Tuesday, December 4, 2012

ဟိုသတင်း ဒီသတင်း

၁. ပျော်ရွှင်ဖွယ်ရာမွေးနေ့မင်္ဂလာပါ "လီယိုနာဒိုဒီကာပရီယို"
နိုဝင်္ဘာ ၁၁ ရက်နေ့က အမေရိကန်သရုပ်ဆောင် ရုပ်ရှင်ပရိုဂျူဆာ လီယိုနာဒို ဒီကာပရီယို ရဲ့ အသက် ၃၈နှစ်မြောက်မွေးနေ့ပြည့်သွားခဲ့ပါပြီ။ မွေးနေ့ပါတီကို နိုဝင်္ဘာ ၁၀ရက်နေ့က နယူးယောက်မြို့ မက်ဟက်တန်ရပ်ကွက် The Darby စားသောက်ဆိုင်မှာ မိတ်ဆွေတွေအများကြီးဝန်းရံကာ ကျင်းပခဲ့တယ်။ အမေရိကန်ကြက်ခြေနီအသင်းနဲ့ စန္ဒီမုန်တိုင်းဒုက္ခသည်တွေအတွက် ဒေါ်လာ ၅ သိန်း လှူဒါန်းနိုင်ဖို့ ရံပုံငွေရှာဖွေတဲ့ပွဲပြုလုပ်ခဲ့တာပါ။ ဒီကာပရီယိုရဲ့ ပါတီပွဲမှာ ကင်မရွန်းဒိုင်ယက်ဇ်၊ ဘီရွန်စ့် နဲ့ ခင်ပွန်း ဂျေဇီ၊ ရောဘတ်ဒီနီရိုး၊ ရုပ်ရှင်လောကက နှစ်ရှည်လများလက်တွဲခဲ့တဲ့ မိတ်ဆွေဟောင်း မာတင်စကောစီး၊ Wolf of Wall Street မှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဂျိုနာဟေးလ်၊ ဟယ်ရီပေါ်တာစတားမင်းသမီးလေး အမ်မာဝက်ထ်ဆန် နဲ့ သရုပ်ဆောင် ဂျမ်မီဖောက်စ် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

မာ့ခ်ရာ့ဖ်လို၊ အက်ဒ၀ပ်နော်တန်၊ ခရစ်ရော့ခ်၊ ဘာစ့်တာရိုင်းမ်စ်တို့လည်း တေးဂီတဖျော်ဖြေမှုတွေ စတင်တီးခတ်တဲ့အချိန်မှာ ရောက်ရှိလာခဲ့ကြတယ်လို့ဆိုတယ်။ ဂယ်ရီကလာ့ခ်၊ ဂျူနီယာ၊ ဂျက်ဇ်ဂစ်တာသမား ဂျန်ကိုရန်းဟာ့ထ် နဲ့ စန္ဒရားပညာရှင် အဲရစ်လူးဝစ်တို့ ဖျော်ဖြေခဲ့ကြတယ်။ ဟောလိဝုဒ်စတား ဒီကာပရီယို ရဲ့ ရံပုံငွေရှာဖွေပုံကတော့ အဖျော်ယမကာတွေအတွက် ပုလင်းတိုင်းမှာ ကျသင့်ငွေပေးချေစေတာပါ။ The Darby စားသောက်ဆိုင်ရဲ့ ကော့တေးလ်ဟာလည်း နာမည်ကြီးလှပါတယ်။ ဒီကာပရီယိုဟာ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးသရုပ်ဆောင်ထဲက တစ်ဦးပါ။
အောင်မြင်ကျော်ကြားတဲ့သရုပ်ဆောင်တစ်ဦးရဲ့ ကိုယ်ပိုင်ဘ၀ကတော့ သူကျွမ်းကျင်တဲ့ သရုပ်ဆောင်အနုပညာအလုပ်လောက်တော့ မချောမွေ့လှပါဘူး။ လတ်တလော Victoria’s Secret နတ်မိမယ်လေး အဲရင်ဟိသာတန်နဲ့ အချစ်ဇာတ်လမ်းတစ်ခန်းရပ်သွားခဲ့တယ်။ အစ္စရေးစူပါမော်ဒယ် ဘာရာဖဲလီ၊ ဘရာဇီးမော်ဒယ် ဂီစဲလ်ဘန်ချန် တို့နဲ့ ဇာတ်လမ်းတွေလည်းပြီးသွားခဲ့ပြီ။ ၂၀၁၀ က တွဲခဲ့ဖူးတဲ့ အမေရိကန်သရုပ်ဆောင်၊ မော်ဒယ် ဘလိတ်လိုက်ဗလီ နဲ့လည်း လက်တွဲဖြုတ်ခဲ့ကြတယ်။ ဒီကာပရီယိုရဲ့ ၃၈ နှစ်မြောက်မွေးနေ့အမှတ်တရ အဖြစ် အမျိုးသမီး ၃၈ ယောက်နဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို popsugar မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

၂. နတ်သမီးပုံပြင်ထဲက ၀တ်စုံလေး ရဲ့ နေရာမှန်
ဒါ Oz နယ်လား၊ Kansas လယ်တောမှာလား၊ တခြားသက်တံပေါ်က တစ်နေရာရလားပဲ။ ခရီးရဲ့ အဆုံးကို မသိနိုင်ပေမယ့် ဒီအပြာရောင်ဝတ်စုံလေးကိုတော့ ဂျူဒီဂါလန် ၀တ်ဆင်ခဲ့ပါတယ်။ အမေရိကန်စာရေးဆရာ L. Frank Baum ရဲ့ ကလေးစာအုပ်တွေထဲက The Wizard of Oz မှာ ဂျူဒီဂါလန်က ဒိုရိုသီအဖြစ် သရုပ်ဆောင်စဉ် ၀တ်ဆင်ခဲ့တာပါ။ “ဒိုရိုသီ” သရုပ်ဆောင်ဇာတ်ဝင်ခန်းတွေမှာ ၀တ်ဆင်ခဲ့တဲ့ ဒီဝတ်စုံပြာလေးကို ကလေး၊ လူကြီး နှစ်သက်သဘောကျခဲ့ကြတယ်။ ဈေးနှုန်းက အနောက်ကမ္ဘာက စုန်းမကြီးရဲ့ တံမြက်စည်းမဟုတ်ပါဘူး။ ၁၉၃၉ ရုပ်ရှင်ထဲမှာတော့ ဒိုရိုသီက အဒေါ်ဆီကို ပြန်သွားနိုင်ဖို့အတွက် တံမြက်စည်းတစ်ချောင်းရရှိခဲ့ဖူးတယ်။ အခုတော့ ဒိုရိုသီဝတ်စုံလေးကို ဂျူလီယံလေလံပွဲမှာ ဒေါ် ၄၈ဝဝဝဝ ပေးပြီး ၀ယ်ယူသွားသူ ပေါ်လာခဲ့ပါပြီ။ ဒီဝတ်စုံလေးဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘီဗာလီဟေးလ်စ်မှာ ရှိတဲ့ ဂျူလီယံလေလံခန်းမပိုင်ဆိုင်တဲ့ ဟောလိဝုဒ်သမိုင်းဝင်ပစ္စည်းတွေထဲက တစ်ခုပါ။ ဒိုရိုသီရဲ့ ၀တ်စုံပြာလေး နဲ့ အတူ River of No Return မှာ မာရီလင်မွန်ရိုးဝတ်ဆင်ခဲ့တဲ့ ခရမ်းရောင်စကပ်လေးဟာလည်း ဒေါ်လာ၅၀၀၀၀၊ ရွှေရောင်အကျီလေးနဲ့ ကာပရီဘောင်းဘီလေးဟာ ဒေါ်လာ ၄၃၇၅၀ အသီးသီး ရရှိခဲ့ကြတယ်။

၃. ဂန်းနန်းစတိုင်လ်၊ PSY နဲ့ ဂျပ်စတင်ဘီဘာ
ဂန်းနန်းစတိုင်လ် သီချင်းနဲ့ ကမ္ဘာတစ်ဝှမ်းလူသိများသွားခဲ့သလို MTV ဥရောပဂီတဆုပေးပွဲမှာ အကောင်းဆုံးဗီဒီယိုဆုကိုပါ ရရှိသွားခဲ့တဲ့ တောင်ကိုးရီးယားအဆိုတော် PSY(Park Jae-sang) ဟာ သူ့ရဲ့ စင်ဂဲလ်အသစ်ကို အင်္ဂလိပ်စာသားများများပါမယ်။ ပြီးတော့ ဆယ်ကျော်သက်လေးတွေရဲ့ စတား ဂျပ်စတင်ဘီဘာ Feature သီဆိုလိမ့်မယ်လို့ ပြောပါတယ်။ သီချင်းသစ်အတွက် အားလုံးပြီးသွားပြီလို့ဆိုတယ်။ “နောက်ထပ် အယ်လ်ဘမ်အသစ်အတွက် နဲ့ စင်ဂဲလ်အတွက် အလုပ်လုပ်နေပါပြီ။ အဲဒီမှာ အင်္ဂလိပ်စာသားပိုပြီး ပါဝင်ပါလိမ့်မယ်။ အဲဒီတော့ ပိုပြီး နားလည်သဘောပေါက်နိုင်တာပေါ့။ ကျွန်တော် ပျော်ပါတယ်။ ပြီးတော့ စိတ်မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် သီချင်းဆိုတယ်။ ဟန်လုပ်သရုပ်ဆောင်တယ်။ ပရိတ်သတ်တွေသိပ်ပျော်ကြပုံပဲ။ ဒါပေမဲ့ ကျွန်တော်ဘာတွေပြောနေလဲ သူတို့မသိနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အင်္ဂလိပ်စာသားတချို့ထည့်ရတာပါ” တဲ့။ ဂျာမနီနိုင်ငံ၊ ဖရန့်ခ်ဖာ့ထ်မှာ ပြုလုပ်ခဲ့တဲ့ MTV ဆုပေးပွဲမှာ PSY ရဲ့ အမှတ်အသား ဂန်းနန်းစတိုင်လ်အက ကို ဟေးဒီကလန်းနဲ့ ဖျော်ဖြေခဲ့တယ်။ ဂန်းနန်းစတိုင်လ် သီချင်းနဲ့ ပတ်သတ်ပြီး “ဒီလိုသီချင်းဆိုခဲ့တာ တောင်ကိုးရီးယားမှာ ၁၂ နှစ်တောင်ရှိခဲ့ပါပြီ။ ဒီသီချင်းလိုပဲ ဒီသီချင်းမတိုင်ခင်ကလည်း ဖန်တီးဖူးတယ်။ အခုတော့ ဒီလိုဖြစ်လာခဲ့ပြီ။ ကျွန်တော်ဘာပြောရမလဲ။ ဒါ အံ့သြစရာပါပဲ။ အလွန်ကို အံသြစရာကြီးပါ” လို့ ပြောပါတယ်။

၎. Skyfall ကိုကြည့်နိုင်ပါတယ်၊ မန်ယူကိုလည်း ကြည့်ပါ တဲ့
007 ကားသစ် Skyfall ဟာ ယူအက်စ်မှာ ၀င်ငွေအများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါပြီ။ အရင် ဂျိမ်းစ်ဘွန်းတွေလိုပဲ ဒန်နီရယ်ကရေဂ်ျ့ရဲ့ Skyfall ဟာ ယူအက်စ်မှာ စတင်ပြသခဲ့ပြီးနောက်မှာ ဒေါ်လာ ၈၇.၈ သန်းတောင် ၀င်ငွေစုဆောင်းနိုင်ခဲ့တာပါ။ မြောက်အမေရိကဘက်မှာ နိုဝင်္ဘာ ၉ ရက်နေ့က ရုံတင်ပြသခဲ့ပြီး film chart မှာ ထိပ်ဆုံးရောက်ခဲ့တယ်။ နောက်ထပ် ၉ရက်နေ့ထိ ဒေါ်လာ ၂.၂ သန်းထပ်ရရှိခဲ့တော့ ပထမရက်သတ္တပတ်မှာပဲ ဒေါ်လာ သန်း ၉၀ အကျိုးအမြတ်ရခဲ့ပါတယ်။ ၂၀၀၈ မှာ ပြသခဲ့တဲ့ ဒန်နီရယ်ကရေဂ်ျ့ ရဲ့ Quantum of Solace ဟာ ကမ္ဘာတစ်ဝှမ်း ဒေါ်လာ ၆၇.၅သန်း ငွေစုစုပေါင်းဖြစ်ပြီး Skyfall က ကမ္ဘာတစ်ဝှမ်း ဒေါ်လာ ၅၁၈.၆သန်း ရရှိခဲ့ပါပြီ။ နိုဝင်္ဘာ ၂ ရက်နေ့ထိ ယူအက်စ် နံပါတ်တစ်ဖြစ်ခဲ့တဲ့ animation ရုပ်ရှင်ကား Wreck-It Ralph ဟာ ဒေါ်လာ ၃၃.၁ သန်း နဲ့ ဒန်ဇယ်ဝါရှင်တန်ရဲ့ Flight က နံပါတ် ၃ ဒေါ်လာ ၁၅.၁ သန်း တို့ရရှိခဲ့ကြတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းမန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်ဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေ အင်မတန်နှစ်သက်သူဖြစ်ပြီး ဘွန်းရုပ်ရှင်ကား Never Say Never Again စတား ရှောင်ကွန်နရီ နဲ့ ရင်းနှီးလှတဲ့မိတ်ဆွေတွေပါ။ “ကရေဂ်ျ့က အကောင်းဆုံး ဘွန်း ဖြစ်နိုင်ပါတယ်။ သူက စကော့တလန်လူမျိုး” လို့ဆိုတယ်။ သူ ဂျိမ်းစ်ဘွန်းကို ကြိုက်နှစ်သက်သလို ဒန်နီရယ်ကရေဂ်ျ့ကိုလည်း မန်ယူကြိုက်နှစ်သက်လိမ့်မယ် လို့ ဖာဂီက ထင်မြင်ခဲ့တယ်။ စက်တင်ဘာလောက်က နယူးယောက်ကို အသွား ကရေဂ်ျ့ရဲ့ အမေ နဲ့ လေယာဉ်တစ်စီးတည်း အတူတူပဲ။ ကျွန်တော် သူမကိုပြောလိုက်တယ်။ ဒီမှာ လက်မှတ်တစ်စောင်ပါပေါ့။ ဒန်နီရယ်အတွက် အချိန်မရွေး အိုးထရက်ဖိုဒ့်ကွင်းအတွက် လတ်မှတ်ပါ ဆိုတော့။ သူမက ကျွန်တော့်ကို ကြည့်တယ်။ ကြည့်ပုံက ကျွန်တော့်ဦးခေါင်းမှာ ဂျိုပေါက်နေသလိုပဲ။ အံ့သြတကြီးစိုက်ကြည့်တာပဲ။ ပြီးတော့ သူမက စကားပြန်တယ်။ ကျွန်မတော့ ဒန်နီရယ် ယူနိုက်တက်ကို သွားကြည့်လိမ့်မယ်လို့ မထင်ဘူးတဲ့။ သူက လီဗာပူး ပရိတ်သတ်ပါ လို့ သူမက ဖြေတယ်။
ခုတော့ ဖာဂီ ပြောနိုင်ပြီ။ “ကျွန်တော် ဒန်နီရယ်ကရေဂ်ျ့ကို သိပါတယ်။ သူက လီဗာပူးပရိတ်သတ်ဆိုတာ တစ်ခုတည်းကိုပဲ သိသွားတာပါ” တဲ့။ ဖာဂီကတော့ ဒေးဗစ်ဘက်ခမ်း နဲ့ ဂယ်ရီ နီဗီးလ် တို့ကို ဒီမင်းသားကို ဆန့်ကျင်ဖို့ ချုပ်ကိုင်မထားပါဘူးလို့ ဆိုတယ်။ “သူတို့ ဘွန်းရုပ်ရှင်အသစ် Skyfall ကြည့်ပြီးကြပြီ။ သူတို့က ကျွန်တော့်ကိုပြောပါတယ်။ သိပ်ကောင်းတယ် တဲ့။ ယူအက်စ်အိုးပင်းတင်းနစ်ပွဲကို လည်း ရှောင်ကွန်နရီနဲ့ အတူတူကြည့်ကြမယ်။ ကျွန်တော်ကတော့ ဘွန်းပရိတ်သတ်ပါ” လို့ ပြောပါတယ်။

၅. ကလေးတွေရဲ့ နာမည်အသစ်ကို ရွေးချယ်ပေးလိုက်တဲ့ “ကက်သရင်ဇီတာဂျုံး”
ဝေလနယ် Swansea ကမ်းရိုးတမ်းမြို့လေးမှာ မွေးဖွားခဲ့တဲ့ ဟောလိဝုဒ်စတား ကက်သရင်းဇီတာဂျုံးဟာ သူမမွေးဖွားရာဒေသက ကလေးဆေးရုံရဲ့ အမည်ကို တရားဝင်ပြောင်းလဲလိုက်ပါတယ်။ အမည်သစ်က “Noah’s Ark Appeal” လို့ အမည်ပြောင်းလဲလိုက်တာပါ။ ဒီကလေးဆေးရုံးဖွင့်လှစ်ဖို့ သူမက ဦးဆောင် ရံပုံငွေရှာ၊ အလှူငွေမတည်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ သူမ နဲ့ ခင်ပွန်းသည် သရုပ်ဆောင် မိုက်ကယ်ဒေါက်ဂလာစ့် ၂၀၀၅ မှာ ဆေးရုံဆောက်လုပ်နိုင်ဖို့ ရံပုံငွေရှာခဲ့ပြီး ဌာနငါးခုစာအတွက် လှူဒါန်းငွေထည့်ဝင်ခဲ့ကြတယ်။ ပေါင် ၁၂ သန်းလှူဒါန်းခဲ့ကြပြီး ၂၀၁၅နှစ်မှာ နောက်ထပ် ပေါင် ၈ သန်း ထပ်မံထည့်ဝင်ပြီး ဆေးရုံဒုတိယဆင့်တိုးချဲ့မှုအတွက် ပြုလုပ်ကြမှာပါ။ The Ocean’s Twelve နဲ့ The Mask of Zorrow စတား ကက်သရင်းဇီတာဂျုံးဟာ ၂၀၀၃ မှာ အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုရရှိခဲ့တယ်။ Carfiff and Vale University ကျန်းမာရေးဌာနက လက်ထောက်အမှုဆောင်ဥက္ကဌ ပေါလ်ဟောလာဒ့်က ပြောပါတယ်။ ဝေလအစိုးရအဖွဲ့ကလည်း ဆေးရုံ ဒုတိယအဆင့်ပြီးမြောက်ဖို့အတွက် ပေါင် ၆၄သန်း ထုတ်ပေးပါလိ့မ်မယ်။ လောလောဆယ် ဆေးရုံအတွက်လိုအပ်တဲ့ကိရိယာတွေအတွက် ဖြည့်စွက်ငွေ ပေါင် ၈ သန်း ရရှိထားပါပြီ လို့ ဆိုတယ်။ Noah’s Ark Appeal ရဲ့ ဥက္ကဌ လင်းဂျုံးစ် က ဝေလနယ်က ကလေးတွေကို အထောက်အပံ့ပေးနိုင်ဖို့အတွက် ကက်သရင်းဇီတာဂျုံး နဲ့ အတူ လူတွေအများကြီးပဲ မမောမပမ်းနိုင် အလုပ်လုပ်နေကြပါတယ်။ အကောင်းဆုံးဝန်ဆောင်မှုနဲ့ အကောင်းဆုံးကိရိယာတွေရှိမယ့် ဆေးရုံတစ်ရုံ အမြန်ဆုံးပေါ်ပေါက်လာတော့မှာပါ။

၆.  ဟာရီကိန်း စန္ဒီ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ ဘီဘာ
ဟာရီကိန်း စန္ဒီကြောင့် အိုးအိမ်းပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်တွေကို ဂျပ်စတင်ဘီဘာ က ကူညီဖို့ လုပ်ဆောင်နေပါတယ်။ ပေါ့ပ်အဆိုတော်လေးဟာ Believe Tour ခရီးစဉ် လောလောဆယ်ရှိနေပေမယ့် စူပါမုန်တိုင်း တိုက်ခတ်မွှေနှောက်သွားတဲ့ အမေရိက ရဲ့ East Coast ဒေသအတွက် ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ဖို့ စိတ်သန်နေပါတယ်။ ဂျာစီ၊ ဘရွတ်ကလင်း နဲ့ MSG tour နှစ်ပွဲစာ ခရီးစဉ်လေးမျိုးရဲ့ လက်မှတ်တွေကို တစ်ဒေါ်လာစီပိုရောင်းပြီး ရံပုံငွေစုဆောင်းပါတယ်။ လေဒီဂါးဂါးကလည်း ဒေါ်လာ၁သန်း နဲ့ ဟယ်ရီပေါ်တာ သရုပ်ဆောင်မလေး အမ်မာဝက်ထ်ဆန် ကလည်း အစားအသောက်တွေ ဖြန့်ဝေပေးဖို့ တာဝန်ယူခဲ့တယ်။ ရီဟန်းနားကလည်း “နယူးယောက် နေ့စဉ်သတင်းများ” ပြန်လည်ထူထောင်ရေးအဖွဲ့ကို အိပ်ရာအိတ် ၁ ထောင်လှူန်းဒါန်းခဲ့ကြပါတယ်။  ဂျာမနီနိုင်ငံ ဖရန့်ခ်ဖာ့ထ်မှာ ပြုလုပ်ခဲ့တဲ့ MTV ဥရောပဂီတဆုပေးပွဲ(EMAs) မှာ ဂျပ်စတင်ဘီဘာ နဲ့ တေလာဆွစ်(ဖ်)တို့ဟာ ဆုသုံးဆုရရှိခဲ့ကြတယ်။ ကနေဒီယန်းအဆိုတော် ဘီဘာဟာ အကောင်းဆုံးအမျိုးသားဆု၊ ပေါပ့်ဂီတဆု နဲ့ ကမ္ဘာ့စင်မြင့်ဆုတွေရရှိခဲ့ပေမယ့် ဘီဘာက ဆုတွေလက်ခံယူဖို့ ဂျာမနီ မသွားခဲ့ပါဘူး။ သတင်းစကားကိုပဲ သွင်းယူထားပြီး ပရိတ်သတ်တွေကို ဖွင့်ပြနှုတ်ဆက်စေခဲ့တယ်။ “ဒီညဟာ ကြုံဖူးသမျှထဲမှာ အကြီးကျယ်ဆုံးညပါပဲ။ အင်မတန်စိတ်လှုပ်ရှားရပါတယ်။ ဆုသုံးဆုတောင်ပေးတယ် ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ” လို့ ပရိတ်သတ်တွေကို နှုတ်ဆက်စကားဆိုခဲ့တယ်။

Living Fashion Magazine,
December, 2012
ဖြိုးဖြိုး

Monday, December 3, 2012

အဇာတသတ်နှင့် စက်ယန္တရားများ

ပြီးခဲ့တဲ့ အပတ်က မေမေပြောခဲ့သလိုပါဘဲ အာတသတ်ဟာ လူပေါင်းမှားပြီး တန်ဆောင်မုန်းညရဲ့အလှအေးရိပ်မှာ ကြည်နူးချွေးသိပ်ဖို့ နေနေသာသာ စားလို့ မ၀င်အိပ်လို့မပျော် နေမထိ ထိုင်မသာ နောင်တတွေရ  ဗြုံးကနဲ သူ့ဆရာ ဒေ၀ဒတ် မြေမျိုခံရတယ်လို့ ကြားရော ဒါးသွားလှံသွားပေါ် တည်ရှိနေတဲ့လူလို ဒုက္ခဆင်းရဲတွေ ဖြာဖြာဝေနေသတဲ့။

ဒီနေရာမှာ ဒေ၀ဒတ်မြေမျို ခံရပုံကလေး နည်းနည်းမြင်သာ ထင်သာ ပြောပြချင်သေးတယ်။ ဒေ၀ဒတ်ဟာ ယသော်ဓရာဒေ၀ီရဲ့ မောင်တော်အရင်း ဖြစ်တာမို့ ဘုရားရှင်နဲ့ ဆွေမျိုးစပ်ရင် လူ့ဘ၀က ယောက်ဖတော် ဖြစ်ပါတယ်။ ဘုရားကို အမြဲ ကန့်လန့်တိုက်ခဲ့တဲ့  ဒေ၀ဒတ်ဟာ နောက်ဆုံးသူ့အမှားကိုမြင်လာတဲ့ တနေ့ ဘုရားရှင်ကို ကြေရာကြေကြောင်းဝန်ချတောင်းပန်ဖို့ အသွား ဘုရားရှင့် ဇေတ၀န်ကျောင်းတော် အနီး ရေကန်ကြီးအရောက် ကိုယ်လက်သန့်စင်မယ်လို့ ညောင်စောင်းကုတင်က အဆင်းခြေနင်းရာ အရပ်မှာဘဲ  မဟာပထ၀ီမြေကြီးက ဟက်တက်ခွဲ စုပ်ယူ မျိုချလိုက်တာ တချီတည်း မဟာအ၀ီဇိငရဲကို တန်းရောက်သွားပါသတဲ့။
(ဒေ၀ဒတ်က သွေးအံထားတော့ အားပျော့ပြီး မလှုပ်နိုင်ဘူး။ညောင်စောင်းကုတင်ကို ထမ်းစင်လုပ် ခေါ်လာကြတာ)
ဒီအကြောင်းကို လဲ ကြားရော အဇာတသတ်ဟာ ဘယ်လိုမှ ဆောက်တည်လို့ မရဘဲ ပူဆွေးသောကရောက်နေရာက  ဆရာဇီဝကလမ်းညွှန်ချက်အရ  ဘုရားရှင့်အထံတော်ဝင် သူ့အမှားကို ပြင်ဆင်ခဲ့ရတယ်မဟုတ်လား။ ဘခင်ကိုပြစ်မှားမိခဲ့တဲ့ကံကြောင့် မဂ်ဖိုလ်ရဖို့ အခွင့်မရှိတော့ဘူး။ သာမန် သောတာပန် အဆင့်မျှလောက်နဲ့ဘဲ ကျေနပ်ရတော့တာပေါ့။

အဲဒီနော က်  မြတ်ဘုရားရှင်ဟာ မာန်နတ်ရဲ့ တောင်းဆိုမှုကို လိုက်လျောပြီး အာယုသင်္ခါရ လွှတ်တော် မူတယ်။နောက်သုံးလအကြာမှာ ပရိနိဗ္ဗာန်စံပါတယ်။ အဲဒီနောက် ရှင်မဟာ ကဿပ ရဟန္တာကြီးမှူးပြီး ပထမသင်္ဂါယနာတင်ပါတယ်။ သင်္ဂါယနာ တင်ရတဲ့အကြောင်းရင်းကိုတော့ ဗုဒ္ဓစာစဉ်တွေမှာ ရေးခဲ့ဖူးပါပြီ။ ရဟန်းတော်များ သင်္ဂါယနာ တင်ရာမှာ မင်းရဲ့ အထောက်အပံ့ဟာ အလွန်အရေးပါပါတယ်။ အဇာတသတ်မင်းဟာ စရည်းပင်ပေါက်ရာ လှိုဏ်ဂူဝတွင် ရဟန်း၅၀၀ စုဝေးနိုင်တဲ့ ဗိမာန်တခုကို နတ်တို့ ဖန်ဆင်းသည့်အလား အဆန်းတကျယ် တည်ဆောက်လှူဒါန်းခဲ့ပါတယ်။ရဟန်းတော်များလိုအပ်သမျှ ဆွမ်းကွမ်းကအစ ဘာမှ မချို့ တဲ့စေရဘူးတဲ့။
(ဆဋ္ဌသင်္ဂါယနာတင်စဉ်က မြန်မာနိုင်ငံမှာ ၀န်ကြီးချုပ် ဦးနုဟာလည်း အဲဒီလိုဘဲ ဆွမ်းကွမ်းကအစ ပံ့ပိုးပြီး  ရဟန်းတော်များစုဝေးဖို့ကမ္ဘာအေး လှိုဏ်ဂူတော်ကြီး ကို ခန်းခန်းနားနား ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။) 

အဇာတသတ်ဟာ ဗုဒ္ဓဘာသာမှာ မိမိဆန္ဒအလျောက် သက်ဝင် ယုံကြည်ပြီးတဲ့နောက် ဗုဒ္ဓဘာသာကို ပြန့်ပွားထွန်းကားအောင် ဆောင်ရွက်ခဲ့ပုံကလေးကို မေမေက ပြောချင်တာပါ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံအပြီးမှာ အလောင်းတော်ကို စန္ဒကူးနံ့သာထင်းပုံထက်မှာ ထားပြီး ပူဇော် ကံတော့ကြစဉ် အလိုအလျောက်ရဲရဲတောက်လောင်ခါ  မီးသဂြိုလ်ပြီးဖြစ်ရာမှ  ကြွင်းသော ဓါတ်တော်တို့ကို    အဇာတသတ်မင်းဟာ အာဏာစက်နဲ့ စုစည်းခဲ့ရပါတယ်။ဓါတ်တော်များဟာ ဒေါနပုဏ္ဏား အဝေမတဲ့ရာက နေရာအနှံ့ ပျံ့ နှံ့ ကုန်လို့ပါ။ ရဟန်းတော်များနှင့် ညှိနှိုင်းတိုင်ပင်ပြီးဘုရားသာသနာနဲ့ ကောဇာတညီတည်းဖြစ်ရန် ၁၄၈ ကိုဖြိုပြီး ကိန်းအသစ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ခု သာသနာ ၂၅၀၀ ကျော်ခဲ့ပါပြီ။ အတိအကျကိုတော့ အမေက မသိဘူးဖြစ်နေတယ်။ 

အဇာတသတ်ဟာ ဘုရားဓါတ်တော်တို့ကို ဌာပနာဖို့ ရာဇဂြိုလ်ပြည်ရဲ့ အရှေ့တောင်ဘက် ကုန်းခေါင်မြင့်မောက်ရာအရပ်မှာ  မတ်မတ်ရပ်ပြီး “တူး၍နက်သော်လည်း ရေမထွက်စေသော။မညီမလှသော ကျောက်တို့သည် ကွယ်ပျောက်၍မြေအတိပြီးစေသော" လို့  ဒိဋ္ဌာန်ပြိး မြေတူးပါတယ်။  မြေကျစ်စာတွေကိုအုတ်ဖုတ်ပါတယ်။ တွင်းရဲ့ အပေါ်က ရဟန္တာ ၂ကျိပ် တို့ရဲ့ စေတီများဝန်းရံ တည်ထားပါတယ်။တွင်းရဲ့ အနက်ကိုတော့ အတောင်၆၀ ရောက်အောင်တူးသတဲ့။ပြီးမှ အောက်ခြေကြေးနီပြားခံ ကျောင်းဆောက်တယ်။  ဓါတ်တော်မွေတော်တို့ကို စန္ဒကူးကြုပ်ရှစ်လုံးမှာ ထည့်သွင်းပါတယ်။ရတနာကိုးပါးတို့နဲ့ စီချယ်တဲ့ ရွှေကြုပ် ငွေကြုပ် တို့ဖြင့်  အပေါ်က ထပ်ခါထပ်ခါ အဆင့်ဆင့်   မွန်းမံ ထားရှိတယ်။    အပေါ်ကမှ တခါ ပတ္တမြားပြောက် ကျောက်ကို စေတီပြု ပြန်တယ်။ပြီးရင် ရွှေကျောင်း ငွေကျောင်း ပတ္တမြားကျောင်းစသည် အထပ်ပေါင်း ၁၆၀ရှိတယ်လို့ ဗုဒ္ဓ၀င်မှာ (ဇိနတ္ထပကာသနီကျမ်း)ပြဆိုထားတယ်။  

 တခါ အဲဒီ ဓါတ်တော် ဋ္ဌာပနာတိုက်ကိုမှ ရတနာ ၇ပါးအတိပြီးတဲ့ သဲတို့နဲ့ ကြဲပက် ဖြန့်ချပြီးရေပန်း တွေလြဲပုလုပ်ထားတယ်တဲ့။  ပြီးတော့ ၅၅၀ ဇတ်တော်လာ ဘုရားသခင်ရဲ့ မိခင်ဘခင် ဆွေမျိုးစသည် ဖွားဖက်တော်များပါမကျန် ရွှေအတိ အရုပ် သွန်းလုပ်ထားရှီပြန်တယ်။ ရွှေတံခွန် ငွေတံခွန် ၅၀၀စီ ရွှေမြူတာ ငွေမြူတာ ၅၀၀စီ နဲ့ ရွှေဆီမီးတိုင် ငွေဆီမီးတိုင် နံ့သာ ဆီမီးတိုင် ၅၀၀စီကိုလဲ ထားရှိတယ်။။ပြီးရင် မွှေးကြူလှတဲ့ ကြာညိုပန်းတခိုင်ကိုလဲ စိုက်ထူထားတယ်တဲ့။ ဒါတွေဟာ အဇာတသတ်မင်းက ရှင်မဟာ ကဿပရဲ့ အစီအမံနဲ့ ပြုလုပ်ထားရှိတာပါ။ ရှင်မဟာကဿပက နောင် အာသောကမင်းကြီး ဖွင့်လှစ်ယူဆောင် သာသနာပြုတဲ့နေ့အထိ ဆီမီးမငြိမ်းစေရန် ပန်းမညှိုးစေရန် ဓိဋ္ဌာန်ခဲ့တယ်ကွဲ့။ ရွှေပေမှာလည်းအက္ခရာရေးထိုးခဲ့သေးတာ။ အစီအမံတွေက အဆန်းတကျယ်တွေချည်းဘဲ။ ဒါတွင်ဘယ်ကမလဲ။ အထူးပြောချင်တာက ယန္တရားစက်တွေဘဲကွဲ့။

ရန်သူတွေ ဖျက်ဆီးနိုင်ခြင်းမရှိအောင် လက်နက်စွဲကိုင်ထားပြီး လေအဟုန်လို လျင်မြန်လည်ပတ်နေတဲ့ သက်ရှိလူသားလို အရုပ်တွေ ဆင်ရုပ် မြင်းရုပ်တွေ ကိုလဲ ယန္တရားအတတ်နဲ့ ဆန်းဆန်းပြားပြားဆင်ထားခဲ့သေးတာပါ။ အဲဒီအရုပ်တွေဟာ အလွန်ကြောက်မက်ဖွယ် သတ်မယ် ဖြတ်မယ်နဲ့ လည်ပတ်နေလိုက်တာ မြင်တာနဲ့ အသက်တောင် ထွက်လောက်သတဲ့။ အဲဒီအပေါ်ကမှကျောက်ဖျာကြီးတွေနဲ့ ဖုံးအုပ်ပြန်တယ်။ ကျောက်ဖျာပေါ်ကမှ မြေမှုံတွေ ခင်းပြီး ကျောက်စေတီ တည်ထားကိုးကွယ်ပြန်တယ် ကွဲ့။ ဘလောက်များ အစီအမံ ကောင်းလိုက်သလဲနော်။ ဒီလိုနဲ့
အဇာတသတ်မင်းဟာ အစဉ်အတိုင်းမင်းပြုပြီး နန်းသက် ၃၂နှစ်မှာ  ဘုရင်လုပ်ချင်လှပြီဖြစ်တဲ့ သားတော် ဥဒယဘဒ္ဒ မင်းသား လုပ်ကြံလို့ ကံကုန်ခဲ့ပါတယ်။ သူဟာ ပဋိသန္ဓေ ကောင်းပါလျက် လူပေါင်းမှားခဲ့ပါတယ်။ မှားမှန်းသိတာနဲ့ ပြန်လည်ပြင်ဆင်ခဲ့တာရယ် ဘုရားသာသနာ အဓွန့်ရှည်အောင် ပြုမူဆောင်ရွက်ခဲ့တာတွေရယ်ကြောင့် သူဟာ မဟာအ၀ီဇိငရဲမှာ အနှစ် ၆သောင်းသာ ခံရမှာဖြစ်ပြီး အရိမေတ္တေယျ ဘုရားမပွင့်မီ အချိန်မှာပင် ပစ္စေကာဗုဒ္ဓါ အဖြစ် ကျွတ်တမ်းဝင်ပါလိမ့်မယ်။

ပါဋလိပုတ်ပြည် အာသောကမင်းကြီး လက်ထက်ရောက်တော့ အဇာတသတ်မင်းထားရစ်ခဲ့တဲ့ ဓါတ်တော်တိုက်ကို ဖေါက်ပြီး ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင်ကို ရည်စူးပြီး စေတီပေါင်းရှစ်သောင်းလေးထောင် ၊ ရေတွင်းပေါင်းရှစ်သောင်းလေးထောင် တည်ထားပါတယ်။ ဓါတ်တော်များကိုလည်း ဌာပနာပြီး စေတီတည် ကိုးကွယ်ခဲ့တယ်ကွဲ့။ ပထမတော့ သူကလျို့ဝှက်တည်ဆောက်ထားတဲ့  ဓါတ်တော်တိုက် ကို သေချာမသိဘူး။ ရဟန်းတွေ တဆင့်စကားပြောကြားချက်အရ ရဇဂြိုလ်ပြည်မှာ အဇာတသတ်မင်းက အစီအမံထားခဲ့ကြောင်း သိတာပဲရှိတယ်။ အဲဒါ ယန္တရားအတတ်ကို နားလည်တတ်ကျွမ်းတဲ့ ဆရာကို အသပြာ ထောင်ထုပ်ကို ဆင်ကျောက်ကုန်းမှာတင်ပြီး  စည်လည် ရှာရတယ်။

ရှာတော့ ယခင် ယန္တရားအတတ်ကျွမ်းသူ အဆက်အနွယ်ထဲက ခေါမတိုင်း ယောမသားတွေက ငွေတထောင်ထုပ်ကို လာသိမ်းကြတယ်လေ။ အဲဒီ ယန္တရားအတတ် ကျွမ်းသူများဟာ  ယောမ သား ခေါမသားလို့ ဆိုတယ်။ သူတို့ ကိုယ်မှာ မိမိအမည်နဲ့တကွ အတတ်ပညာကို ရေးထိုးထားကြတယ်။ တခြားတနိုင်ငံကိုသွားရင် သူတို့က လိုက်လံသတ်ဖြတ်ပြစ်ကြသတဲ့။ မိမိတို့ အတတ်ပညာကို ပြန့်ပွားမှာ စိုးလို့ တဲ့။အကြောင်းက ဒီလိုကွဲ့။ တခါတော့ ပါဋလိပုတ်သားတယောက်ဟာ ယောမခေါမတိုင်းကို သွားပြီး ယန္တရားအတတ်သင်ဖို့ ယန္တရားဆရာရဲ့သမီးနဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ် သမက်ဖြစ်လာတဲ့အခါ ယောက္ခမ က မနေသာ ယန္တရားအတတ်ကို သင်ပေးရတော့တာပေါ့။  သားသမီးထွန်းကားတဲ့အခါ  အတတ်ပညာကလဲ စုံပီိဆိုတော့ ပါဋလိပုတ်ပြည်ကို ပြန်ချင်တာပေါ့ကွယ်။ဒါနဲ့ သားကိုမှာတယ်။ အဖေတော့ မွေးရာဇာတိကို ပြေးတော့မယ်။ ပြေးမှန်းသိရင်  ဒီက လူတွေက ကောင်းကင်ခရီးကနေ သူတို့ ယန္တရားအတတ်နဲ့ အဖေ့ကို လိုက်သတ်လိမ့်မယ်။ အဖေ လွတ်အောင်ပြေးရလိမ့်မယ်။ တကယ်လို့ အဖေအသတ်ခံရရင် အဖေ့ကိုယ်ကအတတ်ပညာကိုယူပြီးအသက်မွေးပါလို့ မှာသတဲ့။ အဖေဖြစ်သူဟာ ပါဋလိပုတ်ပြည်ကို ပြန်မရောက်မီ အသတ်ခံသွားရပါတယ်။

အဖေမှာခဲ့တဲ့အတိုင်း အလောင်းကို သင်္ဂြိုလ်ပြီး သူ့ပေါင်မှာရှိတဲ့ အတတ်ပညာကိုယူကာ သားက အသက်မွေးနေတာကိုး။ ဘုရင် စည်လည်တော့ သူကငွေထုပ်ထွက်သိမ်းတာလေ။  ဒါနဲ့ ယန္တရား ဆရာက မြေကိုတူး တံတိုင်ခုနှစ်ထပ်ကို အစဉ်အတိုင် တဆင့်ချင်း ဖယ်ရှားတော့တယ်။ဓါတ်တော်ပြသာဒ်ပေါ်လာတဲ့အခါ မင်းကြီးနဲ့တကွ ပြည်သူပြည်သားများ လင်္ကျာရစ် ၃ကြိမ်လှည့်လို့ စုပေါင်း ဖူးမျှော့်ကြတယ်။   ဆီမီးတိုင်တွေလဲ မငြိမ်းပါဘူး။ ကြာညိုပန်းဟာလဲမနွမ်းပါဘူး တဲ့။ နှစ်ပေါင်းအများကြိးနော် တွက်ရမှာပျင်းလို့ တွက်တော့ မကြည့်မိဘူး။ နောက်ဆုံးအဆင့်အနေနဲ့ လက်နက်စွဲကိုင်ထားပြီး  အရှိန်အဟုန်ပြင်းစွာ  လည်ပတ်ပြေးလွှားနေသူ  စက်ယန္တရား ရုပ်တွေကို လုံးဝငြိမ်သက်စေနိုင်ခဲ့ပါတယ်။့ သီရိဓမ္မာ  အသောကမင်းကြီးဟာ လည်း အဇာတသတ်မင်း ခက်ခက်ခဲခဲ ထားရှိခဲ့တဲ့ ဓါတ်တော်တိုက်ကို ယန္တရားစက်ဖျက်ဆီးရယူနိုင်ပြီး အမြို့မြို့ အနယ်နယ်မှာ စေတီပေါင်းရှစ်သောင်း လေးထောင် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် တည်စေပါတယ်။

မိမိရင်မှဖြစ်သော သား မဟိန္ဒနဲ့ သမီး သင်္ဂမိတ္တာတို့ကို သာသနာ့ဘောင်အတွင်းသွတ်သွင်း ချီးမြှင့်ပြီး လင်္ကာဒီပကျွန်းကို( သီဟိုရ်ကျွန်း ယခု သီရိလင်္ကာနိုင်ငံ) သာသနာပြု စေလွှတ်ခဲ့ပါတယ်။  ဒီအကြောင်း ယောမတိုင်းသားတို့ ကြားသိတဲ့အခါ ယောမဘုရင်ကို လျှောက်ထားပါတယ်။ ယောမဘုရင်က သိပ်စိတ်ဆိုးပြီး ဘယ်သူဖျက်သနည်း မေးတော့ ရှေးယခင်က အတတ်သင်လာဖူးသူ၏ သား ဖျက်ဆီးကြောင်း လျှောက်တင်တဲ့အခါ သံအတိပြီးသောတံတင်းတခု တည်ဆောက်စေပြီး အတွင်းမှာ သံလျက်ပုန်းစွဲကိုင်သူ သူသတ်သမားကိုစီရင်ကာ အသောကမင်းကြီးထံ လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သစေတယ်။ အသောကမင်းကြီးနိုင်ငံမှာ ဒီလိုပညာရပ်မျိုး တတ်ကျွမ်းသူ မရှိပါဘူး။ ယခင် ယန္တရားဆရာကလေးကို ခေါ်ယူ ဖွင့်စေတဲ့အခါ ဆရာလေးက  မဖွင့်ပါရစေနှင့် လို့ အကြိမ်ကြိမ်ငြင်းဆိုပါတယ်။ သံတံတင်း(သေတ္တာ) အတွင်းမှာ ပါရှိတဲ့ စက်ရုပ်ဟာ သူ့လည်ကိုဖြတ်ယူပြီး ယောမသို့ ကောင်းကင်ခရီးဖြင့် လျင်မြန်စွာ ပြေးသွားမှာဖြစ်ကြောင်းပြောပေမဲ့ ဘုရင်က နားမ၀င်ပါဘူး။  ရတနာ သေတ္တာသာဖြစ်တယ်လို့ ယူဆပြီး မင်းမိန့် မင်းအာဏာနဲ့ဖွင့်ခိုင်းတော့တယ်။

ဖွင့်မိရင် ဖုတ်သွင်းအပ်သော လူရုပ်ဟာ သူ့လည်ကို ထိုးခုတ်ဖြတ်ယူလိမ့်မယ် အသက်ကို ချမ်းသာပေးပါလို့ သနားစဖွယ်ပြောသော်လဲ ဘုရင်က မယုံပါဘူး။ အမတ်တွေ စကားကိုသာ အကောင်းထင်ပြီး အဓ္မ္မဖွင့်စေပါတယ်။ မဖွင့်ရင်လဲ ဘုရင်က သတ်မယ်။ ဖွင့်ရင်လဲ လူရုပ်က သတ်ဖြတ်မယ်။ တကယ့် အကျဉ်းအကြပ်ထဲပါဘဲ။ယန္တရားဆရာလေးဟာ အိမ်သူဇနီးနဲ့ သားသမီးထံပြန်လို့ မှာစရာရှိတာ မှာကြားပြီး ဘုရားကို အာရုံပြု လို့ မင်းမိန့်အတိုင်း ဖွင့်ပါတယ်။ လျှို့ဝှက်တဲ့သော့ခလုပ်လဲပွင့်ရော သေတ္တာထဲက သံလျက်နှင့်လူ ဟာ ခုန်ထွက်လာပြီး တချက်တည်း ၀ါးညွှန့်ကို ဖြတ်သလို ဦးခေါင်းကိုဖြတ်ယူခါ ကောင်းကင်ခရီးကနေ ယောမတိုင်းကို လေအလျင်ကဲ့သို့ ပြေးပါလေရော တဲ့ကွယ်။

ကျမ်းကိုး..ကျီးသဲလေးထပ်ဆရာတော်၏  ဇိနတ္ထပကာသနီကျမ်း။

မေမေ ခင်မေသစ်

Sunday, December 2, 2012

ညွှန်းတဲ့ရုပ်ရှင်

Rise of the Guardians
Animation / Adventure / Family
ပြသချိန် - ၉၇ မိနစ်
Paramount Pictures
ဒါရိုက်တာ - Peter Ramsey
ထုတ်လုပ်သူ - Christina Steinberg, Nancy Bernstein
ဇာတ်ညွှန်း - David Lindsay-Abaire
သရုပ်ဆောင်များ - Chris Pine ... Jack Frost (voice)
Alec Baldwin ... North (voice)
Hugh Jackman ... E. Aster Bunnymund (voice)
Isla Fisher ... Tooth (voice)
Jude Law ... Pitch (voice)
Dakota Goyo ... Jamie (voice)

ပူပင်ကြောင့်ကြမဲ့တဲ့လူငယ်လေး Jack Frost လေး။ သူက ဘာစည်းကမ်းမှမရုမစိုက်ပါဘူး။ ဘာတာဝန်ဝတ္ထရားမှလည်း ထမ်းဆောင်စရာမရှိတဲ့လူငယ်လေးပဲ။ သူသွားတဲ့နေရာဒေသတိုင်းမှာ အေးမြတဲ့ဆောင်းရာသီကိုသယ်ဆောင်သွားနိုင်သေးသတဲ့။ ဒါပေမဲ့ အရာရာတိုင်း ပြောင်းလဲသွားမယ့်တစ်နေ့ရောက်လာခဲ့ပြီ။ အိပ်မက်ဆိုးတွေရဲ့ဘုရင်ကြီး Pitch က ကလေးတွေရဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကို အမှောင်ကမ္ဘာထဲသိမ်းကျုံးဆွဲနှစ်တော့မယ်။ မည်းနက်သိပ်သည်းတဲ့ကမ္ဘာကြီးထဲမှာ ကလေးတွေအလဲလဲအပြိုပြို ထိခိုက်ရှနာကုန်တော့မှာပေါ့။ ကလေးတို့ရဲ့ ကမ္ဘာကို အုပ်ထိန်းကြတဲ့သူတွေ ခရစ်စမတ်ဘိုးဘိုး၊ ဒဏ္ဍာရီထဲက ကလေးတွေရဲ့ငယ်သွားနတ်သမီးလေး၊ အီစတာယုန် နဲ့ သဲလူ တို့က ဂျက်ကိုပါ တာဝန်တွေပေးအပ်တော့တယ်။ “ဂျက် ရဲ့ အကူအညီကို ငါတို့လိုအပ်နေပြီ။ မင်း မကူညီဘဲ ငါတို့ ဘာမှမလုပ်နိုင်တော့ပါဘူး” တဲ့။ ဒဏ္ဍာရီထဲက သဲလူလေးSandy ဖန်တီးပေးတဲ့ ကလေးတွေရဲ့ ရွှေရောင်သဲအိပ်မက်လေးတွေကို Pitch က လက်ညိုးတစ်ချက်ပဲကွေးပြီး တောက် ထုတ်လိုက်တယ်။ ရွှေရောင်အိပ်မက်တွေပြိုပျက်ကုန်ပြီ။ ညအိပ်မက်ဆိုးတွေအဖြစ် ပြောင်းလဲဖန်တီးလိုက်ပြီ။ ဘူဂီးမန်း Pitch ရဲ့ မိစ္ဆာလုပ်ရပ်တွေကို ရပ်တန့်ဖို့ ဘာဝတ္ထရားမှ ဂရုမစိုက်တဲ့လူငယ်လေးဂျက်က ခေါင်းညိတ်ပါ့မလားပဲ။ အမှောင်ကမ္ဘာထဲ စုံးစုံးမြုပ်မသွားအောင် အကုန်လုံးက နိုးထရတော့မှာပေါ့။ Sandy နိုးထတော့၊ ဂျက်ရောပဲ။ အားလုံးပဲ ဒီအချိန်မှာ နိုးထ ပေါ်ထွက်ရတော့မှာပေါ့။ ဂျက်ကတော့ ပြောပါတယ်။ “ငါ မကြောက်ဘူး” တဲ့။

Anna Karenina
Drama 
ပြသချိန်- ၁၃၀ မိနစ်
Universal Pictures 
ဒါရိုက်တာ -  Joe Wright
ထုတ်လုပ်သူ - Tim Bevan, Paul Webster 
ဇာတ်ညွှန်း - Tom Stoppard 
သရုပ်ဆောင်များ - Keira Knightley, Jude Law, Aaron Taylor-Johnson, Kelly Macdonald 

Pride & Prejudice နဲ့ Atonement တို့မှာ ကီရာနိုက်တလေ တို့နဲ့ အတွဲညီခဲ့တဲ့ အင်္ဂလိပ်ဒါရိုက်တာ Joe Wright ရဲ့ ကီရာနိုက်တလေ နဲ့ ရိုက်ကူးခဲ့တဲ့ ဒရာမာရုပ်ရှင်နောက်ထပ်တစ်ကားပါ။ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ ၁၈၇၇ ခုနှစ်က ၀တ္ထုကို နောက်ထပ်ပုံဖော်လိုက်တဲ့ ရုပ်ရှင်ပါပဲ။ ၁၉ ရာစုနှစ်က ရုရှားအင်ပါယာရဲ့ အဆင့်မြင့် လူအဖွဲ့အစည်းအတွင်းက မင်းမျိုးနွယ်ဝင် အမျိုးသမီးလေးတစ်ဦးရဲ့ ခက်ခဲကြမ်းတမ်းခဲ့တဲ့အချစ်၊ မိသားစုဘ၀အကြောင်းတွေ ဇာတ်အိမ်တည်ရေးသားခဲ့တဲ့ လီယိုတော်စတွိုင်းရဲ့ Anna Karenina ကို ရုပ်ရှင်အဖြစ် အများကြီးပဲ ရိုက်ကူးခဲ့ကြတယ်။ ၁၉၁၄ မှာ Anna Karenina နဲ့ပဲ ရုရှားဒါရိုက်တာ ဗလာဒီမာဂါဒင်က ရိုက်ကူးအသက်သွင်းလိုက်တယ်။ ၁၉၁၅ မှာ အမေရိကန်ရုပ်ရှင်ပါ။ ၁၉၂၇ မှာ ရုပ်ရှင်ကားနာမည်ကို Love လို့ပေးခဲ့တယ်။ အမေရိကန်ပရိတ်သတ်အကြိုက် ပျော်စရာဇာတ်သိမ်းနဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ ၁၉၃၅ က Anna Karenina နာမည်နဲ့ပဲ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်က နာမည်အကြီးဆုံးလူပြောအများဆုံးပဲလို့ဆိုတယ်။ ၁၉၄၈ မှာ ဗီဗီယန်လေးနဲ့၊ ၁၉၅၃ မှာ ရုရှားရုပ်ရှင်၊ ၁၉၆၀ မှာ River of Love လို့နာမည်ပေးထားတဲ့ အီဂျစ်ရုပ်ရှင်၊ ၁၉၆၇ မှာ ဒါရိုက်တာ အလက်ဇန်းဒါးဇာခီရဲ့ ရုရှားရုပ်ရှင်၊ ၁၉၇၄ မှာ လည်း ရုရှားရုပ်ရှင်နောက်ထပ်တစ်ကား၊  ၁၉၈၅ မှာ မင်းသားခရစ်စတိုဖာရိဖ် သရုပ်ဆောင်တဲ့ တီဗီဇာတ်လမ်း၊ ၁၉၉၇ မှာ မင်းသမီး ဆိုဖီမာဆဲ နဲ့ အကြိမ်ကြိမ်ရိုက်ကူးခဲ့ကြတာပါ။ ကီရာနိုက်တလေ ရဲ့ Anna Karenina ကားမှာလည်း တောက်ပခမ်းနားလွန်းလှတဲ့ ကပွဲခမ်းမကြီးတစ်ခုအတွင်း မိန်းမပျိုလေးတွေပျော့ပြောင်းနူးညံ့စွာ ကခုန်နေကြတာများ တိမ်းညွတ်ယစ်မူးစရာရယ်။ များပြားလှတဲ့အသည်းနှလုံးတွေကြားမှာ အချစ်တွေကလည်းများမှာပဲပေါ့။ အင်ပါယာတစ်ခုရဲ့ ဆည်းဆာအချိန်လေးမှာ အချစ်တစ်ခု တုန်ရီလှိုက်ဖိုသွားခဲ့တယ်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး တစ်စုံတစ်ခုအတွက်မဟုတ်ဘဲ၊ အားလုံးအတွက် စတေးသင့်ပါရဲ့လား။ ကျွန်မ သိတယ်။ ဒါ ရာဇ၀တ်မှုပဲ။ ရှင် စည်းကမ်းချိုးဖျက်ခဲ့ပြီ။ ကျွန်မရဲ့ ဘ၀ကို လွတ်မြောက်ခွင့်ပေးပါ လို့ အော်ဟစ်လိုက်တယ်။ သူကလည်း ဂုဏ်သိက္ခာမရှိတဲ့မိန်းမတစ်ယောက်လို့ စွတ်စွဲခဲ့ပြီ။ ဒါ မင်းလိုချင်တာပဲလေ။ မင်းသိလား၊ မင်းလိုချင်တာဘာလဲ တဲ့ ပြန်လှန်အော်ဟစ်တာပဲ။ ရုရှားစစ်ဗိုလ်ချုပ် ကာရဲနင် ရဲ့ ဇနီး အန်နာဟာ ကြွယ်ဝချမ်းသာတဲ့ ဗရွန်စကီးနဲ့ ချစ်ကျွမ်းဝင်သွားတယ်။ လူပျိုလူလွတ် ဗရွန်စကီးက အန်နာကို ချစ်မြတ်နိုးသွားခဲ့ပြီ။ ဗရွတ်စကီးက အန်နာကို လက်ထပ်ယူလိုပါတယ်တဲ့။ အာဏာနဲ့ ကြွယ်ဝချမ်းသာမှုတွေရဲ့ တိုက်ပွဲကြားမှာ အန်နာရဲ့ အချစ်က အာဏာဆီမှာလား ငွေကြေးဆီမှာလား၊ အဲဒါတွေနဲ့ မသက်ဆိုင်တဲ့ အချစ်သပ်သပ် တစ်ခုတည်းလား။ အန်နာရဲ့ဘ၀က အေးချမ်းနိုင်ပါ့မလားပဲ။ ကီရာနိုက်တလေရဲ့ ချစ်မက်ဖွယ်ရာ၊ သနားကြင်နာစရာ အပြောင်မြောက်ဆုံး သရုပ်ဆောင်မှုတွေ ခံစားနိုင်မှာပါ။ ထူးခြားတဲ့ Anna Karenina ရုပ်ရှင်နောက်ထပ်တစ်ကားအဖြစ်လည်း ရုပ်ရှင်ကြည့် ပရိတ်သတ်တွေနှစ်သက်စွာ စောင့်မျှော်ကြည့်ရှုကြဦးမှာပါပဲ။

Killing Them Softly
Crime / Drama / Thriller
ပြသချိန်- ၉၇ မိနစ်
The Weinstein Company
ဒါရိုက်တာ - Andrew Dominik
ထုတ်လုပ်သူ - Brad Pitt,Dede Gardner,Steve Schwartz,Paula Mae Schwartz,Anthony Katagas
ဇာတ်ညွှန်း - Andrew Dominik
သရုပ်ဆောင်များ - Brad Pitt, Ray Liotta, Richard Jenkins, Scoot McNairy

ရာဇ၀တ်ပြစ်မှုဝတ္ထုမျိုးတွေနဲ့ နာမည်ကျော်ကြားတဲ့ အမေရိကန်စာရေးဆရာကြီး George V. Higgins ရဲ့ ၁၉၇၄ လောက်က ၀တ္ထု Cogan’s Trade ကို နယူးအော်လိန်းမှာ တည်ပြီးရိုက်ကူးထားပါတယ်။ ၂၀၁၂ ကိန်းရုပ်ရှင်ပွဲမှာ အစမ်းပြသခဲ့တော့ ဘရက်ပစ်ရဲ့ အပစ်အခတ်တွေနဲ့ ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်ပုံတွေကို ပရိတ်သတ်တွေက အားရကျေနပ်ခဲ့ကြသတဲ့။ လုံခြုံရေးအတွက် အမြင့်ဆုံးကြိုတင်ကာကွယ်ထားတဲ့ ဒိတ်ဒိတ်ကြဲ ပိုကာကစားပွဲတစ်ခုမှာ လုယက်တိုက်ခိုက်မှုကြီးဖြစ်ပွားခဲ့တယ်။ အဲဒီဖရိုဖရဲဖြစ်ပျက်ခဲ့တဲ့လုယက်မှုထဲ ဘယ်သူက အဓိက တရားခံလည်းဆိုတာ သေသေကြေကြေစုံစမ်းထောက်လှမ်းမယ့် သေနတ်သမားတစ်ဦးက ဂျက်ကီကိုဂန်(Brat Pitt) ပေါ့။ လူနှစ်ယောက်ထဲနဲ့ ဒီပွဲကို ကစားသွားခဲ့တာ။ သွေးအေးသေနတ်သမား ကိုဂန်က ပြောတယ်။ စကားလုံးတွေ တစ်လုံးပြီးတစ်လုံးပေါ့။ “ငါ မင်းဆီက အမိန့်အာဏာကို လက်မခံနိုင်ဘူး။ အမေရိကဟာ နိုင်ငံတစ်ခုမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းတစ်ခုပဲကွ”“ငါက အမေရိကမှာ နေတာလေ၊ အမေရိကမှာ မင်းကိုယ်တိုင် မင်းအပိုင်ပဲ” လို့လည်းပြောရဲ့။ “မင်း ဘယ်သူ့ကိုမဆို အမြဲသတ်ဖြတ်နေကြပဲလား” တစ်စုံတစ်ယောက်ကို သာမန်ကာလျှံကာမေးတယ်။ မေးလည်းမေးတယ်၊ ပြောလည်းပြောနေတာပဲ။ ပြီးတော့ သတ်ပစ်လိုက်တော့တယ်။ “သူတို့ ငိုယိုတယ်။ သူတို့ မိခင်တွေအတွက် အသနားခံတောင်းပန်ကြပြန်တယ်။ ငါ သူတို့ကို နူးညံ့စွာ .. အသာအယာလေးပဲ။ ပစ်သတ်လိုက်ရတာ ကြိုက်တယ်။ ခပ်ဝေးဝေးကနေပေါ့”  တဲ့။

Silent Night
Horror 
ပြသချိန်- ၉၄ မိနစ်
Anchor Bay Films
ဒါရိုက်တာ - Steven C. Miller
ထုတ်လုပ်သူ - Shara Kay, Phyllis Laing, Richard Saperstein, Brian Witten
ဇာတ်ညွှန်း - Jayson Rothwell
သရုပ်ဆောင်များ - Denzel Malcolm McDowell, Jaime King, Donal Logue, Ellen Wong

မြို့လေးတစ်မြို့က လုံခြုံရေးလက်ထောက်အရာရှိတစ်ဦးဟာ စန်တာကလော့စ်အသွင်သဏ္ဍာန်နဲ့ လူသတ်ချင်နေတဲ့အန္တရယ်ကောင်ကို အမဲလိုက်သလို သတိကြီးကြီးထားပြီး ရှာဖွေနေတယ်။ အဲဒီစန်တာကလောစ့်က ခရစ်စမတ်ညနေခင်းမှာပေါ့။ မြို့ငယ်လေးက လူတွေကို အကြောက်ကြီးကြောက်၊ အလန့်ကြီးလန့်နေရအောင် ကြမ်းရမ်းနေခဲ့တာကိုး။ ခရစ်စမတ်စန်တာတွေက ပွဲတော်ညနေခင်းမှာ လမ်းပေါ်မှာပြည့်နှက်နေတယ်။ လူသတ်သမားဟာ စန်တာကလောစ့်တွေထဲ ရောနှောနေလိုက်တယ်။ သူ သတ်ဖြတ်ရမယ့်လူတွေရဲ့ စာရင်းကို ချရေးနေတယ်။ နှစ်ကြိမ်ပြန်ပြီး စစ်တယ်။ ဘုရားကျောင်းမှာ Slilent Night သီချင်းကို သီကြွေးနေကြပြီ။ “Silent Night .. Holy Night … တိတ်ဆိတ်တဲ့ည၊ သန့်စင်မွန်မြတ်လှတဲ့ ညပါ။ အားလုံးဟာ ငြိမ်းအေးလို့၊ အားလုံးဟာ တောက်ပလို့ …” ။ ဒေါက် … ဒေါက် … ဒေါက် … တံခါးခေါက်သံနဲ့ အတူ ခေါင်းလောင်းလေးတွေလှုပ်ခါသံ ချိုလွင်စွာကြားလိုက်ရတယ်။ တံခါးဖွင့်ပေးတဲ့မိန်းမငယ်လေးရဲ့ ပထမမျက်နှာအမူအရာက ပျော်ရွှင်မှုတွေနဲ့ ပီဘိကလေးငယ်လိုပဲ။ မိန်းကလေးရဲ့ ဒုတိယမျက်နှာမှာတော့ မယုံနိုင်ခြင်းများစွာနဲ့ ထိတ်လန့်တုန်လှုပ်လို့သွားတယ်။ အားကုန် အော်ဟစ်လိုက်ပေမယ့် မိန်းကလေးနောက်ကျသွားခဲ့ပါပြီ။ စန်တာကလောစ့်လာခဲ့ပြီ။ မြို့ငယ်လေးက လူတွေအတွက် အဲဒီစန်တာကလောစ့်က ဘာတွေများ ယူဆောင်လာခဲ့ပါသလဲ။ တိတ်ဆိတ် အေးချမ်းတဲ့ ခရစ်စမတ်တစ်ညနေခင်းမှာပေါ့။

မဉ္ဇူရီ
Living Fashion Magazine,
December, 2012

Friday, November 30, 2012

ပပ ထူမှ ထမယ်

အမေငယ်ငယ်က သမီးဖွားဖွားပြောတဲ့ ပုံတွေထဲမှာ ဘုရားအလောင်း မင်းကုသဇာတ်ကလဲ ဘုရားလောင်း သိဝိမင်းဇာတ်လိုဘဲ ခလေးတွေ တော်တော်ကြိုက်ကြတယ်။

သိဝိမင်းဇာတ်မှာတော့  ဘခင်ဖြစ်သူကိုယ်တိုင်က သမီး ဥမ္မာဒန္တီရဲ့ အလှဟာ မင်းစိုးရာဇာနဲ့မှ ထိုက်တန်တယ်ရယ်လို့ ဘုရင်ကို ဆက်သခဲ့ပါလျက် ကြားကမလိုသူတွေရဲ့ စကားနားဝင်ပြီး တော်မကောက်မိဘဲ လွဲချော်ခဲ့ရတာကိုး။ ဒီတော့မယ်ဥမ္မာက ရှက်စိတ်နာလွန်းလို့  နက္ခတ်ပွဲသဘင်နေ့မှာ အခွင့်ကြုံတာနဲ့ လက်စားချေတော့တာပဲ။ ဘယ်လို ချေသလဲဆိုတော့ တောင်ထိပ် နက္ခတ်ပွဲသဘင် ရှုစားဖို့ မင်းခန်း မင်းနားနဲ့ သိဝိဘုရင် ဆင်စီးပီးထွက်ကြွအလာ ဥမ္မာဒန္တီက သူ့ကိုယ်သူ အလှဆုံးပြင်ဆင် လေသာခန်းမ ပြတင်းဝက ရပ်လို့ဆီးတဲ့ပြီး ပန်းတွေနဲ့ ပစ်ပေါက် ကြဲပက်တော့ တာကိုး။ သူ ဘယ်လောက်လှသလဲ သူ့အလှကို သိဝိမင်းမြင်အောင် ပြတာပေါ့ကွယ်။ ဒီတော့ မရူးဘဲ ဘယ်မှာ ခံနိုင်မလဲ။ ဆင်ထက်က ကျလို့ ဥုံရေ.. မာရေ..နဲ့ ရူးတော့တာကိုး။ 

ရူးခန်းဆိုတော့ ခလေးတွေက သဘောကျတာပေါ့။ ဒီအချိန်မှာ ဥမ္မာဒန္တီက စစ်သူကြီးကတော်ဖြစ်နေပြီ။မရနိုင်တော့ဘူးလေ။ ယူကြုံးမရဖြစ် အပူလုံးတွေထလို့  သွက်သွက်ကို ခါရောဘဲတဲ့။ ဇာတ်တော်ထဲမှာ ဒီလိုဆိုပါတယ်။ မိုးသားကင်းစင်ပြီး ရွှန်းတင့်နေတဲ့ လပြည့်ဝန်းရဲ့ အလှဟာ တန်ဆောင်တိုင်ညမှာ လူတွေကို ဖမ်းစားနေသလား ထင်မှားစရာပါ။  ကုသဇာတ်မှာတော့ သာဂလတိုင်းပြည်ကြီး သူဌေးသမီး ပပ၀တီ ဟာ ခုနှစ်ဆောင် တိုက်ခန်းမှာ မီးမထွန်းဘဲ လင်းစေတဲ့သတ္တိရှိသတဲ့။ ချောတာ လှတာကလဲ ဘုံကြိုးပြတ်တဲ့ မိုးနတ်သူဇာတောင်ရှုံးရသတဲ့။

သာဂလခေါ်  .. တိုင်းပြည် ကြီးဝယ်  .. ပပ၀တီရယ် .. ခုနှစ်ဆောင် တိုက်ခန်း ကို   ....မီးမထွန်းဘဲ ..လင်းရပြန်ပေတယ်..အလောင်းတော်ဘုရင် ကုသမင်း အဆင်းမလှပြန်တယ်   .. မင်းပပကို ကြံရွယ် ..ညီတော်ကို ဘမ်းပြကာ လှည့်စားလို့ အရုပ်ဆိုးသူများက လှတာကိုမှ သူက လိုချင်တယ်.။

တနေ့သော် ရေကန်တွင်းဝယ် ..ယမင်းပပ ဆင်းကာ စံပယ် .... ရေကစားကာ ..ခေါင်းလျှော်ရင်း..များပျိုတသင်းရယ် .. မပျင်းဖွယ် ..၀န်းရံ ခကြတယ် ကုသဘုရင် ကြာပင် အောက်ကရယ် ..၀မ်းမြောက် ၀မ်းသာ ခုမှ မြင်ရတယ် အတင်းပါကွယ် ..ရေကန်တော်ထဲ ..လက်ဆွဲခန်းပေါ်တယ်.. 

သာဂလဘုရင့် သားတော်ကြီးက မင်းကုသ ပေါ့ ။ညီနောင်နှစ်ပါးရှိကြတယ်။ သားတော်ကြီးက ငယ်ငယ်က ကျောက်ပေါက်လို့ အရုပ်ဆိုးအကျည်းတန်ပြီး ညီတော်ကတော့  ချောလွန်းလှလွန်း နေပါသတဲ့။ အရုပ်ဆိုးတဲ့သူများ လှတာကိုမှလိုချင်တယ်တဲ့။ မင်းကုသက ပပမှ ပပ ဖြစ်နေတာပေါ့။ ပပ၀တီ ရေကစားထွက်စံစဉ် ညီတော်ကို ဘမ်းပြပြီး ကြာဘက်အောက်ကနေ မနေနိုင် မထိုင်နိုင် လက်ကို အတင်းအဓမ္မ ဆွဲထား သတဲ့။  ဒီတော့ ပပ၀တီက ရွှေရင်ဖိုပြီး  အော်ငိုတော့တာပေါ့ သူရဲကြီး သူ့လက် ဆွဲပါတယ်ပေါ့။ ပပ၀တီက အော်လေ  မေမေတို့က ရယ်ချင်လေ တ၀ါးဝါး  တဟားဟားပေါ့ လေ။ မဟားပဲ နေပါ့မလား။ သမီးအဖွားက အနားကလူလက် အတင်းဆွဲ ပြီး သရုပ်ဖေါ်ကောင်းနေတော့ မေမေတို့အားလုံး  မပြုံးဘဲ ၀ါးလုံကွဲ  ဟားကြတာပေါ့။ အမှတ်ရမိတယ်။

ဒါပေမဲ့ သနားပါတယ်ကွယ် သူ့ခမြာ လူကြီးချင်း ထိမ်းမြားလက်ထပ်ပေးဖို့ ရွှေလမ်းငွေလမ်း ဖေါက်ထားတာတောင်  ပပ၀တီက မချစ်နိုင် မကြိုက်နိုင်ပါဘူး တဲ့။ အတင်းငြင်းဆန်ပြီး မိဘရပ်ထံ ပြန်ပြေးပါလေရောတဲ့။ ဒီတော့ ကုသမင်းသားက ပပ၀တီရဲ့ မိဘများနေထိုင်ရာ အိမ်ကို စောင်းတော်ကြီးပိုက် လိုက်ပြီး အဆောင်တော်ပြတင်းဝနားသွားပြီး စောင်းသံပေး ချစ်ရေးဆိုခဲ့ပေမဲ့ နားခါးလွန်းလို့ မကြားချင်ဘူးဟဲ့ ရုပ်ကြီးကို အော့နှလုံးနာလွန်းလို့ တဲ့။ ခု နှင်ထုတ်ကြ.ဟဲ့ နဲ့ ။ အထိန်းတော်တွေကို ဆိုသတဲ့။

ဒီတော့ ကုသမင်းက အိုးလုပ်တဲ့ အိမ်က အိုးသည်ဆီမှာ သူ့ဖြစ်စဉ်ကို ဇာတ်လမ်းထွင်  အရုပ်ရေးလို့ အိုးဖုတ်စေသတဲ့။ အိုးဖုတ်ပြီး ပပ၀တီထံ ဆက်သတဲ့အခါမှာတော့ ပပ၀တီက စိတ်ဆိုးလွန်းလို့ ပေါက်ခွဲပြစ်လိုက်သတဲ့။ နောက်တခါ ဖျာယက်တဲ့အိမ်မှာနေပြီး သူ့ဖြစ်စဉ်ကို ဖျာမှာ အရုပ်ထည့် ယက်စေပြီး ဆက်ပြန်သတဲ့။ ဒါလဲ မရဘူး။ နောက်တခါ စားတော်ကဲနဲ့ ပေါင်းပြီး ဟင်းကောင်းတွေ ထမင်းကောင်းတွေဆက်သပေမဲ့လဲ မယ်ပပ က ပေါက်ခွဲ ပြစ်လိုက်တာမို့ ထမင်းအုပ်ကြီးလဲကွဲ မှောက်ရက်များတောင် ဗွက်ထဲ လဲပါသတဲ့။ လဲသွားတဲ့ အချိန်ကစလို့ ဘယ်သူမှ ထူလို့ မရဘဲ ပပထူမှ ထမယ် ချည်း ဘဲ။ နားပူနားဆာပြောနေတော့တယ်။ နောက်ဆုံးမှာတော့ သူက ဘုရားလောင်းမင်းသားမို့လား။ နတ်တွေ နိုးဆော်လို့ သို့မဟုတ် ဇာတ်ထဲမှာတော့ နတ်တွေက ပပ၀တီကို ထူပေးရင် ပေး မပေးရင် ခုနှစ်ပိုင်း ပိုင်းပြီး ခုနှစ်ပြည်ထောင် မင်းတွေ ဝေပေးမယ် လို့ သတိပေးအော်ဟစ်ကြတော့မှ ပပ၀တီက ကြောက်လန့်ပြီး ထူပေးရသတဲ့။ ရွှံ့ဗွက်တွေပေနေတာကို ပပ က ဆေးကြောပေးရသတဲ့ ။ 

အဲဒီတော့မှ  ကုသမင်းဟာလည်း ကမ္ဘာမှာ အလှဆုံး မင်းသားလေး ဖြစ်သွားပါရောတဲ့ကွယ်။အားလုံးဇာတ်ပေါင်းလိုက်တော့ ကုသမင်းက ပပ၀တီကို လက်ဆွဲ လို့ အောင်စည်တော်ယွန်း ပြီး နန်းသိမ်းပွဲ ခံပါလေရော တဲ့ကွယ်..။

အိုးတော်ခေါင်းနဲ့ သူပေါင်းတယ် ။ ဖျာတော်ခေါင်းနဲ့ သူပေါင်းတယ် ဇာတ်စုံခင်းလို့ ပပလက်တွင်း  ဆက်သွင်း တယ်..လုံ့လလဲမလျှော့ဘူးကွယ် ..၀ိရိယလဲ ..မလျှော့ဘူး ..ကွယ် ပပကိုမှ မရရင်  ..အဟုတ်မနေနိုင်ပါတယ်..

တနည်း တဖုံကြံတယ် စားတော်ကဲနဲ့ တွဲကာ ၀င်ပြန်တယ်.. ပွဲတော်အုပ် ကို သူထမ်းလို့  ..ချစ်စမ်းပါ့ ခင်ရယ် …ကြိုက်စမ်းပါ့ ခင်ရယ် ..

တပါးကညာရယ် …သနား မညှာ တယ် ..ကုသမောင် ..မျက်နှာမွဲ.. မှောက်ရက်လဲ အောင် ..သူပြုရက်တယ်.. အရွယ်လှတဲ့ မယ်ပပ ပျို .ရယ်  မင်းကိုယ်တိုင် ထူမှ ..ထမယ်  ထမယ် ကွယ်။

ဒီသီချင်းကို ရန်နိုင်စိန်က ရေးပြီး ဥသြဘသောင် က သီဆိုထားပါတယ်။

မေမေ ခင်မေသစ်

Thursday, November 29, 2012

ဟော်ကီကစားကြတဲ့ လိမ္မော်ရောင်မိန်းမပျိုလေးများ

ဟော်ကီကစားကြသူတွေမှာ အမျိုးသားတွေအပြင် အမျိုးသမီးလေးတွေလည်း ကြမ်းကြမ်းရမ်းရမ်း ပါဝင်ကစားကြတာပါပဲ။ အပြည်ပြည်ဆိုင်ရာဟော်ကီအဖွဲ့ချုပ်ကနေ ၁၉၇၈ ကနေစတင်ကျင်းပပြုလုပ်ခဲ့တဲ့ ဟော်ကီချန်ပီယံဖလားပြိုင်ပွဲတွေမှာ အမျိုးသမီးလေးတွေလည်း ၁၉၈၇ နောက်ပိုင်းမှာ ပါဝင်ကစားလာခဲ့ပါတယ်။ အဲဒီ ပထမဆုံးအမျိုးသမီးဟော်ကီချန်ပီယံဖလားပြိုင်ပွဲမှာ နယ်သာလန်အမျိုးသမီးအသင်းက ပထမဆု၊ သြစတြေးလျက ဒုတိယ နဲ့ ကိုးရီးယားက တတိယဆု၊ ကနေဒါက စတုတ္ထဆု အသီးသီးရရှိခဲ့ကြတာပါ။ ၁၉၉၁ နောက်ပိုင်း ၁၉၉၉ ထိ သြစတြေးလျအမျိုးသမီးအသင်းက အောင်ပွဲတွေဆက်လာခဲ့ပြီး နောက်ပိုင်း နယ်သာလန်၊ အာဂျင်တီနားအမျိုးသမီးအသင်းတွေက သြစတြေးလျအသင်းရဲ့ အောင်မြင်မှုတွေကို ကျော်တက်လာခဲ့တယ်။
ဟော်ကီကစားနည်းဟာ အသင်းနှစ်သင်းဘောလုံးတစ်လုံး ဒါမှမဟုတ် ဟော်ကီပြား(puck) လေးကို ဟော်ကီတံနဲ့ ကိုယ့်ဘက်ပါအောင် ဆွဲယူတိုက်စစ်ဆင်ကစားရတဲ့ အားကစားနည်းထဲကတစ်မျိုးပါ။ နေရာအနေအထားပေါ်မူတည်ပြီး ကွင်းပြင်ဟော်ကီ၊ ရေခဲပြင်ဟော်ကီဆိုပြီး ရှိကြပါတယ်။ အဲဒါတွေအားလုံးကို ရိုးရိုးပဲ ဟော်ကီလို့ပဲ ခေါ်ကြတယ်။ ဟော်ကီစကားလုံးကိုတော့ ၁၃၆၃ခုနှစ်မှာ အင်္ဂလန်ရဲ့ သုံးယောက်မြောက်ဘုရင် အက်ဒ်ဝပ်ခေတ်မှာ စတင်ကြေငြာအသုံးပြုခဲ့တယ်လို့ မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ ချိတ်ပုံစံကွေးကွေးကောက်ကောက်တုတ်တံနဲ့ ကစားရလို့ ပြင်သစ်စကားလုံး hoquet (hooked) လို့ နာမည်ခေါ်လိုက်ကြတယ်တဲ့။
Hockey Stick
ကွင်းပြင်ဟော်ကီ(Field hockey)ဟာ ကျောက်စရစ်ခင်း၊ သဘာဝမြက်ခင်း၊ သဲစပ်စပ်မြေ ဒါမှမဟုတ် ရေပါဝင်မှုရှိတဲ့မြက်ခင်းအတုလိုနေရာမျိုးမှာ ခပ်သေးသေး၊ မာမာကျောကျောဘောလုံးလေးနဲ့ ကစားရတာပါ။ ကမ္ဘာတစ်ဝှမ်းက အမျိုးသား၊ အမျိုးသမီးတွေ အထူးသဖြင့် ဥရောပ၊ အာရှ၊ သြစတြေးလျ၊ နယူးဇီလန် နဲ့ တောင်အာဖရိကလိုနိုင်ငံတွေမှာ ပိုမိုနှစ်ခြိုက်စွာကစားကြလေ့ရှိတယ်။ အမျိုးသား၊ အမျိုးသမီး အတူရောပြီးကစားကြတာလည်းရှိပေမယ့် အမျိုးသား၊ အမျိုးသမီး သပ်သပ်စီ ကစားကြတာက ပိုပြီးများပါတယ်။ အပြည်ပြည်ဆိုင်ရာဟော်ကီအဖွဲ့ချုပ် (FIH) မှာ အဖွဲ့ဝင်ပေါင်း ၁၁၆သင်းရှိပြီး အမျိုးသားအသင်း က နွေရာသီအိုလံပစ်ပွဲတွေမှာ ၁၉၀၈ခုနှစ်မှာ စတင်ကစားခဲ့ကြတယ်။ အမျိုးသမီးတွေက ၁၉၈၀ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ ၀င်နွှဲလာခဲ့တယ်။ ကွင်းပြင်ဟော်ကီပွဲတွေအတွက် ကစားတဲ့ဟော်ကီတံတွေဟာ J ပုံစံရှိပြီး သစ်သား၊ ဖန်ဖိုက်ဘာ/ကာဘွန်ဖိုက်ဘာသား(တစ်ခါတစ်ရံနှစ်မျိုးလုံး)နဲ့ ပြုလုပ်ထားကြတယ်။
A standard hockey puck
ရေခဲပြင်ဟော်ကီ(Ice hockey)ကတော့ မျက်နှာပြင်ညီတဲ့ရေခဲပြင်မှာ အချင်း၃လက်မ (၇၆.၂မီလီမီတာ)ရှိတဲ့ ကြက်ပေါင်စေးအမာစားဟော်ကီပြားလေးနဲ့ ကစားကြတာပါ။ အဲဒီဟော်ကီပြားလေးကို ရေခဲပြင်ထဲမှာ အလွန်အမင်းမခုန်အောင် ပွဲမစခင်မှာ မကြာခဏ အအေးခံထားပြီးကစားကြရတယ်။ စကိတ်သမားနှစ်ဖွဲ့ကစားကြပါတယ်။ မြောက်အမေရိက၊ ဥရောပ နဲ့ ကနေဒါ၊ ဖင်လန်၊ လက်ဗီရာ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ နဲ့ ဆလိုဗေးကီးယားနိုင်ငံတွေမှာ ခေတ်စားတဲ့ အားကစားနည်းပါ။ ရေခဲပြင်ဟော်ကီတုတ်တံကတော့ ရှည်လျားပြီး L ပုံသဏ္ဍန်ပါ။ ဟော်ကီတံကို သစ်သား၊ ဂရက်ဖိုက်သားနဲ့ပေါင်းစပ်ပြုလုပ်ထားပြီး ညီညာတဲ့မျက်နှာပြင်မှာထောင်နေနိုင်အောင် ဘလိတ်ဓားအပြားတပ်လိုက်တပ်ဆင်ထားတယ်။ ရေခဲပြင် ဟော်ကီလိဂ်မှာ အားအကြီးဆုံးအသင်းကတော့ မြောက်အမေရိကရဲ့ အမျိုးသားဟော်ကီလိဂ်(NHL) အသင်းပါ။
Hockey Stick
တခြားဟော်ကီကစားနည်းတွေလည်း ရှိကြတယ်။ Inline hockey ဆိုရင် ရေခဲပြင်ဟော်ကီနဲ့ ဆင်ပါတယ်။ စကိတ်သမားလေးဦးနဲ့ ဂိုးသမားတစ်ဦးစီတစ်ဘက်ကိုကစားကြတယ်။ ၁၅မိနစ် သုံးကြိမ်စာ ကစားကြပါတယ်။ Roller hockey ကို Quad hockey လို့လည်း သိကြတယ်။ ဒီ Quad hockey ကို တိုင်းပြည် ၆၀ကျော်လောက် ကစားနေကြပါတယ်။ ၁၉၉၂ ဘာစီလိုနာနွေရာသီအိုလံပစ်ပွဲတော်မှာ သရုပ်ပြအားကစားနည်းအဖြစ် Quad hockey ပွဲပါဝင်ကစားခဲ့ကြတာပါ။ Sledge hockey ကတော့ မသန်စွမ်းကစားသမားတွေအတွက် ဒီဇိုင်းလုပ်ထားပါတယ်။ ကစားသမားတွေက အသွားနှစ်ဘက်ပါ စွပ်ဖားမှာထိုင်ပြီး တုတ်တံနှစ်ချောင်းကိုင်ကစားကြတာပါ။ တစ်ခုက စွတ်ဖားထိန်းချုပ်ဖို့ရယ်၊ နောက်တစ်ခုက ဟော်ကီပြားကို သယ်ယူဖို့အတွက်ရယ်ပါ။ Street Hockey လည်းရှိပါသေးတယ်။ Road hockey လို့လည်းခေါ်ကြပြီး ခြောက်သွေ့တဲ့မြေပြင်ပေါ်မှာကစားပါတယ်။ နိုင်လွန်ကတ္တရာအခင်းပေါ်မှာ ကစားကြပါတယ်။ ဟော်ကီပြားအစား ဘောလုံးကို အသုံးပြုကြတယ်။ ယေဘူယျတော့ ဘာအကွယ်အကာခေါင်းဆောင်းမှ မ၀တ်ကြဘူးလို့ ဆိုပါတယ်။ Street hockey ကို တစ်နှစ်ပတ်လုံးကစားတတ်ကြတယ်။ နောက် လေကူရှင်ပါတဲ့စားပွဲနဲ့ နှစ်ဦးတည်းကစားကြတဲ့ Air Hockey၊ တောင်ကယ်ရိုးလိုင်းနား ကမ်းခြေတွေမှာ ကစားကြတဲ့ Beach Hockey ၊ အားကစားရုံထဲမှာ တင်းနစ်ဘောလုံးမျိုးနဲ့ ကစားကြတဲ့ Ball hockey ၊ ဘောလုံးကွင်းလောက်ရှိမယ့် အားကစားကွင်းထဲမှာ၊ ဘောလုံးကစားနည်းစည်းမျဉ်းတွေနဲ့ ခပ်ဆင်ဆင်သတ်မှတ်ထားတဲ့ Bandy ဆောင်းရာသီကစားနည်း (စကိတ်သမားတွေနဲ့ ရေခဲပြင်မှာကစားကြတာပါ)၊ နှစ်ဦးတည်းကစားကြတဲ့ ကျောင်းကစားကွင်းလေးတွေမှာ ဟော်ကီပြားကို box အလယ်ကနေ ရွှေ့ပြီး box အဆုံး ဂိုးထဲကို သွင်းယူကစားတဲ့ Box hockey ၊ ဟော်ကီတံမှာပလပ်စတစ်မျှင်တွေနဲ့ တံမြက်စည်းသေးသေးပုံစံကိုသုံးပြီး ဟော်ကီပြားအစား ဘောလုံးသေးသေးနဲ့ ကစားကြတဲ့ Broomball နဲ့ Deck hockey Floor hockey Floorball Foot hockeyPower hockey ဆိုပြီး တခြားဟော်ကီကစားနည်းလေးတွေ အများကြီးပဲရှိနေကြပါသေးတယ်။
ကမ္ဘာတစ်ဝှမ်းက ဟော်ကီကစားကြတဲ့အသင်းတွေထဲမှာ နယ်လာလန်အမျိုးသမီး Field hockey အသင်း (KNHB) အကြောင်း မိတ်ဆက်ပြောပြချင်ပါတယ်။ အပြည်ပြည်ဆိုင်ရာဟော်ကီအဖွဲ့ချုပ်ရဲ့ ကမ္ဘာ့အဆင့်မှာ နံပါတ် ၁ ရောက်လာပါပြီလို့ ဆိုနေကြတဲ့ ၂၀၀၆ ကမ္ဘာ့ချန်ပီယံ နဲ့ အိုလံပစ်ချန်ပီယံအသင်းပါ။ ကမ္ဘာ့ဟော်ကီသမိုင်းမှာ အောင်မြင်မှုတံဆိပ်တွေ ၆ကြိမ် ရရှိထားခဲ့ပါတယ်။ ဒတ်ခ်ျအမျိုးသမီးဟော်ကီအသင်းရဲ့ ၂၀၁၂လန်ဒန်အိုလံပစ်ပွဲမှာ ကစားပုံဟာ အင်မတန်အားကြိုးမာန်တက်ရှိလှတယ်။ စွဲဆောင်မှုအရှိဆုံးအသင်းပါပဲလို့ ထင်ကြေးပေးခံခဲ့ရတာပါ။ ချောမောလှပတဲ့ ဆိုဖီပေါလ်ကန့်ပ် နဲ့ အဲလန်ဟုဂ် တို့ ဦးဆောင်ကစားသွားပုံတွေက ဟော်ကီပရိတ်သတ်တွေစိတ်ကြိုက်ဖြစ်စေခဲ့ပါတယ်။ ၂၀၁၂ သြဂုတ်လ ၁၀ ရက်နေ့က လန်ဒန် Riverbank Arena မှာပြုလုပ်ခဲ့တဲ့ ပွဲမှာ ဆိုရင် အဲဒီ လိမ္မော်ရောင်ဒတ်ခ်ျမိန်းမပျိုလေးတွေဟာ တစ်ဘက် အာဂျင်တီးနားအသင်းကို ၂ - ၀ နဲ့ ပြတ်ပြတ်သားသားအနိုင်ယူနိုင်ခဲ့ပါတယ်။
Field Hockey player "Ellen Hoog"
Field Hockey player "Sophie Polkamp"
ကွင်းလယ်ကစားသမား အီဗာဒီဂိုဒီက ပြောပါတယ်။ “ခက်ခက်ခဲခဲကစားလိုက်ရတာပါ။ အစပိုင်းမှာ ကျွန်မ စိတ်ချနေခဲ့တာ။ ပထမပိုင်းမှာ ကျွန်မတို့ကစားတာပိုကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားက ကွင်းထဲ နေရာတိုင်းရောက်နေခဲ့တော့တာ” တဲ့။

လိမ္မော်ရောင်မိန်းမပျိုလေးတွေကို အုပ်ချုပ်တဲ့ နည်းပြ မက်ဇ်ကဲဒါစ့်က
“နောက်ဆုံး ကျွန်တော်တို့အကောင်းဆုံးသိမ်းပိုက်နိုင်လိုက်ပါပြီ။ ကျွန်တော်တို့ သူတို့ကို ကွင်းထဲကနေ ဒီနေ့ ဖျက်ထုတ်လိုက်ပါပြီ” လို့ ဆိုတယ်။
KNHB ဒတ်ခ်ျအမျိုးသမီးဟော်ကီအသင်းရဲ့ လက်ရှိ လိမ္မော်ရောင်မိန်းမပျိုလေးတွေကတော့ ဂိုးသမား Joyce Sombroek နဲ့ တခြား မိန်းမပျိုလေးတွေကတော့ Kitty van Male ၊ Carlien Dirkse van den Heuvel ၊ Kelly Jonker၊ Maartje Goderie ၊ Lidewij Welten ၊ Caia van Maasakker၊ Maartje Paumen (C) ၊ Naomi van As ၊ Ellen Hoog ၊ Sophie Polkamp ၊ Kim Lammers ၊ Eva de Goede ၊ Marilyn Agliotti ၊ Merel de Blaeij ၊ Margot van Geffen တို့ပါ။ တစ်ဘက်မှာ ဂိုးသမားအပါအ၀င် ၁၁ ယောက်ပါဝင် ကစားကြတယ်။ လူစားလဲဖို့အတွက် ၅ ယောက် အရံထားကြလေ့ရှိပါတယ်။ ၂၀၀၇ ခုနှစ်ကစပြီး ချမှတ်ခဲ့တဲ့စည်းမျဉ်းတွေအရ ဂိုးစောင့် Field hockey သမားတွေဟာ ခေါင်းဆောင်း၊ ခြေကာ နဲ့ ရင်ဘတ်ပိုင်းအကာတွေအားလုံး ၀တ်ဆင်ကစားရပါတယ်။ လက်မောင်း၊ လည်ပင်း အကာအကွယ်တွေကိုလည်း လုံခြုံအောင်ဝတ်ဆင်ကစားရတာပါ။ ဟော်ကီကစားနည်းကို စွဲစွဲလမ်းလမ်းကစားနေခဲ့ကြတဲ့ ဒတ်ခ်ျမိန်းမပျိုလေးတွေရဲ့ ကွင်းထဲက အပြေးအလွှား လှုပ်ရှားကစားပုံလေးတွေ ဖော်ပြပေးလိုက်ပါတယ်။        ။

ဖြိုးဖြိုး
Living Fashion Magazine,
December, 2012