Friday, December 31, 2010

Happy New Year for all friends !

Friday, December 24, 2010

We Wish You A Merry Christmas

Christmas is forever, not for just one day,
for loving, sharing, giving, are not to put away
like bells and lights and tinsel, in some box upon a shelf.
The good you do for others is good you do yourself...

~Norman Wesley Brooks, "Let Every Day Be Christmas,"

Monday, December 20, 2010

Congratulation David !

Sunday, December 19, 2010

Wednesday, December 15, 2010

သိသလို မသိသလို ... ခရစ်စမတ် ရိုးရာအစဉ်အလာတွေ

ကြုံတွေ့ရတဲ့ ဘ၀အတွေ့အကြုံတွေက လူတိုင်းအတွက် မရိုးနိုင်အောင် အမြဲလှုပ်ရှားပြောင်းလဲနေသလိုပါပဲ၊
အချိန်တွေပြောင်း၊ ရက်၊ လ၊ နှစ်တွေလည်း မပျက်မကွက် ပြောင်းကြတယ်၊
ဒီလိုနဲ့ နှစ်တစ်နှစ်လည်း ပြောင်းလဲဦးတော့မယ်။

နှစ်တနှစ်ရဲ့ နောက်ဆုံး ဒီဇင်ဘာလမှာ ခရစ်စမတ်ပွဲတော်ကို ဘာသာရေးအထွတ်အမြတ်ပွဲတော်အဖြစ် ကိုယ်နေထိုင်ရာ တိုင်းပြည်ရိုးရာအစဉ်အလာအရ လေးလေးနက်နက် ကျင်းပကြသလို၊ ကိုယ့်ပတ်ဝန်းကျင်လေးမှာရှိတဲ့ သူငယ်ချင်းတွေနဲ့လည်း ပျော်စရာရွှင်စရာပွဲတော်လေးအဖြစ်လူမျိုးစုံ ပါဝင်ဆင်နွဲတတ်ကြပါတယ်၊
ပျော်ရွှင်ကြတယ်၊
ခရစ်စမတ်သစ်ပင်လေးတွေအလှဆင်ကြတယ်၊
ခရစ်စမတ်လက်ဆောင်လေးတွေအပြန်အလှန်ပေးကြတယ်။

ဂျီးဆပ်မွေးဖွားခြင်း .. ရှင်သန်ထမြောက်ခြင်း .. သူတော်စင်စိန့်နီကိုလာစ့်
ခြေအိတ်ရောင်စုံလေးတွေ ...
နှုတ်သီးနီနဲ့သမင်ဒရယ်လေးရဲ့ စွတ်ဖားထဲက လက်ဆောင်တွေနဲ့စန်တာကလောစ့် ...
ခရစ်စမတ် အိုင်ဗီပန်း ... 
သူတို့တွေရဲ့ခရစ်စမတ်ဒဏ္ဍာရီ ၁၃ချက် စပ်စုကြည့်ရအောင်နော် ...

၁. ခရစ်စမတ်သစ်ပင် အလှဆင်တာ
အလယ်ခေတ်(ခရစ်နှစ်၅၀၀ ကနေ ၁၄၀၀အထိ)မှာ အာဒံနဲ့ ဧ၀တို့ရဲ့ ဒဏ္ဍာရီထဲကပန်းသီး သစ်ပင်တို့ကို ရည်ညွှန်းပြီး ခရစ်စမတ်သစ်ပင်လေးကို စတင်ပုံဖော်လာကြတယ်၊ အာဒံရဲ့ ပန်းဥယျာဉ်ထဲက သစ်ပင်တွေအတိုင်းပဲ ဒဏ္ဍာရီကို အမှတ်တရအသက်သွင်းကြတဲ့အခါ ပန်းသီးလေးတွေ ကွတ်ကီးမုန့်လေးတွေနဲ့ အလှဆင်ခဲ့ကြတယ်။

၂.  ရူးဒေါ့သမင်ဒရယ်လေးကလည်း ခရစ်စမတ်နဲ့အတူ
ဒရယ်တွေကို နှင်စီးစွတ်ဖားလှည်းတွေဆွဲရန်၊ ဒရယ်နို့အသုံးပြုရန် မွေးမြူလေ့ရှိတယ်၊ အလာစ့်ကာပြည်နယ်၊ ဝေလမြို့လေးတွေမှာ စာဖြန့်ဝေဖို့အတွက် ဒရယ်စွတ်ဖားလှည်းလေးတွေကိုသုံးကြတယ်၊ ပုံပြင်ထဲက ရူးဒေါ့လို့ခေါ်တဲ့ဒရယ်လေးကတော့ တလက်လက်တောက်ပနေတဲ့နှုတ်သီးနီလေးရှိတယ်၊ စန်တာကလော့စ်ကို အကူအညီပေးသူ ကိုးကောင်မြောက်ဒရယ်လေးပါ၊ ရော့ဘတ်လူးဝစ်မေက ၁၉၃၉ခုနှစ်မှာ ရူးဒေါ့နှုတ်သီးနီဒရယ်ဇာတ်ကောင်လေးကိုဖန်တီးရေးသားခဲ့တယ်၊ ဘဲရုပ်ဆိုးပုံပြင်လေးကိုလည်း တစ်စိတ်တစ်ပိုင်းအခြေခံတယ်လို့လည်း ဆိုတယ်။

၃. ခရစ်စမတ်မှာ ဖယောင်းတိုင်လေးတွေကလည်း အရေးပါတာပဲ
ဟော်လန်နိုင်ငံတောင်ပိုင်းပြည်နယ်၊ ခေါက်ဒါ(Gouda)မြို့တော်မှာ ခရစ်စမတ်ပွဲတော်အခမ်းအနား ကျင်းပတဲ့အခါ ရောင်စုံဖယောင်းတိုင်တွေချည်းပဲ အများကြီးထွန်းညှိကြတယ်၊ ခေါက်ဒါမြို့တော်ဟာ ဒတ်ခ်ျ့ ဖယောင်းတိုင်ထုတ်လုပ်ငန်းရဲ့ အချက်အခြာဒေသဖြစ်တယ်၊ ခရစ်စမတ်ပွဲတော်တွေမှာဆိုရင် ခေါက်ဒါမြိ့တော်ရင်ပြင်မှာ မြို့တော်ဝန်က ယေရှုခရစ်တော်ဖွားမြင်ခြင်းအကြောင်းကို ရွတ်ဖတ်နေတဲ့ အချိန်မှာ လျှပ်စစ်မီးတွေအားလုံးပိတ်ထားကြပြီး ဖယောင်းတိုင်းမီးအလင်းတွေနဲ့ပဲ ပွဲတော်ကိုကျင်းပလေ့ ရှိခဲ့ကြရာက ခရစ်စမတ်မှာ ဖယောင်းတိုင်လေးတွေက ဒီနေ့ထိ အရေးပါလာခဲ့တယ်။

၎. ဥရောပတိုင်းပြည်တွေမှာတော့ ကလေးတွေအတွက်လက်ဆောင်ယူလာပေးသူက စိန့်နီကိုလာစ့်ပါ
ဒီဇင်ဘာ ၆ရက်နေ့မှာ နီကိုလာစ့်ဟာ သူရဲ့တပည့်ကျော် လူရှုပ်လူနောက်ဘလက်ခ်ပီတာနဲ့အတူ ကလေးတွေအတွက် လက်ဆောင်တွေတပွေ့တပိုက်ကြီး သယ်ဆောင်ပြီးပေါ်ထွက်လာလေ့ရှိတယ်၊ လိမ္မာတဲ့ ကလေးငယ်တွေကို သကြားလုံးတွေနဲ့ လက်ဆောင်တွေပေးတယ်၊ ဆိုးတဲ့ကလေးငယ်တွေကိုတော့ ဘလက်ခ်ပီတာက တွယ်ကပ်ခြောက်လှန့်လိမ့်မယ်လို့ ဆိုကြတယ်။

၅. အိုင်ဗီပင်က ရာစုနှစ်အတော်များများကတည်းက ခရစ်စမတ်အလှဆင်တဲ့ အပင်အဖြစ် ထင်ရှားကျော်ကြားလှတယ်
ခရစ်တော်မပေါ်မီခေတ်ဦးပိုင်းကာလတွေထဲက အိမ်တွေမှာ အိုင်ဗီပင်တွေနဲ့အလှဆင်ကြတယ်၊ ထာဝရစွမ်းအားနဲ့ဆက်စပ်မှုအဖြစ်ယုံကြည်ကြတယ်၊ အိုင်ဗီပင်ဟာ အေးမြတဲ့ ဆောင်းရာသီကာလတွေ အတိုင်း ဘ၀တွေတလျှောက်လုံး အေးချမ်းမှုအတွက် ကိုယ်စားပြုတယ်လို့ ဆိုတယ်။

၆. မစ်ဆဲလ်တိုး(Mistletoe) လို့ခေါ်တဲ့ ပင်ကပ်ပန်းပင်နဲ့ ခရစ်စမတ်အလေ့အထ
ခရစ်တော်မပေါ်ခင်ကာလနေဘုရား၊ လဘုရား၊ မီးဘုရား၊နတ်ဘုရားတွေအများကြီး ကိုးကွယ်ကြတဲ့အချိန် ဘုန်းကြီးတွေဟာ သူတို့ရဲ့မှော်စွမ်းအားတိုးပွားအောင်ကုစားဖို့ မစ်ဆဲလ်တိုးပန်းပင်ကိုအသုံးပြုခဲ့ကြတယ်၊ ခရစ်စမတ်ကာလမှာ မစ်ဆဲလ်တိုးပင်အောက် နမ်းကြတဲ့ ရိုးရာဓလေ့ထုံးစံရှိခဲ့ကြတယ်၊ ၁၉ရာစုခေတ်အင်္ဂလန်မှာ အနိမ့်ဆုံးအဆင့် လူတန်းစားတွေအကြားထင်ရှားတဲ့ ဓလေ့ဖြစ်ခဲ့ပါတယ်၊ နောက်ပိုင်း လူလတ်တန်းစားတွေကလည်း အဲဒီဓလေ့ကိုလက်ခံလာကြတယ်၊ အခုအခါ တခြားတိုင်းပြည်တွေမှာပါ ပြန်နှံ့ခေတ်စားတဲ့ ခရစ်စမတ်ရိုးရာဓလေ့တစ်ခုဖြစ်နေပါပြီ။

၇. စက္ကူလှလှထုတ်ပိုးကြတဲ့ လက်ဆောင်တွေ
အေဒီ၁၀၅ခုနှစ်ဝန်းကျင် တရုတ်နိုင်ငံကနေ စက္ကူစတင်ထီတွင်ခဲ့တဲ့အချိန်ကတည်းက ခရစ်စမတ်လက်ဆောင်တွေကို ထုတ်ပိုးခဲ့ကြတယ်၊ ၁၉၁၇ခရစ်စမတ်နောက်ပိုင်းမှာ အမေရိကတိုက် နီဘရာစကားပြည်နယ် ဟောလ်ဘရားသား စတိုးဆိုင်ကနေပြီး လက်ဆောင်ထုတ်ပိုးနိုင်တဲ့ တစ်သျှူးစလေးတွေစတင်ရောင်းချခဲ့တယ်။ အလှဆင် ပြင်သစ်စာအိတ်စက္ကူသားလေးတွေလည်း အစားထိုးရောင်းချခဲ့သေးတယ်။

၈. အခုဆိုရင်ခရစ်စမတ်လက်ဆောင်ထုတ်ပိုးမှုဟာ တော်တော်ခေတ်စားနေပြီ
၁၉ရာစုမှာ ထုတ်ပိုးမထားတဲ့ လက်ဆောင်လေးတွေကို ခရစ်စမတ်သစ်ပင်အောင်မှာထားကြတယ်၊ သစ်ကိုင်းလေးတွေမှာ ချိတ်ဆွဲကြတယ်၊ ဘယ်လိုလက်ဆောင်လေးတွေဖြစ်မလည်း သိချင်စိတ်နဲ့ လိုက်ရှာကြတဲ့ စိတ်လှုပ်ရှားမှုခံစားစေချင်ကြတဲ့အတွက် တစ်ခါတစ်ရံ လက်ဆောင်လေးတွေကို ဖွက်ထားတတ်ကြတယ်။

၉. ဘာဘူရှ်ကား(ရုရှားအခေါ် အဖွား)
လက်ဆောင်သယ်ဆောင်ပေးဝေသူအဖွားအိုဟာ ယေရှုခရစ်တော်လေးဖွားမြင်မှာကို နမိတ်ပေးခဲ့တဲ့ ပုရောဖက်သုံးဦးနဲ့အတူ ခရစ်တော်ရှိရာကို မသွားပဲ တစ်ကိုယ်တည်း ကလေးငယ်ဂျီးဆပ်လေးကို လိုက်ရှာခဲ့တယ်၊ နောက်တော့မှ ပုရောဖက်တွေနဲ့အတူသွားသင့်တာကို သဘောပေါက်နားလည်ခဲ့တယ်တဲ့၊ အဲဒီအချိန်ထဲက ဘာဘူရှ်ကားအဖွားအိုဟာ ကလေးတွေကို ရှာဖွေနေဆဲပဲလို့ဆိုတယ်၊ ဇန်န၀ါရီလ၅ ရက်နေ့မှာ အိပ်မောကျနေတဲ့ ကလေးငယ်တွေဆီကို သွားလည်လေ့ရှိပြီး ကလေးတွေအတွက် လက်ဆောင်ချန်ထားရစ်တယ်၊ ဘာဘူရှ်ကားအဖွားအိုအရုပ်လေးကို ရုရှားနိုင်ငံရဲ့အမှတ်တရ လက်ဆောင်အဖြစ် ရောင်းချလေ့ရှိတယ်၊ အရုပ်လေးရဲ့ဦးခေါင်းပိုင်းလေးကို ဖွင့်လိုက်ရင်အထဲမှာ နောက်ထပ်ဘာဘူရှ်ကားလေးတစ်ရုပ်ရှိနေပြီး အရုပ်လေးတွေဦးခေါင်းအဖုံးလေးကို ဖွင့်လိုက်တိုင်း အထဲမှာအရုပ်လေးတွေ အဆင့်ဆင့်ရှိနေကြတယ်။

၁၀. အီတလီနိုင်ငံကဒေသတွေမှာ ခရစ်စမတ်နဲ့ ငါးဟင်းလျာခုနှစ်မျိုးက ရိုးရာဓလေ့တဲ့
ခရစ်စမတ်ငါးဟင်းလျာ ခုနှစ်မျိုးဟာ ဘာသာရေးအခမ်းအနား ၇မျိုးကိုအထိမ်းအမှတ်ပြုတယ်လို့ဆိုတယ်၊ ငါးကို ဂျုံ၊ မုန့်ညက်၊ ဆလတ်၊ အသီးအနှံ၊ ပေါင်မုန့်၊ အီတလီဝိုင်တို့နဲ့ တွဲဖက်စားသုံးကြတယ်၊ မုန့်အချိုပွဲတွေမှာ ဆလတ်၊ ဂျုံသစ်သီးကိတ်၊ အမွှေးအကြိုင်မွှန်းထားတဲ့ကွတ်ကီးတွေ၊ နူးဂတ်(အစေ့အဆံမြှုပ်ထားတဲ့သကြားလုံး)၊ အခွံမာသီးလေးတွေပါဝင်ပါတယ်။

၁၁. စုန်းမကြီးရဲ့ ကိတ်မုန့်အိမ်လေး(Gingerbread house)
နူးညံ့လှတဲ့အိမ်ပုံကိတ်မုန့်လေးတွေကို စုန်းမအိမ်လို့ ဂျာမန်တွေကခေါ်ကြတယ်၊ ဂျာမန်စာရေးဆရာ ဂရင်းမ်ရဲ့ကျော်ကြားလှတဲ့ “ဟန်ဆဲလ်နဲ့ ဂရဲ့တဲလ်” ပုံပြင်ထဲက ကိတ်မုန့်အိမ်လေးတွေကို ခရစ်စမတ်မှာပြုလုပ်လေ့ရှိတယ်။
၁၂. ပူတင်းထဲက ကံကောင်းခြင်းတွေ
ပူတင်းမဖုတ်ခင်အရောအနှောထဲမှာ လက်စွပ်၊ ကြယ်သီး၊ အပ်ချုပ်လက်စွပ်နဲ့ ရွှေပြားပိုက်ဆံအကြွေစေ့လေးတွေမြှပ်ထားပြီး ပူတင်းဖုတ်ကြတယ်၊ ကံကောင်းသူ/ ကံမကောင်းသူ တစ်ဦးဦးက အဲဒီပစ္စည်းလေးတွေတစ်ခုခုကို ရခဲ့ရင် ပစ္စည်းလေးတွေရဲ့ ညွှန်းဆိုတဲ့ အဓိပ္ပါယ်အတိုင်း လက်ထပ်ခြင်း၊ အပျိုကြီး၊ လူပျိုကြီး၊ ချမ်းသာကြွယ်ဝခြင်းတွေ အဲဒီနှစ်အတောအတွင်း ဖြစ်လာလိမ့်မယ်လို့ဆိုတယ်။

၁၃. ရူးရဲသစ်လုံးပုံမုန့်အချိုပွဲ (Yule Log)ဟာ တိုင်းပြည်အတော်များများ ပေါ်ပြူလာဖြစ်တဲ့ မုန့်အချိုပွဲဖြစ်နေပါပြီ
အစပြုခဲ့တာက ခရစ်စမတ်မှာမီးပုံပွဲလုပ်ရင်း သစ်လုံးကိုမီးလောင်ကျွမ်းစေကြတယ်၊ သစ်လုံးကရလာတဲ့ ပြာမှုန့်တွေဟာ ထူးခြားဆန်းပြားတဲ့စွမ်းအားတွေရှိတယ်လို့ ယုံကြည်ကြတယ်၊ ဒီရိုးရာဓလေ့ကို ဂျာမနီနိုင်ငံမှာ ၁၁၈၄ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုတယ်။

သူငယ်ချင်းတို့ရော ...
ခရစ်စမတ်ကာလမှာ ဘာတွေလုပ်ကြလဲ?
ပျော် ?
မပျော် ?
ပုံမှန် ? 

------------------
phyophyo said :
ဘာမှမလုပ်  လက်ဆောင်လေးလဲကြရုံသာ၊
မပျော် :(

source : http://www.rd.com/your-america-inspiring-people-and-stories/13-things-you-didnt-know-about-christmas-traditions/article187296.html

ပေါ်ပြူလာဂျာနယ် http://popularmyanmarnews.com/epaper/archives/13302

Wednesday, December 8, 2010

ပုံဖော်ကြတဲ့အခါ

“ရှင် .. ဘယ်နေရာမှာလဲ၊ ဘယ်ရောက်နေလဲ၊ ကျွန်မတို့ workshop အချိန်လေး နည်းနည်းပြောင်းလိုက်ကြတယ်၊ နေ့လည် ၂နာရီခွဲမဟုတ်တော့ဘူး အခု ၁နာရီခွဲမှာ စချင်တယ်၊ သူတို့ ဆရာမတွေနဲ့ တိုင်ပင်ပြီး ကျောင်းကိုပြန်ဝင်ကြရမှာမို့ အချိန်နည်းနည်းရှေ့ကိုတိုးလိုက်ရတယ်၊ ရှင် အဆင်ပြေမလားပဲ၊ ကျွန်မတို့ ကလေးတွေ စုံနေကြပြီ၊ သူတို့ ရှင့်ကိုစောင့်နေကြတယ်၊ ကျွန်မတို့ Art Caffe မှာပဲ ရှိနေကြမယ်နော်” အီဗန်နာက ဖုန်းထဲကနေ ခပ်သွက်သွက်ပြောတယ်၊

ကျွန်တော် အကြောင်းပြန်တယ်၊ “အီဗန်နာ .. ငါ အိမ်မှာမဟုတ်ဘူး၊ အပြင်ရောက်နေတယ်၊ ဆာဗာစင်တာကနေတော့ သိပ်မဝေးဘူး၊ ငါ အမြန်ဆုံးလာခဲ့မယ်၊ အိမ်မှာ ပစ္စည်းတွေ ယူပြီးရင် နာရီဝက်အတွင်း ရောက်အောင်လာခဲ့မယ်၊ ကလေးတွေကို မင်း ပဲ ကြည့်ထိန်းထားပေးပါ၊ အိုကေ၊ တွေ့ကြမယ်”
ကျွန်တော်နဲ့ အတူ သရုပ်ပြ ကူညီပေးမဲ့ ဆရာမတစ်ယောက်နဲ့ သူငယ်ချင်းတို့ကိုလည်း အကြောင်းကြားတယ်၊ အချိန်က ချက်ချင်းကပ်နေတော့ အလယ်တန်းကျောင်းဆရာမလေး စနဲရှာနာ နဲနဲနောက်ကျမယ်တဲ့၊ အကူအညီတောင်းတားတဲ့ သူငယ်ချင်းမ ယဲလီနာ ကလည်း သူ အမြန်ဆုံးလာခဲ့ပါမယ် လို့ ဆိုတယ်။
အိမ်ကို မြန်မြန်ပြန်ပြီး လိုအပ်တဲ့ ပစ္စည်းတွေ အိတ်ကြီး အိတ်သေးတွေထဲ ထည့်တယ်၊ လိုအပ်တဲ့
ပလတ်စတစ်အိတ်တွေအကြီးအသေး အရောင်စုံတွေကတစ်အိတ်၊ မီးပူ နှစ်ခု၊ စက္ကူလိပ်တွေရယ်၊ ကတ်ကျေးလေးတွေရယ်၊ သစ်သား board တစ်ခု၊ extension cord တွေရယ်၊ workshop အပြီး ကလေးတွေကိုပြရမယ့်၊ (အထူးသဖြင့် သိမ်းသွင်းဆွဲဆောင်ရမယ့်) ဗီဒီယိုဖိုင်ကိုလည်း မေ့မသွားအောင် ကိုယ့်ဘာသာသတိပေးရင်း မှတ်စုစာရွက်သေးသေးလေးကို ထုတ်ကြည့်တယ်၊ အဲဒီဖိုင်ကို သူ ညတွေမအိပ်ပဲ ကြိုးစားပမ်းစားတည်းဖြတ်ခဲ့တာ၊ ဗီဒီယိုဖိုင်လေးကို ပြသဖို့ laptop ကိုလည်း မပါမဖြစ် ယူတယ်၊ အဲဒီအချိန်မှာပဲ သူငယ်ချင်း မီလန်က အိမ်ကိုရောက်လာပြီ၊ အသင့်ဖြစ်ကြပြီ၊ ဒီလိုနဲ့ ပစ္စည်းပစ္စယတွေ သယ်ပိုးကြရင်း ဆာဗာစင်တာဆီသို ထွက်လာခဲ့ကြတယ်၊ နာရီကိုကြည့်တယ်၊ ၁နာရီခွဲဖို့ ၁၀မိနစ်၊ ဆာဗာစင်တာက နီးနီးလေးပါ၊ သူတို့အတွက် အချိန်ကိုက် ရောက်နိုင်လောက်ပါရဲ့။

ကျွန်တော်တို့ ပတ်ဝန်းကျင်တလျှောက် ပလတ်စတစ်အိတ်တွေနဲ့ စက္ကူတွေဟာ ထိန်းမနိုင်သိမ်းမရ ဟိုဒီမွစာကြဲနေကြပြီ၊ ဒီနေ့ လုပ်တဲ့ workshop က လူငယ်လေးတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိတ်ဝင်စားလာအောင် ဆွဲဆောင်ကြဖို့ အဓိကရည်မှန်းချက်ပါပဲ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်က စွန့်ပစ်ပစ္စည်းတွေကို ပြန်ပြီးအသုံးပြုနိုင်ဖို့ ပလတ်စတစ်အိတ်တွေရယ်၊ သတင်းစာ၊ ဂျာနယ်စက္ကူစတွေရယ်၊ သဘာဝအလျှောက်ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေရယ်၊ ပေါင်းပြီး ပလတ်စတစ်အလှပန်းခြင်းလေးတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ သရုပ်ပြပေးမယ့် workshop ပါ၊ ဒီ workshop တွေကို GreenScreenFest အဖွဲ့သားတွေက ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်၊ GreenScreenFest က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုပ်ရှင်၊ ဗီဒီယိုတွေကို လူတိုင်းကြည့်ရှုနိုင်အောင် ၃ ရက်လုံး မနက် ၉ နာရီကနေ ည၉နာရီအထိတချိန်လုံးပြသပေးခဲ့ကြတယ်၊

ကျွန်တော်တို့ ဆာဗာစင်တာရဲ့ အ၀င်ပေါက် ညဘက်ခြမ်းလေးထဲက Art Caffe ထဲကိုဝင်သွားကြတော့ ကော်ဖီဘားရှေ့ အလယ်တန်းကျောင်းသားလေးတွေ အယောက် ၃၀ လောက် တစ်စုကိုတွေ့တယ်၊ အိုး... ကလေးတွေ နည်းမှမနည်းပါပဲ၊ လူငယ်လေးတွေက ကျွန်တော်နဲ့တောင် မတိမ်းမယိမ်း ထွားထွားကျိုင်းကျိုင်းလူငယ်လေးတွေ၊ မိန်းကလေး ယောက်ျားလေး တစ်ဝက်စီလောက်ပဲ၊ အီဗန်နာက ကျွန်တော်တို့ကိုလှည့်ကြည့်ပြီး “ဟော ... လာကြပြီ” လို့ ဆိုတဲ့ အသံနဲ့အတူ သူတို့လေးတွေရဲ့ ဦးခေါင်းလေးတွေ ကျွန်တော်တို့ဘက် အားလုံး ပြိုင်တူလှည့်ကြည့်ကြတယ်၊ နောက်ထပ် ကလေးတွေ နှစ်ဖွဲ့တွေ့တယ်၊ ပရိုဂျက်တာရှေ့မှာ ရှင်းပြနေတဲ့ ဆရာမတစ်ယောက်နဲ့အတူ ကလေးတွေ တစ်ဖွဲ့ရယ် နောက်တစ်ဖွဲ့က ယောက်ျားလေးတွေချည်းပဲ သူတို့ workshop တွေ အသီးသီး တက်တက်ကြွကြွ လုပ်နေကြတယ်၊ ကျွန်တော်လည်း ခပ်သွက်သွက်ပဲ ကလေးတွေကို မိတ်ဆက်ရင်း သရုပ်ပြဖို့ ကျွန်တော်တစ်ယောက်တည်းပဲ စရတော့တယ်၊ ဆယ်ကျော်သက် ကလေးငယ်တွေအရွယ်က ထိန်းရသိမ်းရအခက်ဆုံးပဲ၊ သူတို့ စိတ်ပါဝင်စားလာအောင်ပြောဆိုဖို့ဆိုတာ သိပ်ခက်တယ်၊ အာရုံတစ်ခုတည်းမှာ သူတို့ကြာရှည် မထားနိုင်ဘူး၊ ခု ဒီမှာ ဒါလုပ်နေပေမဲ့ ခဏလေးနဲ့ တခြားဟာ ပြောင်းလုပ်ဦးမယ်၊ လူကြီးတွေပြောဆိုဆုံးမတာကိုဟုတ်မဟုတ် ပြန်ပြီးမေးခွန်းထုတ် ဆန့်ကျင်လာတတ်ကြတဲ့ အရွယ်လေးတွေ၊ ကျွန်တော် ဒါကို သိထားပါတယ်၊ ကျွန်တော့်ရဲ့ workshop နဲ့ သူတို့ ကို ဘယ်လောက်ကြာအောင် စွဲဆောင်ထားနိုင်မလဲ ကျွန်တော် စမ်းသပ်ကြည့်ရမှာပဲ၊

ကလေးတွေက ကျွန်တော့်အရှေ့မှာ ဘေးဝဲယာ၊ အလယ်၊ စားပွဲရှည်လေးတွေ ဆက်ထားတဲ့ စားပွဲလေးတွေမှာ စုစုစည်းစည်းထိုင်နေကြတယ်၊ ကျွန်တော်အတွက် စားပွဲရှည်တစ်ခုရှိတယ်၊ အီဗန်နာက “ရှင် .. ကျွန်မ ပြင်ဆင်ထားတာ အားလုံးအဆင်ပြေရဲ့လားပဲ၊ သူတို့လေးတွေ သိပ်စိတ်ဝင်စားနေကြတယ်လို့တော့ ကျွန်မထင်တယ်၊ ကဲ အဆင်ပြေပါစေရှင်” လို့ ဆိုတယ်၊ ကလေးငယ်တွေ အားလုံးကို တစ်ချက်ဝေ့ကြည့်ရင်း “ကဲ ကိုယ်တို့တွေ အင်မတန်ရိုးရှင်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အလုပ်လုပ်ကြရအောင်၊ ကိုယ့်ကို မင်းတို့ကူကြမှဖြစ်မယ်၊ ကိုယ်တစ်ယောက်တည်းတော့ ဘာမှလုပ်နိုင်မယ် မထင်ဘူး” လို့ ကျွန်တော် စကားစလိုက်တာနဲ့ ကလေးတွေဆီက အသံထွက်လာကြတယ်၊ လှုပ်လှုပ်ရွရွဖြစ်လာကြတယ်၊ လည်ပင်းလေးတွေ ဆန့်ထွက်လာကြတယ်၊ ကျွန်တော်လည်း ကလေးတွေကို ပလပ်စတစ်အိပ်ကြီး၊ အိပ်သေး အရောင်စုံ၊ နဲ့ စက္ကူ၊ သတင်းစာ တွေကို အစု ၃ စု ခွဲပြီးပေးလိုက်တယ်၊ ပလပ်စတစ်အိတ်တွေကို ပန်းအိုးတစ်ခုစာ အမြင့်လောက် ကပ်ကျေးလေးတွေနဲ့ ညှပ်ထားပေးပါလို့ ပြောတယ်၊ စက္ကူစလေးတွေကိုတော့ ကြိုက်သလို ပုံစံလေးတွေ ညှပ်လို့ရတယ်၊ စိတ်တိုင်းကျလုပ်ပါဆိုတော့ သူတို့ ရယ်မောကြတယ်၊ မဆိုးလှပါဘူး၊ ကလေးတွေ သွက်သွက်လက်လက် ကပ်ကျေးလေးတွေနဲ့ညှပ်ကြတယ်၊ သူတို့ ညှပ်နေတဲ့အချိန်မှာ ကျွန်တော့်စားပွဲပေါ်မှာ သစ်သား board အပြားကို တင်၊ အဲဒီပေါ်မှာ စက္ကူပြား အကြီးကို ဖြန့်ချပြီး မီးပူကို extension cord သုံးပြီး တပ်တယ်၊ ပြီးတော့ “ပထမဆုံးဘယ်အဖွဲ့ အရင်လာမလဲ၊ အပြာရောင်၊ အနီရောင် ပလပ်စတစ်ယူလာခဲ့ပေးပါ” ဆိုတော့ ဘယ်ဘက်အဖွဲ့က ကလေးတစ်ယောက်မတ်တပ်ထရပ်တယ်၊

“ကဲ အခု ဘယ်သူ အိမ်အလုပ်လုပ်သလဲ ဆိုတာ သိရတော့မယ့် အချိန်ပေါ့”
ကလေးတွေ ညံညံစီစီ ရယ်မောကြတယ်၊

“ပလပ်စတစ်အပြာရောင်၊ အနီရောင်လေးနှစ်ခုကို ဒီလိုပြန့်အောင်ဖြန့်မယ်၊ ဟောဒီ စက္ကူပြားကြီးကို အပေါ်က ဖုံးကာပြီး ကိုယ်တို့မီးပူတိုက်မယ်၊ ကြေနေတဲ့ အကျီကို ဆန့်သွားအောင်တိုက်သလိုပါပဲ၊ မတူတာတစ်ခုက စက္ကန့်ပိုင်းလေးပဲ ဖိလိုက်၊ ဘေးကိုရွှေ့ပေးလိုက် လုပ်ရမယ်”

“ကျွန်တော် အိမ်မှာ အမေ့ကို မီးပူကူတိုက်ပေးနေကြပါ၊ အခု ကျွန်တော့် လက်ရာကိုမြင်ရင် ကျွန်တော် အပိုမပြောဘူးဆိုတာ အားလုံးသိကြမှာပဲ” လို့ ကျောင်းသားလေးက အရွှန်းဖောက်တယ်၊ သူငယ်ချင်းတွေ တဟားဟားရယ်ပါတယ်၊ ပလပ်စတစ်ပြားလေးတွေက အပူငွေ့နဲ့ ပျော်ပြီး အရောင်မတူတော့ အရစ်အလိမ်ဒီဇိုင်းလေးတွေပေါ်ပြီးကပ်သွားကြတယ်၊ “အိုး .. သိပ်တော်တဲ့ သားလိမ္မာလေးပဲ”  ကျွန်တော် ချီးမွမ်းတယ်၊ အားလုံး လက်ခုပ်တီးကြတယ်၊

“နောက်တစ်ဖွဲ့က ဘယ်သူလာမလဲ၊ စက္ကူစလေးတွေပါယူလာခဲ့နော်၊ ပလပ်စတစ် ဒီဇိုင်းလှလှပါတဲ့ အိတ်တစ်ခုကိုယ့်မှာ ရှိနေတယ် ၊ ဒါကို ကိုယ်သုံးမယ်၊ အ၀ါရောင် ပလပ်စတစ်လေးပါယူခဲ့ပေးပါဦး”

နောက်ကလေးတစ်ယောက် ထလာတယ်၊ သွက်သွက်လက်လက်ပါပဲ၊ ပျော်ပျော်ရွှင်ရွှင်လည်း ရှိနေကြပုံပေါက်တယ်၊ ကျွန်တော့်ကိုလည်း ကြောက်ရွံ့ဟန်မရှိကြသလို၊ ကျွန်တော်ပြောတဲ့အတိုင်းလည်း စိတ်ဝင်တစားလိုက်လုပ်ကြပါတယ်၊ တခြား ဆရာမတစ်ယောက်ကမေးတယ်၊ သူ့ကလေးတွေတစ်ဖွဲ့ကိုလည်း ဒီမှာ လာစုချင်တယ်တဲ့၊ ပရိုဂျက်တာနဲ့ရှင်းပြနေတဲ့ ကလေးတွေတစ်စု ဒီဘက်ကို ပြောင်းလာကြတယ်၊ ခုံလေးတွေ သူတို့ဘာသာဆွဲယူပြီး လာထိုင်ကြတယ် ကလေးတွေ တော်တော်များလာကြပြီ ကျွန်တော်တစ်ယောက်တည်း ဒီကလေးတွေကို ထိန်းရတော့တာပဲ စနဲရှာနာနဲ့ ယဲလီနာလည်း ရောက်မလာကြသေးဘူး၊ ကလေးတွေက စိတ်ဝင်တစားရှိကြတော့ မဆိုးလှပါ ပျော်ဖို့ကောင်းနေပါတယ်၊

ကျွန်တော့်မှာရှိနေတဲ့ နေကြာပန်းပုံပါနေတဲ့ ပလပ်စတစ်အိတ်က ပန်းပုံနေရာတ၀ိုက်ကို ဖြတ်ယူတယ်၊ နေကြာပန်းပေါ်မှာ သစ်ရွက်ခြောက်လေးတွေ ထပ်တယ်၊ အပေါ်က ပလစ်စတစ်အ၀ါရောင်လေး ကပ်တယ်၊ ပြီးတော့ စက္ကူပြားကြီးနဲ့ကာတယ်၊ မီးပူနဲ့ဖိလိုက် ရွှေ့လိုက် ကလေးမလေးက သွက်သွက်လေးလုပ်တယ်၊ ပြီးတော့ စက္ကူစကြီးကိုဖယ်တယ်၊ စက္ကူစအောက်မှာ ပလပ်စတစ်တွေပျော်ပြီး သစ်ရွက်ပေါ်မှာကပ်ရင်း ပေါ်လာတဲ့ ဒီဇိုင်းအခက်အနွယ်လေးကို သူလေးက အံ့သြပြီး .. “အိုး .. လှလိုက်တာ” လို့ လွှတ်ကနဲ ရေရွတ်တယ်၊ နောက်တစ်ဖွဲ့က ကလေးတစ်ယောက်ကိုခေါ်တယ်၊ လူငယ်လေးက “ကျွန်တော်အဖြူရောင်လေးယူခဲ့မယ်၊ အဖြူရောင်မသုံးရသေးဘူး” လို့ သူ့စိတ်ကူးကိုပြောတယ်၊ ကျွန်တော် အားပါးတရထောက်ခံလိုက်တယ်၊ “အိုကေ .. သိပ်ကောင်းတာပဲ၊ မီးပူတိုက်ကြဦးစို့ရဲ့”၊ လူငယ်လေးရဲ့ ပလပ်စတစ်အပြာစလေး ကပ်ပြီးတဲ့အခါ၊ ပလပ်စတစ်အထူအပါး အနေတော်ဖြစ်သွားပြီ၊ ပန်းအိုးလေးလုပ်ကြဖို့ အသင့်ဖြစ်ပြီ၊ အလျား၊ အနံ ညီညာအောင် ကပ်ကျေးနဲ့ ညှပ်ကြတယ်၊ ပြီးတော့ အ၀ အကျဉ်းအကျယ်ပန်းအိုးအရွယ်လောက် လိပ်ပြီး အဆက်နေရာအတွင်းပိုင်းမှာ စက္ကူပြားကိုခံတယ်၊ ပြီးတော့ အပေါ်ကနေ မီးပူနဲ့ဖိတယ်၊ အဆက်နေရာက ကပ်သွားပြီ၊ ဒါနဲ့ စလင်ဒါပုံဖြစ်နေတဲ့ ပန်းအိုးကို ထောင့်လေးတွေနေရာအတွက် စက္ကူပြားကိုပဲခံပြီး အရာပေးတယ်၊ ပန်းအိုလေး လေးထောင့်စပ်စပ်ကျအောင်ပါ၊ အ၀ိုင်းလေးလိုချင်တယ်ဆိုရင်တော့ ဒီ အဆင့်ကိုကျော်လို့ရတယ်လို့ ကလေးတွေကို ကျွန်တော်ပြောတယ်၊ မိန်းကလေးတစ်ယောက်က ကျွန်မကတော့ အ၀ိုင်းလေးကြိုက်တယ်လို့ ပြောလိုက်သေးတယ်။

ပြီးရင်တော့ အောက်ခံအတွက် လက်ဆောင်တွေထုတ်ပိုးသလိုပါပဲ မျက်နှာချင်းဆိုင်အနားနှစ်ခုကို အတွင်းဘက်ကိုဖိတယ်၊ နောက် အနံနှစ်ဘက် အတွင်းဘက်ကို ဖိပြီးထပ်တယ်၊ ကျွန်တော် အသင့်ယူလာတဲ့ လက်ကိုင်နဲ့ သစ်သားလေးထောင့်ပုံစံတုံးစားပွဲပေါ်မှာ ထောင်တယ်၊ ပန်းအိုးလေးကို စောက်ထိုးထား၊ စွပ်လိုက်ပြီး စက္ကူပြားကာတယ်၊ ပြီးတော့ မီးပူဖိတယ်၊ ဒါဆို အတွင်းဘက်ကို လေးဘက်လေးတန် ခေါက်စလေးတွေ ပုံစံကျကျ ကပ်သွားကြပြီ၊ စက္ကူပြားကာရတာကတော့ ပလပ်စတစ်တွေ အပူပြင်းပြင်းမထိအောင် ပြီးတော့ မီးပူမှာ ကပ်ပြီး ပုံစံပျက်မသွားအောင် ကာကွယ်ပေးတဲ့ သဘောပါပဲ၊ ပန်းအိုးပုံစံလေးပေါ်လာပြီ၊ ပြီးတော့ ထိပ်ပိုင်းလေးကို ဒီဇိုင်းလေးတွေဖော်ပြီးညှပ်ထုတ်ပစ်ဖို့ မိန်းကလေးတစ်ယောက်ကိုခေါ်တယ်၊ မိန်ကလေးတွေက နည်းနည်းအနုစိတ်တာဆို ပိုပြီး စိတ်ရှည်ကြတယ်မဟုတ်လား၊ ကလေးမလေးက တြိဂံပုံ ထိပ်ချွန်လေးတွေပုံဖော်ပြီး ညှပ်တယ်၊ စက်ဝိုင်းခြမ်းပုံစံလေးတွေညှပ်သွားလဲ လှတာပါပဲ၊ ပြီးသွားတဲ့အခါ ပန်းအိုးလေး ရုပ်လုံးပေါ်လာပြီး၊ အနီရောင် စက္ကူစလေးကို ပန်းပုံလေးတွေညှပ်ပြီး ပန်းအိုးပေါ်မှာ ကပ်ရင်း မီးပူထိပ်ချွန်းလေးနဲ့ အသာဖိတယ်၊ ပန်းပွင့်လေးကပ်သွားတယ်၊ အစိမ်းရောင်သစ်ရွက်ပုံလေးနှစ်ခု အသေးအကြီး ညှပ်လိုက်တယ်၊ ပြီးတော့ မီးပူထိပ်လေးနဲ့ပဲ ဖိတယ်၊ သစ်ရွက်လေးနှစ်ရွက်နဲ့ ပန်းပွင့်လေးပါတဲ့ ပလပ်စတစ်ပန်းအိုးလေး ကျွန်တော်တို့ ရခဲ့ကြပြီ၊ အားလုံးကို အနီးကပ်ကြည့်ကြဖို့ လက်ဆင့်ကမ်းပေးလိုက်တယ်၊ ကလေးတွေ တစ်ယောက်ဆီ ကိုင်ကြည့်ကြတယ်၊ လက်ချောင်းလေးတွေနဲ့ တို့ထိကြည့်တယ်၊ မီးပူ အပူရှိန်ကြောင့် ပျော့ပြီး ပျော်ဝင်ကာ တစ်ခုနဲ့ တစ်ခုထပ်ပြီးပေါ်လာတဲ့ အစင်းအရစ်လေးတွေ ကိုင်ကြည့်ရတာ ထူးဆန်းတယ်လို့ ကလေးတစ်ယောက်က ပြောတယ်။

“ကဲ၊ ဒါဆို ပန်းဝန်းကျင်က အပိုဖြစ်နေတဲ့ ပလပ်စတစ်တွေ စက္ကူစတွေ နဲ့ သဘာဝကပေးတဲ့ သစ်ရွက်ခြောက်လေးတွေပါသုံးပြီး ပလပ်စတစ်ပန်းအိုးလှလှလေးတွေ အခုပဲ စုပေါင်းလုပ်ကြည့်ကြပြီးပြီ၊ အခု အဖွဲ့ တစ်စုဆီက ကိုယ်တိုင် လုပ်ကြည့်ပေးကြပါဦး၊ ကိုယ် နောက်ထပ်ပန်းအိုး သုံးအိုးလိုနေတယ် အိမ်မှာ ပန်းပင် ၃ ပင် အပင်ခွဲဖို့ ရှိနေတယ်ကွ” လို့ နောက်လိုက်တော့ ကလေးတွေ တဟားဟားနဲ့ ရယ်မောကြတယ်၊ “ဆရာ့အတွက် ကျွန်တော်တို့ အလှဆုံး ပန်းအိုးလေးတွေ လုပ်ပေးလိုက်မယ်၊ ကျွန်တော်တို့ လက်ဆောင်ပေါ့” လို့ ကလေးတွေက ဆိုတယ်၊ အချိန်အကန့်အသတ်အတွင်း ပြီးအောင် ပြောရတဲ့အတွက် ပန်းအိုးလေးက သေသေသပ်သပ်ကြီးတော့ဖြစ်မနေပါဘူး၊ ဒါပေမဲ့ ကလေးတွေက သဘောကျလို့ ကျွန်တော်ဝမ်းသာရပါတယ်။

စနဲရှာနာနဲ့ ယဲလီနာတို့လည်းရောက်လာကြပြီ၊ သူတို့နှစ်ယောက်က ကလေးတွေကို ကူညီပေးနေကြတယ်။

ကျွန်တော့်ရှေ့က လူငယ်လေးတွေ စုရုံးပြီး ပုံသဏ္ဍာန် ကျကျနန ပန်းအိုးလေးတွေ ပုံဖော်နေကြတယ်၊ ကျွန်တော့်မျက်စိထဲမှာ သိပ်လှတဲ့ မြင်ကွင်းလေးပါပဲ၊
လမ်းဘေးအုတ်ခုံမှာ ထိုင်ရင်း ဆေးလိပ်တွေ ဖွာရင်း၊
စကားဆန်းဆန်း ခပ်ကြမ်းကြမ်းတွေကို သင်ယူရွတ်ဆိုရင်း၊
ဆေးလိပ်တိုအမှိုက်စတွေ စွန့်ပစ်ရင်း၊
စီးကရက်မီးခိုးငွေ့တွေ့နဲ့အတူ ကိုယ့်ရဲ့အနာဂါတ်ပတ်ဝန်းကျင်ကို မှုန်ဝါးဝါးပုံဖော်နေတဲ့ လူငယ်လေးတွေ ...
သူတို့ကိုပါ .. ကျွန်တော် ဆွဲဆောင်သိမ်းသွင်းကြည့်ချင်ပါသေးတယ်။          ။
အောင်ပင်လယ်မဂ္ဂဇင်း
အတွဲ ၄၊ အမှတ် ၂၂၊
မတ်လ ၂၀၁၁
Special thanks to My Beloved Husband:
GreenScreenFest - http://www.greenscreenfest.org/

Tuesday, December 7, 2010


အကုတ်အခြစ်ကောင်းတဲ့ခွေးလေးလဲ့ရာကို ကျောယားရင် ကုတ်ခိုင်းရကောင်းမလားပဲ ..

ငယ်ငယ်က တူလေးဆိုပြတဲ့ သီချင်းသတိရမိသေးတယ်၊

~ အန္တရာယ်ကင်းအောင်ကွယ် .. ကျားလေးနှစ်ကောင်ကိုဝယ် ~
~ ယောက္ခမအတွက် တစ်ကောင်ပေးမယ် ~
~ တစ်ကောင်ကို ကျောယားတော့ ကုတ်ခိုင်းမယ် ~ တဲ့ .. တော်တော်ရယ်ရတယ်၊ သူဆိုပြတုန်းက။

Sunday, December 5, 2010

Campaign To End Violence Against Children

Campaign To End Violence Against Children - Childhood Cartoo... - Care2 News Network
Change your Facebook profile picture to a cartoon from your childhood and invite your friends to do the same. There should be no human faces on Facebook but an invasion of memories to raise awareness to end Violence Against Children.

“ကြိုက်တဲ့ ကာတွန်းကားတွေ” ...
ကျန်နေသေး ..