Wednesday, December 12, 2012

၁၂.၁၂.၂၀၁၂ မှာ တစ်နှစ်စာ နောက်ပြန် လှည့်ကြည့်တဲ့အခါ

အန်တီတင့်က ၁၂.၁၂.၁၂ မှာ ဘလောဂ့်ဂါတွေ ပိုစ့်တင်ပါ ဆိုလို့ ရေးမယ်ဆိုတော့ ဘာရေးရမှန်းမသိဖြစ်နေတာ။ 
သတင်းတွေဖတ်ရင်း တစ်နှစ်စာပဲ နောက်ကြောင်းပြန်လှည့်လိုက်တော့တယ်။ 
သတင်း ၁၂ ပုဒ်ထက်ပိုသွားတော့ အန်တီတင့် စာလာဖတ်ရင် ၁၂ ပုဒ်ပဲ ရွေးဖတ်သွားနော်။ 
မိတ်ဆွေသူငယ်ချင်း၊ အစ်ကို၊ အစ်မ၊ မောင်ငယ်၊ ညီမငယ်အားလုံး လာမယ့် ၂၀၁၃ မှာလည်း ပိုကောင်းတဲ့ဘဝလေးတွေ စိတ်ကြိုက်ဖန်တီးနိုင်ပါစေ ဆုတောင်းလိုက်ပါတယ်။

ဇန်နဝါရီ ၇ - ဘီယွန့်စ် နဲ့ ဂျေဇီ တို့ရဲ့ သမီးဦးလေး အတွက် မွေးဖွားတဲ့အထိမ်းအမှတ်ပွဲလေးလုပ်ကြတယ်။ သမီးလေး နာမည်ကို ဘလူးအိုင်ဗီကာတာ(Blue Ivy Carter) လို့ နာမည်ပေးလိုက်သတဲ့။ ဘလူးအိုင်ဗီလေးမွေးပြီး ဂျေဇီရဲ့ သီချင်းသစ် Glory မှာ ဘလူးအိုင်ဗီရဲ့ ငိုသံလေး ထည့်ထားတော့ အသက်အငယ်ဆုံးအဆိုတော်လေး Billboard Music Chart မှာပေါ်ထွက်လာတာပေါ့။

သမားတော် ဇီဝက

ဘုရားရှင် လက်ထက်က သမားတော်ဇီဝက ဆိုတာ ရှိတယ် သမီးရဲ့။ သမီဖွားဖွားက မေမေတော်တော်ကြီးတဲ့အထိ (၁၃နှစ် ၁၄နှစ် ထိ) နေ့လည်နေ့ခင်း သားအမိ အားလပ်တဲ့အခါ ပြောပြတတ်တယ်။ ခု သူ့အကြောင်း အကျဉ်းချုံးပြောပြချင်တယ်။ ဘုရားရှင့်လက်ထက်တော်ကတည်းက ခွဲစိတ်ချုပ်လုပ်တဲ့ အတတ်ပညာ ရှိခဲ့ကြောင်းသိထားရအောင်လို့..။

ဒီလိုကွဲ့ ..
ရာဇဂြီုလ်ပြည် ဗိမ္ဗိသာရ မင်းကြီးလက်ထက်မှာ သာလ၀တီဆိုတဲ့ အမျိုးကောင်းသမီးတယောက်ကို ကခြေသည်အရာထားလို့ မင်းမူးမတ်များ တစ်ညကို အသပြာတစ်ထောင်ပေးပြီး ပျော်ပါးကြတဲ့အထဲမှာ သားတော် အဘယမင်းသားလဲ ပါဝင်နေတယ်။ (အဇာတသတ်က တစ်ယောက်)  တစ်နေ့တော့ သာလ၀တီမှာ အဘယမင်းသားရဲ့ သန္ဓေ စွဲကပ်တည်ရှိနေတဲ့အတွက် ကခြေသည်မဟာ  မကျန်းမာဟန်ဆောင်ပြီးအခန်းအောင်းနေတယ်ကွဲ့။ ဆယ်လပြည့်တဲ့အခါ တင့်တယ်လှပတဲ့  သားယောက်ျားလေးကို မွေးဖွားပေမဲ့ မရှိအပ်လို့ ယူဆပြီး သားကို ကျွန်မ တို့အား စွန့် ပစ်စေပါတယ်။ကျွန်မတွေက လူသွားလမ်းတခုက အမှိုက်ပုံမှာ အလွယ်တကူ စွန့်ပစ်လိုက်သတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ  အဘယမင်းသားကလဲ အကြောင်းတစ်ခုခုကြောင့် အဲဒီ အမှိုက်ပုံနားရောက်ရှိလာပြီး ကျီးငှက်တို့ ၀ိုင်းအုံထိုးဆိတ်နေတဲ့ အထုပ်တခုကို စိတ်ဝင်တစား ကြည့်ရှု မိပါရော။   မွေးကင်းစ ကလေးသူငယ်မှန်း သိတော့ (ငါနှင့် ထိုက်လို့ ရပေသည် )လို့ နှစ်လုံးမူကာ သိမ်းပိုက် မွေးမြူထားတယ်။ 
“အသက်ရှိသေးရဲ့လား" လို့ အဘယမင်းသားရဲ့ အမေးစကားကြောင့် အများက ကလေးနာမည်ကို "ဇီဝက"လို့ဘဲ လွယ်လွယ် ခေါ်လိုက်ကြတော့တယ် တဲ့။

အရွယ်ရောက်လာတဲ့အခါ အဘယမင်းသားကို “ခမည်းတော် သားရဲ့ မိခင် အဘယ်သူဖြစ်သနည်း" လို့ မေးတော့တာပေါ့။ အဘယမင်းသားကလဲ မကွယ်မ၀ှက်  “ဇိဝက သင့်မိခင်ကို ငါမသိ အမှိုက်ပုံတွင် ကျီးငှက်တို့ ၀ိုင်းအုံသဖြင့် ငါ ကောက်ယူ မွေးမြူထားခြင်းဖြစ်သည်"   လို့ အမှန်အတိုင်း ဖွင့်ပြောလိုက်တယ်။  
ဒါနဲ့ဘဲ ငါ့မှာ တွယ်တာစရာမိခင်ဘခင် မရှိ ငါ့ကိုယ်ငါ အားကိုးရမည်။ ပညာရှာ၇မည် လို့ တွေးတောပြီး ဘယ်လိုပညာမျိုးကို သင်ယူမလဲ အလေးအနက်ထား စဉ်းစားလိုက်တော့ ဆေးပညာမှတpfပါး သူ့အကျိုး ကိုယ့်အကျိုး ရှိစေမည့် အခြားသော ပညာရေးကို မမြင် လို့ ဆုံးဖြတ်ပြီး တက္ကသိုလ်ပြည်ကို ဦးတည် ထွက်ခွာ ခဲ့တယ်။ ဒီသာပါမောက္ခဆရာ့ထံမှာ ကောင်းစွာပညာသင်ကြားပြီး ၇နှစ်ရှိတဲ့အခါ
“ဆရာ ဆေးအတတ်ပညာ ပြီးဆုံးပါပြီလား “ မေးတယ်။ ဆရာက တူရွင်းတစ်ချောင်းပေးပြီး
 “အချင်း ဇီဝက ဤတူရွင်းကို ယူ၍ အရပ်လေးမျက်နှာမှာ ဆေးဘက်မ၀င်သည့် အပင်ကို တူးယူးခဲ့ “
ခိုင်းစေသတဲ့။ ဇီဝကလဲ လေးရက်တိုင်တိုင် ရှာပေမဲ့ ဘယ်မှာမှ ဆေးဘက်မ၀င်တဲ့အပင် ရှာမရ သူ့နေရာနဲ့သူ အသုံးဝင်နေတာမို့ “ဆရာ မတွေ့ပါ" လို့ လျှောက်သတဲ့ 
“ကောင်းပြီ။ ဇီဝက အသင် ပညာစုံပြီးဖြစ်၍ ဆေးကုသခွင့် ငါပေးပြီ။ ပြန်လိုက ပြန်လော့" လို့  ဆိုတယ်။

ဒါနဲ့ ဆေးတက္ကသိုလ်က ကျောင်းဆင်းလာတဲ့ ဆေးသမားလေး ဆရာ ဇီဝကဟာ သာကေတပြည်ရောက်တော့ ဦးစွာ ဆေးကုဖို့ လူနာတယောက် ရရှိလိုက်တယ်။ သာကေတပြည်သူဋ္ဌေးကြီးကတော်ရဲ့ ဦးယဉ်းခေါင်းခဲနာ ကို ထောပတ်မှာ ဆေးများ ပေါင်းထည့် စပ်ယူပြီး နှာနှပ် ပေးပါသတဲ့။ ၇နှစ်ရှိပြီဖြစ်တဲ့ ခေါင်းကိုက် ရောဂါဟာမမန်းရ မမှုတ်ရဘဲ  တခဏချင်းပျောက်ကင်းချမ်းသာသွားပါသတဲ့ကွယ်။ ဒီတော့ အသာပြာလေးသိန်း ဆေးဘိုးရပါတယ်။ဇီဝကဟာ ရလာတဲ့ဆေးဘိုးဝါးခ လေးသိန်းကို ရာဇဂြိုလ်ပြည်ရောက်တဲ့အခါ အဘယမင်းသားထံခစားပြီး “တကြိမ်သာ ဆေးကုရသေးသည့် လာဘ်ဦးကို ကျွန်ုပ်အားမွေးမြူသော ကျေူဇူးရှိသည်ဖြစ်၍ သိမ်းတော်မူပါ” လို့ အပ်သတဲ့။ အဘယမင်းသားက မသိမ်းပါဘူး။
"သင်ရသော ဥစ္စာသည် သင့် အဖို့သာ ဖြစ်ပါစေ” လို့ ငြင်းပယ်လိုက်တယ်။
‘ဒီ့နောက် ဗိမ္ဗိသာရမင်းကြီးရဲ့ မြင်းသရိုက်နာကို ကုပါတယ်။ လက်သည်းထိပ်မှာ ပါလာတဲ့ ဆေး မျှလောက်နဲ့ မင်းကြီးရဲ့အနာ အရှင်းပျောက်တယ်လို့ ဆိုပါတယ်။ မင်းကြီးက ကျေးဇူးတင်လွန်းလို့ ဥစ္စာငွေကြေး ပေးသော်လည်း အဘိုးအဘွား ဥစ္စာကို မယူကောင်း မယူထိုက်ပါလို့ ငြင်းပယ်လိုက်တယ်။ အဲဒီနောက် ရာဇဂြိုလ် သူဋ္ဌေးကြီးရဲ့ ခေါင်းကိုက်နာကိုတော့ အိပ်ယာမှာ ပက်လက်သိပ်ပြီး နှာ ၏ အာနုဘော်နှင့် အိပ်ပျော်စေသတဲ့။ မေ့ဆေးသဘောပါ။ ပြီးရင် ဦးရေကို ဓါးနဲ့ ခြစ်လွှာပြီး ဦးနှောက်ဖေါက်စားနေတဲ့ ပိုးနှစ်ကောင်ကို ဖယ်ရှားပါတယ်။ ပြီးရင် ဦးရေကို ပြန်စေ့ပိတ်ပြီး ဆေးလူးပါတယ်။ ၂၁ရက်အကြာမှာ အကောင်းပကတိ ဖြစ်သွားပါသတဲ့။ ရရှိလာတဲ့ အသပြာ နှစ်သိန်းထဲက တ၀က်ကို မင်းကြီးအား ပေးအပ်ပါသတဲ့။

နောက်တစ်ယောက်က ဗာရာဏသီသူဋ္ဌေးသားတစ်ယာက် ခလေးတို့ ဘာဝဦးခေါင်းဇောက်ထိုး ဆော့ကစားရာမှာ အူထုံးသွားလို့ ဗိုက်ကိုခွဲ ပြီး  ထုံးနေတဲ့ အူကို ဖြေပေးပါသတဲ့။ ပြီးမှ နေရာမှန် ပြန်ထားပြီး ခွဲထားတဲ့ ဗိုက်ကိုပြန်ချုပ်ပါတယ်။ ဆေးလိမ်းကြံထားပေးပြီးတာနဲ့ ၂ရက်အကြာမှာဘဲ အကောင်းပကတိ ဖြစ်သွားပါတယ်။ နောက်ထပ်  သမီးအဖွားပြောတာက နားရောဂါ ဝေဒနာ ကို နှစ်ချီ ခံစားနေရတဲ့ သူဋ္ဌေးမတယောက်ရဲ့ နားထဲက ပိုးကောင်ကို ဗုံသံတစ်မျိုးပေးပြီး  ချော့မြှူ ခေါ်ထုတ်တာနဲ့ ပျောက်ကင်းသွားတယ် လို့ ဆိုတယ်။ နောက် စမ္ပာနဂိုရ်ပြည်က စန္ဒပဇ္ဇောတမင်းရဲ့ ရောဂါကိုတော့ ထောပတ်နံ့ မရအောင် အနံ့ဖျောက်ပြီး ဆေးပေါင်းစုံ ပြွမ်းနှောလို့ တိုက်ကြွေးရ တယ်။ ဒီမင်းက အစောကတဲက ထောပတ်နံ့ မခံနိုင်ဘူးပြောထားတာမို့ သူကလဲ ထောပတ်မပါဘဲ ဆေးစီရင်လို့ မရတာကြောင့် ဆေးတိုက်ပြီးရင် ပြေးဖို့ အဆင်သင့်ပြင်ထားတာလေ။ ဇီဝကတို့ ဥာဏ်သွားပုံများ။ မင်းဆိုတာ စိတ်မထင်ရင် သတ်မှာကိုး။ ဆေးသောက်ထားတဲ့သူက လေကြို့ထိုးတဲ့အခါ ထောပတ့် နံ့ ထွက်ပါလေရော ဇီဝကကို သတ်စေ မိန့်တာဘဲလေ။

အစကတည်းက ဇီဝက က ဘုရင့်ထံ မြို့တခါးတွေကို ဇီဝကလာရင် ဖွင့်ထားပေးဖို့ ကြို ခွင့် တောင်းထားတာကွဲ့။ ဘာရမလဲ။ ဇီဝက က ဘဒ္ဒ၀တီဆင်မကိုစီး ပြေးလိုက်တာ တစ်ခါတည်း ရာဇဂြိုလ်ရောက်ရောဘဲတဲ့။ ရောဂါ ရှင်းရှင်းပျောက်သွားတဲ့အခါ သိဝိတိုင်းဖြစ် အသပြာ တသိန်းထိုက်တဲ့ ပုဆိုးကို ကံတော့ပါသတဲ့။ ရှင်ဘုရင်တွေမှ ၀တ်ရတဲ့ပုဆိုးလေ။ ကျေးဇူးသိတတ်တဲ့ ဇီဝကဟာ ဘိုးတော်  ဗိမ္ဗိသာရမင်းကြီးကို မင်းနဲ့ထိုက်သည်လို့ တသိန်းတန်ပုဆိုးကို  ကံတော့လိုက်ပါသတဲ့။  ဇီဝက ဟာ မိခင်ဘခင် ဘယ်သူဘယ်ဝါဆိုတာ မသိပါဘူး။ ဒါပေမဲ့  အားမငယ်တတ်ဘူး။ ကိုယ်စွမ်းကိုယ်စနဲ့ ရပ်တည်နိုင်အောင် ကြိုးစားတာများ တကယ် အတုယူဖို့ပါဘဲ။ သူ ဆေးပညာသင်မယ်လို့ လာတော့ ငွေကြေးဥစ္စာတပြားတစ်ချပ်မှ  ပါလာတာမဟုတ်ဘူးကွဲ့. အဘယမင်းသားကိုတောင် ဘခင် မဟုတ်တာသိရော မပြောမဆို ထွက်ချသွားတာ။ ဆေးပညာသင်ပေးတဲ့ ဆရာ့အိမ်မှာ ဝေယျာဝိစ္စအားလုံး မငြီးမငြူ လုပ်ပေးတာကိုး။ ဆရာကလည်း ချစ်တော့ ဆရာစားမချန် အကုန်သင်ပေးတယ်။တဲ့။

ဇီဝကဟာ နောင်အခါ ဘုရားရှင့်သမားတော်လည်း ဖြစ်ခဲ့တာပါ။ ဘုရားရှင် ကိုယ်တော်တိုင် မကျန်းမမာ ဖြစ်ရင် ဇီဝကသာ ကုသရပါတယ်။ (ဘုရားဘဲ နေမကောင်းမဖြစ်နိုင်ဘူးလို့ မထင်လေနဲ့။) ဘုရားက ဟောထားတယ်လေ။ ငါဘုရား၏ ခန္ဓာကိုယ်သည် ရေ မြေလေ မီး ဓါတ်ကြီးလေးပါး အစုအဝေးသာဖြစ်သည့်လူသားစင်စစ်တည်း တဲ့ သွေးလေဖေါက်ပြန်ရင် ကိုယ်လက်မအီသာတာ ဘာညာ ဖြစ်မှာဘဲလို့ ဆိုလိုတာ။  ဘုရားရှင် ၀မ်းတော်လားတဲ့အခါ ၀မ်းချုပ်တော်မူတဲ့အခါ စသည်တို့မှာ သမားတော် ဇီဝက သာ ကုစားရပါတယ်။ ဒေ၀ဒတ် က တောင်စောင်းကနေ ကျောက်မောင်းဆင် လှိမ့်ချတုံးက ခြေမတော် ထိခိုက်ပါတယ်။ ဇီဝက ကုသရပါတယ်။ အဲဒီနောက်မှာ သမားတော် ဇီဝက ရယ်လို့ ရာဇဂြိုလ် ဝေသာလီ သာဝတ္ထိ စသည် ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့ ကာလ တလျှောက်လုံး ရှမ်းရှမ်းတောက် နာမည်ကြီးခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။ အဇာတသတ်မင်းသားကို ဘုရားရှင့်ကျောင်းတော်ကို သွားတရားနာဖို့ လမ်းညွှန်ခဲ့တာလဲ သမားတော် ဆရာ ဇီဝက ဘဲ ဖြစ်ပါတယ်။ ဆရာဇီဝကရဲ့ အကြံဥာဏ်ကိုယူလို့  အဇာတသတ်မင်းဟာ ဗုဒ္ဓဘာသာဝင်တဦး  ဖြစ်မြောက်ခဲ့ပါတယ်။ လူသားတို့၏ အကျိုးစည်းပွားကို ဆောင်ရင်း နောက်ဆုံးမှာတော့ ဆရာဇီဝက ဟာ  နိဗ္ဗာန်ဝင် စံပျော်သွားခဲ့ပါတယ် သမီးရေ..။

မေမေ ခင်မေသစ် 

တစ်သက် မမေ့ရက်စရာ အပျော်လေးတွေ

(Happily ever after)

လူ့ဘ၀ဆိုတာ ကျော်ကြားမှုလေးတွေနဲ့ထုံမွှန်းထားရင် ပျော်စရာကောင်းမှာပါ။ ဟိုဟိုဒီဒီသွားသွားလာလာပျော်စရာကလေးတွေဖန်တီးနိုင်ရင်တော့ မိသားစုလေးတွေရဲ့ဘယ်တော့မှ မမေ့နိုင်တဲ့ အပျော်ရက်လေးတွေဖြစ်လာမှာပါပဲ။ Reader's Digest မဂ္ဂဇင်းအယ်ဒီတာက ကမ္ဘာတလွှားမှာ ထင်ပေါ်ကျော်ကြားတဲ့  ပျော်ပွဲရွှင်ပွဲကလေးတွေ အမယ်စုံတင်ပြထားပါတယ်။ ကျော်ကြားထင်ရှားတဲ့ ပျော်ပွဲရွှင်ပွဲလေးတွေမှာ မိသားစုလေးတွေ ပျော်ရွှင်စွာဆင်နွှဲနိုင်ဖို့ ရည်ရွယ်ပါသတဲ့။

(၁) ဘရာဇီးလ်က ကားနီးဗဲလ်ပွဲတော်

ဂျွန်လင်နွန်ကို လုပ်ကြံခြင်း(မပြီးဆုံးသေးတဲ့ သီချင်းတစ်ပုဒ်)

ဒီနေ့ လင်နွန်လုပ်ကြံခံရတဲ့နေ့မို့ ပြန်တင်လိုက်တာပါ။
အမှန်ကဒီနေ့ကို မေ့နေတာ။ 
fb မှာ သူငယ်ချင်းတစ်ယောက်တင်ထားတဲ့ပုံလေးတွေ့တာနဲ့ ပြန်သတိရသွားလို့)


စာတွေဖတ်ရင်းဖတ်ရင်း သိရတာတွေများများလာတဲ့အခါ ဘာကိုမှ မယုံကြည်နိုင်တော့သလိုပါပဲ။ တရားမျှတမှုဆိုတာတွေက နေရာတိုင်းမှာ၊ တိုင်းပြည်တိုင်းမှာ ပျောက်ကွယ်ခဲ့ကြတာပဲ။ ငယ်ငယ်ကတော့ ရုပ်ရှင်တွေကြည့်တဲ့အခါ စီအိုင်အေ၊ အက်ဖ်ဘီအိုင် ဂက်စတာပို အဖွဲ့ကြီးတွေ ထူးချွန်ခမ်းနားလိုက်တဲ့လှို့ဝှက်အဖွဲ့အစည်းကြီးတွေရယ်လို့ အံ့သြတကြီး ဖြစ်ခဲ့ရတာပေါ့။ မေမေကြိုက်လို့ သဘောကျခဲ့တဲ့ မင်းသားဟောင်းကြီးရေဂင်၊ ကနေဒီမိသားစုတွေ၊ အမေရိကန် သမ္မတတွေ၊ ဘုရှ်အထိ အထင်ကြီးသဘောကျစိတ်တွေနဲ့။ တစ်ကယ်တော့ တိုင်းပြည်တိုင်းက အာဏာတစ်ခုရဲ့ နောက်ကွယ်မှာ ရှုပ်ထွေးပွေလီလှတဲ့ မဟာဗျူဟာတွေပြည့်နှက်နေတော့တာပဲ။ အမှန်တရားဆိုတာ ဘက်တစ်ဘက်၊ ဘယ်ဘက်မှာမှ ရှိမနေကြတော့ဘူး။

အာဏာ၊ ငွေကြေး၊ ထင်ပေါ်ကျော်ကြားမှုတွေကြားက အဲဒီလူတွေဟာ ...
အာဏာ၊ ငွေကြေး၊ ထင်ပေါ်ကျော်ကြားမှုတွေကြားက အဲဒီလူတွေကိုပဲ ...
အာဏာ၊ ငွေကြေး၊ ထင်ပေါ်ကျော်ကြားမှုတွေကြောင့်ပဲ .......
ထိတ်လန့်စရာကြီး ရက်စက်လှတဲ့ လုပ်ရပ်တွေနဲ့ လက်စတုံး ဖျောက်ဖျက်နေကြတယ်။

ကမ္ဘာကြီးမှာ  လုပ်ကြံမှုကြောင့် တိတ်တဆိတ်သေဆုံးသွားကြရသူတွေ၊ သဘာဝဘေးကြောင့် ပြက်ပြက်ထင်ထင်သေဆုံးကြရသူတွေ၊ စစ်ပွဲတွေကြောင့် အချင်းချင်းတိုက်ခိုက်ရင်း မရှုမလှသေဆုံးကြရသူတွေ ပြည့်နှက်လို့ နေပြီ။ တိုက်ခိုက်မှုတွေနဲ့ ပင်ပမ်းနွမ်းလျ နေတဲ့နိုင်ငံတွေ၊ လူတွေ လူတွေ .... သနားလိုက်တာ။ ဆုတောင်းရုံကလွဲလို့ ထောက်ပံ့မှုတစ်စုံတစ်ရာတောင် မလုပ်နိုင်တဲ့ကိုယ်ဟာ၊ သနားပြီးရင်း သနားနေမိတယ်။

အဖြေရှာမရတဲ့ ပုစ္ဆာတွေ၊ အမှန်တရား လိုက်ရှာလို့မတွေ့နိုင်လောက်အောင် ပရိယာယ်များလိုက်တဲ့အဖြစ်အပျက်တွေ စဉ်းစားရတာ၊ သတင်းတွေဖတ်ရတာ ခေါင်းတွေလည်း မကြည်နိုင်တော့ဘူး။ သနားလွန်းမက သနားလာလွန်းတော့လည်း ကိုယ့်အနီးအနားက ခွေးလေးကိုပဲ အားတိုင်း အစားတွေခွံ့ ခွံ့ ကျွေးနေမိတော့တာပဲ။ ခွေးလေးမှာ ရင်ပြည့်ရော့မယ်။ မယုံမရှိပါနဲ့၊ ဒါ တစ်ကယ်ပါ။ အပြစ်တင်လိုက အပြစ်တင်သွားနိုင်ပါတယ်။ လုပ်ချင်တာတွေ ပိုပို များလာပြီး၊ မလုပ်နိုင်တာတွေပို ပို များနေတဲ့ ကိုယ့်အဖြစ်မှာ၊ မကြည်တဲ့ခေါင်း၊ လေးလံတဲ့ စိတ်နှလုံးကိုပိုက်လို့ ကိုယ့်ရဲ့နေ့တွေကို ကိုယ်တတ်နိုင်သလိုပဲ .. ဖြစ်သလိုကျော်ဖြတ်နေရတော့တာပါပဲ။

အန်တီစု ခရီးတစ်လျှောက်အဆင်ပြေ ချော့မွေ့ပါစေ။
အားလုံး အမြန်ဆုံးဘေးရန်ကင်းရှင်းပါစေ။

-----------------------------------------------------------------

၁၉၈၀ ဒီဇင်ဘာ ၈ ရက် နေ့၊ နယူးယောက်မြို့ရဲ့ ကျောချမ်းစရာကောင်းလှတဲ့ ဒါကိုတာတိုက်ခန်းအိုကြီးအပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်က စိတ်ကူးယဉ်ပြဇာတ်တစ်ပုဒ်လိုပါပဲ။ ကြောက်ရွံ့ထိတ်လန့်စရာ။ ကမ္ဘာအကျော်ကြားဆုံးရောခ့်စတားလို့ ပြောနိုင်တဲ့ ဂျွန်လင်နွန်ဟာ သတိမရတစ်ချက် ရတစ်ချက်နဲ့ လဲလျောင်းခဲ့ရပါပြီ။ ထိပ်တုံးကျည်တောင့် ၄တောင့်က ကျောဘက်ကနေဖောက်ဝင်ခဲ့ပြီ။ ဇနီးသည် ယိုကိုအိုနိုက လင်နွန်ရဲ့ ဦးခေါင်းကို သူမရဲ့လက်တွေနဲ့ထွေးပွေ့ထားရင်းနဲ့ပဲ စူးစူးဝါးဝါးအော်ဟစ်နေခဲ့တယ်။

အေးရိပ်ကို ဘယ်လိုရှာပါ့မယ် (အပိုင်း ၂)

(၈)
“အလိုလေး လေ..သမီး ဘယ်လိုလုပ်လိုက်တာလဲကွယ်။ ချုပ်တာမှ မကြာသေးဘူး။ ခက်တာပဲ”

တနေ့ ခိုင် ကိုယ်လုံးပေါ်မှန်ရှေ့ဘယ်ပြန် ညာပြန်လှည့်ကြည့်ကျေနပ်နေစဉ် မေမေ အခန်းထဲ ၀င်လာတယ်လေ။ ခိုင်ကလဲ ခိုင်ပဲ။ အင်္ကျီအသစ်စက်စက်ကိုမှ ဖြတ်တောက်ကိုက်ညှပ်ပြီလက်တိုလုပ်ပစ် ၀တ်ကြည့်နေတာပေါ့။ မေမေတို့က လက်တိုမှ  ပေးမ၀တ်တာကို။ အိမ်စေတွေမှဝတ်ရသတဲ့။ အိမ်မှုကိစ္စလုပ်နေရသူဖြစ်လို့  လက်တိုဝတ်မှ အဆင်ပြေတယ် တဲ့။ ဒါပေမဲ့ သူမျုားဝတ်သလို မိခိုင်လဲ ၀တ်ချင်မိသည်။ မေမေကလေ ဗြစ်တောက် ဗြစ်တောက်နှင့် မြည်တွန်တောက်တီးနေတာ မပြီးဘူး။
“ဂုဏ်သရေရှိ မိကောင်းဘခင်သမီးဆိုတာ အ၀တ်အစားဝတ်ရင်  လော်လီ ဆန်းပြားမှု မရှိရဘူး" လို့ တချက်လွှတ် အမိန့် ပေးသွားတယ်လေ။ ကျွန်မခါးက အင်္ကျီလေးကိုပါ ချွတ်ခိုင်းပြီး ယူသွားတော့သည်။

Thursday, December 6, 2012

အနားမှာ ဘာမှ မရှိတော့တဲ့အခါ

ဘ၀မှာ လူသားပီပီ စား ၀တ်နေရေး အတွက် ရုန်းကန်ရမည်။ 
အလုပ်ရှိမည်၊ ငွေကြေးရှိမည်၊ 
အိမ်ထောင်မိသားစုရှိမည်၊ ဇနီး ခင်ပွန်း ချစ်သူ ရှိမည်၊ မိတ်ဆွေရှိမည်။ 
ဒါတွေ ဘာမှ မရှိတော့တဲ့အခါ ဒီလူအဖို့ ဘယ်လိုရှေ့ဆက်ရပါ့…..။ 
ဒီအဖြေကို နစ်ခ်ဟယ်လ် ဆေး က ကျွန်မကို ပါးပါးလျပ်လျပ်လေး ချပြခဲ့သည်။

xxxxxx
နစ်ခ်ဟယ်လ်ဆေး  စိတ်လေနေသည်။ ကားကို ဘယ်ဆီမောင်းရပါ့။ သူ အလုပ်လုပ်သည့် ကုမ္ပဏီက အပြောင်းအလဲလုပ်ဖို့ စဉ်းစားသည့်အခါ သူ့လို လခများများ လူကြီးဝန်ထမ်းထက် လစာနည်းနည်း လူငယ် ၀န်ထမ်းအသစ်တွေကို အစားထိုးတော့မည်။ ၁၅နှစ်လုံးလုံးအချိန်တွေ ဒီကုမ္ပဏီကို ပေးဆပ်ခဲ့ခြင်း၏ရလဒ်က အလုပ်ထွက်ရခြင်းပဲလား။ နစ်ခ်စိတ်ထဲ ခံပြင်းလှသည်။ ပိုဆိုးတာက ရိုးရိုးသားသား နှင်ထုတ်ခြင်းမဟုတ်ဘဲ ဘယ်နှခုနှစ်က ဘယ်လိုဖြစ်ပျက်ခဲ့ ဆိုပြီး အရက်မူးလွန်စဉ်က အပြစ်တွေကို ခုမှ ထုတ်ဖော်ပြောခံ ရတာပါပဲ။ သူ့အပိုင်ပစ္စည်းတွေကို ပုံး သုံးပုံးနှင့် ယူသွားနိုင်သည်တဲ့။ ဒါဆိုလုံလောက်ပြီတဲ့။ ကားကိုတော့ အခုလ နောက်ဆုံးပတ်ထိ အသုံးပြုနိုင်သေးသည်။ ဒီတော့လည်း ဒီကားတစ်စီးနှင့်ပဲ စိတ်ဦးတည့်ရာ လျှောက်သွားရတော့မည်။ ကားကို ရပ်လိုက်၊ ဘီယာ တစ်ဘူးမော့သောက်လိုက်။ နစ်ခ်အတွက် ဒီဘီယာဘူးတွေက မိတ်ဆွေထက် ရင်းနှီးမှုပိုနေကျ အဖော်တွေဖြစ်သည်။

`မင်းရဲ့ထုတ်ကုန်ကို သိရမယ်၊ အလုပ်ထဲမှာ ပါစင်နယ်ကွန်ပျူတာဖြစ်ဖြစ်၊ စာရွက်တစ်ရွက်ပဲဖြစ်ဖြစ် ဘယ်လို အလုပ်လုပ်နေ တယ်ဆိုတာ သိရမယ်၊ ဖောက်သည်ကို သိရမယ်၊ သူတို့ဆီက ရသမျှ အကုန် သင်ယူရမယ်။ သူတို့ ဘာလိုချင်တယ် ဘာမလိုချင်ဘူး ဆိုတာ နားထောင်နိုင်ရမယ်၊ ကွက်ကျော်ကြိုမြင်နေရမယ်။ အဖြေမရှိရင် အဖြေကို ရှာကိုရှာရမယ်၊ ရှင်းရှင်းလေးပဲ……´။

မနေ့ကအထိ တော့ ပြောခဲ့တဲ့စကားအတိုင်း တစ်သဝေမတိမ်း နစ်ခ် အလုပ်တွေလုပ်နိုင်ခဲ့သားပဲ။ အခု……။
နစ်ခ်သိလိုက်ပြီ။ ထွေးရှုပ်လိမ်ရစ်တဲ့ စိတ်တွေနဲ့ အိမ်ကို ပြန်လာတော့ အံ့သြကြေကွဲစရာ မြင်ကွင်းတစ်ခုက ဆီးကြိုနေသည်။ အိမ်ထဲရှိသမျှ သူ့ကိုယ်ပိုင်ပစ္စည်းမှန်သမျှက အိမ်ရှေ့ မြက်ခင်းပြင်မှာ ဖရိုဖရဲပြန့်ကြဲ နေသည်။ အိမ်ကလည်း သော့ပြောင်းပိတ်ခံထားရပြီ။ တံခါးရွက်က သော့အိမ်က သူ့သော့တံကို မှတ်မိနိုင် ခြင်းမရှိတော့။ ကိုယ်ပိုင်လျှို့ဝှက်နံပါတ်ကိုလည်း သူ့အိမ်တံခါးက ငြင်းဆန်ခဲ့ပြီ။ ထူးဆန်းလှချည့်။ မတတ်နိုင်။ ဇနီးသည် ကက်သရင်းဆီ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်။ ဒီနေ့ ငါအလုပ်ပြုတ်ခဲ့တယ်လို့ ပြောပြမယ့် စကားတစ်ခွန်းကိုတောင် အချိန်ပေး နားထောင်မယ့်သူ မရှိ။ ပစ္စည်းအစုအပုံတွေကြားမှာ ဆက်တီတစ်ခုံကို ချကာ အဲဒီခုံပေါ် ထိုင်လျက် အိပ်ရတော့သည်။ မနက်လင်းတော့ အိမ်ရှေ့အိမ်မှာ မိန်းမတစ်ယောက် ပစ္စည်းတွေချနေတာမြင်သည်။ အိမ်ပြောင်းလာတာဖြစ်မည်။ ဗိုက်အနည်းငယ်စူထွက်နေသည့် ကိုယ်ဝန်ဆောင်မိန်းမကို ပစ္စည်းတချို့နစ်ခ် ကူသယ်ပေးလိုက်သည်။ သူမ နာမည်က စမန်သာ။ ဓာတ်ပုံဆရာမ တဲ့။

“မင်း ငါ့ပစ္စည်းတွေ ခဏကြည့်ပေးနိုင်မလား စမန်သာ”

စမန်သာက မြက်ခင်းပေါ်ပြန့်ကြဲနေသည့် ပစ္စည်းတွေကို လှမ်းကြည့်ကာ “အိုကေ”တဲ့။ ပြီးမှ သူ့ဝမ်းဗိုက်ကို သတိရသွားဟန်နှင့် ဆိုသည်။
“အို မဖြစ်သေးဘူး။ ကျွန်မ ဒီက ဆရာဝန်အသစ်နဲ့ သွားတွေ့ရဖို့ ရှိသေးတယ်ရှင့်”
xxxxx

သူ့ပစ္စည်းတွေအနားမှာ ကောင်လေးတစ်ယောက် စက်ဘီးတစ်စီးနှင့် ရိပ်သီရိပ်ဝှဲ လုပ်နေတာ နစ်ခ် မြင်သည်။ ကောင်လေး နာမည်က ကင်နီ။ ကားသော့ ဘယ်ရောက်သွားမှန်း မသိ။ ကောင်လေး၏စက်ဘီးနှင့် စတိုးဆိုင်ပြေးရသည်။ ဆိုးတာက အကြွေးဝယ် ကတ်ကလည်း အလုပ်မလုပ်တော့။ တစ်ယောက်ယောက်က သူ့ကတ်ကို ပိတ်လိုက်ပြီ၊ အပြင်လူလုပ်လို့မရမှန်း နစ်ခ် သိပါသည်။ ကတ်ပေါ်မှာ လက်မှတ်အတူ ရှိနေသည့်လူ၊ ကက်သရင်းပဲပေါ့။ ရက်စက်ပါပေ့။ ပြန်လာချိန်မှာ သူ့ကားပေါ်လူတစ်ယောက်က တက်ထိုင်ကာ မောင်းထွက်သွားသည်။ သော့ပျောက်နေတဲ့ကြားက ဘာနဲ့ဘယ်လို ဖွင့်မောင်းပါလိမ့်။ ပေါ်ပေါ်ထင်ထင်ပဲ သူ့ကားကို ခိုးမောင်းသွားသည်။ နစ်ခ် ပြေးလိုက်ပေမဲ့ မမီ။ ကားထဲက သူ့အကျီတချို့ လမ်းမပေါ်ပြန့်ကြဲလျက်။ နောက်ဆုံး ဒီမြက်ခင်းပြင်ကိုပဲ ယာယီအိမ် လုပ်ရတော့သည်။ သူ့တစ်ကိုယ်စာ လှည့်သာ ထိုင်သာရှိအောင် ပြန့်ကြဲနေသည့်ပစ္စည်းတွေကို အနည်းငယ် နေရာတကျဖြစ် အောင် ရွှေ့ပြောင်းတပ်ဆင် နေရာချရသည်။ ထိုင်စရာ အိပ်စရာ ထိုင်ခုံတစ်လုံး။ တပ်ဆင်ခြင်းအနုပညာအောက်မှာ ဘီယာတစ်ဘူး ထိုင်သောက်နေခိုက် ရဲတစ်ပွေ ရောက်လာ သည်။ လူမြင်ကွင်းမှာ မဖွယ်မရာ မလုပ်ရဘူးတဲ့။ သောက် ပြဿနာပဲ။

“ ကျွတ်…ဒါ မဖွယ်မရာလား၊ ကျုပ်အိမ်ရှေ့ ကျုပ်ဘာသာ ဘီယာထိုင်သောက်တာလေ”
မကျေမချမ်းနှင့် အဲဒီရဲပြန်ထွက်သွားပြီး နောက်ထပ် ရဲတစ်ပွေရောက်လာပြန်သည်။ ဒါက သူ့မိတ်ဆွေ ဖရန့်ခ် ပါ။
“ငါ အလုပ်ပြုတ်ခဲ့တယ်၊ ငါ့မိန်းမကလည်း ထွက်သွားပြီ…”လို့ ပြောပြလိုက်တော့ ဖရန့်က အံ့သြပုံမရ။ တစ်နေ့ ဒီလိုပဲ ဖြစ်မှာ ပေါ့ဆိုသည့် အရာရာကို ကြိုသိနေသလို မျက်လုံးဝါ၀ါတွေနှင့် စိတ်ပျက်သလို နှစ်သိမ့်ချင်သလို ကြည့်သည်။ နစ်ခ်က သူ့ သဘောထား ကို ရှင်းပြလိုက်သည်။
 “ဒါ ငါ့အိမ်လေ၊ ငါ့မြက်ခင်းလေ၊ ဒီနေရာလေးက ငါ့နေရာလေးပါကွာ၊ ငါ ဒီဟာတွေကို ချန်မထားခဲ့နိုင်ဘူး၊ ငါ ဒီကနေ ခွာမသွားချင်ဘူး”
“ကောင်းပြီ၊ ဒီည ဘယ်သူမှ ဒီဘက် ကင်းမလှည့်အောင် ငါ ကြည့်ကြက်လုပ်လိုက်မယ်”
ဒီလိုဆိုတော့လည်း ဖရန့် ကို ကျေးဇူးတင်စရာပဲ။ မနက်လင်းတော့ ဖရန့် ရောက်လာသည်။ သူ့လက်ထဲ စာရွက်တစ်ရွက် လာထည့်သည်။
“ဒီမှာ ထိုင်နေရင် စုတ်တီးစုတ်ပဲ့ပဲ ဖြစ်နေမှာပဲ၊ ရော့ ဒီမှာ ပိုင်ဆိုင်မှုမရှိသူတွေကို ၅ ရက်နဲ့နေရာပြန်ချပေးတယ်၊ လက်မှတ်ထိုးလိုက်၊ မင်းဆို သုံးရက်နဲ့ရမယ်”

တယ်တော်တဲ့ သူငယ်ချင်းပဲ၊ အများသူငါထက် အခွင့်အရေးပိုရအောင် လုပ်ပေးထားတယ်ပေါ့။ ခက်တာက ဒီနေရာလေး ကနေ ခွာမသွားချင်။ အရာရာ ဒီနေရာမှာရှိသည်။ ကက်သရင်းချစ်သည့် ငါးလေးတွေမွေးထားသည့် ရေကန်လည်းရှိသည်။ ဒါ သူ့အိမ်၊ အရာရာမြှုပ်နှံရင်းနှီး တည်ဆောက်ခဲ့တဲ့ အိမ်တစ်လုံးကို ချန်ရစ်ထားခဲ့ရမှာ မဖြစ်နိုင်တာပဲ။
“ငါ့ဟာတွေ ဒီဟာတွေရောင်းပစ်ခဲ့ရမှာလား၊ ထိုက်သင့်သလောက်ပိုင်ဆိုင်ခဲ့ပြီးမှ အရာရာကို ဖြိုဖျက်ခဲ့ပြီး ဘ၀ကို ငါ အသစ်ပြန်စရမှာလား”
”မင်းရဲ့စုတ်တီးစုတ်ပဲ့ပစ္စည်းတွေ ရောင်း မရောင်း ငါစိတ်မ၀င်စားဘူး၊ သုံးရက်နဲ့ ဒီပစ္စည်းတွေ အပြီးရှင်းမလား၊ ထောင်ထဲ သွားမလားဆိုတာလည်း  ငါ မမေးတော့ဘူး”
ဖရန့်စိတ်ဆိုးသွားပြီ။ ဆိုးလေ ဆိုးပေါ့။ အိမ်ကို အပိတ်ခံရတော့ရော ဘာအရေးလဲ ဒီလိုပဲ အိမ်ရှေ့ ဒီမြက်ခင်းပြင်လေးမှာ နေလိုက်ရုံပေါ့။ ဒီမှာပဲ နေဖို့ နစ်ခ် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့။ သူ့ပစ္စည်းတွေအတွက် အစောင့်သဘော ကန်နီဆိုတဲ့ကောင်လေးကို ခေါ်ထားရသည်။ တော်တော်လာတဲ့ ချာတိတ်၊ ဘာတွေလုပ်ရမှာလဲ အရင်မေးသည်။ ပြီးတော့ ငွေဘယ်လောက်ရမလဲတဲ့။ တစ်နာရီ ၄ဒေါ်လာပေးမည် ဆိုတော့ အရီဇိုးနားမှာ အလုပ်ခေါ်ဈေးက အနိမ့်ဆုံး ၇ဒေါ်လာနဲ့ ၂၅ဆင့်ရှိတယ်တဲ့ ။ ၇ဒေါ်လာနဲ့တည့်သွားသည်။ နစ်ခ်ပိုင်ဆိုင်သည့် ပစ္စည်းတွေကို ကင်နီက ရောင်းပေးရမည်၊ နစ်ခ်မရှိချိန်မှာ အစောင့်လုပ်ပေးရမည်။

“ဒါ ရှင့်ရဲ့ ပထမဆုံး အဟောင်းရောင်းတဲ့ အတွေ့အကြုံလား”လို့ စမန်သာက မေးလာသည်။ စနေနေ့ဆို ရောက်လာ တတ်တဲ့လူတွေကို သတိထား၊ သူတို့ကအောက်ဈေးနဲ့ မတရားဈေးနှိမ်ယူတတ်တယ်လို့ သတိပေးလာသည်။ စမန်သာက အဲဒီလူတွေ နှင့် အဆက်အသွယ်ရှိသည်၊ ဟောင်းပေမဲ့ ကောင်းနေဆဲ ကင်မရာတွေ သူတို့ဆီက ပြန်ဝယ်သုံးသည်တဲ့။
“မင်းဓာတ်ပုံပြပွဲလုပ်ဖူးလား”
“တချို့တလေ ရောင်းရဖူးတယ်၊ ဒါပေမဲ့ ဒါနဲ့တော့ ဘယ်တော့မှ ချမ်းသာလာမှာမဟုတ်ဘူး၊ ဒါနဲ့ စကားမစပ် ပြောရဦးမယ်၊ ကျွန်မ ယောက်ျားက ကျွန်မဆီက ဓာတ်ပုံဝယ်ဖူးတယ်ရှင့်၊ ဒါနဲ့ပဲ သူနဲ့ဖူးစာဆုံတာ”
“ငါ့မှာ နမော်နမဲ့ အမှားတွေရှိခဲ့တယ်”လို့ အစချီကာ စမန်သာကို အတိတ်ဇာတ်လမ်းတစ်ခု ပြောပြဖြစ်သည်။

“အလုပ်ကိစ္စ အရောင်းအ၀ယ်တစ်ခု ပြီးဆုံးသွားလို့ အောင်ပွဲခံပါတီလုပ်တုန်းက လူတိုင်းရှန်ပိန်သောက်ကြတယ်၊ ငါလည်း သောက်တယ်၊ ဘယ်လောက်သောက်မိလဲတော့ မသိဘူး၊ ရှယ်ရွန်ဆိုတဲ့ကောင်မလေးအခန်းမှာ ငါတို့ဆက်သောက်ဖြစ်တယ်၊ မိုးလင်း တော့ ရှယ်ရွန်ထွက်သွားတယ်၊ မကြာခင်ပဲ စုံစမ်းစစ်ဆေးရေးနဲ့ အင်တာဗျူးသမားတွေရောက်လာပြီး…ဟာ..ငါ မပြောချင်တော့ ဘူး…..မင်းသိမှာပါ မင်းဘာသာတွေးကြည့်တော့…”

“ရှင် တစ်ခုခု လုပ်မိခဲ့သလား…”
“မသိဘူး မသိဘူးကွာ၊ ငါသိတာက အဲဒီတုန်းက လူတိုင်းလက်ထဲမှာ ဖန်ခွက်တစ်လုံးစီရှိသလို င့ါလက်ထဲမှာလည်း ဖန်ခွက်တစ်လုးံရှိတယ်ဆိုတာပဲ”

ကျွန်မ သွားသင့်ပြီ ဆိုကာ စမန်သာ ထထွက်သွားသည်။ ပစ္စည်းတွေ ရောင်းကူနေသည့် ကင်နီ့ကိုကြည့်ကာ နစ်ခ်မေးသည်။

“မင်းကိုအသုံးမကျဘူးလို့ မင်းအိမ်က ဘာလို့ထင်တာလဲ ငါမသိဘူး၊ တကယ်တော့ လူတိုင်းမှာ `ငါ´ဆိုတာ များနေလို့ပါ၊ `ငါ´နည်းနည်းပဲလိုပြီး `ငါတို့´ဆိုတာ များများလိုတာ ဒါကို လူတော်တော်များများ မသိကြဘူး”

အမေသုံးခဲ့သည့် ကင်မရာလေးကို နစ်ခ်မရောင်းချင်။ စမန်သာ့ကို သတိရသွားသည်။ စမန်သာ့ကို ကင်မရာသွားပေးလိုက် သည်။

“ကောင်းသေးလားတော့မသိ”
“အို ဘုရားရေ အကောင်းကြီးပဲရှိသေးတယ်”
ကင်မရာလေးကို ကြိုက်ပုံရပေမဲ့ စမန်သာက ငြင်းသည်။ ငါမင်းကို လက်ဆောင်ပေးချင်လို့ပါလို့ ပြောရသည်။ စမန်သာက နစ်ခ် ဘက်ကိုလှည့်ချိန်ကာ ဓာတ်ပုံတစ်ပုံစမ်းရိုက်လိုက်သည်။
နောက်တစ်နေ့မှာ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း ဒီလိုင်လာ့လိပ်စာကို စုံစမ်းကာ နစ်ခ်သွားလည်သည်။ လောလောဆယ် ငယ်ငယ်တုန်းကမိတ်ဆွေတစ်ယောက်ယောက်ကို တွေ့ချင်စိတ်ပေါ်နေသည်။ ခင်ပွန်းသည်က ပစ်ထားခဲ့လို့ ကလေး သုံးယောက်နှင့် ဘ၀ကို ဆက်လက်ရင်ဆိုင်နေသည့် သူငယ်ချင်းကို ကြည့်ကာ နစ်ခ် များစွာ အံ့အားသင့်ရသည်။

“မင်း ဒီဟာလေးတွေကို ဘယ်လိုဖြေရှင်းလဲ၊ ကျွေးမွေးရတယ်၊ ပြုစုရတယ်၊ ထောက်ပံ့ရတယ် တစ်နေ့တစ်နေ့ မဆုံးတဲ့ တာဝန်တွေလေ”

နစ်ခ်တကယ်အံ့သြနေသည်။ သူ့မှာတော့ တစ်ကိုယ်စာပင် တာဝန်ယူနိုင်ခြင်းမရှိ၊ အလုပ်ပြုတ်၊ မိန်းမက အိမ်ကထွက်သွား၊ အိမ်က အပိတ်ခံရ။ အရေးအကြောင်းဆို မိန်းမတွေမှာ ယောက်ျားတွေထက် တာဝန်ယူရဲတဲ့သတ္တိ ပိုရှိလေသလားမဆိုနိုင်။ ဒီလိုင်လာ ပြောခဲ့တဲ့စကားက သူ့အာရုံထဲ ကပ်ငြိပါလာသည်။ `အဆိုးမရှိဘဲ တစ်လျှောက်လုံးကောင်းနေတာဟာ အကောင်း မဟုတ်ဘူး၊ အဆိုးတွေကြုံပြီး အဆိုးတွေထဲမှာ ကောင်းအောင် လုပ်နိုင်တာကမှ တကယ့် ပြည့်ဝတဲ့ အကောင်း´   တဲ့။

အဆိုးတွေထဲမှာ ကောင်းအောင် ဘယ်လိုလုပ်ရပါ့။ လောလောဆယ် နစ်ခ်မှာ ဘီယာကုန်နေပြီ။ ညက ဘီယာသောက်ဖို့ ပိုက်ဆံမရှိတော့။ စတိုးဆိုင်ရှေ့သွားပြီး ဈေးဝယ်သူတွေဆီကနေ ဘီယာတစ်ဘူးလောက်ပေးဖို့ မရှက်မကြောက် တောင်းမိသည်။ ဘယ်သူမှလည်း သူ့ကို အရေးမလုပ်ကြ။ သူ့နေရာလေးကို ပြန်လာခဲ့သည်။ မြက်ခင်းပေါ်ပြန့်ကြဲနေသည့် ပစ္စည်းတွေကို ဒေါသထွက် ထွက်နှင့် ကန်ကျောက်ပစ်လိုက်သည်။ အိမ်ကနေလှမ်းမြင်နေသည့် စမန်သာက မနေနိုင်တော့ဘဲ ဆေးလာတိုက်သည်။ ငါ ဘီယာတစ် ဘူးလောက် သောက်ဖို့လိုနေတယ်ပြောတော့ စမန်သာက ဒီဆေးပဲသောက်ပါ ပင်ပန်းတာတွေလျော့ကျသွားလိမ့်မယ်တဲ့။

ပင်ပန်းနွမ်းနယ်မှု၊ အထီးကျန်မှုနဲ့အတူ ရှုပ်ထွေးနေတဲ့လက်ရှိခံစားချက်တွေက စကားတွေ မှားယွင်းအောင် စေ့ဆော်လေ သလား နစ်ခ် မစဉ်းစားတတ်တော့ပြီ။

“မင်းကို စတွေ့ကတည်းက ငါးမိနစ်အတွင်း ငါနားလည်ခဲ့တယ်၊ မင်းကမင်းခင်ပွန်းအတွက် မင်းမြတ်နိုးတဲ့ဓာတ်ပုံသမားဘ၀ ကို စွန့်လွှတ်အနစ်နာခံခဲ့တာပဲ၊ ပြီးတော့ သူက တအားသောက်တယ်မို့လား၊ ငါ့လိုပဲလေ၊ သူ့ကို စိတ်ပြောင်းသွားအောင် နေရာအသစ် ၀န်းကျင်အသစ်တွေ မင်းဖန်တီးပေးတယ်၊ အဲဒါက ပိုကောင်းသွားအောင်လား၊ ပိုဆိုးသွားအောင်လား၊ ဘယ်လိုမိန်းမမျိုးက ဒီလူနဲ့ နေထိုင်ဖို့ ကြိုးစားနေတာလဲ”

မချိတင်ကဲခံစားချက်တွေ ဖိတ်လျှံထွက်ကျကုန်သည်။
“ဘာ… ဘာပြောတယ် ဘယ်လိုမိန်းမ ဟုတ်လား ဒါဆို ကျွန်မက ဘာလဲ ဘာကို ဆိုလိုတာလဲ”
မျက်နှာတွေနီမြန်းဒေါသထွက်လာသည့် စမန်သာကို ကြည့်ကာ နစ်ခ် ပြောချလိုက်သည်။

“မင်းအိမ်ခန်းလိုက်ကာတွေဆွဲတင်ဖို့လိုပြီ”
“ဘာလဲ တစ်နေ့လုံး ငေးကြည့်နေတဲ့ အမူးသမားတစ်ယောက်ရှိလို့လား”
ဘာတွေဖြစ်ကုန်သလဲ နစ်ခ်မသိတော့။ စမန်သာက သူ့ကို ဘီယာဘူးခွံတွေနှင့် ကောက်ပေါက်ကာ ပြန်သွားသည်။ နစ်ခ် ၀မ်းနည်းထိခိုက်ကာ ကျန်ရစ်ခဲ့သည်။ သူ့အနားမှာ ဘယ်သူမှ မရှိတော့။ ဘယ်အရာမှလည်း မရှိတော့၊ သောက်စရာ ဘီယာလေး တစ်ဘူးတောင်မှ မရှိတော့၊ ရှိရင်ကော သောက်ချင်ဦးမှာလား မသိတော့။ ဘယ်လို ဘယ်ပုံ အိပ်ပျော်သွားသည် မသိတော့။ ဘာမှ မသိတော့ဘဲ အိပ်ရာကနိုးထလာချိန်မှာ ကင်နီက သူ့ပစ္စည်းတွေကို မျိုးတူတာ မျိုးမတူတာ ခွဲခြားကာ စနစ်တကျနေရာချပေးထား သည်ကို တွေ့ရသည်။ ၀ယ်တဲ့သူတွေအတွက် လွယ်ကူအောင်လုပ်ပေးထားတာလို့ ကင်နီပြောသည်။  ဖရန့်ရောက်လာကာ ပစ္စည်းတွေကို လှည့်ပတ်ကြည့်ရှု ၀ယ်ယူအားပေးနေကြသည့် လူတွေကို ကြည့်ရင်း နစ်ခ်ကို ပြောသည်။

“မင်း သူတို့ကို သွားခွင့်ပြုလိုက်ပြီပေါ့…”
“ဒါပေါ့ အဆုံးတော့ အားလုံး သွားရမှာပဲလေ” ကျွမ်းကျင်စွာ ဈေးရောင်းပေးနေသည့် ကင်နီ့ကို ငေးကြည့်ကာ ကက်သရင်းဆီဖုန်းခေါ်မိသည်။ ဖုန်းက ကိုင်မည့်သူမရှိ။ မက်ဆေ့ခ်ျအသံထားခဲ့လိုက်သည်။ “ကက်သရင်း အခု ငါ ဒါတွေကို မစွဲလမ်းတော့ဘူး၊ အားလုံးကို သွားခွင့်ပြုလိုက်ပြီ၊ ဘယ်အချိန်ပဲဖြစ်ဖြစ် မင်းအဆင်သင့်ဖြစ်ရင် ငါ့ကို ခေါ်လိုက်ပါကွာ”။

စမန်သာ့ဆီသွားကာ ညက စကားတွေကတောက်ကဆတ်ဖြစ်ခဲ့တာကို တောင်းပန်ရသည်။ သူမခင်ပွန်း ရောက်လာတော့ မည်လို့ စမန်သာပြောပြခဲ့သည်။ ၀မ်းသာစရာပဲ။ ကက်သရင်းရော သူ့ဆီ ဘယ်တော့ ရောက်လာမှာလဲလို့ တွေးကာ နစ်ခ် ရင်တွေ ခုန်လှုပ်သည်။ စမန်သာက ကင်မရာစမ်းကြည့်ရင်း ရိုက်ခဲ့သည့် သူ့ပုံကို ခုမှ ပေးလာသည်။ ပုံအောက်မှာ စာတန်းတစ်ခုတွေ့သည်။ အရာရာ မဆုံးရှုံးသေးပါဘူး တဲ့။ နစ်ခ် အားတက်သွားသည်။ အလုပ်ကတော့ ဆုံးရှုံးခဲ့ပြီ။ မဆုံးရှုံးသေးတာ ဒါဖြင့် ..ကက်သရင်းဖြစ်မှာပေါ့။

ဖရန့်အလုပ်ရှိရာ ရဲစခန်းကို လိုက်သွားသည်။ ဖရန့်က ခဏစောင့်ပါဆိုကာ အတွင်းခန်းထဲ ၀င်သွားသည်။ စားပွဲပေါ်က ဖရန့်ရဲ့ဖုန်းမြည်လာသည်။ ကြည့်မိသွားသည့်မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်သည်အထိ မုန်းတီးစက်ဆုပ်သွားသည်။ ဖုန်းခေါ်သူက ကက်သရင်း။ အရာရာအခုပဲ ဆုံးရှုံးသွားပြီ။ စမန်သာ့စကား မမှန်နိုင်တော့။ ဖရန့်ဝင်လာတော့ စိတ်တွေထိန်းမရဘဲ လက်သီးနှင့်ပစ်ထိုး မိသည်။ ဘယ်ရမလဲ ဖရန့်က လူဆိုးတွေကို လျှပ်တစ်ပြက် ဖမ်းဆီးနိုင်သည့် ရဲပဲ။ နစ်ခ်လက်သီးလောက်တော့ အပျော့ပေါ့။ နစ်ခ်လက် တွေကို ပြန်ချုပ်ထားနိုင်သည်။

“မိန်းမတွေက သောက်ပြီး အလုပ်မလုပ်တဲ့သူနဲ့ မသောက်ဘဲ အလုပ်လုပ်တဲ့သူ ဘယ်သူ့ကို ပိုကြွေမယ်ထင်လဲ၊ ကက်သရင်း က ပိုကောင်းတဲ့သူနဲ့ ထိုက်တန်တာ”တဲ့။
ဖရန့်စကားတွေက နစ်ခ်ရင်ကို မြားနဲ့တည့်တည့်ပစ်ခွင်းလိုက်သလို၊ ရင်တစ်ပြင်လုံး စူးနစ်အောင် နာသည်။ တော်သေး တာပေါ့၊ `မင်းမိန်းမ ကက်သရင်းက မင်းထက်ပိုကောင်းတဲ့ ငါ့လိုလူနဲ့မှ ထိုက်တန်တာ´လို့ တိုက်ရိုက်မပြောတာပဲ ကျေးဇူးတင်ရဦးမည်။ နာနေတဲ့သူ့ရင်ကို ဗြန်းဗြန်းကွဲထွက်သွားအောင် မေးခွန်းတွေနဲ့ ပစ်ပေါက်ခဲ့သေးသည်။

“မင်းနဲ့ ကက်သရင်း အတူအိပ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ ပြီးတော့ ကက်သရင်းကို ပျော်ရဲ့လားလို့ မမေးခဲ့တာ ဘယ် လောက် ကြာပြီလဲ”တဲ့။

“မင်းက မူးဖို့ပဲ သိတဲ့လူ၊ မူးပြီး ရှယ်ရွန်နဲ့အိပ်ခဲ့ဖူးတယ်၊ မင်းကို ချစ်နေသေးတယ်လို့တော့ ကက်သရင်းက ပြောပါတယ်၊ ဒါပေမဲ့ သူ အခု မင်းကို ကွာရှင်းချင်ပြီတဲ့၊ ဒီမှာ စာရွက်စာတမ်းတွေ သူ့လက်မှတ်ပါပြီးသား..အော် ပြီးတော့ အိမ်ကိုလည်း သူတစ် ယောက်တည်း အပိုင်လိုချင်တယ်တဲ့၊ ဒီထဲမှာ သုံးစွဲဖို့ငွေတချို့လည်း ရှိတယ်…”

xxxxxxxx

အရာအားလုံး ဆုံးရှုံးလိုက်ရသည့်အခါ လူတစ်ယောက်ရဲ့ရင်ထဲ ဘယ်လောက်ဗြောင်းဆန်သွားမှာပါလိမ့်….ကျွန်မ တွေးထိတ် ကာ နစ်ခ်ရဲ့ကြေကွဲမျက်နှာကို ဘယ်လို ဆက်ကြည့်ရမယ်မှန်း မသိတတ်တော့ပါ။ မျက်စိရှေ့မှာ မြင်နေရသည့် နစ်ခ် ပုံစံကတော့ ဘာမှမရှိတော့သည့် သူ့ဘ၀အခြေအနေအပေါ် တည်ငြိမ်စွာလက်ခံယူလိုက်ပြီ ဆိုတာပါပဲ။ ပြီးတော့ သူက ပြောလိုက်သေးသည်။

“တောင်းပန်ပါတယ် လို့ ငါ့မိန်းမကို ပြောလိုက်ပါ”တဲ့။ မိမိရဲ့အားနည်းချက်ကို မိမိဘာသာ သိရှိသဘောပေါက်သွားသူအဖို့ တောင်းပန်စကားကလွဲပြီး တခြားစကား ဆိုဖွယ်မရှိတော့ပြီပဲ။

ဘီယာဝယ်နေကျ စတိုးဆိုင်လေးရှေ့ နစ်ခ် ရောက်သွားချိန်မှာ ကျွန်မ ထိတ်ခနဲဖြစ်သွားသည်။ ဘာမှမရှိတော့သည့်ဘ၀ကို စိတ်နာနာနှင့် ဘီယာရည်တွေထဲ ထပ်ကာထပ်ကာ ရေစုန်မျော နစ်မြှုပ်ပစ်လိုက်တော့မလား။

ခြေလှမ်းတွေ တစ်ချက်တုံ့ခနဲဖြစ်သွားပေမဲ့ နစ်ခ်က စတိုးဆိုင်ကို လျစ်လျူရှုကျောခိုင်းကာ ဆက်လျှောက်သွားခဲ့သည်။ နစ်ခ်ရဲ့ အနာဂတ်အတွက် ကျွန်မ စိတ်မပူတော့ပါ။ လောလောဆယ် သူ့မှာ ဘာမှ မရှိတော့ပေမဲ့ တစ်နေ့ အရာရာသူ့ဆီ ပြန်ရောက်လာအောင် နစ်ခ် စွမ်းဆောင်နိုင်လိမ့်မည်လို့ ကျွန်မ ယုံကြည်လိုက်ပါသည်။ အခု သူ့ဆီက ထွက်သွားကြသည့်အရာတွေထက် ပိုပြီး သစ်လွင် တောက်ပမည့် အရာရာတွေပေါ့။

ဂျူနီယို
Film – Everything Must Go
Cast – Will Ferrell ( Nick Halsey )
         Rebecca Hall( Samantha )
         Michael Pena ( Frank)
(Family မဂ္ဂဇင်း၊ ဒီဇင်ဘာ)

Wednesday, December 5, 2012

အနန္တငါးဖြာ မှတ်စရာ

photo from :
တို့ဗမာ.. အနန္တော  အနန္တ .. ငါးပါးကို  .. ကိုယ်ရေတင်.. ရိုသေလျှင် ဆင်းရဲခြင်း.. ကင်းကွာ .. 
ဘုရားနဲ့ တရားတော် ရဟန်းသံဃာ .. မိဘနှစ်ပါးနဲ့ သင်ကြားတဲ့ ဆရာ..
ယုံကြည်စွာ ..ပြုစုကြပါ.. ပုပုရွရွ..သတိပေးချင်တာ..။ 
နေ့တိုင်းသာ ညတိုင်းသာ .. လက်ဆယ်ဖြာ ..ဦးထိပ်တင်မိုးကာ  ရှိခိုးလို့  ၀န္ဒနာ . ပူဇော်ကြဖို့ အမျိုးသား… တို့ ဗမာ….။..

ဂါရ၀တရား..ထာဝရထား .. မမှားကြဖို့ရာ.. စွဲမြဲကြ မလွဲအောင်သာ.. မျိုးရိုးဇာတိပါ..
မသွေတမ်းမှတ်ကြပါ..ရွှေကျမ်း မြတ်ဘုရာ့အလာ အနန္တငါးဖြာမှာ.. 
လင်းထင်စွာ ရှိရင်း ဒေသနာ…

ရဟန်းတော် တွေ့ရင် … ၀တ်ချပါ .. ဖိနပ်ကို ချွတ်ကာ လူရှေ့မှာ .. စိတ်မမှားနဲ့  အရိပ်များလဲ  ခြေနင်းမိ  ရှောင်ကွင်းပါ..။
ကိုယ်ကျင့် တရားဖြင့်  လူတိုင်းရှိတာ အမှန်ပါ ..
ဗိုလ်စိတ်ပေါက်ကာနဂိုစိတ်ပျောက်လာ  စဉ်းစားကြဖို့  ..အမျိုးသားတို့ဗမာ..
အဖေ အမေ ဆုံးမရင် ပယ်တာ..
တို့ရော..သူသူငါငါ  ..မှားယွင်းချက်တွေ ..ပြင်ကြစေရာ. 
စေတနာထားတဲ့သူပါ..နိုးဆော်ကြဖို့  မျိုးနွယ်စစ်တွေ့ပါ….။

ဒီသီချင်းကို ခေတ်ဟောင်းအဆိုတော် မေစိန်က သီဆိုထားပါတယ်။သီချင်းရေးဆရာကိုတော့ မသိရပါဘူး။ သီချင်းစာသားထဲမှာ ပါသလိုဘဲ ကျွန်မတို့ ဗမာ လူမျိုးတွေဟာ မျိုးရိုးကောင်းတဲ့ သာကီဝင် တွေက ဆင်းသက်လာတာပါ။

ဘုရား တရား သံဃာ၊ ဆရာမိဘ ဆိုတာ အနန္တော အနန္တ ငါးပါးမှာ ပါဝင်တာမို့  မျိးရိုးဇာတိမြင့်မြတ်သူများဟာ ရိုသေစွာ ပြုစုလုပ်ကြွေးကြပါ နေ့နေ့ညည လက်ဆယ်ဖြာ ဦးထိပ်တင်မိုးလို့ ကံတော့ကြပါ ဒုက္ခဆင်းရဲခြင်းက  လွတ်ကင်းချမ်းသာနိုင်ပါတယ် ဆိုတာ  ဘုရားဟောရှိပါတယ်။လို့ သီချင်းမှာ ဆိုထားပါတယ်။

ပြီးတော့ အရေးဆုံးကြီးအချက်က လမ်းမှာဖြစ်စေ တနေရာရာမှာ ဖြစ်စေ သံဃာ တပါးပါးနဲ့ တွေခဲ့သည်ရှိသော် သံဃာရဲ့ အရိပ်ကိုတောင် မနင်းမိစေရန် ရှောင်ကွင်းသွားလာကြရပါမယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင် ကောင်းတယောက်ရဲ့ ကိုယ်ကျင့်တရားအစစ်အမှန်ပါ။ ဗိုလ်စိတ်ပေါက် နဂိုစိတ်ပျောက်လို့ တလွှားလွှား မထီတထီ မရှောင်ကွင်းပါနှင့် လို့ သီချင်းရေးဆရာက ဆိုချင်တာပါ။

VOA မြန်မာပိုင်းအစီအစဉ် သူယုံကြည်ရာကဏ္ဍတခုမှာ ဆရာ ဦးဝင်းထွဋ်ဇော် ကလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး သူယုံကြည်တာတွေ တခန်းတနားပြောသွားပါပြီ။ လူငယ်လေးများ မှတ်သားစရာတွေပါဘဲ။ တိုင်းပြည် ပြုစု ပျိုးထောင်ရာမှာ အတုခိုးမမှားဖို့ အနောက်နိုင်ငံတွေဆီက ၀တ်စားဆင်ယင်မှုမှာ အလွန်အကျွံ ပုံတူကူးမချဘဲ မိမိယဉ်ကျေးမှုကို တဘက်က ထိမ်းသိမ်းရင်း  အတုယူသင့်သည်ကိုသာ ယူဖို့ ပြောဆိုသွားတာ တော်တော်ကောင်းတယ်။
ဒီလောက်လဲ ဗိုလ်စိတ် မပေါက်ကြပါနဲ့ လို့ ဆိုချင်တာပါ။

ကျွန်မတို့ဟာ တခါတရံ သံဃာကို ပြစ်မှားမိကြပါတယ်။ သင်္ကန်းကြီးတလွှားလွှား နဲ့ ဟိုချောင်တိုး ဒီချောင်တိုး ဆိုင်ကယ်စီး ဘာစီး ညာစီး အနေအထိုင် မဆင်ချင်ဘူး။ မာတုဂါမတွေနဲ့ ရောရောနှောနှော နေတယ်ရယ်လို့ ကရုဏာ စကားနဲ့ ပြစ်တင်မိကြတယ်။
ဒါက သူ့အပိုင်းလေ။ သူ့အပြစ်နဲ့ သူ ဘဲ။ ကျွန်မတို့ က သင်္ကန်းကို ရိုသေကြရမယ်။

ဆဒ္ဒန်ဆင်မင်းဟာ မြှားဒဏ်ရာကြောင့်စိတ်ဆိုးခြင်းပြင်းစွာ နဲ့ သတ်မယ် ဖြတ်မယ် ပြေးလာပေမဲ့ လိမ္မာပါးနပ်တဲ့  သောနုတ္ထိုမုဆိုးဟာ  သင်္ကန်းကို အကာအကွယ်ယူ ရုံထားတာမို့ သင်္ကန်းအရှိန်အ၀ါကြောင့်  ကိုယ်ရှိန်သပ်ပြီး လက်တုံ့ပြန်ခြင်းမပြုခဲ့ပါဘူး။ သာသနာအပက အဟိတ်တိရိစ္ဆာန်ဘ၀မှာ ရှိသေးတဲ့ ဆဒ္ဒန်ဆင်မင်းကတောင် ဒီလောက် အသိတရားရှိနေသေးရင် သာသနာတွင်းက ကျွန်မတို့ လူသားစင်စစ်ကြီးတွေဟာ သံဃာ ဆိုတဲ့ အရှိန်အ၀ါနဲ့ သင်္ကန်း ဆိုတဲ့ အရှိန်အ၀ါနဲ့ သံဃာ တွေကို ဘယ်လို အကြောင်းပြချက် မျိုးနှင့်မှ အန္တရယ်ပေးဖို့  မသင့်ပါဘူး။  ပေးရင်လည်း ပေးသူကသာ အပြစ်ကြီးပါတယ်။ အင်မတန် ကြေကွဲစရာသာ ဖြစ်ပါလိမ့်မယ်။

တန်ဆောင်တိုင်ညဟာ မမျှော်လင့်ဘဲ အကျည်းတန်တဲ့ည ကြေကွဲညဖြစ်သွားရတာကိုလည်း  စိတ်မကောင်းပါဘူး။

ကျွန်မက ဖြိုးဖြိုးကို တန်ဆောင်တိုင် ညရဲ့ အလှအကြောင်း  အမျိုးမျိုး စာဖွဲ့ ပြောပြခဲ့တာ ခုဆိုရင် အကြောင်းအရာ တခုတိုးသွားပြန်တာပေါ့။ စိတ်မကောင်းစရာပါပဲ။

ဒါပေမဲ့ အမှားကိုသိရင် သိတဲ့နေ့ဟာ အမှန်ကို ရောက်တဲ့နေ့ပါ။ ကျွန်မတို့ရဲ့ အပြစ်တွေကို ယနေ့ပင် ဆေးကြောသုတ်သင် ပြုပြင် လိုက်ကြရအောင်လား။      ။

ခင်မေသစ်