![]() |
| photo from |
ကျွန်မဟာ ညီအမသုံးယောက်ထဲက တယောက်ဖြစ်ပြီးတော့ ကျွန်မတို့ သုံးယောက်စလုံးဟာ ကက်သလစ်ဘာသာဝင်များဖြစ်သည်နှင့်အညီ ဘာသာရေးလုပ်ငန်းများကို စွမ်းစွမ်းတမန် လုပ်ကိုင်ပျော်ရွှင်နေကြသူများဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ထဲက အလွန်ဝေးသီခေါင်လွန်းလှတဲ့  အရပ်ဒေသတခုမှာပါ။ လူဦးရေ နှစ်သောင်းဝန်းကျင်လောက်ဘဲ ရှိပြီး ဆင်းရဲ နွမ်းပါးကြသူများ ဖြစ်ပြီးတော့ အထူးသဖြင့် ကျန်းမားရေးဘက်မှာအလွန်ချို့တဲ့လှပါတယ်။ ဌာနီ ဆေးဝန်ထမ်းမရှိပါဘူး။ အမြဲနေထိုင်မယ့်ဆရာဝန်ဆိုတာ ဝေးလာဝေးပါ။ ကျွန်မတို့ခရစ်ယာန်အသိုင်းအ၀ိုင်းကသာ ဆင်းရဲနိမ့်ကျသူများအပေါ် ဘာသာရေးအသိစိတ်ဓါတ်နဲ့ စာနာကူညီမှုတွေ ပေးခဲ့ကြရတာပါ။ ကျွန်မအနေနဲ့လဲ လက်မှတ်ရ သူနာပြု ဆရာမတယောက် ဖြစ်ခဲ့ပြီးပြီမို့ ပိုမို အဆင်ပြေ ချောမွေ့ စေပါတယ်။
ပြီးခဲ့တဲ့ ၁၉၇၈ခုနှစ်ရဲ့  ညနေခင်းတခုမှာ Anda ကျေးလက်ကျန်းမာရေး ဌာနက ကျန်းမာရေးဆရာမ နှင့် ခင်ပွန်းသည်တို့ဟာ လေးနှစ်အရွယ် သမီးကလေး Serena နှင့်အတူ ကျွန်မတို့ အိမ်ကို ရောက်ရှိလာကြပါတယ်။ ခလေးမကလေးကို ကြည့်ရတာ တော်တော့်ကို ခက်ခက်ခဲခဲ အသက်ရှူနေရဟန်ရှိပါတယ်။ သူ့မေမေက ကျွန်မကိုပြောပါတယ်။ ခလေးမလေးဟာ ဒေသထွက် ကျေးလက်အစာ(chico) အသီးတခုကို နေ့လည်စာစားချိန်က စားရင်းလည်ချောင်းမှာတစ်နေခဲ့တယ်တဲ့။ သူမကြိုးစားပြီး တတ်စွမ်းသလောက် ထုတ်ယူခဲ့ပေမဲ့ မရခဲ့ဘူး တဲ့။ ညစာစားချိန်မှာတော့ ခလေးမကလေးဟာ အသက်ရှုရတော့ဘဲ တကိုယ်လုံးပြာနှမ်းလာတယ်လို့ ဆိုပါတယ်။ ကျွန်မထင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့ နေတဲ့အရာကို ခပ်မြန်မြန်လေး ထုတ်ပစ်ဖို့လိုမယ်ဆိုတာ။ ဒါနဲ့ဘဲ ကျွန်မ ခပ်မြန်မြန်ဘဲ လူနာတင်ကားတစင်းကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ လူနာတင်ကားလို့သာ ဆိုတယ် အမှန်က သာမန်ထရပ်ကားတစင်းပါဘဲ ။ ထူးခြားတာက ဥသြဆွဲလို့တော့ရတယ်လေ။ ကားရောက်တယ်ဆိုရင်ဘဲ အချိန်မဆိုင်းတော့ဘူး။ ကျွန်မ ခလေးမလေးကို ပွေ့ပြီးကားပေါ်တက်လိုက်တယ်။သူမဖေဖေရော သူမမေမေရောပါဘဲ။ သူတို့ နှင့်အတူ လိုက်လာတဲ့ Anda က သားဖွားဆရာမတယောက်လဲ ပါပါတယ်။ ကျွန်မတို့  အရေးပေါ်ဆေးရုံကြီးကို ခုလို သွားကြရာမှာ တူးမြောင်းတခုကိုလဲ ဖေါင်နဲ့  ဖြတ်ကူးကြရတယ်။
ကျွန်မတို့သင်္ဘောဆိပ်ခံတံတားရောက်တော့..လူတွေက ပြားပန်းခတ်ရှုပ်ထွေးနေတယ်။ ဖေါင်နဲ့ ဖြတ်ကူးဖို့ ခွင့်မပြုကြောင်း တာဝန်ရှိသူတွေက အချက်ပြ မီးနဲ့သတိပေးနေပြန်တယ်။ သူတို့က စပိဘုတ်ကလေးတခုအပေါ်ကို ပို့ပေးပါတယ်။ ဒါပေမဲ့ အဆင်မပြေပါဘူး။ လမ်းတ၀က်မှာဘဲ ကျွန်မတို့တခြား စပိဘုတ်တစင်းကို ပြောင်းကြရတယ်။ ခလေးမလေးကိုတော့ ကျွန်မတင်းတင်းမြဲမြဲ ပွေ့ချီတက်ရတယ်။ ကျွန်မတို့အဖို့တော့သည်းထိတ်ရင်ဖို အတွေ့အကြုံတခုပါဘဲ။ ပင်လယ်လေက အေးစက်လွန်းပေမယ့် ကျွန်မတို့အမှုမထားနိုင်ကြဘူး။ ကျွန်မ ခလေးမလေးကို ဖောက်ထိုးထားလိုက်ဖြေးဖြေးညင်သာ ထူမတ်ပေးလိုက်နဲ့ တလမ်းလုံးလုပ်ပေးခဲ့တယ်။ ဒါ့ကြောင့်လဲ ခလေးမလေးရဲ့မျက်နှာကလေး သွေးရောင်နဲနဲ လွှမ်းလာခဲ့တယ်။ ကုန်းပေါ်ရောက်တော့ ကျွန်မတို့ ၂ကီလိုမီတာလောက်ဝေးမယ့် အရေးပေါ်ဆေးရုံကို သွားဖို့ ကားတစီး ရှာရပြန်တယ်။ ရရာဂျစ်ကားတစ်စီးနဲ့ အပြေးသွားကြရပြန်တယ်။ ကားက သုံးရရုံဘဲ။ ရှေ့မီးတစ်လုံးတည်းအလုပ်လုပ်တယ်။ မှောင်လာပြီဖြစ်တဲ့လမ်းကို ကောင်းကောင်း အလင်းမပေးနိုင်ဘူး။ ဒရိုင်ဘာက အလိုက်မသိ ဒီလမ်းဟာ သိပ်အန္တရယ်များကြောင်း ဘယ်နေ့ က ဘယ်နားမှာ ဘာဖြစ်ကြောင်း ပြောနေလိုက်တာ လျှာတော်တော်ရှည်တဲ့ သူဘဲ။ ဒီလူလျှာရှည်နေတာနဲ့ဘဲ ဖြုံးဆို သူ့ကားက လမ်းဘေးထိုးရပ်ပါရော။ ကားဘီးပေါက်တယ်လေ။ ဘီးတလုံးကပြားသွားပြီ။ ကားဘီးကို ၃မိနစ်နဲ့ အပြီးလဲရတယ်။ ဒီအတောအတွင်းမှာ ကျွန်မ ဘုရားသခင်နဲ့  သူတော်စင်စိန့်တွေထံ ခလေးမလေးကို စောင့်ရှောက်ပေးဖို့အသက်ကို ကယ်တင်ပေးဖို့အသနားခံ ရပါတယ်။ အကြိမ်ကြိမ် အခါခါဆုတောင်းနေရပါတယ်။ ဒီကြားထဲမှာ ဒရိုင်ဘာကြီးကိုလဲ ကားဘီးမြန်မြန်လဲပြီးဖို့လှမ်းပြီး တောင်းပန်နေရသေးတာ။
ဒီလိုနဲ့ကျွန်မတို့ ကံအားလျော်စွာ ဆေးရုံကြီးကို ရောက်ခဲ့ရပါပြီ။ ဒါပေမဲ့ တာဝန်ကျဆရာဝန်ကမရှိပါဘူးတဲ့။ လိုအပ်တဲ့ပစ္စည်းကရိယာတောင်မရှိပါဘူးတဲ့။ သွားပါပြီ။ ကျွန်မတို့ကို သုံးနာရီကြာ ရှေ့ဆက်မောင်းနှင်ရမယ့် Dagupan မြို့ ကိုသွားဖို့ လမ်းညွှန်တော့တယ်။ ဘာဘဲပြောပြော ဟိုမှာက ပစ္စည်းကရိယာစုံလင်တယ်အောက်ဆီဂျင် ပေးလို့ရနိုင်မယ်ဆိုတော့ ကျွန်မတို့ မျှော်လင့်ချက် ရှိပါသေးတယ်။ သူတို့က သူနာတင်ကားကို ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရပေမယ့် လမ်းတ၀က်ရောက်တော့ သူနာတင်ကားက ဂက်စ်ဖြည့်ရပါတယ်။ ဆီဖြည့်ဌာနမှာ ကံမကောင်းစွာ ဆီဖြည့်တဲ့  ပန့်ပ်ကွဲထွက်သွားတယ်။
ဘုရားသခင်!
ကျွန်မတို့ ဒုက္ခသုက္ခတွေ အဆုံးမသတ်သေးပါလား။ သူနာတင်ကားဟာ တခြားပန့်ပ်တခုမှာ ဆီသွားဖြည့်ရပါတယ်။ ကျွန်မတို့ ရှေ့ဆက်လက်ထွက်ခွာခဲ့ပါတယ်။ မကြာမီ Dangupan မြို့ ကို ရောက်ခဲ့ပါတယ်။ ဆေးရုံနဲ့ အနီးဆုံးတနေရာမှာကားရပ်နားလိုက်တယ်။ ဒါပေမဲ့ သူတို့က အဆုတ်နဲ့ပတ်သက်တဲ့အထူးကုဆရာဝန်က မရှိပြန်ဘူးတဲ့။ ခလေးအတွက် အဆုတ်ရောဂါကု ကျွမ်းကျင်ဆရာဝန်တယောက် အမြန် လိုအပ်တယ်လို့ဆိုတယ်။ ကဲ ကျွန်မတို့ တခြားဆေးရုံတခုကို ထပ်မံ ပြောင်းလဲ သွားရောက်ဖို့ ပြင်ဆင်ရပြန်ပြီ။ ဒီအခါမှာတော့ သူနာတင်ကားလဲ ရှေ့ခရီးကို သည်ပိုးမပေးတော့ပါဘူး။ ကျွန်မတို့  ဒါရိုက်တိုရီလမ်းညွှန်ကို ဖုန်းဆက်မေးရတော့တယ် ။ ဒါဂူပန်မြို့ မှာ ရနိုင်မယ့် ဆရာဝန်တယောက်ယောက်ကိုပေါ့။ ဒီတော့မှ ကျွန်မတို့  ဆရာဝန်ကောင်းကောင်းနဲ့ ဆေးရုံကောင်းကောင်းနဲ့ ဆုံတွေ့နိုင်ကြတော့တယ်။ ဆရာဝန်က ဓါတ်မှန်လေးကြိမ်ရိုက်ပြီးတဲ့ နောက်မှာတော့ သူတို့ တိကျတဲ့အဖြေတစ်ခုကို ပေးနိုင်ခဲ့ကြပြီး ခလေးရဲ့ အသက်ကိုလည်း သူတို့ ကျိန်းသေကယ်တင်နိုင်ပီလို့  ဆိုတယ်။
သူမရဲ့လေပြွန်မှာ တွယ်ကပ်ခိုအောင်းနေတဲ့ သစ်သီးစေ့ကို ထုတ်ယူနိုင်ပါလိမ့်မယ် တဲ့။ တကယ်လဲ အောင်မြင်စွာ ဖယ်ရှားထုတ်ပစ်နိုင်ခဲ့ပါပြီ။ ပင်မလေပြွန်ကို ပိတ်ဆို့ထားတဲ့အသီးစေ့ကြောင့် ညာဘက်အဆုတ်တခြမ်းဟာ ကျုံ့သွားပြီး ခလေးဟာ အသက်ရှူ ခက်ခဲ သွားခြင်းဖြစ်ပါတယ်။ ဒါဟာ အချိန်အလွန်ကြန့်ကြာသွားရင် မုချ အသက် သေစေနိုင်ပါတယ်။ ဘယ်ဘက်အဆုတ်တခြမ်းက ဘာမှ မဖြစ်တဲ့အတွက် ဆရီနာ ကံကောင်းပါတယ်။ ဒါပေမဲ့ ဆေးရုံကိုလာခဲ့ရတဲ့ ခရီးမှာ အခက်အခဲတွေ တလှေကြီးရင်ဆိုင်ခဲ့ရရှာတာပါ။ နောက်ဆုံးမှာတော့ ကျွန်မတို့ အားလုံး စိတ်ချလက်ချ အသက်ရှူခွင့်ရခဲ့ပါပြီ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးကျူးမိပါတယ်။ ဆရီနာ့ မိခင်ဘခင်ဟာလည်း ကျွန်မကို အထူးကျေးဇူးတင်ရှိကြတယ်။ ကျွန်မရင်ထဲမှာလည်း ဒီလို ထိထိမိမိကူညီပေးနိုင်ခဲ့ လို့ ရင်ထဲမှာ ပြောမပြတတ်အောင်ဘဲ သိပ်ကို ၀မ်းသာကြည်နူးမိပါတယ်။
နောက်တစ်လအကြာမှာတော့ ကျွန်မနှင့်အတူ သီလရှင်အများအပြား ဆရီနာ့မိသားစုနှင့်ပါ ဘုရားကျောင်းဝေယျာဝိစ္စ ပြုကြတယ်။ ကက်သလစ်ဘာသာထဲကို သူတို့ကူးပြောင်းဝင်ရောက်လာတယ်။ ဆရီနာလေးကိုလဲ ရေဖြန်းစေပါတယ်။ အစစအရာရာ ကျွန်မတို့ ညီအမသုံးယောက်က ကူညီပံ့ပိုးရတာဘဲပေါ့။ ကျွန်မတို့ကြုံခဲ့ရတဲ့ မယုံနိုင်စရာ သည်ခရီးကိုတော့ အားလုံးက မမေ့ကြပါဘူး။
ကျွန်မတို့ နှစ်ပေါင်းတော်တော်ကြာအောင် အဆက်အသွယ် ပြတ်တောက်နေပေမယ့်လည်း သူတို့  ကျွန်းကလေးပေါ်မှာဘဲ ရှိနေကြတယ်ဆိုတာ ကြားနေရပါတယ်။ ခုဆိုရင် လမ်းပန်းအဆက်အသွယ်တွေလဲ ကောင်းမွန်ချောမွေ့ နေတယ်တဲ့။
ဆယ်စုနှစ်သုံးခုစာလောက် အချိန်တွေ ကုန်ဆုံးခဲ့ချိန်မှာတော့ တစ်နေ့ လွမ်းမောဘွယ် အဖြစ်အပျက်ကလေးတခုနဲ့ ကြုံခဲ့ကြရတယ်။ ကျွန်မ ဇာတိမြေကျွန်းကလေးကနေ ရောမမြို့ကို ဘာသာရေးကိစ္စနဲ့သွားဖို့အကြောင်းဖန်လာတယ်။ အဲဒီအချိန်မှာဘဲ မိန်းခလေးတယောက် လက်ဆွဲအိပ်ကလေးတလုံးနဲ့  ရောက်လာခဲ့တယ်။

“မာမီကပြောပါတယ်။ ကျွန်မအသက်ကို ဆရာမကြီး ကယ်တင်ခဲ့တယ်တဲ့။ ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မတို့ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ အစဉ်အမြဲ ဒါကို သတိရနေတာပါ”တဲ့။ နွေးထွေးတဲ့အပြုံးနဲ့ မျက်ရည်ကလေးဝဲပြီးပြောရှာတယ်။ သူမလက်ထဲက ပစ္စည်းအပြည့်နဲ့ အိတ်တလုံးကို လှမ်းပေးရင်းကျွန်မအတွက် လက်ဆောင်တဲ့။ ကျွန်မလဲ အိတ်ထဲကပစ္စည်းတွေကို မကြည့်အားပါဘူး။ သူမကိုယ်ကလေးကိုသာ တင်းတင်းဖက်ပြီး နွေးနွေးထွေးထွေးဘဲ အားပါးတရ ပြောလိုက်ပါတယ် ။
“ဘုရားသခင်ကိုဘဲ ကျေးဇူးတင်ပါ ခလေးရယ်“ လို့။
Florist
RD nov,2011