Monday, November 30, 2009

Eminem *Mocking Bird*


ကျွန်မ သိပ်ကြိုက်တဲ့ Eminem ရဲ့ Mockingbird ဆိုတဲ့ ရက်ပ်သီချင်းဟောင်းတစ်ပုဒ်ပါ။
အဲဒီသီချင်းကို ပထမဆုံးနားထောင်ဖြစ်တဲ့အချိန်ကစပြီး ခုချိန်ထိ ဘယ်အချိန်နားထောင်၊ နားထောင် ကြိုက်နေတုန်းပါပဲ။ ရက်ပ်စစ်စစ်ကြီးတွေ နားထောင်လို့မရပေမဲ့ ဒီလူတွေရဲ့ ဂီတက လျှော့တွက်လို့မရလှဘူး။ အမ်မီနမ်ရဲ့ သီချင်းစာသားတွေ လိုက်ဆိုကြည့်မိတဲ့သူတွေ ဒီပိုစ့်ဖတ်မိတဲ့သူထဲမှာပါရင် အသေအချာ နားလည်မှာပါ။ ဘယ်အချိန်အသက်ခိုးပြီး ရှုသွားလိုက်မှန်းမသိနိုင်လောက်အောင်ကို ဆိုသွားတာများ အင်မတန်ပါးပါးနပ်နပ်ရှိလှတဲ့ ရက်ပ်သမားတွေပါပဲ။ ကျွန်မ ဂီတကို တိတိကျကျကြီး နားမလည်လှပါဘူး။
သီချင်းနားထောင်လို့ကောင်းရင် အကုန်ကြိုက်လိုက်တာပဲ။ ဂီတအမျိုးအစားတောင်မရွေးမိဘူး။
Mockingbird ကိုတော့ အတီးစ၀င်လာတာကနေ စပြီးကြိုက်တာ။ အတီးကိုစကြိုက်ပြီးစာသားတွေဖတ်ကြည့်တော့ တော်တော်သဘောကျသွားတာနဲ့ပဲ။

Mockingbird အကြောင်း ဟိုဟိုဒီဒီမွှေနှောက်မိတာလေး လက်ဆင့်ကမ်းပေးလိုက်ပါတယ် ...

Mockingbird ဆိုတာ အမေရိကန်မြောက်ပိုင်းမှာတွေ့ရတဲ့ တေးဆိုငှက်တစ်မျိုးဆိုပဲ။
ဒီငှက်က တခြားငှက်တွေရဲ့ အသံမျိုးတုပပြီးလိုက်ဆိုတတ်တယ်တဲ့။
ဒါနဲပဲ သူ့ကို ပြောင်ချော်ချော်ငှက်လို့အမည်ပေးထားတာဖြစ်မှာ။


Mockingbird သီချင်းဟာ အမ်မီနမ် ရဲ့ Encore အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပါ။
US Music Chart မှာ နံပါတ် 11၊ UK မှာတော့ နံပါတ် 4 အဆင့်ရောက်ခဲ့ပြီး၊
Best Rap Solo Performance အတွက် ဂရမ်မီဆုဇကာတင်အဆင့်ရွေးချယ်ခံရတယ်။
ဒါပေမဲ့ Kanye West ရဲ့ Gold Digger ကိုတော့မကျော်နိုင်ခဲ့ပါဘူး။

ဒီသီချင်းဟာ အမ်မီနမ်က သမီးလေး ဟေလီဂျိတ်ဒ်ကို ရှင်းလင်းပြောပြနေဟန်ဆိုထားတာပါ။
ဟေလီရဲ့မေမေ ကင်မ်မက်သားစ်နဲ့ အမ်မီနမ်တို့ ရုန်းကန်ရတဲ့ဒုက္ခတွေကိုလဲငြီးတွားထားသေးတယ်။
သီချင်းတစ်ပုဒ်လုံးမှာအမ်မီနမ်ရဲ့ ဗရုတ်သုတ်ခ ဖြစ်နေခဲ့တဲ့ဘ၀ကိုဆက်တိုက်ပြောနေခဲ့တယ်။
ကင်မ်ကလဲ အဝေးကိုထွက်သွားလိုက်ပြီ၊ ပြဿနာတွေနဲ့ဝရုန်းသုန်းကားဖြစ်နေခဲ့တဲ့ အမ်မီနမ်က
သမီးလေးဟေလီကိုပြောတယ်။ “ဒက်ဒီ ရောက်နေပြီပဲ အားလုံးကောင်းသွားတော့မှာပါ”တဲ့

သီချင်းထဲမှာ သမီးလေးလိုချစ်တဲ့တူမလေး အယ်လီနာကိုလဲ စကားတွေပြောထားပါသေးတယ်။
ဗီဒီယိုမှာတော့ ဟေလီနဲ့လိုင်နီတို့ရဲ့မျက်နှာတွေကို ခပ်ဝါးဝါးလုပ်ထားတယ်။
အမ်မီနမ်ရဲ့စိတ်ကူးယဉ်မဟုတ်တဲ့ တကယ့်အဖြစ်အပျက်ကိုချပြထားတဲ့ သီချင်းပါ။
အမ်မီနမ်ကတော့ ယောင်ဝါးဝါးလုပ် ငြင်းဆိုချင်ဟန်နဲ့ “ဒါ သီချင်းတစ်ပုဒ်ပါပဲ” လို့ဆိုတယ်။
ဒါပေမဲ့ ဒီသီချင်းဆိုရင်း ငိုကြွေးခဲ့ရတာတော့ ၀န်ခံထားတယ်။
သီချင်းဆုံးခါနီးမှာ Don’t F--- with Dad လို့ဆိုထားပေမဲ့ Mockingbird single ခွေမှာ Parental Advisory Sticker ကပ်မထားပါဘူး။ သီချင်းအဆုံးမှာဖြစ်တာရယ်၊ တခြားအမ်မီနမ်ရဲ့သီချင်းတွေမှာ အဲဒီစကားလုံးတွေ အကြိမ်ပေါင်းများစွာပါတတ်တာကြောင့် ဒီသီချင်းကိုတော့ Recording Industry Association of America (RIAA)က ဥပေက္ခာပြုထားလိုက်တာဖြစ်ပါလိမ့်မယ်။
(Parental Advisory sticker ဟာ US မှာ သီချင်း-အရုပ်/အသံတွေမှာညစ်ညမ်းကြမ်းတမ်းတဲ့ စကားလုံးတွေပါလာရင် ဒီစာတမ်းကိုကပ်ရပါတယ်။)


(Mocking Bird သီချင်းစာသားကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်)

တခါတရံ အရာခပ်သိမ်းကို သမီးလေးနားလည်သဘောပေါက်ဖို့ ခက်နေမှာကို ဒက်ဒီသိပါတယ်။
“ဟေး ဒက်ဒီ မင်းကိုအမြဲဘာပြောလဲ”
စစ်သားငယ်လေးရယ် ကျောကိုဆန့်ဆန့်မတ်မတ်ထားရင်း၊ သမီးရဲ့နှုတ်ခမ်းတွေကိုလဲ ခပ်မဲ့မဲ့ကွေးညွှတ်မနေပဲ တင်းတင်းစေ့ထားပေးပါ။ ဘာကြောင့်ငိုနေမှာတဲ့လဲ။
ဒက်ဒီ မင်းအနားမှာရှိနေပြီပဲ။ ဟေလီ... ဒက်ဒီသိတာပေါ့၊ မင်းရဲ့မေမေကို လွမ်းနေမယ်။ ပြီးတော့ ဒက်ဒီ့ကိုလဲ လွမ်းနေမှာ ဒက်ဒီသိတာပေါ့။
ဒက်ဒီ သွားခဲ့ရတာက ဒက်ဒီဘယ်တော့မှ မရခဲ့ဘူးတဲ့ ဘ၀မျိုး သမီးကိုပေးချင်လို့ပါ။
သမီးပြုံးနေတဲ့အချိန်၊ ရီမောနေတဲ့အချိန်မှာတောင် စိတ်ထဲမှာ ၀မ်းနည်းပက်လက်ဖြစ်နေမှာ
ဒက်ဒီသိနေ၊ မြင်နေနိုင်တယ်။ သမီးရဲ့မျက်လုံးတွေထဲ ဒက်ဒီကြည့်ရင်း အတွင်းစိတ်နက်နက်ရှိုင်းရှိုင်းတစ်နေရာမှာ သမီး ငိုချင်နေတယ်ဆိုတာ ဒက်ဒီမြင်နေနိုင်ပါတယ်။ သမီးကြောက်ရွံ့နေတဲ့ အချိန်တွေမှာ ဒက်ဒီရှိမနေနိုင်ခဲ့ဘူး၊ ကဲ ထပ်ထပ်ပြီး ငိုမနေပါနဲ့တော့၊ မျက်ရည်တွေကိုသုတ်လိုက်ပါတော့၊ ဒက်ဒီ မင်းအနားကို ခုရောက်လာပြီ၊
အိမ်မက်ဆိုးတွေနောက်ထပ်ရှိမလာနိုင်တော့ဘူး၊ ဒက်ဒီတို့ အတူတူ ဒါတွေကိုကျော်ဖြတ်ကြမယ်ကွဲ့။
လိုင်နီ အန်ကယ်က အရူးပဲမဟုတ်လား၊ ရူးတယ်ပဲထားပါဦး မင်းကိုလဲ သိပ်ချစ်တယ်ဆိုတာ ရေရေလည်လည် နားလည်သဘောပေါက်ထားရမယ်။

ကမ္ဘာကြီးဟာ လူးလိမ့်နေတဲ့အခါတိုင်း၊
ကမ္ဘာကြီးဟာ ရစ်ခွေမွှေနှောက်နေတဲ့အခါတိုင်း၊
ကမ္ဘာကြီးဟာ တ၀ဲဝဲတလည်လည်ခါယမ်းနေတဲ့အခါတိုင်း
ကမ္ဘာကြီးလှုပ်ခါနေသလို ဒက်ဒီတို့ဘ၀တွေဟာလဲ ရီဝေယိမ်းထိုးနေရတာပါပဲ။ ဒါတွေက သမီးတို့ကို နားရှုပ်စေမှာ ဒက်ဒီသိတယ်။ ဒက်ဒီက အမြဲလှုပ်ရှားရုန်းကန်နေရတယ်၊ မင်းတို့ မာမီကလဲ သတင်းတွေပဲ ထိုင်စောင့်ကြည့်နေရတယ်။ သမီးတို့ကို အရိပ်ကောင်းကောင်း အုပ်မိုးပေးဖို့ကြိုးစားလိုက်တိုင်း ပိုပိုပြီး လုပ်ရကိုင်ရ ခက်ခဲလာတာချည်းပဲ။ ဒက်ဒီ့ရဲ့ ခုလို ကို့ရို့ကားယားပုံပမ်းမကျနတဲ့ ဘ၀ကို သမီးတို့ကို မမြင်မတွေ့စေချင်ပါဘူး။ ခုတော့ မရှောင်နိုင်ပါဘူး၊ မင်းတို့ရဲ့ မာမီနဲ့ဒက်ဒီတို့အခြေအနေတွေ
ပိုပိုပြီးဆိုးဝါးလာနေပြီ။ ဒက်ဒီတို့က ဆယ်ကျော်သက်တွေလို ကတောက်ကဆဖြစ်ခဲ့ကြတာကို
သမီးတို့ မြင်တွေ့ခဲ့ကြပြီ။ အရာရာတိုင်းဟာ အကြောင်းပြချက်တစ်ခုကြောင့်
ဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပဲ ဖြစ်ဖြစ်လာတတ်တာပဲ။
သမီးရေ၊ ဘယ်တုံးကမှ ဒီလိုမရည်ရွယ်ခဲ့ပေမဲ့ မင်းရဲ့မာမီနဲ့ ဒက်ဒီတို့ အခြေအနေကောင်းကို မထိမ်းသိမ်းနိုင်တော့ပါဘူး။ ဒက်ဒီတို့ရဲ့ ရည်မှန်းချက်က ဘာတဲ့လဲ။

ဘာပဲဖြစ်ဖြစ်ပါ မစိုးရိမ်ပါနဲ့၊  ခေါင်းအေးအေးထားပြီး အိပ်လိုက်ကြပါဦး၊ တနေ့တော့ ဒက်ဒီတို့ ပြန်လည်သင့်မြတ်ကြမှာပါ။ အဲဒီနေ့ကျရင် ဒါဟာ အိမ်မက်တွေဖြစ်ကုန်ပါလိမ့်မယ်။

နှုတ်ဆိတ်နေတဲ့ သမီးလေးရေ၊ တိတ်တိတ်လေး မငိုကြွေးပါနဲ့တော့၊
အားလုံးကောင်းသွားမှာပါကွဲ့၊
နှုတ်ခမ်းတွေ တင်းတင်းစေ့ထားပေးပါ၊
ဒက်ဒီ - မင်းကို ထွေးပွေ့ဖို့ ဒီည အရောက်လာခဲ့မယ်၊
ခုတော့ မာမီ မရှိပါဘူး။ ဘာကြောင့်လဲ ဒက်ဒီတို့ မသိကြဘူးမဟုတ်လား၊
ဒက်ဒီတို့ရဲ့ အတွင်းစိတ်မှာ စူးစူးနစ်နစ် ခံစားနေရတာကိုတော့ ဒက်ဒီတို့ခံစားမိကြတာပဲ။
ရူးကြောင်ကြောင်ဖြစ်နေတဲ့သမီးအလှလေးရေ- ဒက်ဒီ ကတိပေးနိုင်တယ်ကွဲ့၊
မာမီ အားလုံးအဆင်ပြေမှာကိုပေါ့။

ဒါ ရီစရာပါပဲ
ပြန်သတိရမိပါသေးရဲ့ တနှစ်ကပေါ့၊ ဒက်ဒီ့မှာ ပိုက်ဆံ မရှိဘူး။ ခရစ်စမတ်ကာလဆိုတော့ မာမီက ခရစ်စမတ်လက်ဆောင်တွေကို သစ်ပင်မှာ သူ့ဘာသာချိတ်ဆွဲရင်း ဒက်ဒီပေးတဲ့ လက်ဆောင်တွေပါလို့ ပြောခဲ့တယ်။ ဒက်ဒီကတော့ တကယ့်ကို ဘာဆိုဘာမှ မ၀ယ်နိုင်ခဲ့ပါဘူး။
အဲဒီ ခရစ်စမတ်ကို ဒက်ဒီမမေ့ဘူး၊ ဒက်ဒီ က တေလေကြမ်းပိုးတစ်ယောက်ဖြစ်နေပြီလို့ ခံစားနေရပြီး အဲဒီသစ်ပင်ရှေ့ တညလုံးထိုင်ငိုနေခဲ့ရတယ်။ ဒက်ဒီ့မှာ အလုပ်တော့ရှိပါရဲ့၊ အဲဒီအလုပ်က သမီးနဲ့မာမီ စားဖို့ဟင်းလျာတွေ စားပွဲပေါ်တင်ပေးရတဲ့အလုပ်ပဲ မဟုတ်လား၊

အဲဒီအချိန် ဒက်ဒီတို့ရဲ့အိမ်တွေက မလုံခြုံတော့ တံခါးတွေရိုက်ချိုးပြီး လုယက်မဲ့သူတွေ ကျူးကျော်လာကြပါလေရော၊ သမီးရဲ့မာမီက ကရားကို ၀က်ရုပ်စုဗူးလုပ်လို့ ပိုက်ဆံတွေစုထားတယ်။ အဲဒီပိုက်ဆံတွေဟာ သမီးကြီးလာရင် ကောလိပ်ပို့မဲ့ ပိုက်ဆံတွေ၊ ဒေါ်လာတစ်ထောင်ခန့်ရှိမယ်၊ လူဆိုးတွေက အားလုံးယူသွားကြတယ်၊ ဒက်ဒီသိပါတယ်။
အဲဒီ အဖြစ်အပျက်ဟာ မာမီ့ကို စူးစူးနစ်နစ် ထိခိုက်သွားခဲ့တယ်ဆိုတာကိုပေါ့။ အဲဒီအချိန်ကစပြီး မာမီနဲ့ ဒက်ဒီ ဝေးကွာဖို့ စတင်လာခဲ့ကြတာပါပဲ။ မာမီနဲ့ ဒက်ဒီတို့ တချိန်လုံး ကတောက်ကဆ ဖြစ်ခဲ့ကြတယ်။ နောက်တော့ သမီးရဲ့မာမီက Chalmers က အိပ်ခန်းတစ်ခန်းပဲပါတဲ့ တိုက်ခန်းကို ပြောင်းနေသလို ဒက်ဒီကလဲ မာမီနဲ့ဝေးရာ တခြားတစ်နေရာဆီ Novora က 8 Mile ဆီ ဒက်ဒီ ထွက်သွားလိုက်တယ်။ အဲဒီနောက်ပိုင်း ဒက်ဒီရဲ့ CD ကိုယူပြီး ကယ်လီဖိုးနီးယားကိုသွားတယ်။ Dr.Dre နဲ့ တွေ့ဆုံဖြစ်တယ်။

မာမီနဲ့သမီး ဒက်ဒီ့ကိုတွေဖို့လိုက်လာကြတယ်ဆိုတာဒက်ဒီသိတယ်၊  ဒက်ဒီအလုပ်တွေ အများကြီးလုပ်ဖို့ရှိတယ်၊ အဲဒီတော့ အချိန်မပေးနိုင်တဲ့ ဒက်ဒီ့ကို မာမီကစွန့်ခွာခဲ့တယ်။
နောက်ပိုင်းမှာတော့ သမီး ဒက်ဒီ့ကို TV မှာ ဘွားကနဲမြင်လိုက်ရတယ်မဟုတ်လား၊
မာမီကတော့ ဒါကို မကြိုက်လှပါဘူး၊ သမီးနဲ့လိုင်နီကတော့ နားလည်နိုင်မှာ မဟုတ်သေးဘူး၊
ဒက်ဒီက လိမ့်နေတဲ့ဂေါ်လီတစ်လုံးလိုပဲ၊ မာမီကလဲ ဒက်ဒီနဲ့ဝေးကွာစေမယ့် အကြောင်းတရားတွေပဲ စိတ်အာရုံမှာ တချိန်လုံး မွေးမြူနေတော့တယ်။
သမီးလေး - ဒက်ဒီ တကယ် စိတ်မကောင်းပါဘူးကွယ်၊
ဒက်ဒီ အလုပ်နဲ့သက်သေပြဖို့ ကမ်းလှမ်းလာတဲ့ပထမဆုံးလက်တစ်ဖက်ကို လက်လွှတ်မခံနိုင်ဘူး၊
ဒက်ဒီလုပ်ချင်သမျှ အရာအားလုံးဟာ သမီးလေး ဂုဏ်ယူနိုင်ဖို့အတွက်ပါ။
အခုတော့ ဗလာဟင်းလင်း အိမ်ထဲမှာထိုင်ရင်း အတိတ်ကို ပြန်သတိရနေဖို့ပဲရှိတော့တယ်။
သမီး ငယ်ငယ်က ပုံလေးတွေကြည့်ရင်း သမီး ဘယ်လောက်တောင်ကြီးပြင်းလာပြီလဲဆိုတာ မြင်ချင်လှပါပြီ၊ သမီးတို့ဟာ ညီအမတွေလိုဖြစ်နေကြပြီလား၊ မှန်းဆကြည့်လိုက်ပါရစေဦး။

သိပ်လှတဲ့ သမီးငယ်လေးရေ ဒက်ဒီရောက်နေပြီ၊
လိုင်နီ မင်းကိုလဲ ပြောချင်ပါရဲ့ ဒက်ဒီ မင်းတို့အနားရောက်လာခဲ့ပြီ ကွဲ့။
ဒက်ဒီ သိပ်ကြိုက်တဲ့အသံတွေလဲကြားချင်လှပါရဲ့၊
လက်စွပ်တကွင်းလဲ ပါလာတယ်။
ရှုး- တိတ်တိတ်နေကြပါ - မာမီသွားတာ ခဏတာပါ။

ဟေလီ - သမီးသာအလိုရှိမယ်ဆိုရင် ဒက်ဒီ သမီးအတွက် တေးဆိုငှက် ပြောင်ချော်ချော်လေး
ဝယ်ပေးမယ်ကွဲ့၊
သမီးအတွက် ကမ္ဘာကြီးကိုလဲပေးပါမယ်၊
စိန်လက်စွပ်တစ်ကွင်း သမီးအတွက် ၀ယ်ပေးဦးမယ်၊
သီချင်းတစ်ပုဒ်လဲ သမီးအတွက် ဆိုပြပါရစေဦး၊
သမီးရဲ့အပြုံးကို မြင်ရဖို့ ဒက်ဒီ ဘာမဆို လုပ်ဝံ့ပါတယ်။
တေးဆိုငှက်လေးက သီချင်းမဆိုတတ်ဘူးဆိုရင်-
အဲဒီလက်စွပ်က စိန်ပွင့်လေး တလက်လက်တောက်ပမနေခဲ့ဘူးဆိုရင်-
အဲဒီ ငှက်ပြောင်ချော်လေးရဲ့ လည်ဂုတ်ကိုချိုးပစ်မယ်ကွဲ့၊
ပြီးတော့ ရတနာဆိုင်ကိုလဲ ပြန်သွားပြီး ခပ်မွဲမွဲလက်စွပ်ရောင်းလိုက်တဲ့လူကို
ရွှေချိန်တွေပဲ တချိန်လုံးမဆန့်မပြဲ ဆက်ပြီးဝါးမျိုနေဖို့ တစ်ခုခု လုပ်ပစ်ခဲ့မယ်ကွဲ့။

ဟား ဟား ဒက်ဒီ့ကို လာမညိလိုက်ပါနဲ့။           ။


နံရံဆေးခြယ်အနုပညာ သို့မဟုတ် Graffiti Art

(စာအဟောင်းပါပဲ၊ အဟောင်းတွေပဲ ပြန်ပြန်ကောက်တင်နေရတယ်၊ အသစ် မရေးနိုင်သေးလို့ပါ)
ဘဲလ်ဂရိတ် က Graffiti art တွေအကြောင်းရေးပါဦးမယ်၊ အချက်အလက်စုလိုက်ဦးမယ်
လူငယ်ထုရဲ့ ဂီတနဲ့ Graffiti
“Graffiti ဟာ စိတ်ထဲမှာရှိနေတဲ့ idea ကို skill မပါဘဲ လက်တန်းလုပ်ရတော့ မှုတ်ဆေးဘူးကိုင်တာ ကျွမ်းကျင်ရမယ်။ ‘ပြိုင်ဘက်’ ဗီစီဒီမှာ ကျွန်တော်တို့ ပထမဆုံး စသုံးခဲ့တယ်။ ဖန်တီးသူကတော့ Cyclone အဖွဲ့သားတစ်ယောက်ဖြစ်တဲ့ သုတအေး ပါ” လို့ Hip-Hop သမား တစ်ဦးဖြစ်တဲ့ `ဘာဘူ´ ကပြောဖူးပါတယ်။

မြန်မာပြည်ရဲ့ ဂီတအဖွဲ့အတော်များများဟာ လူငယ်များဖြစ်တဲ့အတိုင်း လူငယ်ထုရဲ့ ဆန်းသစ်တဲ့စိတ်ကူးတွေကို Active Painting အမျိုးအနွယ်ဖြစ်တဲ့ abstract, expressionism ပန်းချီရေးဟန်တွေရဲ့အောက်မှာ ပုံစံပြောင်း၊ ချုံ့ယူပြီး သရုပ်ဖော်ခွင့်ရတဲ့အတွက် Graffiti Art ဟာ မြန်မာလူငယ်ထုရဲ့ အနုပညာနှလုံးသားအတွင်း ကိန်းဝပ်နေခဲ့ပါပြီ။ အခုအခါ Live Show စင်မြင့်ဖျော်ဖြေပွဲတချို့ရဲ့ background တွေမှာ Graffiti Art နဲ့ stage design ပြင်ဆင်မွမ်းမံလာတာကို တွေ့နေရပါတယ်။

တကယ်တော့ Graffiti ဆိုတာ နံရံတွေပေါ်မှာ လက်ဆော့ပြီး ရေးခြစ်လိုက်တဲ့ ပုံတွေကိုခေါ်တာပါ။ တစ်နည်းအားဖြင့် ဒါဟာ ခေတ်ပေါ်အရပ်သုံးစကားဖြစ်ပြီး တစ်ကမ္ဘာလုံးမှာရှိနေတဲ့ အကြောင်းအရာတွေကို လျင်လျင်မြန်မြန် ခြုံငုံသိရှိနိုင်ခြင်းလို့လည်း အဓိပ္ပါယ်တွင်ပါတယ်။ လူငယ်တွေဟာ သူတို့ရဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်စိန်ခေါ်ရာမှာ မိမိရဲ့ အမည်ကို လူသိများအောင် နံရံများ၊ ကားများ၊ ရထားများ၊ မိမိတို့ရဲ့ အသုံးအဆောင်၊ ဦးထုပ်အင်္ကျီများမှာ ဆေးဘူးနဲ့ဖြန်းပက်ပြီး ဒီဇိုင်းဆင် ဖန်တီးရာကနေ Graffiti Art ဖြစ်ပေါ်လာခဲ့တယ်လို့ မှတ်သားသိရှိရပါတယ်။ ဒါကြောင့်ပဲ `ဘာဘူ´ ဆိုတဲ့ ဂီတသမားလူငယ်လေးက သူ့ရဲ့ `ပြိုင်ဘက်´ ဗီစီဒီမှာ Graffiti Art ကို အသုံးပြုလိုက်တာဟာ တနည်းအားဖြင့် သူ့ရဲ့ ယှဉ်ပြိုင်စိန်ခေါ်မှု ဂီတစွမ်းပကားကို ဖွင့်ထုတ်လိုက်တဲ့ သဘောလည်းဖြစ်ပါလိမ့်မယ်။

အစဦးပိုင်း Graffiti
Graffiti Art လို့ အမည်ရတဲ့ မှုတ်ဆေးဘူးတွေနဲ့ လက်တန်းပုံဖော်ရတဲ့ အနုပညာတစ်ရပ်ဟာ ၁၉၇၀ ပြည့်နှစ်
ဝန်းကျင်လောက်က New York မှာ စတင်ခေတ်စားလာတဲ့ အနုပညာပဲဖြစ်ပါတယ်။ မိမိဝန်းကျင်မှာရှိတဲ့ ကျယ်ပြောတဲ့ မြင်ကွင်းတွေရယ် မိမိစိတ်အတွင်းက ခံစားမှုအစုစုရယ်ကို ပေါင်းစပ်ပြီး သီးခြားအနုပညာလက်ရာတစ်ခုအဖြစ် ချုံ့ယူ၊ ပုံပြောင်းယူလိုက်တဲ့အခါ Graffiti Art ရယ်လို့ ပေါ်ပေါက်လာခဲ့ပါတယ်။ ခေတ်ပြိုင်ပန်းချီရဲ့ လွှမ်းမိုးမှုရှိပေမယ့် ဖန်တီးသူတွေရဲ့ အိုင်ဒီယာဆန်းသစ်မှု၊ မှုတ်ဆေးဘူးကိုင်တွယ်ရာမှာ ကျွမ်းကျင်ပါးနပ်မှု စတာတွေကြောင့် သီးခြားအနုပညာအမည်နာမတစ်ခုနဲ့ ယနေ့ထိရေရှည် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်မှာ The New York Times သတင်းစာကနေ စိတ်ဝင်တစားမေးမြန်းဖော်ပြရတဲ့အထိ ဆေးခြယ်မှု အနုပညာမှာ စိတ်ကူးကောင်း၊ ကျွမ်းကျင်လှတဲ့ Graffiti Art ရဲ့ ခေတ်ဦးအနုပညာရှင်ကတော့ Taki 183 ပါ။ အမည်ရင်း Demetrius ဆိုတဲ့ လူငယ်လေး Taki 183 ဟာ မြေအောက်ရထားလမ်းတွေရဲ့ နံရံတွေမှာ ဆေးရောင်စုံခြယ်နေခဲ့ခြင်းဖြင့် သူ့ရဲ့အနုပညာ အစပျိုးခဲ့ပါတယ်။ Taki နဲ့ ခေတ်ပြိုင် နာမည်ကျော်သူတွေကတော့ Joe 136, Barbara 62, Eel 159, Ank 135 နဲ့ Eva 62 တို့ပါပဲ။ “ကျွန်တော်တို့ရဲ့ နာမည်၊ လက်မှတ်နဲ့ စိတ်ကူးစိတ်သန်းတွေကို ပုံသဏ္ဍာန် ဆန်းဆန်းပြားပြား၊ ဆေးရောင်လှလှတွေနဲ့ ဆေးခြယ်မှုန်းတဲ့ကိစ္စဟာ နည်းစနစ်တွေနဲ့ အတိအကျ ရေးဆွဲရခြင်းမဟုတ်လို့ လွယ်ကူလိမ့်မယ်လို့ ထင်မြင်စရာရှိပေမယ့် တကယ်တော့ ထင်သလောက် မလွယ်ပါဘူး။ Graffiti Art ဟာ ဘယ်အနုပညာလောကမှာပဲဖြစ်ဖြစ်၊ လျင်မြန်ထိရောက်စွာ ဖွဲ့နွဲ့ပြီး၊ လူသိများ ကျော်ကြားစေတဲ့အတွက် အနုပညာလောကသားတွေ အထူးသဖြင့် လူငယ်အများစုက ဒီ Art ကို အင်မတန် သဘောကျလာခဲ့တာဗျ” ဒါကတော့ The New York Times သတင်းစာပါ အင်တာဗျုး ဆောင်းပါးထဲက ဖန်တီးရှင် Taki 183 ရဲ့ စကားတွေပါ။

၁၉၇၈ ခုနှစ်မှာ Lee Quinones ဟာ သူ့ရဲ့ အနီးဝန်းကျင် တစ်ဝိုက်မှာ ခြယ်မှုန်းရေးဆွဲနေခဲ့ရာက ဘရွတ်ကလင်းတံတား (Brooklym Bridge) အနီးတ၀ိုက်မှာလည်း စိတ်တိုင်းကျ ခြယ်မှုန်းနေခဲ့ပါတယ်။ သူဟာ Baseball ကစားကွင်းရဲ့နံရံတွေမှာလည်း ညစဉ် မအိပ်မနေရေးဆွဲနေခဲ့ပါတယ်။ Graffiti Art ကို ၀ါသနာထုံသူ Fab 5 Freddy ကလည်း Village Voice သတင်းစာမှာ ‘အသွင်ပြောင်းရေးဆွဲမှု အနုပညာ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ Graffiti Art အကြောင်း ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အားထုတ်မှုကို သိရှိသွားတဲ့ ရောမမြို့ Medusa ပြတိုက်ပိုင်ရှင် Claudio Brunt ဟာ Lee နဲက Fred တို့ရဲ့ လက်ရာတွေကို သူ့ရဲ့ ပြခန်းမှာ ပထမဆုံး ပြသစေခဲ့တယ်။ အဲဒီလို အနုပညာတစ်ရပ်အသွင် ချီးမြှင့်ပြသလိုက်တဲ့အတွက် ဒီ Graffiti Art ဟာ ပြည်သူလူထုကြားမှာ ပိုမိုထင်ရှားလာခဲ့ပါတယ်။ Graffiti ဟာ နံရံဆေးရေးပန်းချီ ဖြစ်တဲ့အတွက် နေရာလွတ် ရှားပါးလာခြင်း အခက်အခဲတွေကြောင့် ရှေးရိုး ရေးစဉ်ရေးနည်းကနေ အနည်းငယ်သွေဖည်ပြီး ငွေကြေးပိုမို ဖြုန်းတီးရတဲ့ အနုပညာအသွင် ဖန်တီးရဖို့ အကြောင်းဖန်လာပါတယ်။ အမှတ်တံဆိပ်စာလုံးတွေကို ပိုမိုပေါ်လွင်အောင် outline ခပ်ထူထူနဲ့ ဆေးများများသုံးပြီး ဆန်းသစ်ခြယ်မှုန်းခဲ့ကြတယ်။ အဲဒီ Graffiti ပုံစံသစ်ကို ‘Piece’ လို့ ကင်ပွန်းတပ်ကြပြန်ပါတယ်။

၁၉၇၃ ခုနှစ်မှာ အကောင်းဆုံး Garaffiti Art ခြယ်မှုန်းနိုင်သူကို The New York Times သတင်းစာကနေ လျှောက်လွှာခေါ်ယူ ပြိုင်ပွဲကျင်းပခဲ့ပါတယ်။ ဒီပြိုင်ပွဲရဲ့ ရလာဒ်ကတော့ စိတ်ကူးဆန်းပြားတဲ့ Graffiti အနုပညာရှင်တွေ များပြားစွာ ပေါ်ထွန်းလာခြင်းပါပဲ။ Graffiti Art ဟာ တဖြည်းဖြည်း ပျံ့နှံ့လာပြီး ၁၉၇၆ ခုနှစ်မှာတော့ ရထားတစ်စင်းလုံးကို ဆေးခြယ်ခဲ့သူတွေဖြစ်တဲ့ Caine 1 နဲ့ Fabulous Five အဖွဲ့တို့ဟာ နာမည်ကျော် နံရံဆေးမှုန်းပညာရှင်တွေ ဖြစ်လာခဲ့ကြတယ်။ Graffiti Art ကို ရူးသွပ်လာခဲ့ကြတဲ့ လူငယ်တွေက သူတို့ရဲ့ ကိုယ်ပိုင်ဒီဇိုင်း အသစ်အဆန်းတွေနဲ့ ဖန်တီးခြယ်မှုန်းနိုင်အောင် ကြိုးစားရင်းနဲ့ အမည်စာလုံးများ တစ်ခုနဲ့တစ်ခု ပူးကပ်ခြယ်မှုန်းရာမှာ Fullstop (.) နဲ့ Comma(,) တွေ ပါဝင်လာမှုကြောင့် အခက်အခဲ အဆင်မပြေမှုတွေ ကြုံကြရပြန်ပါတယ်။ ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ Phase 2 ဟာ သူ့ရဲ့ လက်ရာတွေမှာ (.) နဲ့ (,) တွေအစား arrow ကဲ့သို့ ဂရပ်ဖစ်ပုံသဏ္ဍာန်များနဲ့ ထည့်သွင်းခြယ်မှုန်းခြင်းအားဖြင့် စာလုံးတွေ ရှည်လျားအောင်ရေးဖို့ မလိုတော့ဘဲ အလွယ်တကူ နားလည်သဘောပေါက်နိုင်တယ်လို့ ယူဆခဲ့ကြပြီး အဲဒီနည်းလမ်းအသစ်ကိုတော့ Wild Style လို့ အမည်တွင်စေခဲ့ပါတယ်။ Graffiti Art ကို Style အမျိုးမျိုးနဲ့ ဖန်တီးခြယ်မှုန်းရာမှာ ကျော်ကြားခဲ့တဲ့ ခေတ်ဦးလူငယ်တွေကတော Hondo, Dead Leg နဲ့ Phase 2 တို့ပဲဖြစ်ပါတယ်။

ခေတ်လွန် Graffiti
၁၉၈၃ ခုနှစ်မှာ ဒတ်ခ်ျလူမျိုး ပန်းချီကား စုဆောင်း၊ ရောင်းဝယ်သူတစ်ဦးဟာ New York ကိုရောက်ရှိလာပြီး အရည်အချင်းရှိတဲ့ Graffiti Art ဆေးခြယ်မှုန်းသူ လူငယ်များကို ရှာဖွေစုစည်းခဲ့တယ်။ သူ့ရဲ ရည်ရွယ်ချက်ကတော့ Graffiti Art ဆိုတဲ့ လူငယ်ထုအတွင်းမှာ ရေပန်းစားနေတဲ့ အနုပညာတစ်ရပ်ကို ပြည်သူလူထုအတွင်း အရှိန်အဟုန်ကြီးစွာ ပျံ့နှံ့စေဖို့ပါပဲ။ ဥရောပ ဈေးကွက်အတွင်း ခင်းကျင်းချပြမယ်လို့လည်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Fashion Moda, The Mudd Club, The New Wave Show နဲ့ The Sun Gallery တို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြပွဲတွေမှာ ပါဝင်ခြယ်မှုန်းပြသခဲ့တဲ့ Graffiti ဖန်တီးရှင်များကတော့ Dondi, Crash, Ramellzee, Zephyr, Futura 2000, Quik, Lady Pink, Seen, Blade နဲ့ Bil Blast တို့ဖြစ်ပါတယ်။ ဒီလူငယ်လေးတွေကို စုစည်းပြီး Museum Boymans Van Beuningen မှာ Graffiti Art လက်ရာသက်သက်ပြပွဲ ကျင်းပခဲ့ရာမှာ မယုံကြည်နိုင်လောက်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့တယ်။

“Graffiti Art” ဟာ ပန်းချီမဟုတ်ပါဘူး၊ အရူးအနှမ်းလူငယ်လေးတွေရဲ့ ကပေါက်တိကပေါက်ချာ လက်ရာတွေပဲဗျာ” လို့ ချိုးချိုးဖဲ့ဖဲ့ ဝေဖန်ပြောဆိုဖူးတဲ့ ပန်းချီဝေဖန်ရေးသမားတွေဟာ အဲဒီပြပွဲကို ကြည့်ရှုအပြီးမှာတော့ သူတို့ရဲ့ ပါးစပ်တွေ ဟောင်းလောင်းပွင့်ကျသွားတဲ့အထိ ရင်သပ်ရှုမောဖြစ်သွားခဲ့ကြတယ်။ ပန်းချီကား ၀ယ်ယူစုဆောင်းသူတွေဆီကလည်း ကောင်းမွန်တဲ့ထင်မြင်ချက်တွေ အံ့ဘနန်းညံစီလာပါတယ်။ Graffiti Art ဟာ ခုဆိုရင် ပန်းချီကားလောကမှာ နံရံ ဆေးခြယ်အနုပညာအဖြစ် နေရာတစ်နေရာခိုင်ခိုင်မာမာ ရရှိခဲ့ပါပြီ။ နေရာရလာတာနဲ့အမျှ Graffiti Art ပညာရှင်များဟာလည်း အုပ်စုနှစ်စု ကွဲထွက်လာခဲ့ပါတယ်။ ပထမအုပ်စုကတော့ အနုပညာစစ်စစ်ကို နည်းပညာပိုင်းတွေနဲ့ ဆက်စပ်ပြီး တီထွင်ရေးခြယ် ဖန်တီးလိုသူများဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ Artwork တွေကို ဈေးကွက်ရှာ ရောင်းချနိုင်ဖို့ အခါအခွင့်မျှော်ကိုးနေကြသူများဖြစ်ပြီး အဲဒီလို ဈေးကွက်ဝင် ထင်ပေါ်ကျော်ကြားသူပညာရှင်များအဖြစ် မိမိကိုယ်မိမိ လက်မထောင် ၀င့်ကြွားလိုသူများလည်းဖြစ်ပါတယ်။

ဒုတိယအုပ်စုကတော့ နည်းပညာအသစ်နဲ့ ဈေးကွက်ဝင် ထင်ပေါ်ကျော်ကြားမှုကို စိတ်မ၀င်စားဘဲ နံရံတွေပေါ်မှာ ရှေးနည်းဟောင်းအတိုင်း ဆေးခြယ်မှုန်းဖို့ အမြဲတစေ ချဉ်းကပ် အားထုတ်နေကြသူများပဲ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ Artwork တွေကို ဈေးကွက်တင်ရောင်းချဖို့၊ ပြတိုက်တွေမှာ ခမ်းနားစွာခင်းကျင်းပြသဖို့ ဘာဆိုဘာမှ စိတ်မ၀င်စားကြပါဘူး။

ဒါကိုပဲ ပြည်သူလူထုရဲ့ ၀ိညာဉ်နှလုံးသားနဲ့ ထာဝရနီးစပ်မှုရှိနေမယ့် ယဉ်ကျေးမှုအနုပညာစစ်စစ် နံရံဆေးခြယ် အနုပညာပဲဖြစ်တယ်လို့ သတ်မှတ်ကြလေမလား။

အနာဂတ် Graffiti Art
မြန်မာပြည်က လူငယ်ဂီတအဖွဲ့တွေဟာ အခုအခါသူတို့ရဲ့ ဗီစီဒီတွေမှာ Graffiti Art များ ထည့်သွင်းရိုက်ကူးဖို့ အားသန်နေကြတာကြောင့် မှုတ်ဆေးဘူးသုံး၍ ပန်းချီရေးဆွဲမှု ကျွမ်းကျင်သူဖန်တီးရှင်များ ဈေးကွက်ပိုမိုရရှိလာနိုင်ကြောင်း၊ ဂီတစင်မြင့်ပွဲတွေရဲ့ Stage Decoration တွေမှာ လူငယ်များရဲ့ Graffiti Artwork များက ဈေးကွက်ဝေစု သိမ်းယူလာဖွယ်ရှိကြောင်း ဈေးကွက်ကျွမ်းကျင်သူ တေးထုတ်လုပ်ရေးတာဝန်ခံတစ်ဦးက သုံးသပ်ပြောဆိုတယ်လို့ သိရှိရပါတယ်။

Ref: Internet, 2005 April Living Color Magazine

 ဖြိုးဖြိုး
ပန်အနုပညာမဂ္ဂဇင်း၊
အမှတ် ၁၁ ၊ ၂၀၀၅ ဇူလိုင်လ

Tuesday, November 24, 2009

မိသားစုဆိုတာ ဘုရားကျောင်းလေးတစ်ခုပါ




မိသားစုဆိုတာဘုရားကျောင်းလေးတစ်ခုပါ လို့ ဆိုခဲ့ဖူးတဲ့ ဆားဘီးယန်းအော်သိုဒေါစ့်ခရစ်ယာန်ဂိုဏ်းချုပ် ပါဗလဲ ဟာ ထာဝရဘုရားရဲ့ အိမ်တော်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က အိပ်စက်သွားခဲ့ပါပြီ။ အသက်ထင်ရှားရှိစဉ်က လူတွေကြားထဲ ထင်ထင်ပေါ်ပေါ်သွားလာခဲ့ဖူးခြင်းမရှိတဲ့ ပါဗလဲ ရဲ့ ဈာပနအခမ်းအနား မှာ ပါဗလဲကိုရိုသေချစ်ခင်ကြတဲ့ လူပေါင်း ၆သိန်းကျော်လိုက်ပါပို့ဆောင်ခဲ့ကြတယ်။ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ဈာပန အခမ်အနားမှာ ဆားဘီးယား၊ မွန်တန်နီဂရိုး၊ ဘောစ့်စနီးယား ဟာဇီဂိုးဗီးနား၊ ခရိုးအေးရှား၊ နဲ့ အနီးပါတ်ဝန်းကျင်နိုင်ငံဆီက ပါဗလဲကိုချစ်တဲ့၊ ပါဗလဲက အမြဲချစ်ခင်ခဲ့တဲ့ သူတွေ ဘဲလ်ဂရိတ်မြို့ကို စုရုံးရောက်ရှိခဲ့ကြပါတယ်။ ခရစ်ယာန်ဂိုဏ်းချုပ် ပါဗလဲ ဟာ ဘာသာရေးအသိအမြင်ကြွယ်ဝသူ၊ သနားကြင်နာမှုအပြည့်ရှိသူ၊ ငြိမ်းချမ်းရေးကိုလိုလားသူ၊ အေးဆေးတည်ငြိမ်စွာနေထိုင်တတ်ပြီး ပွင့်လင်းတဲ့ နိုင်ငံရေးအသိအမြင်ရှိသူဖြစ်တယ် လို့ စာစောင်အသီးသီး ကရေးသားခဲ့ကြတယ်၊ ဘဲလ်ဂရိတ်သတင်းဌာနတွေမှာလဲ ပါဗလဲ ရဲ ဘ၀၊ ပါဗလဲ ရဲ့ အယူအဆ၊ သဘောတရား စကားလုံးတွေကို တချိန်လုံးလွှင့်ထုတ်ပြသခဲ့ကြတယ်။ ကလေးငယ်တွေကို ချစ်မြတ်နိုးတတ်သူဖြစ်ပြီး သူ့ရဲ့ သနားကြင်နာမှုကို အမြဲပြသလေ့ရှိတယ်၊ ကိုဆိုဗိုပြည်တွင်းစစ်ပွဲအတွင်း ဘုန်းကြီးတွေကို သရဲတစ္စေတွေအလား ပြောင်လှောင်နေကြတဲ့ အချိန်ကာလမှာ၊ ကိုဆိုဗိုကိုရောက်ရှိခဲ့တဲ့ ပါဗလဲဟာလဲ ကလေးငယ်တွေရဲ့ ပြောင်လှောင်မှု၊ လူကြီးတွေရဲ့ မလိုမုန်းထားရန်လိုမှုတွေကိုရင်ဆိုင်ခဲ့ရတယ်၊ တည်ငြိမ်အေးဆေးစွာ လက်ခံခဲ့တယ်၊ ကလေးငယ်တွေရဲ့ပြောင်လှောင်မှုကို သကြားလုံးတွေပေးဝေရင်း တခဏတာငြိမ်သက်အေးချမ်းစေခဲ့တယ်။ ကလေးငယ်တွေ ငြိမ်သက်နေစဉ်အချိန်အတွင်း အဖြူရောင်ကလေးငယ်တွေကိုကြည့်ရင်း သူ အင်မတန်ပျော်ရွှင်နေခဲ့တယ်။ လူကြီးတွေရဲ့ အမုန်းတရား၊ တိုက်ခိုက်ဖျက်ဆီးလိုတဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေကို ငြိမ်ချမ်းအေးဆေးသွားစေလိုခဲ့တယ်။ ဘဲလ်ကန်လူမျိုးစုစစ်ပွဲတွေအတွင်းနဲ့ အသက်ရှင်နေစဉ်ကာလတစ်လျှောက်လုံး ငြိမ်းချမ်းရေးအတွက် တတ်စွမ်းသလောက်ကြိုးပမ်းသွားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်ကို တွေ့ဆုံသွားလိုတဲ့ဆန္ဒအမြဲရှိနေခဲ့ပေမဲ့ တသီးတခြားနေလိုတဲ့ အော်သိုဒေါစ့်ခရစ်ယာန်ဘုန်းကြီးတွေရဲ့ အယူအဆကြောင့် သူ့ရဲ ဆန္ဒ မပြည့်ခဲ့ရှာပါဘူး၊ ပါဗလဲငယ်ရွယ်စဉ် ဘုရားကျောင်းတစ်ခုမှာ ဧည့်သည်အဖြစ်ရောက်ရှိစဉ်က ခေတ္တနေထိုင်ခဲ့တဲ့အခန်းတွင်း မီးလုံးကိုဖြုတ်ကာ သူ ယူဆောင်လာခဲ့တဲ့ ဗို့အားအလွန်နည်းပါးတဲ့ မီးသီးကို ပြောင်းလဲတပ်လို့ မိမိအတွက်ဝန်ကို တတ်စွမ်းသမျှချွေတာစေခဲ့သူမျိုး ဖြစ်တယ်၊

စိတ်နှလုံးနူးညံ့သူ၊ ၀ိညာဉ်တော်ဖြူစင်သန့်ရှင်းသူ ခရစ်ယာန်ဂိုဏ်းချုပ်ပါဗလဲ ကို လေးစားချစ်ခင်မိတာကြောင့် ရေးဖြစ်ခဲ့ပါတယ်။ အချိန်တိုအတွင်း လက်လမ်းမှီသလောက်ရှာဖွေ၊ မေးမြန်းရေးသားလိုက်ရတာကြောင့် လိုအပ်တာတွေရှိနေဦးမယ်ဆိုတာ ကြိုတင်ဝန်ခံထားပါရစေ၊ ပါဗလဲရဲ့ စကားတွေ၊ ပါဗလဲကိုချစ်ခင်တဲ့ သိက္ခာတော်ရဆရာ၊ ဂိုဏ်းချုပ်တွေရဲ့ ပြောစကားတွေ အများကြီးရှိနေပါသေးတယ်၊ မီဒီယာတွေက ဖော်ပြခဲ့ကြတဲ့ ပါဗလဲရဲ့ဘ၀ဇတ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုတွေ အကုန်မဖော်ပြနိုင်လိုက်ပါဘူး၊ လိုအပ်ချက်တွေအတွက် ဒီပိုစ့်ကို ရေးသားသူရဲ့ တာဝန်သာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကိုတည်ဆောက်သူ အော်သိုဒေါစ့်ခရစ်ယာန်ဂိုဏ်းချုပ်ပါဗလဲ(Patriarch Pavle)ရဲ့ ငယ်ရွယ်စဉ်ဘဝ
အော်သိုဒေါစ့်ခရစ်ယာန်ဂိုဏ်းချုပ်ပါဗလဲ ရဲ့ အမည်ရင်းက ဂေါ့ရ်ကောစတောရ်ချဲဗစ်ခ်ျ(Gojko Stojčević) ဖြစ်ပြီး ဒီနေ့ ခရိုအေးရှားနိုင်ငံဖြစ်နေတဲ့ ဒွန်ရီမီဟိုလ်ရက်စ်(Donji Miholjac)အနီး ကူချန်စီ(kućanci) မြို့လေးမှာ ၁၉၁၄ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က မွေးဖွားခဲ့တယ်။ ငယ်ငယ်တည်းက မိဘနှစ်ပါးနဲ့ဝေးကွာခဲ့ပြီး အဒေါ်ကစောင့်ရှောက်ခဲ့တယ်၊ နောက်တော့ ဆာရာရေဗိုမြို့၊ ခရစ်ယာန်ဘာသာရေးတက္ကသိုလ်မှာ ပညာဆက်သင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဆားဘီးယားနိုင်ငံအနောက်ပိုင်း အနောက်မိုရာဗာမြစ် (West Morava) ဒေသက တောင်ကြားလေးမှာရှိတဲ့ အော့ဗ်ချာမြို့က Holy Trinity ဘုရားကျောင်းမှာသွာရောက်ခိုလှုံနေခဲ့တယ်။ နောက်ပိုင်းမှာတော့ ဘဲလ်ဂရိတ်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ စစ်ကြီးအပြီး ဆောက်လုပ်ရေးလုပ်သားအဖြစ်လဲလုပ်ကိုင်ခဲ့တယ်။ ၁၉၄၄ခုနှစ်ဝန်းကျင်မှာ တီဘီအဆုတ်နာရောဂါဖြစ်ပွားလာခဲ့ပြီး ဗူရန်န်(Vujan)ဘုရားကျောင်းရှိ Saint ရုပ်ကလာဂ် ရှေ့မှာ ၂နှစ်ကျော်ကြာ ဘုရားသခင်ထံ နေ့စဉ်ဆုတောင်းပြီး  ရောဂါကိုကုသခဲ့တယ်၊ အဲဒီခေတ်က ကပ်ရောဂါလိုဖြစ်နေတဲ့ တီဘီအဆုတ်နာရောဂါပျောက်ကင်းခဲ့ပါတယ်၊ ၁၉၄၆မှာတော့ အော့ဗ်ချာက ဘလာဂိုဗဲရှတန်းရဲဘုန်းကြီးကျောင်းမှာ သိက္ခာတော်ခံယူခဲ့တယ်။ ဘုန်းကြီးအမည်က ပါဗလဲ(Pavle) အင်္ဂလိပ်အမည် Paul ပါ။ ဗျာဒိတ်တော်အရ ဘုန်းကြီး hierodeacon ဖြစ်လာခဲ့တယ်။ (လက်ထပ်ခြင်းမရှိ၊ ၀တ်ရုံတော် အနက်ဝတ် ဘုန်းကြီး(monk) ပါ၊ hierodeacon နဲ့ပတ်သက်ပြီး အကုန်နားမလည်နိုင်သေးပါဘူး၊ လေ့လာဆဲမို့ လွဲမှားတာရှိရင်နားလည်ပေးစေလိုပါတယ်)၊ ၁၉၄၉-၁၉၅၅ ခုနှစ်အတွင်း ရာချာဘုန်းကြီးကျောင်းမှာကျောင်းထိုင်ခဲ့တယ်၊ အဲဒီနှစ်မှာပဲ ဂိုဏ်းအုပ်ဆရာတော်(Bishop)တွေရဲ့ ဂိုဏ်းချုပ်ဖြစ်ခဲ့တယ်။ ၁၉၅၇မှာ ကျောင်းထိုင်ဘုန်းကြီးဖြစ်လာတယ်။ ၁၉၅၅နဲ့ ၁၉၅၇ခုနှစ်မှာ ဂရိနိုင်ငံ၊ အေသင်မြို့မှာ ဘွဲ့လွန်ပညာဆက်သင်ခဲ့တယ်၊ ဂရိက ပြန်လာပြီးတဲ့အခါ ကိုဆိုဗိုဒေသအားလုံးအပါအ၀င် ရာစ့်နဲ့ ပရီဇ့်ရန်း (Ras and Prizren)ဒေသတွေရဲ့ ဂိုဏ်းအုပ်ဆရာတော်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ ခရစ်ယာန်ဂိုဏ်းချုပ်(Patriarch) မဖြစ်ခင် ၃၃နှစ်ကြာ ဂိုဏ်းအုပ်ဆရာတော်ဖြစ်ခဲ့တယ်။ငယ်ငယ်တည်းက မိဘနှစ်ပါးနဲ့ဝေးကွာခဲ့ပြီး အဒေါ်ကစောင့်ရှောက်ခဲ့တယ်၊ နောက်တော့ ဆာရာရေဗိုမြို့၊ ခရစ်ယာန်ဘာသာရေးတက္ကသိုလ်မှာ ပညာဆက်သင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဆားဘီးယားနိုင်ငံအနောက်ပိုင်း အနောက်မိုရာဗာမြစ် (West Morava) ဒေသက တောင်ကြားလေးမှာရှိတဲ့ အော့ဗ်ချာမြို့က Holy Trinity ဘုရားကျောင်းမှာသွာရောက်ခိုလှုံနေခဲ့တယ်။ နောက်ပိုင်းမှာတော့ ဘဲလ်ဂရိတ်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ စစ်ကြီးအပြီး ဆောက်လုပ်ရေးလုပ်သားအဖြစ်လဲလုပ်ကိုင်ခဲ့တယ်။ ၁၉၄၄ခုနှစ်ဝန်းကျင်မှာ တီဘီအဆုတ်နာရောဂါဖြစ်ပွားလာခဲ့ပြီး ဗူရန်န်(Vujan)ဘုရားကျောင်းရှိ Saint ရုပ်ကလာဂ် ရှေ့မှာ ၂နှစ်ကျော်ကြာ ဘုရားသခင်ထံ နေ့စဉ်ဆုတောင်းပြီး  ရောဂါကိုကုသခဲ့တယ်၊ အဲဒီခေတ်က ကပ်ရောဂါလိုဖြစ်နေတဲ့ တီဘီအဆုတ်နာရောဂါပျောက်ကင်းခဲ့ပါတယ်၊ ၁၉၄၆မှာတော့ အော့ဗ်ချာက ဘလာဂိုဗဲရှတန်းရဲဘုန်းကြီးကျောင်းမှာ သိက္ခာတော်ခံယူခဲ့တယ်။ ဘုန်းကြီးအမည်က ပါဗလဲ(Pavle) အင်္ဂလိပ်အမည် Paul ပါ။ ဗျာဒိတ်တော်အရ ဘုန်းကြီး hierodeacon ဖြစ်လာခဲ့တယ်။ (လက်ထပ်ခြင်းမရှိ၊ ၀တ်ရုံတော် အနက်ဝတ် ဘုန်းကြီး(monk) ပါ၊ hierodeacon နဲ့ပတ်သက်ပြီး အကုန်နားမလည်နိုင်သေးပါဘူး၊ လေ့လာဆဲမို့ လွဲမှားတာရှိရင်နားလည်ပေးစေလိုပါတယ်)၊ ၁၉၄၉-၁၉၅၅ ခုနှစ်အတွင်း ရာချာဘုန်းကြီးကျောင်းမှာကျောင်းထိုင်ခဲ့တယ်၊ အဲဒီနှစ်မှာပဲ ဂိုဏ်းအုပ်ဆရာတော်(Bishop)တွေရဲ့ ဂိုဏ်းချုပ်ဖြစ်ခဲ့တယ်။ ၁၉၅၇မှာ ကျောင်းထိုင်ဘုန်းကြီးဖြစ်လာတယ်။ ၁၉၅၅နဲ့ ၁၉၅၇ခုနှစ်မှာ ဂရိနိုင်ငံ၊ အေသင်မြို့မှာ ဘွဲ့လွန်ပညာဆက်သင်ခဲ့တယ်၊ ဂရိက ပြန်လာပြီးတဲ့အခါ ကိုဆိုဗိုဒေသအားလုံးအပါအ၀င် ရာစ့်နဲ့ ပရီဇ့်ရန်း (Ras and Prizren)ဒေသတွေရဲ့ ဂိုဏ်းအုပ်ဆရာတော်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ ခရစ်ယာန်ဂိုဏ်းချုပ်(Patriarch) မဖြစ်ခင် ၃၃နှစ်ကြာ ဂိုဏ်းအုပ်ဆရာတော်ဖြစ်ခဲ့တယ်။ 

ဘာသာရေးခေါင်းဆောင်အဖြစ်
ရာစ့်နဲ့ ပရီဇ့်ရန်း (Ras and Prizren)ဒေသတွေရဲ့ ဂိုဏ်းအုပ်ဆရာတော်အဖြစ်တာဝန်ယူစဉ် ဘုရားကျောင်းအသစ်ပေါင်းများစွာတည်ဆောက်ဖို့၊ ဘုရားကျောင်းဟောင်းတွေပြုပြင်မွမ်းမံဖို့ ကူညီခဲ့တယ်၊ သူ့ရဲ့ အချိန်တော်တော်များများမှာ လူတွေနဲ့တွေ့ဆုံဖို့ ခရီးတွေသွားလာခဲ့တယ်၊ စာတွေရေးသားခဲ့ပါတယ်၊ ဘုရားကျောင်းတွေမှာ ကျမ်းစာသင်ကြားပေးခဲ့တယ်၊ ကိုဆိုဗိုမှာ ၃၃နှစ်ကြာနေထိုင်ခဲ့ပြီး ၁၉၉၀မှာ Patriarch of Serbia အဖြစ်ရွေးချယ်ခံခဲ့ရတယ်။ ၁၉၉၀ ဒီဇင်ဘာ၂ရက်နေ့က စပြီး ဘဲလ်ဂရိတ် St.Michael's Cathedral ဘုရားကျောင်းမှာကျောင်းထိုင်ခဲ့တယ်၊ ပါဗလဲရဲ့ မာန်မာနကင်းပြီး စိတ်သဘောထားနူးညံ့ပျော့ပြောင်းမှုဟာ သူ့ရဲ့ အထင်ရှားဆုံး ဂုဏ်ဒြပ်ပါပဲ၊ ဆားဘီးယန်းအော်သိုဒေါ့စ်ဘုရားကျောင်းက ဘုန်းကြီးတွေမှာ အဆင့်မြင့်ကားတွေရှိနေကြပေမဲ့ ပါဗလဲ မှာတော့မရှိပါဘူး၊ 'လမ်းလျှောက်သူတော်စင်'လို့နာမည်ကြီးပါတယ်၊ စစ်ပွဲတွေအတွင်း တစ်လျှောက်လုံး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့တယ်။


ဈာပန အခမ်းအနား
အသက်ထင်ရှားရှိစဉ်က လူတွေကြားထဲ ထင်ထင်ပေါ်ပေါ်သွားလာခဲ့ဖူးခြင်းမရှိတဲ့ ပါဗလဲ ရဲ့ ဈာပနအခမ်းအနားမှာ ပါဗလဲကိုရိုသေချစ်ခင်ကြတဲ့ လူပေါင်း ၆သိန်းကျော်လိုက်ပါပို့ဆောင်ခဲ့ကြတယ်။ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ဈာပန အခမ်အနားမှာ ဆားဘီးယား၊ မွန်တန်နီဂရိုး၊ ဘောစ့်စနီးယား ဟာဇီဂိုးဗီးနား၊ ခရိုးအေးရှား၊ နဲ့ အနီးပါတ်ဝန်းကျင်နိုင်ငံဆီက ပါဗလဲကိုချစ်တဲ့၊ ပါဗလဲက အမြဲချစ်ခင်ခဲ့တဲ့ သူတွေ ဘဲလ်ဂရိတ်မြို့ကို စုရုံးရောက်ရှိခဲ့ကြပါတယ်။ ဘဲလ်ဂရိတ်လမ်းတွေပေါ်မှာလူတွေ ပြည့်သိပ်နေခဲ့ပါတယ်၊
စိန့်ဆာဗာဘုရားကျောင်းရှေ့ ရင်ပြင်မှာ ရုပ်ကလာပ်ကို ခေတ္တရပ်နားပြီး ဆုတောင်းခဲ့ကြတယ်၊ ရိုမေနီးယား၊ ဂရိစ်  ဂိုဏ်းအုပ်ဘုန်းကြီး တွေက ဘာသာစကား ရိုမေနီးယား၊ ဂရိစ်ဘာသာတွေနဲ့ ဆုတောင်းခဲ့ကြတယ်၊ ဈာပနာအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ဆားဘီးယားသမ္မတ ဘောရစ်တာဒစ် က ပါဗလဲ ပြောခဲ့ဖူးတဲ့စကား "မေတ္တာဂရုဏာတရားပြည့်ဝကြဖို့၊ မကောင်းဆိုးဝါးဝိညာဉ်ပူးကပ်နေတဲ့ သူများရဲ့ ရန်လိုတိုက်ခိုက်မှုတွေကို လက်တုန့်ပြန်ခြင်း ဘယ်တော့မှ မပြုလုပ်ကြဖို့" ကို ပြန်လည်ချီးမြောက်ပြောဆိုခဲ့တယ်။
သမ္မတတာဒစ်က အခုလို ပြောကြားခဲ့တယ်။  "ကြီးမြတ်လှတဲ့ ဂိုဏ်းချုပ်ပါဗလဲရဲ့ ကျေးဇူးတော်ကိုကျွန်တော် ပြန်လည်ချီးမွန်း ဖော်ပြသလို ပါဗလဲရဲ့ မေတ္တာတော်ကြီးမားလှတဲ့ လေးနက်တည်ကြည်တဲ့စကားလုံးတွေ တည်ရှိနေပြီးသား ဆားဘီးယန်းနိုင်ငံသားတွေရဲ့ သဘောထားကိုလဲ အားလုံးကို မျှဝေပေးလိုက်တာလို့ ကျွန်တော်ယုံကြည်ပါတယ်"လို့ဆိုတယ်။
စိန့်ဆာဗာဘုရားကျောင်းကို တပတ်လှည့်လည်ကြတယ်၊ ခေါင်းလောင်းသံအေးအေး တချိန်လုံးတီးနေခဲ့ပါတယ်၊ ဘုရားကျောင်းဝတ်ပြုအဖွဲ့ကလဲ ချိုအေးလှတဲ့ဆုမွန်ကောင်းတောင်းတဲ့ သီချင်းတွေရွတ်ဆိုခဲ့ကြတယ်။ ရင်ပြင်မှာ တပတ်လှည့်လည်ပြီးတဲ့အခါ ရုပ်ကလာပ်ကို မြို့ထဲ လမ်းမတလျှောက် သယ်ဆောင်ရင်း ပါဗလဲရဲ့ ဆန္ဒအတိုင်း ဘဲလ်ဂရိတ်မြို့စွန်နားက ရာကိုဗစ်ဆာဘုရားကျောင်းမှာ မြုပ်နှံခဲ့ပါတယ်။

ပါဗလဲရဲ့ စကားများ
“စိတ်ပိုင်းဆိုင်ရာ အားနည်းသူတွေဟာ ခက်ခဲ့ကြမ်းတမ်းတဲ့အချိန်တွေမှာ မကောင်းဆိုးဝါးတွေရဲ့ တိုက်ခိုက်မှုက လွတ်မြောက်ဖို့၊ ကြံ့ကြံ့ခံဖို့ ခံနိုင်ရည်မရှိကြဘူး၊ စိတ်ပိုင်းဆိုင်ရာ အားကြီးသူတွေကတော့ အမှန်တရားကို ဆုတ်ကိုင်ထားပြီး မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ဖို့ ရုန်းကန်နိုင်ကြတယ်”

“မကောင်းဆိုးဝါးဆန်တဲ့လူသားတွေကိုကာကွယ်သင့်တယ်၊ ပြီးတော့ ပိုပြီးဂရုစိုက်ရမှာက ကိုယ်တိုင်းမကောင်းဆိုးဝါးဆန်တဲ့သူ ဖြစ်မသွားဖို့ပါပဲ”

“ဒီကမ္ဘာကြီးမှာ မုသား၊ တရားမဲ့မှု နဲ့ အမုန်းတရားတွေ ပမာဏအများကြီးရှိစေဦးတော့ အမှန်တရား၊ တရားမျှတမှုနဲ့ ချစ်ခြင်းမေတ္တာ ကတော့ စွမ်းအားပိုကြီးမားပါတယ် ”

“ရန်သူတွေဖြစ်နေပါစေ၊ သင် ဘုရားသခင်ဆီမှာ သူတို့အတွက် ဆုတောင်းပေးပါ၊ သူတို့ဘာတွေ လုပ်ဆောင်နေသလဲဆိုတာ သူတို့ကိုယ်တိုင်သိမြင်လာစေဖို့ ဆုတောင်းပေးပါ”

“တခြားသူတွေဆီကလာတဲ့မကောင်းဆိုးဝါးဟာ သင့်ရဲ့အတွင်းသဏ္ဍန်မှာ ခိုကပ်နေတဲ့ မကောင်းဆိုးဝါးလောက်ကုသရမခက်ပါဘူး”

“ဘယ်သူ့ကိုမှ တရားစီရင်မနေပါနဲ့၊ နားလည်ဖို့သာ ကြိုးစားကြည့်ပါ”

“ကျွန်တော်တို့ ဘုရားသခင်နဲ့ဝေးကွာနေရင်၊ ကျွန်တော်တို့အချင်းချင်းလဲ ဝေးကွားနေကြမှာပါပဲ”

“ကျွန်တော် ဆားဘီးယားနိုင်ငံကို စစ်ပွဲအတွင်း မပျက်သုဉ်းဖို့ ဆာ့ဘ်တွေကို ဦးဆောင်ကြဖို့ပြောခဲ့တယ်၊ ဒါပေမဲ့ ဆားဘီးယားနိုင်ငံကြီးကို မပျက်ဆီးရလေအောင်ထိမ်းသိမ်းဖို့ ရာဇ၀တ်မှုတွေ လိုအပ်မယ်ဆို၊ ဆားဘီးယားနိုင်ငံပျောက်သွားစေဦးတော့ ကျွန်တော်ငြင်းပါမယ်၊ ဆားဘီးယားဒေသသေးသေးလေး ကာကွယ်ဖို့ ရာဇ၀တ်မှုတွေလိုအပ်မယ်ဆို၊ ဒီဆားဘီးယားဒေသသေးသေးလေးအတွက်ပဲဖြစ်ပစေ၊ ကျွန်တော်ထပ်ပြီး ငြင်းဆန်ပါဦးမယ်၊ ဆာ့ဘ်တစ်ဦးချင်းဆီမှာ ကိုယ်တိုင်ကာကွယ်ဖို့ ရာဇ၀တ်မှုလိုအပ်နေဦးမယ်ဆို ကျွန်တော်တို့အားလုံးပျောက်ဆုံးသွားပါစေ၊ ကျွန်တော် ဒါကို ထပ်ပြီး ငြင်းဆန်ရပါဦးမယ်”

ပါဗလဲ ရေးသားခဲ့တဲ့ စာအုပ်များ
Monograph on the monastery of Devic (၁၉၇၂ ခုနှစ်မှာ ထုတ်ဝေခဲ့)
To be clearer to us some questions of our faith (၁၉၉၈ ခုနှစ်)
Prayers and requests (၁၉၉၈ခုနှစ်)

ပါဗလဲ ရဲ့ အလေ့အထ
တီဗီ၊ ရေဒီယိုအသုံးမပြုပါဘူး၊ သတင်းစာဖတ်လေ့ရှိတယ်၊ အိမ်သုံးပစ္စည်းတွေကိုယ်တိုင် ပြင်ဆင်အသုံးပြုတယ်၊ ရှုးဖိနပ်၊ မှန်ချပ်၊ တံခါး စတဲ့ အသုံးအဆောင်တွေကအစ တကိုယ်ရေသုံးပစ္စည်းတွေ ကိုယ်တိုင်ပြုလုပ်သုံးစွဲတတ်တယ်၊ အခန်းတွေက ပြန်ထွက်တဲ့အခါ မီးလုံးတွေကို အမြဲပိတ်သွားလေ့ရှိတယ်၊ တတ်နိုင်သမျှ လမ်းလျှောက်သွားလေ့ရှိတယ်၊ စိစစ်ချွေတာသူဖြစ်ပေမဲ့ ကပ်စေးနည်းသူတစ်ယောက် မဟုတ်ပါဘူး၊ မီးဖိုဆောင်မှာ ချက်ပြုတ်ဖို့လဲ တတ်ကျွမ်းသူဖြစ်တယ်၊ မနက်စောစောတွေမှာ  လှေကားထစ်တွေဆေးကြောနေတတ်တဲ့ ပါဗလဲ ကို အလုပ်သမားတော်တော်များများမြင်ဖူးကြတယ်။ သူပြောတာက "လူသားတွေရဲ့တာဝန်ကို ကိုယ်တိုင်လုပ်ကိုင်နေတာပါပဲ၊ ဘာမှ မခက်ပါဘူး၊ မဆန်းကြယ်ပါဘူး” တဲ့

ပါဗလဲ ဆန့်ကျင်တာက
တန်းဘိုးကြီးကားတွေကိုသူမလိုလားပါဘူး၊ တန်ဘိုးကြီးမှ မဟုတ် သူ့မှာ သာမန်ကားတစ်စီးတောင်မှ ရှိမနေပါဘူး၊ ဆေးလိပ်သောက်တာဆန့်ကျင်သူဖြစ်တယ်၊ ကြွယ်ဝချမ်းသာလိုမှုအတွက် ဆန္ဒပြမှုတွေကိုမကြိုက်ပါဘူး၊ ပါဗလဲ ပတ်ဝန်းကျင်မှာရှိနေတဲ့ ပါဗလဲကို ချစ်မြတ်နိုးသူတွေ သူ့အတွက် ၀န်ပိနေမှာကို မလိုလားဘူး၊ ရှုးဖိနပ်ကိုယ်တိုင်ချုပ်၊ ဟင်းကိုယ်တိုင်ချက်ပြုတ်တတ်တယ်၊ ဆားဘီးယန်းအော်သိုဒေါစ့်ဘုရားကျောင်းရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ကိုယ်တိုင် စည်းကမ်းတင်းကျပ်စွာ နေထိုင်လေ့ရှိပေမဲ့ နိုင်ငံသားတွေအပေါ် ပျော့ပြောင်းနူးညံ့စွာဆက်ဆံတယ်၊ အားလုံးကို ကြိုဆိုပြီး မာန်မာနမရှိပေါင်းသင်းဆက်ဆံပါတယ်။

ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာရှိနေကြတဲ့ ငြိမ်းချမ်းရေးကိုလိုလားသူ၊ ထူးခြားလှတဲ့သူတွေထဲက တစ်ယောက် ခရစ်ယာန်ဂိုဏ်းချုပ်ပါဗလဲကို ဂုဏ်ယူစွာနှုတ်ဆက်ရင်း၊ ထာဝရဘုရားသခင်အတွက် ဒီဆောင်းပါးနဲ့ သက်သေခံလိုက်ပါတယ်။ 

Sunday, November 8, 2009

နှင်းကျတဲ့နေ့က ကျွန်မ ပျော်ရွှင်ခဲ့တယ်

နှင်း ဖြူဖြူလေးတွေ ဘယ်တော့ကျလာမှာတဲ့လဲ၊ ဒီလို ခဏခဏ မေးရင်း ခဏခဏတွေးရင်း ရာသီဥတုက ပိုလို့ ပိုလို့အေးလာပါပြီ၊ ကျွန်မနေတဲ့မြို့ဆိုတာက နှင်းမကျတတ်ဘူး၊  နှင်းဖြူဖြူလေးတွေကို ဓါတ်ပုံတွေတဲမှာမြင်ရတိုင်း ကိုင်ကြည့်ချင်တဲ့ စိတ်က တားမနိုင်ဆီးမရ၊
“ကဲ နဲရှောရေ ဘယ်မှာလဲ .. ယူ ပြောတဲ့ နှင်းတွေက.. ဒီရက်ပိုင်းတွေမှာ ကျလာလိမ့်မယ်ဆို၊ နေပူလိုက်၊ လေတိုက်လိုက်၊ မိုးရွာလိုက်နဲ့၊ နှင်းကျရင် နှင်းတွေထဲ လိုက်ပို့ပေးရမယ်နော်” ဒီလိုမျိုးပဲ..
ကျွန်မနေ့တိုင်းလိုလို သူ့ကို ပူဆာနေကျပေါ့ .. နှင်းကတော့ ကျမလာသေးပါဘူး ..
အိပ်ရာကနိုးတိုင်း ပထမဆုံး မျက်လုံးတွေက ပြတင်းတံခါးဝဆီကို ၊ ပြီးတော့ ခန်းဆီးစကို ဆွဲမ၊ ဟင်း .. ဒီနေ့လဲ ကောင်းကင်ဖြူပိန်းပိန်းမှာ အဖြူရောင်သိပ်သိပ်မြူတွေပဲပြည့်လို့၊ ဒီလိုပဲ ဒီလိုပဲ နေ့တွေများလှပီ၊ ဘယ်မှာလဲ နှင်းစက်လေးတွေက၊

အဲဒီနေ့ကတော့ ခပ်စောစောအိပ်ရာကနိုးနှင့်နေပြီ၊
မိုးစက်လေးတွေ သေးသေးမွှားမွှား တဖွားဖွားလွင့်လို့၊ လေကလဲ ဟိုကဒီက ဝေ့၀ဲတိုက်ခတ်လို့၊ ပြတင်းပေါက်ဆီက အဖြူ အနီ ပန်းပင်လေးတွေ က လေတွေတိုက်လို့ ခပ်ခါခါ၊
သူ ကပြောတယ် “မပြောနိုင်ဘူး၊ ဒီမိုးစက်သေးသေးလေးတွေက နှင်းမှုန်လေးတွေ ဖြစ်သွားလိမ့်မယ်၊ ဒါ နှင်းစက်လေးတွေဖြစ်နိုင်တယ်” တဲ့။
ဟာ ဒါနှင်းမှုန်လေးတွေ .. ဘယ်လိုပဲ ကြည့်ကြည့် မိုးဖွဲဖွဲလေးရွာနေတာပါပဲ၊ သူ ကျွန်မစိတ်ကျေနပ်အောင်ပြောတာပဲဖြစ်ရမယ်။


ကျွန်မလဲ ရေချိုး၊ ပြီး ကွန်ပျူတာဖွင့် အင်တာနက်ကြည့်၊ ဂျီတော့ခ်မှာ အားတဲ့သူငယ်ချင်းတွေတွေ့ရင် စကားပြော၊ မေးလ် စစ်၊ ဘီဘီစီ၊စီအန်အန် ခေါင်းကြီးသတင်းတွေဟိုဟိုဒီဒီအပြေးဝင်ဖတ်၊ ခဏတော့ ကောင်းကင်ဖြူဖြူကြီးကိုမေ့လို့၊ နဲရှောကလဲ သူ့အဖေနဲ့ အလုပ်တွေရှုပ်လို့ သစ်သားဖြတ်စက်လေးနဲ့ ခုံလေးတွေ သူတို့ဘာသာလုပ်နေကြတယ်။ မာမား ကလဲ မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတယ်။
ခဏနေတော့ မာမားက နဲရှောကို ပြောသံကြားလိုက်တယ်၊ ကျွန်မ နာမည်ပါလို့ ကျွန်မကို တစ်ခုခုပြောခိုင်းမှန်းသိပေမဲ့ အခုထိ သူတို့စကားကို ကျွန်မနားမလည်နိုင်သေးပါဘူး၊ ခဏနေတော့ နဲရှောက အခန်းထဲဝင်လာပြီး “မာမားကပြောနေတယ်၊ ဖြိုးဖြိုးကို ပြတင်းပေါက်ဆီကြည့်ဖို့ သတိပေးလိုက်ပါဦးတဲ့” ကျွန်မလဲ ပြတင်းပေါက်ဆီကိုကြည့်လိုက်ရော ..
အိုး နှင်းစက်လေးတွေ .. တကယ်ပဲ မနက်က မိုးစက်သေးသေးလေးတွေက နှင်းစက်လေးတွေဖြစ်ကုန်ကြပြီ၊

ကောင်းကင်တစ်ခုလုံး အဖြူရောင်အစက်အပြောက်လေးတွေ ပြန့်ကျဲလို့နေတယ်၊ လေတိုက်နေတော့ သေးကွေးလွန်းတဲ့နှင်းစက်လေးတွေက ကောင်းကင်ကနေ ကျလာတာနဲ့မတူ၊ မြေကြီးပေါ်က ပျံတက်လာသလို ဦးတည်ရာမရှိ ဟိုဟိုဒီဒီပျံဝဲနေကြတယ်။ အဖြူရောင်ပိုးကောင်လေးတွေလို တစ်ခါတစ်ခါ နှင်းစက်လေးတွေက နှင်းချပ်လေးတွေလို အရွယ်ကြီးလာတတ်တယ်၊ ပြီးတော့ ပြန်ပြီးသေးကွေးသွားကြပြန်ရော၊ တံခါးကိုဆွဲအဖွင့် အေးစက်စက်လေ က မျက်နှာကိုလာတို့ထိ၊ “နဲရှောရေ ဓါတ်ပုံရိုက်ပေးပါဦး နှင်းစက်လေးတွေ” ကျွန်မ က ခပ်စူးစူးအော်ဟစ်နေသလို လက်တစ်ဖက်ကလဲ ပြတင်းအပြင်ဘက်ရောက်နေပြီ၊
သူက သိပ်အေးတယ် တံခါးမဖွင့်ပါနဲ့လို့ပြောနေပေမယ့် သူ ကျွန်မကိုဘယ်လိုမှ မတားနိုင်၊ လက်နဲ့ လှမ်းကိုင်ကြည့်ဖို့ ကျွန်မက ကြိုးစားနေနှင့်ပြီ၊ လက်ထဲမှာတော့ နှင်းစက်လေးတွေ ကြာရှည်မနေ၊ ရေစက်လေးလိုပဲ ချက်ချင်းပျောက်သွားကြတယ်။

ဒါနဲ့ပဲ ကျွန်မအပြင်ထွက်ဖို့ပြင်တော့တယ်၊ အကျီ အထပ်ထပ်ဝတ်၊ နောက်ဆုံး နှင်းကာဂျာကင်ရှည်၊ ဖိနပ်ရှည်ကြီးဝတ် အဆင်သင့်ဖြစ်နေပြီ ၊ နဲရှောလဲ ဘယ်လိုမှ မတားနိုင်၊ အပြေးအလွှား ကင်မရာအိတ်ဆွဲ အကျီထူထူကြီးတွေ အမြန်နှုန်းနဲ့ဝတ်ပြီး ကျွန်မနောက်က ခပ်သုတ်သုတ်လိုက်ရတော့တယ်။ အပြင်ရောက်တော့ နှင်းစက်လေးတွေက မျက်နှာကို ရိုက်ခတ်ပုံက စူးရှရှ၊ နှင်းစက်တွေနဲ့ အေးတဲ့ဒဏ်ကို အခုမှပဲကြုံဖူးတော့ ကျွန်မမှာ ခေါင်းကိုမဖော်နိုင်၊ ဓါတ်ပုံရိုက်ဖို့ကိုတောင်သတိမရနိုင်တော့ပါဘူး၊ ရှုးရှုးရှားရှားနဲ့ မျက်ရည်များတောင်ကျလို့ နှင်းစက်တွေထဲ ငိုယိုနေတဲ့သူလို၊ နဲရှောက ဘယ်လိုမှ ဟန်မပျက်လေဘူး၊ ကျွန်မ ကို ခေါင်းစွပ်ကြီး တင်းတင်းကျပ်ကျပ်စွပ်ပေး၊ မာဖလာပါ မျက်နှာတစ်ခြမ်းလောက်ထိအုပ်ပေး အသက်ရှုကြပ်လာလို့ ကျွန်မမှာ နှင်းစက်လေးတွေထဲ ပျော်ဖို့ သတိမရနိုင်လောက်အောင်ပါပဲ အလုပ်တွေကိုရှုပ်လို့၊

ဒါပေမယ့် အံ့ဩဖို့တော့ကောင်းပါတယ်၊ အဲလို ဖြစ်တာ အချိန်သိပ်မကြာလိုက်ဘူး၊ နောက်တော့ နဲရှော မသိခင် အသာလေး မာဖလာချွတ်ပစ်၊ ခေါင်းစွပ်ပါချွတ်ပစ်လိုက်တယ်၊ နှာတွေစေးပြီး မျက်ရည်ကျတာလဲ ရပ်သွားတယ်၊ ကျွန်မလဲ နှင်းစက်လေးတွေ ရဲရဲတင်းတင်းမော့ကြည့်နိုင်ပြီ၊ နဲရှောက “ဟန်နီရေ သိလား၊ ဒီလိုကျလာတဲ့ နှင်းလေးတွေက မြက်ခင်းတွေနဲ့ ပန်းပင်လေးတွေပေါ်ဖုံးကာထားပြီး၊ အရမ်းအေးလာတဲ့အချိန် သုညအောက်ထိ အပူချိန်သိပ်ကျသွားတဲ့ အချိန်မှာ အပင်လေးတွေရှင်သန်နေဖို့ အကာအကွယ်ပေးတယ်” တဲ့၊ ဒီလိုလား၊ တကယ်ကိုချစ်ဖို့ကောင်းတဲ့နှင်းစက်တွေပါပဲ၊

နေ့ခင်းပိုင်းကျော်လာတာနဲ့ နှင်းစက်လေးတွေကနေ နှင်းချပ်လေတွေ အဖတ်လိုက် အဖတ်လိုက် အရွယ်အစားကြီးလာကြတယ်၊ သိပ်မကြာပါဘူး၊ လမ်းမပေါ်မှာရပ်ထားတဲ့ ကားတွေဆီမှာ နှင်းဖြူဖြူလေးတွေ ဖုံးကာနေရာယူလိုက်ကြပြီ၊ မြက်ခင်းလေးတွေပေါ်မှာပါ ဖြူဖြူဖွေးဖွေး နှင်းချပ်လေးတွေလေးပြည့်နှက်လာကြပြီ၊ နှင်းစက်လေးတွေကနေ နှင်းချပ်လေးတွေဖြစ်လာတယ်၊ အိမ်နဲ့ သိပ်မဝေးတဲ့ open market ကို သွားဖြစ်ကြတယ်။ ဈေးထဲမှာလဲ တစ်ချို့ ဈေးဆိုင်တွေ သိမ်းနေကြပြီ၊ သူတို့တွေလဲ အအေးကိုကြောက်ကြတာပါပဲ။ ရာသီဥတုအေးအေးမှာ pancake ပူပူလေးဝယ်စားကြပြီး အိမ်ကိုပဲပြန်လာကြတယ်၊ ပိုပိုပြီးအေးလာတာကိုး။

အိမ်ရောက်တော့ မာမား(မေမေ)နဲ့တာတာ(ဖေဖေ)တို့ ၀ရံတာက ပန်းအိုးတွေကို အထဲကိုရွှေ့နေကြတယ်၊ အိမ်ထဲမှာ ပန်းအိုးတွေနေရာချကြနဲ့ အလုပ်တွေရှုပ်နေကြတယ်၊ ကျွန်မကတော့ မိုးအုံ့အုံ့၊ နှင်းစက်လေးတွေနဲ့ အဲဒီလိုရာသီဥတုမှာ အလိုလိုနေရင်း ပျော်နေတာပါပဲ၊ ညနေစောင်း နှင်းတွေမြေပြင်ပေါ်တော်တော်များများစုမိပြီဆိုရင် အပြင်ပြန်ထွက်ဦးမယ်၊ ထမင်းစား၊ ကော်ဖီဖျော်၊ ဥရောပသားတွေက ထမင်းစားပြီး ကိတ်၊ ကော်ဖီ ကို ဧည့်ခန်းမှာအေးအေးလူလူ ထိုင်သောက်ကြသေးတယ်၊ ကျွန်မကတော့ ကော်ဖီကို နည်းနည်းချင်းစီ သောက်နေတတ်တာ၊ နေ့လည်စာစားပြီး အဲလို ဧည့်ခန်းမှာ ထိုင်ပြီးမသောက်ချင် ဟိုသွား ဒီသွား၊ ကော်ဖီလေးသောက်လိုက် အင်တာနက်ကြည့်လိုက် စာအုပ်ဖတ်လိုက်၊ ခဏနေ ဒီနေရာ၊ နောက် ခဏနေ တခြားနေရာရောက်လိုက်နဲ့ ငြိမ်ငြိမ်မနေချင်တဲ့သူဆိုတော့၊ အိမ်ခန်းထဲ တတောက်တောက်နဲ့၊

နာရီတကြည့်ကြည့်၊ ညနေရောက်လာတော့ နှင်းတွေလဲ စုပုံ စုပြုံ နေကြပြီ၊ “နဲရှောရေ .. မြန်မြန်၊ အပြင်ထွက်ကြဦးစို့ရဲ့”.. ပြောလဲပြော ကျွန်မက အခန်းတံခါး အပြင်ဘက်ရောက်နေပြီ၊
လမ်းမပေါ်မှာ၊ ကားလေးတွေပေါ်မှာ၊ မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ၊ သစ်ရွက်စိမ်းစိမ်းတွေပေါ်မှာ နှင်းဖြူဖြူတွေ ပြည့်သိပ်လို့နေပါပြီ၊ ဒီတစ်ခါတော့ ကျွန်မ နှင်းလေးတွေကိုမကြောက်တော့ပါ၊ ဂုံးကျော်တံတားတွေရဲ့ လက်တမ်းပေါ်တစ်လျှောက်ဆွဲယူလာလိုက်တာ နှင်းတွေက ရေခဲချပ်တွေလို အရွယ်အစားကြီးလာတော့ အောက်ဘက်လမ်းမပေါ်ကားတွေပေါ်ကြမှာစိုးလို့ အရှိန်သပ်ရပါသေးတယ်။ မြက်ခင်ပေါ်ကနှင်းတွေဆွဲယူ လက်ထဲလုံးထွေးပြီး နဲရှောကို လှမ်းပစ်ရင်း ရန်ကုန်က သူငယ်ချင်းတစ်ယောက်ပြောဖူးတာ သတိရလိုက်မိလို့ ရယ်လိုက်မိသေးတယ်၊ သူပြောပုံက အဲဒီမှာ ရေခဲဒီလောက်ပေါတာ နှင်းကျရင် ရေခဲခြစ်လုပ်ရောင်းပါလားတဲ့၊ လမ်းတစ်လျှောက်တွေ့တဲ့ ကားမှန်တွေပေါ် ကာတွန်းရုပ်တွေလိုက်ဆွဲ၊ ကျွန်မ လျှောက်ဆော့သမျှ နဲရှော ကတော့ ဓါတ်ပုံတွေလိုက်ရိုက်နေတယ်။ တခြားဘယ်သူကမှ ကျွန်မလို နှင်းစက်လေးတွေကို စိတ်ဝင်တစားသိပ်မရှိကြပါဘူး၊ နှင်းကျတဲ့နေ့က ရန်ကုန်မှာလိုပဲ လပြည့်ကျော်နေ့ တူနေပါတယ်၊

နှင်းကျနေတဲ့ ကောင်းကင်မှာတိမ်လိပ်တွေထူသိပ်နေပေမဲ့ လရောင်ကြောင့်ကောင်းကင်ကြီးက လင်းထိန်လို့၊
မြေပြင်ပေါ်မှာတော့ နှင်းဖြူဖြူလေးတွေ၊
ကျွန်မ နှင်းစက်ဖြူဖြူလေးတွေကို သိပ်ကြိုက်ပါတယ်၊
သူတို့ မြေပြင်ပေါ်ဘယ်လောက်ကြာကြာနေနိုင်မှာတဲ့လဲ ..
အဲဒီနေ့က တကယ့်ကို ပျော်ခဲ့ပါတယ်၊
နှင်းကျတဲ့နေ့က ကျွန်မ ပျော်ရွှင်ခဲ့တယ် ...

No. 87၊ Teen Magazine? 2010

သူရဲကောင်းတွေ နဲ့ ဆိုးသွမ်းလှတဲ့သူတွေ

(ဆင်ဆာမိတော့မှာပဲလို့ထင်ထားပေမဲ့ လွတ်သွားတဲ့ သီချင်း၊ သီချင်းဆိုတော့ သူတို့ သေချာမဖတ်ကြလို့ပါ၊ လှိုင်းသစ်မဂ္ဂဇင်းပါပဲ)




The Beach Boys ရဲ့ သီချင်းတွေထဲက ဂီတချစ်ပရိသတ်တွေရဲ့ စာသား အကောင်းမွန်ဆုံး လို့ မဲပေးထားခဲ့ကြတဲ့  "Heros and Villains" သီချင်းက တကယ်ပဲ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အခုချိန်ထိနားထောင်ကြည့်လိုက်တိုင်း အချိန်တိုင်းမှာ ဆွဲဆောင်မှုရှိနေဆဲ အနုပညာအားပြင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်နေတာကြောင့်
"Heros and Villains" သီချင်းကို ရေးသားသီဆိုခဲ့ကြတဲ့ The Beach Boys တွေ အကြောင်းအရင်ဖတ်ကြည့်ရအောင်ပါ။
သူတို့ရဲ့ သီချင်းတွေကရော ဘယ်လိုတွေလဲ ..

The Beach Boysျ တွေက အမေရိကန်ရောခ့်အဖွဲ့ ဖြစ်တယ်။ harmony ဖြစ်လှတဲ့ အဖွဲ့သားတွေရဲ့ အသံလိုင်းပေါင်းစုံကြောင့် နာမည်ကြီးလာခဲ့တယ်။ သူတို့ ဖန်တီးလေ့ရှိတဲ့သီချင်းအမျိုးအစားတွေက  rock, surf rock, psychedelic pop, pshchedelic rock, baroque pop  တွေပါ။ "Heros and Villains" က Psychedelic Pop အမျိုးအစားဖြစ်တယ်။ Psychedelic Rock, Psychedelic Pop ဆိုတာ ခပ် ကြမ်းကြမ်း အနည်းငယ်ကျယ်ကျယ်လောင်လောင် ရှိတဲ့ သီချင်းမျိုးတွေပါပဲ။ Psychedelic ဟာ ဂရိစကားလုံးဖြစ်ပြီး အင်္ဂလိပ်အခေါ်အဝေါ် နဲ့ဆိုရင် soul နဲ့  manifest ပေါင်းစပ်ထားတာပါ။ Baroque Pop ကတော့ Bouh Rock လို့လဲခေါ်တဲ့ ၁၉၆ဝခုနှစ်တွေက ခေတ်စားတဲ့ rock music တစ်မျိုးဖြစ်တယ်။ Classical music တွေကို Rock 'n' Roll သီချင်းတွေထဲ အရေးအသားပိုင်းပြောင်း၊ အသံဖမ်းရာမှာလဲ ပြောင်းလဲပြီးပေါင်းထည့်ထားတဲ့ ဂီတမျိုးလို့ဆိုတယ်။
အဖွဲ့သားတွေက ဒရမ် - ဟဲလ်ဘလိန်း၊ ဘေစ့်ဂစ်တာ- ကာရိုလ်ကေး၊ နောက်ခံဘေစ်ဂစ်တာ-လိုင်လီရစ်ထ်ဇ်၊ စန္ဒရား- ဒိုအန်ရမ်ဒီ၊ ဘီလီစထရိန့်ခ်ျ၊  အဆိုနဲ့ ဟာမိုနီ- မိုက်ခ်လပ်ဗ်၊ အဲလ်ဂျာဒိုင်း၊ ကားလ်ဝီလ်ဆင်၊ ဒဲနစ်ဝီလ်ဆင်၊ ဘရုစ်ဂျွန်စတန်၊ နောက်ခံအဆို-လပ်ဗ်တား တို့ဖြစ်ကြတယ်။

"Heros and Villains" ကိုတော့ The Beach Boys အဖွဲ့က ဘရိုင်ယန်ဝီလ်ဆင် နဲ့ ဗန်ဒွိုက်ခ်ပါ့ခ်စ် တို့ အတူတူရေးသားခဲ့ကြတယ်။ ပုံပြင်ထဲက အကြောင်းအရာတစ်ခုကို ရည်ရွယ်ရေးသားခဲ့ကြတာပါ။ ဝီလ်ဆင်ရေးသားခဲ့တဲ့ စာသား "Once at night catillian squared the fight"  မှာ  စာလုံးပေါင်း catillian ဟာ အမှန်က cotillian ဖြစ်ရမယ်လို့ The Beach Boys ပရိသတ်တွေက်forum  တွေမှာ ရေးသားခဲ့ကြတယ်။ ဝီလ်ဆင်ကလဲ သူပြောချင်တာက ခန်းမကျယ်ကြီးမှာ စုပေါင်းကကြတဲ့ ၁၇ဝဝ ခုနှစ်ပိုင်းက ပြင်သစ်အကတစ်မျိုး cotillian  ကိုပဲ ရည်ရွယ်တာပါလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ စာသားကိုတော့ မပြောင်းခဲ့ပါဘူး။

၁၉၆၆-၁၉၆၇ ခုနှစ်အတွင်း version  အများကြီးနဲ့ ဆိုခဲ့ကြတဲ့ The Beach Boys ရဲ့ သီချင်းဟောင်းဖြစ်နေပေမယ့်  ဒီနေ့ထိ ဂီတပရိသတ်တွေ စိတ်ဝင်စားနေကြဆဲပါပဲ။ ၁၉၆၆ ခုနှစ်အစောပိုင်းမှာ "Heros and Villians" ဟာ ဝီလ်ဆင်ရဲ့ ဧည့်ခန်းထဲမှာ  စန္ဒရားတစ်လုံးထဲနဲ့ ပဲ ရေးစပ်ခဲ့ကြတယ်လို့ဆိုတယ်။ "Heros and Villians" ဟာ ဝီလ်ဆင်နဲ့ ပါ့ခ်စ် တို့ရဲ့  ပထမဆုံးအတူတကွ အလုပ်လုပ်ခဲ့ကြတဲ့သီချင်းပါ။ ဝီလ်ဆင်က သံစဉ်ကို ပထမရှာပေးခဲ့ပြီး ပါ့ခ်စ်က အဖွင့်စာသားနဲ့ အရေးကြီးတဲ့နေရာတွေမှာ ဆက်လက်ဖန်တီးပေးခဲ့တယ်။ "Heros and Villains" ထဲမှာပါတဲ့ ဂီတသံစဉ် အမျိုးမျိုးကှိုSMiLE အယ်လ်ဘမ် အတွက် တခြားသီချင်းတွေမှာပါ အပိုင်းလိုက် ဟိုတစ်စ ဒီတစ်စ ထည့်သုံးခဲ့တာတွေရှိတယ် ဆိုတာ "Heros and Villians" ရင်းနှီးပြီးသား ပရိသတ်တွေက အသေအချာပြောပြနိုင်ခဲ့ကြတယ်။ ဝီလ်ဆင်ကလဲ ငြင်းမနေပါဘူး၊ သူသိပ်ကြိုက်တဲ့ ဂီတအပိုင်းအစတွေ ကြုံရင်ကြုံသလို ထည့်သုံးနေမှာပါပဲ လို့ ပြန်ရှင်းခဲ့ပါတယ်။ Surf's Up နဲ့ Cabinessence သီချင်းတွေရဲ့စာသားတွေ ဟာ The Beach Boys သီချင်းတွေအားလုံးထဲမှာမှ ဝေခွဲမရတဲ့ စာသားအသုံးအနှုန်းရှုပ်ရှုပ်တွေ ဖောဖောသီသီသုံးထားပါသေးတယ်။ "Heros and Villians" စင်ဂဲလ်ကို မူလက Capitol 5826 အမည်နဲ့ စီစဉ်ခဲ့ပြီး အဖုံးဒီဇိုင်း အတွက် အဖွဲ့သား၆ယောက်ရဲ့ပုံ အဖြူရောင်ပန်းချီကားနဲ့ ပြုလုပ်ထားခဲ့တယ်။ ဒါပေမဲ့ ဘရိုင်ယန်ဝီလ်ဆင်က သူ့စိတ်ကူးထဲမှာဖန်တီးချင်တဲ့အတိုင်း ပြောင်းပစ်လိုက်တယ်။    Capitol 5826 စင်ဂဲလ် ကတော့ မထုတ်ဖြစ်ခဲ့ပါဘူး။ ၂ဝဝ၄ခုနှစ်မှာတော့  "Heros and Villains" ကို ပြန်လည် အသံဖမ်းခဲ့ပြီှးSMiLE ရဲ့ version အသစ်မှာ ပြန်ထည့်ထားတာပါတယ်။

The Beach Boys တွေပြောတဲ့ သူရဲကောင်းတွေနဲ့ လူဆိုးလူညစ်တွေက ဘယ်သူတွေလဲ သိရအောင် "Heros and Villains" သီချင်း စာသားကိုဖတ်ကြည့်မိတဲ့ အခါ  +++

သူရဲကောင်းတွေ  နဲ့  ဆိုးသွမ်းလှတဲ့သူတွေ
 

ကျွန်တော်တော့ ဒီမြို့လေးမှာ ရှင်သန်နေထိုင်လာခဲ့တာ မြို့ တော်ကြီးက ပြန်လာခဲ့ပြီးကတည်းဆိုတော့ ကြာလှပြီပေါ့ ..
ကျွန်တော့်ဆီကထွက်ပြေးကုန်တဲ့ အရာတွေ၊ ကျွန်တော်ဆုံးရှုံးခဲ့တဲအရာတွေ၊ ဘာမှန်းညာမှန်းမသိတဲ့အရာတွေ ကို ရယူဖို့
ဒီမှာပဲ အချိန်တွေ အများကြီး ကြာမြင့်အောင်နေခဲ့ပြီးပါပြီ ..
လွန်ခဲ့တဲ့နှစ်တွေကပဲ  သူရဲကောင်းတွေ ၊ လူဆိုးလူညစ်တွေရဲ့ မွေးရပ်မြေဖြစ်တဲ့ စပိန်နဲ့ အင်ဒီးယန်း ဒေသက
အပြစ်ဆိုတာမသိ၊ အပြစ်ဆိုတာမရှိလေတဲ့ ရိုးရိုးသားသား မိန်းကလေးတစ်ယောက်နဲ့လဲ ချစ်ကြိုက်ခဲ့ပြီ ..
တကြိမ်  ခန်းမကျယ်ကြီးထဲက ကက်တီလီယန်အကပိုင်ရှင်တွေဆီ တိုက်ခိုက်မှုကြုံရစဉ် ညမည်းမည်းထဲ ၊
မိန်းကလေး ++ကျွန်တော့်ရဲ့ အဖြူထည်မိန်းကလေး ဟာ ကျည်ဆန်မိုးတွေ ခပ်သဲသဲဖြာကျနေတဲ့နေရာမှာမှ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်နေခဲ့သေးတော့၊
အဆုံးမှာ အဲဒီ သဲသဲမဲမဲ အရာတွေက  မိန်းကလေးကို လဲကျစေခဲ့ပြီ ..
ဒါပေမဲ့  မိန်းကလေးက သူ့ရဲ့ကကြိုးကိုတော့ မပျက်စေခဲ့ပါဘူး ..
သူရဲကောင်းတွေ၊ လူဆိုးတွေ ပြည့်နှက်နေတယ်ဆိုတဲ့ ဒီမြို့ကလေးမှာ ဒီမြို့ကြီး သူလေးတစ်ယောက်ကိုပဲ မကြောက်မရွံ့ရင်ဆိုင်စေမှာတဲ့လား ..

ကဲ  - သူရဲကောင်းတွေ ၊ လူဆိုးကြီးတွေရယ်၊ ဘာတွေလုပ်ခဲ့ကြပြီးပြီလဲ ပြန်ငဲ့ကြည့်ပါဦး ၊
သူရဲကောင်းတွေ ၊ လူဆိုးကြီးတွေရယ်၊  ခင်ဗျားတို့ ဘာတွေလုပ်ခဲ့ကြလဲ ကြည့်ပါရစေဦး ..

မတ်မတ်ရပ်တည်နိုင်တာပဲ ဖြစ်ဖြစ် ၊ ပြိုလဲရှုံးနိမ့်တာပဲ ဖြစ်ဖြစ်  ဒီနေရာမှာ ဖြစ်နေတာတွေ ကျွန်တော်သိပါတယ် ..
ဒီတောင်ကြားဒေသလေးမှာ ငြိမ်းချမ်းရေးအရသာကိုခံစားရစေချင်ပြီ ....
ဒါတွေကတော့ သူရဲကောင်းတွေ၊ လူဆိုးကြီးတွေနဲ့ ဖြစ်ပျက်ကြုံတွေ့ရသမျှ ကိစ္စတွေချည်းပါပဲ ..

ကျွန်တော့်ရဲ့ကလေးငယ်တွေအတွက် မွေးမြူပျိုးထောင်ခဲ့ရပြန်ပြီ၊ သူတို့ ချက်ချင်းပဲ ရှင်သန်ကြီးပြင်းလာတယ်လို့ ခင်ဗျားထင်နေတာလား ..
နှစ်တွေအများကြီးပဲ  .. သူတို့ရဲ့ဦးခေါင်းကနေ ခြေချောင်းလေးတွေအထိ နှေးနှေးကွေးကွေး  လူလားမြောက်လာရတာ၊
သူတို့ရဲ့ ကျန်းမာေ၇း၊ ပညာရေးအကုန်လုံးပါပဲ ..တုန့်နှေးနှေး စတင်လာခဲ့ကြတာပါ ..
ကျွန်တော် ဒီမြို့လေးမှာ နေလာခဲ့တာ သိပ်ကိုကြာမြင့်ခဲ့ပါပြီ ..
ကျွန်တော့်ဆီ တိုးဝင်လာတဲ့ အရာတွေပြည့်သိပ်လို့ နေသားတကျရှိနေခဲ့ပြီ ..
ခက်ခဲကြမ်းတမ်းတဲ့အရာတွေ နဲ့လဲ  အလိုက်သင့် စီးမြောနိုင်ခဲ့ပြီ ..
နေသာတဲ့နေတစ်နေ့မှာလဲ ဖြာကျနေတဲ့နေရောင်စူးစူးအရိပ်အငွေ့တွေ ရှုရှိုက်ရင်း 'ငါ  အဆင်ပြေသားပဲ'လို့ ပြောရပါဦးမည်..

ကဲ  - သူရဲကောင်းတွေ ၊ လူဆိုးကြီးတွေရယ်၊ ဘာတွေလုပ်ခဲ့ကြပြီးပြီလဲ ပြန်ငဲ့ကြည့်ပါဦး ၊
သူရဲကောင်းတွေ ၊ လူဆိုးကြီးတွေရယ်၊  ခင်ဗျားတို့ ဘာတွေလုပ်ခဲ့ကြလဲ ကြည့်ပါရစေဦး ......


မဉ္ဖူရီ

ကဗျာဆရာတစ်ဦးနဲ့ နာရီချိန်သီး

လှိုင်းသစ်မဂ္ဂဇင်းမှာပါခဲ့တဲ့ စာမူပါ၊ စာအသစ်ရေးထားတာမရှိတာနဲ့ပဲ ဟိုကဒီက အဟောင်းတွေဆွဲထုတ်တင်လိုက်ရပါတယ်၊ ကလောင်နာမည်က မဥ္ဖှူရီပါ

ကဗျာဆရာတစ်ဦးရဲ့  ဘဝချိန်သီး တစ်တစ်တောက်တောက် လှုပ်ရှားနေပုံကို  မြိုင်ဆိုင်လှတဲ့ သံစုံတူရိယာတွေနဲ့ ခြောက်ခြားဖွယ်ရာ ရေးစပ်သီဆိုထားတဲ့ သီချင်း တစ်ပုဒ်ပါ။ ဖင်လန်နိုင်ငံသား အဖွဲ့သားငါးဦးပါဝင်တဲ့ သံစုံမက်တယ်အဖွဲ့ Nightwish ရဲ့  အဲဒီ The Poet and the Pendulum သီချင်းဟာ မှော်ဝင်ရုပ်ရှင် ဇာတ်ကားတစ်ကားကြည့်နေရသလို  သံစဉ် အတက်အကျနဲ့အတူ၊ တဒုတ်ဒုတ် နှလုံးခုန်လှုပ်သံ၊ ကျီးအာသံတွေက ဂီတချစ်သူတွေကို ဘယ်လိုမှ လက်မလွှတ်နိုင်အောင် ဖမ်းစားခဲ့တဲ့ သီချင်းလဲဖြစ်တယ်။ သီချင်းသစ်တစ်ပုဒ်တော့ မဟုတ်ပါဘူး။ Nightwish ရဲ့ ၂ဝဝ၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dark Passion Playအယ်လ်ဘမ်ထဲက ပထမဆုံး သီချင်းပါ။ Dark Passion Play အယ်လ်ဘမ်ကို ၂ဝဝ၆-၂ဝဝ၇ ခုနှစ်မှာ အသံဖမ်းခဲ့ပြီး Record Label "Spinefarm Records"နဲ့ထုတ်ခဲ့တယ်။ ထူးခြားတာက Nightwish ဂီတသမိုင်းမှာ  ၁၄မိနစ်ကြာခဲ့တဲ့ အရှည်ဆုံးသီချင်းဖြစ်တယ်။ The Poet and the Pendulum သီချင်းကို ရေးသားခဲ့တဲ့ အဖွဲ့ခေါင်းဆောင် ကီးဘုတ်သမား တူရိုမာစ့်ဟိုလိုပိုင်နမ် က ဒီသီချင်းကို ရေးဖြစ်ခဲ့တဲ့အတွက်  သူအလွန်အမင်းပျော်ရွှင်ခဲ့ပြီး အကြိုက်ဆုံး Nightwish သီချင်းတစ်ပုဒ် အဖြစ် သူ အမြဲခံစားမိနေတော့မှာ သေချာတယ်လို့ အယ်လ်ဘမ်မထွက်ခင်မှာ တရားဝင်ကြေငြာခဲ့ဖူးပါတယ်။ Nightwish ဂီတအဖွဲ့ကို ၁၉၉၆ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့သားတွေက ဖင်လန်နိုင်ငံ ကီတီးမြို့လေးကပါ။ Nightwish တွေ ဖန်တီးတဲ့ဂီတမျိုးက မက်တယ်လ်ဂီတကိုပဲ သံစုံတူရိယာတွေနဲ့ classic တေးသွားတွေ ပေါင်းထည့်ထားတဲ့ Symphonic power metal ဂီတအမျိုးအစား ဖြစ်တယ်။

တူရိုမာစ့် က ဒီသီချင်းနဲ့ပတ်သက်ပြီး ခုလိုပြောခဲ့တယ်။ 

The Poet and the Pendulum ဟာ လှပလွန်းတဲ့စာသားတွေနဲ့ဖွဲ့စည်းထားတယ် .. မော်ကွန်းတင်လောက်တဲ့ စွမ်းအားပြင်းသီချင်းတစ်ပုဒ်ပါ။ ဘယ်လိုတဲ့။ မဟုတ်ရပါဘူး။ ကျွန်တော်က ကိုယ့်ဘာသာတံဆိပ်တပ် ချီးမြှင့်မြောက်စားနေဖို့ဝါသနာပါတဲ့သူမှ မဟုတ်တာ။ ထပ်ခါထပ်ခါ သီဆိုရတဲ့ စာသားတစ်ချို့ကျွန်တော်ရွတ်ပြမယ်.. ခင်ဗျား လိုက်ဆိုကြည့်ပေးပါ။ ပြီးရင်တော့ ကျွန်တော်ပြောခဲ့တဲ့စကားလုံးတွေက ခင်ဗျားနှုတ်က ဒလဟောထွက်ကျလာမှာ အသေအချာပဲ..
ကဲ ကျွန်တော်တော့ စ.. ရွတ်ပါပြီ။
'ပြေး၊ အဝေးကိုပြေး၊ ပျံသန်းပြီး ထွက်ပြေး၊
အိမ်မက်မက်နေသူတွေကို ယောင်ဝါးဝါးလမ်းကြောင်းမှားတွေဆီက ရုန်းထွက်နိုင်ဖို့ .. ငါ .. ဦးဆောင်ပေးချင်ရဲ့ ..
ငါ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ငါမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ငါ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက်.. ငါက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ .. '
တူရိုမာစ့် သတင်းပေးခဲ့တဲ့ 'The Poet and the Pendulum'ရဲ့ စာသားတွေက တကယ်ပဲ လှပလွန်းနေခဲ့ပါတယ်။
သီချင်းချစ်သူတွေအားလုံး မြည်းစမ်းကြည့်နိုင်ဖို့ 'The Poet and the Pendulum' စာသားတွေအားလုံးခံစားကြည်းတဲ့အခါ ....
အဆုံးသတ်မှာ
သီချင်းရေးသူဟာ သေဆုံးခဲ့ပြီ ..
ဓါးသွားတွေက သူ့အပေါ်မှာအုပ်မိုးလို့ ..
အဖြူရောင်ကုန်းမြေတွေဆီ သူ့ကိုဆောင်ယူနေကြပြီ ..
ကိုယ်ချင်းစာနာမှုတွေရှိရာဆီ .. အပြစ်ကင်းစင် ကြည်လင်မှုတွေရှိရာဆီ ..

အိမ်မက်မက်သူနဲ့ ဝိုင်အရက် အစပ်အဟပ်မိနေချိန်မှာ ..
ကဗျာဆရာကတော့ ကာရန်တွေလွဲနေဆဲ ..
စာရေးတဲ့မုဆိုးမတစ်ယောက်ကတော့ဖြင့်  ငရဲသံကွင်းကြိုးတွေကြောင့် အစိတ်စိတ် အမွှာမွှာဖြစ်ရရှာတယ် ..
နောက်ဆုံးဖြည့်လိုက်တဲ့ စာတစ်ကြောင်းက သီချင်းအိုတစ်ပုဒ်နဲ့.. တူနေဆဲပါပဲ ..
အို ခရစ်တော်.. ဘယ်လိုမုန်းရမလဲ.. ဘာတွေဖြစ်မြောက်အောင်လုပ်ရမလဲ ..

အိမ်အရောက် ပို့ပေးလှည့်ပါ ..
ပြေး၊ အဝေးကိုပြေး၊ ပျံသန်းပြီး ထွက်ပြေး ..
အိမ်မက်မက်နေသူတွေကို ယောင်ဝါးဝါးလမ်းကြောင်းမှားတွေဆီက ရုန်းထွက်နိုင်ဖို့  .. ကျွန်မ .. ဦးဆောင်ပေးချင်ရဲ့ ..
ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက်.. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..

ကျွန်မကို ခွင့်လွှတ်ပါ ..
ကျွန်မမှာ မျက်နှာနှစ်ခုရှိနေလေရဲ့  ..
တစ်ခုက ကမ္ဘာကြီးအတွက် ..
နောက်မျက်နှာတစ်ခုက ဘုရားသခင်အတွက် ..
ကျွန်မကို ကယ်ဆယ်ပါ ..
ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက်.. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..
ကျွန်မရဲ့အိမ်က အဲဒီမှာရှိနေတယ် ..
မြက်ခင်းတွေကများ စိမ်းလန်းနေလိုက်တာ နတ်ဘုံနတ်နန်းတမျှပဲ ..
စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့နေ့တွေရယ် .. အမြဲပြုံးနေတဲ့မျက်နှာတစ်ခုရယ် ..
ကျေးဇူးပြုပြီး စကားတွေသိပ်များများမပြောပါနဲ့လား ..
နဂိုကရှုပ်ထွေးကျပ်တည်းနေတဲ့ ဦးခေါင်းထဲ အတွေးတွေ ပိုပိုရောက်လာနေလွန်းလို့ပါ ..
ချီးမွန်းထောပနာပြုသံတွေလဲ အများကြီးမလုပ်ပါနဲ့ ..
တကြိမ်ပဲပြောပြပေးပါ .. ကျွန်မရဲ့နှလုံးသားက မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့တယ်လို့ပေါ့ ..

အိမ်အရောက် ပို့ပေးလှည့်ပါ ..
ပြေး၊ အဝေးကိုပြေး၊ ပျံသန်းပြီး ထွက်ပြေး ..
အိမ်မက်မက်နေသူတွေကို ယောင်ဝါးဝါးလမ်းကြောင်းမှားတွေဆီက ရုန်းထွက်နိုင်ဖို့ .. ကျွန်မ .. ဦးဆောင်ပေးချင်ရဲ့ ..

ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး .. ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက် ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..

ကျွန်မကို ခွင့်လွှတ်ပါ ..
ကျွန်မမှာ မျက်နှာနှစ်ခုရှိနေလေရဲ့  ..
တစ်ခုက ကမ္ဘာကြီးအတွက် ..
နောက်မျက်နှာတစ်ခုက ဘုရားသခင်အတွက် ..
ကျွန်မကို ကယ်ဆယ်ပါ ..
ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက်.. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..

ကျွန်မရဲ့ ရှုမျှော်ခင်းဟာ ..
အစိမ်းရောင်၊ အပြာရောင်လင်းလက်နေတဲ့ရေတံခွန်နဲ့အတူ ..
အောက်ခြေကပေါ်ထွက်လာတဲ့ အလှတရားတို့နဲ့အတူ ..
အမြဲ လွတ်လပ်စွာ .. တလက်လက်တောက်ပလို့.
ကျွန်မကို အဲဒီအပြာရောင်အလင်းတောက်တောက်အောက် .. နာကျင်မှုတွေအောက် .. မိုးရေတွေအောက် အားကုန်ပို့ဆောင်ပေးပါ ..
ကလေးတစ်ယောက်အတွက် အိပ်ရာဝင်အနမ်း အချိန်မှီပေးသလို .. ကျွန်မရဲ့ ချော့မြူတဲ့သီချင်းက ဓါးသွားထက်ရှရှတွေကို ယိမ်းယိုင်စေမယ် ..
ဖျော့တော့တော့ လရဲ့ အလင်း မပီမပြင် .. ဖြာကျနေတဲ့ ကမ်းခြေမှာ ကျွန်မတို့ အတူထိုင်ခဲ့ကြတယ် .. အတူ မျှော်လင့်ခဲ့ကြတယ် ..
ဘယ်သူ့ရဲ့အလင်းပြောက်ကများ ရှင့်ကိုရွေးချယ်လိုက်ပါလိမ့် .. ရှင့်ရဲ့အားလုံးကို ရွေးချယ်ခဲ့ပြီ ..
ကျွန်မ စိတ်မကောင်းပါဘူး .. တကယ်ကို စိတ်မကောင်းပါဘူး ..
မတရားမှုတွေက ထပ်ခါ .. ထပ်ခါ ကျူးလွန်ခဲ့ပီးပြီ ..
ကျွန်မသိပါတယ် .. ကျွန်မသေရင် အနားမှာတစ်ယောက်မှမရှိ .. ကျွန်မ သေသွားရလိမ့်မယ်လို့ပေါ့ ..
ဒါပေမဲ့ .. ချစ်ခဲ့ပါတယ်..
ရှင် က သေနတ်သံတွေ ကြားရဖို့ လုံလုံလောက်လောက်ရှင်သန်နေထိုင်ခဲ့ပါတယ် ..
ညတိုင်း စူးစူးဝါးဝါးအော်ဟစ်ရင်း ရှင့်ဘာသာ ရှာဖွေဖို့ လုံလုံလောက်လောက်ရှင်သန်နေထိုင်ခဲ့ပါတယ် ..
ရှင့်ရဲ့ သူငယ်ချင်းတွေက ရှင့်ကို သစ္စာဖောက်ကြတာ မြင်တွေ့ရဖို့ လုံလုံလောက်လောက်ရှင်သန်နေထိုင်ခဲ့ပါတယ် ..
နှစ်တွေအကြာပြီးပဲ ယဇ်ပလ္လင်ထက်မှာ ကျွန်မ .. သားရေပြားနဲ့တုပ်နှောင်ခံခဲ့ရတယ် ..
အခုတော့ ၃မိနစ်ပဲ အချိန်ရတော့တယ် .. ကိုင်း .. စပြီးရေတွက်တော့မယ် ..
ကျွန်မ အမြဲတမ်းတနေခဲ့ရတဲ့ သေခြင်းတရားကို ဒီရေတွေကဆောင်ကြဉ်းပေးနိုင်ဖို့ ဆန္ဒပြုမိပါတယ် ..

ခရစ်တော်ရဲ့ ညာဘက်က ဒုတိယမြောက် ဓါးပြက ကလေးငယ်ကိုသတ်ဖြတ်နေပြီ ..
ကမ္ဘာကြီးက ဒီနေ့ဝမ်းမြောက်ရွှင်လန်းနေပြီ ..
ကျီးကန်းတွေက ပုပ်သိုးနေတဲ့ကဗျာဆရာကို ထိုးဆိတ်ဖဲ့ရွဲ့ရင်း ပွဲတော်တည်ခင်းနေကြပြီ ..
လူတိုင်းပဲ သူတို့ကိုယ်ပိုင်အရာတွေအဆုံးမှာ မြုပ်နှံပစ်ရမှာပါပဲ ..
ကျောက်သားလို နှလုံးသားကို မြှပ်နှံဖို့ ထုပ်ပိုးစရာလဲ လိုမှမလိုတော့တာပဲ ..
ခု သူ့ရဲ့ အိမ်က ငရဲမှာ .. သူ့ကိုငရဲပြည်က ကောင်းကောင်းမွန်မွန်ဧည့်ခံနေကြပြီလေ ..
ခေါင်းလောင်းသံတွေကသူ့ကိုသတ်ဖြတ်နေပြီ .. သူ့ရဲ့နောက်ဆုံးခရီးမှာ ခေါင်းလောင်းသံတွေနဲ့နှုတ်ဆက်နေကြပြီ ..
နံနက်မိုးသောက်တဲ့အခါ .. ညစ်ထေးတဲ့ ချစ်ခြင်းမေတ္တာတွေပဲ လှည့်ပတ်ကစားရင်းကျန်ရစ်တယ် ..
ရှင့်ရဲ့ သူငယ်ချင်းတွေက အရှက်ကင်းမဲ့လောက်အောင်ပဲ  ဟန်လုပ်သရုပ်ဆောင်တာလေးတောင် မပီပြင်ခဲ့ကြပါဘူး ..
ရှင့်ရဲ့ အခေါင်းကို တံတွေးနဲ့ ပစ်ကနဲထွေးကြတယ် ..

ပြေး၊ အဝေးကိုပြေး၊ ပျံသန်းပြီး ထွက်ပြေး ..
အိမ်မက်မက်နေသူတွေကို ယောင်ဝါးဝါးလမ်းကြောင်းမှားတွေဆီက ရုန်းထွက်နိုင်ဖို့ .. ကျွန်မ .. ဦးဆောင်ပေးချင်ရဲ့

ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက် .. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..

ကျွန်မကို ခွင့်လွှတ်ပါ ..
ကျွန်မမှာ မျက်နှာနှစ်ခုရှိနေလေရဲ့  ..
တစ်ခုက ကမ္ဘာကြီးအတွက် ..
နောက်မျက်နှာတစ်ခုက ဘုရားသခင်အတွက် ..
ကျွန်မကို ကယ်ဆယ်ပါ ..
ကျွန်မ မငိုနိုင်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်တွေက ပိုလို့ပိုလို့ သည်းသည်းထန်ထန်ငိုကြွေးနေကြတာကိုး ..
ကျွန်မ မသေနိုင်ပါဘူး .. အေးစက်တဲ့ဒီကမ္ဘာကြီးအတွက် .. ကျွန်မက... အဖြည့်ခံ မိန်းမလှတစ်ဦးဖြစ်နေသေးတယ်လေ ..


'ဒီနေ့ ကျွန်မတို့အရှင်သခင်ရဲ့ ၂ဝဝ၅ခုနှစ် .. တူရိုမာစ့်က ကမ္ဘာကြီးကိုစောင့်ရှောက်ဖို့ အားလုံးကိုသတိပေးလိုက်ပြီ .. လှပတဲ့နေ့တစ်နေ့စီမှာ သူ .. ငိုကြွေးတာတွေ ရပ်တန့်လိုက်ပြီ .. သူရေးလိုက်တဲ့သီချင်းက သိပ်ရှည်လျားတယ် .. ငြိမ်ငြိမ်ဆိတ်ဆိတ်လဲမရှိဘူး .. သူ .. ဗလာဟင်းလင်းဖြစ်မှုနဲ့ သေခြင်းတရားကို တွေလိုက်ပြီ ..
သူ့ရဲ့မျက်နှာမှာ အပြုံးတစ်ခုဆင်မြန်းလို့ .. ဘောပင်တစ်ချောင်းကိုင်စွဲလို့ .. ဖျက်ရာပြင်ရာတွေဗရပွပါနေတဲ့စာရွက် ၁ဝဝဝ နဲ့အတူ ..
ကယ်ဆယ်ပါတဲ့ ..

ကလေးငယ် .. စိတ်အေးချမ်းသာနားနေပါ ..

အခု အိမ်ကိုရောက်လှည့်ပါပြီ ..
အိုး .. ဘယ်အချိန်ထဲက .. မင်း .. အေးစက်တုန်ယင်နေခဲ့ပါလိမ့် ..
ဓါးသွားတွေ တဖြည်းဖြည်းလျော့ပါးပျောက်ဆုံးကုန်ပါလိမ့်မယ် ..
မင်းလိုနေသမျှအရာအားလုံးက အချစ်ကိုခံစားမိဖို့ပါ ..
အလှအပတရားကိုရှာဖွေပါ .. မင်းရဲကမ်းခြေကို ရှာပါ ..
အရာအားလုံးကို ထိမ်းသိမ်းဖို့ကြိုးစားပါ .. ထပ်ပြီး .. မနာကျင်ပါစေနဲ့တော့ ..
မင်းဆီမှာ အဲဒီလို ပင်လယ်သမုဒ္ဒရာတွေရှိနေပါပြီ ..
နောက်ဆုံးမှာတော့ ..
ငါ မင်းကို အမြဲချစ်လို့နေဦးမှာပါကွယ်။         ။

မဉ္ဇူရီ

Sunday, November 1, 2009

Underground Band တွေရဲ့ သမိုင်းသစ် ဂီတပွဲ

ပိုစ့်အဟောင်းတစ်ခုပါ၊ အရင်က မိုင်စုဗူးမှာ တင်ထားဘူးတယ်၊ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကပွဲဆိုတော့ တစ်နှစ်တောင်ကြာပြီ၊ အမှတ်တရ ဒီမှာတင်လိုက်ပါတယ်။ (မိုင်စုဘူးမှာ ယောက်ျားလေးပုံစံနဲ့ရေးခဲ့တာ)
http://www.mysuboo.com/index.php?option=com_blog&name=music%20bands&task=view&pid=15022

Monday, October 20th, 2008

ပွင့်လင်းရာသီရောက်လာပြီဆိုတော့ ကန်တော်ကြီးမျှော်စင်ကျွန်းဘက်မှာ ပွဲတွေစီစဉ်လာကြပြီ။
Nine Planets က စီစဉ်တဲ့ Underground Band တွေရဲ့ 'သမိုင်းသစ်' အခွေသစ် ပရိုမိုးရှင်း ပွဲကို free show အဖြစ် အောက်တိုဘာ ၁၈ရက်နေ့က ကန်တော်ကြီး mini zoo မှာ ပြုလုပ်ခဲ့ကြတယ်။
(အဲဒီပွဲနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ထင်တာ မြင်တာလေးတွေ တချို့ ဘလောဂ့်ပရိသတ် အတွက်ဝေမျှလိုက်ပါတယ်။ ကြည့်ဖြစ်ခဲ့သူတွေလဲ အမြင်မတူတာတွေရှိရင်လဲ ပြန်ပြီးပြောကြပေါ့ဗျာ။)

ပထမဆုံး မြင်တာနဲ့ပဲစတော့မယ်။
ဝင်ဝင်ချင်း ဆိုင်းဘုတ်ကြီးမှာ ၅နာရီခွဲစမည်လို့ရေးထားတာစတွေ့တယ်။ အဖွဲ့တွေက Reason, Drive, Idiots, Wanted, ဋ, Temper Level VIII, Offekeys တွေပါ။ အဲဒီထဲမှာ ရတနာမိုင့် အမည်လဲတွေ့လိုက်တယ်။ သူလဲဆိုမယ်ပေါ့။ ညနေ ၅နာရီ ကျော်လာတော့ Nine Planets စာတမ်းပါ အကျီအနက်နဲ့လူငယ်လေးတွေ ဟိုသည် စုစု ၊ဝေးဝေးလှုပ်ရှားနေကြတာတွေ့ရပါပြီ။ ၅နာရီခွဲကာနီးတော့ ကား အကြီးကြီးတစ်စီး အရှိန်ပြင်းပြင်းနဲ့ကျွီခနဲဘရိတ်အုပ်၊ ဆင်းလာတော့ 'ဋ' က လင်းလွန်း ဆိုပဲ၊ တခြားအဖွဲ့က အနက်ရောင်လူငယ်တွေနဲ့ အချင်းချင်းနှုတ်ဆက်ကြတယ်။ ဒီလူငယ်လေးတွေရဲ့မျက်နှာပေါ်မှာ မျှော်လင့်ချက်တစုံတရာနဲ့လင်းလက်တောက်ပလို့။ လှုပ်လှုပ်ရွရွနဲ့ သီချင်းဆိုချင်နေကြပြီ။ ၅နာရီခွဲပြီ၊ ပွဲမစနိုင်သေးဘူး။ ဟိုတစ်စု သည်တစ်စု လှုပ်လှုပ်ရှားရှားနဲ့ပဲ၊ စင်ရှေ့မှာ ဘယ် ညာ ကင်မရာတွေ အသေချိန်ထားကြတယ်။ ဒီလိုနဲ့ လှုပ်လှုပ် လှုပ်လှုပ်တွေ ပိုပိုပြီး လှုပ်ရှားလာကြပြီး ၆နာရီကျော်လောက်မှာပွဲစပါတယ်။
Stage ရဲ့ အပြင်အဆင်က graffiti art စတိုင်လ် ပါ။ အနက်ရောင်နောက်ခံမှာ အဖြူရောင်မှုတ်ဆေးတွေပဲ လွတ်လွတ်ကျွတ်ကျွတ်သုံးထားတယ်။

အခုကစပြီး အထင်တွေပါပြောပါတော့မယ်။

ပထမဆုံး Reason တွေတက်လာတယ်။ သူတို့သီချင်းတွေအပြင်မှာမကြားဖူးသေးပေမဲ့ မဂ္ဂဇင်းတွေမှာ သူတို့ရဲ့အင်တာဗျူးတွေဖတ်ထားဘူးတော့ Reason တွေကို ပရိသတ်က မျက်မှန်းတန်းမိကြတယ်။ အောင်လ .. အောင်လ လို့နှုတ်ဆက်သံတွေ ဟိုက ဒီက ကြားလိုက်ရတယ်။ သီချင်းလေးတွေ မဆိုးပါ။ ကောင်းပါတယ်လို့ပဲပြောရမယ်။ ၃ပုဒ် ဆိုပြီး နှုတ်ဆက်တဲ့အခါ သူတို့ရဲ စတိုင်လ်အဖြစ် R .. E .. A .. S.. O.. N လို့ တစ်လုံးချင်းလို့ပြောသွားတယ်။

နောက် Drvie အဖွဲ့သားတွေအလှည့်။ မြန်မာ Underground Band တွေထဲမှာ သက်တမ်းအနုဆုံး ဖြစ်မယ်ထင်တယ်။ သီချင်းလေးတွေကောင်းတယ်။ vocal သမား အသံပါဝါကောင်းတယ်။ မကောင်းတာက နဲနဲငြိမ်နေတာ။ “ပရိတ်သတ်တွေအရမ်းငြိမ်တာပဲ၊ အားရပါးရရှေ့ကိုတိုးပြီး အားပေးကြပါ” လို့ ဖိတ်ခေါ်နေပေမဲ့ သူကိုယ်တိုင်က ငြိမ်နေတော့ ပရိသတ်တွေက ဘာလုပ်ရမှန်းမသိ။ စင်ရှေ့ကိုတော့ ကျေနပ်အောင် ပြေးလာကြပါတယ်။ ဒါက ကိစ္စတော့သိပ်မရှိပါ။ နောက်ပိုင်း ပွဲတွေဆိုတာများလာရင် ပွဲထိန်းနိုင်သွားမှာပါ။

နောက်တစ်ဖွဲ့က Idiots ။ သီချင်းသစ်တွေအပြင် ပရိသတ်သိပြီးသား အရင်သီချင်းအဟောင်းတွေပါဆိုသွားတယ်။ vocalသမား တွတ်ပီက အသံပါဝါပိုကောင်းလာပေမဲ့ အ၀င်အထွက်တွေမှာ အခုထိ ခပ်ပါးပါးလွဲနေတုန်းပဲ။ ဒါကို သတိထားနေရတုန်းပဲ။ အသံမကောင်းမှာကို ကြောက်ပြီး  အရမ်းဂရုစိုက်ဆိုနေတော့ သူ့ခမြာပင်ပမ်းနေရှာတယ်။ ရာသီဥတုကလဲ ပူလွန်းတယ်။ ဒီတော့ အားပေးတဲ့ ပရိသတ်ရော ဆိုတဲ့တီးတဲ့သူတွေပါ ပင်ပမ်းနေကြတယ်။ မိုးအကုန် ဆောင်းအကူး ရာသီအကူးအပြောင်းမှာ ထွက်တဲ့ ပိုးစိမ်းကောင်၊ ပုရစ်တွေက ဆလိုက်မီးရောင်တွေကြောင့် ပိုပြီးထကြွသောင်းကျန်းနေလိုက်တာများ၊ စင်ပေါ်က တခါတခါ လွှတ်လိုက်တဲ့ ရေခဲငွေ့တွေတောင် ပိုးကောင်တွေကိုတိုးမပေါက်ဘူး။ ဆိုနေတဲ့သူရဲ့ ပါးစပ်ထဲပိုးကောင်ဝင်သွားမှဖြင့်လို့ မဆီမဆိုင်တွေးပူလိုက်မိသေးတယ်။ နောက် တွတ်ပီကပြောတယ်။ ဒီပွဲအတွက် ၅ပတ်လောက်ရှိပြီ ကြိုပြီးစီစဉ်နေခဲ့ရတဲ့အကြောင်းနဲ့ နာဂစ်မုန်တိုင်း နဲ့ပတ်သတ်ပြီး သူတို့သီချင်းတစ်ပုဒ်စပ်ထားတယ်။ Nine Planets အဖွဲ့သားတွေ အားလုံးစုပြီး ဆိုကြမယ်တဲ့၊ ဒီတော့ တခြားအဖွဲ့သားတွေကို ခေါ်တယ်၊
Drive က သားကြီး၊ Reason က အောင်လ၊ Wanted က ဖော်ကာ၊ 'ဋ' က လင်းလွန်း တို့ပါ အတူတူဆိုကြတယ်။
လူငယ်လေးတွေရဲ့ ကူညီချင်တဲ့စိတ်၊ အရာရာကို တတ်နိုင်သလောက် ၀င်ရောက်ဖြေရှင်းလိုတဲ့စိတ်တွေ နဲ့ ဖြစ်ပေါ်လာတဲ့သီချင်းတစ်ပုဒ်ဖြစ်နေတာကြောင့် ပရိသတ်တွေကပါ ငြိမ်သက်ပြီး စိတ်ဝင်တစားနားထောင်ကြတယ်။ သီချင်းလေးက ကောင်းပါတယ်။ ဆိုနေတဲ့လူငယ်လေးတွေရော ပရိသတ်တွေရဲ့ စိတ်ထဲမှာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ သွေးပျက်ခြောက်ခြားစရာ အတိတ်အရိပ်တွေ ရုန်းကန်ထကြွလို့ မျက်နှာလေးတွေ ငိုင်တွေကုန်ကြတယ်။ အဖွဲ့သားတွေအားလုံး အချင်းချင်း ညီညီညွတ်ညွတ်ရှိကြတာကိုမြင်တွေ့ရတာ စိတ်ချမ်းသာစရာကောင်းလှတယ်။
ညီညွတ်ကြရင်ဖြင့် အရာရာကိုကျော်လွှားအောင်မြင်နိုင်မယ်မဟုတ်လား။

နောက်တော့ ရတနာမိုင်အလှည့်ပါ။ ရတနာမိုင်က သူမရဲ့မေမေနဲ့ အတူတူဆိုထားတဲ့သီချင်းကိုပဲ ပထမဆုံးဆိုတယ်။ 'ငါ့ကိုချစ်ရင် ဖုန်းမဆက်ပါနဲ့၊ ငါ့အဖေသိမှာ ကြောက်လို့ပါကွဲ့' တဲ့။
Nine Planet နဲ့တွဲပြီး သူမ ထွက်မဲ့အခွေရှိတယ် လို့ပြောတယ်။ အဲဒီအခွေသစ်မှာပါမဲ့ သီချင်းတွေလဲဆိုသွားပါတယ်။ Idiots က တွတ်ပီက တစ်ပုဒ် ၀င်တီးပေးတယ်၊ ရတနာမိုင် က အရည်အသွေးရှိသူလေးပါ။ ဒါပေမဲ့ ဘာတွေလွဲနေလဲ မသိပါ၊ အတီးနဲ့အဆို ကီးမတူသလို နားထောင်ရတာ အရသာမတွေ့ဘူး၊ အစ အဆုံးကို လွဲပြီး ဆိုသွားတယ်လို့ ထင်တယ်။
ရတနာမိုင်ရဲ့ဟန်က တချက်တချက် ခင်ဘုန်းရဲ့ဟန် လိုလို။
ရတနာမိုင်ပြီးတော့ Wanted အဖွဲ့ပါ။ Wanted တွေကတော့ သက်တမ်းရင့် မြန်မာ Underground Band မဟုတ်လား။
သက်တမ်းရင့်တယ်ဆိုတာကို ပိုပြီးသေချာသွားစေတာက vocal ဖော်ကာ ရဲ့ performance ကြောင့်ပါပဲ။  သူ့ရဲ့ 'ဟုတ်ကဲ့' သီချင်းကလဲ သဘောကျစရာပါ။ ပရိသတ်တွေကို အင်မတန်ထိန်းနိုင်တယ်။ ဟန်လုပ်ထိန်းချုပ်မထားတဲ့ သူ့အပြောအဆို နဲ့သူ့ပုံစံကပဲ ပရိသတ်နဲ့ အစပ်အဟပ်တည့်နေတော့တယ်။  Underground Band တွေဆိုတာက ကိုယ့်ဂစ်တာကို ကိုင် တက်လာကြတဲ့ ဂီတသမားတွေ၊ ဒီတခေါက်တော့ ဂစ်တာတွေမှာ Nine Planets စာတမ်း တွေ့ရတော့ Nine Planets ပိုင် ဂစ်တာတွေများလားတွေးမိသေးတယ်။ ဒါဆိုရင်တော့ Nine Planets က ဆရာကြီးဆိုသူတော့ ဖော်ကာ အလှည့်ရောက်မှာ ကို ကြောက်နေရှာမယ်။ ဖော်ကာက ဂစ်တာကို တီးလိုက်၊ ပစ်ချလိုက် ၊တခါ ကောက်တီးလိုက်၊ ပြန်ပြီးပစ်ချလိုက်နဲ့အလုပ်ရှုပ်တတ်သူကိုး၊
သီချင်းတွေက Wanted ရဲ့ မဆိုမဖြစ်သီချင်း "နင် ငါ့ကို မုန်းချင်မုန်းပါဟေ့၊ ငါ့ကို ဖြတ်ချင်ဖြတ်သွားဟေ့၊ ငါ့ဂီတ ကို မထိခိုက်နဲ့" လို့ အော်ဟစ်သီကြူးသွားတယ်။
လူငယ်တွေကလဲ အားပါးတရ သံပြိုင်လိုက်ဆိုကြတယ်။ ဒီသီချင်းဟာ  Wanted လို့ဖြစ်လာစေတဲ့သီချင်းတပုဒ်လို့ ပြောရမှာပါပဲ။ စင်ရှေ့မှာလဲ အနက်ရောင်လူငယ်တွေ ဖော်ကာနဲ့အတူ ၀ုန်းဒိုင်းကြဲကုန်ကြတော့တယ်။ သီချင်းတွေမှာ အမှားအယွင်းမရှိ သီဆိုသွားနိုင်တဲ့ ဖော်ကာ ဖြစ်နေပြီ။ သူ့ရဲ့အသံကတော့ အရင်ကလိုပဲ ခပ်စွာစွာပုံစံမျိုးပဲ။
Wanted ပြီးတော့ သူတို့နဲ့သက်တမ်းတူလို့ ပြောနိုင်တဲ့ 'ဋ' ပါ။  'ဋ' တွေကတော့ တစ်ဖွဲ့လုံး performance ကောင်းကြတယ်။ ဆံပင်တွေက အားလုံးအရှည်၊ vocal လင်းလွန်းကအစ ဂစ်တာသမားတွေပါ ဆံပင်တွေ အရှည်ကြီး၊ ဟန်တွေက စည်းချက်ကျကျ၊ ခပ်ပြင်းပြင်း၊  ရောခ့်သမားတွေအကြိုက်ဆုံးအနေအထား၊ ၀မ်းခေါင်းသံကြီးတွေနဲ့ အော်ဟစ်မြည်ကြွေးလို့၊ ပရိသတ်ကလဲ လိုက်အော်လို့၊
စင်ပေါ်ကခုန် အောက်ကခုန်နဲ့ 'ဋ' တွေမပါရင် ပွဲမစည်ဘူးလို့တောင်ပြောနိုင်ဦးမယ်။ လူငယ်တွေရဲ့ စိတ်အစာမကြေမှုတွေကို 'ဋ' တွေက ခဏတာဖြေလျှော့ပေးနိုင်လို့ လူငယ်တွေကျေနပ်တယ်၊
သူ့ရဲ့ ပရိသတ် တွေ လက်ညှိုးထောင်ပြပါ လို့ လင်းလွန်းက တောင်းဆိုလိုက်တယ်၊ ပရိသတ်ထဲမှာ တွေ့လိုက်ရတဲ့ Pal အဖွဲ့က ဂစ်တာသမားက အစ မိန်းကလေးငယ်ငယ်တွေအဆုံး အနက်ရောင်လူငယ်တွေများများစားစား အလုအယက် လက်ညှိုးထောင်ကြတယ်။ လင်းလွန်း ကျေနပ်သွားတယ်။ '-'ရမ်းမိုက်တယ်၊ '-'ရမ်းကျေးဇူးတင်တယ်လို့ လှိုက်လှိုက်လှဲလှဲပြောသွားရှာတယ်။ 

နောက် Round တလှည့်ပြန်ဆိုကြတော့ Reason, Drive, Idiots, ရတနာမိုင် နဲ့ Wanted တို့ပါ ထပ်ပြီး ဆိုသွားကြတယ်။ 'ဋ' ကတော့ ပြန်မပါလာတော့ပါဘူး။ အစအဆုံး လုံးဝပါမလာတာက Temper Level VIII နဲ့ Offkeys တို့ပါ။ နောက်ဆုံး Wanted အဖွဲ့နဲ့ပွဲကိုပိတ်တယ်။ သူ့ရဲ့ 'အရက်သမား' သီချင်းကို လူငယ်တွေပါမက လူကြီးတွေပါ ခေါင်းလှုပ်ခြေလှုပ် စည်းချက်လိုက်ကြတယ်။ စာသားကလဲ သဘောကျစရာကောင်းပါတယ်၊ အရက်သမားသိက္ခာမကျရအောင် ခြေလှမ်းကိုထိန်းနေတဲ့စာသားက လူတွေကို ပြုံးမိစေတယ်။ အဆုံးသတ်ခါနီးမှာ ပရိသတ်လဲမောနေပြီ၊ ဖော်ကာက မေးတယ်။ 'ပြန်ချင်ကြပြီလား၊ မပြန်ချင်သေးရင်ဆက်ဆိုမယ်၊ ပြန်ချင်ပြီဆိုရင် ဆက်မဆိုတော့ဘူး' တဲ့၊ ပရိသတ်တချို့ကလဲ ဟန်မဆောင်ကြဘူး။ 'ပြန်ချင်ပြီ' လို့ပြောကြတယ်။ ဒီတော့လဲ သူက the Last လို့ထအော်လိုက်တယ်။ သီချင်းစတော့ .. အတီးစ၀င်လာကတည်းက Nirvana သီချင်းမှန်းရိပ်မိလိုက်တဲ့ လူငယ်တွေက Nirvana ဆိုပြီးအော်ကြတယ်၊ မူရင်းအတိုင်းပဲဆိုသွားပါတယ်။ performance စွမ်းပကားကိုတော့ ၀ါသနာအရ ထုတ်ပြဆဲပါ။ ဂစ်တာကိုတီးနေရင်း နောက်ကို ပစ်လွှဲလိုက်တယ်။ ဒါပေမဲ့ နည်းနည်းရှည်ထားတဲ့လွယ်ကြိုးကြောင့် ဂစ်တာက နောက်ကိုအရောက်မှာ ပခုံးက လျှောကျသွားတော့တယ်၊ ဒါကို အင်မတန်ပါးနပ်လှတဲ့ ဖော်ကာက ဆိုနေရင်းက ဟန်မပျက် လွယ်ကြိုးကိုအောက်ထိ အသာလျှောချရင်း ဂစ်တာကိုပစ်ချလိုက်တယ်။ နောက်တော့ ဘေးဘက်ထွက်ရပ်လိုက်ရင်း ဆက်ဆိုနေတယ်၊ နောက်တော့ မိုက် ကို စတန်းက ဖြုတ်ယူလိုက်ပြီး ဂစ်တာသမား ကို ပေးဆိုပြန်ရော၊ နောက်မှာ ဂစ်တာ backing တီးပေးထားမဲ့သူသပ်သပ်ရှိနေရင် ပိုအဆင်ပြေနိုင်မှာပါ၊ အခုတော့ ဂစ်တာသမား က အတီးကို ဂရုစိုက်ရတဲ့အထဲ ဖော်ကာက သူမောနေလို့ မဆိုနိုင်တိုင်း သွားဆိုခိုင်းတော့ ဂစ်တာသမားခမြာ ပျာနေရှာတာပေါ့။ သီချင်းလဲ ဆုံးရော'ပြန်တော့' လို့ ဖော်ကာကပဲ ရင်းရင်းနှီးနှီး နှုတ်ဆက်ရင်း ပွဲသိမ်းလိုက်ပါတယ်။ ပရိတ်သတ်နဲနေတာလွဲလို့ အေးအေးဆေးဆေးပြီးသွားတဲ့ပွဲပါပဲ။

ကြိုးစားနေတဲ့လူငယ်တွေ 'စည်းလုံးကြပါစေ။ အောင်မြင်ကြပါစေ' ချီးမြှောက်ဆုတောင်းပေးကြဖို့ ကျွန်တော်တို့ တွန့်ဆုတ်မနေသင့်ဘူးမဟုတ်လား။
သမိုင်းသစ် အယ်လ်ဘမ်ရောင်းရငွေကို လေဘေးသင့်ပြည်သူတွေကို အားလုံးလှူမှာဆိုတော့ မူရင်းခွေကို ၀ယ်ကြဖို့လဲ တိုက်တွန်းချင်တယ်ဗျ။

မိုင်စုဘူးက comment တွေ

fattepote
Monday, 20 October 2008
ရဘူး ရဘူး . . . . . ကော်ပီကူးပစ်မှာပဲ . . . . . နောက်တစ်ခါ သွားရင် . . . video camera လေးနဲ့ပါ ရိုက်ခဲ့ပါ . . အမြည်း ကြည့်ရတာပေါ့ . . . ဓါတ်ပုံတွေ တင်ပေးရမလား အဲဒီလို အရေးကောင်းတဲ့ အစ်ကိုကြီး တောင့်တောင့် ဖြောင့်ဖြောင့် ကောင်မလေး ငါးယောက်လောက် ရပါစေ . . ရှဥ့်
taylay
Monday, 20 October 2008
ေ-ာက်ရမ်းမိုက်တယ်ကွာ...သိတောင်မသိလိုက်ဘူး ရှိုးပွဲကို...
Spring
Monday, 20 October 2008
ပုံတွေကို connection ကောင်းမှ တင်ပေးထားပါမယ်။ ခုတော့... ဟုတ်ကဲ့... ဟုတ်ကဲ့...ဟုတ်ကဲ့