Showing posts with label ဟိုသတင်း ဒီသတင်း. Show all posts
Showing posts with label ဟိုသတင်း ဒီသတင်း. Show all posts

Wednesday, December 12, 2012

၁၂.၁၂.၂၀၁၂ မှာ တစ်နှစ်စာ နောက်ပြန် လှည့်ကြည့်တဲ့အခါ

အန်တီတင့်က ၁၂.၁၂.၁၂ မှာ ဘလောဂ့်ဂါတွေ ပိုစ့်တင်ပါ ဆိုလို့ ရေးမယ်ဆိုတော့ ဘာရေးရမှန်းမသိဖြစ်နေတာ။ 
သတင်းတွေဖတ်ရင်း တစ်နှစ်စာပဲ နောက်ကြောင်းပြန်လှည့်လိုက်တော့တယ်။ 
သတင်း ၁၂ ပုဒ်ထက်ပိုသွားတော့ အန်တီတင့် စာလာဖတ်ရင် ၁၂ ပုဒ်ပဲ ရွေးဖတ်သွားနော်။ 
မိတ်ဆွေသူငယ်ချင်း၊ အစ်ကို၊ အစ်မ၊ မောင်ငယ်၊ ညီမငယ်အားလုံး လာမယ့် ၂၀၁၃ မှာလည်း ပိုကောင်းတဲ့ဘဝလေးတွေ စိတ်ကြိုက်ဖန်တီးနိုင်ပါစေ ဆုတောင်းလိုက်ပါတယ်။

ဇန်နဝါရီ ၇ - ဘီယွန့်စ် နဲ့ ဂျေဇီ တို့ရဲ့ သမီးဦးလေး အတွက် မွေးဖွားတဲ့အထိမ်းအမှတ်ပွဲလေးလုပ်ကြတယ်။ သမီးလေး နာမည်ကို ဘလူးအိုင်ဗီကာတာ(Blue Ivy Carter) လို့ နာမည်ပေးလိုက်သတဲ့။ ဘလူးအိုင်ဗီလေးမွေးပြီး ဂျေဇီရဲ့ သီချင်းသစ် Glory မှာ ဘလူးအိုင်ဗီရဲ့ ငိုသံလေး ထည့်ထားတော့ အသက်အငယ်ဆုံးအဆိုတော်လေး Billboard Music Chart မှာပေါ်ထွက်လာတာပေါ့။

Tuesday, December 4, 2012

ဟိုသတင်း ဒီသတင်း

၁. ပျော်ရွှင်ဖွယ်ရာမွေးနေ့မင်္ဂလာပါ "လီယိုနာဒိုဒီကာပရီယို"
နိုဝင်္ဘာ ၁၁ ရက်နေ့က အမေရိကန်သရုပ်ဆောင် ရုပ်ရှင်ပရိုဂျူဆာ လီယိုနာဒို ဒီကာပရီယို ရဲ့ အသက် ၃၈နှစ်မြောက်မွေးနေ့ပြည့်သွားခဲ့ပါပြီ။ မွေးနေ့ပါတီကို နိုဝင်္ဘာ ၁၀ရက်နေ့က နယူးယောက်မြို့ မက်ဟက်တန်ရပ်ကွက် The Darby စားသောက်ဆိုင်မှာ မိတ်ဆွေတွေအများကြီးဝန်းရံကာ ကျင်းပခဲ့တယ်။ အမေရိကန်ကြက်ခြေနီအသင်းနဲ့ စန္ဒီမုန်တိုင်းဒုက္ခသည်တွေအတွက် ဒေါ်လာ ၅ သိန်း လှူဒါန်းနိုင်ဖို့ ရံပုံငွေရှာဖွေတဲ့ပွဲပြုလုပ်ခဲ့တာပါ။ ဒီကာပရီယိုရဲ့ ပါတီပွဲမှာ ကင်မရွန်းဒိုင်ယက်ဇ်၊ ဘီရွန်စ့် နဲ့ ခင်ပွန်း ဂျေဇီ၊ ရောဘတ်ဒီနီရိုး၊ ရုပ်ရှင်လောကက နှစ်ရှည်လများလက်တွဲခဲ့တဲ့ မိတ်ဆွေဟောင်း မာတင်စကောစီး၊ Wolf of Wall Street မှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ဂျိုနာဟေးလ်၊ ဟယ်ရီပေါ်တာစတားမင်းသမီးလေး အမ်မာဝက်ထ်ဆန် နဲ့ သရုပ်ဆောင် ဂျမ်မီဖောက်စ် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

မာ့ခ်ရာ့ဖ်လို၊ အက်ဒ၀ပ်နော်တန်၊ ခရစ်ရော့ခ်၊ ဘာစ့်တာရိုင်းမ်စ်တို့လည်း တေးဂီတဖျော်ဖြေမှုတွေ စတင်တီးခတ်တဲ့အချိန်မှာ ရောက်ရှိလာခဲ့ကြတယ်လို့ဆိုတယ်။ ဂယ်ရီကလာ့ခ်၊ ဂျူနီယာ၊ ဂျက်ဇ်ဂစ်တာသမား ဂျန်ကိုရန်းဟာ့ထ် နဲ့ စန္ဒရားပညာရှင် အဲရစ်လူးဝစ်တို့ ဖျော်ဖြေခဲ့ကြတယ်။ ဟောလိဝုဒ်စတား ဒီကာပရီယို ရဲ့ ရံပုံငွေရှာဖွေပုံကတော့ အဖျော်ယမကာတွေအတွက် ပုလင်းတိုင်းမှာ ကျသင့်ငွေပေးချေစေတာပါ။ The Darby စားသောက်ဆိုင်ရဲ့ ကော့တေးလ်ဟာလည်း နာမည်ကြီးလှပါတယ်။ ဒီကာပရီယိုဟာ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံးသရုပ်ဆောင်ထဲက တစ်ဦးပါ။
အောင်မြင်ကျော်ကြားတဲ့သရုပ်ဆောင်တစ်ဦးရဲ့ ကိုယ်ပိုင်ဘ၀ကတော့ သူကျွမ်းကျင်တဲ့ သရုပ်ဆောင်အနုပညာအလုပ်လောက်တော့ မချောမွေ့လှပါဘူး။ လတ်တလော Victoria’s Secret နတ်မိမယ်လေး အဲရင်ဟိသာတန်နဲ့ အချစ်ဇာတ်လမ်းတစ်ခန်းရပ်သွားခဲ့တယ်။ အစ္စရေးစူပါမော်ဒယ် ဘာရာဖဲလီ၊ ဘရာဇီးမော်ဒယ် ဂီစဲလ်ဘန်ချန် တို့နဲ့ ဇာတ်လမ်းတွေလည်းပြီးသွားခဲ့ပြီ။ ၂၀၁၀ က တွဲခဲ့ဖူးတဲ့ အမေရိကန်သရုပ်ဆောင်၊ မော်ဒယ် ဘလိတ်လိုက်ဗလီ နဲ့လည်း လက်တွဲဖြုတ်ခဲ့ကြတယ်။ ဒီကာပရီယိုရဲ့ ၃၈ နှစ်မြောက်မွေးနေ့အမှတ်တရ အဖြစ် အမျိုးသမီး ၃၈ ယောက်နဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို popsugar မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။

၂. နတ်သမီးပုံပြင်ထဲက ၀တ်စုံလေး ရဲ့ နေရာမှန်
ဒါ Oz နယ်လား၊ Kansas လယ်တောမှာလား၊ တခြားသက်တံပေါ်က တစ်နေရာရလားပဲ။ ခရီးရဲ့ အဆုံးကို မသိနိုင်ပေမယ့် ဒီအပြာရောင်ဝတ်စုံလေးကိုတော့ ဂျူဒီဂါလန် ၀တ်ဆင်ခဲ့ပါတယ်။ အမေရိကန်စာရေးဆရာ L. Frank Baum ရဲ့ ကလေးစာအုပ်တွေထဲက The Wizard of Oz မှာ ဂျူဒီဂါလန်က ဒိုရိုသီအဖြစ် သရုပ်ဆောင်စဉ် ၀တ်ဆင်ခဲ့တာပါ။ “ဒိုရိုသီ” သရုပ်ဆောင်ဇာတ်ဝင်ခန်းတွေမှာ ၀တ်ဆင်ခဲ့တဲ့ ဒီဝတ်စုံပြာလေးကို ကလေး၊ လူကြီး နှစ်သက်သဘောကျခဲ့ကြတယ်။ ဈေးနှုန်းက အနောက်ကမ္ဘာက စုန်းမကြီးရဲ့ တံမြက်စည်းမဟုတ်ပါဘူး။ ၁၉၃၉ ရုပ်ရှင်ထဲမှာတော့ ဒိုရိုသီက အဒေါ်ဆီကို ပြန်သွားနိုင်ဖို့အတွက် တံမြက်စည်းတစ်ချောင်းရရှိခဲ့ဖူးတယ်။ အခုတော့ ဒိုရိုသီဝတ်စုံလေးကို ဂျူလီယံလေလံပွဲမှာ ဒေါ် ၄၈ဝဝဝဝ ပေးပြီး ၀ယ်ယူသွားသူ ပေါ်လာခဲ့ပါပြီ။ ဒီဝတ်စုံလေးဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘီဗာလီဟေးလ်စ်မှာ ရှိတဲ့ ဂျူလီယံလေလံခန်းမပိုင်ဆိုင်တဲ့ ဟောလိဝုဒ်သမိုင်းဝင်ပစ္စည်းတွေထဲက တစ်ခုပါ။ ဒိုရိုသီရဲ့ ၀တ်စုံပြာလေး နဲ့ အတူ River of No Return မှာ မာရီလင်မွန်ရိုးဝတ်ဆင်ခဲ့တဲ့ ခရမ်းရောင်စကပ်လေးဟာလည်း ဒေါ်လာ၅၀၀၀၀၊ ရွှေရောင်အကျီလေးနဲ့ ကာပရီဘောင်းဘီလေးဟာ ဒေါ်လာ ၄၃၇၅၀ အသီးသီး ရရှိခဲ့ကြတယ်။

၃. ဂန်းနန်းစတိုင်လ်၊ PSY နဲ့ ဂျပ်စတင်ဘီဘာ
ဂန်းနန်းစတိုင်လ် သီချင်းနဲ့ ကမ္ဘာတစ်ဝှမ်းလူသိများသွားခဲ့သလို MTV ဥရောပဂီတဆုပေးပွဲမှာ အကောင်းဆုံးဗီဒီယိုဆုကိုပါ ရရှိသွားခဲ့တဲ့ တောင်ကိုးရီးယားအဆိုတော် PSY(Park Jae-sang) ဟာ သူ့ရဲ့ စင်ဂဲလ်အသစ်ကို အင်္ဂလိပ်စာသားများများပါမယ်။ ပြီးတော့ ဆယ်ကျော်သက်လေးတွေရဲ့ စတား ဂျပ်စတင်ဘီဘာ Feature သီဆိုလိမ့်မယ်လို့ ပြောပါတယ်။ သီချင်းသစ်အတွက် အားလုံးပြီးသွားပြီလို့ဆိုတယ်။ “နောက်ထပ် အယ်လ်ဘမ်အသစ်အတွက် နဲ့ စင်ဂဲလ်အတွက် အလုပ်လုပ်နေပါပြီ။ အဲဒီမှာ အင်္ဂလိပ်စာသားပိုပြီး ပါဝင်ပါလိမ့်မယ်။ အဲဒီတော့ ပိုပြီး နားလည်သဘောပေါက်နိုင်တာပေါ့။ ကျွန်တော် ပျော်ပါတယ်။ ပြီးတော့ စိတ်မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် သီချင်းဆိုတယ်။ ဟန်လုပ်သရုပ်ဆောင်တယ်။ ပရိတ်သတ်တွေသိပ်ပျော်ကြပုံပဲ။ ဒါပေမဲ့ ကျွန်တော်ဘာတွေပြောနေလဲ သူတို့မသိနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အင်္ဂလိပ်စာသားတချို့ထည့်ရတာပါ” တဲ့။ ဂျာမနီနိုင်ငံ၊ ဖရန့်ခ်ဖာ့ထ်မှာ ပြုလုပ်ခဲ့တဲ့ MTV ဆုပေးပွဲမှာ PSY ရဲ့ အမှတ်အသား ဂန်းနန်းစတိုင်လ်အက ကို ဟေးဒီကလန်းနဲ့ ဖျော်ဖြေခဲ့တယ်။ ဂန်းနန်းစတိုင်လ် သီချင်းနဲ့ ပတ်သတ်ပြီး “ဒီလိုသီချင်းဆိုခဲ့တာ တောင်ကိုးရီးယားမှာ ၁၂ နှစ်တောင်ရှိခဲ့ပါပြီ။ ဒီသီချင်းလိုပဲ ဒီသီချင်းမတိုင်ခင်ကလည်း ဖန်တီးဖူးတယ်။ အခုတော့ ဒီလိုဖြစ်လာခဲ့ပြီ။ ကျွန်တော်ဘာပြောရမလဲ။ ဒါ အံ့သြစရာပါပဲ။ အလွန်ကို အံသြစရာကြီးပါ” လို့ ပြောပါတယ်။

၎. Skyfall ကိုကြည့်နိုင်ပါတယ်၊ မန်ယူကိုလည်း ကြည့်ပါ တဲ့
007 ကားသစ် Skyfall ဟာ ယူအက်စ်မှာ ၀င်ငွေအများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါပြီ။ အရင် ဂျိမ်းစ်ဘွန်းတွေလိုပဲ ဒန်နီရယ်ကရေဂ်ျ့ရဲ့ Skyfall ဟာ ယူအက်စ်မှာ စတင်ပြသခဲ့ပြီးနောက်မှာ ဒေါ်လာ ၈၇.၈ သန်းတောင် ၀င်ငွေစုဆောင်းနိုင်ခဲ့တာပါ။ မြောက်အမေရိကဘက်မှာ နိုဝင်္ဘာ ၉ ရက်နေ့က ရုံတင်ပြသခဲ့ပြီး film chart မှာ ထိပ်ဆုံးရောက်ခဲ့တယ်။ နောက်ထပ် ၉ရက်နေ့ထိ ဒေါ်လာ ၂.၂ သန်းထပ်ရရှိခဲ့တော့ ပထမရက်သတ္တပတ်မှာပဲ ဒေါ်လာ သန်း ၉၀ အကျိုးအမြတ်ရခဲ့ပါတယ်။ ၂၀၀၈ မှာ ပြသခဲ့တဲ့ ဒန်နီရယ်ကရေဂ်ျ့ ရဲ့ Quantum of Solace ဟာ ကမ္ဘာတစ်ဝှမ်း ဒေါ်လာ ၆၇.၅သန်း ငွေစုစုပေါင်းဖြစ်ပြီး Skyfall က ကမ္ဘာတစ်ဝှမ်း ဒေါ်လာ ၅၁၈.၆သန်း ရရှိခဲ့ပါပြီ။ နိုဝင်္ဘာ ၂ ရက်နေ့ထိ ယူအက်စ် နံပါတ်တစ်ဖြစ်ခဲ့တဲ့ animation ရုပ်ရှင်ကား Wreck-It Ralph ဟာ ဒေါ်လာ ၃၃.၁ သန်း နဲ့ ဒန်ဇယ်ဝါရှင်တန်ရဲ့ Flight က နံပါတ် ၃ ဒေါ်လာ ၁၅.၁ သန်း တို့ရရှိခဲ့ကြတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းမန်နေဂျာ ဆာအဲလက်စ်ဖာဂူဆန်ဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေ အင်မတန်နှစ်သက်သူဖြစ်ပြီး ဘွန်းရုပ်ရှင်ကား Never Say Never Again စတား ရှောင်ကွန်နရီ နဲ့ ရင်းနှီးလှတဲ့မိတ်ဆွေတွေပါ။ “ကရေဂ်ျ့က အကောင်းဆုံး ဘွန်း ဖြစ်နိုင်ပါတယ်။ သူက စကော့တလန်လူမျိုး” လို့ဆိုတယ်။ သူ ဂျိမ်းစ်ဘွန်းကို ကြိုက်နှစ်သက်သလို ဒန်နီရယ်ကရေဂ်ျ့ကိုလည်း မန်ယူကြိုက်နှစ်သက်လိမ့်မယ် လို့ ဖာဂီက ထင်မြင်ခဲ့တယ်။ စက်တင်ဘာလောက်က နယူးယောက်ကို အသွား ကရေဂ်ျ့ရဲ့ အမေ နဲ့ လေယာဉ်တစ်စီးတည်း အတူတူပဲ။ ကျွန်တော် သူမကိုပြောလိုက်တယ်။ ဒီမှာ လက်မှတ်တစ်စောင်ပါပေါ့။ ဒန်နီရယ်အတွက် အချိန်မရွေး အိုးထရက်ဖိုဒ့်ကွင်းအတွက် လတ်မှတ်ပါ ဆိုတော့။ သူမက ကျွန်တော့်ကို ကြည့်တယ်။ ကြည့်ပုံက ကျွန်တော့်ဦးခေါင်းမှာ ဂျိုပေါက်နေသလိုပဲ။ အံ့သြတကြီးစိုက်ကြည့်တာပဲ။ ပြီးတော့ သူမက စကားပြန်တယ်။ ကျွန်မတော့ ဒန်နီရယ် ယူနိုက်တက်ကို သွားကြည့်လိမ့်မယ်လို့ မထင်ဘူးတဲ့။ သူက လီဗာပူး ပရိတ်သတ်ပါ လို့ သူမက ဖြေတယ်။
ခုတော့ ဖာဂီ ပြောနိုင်ပြီ။ “ကျွန်တော် ဒန်နီရယ်ကရေဂ်ျ့ကို သိပါတယ်။ သူက လီဗာပူးပရိတ်သတ်ဆိုတာ တစ်ခုတည်းကိုပဲ သိသွားတာပါ” တဲ့။ ဖာဂီကတော့ ဒေးဗစ်ဘက်ခမ်း နဲ့ ဂယ်ရီ နီဗီးလ် တို့ကို ဒီမင်းသားကို ဆန့်ကျင်ဖို့ ချုပ်ကိုင်မထားပါဘူးလို့ ဆိုတယ်။ “သူတို့ ဘွန်းရုပ်ရှင်အသစ် Skyfall ကြည့်ပြီးကြပြီ။ သူတို့က ကျွန်တော့်ကိုပြောပါတယ်။ သိပ်ကောင်းတယ် တဲ့။ ယူအက်စ်အိုးပင်းတင်းနစ်ပွဲကို လည်း ရှောင်ကွန်နရီနဲ့ အတူတူကြည့်ကြမယ်။ ကျွန်တော်ကတော့ ဘွန်းပရိတ်သတ်ပါ” လို့ ပြောပါတယ်။

၅. ကလေးတွေရဲ့ နာမည်အသစ်ကို ရွေးချယ်ပေးလိုက်တဲ့ “ကက်သရင်ဇီတာဂျုံး”
ဝေလနယ် Swansea ကမ်းရိုးတမ်းမြို့လေးမှာ မွေးဖွားခဲ့တဲ့ ဟောလိဝုဒ်စတား ကက်သရင်းဇီတာဂျုံးဟာ သူမမွေးဖွားရာဒေသက ကလေးဆေးရုံရဲ့ အမည်ကို တရားဝင်ပြောင်းလဲလိုက်ပါတယ်။ အမည်သစ်က “Noah’s Ark Appeal” လို့ အမည်ပြောင်းလဲလိုက်တာပါ။ ဒီကလေးဆေးရုံးဖွင့်လှစ်ဖို့ သူမက ဦးဆောင် ရံပုံငွေရှာ၊ အလှူငွေမတည်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ သူမ နဲ့ ခင်ပွန်းသည် သရုပ်ဆောင် မိုက်ကယ်ဒေါက်ဂလာစ့် ၂၀၀၅ မှာ ဆေးရုံဆောက်လုပ်နိုင်ဖို့ ရံပုံငွေရှာခဲ့ပြီး ဌာနငါးခုစာအတွက် လှူဒါန်းငွေထည့်ဝင်ခဲ့ကြတယ်။ ပေါင် ၁၂ သန်းလှူဒါန်းခဲ့ကြပြီး ၂၀၁၅နှစ်မှာ နောက်ထပ် ပေါင် ၈ သန်း ထပ်မံထည့်ဝင်ပြီး ဆေးရုံဒုတိယဆင့်တိုးချဲ့မှုအတွက် ပြုလုပ်ကြမှာပါ။ The Ocean’s Twelve နဲ့ The Mask of Zorrow စတား ကက်သရင်းဇီတာဂျုံးဟာ ၂၀၀၃ မှာ အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုရရှိခဲ့တယ်။ Carfiff and Vale University ကျန်းမာရေးဌာနက လက်ထောက်အမှုဆောင်ဥက္ကဌ ပေါလ်ဟောလာဒ့်က ပြောပါတယ်။ ဝေလအစိုးရအဖွဲ့ကလည်း ဆေးရုံ ဒုတိယအဆင့်ပြီးမြောက်ဖို့အတွက် ပေါင် ၆၄သန်း ထုတ်ပေးပါလိ့မ်မယ်။ လောလောဆယ် ဆေးရုံအတွက်လိုအပ်တဲ့ကိရိယာတွေအတွက် ဖြည့်စွက်ငွေ ပေါင် ၈ သန်း ရရှိထားပါပြီ လို့ ဆိုတယ်။ Noah’s Ark Appeal ရဲ့ ဥက္ကဌ လင်းဂျုံးစ် က ဝေလနယ်က ကလေးတွေကို အထောက်အပံ့ပေးနိုင်ဖို့အတွက် ကက်သရင်းဇီတာဂျုံး နဲ့ အတူ လူတွေအများကြီးပဲ မမောမပမ်းနိုင် အလုပ်လုပ်နေကြပါတယ်။ အကောင်းဆုံးဝန်ဆောင်မှုနဲ့ အကောင်းဆုံးကိရိယာတွေရှိမယ့် ဆေးရုံတစ်ရုံ အမြန်ဆုံးပေါ်ပေါက်လာတော့မှာပါ။

၆.  ဟာရီကိန်း စန္ဒီ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ ဘီဘာ
ဟာရီကိန်း စန္ဒီကြောင့် အိုးအိမ်းပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်တွေကို ဂျပ်စတင်ဘီဘာ က ကူညီဖို့ လုပ်ဆောင်နေပါတယ်။ ပေါ့ပ်အဆိုတော်လေးဟာ Believe Tour ခရီးစဉ် လောလောဆယ်ရှိနေပေမယ့် စူပါမုန်တိုင်း တိုက်ခတ်မွှေနှောက်သွားတဲ့ အမေရိက ရဲ့ East Coast ဒေသအတွက် ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်ဖို့ စိတ်သန်နေပါတယ်။ ဂျာစီ၊ ဘရွတ်ကလင်း နဲ့ MSG tour နှစ်ပွဲစာ ခရီးစဉ်လေးမျိုးရဲ့ လက်မှတ်တွေကို တစ်ဒေါ်လာစီပိုရောင်းပြီး ရံပုံငွေစုဆောင်းပါတယ်။ လေဒီဂါးဂါးကလည်း ဒေါ်လာ၁သန်း နဲ့ ဟယ်ရီပေါ်တာ သရုပ်ဆောင်မလေး အမ်မာဝက်ထ်ဆန် ကလည်း အစားအသောက်တွေ ဖြန့်ဝေပေးဖို့ တာဝန်ယူခဲ့တယ်။ ရီဟန်းနားကလည်း “နယူးယောက် နေ့စဉ်သတင်းများ” ပြန်လည်ထူထောင်ရေးအဖွဲ့ကို အိပ်ရာအိတ် ၁ ထောင်လှူန်းဒါန်းခဲ့ကြပါတယ်။  ဂျာမနီနိုင်ငံ ဖရန့်ခ်ဖာ့ထ်မှာ ပြုလုပ်ခဲ့တဲ့ MTV ဥရောပဂီတဆုပေးပွဲ(EMAs) မှာ ဂျပ်စတင်ဘီဘာ နဲ့ တေလာဆွစ်(ဖ်)တို့ဟာ ဆုသုံးဆုရရှိခဲ့ကြတယ်။ ကနေဒီယန်းအဆိုတော် ဘီဘာဟာ အကောင်းဆုံးအမျိုးသားဆု၊ ပေါပ့်ဂီတဆု နဲ့ ကမ္ဘာ့စင်မြင့်ဆုတွေရရှိခဲ့ပေမယ့် ဘီဘာက ဆုတွေလက်ခံယူဖို့ ဂျာမနီ မသွားခဲ့ပါဘူး။ သတင်းစကားကိုပဲ သွင်းယူထားပြီး ပရိတ်သတ်တွေကို ဖွင့်ပြနှုတ်ဆက်စေခဲ့တယ်။ “ဒီညဟာ ကြုံဖူးသမျှထဲမှာ အကြီးကျယ်ဆုံးညပါပဲ။ အင်မတန်စိတ်လှုပ်ရှားရပါတယ်။ ဆုသုံးဆုတောင်ပေးတယ် ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ” လို့ ပရိတ်သတ်တွေကို နှုတ်ဆက်စကားဆိုခဲ့တယ်။

Living Fashion Magazine,
December, 2012
ဖြိုးဖြိုး

Thursday, November 1, 2012

ဟိုသတင်း ဒီသတင်း

အရင်ကလို ကြွက်သားအက်ရှင်မျိုး နဲ့ ပြန်ပြီးလှုပ်ရှားမယ့် “အာနိုး”
ကယ်လီဖိုးနီးပြည်နယ်အုပ်ချုပ်ရေးမှူးတာဝန်နဲ့ နိုင်ငံရေးအက်ရှင်တွေမှာ လှုပ်ရှားနေခဲ့တဲ့ သြစတြီးယန်း၊ အမေရိကန်ရုပ်ရှင်မင်းသား အာနိုးဟာ သူ့ရဲ့ အက်ရှင်ရုပ်ရှင်ကားတွေမှာ ပြန်ပြီး လှုပ်ရှားတော့မယ်လို့ဆိုပါတယ်။ အသက် ၆၅ နှစ်အရွယ်ရှိလာပြီဖြစ်တဲ့ အာနိုးက  ဒီနှစ်ထဲ The Expendables 2 ရုပ်ရှင်နဲ့ အက်ရှင်လောကမှာ သွေးပူလေ့ကျင့်ခန်းလုပ်ခဲ့ပါသေးတယ်။ ၂၀၁၁ နှစ်အထိ အုပ်ချုပ်ရေးမှုးအဖြစ်တာဝန်ယူခဲ့ပြီး အခု ရုပ်ရှင်ကားသစ် The Last Stand မှာ လှုပ်လှုပ်ရှားရှားပြန်ပြီး သရုပ်ဆောင်ဦးမှာပါ။ ဒါရိုက်တာက ကိုးရီးယားဒါရိုက်တာ ကမ်ဂျီဝန်းဖြစ်ပြီး The Last Stand ရုပ်ရှင်ရဲ့ ပိုစတာကို Lionsgate က ထုတ်ပြန်လိုက်ပါတယ်။ ကာတွန်းစာအုပ်စတိုင်လ်ပိုစတာမှာ အသွေးအရောင်စုံစုံလင်လင်နဲ့ အာနိုးရဲ့ ပုံက အလယ်မှာရှိနေတယ်။ ဘေးမှာက သေနတ်သမားတွေက ဗုံးတစ်လုံး ပေါက်ကွဲနေတဲ့သဏ္ဍာန်လို သေနတ်တွေအများကြီးနဲ့ ဒီဇိုင်းမျိုး မြင်တွေရမှာပါ။ အမေရိကန်သမ္မတ ရေဂင်၊ ဘုရှ်တို့ ခေတ်မှာ နာမည်ကြီးခဲ့တဲ့ အက်ရှင်ကားတွေ Predator / Tota Recall / Terminator တို့လို အက်ရှင် ပရိသတ်တွေကို ပြန်ပြီးဖမ်းစားနိုင်ပါဦးမလား။ အာနိုးကတော့ ပြောပါတယ်။  ကျွန်တော် အိုနေပြီလို့ ခံစားရတယ် တဲ့။ မက္ကဆီကို နဲ့ နီဗားဒါးဒေသမှာ မူးယစ်ဆေးဝါးဂိုဏ်းတွေကို ဖြိုခွဲရမယ့် ကြမ်းကြမ်းရမ်းရမ်း အရာရှိတစ်ဦးအဖြစ်သရုပ်ဆောင်ရမှာပါ။ သူ့ရဲ့ အသက်အရွယ်မှာ ဖြည်းဖြည်းချင်းကြိုးစားရမှာပဲ လို့ ထင်မြင်ယူဆခဲ့ပေမယ့် အဆောက်အဦးတွေပေါ်ခုန်တက်တာ၊ ပေါက်ကွဲမှုကြီးတွေကြားထဲ လှုပ်ရှားရတာ ကားထဲ ပြေးလွှားသတ်ပုတ်၊ လက်သီးတွေပစ်သွင်း ဒီလို အက်ရှင်တွေနဲ့ ပြန်တွေ့ရတာ အံ့အားသင့်စရာပဲ လို့ဆိုတယ်။ "ပြီးခဲ့တဲ့ ၁၀ နှစ်လုံး နိုင်ငံရေးလောကမှာ စကားလုံးများများနဲ့ပဲ ပြောဆိုလှုပ်ရှားနေခဲ့ရတယ်။ ဒီလို ကျွန်တော့်ရဲ့ ကျန်နေသေးတဲ့ ကြွက်သားတွေနဲ့ ပြန်ပြီးလှုပ်ရှားရတာ အိုမင်းသလိုခံစားရပေမယ့် စိတ်လှုပ်ရှားအံ့အားသင့်စရာလည်းကောင်းပါတယ်" တဲ့။

ဗူးဒူးမှော်ပွဲတော်မှာ ဟဲဗီးရောခ့်သမားတွေ ဆိုကြ တီးကြတယ်
အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် နယူအော်လိန်းမှာ အောက်တိုဘာ ၂၇ ရက်နေ့ ဟဲလိုးဝင်း ရက်သတ္တပတ်တွေမှာ ပြုလုပ်ခဲ့တဲ့ ဗူးဒူးဂီတ၊ အနုပညာပွဲတော်မှာ အမေရိကန်ဟဲဗီးမက်တယ်အဖွဲ့ Metallica ဟာ မြောက်ကယ်လီဖိုးနီးယားဒေသက ပန်ခ့် Green Day အဖွဲ့အစား ဖျော်ဖြေတီးခတ်ခဲ့ကြတယ်။ Green Day အဖွဲ့ရဲ့ အဆိုသမား ဘီလီဂျိုးအမ်းစ်ထရောင်း ရဲ့ ကျန်းမာရေးကြောင့်ပါ။ ဟဲဗီးရောခ့်သမားကြီးတွေဟာ ပန့်ခ်အဖွဲ့ကို အကူအညီပေးရမှာမို့ အင်မတန်ပျော်ရွှင်ရတယ်လို့ဆိုတယ်။ Metallica ဂစ်တာသမား ကာ့ခ်ဟမ်းမက်ထ် ကပြောတယ် “ကျွန်တော်တို့လေးဦးသားဆွေးနွေးလိုက်ကြတယ်။ ပြီးတော့ ဆိုမယ် လို့ အားလုံးက တပြိုင်တည်းအော်ဟစ်ပစ်လိုက်တယ်။ ဒါဟာ သိပ်ကောင်းတဲ့ကိစ္စပါ။ ဘီလီဂျိုးကို ကူညီရမှာပဲ။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်တို့ရဲ့ သူငယ်ချင်းပါ။ ကျွန်တော်တို့က Green Day ကို ချစ်တယ်။  သူတို့အတွက် ဘာပဲဖြစ်ဖြစ်ကူညီနိုင်ပါစေ။ ကျွန်တော်တို့ အမြဲတမ်း ပျော်ရွှင်နေကြမှာပါ။ ကျွန်တော်တို့ အဲဒီ ပန်ခ့်လူငယ်လေးတွေကို သိပ်သဘောကျတယ်” တဲ့။ 
ဒရမ်သမား လားစ်အူးရစ်ခ်ျ ကလည်း “ကျွန်တော်တို့ရဲ့ သူငယ်ချင်း Green Day က သူတို့ အဲဒီမှာဖျော်ဖြေမယ့် အစီအစဉ်ကို ကံမကောင်းစွာဖျက်သိမ်းလိုက်ကြတယ်။ ကျွန်တော်တို့က သူတို့ရဲ့ ကွက်လပ်နေရာမှာဖြည့်ပေးကြမှာပါ” လို့ ဆိုတယ်။ ဘီလီဂျိုးဟာ ပြီးခဲ့တဲ့လက လာစ်ဗေးဂက်စ်မှာ ပြုလုပ်ခဲ့တဲ့ iHeartRadio ဂီတဖျော်ဖြေပွဲမှာ စင်ပေါ်မှာသီဆိုနေရင် ပြိုလဲကျလုလု ဖြစ်ခဲ့ပါသေးတယ်။ Green Day ရဲ့ ဒရမ်သမား မိုက်ခ်ဒါ့ထ် က ဘီလီဂျိုးရဲ့ ကျန်းမာရေးက  အရေးအကြီးဆုံးမို့ ဂီတီဖျော်ဖြေပွဲတွေ ခဏရပ်နားရပါလိမ့်မယ်။ အဖွဲ့ရပ်နားမှာမဟုတ်ပါဘူး။ Green Day ရဲ့ သုံးပိုင်း ပါ အယ်လ်ဘမ် ¡Uno!, ¡Dos!, and ¡Tré! ထဲက ကျန်တဲ့ နှစ်ပိုင်းကို ဆက်ပြီး ထုတ်သွားမှာပါ။ ¡Dos! ကို နိုဝင်္ဘာ ၁၂ နဲ့ ¡Tré! ကို ၂၀၁၃ ဇန်န၀ါရီ ၁၄ မှာ ထုတ်မှာပါ။ လာမယ့် နွေရာသီကာလ ဇွန်လ ၁ ရက်နေ့ မှာလည်း လန်ဒန်က အမ်းမရိတ်ကစားကွင်းကြီးမှာ လန်ဒန်ပရိတ်သတ် ၆ သောင်းကျော်နဲ့ အားပါးတရ တွေ့ကြ ဆိုကြ ပျော်ကြမယ် လို့ သတင်းပါးလိုက်ပါသေးတယ်။

ဘရော့ဒ်ဝေးပြဇာတ်ကမယ့် တွမ်ဟန့်(စ်)
ရုပ်ရှင်မင်းသားတွမ်ဟန့်(စ်)ဟာ အမေရိကန်ဇာတ်ညွှန်းဆရာမ နိုရာအက်ဖရွန် ရဲ့ Lucky Man ဇာတ်လမ်းမှာ လူကြိုက်များတဲ့ သတင်းမျိုးကိုသာ အသားပေးရေးသားတဲ့ သတင်းသမားအဖြစ် သရုပ်ဆောင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဇွန်လ က ဆုံးပါးခဲ့တဲ့ အက်ဖရွန်နဲ့ ဟန့်(စ်) တို့ဟာ အက်ဖရွန်ရေးသားခဲ့တဲ့ Sleepless in Seattle နဲ့ You’ve got Mail ရုပ်ရှင်တွေမှာ လက်တွဲအလုပ်လုပ်ခဲ့ကြဖူးပါတယ်။ ဒီ Lucky Man မှာတော့ ရုပ်ရှင်ပိတ်ကားထက်မှာ သရုပ်ဆောင်မှာ မဟုတ်ပါဘူး။ ဘရော့ဒ်ဝေးပြဇာတ်ခုံပေါ်မှာ ပထမဆုံး သရုပ်ဆောင်မှာပါ။ သတင်းသမား မိုက်ခ်မက်အယ်လ်ရီ ရဲ့ သတင်းသမားဘ၀အတက်အကျ တကယ့်ဘ၀အကြောင်းရေးထားတဲ့ ကဇာတ်မှာ သတင်းသမားအဖြစ် တွမ်ဟန့်စ် ပါဝင်လိမ့်မယ်။ လာ့မယ် ဧပြီလမှာ ကပြမှာဖြစ်ပြီး တွမ်ဟန့်စ် ရဲ့ ပထမဆုံးဘရော့ဒ်ဝေး ကဇာတ်အတွေ့အကြုံပါ။ အက်ဖရွန်ဟာလည်း သူမရဲ့ ဘ၀ကို သတင်းသမားဘ၀နဲ့ စတင်ခဲ့တာပါ။ တွန်ဟန့်စ် ရဲ့ သရုပ်ဆောင်မှုကို ဘရော့ဒ်ဝေးကဇာတ်ခုံပေါ်မှာ အရှင်လတ်လတ် တွေ့ရမှာမို့ ပြဇာတ်ဝါသနာအိုးတွေ စိတ်ဝင်စားလို့နေကြပါတယ်။

စတာလင်ဗိသုကာဆု ရခဲ့တဲ့ သုတေသနအဆောက်အဦးဒီဇိုင်း
ကမ်းဘရစ်ခ်ျတက္ကသိုလ်က ပေါင်၈၂သန်းကုန်ကျခံတည်ဆောက်ခဲ့တဲ့ အပင်သုတေသနစင်တာ ဟာ ယူကေရဲ့ ဂုဏ်သိက္ခာအရှိဆုံးဗိသုကာပညာဆုဖြစ်တဲ့ Stirling Prize ရရှိခဲ့တယ်။ စိန်စ်ဘရီ ဓါတ်ခွဲခန်းဟာ မန်ချက်စတာမှပြုလုပ်ခဲ့တဲ့ တော်ဝင်ဗြိတိသျှဗိသုကာ(Riba) အခမ်းအနားမှာ အကောင်းဆုံး အဆောက်အဦးအဖြစ်ရွေးချယ်ပေးခဲ့ကြတယ်။ ဂျုရီလူကြီးတွေက ဒီဇိုင်းကုမ္ပဏီ စတန်တွန်ဝီလျမ်စ် ရဲ့ အဆောက်အဦးဒီဇိုင်းကို “ဆိတ်ငြိမ်အေးဆေးတဲ့ အလှ” လို့ ချီးမွမ်းကြပါတယ်။ စကာတင်စာရင်းထဲက လန်ဒန်အိုလံပစ်အားကစားကွင်း နဲ့ ဟာ့ပ်ဝေါသ့်ပြခန်း ကိုပါ ကျော်တက်ပြီး ဆုရခဲ့တာပါ။  တခြားစကာတင်ရွေးချယ်ခံခဲ့ရတဲ့ အဆောက်အဦးတွေက Belfast’s Lyric Theatre, ဂလက်စ်ဂိုးက မက်ဂီရဲ့ ကင်ဆာရောဂါစောင့်ရှောက်ရေးစင်တာ လန်ဒန်က Rothschild ဘဏ်တို့လည်း ပါဝင်ကြတယ်။ စိန်စ်ဘရီဓါတ်ခွဲခန်းဟာ နှစ်ထပ်ဆောင်အဆောက်အဦးဖြစ်ပြီး ကမ်းဘရစ်ခ်ျတက္ကသိုလ် ရုက္ခဗေဒဥယျာဉ်အစွန်းနားမှာ တည်ရှိတယ်။ အဲဒီမှာ ရုက္ခဗေဒပညာရှင် ၁၂၀ ဦး က နဲ့ သုတေသနလုပ်ငန်းတွေလုပ်ကိုင်နေကြပါတယ်တဲ့။ စတာလင်ဆုပေးပွဲက ဒိုင်လူကြီး ဗိသုကာပညာရှင် ဂျုံးနာက ဗန်ဟေနင်ဂန် က အံ့မခန်းထူးခြားတဲ့အဆောက်အဦးကောင်းဒီဇိုင်း ရဲ့ အရည်အသွေးအပြည့်ရှိတယ် လို့ ဆိုတယ်။ သဘာဝအလင်းရောင်အပြည့်ရရှိတဲ့ ခေတ်မှီဒီဇိုင်းပါ။ အဆောက်အဦးဒီဇိုင်း ကုမ္ပဏီက ပေါင် ၂၀ ၀၀၀ သန်း ဆု ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ဆုရခဲ့တာက လန်ဒန်တောင်ပိုင်း ဘရစ်ဇ်တန်က Evelyn Grace အကယ်ဒမီ secondary ကျောင်းပါ။ ဒီဇိုင်းကတော့ ဗိသုကာပညာရှင် ဇာဟာ ဟာဒစ်ဒ် ရဲ့ ဒီဇိုင်းပါ။

ရှာကီးရား က ပြောတယ် "ပညာရေး နဲ့ အားကစား အလေးထားစရာပါ" တဲ့ 
လက်တင်အမေရိကသူလေး၊ ပေါပ့်၊ ရောခ့် အက အဆိုကောင်းသူ ရှာကီးရား အောက်တိုဘာ ၁၂ နေ့က အဇာဘိုင်ဂျန်ကို အလည်အပတ်ရောက်တယ်။ အဲဒီမှာ ဆယ်ကျော်သက်မိန်းကလေးငယ်တွေစုစည်းထားတဲ့ အဖွဲ့တစ်ခုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပညာရေးရဲ့ စွမ်းအားအကြောင်းပြောဆိုဆွေးနွေးခဲ့တယ်။ ရှာကီးရားဟာ ယူအန်သံတမန်အဖြစ် အဇာဘိုင်ဂျန်ကို သွားရောက်ခဲ့တာဖြစ်ပြီး မြို့တော် ဘာကူမှာ ပြုလုပ်မယ့် သူမရဲ့ ဖျော်ဖြေပွဲတွေမစခင် ဆယ်ကျော်သက်လေးတွေနဲ့ တွေ့ဆုံခဲ့တာပါ။ ပညာသင်ကြားရေးဟာ ဘယ်လောက်အရေးကြီးတယ်။ ကျန်းမာစွာရှင်သန်နေထိုင်နဲ့ ဖို့ ကိုယ်လက်လှုပ်ရှား အားကစား ဘယ်လိုလေ့ကျင့်နိုင်မလဲ ဆိုတာတွေ ဆွေးနွေးကြပါတယ်။ “အားကစားဟာ မိန်းကလေးတွေကို ယောက်ျားလေးတွေလိုပဲ ကျားကျားလျားလျား ရှင်သန်နိုင်စေပါတယ်။ တခြား လူမှုရေးကဏ္ဍာတွေနဲ့ ဆက်သွယ်ဖို့လည်း အခွင့်အလမ်းပိုများနိုင်တယ်။ အားကစားလုပ်ရှားခြင်းဟာ တစ်ဦးချင်းစီအတွက် ကောင်းမွန်တဲ့နည်းလမ်းပါ။ အားကစားဟာ ပညာရေး လိုပါပဲ။ မိန်းကလေးတွေကို လူ့အဖွဲ့အစည်းအတွင်းမှာ ယောက်ျားလေးတွေနဲ့ တန်းတူရည်တူကစားသမားတွေအဖြစ် ပါဝင်ကစားနိုင်အောင် ကူညီနိုင်ပါတယ်” လို့ ရှာကီးရား က အားပေးဆွေးနွေးခဲ့တယ်။

ဖေဖေဒါရိုက်တာ ရုပ်ရှင်မင်းသား ရဲ့ သမီး  အဆိုတော်မလေးလား
ဘန်အက်ဖလက် နဲ့ မင်းသမီး ဂျနီဖာ ဂါနာတို့ရဲ့ သမီးလေး ဆာဖီနာဟာ မိဘတွေလိုပဲ သရုပ်ဆောင်ဖို့ လည်း အနုပညာဗီဇပါလာခဲ့ပါတယ်တဲ့။ သုံးနှစ်သမီးလေးဟာ ပေါပ့်သီချင်းတွေကို ခုံမင်နှစ်သက်လှတယ်။ ကနေဒီယန်းပေါပ့်အဆိုတော်မလေး ကာလီရေးဂျက်ဖ်စန် ရဲ့ နာမည်ကြီးသီချင်း Call Me Maybe ကို ဖခင် အက်ဖလက်ကို အမြဲဆိုပြလေ့ရှိသတဲ့။ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ အမေရိကန် ထိတ်လန့်သည်းဖို အက်ရှင်ကား Argo ရဲ့ ဒါရိုက်တာ သရုပ်ဆောင် ဘန်အက်ဖလက် နဲ့ အမေးအဖြေတစ်ခုမှာ သမီးငယ် ဆာဖီနာအကြောင်းကို ပြောပြသွားခဲ့တယ်။ Argo ရုပ်ရှင် ကိစ္စတွေနဲ့ နယူယောက်မှာရှိနေတုန်း အချိန်အားရရင် အက်ဖလက်က အိမ်ကိုဖုန်းခေါ်ပါသတဲ့။ ဂါနာမရှိလို့ သမီးတွေ ဗိုင်အိုလက် နဲ့ ဆာဖီနာတို့နဲ့ စကားပြောတဲ့အခါ “ကျွန်တော်က မေးပါတယ်။ အဖေ့ရဲ့ ခြောက်နှစ်သမီးနဲ့ စကားပြောနိုင်မလားဆိုတော့ ဟုတ်ကဲ့ လို့ဆိုတယ်။ ပြီးတော့ ဗိုင်အိုလက်နဲ့ စကားတွေပြောကြတယ်။ ပြီးတော့ နောက်တစ်ယောက် ပိုငယ်တဲ့ကလေးမနဲ့ စကားပြောနိုင်မလားဆိုတော့ အငယ်လေး ဖုန်းကိုင်ပါတယ်။ ဖုန်းကိုင်ကိုင်ချင်းပဲ “ဟေး ပါပါး .. ငါ ခုမှပဲ မင်းကို တွေ့ရတော့တယ်။ အဲဒါ ရူးမလောက်ပါ။ ဖြစ်နိုင်ရင် ငါ့ဆီဖုန်းခေါ်ပါကွာ” ဆိုပြီး သီချင်းစာသားတွေရွတ်တော့တာပါပဲ။  ဂျက်ဖ်စန်ရဲ့ Call Me Maybe သီချင်းကို ဖုန်းထဲကနေ ဆာဖီနာ အကုန်ဆိုပြပါလေရော” လို့ အက်ဖလက်က ဖြေခဲ့တယ်။ အက်ဖလက်ကတော့ သူ့ရဲ့ ၃ နှစ်သမီးလေးက ပေါပ့်ဂီတလမ်းကြောင်းပေါ်ရောက်နေတာကို အလန့်လန့်အဖြတ်ဖြတ်နဲ့ကို သဘောကျပါတယ် လို့ ဆိုတယ်။ "အဖေတစ်ယောက်ရဲ့ အလုပ်တွေက အများကြီးပါပဲ။ ဒီကလေး ၃ယောက် က တကယ့် အရူးအပေါလေးတွေ။ သူတို့အချင်းချင်း လုံးထွေးသတ်ပုတ်ကြတယ်။ နှိပ်စက်ကလူပြုကြတယ်" လို့ ရယ်ရယ်မောမော ပြောသွားခဲ့ပါတယ်။ ဘန်အက်ဖလက်ခ်နဲ့ ဂျနီဖာဂါနာ တို့မှာ သမီးကြီး ဗိုင်အိုလက်၊ သမီးငယ် ဆာဖီနာ နဲ့ သား ဆမ်မြူရယ် ကလေးသုံးယောက်ရှိကြတယ်။

အဲလ်ဗစ် ရဲ့ ဘီဗာလီဟေးလ်စ် စံအိမ် ရောင်းချတော့မယ်
Rock n Roll ဘုရင် အဲလ်ဗစ်ပရက်စလေနဲ့ ဇနီး ပရက်စီလာ တို့ အရင်က ပိုင်ဆိုင်ခဲ့တဲ့ ဘီဗာလီဟေးစ် စံအိမ်ကို ဒေါ်လာ ၁၂.၉သန်းနဲပ ရောင်းချတော့မယ် လို့ ဈေးကွက်မှာ ကြေညာလိုက်ပါပြီ။ အဆောက်အဦးရောင်းဝယ်ရေး တာဝန်ခံ ထရူလီယာက ဈေးကွက်မှာ လူကြိုက်များနေပါတယ်လို့ ဆိုတယ်။ အဲလ်ဗစ်ရဲ့ Memphis က Graceland စံအိမ်လိုပဲ အဲလ်ဗစ်ရဲ့ ပရိတ်သတ်တွေဟာ အိမ်ကြီးထဲကို အလည်အပတ်ဝင်ရောက်ကြည့်ရှုနိုင်ခဲ့ပါတယ်။ အိပ်ခန်းက လေးခန်း၊ ရေချိုးခန်း ငါးခန်းပါရှိတဲ့ ပြင်သစ်ဘုရင်ခံတွေရဲ့ စတိုင်လ်စံအိမ်ဟာ ၁.၁၈ ဧကရှိတယ်။ အဲလ်ဗစ်ပရက်စလေ အင်တာပရိက်စ်ရဲ့ သတင်းအရ ပရက်စလေဟာ ၁၉၆၇ မှာ အဲလ်ဗစ်နဲ့ ပရက်စီလာတို့ စုံတွဲ အိမ်မ၀ယ်ခင်မှာ အဲလ်ဗစ်ဟာ ပထမတော့ အိမ်ငှားရမ်းနေထိုင်ခဲ့တယ်လို့ ဆိုတယ်။ အဲလ်ဗစ်နဲ့ ပရက်စီလာတို့ ကွာရှင်းပြီး နှစ်များစွာကြာတဲ့နောက် အဲဒီအိမ်ကို ရောင်းချခဲ့ပါတယ် တဲ့။

၂၀၁၂ ရဲ့ အလှဆုံးဖက်ရှင်တွေဆိုတာ
လတွေတစ်လချင်းစီ ဖြိုချပြီး ၂၀၁၂ နှစ်ကုန်ပိုင်းကာလဆီကို တရွေ့ရွေ့ခရီးနှင်လာလိုက်တာ။ သိပ်မကြာပါဘူး ၂၀၁၂ ဆိုတာ ပြီးဆုံးသွားပါတော့မယ်။ မပြီးဆုံးပဲ တသသကျန်နေရစ်မယ့်အရာတွေမှာ နှစ်အလိုက် အလှပဆုံးဝတ်စားဆင်ယင်ခဲ့ကြတဲ့ နုနုလှလှ တောက်တောက်ပပ ချစ်စဖွယ်ဖက်ရှင်ဒီဇိုင်းလေးတွေပါ။ တစ်နှစ်စာသိမ်းထားတဲ့ ဒီဇိုင်းစတိုးထဲမှာ အပြည့်စုံဆုံးဝတ်စုံလေးတွေ ပြန်ပြီးထုတ်ကြည့်ရအောင်ပါ။ ဒီနှစ်အတွက် အမှတ်ရစရာအကောင်းဆုံး ဒီဇိုင်းတွေ ဘယ်သူတွေများ ၀တ်ဆင်ခဲ့ကြပါသလဲတဲ့။ EL LOOK က ရွေးချယ်ခဲ့တဲ့ ကောဇောနီပေါ်က လက်တင်သရုပ်ဆောင်တွေရဲ့  ၂၀၁၂ အကောင်းဆုံး အ၀တ်အစားပိုင်ရှင်တွေက ဆိုဖီယာဗာဂါရာ၊ ဂျနီဖာလိုပက်ဇ်၊ ပန်နီလုပ်ခရုဇ်၊ ဂျက်စီကာအယ်လ်ဘာ၊ ဆဲလ်မာဟေးယက်ခ်၊ ဆဲလီနာဂိုးမက်ဇ်၊ အီဗာလွန်ဂိုရီရာ၊ ဇိုးစယ်ဒါနာ၊ ကင်မရွန်းဒိုင်ယက်ဇ်၊ နီကိုးလ်ရီချီ၊ အီဗာမန်ဒါ့စ်၊ ဒီမီလိုဗာတို့ ဖြစ်ကြပါတယ်။ ဆိုဖီယာဗာဂါရာ ရဲ့ ပြာလဲ့လဲ့ တလက်လက်တောက်နေတဲ့ ၀တ်စုံ၊ ဂျက်စီကာအယ်လ်ဘာရဲ့ ရွှေရောင်ဝတ်စုံ၊ ဆဲလ်မာဟေးယက်ခ် ရဲ့ စိမ်းပြာရောင်၊ ခဲသားရောင် ၀တ်စုံတွေကို ဖက်ရှင်ချစ်သူတွေက အမြဲတမ်းအတွက် အကြိုက်ဆုံးပါပဲ တဲ့။ ရွေးချယ်ခဲ့ကြတယ်။

ဂီတသမား ရဲ့ ရောင်းဈေး စံချိန်ချိုးလိုက်တဲ့ ပန်းချီကား
ရောခ့်ဂန္တ၀င် ဂီတသမား အဲရစ်ကလက်ပ်တန် စုဆောင်းထားတဲ့ ဂျာမန်ပန်းချီဆရာ Gerhard Richter ရဲ့ Abstract ပန်းချီကားကို ရောင်းချခဲ့တဲ့အခါ ဒေါ်လာ ၃၄.၂သန်း(ပေါင် ၂၃.၈သန်း)ရရှိခဲ့ပါတယ်။ ပန်းချီကားဈေးနှုန်း ရောင်းဈေးတွေထဲမှာ မှတ်တမ်းတင်လောက်အောင် မြင့်မားတဲ့ဈေးနှုန်းပါ။ လန်ဒန် Sotheby လေလံအဆောက်အဦးမှာ ပြုလုပ်ခဲ့ပြီး မူလက အမြင့်ဆုံးမျှော်မှန်းထားတဲ့ဈေးနှုန်းမှာ ဒေါ်လာ ၁၉ သန်းပါ။ ဒါပေမဲ့ အမည်မဖော်လိုသူ ပန်းချီကားဝယ်ယူသူတစ်ဦးက ငါးမိနစ်အတွင်းမှာပဲ ဒေါ်လာ ၃၄.၂သန်း ဈေးနှုန်းပေးပြီး ၀ယ်ယူသွားခဲ့တယ်။ အဲရစ်ခ်ကလက်ပ်တန် အတွက် အကျိုးအမြတ် များများစားစားရလိုက်တယ်လို့ ဆိုပါတယ်။ ကလက်ပ်တန် ၂၀၀၁ မှာ ၀ယ်ယူခဲ့တုန်းက ဒေါ်လာ ၃.၄ သန်း နဲ့ပဲ ၀ယ်ယူခဲ့တာပါ။ အသက်ရှင်ဆဲပန်းချီပညာရှင်ရဲ့ လက်ရာကို ဒီလိုဈေးအမြင့်ဆုံးနဲ့ ရောင်းနိုင်တာဟာ ပထမဆုံးပါပဲ လို့ ဆိုကြတယ်။ အသက် ၈၀ ရှိပြီဖြစ်တဲ့ ဂျာမန်ပန်းချီဆရာကြီး Gerhard Richter ဟာ Cologne မှာ လက်ရှိနေထိုင်ပါတယ်။ ဒီပန်းချီကားကို ၁၉၉၄ ခုနှစ်မှာ ရေးဆွဲခဲ့ပါတယ်။ ဆီဆေး Abstrat ပန်းချီးကားဖြစ်ပြီး ကလက်ပ်တန်က “စီစဉ်တွက်ချက်ထားတဲ့ ကစဥ့်ကလျားဖြစ်မှုတွေ ရဲ့ အပြောင်မြောက်ဆုံးလက်ရာ” လို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ဆိုတယ်။ အဲရစ်ကလက်ပ်တန်ဟာ လူသိများတဲ့ ပန်းချီကားစုဆာင်းသူတစ်ဦးပါ။

ဖြိုးဖြိုး