Wednesday, December 12, 2012

၁၂.၁၂.၂၀၁၂ မှာ တစ်နှစ်စာ နောက်ပြန် လှည့်ကြည့်တဲ့အခါ

အန်တီတင့်က ၁၂.၁၂.၁၂ မှာ ဘလောဂ့်ဂါတွေ ပိုစ့်တင်ပါ ဆိုလို့ ရေးမယ်ဆိုတော့ ဘာရေးရမှန်းမသိဖြစ်နေတာ။ 
သတင်းတွေဖတ်ရင်း တစ်နှစ်စာပဲ နောက်ကြောင်းပြန်လှည့်လိုက်တော့တယ်။ 
သတင်း ၁၂ ပုဒ်ထက်ပိုသွားတော့ အန်တီတင့် စာလာဖတ်ရင် ၁၂ ပုဒ်ပဲ ရွေးဖတ်သွားနော်။ 
မိတ်ဆွေသူငယ်ချင်း၊ အစ်ကို၊ အစ်မ၊ မောင်ငယ်၊ ညီမငယ်အားလုံး လာမယ့် ၂၀၁၃ မှာလည်း ပိုကောင်းတဲ့ဘဝလေးတွေ စိတ်ကြိုက်ဖန်တီးနိုင်ပါစေ ဆုတောင်းလိုက်ပါတယ်။

ဇန်နဝါရီ ၇ - ဘီယွန့်စ် နဲ့ ဂျေဇီ တို့ရဲ့ သမီးဦးလေး အတွက် မွေးဖွားတဲ့အထိမ်းအမှတ်ပွဲလေးလုပ်ကြတယ်။ သမီးလေး နာမည်ကို ဘလူးအိုင်ဗီကာတာ(Blue Ivy Carter) လို့ နာမည်ပေးလိုက်သတဲ့။ ဘလူးအိုင်ဗီလေးမွေးပြီး ဂျေဇီရဲ့ သီချင်းသစ် Glory မှာ ဘလူးအိုင်ဗီရဲ့ ငိုသံလေး ထည့်ထားတော့ အသက်အငယ်ဆုံးအဆိုတော်လေး Billboard Music Chart မှာပေါ်ထွက်လာတာပေါ့။

ဇန်နဝါရီ ၁၄- အီတလီကမ်းရိုးတန်းမှာ ကိုစတာကွန်ကော်ဒီရာအပျော်စီးသင်္ဘောကြီး တိမ်းစောင်းနစ်မြုပ်သွားခဲ့တာ ချောက်ချားစရာ။ လူပေါင်း ၃၀ သေဆုံးခဲ့ပြီး ၂ ဦး ပျောက်ဆုံးခဲ့တယ်။ သင်္ဘောကပ္ပတိန်Francesco Schettino ကို  လူသေမှုတွေနဲ့ တရားစွဲခံရတော့တာပေါ့။  သင်္ဘောကြီးနစ်မြုပ်လာတော့ ခရီးသည်တွေ ဟိုဟိုဒီဒီ အသက်ကယ်လှေလေးတွေပေါ်မှာ ထိတ်လန့်တကြားရှိနေကြတုန်းပဲ။ ကြည့်ပါဦး၊ အဲဒီအချိန် ကပ္ပတိန်ကြီးကတော့ ကမ်းခြေပေါ်မှာ လုံခြုံစိတ်ချစွာရောက်ရှိနေခဲ့ပြီတဲ့။

ဇန်နဝါရီ ၂၆ - ဝန်ကြီးချုပ် Julia Gillard နဲ့ အတိုက်အခံခေါင်းဆောင် Tony Abbott တို့ဟာ သြစတြေးလျအမျိုးသားနေ့မှာ ၂၀၀ခန့် ရှိတဲ့ ဆန္ဒပြလူအုပ်ကြားတဲ ပိတ်မိသလိုဖြစ်ခဲ့ပြီး ဘေးကင်းဖို့  အပြေးအလွှားရှောင်ထွက်ခဲ့ရတယ်တဲ့။ ကင်ဘာရာမြို့တော်က “အဘိုရီးဂျင်းလူမျိုးစုတွေရဲ့ ရွက်ဖျင်တဲသံရုံး” အနီး စားသောက်ဆိုင်လော်ဘီခန်းမမှာ အမျိုးသားအရေးပေါ်ဆုပေးအပ်ပွဲအခမ်းအနားတက်ရောက်ခဲ့တာပါ။ Aboriginal Tent Embassy ဟာ အစိုးရအသိအမှတ်ပြုသံရုံးမဟုတ်ပါဘူး။ ၁၉၇၂ မှာ အဘိုးရီးဂျင်းအမျိုးသားလေးဦးက လူမျိုးစုတွေရဲ့ အခွင့်အရေးတောင်းဆိုမှုတွေပြုလုပ်ဖို့ ဆစ်ဒနီကနေ ကင်ဘာရာ ပါလီမန်ရုံးအနီးရောက်လာခဲ့ကြတယ်။ အဲဒီနေရာမှာပဲ “အဘိုရီးဂျင်းရွက်ဖျင်တဲသံရုံး”လို့ အမည်ပေးဖွင့်လှစ်ထားခဲ့ကြတာပါ။

ဖေဖေါ်ဝါရီ ၁၂ - ပေါပ့်စတား ဝှစ်တနီဟူစတန် မူးယစ်ဆေးသုံးစွဲမှုဒဏ်တွေနဲ့ နှလုံးရောဂါကြောင့် သေဆုံးခဲ့ရတယ်။ ဘီဗာလေဟေးလ်စ်ဟီလ်တန်ဟိုတယ်ရဲ့ ရေချိုးကန်ထဲမှာ သေဆုံးနေခဲ့တာပါ။ ဟူစတန်သေဆုံးချိန်မှာ အသက် ၄၈ အရွယ်ပါ။




ဖေဖေါ်ဝါရီ ၂၂ - နယူးဇီလန်နိုင်ငံ တောင်ကျွန်းဘက်က အကြီးဆုံးမြို့တော် Christchurch မှာ ၂၀၁၁ က လှုပ်ခဲ့တဲ့ငလျင်နှစ်ပတ်လည်နေ့ပြုလုပ်ကြတယ်။ ၆.၃ ရစ်ခ်ျတာစကေားရှိပြီး ဒဏ်ရာရတာက ထောင်ပေါင်းများစွာ၊ သေဆုံးသူ ၁၈၅ ဦး ရှိခဲ့တဲ့ တစ်နှစ်ကြာတဲ့အခါ ဒေါ်လာ ၂၃ဘီလီယံသုံးစွဲပြီး အဆောက်အဦတွေပြုပြင်ခဲ့သလို အိမ်ပေါင်း ၇၀၀၀ကျော်က အရေးပေါ်အခြေအနေနဲ့ ဖြိုဖျက်ဖို့ စောင့်ဆိုင်းနေကြဆဲပါ။

ဖေဖေါ်ဝါရီ ၂၃ - “ပျားရည်ဆမ်းလူသတ်သမား” လို့ နာမည်ပေးခံခဲ့ရတဲ့ Gabe Watson ကို ယူအက်စ်တရားရုံးက တရားသေလွှတ်ပေးလိုက်တယ်။ ဇနီးသည်ကို သတ်ခဲ့တဲ့အမှုနဲ့ ၁၈လကြာအကျဉ်းသားအဖြစ်နေခဲ့ရပြီးပါပြီ။ ၂၀၀၃ ခုနှစ်က Townsville မှာ ရေငုပ်ကိရိယာနဲ့ ရေငုပ်ကြစဉ် အသက်ကယ်အောင်လက်မှတ်ရရှိထားတဲ့ ရေငုပ်သမား ရေငုပ်ကျွမ်းကျင်သူကြီးဟာ ဇနီးသည်ရေနစ်တဲ့အချိန်မှာ အဝေးကို ရေကူးထွက်ပြေးခဲ့တယ်တဲ့။ ဇနီးသည်ရဲ့ အသက်အာမခံကြေးလိုချင်တာကြောင့်သတ်ခဲ့ကြောင်း အစိုးရရှေ့နေတွေက သက်သေပြဖို့ကြိုးစားခဲ့ကြတယ်။ အထောက်အထားမခိုင်လုံတာကြောင့် လွတ်မြောက်ခဲ့ပါတယ်။

မတ် ၅ - “ကိုနီ ၂၀၁၂” မှတ်တမ်းရုပ်ရှင်ဟာ ရက်သတ္တတစ်ပတ်အတွင်း ကမ္ဘာတစ်ဝှမ်း လူပေါင်း သန်း ၁၀၀ ကျော် ကြည့်ရှုခဲ့ကြတယ်။ စံချိန်ချိုးနိုင်တဲ့ ဗီဒီယိုအဖြစ် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြတာပေါ့။ ဆယ်စုနှစ် ၂ ခုစာ ကလေးစစ်သားတွေအဓမ္မခိုင်းစေခဲ့တဲ့ အာဖရိကန်စစ်ခေါင်းဆောင် Joseph Kony ရဲ့ တိုက်ခိုက်မှုတွေရပ်တန့်နိုင်အောင်၊ ကမ္ဘာက သတိထားမိလာအောင်မီးမောင်းထိုးပြခဲ့တဲ့ မိနစ် ၃၀ ကြာ မှတ်တမ်းဗီဒီယိုပါ။

မတ် ၁၁ - အမေရိကန် စစ်သားတစ်ဦး အာဖဂန်နစ္စတန်မှာ သွေးရူးသွေးတန်း ပစ်ခတ်တာကြောင့် အိမ်ထဲမှာရှိနေကြတဲ့ အာဖဂန် အရပ်သား ၁၇ ဦး ညလယ်ယံမှာ သေဆုံးခဲ့ကြတယ်။ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင်ပါ။ တပ်ကြပ်ကြီး Bales ဟာ ညအချိန် တစ်မိုင်ခန့် လမ်းလျှောက်ခဲ့ပြီး ပထမဆုံးတွေ့တဲ့ရွာက အိမ်တွေထဲ ဝင်ပစ်ခဲ့တာပါ။ အသက် ၃၈နှစ်အရွယ် ဘေးလ်ဟာ ကလေးနှစ်ယောက်အဖေဖြစ်ပြီး အီရတ်မှာ သုံးကြိမ်တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ စစ်ပွဲတွေအတွင်းမှာ ဦးခေါင်းနဲ့ ခြေထောက်တွေမှာ အကြိမ်ကြိမ်ဒဏ်ရာရခဲ့တယ်။ အဲဒီညက အဖြစ်အပျက်တွေကို သတိမရနိုင်တော့ဘူးလို့ဆိုပါတယ်။ ကန်ဆာ့ပြည်နယ် Fort Leavenworth အကျဉ်းထောင်မှာ လုံခြုံရေးအမြင့်ဆုံးပေးထားရတဲ့ အကျဉ်းသားပါ။

မတ် ၁၁ - ကြောက်လန့်တုန်လှုပ်စရာ ငလျင်၊ ပြီးတော့ ဆူနာမီ၊ နျူကလီးယားစက်ရုံပေါက်ကွဲ၊ လူထောင်ပေါင်းများစွာသေဆုံး၊ ဒဏ်ရာရမှုတွေပြည့်နှက်ခဲ့တဲ့အဖြစ်အပျက်ကြီး ၂၀၁၁ က ဒီနေ့မှာ ဖြစ်ခဲ့တယ်။ ငလျင် ပြင်းအားက ၉ တောင်ရှိခဲ့တာပါ။ နှစ်ပတ်လည်အောက်မေ့ဖွယ်အထိမ်းအမှတ်ကို တိုကျိုအမျိုးသားဇာတ်ရုံမှာ ပြုလုပ်ပါတယ်။ ဂျပန် ဘုရင်နဲ့ မိဖုရား ဝန်ကြီးချုပ်တို့တက်ရောက်ခဲ့ကြတယ်။ ငလျင်လှုပ်ခဲ့တဲ့အချိန် မွန်းလွဲ ၂ နာရီ ၄၆မိနစ်မှာ ငြိမ်သက်စွာနေခဲ့ကြတယ်။ ငလျင်ကြောင့်လူပေါင်း ၁၆၀၀၀နီးပါး သေဆုံးခဲ့ပြီး တစ်နှစ်ကျော်ကြာတဲ့အထိ ၃၃၀၀ကျော်ပျောက်ဆုံးနေဆဲပါတဲ့။

မေ ၁၉ - ဘာလီမြောက်ပိုင်းက နွမ်းပါးတဲ့ လယ်သမားဇနီးမောင်နှံကနေ ရင်ချင်းဆက်အမွှာလေး Baby Blue နဲ့ Baby Green  ကို မွေးဖွားခဲ့တယ်။ ဝမ်းဗိုက်ပိုင်းဆက်နေပြီး နှလုံးကလည်းတွယ်ဆက်နေကြတယ်။ အသည်းတစ်ခုတည်းကို ဝေမျှသုံးနေကြတဲ့အမွှာလေးတွေပါ။ မေလ ၂၁မှာ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့တယ်။ စိတ်မကောင်းစရာပါ။ ခွဲစိတ်ပြီး ၃ နာရီအကြာမှာ Baby Blue ဆုံးပါးသွားတယ်။ Baby Green ပဲ ရှင်သန်ခဲ့ပါတယ်။

ဇွန် ၂ - အဲလစ်ဇဘက် II ဘုရင်မကြီးရဲ့ စိန်ရတုသဘင်ကျင်းပခဲ့ကြတယ်။ နန်းသက် ၆၀ ပြည့်ခဲ့တာပါ။ ၁၉၅၂ မှာ နန်းတက်သရဖူဆောင်းခဲ့တယ်။ ၃ ရက်တိုင်ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကို တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြတာ ပြန်ပြီး အမှတ်ရစရာပါပဲ။ (အထူးသဖြင့် ဒေးဗစ်ဘက်ခမ်းလေး စပိဘုတ်စီးပြီးလာတဲ့အချိန်ပေါ့)


ဇူလိုင် ၁ - သဘောထားအမျိုးမျိုးကွဲပြားခဲ့တဲ့ အစိုးရမူဝါဒတွေထဲကတစ်ခုဖြစ်တဲံ ကာဗွန်အခွန်အခ ကောက်ခံတဲ့ဥပဒေ သြစတြေးလျမှာ အသက်ဝင်တဲ့နေ့ပါပဲ။ ဝန်ကြီးချုပ် Julia Gilard ရဲ့ လေဘာအစိုးရက စတင်မိတ်ဆက်ခဲ့တာပါ။ ရာသီဥတုပြောင်းလဲမှုတွေကို ရင်ဆိုင်နိုင်ဖို့ ဖန်တီးရေးဆွဲခဲ့ကြတယ်။ ၂၀၂၀ ခုနှစ်မှာ လေထုထဲ ကာဗွန်ထုတ်လွှတ်မှု ၅ ရာခိုင်နှုန်း(ကာဗွန် တန်ပေါင်း ၁၆၀ သန်း)လျှော့ချဖြတ်တောက်ဖို့ ရည်ရွယ်ပါတယ်တဲ့။ အစိုးရလုပ်ငန်း ၂၉၄ ခုက အဲဒီကာဗွန်အခွန်အခ တိုက်ရိုက်သက်ရောက်သွားတယ်။ လေထုညစ်ညမ်းတဲ့ ကာဗွန်တန်တိုင်းအတွက် တစ်တန်ကို ၂၃ ဒေါ်လာပေးဆောင်ရမှာပါ။

ဇူလိုင် ၂၀ - ယူနိုက်တက်စတိတ် ကိုလိုရာဒိုမှာ လင်းနို့လူသားရုပ်ရှင် The Dark Knight Rises ပြနေတဲ့ သန်းခေါင်ယံအချိန်မှာပေါ့။ မိုက်ရုးရဲသေနတ်သမားတစ်ဦးပေါ်ထွက်လာတယ်။ ရုပ်ရှင်ရုံထဲမှာ မျက်ရည်ယိုဗုံးနဲ့အရင်ပစ်လိုက်တယ်။ အခိုးအငွေ့တွေနဲ့ လူတွေမူးမိုက်နေတဲ့အချိန်မှာ သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။ သူက အသက် ၂၄ နှစ်အရွယ် ကျောင်းသား James Holmes တဲ့။ ၁၂ ဦးသေဆုံးပြီး ၅၈ ဦး ဒဏ်ရာရခဲ့တယ်။ Batman ရုပ်ရှင်စတား Christian Bale ကိုပါ ဒီဖြစ်ရပ်ဆိုးကြီးမှာ တာဝန်ရှိတယ်လို့ ပရိတ်သတ်တွေက Twitter မှာ အပြစ်တင်ခဲ့ကြတယ်။ Christian Bale ရော သမ္မတ အိုဘားမားပါ ကိုလိုရာဒိုဆေးရုံကို သွားရောက်ခဲ့ကြတယ်။ အလျင်အမြန်ကယ်ဆယ်ကုသမှုပေးခဲ့တဲ့ ဆေးရုံဝန်ထမ်းတွေနဲ့ ရဲတပ်သားတွေကိုပါ သူတို့ရဲ့ လျင်လျင်မြန်မြန် တာဝန်ယူလုပ်ကိုင်ဆောင်ရွက်ပုံတွေအတွက် ကျေးဇူးတင်စကားပြောကြပါတယ်။ ချီးမွန်းခဲ့တယ်။

သြဂုတ် ၁၆ - လှို့ဝှက်သည်းဖို ဝတ္ထုရှည်တစ်ပုဒ်လို ဆွဲဆောင်အားကောင်းတဲ့ "Wikileaks"ကို တည်ထောင်သူ Julian Assange ဟာ သူရဲ့ လေပွေလိုပဲ လှည့်ပတ်ရှောင်တိမ်းနိုင်တဲ့အစွမ်းအသစ်ကို ထုတ်သုံး လွတ်မြောက်သွားပါတယ်။ အီကွေဒေါသံရုံးမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်တယ်။ Assange ဟာ အသက် ၄၁ ပါ။

သြဂုတ် ၂၂ - ဗြိတိန်နိုင်ငံက တော်ဝင်မင်းသားအငယ်လေး Harry ရဲ့ အဝတ်ဗလာဓာတ်ပုံကို ယူအက်စ် ဖျော်ဖြေရေးဝက်ဆိုက် TMZ က ဖော်ပြခဲ့တဲ့အတွက် Harry အရှက်သည်းခဲ့ရတယ်တဲ့။ လာစ့်ဗေးဂတ်စ် Wynn ဟိုတယ်ရေကူးကန်မှာသူငယ်ချင်းတွေနဲ့ ပါတီပွဲလုပ်နေတဲ့အချိန်ပါ။ အမျိုးသမီးတစ်ဦးနဲ့ ပူးကပ်ဖက်တွယ်နေတဲ့ပုံကို ဖော်ပြလိုက်တော့ တော်ဝင်မိသားစုလည်း အရှည်ကြီးရှက်သွားကြတာပေါ့။

စက်တင်ဘာ ၁၃ - iPhone ရဲ့ မျိုးဆက်ခြောက်ခုမြောက် iPhone 5 ဈေးကွက်ထဲစတင်ဖြန့်ခဲ့တယ်။

အောက်တိုဘာ ၂၉ - ဟာရီကိန်း Sandy ရဲ့ ဝုန်းဝုန်းဒိုင်းဒိုင်း ပြင်းထန်တဲ့ ရိုက်ခတ်တိုက်ခိုက်မှုတွေကြောင့် ယူအက်စ်အရှေ့ကမ်းရိုးတမ်းတွေမှာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ မွစာကျဲသွားခဲ့တယ်။ ယူအက်စ်တစ်ဝှမ်း ၁၂၅ ဦး သေဆုံးခဲ့ပြီး ကရစ်ဘီယံမှာ ၇၈ ဦးသေဆုံးခဲ့တယ်။ Frankenstorm လို့ နာမည်ပေးရလောက်အောင် သူမရဲ့ ကြမ်းတမ်းရက်စက်တဲ့အစွမ်းက တစ်နာရီမှာ ၁၅၀ ကီလိုမီတာထိ အားကြီးခဲ့တယ်။ သူမက လူပေါင်း သန်း ၅၀ကိုတောင် ဒုက္ခပေးခဲ့သတဲ့။

နိုဝင်ဘာ ၆ - ဘားရက်အိုးဘားမား ယူအက်စ်သမ္မတအဖြစ် သမ္မတသက်တမ်း နောက်ထပ်၎ နှစ်ပြန်လည်အရွေးခံခဲ့ရပါတယ်။ အိုးဘားမားရဲ့မွေးရပ်ဇာတိ ချီကာဂိုမှာ ပြုလုပ်တဲ့ ၂၁ မိနစ်စာ အောင်မြင်ခြင်းမိန့်ခွန်းမှာ ဇနီး မီရှယ်၊ သမီး နှစ်ယောက် နာတာရှာ နဲ့ မာလီယာ၊ ပြီးတော့ အထောက်အပံ့ပေးခဲ့ကြသူအားလုံးကို ကျေးဇူးစကားဆိုပါတယ်။ “ဒီည၊ ဒီရွေးကောက်ပွဲမှာ အမေရိကန်ပြည်သားတွေ ကျွန်တော်တို့ကို သတိပေးတယ်။ ကျွန်တော်တို့ လမ်းခရီးဟာကြမ်းတမ်းခဲ့တယ်။ ခရီးလမ်းကြီးကလည်း တဆန့်တလျားနဲ့။ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျရွေးချယ်လိုက်ပါပြီ။ ကျွန်တော်တို့ လမ်းကြောင်းပေါ်ပြန်ရောက်လာအောင် တိုက်ခိုက်နိုင်ခဲ့ပြီ။ ကျွန်တော်တို့သိပါတယ်။ ယူအက်စ်အတွက် ကျွန်တော်တို့ရဲ့နှလုံးသားနဲ့ ရင်းပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ယူလာပြီ” တဲ့။ အိုဘားမားက အကောင်းဆုံးစကားလုံးတွေနဲ့ မိန့်ခွန်းချွေခဲ့တယ်။

(၂၀၁၂ တစ်နှစ်လုံး တခြား ထိပ်တန်းသတင်းတွေလည်း အများကြီးရှိဦးမှာပါ။ Yahoo သတင်းရဲ့ 2012 Review မှာ ဒီသတင်းတွေကို ဖော်ပြထားပေမယ့် အရေးကြီးတဲ့သတင်းတစ်ပုဒ်သူတို့ ကျန်နေပါသေးတယ်။ )
အဲဒီသတင်းက .....
နိုဝင်ဘာ ၁၉ - အမေရိကန်သမ္မတ ဘားရက်အိုးဘားမား မြန်မာနိုင်ငံကို အလည်အပတ်ရောက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံကို အလည်လာခဲ့တဲ့ ပထမဆုံး ယူအက်စ်သမ္မတအဖြစ် သမိုင်းဝင်သွားခဲ့တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်နဲ့ တစ်နာရီကြာတွေ့ဆုံခဲ့သေးတာပါ။ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။ သမ္မတအိုဘားမားက “ထူးခြားပြောင်မြောက်တဲ့ခရီးလမ်း” ကို ဆက်လျှောက်ဖို့ တိုက်တွန်းခဲ့တယ်။

ဖြိုးဖြိုး

0 comments:

Post a Comment