image fromအချိန်တွေကို ၀ိုင်းဖွဲ့ ဖဲ့ရွဲ့စားသောက်လိုက်ကြတာ..
ကိုယ့်ရဲ့အချိန်တွေ ကိုယ့်ဘာသာစိမ်ပြေနပြေဖဲ့ဖဲ့ဝါးလိုက်..
မိတ်ဆွေသူငယ်ချင်းတွေကကိုက်ဝါးလိုက်ြကနဲ့ နေ့တိုင်းဟာ တဖြုတ်ဖြုတ်နဲ့ကုန်.. ကုန်သွားလိုက်တာ..
မနက်ဖြန် တနင်္ဂနွေ ရိုစီသိပ်ပျော်တယ်၊ နီယိုနဲ့ ဟိုဟိုဒီဒီလျှောက်လည်ကြမယ်၊ အဲဒီလိုအတွေးတွေနဲ့ ရိုစီ တစ်ပြုံးပြုံး၊ နီယိုကတောင် ကွက်ကြည့်ကွက်ကြည့် လုပ်နေသေးတယ်၊
တနင်္ဂနွေနေ့ မနက် ၅နာရီလောက်ကြီးမှာတော့ နီယိုဖုန်းမက်ဆေ့ခ်ျဝင်လာရော .. သူလဲ မထချင်ထချင်ထပြီးကြည့်ရတယ်၊ ပြီးတော့ အလွန်စိတ်မကောင်းဟန် မျက်နှာပေးနဲ့ “ရိုစီရေ ကိုယ် အခုပဲ အပြင်သွားရမယ်၊ ဗင်းဆင့်ရဲ့ ကောင်မလေး ဒီနေ့မနက်ပဲ ဆုံးသွားတယ်၊ မှတ်မိလား ကင်ဆာဖြစ်နေတယ်ဆိုတာလေ .. တစ်ခါ အွန်လိုင်းက ကင်ဆာနဲ့ပတ်သက်တာတွေရှာပြီး ဖိုင်တွေ ပရင့်ထုတ်ချင်လို့ လာသေးတာလေ” .. တဲ့၊ ရိုစီလဲ “အင်း အင်း မှတ်မိတယ်” ဆိုပြီး “ဘယ်သွားရမှာလဲ ဆေးရုံလား”လို့မေးတော့ “ဆေးရုံတော့မဟုတ်ဘူး၊ ဗင်းဆင့်အိမ်ကိုပဲ သူတော်တော် စိတ်မကောင်းဖြစ်နေရှာတယ်၊ သူ့မှာ သူငယ်ချင်း အရင်းအချာဆိုလို့ ကိုယ်ပဲ ရှိတာ” တဲ့ နီယိုက ဖြေပြောပြောရင်း အိပ်ယာထဲက အမြန်လူးလဲထဖို့ပြင်တယ်၊ ရိုစီလဲ သူ့ အတွက် ခေါင်းစွပ် လက်အိတ်တွေယူပေးရတယ၊် သူလဲမျက်နှာမြန်မြန်ပြေးသစ်တော့တယ်၊ “ကဲ ကဲ သွားမှ ရိုစီရေ .. ကိုယ်မကြာဘူး သူ့ကို နည်းနည်းပါးပါးနှစ်သိမ့်ပေးပြီး ပြန်လာခဲ့မယ်၊ ပြန်အိပ်ဦး အိပ်ရာထဲမှာပဲနေ၊ သိပ်အေးတယ်” လို့ပြောပြီး မြန်မြန်ပဲပြင်ဆင်ပြီး အပြင်သွားပြီ၊ နီယိုလဲ အစောကြီးပဲ ချမ်းချမ်းစီးစီးကြီး အပြင်ထွက်ရတော့တယ်၊
နီယိုပြန်လာတော့ မနက် ကိုးနာရီလောက်ရှိနေပြီ၊ မျက်နှာမကောင်းဘူး၊ ဗင်းဆင့် ငိုနေလားလို့ ရိုစီက မေးမိတော့၊ “သူ အခြေအနေကောင်းပါတယ်၊ တော်တော်ပေါက်ကွဲနေတယ်၊ ဗင်းဆင့်က ဒီကောင်မလေးကိုတော့ တော်တော်ချစ်တာကိုး၊ ဗင်းဆင့် နေ့လည်ပိုင်းလာမယ် ထင်တယ်၊ ရိုစီရေ ကိုယ်တို့တော့ ဒီနေ့ စကားဒါလီယားဘက်လျှောက်မလည်နိုင်တော့ဘူးကွာ” တဲ့၊ ဗင်းဆင့်အတွက် စိတ်မကောင်းပေမယ့် ရိုစီ စိတ်တော်တော်ညစ်သွားတယ်၊ ရိုစီရော နီယိုပါ တစ်နေ့တစ်နေ့ အလုပ်တွေနဲ့ မအားကြဘူး၊ ရုံးပိတ်ရက်လေးပဲ အပြင် လျှောက်လည်နိုင်ကြတာ၊ ရိုစီ အဲဒီ ဘိုဟီးမီးရမ်းရပ်ကွက် စကားဒါလီယားလမ်းဘက်ကို သွားချင်နေတာကြာပြီ၊ အဲဒီမှာ နိုင်ငံခြားသားတွေ အများဆုံးလာကြတယ်၊ တစ်ခါတော့ အဲဒီလမ်းက ဖြတ်သွားရုံဖြတ်လျှောက်ခဲ့ကြဘူးတယ်၊ ကော်ဖီဆိုင်လေးတွေပြည့်နေတဲ့လမ်းလေး၊ ရိုးရာသီချင်းတွေနဲ့ ဧည့်ခံသီဆိုနေကြတယ်၊ အဲဒီလမ်းထဲက အိမ်တအိမ်မှာ မျက်နှာစာဘက်မှာပန်းချီဆေးခြယ်ထားတာများ ၀ရံတာတကယ်မရှိပဲ တကယ့် ၀ရံတာတစ်ခုလို၊ တကယ့်တံခါးပေါက်တွေလို၊ အနားကိုသွားကြည့်မှ ပန်းချီဆွဲထားတာမှန်းသိရတယ်၊ တော်တော်လက်ရာမြောက်တော့ မရှိတာကို အရှိထင်၊ တကယ်ရှိတာတွေက ပျောက်နေသလို တော်တော်ထူးခြားတဲ့ အိမ်ပါပဲ၊ အဲဒီနေ့တုန်းက နှစ်ယောက်လုံးက သွားစရာတွေရှိနေသေးတယ်၊ ကော်ဖီလဲ အေးအေးဆေးဆေးထိုင်မသောက်နိုင်ခဲ့ကြပါဘူး၊ ရိုစီအဲဒီလမ်းလေးကို သိပ်သဘောကျလို့ နီယို့ ကို ပူဆာနေတာကြာပြီ၊ နီယိုကလဲ ဒီတစ်ပတ်စကားဒါလီယားဘက် သွားလည်ကြမယ်လို့ သဘောတူပြီးသား ပြီးရင် ရုပ်ရှင်ဝင်ကြည့်ကြမယ်လို့ စီစဉ်ထားကြတာ၊ ဒီနေ့တော့ အစီအစဉ်ဟောင်းကို ဖျက်ရပြီပေါ့၊ ဗင်းဆင့်လာရင်နေ့လည်စာကျွေးဖို့ပါ ပြင်ဆင်ရတော့တယ်၊ သူက အခုအချိန်တော်တော် စိတ်မကောင်းဖြစ်နေမှာ၊
ရိုစီ မီးဖိုခန်းထဲ ချက်ပြုတ်နေရင်း ဘဲလ်သံမြည်လာတယ်၊ ဗင်းဆင့်လာပြီထင်ပါရဲ့၊ နီယိုက “မောလင်(အင်္ဂလိပ်လိုဆိုရင်တော့ ပလိစ့်ပေါ့)” လို့ထူးရင်း တံခါးဖွင့်တဲ့လျှပ်စစ် ခလုတ်လေးကိုနှိပ်တယ်၊ အောက်က တံခါးကိုဖွင့်တဲ့ခလုတ်ပါ၊ ရိုစီတို့နေတာက ၆လွှာမှာ၊ ဗင်းဆင့်ရောက်လာတော့ သူ့ရဲ့မျက်နှာက ပြိုကျတော့မယ့်မိုးလို အသင့်အနေအထားနဲ့၊ နီယို့ကိုတွေ့တော့ အဲဒီအသင့်အနေအထား မိုးကတဝေါဝေါနဲ့ပြိုကျတော့တာပါပဲ နီယို့ပခုံးကိုဖက်ပြီး ရှိုက်ကြီးတငင်ငိုတော့တယ်၊ နီယိုလဲဗင်းဆင့်ပခုံးကို ဆုပ်ကိုင်ဖြစ်ညှစ်ရင်း သူ့ရဲ့ ၀မ်းနည်းမှုကို ပြတဲ့အနေနဲ့ တဖြန်းဖြန်းပုတ်ပါတယ်၊ ရိုစီ့ဘက်ကိုလဲ ကြည့်ရင်း “ရိုစီရေ သူ မရှိတော့ဘူး၊ ကျွန်တော်တော့ ရူးရပြီထင်ရဲ့၊ သိပ်ချောသိပ်လှတဲ့မိန်းကလေးပါဗျာ၊ ကျွန်တော်မယုံသေးဘူး၊ မယုံသေးဘူး” လို့ ပြောရင်း သူ့ရဲ့ အငိုကို သူ့ဘာသာအားဖြည့်တယ်၊ ပြီးတော့ အရှိန်နည်းနည်းထပ်မြှင့်ပြီးငိုပြန်တယ်၊ ရိုစီဖြင့် စိတ်မကောင်းလိုက်တာ၊ ဗင်းဆင့်အတွက်အကောင်းဆုံးစကားလုံးဘာပြောရမလဲ စဉ်းစားနေတုန်း မီးဖိုထဲက မုန်လာဥနီအချိုနှပ်ထားတဲ့အိုးက အသံကျယ်ကျယ်လောင်လောင်ပြုလာတော့ “ဗင်းဆင့်ရေ ခဏ” ဆိုပြီး မီးဖိုထဲ ပြန်ပြေး၊ ဟင်းအိုးကိုကြည့်ရတယ်၊ နီယို့မျက်နှာဆို ညှိုးငယ်မှိုင်တွေထားလိုက်တာ ငှက်ပေါက်စလေးရဲ့မျက်နှာလို သေးသေးလေးလေးပဲကျန်တော့တယ်၊ စိတ်မကောင်းဖြစ်ရင် မျက်နှာတွေက နဂိုအရွယ်အစားထက် တကယ်များသေးသွားလားမသိဘူး၊ နီယို့မျက်နှာ ကြည့်ရတာ သေးသေးကွေးကွေးလေးဖြစ်နေတယ်၊ ဗင်းဆင့်လဲ ဧည့်ခန်းကဆိုဖာမှာလှဲအိပ်ရင်း တအီအီငိုတယ်၊ သူလက်ထဲမှာကောင်မလေးရဲ့ဓါတ်ပုံကို ကိုင်လို့၊ ဗလုံးဗထွေးစကားတွေ ပြောရင်းပြောရင်းနဲ့ကို ငိုပါတယ်၊ ရိုစီလဲ ကော်ဖီမသောက်တတ်တဲ့ဗင်းဆင့်အတွက် ချယ်ရီတီးတစ်ခွက်ပြင်ပေးရင်း နီယို့ကိုမေးရတယ်၊ “နီယို ဗင်းဆင့်အခြေအနေကောင်းရဲ့လား”လို့၊ ရိုစီ ဒီလို ယောက်ျားကြီးတစ်ယောက် ၀မ်းခေါင်သံကြီးနဲ့ ငိုတာ တစ်ခါမှမကြားဖူးသေးဘူး၊ နီယိုက ဗင်းဆင့်ကို စောင်တစ်ထည်ခြုံပေးတယ်၊ ဗင်းဆင့် နဲနဲမောလာတော့ အိပ်ပျော်သွားရော၊ သူငယ်ချင်းကို တော်တော်ချစ်တတ်တဲ့ နီယို့ကိုလည်း ရိုစီတော်တော်အံသြမိသွားတယ်၊ နေ့လည်စာ စားတဲ့အချိန်မှာလဲ ငိုရင်းနဲ့စားပါတယ်၊ စားရင်နဲ့ကို ငိုပါတယ်၊ ငိုလိုက်စားလိုက်နဲ့ဘယ်လို ပြီးသွားလိုက်မှန်းမသိဘူး၊ ရိုစီဖြင့် ကိုယ်ချက်ထားတဲ့ဟင်းတွေအရသာထဲ အာရုံမရောက်နိုင်၊ စားပြီးတဲ့အချိန်မှာလဲ သတင်းစာထဲထည့်ဖို့ စာတွေစီတော့ ဗင်းဆင့်ခမြာ စာတွေစီရင်းနဲ့ ငိုပြန်ရော၊ ကောင်မလေးဓါတ်ပုံကိုလဲ ရိုစီ့ကို ပြရင်း “ရိုစီ ဒီမှာကြည့်စမ်းပါဦး၊ စိတ်ထားအင်မတန်းကောင်းတဲ့မိန်းကလေး၊ ကျွန်တော်ရူးပြီ၊ ရူးပြီဗျ” လို့ ပြောပြန်တယ်၊ အမှန်တော့ ဗင်းဆင့်မှာ မိန်းကလေးတွေကအများသား၊ ဒီကောင်မလေးကိုတော့ ဗင်းဆင့်ကတော်တော်ချစ်ပုံရတယ်လို့ နီယိုပြောပြထားဖူးတော့ သနားလို့ရနေပါတယ်၊ မဟုတ်ရင်တော့ သေသွားတော့မှ ငိုနေတယ်ဆိုပြီး ငြူစူမိမှာ၊ နောက်တော့ သတင်းစာမှာကြော်ငြာထည့်ဖို့ ဗင်းဆင့်နဲ့ နီယိုပါလိုက်သွားတယ်၊ အဲဒီတော့မှ ရိုစီ့မှာ အိမ်ရှင်း၊ အ၀တ်တွေလျှော်၊ ကော်ဖီဖျော်၊ ကော်ဖီသောက်ပြီးနားမလို့လုပ်တော့ နီယိုပြန်လာတယ်၊ ဗင်းဆင့်တော့ ပြန်မပါလာတော့ပါဘူး၊
နီယို့ဧည့်ခန်းမှာထိုင်လို့ သတင်းကြည့်နေတယ်၊ အဲဒီအချိန် ဖုန်းသံမြည်လာတယ်၊ နီယိုဖုန်းပြောပြီးတော့ ရိုစီကို လာပြောတယ်၊ “ရိုစီ .. ဇိုလန် ခဏနေလာလိမ့်မယ်၊ သူ ဆိုထားတဲ့ သီချင်းတွေကို ဗီဒီယိုဖိုင်လုပ်ထားတာ ယူကျူ့မှာ တင်ချင်လို့တဲ့၊ ကိုယ့်ပုံတွေလဲ နည်းနည်းသုံးချင်လို့၊ ပုံလာရွေးလိမ့်မယ်” တဲ့၊ အော် အင်း အင်း လာပေါ့၊ ဇိုလန် ရောက်လာတော့ နီယို့အလုပ်ခန်းထဲ နှစ်ယောက်သား ၀င်သွားကြတယ်၊ နှစ်ယောက်သား စကားတွေပြောနေကြတာ ကျွက်ကျွက်ကိုညံလို့၊ ခုနက ငယ်နေတဲ့နီယိုမျက်နှာတော့ ပုံမှန်ပြန်ဖြစ်လာပြီထင်ရဲ့၊ ကော်ဖီမသောက်တတ်ကြတဲ့ သူတို့နှစ်ယောက်အတွက် တီး(tea) ဖျော်ပေးရဦးမှာပဲ၊
အိုး x x ပျင်းဖို့ကောင်းလိုက်တာ x x x x x ကိုယ့်ဘာသာ စာအုပ်လေးဖတ်နေတော့လဲ ပျင်းလာတာနဲ့ သူတို့ဘာတွေလုပ်နေလဲ သွားကြည့်မိတယ်၊ နှစ်ယောက်သားကွန်ပျူတာရှေ့ ခေါင်းချင်းဆိုင် ဟိုပုံဖွင့်ကြည့်၊ ဒီပုံဖွင့်ကြည့် animation ဖိုင်ထဲထည့်၊ မပြီးနိုင် မစီးနိုင်၊ ရိုစီသူတို့အနားထိုင်ရင်း မသန်းချင်လဲ တ၀ှားဝှားသန်းဝေပြ၊ ဒါလဲ ဇိုလန် က သတိထားမိပုံမရတဲ့အပြင် “ရိုစီ မင်းက သီချင်းတွေ သိပ်ကြိုက်တဲ့သူမဟုတ်လား၊ ဒါ ငါဆိုထားတဲ့သီချင်းလေ၊ နားထောင်ပါဦးလား၊ စာသားတွေကို သေချာလိုက်နားထောင်နော်၊ တချို့စာလုံးတွေ ဓမ္မပဌထဲက စာသားတွေ” တဲ့၊ ဇိုလန်က ရိုစီ့ဘက်တောင်လှည့်ကြည့်ပြောလိုက်သေးတယ်၊ ကျွန်မလဲ ဇိုလန့်သီချင်းနားထောင်ပေးရတော့တယ်၊ မိတ်ဆွေသူငယ်ချင်းကောင်းဆိုတာကလဲ သူနားထောင်ခိုင်းတာကို အရုပ်လို ငြိမ်ပြီးနားထောင်နေရုံနဲ့ မပြီးသေးဘူးမလား၊ မှတ်ချက်လေးကလည်း ပေးဦးမှ၊ ဒါနဲ့ ရိုစီလဲ ပြောရတယ်၊ မေးရတယ်၊ “ဒီသီချင်းမှာ ဒရမ်သံများတယ်၊ ဒရမ်ကရောကိုယ်တိုင်တီးတာလား၊” “ဒီသီချင်းက တော့ အနှေးလေး၊ ခုနက တစ်ပုဒ်က ရက်ပ်ရောရှင်ပဲ ဆိုတာလား၊ ရှင်က ရက်ပ်လဲ တော်တော်အဆင်ချောအောင်ဆိုတတ်တာပဲ၊ ကျွန်မကတော့ အနှေးလေးကိုပိုသဘောကျတယ်၊ စာသားလေးက ချစ်စရာ၊ ဘာတဲ့ ~ နွေဦးရာသီလေးပေါ့၊ ငါတော့ လန်းဆန်းတက်ကြွလို့ .. ဒီညတော့ အပြင်ထွက်ဦးမှပဲ .. ငါ ချစ်တဲ့ ကောင်မလေးကိုတွေ့ရဖို့လေ ~ ဒီလိုမလား စာသားရိုးရိုးပေမဲ့ ချိုချိုအီအီလေး .. ဒါမျိုးတွေလဲ ရှင်က ရေးတတ်တာကိုး” လို့ မှတ်ချက်တွေဝေေ၀ဆာဆာပေးလိုက်တယ်၊ ရိုစီလဲ သိပ်သိလွန်းလို့မဟုတ်ဘူး၊ အရင်နေ့တွေက သူ့သီချင်းစာသားဖိုင်တွေဖတ်ဖူးထားတော့ နည်းနည်းပါးပါးမှတ်မိနေတာလောက်နဲ့ဖြီးဖြန်းမေးရတာ၊ ဇိုလန်က ပြည့်ပြည့်၀၀ကြီး ပြုံးလို့၊ လူတိုင်းကကိုယ့်ကိုယ် ချီးကျူးတာ၊ ဂရုစိုက်တာကိုသဘောကျကြတာချည်းပဲမဟုတ်လား၊ ရိုစီက ဒါကိုကောင်းကောင်းသိထားတာပေါ့၊ ဇိုလန်တော့ ပီတိတွေစားသုံးရင်းပျော်တပြုံးပြုံး၊ သီချင်းတွေ တပုဒ်ပြီးတပုဒ်ဖွင့်ပြတော့တယ်၊ ရိုစီလဲ တစ်ပုဒ်ပြီး တစ်ပုဒ်နားထောင်လိုက်ရတယ်၊ သီချင်းတွေလဲ အားလုံးနီးပါးကုန်သလောက်ဖွင့်ပြလို့ပြီးတော့ ဇိုလန် လှုပ်လှုပ်ရွရွဖြစ်လာတယ်၊ နာရီကို အငမ်းမရငုံ့ကြည့်ပြီး “အိုး ပြန်ဦးမှ နီယိုရေ .. ငါတော့ ပေါင်မုန့်ဖုတ်တဲ့ဆိုင်မှာ ဒီညကူရဦးမယ်ကွ၊ ငါ့အလာကို သူတို့မျှော်နေကြရော့မယ်၊ ပေါင်မုန့်တွေကိုလဲ ငါ .. ဆိုင်တွေကိုလိုက်ပို့ပေးရမယ်ဦးမယ်” လို့ ခပ်လောလောရေရွတ်ရင်း ပစ္စည်းတွေသိမ်းဖို့ပြင်တယ်၊ ကျောပိုးအိတ်ထဲ ပစ္စည်းတွေလဲစုပြုံထည့်ရင်း နှုတ်ဆက်တယ်၊ “ရိုစီ..ကျေးဇူးပဲကွဲ့၊ မင်းက တကယ့်ဂီတ၀ါသနာရှင်တစ်ဦးပဲ” လို့ ပြောရင်း နီယိုဘက်လှည့်ကာ “နီယိုရေ မင်းတော့ အတော်လေးကံကောင်းတာပဲ၊ မင်းရဲ့ဇနီးက ဥာဏ်ထက်လှတယ်” လို့ အားပါးတရ ချီးကျူးစကားဆိုတယ်။ ရိုစီကတော့ ဥာဏ်ထက်မထက် ကိုယ်တိုင်သေချာမသိ၊ ဒါပေမဲ့ လူတွေရဲ့အကြိုက်ကို ရိုစီအတော်လေးသဘောပေါက်ထားတာလောက်ပဲ၊ ရိုစီတောင် ခုပဲ ရိုစီ့ကိုဥာဏ်ထက်တယ်လို့ ချီးကျူးလေတော့ တပြုံးပြုံးနဲ့ ကျေနပ်မိတာပဲလေ၊
ဇိုလန်ပြန်သွားတော့ ဖုန်းမြည်လာပြန်တယ်၊ ရိုစီတော့ ထူးပြီးတောင် မအံ့သြချင်တော့ဘူး၊ နီယို့ သူငယ်ချင်းတစ်ယောက်ယောက်ပဲ ဖြစ်ရမှာပေါ့၊ နီယို့ကို အပြင်ခေါ်ရင်ခေါ်မယ်၊ မဟုတ်ရင်လဲ သူတို့လာမယ်၊ ဒီ နှစ်ခုကလွဲလို့ ဘာများဖြစ်နိုင်ဦးမှာမို့လို့လဲ၊ “အင်း လာခဲ့လေ အခုအိမ်မှာရှိနေတယ်၊ ဟင် .. ရိုစီလား ရှိတာပေါ့ .. သူရှိတယ် လာခဲ့ .. လာခဲ့”တဲ့ ကြည့်ပါလား၊ ရိုစီမပြောဘူးလား နီယိုခုပဲ ပြောနေပြီ၊ “နီယို ဘယ်သူလဲလို့ ရိုစီက လေသံဆတ်တောက်ဆတ်တောက်နဲ့ မေးလိုက်တော့ နီယိုမျက်နှာက ရယ်ကျဲကျဲ၊ ရိုစီ့ကို မျက်နှာချိုသွေးချင်ဟန်သူ့မျက်နှာပေါ်မှာအထင်းသား၊ “ယဲ့လီဇာပါ သူ လာလည်မလို့တဲ့၊ သူ က လာလည်ခဲပါတယ်၊ ကိုယ်မှတ်မိသလောက် အိမ်ကို လာမလည်ဖူးဘူး၊ ကိုယ်တို့ အပြင်မှာတွေ့ပြီး အူးစ်ချက်စူပါမားကတ်ကို သွားလည်ဖြစ်တာလောက်ပဲ” တဲ့၊ နီယိုကဖြေတယ်၊ ပြီးတော့ စကားလုံးနည်းနည်း ထပ်ဖြည့်ပြောတယ်၊ “ယဲ့လီဇာက မင်းကို သိပ်သဘောကျသွားတာ၊ မင်းက ပွင့်လင်းပြီးချစ်ဖို့ကောင်းတယ်လို့ ကိုယ့်ကိုခဏခဏပြောဖူးတယ်” တဲ့၊ တော်ပါပြီ ချီးကျူးစကားဆိုတာ ရိုစီ သိပ်ရင်းနှီးတဲ့အရာပါ၊ ရိုစီမကြာမကြာလူတွေကို ပြောဖူးနေတာကိုး၊ ဒီလိုပြောရုံနဲ့ ရိုစီက ကျေနပ်ရတော့မယ်တဲ့လား၊ ရိုစီသိတာပေါ့၊ ယဲ့လီဇာက နီယိုနဲ့ အလုပ်တူ၊ စကားတွေအများကြီးတရစပ်ပြောတတ်တဲ့မိန်းကလေး၊ ယဲ့လီဇာ ဖုန်းဆက်ရင်အကြာကြီး၊ နီယိုကိုယ်တိုင်နားရွက်တွေပြားနေအောင် ဖုန်းခွက်နဲ့အကြာကြီးဖိထားရလို့ ညီးညီးညူညူဖြစ်ခဲ့တာအကြိမ်ကြိမ်ပဲ၊
ဒီလိုနဲ့ပဲ ယဲ့လီဇာ အိမ်ရောက်လာတယ်၊ သူရောက်လာတယ်ဆိုရင်ပဲ ၀ယ်လာတဲ့ လက်ဆောင်တွေ ထုတ်ပေးတော့တယ်၊ ခြေအိတ်လှလှလေးရယ်၊ ရောင်စုံမာဖလာမွမွလေးရယ် သူဝယ်လာပေးတယ်၊ ယဲ့လီဇာ၊ နီယိုနဲ့ ရိုစီတို့ရဲ့ စကားသံတွေဟာ အိမ်ခန်းလေးထဲ တခဏလေးအတွင်း ပြည့်ကျပ်ကုန်တော့တယ်၊ စကားတွေပြောရင်း နည်းနည်းမောတော့ ယဲ့လီဇာက ကာတွန်းအင်နီမေးရှင်းလုပ်တာသိပ်သဘောကျတယ်၊ အလွယ်ဆုံးသင်ခန်းစာလေးတကွက်လောက် သင်ပေးပါလို့ ရိုစီ့ကို ပူဆာတော့တယ်၊ သူသင်ချင်တာက flash၊ photoshop graphic software တွေ အတော်များများ၊ ရိုစီ ခဏလေးနဲ့ ဘယ်လို သင်ပေးနိုင်မှာတဲ့လဲ၊ ဒါပေမဲ့ သင်လို့ မဖြစ်ဘူးလို့ ငြင်းလို့မဖြစ်ပြန်ဘူး၊ မိတ်ဆွေသူငယ်ချင်းဆိုတာ . မိတ်ဆွေသူငယ်ချင်းကောင်းဆိုတာကလည်း ..
ဒါနဲ့ပဲ flash software ကို ဖွင့်၊ ကွန်ပျူတာရှေ့ ရိုစီရောက်ရတော့တယ်၊ ယဲ့လီဇာကို အလွယ်ဆုံးဖြစ်မယ့် animation တစ်ခုလုပ်ပြရတယ်၊ ပါးစပ်ကလဲ တစ်ဆင့်ချင်း တစ်ဆင့်ချင်းပြောပြရင်း စက်ဝိုင်းကနေ လေးထောင့်ဖြစ်သွားတဲ့ shape tweening တစ်ခုလုပ်ပြဖြစ်တယ်၊ စာကြည့်မျက်မှန်တပ်ဖို့လိုတဲ့ ယဲ့လီဇာမှာ မျက်မှန်ကပါမလာ၊ အဆင့်တိုင်း မော်နီတာနဲ့ ထိလုနီးပါး တိုးကပ်ကြည့်ရင်း သူ အခက်တွေ့နေတော့တယ်၊ ဟိုဒီလျှောက်လုပ်ကြည့်တယ် ...ခဏလေးပဲ ..သူ .. ငြီးတွားသံပြုတယ်၊ “အိုး .. ရိုစီ . ယဲ့လီဇာ ခေါင်းတွေ ကိုက်လာလိုက်တာ၊ မဖြစ်ဘူး ဒီသင်ခန်းစာလေးကို ရပ်မှဖြစ်တော့မယ်” လို့ ယဲ့လီဇာက ပြောလာတယ်၊ ရိုစီက တော့ ၀မ်းသာသွားတာပေါ့၊ software ကိုပိတ်ပြစ်ရင်း ယဲ့လီဇာ အတွက် စားစရာ ကော်ဖီ၊ တီး တစ်ခုခုလုပ်ဖို့ မေးရတယ်၊ ယဲ့လီဇာ က အင်မတန် အစားအသောက် ဇီဇာကြောင်တယ်ဆိုတာ အမှတ်ရသွားတယ်၊ တစ်ခါက ရိုစီတို့ တရုတ်ဈေး ကို အတူသွားဖူးကြသေးတယ်၊ တရုတ်စားသောက်ဆိုင်ကို ယဲ့လီဇာက သွားချင်တယ်ဆိုတာနဲ့ သူကို့ ခေါ်သွားဖြစ်တာ၊ အဲဒီတုန်းက တို့ဟူးကြော်တစ်ပွဲမှာစားဖို့ကို မေးခွန်းတွေအတော်များများမေး၊ စူးစမ်းလေ့လာတာတွေ သေသေချာချာလုပ်ပြီးမှ ယဲ့လီဇာ အဲဒီတို့ဟူးကြော်ကိုမှာစားဖြစ်ခဲ့တာ စားပြီဆိုတော့လဲ တို့ဟူးကြော်ကိုပဲ ယဲ့လီဇာ ထပ် ထပ်ပြီးမှာစားခဲ့သေးတယ်၊ ကိတ်မုန့်ရယ် ကော်ဖီရယ် ယဲ့လီဇာက အတည်ပြုတာမို့ ကော်ဖီဖျော်ဖို့ ရိုစီပြင်ရပြန်တယ်၊ ဒီနေ့တစ်နေ့လုံး ရိုစီ ကိုယ့်အတွက်ဘာတစ်ခုမှကို မလုပ်ရသေးဘူး၊ နီယို့ရဲ့ သူငယ်ချင်းတွေနဲ့ပဲ စကားတွေပြောရလွန်းလို့ အာခေါင်တွေခြောက်လှပြီ၊ ကော်ဖီကို ယဲ့လီဇာအတွက်ရယ် ရိုစီအတွက်ပါဖျော်ခဲ့ရင်း အငွေ့တစ်ထောင်းထောင်းထနေတဲ့ ကော်ဖီနှစ်ခွက်ကိုကြည့်မိတော့၊ နီယိုပြောဖူးတဲ့ သူတို့ အယူသည်းမှုတစ်ခုကိုသတိရမိတယ်၊ ကော်ဖီခွက်အလည်မှာ အမြုပ်လေးတွေ တော်တော်များများစုနေရင် ငွေဝင်တတ်တယ်၊ လာဘ်ကောင်းတယ်လို့ အယူရှိတယ်တဲ့၊ ဒါဆို ရိုစီ့ကော်ဖီခွက်ထဲမှာ အလယ်ခေါင်မှာ ကော်ဖီအမြုပ်လေးတွေ အများကြီးပဲ စက်ဝိုင်းကြီးကြီးဖြစ်ပြီး လည်နေကြတယ်၊ ငွေဝင်မယ်ပေါ့၊ လောလောဆယ်တော့ ရိုစီတော့ စကားလုံးတွေထွက်နေတယ်၊ ရိုစီစကားတွေပြောရလွန်းလို့ မောနေပြီ၊
ယဲ့လီဇာက စစ်တုရင်ကစားရအောင်တဲ့ ၊ အချိန်က သူပြန်ဖို့ မှန်းထားတဲ့အချိန်ထက် စောနေသေးပုံပဲ၊ ဒါနဲ့ပဲ စစ်တုရင်ခုံလေးဆွဲထုတ်လာ နီယိုနဲ့ ယဲ့လီဇာကစားကြတယ်၊ ရိုစီကတော့ မကစားချင်တော့ဘူး၊ ဘေးကနေပဲ ကော်ဖီသောက်လိုက် မုန့်စားလိုက်၊ နီယို့ကို ခွံကျွေးလိုက် လုပ်နေလိုက်တော့တယ်၊ ယဲ့လီဇာက တကွက်တကွက်ရွှေ့ဖို့ကို တော်တော်ကြီးစဉ်းစားပါတယ်၊ စစ်ပွဲဆင်နွဲဖို့ အာဏာရှင်တစ်ဦး ဆုံးဖြတ်ချက်ချတာကမှ ယဲ့လီဇာထက် ပိုမြန်ပါဦးမယ်၊ သူကတော့ မျက်မှောင်ကျုံ့လိုက် မေးစေ့ကိုပွတ်လိုက် အချိန်အကြာကြီးကိုစဉ်းစားတယ်၊ တကယ်တမ်း ရွှေ့လိုက်တဲ့အကွက်က ဟာကွက်တွေအများကြီးနဲ့ အင်မတန်လွယ်တဲ့ အကွက်မျိုး၊ ရိုစီနဲ့ နီယိုကစားရင် ရိုစီက အမြဲနိုင်တယ်၊ ခု ယဲ့လီဇာကိုတော့ နီယိုက နိုင်နေပြီ၊ ပွဲပြီးကာနီးလေ ယဲ့လီဇာပိုပိုပြီး စဉ်းစားလေပဲ၊ ရိုစီ့အတွက် ကော်ဖီလဲကုန်ပြီ၊ ကိတ်လဲ ထပ်ထပ်ယူရတာအခါခါ၊ checkmate တဲ့ နီယို့ဆီက အသံထွက်လာတယ်၊ မြန်မြန် checkmate ပါမှပဲ၊
ယဲ့လီဇာ ပြန်ခါနီးတော့ နီယို့ဖေဖေနဲ့ မေမေ ရောက်လာကြတယ်၊ သူတို့လဲ ယဲ့လီဇာကို ရင်းနှီးတော့ ဧည့်ခန်းမှာ စကားတွေပြောကြပြန်တယ်၊ ရိုစီတော့ ကော်ဖီခွက်တွေသိမ်းရင်း စကားဝိုင်းကို အသာလေး ရှောင်တိန်းနေလိုက်တယ်၊ တော်တော်ကြာစကားတွေပြောကြပြီးတော့ ယဲ့လီဇာ ပြန်ဖို့ပြင်တယ်၊ တံခါးမကြီးနား လိုက်ပို့ကြတယ်၊ သိပ်အေးတဲ့အချိန်ဆိုတော့ အင်္ကျီအထပ်ထပ်ဝတ်ရတယ်၊ နှင်းကာကုတ်အင်္ကျီရှည်ကြီးကို ယဲ့လီဇာဝတ်တယ် နီယို့ဖေဖေက အကျီကိုကိုင်ပေးထားတယ်၊ အဲဒါ နီယိုတို့ယဉ်ကျေးမှုပဲ မိန်းကလေးကကုတ်အင်္ကျီဝတ်ရင် ယောက်ျားလေးက ကူညီပေးကြတယ်၊ နီယို့ဖေဖေကလည်း ဒါကို ကျွမ်းကျင်ပါတယ်၊ သူကူညီဝတ်ပေးတယ်၊ တချိန်လုံး ယဲ့လီဇာ စကားမပြတ်ပါဘူး၊ သူ ဆက်တိုက်ပြောနေတုန်းပဲ၊ နီယို့မေမေက မိန့်မိန့်ကြီး လက်ပိုက်လို့ နားထောင်တယ်၊ စိတ်ဝင်စားဟန်ပြတယ်၊ ခေါင်းညိတ်တယ် ပြုံးပြနေတယ်၊ တစ်ခါတစ်ခါစကားဝင်ပြောတယ်၊ အဲဒါ တံခါးမကြီးနားမှာ ဧည့်ခန်းမှာမဟုတ်တော့ဘူး၊ နီယို့ဖေဖေကတော့ ဘောင်းဘီအိတ်နှစ်ဘက်ထဲ လက်ထည့် ခြေကိုခပ်ကားကားချဲရပ်ရင်း မင်းသားဟန်နဲ့ ပြုံးပြီးနားထောင်ပေးတယ်၊ ယဲ့လီဇာ ကုတ်အင်္ကျီဝတ်ပြီးတော့ ဘွတ်ဖိနပ်ကိုစီးဖို့ပြင်တယ်၊ ခြေထောက်ကိုလျှိုတယ်၊ ကြိုးကိုစည်းတယ်၊ စကားဆက်တိုက်ပြောတယ်၊ နောက်တစ်ဖက် လျှိုတယ်၊ စည်းတယ်၊ စကားပြောနေတုန်းပဲ၊ ဘွတ်ဖိနပ်စီးပြီးတော့ ခေါင်းစွပ်စွပ်ပြန်တယ်၊ စကားပြောဆဲပဲ၊ နီယို့ဖေဖေ ခြေထောက်အနေအထားပြင်ရပ်တယ်၊ ကိုယ်ကို ခပ်မတ်မတ်အနေအထားကနေ တံခါးကိုမှီရပ်တယ်၊ မင်းသားကြီးဟန်နဲ့ပါပဲ၊ လက်နှစ်ဘက်လဲ အိတ်ကပ်ထဲက ထုတ်လိုက်ပြီ၊ လက်ပိုက်ပြီး အမိန့်သားဟန်နဲ့ ယဲ့လီဇာစကားပြောတာ ဆက်နားထောင်တယ်၊ နီယို့မေမေလဲ ကိုယ်အနေအထားပြင်တယ်၊ နီယို့ကိုကြည့်လိုက်တော့ သူ ခုံတစ်ခုံမှာ ထိုင်နေပြီ၊ စိတ်လဲ အတော်အိုက်နေပုံရတယ်၊ သူ ရိုစီဘက်လှည့်ပြီ မျက်နှာကို အသာအယာမဲ့ပြတယ်၊ ပြီးတော့ ယဲ့လီဇာဘက်လှည့်ပြီး ပြုံးပြ စကားနားထောင်ဟန်ပြရပြန်တယ်၊ နီယို့ဖေဖေ၊ မေမေ အကြိမ်အတော်များများ အနေအထားတွေပြင်နေကြတယ်၊ ရိုစီကတော့ ယဲ့လီဇာပြောတာကို စိတ်မ၀င်စားဘူး၊ နီယိုနဲ့ သူ့ဖေဖေ မေမေကို ကြည့်ပြီး တော်တော်ကိုရယ်ချင်နေတယ်၊ ရယ်ချင်စိတ်ကိုတော်တော်ထိန်းထားရတယ်၊ ဧည့်သည်ကို အင်မတန်ဧည့်ဝတ်ကျေချင်ကြတဲ့ နီယိုတို့ မိသားစုကို ကြည့်ပြီး ကျွန်မမှာ စိတ်ညစ်တာထက် ရယ်ချင်စိတ်က ပိုပိုပြီးရင်ထဲ ဆောင့်တိုးလာတော့တယ်၊ တစ်ခါဆို နီယို့ဖေဖေ ညောင်းလာလို့ အနေအထားပြောင်းရင်း မှန်တံခါးကို မှီလိုက်တာ၊ တံခါးက ၀ုန်းကနဲ အသံတောင် ထွက်သွားလို့ ယဲ့လီဇာ စကားပြောတာ ခဏရပ်သွားတယ်၊ သူ လဲ အစုံအလင် ၀တ်ဆင်ပြီးနေပါပြီ၊ အဲဒီတော့မှ ယဲ့လီဇာက ပြန်မှ ဖြစ်တော့မယ်လို့ ဆိုတယ်၊ လာကူနော့ခ်ျ(ကောင်းသောညပါ) လို့ တစ်ယောက်စီကို ပွေ့ဖက်ရင်း နှုတ်ဆက်တယ်၊
ယဲ့လီဇာ ပြန်သွားတော့ ညက တိတိကျကျကြီး အမှောင်ဓါတ်ကြီးစိုးနေပြီ၊
အဲ့ဒီအချိန်မှာ ဖုန်းသံမြည်လာတယ်၊
နီယို့ ဖုန်းမက်ဆေ့ခ်ျသံပေါ်လာတယ်၊
ရိုစီအခန်းထဲ ပြေးဝင်သွားလိုက်တယ်၊ အိပ်ရာပေါ်ပစ်လှဲရင်း နားကိုခေါင်းအုံးနဲ့ ပိတ်ထားလိုက်ပြီး အိပ်ရာဘေး က စာအုပ်တစ်အုပ် ဆွဲယူလိုက်တယ်၊ စာအုပ်ဖတ်နေတော့မယ်၊
စာအုပ်ကိုကြည့်လိုက်တော့ နီယို့ သူငယ်ချင်းရေးထားတဲ့ စာအုပ်တစ်အုပ်၊ နီယို့ကို လက်ဆောင်ပေးထားတာ၊
စာအုပ်နာမည်က “ချစ်သော သူငယ်ချင်းများ” တဲ့ ။ ။
(Teen မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)
http://www.shweamyutay.com/index.php?option=com_content&view=article&id=3245:2011-06-09-03-04-06&catid=105:2008-06-08-20-03-14&Itemid=660