Showing posts with label နာမည်ကျော်တွေရဲ့ အိမ်. Show all posts
Showing posts with label နာမည်ကျော်တွေရဲ့ အိမ်. Show all posts

Monday, November 26, 2012

အစိမ်းရောင်ပန်းပွင့်အိမ် ဖန်တီးမယ့် “ဂယ်ရီနီဗီးလ်”


မန်ချက်စတာယူနိုက်တက်အသင်းမှာ ၉နှစ်ကြာ (၁၉၉၁ ကနေ ၂၀၁၁ အထိ) ကစားခဲ့သူ၊ အင်္ဂလန်ကစားသမားဟောင်းဖြစ်ခဲ့ပြီး လက်ရှိမှာတော့ အင်္ဂလန်အသင်းရဲ့ လက်ရှိ အသင်း လက်ထောက်နည်းပြအဖြစ်သာတာဝန်ယူထားတဲ့ ဂယ်ရီနီဗီးလ်ဟာ သူရဲ့အိမ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရည်ရွယ်တည်ဆောက်သွားချင်ပါတယ်လို့ဆိုတယ်။ ယူကေရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစံနှုန်းအမြင့်ဆုံး ဒီဇိုင်းထွင်တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ သူက အိမ်တစ်လုံးထဲ ပစ္စည်းတွေ စနစ်တကျထားသိုနေရာချတာ၊ အသစ်ပြန်ပြီးမွမ်းမံပြင်ဆင်ရတာတွေ အမြဲတမ်းသဘောတွေ့နေတတ်သူပါ။ နီဗီးလ် က အသက် ၂၂ နှစ်မှာ အိမ်တစ်လုံး သူကိုယ်တိုင် စပြီးဆောက်လုပ်ခဲ့ပါတယ်။ နောက် အသက် ၂၆ နှစ်မှာလည်း နောက်အိမ်တစ်လုံးကို ကိုယ်တိုင်ဒီဇိုင်းဆွဲ ဆောက်လုပ်ခဲ့သေးတယ်လို့ ဆိုတယ်။ နီဗီးလ် ဒုတိယအိမ်ဆောက်တော့ အကြီးဆုံးအမှားတစ်ခုလုပ်ဖြစ်ခဲ့တာ သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အိမ်ဆောက်စီမံကိန်းကတော့ ပြန်လှည့်ဖို့မလွယ်လောက်အောင် အခက်ကြုံခဲ့ရပါတယ်။ အဲဒီမှာ နီဗီးလ် စိတ်ဝင်တစားသဘောပေါက်ခဲ့တာက ရွှေ့ပြောင်းပြင်ဆင်လွယ်တဲ့ အယူအဆမျိုးနဲ့ အိမ်တစ်လုံးဆောက်လုပ်ဖို့ပါ။ “အဲဒါ ကျွန်တော်အမှန်တကယ်စိတ်ဝင်စားသွားခဲ့တဲ့အရာပါ။ ကျွန်တော်အမှားတွေလုပ်ခဲ့မိရင် အဲဒီအမှားတွေနဲ့ နေထိုင်ရမယ့် ကျွန်တော့်ဘ၀ကို ပြောင်းလဲနိုင်ဖို့ နားလည်သဘောပေါက်လိုက်ပါတယ်။ ကားကနေ အိမ်ကိုပြောင်းလဲသလို ကျွန်တော့်ကိုယ်ပိုင်ဘ၀မှာလည်း အကူးအပြောင်းကာလကို ရရှိလိုက်ပါပြီ။ ကျွန်တော်ကျွမ်းကျင်သလောက်ကြိုးစားဖို့ဖြစ်လာတာပါ”  လို့ နီဗီးလ်က ပြောပါတယ်။ ပရော်ဖက်ရှင်နယ်ဘ၀မှာ ကျွန်တော်တို့တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်လုပ်ကြရတယ်။ ဈေးကွက်ဝင်စီမံကိန်းတိုင်းမှာ ငွေကြေးဘဏ္ဍာရေးဘက်ကိုပဲအောင်မြင်မှုရအောင်လုပ်နိုင်ပြီး တခြားကိစ္စတွေကို သဟဇာတဖြစ်အောင် ထိန်းထားနိုင်ဖို့မလွယ်လှဘူး။ သဟဇာတဖြစ်အောင်ထိန်းထားတယ်ဆိုတဲ့ အယူအဆကို လူတွေကြားတဲပျံ့နှံ့အောင် ပြုလုပ်ဖို့တောင်ခက်ပါတယ်။ ကျွန်တော့်အတွက် အားကစားနဲ့ ကျွန်တော်စိတ်ဝင်စားတဲ့အရာကို ချိတ်ဆက်မိမိထိန်းထားဖို့ဆိုရင် ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ပြီး ပရဟိတအလုပ်မျိုး လူအဖွဲ့အစည်းကို အထောက်အကူပြုမယ့်ကိစ္စမျိုးမှာ လူတွေပါဝင်လာအောင် ဆောင်ရွက်ချင်တာပါ လို့ နီဗီးလ်က သူ့အမြင်ကို ပြောခဲ့ဖူးပါတယ်။

Green Energy (ပတ်ဝန်းကျင် ထိခိုက်မှုမရှိပဲ လေစွမ်းအင်သုံးကာ လျှပ်စစ်စွမ်းအား၊ အပူပေးစနစ်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ) တည်ထောင်သူ၊ Forest Green Rovers Football Club ဥက္ကဌ ဒေးလ်ဗင့်စ်ရဲ့ တွဲဖက်တည်ထောင်သူအဖြစ် သူ ယုံကြည်တဲ့အတိုင်း သဟဇာတမျှတတဲ့ဘ၀မျိုးဖြစ်အောင် ကြိုးစားဆောင်ရွက်သူနေတဲ့သူ နီဗီးလ်ပါပဲ။ လေ တာဘိုင်ကနေ လျှပ်စစ်ဓာတ်ထုတ်ယူပြီး ရာသီတိုင်းမှာ လုံလောက်တဲ့စွမ်းအင်ရရှိမယ့် ဘောလုံးကစားကွင်း၊ အ၀တ်လဲခန်းတွေဆောက်လုပ်ပေးနိုင်ဖို့ အလှူငွေရှာဖွေမယ့်ရံပုံငွေပွဲ အဖြစ် Forest Green အသင်း နဲ့ မန်ချက်စတာယူနိုက်တက်အသင်း ယှဉ်ပြိုင်ကစားကြမယ့် ပွဲတစ်ပွဲလည်း စီစဉ်နေပါတယ်။ UK Green Building Council(UK GBC) က ပြုလုပ်ခဲ့တဲ့ World Green Building ရက်သတ္တပတ်မှာလည်း ဧည့်သည်တော်အဖြစ် ဖိတ်ကြားခံခဲ့ရပါတယ်။
လူအဖွဲ့အစည်းအတွင်းမှာ ပတ်ဝန်းကျင်သဘာဝတရားနဲ့ လူသားတွေရဲ့ ရှင်သန်နေထိုင်မှုစတိုင်လ် အပြန်အလှန်သဟဇာတဖြစ်အောင်ထိန်းညှိနိုင်မယ့် Green Building တွေ တည်ဆောက်ဖို့ အသိပေးနေသလို သူကိုယ်တိုင်လည်း အမြင်ဆန်းတဲ့ဒီဇိုင်းအပြင်အဆင်နဲ့ Green Building အိမ်သစ်ကို ဆောက်လုပ်ဖို့ စတင်တော့မှာပါ။ နီဗီးလ်ရဲ့ အစိမ်းရောင်အဆောက်အဦးဟာ မြေအောက်တစ်စိတ်တစ်ပိုင်းနစ်မြုပ်နေတဲ့ ပွင့်ချပ်လေးတွေ ပြန့်ကားနေသလိုလို ပန်းပွင့်ပုံစံ ချစ်စရာအဆောက်အဦးလေးပါ။ နီဗီးလ်ရဲ့ အစိမ်းရောင်ပန်းပွင့်အဆောက်အဦး က ပြောချင်တာကတော့ “စက်မှုလုပ်ငန်းတွေ ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ အသစ်အဆန်းထီထွင်နိုင်သေးတယ်။ ဒါပေမယ့် ပြဿနာတွေကိုဖြေရှင်းနိုင်ရမယ်။ လူ့အဖွဲ့အစည်းအတွင်း သဟဇာတရှိမှု တိုးတက်ဖွံ့ဖြိုးနိုင်ရမယ်” လို့ ဆိုတယ်။
လွန်ခဲ့တဲ့ရှစ်နှစ်လောက်ကတည်းက လန်ကာရှိုင်းယား၊ ဘော်လ်တွန်အနီးက ရွာငယ်မြေကွက်ကို ၀ယ်ယူထားခဲ့ပြီး ၈၀၀၀ စတုရန်းပေးကျယ်ဝန်းပြီး၊ ပေါင် ၈သန်းတန် ကုန်ကျမယ့် Green Building ကို တည်ဆောက်ဖို့ လွန်ခဲ့တဲ့ ၃ နှစ်က ဒီဇိုင်းထုတ်ပြန်ခဲ့ပါတယ်။ ပေ ၁၀၀ မြင့်တဲ့ လေ တာဘိုင်တစ်ခုပါဝင်တဲ့ အဆောက်အဦးဒီဇိုင်းကို အိမ်နီချင်းတွေက မျက်စိစပါးမွှေးစူးစရာရယ်လို့ သဘောထားကာ ကန့်ကွက်စာ ၁၀၀ ကျော်ပို့ခဲ့ကြတယ်။ လေ တာဘိုင်ဟာ မြင့်မားလွန်းတယ်ဟုလည်း ကန့်ကွက်ခဲ့ကြတယ်။ နီဗီးလ်လည်း ရပ်တန့်ခဲ့ပါတယ်။ ဒီဇိုင်းကတော့ ပန်းပွင့်ပုံ Green Design ပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လိုက်နာတဲ့အဆင့်(Code) နံပါတ် အဆင် ၆ ရှိတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ဘော်လ်တွန်ကောင်စီက ဆောက်လုပ်ခွင့်ပြုပေးခဲ့ပြီးသားပါ။ အိမ်နီးချင်းတွေရဲ့ သဘောထားတွေကို လေးလေးစားစားလိုက်နာခဲ့တဲ့အတွက် နီဗီးလ်ကို ချီးကျူးခဲ့ကြတယ်။ အိမ်နီးချင်းတွေက နောက်တော့ ပြောလာပါတယ်။ ယူကေ ကလေးတီဗီဇာတ်လမ်းတွဲ Telebubbies ထဲက တင်ကီ-၀င်ကီ၊ ဒစ်ပ်စီ နဲ့ ပို တို့ နေတဲ့ Laa_Laa Land က အိမ်လေးပုံစံမျိုးလေးနဲ့ တူလာလိမ့်မယ်တဲ့။
နီဗီလ်းကတော့ သူ့ အတွက်၊ ဇနီး အမ်မာ၊ နှစ်နှစ်သမီးလေး မော်လီ နဲ့ တစ်နှစ်သမီးလေး ဆိုဖီတို့အတွက်၊ eco-home တစ်လုံးဆောက်လုပ်ဖို့ ကြိုးစားနေခဲ့သလို ပတ်ဝန်းကျင်သဘာဝတရား၊ ပတ်ဝန်းကျင်က အိမ်နီးချင်းမိတ်ဆွေအားလုံးတို့နဲ့ သဟဇာတမျှအောင် ထိန်းညှိဖို့ ကြိုးစားခဲ့တာပါ။
ပန်းပွင့်ပုံအိမ်လေးရဲ့ ဗဟိုကတော့ မီးဖိုးချောင်ဖြစ်ပြီး ပွင့်ချပ်တစ်ခုစီရဲ့ တစ်စိတ်တစ်ပိုင်း မြေအောက်နစ်မြုပ်နေတဲ့ အခန်းတွေဟာ စားသောက်၊ အနားယူ၊ အပမ်းဖြေ၊ အလုပ်လုပ်၊ ကစားဖို့ ပွင့်ချပ်တွေအဖြစ် ဒီဇိုင်းဆွဲထားပါတယ်လို့ ဆိုတယ်။ ဒီလို ထီထွင်ဆန်းသစ်မှုတွေနဲ့ လန်ကာရှိုင်းယားတောင်ကုန်း ပတ်ဝန်းကျင်ကို ထိခိုက်မှုအသက်သာဆုံးဖြစ်အောင် ရည်ရွယ်ခဲ့ပါတယ်။ ကျောက်ခေတ်သစ်ကျေးရွာ အဆောက်အဦးတစ်ခုအဖြစ် လူအများကထင်မြင်လာမယ့် နီဗီးလ်ရဲ့ ထူးခြားတဲ့ အဆောက်အဦးလေးပါပဲ။      ။
မဉ္ဇူရီ
Living Fashion Magazine,
December, 2012

Friday, November 2, 2012

အသက်ရှုမှားလောက်စရာ စီလင်းဒီယွန်ရဲ့ အိမ်ဂေဟာ

ကနေဒီယန်းပေါပ့်၊ ရောခ့်၊ R&B အဆိုတော် စီလင်းဒီယွန် ပိုင်ဆိုင်တဲ့ အိမ်တွေကတော့ ကြီးမားကျယ်ပြန့်လှတဲ့ စံအိမ်ကြီးတွေပါပဲ။ ပြင်သစ်-ကနေဒီယန်းမျိုးရိုးမိသားစုဝင် ဖြစ်ပြီး မိသားစုဝင်အများကြီးနဲ့ ကြီးပြင်းခဲ့သူပါ။ မောင်နှမ ၁၄ ယောက်မှာ စီလင်းဒီယွန်က အငယ်ဆုံးပါ။ ကနေဒါနိုင်ငံ ကူဘက်ခ်ပြည်နယ်က ရှာလန်းမန်းမြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ ပြင်သစ်စကားပြောဒေသမှာ ဆယ်ကျော်သက်အရွယ်လေးက စပြီး ကြယ်တစ်ပွင့်အဖြစ်လင်းလက်ခဲ့တယ်။ အသက် ၅ နှစ်အရွယ်လေးကတည်းကပဲ အစ်ကိုရဲ့ မင်္ဂလာပွဲမှာ သီချင်းစတင် ဆိုခဲ့ပါတယ်။ ပထမဆုံးအင်္ဂလိပ်စကားပြော အယ်လ်ဘမ် Unison ကို ၁၉၉၀ မှာ ထုတ်ဝေခဲ့ပြီးတဲ့နောက် မြောက်အမေရိက နဲ့ တခြား အင်္ဂလိပ်စကားပြောတိုင်းပြည်တွေမှာပါ နာမည်ကျော်ကြားခဲ့သူပါ။ ၁၉၉၄ ခုနှစ်က အမေးအဖြေတစ်ခုမှာ “ကျွန်မ မိသားစုနဲ့ မိသားစုဝင်အများကြီးနဲ့ နေခဲ့ရတဲ့ အိမ်ကို လွမ်းပါတယ်။ ဒါပေမဲ့ ငယ်ရွယ်ပျိုမြစ်တဲ့အချိန်တွေ ပြန်မရနိုင်တော့တာကိုတော့ နောင်တရမနေပါဘူး။ အိပ်မက်အမြဲရှိခဲ့ပါတယ်။ အဆိုတော်တစ်ယောက် ဖြစ်ချင်တာရယ်။ ကျွန်မကြီးပြင်းခဲ့သလိုပဲ မိသားစုဝင်တွေအများကြီးပါတဲ့ ကျွန်မကိုယ်ပိုင်မိသားစုလေးလည်း လိုချင်တယ်။ ပြီးတော့ ကြီးမားတဲ့အိမ်ကြီးတွေပေါ့” လို့ စီလင်းဒီယွန်က ဖြေခဲ့ပါတယ်။ စီလင်းဒီယွန် ရဲ့ အိပ်မက်တွေဟာ အကောင်အထည်ပေါ်ခဲ့တယ်ပြောရမှာပါပဲ။ ၂၀၀၁ ခုနှစ်က မွေးဖွားခဲ့တဲ့ သားကြီး နဲ့ ၂၀၁၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အမွှာသားလေးနှစ်ယောက်နဲ့ဆိုရင် သားသုံးယောက် အခု ပိုင်ဆိုင်နေခဲ့ပါပြီ။ စီလင်းဒီယွန်ရဲ့ မန်နေဂျာ ကနေဒီးယန်းအဆိုတော် ရဲနဲအန်ဂဲလီ နဲ့ လက်ထပ်ခဲ့တာပါ။ သားအမွှာလေးတွေရဲ့အမည်ကို အက်ဒီ နဲ့ နယ်လ်ဆန်လို့ ပေးခဲ့ကြတယ်။ သူမ ရဲ့ အယ်လ်ဘမ်တွေကို ထုတ်ဝေခဲ့တဲ့ ပြင်သစ်သီချင်းရေးဆရာကြီး အမည် အက်ဒီ နဲ့ နယ်လ်ဆင်မန်ဒဲလား ရဲ့ အမည်တွေလို့ ခင်ပွန်း ရဲနဲ က ပြောပါတယ်။ 

စီလင်းဒီယွန် နဲ့ ရဲနဲ တို့ရဲ့ ဖလော်ရီဒါ၊ ဂျူပီတာကျွန်းက ချစ်စရာရေကူးကန်ဒီဇိုင်းလေးပါရှိတဲ့ စံအိမ်ဟာ ဒေါ်လာ သန်း ၂၀ ကုန်ကျပါတယ်။ ခမ်းနားလှပစွာတည်ဆောက်ထားတဲ့ ရေကူးကန်အတွက် ရေဂါလံ ၅ သိန်းအသုံးပြုထားပြီး ရေကူးကန်နှစ်ကန်ပါရှိတယ်။ ဆင်ခြေလျှောနှစ်ခုပါရှိတဲ့ ရေကူးကန်လေးတွေမှာ ရေစီးကို ဖြည်းဖြည်းလေးပဲ စီးနေစေပြီး ရေဆော့ကစားတဲ့သူတွေကို ရေကူးကန်တစ်ဝိုက်သယ်ဆောင်သွားနိုင်ပါတယ်တဲ့။ အဲဒီ ရေကူးပန်းခြံပါ စံအိမ်ကို ၂၀၀၅ ခုနှစ်က ဒေါ်လာ ၁၂.၅ သန်း နဲ့ ၀ယ်ယူခဲ့တာပါ။ ဖလော်ရီဒါက ဂျူပီတာကျွန်းဟာ ယူအက်စ်က အကြွယ်ဝဆုံးနာမည်ကျော်တွေ နေကြတဲ့ နေရာပါပဲ။ ဂေါက်သီးချန်ပီယံ တိုက်ဂါးဝုဒ်အပါအ၀င်ပေါ့။
အဲဒီ စံအိမ်ဟာ ၉၈၂၅ စတုရန်းပေကျယ်ဝန်းပြီး ၅.၇ ဧကရှိပါတယ်။ မြေအောက်ကားဂိုဒေါင်လည်း ပါရှိတယ်။ အိပ်ခန်းက ရှစ်ခန်း နဲ့ ဧည့်သည်တွေရဲ့ အခန်း နှစ်ခန်းပါရှိတယ်။ စတုရန်းပေ ၄၆၀ ရှိတဲ့ ဗီရိုကြီးရယ် ရေကူးကန်ဘေးက အားကစားခန်းမရယ်က ဧည့်သည်တွေအတွက် အထူးတည်ဆောက်ထားတဲ့အပြင်အဆင်တွေလို့ ဆိုပါတယ်။ ရေကူးကန်အတွက် ရေဂါလံပေါင်းများစွာအသုံးပြုကြတာကြောင့် အိမ်နီးချင်းတွေရဲ့ မကျေမနပ်ဖြစ်ကြတာတွေတော့ရှိနေတယ်။ သူမ ရေတွေသိုလှောင်ထားမှုဟာ ကျွန်းမှာ ရေရှားပါးမှုပြဿနာဖြစ်နိုင်တယ်။ ပြီးတော့ အဲဒီနေရာက ပမာဏများများသိုလှောင်ခွင့်မရှိတဲ့နေရာလို့ အိမ်နီးချင်းတွေက အပြစ်တင်ကြတယ်။ စီလင်းဒီယွန်ကတော့ များပြားလှတဲ့ ရေပမာဏတွေအသုံးပြုထားတာမို့ ဒဏ်ကြေးပေးဆောင်ပြီးတော့ အိမ်နီးချင်းတွေကို နှစ်သိမ့်ဖို့ ကြိုးစားခဲ့ပါတယ်။ ကြီးမားလှတဲ့ ရေကူးကန်ကို ရေလဲလှယ်အသုံးပြုနိုင်စေဖို့က ရေတွင်းခြောက်တွင်းပါ ရေပေးဝေရေးစနစ်ကို တည်ဆောက်ထားရတယ်။ ရေတွင်းတွေကို ရေဖြည့်ဖို့အတွက် တစ်နှစ်ကို ရေဂါလံပေါင်း ၆.၅သန်း လိုအပ်ပါတယ်။ အဲဒီရေတွင်းရေကန်ဆောက်လုပ်ရေးစနစ်အတွက် အိမ်နီချင်းတချို့က ပြောကြပါတယ်။ “သူမ ဆောက်လုပ်ခွင့်ဘယ်လိုရသလဲတော့ မသိပါဘူး။ အစိုးရကတော့ ဒီလိုဆောက်တာကို ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်” တဲ့။ 

အိမ်နီးချင်းတွေရဲ့ ဆူပူညည်းတွားသံတွေ ဘေးပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာ ပျံ့နှံ့နေပေမယ့်လည်း ကွေ့ကွေ့ဝိုက်ဝိုက်၊ ရေစီးတသွင်သွင်လေးစီးဆင်းနေတဲ့ စီလင်းဒီယွန်ရဲ့ ရေကူးကန်နဲ့ အဆောက်အဦးတွေကတော့ အဆင့်မြင်စွာ သပ်ရပ်လှပလို့နေပါတယ်။

ကနေဒါ၊ ကူဘက်ခ်မှာရှိတဲ့ စံအိမ်ကြီးကိုတော့ ကနေဒါရဲ့ ဘက်ကင်ဟမ်နန်းတော်ကြီးလို့ ခေါ်ဆိုကြတယ်။ ကူဘက်ခ်မှာ ရောင်းဈေးအမြင့်ဆုံးအိမ်ကြီးပါပဲ။ ဒေါ်လာ ၂၉.၇သန်းနီးပါး ဈေးခေါ်ထားတဲ့စံအိမ်ကြီးပါ။ စီလင်းဒီယွန်နဲ့ ခင်ပွန်းသည် ရဲနဲတို့ဟာ သူတို့ရဲ့ ကူဘက်ခ်စံအိမ်ကြီးဟာ အသုံးမပြုဖြစ်တာကြောင့် ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ မွန်ထရီးလ်မြို့ထဲနဲ့ ၂၅ ကီလိုမီတာအကွာမှာရှိပြီး အဆောက်အဦးက စတုရန်းပေ ၂၄၀၀၀ ရှိပါတယ်။ ခြံစည်းရိုးအကျယ်ကတော့ စတုရန်းပေ ၈၃၀ ၀၀၀ တောင်ရှိပါတယ်။ ကျွန်းလေးပေါ်မှာရှိတဲ့စံအိမ်ဆီကို ကျောက်တုံးတွေအစီအရီခင်းတားတဲ့လမ်းတိုလေးအတိုင်း သွားကြရတယ်။ စံအိမ်အ၀င်ဝမှာတော့ ကြီးမားလှတဲ့ ဂိတ်တံခါးဝနှစ်ခုရှိနေပြီး လုံခြုံရေးအစောင့်အိမ်ကလည်း ၂၄နာရီအစောင့်အရှောက်နဲ့ထားရှိကာ ဖိတ်ကြားချက်မပါပဲ အလည်အပတ်ဝင်ရောက်လို့မရနိုင်တဲ့ စံအိမ်ကြီးပါပဲ။ ကျွန်းပေါ်မှာတော့ သဘာဝအတိုင်းပဲ သစ်တောသစ်ပင်တွေပြည့်လို့နေတယ်။
သစ်မာသား၊ ၀က်သစ်ချပင်၊ ထင်းရှုးနဲ့ မာပယ်လ်ပင်တွေရှိနေပါသတဲ့။ ပထမရာစုနှစ်ရောမခေတ်လက်ရာ ပန်းပုရုပ်တွေနဲ့ နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေဖြည့်ထားတဲ့ စံအိမ်ကြီးပါ။ ကူဘက်ခ် စံအိမ်ကြီးကို နှစ်နှစ်ကြာဆောက်လုပ်ခဲ့ရပြီး ၂၀၀၁ မှာပြီးစီးခဲ့ပါတယ်။ ၃ ထပ်မြင့်တဲ့ပြင်သစ်နော်မန်စတိုင် ခေတ်မှီစံအိမ်ကြီးကို မီးခိုးရောင်ကျောက်တုံးတွေရယ်၊ ကျောက်ပြားအမိုးတွေရယ်နဲ့ တည်ဆောက်ထားတယ်။ အိမ်ကြီးထဲကို ၀င်လိုက်တာနဲ့ အော်ပရာကဇာတ်ခန်းမကြီးထဲကို ခြေချလိုက်မိသလို ခံစားရနိုင်တဲ့အပြင်အဆင်တွေက ပြည့်နှက်လို့နေပါတယ်။ ပြောင်လက်နေတဲ့သစ်သားပွတ်လုံးတွေ၊ အနုစိတ်လက်ရာတွေနဲ့ သံပန်းကြောင်လိမ်လှေကားဟာလည်း စာရေးဆရာမ မာဂရက်မစ်ချယ်ဖန်တီးတဲ့ လေရူးသုန်သုန်ဝတ္ထုထဲကလိုပဲတဲ့။ စကားလက်အိုဟားရားပြေးတက်ပြေးဆင်းပြုလုပ်ခဲ့တဲ့ ကြောင်လိမ်လှေကားစတဲ့ ပုံရိပ်တွေတောင် မြင်ယောင်မိစေတဲ့ အဆောက်အဦးပုံစံမျိုးလို့ ဆိုကြပါတယ်။ အိမ်ကြီးထဲကို ရောက်ခဲ့ကြဖူးတဲ့သူတွေက ကူဘက်ခ်စံအိမ်ကြီးဟာ ကနေဒါရဲ့ဘက်ကင်ဟမ်နန်းတော်ကြီးပါပဲ။ အသက်ရှုမှားလောက်စရာပေါ့ လို့ ဆိုနေကြတယ်။      ။
Living Fashion Magazine, November, 2012
မဉ္ဇူရီ

Saturday, September 29, 2012

လင်းလင်းလက်လက် မှန်သားစံအိမ်ထဲက လူ

အမေရိကန်ရုပ်ရှင်မင်းသား အာ့ရှ်တန်ကာ့ထ်ချာဟာ ဟောလိဝုဒ်ဟေးလ်စ်က ၉၃၈၅ စတုရန်းပေ ကျယ်ဝန်းတဲ့ မှန်သားအိမ်ကို ဒေါ်လာ၁၀.၈သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။ အဲဒီအိမ်ကို မူလက တစ်လကို ဒေါ်လာ၅၀၀၀၀ နဲ့ ငှားရမ်းနေထိုင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဂျပ်စတင်ဘီဘာက ၀ယ်ယူဖို့ စုံစမ်းခဲ့သေးတယ်လို့ သတင်းတွေမှာရေးကြတယ်။ မှန်သားတွေပြည့်နေတဲ့ လင်းလက်တဲ့တောင်ကုန်းမြင့်မြင့်ပေါ်က အဲဒီအိမ်မှာ အိပ်ခန်း ၅ ခန်းနဲ့ ရေချိုးခန်း ၈ခန်းပါဝင်ပါတယ်။ ၂၀၀၆ ခုနှစ်ကဆောက်လုပ်ခဲ့တဲ့ ခေတ်ဆန်ဆန်အဆောက်အဦးဖြစ်ပါတယ်။ ကြမ်းပြင်တွေဟာ အ၀င်တံခါးတွေနဲ့ တစ်ပြေးညီအဖွင့်စတိုင်လ်ပါ။ မျက်နှာကြက်တွေကမြင့်မားတယ်။ နံရံတွေက မှန်သားများများနဲ့ဖြစ်ပြီး တစ်အိမ်လုံးပြည့်လုနီးပါး ရေကူးကန်ပါရှိတယ်။ ကိုယ်ပိုင်အားကစားခန်းမလည်းရှိနေပါတယ်။
လက်ရှိအချိန်မှာ ထုတ်လုပ်သူ၊ မိုဒယ်၊ တီဗီအစီအစဉ်တင်ဆက်သူ၊ ရုပ်ရှင်ကားများစွာရိုက်ကူးနေရတဲ့ မင်းသားတစ်ဦးအဖြစ် ကြွယ်ဝတဲ့သူတစ်ဦးဖြစ်နေခဲ့ပါပြီ။ သန်းပေါင်းများစွာတန်ကြေးရှိတဲ့ စံအိမ်မျိုးလည်း ပိုင်ဆိုင်နေခဲ့ပါပြီ။ အလုပ်တွေမနားတမ်းဆက်တိုက်လုပ်နေခဲ့တဲ့ ကာ့ထ်ချာ ပြောခဲ့ဖူးတာက “ကျွန်တော်အိမ်ကိုမပြန်ချင်ပါဘူး။ အိမ်ပြန်ရောက်ရင် ကျွန်တော့်အမွှာအစ်ကိုရဲ့ သတင်းဆိုးတွေရှာမတွေ့ချင်ဘူး။ အဲဒီတော့ ကျွန်တော့်ကိုယ်ကျွန်တော် အလုပ်ထဲမှာ နှစ်မြှုပ်ထားလိုက်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ထိခိုက်စေဖို့ ခွင့်မပြုနိုင်ဘူး” တဲ့။ ကာ့ထ်ချာရဲ့ အမွှာအစ်ကိုမိုက်ကယ်လ်ဟာ နှလုံးအစားထိုးထားရသူတစ်ဦးပါ။ မွေးရာပါဦးနှောက်ပိုင်းဆိုင်ရာချို့ယွင်းတဲ့ရောဂါရှိသူလည်းဖြစ်နေခဲ့ပါတယ်။ ချက် ဘိုဟီးရန်းဖခင်နဲ့ အိုင်းရစ်ဂျာမန်စပ် ဘိုဟီးမီးရန်းမျိုးရိုး၊ ရိုမန်ကက်သလစ်မိသားစုကမွေးဖွားခဲ့ပါတယ်။ မိသားစုပြဿနာတွေနဲ့ စိတ်ထိခိုက်ခဲ့ရတဲ့ ကာ့ထ်ချာဟာ ဆယ်ကျော်သက်အရွယ်မှာ သေကြောင်းကြံစည်ဖို့တောင် ကြံစည်ခဲ့သေးတယ်။ ၁၃နှစ်အရွယ်မှာ Cedar Rapids ဆေးရုံလေသာဆောင်ကနေ ခုန်ချဖို့ ကြိုးစားစဉ်ခဲ့တုန်းက ဖခင်ကရုတ်တရက်ဝင်ရောက်တားဆီးနိုင်ခဲ့တာပါ။ အစ်ကိုအတွက်ဆေးကုဖို့ မိသားစုအတွက်ငွေကြေးကို သူ အပူတပြင်းကြိုးစားရှာခဲ့ရတယ်။ ငွေကြေးအတွက် သွေးရောင်းခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။

နောက်ပိုင်း International Modelling and Talent Association(IMTA) မှာ မော်ဒယ်အဖြစ်ယှဉ်ပြိုင်ခဲ့တယ်။ နယူးယောက်မှာ IMTA မဟုတ်တဲ့ တခြား မော်ဒယ်အေဂျင်စီတစ်ခုမှာ လက်မှတ်ထိုးလိုက်ပါတယ်။ ကာ့ထ်ချာကို ကယ်လ်ဗင်ကလိုင်းကြော်ငြာမှာ မော်ဒယ်အဖြစ်မြင်တွေ့ခဲ့ကြပြီး ပဲရစ် နဲ့ မီလန်မှာ မော်ဒယ်အဖြစ်အလုပ်တွေကြိုးစားခဲ့ပါတော့တယ်။ မိသားစုအတွက်လိုအပ်တဲ့ငွေကြေးနဲ့ လွတ်လပ်ငြိမ်းချမ်းတဲ့အိမ်တစ်လုံးပိုင်ဆိုင်နိုင်ဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်။ အောင်မြင်မှုရလာခဲ့တဲ့တစ်နေ့မှာတော့ အလင်းရောင်များများရနိုင်တဲ့ ဟောလိဝုဒ်ဟေးလ်စ်ပေါ်က အိမ်ကြီးကို ၀ယ်ယူလိုက်ပါတယ်။ မင်းသမီး ဒီမီမိုးနဲ့ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၁ မှာ လမ်းခွဲခဲ့ကြတယ်။ ဟောလိဝုဒ်ဟေးလ်စ်စံအိမ်ဟာ ဒီမီမိုးနဲ့ လမ်းခွဲပြီးမှ ၀ယ်ယူခဲ့တာလို့ ဆိုကြတယ်။ သူရဲ့ တစ်ယောက်တည်းဖြစ်သွားတဲ့ဘ၀ကို အဲဒီအိမ်မှာ စတင်လိမ့်မယ်လို့ ပြောနေကြပါတယ်။
စီးပွားရေးအမြင်လည်း ရှိသူ ကာ့ထ်ချာရဲ့ မိုဒယ်၊ သရုပ်ဆောင်၊ ထုတ်လုပ်သူလုပ်ငန်းတွေအပြင် နည်းပညာလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံပါတယ်။ Skype, Foursquare, Airbnb, Path နဲ့ Fab.com တို့မှာ ကာ့ထ်ချာရဲ့ငွေကြေးရင်းနှီးမြှပ်နှံမှုတွေ  အမြောက်အများရှိတယ်။ အီတလီစတိုင်လ်စားသောက်ဆိုင်တွေ၊ နယူးယောက်စီးတီး၊ လောစ့်အိန်ဂျယ်လိစ်နဲ့ အက်တလန်တာတို့မှာ ရှိတဲ့ ဂျပန်စားသောက်ဆိုင်တွေမှာလည်း ပိုင်ဆိုင်ထားသူပါ။
ထူးထူးခြားခြားလှပတဲ့မြင်ကွင်းမျိုးရှိတဲ့ ကာ့ထ်ချာရဲ့ အိမ်ဟာ သဘာဝသစ်သားတွေရယ်၊ ကျောက်တုံးလေးတွေမြှုပ်ပြီး ဖန်တီးထားတဲ့နံရံတွေကြောင့် ပိုမိုလင်းလက်ကာ ခေတ်ဆန်ဆန်ကြော့ကြော့မော့မော့ရှိလှတဲ့အသွင် ပီပြင်စေပါတယ်။
အတွင်းကနေ အပြင်ဘက်ကို အဟန့်အတားမရှိငေးမောကြည့်နိုင်တာရယ်၊ တောင်ကုန်းပေါ်က အိမ်တည်ဆောက်ပုံရယ်ကြောင့် အဆီးအတားမဲ့တိုးဝင်နေတဲ့၊ သန့်ရှင်းလတ်ဆတ်လှတဲ့လေညှင်းအရသာ အပြည့်အ၀ခံစားနိုင်မယ့် စံအိမ်ပါပဲ။ ကာ့ထ်ချာရဲ့ မှန်သားလင်းလင်းလက်လက်စံအိမ်ကနေ ဟောလိဝုဒ်ရေလှောင်တမံ(Lake Hollyhood)ကိုလည်း မြင်တွေ့နိုင်ပါသေးတယ်။
ငယ်ငယ်တုန်းကလို ကာ့ထ်ချာမပြန်ချင်တဲ့အိမ်မျိုး  မဖြစ်နိုင်တော့ဘူးလို့တော့ ကာ့ထ်ချာကို ချစ်ခင်နှစ်သက်တဲ့ပရိသတ်တွေက ခန့်မှန်းပြောနေကြပါတယ်။ ၂၀၁၂ ဧပြီလကလည်း Virgin Galactic ရဲ့ SpaceShipTwo နဲ့ အာကာသကိုခရီးသွားမယ့်အစီအစဉ်မှာလိုက်ပါဖို့ ငွေပေးသွင်းခဲ့ပြီး အယောက် ၅၀၀ယောက် ခရီးသွားဖြစ်လာခဲ့ပါပြီ။ Apple ကုမ္ပဏီရဲ့ တွဲဖက်စတင်တည်ထောင်သူ စတိဗ်ဂျော့ဘ်စ်အဖြစ်လည်း လတ်တလော သရုပ်ဆောင်နေပြီး အလုပ်တွေအများကြီး ဆက်တိုက်လုပ်နေတဲ့သူဖြစ်နေခဲ့ပါပြီ။        ။
Living Fashion Magazine, October, 2012