Showing posts with label ဘီလ်ဂိတ်ရဲ့ ဒုတိယမြောက်ပရဟိတပစ်မှတ်. Show all posts
Showing posts with label ဘီလ်ဂိတ်ရဲ့ ဒုတိယမြောက်ပရဟိတပစ်မှတ်. Show all posts

Friday, June 10, 2011

ဘီလ်ဂိတ်ရဲ့ ဒုတိယမြောက်ပရဟိတပစ်မှတ်

မိုက်ကရိုဆောဖ့်တည်ထောင်သူ ဘီလ်ဂိတ်ဟာ ကမ္ဘာတစ်ဝှမ်းက ဆင်းရဲမွဲတေတဲ့တိုင်းပြည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဒေါ်လာဘီလီယံပေါင်းများစွာအသုံးပြုခဲ့ပါတယ်၊ နောက်ပိုင်းမှာ ခက်ခဲကြမ်းတမ်းစွာရုန်းကန်နေရတဲ့ အာဖရိကန်လယ်သမားတွေရဲ့ စိုက်ပျိုးရေးအတွက် အထောက်အပံ့ပေးဖို့အတွက် ခြေဦးလှည့်လိုက်ပါပြီ။ ကမ္ဘာ့သြဇာအရှိဆုံး အလှူအတန်းရက်ရောသူ ဘီလ်ဂိတ်က သူ့ရဲ့ဖောင်ဒေးရှင်းက ဘာကြောင့် လယ်ယာလုပ်ငန်းတွေဆီ ဦးတည်လိုက်တာလည်းဆိုတာကို အင်တာဗျူးတစ်ခုမှာပြောပြခဲ့ပါတယ်။ လယ်ယာလုပ်ငန်းတွေဆီချည်းကပ်မှုမှာ အထူးပြုပြင်ထားတဲ့မျိုးစေ့၊ စိုက်ပျိုးနည်းသတင်းအချက်အလက် ပြည့်ပြည့်စုံစုံပေးဝေရေး စတဲ့ လက်တွေ့ကျတဲ့အကူအညီမျိုးကို အပင်စိုက်ပျိုးသူတွေဆီအရောက်ပို့တဲ့ အစီအစဉ်တွေပါဝင်တယ်။ အငြင်းပွားနေကြဆဲ မျိုးဗီဇပြုပြင်ထားတဲ့မျိုးစေ့(GM)တွေဟာ တချို့အခြေအနေတွေမှာ ပြဿနာဖြေရှင်းနိုင်တဲ့နည်းလမ်းအဖြစ် အသုံးဝင်တာကိုလည်းတွေ့ခဲ့ရတယ်၊ ဒါပေမဲ့ ဘီလ်ဂိတ်ရဲ့ဖောင်ဒေးရှင်းကတော့ မျိုးဗီဇပြုပြင်မထားတဲ့မျိုးစေ့(non-GM)တွေကို အများအားဖြင့်အသုံးပြုတယ်လို့ လည်းရှင်းပြခဲ့ပါတယ်။ ဆယ်စုနှစ်အတွင်း လက်ရှိ လယ်ယာစိုက်ပျိုးရေး အထူးတလည်တိုးတက်မှုမရှိတဲ့ မြေနေရာတွေမှာ လယ်သမားတွေမှီဝဲစားသုံးရတဲ့ အစားအစာတွေရဲ့ ဈေးနှုန်းတွေမြင့်တက်နေမှုက အရေးကြီးတဲ့ကိစ္စအသစ်တစ်ခုဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း တကမ္ဘာလုံးမှာ အစားအသောက်ထုတ်လုပ်မှုဟာ ၁၄၅ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ပေမဲ့ အာဖရိကဒေသရဲ့ အစားအသောက်ထုတ်လုပ်မှုကတော့ ၁၉၆၀ ခုနှစ်ကတည်းက ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ဟားဗာဒ့်တက္ကသိုလ်ပရော်ဖက်ဆာ ဆာလက်စ်တာစ့်ဂျူးမာ ရေးသားထားတဲ့ “ကောက်သစ်ရိတ်ချိန်” စာအုပ်မှာ ရေးသားဖော်ပြထားတယ်။ 
၁၉၉၄ ခုနှစ်ကတည်းက ကမ္ဘာ့ကျန်းမာရေးကူညီထောက်ပံ့မှုမှာတော့ ဒေါ်လာ ၁၄.၅ ဘီလီယံအသုံးပြုခဲ့ကြတယ်ပေမဲ့ လယ်ယာစိုက်ပျိုးရေးကူညီထောက်ပံ့မှု အပါအ၀င် ကမ္ဘာ့ဖွံဖြိုးတိုးတက်ရေးအတွက် ဘီလ်နဲ့ မီလင်ဒါဂိတ်စ်ဖောင်ဒေးရှင်း က ဒေါ်လာ ၃.၃ ဘီလီယံ(ပေါင်၂ ဘီလီယံ-ယူရို၂.၃ ဘီလီယံ) အသုံးပြုခဲ့ကြတယ်လို့ နှိုင်းယှဉ်ဖော်ပြထားပါတယ်။

ဂါနာအရှေ့ပိုင်းက လယ်သမားတစ်ဦးက ဒေသခံလယ်သမားတွေက မြေဆီလွှာကို အလေးထားထိန်းသိမ်းရကောင်းမှန်းမသိသေးပဲ ရှေးရိုးအလေ့အထအတိုင်းပဲ အပင်တွေကို ခုတ်ဖြတ်တာ၊ မီးရှို့ရှင်းလင်းတာတွေလုပ်နေကြဆဲပဲလို့ ဆိုတယ်။ ဘီလ်ဂိတ်ရဲ့အစီအစဉ်သစ်မှာ အသားကျနေတဲ့ အလေ့အထတွေကို လျှော့ချပြီး နည်းလမ်းသစ်တွေ မျှဝေမယ်၊ ထွက်နှုန်းကောင်းတဲ့ မျိုးစေ့တွေပိုပြီးဖြန့်ဝေပေးမယ်၊ မြေဆီလွှာအခြေအနေကို တိုင်းတာစိစစ်မှုတွေလုပ်ကြမယ်၊ မျိုးစေ့နဲ့ မြေသြဇာဝယ်ယူနိုင်ဖို့ အရင်းအနှီးလွယ်လွယ်ကူကူထုတ်ယူရရှိစေရမယ် ဆိုတဲ့ အဆင့်တွေပါဝင်ပါတယ်။ ရေဒီယိုကနေ လယ်သမားတွေလိုအပ်မယ့်အချက်အလက်တွေ အသံလွှင့်ပေးနေမယ့် အစီအစဉ်လည်းပါဝင်ပါသေးတယ်။ ကင်ညာက လယ်လုပ်သူအမျိုးသမီးတစ်ဦးကတော့ “လမ်းပမ်းဆက်သွယ်ရေးမကောင်းတာကြောင့် သတင်းအချက်အလက်တွေချို့တဲ့ရတယ်၊ ဘယ်မျိုးစေ့ကို သုံးရမယ်၊ ဘယ်လိုပိုးသတ်ဆေးမျိုးကို သုံးရမယ်ဆိုတဲ့ အသိပညာဖြန့်ဝေပေးမှုတွေ မရနိုင်ဘူး၊ လယ်သမားတွေမှာ တစ်ခါတစ်ရံ ကုန်ပစ္စည်းရောင်းဝယ်သူတွေက မျိုးစေ့အတုတွေလှည့်စားရောင်းချလိုက်တာလည်းခံရတတ်သလို အင်းဆက်သတ်ဆေးနဲ့ မှိုသတ်ဆေးရောထွေး၊ လွဲမှားပြီးသုံးစွဲမိတာတွေလည်း ရှိတယ်”လို့ ဆိုပါတယ်။

အောင်မြင်တဲ့ ဒေသခံလယ်သမားတွေရဲ့လယ်ယာလုပ်ငန်းလုပ်ကိုင်ပုံတွေနဲ့ အမေးအဖြေ သတင်းမှတ်တမ်းရုပ်ရှင်တွေကိုလည်း ရိုက်ကူးနေပါပြီ။ ဒေသခံတွေရဲ့ ဘာသာစကား၊ အခေါ်အဝေါ်တွေပြောဆိုပြီး တူညီတဲ့မြေအနေအထားမှာလုပ်ကိုင်နေကြတဲ့ မှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူတွေကို တခြားလယ်သမားတွေကလည်း ပါဝင်ကူညီပေးခဲ့ကြပါတယ်။ ဘီလ်ဂိတ်ဟာ အာဖရိကလယ်သမားတွေရဲ့ လယ်ယာလုပ်ငန်းစိုက်ပျိုးမှုတွေမှာ အတားအဆီးဖြစ်နိုင်တဲ့အချက်အလက်တွေအားလုံးစုဆောင်းခဲ့ပါတယ်။ ရေကြီးရေလျှံတဲ့ပြဿနာနဲ့တွေ့ကြုံခဲ့ရတဲ့ ဆန်စိုက်ပျိုးသူ အမျိုးသမီးတစ်ဦးပြောပြတာကိုလည်း ဘီလ်ဂိတ်က ပြန်ပြောပြပါတယ်။ “အဲဒီအမျိုးသမီးရဲ့ သီးနှံတွေဟာ မကြာခဏ ရေထဲမှာအကြာကြီးပဲနစ်မြုပ်နေခဲ့တယ်တဲ့။ အဲဒါကို တုံ့ပြန်နိုင်အောင် ဂိတ်စ်ဖောင်ဒေးရှင်းက ပူးပေါင်းဖန်တီးထားတဲ့ ဖိစီးမှုဒဏ်ခံစပါးမျိုးသစ်တစ်မျိုးကို စမ်းသပ်စိုက်ပျိုးနေပါပြီ။ စပါးမျိုးသစ်ဟာ အကြမ်းခံသလို စပါးအထွကနှုန်းလည်း များတယ်၊ ဖိစီးမှုဒဏ်ခံစပါးမျိုးသစ်ကို ဖန်တီးကြတုန်းက မျိုးဗီဇပြုပြင်တဲ့နည်းကို မသုံးခဲ့ပါဘူး၊ မျိုးကွဲတွေ ပေါင်းစပ်ဖန်တီးတဲ့နည်းကိုပဲ အသုံးပြုခဲ့တယ်၊ ဖောင်ဒေးရှင်းရဲ့ ပရောဂျက်တစ်ချို့မှာ GM အသုံးပြုတာတွေလည်း ရှိပါတယ်” လို့ ဆိုတယ်။
အာဖရိကဒေသက လယ်ယာတွေဟာ တခြားဒေသတွေမကြုံတွေ့နိုင်တဲ့ အပူချိန်မြင့်တက်လွန်းတာကိုလည်း မကြာခဏ ရင်ဆိုင်ရတတ်ပါတယ်။ ကံမကောင်းစွာပဲ သနားစရာအာဖရိကန်လယ်သမားတွေဟာ ကမ္ဘာကြီးလုံးဆိုင်ရာ ပူနွေးလာမှုကြောင့် ပိုပြီးပူပြင်းတဲ့ရာသီဥတုမျိုးနဲ့ ရင်ဆိုင်ရပြန်ပါတယ်။  ဘီလ်ဂိတ်က “တချို့အခြေအနေမျိုးမှာ မျိုးဗီဇပြုပြင်ထားတဲ့ မျိုးစေ့တွေက မျိုးစေ့အသစ်တွေ ဘယ်လိုရမလည်းဆိုတဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့နည်းလမ်းလို့ ကျွန်တော်လုံးဝယူဆပါတယ်” လို့ ဆိုတယ်။ ပတ်ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ်လို့ Greenpeace အဖွဲ့က ပြစ်တင်ပြောဆိုနေကြတဲ့ GM သီးနှံတွေဟာ ကမ္ဘာကြီးရဲ့ ထွန်ယက်စိုက်ပျိုးနိုင်တဲ့ကုန်းမြေဧရိယာ ၁၀ရာခိုင်နှုန်းခန့်မှာ ကြီးထွားပေါက်ရောက်နေကြပြီလို့ ယူအန်က သတ်မှတ်ခဲ့ပြီး ယူအက်စ်စာရင်းအရ ကမ္ဘာကြီးရဲ့ထက်ဝက်ခန့် စိုက်ပျိုးပြီးကြပြီလို့ ဆိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိစိုက်ပျိုးမှုလမ်းကြောင်းအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ GM တွေ စိုက်ပျိုးလာကြမယ်၊ နှစ်အနည်းငယ်အတွင်း ထက်ဝက်ကျော်ခန့် မြင့်တက်သွားနိုင်ပါတယ်။ 

ဘီလ်ဂိတ်က အာဖရိကန်လယ်သမားတွေကို ကူညီဖို့ သန်းကြွယ်သူဌေးတွေကို တိုက်တွန်းလိုက်ပါပြီ။ ယူအက်စ်လယ်ယာစိုက်ပျိုးရေး အတွင်းရေးမှူး တွမ်ဗီးလ်ဆက်ခ် က အာဖရိကအစိမ်းရောင်တော်လှန်ရေးအဖွဲ့(Agra) ရဲ့ အစီရင်ခံစာကို ထောက်ခံလိုက်ပြီး လယ်ယာမြေနည်းနည်းသာပိုင်ဆိုင်ကြတဲ့ လယ်သမားတွေအတွက် အကူအညီပေးနိုင်ဖို့  ၀ါရှင်တန်မှာ သဘောတူလက်မှတ်ရေးထိုး လိုက်ပါတယ်။ အာဖရိကအစိမ်းရောင်တော်လှန်ရေးအစီအစဉ်မှာ မျိုးစေ့ဖြန့်ဝေပေးရန်၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းပေးရန်၊ သီးနှံရိတ်သိမ်းရာမှာ အလေအလွင့်နည်းပါးစေရန်၊ ရေပေးဝေရေးစနစ်တွေစီစဉ်ရန် စတဲ့ အဆင့်တွေပါဝင်တယ်။ လယ်သမားတွေကို လေကျင့်သင်ကြားပေးရန်၊ ဈေးကွက်တည်ဆောက်ပေးရန်နဲ့  လယ်ယာသုံးပစ္စည်း၊ အခြေခံအဆောက်အဦး အထောက်အပံ့ပေးရန် စတဲ့အစီအစဉ်တွေကိုလည်း ဂါနာ၊ ကင်ညာ၊ မာလီ၊ တန်ဇေးနီးယား နဲ့ မိုဇမ်ဘစ် ဒေသတွေမှာ ကနဦးစတင်အကောင်အထည် ဖော်ကြပါလိမ့်မယ်။ အဲဒီဒေသတွေရဲ့ အသီးအနှံစိုက်ပျိုးနှုန်း နဲ့ အစားအသောက်ထုတ်လုပ်မှုနှုန်းတွေ တိုးတက်စေဖို့ ရည်ရွယ်ကြပါတယ်။ မစ္စတာဗီးလ်ဆက်ခ် က “လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဟာ လူသန်းပေါင်းများစွာရဲ့ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်ပြီး ၀င်ငွေတိုးတက်စေတဲ့ အဓိကျသော့ချက်ဖြစ်တယ်” လို့ ၀ါရှင်တန်လက်မှတ်ရေးထိုးပွဲနေ့က ပြောခဲ့တယ်။

“ကျွန်တော်တို့ အလွန်အမင်းစိတ်လှုပ်ရှားမိနေကြပါတယ်၊ လယ်သမားတွေရဲ့ ဖြစ်ထွန်းအောင်မြင်မှုတွေအတွက် ကူညီကြတဲ့အခါ ဘာတွေတိုးတက်လာမလဲဆိုတာ တွေ့ချင်နေကြပါပြီ၊ လယ်သမားတွေနဲ့ ကလေးငယ်တွေရဲ့ တနိုင်တပိုင် စားဝတ်နေရေး လုံလောက်အောင်အတွက်ပဲ စိုက်ပျိုးဖို့မဟုတ်ပါဘူး၊ လယ်သမားတွေ လစာဝင်ငွေကောင်းရလာကြပြီး ကလေးငယ်တွေကို ကျောင်းတွေကိုပို့နိုင်ဖို့၊ ဆင်းရဲတဲ့ မြို့ပြဒေသတွေမှာပါ စားသောက်ကုန်ဈေးနှုန်းတွေ ကျဆင်းနိုင်ကြဖို့ ရည်ရွယ်ပါတယ်” လို့  ဘီလ်ဂိတ်က ဆိုတယ်။

Bill and melinda Gates Foundation ဟာ ကမ္ဘာ့အကြီးဆုံးပုဂ္ဂလိကပိုင်ဖောင်ဒေးရှင်းဖြစ်နေပါပြီ။ စံပြအလှူရှင် ဘီလ်ဂိတ်ဟာ သူ့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေဟာ အခွန်လွတ်မြောက်စေဖို့မဟုတ်ပါဘူး လို့ ဂျာမန်သတင်းစာတစ်စောင်ဖြစ်တဲ့ FAZ နဲ့ အင်တာဗျုးတစ်ခုမှာ ပြောလိုက်ပါတယ်။ FAZ အင်တာဗျုးကို ဖတ်ကြည့်ရအောင်ပါ။

မစ္စတာဂိတ်ထ်စ်ခင်ဗျား၊ မစ္စတာဂိတ်ထ်စ်၊ အမျိုးသမီး မီလင်ဒါ နဲ့ အမေရိကန်သူဌေးကြီး ၀ါရန်ဘာဖက် အပါအ၀င် အမေရိကန်ဘီလျံနာသူကြွယ် ၅၈ ဦးက ပိုင်ဆိုင်သမျှစည်းစိမ်တွေရဲ့ ထက်ဝက်ကျော်ကို ကုသိုလ်ဖြစ်လုပ်ငန်းတွေအတွက် လှူဒါန်းမယ်လို့ ကတိပေးခဲ့ကြတယ်။ တချို့စူပါသူကြွယ်ကြီးတွေနဲ့ ရေရှည်မှာလက်တွဲဖို့အဆင်မပြေဖြစ်လာခဲ့ရင်ရော။ ဖြစ်ခဲ့ပြီးပြီလား။
အမှန်တကယ်တော့ တချို့နဲ့အဆင်မပြေဖြစ်နိုင်ပေမဲ့၊ မဖြစ်ဘူးလို့ပဲ ပြောရမှာပဲ။ တချို့လူတွေက သူတို့ကြွယ်ဝချမ်းသာမှုတွေကို သေတမ်းစာနဲ့ပဲ ချန်ထားခဲ့ချင်ကြတယ်။ သူတို့ရဲ့ ကလေးတွေက ကျိန်းသေတယ်၊ စူပါသူကြွယ်တွေဖြစ်လာကြဦးမှာပဲ။ တခြားးသူကြွယ်တွေကတော့ သူတို့အလှူအတန်းတွေဟာ ကိုယ်ရေးကိုယ်တာကိစ္စလို့မြင်ကြတယ်။ ကျွန်တော်တို့လုပ်ဆောင်ကြသလိုပဲ အများအတွက်အသုံးပြုစေချင်ကြတယ်။ ကတိပြုကြတဲ့သူတွေထဲက ဘယ်သူတွေ ပထမဆုံးလှူလာကြမလဲ ကျွန်တော်တို့ ထပ်ပြီး ဆုံးဖြတ်ကြရတယ်။ ဒါပေမဲ့ အားလုံးခြုံကြည့်ရင်တော့ ကျွန်တော်တို့ ဆွဲဆောင်နိုင်ကြပါတယ်။

ဘီလျံနာတွေထပ်ပြီး စုဆောင်းနိုင်ဦးမလား။
စာရင်းအသစ်တွေ မပြတ်ရနေဆဲပါပဲ။ လအနည်းငယ်အတွင်း နာမည်တွေ နောက်တစ်ကြိမ်ထပ်ပြီ ကြေညာပ့ါမယ်။

ခင်ဗျားရဲ့လုပ်ဆောင်မှုတွေက တစ်ခြားတစ်ယောက်ယောက် မလုပ်နိုင်ဘူး။ တချို့ကလည်း ဘီလျံနာလူစုတွေရဲ့လုပ်ရိုးလုပ်စဉ်သဘောမျိုးလို့ မကျေမနပ်ပြောကြတယ်။ ၀င်ငွေခွန်ပေးဆပ်စရာရှိတာတွေကို ရှောင်လွှဲချင်လို့ အလှူအတန်းတွေ တွဲဘက်ပြီးလှူကြတယ်လို့ အနှောင့်အယှက်ဖြစ်အောင် ပြောကြတယ်။
ဒါပေမဲ့ဗျာ ကုသိုလ်ဖြစ်လုပ်ငန်းအတွက်အသုံးပြုတယ်ဆိုတာ ချမ်းသာကြွယ်ဝတဲ့လူတွေရဲ့ ကောင်းတဲ့အရာတွေ အများကြီးပေးလိုက်ရတာ၊  အဲဒါ ပြောင်းလဲလို့မရတဲ့ အချက်ပဲ။ ပြီးတော့ အမြောက်အများလှူဒါန်းသူတစ်ဦးက အခွန်လွတ်ကင်းဖို့ မရည်ရွယ်ပါဘူး။ အခွန်ကင်းလွတ်ခွင့်အကျိုးခံစားရတာတော့ ဟုတ်ပါတယ်။ ပမာဏအများကြီးပဲလှူမယ်လို့ ကတိပြုထားကြတဲ့ အလှူရှင်တချို့ကျွန်တော်တို့မှာရှိထားပါတယ်။ တချို့ဆို့ ၁၀၀ရာခိုင်နှုန်း လှူမယ်လို့ ကတိပေးထားတဲ့သူတွေတောင်မှ ရှိနေတယ်။

ဘီလျံနာတွေကတော့ ခင်ဗျားလျှောက်တဲ့လမ်းအတိုင်း အမြဲတမ်းတော့ လိုက်ကြမှာမဟုတ်ဘူး။ သူတို့ အိန္ဒိယနဲ့တရုတ်က ချမ်းသားတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ကြတယ်။ အဲဒီမှာဘီလျံနာတွေ ပိုပြီးတော့တောင်များသေးတယ်တဲ့၊ ဒါပေမဲ့ သူတို့ရဲ့ ကုသိုလ်ဖြစ်လှူဒါန်းမှုတွေမှာတော့ အကန့်အသတ်တွေရှိနေတုန်းပဲ၊ ခင်ဗျား အလည်အပတ်သွားခဲ့တုန်းက အလှူအတန်းအတွက် ကတိက၀တ်ပြုခဲ့ကြသူတွေ အခုထက်ထိ မရှိခဲ့ကြဘူး။
အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့မှာ ကျွန်တော်တို့အတွက် အလွန်ကွဲပြားတဲ့ရည်မှန်းချက်ပန်းတိုင်တွေ ရှိကြပါတယ်။ ကျွန်တော်တို့ အဲဒီတိုင်းပြည်တွေမှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ကြတယ်။ ကွန်ကရစ်သားလိုခိုင်မာတဲ့အာမခံချက်တွေ တစ်ထိုင်တည်း ရှာဖွေရယူခဲ့ကြဖို့မဟုတ်ပါဘူး။ ပရဟိတလုပ်ငန်းတွေအတွက် အကောင်အထည်ဖော်နိုင်မယ့်တွေ့ဆုံဆွေးနွေးမှုတွေ စတင်ကြတာပါ။ ကျွန်တော်တို့လည်း အမေရိကအတွက် အကန့်အသတ်တွေလုပ်ထားပါတယ်။

ဂျာမနီနဲ့ တခြားဥရောပတိုင်းပြည်တွေက ဘီလျံနာတွေကိုရော ဆွဲဆောင်ဖို့ မကြိုးစားဘူပေါ့။
မဟုတ်ပါဘူး၊ ကြွယ်ဝချမ်းသာတဲ့ဂျာမန်တွေနဲ့ ပရဟိတလုပ်ငန်းတွေအတွက် ဆွေးနွေးဖို့။ ကျွန်တော့်အတွေ့အကြုံတွေ ဖလှယ်ဖို့ ကျွန်တော်အင်မတန်စိတ်ဝင်စားပါတယ်။
ခင်ဗျားရဲ့ကလေးသုံးယောက်ရော မိဘတွေအတွက် ဘာတွေလုပ်ပေးကြလဲ။ အလှူရှင်အဖေ အမေတွေက အလှူအတန်းရက်ရောကြလွန်းသူတွေဖြစ်တော့ အမွေခံပစ္စည်းအစိတ်အပိုင်းနည်းနည်းလေးပဲ ကျန်တော့မှာလေ။
မီလင်ဒါနဲ့ ကျွန်တော် ... ကျွန်တော် တို့ရဲ့ ရပ်တည်ချက်အကြောင်း ကလေးတွေကို အကြိမ်များစွာ ရှင်းပြခဲ့တယ်။ သူတို့လည်း နားလည်သဘောပေါက်ကြတယ်လို့ ထင်ပါတယ်။ ရည်မှန်းချက်ရှိရှိ၊ သူတို့ဘ၀ကိုဖန်တီးနိုင်တဲ့ အဆင့်လေးတစ်ခုရောက်စေချင်တယ်။ လောဘတကြီး ကြီးပွားလိုစိတ်တွေမရှိစေချင်ဘူး၊ အဲဒါက သူတို့ကို သေချာပေါက် ကျန်းမာစေမှာပဲ။

နောက်တစ်ပတ်မှာ ခင်ဗျား ဂျာမနီကိုလာမယ်၊ ဂျာမန် အဓိပတိ  အန်ဂျဲလာမာကဲလ်၊ ဖွံ့ဖြိုးရေးဝန်ကြီးဒွတ်ခ်နီးဘဲလ်တို့နဲ့ တွေ့ဆုံကြမယ်။ ဘာတွေပြောဖြစ်ကြမလဲ။
ဂျာမနီက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကူညီထောက်ပံ့မှုတွေမှာ အင်မတန်ရက်ရောပါတယ်။ ဂျာမန်အစိုးရကလည်း တက်တက်ကြွကြွရှိတယ်။ ကျွန်တော်တို့ရဲ့ ဖောင်ဒေးရှင်းလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့ပါတယ်။ ကျွန်တော်တို့လုပ်ငန်းတွေရဲ့ တိုးတက်မှုနဲ့ အကျိုးကျေးဇူးတွေအကြောင်းဆွေးနွေးကြမယ်၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေအတွက် တွေ့ဆုံကြပါမယ်။

ဒါပေမဲ့.. အဲဒီတွေ့ဆုံမှုက စည်းဝါးမိနိုင်ခြေနည်းမယ်ထင်တယ်။ အဂတိလိုက်စားတဲ့သတင်းပေါ်ထွက်လာပြီးနောက်ပိုင်း လတ်တလော ဂျာမန်အစိုးရက အေအိုင်ဒီအက်စ်၊ တီဘီနဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ကမ္ဘာ့ရံပုံငွေအဖွဲ့အစည်း(GFATM)ကို ကူညီထောက်ပံ့ပေးနေတာတွေရပ်လိုက်တယ်။ အဲဒီဖောင်ဒေးရှင်းအဖွဲ့အစည်းက ရံပုံငွေထောက်ပံ့မှုအပေးနိုင်ဆုံးသူတွေထဲက တစ်ဖွဲ့ပဲ။
မှန်ပါတယ်။ ဂျာမနီက ရံပုံငွေ အမြန်ဆုံး ပြန်လည်ထောက်ပံ့နိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ နောက်ဆုံးတော့ ကမ္ဘာ့ရံပုံငွေအဖွဲ့ ဆောင်ရွက်မှုတွေက ကန့်ကွက်စရာမရှိတာ သိလာရတယ်၊ အဂတိလိုက်စားမှုက သေးငယ်တဲ့ပမဏလေးပါ၊ အဖွဲ့အစည်းက ဒါကို သိရှိခဲ့ကြပါပြီ။ ဒုစရိုက်မှုမရှိဘူးဆိုတာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရံပုံငွေအဖွဲ့ဆိုတာ ချွတ်ယွင်းချက်မကင်းနိုင်ပါဘူး။ ဒါပေမဲ့ ဘယ်သူက လှူဒါန်းဖို့ငြင်းဆန်မလဲ၊ ငြင်းဆန်ခဲ့ရင် ထင်ထင်ရှားရှားသိလာရမှာက ကျွန်တော်တို့ ဆေးဝါးမရနိုင်ဘူး၊ လူတွေအများကြီးပဲ သေကြေကြလိမ့်မယ်။

ဘယ်လိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီကြမှာလဲ။ ဂျာမနီက နေရာတိုင်းကူညီလား။
ဂျာမနီက ကာကွယ်ဆေးအစီအစဉ်တွေအတွက် အရင်ကထက် ကူညီထောက်ပံ့မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဂျွန်လထဲမှာ GAVI - The Global Alliance for Vaccines and Immunisation ညီလာခံကို လန်ဒန်မှာလုပ်ကြမယ်။ ဂျာမနီကလည်း ပြင်သစ်နဲ့ ဂရိတ်ဗြိတိန်တို့လို ထောက်ပံ့မှုတွေ ပိုပြီးပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဂျာမနီက Gavi အတွက် အလှူငွေသိပ်မထည့်ခဲ့ဘူး၊ Gavi က ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကလေးသေကြေပျက်ဆီးနှုန်းလျှော့ချရေးအစီအစဉ်မှာ အကြီးအကျယ် ပါဝင်လှူဒါန်းပေးတယ်။

ခင်ဗျားရဲ့ဖောင်ဒေးရှင်းအကြောင်းကို အစိုးရပိုင်းတွေက တုံ့ပြန်သံ ဘယ်လောက်ကြားရလဲ။ ဖွံ့ဖြိုးတိုးတက်ရေးကူညီထောက်ပံ့မှုအတွက် သုံးစွဲတာနည်းပါးတယ်လို့ အီတလီကို ခင်ဗျား အပြစ်တင်ခဲ့ဖူးတယ်။ ၀န်ကြီးချုပ်ဆီလ်ဗီယိုဘာလူစကိုနီကို ခင်ဗျားကိုယ်တိုင် မေတ္တာရပ်ခံခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့တယ်။
အစိုးရတွေက ကျွန်တော်ပြောချင်တာတွေကို သေသေချာချာနားစိုက်ခဲ့ကြပါတယ်။ ဘာလူစကိုနီနဲ့ တွေ့ဆုံခွင့်တွေရခဲ့တယ်။ တခြားလူတွေနဲ့လည်း တွေ့နိုင်ခဲ့တာပဲ၊ အဆုံးမှာတော့ နိုင်ငံရေးနဲ့နွယ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်တယ်။ ဆုံးဖြတ်ခွင့်က ကျွန်တော့်လက်ထဲမှာမှ မရှိတာဗျာ။

လူတွေက ဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုတွေရဲ့ တိုးတက်မှုဟာ ခက်ခဲတယ်လို့ ထင်နေကြတာကို ခင်ဗျား ဘယ်လိုမြင်လဲ။
တကယ့်အခြင်းအရာက ပေါ်လွင်ထင်ရှားတဲ့အချက်တွေကို လစ်လျူရှုထားတာပဲ။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကအခြေအနေနဲ့ ဒီနေ့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေက ကလေးသေကြေပျက်စီးနှုန်းတွေ ပြန်ပြီး နှိုင်းယဉ်ကြည့်ရမှာ။ ပိုလီယိုအကြောသေရောဂါ ပျံ့နှံမှုကို ဘယ်လောက်ထူးထူးခြားခြား လျှော့ချနိုင်ခဲ့လည်းဆိုတာ ကြည့်ပါ။ အဲဒါတွေက ဖွံ့ဖြိုးတိုးတက်ရေးအထောက်အပံ့ ရလာဒ်တွေပဲ။

ဒါနဲ့များ ... ခင်ဗျားလိုလူမျိုးမှာတောင် စိတ်ရှည်သည်းခံမှုတွေ မရှိသလိုတွေ့နေရသလားလို့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေ မြန်ဆန်မှုမရှိတဲ့အတွက် မကြာခဏအချည်းနှီးဖြစ်နေရလား။
ဟုတ်မှာပဲ၊ ကျွန်တော်က စိတ်မရှည်နိုင်ဖြစ်တယ်၊ မကြာခဏ စိတ်ဓါတ်ပျက်ပြားတာလည်းဖြစ်တယ်။ ကျွန်တော်တို့ ဖောင်ဒေးရှင်းက ပရောဂျက်တွေ အောင်မြင်နေတာတောင်မှ ၇နှစ်က နေ ၈နှစ်လောက်အထိ အချိန်ယူရလိမ့်မယ်။ ဥပမာဗျာ .. ကာကွယ်ဆေးကို ဖြန့်ဝေရာမှာ ပထမ အတည်ပြုချက်လိုတယ်၊ ပြီးတော့ ဈေးနည်းနည်းနဲ့ လူတွေလက်ထဲ ဖြန့်နိုင်ဖို့လိုတယ်။ ဒါမှမဟုတ် ခင်ဗျားက စပါးမျိုးသစ်တစ်မျိုး ရှာဖွေတွေ့ရှိထားသည့်တိုင်အောင် လွယ်လွယ်ကူကူရရှိနိုင်ရမယ်။ အဲဒါကြောင့် .. တချို့ပရောဂျက်တွေ အတူတူရှုံးနိမ့်ကုန်ကြတယ်။

ခင်ဗျား မိုက်ကရိုဆောဖ့်ကနေ အနားယူလိုက်ပြီး ဖောင်ဒေးရှင်းမှာပဲ လုံးလုံးလျားလျားစိတ်နှစ်ပြီးလုပ်ကိုင်နေခဲ့တာ ၃နှစ်နီးပါးရှိခဲ့ပြီ။ ခင်ဗျားကိုယ်တိုင် ဘာတွေပြောင်းလဲသွားလဲ။
ဖောင်ဒေးရှင်းအလုပ်တွေက ကျွန်တော့်ကို အင်မတန်ပျော်ရွှင်စေတယ်။ ကျွန်တော် ခရီးတွေ အများကြီးသွားတယ်။ ချမ်းသာတဲ့၊ ဆင်းရဲတဲ့တိုင်းပြည်က နိုင်ငံရေးသမားတွေနဲ့လည်း စကားတွေပြောဖြစ်တယ်။ အတတ်ပညာရှင်တွေနဲ့လည်း အလုပ်တွေအတူတကွလုပ်နိုင်ကြတုန်းပဲ၊ ဒါပေမဲ့ ဆင်းရဲမွဲတေမှုက ကင်းလွတ်ရေးအတွက် အလုပ်အတူတူလုပ်နေကြတာ၊ ဆော့ဖ်ဝဲတွေအတွက် အလုပ်လုပ်ကြတာ မဟုတ်တော့ဘူး။

၂၀၀၈ နှစ်လယ်ပိုင်းလောက်မှာ မိုက်ကရိုဆောဖ့်ဖန်တီးရှင်ဘီလ်ဂိတ်ဟာ ဆော့ဖ်ဝဲ(စက်ပစ္စည်း)တွေနဲ့ အလုပ်လုပ်ခြင်းကနေ ရပ်တန့်လိုက်ပြီး လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု(စိတ်နှလုံး)တွေဆီကို ချဉ်းကပ်ခဲ့ပါတယ်။ ဘီလ်ဂိတ်တည်ထောင်ခဲ့တဲ့ Bill and Melinda Gates(B&MGF)ဖောင်ဒေးရှင်းဟာ ဒေါ်လာ ၃၆.ရ ဘီလီယံ လှူဒါန်းခဲ့ပြီးပါပြီ။ (B&MGF)ဖောင်ဒေးရှင်းက တကမ္ဘာလုံးက ဆင်းရဲမွဲတေတဲ့တိုင်းပြည်တွေနဲ့ ဖွံ့ဖြိုးဆဲတိုင်းပြည်ထဲက အကူအညီအထောက်အပံ့လိုအပ်သူတွေရဲ့ “ပညာရေး”၊ “ကျန်းမာရေးစောင့်ရှောက်မှု” နဲ့ “ဆင်းရဲမွဲတေမှုအဆုံးသတ်ရေး”အတွက် ဦးတည်လုပ်ဆောင်နေပါတယ်။ ဘီလ်ဂိတ်ရဲ့ ရည်မှန်းချက်အတိုင်းပဲ ပညာရေး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ နောက်ရည်မှန်းချက်တစ်ခုဖြစ်တဲ့ “ဆင်းရဲမွဲတေမှုအဆုံးသတ်ရေး”အတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမြှင့်တင်ပေးရန် အာဖရိကန်လယ်သမားတွေဆီကို သူ့ရဲ့ ပရဟိတ ပစ်မှတ်ဦးလှည့်လိုက်ပါပြီ။     ။

Source : http://www.bbc.co.uk/news/world-africa-13594085
             http://www.faz.net/artikel/C30770/bill-gates-im-interview-mir-geht-es-nicht-ums-steuersparen-30332318.html
ပေါ်ပြူလာဂျာနယ် (Tuesday July 5 2011)