Showing posts with label အတွေးအမြင်မှတ်စု. Show all posts
Showing posts with label အတွေးအမြင်မှတ်စု. Show all posts

Friday, October 12, 2012

အင်္ဂုလိမာလ နှင့် စိတ်နှလုံးကို ဖြူစင်စွာထားခြင်း

(၁) ပရိတ္တံ  ယံ  ဘဏန္တဿ၊
နိသိန်န ဋ္ဌာနဓော ၀နံ ။
ဥဒ ကန်ပိ ၀ိနာသေတ၊ိ
သန်ဗမေ၀ ပရိဿယံ ။

(၂)သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ ၊
ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ အင်္ဂုလိမာလဿ ။
လောကနာထေန ဘာသိတံ။
ကပ်ပ ဋ္ဌာယိံ မဟာတေဇံ ၊
ပရတ္တံ  တံဘဏာမဟေ ။

(၃)ယတော ဟံ ဘဂိနိ အရိယာသ ၊
ဇာတိယာ ဇာတော ၊
နာဘိဇာနာမိ သဉ္စစ္စ ပါဏံ ၊ (သင်စစ်စပါဏံ )
ဇီဝိတာ ဝေါရောပေတာ ၊
တေန သစ္စေန သောတ္ထိ တေ ဟောတု ၊(တေန သစ်စေန သော့ထိတေ ဟောတု)
သောတ္ထိ ဂဗ္ဘဿ ။        ။

အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။

အင်္ဂုလိမာလကို လူတွေက လူဆိုးကြီးလို့ ခေါ်ကြတယ်။ တကယ်တော့ သူဟာ ရိုးဖြောင့်တဲ့  မင်းညီမင်းသားတပါးပါပဲ။ ဒါပေမဲ့ ကောင်းသည် ဆိုးသည် မိမိဥာဏ်နဲ့ ချင့်ချိန် ဝေဖန်ခြင်းမရှိပဲ ဆရာ့စကားကို ဦးထိပ်ထား လိုက်နာခဲ့တဲ့အတွက် အမှားကြီးမှား ခဲ့ရတာမို့သနားစရာ အလွန်ကောင်းပါတယ်။ သူဟာ လူမှုရေး သိတတ်သူ၊ ကူညီချင်စိတ်ရှိသူအနေနဲ့  ဒီသာပါမောက္ခဆရာကြီးရဲ့ ကျောင်းတော် မဟာမှာ ကျောင်းသားတို့ အလယ်  နာမည်ရခဲ့သူလည်းဖြစ်ပါတယ်။ ဆရာကြီးနဲ့ဆရာကတော်တို့ရဲ့ ဝေယျာဝစ္စ ကို မငြီးမငြူ လုပ်ကိုင်ပေးလေ့ရှိတာမို့   ဆရာကတော်ရဲ့  အရေးပေးမှု ကို အများဆုံးခံယူရတဲ့သူဖြစ်လာတယ်။

ဒါ့ကြောင့် မလိုမူန်းထားသူ မျက်နှာမရသူ ကျောင်းသားအချို့ရဲ့ရံဖန်ရံခါ  ဂုံးတိုက်မှုတွေက ဒိသာပါမောက္ခဆရာကြီးရဲ့ ဦးနှောက်ကိုေ၀၀ါးစေခဲ့တယ်။ ပြောဖန်များတော့ တပည့်တွေ စကားအောင်မြင်သွားပါတယ်။ ဒီသာပါမေက္ခကြီးက  လက်ညိုးပေါင်း တထောင်ရမှ ပြန်လာခဲ့လို့ အမိန့်ချမှတ်ပြီး ကျောင်းတော်က ထွက်ခွာစေတယ်။   အမှန်တော့   ဆရာကြီးက သူ့ကို ဥပါယ်တမည်နဲ့  သေစေညွှန်းလိုက်တာပါ။

ဒါပေမဲ့ သူ မသေပါဘူး။ လူတွေ့ တိုင်း  တွေ့ ရာ သချို င်း  ဒါးမဆိုင်း အပြေးလိုက်လို့  လက်ညိုးတွေ ခုတ်ယူပါတယ်။ ရတဲ့ လက်ညိုးတွေကို ဟိုနားချ ဒီနားချ၊ ကျီး ချီ  ငှက်ချီ  ပျောက်ကုန်တဲ့အတွက် နောင်ခါ နွယ်ကြိုးနဲ့သီပြီး ပန်းကုန်းသဖွယ် လည်မှာ ဆွဲ ထားပါတယ်။ တထောင်ပြည့်ဖို့ တချောင်းအလိုမှာ  မိခင်နဲ့ တွေ့ပါတယ်။ မိခင်က သူ့အကြောင်းကြားလို့ တားမြစ်ဆုံးမဖို့ သူ့ ကို ရှာနေတာပါ။ ဒါပေမဲ့ မိခင်မှန်းမသိပါဘူး။ တထောင်ပြည့်ရင် ကျောင်းတော်ကို ပြန်ရတော့မယ် ဆိုတဲ့ အသိစိတ်က လွှမ်းမိုးထားတော့  မိခင်နောက် အပြေးလိုက်ပါတယ်။ ဓါးနဲ့လိုက်တာဆိုတော့ မိခင်လဲ မနေသာ ပြေးရပါတယ်။ မိခင်ကအပြေး သားက အလိုက် …။

ဘုရားရှင် ကိုယ်တော်မြတ်က ဖလသမ္မာပတ် ၀င်စားရာမှ အထ   ဒီကနေ့ ဘယ်သူ့ကို ချွေချွတ်ရမလဲ လို့ လောကကို အကြည့် သားအမိ နှယောက်ဖြစ်စဉ်ကို အာရုံမှာ မြင်လာတယ်။ ဒီတော့  ပါရမီရှင် အင်္ဂုလိမာလ အမှားကြီးမှားတော့မလို့ လက်မတင်ကလေး လိုတော့တာကလား လို့ ..ဘုရားရှင်က သူတို့နှစ်ယောက်အကြား ၀င်ရပ် ပီးကွယ်ထားလိုက်တယ်။ ဒီတော့ သူက ဘုရားကို ဘုရားမှန်းမသိသေးပါဘူး။ ရဟန်း ဒီအနားမှာ ပုဏ္ဏေးမကြီး တယောက်များ မမြင်ဖူးလား လို့ မေးတယ်။ ဘုရားရှင် က  အသင်  အင်္ဂုလိ မာလ   သင် ဘာကိုရှာနေသလဲ။ သင်ဘာကို  မြင်ချင်သလဲ။ သင့်ကိုယ်သင် အယင် ရှာပါ။သင့်ကိုယ် သင် မြင်အောင်  အယင်ကြည့်ပါတဲ့ မဟာ ကရုဏာရှင် ဘုရား ကိုယ်တော်မြတ် က ဆက်တိုက် ဟောကြားဆုံးမပါတယ်။ ပါရမီ ရင်ုကျက်ပီးဖြစ်တဲ့ အဂုင်္လိ မာလာဟာ တထိုင်တည်း အကျွတ်တရားရပီး ရဟန္တာ ဖြစ်သွားပါသတဲ့။

ဒါပေမဲ့ ဆွမ်းခံ ထွက်ကြွရာမှာ  လက်ညိုးကို ခုတ်ယူခဲ့ တဲ့ ပြစ်မှုကြောင့် ဘယ်သူကမှ ဆွမ်းမလောင်းကြပါဘူး။ မကြည်ညို ကြပါဘူး။ ခဲတွေနဲ့ ပစ်ပေါက်ကြတယ်။ ဒုတ်တွေနဲ့ ပစ်ပေါက် နှင်ထုတ်ကြတယ်။ ဒါ့ကြောင့် ဘုရားရှင် ကိုယ်တော်မြတ်က ပရိတ်တော် ဂါထာတပိုဒ် ချီးမြှင့်လိုက်ပါတယ်။ ဆွမ်းချက်ရသူ မိန်းမသားများထံမှ  မေတ္တာကို ပြန်လည်ရယူနိုင်ဖို့ သားဖွားဖို့ အခက်တွေ့နေသူ မိခင်လောင်းများ လွယ်ကူချောမွေ့ စွာ သားဖွားနီုင်ရန်အတွက်  ရွတ်ဖတ်သရစ္ဆါယ် ပေးပါ လို့  မှာကြားပါတယ်။ မိခင်လောင်း အနီး တင်းတိမ် စောင် အကွယ်မှာ ဒီပရိတ်တရားတော်ကို မိခင်နှင့်သား ချမ်းသာစေလိုရင်း စိတ်ရင်းစေတနာ  အပြည့်နဲ့ ရွတ်ဖတ်ပေးရာမှာ  ဒီပရိတ်တော်မြတ်ရဲ့အာနိသင် ကြောင့် မိခင်လောင်းများဟာ အလွယ်တကူ သားဖွားနိုင်ကြပါတယ်။ အဲဒီအချိန်ကျမှ  အင်္ဂုလိမာလဟာ ဆွမ်းစားရပါတယ်။

ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ရဟန်းတော်များဟာ  ကိုယ်တိုင်ဆွမ်းခံလို့ရတဲ့ဆွမ်းကိုသာ စားရပါတယ်။ ဆွမ်းစား ရာမှာလဲ ဆွမ်းအလှူရှင်ရဲ့ ကျေးဇူးတရားကို အောက်မေ့ ဆင်ချင်ပြီးမှစားရပါတယ်။   ဒီဆွမ်းဟာ သာသနာ့အကျိုး သည်ပိုးထမ်းဆောင်နိုင်ရန် အဟာရ အဖြစ်ပေးလှုခြင်းဖြစ်လို့ အကျိုးရှိရှိ အသုံးချရမှာဖြစ်တယ်လို့ ဘုရားရှင်က ပညတ်ထားပါတယ်။ စားပြီး အိပ်မနေရပါဘူး။ ဆွမ်းကို တနပ်သာစားခွင့်ပြုပီး နေ့လွှဲ ညစာ စားခွင့်မရှိတာဟာ  ထိနမိတ္တ ဆိုတဲ့ အိပ်ငိုက်ခြင်း ဖြစ်နိုင်တဲ့ အတွက် တားမြစ်ထားတာဖြစ်ပါတယ်။ ကိုယ်ခန္ဒာ လန်းဆန်းသစ်လွင်နေမှလဲ ဖြောင့်မတ်တည်ကြည်စွာ တရားအကျင့်ကို ကျင့်ကြံ အားထုတ်နိုင်မှာဖြစ်ပါတယ်။ မြတ်ဘုရားဟာ  ခန္ဒာ ဗေဒ ပညာရပ်ကို နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တဦးလဲ  ဖြစ်တယ်။

ကိုယ်ဝန်ဆောင်စဉ်ကာလမှာ  မိမိစိတ်ကို ဖြူစင်အောင်ထားရမယ်လို့  ဘုရားရှင်က အဟောရှိပါတယ်။
(ဗုဒ္မ ဟာ လူမှုရေးကို သင်ကြားပေးသူဖြစ်ပါတယ်။ မင်္ဂလာတရားတော်မှာ အကျယ် ဖတ်ရှုနိုင်ပါတယ်။)

Accumulate wholesome deeds ,
Do not a jot of evil,
Keep purifying the mind ;
This is the teaching of the Buddha.
မကောင်းမှုမှန်သမျှ  ကို မပြုလုပ်ခြင်း။
ကောင်းမှုမှန်သမျှကို ပွားစည်းခြင်း။
ယင်းအချက်များသည်
ဗုဒ္မ၏ ဒေသနာတော်ဖြစ်သည်။

May I and may the world
Be without suffering ,
This is the art of living,
This is ture Dhamma.
ကျွန်ုပ်နှင့်  ကမ္ဘာလောကကြီးသည်
ဒုက္ခကင်းဝေးသူများ  ဖြစ်ကြပါစေ၊
ယင်းအချက်သည်  ဗုဒ္မ၏
ဘ၀နေနည်း အတတ်ပညာ ပေတည်း။     
(ပါရ၈ူ၏     The jewel of the  Dhamma မှ ကောက်နှုတ်ချက် )

မိခင်လောင်းဟာ ကောင်းမှုကုသိုလ်တွေကို အဖန်ဖန် ပွားစည်းခြင်း။ ကောင်းမှုမှန်သမျှ တတ်စွမ်းသရွေ့ပြုလုပ်ခြင်းဖြင့် သန္မေသားကိုပါ မိမိ၏ ဖြူစင်မှုများ ကူးစက်နိုင်ပါတယ်။ သားကောင်း သမီးကောင်းများ ထွန်းကား နိုင်ပါတယ်။  မီးဖွားရာမှာလဲ  ဘုရား တရား သံဃာမှတပါး အခြား ကိုးကွယ်ရာ မရှိ ဆိုတာ  စွဲ မြဲ စိတ်ထားရပါမယ်။        ။

Florist

Saturday, September 22, 2012

ငြိမ်းချမ်းရေး ရဲ့ သင်္ကေတ

လက်ရှိ ငြိမ်းချမ်းရေး သင်္ကေတ
အပြည်ပြည်ဆိုင်ရာ စစ်ပွဲကာကွယ်ဆန့်ကျင်သူများအဖွဲ့အစည်း War Resisters’ International (WRI)ကနေပြီး ရိုင်ဖယ်သေနတ်ကို လက်နှစ်ဘက် နဲ့ ကိုင်ချိုးနေတဲ့ပုံ အမှတ်အသားအဖြစ် ၁၉၂၁ မှာ စတင်အသုံးပြုခဲ့ပါတယ်။
၁၉၃၃ ခုနှစ်မှာ ဥရောပမှာ စစ်ပွဲတွေပျံ့နှံ့ကုန်ပြီ၊ ကြောက်ရွံ့ထိတ်လန့်မှုတွေကလည်း အနှံ့အပြား ပြင်းထန်လာကြပြီ။ အမျိုးသမီးတွဲဖက်အစည်းအရုံး(Women’s Co-operative Guild) ကနေ ပေါ်ပီပန်းဖြူများ(White poppies) တံဆိပ်ကို ငြိမ်းချမ်းရေးတံဆိပ်အဖြစ် ပထမကမ္ဘာစစ်မှာ သေဆုံးခဲ့တဲ့ တပ်သားတွေကို ရည်ညွှန်းပြီး အသုံးပြုခဲ့တယ်။ မူလပေါ်ပီပန်းအနီရောင်တွေကြားထဲမှာ ပေါ်ပီပန်း အဖြူတစ်ပွင့်ပါ တံဆိပ်ပါ။ သွေးစက်တွေကင်းစင်တဲ့ ငြိမ်းချမ်းတဲ့သင်္ကေတအဖြစ် အဖြူရောင် ပေါ်ပီပန်းပွင့်ကို အသုံးပြုခဲ့ကြတာပါ။ ၁၉၃၄ မှာ အသစ်ဖွဲ့လိုက်တဲ့ ငြိမ်းချမ်းရေးအထိမ်းအမှတ်ယူနီယံ(Peace Pledge Union- PPU) ဟာ စစ်ပွဲမီးတွေတောက်လောင်နေတဲ့အချိန် ငြိမ်းချမ်းရေးသမိုင်းဖြစ်စဉ်တွေထဲမှာ အကြီးမားဆုံးသော ဗြိတိသျှအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ သူတို့ကလည်း White Poppies တံဆိပ်ကိုအသုံးပြုခဲ့ကြတယ်။ အဖြူရောင်ပေါ်ပီပန်းတွေဟာ “ငြိမ်းချမ်းရေးကိုသွားတဲ့အထိမ်းအမှတ်အဖြစ် စစ်ပွဲနောက်တစ်ခါဖြစ်မလာတော့ဘူး” ဆိုတာကို ပြချင်တဲ့ ပန်းတွေပါ။

ငြိမ်းချမ်းရေးသင်္ကေတနောက်တစ်ခုမှာ ရုရှပန်းချီဆရာကြီး နီကိုလပ်စ်ရိုအဲရစ်ခ်ျ(Nicholas Roerich) ရဲ့ ကျောက်ခေတ်ရဲ့ အဆောင် အစက်သုံးစက် (အနုပညာ၊ သိပ္ပံပညာ နဲ့ ဘာသာတရား)ဆိုပြီး အဲဒီသုံးခုပဲရှိတဲ့ စစ်ပွဲမရှိတဲ့ကမ္ဘာအဖြစ် ရည်ညွှန်းဖန်တီးခဲ့တဲ့ တံဆိပ်ပါ။

 အခုအထိ လက်ရှိ ငြိမ်းချမ်းရေးကိုယ်စားပြု တံဆိပ်ကိုတော့ ညူကလီးယားဖျက်သိမ်းရေး Campaign for Nuclear Disarmament အတွက် ဗြိတိသျှပရော်ဖက်ရှင်နယ် ဒီဇိုင်နာ၊ Artist ဂျာရဲလ်(ဒ်) ဟားဘာထ့် ဟိုလ်တန် Gerald Herbert Holtom က ၁၉၅၈ မှာ ရေးဆွဲပေးခဲ့တာပါ။ အဲဒီ ဒီဇိုင်း မူရင်းကို အင်္ဂလန်နိုင်ငံ Bradford က Peace Museum မှာ အခုထိ ပြသထားပါတယ်။
ရေကြောင်းအချက်ပြအမှတ်အသား Semaphore အလံမှာ letter “N” အတွက် ဆိုရင်
Vပုံ ဇောက်ထိုး အလံနှစ်ဘက်ကို အောက်ကို ချပြပါတယ်။

Letter “D” အတွက် ဆိုရင် တော့ တစ်ဖြောင့်တည်းပါ။
အဲဒီ N နဲ့ D (Nuclear Disarmament) စာလုံးနှစ်ခုကို ပေါင်းပြီး ဒီဇိုင်နာက တီထွင်ခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအလံကိုတော့ ၁၉၆၁ ခုနှစ်မှာ အီတလီနိုင်ငံက စတင်အသုံးပြုခဲ့ပါတယ်။ သက်တံရောင်ခြယ်အလံပါ။
မြန်မာနိုင်ငံက ပြည်တွင်းစစ်တွေ အမြန်ဆုံးရပ်ပါစေ။ 
ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။        ။

Thursday, September 13, 2012

နောက်ဆုံးအချိန်

(မေမေ့ ရဲ့ စာ)

လူရယ်လို့ ဖြစ်လာရင် လူ့ဘ၀ရဲ့ နောက်ဆုံးအချိန်ကိုတော့   မလွှဲမသွေ  တွေ့ရမှာ အစဉ်အလာပါပဲ။ အဲဒီအချိန်ကို ကျမတို့ ဘယ်လိုရင်ဆိုင်ကြမလဲ။ နောက်ဆုံးအချိန်ဆိုတော့  သေမင်း  ခေါ်တဲ့ အချိန်   မို့လား။ သေခြင်းတရားနဲ့ ကျမ ဘယ်တုံး ဘယ်ကာလက  အနီးစပ်ဆုံးရင်ဆိုင်ခဲ့ရသလဲ ဆိုတာ ကြည့်ချင်ပါသေးတယ် ။

ကြည့်ပါရစေအုံး။ 
ပထမဦးဆုံးသေတယ်ဆိုတာ ကြားဖူးစတုံးက ဘာမှန်းမသိပါဖူး။ ကျမ အသက် ၅နှစ်လောက်မှာ  အိမ်ဘေးက မိန်းမတယောက်  ရုတ်တရက် အော်ငိုလိုက်တာ သဲထိတ်ရင်ဖို ကြားလိုက်ရော ကျမ အသံလာရာ လှမ်းကြည့်တော့ မိန်းမတယောက်  တန်းလျာတခုပေါ်မှာ   ခြေဆင်းထိုင်နေရာာက  ဟစ်ငိုတာမြင်ရတယ်။ အဲဒီတုံးက  ကျမ ဒီမိန်းမသေတယ်  ထင်နေတာ။ သေတဲ့သူက ငိုနေတယ်ထင်တာ။
သေတဲ့သူက ဘယ်လိုကြီးလဲဆိုတာကို မသိသေးတာ။  အကောင် ပလောင်လေးတွေ  သေတာပြုတာ တွေ့ဖူးပေမဲ့ မဆက်စပ်မိဖူးထင်တယ်။ ကျမ မှတ်မိသလောက်  ပြောရရင် ...ကျမအသက်  ၆ နှစ်လောက်က ဆိုပါတော့။  ကျမတို့အိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်မှာ မိန်းခလေးတယောက် ဆုံးလို့ တဲ့။   မေမေ့ညီမက သွားပါတယ် သူသွားတာ  လူသေလို့ သွားတယ်ဆိုတာ မသိဘူး။

ခါတိုင်းလို အလည်အပတ်သွားတယ်ပဲ ထင်ပီး   အဒေါ့် ထမီဆွဲ လိုက်သွားတာ။    အဲဒီအိမ်ရောက်တော့မှ အိမ်ရှေ့မှာ ဘွားကနဲ  ပက်လက်ကြီး ဖွေးဖွေးကြီး စန့်စန့်ကြီး.. မြင်လိုက်ရော၊ ကျမ ထွက်ပြေးချင်လိုက်တာ ။
ထွက်ပြေးရင် ထဆွဲမှာစိုးလို့ မပြေးရဲဘူး။ လှုပ်ကို မလှုပ်ရဲတာ။  ကြည့်တောင်မကြည့်ရဲတာ။    ဒါပေမဲ့ ကျမ...
အဒေါ့် ရင်ခွင် မျက်နှာအပ်ပီး အသာလေး စောင်းငဲ့ချာင်းကြည့်ပါတယ်။ အမလေး မျက်နှာကြီးက ဖွေးလွန်းရတဲ့ အထဲ နှုတ်ခမ်းမှာလဲ ရဲတွတ်လို့။ ဖွေးပုံ ရဲပုံ တွေက လူသာမန်နဲ့ မတူဘူး။  မျက်လုံးတွေက မှိတ်နေပီး အရုပ်ကြီးလိုပဲ မလှုပ်မယှက်။ ငြိမ်ငြိမ်ကြီး။ လက်ကြီးတွေ ကဘေးမှာ ရှည်မျောမျော ကပ်လို့။ ဘုရားပွဲက အရုပ်နဲ့လဲ မတူ။ ထမီကြီး ကိုယ်ပေါ်လွှမ်းထားတယ်။ လူသေတယ်ဆိုတာ ဒါမျိုးလား။ ဒီပုံကြီး ဖြစ်သွားသလား ပေါ့။ ဒီတုံးက  လူသေရင် အဲလို ဖွေးသွားတယ်ပဲ ထင်နေတာ။ လူက ချယ်ပေးထားမှန်းမသိဘူး။ အဲဒီအစ်မ က  “အေးမိစံ” တဲ့။ အသက်ရှိတုံးက ဆို ချောချောလှလှလေး။   အပျိုပေါက်ကလေး။ နောက်နေ့ကျတော့ အသုဘချတယ်လို့ အဒေါ်က ပြောတယ်။ လှည်းပေါ်မှာ ပိတ်စတွေ  အထပ် အထပ် အတွန့်အတွန့်တွေ ဝေဆာလို့။ ရှည်မျောမျော သေတ္တာကြီးထဲ ထည့်ယူသွားတယ်။ ပန်းတွေလဲကြဲ်ထားတယ် ထမင်းထုပ်တဲ့ ပါသေးတယ်။ ဒီတစ်ခါတော့ အဒေါ့်နောက် ထမီဆွဲ မလိုက်တော့ဘူး။ အဒေါ်က အသုဘပို့သတဲ့။ အဲဒီလှည်းနောက်မှာ ခြေလျင် လိုက်သွားတယ်လေ။ ငိုတဲ့သူကငို။ ကမ္ဘာပျက်သလားပဲ။

ကျမကြောက်လိုက်ပုံများ   အဒေါ် ပြန်လာတော့ အနားမကပ်ရဲဘူး။ အဝေးကရှောင်နေတယ်။ နောက်တစ်ပတ်ကြာတော့   ရက်လည်ဆွမ်းကြွေးတယ်ဆိုပီး သေသူကို တရားနာဖို့ခေါ်လာတာ ဘုရားတွေမှာ လူတွေ လှူကြတဲ့ တံခွန်ကုက္ကားလှလှလေးတွေနဲ့။ ကျမက အဲဒီတုံးက စဉ်းစားတယ်။ ဘယ်လိုခေါ်လာတာလဲ။ သူဘယ်လိုလိုက်လာသလဲ တံခွန်ကုက္ကားတွေပေါ် စီးလိုက်လာသလား။ သေတဲ့လူက တံခိုးရှိသလား ကိုယ်ရောင်ဖျောက်လိုက်လာသလား။

ဒီနောက်မှာတော့  သေတယ် သေတယ်နဲ့ ကြားနေရပေမဲ့ တေ့တေ့ဆိုင်ဆိုင် မကြုံရတော့ မေ့မေ့လျော့လျော့ ပါပဲ။  ကျမ  အထက်တန်းကျောင်းရောက်တော့  pre metric class လို့ခေါ်တဲ့ အကြို တက္ကသိုလ်ဝင်တန်း  မှာ  ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ရဲ့ မိခင် ကွယ်လွန်တော့ ကျမတို့ ကျောင်းသားတွေ  အားလုံးသွားကြတယ်။ အလောင်းကြီးက ကုတင်ပေါ်မှာ ပက်လက်ကြီး ။သူကတော့ လူကြီးမို့ ထင်ပါ့  ထမီတထည်   အင်္ကျီတ ထည်လွှားထားတာကလွဲလို့ ဘာမှ ချယ်သမထားဘူး။   ကျမ တည့်တည့်မ ကြည့်ရဲလို့ဘေးတစောင်လေးထိုင်ပီး  မမြင်ချင်ယောင်ဆောင်နေရတယ်။ အသက်က ၁၇နှစ်တောင်ရှိနေပီ။ ကြောက်တုံး။ ကျမက ဘယ်တော့မဆို ..အသုဘ ဆိုရင် ဝေးဝေးရှောင်ပဲ။ ရှောင်လေ ကြောက်လေ ပဲ။ အဝေးက ငွေကြေးကူညီ ထောက်ပံ့တာမျိုးကိုပဲ ဦးစားပေးခဲ့တယ်။ အသုဘအိမ်က ယပ်တောင်တချောင်းကိုတောင် ကိုယ့်အိမ်ယူလာတာမျိုး မပြုစေရဘူး။ အသုဘအိမ်က ပြန်လာရင်လဲ  ရေချိုးခန်းကို တန်းသွား ကိုယ်လက်သန့်စင် ဆေးကြောပီးမှ အိမ်ထဲ အ၀င်ခံတာ ကျမက။ အဲလောက် ကြောက်တာ ။ (ကျမတို့  မေမေ က အသုဘပြန်လာရင် အ၀တ်အစားတွေ အကုန်ချွတ်  လျှော်ဖွတ်၊  ရေမိုးချိုး  ကိုယ်လက်သန့် စင်ပီးမှ  အိမ်ပေါ် တက်ရတာ။)

တစ်နေ့တော့ ကျမ  စတုတ္ထ ကိုယ်ဝန်ကို မွေးဖွားသန့်စင်ပါလေရော။ ဒီတုံးက ဆောင်းတွင်းကြီး။ ကြမ်းလိုက်တဲ့ ဆောင်း ။ အသဲဆုံး ၊ အကဲဆုံး၊ နှင်းတွေက မိုးရွာသလိုပဲ။ မဲဇာာတောင်ချေ၊ ပတ်ပျိုးထဲကလို  ဆီးနှင်းပေါက်လည်း၊ မိုလောက်ပြင်းထန်၊ ဆိုတာမျိုး   တပေါက်ပေါက်တဖြောက်ဖြောက်နဲ့ တုန်ခိုက်နေအောင်ချမ်းရတဲ့...အထဲ  တကယ်ပဲ ကြေကွဲ စရာ အဖြစ်နဲ့  တိုးခဲ့ရတယ်။ ကလေးက( မိန်းခလေး )  လှကလှနဲ့။ ၃ရက်အရ မှာ  ရုတ်တရက် သေဆုံးသွားပါတယ်။  Jaundice  အသားဝါရောဂါ ၀င်လာတာပါ။  ကျမမျက်စိအောက်မှာပဲ   ဝေဒနာ အပြင်းအထန် ခံစားရင်း   အမေ အဖေ အကို အမ မသိရှာပဲ  အားလုံးကိုစွန့်ခွာထွက်သွားရှာတယ်။ ( ဒီအကြောင်း ကျမ  ကြေကွဲမြစ်  ခေါင်းစဉ်နဲ့ ပန်းအလင်္ကာမဂ္ဂဇင်းမှာ   ၀တ္ထုတပုဒ်ရေးဖူးပါတယ်။) ကိုယ့်ရင်မှာ ဖြစ်တဲ့  ရင်သွေးလေး နဲ့ကျမှ   အရူးအမူးဖြစ် စာနာ  လာတတ်တယ်။

နောက်  သတ္တမကိုယ်ဝန် ကို မီးဖွားရာမှာတော့  အသက်ပါမလာပါဘူး။ ယောင်္ကျားကလေးပါ။ (ကျမရဲ့မေမေက  ဒီကလေးကို လှလွန်းလို့တဲ့ ပြောမပြီးနိုင်ဘူး။) ကို်ယ့်ရင်၌ ဖြစ်တည်လာတဲ့ ရင်သွေးတွေ ဆုံးပါးရတာနဲ့ ကြုံကြိက်ရမှ ကျမ သေသူတွေကို ကြည့်ရဲလာတယ်။  ဆွမ်းသွပ်တဲ့အခါမှာလဲ ကလေး ကောင်းရာသုဂတိ ရောက်စေဘို့ရည်ရွယ်လှူဒါန်းတာမို့ ကုသိုလ်ရအောင်  ဆွမ်းသွပ်ထမင်းကို စားရဲ လာတယ်။    ဒီ့နောက်မှာ ဖေဖေက  ဘုရားကန်တော့နေရာကနေ မူးတယ်  မူးတယ် ပြောရင်း အသက်ထွက်သွားတယ်။ အသက်မရှုတော့ဘူး။ အောက်ထပ်ကလူ တာင် အပေါ်ထပ်အရောက်  အသက်မမှီ ဘူး။ အသက်ပျောက်မြန်ပုံများ။ ဒီတုံးက ကျမက အဝေးကလာပီး ဖေဖေ့ကိုကန်တော့ရတာလေ။ အကိုတွေက  ဖေဖေ့ခေါင်းကို ဖွင့်ပြပီး  ကြည့် တဲ့  ။  တစ်ချက် အပြေးအလွှားကြည့်ပီး အမြန် လက်ဝါးနဲ့ အုပ် ငိုလိုက်တယ်။ မကြည့်ရဲဘူး။ ည ညကျတော့လဲ  ကြောက်ပီး မအိပ်ရဲဘူး။ ဖေဖေ့ကို ကလန်ကဆန်လုပ်ဘူးထားတော့ လာခြောက်မလား နဲ့။ ဘာမှလည်း မဟုတ်ဘူး။

ဒီ့နောက် မေမေ၊ မေမေ့ကျတော့ ကံမကောင်းဘူး။ ဖေဖေ့လို ကုသိုလ်မကောင်းဘူး။ ဝေဒနာ ခံစားရတာ တစ်လနီးပါးပဲ။ ရန်ကုန်ဆေးရုံကြီးမှာ ဆရာဝန် သူနာပြုတွေ လုပ်သရွေ့ခံရရှာတယ်။ ၉ နှစ်သား  မြေးကလေး အာကာ  မမျှော်လင့်ပဲ ဆုံးပါးသွားတော့  တော်တော်လေး ခံနိုင်ရည် ရှိသွားပြီ။ အယူမသီးတော့ဘူး။ ကလေးကိုတော့ နှမြောဝမ်းနည်းတာပေါ့။ ဖြစ်ရလေခြင်းလို့ ကြေကွဲရပေမဲ့ ဟိုငယ်ငယ်ကလို  ဟိုဟာရှောင် ဒီဟာရှောင် မလုပ်တော့ပါဘူး။ ကိုယ်နဲ့ အနီးစပ်ဆုံး လူတွေ သေကြတယ်ဆိုတော့ တကယ့်ကို အတွေ့အကြုံက များလာပြီး ရင့်ကျက်လာပြီ။ သေခြင်းတရားနဲ့ ရင်ဆိင်ရဲလာပြီ ဆိုရမှာပါ။ စာကလေး ပေကလေး တော်တော်ဖတ်ထားပီဆိုတော့ ခံနိုင်ရည်ရှိလာပီလို့ထင်တာပဲ။ သေပီးရင် ဘာဖြစ်မလဲ။ အဲဒါကလဲ အသိချင်ဆုံးအရာပါ။ နောက်ဆုံးအချိန်ရောက်ရင် ဘယ်လိုရင်ဆိုင်ရမလဲ။  ဘယ်နည်းဘယ်ပုံသေမလဲ။ ဖြိုးကနဲ ဖြတ်ကနဲသေရင် တော်ပါရဲ့ ။ မေမေ့လို ဝေဒနာခံစားနေရရင် ဘယ်လို လုပ်ရမလဲ။  ကျမရဲ့နောက်ဆုံးအချိန်ကို  ကျမ ဘယ်လို ရင်ဆိုင်ရမလဲ။ ကျမ အများကြီး လိုနေအုံးမှာဖြစ်ပါတယ်။

ရှေး..ရှေး အတိတ်ဘ၀က ကျမရဲ့ ကုသိုယ်ကံအကြောင်းတရားက ဘယ်လိုပါလဲ။  ကျမ မသိ မမြင်နိုင်ပါ။ နောင်အနာဂါတ်ကာလ၏ အမေးပုစ္ဆာကလဲ  ကျမ ဘယ်လို အဖြေကြိုထုတ်ထားနိုင်ပါ့မလဲ။  ပြောနိုင်တာက  ဗုဒ္မ ဟောကြားဆုံးမသလို  ကျမတို့  မမေ့မလျော့မပေါ့ဆပဲ။ ၀ိပဿနာတရားကို အမြဲ ရှုမှတ် ဆင်ခြင် နေခြင်းဖြင့်  ရှောင်လွှဲမရမယ့်သခြင်းတရားကို ရဲရဲဝံ၀ံ ရင်ဆိုင်နိုင်ဖို့ အသင့်အနေအထားမှာ ရှိရမှာ ဖြစ်ပါတယ် ။ 

ကံစိတ်ဥတုအဟာရ အကြောင်းတရားလေးပါး  ပေါင်းစပ်၍ ပြုပြင်စီရင်အပ်သော  သင်္ခါရတရားတို့ သည် အမြဲမရှိကုန် ...တဲ့။ ဖြစ်ခြင်းနှင့် ပျက်ခြင်းသဘောတရားသာ ရှိကုန်၏ တဲ့။ ဖြစ်၍ပျက်၏။ ထို ရုပ်နာမ်သင်္ခါရတို့၏  ချုပ်ရာ ငြိမ်းရာဖြစ်သော နိဗ္မာန်သည်သာ  ချမ်းသာခြင်းမည်သည် တဲ့။ စဥ့်ပါဆရာတော်က   ဗုဒ္မရဲ့  အယူအဆကို ခုလို ဆင့်ပွား ဟောကြားခဲ့တယ်။ ကျမအနေနဲ့ အများကြီး အမျာကြီး ရင့်ကျက်ဖို့ လိုနေသေးတယ် ဆိုတာပါပဲ။ ကျမရဲ့ နောက်ဆုံးအချိန် နောက်ဆုံးနေ့ နောက်ဆုံးစက္ကန့်သည်။ ဘယ်တော့လည်း ဘယ်သူမှ မသိနိုင်ပါ။          ။

ခင်မေသစ်

Wednesday, December 7, 2011

လမ်းဆုံ

၁၉၈၉ခုနှစ်ကပါ။ ကျွန်တော် အထက်တန်းကျောင်းအောင်မြင်အပြီး ကောလိပ်သွားဖို့သုံးလအလို မှာပေါ့။ ကျွန်တော် ဗျာများခဲ့ရပြီလေ။ ပါကစ္စတန်မှာက အဲဒီအချိန်မှာ ကန့်သတ်ချက်တွေနဲ့ပါ။   ဘယ်လမ်းကို ကွန်တော်ရွေးချယ်ရမလဲ ဆိုတာ သိပ်ကို စဉ်းစားခဲ့ရတယ်။ ကျွန်တော်တို့လမ်းဆုံလမ်းခွကို ဘယ်လို ဖြတ်သန်းကျော်လွှားကြမလဲ။ တကယ့်ပြဿနာ။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ ကျွန်တော်အတွက် လမ်းသုံးသွယ်ရှိပါတယ်။  ကွန်တော်က အင်ဂျင်နီယာအလုပ်ကို ၀ါသနာမပါဘူး။ ဒီတော့ ရွေးချယ်စရာ လမ်းက နှစ်ခုဘဲ ရှိတာပါ။  ကျွန်တော် မဆုံးဖြတ်တတ်ခဲ့ဘူး။  ကျွန်တော့် မိသားစုထဲမှာ လူကြီးတွေ ရှိတော့ အကြီးဆုံးဦးလေးတယောက်က အကြံပေးတယ်။ လက်တွေ့ကွင်းဆင်းလေ့လာပါတဲ့။ ဒါ သိပ်ကောင်းတဲ့ စိတ်ကူးပါဘဲ။ ကျွန်တော် ကရာချိမှာရှိတဲ့ နိုင်ငံခြားဘဏ်တခုနဲ့ဆက်သွယ်ပြီး လေ့လာကြည့်တယ်။ စီးပွားရေးလုပ်ငန်းရှင်များ ဘယ်လိုလှုပ်ရှားနေသလဲ။ ဘယ်လို ငွေကြေးလည်ပတ်ကြသလဲ။ ကမ္ဘာ့ဘဏ္ဍာငွေကြေးဆိုင်ရာ လုပ်ငန်းအ၀၀နဲ့ ရောင်းရေးဝယ်တာကိစ္စ ဈေးကွက်ရှာဖွေရေးကိစ္စ စသည် ကျွန်တော်လေ့လာတယ်။ ကျွန်တော် အထူးယုံကြည်အားကိုးတာက အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုဝါဒ (professionalism)ကိုပါ။ အထူးသဖြင့် မိတ်ဆွေသစ်တွေနဲ့ပါ။  ကျွန်တော် သက်တောင့် သက်သာနဲ့ ချောချောမွေ့မွေ့  လုပ်ကိုင်သွားနိုင်မှာပါ။ တစ်လဆိုတာ ဘာမှမကြာလိုက်ဖူး။ ကုန်လွယ်လိုက်တာ။ ကျွန်တော် နောက်တစ်မျိုး လေ့လာဖို့  ရှိပါသေးတယ်။

ကရာချိဆေးရုံတစ်ခုကို ကျွန်တော် ခြေဦးလှည့်လိုက်တယ်။ အတွေ့အကြုံတွေက တစ်မျိုးစီဆိုနိုင်ပေမဲ့  ပိုပြီး ခြားနားတာမရှိပါဘူး။ ဆေးရုံဆိုတော့ လူတွေ ပျားပန်းခတ်နေတာတွေရှိပါတယ်။ လူနာဆောင်တွေမှာ ခြောက်ခြားဖွယ်  တိတ်ဆိတ်နေတာလဲ တွေ့နေရတယ်။ စိတ်အားထက်သန်စွာ မျှော်လင့်တကြီး ကုသမှုကို စောင့်ဆိုင်းနေကြတာပါ။ ဆရာဝန်တွေဆိုတာက အစဉ်မပြတ်ပြေးပြေးလွှားလွှား သွားလာနေကြတာကလား။ ဘဏ်မှာတော့ မနက်၉နာရီ စဖွင့်တယ်။ဆေးရုံမှာကတော့ မနက် ၇နာရီစတယ်။ ရောင်းဒ်(rounds) လုပ်ရတယ် ။သွေးနမူနာတွေ ကို စောင့်ယူရတယ်။ နောက် ၀ါ့ဒ်(wards ) တွေဆီ  အဖွဲ့ လိုက်ပြေးရပြန်တယ်။ ကုသမှုပေးရတယ်။ ဆေးခန်းတွေ ထိုင်ရတယ်။ ကျွန်တော် စိတ်အားထက်သန်စွာ လေ့လာပါတယ်။ ဆေးရုံဆိုတာ  လူတိုင်းလူတိုင်း အသက်ရှူမဖြောင့်ဘဲ အမြဲစိတ်လှုပ်ရှားစွာ ရုန်းကန်ပြေးလွှားနေရတဲ့ ဌာနတခုပါဘဲ။ ညတာဝန်ကျရင်တော့ ခဏခဏ လူနာခေါ်ဆိုမှုတွေက အများကြီးပါ။ ညကြီးသန်ခေါင်  ၁၆နှစ်သား ကလေးတယောက်ဆုံးပါးသွားစဉ် မိသားစုရဲ့  ကြေကွဲဝမ်းနည်းမှုကို ကိုင်တွယ်ပေးရတာမျိုးက  ခက်ခဲလွန်းပါတယ်။ အကြမ်းအားဖြင့် ၃၆နာရီ တစ်ကြိမ်ပြည့်မှ လူလဲ အစားထိုးပြောင်းလွဲတာမို့ တစ်နေ့လုံး တစ်ညလုံးမက နောက်တစ်နေ့အထိ တာဝန်တွေကရူးလောက်အောင်ကို  ဆက်တိုက်ပါဘဲ။ ကျွန်တော် ဒီအတွေ့အကြုံနှစ်ခုကို ချိန်ထိုး စဉ်းစားကြည့်ပါတယ်။ ဘဏ်မှာတော့ လေထုညစ်ညမ်းမှု မရှိဖူး။ ပြေလျော့နိုင်တယ်။ စိတ်ဖိစီးမှုလဲ ကင်းနိုင်တယ်။ ဆေးရုံကတော့ နာရီနဲ့အမျှ အမြဲတမ်းစိတ်လှုပ်ရှားနေရတဲ့နေရာမို့ လား။ ကြိုတင်ဟောကိန်းထုတ်လို့မရဘူး။ သင်ကြားဖို့လ့လာဖို့ဆိုတာလဲ အကြိတ်အနယ် ဆင်နွဲနိုင်မှ တန်ကာကျမှာပါ။ စီးပွားရေးလုပ်ငန်းရှင်တယောက်ကရော ဒီလိုမျိုး စိတ်ဒုက္ခမရှိနိုင်ဖူးလား။

ဆေးရုံမှာ ညတာဝန် လေ့လာရေးခရီးစဉ်အပြီး ကျွန်တော် အိမ်ကို ကားမောင်းပြန်အလာ ရှေ့ တူရှူက  ကားတစီး ကို မြင်လိုက်ရတယ်။ ကောလိပ်ကျောင်းသားကလေးတွေပါ။ တစ်ချို့ က ကားခေါင်မိုးပေါ်မှာ။ သံတန်းအကာကို မြဲမြဲဆုတ်ကိုင်ရင်း ထိုင်လိုက်လာပုံက ဟိုဘက်ဒီဘက်လှုပ်တုတ်လှုပ်တုတ်နဲ့ ယိမ်းထိုးနေတယ်။ ဒရိုင်ဘာမောင်းနှင်နေပုံကြည့်ရတာ မသက်မသာ ရှိလိုက်တာ။  လှိုင်းပေါ်မှာ လူးနေသလိုဘဲ။ မကြာပါဘူး။ ရုတ်တရက်ဆိုသလို ကလေးတယောက်ခေါင်မိုးကနေမြေပေါ်ကို မျက်နှာအပ်ပြီးးပြုတ်ကျတော့တယ်။ တကြိမ်လောက် ခုန်သွားသေးတာပါ။ ပြီးတော့မှ မြေပေါ်မှာ လိမ့်လိမ့်သွားတယ်။ သူ့ခမြာလမ်းလယ်ခေါင် မလှုပ်မရှက် ကျကျန်ရစ်ခဲ့ပေမဲ့ ဘတ်စ်ကားက ရပ်မသွားပါဘူး။ ဆက်လက်မောင်းပြေးသွားတယ်။

ကားတွေက ဘတ်စ်ကားနောက်ကို တိုက်ရိုက်လိုက်ပေမဲ့ဘတ်စ်ကားက မရပ်ဘူး။ တကယ်လို့  ဒီကလေးသေသွားရင် ကျွန်တော်နားလည်လိုက်တာက ဒါဟာ ရဲတွေနဲ့  ပါဝင်ပတ်ရတော့မယ်ဆိုတာဘဲ။ မလိုလားအပ်တဲ့ပြဿနာတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါပေမဲ့ သူကလေး ဦးနှောက်ထဲ သွေးရောက်သွားရင် အချိန်မရွေးသေနိုင်ပါတယ်။ သူဆေးရုံကို မြန်နိုင်သရွေ့မြန်မြန်ရောက်မှဖြစ်မယ်။ ကျွန်တော်ဘာကိုမှ အမှုမထားနိုင်တော့ဘူး။ ကျွန်တော့ကားကို ရပ်လိုက်တယ်။ သူ့ကိုကျွန်တော်အပြေးကြည့်လိုက်တော့ သူကအသက်၂၀လောက်ရှိနိုင်တယ်။ ဒါဏ်ရာတွေကို စစ်ဆေးကြည့်ရာမှာ သွေးတွေကတော့ သူ့မျက်နှာမှာ မြင်မကောင်းအောင်ဘဲ။ နဖူးကဟက်တက်ကွဲသွားပြီ။ ညာဘက်နာှးောလဲ ဒါဏ်ရာရှိနေတယ်။ ဒါ့အပြင်အခြားဒါဏ်ရာတော့ မတွေ့ ရပါဘူး။ ကျွန်တော် သွေးတိတ်အောင်ကြိုးစားပေမဲ့  အချည်းနှီးပါဘဲ။

ဘေးကရပ်ကြည့်နေသူတဦးကို ကျွန်တော် အကူအညီတောင်းခံပါတယ်။ ကျွန်တော်တို့မလှုပ်မရှက် ငြိမ်သက်နေတဲ့ သူ့ခန္မာကိုယ်ကိုမ ပြီး ကျွန်တော့ကားနောက်ခုံမှာတင်လိုက်ကြတယ်။ အနားက ၀ိုင်းကြည့်နေသူထဲက လူတယောက်စ နှစ်ယောက်စကို ကျွန်တော် ဆက်သွယ် မေးမြန်းကြည့်ပေမယ့် ဘာမှ ပါဝင်ပတ်သက်လိုဟန်မပြဘဲ ဝေးဝေး ရှောင်ပြေးကြတယ်။ ကျွန်တော် လုံးဝစဉ်းစားချိန်မရတော့ဘူး။နောက်ကြောင်းပြန်လှည့်ပြီးဆေးရုံကို ဒုန်းမောင်းချလိုက်တယ်။

အရေးပေါ်အခန်းရှေ့အရောက်မှာတော့ ကျွန်တော် ခေါင်းမှာ ဒါဏ်ရာရတာရယ် အရေးပေါ် ကုသဖို့လိုတယ် ဆိုတာ အော်ပြီးပြောလိုက်မိတယ်။ ဆေးဝန်ထမ်းများအားလုံးကွန်တော့်ကို ပူးပေါင်းစောင့်ရှောက်ကြပါတယ်။ တာဝန်ကျဆရာဝန်ကိုလဲ လူနာရဲ့  သမိုင်းကြောင်းဖြစ်စဉ်ကို အမြန်ဘဲ ရှင်းပြလိုက်တယ်။ ပဏာမ စစ်ဆေးမှု ပြုပြီးချိန်မှာတော့  မိဘဆွေမျိုးများကို အသိပေးပန်ကြားပြီး ခွဲစိတ်ခန်းအတွင်းသူ့ ကို သွင်းလိုက်ကြတယ်။  ကျွန်တော် အိမ်ကို ပြန်လာပါတယ်။ ကျွန်တော့်ကားပေါ်မှာ ကြွင်းကျန်နေတဲ့သွေးတွေကို ဆေးကြောရင်း ကျွန်တော့်အတွေ့အကြုံတွေက တကယ့်သဲထိတ်ရင်ဖိုတွေပါလားလို့တွေးနေမိတယ်။ သွေးတွေက ကျွန်တော့်ကို တုန်လှုပ် ခြောက်ခြားစေတာ အမှန်ပါ။

နောက်တစ်နေ့ကျွန်တော် မိုးလင်းလင်းချင်းဆေးရုံက ခွဲစိတ်ခန်းထဲ  ဘာတွေ ဖြစ်ပျက်ခဲ့သလဲ အပြေးသွားကြည့်တယ်။ တာဝန်ကျဆရာဝန်ပြောတာက သွေးခဲတွေကို ဖယ်ရှားပြီး သွေးကိုလဲ တိတ်အောင် ပိတ်ဆို့နိုင်ခဲ့ပါပြီတဲ့။ လူနာက သတိတောင်ရနေပြီဘဲ။ ကျွန်တော် ပီတိတွေ ဖြာသွားတယ်။ ပတ်တီးစတွေ ဖွေးနေတဲ့ သူက သူ့နာမည် အဇစ်ဖ်လို့ပြောတယ်။ မျက်စိတ၀ိုက် ယောင်ကိုင်းနေပေမဲ့ သူစကားပြောနိုင်ပါတယ်။ သူ့မိဘတွေ သူ့အဖွားနဲ့သူ့ ညီ၊ ညီမတွေ သူ့အိပ်ယာဘေးမှာ  ပတ်ပတ်လည် ၀ိုင်းထိုင်နေကြတယ်။ ဆရာဝန်က ကျွန်တော့်ကို “ဒါ ခင်ဗျားတို့သားရဲ့ကယ်တင်ရှင် ဘဲ” လို့ ကျွန်တော့်ကို မိတ်ဆက်ပေးတော့ ကျွန်တော်တကယ်ဘဲ ကြက်သီးတွေတဖြန်းဖြန်း ထသွားတယ်။ လူတိုင်းဟာ ကျွန်တော့်ကိုဝိုင်းပြီး ရို့ရို့ကျိုးကျိုး နှုတ်ဆက်ကြတယ်။ လေးစားသမှု နဲ့  ပြုံးပန်းတွေလဲ ဝေနေတယ်။

အဇစ်ဖ်ရဲ့ အမေက ငိုရင်းကနေအူရဒူဘာသာနဲ့ “ငါ့သား..ငါ့သားဟာ တကယ့်နတ်တမန်ဘဲ။  နတ်တမန်ဘဲ” လို့ ထပ်တလဲလဲ ချီးကြူးနေတော့တယ်။ ကျွန်တော့်လက်တွေကို အတင်းဆုတ်ဆွဲထားတာ မလွှတ်တော့ဘူး။ ကျွန်တော်ဘာပြန်ပြောရမှန်းမသိပါဘူး။သူမကို ကျွန်တော့်အပြုံးနဲ့ နှစ်သိမ့်ခဲ့အပြီး အဇစ်ဖ် ကို ကျွန်တော် နှုတ်ဆက်လိုက်တယ်။ ကျွန်တော့လက်တွေကို သူက ဖမ်းဆုတ်ညှစ်ယူထားပြီးပြုံးနေပေမယ့် ကျွန်တော်တို့ကြားမှာ ပြောစရာ စကားရှာမရအောင် နှုတ်ဆိတ်ပြီး ခံစားချက်တွေနဲ့သာ ပြည့်သိပ်နေခဲ့တယ်။ ဒါဟာ ဒဏ္ဍရီများလား။ ကျွန်တော် ကယ်တင်ရှင်တယောက်ဘွဲ့ကို ခံယူဖို့ဘာတစ်ခုမှ မကြိုးစားခဲ့ပါဘူး။ အရာရာတိုင်းဟာ သူ့အကြောင်းနဲ့သူ ဖြစ်ပျက်သွားတာပါ။ ဒီဖြစ်ရပ်လေးက ကျွန်တော် ဘယ်လမ်းကို ရွေးချယ်ရမလဲ ဆိုတာ အဆုံးအဖြတ်ပေးသွားတာဖြစ်ပါတယ်။ ကျွန်တော်အိမ်ကို ကားမောင်းပြန်လာရင်း လမ်းမှာ စဉ်းစားမိပါတယ်။ ကျွန်တော့်အတွက် နှစ်လကျော်လေ့လာခဲ့မှုထက် ပိုပြီး မိနစ်သုံးဆယ်စာ လူသားတဦးရဲ့မတော်တဆဖြစ်စဉ်အတွက် အသက်ကယ်တင်နိုင်မှုက လွှမ်းမိုးသွားတယ်ဆိုတာ။ ဘယ်လောက်ဘဲ စိတ်ပင်ပန်းကိုယ်ပင်ပန်းပါစေ မွန်မြတ်တဲ့အလုပ်တစ်ခုကိုတော့ ကျွန်တော် လုပ်ချင်ပါတယ်။ ကျွန်တော် ဘယ်လမ်းကို ရွေးချယ်သလဲ။ ခင်ဗျားတို့  သိချင်ကြလိမ့်မယ်။ 

ကျွန်တော် အခု လက်တောက် ပရော်ဖက်ဆာ တစ်ဦးအနေနဲ့ဆေးကျောင်းသားတွေကို သင်တန်းပေးနေပါပြီ။ အစာအိမ်ရောဂါအထူးကု စပါယ်ရှယ်လစ်တယောက်ဖြစ်ဖို့လဲ ကြိုးစားနေပါတယ်။ ကျွန်တော် အဇစ်ဖ်ကိုတော့ နောက်ထပ် မတွေ့ရတော့ပါဘူး။ ဒါပေမဲ့ သူကျိန်းသေ ကမ္ဘာမြေကြီးတစ်နေရာရာမှာ အသေအချာကြီးကို ရှင်သန်နေမယ်ဆိုတာ ကျွန်တော် ယုံကြည်ပြီးသားပါ။
ကျွန်တော်တို့ ဟာ ကျွန်တော်တို့ရဲ့လူငယ်ဘ၀တွေကို အချိန်တော်တော်များများ ဖြုန်းတီးပြစ်ခဲ့ကြပြီးပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ရှေ့အနာဂတ်အတွက် ဘာတွေ ကြိုတင် ပြင်ဆင်ပြီးကြပြီလဲ။ ဘယ်လိုလမ်းမျိုးကို ရွေးချယ်ရှောက်လှမ်းမယ်လို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ပြီလဲ။ တခါတရံမှာ ကိုယ့်ရဲ့အတွေ့အကြုံတွေကလည်း သင်ကြားပေးနိုင်ပါတယ်။ ကြီးကြီးမားမားဆုံးဖြတ်ရမယ့်ကိစ္စတွေဆိုပြီး  စိုးရိမ်ပူပန်မနေပါနှင့်။ ဒီအတွေ့အကြုံက သင့်ကို ကူညီသွားပါလိမ့်မယ်။ ဘာတွေဘဲ ဖြစ်ခဲ့ ဖြစ်ခဲ့  အကောင်းဆုံးကို သင်ရွေးချယ်တတ်ရပါလိမ့်မယ်။

Florist
Crossroads by Faisal Wasim Ismail, source: RD, Aug 2010

Saturday, November 26, 2011

သည်ခရီး

photo from
ကျွန်မဟာ ညီအမသုံးယောက်ထဲက တယောက်ဖြစ်ပြီးတော့ ကျွန်မတို့ သုံးယောက်စလုံးဟာ ကက်သလစ်ဘာသာဝင်များဖြစ်သည်နှင့်အညီ ဘာသာရေးလုပ်ငန်းများကို စွမ်းစွမ်းတမန် လုပ်ကိုင်ပျော်ရွှင်နေကြသူများဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ထဲက အလွန်ဝေးသီခေါင်လွန်းလှတဲ့  အရပ်ဒေသတခုမှာပါ။ လူဦးရေ နှစ်သောင်းဝန်းကျင်လောက်ဘဲ ရှိပြီး ဆင်းရဲ နွမ်းပါးကြသူများ ဖြစ်ပြီးတော့ အထူးသဖြင့် ကျန်းမားရေးဘက်မှာအလွန်ချို့တဲ့လှပါတယ်။ ဌာနီ ဆေးဝန်ထမ်းမရှိပါဘူး။ အမြဲနေထိုင်မယ့်ဆရာဝန်ဆိုတာ ဝေးလာဝေးပါ။ ကျွန်မတို့ခရစ်ယာန်အသိုင်းအ၀ိုင်းကသာ  ဆင်းရဲနိမ့်ကျသူများအပေါ် ဘာသာရေးအသိစိတ်ဓါတ်နဲ့ စာနာကူညီမှုတွေ ပေးခဲ့ကြရတာပါ။ ကျွန်မအနေနဲ့လဲ လက်မှတ်ရ သူနာပြု ဆရာမတယောက် ဖြစ်ခဲ့ပြီးပြီမို့ ပိုမို အဆင်ပြေ ချောမွေ့ စေပါတယ်။

 ပြီးခဲ့တဲ့ ၁၉၇၈ခုနှစ်ရဲ့  ညနေခင်းတခုမှာ  Anda ကျေးလက်ကျန်းမာရေး ဌာနက ကျန်းမာရေးဆရာမ နှင့် ခင်ပွန်းသည်တို့ဟာ လေးနှစ်အရွယ် သမီးကလေး Serena နှင့်အတူ ကျွန်မတို့ အိမ်ကို ရောက်ရှိလာကြပါတယ်။ ခလေးမကလေးကို ကြည့်ရတာ တော်တော့်ကို ခက်ခက်ခဲခဲ အသက်ရှူနေရဟန်ရှိပါတယ်။ သူ့မေမေက ကျွန်မကိုပြောပါတယ်။ ခလေးမလေးဟာ ဒေသထွက် ကျေးလက်အစာ(chico) အသီးတခုကို နေ့လည်စာစားချိန်က စားရင်းလည်ချောင်းမှာတစ်နေခဲ့တယ်တဲ့။ သူမကြိုးစားပြီး တတ်စွမ်းသလောက် ထုတ်ယူခဲ့ပေမဲ့ မရခဲ့ဘူး တဲ့။   ညစာစားချိန်မှာတော့ ခလေးမကလေးဟာ အသက်ရှုရတော့ဘဲ တကိုယ်လုံးပြာနှမ်းလာတယ်လို့ ဆိုပါတယ်။ ကျွန်မထင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့ နေတဲ့အရာကို ခပ်မြန်မြန်လေး ထုတ်ပစ်ဖို့လိုမယ်ဆိုတာ။ ဒါနဲ့ဘဲ ကျွန်မ ခပ်မြန်မြန်ဘဲ လူနာတင်ကားတစင်းကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။  လူနာတင်ကားလို့သာ ဆိုတယ် အမှန်က သာမန်ထရပ်ကားတစင်းပါဘဲ ။ ထူးခြားတာက ဥသြဆွဲလို့တော့ရတယ်လေ။ ကားရောက်တယ်ဆိုရင်ဘဲ အချိန်မဆိုင်းတော့ဘူး။ ကျွန်မ ခလေးမလေးကို ပွေ့ပြီးကားပေါ်တက်လိုက်တယ်။သူမဖေဖေရော သူမမေမေရောပါဘဲ။ သူတို့ နှင့်အတူ လိုက်လာတဲ့  Anda က သားဖွားဆရာမတယောက်လဲ ပါပါတယ်။ ကျွန်မတို့  အရေးပေါ်ဆေးရုံကြီးကို  ခုလို သွားကြရာမှာ တူးမြောင်းတခုကိုလဲ ဖေါင်နဲ့  ဖြတ်ကူးကြရတယ်။

ကျွန်မတို့သင်္ဘောဆိပ်ခံတံတားရောက်တော့..လူတွေက ပြားပန်းခတ်ရှုပ်ထွေးနေတယ်။ ဖေါင်နဲ့ ဖြတ်ကူးဖို့ ခွင့်မပြုကြောင်း တာဝန်ရှိသူတွေက အချက်ပြ မီးနဲ့သတိပေးနေပြန်တယ်။ သူတို့က စပိဘုတ်ကလေးတခုအပေါ်ကို ပို့ပေးပါတယ်။ ဒါပေမဲ့ အဆင်မပြေပါဘူး။ လမ်းတ၀က်မှာဘဲ ကျွန်မတို့တခြား စပိဘုတ်တစင်းကို ပြောင်းကြရတယ်။   ခလေးမလေးကိုတော့ ကျွန်မတင်းတင်းမြဲမြဲ ပွေ့ချီတက်ရတယ်။ ကျွန်မတို့အဖို့တော့သည်းထိတ်ရင်ဖို  အတွေ့အကြုံတခုပါဘဲ။ ပင်လယ်လေက အေးစက်လွန်းပေမယ့် ကျွန်မတို့အမှုမထားနိုင်ကြဘူး။ ကျွန်မ ခလေးမလေးကို ဖောက်ထိုးထားလိုက်ဖြေးဖြေးညင်သာ ထူမတ်ပေးလိုက်နဲ့ တလမ်းလုံးလုပ်ပေးခဲ့တယ်။ ဒါ့ကြောင့်လဲ ခလေးမလေးရဲ့မျက်နှာကလေး သွေးရောင်နဲနဲ လွှမ်းလာခဲ့တယ်။ ကုန်းပေါ်ရောက်တော့ ကျွန်မတို့ ၂ကီလိုမီတာလောက်ဝေးမယ့် အရေးပေါ်ဆေးရုံကို သွားဖို့ ကားတစီး ရှာရပြန်တယ်။ ရရာဂျစ်ကားတစ်စီးနဲ့ အပြေးသွားကြရပြန်တယ်။ ကားက သုံးရရုံဘဲ။ ရှေ့မီးတစ်လုံးတည်းအလုပ်လုပ်တယ်။ မှောင်လာပြီဖြစ်တဲ့လမ်းကို ကောင်းကောင်း အလင်းမပေးနိုင်ဘူး။ ဒရိုင်ဘာက အလိုက်မသိ ဒီလမ်းဟာ သိပ်အန္တရယ်များကြောင်း ဘယ်နေ့ က ဘယ်နားမှာ ဘာဖြစ်ကြောင်း ပြောနေလိုက်တာ လျှာတော်တော်ရှည်တဲ့ သူဘဲ။ ဒီလူလျှာရှည်နေတာနဲ့ဘဲ ဖြုံးဆို သူ့ကားက  လမ်းဘေးထိုးရပ်ပါရော။ ကားဘီးပေါက်တယ်လေ။ ဘီးတလုံးကပြားသွားပြီ။ ကားဘီးကို ၃မိနစ်နဲ့ အပြီးလဲရတယ်။ ဒီအတောအတွင်းမှာ ကျွန်မ ဘုရားသခင်နဲ့  သူတော်စင်စိန့်တွေထံ ခလေးမလေးကို စောင့်ရှောက်ပေးဖို့အသက်ကို ကယ်တင်ပေးဖို့အသနားခံ ရပါတယ်။ အကြိမ်ကြိမ် အခါခါဆုတောင်းနေရပါတယ်။ ဒီကြားထဲမှာ ဒရိုင်ဘာကြီးကိုလဲ ကားဘီးမြန်မြန်လဲပြီးဖို့လှမ်းပြီး တောင်းပန်နေရသေးတာ။

ဒီလိုနဲ့ကျွန်မတို့ ကံအားလျော်စွာ ဆေးရုံကြီးကို ရောက်ခဲ့ရပါပြီ။  ဒါပေမဲ့ တာဝန်ကျဆရာဝန်ကမရှိပါဘူးတဲ့။ လိုအပ်တဲ့ပစ္စည်းကရိယာတောင်မရှိပါဘူးတဲ့။ သွားပါပြီ။ ကျွန်မတို့ကို သုံးနာရီကြာ ရှေ့ဆက်မောင်းနှင်ရမယ့် Dagupan မြို့ ကိုသွားဖို့ လမ်းညွှန်တော့တယ်။ ဘာဘဲပြောပြော ဟိုမှာက ပစ္စည်းကရိယာစုံလင်တယ်အောက်ဆီဂျင် ပေးလို့ရနိုင်မယ်ဆိုတော့ ကျွန်မတို့ မျှော်လင့်ချက် ရှိပါသေးတယ်။ သူတို့က သူနာတင်ကားကို ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရပေမယ့် လမ်းတ၀က်ရောက်တော့ သူနာတင်ကားက ဂက်စ်ဖြည့်ရပါတယ်။ ဆီဖြည့်ဌာနမှာ ကံမကောင်းစွာ ဆီဖြည့်တဲ့  ပန့်ပ်ကွဲထွက်သွားတယ်။

ဘုရားသခင်!
ကျွန်မတို့ ဒုက္ခသုက္ခတွေ အဆုံးမသတ်သေးပါလား။ သူနာတင်ကားဟာ တခြားပန့်ပ်တခုမှာ ဆီသွားဖြည့်ရပါတယ်။  ကျွန်မတို့ ရှေ့ဆက်လက်ထွက်ခွာခဲ့ပါတယ်။  မကြာမီ Dangupan မြို့ ကို ရောက်ခဲ့ပါတယ်။ ဆေးရုံနဲ့ အနီးဆုံးတနေရာမှာကားရပ်နားလိုက်တယ်။ ဒါပေမဲ့ သူတို့က အဆုတ်နဲ့ပတ်သက်တဲ့အထူးကုဆရာဝန်က မရှိပြန်ဘူးတဲ့။ ခလေးအတွက် အဆုတ်ရောဂါကု ကျွမ်းကျင်ဆရာဝန်တယောက် အမြန် လိုအပ်တယ်လို့ဆိုတယ်။ ကဲ ကျွန်မတို့ တခြားဆေးရုံတခုကို ထပ်မံ ပြောင်းလဲ သွားရောက်ဖို့ ပြင်ဆင်ရပြန်ပြီ။ ဒီအခါမှာတော့ သူနာတင်ကားလဲ ရှေ့ခရီးကို သည်ပိုးမပေးတော့ပါဘူး။ ကျွန်မတို့  ဒါရိုက်တိုရီလမ်းညွှန်ကို ဖုန်းဆက်မေးရတော့တယ် ။ ဒါဂူပန်မြို့ မှာ ရနိုင်မယ့် ဆရာဝန်တယောက်ယောက်ကိုပေါ့။ ဒီတော့မှ ကျွန်မတို့  ဆရာဝန်ကောင်းကောင်းနဲ့ ဆေးရုံကောင်းကောင်းနဲ့ ဆုံတွေ့နိုင်ကြတော့တယ်။ ဆရာဝန်က ဓါတ်မှန်လေးကြိမ်ရိုက်ပြီးတဲ့ နောက်မှာတော့ သူတို့ တိကျတဲ့အဖြေတစ်ခုကို ပေးနိုင်ခဲ့ကြပြီး ခလေးရဲ့ အသက်ကိုလည်း  သူတို့ ကျိန်းသေကယ်တင်နိုင်ပီလို့  ဆိုတယ်။

သူမရဲ့လေပြွန်မှာ တွယ်ကပ်ခိုအောင်းနေတဲ့ သစ်သီးစေ့ကို ထုတ်ယူနိုင်ပါလိမ့်မယ် တဲ့။ တကယ်လဲ အောင်မြင်စွာ ဖယ်ရှားထုတ်ပစ်နိုင်ခဲ့ပါပြီ။ ပင်မလေပြွန်ကို ပိတ်ဆို့ထားတဲ့အသီးစေ့ကြောင့် ညာဘက်အဆုတ်တခြမ်းဟာ ကျုံ့သွားပြီး ခလေးဟာ အသက်ရှူ ခက်ခဲ သွားခြင်းဖြစ်ပါတယ်။ ဒါဟာ အချိန်အလွန်ကြန့်ကြာသွားရင် မုချ အသက် သေစေနိုင်ပါတယ်။ ဘယ်ဘက်အဆုတ်တခြမ်းက ဘာမှ မဖြစ်တဲ့အတွက် ဆရီနာ ကံကောင်းပါတယ်။ ဒါပေမဲ့  ဆေးရုံကိုလာခဲ့ရတဲ့  ခရီးမှာ အခက်အခဲတွေ တလှေကြီးရင်ဆိုင်ခဲ့ရရှာတာပါ။ နောက်ဆုံးမှာတော့ ကျွန်မတို့ အားလုံး စိတ်ချလက်ချ အသက်ရှူခွင့်ရခဲ့ပါပြီ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးကျူးမိပါတယ်။ ဆရီနာ့ မိခင်ဘခင်ဟာလည်း ကျွန်မကို အထူးကျေးဇူးတင်ရှိကြတယ်။ ကျွန်မရင်ထဲမှာလည်း ဒီလို ထိထိမိမိကူညီပေးနိုင်ခဲ့ လို့ ရင်ထဲမှာ ပြောမပြတတ်အောင်ဘဲ သိပ်ကို ၀မ်းသာကြည်နူးမိပါတယ်။

နောက်တစ်လအကြာမှာတော့ ကျွန်မနှင့်အတူ သီလရှင်အများအပြား ဆရီနာ့မိသားစုနှင့်ပါ  ဘုရားကျောင်းဝေယျာဝိစ္စ ပြုကြတယ်။ ကက်သလစ်ဘာသာထဲကို သူတို့ကူးပြောင်းဝင်ရောက်လာတယ်။ ဆရီနာလေးကိုလဲ ရေဖြန်းစေပါတယ်။ အစစအရာရာ ကျွန်မတို့ ညီအမသုံးယောက်က ကူညီပံ့ပိုးရတာဘဲပေါ့။ ကျွန်မတို့ကြုံခဲ့ရတဲ့ မယုံနိုင်စရာ သည်ခရီးကိုတော့ အားလုံးက မမေ့ကြပါဘူး။

ကျွန်မတို့ နှစ်ပေါင်းတော်တော်ကြာအောင် အဆက်အသွယ် ပြတ်တောက်နေပေမယ့်လည်း သူတို့  ကျွန်းကလေးပေါ်မှာဘဲ ရှိနေကြတယ်ဆိုတာ ကြားနေရပါတယ်။ ခုဆိုရင် လမ်းပန်းအဆက်အသွယ်တွေလဲ ကောင်းမွန်ချောမွေ့ နေတယ်တဲ့။

ဆယ်စုနှစ်သုံးခုစာလောက် အချိန်တွေ ကုန်ဆုံးခဲ့ချိန်မှာတော့ တစ်နေ့  လွမ်းမောဘွယ် အဖြစ်အပျက်ကလေးတခုနဲ့ ကြုံခဲ့ကြရတယ်။ ကျွန်မ ဇာတိမြေကျွန်းကလေးကနေ ရောမမြို့ကို ဘာသာရေးကိစ္စနဲ့သွားဖို့အကြောင်းဖန်လာတယ်။ အဲဒီအချိန်မှာဘဲ မိန်းခလေးတယောက် လက်ဆွဲအိပ်ကလေးတလုံးနဲ့  ရောက်လာခဲ့တယ်။

“မာမီကပြောပါတယ်။ ကျွန်မအသက်ကို ဆရာမကြီး ကယ်တင်ခဲ့တယ်တဲ့။ ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မတို့ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ အစဉ်အမြဲ ဒါကို သတိရနေတာပါ”တဲ့။ နွေးထွေးတဲ့အပြုံးနဲ့ မျက်ရည်ကလေးဝဲပြီးပြောရှာတယ်။ သူမလက်ထဲက ပစ္စည်းအပြည့်နဲ့ အိတ်တလုံးကို လှမ်းပေးရင်းကျွန်မအတွက် လက်ဆောင်တဲ့။ ကျွန်မလဲ အိတ်ထဲကပစ္စည်းတွေကို မကြည့်အားပါဘူး။  သူမကိုယ်ကလေးကိုသာ တင်းတင်းဖက်ပြီး နွေးနွေးထွေးထွေးဘဲ အားပါးတရ  ပြောလိုက်ပါတယ် ။
“ဘုရားသခင်ကိုဘဲ ကျေးဇူးတင်ပါ  ခလေးရယ်“ လို့။

Florist
An Incredible Journey by Anne Berbano
RD nov,2011

Monday, November 21, 2011

ကမ္ဘာကြီးကို ရိုက်ခတ်မှုမပေးတဲ့သူ

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုပ်ရှင်ပွဲတော် (Green Screen Fest) ပြုလုပ်စဉ်မှာ  Elementary ကျောင်းတစ်ကျောင်းက ကလေးငယ်တွေ workshop တစ်ခု ပူးပေါင်းပြုလုပ်ကြပါတယ်။ Green Screen Fest ကို နိုဝင်ဘာ ၁၄ရက်ကနေ ၁၆ရက်အထိ ဘဲလ်ဂရိတ်မြို့ ဆာဗာစင်တာ(Sava Centar) က Art Cafe နဲ့ Hall မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သုံးရက်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အပျော်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို၊ တီဗီမှတ်တမ်းနဲ့ Crude, Tapped, No Impact man မှတ်တမ်းရုပ်ရှင်တွေပြသခဲ့ကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့ ARIJADNINA NIT က volunteer တွေဟာ မြို့ထဲတစ်ချို့နေရာတွေမှာ ပြန့်ကျဲနေတတ်တဲ့ ပလပ်စတစ်ဗူးအဖုံး ၅၀၀၀ ကျော် ကောက်ယူခဲ့ကြပြီး အဲဒီအဖုံးတွေနဲ့ ကလေးငယ်တွေက တိရစ္ဆာန်ရုပ်ပုံဖော်တဲ့ installation workshop ပြုလုပ်ကြပါတယ်။ ရုပ်ရှင်ပွဲတော် ရက်အတွင်း ဆောင်းဦးအသီးအနှံတွေနဲ့ ရုပ်ပုံဖော်ခြင်း၊ မှိုစိုက်ပျိုးခြင်း၊ ဓါတုပစ္စည်းသုံးပြီး သစ်ရွက်မှ ကလိုရိုဖီးထုတ်ယူပုံလက်တွေ့သရုပ်ပြခြင်းနဲ့ တခြား workshop တွေလည်းပြုလုပ်ခဲ့ကြပါတယ်။

ရုပ်ရှင်ပွဲတော်စီစဉ်သူက  workshop လေးတွေပြုလုပ်ကြဖို့ Elementary နဲ့ Secondary က ကလေးငယ်တွေကို ဖိတ်ကြားပါတယ်။ workshop ကို စိတ်ဝင်စားတဲ့ ကျောင်းတွေက လက်ခံပြီး သက်ဆိုင်ရာ ဆရာ ဆရာမနဲ့ ကလေးငယ်အုပ်စုတစ်ခုမှာ ကလေး ၃၀ ကျော်လောက် စုစည်းပြီး workshop ပူးပေါင်းပြုလုပ်ကြပါတယ်။
ပလးပ်စတစ်ဗူးအဖုံးတွေနဲ့ တိရစ္ဆာန်ရုပ်လေးတွေကလေးတွေပုံဖော်မယ်။ တိရစ္ဆာန်အကောင်ပလောင်လေးတွေပုံ စာရွက်မှာ sketch ဆွဲထားတယ်။ အဲဒါကို ကြည့်ပြီး အရုပ်ဖော်ကြမယ်။ ကလေးတွေ မလာကြသေးဘူး။
ရောက်လာကြပါပြီ။
အုပ်စု ၇ စု ခွဲလိုက်တယ်။
ဇီးကွက်လေးထင်တယ်။ ၄၅မိနစ်အချိန်ရပါတယ်။
ဒါ့ပုံရိုက်တာနဲ့ ပိုစ့်ပေးကြသေးတယ်။ ကလေးများတော်တော်တတ်
ဓါတ်ခဲလေးတွေကို အနားသတ်လုပ်ထားတယ်၊ သေးသေးလေးပဲလုပ်တယ်၊ ကလေးငပါးလေးတွေ။
ဒီအဖွဲ့က ပိုမြန်တယ်။ မြန်မှာပေါ့ အနားသတ်လေးပဲ လုပ်ထားတယ်။
 လိပ်လေးနဲ့ လိပ်ပြာလေး၊
 ဟိုအဖွဲ့ကပြီးနေပြီ မြန်မြန်လုပ်မှတဲ့
ဘယ်အဖွဲ့ကမှန်းတောင်မသိလိုက်ပါဘူး
Green Screen Fest ရုပ်ရှင်ပွဲတော်မှာ ပြသွားတဲ့ မှတ်တမ်းရုပ်ရှင်ကားတွေထဲက ဒါရိုက်တာ Laura Gabbert နဲ့ Justin Schein တို့ရိုက်ကူးခဲ့တဲ့ ၂၀၀၉ခုနှစ်က အမေရိကန်မှတ်တမ်းကားလေးဖြစ်တဲ့ No Impact Man ကို ကြည့်ပြီးတော့ စဉ်းစားစရာတွေ၊ လုပ်သင့်တာတွေ အများကြီးပဲ မြင်လာရတယ်။ အဲဒီကားထဲက ကောလင်းဘီဗန်မိသားစုက တစ်နှစ်လုံး အမှိုက်မစွန့်ပစ်ပဲ၊ လျှပ်စစ်မီးမသုံးပဲ၊ ကားအသုံးမပြု။ ဖုန်းအသုံးမပြုပဲ နေပြသွားတယ်။ ကလေးလေးကပါ ဖခင်ရဲ့ တစ်နှစ်တာ ကမ္ဘာကြီးကို မရိုက်ခတ်တဲ့သုတေသန မှာ အားတက်သရောသရုပ်ဆောင်သွားတာ ချစ်စရာ သနားစရာ၊ ချီးကျူးစရာကောင်းလှပါတယ်။ အ၀တ်လျှော်စက်အသုံးမပြုပဲ ဖခင်နဲ့ ကလေးငယ်လေး ရေချိုးကြွေဇလုံကြီးထဲမှာ ခြေထောက်နဲ့ နင်းပြီး အ၀တ်လျှော်ကြတဲ့အခန်းတွေ၊ ရေခဲသေတ္တာလည်းအသုံးမပြုတော့ မိခင်နဲ့အတူ ဆိုင်က ရေခဲတုံးလေးတွေဝယ်၊ ကလေးငယ်လေးက ရေခဲထုတ်လေးကိုင်ပြီး လှေကားပေါ် မနိုင်မနင်းသယ်လာတဲ့အခန်းတွေကို မျက်စိထဲ ပြန်မြင်နေမိတယ်။ သနားစရာကလေးငယ်လေးရဲ့ ဖခင်၊ မိခင်တို့နဲ့အတူ မငြီးမငြူနေထိုင်နိုင်ခဲ့တာတွေက ဖခင် No Impact Man ကို အထောက်အပံ့အများကြီး ဖြစ်စေခဲ့ပါတယ်။ ဒီနေ့ကမ္ဘာကြီးမှာ မိမိနေထိုင်ရာပတ်ဝန်းကျင်ကို အဆုံးမသတ်နိုင်အောင် တိထွေ့ရိုက်ခတ်နေကြတာတွေကို သတိထားမိလာစေတဲ့ မှတ်တမ်းကားလေးပါ။

၁.diet လုပ်ပြီး ကမ္ဘာကြီးကိုကယ်တင်ပါ။ (သားစားမကျုးပဲ ကိုယ်အလေးချိန်လျှော့ချနိုင်အောင်)
၂.ပလပ်စတစ်ရေဗူးတွေမသောက်ပါနဲ့။(ပလပ်စတစ်အသုံးပြုပြီး လေထုညစ်ညမ်းမှုတွေ တိုးပွားလာတာကိုကာကွယ်နိုင်မယ်)
၃. ဘာမှမ၀ယ်ပါနဲ့၊၊ ဘာစက်ပစ္စည်းမှမသုံးပါနဲ့၊ လျှပ်စစ်ပစ္စည်းမဖွင့်မသုံးပါနဲ့။ မချက်ပြုတ်ပါနဲ့။ ဖုံးမဖြေပါနဲ့။ (ဘာအရင်းအမြစ်ကိုမှ မသုံးပါနဲ့တဲ့)
၎. ၀င်ငွေရဲ့ ဆယ်ဖို့တစ်ဖို့ ကို ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကုသိုလ်ဖြစ်အဖွဲ့အစည်းတွေလှူပါ။
၅. စက်ဘီစီးပါ၊ လမ်းလျှောက်ပါ။(ကျန်းမာမယ်၊ ကားတွေကထွက်လာမယ့် ဓါတ်ငွေ့ထုတ်လွှတ်မှုတွေနည်းမယ်)
၆. တီဗီရှေ့မှာ အချိန်များများဖြုန်းမယ့်အစား ကမ္ဘာကြီးအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အသင်းအဖွဲ့လေးတွေနဲ့ ကမ္ဘာကြီးအတွက်အလုပ်လုပ်ပါတဲ့။

ခက်တာတော့ တော်တော်ကြီးကို ခက်ခဲနေပါလိမ့်မယ်။ ကောလင်းကတော့ No Impact Man မှာ တစ်နှစ်တာ ကမ္ဘာကြီးကို ရိုက်ခတ်မှုမပေးတဲ့လူတစ်ယောက်အဖြစ် နေပြသွားခဲ့ပါတယ်။ ကိုယ်တွေရော ဘယ်လောက်နေထိုင်နိုင်မလဲ။ No Impact Person တွေဖြစ်ဖို့ ကြိုးစားကြည့်ကြရင်ဖြင့် ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာမယ် ထင်ပါတယ်။        ။

No Impact Man Trailer
ပြီးခဲ့တဲ့နှစ်က workshop

Ref : http://www.greenscreenfest.org/

Friday, March 19, 2010

ဘုရားသခင်ရဲ့လက်ဆောင် ပင့်ကူလေးတစ်ကောင်

စစ်ပွဲအတွင်းရှေ့တန်းတစ်နေရာမှာ  . . .

အမေရိကန်မရိန်းတပ်သားလေးတစ်ဦးဟာ သူရဲ့တပ်ဖွဲ့နဲ့ တကွဲတပြားဖြစ်ခဲ့တယ်၊ တိုက်ပွဲက ပိုပိုပြီးပြင်းထန်လာနေပြီ၊
ယမ်းမှုံတွေမီခိုးညှော်နံ့တွေကလဲသိပ်သည်းလို့ သေနတ်သံတွေ၊ ဗုံးဆံအမြောက်သံတွေကလဲ နေရာအတော်များများခပ်စိပ်စိပ်တိုက်ခိုက်နေကြပြီ၊
မရိန်းတပ်သားလေးဟာ သူ့ရဲ့အဖွဲ့သားတွေနဲ့ အဆက်အသွယ်လုံးဝပြတ်တောက်ခဲ့ရပြီ၊

တိုက်ပွဲမျက်နှာစာတွင်းက ကုန်းကမူလေးတွေမှာ ဗုံးဆံထိမှန်ထားလို့အရာအားလုံးယိုယွင်းလို့၊ တောင်ကုန်းလေးတွေကြားထဲ မရိန်းတပ်သားလေးတစ်ဦးတည်းရှိနေချိန်မှာ ရန်သူစစ်သားတွေအလုံးအရင်း မရိန်းတပ်သားလေးရှိရာအရပ်ဆီလာနေကြပြီ၊ တပ်သားလေးဟာ အကာအကွယ်တစ်ခုခုတွေ့လိုတွေ့ငြား ကိုယ်ကိုတွန့်လိမ်လျှောဆင်းရင်းနဲ့ ခပ်မြင့်မြင့်တောင်ကုန်းတစ်ခုမှာ လှိုဏ်ကမူလေးတွေအတော်များများရှိနေတာတွေ့လိုက်ရတယ်၊ သူ အလျှင်အမြန်ပဲ လှိုဏ်ဂူလေးတစ်ခုဆီ တွားပြီးသွားလိုက်တယ်၊ အခိုက်အတန့်အားဖြင့် သူ့ဘာသာ ကာကွယ်နိုင်လိုက်ပေမဲ့ သိပ်မကြာမီ ဒီနေရာတစ်ဝိုက်က တောင်ကုန်းတွေအားလုံး ပိုက်စိတ်တိုက် သူတို့ရှာဖွေကြတော့မယ်၊ အဲဒီလိုသာဆိုရင် မရိန်းတပ်သားလေးဟာ ဖမ်းမိသွားတော့မယ်၊ အသတ်ခံရတော့မယ်ဆိုတာ သူ သိနေလိုက်ပါပြီ၊ အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ရင်း ဘုရားသခင်ထံဆုတောင်းဖို့ပြင်တော့တယ်၊ အခုအချိန်မှာ မရိပ်တပ်သားလေးအတွက် ဘုရားသခင်သာ အကာအကွယ်ပေးနိုင်တော့မယ်၊ သူ ဆုတောင်းလိုက်တယ်၊
“ဘုရားသခင် .. ဆန္ဒရှိခဲ့မယ်ဆိုရင် ကျွန်ုပ်အတွက် ကာကွယ်စောင့်ရှောက်ပေးပါ၊ အသင် ကျွန်ုပ်အတွက် ဘာကိုပဲဆန္ဒရှိခဲ့ပစေ .. သင့်ကိုကျွန်ုပ်ချစ်မြတ်နိုးတယ်၊ အို အဖ သင့်ကိုကျွန်ုပ်ယုံကြည်တယ်၊ အာမင်” လို့ ဆုတောင်းခဲ့ပါတယ်၊

မရိန်းတပ်သားလေးဆုတောင်းပြီးတဲ့အခါ ဂူလေးထဲမှာငြိမ်ငြိမ်ဆိတ်ဆိတ်လဲလျောင်းရင်း ရန်သူတွေရဲ့ ခြေသံတွေတစ်စထက်တစ်စပိုပိုနီးကပ်လာနေတာကို နားထောင်နေလိုက်တယ်၊ ဘုရားသခင်တော့ သူ့အတွက်ကူညီဖို့ဆန္ဒရှိပုံမရတော့ဘူးလို့  သူ စိတ်ပျက်အားလျော့စွာ တွေးနေခဲ့မိတယ်၊
အဲ့ဒီနောက် မရိန်းတပ်သားလေးဟာ ထောင့်တစ်ထောင့်က ပင့်ကူလေးတစ်ကောင်ခပ်လှုပ်လှုပ်ပြေး လာနေတာကို တွေ့လိုက်ရတယ်၊ ပင့်ကူလေးဟာ လှိုဏ်ဂူအရှ့ မှာ အိမ်စတင်ယက်လုပ်တော့တယ်၊ သူ စောင့်ကြည့်နေပါတယ်၊ ရန်သူတွေရဲ့ ခြေသံတွေပိုပိုပြီး နီးကပ်လာတာကို လဲ နားစွင့်နေမိတယ်၊ ပင့်ကူလေးက ခပ်သွက်သွက်အလုပ်တွေရှုပ်နေပါတယ်၊ မရိန်းတပ်သားလေးက ++အိုး .. ငါအတွက် အခုအချိန်မှာလိုအပ်တာက အုတ်နံရံတစ်ခုလို အကူအညီမျိုးပေါ့၊ ဘုရားသခင် ငါ့အတွက်ပို့လိုက်တာက ပင့်ကူအိမ်လေးတစ်ခုပဲ၊ အို အဖ .. ကျွန်ုပ်ကို ကျီစားလေသလား++ လို့ တွေးမိလိုက်တယ်၊

ရန်သူတွေရဲ့ ခြေသံတွေအနီးကပ်ဆုံးဖြစ်လာခဲ့တဲ့အခါ သူ့ခန္ဓာကိုယ်ကို တတ်နိုင်သလောက်လှိုက်ဂူထောင့်လေး မှာ ပုန်းကွယ်နေလိုက်တယ်၊ လှိုဏ်ဂူရဲ့ အမှောင်ထုလေးအတွင်းက အပြင်ဘက်ကိုငေးကြည့်နေမိတယ်၊ အပြင်ဘက်မှာ လှိုဏ်ဂူတွေတစ်ခုပြီးတစ်ခု ရန်သူတွေချဉ်းနင်းရှာဖွေနေကြတယ်၊ နောက်ဆုံးတော့ သူ့ရဲ့ လှိုဏ်ဂူလေးရှိရာ ရန်သူတွေရောက်လာကြပြီ၊ မရိန်းတပ်သားလေးဟာ မကြာခင်တွေ့ကြုံရတော့မဲ့ သေမင်းကို ကြောက်လန့်တကြားတွေးရင်း အသက်ကိုအောင့်ထားလိုက်တယ်၊ သူ သေရတော့မယ်၊
ဒါပေမဲ့ ခြေသံတွေဟာ လှိုဏ်ဂူထဲကို ရောက်မလာခဲ့ပဲ တဖြည်းဖြည်းဝေးသွားကြတယ်၊
မရိန်းတပ်သားလေး သဘောပေါက်လိုက်ပါပြီ၊ ပင့်ကူအိမ်တွေဖုံးကွယ်နေတဲ့ လှိုဏ်ဂူထဲမှာ လူမရှိနိုင်ဘူးလို့ ရန်သူတွေကယူဆခဲ့ကြတယ်၊
မရိန်းတပ်သားလေးဟာ အင်မတန်စိတ်မကောင်းဖြစ်သွားတယ်၊ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုကို သူနားမလည်ခဲ့မိလိုက်ဘူး၊
“အို .. အဖ ခွင့်လွှတ်ပေးပါ၊ အဖဘုရားသခင်ချပေးလိုက်တဲ့ ပင့်ကူလေးဟာ အုတ်နံရံထက် ပိုပြီးစွမ်းအားကြီးတယ်ဆိုတာ မေ့သွားခဲ့ပါတယ်” လို့ ဘုရားသခင်ထံ သူ တောင်းပန်နေခဲ့တယ်၊

ကျွန်တော်တို့အားလုံး တစ်ကြိမ်ကြိမ်မှာတော့ ကြီးကျယ်တဲ့အခက်အခဲတွေကြုံတွေကြမှာပါပဲ၊ အခက်အခဲတွေကြုံတွေ့လာတဲ့အခါ တစ်ချိန်က ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေကို အလွယ်တကူမေ့သွားကြပြီး သွေးပျက်ခြောက်ခြားကြတော့တယ်၊ ဘုရားသခင်ဟာ ကျွန်တော်တို့ကို တစ်ခါတစ်ရံ မမျှော်လင့်တဲ့ ရိုးရှင်းတဲ့နည်းလမ်းတွေနဲ့စောင့်ရှောက်ခဲ့တယ်၊ ဘုရားသခင်ပေးအပ်လိုက်တဲ့ အင်မတန်ရိုးရှင်းတဲ့နည်းလမ်းတွေဟာ တကယ့်ကြီးမားတဲ့အခက်အခဲကိုကျော်လွှားနိုင်ပါတယ်၊

ဂျေရုဆလင်ကို ပြန်လည်တည်ထောင်ခဲ့သူ ခေါင်းဆောင်နီအဲမာယာ (Nehemiah)  ရဲ့စကားတစ်ခွန်းဟာ အစ္စရေးတစ်မျိုးသားလုံးကို အမှတ်ရနေစေတယ်၊
နီအဲမာယာ ရဲ့ စကားက “ဘုရားသခင်နဲ့ နီးကပ်နေရင် ကျွန်တော်တို့အောင်မြင်လိမ့်မယ်” [Nehemiah 2:20]

Ref : http://www.promiseofgod.com/godspider/