Thursday, December 6, 2012

အနားမှာ ဘာမှ မရှိတော့တဲ့အခါ

ဘ၀မှာ လူသားပီပီ စား ၀တ်နေရေး အတွက် ရုန်းကန်ရမည်။ 
အလုပ်ရှိမည်၊ ငွေကြေးရှိမည်၊ 
အိမ်ထောင်မိသားစုရှိမည်၊ ဇနီး ခင်ပွန်း ချစ်သူ ရှိမည်၊ မိတ်ဆွေရှိမည်။ 
ဒါတွေ ဘာမှ မရှိတော့တဲ့အခါ ဒီလူအဖို့ ဘယ်လိုရှေ့ဆက်ရပါ့…..။ 
ဒီအဖြေကို နစ်ခ်ဟယ်လ် ဆေး က ကျွန်မကို ပါးပါးလျပ်လျပ်လေး ချပြခဲ့သည်။

xxxxxx
နစ်ခ်ဟယ်လ်ဆေး  စိတ်လေနေသည်။ ကားကို ဘယ်ဆီမောင်းရပါ့။ သူ အလုပ်လုပ်သည့် ကုမ္ပဏီက အပြောင်းအလဲလုပ်ဖို့ စဉ်းစားသည့်အခါ သူ့လို လခများများ လူကြီးဝန်ထမ်းထက် လစာနည်းနည်း လူငယ် ၀န်ထမ်းအသစ်တွေကို အစားထိုးတော့မည်။ ၁၅နှစ်လုံးလုံးအချိန်တွေ ဒီကုမ္ပဏီကို ပေးဆပ်ခဲ့ခြင်း၏ရလဒ်က အလုပ်ထွက်ရခြင်းပဲလား။ နစ်ခ်စိတ်ထဲ ခံပြင်းလှသည်။ ပိုဆိုးတာက ရိုးရိုးသားသား နှင်ထုတ်ခြင်းမဟုတ်ဘဲ ဘယ်နှခုနှစ်က ဘယ်လိုဖြစ်ပျက်ခဲ့ ဆိုပြီး အရက်မူးလွန်စဉ်က အပြစ်တွေကို ခုမှ ထုတ်ဖော်ပြောခံ ရတာပါပဲ။ သူ့အပိုင်ပစ္စည်းတွေကို ပုံး သုံးပုံးနှင့် ယူသွားနိုင်သည်တဲ့။ ဒါဆိုလုံလောက်ပြီတဲ့။ ကားကိုတော့ အခုလ နောက်ဆုံးပတ်ထိ အသုံးပြုနိုင်သေးသည်။ ဒီတော့လည်း ဒီကားတစ်စီးနှင့်ပဲ စိတ်ဦးတည့်ရာ လျှောက်သွားရတော့မည်။ ကားကို ရပ်လိုက်၊ ဘီယာ တစ်ဘူးမော့သောက်လိုက်။ နစ်ခ်အတွက် ဒီဘီယာဘူးတွေက မိတ်ဆွေထက် ရင်းနှီးမှုပိုနေကျ အဖော်တွေဖြစ်သည်။

`မင်းရဲ့ထုတ်ကုန်ကို သိရမယ်၊ အလုပ်ထဲမှာ ပါစင်နယ်ကွန်ပျူတာဖြစ်ဖြစ်၊ စာရွက်တစ်ရွက်ပဲဖြစ်ဖြစ် ဘယ်လို အလုပ်လုပ်နေ တယ်ဆိုတာ သိရမယ်၊ ဖောက်သည်ကို သိရမယ်၊ သူတို့ဆီက ရသမျှ အကုန် သင်ယူရမယ်။ သူတို့ ဘာလိုချင်တယ် ဘာမလိုချင်ဘူး ဆိုတာ နားထောင်နိုင်ရမယ်၊ ကွက်ကျော်ကြိုမြင်နေရမယ်။ အဖြေမရှိရင် အဖြေကို ရှာကိုရှာရမယ်၊ ရှင်းရှင်းလေးပဲ……´။

မနေ့ကအထိ တော့ ပြောခဲ့တဲ့စကားအတိုင်း တစ်သဝေမတိမ်း နစ်ခ် အလုပ်တွေလုပ်နိုင်ခဲ့သားပဲ။ အခု……။
နစ်ခ်သိလိုက်ပြီ။ ထွေးရှုပ်လိမ်ရစ်တဲ့ စိတ်တွေနဲ့ အိမ်ကို ပြန်လာတော့ အံ့သြကြေကွဲစရာ မြင်ကွင်းတစ်ခုက ဆီးကြိုနေသည်။ အိမ်ထဲရှိသမျှ သူ့ကိုယ်ပိုင်ပစ္စည်းမှန်သမျှက အိမ်ရှေ့ မြက်ခင်းပြင်မှာ ဖရိုဖရဲပြန့်ကြဲ နေသည်။ အိမ်ကလည်း သော့ပြောင်းပိတ်ခံထားရပြီ။ တံခါးရွက်က သော့အိမ်က သူ့သော့တံကို မှတ်မိနိုင် ခြင်းမရှိတော့။ ကိုယ်ပိုင်လျှို့ဝှက်နံပါတ်ကိုလည်း သူ့အိမ်တံခါးက ငြင်းဆန်ခဲ့ပြီ။ ထူးဆန်းလှချည့်။ မတတ်နိုင်။ ဇနီးသည် ကက်သရင်းဆီ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်။ ဒီနေ့ ငါအလုပ်ပြုတ်ခဲ့တယ်လို့ ပြောပြမယ့် စကားတစ်ခွန်းကိုတောင် အချိန်ပေး နားထောင်မယ့်သူ မရှိ။ ပစ္စည်းအစုအပုံတွေကြားမှာ ဆက်တီတစ်ခုံကို ချကာ အဲဒီခုံပေါ် ထိုင်လျက် အိပ်ရတော့သည်။ မနက်လင်းတော့ အိမ်ရှေ့အိမ်မှာ မိန်းမတစ်ယောက် ပစ္စည်းတွေချနေတာမြင်သည်။ အိမ်ပြောင်းလာတာဖြစ်မည်။ ဗိုက်အနည်းငယ်စူထွက်နေသည့် ကိုယ်ဝန်ဆောင်မိန်းမကို ပစ္စည်းတချို့နစ်ခ် ကူသယ်ပေးလိုက်သည်။ သူမ နာမည်က စမန်သာ။ ဓာတ်ပုံဆရာမ တဲ့။

“မင်း ငါ့ပစ္စည်းတွေ ခဏကြည့်ပေးနိုင်မလား စမန်သာ”

စမန်သာက မြက်ခင်းပေါ်ပြန့်ကြဲနေသည့် ပစ္စည်းတွေကို လှမ်းကြည့်ကာ “အိုကေ”တဲ့။ ပြီးမှ သူ့ဝမ်းဗိုက်ကို သတိရသွားဟန်နှင့် ဆိုသည်။
“အို မဖြစ်သေးဘူး။ ကျွန်မ ဒီက ဆရာဝန်အသစ်နဲ့ သွားတွေ့ရဖို့ ရှိသေးတယ်ရှင့်”
xxxxx

သူ့ပစ္စည်းတွေအနားမှာ ကောင်လေးတစ်ယောက် စက်ဘီးတစ်စီးနှင့် ရိပ်သီရိပ်ဝှဲ လုပ်နေတာ နစ်ခ် မြင်သည်။ ကောင်လေး နာမည်က ကင်နီ။ ကားသော့ ဘယ်ရောက်သွားမှန်း မသိ။ ကောင်လေး၏စက်ဘီးနှင့် စတိုးဆိုင်ပြေးရသည်။ ဆိုးတာက အကြွေးဝယ် ကတ်ကလည်း အလုပ်မလုပ်တော့။ တစ်ယောက်ယောက်က သူ့ကတ်ကို ပိတ်လိုက်ပြီ၊ အပြင်လူလုပ်လို့မရမှန်း နစ်ခ် သိပါသည်။ ကတ်ပေါ်မှာ လက်မှတ်အတူ ရှိနေသည့်လူ၊ ကက်သရင်းပဲပေါ့။ ရက်စက်ပါပေ့။ ပြန်လာချိန်မှာ သူ့ကားပေါ်လူတစ်ယောက်က တက်ထိုင်ကာ မောင်းထွက်သွားသည်။ သော့ပျောက်နေတဲ့ကြားက ဘာနဲ့ဘယ်လို ဖွင့်မောင်းပါလိမ့်။ ပေါ်ပေါ်ထင်ထင်ပဲ သူ့ကားကို ခိုးမောင်းသွားသည်။ နစ်ခ် ပြေးလိုက်ပေမဲ့ မမီ။ ကားထဲက သူ့အကျီတချို့ လမ်းမပေါ်ပြန့်ကြဲလျက်။ နောက်ဆုံး ဒီမြက်ခင်းပြင်ကိုပဲ ယာယီအိမ် လုပ်ရတော့သည်။ သူ့တစ်ကိုယ်စာ လှည့်သာ ထိုင်သာရှိအောင် ပြန့်ကြဲနေသည့်ပစ္စည်းတွေကို အနည်းငယ် နေရာတကျဖြစ် အောင် ရွှေ့ပြောင်းတပ်ဆင် နေရာချရသည်။ ထိုင်စရာ အိပ်စရာ ထိုင်ခုံတစ်လုံး။ တပ်ဆင်ခြင်းအနုပညာအောက်မှာ ဘီယာတစ်ဘူး ထိုင်သောက်နေခိုက် ရဲတစ်ပွေ ရောက်လာ သည်။ လူမြင်ကွင်းမှာ မဖွယ်မရာ မလုပ်ရဘူးတဲ့။ သောက် ပြဿနာပဲ။

“ ကျွတ်…ဒါ မဖွယ်မရာလား၊ ကျုပ်အိမ်ရှေ့ ကျုပ်ဘာသာ ဘီယာထိုင်သောက်တာလေ”
မကျေမချမ်းနှင့် အဲဒီရဲပြန်ထွက်သွားပြီး နောက်ထပ် ရဲတစ်ပွေရောက်လာပြန်သည်။ ဒါက သူ့မိတ်ဆွေ ဖရန့်ခ် ပါ။
“ငါ အလုပ်ပြုတ်ခဲ့တယ်၊ ငါ့မိန်းမကလည်း ထွက်သွားပြီ…”လို့ ပြောပြလိုက်တော့ ဖရန့်က အံ့သြပုံမရ။ တစ်နေ့ ဒီလိုပဲ ဖြစ်မှာ ပေါ့ဆိုသည့် အရာရာကို ကြိုသိနေသလို မျက်လုံးဝါ၀ါတွေနှင့် စိတ်ပျက်သလို နှစ်သိမ့်ချင်သလို ကြည့်သည်။ နစ်ခ်က သူ့ သဘောထား ကို ရှင်းပြလိုက်သည်။
 “ဒါ ငါ့အိမ်လေ၊ ငါ့မြက်ခင်းလေ၊ ဒီနေရာလေးက ငါ့နေရာလေးပါကွာ၊ ငါ ဒီဟာတွေကို ချန်မထားခဲ့နိုင်ဘူး၊ ငါ ဒီကနေ ခွာမသွားချင်ဘူး”
“ကောင်းပြီ၊ ဒီည ဘယ်သူမှ ဒီဘက် ကင်းမလှည့်အောင် ငါ ကြည့်ကြက်လုပ်လိုက်မယ်”
ဒီလိုဆိုတော့လည်း ဖရန့် ကို ကျေးဇူးတင်စရာပဲ။ မနက်လင်းတော့ ဖရန့် ရောက်လာသည်။ သူ့လက်ထဲ စာရွက်တစ်ရွက် လာထည့်သည်။
“ဒီမှာ ထိုင်နေရင် စုတ်တီးစုတ်ပဲ့ပဲ ဖြစ်နေမှာပဲ၊ ရော့ ဒီမှာ ပိုင်ဆိုင်မှုမရှိသူတွေကို ၅ ရက်နဲ့နေရာပြန်ချပေးတယ်၊ လက်မှတ်ထိုးလိုက်၊ မင်းဆို သုံးရက်နဲ့ရမယ်”

တယ်တော်တဲ့ သူငယ်ချင်းပဲ၊ အများသူငါထက် အခွင့်အရေးပိုရအောင် လုပ်ပေးထားတယ်ပေါ့။ ခက်တာက ဒီနေရာလေး ကနေ ခွာမသွားချင်။ အရာရာ ဒီနေရာမှာရှိသည်။ ကက်သရင်းချစ်သည့် ငါးလေးတွေမွေးထားသည့် ရေကန်လည်းရှိသည်။ ဒါ သူ့အိမ်၊ အရာရာမြှုပ်နှံရင်းနှီး တည်ဆောက်ခဲ့တဲ့ အိမ်တစ်လုံးကို ချန်ရစ်ထားခဲ့ရမှာ မဖြစ်နိုင်တာပဲ။
“ငါ့ဟာတွေ ဒီဟာတွေရောင်းပစ်ခဲ့ရမှာလား၊ ထိုက်သင့်သလောက်ပိုင်ဆိုင်ခဲ့ပြီးမှ အရာရာကို ဖြိုဖျက်ခဲ့ပြီး ဘ၀ကို ငါ အသစ်ပြန်စရမှာလား”
”မင်းရဲ့စုတ်တီးစုတ်ပဲ့ပစ္စည်းတွေ ရောင်း မရောင်း ငါစိတ်မ၀င်စားဘူး၊ သုံးရက်နဲ့ ဒီပစ္စည်းတွေ အပြီးရှင်းမလား၊ ထောင်ထဲ သွားမလားဆိုတာလည်း  ငါ မမေးတော့ဘူး”
ဖရန့်စိတ်ဆိုးသွားပြီ။ ဆိုးလေ ဆိုးပေါ့။ အိမ်ကို အပိတ်ခံရတော့ရော ဘာအရေးလဲ ဒီလိုပဲ အိမ်ရှေ့ ဒီမြက်ခင်းပြင်လေးမှာ နေလိုက်ရုံပေါ့။ ဒီမှာပဲ နေဖို့ နစ်ခ် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့။ သူ့ပစ္စည်းတွေအတွက် အစောင့်သဘော ကန်နီဆိုတဲ့ကောင်လေးကို ခေါ်ထားရသည်။ တော်တော်လာတဲ့ ချာတိတ်၊ ဘာတွေလုပ်ရမှာလဲ အရင်မေးသည်။ ပြီးတော့ ငွေဘယ်လောက်ရမလဲတဲ့။ တစ်နာရီ ၄ဒေါ်လာပေးမည် ဆိုတော့ အရီဇိုးနားမှာ အလုပ်ခေါ်ဈေးက အနိမ့်ဆုံး ၇ဒေါ်လာနဲ့ ၂၅ဆင့်ရှိတယ်တဲ့ ။ ၇ဒေါ်လာနဲ့တည့်သွားသည်။ နစ်ခ်ပိုင်ဆိုင်သည့် ပစ္စည်းတွေကို ကင်နီက ရောင်းပေးရမည်၊ နစ်ခ်မရှိချိန်မှာ အစောင့်လုပ်ပေးရမည်။

“ဒါ ရှင့်ရဲ့ ပထမဆုံး အဟောင်းရောင်းတဲ့ အတွေ့အကြုံလား”လို့ စမန်သာက မေးလာသည်။ စနေနေ့ဆို ရောက်လာ တတ်တဲ့လူတွေကို သတိထား၊ သူတို့ကအောက်ဈေးနဲ့ မတရားဈေးနှိမ်ယူတတ်တယ်လို့ သတိပေးလာသည်။ စမန်သာက အဲဒီလူတွေ နှင့် အဆက်အသွယ်ရှိသည်၊ ဟောင်းပေမဲ့ ကောင်းနေဆဲ ကင်မရာတွေ သူတို့ဆီက ပြန်ဝယ်သုံးသည်တဲ့။
“မင်းဓာတ်ပုံပြပွဲလုပ်ဖူးလား”
“တချို့တလေ ရောင်းရဖူးတယ်၊ ဒါပေမဲ့ ဒါနဲ့တော့ ဘယ်တော့မှ ချမ်းသာလာမှာမဟုတ်ဘူး၊ ဒါနဲ့ စကားမစပ် ပြောရဦးမယ်၊ ကျွန်မ ယောက်ျားက ကျွန်မဆီက ဓာတ်ပုံဝယ်ဖူးတယ်ရှင့်၊ ဒါနဲ့ပဲ သူနဲ့ဖူးစာဆုံတာ”
“ငါ့မှာ နမော်နမဲ့ အမှားတွေရှိခဲ့တယ်”လို့ အစချီကာ စမန်သာကို အတိတ်ဇာတ်လမ်းတစ်ခု ပြောပြဖြစ်သည်။

“အလုပ်ကိစ္စ အရောင်းအ၀ယ်တစ်ခု ပြီးဆုံးသွားလို့ အောင်ပွဲခံပါတီလုပ်တုန်းက လူတိုင်းရှန်ပိန်သောက်ကြတယ်၊ ငါလည်း သောက်တယ်၊ ဘယ်လောက်သောက်မိလဲတော့ မသိဘူး၊ ရှယ်ရွန်ဆိုတဲ့ကောင်မလေးအခန်းမှာ ငါတို့ဆက်သောက်ဖြစ်တယ်၊ မိုးလင်း တော့ ရှယ်ရွန်ထွက်သွားတယ်၊ မကြာခင်ပဲ စုံစမ်းစစ်ဆေးရေးနဲ့ အင်တာဗျူးသမားတွေရောက်လာပြီး…ဟာ..ငါ မပြောချင်တော့ ဘူး…..မင်းသိမှာပါ မင်းဘာသာတွေးကြည့်တော့…”

“ရှင် တစ်ခုခု လုပ်မိခဲ့သလား…”
“မသိဘူး မသိဘူးကွာ၊ ငါသိတာက အဲဒီတုန်းက လူတိုင်းလက်ထဲမှာ ဖန်ခွက်တစ်လုံးစီရှိသလို င့ါလက်ထဲမှာလည်း ဖန်ခွက်တစ်လုးံရှိတယ်ဆိုတာပဲ”

ကျွန်မ သွားသင့်ပြီ ဆိုကာ စမန်သာ ထထွက်သွားသည်။ ပစ္စည်းတွေ ရောင်းကူနေသည့် ကင်နီ့ကိုကြည့်ကာ နစ်ခ်မေးသည်။

“မင်းကိုအသုံးမကျဘူးလို့ မင်းအိမ်က ဘာလို့ထင်တာလဲ ငါမသိဘူး၊ တကယ်တော့ လူတိုင်းမှာ `ငါ´ဆိုတာ များနေလို့ပါ၊ `ငါ´နည်းနည်းပဲလိုပြီး `ငါတို့´ဆိုတာ များများလိုတာ ဒါကို လူတော်တော်များများ မသိကြဘူး”

အမေသုံးခဲ့သည့် ကင်မရာလေးကို နစ်ခ်မရောင်းချင်။ စမန်သာ့ကို သတိရသွားသည်။ စမန်သာ့ကို ကင်မရာသွားပေးလိုက် သည်။

“ကောင်းသေးလားတော့မသိ”
“အို ဘုရားရေ အကောင်းကြီးပဲရှိသေးတယ်”
ကင်မရာလေးကို ကြိုက်ပုံရပေမဲ့ စမန်သာက ငြင်းသည်။ ငါမင်းကို လက်ဆောင်ပေးချင်လို့ပါလို့ ပြောရသည်။ စမန်သာက နစ်ခ် ဘက်ကိုလှည့်ချိန်ကာ ဓာတ်ပုံတစ်ပုံစမ်းရိုက်လိုက်သည်။
နောက်တစ်နေ့မှာ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း ဒီလိုင်လာ့လိပ်စာကို စုံစမ်းကာ နစ်ခ်သွားလည်သည်။ လောလောဆယ် ငယ်ငယ်တုန်းကမိတ်ဆွေတစ်ယောက်ယောက်ကို တွေ့ချင်စိတ်ပေါ်နေသည်။ ခင်ပွန်းသည်က ပစ်ထားခဲ့လို့ ကလေး သုံးယောက်နှင့် ဘ၀ကို ဆက်လက်ရင်ဆိုင်နေသည့် သူငယ်ချင်းကို ကြည့်ကာ နစ်ခ် များစွာ အံ့အားသင့်ရသည်။

“မင်း ဒီဟာလေးတွေကို ဘယ်လိုဖြေရှင်းလဲ၊ ကျွေးမွေးရတယ်၊ ပြုစုရတယ်၊ ထောက်ပံ့ရတယ် တစ်နေ့တစ်နေ့ မဆုံးတဲ့ တာဝန်တွေလေ”

နစ်ခ်တကယ်အံ့သြနေသည်။ သူ့မှာတော့ တစ်ကိုယ်စာပင် တာဝန်ယူနိုင်ခြင်းမရှိ၊ အလုပ်ပြုတ်၊ မိန်းမက အိမ်ကထွက်သွား၊ အိမ်က အပိတ်ခံရ။ အရေးအကြောင်းဆို မိန်းမတွေမှာ ယောက်ျားတွေထက် တာဝန်ယူရဲတဲ့သတ္တိ ပိုရှိလေသလားမဆိုနိုင်။ ဒီလိုင်လာ ပြောခဲ့တဲ့စကားက သူ့အာရုံထဲ ကပ်ငြိပါလာသည်။ `အဆိုးမရှိဘဲ တစ်လျှောက်လုံးကောင်းနေတာဟာ အကောင်း မဟုတ်ဘူး၊ အဆိုးတွေကြုံပြီး အဆိုးတွေထဲမှာ ကောင်းအောင် လုပ်နိုင်တာကမှ တကယ့် ပြည့်ဝတဲ့ အကောင်း´   တဲ့။

အဆိုးတွေထဲမှာ ကောင်းအောင် ဘယ်လိုလုပ်ရပါ့။ လောလောဆယ် နစ်ခ်မှာ ဘီယာကုန်နေပြီ။ ညက ဘီယာသောက်ဖို့ ပိုက်ဆံမရှိတော့။ စတိုးဆိုင်ရှေ့သွားပြီး ဈေးဝယ်သူတွေဆီကနေ ဘီယာတစ်ဘူးလောက်ပေးဖို့ မရှက်မကြောက် တောင်းမိသည်။ ဘယ်သူမှလည်း သူ့ကို အရေးမလုပ်ကြ။ သူ့နေရာလေးကို ပြန်လာခဲ့သည်။ မြက်ခင်းပေါ်ပြန့်ကြဲနေသည့် ပစ္စည်းတွေကို ဒေါသထွက် ထွက်နှင့် ကန်ကျောက်ပစ်လိုက်သည်။ အိမ်ကနေလှမ်းမြင်နေသည့် စမန်သာက မနေနိုင်တော့ဘဲ ဆေးလာတိုက်သည်။ ငါ ဘီယာတစ် ဘူးလောက် သောက်ဖို့လိုနေတယ်ပြောတော့ စမန်သာက ဒီဆေးပဲသောက်ပါ ပင်ပန်းတာတွေလျော့ကျသွားလိမ့်မယ်တဲ့။

ပင်ပန်းနွမ်းနယ်မှု၊ အထီးကျန်မှုနဲ့အတူ ရှုပ်ထွေးနေတဲ့လက်ရှိခံစားချက်တွေက စကားတွေ မှားယွင်းအောင် စေ့ဆော်လေ သလား နစ်ခ် မစဉ်းစားတတ်တော့ပြီ။

“မင်းကို စတွေ့ကတည်းက ငါးမိနစ်အတွင်း ငါနားလည်ခဲ့တယ်၊ မင်းကမင်းခင်ပွန်းအတွက် မင်းမြတ်နိုးတဲ့ဓာတ်ပုံသမားဘ၀ ကို စွန့်လွှတ်အနစ်နာခံခဲ့တာပဲ၊ ပြီးတော့ သူက တအားသောက်တယ်မို့လား၊ ငါ့လိုပဲလေ၊ သူ့ကို စိတ်ပြောင်းသွားအောင် နေရာအသစ် ၀န်းကျင်အသစ်တွေ မင်းဖန်တီးပေးတယ်၊ အဲဒါက ပိုကောင်းသွားအောင်လား၊ ပိုဆိုးသွားအောင်လား၊ ဘယ်လိုမိန်းမမျိုးက ဒီလူနဲ့ နေထိုင်ဖို့ ကြိုးစားနေတာလဲ”

မချိတင်ကဲခံစားချက်တွေ ဖိတ်လျှံထွက်ကျကုန်သည်။
“ဘာ… ဘာပြောတယ် ဘယ်လိုမိန်းမ ဟုတ်လား ဒါဆို ကျွန်မက ဘာလဲ ဘာကို ဆိုလိုတာလဲ”
မျက်နှာတွေနီမြန်းဒေါသထွက်လာသည့် စမန်သာကို ကြည့်ကာ နစ်ခ် ပြောချလိုက်သည်။

“မင်းအိမ်ခန်းလိုက်ကာတွေဆွဲတင်ဖို့လိုပြီ”
“ဘာလဲ တစ်နေ့လုံး ငေးကြည့်နေတဲ့ အမူးသမားတစ်ယောက်ရှိလို့လား”
ဘာတွေဖြစ်ကုန်သလဲ နစ်ခ်မသိတော့။ စမန်သာက သူ့ကို ဘီယာဘူးခွံတွေနှင့် ကောက်ပေါက်ကာ ပြန်သွားသည်။ နစ်ခ် ၀မ်းနည်းထိခိုက်ကာ ကျန်ရစ်ခဲ့သည်။ သူ့အနားမှာ ဘယ်သူမှ မရှိတော့။ ဘယ်အရာမှလည်း မရှိတော့၊ သောက်စရာ ဘီယာလေး တစ်ဘူးတောင်မှ မရှိတော့၊ ရှိရင်ကော သောက်ချင်ဦးမှာလား မသိတော့။ ဘယ်လို ဘယ်ပုံ အိပ်ပျော်သွားသည် မသိတော့။ ဘာမှ မသိတော့ဘဲ အိပ်ရာကနိုးထလာချိန်မှာ ကင်နီက သူ့ပစ္စည်းတွေကို မျိုးတူတာ မျိုးမတူတာ ခွဲခြားကာ စနစ်တကျနေရာချပေးထား သည်ကို တွေ့ရသည်။ ၀ယ်တဲ့သူတွေအတွက် လွယ်ကူအောင်လုပ်ပေးထားတာလို့ ကင်နီပြောသည်။  ဖရန့်ရောက်လာကာ ပစ္စည်းတွေကို လှည့်ပတ်ကြည့်ရှု ၀ယ်ယူအားပေးနေကြသည့် လူတွေကို ကြည့်ရင်း နစ်ခ်ကို ပြောသည်။

“မင်း သူတို့ကို သွားခွင့်ပြုလိုက်ပြီပေါ့…”
“ဒါပေါ့ အဆုံးတော့ အားလုံး သွားရမှာပဲလေ” ကျွမ်းကျင်စွာ ဈေးရောင်းပေးနေသည့် ကင်နီ့ကို ငေးကြည့်ကာ ကက်သရင်းဆီဖုန်းခေါ်မိသည်။ ဖုန်းက ကိုင်မည့်သူမရှိ။ မက်ဆေ့ခ်ျအသံထားခဲ့လိုက်သည်။ “ကက်သရင်း အခု ငါ ဒါတွေကို မစွဲလမ်းတော့ဘူး၊ အားလုံးကို သွားခွင့်ပြုလိုက်ပြီ၊ ဘယ်အချိန်ပဲဖြစ်ဖြစ် မင်းအဆင်သင့်ဖြစ်ရင် ငါ့ကို ခေါ်လိုက်ပါကွာ”။

စမန်သာ့ဆီသွားကာ ညက စကားတွေကတောက်ကဆတ်ဖြစ်ခဲ့တာကို တောင်းပန်ရသည်။ သူမခင်ပွန်း ရောက်လာတော့ မည်လို့ စမန်သာပြောပြခဲ့သည်။ ၀မ်းသာစရာပဲ။ ကက်သရင်းရော သူ့ဆီ ဘယ်တော့ ရောက်လာမှာလဲလို့ တွေးကာ နစ်ခ် ရင်တွေ ခုန်လှုပ်သည်။ စမန်သာက ကင်မရာစမ်းကြည့်ရင်း ရိုက်ခဲ့သည့် သူ့ပုံကို ခုမှ ပေးလာသည်။ ပုံအောက်မှာ စာတန်းတစ်ခုတွေ့သည်။ အရာရာ မဆုံးရှုံးသေးပါဘူး တဲ့။ နစ်ခ် အားတက်သွားသည်။ အလုပ်ကတော့ ဆုံးရှုံးခဲ့ပြီ။ မဆုံးရှုံးသေးတာ ဒါဖြင့် ..ကက်သရင်းဖြစ်မှာပေါ့။

ဖရန့်အလုပ်ရှိရာ ရဲစခန်းကို လိုက်သွားသည်။ ဖရန့်က ခဏစောင့်ပါဆိုကာ အတွင်းခန်းထဲ ၀င်သွားသည်။ စားပွဲပေါ်က ဖရန့်ရဲ့ဖုန်းမြည်လာသည်။ ကြည့်မိသွားသည့်မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်သည်အထိ မုန်းတီးစက်ဆုပ်သွားသည်။ ဖုန်းခေါ်သူက ကက်သရင်း။ အရာရာအခုပဲ ဆုံးရှုံးသွားပြီ။ စမန်သာ့စကား မမှန်နိုင်တော့။ ဖရန့်ဝင်လာတော့ စိတ်တွေထိန်းမရဘဲ လက်သီးနှင့်ပစ်ထိုး မိသည်။ ဘယ်ရမလဲ ဖရန့်က လူဆိုးတွေကို လျှပ်တစ်ပြက် ဖမ်းဆီးနိုင်သည့် ရဲပဲ။ နစ်ခ်လက်သီးလောက်တော့ အပျော့ပေါ့။ နစ်ခ်လက် တွေကို ပြန်ချုပ်ထားနိုင်သည်။

“မိန်းမတွေက သောက်ပြီး အလုပ်မလုပ်တဲ့သူနဲ့ မသောက်ဘဲ အလုပ်လုပ်တဲ့သူ ဘယ်သူ့ကို ပိုကြွေမယ်ထင်လဲ၊ ကက်သရင်း က ပိုကောင်းတဲ့သူနဲ့ ထိုက်တန်တာ”တဲ့။
ဖရန့်စကားတွေက နစ်ခ်ရင်ကို မြားနဲ့တည့်တည့်ပစ်ခွင်းလိုက်သလို၊ ရင်တစ်ပြင်လုံး စူးနစ်အောင် နာသည်။ တော်သေး တာပေါ့၊ `မင်းမိန်းမ ကက်သရင်းက မင်းထက်ပိုကောင်းတဲ့ ငါ့လိုလူနဲ့မှ ထိုက်တန်တာ´လို့ တိုက်ရိုက်မပြောတာပဲ ကျေးဇူးတင်ရဦးမည်။ နာနေတဲ့သူ့ရင်ကို ဗြန်းဗြန်းကွဲထွက်သွားအောင် မေးခွန်းတွေနဲ့ ပစ်ပေါက်ခဲ့သေးသည်။

“မင်းနဲ့ ကက်သရင်း အတူအိပ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ ပြီးတော့ ကက်သရင်းကို ပျော်ရဲ့လားလို့ မမေးခဲ့တာ ဘယ် လောက် ကြာပြီလဲ”တဲ့။

“မင်းက မူးဖို့ပဲ သိတဲ့လူ၊ မူးပြီး ရှယ်ရွန်နဲ့အိပ်ခဲ့ဖူးတယ်၊ မင်းကို ချစ်နေသေးတယ်လို့တော့ ကက်သရင်းက ပြောပါတယ်၊ ဒါပေမဲ့ သူ အခု မင်းကို ကွာရှင်းချင်ပြီတဲ့၊ ဒီမှာ စာရွက်စာတမ်းတွေ သူ့လက်မှတ်ပါပြီးသား..အော် ပြီးတော့ အိမ်ကိုလည်း သူတစ် ယောက်တည်း အပိုင်လိုချင်တယ်တဲ့၊ ဒီထဲမှာ သုံးစွဲဖို့ငွေတချို့လည်း ရှိတယ်…”

xxxxxxxx

အရာအားလုံး ဆုံးရှုံးလိုက်ရသည့်အခါ လူတစ်ယောက်ရဲ့ရင်ထဲ ဘယ်လောက်ဗြောင်းဆန်သွားမှာပါလိမ့်….ကျွန်မ တွေးထိတ် ကာ နစ်ခ်ရဲ့ကြေကွဲမျက်နှာကို ဘယ်လို ဆက်ကြည့်ရမယ်မှန်း မသိတတ်တော့ပါ။ မျက်စိရှေ့မှာ မြင်နေရသည့် နစ်ခ် ပုံစံကတော့ ဘာမှမရှိတော့သည့် သူ့ဘ၀အခြေအနေအပေါ် တည်ငြိမ်စွာလက်ခံယူလိုက်ပြီ ဆိုတာပါပဲ။ ပြီးတော့ သူက ပြောလိုက်သေးသည်။

“တောင်းပန်ပါတယ် လို့ ငါ့မိန်းမကို ပြောလိုက်ပါ”တဲ့။ မိမိရဲ့အားနည်းချက်ကို မိမိဘာသာ သိရှိသဘောပေါက်သွားသူအဖို့ တောင်းပန်စကားကလွဲပြီး တခြားစကား ဆိုဖွယ်မရှိတော့ပြီပဲ။

ဘီယာဝယ်နေကျ စတိုးဆိုင်လေးရှေ့ နစ်ခ် ရောက်သွားချိန်မှာ ကျွန်မ ထိတ်ခနဲဖြစ်သွားသည်။ ဘာမှမရှိတော့သည့်ဘ၀ကို စိတ်နာနာနှင့် ဘီယာရည်တွေထဲ ထပ်ကာထပ်ကာ ရေစုန်မျော နစ်မြှုပ်ပစ်လိုက်တော့မလား။

ခြေလှမ်းတွေ တစ်ချက်တုံ့ခနဲဖြစ်သွားပေမဲ့ နစ်ခ်က စတိုးဆိုင်ကို လျစ်လျူရှုကျောခိုင်းကာ ဆက်လျှောက်သွားခဲ့သည်။ နစ်ခ်ရဲ့ အနာဂတ်အတွက် ကျွန်မ စိတ်မပူတော့ပါ။ လောလောဆယ် သူ့မှာ ဘာမှ မရှိတော့ပေမဲ့ တစ်နေ့ အရာရာသူ့ဆီ ပြန်ရောက်လာအောင် နစ်ခ် စွမ်းဆောင်နိုင်လိမ့်မည်လို့ ကျွန်မ ယုံကြည်လိုက်ပါသည်။ အခု သူ့ဆီက ထွက်သွားကြသည့်အရာတွေထက် ပိုပြီး သစ်လွင် တောက်ပမည့် အရာရာတွေပေါ့။

ဂျူနီယို
Film – Everything Must Go
Cast – Will Ferrell ( Nick Halsey )
         Rebecca Hall( Samantha )
         Michael Pena ( Frank)
(Family မဂ္ဂဇင်း၊ ဒီဇင်ဘာ)

1 comment:

  1. ဘာမှ မရှိတဲ့အချိန်နဲ့ တိုက်ဆိုင်လို့ ပြေးလွှား လာဖတ်သွားတယ်
    ခံစားသွားတယ်
    နားလည်သွားတယ် :)

    ReplyDelete