Wednesday, December 12, 2012

တစ်သက် မမေ့ရက်စရာ အပျော်လေးတွေ

(Happily ever after)

လူ့ဘ၀ဆိုတာ ကျော်ကြားမှုလေးတွေနဲ့ထုံမွှန်းထားရင် ပျော်စရာကောင်းမှာပါ။ ဟိုဟိုဒီဒီသွားသွားလာလာပျော်စရာကလေးတွေဖန်တီးနိုင်ရင်တော့ မိသားစုလေးတွေရဲ့ဘယ်တော့မှ မမေ့နိုင်တဲ့ အပျော်ရက်လေးတွေဖြစ်လာမှာပါပဲ။ Reader's Digest မဂ္ဂဇင်းအယ်ဒီတာက ကမ္ဘာတလွှားမှာ ထင်ပေါ်ကျော်ကြားတဲ့  ပျော်ပွဲရွှင်ပွဲကလေးတွေ အမယ်စုံတင်ပြထားပါတယ်။ ကျော်ကြားထင်ရှားတဲ့ ပျော်ပွဲရွှင်ပွဲလေးတွေမှာ မိသားစုလေးတွေ ပျော်ရွှင်စွာဆင်နွှဲနိုင်ဖို့ ရည်ရွယ်ပါသတဲ့။

(၁) ဘရာဇီးလ်က ကားနီးဗဲလ်ပွဲတော်
ဘရာဇီးလ် နိုင်ငံက ကားနီးဗဲလ်ပွဲတော်ကြီး  အကြောင်းက စရအောင်။ ဒီပွဲတော်ရဲ့ သဘောက ဆန်းဆန်းပြားပြား လူတွေ  စိတ်ကူးရသလို (ကိုယ့်စိတ်ကူးနဲ့ကိုယ်)ပုံစံအမျိုးမျိုး ထွင်ဝတ်ပြီး ရစ်မူးကခုန် သီဆို တီးမှုတ်ပျော်ရွှင်ကြတဲ့ ပွဲတော်ကြီးပေါ့။ တစ်နေရာတည်း စုရုံးကျင်းပတာမျိုးမဟုတ်ဘဲ လမ်းမကြီးတွေမှာ စီတန်းလမ်းလျှောက်ပြီး ခလေး လူကြီး မိန်းမ ယောက်ျား စုပြုံ ပျော်ပါးကြတာမျိုး အစဉ်အလာရှိပါတယ်။ နှစ်စဉ် ဖေဖေါ်ဝါရီမှာ ကျင်းပကြပါတယ်။ တောင်အမေရိက တိုက် ဌာနေ တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုတခုလို့ ဆိုရမှာဖြစ်ပါတယ်။ ရှေးဦးအာဖရိကနဲ့ ဥရောပတို့မှာလဲ  အလားတူ ပွဲတော်မျိုး ရှိကြောင်း သိရပါတယ်။ လူဆိုတာ လွတ်လပ်ပျော်ရွှင်စွာ ကခုန်မြူးထူးလိုက်တဲ့အခါ ပေါ့ပါးလန်းဆန်းပြီး စိတ်ခွန်အား တိုးပွားလာနိုင်ပါတယ် တဲ့။

(၂) “လွိုင်ခရာသွန်” (Loi Krathong) မီးမျှောပွဲတော်
ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ  နှစ်စဉ် နိုဝင်ဘာလရောက်တိုင်း ကျင်းပလေ့ရှိတဲ့ပွဲတော်တခုက လှပတဲ့ မီးအိမ်ကလေးတွေ ရေမှာ မျှောတဲ့ပွဲတော်ကြီးပေါ့။ “လွိုင်ခရာသွန်”မီးမျှော်ပွဲတော်မှာ  ထောင်နဲ့ချီတဲ့ ချစ်စရာ့ဆီစိမ်စက္ကူ မီးအိမ်ကလေးတွေ ပြာလဲ့လဲ့ ကောင်းကင်အောက်မှာ ငြိမ့်ငြိမ့်လေး ရေထဲမျောပါလာနေပုံကို ကြည့်ကောင်းကောင်းနဲ့စိတ်လိုလက်ရ ငေးကြည့်ချင်စရာကောင်းလှတယ်။ ဒါဟာ ထိုင်းရိုးရာ ယဉ်ကျေးမှုတခုလို့လဲ ဆိုနိုင်ပါတယ်။ မီးအိမ်လေးတွေက တဖြည်းဖြည်း အဝေးကို သိမ်မွေ့စွာ မျောပါသွားတယ်။ သူတို့ထွက်ခွာသွားပုံက ညင်သာ သိမ်မွေ့လွန်းလို့ မြင်ရသူ့ရင်မှာ ဆွေးမြေ့နာကျင်မိသလိုလိုခံစားရနိုင်ပေမယ့် အမှန်ကတော့ ကြည်နူးစရာစရာကောင်းတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ် တဲ့။

(၃) မိသားစု တန်ဖိုးထားတဲ့ ရိုးရာ လက်ဆောင်ကလေးတွေ
အိန္ဒိယပြည်မှာ အိန္ဒူလူမျိုးတို့ နေထိုင်ရာဒေသခံတွေထဲမှာ ချစ်စရာကောင်းတဲ့ ရိုးရာ ပျော်ပွဲကလေးတခုရှိပါတယ် တဲ့။ အဲဒီ ပျော်ပွဲကလေးက အစ်မ ညီမ များက မောင်တွေ အကိုတွေကို ဆုမွန်ကောင်းတောင်းပြီး စားကောင်းသောက်ဖွယ်တွေ ချက်ပြုတ်ကြွေးမွေးလို့ ၀ါဂွမ်းနဲ့ဖြစ်စေ ပိုးသားနဲ့ဖြစ်စေ ချုပ်လုပ်တဲ့ လက်ကောက်ကို လက်ဆောင်ပေးကြတဲ့ အလေ့အထတခုပါဘဲ။  မောင်တွေ အစ်ကိုတွေက ညာဘက်လက်ကောက်ဝတ်မှာ ၀တ်ကြရပါတယ်။ ချစ်ခြင်းမေတ္တာနှင့်တကွ ပေးအပ်တဲ့ အထိမ်းအမှတ် သင်္ကေတတခုလည်းဖြစ်တာမို့  မောင်တွေ အစ်ကိုတွေက တဖန်ပြန်ပြီး ညီမတွေ အစ်မတွေကို တသက်တာ ဘေးရန်အပေါင်းမှ ကာကွယ်ရန် သဘာတူညီပါတယ်လို့  စာချုပ်တဲ့ သဘောလဲ သက်ရောက်စေပါတယ်။ အလွန်ကြည်နူးစရာ ပျော်စရာ ပွဲတော်လေးတစ်ခုပါ။

(၄) သင့်ရဲ့ လူမှုဘ၀ ၀န်းကျင်မှာ ထဲထဲ ၀င်ဝင် ထိတွေ့ဆက်ဆံပါ။
အထီးကျန်ဆန်မှုကို ဖြေသိမ့်တဲ့အနေနဲ့သင် ညနေခင်းအပျင်းပြေ လမ်းလျှောက်ထွက်နိုင်ပါတယ်။ ဒါဟာသက်ကြီးရွယ်အိုများအတွက် အီတလီ ရိုးရာ စတိုင်လ် အကောင်းဆုံးဆေးတခွက်ပါဘဲ။ စစ်မှန်တဲ့ လူမှု အသိုင်းအ၀ိုင်းကြားမျက်နှာချင်းဆိုင်လို့ ကိစ္စ ကြီးငယ် ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ ကျက်သရေ ရှိတဲ့ မနက်ခင်းတွေမှာ သာယာတဲ့ ညနေခင်းတွေမှာ တောရောမြို့ပါ မကျန် သက်ရွယ်မရွေး ကြိတ်ကြိတ်တိုး ကာ လမ်းတွေပေါ်မှာ စည်ကား သိုက်မြိုက်လို့နေတယ်။ လမ်းလျှောက်ရင်း စကားပြောရင်း  အရည်ကလေးတမြမြသောက်ရင်း ပေါ့။

(၅) ရက်ရောစွာ ဝေငှပါ။
နယူးဇီလန်နိုင်ငံအနီး တိုကီလူဆိုတဲ့ လူမရှိတဲ့ ကျွန်းစုမှာ သန္တာကျောက်တန်းကလေးတခုရှိတယ်။ အနီးဆုံး ဆမိုအာကျွန်းကနေ နာရီ ၂၀ လောက် လှေစီးသွားလိုက်ရင် ရောက်တယ်။ ပြောပလောက်အောင်တော့ ထင်ရှားတာမဟုတ်ပါဘူး။ ဒါပေမဲ့ အနောက်ကမ္ဘာကတော့ သြဇာညောင်းလိမ့်မယ် ထင်တယ်။ သူတို့သဘောကျနှစ်သက်ကြလိမ့်မယ်။ နေ့တိုင်း လတ်လတ်ဆတ်ဆတ်ဖမ်းယူပြီး ပုဂံခွက်ယောက်တွေနဲ့ လိုသလောက် အရသာရှိရှိ ချက်ပြုတ် ၀ါးမျိုစားသောက် နိုင်ပါတယ်။ ရပ်ဝေးက မိတ်ဆွေတွေကိုလဲ ဝေငှပေးကမ်းနိုင်ပါတယ်။ သင်ဘယ်လောက် ကံကောင်းလိုက်သလဲ။

(၆) စိတ်တံခါးကို ဖွင့်လိုက်ပါ။
ကျွန်ုပ်တို့ဟာ အတိတ်မှာရော အနာဂတ်မှာရော အချိန်တွေ တော်တ်ာများများ အလဟဿ  ဖြုန်းတီး ကုန်ဆုံးစေခဲ့ပြီ။ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို အလေးထားရကောင်းမှန်းမသိဘဲ လက်ရှိကာလထဲမှာ ဂျက်ကျပြီး ပိတ်မိနေစေပြီဆိုတာ သင်သိပါရဲ့လား။ အသက်ရှူဖို့၊ ရှင်သန်ဖို့၊ စည်းစိမ်ခံစားဖို့၊ စိတ်ညစ်ညူးမနေဖို့  ဘယ်လို ပြုပြင်စီရင်မလဲ။ ဂျပန်နိုင်ငံက ဇင်ဗုဒ္ဓဘာသာဝင်တွေကတော့ သင့်ကို တရားထိုင်ပါ လို့ အကြံပေးပါလိမ့်မယ်။ ခြေထောက်တွေကို ကန့်လန့်ဖြတ် တင်ပြင်ခွေ ထိုင်ခိုင်းမယ်။ ကိုယ်ခန္ဓာထဲမှာ စိတ်ဘယ်လိုပြေးနေသလဲ။ မှတ်ခိုင်းပါလိမ့်မယ်။ ခန္ဓာကိုယ်ထဲက ပူတာ အေးတာ ညောင်းတာ ကိုက်တာ စသည် ဝေဒနာတွေ ရှာခိုင်းလိမ့်မယ်။ အသက်ကို ပြင်းပြင်းရှူခိုင်းမယ်။ စိတ်အာရုံကို လက်ရှိဘ၀ထဲမှာဘဲ နစ်မြုပ်စေမယ် ဒါဟာ ဇင်ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေပါပဲ။

(၇)လူ့ဘ၀ရဲ့ အရသာ ကော်ဖီထဲမှာ
အီသီရိုးပီးယား မှာ ဘူနာ ဆိုတဲ့  ကော်ဖီသောက်ပွဲ အခန်းအနားကလေးတခုရှိတယ်။ စားခြင်း သောက်ခြင်း ဆိုတာ ဘာမှ ဆန်းပြားတာမဟုတ်ပါဘူး။ ရိုးရိုးကလေးပါပဲ။ ဒါပေမဲ့  ကျွန်ုပ်တို့ စားရရင် ပျော်တယ်။သောက်ရရင် ပျော်တယ်။ ဟုတ်တယ်နော်။ ဘူနာဆိုတာ ကော်ဖီတဲ့။ ကော်ဖီဆိုတာ ဟို လွန်ခဲ့တဲ့ နှစ် ၃၀၀၀ လောက်ကတည်းက လူ့စိတ်ကို တက်ကြွ နိုးကြားလာအောင်  နိုးဆွပေးတဲ့ ဆေးတစ်မျိုးအနေနဲ့ ရှေးဦးလူတွေ သောက်သုံးခဲ့ကြတယ်။ ကော်ဖီစေ့ အစိမ်းလေးတွေကို ဆေးကြောပြီး ခြောက်အောင်လုပ် ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်အောင်လှမ်း၊ ဖေါက်ကနဲ ဖေါက် ကနဲ မြည်တဲ့အထိ သွေ့လာအောင်လှော်။အမွှေးအနံ့အရသာ ပေါင်းထည့်။ အရည်တမျိုး ပျော်ဝင်အောင် ဖျော်။ ဂျီဘီနာ လို့ခေါ်တဲ့ ကော်ဖီအိုးထဲမှာ ထည့်ပြီး ဂုဏ်သရေရှိ လူကြီးမင်းများကို ဧည့်ဝတ်ပြုကြတဲ့  အစဉ်အလာ အီသီရိုးပီးယားမှာ ရှိပါတယ်။ ဘုရားသခင်က ဆုအဖြစ် ပေးအပ်ချီးမြှင့် ထားတာပါ တဲ့။ ကဲ အီသီရိုးပီးယားကော်ဖီကို သွားမြည်းကြရ အောင်လား။

(၈)ကောက်သစ် သိမ်းပွဲတော်
ဘာဘာဒို က ကောက်ပဲသီးနှံ ဖြစ်ထွန်းအောင်မြင်ခြင်းကို ၀မ်းပမ်းတသာ ဂုဏ်ပြု သိမ်းဆည်းတဲ့ ပွဲ တော်ပါ။ သူတို့ တတွေဟာ အပြင်ပန်းကြည့်ရင် အမြဲပျော်ရွှင်နေကြဟန်ရှိပေမယ့် တကယ်တော့ ပင်းပန်းဆင်းရဲလွန်းတဲ့ တောသူ တောင်သားတွေပါ။ ကောက်ပင်များအောင်မြင်ဖြစ်ထွန်းသိမ်းဆည်းပြီးရင် အောင်ပွဲ ခံကြပါလိမ့်မယ်။ သူတို့ဟာ အနောက်အိန္ဒိယ ကျွန်းစုများမှာ ခေတ်စားတဲ့ တီးလုံးမျိုး မြူးကြွတဲ့ အဖရိက သံစဉ်တမျိုး ကို တီးမှုတ်ကြပါလိမ့်မယ်။ ဖိုးဖွားဘီဘင် လက်ထက်ကတည်းက ဆင်းသက်လာတဲ့ ယဉ်ကျေးမှု အမွေ အနှစ်ကို လက်ခံ ကျင့်သုံးရင်း သောက်မယ် စားမယ် ပျော်မယ် ပါးမယ်။လမ်းတွေပေါ်မှာ  စီတန်းလှည့်လည် ကခုန်မယ်။ ဒါ သူတိုရဲ့ အကျင့်စရိုက်ပါ။ လူသားတွေကို နုပျို လန်းဆန်း သစ်လွင်စေပါလိမ့်မယ်။

(၉)ရင်နဲ့အမျှ သိမ်းဆည်းပါ။
ဂျာမနီ မိတ်ဆွေများပြောတဲ့စကားကို နားထောင်ကြရအောင်။ ဂျာမနီမှာက မိတ်ဆွေများ လက်တွဲဖေါ်များ နဲ့ စိတ်ဝင်စားစရာ လူစိမ်းများကိုတွေ့ရင် ဖြည်းဖြည်းလေးလေး လေသံနဲ့ပြောမယ်။ ပြီးရင် စကားတွေဖေါင်ဖွဲ့ ပြောကြလိမ့်မယ်။ ရယ်မောကြမယ်။ အမြင်အတိုင်း အမြင်ကို ပြောကြလိမ့်မယ်။မြို့ပြယဉ်ကျေးမှုကို တုပပြီးဒေသဆိုင်ရာ သတင်းပလင်းတွေ ဝေငှပါလိမ့်မယ်။ ပြီးရင် ပျော်ပွဲစားရုံဖြစ်စေ  အရက်ဆိုင်ဖြစ်စေစုဝေးကြမယ်။ လူစိမ်းတွေနဲ့ခဏလေးအတွင်းမှာ ပါတီကျပြီး အချိန်ကြာကြာ ပြောဖြစ်ကြပါလမ့်မယ်။ ဒါဟာ လူစိမ်းတွေပေမယ့် သူတို့ရင်နဲ့အမျှ လက်ခံသိမ်းဆည်းပြီး တွေ့ဆုံ မိတ်ဆွေပြုကြတဲ့ချစ်စရာ အကျင့်စရိုက်ကလေးကို ဖေါ်ညွှန်းလိုက်တာပါဘဲ။

(၁၀)တိတ်တိတ်နေခြင်းက သူရဲ တစ္ဆေ ပြေးလိမ့်မယ်။
အတီးအမှုတ်တွေနဲ့ စီတန်းလမ်းလျှောက်လာရာကနေ နှစ်သစ်ရဲ့ ပထမနေ့မှာ တိတ်တိတ်ဆိတ်ဆိတ်ကလေး နေထိုင်ကြခြင်းဟာ ဘာလီသူ ဘာလီသားများရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်ကလေးတွေပါ။ သန့်သန့်စင်စင် မကျိုးမပေါက်အောင် အလေးထား ထိမ်းသိမ်းကြပါတယ်။ နေ့တာနဲ့ ညတာ ညီမျှတဲ့ နွေဦး ကုန်ဆုံးပြီး Nyepi မိုးသောက်ချိန် မှာ လူတွေ အားလုံး လှုပ်ရှားမှုမှန်သမျှ ရပ်စဲလိုက်တယ်။ တစ်ယောက်မှ အလုပ်မလုပ်ကြတော့ပါဘူး။ လေယာဉ် မော်တော်ကား။မသုံးစွဲကြတော့ဘူး။ ကမ္ဘာလှည့်ခရီးသွားများအပါအ၀င် အားလုံး  ခရီးဆက်မသွားကြဘူး။ စက်ပစ္စည်း မသုံးကြဘူး။ ပုံပြင်ထဲမှာပါရှိတာက “ဒါမှသာ မကောင်းဆိုးဝါးမိစ္ဆာတွေရဲ့ ၀ိညာဉ်တွေဟာဘာလီကျွန်းကို တနှစ်ပတ်လုံး ဘေးဒုက္ခမပေးတော့ဘဲ စွန့့််ခွာထွက်သွားကြလိမ့်မယ်” လို့ သူတို့ ယုံကြည်ကြတယ် တဲ့။

(၁၁) မိမိကိုယ်ကို ချစ်ပါ။
စကင်ဒီနေးဗီးယဲန်၊ ဖီးနစ်ရှ်လူမျိုးတွေက ကျန်းမာရေး အသိပညာရှိဖို့က အရေးအကြီးဆုံးပါတဲ့။ ကိုယ်ခန္ဓာ သန့်ရှင်းသပ်ယပ်ရမယ် တဲ့။ ခေတ်မီ ပြည့်စုံတဲ့ လူသား ဖြစ်ဖို့လိုပါသတဲ့။ ရေချိုးရာမှာ ရေနွေးခန်းများ အသုံးပြုရမယ်။ ကိုယ်ခန္ဓာ သန်စွမ်းကြံ့ခိုင်ရမယ်။ ချိနဲ့မနေရဘူး။ ချောတာ လှတာ အရုပ်ဆိုးတာ ပဓာနမကျဘူး။ ကျန်းမာရေးကောင်းဖို့ အဓိကပါတဲ့။ အဲဒါမှ မိမိကိုယ်ကို ချစ်ရာရောက်ပါတယ် တဲ့။ ရေနွေးကန်စိမ်ကြတာ ရိုးရာယဉ်ကျေးမှုတစ်ခုလိုပဲ အလွန်အမင်းနှစ်သက်သဘောကျကြတယ်။

(၁၂)ဒါတွေ ရေးချလိုက်ပါ။
ဂျပန်က ရှင်တိုဘုရားကျောင်းနံရံတေတွမှာ ချိတ်ဆွဲထားကြတဲ့ သစ်သားပြားလေးတွေက စကားလုံးတွေနဲ့စကားဆိုနေကြပါတယ်။ သူတို့ရဲ့အလိုဆန္ဒများ မျှော်လင့်ချက်များကို ရေးချထားတဲ့ အမှတ်တရ သစ်သားပြားလေးတွေရှိကြတယ်။ Ema လို့ခေါ်တယ်။ သူတို့ဟာ မကြာခဏ တိရိစ္ဆာန်ပုံကလေးတွေ ဖြည့်စွက် အလှဆင်ပြီး ရေးမှတ်ကြတယ်။ ဖြေဆိုထားတဲ့ စာမေးပွဲ များ အောင်မြင်ဖို့ ခရီးသွားလာရာမှာ ဘေးရန် အန္တရာယ်ကင်းရှင်းဖို့ အဆိုးတွေ တည်ရှိရာက အကောင်းတွေ ပေါ်ထွက်လာဖို့ ဒါမှမဟုတ် ကားသစ်တစင်းရရှိဖို့ စသည်ပေါ့။ အဲဒါကလေးတွေကို ဘုရားကျောင်းမှာ ချိတ်ဆွဲထားမယ်။ နတ်ဘုရားတွေက တွေ့ရှိ ဖတ်မိရင် သူတို့ရဲ့မျှော်လင့်ချက်ဆန္ဒလေးတွေကို ဖြည့်ဆီးပေးလိမ့်မယ်လို့ ယုံကြည်ကြတယ်။ သန့်စင်တဲ့ ဆန္ဒနဲ့ပန်းတိုင်ရောက်ဖို့၊ သင်အလိုရှိသရွေ့ ရယူနိုင်ဖို့ သင် ရဲဝံ့စွာ  ရှေ့ကို စတင် လျှောက်လှမ်းနိုင်ပါလိမ့်တယ် တဲ့။        ။

Florist
April 2012 Reader's Digest

0 comments:

Post a Comment