Friday, August 31, 2012

မင်းနှစ်ပါး စီးချင်းထိုးခြင်း

မေမေပြောတဲ့ ပုံပြင်
တစ်ခါတော့ ကျွန်မတို့ မေမေက စစ်ဖြစ်လို့ ပြေးရ လွှားရတဲ့အခါ ပြည်သူပြည်သားများ ဆင်းရဲ ပင်ပန်းကြရတဲ့အကြောင်းတွေ ပြောရင်း ဟိုရှေးရှေးတုံးက မင်းနှစ်ပါး စီးချင်းထိုး ကြတဲ့အကြောင်းပြောပြပါတယ်။ ဗုဒ္မဘုရားရှင် ကိုယ်တော်တိုင်ကလဲ မင်းယောက်ျားများဟာ သေဘေးကြုံခဲ့ရင်တောင် လုံ့လ၀ီရိယမလျော့ရဘူး လို့ မဟာဇနက္ကဖြစ်စဉ်ကိုဟောပြီး ဆုံးမခဲ့ဖူးပါတယ်။ ဇနက္က၀တ္ထုကို ကျောင်းသားတိုင်း သိကြမှာပါ။  ခု မေမေပြောမယ့် ပုံပြင်ကလဲ ဇနက္ကမင်းသား အကြောင်းပါဘဲ။

မေမေက ပြောတယ်။

ဟိုရှေးရှေးတုံးခါက မိထိလာပြည်ကြီးမှာ ဇနက္ကမင်းကြီး မင်းပြုအုပ်ချုပ်နေတယ်တဲ့။ သူ့မှာ အရိဌဇနက္ကမင်းသား၊ ပေါလဇနကမင်းသားရယ်လို့ သားတော်နှစ်ပါး ရှိသတဲ့။ ရုတ်တရက် ခမည်းတော်မင်းကြီး နတ်ရွာ စံတော်မူရာမှာ ထီးနန်းအရိုက်အရာကို  ရွှေနန်းတော်ထုံးတမ်းနှင့်အညီ အကိုဖြစ်သူက ထီးမွေ နန်းမွေဆက်ခံရသတဲ့။

တစ်နေ့တော့ ညီတော် ပေါလ က ရွာနီးချုပ်စပ်ကနေ လူသူအင်အားစုရုံးပြီး နောင်တော်ကို လုပ်ကြံပုန်ကန်ခြားနားမယ် နန်းရပ်ထီးဖြူ လုယူမယ်ဆိုတဲ့ အကြံနဲ့ ချီတက်လာသတဲ့။  ဒီတော့ နောင်တော် အရိဌက တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ ကြင်နာ သနားတတ်သူဖြစ်လေတော့  “ကဲ ..ကောင်းပီညီတော်။ညီနောင်နှစ်ပါး ကိစ္စမှာ တိုင်းသူပြည်သားတွေ ဆင်းရဲ ပင်ပန်းမှု ကြောင့်ကျမှု မဖြစ်ပါစေနှင့်။ ငါတို့နှစ်ဦးချင်း သေသည်အထိ စီးချင်းထိုးကြမယ်။ မင်းနိုင်ရင် မင်းဘုရင်လုပ်။ ငါနိုင်ရင် ငါဘုရင်လုပ်မယ်။ ငါ့ပြည်သူ ပြည်သားတွေကို မြေဇာပင် အဖြစ်မခံ နိုင်ဘူး" လို့ ပြောပြီး နှစ်ဦးသဘောတူ မြို့ပြင်ထွက် စီးချင်းထိုးကြတာပေါ့။

{ဒီနေရာမှာ ကျွန်မတစ်ခုတွေးမိတယ်ရှင့်။ အော်..စီးချင်းထိုးတယ် ဆိုတာ ခုခေတ်မှ ပေါ်တာမဟုတ်ဖူး။ ဘုရားရှင် ဇနက္ကမင်းကြီးဘ၀မှာကတည်းက ရှိနေတာဘဲ လို့ပေါ့။ ဟုတ်တယ်လေ။ ကျွန်မက ဟောလိဝုဒ် ကလာတဲ့ သမိုင်းရာဇ၀င် ရုပ်ရှင်တွေမှာသာ  လှံရှည်ကြီးတွေနဲ့ သံချပ်ဝတ်စုံတွေနဲ့ မြင်းကြီးတွေစီးပြီး စီးချင်းထိုးကြတာမြင်ဖူးနေတာဆိုတော့။ ဥပမာ  အင်္ဂလန် ရာဇ၀င်မှာ ကင်းဂျွန်လို  ခရူးဆိတ်ဒါတွေ အိုင်ဗင်ဟိုး လို သူရဲကောင်းတွေ  ယောက်ျားပီပီ သူသေ ကိုယ်သေ နှစ်ဦးချင်း ချကြတာမျိုးပေါ့။
(ကျွန်မက အဲဒီကားတွေ ကြည့်ပီး ရောဘတ်တေလာကို စွဲနေတာ)

ဆရာကြီး ရွှေဥဒေါင်းဝတ္ထုတွေမှာလည်း နှစ်ဦးချင်း ကိုယ်သေသူသေ ယောက်ျားပီပီ စိန်ခေါ်ပြီး သေနပ်ချင်းယှဉ်ပစ်ခတ်ကြတာမျိုးတွေ တော်တော်များများ  ဘာသာပြန်ဝတ္ထုတွေမှာ ဖတ်ဖူးပါတယ်။ အဲဒါ တကယ့်ကို မွန်မြတ်တဲ့ စိတ်ဓါတ်ပါဘဲ။ ဘေးလူတွေ ထိခိုက်နစ်နာမှုမရှိတော့ဘူးပေါ့ မြန်မာရာဇ၀င်မှာလည်း ရှိပါလိမ့်မယ်။ မြန်မာရုပ်ရှင်ဒါရိုက်တာများက ရိုက်ကူးပြသသင့်တယ်လို့ ထင်တယ်။ }

ညီတော် နောင်တော် ပြိုင်ပွဲမှာ ကံနိမ့်တဲ့  နောင်တော် အရိဌ က ရှုံးနိမ့်သွားပါတယ်။ ကိုယ်ဝန်အရင့်အမာနှင့် ကျန်ရစ်တဲ့ မိဖုရားကြီးကို သူရှုံးနိမ့်ခဲ့ရင် စမ္ပါနဂိုလ်ပြည်က တက္ကသိုလ်ဆရာကြီး ဒီသာပါမောက္ခထံ ခိုလှုံနေထိုင်ဖို့ မှာထားခဲ့တော့ မိဖုရားကြီးက မင်းကြီးကျရှုံးသွာမှန်းလည်းသိရော တောင်းတစ်လုံးမှာ ပတ္တမြားစတဲ့ နန်းစဉ်လက်ဝတ်ရတနာ တစ်ချို့ထည့်၊ အပေါ်က ဟင်းသီးဟင်းရွက်ဖုံးလွှမ်းပြီး ဈေးသည်ဟန်ဆောင်လို့ အနောက်တံခါးကနေ မထင်မရှား ထွက်သွားရှာရော တဲ့။ မိဖုရားကိုယ်မှာ ဘုရားလောင်းဇနက္ကမင်းသားလေး သန္ဓေယူနေတာဆိုတော့ လမ်းခရီးမှာ အနှောင့်အယှက် အဟန့်အတားမရှိဘူး။ မြင်းရထားပေါ်တက်ရာမှာလည်း လှည်းခုံ ဟာ မြေသားနှင့်အညီ နှိမ့်ပေးတဲ့အတွက် အလွယ်တကူတက်နိုင်ပြီး တက္ကသိုလ်ပြည်ကို ရောက်ရှိသွားပါရော တဲ့။

မင်းသားလေးဖွားမြင်လို့ အရွယ်ရောက်လာတဲ့အခါ အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး မယ်တော်ကို မရမကမေးကြည့်တော့ အဖြစ်မှန်ကို သိသွားရောဆိုပါတော့။ သိလဲသိရော မိခင်ထံက လက်ဝတ်ရတနာတွေကိုတောင်း ထုခွဲ သင်္ဘောကြီးတစင်းတည်ဆောက်လို့ မိထ္ထီလာပြည်ကို ရှေ့ရှူ ထွက်လာခဲ့တာပေါ့။ လမ်းခရီးမှာ လေပြင်းမုန်တိုင်းမိတယ်။ သင်္ဘောနစ်တော့ သားစားရေသတ္တ၀ါတွေဘေးကလွတ်အောင်  ရွက်တိုင်ထိပ်ဖျားကနေ ခုန်ချတယ်။ ခုနှစ်ရက်တိုင်တိုင် လက်ပြစ်ကူးတယ်။ မဏိမေခလာနတ်သမီးက ကယ်တင်ပြီး မိထ္ထီလာနေပြည်ပန်းဥယျာဉ်ထဲက ကျောက်ဖျားပေါ်မှာ သွားသိပ်ထားတယ်။ မိထ္ထီလာနေပြည်မှာက ပေါလဇနက္ကမင်းကြီး နတ်ရွာစံသွားလို့ မင်းမဲ့ တိုင်းပြည်ဖြစ်နေုတော့ ဖုတ်သွင်းရထားလွှတ်တယ်။ ကျောက်ဖျာဆီဆိုက်သွားတယ်။ မင်းသားလေးကို မင်းမြောက်တန်ဆာငါးပါးနှင်းအပ်တယ်။ နှမတော် သီဝလီမင်းသမီးကို လက်ဆွဲပြီး နန်းတက်တယ်။ နောက် မကြာခင် ထီးနန်းကို စွန့် ခွာလို့ တောထွက်သွားတယ် တဲ့။

ဒီဇာတ်ကို မေမေပြောရာမှာ မေမေက ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတတ်တော့ ၇ရက်လောက် ဆက်ပြောရတာပါ့။ ဇာတ်က တော်တော်ရှည်ပါတယ်။ ဖုတ်သွင်းရထားလွှတ်ရတဲ့အကြောင်းကိုလဲ ရှင်းပြတယ်။ အမှန်ကတော့ သစ္စာအဓိဌာန်ပြု မြင်းကတဲ့လှည်းရထားမှာ မင်းမြောက်တန်ဆာငါးပါးတင်ပြီး မင်းလောင်းဆီ လွှတ်လိုက်တာပါဘဲ။ ကျွန်မတို့ ငယ်ငယ်ကလေ တကယ်ဘဲ ဖုတ်ကောင်ဝင်မောင်းတယ်ထင်လို့။ ကြောက်လိုက်ကြတာ မပြောပါနဲ့တော့။ ခုခေတ်များ အဲလို ဖုတ်သွင်းရထားရှိရင် သိပ်ကောင်းမှာဘဲ။ ပင်ပင်ပမ်းပမ်း ရွေးကောက်ပွဲတောင်  လုပ်ဖို့  မလိုတော့ဘူးနော။

Florist

Sunday, August 26, 2012

လက်ခုပ်တီးကြမယ် ... နော်

Special Thanks to my husband for sketch
ကျွန်မ နဲ့ သူ လက်ချင်းမြဲမြဲတွဲလို့ ဓါတ်ရထားမှတ်တိုင်ဆီ ခပ်သုတ်သုတ်လေး လျှောက်ခဲ့ကြပါတယ်။ နွေရာသီရဲ့ လက်ကျန် အငွေ့အသက်တွေက ပူနွေးတဲ့လေပြေထဲမှာ ပြေးလွှားနေကြတုန်းပဲ။ ကျွန်မတို့ကိုလည်း ထိတွေ့ တိုးဝှေ့သွားတာပေါ့။ နာရီကြည့်လိုက်တော့ ညနေ ၆ နာရီခွဲပြီး ၁၀မိနစ် တောင်ရှိလှပြီ။ ကျွန်မတို့သွားရမယ့် ပန်းချီပြပွဲ ဖွင့်ပွဲအချိန်က ၇နာရီမှာ စမှာ။ ဓါတ်ရထားစောင့်ရမယ့်အချိန်နည်းနည်းထည့်ပေါင်းရင်၊ လမ်းနည်းနည်းလျှောက်ရမယ့်အချိန်လေး ထည့်ပေါင်းရင် အချိန်တိတိကျကျရောက်ပါ့မလားပဲ။ ဟော … ကျွန်မတို့ စီးရမယ့် ဓါတ်ရထားနံပါတ် ၇ ကားဂိတ်ကို ရောက်လာခဲ့ပါပြီ။ ဓါတ်ရထားတံခါးအပွင့် အရောင်စုံလူကြီး၊ လူငယ်တချို့ ပလက်ဖောင်းပေါ် အပြေးအလွှား လျှံကျလာကြတယ်။ သုတ်ကနဲလျှံကျလာတဲ့လူတွေကို ရှောင်ကာတိမ်းကာနဲ့ ကျွန်မတို့ ဓါတ်ရထားပေါ်တက်လိုက်ကြပါတယ်။ မှတ်တိုင်တစ်တိုင်စာပဲစီးရမှာဆိုတော့လည်း နေရာရပေမယ့် ထိုင်မနေကြတော့ဘူး။ ဆာဗာမြစ်ကို ဖြတ်ပြီး တစ်ဘက် ကလဲမက်ဒန်ခံတပ်ဘေးက မှတ်တိုင်မှာရပ်ရင်ဆင်းရမယ်။ လမ်းနည်းနည်းလျှောက်လိုက်ရင် ကလဲမက်ဒန်ခံတပ်ပန်းခြံဘေးနားက ပြခန်းကျဉ်းလေးဆီကို ရောက်မယ်။ အဲဒီမှာပေါ့ ကျွန်မတို့ ၇ နာရီအရောက်သွားရမယ့် ပြပွဲဖွင့်ပွဲလေးလေ။


ဒီလိုနဲ့ ကျွန်မတို့ရဲ့ ခြေလှမ်းတွေကို ပိုလို့ ခပ်သွက်သွက်လေးလျှောက်လာလိုက်ကြတာ ပြပွဲစချိန် ၇ နာရီ ကျော် ပြီး ၅ မိနစ်လောက်မှာ ပြခန်းရှေ့ကို ရောက်ခဲ့ကြပြီ။ ပြခန်းကျဉ်းကျဉ်းလေးရဲ့ ရှေ့အပြင်ဘက် ပလက်ဖောင်းပေါ်မှာတောင် အမျိုးသမီး အမျိုးသား လူကြီးတချို့ ရပ်နေကြပါတယ်။ ကျွန်မတို့ ပြခန်းလေးရှေ့ တံခါးမနားမှာပဲ ခြေလှမ်းတွေ တုံ့ကနဲ ရပ်လိုက်ကြတယ်။ အတွင်းကို သူက လှမ်းမျှော်ကြည့်ပါတယ်။ ကာထားတဲ့ နံရံမှန်သားတွေဖြတ်ပြီး အတွင်းက လူတွေကို ရိုးတိုးရိုးတိတ်လှမ်းမြင်နေရတာပေါ့။ အတွင်းမှာ လူတွေပြည့်နေတော့တာကိုး။ ပန်းချီပြပွဲက ကျွန်မတို့နှစ်ယောက်မင်္ဂလာပွဲမှာ အပျိုရံလုပ်တဲ့ ပန်းချီဆရာမ မီရီယာနာ ရဲ့ တစ်ကိုယ်တော်ပြပွဲပါ။ ပန်းချီကားတွေကို အဓိပ္ပါယ်ဖော်ကြည့်ရတာ၊ အရောင်အတွဲအစပ်တွေကို ငေးမောရတာ သဘောကျပါတယ်။ ဒါပေမဲ့ ပန်းချီပြပွဲတွေရဲ့ ဖွင့်ပွဲအခမ်းအနားတွေကိုတော့ ကျွန်မက ပျင်းရိတတ်သေးတယ်။ ကျွန်မတော့ ကျဉ်းမြောင်းလှတဲ့အခန်းလေးထဲ နောက်ထပ်နေရာလွတ်မရှိတော့တာကိုပဲ တိတ်တိတ်လေး သဘောတွေ့နေခဲ့တော့တယ်။

“မီရီယာနာ စကားပြောနေပြီ”
 သူက ခပ်တိုးတိုးပြောပါတယ်။

“ဟိုမှာ တွေ့လား။ လက်ပြနေတယ်”
တဲ့။

ကျွန်မ သေသေချာချာ စူးစိုက်ကြည့်လိုက်တော့မှ မီရီယာနာလက်ပြနေတာကို မြင်လိုက်ပါတယ်။ ခဏပါပဲ ဖွင့်ပွဲအမှာစကားပြောပြီးသွားပါပေါ့။ အတွင်းက လက်ခုပ်သံတချို့ ကြားလိုက်ရတယ်။ ကျွန်မလည်း ပြခန်းအပြင်ကနေ လက်ခုပ်တီးတာပေါ့။ သူက ကျွန်မကို လှည့်ကြည့်ပါလေရော။ ဘာဖြစ်သေးလည်းနော်။ လက်ခုပ်တီးဟာ ပန်းချီဆရာမကို ချီးမြှောက်တာပဲဟာ။ ချီးမွန်းဖို့၊ လက်ခုပ်တီးပေးဖို့က တွန့်ဆုတ်တုံ့နှေးမနေသင့်ပါဘူးလေ၊ မဟုတ်ဘူးလား။ လူတချို့ ပြခန်းအပြင်ကို ထွက်လာကြတယ်။ တစ်ယောက် နှစ်ယောက် သုံးယောက်၊ ဆက်တိုက်ပါပဲ။ ကျွန်မတို့လည်း လူတန်းကြီးကို ခွင့်တောင်းပြီးအခန်းလေးထဲ လှမ်းဝင်လိုက်ကြပါတယ်။ ကျွန်မတို့နဲ့အတူ အနောက်ကနေ ကပ်ပါလာကြတဲ့ ပန်းချီပြပွဲလာသူတွေလည်း ရှိနေသေးတယ်။ ဒါပေမဲ့ သူတို့တွေက နံရံမှာချိတ်ထားတဲ့ ပန်းချီကားတွေဆီကို အာရုံရဟန်မတူကြဘူး။ ပြခန်းလေးရဲ့အတွင်းဘက် ဘယ်ဘက်ခြမ်းလေးမှာရှိနေတဲ့ ကောင်တာဆီကိုပဲ ဦးတည်နေကြတယ်။ ကျွန်မကြည့်လိုက်တော့ အဲဒီကောင်တာလေးဟာ အချိုရည်၊ ကော်ဖီ တစ်ခါသုံး ခွက်လေးတွေ အစီအရီချထားတဲ့နေရာလေးပေါ့။ သူတို့ အချိုရည်ခွက်လေးတွေ၊ ကော်ဖီခွက်လေးတွေ ကောက်ကိုင်ကြတယ်။ ပြီးရင်တော့ အချိုအခါး အရသာတွေနဲ့ ပန်းချီကားကို တွဲဖက်ပြီး မြည်းကြတော့မယ်ပေါ့။ ကျွန်မ ထင်တာမှားသွားခဲ့ပါတယ်။ သူတို့ ခွက်လေးတွေ ကိုယ်စီကိုင်လို့ ပြခန်းအပြင်ဘက် ပလက်ဖောင်းဆီကိုပဲ ပြန်ပြီးထွက်ခွာသွားကြတယ်။

သူကတောင်မှ “ကော်ဖီလား၊ အချိုရည်လား ဟင်” တဲ့။
အို .. ပန်းချီကားကိုဖြင့် အရင် ကြည့်ပါဦးလား။

“ပန်းချီကား ကြည့်ပါရစေဦး”
နှုတ်ကပြောလိုက်ပေမယ့် လက်ကတော့ဖြင့် အယောင်ယောင်အမှားမှား ကော်ဖီခွက်လေးတစ်ခွက် ယူမိရက်သားပေါ့။
သူ့ရဲ့ မျက်နှာပေးက ပြုံးစိစိနဲ့။

ကျွန်မ ကော်ဖီခါးတစ်ခွက်ကို တစ်ကျိုက်သောက်ပြီး ပန်းချီကားတွေကို ကြည့်ပါတယ်။ ပန်းချီကားတွေမှာ လိမ္မော်ရောင်၊ အ၀ါနဲ့ အစိမ်းရောင်တွေများများခြယ်မှုန်းထားတယ်။ Abstract ပန်းချီကားတွေ၊ ကျွန်မတစ်သက်စာ ဘယ်တော့မှ လိုက်လို့မမှီနိုင်တဲ့ အရာတွေပေါ့။ ကျွန်မ ဘယ်လိုကြည့်ကြည့် နားမလည်နိုင်ပါဘူး။ နားမလည်နိုင်ပေမယ့်လည်း ပန်းချီပြပွဲကို ရောက်လာခဲ့မှတော့ ပန်းချီကားဖန်တီးရှင်ကို အလေးထားတဲ့သဘောနဲ့ ပန်းချီကားတွေကို ကြည့်ပါတယ်။ ပန်းချီကားကို ငဲ့စောင်းမကြည့်ကြတဲ့သူတွေကပဲ ဟန်ဆောင်မှု ကင်းတာလား၊ ကျွန်မကပဲ ဟန်ဆောင်မှု မကင်းတာလား။ ပန်းချီကားတွေခြယ်မှုန်းရတဲ့ အားထုတ်မှုကို ကျွန်မ သိထားတယ်လေ။ မီရီယာနာ ရဲ့ ကြိုးပမ်းအားထုတ်မှုကို အားပေးချင်တဲ့သဘောဆိုတာ ကျွန်မ ကိုယ်တိုင်နားလည်ပါတယ်။

ကျွန်မတို့ မီရီယာနာနဲ့ သူမ ရဲ့ ပန်းချီကားရှေ့မှာ ဓါတ်ပုံတွဲရိုက်ကြပါတယ်။ ခဏနေတော့ ကျွန်မတို့လည်း မီရီယာနာ နဲ့ ပန်းချီပြခန်းလေးကို နှုတ်ဆက်လိုက်ကြတယ်။ ဒီနေ့က လကုန်ရက် ကျွန်မတို့ ရုပ်ရှင်ကြည့်နေကြနေ့ရက်ပေါ့။ ၈နာရီခွဲ အူးစ်ချက်စင်တာမှာပြမယ့် လင်းနို့လူသားရုပ်ရှင် သွားကြည့်ကြမှာပါ။ ကလဲမက်ဒန်ပန်းခြံထဲက လမ်းလေးအတိုင်းလမ်းလျှောက်ခဲ့ကြပါတယ်။ ပန်းခြံထဲ လမ်းလေးရဲ့ ဘယ်ညာ တစ်ဘက်တစ်ချက်က သစ်ပင်စိမ်းစိမ်း၊ ပန်းပွင့်ရောင်စုံတို့ဟာ ပန်းခြံထဲ ဖြတ်သန်းသွားလာသူတွေရဲ့ စိတ်နှလုံးကို ရွှင်မြူးစေကြတယ်။ အချိန်တော့ရနေသေးတာမို့ ကျွန်မတို့ ခုံတန်းစိမ်းစိမ်းလေးမှာ ခဏထိုင်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ခုံတန်းလေးမှာ ထိုင်ရင်း ပန်းခြံထဲ စီးမြောလာတဲ့ လူတွေကို ငေးကြည့်မိတယ်။ နောက်ဘက်နားက ကြားလိုက်ရတဲ့ သီချင်းသံရယ်။ မြူးမြူးသွက်သွက် ရှိလွန်းလှပါရဲ့။ ကျွန်မတို့ ရှေ့က ခုံတန်းလေးမှာ ဆံပင်ရွှေညိုရောင် မိန်းကလေးနှစ်ဦးဟာ တွန်းတွန်းတိုက်တိုက်နဲ့၊ ခိုးခိုးခစ်ခစ်ရယ်မောလို့။ သီချင်းသံထွက်ပေါ်လာရာဆီကို မကြာခဏကြည့်ကြတယ်။ သူတို့အချင်းချင်း တွတ်တီးတွတ်တာ ပြောကြပါတယ်။ ရယ်သံလေးတွေက ချိုချိုလွင်လွင်လေးတွေရယ်။ ကျွန်မလည်း သီချင်းသံကို နားထောင်နေရင်းနဲ့ ချစ်စရာ မိန်းကလေးတွေရဲ့ မြူးကြွရွှင်ပျလှတဲ့ ဟန်ပန်လေးတွေကို သဘောကျစွာ ငေးမောနေလိုက်တယ်။ ပန်းခြံထဲမှာ အရာအားလုံးဟာ နူးညံ့စွာ၊ အသက်ဝင်စွာ။ လှပနေတဲ့ အဲဒီတစ်ခဏလေးမှာ ကျွန်မ စိတ်တွေလည်း လန်းဆန်းနေခဲ့ပါတယ်။

ဟော .. နောက်ဘက်ဆီက သီချင်းသံက တဖြည်းဖြည်းပိုလို့ နီးကပ်လာခဲ့ပြီ။ သီချင်းသံတွေဟာ ကျွန်မတို့ခုံတန်းလေးကို ဖြတ်ပြီး ရှေ့ကခိုးခိုးခစ်ခစ်မလေး နှစ်ယောက်ဘေးက ခုံတန်းမှာ ရပ်သွားပါတယ်။ သီချင်းဆိုနေကြတဲ့ လူငယ်လေးနှစ်ယောက်ပေါ့။ လူငယ်လေးတစ်ယောက်က ဂစ်တာတီးလျှက်သား။ နောက်လူငယ်လေးက ခရီးဆောင်အိတ်ကြီးတစ်အိတ်ကို လွယ်လျက်သား၊ တစ်အိတ်က လက်ထဲမှာ ကိုင်ရပ်သား၊ အိတ်တွေကို ခုံတန်းရှေ့မှာ ဘုတ်ကနဲ ပစ်ချလိုက်ပါတယ်။ သီချင်းဆိုလျက်ပါပဲ။ သူတို့သီဆိုနေကြတဲ့ ဘာသာစကားကို ကျွန်မနားမလည်ပါဘူး။ သူကတော့ ပြောရဲ့၊ ပိုလန်စကားဖြစ်မယ်ထင်တယ် တဲ့။ သူလည်း ပိုလန်စကားမတတ်သူမို့ သေချာမပြောနိုင်ပေမယ့် လေသံကတော်တော်ဆင်တယ်တဲ့။ ခရီးသွားလူငယ်လေးတွေပေါ့။ tour bus ကို စောင့်တာဖြစ်မယ်တဲ့။ tour bus တွေနဲ့ လာကြတဲ့ ခရီးသွားတွေဟာ ပန်းခြံလို၊ ရင်ပြင်လိုနေရာမျိုးကို စုရပ်အဖြစ်ရွေးချယ်တတ်ကြတယ် လို့  သူ က ပြောပါတယ်။

သီချင်းတစ်ပုဒ်အဆုံးမှာ ဂစ်တာတီးလူငယ်လေးက ဂစ်တာသံစမ်းတယ်။ သူတို့ရဲ့အကြည့်က ဘေးက ခိုးခိုးခစ်ခစ်မလေးတွေဆီမှာ။ တစ်ချက်တစ်ချက်စကားလှမ်းပြောလိုက်တယ်ထင်ရဲ့၊ မိန်းကလေးတွေဆီက ရယ်သံလေးတွေထပ်ပြီး ကြားလိုက်ရတယ်။ ဒါပေမဲ့ မိန်းကလေးတွေက အဲဒီခုံတန်းလေးကနေ ထွက်ခွာဖို့ပြင်ကြတော့တယ်။ လူငယ်လေးနှစ်ယောက်တော့ ခေါင်းလှုပ်၊ ခြေလှုပ်နဲ့ ကျန်ခဲ့ပါတော့တယ်။ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ နောက်ထပ်တစ်ပုဒ်သီဆိုဖို့ စကြတယ်။ အင်္ဂလိပ်သီချင်းတစ်ပုဒ်ဆိုပါတယ်။ “ဒီအချိန်ဟာ ဘဲလ်ဂရိတ်မှာ ရှိနေကြဖို့ပါ။ ငါတို့ ဘဲလ်ဂရိတ်ကို သဘောကျတယ်။ ငါတို့ ဘဲလ်ဂရိတ်ကို ချစ်ပါတယ်” တဲ့။ သီချင်းဆိုတဲ့ လူငယ်လေးဟာထိုင်လျက် ဆိုနေရာက စိတ်ပါလက်ပါနဲ့ပဲ၊ နေရာကထလို့၊ ကခုန်တော့မလိုပဲ။ တီးခတ်နေတဲ့လူငယ်လေးကလည်း တဟားဟားရယ်မောလို့။ သီချင်းသံဟာ တော်တော်လေးနားထောင်ကောင်းလှတယ်။ ဆိုတဲ့သူဟာ အလွတ်လပ်ဆုံးစိတ်နှလုံးနဲ့ စိတ်ပါလက်ပါသီဆိုတယ်။ တီးတဲ့သူကလည်း ပေါ့ပါးသွက်လက်စွာ တီးခတ်ပေးပါတယ်။ ပန်းပွင့်ရောင်စုံ၊ သစ်ရွက်စိမ်းစိမ်းတွေနဲ့ လန်းဆန်းလှပနေတဲ့ ပန်းခြံလေးဟာ သီချင်းသံတွေနဲ့ ပိုပြီး ပြည့်စုံသွားတော့တယ်။

အနီးအနား ခုံတန်းမှာ ပူးကပ်စွာထိုင်နေကြတဲ့ စုံတွဲလေးကလည်း သီချင်းသံဆီ ပါဝင်စီးမြောလာကြတယ်။ ယောက်ျားလေးက ခေါင်းကိုဆတ်ကနဲ၊ ဆတ်ကနဲ လှုပ်လို့ စည်းချက်လိုက်ပါတယ်။ သီချင်းတစ်ပုဒ်ပြီးသွားပါပြီ။ နောက်ထပ်တစ်ပုဒ် ဆက်ပြီး ဆိုကြဖို့ ပြင်ပါတယ်။ ကျွန်မ မျက်တောင်မခတ်တမ်း ငေးမောနေတာကိုသိလို့ပဲလား။ "သူက သွားကြရအောင်"တဲ့ ပြောလာပါတယ်။ ဟင့်အင်း .. နောက်ထပ်တစ်ပုဒ်နားထောင်ပါရစေဦး။ သူတို့ သီချင်းတစ်ပုဒ်စတင်သီဆိုတီးခတ်မယ့်အချိန်မှာ ကျောခိုင်းထွက်မသွားချင်ပါဘူး။ အနည်းဆုံးတော့ သူတို့ရဲ့ ပေါ့ပါးလွတ်လပ်တဲ့၊ ဘယ်သူ့ကိုမှအနှောင့်အယှက်မပေးတဲ့ ပျော်ရွှင်မှုလေးကို မျှဝေခံစားပါရစေဦး။

“ဒီတစ်ပုဒ်ပြီးရင် သွားကြမယ်။ နော်၊ ပြီးရင် ကိုယ်တို့ လက်ခုပ်တီးပေးကြရအောင်နော်”
ကျွန်မ သူ့ကို တောင်းဆိုလိုက်တယ်။

သူက တွန့်ဆုတ်စွာ ပြောပါတယ်။
 “ဟာ .. မဖြစ်ဘူးထင်တယ်၊ သူတို့ပုံစံက အလန်းအသွက်လေးတွေ၊ တော်ကြာစကားလာပြောနေမှဖြင့်”

သ၀န်တိုချင်နေသေးတာများလား။ ကျွန်မအတွက်က မြူးကြွတဲ့ဂီတ၊ သီချင်းသံနဲ့ ပေါ့ပါးလွတ်လပ်တဲ့ဟန်ပန်လေးတွေကို သဘောကျမိရုံပါပဲ။

နောက်ထပ် သီချင်းတစ်ပုဒ်ကလည်း စည်းချက်ကျကျနားထောင်ကောင်းလှတယ်။ ဂီတာလက်သံဟာ အပျော်တမ်းဂီတာလက်သံထက်ပိုပြီး ကျွမ်းကျင်ပိုင်နိုင်တယ်ဆိုတာ ကျွန်မသတိထားမိပါတယ်။ သီချင်းဆိုတဲ့လူငယ်လေးရဲ့ အသံကလည်း အက်ရှရှနဲ့ အောင်မြင်တဲ့အသံမျိုးပဲ။ သီချင်းပြီးတော့မယ်။ ကျွန်မ သူ့ကို သတိပေးလိုက်တယ်။ လက်ခုပ်တီးကြမယ်နော် လို့။

သီချင်းသံအဆုံးမှာတော့ ကျွန်မ အားရပါးရပဲ လက်ခုပ်တီးလိုက်ပါတယ်။ သူကလည်း ကျွန်မနဲ့အတူတူ စိတ်ပါလက်ပါ လက်ခုပ်တီးရှာတယ်။ လူငယ်လေးနှစ်ယောက် ကျွန်မတို့ကို အံ့အားသင့်စွာ ပြိုင်တူလှည့်ကြည့်ကြတယ်။

“အိုး … ကျေးဇူးတင်လိုက်တာ။ ကျေးဇူး၊ ကျေးဇူး”
ကျွန်မတို့ လက်ခုပ်တီးလျှက်သား နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလိုက်ကြပါတယ်။ ဘေးနားက စုံတွဲကပေါ့။ ယောက်ျားလေးက “ဘရာဗို” “ဘရာဗို” လို့ အော်လိုက်တယ်။ လူငယ်လေးတွေ လှည့်အကြည့်မှာ သူတို့စုံတွဲကလည်း “thumb up” လုပ်ကြတယ်။ လူငယ်လေးတွေရဲ့ မျက်နှာမှာ အပျော်တွေနဲ့ ၀င်းလက်သွားကြပါတယ်။

ချီးမွန်းဖို့၊ လက်ခုပ်တီးပေးဖို့က တွန့်ဆုတ်တုံ့နှေးမနေသင့်ပါဘူးလေ .. နော်။
တစ်ခဏလေးအကြာ … လက်ခုပ်သံတွေရပ်တန့်ပြီးတဲ့ အခါ၊ ကျွန်မတို့ ခုံတန်းလေးဆီကနေ ထွက်ခွာခဲ့ကြတယ်။

“Good Bye” လို့ သူတို့က နှုတ်ဆက်ပါတယ်။

“Good Bye၊ လမ်းခရီးတစ်လျှောက်ပျော်ရွှင်ချမ်းမြေ့ပါစေ”
ကျွန်မတို့ ဆုတောင်းပေးလိုက်ကြတယ်။

လမ်းလျှောက်လာရင်း သူ့ရဲ့ မျက်နှာကို မော့ကြည့်လိုက်တော့ …  သူ့ရဲ့မျက်နှာမှာ ပီတိအပြုံးတွေနဲ့ရယ်။
အဲဒီတစ်ညနေမှာပေါ့၊ ကျွန်မတို့တစ်တွေ လက်ခုပ်သံလေးတွေကြောင့် ၀မ်းမြောက်ဝမ်းသာ ပြုံးပျော်ခဲ့ကြလေရဲ့။ ရှေ့လျှောက် မတုံ့နှေးတဲ့အဟုန်နဲ့ လက်ခုပ်သံလေးတွေ ဖန်တီးပစ်လိုက်ဖို့လည်း ကျွန်မ တွေးထားလိုက်သေးတယ်။       ။

Saturday, August 25, 2012

သွေးဆာတဲ့ဘုရင်"ဒရက်ကူလာ" ရဲ့ မြို့တော်ဆီ (အပိုင်း ၁)

ရန်သူတွေကို သတ်ဖြတ်တဲ့အခါ တံစို့ နဲ့
ခံတွင်းကနေ အဆုံးထိ ထိုးသတ်တတ်သူ
ရက်စက်တဲ့ စစ်သူကြီး ဒရက်ကူလာ (Vlad Ţepeș)
ထိတ်လန့်သည်းဖိုအဖြစ်အပျက်တွေကို စိတ်ဝင်တစားရှိတတ်ကြတဲ့ လူတွေဟာ ကမ္ဘာကြီးရဲ့ တစ်နေရာရာက ချောက်ချားစရာအဖြစ်အပျက်တွေကို သိလိုလှပါတယ်။ အဲဒီထိတ်လန့်စရာတွေကို အမြဲတသသ အမှတ်ရနေတတ်ကြတယ်။ အဲဒီလိုလူတွေထဲက တစ်ယောက်ကတော့ ထိတ်လန့်သည်းဖိုဇာတ်လမ်း ရေးသားမှုမှာ ထူးခြားတဲ့ပါရမီရှိသူ ဘရမ်စတိုကာပါ။ သူအမြဲ စိတ်စွဲလမ်း၊ ဥာဏ်ကွန့်မြူးနေတတ်တဲ့ ထရန်ဆေးလ်ဗေးနီးယားဒေသရဲ့ သဘာဝပတ်ဝန်းကျင်အနေအထားကို စာထဲမှာ ပုံဖော်တယ်။ ထရန်ဆေးလ်ဗေးနီးယားဒေသက ရိုမေးနီးယန်းလူမျိုးတွေရဲ့ ကြမ်းကြုတ်ရက်စက်လှတဲ့ စစ်ဗိုလ်ချုပ်ကြီး၊ တစ်ဘက်က တိုင်းပြည်ချစ်တဲ့ သူရဲကောင်း၊ ဘရန်းရဲတိုက်ပိုင်ရှင် ဒရက်ကူလာရဲ့ ဇာတ်ကောင်စရိုက်ကို စာထဲမှာ ဖန်တီးလိုက်တယ်။ ဥရောပရှေးရိုးစဉ်လာ ဒဏ္ဍာရီပုံပြင်တွေထဲက သွေးစုပ်ဖုတ်ကောင်တွေအကြောင်းကို နှစ်ပေါင်းများစွာ သူ .. သုသေသနပြုခဲ့ပါတယ်။ အဲဒီနယ်မြေဒေသတွေမှာ တကယ့်အဖြစ်အပျက်လိုလိုပြောဆိုနေကြတဲ့ သွေးစုတ်ဖုတ်ကောင်ရဲ့ ... အစွယ်ပြူးပြူးနဲ့ လည်ပင်းကို ကိုက်ဖောက်သွေးစုပ်တတ်တာ၊ ကြက်သွန်ဖြူကို ကြောက်ရွံ့တာ၊ လင်းနို့တစ်ကောင်နဲ့ ဆက်နွယ်မှုရှိနေတာ၊ ရုပ်အလောင်းရဲ့ ရင်ဝကို စို့နဲ့ ထိုးစိုက်မှ တသက်စာ သေဆုံးနိုင်တာ စတဲ့ ဒဏ္ဏာရီတွေနဲ့ ပေါင်းစပ်ဖန်တီးပြီး သွေးစုပ်ဖုတ်ကောင် ဒရက်ကူလာ အဖြစ် ဘရမ်စတိုကာ သရုပ်ဖော်ခဲ့ပါတယ်။ ဒဏ္ဏာရီတွေကို တကယ့်အဖြစ်အပျက်လိုပဲ အောင်မြင်စွာဖန်တီးနိုင်ခဲ့တယ်။ “ဒရက်ကူလာ”ဟာ “သွေးစုပ်ဖုတ်ကောင်”၊ “သွေးစုပ်ဖုတ်ကောင်” ဟာ “ဒရက်ကူလာ” လို့ တစ်သားတည်းကျသွားတဲ့အထိ ဘရမ်စတိုကာ ရဲ့ ဖန်တီးနိုင်စွမ်းက ကြီးကျယ်ခဲ့ပါတယ်။
သွေးစုပ်ဖုတ်ကောင် ဒရက်ကူလာကို ဖန်တီးသူ
ဘရမ်စတိုကာ (Bram Stoker)
ဟိုး .. ငယ်ငယ်တုန်းက ပျဉ်းမနားက တပေါင်း ဘုရားပွဲမှာပေါ့၊ ပိတ်ကားဖြူဖြူမှာ ၃ ကားပေါင်း  ပြတဲ့ရုပ်ရှင်ကားတွေကို ကျွန်မ ဖေဖေနဲ့ သွားကြည့်ခဲ့ဖူးတယ်။ အဲဒီထဲက ဒရက်ကူလာရုပ်ရှင်ကားဟာ ကျွန်မကို ချောက်လှန့်နေလိုက်တာများ။
အိမ်ကို ပြန်လာတော့ ဒရက်ကူလာထွက်လာလေမလား ဟိုဟိုဒီဒီမျက်စိရှင်အောင်ထားပြီး မျက်စိအစွမ်းကုန်ပြူးပြီး ကြည့်ခဲ့ရသေးတာ။ ကြောက်လန့်စရာကောင်းလှတဲ့ ဒရက်ကူလာရန်က ကာကွယ်နိုင်အောင် ကျွန်မ ဖေဖေကို ခရောစ့်(လက်ဝါးကပ်တိုင်)လေး ဆောင်ထားချင်တယ်လို့ ပူဆာမိခဲ့တဲ့အထိပါပဲ။ ကျွန်မရဲ့ ဖေဖေက ကျွန်မ စိတ်ကျေနပ်အောင် “အေး အေး၊ အဖေ လုပ်ပေးမယ်” ဆိုပြီး ငွေခရောစ့်လေး နဲ့ ငွေဆွဲကြိုးလေး လုပ်ပေးခဲ့ပါတယ်။ ကျွန်မမှာ အဲဒီ ခရောစ့်လေးရှိနေတာနဲ့ပဲ ဒရက်ကူလာ ရန်က လွတ်နိုင်ပြီးဆိုပြီး စိတ်ထဲမှာ လုံခြုံသွားခဲ့ဖူးတယ်။ အသက်ကြီးလာလို့ စာတွေ ရှာဖွေဖတ်ဖြစ်ခဲ့တော့ ဒရက်ကူလာဟာ ဒဏ္ဏာရီတစ်ခုပဲ ဆိုတာ သိသွားခဲ့ပြီ။ ဒါပေမဲ့လည်း ရွှေ handchain လေး ဖေဖေ ၀ယ်ပေးလာတော့ ငယ်ငယ်တုန်းကလိုပဲ ဖေဖေ့ကို ပူဆာမိခဲ့တာပါပဲ။ ခရောစ့်လေးလည်း ဆက်ပြီး တပ်ထားခဲ့သေးတာပဲ။ သူငယ်ချင်းတွေက “ခရစ်ယာန်လားဟင်” လို့ မေးလာကြတဲ့အခါ “ဒရက်ကူလာရန်ကြောက်လို့လေ။ သူ့ကို ကာကွယ်နိုင်အောင် ဖေဖေ့ပေးထားတဲ့အဆောင်ပေါ့” လို့ ခပ်နောက်နောက် ပြန်ပြောတတ်ခဲ့တယ်။ အဲဒီလောက်တောင် ဒရက်ကူလာရဲ့ ဖမ်းစားမှုက ကျွန်မမှာ သိပ်သည်းပြင်းထန်လို့ နေခဲ့ပါပေါ့။ ဒရက်ကူလာ .. ကောင့်ဒရက်ကူလာဆိုတဲ့ နာမည်၊ ထရန်ဆေးလ်ဗေးနီးယားဆိုတဲ့ နာမည်၊ အဲဒီနာမည်တွေ ခပ်တိုးတိုး ရွတ်ဆိုမိတိုင်း၊ ဘရမ်စတိုကာ ရဲ့ ဒရက်ကူလာရုပ်ရှင်ထဲက မြင်းရထားတစ်စီး မှောင်နဲ့မည်းမည်း ညတစ်ညမှာ တကျွီကျွီ တဂျစ်ဂျစ် မြည်သံတွေနဲ့ ရဲတိုက်ကြီးဆီ ချဉ်းကပ်လာတဲ့ဇာတ်ဝင်ခန်းတွေ၊ အဲဒီပုံရိပ်တွေကို မျက်စိထဲပြန်မြင်ယောင်တိုင်း ငယ်ငယ်တုန်းကလိုပဲ အသည်းတထိတ်ထိတ် လန့်ဖျတ်ရတုန်းပါပဲ။

အဲဒီလိုနဲ့ပဲ နွေရာသီ အားလပ်ရက်တွေမှာ ကျွန်မ ရောက်နေတဲ့ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ကနေ ၁၀၀၀ ကီလိုမီတာ ၀န်းကျင် အကွာမှာ ရှိတဲ့ အိမ်နီးချင်း “ရိုမေးနီးယား”ကို ၄ ရက်ခရီး tour တစ်ခုနဲ့ သွားဖြစ်ခဲ့ပါတယ်။ ထိတ်လန့်ချောက်ချားခဲ့ရသလို၊ စိတ်လှုပ်ရှားစရာ ဖမ်းစားနိုင်လွန်းတဲ့ အဲဒီ ဒရက်ကူလာမြေကို သွားခဲ့ရတာမို့ ကျွန်မ တော်တော်လေးပျော်ရွှင်ခဲ့ရပါတယ်။

ဘတ်စ်ကားပေါ်က ပထမည
(ဘဲလ်ဂရိတ်)

ကျွန်မတို့ ညနေ ၆ နာရီ ၁၅လောက်မှာ ဘတ်စ်ကားဂိတ်ကို အရောက်သွားကြတယ်။ ဂရိ၊ ခရိုအေးရှား၊ မွန်တီနီဂရိုး အစရှိသဖြင့် နိုင်ငံတွေကို သွားတဲ့ ဘတ်စ်ကားတွေရဲ့ စုရပ်ဟာ ဆာဗာစင်တာအနောက်မှာပါ။ အဲဒီနေရာက ကားရပ်နားတဲ့နေရာ ကျယ်ပြန့်ပြီး ကားရပ်နားခွန် မပေးရတဲ့ နေရာပါ။ ခရီးသွားဘတ်စ်ကားတွေအားလုံး ရပ်နားကြပါတယ်။ အိမ်နဲ့ နီးနီးလေးပဲမို့ ခရီးစမှာက ၇ နာရီဆိုပေမယ့် ကျွန်မတို့ အိမ်ကနေ သိပ်အစောကြီး မထွက်ခဲ့ကြပါဘူး။ ဘတ်စ်ကားဂိတ်ကို ရောက်တော့ ကားဂိတ်မှာ ခရီးသွားကြမယ့် လူကြီး လူငယ်လူရွယ်၊ ကလေးပိစိလေးတွေပါ အစုလိုက်လေးတွေ တွေ့နေရပါပြီ။ ကားပေါ်မှာ ခေါင်းတင်နိုင်မယ့် လေမှုတ်ခေါင်းအုံးလေးတွေ လိုက်ရောင်းနေတာလည်း တွေ့လိုက်သေးရဲ့။ ၇ နာရီ ထိုးဖို့ ၁၅ မိနစ်လောက်အလိုမှာ tour guide အမျိုးသမီးက ကျွန်မတို့ ခရီးသွားဧည့်သည်တွေဆီက ငွေသွင်းထားတဲ့ဘောက်ချာစာအုပ်လေးတွေကိုတောင်းပါတယ်။ စာရင်းစာအုပ်မှာ ဖြည့်ပါတယ်။ ပြီးတော့ ကျွန်မတို့ ကားပေါ်တက်ကြတယ်။ ခရီးစကြဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့ ၇ နာရီတိတိမှာ ကား စပြီး ထွက်ပါတယ်။ tour က ပေးထားတဲ့ စာရွက်လေးတွေမှာ ကြည့်တော့ ပထမဆုံးသွားမှာက ရိုမေးနီးယားနိုင်ငံထဲက ဆီဂီရွှားရား(Sigişoara)မြို့ကိုပါ။ ဘဲလ်ဂရိတ်ကနေ ရိုးမေးနီးယားကို အသွားလမ်းမှာ တဲမစ်ရွှားရား(Timişoara) - ဒဲဗာ(Deva) - ဆီဘီယူ(Sibiu) မြို့တွေကို ဖြတ်မယ်တဲ့။ ပြီးမှ ဆီဂီရွှားရားမြို့ကိုရောက်မှာပါ။ tour ဂိုက်က တစ်ချိန်လုံး ခရီးစဉ်အကြောင်း ရှင်းပြနေခဲ့ပါတယ်။ ဘဲလ်ဂရိတ်ကနေ ၂ နာရီလောက်အကြာပဲ ကျွန်မစိတ်ထဲ ဘယ်လောက်မှ မကြာလိုက်သလိုပါပဲ။ ရိုမေးနီးယားနယ်စပ်ကို ရောက်ပြီ လို့ပြောပါတယ်။ နယ်စပ်ဂိတ်မှာ ဆားဘီးယားအထွက်ဘက်က ဂိတ်ရယ်၊ ရိုမေးနီးယားအ၀င် ဂိတ်ရယ် ပတ်စ်ပို့ကို နှစ်ခါ စစ်တယ်လို့ ဆိုပါတယ်။ ဆားဘီးယားဘက်က အထွက်ဂိတ်မှာ ကားရပ်ပါတယ်။ တခြား ထရပ်ကားကြီးတွေ၊ ကိုယ်ပိုင်ကားလေးတွေလည်း တန်းစီစောင့်နေကြတာ တွေ့ရတယ်။ ခဏနေတော့ ကားပေါ်ကို ယူနီဖောင်းဝတ် ထွားထွားကျိုင်းကျိုင်း ဆားရ်ဘီးယန်းရဲတစ်ဦးတက်လာတော့တယ်။ ပြုံးပြုံးရွှင်ရွှင် ချိုချိုသာသာပါပဲ။ ပတ်စ်ပို့စာအုပ်တွေလိုက်သိမ်းပါတယ်။ အဲဒီ ရဲ က ပဲ ကျွန်မတို့ ထိုင်ခုံရဲ့ အနောက်က အဖေနဲ့ ၁၀အရွယ်လောက် သမီးလေးနဲ့ခရီးထွက်လာကြတဲ့ အဲဒီ သားအဖကို “ဘာလို့ အမေ့ကို ခေါ်မလာတာလဲ” ဆိုပြီး ရယ်ရယ်မောမောစလိုက်တယ်။ အဖေလုပ်တဲ့သူက “အမေက အိမ်မှာ သားလေးနဲ့လေ။ သူတစ်ဝက် ကိုယ်တစ်ဝက်ပေါ့” လို့ ပြန်ပြောပြလို့ ကားတစ်စီးလုံး ရယ်မောကြပါသေးတယ်။ ပတ်စ်ပို့တွေကို အထပ်လိုက်ကိုင်ပြီး ကားပေါ်က ပြန်ဆင်းသွားပါတယ်။ သိပ်မကြီးလှတဲ့ တစ်ထပ် ရုံးခန်းအဆောင်လေးတွေ တွေ့ရတယ်။ မီးတွေထိန်လင်းနေအောင်ထွန်းတာတာမျိုး မရှိပါဘူး။ ၅ မိနစ်လောက်စောင့်ပြီးတော့ tour guide အမျိုးသမီးနဲ့ တစ်ခြား tour က အမျိုးသားတစ်ဦး ပတ်စ်ပို့စာအုပ်တွေပြန်ပြီးဝေပေးပါတယ်။ အဲဒီကနေ ကားဆက်မောင်းကြပြီး နောက်တစ်ခါ ရိုမေးနီးယားအ၀င် ဂိတ်မှာ ကားရပ်ပြန်တယ်။ ရိုမေးနီးယားလူဝင်မှုကြီးကြပ်ရေးဝတ်စုံနဲ့တစ်ဦး ဘတ်စ်ကားပေါ်ကို တက်လာပါတယ်။ အဲဒီတစ်ခါမှာတော့ ရဲ ၀န်ထမ်းမဟုတ်ပါဘူး။ သူကလည်း ပတ်စ်ပို့စာအုပ်တွေ တစ်ဦးစီက လိုက်ယူပြီး အထပ်လိုက်ကိုင်ကာ ပြန်ဆင်းသွားပါတယ်။ ခဏနေတော့ခုနက အတိုင်းပါပဲ tour guide အမျိုးသမီးက ပတ်စ်ပို့စာအုပ်တွေတစ်ဦးစီ ပြန်လိုက်ပေးပါတယ်။ ပြီးတော့ ကားဆက်ထွက်ခဲ့ကြတယ်။ ကျွန်မတို့ရဲ့ဘတ်စ်ကား ရိုမေးနီးယားမြေပေါ်မှာ မှောင်နဲ့မည်းမည်းညထဲ မောင်းနှင်ခဲ့ကြပါပြီ။

ကျွန်မလည်း tour က ဝေပေးထားတဲ့စာရွက်လေးတွေမှာ ပါတဲ့ မြို့တွေအကြောင်း ကို ဖတ်နေလိုက်ပါတယ်။ ပထမနေ့မှာ ဆီဂီရွှားရားမြို့ နဲ့ ဘရာရှော့ဗ်မြို့ ကို သွားကြမှာပါ။ ခရီးလမ်းတစ်လျှောက်မှာ ဓာတ်ဆီဆိုင်တွေမှာ စားသောက်ဆိုင်၊ စတိုးဆိုင်၊ သန့်စင်ခန်းတွေတွဲလျက်ဖွင့်ထားကြတာကြောင့် ကားရပ်ပေးတဲ့အခါ ကော်ဖီသောက်ချင်သူ၊ မုန့်ဝယ်ချင်သူတွေ၊ သန့်စင်ခန်းသွားချင်သူတွေ အပြေးဝင်ကြပါတယ်။ wi-fi လည်း ခရီးသွားတွေအတွက် ဖွင့်ပေးထားတာမို့ အင်တာနက်သုံးချင်သူတွေအတွက် အဆင်ပြေပါတယ်။

ဆီဂီရွှားရားမြို့ဟာ ထရန်ဆေးလ်ဗေးနီးယားဒေသက သမိုင်းဆိုင်ရာအရေးပါတဲ့မြို့တော်ပါ။ မူးရက်ရှ်ဒေသ ဂရိတ်တရာနာဗာ မာရဲ မြစ်ဝန်းကျင်တစ်လျှောက်မှာ ရှိနေတဲ့မြို့ပါ။ ထရန်ဆေးလ်ဗေးနီးယားရဲ့ အသည်းနှလုံးအလယ်ဗဟိုနေရာမှာတည်ရှိပါသတဲ့။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၀ မီတာနဲ့ ၄၂၅ မီတာအကြားမှာ ရှိပါတယ်။ ဂျာမန်အခြေချနေထိုင်သူ(Transylvanian Saxons-Colonist Saşi)တွေက ၁၁၉၁ ခုနှစ်(၁၂ရာစုမှာ) မြို့ကိုစတင်တည်ထောင်ခဲ့ကြတယ်။ မြိ့မှာအခြေချနေထိုင်သူဦးရေဟာ ၂၀၁၁ သန်းခေါင်စာရင်းအရ ၂၆၃၇၀ ပဲ ရှိနေခဲ့ပေမယ့် ကြီးကျယ်တဲ့ယဉ်ကျေးမှုလက်ရာတွေရှိတယ်။ အလယ်ခေတ်ကာလက ယဉ်ကျေးမှုလက်ရာတွေကို ရိုမေနီးယားနိုင်ငံမှာ မူလအတိုင်းပဲ တွေ့မြင်နိုင်တဲ့နေရာပါ။ မြို့ဟောင်းဟာ တောင်ကုန်းထိပ်မှာ ရှိနေပြီး Saxon တွေရဲ့ ဗိသုကာပညာရတနာအစစ်အမှန်လို့ ဆိုကြတယ်။ ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖွဲ့အစည်းရဲ့ စာရင်းဝင်ဖြစ်ပါတယ်။ ဆီဂီရွှားရားဟာ သွေးဆာတဲ့ဘုရင်လို့ အငြင်းပွားစရာဖြစ်ခဲ့တဲ့ ရိုမေးနီးယမ်းဘုရင် ဗလာဒ့်တဲပက်ရှ် ဒရက်ကူလာ(Vlad Ţepeș)  ရဲ့ မွေးရပ်မြေလည်းဖြစ်နေပါတယ်။ ဆီဂီရွှားရားမှာ လှည့်လည်ကြည့်ရှုနိုင်စရာတွေက မြို့ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ Clock Tower (အခု သမိုင်းပြတိုက်ပြုလုပ်ထားပါတယ်။ ရာဇ၀တ်သားတွေကို သတ်ဖြတ်တဲ့အခန်းကျဉ်းတွေလည်း ပြတိုက်နောက်မှာရှိတယ်။)  ဒရက်ကူလာမွေးတဲ့နေရာ ၁၅ရာစုနှစ် ရီနေဆန်းခေတ်ဆန်းလက်ရာစတိုင်လ် အဆောက်အဦး၊ အလယ်ခေတ်လက်နတ်တွေ ပြထားတဲ့ လက်နက်ပြတိုက်၊ တောင်ထိပ်က ဂျာမန်မူလကျောင်းလေးဆီ ကျောင်းသူကျောင်းသားလေးတွေနေ့တိုင်းအသွားအပြန်တက်ရတဲ့ အမိုးပါ သစ်သားလှေကားထစ်တွေ( ၁၆၄၂ ခုနှစ်က တည်ဆောက်ခဲ့တယ်၊ မူလက အထစ် ၃၀၀ ရှိခဲ့ပြီး အခုလက်ရှိ ၁၇၅ ထစ်ရှိပါတယ်တဲ့)။ အပ်ချုပ်သမားတွေရဲ့ မျှော်စင်၊ ဖိနပ်ချုပ်သမားတွေရဲ့ မျှော်စင်တွေလည်းရှိတယ်။ ၁၂ ရာစု နှစ်က Gothic စတိုင်လ် Dominican ဘုရားကျောင်းကိုလည်း ကြည့်ရှုနိုင်ကြတယ်လို့ ရေးထားပါတယ်။ ဆီဂီရွှားရားအကြောင်း လက်ကမ်းစာရွက်လေးမှာ ရေးထားသလောက် သိထားပြီးတဲ့အခါ ထရန်ဆေးလ်ဗေးနီးယားရဲ့ နှလုံးသားဒေသ ဆီဂီရွှားရားဆီ ကျွန်မ စိတ်တွေက အပြေး လွင့်မြောနေခဲ့ပါပြီ။
တစ်ညလုံးအိပ်ငိုက်၊ ခု မိုးလင်းလာပြီ
အိပ်ချင်မူးတူး ကင်မရာက အိတ်စင်ပေါ်မှာ၊ ဖုန်းနဲ့ ဆိုတော့
ပုံကကားလိုပဲ ပြေးနေတယ်
ပြေးတုန်းပဲ
ဟော ..
ကားခဏနားတဲ့ စားသောက်ဆိုင်က ပန်းချီကား(သဘောကျလို့)
ဒါလေးလည်း
သူလေးလည်း
ဆီဘီယူဒေသမှာ ဒုတိယအကြီးဆုံးမြို့တော် Mediaș တဲ့
နောက်မှပြန်ဖတ်တာပါ။
(အဲဒီတုန်းက နိုးခါစ အိပ်ချင်မူးတူးနဲ့ ဘယ်ရောက်နေမှန်းမသိလိုက်ပါဘူး)
ဓါတ်ဆီဆိုင်ဘေးမှာ
Mediaș မြို့
နောက်ပိုင်းမြို့လေးမှာ တစ်မြို့လုံးလိုလို အိမ်တွေရဲ့ ခေါင်မိုးမှာ မျက်လုံးပုံတွေရှိကြတယ်။
များသောအားဖြင့် မျက်လုံး နှစ်လုံးပါတယ်။
(ဒီပုံက အင်တာနက်ကပါ။ ရိုက်တဲ့ပုံက မကြည်လိုက်ဘူး။)
ဒီလိုအိမ်တွေများတယ်
ဒါလည်း အင်တာနက်က ရှာထားတာပါ။
ဆီဂီရွှားရားမြို့ရောက်ပြီ
Gothic စတိုင်လ် ဘုရားကျောင်းတဲ့ နည်းနည်းစောနေသေးလို့ ဘုရားကျောင်းမဖွင့်သေးဘူး။
အထဲတောင်မရောက်ခဲ့ရပါဘူး။
ဒရက်ကူလာမွေးတဲ့အိမ်
Clock Tower
ရန်သူတွေကို သတ်တဲ့နေရာတဲ့။ ကြပ်ခိုးမည်းမည်းတွေက ဟိုးအရင်က အတိုင်းပဲ။
အနံ့အသက်က တစ်မျိုးကြီး၊
အသက်အောင့်ထားလိုက်တယ်။ မွန်းကျပ်ကျပ်ကြီးဖြစ်လာရော။
ဂျာမန်ကလေးတွေ ကျောင်းသွားကျောင်းပြန်အသုံးပြုတဲ့လှေကား
ဆီဂီရွှားရားမြို့ ပုံစံငယ်
တောင်ကုန်းပေါ်က မျှော်စင်
(တောင်ကုန်းပေါ်မှာ သချိုင်းအကြီးကြီးပဲ ရှိတယ်။ အထဲထိ တော့ မ၀င်တော့ပါဘူး။
အ၀နားက အုတ်ဂူတွေနားတော့ ဒါ့ပုံရိုက်ခဲ့သေးတယ်။)
ဘယ်ဘက်နားက တက်တူးစုံတွဲ။ တက်တူးတွေ နှစ်ယောက်လုံးမှာ အများကြီးပဲ။
ကားတစ်စီးထဲက အတူတူ။
တက်တူးစုံတွဲ သူတို့ပါအောင်လို့ အနားကို ပြေးရပ်၊
ရိုက်ပါ ရိုက်ပါပေါ့။ ဒီလိုနဲ့
၂၀၁၁ က ပိုစ့်တစ်ပုဒ် ပါ။ တွဲဖတ်ချင်ရင် "ရိုမေးနီးယားကဝေများ ရဲ့ ကျိန်စာ"

နောက်တစ်ပိုင်းမှာ ဘရာရှော့ဗ်မြို့ထဲ ဟိုဟိုဒီဒီကြည့်ကြမယ်နော်။
သွေးဆာတဲ့ဘုရင်"ဒရက်ကူလာ" ရဲ့ မြို့တော်ဆီ (အပိုင်း ၂)

Wednesday, August 15, 2012

မစ္စစ္စပီမြစ်ကို တွေ့ရှိခြင်း

သူမနာမည်ရင်းက မီစီဇီဘီ (MIsi-ziibi)ပါ။ အဓိပ္ပါယ်က ကြီးမြတ်သောမြစ် (Great River) သို့မဟုတ် မြစ်ကြီး မစ္စစ်စစ်ပ်ပီ(Big River) ပါတဲ့။ ဌာနေတိုင်းရင်းသားများရဲ့ အသုံးအနှုံးပါ။ ကာလရွေ့လျောလာတော့ မစ္စစ္စပီ လို့ တွင်လာခဲ့တယ်။  ကမ္ဘာ့ ရှိရှိသမျှ မြစ်ကြီးတွေထဲမှာ   စတုတ္ထမြောက် အရှည်ဆုံးဖြစ်ပြီး ဆယ်ခုမြောက် အကြီးဆုံးဖြစ်သတဲ့။သူမဟာ ၂, ၃၂၀ မိုင် (ကီလိုမီတာ၃,၇၃၄)ရှည်လျားပြီးတော့ မြောက်အမေရိကရဲ့ အရှည်ဆုံးမြစ်လဲ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာဘဲ လုံးလုံးလျားလျား စီးဆင်းပြီးတော့ ပြည်နယ်ပေါင်း၃၁ပြည်နယ်ကို ဖြတ်သန်းသွားတယ်။သူမဟာ မင်နီဆိုတာပြည်နယ် အနောက်ဘက်အရပ်မှ စတင်ထွက်ခွာလာပြီး ကွေ့ကွေ့ကောက်ကောက်နှင့်ု ၂,၅၃၀ မိုင်(ကီလိုမီတာ ၄,၀၇၀)ခရီး အကွာအဝေးရောက် အောင် စီးဆင်းသွားရာမှာ  မက်ဆီကိုပင်လယ်ကွေ့က မစ္စ်စစ်ပ်ပီ မြစ်ဝှမ်းအထိပါဘဲ။ သူမဟာ မြစ်လက်တက်ပေါင်းများစွာခြံရံပြီးတော့ သိုက်သိုက်ဝန်းဝန်းရှိစွာ “ရော့ကီးတောင်တန်း”နှင့် “အပ်ပ်ပါလာချိန်န်” တောင်တန်းနှစ်သွယ်အကြားကနေ တဖြည်းဖြည်းချင်းစီးဆင်းသွားပါတယ် တဲ့။

အဲဒီမြစ်ကြီးနဲ့ မြစ်လက်တက်တွေဖြန့်ကျက်လွှမ်းခြုံရာ ကမ်းခြေတလျှောက် ဌာနီလူသားများ အုပ်စုဖွဲ့ပြီး ရှေးရှေးအခါက အမဲလိုက်ခြင်းဖြင့် အသက်မွေးခဲ့ကြတယ်။ ၁၅၀၀ခုနှစ်လောက်မှာတော့ ဥရောပသားတွေ အခြေချရောက်ရှိလာပြီး ဌာနီလူသားတို့ဘ၀လည်း ပြောင်းလဲသွားခဲ့တယ်။ ဥရောပသားတွေဟာ ရှာဖွေ စူးစမ်းကြသူများပါ။ စိုက်ပျိုးရေး နည်းပညာသစ်တွေ ကို အရဲစွန့်လုပ်ကိုင်ကြတယ်။လစ်ဟာနေတဲ့ လူနေမှု စံနစ်သစ်တခုကို ကူးပြောင်းဖို့ သူမက အရေးပါတဲ့ သွေးလွှတ်ကြောတကြောသဖွယ် ပေါင်းကူယှက်သွယ်ပေးနိုင်ပါတယ်။

၁၇ရာစုနှစ်အတွင်းပြင်သစ်လူမျိုး စူးစမ်းရှာဖွေသူ လူးဝစ်စ် ဂျိုလီယက်စ် ဟာ ချီကာဂို ဆိပ်ကမ်းမြို့နေရာကို တွေ့မြင်ရတဲ့အခါ မိုင်အားဖြင့် ၂မိုင် ကျော်ကျော် လျော့ပါးသွားကြောင်း မှတ်ချက်ချခဲ့တယ်။.သူ့ အတွက် ဌာနေလူမျိုးစုတို့ အီလီနွိုက်မြစ်မှတဆင့် ပြသလမ်းညွှန်ခဲ့တဲ့ လမ်းခရီးဟာလည်း မစ္စစ်စစ်ပ်ပီမြစ်နှင့် ဂရိတ်ရေအိုင်ကြီးနှစ်ခု ဆက်သွယ်ပေးတဲ့ တူးမြောင်အဖြစ် သူက သတ်မှတ်ခဲ့တယ်။ ချီကာဂိုမြစ်မှတဆင့် အီလီနွိုက်နှင့်မီချီကန်တူးမြောင်းများကို ဆက်သွယ်ပေါင်းကူးခြင်းအားဖြင့် ဒေသတွင်းတိုးတက်ဖွံဖြိုးမှုများ ရှိလာတယ်။

၁၉ရာစုမှာတော့ သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲခဲ့တယ်။ မစ္စစ်စစ်ပ်ပီမြစ်နှင့် သူမရဲ့ အခြွေအရံ အထင်ရှားဆုံးမဉ္ဇူရီပြည်နယ်က အနောက်ဘက်မြစ်လက်တက်တွေမှာ ပိုမို ပြောင်းလဲခဲ့တယ်။ အမေရိကန်ပြည်ထောင်စု အနောက်ဘက်တခွင် ကျယ်ပြန့်စွာ စွန့်စားရှာဖွေ စူးစမ်းသူများ အခြေချလာသူများနှင့် ပြည့်နက်လာတယ်။ သူမရဲ့ ၀မ်းဗိုက်ထဲမှာ အဖိုးတန် မြေဆီမြေနှစ်တွေ သဲ၊နုံး၊ရွှံ့၊စတာတွေ ရတနာများ ရှိနေတယ်။ လူသားတွေအတွက် စိုက်ပျိုးထွန်ယက်ဖို့ အကောင်းဆုံး အချေအနေကို သူမက ဖြည့်ဆီးပေးနိုင်ခဲ့တယ်။ မကြာခင်မှာဘဲ သူ ခန္ဓာကိုယ်ပေါ်ကို မီးသင်္ဘောတွေ ပြေးလွှား ခုတ်မောင်းလာခဲ့တယ်။

အမေရိကန်ပြည်တွင်းစစ်မှာလည်းသူမမပါမပြီး အခရာဖြစ်ခဲ့ရပြန်တယ်။အမျိုးသားညီညွတ်ရေးတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး ကုန်သွယ်ရေးနှင့်  ရိက္ခာပစ္စည်းသယ်ယူပို့ဆောင်ရေးတို့အတွက် အရေးပါတဲ့ မြစ်အဖြစ် အသုံးချခံရပြန်တယ်။ ဒါတွင်မကပါဘူး ။မကြာခင်မှာဘဲ သူမမြစ်ကြောင်းပေါ်မှာ တမံတွေ။ ဆည်တွေ မြောင်းတွေ ရေတံခါးတွေ ရေကာတာတွေ တုတ်နှောင်ပြည့်လျှံလာတယ်။ တစ်ဘက်ကကြည့်တော့လည်း မြစ်ဝှမ်းဒေသဟာ အများကြီး တိုးတက်ခဲ့တာပါ။ ဒါပေမဲ့လဲ ဒီမှာတင် သူမဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာအမျိုးမျိုးနှင့်(အကြီးမားဆုံး)ထိပ်တိုက်တိုးလာခဲ့ရတယ်။ မက်ဆီကို ပင်လယ်ကွေ့ဟာလည်း Dead zone သတ်မှတ်ခံရဖို့ ဦးတည်လာတယ်။

မကြာသေးမီအချိန်ကတော့ မြစ်ဝှမ်းဒေသ ကို ပူးပေါင်းစီးဝင်တဲ့  “အက်ချာဖါလာယာမြစ်”  မြစ်မှာ တူးမြောင်းအစားထိုးတည်ဆောက်ကြတယ်။  နယူးအော်လိန်းလို သင်္ဘောဆိပ်ကမ်းမြို့တွေ အဖို့တော့ တကယ့် ကြီးမားတဲ့ အန္တရယ်တွေနှင့် စိန်ခေါ်မှုတွေ ရှိနေတာပါ။ ဒါပေမဲ့လဲ မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများလည်း ပူးတွဲ ထားရှိတာမို့ မကြာမီနှစ်အနည်းငယ်အတွင်း ပြဿနာပြေလည်စရာ ရှိနိုင်ပါတယ်။

စပိန်လူမျိုးရှာဖွေစူးစမ်းသူ ဒီ ဆို တို ဟာ သူမထံ ၁၅၄၁ခုနှစ် မေလ ၈ရက်နေ့မှာ အစောဆုံးရောက်ရှိလာတဲ့ ဥရောပတိုက်သား တဦးဖြစ်ပါတယ်။သူက သူမနာမည်ကို “ရိုင်အို ဒီလ် အီးဆစ်ပီရီတူ ဆန်တို “လို့ စပိန်အမည်ပေးခဲ့တာပါ။အင်္ဂလိပ်ဘာသာနှင့် “River of the Holy Spirit” သန့်ရှင်းမြင့်မြတ်သော ၀ိညာဉ်တော်၏မြစ် လို့ အဓိပ္ပါယ်ရပါတယ်။ဒါ့ကြောင့် အလွန်ရှေးကျသူတို့က “ရိုင်အို မစ္စ်စစ်ပ်ပီင်္” လို့ ခေါ်ကြပါတယ်။

၁၆၈၂ခုနှစ်မှာ ရောက်ရှိလာတဲ့ ပြင်သစ်လူမျိုး “ရောဘတ်ကေ့ဗွီလေယာ၊ဆီညော် ဒီလာဆယ်လီ နှင့် ဟင်နရီ ဒီ တိုနီ “တို့က  မစ္စစ်စစ်ပ်ပီမြစ် ပိုင်ဆိုင်မှုကို ဆယ့်ခြောက်ဆက်မြောက် ကင်းလူဝီအတွက်တောင်းဆိုခဲ့ကြဖူးပါတယ်။ ၁၆၉၉ ခုနှစ် မတ်လ ၂ရ၇က် နေ့မှာ ပြင်သစ်လူမျိုး  “ပယ်ရီ လီ မွိုင်နီ ဒီ ဘရယ်လီ”က မစ္စစ်စစ်ပီမြစ်ဝှမ်းကို အပြည့်အ၀ဖေါ်ထုတ်တွေ့ရှိနိုင်ခြင်းအတွက်  ကြောင့်ဖြစ်ပါတယ်။

၁၇၁၈ခုနှစ်မှာတော့ မြစ် အထက်ပိုင်း ကီလိုမီတာ ၁၆၀အကွာ မက်ဆီကိုပင်လယ်ကွေ့ လခြမ်းအကွေးမှာ “နယူးအော်လိန်းမြို့”ကို ပြင်သစ်လူမျိုး “ဂျိန်း ဘက်ပ်တစ် လီ မွိုင်နီ ဆီ” က တည်ထောင်ခဲ့တယ်။  စပိန်လူမျိုးရှာဖွေစူးစမ်းသူ “ဒီဆိုတို” ဟာ သူမထံ ၁၅၄၁ခုနှစ် မေလ ၈ရက်နေ့မှာ အစောဆုံးရောက်ရှိလာတဲ့ ဥရောပတိုက်သား တဦးဖြစ်ပါတယ်။သူက သူမနာမည်ကို Rio Del Espiritu Santo လို့ စပိန်အမည်ပေးခဲ့တာပါ။အင်္ဂလိပ်ဘာသာနှင့် “River of the Holy Spirit” သန့်ရှင်းမြင့်မြတ်သော ၀ိညာဉ်တော်၏မြစ် လို့ အဓိပ္ပါယ်ရပါတယ်။ ဒါ့ကြောင့် အလွန်ရှေးကျသူတို့က “ရိုင်အို မစ္စ်စစ်ပ်ပီင်္” လို့ ခေါ်ကြပါတယ်။

မစ္စစ်စစ်ပ်ပီမြစ်ရှိရာကို စူးစမ်းရောက်ရှိလာတဲ့ ပြင်သစ်လူမျိုး “လူးဝစ်ဂျိုးလီယက် “အတွက်  ဌာနေတိုင်းရင်းသားတို့က အီလီနွိုက်မြစ်မှတဆင့် အလျှင်အမြန်သွားရောက်နိုင်မဲ့ လမ်းကို ညွှန်ကြားပြသခဲ့တယ်။ ဒီအခါမှာဘဲ လှေသင်္ဘောနှင့် ကုန်ပစ္စည်းအတင်အချပြုလုပ်နိုင်မဲ့ ချီကာဂို ဆိပ်ကမ်းမြို့နေရာကို သူတွေ့ရှိခဲ့တယ်။
~ Where you can hear a  country song song from far and someone plays the honky-tonk guitar Where all the lights will go out one by one the people join the sun and the wind takes it away

Where the Mississippi falls down to the sea and lovers found the place thhhey'd like to be how many times before the song was ending love and understanding everywhere around

Mississippi, I'll remember you whenever I should go away I'll be longing for the day that I will be returning again Mississippi, you'll be on my mind everytime I hear this song Mississippi roll along until the end of time

Now the country song for ever lost its soul when the guitar player turned to rock & roll and everytime when the summernights are falling I will always be calling dreams of yesterday ~
ဒါက နာမည်ကြီးအဆိုတော် ပူစီကက် ခံစားဖွဲ့သီထားတဲ့သီချင်းပါ။  မြန်မာလိုလည်း ပြန်လည်သီကျူးထားပါတယ်။

Florist
Source: wekipedia

ဂျေလို နားခိုရာ၊ အိမ်ဂေဟာ

အမေရိကန် သရုပ်ဆောင်၊ အဆိုတော် ဂျနီဖာ(လင်း)လိုပက်ဇ် ဟာ လက်တင် အမေရိကန်နွယ်ဖွားတွေထဲမှာ ၀င်ငွေအကောင်းဆုံးရှာဖွေနိုင်တဲ့သူပါ။ ငယ်စဉ်ကတည်းက ဂီတနဲ့ အက အမြဲတမ်းရင်းနှီးကျွမ်းဝင်နေတဲ့ မိသားစုမှာကြီးပြင်းခဲ့ပါတယ်။ ကလေးအရွယ်ကတည်းက အကသင်တန်းကျောင်းတက်ခဲ့တယ်။ ဂျေလိုရဲ့အနုပညာဝါသနာကို In Living Color ဆိုတဲ့ တီဗီအစီအစဉ်လေးမှာ ဂျဲနက်ဂျက်ဆင်အတွက် နောက်ခံအကပညာရှင်လေးအဖြစ် ပါဝင်ရင်း စတင်ခဲ့တာပါ။ အကပညာရှင်၊ အဆို၊ သရုပ်ဆောင် စတဲ့ အနုပညာအလုပ်တွေလုပ်ရင်းနဲ့ နောက်ပိုင်းမှာ ဖက်ရှင်၊ ရေမွှေး စီးပွားရေးလုပ်ငန်းတွေကိုပါ လုပ်ကိုင်လာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ မာခ့်အန်တိုနီလက်ထပ်ခဲ့ပြီး လက်ရှိအချိန်တွေမှာတော့ အမွှာကလေးမက်စ်နဲ့ အေမီတို့ နှစ်ယောက်နဲ့ပဲ သူမရဲ့ဘ၀ကို ဖြတ်သန်းနေပါတယ်။ ဂျေလိုရဲ့ လန်းဆန်းတဲ့ဘ၀သစ်ကို The Hamptons  ပင်လယ်ကမ်းစပ်နားက သူမရဲ့ ပြည့်စုံလှပတဲ့ အိမ်ကြီးမှာ နေထိုင်ရင်း အချိန်တွေကို ကုန်ဆုံးစေမယ်လို့ဆိုတယ်။ ဒီအိမ်မှာတော့ ပရိဘောဂတွေနေရာချ အလှမဆင်ရသေးပါဘူး။


ဂျေလိုရဲ့ ကယ်လီဖိုးနီးယားပြည်နယ်က အိမ်ကိုတော့ ဒီဇိုင်းနာ မီရှဲလ်ဝါခ့်မန်း က အိမ်ခန်းအလှဆင် ပြင်ဆင်ခြယ်မှုန်းခဲ့ပါတယ်။ ဂျေလိုရဲ့ အိမ်ခန်းလေး အလှဆင်ပြီးတဲ့အခါမှာ Veranda မဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါသေးတယ်။ “ဂျနီဖာ နဲ့ ကိုယ်က လှပကြော့ရှင်းတဲ့ ဒီဇိုင်းအပြင်အဆင်လေး လိုချင်တယ်။ ပစ္စည်းတွေ စုပြုံပြည့်သိပ်နေတဲ့  ဒီဇိုင်းမျိုး မဖြစ်ချင်ဘူး။ ရှေးဆန်ဆန်၊ တည်တည်ခံ့ခံ့ ကြီးလည်း မကြိုက်ကြဘူး” လို့ ၀ါခ့်မန်းက ပြောပါတယ်။ ကြော့ကြော့မော့မော့လေးပဲ တင့်တယ်ရင်တော်ပြီ။ လိုသလောက်လေးပဲ လင်းလက်ရုံလောက်ပဲ လို့ ဆိုတယ်။

မီးဖိုခန်းဟာ ဒီဇိုင်းနာ မီရှဲလ်ရဲ့ စိတ်ကြိုက်အခန်းလေးဖြစ်ခဲ့ပါတယ်။ ဂျေလိုလည်း မီးခိုးပြာရောင် ဗီရိုအဆင်သွေးတွေကို ကြိုက်နှစ်ပါတယ်။ ဗိသုကာပညာရှင် ဂျွန်လက်ဖေးရဲ့ ဒီဇိုင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်မှာ တည်ဆောက်ခဲ့တယ်။ ၁၄၀၀၀ စတုရန်းပေ ကျယ်ဝန်းပါတယ်။

မီရှဲလ်ဝါခ့်မန်းက ပြောပါတယ်။ အိမ်ခန်းတွေရဲ့ အရောင်အသွေးဟာ အားလုံး မီးခိုးရောင်အဆင်ထဲမှာရှိတယ်။ မီးခိုးရောင်နဲ့ ပဲ တစ်ခြား အပြာ၊ အနက်၊ အဖြူ ပေါင်းစပ် ကစားထားတယ်။ လေးဆယ်ခုနှစ်ထဲက အဖြူ အမဲ ရုပ်ရှင်ကားတစ်ကားလို့ပဲပေါ့ တဲ့။ ဧည့်ခန်းဆောင်ကို မက်မွန်သီးရောင် ဖျော့ဖျော့လေး ခြယ်မှုန်းထားပါတယ်။ ပြင်သစ်ရိုးရာ၊ ရဲတိုက်တွေမှာတွေ့ရတဲ့ စတိုင်လ်မျိုးလို မီရှဲလ်က စိတ်ကူးပြီးဖန်တီးပေးခဲ့ပါတယ်။ 

ဒါပေမဲ့ သူမရဲ့ ကျော်ကြားတဲ့အိမ်ပိုပ်ရှင်ဂျေလို က ဒီဇိုင်း အားလုံးကို ပြောင်းလဲပစ်လိုခဲ့တယ်။ ပြီးလုပြီးခင်အချိန်မှာမှ မီးပလပ်ခေါင်းကို ဆွဲဖြူတ်လိုက်သလို အားလုံး အစက ပြန်ပြီးတော့ အသွင်ပြောင်းချင်ခဲ့ပါတယ်။ ဂျေလို လိုချင်တဲ့ အပြင်အဆင်က ခေတ်ဆန်ရမယ်။ ပြီးပြည့်စုံတဲ့ ဒီဇိုင်းဖြစ်ချင်ခဲ့သတဲ့။ ပြင်သစ်စတိုင်းအပြင်အဆင်မျိုးတွေထဲမှာပဲ သော့ခတ်ပြီး မနေချင်ပါဘူးလို့ ဆိုတယ်။ နောက်ဆုံး ဂျေလိုစိတ်ကြိုက်ပြင်ဆင်ပြီးတဲ့အခါ Veranda မဂ္ဂဇင်းမှာ ဂျေလိုရဲ့ စွဲမက်စရာ စတိုင်ကျကျ ခေတ်မှီတဲ့အိမ်ခန်းအပြင်အဆင်တွေဖော်ပြခဲ့ပါတယ်။

ဂျေလိုရဲ့ ပင်လယ်ကမ်းစပ်က အိမ်ခန်းအလှဆင်ပြင်ဆင်ပြီးသွားတဲ့အခါမှာလည်း Veranda မဂ္ဂဇင်းမှာ ဓါတ်ပုံတွေ ဖော်ပြပေးနိုင်ပါလိမ့်မယ်။ ဂျေလိုရဲ့ ကမ်းခြေကအိမ်မှာ ကျယ်ပြန်တဲ့ ဧည့်ခန်း၊ ထမင်းစားခန်းတွေ ရှိနေပါတယ်။ သစ်သားတွေနဲ့ပဲ ပုံဖော်ထားတဲ့ ပြူတင်းပေါက်တွေကြောင့် အိမ်ခန်းလေးက အင်မတန်ကြည်လင်လန်းဆန်းစေပါတယ်။ စာကြည့်ခန်း၊ အိပ်ခန်း ၇ ခန်းနဲ့ ရေချိုးခန်း ၉ ခန်းပါရှိတယ်။ အိမ်ရဲ့အပြင်ဘက်မှာလည်း ရေကူးကန်ကနေကြည့်နိုင်မယ့် တီဗီ နွေးနွေးထွေးထွေးရှိစေဖို့ မီးလင်းဖိုကိုပါ ထည့်ထားပါသေးတယ်။ အိမ်ရဲ့ ဘေးဘက်က ရေကူးကန်လေး၊ အိမ်ရဲ့ နောက်တစ်ခြားတစ်ဘက်မှာတော့ ကျယ်ပြန့်လှတဲ့ ပင်လယ်ကြီးရှိနေပါတယ်။ ဂျေလိုရဲ့ နားခိုရမယ့် အိမ်ဂေဟာလေးက ဆိတ်ငြိမ်နွေးထွေးပြီး ပြန့်ပြူးနေပါတယ်။ အဲဒီနေရာလေးမှာ ဂျေလိုလည်း အမွှာလေးနှစ်ယောက်နဲ့ ပျော်ရွှင်မြူတူးနိုင်ကောင်းပါရဲ့။       ။

Tuesday, August 7, 2012

ညွှန်းတဲ့ ရုပ်ရှင်

(ဘလောဂ့်မှာ ကိုယ်ရေးချင်တာတွေ၊ ကိုယ်ရေးရတာတွေ၊ ကိုယ်ရေးဖြစ်တာတွေ အမျိုးစုံတင်နေလို့ စာလာဖတ်တဲ့ မိတ်ဆွေတွေကို အားနာပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေလည်း ကိုယ်ဖတ်ချင်တာလေးတွေခဲ့ရင် ဖတ်သွားဖြစ်တယ်ဆိုရင်ပဲ ကျေးဇူးပါပေါ့)
Beasts of the Southern Wild 
Fantasy Drama
ပြသချိန်- ၉၁မိနစ်
Fox Searchrlights Pictures
ဒါရိုက်တာ - Benh Zeitlin
ထုတ်လုပ်သူ - Michael Gottwald, Dan Janvey, Josh Penn
ဇာတ်ညွှန်း - Benh Zeitlin, Lucy Alibar
သရုပ်ဆောင်များ - Quvenzhané Wallis(Hushpuppy), Dwight Henry and Levy Easterly

ရဲဝံ့တဲ့ ခြောက်နှစ်အရွယ် ကလေးမလေး ဟက်ရှ်ပါ့ပီဟာ ဖခင်ဖြစ်သူ ၀င့်ခ် နဲ့ အတူနေထိုင်ပါတယ်။ Bathtub လို့ခေါ်နေကြတဲ့ ကမ္ဘာကြီးရဲ့အစွန်းအနား တောင်ပိုင်းရေစပ်စပ် ကျွန်းစပ်စပ်ဒေသလေးမှာနေကြတယ်။ ဖခင် ၀င့်ခ်ရဲ့ ခက်ထန်မာကြောတဲ့ အချစ်ကြောင့် ဖခင်အနားကနေခွာပြီး စကြာဝဠာကြီးကို စူးစမ်းလေ့လာဖို့ ပြင်ဆင်မိလာတယ်။ ဖခင်က သူမကို ကာကွယ်ဖို့ အချိန်မှ မပေးနိုင်တာလေ။ ပြီးတော့ ၀င့်ခ်မှာ ဆန်းကြယ်တဲ့အဖျားအနာ ခံစားလာရပြန်တယ်။ အဲဒီဒေသလေးမှာ အပူချိန်တွေ ဖြတ်ကနဲ အဆမတန်မြင့်တက်မှုကြောင့် ပိုးကောင်တွေအလိုအလျောက်ပေါ်ထွက်လာကြတယ်။ ဖုံးအုပ်နေတဲ့ ရေခဲတွေပျော်ကြကုန်ကြပြီ။ အောရပ်စ်လို့ခေါ်တဲ့ သမိုင်းဦးခေတ်က သတ္တ၀ါတွေ တပ်နဲ့ချီ လွှတ်ပေးလိုက်သလိုပဲ။ ရေတွေမြင့်တက်လာပြီ။ အောရပ်စ်တွေ လာကြကုန်ပြီ။ 
ဝင့်ခ် ရဲ့ ကျန်းမာရေးက လည်း ဖြော့တော့နေပြီ။ ဟက်ရှ်ပါ့ပီ က သူမ ရဲ့ ပျောက်ဆုံးနေတဲ့ မိခင်ကို ရှာဖွေဖို့ ထွက်ခဲ့တော့တယ်။
(ကိန်းရုပ်ရှင်ပွဲတော် နဲ့ ဆန်းဒန့်စ်ရုပ်ရှင်ပွဲတော်မှာ ရုပ်ရှင်ဆိုင်ရာ ဆုတွေရရှိခဲ့ပါတယ်။)

The Dark Knight Rises (2012)

 Action/Adventure
ပြသချိန် - ၁၆၅ မိနစ်
Warner Bros. Pictures
ဒါရိုက်တာ - Christopher Nolan
ဇာတ်လမ်း - Jonathan Nolan (screenplay), Christopher Nolan (screenplay)
သရုပ်ဆောင်များ - Christian Bale, Michael Caine and Gary Oldman

လင်းနို့လူသား ဇာတ်လမ်းတွဲရိုက်ကူးခဲ့တဲ့ ခရစ်စတိုဖာနိုလန် ရဲ့ စူပါဟီးရိုးဇာတ်ကားသစ်ပါ။ ရှေ့နေ ဟာဗေးဒန့်ထ် သေဆုံးသွားတဲ့နောက်မှာ ဒန့်ထ်ရဲ့ကျော်ကြားမှုကိုကာကွယ်ဖို့ လင်နို့လူသားဟာ ဒန့်ထ်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို မှေးမှိန်စေခဲ့တယ်။ နောက်ပိုင်းမှာ ဂိုသန်မြို့တော်ရဲဌာနက ဒန့်ထ်ပြစ်မှုတွေကို အမဲလိုက်သလိုရှာဖွေဖော်ထုတ်ဖို့ ကြိုးစားလာကြပါပြီ။ အဲဒီအဖြစ်အပျက်တွေဖြစ်ပျက်ခဲ့ပြီး ရှစ်နှစ်အကြာမှာ အမဲရောင်သူရဲကောင်း လင်းနို့လူသား ဂိုသန်ကို ပြန်လာခဲ့ပါပြီ။ အဲဒီမှာ ပဟေဠိဆန်ပြီး လျှို့ဝှက်ဆန်းကြယ်လှတဲ့ကောင်မလေး ဆဲလီနာကားလ် နဲ့ ဆိုးညစ်လွန်းတဲ့ ဘိန်းတို့နဲ့ ပက်ပင်းကြုံရတော့တယ်။ မြို့ကြီးကို ဖျက်ဆီးဖို့ကြံစည်နေကြပြီ။  သူ ဆန့်ကျင်တိုက်ခိုက်ရပါတော့မယ်။ သူတို့လုပ်ရပ်တွေကို မြန်မြန်ဆန်ဆန်ပဲ ရပ်တန့်မှဖြစ်တော့မယ်။

Red Light
Mystery & Suspense, Drama
ပြသချိန် - ၁ နာရီ ၅၉ မိနစ်
Millenium Entertainment
ဒါရိုက်တာ - Rodrigo Cortés
ဇာတ်လမ်း - Rodrigo Cortés (screenplay)
သရုပ်ဆောင်များ - Sigourney Weaver, Robert De Niro and Cillian Murphy

Alien ရုပ်ရှင်ဇာတ်ကားတွေရဲ့ မင်းသမီးကြီး Sigourney Weaver ရယ်၊ မင်းသားကြီး Robert De Niro တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ခြောက်ခြားတုန်လှုပ်စရာဇာတ်ကားပါ။ သဘာဝလွန်ဖြစ်ရပ်တွေကိုသုတေသနပြုနေကြတဲ့ ဒေါက်တာမာဂရက်မက်သက်ဆန်(ဆိုင်ဂွန်နီဝီးဗား) နဲ့ လက်ထောက်လေး တွမ်ဘာ့ကလေ(ဆီလီရန်မာဖီ) တို့ဟာ နာမ်လောကကို အယုံအကြည်မရှိကြဘူး။ ၀ိညာဉ်တွေနဲ့စကားပြောတာ၊ စိတ်ကုထုံး၊ နောက်ပြီး စိတ်စွမ်းအင်ဆိုင်ရာဖြစ်ရပ်တွေနောက်က လှည့်ဖြားမှုတွေကို မက်သက်ဆန် ခေါ်သလို +အနီရောင်အလင်း+တွေနဲ့ အသုံးပြုပြီး ရှာဖွေဖော်ထုတ်ဖို့ကြိုးစားနေကြတယ်။ သဘာဝလွန်ဖြစ်ရပ်ပြပွဲတွေရှိသမျှစုံစမ်းပြီး နောက်ကွယ်က အနုစိတ်လှတဲ့လှည့်စားမှုတွေကို လူသိရှင်ကြားဖော်ထုတ်ကြတယ်။ ဒဏ္ဍာရီတစ်ပါးလိုကျော်ကြားခဲ့တဲ့ နာမ်လောကဆရာတစ်ဆူ မျက်မမြင် ဆိုင်မွန်ဆီးလ်ဗား(ရောဘတ်ဒီနီရိုး) ဟာ နှစ်ပေါင်း ၃၀လောက်လူမြင်ကွင်းက ပျောက်နေခဲ့ရာက ပြန်လည် ပေါ်ထွက်လာပါတယ်။ စွမ်းအားကြီးလှတဲ့ဆီးလ်ဗားက ပြန်ပြီး လက်စားချေမှာကို တစ်ချိန်က ပြိုင်ဘက်တွေလိုဖြစ်ခဲ့တဲ့မက်သက်ဆန်က ကြောက်လာပြီ။ သူတို့အလုပ်ကို နောက်ပြန်ဆုတ်ချင်လာပြီ။ ဘာ့ကလေကို အကြိမ်ကြိမ်သတိပေးပါတယ်။ “သူနဲ့ ဝေးဝေးနေပါ” ဘာ့ကလေကို တားတယ်။ ဆုံးဖြတ်ပြီးရင် နောက်ပြန်မလှည့်တတ်တဲ့ ဘာ့ကလေက သူရဲ့ လက်ရွေးစင်ကျောင်းသူမလေး (အယ်လစ်ဇဘက်အိုလ်စန်)ရဲ့  အကူအညီနဲ့ ဆီးလ်ဗားရဲ့ ပွဲတွေမှာ ကိရိယာအကုန်သုံးကာ လှည့်စားမှုတွေဖော်ထုတ်ဖို့ ဆက်ပြီး ကြိုးစားနေတုန်းပဲ။ စိတ်နဲ့ဇွန်းနဲ့ကွေးတာ၊ စိတ်ကိုဖတ်တယ်ဆိုတာတွေ စုံစမ်းတယ်။ မက်သက်ဆန်ကနောက်ဆုတ်ဖို့ ထပ်ထပ်ပြီး ပြောနေပြီ။ ဘာ့ကလေ ရှေ့ကိုတိုးမြဲတိုးနေတယ်။ တစ်ည သူ အိပ်ရာက ရုတ်တရက်လန့်နိုးလာတဲ့အခါ။ ကုတင်ရှေ့မှာ ဆီးလ်ဗားကို ဖြတ်ကနဲတွေ့လိုက်ရတဲ့အခါ။ ဆီးလ်ဗားရဲ့ မျက်သားဖြူဖြူသဏ္ဍန်ကြီးမြင်လိုက်ရတဲ့အခါ။ ဘာ့ကလေ နောင်တရလိုက်ပြီ။ သူ နောက်ကျသွားပြီထင်ရဲ့။

Abraham Lincoln: Vampire Hunter
Action | Fantasy | Horror
ပြသချိန် - ၁၀၅မိနစ်
Millenium Entertainment
ဒါရိုက်တာ - Timur Bekmambetov
ထုတ်လုပ်သူ - Timur Bekmambetov-Tim Burton -Jim Lemley
ဇာတ်လမ်း - Seth Grahame-Smith (screenplay), Seth Grahame-Smith (novel)
သရုပ်ဆောင်များ - Benjamin Walker, Rufus Sewell and Dominic Cooper

သမိုင်းတစ်ခု၊ ဒဏ္ဍာရီဆန်ဆန် နက်နက်ရှိုင်းရှိုင်း ငြိမ်ဝပ်နေခဲ့တဲ့သမိုင်း၊ တိုက်ပွဲကိုပဲ သတိရစေပြီး ကျခဲ့တဲ့သွေးတွေကိုမေ့စေခဲ့တယ်။ သမိုင်းတွေက ဘာကိုပဲ အမှတ်ရပါစေ။ အဲဒီသမိုင်းရဲ့ဖြစ်ရပ်ဟာ အမှန်အတိုင်းပဲဖြစ်သင့်တာပါပဲတဲ့။ အကြီးကျယ်ဆုံးသော  အမေရိကရဲ့ သမ္မတကြီးအေဗရာဟန်လင်ကွန်း၊ သူ့ရဲ့ လှို့ဝှက်ဘ၀အကြောင်း လေ့လာစူးစမ်းကြတဲ့အခါ ပျောက်ကွယ်နေခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ် ပေါ်ထွက်လာပါတယ်။ အမေရိကကို အကောင်အထည်ပေါ်လာစေတဲ့ပုံပြင်တစ်ပုဒ် ပေါ်ထွက်လာပါပြီ။ သွေးဆာနေတဲ့ သွေးစုပ်ဖုတ်ကောင်တွေဟာ ယူနိုက်တက်စတိတ်ကို အစဖျောက်ဖို့ စီစဉ်နေကြတာ သမ္မတသိရှိခဲ့တယ်တဲ။ လင်ကွန်းက သူ့ရဲ့အထူးတပ်ဖွဲ့တစ်ဖွဲ့စီစဉ်ပြီး ဘယ်တော့မှ မသေဆုံးနိုင်တဲ့ သူတွေကို ဖယ်ရှားသုတ်သင်တော့တယ်။ အဲဒီ မသေဆုံးနိုင်တဲ့သူတွေကို အမဲလိုက်ခဲ့သူတစ်ဦးရဲ့ ဘ၀ဟာ အထူးခြားဆုံးသမိုင်းဖြစ်ခဲ့ပါပြီ။

*********
Bat man - Dark Knight Rises တော့ ကြည့်ပြီးပါပြီ။ တမေ့တမော့ ကြည့်လိုက်ရတဲ့ကားပါပဲ။ ကြည့်နေရင်း ဘေးဘီကိုလည်း ကြည့်ရသေးတယ် သေနတ်သမားလာမှာစိုးလို့။ ယုတ္တိမတန်တာတွေအများကြီးနဲ့ လက်ဝှေ့ပွဲလား ထင်လိုက်ရတယ်။ Bat man က သူလိုအပ်ရင် သူ့ခေတ်လွန်စီးတော်ယဉ်ကြီးနဲ့ ပေါ်လာတတ်ပေမယ့် ကိုယ်ပိုင်လက်သီးများများသုံးတိုက်ခိုက်ရတဲ့ လင်းနို့လူသားဖြစ်နေတယ်။ တရားစီရင်ရေးတွေ ပျက်သွားပြီး  ချမှတ်တဲ့ပြစ်ဒဏ်က နှစ်ခု ရွေးရမယ် တဲ့။ Dead or Exile ဒီနှစ်ခုပဲ။ ကြောက်စရာကြီး။ ဘာကိုမှမရွေးပဲ ချီတုံချတုံဖြစ်နေတော့ Dead by exile ပေါ့တဲ့။ Exile ကရော ကြည့်ပါဦး ရေခဲနေတဲ့နေရာပေါ်က လျှောက်ခိုင်းတယ်။ ကျွံကျပြီး အေးစက်နေတဲ့ရေခဲမြစ်ထဲ ကျလည်း သေရမှာပဲ။ ရဲတွေက ဆန္ဒပြသူတွေလိုဖြစ်နေတယ်။ လက်နက်လည်းမရှိကြဘူး။ ၀တ်စုံပဲရှိနေတယ်။ တစ်ဘက်မှာ အရပ်သားတွေက သေနတ်တွေကိုင်ထားကြတယ်။ လက်နက်မဲ့ ရဲတွေက ထိပ်တိုက်ပြေးလာကြတယ်။ အဲဒီမြင်ကွင်းကြည့်ရတာ ဘာခံစားမှုမှန်းမသိ ခံစားရပါတယ်။ နားမလည်နိုင်တာတွေ အများကြီးပဲ။ တွင်းကြီးထဲမှာ နေရတဲ့ အကျဉ်းသားတွေ တွင်းပေါ်ကိုတက်နိုင်ဖို့ ကြိုးစားကြတယ်။ သူတို့ တွင်းကြီးထဲမှာ ဘယ်လိုနေထိုင်စားသောက်လဲ။ လူဆိုးကြီးဘိန်းက လည်း ကြောက်စရာကြီး။ Red Light ကို ကြည့်ချင်တယ်။
မှတ်ချက် - ညွှန်းတာမဟုတ်ပါ

Living Fashion MagazineAugust, 2012

Monday, August 6, 2012

ကလေးတွေကို ပြုံးပျော်စေလိုသူ ဂျိုကာ "Smiley"

"ကလေးတွေဟာ မွေးကင်းစကလေးငယ်နီတာရဲလေးအရွယ်ကနေ တဖြည်းဖြည်းချင်းအရွယ်ကြီးလာခဲ့ပြီးတဲ့နောက် စကားတွေ တီတီတာတာ ပြောလာခဲ့မယ်။ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ဖို့ စတင်သင်ယူလာတော့မယ်။ အဲဒီကနေ စလို့ မဆုံးတဲ့ သင်ယူမှုတွေပြည့်နေတဲ့ လောကကြီးထဲ တိုးဝင်ရပါတော့မယ်။ ကလေးရဲ့ သင်ယူမှုစတင်တော့မယ့် ပထမဆုံးအဆင့်မှာ အင်မတန်အရေးကြီးပါတယ်။ မိဘရဲ့လက်ကနေ ပြင်ပလောကဆီက အသစ်အသစ်သောလူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ကြောက်ရွံ့ထိတ်လန့်စိတ်ဝင်မသွားစေဖို့၊ ကျောင်းစာသင်ခန်းလေးတွေကို ကြောက်လန့်မသွားဖို့ သတိထားသင့်ပါတယ်။ အတန်းပညာအတွက် ကျောင်းစာတစ်ခုထဲသာမဟုတ်ပဲ၊ ပျော်ရွှင်မြူးတူးစရာသီချင်းလေးတွေ၊ ကစားနည်းလေးတွေကို သူငယ်ချင်းအသစ်လေးတွေနဲ့ အတူတူ သီဆို၊ ဆော့ကစားဖို့လိုအပ်လှပါတယ်။ မိဘတွေကိုယ်တိုင် လိုက်ပါစောင့်ရှောက်နိုင်မယ့် ကလေးငယ်လေးတွေအတွက် ပြုလုပ်တဲ့အစီအစဉ်လေးတွေမှာ သင်တို့ရဲ့ ချစ်စရာ ကလေးငယ်တွေကို ပါဝင်ဆင်နွဲဖို့ တိုက်တွန်းပေးပါ။ ကလေးငယ်တွေအတွက် ပူဖေါင်းအဆင်တန်ဆာလေးတွေ ဖန်တီးပေးမယ့်ပွဲအတွက် သင့်ကို ဖိတ်ကြားလိုက်ပါတယ်"

သင်တို့ရဲ့
Clown Smiley (Klovn Smehuljko)

ကျွန်မ လက်ထဲကို ရောက်လာခဲ့တဲ့ ဖိတ်စာလေးတစ်စောင်ပါ။ ဖိတ်စာမှာ ရေးထားတဲ့ စာသားလေးတွေက စိတ်ဝင်စားဖို့ကောင်းနေတာနဲ့ပဲ အဲဒီဖိတ်စာလေးမှာ ပါတဲ့ နေရာ၊ အချိန်အတိုင်း ကျွန်မရောက်သွားခဲ့ပါတယ်။ အခန်းလေးထဲကို တံခါးဖွင့် လှမ်းဝင်လိုက်တာနဲ့ ကလေးတွေရဲ့ ခိုးခိုးခစ်ခစ်ရယ်သံလေးတွေပေါ့၊ ကျွန်မဆီအပြေးဝင်လာကြတယ်။ သူတို့လေးတွေနဲ့အတူ ကျွန်မပါရောယောင်ပျော်ရွှင်လာခဲ့ပြီ။ တလက်လက်တောက်နေတဲ့မျက်လုံးလေးတွေရဲ့အကြည့်တွေက တစ်နေရာတည်းမှာ ဆုံဆည်းနေကြတယ်။ ကလေးတွေရဲ့ အရှေ့မှာ အ၀ါရောင် အကျီဖားဖားပွပွကြီးကို ၀တ်ဆင်ထားသူတစ်ယောက် ဂျိုကာ(clown)တစ်ဦးရှိနေပါတယ်။ သူ့ရဲ့ လက်ချောင်းတွေဟာ စန္ဒရားခလုတ်လေးတွေပေါ်မှာ ပြေးလွှားလှုပ်ရှားနေလိုက်တာ။ စန္ဒရားတီးနေတဲ့ အဲဒီ ဂျိုကာ ဟာ ကိုယ်ကို လှုပ်ခါလို့ သီချင်းလည်း ဆိုနေပါတယ်။ ရောင်စုံခြယ်ထားတဲ့သူရဲ့မျက်နှာဟာ မြင်လိုက်တာနဲ့ပဲ ရွှင်မြူးစရာ၊ သူ့ရဲ့ တေးသံဟာ ကခုန်မြူးတူးချင်စရာ ကောင်းနေလိုက်တာ။ သာယာနာပျော်ဖွယ်ရှိလိုက်တာ။ ကလေးတွေလည်း ကခုန်နေကြပြီပေါ့။  သီချင်းသံလေးလွင့်ပျံနေပါတယ်။
~ သဘာဝလောကကြီးမှာကွယ် ~
အလှဆုံးအရောင်လေးတွေရှိတယ် ~
အလှဆုံးငှက်လေးတွေရှိတယ် ~ အလှဆုံး ရောင်စုံဘောလုံးလေးတွေရှိတယ်~ အလှဆုံးသူငယ်ချင်းတွေရှိတယ်~
အဲဒီအလှဆုံးတွေ ... ငါ ... အားလုံးပိုင်ဆိုင်တယ် ~ ငါ့အနားမှာ ၀ိုင်းပတ်ကခုန်နေကြတယ် ~
ငါလည်း ကခုန်မိတော့မယ် ~
ကဲ ကဲ ... ငါ အခုပဲ ကခုန်လိုက်ပါပြီ ~

ကြည်နူး ပျော်ရွှင်စရာကောင်းလိုက်တဲ့အခိုက်အတန့်လေးပါပဲ။ ပြုံးချိုနေတဲ့ ဆေးရောင်ခြယ်နှုတ်ခမ်း၊ ကာတွန်းရုပ်တွေ ရောယှက်ထားတဲ့ အ၀ါရောင်အကျီ၊ အနီရဲရဲ ဖောင်းဖောင်းကားကားဆံပင် ရောင်စုံအပြင်အဆင်တွေကြားမှာပေါ့၊ နူးညံ့သိမ်မွေ့လွန်းလှတဲ့ မျက်ဝန်းတစ်စုံကို ကျွန်မ ခံစားနားလည်နိုင်လိုက်တယ်။ အဲဒီ ဂျိုကာ ကို ကျွန်မ စိတ်ဝင်စားသွားခဲ့ပါပြီ။ ကလေးတွေကို ရယ်မောပျော်ရွှင်စေသူတစ်ဦးရဲ့ အကြောင်းကို ကျွန်မ သိပ်ကို သိချင်သွားခဲ့ပြီ။ စကားပြောကြည့်တဲ့အခါ နှစ်လိုဖွယ်ရာ စကားကိုပေါ့ပေါ့ပါးပါးပြောဆိုတတ်သူဖြစ်တာကိုလည်း ကျွန်မ သိလိုက်ရတော့တယ်။ သူ့ရဲ့ မျက်လုံးမှာ နှလုံးသားက နူးညံ့နွေးထွေးမှုအရိပ်တွေ ရောင်ပြန်ဟပ်နေတယ်။ ကလေးငယ်တွေကို ပြုံးပျော်စေတဲ့ အစီအစဉ်လေးတွေလည်း နိုင်ငံတိုင်းမှာ ရှိနေကြပါတယ်။ အဲဒီလို အစီအစဉ်လေးတွေ ဖန်တီးနေခဲ့တဲ့သူဖြစ်တဲ့ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့က ဂျိုကာ Clown Smiley ရဲ့ ကလေးတွေကို ဖျော်ဖြေပေးနေတဲ့ performance လေးတွေအကြောင်းကို Clown Smiley ပြောပြတဲ့အတိုင်းပဲ ဖော်ပြပေးလိုက်ပါတယ်။
ကျွန်တော် ငယ်ငယ်က ခေတ်ဟောင်း၊ မော်ဒန်၊ ဂျက်ဇ် နဲ့ ဘဲလေး အကသင်တန်းကျောင်းသွားခဲ့ပါတယ်။  အဲဒီကျောင်းပြီးတော့ ဘာဆက်လုပ်ရမလဲ ကျွန်တော်ကိုယ့်ဘာသာမသေမချာ မရေမရာနဲ့ပဲ။ အဲဒီအချိန်မှာ စိတ်စွမ်းအားနဲ့ဆိုင်တဲ့၊ တရားထိုင်တာတွေကျွန်တော်စိတ်ဝင်စားနေခဲ့ပြီ။ ဘုရားကျောင်းမှန်မှန်သွားပါတယ်။ ဘုရားကျောင်းမှာ သီလရှင်တစ်ဦးနဲ့ တရားဓမ္မအကြောင်းအကြိမ်များများ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ ကျွန်တော်ကလေးပဲရှိသေးပါတယ်။ ဒါပေမယ့် ဆွေးနွေးဖြစ်တဲ့အကြောင်းအရာပေါ်မှာ စိတ်ကျေနပ်မှုရခဲ့တယ်။ အဲဒီသီလရှင်က ကျွန်တော့်ကို အများကြီး လမ်းညွှန်သင်ပြခဲ့ပါတယ်။ တစ်ကြိမ်တော့ ကျွန်တော်မေးမိတယ်။ ကျွန်တော့်ဘ၀အတွက် ကျွန်တော် ဘာဆက်လုပ်ရမယ်မသိသေးဘူးရယ်ပေါ့။ သူမက ကျွန်တော့်ကို ဓမ္မဆ၇ာတစ်ဦးဆီ သွားပြီးအကြံဥာဏ်တောင်းဖို့ လေးလေးနက်နက်တိုက်တွန်းပါတယ်။ ကျွန်တော့် စိတ်တော့နည်းနည်းရှုပ်သွားတယ်။ ဒါပေမဲ့ ကျွန်တော်သွားပါတယ်။ မေးတယ်။ ကျွန်တော်သွားတွေ့ ခဲ့တဲ့ ဓမ္မဆ၇ာဆီက အင်မတန်ကောင်းတဲ့လမ်းညွှန်မှုလေးတွေရခဲ့ပါတယ်။ ဓမ္မဆရာက ကျွန်တော့်ကိုပြောတယ်။
ငါ့ရဲ့ ကလေးရယ်၊ ဘုရားသခင်ဟာ လူတိုင်းကို စွမ်းရည်တွေအမြောက်အများပေးထားပါတယ်။ ကလေးမှာရှိတဲ့စွမ်းရည်တွေကို အသုံးမချနိုင်သေးရင်၊ ကလေးရဲ့ စိတ်နှလုံး၊ ၀ိညာဉ်အတွင်းပိုင်းထဲထိ နက်နက်ရှိုင်းရှိုင်းဝင်ပါ။ ဘယ်အရာက စွမ်းရည်လဲ၊ ဘယ်အရာက ကလေးရဲ့ စိတ်နှလုံးအတွင်းပိုင်းထဲထိ စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှုပေးနိုင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်လာမလဲ။ မြင်အောင်ကြည့်ပါ။ ကမ္ဘာပေါ်က စိတ်နှလုံးဝိညာဉ်တိုင်းမှာ အတူစေလွှတ်လိုက်တဲ့ကိုယ်ပိုင်လုပ်ငန်းတွေရှိနေကြပါတယ်။ ကလေးတတ်မြောက်ထားတဲ့ အက နဲ့ မရပ်တည်နိုင်ရင်လည်း စိတ်မပူပါနဲ့။ သေချာတယ်။ ဘုရားသခင်က နောက်ထပ်စွမ်းရည်တွေဖြည့်ပေးထားပါသေးတယ်။ အဲဒီစွမ်းရည်နဲ့ ဘုရားသခင်ကို အလုပ်အကျွေးပြုနိုင်တယ်။ လူ့လောကကြီးကို အလုပ်အကျွေးပြုနိုင်ပါလိမ့်မယ် တဲ့။ အဖြေကရိုးရိုးရှင်းရှင်းပါပဲ။ ဒါပေမဲ့ ကျွန်တော့်ကို နောက်ထပ်တစ်ယောက်လောက် ပြောပြ၊ ရှင်းပြဖို့ လိုနေဆဲပါ။ ကျွန်တော့်အတွက် အလင်းခလုတ်ဖွင့်ပေးဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော် နားလည်သဘောပေါက်တာတော့ ရှိပါတယ်။ ကျွန်တော်ကလေးတွေနဲ့ အလုပ်လုပ်ရတဲ့အခါ သိပ်ကို ကျေနပ်ပျော်ရွှင်တယ်ဆိုတာပါပဲ။ ကလေးတွေကို အကသင်ပေးတယ်။ စာသင်ပေးတယ်။ သီချင်းဆိုကြတယ်။ သူတို့လေးတွေနဲ့ အတူရှိနေတဲ့ အချိန်တိုင်းမှာ ကျွန်တော်ပေါ့ပါးလွတ်လပ်စွာ ပျော်ရွှင်တယ်။ အဲဒီအချိန်တုန်းက ကျွန်တော် ဂျိုကာ တစ်ဦး ဖြစ်လာလိမ့်မယ်ဆိုတာကိုတော့ မသိခဲ့သေးပါဘူး။ ၂၀၀၀ ခုနှစ်မှာ နယူးယောက် နဲ့ စန်ဒီရေးဂိုးကို ခဏအလည်အပတ်ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒစ္စနေလန်းကိုရောက်ဖြစ်တယ်။ အဲဒီမှာ ဂျိုကာတွေ၊ မျက်လှည့်ပညာရှင်တွေ၊ ဖျော်ဖြေရေးသမားတွေ၊ ဗီဒီယိုဖန်တီးရှင်တွေအများကြီးပဲ တွေ့ခဲ့ရတယ်။ သိကျွမ်းခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော်ချက်ချင်းပဲ ကျွန်တော့်အတွက် အမှန်ကန်ဆုံး အလုပ်အကိုင်ကို သိလိုက်တယ်။ ပြီးတော့ ကျွန်တော့်အတွက်လိုအပ်တဲ့ လက်မှုပညာလေ့လာဖို့ စတင်ခဲ့ပါတယ်။

ဂျိုကာကောင်းတစ်ဦး၊ ဖျော်ဖြေရေးသမားကောင်းတစ်ဦးဖြစ်ဖို့ လေ့လာရမယ့်နယ်ပယ်တွေက မျက်လှည့်အတတ်၊ ဘောလုံး(ပူဖေါင်း)အရုပ်ဖန်တီးမှု၊ ရုပ်သေးအတတ်၊ မိတ်ကပ်မျက်နှာဖုံးဆေးခြယ်၊ သရုပ်ဆောင်၊ အက၊ သီချင်းဆို၊ ကလေးကစားနည်းဖန်တီးမှု၊ ဂီတတူရိယာတီးခတ်မှုတွေ တတ်ကျွမ်းရပါမယ်။ အဲဒါတွေက ကျောင်းမှာသင်တဲ့ဘာသာရပ်တွေပါ။ အကုန်လုံးသာတူညီမျှကျွမ်းကျင်မယ့်သူတော့မရှိနိုင်ပါဘူး။ artist တစ်ဦးစီဟာ အဲဒီထဲကမှ ကိုယ်အကြိုက်ဆုံး၊ ကိုယ့်အတွက်အကျွမ်းကျင်ဆုံး ဘာသာရပ်ကို ရွေးချယ်ရမှာပါ။ ဒါပေမဲ့ ကိုယ်က ပိုပြီး သိထားလေလေ ကလေးတွေအတွက် အကောင်းဆုံးအစီအစဉ်လေး လုပ်ပေးနိုင်မယ့်အခွင့်အရေးပိုပြီး ကြီးမားလေပဲပေါ့။ အဲဒါက ကလေးတွေကို ပိုပြီး ပျော်ရွှင်စေတယ်။ ဂျိုကာသင်တန်းကျောင်း၊ အကယ်ဒမစ်ကျောင်းတွေ ကျွန်တော်တို့နိုင်ငံမှာမရှိသေးပါဘူး။ အဲဒါကြောင့် ကျွန်တော် နည်းလမ်းအမျိုးမျိုးနဲ့ လေ့လာပါတယ်။ စာအုပ်ဖတ်တယ်၊ ဒီဗီဒီ၊ ဗီဒီယိုခွေတွေကြည့်တယ်။ အင်တာနက်ကနေလည်း လိုအပ်တာရှာပါတယ်။ ကျွန်တော်တတ်နိုင်တဲ့အချိန်တော့ နိုင်ငံခြားမှာ ကာလတိုသင်တန်းလေးတွေသွားတက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကြီးလှတယ်။ အချိန် နဲ့ ငွေကို တော်တော်များများဖြုန်းနိုင်ရပါလိမ့်မယ်။ ကျွန်တော့်အတွက် ကျောင်း၊ သင်တန်းကာလတိုလောက်ပဲ တက်နိုင်ခဲ့ပါတယ်။
ကျွန်တော့်နာမည်လား၊ စမဲဟူးလ်ရ်ကို(Smehuljko) "အပြုံး" ပါ။ ကျွန်တော့်မိတ်ဆွေ သီလရှင် ပေးတဲ့နာမည်ပါ။ ကျွန်တော်ပြောခဲ့ပြီးတဲ့အတိုင်းပါပဲ။ ကျွန်တော် တရားဓမ္မအကြောင်း၊ ဘုရားသခင်အကြောင်း ငယ်ငယ်လေးထဲက တော်တော်စိတ်ဝင်စားခဲ့တယ်။ သူမဟာ ဗဟုသုတကြွယ်ဝနေတဲ့ တကယ့် ရတနာတစ်ပါးပါပဲ။ ကျွန်တော်မေးလိုက်တဲ့ မေးခွန်းတစ်ခုစီအတွက် စိတ်ကျေနပ်စရာအဖြေ သူမမှာ အမြဲ ရှိနေခဲ့တယ်။ သူမရဲ့ အဖြေတွေကြောင့် ကျွန်တော်ဝိညာဉ်အနက်ရှိုင်းဆုံးအထိ ကြည်ကြည်လင်လင်ပြုံးနိုင်ခဲ့တယ်။ သူမဟာ ကျွန်တော့်အမေလိုပဲ၊ ကျွန်တော့်အမေ မှတ်ချက်ပေးသလို အမြဲပြုံးချိုနေတဲ့ ကလေးပဲတဲ့ ကျွန်တော့်ကို ပြောပါတယ်။ အဲဒါကို ကျွန်တော်သိပ်သဘောကျတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဂျိုကာ အလုပ်အတွက် နာမည်ကို စမဲဟူးလ်ရ်ကို လို့ပဲ ပေးလိုက်ပါတယ်။

ကျွန်တော့်အလုပ်အစပိုင်းမှာ လမ်းပေါ်ကဖျော်ဖြေသူတွေ၊ ဆပ်ကပ်ပညာရှင်တွေ၊ လူရွှင်တော်တွေကို မြင်နိုင်သလောက် တီဗီမှာ၊ ပြဇာတ်ရုံမှာ၊ ကလေးမွေးနေ့ပါတီပွဲလေးတွေက ဖျော်ဖြေပွဲတွေမှာ၊ အဲဒီလို နေရာတိုင်းမှာ လိုက်ကြည့်ပါတယ်။ အားလုံးက ဆက်စပ်တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဂျိုကာဇာတ်ကောင်စတိုင်လ်ဖန်တီးနိုင်တာဟာ အဲဒီပွဲလေးတွေကလည်း  အကူအညီပေးခဲ့လို့ပါ။

ကျွန်တော်သိပ်ကြိုက်တဲ့ လူရွှင်တော်လား၊ ရှိတာပေါ့။ ကျွမ်းကျင်တဲ့ပညာရှင်တွေအများကြီးပါပဲ။ ရွေးချယ်ရမယ်ဆိုရင်တော့ အီတာလျံ Artist အာတူရိုဘရာချက်တီ(Arturo Brachetti)ပဲ ဖြစ်ပါလိမ့်မယ်။ (အမြန်ဆုံးပြောင်းလဲနိုင်တဲ့ artist အဖြစ် ၂၀၀၆ နဲ့ ၂၀၀၇မှာ Guinness Book မှတ်တမ်းဝင်ဖြစ်ခဲ့ပါတယ်) သူက ကျွန်တော့်အတွက် ထိပ်ဆုံးက လူရွှင်တော်၊ မျက်လှည့်ဆရာပါ။ သူက ကျွန်တော်စောစောက ပြောသလို ပညာရပ်အားလုံးကို ညီညီမျှမျှတတ်ကျွမ်းသူ နိုင်ငံတကာအနုပညာရှင်အနည်းငယ်ထဲက တစ်ဦးပါ။ သူ့ရဲ့ ဖျော်ဖြေမှုက ကြည့်ရှုသူတွေရဲ့စိတ်နှလုံးထဲအထိ ထိတွေ့နိုင်ပါတယ်။ နည်းပညာကျွမ်းကျင်မှုက သူ့ရဲ့ ဖန်တီးမှုကို ပြည့်စုံစေသလို၊ အ၀တ်အစား၊ စင်မြင့်အပြင်အဆင်၊ စင်ပေါ်က effect တွေဟာ မှော်မျက်လှည့်ဆန်ပြီ၊ အကောင်းဆုံးနတ်သမီးပုံပြင်တွေထဲကလို ထူးခြားလှတယ်။ ပြင်သစ်က ကျော်ကြားတဲ့ အိုလံပီယာခန်းမမှာ သူ့ရဲ့ ပွဲကြည့်ခဲ့ဖူးပါတယ်။ အကုန်အစင်နားမလည်ခဲ့ပေမယ့် ကျွန်တော့်အတွက် အလှပဆုံး performance တစ်ပွဲပါပဲ။

နည်းပညာပိုင်း လေ့ကျင့်ထားရသလို၊ ဂျိုကာတစ်ဦးမှာ နွေးထွေးတဲ့နှလုံးသားတစ်စုံရှိရပါတယ်။ အဲဒီနှလုံးသားက ကလေးတွေကို ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုတွေဖန်တီးပေးနိုင်ရမယ်။ ကလေးတွေဟာ အပြုအမူ၊ အပြောအဆိုလေးတွေဟာ သူတို့ရဲ့ နှလုံးသားဆီက တိုက်ရိုက်လာတာပါ။ ဂျိုကာတစ်ဦးက ဟန်ဆောင်နေမယ်၊ တစ်ခုခုမှားယွင်းနေမယ်ဆိုရင် သူတို့က ချက်ချင်းသတိပြုမိပါတယ်။ သူတို့ကို လိမ်ညာလှည့်ဖြားပြီး ဖန်တီးကပြလို့မရပါဘူး။ ကလေးတွေနဲ့ အလုပ်လုပ်ရတဲ့ ဂျိုကာတွေလည်း ကလေးကြီးတွေပါပဲ။

ပွဲတစ်ခုလုံးဖျော်ဖြေရတာကို အကြိုက်ဆုံးပါ။ ကလေးတွေအများကြီး အတူတူရှိနေကြတဲ့အခါ စွမ်းအင်ဖန်တီးနိုင်တယ်။ အဲဒီစွမ်းအင်က ပွဲတစ်ပွဲမှာအရေးကြီးတယ်။ ကလေးတွေကပါ သွက်သွက်လက်လက်ပါဝင်လှုပ်ရှားလာပြီဆိုရင်၊ ကလေးတွေရဲ့ မျက်နှာပေါ်က  အပြုံးလေးတွေမြင်ရပြီဆိုရင် အဲဒီထက် ၀မ်းမြောက်ဝမ်းသာဖြစ်စရာကိစ္စဆိုတာ ဂျိုကာတစ်ဦးအတွက်မရှိတော့ပါဘူး။ ကျွန်တော်အားလုံးကို သဘောကျပါတယ်။ မျက်လှည့်အတတ်နဲ့ တစ်ခဏလေးအတွင်းလှည့်စားလိုက်တာ၊ ကိရိယာဆန်းတွေအသုံးပြုပြီး ဆန်းဆန်းပြားပြားတွေပြရတာအားလုံးအတူတူပဲ သဘောကျပါတယ်။ အဲဒါတွေအားလုံးက ကွဲပြားတဲ့အပိုင်းအစလေးတွေစုပေါင်းပြီး ပြပွဲတစ်ခုလုံးကို ပြည့်စုံစေတာပါ။ ပေါင်းစပ်မှုဟာ ကွဲပြားမှုတွေရဲ့အလှတရားပါ။ ကျွန်တော့်ရဲ့ပူဖေါင်းတွေနဲ့ဖန်တီးမှု၊ စန္ဒရားတီးပြီး ကလေးလေးတွေကို ပျော်ရွှင်စေရတာ အကျိုးကျေးဇူးနည်းချင်နည်းနေပါလိမ့်မယ်။ ကျွန်တော် အများကြီးဆက်ပြီး ကြိုးစားဖန်တီးကြည့်ချင်ပါသေးတယ်။
ကျွန်တော့်အလုပ်မှာ ပိုပြီးကျယ်ပြန့်အောင်ကြိုးစားယူဖို့ ခက်ခဲတာတော့ နားလည်သဘောပေါက်ထားရပါတယ်။ ဂျိုကာတွေအတွက်ကျောင်းတွေ၊ အကယ်ဒမစ်သင်တန်းတွေ နဲ့ ပရော်ဖက်ရှင်နယ်သင်တန်းဆရာတွေမရှိတာဟာ ရှေ့ကိုဆက်ပြီးလေ့လာလိုသူအတွက် အခက်အခဲပါပဲ။ ပွဲတွေမှာ အသုံးပြုရမယ့် လူရွှင်တော်တွေအတွက် လိုအပ်တဲ့ပစ္စည်း၊ အသုံးအဆောင်တွေရောင်းချတဲ့ ဆိုင်တွေလည်းမရှိကြဘူး။ အနုပညာရှင်တွေသူတို့အချင်းချင်း အတွေ့အကြုံလဲလှယ်နိုင်မယ့် ပညာရပ်နှီးနှောဖလှယ်ပွဲတွေလည်း မရှိကြပါဘူး။ ဒီအလုပ်အတွက်လိုအပ်ချက်တွေက ဈေးအင်မတန်ကြီးမြင့်သလို ဖြစ်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးလိုအပ်တယ်။ ကျွန်တော် ဥပမာ ပြောရရင်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက စတော့ဟုမ်းမှာ မျက်လှည့်ပညာရှင်တွေ နှီးနှောဖလှယ်ပွဲလုပ်ကြတယ်။ ကိုယ့်ရဲ့မျက်လှည့်အစီအစဉ်လေးသုံးခုစာကိုပြဖို့အတွက် ဒေါ်လာ ၈သောင်းလောက်ကုန်ကျပါတယ်။ အနုပညာသမားတွေဆိုတာ အဲဒီလိုပမာဏငွေကြေးမတတ်နိုင်ကြပါဘူး။ ကျွန်တော် ပြည်ပကို ခရီးသွားဖို့ အခွင့်အရေးရတဲ့အခါ ဂျိုကာတွေရဲ့ အဆင့်မြင့်အနုပညာကို မြည်းစမ်းခွင့်ရခဲ့ရင် ကျွန်တော်ပျော်ရွှင်ရတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်လုပ်ပြချင်သလောက် ပိုပြီးတိုးတက်ဆန်းပြားအောင်မလုပ်ပြနိုင်သေးလို့ ၀မ်းနည်းရပါတယ်။ ဟုတ်ကဲ့၊ ကျွန်တော်တစ်ခုခုလုပ်ပြလိုက်လို့ ကလေးငယ်တွေရဲ့ မျက်နှာမှာ အပြုံးတွေ၊ ပြုံးပျော်ကြည်နူးမှုတွေ မြင်ရရင် အဲဒီအချိန်လေးက ကျွန်တော့်ဘ၀မှာ အပျော်ရွှင်ဆုံးအချိန်ပါ။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေရတဲ့အခါ သိပ်ပျော်ပါတယ်။
ပူဖေါင်းဘောလုံးလေးတွေက ဂျိုကာအလုပ်မှာအရေးကြီးပါတယ်။ ကျွန်တော့်အတွက် အလှပဆုံးအရာပါ။ ဘောလုံးတွေနဲ့ figure တစ်ခု လုပ်ပြီးတိုင်း ကျွန်တော်ကျေနပ်ပီတိဖြစ်ရတယ်။ ပူဖေါင်းတွေက ကျွန်တော့်ဘ၀ကို ပျော်ရွှင်မှုတွေအများကြီးပဲ သယ်ဆောင်လာခဲ့ပါတယ်။ ကလေးတွေလည်း ပူဖေါင်းလေးတွေကို အင်မတန်ချစ်ကြတယ်။ ပူဖေါင်းလေးတွေနဲ့ figure တစ်ခုဖန်တီးပြီဆိုရင် ကလေးတွေအများကြီးပဲ ၀ိုင်းလာကြတယ်။ စောင့်ပြီးကြည့်ကြတယ်။ ကလေးတွေက figure တစ်ခုကို စိန်ပွင့်တွေလိုပဲ တန်ဖိုးထား၊ သိမြင်ခံစားကြတယ်။ ပူဖေါင်း figure တစ်ခုရဖို့ တစ်နာရီဆိုလည်း သူတို့ စောင့်နိုင်ကြတာပဲ။ ကလေးတစ်ယောက်အတွက် ပူပေါင်း ၅လုံးကနေ ၁၀လုံးအထိသုံးပြီး figure တစ်ခုပြုလုပ်ဖို့ ဆုံးဖြတ်ပါတယ်။ အစမှာတော့ ဖန်တီးရတာမလွယ်လှပါဘူး။ အချိန်ကြာတယ်။ လေ့ကျင့်မှုလိုတယ်။ ပထမလေ့လာတာက အရေးအကြီးဆုံး၊ အလိုအပ်ဆုံး figure လေးတွေပါ။ အခြေခံအချက်လေးတွေနဲ့ အရင်လေ့လာပါတယ်။ ကျွန်တော် ပူဖေါင်း figure ပြုလုပ်နည်း စာအုပ်၊ DVD တွေကြည့်ပြီး လေ့လာသင်ယူပါတယ်။ ရိုးရိုးရှင်းရှင်း figure လေးတွေကနေ စပြီး လေ့လာသင့်ပါတယ်။ ပြီးမှ တဖြည်းဖြည်းချင်း ပိုပြီး ရှုပ်ထွေးတဲ့ figure တွေဆီသွားရမှာပါ။ပူပေါင်းလေးတွေတစ်ခုနဲ့တစ်ခု ဘယ်လိုတွယ်ဆက်ရမလဲ အစမှာလေ့လာရပါတယ်။ ဖောင်းကနဲ ကွဲထွက်မသွားအောင်(အန္တရာယ်ကင်းကင်းအလန့်တကြားမဖြစ်ရအောင်) လက်ထဲမှာ ဘယ်လိုကိုင်တွယ်ရမလဲ အရေးကြီးပါတယ်။ ပူဖေါင်းလေးတွေ ကျွန်တော်တို့လက်ထဲမှာ ဘယ်လိုတုံ့ပြန်သလဲဆိုတာ တွေ့လာပါလိမ့်မယ်။ အဲဒါက ပူဖေါင်းမာစတာကြီးတွေရဲ့ လှို့ဝှက်နည်းလမ်းပေါ့(ဟား ဟား- နောက်တာပါဗျာ)။ ပူဖေါင်း figure လုပ်ချင်သူတွေရဲ့ ပထမဆုံးနဲ့ အဓိကအလိုအပ်ဆုံးအဆင့်က ပူဖေါင်းလေးတွေကို လက်ထဲမှာ လိုသလိုထိန်းကျောင်းကိုင်တွယ်နိုင်ဖို့ပါ။ အဲဒီအဆင့်အောင်မြင်သွားပြီးဆိုရင်တော့ ခင်ဗျားရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ figure တွေဖန်တီးနိုင်ပါပြီ။
ကလေးတွေပါဝင်သရုပ်ပြထားတဲ့ ပူဖေါင်းဦးထုပ်၊ လက်ကောက်၊ လက်စွပ်၊ အ၀တ်အစားနဲ့ တခြား figure လေးတွေ ဖန်တီးတဲ့ ပွဲလေးတွေကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော့် Website - www.klovnsmehuljko.com မှာ ကြည့်နိုင်ပါတယ်။ ကလေးတွေရဲ့ မျက်နှာမိတ်ကပ်ဆေးခြယ်တာလည်း ကလေးတိုင်းက သဘောကျကြတယ်။ သူတို့စိတ်ကြိုက် ကာတွန်းကား၊ နတ်သမီးပုံပြင်လေးတွေထဲက ဇာတ်ကောင်လေးတွေအတိုင်း သူတို့မျက်နှာမှာ ခြယ်သလိုကြပါတယ်။ live performance အတွက်ဆိုရင်တော့ ရိုးရှင်းတဲ့ figureလေးတွေ၊ ပူဖေါင်းဦးထုပ်လေးတွေ အများဆုံးလုပ်ဖြစ်တယ်။ ပိုပြီးရှုပ်ထွေးတဲ့ ပုံစံလေးတွေက အချိန်ပိုပေးရတာကိုး။ တကယ်လို့ ကလေး အယောက် ၁၀၀ အတွက် ဖန်တီးရတော့မယ်ဆိုရင် အချိန်များများမရတော့ဘူး။ ကလေးတိုင်း figure လေး တစ်ခုစီရဖို့ အင်မတန်မြန်မြန်ဆန်ဆန် လုပ်ရတော့မယ်။ ဒီဇိုင်းဆန်းဆန်း ပူပေါင်း figure လေးတွေကိုတော့ များသောအားဖြင့် TV show ၊ children's TV channel တွေနဲ့ တခြား သီးသန့်အစီအစဉ်တွေ အတွက်ပဲ ပြုလုပ်ဖြစ်ပါတယ်။ နာရီအတော်ကြာပြုလုပ်ရတာကြောင့်ပါ။ ဖန်တီးမှုတစ်ခုအကုန်ပြီးဖို့ တစ်နေ့လုံးကုန်သွားတတ်တယ်။
ကလေးတွေနဲ့ ဒီလိုအစီအစဉ်လေးတွေပြုလုပ်ရတာဟာ ကျွန်တော့်အတွက် အလှပဆုံး၊ ဖန်တီးမှုအကောင်းဆုံး နဲ့ ပျော်ရွှင်စရာအကောင်းဆုံးအလုပ်ပါ။ ကျွန်တော့် ကိုယ်ပိုင် performance လေးတွေ ကို ကလေးတွေနဲ့ ဖန်တီးတဲ့အခါ ကျွန်တော့်မှာ လွတ်လပ်မှုအပြည့်အ၀ရရှိတယ်။ ကျွန်တော့်ရဲ့ လူသားဖြစ်တည်မှုကို ကလေးတွေအတွက် ကုန်ဆုံးစေတာဟာ ကျွန်တော့် နှလုံးသားဝိညာဉ်အတွက် အားဖြည့်နိုင်ခဲ့တယ်။ ကလေးတွေက ကမ္ဘာမှာ အရိုးသားဆုံးနဲ့ အလှပဆုံးပရိတ်သတ်ပါ။ ကလေးတွေရဲ့ နှလုံးသားကလာတဲ့ စစ်မှန်တဲ့အပြုံးတွေ၊ ရိုးသားတဲ့ မျက်လုံးလေးတွေက ကျွန်တော်တို့ဘ၀တွေကို အဓိပါယ်ပြည့်ဝစေပါတယ်။ ကလေးတွေရဲ့ စိတ်က နှလုံးသား၊ ၀ိညာဉ်မှာ ကိန်းအောင်းတယ်။ လူကြီးတွေရဲ့ ကမ္ဘာနဲ့ ကွဲပြားပါတယ်။ လူကြီးတွေရဲ့ စိတ်က အာဏာ၊ ငွေကြေးနဲ့ အကျိုးရလာဒ်တွေမှာ ကိန်းအောင်းတတ်ကြတာကိုး။

ကျွန်တော် ဆွံ့ အ နားမကြား၊ မသန်စွမ်း ကလေးငယ်တွေ၊ ဂျစ်ပဆီကလေးတွေ၊ ဒုက္ခသည်စခန်းက ကလေးတွေနဲ့ အတူတွဲပြီး အကြိမ်အတော်များများ အလုပ်လုပ်ဖူးပါတယ်။ အကြင်နာကင်းတဲ့အနေအထား၊ ကျန်းမားရေးနဲ့ မညီညွတ်တဲ့နေရာ၊ ကြမ်းတမ်းခက်ထန်တဲ့ အခြေအနေတွေမှာ နေထိုင်နေကြရတဲ့ လူတွေအများကြီး ကျွန်တော် တွေ့ဖူးပါတယ်။ ကလေးတွေဟာ ဆာလောင်နေတယ်။ လုံလောက်တဲ့ အ၀တ်အစား၊ ဖိနပ်တွေ မရှိကြဘူး။ ကစားစရာ အရုပ်မရှိတဲ့ ကလေးငယ်တွေအများကြီးပဲ။ သူတို့ဟာ ခက်ခဲတဲ့အခြေအနေတွေကနေ ရုန်းမထွက်နိုင်တဲ့အခြေအနေတွေမှာ ကျွန်တော် ရုတ်တရက်ဖန်တီးပေးလိုက်တဲ့ ပူဖေါင်း figure လေးတစ်ခုရလိုက်တဲ့အချိန် တလက်လက်တောက်လာတဲ့ မျက်ဝန်းလေးတွေမြင်ရတာ ကျွန်တော်ဝမ်းသာရပါတယ်။ ကျွန်တော်ဖန်တီးပေးတဲ့ figure တစ်ခုဟာ မျက်လှည့်အတတ်လိုပဲ။ သိပ်မကြာခင်မှာ ဖျတ်ကနဲ ကွယ်ပျောက်သွားမယ်။ အဲဒီအတွက်တော့ ကျွန်တော် ၀မ်းနည်းရပြန်တယ်။ သူတို့ မျက်နှာလေးတွေပေါ်မှာ ဆေးရောင်လေးတွေ ခြယ်ပေးရတဲ့အခါ သူတို့ချစ်တဲ့ ဇာတ်ကောင်လေးအတိုင်း တကယ်ပဲဖြစ်သွားခဲ့သလို ကလေးတွေ ပျော်ရွှင်နေကြတာ မြင်လိုက်ရတာဟာ ကျွန်တော့်အရာအားလုံး ပြည့်စုံသွားတဲ့ တခဏလေးပါပဲ။ 

 အဓိက ကျွန်တော် အလုပ်လုပ်ဖြစ်တာက ဆားဘီးယား နဲ့ အိမ်နီးချင်း ဘဲလ်ကန်နိုင်ငံတွေမှာပါ။ အရင်က ယူဂိုဆလားဗီးယားစစ်ပွဲတွေကြောင့် ထိခိုက်ခဲ့တဲ့ ဒေသက ကလေးတွေဆီကိုလည်း ကျွန်တော်သွားပါတယ်။ ယူအက်စ်၊ ရုရှား နဲ့ ဆူနာမီကြောင့် ဘေးဒုက္ခခံခဲ့ရတဲ့ အာရှဒေသတွေကိုလည်း သွားခဲ့ပါတယ်။ Oneness, Heart, Tears and Smiles ကုသိုလ်ဖြစ်အဖွဲ့နဲ့ SRI Chinmoy (ဘာသာရေးအဖွဲ့အစည်း Sri Chinmoy စင်တာကို တည်ထောင်သူ တရားပြဆရာ) တို့ရဲ့ ဖိတ်ကြားချက်နဲ့ ဆူနာမီကြောင့် ဘေးဒဏ်ခံခဲ့ရတဲ့ သီရီလင်္ကာက ကလေးငယ်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ၂၀၀၄ခုနှစ်ကပါ။ ရက်ပေါင်း ၁၀ ရက်မှာ performance ပွဲ ၃၀ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအစီအစဉ်လေးတွေကို ဆူနာမီဒဏ်အပြင်းဆုံးခံခဲ့ရတဲ့ သီရီလင်္ကာ အရှေ့တောင်ဘက်ပိုင်းမှာ ပြုလုပ်ပါတယ်။ ကမ်းခြေတစ်လျှောက်လုံး အိမ်တွေအများကြီးပဲ ပျက်စီးနေလိုက်တာ၊ ဂူသင်းချိုင်းအစုအပုံတွေလိုပါပဲ။ အဲဒီမှာ လူတွေအများကြီးပဲ မြှုပ်နှံခဲ့ရတယ်။ ကျွန်တော်နဲ့ အတူ တခြား လူရွှင်တော်နှစ်ဦး ကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်း၊ ဆေးရုံ နဲ့ ဒုက္ခသည်စခန်းတွေကို သွားကြတယ်။ အဲဒီက  မိဘတွေနဲ့ ကွဲကွာခဲ့ရတဲ့ မိဘမဲ့ကလေးတွေကို ဖျော်ဖြေကြပါတယ်။ ပြပွဲလုပ်ဖို့ အခြေအနေတွေက တော်တော်ခက်ခဲပါတယ်။ အဲဒီပတ်ဝန်းကျင်နေရာမျိုးမှာ ကလေးငယ်တွေကို ခဏလေးဖြစ်ဖြစ် ပျော်ရွှင်မှုရဖို့ ကျွန်တော်တို့ ဖျော်ဖြေရတာ အခက်ခဲဆုံးအနေအထားပါ။ မြင်ကွင်းတွေ၊ ပုံရိပ်တွေဟာ ကျွန်တော့်နှလုံးသားကို ထိခိုက်ကြေကွဲစေခဲ့တယ်။ အဲဒီနေရာမှာ ရှိနေတဲ့သူတွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်း တော်တော်သန်စွမ်းမှ နေနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ နုနယ်ငယ်ရွယ်တဲ့ကလေးတွေကတော့ ရွေးချယ်စရာနည်းလမ်းမရှိပဲ ကြောက်စရာသဘာဝဘေးဒဏ်ကြီးရဲ့ ဒဏ်ကို ခံစားနေရတာပါ။ ကလေးတွေဟာ အင်မတန် ဖော်ရွေရင်းနှီးလွယ်ကြတယ်။ အခြေအနေဆိုးအတွင်းမှာတောင် ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ဖို့ စိတ်အားထက်သန်ကြတယ်။ 
သီရိလင်္ကာကို သူတို့ ဘာသာစကားတစ်လုံးတစ်လေမှ နားမလည်ပဲ သွားခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်အတွက် အဲဒါ ပြဿနာမဟုတ်ခဲ့ပါဘူး။ ဘယ်ဘာသားစကားကိုပဲ ပြောကြပါစေ ကမ္ဘာထဲက ကလေးတိုင်းနားလည်တဲ့ ”ကလေးငယ်တွေရဲ့ စိတ်နှလုံးနဲ့ ထိတွေ့တဲ့ဘာသာစကား”  ကို ကျွန်တော် နားလည်သဘောပေါက်ထားပါတယ်။ လေ့လာသင်ယူထားပါတယ်။ စကားပြန်ရဲ့ အကူအညီ နည်းနည်းပဲ ယူပြီး လက်သေးသေးလေးတွေ၊ ခြေထောက်သေးသေးလေးတွေ၊ နှလုံးသားနုနုလေးတွေနဲ့ ဆက်သွယ်ကြတယ်။ ကျွန်တော်တို့ အပြန်အလှန် နားလည်ခဲ့ကြတယ်။ အဲဒါ မယုံနိုင်စရာပဲ။ ဒါပေမဲ့ အဲဒါ အမှန်ပါ။ နေရာဒေသအမျိုးမျိုးက၊ မတူတဲ့ ဘာသာစကားတွေပြောတဲ့ကလေးတွေကို ဖျော်ဖြေတိုင်း ကျွန်တော် တွေ့ကြုံရတဲ့ ခံစားချက်ကအတူတူပါပဲ။ ကလေးငယ်တွေဟာ သူတို့ရဲ့ နှလုံးသားဘာသာစကားနဲ့ ဆက်သွယ်ကြတယ်။ အဲဒီဘာသာစကားဟာ အင်မတန်ရိုးရှင်းပါတယ်။ လေ့လာဖို့လည်း လွယ်ကူပါတယ်။ ရိုးရိုးဖြောင့်ဖြောင့်ဆက်သွယ်ဖို့ပါပဲ။ သီရီလင်္ကာက ကလေးငယ်တွေဟာ performance တစ်ခုပြီးတိုင်း ကျွန်တော်တို့အနားကို ရောက်လာကြတယ်။ သူတို့လက်လေးတွေကမ်းပေးတယ်။ ကျွန်တော့်လက်ကို ဆုပ်ကိုင်ပြီး လှုပ်ယမ်းနေခဲ့ကြတယ်။ ပြီးတော့ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားလေးကို ထပ်ကာ ထပ်ကာ အော်ဟစ်ကြပါတယ်။ ကျွန်တော့်နိုင်ငံက ဆားရ်ဘီးယန်းကလေးငယ်တွေရဲ့လက်ဆောင်၊ လက်မှတ်လေးတွေရေးထိုးထားတဲ့ ရုပ်ပုံကားချပ်၊ ကဗျာ၊ သူတို့ရေးပေးလိုက်တဲ့ စာတိုလေးတွေကို အာရှက ကလေးငယ်တွေအတွက် ယူသွားခဲ့ပါတယ်။

ကျွန်တော် အမှတ်ရမိပါသေးတယ်။ သီရီလင်္ကာခရီးအတွက် ပြင်ဆင်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံပါ။ ကျွန်တော်ရဲ့ ဖျော်ဖြေရေးပစ္စည်းနဲ့ အ၀တ်အစားတွေက အိတ်တစ်အိတ်၊ နောက်တစ်အိတ် အိတ်ကြီးနဲ့ အပြည့်က ဆားရ်ဘီးယန်းကလေးငယ်တွေပေးပို့လိုက်တဲ့ သတင်းစကားလေးတွေ၊ ပန်းချီကားလေးတွေပါတယ်။ လေဆိပ်မှာ ကျွန်တော်အခက်တွေ့တော့တာပဲ။ ၂ အိတ်လုံးသယ်သွားဖို့ မဖြစ်နိုင်ဘူးတဲ့။ ကျွန်တော် တုန်လှုပ်သွားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီကလေးတွေရဲ့ အမှာစကားလေးတွေ ဘယ်လိုလုပ်ချန်ထားခဲ့နိုင်ပါ့မလဲ။ အဲဒီတုန်းက လေဆိပ်က တာဝန်ရှိသူကို ကျွန်တော် ဘာတွေပြောမိမှန်းတောင် ကျွန်တော်ကိုယ်တိုင် မမှတ်မိတော့ပါဘူး။ နောက်တော့ အဲဒီတာဝန်ကျလေဆိပ်ကအရာရှိက ငြင်းဆန်တဲ့စကားတစ်ခွန်းမှမပြောဘဲ အိတ်နှစ်အိတ်လုံး သယ်ခွင့်ပြုလိုက်ပါတယ်။ ဘုရားသခင်က ကျွန်တော့်ကို စောင့်ရှောက်ခဲ့တာပါပဲ။

ကျွန်တော်ရဲ့ စိတ်ကူးကဆိုရင်။ တစ်နေ့ ကျွန်တော့် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းဖွင့်ပါမယ်။ ကလေးတွေကို သင်ကြားပေးမယ်။ ကျွန်တော်အသက်ကြီးလာရင်တော့ ကလေးတွေကို ဖျော်ဖြေနိုင်တော့မှာ မဟုတ်ဘူးလေ။ ၂၀၁၁ မှာ ကျွန်တော် ဂျိုကာအဖြစ် ဖျော်ဖြေခဲ့တာ ၁၀နှစ်ပြည့်ခဲ့ပါပြီ။ နောက်ထပ် နှစ် ၂၀၊ နှစ် ၃၀ ပြည့်ခဲ့ရင် ဗဟုသုတ၊ အတွေ့အကြုံတွေ ပိုပြီး များလာပါလိမ့်မယ်။ performance တွေ အသစ်အသစ် ထပ်ပြီး ဖန်တီးပါ့မယ်။ ကျွန်တော့် ရဲ့ website မှာလည်း ကျွန်တော် performance တွေကြည့်နိုင်ပါတယ်။ Youtube မှာဆိုရင် Klovn Smehuljko နဲ့ စာရိုက်ပြီး ကျွန်တော့် ဗီဒီယိုတွေ ရှာတွေ့နိုင်ပါတယ်။ မြန်မာပြည်က ကလေးငယ်တွေလည်း ကျွန်တော် တွေ့ချင်ပါတယ်။ ကမ္ဘာကြီးထဲက ကလေးတိုင်းကို ကျွန်တော် တွေ့ချင်တာပါ။

မြန်မာပြည်က ကလေးငယ်တွေအားလုံးကိုလည်း လေးလေးနက်နက်နှုတ်ခွန်းဆက်ပါတယ်။ နှလုံးသားနဲ့ ပါ။
သင်တို့ရဲ့ Clown Smiley

Special Thanks to Clown Smiley (Belgrade, Serbia)