြီ၊ ကျွန်တော်ကတော့ ဖျားနေပြီ၊ အိပ်မက်ဆိုးတွေလဲ မက်နေခဲ့ပြီ၊ ကျွန်တော် ရူးနေပြီလို့လဲ တွေးနေမိခဲ့တယ်၊ ညနေဆို တစ်ညနေခင်းလုံးပဲ ကျွန်တော် ပျော်ရွှင်ခဲ့တယ်၊ စားသောက်ဆိုင်မှာစားတယ်၊ ပြီးတော့ ကဇာတ်ရုံကို သွားတယ်၊ ပြီးတော့ အိပ်ပြန်ဖို့ ခြေလှမ်းစရတယ်၊ အိမ်အနီးကိုရောက်ပြီဆိုတာနဲ့ မအီမသာခံစားမှုကြီးက စလာပြီ၊ ကျွန်တော် အဲဒီလူကို တစ်ခါထပ်မြင်ရမှာ ကြောက်ပြန်ပြီ၊ မရှိတရှိအမြင်ကြီးနဲ့ ကျွန်တော်ကိုခြောက်လှန့်ဦးမှာ ကျွန်တော်ကြောက်နေခဲ့ပါပြီ။

တစ်နာရီကျော်ကြာ လမ်းမထက် တမံသလင်းမှ ဟိုဒီလျှောက်နေမိတယ်၊ ငါတော့ တော်တော်ကြီးကို ရူးသွပ်နေပါပြီ .. လို့လဲ တွေးနေခဲ့တယ်၊ နောက်တော့လည်း ...
ဘယ်လောက်ပဲ အချိန်ဆွဲ ရှောင်တိမ်းနေလည်း အိမ်ကိုတော့ ပြန်ခဲ့ရတာပါပဲ၊

အသက်ကို ခပ်ပြင်းပြင်းရှုသွင်းပြီး၊ အိမ်ပေါ်ထပ်ကို ခက်ခက်ခဲခဲတက်ခဲ့တယ်၊ အခန်းတံခါးရှေ့မှာလည်းပဲ ၁၀မိနစ်လောက် ကြာအောင် မတ်တပ်ရပ်နေခဲ့သေးတယ်၊ ပြီးတော့ အာရုံကိုနိုးကြားနေအောင်လုပ် ... သတိကြီးကြီထားပြီး သော့ကိုဖွင့်ပါတယ်၊ ဖယောင်းတိုင်လေးလက်ထဲမှာကိုင်ပြီး ကျွန်တော့်ရဲ့အိမ်ခန်းထဲကို ခြေလှမ်းစတယ်၊ တစ်ဝက်တစ်ပျက် ပွင့်နေတဲ့ ကျွန်တော့်အိပ်ခန်းတံခါးကို ခြေနဲ့ကန်ပြီး ပွင့်စေတယ်၊ မီးလင်းဖိုတည့်တည့်ကို ကြောက်ကြောက်လန့်လန့်ကြည့်လိုက်တယ်၊
ဟား .. အဲဒီနေရာမှာ ဘာမှရှိမနေပါဘူး၊ ဒီလို လွတ်မြောက်မှုမျိုးက ဘယ်လောက်ဝမ်းမြောက်ဖို့ကောင်းလိုက်သလဲ ... ကျွန်တော် .. အကြောက်အလန့်ကင်းကင်း အလွန်ဖြတ်လတ် သွက်လက်စွာလျှောက်ပါတယ်၊ သံသယအားလုံး ကင်းစင်သွားတာတော့ မဟုတ်သေးဘူး၊ အခန်းတစ်ဝိုက်ကိုတော့ ခပ်သွက်သွက်လေး လှည့်ပတ်ကြည့်တယ်၊ အခန်းထောင့် မှောင်နဲ့မည်းမည်းအရိပ်ကြီးတွေက ကျွန်တော့်စိတ်တွေကို မငြိမ်မသက်ဖြစ်အောင် ခြောက်လန့်ကြပြန်တယ်။

ကျွန်တော်ခက်ခက်ခဲခဲ ကြိုးစားပြီးအိပ်ရတယ်၊ အဲဒီလူကိုတော့ မတွေ့ဘူး၊ ဒါပေမဲ့ဗျာ၊ အသံတွေကတော့ အဆက်မပြတ်ကြားနေရတယ်၊ တတောက်တောက် တဂျောက်ဂျောက်နဲ့၊ သူ့ခြောက်လှန့်မှု အဲဒါ အကုန်ပါပဲ၊ ကျွန်တော်ကတော့ အဲဒီအချိန်ကတည်းက တစ်ယောက်တည်းနေရမှာကို ကြောက်လန့်ခဲ့တာဗျ၊ တစ္စေကောင်ရှိနေတာ ကျွန်တော် ခံစားလို့ရနေတယ်၊ ကျွန်တော်နဲ့ နီးနီးလေးမှာပဲရှိနေတယ်၊ ကျွန်တော်သွားနေကျ ပတ်လည်မှာ တောက်လျှောက်လိုက်နေတယ်၊ ဒါပေမဲ့ ထပ်ပြီးတော့ ပေါ်ထွက်မလာတော့ဘူး၊ ကျွန်တော် အိမ်ပြန်လာတဲ့တစ်ညက .. တွဲရရွဲကျနေတဲ့ညာလက်မောင်းကြီး၊ ဘယ်ဘက် ခပ်စောင်းစောင်းကျနေတဲ့ဦးခေါင်း ... ကျွန်တော် မတွေးချင်ဘူး၊ ဒါပေမဲ့ ကျွန်တော် တွေးနေမိတုန်းပဲ၊ မီးလင်းဖိုးအနီး ပို့ထားတဲ့ ခြေထောက်တစ်စုံ၊ ကျွန်တော့်ကိုခြောက်လှန့်တဲ့ တစ္စေကောင်၊ အင်မတန် ဆိုးဝါးလှတယ်၊ တစ္စေကောင်ဘယ်သူလဲ ... သူက ဘာလဲ ... သူ့ကြောင့် ကျွန်တော် ကျောရိုးတွေ လှုပ်ရှားမရလောက်အောင် ကြောက်လန့်ခဲ့ရတာအကြိမ်ကြိမ်၊ တစ္စေကောင်က တစ္စေပုံ ကို နောက်တစ်ကြိမ်ထပ်ပြီး ပြတော့မှာ မဟုတ်ဘူး၊ သူ့ ကိုမမြင်ရအောင် ပုံးကွယ်နေတယ်၊ ဒါပေမဲ့ သူ့ရဲ့အငွေ့အသက်တွေကိုတော့ အဲဒီတစ္စေကောင် မကာကွယ်နိုင်ဘူး၊ အဲဒီတစ္စေကောင် တံခါးနောက်မှာ ရှိတယ်၊ အနီးအနားက ဗီရိုထဲမှာရှိတယ်၊ အ၀တ်ဘီရိုကြီးထဲကိုလဲ သွားတယ်၊ အိပ်ယာအောက်ထဲလည်း ကပ်ကပ်ရပ်ရပ်လာတယ်၊ မှောင်မည်းမည်း ထောင့်တိုင်းကလည်း တစ္စေကောင်ရဲ့အကြိုက်တွေချည်းပဲ၊

ကျွန်တော် ... အခန်းတံခါးကိုဖွင့်လိုက်ရင် ...
ဘီရိုတံခါးကိုဖွင့်လိုက်ရင် ...
အိပ်ယာအောက်ထဲ ဖယောင်းတိုင်မီးနဲ့ သူ့ကိုရှာရင် ...
မှောင်မည်းမည်းတောင့်တွေကို မီးအလင်းနဲ့လှမ်းပစ်လိုက်ရင် ... သူ လှစ်ကနဲ ပြေးတယ်၊
ပြီးရင် ကျွန်တော်သိနိုင်တယ်၊ ကျွန်တော့် နောက်ဘက်ကို ရောက်လာပြန်ပြီ၊ ကျွန်တော် ဆတ်ကနဲလှည့်လိုက်ရင်လည်း သူ ပြေးဦးမှာပဲ၊ သေချာတယ်၊ သူ့ကို ကျွန်တော် မြင်ရတော့မှာ မဟုတ်ဘူး၊ နောက်တစ်ကြိမ် ဘယ်တော့မှ မမြင်ရတော့ဘူး၊
ဒါပေမဲ့ တစ္စေကောင် .. သူ .. ကျွန်တော့် နောက်မှာ အမြဲရှိနေတယ်။

အင်မတန်ဆိုးဝါးပါတယ်၊ တော်တော်လည်း ကြောက်လန့်စရာကောင်းတယ်၊ ဒါပေမဲ့ ကျွန်တော် ဘာလုပ်နိုင်မှာလဲ၊
ကျွန်တော့်ကိုကျွန်တော် မကူညီနိုင်ဘူး၊
ဒါပေမဲ့ ဒီနေရာမှာသာ နှစ်ယောက်ရှိနေမယ်ဆိုရင် ကျွန်တော်သိတယ်၊ တစ္စေကောင်... သူ ... ကြာကြာနေမှာမဟုတ်ဘူး၊

သူ ဒီမှာရှိနေတာ ..
ဘာကြောင့်လဲဆိုတော့ ကျွန်တော် က တစ်ယောက်တည်းဖြစ်နေတာကြောင့်ပါ၊

ဘာကြောင့်လဲဆိုတော့ ...
ကျွန်တော်တစ်ယောက်တည်း ကြောက်နေတာကြောင့်ပါ၊

ပြီးတော့လည်း ...
ကျွန်တော် တစ်ယောက်တည်း ကြောက်လွန်းလို့ပါ ။      ။

------------------------------------------------------------------------------

ဂိုင်းဒဲ့မာ့ပါးဆန့်ထ် (Guy de Maupassant) ဟာ ၁၉ရာစုက ထင်ရှားကျော်ကြားခဲ့တဲ့ ပြင်သစ်စာရေးဆရာကြီးပါ၊ ၁၈၅၀ သြဂုတ် ၅ရက်နေ့ မှာ မွေးဖွားခဲ့ပြီး ၁၈၉၃ ဇူလိုင် ၆ရက် အသက် ၄၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်၊ မော်ဒန်ဝတ္ထုတိုဖခင်ကြီးတွေထဲက တစ်ယောက်လို့နာမည်ကျော်ခဲ့တယ်၊
လီယိုတော်စတွိုင်းရဲ့ “ဂိုင်းဒဲ့မာ့ပါးဆန့်ထ်ရဲ့အလုပ်များ” ဆိုတဲ့ အက်ဆေးတစ်ပုဒ်မှာ မာ့ပါးဆန့်ထ်၏ စာရေးခြင်းအနုပညာကို ဝေဘန်ရေးသားထားတဲ့အက်ဆေးဟာလည်း ထင်ရှားခဲ့ပါတယ်၊ “မာ့ပါးဆန့်ထ်ဟာ မွေးရာပါလက်ဆောင်လို့ပြောရမယ့် ဗီဇစွမ်းရည်ပါလာတယ်၊ အဲဒီလက်ဆောင်ကြောင့် အရာဝတ္ထုတွေ မှာရှိတဲ့ တခြားလူတွေမမြင်နိုင်တဲ့အရာတွေကိုသူက ထဲထဲဝင်ဝင်မြင်တယ်၊ ဒါပေမဲ့ ကျွန်တော်ဖတ်ခဲ့တဲ့ ၀တ္ထုတိုလေးတွေကို ပြောရမယ်ဆိုရင်တော့ လိုအပ်တဲ့အဓိကအကြောင်းအရာဖွဲ့စည်းမှုမှာ ဟာနေတယ်၊ တခြားတစ်ဘက်မှာ စစ်မှန်တဲ့အနုပညာမြောက်စာပေအရေးအသားကို ဖန်တီးနိုင်တဲ့ဗီဇစွမ်းရည်ရှိနေတယ်” ရှင်းလင်းတဲ့ မော်ဒန်အဖွဲ့အနွဲ့မျိုးမှာ အားသာတယ်လို့ အစချီပြီး မာ့ပါးဆန့်ထ်ရဲ့ ၀တ္ထုတိုတွေကို တစ်ပုဒ်စီဝေဘန်ခဲ့တဲ့ “ဂိုင်းဒဲ့မာ့ပါးဆန့်ထ်ရဲ့အလုပ်များ” ကြောင့် မာ့ပါးဆန့်ထ် ပိုပြီးလူသိများခဲ့ပါတယ်။

ဝတ္ထုများ

Une vie – LIFE (1883) -
Bel-Ami (1885)
Mont-Oriol (1887)
Pierre et Jean - Pierre and Jean (1888)
Fort comme la mort - Strong as death (1889)
Notre Cœur - Our Heart (1890)

လက်ရွေးစင်ဝတ္ထုတိုများ

Les Soirées de Médan (with Zola, Huysmans et al. Contains Boule de Suif" by Maupassant) (1880)
La Maison Tellier (1881)
Mademoiselle Fifi (1882)
Contes de la bécasse - Tales of the Woodcock (1883)
Miss Harriet (1884)
Les Sœurs Rondoli - Sisters Rondoli (1884)
Clair de lune - Moonlight (1884) (contains "Les Bijoux")
Yvette (1884)
Toine (1885)
Contes du jour et de la nuit - Tales of day and night (1885) (contains "La Parure" or "The Necklace")
Monsieur Parent (1886)
La Petite Roque (1886)
Le Horla (1887)
Le Rosier de Madame Husson (1888)
La Main gauche - Left Hand (1889)
L'Inutile Beauté - The Useless Beauty (1890)

ခရီးသွားဆောင်းပါး

Au soleil – The Sun(1884)
Sur l'eau – On The Water(1888)
La Vie errante – The Wandering Life(1890)

ကဗျာ
Des vers – Worms (1880)

Friday, January 27, 2012

အိမ်လေးထဲက လိမ္မော်ရောင် အခင်းအကျင်း

၎ ရက်လောက် ဖျားနေလိုက်တာ၊ ညက်လုံးတောင်မဖွင့်နိုင်ဘူးဖြစ်သွားတော့ စာလည်းမရေးနိုင်ပါဘူး။
ဘလောဂ့်ကိုလည်းလှည့်မကြည့်နိုင်ဘူး။
ခုတော့ နေကောင်းပါပြီ။
ဘလောဂ့်အတွက်လည်းစာသပ်သပ်လည်းမရေးနိုင်တာနဲ့ပဲ။
အွန်လိုင်းမတက်နိုင်တဲ့ သုံး လေး  ရက်လောက်လည်း အစ်မနဲ့ အမေ မေးလ်ပို့ပြီး မေးနေကြတာကလွဲလို့ သူငယ်ချင်းတွေက သတိတောင်မထားဖြစ်ကြပါဘူးထင်ပါတယ်။ တစ်ယောက်မှကို မမေးပါဘူး။ အားလုံးလည်း ကိုယ့်အလုပ်နဲ့ကိုယ့်ရှုပ်နေကြတာကိုနော်။ ဘလောဂ့်တွေလည်း မလည်နိုင်လို့ ခု နား နား ပြီး စာ လည် ဖတ်ပါမယ်လို့ ချစ်တဲ့သူငယ်ချင်းတွေကို ပြောချင်လို့ပါ။
အဲဒါကြောင့် အခု နှင်းကို မချစ်တော့ပါဘူး။ ချမ်းတယ်။ ဖျားတယ်။


သမားရိုးကျအရောင်တွေမသုံးပဲ နည်းနည်းထူးခြားတဲ့အိမ်ခန်းလေးဖြစ်သွားအောင် ကိုယ့်အိမ်ခန်းလေးကို လိမ္မော်ရောင်နဲ့အလှဆင်ကြည့်ရအောင်နော်။ လိမ္မော်ရောင်ဟာ အလင်းများတဲ့အိမ်ခန်း အပြင်အဆင်ဖြစ်အောင်ဖန်တီးပေးနိုင်ပါတယ်။ လှုပ်ရှားသွက်လက်တဲ့အရောင်၊ စိတ်ဝင်စားစရာကောင်းတဲ့အရောင်ပါ။ တစ်ခြားအရောင်တွေအများကြီးနဲ့လည်း ယှဉ်တွဲသုံးနိုင်တာမို့ လွတ်လွတ်လပ်လပ်ရွေးချယ်စရာများတဲ့အရောင် ဖြစ်နေပါသေးတယ်။ အနီနဲ့လိမ္မော်ရောင်ကိုတွဲပြီး ပန်းချီကားလေးပါ နံရံမှာရက်ဖွဲ့လိုက်ဦးမယ်ဆိုရင် အလုံးစုံပြည့်စုံတယ်လို့မဆိုနိုင်ရင်တောင် စွဲဆောင်မှုတွေနဲ့ပြည့်စုံနေတဲ့အိမ်ခန်းလေးတစ်ခု ဖြစ်သွားမှာတော့ အသေအချာပါ။ အပြာ၊ ခရမ်း နဲ့ အစိမ်းရောင်တို့လို ကွဲပြားတဲ့အရောင်တွေနဲ့ ပေါင်းစပ်ပြီး ထူးခြားတဲ့အရောင်စပ်ဟပ်မှုအဖြစ် ဖန်တီးကြည့်နိုင်ပါတယ်။

လိမ္မော်ရောင်နဲ့ ကြားရောင်(Neutral color)တွေ ရောယှက်အလှဆင်ကြည့်တဲ့အခါ … 


လိမ္မော်ရောင်နဲ့ တောက်ပတဲ့အရောင်တွေဆိုရင်ရော …
ကရင်မ်ရောင်၊ မီးခိုးရောင်အလင်းများများအပြင်အဆင်လေးပါ။

လိမ္မော်ရောင်စဉ်ထဲက ကွဲထွက်နေတဲ့ အပြာ၊ အစိမ်း၊ ခရမ်းရောင်လို အရောင်သုံးကြည့်ချင်ရင်တော့ အိမ်ခန်းအလှဆင်ပစ္စည်း၊နဲ့ ပရိဘောဂသေးသေးလေးတွေအသုံးပြုနိုင်ပါတယ်။ ပုံထဲကအတိုင်း လိမ္မော်ရောင်နဲ့ တာကွိုက်ကျောက်အသုံးအဆောင်၊ လိမ္မော်ရောင်နဲ့ အရွက်စိမ်းစိမ်းအပင်လေးတို့ကို အတူတကွအလှဆင်ကြည့်လိုက်တဲ့အခါ ထူးခြားတဲ့အိမ်ခန်းလေးဖြစ်ဖို့ အရောင်အစပ်အဟပ်က အရေးကြီးတယ်ဆိုတာ သိသာလာတော့တယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ အရောင်အနုအရင့်တွေတစ်ခုနဲ့တစ်ခု အဆက်အစပ်ရှိနေမှသာ အရောင်တွေနဲ့ပြန့်ကျဲနေတဲ့အခန်းမျိုးမဖြစ်တော့ပဲ သေသပ်လှပတဲ့အခန်းလေး ရလာနိုင်ပါတယ်။


လိမ္မော်ရောင် အရင့်နဲ့ အသွေးဖျော့ဖျော့တွေကို အခန်းကျယ်တွေမှာဖန်တီးကြည့်ပါ။

အညိုရင့်၊၊အနက်ရောင်သစ်ကိုင်း၊ အနက်နဲ့အဖြူကောဇော၊လိုက်ကာတွေနဲ့ အသွေးရင့်လိမ္မော်ရောင်စပ်ထားပေမယ့် ဒီအခန်းလေးက မှိုင်းညို့မသွားပဲ လန်းဆန်းတောက်ပလို့နေတယ်။
 လိမ္မော်ရောင်အသွေးဖျော့နဲ့ အညိုရောင် အသားရောင်၊ ကရင်မ်ရောင်လေးတွေနဲ့  အခန်းလေးကလည်း ချစ်စရာ
လိုက်ဖက်တဲ့အရောင်တွေ အချိတ်အဆက်မိမိ နေရာချထားပေးတဲ့အိမ်ခန်းကတော့ ပြခန်းလေးတစ်ခန်းလို

အလင်းများများ တောက်ပတဲ့လိမ္မော်ရောင်အခန်းလေး

လိမ္မော်သွေး အနုအရင့်ထဲမှာ အိမ်ခန်းလေးက လင်းလက်နေတာပဲ
အနက်ရောင်နဲ့ ပေါင်းစပ်ထားတာရယ်၊ အရောင်ဖျော့လေးတွေနဲ့ ပေါင်းစပ်ထားတာရယ်ယှဉ်ကြည့်တဲ့အခါ ကွဲပြားတဲ့အရောင်လိုက်ဖက်မှုကို တွေ့နိုင်ပါတယ်။
လှုပ်ရှားသွက်လက်တဲ့အရောင်တစ်ရောင်ဖြစ်တဲ့ “လိမ္မော်ရောင်” နဲ့ အိမ်ခန်းလေးအလှဆင်ကြည့်ရမှာ စိတ်ဝင်စားစရာတော့အကောင်းသားနော်။        ။
Living Fashion Magazine, February 2012

Tuesday, January 10, 2012

ပျော်ပါရဲ့လား မွေးနေ့ရှင်

ယူရိုငွေစက္ကူ မွေးနေ့ရှင်လေးဟာ ၁၀နှစ်ပြည့်ခဲ့ပြီ။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာကတော့ အဲဒီငယ်ရွယ်သူလေးက မွေးနေ့ပွဲကျင်းပဖို့ စိတ်ပါလက်ပါသိပ်မရှိလှပါဘူး။ ပြီးခဲ့တဲ့ ၁၀နှစ်မှာ ယူရိုဘဏ်ကနေ ငွေစက္ကူလေး မွေးဖွားခဲ့ပါတယ်။ ဒီအချိန်အခါကို မှတ်မှတ်သားသားဖြစ်စေချင်ကြတယ်။ ဥရောပဗဟိုဘဏ်ကနေပြီး ဗီဒီယိုတစ်ခုပြုလုပ်ဖို့ တန်ဖိုးရှိလှတဲ့ယူရိုတချို့ကို သုံးစွဲခဲ့ပါတယ်။

အခုသတင်းမှာပြထားတဲ့ဗီဒီယို ကောက်နှုတ်ချက်မှာ မြင်တွေ့နိုင်ပါတယ်။ နောက်ခံစကားပြောသူက ပြောတယ်။ “ဥရောပဟာ တံတားတွေကို တည်ဆောက်ပြီး မျှော်လင့်ချက်တွေအသက်သွင်းလိုက်တယ်။ အဲဒါဟာ လူတွေ သူတို့အနာဂါတ်ကို စိတ်ချယုံကြည်မှုအပြည့်နဲ့ ကြည့်မြင်နိုင်စေပါတယ်။” တဲ့။


တကယ်ပဲလား၊ မျှော်လင့်ချက်တွေ၊ စိတ်ချယုံကြည်မှုတွေ တကယ်ပဲရှိကြပြီလား။ ဥရောပဗဟိုဘဏ်က ကျွန်တော့်မှာရှိတဲ့သတင်းကိုပဲ ဖတ်ရုံဖတ်သွားခဲ့လေသလား”၊ အဲဒီဗီဒီယိုက ငွေစက္ကူတွေကိုဆွဲဆောင်ဖို့ သူတို့ဘာသာမြှောက်ပင့်ကြိုးပမ်းတာပါ။ ဗီဒီယိုထဲက နောက်ခံစကားပြောသူက ပြောပြန်တယ်။ “အဆုံးသတ်တွေကို ချိတ်ဆက်နေရာချပေးခဲ့ပါပြီ။ ပြောင်းလဲမှုတွေအတွက်ထုတ်လုပ်ခဲ့တဲ့ ၁၄.၉ဘီလီယံငွေစက္ကူတွေဟာ လကမ္ဘာနဲ့ အသွားအပြန်၅ကြိမ်စာကျော်ခဲ့ပါပြီ”။

တော်တော်လေးကို အထင်ကြီးလောက်စရာပါပဲ၊ ဒါပေမဲ့ ခင်ဗျားတို့ အဲဒီ ၁၄.၉ဘီလီယံယူရိုငွေစက္ကူတွေကို အမြဲကြည့်ရှုစစ်ဆေးကြည့်ဖြစ်ခဲ့ပါသလား။ သူတို့ဟာ ကော်မတီက ပြဿနာကို ဒီဇိုင်းထွင်ပြောင်းလဲထားတဲ့ သရုပ်သကန်ပါ။ ပြောရရင် အဲဒီရုပ်ပြောင်းရုပ်လွှဲဒီဇိုင်းတွေကို အဖွဲ့ဝင်နိုင်ငံတွေက မတိုက်ခိုက်နိုင်အောင်အသေအချာလုပ်ထားကြတယ်။ ငွေစက္ကူတွေမှာ နိုင်ငံခေါင်းဆောင်တွေရေးဆွဲမထားဘူး။ နယ်မြေအမှတ်အသားတွေမပါဘူး၊ ကိုယ်ပိုင်အထောက်အထားတစ်ခုမှရှိမနေဘူး။ ငွေစက္ကူတွေရဲ့ နောက်ကျောဘက်မှာရေးဆွဲထားတဲ့ တံတားတွေနဲ့ အရှေ့ဘက်မှာဆွဲထားတဲ့ ဗိသုကာအဆောက်အဦးဒီဇိုင်းတွေဟာ ဘယ်နိုင်ငံမှာမှ ရှိမနေပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ပျော်ရွှင်ချမ်းမြေ့သောမွေးနေ့ဖြစ်ပါစေ ယူရိုရေ၊ သက်ရှည် ကျန်းမာစွာနဲ့ ကမ္ဘာ့စီးပွားရေးကမောက်ကမ၊ အထိတ်တလန့်ဖြစ်နေရတာတွေကို အဆုံးသတ်ပေးနိုင်ပါစေပေါ့။            ။

Source: စီအန်အန်သတင်းထောက် ဖယ်ရိဒ်ဇာကေးရီးယားရဲ့ Happy (?) 10th birthday to the euro

ယူရိုရဲ့ သမိုင်း

ယူရိုရဲ့တည်ရှိမှုက ၁၉၉၉ ဇန်န၀ါရီ ၁ ရက်နေ့မှာပါ။ ဒါပေမဲ့ အီးယူရဲ့ရည်မှန်းချက်အဖြစ် ၁၉၆၀ကတည်းက စတင်ခဲ့ပါတယ်။ လက်တွဲလုပ်ဆောင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီးနောက် အီးယူသဘောတူညီချက်(Maastrich Treaty) အရ ၁၉၉၃မှာ ယူရိုငွေကြေးတစ်ခုတည်းသုံးစွဲဖို့ ဖိအားတွေပေးလာခဲ့ကြတယ်။ ယူကေက ဆန့်ကျင်ခဲ့ပါတယ်။ ၁၉၉၉မှာ အီးယူပြည်နယ်တွေအားလုံး စီးပွားရေးနဲ့ငွေကြေးယူနီယံ သဘောတူညီချက်အရ ယူရိုငွေကြေးကို သုံးစွဲလာကြပေမဲ့ ယူကေနဲ့ ဒိန်းမတ်နိုင်ငံက ခြွင်းချက်ပါ။ ၁၉၉၉မှာ ယူရိုငွေကြေးအသက်ဝင်ခဲ့ပါတယ်။ ၂၀၀၂ မှာမှ ငွေစက္ကူနဲ့ ငွေအကြွေစေ့ ဖြန့်ဝေ အသုံးပြုခဲ့ကြပါတယ်။

2002 Series
ImageValueDimensions
(millimetres)
Main ColourDesign
ObverseReverseArchitectureCentury
EUR 5 obverse (2002 issue).jpgEUR 5 reverse (2002 issue).jpg€5120 × 62
GreyClassical< 5th
EUR 10 obverse (2002 issue).jpgEUR 10 reverse (2002 issue).jpg€10127 × 67
RedRomanesque11–12th
EUR 20 obverse (2002 issue).jpgEUR 20 reverse (2002 issue).jpg€20133 × 72
BlueGothic13–14th
EUR 50 obverse (2002 issue).jpgEUR 50 reverse (2002 issue).jpg€50140 × 77
OrangeRenaissance15–16th
EUR 100 obverse (2002 issue).jpgEUR 100 reverse (2002 issue).jpg€100147 × 82
GreenBaroque & Rococo17–18th
EUR 200 obverse (2002 issue).jpgEUR 200 reverse (2002 issue).jpg€200153 × 82
YellowArt Nouveau19–20th
EUR 500 obverse (2002 issue).jpgEUR 500 reverse (2002 issue).jpg€500160 × 82
PurpleModern 20th century20–21st
images Ref : wikipedia

Monday, January 9, 2012

အမျိုးသမီးတွေရဲ့ သြဇာ .. အမြင့်ဆုံး ဘယ်ဆီမှာ

ဒီကမ္ဘာကြီးထဲကအမျိုးသမီးတွေရဲ့အနာဂါတ်ကို ယူအက်စ်လို၊ စကန်ဒီနေဗီးယားလိုနိုင်ငံတွေမှာ လင်းလက်တောက်ပနေတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် မူဘိုင်း၊ မနီလာနဲ့ ဆာပေါ်လို လမ်းမတွေပေါ်မှာ သရက်သီးကနေ အိမ်ချုပ် အ၀တ်အထည်တွေအထိ ပစ္စည်းစုံရောင်းချနေကြတဲ့ ကုန်သည်၊ စီးပွားရေးသမား အမျိုးသမီးတွေစီတန်းနေတာ တွေ့မြင်နေကြရတယ်။  မိခင်တိုင်းပြည်တွေရဲ့ လုပ်ငန်းခွင်ကအောက်ခြေလုပ်သားအဲဒီအမျိုးသမီးတွေဟာ ၂၁ရာစုထဲကအမျိုးသမီးတွေရဲ့ ဘ၀မြင့်မားတိုးတက်မှုကို ကန့်သတ်တဲ့အစွန်းအနားအဖြစ်ကိုယ်စားပြုတယ်လို့ အမြဲလိုသတ်မှတ်ခဲ့ကြတယ်။

အချမ်းသာဆုံးတိုင်းပြည်တွေမှာပဲ အမျိုးသမီးတွေရဲ့တက်လမ်းဟာ လုံးလုံးလျားလျား မြင်သာထင်သာရှိခဲ့တယ်ဆိုတဲ့ဆယ်စုနှစ်တွေထဲက အခု ဆုတ်ခွာလာခဲ့ပါပြီ။ သုတေသနပြုလေ့လာမှုတွေဟာ ဘောင်ကျဉ်းနေသေးပေမယ့် အမျိုးသမီးတွေရဲ့အောင်မြင်မှု တိုးတက်နေတာကို တွေ့ခဲ့ကြတယ်။ အမျိုးသမီးတွေနေရာတိုင်းမှာ ခြေလှမ်းကျဲကြီးတွေနဲ့လှမ်းနေကြပြီ။ ဖွံဖြိုးဆဲတိုင်းပြည်တွေမှာ လျင်လျင်မြန်မြန်ကြီးပဲ တိုးပွားလာနေပါတယ်။

အဲဒီတိုင်းပြည်တွေမှာ အမျိုးသမီးတွေ နိုင်ငံရေးနယ်ပယ်တွေမှာ၊ တရားဥပဒေနယ်ပယ်နဲ့ အထူးသဖြင့် ပညာရေးနယ်ပယ်တွေမှာ ထူးခြားပြောင်မြောက်တဲ့တိုးတက်မှုတွေရှိလာခြင်းအားဖြင့် လုပ်ပိုင်ခွင့်အာဏာတွေကိုပါ လတ်တလောရယူနိုင်လာကြတယ်။ ပိုပြီးအရေးကြီးတာက ၂၁ရာစုရဲ့ အဓိကစီးပွားရေးအလွှာထဲမှာ လုပ်ငန်းရှင်အဖြစ် အရေအတွက်ပိုများလာနေတာပါ။

ကမ္ဘာကြီးရဲ့ဘယ်နေရာကအမျိုးသမီးတွေ တိုးတက်မှုမြန်ဆန်နေသလဲဆိုတာ သုတေသနပြုတဲ့အခါ ပညာရေး၊ နိုင်ငံရေးနဲ့ ကိုယ်ပိုင်စီးပွားရေးဆိုတဲ့အကြောင်းရင်းတွေကိုအခြေခံပြီးကြည့်ပါတယ်။ ယူနိုက်တက်နေရှင်းရဲ့ အလယ်တန်းလွန်ပညာရေး လူဦးရေစာရင်းနဲ့ နိုင်ငံရေးနယ်ပယ်ပါဝင်မှုစာရင်းတွေ လေ့လာပါတယ်။ စီပွားရေးနယ်ပယ်အတွက်ဆုံးဖြတ်ဖို့ကိုတော့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစွမ်းဆောင်ရှင် စောင့်ကြည့်အဖွဲ့အစည်း(Global Entrepreneurship Monitor-GEM) ရဲ့ ဖွံ့ဖြိုးစလုပ်ငန်းရှင်စာရင်းနဲ့ ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့စီးပွားရေးဖိုရမ်တွေက အမျိုးသား၊ အမျိုးသမီးလုပ်ငန်းရှင်စာရင်းကွာဟမှုတွေကိုလည်း လေ့လာကြတယ်။ ကမ္ဘာအရပ်ရပ်က စီးပွားရေးတက္ကသိုလ်တွေနဲ့ NGO တွေကထုတ်တဲ့ စာစောင်တွေလည်းရှာရပါတယ်။ တချို့နေရာတွေကိုလည်းလိုအပ်တဲ့အခါ သွားကြတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ အနီးစပ်ဆုံးအရေအတွက်၊ သတင်းနဲ့ လေ့လာစူးစမ်းမှုတွေကို မွှေနှောက်ကြပါတယ်။ တွေ့ရှိခဲ့ရတာက  ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ များသောအားဖြင့် ဘရာဇီး၊ အိန္ဒိယ၊ ဗီယက်နမ် နဲ့ ဖိလစ်ပိုင်နိုင်ငံက အမျိုးသမီးတွေ တိုးတက်မှုမြန်ဆန်နေတာတွေ့နိုင်ပါတယ်။ ဒီတိုးတက်မှုရဲ့ မရှိမဖြစ်benchmarkအမှတ်အသားကပြတာက အဲဒီနိုင်ငံတွေက စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှုမှာ အမျိုးသမီးတွေပါဝင်ပတ်သက်မှုက အဓိကအခန်းကဏ္ဍဖြစ်တယ်လို့ဆိုတယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေအများကြီးရဲ့ အမျိုးသမီးစွမ်းဆောင်ရှင်နှုန်းထားဟာ G-7 တိုင်းပြည်တွေမှာထက် ကျော်လွန်နေပါတယ်။ လက်တင်အမေရိက၊ အိန္ဒိယ၊ အရှေ့အာရှ၊ အာဖရိကနဲ့ ဥရောပအလယ်ပိုင်းနိုင်ငံတွေလို ယဉ်ကျေးမှုနဲ့ တရားဥပဒေအတားအဆီးတွေကြောင့် စီးပွားရေးဈေးကွက်မှာ အခွင့်အလမ်းကောင်းတွေ မကြာခဏဘောင်ခတ်ခံကြရတဲ့ အမျိုးသမီးတွေတောင်မှ လိုအပ်ချက်အရ စီးပွားရေးစွမ်းဆောင်ရှင်တွေဖြစ်လာကြတယ်။

ကွာခြားချက်က ရှေ့ကိုရောက်နှင့်နေပြီးတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်နှုန်းထားမြင့်မားမနေကြပါဘူး။ ဖွံ့ဖြိုးပြီးလူ့ဘောင်ထဲမှာ အမျိုးသမီးတွေအကြောင်းအပြောများကြသည့်တိုင်အောင် ယူအက်စ်မှာ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်တဲ့ အမျိုးသမီးရာခိုင်နှုန်း တရွေ့ရွေ့ကျဆင်းနေပါတယ်။ အီးယူမှာလည်း အမျိုးသမီးထုအိုင်ထွန်းနေကြတယ်။ အဲဒီ ကျဆင်းမှုဟာ အမျိုးသမီးမျိုးဆက်သစ်အတွက် အခွင့်အရေးလမ်း ချဲ့ပေးတာလို့တော့ ပြောနိုင်ပါတယ်။ အလယ်အလတ်တန်းအဆင့် အလုပ်အကိုင်ဈေးကွက်နဲ့ အဆင့်မြင့်အဖွဲ့အစည်းအဆင့်အဆင့်မှာပါ မိခင်တွေထက် သိသိသာသာ ပညာရေးပိုပြီး အဆင့်မြင့်လာနိုင်ကြတယ်။ အစဉ်အလာအရ “အင်အား”ကြီးမှုနဲ့ အာရုံစူးစိုက်နိုင်မှုစတဲ့ အမျိုးသားတွေရဲ့အသာစီးရမှုတွေကို လုပ်ငန်းခွင်သဘောသဘာဝထဲက အမျိုးသမီးတွေရဲ့ “ဥာဏ်စွမ်း”နဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေက ကျော်လွန်လာစေတယ်။ အဲဒီအပြောင်းအလဲတွေက အရှိန်မြင့်လာနေပါတယ်။
အမျိုးသမီးစွမ်းဆောင်ရှင် တိုးတက်မှု
လက်တင်အမေရိကဟာ ပွဲဦးထွက်နမူနာပါပဲ။ ဘရာဇီးနဲ့ ကိုစတာရီကာတို့ဟာလည်း ကမ္ဘာ့ဘဏ်ရဲ့ အမျိုးသမီးပိုင်ဆိုင်မှုအဆင့် ထိပ်တန်း ၁၀နိုင်ငံထဲမှာ ပါဝင်ကြတယ်။ အဲဒီဒေသတွေဟာ စီးပွားရေးလုပ်ငန်းသစ်တစ်ခု စတင်မှုမှာ ဂျန်ဒါကွာဟမှုနည်းပါးတဲ့အနေအထားအဖြစ် ရပ်တည်နေပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ လုပ်ငန်းတွေစတင်လုပ်ကိုင်လာကြသလို တစ်ခါတစ်ရံ ထူးထူးခြားခြားအောင်မြင်နေကြတယ်။ စွန့်ဦးစွန့်စားစီးပွားရေးလုပ်ငန်းတည်ထောင်မှု အမျိုးသား၊  အမျိုးသမီးတူညီတဲ့ထိပ်တန်းတိုင်းပြည်တွေကြားမှာ Global Entrepreneurship Monitor ဂရုပြုမိတာက လက်တင်အမေရိကန်တိုင်းပြည်တွေ- အထူးသဖြင့် ဘရာဇီးနဲ့ ပီရူးမှာဆိုရင် ယူအက်စ်နဲ့ ဥရောပတိုင်းပြည်တွေထက် ဂျန်ဒါကွာဟချက်ကျဉ်းမြောင်းလာနေတယ်လို့ ဆိုတယ်။

အာရှမှာလည်း တူညီတဲ့လမ်းကြောင်းပေါ်ထွက်လာနေပါတယ်။ အပူပိုင်းဒေသတိုင်းပြည်တွေက အမျိုးသမီးတွေဟာ လစာမရနိုင်တဲ့မိသားစုအလုပ်တွေနဲ့ အဟန့်အတားဖြစ်နေကြတာတွေလည်း အလုပ်သမားစာရင်းပုံပြမှတ်တမ်းတွေမှာ တွေ့နေရတယ်။ နိုင်ငံအဆင့်ကူညီထောက်ပံ့မှုနဲ့ အမျိုးသမီး အသေးစား၊ အလယ်အလတ်တန်းစာလုပ်ငန်း(SMEs)အတွက် ဒေသတွင်း အဖွဲ့အစည်းတွေ၊ တစ်ဦးချင်းအသေးစားငွေချေးမှုတွေမှာပါဝင်မှုတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အတူ တောင်အာရှရဲ့ အမျိုးသမီးစွမ်းဆောင်ရှင်တောက်ပမှုမှာ  အိန္ဒိယက ရှေ့ဆုံး ရောက်လာပါတယ်။ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံမှာလည်း အလားတူ အမျိုးသမီးလုပ်ငန်းရှင်တွေ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ ဥပမာ- ဗီယက်နမ်ရဲ့ ကုမ္ပဏီလုပ်ငန်း တစ်သိန်းအထက်မှာ ၂၄ရာခိုင်နှုန်းဟာ အမျိုးသမီးတွေကပိုင်ဆိုင်ကြတယ်။ အိုးအိမ်လုပ်ငန်း ၃သန်းရဲ့ ၂၇ရာခိုင်နှုန်းဟာလည်း အမျိုးသမီးတွေပိုင်ဆိုင်ပါတယ်။ တရုတ်နိုင်ငံမှာ အမျိုးသမီးပုဂ္ဂလိကလုပ်ငန်းပိုင်သူနှုန်းဟာ ၁၀၀မှာ ၁၁ဦးကျော်ရှိကြပြီး ကမ္ဘာ့ပျမ်းမျှနှုန်း ၇ ရာခိုင်နှုန်းထက် မြင့်မားနေတယ်။ အံ့သြစရာကောင်းတာက လူမျိုးကြီးဝါဒီလို့နာမည်ကျော်တဲ့ ဂျပန်ဟာ အမျိုးသားတွေရဲ့ရာခိုင်နှုန်းကို ကပ်ကပ်သပ်သပ်ဖြတ်ကျော်ပြီး အမျိုးသမီးတွေက ၁၃ ရာခိုင်နှုန်းကိုယ်ပိုင်လုပ်ငန်းပိုင်ဆိုင်တဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်နေပါတယ်။

ယူရေးရှားနဲ့ ဥရောပအရှေ့အလယ်ပိုင်းမှာလည်း အမျိုးသမီးစွမ်းဆောင်လှုပ်ရှားမှုမှာလှုပ်လှုပ်ရွရွရှိခဲ့တဲ့ အတွေ့အကြုံရခဲ့ပါပြီ။ လက်တင်အမေရိကလိုပဲ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်မှုတွေ မကြာခဏပေါ်ထွက်လာတာဟာ တိုင်းပြည်အခြေအနေ၊ နိုင်ငံရေးအခြေအနေကမောက်ကမဖြစ်မှုရဲ့ ရလာဒ်လိုဖြစ်နေတယ်။ ကမောက်ကမအခြေအနေဆိုတာမျိုးဟာ ဆိုဗီယက်ယူနီယံကျဆုံးပြီးနောက် ဖြစ်ပေါ်လာတဲ့ စီးပွားရေးပြိုကွဲဆုတ်ယုတ်မှုနဲ့ အမျိုးသားတွေနိုင်ငံရပ်ခြားရွှေ့ပြောင်းမှုတွေပါ။

အာဖရိကတောင်ပိုင်းကုန်းတွင်းပိတ်နိုင်ငံ လီဆူးတူး ကို အာရုံစိုက်ထားကြတဲ့ အကောင်းမြင်သတင်းတွေ တွေ့ကြရပြီး အာဖရိကန်စီးပွားရေးလောကထဲကအမျိုးသမီးတွေရဲ့ စာရင်းအချက်အလက်နည်းပါးနေပါသေးတယ်။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ စီးပွားရေးအခွင့်အလမ်းအဆင့်မှာ နံပါတ် ၁ နဲ့ နံပါတ် ၂ နေရာမှာ လီဆူးတူးနိုင်ငံရပ်တည်နေတယ်လို့ဆိုတယ်။ တောင်အာဖရိကရဲ့အဖွံ့ဖြိုးဆုံးနိုင်ငံ၊ အမျိုးသမီးတွေအတွက် အကောင်းဆုံးစီးပွားရေးဇုံလို့ လွတ်လပ်တဲ့စီးပွားရေးလုပ်ငန်း(Economist Intelligence Unit)ရဲ့ မှတ်တမ်းမှာ ဆုံးဖြတ်ထားတာက အံ့အားသင့်စရာတော့မကောင်းလှပါဘူး။ ဂါနာမှာလည်း ရုန်းကန်လာကြတဲ့အနေအထားရှိနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကဆိုတယ်။ အသေးစားငွေချေးသူတွေ၊ NGOတွေနဲ့ ယူအန်အဖွဲ့က ကင်ညာလိုပဲ အသေးစားလုပ်ငန်း-အမျိုးသမီးလုပ်ငန်းရှင်တွေပေါ်ထွက်လာဖို့ ကူညီနေပါတယ်။ အသေးစားလုပ်ငန်းဆိုတာက ဆပ်ပြာထုတ်လုပ်တဲ့လုပ်ငန်း၊ အသီးအနှံနဲ့ ပြောင်းဖူးထုတ်လုပ်တဲ့လုပ်ငန်းမျိုးတွေ တည်တောင်တာမျိုးပါ။
ရှေ့တန်းက ပညာတတ်အမျိုးသမီးများ
ကမ္ဘာတစ်ဝှမ်း ပညာရေးမှာအောင်မြင်နေတဲ့အမျိုးသမီးတွေဟာ အမြင့်ကို အမြန်ဆုံးရောက်နေကြပါတယ်။ အလယ်တန်းလွန်ပညာရေးမှာဆိုရင် အထက်တန်းလွန်အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများ၊ ကောလိပ်နဲ့ တက္ကသိုလ်တွေလည်းပါဝင်တယ်။ ဘရာဇီး၊ ဘင်္ဂလာဒေ့ရှ်၊ ဟွန်ဒူးရပ်စ်၊ လီဆူးတူး၊ မလေးရှား၊ မွန်ဂိုလီယာ နဲ့ တောင်အာဖရိကတို့ပါဝင်တဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေရဲ့ သုံးပုံတစ်ပုံမှာ အမျိုးသမီးတွေက အမျိုးသားတွေထက်အရေအတွက် အခုအခါ ပိုများပါတယ်။ ၁၉၇၀ နဲ့ ၂၀၀၈ခုနှစ်အတွင်း ကမ္ဘာတလွှားက အလယ်တန်းလွန်အမျိုးသမီးကျောင်းသူတွေဟာ သန်း၇၀ရှိအောင် များပြားလာကြတယ်။ အမျိုးသားတွေက သန်း၆၀ပဲရှိနေတာ နှိုင်းယဉ်ကြည့်နိုင်ပါတယ်။
လုပ်အားခနဲ့ ပစ္စည်းပိုင်ဆိုင်မှုအတွက် တရားဥပဒေဆိုင်ရာအခွင့်အရေး
စီးပွားရေးနဲ့ ပညာရေး တိုးတက်မှုတွေရှိလာတာနဲ့အမျှ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေက အမျိုးသမီးတွေဟာ နိုင်ငံရေးလောကမှာပါ တိုးတက်မှုတွေ မည်မည်ရရရှိလာကြတယ်။ဖွံ့ဖြိုးဆဲကမ္ဘာတလျှောက်ပိုပြီးကျယ်ပြန်လာတဲ့ ရွေ့လျားမှုတစ်စိတ်တစ်ပိုင်းကတော့ နိုင်ငံရေးအာဏာရရှိလာခြင်းတွေဆီကိုပါ။ အမျိုးသမီးတွေမှာ ငွေရင်းငွေနှီးနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေ တိုးတက်လာပြီး ဒေသတွင်းမှာအမျိုးသမီးတွေကို ပိုပြီးအာရုံစိုက်စရာဖြစ်လာတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးလိုကိစ္စတွေအတွက်တော့ ဂရုပြုစရာတွေရှိလာကြတယ်။

တစ်ခုကိုညွှန်းရရင် ဒီရာစုရဲ့ပထမဆယ်စုနှစ်တွေမှာဆိုရင် ပါလီမန်ထဲမှာအမျိုးသမီးတွေနေရာရမှုနှုန်း ကမ္ဘာအနှံ့မြင့်တက်လာတယ်။ အခုဆို ၁၈ ရာခိုင်နှုန်းခန့်ရှိပါတယ်။ စီးပွားရေးနဲ့ ပညာရေးကဲ့သို့ လတ်တလော ရုတ်တရက်တိုးတက်လာမှုဟာ ၀င်ငွေမြင့်မားတဲ့တိုင်းပြည်တွေမှာမဟုတ်ပါဘူး။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာပါ။ အဲဒီနေရာတွေမှာ အစိုးရထိပ်တန်းအဆင့်ဆင့်မှာတောင်အတော်အတန်နေရာရအောင် လုပ်ဆောင်နိုင်ခဲ့ကြတယ်။

လက်တင်အမေရိကဟာ အဲဒီဒေသတစ်ဝိုက် အမျိုးသမီးနိုင်ငံရေးအာဏာသိမ်းကြုံးယူနိုင်မှုမှာ မြင်သာတဲ့ အမှတ်အသားဖြစ်နေပါတယ်။ ၂၀၁၀ မှာ ဘရာဇီးက ဒီလ်မာရုစ်ဆက်ဖ် သမ္မတရွေးကောက်ခံရတော့ အာဂျင်တီးနား၊ ကိုစတာရီကာ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုပြီးနီးစပ်သွားပါတယ်။ ၂၀၀၇ခုနှစ်ကရွေးကောက်ခံ အာဂျင်တီးနားသမ္မတ ခရစ်စ်တီးနားဖာနန်ဒက်ဇ်၊ ၂၀၁၀ရွေးကောက်ခံ ကိုစတာရီကာသမ္မတ လော်ရာချင်ချီလာနဲ့ ပထမဆုံး ယူအန်အမျိုးသမီး အမှုဆောင်ဒါရိုက်တာလည်းဖြစ်ခဲ့တဲ့ ၂၀၀၆-၂၀၁၀ရွေးကောက်ခံ ချီလီသမ္မတ မစ်ရှဲဘာချဲလက် တို့က ဘရာဇီးအိမ်နီးချင်း နိုင်ငံရေးအာဏာရအမျိုးသမီးတွေဖြစ်ခဲ့ကြတယ်။ လက်တင်အမေရိကဟာ အမျိုးသမီးနိုင်ငံရေးလောကကိုကိုယ်စားပြုတဲ့ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးပါပဲ။ ကိုစတာရီကာ၊ အာဂျင်တီးနား၊ အီကွေဒေါနဲ့ ဘိုလီးဗီးယားတို့မှာ ပါလီမန်ထဲအမျိုးသမီးနေရာရမှုဟာ ၃၀ရာခိုင်နှုန်းအထက်ရှိပါတယ်။

တချို့အံ့အားသင့်ဖွယ်ကောင်းတဲ့ပြောင်းလဲမှုတွေလည်း အာဖရိကမှာ နေရာယူလာပါပြီ။ ရ၀မ်ဒါမှာ အခုဆိုရင် ပါလီမန်နဲ့ ၀န်ကြီးအဖွဲ့တွေမှာ အမျိုးသမီးတွေဟာ ကမ္ဘာ့မှာအမြင့်ဆုံးရာခိုင်နှုန်းတွေနဲ့ နေရာရနေပါပြီ။ ပါလီမန်ထဲမှာ အမျိုးသမီး ၅၀ရာခိုင်နှုန်းနဲ့အထက်ရှိနေကြတယ်။ တောင်အာဖရိက၊ အန်ဂိုလာ၊ မိုဇန်ဘစ်၊ ယူဂန်ဒါ နဲ့ တန်ဇေနီးယားမှာလည်း ပျမ်းမျှနှုန်းရဲ့အထက်မှာ ၀င့်ကြွားစွာရှိနေကြပါပြီ။

ကမ္ဘာ့စီးပွားရေးကံကြမ္မာဟာ အဲဒီတိုင်းပြည်တွေဆီ အလှည့်အပြောင်းရှိလာပါတယ်။ နောက်ကလိုက်နေခဲ့ပေမယ့် လျှင်မြန်တဲ့အရှိန်အဟုန်နဲ့ အပြေးလိုက်ခဲ့ကြတာမျိုးပါ။ အမျိုးသမီးတွေရဲ့ သွားရာလမ်းကြောင်း တိုးတက်လာပါတယ်။ အမျိုးသမီးတွေရဲ့ အနာဂါတ်၊ အခွင့်အလမ်းတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ အလှည့်အပြောင်း လမ်းကြောင်းပြောင်းလာကြပါပြီ။   
Education Digest Vol 1. No.5

Source : Women Ascendent: Where Females Are Rising The Fastest – Forbes

Saturday, January 7, 2012

Endearing PG !

Friday, January 6, 2012

အစိမ်းရောင် အိမ်လေးထဲမှာ

မိမိကိုယ်ကို သန့်ရှင်းသပ်ရပ်အောင် ပြုပြင်ခြယ်သခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး မိတ်ဆွေသူငယ်ချင်းများကြား အပြင်လောကပတ်ဝန်းကျင်ထဲမှာ တင့်တယ်သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ အဲဒီလိုပဲ ကိုယ်နေထိုင်တဲ့ ကိုယ့်အိမ်လေးထဲမှာ အလှဆင်ခြင်းကြောင့်လည်း ကိုယ့်ရဲ့မိသားစုလေးရဲ့ ပတ်ဝန်းကျင်လေးထဲမှာ စိတ်ကြည်နူးချမ်းမြေ့စွာနေနိုင်ကြပါတယ်။ ကိုယ့်အိမ်လေးကို အလှဆင်တဲ့အခါမှာတော့ ကိုယ်တတ်နိုင်သလောက်လေးနဲ့ ကိုယ့်အိမ်လေးကို လှလှပပလေးပြင်ဆင်ကြည့်ကြတာပေါ့။ အလှဆင်ကြတဲ့အခါ အရောင်လေးတွေလည်း ကြိုက်နှစ်သက်ရာရွေးနိုင်ကြပါတယ်။ အခု အစိမ်းရောင်နဲ့ အိမ်ခန်းလေးတွေအလှဆင်ကြည့်ရအောင်နော်။

လူကြီးတွေအတွက်ဆိုရင်တော့ အခုလို တည်ငြိမ်တဲ့အစိမ်းရောင်လေးတွေသုံးနိုင်ပါတယ်။
ဒီအရောင်လေးတွေ သုံးပြီး အလှဆင်ကြည့်ကြမယ်။


ကိုယ့်အတွက် ပထမဆုံး အိမ်ခန်း အလှဆင်ကြည့်တာဆိုရင်တော့ မ၀ံ့မရဲဖြစ်နေတတ်ပါတယ်။  ပုံထဲကလိုကော်ဇောတစ်ခုသုံးလိုက်မယ်ဆိုရင် သိပ်ပြီးစဉ်းစားခန်းဝင်စရာမလိုပဲ လိုက်ဖက်သွားနိုင်တာပေါ့။ အလှဆင်ပန်းအိုးလေးတွေရဲ့ အရောင်ကိုပါ ဂရုစိုက်ပြီး ပြင်ဆင်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့အိမ်ခန်းလေးထဲကနေ မခွာချင်အောင် သဘောကျသွားမှာပါ။
အိပ်ခန်းအတွက်လည်း အရောင်ငြိမ်တဲ့ အစိမ်းရောင်တွေကို လိုက်ဖက်အောင် ပြင်ဆင်နိုင်သေးတာပါပဲ။
လူကြီးတွေစိတ်ကြိုက်တွေ့နိုင်မယ့် အရောင်ငြိမ်တဲ့အစိမ်းရောင်လေးနဲ့ အလှဆင်ကြည့်ပြီးတဲ့အခါ မိမိရဲ့ကလေးငယ်၊ ဆယ်ကျော်သက်သားသမီးလေးတွေအတွက်ပါ စဉ်းစားပေးကြရအောင်ပါ။ အခုလို လန်းဆန်းတောက်ပပြီး မျက်စိကိုလည်း အေးချမ်းစေတဲ့ အစိမ်းရောင် အခန်းအပြင်အဆင်လေးကတော့ ချစ်စရာသားသား၊ မီးမီးတို့ရဲ့အခန်းလေးတွေအတွက်ပေါ့နော်။
Living Fashion Magazine, January 2012