Tuesday, April 24, 2012
နေညိုရင် ရွှေဘိုက မြကလေးကို လွမ်းတယ်...
ဟယ်..လှလိုက်တဲ့ ဆည်းဆာနေရီကလေး။
သီရိ ကင်မရာထုတ်ပြီး အမြန်မှတ်တမ်းတင် ရိုက်ကူးလိုက်သည်။
သီရိ ရိုက်ကူးလိုက်တဲ့ ပုံကလေးက ကျေနပ်အားရစရာပါ။
ရဲရဲနီနေတဲ့ နေလုံးကလေး ဟိုအနောက်ကို ၀င်ရောက် ပျောက်ကွယ်တော့မယ်။ ဒါပေမဲ့ ..
 ဖြတ်ကနဲ သီရိရင်မှာ နာကျင်လာသည်။ မြကလေးကို သတိရလာတာကြောင့်ပါ။
နေညိုရင် ရွှေဘိုက မြကလေးကို လွမ်းမိပါသည်။
ဟို ငယ်ငယ် သီရိ တို့ ကျောင်းသားဘ၀က စာမေးပွဲအဖြေလွှာတွင် မှတ်ချက်ရေးခိုင်းရာမှာ   လောကဓံတရားကို ကြံ့ ကြံ့ ခံနိုင်စွမ်းရှိသူ တရားဓမ္မနှင့်ပြည့်ဝသူလို့  သီရိ က မှတ်ချက်ရေးခဲ့ဖူးသည်။
ဟုတ်ပါသည်။
အသတ်ခံရတော့မည့်ဆဲဆဲမှာတောင် မတုန်မလှုပ် နှင့် တေးထပ်တပုဒ်ရေးပြီး ဘုရင်ကို သတိပေးဆုံးမသွားတာမို့ တရားဓမ္မနှင့်ပြည့်ဝသူလို့ သီရိ မှတ်ချက်ရေးခဲ့တာပါ။ ဒီလိုအချိန်ကလေးမှာပေါ့။
ဝင်လုဆဲ နေရောင်အောက်မှာ..မြကလေး တယောက် တေးဖွဲ့ လို့ နေသည်။ အချိန်က မိနစ်ပိုင်းမျှသာမြကလေးအတွက် ကျန်တော့သည်။
ဝါသနာတူမို့  ပြင်စည်မင်းသားနှင့် တေးဆိုကြ ဖွဲ့ ကြရာမှာ ဘုရင်ကိုလုပ်ကြံဖို့ ပူးပေါင်းခြင်းဖြစ်တယ်လို့  မလိုသူ ဂုံးစကားကို ဘုရင်က ယုံစားသတဲ့။
တောင်စွယ် နေကွယ်ရင် မြကလေး လည်မျိုကို ဒုတ်တိုနှင့်ရိုက်သတ်တော့မည်..။
တယောက်က ကတ္တီပါအိပ်ကိုင်လို့ ချည်ဖို့ ကြိုးကိုလဲ  တဘက်မှာ ကိုင်ထားသေးသည်။
အလို.. နေကွယ်တော့မည်။
ဝင်လုဆဲ နေရဲ့ အ၀န်းအ၀ိုင်းပတ်လည်ကနေ  မြကလေးရဲ့ သွေးတွေစွန်းထင်းကျရောက်နေရော့ လား။
ဟင့်အင်း။ မဟုတ်နိုင်ပါဘူး။
မဟာဆီ မဟာသွေးတွေရဲ့ သွေးးဟာ မြေမှာ မကျရဘူးတဲ့။ သီရိ ကြားဖူးနေ၏။ ကတ္တီပါအိပ်စွပ်ပြီးလည်မျိုကို ဒုတ်တိုနှင့်  တစ်ချက်ထဲ အသေ ရိုက်သတ်တာပါ။
အမိန့်ပေးစေခိုင်းသူရော ကိုယ်ထိလက်ရောက်ကျူးလွန် ရိုက်နှက်သူရော ရက်စက်သူ လူစိတ်မရှိသူတွေ လို့  သီရိ အ်ာပစ်လိုက်ချင်မိသည်။
တောင်စွယ်နေမကွယ်ခင်ကလေးမှာ နေလုံးကလေးမပျောက်ခင် အချိန်ကလေးရတုံး..မှာ..
ခမြာ တေးတပုဒ်ကို  အမှီရေးထုတ်ဖို့ စိတ်အားထက်သန်နေလေရဲ့။
“လောကဓံရှစ်ပါး ၊ဘုရားပဟောရာ”  တဲ့။
ဘုရားရှင် က ဟောပြောသွန်သင်ခဲ့ပြီးမို့ မြကလေး ခံနိုင်ရည်ရှိပါသတဲ့။
 ဒါဟာ ဖြစ်ပြီးရင် ပျက်တတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်တွေ ဆိုတာ အသင်မင်းကြီးသာ စွဲစွဲမြဲမြဲ မှတ်ထားရစ်ပါ တော့တဲ့။
“ ဖြစ်ပျက်မြဲဓမ္မတာ သေချာစွာ မှတ်စွဲ ၊
သတ္တ၀ါတို့ မည်သည် ၊ မတည်ကြည် ဖေါက်ပြန်တတ်မြဲ၊”
သတ္တ၀ါတိုင်းဟာ ဒီလိုပါဘဲ။အမျိုးမျိုး  ဖေါက်ပြန်ပြောင်းလဲနေကြတာ ဓမ္မတာပါ လို့  မြကလေးပြောနေသည်။
“ ငါမင်းလို့  ပြုပြန်လျှင် ၊ခံရသူအသစ်ပ ၊
အဖြစ်ဖြစ်အတန်တန်။လွဲသင့်ပေတန်”
ငါဘုရင်ဘဲလို့  ထင်သလို စီရင်ချက်ချမယ်ဆိုရင်လဲ မြကလေးက ခံရမှာပါ ရွှေနန်းရှင်ရယ် တဲ့။ ဒါပေမဲ့  သင်္ခါရတရားလို့  ရှုမှတ်ပွားများထားသူမို့  မြလေးကမဖြုံပါဘူး..” လို့  တစာစာပြောရင်း ဆိုရင်း
တေးဖွဲ့ နေရှာတာပါ။
နောက်ဆုံးအပိုဒ်ကလေးကတော့ …
“သင်္ခါရ လမ်းမှန်ကို ရွှေဥာဏ်တော်ရှုအုံးရှင့် လေး တဲ့။
မြကလေးရယ်။
“မှန်ကန်တဲ့ လမ်းပေါ်အရောက် ရွှေဥာဏ်တော်ကွန်ယက်ကို ဖြန့်ကျက်လို့  ကြည့်ပါဦး”လို့
ရှင်ဘုရင်ကိုမြကလေးက နောက်ဆုံးအနေနှင့်  အသနားခံ သတိပေး ဆုံးမစာ ရေးထားခဲ့၏။
 မြကလေး ရေးဖွဲ့ ခဲ့တဲ့  ပတ်ပျိုး သီချင်းခံ စတာတွေအများအပြားထဲမှာ ဒီတေးထပ်ကလေးက နောက်ဆုံး လူသတ်ကုန်းမှာ ရေးဖွဲခဲ့ တာပါ။ အချိန်လုံလုံလောက်လောက် မရလို့ ထင်ပါရဲ့ တေးထပ်ကလေးက ပိုဒ်မစုံရှာဘူး။
(ဒါမှမဟုတ် သမိုင်းဆရာတို့  မှတ်တမ်းမပြုခဲ့နိုင်သလားမဆိုနိုင်ပါ။ )
မနာလို အူတိုသူ မောင်းမတွေစကား ဘုရင်ဆိုသူက အကောင်းထင်သတဲ့။ ခေါင်းမရှိတဲ့မင်း လို့ သာ  သီရိ ဆိုလိုက်ချင်တော့။
အလို..တောင်စွယ်မှာ နေကွယ်ပါပေါ့လား။
ကတ္တီပါအိပ်ကိုင်ထားသူက “ကြာတယ် ကြာတယ် လာလေဟဲ့ ” တဲ့။
မြကလေးကို ရာဇ၀တ်ကောင်သဖွယ် ဆံပင်ဆွဲခေါ်ပြီးခေါင်းကနေ အိပ်ကို စွပ်ချလိုက်ပြီ။
ကြိုးကိုလဲ ချည်နှောင်နေပြီ။
မြကလေးကတော့.. ရွှေနန်းရှင်နှင့် ဒဂုံဆံတော်ရှင်ဘုရားရောက်ရှိစဉ် ပြုခဲ့ဖူးသည့် အနောက်ဘက်စောင်းတန်းအလှူတော်ကို ပြန်လည် အောက်မေ့ဆင်ချင်ရင်း …  ငြိမ်သက်စွာ ခေါင်းကလေးမော့ပေးလိုက်သည်။
ပါးကွက်အာဏာသားက ဒုတ်ကြီးကို အားရှိပါးရှိ လက်နှစ်ဘက်နှင့် မြဲမြဲကိုင်ပင့်မြှောက်လိုက်ပြီ။ ပြီးတော့ ကတ္တီပါအိပ်စွပ်ထားတဲ့  မြကလေးလည်ပင်းဆီကို…တစ်ချက်တည်း…..။
နေညိုရင် ရွှေဘိုက မြကလေးကို လွမ်းမိတော့သည်။       ။
“မြလေးဆိုတဲ့  အနောက်မိဖုရားရယ်က..
ကျောက်စီဓါး ရယ်နဲ့  အပါးတော်မှာ ရံ
..သူတေးဖွဲ့ တာ ..သူရေးခဲ့တာ ..
ပတ်ပျိုး ..သီချင်းတော်ခံ..”
ခင်မေသစ်
၂၊ ၄၊ ၂၀၁၂
Monday, April 16, 2012
ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၂)
ဘက်ပေါင်းစုံက ပိတ်ပင်တားဆီးမှုတွေစုပြုံရရှိခဲ့ပြီး အာရပ်လိဂ်အပြင်ဘက်ရောက်ခဲ့ရတဲ့ အာရပ်နိုင်ငံတစ်နိုင်ငံရဲ့ လမ်းကြောင်းပြောင်းလဲလာလေမလား။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ခြေလှမ်းတွေကို စောင့်ကြည့်ရပါဦးမယ်။ သမ္မတအာဆတ်ဒ်ကတော့ နိုင်ငံအတွက် အသေခံဖို့ဆန္ဒရှိတယ်လို့ ပြောနေပါတယ်။ နိုင်ငံအတွက်ထားတဲ့ သမ္မတအာဆတ်ဒ်ရဲ့ဆန္ဒအတိုင်းပဲ ဆီးရီးယားနိုင်ငံရဲ့အနာဂတ်လှပလာလေမလား မျှော်လင့်စောင့်စားကြရမှာပါပဲ။ ပိတ်ပင်တားဆီးမှုတွေကို သမ္မတအာဆတ်က ဂရုပြုခဲ့ဟန်မတူပါဘူး။ အကြမ်းဖက်နှိမ်နင်းတိုက်ခိုက်မှုတွေဟာလည်း တစ်နှစ်ကျော်လာခဲ့ပါပြီ။ ပြင်းထန်နေဆဲအကြမ်းဖက်မှုတွေကို အဟန့်အတားဖြစ်စေဖို့ ယူအန်-အာရပ်လိဂ်သံတမန်အဖွဲ့ကို ဆီးရီးယားနိုင်ငံထဲဝင်ရောက်ခွင့်နဲ့အတူ ကြိုးပမ်းချက်တစ်ရပ်အဖြစ် အချက် ၆ချက်ပါတဲ့ ညွှန်ကြားချက် ကို ကုလသမ္မဂအထွေထွေအတွင်းရေးမှူးဟောင်း ဂါနာလူမျိုး သံတမန် ကိုဖီအာနန်က ၁၉၁၂ ဖေဖေါ်ဝါရီ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချက်တွေမှာ >>
(၁) သံတမန်အဖွဲ့ကို ဆီးရီးယားပြည်သူတွေလိုလားထောက်ခံတဲ့ ဆီရီးယားပြည်သူတွေဦးဆောင်တဲ့နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲရေးမှာ ပါဝင်လက်လုပ်ကိုင်ခွင့်ပြုရမယ်။
(၂) ပြည်သူပြည်သားတွေကိုကာကွယ်ဖို့ နဲ့ နိုင်ငံတည်ငြိမ်စေဖို့၊ လက်နက်ကိုင်တိုက်ခိုက်တဲ့ အဖွဲ့အစည်းမှန်သမျှကို ယူအန်ရဲ့ထိရောက်တဲ့အကူအညီနဲ့ အပစ်အခတ်တွေရပ်တန့်အောင်ကြိုးပမ်းရာမှာခွင့်ပြုရမယ်။ (ဒီလိုအပစ်အခတ်အဆုံးသတ်မှုမှာ ဆီးရီးယားအစိုးရကလည်း ချက်ချင်းဆွေးနွေးညှိနှိုင်းပြီး တပ်သားတွေပြန်ရုတ်သိမ်းရပါမယ်။ လူစည်ကားရာနေရာတွေမှာ လက်နက်ကြီးတွေ အသုံးပြုနေတာတွေရပ်တန့်ရမယ်။ အစိုးရဆန့်ကျင်တဲ့အဖွဲ့အစည်းတွေရဲ့လက်နက်ကိုင်တိုက်ခိုက်မှုတွေကိုရပ်တန့်ရေးမှာ ယူအန်ရဲ့ယန္တရားအကာအကွယ်ယူသင့်တယ်။)
(၃) လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းတွေရဲ့ဆေးဝါး၊ ရိက္ခာအထောက်အပံ့ပေးရေးအတွက် တစ်နေ့မှာ ၂နာရီခန့် အချိန်အတိအကျ အပစ်အခတ်ရပ်စဲဖို့ ကြိုးပမ်းရမယ်။
(၄) ငြိမ်းချမ်းတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေတွေမှာ ပါဝင်ခဲ့တဲ့သူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ ကို ထိမ်းသိမ်းခံရတဲ့သူတွေကို လွှတ်ပေးပြီး နေရာတိုင်းဒေသအသီးသီးက ဖမ်းဆီခံရသူတွေကို နှောင့်နှေးခြင်းမရှိ စာရင်းထုတ်ပြန်ဖို့ ကြိုးစားရမယ်။
(၅) စာနယ်ဇင်းသမားတွေအတွက် လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပြုပြီး သူတို့တွေအတွက် ပြည်ဝင်ခွင့်ဈည်းမျဉ်း ခွဲခြားသတ်မှတ်တာတွေ မရှိရဘူး။
(၆) ငြိမ်းချမ်းစွာဆန္ဒဖော်ဆောင်ကြသူတွေရဲ့အခွင့်အရေးကိုလေးစားရမယ်၊ တရားဥပဒေအရအကာအကွယ်ပေးရပါမယ် ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ သမ္မတအာဆတ်ဦးဆောင်တဲ့ လက်နက်ကိုင်တပ်သားတွေက အပစ်အခတ်ရပ်စဲလိုက်ပြီလို့တော့ ပြောလာပါတယ်။
ကိုဖီအာနန်ရဲ့ အချက်၆ချက်ပါညွှန်ကြားချက်ထဲက တစ်ခုကို လိုက်လျောခဲ့တယ်လို့ဆိုပေမယ့် လူစည်းကားတဲ့နေရာတွေမှာ လက်နက်ကြီးတပ်ဆင်ထားမှုတွေနဲ့ တပ်သားတွေအပြည့်အသိပ် တပ်ဖြန့်ချထားဆဲပါပဲ။ အတိုက်အခံ ဒေသခံညိနှိုင်းရေးကော်မတီ(LCC)ရဲ့ ထုတ်ပြန်ချက်အရ ဧပြီ ၁၃ရက်နေ့မှာပဲ ဟာမာ၊ ဒါရား၊ ဟာစာကာ၊ အိဒ်လိဘ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ၁၃ဦးခန့်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရကတော့ အကြမ်းဖက်အုပ်စုတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလို့ အပြစ်တင်လိုက်တယ်။ အစိုးရသတင်းဌာန ဆီးရီးယားအာရပ်သတင်းဌာန(SANA) က ဟာမာမှာ လက်နက်ကိုင်အကြမ်းဖက်အုပ်စုတစ်ခုဟာ အရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့တယ်။ အစိုးရရုံးစိုက်ရာအကြီးဆုံးမြို့တော် အာလပ်ပိုမြို့တော်မှာ အရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အုပ်စုနဲ့အမျိုးအစားအတူတူပဲလို့ ကြေညာခဲ့ပါတယ်။ အဲဒီလိုအုပ်စုတွေနဲ့ သူတို့ကိုထောက်ခံသူတွေဟာ ငြိမ်းချမ်းရေးအစီအစဉ်ကို ဘေးချော်စေဖို့ ရည်ရွယ်နေကြတယ်လို့ SANAက ကြေညာပါတယ်။ ၂၀၁၁ မတ်လကစတင်ခဲ့တဲ့ ဆီးရီးယားရဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ သေဆုံးခဲ့သူပေါင်း အနည်းဆုံး ၉၀၀၀ ခန့်ရှိပြီလို့ ယူအန်က စာရင်းထုတ်ပြန်ခဲ့ပီး LCC က သေဆုံးသူပေါင်း ၁၁၀၀၀ ကျော်တယ်လို့ ဆိုတယ်။
ကမ္ဘာကြီးရဲ့ထောင့်ပေါင်းများစွာမှာ အကြမ်းဖက်မှုတွေရှိနေကြပါတယ်။ ဆီးရီးယားကိစ္စတွေဟာ အထူးသဖြင့် အမေရိကန်တွေအတွက် ဘာကြောင့်များ အရေးကြီးနေရပါသလဲလို့ မေးခွန်းထုတ်နေကြတယ်။ စီအန်အန်သတင်းဌာနက အမေရိကန်တွေဘာကြောင့် ဆီးရီးယားကို ဂရုပြုသင့်သလဲဆိုတဲ့မေးခွန်းကို ဟီလာရီမန်းလဲဗရက်ထ်၊ ဂျိုးဇက်ဟောလီဒေး (ယူအက်စ်စစ်သားဟောင်း နိုင်ငံခြားရေးမူဝါဒလေ့လာသူ)နဲ့ ရောဘတ်ဇာရိတ်ထ် (ဘူမိနိုင်ငံရေးကျွမ်းကျင်) တို့ကို မေးမြန်းခဲ့ပါတယ်။ သူတို့ဖြေခဲ့တာက -----
သဘာဝကုန်းမြေအနေအထား
အရှေ့အလယ်ပိုင်းရဲ့ဗဟိုချက်အဖြစ်ရှိနေတဲ့ ဆီးရီးယားတည်နေရာကို ထည့်ပြီးတွေးကြပါတယ်။ အဲဒီနေရာမှာအားနည်းနေရင်၊ မတည်မငြိမ်ဖြစ်နေမယ်ဆိုရင် ကိုယ်ခန္ဓာမှာပြင်းထန်တဲ့ဒဏ်ရာရဖို့ ပိုပြီးထိရောက်လွယ်ကူပါလိမ့်မယ်။ ဆီးရီးယားက အကြမ်းဖက်မှုဟာ နယ်မြေချင်းထိစပ်နေတဲ့ အီရတ်ထဲကို အလွယ်တကူစိမ့်ဝင်နိုင်တယ်။ အီရတ်မှာက ၂၀၀၃မတ်လကနေ ၂၀၁၁ ဒီဇင်ဘာလအထိ နွှဲခဲ့တဲ့စစ်ပွဲ ပြီးဆုံးကာစ အခြေအနေပဲရှိနေပါသေးတယ်။ အဲဒီမှာ ယူအက်စ်တပ်သားတွေ၊ အမေရိကန်အရပ်သားတွေ အလုပ်လုပ်လက်စရှိနေကြသေးတယ်။ အီရတ်အလွန်မှာ ယူအက်စ်မဟာမိတ် တူရကီနဲ့ ဂျော်ဒန်၊ လက်ဘနွန်တို့မှာလည်းအတူတူပါပဲ။ ဆီးရီးယားရဲ့ဆန့်ကျင်တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ကို ဆိုးဆိုးဝါးဝါးရိုက်ခတ်မယ်ဆိုရင်၊ လက်ဘနွန်မှာ အရင်ဆယ်စုနှစ်တွေတုန်းက ဖြစ်ခဲ့ဖူးသလို ပြည်တွင်းစစ်အတွင်း ရောက်သွားနိုင်ပါတယ် လို့ ဟောလီဒေးက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုမျိုးဟာ နောက်ထပ်နိုင်ငံရေးနဲ့ သံတမန်ဆိုင်ရာပြဿနာ မီးတစ်စ ယူနိုက်တက်စတိတ်ကို လွင့်ကျသလို ရင်ဆိုင်ရနိုင်တယ်။
အယ်လ်ကေးဒါး
ယူနိုက်တက်စတိတ်ရဲ့ နံပါတ်တစ် ရန်သူ အယ်လ်ကေးဒါးတွေက အရှေ့အလယ်ပိုင်းစစ်ဆင်ရေးမှာ အမေရိကန်ရှုံးနိမ့်တဲ့နောက်ထပ်နိုင်ငံပေါ်လာပြီဆိုပြီး လိုလိုလားလား ကြိုဆိုနေပါလိမ့်မယ်။
အီရန်
ဆီးရီးယားက အီရန်ကိုအထောက်အပံ့ပေးပါတယ်။ ဆယ်စုနှစ်တွေမှာ ယူနိုက်တက်စတိတ်နဲ့ အီရန်တို့ရဲ့ ဆက်ဆံရေးက အထိမခံတဲ့အခြေအနေရှိနေခဲ့ကြတယ်။ ဘုရှ်ရဲ့ စကားကို အမှတ်ရနေကြဦးမှာပါ။ အီရန်၊ မြောက်ကိုးရီးယား နဲ့ အီရတ်နိုင်ငံတို့ကို “မိစ္ဆာဝင်ရိုးတန်းနိုင်ငံများ” လို့ သုံးနှုန်းခဲ့ဖူးတယ်။ “ဆီးရီးယားဟာ အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ မောင်းတံပါ” လို့ ဇာရိတ်ထ်ကပြောတယ်။ အီရန်ဟာ ဆီးရီးယားကို စစ်ရေးလေ့ကျင့်တဲ့ကွင်းလို အသုံးပြုတယ်။ အီရတ်နိုင်ငံထဲကို ဖြတ်ဝင်လာပြီး ကျွန်တော်တို့တပ်သားတွေကို ထိခိုက်အနာတရဖြစ်စေမယ့် စစ်သွေးကြွတွေ ထောက်ပံ့ပေးတယ်။ တစ်ခြားအကြမ်းဖက်လှုပ်ရှားမှုတွေကိုလည်း လေ့ကျင့်ပေးနေပါတယ်။ ပြီးတော့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ပါပဲ။ အီရန်က နျူကလီးယားလက်နက်လုပ်နိုင်စွမ်းရှိနေပြီလားဆိုတာ ယူအက်စ်နဲ့ ကမ္ဘာက သေချာမသိနိုင်ကြသေးပါဘူး။
လောင်စာဆီဈေးနှုန်း
ဆီးရီးယားဟာ လစ်ဗျားထက်လောင်စာဆီထုတ်လုပ်နိုင်မှု နည်းပါးတယ်ဆိုတောင်မှ ဥပမာအားဖြင့် ဆီးရီးယားက အကြမ်းဖက်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာလောင်စာဆီဈေးကစားမှုနဲ့ ဈေးနှုန်းတွေကို သက်ရောက်မှုရှိနိုင်ပါတယ် လို့ လဲဗရက်ထ်က ပြောပါတယ်။
စီးပွားရေး
ဆိုးပါတယ်။ ယူနိုက်တက်စတိတ်မှာ အခု အီရတ်စစ်ပွဲအကြောင်း မစဉ်းစားကြတော့ပါဘူး။ ဒါပေမယ့် သူတို့ပြောတာက အဲဒီစစ်ပွဲအတွက်ကုန်ကျစရိတ်ဟာ ခန့်မှန်းခြေ ဒေါ်လာ တစ် ထရီလီယံလောက် ရှိခဲ့တယ်ဆိုတာကို မေ့မပြစ်ဖို့ အရေးကြီးတယ်တဲ့။ ဆီးရီးယားမှာ အထောက်အပံ့ပေးတာပဲဖြစ်ဖြစ်၊ အတိုက်အခံလုပ်တာပဲဖြစ်ဖြစ် စစ်ရေးအရကြားဝင်ခဲ့မယ်ဆိုရင်ကုန်ကျစရိတ်တွေဟာ အမေရိကန်စီးပွားရေးကို အကျိုးသက်ရောက်မှုရှိမှာပါပဲ။
ကမ္ဘာအနှံ့ပျံ့နှံ့နေတဲ့ဂုဏ်သတင်း
ကမ္ဘာတ၀ှမ်းကလူတွေက ကျွန်တော်တို့ရဲ့ မပြောင်းလဲတဲ့ နိုင်ငံခြားရေးမူဝါဒကို စောင့်ကြည့်နေကြတယ်။ အာရပ်နွေဦးအဓိကရုဏ်းတွေအတွင်းမှာတော့ မတူညီမှုတွေရှိတယ်လို့ အပြစ်တင်ခံခဲ့ရတယ် လို့ ဇာရိတ်ထ်ပြောပါတယ်။ ယူနိုက်တက်စတိတ်ဟာ နေတိုးဦးဆောင်တဲ့နည်းနဲ့ ၂၀၁၁က လစ်ဗျားမှာ စစ်ရေးကြားဝင်မှုရှိခဲ့တယ်။ အီဂျစ်သမ္မတဟိုစနီမူဘာရတ်ကို အီဂျစ်နိုင်ငံသားတွေဆန့်ကျင်ကြတုန်းက ၀ါရှင်တန်က အနည်းဆုံးစကားလုံးတွေနဲ့ အထောက်အပံ့ပေးခဲ့တယ်။ ပြည်သူ့အစိုးရ၀ါဒအခြေခံသဘောတရားတွေကို အကာအကွယ်ပေးနိုင်မယ့် ကမ္ဘာ့ခေါင်းဆောင်အဖြစ် တာဝန်ယူရပ်တည်တာက အမေရိကရဲ့ အမျိုးသားရေးတန်ဖိုးပါလို့ ဆိုတယ်။
ဆီးရီးယားနိုင်ငံတစ်လျှောက်က သေသေကြေကြေတိုက်ပွဲသတင်းတွေကို သတင်းယူနိုင်ဖို့အတွက် ယူအန်လုံခြုံရေးကောင်စီ ရဲ့ မဲခွဲဆုံးဖြတ်မှုဟာ ဧပြီ ၁၄ရက်နေ့မှာတော့ အဖွဲ့ဝင်၁၅ နိုင်ငံအားလုံးက တညီတညွတ်တည်း မဲပေးလိုက်ကြပါပြီ။ လက်နက်မပါတဲ့ လေ့လာစောင့်ကြည့်တဲ့အဖွဲ့ကို ဖြစ်နိုင်သမျှအမြန်ဆုံးစေလွှတ်မယ်လို့ ယူအန်အထွေထွေအတွင်းရေးမှုး ဘန်ကီမွန်းက ပြောကြားခဲ့ပြီး နောက်တစ်နေ့မှာပဲ ပထမဆုံးအဖွဲ့ဝင်၆ဦးပါ အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ခဲ့ပါတယ်။ ကျန်နေသေးတဲ့အဖွဲ့ဝင် ၂၄ဦးဟာလည်း  မြို့တော် ဒမတ်စကပ်ကို အမြန်ဆုံးရောက်ရှိလိမ့်မယ်လို့ ယူအန်ရုံးအဖွဲ့ကပြောပါတယ်။ လေ့လာစောင့်ကြည့်တဲ့အဖွဲ့ဝင် ၂၅၀အထိ ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အဖွဲ့သားတွေ နောက်တစ်သုတ်တပ်ဖြန့်ချထားဖို့ကိုတော့ အပစ်အခတ်ရပ်စဲရေးသဘောတူညီထားတာကို ဘယ်လောက်အထိ လိုက်နာသလဲဆိုတာ ဆီးရီးယားနဲ့ အာနန်တွေ့ဆုံဆွေးနွေးမှုတွေရဲ့ တိုးတက်မှုကိုကြည့်ပြီး စေလွှတ်မှာပါ။ ဆီးရီးယားအစိုးရကလည်း အတိုက်အခံအဖွဲ့အစည်းတွေဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အခွင့်ကောင်းယူပြီး အကြမ်းဖက်တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ ဆိုနေပါတယ်။
ဒီနေ့ထက်ထိ လုပ်ကြံမှုအန္တရာယ်တွေက ဆီးရီးယားမှာတော့ အတောမသတ်နိုင်သေးပါဘူး။ ဆီးရီးယားဟာ အသေခံကားဗုံးခွဲမှုတွေနဲ့ ဒဏ်ရာဗရပွဖြစ်ခဲ့ရပြန်ပါပြီ။ မေလ ၁၁ရက် သောကြာနေ့က မြို့တော်သတင်းဌာနက ဆီးရီးယားရဲ့အကြီးဆုံး မြို့တော် အလက်ပိုရဲ့ မြောက်ပိုင်းမှာ ကားဗုံးတစ်ခုနဲ့ တိုက်ခိုက်ဖွယ်ရှိတာကို ရှင်းလင်းခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။ ကားထဲမှာ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ၁၂၀၀ကီလိုဂရမ်(၂၆၄၀ပေါင်)သယ်ဆောင်ထားပြီး ဗုံးခွဲမယ့်သူလို့ထင်မြင်ရသူတစ်ဦးကို လုံခြုံရေးတပ်သားတွေက အသေပစ်သတ်ခဲ့ရတယ် တဲ့။ မြို့တော်သတင်းမှာပြောသွားပါတယ်။ အလက်ပိုမြို့တော်ဟာ ဆီးရီးယားအုပ်ချုပ်ရေးနယ်မြေ ၁၄ခုထဲက လူဦးရေ အထူထပ်ဆုံးမြို့တော်တစ်ခုပါ။ ဆီးရီးယားလူဦးရေစုစုပေါင်းရဲ့ ၂၃ရာခိုင်နှုန်း ၂၀၁၀ ကောက်ယူထားတဲ့စာရင်းအရ လူဦးရေ ၄၇၄၄၀၀၀ ရှိပါတယ်။ အဲဒီနေ့ မတိုင်ခင် ကြာသပတေးနေ့က အင်မတန်လူအသေအပျောက်များခဲ့တဲ့ ဗုံးခွဲမှု ဒမတ်စကပ်မှာဖြစ်ပွားခဲ့ပါတယ်။ ဒမတ်စကတ်အသေခံဗုံးခွဲမှုကြောင့် လုံခြုံရေးတပ်သားတွေပိုပြီး သတိကြီးကြီးထားခဲ့ကြရဟန်တူရဲ့။ ဒမတ်စကတ်မှာ အသေခံဗုံးခွဲမှု နှစ်ကြိမ်တိုင်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၅ဦးအနည်းဆုံး သေဆုံးခဲ့ပြန်တယ်။ ဒဏ်ရာရသူတွေက ၃၇၀ခန့်ရှိခဲ့တယ် လို့ ဆီးရီးယားအာဏာပိုင်တွေက ပြောပါတယ်။ ဆီးရီးယားအတိုက်အခံပုန်ကန်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၁၄လအကြာမှာ အသေအပျောက်အများဆုံးလုပ်ကြံဗုံးခွဲမှုတစ်ခုဖြစ်ခဲ့ပါပြီ။ လူအသွားအလာအများဆုံးအချိန်မှာ တစ်မိနစ်တောင်အချိန်မကွာလိုက်ပဲ ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲပါတယ်။
ကားဒါဇင်ပေါင်းများစွာ လောင်ကျွမ်းပျက်စီးကာ အနီရောင်မီးတောက်တွေရဲ့အလွန်မှာတော့ အနက်ရောင်မီးခိုးတွေဟာ လေထဲမှာ တလိပ်လိပ်ဝေ့၀ဲနေပါတော့တယ်။ ကာဇာ့ရပ်ကွက် အဝေးပြေးလမ်းမရဲ့ဘေးဘက်က အစိုးရလုံခြုံရေအဆောက်အဦ၀င်းထဲမှာဖြစ်ပွားခဲ့တဲ့ အဲဒီဗုံးခွဲမှုမှာ၊ ကားဗုံးခွဲသူတွေဟာ သူတို့ရဲကားတွေကို မနက်စောစော လူတွေအပြေးအလွှားအလုပ်များတဲ့အချိန်၊ အချိန်ကိုက် ဖောက်ခွဲခဲ့တယ် လို့ ဆိုတယ်။ အသုံးပြုခဲ့ကြတဲ့ ပေါက်ကွဲပစ္စည်း ၁၀၀၀ကီလိုဂရမ်ရဲ့ အားဟာ အဝေးပြေလမ်းမအထိပါ ကြီးမားတဲ့ချိုင့်ကြီးတွေဖြစ်ပေါ်ခဲ့ကြတယ်။ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးတဲ့အခါတိုင်း တိုက်ခိုက်မှုအတွက်တာဝန်ရှိတဲ့သူအဖြစ် ဘယ်သူကမှ ဖော်ထုတ်ကြေညာခြင်းမရှိပါဘူး။ ဆီးရီးယားအစိုးရကလည်း သမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ကိုဆန့်ကျင်တဲ့အဖွဲ့အစည်းနောက်ခံရှိနေတဲ့ အကြမ်းဖက်သမားတွေရဲ့လက်ချက်လို့ပဲ ချက်ချင်းအပြစ်တင်လိုက်ပါတယ်။ ဆီးရီးယားအမျိုးသားကောင်စီကတော့ ယူအန်လေ့လာစောင့်ကြည့်တဲ့အဖွဲ့ကို ခြောက်လှန့်စေဖို့နဲ့ အတိုက်အခံလှုပ်ရှားမှုတွေကို အမည်းစက်စွန်းထင်းစေဖို့ လုပ်ဆောင်နေတဲ့၊ အစိုးရရဲ့ဇာတ်ကွက်ဇာတ်လမ်းတွေထဲက တစ်ခုပါပဲလို့ ပြောလိုက်တယ်။ လွတ်လပ်တဲ့ဆီးရီးယားစစ်တပ်ကို လတ်တလောကူးပြောင်းခဲ့တဲ့ ဗိုလ်ချုပ်ဖာရက်ဇ်အမ်းမရိုက အာရေဘီယျတီဗီကိုပြောပါတယ်။ ဆီးရီးယားနိုင်ငံတွင်းမှာ ဒီလိုဗုံးမျိုးမရနိုင်ပါဘူး၊ နိုင်ငံခြားအထူးကျွမ်းကျင်တပ်ဖွဲ့တွေမှာသာရနိုင်တဲ့ ဖောက်ခွဲပစ္စည်းတွေကိုအသုံးပြုထားပါတယ် တဲ့။
ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာအနီးအနားမှာ အမျိုးသမီးငယ်တစ်ဦး ငိုရှိုက်နေတယ်။ ပြီးတော့ သူမက မေးနေတယ်။ ဘယ်သူတွေကများ ဒီလိုတိုက်ခိုက်မှုမျိုးလုပ်ထိုက်တယ်လို့ထင်နေကြသလဲ တဲ့။ နောက်အမျိုးသားတစ်ဦးကလည်း ပြောပြတယ်။ ပထမဗုံးကွဲပီးတော့ သူ့ရဲ့ကလေးတွေကို ပြတင်းပေါက်နားကနေ ခပ်ဝေးဝေးကိုခွာစေခဲ့တယ်။ နောက်ထပ်ဗုံးတစ်လုံးပေါက်ပြီးတဲ့အခါမှာတော့ အဲဒီနေရာမှာမှန်ကွဲစတွေ ကွန်ကရစ်တုံးအပိုင်းအစတွေအနီးအနား ဟိုဒီမှာ ပြန့်ကျဲနေခဲ့ပါပြီ။ အဆောက်အဦးနံရံတွေလည်း ပြိုပျက်ကွဲထွက်ကုန်ကြပြီ။ ဗုံးခွဲမှုတွေဟာဆီးရီးယားအတွက် ဘေးအန္တရာယ်ပါ။ အင်မတန်သေချာတာကတော့ ဒီလိုအကြမ်းဖက်မှုမျိုးလုပ်တဲ့သူ ဘယ်သူမဆို သိစေချင်ပါတယ်။ ဒါဟာ ပြဿနာတွေကိုဖြေရှင်းနိုင်မယ့်နည်းလမ်းမျိုးမဟုတ်ပါဘူး။ ဒီလိုအကြမ်းဖက်ဗုံးခွဲမှုတွေဟာ ဆီးရီးယားပြည်သူပြည်သားတွေအတွက် ပြင်းထန်တဲ့ဆင်းရဲဒုက္ခကို ဖန်တီးပေးနေတာပါပဲ။ ဆီးရီးယားအပြင်ဘက်၊ ဆီးရီးယားအတွင်းဘက်လူတိုင်းကို နားလည်စေချင်ပါတယ် လို့ ဆီးရီးယားပြည်သူပြည်သားတွေအားလုံးက ပြောနေကြပါပြီ။
မပြီးပြတ်နိုင်သေးတဲ့ ဆီးရီးယားအရေးမှာ ယူအန်ကရော ဘယ်လိုစောင့်ကြည့်ထိန်းချုပ်ပေးနိုင်မှာလဲ။
သမ္မတအာဆတ်ကရော ဆီးရီးယား ပြည်သူတွေရဲ့ အသံတွေကို ဆက်ပြီးလစ်လျူရှုထားနေဦးမှာလား၊။
ဘယ်အချိန်မှာ သေကြေပျက်စီးမှုတွေရပ်တန့်ပြီး ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ဖြစ်တဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာမှာလဲ။
ဆီးရီးယားအနာဂါတ်အပြောင်းအလဲဆီသို့ ဦးတည်လှုပ်ရှားမှုတွေဟာ တစ်နှစ်ကျော်လာတဲ့အထိ ရင်ထိတ်စရာကောင်းနေပါသေးတယ်။        ။
ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၁)
source : CNN
နွယ်နီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၂
Thursday, April 12, 2012
၂၀၁၂ မြန်မာ့သင်္ကြန်မှာ အားလုံးပျော်ရွှင်ကြပါစေ ...
လာလည်တဲ့ သူငယ်ချင်းများ ဗွမ်း ဗွမ်း ဗွမ်း ကဲ လောင်းပလိုက်ပြီ။
Tuesday, April 10, 2012
ကြည်လင်တဲ့ အပြာရောင်အိမ်ခန်းလေး
နွေရာသီရဲ့ နေ့ခင်းလေးတွေမှာ မြင်ရတဲ့ ကောင်းကင်ဟာ ကြည်လဲ့လဲ့ ပြာလွင်နေသလို ညအမှောင်ထုထဲတိုးဝင်သွားတဲ့ ကောင်းကင်ကြီးကတော့ အဆုံးမရှိ အပြာနက်နက်အရောင်တွေကြီးစိုးသွားလိုက်တာ။ ဒီလိုအပြာရောင်ရဲ့ အလှအပအသွေးအရောင်တွေကို လူတိုင်းကြုံတွေ့ဖူးကြမှာပါ။ အပြာရောင်က အလင်းကို စုပ်ယူလိုက်တယ်။ အကွာအဝေးကို ဖန်တီးတယ်။ မြင်ကွင်းကျယ်ကျယ်ရှုမျှော်ခင်းတွေကြည့်လိုက်တဲ့အခါ ခပ်ဝေးဝေးက တောင်တန်းတွေရဲ့အရောင်ဟာ အပြာပဲပေါ့။ ပြီးတော့ ပင်လယ်ကြီးနဲ့ ကောင်းကင်ပြာပြာ .. အဲဒီအပြာကြည်ကြည်လင်လင် အရောင်အသွေးကို အိမ်နံရံတွေပေါ်မှာ ဆေးခြယ်လိုက်တဲ့အခါ အိမ်ခန်းတွေဟာ ပိုပြီး ကျယ်ဝန်းလာသလို ခံစားနိုင်စေပါတယ်တဲ့။
ပင်လယ်ပြာ(Navy Blue)
ပင်လယ်ပြာရောင်ကတော့ ခပ်နက်နက်မှောင်လှနီးပါးအရောင်ပါ။ နေ့ခင်းရဲ့အလင်းရောင်နဲ့ ညရဲ့အမှောင်ကိုခွဲခြားထားပေးတဲ့အရောင်ပေါ့။ ဒီလိုအပြာနက်နက်အရောင်ကိုအားဖြည့်ပေးတဲ့အရောင်တွေက အဖြူနဲ့ လိမ္မော်ဝါရောင် မီးတောက်မီးလျှံအသွေးအရောင်မျိုးတွေဖြစ်ကြတယ်။
တော်ဝင်တဲ့အပြာ (Royal Blue)
တောက်ပပြီး အပြာစစ်စစ် ကြည်လင်ပြာလဲ့နေတဲ့ အရောင်ကို တော်ဝင်အပြာရောင်လို့ ခေါ်လိုက်ကြတယ်တဲ့။ ကလေးတွေရဲ့ကစားစရာလေးတွေ၊ အ၀တ်အစားတွေကို ဖန်တီးတဲ့ဒီဇိုင်းဆရာများက ဒီလိုအပြာရောင်ကိုအသုံးပြုကြပါတယ်။ စာအုပ်တွေမှာလည်း တော်ဝင်တဲ့အပြာသွေးကို အသုံးပြုကြပါတယ်။ ကြည်လင်တဲ့ဒီအပြာဟာ အဖြူများများ၊ လိမ္မော်ရောင်နဲ့ သဘာဝသစ်သားရောင်တွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။
အပြာရင့်(Prussian Blue)
Berlin blue လို့လည်း ခေါ်ကြတဲ့အပြာရင့်ရောင်ဟာ ခရမ်းသွေးနည်းနည်းပါဝင်တဲ့အရောင်မျိုးပါ။ ခေတ်ဆန်တဲ့အရောင်အသွေးမျိုးဖြစ်ပြီး သဘာဝသစ်သားရောင်၊ ကောက်ရိုးမြက်ခြောက်အ၀ါသွေးနဲ့ ခပ်ထိုင်းထိုင်းငွေရောင်တွေနဲ့ အလှဆင်မယ်ဆိုရင် အံ့သြစရာကောင်းလှတဲ့အဆင်အပြင်မျိုးရတယ်လို့ ဆိုကြတယ်။
အပြာနွေးနွေး(Lilac)
Lilac ပင်က ပွင့်တဲ့ပန်းရောင်လို မျက်စိအမြင်အေးစေတဲ့ အပြာရောင် နွေးနွေးလေးလို့ပြောကြပြန်တယ်။ ဒီလိုအပြာရောင်လေးကိုတော့ တည်ငြိမ်အေးချမ်းတဲ့ခံစားမှုမျိုးလေးရချင်ရင် မီးခိုးရောင်ဖျော့ဖျော့၊ ပန်းရောင် ဒါမှမဟုတ် အညိုရောင်တို့နဲ့ အလှဆင်ကြည့်နိုင်တာပေါ့။
လာဗင်ဒါအပြာ(Lavendar)
လာဗင်ဒါအပြာရောင်ကလည်း ငြိမ်သက်နွေးထွေးစေတာပါပဲ။ ဒီအပြာရောင်က သူနဲ့နီးစပ်တဲ့အရောင်တွေဖြစ်တဲ့အပြာ၊ အစိမ်း၊ အ၀ါ၊ ကရင်မ်ရောင်၊ ငွေရောင်နဲ့ ကောင်းကင်ပြာရောင်တွေနဲ့ အလှဆင်ကြည့်ရင် သိပ်လှသွားတော့တာပဲတဲ့။
ကောင်းကင်ပြာ(Sky Blue)
ကြည်လင်တဲ့ကောင်းကင်ပြာရောင်နဲ့ ကင်းကွာတဲ့နေရာဆိုတာ ရှာရအခက်သားပဲနော်။ ကလေးကစားစရာလေးတွေနဲ့ ဂျင်းဘောင်းဘီတွေမှာလည်း ဒီလို အပြာရောင်လေးတွေတွေ့နိုင်ပါတယ်။
ရေသားအပြာ(Aqua Blue)
ရေမှာအရောင်အဆင်းမရှိဘူးလို့ဆိုကြပေမဲ့ စမ်းချောင်းထဲကရေလို စိမ်းပြာပြာသားအသွေးအရောင်လေးကိုတော့ ရေရောင်လို့ဆိုကြပြန်တယ်။ ရေသားအပြာဟာ အဖြူရောင် ရွှေရောင်ဖျော့ဖျော့လေးတွေနဲ့ သိပ်ကိုလိုက်ဖက်လှတာပေါ့။
တာကွိုက်(Turquoise)
တာကွိုက်ကျောက်အရောင်လို အပြာသွေးက စိုလက်တဲ့အရောင်မျိုးတွေနဲ့ အလှဆင်နိုင်ပါတယ်။ လိမ္မော်အသွေးကျကျ၊ ပန်းရောင်၊ အနီသွေးလုတဲ့အုတ်ခဲရောင်မျိုးတွေနဲ့ တွဲဖက်နိုင်ပေမယ့် အဖြူရောင်ကို သူတို့ကြားထဲမှာ ခပ်များများလေးသုံးပေးမှသာ အဲဒီအရောင်ပြင်းပြင်းတွေကို ထိန်းပေးနိုင်မှာတဲ့နော်။
Living Fashion Magazine, April 2012
Friday, April 6, 2012
ဆစ်ဒနီက ဆွစ်(ဖ်)
အမေရိကန် ကန်းထရီးပေါပ့်အဆိုတော်မလေး တေလာဆွစ်ဖ်ရဲ့ ဒုတိယမြောက် Speak Now Tour ဖျော်ဖြေပွဲတွေကို အာရှ၊ ဥရောပ၊ မြောက်အမေရိက၊ သြစတြေးလျ၊ နယူးဇီလန် နဲ့ နယူးဂီနီကျွန်းတို့မှာ လှည့်လည်ဖျော်ဖြေမှာပါ။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ဆွစ်(ဖ်)သီဆိုသွားပုံက အံ့မခန်း ထူးခြားပြောင်မြောက်လွန်းလှတယ်လို့ ဆစ်ဒနီပရိတ်သတ်တွေက ပြောပါတယ်။
ဆွစ်(ဖ်)သီဆိုတဲ့ ဟန်ပန်တွေက ဒီလို >>>
သူတို့ဆီက အလှူတွေ
နယူးအော်လိန်းက ပြင်သစ်ရပ်ကွက်လမ်းမတွေပေါ်မှာ ကလေးတွေ
သူတို့ရဲ့ အချစ်တော်ခွေးဘီလူးနဲ့ လမ်းလျှောက်နေကြပါတယ်။
"ဘရက်နဲ့ အင်ဂျလီနာတို့က ချမ်းသာတယ်၊ ကျော်ကြားတယ်၊ ချောမောလှပကြတယ်။
ဒါပေမဲ့ ပိုပြီးအရေးကြီးတာက အဲဒါတွေကိုကောင်းကောင်းအသုံးချကြတယ်။
သူတို့ အသုံးချပုံက
တစ်ခြားသူတွေကို ကူညီကြတာမျိုးပေါ့။"
၈၄ကြိမ်မြောက်အော်စကာဆုပေးပွဲမှာ The Iron Lady ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုရရှိခဲ့တဲ့ မာရီစထရိပ်ဟာ အော်စကာဆုပေးပွဲမှာပဲ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်အဖြစ်အတူတူလျာထားခြင်းခံခဲ့ရတဲ့ ဗီအိုလာဒေးဗစ်ရဲ့မွေးရပ်ဇာတိ ယူနိုက်တက်စတိတ် Rhode Island - Central Falls က ကျောင်းတစ်ကျောင်းကို ဒေါ်လာတစ်သောင်းလှူဒါန်းခဲ့ပါတယ်။ ကျောင်းရဲ့ အုပ်ချုပ်မှုဒါရိုက်တာ အန်ဂျလိုဂါစီယာက ပြောပါတယ်။ "တနင်္လာနေ့က အော်စကာဆုရှင်စထရိပ်ရဲ့ Silver Mountain Foundation of the Arts ကနေ ချက်လက်မှတ်ရောက်လာခဲ့တယ်။ မှတ်ချက်မှာ သူမသူငယ်ချင်း ဒေးဗစ်ရဲ့ ကိုယ်စားလို့ ရေးထားပါတယ်" တဲ့
Thursday, April 5, 2012
စတီဗင်ဂျာရတ်ရဲ့ အိပ်မက်ထဲက စံအိမ်
လီပါပူးအသင်းရဲ့ခေါင်းဆောင် စတီဗင်ဂျာရတ်ဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ယောက်ပါ။ ထူးခြားတဲ့အရည်အသွေးရှိတဲ့ခေါင်းဆောင်ကောင်းဖြစ်တဲ့ အန်ဖီးကွင်းရဲ့အမှတ်တံဆိပ် ဂျာရတ်ဟာ သန်မာတယ်။ လုံ့လ၀ီရိယရှိတယ်။ ဖျတ်လတ်တယ်။ စွမ်းအားကြီးတယ်။ ဘောလုံးသမားတစ်ယောက်လိုအပ်တဲ့ နည်းပညာပိုင်းကျွမ်းကျင်တယ်။ ဒါတွေက ဂျာရတ်ပိုင်ဆိုင်တဲ့ အရည်အသွေးတွေပါ။
ဂျာရတ်ပိုင်ဆိုင်မှုတွေထဲက နောက်ထပ်ထူးခြားတဲ့ ရုပ်ဝတ္ထုပိုင်ဆိုင်မှုကတော့ အင်္ဂလန်အနောက်မြောက်ပိုင်း ဖရက်ရှ်ဖီးလ်ဒ် ဆင်ခြေဖုံးဒေသ မားဆေဆိုက်ဒ်မှာရှိတဲ့ အိမ်ကြီးပါပဲ။ ပေါင် ၃.၃၅သန်းတန်ကြေးရှိပြီး မှန်နဲ့ ကြေးနီသား နှစ်ထပ် အဆောက်အဦးဟာ အိမ်မကြီးနဲ့မတူတဲ့ သီးခြား စာပို့နံပါတ်ရှိပြီး ကြီးမားလှတဲ့အဆောက်အဦးလို့ဆိုတယ်။ အိမ်ရဲ့အတွင်းအပြင်မှာ အဆင့်မြင့် အပြင်အဆင်တွေနဲ့ ပြည့်နေပါတယ်။ ၁၈၃၇-၁၉၀၁ အင်္ဂလန်ဘုရင်မ ဗစ်တိုးရီးယားခေတ်အဆောက်အဦးပုံစံမျိုးပါ။ ကြီးမားကျယ်ပြန့်ပြီး တံခါးပေါက်များများပါတယ်။ အချိုးညီတဲ့အိမ်ပုံစံစတိုင်လ်ဖြစ်ပြီး ဆင်ဝင်ဝရံတာက အိမ်မကြီးရဲ့အလယ်တည့်တည့်မှာ ရှိနေပါတယ်။ အိမ်မကြီးရဲ့နောက်ဘက်မှာ ဇနီးအဲလက်ကာရန်ရဲ့ တစ်ဦးတည်နေတဲ့အခန်းဆောင်ရှိသေးသတဲ့။
Living Fashion, April 2012
အလှူ
တုတ်တုတ်ဗြုံး ..တုတ်ဗြုံး ..တုတ်တုတ်ဗြုံး…
ဟော..ဘာသံပါလိမ့်။
အလို..။ရှင်လောင်းလှည့်တာပါလား။ကားတွေ ဖြတ်မောင်းသွားသည်။
တစီးပြီး တစီး။
ရှင်လောင်းလှည့်တာတော့ လှည့်တာဘဲ။ ဒါပေမဲ့ရှင်လောင်းကို ကောင်းကောင်းမမြင်ရ။ထီးမိုးပေးသူက ကွယ်ထားသည်။
တချို့ကျတော့ ထီးနှစ်စင်းသာ မြင်ရပြီး ရှင်လောင်းက အရံလူတွေကြားမှာ မြုပ်ဝင်နေသည်။
 အော်..
 တပေါင်းလတောင် ရောက်လာပြန်ပြီနော်။ငယ်ငယ်က သင်ခဲ့ရတဲ့ သပြေညိုစာအုပ်ထဲက  ကဗျာတပုဒ် သီရိခေါင်းထဲမှာ ပေါ်လာသည်။
 တုတ်တုတ်ဗြုံးရယ်နှင့်၊တောင်ကုန်းရွာသာစခန်းဆီက ၊
ဒေါ်ရွှေမေဦးရေချမ်းငယ်တို့ ၊
သာသနာ ရောင်ဝါလန်းပါဘိ ၊
ဆန်းလိုက်တဲ့ ဗျောသံစီ တဲ့။
ခေတ်ဟောင်းအဆိုတော်ကြီးဒေါ်ကြည်အောင်ရဲ့သီချင်းသံကိုလည်း ကြားယောင်လာပြန်သည်။သီချင်းနာမည်က
“ရာသီတော်ဦး  “တဲ့။
“မြိုင်မဟီ ရွက်သစ်လောင်းလို့  ရွက်ဟောင်းကြွေသည်..ပျို့ငယ်ပေါင်းနဲ့ ဆုတောင်းပါသည်…ဖူးစာတော် ရေးလို့စီ ..ပြောလိုက်ပါ့ သော်တာငွေစန္ဒီ..မှာလိုက်ပါရစီ..နွေဦးပေါက်လို့ အောင်းမေ့သည်…ပျို ချစ်သူဆီ  နေ့တိုင်း..ဘဲ စွဲလန်း ..ပန်းရနံ့ကြည်..။”  တဲ့။
တန်ခူးလမရောက်သေး။တပေါင်းလေကလည်း အရွက်တွေ ချွေနေပြီလေ။ ဟိုဘက်ကလှည့်တိုက် ဒီဘက်ကလှည့်တိုက် ။
ပိတောက်ပင်တွေ အားလုံး  အရွက်တွေကြွေပြီး အရိုးပြိုင်းပြိုင်းထကုန်သည်။     ဝေ့ကာ ၀ဲကာကျလာတဲ့ ရွက်ဝါတွေက မြေမှာ ဖရိုဖရဲ ပြန့်ကြဲလို့။ 
သီရိ စိတ်တွေလည်း ဖရိုဖရဲ ဖြစ်နေသည်လား မပြောတတ်။
ဒေါ်ကြည်အောင်သီချင်းသံကနေ ဘိုဘိုဟန်ရဲ့သီချင်းတွေဆီ ရောက်သွားပြန်သည်။ဘိုဘိုဟန်ကတော့ “ ဆရာမကိုဘဲ  အသဲစွဲအောင် ချစ်မိသည်။” တဲ့။
“ရာသီတော်ဦး  “ သံစဉ်အလိုက်အတိုင်း ဘိုဘိုဟန်က “ ဆရာမ “ တဲ့။ဆို
ထားပြန်သည်။သံစဉ်လေးတွေက ဗမာသံစစ်စစ်မို့  ကြားရတာ နှစ်လိုဖွယ်ကောင်းသလို ဒေါ်ကြည်အောင်တို့ ဘိုဘိုဟန်တို့ အသံတွေကလည်း  သာယာနာပျော်ဖွယ် ရှိလွန်းပါဘိ။ဘယ်ခေတ်ဘယ်အခါမှ ရိုးအီမသွားနိုင်သည့် သံစဉ်ကလေးများ။တနည်းဆိုရရင် နေ့မြင်ညပျောက်မဟုတ်တဲ့ သံစဉ်ကလေးများ။ တည်ငြိမ်အေးဆေးစွာ သိက္ခာ ရှိရှိ  နားဆင်နိုင်သည်။ပီတိကောင်းကောင်းစားနိုင်သည်လေ။
သီရိ ကျေနပ်လှပါ၏။
ဟော ..ကြားရပြန်ချေပြီ..တုတ်တုတ်ဗြုံး။
တောင်ဘက်ထိပ်မှာရှိသည့် နတ်စင်မှာ နတ်သွားပြပြီး ပြန်လာတာဖြစ်မည်။( ဘာ့ကြောင့် နတ်ပြရသည်ကို သီရိ
ကောင်းကောင်းမသိသေး)
ရှေးရှေးတုံးကတော့ အလှူလှည့်လာလျှင် ခြေလျင်မို့ အားရပါးရ မျက်စိတဆုံးတသီတတန်း ကြည့်ရသည်။အမှန်က ရှင်လောင်းကို ကျောင်းပို့တာပါဘဲ။မိခင်ဖြစ်သူက စောင်ခေါင်းအုံး တွေ ရွက်လာသည်။ဘခင်ဖြစ်သူကသပိတ်လွယ်ကာလာသည်။အမကြီးဖြစ်သူက သင်္ကန်းပန်းစသည်ပွေ့ပိုက်လာသည်။ဖျာခြင်ထောင်စသည် အသုံးအဆောင်ပစ္စည်းများမိတ်ဆွေအပေါင်းအသင်းများကသယ်ဆောင်ကာ ရှင်လောင်းကို အတီးအမှုတ်တွေနှင့် ကျောင်းပို့တာကို အလှူလှည့်သည် ခေါ်တာပါဘဲ။ ချစ်စရာကောင်းလှသည့် မြန်မာ့ရိုးရာ အကျင့်စရိုက်တခုပါ။ကြည်နူးစရာပါဘဲ။
တပေါင်းသာခေါင် လများနောင်လို့ အဆိုရှိပါသည်။
တပေါင်းလ၏သာယာပုံတွေကို ဂါထာခြောက်ဆယ်ပျို့နဲ့
 အဆန်းတကျယ် သီကုံးနှုံးဖွဲ့ကာ လျှောက်ထားခဲ့လို့  မြတ်ဗုဒ္ဓဟာ ကာဠုထာရီ အမတ်ရဲ့ ပင့်ဖိတ်ချက်ကို မညင်းပယ်ရက်ဘဲ လက်ခံ အတည်ပြုပြီး
ကပ္ပိလ၀တ်တိုင်းပြည်သို့ ကြွချီလိုက်ပါခဲ့ရဖူးပါသည်.။
လမ်းခရီးမှာ ငှက်ငယ်လေးများရဲ့ တီတာခွန်းသွဲ့ နွဲ့နွဲ့ကလေး တေးသီနေကြပုံမှာလဲ မပါမဖြစ် အဓိက ပါဝင်နေပါသေးသည်။
တပေါင်းလမှာ မိုးပါးလာပြီဖြစ်တဲ့အလျှောက် သောင်ပြင်မှာ သဲပုံစေတီ တည်ဆောက်ကြတဲ့ ဓလေ့ဟာ
လဲ မြန်မာတို့ရဲ့ ချစ်စရာ အကျင့်စရိုက် အလေ့အထတခုပါဘဲ။ ဒီအကြောင်းရှေးခေတ်ကဗျာစာဆိုတဦးရေးဖွဲ့ခဲ့တဲ့ တေးထပ်တပုဒ်သီရိ ကျက်မှတ်ခဲ့ဖူးတာ ကလေးသတိရလာသည်။ ခုခေတ်လူငယ်တွေက တော့ ရယ်နေကြမလားမသိ။ ဒါပေမဲ့  လေ့လာကြည့်ဖို့တော့ သီရိက လှိုက်လှိုက်လှဲလှဲတောင်းပန်
တိုက်တွန်းချင်ပါသည်တဲ့။ ဘာဘဲဖြစ်ဖြစ် ရှေးဟောင်းကဗျာလင်္ကာများကို ဘယ်လိုမှ ပစ်ပယ်မရဆိုတာ လက်ခံကြရမှာပါ။ဒါကို အခြေခံထားပြီး ခေတ်လူငယ်တွေ မိမိလိုရာ ရေးဖွဲ့သီကုံးနိုင်တာဘဲ။မဟုတ်လား။
မြသွေးအခံပင်ယံစိမ်းမှာ၊ရွေှ့လိမ်းကြံကြ ဂုဏ်တပြိုင်၊
သွေယိမ်းဟန်ပြ ၊ ပုံအခိုင်ဝယ်၊ လေသိမ်းမခိုင်ကြွေစလု၊
မရီတခါ့ရီတခါငယ် ၊ ကလိ့ကမာညိုမင်းလွင်သို့စု။
ကြိုင်ကြိုင်သင်းပျံ့အင်ကြင်းချီသည်။ပင်မင်းရွှေဖီခါရတု။
မြင်ကွင်းပီပီလောင်စာနုနှင့်၊တောင်ယာအပြုခေတ်တပုံ၊
ပုလဲရောင်ငွေ သောင်ဘွေမော့မှာ   ၊    မောင်ဆွေမယ်ကြော့ ၊ငှက်ပေါင်းညီလာစုံ။
ဖြေမရဲဘု ၊ကြေကွဲကြုံအောင်  ငွေသဲခုံသောင်စေတီဆင့်လို့
ဘရဏီယုံပွင့်ချိန်ထူးမှာ ၊ မိန်ဦးသာတင့်စွာ၊ကာဠုထရဲ့ကြောက်ဖွယ့်လျာရယ်၊
ခြောက်ဆယ့်ဂါထာစီကုံးသည်ပလေး။” တဲ့။
ဟော..တုတ်တုတ်ဗြုံးတဲ့။ လာပြန်ချေပြီ။နောက်တခု။ နောက်တခု အဲ.နောက်အလှူတခု။ကားပေါ်မှ အပျိုမကလေးတဦး
 ဖလားထဲကို လက်နှိုက်ပြီး ငွေစက္ကူ
တွေ ပေါက်ပေါက်ပွင့်တွေတဆုတ်ကြီး ရယ်ရယ်မောမော
 ကြဲချလိုက်သည် ။ခလေးတွေရော လူကြီးတွေပါ တပျော်တပါး ကြီး ပြေးပြေးလွှားလွှား သွားကောက်ကြသည်။မြန်မာတို့ရဲ့
ချစ်စရာမြင်ကွင်းအလှကလေးတခု။ကင်မရာမှတ်တမ်းတင်ရလျင်ကောင်းမည်။
အော်..အလှူတွေ ပေါလှချည့်။
အလှူရာသီဖြစ်မည်ထင်ပါ၏။
မြန်မာတွေ အလှူဒါနနှင့် မွေ့လျော်ကြတာ ကမ္ဘာကသိပါလိမ့်မည်။
သီရိတို့ဗမာတွေ သူဌေးဖြစ်ကုန်ပြီလား
”ခေတ်ဟောင်းအဆိုတော် ခင်မောင်ရင် ” ကတော့ “ မွဲတဲ့သူ လှူဒါန်းနိုင်မည်  ကျောင်းဆောက်ကာ ဘုရားပါတည်..ဘိုးဘိုးအောင် နဲ့ ရှင်အဇ္ဇဂေါဏ တို့  မ မဲ့ ကိန်းဆိုက်ပြီ “ တဲ့။ ဘိုးဘိုးအောင် တို့ ရှင်အဇ္ဇဂေါဏတို့ မလား မ မလားတော့မသိ။ သီရိတို့မြန်မာတွေ ထမင်းရေ ချောင်းစီး ပေါင်းစီးလှူဒါန်းနေသည်ကတော့ ခြိမ့်ခြိမ့်သဲသဲ။မျက်မြင်ပါဘဲ။
သီရိသိပ်ကို ပျော်နေသည်။
သီရိသူငယ်ချင်းတွေရော ..ပျော်ကြရဲ့လားမသိ။  
ခင်မေသစ်