Sunday, February 27, 2011

၅. မေမေ့ မွေးနေ့အတွက် ပန်းလက်ဆောင် ( အပိုင်း ၁ )

မေမေ့မွေးနေ့ ရောက်တော့မှာပဲ၊ နောက်လထဲမှာ၊ ဖိုးပလံ မေမေ့အတွက် ထူးခြားတဲ့လက်ဆောင်ပေးချင်ပါတယ်၊ အဆန်းတကာ့အဆန်းဆုံးလက်ဆောင်မျိုးပေးချင်တာ၊ မေမေ က မှော်ပညာဆန်းတွေလည်း အယုံအကြည်ရှိသူမဟုတ်တော့ မေမေ့ ယုံကြည်သွားနိုင်လောက်တဲ့ အံ့သြစရာလက်ဆောင်မျိုးဆို သိပ်ကောင်းမှာပဲ၊ ခခ နဲ့ မော်စီတို့နဲ့ တိုင်ပင်ရရင်ကောင်းမလားပဲ အဘိုးရေမွန်ဆိုရင်ကော၊ ပထမဆုံးတော့ ခခ တို့ကို တိုင်ပင်ရရင်ကောင်းမယ်လို့ တွေးမိပါတယ်၊ ခခ က သိပ်စပ်စပ်စုစုရှိတော့ အဆန်းတကြယ်ဖြစ်မယ့်အရာလေးတွေ သိနိုင်မှာပဲ၊ ပြီးတော့ မိန်းကလေးတွေ ဘာကြိုက်မလည်း ခခ ကူညီစဉ်းစားပေးတာပဲ အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်။

ဒီလိုနဲ့ ထုံးစံအတိုင်း ခြေစွဲတော် ပြိုင်ဘီးအပြာရောင်လေးကို ဖိုးပလံ အားကုန်နင်းလို့ ခခ အိမ်ဘက် ထွက်ခဲ့ပါတယ်၊ ခခတို့အိမ်ရှေ့ရောက်တာနဲ့ အိမ်ရှေ့ကနေအော်တော့တယ်၊
“ခခရေ .. ငါလာပြီဟေ့၊ ရှိသမျှ မုန့်ပဲသွားရေစာအကုန်ထုတ်ထား၊ မရှိရင် အခုပြေးဝယ် အချိန်ရသေးတယ်”

“အုတ် .. ၀ုတ် .. ၀ုတ်”  လဲ့ရာက အပြေးကြိုပါတယ်၊

ခခက ချောကလက်ဝေဖာမုန့်ထုတ်ကြီးဖောက်ကာ ဝေဖာချောင်းကို တဂျွတ်ဂျွတ် အမြန်ဝါးရင်း ရယ်နေတယ်၊
“အမလေး လာပြီ ဖလံပိုး”


“အခုပဲ မုန့်ဆိုင်က ပြန်ရောက်လာတာဟ၊ ငါ့ ဗိုက်ထဲ မုန့်တွေ မြန်မြန်ထည့်သိမ်းထားရင် ကောင်းမယ်”

“ခခ ရယ် သိပ်လည်းကပ်စေးမနည်းပါနဲ့လေ၊ မကျွေးလို့မရဘူးဆိုတာလည်း နင်သိရဲ့သားနဲ့ ဟီး”

“မော်စီလည်း လာလိမ့်မယ်၊ ငါ ဖုန်းဆက်ထားတယ်၊ ခခ ငါ တိုင်ပင်စရာရှိလို့ဟ”

“---------” 
“---------”
“ဂျွတ်”
ဝေဖာချောင်းကို ဂျွတ်ကနဲနေအောင်ကိုက်ရင်း  “အေး ငါလည်း ပြောပြစရာရှိတယ်၊ အထူးအဆန်း၊ မပြောခင် နင်တို့ ငါ့ကို လုံးဝမရယ်ပါဘူးလို့ ကတိပေးရမယ်၊ စာချုပ်ပါ ချုပ်ထားရကောင်းမလားပဲ”  ခခ က ပြောပါတယ်၊

“အင်း ငါလည်း အကူအညီတောင်းစရာရှိလို့ နင်ငါ့ကို ကူညီမယ်ဆို ငါ မရယ်မိအောင် အောင့်အည်းပြီး နားထောင်မှာပေါ့၊ ပါးစပ်လေးတော့ လက်နဲ့ပိတ်ထားခွင့်ပေးပေါ့ဟာ၊ မော်စီကိုတော့ ငါမသိဘူးနော်၊ သူရယ်ရင်တော့၊ ဟိ ငါလည်း မပြောနိုင်ဘူး၊ ရယ်မိမလားပဲ ခီး ခီး”

“တော်ပါ၊ နင်တို့က သိပ်ဗိုလ်ကျတာပဲ၊ စိတ်ညစ်လိုက်တာ နင်တို့လို သူငယ်ချင်းတွေရှိနေတာ၊ နင်တို့ပြောရင်တော့ ငါ အမြဲသေချာ နားထောင်ပေးရတယ်” 
ခခ မျက်နှာစုပုတ်နေပါပြီ၊ ပါးစပ်ကလည်း ဂငယ်ပုံစံဖြစ်နေပြီ။
အဲဒီအချိန်အိမ်ရှေ့ကနေ မော်စီက ဆူဆူညံညံအသံပြုပါတယ်၊
“ဟေး ... ငါ မော်စီဆရာသခင်လာပြီဟေ့၊ ချစ်သူငယ်ချင်းတို့” မော်စီက အသံဗြဲကြီးနဲ့ အော်ပြီး အိမ်ထဲ စက်ဘီးလေးတွန်းကာ ၀င်လာပါတယ်၊

“ဒီ သူငယ်ချင်းငပေါ ငပြောင် ငပေတူးကတစ်မျိုး၊ ဘယ်လိုဖြစ်လာပြန်ပြီလဲ မသိပါဘူး”
ခခရဲ့ ဒေါသတွေက မော်စီ့ဘက်ကို လှည့်သွားတော့တယ်။

မော်စီက ခခ စိတ်တိုနေမှန်းသိတယ်၊ သိရက်နဲ့ပဲ
“ဟာ ငါ့သူငယ်ချင်း ခခလေးက က ပြုံးနေတာပဲ၊ ဘာတွေသဘောကျနေလည်းမသိဘူး ဟီ ဟိ ”  ခခ ကို စပါတယ်၊
“တိန် .. ဒီမျက်နှာလားပြုံးတာ၊ ပြုံးမှန်းမသိ မဲ့မှန်းမသိ၊ နင် အပြုံးနဲ့ အမဲ့ တလွဲကြီးများ မှတ်ထားလားဟယ်၊ စိတ်ပိန်လိုက်တာ” ပြောရင်း ခခက စိတ်မဆိုးတော့ဘူး၊ စိတ်ဆိုးနေရာက တခစ်ခစ်ရယ်ပါတော့တယ်။

ခခကပြောတယ်၊
“ကဲ ကဲ လူစုံတုန်းကြွားစရာရှိတာလေး ကြွားဦးမှပဲ၊ နင်တို့ ငါကိုကြည့်ကြပါဦး ဘာများထူးခြားနေလဲ၊ သေချာကြည့်ကြ”

“နင့်မျက်လုံး ပိုပြူးလာတာများလား”

“---------”

“နားရွက်များ ပိုကြီးလာတာများလားပဲ” မော်စီကလည်း ထပ်ဖြည့်ပြောပါတယ်၊

“--------”
“သစ်ပင်ဆိုတာ မြင့်လေ လေတိုက်ခံရလေပဲ ကိစ္စမရှိပါဘူး၊ နင်တို့ ဘယ်လိုဖဲ့ဖဲ့ ငါ မပဲ့ပါဘူး၊ ဟဲဟဲ ဒီမှာကြည့် ငါ့လက်ကောက်လေး မလှဘူးလား”

မော်စီက “ငါ ပြောရတော့မလား” လို့ မေးပါတယ်၊
“ပြောလိုက်တော့မယ်နော်၊ ပွဲဈေးတန်းက ၀ယ်လာတဲ့ ဖန်လက်ကောက်ကြီးလိုပဲဟ”
“ငါအဲဒီလိုတော့ မပြောချင်ပါဘူး ဟီးဟီး၊ နင်မပြောနဲ့ဆိုလည်း ပွဲဈေးတန်းက ဖန်လက်ကောက်ကြီးလို့ မပြောတော့ပါဘူး”

“မပြောချင်လို့သာပဲ ခုပဲ နှစ်ခါတောင်ပြောပြီးနေပြီ”

ဖိုးပလံကတော့ သေချာစူးစူးစိုက်စိုက်ကြည့်နေပါတယ်၊ လက်ကောက်လေးက တစ်မျိုးလေးလို့ သူထင်နေတယ်၊

“ငါ မနောက်ဘူးနော် အတည်ပြောနေတာ၊ ငါ နောက်တစ်ခေါက်ထပ်မပြောဘူး တစ်ခါပဲ ပြောမှာ၊ ငါ အရင်တစ်ပတ်က ငါ့ဦးလေးတို့ဆီသွားလည်တာလေ၊ နင်တို့သိတယ်မလား ငါတောင်ပြောသေးတာပဲ၊ ရွှေရောင်နီမှာနေတဲ့ဦးလေးဆီလေဟာ”
“အင်း”
“-----”
“အဲဒီမှာ ဆိုင်ကလုန်းလေပွေကြီးတိုက်တာဟယ်၊ ပြီးတော့ ----------- x-------------------x--------------x--------x--------------x—”
ခခက သူ ဆိုင်ကလုံးထဲပါသွားပုံတွေ အိမ်လေးနဲ့ပိပြီး အရှေ့မိစ္ဆာစုန်းမသေသွားပုံတွေ၊ လူသူငယ်မြို့တော်မှာတွေ့တဲ့ အမျိုးသမီးက သူ့အတွက် လက်ဆောင်လက်ကောက်လေးပေးလိုက်တာပါ စီကာပတ်ကုံးပြောပြပါတော့တယ်၊
“နင်တို့နော် ငါတကယ်ပြောတာ ငါ့အဒေါ်နတ်သမီးတကယ်ဖြစ်နေတာဟ၊ အဲဒီအမျိုးသမီးက ငါ့အဒေါ်ကိုသိတယ်တဲ့ ပင်လယ်ပြာနတ်သမီးလို့ ပြောသေးတယ်၊ ဒီလက်ကောက်ထဲမှာ ငါးရုပ်လေးတွေပြေးနေတာ ငါ သိပ်ကြိုက်တာပဲ၊ ပြီးတော့ အဲဒီအမျိုးသမီးကပြောတယ်၊ ငါ သူတို့ အကူအညီများလိုအပ်ခဲ့ရင် လက်ကောက်လေးကို စကားပြောနိုင်တယ်၊ ဆုတောင်းအာရုံပြုပေါ့ဟယ်၊ အဲဒါဆို သူတို့နဲ့ ငါတွေ့နိုင်တယ်တဲ့”

“အိုး .... ဆန်းကျယ်လိုက်တာ၊ နင် လူငူသယ်မြို့တော်၊  ဟာ ဟုတ်ပါဘူး၊ ဘာတဲ့”

“လူသူငယ်ဟဲ့ လူသူငယ်၊ လူလေးတွေက သူငယ်တော်ရုပ်လေးတွေလိုပဲ သေးသေးကွေးကွေးနဲ့ ပြောင်ချော်ချော်လေးတွေ၊ အဲဒါကြောင့် လူငူသယ် အဲ .... လူသူငယ်မြို့တော်လို့ ခေါ်တာနေမယ်၊ လူသူငယ်မြို့တော်က နတ်သမီးနယ်မြေတစ်ခုပဲ စုန်းမတွေ မှော်ပညာစွမ်းတွေရှိနေကြတဲ့ နတ်သမီးနယ်မြေတဲ့”

“နင် တကယ် အဲဒီ လူသူငယ်မြို့တော်ရောက်ခဲ့တာလား”

“တကယ်ပါဆို”

မော်စီက ခုမှ ပါးစပ်အဟောင်းသား စုတ်တသတ်သတ်ဖြစ်နေပါတယ်၊
ဖိုးပလုံ သူလိုချင်တာအတွက် လမ်းစတွေ့ပြီလို့ တွေးကာ ထအော်တော့တယ်။
“ဟာ”
“ဟုတ်ပြီ”  “ဟန်ကျလိုက်တာ”

“အမ် ချက်ချင်းလက်ငင်း ဘယ်လိုဖြစ်တာလဲဟဲ့”
ခခ က မေးပါတယ်။

“အတော်ပဲ ခခ ရေ၊ လာ ငါ နင်တို့ကို အကူအညီတောင်းမယ်ဆိုတာလေ၊ ငါ့အမေ မွေးနေ့က လာမယ့်လထဲမှာ”
“မေမေ့ကို လက်ဆောင်ထူးထူးဆန်းဆန်းပေးချင်လို့၊ မေမေက နင်သိတဲ့အတိုင်း ငါ နတ်သမီးနယ်မြေရောက်ခဲ့တာလည်း မယုံဘူး၊ ချာချာတို့ ကီးနိုတို့အကြောင်းပြောပြလည်း မယုံဘူး၊ နင့် ဆိုင်ကလုံးမိစ္ဆာအကြောင်းပြောပြလည်း ယုံမှာမဟုတ်ဘူး”

“ဆိုင်ကလုံးကသပ်သပ် မိစ္ဆာစုန်းမကြီးက သပ်သပ်ပါဟယ်”

“သိပါတယ်ဟာ ငါ အတိုကောက်ပြောလိုက်တာ၊ နင်ကလည်း အမှားအယွင်းကိုမခံဘူး”
“ခစ် ခစ် နင်အမှတ်မှားနေမှာစိုးလို့ ပြင်ပေးတာပါဟယ်”
“အဲဒိတော့ ဆက်ပြောပါဦး”

“အဲဒီတော့ မေမေလည်း ငါတို့တွေ့ခဲ့ကြုံခဲ့တာလည်း ယုံသွားအောင် နတ်သမီးနယ်မြေက လက်ဆောင်ဆန်းဆန်းပြားပြားလေးသွားရှာပြီး မေမေ့ကို လက်ဆောင်ပေးရကောင်းမလား ငါ စဉ်းစားမိလို့ပါ”

“အေးကွ ဖိုးပလံရ၊  စိတ်ကူးကောင်းပဲ၊ လူကသာလေပေါဖြစ်နေတာ” 
မော်စီက တချိန်လုံးငြိမ်နားထောင်နေရင်းနဲ့ ၀င်နောက်လိုက်ပါသေးတယ်၊

“ဒါဆို ကောင်းတယ်၊ ခခ နင့်ဖန်ပြာလက်ကောက်လေးနဲ့ စကားပြောဟာ ငါတို့ အဲဒီ နတ်သမီးနယ်မြေ အခုသွားရအောင်”
“ဟိုး ဟိုး နေဦး နင်တစ်ယောက်ထဲမသွားနဲ့နော် ငါတို့ကိုပါ ခေါ်ချင်တယ်ဆိုတာပါ ထည့်ပြီးပြော၊ ပြော ပြော၊ အခု စကားပြော အာရုံပြု၊ ငါတို့ ဒီမှာ ကြည့်နေမယ်” 
ခခကို ဖိုးပလံက စိတ်အားထက်သန်စွာ တိုက်တွန်းပါတယ်၊

ခခကလည်း သိပ်လှတဲ့ အဲဒီနတ်သမီးနယ်မြေလေးဆီ တစ်ခေါက်ထပ်သွားချင်သေးတယ်၊ အထူးသဖြင့် ဖိုးပလံနဲ့ မော်စီကို ပြချင်တာပါ၊

ခခက ညာဘက်မှာဝတ်ထားတဲ့ ဖန်ပြာလက်ကောက်လေးကို ဘယ်လက်လေးနဲ့ ဆုပ်ကိုင်ပြီး စကားတစ်လုံးချင်းဆီ သတိထားပြီး စကားတတွတ်တွတ်ပြောပါတယ်၊ ဖိုးပလံနာမည်လည်းပါတယ်၊ ဖိုးပလံ မေမေအကြောင်းတောင်ပါသေးတယ်၊ မော်စီလည်း ခေါ်ချင်တယ်ဆိုလား၊ မော်စီ့နာမည်လည်းကြားလိုက်တယ်၊ ခခ က စီကာစဉ်ကာပြောပါတယ်၊ ဆွေမျိုးစပ်လို့တော်တော်ကြာတော့ ဖန်ပြာလက်ကောက်လေးထဲက အပြာရောင်လေးက ပိုပြီးတောက်ပလင်းလက်လာပါတယ်၊ ဖန်ပြာလက်ကောက်ထဲက အလင်းတန်းလေး ရွှီးကနဲ ထွက်လာပြီး အပြာရောင်သစ်သီးခြမ်းခေါင်းဆောင်း ဆောင်းထားတဲ့လူတစ်ယောက်ပေါ်လာတယ်၊ ခေါင်းဆောင်းမှာ ခေါင်းလောင်းလေးတွေက တချွင်ချွင် တချွမ်ချွမ်နဲ့မြည်လို့၊ ဖောင်းဖောင်းကားကားအ၀တ်အစားဝတ်ထားတယ်၊ မှို့သွပ်ထားတဲ့ အရုပ်တစ်ရုပ်လိုပဲ ရုပ်ရည်က ချောမောပြေပြစ်လှတယ်၊ အဲဒီအမျိုးသားကြီးက ခခ ကို “မှော်ဆရာမလေး ဘာအလိုရှိလို့လဲကွယ်” လို့ မေးပါတယ်၊ ခခ က ယောင်ယမ်းပြီး “ခုနက ကျွန်မပြောပြီးပြီလေ၊ ဒါနဲ့ ဦးလေးကဘယ်သူလဲ၊ ဟို အဖြူရောင်အမျိုးသမီးရောပဲ၊ မြောက်အရပ်က စုန်းမအန်တီကြီးလေ” လို့ပြောလိုက်တယ်၊

“ငါ က လူသူငယ်မြို့တော်က အုပ်ချုပ်ရေးမှူးပေါ့၊ မြောက်အရပ်စုန်းမက ပြန်သွားပြီကွဲ့၊ ကလေးမ အရှေ့မိစ္ဆာမကိုသတ်တုန်းကလာပြီး ခု ရက်ပိုင်း ငါတို့ဆီမလာဘူး၊ တွေ့ချင်တယ်ဆိုရင်တော့ သတင်းပို့ရတာပေါ့၊ သူလာပါလိမ့်မယ်”

အဲဒီတော့မှ မော်စီက ၀င်ပြောတယ်၊
“ခခ နင်ဟာလေ ထပ်ပြောတော့ဘာဖြစ်မှာမို့လို့လဲ၊ ဘာအလိုရှိလဲ သေချာပြောပြလေဟာ၊ အပျင်းကိုထူတယ်”

“ဟာ နင်ကလည်း ငါ ကြောင်သွားလို့ပါ” 
ခခ က အဲဒီအမျိုးသားကြီးကို ထပ်ပြီးရှင်းပြပါတယ်၊ အရှေ့နတ်သမီးနယ်မြေကို အလည်လာချင်တဲ့အကြောင်းရော၊ မွေးနေ့လက်ဆောင်ရှာချင်တဲ့အကြောင်းပါ သေချာရှင်းပြပါတယ်၊ အမျိုးသားကြီးက ခေါင်းတငြိမ့်ငြိမ့်နဲ့ သေချာဂရုစိုက်နားထောင်ရှာတယ်၊ ပြီးတော့ “အို မှော်ဆရာမလေးက ငါတို့ရဲ့ ကျေးဇူးရှင်လေ၊ တတ်နိုင်သလောက်ကူညီမှာပေါ့၊ ငါတို့လည်း လက်ဆောင်တွေပြပါမယ်လေ၊ အဲဒီထဲကမှ ကလေးတို့ ကြိုက်တာကို ရွေးယူကြပေတော့ကွဲ့” လို့ ပြောပါတယ်၊
“လာ သွားကြစို့ရဲ့” လို့ ခေါ်ပါတယ်၊

“ကျေးဇူးတင်ပါတယ်ရှင်”
“ကျေးဇူးတင်ပါတယ်ခင်ဗျာ”  ဖိုးပလံတို့ ၀မ်းသာအားရ ကျေးဇူးတင်စရာဆိုကြတယ်၊
မျက်စိလေးတွေယောင်ယမ်းမှိတ်လိုက်ကြတယ်၊ ရှေ့ဆက်ဘာတွေတွေ့ရမလည်း သိချင်စိတ်နဲ့ စိတ်လှုပ်ရှားနေကြပါပြီ။
------------------------------------ ။ -----------------------------------
“လူသူငယ်နတ်သမီးနယ်မြေက ကြိုဆိုပါတယ်ကွယ်၊ ကလေးတို့ လာကြ၊ လာကြ”

“အိုး”  မော်စီက အလန့်တကြားထအော်ပါတယ်၊
“ဟာ လှလိုက်တာကွာ၊ မြက်ခင်းလေးက စိမ်းနေတာပဲ၊ ဒီမှာ ဘောလုံးကန်ရ သိပ်ကောင်းမှာပဲ”

“တိန် ... ဒေါက် .. အဲလိုမြည်အောင် ခေါင်းခေါက်လိုက်ရ၊ ပန်းလေးတွေလှကလှနဲ့၊ ဘောလုံးမှန်ရင် ပန်းလေးတွေအလှပျက်ကုန်မှာပေါ့ဟဲ့၊ ဘောလုံးကန်ချင်တာများ ရွှေလိမ္မော်ကစားကွင်းမကြီးမှာ ကန်လည်းရတဲ့ဟာကို” ခခ က မော်စီ့ကို မျက်လုံးပြူးပြပြီး ငေါက်ပါတယ်၊

“ဖိုးပလံ ကြည့်ကြည့် ငှက်လေးက ပြုံးပြတယ်၊ အံ့သြစရာကြီး တကယ်ပြုံးပြတာဟ၊ လာကြည့်၊ လာကြည့်” မော်စီကို ငှက်လေးတစ်ကောင်က ပြုံးပြသေးတယ်ဆိုပဲ၊

ငှက်လေးက ပြုံးပြရုံတင်မဟုတ်ဘူး မော်စီ့ကို နှုက်ဆက်စကားပါဆိုလိုက်သေးရဲ့၊
“ကြိုဆိုပါတယ် သူငယ်ချင်းတို့”
“ဟယ် ငှက်လေးက ချစ်စရာကောင်းလိုက်တာ၊ မော်စီ တွေ့လား၊ ငါ မပြောဘူးလား သိပ်လှတာပဲနော်၊ ပန်းပွင့်လေးတွေရော မွှေးနေတာပဲ၊ ဒီက ပန်းတစ်ပွင့် ခူးပြီး ဖိုးပလံ မေမေကို သွားပေးရင်တောင် သဘောကျလိမ့်မယ်၊ လှလိုက်တာဟယ်” ခခ ကလည်း အသံလေးတစာစာ ပြောဆိုရင်း ပန်းလေးတွေရဲ့အလှတရားကို ကြည်နူးမဆုံးဖြစ်နေတယ်၊ ပန်းလေးတွေတပွင့်ချင်းစီ လိုက်ပြီး တို့ထိကြည့်တယ်၊

“အိုး ဒီပန်းလေးက စပယ်ရနံ့လေးရတယ်၊ ဒါပေမဲ့ ပွင့်ချပ်တွေကကြီးလိုက်တာ၊ အရောင်စုံရှိတယ်၊ ပန်းဆီရောင်လေးသိပ်လှတာပဲ၊ ငါလည်း မေမေ့ကို လက်ဆောင်ပေးချင်လိုက်တာဟယ်၊ ငါတို့ ကျောင်းကဆရာမ ဒေါ်သီသီခင်ကိုလက်ဆောင်ပေးရရင်ကောင်းမယ်၊ အတန်းထဲက စုမာဆိုတဲ့တစ်ယောက်က သူ့ယူလာတဲ့နှင်းဆီပန်းကပဲ အလှဆုံးလို့ အမြဲပြောပြောနေတာလေ”

“အဲဒီ စုမာကတော့ ပြောမနေပါနဲ့ တစ်နေ့တစ်နေ့ နှင်းဆီပန်းကြီးကြီးဝယ်ဖို့ပဲ အလုပ်ရှုပ်နေတာ၊ ပန်းအကြီးဆုံးဝယ်ဖို့ ပန်းဆိုင်မှာ တစ်နှစ်စာပိုက်ဆံသွင်းထားပုံရတယ် ဟီးဟီး”
ခခနဲ့ မော်စီတို့က နှစ်ဦးသားစကားတွေအလုအယက် ပြောလို့မဆုံးနိုင်ဖြစ်နေကြတယ်၊ လူသူငယ်အုပ်ချုပ်ရေးမှူးအမျိုးသားကြီးက ခခနဲ့မော်စီတို့ ပြောနေကြတာတွေ နားထောင်ပြီး သဘောကျနေရှာတယ်၊ “အို ယူသွားပေါ့ကွယ် ကလေးတို့ပြန်ရင် အလှဆုံးပန်းတွေပေးလိုက်ပါ့မယ်” လို့လည်းပြောပါတယ်။
ဖိုးပလံကတော့ ပန်းပင်တွေနောက်မှာ အပြာရောင် အစိမ်းရောင်သစ်သီးခြမ်းလေးတွေ တလှုပ်လှုပ် လှုပ်ရှားနေတာကို ကြည့်နေပါတယ်၊ တခြားဘက်ကို ဖိုးပလံမျက်နှာလွှဲလိုက်တဲ့အခါ သစ်သီးခြမ်းလေးတွေ အပေါ်ကိုမြောက်တက်လာပြီး လူမျက်နှာလေးတွေပေါ်လာတယ်၊ ဖိုးပလံကပြန်လှည့်ကြည့်တဲ့အခါ ဖြတ်ကနဲ အပင်အောက်ကိုပုန်းကွယ်လိုက်ကြတယ်၊ အမျိုးသားကြီးက ပြုံးရွှင်စွာရယ်မောရင်း
“ဟေး .. လာကြ၊ ပုန်းမနေကြနဲ့၊ ဒါ ငါတို့လူသူငယ်မြို့တော်ရဲ့ အထူးဧည့်သည်တော်လေးတွေ”  သူ့လူတွေအားလုံးကို ခေါ်လိုက်ပါတယ်၊ သစ်ပင်ပန်းပင်တွေနောက်မှာ ပုန်းနေတဲ့သူတွေအားလုံးထွက်လာကြတယ်၊ သူတို့ မျက်နှာလေးတွေက ပြုံးချိုရွှင်ပြနေတာပဲ၊ အားလုံးက တစ်ယောက်တစ်မျိုးစီလှပကြတယ်၊ သူတို့ရဲ့ အပြာရောင် အစိမ်းရောင်သစ်သီးခြမ်းခေါင်းဆောင်းလေးတွေက တလှုပ်လှုပ်၊ ခေါင်းလောင်းလေးတွေတချွင်ချွင်နဲ့ သာယာနာပျော်ဘွယ်ကောင်းလှတယ်၊ အမျိုးသားကြီးက ဒီည အစည်းအဝေးလုပ်မယ်လို့ အားလုံးကို ပြောလိုက်ပါတယ်၊ ခခ ပြောသလို လူသူငယ်မဟုတ်တော့ပါဘူး၊ မျက်နှာလေးတွေကတော့ ချိုချိုလေးတွေ၊ ဖိုးပလံတို့ ဖေဖေ မေမေအရွယ်လောက်တွေပဲ၊ အခုသူတို့ အရှေ့စုန်းမရဲ့ကျိန်စာကလွတ်ကုန်ကြပြီထင်ပါရဲ့၊

ညနေစောင်းလာတော့ လူသူငယ်နတ်သမီးနယ်မြေရဲ့ ပန်းခြံကျယ်ကြီးထဲမှာ ညစားစားပွဲလုပ်ကြတယ်၊ ပန်းခြံထဲက စမ်းချောင်းအပြာရောင်တောက်တောက်လေးဟာ  ညမီးရောင်တွေနဲ့ဆိုတော့ စိန်ပွင့်လေးတွေ စမ်းချောင်းထဲက ခုန်ထွက်နေသလို အရောင်တွေတဖြတ်ဖြတ်လက်နေကြတယ်၊ မြက်ခင်းရဲ့အစိမ်းရောင်ကလည်း နုပျိုတဲ့နွေဦးသစ်ရွက်စိမ်းလေးတွေလို  ရွှန်းစိုတဲ့အစိမ်းရောင်မျိုးနဲ့ တောက်ပနေတာပဲ၊ ပန်းခြံထဲမှာ မီးတိုင်ကြီးတွေဆီကလည်း ရွှေရောင်လက်လက်အမှုံလေးတွေပြန့်ကျဲပြီး လေထဲမှာလွင့်နေတယ်၊ ရွှေရောင်တွေကျဲပက်ထားသလိုပဲ၊ ပန်းခြံရဲ့အလယ် စမ်းချောင်းလေးဘေးမှာပဲ သစ်စေးရောင်အိနေတဲ့ သစ်သားစားပွဲရှည်ကြီးကို ခင်းကျင်းထားတယ်၊ စားပွဲရှည်ကြီးပေါ်မှာ သစ်သီးမျိုးစုံပြည့်သိပ်နေတာပဲ၊ နွားနို့ကရားတွေလည်း တွေ့ရတယ်၊ သစ်သီးဝိုင်တွေလည်းပါတယ်၊ ပေါင်မုန့်ဖောင်းဖောင်းကားကားကြီးတွေရယ်၊ ခရင်းတွေဖုံးကာထားတဲ့ ကိတ်မုန့်လှလှကြီးတွေလည်း အများကြီးပဲ၊ ခခက ဒီလောက်အများကြီး ဘယ်သူကများပြင်ဆင်ပေးနိုင်သလဲ စဉ်းစားနေပါတယ်၊ ခခ တို့ ထိုင်ခုံလေးတွေမှာ ထိုင်ပြီးတဲ့အခါ လူသူငယ် ယောက်ျား၊ မိန်းမ ကလေး အားလုံးပဲ တခဏလေးနဲ့ သူတို့ရဲ့နေရာအသီးသီးမှာ နေရာယူလိုက်ကြတယ်၊ ကလေးငယ်လေးတွေကလည်း တခစ်ခစ်နဲ့ ရယ်မောနေလေရဲ့၊ ကလေးတစ်ယောက်မှ ငိုယိုတာမတွေ့ရဘူး၊ အားလုံးဟာ ဖြူဖြူလွလွ လှလှပပလေးတွေချည်းပဲ၊ သူတို့ရဲ့အ၀တ်အစားတွေဟာ ပိုးသားနုနုလေးတွေ၊ ဖွဖွလေးတိုက်ခတ်နေတဲ့ လေညင်းနဲ့အတူ ပိုးစလေးတွေ တလွင့်လွင့်နဲ့ သိပ်လှတာပဲ၊ သူတို့အားလုံး ညစာစားဖို့ အသင့်ဖြစ်နေကြပါပြီ။

လူသူငယ်မြို့တော်ရဲ့ အုပ်ချုပ်ရေးမှူးက စားပွဲရှည်ကြီး ထိပ်ဆုံးမှာ ထိုင်တယ်၊ အပြာရောင်ဝတ်စုံရှည်ကြီးမှာ ငွေရောင်တွေတဖွားဖွား ကျဲပက်ထားတဲ့ ၀တ်စုံကိုဝတ်ထားတယ်၊ ဦးခေါင်းမှာတော့ လူသူငယ်တွေဆောင်းနေကျ ရိုးတံလေးနဲ့ သစ်သီးခြမ်းခေါင်းဆောင်း အပြာရောင်လေးဆောင်းလို့ ခန့်ညားလှသလို ကလေးတစ်ယောက်လိုလည်း ချစ်စရာကောင်းနေပြန်တယ်၊
“လူသူငယ်မြို့တော်သားခင်ဗျား၊ အခု အထူးဧည့်သည်တော်တွေရောက်နေကြပါတယ်၊ ကျွန်တော်တို့လူသူငယ်မြို့တော်ကို လူသူငယ်ကျိန်စာအတွင်းက ကယ်ထုတ်ပေးခဲ့တဲ့ မိန်းကလေး ခခ နဲ့ သူငယ်ချင်း ညာဘက်က ဖိုးပလံ၊ ဘယ်ဘက်က ကလေးက မော်စီ တဲ့၊ ဖိုးပလံလေး အမေအတွက် မွေးနေ့လက်ဆောင်ထူးထူးခြားခြားလေး ပေးချင်တာ၊ ဘာလက်ဆောင်ပေးရင်ကောင်းမလဲ အကြံပေးကြပါ၊ အခု သူတို့ကို ကြိုဆိုလိုက်ကြရအောင်” လို့ ကြည်လင်ပီသစွာ စကားဆိုတယ်၊ သစ်သီးဝိုင်ချိုခွက်တွေ မြှောက်လိုက်ကြပြီး အားလုံးက “လူသူငယ်မြို့တော်က ကြိုဆိုပါတယ်” လို့ တညီတညာတည်းနှုတ်ဆက်လိုက်ပါတယ်၊ လူသူငယ်တစ်ယောက် မတ်တပ်ရပ်ပြီးတော့ “နေရောင်နဲ့ ပွင့်တဲ့ပန်းလေး၊ နေရောင်ရရင်အဖူးလေးက ပွင့်လာမယ်၊ ရိုးတံလေးက လှုပ်တယ်၊ သစ်ရွက်တွေကလှုပ်တယ်၊ အဲဒီ နေရောင်ပန်းလေးဆိုရင်ရော” လို့ပြောပါတယ်၊ နောက်တစ်ယောက်က “ရတနာသစ်ပင်လေး၊ ကျောက်ဖြူ၊ ကျောက်နီ၊ ကျောက်စိမ်း၊ ရွှေရိုးတံလေးတွေနဲ့ ပုလဲနဲ့ကြွေသားပန်းအိုးလေး အဲဒါလေးလည်း လှသားပဲ” လို့ ဆိုတယ်၊ တစ်ယောက်ကတော့ မှော် ကြည့်မှန်အကြောင်းပြောတယ်၊ ကိုယ့်ရဲ့ချစ်ခင်သူတွေကို စိတ်ချင်းဆက်သွယ်ပြီးရင် မှန်မှာ သူတို့ပုံတွေ မြင်တွေ့နိုင်တယ်တဲ့၊ အဲဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက်သူတို့ သိတဲ့ မှော်ပစ္စည်းလေးတွေအကြောင်းပြောပြကြတယ်၊ ဖိုးပလံတို့ ချက်ချင်းကြီးတော့ ဆုံးဖြတ်လို့မရကြဘူး၊ ညစားစားတဲ့အခါ ခခက ချိုမြတဲ့သစ်သီးဝိုင်ကြိုက်တယ်တဲ့၊ ချိုရှရှလေးလို့ မော်စီ့ကိုပြောပြတယ်၊ မော်စီက ကိတ်မုန့်ဝိုင်းကြီးကို သူ့ရှေ့မှာယူထားပြီး တစိတ်ပြီး တစိတ် ကိတ်မုန့်လှီးဓါးကြီးနဲ့ လှီးပါတယ်၊ တချိန်လုံး ခရင်းဖွေးဖွေးကိတ်တွေဝါးနေတယ်၊ ဖိုးပလံကတော့ သစ်စေ့တွေကို ပိုအရသာတွေ့နေတယ်၊ ချိုချိုဆိမ့်ဆိမ့်သစ်စေ့တွေဝါးလိုက် နွားနို့ခွက်ကြီးကို မော့လိုက်နဲ့ခဏနေတော့ ဘာကိုမှ ထပ်မစားနိုင်လောက်အောင် ဗိုက်ပြည့်သွားကြပါပြီ။
“ဟယ်”  ခခက အလန့်တကြားထအော်တယ်၊ ဖိုးပလံ နွားနို့တွေသောက်နေတာမြင်တော့မှ သူ လဲ့ရာလေးကို မခေါ်ခဲ့မိတာသတိရသွားတယ်၊
”ဘာဖြစ်တာလဲ” ဖိုးပလံက ရုတ်တရက်စိတ်ပူသွားပြီး ခခ ကိုလှည့်မေးပါတယ်၊

”ငါ မေ့သွားတယ်၊ လဲ့ရာလေး လဲ့ရာလေးကျန်ခဲ့ပြီ”

“ကျန်ခဲ့တာပဲ ကောင်းပါတယ်ဟာ၊ ငါတို့ ဘာတွေဘယ်လိုတွေ့ကြုံမယ် မသိသေးဘူးလေ”
“---------------- အင်း၊ ဟုတ်သားပဲ၊ အဲဒါလည်း”
ခခ ငြိမ်သွားရှာတယ်၊

ညစာစားပွဲပြီးဆုံးသွားတော့ ခခတို့ သုံးယောက်နဲ့ အမျိုးသားကြီးတို့ ပန်းခြံလေးထဲ လမ်းလျှောက်ကြတယ်၊ အမျိုးသားကြီးက
“ဘယ်လို လက်ဆောင်မျိုးလိုချင်ပါသလဲ” လို့ မေးပါတယ်၊ ဖိုးပလံတို့ စဉ်းစားရကျပ်နေတယ်၊ အဲဒီအချိန် အမျိုးသားတစ်ဦးသူတို့နားကို ရောက်လာပါတယ်၊ ကျွန်တော် တစ်ခုပြောပြချင်ပါတယ်လို့ ဆိုတယ်၊ “ဟို ဖိုးစပ်စု ဖန်ကြောင်လေ၊ ကျွန်တော်နဲ့ မနေ့က တွေ့တော့ သူပြောတယ်၊ အရှေ့မြောက်ဘက်က ကျွန်းတစ်ကျွန်းမှာ သိပ်လှတဲ့ စိတ်ညှို့မှော်ရွှေပန်းအိုးရှိသတဲ့၊ ရွှေရောင်ပန်းအိုးလေးထဲမှာ ပန်းပေါင်းစုံဖူးပွင့်တယ်တဲ့၊ တစ်မိနစ်ကို ပန်းတမျိုးစီပြောင်းပြီးပွင့်တယ်၊ နူးနူးညံ့ညံ့ဖွင့်ဖတ်တွေနဲ့ နှင်းဆီပန်းဖူးလေးကနေ ပန်းပွင့် ပွင့်အာလာပြီး တစ်မိနစ်ကြတော့ ကျူးလစ်ပန်းလေးပြောင်းသွားတယ်၊ ပြီးတော့ ဟို ဂန် .. ဂန် ... ဂန်” ဆိုပြီး အဲဒီအမျိုးသားကြီးက ပန်းနာမည် ရှေ့မဆက်တတ်ဘူး ဖြစ်နေတယ်၊ ခခ က “ဂန္ဓမာပန်းများလား ဦးလေး” လို့ စကားထောက်ပေးလိုက်တယ်၊
“အဲ ...  အဲဒါပေါ့၊  ဂန် .. န္ဓမာ ပန်းပွင့်တယ်၊ နောက်တစ်မိနစ်ဆို ဒေလီယာပေါ့၊  ပြီးတော့ နှင်းပန်းဝါ၀ါလေးတွေ၊ အကိုင်းတိုင်းမှာ စီရရီပွင့်တာဆိုပဲ၊ ပန်းရနံ့လေးတွေက သင်းပျံ့နေတာပဲတဲ့၊ ပန်းပွင့်တွေက နေ့ရော ညပါပွင့်တယ်၊ တစ်နှစ်ပြီးတစ်နှစ် ပွင့်တယ်၊ နောက်တစ်ပွင့်ဖူးလာပီဆို ပထမတစ်ပွင့်ကညှိုးလာမယ်၊ ပြီးတော့ မှိန်ပြီးပျောက်သွားတော့တာပဲလို့ ဖန်ကြောင်က ပြောတာပဲ”

“ဟာ၊ အဲဒါ သိပ်အံ့သြစရာကောင်းတာပဲ”  ခခကမျက်လုံးလေးဝိုင်းပြီး ဟစ်အော်လိုက်တယ် “ဖိုးပလံမေမေ သိပ်ကြိုက်မယ်ထင်တယ်”
“ဒါပေမဲ့ ဘယ်မှာလည်း မှော်ပန်းက၊ ကျွန်တော်တို့ ဘယ်လိုရနိုင်မှာလဲ”
မော်စီက မေးလိုက်ပါတယ်၊
“မသိဘူးကွယ်” အမျိုးသားကြီးက နှေးကွေးစွာပြန်ဖြေပါတယ်၊ “ဦးလေးကို ဖန်ကြောင်ပြောပြတာမနေ့ကပဲ၊ အဲဒီအရှေ့မြောက်ကျွန်းက အင်မတန်သီးသီးသန့်သန့်ရှိတဲ့နေရာကွဲ့၊ ဖန်ကြောင်လို စပ်စုလွန်းတဲ့ လူသူငယ်ဒေသခံသတ္တ၀ါမို့လို့သာ သူတွေခဲ့တာ၊ ဦးလေးတို့ဆို အရင်က မကြားဖူးပါဘူး”၊

“အရှေ့မြောက်အရပ်ဆိုရင်တော့ လူသူငယ်မြို့တော်ဒေသထဲပါပဲ၊ အန္တရာယ် တစ်စုံတစ်ရာမတွေ့နိုင်ပါဘူး၊ ကဲ ဖန်ကြောင်ကို အကျိုးအကြောင်းသေချာသွားမေးကြတာပေါ့”

ခခ၊ ဖိုးပလံ၊ မော်စီ၊ လူသူငယ်အုပ်ချုပ်ရေးမှူးရယ်၊ ဖန်ကြောင်နဲ့ စကားပြောခဲ့တဲ့ လူသူငယ်လူကြီးတစ်ယောက်ရယ် ပန်းခြံထဲက ထွက်လာခဲ့ကြတယ်၊ အချိန်နည်းနည်း ဟိုဟိုဒီဒီ ရှာကြည့်ကြပြီးတဲ့အခါ ချုံပုတ်တစ်ခုဘေးမှာ ကိုယ်ကိုခွေခေါက်ပြီးအိပ်နေတဲ့ ဖန်ကြောင်ကိုတွေ့ပါတယ်၊ ဖန်ကြောင်က နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်မောကျလို့နေတယ်။

ဖန်ကြောင်ဟာ လူသူငယ်မြို့တော်မှာ အစပ်စုဆုံးသတ္တ၀ါလို့ သူတို့ကပြောကြတယ်၊ လူသူငယ်မြို့တော်က မှော်ဆရာကြီးတစ်ယောက် သူ့ရဲ့မှော်ပညာတွေတားမြစ်ခြင်းမခံရခင်မှာ မှော်ကြောင်ကိုဖန်တီးခဲ့တယ်တဲ့၊ အဲဒီမှော်ဆရာကြီးက ဖန်ကြောင်ကို ကြွက်တွေဖမ်းဆီးဖို့ ဖန်တီးခဲ့ပေမဲ့ ဖန်ကြောင်က နောက်တော့ ကြွက်ဖမ်းဖို့ ငြင်းဆန်တယ်၊ ဖန်ကြောင်က သူကြွက်ဖမ်းတဲ့အလုပ်ကို မလုပ်လိုဘူး သာမာန်ထက်ပိုပြီးစပ်စပ်စုစုလုပ်နေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်၊ အံ့အားသင့်စရာဖန်ကြောင်ကို ဖန်တွေနဲ့ပဲလုပ်ထားတော့ ကြည်လင်နေတာပဲ၊ ပြတင်းပေါက်တစ်ချပ်ကနေအပြင်ဘက်ကိုကြည့်ရသလို ဖန်ကြောင်ကိုယ်ထဲကို အားလုံးမြင်နေရတယ်၊ ဦးခေါင်းထိပ်မှာ နူးညံ့ပုံရတဲ့ ပျော့ပျော့အိအိပန်းရောင် ဘောလုံးလေးတွေရှိတယ်၊ ကျောက်မျက်ရတနာစီခြယ်ထားသလိုပဲ၊ မှော်ဆရာကြီးက ဦးနှောက်အတွက် ရည်စူးဖန်တီးခဲ့တယ်တဲ့၊ သွေးရောင်ပတ္တမြားခဲလည်းရှိတယ် နှလုံးအတွက်အလုပ်လုပ်တယ်၊ မျက်လုံးတွေက မြသားရောင်ပြူးဝိုင်းဝိုင်းနှစ်လုံး၊ ဖန်ကြောင်ကိုယ်ထဲမှာရှိတဲ့အရောင်တွေက အဲဒါအားလုံးပဲ၊ ကျန်တာကတော့ ဖန်လိုကြည်လင်တဲ့အရောင်ပဲ ရှိတယ်၊ တလှုပ်လှုပ်လုပ်လို့ရတဲ့ အမြီးလေးကလည်း ဖန်သားပဲ တကယ့်ကိုလှပပါတယ်။

“ဒီမှာဗျို့ .. ဟေး ဖန်ကြောင် ထတော့”  “ငါတို့ မင်းကို ပြောစရာရှိလို့”
ဖန်ကြောင်က ဖြည်းဖြည်းလေးလှုပ်ရှားပါတယ်၊ အာခေါင်ဖြဲပြီး သန်းဝေလိုက်တယ်၊ ပြီးတော့ ကွေးပြီးအိပ်နေရာက မထသေးခင် သူ့အနီးမှာ ၀ိုင်းအုံရပ်ကြည့်နေတဲ့ လူတွေကို တစ်ယောက်ချင်းစီလိုက်ကြည့်ပါတယ်။

၃. မုန်တိုင်းလေပွေ မွှေ့လေသော်

ခခ တို့ ဦးလေး ဦးမိုးကြီးက ရွှေရောင်နီလွင်ပြင်မှာနေကြတယ်၊ ဦးမိုးကြီးက လယ်သမားကြီးပါ၊ ဦးမိုးကြီးရဲ့မိန်းမအန်တီနုနု ကတော့ လယ်သမားကြီးတွေရဲ့ဇနီးမယားတွေရဲ့အလုပ်ကိုပဲလုပ်ကြရတာပဲ၊ ဦးမိုးကြီးကို ကူညီတယ်၊ ကျွဲတွေနွားတွေအတွက် အစားအစာ ပြင်ဆင်ပေးမယ်၊ အစားအစာကျွေးတယ်၊ နှစ်ဦးသား တက်ညီလက်ညီအလုပ်လုပ်ကြပါတယ်၊ ဦးမိုးကြီးက ခခ မေမေ မသီတာရဲ့ အကိုကြီး၊ ဒီ ကျောင်းပိတ်ရက်တွေမှာ ခခ က တခြားနေရာတွေကို ပျော်ပွဲစားမသွားချင်ပါဘူးလို့ဆိုတယ်၊ ဦးမိုးကြီးဆီ ခဏလောက်သွားနေချင်တယ်တဲ့၊ ဦးမိုးကြီးက ချောင်ချောင်လည်လည်သိပ်မရှိကြဘူး၊ ဦးမိုးကြီးတို့ကလည်း ခခ ကိုတွေ့ချင်မြင်ချင်လှတယ်၊ ခခ မေမေနဲ့ ဖေဖေက ချမ်းချမ်းသာသာမရှိလို့ ခခကိုမလွှတ်ချင်ကြဘူးဆိုတာမျိုး မထင်စေချင်ကြဘူး၊ ခခကလည်း သိပ်ကိုသွားချင်နေလေတော့ နောက်ဆုံး ခခ ကျောင်းပိတ်ရက်မှာ ဦးမိုးကြီးတို့ဆီအလည်သွားနေဖို့ ခွင့်ပြုလိုက်ကြပါတယ်။

ခခ က အင်မတန်စပ်စပ်စုစုရှိသူလေးဆိုတော့ ပတ်ဝန်းကျင်အသစ် အတွေ့အကြုံအသစ်မှာ ခုန်ပေါက်မြူးတူးနေတာပါပဲ၊ ခခ ရောက်သွားတော့ ဦးမိုးကြီးတို့ အိမ်လေးရယ် လယ်ကွက်တွေရယ် တွေ့ရပါပြီ၊ ဦးမိုးကြီးက ပြောပြရှာတယ်၊ သူတို့ရဲ့သစ်လုံးအိမ်လေးအတွက် သစ်တွေကို မိုင်းပေါင်းများစွာဝေးတဲ့နေရာကနေ လှည်းကြီးနဲ့ တိုက်ပြီးသယ်ယူခဲ့တယ်တဲ့၊ အိမ်လေးက နံရံလေးဘက်ရှိတယ်၊ ကြမ်းပြင်ရှိမယ်၊ အိမ်ခေါင်မိုးရှိမယ်၊ အခန်းက အားလုံးပေါင်းမှ အဲဒီတစ်ခန်းထဲပဲရှိနေပါတယ်၊
မီးဖိုထားတဲ့နံရံထောင့်တွေမှာ ကြပ်ခိုးမည်းမည်းတွေ ဘေးဘက်၊ အပေါ်ဘက်မည်းသိပ်နေကြပြီ၊ အိုးခွက်ပန်းကန်တွေထားဖို့ ဗီရိုလေးတစ်လုံးရှိတယ်၊ စားပွဲတစ်ခု၊ ထိုင်ခုံ သုံး လေးလုံးလောက်ရယ်၊ အိပ်ရာတွေရယ်၊ အခန်းတစ်ခန်းအိမ်လေးရဲ့ အဆာပလာတွေက အဲဒါအကုန်ပဲ၊ ဦးမိုးကြီးနဲ့ နုနုတို့ရဲ့ အိပ်ရာကြီးက ထောင့်တစ်ထောင့်မှာ၊ ခခ အတွက် တခြားထောင့်တစ်ထောင့်မှာ ခပ်သေးသေးအိပ်ရာလေးပြင်ပေးကြတယ်၊ အဲဒီအိမ်ခန်းလေးမှာ ထပ်ခိုးလည်းရှိမနေဘူး၊ မြေတိုက်ခန်းလည်းမရှိပါဘူး၊ မြေကြီးထဲမှာ တူးထားတဲ့ တွင်းလေးတစ်ခုတော့ရှိနေတယ်၊ သူတို့ကတော့ အဲဒီတွင်းပိစိလေးကို ဆိုင်ကလုံးမြေတိုက်ခန်းလို့ ခေါ်ကြတယ်၊ မုန်တိုင်းလေပွေကြီးတွေသောင်းကျန်းတတ်တဲ့ ဦးမိုးကြီးတို့အရပ်မှာ လေပွေတစ်ခုလာပြီဆို အဲဒီတွင်းလေးထဲကို ပြေးဝင်ပုန်းခိုကြရတယ်၊ ဒီအရပ်မှာတော့ အဆောက်အဦတွေကို ချေမှုန်းနိုင်တဲ့ အားပြင်းတဲ့ လေပွေကြီးကြီးတွေ လာတတ်ကြတယ်၊ လေပွေကြီးတစ်ခုလာရင် ကြမ်းပြင်အလယ်လောက်မှာရှိတဲ့ အဖုံးအကာလေးကိုလှပ်ပြီး လှေကားလေးအတိုင်း မှောင်မဲနေတဲ့ တွင်းလေးထဲ ခုန်ဆင်းပြေးပုန်းကြရတယ်တဲ့၊ ဦးမိုးကြီးက ရှင်းပြတယ်၊ ဦးမိုးကြီးပြောပြတော့ ခခ မျက်လုံးလေးပြူးဝိုင်းပြီးသာ နားထောင်နေခဲ့လေရဲ့၊ မုန်တိုင်းမသိ၊ လေပွေသိပ်မရှိတဲ့ အရပ်မှာ နေတဲ့သူဆိုတော့ ကြောက်ရလန့်ရကောင်းတယ်ရယ်လို့ရယ် ခခက မထင်မိပါဘူး။

တံခါးပေါက်နားမှာ ရပ်ပြီး အပြင်ဘက်ကို ခခ ငေးနေတယ်၊ ခခ ဘာကိုမှ မမြင်ပါဘူး၊ ဖြူပြာပြာမှုန်မှိုင်းမှိုင်း လွင်ပြင်ကျယ်ကြီးက အရပ်လေးမျက်နှာမှာ တမျှော်တခေါ်ကြီးပဲ၊ ငေးလို့ မဆုံးနိုင်ဘူး၊ ခခ က ဒါကိုလည်း သဘောတွေကျနေရှာတာပဲ၊ နေပြင်းပြင်းက ရွှေရောင်နီ လွင်ပြင်ဒေသက လယ်ယာတွေကို မွဲပြာရောင်ထနေအောင် မီးကင်ထားတယ်၊ လယ်ယာတွေမှာ အက်ကွဲကြောင်းလေးတွေတောင် ပြည့်နေကြပြီ၊ မြက်ခင်းတွေလည်း မစိမ်းနိုင်ကြဘူး၊ ပြင်းတဲ့နေရောင်က မြက်ခင်းတွေရဲ့ ထိပ်ပိုင်းတွေကို မွဲပြာခြောက်သွေ့နေအောင် လောင်မြှိုက်ထားတယ်၊ နေရာတိုင်းမှာ ဖြူပြာပြာအရောင်တွေပဲမြင်နေရတယ်၊ ဦးမိုးကြီးတို့ရဲ့သစ်လုံးအိမ်လေးကို တကြိမ်တော့ ဆေးသုတ်ခဲ့ကြသေးတယ်၊ ဒါပေမဲ့လည်း နေပြင်းကြီးက ဆေးသားတွေ ဖွာထွက်လာအောင် အပူနဲ့မြှိုက်တယ်၊ မိုးသားတွေက အဲဒီ ဆေးသားဖွာဖွာတွေကို ကွာကျကုန်အောင်ဆေးကြောပစ်ခဲ့ကြတယ်၊ အခုတော့ အိမ်လေးလည်း ဆေးသားပြောင်သလင်းခါလို့၊ လွင်ပြင်ကြီးရဲ့ မွဲပြာပြာအရောင်တွေ ကူးစက်လို့ပေါ့။

အန်တီနုနု ဒီနေရာကို စပြီးရောက်လာတုန်းက ငယ်ငယ်ရွယ်ရွယ်၊ ချောမောလှပတဲ့ ဇနီးလေးတစ်ယောက်ပါ၊ နေပြင်းနဲ့ လေပွေတွေက အန်တီနုနုကို ပြောင်းလဲပစ်ခဲ့ကြတယ်၊ နုနုမျက်လုံးတွေရဲ့ တလက်လက်တောက်ပခဲ့တဲ့ အရောင်တွေကို သိမ်းယူသွားပြီ မွဲပြာပြာအရောင်တွေပဲ ချန်ထားခဲ့တယ်၊ ပါးပြင်နဲ့ နှုတ်ခမ်းသားတွေပေါ်က နီစွေးစွေးအရောင်တွေကိုလည်းယူသွားခဲ့ကြတာပါပဲ၊ သူတို့လည်း ဖြူလျော်ဖျော့တော့ကုန်ပြီ၊ နုနုက  ပိန်သွယ်သွယ်ရယ်၊ အစားအစာဖောဖောသီသီစားရပုံမပေါ်ဘူး၊ ကျုံလှီလွန်းတယ်၊ ပြီးတော့ ရယ်လည်း မရယ်ဘူး၊ ခခ ရောက်လာတော့ ခခရဲ့ပျော်ရွှင်မြူးတူးနေတဲ့ဟန်ပန်လေးတွေက နုနုကို အံ့အားသင့်စေတယ်၊ ခခရဲ့ ရယ်မောသံလေးတွေက နုနုကို အလန့်လန့်အဖြတ်ဖြတ် ဖြစ်စေတယ်၊ ရယ်မောစရာတွေကို ဒီကလေးမလေး ဘယ်က ဘယ်လို ရှာဖွေတွေ့ရှိသလဲဆိုတာ နုနု အံ့သြနေပါတယ်။ ဦးမိုးကြီးလည်း မရယ်ပါဘူး၊ မိုးလင်းကနေမိုးချုပ်အလုပ်တွေကို ကြိုးကြိုးစားစားလုပ်တယ်၊ ပျော်ရွှင်မှုဆိုတာ သူမသိဘူး၊ ဘယ်လိုရယ်မောရမယ် ဆိုတာတောင် မသိတော့ဘူး၊ မျက်နှာထားတည်တည်နဲ့ စကားပြောခဲတယ်၊ ခပ်ပြတ်ပြတ်ပဲ စကားဆိုတယ်၊ ခခ နဲ့တွေ့တော့ သူတို့ မရယ်ပဲ မနေနိုင်ကြတော့ဘူး၊ ခခရဲ့ ခွေးလေး လဲ့ရာကလည်း သူတို့ရယ်မောလာအောင် ဆွဲဆောင်တယ်၊ လဲ့ရာက ဦးမိုးကြီး အိပ်ရာထဲလှဲနေပြီဆို မျက်နှာကို လျှာနီနီလေးနဲ့ လျှက်တယ်၊ ဦးမိုးကြီးလက်မောင်းကြားထဲတိုးဝင်ပြီး အိပ်တယ်၊ ဦးမိုးကြီး စကားမပြောလို့မရတော့ဘူး၊ မရယ်လို့လည်း မရတော့ဘူး၊ လဲ့ရာနဲ့ မဆော့ပဲ နေလို့မရတော့ဘူး၊ နုနုလည်းလိုက်ပြီးရယ်မောတယ်၊ ခခကလည်း ပျော်နေရှာတယ်၊ ဦးမိုးကြီးလယ်ထဲက အလုပ်တွေသိမ်းပြီးပြန်လာရင် သူတို့အားလုံး စကားတွေအလုအယက်ပြောပြီး လဲ့ရာနဲ့အတူ ဆော့ကစားကြတယ်။

ခခရောက်ပြီး ၃ရက်လောက်အကြာ ...
ဒီနေ့တော့ သူတို့ မဆော့နိုင်ကြဘူး၊ ဦးမိုးကြီးက တံခါးဝနားက လှေကားထစ်နိမ့်နိမ့်လေးတွေမှာ ထိုင်ပြီး ကောင်ကင်ကြီးကို စိုးရိမ်တကြီးကြည့်နေတယ်၊ ကောင်းကင်ကြီးက ခါတိုင်းနေ့တွေထက် ပိုပြီး မွဲညစ်ညစ်ကြီး၊ ခခလည်း လဲ့ရာကိုပွေ့ထားရင်း ဦးမိုးကြီးဘေးမှာ မတ်တပ်ရပ်ပြီး ကောင်းကင်ကိုကြည့်တယ်၊ လဲ့ရာက နားရွက်လေး တဖက်စီကို ဟိုဒီ ရွှေ့ပြီး နားစွင့်တယ်၊ နုနုက ပန်းကန်တွေကို ဆေးကြောနေပါတယ်။

မြောက်ဘက်ဝေးဝေးဆီက လေပွေတစ်ခုရဲ့ တဟဲဟဲမြည်ဟီးသံကြီးပြေးလာနေတယ်၊ ဦးမိုးကြီးရော ခခပါ မြက်ပင်ရှည်တွေ လှိုင်းသဖွယ် လှုပ်ရှားနေကြတာကို မြင်နေကြရပြီ၊ အဲဒါ မုန်တိုင်းရဲ့ရှေ့ပြေးလှုပ်ရှားရုန်းကန်မှုတွေ ..
တောင်ဘက်ပိုင်းက စူးရှတဲ့လေချွန်သံလို လေတွေက ရွှီးကနဲအော်မြည်လိုက်တယ်၊ တရွှီးရွှီးမြည်သံလာနေတဲ့ တောင်ပိုင်းက မြက်ပင်ရှည်တွေလည်း လှိုင်းဂယက်လိုတွန့်ခါနေကြပြီ။

ဦးမိုးကြီး ရုတ်တရက်ကြီး မတ်တပ်ရပ်တယ်၊ “မုန်တိုင်းလာနေပြီဟေ့၊ နုနုရေ”  ဦးမိုးကြီးက နုနုကိုအော်ခေါ်ပါတယ်၊ “ခခ မြေတိုက်ခန်းထဲဝင်နေပါ၊ ဦးလေး နွားခြံဘက်ကိုသွားကြည့်လိုက်ဦးမယ်” ပြောလဲပြီးရော ဦးမိုးကြီး အိမ်လေးရဲ့ခေါင်မိုးအောက်ကနေ ပြေးထွက်သွားပါတယ်၊ နုနုက လုပ်လက်စအလုပ်တွေအားလုံးရပ်လိုက်ပြီး တံခါးဝဆီပြေးလာကြည့်တယ်၊ အကြည့်တချက်က အန္တရယ်နဲ့လက်တကမ်းမှာရှိနေပြီဆိုတာ နုနုကိုသိမြင်စေတယ်။

“ခခ မြန်မြန်လေး၊ လာ လာ” နုနုက ကျယ်လော်စူးရှစွာအော်ဟစ်ပါတယ်၊
“ပြေး မြေတိုက်ခန်းထဲကို မြန်မြန်လေးပြေးဟေ့”

လဲ့ရာက ခခလက်ထဲက ခုန်ချပြီး ဆင်းပြေးပါတယ်၊ အိပ်ရာထဲမှာသွားပြီးပုန်းနေတယ်၊ ခခ လဲ့ရာကို ပြန်ပြီးထွေးပွေ့ထားဖို့ အိပ်ရာဆီသွားတယ်၊ နုနုက ဆိုးဆိုးဝါးဝါးကြီးကြောက်ရွံ့နေပြီ၊ မြေတိုက်ခန်းဆီဆင်းတဲ့ တံခါးချပ်လေးကိုလှပ်ပြီး လှေကားကနေဆင်းတယ်၊ နောက်တော့ ခခ လဲ့ရာကို ဖမ်းမိသွားပါတယ်၊ နုနုအနောက်ကိုလိုက်ဖို့ ခခ ပြန်လှည့်တယ်၊ အိမ်ခန်းအလယ်လောက်အရောက်မှာ စူးရှတဲ့အသံပြင်းပြင်းနဲ့အတူ အိမ်ခန်းလေးသိမ့်သိမ့်တုန်သွားပါတယ်၊ ခါယမ်းနေတဲ့အိမ်ခန်းလေးထဲမှာ ခခ ခြေလှမ်းတွေ ဆက်လှမ်းလို့ မရတော့ဘူး၊ အဲဒါနဲ့ပဲ ကြမ်းပြင်ပေါ်ကို ရုတ်တရက်ထိုင်ချလိုက်ရတော့တယ်။

ပြီးတော့ ထူးဆန်းတဲ့အဖြစ်အပျက် စတော့တာပဲ ..
အိမ်ခန်းလေးက နှစ်ကြိမ် သုံးကြိမ်လောက်လည်နေပြီးတော့ ... ဖြည်းဖြည်ချင်းပဲ လေထဲကိုမြောက်တက်သွားတော့တယ်၊ ခခ စိတ်ထင် အိမ်ခန်းလေးက လေဘောလုံးတစ်လုံးလိုပဲ၊ အပေါ်ဘက်ကို တလှုပ်လှုပ်နဲ့ရွေ့နေတယ်၊ အိမ်လေးဟာ မြောက်ဘက်က တိုက်တဲ့လေရယ်၊ တောင်ဘက်ကတိုက်တဲ့လေရယ် ဆုံမှတ်ကြားထဲရောက်နေရှာတယ်၊ ပြောရရင် ဆိုင်ကလုံးလေပွေကြီးရဲ့အလယ်တည့်တည့်မှာပေါ့၊ လေပွေကြီးရဲ့အလယ်မှာ လေက ညင်ညင်သာသာပဲ၊ ဒါပေမဲ့ အိမ်လေးရဲ့လေးဘက်လေးတန်မှာ လေဖိအားက သိပ်ပြင်းနေတယ်၊ အိမ်လေးက အပေါ်ကို မြောက်သထက် မြောက်တက်လာတယ်၊ ဆိုင်ကလုံးရဲ့အပေါ် ထိပ်ဆုံးထိကို ရောက်လာပြီ၊ ငှက်တောင်လေးတစ်ချောင်း အေးအေးသက်သာ သယ်ယူလာသလိုပဲ မိုင်ပေါင်းများစွာမြင့်တဲ့နေရာမှာ အိမ်ငယ်လေးရောက်နေပြီ၊ အိမ်ငယ်လေးရဲ့ အထဲမှာတော့ ခခနဲ့ လဲ့ရာတို့ အသက်ရှုဖို့ မေ့လျှော့သွားရလောက်အောင် ကြောက်ရွံ့နေကြတယ်။

သိပ်မှောင်တာပဲ၊ ပတ်ဝန်းကျင်မှာ လေတွေက ပြင်းပြင်းထန်ထန်ကြီးပဲ မွှေ့ရမ်းတိုက်ခတ်နေကြတယ်၊ ဒါပေမဲ့ အိမ်ခန်းလေးထဲမှာ သိပ်မဆိုးလှဘူး၊ ဖြည်းဖြည်းသက်သာလူးလိမ့်လည်ပတ်နေတာလောက်ပဲ၊ အကြိမ်နည်းနည်းလည်နေခဲ့ပြီးတဲ့နောက် တစ်ကြိမ်ကတော့ အိမ်လေးသွက်သွက်ခါ လိုက်သေးတယ်၊ ပြီးတော့ ပုခက်လေး လှုပ်ရမ်းနေသလောက်လေးပဲ လှုပ်နေတယ်၊ ခခ ကိုယ့်ဘာသာ ကလေးငယ်လေးပုခက်စီးသလိုတောင် ထင်နေမိခဲ့ပါတယ်၊ လဲ့ရာက မကြိုက်ဘူး၊ အိမ်လေးထဲမှာ ဟိုပြေးဒီပြေး၊ အခုဒီမှာ ခဏနေဟိုမှာ ပြေးလွှားနေတယ်၊ တ၀ုတ်ဝုတ် ဟောင်တယ်၊ ခခကတော့  ကြမ်းပေါ်မှာငြိမ်ငြိမ်လေးပဲထိုင်ပြီး ဘာတွေဆက်ဖြစ်လာမလည်း စောင့်နေခဲ့ပါတယ်၊ လည်ပင်းမှာဆွဲထားတဲ့ ငါးရုပ်ဆွဲသီးလေးကို အသာအုပ်ကိုင်ပြီး ခခချစ်တဲ့ အဒေါ်နတ်သမီးလေးဆီ တိုင်တည်ပြီး ဆုတောင်းဘယ်၊ ဦးမိုးကြီးနဲ့ နုနုတို့ ဘေးရန်ကင်းရှင်းကြပါစေ၊ လဲ့ရာလေးရော ပြီးတော့ ခခ၊ သူကိုယ်တိုင်အတွက်ရော ငြိမ်သက်ပြီး ဆုတောင်းပါတယ်။

ပြေးလွှားနေတဲ့ လဲ့ရာ မြေတိုက်ခန်းဆီဆင်းတဲ့ တံခါးချပ်လေးနားကိုရောက်သွားတယ်၊ အဲဒီတံခါးချပ်လေးက ပွင့်ထွက်လျှက်သား၊ အဲဒီအပေါက်လေးကနေ လဲ့ရာလွင့်ထွက်ကျသွားတော့တယ်၊ “လဲ့ရာ”  ခခ လဲ့ရာကို ဆုံးရှုံးရတော့မယ်လို့ ထင်လိုက်တယ်၊ ဒါပေမဲ့ မကြာခင်ပဲ ခခ တွေ့လိုက်ပါတယ်၊ လဲ့ရာရဲ့နားရွက်တဖက်က အပေါက်လေးတလျှောက်မှာ တခုခုနဲ့ ချိတ်မိနေသလိုမျိုး၊ ပြင်းလှတဲ့လေဖိအားက လဲ့ရာကိုတွန်းမြှောက်ထားလိုက်တယ်၊ လဲ့ရာ တံခါးချပ်လေးနားမှာ ရှိနေဆဲပဲ၊ ခခ တံခါးချပ်လေးဆီကို တွားပြီးသွားတယ်၊ လဲ့ရာရဲ့ နားရွက်လေးတစ်ဖက်ကိုပဲ အားပြုပြီး တရွတ်ဆွဲယူလိုက်ပါတယ်၊ လဲ့ရာအိမ်ခန်းလေးထဲပြန်ပါလာပြီ၊ မြန်မြန်ပဲ တံခါးချပ်လေးကို ပိတ်လိုက်တယ်၊ အဲဒီနောက်တော့ ဘာမှ ဆိုးဆိုးဝါးဝါးထပ်မဖြစ်နိုင်တော့ပါဘူး၊ အိမ်ခန်းလေးထဲမှာ လေတွေငြိမ်နေတယ်။ အပြင်ဘက်မှာတော့ လေပွေတွေ တဝေါဝေါ ဝှေ့ရမ်းတိုက်ခတ်နေဆဲပဲ။

နာရီတွေတစ်နာရီပြီး တစ်နာရီကျော်လွန်သွားတော့၊ ခခ လည်း ကြောက်စိတ်တွေပြေလျော့လာပြီ၊ တိုက်ခတ်နေကြတဲ့ လေပွေကြီးရဲ့ အသံက သိပ်ပြင်းထန်ပြီး ဆူညံလွန်းလို့ နားတွေမကြားရတော့လောက်အောင် ပျက်စီးကုန်ကြမှာပဲလို့ ခခ ကတွေးတယ်၊ ပထမတော့ မြေပြင်ကနေ မိုင်တွေအများကြီးပဲဝေးကွာပြီး မြောက်တက်နေတဲ့ ဟောဒီအိမ်ခန်းလေး မြေပေါ်ကိုပြန်ကျတဲ့အခါ အစိတ်စိတ်အမွှာမွာ ကွဲကြေသွားမှာပဲလို့ ထင်မိတယ်၊ ဒါပေမဲ့ နာရီတွေအများကြီးကြာမြင့်လာတဲ့တိုင်အောင် ဘာမှကြောက်လန့်စရာဖြစ်မလာတဲ့အခါ ပူပင်တာရပ်သွားပြီ၊ စိတ်အေးအေးထားပြီး ဖြစ်လာတာကို ရင်ဆိုင်ဖြေရှင်းဖို့ ပဲ ပြင်ဆင်ထားလိုက်တော့တယ်၊ ဘာတွေများဖြစ်လာမလဲ .. ရွဲ့စောင်းနေတဲ့ သူမရဲ့အိပ်ရာလေးဆီ ခခ တွားသွားလိုက်ပါတယ်၊ အိပ်ရာထဲမှာလှဲချလိုက်တယ်၊ လဲ့ရာလည်း ခခ ဘေးမှာ ကပ်ပြီးလှဲအိပ်တယ်၊ တအီအီအော်မြည်နေတဲ့အိမ်လေးထဲမှာ ခခ အိပ်မောကျသွားတော့တယ်။

“အု အီ .. အီ --------- အီ”
ကိုယ်လက်တွေနာကျင်မှုနဲ့ အတူ ခခ ရုတ်တရက်လန့်နိုးလာပါတယ်၊ လဲ့ရာက သူ့ရဲ့နှာခေါင်း အေးစက်စက်လေးနဲ့ ခခမျက်နှာကို တို့ထိပြီး မအီမသာငြီးငြူနေတယ်၊ ခခ လှဲနေရာက ထပြီးထိုင်လိုက်ပါတယ်၊ အိမ်လေးက ရွေ့မနေတော့ဘူး၊ မှောင်မဲမနေတော့ဘူး၊ တောက်ပတဲ့နေရောင်ဟာ ပြတင်ပေါက်ကနေတိုးဝင်လာပြီး အခန်းလေးထဲ ဖြာကျနေတယ်၊ ခခ အိပ်ရာထဲက ခုန်ထလိုက်ပြီး တံခါးပေါက်ကိုပြေးဖွင့်လိုက်ပါတယ်၊ အိုး .. အပြင်မှာ ..

ဆိုင်ကလုံးလေပွေက အိမ်ခန်းလေးကို မြေပြင်ပေါ် သာသာလေးပဲပြန်ချပေးသွားခဲ့တာပဲကိုး၊ ဆိုင်ကလုံးရဲ့ဗဟိုထဲ အိမ်လေးကို ဆွဲယူခဲ့ပြီး အခုတစ်ခါ သိပ်ကိုလှပတဲ့ကုန်းမြေလေးရဲ့အလယ်တည့်တည့်မှာချထားခဲ့ပြန်ပြီ၊ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိုလန်းဆန်းနေပါတယ်၊ သစ်ပင်တွေက သန်မာလှပြီး သစ်သီးတွေရဲ့ရနံ့က မွှေးအီနေတာပဲ၊ ပန်းတွေအဆုတ်လိုက် အခင်းလိုက် နေရာတိုင်းမှာတွေ့ရတယ်၊ ငှက်လေးတွေက ရှားရှားပါးပါးအသွေးအရောင်ရှိနေကြပြီး ငှက်မွှေးငှက်တောင်လေးတွေ ပြောင်လက်တောက်ပလို့နေတယ်၊ ငှက်လေးတွေ တေးသီဆိုနေကြတယ်၊ သစ်ပင်တွေပေါ် ချုံပုတ်တွေပေါ် ဟို သည် တဖျပ်ဖျပ်ပျံသန်းနေကြပါတယ်၊ စမ်းချောင်းသေးသေးလေးကလည်း အနားမှာ ရှိနေသေးတယ်၊ ကမ်းပါးစိမ်းစိမ်းနှစ်ခုအလယ်မှာ စမ်ချောင်းလေးစီးနေပုံက တလက်လက်နဲ့ စမ်းချောင်းပြာပြာလေးထဲမှာ စိန်ပွင့်တွေ ရွေ့လျားနေလို၊ သိပ်လှတာပဲ၊ မွဲပြာပြာလွင်ပြင်လေးဆီက လာခဲ့တဲ့ ကလေးမလေး ခခ က “သိပ်လှတာပဲ သိပ်လှတာပဲ” လို့ ထပ်ကာထပ်ကာရေရွတ်နေမိတော့တယ်။

ထူးဆန်းပြီး လှပလွန်းနေတဲ့မြင်ကွင်းကို စိတ်ဝင်တစားငေးနေချိန်၊ ခခ သတိပြုမိလိုက်ပါတယ်၊ ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့လူတစ်စု ခခ ဆီကို တရွေ့ရွေ့တိုးလာနေကြတယ်၊ သူတို့က ခခ မြင်ဖူးနေကျလူတွေလို ထွားကျိုင်းသန်မာမှု မရှိကြသလိုပဲ၊ သိပ်ပြီးသေးငယ်လွန်းနေတာမျိုးလည်း မဟုတ်ပြန်ဘူး၊ ခခ အရပ်အမောင်းလောက်တော့ သူတို့ရှိကြပါတယ်၊ ဒါပေမဲ့ သိသာလှတယ်၊ သူတို့က အသက်အရွယ်တော်တော်ကြီးကို အိုမင်းနေပုံရတယ်လို့ ခခ စိတ်ထဲမှာပဲ စကားဆိုမိတယ်၊ အဲဒီလူတွေအားလုံး သစ်သီးခြမ်းခေါင်းဆောင်းရောင်စုံလေးတွေ ဆောင်းထားကြတယ်၊ ခေါင်းဆောင်းပြောင်ချောချောလေးတွေမှာ သစ်သီးအညှာတံလေးတွေလိုလည်း ပါသေးတယ်၊ အရှေ့ဘက်ကို ကွေးကောက်ကောက်လေးတွေ၊ သစ်သီးခြမ်းခေါင်းဆောင်းလေးတွေ အနားတလျှောက်မှာလည်း ခေါင်းလောင်းပုံလေးတွေလက်နေတာပဲ၊ သူတို့ ခေါင်းလေးတွေလှုပ်လိုက်တိုင်း ခေါင်းလောင်းလေးတွေက တချွင်ချွင်မြည်နေကြတယ်၊ သေသေချာချာကြည့်လိုက်တော့ အမျိုးသားတွေက ခေါင်းဆောင်းအပြာရောင်တွေ ဆောင်းထားကြတယ်၊ အမျိုးသမီးတွေက အစိမ်းရောင်လေးတွေ၊ အဲဒီအထဲ က တစ်ယောက်တည်းသော အဖြူရောင်အမျိုးသမီးက ရှေ့ကို ထွက်လာတယ်၊ အန်တီနုနုထက်တောင် အသက်ကြီးပုံပဲ၊ ဆံပင်တွေက အားလုံးလိုလို ဖြူနေကြပြီ၊ မျက်နှာမှာလည်း အရေးအကြောင်း တွန့်တွန့်တွေ တော်တော်များနေပြီ၊ နုနုမျက်နှာထက် ပိုပြီးတော့များလှပြီ၊ ဒါပေမဲ့ ကျက်သရေရှိရှိ ချောမောလှပတယ်။

အမျိုးသမီးက ဦးညွှတ်အရိုအသေပေးပြီး ချိုသာတဲ့ အသံလေးနဲ့ ...
“မင်္ဂလာပါ မြင့်မြတ်လှတဲ့ မှော်ဆရာမလေးရယ် လူသူငယ်တိုင်းပြည်ကကြိုဆိုပါတယ်”
“--------”
“ရိုင်းစိုင်းဆိုးညစ်တဲ့ အရှေ့အရပ်ကမိစ္ဆာစုန်းမကို သတ်ဖြတ်လိုက်တဲ့အတွက် ကျေးဇူးတင်လိုက်တာကွယ်၊ အခုဆို ငါတို့လူသူငယ်တွေ အားလုံး အရှေ့မိစ္ဆာမရဲ့ ကျိန်စာကနေလွတ်ပြီ ကျွတ်ပြီကွဲ့” လို့ ဆိုတယ်။
ခခ အဲဒီအမျိုးသမီးစကားကိုနားထောင်ပြီးတဲ့အခါ ပိုပြီး အံ့သြရပြန်တယ်၊ ခခ ကို မှော်ဆရာမလေးလို့ ခေါ်တယ်၊ ခခ က အရှေ့မိစ္ဆာစုန်းမကို သတ်ဖြတ်လိုက်သတဲ့၊ ခခ ကဖြင့် ရိုးသားဖြူစင်တဲ့ကလေးမလေး၊ ပရွက်ဆိတ်လေးတစ်ကောင်တောင် သတ်ဝံ့သူမှ မဟုတ်တာ၊ ဆိုင်ကလုံးကြီးက သယ်ယူလာလို့သာ ခခ ဒီနေရာကိုရောက်လာခဲ့ရတာပဲ။

ခခ တုံ့ဆိုင်းဆိုင်းနဲ့ပဲ ပြောရတော့တယ်၊
“ရှင်က သိပ်ပြီးကြင်နာတတ်တာပဲ၊ ဒါပေမဲ့ ဒီနေရာမှာ တစ်ခုခုတော့ အလွဲကြီးလွဲနေပြီ၊ ကျွန်မ ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး”

“မင်းရဲ့အိမ်လေးကဖြစ်ဖြစ်ပေါ့၊ တကယ့်ကိုသတ်လိုက်ပါတယ်” အမျိုးသမီးကြီးက ရယ်မောရင်းဖြေတယ်၊

“တူတူပါပဲကွယ်၊ ဟောဟိုမှာ ကြည့်ပါဦး၊ မင်းရဲ့အိမ်လေးအောက်မှာ ခြေထောက်နှစ်ချောင်းတွေ့ရဲ့မဟုတ်လား၊ အဲဒါ အရှေ့မိစ္ဆာမရဲ့ ခြေထောက်တွေပေါ့၊ သူ မင်းရဲ့ အိမ်လေးအောက်မှာ ပြားကပ်နေပြီကွဲ့”

ခခ အိမ်လေးဆီလှမ်းကြည့်တယ်၊ တကယ်ပဲ အိမ်လေးရဲ့ ထောင့်အောက်မှာ ခြေချောင်းနှစ်ချောင်းခပ်စောင်းစောင်းတွေ့လိုက်ရတယ်၊
လက်ဖ၀ါးနှစ်ဘက်ကိုဆုပ်ကိုင်ပြီး ခခ တုပ်လှုပ်ခြောက်ခြားနေပါတယ်၊ စပြီး ငိုကြွေးတော့တယ်၊

“ဘုရားသခင်၊ အိမ်က သူ့အပေါ်ကို ပိကျသွားတာပဲ ဖြစ်ရမယ်၊ ဘာပဲဖြစ်ဖြစ်လေ၊ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ”

“ဘာမှ လုပ်စရာမရှိတော့ပါဘူးကွယ်၊ ပြီးဆုံးသွားပြီပဲဟာ” အမျိုးသမီးကြီးက တည်တည်ငြိမ်ငြိမ်ပဲ ဖြေပါတယ်၊

“ဒါပေမဲ့ရှင် .. အဲဒါဘယ်သူပါလိမ့်” ခခ မယုံနိုင်သေးဘူး၊ ငိုရှိုက်ရင်းနဲ့ ထပ်ပြီး မေးပါတယ်၊

“သူက အရှေ့အရပ်မှာ အုပ်ချုပ်နေတဲ့ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စုန်းမ၊ မိစ္ဆာမပေါ့၊ ငါ ပြောပြီးတဲ့အတိုင်းပဲလေ၊ သူက လူသူငယ်တွေဖြစ်အောင်အားလုံးကို ကျိန်စာတိုက်ထားတာ၊ ကျေးကျွန်အဖြစ်သိမ်းထားးတယ်၊ သူ သေစေချင် သေပေးရတယ်၊ ရှင်ဆိုရင်တော့ ရှင်ခွင့်ရတာပေါ့၊ အခုဆို သူတို့အားလုံးအနှောင်အဖွဲ့က လွတ်လပ်ပြီ၊ သူတို့ နဂိုပုံစံအတိုင်းပြန်ဖြစ်သွားကြတော့မယ်၊ ဒီနေ့တစ်နေ့ နေရောင်ကုန်ဆုံးပြီး နောက်တစ်နေ့ နေအလင်းရောင်ရတာနဲ့ သူတို့ မူလဘ၀ကို ပြန်ရကြမှာ၊ ကလေးမကို သိပ်ကျေးဇူးတင်တာပဲကွယ်”

“လူသူငယ်တွေဆိုတာ ဘယ်သူတွေလဲ”  ခခ မေးကြည့်တယ်၊

“အရှေ့အရပ်မှာနေတဲ့သူတွေပေါ့၊ မိစ္ဆာစုန်းမကြီးက အရှေ့တိုင်းပြည်ကိုအုပ်ချုပ်တယ်လေ”

“ရှင်ကရော လူသူငယ်ပဲလား” 

“မဟုတ်ဘူးကွဲ့၊ ငါက မြောက်အရပ်ကလာတာ၊ ဟောဒီ မိစ္ဆာသေသေချင်း ငါ့ကို သူတို့သတင်းပို့ကြလို့ ချက်ချင်း ဒီနေရာကိုထွက်လာရတာ၊ ငါက သူတို့တွေရဲ့မိတ်ဆွေသူငယ်ချင်းပေါ့ကွယ်၊ ငါက မြောက်အရပ်က စုန်းမပေါ့”

“အိုး... လာပြန်ပြီရှင်.. စုန်းမတဲ့၊ ရှင်က သိပ်ကျက်သရေရှိတာပဲ၊ ရှင်က တကယ့်စုန်းမလား”

“အသေအချာပေါ့” အမျိုးသမီးက ဖြေပါတယ်၊

“ဒါပေမဲ့ ငါက ကောင်းတဲ့စုန်းမကွဲ့၊ လူတွေက ငါ့ကိုချစ်ကြတယ်၊ ဒီအရှေ့အရပ်မှာ အုပ်ချုပ်နေတဲ့ မိစ္ဆာစုန်းမလို ငါက အစွမ်းမထက်ပါဘူးကွယ်”

ခခ က တကယ့်စုန်းမဆိုတဲ့ အဖြူရောင်အမျိုးသမီးကို ကြောက်စိတ်ကတော့ ရှိနေတုန်းပဲ၊ ကြောက်စိတ်တစ်ဝက်နဲ့ စပ်စုလိုစိတ်တစ်ဝက်နဲ့ စကားဆက်ပါတယ်၊ “ကျွန်မ သိထားတာကတော့ စုန်းမတိုင်း မိစ္ဆာလိုကြမ်းကြုတ်ရက်စက်ကြတာချည်းပါပဲ”

“အဲဒါ မဟာအမှားကြီးပဲ၊ တို့ရဲ့ ပဉ္စင်တိုင်းပြည်မှာ စုန်းမလေးဦးရှိတယ်၊ မြောက်အရပ်နဲ့ တောင်အရပ်က စုန်းမတွေက ကောင်းတဲ့စုန်းမတွေပေါ့၊ အဲဒါအမှန်ပဲ၊ အဲဒီနှစ်ယောက်ထဲက တစ်ယောက်က ငါပေါ့၊ မမှားနိုင်ပါဘူး၊ အရှေ့အရပ်နဲ့ အနောက်အရပ်မှာနေထိုင်တဲ့ စုန်းမတွေကတော့ ကြမ်းကြုတ်ရက်စက်တယ်၊ ဆိုးတဲ့စုန်းမတွေပဲ၊ ဒါပေမဲ့ အခု မင်းက ဆိုးတဲ့စုန်းမတစ်ကောင်ကို သတ်လိုက်ပြီ၊ အနောက်အရပ်က မိစ္ဆာတစ်ကောင်ပဲ ကျန်တော့တယ်”

“ဒါပေမဲ့”  ခခ ခဏလောက်စဉ်းစားပြီး ထပ်မေးပါတယ်၊
“အန်တီနုနုကတော့ ပြောတာပဲ၊ စုန်းမတွေအားလုံး လွန်ခဲ့တဲ့ နှစ်တွေအများကြီးထဲက သူတို့ သေသွားကြပြီတဲ့”

“အန်တီနုနုက ဘယ်သူလဲကွယ်” အမျိုးသမီးက စူးစမ်းပါတယ်၊

“ရွှေရောင်နီလွင်ပြင်မှာနေတဲ့ ကျွန်မ ဦးလေးရဲ့မိန်းမပေါ့”

အမျိုးသမီးကြီးက အတန်ကြာစဉ်းစားနေပါတယ်၊ “ရွှေရောင်နီလွင်ပြင် ... ငါ တစ်ခါမှ မကြားဖူးပါလားကွယ်၊ အဲဒါ လူသားတွေချည်းပဲနေတဲ့ တိုင်းပြည်များလားပဲ”

“အိုး .. ဟုတ်ကဲ့” ခခ စကားပြန်ပါတယ်၊

“လူသားတွေချည်းပဲ နေတဲ့တိုင်းပြည်တွေမှာ စုန်းမတွေ၊ သတ္တ၀ါဆန်းတွေ၊ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေ မကျန်ရစ်တော့ဘူးကွဲ့၊ ဒါပေမဲ့ တို့ရဲ့ ပဉ္စင်တိုင်းပြည်က ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ခံထားရတဲ့နေရာဒေသလေ၊ အဲဒါကြောင့် စုန်းမတွေနဲ့ သတ္တ၀ါဆန်းတွေဆိုတာ ငါတို့ တိုင်းပြည်မှာရှိနေဆဲပဲ”

ခခ နဲ့ အဲဒီအမျိုးသမီးတို့ စကားကောင်းနေကြတုန်းမှာပဲ အိမ်လေးအောက်မှာ ပိနေတဲ့ စုန်းမကြီးရဲ့ ခြေထောက်တွေ လုံးဝ ပျောက်ကွယ်သွားတော့တယ်၊ “သူ က သိပ်အိုမင်းနေပြီလေ” အမျိးသမီးကြီးက ရှင်းပြတယ်၊

“နေရောင်က သူကို့ မြန်မြန်ဆန်ဆန်ခြောက်သွေ့ပြီး အငွေ့ပျံအောင်လုပ်ပစ်လိုက်နိုင်တယ်၊ အဲဒါ သူ့ရဲ့ ဇာတ်သိမ်းပိုင်းပဲပေါ့၊ ဒါပေမဲ့ ကလေးမ တွေ့လား သူ့ရဲ့ ငွေရောင်ရှုးဖိနပ်လေးကတော့ ဒီအတိုင်းရှိနေဆဲပဲ၊ ကလေးမနဲ့ ထိုက်လို့ ရတာပဲ၊ မင်း ငွေဖိနပ်လေး စမ်းပြီးစီးကြည့်သင့်တယ်ကွဲ့”  အမျိုးသမီးက အိမ်လေးထောင့်နားမှာ ကျနေတဲ့ ငွေရောင်ရှုးဖိနပ်လေးကို ဖုံတွေခါပြီး ခခ ကိုပေးပါတယ်၊

လူသူငယ်လေးတစ်ယောက်က ခခ တို့ အနားကို မ၀ံမရဲတိုးကပ်လာပြီး “အဲဒီဖိနပ်လေး ပိုင်ဆိုင်နိုင်တာကို စုန်းမိစ္ဆာမက သိပ်ကို ဂုဏ်ယူတာ၊ အစွမ်းသတ္တိတွေရှိတယ်လို့လည်းဆိုကြတယ်၊ ဘာတွေဘယ်လိုစွမ်းသလည်းဆိုတာတော့ ငါတို့ တွေ ဘယ်သူမှ မသိကြဘူး” လို့ ၀င်ပြောပါတယ်။

ခခ လည်း ငွေရောင်ဖိနပ်ကို ကိုင်ပြီး အနားကကျောက်တုံးနားမှာထိုင်လိုက်တယ်၊ ပြီးတော့ သူတို့ ပြောတဲ့အတိုင်း ခခ ခြေထောက်လေးတွေဆီမှာ စွပ်ကြည့်လိုက်ပါတယ်၊ အံ့သြစရာ .. ငွေရောင်ဖိနပ်လေးက ခခ ခြေထောက်နဲ့ အံဝင်ဂွင်ကျ လှပနေတော့တယ်၊ လဲ့ရာကလည်း အနားကိုပြေးလာပြီး ခခရဲ့ ငွေရောင်ခြေဖမိုးလေးတွေကို ကြည့်ပြီး အမြီးလေးယမ်းကာ တ၀ုတ်ဝုတ်ဟောင်တယ်၊ လဲ့ရာ သဘောကျနေပုံပဲ။

အမျိုးသမီးကပြောတယ်၊ “ငွေရောင်ရှုးဖိနပ်လေးက ငါတို့လက်ဆောင်ပေါ့၊ ပြီးတော့ ဒီဟာလေး ...” အမျိုးသမီးက ဖန်လက်ကောက်လေးတစ်ခုပေးပါတယ်၊ ဖန်သားအပြာရောင်လက်ကောက်လေးထဲမှာ ငါးရုပ်သေးသေးလေးတွေ ငါးကောင်ရှိတယ်၊ သိပ်ကိုလှတဲ့ လက်ကောက်လေးပဲ၊
ပြီးတော့ အမျိုးသမီးက ထပ်ပြောပါတယ်၊
“ကလေးမရဲ့ အဒေါ်က ငါတို့ မိတ်ဆွေပါပဲ” 

“--------”
“ရှင် .. ကျွန်မအဒေါ် .. ဘယ်လိုများ သိပါလိမ့်”

“ဒီမှာလေ .. မင်းရဲ့ ဆွဲကြိုးက ငါးရုပ်ဆွဲသီးလေးမြင်တာနဲ့ သိတာပေါ့၊ သူက ပင်လယ်ပြာနတ်သမီးကွဲ့”
ခခ တော်တော်ဝမ်းသာသွားပါတယ်၊ ခခ သိပ်ချစ်တဲ့ အဒေါ်ကိုသိနေတယ်ဆိုတော့ .....၊ ဖိုးပလံနဲ့ မော်စီတို့ကို ခေါ်ပြီးပြလိုက်ချင်တာ၊ သူတို့ဆို သိပ်အံ့သြသွားမှာပဲ၊
“အခု ... ကျွန်မ ဦးလေးနဲ့ အဒေါ်နုနုတို့ဆီ ပြန်သွားမှ ဖြစ်မယ်၊ သူတို့ သိပ်ကိုစိတ်ပူနေကြမှာပဲ“

“အို ..”  ခခ အိမ်လေးကိုသတိရသွားပြီး မျက်ရည်တွေကျလာပါတယ်၊
“နုနုတို့က သိပ်သနားဖို့ကောင်းတယ်၊ အခုဆိုရင် ရောင်နီလွင်ပြင်က နေရောင်အောက်မှာ သူတို့ ပူလောင်နေကြတော့မယ်၊ သူတို့ကိုယ်တိုင် ဆောက်ထားတဲ့ အိမ်လေးက ဒီမှာပျက်စီးနေပြီ၊ ကျွန်မကို နုနုတို့ဆီ ပြန်ပို့ပေးနိုင်မလားရှင်”

“ကဲ ကွယ်၊ တိတ်ပါလေ၊ မငိုပါနဲ့ ကလေးရယ်၊ လူကောင်းတွေအတွက် ဆိုးဆိုးဝါးဝါးကြီးတွေ မဖြစ်နိုင်ပါဘူး၊ စောင့်ရှောက်မယ့်သူတွေ ရှိကြပါတယ်လေ” လို့ အမျိုးသမီးက ပြောတယ်။

ခခ ကတော့ ငိုပြီးရင်း ငိုနေမိတော့တယ်၊
“ကဲ .. ချစ်စရာမှော်ဆရာမလေး၊ ငါတို့ရဲ့ ကယ်တင်ရှင်လေး၊ ပျော်ရွှင်ပါစေကွယ်” အမျိုးသမီးက ပြောရင်းနဲ့ ခခ ခေါင်းလေးကို နှင်တံလေးနဲ့ တို့လိုက်ပါတယ်၊ ခခလည်း ကြောက်လန့်ပြီး မျက်လုံးမှိတ်ထားလိုက်တယ်၊ ခခ ကိုယ်ကို လေညင်းလေးက ဖွဖွလေးတိုးဝှေ့နေပါတယ်၊ နောက်တော့ ခခ မျက်လုံးဖွင့်ကြည့်လိုက်တယ်။

“နုနု” 
“----------------”
“ဦးမိုးကြီး”

“အမလေး... ခခ ... ၀မ်းသာလိုက်တာကွယ် -------လဲ့ရာလေး -------”
ဦးမိုးကြီးနဲ့ နုနုတို့ ခခ ဆီပြေးလာကြတယ်၊

အိုး နုနုတို့ရဲ့ အိမ်ခန်းလေးနေရာမှ အုတ်သားနဲ့အိမ်လှလှလေးတစ်လုံး၊ ခပ်သေးသေးပဲ၊ ဒါပေမဲ့ အရင်က နုနုတို့ သစ်သားအိမ်လေးထက် ပိုပြီး လုံခြုံခိုင်ခံ့ပုံရတယ်၊ ချစ်စရာအ၀ါရောင်ဖျော့ဖျော့လေးရယ်၊ အ၀ါလဲ့လဲ့လေး အရောင်ပြေးနေတယ်ဆိုရုံလေးပဲ၊

နုနုက သိပ်ကိုအံ့သြနေတဲ့ မျက်နှာအိုလေးနဲ့ “ခခရေ .. ကြည့်ပါဦး ... ကြည့်ပါဦးကွဲ့ .. အိမ်လေးတစ်လုံး”  လို့ စကားထစ်ထစ်ငေါ့ငေါ့ဆိုရှာတယ်။

“ဒါ ငါတို့အိမ်တဲ့၊ သိပ်ထူးဆန်းတာပဲကွယ်၊ အိမ်လေးထဲမှာ ငါတို့ရဲ့ အသုံးအဆောင်တွေရှိတယ်၊ အရင်အတိုင်း၊ သစ်လုံးအိမ်လေးထဲ ငါတို့ သိပ်ဆည်းထားကြသလို၊ အားလုံးတူတူပဲ၊ မတူတာတစ်ခုပဲ၊ ဟောဒီလို အုတ်သားဝါ၀ါအိမ်လေးဖြစ်နေတာပဲဟေ့” ဦးမိုးကြီးက အလောတကြီးဝင်ပြောပါတယ်။

ခခ က ၀မ်းသာလွန်းလို့ စကားမဆိုနိုင်ဘူး၊ နုနုတို့ကိုကြည့်ပြီး မျက်ရည်လေးတလည်လည်နဲ့ ပြုံးပဲပြုံးနေနိုင်တော့တယ်။

 ခခလက်ထဲက လဲ့ရာ ရုန်းထွက်ပြီး ခုန်ဆင်းလိုက်တယ်၊ လဲ့ရာ အ၀ါလဲ့လဲ့အိမ်လေးဘေးမှာ လှည့်ပတ်ပြီး ပြေးတော့တယ်၊ ခခ က  ပျော်ရွှင်မြူးတူးစွာပဲ လဲ့ရာနောက်ကို ပြေးပြီးလိုက်တယ်၊ ခခ ရဲ့ ငွေရောင်ရှုးဖိနပ်လေးက တလက်လက်နဲ့၊ သိပ်လှတာပဲ၊ ခခ ရဲ့ခြေတလှမ်း လှမ်းလိုက်တိုင်း ဦးမိုးကြီးတို့ရဲ့ အရင်က မွဲပြာပြာမြေတွေမှာ စိမ်းစိမ်းစိုစိုမြက်ခင်းလေးတွေပေါ်လာတယ်၊ လဲ့ရာလေးက ဦးမိုးကြီးလယ်ကွင်းတွေဘက်ကိုပါ ပြေးလွှားဆော့ကစားတယ်၊ ခခ လည်း လဲ့ရာနောက်ကို  အပြေးလိုက်ပါတယ်၊ ဆိုင်ကလုံးလေပွေကြီး တိုက်ခတ်မွှေနှောက်သွားတဲ့နေရာဆိုတာ ဘယ်သူမှ ယုံနိုင်စရာမရှိအောင်ပဲ အရာအားလုံးက နေသားတကျ ရှိနေကြတယ်၊ အရင်ကထက် .. ပိုပြီးစိမ်းစိုလန်းဆန်းလို့၊ မြက်ခင်းတွေ၊ စပါးပင်တွေ၊ ပြောင်းပင်တွေဟာ အားလုံး ပြည့်ပြည့်၀၀ လှပလို့ နေကြတယ်၊ ခခရဲ့ ခြေလှမ်းနောက်မှာ မွှေးပျံ့သင်းကြိုင်တဲ့ ပန်းရောင်စုံလေးတွေ ပွင့်ဖူးလာကြတယ်၊
ကြည့်ပါ... အခုဆို ... လှပစိမ်းစိုတဲ့ ရွှေရောင်နီလွင်ပြင်မှာ နုနုနဲ့ ဦးမိုးကြီးတို့ ပျော်ရွှင်စွာရယ်မောနေကြပါပြီ။

Ref: The Magic of Oz by L. Frank Baum

♫ ဘာတွေများလိုအပ်လို့လည်း ♫ ဒီလောက်တောင်ဖြစ်ရတာ ♫

facebook က ချစ်ရတဲ့ညီမ “လင်း” တင်ထားတဲ့ သီချင်းလေးနဲ့ “လင်း” စုထားတဲ့ စစ်ပွဲတွေရဲ့ခုနှစ်စာသားတွေပါ ကြိုက်လို့ ပြန်ပြီး share လိုက်ပါတယ်၊
ဒီသီချင်း နားထောင်ပြီး ဒီသီချင်းထဲက စာသားတွေ ခဏခဏညည်းမိတယ်၊
♫ ဘာတွေများလိုအပ်လို့လည်း ♫ ဒီလောက်တောင်ဖြစ်ရတာ ♫



1998 - 1999 : Kosovo War
1992 - 1995 : Bosnia (Bosnian) War
2001 - On going : War in Afghanistan
2003 - 2010 : Iraq War
2004 - On going : Balochistan conflict
2004 - On going : North - West Pakistan War
2004 - On going : Iran–Party for a Free Life in Kurdistan conflic
2004 - On going : South Thailand insurgency
2004 - On going : Civil war in Chad
2006 - 2006 : Israel–Gaza conflict
2006 - 2006 : Lebanon War
2006 - On going : Mexican Drug War
2006 - 2009 : War in Somalia - I
2007 - 2007 : Lebanon conflict
2007 - On going : Civil war in Ingushetia
2007 - 2008 : Kenyan crisis
2008 - 2008 : Lebanon conflict
2008 - On going : Cambodian–Thai border stand-off
2008 - 2009 : Gaza War
2009 - On going : Sudanese nomadic conflicts
2009 - On going : Insurgency in the North Caucasus
2009 - On going : War in Somalia - II
2009 - On going : South Yemen insurgency
2010 - On going : Yemeni al-Qaeda crackdown
2010 - 2010 : Eritrea–Ethiopia border skirmish
2010 - 2010 : Kingston conflict
2010 - 2010 : Mardakert skirmish
2010 - 2010 : Israel–Lebanon border clash
2010 - On going : Ivorian crisis
2010 - 2011 : Tunisian revolution
2011 - On going : Lybia Uprising
- Angolan Civil War
: 1975-1991, 1992–1994 and 1998-2002 (end after 27 years)
- Myanmar(Burma) Civil War
: One of the world's longest-running civil wars
*****************0*************
* Stop World War
* Stop Civil War (conflict )
* Stop Socities War (conflict )
* Stop Domestic War (conflict )
Can We ???
The most significant wars I have collected from the web from 1998 - present
Peace be with you !
Maranatha
♥ ♥ ♥ ♥
((( ML ))) - Ma Lynn
တစ်ယောက်စီတိုင်းရဲ့ နှလုံးသားထဲမှာ ငြိမ်းချမ်းခြင်းအပြည့်ရှိပါစေ

Wednesday, February 23, 2011

I've Never Been To Me (Original Music Video) Charlene Duncan



တွေ့ပါပြီရှင်၊ အစ်မတွေသိပ်ကြိုက်ကြတဲ့ သီချင်း၊
ငယ်ငယ်က သူတို့ ဆိုဆိုနေတာကြားဖူးတာ ဘယ်သူ့သီချင်းမှန်းမသိလို့၊
သီချင်းကြိုက်တဲ့သူငယ်ချင်းတွေအတွက် သီချင်းလေးနဲ့ အပမ်းဖြေဖို့ပါ ...
မဆွေတို့ အန်တီဂျွိုက်စ်တို့ ဆိုထားတဲ့ မနဲ့မောင် သီချင်းလည်း ကြိုက်တာပါပဲ၊

Monday, February 21, 2011

၎. ကဲ ... ယုံပြီလား

“ဖိုးပလံ၊ ဖိုးပလံ သားဘယ်မှာလဲဟေ့”
“--------------------”
“ဖိုးပလံ မေမေခေါ်တာကြားလား”
“-----”  “-----”

ဖိုးပလံ အခန်းထဲ အသာလေးပဲ ငြိမ်နေလိုက်တယ်၊ နောက်တော့ မေမေက အခန်းထဲဝင်လာတော့တယ်၊
“အော၊ သားက ဒီမှာကိုး၊ ဘာတွေလုပ်နေလဲ သားလေးဖိုးပလံ”

မေမေက မေးလည်းမေးရင်း ဖိုးပလံရဲ့ရှေ့ကိုရောက်လာပါတယ်၊
ဖိုးပလံက ကြမ်းပြင်ပေါ်မှာ ဖိုးပလံဖေဖေရဲ့ ပုဆိုးတစ်ထည်ဖြန့်ခင်းပြီး၊ သူ ငယ်ငယ်ကနားထောင်ခဲ့တဲ့ ကက်ဆက်လေးကို တစ်စစီဖွင့်နေတယ်၊ လက်ထဲမှာ ၀က်အူလှည့်တစ်ချောင်းကို ကိုင်လျှက်သား၊ ကက်ဆက်ရဲ့အဖုံးနှစ်ခုက ဘေးမှာ၊ အထဲက တိုလီမိုလီပစ္စည်းလေးတွေက ပြန့်ကျဲလို့နေတယ်၊ မေမေအနားရောက်လာတော့ ဖိုးပလံက ရယ်ကျဲကျဲနဲ့
“အော်ပရေးရှင်းဝင်နေတာမေမေ” လို့ ဖြေပါတယ်၊
“ဟယ်”
မေမေ ဘာမှ ဆက်မပြောနိုင်တော့ဘူး၊ နောက်တော့ အဲဒီပစ္စည်းအစုအပုံတွေကို ဖေဖေ့ပုဆိုးနဲ့ပဲ ထုပ်ပိုးပြီး ကက်ဆက်ပြင်တဲ့ဆိုင်ကို ဖေဖေ ယူသွားရတော့တယ်။

ဖိုးပလံ ကျောင်းပိတ်ရက်တွေ မှာ စိတ်ထင်တိုင်းကြဲခွင့်ရနေပါတယ်၊ ကျောင်းမသွားရဘူး၊ စာမကျက်ရဘူး၊ တစ်လလောက်တော့ အားပါးတရ အနားယူရမယ့်အချိန်တွေပေါ့၊ မိုးလင်းတာနဲ့ ဆော့နည်းမျိုးစုံဆော့ပါတယ်၊ တစ်နေ့တစ်မျိုးမရိုးရအောင်ဆော့တယ်၊ လေထီးလေးတွေပါတဲ့ စစ်သားရုပ်ကို သူက ဗိုလ်ကြီးရုပ် လို့ နာမည်ပေးတားတယ်၊ ဘာကြောင့်လည်းဆိုတော့ အဲဒီ လေထီးစစ်သားရုပ်က တခြား စစ်သားရုပ်လေးတွေထက် အရွယ်ပိုပြီးကြီးတယ်၊ တခြားစစ်သားရုပ်လေးတွေက ခပ်သေးသေးလေးတွေ၊ အဲဒီတော့ နည်းနည်းကြီးတဲ့ လေထီးစစ်သားရုပ်ကို ဗိုလ်ကြီးရုပ် တဲ့၊ အဲဒီ ဗိုလ်ကြီးရုပ်လေးတွေကို အိမ်ပေါ်ထပ်က ပစ်ချပြီးဆော့တယ်၊ တခါတခါပစ်ချလိုက်ရင် လေး ငါး ဆယ်ရုပ်လောက်ရှိမှာပဲ၊ လူကြီးတွေ အောက်ထပ်တံခါးဝက ထွက်လာတဲ့အချိန်ဆို အဲဒီလေထီးရုပ်လေးတွေက လူကြီးတွေခေါင်းပေါ်ကို တိန်ကနဲ တိန်ကနဲ ကျတတ်သေးတယ်၊ အဲဒီအခါ ဖိုးပလံကတော့ “ကန်တော့ ကန်တော့၊ မတော်လို့ မေမေ၊ မတော်လို့ ဖေဖေ” လို့ ပြောပြီး ခေါင်းလေးပုဝင်ကာ သနားကမားဟန်လေးလုပ်ပြဦးမယ်၊ ပြီးတော့ ဆက်ပြီးဆော့တာပါပဲ။
တစ်ခါကလည်း ဖိုးပလံ ဖေဖေ ၀ယ်ထားတဲ့ ပန်းပုရုပ်လေးတွေထဲက လက်တစ်ဘက်မပါတဲ့ ဗီးနပ်စ်နတ်သမီးရုပ်လေးကို သူ သိပ်ကို မျက်စိကျနေပါတယ်၊ ဗီးနပ်စ်ရုပ်လေးကို မြင်တိုင်း သိချင်စိတ်တွေက တဖွားဖွား၊ ဗီးနပ်ရုပ်လေးက ကိုယ်ဟန်ကနွဲ့နွဲ့ လည်တိုင်လေးက သွယ်သွယ် ကျော့ကျော့လေး၊ သူစဉ်းစားနေတာက လည်တိုင်သေးသေးလေး အထဲမှာ ဘာတွေများရှိနေမလဲ၊ ဖိုးပလံ သိပ်ကိုသိချင်နေခဲ့တယ်၊
တစ်နေ့တော့ လက်မြန်မြန်နဲ့ ဗီးနပ်စ်ရုပ်လေးရဲ့လည်ပင်းလေးကို ဂျွတ်ကနဲမြည်အောင်ချိုးချပြီး အထဲကို ကြည့်ပါတယ်၊ ထွက်လာတာက သံချောင်းတစ်ချောင်းပေါ့၊ ဖိုးပလံဖေဖေက စိတ်ဆိုးဆိုးနဲ့ စူပါဂလူးနဲ့ ပြန်ကပ်ရင်း “ဒီဖိုးပလံကိုတော့ ရိုက်ရကောင်းမလားပဲ”  လို့ကြိမ်းမောင်းတယ်။ အဲဒီလောက်ပဲ ကြိမ်းမောင်းတာပါ၊ “မကောင်းဘူးထင်တယ်ဖေဖေ မရိုက်ပါနဲ့”  ဖိုးပလံက ဖေဖေ့ကို စတယ်၊ မျက်နှာချိုသွေးတယ်၊ ဖိုးပလံရဲ့ မျက်နှာချိုချိုလေးကိုတွေ့လိုက်ရတော့ ဖေဖေဦးကျော်စွာက စိတ်ဆိုးတာတွေပြေသွားတာပါပဲ။

နောက်တစ်ခုပေါ့...
ဖိုးပလံငယ်ငယ်က ထိုင်လာခဲ့တဲ့ သုံးထပ်သားခုံလေး၊ ခုံလေးကို ဆေးအပြာရောင်ကြည်ကြည်လေးသုတ်ထားတယ်၊ ခုံလေးရဲ့ပုံစံကလည်း ချစ်စရာလေးပဲ၊ အဲဒီခုံကို အိမ်ပေါ်ကနေ အိမ်အောက်ထပ်ကို ပစ်ချကြည့်ခဲ့ဖူးပါတယ်၊ ပစ်ချလိုက်တော့ ခုံလေးက ကျိုးပဲ့သွားတော့တာပေါ့၊ ဖိုးပလံရဲ့မေမေ က မေးပါတယ်၊
“သား ဘာလို့ ခုံကို ပစ်ချရတာလဲ၊ သားပဲ အဲဒီခုံလေးကြိုက်တယ်ဆိုပြီးတော့”

“ခုံကို အောက်ပစ်ချလိုက်လို့ အောက်ရောက်သွားရင် ဘာဖြစ်မလဲ၊ ဘယ်လိုနေမလဲ သိချင်လို့ပါ” လို့ ဖိုးပလံကဖြေတယ်။

“အဲဒီတော့ ခုံလေး ဘာဖြစ်သွားလဲ သိသွားရောလား”

“ဟုတ် .. သိသွားတယ်လေ၊ ကျိုးသွားတာပေါ့၊ ဟိ ဟိ”
“အင်း ကောင်းရော ဖိုးပလံရယ်” မေမေ က ညီးတွားနေခဲ့ပါတယ်။

ကျန်ပါသေးတယ်၊ ဖိုးပလံလို့ နာမည်တွင်ခဲ့တဲ့အကြောင်းရင်းကလည်းရှိသေးတယ်၊ ဖိုးပလံတို့အိမ်ရဲ့တောင်ဘက်ခြံထဲမှာ စပယ်ပင်တွေ အများကြီးပဲ တစ်ခြံလုံးအပြည့်စိုက်ထားတယ်၊ ဖိုးပလံမေမေက ပန်းပင်တွေသိပ်ကြိုက်တာ၊ ဖိုးပလံကတော့ မေမေ့ပန်ုးပင်တွေကို အာရုံမစိုက်မိပါဘူး၊ ပန်းပင်တွေများလေ အရုပ်တွေနဲ့ စစ်တိုက်တမ်းကစားရတာ စိတ်ဝင်စားဖို့ ပိုကောင်းလေပဲ၊ အရုပ်တွေကို အပင်တွေကြားထဲမှာဝှက်ပြီး ဇာတ်လမ်းထွင်ကစားလို့ရတာကိုး၊  တစ်နေ့ ဖိုးပလံ စပယ်ပင်တွေကြား စစ်သားရုပ်တွေနဲ့ ဆော့ကစားနေတုန်း၊စပယ်ပင်ခြေအနားမှာ ခြအိမ်တွေလို မြေသားပွပွကြီးတွေ တွေ့ပါတယ်၊ သူ အစတော့ ခြတွေလို့ ထင်မိသေးတယ်၊ နောက်တော့ ခါချဉ်အိမ်တွေဖြစ်နေရော၊ ခါချဉ်တွေက သူ ဆော့ကစားမယ့်လမ်းကြောင်းမှာ ရှုပ်ရှက်ခတ်အောင်ပြေးလွှားနေကြတယ်၊ ဒါနဲ့ပဲ ဖိုးပလံ စိတ်ရှုပ်လာတယ်၊ အနှောင့်အယှက်ပေးလှတဲ့ ခါချဉ်တွေကို မျိုးဖြုတ်မယ်လို့ သူစဉ်းစားတယ်၊ အက်ရှင်စုံထောက်ကားတွေကြည့်ပြီး အဲဒီထဲကအတိုင်း ဓါတ်ဆီလောင်းပြီးမီးရှို့ရင် အကုန်လုံး မြန်မြန်သေကုန်မှာပဲ၊ ခါချဉ်တွေမီးလောင်နေတဲ့အချိန် သူ အရုပ်တွေနဲ့ ဇာတ်လမ်းဆင်ပြီး မီးတွေနဲ့ဆော့ကစားလို့ရသေးတယ်လို့ တွေးပါတယ်၊ ဖိုးပလံ ဖေဖေရဲ့ကားဂိုဒေါင်ထဲ ဓါတ်ဆီသွားရှာတယ်၊ ဓါတ်ဆီပုံးထဲက ဓါတ်ဆီနည်းနည်းယူလာပြီး ခါချဉ်အိမ်ပေါ်ကို လောင်းချလိုက်ပါတယ်၊ နောက်တော့ မီးခြစ်ဆံလေး ရှဲကနဲ ခြစ်ပြီး မီးရှို့လိုက်တယ်၊
“အား”
ဓါတ်ဆီနည်းနည်းပေနေတဲ့ ဖိုးပလံလက်ကို မီးဟပ်ပါတော့တယ်၊ အဲဒီတော့မှ အလန့်တကြား လက်ကို ဆန့်ပြီးခါထုတ်ကာ မီးငြိမ်းအောင် ကြိုးစားပါတယ်၊ မီးအပူနည်းနည်းလေး ဟပ်တာတောင် ကြောက်စရာ ကောင်းလောက်အောင် ပူလောင်တာ ဖိုးပလံသိသွားပြီ၊ ခါချဉ်တွေအတွက် စိတ်မကောင်းဖြစ်သွားခဲ့တယ်၊ သူ့ လက်မှာ စွပ်ထားတဲ့ ပတ္တမြားလက်စွပ်လေးလည်း လက်ကိုခါထုတ်လိုက်ချိန်မှာ ကျွတ်ကျသွားခဲ့ပါပြီ၊ ဖိုးပလံအဘွား အမှတ်တရပေးခဲ့တဲ့လက်ဆောင်လေးဖြစ်လို့ ဖိုးပလံက လက်စွပ်လေးကိုလည်း သိပ်သဘောကျတယ်၊ ဖိုးပလံမေမေ သိသွားတော့ ဖိုးပလံကို တော်တော်ကြီးဆူပါတယ်၊ သူတစ်ပါးအသက်ကို သတ်တဲ့အတွက် အကုသိုလ်ဘယ်လောက်များတယ် ဆိုတာရှင်းပြတယ်၊ အစတော့ ဖိုးပလံမေမေ အလွန်ပဲ စိတ်ဆိုးခဲ့ပါတယ်၊ နောက်တော့ ဖိုးပလံရဲ့ ယူကြုံးမရဖြစ်ပြီး ညိုးငယ်နေခဲ့တဲ့ မျက်နှာလေးကို မြင်ရတဲ့အခါ ဆက်ပြီး မဆူရက်တော့ဘူး၊ မေမေက ခါချဉ်တွေမီးရှို့ခဲ့တာကို အလန့်တကြားဖြစ်နေရှာတယ်၊ မီးကိုတိုးတဲ့ ပိုးဖလံလေးပေါ့၊ နောက်ပိုင်း လူတိုင်းက သူ့ကို ပိုးဖလံ ဖိုးပလံလို့ စနောက်ခေါ်ကြတိုင်း ပူလောင်လွန်းတဲ့မီးရဲ့အရသာနဲ့ သနားစရာခါချဉ်တွေကို သူ ဘယ်တော့မှ မမေ့တော့ဘူး၊ အဲဒီထဲက သူ ဘာအကောင်ပလောင်လေးတွေမှ သတ်ဖို့ မစဉ်းစားရဲတော့ပါဘူး၊ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ်ပေါ့။

ဖိုးပလံဖေဖေ ဆေးသွားကုပေးနေတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်၊ အဲဒီဘုန်းကြီးကျောင်းက ဘုန်းကြီးက တစ်ခြားနယ်ကလာတာ၊ ဖိုးပလံတို့ မြို့ကမဟုတ်ဘူး၊ အဲဒီဘုန်းကြီးကျောင်းမှာ ဘုန်းကြီးစောင့်ရှောက်ထားတဲ့ ကလေးလေးတွေရှိတယ်၊ ဘုန်းကြီးက စာသင်ပေးပါတယ်၊ အဲဒီကလေးတစ်ယောက်က နေမကောင်းတော့ ဖေဖေက သွားသွားပြီးကြည့်ပေးရတယ်၊ နောက်တော့ အဲဒီကလေးနေကောင်းသွားလည်း ဖေဖေက ခဏခဏသွားပါတယ်၊ မေမေက ဘုန်းကြီးအတွက် ကပ်မယ့်ဆွမ်းတွေအိမ်ကပြင်ဆင်ပြီးယူသွားတယ်၊ ဖိုးပလံလည်းလိုက်တဲ့အခါ လိုက်သွားတာပေါ့၊ ဖိုးပလံကတော့ အဲဒီဘုန်းကြီးကို ဘာလို့မှန်းမသိဘူး သိပ်ကြောက်တာပဲ၊ တကယ်ဆို ဘုန်းကြီးရဲ့လပြည့်ဝန်းလို မျက်နှာဝိုင်းဝိုင်းက အမြဲပြုံးနေတာပါ၊ ကြောက်စရာကောင်းအောင် မျက်နှာထားဆိုးဆိုးလည်းမဟုတ်ပဲနဲ့၊ ဘုန်းကြီးရဲ့မျက်လုံးတွေကတော့ အားလုံးကိုသိမြင်နေသလို ကြည့်လိုက်ရင် ဖိုးပလံကျောထဲ စိမ့်ကနဲ စိမ့်ကနဲ အေးသွားတာပဲ၊ ဘုန်းကြီးရဲ့ စကားပြောဟန်ကလည်း ခပ်ဝဲ၀ဲနဲ့၊ ဖေဖေနဲ့ မေမေက တော်တော်ကြည်ညိုပုံရတယ်၊ တရားဓမ္မအကြောင်းတွေလည်း ဆွေးနွေးနေကြတာပဲ၊ ပြီးတော့ ရှိသေးတယ် ဘုန်းကြီးက ဗေဒင်ကျန်းဂန်အတတ်တွေတတ်သေးတယ်တဲ့၊ ဖိုးပလံကိုမြင်တော့ ဒီကလေးက ထူးခြားတယ် လို့ တွေ့တွေ့ချင်းပြောပါတယ်၊ မေမေက “ထူးခြားတာကတော့ ဆော့လွန်းတာပဲ ဖြစ်မယ်ဘုရာ့” လို့ ဆိုတယ်၊ ဘုန်းကြီးက ပြုံးနေတာပဲ၊ မေမေ့စကားကို သဘောကျပြီးရယ်မောပါတယ်၊ စကားစပ်မိရင်း ဖိုးပလံ လက်စွပ်ပျောက်တာပြောမိကြရင်း .. ချက်ချင်းပဲ ကျောက်သင်ပုန်းချပ်ကြီးကြီးမှာ ကျောက်တံတစ်ချောင်းနဲ့ တွက်ချက်တော့တယ်၊ မေမေ့ကိုလည်း ပျောက်တဲ့နေ့စွဲ့တွေ၊ အချိန်တွေ နေရာတွေမေးပြီး ကျောက်သင်ပုန်းမှာ တဂျစ်ဂျစ်နဲ့ တွက်ပါတယ်၊ နောက်တော့ ဘယ်နေ့၊ ဘယ်အချိန် ဘယ်သူရှာပါ လက်စွပ်ပြန်တွေ့ကို တွေ့မယ်လို့ ဆိုတယ်၊ မေမေက ဗေဒင်တွေအဆောင်တွေ ယုံကြည်တတ်သူမဟုတ်တော့ ခပ်ပေါ့ပေါ့ပဲ၊ ဖေဖေကတော့ ဘုန်းကြီးပြောတဲ့အတိုင်း လုပ်ကြည့်တော့လည်း မမှားပါဘူးလို့ ဆိုပြီး အချိန်အတိအကျနဲ့ ရှာခိုင်းပါတယ်၊ နောက်တော့ အဲဒီလက်စွပ် တကယ်ပဲပြန်တွေ့တယ်၊ ဖေဖေက “ဟော တွေ့တယ်မဟုတ်လား၊ ဒီဘုန်းကြီးက ထူးတော့ထူးဆန်းတယ်” လို့ ပြောတယ်၊ မေမေကတော့ လက်မခံချင်ဘူး၊ “ကိုယ်နဲ့ထိုက်လို့ ပြန်ရတာပါလေ”  လို့ပဲ ပြန်ပြောပါတယ်။

တစ်ခုရှိသေးတာက အဲဒီဘုန်းကြီးကို တစ်ခြားလူတွေက မှော်သရဲဘုန်းကြီးလို့ ကွယ်ရာမှာ ခေါ်နေကြတယ်၊ ဘုန်းကြီးက ကျောင်းမှာ သရဲတွေမွေးထားတယ်လို့ဆိုတယ်၊ ဘုန်းကြီးကျောင်းဆောင်ရှေ့က ဂမုန်းပင်တွေမှာဆိုလား၊ အသားစိမ်းတွေလောင်းချပြီး မွေးထားတယ်လို့ အမျိုးစုံပဲပြောကြတယ်၊ မေမေရော ဖေဖေရော ဒါကိုတော့မယုံပါဘူး၊ အထူးသဖြင့် မေမေပေါ့၊ မေမေက ဘုရားမှတပါး ကိုးကွယ်ရာမရှိ ဆိုပြီး နတ်ဒေ၀တာ၊ သရဲ၊ ပြိတ္တာ၊ စုန်း၊ မှော်အစွမ်း အဲဒါတွေကို အယုံအကြည်မရှိဘူး၊ သရဲဆိုတာ မွေးထားလို့ ရတာမျိုးမဟုတ်ပါဘူးလို့ပဲ အကြောက်အကန်ငြင်းဆန်ပါတယ်၊ နတ်ကိုးကွယ်မှုကိုလည်း မယုံကြည်ပါဘူး။

တစ်နေ့ အဲဒီဘုန်းကြီးနဲ့ မေမေတို့ နတ်ဒေ၀တ္တာတွေအကြောင်း၊ သရဲပြိတ္တာတွေအကြောင်း စကားစပ်မိကြတယ်၊ ဘုန်းကြီးက ပြောပါတယ်၊ “ဒကာမကြီး ဘုန်းကြီးတို့ကမ္ဘာကြီးထဲမှာ ဟောဒီလောကကြီးထဲမှာ ဘုံဘ၀အမျိုးစုံမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်လည်ကျက်စားနေကြတဲ့သူတွေ ရှိတယ်၊ သူတို့တွေနဲ့ ဆက်သွယ်လို့ရတဲ့သူကရတယ်၊ အဆက်အသွယ်မရှိတဲ့သူက မရှိဘူး၊ ထိတွေ့ဆက်သွယ်ချင်တယ်ဆိုရင် သူတို့ဘ၀တွေကို နားလည်အောင်လုပ်ရတယ်၊ သူတို့ကို စာနာနားလည်တတ်ရင် သူတို့ကလည်းဘုန်းကြီးတို့ကို နားလည်လာတာပဲ၊ သူတို့နဲ့ ဆက်သွယ်လို့ရတဲ့ နည်းလမ်းတွေရှိတယ်၊ နောက်ဆုံး သူတို့ကို ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်းလိုတောင် ပေါင်းလို့ရဦးမယ်၊ ဘုန်းကြီး ခိုင်းချင်ရင်တောင် ခိုင်းလို့ရဦးမယ်၊ ကိုယ်မမြင်ဘူးတာနဲ့၊ မမြင်ရတာနဲ့ မသိဘူး၊ မရှိဘူးလို့ ဒကာမကြီး ပြောလို့မရဘူးကွဲ့၊ သူတို့ရှိကိုရှိနေတယ်၊ ဟော အခု ဘုန်းကြီးတို့ ဒီမှာထိုင်စကားပြောနေတယ်၊ သူတို့လည်း ဟိုနားဆီမှာ စကားပြောချင်ပြောနေကြမှာပဲ၊ ကြည့်လိုက်ပါဦး”
ဘုန်းကြီးက ပြောပြောဆိုဆိုနဲ့ တစ်နေရာကို လက်ညှိုးညွှန်ပြတယ်၊
မေမေက လှည့်ကိုမကြည့်ဘူး၊
“အရှင်ဘုရား တပည့်တော် မယုံဘူးဘုရာ့၊ ဘာမှ မရှိပါဘူး” လို့ပဲ မေမေက တွင်တွင်ပြောပါတယ်၊ တကယ်က မေမေကြောက်လို့နေမှာလို့ ဖိုးပလံ တွေးလိုက်သေးတယ်၊ နောက်တော့ ဘုန်းကြီးက မေမေ့တရားထိုင်တဲ့အခါ လက်တွေ့ပြမယ်လို့ ဆိုတယ်၊ ပြီးတော့ ဘုန်းကြီးပေးတဲ့ ဂါထာတစ်ခုကိုလည်း မေမေက တရားထိုင်ပြီးတိုင်းရွတ်ရမယ်တဲ့၊ “ဒကာမကြီးတရားမှတ်တာ ဘယ်လောက်အထိ သမ္မာဓိတည်မလဲ ဘုန်းကြီးစမ်းကြည့်ချင်တယ်၊ ၇ရက်တရားထိုင်ပါ၊ ၇ရက်ပြည့်ပြီးရင် ဒကာမကြီးနဲ့ ဘုန်းကြီးတို့ သရဲတို့ ပြိတ္တာတို့ မှင်စာတို့ဆိုတာတွေ ရှိမရှိ ပြန်ပြီး ဆွေးနွေးကြတာပေါ့” လို့ ဘုန်းကြီးက ပြောတယ်၊ အဲဒီလိုနဲ့ပဲ မေမေက ဘုန်းကြီးပြောတာလက်ခံလိုက်ပါတယ်၊ မေမေက တရားထိုင်၊ တရားမှတ်နေတဲ့အချိန် အိမ်အတွင်းဘုရားစင်ရှေ့မှာ ဘယ်လို တစ္စေသရဲမှ ၀င်လာလို့မရဘူး၊ ဘယ်လောက်စွမ်းတဲ့ မှော်ဆရာပဲဖြစ်နေပါစေ၊ ဘုရားစင်ရှေ့ကိုမလာနိုင်ပါဘူးလို့ဆိုတယ်၊ ဖိုးပလံရွှေသော့လေးရတုန်းကတွေ့ခဲ့ရတဲ့ နတ်သမီးတိုင်းပြည်က ထူးထူးဆန်းဆန်းအရာတွေ မေမေ့ကို အခါခါပြောပြလည်း “အိပ်မက်မက်တာပါကွယ်၊ သိပ်စကားကြွယ်တဲ့ကလေး၊ မေမေ့သားလေပေါလေး” လို့ပဲ မေမေက ပြောတတ်တယ်၊ ဖိုးပလံနဲ့ မော်စီတို့ စုန်းမဲကို တိုက်ခိုက်နိုင်ခဲ့တာကိုလည်း ပြောပြတာပဲ၊ မေမေက ယုံကိုမယုံပါဘူး။

အဲဒီနေ့က မေမေ တရားစထိုင်တဲ့နေ့ပေါ့ ...
ည ၈ နာရီမှာ မေမေ စပြီး တရားထိုင်ပါတယ်၊ မေမေက ဘုရားစင်ရှေ့မှာ အရင် တရားထိုင်သလိုပါပဲ တည်တည်ငြိမ်ငြိမ်ပဲ၊ ခါတိုင်းလည်း မေမေက နာရီဝက် တစ်နာရီ တရားထိုင်နေကြပဲ၊ ဖိုးပလံက မေမေနဲ့ ဝေးဝေးမနေရဲဘူး၊ မေမေတရားထိုင်တဲ့အနောက်နားလေးမှာ ထိုင်ပြီး ဟိုကြည့်ဒီကြည့် မျက်စိပြူးနေအောင်လိုက်ကြည့်ပြီး ကြောက်နေတာပေါ့၊ ဖိုးပလံတို့အိမ်မှာ ကြောင်လေးတွေရှိတယ်၊ နှစ်ကောင်၊ အိဖြူနဲ့ မွှေးကျဲလို့ခေါ်တယ်၊ မွှေးကျဲက အမွှေးလေးတွေ ကျဲကျဲနဲ့မို့ မွှေးကျဲ မွှေးကျဲ လို့ နောက်ပြောင်ရင်းနဲ့ နာမည်တကယ်တွင်သွားတာပါ၊ ဖိုးပလံက ကြောက်တော့ မွှေးကျဲကို အနားခေါ်ထားတယ်၊ အိဖြူကတော့ ဘယ်ရောက်နေမှန်းမသိဘူး၊ ဖေဖေကလည်း အဲဒီအချိန် ဧည့်သည်လူနာတွေ လာတာများတဲ့အချိန်ဆိုတော့ အောက်ထပ်ကဆေးခန်းထဲမှာ အနားမှာ ခေါ်ထားလို့မရဘူး၊ ဖိုးပလံတစ်ယောက်တည်းရယ်၊  တစ်နေရာကများ သရဲကြီးတစ်ကောင်မျက်နှာကြီးဘွားကနဲများပေါ်လာမလား၊ ဒါမှမဟုတ် ဖြည်းဖြည်းချင်း တံခါးကြားထဲကများ လက်ကြီးတလှုပ်လှုပ်နဲ့ “ငါဒီမှာဟေ့” လို့များ ပြောလာမလားလို့ တွေးပြီး မလှုပ်ရဲဘူး။

နောက်တော့ မေမေတရားထိုင်ပြီး ၅မိနစ်လောက်ကြာတော့ မေမေထိုင်နေတဲ့ နေရာအနောက်ဘက်နားလေးက ကြမ်းပြင်မှာ တတောက်တောက်နဲ့ အသံသေးသေးပဲ တစ်နေရာထဲ ဆက်တိုက်ကြားလာရတယ်၊ တခါတလေရပ်သွားပေမဲ့ တတောက်တောက်မြည်နေတဲ့ အချိန်က ပိုများတယ်၊ တစ်နေရာထဲပဲ ရွေ့လည်းမရွေ့ပါဘူး၊ အဲဒီ အသံလေးစပေါ်လာကတည်းက မွှေးကျဲက နားခေါင်းတရှုံ့ရှုံ့နဲ့ အဲဒီ တတောက်တောက်အသံထွက်နေတဲ့နေရာကို လက်လေးနဲ့ ကုတ်ခြစ်ပါတယ်၊ အဲဒီနားကနေကို မခွာဘူး၊ ခဏနေတော့ ဖေဖေ့အသံအောက်ထပ်မှာကြားရတာနဲ့ ဖိုးပလံ အိမ်အောက်ထပ်ကိုအသာလေးပြေးဆင်းပြီး ဖေဖေ့ဆီသွားပါတယ်၊ ဖေဖေက “သား ဘာထူးလဲဟေ့” လို့ မေးပါတယ်၊ မေးရင်းနဲ့ပဲ “ဟော” လို့ဆိုပြီး တတောက်တောက်အသံဆီနားစွင့်တယ်၊
ဟုတ်တယ် အိမ်အောက်ထပ်ကတောင် သေသေချာချာကြီးကြားနေရတာ၊ တယောက်ယောက်က ခေါက်နေသလိုပဲ၊ ဆက်တိုက်ပါပဲ၊ ဖေဖေက
တဟားဟားရယ်တယ်၊ ပြီးတော့ ပြောတယ်၊ “ဖိုးပလံ မျက်လုံးပြူးမနေနဲ့၊ အဲဒါ အိမ်မြှောင်စုတ်ထိုးတာ” တဲ့၊
ဖေဖေက ခုံတစ်လုံးဆွဲယူလားပြီး ခုံပေါ်တက်ကာ အမိုးနားမှာအိမ်မြှောင်ရှိမရှိ ရှာပါတယ်၊ အိမ်ခန်းအလည်တည့်တည့်ဆိုတော့ မီးချောင်းရှိနေတယ်၊ အိမ်မြှောင်တွေက မီးချောင်းနားဆို ပိုးကောင်လေးတွေဖမ်းပြီးစားဖို့ လာတတ်တယ်လေ၊ ဖေဖေက ကြက်မွှေးလေးနဲ့ ဟိုဒီတို့ပြီး ရှာပါတယ်၊ အဲဒီလို ဖေဖေ ဟိုဒီ ကြက်မွှေးနဲ့ တို့နေတဲ့အချိန်မှာလည်း တတောက်တောက်အသံက ရပ်မသွားဘူး၊ ဆက်တိုက်ပဲ၊

“တောက် တောက် တောက် တောက် တောက် တောက် --------”
ဖေဖေက လူကြီးဆိုတော့ မကြောက်တတ်ပါဘူး၊ “ဖိုးပလံရေ ဆန်းတော့ဆန်းတယ်ဟေ့” လို့ ဆိုတယ်၊ ဖေဖေက ဟက်ကနဲ ရယ်လိုက်သေးတယ်၊ နောက်တော့ မေမေ တရားထိုင်တာပြီးသွားပြီ၊ မေမေ အိမ်ပေါ်ထပ်ကဆင်းလာပါတယ်၊ တတောက်တောက်အသံလည်းရပ်သွားပြီ။

“မေမေ ကြားလား”
“ဟင် .. ဘာလဲ”
“-----”

“တတောက်တောက်နဲ့ မြည်နေတာလေ မေမေ တရားစထိုင်ထဲကပဲ၊ ခုပဲရပ်သွားတာ”
“အင်း .. ကြားတော့ကြားသလိုပဲ မေမေလည်း တရားကိုပဲဂရုစိုက်မှတ်နေတော့ သိပ်သတိမထားမိဘူး”

မေမေကေ၀၀ါးဝါးဖြေပါတယ်၊ မေမေကြောက်လို့များလားပဲ၊ ပြီးတော့ မေမေက ခပ်အေးအေးပဲ အဲဒီအကြောင်းစကားမစတော့ဘူး။

နောက်တစ်နေ့ ...
နောက်နေ့လည်း ဖိုးပလံ ၈နာရီမထိုးခင်ကတည်းက မွှေးကျဲနဲ့ အိဖြူကို အနားခေါ်ထားပါတယ်၊ ဖေဖေကလည်း ထုံးစံအတိုင်း အနားမှာကို မရှိဘူး၊ ဆေးခန်းထဲ အလုပ်ရှုပ်နေတာပဲ၊ မနေ့ကလိုပဲ တူတူပဲ၊ မေမေတရားစထိုင်ပြီး ၅ မိနစ်လောက်နေတာနဲ့ တတောက်တောက်အသံ ပေါ်လာတော့တယ်၊ မွှေးကျဲတို့ အိဖြူတို့လည်း အဲဒီနေရာကိုပဲ စူးစမ်းနေကြတယ်၊ အဲဒီနေရာကိုပဲ စိုက်ကြည့်ပြီး တခါတလေ လက်လေးနဲ့ တို့ကြည့်ကြတယ်၊ ထူးတော့ထူးဆန်းသား၊ အိမ်မြှောင်ဆိုလည်း ဒီနေ့ဆို ၂ရက်ဆက်တိုက် အချိန်ကလည်း အတိအကျကြီး၊ မေမေကတော့ ငြိမ်နေတာပဲ၊ ခါတိုင်းတရားထိုင်နေသလိုမျိုးပဲ၊ ဒီနေ့တော့ မေမေတရားထိုင်တာပြီးတဲ့အထိ ဖေဖေက မအားတော့ လာမကြည့်နိုင်ဘူး၊ ဖိုးပလံလည်း သိပ်မကြောက်တော့ပါဘူး တတောက်တောက်အသံလောက်ပဲ ကြားရတာဆိုတော့ ဘာမှမဖြစ်လောက်ပါဘူးလို့ တွေးတယ်၊ အဲဒီဘုန်းကြီးက တကယ်ပဲ သရဲတစ်ကောင်ကောင်ကို ဖိုးပလံတို့အိမ်ထဲကို လွှတ်နိုင်လား ဖိုးပလံတွေးနေခဲ့ပါတယ်။

သုံးရက်မြောက်နေ့ ...
အတူတူပဲ၊ တတောက်တောက်မြည်သံဟာ တချိန်တည်း အချိန်အတိအကျမြည်တယ်၊ အရင် နှစ်ရက်ကလိုပဲ တထေရာတည်း၊ မြည်သံက သုံးရက်လုံးလုံး အတူတူပဲ၊ ဒီနေ့ မေမေက တရားထိုင်ပြီးတော့ ဖေဖေ့ကိုပြောပါတယ်၊

“မေထားတော့ ဘုန်းကြီးပေးတဲ့ ဂါထာကို နောက်နေ့မရွတ်တော့ဘူး၊ ကိုယ့်ဘာသာပုံမှန်အတိုင်းပဲ တရားထိုင်တာပဲလုပ်တော့မယ်”

“ဒါဆို မေထား ဘုန်းကြီးပြောတာ ယုံပြီပေါ့၊ သရဲတစ္စေတွေကို ခိုင်းလို့ရတယ်၊ သူတို့ ကိုယ်တို့ ပတ်ဝန်းကျင်မှာ သွားလာနေကြတယ်ဆိုတာ .. အဲဒါ တကယ်လို့ ယုံကြည်သွားပြီလား”

“--------------”
“အို .. မဟုတ်တာ .. မေထားမယုံပါဘူး၊ ဘုန်းကြီးပေးတဲ့ ဂါထာကြီးကိုသာ မရွတ်ချင်တော့လို့ပါ”

မေမေကတော့ ခုထိ ငြင်းဆန်တုန်းပဲ ယုံတယ်လို့ကို မပြောသေးပါဘူး၊ ဖေဖေက “ဒါဖြင့် မေထားက ဘာလို့ ဂါထာမရွတ်ချင်တော့တာလည်း မေထားကြောက်လာပြီမလား၊ ကြောက်လာတာ သူတို့ မေထားအနား ရောက်လာတယ်ဆိုတာ ယုံလို့ပေါ့”  လို့ ဖေဖေက အရဲကိုးပြီး မေမေ့ကို စပါတယ်၊ မေမေ က စိတ်ဆိုးဆိုး မျက်နှာလေးနီနီနဲ့  ...
“တော်ပါရှင်၊ နက်ဖြန်လည်း တရားဆက်ထိုင်မှာပဲ၊ ဂါထာလည်းရွတ်မယ်၊ မဟုတ်တာကြီး၊ ဘုရားစင်ရှေ့ ဘုရားတရားနဲ့ နေတဲ့သူအနား ဘယ်သရဲတစ္စေက လာလို့ရမှာတဲ့လဲ၊ စိတ်ဆိုးလာပြီနော်၊ မနောက်နဲ့”  လို့ ပြန်ပြောတယ်။

လေးရက်မြောက်နေ့ ...
ဒီနေ့က တတောက်တောက်အသံထက် ပိုထူးခြားလာခဲ့ပါတယ်၊ ဖိုးပလံတို့ အိမ်ပေါ်ထပ်မှာ ထပ်ခိုးရှိနေတယ်၊ အဲဒီထပ်ခိုးပေါ်ကို တက်လို့ရတဲ့ လူတစ်ယောက်ဝင်သာတဲ့ အပေါ်က်တစ်ပေါက်ရှိပါတယ်၊ အိမ်ပေါ်ထပ်မှာဆိုရင် အိမ်ရှေ့မှာဧည့်ခန်းလို တစ်ခန်း၊ ပြီးမှ ဘုရားစင်ရှိတဲ့ အခန်းကျယ်၊ ဘုရားခန်းကို သပ်သပ်အခန်းတော့ လုပ်မထားပါဘူး၊ ဧည့်ခန်းကျယ်ကြီးမှာပဲ၊ အဲဒီဧည့်ခန်းကျယ်ကျယ်ကြီးရဲ့ ဘုရားစင်နဲ့ မျက်နှာချင်းဆိုင်နံရံမှာ သစ်သားဗီရိုကြီးတွေရှိတယ်၊ အဲဒီဗီရိုကြီးတွေရဲ့အပေါ်မှာမှ ထပ်ခိုးပေါ်သွားလို့ရတဲ့ အပေါက်တစ်ပေါက်ရှိတယ်၊ အခု အဲဒီထပ်ခိုးပေါ်ကနေပြီး သစ်သားလုံး၊ အလုံးတွေလို ပထမ ဒေါက်ကနဲ အလုံးတစ်လုံးပြုတ်ကျသံလိုကြားလာရပြီး အဲဒီအလုံးက တခြားထောင့်တစ်ထောင့်အထိ ဆက်တိုက်လိမ့်သွားသလို ...
“ဒေါက်”
“----------”
“ဂရောက် ..... ဂရောက် .... ဂရောက် ....ဂရောက် ..... ဂရောက်”
“--------------------------------------------”

ဘုရားစင်ရဲ့အပေါ်ဘယ်ဘက်ထောင့်တည့်တည့် ထပ်ခိုးထောင့်ဆီက ဒေါက်ကနဲ အလုံးတစ်လုံးကျလာသလိုကြားရလိုက်၊ နောက်တော့ ကန့်လန့်ဖြတ် ထပ်ခိုးတလျှောက်လိမ့်သွားပြီး အခန်းရဲ့ညာဘက်ထောင့်မှာ ရပ်သွားသံလိုကြားရပါတယ်၊ ဆက်တိုက်ပဲ၊ အသံတွေကလည်း တော်တော်ကျယ်တယ်။
“ဒေါက်”
“----------”
“ဂရောက် ..... ဂရောက် .... ဂရောက် ....ဂရောက် ..... ဂရောက်”

လိမ့်သွားတဲ့အသံမျိုးလိုဖြစ်နေလို့သာ အလုံးလို့ ပြောရတာမျိုးပါ၊ မြင်ရသေးတာမှ မဟုတ်တာ၊ ဖိုးပလံတို့ အောက်ကကြားတဲ့အသံအတိုင်းသာ မှန်းဆပြီးပြောရတာ၊ တကယ်တမ်းဆို ထပ်ခိုးက အနိမ့်အမြင့်တူတူပဲ၊ တစ်ဘက်ကိုစောင်းနေတာမျိုးလည်း မရှိဘူး၊ အဲဒီလို အသံတွေကြားနေရတုန်းမှာ ဖေဖေ့ ညီဝမ်းကွဲတစ်ယောက်လည်း အိမ်မှာရောက်နေပါတယ်၊ အလုံးတွေကျနေတဲ့အချိန်ပဲ ဖိုးပလံဖေဖေရယ်၊ အဲဒီ ဦးလေးရယ် လက်နှိပ်ဓါတ်မီးတွေယူပြီး ထပ်ခိုးပေါ်ကို တက်ကြည့်ကြတယ်၊ ဖေဖေတို့လည်း ထပ်ခိုးပေါ်ရောက်ရော အသံတွေတိတ်သွားတော့တယ်၊ ဖေဖေတို့ ထပ်ခိုးပေါ်မှာ လျှောက်ကြည့်ကြတယ်၊ ထပ်ခိုးက လူတစ်ယောက်အပြည့်အ၀ မတ်မတ်ရပ်လို့ ရလောက်အောင်တော့မမြင့်ဘူး၊ ဖေဖေနဲ့ ဦးလေးတို့ ခါးကို ကိုင်းပြီးထပ်ခိုးပေါ်မှာ လျှောက်ကြည့်ကြတယ်၊ အလုံးနဲ့ တူတာဆိုလို့ ဘာတစ်ခုမှရှိမနေပါဘူး၊ ထပ်ခိုးပေါ်မှာ ပိုးအိမ်မျှင်တွေပဲပွနေပြီး တခြားဘာဆိုဘာမှ မရှိပြောင်ရှင်းနေတာပဲလို့ ဖေဖေက ပြောတယ်၊ ပိုပြီးအံ့သြဖို့ကောင်းတာက ထပ်ခိုးထဲမှာ ထုပ်တန်းအကန့်တွေ နှစ်ပေအကွာတစ်ချောင်းစီ ကန့်လန့်ဖြတ်ရှိနေကြတယ်တဲ့၊ ဘယ်လိုနည်းနဲ့မှ အလုံးတွေလိမ့်သွားဖို့ မဖြစ်နိုင်ဘူးလို့ ဖေဖေကရှင်းပြပါတယ်၊ ဖေဖေက ထပ်ခိုးပေါ်က ပြန်ဆင်းလာပြီးတဲ့အခါ ပုခုံးနှစ်ဘက်တွန့်ပြပြီး “ဘာမှ မရှိပါဘူးဗျာ၊ သေချာ စစ်ဆေးကြည်ရှုခဲ့ပြီးပါပြီခင်ဗျ”  လို့ ရွှတ်နောက်နောက်ပြောတယ်၊
ဖိုးပလံနဲ့ မေမေ့ကို ကြောက်မှာစိုးလို့ ရွှတ်နောက်နောက်ဟန်နဲ့ တမင်လုပ်ပြီးပြောနေတာ ဖိုးပလံသိတာပေါ့၊ မေမေ က တရားထိုင်တာရပ်လိုက်တယ်၊ ဘာမှသေချာဝင်မပြောဘူး၊ ဘာမှလည်း မမေးပဲနဲ့ “ကို .. မေထားတော့ နက်ဖြန် ဒီဂါထာကြီးမရွတ်တော့ဘူး” လို့ ဖေဖေ့ကို ပြောပါတယ်၊ မေမေက ၇ရက်ပြည့်အောင် တရားမထိုင်နိုင်ဘူးလို့ဆိုတယ်၊ “တရားမထိုင်နိုင်တာမဟုတ်ပါဘူး၊ ဘုန်းကြီးပေးတဲ့ ဂါထာကြီးကို မရွတ်နိုင်တော့တာကို ပြောတာ” လို့ ထပ်ပြီးပြောတယ်။

နောက်တစ်နေ့ မေမေနဲ့ ဖေဖေ အဲဒီဘုန်းကြီးကျောင်းကိုသွားကြတယ်၊ ဘုန်းကြီးက ဖိုးပလံမေမေ ကို တွေ့တွေ့ချင်း “ကဲ ဒကာမကြီး ယုံပြီမဟုတ်လား” လို့ ပြောပါတယ်၊ မေမေကတော့ အရင်ကလို “အရှင်ဘုရား တပည့်တော် မယုံဘူးဘုရာ့၊ ဘာမှ မရှိပါဘူး”  လို့ သေသေချာချာကြီး မပြောနိုင်တော့ဘူး၊ “တပည့်တော် ယုံပါပြီဘုရား” လို့လည်း မဆိုနိုင်ဘူး၊ “တပည့်တော် ၇ရက်ပြည့်တဲ့အထိ ဒီ ဂါထာကို မရွတ်နိုင်တော့ဘူးဘုရား” ဆိုတာကိုပဲ ပြောပါတယ်၊
ပြီးတော့ ဖိုးပလံမေမေ အဲဒီဘုန်းကြီးကျောင်းကို ဘယ်တော့မှ မသွားတော့ဘူး၊
ထူးဆန်းတဲ့အသံတွေလည်း နောက်တစ်ခါ ထပ်ပြီး မကြားရတော့ပါဘူး။

Thursday, February 17, 2011

Bertie Higgins - "Casablanca" Tour Promo



သီချင်းတွေပဲ နားထောင်နေမိတော့တာပဲ၊
မနဲ့မောင် မူရင်းသီချင်းနားထောင်ချင်လို့ ရှာတာ၊ အစ်မတွေငယ်ငယ်ကဆိုကြတာ စာသားတစ်ပိုင်းတစ်စတွေပဲ မှတ်မိတော့ ရှာလို့ မရဘူး၊ သိတဲ့ သူငယ်ချင်းတွေပြောပြသွားပေးရင် သိပ်ကျေးဇူးတင်မိမှာ၊ တကယ်ကြီး

Sade Live - Smooth Operator



♫ A license to love, insurance to hold
Melts all your memories and change into gold
His eyes are like angels, his heart is cold ♫

Monday, February 14, 2011

ရှေးဟောင်းအီဂျစ်ကမ္ဘာထဲမှာ

အီဂျစ် ...  အာရပ်ကမ္ဘာရဲ့ အကျော်ကြားဆုံးတိုင်းပြည်ကြီးမှာ ကြီးမားတဲ့ လူထုအုံကြွမှုကြီးဖြစ်ပေါ်ခဲ့ပါပြီ။ ၂၀၁၁ဇန်န၀ါရီလမှာ ဖြစ်ပွားခဲ့တဲ့ တူးနီးရှားနိုင်ငံရဲ့တော်လှန်ရေးဟာ သမ္မတဟိုစနီမူဘာရက်ရဲ့ အာဏာဆုပ်ကိုင်လမ်းစဉ်ကြီးကြောင့် တငွေ့ငွေ့လောင်ကျွမ်းခဲ့တဲ့ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဖေါက်ခွဲပစ်လိုက်ဖို့ စတင်လိုက်တဲ့မီးစလိုပဲ၊ ၁၈ရက်ကြာ ဒေါသတကြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးတဲ့အခါ သမ္မတမူဘာရက်ဟာ အာဏာတွေအားလုံးကို အီဂျစ်စစ်တပ်ကို လွှဲပြောင်းပေးလိုက်ရတယ်။ သူ့ရဲ့ နှစ်၃၀ကြာမွေးမြူခဲ့တဲ့ အော်တိုကရက်တစ် သက်ဦးဆံပိုင်လမ်းစဉ်ကြီးကို အဆုံးသတ်လိုက်ပါတယ်။ သမိုင်းဝင်သွားတော့မယ့် လူထုအုံကြွမှုကြီးကို သူဦးညွှတ်လိုက်ရပါပြီ။
နိုင်ငံတစ်နိုင်ငံမှာ တော်လှန်ရေးတစ်ခုဖြစ်လိုက်တိုင်း အဲဒီတော်လှန်ရေးကို သဘောတူသူ၊ ဆန့်ကျင်သူတွေဆိုတာပေါ်လာတတ်စမြဲပါပဲ။ မူဘာရက်ကိုဆန့်ကျင်သူတွေ လမ်းမတွေပေါ်မှာ ထောင်သောင်းမက ပြည့်နှက်နေကြပါစေ၊ မူဘာရက်အတွက် မျက်ရည်ကျလိုသူတွေ ရှိကြပြန်တယ်။ အထူးသဖြင့် ဒဏ္ဍာရီသမိုင်းတွေပြည့်နှက်နေတဲ့ အီဂျစ်နိုင်ငံကြီးမှာ မှီတင်းပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင် အလုပ်ဖြစ်နေကြတဲ့ ခရီးသွားအေဂျင်စီတွေက ဘာအပြောင်းအလဲကိုမှ သူတို့စိတ်မ၀င်စားကြဘူး၊ လတ်တလောဖြစ်လာတဲ့ ဆူပူအုံကြွမှုတွေဟာ ကမ္ဘာလှည့်ခရီးသွားတွေလျော့ကျကုန်မယ်၊ ဒါကိုပဲ သူတို့ပူပင်ကြတယ်။ ခရီးသွားလုပ်ငန်းဟာ
အီဂျစ်နိုင်ငံစီးပွားရေးကို အဓိကအထောက်အပံ့ပေးနေတဲ့လုပ်ငန်းတစ်ခုလည်းဖြစ်နေပါတယ်။ ၂၀၀၈ခုနှစ်မှာဆိုရင် ကမ္ဘာလှည့်ခရီးသည် ၁၂.၈သန်းကျော် လာရောက်ခဲ့ကြတယ်။ ဒေါ်လာ၁၁ဘီလီယံလောက်အထိ တိုင်းပြည်ဘဏ္ဍာ ရှာဖွေပေးနိုင်ခဲ့ကြတယ်၊ မူဘာရက်ကလည်း သူ ဘာကိုမှ ချုပ်ကိုင်မထားဘူး။ သူဦးတည်တာ အီဂျစ်နိုင်ငံရဲ့စီးပွားရေးအတွက်ပဲ၊ ဆန့်ကျင်သူတွေက သူတို့လုပ်သင့်တာထက်ကျော်လွန်ပြီး လုပ်နေကြတာပဲ။ သူတို့အားလုံးလုပ်နိုင်ပါတယ်။ သူတို့မှာ သတင်းစာတွေရှိတယ်၊ အဲဒီသတင်းစာတွေကနေ အစိုးရမကောင်းကြောင်းကို နေ့တိုင်းအပြစ်တင်နေကြတာပဲ လို့ ဆိုတယ်။ ခရီးသွားလုပ်ငန်းကနေ အီဂျစ်နိုင်ငံရဲ့ လုပ်အား ၁၂ရာခိုင်နှုန်းခန့်တာဝန်ယူထားနိုင်ပါတယ်။
အီဂျစ်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကနဲ့ ဥရောပဒေသက လူတွေအတွက် အရေးပါတဲ့ဒေသတစ်ခုပါ။ ၁၉ရာစုအစောပိုင်းကာလ ပြင်သစ်အင်ပါယာစစ်သူကြီးနပိုလီယံက အီဂျစ်နိုင်ငံကိုကျူးကျော်မှုနဲ့အတူ ရှေးဟောင်းအီဂျစ်သမိုင်း၊ ဘာသာစကား၊ စာပေ၊ ဘာသာတရားနဲ့ အနုပညာတွေကို စိတ်ဝင်စားလာခဲ့ကြတယ်၊ အဲဒီခေတ်မှာတောင် ခရီးသွားလုပ်ငန်းတွေ လှုပ်လှုပ်ရွရွဖြစ်အောင် အထူးဆွဲဆောင် နိုင်ခဲ့ကြတယ်။ ဒီနေ့ခေတ်အထိလည်း ခရီးသွားလုပ်ငန်းဟာ အီဂျစ်စီးပွားရေးရဲ့ အရေးကြီးတဲ့ပင်မတိုင်လုံးကြီးအဖြစ် ရပ်တည်နေပါတယ်။ မူဘာရက်အစိုးရရဲ့ထောက်ပံ့အားပေးမှုတွေလည်းရရှိခဲ့ကြတယ်။

အီဂျစ်နိုင်ငံဆိုလိုက်တာနဲ့ မံမီရုပ်အလောင်းကြီးတွေ၊ ထူးခြားဆန်းပြားလှတဲ့ ပိရမစ်တွေနဲ့ စဖင့်ရုပ်တုကြီးတွေဟာ လူတိုင်းရဲ့မျက်လုံးထဲ မြင်ယောင်မိကြတာပါပဲ။ ရှေးဟောင်းအီဂျစ်နိုင်ငံကြီးနဲ့ အီဂျစ်နတ်ဘုရားတွေရဲ့ ဒဏ္ဍာရီသမိုင်းတွေက ဒီနေ့အထိ ဘယ်တော့မှ ရိုးမသွားတဲ့ အိပ်ရာဝင်ပုံပြင်တွေပါ။

အဲဒီအိပ်ရာဝင်ပုံပြင်တွေကို ပြန်ပြီး အစဖေါ်ကြည့်ရရင်လည်း ဘယ်အချိန်မဆို စိတ်ဝင်စားစရာကောင်းနေဆဲပါပဲ၊ အဲဒီလိုနဲ့ပဲ အီဂျစ်ဒဏ္ဍာရီထဲကို ပြန်သွားကြည့်တဲ့အခါ ...
  • ရှေးအီဂျစ်လူမျိုးတစ်ဦးရဲ့ ဘဝ
ရှေးဟောင်းအီဂျစ်ကမ္ဘာထဲကသူတို့ရဲ့ နေ့စဉ်ဘ၀ဟာ နိုင်းမြစ်ကြီးနဲ့ မြေဆီမြေနှစ်ကြွယ်ဝလှတဲ့ နိုင်းမြစ်ကမ်းဝန်းကျင်မှာပဲ လူးလားခေါက်ပြန်လှုပ်ရှားရုန်းကန်ကြပါတယ်။
နှစ်စဉ်မြစ်ရေလျှံခြင်းကြောင့် မြေဆီမြေသားကောင်းမွန်လှပြီး သီးနှံကုန်ပစ္စည်းရိတ်သိမ်းနိုင်တယ်။ချမ်းသာကြွယ်ဝခြင်းကိုယူဆောင်လာတယ်လို့ဆိုတယ်။
ရှေးဟောင်းအီဂျစ်တိုင်းပြည်မှာ မြို့၊ ရွာတွေက အိမ်တွေမှာ ရွှံ့ခဲတွေနဲ့ပဲ ဆောက်လုပ်ခဲ့ကြတယ်။ သူတို့အတွက် အစားအစာကို ကိုယ်တိုင်ပဲစိုက်ပျိုးကြတယ်။ သူတို့ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေကိုသာ ကုန်သွယ်ကြပါတယ်။ ရှေးအီဂျစ်လူမျိုးတို့ဟာ လက်လုပ်လက်စား၊ လယ်သမား၊ လက်မှုပညာသည်နဲ့ အီဂျစ်ကျောက်စာရေး/ဖတ်သူတွေအဖြစ် အသက်မွေးကြတယ်။ရှးအီဂျစ်စာကူးစာရေး(Scribe) တွေအဖြစ်အသက်မွေးကြသူတွေရဲ့တာဝန်ဟာ နတ်ကွန်းတွေနဲ့ သချိုင်းဂူတွေမှာရှိနေကြတဲ့ ရုပ်ပုံတွေနဲ့ သရုပ်ဖော်ရေးသားတဲ့ အီဂျစ်ရှေးဟောင်း လက်ရေးစာလုံး (ဟိုင်ရိုအိုဂလပ်ဖစ်ခ်-hieroglyphicစာလုံး)တွေကို ရေးနိုင်၊ ဖတ်နိုင်ကြရတယ်။ အစိုးရမှတ်တမ်းတွေအတွက်ထိမ်းသိမ်းရတယ်၊ ဖဲရိုးဘုရင်အတွက်စာလွှာတွေရေးပေးရပါတယ်။ လူနည်းစုကသာ မြင့်မြတ်တဲ့သူကြွယ်တွေဖြစ်ကြတယ်။

အီဂျစ်သူကြွယ်မိသားစုဝင်တစ်ဦး နဲ့ လယ်သမားမိသားစုဝင်တစ်ဦးရဲ့ ဘ၀တွေမှာ ...
  • အီဂျစ်သူကြွယ်တစ်ဦးဟာ တောက်ပတဲ့ မနက်ခင်းမှာ အင်မတန်နူးညံ့ကောင်းမွန်တဲ့ လီနင်လျှော်ချည်သားအိပ်ရာခင်းစကိုလှပ်ပြီး နိုးထတယ်။
  • လယ်သမားတစ်ဦးဟာ ဇနီးသည်ကိုယ်တိုင်ယက်လုပ်ထားတဲ့ ကြမ်းရှတဲ့လျှော်သားစောင်ကို လှပ်ပြီး နိုးထပါတယ်။
  • သူကြွယ်က သူ့အ၀တ်တွေထည့်ထားတဲ့ ဗီရိုကိုတွေ့မယ်။ ဇနီးသည်ရဲ့ မျက်နှာခြေပေါင်ဒါအလှပြင်ပစ္စည်းသေတ္တာနဲ့ ညနေခင်းတွေမှာ အသုံးပြုနိုင်တဲ့ မီးအိမ်ကို သူတွေ့ရပါမယ်။
  • လယ်သမားက မျက်လုံးဖွင့်လိုက်တဲ့အခါ အခန်းပတ်လည်ကိုကြည့်မယ်၊ သူရဲ့အ၀တ်တွေထားတဲ့စင်ရယ် ခြင်းတစ်ခြင်းရယ်ပဲတွေ့မယ်။
  • သူကြွယ်ရဲ့ အိပ်ရာထအတွေးတွေကို အခန်းထဲဝင်လာတဲ့ အစေခံတွေက နှောင့်ယှက်ကြမယ်။အစေခံတွေက သန့်ရှင်းရေးနဲ့ မုတ်ဆိတ်ရိတ်သင်ဖို့ ကူညီကြတယ်။ နူးနူးညံ့ညံ့လီနင်သား ဒူးဖုံးသက္ကလပ်ခါးစည်းကုတ်ကြီးကို ၀တ်မယ်။ သားရေဖိနပ်ပါးကို စီးမယ်။
  • လယ်သမားက အိပ်ရာထဲကလူးလဲထ ကိုယ်လက်သန့်စင်ပြီး မုတ်ဆိတ်ရိတ်တယ်။ လီနင်စကြမ်းကြမ်းခါးစည်းကုတ်ကိုဝတ်မယ်။ ကျူရိုးနဲ့လုပ်ထားတဲ့ ဖိနပ်ပါးကိုစီးပါတယ်။
  • သူကြွယ်ဇနီးသည်အိပ်ရာထလာတဲ့အခါ တခြားအစေခံတွေရဲ့ အကူအညီနဲ့ ကိုယ်လန့်သန့်စင်ဆေးကြောတယ်။ အ၀တ်အစားဝတ်ပါတယ်။ လီနင်သားကောင်းကောင်း ၀တ်စုံကိုဝတ်တယ်၊ ဖန်လက်ဝတ်လက်စားတွေဝတ်ပါတယ်။ မျက်ခွံတွေကို ခိုးလ်ကာခြယ်အမဲရောင်တွေ လိမ်းခြယ်ပါတယ်။
  • လယ်သမားဇနီးသည်နိုးနှင့်နေပါပြီ။ မနက်စောစောအလင်းရောင် မှုန်ပျပျနဲ့အတူ မျက်နှာသစ်ဆေးကြောသန့်စင်ပြီးလို့ အ၀တ်အစားလဲ ပြီးနှင့်ပြီ။ ကလေးတွေအခန်းကို သွားပြီး နှိုးပါမယ်၊ ပြီးတော့ တစ်နေ့တာအိမ်မှုကိစ္စတွေစတော့တာပဲ၊ အ၀တ်အစားက လီနင်သား ကြမ်းကြမ်းကြီးပဲပေါ့၊ လက်ဝတ်ရတနာက ကလေးသူငယ်မွေးဖွားခြင်း၊ မျိုးအောင်ခြင်းကိုစောင့်ရှောက်တဲ့ တာဝါရက်ထ်နတ်သမီး အဆောင်ကို ပါပိုင်းရက်စ်ပင် (အီဂျစ်ရိုးရာရေစပ်စပ်မှာပေါက်တဲ့အပင်) အပိုင်းတစ်ပိုင်းကြိုးလိုကျစ်ပြီးလည်ပင်းမှာဆွဲထားပါတယ်။
  • သူကြွယ်နဲ့ သူ့ဇနီးတို့ဟာ ပေါင်မုန့်နဲ့ သစ်သီးနည်းနည်းပဲ စားသုံးကြတယ်။ ကူရှင်ပေါ်မှာထိုင်မယ်၊။ပြီးတော့ စားပွဲနိမ့်နိမ့်လေးနဲ့စားကြပါတယ်။
  • လယ်သမား၊ ဇနီးနဲ့ ကလေးငယ်တွေကခုံတန်းပေါ်မှာထိုင်ပြီး ကျူရိုးနဲ့ယက်ထားတဲ့အောက်ခံပြားပေါ်မှာ ပေါင်မုန့်နဲ့ အသီးအနှံနည်းနည်းလေးပဲ စားကြတယ်။
  • ပြီးတော့ သူကြွယ်ကြီးက သူ့လယ်မြေတွေက ကြီးကြပ်ရေးမှူးတွေနဲ့ တွေ့ဆုံဖို့ သွားပါတယ်။
  • သူကြွယ်ဇနီးက ခမ်းနားတဲ့ညနေစာတည်ခင်းဖို့အတွက် ကြီးကြပ်ပြင်ဆင်ပါတယ်။ ကလေးငယ်တွေ အ၀တ်အစားဝတ်ဆင်၊ စားသောက်၊ ပြီးတော့ မိခင်ဆီကိုခေါ်သွားပေးဖို့ အစေခံတွေက လုပ်ဆောင်ပေးတယ်။
  • လယ်သမားက အိမ်အနီးမှာရှိတဲ့ လယ်ထဲကို အလုပ်လုပ်ဖို့သွားတယ်။ ဇနီးသည်က ချက်ပြုတ်ဖို့ မီးမွှေးမယ်၊ ပြီးတော့ ပေါင်မုန့်လုပ်ဖို့ ဂျုံကြိတ်ပါတယ်။
  • သူကြွယ်ရဲ့ လယ်ယာကိုကြီးကြပ်သူတွေက ဒီနှစ်အတွက်လယ်ယာက ရိတ်သိမ်းထားမှု အခြေအနေကိုပြောပြတယ်၊ သူကြွယ်အားရ၀မ်းသာဖြစ်မယ်။ နေ့လည်စာအတွက် အသား၊ ပေါင်မုန့်နဲ့ ဘီယာတွေဝေငှ စားသောက်ကြမယ်။
  • လယ်သမားအတွက်ကတော့ သိပ်ကောင်းတဲ့နှစ်တနှစ်ပါပဲ။ သူအများကြီးပဲ ရိတ်သိမ်းနိုင်ခဲ့မယ်။ ပြီးတော့ သူ့လယ်မြေကရတဲ့အသီးအနှံ၊ ဂျုံ၊ စသည် နတ်ကွန်းမှာအသုံးပြုဖို့၊ ပေးဖို့ ယူသွားပါဦးမယ်။ ခြင်းတွေအများကြီးနဲ့အပြည့် သီးနှံ၊ ဂျုံ၊ ယာထွက်ပစ္စည်းတွေ ထည့်မယ်။ မြည်းနှစ်ကောင်အပြည့်တင်ပြီး သူ့ရဲ့လယ်ကအလုပ်သမားနှစ်ဦးနဲ့အတူ နတ်ကွန်းကို သွားပါတယ်။ ပြန်လာတော့ နေ့လည်စာကို အသား၊ ပေါင်မုန့် နဲ့ ဘီယာဝေမျှစားကြပါမယ်။
  • နေ့လည်ခင်းပိုင်းမှာ သူကြွယ်ဇနီးဟာနေရောင်ခြည်ခံယူဖို့အတွက် ပန်ုးခြံထဲကိုသွားမယ်။ ကလေးတွေ ကစားစရာအရုပ်တွေနဲ့ ဆော့ကစားနေတာကိုကြည့်ရင်း အပင်တွေရဲ့ အရိပ်တွေကိုငေးရင်း ပျော်ရွှင်မြူးတူးနေမယ်။
  • လယ်သမားဇနီးကတော့ တစ်နေလုံးလိုလို ဂျုံကြိတ်၊ ဂျုံနှဲပြီးတော့ ပေါင်မုန့်ဖုတ်တယ်။ညနေစောင်းမှာတော့ မြစ်ဘေးမှာကလေးတွေနဲ့ လမ်းလျှောက်ရင်း ရေသယ်ကြပါတယ်။
  • သူကြွယ်ကြီးအိမ်ပြန်ရောက်လာတော့ ဒီနေ့ညနေခင်းတည်ခင်းတဲ့ စားပွဲသောက်ပွဲကြီးက အဆင်သင့်ဖြစ်နေပါပြီ။ သူကြွယ်နဲ့ဇနီးသည်တို့က ဖိတ်ထားတဲ့ ဧည့်သည်တွေကို နှုတ်ဆက်စကားဆိုပါတယ်။ ဧည့်သည်တွေရဲ့ အမွှေးနံ့သာ ဖယောင်းဆီမွှေးတွေနဲ့ ကြာပန်းခြင်းတွေကို အစေခံမိန်းကလေးတွေက ယူလာပေးပါတယ်။ သူတို့အားလုံး အကောင်းတကာ့ အကောင်းဆုံး အသားတွေ၊ ပေါင်မုန့်တွေ၊ ကိတ်မုန့်တွေ၊ ၀ိုင်၊ သဖန်းသီးတွေနဲ့ စွံပလွံသီးတွေ စားကြသောက်ကြပါတယ်၊ ဂီတပညာရှင်တွေနဲ့ ကချေသည်လေးတွေ သီဆို ကပြဖျော်ဖြေကြတယ်။ အစီအစဉ်ပြီးတော့ ဧည့်သည်တွေကိုနှုတ်ဆက်ပြီး အိပ်ရာဝင်ကြပါတယ်။
  • လယ်သမားဇနီးကတော့ ညနေစာအတွက် ပေါင်မုန့်၊ အသား နဲ့ ဘီယာနည်းနည်းပြင်ဆင်ပြီး ညစာနည်းနည်းပါးပါးပဲ မိသားစုတွေအတူတကွစားသောက်ကြပါတယ်။ အပြင်မှာမှောင်လာတဲ့အခါ လယ်သမားက မီးအိမ်လေးကိုဆီထည့် မီးညှိပါမယ်။ ကလေးတွေကို အိပ်ရာဝင်စေပြီး၊ မီးအိမ်လေးကို ငြှိမ်းပြီး အိပ်ရာဝင်ကြပါတယ်။
ဒီပုံပြင်လေးက ရှေးအီဂျစ်လူမျိုးတွေရဲ့ ဆင်းရဲ ချမ်းသာဘ၀တွေရဲ့နေထိုင်မှုပုံစံကို ဖေါ်ပြနေပါတယ်။

*********
အစောဆုံးကာလတွေမှာ ရှေးဟောင်းအီဂျစ်လူမျိုးတွေကို မြှုပ်နှံကြတဲ့အခါ သဲကန္တာရထဲ တွင်းသေးသေးတူးပြီး မြှုပ်ကြတယ်။ သဲရဲ့အပူနဲ့ ခြောက်သွေ့မှုဟာ ရုပ်အလောင်းတွေမှာ ရေဓါတ်ခမ်းခြောက်မှု လျှင်မြန်စွာဖြစ်ပေါ်စေပြီး သဘာဝမံမီရုပ်အလောင်း စီမံပြီးသား ဖြစ်သွားကြတယ်လို့ဆိုတယ်။ နောက်ပိုင်းမှာ ရှေးအီဂျစ်လူမျိုးတို့ဟာ ရုပ်အလောင်းတွေကို အခေါင်းတွေထဲထည့်ကြပြီး သဲကန္တာရထဲက တောကောင်ရိုင်းတွေဖျက်ဆီးမှုက စတင်ကာကွယ်လာခဲ့ကြတယ်။ ဒါပေမဲ့ ပူလောင်ခြောက်သွေ့တဲ့ သဲနဲ့ တိတွေ့မရှိတဲ့အခါ အလောင်းတွေ ဆွေးမြေ့ကုန်တာကို သဘောပေါက်ခဲ့ကြတယ်။ ရာစုနှစ်အများကြီး ကြာလာတဲ့အခါ ရှေးအီဂျစ်လူမျိုးတွေဟာ ရုပ်အလောင်းတွေကို မပျက်စီးအောင် ထိမ်းသိမ်းထားနိုင်မယ့်နည်းလမ်း ရှာကြံတီထွင်လာကြတယ်။ အဲဒီနည်းလမ်းက ရုပ်အလောင်းတွေကို အမွှေးနံသာဆေးရည်တွေသုတ်လိမ်းပြီး လီနင်လျှော်ချည်သားပိတ်စတွေ စည်းနှောင်ကာ ထုတ်ပိုးကြတဲ့နည်းပါပဲ၊ အဲဒီနည်းကို မံမီရုပ်အလောင်းဆေးစိမ်ခြင်း (Mummification) လို့ အခုအခါ ခေါ်ဆိုကြတယ်။


မံမီရုပ်အလောင်းဆေးစိမ်ခြင်း
အရေးပါတဲ့လူတစ်ဦးသေဆုံးတဲ့အခါ အဲဒီရုပ်အလောင်းကိုမြုပ်နှံဖို့ သေသေချာချာပြင်ဆင်ဖို့လိုလာပါပြီ။ မံမီရုပ်အလောင်းဆေးစိမ်တဲ့အခါ အဆင့်နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်က ကိုယ်ထည်ကို မပုပ်မသိုးအောင်ဆေးစိမ်ခြင်းနဲ့ ဒုတိယအဆင့်ကတော့ ထုတ်ပိုး မြှုပ်နှံခြင်းပါပဲ။

မပုပ်မသိုးအောင်ဆေးစိမ်ခြင်း
ပထမအဆင့်မှာ ရုပ်အလောင်းကို “အီဘူး”လို့ခေါ်တဲ့ ရုပ်အလောင်းသန့်စင်တဲ့စင်မှာ တင်ပါတယ်။ ဆေးစိမ်မယ့်သူတွေက ရုပ်အလောင်းကို အမွှေးနံ့သာတွေနဲ့ မွှေးကြိုင်နေတဲ့ လက်ဖ၀ါးနဲ့ ဆေးကြောသန့်စင်ပါတယ်။
ပြီးတော့ နိုင်းမြစ်ရေနဲ့ ဆေးကြောတယ်။ ဆေးစိမ်မယ့် သူတွေထဲက တစ်ဦးက အလောင်းရဲ့ဘယ်ဘက်ခြမ်းကို လှီးဖြတ်ပြီး အတွင်းအင်္ဂါတွေဖယ်ရှားလိုက်တယ်။ အတွင်းအင်္ဂါတွေ ဖယ်ရှားဖို့ အရေးကြီးပါတယ်။ အဲဒီအပိုင်းတွေက စတင်ပုပ်သိုးယိုယွင်းတဲ့အပိုင်းတွေဖြစ်တယ်။ အသည်း၊ အဆုတ်၊ အစာအိမ်နဲ့ အူတွေကို ဆေးကြောပြီး နေးထရွန်(သဘာဝသတ္ထုဓါတ်ဆားတစ်မျိုး)နဲ့ ထုတ်ပိုးပါတယ်။

အဲဒီဆားဟာ အင်္ဂါတွေကိုခြောက်သွေ့သွားစေတယ်။ နှလုံးကိုတော့ ထုတ်မယူပါဘူး။ နှလုံးဟာ အသိဥာဏ်နဲ့ ခံစားမှုတွေရဲ ဗဟိုချက်ဖြစ်ပြီး သေလွန်ပြီးဘ၀မှာ လိုအပ်တယ်လို့ဆိုတယ်၊ အီဂျစ်လူမျိုးတွေရဲ့ သေလွန်ပြီးဘ၀ဟာ လူသာမန်တွေအတွက်ဆိုရင် မြေအောက်ကမ္ဘာထဲရောက်သွားပြီး တရားစီရင်မှုကိုခံယူရတယ်။လူကောင်းသူကောင်းတွေက အီဂျစ်တိုင်းပြည်ကြီးလိုပဲ ပြည့်စုံကောင်းမွန်တဲ့နေရာကိုသွားနိုင်ပြီး အဲဒီမှာပဲ အမြဲနေသွားနိုင်တယ်လို့ အယူရှိကြတယ်။ ဖဲရိုးဘုရင်ကတော့ သေလွန်တဲ့အခါ ဖခင်နေနတ်ဘုရား အာမွန်ရာ ဆီပြန်သွားခဲ့တယ်တဲ့။

ရှည်လျားတဲ့ ချိတ်ကတော့ ဦးနှောက်ကို နှာခေါင်းကတစ်ဆင့် ခြေဖျက်ဆွဲထုတ်ယူဖို့ အသုံးပြုကြတယ်။

ကိုယ်ခန္ဓာကို နေးထရွန်ဆားတွေနဲ့ ဖုံးကာပြီး အဲဒီနေးထရွန်ဆားတွေနဲ့ဖိသိပ်ပါတယ်။ အဲဒီဆားတွေက ကိုယ်ခန္ဓာကိုခြောက်သွေ့စေတယ်၊ ရက်လေးဆယ်ကြာတဲ့အခါ နိုင်းမြစ်ရေနဲ့ တစ်ခါ ထပ်ပြီးဆေးကြောပါတယ်၊ ပြီးတော့ အရေပြားတွေ အလပ်စတစ်စလိုချောမွတ် ရှင်သန်နိုင်အောင် ဆီတွေသုတ်လိမ်းပေးကြပါတယ်၊ ရေဓါတ်ခမ်းခြောက်သွားတဲ့ အတွင်းအင်္ဂါတွေကိုလီနင်စနဲ့ ထုပ်ပိုးပြီး ၀မ်းခေါင်းထဲကိုပြန်ထည့်ကြတယ်။ ကိုယ်ထည်တစ်ခုလုံးကို ခြောက်သွေ့နေတဲ့ပစ္စည်း လွှစာမှုံ့၊ သစ်ရွက်ခြောက်တွေ၊ လီနင်ပိတ်သားစတွေနဲ့ ဖိသိပ်တယ်၊ အဲဒီအခါ ရုပ်အလောင်းကြီးဟာ အသက်ဝင်နေသလိုပဲလို့ဆိုတယ်။

နောက်ဆုံးတစ်ခါထပ်ပြီး နံ့သာဆီမွှေးတွေထပ်ပြီး သုတ်လိမ်းကြပြန်တယ်။ အဲဒီအနေအထားမှာ လီနင်ပိတ်သားတွေနဲ့ ဖုံးကာထုပ်ပိုးဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ရှေးလွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ အတွင်းအင်္ဂါတွေကို ကိုယ်ထည်ထဲကထုတ်ယူပြီး ကာနိုးပစ်ခ်အိုးတွေထဲကိုးထည့်ပြီးသိမ်းဆည်းခဲ့ကြတယ်။ ကာနိုးပစ်ခ်အိုးတွေရဲ့အဖုံးမှာ ရုပ်ပုံလေးမျိုးရှိပြီး နေနတ်ဘုရားဟိုးရပ်စ်ရဲ့သားနတ်ဘုရားလေးဦးကို ရည်ညွှန်းတယ်လို့ဆိုတယ်။ နောက်ပိုင်းနှစ်တွေအများကြီး ကြာလာတဲ့အခါ ဆေးစိမ်တဲ့အဆင့်နည်းလမ်းပြောင်းလဲလိုက်တယ်။
နေးထရွန်ဆားတွေနဲ့ အတွင်းအင်္ဂါတွေခြောက်သွေ့စေပြီးတဲ့အခါ ၀မ်းခေါင်းထဲကိုပြန်ထည့်ပြီးသိမ်းဆည်းခဲ့ကြတယ်။ သစ်သားဒါမှမဟုတ် ကျောက်သားကာနိုးပစ်ခ်အိုးတွေကိုတော့ အတွင်းအင်္ဂါတွေ စောင့်ရှောက်စေဖို့ အမှတ်အသားအဖြစ် မံမီရုပ်အလောင်းနဲ့အတူ ထည့်သွင်းမြှုပ်နှံပါတယ်။

  • အင်မ်ဆဲတီလူဦးခေါင်းပုံနတ်ဘုရားက အသည်းကို စောင့်ရှောက်တယ်။
  • ဟာပီဘာဘွန်းမျောက်ဝံဦးခေါင်းပုံနတ်ဘုရားက အဆုတ်ကိုစောင့်ရှောက်တယ်။
  • ဒူရာမူတာဖ့်ခွေးအဦးခေါင်းပုံနတ်ဘုရားက အစာအိမ်ကိုစောင့်ရှောက်တယ်။
  • ကွီဘာဆီးနာဗ့်လင်းယုန်ငှက်ဦးခေါင်းပုံနတ်ဘုရားက အူတွေကို စောင့်ရှောက်တယ်လို့ အယူရှိကြတယ်။
ရုပ်အလောင်းသန့်စင်ပြီး နံ့သာဆီမွှေးတွေနဲ့ပွတ်တိုက်သုတ်လိမ်းပြီးတဲ့အခါ ထုပ်ပိုးဖို့ပြင်ဆင်ကြပါပြီ။

မံမီရုပ်အလောင်းထုပ်ပိုးခြင်း
ဦးခေါင်းနဲ့လည်ပင်းကို လီနင်ပိတ်ချောသားနဲ့ ထုပ်ပိုးတယ်။ လက်ချောင်းတွေနဲ့ ခြေချောင်းတွေကိုတစ်ခုခြင်းစီ သီးခြားထုပ်ပိုးတယ်။ လက်မောင်းနဲ့ ခြေထောက်တွေကို သီးခြားထုပ်ပိုးကြတယ်။ ထုပ်ပိုးတဲ့အလွှာတွေကြားမှာ နှစ်သက်စဖွယ်အဆောင်လက်ဖွဲ့တန်ဆာလေးတွေ ထည့်သွင်းကြတယ်။ အဲဒီလက်ဖွဲ့ပစ္စည်းလေးတွေက မြေအာက်ကမ္ဘာထဲကိုသွားတဲ့အခါ မကောင်းဆိုးဝါးမိစ္ဆာတွေရန်ကိုကာကွယ်နိုင်တယ်လို့ အယူရှိကြပါတယ်။
အိုက်စစ်နောထ့် အဆောင်က ကိုယ်ခန္ဓာကိုကာကွယ်ပေးတယ်။
ချိန်သီးအဆောင်က တော့ နောက်တစ်ဘ၀မှာ ဟန်ချက်ညီနေစေဖို့ ချိန်ညှိပေးတယ်လို့ အယူရှိကြတယ်။

မံမီရုပ်အလောင်းထုပ်ပိုးနေတဲ့အခါ ဘုန်းကြီးက ဂါထာမန္တန်တွေကိုရွတ်ဖတ်ပေးပါတယ်။ ဘုန်းကြီးရွတ်တဲ့ဂါထာတွေကြောင့် မကောင်းဆိုးဝါးတွေရဲ့ရန်ကို ကာကွယ်နိုင်ပြီး သေလွန်တဲ့ဘ၀ခရီးရှည်ကြီးမှာ အကူအညီပေးတယ်လို့ဆိုတယ်။

လက်မောင်းတွေနဲ့ခြေတွေကိုနောက်ဆုံး အတူတူချည်နှောင်လိုက်တယ်။ လက်ထဲမှာ သေဆုံးခြင်းစာအုပ်ပါ စာလုံးတွေရေးသားထားတဲ့ ပါပိုင်းရက်စ်ပင် စာလွှာအလိပ်ကို ထားပေးပါတယ်။
တကိုယ်လုံးကို လီနင်ပိတ်သားတွေထပ်ခါထပ်ခါ ထုပ်ပိုးတယ်။ အလွှာတိုင်းမှာ လီနင်ပတ်တီးစတွေကို ရက်ဆင်းသစ်စေးအဆီတွေ သုတ်လိမ်းပါတယ်။ အဲဒီသဘာသစ်စေးအဆီဟာ ပိတ်သာစတွေတွယ်ကပ်နေစေဖို့ အကူအညီပေးတယ်။

ပိတ်သားတစ်ခုနဲ့ တစ်ကိုယ်လုံးကိုထုပ်ပိုးပြီးတဲ့အခါ အပေါ်မျက်နှာပြင်မှာ အိုဆိုင်းရစ်နတ်ဘုရားပုံ ရေးခြယ်ပါတယ်။

နောက်ဆုံးမှာ ပိတ်သားအကြီးတစ်ခုနဲ့ မံမီရုပ်အလောင်းတစ်ခုလုံးကို ထုပ်ပိုးလိုက်တယ်။ အဲဒီပိတ်စကြီးဟာ ကိုယ်ထည်ထိပ်ပိုင်းကနေ အောက်ခြေရယ် အလယ်ပိုင်းထိပါ ထုပ်ပိုးထားတဲ့ လီနင်ပတ်တီးစတွေနဲ့ တွယ်ကပ်ထားတယ်။

ဆေးခြယ်ထားတဲ့သစ်သားပြားကို မံမီရုပ်အလောင်းအခေါင်းထဲမထည့်ခင်မှာ မံမီရုပ်အလောင်းထိပ်မှာထားပေးတယ်။ ပထမအခေါင်းကို ဒုတိယအခေါင်းထဲကိုထည့်တယ်။
အသုဘအခမ်းအနားကို အဲဒီအချိန်မှာကျင်းပကြတယ်။ မိသားစုတွေငိုကြွေးကြတယ်။ အဲဒီအခမ်းအနားကို “ပါးစပ်ဖွင့်ခြင်း” လို့ခေါ်ဆိုကြပြီး မံမီရုပ်အလောင်းကို အစားအသောက်ကျွေးခြင်း၊ ရေတိုက်ခြင်းပြုလုပ်ပါတယ်။ ပြီးတဲ့အခါ သင်းချိုင်းဂူထဲမှာ မံမီရုပ်အလောင်းနဲ့ အခေါင်းပါ ကျောက်သား ဒါမှမဟုတ် သစ်သား ဆာကော့ဖဂါစ့် ပုံးကြီးထဲကိုထည့်ပါတယ်။ သေသူအတွက် ပရိဘောဂပစ္စည်း၊ အ၀တ်အထည်၊ တန်ဘိုးကြီးအသုံးအဆောင်၊ အစားအစာ နဲ့ အဖျော်ယမကာသောက်သုံးစရာတွေပါ သင်းချိုင်းဂူထဲထည့်ပါတယ်။ အဲဒီအချိန်မှာ သေသူဟာ မြေအာက်ကမ္ဘာကို ခရီးထွက်နိုင်ပြီလို့အယူရှိတယ်။ သေသူရဲ့နှလုံးဟာ အဆုံးအဖြတ်ခံယူရပါတယ်။ သေသူရဲ့နှလုံးသားဟာ ဖြူစင်သန့်ရှင်းတယ်ဆိုရင် လှပတဲ့ကျူတောထဲမှာ ထာဝရနေထိုင်သွားနိုင်ကြပါမယ်။
  • ပိရမစ်တွေ
ရှေးအီဂျစ်လူမျိုးတွေဟာ ပိရမစ်တွေကို ဖဲရိုးဘုရင်တွေနဲ့ မိဖုရားတွေအတွက် သချိုင်းဂူအဖြစ် တည်ဆောက်ခဲ့ကြပါတယ်။ ရှေးဘုရင်ခေတ်မတိုင်မီနဲ့ အလယ်ခေတ်အဆုံးပိုင်းအထိ ပိရမစ်တွေရဲ့ အရွယ်အစားအကြီးအသေးအမျိုးမျိုး တည်ဆောက်ခဲ့ကြတယ်။ ရှေးအီဂျစ်ခေတ်ကတည်ဆောက်ခဲ့တဲ့ ပိရမစ်တွေထဲက လူသိများတဲ့ ပိရမစ်ပေါင်း ၈၀ခန့်ရှိကြတယ်။ အဲဒီပိရမစ်တွေထဲက အကြီးဆုံးနဲ့ အခိုင်ခံ့ဆုံးပိရမစ်ကြီး သုံးခုကို ဂီဇာမြို့တော်မှာ ရှေးဘုရင်ခေတ်အစပိုင်းက တည်ဆောက်ခဲ့ကြပါတယ်၊ နာမည်ကြီးပိရမစ်တွေဟာ ဖဲရိုးဘုရင်ခူးဖူ(Khufu) ရဲ့သင်းချိုင်းဂူတွေဖြစ်ကြတယ်။ ဖဲရိုး(Pharoah)ဆိုတဲ့အသုံးအနှုန်းဟာ ရှေးဟောင်းအီဂျစ်ဘုရင်တွေကို ခေါ်ဆိုတဲ့အသုံးအနှုန်းပါ။ ဖဲရိုးဟာ ဂရိစကားလုံးဖြစ်ပြီး အီဂျစ်လို “မဟာအိမ်ကြီး”လို့အဓိပ္ပါယ်ရပါတယ်၊ အစပိုင်းတုန်းကတော့ ဘုရင်တွေရဲ့ နန်းတော်နဲ့ ကြီးမြတ်မှုကို ရည်ညွှန်းသုံးစွဲခဲ့ကြပေမယ့် နောက်ပိုင်းအီဂျစ်သမိုင်းမှာ ဖဲရိုးကို ဘုရင်(ruler)အဖြစ် တိုက်ရိုက်ခေါ်ဝေါ် သုံးစွဲလာခဲ့ကြတယ်။

ဖဲရိုးခူဖူးဟာ အရင်ဖဲရိုးတွေလိုပဲ ရာဇပလ္လင်ပေါ်ရောက်ရောက်ချင်း သူရဲ့ထာဝရအိမ်တော် တည်ဆောက်ဖို့ အတွက်စီစဉ်ခဲ့ပါတယ်။ နိုင်းမြစ်အနောက်ဘက်ကမ်းမှာပဲတည်ဆောက်ဖို့ရွေးချယ်ခဲ့တယ်။ နေဟာ အနောက်ဘက် မိုးကုတ်စက်ဝိုင်းထဲ ညတိုင်းဝင်တာကြောင့် သင်းချိုင်းတွေကို အနောက်ဘက်ကမ်းမှာပဲ တည်ဆောက်ဖို့ရွေးခြယ်ကြတယ်လို့ ဆိုတယ်။

ဖဲရိုးခူဖူးရဲ့ ဗိသုကာပညာရှင်တွေဟာ ဥာဏ်ပညာကြီးပြီး အတွေ့အကြုံများတဲ့လူတွေဖြစ်ကြတယ်။ သူတို့ဟာ ဖဲရိုးခူဖူးရဲ့ နောက်ဆုံးအနားယူရမယ့်နေရာအဆောက်အဦရဲ့  အရေးကြီးပုံကိုသိကြတယ်။ဒါကြောင့်အနားတွေကို မြောက်၊ တောင်၊ အရှေ့ နဲ့  အနောက်တည့်တည့်ကျအောင် တည်ဆောက်ဖို့ပြင်ဆင်တယ်။ သူတို့တည်ဆောက်ခဲ့သမျှ ပိရမစ်တွေထက်အကြီးဆုံး ပိရမစ်ကြီးကိုတည်ဆောက်ဖို့ အနားသတ်လိုင်းတွေ သဲကန္တာရထဲမှာအရင်မှတ်သားပါတယ်။

ပြီးတော့ အဆောက်အဦစတင်ဆောက်လုပ်တယ်။ အနီးအနားကျောက်ကျင်းတွေက ကြီးမားတဲ့ ကျောက်တုံးအရွယ်အစားတွေဖြတ်ယူတယ်။ လူအင်အားတွေအများကြီးသုံးပြီး ပိရမစ်ဆောက်လုပ်မယ့်နေရာကို ဆွဲယူ တပ်ဆင်ကြတယ်။ အလုပ်သမားအများစုဟာ လယ်သမားတွေ ဖြစ်ကြပါတယ်၊ နိုင်းမြစ်ရေလျှံနေတဲ့အခါ သူတို့ရဲ့ လယ်ယာမြေတွေ ရေအောက်ရောက်နေတဲ့အချိန်ရာသီမျိုးမှ ပိရမစ်တည်ဆောက်ရေးလုပ်ငန်းတွေအတွက် အလုပ်လုပ်ကြတယ်။

ပထမအဆင့်ကျောက်သားတွေနေရာချပြီးတဲ့အခါ၊ အလုပ်သမားတွေက ရွှံခဲ၊ ထုံးကျောက်လွှာတွေနဲ့ ရွှံစေးတွေကို ဆင်ခြေလျှောသဏ္ဍာန်တည်ဆောက်ကြတယ်။ ကြီးတဲ့ကျောက်တုံးတွေကို ပိရမစ်ရဲ့ နောက်တစ်ဆင့်တည်ဆောက်ဖို့အတွက် ဆင်ခြေလျှောအတိုင်းဆွဲတင်ကြတယ်။

ပိရမစ်တစ်ခုကို နှစ်၂၀ခန့် အလုပ်သမား ရာပေါင်းများစွာတည်ဆောက်ကြရပါတယ်။တစ်ဆင့်စီတည်ဆောက်သလို ပိရမစ်ပတ်လည် ဆင်ခြေလျှောကိုလည်း တည်ဆောက်သွားကြပါတယ်။

ပိရမစ်ပြီးဆုံးလုနီးမှာ၊ ရွှေ၊ ဒါမှမဟုတ် အီလက်ထရန် ရွှေငွေစပ်သတ္ထုနဲ့ဖုံးကာထားတဲ့ အထူးကျောက်တုံးကြီးကို ပိရမစ်ရဲ့ထိပ်ဆုံးမှာထားပါတယ်။

အဲဒီနောက် နိုင်းမြစ်ကိုဖြတ်ပြီးသယ်ယူလာတဲ့ အဖြူရောင်ထုံးကျောက်တုံးနဲ့ ပိရမစ်တွေကို ဖုံးကာကြလေ့ရှိပါတယ်။ အဲဒီကျောက်တုံးတွေကို ပိရမစ်အပြင်သားအတွက် ချောမွတ်အောင် သေသေချာချာဖြတ်တောက်ပြင်ဆင်ကြပါတယ်။

ထုံးကျောက်တုံးတွေဖုံးကာပြီးတဲ့အခါ ပိရမစ်တည်ဆောက်တာပြီးဆုံးပါတယ်။

ဂီဇာမြိ့က ဖဲရိုးခူဖူးပိရမစ်အဆောက်အဦအစုအဝေးမှာ တခြားအပိုင်းတွေပါဝင်ပါတယ်။မိဖုရားသုံးပါးအတွက် ပိရမစ်သုံးခု၊ လှေတွေမြှုပ်ထားတဲ့ အလွန်နက်တဲ့ကျင်းတွေလည်းပါဝင်တယ်၊ ဖဲရိုးခူဖူးသေဆုံးပြီးတဲ့အခါ သူ ဘုရားဝတ်ပြုဆုတောင်းရမယ့်နတ်ကွန်း၊ ပိရမစ်ကနေနတ်ကွန်းတွေရှိရာသွားနိုင်မယ့်စင်္ကြလမ်း၊ ဖဲရိုးအသုဘအခမ်းအနားစတင်မယ့် နတ်ကွန်း၊ ဆက်သွယ်သွားလာနိုင်တဲ့ သီးခြားပိရမစ်သေးတစ်ခု၊ မှုးမတ်တွေအတွက် မာစတာဘာသင်းချိုင်းဂူအဆောင်(လေးထောင်ပုံစံရှိပြီး အမိုးပြားအဆောက်အဦ၊ မြေအောက်မှာ ရုပ်အလောင်းတွေထားပြီး မြေပေါ်မှာက ၀တ်ကျောင်းဆောင်ထားပါတယ်)တွေပါဝင်ကြတယ်။
  • နတ်ဘုရား နတ်သမီးများ
ရှေးအီဂျစ်လူမျိုးတွေဟာ နတ်ဘုရား၊ နတ်သမီးတွေ အများကြီးပဲ ယုံကြည်ကိုးကွယ်ကြတယ်။ တချို့နတ်ဘုရားတွေနဲ့နတ်သမီးတွေက ဖန်ဆင်းတယ်။  တချို့ကနှစ်စဉ်ရေကြီးခြင်းကိုဆောင်ယူလာတယ်၊ တချို့က ကာကွယ်စောင့်ရှောက်တယ်။ တချို့က သေလွန်ပြီးကာလတွေမှာ စောင့်ရှောက်တယ်။ တချို့က မြိ့ရွာလေးတွေကိုစောင့်ရှောက်တယ်။ တချို့က အပင်တွေနဲ့ တိရစ္ဆာန်လေးတွေကို စောင့်ရှောက်ကြပါတယ်။ ရှေးအီဂျစ်လူမျိုးတို့ဟာ နတ်ဘုရားတွေကိုအစဉ်အမြဲသတိတရ ပူဇော်ပသကြမှ သူတို့ရဲ့ဘ၀လမ်းခရီးချောမွေ့တယ်လို့ အထူးယုံကြည်ကြပါတယ်။

နတ်ဘုရားပုံပြင်
ကြမ်းတမ်းလှိုင်းထနေတဲ့ရေတွေမှာ သူတော်စင်မတစ်ပါးတည်းရှိနေတယ်တဲ့။ တစ်နေ့မှာ ရေထဲက တောင်ကုန်းတစ်ခုပေါ်လာပြီး အဲဒီတောင်ကုန်းကို ဘန်းဘန်း(Ben-Ben) လို့ခေါ်တယ်။ အဲဒီတောင်ကုန်းမှာ အားတန် နတ်ဘုရားစောင့်တယ်။ အဲဒီနတ်ဘုရားကပထမဆုံးနတ်ဘုရားလို့ဆိုတယ်။ အားတန်နတ်ဘုရားကချောင်းဆိုးပြီး ထွေးထုတ်လိုက်တော့ ရှုး(လေနတ်ဘုရား)နဲ့ တဲ့ဗ်နာ့ထ်(ရေခိုးရေငွေ့နတ်သမီး)တို့မွေးဖွားလာတယ်။  ရှုးနဲ့ တဲ့ဗ်နာ့ထ်တို့မှာ ကလေးနှစ်ယောက်ရှိကြတယ်။ ပထမကလေး ဂက်ဘ်(မြေနတ်ဘုရား)နဲ့ နာ့ထ်(ကောင်းကင်နတ်သမီး)တို့ဖြစ်ကြတယ်။ ရှုးနတ်ဘုရားက နာ့ထ်ကို ပင့်မထားပြီး နာ့ထ်နတ်သမီးဟာ ဂက်ဘ်ရဲ့မျက်နှာကြက်ကောင်းကင်ဖြစ်လာခဲ့တယ်။ နာ့ထ်နဲ့ ဂက်ဘ်တို့မှာ ကလေးလေးယောက်ရှိကြတယ်၊။ အိုဆိုင်းရစ်၊ အိုက်စစ်၊ ဆက်သ်နဲ့ နက်ပ်သီးစ် တို့ဖြစ်ကြတယ်။အိုဆိုင်းရစ်နတ်ဘုရားဟာလည်း မြေနတ်ဘုရားဖြစ်ပြီး အိုက်ဆစ်က မိဖုရားဖြစ်တယ်။ အိုဆိုင်းရစ်ဟာ ဘုရင်ကောင်းဖြစ်ခဲ့ပြီး မြေနတ်ဘုရားအဖြစ်နှစ်ပေါင်းများစွာအုပ်စိုးခဲ့တယ်လို့ဆိုတယ်။ ဒါပေမဲ့လည်း အရာရာတိုင်းကမကောင်းနိုင်ဘူး၊ ဆက်သ်က အိုဆိုင်းရစ်ကို မလိုမုန်းထားဖြစ်ခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ သူက မြေနတ်ဘုရားအဖြစ်အုပ်ချုပ်လိုတဲ့အတွက်ဖြစ်တယ်။ တစ်နေ့တစ်ခြား ဒေါသအမျက်ပိုကြီးမားလာခဲ့ပြီး တစ်နေ့မှာတော့ အိုဆိုင်းရစ်ကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အိုဆိုင်းရစ်ဟာ မြေအောက်ကမ္ဘာထဲရောက်သွားပြီး ဆက်သ်ကမြေပေါ်မှာကျန်ခဲ့တယ်။ ဘုရင်ဖြစ်သွားခဲ့ပါတယ်၊ အိုဆိုင်းရစ်နဲ့ အိုက်စစ်တို့မှာ ဟိုးရပ်စ် ဆိုတဲ့ သားတစ်ဦးရှိတယ်။ ဟိုးရပ်စ်က ဆက်သ်ကိုပြန်လည်တိုက်ခိုက်ခဲ့ကာ ရာဇပလ္လင်ပြန်ရတယ်လို့ဆိုတယ်။ အဲဒီနောက်မှာ ဟိုးရပ်စ်က မြေဘုရင်ဖြစ်လာပြီး အိုဆိုင်းရစ်က မြေအာက်ကမ္ဘာရဲ့ဘုရင် အသီးသီးဖြစ်လာခဲ့ကြပါတယ်။
  • ဖဲရိုးရှေးအီဂျစ်ဘုရင်များ
ရှေးအီဂျစ်နိုင်ငံမှာ စွမ်းအားအကြီးဆုံးလူသားဟာ ဖဲရိုးပါ၊ ဖဲရိုးဟာ အီဂျစ်လူမျိုးတွေရဲ့ နိုင်ငံရေးနဲ့ ဘာသာရေးခေါင်းဆောင်ဖြစ်တယ်။ “တိုင်းနှစ်တိုင်းအရှင်သခင်” “နတ်ကွန်းတိုင်းရဲ့ကြီးမြင့်တဲ့ဘုန်းတော်ကြီး” ဆိုတဲ့ဘွဲ့တော်တွေရရှိထားသူလည်းဖြစ်ပါတယ်။ ဖဲရိုးဟာ မြေနတ်ဘုရားကိုလည်း ကိုယ်စားပြုပြန်တယ်လို့ ဆိုကြတယ်၊ ဖဲရိုးက ဘာသာရေးအခမ်းအနားတွေပြုလုပ်တယ်။ နတ်ကွန်းတွေတည်ဆောက်ပြီး နတ်ဘုရားတွေကို အရိုအသေပေးပါတယ်၊ ဖဲရိုးတွေဟာ သူတို့ရဲ့တိုင်းပြည်ကိုခြိမ်းခြောက်ခံလာရပြီ ဒါမှမဟုတ် တခြားတိုင်းပြည်တွေကို ထိန်းချုပ်လိုတဲ့အခါ စစ်ပြုဖို့ဝန်မလေးသူတွေပါ၊ အဲဒီစစ်ပွဲအောင်နိုင်ခဲ့ပြီဆိုရင် စစ်ရှုံးတိုင်းသူပြည်သားတွေဟာ ကိုယ်မြေယာတွေက အကောင်းတကာ့အကောင်းဆုံး ကုန်ပစ္စည်းတွေ ဖဲရိုးကိုဆက်သရမယ်ဆိုတာ နားလည်သဘောပေါက်ထားရပါတယ်။

စစ်ပွဲ
ရမ်းမက်စက်စ် ၂ ဟာ အီဂျစ်နိုင်ငံကနေ နူဘီယာကို စစ်ပြုဖို့အတွက် ခရီးထွက်ခဲ့တယ်။ အီဂျစ်ဖဲရိုဟာ နူဘီယာတိုင်းပြည်ကိုစစ်ပြုတာ အကြောင်းပြချက်နှစ်ရပ်ရှိခဲ့တယ်။ ပထမတစ်ချက်က နူဘီယာဟာ အီဂျစ်တောင်ပိုင်းနယ်စပ်ဒေသဖြစ်ပြီး အီဂျစ်နယ်စပ်ဒေသတွေကို ခြိမ်းခြောက်နေတာကြောင့်ရယ်၊ နောက်တစ်ချက်က နူဘီယာမှာ တိရစ္ဘာန်သားကောင်အထူးအဆန်းတွေ၊ သစ်နဲ့ ရွှေကြောတွေရှိတာကြောင့်လို့ဆိုကြတယ်။ စစ်ပွဲစတင်ခဲ့တဲ့အခါ ရမ်းမက်စက်စ် ၂ ဟာ ရှေးခေတ် နှစ်ဘီးတပ်စစ်ရထားစီးပြီး ရန်သူတွေကြားထဲ ၀င်တိုက်ခိုက်ခဲ့တယ်။ သူ့ရဲ့လေးနဲ့မြှားကိုအသုံးပြုပြီးတိုက်ပါတယ်။ ရမ်းမက်စက်စ် ၂ ရဲ့ သားနှစ်ပါးကလည်း စစ်ရထားကိုယ်စီ စီးနင်းပြီး နောက်ကလိုက်ခဲ့တယ်။ တချို့ နူဘီယန်စစ်သားတွေဟာ လေးမြှားဒဏ်သင့်ပြီး မြေကြီးပေါ်ပုံလဲကျနေကြတယ်။ တခြားစစ်သားတွေကတော့ ရမ်းမက်စက်စ်ရန်က လွတ်အောင် ဟိုသည်ပြေးလွှားကြတယ်။ စစ်သားတစ်ဦးဟာ ဒဏ်ရာရခဲ့ပြီး အဲဒီစစ်သားရဲ့ သူငယ်ချင်းက အိမ်ကိုတွဲခေါ်ခဲ့တယ်လို့ဆိုတယ်။ သူတို့ရွာကိုရောက်တဲ့အခါ အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးကိုတွေ့ကြတယ်၊ စစ်ပွဲပြီးဆုံးသွားခဲ့ပါပြီလို့ စစ်သားတွေကပြောပါတယ်။

အဖိုးတန်ဘဏ္ဍာတော်အပ်နှင်းပွဲ
ရမ်းမက်စက်စ် ၂ စစ်အောင်သွားခဲ့တဲ့အခါ နူဘီယန်တိုင်းသူပြည်သားတွေဟာ အကောင်းဆုံးအစားအသောက်၊ ကျွဲနွားတိရစ္ဆာန်၊ ရွှေ နဲ့ တခြား ပစ္စည်းတွေပါ ဘုရင်ကို ဆက်သရပါတယ်။ ရမ်းမက်စက်စ်၂ဟာ အထူးလည်ဆွဲနဲ့ ခေါင်းဆောင်းကို ၀တ်ဆင်ပြီး ကဲနိုပီပလ္လင်မှာ ထိုင်နေတယ်၊။အခွန်ဘဏ္ဍာဆက်သတာတွေကိုလက်ခံယူဖို့ စောင့်နေခဲ့ပါတယ်။ ဗီဇီးယားအကြံပေးက ရမ်းမက်စက်စ်၂ ကို ပလ္လင်ရှေ့ကနေ နှုတ်ခွန်းဆက်သတယ်။

အခွန်ဆက်သသူတွေ တရွေ့ရွေ့တန်းစီလာနေကြတယ်။ တိရစ္ဆာန်အမျိုးစုံသယ်ဆောင်လာကြတယ်၊။ကျားသစ်တစ်ကောင်၊ နွားထီးတစ်စုံ၊ သစ်ကုလားအုပ်တစ်ကောင်၊ လှပတဲ့ဆတ်တစ်ကောင်၊ ငှက်ကုလားအုပ်တစ်ကောင် သယ်ဆောင်လာကြတယ်။ နူဘီယန်စစ်သားတွေက လက်နက်တွေသယ်ဆောင်လာကြပြီး သူတို့ ရမ်းမက်စက်စ်ကို တိုက်ခိုက်ခြင်း မပြုတော့တဲ့ အကြောင်းသက်သေပြကြပါတယ်။ ခြင်္သေ့ကတော့ တိရစ္ဆာန်တွေထဲမှာ စွမ်းအားအကြီးဆုံးဖြစ်ပြီး ရမ်းမက်စက်စ် ၂ ကို ကျေနပ်ဝမ်းမြောက်ခြင်းဖြစ်စေတယ်။ ဆင်စွယ်အစုအပုံတွေလည်းပါတယ်။သစ်နက်သားတွေရယ်၊ ငှက်ကုလားအုပ်အမွှေးအတောင်နဲ့ ပြုလုပ်ထားတဲ့ ယပ်တောင်ကြီးတွေကိုလည်း သေသေချာချာသယ်လာကြတယ်။ ငှက်ကုလားအုပ်သားမွှေးတွေ၊ ငှက်ကုလားအုပ်ဥတွေ၊ တိရစ္ဆာန်သားရေတွေ ရွှေတွေကို စုပုံထားကြပါတယ်။

နူဘီယန်တိုင်းပြည်ရဲ့အီဂျစ်ဘုရင်ခံအတွက်လည်း ဆုလာဘ်အဖြစ် ရွှေလည်ဆွဲချီးမြှင့်ခံရပါတယ်။ အဆုံးမှာ ရမ်းမက်စက်စ်၂ အနီးမှာ မင်းသားတစ်ဦးမတ်တပ်ရပ်နေတယ်။ အဲဒီမင်းသားဟာ သူရဲ့ဖခင်အီဂျစ်ဖဲရိုးအတွက် အဖိုးတန်ဘဏ္ဍာတော်တွေ အပ်နှင်းနေကြတာကို ကြည့်ပြီး ၀မ်းမြောက်ဝမ်းသာဖြစ်နေခဲ့ပါတယ်။        ။

                    http://www.ancientegypt.co.uk/menu.html
နွယ်နီမဂ္ဂဇင်း
မေလ ၂၀၁၁