Tuesday, November 29, 2011

ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၁)

ဆီးရီးယားသမ္မတ
ဘာရှား အယ်လ် အာဆတ်ဒ်
ဆီးရီးယားမှာ ၂၀၁၁ ရဲ့ မတ်လကစလို့ လူထုအုံကြွမှုတွေ ဆက်တိုက်လိုဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၁ ဇွန်လ ၂၆ရက်မှာ ဆန္ဒပြပွဲတွေ အတောမသတ်ကြတော့ဘူး။ ဆီးရီးယားပြည်သူတွေက “ဘုရားသခင်၊ ဆီးရီးယား၊ လွတ်လပ်ခြင်း၊ အဲဒါဆို လုံလောက်ပြီ”လို့ ကြွေးကြော်ဆုတောင်းကြတယ်။ အဲဒီ မတ်လ ၁၈ရက်နေ့မှာ ဗလီဝတ်ကျောင်းထဲကိုပါ လုံခြုံရေးတပ်သားတွေက အကြမ်းဖက်ဝင်ရောက်နှိမ်နင်းတော့တယ်။ အကြမ်းဖက်နှိမ်နင်းမှုတွေရဲ့ရလာဒ်ကတော့ တူရကီနိုင်ငံဘက်ကို ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ကြတာပါပဲ။ တူရကီနယ်စပ်က ဒုက္ခသည်စခန်းမှာ လူဦးရေတွေများလွန်းလာတော့ ဒုက္ခသည်စခန်းတစ်ခု ထပ်ပြီးဆောက်ကြရတော့တယ်။ ဇွန်လမှာ ဆီးရီးယားတပ်သားတွေက တူရကီနယ်စပ်နားက ရွာလေးကိုဝင်ရောက်စီးနင်းကာ လူတွေကိုသတ်ဖြတ်ဖမ်းဆီးခဲ့ပါတယ်။ အိမ်တွေကို မီးရှို့ပစ်ခဲ့ကြတယ်။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ကိုဆန့်ကျင်တဲ့ လက်နက်ကိုင်အစိုးရဆန့်ကျင်ရေးတပ်သားတွေက အဲဒီအထောက်အထားတွေကို ထုတ်ပြလာခဲ့တယ်။ သမ္မတအာဆတ်ဒ်က ဝေါလ်စထရိဂျာနယ်ကို ပြောပါတယ်။ သူဟာ "အစ္စရေးဆန့်ကျင်သူ"၊ "အနောက်ကိုဆန့်ကျင်သူ" ဖြစ်တယ်လို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်သတ်မှတ်ထားပါတယ်တဲ့။ တကယ်တမ်းတော့ ဆီးရီးယားပြည်သူတွေကိုပါဆန့်ကျင်သူဖြစ်နေခဲ့ပါတယ်။ သမ္မတအာဆတ်ဒ်ရဲ့ သေနတ်သမားတွေဟာ ဆီးရီးယားနိုင်ငံရဲ့ နာမည်ကျော်နိုင်ငံရေးကာတွန်းဆရာ အလီဖာဇက်ကိုပါ ရိုက်နှက်တိုက်ခိုက်လိုက်ပါတယ်။

အလီဖာဇက်ဟာာ ဆီးရီးယားပုန်ကန်မှုတွေတလျှောက်လုံးမှာလည်း အစိုးရဆန့်ကျင်တဲ့ ကာတွန်းတွေကို ချက်ကျကျရေးဆွဲခဲ့တယ်။ အထူးသဖြင့် သမ္မတအာဆတ်ဒ်ကို တိုက်ရိုက်ဦးတည်ရေးဆွဲခဲ့ပါတယ်။ လစ်ဗျားနိုင်ငံရဲ့မြို့တော်ထရီပိုလီကျဆုံးပြီးတဲ့နောက် ဂဒါဖီကို တော်လှန်သူတွေက မြေလှန်ရှာနေကြတဲ့အခါ ဖာဇက်ဆွဲခဲ့တဲ့ ကာတွန်းသရုပ်ဖော်ပုံတစ်ခုမှာဆိုရင် ချွေးပြိုက်ပြိုက်ကျနေတဲ့ အာဆတ်ဒ်ဟာ လက်ဆွဲသေတ္တာလေးတစ်လုံးဆွဲလို့၊ ကားတစ်စီးနဲ့ အလောတကြီး ထွက်ပြေးဖို့ကြိုးစားနေတဲ့ဂဒါဖီကို လူကြုံခေါ်သွားဖို့ပြောနေဟန် သရုပ်ဖော်ထားပါတယ်။ ဖာဇက်ရဲ့လက်ရာကာတွန်းတိုင်းဟာ ထိထိမိမိရှိလွန်းလှတော့ ဖာဇက်ကိုအစိုးရအဖွဲ့လက်နက်ကိုင်တွေက ရှင်းလင်းပစ်ချင်လာခဲ့ပါတယ်။ သြဂုတ်လ ၂၅ရက်နေ့မှာတော့ မြို့တော် ဒမတ်စကတ်မြို့လယ် အူးမေယတ်ဒ်ရင်ပြင်မှာ မျက်နှာဖုံးစွပ်သေနတ်သမားတွေက ဖာဇက်ကိုကားထဲကနေဆွဲထုတ်ပြီး ပြင်းထန်စွာရိုက်နှက်ခဲ့ကြတယ်။ ပြီးတော့ လေဆိပ်သို့သွားရာလမ်းဘေးမှာ ပစ်ချထားခဲ့ပါတယ်။ အစိုးရလုံခြုံရေးတပ်သားတွေလို့ယုံကြည်ရတဲ့ အဲဒီသေနတ်သမားတွေက ကျော်ကြားလှတဲ့လက်ရာတွေကိုဖန်တီးနိုင်တဲ့ ဖာဇက်ရဲ့လက်နှစ်ဘက်ကို ပစ်မှတ်ထားရိုက်ချိုးခဲ့ကြတယ်။ ပြီးတော့ သူတို့က ခြိမ်းခြောက်ကြတယ်။ “ဒါသတိပေးရုံပဲရှိသေးတယ်။ ဆီးရီးယားခေါင်းဆောင်တွေကို လှောင်ပြောင်တာမလုပ်နဲ့တော့”တဲ့။
အဲဒီနောက်ပိုင်း ဆီရီးယားဆန့်ကျင်သူတွေနဲ့ များပြားလှတဲ့အွန်လိုင်းလှုပ်ရှားတက်ကြွသူတွေဟာ facebook မှာ သူတို့ရဲ့ profile ရုပ်ပုံတွေကို ဖာဇက်ဆေးရုံတက်ကုသမှုခံယူနေရတဲ့ပုံအဖြစ် ပြောင်းလဲခဲ့ကြပြီး ကာတွန်းဆရာဘက်မှာ စည်းလုံးညီညွတ်စွာအားပေးရပ်တည်ခဲ့ကြပါတယ်။ ဖာဇက်ရိုက်နှက်မခံရမှီ တစ်လအလိုမှာလည်း အစိုးရဆန့်ကျင်ရေးသီချင်းသီဆိုခဲ့သူကို အသံကြိုးဖြတ်တောက်ခံထားရပြီး သေဆုံးနေတာကိုတွေ့ရှိခဲ့ကြပါသေးတယ်။ ဆီးရီးယားပြည်သူတွေကိုပါ ဆန့်ကျင်လာခဲ့တဲ့၊ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ အာဆက်ဒ်ကိုလည်း ဆီးရီးယားနိုင်ငံရဲ့ အိမ်နီးချင်းတွေနဲ့ တစ်ခြား အာရပ်ပြည်နယ်တွေကပါ ဖိအားပေးဆန့်ကျင်မှုတွေတိုးမြှင့်လာခဲ့ကြပါပြီ။ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းနေတာကို ရပ်တန့်ဖို့ကြိုးပမ်းလာကြပါပြီ။ ဆီးရီးယားကသာ လျှောက်နေတဲ့လမ်းကြောင်းပြောင်းလဲဖို့မရှိဘူးဆိုရင်တော့ တူရကီဟာ သူတို့ရဲအိမ်နီးချင်းဆီ လျှပ်စစ်ပေးပို့နေတာကို ဖြတ်တောက်ရတော့မယ်လို့  တူရကီလျှပ်စစ်ဝန်ကြီးတနားရီးလ်ဒစ်ဇ် ကပြောလိုက်ပါတယ်။

ဆီးရီးယားကို ဘယ်လို ပိတ်ဆို့မှုတွေလုပ်ပြီးကြပြီလဲ။
အာရပ်လိဂ်က ဆီးရီးယားကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နိုဝင်ဘာ၁၂ ရက်နေ့က ရပ်တန့်လိုက်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ဖို့ မဲပေးခဲ့ကြပြီး နိုဝင်ဘာ ၂၇ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ သဘောတူလိုက်ကြတယ်။ အာရပ်တိုင်းပြည်တွေမှာရှိတဲ့ ဆီးရီးယားအစိုးရရဲ့ပိုင်ဆိုင်မှုတွေကို ပိတ်ပင်တာတွေလည်းပါဝင်တယ်။ ဆီးရီးယားဗဟိုဘဏ်နဲ့ ဆက်သွယ်မှုတွေနဲ့ ဆီးရီးယားမှာရှိနေတဲ့ အာရပ်အစိုးရတွေရဲ့လုပ်ငန်းတွေကိုလည်း ရပ်တန့်ကြတော့မယ်။ ကုန်သွယ်လေကြောင်းလိုင်းအ၀င်အထွက်ကိုလည်း ဖြတ်တောက်ပါတယ်။ ဆီးရီးယားအစိုးရအဖွဲ့ဝင်တွေရဲ့ ခရီးသွားလာမှုတွေကိုလည်း တားမြစ်လိုက်ကြတယ်။ ဒါပေမဲ့လည်း ဒီလိုတားမြစ်ပိတ်ဆို့မှုတွေကြားထဲက ဖြစ်နိုင်ခြေရှိတာတွေကိုလည်း အာရပ်တိုင်းပြည်တွေက မေးခွန်းထုတ်နေကြပါတယ်။ မေလ ၁၀ ရက်နေ့မှာ အီးယူက သမ္မတရဲ့ညီ မာဟား အယ်လ် အာဆတ်ဒ် အပါအ၀င် ကန့်သတ်လိုက်တဲ့ အစိုးရအဖွဲ့ဝင်၁၃ဦးရဲ့စာရင်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ မေ ၂၃ မှာ သမ္မတအာဆတ်ဒ်ကိုယ်တိုင်နဲ့ လက်တွဲအကူအညီပေးကြတဲ့ အဖွဲ့အစည်းတွေရဲ့နာမည်ပါဝင်တဲ့ စာရင်း ထပ်မံပေါ်ထွက်လာတယ်။ အဲဒီစာရင်းမှာပါဝင်သူတွေအားလုံး အီးယူမှာ ခရီးသွားလာခွင့်တားမြစ်ခံရပါတယ်။ ဆီးရီးယားနိုင်ငံဆီကလောင်စာဆီမှာယူတင်သွင်းနေမှုကိုလည်း အီးယူက ရပ်လိုက်ပါတော့တယ်။ ယူအက်စ်ကလည်း သမ္မတအာဆတ်ဒ်နဲ့ ထင်ရှားတဲ့အစိုးရအဖွဲ့ဝင်တွေ၊ လုံခြုံရေးအရာရှိတွေကို ကန့်သတ်တားမြစ်တာတွေ ပြုလုပ်ခဲ့တာပါပဲ။ ၂၀၁၁ မငြိမ်မသက်မှုတွေ မစတင်ခဲ့စဉ်ကတည်းက ယူအက်စ်ရဲ့ စီးပွားရေးပိတ်ပင်တားမြစ်မှုတွေ ဆီးရီးယားအပေါ်ရှိနှင့်နေခဲ့ပါပြီ။ ယူအက်စ်က ဆီးရီးယားကို ၁၉၇၉ ကတည်းက “အကြမ်းဖက်ဝါဒအားပေးတဲ့တိုင်းပြည်” ရယ်လို့ ကြေညာထားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစလို့ ပိတ်ဆို့မှုတွေ အကြိမ်ကြိမ်သက်တမ်းတိုးလာခဲ့တယ်။ ဆီးရီးယားငွေကြေးဥစ္စာတွေလှုပ်ရှား လည်ပတ်ခွင့်မရရှိအောင် ဘုရှ်အစိုးရအဖွဲ့က ၂၀၀၄မှာ ကန့်သတ်မှုတွေလုပ်ဆောင်ခဲ့ကြတယ်။ လက်ဘနွန်ဟစ်ဇ်ဘိုလာပြောက်ကျားတွေနဲ့ ပါလက်စတိုင်းတိုက်ခိုက်ရေးတပ်သားတွေကို ဆီးရီးယားကအထောက်အပံ့ပေးနေတာနဲ့ပတ်သတ်ပြီး ဒမတ်စကတ်ကို အပြစ်ပေးခဲ့ကြပါတယ်။

တူရကီက ဆီးရီးယားရဲ့ လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်နိုင်သလား။
ဆီးရီးယားပြည်တွင်းလျှပ်စစ်ဓါတ်အား နှစ်စဉ်သုံးစွဲမှုရဲ့ ၁၀ရာခိုင်နှုန်းကို တူရကီက ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားဟာ ၁၉၆၀ ခုနှစ်ကတည်းက ရေနံထုတ်လုပ်ရောင်းချနိုင်ခဲ့သလို တစ်နေ့ကို ဓာတ်ငွေ့ ကုဗမီတာ၂၂သန်း ထုတ်နိုင်တဲ့တိုင်းပြည်ဖြစ်နေတာကြောင့် ဘယ်လိုပြတ်လပ်မှုမျိုးကိုမဆို ဓာတ်ငွေ့တွေရေနံတွေနဲ့ ပြန်လည်ဖြည့်တင်းပါလိမ့်မယ်။ တူရကီအစိုးရကလည်း သာမန်ဆီးရီးယားပြည်သူတွေကို မထိခိုက်နိုင်တဲ့ ပိတ်ဆို့မှုမျိုးကိုပဲပြုလုပ်ခဲ့ပါတယ်။ ဆီးရီးယားပြည်တွင်းရေနံကုမ္ပဏီနဲ့ပြုလုပ်နေတဲ့ ဖက်စပ်ရေနံစီမံကိန်းတစ်ခုကိုလည်း ရပ်တန့်ကြောင်းကြေညာခဲ့တယ်။

ဆီးရီးယားကို ဘယ်သူတွေက စီးပွားရေးပိတ်ဆို့မှုလုပ်ပြီး ဖိအားပေးနိုင်ဦးမလဲ။
ဆီးရီးယားစီးပွားရေးကို အပြင်းထန်ဆုံးရိုတ်ခတ်နိုင်မှုက အီးယူကနေရေနံဝယ်ယူမှုရပ်တန့်လိုက်တာပါပဲ။ ရေနံကရတဲ့ဝင်ငွေပမာဏဟာ ဆီးရီးယားကုန်ထုတ်စွမ်းအား(GDP)ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အီးယူပိတ်ဆို့မှု မလုပ်ခင်တုန်းက ရေနံထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းကို အီးယူက သိမ်းကျုံးဝယ်ယူပါတယ်။ အထူးသဖြင့် ဂျာမနီ၊ အီတလီနဲ့ ပြင်သစ်နိုင်ငံတို့က ၀ယ်ကြတယ်။ တစ်ချို့ဆီးရီးယားကျွမ်းကျင်သူတွေက ခန့်မှန်းကြပါသေးတယ်။ ပိတ်ဆို့မှုတွေ အီးယူကစတင်လိုက်တော့ ဆီးရီးယားဟာ ရေနံဝယ်မယ့်နိုင်ငံသစ်တွေ၊ ဥပမာ တရုတ်နဲ့ အိန္ဒိယတို့လို နိုင်ငံတွေကိုမိတ်ဖွဲ့ရောင်းချနိုင်တာမို့ မတုန်မလှုပ်နေနိုင်ခဲ့ပါသေးတယ် တဲ့။ ဒါပေမဲ့လည်း တစ်ခြားဝယ်ယူမယ့်သူရှာရတာဟာ ပိုပြီးခက်ခဲစေပါတယ်။ ထုတ်လုပ်မှုလည်း ကျဆင်းလာနိုင်တယ်။ အတင်းအဓမ္မစီးပွားရှာမှုကလည်း တိုင်းပြည်ကို အကျဉ်းအကျပ်ထဲ ပိုပြီးကျရောက်စေပါတယ်။ တရားဝင်တားမြစ်ပိတ်ဆို့မှုတွေကြောင့် တရားမ၀င်စီးပွားရှာမှုတွေဟာ နယ်စပ်တစ်လျှောက်မှာ ပြည့်နှက်နေခဲ့တာကလည်း သမိုင်းရာဇ၀င်တွေပြန်ကြည့်ရင် သိနိုင်ကြပါတယ်။ အထူးသဖြင့် လက်ဘနွန်နဲ့ အီရတ်တို့လို့နိုင်ငံတွေဆီ တရားမ၀င်ရေနံရောင်းချမှုတွေ ပိုပြီးများလာနိုင်တယ်။

ဘယ်သူတွေက ဆီးရီးယားရဲ့ အကြီးမားဆုံးကုန်သွယ်မိတ်ဖက်တွေလဲ။
ဥရောပကော်မရှင်အရ ၂၀၁၀ မှာ အီးယူဟာ ဆီးရီးယားရဲ့ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ခဲ့ပါတယ်။ အီးယူရဲ့ ကုန်သွယ်မှုဟာ ၂၂.၅ရာခိုင်နှုန်းရှိပြီး အီရတ်က ၁၃.၃ရာခိုင်နှုန်း၊ ဆော်ဒီအာရေးဘီးယားက ၉ ရာခိုင်နှုန်း၊ တရုတ်က ၆.၉ရာခိုင်နှုန်းနဲ့ တူရကီက ပဉ္စမနေရာ ၆.၆ရာခိုင်နှုန်းရှိပါတယ်။  ရုရှားက န၀မမြောက် ၃ရာခိုင်နှုန်းကုန်သွယ်မှုရှိကြတယ်။

ဆီးရီးယားကို ပိတ်ဆို့မှုမှာ ဘယ်သူက ဆန့်ကျင်လဲ။
ဆီးရီးယားကို အာရပ်အဖွဲ့ဝင်အဖြစ်က ဖြုတ်ချထားလိုက်တာကို ဆန့်ကျင်တဲ့အာရပ်လိဂ်အဖွဲ့ဝင် သုံးဦးက ဆီးရီးယားနိုင်ငံကိုယ်တိုင်၊ လက်ဘနွန်နဲ့ ရီမင်နိုင်ငံတို့ပါ။ ရီမင်အစိုးရကိုယ်တိုင်က သမ္မတအလီအဗ္ဗဒူလာဆာလာကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆီးရီးယားဟာ အိမ်နီးချင်းလက်ဘနွန်နိုင်ငံကိုလည်း နိုင်ငံရေးအရသြဇာသက်ရောက်စေဖို့ ကြိုးပမ်းနေဆဲပါပဲ။ အကြမ်းဖက်နှိမ်နင်းမှုတွေဆက်ပြီးလုပ်နေတာကြောင့် ယူအန် လုံခြုံရေးကောင်စီက အရေးယူဆန့်ကျင်ခဲ့တယ်။ ရုရှားနဲ့ တရုတ်က ဆီးရီးယားပြည်တွင်းရေးမှာ ယူအန်ပါဝင်ပတ်သက်မှုကို ဗီတိုအာဏာသုံးပြီးပယ်ချခဲ့ပါတယ်။ သူတို့ရဲ့ဆန့်ကျင်မှုကိုပြသကြတယ်။ ရုရှားနိုင်ငံဆိုင်ရာ ယူအန်သံအမတ်ကြီး ဗီတဲလီချာကင်က လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ လစ်ဗျားပုံစံ နိုင်ငံခြားတပ်သားတွေဝင်ရောက်အရေးယူမှုမျိုး ဦးဆောင်နိုင်တယ်လို့ပြောပါတယ်။ ရုရှားနိုင်ငံအခြေစိုက် စစ်ပရိယာယ်၊ နည်းပညာသုတေသနစင်တာရဲ့သတင်းအရ ရုရှားဟာဆီးရီးယားကို အနည်းဆုံး ဒေါ်လာ၂.၅ဘီလီယံခန့်တန်ကြေးရှိတဲ့ လက်နက်နဲ့ စစ်သုံးကိရိယာတွေ ရောင်းချခဲ့တယ်လို့ ဆိုတယ်။

ဘက်ပေါင်းစုံက ပိတ်ပင်တားဆီးမှုတွေစုပြုံရရှိခဲ့ပြီး အာရပ်လိဂ်အပြင်ဘက်ရောက်ခဲ့ရတဲ့ အာရပ်နိုင်ငံတစ်နိုင်ငံရဲ့ လမ်းကြောင်းပြောင်းလဲလာလေမလား။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ခြေလှမ်းတွေကို စောင့်ကြည့်ရပါဦးမယ်။ သမ္မတအာဆတ်ဒ်ကတော့ နိုင်ငံအတွက် အသေခံဖို့ဆန္ဒရှိတယ်လို့ ပြောနေပါတယ်။ နိုင်ငံအတွက်ထားတဲ့ သမ္မတအာဆတ်ဒ်ရဲ့ဆန္ဒအတိုင်းပဲ ဆီးရီးယားနိုင်ငံရဲ့အနာဂတ်လှပလာလေမလား မျှော်လင့်စောင့်စားကြရမှာပါပဲ။              ။

နွယ်နီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၂

Saturday, November 26, 2011

သည်ခရီး

photo from
ကျွန်မဟာ ညီအမသုံးယောက်ထဲက တယောက်ဖြစ်ပြီးတော့ ကျွန်မတို့ သုံးယောက်စလုံးဟာ ကက်သလစ်ဘာသာဝင်များဖြစ်သည်နှင့်အညီ ဘာသာရေးလုပ်ငန်းများကို စွမ်းစွမ်းတမန် လုပ်ကိုင်ပျော်ရွှင်နေကြသူများဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ထဲက အလွန်ဝေးသီခေါင်လွန်းလှတဲ့  အရပ်ဒေသတခုမှာပါ။ လူဦးရေ နှစ်သောင်းဝန်းကျင်လောက်ဘဲ ရှိပြီး ဆင်းရဲ နွမ်းပါးကြသူများ ဖြစ်ပြီးတော့ အထူးသဖြင့် ကျန်းမားရေးဘက်မှာအလွန်ချို့တဲ့လှပါတယ်။ ဌာနီ ဆေးဝန်ထမ်းမရှိပါဘူး။ အမြဲနေထိုင်မယ့်ဆရာဝန်ဆိုတာ ဝေးလာဝေးပါ။ ကျွန်မတို့ခရစ်ယာန်အသိုင်းအ၀ိုင်းကသာ  ဆင်းရဲနိမ့်ကျသူများအပေါ် ဘာသာရေးအသိစိတ်ဓါတ်နဲ့ စာနာကူညီမှုတွေ ပေးခဲ့ကြရတာပါ။ ကျွန်မအနေနဲ့လဲ လက်မှတ်ရ သူနာပြု ဆရာမတယောက် ဖြစ်ခဲ့ပြီးပြီမို့ ပိုမို အဆင်ပြေ ချောမွေ့ စေပါတယ်။


 ပြီးခဲ့တဲ့ ၁၉၇၈ခုနှစ်ရဲ့  ညနေခင်းတခုမှာ  Anda ကျေးလက်ကျန်းမာရေး ဌာနက ကျန်းမာရေးဆရာမ နှင့် ခင်ပွန်းသည်တို့ဟာ လေးနှစ်အရွယ် သမီးကလေး Serena နှင့်အတူ ကျွန်မတို့ အိမ်ကို ရောက်ရှိလာကြပါတယ်။ ခလေးမကလေးကို ကြည့်ရတာ တော်တော့်ကို ခက်ခက်ခဲခဲ အသက်ရှူနေရဟန်ရှိပါတယ်။ သူ့မေမေက ကျွန်မကိုပြောပါတယ်။ ခလေးမလေးဟာ ဒေသထွက် ကျေးလက်အစာ(chico) အသီးတခုကို နေ့လည်စာစားချိန်က စားရင်းလည်ချောင်းမှာတစ်နေခဲ့တယ်တဲ့။ သူမကြိုးစားပြီး တတ်စွမ်းသလောက် ထုတ်ယူခဲ့ပေမဲ့ မရခဲ့ဘူး တဲ့။   ညစာစားချိန်မှာတော့ ခလေးမကလေးဟာ အသက်ရှုရတော့ဘဲ တကိုယ်လုံးပြာနှမ်းလာတယ်လို့ ဆိုပါတယ်။ ကျွန်မထင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့ နေတဲ့အရာကို ခပ်မြန်မြန်လေး ထုတ်ပစ်ဖို့လိုမယ်ဆိုတာ။ ဒါနဲ့ဘဲ ကျွန်မ ခပ်မြန်မြန်ဘဲ လူနာတင်ကားတစင်းကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။  လူနာတင်ကားလို့သာ ဆိုတယ် အမှန်က သာမန်ထရပ်ကားတစင်းပါဘဲ ။ ထူးခြားတာက ဥသြဆွဲလို့တော့ရတယ်လေ။ ကားရောက်တယ်ဆိုရင်ဘဲ အချိန်မဆိုင်းတော့ဘူး။ ကျွန်မ ခလေးမလေးကို ပွေ့ပြီးကားပေါ်တက်လိုက်တယ်။သူမဖေဖေရော သူမမေမေရောပါဘဲ။ သူတို့ နှင့်အတူ လိုက်လာတဲ့  Anda က သားဖွားဆရာမတယောက်လဲ ပါပါတယ်။ ကျွန်မတို့  အရေးပေါ်ဆေးရုံကြီးကို  ခုလို သွားကြရာမှာ တူးမြောင်းတခုကိုလဲ ဖေါင်နဲ့  ဖြတ်ကူးကြရတယ်။

ကျွန်မတို့သင်္ဘောဆိပ်ခံတံတားရောက်တော့..လူတွေက ပြားပန်းခတ်ရှုပ်ထွေးနေတယ်။ ဖေါင်နဲ့ ဖြတ်ကူးဖို့ ခွင့်မပြုကြောင်း တာဝန်ရှိသူတွေက အချက်ပြ မီးနဲ့သတိပေးနေပြန်တယ်။ သူတို့က စပိဘုတ်ကလေးတခုအပေါ်ကို ပို့ပေးပါတယ်။ ဒါပေမဲ့ အဆင်မပြေပါဘူး။ လမ်းတ၀က်မှာဘဲ ကျွန်မတို့တခြား စပိဘုတ်တစင်းကို ပြောင်းကြရတယ်။   ခလေးမလေးကိုတော့ ကျွန်မတင်းတင်းမြဲမြဲ ပွေ့ချီတက်ရတယ်။ ကျွန်မတို့အဖို့တော့သည်းထိတ်ရင်ဖို  အတွေ့အကြုံတခုပါဘဲ။ ပင်လယ်လေက အေးစက်လွန်းပေမယ့် ကျွန်မတို့အမှုမထားနိုင်ကြဘူး။ ကျွန်မ ခလေးမလေးကို ဖောက်ထိုးထားလိုက်ဖြေးဖြေးညင်သာ ထူမတ်ပေးလိုက်နဲ့ တလမ်းလုံးလုပ်ပေးခဲ့တယ်။ ဒါ့ကြောင့်လဲ ခလေးမလေးရဲ့မျက်နှာကလေး သွေးရောင်နဲနဲ လွှမ်းလာခဲ့တယ်။ ကုန်းပေါ်ရောက်တော့ ကျွန်မတို့ ၂ကီလိုမီတာလောက်ဝေးမယ့် အရေးပေါ်ဆေးရုံကို သွားဖို့ ကားတစီး ရှာရပြန်တယ်။ ရရာဂျစ်ကားတစ်စီးနဲ့ အပြေးသွားကြရပြန်တယ်။ ကားက သုံးရရုံဘဲ။ ရှေ့မီးတစ်လုံးတည်းအလုပ်လုပ်တယ်။ မှောင်လာပြီဖြစ်တဲ့လမ်းကို ကောင်းကောင်း အလင်းမပေးနိုင်ဘူး။ ဒရိုင်ဘာက အလိုက်မသိ ဒီလမ်းဟာ သိပ်အန္တရယ်များကြောင်း ဘယ်နေ့ က ဘယ်နားမှာ ဘာဖြစ်ကြောင်း ပြောနေလိုက်တာ လျှာတော်တော်ရှည်တဲ့ သူဘဲ။ ဒီလူလျှာရှည်နေတာနဲ့ဘဲ ဖြုံးဆို သူ့ကားက  လမ်းဘေးထိုးရပ်ပါရော။ ကားဘီးပေါက်တယ်လေ။ ဘီးတလုံးကပြားသွားပြီ။ ကားဘီးကို ၃မိနစ်နဲ့ အပြီးလဲရတယ်။ ဒီအတောအတွင်းမှာ ကျွန်မ ဘုရားသခင်နဲ့  သူတော်စင်စိန့်တွေထံ ခလေးမလေးကို စောင့်ရှောက်ပေးဖို့အသက်ကို ကယ်တင်ပေးဖို့အသနားခံ ရပါတယ်။ အကြိမ်ကြိမ် အခါခါဆုတောင်းနေရပါတယ်။ ဒီကြားထဲမှာ ဒရိုင်ဘာကြီးကိုလဲ ကားဘီးမြန်မြန်လဲပြီးဖို့လှမ်းပြီး တောင်းပန်နေရသေးတာ။

ဒီလိုနဲ့ကျွန်မတို့ ကံအားလျော်စွာ ဆေးရုံကြီးကို ရောက်ခဲ့ရပါပြီ။  ဒါပေမဲ့ တာဝန်ကျဆရာဝန်ကမရှိပါဘူးတဲ့။ လိုအပ်တဲ့ပစ္စည်းကရိယာတောင်မရှိပါဘူးတဲ့။ သွားပါပြီ။ ကျွန်မတို့ကို သုံးနာရီကြာ ရှေ့ဆက်မောင်းနှင်ရမယ့် Dagupan မြို့ ကိုသွားဖို့ လမ်းညွှန်တော့တယ်။ ဘာဘဲပြောပြော ဟိုမှာက ပစ္စည်းကရိယာစုံလင်တယ်အောက်ဆီဂျင် ပေးလို့ရနိုင်မယ်ဆိုတော့ ကျွန်မတို့ မျှော်လင့်ချက် ရှိပါသေးတယ်။ သူတို့က သူနာတင်ကားကို ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရပေမယ့် လမ်းတ၀က်ရောက်တော့ သူနာတင်ကားက ဂက်စ်ဖြည့်ရပါတယ်။ ဆီဖြည့်ဌာနမှာ ကံမကောင်းစွာ ဆီဖြည့်တဲ့  ပန့်ပ်ကွဲထွက်သွားတယ်။

ဘုရားသခင်!
ကျွန်မတို့ ဒုက္ခသုက္ခတွေ အဆုံးမသတ်သေးပါလား။ သူနာတင်ကားဟာ တခြားပန့်ပ်တခုမှာ ဆီသွားဖြည့်ရပါတယ်။  ကျွန်မတို့ ရှေ့ဆက်လက်ထွက်ခွာခဲ့ပါတယ်။  မကြာမီ Dangupan မြို့ ကို ရောက်ခဲ့ပါတယ်။ ဆေးရုံနဲ့ အနီးဆုံးတနေရာမှာကားရပ်နားလိုက်တယ်။ ဒါပေမဲ့ သူတို့က အဆုတ်နဲ့ပတ်သက်တဲ့အထူးကုဆရာဝန်က မရှိပြန်ဘူးတဲ့။ ခလေးအတွက် အဆုတ်ရောဂါကု ကျွမ်းကျင်ဆရာဝန်တယောက် အမြန် လိုအပ်တယ်လို့ဆိုတယ်။ ကဲ ကျွန်မတို့ တခြားဆေးရုံတခုကို ထပ်မံ ပြောင်းလဲ သွားရောက်ဖို့ ပြင်ဆင်ရပြန်ပြီ။ ဒီအခါမှာတော့ သူနာတင်ကားလဲ ရှေ့ခရီးကို သည်ပိုးမပေးတော့ပါဘူး။ ကျွန်မတို့  ဒါရိုက်တိုရီလမ်းညွှန်ကို ဖုန်းဆက်မေးရတော့တယ် ။ ဒါဂူပန်မြို့ မှာ ရနိုင်မယ့် ဆရာဝန်တယောက်ယောက်ကိုပေါ့။ ဒီတော့မှ ကျွန်မတို့  ဆရာဝန်ကောင်းကောင်းနဲ့ ဆေးရုံကောင်းကောင်းနဲ့ ဆုံတွေ့နိုင်ကြတော့တယ်။ ဆရာဝန်က ဓါတ်မှန်လေးကြိမ်ရိုက်ပြီးတဲ့ နောက်မှာတော့ သူတို့ တိကျတဲ့အဖြေတစ်ခုကို ပေးနိုင်ခဲ့ကြပြီး ခလေးရဲ့ အသက်ကိုလည်း  သူတို့ ကျိန်းသေကယ်တင်နိုင်ပီလို့  ဆိုတယ်။

သူမရဲ့လေပြွန်မှာ တွယ်ကပ်ခိုအောင်းနေတဲ့ သစ်သီးစေ့ကို ထုတ်ယူနိုင်ပါလိမ့်မယ် တဲ့။ တကယ်လဲ အောင်မြင်စွာ ဖယ်ရှားထုတ်ပစ်နိုင်ခဲ့ပါပြီ။ ပင်မလေပြွန်ကို ပိတ်ဆို့ထားတဲ့အသီးစေ့ကြောင့် ညာဘက်အဆုတ်တခြမ်းဟာ ကျုံ့သွားပြီး ခလေးဟာ အသက်ရှူ ခက်ခဲ သွားခြင်းဖြစ်ပါတယ်။ ဒါဟာ အချိန်အလွန်ကြန့်ကြာသွားရင် မုချ အသက် သေစေနိုင်ပါတယ်။ ဘယ်ဘက်အဆုတ်တခြမ်းက ဘာမှ မဖြစ်တဲ့အတွက် ဆရီနာ ကံကောင်းပါတယ်။ ဒါပေမဲ့  ဆေးရုံကိုလာခဲ့ရတဲ့  ခရီးမှာ အခက်အခဲတွေ တလှေကြီးရင်ဆိုင်ခဲ့ရရှာတာပါ။ နောက်ဆုံးမှာတော့ ကျွန်မတို့ အားလုံး စိတ်ချလက်ချ အသက်ရှူခွင့်ရခဲ့ပါပြီ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးကျူးမိပါတယ်။ ဆရီနာ့ မိခင်ဘခင်ဟာလည်း ကျွန်မကို အထူးကျေးဇူးတင်ရှိကြတယ်။ ကျွန်မရင်ထဲမှာလည်း ဒီလို ထိထိမိမိကူညီပေးနိုင်ခဲ့ လို့ ရင်ထဲမှာ ပြောမပြတတ်အောင်ဘဲ သိပ်ကို ၀မ်းသာကြည်နူးမိပါတယ်။

နောက်တစ်လအကြာမှာတော့ ကျွန်မနှင့်အတူ သီလရှင်အများအပြား ဆရီနာ့မိသားစုနှင့်ပါ  ဘုရားကျောင်းဝေယျာဝိစ္စ ပြုကြတယ်။ ကက်သလစ်ဘာသာထဲကို သူတို့ကူးပြောင်းဝင်ရောက်လာတယ်။ ဆရီနာလေးကိုလဲ ရေဖြန်းစေပါတယ်။ အစစအရာရာ ကျွန်မတို့ ညီအမသုံးယောက်က ကူညီပံ့ပိုးရတာဘဲပေါ့။ ကျွန်မတို့ကြုံခဲ့ရတဲ့ မယုံနိုင်စရာ သည်ခရီးကိုတော့ အားလုံးက မမေ့ကြပါဘူး။

ကျွန်မတို့ နှစ်ပေါင်းတော်တော်ကြာအောင် အဆက်အသွယ် ပြတ်တောက်နေပေမယ့်လည်း သူတို့  ကျွန်းကလေးပေါ်မှာဘဲ ရှိနေကြတယ်ဆိုတာ ကြားနေရပါတယ်။ ခုဆိုရင် လမ်းပန်းအဆက်အသွယ်တွေလဲ ကောင်းမွန်ချောမွေ့ နေတယ်တဲ့။

ဆယ်စုနှစ်သုံးခုစာလောက် အချိန်တွေ ကုန်ဆုံးခဲ့ချိန်မှာတော့ တစ်နေ့  လွမ်းမောဘွယ် အဖြစ်အပျက်ကလေးတခုနဲ့ ကြုံခဲ့ကြရတယ်။ ကျွန်မ ဇာတိမြေကျွန်းကလေးကနေ ရောမမြို့ကို ဘာသာရေးကိစ္စနဲ့သွားဖို့အကြောင်းဖန်လာတယ်။ အဲဒီအချိန်မှာဘဲ မိန်းခလေးတယောက် လက်ဆွဲအိပ်ကလေးတလုံးနဲ့  ရောက်လာခဲ့တယ်။

“မာမီကပြောပါတယ်။ ကျွန်မအသက်ကို ဆရာမကြီး ကယ်တင်ခဲ့တယ်တဲ့။ ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မတို့ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ အစဉ်အမြဲ ဒါကို သတိရနေတာပါ”တဲ့။ နွေးထွေးတဲ့အပြုံးနဲ့ မျက်ရည်ကလေးဝဲပြီးပြောရှာတယ်။ သူမလက်ထဲက ပစ္စည်းအပြည့်နဲ့ အိတ်တလုံးကို လှမ်းပေးရင်းကျွန်မအတွက် လက်ဆောင်တဲ့။ ကျွန်မလဲ အိတ်ထဲကပစ္စည်းတွေကို မကြည့်အားပါဘူး။  သူမကိုယ်ကလေးကိုသာ တင်းတင်းဖက်ပြီး နွေးနွေးထွေးထွေးဘဲ အားပါးတရ  ပြောလိုက်ပါတယ် ။
“ဘုရားသခင်ကိုဘဲ ကျေးဇူးတင်ပါ  ခလေးရယ်“ လို့။

Florist
An Incredible Journey by Anne Berbano
RD nov,2011

Friday, November 25, 2011

အစား

ချက်ပြီး စားဦးတော့မယ်။
ဂေါ်ဖီထုပ်တစ်မျိုး ကေးလ်(Kale) ကြော်စားမယ်။
ကေးလ်တစ်ထုပ်ကို အပေါ်လွှာသားတွေကိုယ်ကြော်ချင်သလောက်တလွှာချင်းယူထားပြီး ရေစင်အောင်ဆေးရော၊
ပြီးတော့ အိုးထဲရေအသင့်အတင့်လောက်လေးထဲပြီး ရေဆူလာရင် အရွက်ထည့်ပြုပ်ထားလိုက်ပါတယ်။

ကေးလ်ရွက်တွေပြုတ်ထားတာ အစိမ်းမပျက်အောင်ခဏပဲပြုတ်ပြီး အိုးချ၊ အရွက်တွေရေစစ်ထားလိုက်တယ်။

အရွက်ကြော်ဖို့ မုန့်နှစ်က ဂျုံမှုန့်၊ ကြက်ဥတစ်လုံး၊ နွားနို့ရယ်၊ ကြေအောင်မွှေခေါက်ထားလိုက်ပြီး အရွက်တွေပါ သမအောင်ရောမွှေခဏလေးထားလိုက်ပါတယ်။ အနှစ်တွေဝင်ပြီး အရွက်နည်းနည်းအိသွားအောင်ထားပြီး ကြော်ပါတော့မယ်။

အရွက်တစ်ရွက်ချင်းကို ပြန့်အောင်ဖြန့်ပြီးကြော်တာပါပဲ၊ ပြန့်အောင်မဖြန့်ရင် အကျက်မညီဘူးပေါ့၊ ရွေဝါ ရွှေညိုရောင်တွေသန်းလာရင်တော့ ဆီစစ်၊ ပန်းကန်ထဲထည့်ပြီးရင် စားလို့ရပါပြီ။ ကျွပ်ကျွပ်လေးကြော်ရင် ဆိမ့်ဆိမ့်လေး၊ ကျိုးကျိုးကျွပ်ကျွပ်နဲ့ စားလို့ကောင်းတယ်။
ကျန်တဲ့ ကေးလ်တွေကိုတော့ အာလူးနဲ့ပဲဟင်းချက်လိုက်ပါတယ်။
Fresh Kale
မုန်လာဥနီသေးသေးလေးတွေရော အရွက်စိမ်းစိမ်းလေးတွေပါ ပါတဲ့ အချို့မှုန့်လူတိုင်းလိုလိုသုံးကြတယ်။
ကြက်သွန်နီဆီသတ်ပြီး အာလူးနှစ်လုံးလောက်ခွာ အတုံးလေးတွေထည့်၊ ကေးလ်တွေရော ရေလိုသလောက်ထည့်၊ ကြက်သားအရသာခဲ(pileca kocka) တစ်ခဲထည့်၊ ဇာချင်းဆဲအချိုမှုန့်ထည့်၊ ပေါင်းအိုးနဲ့တည်ထားလိုက်ရော။

အိုးတစ်ခုမှာ ဂျုံမှုန့်နည်းနည်းရယ်၊ ငရုတ်သီးမှုန့်(Paprika ငရုတ်ချိုမှုန့်-အစပ်မစားနိုင်သူအတွက်)၊ ဆီနည်းနည်းရယ် သမအောင်မွေထားပြီး အဆင်သင့်ပြင်ထားလိုက်တယ်။ အာလူးနူးရင် အဲဒီအိုးထဲကိုပြောင်းထည့် ခဏလေးပြန်တည်၊ ပွက်လာရင် တော်ပြီ၊ အပေါ့အငံမြည်း အနေတော်ဆိုစားဖို့အဆင်သင့်ပဲပေါ့။
ပြီးတော့ ခုနက တုံးထားတဲ့ ကြက်သားတုံးလေးတွေကြော်မယ်။
ဟိုနေ့ကချက်ဖြစ်တာပါ၊ ကြက်ဥကလားဟင်းစားချင်တာ၊ မန်ကျည်းသီးမရှိလို့ အိမ်မှာလုပ်ထားတဲ့ ချယ်ရီယို(ချဉ်ချဉ်လေးမို့) ထည့်ချက်ပြစ်လိုက်တယ်။ စိတ်နာနာနဲ့ပဲ။ ပေါက်ကရတော့လုပ်ရော့မယ်။
ပြီးတော့ မေမေ ဟင်းချက်ရင်သုံးတတ်တဲ့ ပျဉ်တော်သိမ်ရွက်မရှိတော့ သံလွင်ရွက်သေးသေးလေးတစ်ရွက်လည်းထည့်လိုက်တယ်။ ပျဉ်တော်သိမ်ရွက်ကို နံလို့ အရင်ကမကြိုက်ပါဘူး၊ အခုတော့ နံတာလည်း အော် နံရှာတယ်ဆိုပြီး သတိရပြီး စားချင်တာပဲ။ ကြက်ဥချယ်ရီသီးဟင်း ဒါမှမဟုတ် ကြက်ဥပေါက်ကရဟင်းပေါ့ စားလို့တော့ ကောင်းသလိုလိုပါပဲ။
အားလုံးပျော်ရွှင်ချမ်းမြေ့ အရသာတွေ့ပါစေရှင်။

Monday, November 21, 2011

ကမ္ဘာကြီးကို ရိုက်ခတ်မှုမပေးတဲ့သူ

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုပ်ရှင်ပွဲတော် (Green Screen Fest) ပြုလုပ်စဉ်မှာ  Elementary ကျောင်းတစ်ကျောင်းက ကလေးငယ်တွေ workshop တစ်ခု ပူးပေါင်းပြုလုပ်ကြပါတယ်။ Green Screen Fest ကို နိုဝင်ဘာ ၁၄ရက်ကနေ ၁၆ရက်အထိ ဘဲလ်ဂရိတ်မြို့ ဆာဗာစင်တာ(Sava Centar) က Art Cafe နဲ့ Hall မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သုံးရက်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အပျော်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို၊ တီဗီမှတ်တမ်းနဲ့ Crude, Tapped, No Impact man မှတ်တမ်းရုပ်ရှင်တွေပြသခဲ့ကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့ ARIJADNINA NIT က volunteer တွေဟာ မြို့ထဲတစ်ချို့နေရာတွေမှာ ပြန့်ကျဲနေတတ်တဲ့ ပလပ်စတစ်ဗူးအဖုံး ၅၀၀၀ ကျော် ကောက်ယူခဲ့ကြပြီး အဲဒီအဖုံးတွေနဲ့ ကလေးငယ်တွေက တိရစ္ဆာန်ရုပ်ပုံဖော်တဲ့ installation workshop ပြုလုပ်ကြပါတယ်။ ရုပ်ရှင်ပွဲတော် ရက်အတွင်း ဆောင်းဦးအသီးအနှံတွေနဲ့ ရုပ်ပုံဖော်ခြင်း၊ မှိုစိုက်ပျိုးခြင်း၊ ဓါတုပစ္စည်းသုံးပြီး သစ်ရွက်မှ ကလိုရိုဖီးထုတ်ယူပုံလက်တွေ့သရုပ်ပြခြင်းနဲ့ တခြား workshop တွေလည်းပြုလုပ်ခဲ့ကြပါတယ်။

ရုပ်ရှင်ပွဲတော်စီစဉ်သူက  workshop လေးတွေပြုလုပ်ကြဖို့ Elementary နဲ့ Secondary က ကလေးငယ်တွေကို ဖိတ်ကြားပါတယ်။ workshop ကို စိတ်ဝင်စားတဲ့ ကျောင်းတွေက လက်ခံပြီး သက်ဆိုင်ရာ ဆရာ ဆရာမနဲ့ ကလေးငယ်အုပ်စုတစ်ခုမှာ ကလေး ၃၀ ကျော်လောက် စုစည်းပြီး workshop ပူးပေါင်းပြုလုပ်ကြပါတယ်။
ပလးပ်စတစ်ဗူးအဖုံးတွေနဲ့ တိရစ္ဆာန်ရုပ်လေးတွေကလေးတွေပုံဖော်မယ်။ တိရစ္ဆာန်အကောင်ပလောင်လေးတွေပုံ စာရွက်မှာ sketch ဆွဲထားတယ်။ အဲဒါကို ကြည့်ပြီး အရုပ်ဖော်ကြမယ်။ ကလေးတွေ မလာကြသေးဘူး။
ရောက်လာကြပါပြီ။
အုပ်စု ၇ စု ခွဲလိုက်တယ်။
ဇီးကွက်လေးထင်တယ်။ ၄၅မိနစ်အချိန်ရပါတယ်။
ဒါ့ပုံရိုက်တာနဲ့ ပိုစ့်ပေးကြသေးတယ်။ ကလေးများတော်တော်တတ်
ဓါတ်ခဲလေးတွေကို အနားသတ်လုပ်ထားတယ်၊ သေးသေးလေးပဲလုပ်တယ်၊ ကလေးငပါးလေးတွေ။
ဒီအဖွဲ့က ပိုမြန်တယ်။ မြန်မှာပေါ့ အနားသတ်လေးပဲ လုပ်ထားတယ်။
 လိပ်လေးနဲ့ လိပ်ပြာလေး၊
 ဟိုအဖွဲ့ကပြီးနေပြီ မြန်မြန်လုပ်မှတဲ့
ဘယ်အဖွဲ့ကမှန်းတောင်မသိလိုက်ပါဘူး
Green Screen Fest ရုပ်ရှင်ပွဲတော်မှာ ပြသွားတဲ့ မှတ်တမ်းရုပ်ရှင်ကားတွေထဲက ဒါရိုက်တာ Laura Gabbert နဲ့ Justin Schein တို့ရိုက်ကူးခဲ့တဲ့ ၂၀၀၉ခုနှစ်က အမေရိကန်မှတ်တမ်းကားလေးဖြစ်တဲ့ No Impact Man ကို ကြည့်ပြီးတော့ စဉ်းစားစရာတွေ၊ လုပ်သင့်တာတွေ အများကြီးပဲ မြင်လာရတယ်။ အဲဒီကားထဲက ကောလင်းဘီဗန်မိသားစုက တစ်နှစ်လုံး အမှိုက်မစွန့်ပစ်ပဲ၊ လျှပ်စစ်မီးမသုံးပဲ၊ ကားအသုံးမပြု။ ဖုန်းအသုံးမပြုပဲ နေပြသွားတယ်။ ကလေးလေးကပါ ဖခင်ရဲ့ တစ်နှစ်တာ ကမ္ဘာကြီးကို မရိုက်ခတ်တဲ့သုတေသန မှာ အားတက်သရောသရုပ်ဆောင်သွားတာ ချစ်စရာ သနားစရာ၊ ချီးကျူးစရာကောင်းလှပါတယ်။ အ၀တ်လျှော်စက်အသုံးမပြုပဲ ဖခင်နဲ့ ကလေးငယ်လေး ရေချိုးကြွေဇလုံကြီးထဲမှာ ခြေထောက်နဲ့ နင်းပြီး အ၀တ်လျှော်ကြတဲ့အခန်းတွေ၊ ရေခဲသေတ္တာလည်းအသုံးမပြုတော့ မိခင်နဲ့အတူ ဆိုင်က ရေခဲတုံးလေးတွေဝယ်၊ ကလေးငယ်လေးက ရေခဲထုတ်လေးကိုင်ပြီး လှေကားပေါ် မနိုင်မနင်းသယ်လာတဲ့အခန်းတွေကို မျက်စိထဲ ပြန်မြင်နေမိတယ်။ သနားစရာကလေးငယ်လေးရဲ့ ဖခင်၊ မိခင်တို့နဲ့အတူ မငြီးမငြူနေထိုင်နိုင်ခဲ့တာတွေက ဖခင် No Impact Man ကို အထောက်အပံ့အများကြီး ဖြစ်စေခဲ့ပါတယ်။ ဒီနေ့ကမ္ဘာကြီးမှာ မိမိနေထိုင်ရာပတ်ဝန်းကျင်ကို အဆုံးမသတ်နိုင်အောင် တိထွေ့ရိုက်ခတ်နေကြတာတွေကို သတိထားမိလာစေတဲ့ မှတ်တမ်းကားလေးပါ။

၁.diet လုပ်ပြီး ကမ္ဘာကြီးကိုကယ်တင်ပါ။ (သားစားမကျုးပဲ ကိုယ်အလေးချိန်လျှော့ချနိုင်အောင်)
၂.ပလပ်စတစ်ရေဗူးတွေမသောက်ပါနဲ့။(ပလပ်စတစ်အသုံးပြုပြီး လေထုညစ်ညမ်းမှုတွေ တိုးပွားလာတာကိုကာကွယ်နိုင်မယ်)
၃. ဘာမှမ၀ယ်ပါနဲ့၊၊ ဘာစက်ပစ္စည်းမှမသုံးပါနဲ့၊ လျှပ်စစ်ပစ္စည်းမဖွင့်မသုံးပါနဲ့။ မချက်ပြုတ်ပါနဲ့။ ဖုံးမဖြေပါနဲ့။ (ဘာအရင်းအမြစ်ကိုမှ မသုံးပါနဲ့တဲ့)
၎. ၀င်ငွေရဲ့ ဆယ်ဖို့တစ်ဖို့ ကို ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကုသိုလ်ဖြစ်အဖွဲ့အစည်းတွေလှူပါ။
၅. စက်ဘီစီးပါ၊ လမ်းလျှောက်ပါ။(ကျန်းမာမယ်၊ ကားတွေကထွက်လာမယ့် ဓါတ်ငွေ့ထုတ်လွှတ်မှုတွေနည်းမယ်)
၆. တီဗီရှေ့မှာ အချိန်များများဖြုန်းမယ့်အစား ကမ္ဘာကြီးအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အသင်းအဖွဲ့လေးတွေနဲ့ ကမ္ဘာကြီးအတွက်အလုပ်လုပ်ပါတဲ့။

ခက်တာတော့ တော်တော်ကြီးကို ခက်ခဲနေပါလိမ့်မယ်။ ကောလင်းကတော့ No Impact Man မှာ တစ်နှစ်တာ ကမ္ဘာကြီးကို ရိုက်ခတ်မှုမပေးတဲ့လူတစ်ယောက်အဖြစ် နေပြသွားခဲ့ပါတယ်။ ကိုယ်တွေရော ဘယ်လောက်နေထိုင်နိုင်မလဲ။ No Impact Person တွေဖြစ်ဖို့ ကြိုးစားကြည့်ကြရင်ဖြင့် ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာမယ် ထင်ပါတယ်။        ။

No Impact Man Trailer
ပြီးခဲ့တဲ့နှစ်က workshop

Ref : http://www.greenscreenfest.org/

Thursday, November 17, 2011

အေသင်မြို့တော်က ကြိုဆိုနေပါတယ် (မေမေ့ရဲ့စာ)

ကမ္ဘာပေါ်မှာ ခန့်ညားထယ်ဝါမှုအရှိဆုံး သမိုင်းကြောင်းအထင်ရှားဆုံးနှင့် အလှဆုံးမြို့တော်ကတော့ ဂရိနိုင်ငံက  “အေသင်”  ပါဘဲ။ အေသင်မြို့တော်ဟာ “အလွန်ပဉ္စလက်ဆန်တဲ့ မြို့တော်”ပါတဲ့။ လူအများက အဲလို သတ်မှတ်ထားကြတယ်။ အေသင်မြို့တော်ရယ်လို့ ဖြစ်ပေါ်လာပုံ က အလွန်ဆန်းကျယ်ပါတယ်။ အေသင်ရဲ့ ရှေးဦးသမိုင်းကာလတွေမှာ လူတွေနဲ့နတ်တွေဟာ အမြဲရောထွေးနေတယ်။  လူတွေကရော နတ်တွေကရောအလေးထားရတဲ့ မြို့တော်ကြီးဟာ အေသင်ပေါ့။အထူးခြားဆုံးကတော့ သူ့ထံကို မလာ လာချင်အောင် ညှို့ယူဖမ်းစားနိုင်တဲ့စွမ်းအားနဲ့ ပြည့်စုံခြင်းဘဲဖြစ်ပါတယ်။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး။ တွေးခေါ်မျှော်မြင်မှု အရှိဆုံး ပညာဥာဏ်အကြီးဆုံးလူသားတွေကို ရှေးဦးအကျဆုံး မွေးဖွားပေးခဲ့တဲ့မြို့တော်ကြီးလဲ ဖြစ်ပါတယ်။ ဥပမာ “ဆိုကရေးတီးစ်” “ပလေတိုး”  “ဟုမ္မား”  “ဟီရိုဒိုးတပ်စ်”စတဲ့ ပုဂ္ဂိုလ်အကျော်အမော်တွေ ကိုပေါ့။ ဟီရိုဒိုးတပ်စ် (Herodotus) အပလိုဒိုးရပ်စ် (Apollodorus) အိုဗစ်ဒ်(Ovid)ပလူတားခ်ျ(Plutarch) ပူဆားနီးယပ်စ်(Pausanias) စတဲ့ အကျော်အမော်စာရေးဆရာများလည်းရှိပါသေးတယ်။ ဒီမိုကရေစီ စတင်ထွန်းကားရာ ဒေသလည်းဖြစ်တယ်။ သမိုင်းစာမျက်နှာတွေပေါ်မှာ ရုပ်ပုံတွေနှင့်တကွ တလေးတစားဖေါ်ပြခြင်းခံရတဲ့ မြို့တော်၊ ထောင်သောင်းချီ လာရောက်လည်ပတ်ကြတဲ့ ဥရောပဧည့်သည်တော်တွေ မပြတ်စီးဝင်နေတဲ့ မြို့တော်ပါ။ “အိုလန်းပတ်နတ်ကွန်း” “ပါသီနွန်ကျောင်းတော်” “မီခရိုလီမာနို”  တို့လို ကမ္ဘာ့ အခမ်းနား အကြီးကျယ်ဆုံး စာရင်းဝင်   ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများစွာဖြင့် ယဉ်ကျေးမှု ထွန်းကားပျံ့ပွားကြွယ်ဝရာ မြို့တမြို့အဖြစ်ကျော်ကြားနေဆဲဖြစ်တယ်။ အေသင်ရဲ့ နာမည်အထင်ရှားဆုံး လူသိအများဆုံး  ရှေးဟောင်းအထိမ်းအမှတ်ရုပ်တုများ ပြတိုက်အမျိုးမျိုး စသည်များ ကို ဥရောပကသာမက ကမ္ဘာ့လူသားသန်းပေါင်းများစွာ နေ့နေ့ညည  တအံ့တသြ တလေးတစားလေ့လာ ကြည့်ရှုကြတယ်။
Athens Photos
တစုံတယောက်ဟာ အေသင်ရဲ့ “အခရိုပိုလစ်စ်” (Acropolis)ဆိုတာ ကြားဖူးပါရဲ့လား။အခရိုပိုလစ်  ဆိုတာ ယနေ့ခေတ်မှီကမ္ဘာ့နိုင်ငံကြီးများထဲက အံ့ဖွယ်ခုနှစ်ခုမှာ တခု စာရင်းဝင် အဆောက်အဦပါ။ အေသင်ရဲ့  ထင်ရှားတဲ့ အမှတ်တံဆိပ်တခုလည်းဖြစ်ပါတယ်။ 5th BC နှစ်ရဲ့ Holy rock of Acropolis ခေတ်ကို   ပြန်သွားကြည့်ရင်  နာမည်ကျော်ကြားတဲ့ “Golden Age of Periklis”ခေတ်ဆိုတာ တွေ့လိမ့်မယ်။ ရာဇ၀င်သမိုင်းဆိုတာက အနိမ့် အမြင့်အတက်အကျ ရှိစမြဲပါဘဲ။ အေသင်ဟာ ပွင့်လဲ ပွင့်ခဲ့တယ်။ ကြွေလဲကြွေခဲ့တယ်။ စစ်ပွဲတွေ နဲ့ အများကြီး ကြုံဆုံခဲ့ရတယ်။
Athens Pictures
မက်ဆီဒိုးနီးယဲန်(အလက်ဇင်းဒါးသည်ဂရိတ်)တွေရဲ့ လက်အောက်ရောက်ခဲ့တယ်။ ရောမရဲ့လက်အောက်ရောက်ခဲ့တယ်။ဗီနီရှဲန်(Venetian) တို့ ကြီးစိုးတာခံခဲ့ရတယ်။ အော်တိုမင်အင်ပါယာထဲ ရောက်ခဲ့ရတယ်။နောက်ဆုံးဒုတိယကမ္ဘာစစ်အတွင်း ကွန်မြူနစ် နာဇီဂျာမဏီရဲ့ လက်အောက်ရောက်ခဲ့တယ်။ အော်တိုမင်အင်ပါယာရဲ့ ဗြိတိသျှသံတမန်အရာရှိ လော့ဒ် အီလ်ဂင် (Lord Elgin) က ပါသီနွန်ကျောင်းတော်ရဲ့ အလှဆင် မျက်နှာကျက်ပန်းဆွဲများကို တစစီ ဖြုတ်ယူသွားတယ်။ ပြင်သစ်ကလည်း သုံးပိုင်းပိုင်းခွဲေ၀၀ယ်ယူသွားတာမျိုး ကြုံခဲ့ ရတယ်။ ဒါပေမဲ့  ဘယ်လောက်ဘဲ လျှောက်လမ်းဟာ ကြမ်းတမ်းပါစေ မိုးကောင်းကင်ကြီးရဲ့ အောက်က အထပ်ခိုးကလေးကနေမသိမသာ အနာဂတ်ကို ပုံဖေါ် ငေးကြည့်လိုက် ယနေ့တိုင် တောက်ပ၀င်းလက် နေမြဲဘဲဆိုတာ ယုံမှားစရာ မရှိပါဘူး။ပါသီနွန် (Parthenon)  ဘုရားကျောင်းရယ် အခြား ဖြူဖွေးသန့်စင်တဲ့ စကျင်ကျောက်နဲံ့  လှပစွာ ထုဆစ်ထားတဲ့ရုပ်တု တွေရယ်  အဆောက်အဦးအားလုံးရယ်ကို   လက်လက်ခါနေတဲ့ ကြယ်ပွင့်များပမာ ယနေ့တိုင် အံ့မခန်း တွေ့ မြင်နေရဆဲဖြစ်ပါတယ်။ ၁၉၈၁ခုနှစ်မှာ EU အဖွဲ့ ဝင်ဖြစ်လာတယ်။ ၁၉၉၆ခုနှစ်မှာ နှစ်တရာပြည့်အိုလံပစ်ပွဲတော်ကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တယ်။ 1833ခုနှစ်မှာမှ အော်တိုမင်တို့ ထံမှ လွတ်လပ်ရေးကို အပြီးအပိုင် ရရှိခဲ့တာပါ။
ယနေ့ အေသင်ရဲ့တည်ရှိမှုဟာ ကျွန်းဆွယ်ပိုင်းမှာသာမက ဂရိနိုင်ငံ အလယ်ပိုင်းတခုလုံးမှာ  ပျံ့လွင့်ကျော်ကြားနေပါတယ်။ Ymmytos,Pendeli,Parnitha,စတဲ့ တောင်တန်းတွေက မြောက်ဘက်နဲ့ အနောက်ဘက်ကနေ အေသင်မြို့ကို  ၀န်းရံထားတာမို့ အေသင်ဟာ ပိုပြီးအိမ်မက်ဆန်ဆန်လှပနေပါတယ်။  SAronic ပင်လယ်ကွေ့ ကတော့ တောင်ဘက်နှင့် အနောက်ဘက်မှာ ရှိနေပါတယ်။နေရောင်ခြည်ဟာ အေသင်မြို့ကို တနှစ်ပတ်လုံး ထွန်းလင်းတောက်ပနေတာမို့် ဆောင်းလယ်မှာ သာယာပြီး နွေရာသီမှာ့ တကယ့်ကို ပူပြင်းလှပါတယ်။ဒါပေမဲ့  ခရီးသွားဧည့်သည်များအတွက် အေသင်ဟာ ဥရောပရဲ့   အဆင်အပြေဆုံး နံပတ်ဝမ်းအဖြစ့် အကောင်းဆုံးရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ မြို့တော်ကြီးပါဘဲ။ Piraeus ဆိပ်ကမ်းကနေ ကီလိုမီတာ အနည်းငယ်သာ ကွာလှမ်းတဲ့ atticaဟာလည်း မြိ့တော်ရဲ့ အချက်အချာကျတဲ့ တောင်ဘက်ကမ်းခြေရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဗဟို ဌာနဖြစ်နေပါတယ်။

အေသင်လူမျိုးတို့ဟာ နီယိုလီသစ်ခ်  (NEOLITHIC)ခေတ်မှာကတည်းက အမြဲတစေ ဒီမြေ ဒီရေမှာ အစဉ်တစိုက်ရှင်သန်နေထိုင်လာကြတာဖြစ်တယ်။၅ရာစုနှစ်ကတည်းက အစွမ်းကုန် ပွင့်လန်းခဲ့တဲ့  ပန်းလို ရှင်သန်လာတာပါ။ ပြောရရင်  “အေ သင်”အမည်ရပုံကလည်း  ခပ်ဆန်းဆန်းပါ။ ဒဏ္ဍာရီ ဆန်လွန်းလှပါတယ်။  ရှေးအခါက ဂရိတို့ အလိုအရ လူသားနဲ့ မြို့ရွာကို စောင့်ရှောက်သူ သို့ မဟုတ် ကမ္ဘာလောကကြီးကို စိုးမိုး အုပ်ချုပ်သူဆိုတဲ့
“အေသင်နာ နတ်ဖုရားမ (goddess Athena)အမည် ကနေ ဆင်းသက်လာခဲ့တယ်လို့  ဆိုပါတယ်။ “အားပေးချီ:မြှင့်သူ” လို့  ဆိုလိုဟန်ရှိတယ်။ “ဂရိပညာရှင် ပလေတို” ရဲ့အဆိုအရ ဝေါဟာရဇစ်မြစ်ကို စစ်လိုက်ရင်ရှေးဟောင်း ဂရိဘာသာစကားက ဆင်းသက်လာခြင်းဆိုတာသိရနိုင်တယ်။ ဒဏ္ဍာရီလာ ပုံပြင်တခုမှာ  “အေသင်နာ” နတ်ဖုရားမနဲ့ နတ်ဘုရား  “ပိုဆီဒွန်” Poseidon”တို့ ဟာ ပြိုင်ဆိုင်မှုတခုကို ပြုလုပ်ကြသတဲ့။ ဟီရိုဒိုးတပ်စ် (Herodotus) အပလိုဒိုးရပ်စ် (Apollodorus) အိုဗစ်ဒ်(Ovid)ပလူတားခ်ျ(Plutarch) ပူဆားနီးယပ်စ်(Pausanias) စတဲ့ “ပိုဆီဒွန် “ဟာ အသွားသုံးခွပါရှိတဲ့  မှိန်းတခုနှင့် မြေကြီးကို ရိုက်ခတ်ပြီးနောက် “ရေကြောင်းဆိုင်ရာစွမ်းအင်တမျိုး”ကို ထုတ်လုပ်ဖန်ဆင်းပါတယ်။ “နတ်ဖုရားမ အေသင်နာ “ ကတော့ အောင်မြင်ခြင်းနှင့် ငြိမ်းချမ်းခြင်း သင်္ကေတသဘောဆောင်တဲ့ “သံလွင်ပင်  “ကို ဖန်ဆင်းပါတယ်။ အနိုင်ရသူရဲ့ အမည်ဟာ မြို့အမည်အဖြစ်သတ်မှတ်ဖို့သဘောတူခဲ့ကြတဲ့အတွက် အနိုင်ရသူ အေသင်နာအမည်တွင်ခဲ့တာပါ။  အဲဒီအချိန်အခါကတည်းက အေသင်လူမျိုးတို့ ဟာ သံလွင်ခက် ကို ငြိမ်းချမ်းခြင်းအထိမ်းးအမှတ်သင်္ကေတ တခုအဖြစ် ယနေ့တိုင် အလေးအနက်  မှတ်ယူခဲ့ကြပါတယ်။ အေသင်နာ နတ်ဖုရားမကိုလည်းပိုမို အထွတ်အမြတ်ထားခဲ့  ကြတယ်။ဂရိအမျိုးသမီးကလေးများဟာ သံလွင်ခက်ကို ဦးခေါင်းမှာအမြတ်တနိုး ပတ်ရစ်ဆင်မြန်းပြီး အတိတ်ကောင်းနမိတ်ကောင်း ယူကြတယ်။
Athens Images
ပင်ထရိုဆုစ် ခေါ် နောင်အခါ ပါသီနွန် အမည်ရ (parthenon) ရှေ့မျက်နှာစာ မြင့်မိုရ်ပိတ်ပါရှိတဲ့ ရှေးခေတ်ဂရိ ဘုရားကျောင်း အဆောက်အဦကိုလည်း တွေ့မြင်လာရနိုင်တယ်။ ပါရှန်စစ်ပွဲများအတွင်း အထွတ်အမြတ်ထားရာ သံလွင်ပင်ဟာ ဘုရားကျောင်းပရ၀ဏ်တခုလုံး နှင့်အတူ  မီးဘေးသင့်ခဲ့  ရပေမင့်  ဟီရိုဒိုးတပ်စ်( Herodotus) ရဲ့ ပြုစုမှုကြောင့် သစ်ငုတ်တိုဘ၀မှ  ပြန်လည်ရှင်သန်ကြီးထွားခြင်းသို့  ပူဆားနီးယပ်စ်ခေတ်မှ AD 2ရာစု တိုင်  သံလွင်ပင်ဟာ ထင်ရှားခဲ့တယ်လို့  ဆိုပါတယ် ။ (တကယ်တော့  ယနေ့အထိ အလေးအမြတ်ထားကြဆဲပါ။ ဂရိတွေမှ မဟုတ်ပါဘူး။ ဒီအယူအဆဟာ တကမ္ဘာလုံးကို ပျံ့နှံ့ နေတာလို့ပြောနိုင်ပါတယ်။) အေသင်မြို့တော်ဟာ ၁၆ရာစုနှစ်များဆီက အော်တိုမင်လက်အောက်ကျရောက်ခဲ့ရာမှာ ရှေးဟောင်းအမွေအနှစ် အဆောက်အဦများ ဖျက်ဆီးခံခဲ့ရပါတယ်။ ပါသီနွန်ကျောင်းတော် နှင့် ပရိုပိုင် လာအာ (Propylaea)ကျောင်းတော်တိုံ့ဟာ ဖေါက်ခွဲဖျက်ဆီးခံရအပြီး ပျက်စီးယိုယွင်းသွားခဲ့ရာမှာ ယနေ့မြင်တွေ့ရတဲ့ပုံစံအတိုင်းကျန်ရစ်တာဖြစ်ပါတယ်။  အေသင်ဟာ နိုင်ငံရပ်ခြားယဉ်ကျေးမှုကို အကန့် အသတ်နဲ့သာ လက်ခံခဲ့ပေမဲ့ အောင်နိုင်သူ စစ်ဘုရင်များဟာ ရာစုနှစ်များစွာကပင် အေသင်ကို သိမ်းပိုက်ပြီး မိမိယဉ်ကျေးမှု ထွန်းကားဖို့ အပြင်းအထန်  ကြိုးစားခဲ့ ကြတယ်။စစ်အောင်နိုင်သူတို့ ဟာ အေသင်ကို ကာလကြာရှည် သိမ်းပိုက်ရယူထားနိုင်ဖို့ နည်းမျိုးစုံသုံးခဲ့ပေမဲ့
၁၈၃၄ခုနှစ်မှာတော့ ဂရိနိုင်ငံတော်ကို ထူထောင်နိုင်ခဲ့အပြီး မြို့တော်ပတ်လည် မှာ အခရိုပိုလစ်စ် တံတိုင်းများကာရံခဲ့တယ်။ အေသင်ဟာ ဂင်္ရနိုင်ငံရဲ့  မြို့တော်ကြီးဖြစ်လာတော့တယ်။

ယနေ့မှာတော့ အေသင်ဟာ နိုင်ငံတကာဆက်ဆံရေး ။နိုင်ငံရေး။ စီးပွားရေး ၊ရောင်းဝယ်ရေး နှင့် ယဉ်ကျေးမှုစသည်တို့ အတွက် အချက်အချာမြို့တော်ဖြစ်လာပါတယ်။ နိုင်ငံတကာက ဧည့်သည်များဟာ စီးပွားရေးအတွက်ကြောင့်သော်၎င်း၊ အာရုံခံစားဖို့  အလည်အပတ်သော်၎င်း တဖွဲဖွဲ လာရောက်နေကြဆဲပါ။ ( ဒါပေမဲ့ ဒီစာကိုရေးနေစဉ်မှာတော့   ဂရိအကြွေးထူနေသတဲ့။ တချို့ကလဲ   ရွှေဘုံပေါ်ထိုင်မှိုင်ပြနေတာတဲ့  နိုင်ငံရေးပရိယယ်တွေတဲ့။၂၀ ၀၈ခုနှစ်ကစလို့  စီပွားရေးကျဆင်းလာတာပါ) ဘာဘဲပြောပြော ယနေ့ အေသင်ရဲ့ အဆင်အပြင် အသွင်သဏ္ဍာန်ဟာ  တော်တော်ကို ထူးခြားနေပါတယ်။ ကမ္ဘာ့အဆင့်မှီဟိုတယ်ကြီးများ၊ရိုးရာစားသောက်ဆိုင်များ။ခရီးသွားဧဂျင်စီများ၊ စိန်ရွှေရတနာဆိုင်များ၊ အလှအပစတိုးဆိုင်များ၊ဇိမ်ခံပစ္စည်းအရောင်းဆိုင်များ ၊ယဉ်ကျေးမှု အနုပညာပစ္စည်းအရောင်းဆိုင်များ စစ်သမိုင်းပြတိုက် ပန်းပု ပန်းချီပြတိုက် ရှေးဟောင်းသမိုင်းပြတိုက် စတဲ့ ပြတိုက်ကြီးများ။အနုပညာမျိုးစုံပြခန်းများ၊ အင်တာနက်ကေ့ဖ်များ၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ ဆားဖေ့စ် လုပ်ငန်းများ။ ရှေးဟောင်း ရုပ်တုများ  အထိန်းအမှတ် အဆောက်အဦကျောက်တိုင်များ။ရှုမဆုံး ဖွယ် တွေ့မြင်ရမှာပါ။
Syintagma Square ဟာ အေသင်ရဲ့ အသဲနှလုံးပါဘဲ။ အဲဒီမှာ (တော်ဝင်နန်းတော်ဟောင်း)ပါလီမန် အဆောက်အဦရှိတယ် ၊( တော်ဝင်နန်းတော်သစ် )သမတနန်းတော်ရှီတယ်၊အမျိုးသားဥယျာဉ် အမျိုးသားစာကြည့်တိုက်ရှိတယ်။ အကယ်ဒမီကျောင်းများရှိတယ်။ lycabettus ဟာ တနှစ်ပတ်လုံး ထောင်နှင့်ချီတဲ့ လာရောက်လည်ပတ်သူ ဧည့်သည်ပေါင်းများစွာကို ဆွဲဆောင်နေတဲ့ အလွန် လှပသာယာတဲ့ တောင်ကုန်းကလေးပါ။ ဒီကနေ ကီလိုမီတာ အနည်းငယ်သာကွာဝေးတဲ့ ပင်လယ်ကမ်းစပ်ရွာကလေးတွေက လေပြေလေညှင်းကလေးတွေနှင့်လည်း တီးတိုးစကားစမြည်ပြောရင်း  ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်နိုင်ပါတယ်။  အေးအေးဆေးဆေးဇိမ်ယူ အပန်းဖြေနိုင်ပါသေးတယ်။ သမိုင်းဝင် နေရာများဖြစ်တဲ့ “Faliro,Glyfada,Voula နှင့် Vouliagmeni များကိုလည်း သွားရောက်လေ့လာနိုင်ပါတယ်။  ဂရိမှာ နာမည်ကျော်” ဇု “ နတ်မင်းကြီးနှင့် နတ်မိဖုရားများ ပျော်စံရာ “အိုလန်းပတ် “တောင်တော်မဟာနှင့် ဘုရားကျောင်းများ နတ်ကွန်းများ။အများအပြား တွေ့မြင်ရမှာဖြစ်ပြီး အိုလံပစ်ပွဲတော်များကျင်းပရာ အားကစားရုံများ ပညာရှင်အများအပြား ပေါ်ထွန်းရာ တက္ကသိုလ်အမျိုးမျိုးနှင့်  အကယ်ဒမီသိပ္ပံကျောင်းများ ။ ပညာရှင် ဆိုကရေးတီးစ်နှင့် ပလေတို စသည်တို့ရဲ့ ရုပ်တုများကို ကိုယ်တွေ့ လေ့လာနိုင်ပါလိမ့်မယ်။

အဖိုးထိုက်တန်လှတဲ့ ရတနာပစ္စည်းများကိန်းအောင်းရာ ရှေးဟောင်းအမွေအနှစ်တို့ သိုမှီးသိမ်းဆည်းစုဝေးရာ ၈ရိနိုင်ငံ အေသင်မြို့တော်ကို လာရောက်လည်ပတ်ကြဖို့  ဖိတ်ခေါ်ပါတယ်။ အေသင်ဟာ လူသန်းပေါင်းများစွာကို အာရုံစိုက်လာအောင်ဆွဲအားအပြည့်ရှိတဲ့ မြို့တော်ဖြစ်ပါတယ်။ အထူးသဖြင့် အေသင်ရဲ့ညများဟာ သင့်ကို တစ်သက်မေ့ရက်နိုင်စရာမရှိအောင် ဆွဲဆောင်နေမှာဖြစ်ပါတယ်။ အေသင်ရဲ့ညတွေဟာ  တကယ်လဲ ဘယ်အချိန် ဘယ်အခါမှ ရိုးအီသွားတယ်မရှိပါဘူး။ အမြဲ ဆန်းသစ်နေပါတယ်။ Bouzoukia နှင့် အခြားနာမည်ကြီးဖျော်ဖြေရေးပွဲများ သာမက တေးဂီတနှင့်  ပြဇာတ်အမျိုးမျိုးကို ကြည့်ရှုလေ့လာဖို့ အကောင်းဆုံးမြို့တမြို့ဖြစ်ကြောင်းညွှန်းဆိုပါရစေ။ ဒီမိုကရေစီ စတင်ထွန်းကားရာ ဒေသလဲဖြစ်တာကြောင့် ကမ္ဘာပေါ်က ဘယ်လူသားမဆို ဂရိကို စိတ်ပါဝင်စားကြလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။  သွားရောက်လည်ပတ်ဖို့ဦးမလေးကြဘူးထင်ပါတယ်။ “အေသင်”ဟာ တခြား ဥရောပမြို့တော်များထက် သင့်ကို ပိုမို ညှို့ယူဖမ်းစားနေမှာ မလွှဲပါဘူး။         ။

Tuesday, November 15, 2011

မြန်မြန် ချက်၊ မြန်မြန် စား

အပြင်ကပြန်ရောက်မှ နေ့လည်စာမြန်မြန်ချက်ရတယ်။
ဗိုက်ကဆာပြီ
အသားတွေမစားနိုင်ပါဘူး ချွေတာရတယ်။
ကြက်သွန်နီဆီသတ်
ပြောင်းဖူးစေ့ထည့်(ရယ်ဒီမိတ်ထုတ်) ရေခဲဖြစ်နေလို့ တရှီးရှီးမည်ကုန်ရောပဲ

ပြီးတော့ ဆန်တစ်ခွက်ထည့်
sour cream ရယ်
နွားနို့ရယ်- အချို့မှုန့်(ဒီမှာတော့ ဇာချင်းဆဲလို့ခေါ်ကြတာ)
ခုနကပြောင်းဖူးထမင်းဆီသတ်ထဲကို ထည့်ပစ်ရော-နွားနို့ထပ်ထည့် ဆန်ပေါ်မူတည်ပြီးရေလိုသလောက်လေးထည့်ပြီး- ဆီလည်းထည့် အပေါ့အငံမြည်း ဇာချင်းဆဲထည့်ချင်ထပ်ထည့်

oven ထဲ 250 လောက်နဲ့ နာရီဝက်၊ လေးဆယ့်ငါးမိနစ်လောက်ထားပြီးတော့ ဒီလိုဖြစ်သွားရော
ဟယ် နွားနို့ခရင်မ်ထဲ ကြက်ဥထည့်ရမှာ မေ့သွားတယ် ကြက်ဥလေးပါထည့်မှ ကောင်းမှာနော် ပြီးမှထည့်တော့ပန်းကန်လည်းပေသွားပြီ-ဒါ့ပုံကမလှတော့ဘူး၊ တတ်နိုင်ပါဘူးလေ၊ ပြောင်းဖူးဆီသတ်နဲ့ခရင်မ်မွှေနေတုန်းသတိရလိုက်လို့တော်သေးတယ်။

နောက် ခရမ်းသီးကြော်မယ်။
ခရမ်းသီးတစ်လုံးကို အလျားလိုက်ခေါ်လား ဒေါင်လိုက်ခေါ်လားလှီးရော၊ အလုံးအလျားလိုက်မပျက်အောင်လှီးတာ မရပါဘူး ပုံပျက်တဲ့နေရာကပျက်ပဲ၊ စိတ်ကတော့ရှည်ပါတယ်၊ လက်ကမရှည်ဘူး၊ လက်က တုန်စိတုန်စိနဲ့၊ လှီးပြီး ဆားနဲ့နာရီဝက်လောက်နှပ်ထားလိုက်တယ်။
အဲဒီအချိန် ငါးမိနစ် ရယ်ဒီမိတ်စွပ်လေးတည်လိုက်ဦးမယ်။ ဗိုက်က အချက်ပြနေပြီ။ အချိန်သိပ်မရှိတော့ဘူး။
သူ့အချိုးအစားအတိုင်းပဲ ရေထည့်ပြီး ၅ မိနစ်မွှေချရုံပဲ ကော်ကော်ရှီးယားဆူပါ- ကြက်စွပ်ပြုတ်ပါ။ ဒီကလူတွေ ထမင်းမစားခင်စွပ်ပြုတ်အရင်သောက်ပြီး လမ်းကြောင်းရှင်းကြတယ်။
လူကြီးမလာခင် လမ်းရှင်းကြသလိုပေါ့။ ပြီးရင် ခုနက ပျော့ပျော့ပြောင်းပြောင်းဖြစ်သွားတဲ့ခရမ်းသီးကိုကြော်တော့မယ်။
ဂျုံမှုန့်ရယ်၊ ပေါင်မုန့်အမှုန့်-breadcrumb၊ ဥကြက်နာနာခေါက်ထားတာရယ်၊ နေရာချပြီးတော့
ခရမ်းသီးကို ပေါင်ဒါအဖြူအရင်လိမ်းပေးလိုက်တယ်၊ ပြီးတော့ ကြက်ဥအနှစ်ထဲစိမ်၊ ပြီးတော့ crumbတွေ ကပ်ရော၊ ပြီးရင် သူတို့ကို နည်းနည်းခါချပေးရင်ပိုကောင်းပါတယ်။ ဆီထဲမှာ အမှုန့်တွေတဖွားဖွားကျနေရင် ခဏနေ အဲဒါလေးတွေက ကျွမ်းကုန်ရင်မကောင်းဘူး။
ဟာ ဆီအိုးအမြန်တည်မှ၊ မျက်နှာချေလိမ်းထားတာတွေက အသင့်ဖြစ်နေပြီ။
တည်ပြီးပြီ သဘောထားလိုက်ပါတော့။ ဒါ့ပုံရိုက်ဖို့မေ့သွားတယ်။
မီးကို နောက်ပိုင်းကျရင်လျှော့ပေးမှ၊ မဟုတ်ရင် ဆီတွေက ကြွပ်ကြွပ်ဆူ၊ အကြော်တွေအသားမည်းကုန်လိမ့်မယ်။ ရွှေညိုရောင်အသားအရောင်လောက်ဆိုအနေတော်ပဲ။
အခုတောင် ဒါ့ပုံရိုက်ရတာနဲ့ အသားမည်းကုန်ကြပြီ။ မည်းလည်း မည်းမည်းပဲ ဒါပဲစားရတော့မှာပဲ။
တစ်ဝက်ကို ကိုယ့်အတွက် ငရုတ်သီးမှုန့်လေးပါထည့်ပြီးကြော်လိုက်တယ်။ အဲဒါလေးတွေက ပုံပျက်ပြီး ပျော့စိလေးတွေဖြစ်နေတာ၊ ကြက်ဥနှစ်ရယ်၊ ဂျုံမှုန့်ရယ် ငရုတ်သီးမုန့်ရယ်ပါလူးပြီး ဆီအိုးထဲပစ်ထည့်ကြော်လိုက်ရော။ အဲဒါလေးတွေက ဗိုက်ထဲရောက်သွားပြီ။ ဒါ့ပုံသက်သေမရှိတော့ပါဘူး။

ဟင်းချက်တာမကျွမ်းကျင်ပါဘူး၊ စိတ်ကတော့ရှည်မယ်ထင်ပါတယ်၊ လက်ကသာမရှည်တာ။

အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ။