Friday, November 30, 2012

ပပ ထူမှ ထမယ်

အမေငယ်ငယ်က သမီးဖွားဖွားပြောတဲ့ ပုံတွေထဲမှာ ဘုရားအလောင်း မင်းကုသဇာတ်ကလဲ ဘုရားလောင်း သိဝိမင်းဇာတ်လိုဘဲ ခလေးတွေ တော်တော်ကြိုက်ကြတယ်။

သိဝိမင်းဇာတ်မှာတော့  ဘခင်ဖြစ်သူကိုယ်တိုင်က သမီး ဥမ္မာဒန္တီရဲ့ အလှဟာ မင်းစိုးရာဇာနဲ့မှ ထိုက်တန်တယ်ရယ်လို့ ဘုရင်ကို ဆက်သခဲ့ပါလျက် ကြားကမလိုသူတွေရဲ့ စကားနားဝင်ပြီး တော်မကောက်မိဘဲ လွဲချော်ခဲ့ရတာကိုး။ ဒီတော့မယ်ဥမ္မာက ရှက်စိတ်နာလွန်းလို့  နက္ခတ်ပွဲသဘင်နေ့မှာ အခွင့်ကြုံတာနဲ့ လက်စားချေတော့တာပဲ။ ဘယ်လို ချေသလဲဆိုတော့ တောင်ထိပ် နက္ခတ်ပွဲသဘင် ရှုစားဖို့ မင်းခန်း မင်းနားနဲ့ သိဝိဘုရင် ဆင်စီးပီးထွက်ကြွအလာ ဥမ္မာဒန္တီက သူ့ကိုယ်သူ အလှဆုံးပြင်ဆင် လေသာခန်းမ ပြတင်းဝက ရပ်လို့ဆီးတဲ့ပြီး ပန်းတွေနဲ့ ပစ်ပေါက် ကြဲပက်တော့ တာကိုး။ သူ ဘယ်လောက်လှသလဲ သူ့အလှကို သိဝိမင်းမြင်အောင် ပြတာပေါ့ကွယ်။ ဒီတော့ မရူးဘဲ ဘယ်မှာ ခံနိုင်မလဲ။ ဆင်ထက်က ကျလို့ ဥုံရေ.. မာရေ..နဲ့ ရူးတော့တာကိုး။ 

ရူးခန်းဆိုတော့ ခလေးတွေက သဘောကျတာပေါ့။ ဒီအချိန်မှာ ဥမ္မာဒန္တီက စစ်သူကြီးကတော်ဖြစ်နေပြီ။မရနိုင်တော့ဘူးလေ။ ယူကြုံးမရဖြစ် အပူလုံးတွေထလို့  သွက်သွက်ကို ခါရောဘဲတဲ့။ ဇာတ်တော်ထဲမှာ ဒီလိုဆိုပါတယ်။ မိုးသားကင်းစင်ပြီး ရွှန်းတင့်နေတဲ့ လပြည့်ဝန်းရဲ့ အလှဟာ တန်ဆောင်တိုင်ညမှာ လူတွေကို ဖမ်းစားနေသလား ထင်မှားစရာပါ။  ကုသဇာတ်မှာတော့ သာဂလတိုင်းပြည်ကြီး သူဌေးသမီး ပပ၀တီ ဟာ ခုနှစ်ဆောင် တိုက်ခန်းမှာ မီးမထွန်းဘဲ လင်းစေတဲ့သတ္တိရှိသတဲ့။ ချောတာ လှတာကလဲ ဘုံကြိုးပြတ်တဲ့ မိုးနတ်သူဇာတောင်ရှုံးရသတဲ့။

သာဂလခေါ်  .. တိုင်းပြည် ကြီးဝယ်  .. ပပ၀တီရယ် .. ခုနှစ်ဆောင် တိုက်ခန်း ကို   ....မီးမထွန်းဘဲ ..လင်းရပြန်ပေတယ်..အလောင်းတော်ဘုရင် ကုသမင်း အဆင်းမလှပြန်တယ်   .. မင်းပပကို ကြံရွယ် ..ညီတော်ကို ဘမ်းပြကာ လှည့်စားလို့ အရုပ်ဆိုးသူများက လှတာကိုမှ သူက လိုချင်တယ်.။

တနေ့သော် ရေကန်တွင်းဝယ် ..ယမင်းပပ ဆင်းကာ စံပယ် .... ရေကစားကာ ..ခေါင်းလျှော်ရင်း..များပျိုတသင်းရယ် .. မပျင်းဖွယ် ..၀န်းရံ ခကြတယ် ကုသဘုရင် ကြာပင် အောက်ကရယ် ..၀မ်းမြောက် ၀မ်းသာ ခုမှ မြင်ရတယ် အတင်းပါကွယ် ..ရေကန်တော်ထဲ ..လက်ဆွဲခန်းပေါ်တယ်.. 

သာဂလဘုရင့် သားတော်ကြီးက မင်းကုသ ပေါ့ ။ညီနောင်နှစ်ပါးရှိကြတယ်။ သားတော်ကြီးက ငယ်ငယ်က ကျောက်ပေါက်လို့ အရုပ်ဆိုးအကျည်းတန်ပြီး ညီတော်ကတော့  ချောလွန်းလှလွန်း နေပါသတဲ့။ အရုပ်ဆိုးတဲ့သူများ လှတာကိုမှလိုချင်တယ်တဲ့။ မင်းကုသက ပပမှ ပပ ဖြစ်နေတာပေါ့။ ပပ၀တီ ရေကစားထွက်စံစဉ် ညီတော်ကို ဘမ်းပြပြီး ကြာဘက်အောက်ကနေ မနေနိုင် မထိုင်နိုင် လက်ကို အတင်းအဓမ္မ ဆွဲထား သတဲ့။  ဒီတော့ ပပ၀တီက ရွှေရင်ဖိုပြီး  အော်ငိုတော့တာပေါ့ သူရဲကြီး သူ့လက် ဆွဲပါတယ်ပေါ့။ ပပ၀တီက အော်လေ  မေမေတို့က ရယ်ချင်လေ တ၀ါးဝါး  တဟားဟားပေါ့ လေ။ မဟားပဲ နေပါ့မလား။ သမီးအဖွားက အနားကလူလက် အတင်းဆွဲ ပြီး သရုပ်ဖေါ်ကောင်းနေတော့ မေမေတို့အားလုံး  မပြုံးဘဲ ၀ါးလုံကွဲ  ဟားကြတာပေါ့။ အမှတ်ရမိတယ်။

ဒါပေမဲ့ သနားပါတယ်ကွယ် သူ့ခမြာ လူကြီးချင်း ထိမ်းမြားလက်ထပ်ပေးဖို့ ရွှေလမ်းငွေလမ်း ဖေါက်ထားတာတောင်  ပပ၀တီက မချစ်နိုင် မကြိုက်နိုင်ပါဘူး တဲ့။ အတင်းငြင်းဆန်ပြီး မိဘရပ်ထံ ပြန်ပြေးပါလေရောတဲ့။ ဒီတော့ ကုသမင်းသားက ပပ၀တီရဲ့ မိဘများနေထိုင်ရာ အိမ်ကို စောင်းတော်ကြီးပိုက် လိုက်ပြီး အဆောင်တော်ပြတင်းဝနားသွားပြီး စောင်းသံပေး ချစ်ရေးဆိုခဲ့ပေမဲ့ နားခါးလွန်းလို့ မကြားချင်ဘူးဟဲ့ ရုပ်ကြီးကို အော့နှလုံးနာလွန်းလို့ တဲ့။ ခု နှင်ထုတ်ကြ.ဟဲ့ နဲ့ ။ အထိန်းတော်တွေကို ဆိုသတဲ့။

ဒီတော့ ကုသမင်းက အိုးလုပ်တဲ့ အိမ်က အိုးသည်ဆီမှာ သူ့ဖြစ်စဉ်ကို ဇာတ်လမ်းထွင်  အရုပ်ရေးလို့ အိုးဖုတ်စေသတဲ့။ အိုးဖုတ်ပြီး ပပ၀တီထံ ဆက်သတဲ့အခါမှာတော့ ပပ၀တီက စိတ်ဆိုးလွန်းလို့ ပေါက်ခွဲပြစ်လိုက်သတဲ့။ နောက်တခါ ဖျာယက်တဲ့အိမ်မှာနေပြီး သူ့ဖြစ်စဉ်ကို ဖျာမှာ အရုပ်ထည့် ယက်စေပြီး ဆက်ပြန်သတဲ့။ ဒါလဲ မရဘူး။ နောက်တခါ စားတော်ကဲနဲ့ ပေါင်းပြီး ဟင်းကောင်းတွေ ထမင်းကောင်းတွေဆက်သပေမဲ့လဲ မယ်ပပ က ပေါက်ခွဲ ပြစ်လိုက်တာမို့ ထမင်းအုပ်ကြီးလဲကွဲ မှောက်ရက်များတောင် ဗွက်ထဲ လဲပါသတဲ့။ လဲသွားတဲ့ အချိန်ကစလို့ ဘယ်သူမှ ထူလို့ မရဘဲ ပပထူမှ ထမယ် ချည်း ဘဲ။ နားပူနားဆာပြောနေတော့တယ်။ နောက်ဆုံးမှာတော့ သူက ဘုရားလောင်းမင်းသားမို့လား။ နတ်တွေ နိုးဆော်လို့ သို့မဟုတ် ဇာတ်ထဲမှာတော့ နတ်တွေက ပပ၀တီကို ထူပေးရင် ပေး မပေးရင် ခုနှစ်ပိုင်း ပိုင်းပြီး ခုနှစ်ပြည်ထောင် မင်းတွေ ဝေပေးမယ် လို့ သတိပေးအော်ဟစ်ကြတော့မှ ပပ၀တီက ကြောက်လန့်ပြီး ထူပေးရသတဲ့။ ရွှံ့ဗွက်တွေပေနေတာကို ပပ က ဆေးကြောပေးရသတဲ့ ။ 

အဲဒီတော့မှ  ကုသမင်းဟာလည်း ကမ္ဘာမှာ အလှဆုံး မင်းသားလေး ဖြစ်သွားပါရောတဲ့ကွယ်။အားလုံးဇာတ်ပေါင်းလိုက်တော့ ကုသမင်းက ပပ၀တီကို လက်ဆွဲ လို့ အောင်စည်တော်ယွန်း ပြီး နန်းသိမ်းပွဲ ခံပါလေရော တဲ့ကွယ်..။

အိုးတော်ခေါင်းနဲ့ သူပေါင်းတယ် ။ ဖျာတော်ခေါင်းနဲ့ သူပေါင်းတယ် ဇာတ်စုံခင်းလို့ ပပလက်တွင်း  ဆက်သွင်း တယ်..လုံ့လလဲမလျှော့ဘူးကွယ် ..၀ိရိယလဲ ..မလျှော့ဘူး ..ကွယ် ပပကိုမှ မရရင်  ..အဟုတ်မနေနိုင်ပါတယ်..

တနည်း တဖုံကြံတယ် စားတော်ကဲနဲ့ တွဲကာ ၀င်ပြန်တယ်.. ပွဲတော်အုပ် ကို သူထမ်းလို့  ..ချစ်စမ်းပါ့ ခင်ရယ် …ကြိုက်စမ်းပါ့ ခင်ရယ် ..

တပါးကညာရယ် …သနား မညှာ တယ် ..ကုသမောင် ..မျက်နှာမွဲ.. မှောက်ရက်လဲ အောင် ..သူပြုရက်တယ်.. အရွယ်လှတဲ့ မယ်ပပ ပျို .ရယ်  မင်းကိုယ်တိုင် ထူမှ ..ထမယ်  ထမယ် ကွယ်။

ဒီသီချင်းကို ရန်နိုင်စိန်က ရေးပြီး ဥသြဘသောင် က သီဆိုထားပါတယ်။

မေမေ ခင်မေသစ်

Thursday, November 29, 2012

ဟော်ကီကစားကြတဲ့ လိမ္မော်ရောင်မိန်းမပျိုလေးများ

ဟော်ကီကစားကြသူတွေမှာ အမျိုးသားတွေအပြင် အမျိုးသမီးလေးတွေလည်း ကြမ်းကြမ်းရမ်းရမ်း ပါဝင်ကစားကြတာပါပဲ။ အပြည်ပြည်ဆိုင်ရာဟော်ကီအဖွဲ့ချုပ်ကနေ ၁၉၇၈ ကနေစတင်ကျင်းပပြုလုပ်ခဲ့တဲ့ ဟော်ကီချန်ပီယံဖလားပြိုင်ပွဲတွေမှာ အမျိုးသမီးလေးတွေလည်း ၁၉၈၇ နောက်ပိုင်းမှာ ပါဝင်ကစားလာခဲ့ပါတယ်။ အဲဒီ ပထမဆုံးအမျိုးသမီးဟော်ကီချန်ပီယံဖလားပြိုင်ပွဲမှာ နယ်သာလန်အမျိုးသမီးအသင်းက ပထမဆု၊ သြစတြေးလျက ဒုတိယ နဲ့ ကိုးရီးယားက တတိယဆု၊ ကနေဒါက စတုတ္ထဆု အသီးသီးရရှိခဲ့ကြတာပါ။ ၁၉၉၁ နောက်ပိုင်း ၁၉၉၉ ထိ သြစတြေးလျအမျိုးသမီးအသင်းက အောင်ပွဲတွေဆက်လာခဲ့ပြီး နောက်ပိုင်း နယ်သာလန်၊ အာဂျင်တီနားအမျိုးသမီးအသင်းတွေက သြစတြေးလျအသင်းရဲ့ အောင်မြင်မှုတွေကို ကျော်တက်လာခဲ့တယ်။
ဟော်ကီကစားနည်းဟာ အသင်းနှစ်သင်းဘောလုံးတစ်လုံး ဒါမှမဟုတ် ဟော်ကီပြား(puck) လေးကို ဟော်ကီတံနဲ့ ကိုယ့်ဘက်ပါအောင် ဆွဲယူတိုက်စစ်ဆင်ကစားရတဲ့ အားကစားနည်းထဲကတစ်မျိုးပါ။ နေရာအနေအထားပေါ်မူတည်ပြီး ကွင်းပြင်ဟော်ကီ၊ ရေခဲပြင်ဟော်ကီဆိုပြီး ရှိကြပါတယ်။ အဲဒါတွေအားလုံးကို ရိုးရိုးပဲ ဟော်ကီလို့ပဲ ခေါ်ကြတယ်။ ဟော်ကီစကားလုံးကိုတော့ ၁၃၆၃ခုနှစ်မှာ အင်္ဂလန်ရဲ့ သုံးယောက်မြောက်ဘုရင် အက်ဒ်ဝပ်ခေတ်မှာ စတင်ကြေငြာအသုံးပြုခဲ့တယ်လို့ မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ ချိတ်ပုံစံကွေးကွေးကောက်ကောက်တုတ်တံနဲ့ ကစားရလို့ ပြင်သစ်စကားလုံး hoquet (hooked) လို့ နာမည်ခေါ်လိုက်ကြတယ်တဲ့။
Hockey Stick
ကွင်းပြင်ဟော်ကီ(Field hockey)ဟာ ကျောက်စရစ်ခင်း၊ သဘာဝမြက်ခင်း၊ သဲစပ်စပ်မြေ ဒါမှမဟုတ် ရေပါဝင်မှုရှိတဲ့မြက်ခင်းအတုလိုနေရာမျိုးမှာ ခပ်သေးသေး၊ မာမာကျောကျောဘောလုံးလေးနဲ့ ကစားရတာပါ။ ကမ္ဘာတစ်ဝှမ်းက အမျိုးသား၊ အမျိုးသမီးတွေ အထူးသဖြင့် ဥရောပ၊ အာရှ၊ သြစတြေးလျ၊ နယူးဇီလန် နဲ့ တောင်အာဖရိကလိုနိုင်ငံတွေမှာ ပိုမိုနှစ်ခြိုက်စွာကစားကြလေ့ရှိတယ်။ အမျိုးသား၊ အမျိုးသမီး အတူရောပြီးကစားကြတာလည်းရှိပေမယ့် အမျိုးသား၊ အမျိုးသမီး သပ်သပ်စီ ကစားကြတာက ပိုပြီးများပါတယ်။ အပြည်ပြည်ဆိုင်ရာဟော်ကီအဖွဲ့ချုပ် (FIH) မှာ အဖွဲ့ဝင်ပေါင်း ၁၁၆သင်းရှိပြီး အမျိုးသားအသင်း က နွေရာသီအိုလံပစ်ပွဲတွေမှာ ၁၉၀၈ခုနှစ်မှာ စတင်ကစားခဲ့ကြတယ်။ အမျိုးသမီးတွေက ၁၉၈၀ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ ၀င်နွှဲလာခဲ့တယ်။ ကွင်းပြင်ဟော်ကီပွဲတွေအတွက် ကစားတဲ့ဟော်ကီတံတွေဟာ J ပုံစံရှိပြီး သစ်သား၊ ဖန်ဖိုက်ဘာ/ကာဘွန်ဖိုက်ဘာသား(တစ်ခါတစ်ရံနှစ်မျိုးလုံး)နဲ့ ပြုလုပ်ထားကြတယ်။
A standard hockey puck
ရေခဲပြင်ဟော်ကီ(Ice hockey)ကတော့ မျက်နှာပြင်ညီတဲ့ရေခဲပြင်မှာ အချင်း၃လက်မ (၇၆.၂မီလီမီတာ)ရှိတဲ့ ကြက်ပေါင်စေးအမာစားဟော်ကီပြားလေးနဲ့ ကစားကြတာပါ။ အဲဒီဟော်ကီပြားလေးကို ရေခဲပြင်ထဲမှာ အလွန်အမင်းမခုန်အောင် ပွဲမစခင်မှာ မကြာခဏ အအေးခံထားပြီးကစားကြရတယ်။ စကိတ်သမားနှစ်ဖွဲ့ကစားကြပါတယ်။ မြောက်အမေရိက၊ ဥရောပ နဲ့ ကနေဒါ၊ ဖင်လန်၊ လက်ဗီရာ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ နဲ့ ဆလိုဗေးကီးယားနိုင်ငံတွေမှာ ခေတ်စားတဲ့ အားကစားနည်းပါ။ ရေခဲပြင်ဟော်ကီတုတ်တံကတော့ ရှည်လျားပြီး L ပုံသဏ္ဍန်ပါ။ ဟော်ကီတံကို သစ်သား၊ ဂရက်ဖိုက်သားနဲ့ပေါင်းစပ်ပြုလုပ်ထားပြီး ညီညာတဲ့မျက်နှာပြင်မှာထောင်နေနိုင်အောင် ဘလိတ်ဓားအပြားတပ်လိုက်တပ်ဆင်ထားတယ်။ ရေခဲပြင် ဟော်ကီလိဂ်မှာ အားအကြီးဆုံးအသင်းကတော့ မြောက်အမေရိကရဲ့ အမျိုးသားဟော်ကီလိဂ်(NHL) အသင်းပါ။
Hockey Stick
တခြားဟော်ကီကစားနည်းတွေလည်း ရှိကြတယ်။ Inline hockey ဆိုရင် ရေခဲပြင်ဟော်ကီနဲ့ ဆင်ပါတယ်။ စကိတ်သမားလေးဦးနဲ့ ဂိုးသမားတစ်ဦးစီတစ်ဘက်ကိုကစားကြတယ်။ ၁၅မိနစ် သုံးကြိမ်စာ ကစားကြပါတယ်။ Roller hockey ကို Quad hockey လို့လည်း သိကြတယ်။ ဒီ Quad hockey ကို တိုင်းပြည် ၆၀ကျော်လောက် ကစားနေကြပါတယ်။ ၁၉၉၂ ဘာစီလိုနာနွေရာသီအိုလံပစ်ပွဲတော်မှာ သရုပ်ပြအားကစားနည်းအဖြစ် Quad hockey ပွဲပါဝင်ကစားခဲ့ကြတာပါ။ Sledge hockey ကတော့ မသန်စွမ်းကစားသမားတွေအတွက် ဒီဇိုင်းလုပ်ထားပါတယ်။ ကစားသမားတွေက အသွားနှစ်ဘက်ပါ စွပ်ဖားမှာထိုင်ပြီး တုတ်တံနှစ်ချောင်းကိုင်ကစားကြတာပါ။ တစ်ခုက စွတ်ဖားထိန်းချုပ်ဖို့ရယ်၊ နောက်တစ်ခုက ဟော်ကီပြားကို သယ်ယူဖို့အတွက်ရယ်ပါ။ Street Hockey လည်းရှိပါသေးတယ်။ Road hockey လို့လည်းခေါ်ကြပြီး ခြောက်သွေ့တဲ့မြေပြင်ပေါ်မှာကစားပါတယ်။ နိုင်လွန်ကတ္တရာအခင်းပေါ်မှာ ကစားကြပါတယ်။ ဟော်ကီပြားအစား ဘောလုံးကို အသုံးပြုကြတယ်။ ယေဘူယျတော့ ဘာအကွယ်အကာခေါင်းဆောင်းမှ မ၀တ်ကြဘူးလို့ ဆိုပါတယ်။ Street hockey ကို တစ်နှစ်ပတ်လုံးကစားတတ်ကြတယ်။ နောက် လေကူရှင်ပါတဲ့စားပွဲနဲ့ နှစ်ဦးတည်းကစားကြတဲ့ Air Hockey၊ တောင်ကယ်ရိုးလိုင်းနား ကမ်းခြေတွေမှာ ကစားကြတဲ့ Beach Hockey ၊ အားကစားရုံထဲမှာ တင်းနစ်ဘောလုံးမျိုးနဲ့ ကစားကြတဲ့ Ball hockey ၊ ဘောလုံးကွင်းလောက်ရှိမယ့် အားကစားကွင်းထဲမှာ၊ ဘောလုံးကစားနည်းစည်းမျဉ်းတွေနဲ့ ခပ်ဆင်ဆင်သတ်မှတ်ထားတဲ့ Bandy ဆောင်းရာသီကစားနည်း (စကိတ်သမားတွေနဲ့ ရေခဲပြင်မှာကစားကြတာပါ)၊ နှစ်ဦးတည်းကစားကြတဲ့ ကျောင်းကစားကွင်းလေးတွေမှာ ဟော်ကီပြားကို box အလယ်ကနေ ရွှေ့ပြီး box အဆုံး ဂိုးထဲကို သွင်းယူကစားတဲ့ Box hockey ၊ ဟော်ကီတံမှာပလပ်စတစ်မျှင်တွေနဲ့ တံမြက်စည်းသေးသေးပုံစံကိုသုံးပြီး ဟော်ကီပြားအစား ဘောလုံးသေးသေးနဲ့ ကစားကြတဲ့ Broomball နဲ့ Deck hockey Floor hockey Floorball Foot hockeyPower hockey ဆိုပြီး တခြားဟော်ကီကစားနည်းလေးတွေ အများကြီးပဲရှိနေကြပါသေးတယ်။
ကမ္ဘာတစ်ဝှမ်းက ဟော်ကီကစားကြတဲ့အသင်းတွေထဲမှာ နယ်လာလန်အမျိုးသမီး Field hockey အသင်း (KNHB) အကြောင်း မိတ်ဆက်ပြောပြချင်ပါတယ်။ အပြည်ပြည်ဆိုင်ရာဟော်ကီအဖွဲ့ချုပ်ရဲ့ ကမ္ဘာ့အဆင့်မှာ နံပါတ် ၁ ရောက်လာပါပြီလို့ ဆိုနေကြတဲ့ ၂၀၀၆ ကမ္ဘာ့ချန်ပီယံ နဲ့ အိုလံပစ်ချန်ပီယံအသင်းပါ။ ကမ္ဘာ့ဟော်ကီသမိုင်းမှာ အောင်မြင်မှုတံဆိပ်တွေ ၆ကြိမ် ရရှိထားခဲ့ပါတယ်။ ဒတ်ခ်ျအမျိုးသမီးဟော်ကီအသင်းရဲ့ ၂၀၁၂လန်ဒန်အိုလံပစ်ပွဲမှာ ကစားပုံဟာ အင်မတန်အားကြိုးမာန်တက်ရှိလှတယ်။ စွဲဆောင်မှုအရှိဆုံးအသင်းပါပဲလို့ ထင်ကြေးပေးခံခဲ့ရတာပါ။ ချောမောလှပတဲ့ ဆိုဖီပေါလ်ကန့်ပ် နဲ့ အဲလန်ဟုဂ် တို့ ဦးဆောင်ကစားသွားပုံတွေက ဟော်ကီပရိတ်သတ်တွေစိတ်ကြိုက်ဖြစ်စေခဲ့ပါတယ်။ ၂၀၁၂ သြဂုတ်လ ၁၀ ရက်နေ့က လန်ဒန် Riverbank Arena မှာပြုလုပ်ခဲ့တဲ့ ပွဲမှာ ဆိုရင် အဲဒီ လိမ္မော်ရောင်ဒတ်ခ်ျမိန်းမပျိုလေးတွေဟာ တစ်ဘက် အာဂျင်တီးနားအသင်းကို ၂ - ၀ နဲ့ ပြတ်ပြတ်သားသားအနိုင်ယူနိုင်ခဲ့ပါတယ်။
Field Hockey player "Ellen Hoog"
Field Hockey player "Sophie Polkamp"
ကွင်းလယ်ကစားသမား အီဗာဒီဂိုဒီက ပြောပါတယ်။ “ခက်ခက်ခဲခဲကစားလိုက်ရတာပါ။ အစပိုင်းမှာ ကျွန်မ စိတ်ချနေခဲ့တာ။ ပထမပိုင်းမှာ ကျွန်မတို့ကစားတာပိုကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားက ကွင်းထဲ နေရာတိုင်းရောက်နေခဲ့တော့တာ” တဲ့။

လိမ္မော်ရောင်မိန်းမပျိုလေးတွေကို အုပ်ချုပ်တဲ့ နည်းပြ မက်ဇ်ကဲဒါစ့်က
“နောက်ဆုံး ကျွန်တော်တို့အကောင်းဆုံးသိမ်းပိုက်နိုင်လိုက်ပါပြီ။ ကျွန်တော်တို့ သူတို့ကို ကွင်းထဲကနေ ဒီနေ့ ဖျက်ထုတ်လိုက်ပါပြီ” လို့ ဆိုတယ်။
KNHB ဒတ်ခ်ျအမျိုးသမီးဟော်ကီအသင်းရဲ့ လက်ရှိ လိမ္မော်ရောင်မိန်းမပျိုလေးတွေကတော့ ဂိုးသမား Joyce Sombroek နဲ့ တခြား မိန်းမပျိုလေးတွေကတော့ Kitty van Male ၊ Carlien Dirkse van den Heuvel ၊ Kelly Jonker၊ Maartje Goderie ၊ Lidewij Welten ၊ Caia van Maasakker၊ Maartje Paumen (C) ၊ Naomi van As ၊ Ellen Hoog ၊ Sophie Polkamp ၊ Kim Lammers ၊ Eva de Goede ၊ Marilyn Agliotti ၊ Merel de Blaeij ၊ Margot van Geffen တို့ပါ။ တစ်ဘက်မှာ ဂိုးသမားအပါအ၀င် ၁၁ ယောက်ပါဝင် ကစားကြတယ်။ လူစားလဲဖို့အတွက် ၅ ယောက် အရံထားကြလေ့ရှိပါတယ်။ ၂၀၀၇ ခုနှစ်ကစပြီး ချမှတ်ခဲ့တဲ့စည်းမျဉ်းတွေအရ ဂိုးစောင့် Field hockey သမားတွေဟာ ခေါင်းဆောင်း၊ ခြေကာ နဲ့ ရင်ဘတ်ပိုင်းအကာတွေအားလုံး ၀တ်ဆင်ကစားရပါတယ်။ လက်မောင်း၊ လည်ပင်း အကာအကွယ်တွေကိုလည်း လုံခြုံအောင်ဝတ်ဆင်ကစားရတာပါ။ ဟော်ကီကစားနည်းကို စွဲစွဲလမ်းလမ်းကစားနေခဲ့ကြတဲ့ ဒတ်ခ်ျမိန်းမပျိုလေးတွေရဲ့ ကွင်းထဲက အပြေးအလွှား လှုပ်ရှားကစားပုံလေးတွေ ဖော်ပြပေးလိုက်ပါတယ်။        ။

ဖြိုးဖြိုး
Living Fashion Magazine,
December, 2012

ဘုရားပြီး ငြမ်းဖျက်တဲ့အခါ .. မယ်ကုဝဏ်ခမြာ

ဟိုရှေးရှေးတုံးက တိုင်းပြည်တပြည်မှာ  ဘုရင်ကြီးတပါး မင်းကျင့် တရား ဆယ်ပါးနဲ့အညီ စိုးမိုးအုပ်ချုပ်လို့ နေတယ်တဲ့ကွဲ့။ တိုင်းသူပြည်သားတွေကလဲ ချစ်ခင် ကြည်ဖြူကြသတဲ့။  တနေ့တော့ ဟစ်တိုင်မှာ လူတွေ စုရုံး စုရုံးနဲ့ ဆူပူ ဟစ်အော်သံ ဘုရင်ကြီး ကြားရော ဆိုပါတော့။

(အော် ..ပြောပြအုံးမယ်။ ဟစ်တိုင်ဆိုတာက  ဘုရင် က စိုက်ထူပေးထားခြင်းဖြစ်တယ်။ တိုင်းပြည် အုပ်ချုပ်သူ ဘုရင်နဲ့  အသိုင်းအ၀ိုင်းကို မကျေနပ်တာ တိုင်ကြားလိုတာရှိရင် ဟစ်တိုင်ကနေ ဘုရင့်ကို လျှောက်ထား တိုင်ကြားရတယ် ။အဲဒီအခါ ဘုရင် ကိုယ်တော်တိုင် စစ်ဆေးပြီး မေးမြန်းပြီး  ခြေမ မကောင်းရင် ခြေမ လက်မ မကောင်းရင် လက်မ ထိထိရောက်ရောက် အရေးယူဆုံးမပေးတယ် တဲ့။ကောင်းလိုက်တဲ့စံနစ်နော်)
ဒါနဲ့  “ဘာသံတွေလဲ မင်းကြီးများ" လို့ ဘုရင်က မေးတော့ “သားတော်ဝိဇယမင်းသား ခိုးဆိုးလုယက် တိုက်ခိုက်နေလို့ ပြည်သူဗျာလှိုင် မခံနိုင် သံပြိုင်ဟစ်အော်ကြပါသည်ဖျား”
လို့ မူးကြီး မတ်ကြီးများက လျှောက်ထားကြတော့တာပေါ့။

(ခုခေတ်မှာများ အဲလို ဟစ်တိုင် ရှိရင် သိပ် ကြည့်ကောင်းမှာဘဲ)
ဒီတော့ အမှန်ဘဲလား လို့ သားတော်ဝိဇယကို ရှေ့တော်သွင်းမေးမြန်းတဲ့အခါ သားတော် ၀ိဇယမင်းသားကလဲ မကွယ်မ၀ှက် ဟုတ်တိုင်းမှန်ရာ အစစ်ခံတယ်။ ကွဲ့ ။မှတ်ထားနော်။ မညာဘူး။

ဒါဖြင့် အမိန့်တော်မှတ်မယ် အမတ်ကြီးများ ဆိုပြီး  ၀ိဇယမင်းသားနှင့် အပေါင်းပါများကို ဘယ်သောင် ဘယ်ကမ်းဆိုက်ဆိုက် ဖေါင်ပေါ်တင်ပြီး တိုင်းပြည်က နှင်ထုတ်လို့ မြစ်ဧရာကြော မျှောလိုက်ကြ အမတ်ကြီးများ လို့ အမိန့်ချမှတ်တယ်ကွဲ့။ ဒီတော့ သားတော်ကလဲ ခမည်းတော်စကားကို မဖီဆန်ဘူး။ အာဏာ သက်ရောက်စေပြီး လိုက်နာကျင့်သုံးတာကိုး။ အဓိပ္ပါယ်ကတော့ အပေါင်းအသင်းတွေ အားလုံးခေါ်ပြီအေးအေးသက်သာ ဖေါင်ပေါ် တက်လိုက်သွားတာပေါ့ကွယ်။ ထိုးဝါးမပါဘူးနော်။ထိုးဝါးပါရင် လိုရာ သွားနိုင်တယ်။ အဲဒါနဲ့ ကမ်းမမြင် လမ်းမမြင် ဖေါင်မျောရာ ပါလာကြတဲ့ ၀ိဇယ မင်းသားနဲ့ နောက်လိုက် တပည့်များဟာ အဆုံးမှာ လူမရှိတဲ့ကျွန်းတကျွန်းကို ဆိုက်ကပ်မိရော ဆိုပါတော့။

အဲဒီကျွန်းက  ဘီလူးတွေ နေတဲ့ ကျွန်းတဲ့ကွဲ့။ လှေ သင်္ဘောတို့များ ဆိုက်ကပ်လာရင် ဘီလူးမတွေက လူယောင်ဆောင် မြှားပြီး စားပစ်ကြတယ်။ဝိဇယမင်းသားရဲ့ တပည့် တော်တော်များများဟာ မဆင်မခြင် အသိမရှိလို့ လူယောင်ဆောင်ထားတဲ့ ဘီလူးမတွေနောက် အဟုတ်ထင် လိုက်သွားရင်း ဘီလူးအစားခံကြရတယ်။ ၀ိဇယမင်းသားကတော့ ဥာဏ်ရှိတဲ့သူဆိုတော့  သူ့တပည့်တွေလဲ တစ်ယောက် လိုက်သွားရင်း တယောက်ပျောက်သွားရင်းဆိုတော့  မသင်္ကာဖြစ်ရာက ဘီလူးမတစ်ယာက်လဲ  သူ့ကို  လာဖြားယောင်းပါလေရော တခါတည်း သံလျက်ဆွဲ လည်ကိုခုတ်ပိုင်းမယ် လုပ်ကရော ဘီလူးမလဲ ဟုတ်တိုင်းမှန်ရာ ဖွင့်ပြောရတော့တာပေါ့။ ဘုန်းရှိတဲ့ ယောက်ျားဆိုတော့ မနေသာတော့ဘူးလေ။

ဒီအခါမှာ ဘုရားရှင် ပရိနိဗ္ဗာန်မစံခင်က ဗျာဒိတ်မိန့်မှာချက်အရ အဲဒီကျွန်းဟာ နောင်အခါ သာသနာထွန်းကားပျံ့ပွားရာ အရပ်ဒေသ ဖြစ်မဲ့အကြောင်း ဗျာဒိတ်ထားခဲ့တာကွဲ့ ။သီဟိုရ်ကျွန်းတဲ့။ ကိုးတိုင်းကိုးဌာနကို သာသနာပြုစေလွှတ်ခဲ့တာမို့ ၀ိဇယမင်းသားနဲ့ အံကိုက်လောက်ဘဲ ရဟန်းတစ်ပါး ကြွလာပြီး ဘုရား ပရိတ်တော်များ ပရိတ်ကြိုးများ ပရိတ်ရေများ ပက်ဖြန်း ချီးမြှင့်ပေးတဲ့အတွက် ဘီလူးတွေ မနေနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်သွားကြရတယ်ကွဲ့။  သီဟိုရ်ကျွန်းဆိုတာ ခုအခါ သီရိလင်္ကာနိုင်ငံလို့ ခေါ်တွင်ပါတယ်။ ယခုထက်တိုင် ဗုဒ္မ ဘာသာဝင် နိုင်ငံပါ။

ဒါနဲ့  ပြောရအုံးမယ် ။ အမေတို့ အမေ သမီးဖွားဖွားပြောတာက  ၀ီဇယမင်းသားကို ဖြားယောင်းသွေးဆောင် ခေါ်ယူသွားတဲ့ ဘီလူးမဟာ မယ်ကုဝဏ်လို့ ခေါ်တယ် တဲ့။ ဘီလူးရန်ကို နှိမ်နင်းရာမှာ သူ့အမျိုးသူ့အဆွေ  ဘီလူးတွေအပေါ်  သစ္စာဖေါက်ပြီးဝိဇယမင်းသားကို ချစ်တဲ့ဇောနဲ့ ကူညီခဲ့ရှာတယ်တဲ့။ ဘယ်လိုကူညီသလဲဆိုတော့ ၀ိဇယမင်းသားက ဘီလူးတွေကို မြှားနဲ့ပစ်ရာမှာသူက ကောင်းကင်ကနေ ဘီလူးတွေ ရှိရာအရပ်ကို အသံပေးကူညီသတဲ့။ အသံကြားရာ မှန်း လှမ်းပြီးမြှားနဲ့ ပစ်တော့ တဖုတ်ဖုတ်နဲ့ ဘီလူးတွေ ကောင်းကင်က ပြုတ်ပြုတ်ကျသတဲ့။ ပြီးတော့ မယ်ကုဝဏ်ရဲ့ အကြံဥာဏ်ကို ရယူပြီး ထီးနန်းစိုက်ထူခဲ့တာလေ။ နောက်ပိုင်း ၀ိဇယမင်းသားက တိုင်းပြည်တည်ထောင်  ပြီးမြောက်လို့ ဘိသိက်သွန်းလောင်းတဲ့အခါကျတော့  ဘီလူးမဆိုပြီး  နှင်ထုတ်ခဲ့တာပါ။ လူသားစစ်စစ်ကိုသာလက်ဆွဲ လို့ နန်းသိမ်းပွဲ ခံခဲ့တာပါ။ ။

ဒါ့အပြင် လူသားများက  ကြောက်လန့်စိုးရိမ်မှု ရှိနေကြတဲ့အတွက် တိုင်းပြည်က နှင်ထုတ်ခဲ့တာမို့ သားနဲ့သမီးကို လက်ဆွဲ ပြီး မယ်ကုဝဏ်ဟာ အပြီးတိုင် နန်းတော်က ထွက်ခွာသွားခဲ့ရပါတယ်။ နောက်ဆုံးမှာ  သူမရဲ့ ဦးလေးဖြစ်သူ နတ်ဘီလူးစစ်သည်တဦးနဲ့တွေ့ပြီး  ရန်ညှိုးထား ရိုက်ပုတ်သတ်ဖြတ်ပြစ်တာကိုလဲ မချိတရိ  ခံခဲ့ရရှာပါတယ် တဲ့။ ဘုရားပြီးရင် ငြမ်းဖျက်တယ် ဆိုတဲ့ သဘော သက်ရောက်သွားတာပေါ့နော်။ 

ဒီဇာတ်လမ်းကလေးကို အေ၀မ်း ရုပ်ရှင်က ၀ိဇယ အမည်နဲ့ဘဲ အသံထွက် ရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။ မယ်ကုဝဏ်နေရာမှာ ပါဝင်သရုပ်ဆောင်သူက မေသစ်။ ငယ်ငယ်ကလေးပါ။ ၀ိဇယမင်းသားက အေးကြူ ဆိုတာများလားဘဲ။ မမှတ်မိဘူး။

မေမေ ခင်မေသစ်

Wednesday, November 28, 2012

သက်တံလေးတွေ ဟိုမှာသည်မှာ.. ကိုယ်နဲ့.. အနီးလေးမှာ

ညနေခင်းလေးတွေမှာပေါ့ .. မိုးတဖွဲဖွဲရွာကျလာပြီး အဲဒီမိုးစက်လေးတွေနည်းပါးသွားတာနဲ့ ကောင်းကင်မှာ အလင်းလေးပိုလာတတ်တယ်။ အဲဒီလိုအချိန်လေးမှာဆို သက်တံလေးက ပေါ်ထွက်လာတတ်တယ်လေ။ တစ်ခါတစ်လေတော့ တစ်ဝက်လောက်ပဲပေါ်လာတတ်တယ်။ တစ်ခါတစ်ရံလည်း တစ်ဘက်ဘက်က ရောင်စဉ်ခုံးလေးမှာ အရောင် ပိုပြီး လင်းလက်ကာ တောက်ပနေတတ်တာပေါ့။ အဲဒီလို သက်တံတစ်စင်း လင်းလက်နေတဲ့ညနေခင်းတွေမှာဆို သက်တံလေးကို ကြည့်ပြီး ကလေးလေးတွေ ခုန်ပေါက်အော်ဟစ်လို့ ပျော်ရွှင်ကြရတယ်။ လူကြီးတွေကလည်း လှတဲ့သက်တံအလင်းရောင်စဉ်တွေမှာ မိန်းမောကြည်နူးမိကြတာပါပဲ။

သက်တံရောင်စဉ်တွေကိုမြင်ရတိုင်း လူတိုင်းပဲ စိတ်နှလုံးရွှင်ပြုံးကြရတယ်။ ဒါပေမဲ့ သဘာဝတရားကြောင့်ပေါ်ထွက်လာတဲ့ ကမ္ဘာမြေကြီးရဲ့လေထုထဲကမိုးရေစက်လေးတွေရဲ့ ရောင်ပြန်အလင်း သက်တံတစ်စင်းတည်ရှိမှုကတော့ တကယ့်ကို အချိန်တိုလေးရယ်ပါ။ တခဏလေးအတွင်းမှာ ရောင်စဉ်လေးတွေ ပါးလျားဖျော့တော့ကာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတတ်စမြဲပါ။ အဲဒီသက်တံလေး ကိုယ့်ရဲ့ မြင်ကွင်းထဲက ပျောက်ကွယ်သွားတာနဲ့ ၀မ်းပမ်းတနည်းဖြစ်နေနိုင်တာပေါ့။ သဘာဝကပေးကမ်းခဲ့ပြီး သဘာဝတရားကပဲ ပြန်ပြီးနှုတ်ယူသွားတတ်တဲ့ အခြေအနေလေးတစ်ခုအတွက် ပြင်းပြင်းထန်ထန်တော့ ခံစားမပြစ်လိုက်ပါနဲ့။ ကိုယ် အမြဲ ထုပ်ပိုးသိမ်းဆည်းလို့မထားနိုင်တဲ့ အဝေးကြီးက သက်တံတစ်စင်းကို စွန့်လွှတ်လိုက်ရပေမယ့် ကိုယ့်အနီးအနားမှာ ကိုယ်အမြဲပိုင်ဆိုင်ထားနိုင်မယ့်သက်တံလေးတွေ အများကြီးပဲရှိနေနိုင်ပါတယ်။ ကိုယ့်ရဲ့အနီးဆုံးက သက်တံလေးတွေမှာလည်း လှတဲ့ရောင်စဉ်လေးတွေနဲ့ လင်းလက်နိုင်ကြတာပါပဲ။ သက်တံလေးတွေ ကိုယ်နဲ့အနီးဆုံးမှာ ရှိနေဖို့ လက်တွေ့ဖန်တီးကြည့်လိုက်ဖို့ပဲ လိုအပ်တာပါ။
လူအများစုက ကိုယ့်စိတ်ကြိုက် အရောင် နှစ်ရောင် သုံးရောင်လောက်နဲ့ အိမ်ခန်းလေးတွေ အလှဆင်တတ်ကြပါတယ်။ ကိုယ်က သက်တံရောင်စဉ်လေးတွေ တစ်ခုစီကို ကြိုက်နှစ်သက်နေခဲ့ပြီဆိုပါတော့။ ကိုယ့်ရဲ့အိမ်ခန်းလေးအတွက် အရောင်တွေကို အရေအတွက်နဲ့ ကန့်သတ်ထားနေဦးမှာတဲ့လား။ “ဟင့်အင်း” ဆိုတဲ့အဖြေကိုပဲ ဖြေကြည့်လိုက်ပါ။ ယုံကြည်လိုက်ပါ။ ကိုယ်နှစ်သက်ကြည်နှုးခဲ့ရဖူးတဲ့ သက်တံလေးကို ကိုယ့်ရဲ့ အိမ်ခန်းလေးထဲ ခြယ်မှုန်းကြည့်လိုက်ပါ။ ပြီးရင်တော့ သေချာပါတယ်။ အနီးဆုံးက ကိုယ်ပိုင်ဆိုင်တဲ့ သက်တံရောင်စဉ်လေးတွေကြားထဲမှာ ပြုံးရွှင်ကြည်နူးသွားမိမှာပါ။ နေ့စဉ်နေ့တိုင်းပဲပေါ့။

သက်တံရောင်အိမ်ခန်းအပြင်အဆင်လေးတွေ ကြည့်ရှုခံစားရင်း …..
ကိုယ်ပိုင်စိတ်ကူးဒီဇိုင်းလေးတွေပါ ပေါင်းစပ်ဖန်တီးရင်းနဲ့ .....
ကိုယ်ရဲ့ အနီးအနားမှာပေါ့ ….. သက်တံလေးတွေရယ်။
လင်းလက်ကာ တောက်ပလို့သာ။
လာ .. ကြည့်လှည့်ပါ… ဟိုမှာ သည်မှာ။

မဉ္ဇူရီ
Living Fashion Magazine,
December, 2012