Wednesday, October 31, 2012

စက်ဘီးလေးကို စီးပြီး

စက်ဘီးပြိုင်ပွဲတွေဟာ ကမ္ဘာတစ်ဝှမ်း ထင်ရှားတဲ့ အားကစားပြိုင်ပွဲပါ။ အထူးသဖြင့် ဥရောပနိုင်ငံတွေမှာ အားကစားသမားတွေ ပိုပြီးတော့ ချစ်ခင်နှစ်သက်ကြတဲ့ ကစားနည်းဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်စ်၊ စပိန် နဲ့ ဆွစ်ဇာလန် တို့မှာ ပေါ်ပြူလာဖြစ်လှတယ်။ တခြားတိုင်းပြည်တွေမှာဆိုရင် သြစတြေးလျ၊ လူဇမ်ဘာဂ့်၊ ယူကေ နဲ့ ယူအက်စ်တို့မှာလည်း စက်ဘီးအားကစားသမားတွေ အများကြီးပဲ နှစ်ခြိုက်စွာ ပြိုင်ပွဲဝင်ကြပါတယ်။ 

စက်ဘီးပြိုင်ပွဲတွေမှာ လူသိများလာခဲ့တာဆိုရင် ၁၈၆၈ မေ လ ၃၁ ရက်က ပြင်သစ်နိုင်ငံ Saint-Cloud မှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံး မီတာ ၁၂၀၀ ပြိုင်ပွဲမှာပါ။ အဲဒီပြိုင်ပွဲမှာ အင်္ဂလိပ်အမျိုးသား ဂျိမ်းမိုးရ်က အနိုင်ရရှိခဲ့ပါတယ်။ သူ ပြိုင်ပွဲဝင်ခဲ့တဲ့စက်ဘီးဟာ သစ်သားစက်ဘီးဖြစ်ပြီး တာယာကတော့ သံနဲ့လုပ်ထားတာပါ။ အဲဒီစက်ဘီးကို အင်္ဂလန်က ကိန်းဘရစ်ခ်ျရှိုင်းယားက ပြတိုက်တစ်ခုမှာ အခုအခါ ပြသတားပါတယ်။ အပြည်ပြည်ဆိုင်ရာ စက်ဘီးယူနီယံ (UCI) ကို ၁၉၀၀ ဧပြီ ၁၄ ရက်နေ့မှာ ပါရီမြို့မှာ စတင်တည်ထောင်ဖွဲ့စည်းလိုက်ပါတယ်။ ပါဝင်ခဲ့တဲ့နိုင်ငံတွေက ဘယ်လ်ဂျီယံ၊ ယူအက်စ်၊ ပြင်သစ်၊ အီတလီ နဲ့ ဆွစ်ဇာလန် နိုင်ငံတွေပါ။ ပထမဆုံးအပြည်ပြည်ဆိုင်ရာ စက်ဘီးပြိုင်ပွဲအဖွဲ့အစည်း ICA-International Cycling Association ကိုတော့ စက်ဘီးတွေမှာ ဂီယာ ၃မျိုးပါဝင်လာအောင်စတင်တီထွင်ခဲ့သူ စက်ဘီးသမား ဟန်နရီစတာမေး က ၁၈၉၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်။ ICA ကနေပြီး ကမ္ဘာ့စက်ဘီးချန်ပီယံပြိုင်ပွဲ၊ ချန်ပီယံဆုပေးပွဲတွေ နှစ်စဉ်ကျင်းပခဲ့ပြီး ၁၉၀၁ ခုနှစ်မှာမှ ပြင်သစ်အခြေစိုက်အဖွဲ့အစည်း UCI က အစားထိုးဖွဲ့စည်းလိုက်တာပါ။
စက်ဘီးပြိုင်ပွဲတွေမှာ အမျိုးအစားတွေကွဲပြားကြတယ်။
  • ကတ္တရာလမ်းပေါ်(road bicycle) ပြိုင်ပွဲ၊
  • တစ်ဦးတည်းအချိန်မှတ်ပြီး လမ်းပေါ်(time trailing)ပြိုင်ပွဲ(နာရီကို ရင်ဆိုင်ခြင်း)လို့လည်းခေါ်ကြတယ်။ တစ်ဦးချင်းပြိုင်တဲ့ပွဲ Individual time trial (ITT) ဖြစ်ပေမယ့် Team time trial (TTT) လည်းရှိပါတယ်။
  • cyclocross လို့ခေါ်ကြတဲ့ပြိုင်ပွဲ၊(cyclocross ဟာ တမံတလင်း၊ ကတ္တရာပြေးလမ်း၊ သစ်တောလမ်း၊ မြက်ခင်း၊ မတ်စောက်တဲ့တောင်ကုန်း အတားအဆီးအပိတ်အဆို့၊ အနိမ့်အမြင့်တွေနဲ့ လိုအပ်တဲ့အခါ စက်ဘီးပေါ်မှဆင်းပြီး စက်ဘီးကိုသယ်ပိုးကာ အတားအဆီးတွေကိုဖြတ်ကျော်၊ တစ်ဖန်စက်ဘီးကိုနင်း လိုအပ်သလို ပြိုင်ပွဲဝင်ရပါတယ်။)
  • တောင်တက်စက်ဘီး (mountain bike) ပြိုင်ပွဲ၊
  • လမ်းကြောင်းအတိုင်း (track cycling)ပြိုင်ပွဲ၊ (စက်ဘီးလမ်းကြောင်း အနိမ့်အမြင့်တွေပြုလုပ်ထားတဲ့ အားကစားရုံအတွင်းမှာပြိုင်ကြတယ်။)
  • BMX ပြိုင်ပွဲ
  • Bike လမ်းကြောင်း(cycle speedway)ပြိုင်ပွဲ၊ (ဖန်တီးထားတဲ့ အနိမ့်အမြင့်အတားအဆီးတွေကို ဖြတ်ကျော်ရတာပါ)။
  • ဘဲဥပုံသဲလမ်းကြောင်းအတိုင်း အမြန်စီးနင်းရတဲ့ပြိုင်ပွဲတွေပါ။ (ဒီပြိုင်ပွဲမှာ သုံးတဲ့စက်ဘီးက မော်တာစက်တွေပါပြီး ဘရိတ်ကို အသုံးမပြုရပါဘူး။ ဒါမှမဟုတ် ဂီယာအမျိုးမျိုးအသုံးပြုပြီး အရှိန်ပြင်းပြင်းပြိုင်ကြတဲ့ပွဲမျိုးပါ။ ပုံမှန်အားဖြင့် မီတာ ၇၀-၉၀ပြိုင်ပွဲတွေဖြစ်ပြီး အပြင်မှာပဲစီးနင်းယှဉ်ပြိုင်ပါတယ်။ တစ်ခါတစ်ရံ အားကစားရုံအတွင်းဖြစ်နိုင်ပါတယ်တဲ့)
စက်ဘီးပြိုင်ပွဲတွေကိုပဲ တစိုက်မတ်မတ်ယှဉ်ပြိုင်ကစားနေကြတဲ့ အားကစားသမားတွေလည်း အများကြီးပဲ ရှိနေကြပါတယ်။ ၂၆-၃၀ စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ British National Track Championships စက်ဘီးပြိုင်ပွဲမှာ အသက် ၂၀ အရွယ် ဝေ လမိန်းကလေး၊ ပရော်ဖက်ရှင်နယ်စက်ဘီးစီးယှဉ်ပြိုင်သူလေး ဘက်ကီဂျိမ်းစ်(Becky James-Rebecca James)ဟာကစားနည်းလေးမျိုးမှာ ဗိုလ်စွဲခဲ့ပါတယ်။ မီတာ ၅၀၀ time trial၊ တစ်ဦးချင်းတာတို နဲ့ အသင်းလိုက် တာတိုပြိုင်ပွဲ၊ Keirin ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပါတယ်။ “ကျွန်မ တကယ်ပဲ စိတ်ကျေနပ်ရပါတယ်။ ကျွန်မ ဦးခေါင်းပေါ်မှာ သရဖူရှိနေပါပြီ။ အဲဒါ ကျွန်မ လိုချင်ခဲ့တဲ့ အောင်မြင်မှုပါ။ ကျွန်မ မျှော်လင့်တာတက် ပိုပြီး ကျေနပ်စရာဖြစ်ခဲ့ပါသေးတယ်” လို့ ဂျိမ်းစ် က ပြောပါတယ်။

ဂျိမ်းစ် အဓိကပြိုင်တဲ့ စက်ဘီးပြိုင်ပွဲမျိုးက track cycling ပါ။ လက်ရှိ British UCI ရဲ့ Node 4-Giordana Racing အသင်း မှာ လက်ရှိယှဉ်ပြိုင်ကစားနေပါတယ်။ British Cycling ရဲ့ အိုလံပစ်ဖွံ့ဖြိုးရေးပရိုဂရမ်မှာလည်း အဖွဲ့ဝင်တစ်ဦးပါ။ ၂၀၀၇ ခုနှစ်မှာ British လူသစ်တန်း မီတာ ၅၀၀ time trial ချန်ပီယံဖြစ်ခဲ့ပါတယ်။
ဂျိမ်းစ် နှစ်သက်သဘောကျတဲ့ သီချင်းတွေက Electronic Dance မြူးမြူကြွကြွ သီချင်းတွေပါတဲ့။ Featuring ဖာရဲလ်ဝီလျမ်စ် ဆိုထားတဲ့ Swedish House Mafia အဖွဲ့ရဲ့ One ကို အကြိုက်ဆုံးလို့ ဆိုတယ်။ ဂါဘရီယဲလာဆီလ်မီ ရဲ့ On a mission က ဂျိမ်းစ် ရဲ့ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေကို ပိုလို့ သွက်လက်စေပါသတဲ့။ ရက်ဂေးသီချင်းအမျိုးအစားတွေလည်း သဘောကျသူပါ။ Bob Marley, Sean Kingston နဲ့ Iyaz တို့က ဂျိမ်းစ်ရဲ့ အနှစ်သက်ဆုံးအဆိုတော်တွေဖြစ်ပါတယ်။
ဂျိမ်းစ် စက်ဘီးစီးဖို့ အကြိုက်ဆုံးနေရာက စပိန်နိုင်ငံက Pollenca နဲ့ Mallorca မြို့လေးတွေက လမ်းကြောင်းတွေလို့ ဆိုတယ်။ “ကျွန်မ အဲဒီနေရာတွေကို တစ်ကြိမ်ပဲ ရောက်ဖူးပါတယ်။ ဒါပေမဲ့ ကျွန်မ သိပ်ပြီး နှစ်သက်ခဲ့ရတဲ့ နေရာလေးတွေပါ။ လမ်းတွေက တကယ့်ကိုပဲ အံ့သြစရာကောင်းလှတယ်။ လေ့ကျင့်ခန်းလုပ်ကြတုန်းက ငြိမ်သက်အေးဆေးပြီး၊ လမ်းကြောင်းတွေက တစ်နေရာနဲ့ တစ်နေရာမတူလို့ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်” တဲ့။
ဂျိမ်းစ် ရရှိခဲ့တဲ့ ဆုတွေထဲမှာ ၂၀၀၉ ခုနှစ်က မော်စကိုမှာ ပြုလုပ်တဲ့ အငယ်တန်းကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ သက်တံရောင် ဂျာစီအကျီကို အကြိုက်ဆုံးပါပဲတဲ့။ ဂျိမ်းစ်က အိမ်မှာ အဲဒီဂျာစီအကျီကို ဘောင်နဲ့ ကွပ်ပြီး သိမ်းထားတယ်။ ဘယ်သူမှ ကျွန်မ အနားကနေ အဝေးကို ယူသွားလို့ မရတော့ဘူးပေါ့ လို့ ပြောပါတယ်။
ဂျိမ်းစ် ရဲ့ ပြိုင်ပွဲ ရလာဒ်တွေ

in 2009:
Junior European Championships Belarus:
Gold – Sprint
Gold – 500m TT
Silver – Keirin
Junior World Championships Moscow:
Gold – Sprint
Gold – Keirin
Silver – 500m TT
Junior 200m World Record – 11.093s

2010:
Commonwealth Games Delhi:
Silver – Sprint
Bronze – 500m TT
U23 European Championships St Petersburg:
Gold – Sprint
Silver – 500m TT
Silver – Team Sprint
Living Fashion Magazine, November, 2012
ဖြိုးဖြိုး

Monday, October 29, 2012

နှစ်ကျိပ်ရှစ်ဆူ

သီတင်းကျွတ်လပြည့်နေ့ရောက်တော့မည်။ မြန်မာနိုင်ငံတ၀ှမ်းတွင် ဆီမီးပူဇော်ပွဲများခမ်းနားသိုက်မြိုက်စွာ ဆင်နွဲကျင်းပကြတော့မည်။ မော်လမြိုင်ကျွန်းမြို့မှာ မြတ်ဘုရား တာဝတိံမှ ဆင်းသက်ကြွမြန်းလာပုံကို ခေတ်မှီနည်းစံနစ်များဖြင့် အဆန်းတကျယ် ပြုလုပ်မည်ဟု ကြားရသည်။ ကျွန်မတို့ မြို့က ပဋ္ဌာန်းဓမ္မာရုံကလည်း မြတ်စွာဘုရား နတ်ပြည်မှ လူ့ပြည်ဆင်းသက်လာပုံ  တာဝတိံသာပွဲကို တမူထူးခြားစွာ ဆန်းဆန်းပြားပြား ပြုလုပ်လှည့်လည်မည်ဟု ဆိုသည်။  နေပြည်တော် ပျဉ်းမနားရှိ ဓမ္မာရုံအသီးသီးကလည်း  ပိဋကတ်သုံးပုံလှည့်လည်ပူဇော်ပွဲနှင့်အတူ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်ဘုရားရှင်တို့အားဒေသစာရီကြွချီစေပြီး လှည့်လည်အပူဇော်ခံနိုင်ရန် အားကြိုးမာန်တက် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်မှာ  ကြည်နူးပျော်ရွှင်ဖွယ်ကောင်းသလို အားရစရာလည်းကောင်းသည်။ ဒီနှစ် တော်တော်လေး စည်ကားသိုက်မြိုက်မည်ဟု ဆိုသည်။

ဘာ့ကြောင့် နှစ်ကျိပ်ရှစ်ဆူဖြစ်ရသလဲ။ ဘုရားသည် တစ်ဆူတည်းမဟုတ်လား။ ဗုဒ္မမှတပါး  အခြားမရှိ ။ဟုတ်ပါသည်။ မရှိပါ။  သို့သော် ဤဘဒ္ဒကမ္ဘာဝယ် ကောက္ကသန်၊ ဂေါဏဂုံ၊ ကဿပ၊ ဂေါတမ ၊အရိမေတ္တေယျဟူ၍ ဗုဒ္မဘုရား၅ဆူ ပွင့်ပါမည်။  လေးဆူပွင့်ပြီးတဆူသာကျန်ပါတော့သည်။ ပိုမိုချဲ့ထွင်လိုက်လျှင် လေးသင်္ချေနှင့် ကမ္ဘာတသိန်းတွင် ဗုဒ္မဘုရားရှင်ပေါင်း  နှစ်ကျိပ်ရှစ်ဆူပွင့်တော်မူခဲ့ဖူးပါပြီ။  လွန်ခဲ့သည့်  နှစ်ဆယ်သင်္ချေနှင့်ကမ္ဘာတစ်သိန်းတွင် ဗုဒ္မဘုရားရှင်ပေါင်းငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ(၅၁၂၀၂၈ဆူ) ပွင့်တော်မူခဲ့ကြဖူးပြီဖြစ်သည်။

သမ္ဗုဒ္ဓေဂါထာတော်ကို ဗုဒ္မဘာသာဝင်တိုင်းလိုလို အလွတ်ရကြပါလိမ့်မည်။ (ထို့နည်းတူ သမ္ဗုဒ္ဓေသီချင်းကိုလည်း ကြားဖူးကြပါလိမ့်မည်။)

သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ၊ သဟဿာကေ၊ 
ပဉ္စသတ၊ သဟဿာနိ၊
နမာမိ သီရသာမဟံ၊ (ဒါက ဂါထာ)

ပဏာမဘုရားရှိခိုးဂါထာဖြစ်ပါတယ်။အဓိပ္ပါယ်က သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်ဘုရားတို့အား သီရသာ ဦးခေါင်းဖြင့် အဟံ ကျွန်ုပ်သည် နမာမိ  ရှိခိုးပါ၏ တဲ့။ ဂေါတမဘုရားအလောင်းသုမေဓါရသေဘ၀နဲ့ဆုပန်ခဲ့စဉ်က စပြီး 
လေးသင်္ချေ နဲ့ ကမ္ဘာတသိန်းပါရမီ ဖြည့်ဆည်းခဲ့ရတာပါ။ လွယ်တော့မလွယ်ပါဘူ။

အပ္ပါကာ ၀ါလုကာ ဂင်္ဂါ ၊
အနန္ဒာ နိဗ္ဗူတာ ဇိနာ၊
တေသံ ဓမ္မဉ္စ၊ သံဃဉ္စ၊
အာဒရေန၊ နမာမဟံ၊
နမက္ကာရာ နုဘာဝေန၊ 
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ 
အနေက အန္တာရာယာပိ၊ 
ဝိနဿန္တု၊အသေသတော။

ပြီးမှဆက်လက် ကန်တော့တာက ဒွါဒသဉ္စ သဟဿကေ တသောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့အားရှိခိုးပါ၏ တဲ့။ နောက်ဆုံးမှာ  ပဉ္စသတ သဟဿာနိ ၅သိန်းသော ဘုရားရှင်တို့အားရှိခိုးပါ၏ တဲ့။ စုစုပေါင်း ၅သိန်းတသောင်းနှစ်ထောင် နှစ်ဆယ့်ရှစ်ဆူ ပါ။ ကမ္ဘာအသင်္ချေ ခွဲပြီး အသင်္ချေဘယ်လောက်မှာ ဘုရားဘယ်နှစ်ဆူ ပွင့်တယ်ဆိုတာ ရှင်းလင်းထားခြင်းဖြစ်ပါတယ်။ ဘုရားရှင်တွေ များလွန်းလို့ ဂင်္ဂါဝါလု သဲဆူအမျှ လို့ တင်စားထားတာပါ။ ထိုဘုရားရှင်တို့ကို ကြည်ညိုစွာ ဖူးမျှော်ကန်တော့ရပါသော အကျိုးကြောင့် အန္တရာယ်ခပ်သိမ်းကင်းငြိမ်းချမ်းသာကြရပါလို၏ တဲ့။ ဂါထာက ဆိုပါတယ်။ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းအတွင်းပွင့်တဲ့ ဘုရားပေါင်းက နှစ်ကျိပ်ရှစ်ဆူပါ တဲ့။

(ဒီလောက်ဘုရားတွေ အပွင့်များပါလျက် ကျွန်မတို့တတွေ သိပ်အရှောင်ကောင်းခဲ့ကြလို့ ကျွတ်တန်းမ၀င်ခဲ့ပါဘူး။)

ရှိခိုးပုံ ရှိခိုးနည်း။ ၅မျိုးလဲ ရှိပါသေးတယ်။ 
၁။ ဦးခေါင်းငုံ့ရှိခိုးခြင်း
၂။လက်အုပ်ချီ၍ရှိခိုးခြင်း။
၃။လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးခြင်း
၎။ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း။
၅။ဝမ်းလျားမှောက်၍ရှိခိုးခြင်း စသည် ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ထိခြင်းငါးပါးဖြင့် ကန်တော့တာများပါတယ်။

ကျွန်မတို့ အညာက မုံရွာအနီး သမ္ဗုဒ္ဓေ စေတီတော်ကြီးကို ရောက်ဖူးသူတွေ ရှိမှာပါ။ အဲဒီစေတီထဲမှာ ငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူ ကိန်းဝပ်စံပယ်လျက်ရှိနေပါတယ်။ ကမ္ဘာ့အံ့ဖွယ်စေတီကြီးပါဘဲ။ ဒီစေတီကြီးကို တည်ဆောက်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်နေဆဲပါ။ စစ်ပြေးဒုက္ခသည်များဟာ တည်ဆောက်ဆဲ သမ္ဗုဒ္ဓေကပ်ကျော်စေတီကြီးမှာ ခိုလှုံနေထိုင်ကြရင် ဘုရားတည်တဲ့နေရာမှာ တတပ်တအားပါဝင်ခဲ့ကြတယ်။ တခြားနေရာတွေမှာ စစ်အတွင်း စိုးရိမ်ပူပန်မှုတွေ လူမှုဒုက္ခတွေ ဖြာဖြာဝေနေပေမဲ့ သမ္ဗုဒ္ဓေ ဘုရားမှာ ခိုလှုံနေသူတွေအဖို့တော့ ဘေးဘယာကင်းဝေးပြီး  အေးဆေးတည်ငြိမ်နေတယ်တဲ့။ စေတီလေးတွေကို ကိုယ်တိုင်ပါဝင်သွန်းထုခဲ့သူတဦးက ကျွန်မကို ပြောပြဖူးပါတယ်။

“အနန္ဒာနိဗ္ဗူဇိနေ..ဂင်္ဂါဝါလု  ..သဲဆူ မကပေ..ကမ္ဘာတွေ  အသင်္ချေ  နိဗ္ဗာန်ဝင် စံပျော်တဲ့ ..ဘုရားမြတ် ပရမေ ..ရှင်တော် တွေ ..မျှော်ကာ ရည်စူး…ဖူးတဲ့ သမ္ဗုဒ္ဓေ..လူတိုင်းရွတ်ကြပါလေ  အိမ်တိုင်း ရွတ်ကြဂါထာ သမ္ဗုဒ္ဓေ   မြတ်ဘုရားဂုဏ် နဲ့ မြတ်တရားဂုဏ်တွေ ..သံဃာ ဂုဏ်တွေ ရည်မျှော်ဖူး ကြည်နူး  ဖူး ကြ  သမ္ဗုဒ္ဓေ..”

ခင်မေသစ်

(နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ အရှင် ကုမာရာဝံသ ဟောကြားသော တရားတော်ကို ကိုးကားပါသည်။)

ညွှန်းတဲ့ ရုပ်ရှင်

Fun size
Comedy
Paramount Pictures
ဒါရိုက်တာ - Josh Schwartz
ထုတ်လုပ်သူ - Stephanie Savage, Josh Schwartz, Bard Dorros, David Kanter
ဇာတ်ညွှန်း - Max Werner
သရုပ်ဆောင်များ - Victoria Justice,Jane Levy,Thomas McDonell,Chelsea Handler

အမေရိကန်သရုပ်ဆောင်၊ ပေါ့ပ်အဆိုတော်မလေး Victoria Justice က ဟဲလိုးဝင်းပါတီပွဲဆင်နွှဲဖို့ ရင်ဖိုစိတ်လှုပ်ရှားစွာ ပြင်ဆင်နေတဲ့ ဆယ်ကျော်သက်မလေး ၀ါရင်းန်အဖြစ်သရုပ်ဆောင်ထားတယ်။ ၀ါရင်းန် အရူးအမူးစွဲလမ်းမျက်စိကျနေတဲ့ အဲရွန်(Thomas McDonell)က ၀ါရင်းန်ကိုဖိတ်ခဲ့တာလေ။ ၀ါရင်းန် ပါတီပွဲညအတွက် အဲရွန်မျက်စိကျစေဖို့ ပြင်ဆင်မှုန်းခြယ်နေတဲ့အချိန်ပေါ့။ မိခင် (Chelsea Handler)က ဟဲလိုးဝင်း trick-or-treat ပွဲအတွက် သွားဖို့ ၀ါရင်းန်ထက် အချိန်ပိုစောပြီး အဆင်သင့်ဖြစ်နေခဲ့ပြီ။ “မေမေ ပြောဖို့ မေ့သွားလို့၊ အဲလ်ဘတ်ကို ဒီညကြည့်ထားပေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်ကွယ်” ဆိုပြီး လှစ်ကနဲ ထွက်သွားခဲ့ပြီ။ ၀ါရင်းန်ကို မိခင်က တာဝန်ပေးခဲ့ပြီ။ ၀ါရင်းန်ဘယ်လိုမှ ငြင်းချိန်မရတော့ဘူး။ အဲလ်ဘတ်ကလည်း ပင်ကူလူသားဝတ်စုံလေးနဲ့ အဆင်သင့်ဖြစ်နေခြဲ့ပီ။ ၀ါရင်းန်သွားမယ့် ဟဲလိုးဝင်းပါတီပွဲကို သူမရဲ့ အင်မတန်အဆော့သန်လှတဲ့မောင်လေး အဲလ်ဘတ်(Jackson Nicoll) ကို ခေါ်သွားရမတဲ့လား။ ၀ါရင်းန်က အဲရွန်ဆီကို မသွားချင်တော့ပါဘူးတဲ့။ အဲလ်ဘတ်ထ်ကိုပဲ ထိန်းကျောင်းရင်း ဟဲလိုးဝင်းပွဲတော်ည မီးထွေထိန်ထိန်ညီးနေတဲ့ လမ်းမတွေထဲ ၀ါရင်းန်ရဲ့ သူငယ်ချင်းမလေး ဧပြီ(Jane Levy)ရယ် လျှောက်ကြည့်ကြရတော့တယ်။ တခဏလေးအကြာလေးမှာ “အဲလ်ဘတ်ထ် .. အဲလ်ဘတ်ထ် ဘယ်မှာလဲ” ၀ါရင်းန်တကြော်ကြော်အော်ခေါ်တယ်။ အဲလ်ဘတ်ကို ရှာမတွေ့တော့ဘူး။ ၀ါရင်းန်စိတ်ပူရပြီ။ “မေမေတော့ ငါ့ကို သတ်တော့မှာပဲဟာ” အဲလ်ဘတ်ကို လိုက်ရှာဖို့ ကားတစ်စီးရှာတယ်။ ဒီလိုနဲ့ ကားမောင်းပို့တဲ့လူငယ်လေးတွေနဲ့ ရုတ်ရုတ်ရုတ်ရုတ် ဗရုတ်ကျတဲ့အဖြစ်တွေ ဖြစ်ကုန်ကြပြီ။

Cloud Altas
Drama / Mystery / Sci-Fi
ပြသချိန်- ၁၆၄ မိနစ်
Warner Bros. Pictures
ဒါရိုက်တာ -  Lana Wachowski, Tom Tykwer, Andy Wachowski
ထုတ်လုပ်သူ - Grant Hill, Stefan Arndt, Lana Wachowski, Tom Tykwer, Andy Wachowski
ဇာတ်ညွှန်း - Lana Wachowski, Tom Tykwer, Andy Wachowski
သရုပ်ဆောင်များ - Tom Hanks, Halle Berry, Jim Broadbent, Hugo Weaving, Jim Sturgess, Doona Bae, Ben Whishaw, James D'Arcy, Zhou Xun, Keith David, David Gyasi, Susan Sarandon, Hugh Grant

The Matrix, The Matrix Reloaded နဲ့The Matrix Revolutions စတဲ့ Matrix ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်ကြားလာခဲ့ပြီး အမေရိကန် သိပ္ပံဆန်းကြယ်၊ စိတ်ကူးယဉ်၊ ထိတ်လန့်ဖွယ်ရာရုပ်ရှင်အကယ်ဒမီဆု- Saturn Award for Best Director ဆု ရရှိခဲ့ကြတဲ့ နာမည်ကြီးဒါရိုက်တာ Wachowski ညီအစ်ကိုနှစ်ဦး (လာနာ နဲ့ အန်ဒီ)တို့ ရဲ့ ထူးခြားဆန်းပြားရုပ်ရှင် နောက်ထပ်တစ်ကားပါ။ Purfume ရုပ်ရှင်ကား ဒါရိုက်တာ ဂျာမန်လူမျိုး Tom Tykwer ကပါ အားဖြည့်ထားပါသေးတယ်။ တွမ်ဟန့်ခ်၊ ဟယ်လီဘယ်ရီ၊ ဟူးဂ်ျဂရန့်၊ တို့နဲ့ အတူ တရုတ်မင်းသမီးလေးနှစ်ဦး၊ နောက် ကိုရီးယားမင်းသမီးလေးရယ် များပြားလှတဲ့ သရုပ်ဆောင်တွေ အပြိုင် သရုပ်ဆောင်ထားကြတယ်။ လူသားမျိုးနွယ်ရဲ့ သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ပြည့်နှက်နေတဲ့ လှုပ်ရှားမှုတွေ၊ အကျိုးဆက်တွေဟာ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ကာလတလျှောက်လုံး ရိုက်ခတ်လို့နေတယ်။ အသက်ဝိညာဉ်တစ်ခုဟာ လူသတ်ကောင်တစ်ဦးကနေ ကယ်ဆယ်သူအသွင်ကူးပြောင်းပြန်ရောတဲ့၊ လှိုင်းဂယက်တွေဟာ ရာစုနှစ်တွေအများကြီးပဲ အသက်ဝိညာဉ်တိုင်းကို ပြင်းထန်စွာရိုက်ခတ်လာလိုက်တာ နောက်ဆုံးတော့ တော်လှန်ရေးအသွင်ပေါ်ထွက်ဖို့ လှုံ့ဆော်တဲ့အထိပဲ။ အရာအားလုံးက ဆက်နွယ်နေပါသတဲ့။ ၁၈၄၉ ခုနှစ်က ပစိဖိတ်တ၀ှမ်းပင်လယ်ရေကြောင်းခရီးသွားခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်း စာတွေပေါ့။ သီချင်းရေးဆရာတစ်ဦးက သူငယ်ချင်းဆီကို ရေးပို့နေတယ်။ “ငါ ဖန်တီးတဲ့ ဂီတက ငါရဲ့အိပ်မက်ကလာတာ၊ ကွဲပြားတဲ့ ဘ၀တွေ အကြိမ်ကြိမ်ဆုံတွေ့ကြတယ်။ အသက်အရွယ်တွေ ကွဲပြားတယ်။ အိပ်မက်တွေ၊ အိပ်မက်ဆိုးတွေ၊ စားပွဲထိုးမလေးတွေဟာ အများကြီးပဲ။ ဒါပေမဲ့ မျက်နှာတွေက အကုန်လုံးအတူတူပါပဲ။ မိန်းကလေး .. ငါ့ကို ပုန်းမနေပါနဲ့တော့ကွာ၊ မင်းဟာ ဆွန်မီ - ၄၅၁ ပါ” တဲ့။ ပြီးတော့ တွေ့လိုက်ရတဲ့ မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ရာပဲ။ အဆောက်အဦးတွေဟာ တလက်လက်၊ မီးအလင်းအမှောင်တွေက ပြိုးပြိုးပြက်ပြက်နဲ့။ နျူကလီးယားစက်ရုံက လူသတ်သမားတစ်ဦးက ရင်ဖိုတုန်လှုပ်စရာ၊ သူနာပြုဆောင်က သီချင်းရေးဆရာကြီးရဲ့ ယုတ္တိယုတ္တာမရှိလှတဲ့အဖြစ်၊ အနာဂတ်ကမ္ဘာထဲက ကိုးရီးယားမှာ ကိုယ်ပွား(clone)တွေရဲ့ ပုန်ကန်ထကြွမှု၊ ကမ္ဘာပျက်ကပ်အလွန် ဟာဝိုင်ရီမှာရှင်ကျန်ခဲ့တဲ့ လူမျိုးစုတစ်စု။ သေဆုံးခြင်း၊ အသက်ဘ၀၊ မွေးဖွားခြင်း အားလုံးက ဆက်သွယ်နေကြတယ်။ “မနေ့က ငါ့ရဲ့ ဦးတည်ရာက နေရာတစ်ခု၊ ဒီနေ့ တခြားတစ်နေရာဆီကို” တဲ့။ ငါ ယုံကြည်တယ်။ ဟိုမှာ တခြားကမ္ဘာတစ်ခု ငါတို့ကိုစောင့်နေတယ်။ ပိုကောင်းတဲ့ကမ္ဘာတစ်ခုပေါ့။ ပြီးတော့ နောက်ထပ် တစ်ခု .. မင်းကိုစောင့်နေသေးတယ် ဆိုပဲ။

Skyfall
Action / Adventure / Thriller
ပြသချိန်- ၁၄၅ မိနစ်
M. G. M, Columbia Pictures
ဒါရိုက်တာ - Sam Mendes
ထုတ်လုပ်သူ - Michael G. Wilson, Barbara Broccoli
ဇာတ်ညွှန်း - John Logan, Neal Purvis, Robert Wade
သရုပ်ဆောင်များ - Daniel Craig, Javier Bardem, Ralph Fiennes, Naomie Harris, Bérénice Marlohe, Albert Finney, Judi Dench

၂၃ ကားမြောက် ဂျိမ်းစ်ဘွန်း သူလျိုရုပ်ရှင်ကားသစ်ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်မင်းသား ဒယ်နီရယ်ဂရေဂ်ျ့ရဲ့ လှို့ဝှက်အေးဂျင့် ဂျိမ်းစ်ဘွန်းအဖြစ်  တတိယအကြိမ်မြောက် ကြမ်းကြမ်းရမ်းရမ်းသရုပ်ဆောင်ဦးမယ့် ရုပ်ရှင်ပါ။ ဒါရိုက်တာက American Beauty ရုပ်ရှင်ကားနဲ့နာမည်ကြီးတဲ့ Sam Mendes တဲ့။ တူရကီနိုင်ငံမြို့တော် အီစတန်ဘူလ်က အန္တရာယ်ထူပြောလှတဲ့ စစ်ဆင်ရေးခရီးကြီးပြီးတဲ့အခါ  ဘွန်းကို “သေသေကြေကြေ ပစ်လိုက်စမ်းပါ” လို့ ခိုင်းတဲ့သူရှိလာခဲ့ပြီ။ ဘွန်းပျောက်နေပြီတဲ့။ ဘွန်း သေဆုံးသွားပြီလို့ ယူဆလိုက်ကြတယ်။ လှို့ဝှက် M16 အေးဂျင့်တိုင်းရဲ့ ID တွေ အင်တာနက်မှာ ပေါက်ကြားကုန်တယ်။ နောက်ဆက်တွဲ မေးခွန်းမေးစရာရှိလာတာက လှို့ဝှက်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ M(Judi Dench)ကိုပဲပေါ့။ ထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ အထူးယုံကြည်ရတဲ့ အကြီးအကဲအမျိုးသမီးကြီး M က ဒီကိစ္စတွေအားလုံးကို ကိုင်တွယ်သူလေ။ M ကို တစ်ဖန် ခြောက်လှန့်တဲ့သူရှိလာပြန်ပြီ။ M ရဲ့ ကားထဲက ရေဒါစကရင်မှာ ပေါ်လာတဲ့စာတမ်းက “မင်း အပြစ်တွေ ပြန်တွေးနေပေတော့” တဲ့။ အန္တရာယ်ကြီးတဲ့ ဗီလိန် ရာအူးလ်ဆီးလ်ဗား ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ထဲက M ကို ဆွဲထုတ်ယူဖို့ ဘွန်းက သူ့ရဲ့ သစ္စာတရားကို ထိုးကျွေးလေမလားပဲ။ Adele ရဲ့ အဆို Skyfall သီချင်းသံက ဆွေးဆွေးမြေ့မြေ့ရယ်၊  “ဒါ အဆုံးသတ်ပဲ၊ အသက်ရှုသွင်းနေပါ၊ ပြီးတော့ ၁၀ အထိ ရေတွက်ပါတော့၊ ကမ္ဘာကြီးရွေ့နေတာ ခံစားပါ .. ပြီးတော့ကွယ် … ငါ့ နှလုံးသား နောက်ထပ်တစ်ကြိမ်ပေါက်ကွဲတာ ကြားလိုက်စမ်းပါ။ ဒီအဆုံးသတ်မှုအတွက်ပါပဲ…. ”

Flight
Drama
ပြသချိန်- ၁၃၈ မိနစ်
Paramount Pictures
ဒါရိုက်တာ - Robert Zemeckis
ထုတ်လုပ်သူ - Laurie MacDonald, Walter F. Parkes, Jack Rapke, Steve Starkey, Robert Zemeckis 
ဇာတ်ညွှန်း - John Gatins
သရုပ်ဆောင်များ - Denzel Washington, Kelly Reilly, Bruce Greenwood, Don Cheadle, John Goodman, Melissa Leo, James Badge Dae

Forrest Gump/ Cast Away နဲ့ What Lies Beneath ရုပ်ရှင်တွေရဲ့ အမေရိကန်ဒါရိုက်တာ Robert Zemeckis နဲ့ ဒန်ဇယ်ဝါရှင်တန်တို့  Flight မှာတွေ့ကြပါပြီ။ လေယာဉ်မှူး ကပ္ပတိန်ဝီလျမ်ဝစ်တိတ်ကာက လေယာဉ်ကို အရေးပေါ်အခြေအနေနဲ့ မြေပြင်ကို ခက်ခက်ခဲခဲ ထိုးဆင်းလိုက်ရတယ်။ လေယာဉ်ပေါ်မှာပါလာခဲ့တဲ့ အသက်တွေအားလုံး ကပ္ပတိန်ဝစ်တိတ်ကာက ကယ်တင်လိုက်နိုင်ပါတယ်။ အားလုံးဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ မြေပြင်ပေါ်ပြန်ရောက်ခဲ့ကြတယ်။ ဒါပေမဲ့ ကပ္ပတိန်ဝစ်တိတ်ကာအတွက်တော့ ဘေးအန္တရာယ်တွေက မကင်းရှင်းနိုင်ပါဘူး။ လေယာဉ်ပျံသန်းမောင်းနှင်စဉ်မှာ အရက်သေစာသောက်စားခဲ့သတဲ့။ ကပ္ပတိန်ဝစ်တိတ်ကာ ကိုယ်တိုင်တော့ အကျဉ်းသားအဖြစ် ဆင်းသက်လိုက်ရသလိုပါပဲ။ စုံစမ်းစစ်ဆေးမှုတွေ ကပ္ပတိန်ဝစ်တိတ်ကာ နောက်ကိုလိုက်နေတယ်။ ပြဿနာက ပိုပိုကြီးမားလာတယ်။ ကပ္ပတိန်ဝစ်တိတ်ကာ အပြစ်လို့ ဘယ်သူတွေကများ ဖန်တီးနေကြသတဲ့လဲ။ သတင်းထောက်တွေကလည်း တချိန်လုံး လိုက်လံမေးမြန်းနေတော့တယ်။ “ကပ္ပတိန် .. တစ်ခုခုကိုများ ဖုံးကွယ်ထားသလားတဲ့”။ အဲဒီတော့ … ကပ္ပတိန်ဝစ်တိတ်ကာ ကိုယ်တိုင်တောင်မသိတဲ့၊ နောက်ကွယ်က လုပ်ကြံ၊ ဖုံးကွယ်ထားမှုတွေကို ဖော်ထုတ်ရှင်းလင်းရတော့မှာပေါ့။
Living Fashion Magazine, November, 2012
မဉ္ဇူရီ

Saturday, October 27, 2012

ဝါလကင်းလွတ် သီတင်းကျွတ်

(ကိုကြည်နိုင် ကျုံတိုင်းရွာရဲ့ ဒီဇိုင်းလေးပါ)
ကောဇာသက္ကရာဇ် ၁၀၃ခုနှစ်ကဆုန်လပြည့်နေ့တွင် ဗုဒ္မသည် မာန်နတ်ရန်ကို နှိမ်နင်းအောင်မြင်အပြီး ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ်ဘုရားရှင် အဖြစ်ဆိုက်ရောက်ခဲ့သည်။ ထိုမှ  ၀ါဆိုလပြည့်နေ့တွင် သာဝတ္ထိပြည် သဏ္ဍဗ္ဗသရက်ဖြူပင်အနီး တိတ္ထိတို့အား ရေမီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသည်။

ထိုမှ တာဝတိံသာနတ်ပြည်ရှိ (ရှေးဘ၀က မယ်တော်မာယာဒေ၀ီ်ဖြစ်ခဲ့သူ) သန္တုတိသ နတ်သား အမှူးရှိသော နတ်ဗြဟ္မာအပေါင်းတို့အား ၀ါတွင်းသုံးလတိုင်တိုင် အဘိဓမ္မာတရားတော်မြတ်ကို နေ့ညမစဲ ဟောကြားမိန့်မြွက်တော်မူသည်။ (ထိုသို့ ဟောကြားတော်မူနေစဉ် ဗုဒ္မမြတ်စွာသည် ရုပ်ပွားတော်တစ်ဆူ ကိုယ်စားပြုထားရစ်ခဲ့ပြီး ကိုယ်တိုင်ဆွမ်းခံကြ ဘုဉ်းပေးတော်မူပါသည်။)

{အဘိဓမ္မာခုနှစ်ကျမ်း(မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလကာပတ်လုံးဟောကြားတော်မူသော တရား)
(၁)ကုသိုလ် အကုသိုလ်ကိုပြသည့် ဓမ္မသင်္ဂဏီကျမ်း။
(၂) ခန္ဓာကိုယ်တရားအစုကို သုတ္တန်နည်း အဘိဓမ္မာနည်း၊ဖြင့်အမေးအဖြေပြုကာ ဟောကြားသော ၀ိဘင်းကျမ်း။
(၃) ဓာတ်သဘောတရားအမျိုးမျိုးကို ပြဆိုဟောကြားသော ဓာတုကထာကျမ်း။
(၄) လူပုဂ္ဂိုလ်အမျိုးမျိုးအလိုက်  ပညတ်ဟောကြားသော ပုဂ္ဂလပညတ်ကျမ်း။
(၅) အယူဝါဒဆိုင်ရာ ပြဆိုဟောကြားသော ကထာဝတ္ထုကျမ်း။
(၆) အနုလုံပဋိလုံ သိန္ဒိဋ္ဌာန် သံသယအစုံစုံဖြင့် ဟောကြားသော ယမိုက်ကျမ်း။
(၇) သဗ္ဗညုတညာဏ်တော် ကွန့်မြူးကျက်စားရာ ဖြစ်သည့် အကြောင်းကျိုးဆက်စပ် ဝေဖန်ဟောကြားသော ပဋ္ဌာန်းကျမ်း}

မယ်တော်မိနတ်သားအားဝါဆိုလပြည့်နေ့တွင်  စတင်ဟောကြားခဲ့သော အဘိဓမ္မာတရားတော်သည် သီတင်းကျွတ်လပြည့်နေ့မှာ ပြီးဆုံးခြင်းသို့ရောက်၍  နတ်ဗြဟ္မာတို့ ထိန်ထိန်ညီးထွန်းညှိပူဇော်အပ်သော ငွေစောင်းတန်း ရွှေစောင်းတန်း ပတ္တမြားစောင်းတန်းသုံးသွယ်တွင် အလယ် ရွှေစောင်းတန်းမှ မြတ်ဘုရားသည် သင်္ဂဿနဂိုရ်ပြည်အတွင်းသို့ ဆင်းသက်တော်မူသည်။ ထိုသို့ဆင်းသက်ခြင်းကို လူနတ်ဗြဟ္မာအပေါင်းတို့က သောင်းသောင်းဖျဖျ ကြိုဆိုကြရာဝယ် ဆီမီးရောင်စုံထွန်းညှိပူဇော်ခြင်းကို ယခုအခါ သီတင်းကျွတ်မီးထွန်းပွဲတော် ဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။
တာဝတိံသာမှဆင်းသက်တော်မူခြင်းကို အစွဲပြု၍ တာဝတိံသာပွဲ ဟုလည်းခေါ်တွင်သည်။ တာဝတိ သာသည် မြင့်မိုရ်တောင်ထိပ်တွင် တည်ရှိသဖြင့် မီးမြင့်မိုရ်ပွဲ ဟုလည်း ခေါ်တွင်သည်။

ထို့ကြောင့် လူးတားစာဆိုဦးယာက
“ညီးညီးထိန်လင်း၊ ၀င်းဝင်းရောင်ရှိန်၊အာလိန်ငါးဆင့်၊ ရွှန်းရွှန်းတင့်သည်၊ နတ်မင့်းစံရာ၊ ၀တိန်သာမှ၊ေ၇ာင်ဝါရွှန်းစို မီးမြင့်မိုရ်”  ဟု ဖွဲ့နွဲ့ ရေးသားခဲ့သည်။

ရှင်စောမုနိမ် ၀တိန်ရပ်က ဘူမိန်သင်္ကဿပ်ဆင်းတဲ့ခါဆို၊ ရွှန်းအိပြာလဲ့စို ဟုလည်း ဖွဲ့နွဲ့ကြသည်။

မြတ်စွာဘုရားကိုယ်တော်တိုင် မယ်တော်မိနတ်သားအား ကျေးဇူးတုံ့ပြန်ခြင်းကို အစွဲပြုကာဗုဒ္မဘာသာဝင်တိုင်း ယနေ့ မျက်မှောက်ကာလအထိ စဉ်ဆက်မပြတ် တစ်နေ့တစ်ရက် တစ်မနက်ကြီးသူ လူကြီးမိဘ များအားကန်တော့ကြသည့် ထုံးတမ်းစဉ်လာ တည်ရှိခဲ့သည်။ တပည့်သားမြေးများက မိဘဆရာသမားကို ကန်တော့သည့် ထုံးတမ်းစဉ်လာတည်ရှိခဲ့သည်။

ထို့ပြင် ရဟန်းသံဃာအချင်းချင်းလည်း သီတင်းကျွတ်လပြည့်နေ့တွင် ၀ိနည်းဒေသနာတော်အရ ပ၀ါရဏာ ပြုကြရသည်။ အဓိပ္ပါယ်မှာ မိမိတို့တွင် ရဟန်းသံဃာတို့နှင့်မအပ်စပ်သော အပြစ်တစုံတရာပြုမိပါက ဖွင့်ဟ၀န်ခံ၍အပြစ်ဖြေလျော့ကြရသည်။ ကန်တော့ကြရသည်။ တောင်းပန်ကြရသည်။ မြတ်ဘုရားရှင် ချမှတ်သော စည်းကမ်းဥပဒေသည် ယခုခေတ်အလိုအရ ပြောရလျှင်ဒီမိုကရေစီနည်း အလွန်ကျသည်။ အမှားကိုပြုပြင် အမှန်ကိုဝန်ခံကြရသည့်ပွဲလည်းဖြစ်၍ တစ်ဘက်က အမှားကိုထောက်ပြပါရန် ဝေဖန်ပါရန် သုံးကြိမ်တိုင်တိုင် အနူးအညွှတ်တောင်းပန်ဖိတ်ခေါ်ရသည့်ပွဲလည်း ဖြစ်ပါသည်။ အချင်းချင်း စုပေါင်း ဝေဖန် သုံးသပ်ကြသည့် ပွဲဟုလည်း ခေါ်နိုင်ပါသည်။ သာသနာနှစ် ၂၅၀၀ ကျော်လာသည့်တိုင်ဆင့်ပွားဆင့်ပွား ထိန်းသိမ်းနိုင်ခဲ့သည့် ရဟန်းသံဃာများကိုလည်း ချီးကျူးဖွယ်ဖြစ်ပါသည်။

မိုးနှောင်းဝသန် ချိန်ခါ သုဉ်းလို့ ၊တိမ်ပြာအလုံးကြွေချင့်ချင် ဟု ဆိုရလောက်အောင်ရာသီဥတုက မှုံမှိင်းမှိုင်းမနေ သာတောင့်သာယာရှိသည်။ ပွင့်လင်းကြည်လင်နေသည်။ ရာသီအားဖြင့် တူရာသီ၊ နက္ခတ်အားဖြင့် အာသာဝဏီ စန်းနှင့်ယှဉ်သည်ဟု ဆိုပါသည်။ သီတင်းကျွတ်လကို စိမ်းမှောင်သော ကောက်ပင်တို့နှင့် ပဒုမ္မာကြာစသည့် ကြာမျိုးငါးပါးတို့က အလှဆင်ကြသည်တဲ့။

ဆီမီးမြင့်မိုရ်ရွှေဆင်ပွဲနှင့်၊  
ဆင်နွဲဖို့ တနှုံးမသိန်၊
 ပိတုန်းတောင်ယှက်လိမ်၊ 
ပဒုမာတမွှတ် ညှာညွှတ်အိမ်မှာ၊ 
 ကြာဝတ်သယ်ချိန် ကြည်နူးရန်ပလေး။
သာလွန်မင်းတရားလက်ထက်က မီးမြင့်မိုရ်ပွဲနှင့်အတူ ရွှေဆင်လှူပွဲ ကျင်းပခဲ့ကြောင်း သိရပါသည်။ ကြာဝတ်မှုံတို့ကို ဟိုသည်ကူးသန်း သွားလာ သည်ဆောင်နေသည့် ပိတုန်းကောင်များသည်လည်း တောင်ပန်ချင်း လိမ်ယှက်နေကြသည်ဟု ရှေးလူများက စာဖွဲ့ကြပါသည်။
ရဟန်းတော်များကို ၀ါဆိုစေသည့် သဘောမှာ  ထိုဝါတွင်းကာလများသည်  လူတို့ စပါးစိုက်ခြင်း တောင်ယာလယ်တော လုပ်ငန်းဝင်ခြင်း ပြုရသည့်အချိန်ဖြစ်ပါသည်။
ရဟန်းတော်များ ခရီးသွားလာလှည့်လည်ခြင်းအားဖြင့် လယ်လုပ်သူတို့ကို အနှောင့်အယှက်ပေးရာ မရောက်အောင် အသီးအနှံများကို နင်းခြေ ဖျက်ဆီးရာမကျအောင် ကျောင်းမှာပင် ၀ါဆိုနေထိုင်ကြရန် မြတ်ဘုရားက ပညတ်ခဲ့ခြင်းဖြစ်ပါသည်။
ဤကား မြန်မာဗုဒ္မဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတစ်ခုသာတည်း။     ။

ခင်မေသစ်

သီတင်းကျွတ်သင်ပုန်းကြီးဖတ်စာ

ကိုကြည်နိုင် ကျုံတိုင်းရွာ facebook က ပုံပါ။
(ပုံလေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်)
(ဒီပုံလေးကိုလည်း သဘောကျလို့)
သီတင်းကျွတ်တော့မည်။
ငယ်ငယ်ကဆို မူးနေအောင်လှည့်ပြီး ကန်တော့ရလို့ မူးခဲ့ပါသည်။
အစ်ကိုတွေ အစ်မတွေဆီက မုန့်ဖိုး ရခဲ့/မရခဲ့ မမှတ်မိပါ။
မူးတာပဲမှတ်မိပါသည်။
ငယ်ငယ်က အိမ်ကိုစာလာလာသင်ပေးတဲ့ ကန်နားကျောင်းက ဆရာကြီး ဦးမြအောင်ကို ...
သီတင်ကျွတ်တိုင်း မိသားစုလိုက် သွားကန်တော့ရတာကိုလည်း အလွန်အမှတ်ရပါသည်။
ဆရာကြီး နဲ့ အန်တီ ချကျွေးတဲ့ မုန့်တွေ၊ လက်ဖက်တွေလည်း သတိရလွန်းပါသည်။
ဆရာကြီးအိမ်မှာ သီတင်းကျွတ်သီချင်းဆိုလှည့်လာတဲ့ကားတွေကို စောင့်ကြည့်ရတာလည်း သတိရပါသည်။
ဆရာကြီး အိမ်ရှေ့မှာ ကားတွေရပ်တဲ့ point ရှိပါသည်။
ဆရာကြီးအိမ်ဘေးက ဒေါ်ငွေရင် အိမ်က အလှူငွေတွေအများကြီးထည့်တော့
အဆိုတော်တွေက သီချင်းတွေအများကြီး၊ အကြာကြီးဆိုပါသည်။
ဒေါ်ငွေရင်အိမ်ကနေသွားစောင့်ရင် ကံကောင်းရင် နာမည်ကြီးအဆိုတော်တွေနဲ့ မိတ်ဆက်စကားစမြည်ပြောဖို့ အခွင့်အရေးရနိုင်ပါသည်။

ဆရာကြီး ဦးမြအောင် မနက်ခင်းတွေ အစောကြီး စာသင်ဖို့ ရောက်လာတဲ့နေ့တွေကို အမြဲလွမ်းပါသည်။
အဲဒီတုန်းကတော့ စိတ်ညစ်ပါသည်။
အစ်ကို ရရ နဲ့ ကျွန်မ က ဆက်အိပ်ချင်ပါသေးသည်။
ဆရာကြီးက ရောက်နေပါပြီ။
မထကြတော့ မေမေက ကျိတ်ပြီးနိုးပါသည်။
မရတော့ ခြေဖ၀ါးကို ဂလိထိုးသလိုနဲ့ ဂလိထိုးတာထက် ပိုပြင်းသောကုတ်ဆွဲခြင်းနှင့် နိုးတတ်လေသည်။

ဆရာကြီးက သင်္ချာသင်အလွန်တော်ပါသည်။
ပျဉ်းမနား ကန်နားကျောင်းက ကျောင်းအုပ်ဆရာကြီးဖြစ်ပါသည်။
စေတနာအလွန်ကောင်းပါသည်။
ရိုးရိုးအေးအေးနဲ့ သဘောကောင်း၊ခန့်ချောချောသောဆရာကြီးဖြစ်ပါသည်။
ဆရာကြီးကတော် အန်တီကလည်း စေတနာကောင်းလှသည်။
အိမ်မှာစာလာသင်သော ကလေးတွေကို လစာမယူပဲနှင့်ကို ထမင်းကျွေးပြီးသင်ပေးတတ်သောဆရာမျိုးဖြစ်ပါသည်။
ဆရာကြီးဦးမြအောင်ကို သီတင်းကျွတ်တိုင်း သတိရမိသည်။
ဆရာကြီး ဦးမြအောင်အကြောင်း စာတစ်ပုဒ်ရေးချင်သော်လည်း ခုထိမရေးနိုင်ခဲ့သေးပါ။
ဆရာကြီးက အလယ်မှာထိုင် ကျွန်မနဲ့ အစ်ကိုရရကို "အရကြီး နားလည်လား" "အပကြီး နားလည်လား" ဆိုပြီးတံတောင်နဲ့ တွက်ပြီး မေးတတ်သေးတာကိုလည်း အမြဲလွမ်းဆွတ်မိပါသည်။

ဆရာကြီးပြန်တာနဲ့ ဆရာကြီးအောက်ထပ်တံခါးဝ စက်ဘီးလေးတွန်းထုတ်ကာရှိသေးသည်။
ကျွန်မနှင့် ရရ က ကျောက်စားပွဲကြီးပေါ် ရောက်နေနှင့်ပြီ။
ဆရာကြီးအတွက် မေမေချကျွေးသောမုန့်တွေကို ဦးအောင်လုစားကြသေးသည်။
ဆရာကြီးကတော့ တပြုံးပြုံးနှင့် ရယ်ပါသည်။
ကျွန်မတို့ကတော့ မုန့်များများစားရဖို့ပဲ ဦးတည်လုကြပါသည်။
(ဆရာကြီးက မုန့်တွေ ဘယ်တော့မှ အကုန်မစားပါ။
အမြဲ ကျန်နေတတ်ပါသည်။ အခုတော့ ဆရာကြီး တမင်ချန်ထားတတ်သလားတွေးမိပါသည်)

အခု .. ဆရာကြီးကို ကန်တော့ချင်ပါသည်။
ဆရာ၊ ဆရာမ အားလုံးကို စိတ်ထဲကနေ ရည်မှန်းကန်တော့ချင်ပါသည်။
ဖေဖေ၊ မေမေ၊ ကိုကို မမတွေကိုလည်း စိတ်ထဲကနေ ကန်တော့ပါသည်။
စိတ်ထဲကနေပဲ ကန်တော့နိုင်ရွေ့ စိတ်တော့မကောင်းလှပါ။
ကိုယ်ထိလက်ရောက် ကန်တော့ဖို့ ကြိုးစားပါဦးမည်။

ဆရာ ဆရာမ၊
ဖေဖေ၊ မေမေ၊ ကိုကို၊ မမ၊ ကိုယ့်ထက်အသက် တစ်ရက် တစ်မနက်ကြီးသောသူများအားလုံးကို ကန်တော့လိုက်ပါသည်။
မုန့်ဖိုး ကိစ္စကတော့ မမှတ်မိတော့လည်း နေပါစေပေါ့။ :D
ကိုယ့်ကို ကန်တော့မယ့် သူများကိုလည်း ကြိုဆိုပါသည်။
အသက်ကလည်း တရှိန်ထိုး ကြီးလာပြီဖြစ်သည်။
မုန့်ဖိုး ကိစ္စကတော့ မမှတ်မိပါလို့ပဲ ပြောချင်ပါသည်။

သီတင်းကျွတ်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း
သီတင်ကျွတ်သင်ပုန်းကြီး ဖတ်စာ ဒီတွင်ရပ်ပါတော့မည်။ ။

ဆရာကြီး ဦးမြအောင် ၏ တပည့်ရင်း "အပကြီး"
(facebook ကိုဖွင့်ရင်း စိတ်ထဲပေါ်လာတာချရေးမိတာနဲ့ ဘလောဂ့်မှာပါတင်ပါသည်)

Friday, October 26, 2012

နှင်းဆီမယ်

Beauty & the Beast 
တခါတုံးက တောရွာလေးတခုမှာ ကုန်ရောင်းကုန်ဝယ် ခရီးထွက်လေ့ရှိတဲ့ ကုန်သည်တယောက်ရှိတယ်။ သူ့မှာ လှပတဲ့  သမီးသုံးးယောက်လဲ ရှိသတဲ့။ မကြီး မလတ် မငယ် ဆိုပါတော့ ။မကြီးနှင့် မလတ်က အလှအပ အ၀တ်အစား အလွန်မက်ပြီး သူ့ တို့  ဘခင် ခရီးထွက်ရင် ဟိုဟာ ၀ယ်ခဲ့ပါ ဒီဟာ ၀ယ်ခဲ့ပါနှင့် အဖိုးတန် လက်ဝတ်ရတနာလိုမျိုး ပိုးဖဲ ကတ္တီပါလိုမျိုး မှာလေ့ ရှိသတဲ့။ မငယ်လေးကတော့ “သမီးလေး ဘာမှာမလဲ ဘာလိုချင်လဲ မေးရင် "ဖေဖေသင့်တင့်သလို ၀ယ်ပါ လို့ ပြောတတ်တယ်ကွဲ့။ သူက စိတ်ထားလဲဖြူစင် စာနာတတ်တဲ့သူဆိုတော့ သူ့ ဘခင် ငွေကုန်ကြေးကျ များမှာ စိုးရိမ်ရှာတယ်။ အခု တစ်ခေါက်လဲ “ဖေဖေကုန်ရောင်းကုန်ဝယ် သွားရလိမ့်မယ် ငါ့သမီးတွေ ဘာမှာမလဲ" လို့ ကုန်ရောင်းသွားကာနီးလို့ မေးပြန်တဲ့အခါ  အကြီး  သမီးနှစ်ယောက်ကတော့ ခါတိုင်းလိုပါဘဲ အကောင်းစားပစ္စည်းတွေ အဖိုးတန်လက်ဝတ်ရတနာတွေ ၀ိုင်းမှာကြသတဲ့ ။ အငယ်သမီးကလေးကတော့ “ဖေဖေရယ် သမီးအတွက်တော့ နှင်းဆီပန်းလေးတစ်ပွင့် ပဲ ၀ယ်ခဲ့ပေးပါ" လို့ ထူးထူးခြားခြား မှာသတဲ့။

ဒါနဲ့ ကုန်သည်ကြီးလဲ အိမ်ကထွက်လာရင်းလမ်းမှာ တွေးလာသတဲ့။ "ငါ့သမီးကလေးနှယ်နော် ရိုးအလိုက်တာ။ အမတွေ ကတော့ ပိုးဖဲ ကတ္တီပါ တွေ မှာကြတယ်။ သူကလေးက နှင်းဆီပန်းတစ်ပွင့် တဲ့။ အော် သနားပါတယ်" လို့ တွေးလာတာပေါ့။ ပြီးတော့ “အင်း နှင်းဆီပန်းဆိုတော့ ငါ သွားသွား နေတဲ့လမ်းမှာ နှင်းဆီရောင်စုံတွေ စိုက်ပျိုးထားတဲ့ နှင်းဆီခြံကြီးတစ်ခြံ တွေ့ တွေ့ နေတယ် အတော်ပဲ။ အပြန်ကျရင် အဲဒီခြံက  နှင်းဆီပန်းဝင်ဝယ်သွားမယ်" လို့ စဉ်းစားလာသတဲ့။ ဒါနဲ့ပဲ ကုန်သည်ကြီးလည်း ကုန်ရောင်းကုန်ဝယ်ကိစ္စပြီးတော့ သမီးတွေ မှာလိုက်တဲ့ပစ္စည်းတွေကို ၀ယ်ယူ စုဆောင်းသိမ်းဆည်းပြီး ပြန်လာရောဆိုပါတော့။ သမီးငယ်လေးအတွက်တော့ လမ်းမှာ တွေ့ နေကျ နှင်းဆီးခြံကြီးထဲက အလှဆုံး ပန်းတစ်ပွင့် ၀င်ဝယ်လိုက်မယ် ဆိုပြီးစိတ်ကူးနှင့် ပျော်နေသတဲ့။

ဒီလိုနဲ့ ပျော်တပြုံးပြုံး စိတ်ကူးယဉ်ပြန်လာလိုက်တာ နှင်းဆီခြံကြီးရှေ့ကို ရောက်လာပါရော..။ ခြံရှင်တို့ ခြံရှင်တို့ လို့ အသံပေးသတဲ့။ ဘာသံမှ တုံ့ ပြန်တာမကြားရတော့ ထပ်ပြီး အသံပေးပြန်ပါရော။ ခြံရှင်တို့ ခြံရှင်တို့ နှင်းဆီပန်း လေးတစ်ပွင့်လောက် လိုချင်လို့ ရောင်းပေးကြပါဗျို့ လို့ အော်ပြန်ပါရော။ ဒါလည်းတုတ်တုတ်မှ မလှုပ်ကြဘူး။ ဒါနှင့် ခြံဝင်းတံခါးနားကပ် လှုပ်ပြန်တော့ တံခါးက ကျွီ ဆိုပြီး ပွင့်သွားသတဲ့။ ဒီတော့ ကုန်သည်ကြီးလည်း ဘာမှ စဉ်းစားမနေပဲ  ခြံထဲဝင်သွားတာပေါ့။ ပါးစပ်ကတော့ ပန်းတစ်ပွင့်လောက်ရောင်းပါ ခြံရှင်တို့လို့ အော်ရက်ဘဲ။ အော်လဲ အော်အော်ဘဲ။ ဘယ်လိုမှ မလှုပ်ကြတော့ ကုန်သည်ကြီးလဲ သမီးကလေးဖို့ ပန်းကလေးတစ်ပွင့်လောက်တော့ပါအောင် ယူသွားချင်တာနဲ့ အလှဆုံး နှင်းဆီပန်းလေးတစ်ပွင့် ကို ခူးယူလိုက်ပါရောတဲ့။ ခူးလည်း ခူးလိုက်ရောလူတစ်ပိုင်း  သတ္တ၀ါတစ်ပိုင်း ပုံဆိုးဆိုး အကောင်ကြီးတကောင်ပေါ်လာပြီး ပန်းကို ခူးယူတဲ့အတွက်ခူးသူရဲ့အသက်ကို  လျော်ကြေးအဖြစ် ပေးရမယ် လို့  တောင်းဆိုတာပေါ့။
ကုန်သည်လည်း စိတ်ညစ်သွားပြီး သမီးတွေအတွက် စိတ်ပူသွားသတဲ့။ “ဒါဆိုရင်လဲ ကျုပ်အိမ်က သမီးတွေဆီပြန်ပြီး သူတို့ မှာလိုက်တဲ့ ပစ္စည်းကလေးတွေ ပြန်ပေးပါရစေအုံး" တဲ့။ သမီးသုံးယောက်ရှိတာရော ဘယ်သမီးက ဘာမှာလိုက်တယ် ဘာညာ ပြောပြပြီး  ပြီးရင် ကျုပ်ဆက်ဆက် ဒီကိုပြန်လာပါ့မယ်လို့  သစ္စာပြုသတဲ့။ ဒီတော့ သတ္တ၀ါကြီးက
 “ကောင်းပြီ ခင်ဗျားပြန်တော့။ နှင်းဆီပန်းလိုချင်တဲ့ သမီးကိုနှင်းဆီပန်း ပေးလိုက်ပါ။ ပြီးရင် ခင်ဗျားအစား နှင်းဆီမယ်ကို လွှတ်လိုက် ကိုင်း ပြန်တော့ ကတိတည်ပါစေ" ဆိုပြီး ကုန်သည်ကြီးကို ပြန်လွှတ်လိုက်ပါလေရော။ ကုန်သည်လည်း အိမ်ရောက်ရင် ဘယ်လိုပြောရပါ့မလဲ ဆိုပြီးစိတ်ပူရင်း မျက်နှာမသာမယာပြန်လာတဲ့ ဖအေကြီးကို မငယ်လေးကပဲ သတိထားမိသတဲ့။အကြီးနှစ်ယောက်ကတော့ဘာသိဘာသာပဲ။ သူတို့ လိုချင်တာရလို့ ပျော်နေကြတာပေါ့လေ။ မငယ်ကလေးကသာ အမူအရာ ပျက်နေတဲ့ ဖအေကြီးကို အကဲခတ်ရင်း ချော့မေးသတဲ့။ နောက်ဆုံး အကျိုးအကြောင်းလဲ သိရော မငယ်လေးက “ကျွန်မလိုက်သွားမှ ဖြစ်မယ် ဖေဖေ” ဆိုပြီး ချက်ခြင်းခရီးထွက်ဖို့  ပြင်ပါလေရော။

ဒါနဲ့ တိုတိုပြောရရင် နှင်းဆီခြံလဲ ရောက်ရော။ သူ့ ဘခင် ပြောစကားအရ သိနေတာကြောင့် ခြံဝင်းတံခါးဖွင့်ဝင်လိုက်တော့ ရောင်စုံနှင်းဆီတွေ တစ်ခြံလုံးဝေနေတဲ့ရှုခင်းကို မြင်လိုက်ရတော့ အံ့သြတကြီး ငေးမောကြည့်နေမိပါရော တဲ့။ နောက်မှ တဖြည်းဖြည်း နန်းတော်ကြီးတမျှ ခန်းနားလွန်းတဲ့ အိမ်ကြီးထဲဝင်လိုက်တော့မှ သူ့ကို စားသောက်ပွဲကြီးနှင့် အသင့်စောင့်ကြိုနေတဲ့ သတ္တ၀ါကြီးကို တွေ့လိုက်ရရော။ ပထမတော့ လန့်သွားသတဲ့။ နောက်တော့လဲ “အော် ဖြစ်ရတယ်။ သူ့ ခမြာသနားပါတယ်။ လူစကားလည်း ပြောတတ်သတဲ့။ ဘယ်လို အကြောင်းများကြောင့်ပါလိမ့်" ဆိုပြီး သိချင်စိတ်တွေ ဖိတ်လျှံနေတော့ မေးတော့တာပေါ့။ ဒီတော့ သတ္တ၀ါကြီးက ဖြစ်ကြောင်းကုန်စင် နတ်သံ မနှောဘဲ ပြောပြတာကိုး။

သူဟာ မင်းသားလေးတစ်ပါးဖြစ်ပြီး စုံးမအိုကြီးတယောက်က ကျိန်စာတိုက် ပြုစားထားလို့ ဒီလို ဖြစ်နေတဲ့အကြောင်း မိန်းခလေးချောချောတယောက်က ဒီရုပ်ရည်အတိုင်း ကို  မကြောက်မရွံ့လက်ထပ်ပါ့မယ်လို့ သဘောတူကြည်ဖြူမှ ဒီဝဋ်က ကျွတ်မဲ့အကြောင်းသူက ပြောပြတာပေါ့။ ပြီးတော့ မငယ်လေးကသာ တကယ် ကိုယ်ရော စိတ်ပါ ကြင်နာသနားလို့ သူ့ကို လက်ထပ်ရင်  သူ ဒီဘ၀က လွတ်မှာ ဖြစ်တယ် ဆိုတာပြောပြတာပေါ့လေ။ မငယ်လေးလဲ လှိုက်လှိုက် လှဲ လှဲ နှင့် တစိမ့်စိမ့်ကြည့်ပြီး သနားသွားတာပေါ့။ ဘာပဲဖြစ်ဖြစ် သူ့ဘ၀ ၀ဋ်ဆင်းရဲက လွှတ်မြောက်ပါစေ ဆိုတဲ့ စေတနာနဲ  လက်ထပ်ပါ့မယ် လို့  ကတိပေးလိုက်တာနဲ့  သတ္တ၀ါကြီးလည်း ချက်ခြင်း လူသားစင်စစ် မင်းသားကလေး  ပြန် ဖြစ်သွားပါလေရော တဲ့။ မဆန်းဘူးလားကွယ်။ ဒါကပုံပြင်ကိုးနော်။ ပုံပြင်ထဲမှာဘာမဆိုဖြစ်လို့ ရတာဘဲဟာ။ သူတို့နှစ်ယောက်လည်း ၀မ်းအသာကြီးသာလို့ မင်းသားလေးရဲ့ ဘခမည်းတော်မယ်တော်တို့ ထံ အကြောင်းကြားပြီးလက်ထပ်မင်္ဂလာပွဲ အမြန်ကျင်းပလို့ အိမ်ရှေ့မင်းနှင့် အိမ်ရှေ့မိဖုရား ဖြစ်သွားကြတာပေါ့ကွယ်။ ဘခင်ကုန်သည်ကြီးလဲ ကုန်ရောင်းကုန်ဝယ် မလုပ်ရတော့ဘဲ နန်းရှေ့မှာ အဆောင် ပြဿဒ် နဲ့ အကျအန စည်းစိမ်ခံစားရတယ်။ အလှကြိုက် အကောင်းကြိုက်တဲ့ အစ်မနှစ်ယောက်လည်း နန်းပြဿဒ် တဆောင်စီနှင့်  ပိုလို့ ပိုလို့ အကောင်းတွေ ရ အလှတွေ ဆင် ခံစားစံစား နိုင်ကြပါလေရောတဲ့ကွယ်။ မင်းသားလေးက ကျေးဇူးရှင်ဆိုပြီး ကျေးဇူးတုံ့ ပြန်လိုက်တာ တဆွေလုံးတမျိုးလုံးပါဘဲ တဲ့ကွယ်။ မငယ်လေးက သမိုင်းမှာ “နှင်းဆီမယ်" ဆိုပြီးထင်ရှားသွားသတဲ့။

ပုံပြင်လေးက ဒီလောက်ပါပဲ။ ရိုးသားပြီးစိတ်ထားဖြူစင်တဲ့ ညှာတာသနားတတ်တဲ့ မငယ်လေးရဲ့ စိတ်ထားလေးက  အတုယူချီးကျူးစရာ ပေါ့ နော်။

ခင်မေသစ်

Wednesday, October 24, 2012

မနူဟာမင်း

photo from
ကျွန်မအမေက မနူဟာမင်းအကြောင်းကိုတော့ ပြောမပြခဲ့ဖူးပါဘူး။ ဒါပေမဲ့ မနူဟာဘုရင်ရဲ့ ဘ၀ဇတ်ကြောင်းကလေးက သနားစရာလဲကောင်း စိတ်ဝင်စားစရာလဲကောင်းလွန်းလို့ ကျွန်မက ဖြိုးဖြိုးကို ပြောပြချင်နေတယ်။ ဖြိုးဖြိုး သိပြီးလည်းဖြစ်မှာပါ။ မနူဟာဘုရားကိုလဲ ဖူးမြင်ပြီးဖြစ်မှာပါ။ မနူဟာဘုရင်ဆိုတာက သထုံကပါ။ ရှေးတုံးအခါကတော့ သုဝဏ္ဏဘူမိသထုံပြည်တဲ့ခေါ်ကြတယ်။ အသောကမင်းကြီးက ကိုးတိုင်းကိုးဌာနကို သာသနာပြု စေလွှတ်ရာမှာ အရှင်သောဏမထေရ်နှင့် အရှင် ဥတ္တရ မထေရ်တို့ကို သုဝဏ္ဏသထုံပြည် စေလွှတ်ခဲ့တယ်တဲ့။ ဒါ့ကြောင့် သထုံပြည်ဟာ အစောဆုံး ဗုဒ္မသာသနာလွှမ်းခြုံရာဒေသဖြစ်ပါတယ်။ ဒီတုံးက လာအို  ယိုးဒယား ကမ္ဘောဒီးယားတို့ဟာ သထုံဘုရင်ရဲ့ လက်အောက်ခံများဖြစ်ပါသတဲ့။ ရှေးအခါသမယက မြန်မာနိုင်ငံဟာ ခုခေတ်လို့ ပြည်ထောင်စု ပုံစံမဟုတ်ဘဲ  သူတလူ ငါတမင်း နိုင်သလောက် ရသလောက် သိမ်းပိုက် အုပ်ချုပ်ပြိး မင်းလုပ်နေကြတာကလား။ ဒီတုံးက ပုဂံပြည်မှာ အနော်ရထာမင်းကြီးအုပ်ချုပ်နေတာလေ။ သုဝဏ္ဏဘူမိသထုံပြည်မှာတော့ မနူဟာဘုရင် မင်းလုပ်စိုးစံနေခိုက်ပါ။ ဗုဒ္မဘာသာကို အစောဆုံးကိုးကွယ်ဆည်းကပ်ခွင့်ရတဲ့မင်းပေါ့။  သထုံပြည်မှာ အစောဆုံး ဗုဒ္မသာသနာ ရောင်ဝါ ထွန်းလင်းခဲ့တာပါ။

 ဒါပေမဲ့ သထုံမှာက သထုံကွက်ကွက်ကလေးဘဲ ဗုဒ္မဘာသာဝင်ရှိပြီး ဘေးပတ်ဝန်းကျင်မှာ မဟာယန တန္တရ မန္တရ ဂိုဏ်းတွေက မှိုလိုပေါက်နေသတဲ့။ ဘုရင်ကိုယ်နှိုက်ကလဲ ယောင်ဝါးဝါးနဲ့ ရဟန်းတော်များကို သိပ်ပြီးအထောက်အပံ့မပေးဘူးတဲ့။ ။ဗျတ်ဝိဗျတ္တ တို့ရဲ့ ဆရာ(ပုဂံရာဇ၀င်မှာ သိဒ္ဓိပေါက် ကိုယ်ပျောက်တဲ့တန္တရဂိုဏ်းသား)ကို နန်းဦးတင်ထားပြီးကိုးကွယ်နေသတဲ့။ (ဗျတ်ဝိဗျတ္တ ဆိုတာကလဲ မြိုံရိုးကို ခုန်ကျော်ပျံလွှားနိုင်တဲ့ အိန္ဒိယတိုင်းသား လူစွမ်းကောင်းတွေလို့ ပုဂံရာဇ၀င်မှာဆိုပါတယ်။)
 ဒါ့ကြောင့် ရှင်အရဟံဆိုတဲ့ ရဟန်းတော်တပါးက  သထုံကိုစွန့်ခွာပြီး ဘုန်းတံခိုးကြီးမြတ်တဲ့ အနော်ရထာမင်းကြီးထံ ကိုးစား ယုံကြည်စွာ လာရောက် တောင်းဆိုခြင်းဖြစ်တယ်။

ရှင်အရဟံဟာ ပုဂံပြည်ကို ကြွချီလာပြီး ပုဂံပြည်မှာ ဗုဒ္မအယူဝါဒထွန်းကားပြန့်ပွားပါစေဆိုတဲ့ စေတနာနဲ့ အနော်ရထာမင်းကြီးကို သထုံပြည်က ပိဋကတ်တော်များ ပင့်ဆောင်ဖို့ တိုက်တွန်းနိုးဆော်ပါတယ်။ အနော်ရထာကိုယ်နှိုက်ကလဲ အရည်းကြီးတို့ရဲ့ အသွင်သဏ္ဍာန်ကို မနှစ်မျို့ဘဲ တရားစစ် တရားမှန်ကို လိုလားတောင့်တနေခိုက် ဆိုတော့ အကြိုက်တွေ့သွားတာပေါ့။  အနော်ရထာမင်းကြီးဟာ သထုံပြည်ကရဟန်းတော်များနှင့်တကွ  ပိဋကတ်တော်များကို ဆင်ဖြူတစီးလက်ဆောင်ပေးပြီး သံတမန်များစေလွှတ်ပင့်ဆောင်စေပေမဲ့ ဘုရင်က ပိဋကတ်တော်အစုံ(၃၀)ရှိသည်ကိုလည်း ခွဲဝေပေးခြင်းမရှိတဲ့အပြင် သံတမန်များကို   မခြေမငံ ပြောဆိုလိုက်တဲ့အတွက် အနော်ရထာမင်းဟာ ကိုယ်တိုင် စစ်ချီတက်သိမ်းပိုက်ဖို့ ဆုံးဖြတ်ခဲ့ရတယ်။

အဲဒါကြောင့် သာသနာ သက္ကရာဇ်၁၆၀၀ခုနှစ်မှာ အနော်ရထာမင်းကြီးဟာ သထုံကိုစစ်ပြုလို့ အလွယ်တကူအောင်နိုင်တဲ့အခါ ပိဋကတ်တော်အစုံ(၃၀)နှင့်တကွ အရိယသံဃာအပါး တထောင်ကိုပင့်ဆောင်ခဲ့ပြီး မနူဟာမင်းနှင့်တကွ မိဖုရား မောင်းမမိဿံကျေးကျွန်များ၊ လက်မှုပညာသည်များကို  အားလုံးခေါ်ယူခဲ့ပါသတဲ့။ ပုဂံကိုရောက်တဲ့အခါ မင်းနှင့်တကွ မိဖုရား ကျေးကျွန်တို့ကိုဘုရားကျွန်အဖြစ် တတန်းတည်းထားပြီး  လှူဒါန်းလိုက်ပါသတဲ့။ 

ဒီနေရာမှာ ဘယ်လိုပဲ မခြေမငံပြောပြော  သူပိုင်ပစ္စည်း မပေးနိုင်ဘူး ပြောပြော ဒီလိုမျိုး လုပ်ဖို့မသင့်ဘူး ထင်တယ်နော်။ အနော်ရထာဘုရင်ရဲ့ သာသနာပြုလုပ်ငန်းအ၀၀ကို ချီးကြူးစရာ ရှိပေမဲ့ တစ်ပါးဘုရင်ကို  ဘုရားကျွန်အဖြစ် ထားတာကတော့ ဆိုးလှတယ်။ စစ်တိုက်သိမ်းပိုက် ပြီး ယူလာခဲ့ရင် ပြီးနေတာဘဲမဟုတ်လား။ သူများနိုင်ငံ ခေါ်လာပြီး အရှက်တကွဲ ဘုရားကျွန်အဖြစ်အထားခံရတော့ ရှက်ရှာမှာဘဲ။ သူလည်း ကိုယ့်ထီးကိုယ့်နန်းနဲ့ အုပ်ချုပ်လာတဲ့ မင်းတစ်ပါးပဲမို့လား။ လက်အောက်ခံ ဘုရင်ငယ်အဖြစ် သထုံမှာဘဲ ထားလိုက်ဖို့သင့်ပါတယ်။ ခုတော့ သေတာထက် အရှက်ခွဲခံရတာက ပိုလို့ ဆိုးတာပေါ့။ အရှက်ကြီးတဲ့ တောင်ကိုးရီးယား သမ္မတတောင်သူ့ရဲ့ဂုဏ်သိက္ခာအတွက်  တောင်ပေါ်က ခုန်ချသေခဲ့ပါရောလား။ ဗုဒ္မဘာသာမှာတော့ မိမိကိုယ်ကိုရော တပါးသူကိုရောသေကြောင်းမကြံရပါဘူး။ ဗုဒ္မက တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ 

ဒီလိုနဲ့ မနူဟာမင်းဟာ ဘုရားစောင့် ဘုရားကျွန်အဖြစ် နေခဲ့ရာကနေ စိတ်ကူးကောင်းပုံပြောပါတယ်။ ပါလာတဲ့ လက်ဝတ်ရတနာတွေ ထုခွဲ ရောင်းချပြီးဘုရားတည်ပါသတဲ့။ ဘုရားတည်တဲ့အခါ ဘုရားကြီးက ဧရာမကြီး။ လူတိုင်းက တအံ့တသြ မော့ကြည့်ရတယ်။ သူတကယ် ခံစားနေရတဲ့ အတွင်းစိတ်ဝေဒနာကို သေသေချာချာ ဖေါ်ကျူး ထားပုံရတယ်လို့ မြင်သူတိုင်း ယူဆကြတယ်။ ဘာဖြစ်လို့လဲဆိုရင် 
ကိန်းဝပ်စံပယ်ရတဲ့ အဆောင်နေရာက ဘုရားကိုယ်ခန္ဓာနဲ့  အံကိုက်ကြီးလေ။ ပန်းလှူစရာ နေရာမရှိ ထိုင်ပြီးဘုရားကြည်ညိုစရာနေရာမရှိ။ ဘုရားဖူးသူတိုင်းလဲ မသက်မသာ မလှုပ်သာ မလှည့်သာ ကျဉ်းကျဉ်းကြုတ်ကြုတ်နဲ့။ အမိုးကလဲဦးခေါင်းတော်နဲ့  ကွက်တိ။ နေရာအလပ်မရှိ။ တကယ့်ကို စိတ်မောစရာကြီးပါဘဲ။

အော်.. မနူဟာမင်း ခမြာ ဘယ်လောက် များ စိတ်သောကများခဲ့ရှာပါလိမ့်။

ယနေ့အထိ ဒီဘုရားကို လေ့လာကြသူတွေအဖို့  မနူဟာမင်းကြီးဟာ သူ့ရဲ့ ရင်တွင်းခံစားချက်နဲ့  စိတ်ညစ်ညူး ကြပ်တည်းမှုကို အပြည့်အ၀ လူသိအောင် ဒီနည်းနဲ့  ထင်ဟပ်ပေါ်လွင်စေခဲ့တာပဲလို့ ယူဆလိုရင် ယူဆနိုင်ပါတယ်။ လွတ်လပ်မျှတမှုမရှိခဲ့ရှာတဲ့ ဘုရင်တစ်ပါးအတွက် စာနာစိတ်နဲ့ ဖြိုးဖြိုး သိပါစေ လို့ ပုံပြင်လိုလို စာဖွဲ့ပြီး ပြောပြရခြင်းဖြစ်ပါတယ်။       ။

ခင်မေသစ်

သွေးဆာတဲ့ဘုရင်ဒရက်ကူလာ ရဲ့ မြို့တော်ဆီ (အပိုင်း ၂)

"ဆီဂီရွှားရားမြို့ နဲ့ ဘရာရှော့ဗ်မြို့ထဲ လျှောက်ကြည့်ကြမယ်နော်"
ဆီဂီရွှားရားကို ရောက်တယ်ဆိုရင်ပဲ ခုခေတ်အဆောက်အဦးတွေရဲ့အလယ် သစ်ရွက်စိမ်းတွေဝေနေတဲ့ အပင်တွေကြားမှာ ရှေးဟောင်းအဆောက်အဦးကြီးကို တွေ့လိုက်ရပါပြီ။ တောင်ကုန်းမြင့်မြင့်ပေါ်မှာ ၀ါဝါညိုရောင်၊ တချို့နေရာတွေမှာ ပန်းရောင်ပြေး အုတ်သားအင်္ဂတေ အချပ်အချပ်တွေ ဟိုမှာဒီမှာလစ်ဟာလို့နေတဲ့  မြင့်မြင့်မားမားအဆောက်အဦးပေါ့။ မိုးသားတွေအလိပ်လိပ်ထနေတဲ့ ကောင်းကင်ကြီးရဲ့အောက်က ပြသာဒ်အိုးလုံးလုံးဝန်းဝန်း၊ ချွန်တက်နေတဲ့ထိပ်ဖျားပုံပါရှိတဲ့ Clock Tower နဲ့ ရှေးဟောင်းအဆောက်အဦးကိုတွေ့လိုက်ကြရတယ်။ ကားပေါ်ကလူတွေအားလုံး ကားမရပ်သေးခင်မှာကိုပဲ ဓါတ်ပုံတွေ အမိအရ ရိုက်ယူကြပါတယ်။ tour bus တွေရပ်တဲ့နေရာမှာ ရပ်လိုက်ပြီးတာနဲ့ ချက်ချင်းပဲ အဆောက်အဦးရှိရာဆီသွားကြမယ်လို့ tour guide က ပြောပါတယ်။ လူတွေအားလုံးကိုစုတယ်။ သူနဲ့ပဲအတူလိုက်ခဲ့ဖို့ ပြောပါတယ်။ ဘေးက အဆောက်အဦးသစ်တွေကြားထဲမှာ ရှေးဟောင်းအဆောက်အဦးကြီးက မပြုမပြင်ရှေးခေတ်လက်ရာအတိုင်းရှိနေဆဲပါ။ ဦးတည်ရာပေါင်းစုံကနေ ချိတ်ဆက်နေကြတဲ့ လျှပ်စစ်မီးကြိုးတွေ၊ ဖုန်းလိုင်းတွေကြိုးတွေကတော့ ရှေးဟောင်းအဆောက်ကြီးကို ကြက်ခြေခတ်တွေများများခြစ်ကာ ဖုံးကာထားသလိုပါပဲ။ ကျောက်တုံးလေးထောင့်ကွက်တွေ မြှုပ်ပြီးခင်းထား၊ ဆောက်ထားတဲ့ လှေကားထစ်တွေအတိုင်း တောင်ကုန်းပေါ်ကိုတက်လာခဲ့ကြတယ်။
သိပ်ပြီးတော့ မကျယ်လှတဲ့ အဝင်ဂိတ်တံခါးဝကိုဖြတ်လျှောက်ခဲ့ကြပြီး အတွင်းဘက်ကို ခြေလှမ်းလိုက်တာနဲ့ ထူးဆန်းတဲ့ကမ္ဘာတစ်ခုထဲကို ရောက်သွားရသလိုပါပဲ။ အဆောက်အဦးတွေမှာ ဆေးရောင်ဆေးသားတွေ သစ်လွင်အောင်ပြန်သုတ်ထားပေမယ့် မြင်နေကြမဟုတ်တဲ့ အဆောက်အဦးပုံစံတွေက စိတ်ဝင်စားစရာပါ။ အရောင်စုံ ကလေးလူကြီး ခရီးသွားတွေလည်း အစုလိုက် တော်တော်များများရှိနေကြပါတယ်။ အဆောက်အဦးတွေကြားက မြင်မြင်သမျှလမ်းတွေဟာ ကျောက်လုံးတွေကို အကွက်ဖော်ပြီး ပြန့်ပြန့်ပြူးပြူးခင်းထားကြတယ်။ လူတွေဖြတ်သွားဖြတ်လာလုပ်ခဲ့ကြတဲ့ ကျောက်လုံးတွေဟာ အနက်ရောင်၊ မီးခိုးရောင်ပြောင်ချောချောတွေပါပဲ။ အဲဒီလမ်းမျိုးတွေကို လျှောက်ရတိုင်း ဟန်ချက်ညီအောင် ထိန်းလျှောက်ရင်းနဲ့ အမြဲတွေးမိတယ်။ ဒီလိုလမ်းတွေကိုခင်းခဲ့ကြတဲ့အချိန် အသုံးပြုခဲ့ရတဲ့ လုပ်သားအင်အား၊ ကုန်ဆုံးခဲ့ရမယ့်အချိန်တွေကို ပုံဖော်ကြည့်ရင်း အမျိုးအမည်မသိခံစားမှုတစ်ခု ကျွန်မဆီ အမြဲလို တိုးဝေ့၀င်လာတတ်စမြဲပဲ။

ပြတိုက်အဖြစ်ပြောင်းလဲဖွင့်လှစ်ထားတဲ့ နာရီစင် က မဖွင့်သေးပါဘူး။ အဲဒါနဲ့ပဲ ကျွန်မတို့ အနီးအနားက ဘုရားကျောင်းတွေ ခဏလှည့်ကြည့်ကြတယ်။ tour guide က ပြတိုက်ဖွင့်ဖွင့်ချင်းဝင်ကြမှာမို့ သိပ်ဝေးဝေးမသွားစေချင်တာနဲ့ပဲ ပြတိုက် ရှေ့နားက ဘုရားကျောင်းအရှေ့နား ဓါတ်ပုံရိုက်သူရိုက် အသားကင်ဆိုင်၊ ပေါင်မုန့်ဆိုင်လေးတွေမှာ မုန့်ဝယ်စားသူစားကြပါတယ်။ ကားပေါ်မှာကတည်းက tour guide ဆီက ရိုမေးနီးယားပိုက်ဆံကို ကိုယ်လိုချင်သလောက်ကြိုတင်လဲထားကြတယ်။ အဲဒီမှာလည်း ငွေလဲကောင်တာလေးတွေရှိပါတယ်။ ပြတိုက်က တနင်္လာနေ့ပိတ်ပြီး ကျန်ရက်တွေမှာ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်တယ်။ ကောင်စီမျှော်စင်လို့လည်း ဟိုးအရင်က ခေါ်ခဲ့ကြတဲ့ နာရီစင် ကို ၁၄ရာစုတစ်ဝက်လောက်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၆ရာစုမှာ ထပ်ပြီးချဲ့ထွင်ခဲ့ကြတယ်။ မျှော်စင်ထိပ် ထောင့်လေးထောင့်မှာရှိတဲ့ ပြသာဒ်အိုးတွေဟာ ဆီဂီရွှားရားမြို့ရဲ့ သေဒဏ်စီရင်နိုင်တဲ့ ကိုယ်ပိုင်တရားစီရင်အုပ်ချုပ်ရေးကို အမှတ်အသားပြုဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။ ၁၆၇၆ခုနှစ်မှာ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တော့ အပ်ချုပ်သမားတွေရဲ့မျှော်စင်ဟာပေါက်ကွဲခဲ့ပြီး ယမ်းမှုန့်တွေ နုန်းတင်ကျန်ရစ်နေခဲ့တယ်။ သြစတြီးယန်း Artrist တစ်ဦးက မျှော်စင်ရဲ့ ခေါင်မိုးတွေကို ပြန်လည်ဆောက်လုပ်ပေးခဲ့ပါတယ်။ ၁၇-၁၈ရာစုနှစ်တွေက ဥရောပအဆောက်အဦးတွေရဲ့ ဗိသုကာပညာမျိုးကိုယ်စားပြုတဲ့စတိုင်လ်ဖြစ်ခဲ့တယ်တဲ့။ အရောင်အသွေးစုံအကွက်လေးတွေ ပေါင်းစပ်ပြုပြင်ခဲ့တာကြောင့်ပါ။ 
ဆီဂီရွှားရားပုံစံငယ်လေး(ပြတိုက်ထဲက ခိုးရိုက်တာပါ)
၁၇ရာစုမှာ နာရီကို လင်ဒန်သစ်သားနဲ့ ရုပ်ပုံတွေထုလုပ်မွမ်းမံခဲ့ပါတယ်။ အထပ်နှစ်ထပ်မှာရှိတဲ့ ရုပ်ပုံတွေကို နာရီစက်သွားတွေနဲ့အတူ လည်ပတ်အောင် လုပ်ထားကြသေးတယ်။ မြို့ရိုးခံတပ်ဘက်မှာ သံလွင်ကိုင်းကိုင်ထားတဲ့ ငြိမ်းချမ်းရေးကိုယ်စားပြုတဲ့အရုပ်၊ ဘေးမှာ နာရီတွေပြောင်းတိုင်း ကြေးဗုံကိုတီးခတ်နေတဲ့ ဗုံသမားတစ်ဦးက၀န်းရံထားတယ်။ အဲဒီအပေါ်မှာ နတ်သမီးနှစ်ပါးဝန်းရံထားတဲ့ တရားမျှတမှုကို ကိုယ်စားပြုတဲ့ ဓားရှည်ကိုင်အရုပ်ရှိပါတယ်။ မနက် ၆ နာရီမှာ နေ့တစ်နေ့ကို ကိုယ်စားပြုတဲ့ နတ်သမီးတစ်ပါးက ထွက်ပေါ်လာပြီး၊ ညနေ ခြောက်နာရီမှာ အလုပ်ချိန်ကုန်ဆုံးတဲ့ သဘောနဲ့ ဖယောင်းတိုင်နှစ်တိုင်ကိုယ်ထားတဲ့ နတ်သမီးရုပ်ပုံထွက်ပေါ်လာအောင် တပ်ဆင်ထားတယ်။ အောက်အထပ်မှာတော့ နေ့တွေကို ကိုယ်စားပြုတဲ့ ဗာဟီရနတ်ဘုရား ၇ ပါး၊  တနင်္လာနေ့ - Diane၊ အင်္ဂါနေ့ - Mars၊ ဗုဒ္ဓဟူးနေ့ - Mercury၊ ကြာသပတေးနေ့ - Jupiter၊ သောကြာနေ့ - Venus၊ စနေနေ့ - Saturn နဲ့ တနင်္ဂနွေနေ့ ဆိုရင် The Sun ဆိုပြီး ရုပ်ပုံတွေ ရှိကြတယ်။ ကျွန်မစိတ်ထဲမှာတော့ ပျဉ်းမနားမြို့မှာ ကျွန်မငယ်ငယ်က ကြည့်ခဲ့ရတဲ့ ကထိန်ခင်းတဲ့ပွဲတော်ရက်တွေမှာ ပြထားတဲ့ အရုပ်စုံလေးတွေလည်ပြီး ထွက်လာသလိုပဲလို့ တွေးမိတယ်။ ကထိန်ပွဲတော်ရက်တွေမှာ ပျဉ်းမနားက ပဒေသာပင်တွေစီတန်းလို့ပြထားလေ့ရှိတဲ့ ညဈေးတန်းပွဲတော်ကို စိတ်ထဲမှာ အမှတ်ရနေမိတော့တယ်။
သူတို့ရဲ့ သော့ကြီး .. 
ပြတိုက်ပေါ်ကကြည့်ရင်
မျှော်စင်ရဲ့ထိပ် စုလစ်မွန်းချွန်းမှာ ရွှေရောင်အ၀န်းအ၀ိုင်းပုံရှိနေပြီးတော့ မိုးလေ၀သခန့်မှန့်နိုင်တဲ့ ကြက်ရုပ်ပုံလေးပါရှိတယ်။ ၁၈၉၉ ခုနှစ်အထိတော့ ဒီနာရီစင်ကြီးဟာ မြို့တော်သူမြို့တော်သားတွေ စုရုံးကြတဲ့ကောင်စီရုံးနေရာဖြစ်ခဲ့သတဲ့။ နောက်ပိုင်းမှာမှ ပြတိုက်အဖြစ် အသွင်ပြောင်းလိုက်တာပါ။ အခုတော့ လျှောက်လမ်းလိုက်တိုင်း တကျွီကျွီမြည်သံတွေ ထွက်ပေါ်နေတဲ့ ပြတိုက်အိုလေးဖြစ်လို့နေပြီ။ အထပ်တိုင်းမှာ ရှေးခေတ်ရာစုတွေထဲက ရှေးလူတွေအသုံးပြုခဲ့တဲ့ အသုံးအဆောင်ပစ္စည်း အမယ်စုံ ပြသထားပါပြီ။ ဓါတ်ပုံမရိုက်ဖို့ စာကပ်ထားသလို အထပ်တိုင်းမှာ အစောင့်တစ်ဦးစီက စိတ်မချလို့ထင်ပါရဲ့ သေသေချာချာကို လိုက်ပြီးကြည့်နေတော့တာပါပဲ။ ရိုက်တဲ့သူကတော့ အခွင့်အရေးရရင် ရိုက်ယူကြတာပေါ့။ (ကျွန်မလည်းရိုက်တာပါပဲ) မျှော်စင်ထိပ်ကနေမြို့လေးကို ကြည့်မယ်ဆိုရင်တော့ မြို့ဟောင်းဟာ အနီရောင်အမိုးလေးတွေ စီရရီနဲ့  မြင်ရမှာပါ။ ၁၆ရာစုက Saxon တွေ့ရဲ့အိမ်တွေကို လမ်းခင်းကျောက်လုံးတွေခင်းထားတဲ့ ခပ်ကျဉ်းကျဉ်းလမ်းလေးတွေအနားသတ်လို့ မြင်တွေ့ရပါတယ်။ ဒီနေ့အထိပဲ ကုန်သည်တွေ၊ လက်မှုပစ္စည်းပြုလုပ်တဲ့သူတွေဟာ ဘိုးဘွားတွေလက်ထက်က စီးပွားရေးလုပ်ငန်းတွေကိုပဲ ပြီးခဲ့တဲ့ရာစုနှစ်တွေကအတိုင်းပဲ ရောင်းဝယ်ဖောက်ကားနေကြဆဲပါပဲ။ 
Tourist တွေစိတ်ဝင်စားကြတဲ့ နောက်တစ်နေရာက Gothic style ဘုရားကျောင်းပါ။ နာရီစင်နဲ့ မဝေးပါဘူး။ ၁၂၉၈ ခုနှစ်မှာ ဒိုမီနီကန်ဘုန်းကြီးကျောင်းဖြစ်ခဲ့ပြီး နောက်ပိုင်း ၁၅၅၆ ခုနှစ်လောက်မှာတော့ Saxon တွေရဲ့ ပင်မခရစ်ယာန်လူသာရန် ဘုရားကျောင်းဖြစ်လာခဲ့ပါတယ်။ ၁၈၈၈ ခုနှစ်မှာ ကျောင်းဝင်းကို ဖြိုချဖျက်ဆီးတာတွေပြုလုပ်ခဲ့ပြီး မြို့တော်ခန်းမဆောက်လုပ်ခဲ့တယ်။ ဘုရားကျောင်းတစ်ခုပဲ မူလအတိုင်းကျန်ရစ်ခဲ့တာပါ။ ဘုရားကျောင်းအတွင်းမှာ ရှေးကျတဲ့ Gothic style ပုံစံကျကျနန ဘုရားကျောင်းအတွင်းအ၀န်းအခုံး နှစ်ခု တိုင်လုံးတွေက နှစ်တန်းစီပြီးဆောက်လုပ်ထားတယ်လို့ဆိုတယ်။ ကျွန်မတို့ရောက်တဲ့အချိန်မှာ ဘုရားကျောင်းမဖွင့်သေးတော့ ၀င်ကြည့်ခွင့်မသာခဲ့ပါဘူး။ tour guide ရှင်းပြတာကတော့ တန်ဖိုးကြီးတဲ့အနုပညာလက်ရာတွေအတွင်းမှာရှိတယ်။ ၁၄၄၀ ခုနှစ်ဆီကို ရည်ညွှန်းထားတဲ့ ကြေးနီစာလုံးတွေ၊ ၁၅၇၀ ခုနှစ်က ထရန်ဆေးလ်ဗေးနီးယန်းခေတ်ဆန်းစတိုင်လ် ကျောက်သားတံခါးဘောင်တွေရယ်၊ ၁၆-၁၇ ရာစုနှစ်က ကောဇောတွေ၊ pipe organ တူရိယာရယ်၊ ၁၆၈၀ ခုနှစ်က ပွဲတော်အခမ်းအနားတွေမှာ မုန့်၊ စပျစ်ဝိုင်ဆက်ကပ်ရာမှာသုံးတဲ့ စားပွဲတွေရယ်ရှိနေတယ်လို့ ပြောပါတယ်။
Tour guide က တခြားအစုအဖွဲ့လေးနဲ့ စကားပြောနေတဲ့အချိန် ကျွန်မတို့လည်း ကိုယ့်ဘာသာပဲ လျှောက်ကြည့်လိုက်ကြတော့တယ်။ နောက်ထပ် သွားစရာတွေရှိနေသေးတာမို့ ကားရပ်ထားတဲ့ကွင်းမှာ အတိအကျပြန်ရောက်ရမယ့် အချိန်ကို tour guide ကပြောပါတယ်။ အဲဒီလိုနဲ့ လမ်းခင်းကျောက်လုံးချောပြောင်ပြောင်တွေမှာ လျှောက်ကြည့်ရင်းနဲ့ ကျွန်မတို့အဖွဲ့ထဲမှာပါတဲ့ သူတွေရယ် တခြား tourist တွေ အတော်များများ အ၀ါရောင်စားသောက်ဆိုင်ရှေ့မှာ ဓါတ်ပုံရိုက်နေကြတာ တွေ့လိုက်ရတယ်။ ပြီးတော့ သူတို့အားလုံးရဲ့အလယ်မှာ ၀တ်ရုံအနက်ဖားဖားကြီးဝတ်လို့ သွားစွယ်ဖွေးဖွေးတပ်ထားတဲ့သွေးစုတ်ဖုတ်ကောင်ကြီးဟာ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက် ဓါတ်ပုံအရိုက်ခံလို့နေပါတယ်။ အဲဒီတော့မှ ကျွန်မလည်း tour guide ပြောပြထားတဲ့ ဒရက်ကူလာမွေးတဲ့အိမ်ကို ပြန်ပြီး သတိရလိုက်မိတယ်။ ဟုတ်တာပေါ့ ဒရက်ကူလာက အဲဒီ အ၀ါရောင်အိမ်မှာ မွေးဖွားခဲ့သတဲ့။ နာရီစင်အနီးမှာပဲ ရှိနေတာပါ။ ၁၄၃၁ ခုနှစ်မှာမွေးဖွားခဲ့ပြီး ဖခင် ဗလာ့ဒ်ဒရာကူးလ်(Vlad Dracul) နဲ့ ၁၄၃၅ အထိနေထိုင်ခဲ့ပေမယ့် အဲဒီနောက်မှာ တာဂိုဗီရှ်တဲ ကို ပြောင်းရွှေ့ခဲ့ကြတယ်။ ဖခင်မျိုးရိုးအမည်ဟာ Dracul နဂါးဖြစ်တာကြောင့် ဒရက်ကူလာ Drăculea(Drakulya) နဂါးရဲ့သားလို့ ခေါ်ကြတာပါ။ ဒရက်ကူလာမိသားစုရဲ့အထိမ်းအမှတ်နဂါးရုပ်ကို အ၀င်ဝမှာ ချိတ်ဆွဲထားပါတယ်။ အခုတော့ မြေညီထပ်မှာ စားသောက်ဆိုင်ဖြစ်လို့ နေပါပြီ။ ပထမထပ်ကတော့ လက်နက်ပြတိုက်ဖွင့်ထားသတဲ့။ အလယ်ခေတ်မှာ နဂါးတွေရဲ့ သင်္ကေတကို လွတ်လပ်ခြင်း၊ ခေါင်းဆောင်မှု၊ ခွန်အား နဲ့ အသိပညာရှိတဲ့သဘောမှတ်ယူကြလေတယ်။ ဒရာကူးလ်မိသားစုရဲ့ စွမ်းအားဟာ အဲဒီခေတ်မှာ ကြီးမြင့်ခဲ့တဲ့သဘောပါပဲ။ လက်တင်ဘာသာမှာ Dracul ကို နဂါးလို့ အဓိပ္ပါယ်ဖွင့်ဆိုကြသလို ရိုမေနီးယန်းစကားလုံးမှာတော့ နဂါးအပြင် မကောင်းဆိုးဝါးမိစ္ဆာလို့ပါ နှစ်မျိုးစလုံးအဓိပ္ပါယ်ရတယ်လို့ ဆိုတယ်။ ဒရက်ကူလာသွေးစုတ်တဲ့ပုံစံဓာတ်ပုံအရိုက်ခံကြတဲ့ မိန်းကလေးတွေလည်း တစ်ယောက်ပြီးတစ်ယောက်ဆိုတော့ ဟန်ပြဒရက်ကူလာကြီးဟာ အနားမနေရရှာပါဘူး။ ကျွန်မတော့ ဓာတ်ပုံအရိုက်မခံရဲပါဘူး။ အသည်းယားစရာကြီးရယ်။ 

အဲဒီကနေ နောက်တစ်နေရာသွားဖြစ်တာက Saxon မိသားစုတွေရဲ့ အဲဒီခေတ်ကအရေးပါတဲ့ တောင်ထိပ်ပေါ်က စာသင်ကျောင်း၊ ဘုရားကျောင်းပါ။ စာသင်ကျောင်း၊ ဘုရားကျောင်းဆီ ဆောင်းတွင်း နှင်းတွေပိန်းပိတ်အောင်ကျတဲ့အချိန်မျိုးတွေမှာပါ မပျက်မကွက်သွားနိုင်အောင် သစ်သား လှေကားထစ်တွေမှာ အမိုးပါထည့်သွင်း ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီလှေကားထစ်လေးတွေ ဟာလည်း ဆီဂီရွှားရားရဲ့သမိုင်းထဲမှာ အရေးအပါဆုံးနေရာပါပဲ။
အလယ်ခေတ်က ဗိသုကာပညာရပ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ၁၆၄၂ ခုနှစ်မှာ ဆောက်လုပ်ထားခဲ့တယ်တဲ့။ လှေကားထစ်ပေါင်း ၃၀၀ ရှိပါတယ်။ ကျောင်းသူကျောင်းသားလေးတွေဟာ လှေကားထစ်တွေကို နေ့စဉ် မနက်၊ ညနေဖြတ်လျှောက်သွားပြီးမှ ကျောင်းကိုရောက်ကြရတယ်။ အဲဒါကြောင့်ပဲ ဆီဂီရွှားရားက အဲဒီလှေကားထစ်တွေကို “စာသင်သားတို့ရဲ့လှေကားထစ်တွေ” လို့ ခေါ်ဆိုကြပါတယ်။ အဲဒီသစ်သားလှေကားထစ်တွေအတိုင်း တက်သွားပြီးအပေါ်ကိုရောက်တဲ့အခါ တောင်ကုန်းက အမြင့်ပေ ၁၃၇၃ ရှိသွားပါပြီ။ လှေကားထစ်တွေအဆုံးမှာ Gothic style ဘုရားကျောင်းထပ်တွေ့ရမှာပါ။ “တောင်ကုန်းပေါ်ကဘုရားကျောင်းလေး” လို့ပဲ နာမည်ပေးထားကြတယ်။ ၁၃၄၅ ခုနှစ်မှာဆောက်လုပ်ခဲ့တယ်လို့ အချက်အလက်တွေမှာဖော်ပြထားပါတယ်။ အစပိုင်းမှာ ကက်သလစ်ဘုရားကျောင်းပါ။ နောက်ပိုင်း Saxon ဂျာမန်အခြေချနေနိုင်သူတွေက ရိုမန်ကက်သလစ်ဘာသာအယူဝါဒကနေ ၁၆ရာစုက ထင်ရှားတဲ့ ဂျာမန်ဘာသာရေးဆရာ မာတင်လူသာရဲ့လူသာရန်အယူဝါဒ(Lutheranism)ကိုလိုက်နာတဲ့ဘုရားကျောင်းအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။
ဟန်ဂေရီနဲ့ ခရိုအေးရှားဘုရင် Mathias Corvin နဲ့ ဇနီး Beatrix ၊ ထရန်ဆေးလ်ဗေးနီးယန်းမင်းသား Stephen Bathory of Nyir နဲ့ ၃ ယောက်မြောက် ပိုလန်၊ ဟန်ဂေရီဘုရင် Wladislav တို့ရဲ့ သစ်သားနဲ့လုပ်ထားတဲ့ စစ်ချီစစ်တက်ကုတ်ဝတ်စုံတွေရယ်၊ သူတို့ကိုင်စွဲအသုံးပြုကြတဲ့ လက်နက်တွေကို ဘုရားကျောင်းအထဲက အခန်းငယ်ထဲမှာတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားကျောင်းဘေးမှာတော့ သစ်ပင်တွေက စိမ်းစိမ်းစိုစို၊ သစ်ပင်သစ်ရွက်တွေရဲ့အရိပ် ခပ်စိတ်စိတ်ပြည့်နှက်နေတဲ့ သင်းချိုင်းတစ်ခု ငြိမ်ဝပ်စွာတည်ရှိနေခဲ့ပါတယ်။

“စာသင်သားတွေရဲ့ လှေကားထစ်တွေ” ကနေ ပြန်ဆင်းလာခဲ့ကြတော့ လူပြန်စုကြဖို့ အချိန်က သိပ်မလိုတော့ပါဘူး။ လက်မှုပစ္စည်းလေးတွေ ဟိုဒီအမြန်ကြည့်ကြရတယ်။ လက်ဖြစ် မိန်းကလေးအသုံးအဆောင် နားဆွဲ၊ လက်ကောက်၊ ဆွဲကြိုး အိတ်ဆိုင်လေးတွေ ဟိုနားဒီနား တွေ့နေရပါတယ်။ နွေရာသီကာလမို့ ရေခဲမုန့်ဆိုင်လေးတွေကလည်း နေရာမလပ် တွေ့နိုင်တဲ့အချိန်ပါ။ ဆောင်းတွင်းနှင်းကျတဲ့အချိန်တွေမှာတော့ ရေခဲမုန့်ဆိုင်လေးတွေ အသီးသီးပျောက်ကုန်ကြတာပေါ့။ မဖွင့်ကြတော့ဘူး။ ရတဲ့အချိန်လေးမှာ တောင်ကုန်းမြင့်မြင့်ပေါ်က ရှုခင်းကိုကြည့်ကြဖို့ ခုံတန်းလေးမှာထိုင်ရင်း အောက်ခြေကို ငေးနေတဲ့အချိန် ဘေးမှာ ၀တ်ရုံအနက်ဖားဖား ဖြတ်ကနဲတွေ့လိုက်တာနဲ့ လှည့်ကြည့်လိုက်တော့ ဒရက်ကူလာသရုပ်ဆောင်ကြီးပေါ့။ သူက တောင်ကုန်းအောက်ခြေကို ဆင်းသွားကြတဲ့ မိတ်ဆွေတွေကို လက်ပြနေလေရဲ့။
အဟုတ် လက်ပြနေတာပါ။ ကိုယ်လည်းရိုက်ရော သူက လက်ကြီးချလိုက်တာ။ တကယ်ပါ :D
ဆီဂီရွှားရားမှာ ကြိုးကျစ်သူတွေရဲ့မျှော်စင်၊ အပ်ချုပ်သမားတွေရဲ့ မျှော်စင်၊ ဖိနပ်ချုပ်သမားတွေရဲ့ မျှော်စင်တွေဆိုပြီး မျှော်စင်တွေ ၁၄ ခုခန့်ရှိပါတယ်။ မိုင်ဝက်ရှည်လျားတဲ့ ခံတပ်နံရံ နဲ့ အဲဒီမျှော်စင်တွေဆက်သွယ်တည်ဆောက်ထားကြတယ်။ အခုတော့ မျှော်စင် ၉ ခုပဲ မြင်တွေ့နိုင်ပြီး တခြားမျှော်စင်တွေ ပြိုကျပျက်စီးသွားခဲ့ပြီလို့ ဆိုပါတယ်။ ကျွန်မတို့ ဆီးဂီရွှားရားမြို့ဟောင်းထဲ လျှောက်ကြည့်ပြီးကြတဲ့အချိန်ရောက်တော့ မွန်းလွဲပိုင်းကျော်လွန်ခဲ့ပြီ။

နောက်တစ်နေရာက ဘရာ့ရှော့ဗ်(Brașov)မြို့ပါ။ 
ဟောလိဝုဒ်စတိုင်လ်ပေါ့
ရိုမေးနီးယားမြို့တော် ဘူခါရက်ရှ် မြောက်ပိုင်း ၁၆၆ ကီလိုမီတာအကွာ ရိုမေးနီးယားနိုင်ငံအလယ်ပိုင်းမှာရှိနေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ဘရာရှော့ဗ်မြို့ဟာ ရိုမေးနီးယားမြို့တော်ရဲ့ အမျိုးသားသီချင်း “နိုးထလော့ ရိုမေးနီးယန်းတွေရယ်” ပေါ်ထွက်ခဲ့ရာမြို့အဖြစ် နာမည်ကြီးခဲ့တာပါ။ လွတ်လပ်ရေးနဲ့ မျိုးချစ်စိတ်နိုးကြားတက်ကြွစေတဲ့ စာသားတွေနဲ့ စပ်ဆိုထားတယ်။ ၁၈၄၈ ခုနှစ် ကွန်မြူနစ်ခေတ်ကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း ကွန်မြူနစ်ခေတ်က အသုံးပြုခဲ့တဲ့ အမျိုးသားသီချင်း “သုံးရောင်ခြယ်” သီချင်းကို ဖယ်ရှားပစ်လိုက်ကြတယ်။ နိုးထလော့ ဆိုတဲ့ မျိုးချစ်စိတ်နိုးကြားတက်ကြွစေတဲ့သီချင်းကို ပြောင်းလဲအသုံးပြုနိုင်ခဲ့ကြပါတယ်။
ဒီလို မျက်စိ နှစ်လုံးနဲ့ အိမ်တွေ ကြည့်ရတာ ကိုယ့်ကိုပဲ ကြည့်နေသလိုလို
ဘရာ့ရှောဗ်မြို့ရဲ့ထူးခြားမှုတစ်ခုက Golden Stag International Music Festival ကို အိမ်ရှင်အဖြစ် နှစ်စဉ်ဆောင်းဦးကာလတွေမှာ ကျင်းပတာပါ။ ရစ်ကီမာတင်၊ ပင့်ခ်၊ ရှဲရီခရိုး၊ စင်ဒီလော့ပါး၊ ဒိုင်ယာနာရိုစ့်၊ ခရစ်တီးနားအဂွီလီရာ၊ စကော်ပီဟန်စ်၊ ရေးချားလ် အစရှိတဲ့ ဂီတပညာရှင်တွေ ဆင်နွဲခဲ့ကြဖူးပါတယ်။ ရင်ပြင်မှာ ကျင်းပလေ့ရှိတယ်။ ၂၀၁၀ နဲ့ ၂၀၁၁ ခုနှစ်မှာတော့ ကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။ ရင်ပြင်ဘေးဘက်တွေမှာ တောင်ကုန်းမြင့်တွေ ရှိနေပြီး ဟောလိဝုဒ်စတိုင်လ်အတုယူပြီး တောင်နံရံတွေပေါ်မှာ Brașov ဆိုတဲ့ စာလုံးတွေဖော်ထားကြတယ်။ ကျွန်မတို့ ရောက်သွားတဲ့အချိန်မှာ မိုးရွာနေတာကြောင့် နေရောင်မမြင်ရပဲ ကြည့်လိုက်သမျှနေရာတိုင်းက မှိုင်းမှိုင်းညို့ညို့ မြူတွေ အုံ့ဆိုင်းလို့ နေတာပါပဲ။ နေ့လည်စာကိုတော့ tour ကလည်း စီစဉ်မပေးပါဘူး၊ အချိန်ကလည်း မရတာကြောင့် ကျွန်မတို့တွေ tour guide ကောင်းတယ်လို့ ညွှန်းလိုက်တဲ့ ကိတ်မုန့်ဆိုင်လေးဆီကို သွားကြရတာပေါ့။ ဗိုက်လည်း ဆာကြပြီလေ။ တစ်ညလုံးခရီးဝေး ကားစီးလာကြရပြီး တစ်မနက်လုံး မနားတမ်း လမ်းတွေလျှောက်လိုက်ရတာဆိုတော့ ဗိုက်ဆာကြပြီပေါ့
သစ္စာပန်းလေးတွေ၊
ပုံထဲပြန်ကြည့်မှ တွေ့တာ။
အပြင်မှာ ဗိုက်ဆာလို့ ဇောကပ်နေတော့
မမြင်လိုက်
ကျွန်မတို့ ဆိုင်လေးထဲလည်း ထိုင်ကြရော မိုးကလည်း ခပ်ဖွဲဖွဲကနေ တချက်တချက် ပိုပိုပြီး သည်းလာပါပြီ။ ကိတ်မုန့်ဆိုင်လေးထဲမှာ လူတွေပြည့်နေတာပါပဲ။ စားပွဲပေါ်မှာ နှင်းဆီပန်းတစ်ပွင့်စီပန်းအိုးလေးတွေနဲ့ ဆိုင်လေးက ချစ်စရာပါ။ သစ္စာပန်းတွေလည်း ကောင်တာဘက်ပန်းအိုးလေးတွေမှာ ထိုးထားတာတွေ့ရသေးတယ်။ မှာထားတဲ့မုန့်စောင့်နေရင်းနဲ့မှ ရိုမေးနီးယားပိုက်ဆံဆီကို အကြည့်က ရောက်မိတော့တယ်။ ယူအက်စ်ဒေါ်လာ ၁၀၀ ကို ရိုမေးနီးယားငွေ ၃၅၀ လဲ (Lei) နဲ့ဆိုတော့  ဆယ်ဂဏန်း ရာဂဏန်းငွေတွေနဲ့ အသုံးပြုနေနိုင်သေးတယ်။ ငွေဈေးမြင့်တယ်ပြောရမှာပါ။ ရိုမေးနီယားပိုက်ဆံမှာ နေကြတ်တာကိုကြည့်နိုင်တဲ့ပလတ်စတစ်ပြားလေး ပိုက်ဆံတန်ဖိုးအလိုက် ခွဲခြားပြီး ပုံစံမျိုးစုံ ထည့်ထားတယ်။ ၂၀၀၀ခုနှစ် နေကြတ်တုန်းကထုတ်ခဲ့တာလို့ tour guide ကပြောပြပါတယ်။ အဲဒါလေးကပိုက်ဆံကိုလည်း မပျက်စီးအောင်ကာကွယ်ပေးတာတွေ့ရလို့ ခုနောက်ပိုင်းစက္ကူတိုင်းထည့်ထားတယ်လို့လည်း ဆိုတယ်။
 ဒီဘက်မှာ ဆားဘီးယားရော၊ ရိုမေနီးယားမှာပါ အလုပ်လုပ်နေကြသူတွေကြည့်လိုက်ရင် အသက်တော်တော်ကြီးတဲ့အထိ လုပ်ငန်းခွင်ထဲမှာ ရှိနေကြပါသေးတယ်။ မြန်မာနိုင်ငံမှာ ဆိုရင် သားသမီးတွေက အိမ်ဦးခန်းထားပြီး စောင့်ရှောက်ကြတဲ့အရွယ်မျိုးတွေက ဒီဘက်တွေက အလုပ်ခွင်ထဲမှာ နေရာတိုင်းတွေ့နိုင်ကြပါတယ်။ ကျွန်မတွေ့မိသလောက်တော့ Mc Donald ဆိုင်နဲ့ တချို့ ကော်ဖီဆိုင်လေးတွေကလွဲလို့ အစိုးရရုံးတွေနဲ့ ဆေးရုံဆေးခန်းတွေမှာ ၀န်ထမ်းတွေကအသက်ကြီးကြီး အမျိုးသမီး အမျိုးသားတွေပါ။ အခု ဒီကိတ်မုန့်ဆိုင်လေးမှာလည်း ကောင်တာက အမျိုးသမီးတွေရယ်၊ စားပွဲထိုးအမျိုးသားရယ် အားလုံးက အသက်ငယ်ငယ်တစ်ယောက်မှ မပါပါဘူး။ ကျွန်မတို့ ကော်ဖီသောက် မုန့်စားပြီးကြတာနဲ့ Brașov က Black Church ဘုရားကျောင်းဆီကို ခြေဦးလှည့်ကြပြန်ပါတယ်။ 
ဒီဘုရားကျောင်းကလည်း Gothic Style အထိမ်းအမှတ်ဘုရားကျောင်းပါပဲ။ ဘူဒါပက်စ်၊ အီစတန်ဘူလ်မှာရှိတဲ့ Gothic Church တွေထဲမှာ အကြီးဆုံး ဘုရားကျောင်းလို့ဆိုတယ်။ ဆီဂီရွှားရားက ဘုရားကျောင်းတွေလိုပါပဲ မူလက ရိုမန်ကက်သလစ်ဘုရားကျောင်းတည်ဆောက်ပုံမျိုးပါ စိန့်မေရီဘုရားကျောင်းလို့ ခေါ်ကြတယ်။ ၁၃၈၃ ခုနှစ်လောက်က စတင်ဆောက်လုပ်ခဲ့ကြတယ်။ ဘူလ်ဂေးရီးယန်းအလုပ်သမားတွေနဲ့ လက်မှုပညာရှင်တွေက ဘူလ်ဂေးရီးယန်းအစုအဖွဲ့တည်ထောင်ချင်လို့ စတင်ခဲ့ကြတယ်တဲ့။ လူသိများတဲ့ ဒဏ္ဍာရီမှာတော့ နံရံတစ်ခုကယိုင်နေပါတယ်လို့ သွားပြောခဲ့တဲ့ ဂျာမန်ကလေးငယ်တစ်ဦးကို ဒေါသထွက်သွားတဲ့ ဘူလ်ဂေးရီးယန်းအလုပ်သမားတစ်ဦးဟာ ကလေးကို ဘုရားကျောင်းမျှော်စင်ထဲ တွန်းထိုးထည့်လိုက်တယ်။ ပြီးတော့ အုတ်တွေနဲ့ ကာရံပိတ်ထားခဲ့တယ်တဲ့။ 
အတွင်းပုံတွေ ရိုက်လို့မရခဲ့ပါဘူး။ အင်တာနက်ကယူထားတာပါ။
၁၆ရာစုမှာ မီးစွဲလောင်ခဲ့ပါတယ်။ ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ပြီးတဲ့အခါမှာ Black Church လို့ အမည်တွင်သွားခဲ့ပါတယ်။ ဝင်ကြေးက တစ်ဦးကို ၆ လဲ (lei) ပါ။ ဘုရားကျောင်းထဲဝင်ကြတော့ အထဲမှာ အသက် ၁၅၊ ၁၆ အရွယ်မိန်းကလေးငယ်လေးတွေက လာမေးပါတယ်။ guide ယူမလားပေါ့။ ဘယ်ဘာသာစကားနဲ့ guide မျိုးလိုချင်သလဲလို့ မေးပါတယ်။ guide လုပ်ပေးမယ် ဆိုပြီး ပိုက်ဆံအဆမတန်တောင်းမှာလန့်ပြီး ကျွန်မက အင်တင်တင်စဉ်းစားနေတုန်းမှာပဲ သူတို့က ဝင်ကြေးထဲမှာ guide အတွက် ဝန်ဆောင်ခပါပြီးသားပါ။ ထပ်ပေးစရာမလိုပါဘူးလို့ ပြုံးပြုံးရွှင်ရွှင်လေးတွေ ရှင်းပြကြပါတယ်။ အဲဒါနဲ့ပဲ ကျွန်မတို့ အင်္ဂလိပ်စကားပြောလိုချင်တယ်ဆိုတော့ မိန်းကလေးတွေထဲက တစ်ယောက်က သူပါ ဆိုပြီး ထွက်လာပြီး မိတ်ဆက်ပါတယ်။ လေယူလေသိမ်းက သူတို့လေသံလေးပေါက်နေပေမယ့် ကျွမ်းကျွမ်းကျင်ကျင်ပါပဲ။ ခပ်သွက်သွက်လေးရှင်းပြပါတယ်။ ကျွန်မမှာဖြင့်  နားလည်အောင် မနည်းလိုက်နားထောင်နေရသေးတာပါ။ ကျွန်မအတွက် ဒီလိုဘုရားကျောင်းတွေရောက်ဖူးတာမဟုတ်တော့ စိတ်ဝင်စားစရာပါပဲ။ အထူးသဖြင့် အဲဒီဘက်က ဘုရားကျောင်းတွေမှာ ထားတဲ့ pipe organ တူရိယာကိုပါ။ Black Church မှာရှိတဲ့ pipe organ မှာ ပိုက်ပေါင်း ၄၀၀၀ကျော်ရှိတယ်။ ကီးဘုတ်က ၄ ခုရှိပါတယ်။ ကီးဘုတ်ကခလုတ်တွေကို ဖိနှိပ်လိုက်တဲ့အခါ လေဖိအားနဲ့ ပိုက်လုံးတွေကို ရိုက်ခတ်ပြီး ထွက်ပေါ်လာတဲ့ဂီတသံတွေဟာ သာယာနာပျော်ဖွယ်ကောင်းလှတယ်။ မြိုင်မြိုင်ဆိုင်ဆိုင်တူရိယာသံမျိုးပါ။ Black Church မှာတော့ နားမထောင်ခဲ့ရပါဘူး။ Choir ဆိုကြတဲ့အချိန်၊ ဂီတပွဲတွေရှိတဲ့သီးသန့်အချိန်မှသာ အသုံးပြုကြတယ်တဲ့။ (နောက်မှ youtube မှ ပြန်ရှာပြီး နားထောင်ကြည့်လို့ pipe organ တူရိယာရဲ့ အသံထွက်သိလိုက်တာပါ :D )
ဒီပုံရောပဲ
စကားပြန်မလေးက စကားပြောနေရင်းနဲ့ ဟောဒီမှာကြည့်ပါဦးဆိုပြီး ဘုရားကျောင်းထဲက ခုံတန်းတွေမှာထိုင်လိုက်တယ်။ ပြီးတော့ ဘုရားကျောင်းအတွင်းဘက် ကိုလှည့်ထားတဲ့ခုံတန်းကို ဆွဲယူလိုက်ပြီး တစ်ဘက်ကိုလှန်လိုက်တော့ ၀င်ပေါက်အပေါ်ဘက်မှာရှိနေတဲ့ pipe organ ဘက်ကို လှည့်ပြီးသားဖြစ်သွားတယ်။ ဂီတပွဲတွေရှိတဲ့အခါဆိုရင် လာကြတဲ့ပရိတ်သတ်တွေက pipe organ ဘက်ကို လှည့်ပြီး ထိုင်ကြတယ်။ ကြည့်ကြတယ်တဲ့။ ဘုရားကျောင်းတရားနာလာတဲ့အခါဆိုရင်တော့ အတွင်းဘက် စင်မြင့်ဘက်ကို လှည့်ထိုင်ကြတာပေါ့ လို့ ပြောပြပါတယ်။ ပြီးတော့ နံရံဆေးရေးပန်းချီတွေအကြောင်းရှင်းပြတဲ့ဘက်ရောက်သွားပြန်ရော။ အဲဒီမှာ ခုံတန်းတွေရဲ့ ညာဘက်အခြမ်းက မယ်တော်မာရီနဲ့ ဂျီးဆပ်နံရံဆေးပန်းချီဟာ မူလကတော့ အနီရောင်ဆေးနဲ့ရေးထားခဲ့တာပါ။ မီးသင့်ခဲ့တော့ ၀တ်ရုံနေရာတစ်ခုပဲ အနက်ရောင်ပြောင်းသွားခဲ့ပါတယ်လို့ မိန်ကလေးက နံရံဆေးရေးပန်းချီကားရှိရာ ညွှန်ပြရင်းနဲ့ ပြောပြတယ်။ ဘုရားကျောင်းမတည်ခဲ့သူတွေ လှူဒါန်းထားတဲ့ တူရကီလက်ရာ ကောဇောပေါင်း ၂၀၀ ကျော်ကို အခုထက်တိမူလအတိုင်း ထိမ်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဘုရားကျောင်းမှာတော့ ဘေးဘက် ၀ဲယာ အရေအတွက်အနည်းသာ ပြသထားတယ်။ ညာဘက်အလယ်ပိုင်းလောက်မှာ ချိတ်ပြထားတဲ့ ကောဇောတစ်ခုရဲ့ အလယ်မှာ အပ်ချုပ်ရာအကြောင်းကိုလည်း ခုထိမြင်နိုင်ပါတယ်။ ဒဏ္ဍာရီကတော့ ဖခင်တစ်ဦးက အမွေအဖြစ် သားနှစ်ယောက်ကို တစ်ဝက်စီပိုင်းပြီးပေးခဲ့သတဲ့။ သားတွေကလည်း နောက်ပိုင်း ဘုရားကျောင်းကို အတူတူလှူဒါန်းခဲ့ကြတယ်တဲ့။ အဲဒီလို ကောဇောတွေကို အမြတ်တနိုးတန်ဖိုးထားပြီး အသုံးပြုခဲ့ကြတဲ့ခေတ်ကာလကလည်း အထူးအဆန်းပါပဲ။ ကြမ်းခင်းတွေမှာ ထူးခြားတာက ကြမ်းခင်းအောက်ခြေမှာ အနွေးဓာတ်လွှတ်ပေးနိုင်တဲ့စနစ်ထည့်သွင်းတည်ဆောက်ထားတာပါ။ မှန်ကူကွက်လို့ခေါ်မလားပဲ မှန်နဲ့မဟုတ်ပေမယ့် သစ်သားအကွက်အတုံးလေးတွေအောက်ကနေ ပူနွေးတဲ့လေကို ဆောင်းတွင်းတွေမှာ လွှတ်ပေးနိုင်တယ် လို့ဆိုတယ်။ ယုံကြည်သူတွေကတော့ အဲဒီကြမ်းခင်းကွက်လေးတွေထဲ ပိုက်ဆံဒင်္ဂါးပြားလေးတွေပစ်ထည့်ကြလေ့ရှိတယ်။ ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်မှုနဲ့ပါပဲ။ ဘုရားကျောင်းရဲ့ တိုင်လုံးတွေမှာ ဒီနေ့အတွက်ရွတ်ဆိုမယ့် ကျမ်းစာနံပါတ်ကို နေ့စဉ်နေ့တိုင်း လက်နဲ့ ပြောင်းလဲ ချိတ်ဆွဲပေးကြတဲ့ ဓလေ့ကိုလည်း အခုထိကျင့်သုံးနေကြဆဲပါလို့ မိန်းကလေးက ရှင်းပြပါတယ်။
အတွင်းဘက် တံခါးတွေရဲ့ အပေါ်က ရုပ်တုလေးခုဟာ မီးသင့်လောင်ကျွမ်းခဲ့တာကြောင့် အမဲရောင်ပြောင်းနေတာမြင်တွေ့ခဲ့ရသေးတယ်။ အရင်ကတော့ ဒီရုပ်တုတွေက ဘုရားကျောင်းအပြင်ဘက်ကရုပ်တုတွေပါ။ မီးစွဲလောင်ခဲ့ပြီးနောက် ဘုရားကျောင်းအတွင်းပိုင်းမှာ ပြန်လည်ထားရှိခဲ့ကြတယ်။ ဘုရားကျောင်းရဲ့ ဘေး ဘယ်ညာဝဲယာမှာ သေတ္တာကြီးတွေစီရီချထားသလို သစ်သားစင်မြင့်တွေတွေ့ရသေးတယ်။ စကားပြန်မိန်းကလေး ပြောပြတာကို နားထောင်ကြည့်ုရတော့ ဟိုးအရင်ခေတ်တွေက လူမျိုး၊ ဇာတ်ခွဲခြားမှုတွေ အင်မတန်ပြင်းထန်ခဲ့တယ်ဆိုတာ သိလိုက်ရပြန်ပါတယ်။ ဘုရားကျောင်းကို တရားတော်အဆုံးအမနာခံဖို့ရောက်လာခဲ့ကြသူတွေမှာတောင် ဆင်းရဲချမ်းသာ၊ ရာထူးအနိမ့်အမြင့်အတိုင်း နေရာယူထိုင်စေကြတာကြောင့်ပါ။ ပုံမှန်ဆင်းရဲသား သာမန်လူတန်းစားတွေအတွက် အလယ်မှာရှိနေတဲ့ခုံတန်းတွေမှာပဲ ထိုင်စေပြီး၊ ခုနက သေတ္တာလို စင်မြင့်တွေမှာ (VIP အခန်းလို့ခေါ်ကြတဲ့ နေရာမှာ)အပ်ချုပ်သမား၊ ငွေထည်လုပ်ငန်းလုပ်ကိုင်သူ၊ အုပ်ချုပ်ရေးအရာရှိ၊ မုဆိုးများ စသဖြင့် အမှတ်အသားနဲ့ စင်မြင့်မှာ ထိုင်နိုင်ကြတယ်။ ၀င်ပေါက်ကနေ အတွင်းဘက်လှည့်ထားတဲ့ VIP စင်မြင့်တွေမှာတော့ လုံ့လ၀ီရီယ၊ မျှော်လင့်ခြင်း၊ ပညာ၊ တရားမျှတခြင်း၊ သီလစင်ကြယ်ခြင်း၊ သည်းခံခြင်း၊ စေတနာထက်သန်ခြင်း၊  အချစ်၊ သနားကြင်နာမှု နဲ့ သံယောဇဉ်ကြီးမြတ်မှု ဆိုပြီး နာမည်တွေတစ်ခုစီရေးထားတာကို မိန်းကလေးက ရှင်းပြပေးပါတယ်။ ကျွန်မစိတ်ထဲမှာတော့ ဘယ်သူကများ ဘယ်သူ့ကို ဘယ်လိုဆိုပြီး သတ်မှတ်ပေးထားနိုင်ခဲ့ပါသလဲလို့ စိတ်ထဲကပဲ စောဒကတက်လိုက်မိတယ်။ ဘယ်လိုလူတွေက ဒီနေရာကို ရွေးချယ်ထိုင်ခဲ့ကြသလဲ စဉ်းစားနေမိတော့တယ်။ တရားမျှတခြင်း၊ သီလစင်ကြယ်ခြင်းဆိုတဲ့နေရာမှာ ဘယ်သူတွေကများ မက်မက်မောမော ထိုင်နိုင်ခဲ့ကြသလဲ အံ့အားတသင့် တွေဝေမှင်သက်ခဲ့ရတဲ့အထိပါပဲ။
Black Church ကနေအပြန် ခဏနားခိုရမယ့်ဟိုတယ်ရှိရာ ခရီးဆက်ကြတော့ ဘေးပတ်ဝန်းကျင်တစ်ခွင် အဆောက်အဦးတွေရဲ့ ကြားထဲက ဖြတ်ကနဲဖြတ်ကနဲမြင်နေရတဲ့ တောင်တန်းတွေမှာ မြူခိုးတွေ လွင့်ကာမျောကာ ဖုံးကာနေလိုက်တာများ မှုံမိုင်းဝေသီလို့ … 
ကျွန်မရဲ့ စိတ်ထဲမှာလည်း …..
ဟိုး အရင်ခေတ်တွေဆီက ဘုရားကျောင်းထဲက လူသားတွေရဲ့ အဆင့်အတန်းခွဲခြားခံရမှုတွေကို သနားကြင်နာမိရင်း ကျွန်မအတွေးတွေလည်း အုံ့ဆိုင်းမှိုင်းညို့လို့ နေခဲ့ရတာပေါ့။
ဘတ်စ်ကားထဲက အပြင်ကိုရိုက်တော့ ... ဒီလို မှုန်ရီဝေ ၀ိုးတ၀ါး ...
(နောက်တစ်ပိုင်းမှာ ဒရက်ကူလာရဲတိုက်ကြီးဆီသွားကြမယ်နော်။ ဟိုဟိုဒီဒီ အလုပ်ရှုပ်နေတာနဲ့ပဲ ခရီးကပြန်ရောက်တာကြာပဲကြာပြီ မရေးနိုင်ခဲ့တာ။ ရေးပြန်တော့လည်း ရှည်လျား၊ ကျွန်မ ကိုယ်တိုင်အတွက်လည်း မှတ်တမ်းလို သိမ်းထားချင်တာနဲ့ ရှည်သွားလို့ ဖတ်ရတာမျက်စိညောင်းရင် ခွင့်လွှတ်ပါပေါ့။ ဒီ့ထက်အသက်ပိုကြီးလာရင် ကျွန်မက ပိုမေ့ဦးမှာ။ မေ့တတ်လွန်းလို့ပါ။ :D တချို့ပုံတွေကို wiki က ယူထားပါတယ်။)

သွေးဆာတဲ့ဘုရင်ဒရက်ကူလာ ရဲ့ မြို့တော်ဆီ (အပိုင်း ၁)