Saturday, July 30, 2011

မိုးခေါင်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းကနေ သေဆုံးခြင်းဆီသို့

မိုးခေါင်နေဆဲ ဆိုမာလီယာ
အာဖရိကတိုက်ဦးချိုဒေသ ဆိုမာလီယာနိုင်ငံရဲ့ငတ်မွတ်ခေါင်းပါးခြင်းဘေးအန္တရာယ်ကြောင့် ယူအန်ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က အထောက်အပံ့ပစ္စည်းတွေကို လေကြောင်းကနေစတင်ပို့ဆောင်နေပါပြီ။ အရေးပေါ်အစားအစာအထောက်အပံ့ပစ္စည်းတွေကို မြို့တော်မိုဂါတစ်ရှုးကို ပို့ဆောင်ခဲ့ပါတယ်။ ကလေးငယ်တွေအတွက် ပထမဆုံးလေယာဉ်နဲ့ အဟာရဖြည့်စွက်အစာ တန် ၁၀ သယ်ဆောင်လာခဲ့ကြတယ်။ ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံးဒေသတွင်းမိုးခေါင်မှုကြီးဖြစ်ပွားခဲ့ပြီး ဆိုမာလီယာမှာရှိနေတဲ့ လူသန်းပေါင်းများစွာနဲ့အာဖရိကဦးချိုဒေသ၀န်းကျင်မှာလည်းကြောက်မက်ဖွယ်ရာ အစားအစာပြတ်လပ်မှုရင်ဆိုင်နေကြရပါတယ်။ ဆိုမာလီယာအစိုးရကို ဆန့်ကျင်ဖြုတ်ချလိုတဲ့ အစ္စလာမ်မစ်လူငယ်လှုပ်ရှားမှုအဖွဲ့ အယ်လ်ရှာဘက်(မူဂျာဟီဒင်)ဟာ ဆိုမာလီယာဒေသတော်တော်များများကို ထိန်းချုပ်ထားကြတယ်။ WFP ရဲ့ထောက်ပံ့မှုတွေ ဘေးဒုက္ခရောက်နေတဲ့ ဒေသတွေဆီ မပို့ဆောင်နိုင်အောင်လည်း တားမြစ်မှုတွေလုပ်နေခဲ့ကြတယ်။ ဇူလိုင် ၂၆ မှာ လေကြောင်းကရောက်ရှိလာတဲ့ပစ္စည်းတွေ စတင်ဖြန့်ဝေရမှာဖြစ်ပေမဲ့ အရာရှိအရာခံအတားအဆီးစစ်ဆေးမှုတွေကြောင့် ကန်ညာကထွက်ခွာဖို့ကိုပဲ နောက်ကျခဲ့ပါတယ်။

WFP ရဲ့ပြောရေးဆိုခွင့်ရှိသူ ချဲလစ်မက်ဒွန်နားက “ဖြည့်စွက်အစာ Plumpy’nut ၁၀တန် ဟာ မြေပဲကနေ အခြေခံထုတ်လုပ်ထားတဲ့ ပရိုတင်းနဲ့ ခွန်အားဖြည့်ယိုတစ်မျိုးဖြစ်ပြီး အဟာရမလုံမလောက်ဖြစ်နေတဲ့ ကလေးငယ်ပေါင်း ၃၅၀၀ကို တစ်လတာ စောင့်ရှောက်ပေးနိုင်တယ်”လို့ ဆိုတယ်။ အရင်က ဆိုမာလီယာမှာ လိုအပ်နေတဲ့အစားအစာအထောက်အပံ့ပစ္စည်းတွေဖြန့်ဝေတဲ့အခါ ပင်လယ်ထဲကိုပဲ ချပေးနိုင်ကြတယ် လို့ ကင်ညာ၊ နိုင်ရိုဘီမြို့က သတင်းတောက် ၀ီလ်ရောစ့်က ပြောပါတယ်။ ပြင်သစ်နိုင်ငံထုတ် Plumpy’nut အဟာရဖြည့်စွက်အစာတွေကို ပြင်သစ်နိုင်ငံကနေကင်ညာကို တနင်္လာနေ့ကပထမဆုံးလေယာဉ်နဲ့ ပို့ခဲ့ကြတယ်။ လာမယ့် ရက်သတ္တပတ်တွေမှာ နောက်ထပ်လေကြောင်းနဲ့ထပ်ပြီးဖြန့်ဝေပေးမယ့် အစီအစဉ်တွေလည်းရှိနေပါတယ်။ ယူအန်က ဆိုမာလီယာရဲ့ တောင်ပိုင်းဒေသနှစ်ခုမှာ အစားအစာအင်မတန်ရှားပါးနေတယ်လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ကြေညာခဲ့ပြီးတဲ့နောက် ဒီလေယာဉ်ဟာ ပထမဆုံးလေကြောင်းအထောက်အပံ့ဖြစ်ပါတယ်။ အလားတူလေကြောင်းတွေကလည်း ဒိုလိုအာဒို အီသီယိုးပီးယားကျေးရွာတွေကို ပို့ဆောင်ပေးကြပါမယ်။ အဲဒီကမှ နယ်စပ်ကိုဖြတ်ပြီး ဆိုမာလီယာအစိုးရထောက်ခံတဲ့တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ငွေရောင်ဒေသ “ဂျူးဘာလန်း”ဆီကိုပါ ရွှေ့ပြောင်းပေးကြပါလိမ့်မယ်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးအန္တရာယ်ရိုက်ခတ်ခံနေရတဲ့ ဂျူးဘာလန်း၊ ဘကူးလ်ဒေသအနောက်ပိုင်းကိုသာ ပေးပို့နိုင်ကြပါမယ်။ အထောက်အပံ့ပစ္စည်းတွေကို လှေနဲ့သာပို့ရရင် လပေါင်းများစွာကြာနိုင်လို့ လေယာဉ်နဲ့ပဲ သယ်ဆောင်ရပါတယ် လို့ မစ်မက်ဒွန်နားက ပြောပါတယ်။

အယ်လ်ရှာဘက် ထိန်းချုပ်ထားတဲ့ဧရိယာအတွင်းက ဆိုမာလီယာဒေသခံသောင်းကျော်ဟာ အထောက်အပံ့တစ်စုံတစ်ရာရှာဖွေဖို့ မိုဂါတစ်ရှုးနဲ့အိမ်နီးချင်း ကင်ညာနဲ့ အီသီယိုးပီးယားကို တိမ်းရှောင်ထွက်ပြေးခဲ့ကြတယ်။ အာဖရိကစုပေါင်းတပ်ဖွဲ့(AU) ကျောထောက်နောက်ခံပြုထားတဲ့ အားနည်းလှတဲ့ဆိုမာလီယာအစိုးရဟာ မိုဂါတစ်ရှုးဒေသတွေကိုပဲ ထိန်းချုပ်နိုင်ပါတယ်။ “ကယ်ဆယ်ရေးဖြည့်စွက်အစားအစာတွေ သယ်ဆောင်လာတဲ့ ဘိုရင်း ၇၃၇ လေယာဉ်ဟာ မိုဂါတစ်ရှုးလေဆိပ်ကို ဆင်းသက်ခဲ့ပါတယ်”လို့ AU တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်ဗိုလ်မှုးကြီး ပက်ဒီအန်ကွန်းဒါ က သတင်းဌာနကို ပြောခဲ့တယ်။ AU တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးတပ်သား ၉၂၀၀ မိုဂါတစ်ရှုးမှာရှိနေကြပြီး လေဆိပ်လုံခြုံရေးနဲ့ မြို့တော်ထဲက အစိုးရထိန်းချုပ်ထားတဲ့ပိုင်နက်ဒေသတွေကို ကာကွယ်စောင့်ရှောက်ကြပါတယ်။

ဆိုမာလီယာဟာ စားနပ်ရိက္ခာအကျပ်အတည်း အပြင်းထန်ဆုံးရိုက်ခတ်ခံရတဲ့ဒေသလို့ ယူဆကြပေမဲ့ အီသီယိုးပီးယား၊ ကင်ညာနဲ့ ဂျီဘူတီဒေသတွေမှာလည်း ထိခိုက်မှုတွေရှိနေကြပါတယ်။ အဲဒီဒေသတွေက လူပေါင်း ၁၀သန်းကျော်ဟာ ဘေးဥပါဒ်အန္တရာယ်နဲ့ စွန့်စွန့်စားစားရင်ဆိုင်နေကြရတယ်။ ဆိုမာလီနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်အီဘရာဟင်မ်က သူ့ရဲ့ တိုင်းပြည်မှာ “လူပေါင်း ၃.၅သန်းကျော်ဟာ ငတ်မွတ်ခေါင်ပါးခြင်းကနေ သေဆုံးခြင်းကို ဘ၀ကူးပြောင်းကုန်ကြလိမ့်မယ်” လို့ သတိပေးလိုက်ပါတယ်။ ယူအန်က အစားအစာဖြန့်ဝေမှု အင်မတန်နောက်ကျတယ်လို့ ၀န်ကြီးချုပ် အက်ဘ်ဒီဝီးလီမိုဟာမက်အလီ က ပြစ်တင်တိုင်တန်းခဲ့တယ်။ ကူညီ ကယ်ဆယ်တဲ့အဖွဲ့အစည်းတိုင်း ရင်ဆိုင်ရတဲ့စိန်ခေါ်မှုကလည်း အင်မတန်ခက်ခဲနေပါတယ်။ “တစ်ချို့လေ့လာဆန်းစစ်သူတွေကလည်း မေးခွန်းထုတ်ကြတယ်။ ဘာကြောင့်များ ဒီလိုအရေးပေါ်အခြေအနေအတွက် ကြိုတင်ကာကွယ်မှုတွေမပြုလုပ်ခဲ့ကြတာလဲ။ ဆိုးဆိုးဝါးဝါးမိုးခေါင်မယ်၊ အစားအစာရိက္ခာပြတ်လပ်ကုန်ကြမယ်ဆိုတာ ပြီးခဲ့တဲ့နှစ်ကတည်းက ကြိုတင်ခန့်မှန်းခဲ့ကြတာပဲ” လို့ အရှေ့အာဖရိကဒေသ သတင်းထောက်တစ်ဦးက ဆိုတယ်။

ကြွယ်ဝချမ်းသာတဲ့အာရပ်ပြည်နယ်တွေကလည်း အကျပ်အတည်းအတွက်ကူညီကယ်ဆယ်ဖို့ လုံလောက်အောင်မလှုပ်ရှားကြဘူးဆိုတဲ့ ဝေဘန်မှုတွေပေါ်ထွက်လာခဲ့ပြီးနောက် ဆော်ဒီအာရေဗျက စားနပ်ရိက္ခာဝယ်ယူရေးအတွက် WFP ကို ဒေါ်လာ သန်း ၅၀(ပေါင် သန်း ၃၀) လှူဒါန်းမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဥရောပယူနီယံကလည်း ဒေါ်လာ သန်း ၄၀ လှူဒါန်းမယ်လို့ ကြေညာခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဥရောပယူနီယံက မိုးခေါင်ခြင်းဒဏ်ရိုက်ခတ်ခံခဲ့ရတဲ့ အာဖရိကအရှေ့ပိုင်းကို ဒေါ်လာ ၆၁ သန်းလှူဒါန်းခဲ့ကြပါတယ်။

ယူအန်က ဆိုမာလီယာအစိတ်အပိုင်းတွေရဲ့ ငတ်မွတ်ခေါင်းပါးခြင်းဘေးအန္တရာယ်အကြောင်းကို ကြေညာခဲ့ပါတယ်။ ၂ နှစ်ဆက်တိုက် မိုးခေါင်ခြင်းကြောင့် ဆိုမာလီယာ လူဦးရေ ၂၅ ရာခိုင်နှုန်းခန့် အိုးအိမ်ပြောင်းရွှေ့ခဲ့ကြရတယ်။ အာဖရိက အရှေ့ဘက်ပိုင်း တခြားနိုင်ငံတွေ မှာလည်း မိုးခေါင်ခြင်းနဲ့အတူ ဘေးအန္တရာယ်ဆိုးဆိုးဝါးဝါးရိုက်ခတ်ခံခဲ့ရပါတယ်။
အရှေ့အာဖရိက ငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်းနဲ့ ပတ်သတ်တဲ့အမေးအဖြေကိုဖတ်ကြည့်ရရင် ပြဿနာတစ်ခုရဲ့အရင်းအမြစ်ကို ခန့်မှန်းနိုင်ကြမှာပါပဲ။ အဲဒီအမေးအဖြေမှာ …

ဘယ်လောက်တောင်အခြေအနေဆိုးနေလဲ။
မိုးခေါင်ခြင်းအတွေ့အကြုံရှိထားတဲ့ အရှေ့အာဖရိကမှာတောင် နှစ်ပေါင်း၆၀အတွင်း အဆိုးဝါးဆုံးမိုးခေါင်ခြင်းပဲလို့ ယူအန်ကပြောတယ်။ ဆိုမာလီယာ၊ အီသီယိုးပီးယား၊ ကင်ညာနဲ့ ဂျီဘူတီတိုင်းပြည်လေးခုမှာ လူပေါင်း ၁၀သန်းကျော် ငတ်မွတ်ခေါင်းပါးမှုဒဏ်ခံနေကြတယ်။ ဖြစ်ရတဲ့အကြောင်းက မိုးရေပြတ်လပ်တာရယ်၊ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းစီမံကိန်းတွေအတွက် သင့်တော်တဲ့ငွေကြေးဘဏ္ဍာသုံးစွဲဖို့ အစိုးရကပျက်ကွက်ခဲ့တာရယ်ကြောင့်ပါ။ ဆိုမာလီယာက အဆိုးဝါးဆုံးဒဏ်ခံရတယ်။ ယူအန်ကြေညာတဲ့အထဲမှာ ဘကူးလ်နဲ့ ရှဘဲလ်အောက်ပိုင်းဒေသတွေမှာလည်းသက်ရောက်မှုရှိတယ်။ ကလေးငယ်ပေါင်းတစ်သောင်းကျော်မှာ ၆ယောက်အနည်းဆုံး နေ့စဉ်သေဆုံးနေပါတယ်လို့ ယူအန်က ပြောပါတယ်။

ဘာကြောင့်ဆိုမာလီယာက အဆိုးဆုံးဒဏ်ခံရတာလဲ။
၁၉၉၁ ခုနှစ်က အမျိုးသားအစိုးရနောက်ဆုံးပြိုကွဲခဲ့ပြီးနောက် ဆိုမာလီယာက စံထားရတဲ့ပြည်နယ်လိုဖြစ်လာခဲ့တယ်။ အယ်ကေးဒါးနဲ့အဆက်အသွယ်တွေရှိနေတယ်ဆိုတဲ့ တိုက်ခိုက်ရေးအဖွဲ့အယ်လ်ရှာဘက်ဟာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြစ်နေတယ်လို့ ကြေညာခံရတဲ့ဒေသတွေပါဝင်တဲ့ တောင်ပိုင်းနဲ့အလယ်ပိုင်းဒေသအတော်များများကို ထိန်းချုပ်ထားတယ်။ ယူအန်အထောက်အပံ့ ပေးထားတဲ့အစိုးရက မြို့တော်မိုဂါတစ်ရှုးဒေသအစိတ်အပိုင်းတွေလောက်သာ တာဝန်ယူထားနိုင်တယ်။ ဆယ်စုနှစ် ၂ ခု ကြာ အဆက်မပြတ်တိုက်ခိုက်နေခဲ့ကြပြီးတဲ့နောက် ဆိုမာလီယာပြည်သူတွေဟာ အစွန်းတစ်ဘက်မှာရှင်သန်နေထိုင်ခဲ့ကြရတယ်။ အခြေအနေတွေကိုပိုပြီးဆိုးဝါးအောင် အယ်လ်ရှာဘက်က သူတို့ထိန်းချုပ်ထားနိုင်တဲ့၂၀၀၉ နောက်ပိုင်းကနေစပြီး အနောက်နိုင်ငံကူညီ ကယ်ဆယ်ရေးအဖွဲ့တွေကို ဖိအားပေးနေခဲ့တယ်။ ဆိုမာလီယာဒေသအများစုမှာ ကယ်ဆယ်ရေးကြိုးပမ်းမှုတွေကို တားဆီးနှောင့်ယှက်နေခဲ့ပါတယ်။

အခြေအနေတိုးတက်ကောင်းမွန်စေခဲ့ပြီလား။
ဆိုမာလီယာ၊ ကင်ညာနဲ့ အီသီယိုးပီးယားက ပြည်သူတွေအများစုဟာ မွေးမြူရေးလုပ်သူတွေနဲ့ အိမ်ခြေအတည်တကျမရှိ ဟိုဒီ သွားလာ နေထိုင်ကြသူတွေဖြစ်ကြတယ်။ ကျွဲ၊ နွား၊ မြင်းမွေးမြူရေးဟာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းပါ။ ဒါပေမဲ့ မိုးခေါင်ခြင်းကို ခံနိုင်ရည်ရှိတဲ့ ကုလားအုပ်အပါအ၀င် သူတို့ရဲ့တိရစ္ဆာန်အားလုံး သေကြေကုန်ကြတယ်။ အဲဒါကို ပြန်လည်နလံထူဖို့ မိုးကောင်းကောင်းရွာတဲ့ နှစ်တွေအများကြီး သူတို့လိုအပ်ပါတယ်။ ဘေးဒဏ်ခံခဲ့ရတဲ့ဆိုမာလီယာဒေသတွေမှာ မိုးဟာ နိုဝင်္ဘာလမှာပဲရွာလေ့ရှိတယ်။ ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကို ရှောင်တိမ်းခဲ့ကြတဲ့သူတွေကလည်း နေရပ်ကိုပြန်လာပြီး ကောက်ပဲသီးနှံပြန်စိုက်နိုင်ကြမှာမဟုတ်ပါဘူး။ ငတ်မွတ်ခေါင်းပါးမှု ကြိုတင်သတိပေးစနစ်ကွန်ယက်တွေက နောက်လ ဒါမှမဟုတ် နှစ်လလုံးမှာ ဆိုမာလီယာတောင်ပိုင်းတစ်ခုလုံး ဘေးအန္တရာယ်ကျရောက်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းကြတယ်။ ဘေးဒဏ်ခံရတဲ့ရှဘဲလ်အောက်ပိုင်းဒေသဟာ ဆိုမာလီယာရဲ့ ကောက်ပဲသီးနှံအများဆုံးထောက်ပံ့နိုင်တဲ့ လယ်ယာစိုက်ပျိုးတဲ့ဧရိယာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေသတွင်းတိုက်ခိုက်မှုတွေက လယ်သမားတွေနဲ့ စီးပွားရေးသမားတွေကို တိုင်းပြည်ကနေစွန့်ခွာစေခဲ့တယ်။

ငတ်မွတ်ခေါင်းပါးတဲ့ ဘေးအန္တရာယ်မျိုးတွေ ဒီဒေသမှာ အရင်ကဖြစ်ခဲ့ဖူးလား။
၁၉၉၂-၁၉၉၃ ခုနှစ်မှာ ဆိုမာလီယာမှာ မိုးခေါင်ခဲ့ဖူးတယ်။ ဆီယက်ဘားရ်အာဏာဖြုတ်ချခံရပြီးနောက် မင်းမဲ့တိုင်းပြည်ဖြစ်သွားခဲ့ပြီး ယူအက်စ်ကြားဝင်ဖျန်ဖြေတဲ့တပ်တွေဦးဆောင်စေခဲ့တယ်။ ဒါပေမဲ့ ဆိုမာလီယာစစ်သားတွေရဲ့ အနီးကပ်သတ်ဖြတ်မှုကြောင့် ယူအက်စ်တပ်သား ၁၈ ဦး သေဆုံးခဲ့တဲ့ “Black Hawk Down” အဖြစ်အပျက်ဖြစ်ပွားခဲ့တဲ့အခါ တပ်သားတွေပြန်လည်ရုတ်သိမ်းခဲ့တယ်။
အီသီယိုးပီးယားက ၁၉၇၃မှာ ငတ်မွတ်ခေါင်းပါးမှုဖြစ်ခဲ့တယ်။ ဧကရာဇ်ဟေးလ်ဆဲလာစီကိုဆန့်ကျင်တဲ့ တိတ်တဆိတ်အာဏာသိမ်းမှုတွေနောက်ပိုင်းမှာ ဖြစ်နေခဲ့တယ်။ ၁၉၈၄ မှာတစ်ကြိမ် ဖြစ်ပွားခဲ့သေးတယ်။ အဲဒီအချိန်က ဗိုလ်မှုကြီးမန်ဂီစတူဟေးလ်မေရီယန်ရဲ့အစိုးရအဖွဲ့နဲ့ တီဂရာယမ်သူပုန်တွေအကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအရှိန် အမြင့်ဆုံးအချိန်ဖြစ်ခဲ့ပါတယ်။ အခြေခံအားဖြင့်ဆိုရရင်တော့ ပြည်တွင်းမှာဖြစ်ပွားတဲ့ပစ်ခတ်တိုက်ခိုက်မှုတွေဟာ မိုးခေါင်မှုကို ငတ်မွတ်ခေါင်းပါးမှုအဖြစ် ပြောင်းလဲသွားစေခဲ့တယ်ဆိုတာပါပဲ။ ရာသီဥတုအပြောင်းအလဲဟာ ဒီဒေသမှာ သမရိုးကျဖြစ်စဉ်လိုဖြစ်နေပါပြီလို့ တစ်ချို့ကဆိုကြတယ်။

ဆိုမာလီယာမှာ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်နိုင်မလား။
အဲဒါ ရေရှည်အချိန်ယူရမယ်။ ဆာလောင်မွတ်သိပ်မှုအကျပ်အတည်းကို ဖြေရှင်းရမယ်။ ဒါပေမဲ့ မလွယ်ကူလှဘူး။ အဲဒီမှာ ဘ၀ရှင်သန်နေထိုင်ရမယ့်နည်းလမ်းတွေမရှိဘူး၊ နောက်ပြီး ဥပဒေတွေသာအတင်းအကျပ်အတည်ပြုနေတဲ့ အစိုးရရဲ့ပျက်ကွက်မှုတွေက များပြားလှတဲ့ဆိုမာလီလူငယ်လေးတွေ ဘာကြောင့်အိန္ဒိယသမုဒ္ဒရာထဲက ပင်လယ်ဓါးပြတွေဖြစ်ကုန်ကြသလဲဆိုတာ ရှင်းပြနေတာပါပဲ။ တိုင်းပြည်က ကြေမွနေပြီ။ ဘာသာရေးဆန့်ကျင်တိုက်ခိုက်မှုတင်မကဘူး၊ လူမျိုးစုတွေအချင်းချင်းလည်း စိတ်ဝမ်းကွဲပြားနေကြတယ်။ ဆိုမာလီယာမင်းမဲ့တိုင်းပြည်ဖြစ်သွားပြီးကတည်းက ငြိမ်းချမ်းရေးအတွက်စကားတွေတော့ အများကြီးပြောခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ့်ငြိမ်းချမ်းရေး နည်းနည်းပါးပါးပဲရကြတယ်။ AU၊ ယူအန်နဲ့ ဒေသခံတိုင်းပြည်တွေဦးဆောင်တဲ့တပ်ဦးတွေ တစ်ဒါဇင်ကျော်လောက် ပြိုကွဲနေကြတယ်။ နိုင်ငံရပ်ခြားတိုင်းပြည်တွေရဲ့ စစ်ရေးအရကြားဝင်ဖျန်ဖြေမှုတွေတောင် ရှုံးနိမ့်ခဲ့ကြပါတယ်။ ယူအက်စ်ရဲ့ အတွေ့အကြုံဆိုးကြီးပြီးတဲ့နောက်ပိုင်း အနောက်နိုင်ငံတွေက သတိကြီးကြီးထားလာကြတယ်။ ဆယ်စုနှစ်တစ်ခုအကြာ အီသီယိုးပီးယားက ယူအက်စ်နဲ့မဟာမိတ်ဖွဲ့လိုက်တယ်။ ယူအက်စ်တပ်သားတွေလွှတ်ပေးကြတယ်။ ဘာကြောင့်လည်းဆိုတော့ အစ္စလာမ်မစ်လှုပ်ရှားမှုတွေပေါ်ထွက်လာတော့ စိုးရိမ်ပူပန်မှုတွေရှိခဲ့တာကြောင့်ပါ။ ဒါပေမဲ့ တပ်တွေပြန်ပြီးရုတ်သိမ်းဖို့ ဖိအားပေးခံရတယ်။ သူပုန်တွေရဲ့ ပုံမှန်တိုက်ခိုက်မှုတွေရင်ဆိုင်ရတယ်။ နယ်မြေဧရိယာတွေအများကြီးထိန်းချုပ်ထားတဲ့အယ်လ်ရှာဘက်လို လူမျိုးစုအစုအဖွဲ့တွေကလည်း ပိုပြီးများလာတယ်။ တိုက်ခိုက်နေကြတယ်။ အခု ဆိုမာလီယာမှာ အာဖရိကစုပေါင်းငြိမ်းချမ်းရေးတပ်သားတွေရှိနေတယ်။ ဒါပေမယ့် တပ်သား ၂၀၀၀၀ လွှတ်ပေးမယ်လို့ ကတိက၀တ်ပြုထားတဲ့အထဲကမှ တပ်သား ၉၀၀၀ သာ စေလွှတ်ပေးခဲ့ကြတယ်။ တပ်သားတွေက မိုဂါတစ်ရှုးဒေသကျဉ်းကျဉ်းမှာပဲ ဖြန့်ကျက်နေနိုင်ကြတယ်။ အယ်လ်ရှာဘက်က ကျန်တဲ့မြို့တော်အစိတ်အပိုင်းအားလုံးနဲ့ တောင်ပိုင်း၊ အလယ်ပိုင်းဒေသတွေ ထိန်းချုပ်ထားတယ်။

အထောက်အပံ့ပစ္စည်းတွေ လုံလုံလောက်လောက်ရပြီလား။
မရသေးပါဘူး။ ဆိုမာလီယာကိုပစ္စည်းတွေရောက်ဖို့က အင်မတန်ခက်ခဲတယ်။ အယ်လ်ရှာဘက်က ကယ်ဆယ်ရေးအဖွဲ့အစည်းတွေကို တားမြစ်ခဲ့တယ်။ ဖြန့်ဝေပေးလိုက်တဲ့အစားအစာတစ်ချို့ကို သေနတ်သမားတွေကတိုက်ခိုက်လုယက်ထားလိုက်တယ်။ ပင်လယ်ဓါးပြတွေကပြန်ပေးငွေအတွက် ထိန်းသိမ်းထားလိုက်ကြတယ်။ တစ်ချို့ကယ်ဆယ်ရေးအဖွဲ့အစည်းတွေက လတွေတော်တော်ကြာပြီ။ အကျပ်အတည်းအကြောင်း သတိပေးနေကြတယ်။ ဒါပေမယ့် အားထုတ်မှုကလတ်တလောမှ လှုပ်လှုပ်ရှားရှားဖြစ်လာကြတာ။ တီဗီဖန်သားပြင်က ကလေးငယ်တွေရဲ့ရုပ်ပုံတွေဟာ လူတွေ၊ အစိုးရတွေကို၊ သူတို့ရဲ့လက်တွေ သူတို့အိပ်ကပ်ထဲကိုနှိုက်ပြီး အမြန်ဆုံးလှူဒါန်းကြဖို့ စေ့ဆော်လိုက်တာပဲ။ စီးပွားရေအကျပ်အတည်းကြောင့် အလှူရှင်တွေလည်း သူတို့ပုံမှန်လှူဒါန်းနိုင်သလောက် မရက်ရောနိုင်ကြတော့ဘူး။ တခြားမေးစရာတွေလည်းရှိနေတယ်။ သူတို့ရဲ့အထောက်အပံ့ပစ္စည်းတွေက တကယ်တမ်း လိုအပ်နေတဲ့နေရာတွေကိုမရောက်ပဲ အယ်လ်ရှာဘက်နဲ့ သေနတ်သမားတွေဆီကို ရောက်ကုန်ကြမလား မေးခွန်းထုတ်နေကြတယ်။ အဲဒါက ၁၉၉၂-၁၉၉၃ မိုးခေါင်မှုမှာဖြစ်ခဲ့တဲ့ အဓိကပြဿနာကြီးပဲ။

အယ်လ်ရှာဘက်နဲ့ ဆွေးနွေးနေကြလား။
ငတ်မွတ်ခေါင်းပါးမှုဒဏ်ခံနေရတဲ့ဒုက္ခသည်တွေဆီကို အထောက်အပံ့ပစ္စည်းတွေပေးဖို့ ယူအန်က အယ်လ်ရှာဘက်နဲ့ဆွေးနွေးခဲ့ပါတယ်။ ပြဿနာက အယ်လ်ရှာဘက်ကအဲဒီမှာငတ်မွတ်ခေါင်းပါးမှုမရှိဘူးလို့ ငြင်းတယ်။ အနောက်နိုင်ငံတွေကစေလွှတ်တဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ထောက်လှမ်းရေးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ထားမှာကို ကြောက်နေကြတာလည်းပါတယ်။ သူတို့ရဲ့သံသယတွေအတိုင်း နာမည်တပ်နေကြတာပဲ။ ယူအန်ကလည်း အယ်လ်ရှာဘက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာသွားလာနေရတဲ့ ၀န်ထမ်းတွေလုံခြုံစိတ်ချရစေဖို့ အာမခံချက်လိုချင်တယ်။ သဘောတူညီချက်တွေမရကြတော့ ဆိုမာလီဒေသခံတွေ ကင်ညာနဲ့ အီသီယိုးပီးယားကိုထွက်ပြေးနေကြဦးမှာပါပဲ။ အဲဒီတိုင်းပြည်တွေကလည်း သူတို့ရဲ့အစားအစာအကျပ်အတည်းအတွက် ရုန်းကန်နေကြရတာ၊ ဆိုမာလီတွေစိမ့်ဝင်လာကြတာကို သူတို့ စိုးရိမ်နေကြတယ်။ ဒုက္ခသည်တွေအယောင်ဆောင်ပြီး အယ်လ်ရှာဘက်ရဲ့ လူတွေပါ ၀င်လာကြမယ်။ အဲဒီလူတွေက သူတို့ရဲ့တည်ငြိမ်မှုကို ခြိမ်းခြောက်မှာကြောက်လန့်နေကြပါတယ်။
အရှေ့အာဖရိကငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်းအကြောင်း အမေးအဖြေဖတ်လိုက်ရတဲ့အခါ မဆုံးနိုင်တဲ့ ရန်လိုတိုက်ခိုက်မှုတွေကြောင့် ရင်ကို ပူလောင်လာစေတယ်။ ဆိုမာလီဒေသခံတွေရဲ့ဆာလောင်မွတ်သိပ်မှုတွေလည်း ကူးစက်ခံစားမိခဲ့ပါတယ်။
နေ့စဉ်နေ့တိုင်း ကလေးငယ်တွေ၊ လူကြီးတွေ တဖြုတ်ဖြုတ်သေကြေပျက်စီးနေကြတာကို ကြားသိနေလျှက်က လက်လျှော့နေရတဲ့ ကူကယ်ရာမယ့်အဖြစ်အပျက်တွေဟာ ရင်နာစရာကောင်းလှတယ်။
ကလေးငယ်တွေ ၀မ်းဝပါစေ။
လူကြီးလူငယ်တွေအတွက်လည်း အစာရေစာပေါများကြွယ်ဝပါစေ။
အားလုံးငြိမ်းချမ်းပါစေ ဆုတောင်းလိုက်ပါတယ်။          ။
Source : http://www.bbc.co.uk/news/world-africa-14249733
             http://www.bbc.co.uk/news/world-africa-14314060
             all photos from here

Tuesday, July 26, 2011

ကွဲပြားတဲ့အမြင်တွေနဲ့ အေးခဲနေဆဲ နျူကလီးယားစက်ရုံကြီး

ဖိလစ်ပိုင်နိုင်ငံက ဘတန်းနျူကလီးယားလျှပ်စစ်စက်ရုံ(Bataan Power Plant) ကို ခရီးသွားတွေလှည့်လည်ကြည့်ရှုနိုင်စေရန် ဖွင့်လှစ်လိုက်ပါပြီ။ ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာ အနောက်ဘက်ပိုင်း ကီလိုမီတာ ၁၀၀(မိုင် ၆၀)အကွာ နာရီအနည်းငယ်လောက်သာ သွားလိုက်တဲ့အခါ ဆလင်ဒါပုံမျှော်စင်ကြီးတစ်ခု မတ်မတ်ရပ်လို့နေတာတွေ့ရပါလိမ့်မယ်။ ပင်လယ်ဘက်က လှမ်းကြည့်လိုက်ရင်လည်း အထင်းသားမြင်နေရတဲ့အငူအစွန်းနေရာမှာ အဲဒီ မီးခိုရောင်အဆောက်အဦးကြီးတစ်ခု ရှိနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ တစ်ခုတည်းသော နျူကလီးယားစက်ရုံဖြစ်ပြီး ၁၉၇၆ ခုနှစ်က စတင်တင်တည်ဆောက်ခဲ့ကြတယ်။ ဒေါ်လာ ၂ ဘီလီယံ(ပေါင် ၁.၂ ဘီလီယံ)ကျော် အကုန်အကျခံတည်ဆောက်ခဲ့ပေမယ့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် တစ်ခါမှ အသုံးမပြုခဲ့ကြပါဘူး။ ဆယ်စုနှစ်သုံးခုကျော်ကြာ အသုံးမပြုပဲထားခဲ့ရာက အခုတော့ဖွင့်လှစ်လိုက်ပါပြီ။ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့အတွက်တော့ မဟုတ်ပါဘူး။ ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက်သာ ရည်ရွယ်လိုက်ပါတယ်။ ဘတန်းနျူကလီးယားစက်ရုံနဲ့ပတ်သတ်ပြီး စက်ရုံကိုဖွင့်လှစ်နိုင်မယ်၊ မဖွင့်နိုင်တော့ဘူး၊ စကားအချေအတင်ပြောဆိုနေခဲ့ကြတာ နှစ်တွေအများကြီးကြာခဲ့ပါပြီ။ နောက်ဆုံးတော့ စက်ရုံရဲ့ ခလုတ်ကို နှိပ်လိုက်ကြပါပြီ။

ဝန်ထမ်းတွေက စက်ရုံထဲကိုလာကြည့်ကြတဲ့ခရီးသွားအုပ်စုတွေကို နျူကလီးယားစက်ရုံတစ်ရုံအလုပ်လုပ်ပုံကို ရှင်းလင်းပြသကြတယ်။ “ကျွန်တော်တို့ ဒီလိုပုံစံမျိုးနဲ့ ဘတန်းနျူကလီးယားစက်ရုံကို စတင်အလုပ်လုပ်စေခဲ့ပါပြီ။ အဲဒီတော့ စက်ရုံကိုပြုပြင်ထိန်းသိမ်းဖို့ ရံပုံငွေ ရလာမယ်။ လုံခြုံရေးအတွက်လည်းစိတ်ချရနိုင်တယ်။ နျူကလီးယားလျှပ်စစ်ဓါတ်အားပေးစက်ရုံနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပုံတွေကိုလည်း လူတွေကို သိမြင်စေချင်ပါတယ်” လို့ စက်ရုံမန်နေဂျာ မော်ရိုမာချဲလို က ပြောပါတယ်။ ခရီးသွားအုပ်စုတွေ အဆောက်အဦးတစ်ဝိုက်လှည့်လည်ကြည့်ရှုကြတယ်။ ၁၉၇၀ ခုနှစ်ပိုင်းက စနစ်တကျမရှိခဲ့သေးတဲ့အဆောက်အဦးကြီးကို စနစ်တကျပြင်ဆင်ထားခဲ့ပုံရပါတယ်။ Star Trek ဇာတ်လမ်းတွဲတွေထဲကလို ထိန်းချုပ်ခန်းကြီးက နေရာတကျမရှိ ဖရိုဖရဲဖြစ်နေတာမျိုးတော့ မတွေ့ခဲ့ရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဓါတ်ရောင်ခြည်အန္တရာယ်လည်းရှိမနေလို့ပါပဲ။ နျူကလီးယားစက်ရုံကြီးရဲ့ အသည်းနှလုံးနေရာလို့ ပြောရမယ့် အဏုမြူဓါတ်ပေါင်းအိုးရှိတဲ့နေရာကိုပါ ကြည့်ရှုခွင့်ပြုထားတယ်။ လောင်စာချောင်းတွေကိုထုတ်ပိုးထားပြီးသားအသင့်အနေအထားမှာမြင်တွေ့နိုင်ကြပါတယ်။

ဘတန်းအဆောက်အဦးဟာ ဘယ်တုန်းကမှ လှုပ်လှုပ်ရှားရှားမရှိခဲ့ဘူး။ လည်ပတ်ရခြင်းမရှိခဲ့ပါဘူး။ ဘာကြောင့်လဲ၊ အဆောက်အဦး ပြီးဆုံးတဲ့အချိန်ဟာ လုံးလုံးမှားယွင်းနေခဲ့ပါတယ်လို့ ဆိုကြတယ်။ အဆောက်အဦးဆောက်လုပ်၊ ပြင်ဆင်ပြောင်းလဲပြီး နှစ်တွေအများကြီး ကြာတဲ့အခါ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာအဆောက်အဦးလုံခြုံရေးအဖွဲ့တွေ စစ်ဆေးမှုတွေလုပ်ခဲ့ကြတယ်။ ၁၉၈၆ ခုနှစ်အစပိုင်းမှာ အဆောက်အဦးဟာ အသင့်အနေအထားရှိနေပြီလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ တိုင်းပြည်ထဲမှာ နျူကလီးယားစက်ရုံဆောက်လုပ်ရေး အတွက် အဓိကထောက်ခံအားပေးခဲ့သူ သမ္မတဖါဒီနန်မားကိုစ့်ကိုဆန့်ကျင်တဲ့ ပထမဆုံး ပြည်သူ့စွမ်းအားတော်လှန်ရေးစတင်လာခဲ့တယ်။ မားကိုစ့်ကိုအောင်နိုင်သွားခဲ့တဲ့ ကိုရာဇွန်အကွီနိုက ပြီးခဲ့တဲ့အစိုးရတစ်ရပ်ရဲ့ အဂတိလိုက်စားမှုအတွက် စွပ်စွဲချက်တွေ၊ မေးခွန်းတွေအများကြီးပဲထုတ်လိုက်တယ်။ အထူးသဖြင့် နျူကလီးယားစက်ရုံတည်ဆောက်မှုမှာလည်း နည်းမှန်းလမ်းမှန် တည်ဆောက်ခဲ့ခြင်းမရှိဘူးလို့ စွပ်စွဲခဲ့ပါတယ်။ အကွီနိုပြောတဲ့အချက်တွေမှာ ဘတန်းအဆောက်အဦးဟာ ရေမြေအနေအထား မှားယွင်းမှုအများကြီးရှိနေတဲ့နေရာမှာ တည်ရှိနေတယ်လို့ဆိုတယ်။ ငလျင်နဲ့ စူနာမီထိခိုက်လွယ်တဲ့နေရာမှာရှိနေတယ်။ နာတစ်ဘ်တောင်နဲ့လည်း မဝေးကွာလှဘူး။ နာတစ်ဘ်တောင်ကို ငလျင်မီးတောင်ပညာရှင်တွေက “လှုပ်ရှားမှုအလားအလာရှိတဲ့ မီးတောင်” အဖြစ် ဖော်ပြပြောဆိုလေ့ရှိကြတယ်။ အကွီနိုအာဏာရပြီးချိန် လအနည်းငယ်ကြာတဲ့နောက် ယူကရိန်းနိုင်ငံက ချာနိုဘိုင်းပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် နျူကလီးယားလျှပ်စစ်စွမ်းအားထုတ်လုပ်မှုကို ကမ္ဘာ့မှာတပ်လှန့်ပြီး ပြန်လည်စစ်ဆေးဖို့ ပြောဆိုနေကြတဲ့အချိန်ဖြစ်ခဲ့တယ်။ ဖိလစ်ပိုင်ဟာ နျူကလီးယားစွမ်းအင်အတွက် ဆိုင်းငံ့ထားသင့်သေးတယ်လို့ အကွီနိုက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘတန်းအဆောက်အဦးဟာ ကြီးမားတဲ့ဆင်ဖြူတော်တစ်ကောင်အဖြစ်ပဲ ရပ်တည်ခဲ့ရတော့တယ်။

လတ်တလော ဂျပန်နိုင်ငံက ဖူကူရှီးမားနျူကလီးယားစက်ရုံရဲ့အကျပ်အတည်း ဖြစ်ပွားနေဆဲအချိန်မှာတောင် ဖိလစ်ပိုင်လူမျိုးတွေဟာ တစ်နေ့မှာဘတန်းဓါတ်ပေါင်းဖိုအလုပ်လုပ်နိုင်ရမယ် ဆိုတဲ့ မျှော်လင့်ချက်ကို လက်မလွှတ်ကြပါဘူး။ ပြီးခဲ့တဲ့နှစ်အထိ လွှတ်တော်အမတ် ဖြစ်ခဲ့တဲ့ မာ့ခ်ကိုဟွမ်ကို က ဘတန်းအတွက် ငွေကြေးချထားပေးရေးမူကြမ်းတင်ပြခဲ့တယ်။ မစ္စတာကိုဟွမ်ကိုဟာ ဘတန်းကိုထောက်ခံတဲ့ အဆင့်အမြင့်ဆုံးအရာရှိတွေထဲကတစ်ဦးဖြစ်ပါတယ်။ “ကျွန်တော်တို့ နျူကလီးယားစွမ်းအင်လိုအပ်ပါတယ်။ ဒီနျူကလီးယားစက်ရုံမှာ ဘယ်တုန်းကမှ ဓါတ်ရောင်ခြည်မတွေ့ခဲ့ဘူး၊ နျူထရွန်လေးတစ်လုံးတောင်မတွေ့ခဲ့ရပါဘူး၊ စိတ်ချရတဲ့ အသစ်စက်စက်အဆောက်အဦး တစ်ခုပါ” လို့ သူက ပြောခဲ့တယ်။ မာခ့်ကိုဟွမ်ကို ကပဲ ဖိလစ်ပိုင်နိုင်ငံဟာ အာရှတိုက်တစ်ခုလုံးမှာ ပြည်တွင်း လျှပ်စစ်ဓါတ်အားခအမြင့်ဆုံးနှုန်းထားဖြစ်နေပြီ။ အဲဒီနှုန်းထားကြောင့်စီးပွားရေးကျပ်တည်းစေမယ်၊ အဆင်းရဲဆုံးတိုင်းပြည်တွေရဲ့ဒေသတစ်ခုလိုဖြစ်လာမယ်လို့ ထောက်ပြပြောဆိုခဲ့တယ်။ ရေအားလျှပ်စစ်နဲ့ လေအားလျှပ်စစ်စက်ရုံတွေ ရင်းနှီးမြှပ်နှံနေတာတောင် ဖိလစ်ပိုင်ရဲ့ လျှစ်စစ်စွမ်းအားက လတ်တလောမှာ ကျောက်မီးသွေးစက်ရုံတွေကပဲ အများဆုံးထုတ်လုပ်နေပါတယ်။ ကျောက်မီးသွေးက သွင်းကုန်ဖြစ်တာကြောင့်ငွေကြေးကုန်ကျမှုများလှပါတယ်။ “လျှစ်စစ်စွမ်းအားကို မထုတ်လုပ်နိုင်ရင် တခြားတိုင်းပြည်တွေနဲ့ စီးပွားရေးအရယှဉ်ပြိုင်ဖို့ အခွင့်အရေးမရှိနိုင်ဘူး။ ပြည်တွင်းစီးပွားတိုးတက်ရေးစူးစိုက်ဖို့ထက် ကျွန်တော်တို့ရဲ့လူတွေ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့ တင်ပို့ပေးနေသလိုပဲ ဖြစ်နေမှာပဲ” လို့ မစ္စတာကိုဟွမ်ကိုက ဆိုတယ်။

အဆုံးမှာတော့ ဘတန်းအတွက်ထောက်ခံခဲ့သူတွေဟာ တောင်တက်ရသလိုခက်ခဲတဲ့စစ်ပွဲတစ်ပွဲ ရင်ဆိုင်ကြရမှန်းသိလာကြတယ်။ တစ်ချို့ဒေသခံတွေကလည်း နျူကလီးယားစက်ရုံကို ဆန့်ကျင်ကြတယ်။ သူတို့ရဲ့အိမ်တံခါးဝကို ဘေးအန္တရာယ်တစ်ခုက တံခါးလာခေါက်မှာ ကြောက်ရွံ့နေကြတယ်။ ဟိုကသည်က နျူကလီးယားဘေးအန္တရာယ်တွေအကြောင်းကိုးကားပြောဆိုကြတယ်။ လက်ရှိသမ္မတ ဘီနင်ညိုအကွီနိုဟာ ကိုရာဇွန်ရဲ့သားဖြစ်ပါတယ်။ သူက မိခင်ရဲ့ ပထမသော့ချက်ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ ဘတန်းအဆောက်အဦးကိုတော့ ပြန်လည်အစဖော်လုပ်ဆောင်နိုင်ချေမရှိပါဘူး။ ဖူကူရှီးမားနျူကလီးယားစက်ရုံရဲ့နိုးထလာမှုကြောင့် ငလျင်ဒဏ်ခံဒေသတွေရဲ့ နျူကလီးယားစွမ်းအင်အန္တရာယ်တွေအကြောင်းတွေ သိလာရတာကြောင့်လည်း ထိတ်လန့်မှုတွေက ပြန်ပြီး အသစ်ဖြစ်နေခဲ့ကြတယ်။

နျူကလီးယားစက်ရုံ မန်နေဂျာ မော်ရိုမာချဲလို က အကောင်းကိုပဲ တွေးမြင်မျှော်လင့်မနေခဲ့ဘူး။ သူ တာဝန်ကျနေတဲ့သက်တမ်းတလျှောက် ဘတန်းဖွင့်လှစ်နိုင်ဖို့ မျှော်လင့်မထားပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဘတန်းကို အလည်ရောက်လာခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကတော့ ဘတန်းက လုံးဝအောင်နိုင်သွားပါပြီလို့ ဆိုကြတယ်။ ကျောင်းသားတစ်ယောက်က “အံ့သြစရာကောင်းတယ်၊ ကျွန်တော်တော့ စက်ရုံဖွင့်လှစ်သင့်တယ်လို့ ထင်တယ်”လို့ ပြောသွားပါတယ်။ “အဆောက်အဦးထဲလှည့်လည်ကြည့်ရှုခဲ့ရတာ ပျော်ရွှင်စရာကောင်းလှပါတယ်။ အများကြီးပဲ လေ့လာခဲ့ရတယ်။ ဒါပေမဲ့ နျူကလီးယားစက်ရုံက အမှန်တကယ်အသုံးမပြုနိုင်တာကတော့ ရှက်စရာကောင်းတဲ့အရာလိုပဲ” လို့ နောက်ထပ်ကျောင်းသားတစ်ယောက်က ပြောခဲ့တယ်။

မစ္စတာမာချဲလိုနဲ့ နျူကလီးယားမဲဆွယ်သူတွေမှာ တစ်ခြားစိန်ခေါ်မှုတစ်ခုကိုလည်း ရင်ဆိုင်နေရပါသေးတယ်။ နျူကလီယားဆန့်ကျင်ရေးပြင်းပြင်းထန်ထန်လုပ်ဆောင်နေကြတဲ့ Greenpeace အဖွဲ့က ဘတန်းခရီးသွားအစီအစဉ်အကြောင်းသိရတဲ့အခါ “သဘာငပတ်ဝန်းကျင်လေ့လာရေး”အဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီ ခရီးစဉ်မှာ ဓါတ်ပေါင်းဖိုထဲ လှည့်လည်ကြည်ရှုဖို့ရယ် အနီးအနားက လိပ်ဘေးမဲ့ဇုန်နဲ့ ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်နေရာကိုလည်း သွားရောက်လေ့လာကြမယ်လို့ ဆိုတယ်။ “ဘတန်းကိစ္စအရေးတကြီးဆွေးနွေးဖို့ Napocor လျှပ်စစ်ဓါတ်အားပေးစက်ရုံနဲ့ သဘောတူညီမှုတွေ ကျွန်တော်တို့ရှိထားပါတယ်။ ကျွန်တော်တို့ ခရီးစဉ်ကတူညီနေပေမဲ့ အင်မတန်ကွဲပြားတဲ့ဆွေးနွေးမှုလေ့လာမှုတွေ ဖြစ်နေကြလိမ့်မယ်” လို့ မနီလာအခြေစိုက် Greenpeace အဖွဲ့ဝင် ဖရန့်စစ်ဒဲလာခရုဇ်က ပြောပါတယ်။

ဘတန်းစက်ရုံကို ပစ်ထားပြီး ၂၅နှစ်အကြာမှာ အမြင်မတူတဲ့အဖွဲ့နှစ်ခုက ဘတန်းနျူကလီးယားစက်ရုံကြီးဆီကို အလည်လာနေကြပါပြီ။

ဘတန်းကိုလာလည်ပြီးတဲ့အခါ နျူကလီးယားစွမ်းအင်အကြောင်း သူတို့ရဲ့ကိုယ်ပိုင်အယူအဆနဲ့ပဲ သိမြင်ခွင့်ရကြပါလိမ့်မယ်။ ဒါပေမဲ့ တချိန်က အဆင့်မြင်နည်းပညာဖွံ့ဖြိုးမှုပြယုဂ်ဖြစ်တဲ့ သိပ္ပံနည်းကျကိရိယာကြီးဟာ အခုထိတိုင် အေးစက်နေဆဲပဲဆိုတာကိုလည်း သူတို့ ကြုံတောင်ကြုံခဲ သိမြင်သွားနိုင်ပါလိမ့်မယ်။           ။

Source : http://www.bbc.co.uk/news/world-asia-pacific-14184234
မော်နီတာဂျာနယ်
အတွဲ ၁ ၊ အမှတ် ၆၈

Monday, July 25, 2011

ငယ်ငယ်တုန်းက (မေမေ့ရဲ့စာ)

ကျွန်မငယ်ငယ်တုန်းက အကိုတွေက စကြတယ်။ လှည်းလမ်းကြောင်းက ကောက်ရပြီးမွေးစားထားတာတဲ့။ ခေါက်ဆွဲရောင်းတဲ့ တရုတ်အရှင်းမကြီးက မလိုချင်လို့ စွန့် ပြစ်လိုက်တာလို့  ဆိုတယ်။ တရုတ်တွေက သမီးမိန်းခလေးကို တန်ဘိုးမထားဘူး။ မွေးလာရင် စွန့် ပြစ်ကြရိုးထုံးစံတောင် ရှိသတဲ့။ အကိုတွေက အဲလိုများစလိုက်ရင် ဖေဖေကပါ သူ့ သားတွေဘက်ကပေါ့ ။ဟုတ်တယ် မဟုတ်ဘူးမပြောဘဲ ဟုတ်သလိုလို ပြုံးစိစိကြီးလုပ်နေတယ်။ ခုတိုင်ဖေဖေ့ပုံကြီးကို မြင်ယောင်ပြီး တကယ်ဘဲ လွမ်းမိပါရဲ့။ ပြီးတော့ ကျွန်မကို ခေါ်တာကြည့်အုံး၊ “အရှင်းမ”တဲ့ ။
ခေါ်လဲခေါ်ချင်စရာ၊ ကျွန်မက အားလုံးထက် အသားပိုဖြူတာကိုး။ တရုတ်အရှင်းမနဲ့လဲ ခပ်ဆင်ဆင်။ အညာသူတွေက အသားညိုတာများတယ်လေ။ ကျွန်မက ဖြူဥနေတော့ တချို့ က “ပိုးဟပ်ဖြူလေးအတိုင်းဘဲ” တဲ့။တချို့ ကလဲ “ဂွမ်းတောင့်လေးနဲ့” တူသတဲ့။ သိပါဘူး၊ ကျွန်မဖြင့်၊ လူတွေက သူတို့  စိတ်ကူးတဲ့ရာ ပြောနေကြတာမို့  ကြာတော့လဲ  ကျွန်မဘယ်လိုမှ အမှတ်မထားမိတော့ဘူး။ ငယ်ငယ်တုံးကတော့ “အရှင်းမ” ခေါ်ရင် ဘယ်ကြိုက်မလဲ ။ နောက်တော့လဲ သူတို့  စတာ နောက်တာ ချစ်စနိုးလေးခေါ်တာလို့ သတ်မှတ်ပြီး ခေါ်ချင်သလိုခေါ် အရေးမလုပ်တော့ဘူး။


ကျွန်မငယ်ငယ်တုံးက ဖေဖေ့ကို ပိုပြီးတွယ်တာဟန်ရှိတယ်။ ဖေဖေကလဲ သားတွေထက် ပိုချစ်တယ် ကျွန်မကို အချစ်ဆုံးလို့ ထင်တာဘဲ။ ဖေဖေသွားလေရာ ကျွန်မက တကောက်ကောက်လိုက်နေတတ်တယ်။ဖေဖေကလဲ သူသွားလေရာကျွန်မကို  ခေါ်သွားဖို့ ဘယ်တော့မှ မမေ့တတ်ဘူး။သားတွေက ယောင်္ကျားလေးတွေဆိုတော့ သူတို့ ဘာသာ သူတို့  သွားလာနေကြလို့  ရင်လဲ ဖြစ်ပါလိမ့်မယ်။ မေမေကတော့  အားရင်  စာအုပ်ကောက်ကိုင်တော့တာ။ ပြီးတော့ ကျွန်မက  ငယ်ငယ်တုံးက “ငကြောက်မလေး” ပေါ့ ။ ဘာမဆို ကြောက်နေတော့တာဘဲ။ ဘုတလင်က ရေကန်ကြီးထဲမှာ ဂျပန်တွေ ရေချိုးနေတာမြင်လဲ ဂျပန်တွေဆိုတာနဲ့  ကြောက်ပြီ။ ညကျတော့ ဖျားရော။ ဂျပန်စစ်သားတွေ သုံးချောင်းထောက်စက်သေနတ်ကြီးတွေနဲ့  မြေမှာဝပ်နေတာမြင်လဲ ကြောက်တာဘဲ ။ အဲဒီည ဖျားတာဘဲ။ ကြောက်တိုင်းဖျားနေတော့ ဘုန်းကြီးဆီက အဖျားဖြတ်ဆေးလုံးကို တခါသောက် နှစ်ခါသောက်မဟုတ်တော့ဘူး။  ဖေဖေက ပုလင်းလိုက်ကို ယူထားပေးရတယ်။ အဲဒလောက် အဖြစ်သဲသဲရယ်။

ကျွန်မက သရဲ လဲ ကြောက်တတ်တယ်။ တခါကပေါ့ ။ကျွန်မအကိုက( မောင်ကြည်ရှင်)မျက်လှည့်ပြမယ် ကြည့်မလားတဲ့ ။ “ကြည့်မှာပေါ”့လို့  ကျွန်မအကိုခေါ်ရာ လိုက်သွားတယ်။ အိမ်ပေါ်ထပ်မှာရှိတဲ့  ပစ္စည်းနည်းနည်းပါးပါး   သိုလှောင်တဲ့  ထပ်ခိုးကလေးပါ။ အဲဒီမှာအခန်းက  မှောင်ပိန်းနေတယ်။ အကိုက နံရံကို ပိတ်စအမဲကြီးကပ်လိုက်တယ်။ ပိတ်စပေါ်မှာ  အရိုးခြောက်ဖြူဖြူလေး တကောင်ပုံက နေရာယူထားတယ်လေ။ အကိုက ကျွန်မကို ပိတ်စနဲ့ သုံးကိုက်လောက်အကွာမှာ အထိုင်ခိုင်းပြီး “သေသေချာချာကြည့်နော် ငြိမ်ငြိမ်လေးလဲနေ “ တဲ့ ။ ကျွန်မလဲ မျက်စိကို ပြူးထွက်နေအောင်ကြည့်တာဘဲ တုတ်တုတ်မှမလှုပ်ဘူး။အဲဒီမှာ  အကိုက ဂါထာလိုလို ဘာလိုလို စာတွေ ရွတ်တယ်။ဘာတွေရွတ်သလဲ မသိဘူး။ အသံမကျယ်ဘူး။ တိုးတိုးဘဲ။ လက်ထဲမှာလဲ စုံးမတွေကိုင်တဲ့ နှင်တံလိုလို  နတ်သမီးနှင်တံလိုလို တုတ်တချောင်းကိုင်ထားတယ်။ သူအမိန့်  ပေးနေတာ။ တုတ်နဲ့ ကြမ်းပြင်ကိုလဲ တချက်ရိုက်တယ်။ မကြာဘူး။ အရိုးခြောက်က ခြေကားယား လက်ကားယားလှုပ်ပါလေရော။ လှုပ်တာဘဲ ရှိတယ် ။ ဒီ့ ထက်မပိုဘူး။ ဒီတော့မှ အကိုက ဖနောက်တချက်ပေါက်လိုက်ပြီး  “ငါအမိန့် ပေးနေတယ်နော်”လို့ လဲ ငေါက်လိုက်ရော .အရိုးခြောက်က ခုန်ပေါက်ပြီးကတော့တာဘဲ။ ကိုးယိုကားယားနိုင်လွန်းလို့  ရယ်စရာကြီး။ ဒါပေမဲ့  အချိန်က လူခြေတိတ်ချိန်။ ဘာမီးခွက်မှ မထွန်းတော့ မှောင်ပိန်းနေတယ်။ အရိုးခြောက်ကလွဲလို့  ဘာကိုမှ မမြင်ရဘူး.ဆိုတော့ ကြောက်စရာ ကောင်းနေတာပေါ့။ အကို့  ပုံစံကလဲ မှန်ကုတ်ကုတ် ပုံဆိုးဆိုးလေ ငေါက်ဆတ်ဆတ်နဲ့ ။ ကျွန်မရယ်ချင်ပေမဲ့  မရယ်ရဲပါဘူး။ ခွီးကနဲ ရယ်မိတော့မလို့။ ပြီးမှ အီလယ်လယ်ကြီးဖြစ် ကြောက်သွားပြန်သွားရော။ အစိမ်းများတိုက်သလားဆိုပြီး ကြောက်သွေးတွေ ၀င်လာတာလေ။ သူများတွေ ပြောတာ အစိမ်းတိုက်တယ် အစိမ်းတိုက်တယ်နဲ့။ ဘာအစိမ်းမှန်းမသိဘဲ ကြောက်တာ။ မေမေကတော့ ဘာမှ ကြောက်စရာမရှိဘူး ဘုရားသာမှန်မှန်ကန်တော့တဲ့ ။ ကြောက်ခြင်းကြောက် မိမိကိုယ်ကိုသာ ကြောက်ရမှာ တဲ့။ ဒီတုံးက တရားသဘောနဲ့  ပြောတဲ့ မေမေ့စကားကို ကျွန်မငယ်သေးတော့ ဘယ်နားလည်နိုင်မလဲ နော်။ အဲဒီတုံးက အကို ဘယ်လို  မျက်လှည့်ပြလိုက်သလဲ ဆိုတာ ကျွန်မစဉ်းစားလို့ မရဘူး။ ခုထိ ပဟေဠိဖြစ်နေဆဲပါ။ အရိုးခြောက်ကိုလှုပ်အောင်ဘယ်လိုလုပ်သလဲဆိုတာရဲ့ အဖြေကို ခု စဉ်းစားလဲ အဖြေမထွက်ခဲ့ပါဘူး။ အကိုနဲ့  ပိတ်စအနက်စကြီးကသုံးကိုက်လောက်ဝေးနေတာပါ။  အစ်ကိုက သေသာသွားရော သူ့ လျို့ ဝှက်ချက်ကို ပြောမသွားဘူး။

 မျက်လှည့်နဲ့  ပတ်သက်ပြီး ပြောချင်တာရှိပါသေးတယ်။ ကျွန်မတို့ ငယ်ငယ်က  ဘုတလင်မှာ ဇတ်ပွဲကတဲ့ ဇတ်ရုံကြီးတခုရှိတယ်။ တနေ့  တော့ နာမည်မမှတ်မိပါဘူး။ ကုလားလိုလို ဘိုလိုလိုမျက်လှည့်ဆရာတယောက် အဲဒီဇတ်ရုံ မျက်လှည့်ပြတယ်။ကျွန်မအသက်က ငယ်ငယ် ၅နှစ် ၆နှစ်လောက်ဆိုတော့  တကွက်တလေဘဲ မှတ်မိတာပါ။ ဘယ်သူနဲ့ သွားကြည့်တယ် ပိုက်ဆံဘယ်လောက်ပေးရတယ်ဆိုတာလဲ မသိပါဘူး။ မျက်လှည့်ဆရာက ဂါဝန်လှလှလေးနဲ့  ဗိုလ်မချောချောလေးကို ခြင်းကြားကြီးတလုံးထဲ ထည့် စောင်နဲ့ အုပ်ပြီး ခေါင်းပေါ်တည့်တည့် ဓါးနဲ့ စိုက်ထိုးပါတယ် ။ လေးငါးခြောက်ချက် ထပ်ခါထပ်ခါ တိုးစိုက်တာပါ။ သွေးတွေ ပန်းထွက်ပါတယ်။ စောင်ကိုလှပ်လိုက်တော့ ဗိုလ်မကလေးက ဘာဒါဏ်ရာမှ မရှိဘဲ ကြော့ကြော့မော့မော့လေး ခြင်းထဲက ထွက်လာတယ်။ ဂါဝန်စလေးကို တဘက်ကကိုင် လက်တဘက်က လက်ဝါးလေးဖြန့်ပြီး ကြည့်ပါ ရှုပါ ကျွန်မဘာမှမဖြစ်ပါဘူးပေါ။့ ပြတယ် ။ ပြီးမှ ခေါင်းကလေးညွှတ် ပြီး ပြုံးပြုံးလေး နောက်ထဲ ၀င်သွားတယ်။အသဲ တထိတ်ထိတ် ရင် တခုန်ခုန်နဲ့ ကြည့်ရတဲ့  ပြကွက်တွေပါဘဲ။ ကျွန်မဖြင့် ခုထိမြင်နေဆဲပါ။ နောက်တကွက်ကတော့ ဒါးပေါက်ခန်းပေါ့ ။ ပျဉ်ပြားကြီးတချပ်မှာ မိန်းမချောလေးက ကျောမှီ ကပ်အိပ်လိုက်စဉ် မျက်လညှ့်ဆရာက လက်မှာ ကိုင်ထားတဲ့  ယပ်တောင်လို ဒါးတွေနဲ့   တချောင်းပြီးတချောင်း ပေါက်တဲ့ ပြကွက်ပါ။ ဒါလဲကြည့်ရတဲ့သူတွေ ဘုရားတနေရတဲ့ ပြကွက်တွေမို့ လား။ ကျွန်မဖြင့် ရင်ဝဘဲ စိုက်ပလား။ ဗိုက်ဘဲစိုက်ပလားနဲ့  ။ မကြည့်လဲ မကြည့်ရဲ။ ကြည့်လဲ ကြည့်ချင်။ ဒီ့ထက်ဆိုးတာက ပွဲကြည့်ပရိသတ်ထဲက တနေရာမှာ ၆ပေအရှည်၃ပေအကျယ် မြေတွင်းကြီးတခု   တူးပြီး လူကို အရှင် လတ်လတ်မြှုပ်ပြမတဲ့။ နောက်နေ့ မနက်မှအရှင်လတ်လတ်ပြန်ဖေါ်ပြမယ်လို့  ဆိုတယ်။ ကျွန်မ ကြောက်ကြောက်နဲ့ တချိုးထဲ ပြေးမိပါတော့တယ်။ အစိမ်းတိုက်တယ် ဘာရယ်ညာရယ် ပြောသံလဲ ကြားပြီးတော့လေ။ လူကြီးတွေပါသလား မပါဘူးလားဆိုတာတောင် မမှတ်မိတော့ပါဘူး။

ငယ်ငယ်တုံးကလေ..စစ်ပြေးကြရမယ်တဲ့  ။ ဘယ်သူနဲ့ ဘယ်သူနဲ့   စစ်ဖြစ်နေမှန်း မသိဘူး။ ပြေးမယ်ဆို လှည်းပေါ်ရောက်နေပြီ။ လှည်းစီးရတာ ပျော်လို့ လေ။ ကျွန်မတို့ “နှောယင်း” ဆိုတဲ့  ရွာကလေးကို ပြေးကြတယ်။ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံရတာဆိုတော့ ဆရာတော်ကြီးက အဲဒီညက ကျွန်မကို မုံ့ ဆီကြော်နဲ့  ငှက်ပျောသီးတွေ ပေးတာ ခုထိမြင်ယောင်တုံး။ ပြီးတော့ လူကြီးတွေ တရားထိုင်တဲ့  ဂူလေးတွေထဲ ၀င်လိုက် ထွက်လိုက် ဆော့ကြတာ့ ခုထိမှတ်မိနေပါတယ်။နေ့ လည်ဘက်များဆို ဘယ်သူတွေ လှမ်းထားမှန်း မသိတဲ့ နှမ်းသီးတွေကိုခူးပြီး စားလားစားရဲ့ ။နှမ်းသီးတွေက အပင်လိုက်ဖြတ် လှမ်းထားတာ။မခါရသေးဘူး။ စိုစိစိလေး အရမ်းစားလို့ ကောင်းတယ် ဆိမ့်တယ်။ ကျောင်းလာတဲ့   ခလေးတွေနဲ့  အသိဖြစ်ပြီး ရှပ်ထိုး ပြစ်တမ်းလဲ ကစားကြတယ်။ ထုတ်ဆီးတိုးတမ်းလဲ ကစားကြတယ်။ ညောင်ပင်တစ္ဆေလဲ ကစားကြတယ်။ ညောင်ပင်တစ္ဆေကစားရတာက တဒိတ်ဒိတ်ရင်ခုန်ရပေမဲ့ တကယ်ဆိုရင် ပျော်ဖို့  အလွန်ကောင်းပါတယ်။ ပြီးရင်တော့ ဘုန်းကြီးဆွမ်းကျန်ကွမ်းကျန်တွယ်ကြတော့တာဘဲလေ။ ဆွမ်းကျန် ကွမ်းကျန်လို့ သာ ပြောတာ။ ဘုန်းကြီးက ဟင်းခွက်တွေများ အချိုပွဲတွေများလွန်းလို့   တို့ ဂနန်း ဆိတ်ဂနန်းဘဲ စားသွားတာ ။ လူတွေစားမှ ပြောင်တာပဲလို့  ကျွန်မထင်တာဘဲ။

ကျွန်မ့ငယ်ငယ်က ရန်အောင်မြင်ဘုရားကို ဖေဖေနဲ့  သွားတာတွေဘဲ မှတ်မိခဲ့တယ်။ ဥပမာ တန်ခူးလမှာ ဘုရားရေသပ္ပါယ်တာတို့ ။ ကဆုန်လမှာ ညောင်ရေသွန်းတာတို့ ၊ တပိုတွဲမှာ သနပ်ခါးတုံးမီးပူဇော်တာတို့  ဖေဖေနဲ့ သွားခဲ့ကြတာပါ။ မေမေနဲ့  သွားဖူးတယ်လို့  တခါမှ မမှတ်မိဘူး။ မေမေနဲ့ က လပြည့်လကွယ် ဘုန်းကြီးကျောင်းကို မိသားစုလိုက် ဆွမ်းအုပ်သွားပို့ တာဘဲ မှတ်မိတယ်။ဒီတုံးက ကျွန်မတို့  မေမေကသိပ်ချောတာဘဲ။ ဒူးလောက်မကရှည်တဲ့ ပုဝါကြီးစုံချလို့ ။ ဇာနားတပ် အင်္ကျီဖါးဖါးနဲ့ ။ ယောဂီရောင်မှာ အဖြူလုံးလေးတွေ ပါတဲ့  စူလတီ ထမီနဲ့ ။( ကြားဖူးတယ်နော်။ စူလတီငွေနားနဲ့  ရွှေပါးက နံ့ သာချယ် လှပါပေ့ကွယ် ..ယဉ်ပါပေ့ ကင်းစင်ကွာတယ် အဆင်းအင်္ဂါက အမှန်မလွှဲ  မင်းလှလို့ ဘဲ .. ဆိုတာ) အဲဒီသီချင်းအတိုင်းဘဲ ။

ကျွန်မတို့ မေမေက ကတ္တီပါပိန်းတန်းဖိနပ်လဲစီးတယ် ။ တခါတလေ တရုပ်ပြည်ထွက် ကတ္တီပါကွင်းထိုးကျောက်စီ ရှေ့ ထိုးဦးချွန် ဖိနပ်လေးတွေလဲ စီးတယ်။ သိပ်လှတာဘဲ။ (ခုခေတ်ဖိနပ်တွေ ဆန်းတယ်ဆိုတာ ဘာဟုတ်သေးလို့ လဲ မေမေတို့  ခေတ်ကမှ တကယ် ဆန်းတာပါ။ ဆန်းလဲဆန်းယဉ်လဲ ယဉ်တယ် သိက္ခာလဲရှိတယ်။ ) လည်ပင်းမှာလဲ ရွှေဆွဲကြိုးကြီးတွေက ၂ကုံးသုံးကုံးထပ်ဝတ်တာမှာ အရှည်က ဗိုက်ခေါက်ရောက်တယ်။ လက်မှာလဲ လက်ကောက်တွေ ကတချွင်ချွင်မြည်လို့။ စိန်နားကပ်နဲ့  စိန်လက်စွပ်တွေက တဖြတ်ဖြတ်လက်ခါလို့ ။ ပုဂံညောင်ဦးထွက် ဆွမ်းအုပ်နီနီကြီးပိုက်ထားတဲ့ မေမေဟာ ခုများဓါတ်ပုံရှိနေရင် ရှေးဟောင်းပန်းချီကားတချပ်လို တင့်တယ်လှပနေမှာ ကြက်သရေရှိနေမှာ အမှန်ပါဘဲ။ မေမေတင် ချောတာမဟုတ်ပါဘူး။ကျွန်မတို့ ဖေဖေက ပိုပြီးတောင် ချောသေး ခန့် သေးတာပါ။တိုက်ပုံအင်္ကျီနဲ့  ပုဆိုးနဲ့ ဆိုလဲ ခန့် ။ ရှမ်းဘောင်းဘီ ရှမ်းအင်္ကျီနဲ့ ဆိုလဲ ခန့် ။ သင်္ကန်းဝတ်နဲ့ ဆိုလဲ ခန့်  တကယ့် ၀ါရင့် ဆရာတော်ကြီးများအလား ကြည်ညိုဖွယ်အရမ်းကောင်းနေသေးတာပါ။ (ခုတော့လဲ သက်သေပြစရာ ဓါတ်ပုံတပုံတလေမှ မကျန်အောင် မီးအ၀ါးခံ လိုက်ရလို့  ဘာမှမရှိတော့ပါဘူး။)

ကျွန်မတို့  ခလေးတွေကိုလည်း ဖေဖေ မေမေ တို့လိုဘဲ ၀တ်စားဆင်ယင်ပေးထားတာပါ။ ကျွန်မကိုဆိုရင် ဆံရစ်ဝိုင်းကလေးနဲ့ ။ ပန်းလေးတွေ ဝေနေအောင်ပန်ထားပေးတယ်။ခုခေတ်လူတွေကတော့ ရယ်လိမ့်မယ်။ ဆရာဇော်ဂျီ လား မင်းသုဝဏ်ထင်တယ်။  ကဗျာ တပုဒ်ရှိတယ်။ ဆွမ်းအုပ်နီနီ အမေရွက်လို့  နက်ဖြန်မနက် ကျောင်းထွက်မယ်။ဆိုတာလေ။ ဒါပေမဲ့  ကျွန်မတို့ မေမေက တော့ ခေါင်းပေါ်မရွက်ပါဘူး ။ ရင်မှာပိုက်ထားတာပါ။ဆံထုံးမြင့်မြင့်မှာ ကျောက်စီဆံထိုးတွေ ထိုးထားတာပါ။ အင်္ကျီမှာလဲ ရင်ထိုးတခုက ထိုးထားသေးတာပါ။ ဒါ မေမေမှ မဟုတ်ပါဘူး။ ဘုန်းကြီးကျောင်းလာသမျှ မင်းမိန်းမတွေ အားလုံး သူ့ ခေတ်နဲ့  သူ့ အခါ သူတို့ ယဉ်ကျေးမှုအတိုင်း ကိုယ့်အဆင့်အတန်းကို ဖေါ်ပြရင်း  ၀တ်စားဆင်ယင်တာဘဲ ဖြစ်ပါတယ်။
 ငယ်ငယ်တုံးက အကြောင်းတွေ ပြန်ပြောင်းပြောရမယ်ဆိုရင် ကုန်နိုင်ဖွယ်မရှိပါဘူး။ ဒီလို ပြောပြရတိုင်း  ဖေဖေ မေမေကိုသာ  အလွမ်းတွေ ထပ်ဆင့် ထပ်ဆင့်ပွားပွား နေရတော့တာပါဘဲ ။       ။

ခင်မေသစ်
ဇူလိုင် ၂၄ ။ ၂၀၁၁

Tuesday, July 19, 2011

ကျွန်တော့်အတွက် ကံဆိုးစေသတဲ့ဆို .. အို .. ဒီ“ခို”

အဲဒီနေ့က ကျွန်တော့်ဘ၀ရဲ့ ကံဆိုးမိုးမှောင်ကျတဲ့နေ့တစ်နေ့ပဲ။ ဆိုးလိုက်တာဗျာ ....။
တကယ့်ကို ချောက်ချားစရာကြီး ..။

လူလားမြောက်လာပြီးတဲ့နောက် ဘယ်သောင်ဘယ်ကမ်းမှ မရပ် ပျော်ပျော်ကြီး လှော်ခတ်စီးဆင်းခဲ့တဲ့ လှေတစ်စင်းက ကျွန်တော်ပေါ့။ ကျွန်တော့်ဆီ စီးမျောတွယ်ကပ်လာသမျှ အမှိုက်သရိုက်တွေလည်း ရှင်းထုတ်မနေပါဘူး၊ လက်ခံခဲ့တာချည်းပဲ။ ကမ်းလှလှလေး တွေ့လို့ နားနေရင်လည်း တကယ့်ကို ခဏလေးနားနေလိုက်တာပဲ။ အပမ်းပြေပြီဆိုရင်တော့ ခရီးဆက်ထွက်ဖို့ ပြင်တော့တယ်။ ဒီ့ထက်ပိုပိုပြီး လှပတဲ့ ကမ်းစပ်လေးတွေ၊ မိန်းကလေးတွေ အများကြီးပဲ မဟုတ်လား။ ကျွန်တော်က ဘ၀ကို ပျော်ပျော်ကြီးပဲ ဆက်သွားချင်နေသေးတယ်။ ကျွန်တော့်ကို လာငြိတွယ်သမျှ မိန်းမငယ်ချောချောလှလှလေးတွေအားလုံးနဲ့ ဇာတ်လမ်းတွေဖန်တီးပစ်လိုက်တာပဲ။ ဘယ်မိန်းကလေးကိုမှ လက်ထပ်ယူဖို့ ကျွန်တော်မစဉ်းစားခဲ့မိဘူး။ ဘယ်ကမ်းစပ်မှာမှ ကျွန်တော့်ဘ၀ရဲ့ ပန်းတိုင်အဖြစ် မရပ်တန့်ခဲ့သေးဘူး။ မမောသေးဘူး။ တိုင်မှာ ကြိုးချည်ထားတဲ့ လှေလေးတစ်စင်းအဖြစ်မခံနိုင်သေးဘူး။ အဲဒီအတွေးတွေနဲ့ ကျွန်တော်က "မ"နဲ့ မတွေ့ခဲ့သေးတဲ့အချိန်ထိပဲ မာန်တင်း နေနိုင်ခဲ့တာပါ။ တကယ်တမ်း မ နဲ့ တွေ့ခဲ့ရပြီးတဲ့နောက် မ မချည်လိုတဲ့ ကြိုးတစ်စကို ကိုယ်တိုင်ပဲ တုပ်နှောင်ထားလိုက်ပြီ။ ကြိုးစရဲ့အစွန်း တစ်ဘက်ကိုကိုင်ပြီး မကို ချည်ပါ နှောင်ပါ တချိန်လုံးလိုက်ပေးနေခဲ့မိတဲ့အဖြစ်က ရယ်စရာတော့အကောင်းသားပဲ။ ကျွန်တော်ဒီလိုပြောလို့ ရယ်တော့မရယ်လိုက်နဲ့။ တကယ်တော့ရယ်စရာမကောင်းလှပါဘူး။

"ကြွေမိုးသည်း"ဆိုတဲ့ မ ရဲ့ရင်ခွင်မှာ တသက်လုံးနားနေတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီးကာမှ မ မှာ ကင်ဆာဆိုတဲ့ရောဂါ ရှိနေသတဲ့။ အစားအစာပဲရှိနေရမယ့် အစာအိမ်ထဲမှာ ဟိုကဒီက အမြစ်တွေပွားပွားထွက်လာတဲ့ အစာအိမ်ကင်ဆာဆိုတာကြီးက နေရာယူထားသတဲ့။ ဘာဖြစ်သေးလဲ။ ဒီခေတ်ကြီးမှာ ဟိုကင်ဆာ၊ ဒီကင်ဆာတွေကို တွန်းလှန်နိုင်ပြီဆိုတဲ့ သတင်းတွေ ကြားနေဖတ်နေရတာပဲ။ ကျွန်တော် အားမလျှော့ပါဘူး။ နေ့တိုင်းပဲ မ အတွက် သတင်းတွေရှာဖတ်တယ်။ အင်တာနက်မှာလည်း မ မှာရှိနေတဲ့ ကင်ဆာနဲ့ ပတ်သက်သမျှ မွေနှောက်ရှာခဲ့တယ်။ အထူးကုဆရာဝန်တွေနဲ့ ရက်ချိန်းတွေယူပြီး ဆွေးနွေးတယ်။ အားမရတဲ့အခါ အင်တာနက်မှာ ဂျပန်ကအထူးကုတွေရဲ့ သတင်းအချက်အလက်တွေရှာတယ်။ အဆယ်အသွယ်တွေယူတယ်။ တချိန်တည်းမှာပဲ အင်္ဂလန်က အထူးကုတွေကိုလည်း ဆက်သွယ် ကြည့်တာပဲ။ လိုအပ်ရင်အဲဒီကို သွားကြမယ်။ "မ" သေလို့ မဖြစ်ဘူး။ မ နဲ့ ကျွန်တော် ဘ၀တစ်ခုအတူတည်ဆောက်ရဦးမယ်။ မ က ကျွန်တော့်ရဲ့ အိမ်ထောင်ရှင်မအဖြစ် ဟင်းတွေထမင်းတွေချက်လို့နေတဲ့အခါ ကျွန်တော်က ရင်အုပ်ကြီးချီလို့ ထင်းတွေခွဲရဦးမယ်။ စကားအဖြစ် ပြောတာပါ။ တကယ်တော့ ထင်းခွဲစရာမှမလိုတာပဲ။ ကျွန်တော်က ပိုက်ဆံရှာရမှာပေါ့။ မ အတွက် လတစ်လကုန်တိုင်း လခများများအပ် နိုင်တဲ့ ယောက်ျားမျိုးဖြစ်ရဦးမှာပေါ့။ ရယ်စရာပဲ။ အရင်က ဒီလို တစ်ခါမှမတွေးခဲ့မိသေးဘူး။ ကျွန်တော်အရင်က မိန်းကလေးတွေကို ကျီစားခဲ့သလို ကျွန်တော့်ကိုတော့ ကံကြမ္မာက မကျီစားစေဖို့ ဆုတောင်းမိပါရဲ့။
..............
မ နဲ့ စပြီးတွေ့ခဲ့တဲ့နေ့လေးတစ်နေ့ကို အမှတ်ရတဲ့မှတ်ဥာဏ်ကာလာက အရောင်အသွေးစိုလွန်းလှလို့ အခုပဲဖြစ်နေတဲ့အဖြစ်အပျက်လိုလို ကျွန်တော်အမြဲ မှတ်ထင်နေမိတယ်။ အဲဒီနေ့က မ ၀တ်ထားတဲ့ဒီဇိုင်းက အဖြူရောင် အသားအိအိရှပ်အင်္ကျီဖားဖားကို ခါးမှာ ပြန်စီးထားတယ်။ အပေါ်က အပြာနုနုဂျင်းဝေ့စ်ကုတ်လေးရယ် လုံချည်က မိန်းကလေးတွေဝတ်ခဲလှတဲ့ အကွက်စိပ်စိပ်လေးတွေ အပြာရောင်၊ အဖြူရောင်၊ ခဲရောင် အကွက်လေးတွေပါမယ်ထင်ပါတယ်။ အရပ်ရှည်သွယ်သွယ်နဲ့ ကျစ်ကျစ်လစ်လစ်လှပတဲ့ မရဲ့ ခန္ဓာကိုယ်အလှက အထင်းသားပေါ်လွင်လွန်းလှတယ်။ ခပ်လှမ်းလှမ်း ကျွန်တော်လျှောက်လာတဲ့နေရာကကြည့်လိုက်ရင် အသားအရည်ဝင်းဝင်းနဲ့ မ ရဲ့ အလှကလင်းနေတာပဲ။ ကြည်လင်ရှင်းသန့်နေတဲ့အလှမျိုး။ အခွေအလိပ်တွေဝေ့၀ဲနေတဲ့ မ ရဲ့ ဆံနွယ်လှလှတွေမှာ၊ နှဖူးပေါ်မှာပေါ့၊ နေကာ မျက်မှန်တစ်လက်ကို ပင့်တင့်ထားလိုက်သေးတယ်။ ပင့်တင်ထားတဲ့မျက်မှန်ဘေးက ခွေလိပ်ကျနေတဲ့ဆံပင်တွေက လှလိုက်တာများ အဲဒီနေ့က ကျွန်တော် အောက်မေးရိုးပြုတ်ကျမတတ် ငေးမိခဲ့တယ်ထင်ရဲ့။ မ ရဲ့ လည်တိုင်ကျော့ကျော့လေးက ရှင်းလင်းနေတယ်။ နားမှာတော့ အပြာရင့်ရောင် လေးထောင့်ပုံနားကွင်းကြီးကြီးနဲ့ လှလိုက်တာဗျာ။

အဲဒီနေ့က ရုံးနောက်ကျနေလို့ သုတ်ခြေတင်နေရတဲ့အချိန်မှာတောင် မ ရဲ့ အလှကို မြင်လိုက်ရတဲ့ တခဏ အရာအားလုံး ဘာမှအရေးမကြီးတော့ဘူး။ ခပ်မြန်မြန်လှမ်းနေတဲ့ခြေလှမ်းတွေ ရုတ်တရက်နှေးကွေးကုန်တယ်။ ကျွန်တော့်ရဲ့ မြင်ကွင်းထဲမှာ မ က ရှင်းနေတာပဲ။ တစ်ခုပဲ မ က ငါးနှစ် ခြောက်နှစ်အရွယ် ကလေးမလေးကို လက်ဆွဲထားတယ်။ အဲဒီတစ်ခုပဲ ကျွန်တော့်မြင်ကွင်းထဲ လာရှုပ်သွားတယ်။ ဒါလည်း ကိစ္စမရှိသေးဘူး။ မ ရဲ့ အလှက ကျွန်တော့်ကို ဆွဲဆောင်လွန်းတယ်။ မ နဲ့ မျက်နှာချင်းဆိုင် ပိုလို့နီးလာတဲ့ အချိန်မှာဆို ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်ခုန်လို့။ နှလုံးအားနည်းတာလား၊ နှလုံးအားများတာလား၊ ကျွန်တော့်နှလုံးသားထဲမှာ သွေးတွေ အရှိန်ပြင်းပြင်း လှည့်ပတ်စီးဆင်းကုန်တယ်။ မ ရဲ့ မျက်ဝန်းတွေက ကြင်နာတတ်လွန်းတဲ့မျက်ဝန်းတွေ၊ သူတော်ကောင်းမိန်ကလေးမျိုးရဲ့ မျက်ဝန်းတွေပဲ၊ ကျွန်တော်သိတာပေါ့၊ တချို့မိန်းကလေးတွေရဲ့ မျက်လုံးလေးတွေများ တလက်လက်တောက်လို့ ပုလဲလုံးလေးတွေလို၊ ရွဲလုံးလေးတွေလို လှလွန်းပါရဲ့၊ ဒါပေမဲ့ ကျွန်တော့်ကိုအကောက်ကြံမယ့်မျက်ဝန်းမျိုးတွေလို့ပဲ ထင်နေမိတယ်။ မ ရဲ့ မျက်ဝန်းတွေကတော့ အေးချမ်းလိုက်တာ၊ နှာတံလေးက သွယ်ဆင်းလာပြီး ထိပ်မှာလုံးလုံးဝန်းဝန်းလေး၊ အသည်းယားစရာ နှာသီးဖျားမျိုးလေး။ ပန်းဆီရောင် နှုတ်ခမ်းထူပြည့်ပြည့်လေးက မ မျက်နှာမှာဆွဲဆောင်မှုအရှိဆုံးနေရာပဲ။ မ လည်း ကျွန်တော့်ဘေးနားက ဖြတ်သွားရော ကျွန်တော့်ရဲ့ ခြေလှမ်းတွေက ဦးတည်ရာပြောင်းလို့ မ ရဲ့နောက်ကနေ လိုက်ခဲ့တော့တယ်။ မနဲ့ အနီးဆုံးနေရာက လျှောက်တယ်။ မ နဲ့ အဲဒီကလေးမလေး ဘာပြောကြမလဲ နားစွင့်တယ်။

"မေမေ .. ခိုလေးတွေက အားလုံးတစ်ပုံစံတည်းပဲ။ ဘယ်နေရာကြည့်ကြည့် အရွယ်ဘာလို့တူနေတာလဲ။ သူတို့မှာခို ကလေးတွေမရှိဘူးလား။ မီးနဲ့ မေမေဆို အရွယ်မတူဘူးလေ။ မေမေက အရပ်အမြင့်ကြီး၊ မီးက သေးသေးလေး။ မေမေ ဘာလို့လဲ .. မေ့ .. မေ့ ... ပြောပြ"

ဟော .. သေချာသွားပြီ။ ကလေးမလေးက မ ကို မေမေလို့ ခေါ်နေတာပဲ။ မ ရဲ့ ကလေးလေးပေါ့။ ဒါဆိုရင် မ က အိမ်ထောင် ရှိပြီးသားပဲ။ မ ရဲ့ အမျိုးသားကရော။ ကျွန်တော့်ဘာသာ တစ်ယောက်တည်း အတည်ပြုလိုက်၊ မေးခွန်းတွေထုတ်လိုက်နဲ့ အတွေးတွေ ရှုပ်နေခဲ့ပါတယ်။ မ ရဲ့ နောက်ကိုတော့ ဆက်ပြီး လိုက်နေခဲ့မိတယ်။ မြို့ထဲ စာအုပ်ဆိုင်အရောင်းဆိုင်တစ်ဆိုင် မ တို့ သားအမိနှစ်ယောက်ဝင်သွားကြ တယ်။ ကျွန်တော်လည်း မယောင်မလည်နဲ့ပဲ စာအုပ်ဆိုင်ထဲလိုက်ဝင်သွားပြီး စာအုပ်တစ်အုပ်ကောက်ကိုင်ရင်း မ ရဲ့ အကြောင်းသိနိုင်သမျှ သိရဖို့ နားစွင့်တော့တယ်။

အဲဒီနေ့ကစပြီး မ ကို တွေ့ရဖို့ စာအုပ်ဆိုင်ကိုသွားတယ်။ စာအုပ်ဆိုင်မှာစာအုပ်တွေ ခဏခဏ ၀ယ်တော့တယ်။ နောက်တော့ မ က စာအုပ်ဆိုင်ပိုင်ရှင်မှန်း သိလာရပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော့်ဆီမှာ မရဲ့ ဆိုင်က၀ယ်လာတဲ့ စာအုပ်အရေအတွက်များလာတဲ့အချိန်မှာ မ ရဲ့ အကြောင်းတွေ တော်တော်များများသိလာခဲ့ရပြီ။ မ ရဲ့အမျိုးသားကတော့ ဆုံးပါးသွားခဲ့သတဲ့။ ကျွန်တော့်အကြောင်းတွေလည်း မ ကို သိခွင့်ပေးခဲ့ပြီ။ လျှပ်စစ်အင်ဂျင်နီယာဆိုတဲ့ ကျွန်တော့်ရဲ့အလုပ်နဲ့ ကျွန်တော့်ရဲ့ လှလှပပ ကမ်းစပ်လေးတွေအကြောင်းတွေကိုလည်း အသိပေးခဲ့ပြီးပြီ။ မ က ကျွန်တော့်ကို လက်ထပ်ဖို့အထိ လက်မခံသေးပေမဲ့ မ ရဲ့ အနားမှာနေခွင့် စောင့်ရှောက်ခွင့်ပေးခဲ့လေတယ်။ ကျွန်တော်အတွက်လည်း အမြဲ ဂရုတစိုက်ရှိနေတတ်ခဲ့တယ်။ မ ရဲ့ မိဘတွေကတောင် ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို နားလည်ထားကြတဲ့အနေအထားထိ ရှိနေခဲ့ကြပြီ။ မ ရဲ့သမီးလေး အဲမာကလည်း ကျွန်တော့်ကို ခင်ခင်မင်မင်ရှိနေခဲ့ပါပြီ။

ဒီလိုအားလုံး အဆင်ပြေနေတဲ့အချိန်မှာမှ ကံကြမ္မာဆိုးက ကျွန်တော့်ကို အရှိန်ပြင်းပြင်းရိုက်ခတ်ခဲ့ပြီ။ ကျွန်တော် သတိမထားမိခဲ့တာတွေလည်းပါနိုင်တာပဲ။ မ က ခဏခဏအစာမကြေဖြစ်တတ်တယ်၊ ခံတွင်းမတွေ့ဘူးလို့ပြောတာလည်း မကြာခဏကြားနေခဲ့ရတယ်။ အားနည်းပြီး ပင်ပမ်းနွမ်းနယ်နေတဲ့ မ ကိုလည်း သနားစဖွယ်တွေ့ရတတ်တယ်။ ကျွန်တော်က မ အလုပ်တွေများလို့ ပင်ပမ်းတယ်ပဲ ထင်ခဲ့မိတာပေါ့။ အလုပ်တွေ လောဘတကြီးမလုပ်ဖို့ပဲ ပြောဖြစ်ခဲ့တယ်။ အစားစားပြီးတိုင်း ၀မ်းဗိုက်ထဲ လေပွသလို နေရသိပ်ခက်တယ်လို့ ပြောတဲ့အခါတိုင်း ကျွန်တော်ငယ်ငယ်က လေပွတဲ့အခါ မေမေကျွေးတတ်တဲ့ ဦးချိန်တီဆေးလုံးကို ပြန်သတိရပြီး မ ကို ဦးချိန်တီအစာကြေဆေးဗူး ၀ယ်ပေးခဲ့ဖူးတယ်။ နောက်ပိုင်းမှာ မ ၀မ်းဗိုက်ပိုင်း အပေါ်ဘက်နာတတ်သတဲ့။ ပျို့အန်တာတွေလည်းဖြစ်တတ်တယ်။ မ ကလည်း ခပ်ပေပေရယ်၊ သူ တော်တော်ကြီးနာကျင်မှ ကျွန်တော့်ကို အသိပေးတတ်တာ။ ခဏခဏပျို့အန်တတ်ပြီး ပြန်ကောင်းသွားတတ်တော့ မ က ခပ်ပေါ့ပေါ့ပဲ နေလိုက်တာပဲ။ ကျွန်တော်ကလည်း ချစ်ဖို့သာသိပြီး ဂရုစိုက်ဖို့က တော်တော်မကျွမ်းကျင်သေးတဲ့ အရိုင်းကောင်ပါဗျာ။ ကျွန်တော် အဲဒီအချိန်ကတည်းက မ ကိုဆရာဝန်ဆီ ခေါ်သွားပြီး စစ်ခိုင်းခဲ့သင့်တယ်။

သွေးမည်းမည်းတွေလို အန်ပြီဆိုတာ သိလိုက်ရတော့မှ ကျွန်တော်ရော မ ပါ လန့်ဖျပ်သွားပြီး ဆရာဝန်ဆီပြေးကြတော့တယ်။ အစာအိမ်ကင်ဆာမှန်းသိလိုက်ရတဲ့အချိန်မှာ အဆင့် ၃ အထိတောင် ရောက်နေခဲ့သတဲ့။ အဖြစ်အပျက်ကလည်း မြန်လှချည်ရဲ့။ ရောဂါဆိုတာမျိုးကလည်း တိုးပွားတဲ့အခါ မြန်လိုက်တာ။ ကျွန်တော့်ဦးခေါင်းမှာ ခဲလုံးကြီးတစ်လုံးချိတ်ဆွဲထားသလို လေးလံပြီး ရင်ထဲမှာတော့ ပူလောင်လိုက်တာ။ ကျွန်တော်သာ တစ်ကိုယ်လုံးကင်ဆာဖြစ်ပြီးသေဆုံးလိုက်ချင်ရဲ့၊ မ ကိုတော့ ရှင်သန်စေချင်သေးတယ်။ အဲမာလေးအတွက် မ ရှိနေမှ ဖြစ်မယ် မဟုတ်လား။ မ ကို ဆုံးရှုံးရမှာလည်း ကျွန်တော် ကြောက်နေခဲ့ပြီ။ လင့်အဖုတွေက ပိုဝေးလာတယ်ဆိုလား။ တစ်သျှူးစတွေက တတိယအလွှာကို ထိုးဖောက်ဝင်နေပြီဆိုလား။ ဆရာဝန်ရှင်းပြတဲ့ဆေးပညာ အသုံးအနှုန်းတွေကြားမှာ ကျွန်တော့်ဦးခေါင်းတွေ ချာချာလည်နေခဲ့ပြီ။ အဆင့်၃မှာ ကုသဖို့ဖြစ်နိုင်ချေရှိသေးတဲ့အချိန်လို့ ဆရာဝန်ကပြောပါတယ်။ ဆရာဝန်ရဲ့စကားက ကျွန်တော့်အတွက် အလင်းတစ်စပဲ။ အဲဒီနေ့က စပြီး မ ရဲ့ ကင်ဆာရောဂါအကြောင်းစာအုပ်တွေရှာဖတ်တယ်။ ဆရာဝန်တွေနဲ့ဆွေးနွေးတယ်။

မ ရဲ့ အခြေအနေက သိပ်မဆိုးလှပါဘူး။ ဒါပေမဲ့ဗျာ ကျွန်တော်ဘယ်လိုမှ မျှော်လင့်မထားတဲ့တစ်နေ့မှာပေါ့ ....။
အဲဒီနေ့က ကျွန်တော့်ဘ၀ရဲ့ ကံဆိုးမိုးမှောင်ကျတဲ့နေ့တစ်နေ့ပဲ။ ဆိုးလိုက်တာဗျာ ....။
တကယ့်ကို ချောက်ချားစရာကြီး ..။
ကျွန်တော် ညဘက်ကြီး ၀ရံတာဘက်မှာလှမ်းထားတဲ့အ၀တ်တွေကိုရုတ်ဖို့ တံခါးကိုဆွဲဖွင့်လိုက်တဲ့အချိန် ..။
ဖြန်း .. ၀ှီး ဖျပ် ဖျပ် ဖျပ် ..။
ကျွန်တော့်ညာဘက် မျက်နှာတစ်ခြမ်းလုံးကို ဖြန်းခနဲရိုက်ခတ်ပြီး အိမ်အတွင်းခန်းထဲ ငှက်တစ်ကောင်အလုအယက်ပြေးဝင်သွားခဲ့တယ်။ စပ်ဖျဉ်းဖျဉ်းဖြစ်နေတဲ့ မျက်နှာတစ်ခြမ်းကို လက်တစ်ဘက်နဲ့အုပ်ကိုင်ကာ အဲဒီငှက်ကို လိုက်ရှာပါတယ်။ ငြိမ်သက်တိတ်ဆိတ်နေတဲ့ ဧည့်ခန်းထဲမှာ ဘာဆိုဘာမှ ရှိမနေခဲ့ဘူး။ မီးဖိုခန်းမီးခလုတ်ကိုဖွင့်ကြည်တယ်။ အဲဒီမှာလည်း ဘာငှက်မှ ရှိမနေပါဘူး။ နောက်တော့ ကျွန်တော့်အိပ်ခန်း .. အိပ်ခန်းထဲကိုဝင်လိုက်တဲ့အချိန်မှာ အ၀တ်ဗီရိုပေါ်ကထောင့်စွန်းမှာ ရန်လိုနေတဲ့ခိုတစ်ကောင်ကို တွေ့လိုက်ရတော့တယ်။ အဲဒီခိုရဲ့ မျက်ဝန်းတွေက နီဝါ၀ါအရောင်တလက်လက်တောက်လို့ ကျွန်တော့်ကိုကြည့်နေလိုက်ပုံက ရန်သူတစ်ယောက်ကိုကြည့်နေသလိုပဲ။ သူ့ရဲ့ ဖောင်းဖောင်းထနေတဲ့ လည်ချောင်းက တစ်ချက်တစ်ချက်လှုပ်ရှားသွားတယ်။ ညည်းတွားသံလိုလို လေချွန်သံလိုလို မသဲကွဲတဲ့အသံမျိုးနဲ့ ခို က အော်မြည်နေတယ်။ အတောင်ပံတစ်ဘက်ကိုလည်း မြှောက်ထားတယ်။ ကျွန်တော့်ရဲ့ ကျန်နေတဲ့ ပါးတစ်ဘက်ကို ရိုက်ခတ်ချင်နေသေးပုံပဲ။ အခန်းတံခါးကို ကျယ်နိုင်သမျှကျယ်အောင်ဖွင့်လိုက်ပြီး အဲဒီ ခို ကို အော်ဟစ်မောင်းထုတ်လိုက်ပါတယ်။
"
ထွက်သွားကွာ .. သွားစမ်း .. နောက်တစ်ခါ ဘယ်တော့မှ မလာနဲ့၊ နင့်ကို မကြိုက်ဘူး၊ နင့်အကြည့်တွေကို မကြိုက်ဘူး၊ နင့်အသံကို မကြားချင်ဘူး။ ထွက်သွား .."

တောင်ပံဖြန့်ကားပြီး အပြင်ဘက် ၀ဲခနဲထွက်ပြေးသွားတဲ့ ခိုရဲ့ကျောပြင်ညိုညစ်ညစ်ကို ကြည့်ပြီး ကျွန်တော် ထပ်ခါထပ်ခါ ဆဲရေးခဲ့ တယ်။ ဘာကြောင့်မှန်းမသိ ကျွန်တော့်အမုန်းတရားတွေက ခိုတစ်ကောင်ပေါ်များလှချည်ရဲ့။

အဲဒီအချိန် ဖုန်း မြည်လာခဲ့ပါတယ်။
"ဘာဖြစ်တယ်။ မ .. ဘာဖြစ်သလဲခင်ဗျာ"

"ဟာ ..."
"
မဟုတ်တာပဲ၊ မဖြစ်ရဘူး ...."

အဲဒီနောက်တော့ ကျွန်တော် ရှိုက်ကြီးတငင်ငိုကြွေးခဲ့ရတယ်။ မ ဆုံးပါးသွားခဲ့ပြီတဲ့။ မ က ကျွန်တော်နဲ့ အဝေးဆုံးကို ထွက်ခွာသွား ခဲ့ပြီတဲ့။ ပြန်မလာနိုင်တော့တဲ့ ခရီးကို မ တစ်ယောက်တည်းသွားခဲ့ပြီ။ ဟိုကောင် ... ဟို ညိုညစ်ညစ်ကောင်... မုန်းလိုက်တာ။ ငါ့အတွက် ကံဆိုးခြင်းကို ယူလာခဲ့တဲ့ ညိုညစ်ညစ်အကောင် .. ခိုကောင် ငါ့မျက်စိရှေ့ နောက်ထပ်ဘယ်တော့မှ မလာခဲ့နဲ့။

----------------------------------------------------------------
ကျွန်တော့်ဘ၀ရဲ့အခက်ခဲဆုံးနေ့ရက်တွေကို သူငယ်ချင်းတွေရဲ့အားပေးမှုနဲ့ တည်ငြိမ်အောင်ကြိုးစားရင်းဖြတ်သန်းနေခဲ့ပါတယ်။ မ ရဲ့ဓါတ်ပုံလေးကို သွားလေရာယူသွားရင်း မျက်ရည်ကျနေမိတတ်တာလည်း အကျင့်တစ်ခုလိုတောင်ဖြစ်နေခဲ့ပြီ။ တစ်နေ့မှာတော့ သူငယ်ချင်း တစ်ယောက်က အိမ်လည်လာဖို့ ဖိတ်ခဲ့တယ်။ ကျွန်တော့်အိမ်နဲ့လည်း သိပ်မဝေးလှတာမို့ လမ်းလျှောက်ရင်း သူငယ်ချင်းအိမ်ကို ထွက်ခဲ့ပါတယ်။ သူငယ်ချင်းအိမ်ရောက်တော့ အိမ်ထောင်ပြုတာသိပ်မကြာသေးတဲ့ သူငယ်ချင်းက သူ့ရဲ့ မိန်းမနဲ့ပါ မိတ်ဆက်ပေးလေတယ်။ သပ်သပ်ရပ်ရပ် အိမ်လေးနဲ့ ပြုံးပြုံးရွှင်ရွှင်ဇနီးမောင်နှံကို ကြည့်ရတာ စိတ်ကြည်နှုးချမ်းမြေ့စရာပါပဲ။ ကျွန်တော် .. သူတို့အတွက်ဆုမွန်ကောင်းတောင်းပေးရင်း ဧည့်ခန်းက ဆက်တီမှာထိုင်လိုက်ပါတယ်။

စိတ်မချမ်းမြေ့စရာအဖြစ်အပျက်က အဲဒီအချိန်မှာစတော့တာပဲ။ ကျွန်တော်ခုံမှာ ထိုင်လိုက်တယ်ဆိုရင်ပဲ တဖျပ်ဖျပ် တောင်ပံ ရိုက်ခတ်သံနဲ့အတူ ခိုတစ်ကောင် ဘယ်ကမှန်းမသိပေါ်ထွက်လာတော့တယ်။ ကျွန်တော်ရှောင်လွှဲချိန်တောင် မရလိုက်တော့ဘူး။ အဲဒီခို က ကျွန်တော့်ဦးခေါင်းပေါ်မှာ နားလိုက်ပါတယ်။ သူ့ရဲ့ သိပ်အချွန်ကြီးမဟုတ်တဲ့လက်သည်းတွေနဲ့ ကျွန်တော့်ဦးခေါင်းကို အားယူခြေကုပ်ယူလိုက်တယ်။ ကျွန်တော့်ရဲ့ ချောက်ချောက်ချားချားအသံကြီးက ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ဘူး။ နှုတ်က အဆက်မပြတ်ထွက်သွားခဲ့ပြီ။
"ထွက်သွားကွာ... သွား .. ဘယ်တော့မှ ထပ်မလာနဲ့တော့၊ နင့်ကို မကြိုက်ဘူး၊ နင့်အကြည့်တွေကို မကြိုက်ဘူး၊ နင့်အသံကို မကြားချင်ဘူး။ ထွက်သွား စမ်း .."

ကျွန်တော့်တစ်ကိုယ်လုံး တုန်ရီလို့နေတယ်။ ချွေစေးတွေပြန်ပြီး ထိတ်လန့်ကြောက်ရွံ့နေတဲ့ ကျွန်တော့်ကို ကြည့်ပြီး သူငယ်ချင်းနဲ့သူ့မိန်းမ မျက်လုံးတွေကိုဝိုင်းလို့ အံ့သြနေကြတယ်။ သူတို့တွေလည်း လန်ု့သွားကြမှာပဲ။ ကျွန်တော်အားနာလိုက်တာ။ ဒါပေမဲ့ ကျွန်တော် .. ဟို ညိုညစ်ညစ်ကောင်ကိုမုန်းတာတော့ မတားနိုင်ဘူး။ သူငယ်ချင်းက ဒီခိုကို လမ်းဘေးမှာအသိုက်ကပြုတ်ကျနေတာတွေ့လို့ အိမ်ခေါ်လာပြီး မွေးထားတဲ့အကြောင်းပြောပြပါတယ်။ နဲနဲကြီးလာရင်တော့ သူ့အဖော်ခိုတွေရှိတဲ့နေရာကို လွှတ်ပေးမတဲ့။ သူငယ်ချင်းရဲ့မိန်းမကလည်း ခိုလေးကလူလိုပဲ သိတတ်ကြောင်းတွေပြောပြပါတယ်။ pigeon ပီဂျီလို့ အင်္ဂလိပ်စာလုံးအတိုကောက် နာမည်ပေးထားတာလည်းပြောပြကြရဲ့။ ပီဂျီလို့ ခေါ်ရင်ပြေးလာတတ်တာ၊ အစာစားပုံတွေ၊ သူတို့ပေါ်မှာ တက်တက်ပြီး အိပ်တတ်ပုံတွေ၊ လည်ပင်းတစ်ဝိုက်ပွတ်သပ်ပေးလိုက်ရင် ခေါင်းလေးပုဝင်၊ ကိုယ်ကိုလုံးဝိုင်းနေအောင်အမွှေးတွေဖွာထားပြီး မျက်လုံးလေးမှေးစင်းငြိမ်နေတတ်သေးသတဲ့၊ အစုံပဲ။ တစ်ယောက်တစ်မျိုး ပြောပြကြတယ်။ ကြောက်စရာမကောင်းတဲ့အကြောင်း ပြောပြကြပါတယ်။

ကျွန်တော် လှမ်းကြည့်လိုက်တဲ့အခါမှာတော့ အဲဒီ ပီဂျီဆိုတဲ့ ခိုရဲ့ ပေစောင်းစောင်းမျက်ဝန်းအကြည့်က ကျွန်တော်ကြုံခဲ့တဲ့နေ့တစ်နေ့က ရန်လိုနေတဲ့ခိုကောင်အတိုင်းပါပဲ။ တစ်ပုံစံတည်း ဘာမှမထူးဘူး။ ကျွန်တော် ဒီအကြည့်ကို မမြင်ချင်တော့ဘူး။ တောင်းပန်စကားဆိုပြီး ခိုက ကံဆိုးစေတဲ့အကြောင်းပြောပြလိုက်တယ်။ အဲဒီခိုကို တစ်နေရာကို မြန်မြန်လေးလွှင့်ပစ်လိုက်ဖို့ပါ အကြံပေးလိုက်ပါတယ်။ သူငယ်ချင်းကတော့ ရယ်ရယ်မောမောပဲ။ သူ့မိန်းမကလည်း ပီဂျီ … ပီဂျီ လို့ပဲ တဖွဖွ ခေါ်နေပါတယ်။ ကျွန်တော့်သူငယ်ချင်းကို အားနာနာနဲ့ပဲ နှုတ်ဆက်ပြီး ပြန်ခဲ့တော့တယ်။

အဲဒီနောက်တော့ ကျွန်တော့်သူငယ်ချင်းအတွက် အမြဲပဲ ဆုတောင်းပေးနေခဲ့ပါတယ်။ ခိုတစ်ကောင်ရဲ့ ကံဆိုးခြင်းတွေ မကျရောက်စေဖို့ ကျွန်တော်ဆန္ဒပြုခဲ့တယ်။ တစ်ခါတစ်ရံ သူငယ်ချင်းနဲ့မိန်းမကို နှစ်ယောက်သားလက်တွဲလို့ တွေ့တဲ့အခါတွေ့လိုက်၊ ကျွန်တော် သူတို့ အိမ်ရှေ့ကဖြတ်တဲ့အခါ လက်ပြနှုတ်ဆက်ကြတဲ့အခါ နှုတ်ဆက်လိုက်နဲ့၊ ကျွန်တော်တော့ သူတို့ရဲ့ အိမ်ကို နောက်တစ်ခေါက် သွားမလည် ဖြစ်တော့ပါဘူး။ သူတို့အတွက်တော့ အမြဲပဲဆုတောင်းပေးနေခဲ့ပါတယ်။ တွေးပြီးစိတ်ပူနေခဲ့မိတယ်။

ညိုညစ်ညစ်ခိုကောင်တစ်ကောင်ကြောင့်ပေါ့ .. တစ်ခုခုများ ...

ဒီလိုနဲ့ ရက်တွေကြာလာတဲ့အခါ .. ကျွန်တော့်သူငယ်ချင်းဆီကို ဖုန်းခေါ်ဖြစ်ခဲ့တယ်။ ဟို ခိုကောင်ရောပဲ။ ကျွန်တော် စပ်စုလိုက်တာနဲ့ သူငယ်ချင်းက "ရှိတယ် တော်တော်ကြီးနေပြီ၊ အမွှေးဖြူဖြူလေးတွေပေါက်လာပြီ ညိုညစ်ညစ်ခိုကောင်မဟုတ်တော့ဘူး ငါ့ကောင်ရေ"လို့ သူငယ်ချင်းက ရယ်ရယ်မောမောဆိုတယ်။ တဆက်တည်း "ငါ့မိန်းမတောင် ဆေးရုံမှာကွ"လို့ သူငယ်ချင်းကပြောတယ်။

ကျွန်တော့်ရင်ထဲ ပူခနဲဖြစ်သွားတယ်။ ဘုရား၊ ဘုရား၊ ဘာများဖြစ်လို့ပါလိမ့် ..တစ်ခုခုများ ...။
သူငယ်ချင်းက ခပ်မြန်မြန်ပဲ ဆက်ပြောပါတယ်။
"ကလေးမွေးဖို့ကွ၊ သမီးလေးလေ။ နက်ဖြန် မနက်ပိုင်းမွေးလိမ့်မယ်လို့တော့ ဆရာဝန်တွေကခန့်မှန်းတာပဲ။ ငါ ဆေးရုံသွားရင် ပီဂျီကို အိမ်ထဲပဲ တံခါးပိတ်ထားခဲ့ရမှာပဲ။ သူ ကြိုက်တဲ့ မြေပဲလှော်၊ ချိစ်၊ ပေါင်မုန့်တို့ ဖဲ့ထားပေးလိုက်ဦးမယ်။ ခုတလော ဒီကောင် မြေပဲလှော်သိပ်ကြိုက်နေတယ်ကွ၊ ပေါင်မုန့်မစားတော့ဘူး။ ခိုလည်ဖြစ်နေပြီဟေ့"
သူငယ်ချင်းအတွက် ကျွန်တော်စိတ်အေးသွားခဲ့ရပေမဲ့ ခိုတစ်ကောင်ရဲ့ ရန်လိုတဲ့အကြည့်စူးစူးတွေတော့ မမေ့သေးဘူး၊
မဟုတ်ဘူး၊ ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး။
ကျွန်တော့်အတွက်တော့ ကံဆိုးစေပါသတဲ့ဆို ..အို ... ညိုညစ်ညစ်ခို ...။
ငါ့အနား ဘယ်တော့မှ မလာခဲ့နဲ့ ဆို။            ။

Sunday, July 17, 2011

မမေ့တဲ့နိုင်

ဇူလိုင်လထွက် ၊ ၁၉ရက်တွင် ၊
ကနက်မြန်ဘောင် ၊ ပြည်ကျိုးဆောင်သည့် ၊
ခေါင်းဆောင်ထိပ်တန်း၊ ဗိုလ်အောင်ဆန်းနှင့် ၊
တခန်းသီးသီး ၊ ခေါင်းဆောင်ကြီးတို့ ၊
နတ်ထီးသို့ ရောက် ၊ ၉နှစ်မြောက်လည်း၊
မပျောက်မမွေ့  ၊ လွမ်းဟုန်ငွေ့ ဖြင့် ၊
 ယနေ့ သို့ တိုင် ၊ မမေ့နိုင်ဘဲ၊
 သည်းဆိုင်ကြွေမျှ ၊အောက်မေ့လှ၏ ၊
 မွေးဖပမာ၊ အားကိုးရာသည် ၊
 ခုခါငါတို့  ကင်းတကား။      ။

( အမည်မသိ)

ဒီကဗျာလေးက မေမေငယ်ငယ်လေးက ဗိုလ်ချုပ်ကဗျာလေးဆိုပြီး ကြိုက်လို့ အရကျက်ထားတာပါ။
(၉)နှစ်မြောက် အာဇာနည်နေ့ မှာ သတင်းစာ ၊ဂျာနယ် သို့ မဟုတ် မဂ္ဂဇင်းတစောင်စောင်မှာ ဖေါ်ပြပါရှိတဲ့  ကဗျာကလေးဖြစ်ပါတယ်။ ကဗျာရေးသူရဲ့ အမည်ကိုတော့ အရမကျက်မိလို့  မေ့သွားပါတယ်။
ခေါင်းစဉ်တောင် မှန်ပါ့မလားဘဲ ။ မမေ့တဲ့ နိုင် လို့  ပေးလိုက်တယ်။

Friday, July 15, 2011

အဖြူရောင် ဗလာနတ္တိပြပွဲတစ်ခုရဲ့
အခင်းအကျင်း
မဉ္ဇူရီ
လူနှစ်ယောက်ခံစားချက်တွေ မျှဝေကြရင်း ရလာတဲ့ရလာဒ်က ရမက်၊ ဆန္ဒ၊ ပျော်ရွှင်ချမ်းမြေ့ခြင်း၊ ကျေနပ်နှစ်သိမ့်ခြင်း၊ သံယောဇဉ်တွေဖန်တီးနှောင်ဖွဲ့ခြင်း၊ စွဲလမ်းတက်မက်ခြင်းတွေဖြစ်လာကြမယ်။ အဲဒီထူးခြားတဲ့ခံစားချက်က ချစ်သူတွေအချင်းချင်း ပိုင်ဆိုင်မှုတွေနဲ့ ရှင်သန်နေထိုင်သလိုမျိုးပဲ။

Thursday, July 14, 2011

ကောင်းကင်ဘုံမှာတွေ့ခဲ့ရင်



♫♫ Would you know my name
If I saw you in heaven
Will it be the same
If I saw you in heaven
I must be strong, and carry on
Cause I know I don't belong
Here in heaven ♫♫
စာမရေးဖြစ်တော့ သီချင်းနားထောင်တာပေါ့။

Tuesday, July 12, 2011

In the end


I had to fall
To lose it all
But in the end
It doesn't even matter
ဟိုတုန်းကပေါ့ ...
ဒီသီချင်းနားထောင်ပြီး မျက်ရည်ကျခဲ့ဖူးတယ်။
(မှားသွားလို့ အမှန်က ဒီလိုဖြစ်ရမှာ)
မျက်ရည်ကျပြီး ဒီသီချင်းနားထောင်ခဲ့ဖူးတယ်။
တစ်ခါကဖြစ်ပါသည်။ :D

Monday, July 11, 2011

အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ … အိုဘားမားရဲ့ ထိန်းချုပ်မှုသည်

အိုဘားမားရဲ့ ယူအက်စ်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ တွမ်ဒွန်နီလွန်ကို အင်ဒီးယန်း-အမေရိကန်သတင်းထောက် ဖယ်ရိဒ်ဇာကေးရီးယားက “အရှေ့အလယ်ပိုင်းနိုင်ငံတွေက မိတ်ဆွေကြီးတွေနဲ့ ပတ်သက်တဲ့ အိုဘားမားအုပ်ချုပ်ရေးမူဝါဒအကြောင်း” အမေးအဖြေတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီ အမေးအဖြေကို သူ့ရဲ့ Fareed Zakaria GPS(Global Public Square) စီအန်အန် တီဗီအမေးအဖြေအစီအစဉ်ကနေ ဇူလိုင် ၃ ရက် တနင်္ဂနွေနေ့က လွှင့်ထုတ်ခဲ့တယ်။ အိုဘားမားအကြံပေးအရာရှိရဲ့ ရှားရှားပါးပါး အမေးအဖြေတစ်ခုလို့ ဆိုတယ်။ GPS အမေးအဖြေအပြီး ဇာကေးရီးယားက “ဒွန်နီလွန်ပြောတဲ့ အိုဘားမားအစိုးရအုပ်ချုပ်ရေးအကြောင်း” ကို ရှင်းပြခဲ့ပါတယ်။
“လွန်ခဲ့တဲ့ ရက်သတ္တပတ်က ယူအက်စ်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ တွန်ဒွန်နီလွန်နဲ့ ကျွန်တော် အမေးအဖြေလုပ်ခဲ့ပါတယ်။ အများဆုံး ဦးတည်ပြောဖြစ်တဲ့အကြောင်းအရာတွေက အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ကိစ္စပါပဲ။ ဒွန်နီလွန်ဆီက ကျွန်တော်သိလိုက်တာက  အိုဘားမားအုပ်ချုပ်ရေးအဖွဲ့ဟာ အာရပ်ကမ္ဘာရေးရာတွေကို ထိတွေ့လိုတဲ့ တခြားသူတွေထက် စစ်မှန်စွာနားလည်သဘောပေါက် ထားပါတယ်။ သမ္မတအိုဘားမားရဲ့နှလုံးသားဟာ အာရပ်တော်လှန်ရေးနဲ့အတူရှိနေခဲ့တယ်။ သူက အမေရိကန်သြဇာသုံးပြီး တာဝန်ယူမှုတွေကို အင်မတန်ဂရုပြုခဲ့တဲ့သူတစ်ဦးပါ။ အဲဒီအင်အားကိုအသုံးပြုဖို့ကိုလည်း သေသေချာချာ နှိုင်းချိန်စဉ်းစားပါတယ်။ ဒီမိုကရေစီနိုင်ငံရေးအုပ်ချုပ်ပုံစနစ်ကို ပိုပြီးကူးပြောင်းတဲ့လမ်းကြောင်းကို ကြည့်မယ်၊ အာဏာရှင်ဝါဒကနေ ပြည့်ဝတဲ့ဒီမိုကရေစီစနစ်ဆီကိုသွားတဲ့ နှစ်ရှည်ဖြစ်စဉ်တွေကို အိုဘားမားက ရှေးရှုပါတယ်။"
(အာရပ်ကမ္ဘာက တိုင်းပြည်တွေဖြစ်တဲ့ အီဂျစ်၊ ဆူဒန်။ အယ်လ်ဂျီးရီးယား၊ မော်ရိုကို၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ ရီမန်၊ ဆီးရီးယား၊ တူနီးရှား၊ ဆိုမားလီယာ၊ လစ်ဗျား၊ ဂျော်ဒန်၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ ယူနိုက်တက်အာရပ်အန်းမရိတ်၊ မော်ရီတာနီးယား၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဂျီဘူတီ၊ ဘာရိန်း၊ ကာမိုရိုစ်၊ ဆာဟာရအနောက်ပိုင်းနိုင်ငံတွေထဲမှာမှ လစ်ဗျား၊ ဆီးရီးယား၊ ဆော်ဒီအာရေဗျ နဲ့ အီရန်နိုင်ငံတွေပေါ်ထားတဲ့ ယူအက်စ်မူဝါဒကို ဒွန်နီလွန်က ဖြေသွားခဲ့တယ်။)

Photo from:
လစ်ဗျား
လစ်ဗျားနိုင်ငံနဲ့ပတ်သက်တဲ့ ယူအက်စ်မူဝါဒက ကျွန်တော့်ကို ဘယ်လောက်တောင်ဗျာများစေခဲ့သလဲဆိုရင် ... ဒွန်နီလွန်ကတော့ ပြောတယ်။ ဂရုတစိုက်ပြင်ဆင်တွက်ချက်ပြီးမှ မွမ်းမံထားတဲ့မူဝါဒအတိုင်းလုပ်ခဲ့ကြတယ်တဲ့။ ယူအက်စ်က မွေးစားလိုက်တဲ့ အဲဒီမူဝါဒက အောင်မြင်မှုအကျိုးဆက်ရရှိစေဖို့ ကြိုးပမ်းနေသလို ကုန်ကျစရိတ်၊ ဆုံးရှုံးမှုတွေအတွက်လည်း သတိကြီးစွာထားလိုက်တယ်။ မိုရမ်မာဂဒါဖီကို အဆုံးသတ်ဆုတ်ခွာရမယ့် ပန်းတိုင်ထိရောက်အောင် ၀က်အူရစ်ပေးဖို့ ဆုံးဖြတ်ထားကြတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ အင်အားနဲ့ ဂုဏ်ဒြပ်ကိုလည်း အလွန်အကျွံ အသုံးမပြုတဲ့ နည်းလမ်းအတိုင်းသွားကြမယ်လို့ဆိုတယ်။ လစ်ဗျားကို ပိုင်ဆိုင်မှုနဲ့ ကျွန်တော်တို့ အဆုံးသတ်မှာမဟုတ်ဘူးဆိုတာကို သမ္မတအိုဘားမားက ကျိန်းသေပြချင်တယ်။ လစ်ဗျားအတွက် ရေးဆွဲထားတဲ့အမေရိကန်ရဲ့မူဝါဒဒီဇိုင်းက ရလာဒ်ကောင်းတွေကို လောင်းကြေးကြီးကြီးရင်းပြီး မျှော်လင့်တာထက် ရလာဒ်ဆိုးတွေဆန့်ကျင်တိုက်ခိုက်ဖို့ ပိုပြီးရည်ရွယ်ကြတယ်။

Photo from:
ဆီးရီးယား
ဆီးရီးယားကိုလည်း အလားတူနည်းမျိုးနဲ့ချဉ်းကပ်တာ ခင်ဗျားမြင်တာပဲ။ အုပ်ချုပ်ရေးအဖွဲ့က သမ္မတ ဘာရှားအယ်လ်အက်ဆာဒ့်ကိုထုတ်ပယ်ဖို့ တိုက်တွန်း လှုံ့ဆော်မနေပဲ နေရာကဖယ်ရှားစေဖို့ကြိုးစားနေပါတယ်။ ဆီးရီးယားပြည်တွင်းစစ်နဲ့ အရှုပ်အထွေးတွေကြောင့်ဖြစ်လာရတဲ့ ကြောက်ရွံ့ထိတ်လန့်မှုကနေ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ ပါဝင်စွက်ဖက်ဖို့နိုင်ငံသားတွေကမျှော်လင့်လာကြတယ်။ နှစ်ရှည်မူဝါဒချမှတ်မယ်လို့ ကျွန်တော့်ကိုသိမြင်စေတယ်။ မွမ်းမံရဦးမယ့် မူဝါဒနောက်တစ်ခုပေါ့။ ဆီးရီးယားနိုင်ငံနဲ့တော့ အတော်အသင့်သက်တောင့်သက်သာရှိနေကြတယ်။ အာရပ်တော်လှန်ရေးမှာ ကြားဝင်စွက်ဖက်ဖို့မရှိပါဘူးတဲ့။ သူတို့ ၀က်အူရစ်ကြပ်မယ်။ ဖိအားပေးမယ်။ ပြီးတော့ စောင့်ဆိုင်းနေကြမယ်။

Photo from:
ဆော်ဒီအာရေဗျ
ကျွန်တော်တို့အမေးအဖြေမှာ တွမ်ဒွန်နီလွန်က အချက်ပြလိုက်တယ်။ ယူနိုက်တက်စတိတ်က ဆော်ဒီအာရေဗျနဲ့ မိတ်ဆွေဖွဲ့ဖို့ကို တန်ဖိုးထားတယ်တဲ့။ အဲဒီမှာ မမျှော်လင့်တဲ့အဖြစ်အပျက်မျိုးတွေရှိလာသည့်တိုင်အောင် သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို မတည်မငြိမ်ဖြစ်အောင်လုပ်မှာမဟုတ်ဘူးလို့ဆိုတယ်။ ပွင့်လင်းတက်ကြွတဲ့အမြင်ရှိတဲ့ ဆော်ဒီအုပ်ချုပ်ရေးစနစ်ကို သူက ချီးမွမ်းခဲ့တယ်။ တိုင်းပြည်တွေမှာ သူ့တို့ရဲ့ ကိုယ်ပိုင်ခြေလှမ်းနဲ့ပဲ ပြောင်းလဲကြရလိမ့်မယ်။ အိုဘားမားအစိုးရက ဆော်ဒီအုပ်ချုပ်ရေးယန္တရားကို ပြောင်းလဲဖို့ ပွင့်ပွင့်လင်းလင်းတိုက်တွန်းမှာမဟုတ်ဘူး။

Photo from:
အီရန်
ကျွန်တော်ထင်တာကတော့ အီရန်ဆီလှမ်းခဲ့တဲ့ ယူအက်စ်ရဲ့ ပွဲဦးထွက်ခြေလှမ်းတွေကို ဆန့်ကျင့်သပိတ်မှောက်နေခဲ့ကြတယ်။ အဲဒီခြေလှမ်းတွေ အရေးနိမ့်ခဲ့ကြတယ်။ အခု ယူအက်စ်က အီရန်ကို ဖိအားတွေပိုပြီးတိုးမြှင့်တော့မယ့် လမ်းကြောင်းပေါ်ရောက်နေပြီ။ ဒါပေမဲ့ ဒွန်နီလွန်က ဖြစ်နိုင်ချေရှိတာတွေ ဆုပ်ကိုင်ထားဆဲပဲ။ အီရန်တွေကသာ သူတို့ရဲ့သဘောထား ပြောင်းလဲမယ်ဆိုရင် ကမ်းလှမ်းချက်က စားပွဲပေါ်မှာရှိနေဆဲပဲ ဆိုတာကို ပြောချင်တာပါ။ အဲဒါက စိတ်ဝင်စားဖို့တော့ကောင်းတယ်။ လူတွေကပြောတယ်၊ အီရန်အုပ်ချုပ်ရေးယန္တရားကလူတွေနဲ့ စေ့စပ်ဆွေးနွေးဖို့မသင့်ဖူးတဲ့။ ဘာကြောင့်လည်းဆိုတော့ သူတို့က ယုံကြည်လာအောင်လုပ်ကြလိမ့်မယ်လို့ဆိုတယ်။ ကျွန်တော်ထင်တာကတော့ ဒွန်နီလွန်ပြောနေတာက အီရန်တွေကသာ အလွန်အရေးကြီးတဲ့ နျူကလီးယားပြဿနာအတွက် သဘောတူဆောင်ရွက်လိုစိတ်ရှိလာမယ်ဆိုရင် ကမ်းလှမ်းချက်အတွက် ထိုက်တန်တယ်။ တအုံနွေးနွေးဖြစ်နေတဲ့ ပြဿနာကြီးကို ဖြေရှင်းနိုင်လိမ့်မယ်တဲ့။ ဒါပေမယ့် ဒွန်နီလွန်ရဲ့ ကမ်းလှမ်းချက်ကို အီရန်တွေ လက်ခံလိုက်ဖို့ဆိုတာ ဖြစ်နိုင်ချေမရှိပါဘူး။

Photo from:
ပါကစ္စတန်နဲ့ အိုစမာဘင်လာဒင်ကို ကွယ်ဝှက်ထားမှု
“ပါကစ္စတန်ခေါင်းဆောင်ပိုင်း၊ နိုင်ငံရေးနဲ့ စစ်တပ်ပိုင်း၊ ထောက်လှမ်းရေးဌာနက အိုစမာဘင်လာဒင်ကို ကွယ်ဝှက်ထားတယ်၊ ကြိုတင်ပြီးသိနေကြတယ်ဆိုတဲ့ အထောက်အထား ဘာတစ်ခုမှကျွန်တော့်မှာပြစရာမရှိဘူး” လို့ ဒွန်နီလွန်ကပြောပါတယ်။ ဒါပေမဲ့ ဒီလောက်အချိန်ကာလတော်တော်ကြာ အိုစမာဘင်လာဒင် ဘယ်လိုနေထိုင်လှုပ်ရှားနေခဲ့သလဲ ဆိုတာကတော့ မေးစရာမေးခွန်းတွေအများကြီးပဲ ရှိနေတယ်။ အဲဒီမေးခွန်းတွေကို ပါကစ္စတန်ကို မေးနေပါတယ် လို့ ဆိုတယ်။

ကျွန်တော်တွေးမိတာက အမေးအဖြေတစ်ခုလုံးအတွက် သင့်တော်ပြီး လက်တွေ့ကျတဲ့ချဉ်းကပ်မှုလို့ မြင်ပါတယ်။ အမေရိကန်သမ္မတတွေအတွက် တရားဟောစင်မြင့်ပေါ်ကနေ ကြေညာချက်တွေ ကျယ်ကျယ်လောင်လောင် ထုတ်လွှတ်နေခဲ့ရတာကိုက ကျေနပ်နှစ်သိမ့်စရာအတိဖြစ်နေကြတယ်။ အိုဘားမားလည်း အဲဒီအယူအဆ၊ မျှော်မှန်းချက်တွေကို ယုံကြည်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ သူလည်း နားလည်ထားပါတယ်။ သူတို့ကို အောင်မြင်စေဖို့ လက်တွေ့လုပ်ဆောင်ရမယ့်အလုပ်တွေက ပိုပြီးရှုပ်ထွေးတယ်။ ပိုပြီးအချိန်ယူရမယ်။ အဲဒီအခြေအနေတွေအားလုံးမှာ အမေရိကန်ရဲ့အင်အားနဲ့ ဂုဏ်ဒြပ်ကိုလည်း အတိုင်းအဆမရှိ၊ အကန့်အသတ်မရှိအသုံးပြုရမယ်။ အင်မတန်ကုန်ကျစရိတ်များတဲ့ အကျိုးဆက်တွေရှိလာနိုင်ပါတယ်။          ။

Source : http://globalpublicsquare.blogs.cnn.com/2011/07/06/obamas-calculated-restraint-in-the-middle-east/
              http://globalpublicsquare.blogs.cnn.com/2011/07/01/exclusive-gps-interview-with-tom-donilon/
Vol (1), No. (64)
မော်နီတာဂျာနယ်

Friday, July 8, 2011

တစ်ကိုယ်တော်ဘ၀ကို အဆုံးသတ်တဲ့နေ့ 

Photo from
အတ္တလန်တစ် သမုဒ္ဒရာကြီးကို တကိုယ်တော် ကျော်ဖြတ်သူတွေထဲမှာ ကျွန်မဟာ အငယ်ဆုံးဖြစ်တယ်ဆိုတာ.လူတွေသိရင် သူတို့  မေးခွန်းတွေ ဒလစပ် မေးချင်နေပေလိမ့်မယ်။  အသက်၂၂နှစ်သာရှိသေးတဲ့  နုနုငယ်ငယ် မိန်းခလေးတယောက်က ၅.၈  မီတာရှည်တဲ့  လှေကြီးကို ဘယ်လို ဦးဆောင်ပဲ့ကိုင်ပြီး  ဖြတ်သန်းခဲ့တယ်ဆိုတာ ။ ရက်ပေါင်း၇၀ လုံးလုံး  လှိုင်းလေကို ဘယ်လို သတ္တိတွေနဲ့  ခုခံ တွန်းလှန်ခဲ့သလဲ ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဒုက္ခသုခတွေ ဘယ်လို မျိုး ခံနှိုင်ရည်ရှိခဲ့ သလဲ ဆိုတာတွေ သူတို့  မေးချင်ကြပေလိမ့်မယ်။

တကယ်တော့ ကျွန်မဟာ သမုဒ္ဒရာကို ဖြတ်ကျော်မယ်လို့  ဆုံးဖြတ်ချက်ချပြီးကတည်းက  မိုဟာဗီသဲကန္တာရမှာ ကီလိုမီတာ ၅၃၀၀ အထိ စက်ဘီးစီးကျင့်ခဲ့တယ်။ ကီလိုမီတာ အရှည် ၅၂၃ အထိ အလက်ဂီးနီးမြစ်ကြီးထဲမှာ  ကူးခတ်ခဲ့ပြီးဖြစ်တယ်။ ကျယ်ပြောတဲ့ ပင်လယ်သမုဒ္ဒရာထဲမှာ တယောက်တည်းရက်ပေါင်း၇၀  လှေလှော်ထွက်ရမယ်ဆိုတာ ဘယ်လောက် ငြီးငွေ့ ဖို့  ကောင်းလိုက်မလဲ။ ဘယ်လောက် အထီးကျန် ဆန်လိုက်မလဲ။တချို့ က တွေးမိကြမယ်။ဘယ်လိုဘဲ ဖြစ်စေ …
၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၃ရက်နေ့ မှာတော့  ဆီနီဂေါလ်ကမ်းခြေကနေ ကျွန်မ စထွက်ခဲ့တယ်။ 
အစစအရာရာလိုလေသေးမရှိ ပြင်ဆင်ထားပါတယ်။သီတင်းနှစ်ပတ်လောက်အထိ  လူတော်တော်များများကကျွန်မကို စောင့်ကြည့်နေကြတယ်လေ။ သူတို့  ကျွန်မကို လိုအပ်ရင် ကယ်တင်ဖို့  ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ ..ကျွန်မသွားဖို့ ရာထားတဲ့   ခရီးရဲ့  လေးပုံတစ်ပုံ လောက် ကို ရက် ၂၀အတွင်း  အရောက် လှော်ခတ်နိုင်ခဲ့ ပြီ။

ဟုတ်ပါတယ် ။ အဲဒီ ရက် 20ပြည့်တဲ့ ဇန်န၀ါရီလ၂၂  ရက် နေ့ မှာဘဲ ကောင်းကင်ဟာ ညိုမှောင်လာတယ်။ကြည်ကြည်လင်လင်မရှိတော့ဘူး။တဖြည်းဖြည်း တိမ်တွေထူပြစ်လာတယ်။
ကျွန်မက သာမညမဟုတ်ဖူးလေ။ ဆယ်လီဘရီတီ ဘဲ။ ကျွန်မ ကိုယ့်ကို ကိုယ် အားပေးလိုက်တယ်။
အတ္တလန်တစ်သမုဒ္ဒရာကြီးထဲကို မကြောက်မရွံ့  ရိုင်းရိုင်းစိုင်းစိုင်း တိုးဝင်ခဲ့ ပြီးမှတော့ ကျွန်မ အလျော့ မပေးဘူး။ ဒါပေမဲ့  … တယောက်ထဲပါလားဆိုတဲ့  အသိက ကျွန်မကို ခြောက်လှန့်နေတယ်။ ကျွန်မကမ်းမမြင် လမ်းမမြင်ပင်လယ်ထဲမှာ  သီတင်းနှစ်ပတ်ကျော်နေပါပြီ။  အချိန် ၁၀ မိနစ်လောက်ကို ဆယ်နာရီ ထင်မိတယ်။ နေ့တိုင်း နေ့တိုင်း ထပ်ခါ ထပ်ခါ ။ စားလိုက် ၊ လှော်လိုက် ၊ အိပ်လိုက်  ကောင်းကင်ကြီးကို စောင့်ကြည့်လိုက် ၊ ရေပြင်ကြီးကိုငေးကြည့်လိုက်၊ ထပ်တလဲ လဲ ပါဘဲ ။
တူညီတဲ့ ခံစားချက်တွေနဲ့   ။ အလာ..လား၊ နေ၀င်ချိန် တစ်နေ့ မှာတော့ .. မိုးကုတ်စက်ဝိုင်းဆီကနေ  တခုခု ရွေ့ ရွေ့ လာနေတာမြင်ရတယ် ။ တဒါဇင်လောက်မကတဲ့  ရေလွှာပြင်ကို ခွဲပြီး ထွက်လာတဲ့ ဆူးတောင်တွေ ကျွန်မလှေဆီ လာနေတယ်။ အလိုလေး..လေ ။အဲဒါ  ငါးမန်းတွေများလား။
Photo from
ကျွန်မ တကိုယ်လုံး အေးခဲ သွားတယ်။ သေသေချာချာ မျက်စိပြူးထွက်နေအောင်ကြည့် ရတယ်။ 
သူတို့  ကွန်မလှေဆီ ချဉ်းကပ်လာတယ်။ လေချွန်သံလို  တိုးတိုးညှင်းညှင်းအသံ ပေးနေတာကိုလဲ  ကျွန်မကြားရတယ်။
အော် … ငါးမန်းတွေ မဟုတ်ဘူး။ အဲဒါ ..  လင်းပိုင်တွေ ။
သူတို့  ကျွန်မလှေကို ၀ိုင်းပြီး…ရှေ့ ကို တိုးတိုးလာတယ်။ သူတို့  ပျော်ပွဲသဘင် ကျင်းပနေတာ။ကျွန်မကို သက်သက် ကူညီနေတာ ဖြစ်မယ်။ ကျွန်မ အားရှိ ပါးရှိ လှေကို မိနစ် ၂၀ လောက်  အပြင်းလှော်ခတ်လိုက်တယ်။ လင်းပိုင်တွေ ၀ိုင်းပတ်ခြံရံပြီးတော့ပေါ့။ သူတို့ကို ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့  ။ မျောက်ပန်းလှန်နေသလိုဘဲ ။သူတို့ ခန္ဒာကိုယ်တွေ မြောက်တက်နေတယ်။
ကျွန်မနဘေးကနေ ရေပေါ်ကို ခုန် ခုန်နေကြတာ ။ ရေတွေ ဖွေးကနဲ ဖွေးကနဲ ဖွာဖွာ ထွက်သွားတယ်။ အော် သူတို့  ကျွန်မလှေနဲ့  ကစားနေကြတာကိုး။
အဲဒီအချိန်မှာတော့ ကျွန်မရဲ့ လှေက လမ်းကြောင်းပျောက် ပျောက် သွားတာပေါ့။  ဒါပေမဲ့  ကိစ္စမရှိဘူး၊ ဒီလောက်ကတော့ ကျွန်မ အခက်အခဲ မရှိ ပြန်ရှာနိုင်ပါတယ်။

အိုကေပါဘဲ။
ဒီလိုနဲ့  ကျွန်မ ၄၅၃၃ ကီလိုမီတာကို ရောက်ခဲ့ ပါတယ်။မတ်လ ၁၄.. ရက်ပေါင်း၇၀ ပြည့်အပြီး ၅နာရီ အကြာမှာဘဲ   တောင်အမေရိကတိုက်  ဂူယာနာ ကမ်းခြေကို ထိတွေ့ မိရပါပြီ။  ကျွန်မရဲ့  ခရီးစဉ်ဟာ ကမ္ဘတ၀ှမ်းက သောက်သုံးရေ ပြတ်လပ်မှုကို ဒေါ်လာ၇၀၀၀၀ ထောက်ပံ့နိုင်ရန်  Blue Planet Run Foundation  အတွက် ရံပုံငွေ ကောက်ခံ ပေးခြင်းဖြစ်ပါတယ်။ ကျွန်မရဲ့  ခရီးစဉ်ဟာ ပြီးပြည့်စုံခဲ့ပါတယ်။ အားကစားသမားများရဲ့ စွမ်းရည်ဟာ သည်းခံနိုင်ခြင်းပါဘဲ။  ကျွန်မအတွက်တော့ ဒီအဖြစ်အပျက်ရဲ့  လျို့ ဝှက်ချက်ကို မီးမောင်းထိုးပြနေသလိုပါဘဲ ။ အတွေ့ အကြုံ တွေက ထိတ်လန့်ကြောက်ရွံ့ မှုကို ဖြစ်စေနိုင်ပေမဲ့  နေရယ် လှိုင်းရယ် ရာသီဥတုရယ် အားလုံးကို ကြံ့ ကြံ့ ခံ နေနိုင်ခဲ့တယ်မဟုတ်ပါလား။   လင်းပိုင်လေးတွေကတော့  ကျွန်မ ဘ၀အတွက် ကျွန်မရဲ့  နေ့ တွေအတွက် အားဆေးဖြစ်တယ်ဆိုတာ အထူးပြောဖို့ မလိုပါဘူး။       ။
Florist
Source : Readers Digest Feb 2011 : The day I stopped being lonely by Katie spotz

Tuesday, July 5, 2011

ရွှေပုံပေါ်မှာထိုင် မှိုင်နေသတဲ့လား

Photo from :
ကြွေးမြီတွေကို ပြေလည်အောင်မရှင်းလင်းနိုင်တဲ့လူတစ်ယောက်ကို ပထမဆုံးတွန်းအားပေးသင့်တာက မိသားစုပိုင်တဲ့ငွေတုံးငွေခဲတွေ အရည်ဖျော်ဖို့ပါပဲ။ တခြားနည်းလမ်းတွေဆိုရင်တော့ အစိုးရအဖွဲ့အစည်းတွေကို အကူအညီအတွက် လျှောက်ထားတာမျိုးပါ။ သူတို့ရဲ့ပစ္စည်းဥစ္စာတွေကို ဆယ်စုနှစ်ကျော်သှိမှီးသိမ်းဆည်းထားကြသူတွေလည်းရှိတယ်။ တစ်ချို့တိုင်းပြည်တွေကအဲဒီလိုမျိုးပဲ အဖိုးတန်ပစ္စည်းတွေ ကျစ်ကျစ်ပါအောင် သိမ်းဆည်းထားပြီး သူတို့ရဲ့ကြွေးမြီတွေပြန်ဆပ်ဖို့ မတတ်နိုင်တော့ဘူးလို့ ကြေညာလိုက်ပြီး တခြားကြွယ်ဝတဲ့ တိုင်းပြည်တွေဘက်လှည့်ကာ အကူအညီတောင်းကြပါတယ်။ ဥရောပယူနီယံ(အီးယူ)က အဲဒီလို ဥပမာတွေအများကြီးတွေ့ခဲ့ရပြီးပါပြီ။ အခုလည်းပဲ ဂရိနိုင်ငံက အီးယူ ဥရောဗဟိုဘဏ်-အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့အစည်း(IMF)ကို ကယ်ဆယ်ရေးအကူအညီအတွက် ကမ်းလှမ်းနေပါတယ်။
အဲဒီလိုကမ်းလှမ်းနေတဲ့အချိန်မှာ အေသင်မြို့ကြီးကတော့ ထရပ်ကားလေးစီးစာအပြည့်သယ်ဆောင်မှ ရနိုင်မယ့် ရွှေချောင်းအောင်စ လေးသန်း(ယူအက်စ် ၁၂၅တန်)ကိုသိမ်းဆည်းထားပြီး ရွှေပုံပေါ်မှာ ထိုင်နေတယ်လို့ဆိုတယ်။ ဂရိအမျိုးသားဘဏ်ကြီးရဲ့ မီးခံသံမဏိခန်းတွေထဲက တလက်လက်တောက်ပနေတဲ့ ရွှေချောင်းတွေရဲ့တန်ဘိုးဟာ ယူရို လေးဘီလီယံခန့်ရှိတယ်။ အေသင်ကသာ အဲဒီရွှေချောင်းတွေကို ရောင်းချလိုက်မယ်ဆိုရင် တခြားအကူအညီတွေတောင်းခံနေစရာမလိုပဲ အနည်းဆုံးတော့ ကြွေးမြီတစ်စိတ်တစ်ပိုင်းကို အမြန်ဆုံးပေးချေနိုင်မှာပဲလို့ ဆိုကြတယ်။

ဒီလိုအကျပ်အတည်းကိုကြုံတွေ့ခဲ့ရတဲ့ တခြားတိုင်းပြည်ကတော့ ပေါ်တူဂီနိုင်ငံပါပဲ။ ပေါ်တူဂီနိုင်ငံကလည်းပဲ ၀န်ကြီးချုပ် အန်ထော်နီယို ဒီ အိုလီဗီရာ စာလာဇာခေတ်ထဲကသိမ်းဆည်းထားခဲ့တဲ့ အဖိုးတန်သတ္ထုအမြောက်အမြားပိုင်ဆိုင်ထားပါတယ်။ ပေါ်တူဂီမြို့တော် လစ်ဘွန်းကတော့ အီးယူကိုအကူအညီတောင်းခံခြင်းမပြုပဲ ယူရို၁၃ ဘီလီယံတန်ကြေးရှိတဲ့ ရွှေတွေကို ငွေသားအဖြစ်ပြောင်းလဲပြီး အကျပ်အတည်းကိုဖြေရှင်းခဲ့ကြတယ်။ လန်ဒန်မှာရှိတဲ့ Royal Bank of Scotland(RBS) ဘဏ်ရောင်းကုန်ဝယ်ကုန်ကျွမ်းကျင်သူအကြီးအကဲ နစ်ခ်မိုးက ဘဏ်ကဖောက်သည်တွေ မကြာခဏမေးလေ့ရှိတဲ့”အဲဒီအစိုးရတွေက သူတို့ပိုင်ဆိုင်တဲ့ရွှေတွေထဲက တစ်ချို့ကို ဘာကြောင့် မရောင်းချတာလဲ” ဆိုတဲ့မေးခွန်းကို အစီရင်ခံလိုက်ပါတယ်။ အဲဒီအစီရင်ခံစာတင်ပြခဲ့ပြီးနောက်ပိုင်းမှာ စီးပွားရေးအကျပ်အတည်းကြုံတွေတဲ့ အချိန်မှာတောင်မှ အဖိုးတန်ပစ္စည်းတွေရောင်းချပြီးဖြေရှင်းလို့ရတာ၊ တချို့တိုင်းပြည်တွေက မဖြေရှင်းကြတာတွေ ကမ္ဘာတစ်ဝှမ်းက မှတ်မိသိရှိလာကြပါတယ်။ ယူရိုဇုန်အဖွဲ့ဝင်တွေ သိမ်းဆည်းထားတဲ့ရွှေတွေကို တစုတစည်းတည်းတန်ဘိုးတွက်ချက်ကြည့်ရင် ယူရို ၃၇၅ဘီလီယံခန့် ရှိနေကြတယ်လို့ ဆိုတယ်။ ယူရိုမြေက ကြွေးမြီ ယူရို ၈.၃ ထရီလီယံရဲ့ ၄.၅ရာခိုင်နှုန်းကို ပစ္စည်းဥစ္စာရောင်းချတဲ့နည်းနဲ့ ပေးချေနိုင်ခဲ့ကြပါတယ်။

ပေါ်တူဂီနိုင်ငံက အထူးသဖြင့် ရွှေ ပေါကြွယ်ဝပါတယ်။ လစ်ဘွန်းက အဲဒီရွှေတွေထဲက ၃၈၃တန်ကို လက်ရှိနှုန်းနဲ့ ဈေးကွက်မှာ ရောင်းချလိုက်ပြီး ယူရို ၁၃.၃ ဘီလီယံရရှိခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအခြေအနေက သေးကွေးတဲ့အပြောင်းအလဲ သဘောလောက်ပဲရှိနေပြီး ပေါ်တူဂီတွေက အီးယူအပြင်ဘက်က ယူရို ၈၀ဘီလီယံအကူအညီကိုတော့ ရယူထားပါတယ်။ အကူအညီတောင်းခံရခြင်းအတွက် သူတို့ပေးတဲ့အကြောင်းပြချက်ကတော့ ဈေးကွက်မှာ သင့်တင့်မျှတတဲ့ဈေးနှုန်းမရနိုင်တာရယ်၊ ကျန်ရှိနေသေးတဲ့ ချေးငွေတွေပြန်ပေးဖို့လိုအပ်တယ် ဆိုတဲ့အခြေအနေတွေကြောင့်လို့ ဆိုကြတယ်။ ရွှေတွေကိုရောင်းချလို့ရတဲ့ ငွေကြေးတွေနဲ့ ဒီနှစ်ထဲထိ သယ်ဆောင်လာတဲ့ကြွေးမြီချေးငွေဟောင်းကို ပေးချေနိုင်တဲ့ပမာဏထိရှိခဲ့ပါတယ်။

ဥရောပတခြားတိုင်းပြည်တွေနဲ့နှိုင်းယှဉ်ကြည့်ရရင် လစ်ဘွန်းဟာ ရွှေပမာဏအများကြီးပဲ စုဆောင်းသိုမှီးထားပါတယ်။ တခြားဘယ်တိုင်းပြည်ကမှ သူတို့ရဲ့Forex reserves-Foreign Exchange reserves(ဗဟိုဘဏ်တွေမှာ ရွှေငွေအဖိုးတန်ပစ္စည်းဥစ္စာစုဆောင်းသိုမှီးထားမှု) အဲဒီလောက်ပမာဏများများ မထိန်းသိမ်းထားနိုင်ပါဘူး။ ယူရိုငွေကြေး အစောပိုင်း နှစ်တွေတုန်းက အမျိုးသားဘဏ်ဟာ ပစ္စည်းရောင်းချရမှာကို ရှိုးတိုးရှန့်တန့်မဖြစ်ခဲ့ကြပါဘူး။ ရွှေအောင်စပေါင်း ၂၀ကနေ ၁၂ သန်းအထိရောင်းချပြီး ယူရို၂.၈ဘီလီယံခန့် ငွေသားအဖြစ် ရွှေသားတွေကိုအရည်ဖျော်ပြောင်းလဲအသုံးချခဲ့ကြတယ်။ ဒါပေမဲ့ ၂၀၀၇ခုနှစ်ကနေစပြီး ပေါ်တူဂီနိုင်ငံကရွှေရောင်းချမှုကို ရပ်တန့်လိုက်ကြတယ်။ အဲဒီအချိန် ဂရိကစတင်ရောင်းချလာခဲ့တယ်။ ဂရိက သတ္ထုပမာဏများများ ရောင်းချလာခဲ့ပေမယ့် စီးပွားရေးအကျပ်အတည်းအပြင်းထန်ဆုံးရိုက်ခတ်လာတဲ့အချိန်မှာတော့ ကျန်ရှိနေသေးတဲ့ ရွှေသားတွေကို မတို့မထိတော့ပဲ အီးယူတိုင်းပြည်တွေကို အကူအညီတောင်းခံလိုက်ပါတယ်။ ကြွေးမြီတွေကိုပြန်လည်ဆပ်ရန် သူတို့ရဲ့ ရွှေတွေကို ရောင်းချပစ်လိုက်ဖို့ အစိုးရက ဆန္ဒမရှိတာတော့ လုံးလုံးလျားလျားမဟုတ်လောက်ဘူးလို့လည်း ယူဆကြတယ်။ ဘဏ္ဍာရေးဝန်ကြီးတွေဟာ ရွှေထည်ပစ္စည်းဥစ္စာတွေကို စီမံခွင့်၊ တိုက်ရိုက်လုပ်ပိုင်ခွင့်မရှိကြပါဘူး။ ဗဟိုဘဏ်ဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ပြီး အစိုးရပိုင်းတွေရဲ့ အာဏာလက်အောက်ခံမဟုတ်ကြဘူး။ ဥရောပငွေကြေးစုပေါင်းသဘောတူစာချုပ်တွေမှာပါတဲ့ အချက်အလက်တွေသာ လိုအပ်ကြတယ်။

သဘောတူစာချုပ်တွေမှာတချို့စာပိုဒ်ပါ အချက်အလက်တွေကို ဥရာပတိုင်းပြည်တွေက လေးစားလိုက်နာမှု မရှိကြဘူး၊ ဥပမာ စည်းကမ်းချက် ၁၂၅ လို “အာမခံအကူအညီမပေးရေးစာပိုဒ်”လို့ဆိုတယ်။ စည်းကမ်းချက် ၁၂၃ ကလည်း ဥရောပဗဟိုဘဏ်(ECB)ကတဆင့် ငွေကြေးထောက်ပံ့မှုကိုလည်း တားမြစ်ထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ECB က ၂၀၁၀ မေလမှာ ဂရိငွေစုစာချုပ်တွေဝယ်ယူခဲ့တဲ့ ကိစ္စမျိုးတွေရှိနေကြတယ်။ အဲဒီ စည်းကမ်းချက်တွေလိုက်နာမှုမရှိတဲ့တိုင်းပြည်တစ်ချို့က မူအရ တောင်းပန်တာတွေရှိခဲ့ပေမယ့် လက်တွေ့အထောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ စီးပွားရေးအကျပ်အတည်းမစတင်ခင် အဲဒီလို ကိစ္စမျိုး ၁၃ခုပေါ်ထွက်ခဲ့ပေမယ့် နောက်တော့လည်း ပပျောက်သွားခဲ့တယ်။

အခုဆိုရင် ရွှေတွေကိုဈေးကွက်မှာ ချရောင်းဖို့ ကောင်းမွန်တဲ့အခွင့်အရေးလို့လည်းယူဆနေကြပါတယ်။ အဖိုးတန်သတ္ထုတွေရဲ့တန်ဘိုး မှတ်တမ်းမှာ အနည်းငယ်မျှသာကျဆင်းနေတယ်။ ဈေးကွက်ထဲကို နှစ်စဉ်သတ်မှတ်ထားတဲ့ သတ္ထုပမာဏထက်ပိုမရောင်းရဘူးလို့ သဘောတူထားကြတဲ့ နိုင်ငံတွေရဲ့ ၀ါရှင်တန်ဗဟိုဘဏ် ရွှေသဘောတူညီချက်(CBGA)ရဲ့ စည်းမျဉ်းနဲ့လည်း ငြိစရာအကြောင်းမရှိပါဘူး။ တစ်နှစ်မှာ တန်၄၀၀ရောင်းဖို့ခွင့်ပြုထားတဲ့ ၀ါရှင်တန်သဘောတူညီအရ ၅၃တန်မျှသာရောင်းချရသေးတယ်လို့ဆိုတယ်။ သဘောတူညီချက်ဘောင်အတွင်း ဗဟိုဘဏ်ကသာရောင်းချချင်တယ်ဆိုရင် ရောင်းချခွင့်ကုန်ဆုံးမယ့်ရက် စက်တင်ဘာ၂၆ရက်နေ့အထိ လွတ်လပ်စွာရောင်းချနိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ကမ္ဘာတစ်ဝှမ်းက ဗဟိုဘဏ်တွေဟာ ဆန့်ကျင်စွာပဲ လုပ်ဆောင်နေကြတယ်။ ရွှေတုံးရွှေခဲတွေကိုဆက်လက်ပြီး စုပုံသိုမှီးထားနေကြတယ်။ ရွှေပုံပေါ်မှာဆက်ပြီး ထိုင်မြဲထိုင်လျှက်ရှိနေကြပါတယ်။
Photo from :
ဂရိနိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းခြောက်လှန့်မှုနဲ့ပတ်သက်တဲ့ စီအန်အန်က သတင်းထောက် ဘာရီနီးလ်ဒ်ရဲ့ အမေးအဖြေကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဂရိနိုင်ငံက ဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်က ဘာအကြောင်းလဲ။
ကြီးမားတဲ့ စီးပွားရေးရှုပ်ထွေပွေလီမှုကြီးပေါ့။ လူတွေကစိတ်ပျက်နေကြပြီ၊ ဘာကြောင့်လည်းဆိုတော့ အစိုးရက ဂရိရဲ့ဧရာမငွေကြေးလိုငွေပြမှုလျှော့ချဖို့ အကူအညီပေးရမယ့်ကိစ္စမှာ ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်နေတယ်၊ တင်းကြပ်ဖို့ ကြိုးစားနေတယ်။ ဖြတ်တောက်မှုတွေက အခုထိတိုင်စည်းကြပ်နေတယ်။ ပြည်သူတွေ အလုပ်လက်မဲ့များလာတယ်၊ ပေးဆောင်ရမယ့်အခွန်တွေ မြင့်တက်လာတာကိုပဲ ဦးတည်နေတယ်။ အဲဒါဟာ ပြည်သူတွေကို မငြိမ်မသက်ဖြစ်စေတယ်၊ ၀န်ကြီးချုပ် ဂျော့ခ်ျပါပန်ဒရီးယူအတွက်လည်း အကျပ်အတည်းတစ်ခုဖန်တီးခဲ့တာပါပဲ။ ၀န်ကြီးချုပ်က အီးယူ၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့အစည်း၊ အီးယူဗဟိုဘဏ် အကူအညီဆိုတာတွေကြောင့် သူ့ရဲ့အစိုးရအဖွဲ့အပေါ် နိုင်ငံရေအယူအဆကွဲလွဲမှာကို ကြောက်လန့်တကြားကာကွယ်နေတယ်။ နိုင်ငံရေးအရသဘောထားကွဲလွဲကုန်ကြရင် သဘောတူညီထားတဲ့ အကူအညီရပ်တန့်ပြီး ရံပုံငွေတွေပြတ်လပ်သွားနိုင်တယ်။

ဂရိမှာစီးပွားရေးအခြေအနေ ဘယ်လောက်တောင်ဆိုးနေလဲ။
လုံလုံလောက်လောက်ကြီးကိုဆိုးခဲ့ပါပြီ။ ၁၈လအကြာက ကူညီခဲ့တဲ့ ကနဦးရံပုံငွေ ဒေါ်လာ၁၄၅ ဘီလီယံ အပြီး အကျပ်အတည်းအခြေအနေက လျော့ကျမယ့်လက္ခဏာ နည်းနည်းမှ မပြသေးပါဘူး။ နောက်ထပ် ဒေါ်လာ ၁၇၀ဘီလီယံတန်ကြေးရှိနိုင်တဲ့ အကူအညီကလည်း လက်ထဲမှာကိုင်ထားကြတုန်းပဲ၊ ဒါပေမဲ့ အီးယူဘဏ္ဍာရေးဝန်ကြီးတွေက သဘောတူခွင့်ပြုလိုက်နိုင်ပါတယ်။ အဲဒီ ဒုတိယကယ်ဆယ်ရေးအကူအညီက ရက်သတ္တပတ်တော်တော်ကြာနိုင်သေးတယ်။ ဂရိမှာကလည်းစိုးရိမ်ထိတ်လန့်မှုတွေက ပျံ့နှံ့နေပြီ။ ဂရိရဲ့ပျက်ကွက်နေတဲ့ချေးငွေကိစ္စတွေဂျူလိုင်လလယ်လောက်အထိရှိနေဦးမှာပဲ။ ဂရိရဲ့ရေရှည် အစိုးရခရက်ဒစ်စံနှုန်းကို Standard & Poor’s (S&P)လို ဘဏ္ဍာရေးအကျိုးဆောင်ကုမ္ပဏီကနေပြီး အဆင့်နှိမ့်ချသတ်မှတ်ခဲ့ပါတယ်။ အဲဒါက ကမ္ဘာမှာစံနှုန်းအနိမ့်ဆုံးအထိ သတ်မှတ် လိုက်သလိုမျိုးပဲ။ (အစိုးရခရက်ဒစ်စံနှုန်း- Sovereign Credit Rating ဆိုတာက ရင်းနှီးမြှပ်နှံမှုလုပ်တဲ့တိုင်းပြည်တစ်ပြည်ရဲ့ နောက်ခံ-ဘဏ္ဍာအရင်းအမြစ်နဲ့ နိုင်ငံရေးအခြေအနေတွေပေါ်မူတည်ပြီး ချေးငွေအပေါ်ယုံကြည်စိတ်ချရမှုစံနှုန်း သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။)
ဥရောပဈေးကွက်မှာလည်း ဂရိရဲ့အကျပ်အတည်းကြောင့်တန်ပြန်ဂယက်ရိုက်ခတ်မှုတွေနဲ့ ဆုံးရှုံးမှုတွေခံစားရတယ်။ ပြစ်သစ်ဘဏ် လုပ်ငန်းကြီးဖြစ်တဲ့ BNP Paribas ၊ Credit Agricole S.A. ဘဏ်အုပ်စုနဲ့ Societe Generale တို့လို ဥရောပဘဏ်တွေကနေ ဂရိနိုင်ငံရဲ့ ကြွေးမြီတွေကို ထုတ်ဖော်ပြောခဲ့ကြပါတယ်။ ဂရိရဲ့ကြွေးမြီကိစ္စတွေကိုဖော်ထုတ်ပြီး ပြန်လည်ဖြေရှင်းဖို့ကြိုးပမ်းတဲ့ ဥရောပဘဏ်နယ်ပယ်တွေမှာလည်း စိုးရိမ်ကြောင့်ကြမှုတွေရှိနေကြတယ်။ ၂၀၀၈ခုနှစ်က Lehman Brothers ရင်းနှီးမြှပ်နှံမှုဘဏ်ပြိုလဲခဲ့တာကိုမြင်တွေ့ခဲ့ရသလို အထိတ်တလန့်ဖြစ်မှုတွေ ပြန်လည် နိုးထလာကြတယ်။ ဂရိရဲ့ ဒုက္ခတွေက ယူရိုငွေကြေးမှာလည်း ဆိုးဆိုးဝါးဝါး ရောင်ပြန်ဟပ်တာပါပဲ။ ဂရိရဲ့ ပျက်ကွက်မှုတွေက ပေါ်တူဂီနဲ့ အိုင်ယာလန်တို့လို တခြားယူရိုတိုင်းပြည်တွေရဲ့ အာမခံအကူအညီငွေကြေးလိုအပ်မှုအတွက် မီးညှိပေးလိုက်သလိုပါပဲ။ ယူရိုငွေကြေးကို သူတို့ရဲ့ ငွေကြေးလိုမွေးစားထားတဲ့ ယူရိုဇုန်ကတိုင်းပြည်၁၇ခုဟာ ရှင်သန်နိုင်ကြပါ့မလား စကားစစ်ထိုးနေကြပါပြီ။ ဒီအခြေအနေဟာ တစ်ကမ္ဘာ့လုံးရဲ့စီးပွားရေးကို ထိခိုက်စေတယ်။ အုပ်စုတွေအားလုံးကို အနီရောင်အန္တရာယ်အဆင့်အနေအထားကို တပ်လှန့်လိုက်တာပဲ။ တကယ်လို့သာ ဥရောပက IMF လိုအဖွဲ့အစည်းမျိုးက ထောက်ပံ့တဲ့ ကယ်ဆယ်ရေးငွေကြေးအကူအညီတွေကိုပဲ အားထားနေမယ်ဆိုရင် ယူရိုငွေရဲ့ ကျော်စောမှုကို ပျက်စီးစေပြီး တခြားနာမည်ကြီးငွေကြေးတွေ အထူးသဖြင့် ယူအက်စ်ဒေါ်လာကို ယှဉ်ပြိုင်ဆန့်ကျင်ရာမှာ ကျရှုံးတဲ့ဘက် ဦးတည်နိုင်တယ်။

ဒါဆိုဘာလို့များ ဂရိက နောက်ထပ်ကယ်ဆယ်ရေးအကူအညီလိုအပ်တာလဲ။
ကနဦးအကူအညီက ဂရိကို ဈေးကွက်ဖွင့်ပြီး နောက်ထပ်ချေးငွေကို ရယူနိုင်လိမ့်မယ်လို့ ယူဆခဲ့ပေမယ့် ငွေချေးနှုန်းမြင့်မားတာကြောင့် အဆင်မပြေခဲ့ဘူး။

နောက်ထပ်ကယ်ဆယ်ရေးအကူအညီကိစ္စက ပြီးစီးသွားပြီလား။
အခုထိမပြီးသေးပါဘူး။ ရက်သတ္တပတ်တော်တော်များများကုန်သွားပြီ။ ချာချာလည်နေတဲ့ ကြွေးမြီတွေကို ဂရိက ဘယ်လိုပြန်ပေးနိုင်မှာလဲဆိုတာကို ဂျာမနီနဲ့ ကျန်တဲ့ ဥရောပတိုင်းပြည်တွေမှာ သံသယဖြစ်နေကြတယ်။ ကန့်ကွက်မှုတွေရှိခဲ့တာကြောင့်ပါ။
ဂျာမနီက ဂရိရဲ့ ချေးငွေကိစ္စတွေ လက်တွဲစုပေါင်းပြီးဖြေရှင်းကြတာကို မြင်ချင်တယ်။ ပုဂ္ဂလိကရင်းနှီးမြှပ်နှံသူတွေကို ၀န်ထုပ်ဝန်ပိုးမျှဝေထမ်းဆောင်စေတာမျိုးပေါ့၊ ဒါပေမဲ့ ဥရောပဗဟိုဘဏ်ကတော့ အမိန့်အရစေခိုင်းတဲ့လက်တွဲဆောင်ရွက်မှုတွေက ကျယ်ပြန့်တဲ့အကျပ်အတည်းဆီ ဦးတည်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။ ဂရိမှာလတ်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးအကျပ်အတည်းက ယုံကြည်မှုတွေဖြိုဖျက်ခံရသလို မနှစ်မြို့စရာတွေထပ်ဖြစ်ကုန်ကြတယ်။

ခရက်ဒစ်စံနှုန်းဆိုတာ ဘာအဓိပ္ပါယ်လဲ။
ခရက်ဒစ်စံနှုန်းက ကြွေးမြီတွေကို ပြန်ပေးချေမယ့် တိုင်းပြည်ရဲ့ အခွန်စည်းကြပ်နိုင်စွမ်းလို့ပဲပြောရမှာပဲ။ ဂရိရဲ့ စံနှုန်းကို S&P က သုံးဆင့်ပြခဲ့တယ်။ B ကနေ CCC နောက်ပိုင်း သိပ်မကြာဘူး ဂရိကို D အဆင့်ထိ နှိမ့်ချသတ်မှတ်လိမ့်မယ်။ ဒါမှမဟုတ် ပျက်ကွက်တဲ့ စာရင်းထဲထည့်လိုက်လိမ့်မယ်။

ဒါဆို ကယ်ဆယ်ရေးအကူအညီအတွက် ဘာတွေ သက်ရောက်စေသလဲ။
S&P rating က ဂရိအတွက် နောက်ထပ်ကယ်ဆယ်ရေးအကူအညီကိစ္စ ဥရောပဇုန်ဆွေးနွေးမှုတွေမှာ အရိပ်မည်းကြီးထိုးချလိုက်တာပဲပေါ့။ အဲဒီအတောအတွင်းမှာပဲ IMF ကလည်း သတိပေးပြန်တယ်။ သဘောတူညီမှုတွေ မရခဲ့ဘူးဆိုရင် မူလအကူအညီကိုတောင်မှ ထိန်းချုပ်လိမ့်မယ်လို့ ပြောတယ်။

ဒီလိုတွင်းနက်ထဲက ပြန်ရုန်းထွက်ဖို့ ဂရိ ကိုယ်တိုင် ဘယ်လိုတူးနိုင်မလဲ။
တစ်ဖက်မှာလည်း အငြင်းပွားနေကြတဲ့အခက်အခဲတွေရှိတယ်။ ဂရိက မိသားစုပိုင်ငွေသတ္ထုပစ္စည်းဥစ္စာတွေရောင်းချဖို့လည်း စီစဉ်နေတယ်လို့ ဆိုတယ်။ ပုဂ္ဂလိကပိုင်းအဖြစ်လွှဲပြောင်းရောင်းချမယ့်အစီအစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်သွားဖို့ စီစဉ်နေကြတယ်။ ဘဏ်၊ မီးရထား၊ လည်ပတ်နေတဲ့ ကုမ္ပဏီတွေ၊ ဆိပ်ကမ်း၊ စာပို့လုပ်ငန်းတွေကိုလည်း ၀န်ပေါ့အောင်ရောင်းချနိုင်ပါတယ်။ Hellenikon ယခင် အေသင်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်း ရောင်းချဖို့ အစီအစဉ်ရှိတယ်။ တခြား ရေမျောအိုလံပစ်အဆောက်အဦးအိမ်ရာတွေနဲ့ စတော့အိတ်စ်ချိန်းက ဟိုတယ်ခရီးသွားပိုင်ပစ္စည်းနဲ့ လောင်းကစားလိုင်စင်တွေလည်းပါတယ်။ ရည်မှန်းချက်ကတော့ ၂၀၁၅မှာ ဒေါ်လာ၇၁ဘီလီယံ မတည်နိုင်ဖို့ပါပဲ။

ဂရိက ဒီလိုရှုပ်ထွေးပွေလီမှုကြီးထဲ ဘယ်လိုရောက်ခဲ့ရတာလဲ။
ချုပ်ချယ်မှုကင်းပြီး ငွေချေးနှုန်းသက်သာတဲ့ ကြွေးမြီတွေနဲ့ နှစ်တွေအများကြီးကုန်လာခဲ့တယ်။ တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုကြီးက ရိုက်ခတ်တဲ့အခါ ဘဏ္ဍာရေးပြန်လည်ထူထောင်ကြရာမှာ ဂရိက ဆိုးဆိုးဝါးဝါးကျန်နေခဲ့တာပါပဲ။ နောက်တော့ ဥရောပဗဟိုဘဏ်က ပမာဏအလွန်အကျွံများလာတဲ့ ငွေကြေးလိုငွေပြမှုတွေ၊ ကြွေးမြီ စာရင်းအင်းတွေ ထုတ်ပြန်လိုက်တော့တယ်။        ။

Ref : http://edition.cnn.com/2011/BUSINESS/06/14/greece.bailout.qanda/index.html
        http://globalpublicsquare.blogs.cnn.com/2011/07/01/greece-and-portugal-are-sitting-on-tons-of-gold/
 မော်နီတာဂျာနယ်
အတွဲ(၁)၊ အမှတ်(၉၃)

Sunday, July 3, 2011

၁။ ရွှေရောင်သော့တစ်ချောင်းနဲ့ ဖွင့်ရတဲ့ကမ္ဘာ

ဖိုးပလံ ဒီနေ့ အိပ်ရာနိုးလာကတည်းက ဘာကိုပျော်မှန်းမသိ၊ စိတ်ထဲမှာ မွစိမွစိနဲ့ မြူးနေပါတယ်။ ညကအိပ်မက်ထဲမှာ ရွှေရောင်တ၀င်းဝင်း သော့တစ်ချောင်းကို ဖိုးပလံလက်မှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်တဲ့၊ အဲဒီရွှေရောင်သော့ကို ဘယ်မှာဖွင့်ရမှန်းတော့မသိဘူး၊ လှလိုက်တဲ့သော့လေးပဲ၊ ဖိုးပလံရဲ့ လက်ဖ၀ါးနှစ်ပြန်စာလောက်ရှိတယ်။ အဲဒီသော့လေးကို မျက်စိထဲက မထွက်ဘူး၊ မျက်လုံးဖွင့်လိုက်ကတည်းက ရွှေရောင်ဝင်းပြောင်ပြောင်တွေပဲ မြင်နေမိတော့တယ်။ ပြတင်းပေါက်က ခုန်ဝင်လာတဲ့နေရောင်နွေးနွေးက ရွှေရောင်တလက်လက်ထနေတယ်။ ပြတင်းကနေမြင်နေရတဲ့ မာကလာပင်က သစ်ရွက်စိမ်းတွေတောင် ရွှေရောင်တွေဖြာနေကြတယ်။ ဖိုးပလံရဲ့ သံပတ်နာရီလေးက “ဖိုးပလံ ထတော့၊ ဖိုးပလံထတော့” လို့ နှိုးနေပြီ၊ မနက် ၇နာရီ တိတိ၊ ဒီအပြာရောင်နာရီလေးက ဘောလုံးလေးတစ်လုံးလိုပဲ၊ လုံးလုံးဝိုင်းဝိုင်းလေး၊ ဖိုးပလံ ၉နှစ်ပြည့်မွေးနေ့တုန်းက မေမေ မေထားရီ က ဒီနာရီလေး လက်ဆောင်ပေးခဲ့တာပါ၊ ကိုယ်လိုချင်တဲ့ အသံတွေ အသံဖမ်းထားပြီး နှိုးစက်သံအတွက် ပြန်ပြီးသုံးလို့ရတယ်၊ မေမေက သူကိုယ်တိုင်ပဲ “ဖိုးပလံထတော့ ဖိုးပလံထတော့” လို့ အသံသွင်းပြီး၊ မေမေ့အသံကို ငှက်သံအသံစာစာလေးစတိုင် ပြောင်းပစ်လိုက်တယ်။ ပြီးတော့ နှိုးစက်အသံမှာ မေမေ့ရဲ့ အသံဖိုင်ကို ရွေးပေးလိုက်တယ်၊ ဒါနဲ့ပဲ နှိုးစက်နာရီလေးက မနက်တိုင်း ပိကျိ ပိကျိ အသံလေးနဲ့ နှိုးတော့တယ်၊။ ခခ ကလည်း သိပ်ပြီးသဘောကျတာပဲ။


အိုး ခခ .. ခခ နာမည်သတိရလိုက်တာနဲ့ သတိရသွားပြီ၊ ဒီနေ့ သူ ဖိုးပလံကို စောစောဝင်ခေါ်မယ်တဲ့၊ မနေ့က ပြောသွားတယ်။ အိမ်စာတွေ ကျောင်းမတက်ခင် သူ့ကို ရှင်းပြမယ်ပြောထားတယ်။ ညက အိမ်စာတွေမလုပ်လိုက်ရပါဘူး၊ ဖိုးပလံ သိပ်ကြိုက်တဲ့ အစိမ်းရောင်လူသားကြီး ရုပ်ရှင်ကားကြည့်နေတာနဲ့ပဲ၊ ခခ ကိုရှင်းပြခိုင်းရမယ်။  ခခ က ဥာဏ်သိပ်ကောင်းတာပဲ၊ ဆရာက ပုစ္ဆာတစ်ပုဒ်တွက်ပြလိုက်ရင် အဲဒီတွက်နည်းကို သူ ဘယ်တော့မှ မမေ့ဘူး၊ ဂျီသြမေတြီပုစ္ဆာတွေမှာ အနားမညီတြိဂံ၊ အနားညီတြိဂံ၊ ဗဟုဂံတွေရဲ့ ထောင့်တွေ မှာဒီဂရီဘယ်လောက်ရှိမလဲ တွက်ချက်ရတာတွေ၊ ဂျီသြမေတြီပုစ္ဆာတွေအားလုံးကို ဖိုးပလံ အင်မတန်ပျင်းလှတယ်။ မတွက်ချင်ပါဘူး၊ ခခ ကိုပဲ အကူအညီတောင်းရတာပဲ။ ဖိုးပလံ စိတ်ဝင်စားတာက သမိုင်းကြောင်းဆိုင်ရာအချက်အလက်တွေ၊ အီဂျစ်နိုင်ငံက စဖင့်ရုပ်တုကြီးတွေရဲ့သမိုင်း၊ ကမ္ဘာ့သမိုင်းထဲက ဘူဇွာကြီးတွေရဲ့အကြောင်း၊ စစ်ပွဲတွေအကြောင်း အဲဒါတွေကမှ ဖိုးပလံရဲ့ အကြိုက်တွေပေါ့၊ ကမ္ဘာ့သမိုင်း၊ ဖိုးပလံတို့ တိုင်းပြည်ကြီးရဲ့သမိုင်းတွေ လာမေးကြည့်ပါလား၊ ဖိုးပလံ အားလုံးကိုစာအုပ်မကြည့်ပဲ ပြောပြနိုင်တယ်၊ ခုနှစ်တွေကတော့ မေ့တာပေါ့၊ ပထမကမ္ဘာစစ်တို့ ဒုတိယကမ္ဘာစစ်တို့ဖြစ်ခဲ့တဲ့ ခုနှစ်တွေဖြေလိုက်ရင်တော့ ဖိုးပလံရဲ့ အဖြေအတိုင်းသာဆို တခါတလေ ဒုတိယကမ္ဘာစစ်ကြီးက ပထမကမ္ဘာစစ်မစခင်က ဖြစ်ပြီးနေခဲ့ပြီ၊ ဖိုးပလံ က ခုနှစ်တွေ ကိန်းဂဏန်းတွေမမှတ်နိုင်ပါဘူး။

မေမေက အခန်းတံခါးကို ခပ်သာသာခေါက်တယ်။
ရွှေသော့ကနေ အတွေးတွေများနေလိုက်တာ အခန်းတံခါးဝမှာ မေမေလာရပ်တာတောင်မသိလိုက်ဘူး၊
“မင်းညီ၊ ဖိုးပလံလေး၊ မနိုးသေးဘူးလား၊ မေမေ မနက်စာပြင်ပြီးပြီ၊”
“ဟုတ် မေမေ၊ နိုးပါပြီဗျ”
“ရေချိုးမျက်နှာသစ်ပါ၊ မနက်စာစားမလို့ ဖေဖေ စောင့်နေတယ်”
“မေမေ သိလား၊ ကျွန်တော်ညက အိပ်မက်မက်တယ်”
“ထမင်းဟင်းတွေကျက်ပြီ၊ ထမင်းဗူး ကိုယ့်ဘာသာထည့်ရမယ်။ ရေချိုးပြီးရင် အောက်ထပ်ကို မြန်မြန်ဆင်းလာခဲ့တော့”
“ညမဟုတ်ပါဘူး နိုးခါနီးမှ သေသေချာချာကြီးမက်တာ ကျွန်တော်က သိပ်လှတဲ့ရွှေရောင်သော့တစ်ချောင်းကိုင်ထားတာတဲ့၊ ပြီးတော့ အဲဒီသော့နဲ့ ဖွင့်ရမယ့် သော့အိမ်ကို လိုက်ရှာနေတာ၊ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ဘာမှမရှိဘူး၊ ဒါပေမဲ့ ဘာတွေရှုပ်ပွနေမှန်းလည်းမသိပါဘူး၊ သေချာကြည့်ရင် ဘာမှကို မရှိတာ၊ ဒါပေမဲ့ ရှုပ်နေတာပဲ၊ အရိပ်တွေလို အခိုးအငွေ့တွေလို၊ သော့လေးက လှလိုက်တာ မေမေရာ ရွှေရောင်ပြောင်လက်နေတာပဲ၊ သိပ်လှတာပဲ”
“ကဲ ဖိုးပလံလေး၊ မေမေလဲ ဖိုးပလံရဲ့ရွှေရောင်သော့လေးတော့ ကြည့်ချင်သားပဲ၊ အခုတော့ ဖေဖေ အောက်မှာ ဗိုက်ဆာလွန်းလို့အော်နေပြီ၊ မြန်မြန် လုပ်ငန်းစပါတော့”
မေမေက ဖိုးပလံ ခြေဖ၀ါးကို ကလိထိုးရင်းစတယ်။
“ယားတယ်ဗျ၊ ကြောက်ပါပြီ၊ လုပ်ငန်းစပါတော့မယ်”
ဖိုးပလံ ခြေတွေလက်တွေ ဆန့်ထုတ်ပြီး အညောင်းဆန့်တယ်၊ ရေချိုးခန်းထဲမြန်မြန်ပြေးတယ်။

ရေတ၀ုန်းဝုန်းချိုးရင်း “ရွှေသော့လေး ရွှေသော့လေး ဖိုးပလံရဲ့ ရွှေသော့လေး” လို့ ဖိုးပလံ အကျယ်ကြီးအော်ပစ်လိုက်တယ်။ သွားတိုက်တယ်။ ဆပ်ပြာမြှပ်တွေ ဖွေးဖွေးလှုပ်နေအောင်ပွတ်တိုက်ပြီး လက်သီးလေးကိုဆုတ်ရင်း ဆပ်ပြာပူဖောင်းမှုတ်ကြည့်တယ်။ လေနဲ့ မှုတ်တဲ့အချိန် လက်သီးဆုတ်လေးထဲက ပူဖောင်းလေးတိုးထွက်ပုံကို က သော့လေးတစ်ချောင်းလိုပဲ၊ ပူဖောင်းလေးကို လက်ကနေကွာသွားအောင် လက်သီးဆုတ်လေးကို ခါထုတ်လိုက်တယ်။ ပူဖောင်းလေးက လေထဲမှာ မြောက်တက်သွားပါတယ်။ ကိုယ်လုံးပေါ်မှန်ကြီးထဲ ပူဖောင်းလေးလိုက်ကြည့်လိုက်တော့ ပူဖောင်းလေးရဲ့အထဲမှာ ရွှေရောင်သော့လေး၊ ခေါင်းကိုငဲ့ပြီး အပြင်ကိုကြည့်လိုက်တယ်။ ပူဖောင်းလေးက ဖောက်ကနဲ ကွဲသွားတော့တယ်။ “ဟား ဟား ဟား ဖိုးပလံလည်း တော်တော်ပေါလာပြီပဲ၊ ဟိုပြောင်စပ်စပ် မော်စီနဲ့ ပေါင်းလွန်းလို့ ဖြစ်မယ်။ ငါလည်း မော်စီလို အဆန်းတကြယ်တွေမြင်နေပါပြီ၊ ဟီဟီ ..” ဖိုးပလံ သူ့ဘာသာသဘောတွေကျပြီး မရပ်တမ်းရယ်မောပါတယ်။

ကျောင်းဝတ်စုံ အဖြူ နဲ့ ဘောင်းဘီအစိမ်းလေးကိုဝတ်၊ လည်စည်းကို မြန်မြန်ချည်တယ်။ ကျောပိုးအိတ်ထဲ ဒီနေ့အချိန်ဇယားအတိုင်း ပုံနှိပ်စာအုပ်ရယ်၊ လေ့ကျင့်ခန်းစာအုပ်ရယ်ပစ်ထည့်ပြီး အောက်ထပ်ကို ပြေးဆင်းခဲ့ပါတယ်။ဖေဖေ က “ဖိုးပလံရာ .. ဘာတွေများ တယ်သဘောကျနေတာလဲ၊ သားရယ်နေတာ ဖေဖေ ဒီက ကြားနေရတယ်”
“ဟီးဟီးဟီး .. ဖေဖေရာ . တကယ်ပဲ ဟီဟီ”
“အော် ကဲ .. ရယ်မောခြင်းက အသက်ရှည်တယ်ဆိုပေမဲ့၊ ရှည်နေတဲ့အသက်လေးကို ဆက်ဖို့ အတွက် မနက်စာ စားကြပါ အဖေနဲ့ သားလေး ဖိုးပလံရှင့်”  မေမေ က သူ့အလုပ်မြန်မြန်သိမ်းချင်တယ် ထင်ပါရဲ့ ကျွန်တော်နဲ့ ဖေဖေ့ကို မနက်စာမြန်မြန်စားဖို့ ပြောနေပြီ။

“ဖိုးပလံရေ”  ခခ က သူရဲ့ ဖီးဆန့်စက်ဘီးအစိမ်းရောင်လေးတွန်းပြီး အိမ်ထဲဝင်လာတယ်။
“ဟော ခခ တောင် ရောက်လာပြီ၊ ဒါကြောင့် မေမေပြောတာပေါ့”
“ဂလု ဂလု” ဖိုးပလံ နွားနို့ကို မြန်မြန်ကြီး မျိုချလိုက်တော့ လည်ချောင်းထဲက အသံကျယ်ကြီးထွက်လာတော့တယ်။
“သားကို ထမင်းဗူးလေး ကူညီပြီးထည့်မပေးချင်ဘူးလား မေမေရာ၊ ခခ လာနေပြီ၊ သားမှာ အချိန် လက်ကျန်မလုံလောက်တော့ဘူး၊ စားရ၀ါးရတာတောင် အလျဉ်မမီနိုင်လို့ပါ၊ ဒီနေ့ တစ်နေ့နော် မေမေ”
“.....xx .....”  မေမေ က ဘာတွေမှန်းမသိရေရွတ်ပြောဆိုရင်း ထမင်းဗူးထည့်ပေးပါတယ်။

မေမေ ထမင်းဗူးလက်ထဲလာထည့်ပေးတော့ မေမေ့ပါးကို တစ်ချက်မွှေးလိုက်ပြီး “ကမ္ဘာမှာချစ်စရာအကောင်းဆုံး ဖိုးပလံမေမေ” လို့ အကျယ်ကြီးအော်လိုက်တယ်။ “ပိုးဖလံ ..  ဖိုးပလံ မင်းကွာ.. တတ်လဲတတ်နိုင်တဲ့ကလေး” လို့ ပြောပြီး ရယ်ပါတယ်။ အိမ်ရှေ့ဆင်ဝင်မှာထောင်ထားတဲ့ ဂျီတီဘရန်း ဘီအမ်အိတ်စ်စက်ဘီးပြာလေးကို ပေါ်ခုန်တက်ပြီး ကျောင်းဆီကို အမြန်နင်းတော့တယ်။ ခခ က ဘေးကနေ တဟဲ့ဟဲ့ အော်ရင်း အမှီလိုက် နင်းပါတယ်။ အဲဒီနေ့က ကျောင်းမတက်ခင် ခခ က စာရှင်းပြပေးခဲ့တယ်။ ကျောင်းမတက်ခင်မှာပဲ အိမ်စာတွေအတွက် စိတ်အေးရတဲ့အနေအထားဖြစ်သွားခဲ့ပါတယ်။ ဒီနေ့ မော်စီ ကျောင်းမလာဘူး။

ညနေကျောင်းဆင်းတော့ ခခ နဲ့ ဖိုးပလံတို့ မော်စီအိမ်ကို သွားကြဖို့ တိုင်ပင်ကြတယ်။ ဖိုးပလံက ခခအိမ်နဲ့ ၂လမ်းပဲခြားတယ်။ မော်စီ နဲ့ တော့ နည်းနည်းဝေးပါတယ်။ သူတို့ မော်စီ အိမ်ဘက်ထွက်လာခဲ့ကြတယ်။ မော်စီ က သူ့ အိမ်ရှေ့ လှေကားထစ်လေးမှာ မေးထောက်ပြီး အပြင်ကိုငေးကြည့်နေပါတယ်။ခါးလေးကိုခွက်ဝင်အောင် ကွေးထိုင်ထားပြီး မေးစိကိုလည်းအရှေ့ကို ပစ်ထားကာ လက်နှစ်ဘက်နဲ့ ထောက်မထားတယ်။ ဒီ ငပျင်းလေးတစ်ယောက် ဘာကြောင့်အပျင်းထူပြီး ကျောင်းမတက်ရတာပါလိမ့်၊ “ဟေး မော်စီ” ဖိုးပလံနဲ့ ခခ ပြိုင်တူအော်ပြီး နှုတ်ဆက်လိုက်ကြတယ်။ေ မ်ာစီက ခါးကြောလေးဆန့်ပြီး “လာကြဟေ့” လို့ ထအော်တယ်။

ခခက “မော်စီ၊ ဆရာမက ပြောတယ် နင် ပျင်းလို့ ကျောင်းမလာတာဖြစ်မယ်တဲ့၊ ဘာဖြစ်တာလဲ နင်က၊ အခုတော့လည်း အကောင်းပကတိကြီးပါပဲလား” လို့ မေးရင်း စပ်စုတယ်၊
ဖိုးပလံနဲ့ မော်စီတို့ လက်သီးချင်း ခပ်သာသာတို့ပြီး နှုတ်ဆက်ကြတယ်၊ “ခခ မေးတာ ဖြေလိုက်ပါဦး၊ ဘာတွေဘယ်လိုဖြစ်”
“ငါ ညက အိပ်လို့မရလို့၊ ထုံးစံအတိုင်းပေါ့ အရုပ်ကြီးလေ၊ ငါ အိပ်တော့မယ်ဆို လာနှောင့်ယှက်ပြီ နေရာလဲခိုင်းတာပဲ၊ သူက ငါ့နေရာနေမယ်တဲ့ ဟီး ဟီး၊ ဒါနဲ့ ငါလည်း မအိပ်ရဘူး သူ ကတော့ တခေါခေါနဲ့ အိပ်လိုက်တာ သိုးလို့ ဟီဟိ”
“တော်ပါဟယ် မော်စီရယ်၊ နင်ကလည်း ပြောလိုက်ရင် ပေါက်ကရက စတာပဲ”
“အေးလေ”  ဖိုးပလံက မော်စီ ကုတ်ပိုးကို သာသာလေးဆုတ်ညှစ်ထားပြီး လက်တဘက်က ၀မ်းဗိုက်ဘက်၊ ခါးဘက်တွေဆီ ဂလိထိုးတယ်။ “အန်တီကြွေတို့ရော”
“မေကြီး က ကျောင်းကပြန်မရောက်သေးဘူး၊ ဖေကြီးက မေကြီးကို သွားကြိုတာ၊ ငါလည်း အိမ်ထဲ တစ်ယောက်တည်းမနေရဲလို့ အပြင်ထွက်ထိုင်နေတာလေ၊ ဟီး၊ ကြက်တူရွေးကောင်လေး ချာချာ ကလည်း အော်လိုက်တာဟာ၊ ဘာတွေအော်ဟစ်နေမှန်းမသိဘူး၊ ကြားလား .. ကြားလား၊ ဟော” မော်စီက  အိမ်ဘက်ဆီ နားစွင့်ရင်းပြောတယ်။
ဟုတ်ပါရဲ့ ကြက်တူရွေးလေး ချာချာက အော်လိုက်တာလို့ ဖိုးပလံလည်းတွေးလိုက်မိတယ်။
“ငါတို့မှာတော့ စိတ်ပူလို့ ပြေးလာကြတာ၊ လဲ့ရာလေး ငါ့ကို မျှော်နေတော့မယ်။ နင် အကောင်းပကတိကြီးဆိုလည်း ငါတို့ ပြန်မယ်ဟာ နက်ဖြန်စနေနော် ကျောင်းပိတ်တယ်။ ကျောင်းကို ယောင်မှားပြီး ရောက်မသွားနဲ့ဦး”
 “နေကြပါဦးဟာ၊ မေကြီး နဲ့ ဖေကြီးပြန်လာမှ ပြန်ကြပါ ငါ ကြောက်လို့ဟ”  မော်စီက ကိုယ်ကိုကျုံ့ပြီး အော်လိုက်တယ်။

ဖိုးပလံတို့လည်း မော်စီနဲ့ စလိုက်နောက်လိုက်နဲ့ ခဏနေတော့ အန်တီကြွေတို့ ပြန်လာကြတယ်။ ဒါနဲ့ပဲ “အန်တီကြွေရေ သားတို့ ပြန်တော့မယ်။ နောက်ကျနေပြီ” လို့ နှုတ်ဆက်ပြီး ဖိုးပလံနဲ့ ခခ တို့ အသီးသီးကိုယ့်အိမ်ရှိရာ စက်ဘီးလေးတွေကိုယ်စီနဲ့ နင်းပြီးပြန်ခဲ့ကြတယ်။ အပြန်မှာ ဖိုးပလံ စကားမဆိုနိုင်ဘူး၊ မော်စီပြောတဲ့ မော်စီပုံတူအရုပ်ကြီးအကြောင်းကိုစဉ်းစားတယ်။ ပြီးတော့ ခေါင်းထဲကို ရွှေရောင်တွေဖြတ်ကနဲ ဖြတ်ပြေးသလိုခံစားရပြီး သိပ်လှတဲ့ရွှေသော့လေးကို သတိရသွားတယ်။ ခခ ကလည်း ငြိမ်နေတာပဲ။

“ခခ .. ညက ငါ့အိပ်မက်ပြောရဦးမယ်၊ ရွှေသော့လေးတစ်ချောင်း ငါ ရတယ်တဲ့၊ လှတယ်ဟ၊ နင့်မျက်နှာထက်ကြီးတယ် သိလား၊ ငါ ဘာလို့လည်းတော့မသိပါဘူး စိတ်တွေလှုပ်ရှားပြီးပျော်နေတာ၊ တကယ်ကြီးလိုပဲ၊ နောက်တော့ အိပ်ရာနိုးသွားရော၊ အဲ .. ငါ က သော့အိမ်လိုက်ရှာနေတာတဲ့၊ အရုပ်တွေလို အရိပ်တွေလို နင့်ပုံစံ အရိပ်လိုလိုလည်း တွေ့တယ် မျက်ဆန်ကျယ်ကျယ်၊ ပါဖောင်းဖောင်း၊ ဂါဝန်တကားကားနဲ့ ခြေကားယား လက်ကားယားနဲ့ ဟီဟိ”

“လာပြန်ပြီ တစ်ယောက်၊ အခုပဲ ငါ မော်စီ့ပုံတူအရုပ်ကြီးအကြောင်းစဉ်းစားနေတာ၊ နင်ကတမျိုး ရွှေသော့တဲ့၊ နင်တို့တွေက တတ်လဲတတ်နိုင်ကြတယ်၊ ငါ့ဆွဲကြိုးက ငါးရုပ်ဆွဲသီးလေးကို ငါ့အဒေါ်ပေးထားတာ၊ ငါ့အဒေါ်က အခုနတ်သမီးဖြစ်နေတယ်လို့ ပြောတော့မယုံကြဘူး၊ အဲဒီ ငါးရုပ်လေးက စွမ်းအင်ရှိတယ်၊ ငါ့ကို စွမ်းအားတွေပေးတယ်၊ ငါ့ကို အမြဲစောင့်ရှောက်တယ်လို့ ပြောတော့ နင်တို့က ငါ့ကို အရူးမ ခခ တဲ့၊ နင်တို့ကရော  အရူး၊ ငပေါ၊ အရူးနဲ့အပေါ၊ ဒါပဲ သွားပြီ၊ လဲ့ရာလေးတောင် အပြင်ထွက်ကြိုနေပြီ၊ ဒီကျောင်းပိတ်ရက်၂ရက် ဂျီသြမေတြီ ပုစ္ဆာတွေပြန်တွက်၊ ငါ အမြဲ ရှင်းပြမနေနိုင်ဘူး၊ ဖိုးပလံ အပေါ တာ့တာ”
ခခက စကားတွေ အဆက်မပြတ်ရေရွတ်ပြီးပြေးတော့တယ်။
“အေး၊ ခခရေ တာ့တာ”

ဖိုးပလံ ဒီည အိပ်ရမှာ ပျော်နေတယ်။ သူ စိတ်ထဲမှာ ရွှေသော့လေးကို ပြန်မက်ဦးမယ်လို့ ထင်နေတယ်။မပြောနိုင်ဘူး ဒီည ရွှေသော့လေးနဲ့ ဖွင့်ရမယ့်နေရာပါ တစ်ခါတည်းတွေ့အောင် မက်နိုင်သေးတာပဲ၊ ရွှီ .. ဖိုးပလံ လေလေးချွန်ပြီး အိမ်ထဲဝင်ခဲ့ပါတယ်။

ဖိုးပလံ ညစာကို အမြန်စားပါတယ်။ သွားတိုက်မျက်နှာသစ်ပြီး အိပ်ရာစောစောဝင်တယ်။ မေမေ့ကိုတော့ ကျွန်တော် မျက်လုံးတွေပြုတ်ကျနေပြီ အိပ်ငိုက်နေပြီလို့  ပြောခဲ့လိုက်တယ်။ မအိပ်ခင် ဘုရားကန်တော့ပြီး ဆုတောင်းပါသေးတယ်။ ရွှေရောင်သော့လေး ထပ်ပြီးမက်ပါစေ။

အပြင်မှာ ညက .. မီးလုံးရောင်တွေ ဟိုတစ်စ ဒီတစ်စ ရွှေရောင်ကျဲကျဲနဲ့လှနေတယ်။ စောင်ကို ရင်ဘတ်အထိ ဆွဲခြုံလိုက်ပြီး မျက်လုံးတွေကိုအတင်းမှိတ်တယ်။ အိပ် အိပ် အခုပဲ အိပ်၊ ရွှေသော့လေးလာ၊ အတင်းကြိုးစားအိပ်ပါမှ မျက်လုံးကတလှုပ်လှုပ် မှိတ်မရ၊ ပြန်ပြန်ပြီး ဖွင့်၊ ပြန်မှိတ်၊ ဖိုးပလံတစ်ယောက်အိပ်လို့မရပါဘူး၊ ဒါနဲ့ပဲ တီထွင်ပါရဂူဖိုးဆိတ်ဖြူကာတွန်းကို ဆွဲယူပြီးဖတ်နေလိုက်ပါတယ်။

တီထွင်ပါရဂူဖိုးဆိတ်ဖြူမြင်တာနဲ့ အဘိုးရေမွန်ကိုတောင်သတိရမိသေးတယ်၊ အဘိုးရေမွန်အိမ်သွားလည်ရရင်ကောင်းမလား၊ မေမေတို့ကတော့ တားကြမှာပဲ၊ ဖိုးပလံကလည်း အထူးအဆန်းဆိုတားမရအောင်ပဲ သိချင်တာပဲ၊ ရွှေသော့လေးလည်း ဒီလိုပါပဲ သော့အိမ်လေးထဲ သော့ကိုထည့်ဖွင့်လိုက်ပြီး၊ တခုခုပေါ့၊ အဲဒီတစ်ခုခုပွင့်လာတဲ့အခါ ရလာမယ့် စိတ်လှုပ်ရှားမှုကို ကြုံချင်တာ၊ အဘိုးရေမွန်ရဲ့ အိမ်ထဲမှာရော ဘာတွေများရှိမလည်းပဲ၊ ကာတွန်းထဲက တီထွင်ပါဂူဖိုးဆိတ်ဖြူက ဆေးရည်တွေ ဖန်ပုလင်းတွေနဲ့ အလုပ်ရှုပ်နေတယ်။ ဆေးရည်အ၀ါရောင်ဖျော့ဖျော့တွေကိုပီးပက်ဆေးရည်စုပ်ပြွန်လေးနဲ့ စုပ်ယူတယ်။ အညိုရောင်ရင့်ရင့်ဆေးရည်တွေရှိနေတဲ့ ဘေကာခွက်တစ်ခုထဲကို တစ်စက်ချင်းချတယ်။ အ၀ါရောင်ဆေးရည်တစ်စက်ကျသွားတိုင်း ရွှေရောင်တွေအခန်းထဲမှာ ဖြာကနဲ၊ အ၀ါရောင်ဆေးရည်တွေ ထပ်ထပ်ပြီး ထည့်တယ်။ အခန်းထဲမှာ ရွှေရောင်တွေပြည့်ကုန်တယ်။ ဖိုးဆိတ်ဖြူက ဒီဘက်ကိုလှည့်လာပါတယ် အိုး .. အဘိုးရေမွန်ဖြစ်နေပါရော့လား၊ အဘိုးက ဖိုးပလံလေး ဖိုးပလံလေး လို့ ချိုချိုသာသာခေါ်တယ်၊ အဘိုးရေမွန်အနား ဖိုးပလံ တိုးတိုးပြီး ကပ်တယ်။ အဘိုးရေမွန်ရဲ့ ဘေကာခွက်ကြီးထဲမှာ ရွှေရောင်သော့လေး ဖိုးပလံလက်ဖ၀ါးနှစ်ခုစာလောက်အရွယ်အစားအတိုင်းပဲ၊ ရွှေရောင်တဖြတ်ဖြတ်လက်နေတာပါပဲ။ အဘိုးရေမွန်ရဲ့ လက်အိတ်ဖြူကြီးဝတ်ထားတဲ့ လက်တစ်ဘက်က ဘေကာခွက်ထဲကို နှိုက်ယူတယ်။ ပြီးတော့ ဖိုးပလံရှေ့တည့်တည့်မှာ အဘိုးရေမွန်ကလှည့်ပြီးရပ်တယ်။“ဖိုးပလံလေးအတွက်” လို့ ပြောပြီး လက်ကမ်းလိုက်ပါတယ်။ ဖိုးပလံ လှိုက်ခနဲ ပျော်သွားတယ်။ မေးခွန်းတွေလည်းဆက်တိုက်မေးတော့တယ်။ “အဘိုးရေမွန်၊ ကျွန်တော် ဒီရွှေသော့လေးနဲ့ ဘာလုပ်ရမှာလဲ၊ ဘယ်မှာ သွားဖွင့်ရမှာလဲ၊ ... ဘယ် .. လို” ဖိုးပလံစကားမဆုံးခင်မှာပဲ အဘိုးရေမွန်ရဲ့ အဖြူရောင်ခန္ဓာကိုယ်ဟာ တဖြတ်ဖြတ်ခါနေတဲ့ ရွှေရောင်မှုန်တွေကြားထဲမှာပဲ ပျောက်သွားတော့တယ်။

ဖိုးပလံသိပ်လိုချင်နေတဲ့ရွှေရောင်သော့လေးရပါပြီ၊ ဘာဆက်လုပ်ရပါ့မလဲ၊ ခေါင်းကို တဗြင်းဗြင်းကုတ်ပြီး ဦးတည်ရာမရှိ အဲဒီနေရာကနေ လှည့်ထွက်ခဲ့ပါတယ်။ သူ တောစပ်တစ်ခုရဲ့အနားစပ်မှာရောက်နေပါပြီ၊ အရှေ့ဘက်မှာ နေရောင်ရှိနေတုန်းပဲ၊ တောစပ်စပ်လေးက နေရောင်ထဲမှာလဲလျောင်းနေတယ်။ ဖိုးပလံကတော့ နေရောင်ကို ကျောခိုင်းပြီး အဲဒီသစ်တောလေးထဲကို ၀င်သွားဖို့ ချီတုံချတုံဖြစ်နေတာပေါ့။ သစ်ပင်တွေအားလုံးက အိုမင်းနေလိုက်ကြတာ၊ အကိုင်းအခက်တွေကလဲ ကျိုးတိုးကျဲတဲပဲရှိနေကြတယ်။ ဒါကြောင့် နေရောင်က သစ်တောလေးထဲကို လုံလုံလောက်လောက်တိုးဝင်နေတယ်၊  နေရောင်တိုးဝင်သလောက် အဆုံးထိ ဖိုးပလံ တိုးဝင်ကြည့်ချင်စိတ်ပြင်းပြလာပြီ၊ သစ်ပင်တွေရဲ့ ပင်စည်တွေက နေရောင်ကြောင့်အနီရောင်လိုင်းတွေလို ထိုးထိုးထောင်ထောင်၊ သူတို့တွေက ဖိုးပလံကို စောင့်နေကြတယ်လို့ သူထင်လာတယ်။ ရုတ်တရက်ပဲ နေရောင်တိုးဝင်နေတဲ့ သစ်တောစပ်စပ်လေး အဆုံးနေရာမှာ လှပတဲ့အရာတစ်ခု ဖိုးပလံမြင်လိုက်တယ်။ သက်တံတစ်ခုရဲ့ အဆုံးလိုပဲ၊ ကြီးမားပြီး အင်မတန်လင်းလက်တောက်ပတယ်။ အတွင်းဆုံး မရမ်းရောင်အပြင်ဘက်က အရောင်တွေ တစ်ခုချင်းကို ဖိုးပလံရေတွက်နိုင်တယ်။ အပြင်ဘက်ဆုံးအနီရောင်မရောက်ခင်အရောင်ကတော့ တောက်ပရွှန်းစိုပြီး ထူးဆန်းလှတဲ့အရောင်မျိုး၊ သူ ဘယ်တုန်းကမှ အဲဒီအရောင်ကိုမမြင်ဖူးခဲ့ဘူး၊ ဖိုးပလံနောက်ပြန်လှည့်ကြည့်လိုက်တော့ နေ၀င်သွားခဲ့ပြီ၊ နေရောင်မရှိတော့ပါဘူး၊ သစ်တောလေးမှာ သက်တံဆီကအလင်းတွေပဲကျန်တော့တယ်၊ သစ်ပင်တွေက ဖိုးပလံကို လိုလိုလားလားရှိကြတယ်။

ခြုံပုတ်လေးတွေက ဖိုးပလံအတွက်သွားရမယ့်လမ်းကိုပြပေးနေကြတယ်။ သစ်ပင်နှစ်ပင်ကြားကမြင်ရတဲ့သက်တံကြီးဟာ ပိုပြီးတောက်ပလာတယ်။ ပိုပြီးကြီးလာပါတယ်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လွန်းလှတယ်။ ဖိုးပလံလှမ်းနေတဲ့ခြေလှမ်းတွေတောင် အသံပျောက်နေကြတယ်။ ဖိုးပလံခြေလှမ်းလိုက်တိုင်း ရှေ့ကမြင်ရတဲ့ အရောင်တွေဟာ ပိုလို့နူးညံ့လာတယ်။ အရောင်တစ်ခုစီဟာ ထင်ရှားသလို ထိစပ်နေကြတယ်။ မရမ်းရောင်၊ အပြာရောင်၊ အပြာနု၊ အစိမ်း၊ အ၀ါ၊ လိမ္မော်ရောင် နဲ့ အပြင်ဘက်ဆုံးကအနီရောင်အထိ တစ်ခုဆီအရောင်တွေဟာ ခမ်းနားလှပလွန်းလှတယ်၊ အရောင်တွေရဲ့အမြင့်ဆုံးအပိုင်းအ၀ိုင်းခုံးလေးနေရာမှာ အတောက်ပဆုံးပဲ ဘယ်လောက်ထိမြင့်တယ် ဖိုးပလံမခန့်မှန်းနိုင်ဘူး၊ ဖိုးပလံ နားထဲမှာ အသံတွေကြားလာရပြီ၊ အာလုံး အလောတကြီးပြောနေကြပါတယ်။ တိုးတိုးလေး ဖိုးပလံနားနားကို ကပ်ပြီးပြောကြတယ်၊ ဖိုးပလံရဲ့လမ်းကမှန်နေတယ်တဲ့၊ အားလုံးက ခေါ်နေကြတယ်၊ ဘေးဘက်ဆီမှာ အရိပ်တွေလို လှုပ်လှုပ်ရှားရှားတွေတွေ့ရတယ်။ ပုံသဏ္ဍာန်တွေက အမှန်မရှိဘူး၊ ပြောင်းနေကြတယ်။ ဟော အရိပ်တစ်ခု၊ နောက်တော့ အရိပ်တွေများလာပြီ၊ ဟော အများကြီးပဲအရိပ်တွေ၊ ပြီးတော့ ပျောက်သွားပြန်တယ်။ နောက် လူတွေ၊ အမျိးသားတွေ အမျိုးသမီးတွေ ကလေးတွေ တွေ့ရပြန်ပြီ၊ သူတို့ ဖိုးပလံကိုနှုတ်ဆက်ကြတယ်။ ဖိုးပလံ သူတို့ပြောတာတွေကို နားလည်တယ်။ ဒါပေမဲ့ ပြန်ပြီး နှုတ်က ထွက်မပြတတ်ဘူး၊ ဘယ်လိုပြောတယ်ဆိုတာကို မမှတ်မိလိုက်နိုင်ပါဘူး၊ သူတို့အားလုံး သိပ်ကို လှပကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်နည်းနည်းလေးမှ မတူကြဘူး၊ အားလုံးကွဲပြားကြတယ်။ ဒါပေမဲ့ သိပ်လှကြတဲ့ လူတွေပဲ၊ ဒါဟာ နတ်သမီးနယ်မြေလား၊ ဖိုးပလံ အဲဒီလိုလေး တွေးလိုက်တုန်းမှာ တစ်ယောက်က ဖိုးပလံနားနားကို ကပ်ပြီးဖြေသွားတယ်။ သိပ်ဟုတ်တာပေါ့တဲ့ ဖိုးပလံ အဲဒီလိုပဲ နားလည်လိုက်ပေမဲ့ သူပြောသွားတာက ဘယ်လိုစကားသံမျိုးမှန်းမသိပါဘူး၊ သက်တံအလင်းတိုင်တွေအနီး ပိုပြီးတိုးကပ်ကြည့်တယ်။ သူတို့ပျောက်သွားပြီ၊ ဒါနဲ့ ခြေကိုနောက်တစ်လှမ်းပြန်ဆုတ်တယ်၊ အရောင်မျိုးစုံအလင်းတိုင်တွေ အဲဒီနေရာနဂိုအတိုင်း ပြန်ရောက်နေကြပြန်ပြီ၊  အရင်က တောက်ပခမ်းနားသလို လှမြဲလှလျှက်ပဲ၊ အိုး .. သက်တံကြီးဆီက အရောင်အလင်းတိုင်ကြီးတွေကို ဖိုးပလံစိတ်ဝင်စားနေမိတာနဲ့ ရွှေသော့ကိုမေ့သွားခဲ့ပြီ၊ လက်ထဲမှာ ရွှေသော့လေးကရှိမနေတော့ဘူး၊ အဘိုးရေမွန် .. ဖိုးပလံ တိုးတိုးလေးရွတ်ကြည့်တယ်။ ညက ပိုနက်လာတယ်။ အဲဒီအခိုက်အတန့်မှာပဲ ကောင်းကင်မှာ လမင်းကြီးက ပေါ်လာပြီ၊ သက်တံဆီက ရောင်ခြယ်တွေတဖြည်းဖြည်းကျဲပါးသွားကြပြီ၊ အရိပ်တွေလူ တွေက ပိုပြီးရှုပ်ထွေးလာကြပါတယ်။ တီးတိုးစကားသံတွေက နားနားကို ကပ်ကပ်ပြီးပြောသွားကြတယ်။ ဖိုးပလံ မောပမ်းလာပြီ၊ အိပ်ငိုက်လာပြီ၊ လမင်းရဲ့အလင်းရောင်နဲ့ ဖိုးပလံရဲ့ရွှေသော့ကို ပြန်ရှာဖို့ မဖြစ်နိုင်ဘူးလို့ တွေးမိလိုက်တယ်။ နေရောင်ပြန်ထွက်လာတဲ့အချိန်ကို သူ စောင့်မှဖြစ်မယ်။ အနားမှာတွေ့တဲ့ရေညှိအိပ်ရာလေးပေါ်မှာ ဖိုးပလံ လှဲချလိုက်ပါတယ်။

မနက်ခင်းမှာ ဖိုးပလံနိုးလာတော့ နေရဲ့အလင်းရောင်က မျက်လုံးတည့်တည့်ဆီကိုထိုးနေပြီ။ ဖိုးပလံ ကိုယ်ကိုလှိမ့်ရင်း နေရောင်ကို ရှောင်လိုက်တယ်၊ အဲဒီမှာပဲ ဖိုးပလံမျက်နှာနဲ့ တစ်ပေအကွာလောက်မှာ ရွှေရောင်တလက်လက်သော့လေးကို ရေညှိတွေပေါ်မှာ တွေ့လိုက်ရတယ်၊ သူအသာအယာကောက်ယူလိုက်ပြီး ပက်လက်လှန်လှဲနေရင်းနဲ့ ရွှေသော့လေးကို သေချာကြည့်ပါတယ်၊ သော့တံလေးမှာ ရွှေရောင်ဗြောင်၊ ချောမွေ့နေပြီး လက်ကိုင်မှာ ပုံသွင်းထားပုံက အထူးအဆန်းပဲ၊ ကြည်ပြာရောင်လက်နေတဲ့ ကျောက်လေးတွေပါတယ်၊ ရွှေသော့လေးကိုတစ်ခါပြန်တွေ့တာ ဖိုးပလံ သိပ်ဝမ်းသာတာပဲ၊ ခဏတော့ လှဲနေလိုက်ရင်း နဲ့ ကိုယ်ကို ဘယ်ညာလှိမ့်နေပါတယ်၊ ပတ်ဝန်းကျင်ရဲ့အလှအပတွေ သူ့မျက်လုံးကိုအစာကျွေးနေလိုက်တယ်၊ နောက်တော့ ခုန်ထလိုက်တယ်၊ သူသိပ်လိုချင်နေတဲ့ သိပ်လှတဲ့ရွှေသော့လေးရနေပါပြီတဲ့၊ ဒီအလှတရားက သူ့အတွက်ဘာမှ အသုံးမ၀င်ဘူးလို့တွေးနေမိတယ်၊ ဘယ်မှာလဲ သော့အိမ်က၊ တစ်နေရာရာမှာတော့ရှိရမှာပဲ၊ သော့အိမ်မရှိပဲ သော့တစ်ချောင်းကို ဘယ်သူကမှ အရူးထပြီးလုပ်မှာမဟုတ်ပါဘူးလို့လည်းတွေးတယ်။ ဒါဆိုရင် သော့အိမ်ဘယ်မှာပါလိမ့်၊  ဖိုးပလံ လေထဲကိုငေးတယ်။ မြေကြီးထဲကိုလည်းငေးတယ်။  ဒါပေမဲ့ တိမ်တွေထဲ၊ မြက်ခင်းတွေထဲ၊ သစ်ပင်တွေထဲ သော့အိမ်ကိုမတွေ့ပါဘူး။

ဖိုးပလံ ဒီနေရာက တစ်နေရာရာကိုပြောင်းပြီးရှာကြည့်ဖို့ ကြိုးစားတယ်။  ခပ်ဝေးဝေးတောအုပ်ထဲမှာ မီးခိုငွေ့တွေလိုတွေ့နေရတယ်။ မီးခိုးခေါင်းတိုင်ဆီက ထွက်နေတဲ့အခိုးအငွေ့တွေလိုပဲ၊ ဖိုးပလံ အဲဒီကို သွားမလို့ခြေလှမ်းပြင်ပါတယ်။ တောအုပ်လေးဆီလျှောက်လာရင်း အေးမြမွေးပျံ့တဲ့လေညှင်းရနံ့ကို ရှုရိုက်ကြည့်တယ်။  ဖိုးပလံဘယ်တုန်းကမှ မရဘူးတဲ့ အမွှေးရနံ့မျိုးပဲ၊ ခေါင်းထဲကို ကြည်လင်သွားစေတဲ့ မပြင်းလွန်း မအီလွန်းတဲ့ရနံ့မျိုး၊ သစ်ပင်ကြားတွေထဲမှာ သစ်လုံးအိမ်လေးတစ်လုံးတွေ့လိုက်ရပါတယ်၊ အိမ်လေးဟာ ကြွရွနေတာပဲ၊ မြေကြီးနဲ့ပဲ မထိသလို လေညှင်းသုတ်ကနဲဝေ့လိုက်တိုင်း အိမ်က ငြိမ့်ငြိမ်လေးလှုပ်တယ်၊ ဗိုက်ဆာလိုက်တာ၊ ဖိုးပလံ ခပ်တိုးတိုးလေး ညီးညူလိုက်ပါတယ်။

“လာလေကွယ်၊ အိမ်ထဲကို လှမ်းဝင်ခဲ့ပေါ့” ဆိုတဲ့ အသံချိုချိုလေးဖိုးပလံကြားလိုက်ရတယ်။ အိမ်ထဲကို လှမ်းဝင်လိုက်တဲ့အခါ သက်ရှိသတ္တ၀ါရယ်လို့ မရှိကြဘူး၊ လူတစ်ယောက်မှလည်းမရှိဘူးလို့ တွေးရင်း ခုံလေးမှာဝင်ထိုင်ပါတယ်။ ခုံလေးက ကနေ ပြတင်းပေါက်အပြင်ဘက်လှမ်းကြည့်တဲ့အခါ ပြတင်းမှာတွယ်ကပ်နေတဲ့ အိုင်ဗီပင်တွေကြားထဲ လူဝံကြီးတစ်ကောင်ရဲ့ မျက်နှာကြီးဖြတ်ကနဲ တွေ့လိုက်ရပါလေရော၊ လူဝံကြီးဟာ သူ့ကို မျက်နှာအနေအထားအမျိုးစုံလုပ်ပြပြီး စနောက်ပါတော့တယ်။ ဖိုးပလံ ရယ်ချင်စိတ်ပေါက်လာတဲ့အချိန်၊ အနားက ဖိုးပလံထက်သုံးလေးဆမြင့်တဲ့ သစ်သားဘီရိုကြီးရဲ့တံခါးရွက်ဆီက မျက်နှာပုံစံတွေဟာ လှုပ်ရွလာတာတွေ့ရပြန်တယ်။ အဲဒီမျက်နှာတွေကတော့ ပြုံးဖြဲဖြဲကြီးတွေ၊ ကြောက်စရာမချိသွားဖြဲပုံစံကြီးတွေ၊ နောက် .. ပင့်ကူခြေထောက်ပုံစံတွေနဲ့ ထိုင်ခုံလေးဟာ ဧည့်ခန်းလေးရဲ့အလယ်ဆီကိုရွေ့လာတယ်။ ကို့ရိုးကားရားဟန်နဲ့ ရှေးဆန်ဆန်ကြီး ကမလို့ ဟန်ပြင်တော့တယ်။ ဖိုးပလံလည်း လူဝံကြီးနဲ့ မချိသွားဖြဲမျက်နှာကြီးတွေကို မေ့သွားပါတယ်။ ဖိုးပလံ တဟားဟားအော်ရယ်လိုက်တယ်။ အဲဒီအချိန်မှာပဲ အဖြူရောင်နတ်သမီးလေးတွေ သုံးယောက် ရယ်ကျဲကျဲမျက်နှာပေးလေးတွေနဲ့ စားပွဲပေါ်က ပန်းအိုးဆီက ခုန်ထွက်လာကြပါပြီ။ ခေါင်းပေါ်မှာလည်း လှုပ်လှုပ်ခါခါခေါင်းဆောင်းလေးတွေနဲ့၊ နတ်သမီးလေးတွေက သူတို့ အမှားအယွင်း လုပ်မိပြီဆိုတာ သိလိုက်မိပြီး ပင့်ကူကုလားထိုင်ကို နံရံဆီပြန်ကပ်လိုက်ကြပါတယ်။ နောက်တော့ အင်မတန်ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးအခန်းထဲက ပေါ်ထွက်လာပါတယ်။

“နောက်ဆုံးတော့ ကလေး ရောက်လာတာပဲကိုး၊ အဘွား ကလေးကို စောင့်နေတာ ကြာပြီပဲ” လို့ဆိုရင်း ဖိုးပလံကို လက်ကမ်း နှုတ်ဆက်တယ်။ အဲဒီအမျိုးသမီးလှပပုံမျိုးလည်း ဖိုးပလံတခါမှ မမြင်ဖူးခဲ့ဘူး၊ အဲဒီအမျိုးသမီးက အရပ်ရှည်ရှည်၊ သန်မာတဲ့ပုံစံမျိုး၊ လည်ပင်းနဲ့ လက်မောင်းတွေက အဖြူရောင်ပဲ၊ သူမရဲ့မျက်နှာကလည်း နူးညံ့ရွှန်းစိုနေတဲ့ပုံစံမျိုး၊ ဆံပင်အရောင်ကိုတော့ ဘာအရောင်ရယ်လို့ ဖိုးပလံမပြောတတ်ဘူး၊ အစိမ်းရင့်ရောင် အရောင်သမ်းနေတယ်လို့ထင်မိတယ်။ သူမကိုကြည့်ရတာက စိန်တွေရဲ့ တောက်ပခြင်းမျိုးနဲ့ မြသားရဲ့စိမ်းလဲ့လဲ့အသွေးရောင်တွေပြည့်နေတယ်။ အစိမ်းရောင် တောက်တောက်ပပ၀တ်စုံကို ၀တ်ထားပါတယ်။

“နာမည်ဘယ်လိုခေါ်သလဲကွဲ့” အမျိုးသမီးကမေးပါတယ်။
“သူငယ်ချင်းတွေအားလုံးကတော့ ဖိုးပလံလို့ ခေါ်တာပဲဗျ”
“အိုး ကလေးရဲ့ဆံပင်တွေကရှည်လိုက်တာ၊ ဖိုးပလံ .. ပိုးဖလံပေါ့ ဟုတ်တယ်မဟုတ်လား၊ အဘွားလည်း ဒီချစ်စရာနာမည်ပဲခေါ်မှပါပဲ၊ ဒါပေမဲ့ကွယ် အဘွား မေးခွန်းတွေမေးရင် မင်းစိတ်မရှည်မဖြစ်ပါနဲ့၊ အဘွား မေးခွန်းတစ်ခုမေးတိုင်း ကလေးကလည်း တစ်ခုဆီ အဘွားကို ပြန်မေးနိုင်သားပဲ”
“ကလေးရဲ့ အသက်ကဘယ်လောက်လဲ”
“ဆယ့်တစ်နှစ်ပါ”
“အဘွားကရော”
“နှစ်ထောင်ပေါင်းများစွာရှိနေပါပြီလေ” လို့ အမျိုးသမီးက ဖြေတယ်။
“ဟင် .. အဲဒီလောက် အသက်ရှိမယ်လို့ မထင်ရဘူး”
“မထင်ရဘူးလား၊ အဘွားကတော့ အဘွားအသက်အတိုင်းပဲလို့ ထင်တာပါပဲ၊ ကလေးမြင်တယ်မဟုတ်လား၊ အဘွားဘယ်လောက်လှလိုက်သလဲလို့”
“ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီလောက်ရှည်ကြာအောင် ဘယ်လိုရှင်သန်နေထိုင်လဲ ကျွန်တော်အခု စဉ်းစားနေတာဗျ”
“အဘွားက အမြဲအလုပ်ရှုပ်နေတာလေ၊ အဘွားမှာ အိုမင်းဖို့ အချိန်မရှိဘူးကွဲ့၊” လို့ အမျိုးသမီးကပြောပါတယ်။ “အဘွားအတွက်ကတော့ အိုမင်းမှုက အလုပ်မလုပ်ဘူး၊ အဘွားရဲ့ကလေးတွေကိုလည်း မသပ်မရပ်မမြင်ချင်ဘူး၊ ဖိုးပလံသိလား၊ ဖိုးပလံမျက်နှာမှာကွယ် နမ်းစရာ သန့်ရှင်းတဲ့နေရာလွတ် သေးသေးလေးတောင် မရှိတော့ဘူး”
“အာ” ဖိုးပလံရှက်သွားပါတယ်။
“အဘွားနာမည်ဘယ်လိုခေါ်ပါသလဲ”
“ဖိုးပလံရဲ့အဘွားပေါ့”
“တကယ် .. အဘွား” ဖိုးပလံမယုံသလိုမေးခွန်းထုတ်ပါတယ်။
“အဘွားပုံပြင်တွေမပြောတတ်ပါဘူး၊ ပျော်စရာရွှင်စရာတောင် ကြံဖန်ပြီး ဘယ်တော့မှ မပြောဘူး”
“တော်လိုက်တဲ့အဘွား” ဖိုးပလံ ရယ်မောလိုက်ပါတယ်။

အမျိုးသမီးကြီးက ဖိုးပလံကို စကားတစ်ချို့ပြောတယ်။ ဖိုးပလံနားမလည်နိုင်ပါဘူး။ နောက်တော့ ဖိုးပလံကို ရေကန်လေးတစ်ခုထဲ ပစ်ထည့်လိုက်တယ်။ ကန်ထဲမှာ ငါလေးတွေအများကြီးပဲ စုပြုံနေတာပဲ၊ ဖိုးပလံနားမှာ ၀ိုင်းနေကြတယ်။  အဲဒီထဲက သုံးကောင် လေးကောင်လောက်က ဖိုးပလံရဲ့ ဦးခေါင်းနဲ့ လည်ပင်းအောက်ထဲကို တိုးဝင်ပြီး သန့်ရှင်းပေးကြတယ်။ ကျန်တဲ့ငါးလေးတွေ အားလုံးက ဖိုးပလံတစ်ကိုယ်လုံးကို သူတို့ရဲ့ အမွှေးအတောင်လေးတွေနဲ့ ပွတ်တိုက်ကြတယ်။ အဘွားကတော့ တစ်ချိန်လုံးစောင့်ကြည့်နေလေရဲ့၊ ငါးလေးတွေ အကောင်ငါးဆယ်ကျော်လောက်ရှိမယ်ထင်တာပဲ၊ သူတို့က ဖိုးပလံကို မ ပြီး ရေကန်အပြင်ဘက်ရောက်အောင် တွန်းပို့ကြတယ်။ အဘွားက လက်တစ်ဘက်ထဲနဲ့ ဖိုးပလံကို မယူလိုက်ပါတယ်။ ပြီးတော့ မီးပုံဖိုထားတဲ့နေရာဆီခေါ်သွားတယ်။ ပြီးတော့ အကောင်းတကာ့အကောင်းဆုံး ပိတ်သားရေလဲဝတ်စုံယူလာပေးတယ်၊ မြက်သင်းနံ့ရယ် လာဗင်ဒါရေမွှေးပန်းရယ် မွှေးနေတာပဲ၊ အစိမ်းရောင်အ၀တ်အစားပဲ၊ အဘွားလိုပဲ၊ အဘွားတောက်ပသလို ဖိုးပလံလည်းတောက်ပနေတယ်။

“ကျွန်တော် စီးစရာ ဖိနပ်တစ်စုံလောက်မပေးဘူးလား အဘွား” လို့ ဖိုးပလံကမေးလိုက်ပါတယ်။
“ဟင့်အင်း၊ ကလေးရယ်၊ ဘာဖိနပ်မှ မရှိဘူးကွယ်၊ ကြည့်လေ အဘွားမှာလည်း ဖိနပ်မရှိဘူး”  အမျိုးသမီးကြီးက ဂါဝန်စိမ်းလေး မကာ ဖြေတယ်။
ပြီးတော့ဖိုးပလံကို ခေါင်းဖီးပေးတယ်။ အခန်းပတ်လည်မှာ သစ်လုံးနံရံအကွက်လေးတွေအများကြီးပဲရှိနေတယ်။ ပထမနံရံအကွက်လေးထဲ လက်နိုက်လိုက်တော့ မွှေးပျံ့နေတဲ့ပေါင်မုန့်အိအိကြီးတစ်လုံးပါလာတယ်။ ဖိုးပလံကိုပေးတယ်။ နောက်နံရံကွက်လေးထဲနှိုက်တယ်။ နွားနို့ခွက် အကြီးကြီးပဲ ရပြန်တယ်။ ဖိုးပလံကိုပေးတယ်။ နောက်ထပ်နံရံကွက်တစ်ခုဆီ လက်ကိုဆန့်တန်းပြီး နှိုက်လိုက်တဲ့အခါ အသီးအနှံတွေ မျိုးစုံ အများကြီးပဲ ပါလာပြန်တယ်။ ဖိုးပလံကိုပဲ အကုန်လုံးပေးပါတယ်။

ပြီးတော့ ဖိုးပလံလက်ထဲမှာ တချိန်လုံးကိုင်ထားတဲ့ ရွှေသော့လေးကို မေးတယ်။
“ဖိုးပလံလေး လက်ထဲက ဘာလေးလဲကွယ်”
“ရွှေသော့ပါ၊ ဒါပေမဲ့ ဘာအတွက်လည်းကျွန်တော်မသိဘူး၊ သော့အိမ်ကိုလည်းရှာမတွေ့ပါဘူး အဘွားရယ်၊ အဘွားသိရင်ပြောပြပေးပါလား”
“သော့အိမ်ရှာရမှာပေါ့၊ အဲဒါ ဖိုးပလံအလုပ်ပဲလေ၊ အဘွားမကူညီနိုင်ပါဘူးကွယ်။ ကလေး ရှာရင် .. တွေ့မှာပဲ အဘွား ဒီလောက်ပဲပြောနိုင်တယ်။ အဘိုးပင်လယ်နဲ့ တွေ့ကြည့်ပါ၊ သူက အဘွားထက်အသက်ကြီးတော့ သူပြောပြနိုင်မှာပဲ”
“အခုပဲ သွားလို့ရမလား အဘွား”
“မရဘူး ဖိုးပလံလေး၊ ဒီညတော့ နားပါဦးလေ”
မနက်စောစောမှာတေ့ အမျိုးသမီးကြီးရဲ့ သစ်လုံးအိမ်လေးက ဖိုးပလံထွက်ခွာခဲ့ပါတယ်။ သူ စိတ်မကောင်းဖြစ်နေလိုက်သေးတယ်။ ချောမောလှပတဲ့အမျိုးသမီးကြီးက “ဖိုးပလံ ဒီက ထွက်ခွာသွားပစေဦးတော့၊ အဘွားက မင်းရဲ့အမြဲတမ်းအဘွားဖြစ်နေတာပဲလေ၊ ကလေး .. သွားရမှာပါပဲ” လို့ ဖြည်းဖြည်းလေး စကားဆိုရင်းနှုတ်ဆက်ခဲ့ပါတယ်။

ဖိုးပလံလည်း တောလမ်းလေးအတိုင်းပဲ လျှောက်လာခဲ့တယ်။ တောနက်ထဲကို နက်သနက် နက်အောင် တိုးဝင်ရတာပါပဲ၊ အဘွားကတော့ ဒီလမ်းက အမှန်ပဲလို့ပြောခဲ့သားပဲ၊ လမ်းတလျှောက်မှာ တောနက်ထဲက တိရစ္ဆာန်လေးတွေအချင်းချင်း စကားဆိုပုံတွေ နားထောင်သွားရတာ မဆုံးနိုင်တဲ့ အပန်းဖြေဥယျာဉ်ကြီးထဲလျှောက်သွားနေရသလိုလို၊ သိပ်မကြာပါဘူး။ ဖိုးပလံလည်း သူတို့ စကားသံတွေကို သင်ကြားလာနိုင်တယ်။ သင်တို့ပြောတဲ့စကားတွေကို နားလည်လာပြီး ဖိုးပလံကလည်း မေးခွန်းထုတ်တတ်လာတယ်။ ရှဥ့်လေးတွေက သိပ်ကို ဖော်ရွေတာပဲ၊ မေးသမျှဖြေတယ်၊ မမေးပဲနဲ့တောင် တကျီကျီရှင်းပြနေတတ်သေးတယ်။ သူတို့ရဲ့အသိုက်ထဲမှာ သိုမှီးထားတဲ့ သစ်စေ့တွေ ဖိုးပလံကို တစ်ခုပြီးတစ်ခု ထုတ်ကျွေးတယ်။ တ၀ီဝီပျံနေတဲ့ ပျားတွေလည်းတွေ့တယ်။ ပျားတွေကတော့ သိပ်ကို တကိုယ်ကောင်းဆန်တာပဲ၊ ပတ်ဝန်းကျင်တစ်ခုလုံး သူတို့ကအလုပ်အများဆုံးလို ဟန်ဆောင်နေကြတယ်။ တချိန်လုံး အလုပ် အလုပ် အလုပ် .. လုပ်ရမှာတွေများလိုက်တာလို့ တဂျီဂျီညီးညူနေကြတယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး၊ သူ့တို့ရဲ့ ဘုရင်မကြီးကိုပဲ ဂရုစိုက်ကြတယ်။ ပျားဘုရင်မကြီးမျက်နှာသာ တကမ္ဘာထင်ကြတယ်။ သူတို့ အချင်းချင်းပြုံးရယ်ချိုသာ စကားဆိုကြပေမဲ့ ဖိုးပလံနဲ့ တခြားအကောင်လေးတွေ တွေ့လိုက်တာနဲ့ မျက်နှာတွေက မာကျောသွားကြတယ်။ “စကားမဆိုအားဘူးဟေ့” လို့ ပဲ ပြောတတ်ကြတယ်။ ရယ်စရာတော့ကောင်းသားပဲ။

ဖိုးပလံလျှောက်လာရင်း ချက်ချင်းဆိုသလိုပဲ သစ်ပင်တွေဟာ သေးသည်ထက်သေးလာတယ်။ သစ်ပင်တွေဟာ နည်းသည်ထက်နည်းလာတယ်။ မြင်မြင်သမျှ သစ်ပင်တွေနဲ့ ပြည့်နေတဲ့မြင်ကွင်းထဲကနေ သစ်ပင်တွေ ပျောက်ကုန်ကြတယ်။ သစ်ပင်တွေအားလုံး ဖိုးပလံ ကျောဘက်မှာ ကျန်ခဲ့ကြပြီ၊ နောက်တော့ကုန်းမြေမြင့်မြင့်လေးပေါ်သူလျှောက်လာတယ်။ လမ်းကျဉ်းလေးမှာ ဘေးနှစ်ဘက်က ကျောက်သားနံရံကြီးဖြစ်လာတော့တယ်။ ပြီးတော့ ဘွားကနဲ ဖရိုဖရဲ တံခါးပေါက်တစ်ခု ကျောက်ဆောင်နှစ်ခုကြား လမ်းကျဉ်းလေးအဆုံးမှာ ပေါ်လာပါတယ်။ ဖိုးပလံ နောက်ပြန်မလှည့်လိုဘူး၊ ကျောက်သားနံရံထဲ ဖောက်ဝင်သွားတဲ့ တံခါးပေါက်လေးပဲ ရှိနေတော့တယ်။ အမှောင်ကနက်သည်ထက် နက်လာတယ်၊ နောက်ဆုံးပိမ်းပိတ်အောင်မှောင်သွားပါပြီ၊ ဖိုးပလံကတော့ ဒါကလမ်းမှန်ပါပဲလို့ ခံစားမိနေတုန်းပဲ၊ နောက်တော့ အလင်းလေးတစ်စ ဖွဖွလေးတိုးထွက်လာတယ်။  အလင်းရောင်လေးပြန်ရပြီ၊ ဟုတ်ပါတယ်။ ဒါဟာလမ်းမှန်ပဲလို့ ဖိုးပလံ ကိုယ့်ဘာသာအားပေးပါတယ်။ အလင်းလေးဆီ ဆက်လျှောက်တဲ့အခါ ကွေ့ကွေ့ကောက်ကောက်လမ်းသွယ်လေးတွေ့တယ်။ နားထဲမှာ ရေစီးသံတွေလို ကြားနေရပါတယ်။ လမ်းသွယ်လေးရဲ့အဆုံးမှာတော့ မျက်စေ့တဆုံး ကျယ်ပြောလှတဲ့ လွင်ပြင်အကျယ်ကြီးပဲ ဖိုးပလံတွေ့လိုက်ရပါပြီ၊ သူ့ရဲ့ ခြေထောက်အစုံကို ငုံ့ကြည့်မိတော့ ဖိုးပလံရပ်နေတာက ချွန်ထက်ပြီး အပြာရောင်လဲ့နေတဲ့ ရေခဲတောင်ကုန်းလေးရဲ့ထိပ်ပိုင်းမှာ၊ သူ နောက်ပြန်လှည့်ရမှာတဲ့လား၊ ရှေ့ကိုလည်း လှမ်းရမှာက အခက်သား။

 “အား  ... အမလေးဗျာ”  ဖိုးပလံ တောင်ကုန်းထိပ်လေးက ခြေချော်ပြီး ကျပြီ၊ .. မဆိုးပါဘူး အိုး ဟိုး ဟိုး၊ ဖိုးပလံကိုယ်က အလေးချိန်မဲ့နေသလို၊ ရေထဲမှာ ကူးခတ်နေရသလိုပဲ၊ ဒီလိုနဲ့ပဲ လွင်ပြင်ကျယ်ကြီးဆီ ကိုယ်ကိုစီးမြောလို့ရလာတယ်။ ပတ်ဝန်းကျင်မှာ အရောင်ဖျော့ဖျော့ ကျောက်တုံးလေးတွေအများကြီးပဲ၊ တစ်ခါမှ မမြင်မတွေ့ဖူးခဲ့တဲ့ နေရာမျိုးပဲ၊ လွင်ပြင်ကြီးရဲ့ နေရာတိုင်းမှာ အရိပ်တွေပြည့်နေတယ်။ သစ်ရွက်တွေရဲ့ အရိပ်တွေရှိတယ်။ အားလုံးက သိပ်လှတာပဲ၊ သစ်ရွက်တွေရဲ့ ပုံစံတွေက ထူးခြားလှတယ်။ သူတို့လှုပ်ရှားနေပုံက ခေါက်တုံခေါက်ပြန်ပဲ၊ လေညင်းတိုက်ခတ်တဲ့အခါ သစ်ရွက်တွေက တုန်တုန်ရီရီဖြစ်လာကြတယ်။ ပတ်ဝန်းကျင်မှာ ဘာသစ်တောမှမရှိဘူး ဘာတောတောင်မှ မရှိဘူး၊ သစ်ရွက်တွေရယ် သစ်ကိုင်းတွေရယ်၊ သစ်ပင်တွေရဲ့ ပင်စည် အရိပ်တွေကတော့ ပြည့်နေတာပဲ၊ တကယ့်အပင်တွေအကိုင်းတွေရှိမနေပဲ အရိပ်တွေပဲပြည့်နေတော့တယ်။ ငါးကလေးတွေက ဖိုးပလံရဲ့ ဘေးနားက ဖြတ်ပြေးသွားကြတယ်။ တချို့ငါးလေးတွေက ဖိုးပလံကို စကားဆိုတယ်။ နှုတ်ဆက်ကြတယ်။  တချို့ငါးတွေကတော့ ဖိုးပလံကို မြင်တာနဲ့ သူတို့ရဲ့ ပါးစပ်တွေကို ဂငယ်ပုံတိတိကျကျရအောင် မဲ့ပြကြသေးရဲ့၊ ဖိုးပလံ က “အဘိုးပင်လယ် ကိုတွေ့လား၊ သူ ဘယ်မှာလဲဗျာ” လို့ မေးလိုက်တာနဲ့ သူတို့ရဲ့မျက်လုံးတွေကို အကြီးကြီးပဲ ပြူးပြကြတယ်၊ “သိဘူးဟေ့” လို့ ဆောင့်ကြီးအောင့်ကြီးဖြေကြတယ်။ သစ်ရွက်အရိပ်တွေ အထူထပ်ဆုံးနေရာ၊ သစ်ပင်ကြီးရဲ့အရိပ်အောက်မှာ ဖိုးပလံထိုင်ချလိုက်ပါတယ်။ သစ်ပင်ကြီးရဲ့ အရိပ်ကြီးက လှုပ်ခါခါဖြစ်လာပြီး သစ်ခေါင်းပုံအရိပ်ကြီးပေါ်လာပြန်ရော၊ သစ်ခေါင်ထဲမှာ ဦးခေါင်းရိပ်တစ်ခု၊ အိုး .. အရိပ်မဟုတ်ဘူးဗျို့၊ တကယ့်ဦးခေါင်းကြီး၊ ဦးခေါင်းကြီးကပြောတယ်။

“ဟီဟီ .. လူကလေး ငါ့ကိုများ ရှာနေသလားကွယ်”
“အဘိုးပင်လယ်လားပဲ”
“ဟုတ်တယ်လေ၊ ငါပေါ့”  ဦးခေါင်းကြီးက ပြုံးဖြီးဖြီးဖြေတယ်။
ဖိုးပလံမေးကြည့်မှဖြစ်မယ်။
“အဘိုးပင်လယ် .. ဒီအရိပ်တွေ ဘယ်နေရာကစပြီးပေါ်လာတာလဲဗျ၊ ဒီအရိပ်တွေထွက်ပေါ်လာတဲ့ နေရာရောက်ရင် ကျွန်တော့်အတွက် သော့အိမ်တွေ့မှာပဲ”
“ဟိုး ဟိုး ရွှေသော့လေးပါလားဟေ့၊ ငါ က အသက်ငယ်သေးတယ်၊ ငါ့ထက်အသက်ကြီးတဲ့ အဘိုးမြေကြီးကို မေးချည်ကွဲ့၊ ဒီအရိပ်တွေ ပျောက်သွားတဲ့နေရာဆို သူ့ကိုတွေ့လိုက်မယ်၊ အဲ ပျောက်တဲ့နေရာလား၊ ကလေးပြောတဲ့ စပြီးထွက်ပေါ်တဲ့နေရာလားတော့ မသိဘူးဟေ့၊ အရိပ်တွေမရှိတဲ့နေရာပဲ၊ ရှာတွေ့မှာပါကွယ်၊ ကဲ .. သွားချည်ဦး” လို့ ဖြေတယ်။

ဖြေပြီးတာနဲ့ ဦးခေါင်းကြီးဟာ သစ်ခေါင်းအရိပ်ကြီးထဲ စွပ်ကနဲ ပြန်ဝင်သွားလိုက်တာ သစ်ခေါင်းရိပ်ပါပျောက်သွားပါတယ်။ သစ်ပင်အရိပ်ကြီးကတော့ ခဲသားရောင်ကြီး လှုပ်တုပ်တုပ်ကြီး ရှိနေတုန်းပဲ၊ ဒါနဲ့ ဖိုးပလံလည်း မနားနိုင်ဘူး။ အခုထိ သူလမ်းမှန်နေတုန်းပဲ ဆိုတာ သူ့ဘာသာသိနေတယ်။ ဆက်ပြီးလျှောက်တယ် အရိပ်တွေဆုံးတဲ့ နေရာလား အရိပ်တွေစတဲ့နေရာလား၊ အဘိုးပင်လယ်ပြောတာတော့ အရိပ်တွေမရှိတော့တဲ့နေရာတဲ့၊ ဒီလိုနဲ့ လျှောက်ရပြန်တယ်။ ရွှေသော့လေးရဲ့အရောင်ကလဲ အရိပ်ညိုကြီးတွေကြားမှာ လက်နေတာပဲ၊ အရိပ်တွေကလည်း မျက်စိတဆုံးရှိနေတုန်းပဲ၊ အရိပ်တွေ ပြည့်သိပ်လာပြီး အမှောင်ကပိုလာတယ်။ ဒါဆို ဖိုးပလံသိနေပြီ၊ နောက်အဆန်းတစ်ခုခုတော့တွေ့ရတာ့မှာပဲ၊ သူ့မျက်လုံးတွေကို အသစ်အဆန်းကို ကြည့်ဖို့ အသင့်ပြင်ထားလိုက်တယ်။ မဟုတ်ရင် သူက မလန့်ရင်တောင် မျက်စိတွေကလန့်ပြီး  ကမောက်ကမဖြစ်ကုန်ဦးမယ်။ ဖိုးပလံတွေးထားသလိုပါပဲ အမှောင်တွေတစ်ဖန် ပြန်လျော့ကျလာပြီးတဲ့အခါ အရိပ်တွေကျဲပါးလာပြီ၊ ဟိုဝေးဝေးမှာ တောင်ကုန်းလေးတွေ တွေ့နေရပြီ၊ တောင်ကုန်းတွေကိုအဝေးကကြည့်ရတဲ့အခါ လူ့ဘီလူးကြီးတစ်ကောင်ပက်လက်လှန် လှဲအိပ်နေသလိုပဲ၊ ဒါပေမဲ့လေ .. ဗိုက်သားနေရာမှာတော့ ချိုင့်ခွက်နေလိုက်တာ၊ ရင်အုပ်နေရာကြီးက မောက်မောက်ကြီး၊ အသက်ပြင်းပြင်းရှုနေတဲ့ ပိန်သေးကျုံလှီ လူဘီလူးကြီးပေါ့၊ ဖိုးပလံ ဦးခေါင်းပုံစံတောင်ကုန်းလေးဆီ လျှောက်သွားလိုက်တယ်။ အဲဒီနားမှာ လှေကားထစ်လေးပုံစံ မြေသားဖြူဖြူလေးကို သူအဝေးကြီးကတည်းက တွေ့ထားခဲ့တာကိုး၊ ပြောရရင် လူဘီလူးပိန်ပိန်ကြီး သွားရည်တွေ တမြှားမြှားကျနေသလိုပုံစံမျိုးကြီးပါ၊ မြေသားဖြူဖြူလမ်းလေးအတိုင်း ကုန်းမြေလေးပေါ်တက်လာခဲ့တယ်။ တကယ်ပါပဲ မျက်နှာပုံစံ အခွက် အချိုင့်တွေနဲ့ မျက်လုံးနေရာတွေမှာလည်း အချိုင့်ကြီးနှစ်ခုက ထင်းနေတာပဲ၊ အဲဒီနားမှာ လူတစ်ယောက် ကုန်းကွကွကြီး ချိုင့်ခွက်ထဲကို ဘာတွေမှန်းမသိ တစ်ခုပြီးတစ်ခုပစ်ချနေတာတွေ့လိုက်ရတယ်။ ဖိုးပလံ အနားတိုးသွားပါတယ်။ အဲဒီလူက အဘိုးပင်လယ်ထက် အများကြီးငယ်ပုံပါပဲ ..

“ဟို .. အဘိုးမြေကြီးကိုများ သိမလားဗျာ”
“ငါလေ .. ငါပေါ့ .. အခု အပင်စိုက်နေတဲ့လူကြီး ငါက အဘိုးမြေကြီးပေါ့ကွယ်”
“အော် အဲဒါ အပင်စိုက်နေတာလားပဲ .. ကျွန်တော်က ခဲတွေနဲ့ ပစ် ပစ် ချ နေတယ်ထင်လို့”
“အိုကွယ် .. မြေသားတွေအားလုံးအတွက် လိုအပ်တဲ့ သစ်စေ့တွေ ဒီနေရာကို ထည့်ပေးရတယ်လေ၊ ပြောပါလေ .. ဘာကြောင့်များ ငါ့ကိုတွေ့ချင်ရတာတုန်း”
“အဘိုးက အဘိုးနဲ့လည်း မတူဘူး။ အဘိုးပင်လယ်ကပြောတယ်။ အဘိုးမြေကြီးက ပိုပြီးအသက်ကြီးတယ်တဲ့ ကျွန်တော့်ရွှေသော့နဲ့ ဖွင့်ရမယ့် သော့အိမ် သိမယ်ဆိုပဲ၊ ဒါပေမဲ့ အဘိုးက ပိုပြီးနုပျိုနေပါလား”
“နုပျိုတာ အိုစာတာ ထားပါလေ။ ငါက အဘိုးပင်လယ်ထက် အသက်ကြီးတာလည်းအမှန်ပါပဲ၊ ငါလည်း လူကလေး ရှာနေတဲ့ သော့အိမ် မသိဘူးကွယ်”
“အဲ .. အဘိုးမီးလျှံ ကို မေးကြည့်ရင် သိမှာပဲ၊ သူ့ကို မေးချည်ကွဲ့၊ ကဲလာ ဟောဒီ ပါးစပ်အသူရာလိုဏ်ထဲကို ၀င်သွားပါလေ၊ အဲဒီလိုဏ်ခေါင်းထဲမှာ စမ်းချောင်းလေးတွေ့လိမ့်မယ်။ အဲဒီ စမ်းချောင်းလေးအတိုင်းသာ စုန်ဆင်းသွားရင် သူ့ကို တွေ့မှာ အသေအချာပဲ၊”
အဘိုးမြေကြီးဆိုသူက ဖြေပါတယ်။

ဖိုးပလံလည်း အချိန်မဆိုင်းချင်တော့ဘူး။ အဘိုးမြေကြီးပြတဲ့ ပါးစပ်ပုံစံ လှိုဏ်ခေါင်းကြီးထဲ ဆင်းလာခဲ့ပါတယ်။
“အိုး လူကလေးရေ နေဦးကွဲ့၊ လာပါဦး”
ဖိုးပလံကို ခေါ်နေပြန်တယ်၊ ဒါနဲ့ အဘိုးမြေကြီးဆီသွားလိုက်တော့ မြေကြီးခဲတွေ အချို့ကို ကောက်ကိုင်ပြီး ဖိုးပလံရဲ့ လက်ဝါးထဲကိုထည့်ပေးပါတယ်။ မြေကြီးခဲတွေက အေးစက်နေတာပါပဲ၊ ဖိုးပလံတစ်ကိုယ်လုံး သိမ့်ကနဲ နေအောင်ချမ်းစိမ့်သွားတယ်။
“ကဲ ဒါဆို လူကလေး အပူဒါဏ်ခံနိုင်ကောင်းပါရဲ့၊ ကဲ သွား သွား” လို့ ဆိုတယ်။

ဖိုးပလံပါးစပ်အသူရာလှိုဏ်ခေါင်းထဲကို ဆင်းခဲ့ပါတယ်။ အဘိုးမြေကြီးပြောတဲ့အတိုင်းပါပဲ တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးကိုတွေ့တယ်။ ဖိုးပလံလည်း စမ်းချောင်းလေးထဲကိုယ်ကိုစိမ်လိုက်ပြီး အသက်ရှုအောင့်လို့ ရေစီးလေးအတိုင်း မျှောချကြည့်တယ်။ အတန်ကြာ မျောနေခဲ့ပြီးတဲ့နောက် ရေက ပိုလို့ ပိုလို့ တိမ်လာတယ်။ လှိုဏ်ခေါင်းနံရံတွေဆီက အပူလှိုင်းတွေဟပ်လာလိုက်တာ တော်တော့ကိုပူလာပြီ၊ ဖိုးပလံ ဦးခေါင်းကို ရေထဲစိမ်နှစ်ပြီး ကူးခတ်ကြည့်တယ်။ တစ်ကိုယ်လုံးရေထဲကနေ မထွက်ရဲတော့ဘူး၊ ဒါပေမဲ့လည်း မရတော့ဘူး၊ ရေက တိမ်သည်ထက်တိမ်လာပြီ၊ ဘယ်လိုနှစ်နှစ် ကိုယ်က ရေပေါ်မှာပဲ ရေက အတိမ်ဆုံးနေရာရောက်တော့ ဆက်ပြီး ကူးခတ်လို့လည်းမရတော့ပါဘူး။ ဒါနဲ့ပဲ စမ်းချောင်းလေးထဲက ထွက်လိုက်ရတော့တယ်။ စမ်းချောင်းဘေးမြေကြီးကလည်း ပူလိုက်တာ၊ လှိုဏ်ခေါင်းအ၀တစ်ခုတွေ့တာနဲ့ အဲဒီကို အမြန်ပြေးပါတယ်။ လှိုဏ်ခေါင်းအပြင်မှာတော့ အပူဒါဏ်က သိပ်အဆိုးကြီးမဟုတ်တော့ဘူး၊ အပူငွေ့တွေက ဖိုးပလံအနားမလာနိုင်တော့ပါဘူး။ ကျောက်တုံးအနားမှာ ကလေးငယ်တစ်ဦး ရောင်စုံကျောက်တုံးလေးတွေကိုချိတ်ဆက်ပြီး ဆော့ကစားနေပါတယ်။ အရောင်မျိုးစုံကျောက်တုံးလေးတွေကို အမျိုးမျိုးရွှေ့ပြီး အရောင်တွေကို စပ်နေတယ်။ ကျောက်တုံးလေးတွေ ဟိုဘက်ပို့လိုက် ဒီဘက်ပြန်ရွှေ့လိုက်၊ အရောင်လေးတွေလှမလှ ကြည့်ပြီး ဆော့ကစားနေပုံပါပဲ၊ ကလေးငယ်လေးက အင်မတန်ချောမောလှပတယ်။

“ဖိုးပလံက မေးပါတယ် ကလေးရေ .. အဘိုးမီးလျှံကိုရှာနေပါတယ်၊ သူ့ကို တွေ့ရမှဖြစ်မယ်၊ ကလေး ပြောပြပါလား”
ကလေးငယ်က ချစ်စဖွယ် ပါးချိုင့်လေးတွေ ခွက်နေအောင်ပြုံးရယ်ပါတယ်။ ပြီးမှ
“အဘိုးမီးလျှံက ကျုပ်ပဲပေါ့”
“ဟာ”  ဖိုးပလံ ဘာဆက်ပြောရမှန်းမသိ တအံတသြကြီးပဲ ကြည့်နေမိတယ်။ ဒီကလေးငယ်က ကျန်တဲ့အဘိုးတွေအားလုံးထက် အသက်အကြီးဆုံးဆိုပဲ။ ကလေးငယ်က “သော့အိမ်က ဒီမှာပဲ”  တဲ့ ..ညွှန်ပြတယ်။

အဘိုးမီးလျှံလို့ ဆိုတဲ့ ကလေးငယ်လေးပြတဲ့ နေရာကို ကြည့်လိုက်တော့ ခုနက ရောင်စုံကျောက်တုံးလေးတွေက ဘေးကကျောက်တုံးနံရံဆီမှာ လှလှပပ အရောင်လေးတွေအတိုင်း သော့အိမ်လေးတစ်ခုပုံစံဖြစ်နေပါပြီ။
“ဆန်းလိုက်တာ”
ဖိုးပလံ ရေရွတ်မိတယ်။ နောက်တော့ ဖိုးပလံရဲ့ ရွှေရောင်သော့လေးကို တပ်ပြီး လှည့်လိုက်တဲ့အခါ လှပတဲ့ ရောင်စဉ်တွေဖြာပြီး အလင်းတိုင်တွေထွက်လာတယ်။ အလင်းတိုင်တွေက သက်တံကြီးရဲ့ အရောင်တွေအတိုင်းပဲ၊ မရမ်းရောင်၊ အပြာရောင်၊ အပြာနု၊ အစိမ်း၊ အ၀ါ၊ လိမ္မော်ရောင် နဲ့ အပြင်ဘက်ဆုံးကအနီရောင်၊ ခမ်းနားလှပတဲ့ အလင်းတိုင်တွေနောက်က အမျိုးသမီးတစ်ယောက် ခုန်ထွက်လာပါတယ်။ အဲဒါ ... ခခ .. ခခပေါ့။
ခခ လို့ ဖိုးပလံ သိလိုက်ပေမဲ့ တကယ့် အမျိုးသမီးအရွယ်၊ အရွယ်ရောက်နေတဲ့ မိန်းမချော၊ မိန်းမလှလေးအရွယ်ပဲ၊ ဖိုးပလံလည်း သူ့ရဲ့လက်အစုံကိုဖြန့်ကြည့်လိုက်တယ်။ သူ ခရီးတွေထွက်လိုက်ရတာ အတော်အတန် အိုမင်းသွားခဲ့ပြီကိုး။

“ခခ .. နင် သိပ်လှတာပဲ” လို့ ဖိုးပလံ ခပ်မြန်မြန်ကြီး၊ အလန့်တကြားရေရွတ်လိုက်တော့ ခခ က ဟက်ဟက်ပက်ပက်ရယ်မောပါတယ်။ သူတို့ သက်တံအလင်းတိုင်တွေရဲ့ခြေရင်းမှာရောက်နေခဲ့ပြီ၊ အလင်းတိုင်တွေ ပေါ်ကို ခြေလှမ်းတစ်လှမ်းစီလှမ်းတက်ခဲ့ကြပါတယ်။ သူတို့ ပိုပိုပြီး အမြင့်ကို ရောက်လာတဲ့အခါ သူတို့လိုပဲ သက်တံကြီးပေါ်ကို လူတွေ အများကြီးပဲ တက်လာနေကြတယ်။ အထက်မှာ တက်နေကြတဲ့သူတွေ၊ အောက်ဘက်တွေမှာ အခုမှ လှမ်းတက်လာတဲ့ သူတွေ အများကြီးပါပဲ၊ အားလုံးက ပျော်ရွှင်နေကြပါတယ်။ အားလုံးပဲပြုံးရယ်နေကြတယ် ....
သုတ်ကနဲ တိုက်ခတ်လိုက်တဲ့ လေညှင်းလေးကလည်း အေးမြမြလေး၊ ဖိုးပလံတို့လည်း ကမ္ဘာတစ်ခုဆီကို တက်ရမယ့် လမ်းပေါ်ကိုရောက်လို့နေကြပြီ။       ။

စကော့ထ်စာရေးဆရာ၊ ကဗျာဆရာ George MacDonald ရဲ့ “The Golden Key”  ကို မှီငြမ်းထားပါတယ်။