Sunday, January 9, 2011

မျက်နှာဖုံး၏နောက်ကွယ်

ထိုညနေခင်းတစ်ခုက အီလီဆေး-မွန့်မာထရီမှာ ကပွဲတစ်ခုရှိနေခဲ့ပါတယ်။ အဲဒါက မီကာရဲမဲပျော်ပွဲအခမ်းအနားပေါ့၊ လူတွေ စည်ကားလွန်းလိုက်တာ၊ ကပွဲကို စိတ်အားထက်သန်စွာ ရောက်လာကြတဲ့လူတွေဟာ မီးအလင်းဖျော့ဖျော့လေးသာ ရှိနေတဲ့ စင်္ကြလမ်းလေးတစ်လျှောက်ကနေ ကပွဲခမ်းမဆီ ဦးတည်တိုးဝှေ့နေကြပုံများ တူးမြောင်း ထဲက ရေပေါက်ကနေလွှတ်လိုက်တဲ့ ရေတွေအရှိန်နဲ့ စီးဝင်လာကြသလိုတူနေသေးရဲ့၊ သံစုံတီးဝိုင်းကြီးရဲ့ဆူညံမြိုင်ဆိုင်လှတဲ့တေးသံတွေကလည်း မုန်တိုင်းတစ်ခုရဲ့ မြည်ဟည်း သံလိုပဲ၊ ခေါင်းမိုးတန်းတွေကို တသိမ့်သိမ့် လှုပ်ခါအောင်ရိုက်ခတ်တယ်။ အနီးအနားက အိမ်နီးချင်းတွေတစ်ပြုံလုံးလည်း လှုပ်ခါမှုနဲ့အတူ နိုးထနေကြရပြီ။ လမ်းတွေထဲမှာ၊ အိမ်တွေရဲ့ အတွင်းပိုင်းအနက်ရှိုင်းဆုံးမှာ တေးသံတွေထိုးဖေါက်ရောက်ခဲ့ပြီ၊ တခဏလေး ငိုက်မျည်းနေကြတဲ့ အနီးအနားက လူ၊ တိရစ္ဆာန်အားလုံးဟာ ငြင်းဆန်ခြင်းငှာ မစွမ်းသာ တော့ဘူး၊ တေးသံတွေက ခုန်ပေါက်ကြဖို့၊ မြူးတူးကြဖို့ အနွေးဓါတ်ရဖို့ အားလုံးကို လှုပ်နိုးခဲ့ပါပြီ။

ပြပွဲလာပရိသတ်တွေက ပါရီမြို့ကြီးရဲ့ ရပ်ကွက်တိုင်းကရောက်လာခဲ့ကြတယ်။ ဆူဆူညံညံ ပျော်ရွှင်မြူးတူးလိုကြတဲ့သူတွေ၊ လှည့်ဖြား ဖျက်ဆီးလိုတဲ့ ခပ်ညစ်ညစ် လူအနည်းငယ်၊ အလွှာမျိုးစုံကလူတွေပါဝင်ကြတယ်၊ စားရေးစာချီတွေနဲ့ မိန်းမငယ် လေးတွေ  . . . မိန်းမငယ်လေးတွေကလည်း အမျိုးအစားအစုံပါပဲ၊ တစ်ချို့က အ၀တ်များတဲ့ ချည်ထည်တွေဝတ်ကြတယ်။ တစ်ချို့ကလည်း အကောင်းတကာ့အကောင်းဆုံး နူးညံ့ပေါ့ပါးလှတဲ့ ပိုးချည်ဂါဝန်တွေဝတ်လာကြတယ်။ ကြွယ်ဝချမ်းသာလှတဲ့ မိန်းကလေး တွေက အသက်ကြီးနေကြပြီ။ စိန်တွေရဲ့ အရောင်ပြိုးပြိုးပြက်ပြက် တလက်လက် အကာအကွယ်ယူပြီး အလှဆင်ထားကြတယ်။ နွမ်းပါးကြတဲ့ အသက်တစ်ဆယ့်ခြောက်နှစ် အရွယ် မိန်းကလေးတွေကလည်း အပျော်ကြူးလိုတဲ့ဆန္ဒတွေ အလျှံငြီးငြီး တောက်လို့ နေကြတယ်။ အမျိုးကောင်းသားတွေပိုင်ဆိုင်ရဖို့၊ ငွေကြေး ဖောဖောသီသီသုံးစွဲကြရဖို့ စိတ်ဆန္ဒတွေက သူတို့ရင်နဲ့အပြည့်ပါပဲ၊ ကြော့ရှင်းလှတဲ့အနက်ရောင် ညနေခင်းဝတ်စုံတွေ ဟာ လန်းဆန်းမယ်၊ နွမ်းနယ်မယ်၊ ဘယ်လိုပဲဖြစ်နေကြပါစေ၊ သူတို့အားလုံး အသစ်အဆန်း မှာ ပျော်မြူးကြဖို့ ခံတွင်းတွေ့နေကြပါတယ်။

စိတ်လှုပ်ရှားနေကြတဲ့ လူစုလူဝေးထဲ လှည့်လည်သွားလာနေကြတယ်။ မျက်နှာဖုံးတပ်ကပွဲဆင်နွှဲနေကြသူတွေ ရွေ့လျားလှုပ်ရှား ကကြတဲ့အခါ ရွှင်မြူးလှတဲ့ စိတ်အလျဉ်နဲ့ ငေးမောကြည့်ရှုကြတယ်၊ စေ့ငုစွာ ရှာဖွေကြတယ်။ စပ်စုလှတဲ့ ဒီလူစု လူဝေးကြီးကို လေးဦးအကအဖွဲ့တွေက ဖမ်းစားထားကြပါပြီ။ ပရိသတ်တွေက လေးဦး အက အဖွဲ့လေးတွေရဲ့ ရွှေ့လျားမှုအတိုင်း၊ မြွေတစ်ကောင်လိုပဲအတွင်းအပြင် တွန့်လိမ် ယိမ်းထိုး နေကြတယ်၊ တစ်ခါတစ်ရံနီးလာလိုက်၊ တစ်ခါတစ်ရံ ဝေးသွားလိုက် ၀န်းရံထား ကြတယ်။ အမျိုးသမီးနှစ်ယောက်ရဲ့ ခြေတံလက်တံတွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာကနေ ရာဘာစပရင် ကြိုးတွေနဲ့များ သိုင်းဖွဲ့ထားသလား ထင်မှားရလောက်အောင် ခြေတံတွေရဲ့ အရွေ့အတိုင်း ကကြိုးကကွက်တွေဟာ ဟန်ချက်ညီညီပျော့ပြောင်းလှတယ်။

အဲဒီထဲက တစ်ယောက် . . . နာမည်ကျော်ကချေသည် လူချော “ဆွန်အဲအူဂေါဒ့်ဆဲ”ရဲ့ပျက်ကွက်မှုကြောင့် သူ့နေရာအစား ကနေခဲ့သူ မျက်နှာဖုံးတပ် ကချေသည်ဟာ လေးဦးအကသမားတွေကြားထဲမှာ လူကြိုက်အများဆုံးပဲ၊ အဲဒီအက သမားဟာ မောပမ်းခြင်းမရှိဘူး၊ လူတွေရဲ့အာရုံကို ဖမ်းစားဖို့ ကြိုးစားနေခဲ့ပါတယ်။ ထူးဆန်းတဲ့ လှလှပပ ခြေလှမ်းတွေနဲ့ကတယ်။ ပရိသတ်ဘက်ကိုလည်း ပျော်ပျော်ရွှင်ရွှင် စောင်းချိတ်စကားဆိုရင်း အလွန်အမင်း သွက်လက်စွာကပါတယ်။ သူက ခပ်သွယ်သွယ်ပဲ၊ လူပေါ့ကြော့တစ်ဦးအတိုင်း ၀တ်စားထားတယ်။ သူ့မျက်နှာမှာ ချစ်စဖွယ်ကောင်းတဲ့ ချိတ်ဆေးအရောင်ပြောင်လက်လက် ဆေးရေး မျက်နှာဖုံးတစ်ခုတပ်ထားပါတယ်။ သူ့ရဲ့အဆင်အပြင်မှာဆိုရင် ရွှေဝါရောင်ကော့လိပ်နေတဲ့ နှုတ်ခမ်းမွှေးနဲ့ လှိုင်းထနေတဲ့ဆံတုပါတယ်။ သူက ဂရီဗင်ဖယောင်းပြတိုက်က ဖယောင်း ရုပ်တုတစ်ရုပ်လိုပဲ။ ဖက်ရှင်ပြခန်းမတွေက နှစ်လိုဖွယ်ရာလူငယ်လေး၊ ထူးခြားဆန်းပြား ရုပ်ပြောင်လေးလိုပဲ၊  မြင်သာထင်သာရှိလှစွာအားစိုက်ပြီး သူ ကတယ်။ ကို့ရိုးကားရား ဟန်ပန်နဲ့ ကာတွန်းရုပ်ဟန်ပန်နဲ့လည်း အရှိန်အဟုန်ပြင်းပြင်းကတယ်၊ တခြားလူတွေရဲ့ ဘေးနားကနေ ရုတ်တရက်ပေါ်ထွက်လာပြီး သူတို့ခုန်ပေါက်မြူးတူးသလို ဟန်ပန်မျိုးနဲ့ လည်း တုပပြီးကတယ်။ ဂရိတ်ဒိန်းခွေးကြီးတစ်ကောင် ဂရေးဟောင်းခွေးတွေနဲ့ ဆော့ကစား နေကြသလိုပါပဲ၊ လူရွှတ်လူနောက်တွေက သူ့ကို အားပေးအားမြှောက်ပြုကြတယ်။ သူကလည်း စိတ်အားထက်သန်လှစွာ သယ်ပိုးပြီးပြေးတယ်။ အဲဒီအရူးထမှုနဲ့အတူ ခုန်ဆွခုန်ဆွပြေးတယ်။ ဒါပေမဲ့ ရုတ်တရက်ပဲ၊ ပရိတ်သတ်တွေဝန်းရံထားတဲ့ လူနံရံကြီး ရှေ့ထဲကိုဦးစိုက်ကျွမ်းပြန် ခွေခေါက်လဲကျတော့တယ်။ သူပြေးလာတုန်းက ၀င်သာအောင်ဘေးကိုချဲပေးလိုက်ကြတဲ့ လူစုလူဝေးကြီးဟာ မျက်နှားဖုံးတပ်ကချေသည် ရဲ့ လှုပ်ရှားမှုမရှိတော့တဲ့ ကိုယ်ခန္ဓာကို ၀န်းရံပိတ်ဆို့လိုက်ကြ ပြန်တယ်။ သူ့ရဲ့မျက်နှာကို လည်း ကိုယ်ခန္ဓာကနေဆွဲဆန့်ကာ ထုတ်ပေးကြတယ်။ ယောက်ျားအချို့က သူ့ကိုချီမပြီး လူအုပ်ထဲကနေ အဝေးကိုသယ်သွားကြတယ်။ ဆရာဝန်တစ်ဦးခေါ်ဖို့ ပြင်ဆင်ကြပါတယ်။ ပရိတ်သတ်လူစုကြီးထဲက ငယ်ရွယ်ပြီး မွန်မွန်ရည်ရည်ရှိတဲ့ အမျိုးကောင်းသားတစ်ဦး လူအုပ်အရှေ့ ထွက်ရပ်လာတယ်၊ ပုလဲလုံး လေးတွေ စီခြယ်ထားတဲ့ ကိုယ်ထည်ကွက်တိ ညနေခင်းဝတ်စုံကို ကျကျနန ၀တ်ဆင်ထားတယ်။ “ကျွန်တော် ဆေးတက္ကသိုလ်ကပရော်ဖက်ဆာပါ” လို့ ၀ါကြွားမှုမရှိတဲ့ လေသံနဲ့ မိတ်ဆက်တယ်။ ကတ်ထူပုံးသေးသေးလေးတွေပြည့်နေတဲ့အခန်းလေးထဲ ဆရာဝန်ကို ၀င်ခွင့်ပြုလိုက်ကြပါတယ်၊ တုပ်တုပ်မျှမလှုပ် ငြိမ်သက်နေဆဲကချေသည်ဟာ အဲဒီအခန်းငယ်ထဲက ခုံတွေပေါ်မှာဆန့်လျက်သားရှိနေတယ်၊ ဆရာဝန်က ကချေသည်ရဲ့ မျက်နှာဖုံးကိုဖယ်ရှားလိုတယ်၊ ဆရာဝန် သတိပြုမိလိုက်ပါတယ်၊ မျက်နှာဖုံးဟာ ရှုပ်ထွေးလှစွာ တွဲကပ်နေတယ်၊ သတ္တုကြိုးမျှင်သေးသေးလေးတွေနဲ့ ဆံပင်တုကို အသေး စိပ် ယက်ချုပ်ထားပြီး မျက်နှာပြင်တစ်ခုလုံးကို ဖုံးကွယ်ထားတယ်။ လည်ပင်းကိုတောင်မှ အရေပြားအတုတစ်ခုနဲ့ ဖုံးကာ အကျဉ်းချထား လိုက်သေးတယ်။ အဲဒီအရေပြားအတုကို သူ့ရဲ့မေးစိကနေ ရှပ်အင်္ကျီကော်လာအတိတွဲချုပ်ထားပြီး လူ့အသားအရောင်အတိုင်း ဆေးခြယ်ထားခဲ့ပါတယ်။

အားလုံးကို အားကောင်းတဲ့ကပ်ကျေးတွေနဲ့ ဖြတ်ထုတ်ခဲ့ရပါတယ်။ ဆရာဝန်က အံ့သြဖွယ်ရာ စီစဉ်ချုပ်လုပ်ထားမှုအားလုံး ဖြတ်တောက်လိုက်ပြီး၊ အဲဒီချပ်ဝတ်တန်ဆာကို ပုခုံးကနေ နားသယ်စနားထိ ဆွဲလှန်လိုက်တဲ့အခါ လူအိုတစ်ယောက်ရဲ့ ခြေကုန်လက်ပမ်း ကျနေတဲ့ ပိန်သွယ်သွယ်နဲ့ အရေးအကြောင်းပြည့်နေတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရ တော့တယ်။ ဒီနေရာကိုသယ်ယူလာခဲ့ကြတဲ့လူတွေအကြား အံ့အားသင့်စဖွယ် ဖြစ်ကုန် ကြတယ်။ မနားတမ်းကခုန်နေခဲ့တဲ့လူငယ်လေးလို့ သူတို့ ထင်မှတ်နေခဲ့ကြတယ်လေ။ သူတို့တွေ တစ်ယောက်မှ ရယ်ပွဲမဖွဲ့နိုင်ကြဘူး၊ စကားတစ်ခွန်း မဆိုနိုင်ကြတော့ပါဘူး။
အားလုံးပဲ ကောက်ရိုးထိုင်ခုံပေါ်မှာလဲလျောင်းနေဆဲ အဲဒီဝမ်းနည်းစရာမျက်နှာကို စောင့် ကြည့်နေခဲ့ကြပါတယ်။ သူ့ရဲ့မျက်လုံးတွေကမှိတ်လျက်သား ပိကျနေကြပြီး အဖြူရောင် ဆံပင်တွေက မျက်နှာကိုဖုံးကာနေကြတယ်၊ တစ်ချို့က ရှည်ရှည်လျားလျား၊ နှဖူးပေါ်ကနေ မျက်နှာပေါ်ကို ၀ဲကျနေကြတယ်။ တစ်ချို့ကတော့ခပ်တိုတိုပါပဲ၊ မျက်နှာတစ်ဝိုက်နဲ့ မေးစိတစ်ဝိုက်မှာ ဖွာရရာကျဲနေတယ်။ သနားစရာ အဲဒီဦးခေါင်း ဘေးနားမှာတော့ ချစ်စဖွယ်ပြောင်လက်လက် မျက်နှာဖုံးသေးသေးလေးက ပြုံးလို့နေတယ်။

ခပ်ကြာကြာငြိမ်သက်မေ့မြောနေခဲ့ပြီးတဲ့နောက် အဖိုးအိုဟာ သတိပြန်လည် လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုကြည့်ရတာဟာ အလွန်အမင်း အားနည်းနေသလိုပဲ၊ ဖျားနာနေသလိုပဲ၊ ဆရာဝန်က အန္တရာယ်ရှိတဲ့ရှုပ်ရှုပ်ထွေးထွေး အခြေအနေမျိုး ဖြစ်လာမှာ ကို စိုးရိမ်နေခဲ့ပါတယ်။ ဆရာဝန်ကမေးတယ်။

“ခင်ဗျား ဘယ်မှာနေပါသလဲ””

ကချေသည်အဖိုးအိုဟာ အမှတ်ရဖို့ အားစိုက်စဉ်းစားဟန်ပြုတယ်၊၊ ပြီးတော့ ဘယ်သူမှမသိကြတဲ့ လမ်းနာမည်တစ်ခုကိုရေရွတ်လိုက်တယ်။ ဆရာဝန်ကလည်း ပိုပြီးတိကျ သေချာအောင် အိမ်နီးချင်းအနီးတ၀ိုက်အကြောင်း မေးပါတယ်၊ အဖိုးအိုဟာ နှေးကန်လေးတွဲ့ခြင်းကြီးစွာ ဖြေရှာတယ်။ မပြတ်မသား၊ ခက်ခဲလှစွာ။ သူ ဖြေနေပုံမှာ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ သူ့အခြေအနေကို ဖော်ထုတ်ပြသနေသလိုပါပဲ။
ဆရာဝန်က ဆက်ပြီး
“ကျွန်တော် ခင်ဗျားကို အိမ်ကိုပို့ပေးပါ့မယ်”လို့ ပြောလိုက်တယ်။

 ဟောဒီထူးခြားလှတဲ့အခုန်အပေါက်သန်သူဟာ ဘယ်လိုထူးဆန်းတဲ့ကချေ သည်လည်းဆိုတာသိလိုစိတ်က ဆရာဝန့်ကိုလွှမ်းမိုးနေခဲ့ပါပြီ။ မကြာမီပဲ နှစ်ဦးသား အငှားကားတစ်စီးနဲ့ မွန့်မာထရီရပ်ကွက်ဆီကနေတခြားအရပ်ကို တလိမ့်လိမ့်ထွက်ခွာ သွားကြတယ်။

သူတို့နှစ်ဦးသား အသွင်အပြင်စုတ်ချာချာ အဆောက်အဦးခပ်မြင့်မြင့်တစ်ခုရှေ့ ရပ်ကြတယ်။ ကွေ့ကွေ့ကောက်ကောက်လှေကားအတိုင်း သူတို့ အပေါ်ထပ်တွေ ဆီတက်ခဲ့ကြပါတယ်။ ဆရာဝန်က လှေကားလက်ရမ်းပွတ်လုံးတိုင်ကို ဆုပ်ကိုင်တယ်၊ လှေကားလက်ရမ်းက အလွန်အမင်း ညစ်ထပ်နေလိုက်တာများ ဆရာဝန်ရဲ့လက်တွေ ပေကျံကုန်တော့တယ်။ မူးဝေနေတဲ့ အဖိုးအိုကိုလည်း သူ အထောက်အပံ့ပြုခဲ့ရသေး တယ်။ ဘယ်လိုအင်အားမျိုးတွေကများ အဖိုးအိုအိမ်အပြန်ခရီးအတွက် သူ့ကို စတင် စေခဲ့ပါသလဲ။ သူတို့ လေးထပ်မြောက်မှာတော့ ရပ်တန့်လိုက်ကြတယ်။

သူတို့ တဒေါက်ဒေါက်ခေါက်နေတဲ့ တံခါးကို သပ်သပ်ရပ်ရပ်ကြည့်ကောင်းတဲ့ အမျိုးသမီးအိုတစ်ဦးက ဖွင့်ပေးခဲ့ပါတယ်။ သေးငယ်ပါးလျားတဲ့ မျက်နှာလေးမှာ ည၀တ် ဦးထုပ်ပျော့အဖြူရောင်လေး အုပ်ဆောင်းထားတယ်။ အကင်းပါးပါးနဲ့ထက်မြက်မယ့် အသွင်အပြင်မျိုးပဲ၊ အလုပ်ကြိုးစားပြီး သစ္စာရှိတဲ့အမျိုးသမီးတစ်ဦးရဲ့ မျက်နှာမျိုးတွေထဲက တစ်ခုပဲ။
အမျိုးသမီးကြီးက ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်တယ်။

“အလို ဘုရားရေ၊ ဘာဖြစ်လာကြတာလဲဟင်”

သူ ဖြစ်ပျက်ခဲ့သမျှကိစ္စအကုန်လုံး စကားလုံးနည်းနည်းလေးနဲ့ပဲ ပြောပြလိုက် ပါတယ်။ အဲဒီ့နောက် အဲဒီအဖွားအိုက အဖြစ်အပျက်ကို သေချာသိသွားခဲ့ပြီး ဆရာဝန်ကို တောင် စိတ်အေးလက်အေးရှိစေဖို့ သူ ဒီလိုဖြစ်တာ အကြိမ်တော်တော်များခဲ့ပါပြီလို့ ပြန်လည်စကားဆိုပါတယ်။ သူမကပြောတယ်။

“သူ့ကို အိပ်ရာထဲပို့ပေးရမယ် မွန်ဆီရာ၊ ဒီလောက်ပါပဲ။ သူ ဒီညအိပ်ပျော်ပြီး မနက်ဖြန်ဆို အားလုံးကောင်းသွားမှာပဲ”

ဆရာဝန်က စကားဆက်တယ်

“ဒါပေမဲ့ဗျာ၊ သူက စကားပြောဖို့တောင်အနိုင်နိုင်ရယ်”

“အိုး၊ အဲဒါက နည်းနည်းပါးပါးသောက်စားထားလို့ပါရှင်၊ တခြားဘာမှ ထွေထွေထူးထူးမရှိပါဘူး၊ သူက ညစာဘယ်တော့မှ မစားဘူး၊ ပေါ့ပါးသွက်လက် နေစေ ဖို့တဲ့လေ။ ပြီးတော့ ကျကျနနလူးလိမ့်ပြီးအလုပ်လုပ်နိုင်အောင်လို့ အက်ဘ်ဆင့်သ် နည်းနည်းသောက်တယ်။ ရှင် မြင်တာပဲလေ၊ ဒီလိုယမကာတွေက သူ့ရဲ့ခြေထောက်တွေ အတွက် ခွန်အားဖြည့်ပေးတယ်။ ဒါပေမဲ့ရှင် သူ့ရဲ့စဉ်းစားဥာဏ်နဲ့ စကားလုံးတွေကိုတော့ အကုန် ရပ်တန့်စေကုန်တော့တာပဲ။ သူအခုလိုကနေဖို့ သူ့အသက်အရွယ်က သိပ်ကိုအိုမင်းနေပါပြီ။ တကယ်ပဲ သူ့ရဲ့ အသိတရားကင်းမဲ့မှုက ရုးနှမ်းနှမ်းကိစ္စတစ်ခုလုပ်ဖို့ လုံလောက်နေတာပဲကိုး”
ဆရာဝန်အံ့အားသင့်သွားခဲ့ပါတယ်။ တိုက်တွန်းကြည့်လိုက်သေးတယ်။

“ဒါပေမဲ့ သူ့ရဲ့ ဒီအသက်အရွယ်မျိုးနဲ့ ဘာကြောင့်များ ဒီလိုကနေပါလိမ့်”

အဖွားအိုက သူမရဲ့ပုခုံးတွေကို တွန့်ပြလိုက်ပါတယ်။ ပြီးတော့ မျက်နှာမှာဒေါသနဲ့ နီစွေးစွေးဖြစ်လာတယ်။ ဒေါသအရှိန်ဖြည်းဖြည်းချင်းတက်လာပြီး သူမက စူးစူးဝါးဝါး အော်လိုက်တယ်။

“အာ ဟုတ်ပါ့ရှင် “ဘာကြောင့်များ”တဲ့လဲ။ သူရဲ့မျက်နှာဖုံးအောက်မှာ သူ့ကို ငယ်ငယ်ရွယ်ရွယ်လေးလို့ လူတွေကထင်မြင်ကြမယ်လေ၊ အဲဒါကြောင့်ပဲပေါ့။ အမျိုးသမီးတွေက လူပေါ်ကြော့လေးကို ချဉ်းကပ်ကြလိမ့်မယ်။ သူ့ရဲ့နားရွက်တွေထဲ ညစ်ညမ်းတဲ့စကားတွေ တိုးတိုးညှင်းညှင်းဆိုကြလိမ့်မယ်။ ဒါဆို သူကလည်း သူတို့အားလုံးရဲ့ ရေမွှေးနံ့၊ ပေါင်ဒါနံ့၊ အလှပြင်ပစ္စည်းတွေရဲ့အနံ့တွေနဲ့အတူ ညစ်ထေးလှတဲ့အရေပြားတွေကို တန်ပြန် ပွတ်တိုက်နိုင်သေးတယ်။ ကိုင်း အဲဒါ သိပ်ကောင်းတဲ့အလုပ်တစ်ခုပဲမလား။ ကျွန်မရဲ့လွန်ခဲ့တဲ့ အနှစ်လေးဆယ်ဘ၀ကြီးကလည်း ဘယ်လိုဘ၀မျိုးပါလိမ့်၊ ဒါပေမဲ့ ကျွန်မတို့ပထမဆုံး သူတို့တော့ အိပ်ရာထဲပို့ပေးဦးမှဖြစ်မယ်။ ဒါမှ သူ အဖျားအနာ မဖြစ်နိုင်မှာလေ၊ ရှင် ကျွန်မကို ကူညီနိုင်မလားပဲ၊ သူဒီလိုဖြစ်တိုင်း ကျွန်မတစ်ကိုယ်တည်း ဘာမှမလုပ်နိုင်ဘူး”

ခပ်ယစ်ယစ်မူးဝေနေတဲ့အဖိုးအိုဟာ အိပ်ရာပေါ်မှာထိုင်လျက်သားရှိနေတယ်။ မျက်နှာပေါ်မှာ ဆံပင်ရှည် ဖြူလွလွတွေက၀ဲကျလို့နေတယ်။ အဖိုးအိုရဲ့လက်တွဲဖော်က နူးညံ့လာပေမဲ့ ဒေါသခိုးဝေနေဆဲမျက်လုံးတွေနဲ့ အဖိုးအိုကိုကြည့်နေခဲ့ပါတယ်။ သူမကပဲ ဆက်ပြီး

“ကြည့်လိုက်ရုံနဲ့ သူ့ရဲ့အသက်အရွယ်နဲ့ဆို ကြည့်ကောင်းတဲ့ဦးခေါင်းရှိပါတယ်။ ဒါနဲ့များတောင် လူတွေက သူ့ကို ငယ်ရွယ်တယ်ထင်လာအောင် သူ့ဘာသာ ရုပ်ပြောင်း ရုပ်လဲလုပ်ချင်သေးတာ၊ အဲဒါရှက်စရာသိပ်ကောင်းတာပဲ၊ ဟုတ်တယ်မလား မွန်ဆီရာ၊ သူ့မှာ တော်တော်အဆင်ပြေတဲ့ ဦးခေါင်းမျိုးရှိတယ်နော်၊ ခဏလေး သူ့ကိုအိပ်ရာထဲ ချမသိပ်ခင် ကျွန်မပြစရာရှိသေးတယ်”

အဖွားအိုက စားပွဲတစ်ခုဆီသွားပါတယ်။ လက်ဆေးဘေစင်မှာ ရေမတ်ခွက် တစ်ခွက်၊ ဆပ်ပြာတစ်တုံး၊ ခေါင်းဘီးတစ်ခု၊ ၀က်မှင်ဘီးတစ်ခုရှိနေတယ်။ သူမက ၀က်မှင်ဘီးကိုယူပြီး အိပ်ရာဆီပြန်လာခဲ့တယ်။ အမူးသမားရဲ့ ခပ်ရှုပ်ရှုပ်ဆံပင်တွေကို နောက်ဘက်ဆီကို တွန်းပို့လိုက်တယ်။ စက္ကန့်နည်းနည်းလေးမှာပဲ ပန်းချီအကျော်အမော် တစ်ဦးအတွက် လိုအပ်တဲ့မော်ဒယ်တစ်ဦးအသွင်လိုပဲ အဖိုးအိုကို ကွက်တိပြင်ဆင် ပေးလိုက်တယ်။ ဆံပင်ဖြူတွေကိုတော့ လည်ပင်းမှာ ခွေလိပ်ပြီးချထားတယ်၊ သူမက နောက်ကိုနည်းနည်းဆုတ်ပြီး အဖိုးအိုကို သေချာကြည့်ပါတယ်၊ ပြောလိုက်သေးတယ်။

“အဲဒီမှာလေ၊ သူ့အသက်နဲ့ဆို သူကြည့်မကောင်းပါဘူးရှင်၊ နော်”

“ဒါပေါ့”

ဆရာဝန်က သဘောတူလိုက်တယ်။ ဆရာဝန် အလွန်အမင်းရွှင်မြူး စပြုလာတော့တယ်။
သူမ ထပ်ပြီးဖြည့်စွက်ပြောတယ်။

“ရှင်သာ သူ့ကို သူ့အသက်နှစ်ဆယ့်ငါးနှစ် အရွယ်မှာများ သိကျွမ်းခဲ့ကြရင်တော့၊ ဒါပေမဲ့ ကျွန်မတို့ သူ့ကို အိပ်ရာထဲပေးသိပ်ဦးမှပါပဲ။ အဲဒီလိုသောက်စားတာဟာ သူ့ကိုဖျားနာစေလိမ့်မယ်။ စိတ်မရှိပါနဲ့ရှင်။ ဟိုအင်္ကျီလက်ကိုဆွဲထုတ်ပေးနိုင်မလားပဲ၊ ဟောဒီ ညာဘက်ကလိုလေ၊ ပိုပြီးမြင့်အောင်၊ အခု သူ့ ဘောင်းဘီကို၊ အိုး ခဏလေး ကျွန်မသူ့ ရှုးဖိနပ်အရင်ချွတ်ပေးဦးမှဖြစ်မယ်။ အဲဒါမှ၊ ကဲ ကျွန်မ အိပ်ရာဖုံးလှန်နေတုန်း သူ့ကို မတ်မတ်လေးကိုင်ထားပေးပါနော်၊ အိပ်ရာထဲလှဲသိပ်ပေးကြစို့၊ သူ့ဘာသာဒုက္ခ
ပေးနေတာပဲလို့ ရှင်ကတွေးနေတဲ့အချိန်မှာ ကျွန်မကတော့ ရှင့်ကိုအမှားအယွင်းထဲ ခေါ်နေမိတယ်လို့ထင်တာပါပဲ။ ကျွန်မ တတ်နိုင်သလောက်လေး ထောင့်တစ်ထောင့် တော့ရှာမှ၊ ရှင်မပျင်းရိရအောင်လို့လေ၊ နှစ်လိုစရာဟောဒီအအိုအမင်းကြီး ရှာဖွေတွေ့သူ ရှင်ပေါ့”

အိပ်ရာခင်းစတွေထဲ သူ့ဘာသာ ဆန့်ဆန့်ရန့်ရန့် တို့ထိပြီးတယ်ဆိုရင်ပဲ အဖိုးအို က မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။ ပြီးတော့ ဖွင့်လိုက်ပြန်တယ်၊ နောက်တော့ တစ်ဖန် ပြန်မှိတ်ထားလိုက်တယ်။ အိပ်ပျော်နိုင်ဖို့ စိတ်ဒုံးဒုံးချဆုံးဖြတ်လိုက်တဲ့ပုံ သူ့မျက်နှာမှာပေါ်နေပါတယ်။ ဆရာဝန်ကတော့ စိတ်ဝင်စားမှုတွေပိုလို့ပိုလို့ တိုးလာကာ အဖိုးအိုကို တစ်ချိန်လုံးပဲ စူးစမ်းနေမိတော့တယ်။ ပြီးတော့ မေးလိုက်တယ်။

“သူဒီလို ဖန်စီကပွဲကြီးတွေအားလုံး သွားနေတာပဲလား၊ လူငယ်လေး တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတာပဲလားဗျာ”

“အဲဒီပွဲတွေအကုန်လုံးဆီကိုပဲ မွန်ဆီရာ၊ ပြီးတော့ မနှစ်မြို့စရာအခြေအနေမျိုးနဲ့ မနက်မိုးလင်းမှ ကျွန်မဆီပြန်လာတာချည်းပဲလေ၊ ရှင်မြင်တဲ့အတိုင်းပဲ၊ အဲဒါက သူ့ကိုနောင်တတော့ရစေသားပဲ။ ခဏတော့ သူပိုင်ဆိုင်တဲ့မျက်နှာပေါ်မှာ ကော်စေး မျက်နှာတစ်ခု ပစ်တင်ထားလိုက်သလိုပဲ၊ ဟုတ်ပါရဲ့။ သူဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအပေါ် ရခဲ့တဲ့နောင်တကလည်း အချိန်ကြာကြာမခံပါဘူးရှင်၊ ဘယ်လိုအောင်မြင်မှုမှ ကြာကြာမခံပါဘူး”

အဖိုးအိုတော့ အိပ်ပျော်သွားခဲ့ပြီ။ စပြီး ဟောက်သံပြုနေပါပြီ။ သူမက အဖိုးအိုကို သနားကရုဏာသက်တဲ့အမူအရာမျိုးနဲ့ ကြည့်နေတယ်။ ပြီးတော့ စကားဆက်ပြန်တယ်။

“အိုး အောင်မြင်မှုတွေဘယ်လောက်များများ ဒီလူလုပ်ခဲ့ပါလိမ့်၊  တစ်ခုထက် မကဘူးလို့ ယုံကြည်ရမယ် မွန်ဆီရာ၊ ကမ္ဘာထဲကအထူးကဲဆုံး လူကြီးလူကောင်းတွေ ထက်ပိုပါတယ်ရှင်၊ စစ်ဗိုလ်ချုပ်တွေအားလုံးထက်၊ နည်းလမ်းအားလုံးထက် သာလွန်လှပါရဲ့”

“တကယ်ပဲလားဗျာ၊ သူဘာတွေလုပ်ခဲ့လို့ပါလိမ့်”

“အစတော့ ရှင် အံ့အားသင့်လိမ့်မယ်၊ သူ့ရဲ့ဂုဏ်ရောင်ပြောင်လက်ခဲ့တဲ့ နေ့တွေအကြောင်း ရှင် သိမထားခဲ့တော့လေ၊ ကျွန်မ သူ့ကို စပြီးတွေ့ခဲ့တာကလည်း ကပွဲတစ်ခုမှာပါ။ သူက ကပွဲတွေ အမြဲလိုလည်ပတ်နေခဲ့တာရှင့်။ ကျွန်မ သူ့ကို စတွေ့ တွေ့ချင်း၊ ပိုက်ကွန်မှာမိတဲ့ငါးလိုပဲ ရုန်းမထွက်နိုင်တော့အောင် မိသွားခဲ့တာပေါ့။ သူ ဘယ်လောက်များ ချောမောလိုက်သလိုဆိုရင် မွန်ဆီရာရယ်၊  သူ့ရဲ့ မည်းနက်နေတဲ့ ဆံနွယ်အခွေအလိပ်တွေရယ်၊ အောက်ခံပန်းကန်းပြားအချပ်၊ ကြီးသလောက်ထိကြီးတဲ့ မျက်လုံးနက်ကြီးတွေရယ်၊ အမှန်တကယ် သူက သိပ်ကြည့်တောင်းတာပါပဲရှင်၊ အဲဒီညနေ မှာပဲ သူက ကျွန်မကို အဝေးခေါ်သွားတော့တာပဲ၊ အဲဒီကတည်းက ကျွန်မလည်း သူ့ကို မခွဲတော့ဘူး၊ ဘယ်တော့မှ ချန်မထားဘူး၊ တစ်ရက်လေးတောင်မှ မခွဲခွာကြတော့ဘူး၊ သူ ဘာတွေပဲ ကျွန်မအပေါ်လုပ်ခဲ့ပစေပေါ့၊ အိုး သူ မကြာခဏဆိုသလို လုပ်နေကျပဲ၊ အဲဒါတွေက ကျွန်မအတွက် ခက်ခဲကြမ်းတမ်းပါတယ်လေ”

ဆရာဝန်က မေးလိုက်တယ်။

“ခင်ဗျား လက်ထပ်ပြီးပြီလားပဲ”
အဖွားအိုက ခပ်ရိုးရိုးပဲဖြေခဲ့ပါတယ်။

“ဟုတ်တယ် မွန်ဆီရာ၊ တစ်မျိုးပြောရရင်တော့ သူ တခြားအမျိုးသမီးတွေကို ပြုမူသလိုပဲ ကျွန်မကို ပစ်ချခဲ့တာပါ။ ကျွန်မ သူ့ဇနီးဖြစ်ခဲ့တယ်။ သူ့ရဲ့အစေခံဖြစ်ခဲ့တယ်၊ သူ့ရဲ့ အားလုံးပါပဲရှင်၊ သူလိုအပ်သလိုအားလုံး ကျွန်မဖြစ်ခဲ့ရတာပါပဲ။ သူ ကျွန်မကို ဘယ်လိုပဲငိုကြွေးအောင်လုပ်ခဲ့ပါစေ။ မျက်ရည်တွေလေ၊ ကျွန်မ သူ့ကိုဘယ်တော့မှ မပြခဲ့ဘူး။ သူကတော့ သူ့ရဲ့ စွန့်စားခန်းတွေ အားလုံး ကျွန်မကိုပြောပြနေခဲ့တာပဲ။ အဲဒါတွေနားထောင်ရတာ ကျွန်မဘယ်လောက်ထိခိုက်နာကျင်ခဲ့ရသလဲဆိုတာ နားလည်မှု မရှိဘူး မွန်ဆီရာရေ”

“သူ့ရဲ့အလုပ်က ဘာပါလိမ့်”

“အဲဒါ ကျွန်မပြောဖို့မေ့နေလိုက်တာ၊ မာတဲလ်မှာ ကြီးကြပ်ရေးမှူး၊ အရင်က သူတို့ဆီမှာမရှိခဲ့ဘူးတဲ့ ဖိုမင်မျိုးပေါ့၊ တစ်နာရီကို ဖရန့်တစ်ဆယ်ရတဲ့ အနုပညာရှင်ပေါ့ရှင်”
“မာတဲလ်၊ ဘယ်သူလဲဗျ၊ မာတဲလ်”

“ဆံပင်အလှပြင်သူပါ မွန်ဆီရာ၊ အော်ပရာပြဇာတ်တွေအတွက် သိပ်နာမည်ကြီး တဲ့ ဆံပင်အလှပြင်သူပေါ့။ မင်းသမီးတွေအားလုံး သူ့ရဲ့ ဖောက်သည်တွေချည်းပဲ၊ အဖျတ်လတ်ဆုံးသောမင်းသမီးတိုင်း သူတို့ရဲ့ဆံပင်အတွက် သူတော်ကောင်းကြီးနဲ့ အလှပြင်ကြတယ်လေ၊  သူတို့က သူ့ကို မုန့်ဖိုးပေးကြတယ်။ အဲဒါတွေကပဲ သူ့အတွက် ကံကောင်းခြင်းဖြစ်နေတော့တာ၊ အမျိုးသမီးအားလုံးက အတူတူပါပဲ။ ဟုတ်တယ်၊ သူတို့အကုန်လုံးပဲ။ အမျိုးသားတစ်ဦးကများ သူတို့အတွက်နှစ်လိုဖွယ်ရာပြုပြီဆို အဲဒီလူ အတွက် သူတို့ကိုယ်သူတို့ ပေးကမ်းကြတာရှင့်၊ သူတို့ကတော့သိပ်လွယ်တာပဲ။ ကျွန်မ အတွက်တော့ကြားရတာ ထိခိုက်နာကျင်စေလိုက်တာ။ သူ့လျှာကိုမထိန်းသိမ်းပဲ ကျွန်မကို အားလုံးပြောပြတယ်။ ထိန်းဖို့လည်းမဖြစ်နိုင်ဘူးလေ၊ အဲဒီအရာတွေကပဲ ယောက်ျားတွေ ကို ကျေနပ်နှစ်သိမ့်စေတာကိုး၊ သူတို့ကိုကြည့်ရတာ ပြုမူရတာထက် အခုလို ပြန်ပြောပြ နေရတာကိုက ပိုပြီးအားရရွှင်မြူးနေကြသလိုပဲ”

“အဲဒီအချိန်တွေမှာ မွန်ဆီရာရယ် သူ့အတွက်ကျွန်မက မိတ်ဆွေသူငယ်ချင်းလို ဖြစ်နေရတယ်။ ကျောက်ခဲတစ်လုံးနဲ့ ကျွန်မခန္ဓာကိုယ်ကို ပစ်ပေါက် ချေမှုန်းဖျက်ဆီး နေခဲ့သလိုပါပဲ၊ နာကျင်တယ်။ သူ နားမလည်ခဲ့ပါဘူး။ သူ မသိခဲ့ပါဘူး။ သူ သိတာက အရာအားလုံး တစ်ယောက်ယောက်ကို ပြောလိုက်ရဖို့ပဲ၊ သူဘယ်လောက် ချစ်ကျွမ်းဝင် ခဲ့သလည်း ၀ါကြွားဖို့ပဲ၊ ကျွန်မက တစ်ယောက်တည်းသောသူလေ၊ သူရင်ဖွင့်နိုင်တဲ့ တစ်ယောက်တည်းသောသူကြီးလေ။ ကျွန်မနားထောင်ခဲ့ရတယ်။ အဆိပ်လိုပဲ တဂွတ်ဂွတ် သောက်သုံးလိုက်ရတာပဲ”

“သူ ကတော့ သူ့ရဲ့စွပ်ပြုပ်ပန်းကန် စပြီး စားတော့မယ်။ ပြီးတော့ပြောဦးမယ်၊ “မက်ဒဲလိမ်းရေ နောက်တစ်ပန်းကန်ပေးပါဦးဟေ့” လို့ပေါ့”

“သူကပြောနေသလို ကျွန်မကလည်းတွေးနေတာပဲ၊ လာပြန်ပြီ၊ ဘယ်လို လူပါလိမ့်ပေါ့၊ ဘာကြောင့် ဒီလူပဲတွေ့ဆုံခဲ့ပါလိမ့်ပေါ့”

“ပြီးတော့  အလှပဂေးတစ်ယောက်အကြောင်း ထပ်ပြောဦးတော့မယ်။ ဗောဒ့် ဗီးလ် ကဇာတ်မှာတွေခဲ့တဲ့ကလေးမလေး၊ တစ်ခြား ဗရိုင်းရတီးအော်ပရာက တစ်ယောက်နဲ့ တစ်ချို့က အချိုးအဆက်တောင့်တောင့်တွေ၊ တစ်ချို့ကလည်း ကျော်ကြားတဲ့မင်းသမီးတွေ၊ သူတို့တွေအကြောင်း ပြောပြပါလိမ့်မယ်။ သူတို့ရဲ့နာမည်တွေကိုလည်း ပြောလိမ့်မယ်။ သူတို့ အိမ်ခန်းတွေရဲ့ပရိဘောဂပြင်ဆင်ဖွဲ့စည်းမှုတွေ၊ အားလုံး၊ အားလုံးပါပဲ မွန်ဆီရာရေ။ တဒိတ်ဒိတ် နှလုံးခုန်သံတွေအကြောင်းတောင်မှ အသေးစိတ်ပါသေးတယ်။ သူရဲ့ဇာတ်လမ်း တွေကို အစကနေအဆုံးအထိ ပြောခဲ့တာပါပဲ၊ သူက သူ့ဘာသာ သိပ်ကို ကျေနပ်ပီတိဖြာ နေခဲ့တာလေ၊ ကျွန်မကတော့ ရယ်မောနိုင်အောင် ဟန်ဆောင်ရတယ်၊ ဒါမှ သူ ကျွန်မကို ဒေါသမထွက်မှာရှင့်”

“အားလုံးကတော့လည်းမမှန်နိုင်လောက်ဘူး၊ သူက သူ့ဘာသာ ချီးကျုး ထောပနာပြုရတာ သိပ်ကြိုက်တာ၊ တစ်ချို့ဆို သူ့ထွင်လုံးတွေနဲ့ ဖန်တီးနိုင်ခြေများတယ် ရှင့်၊ မှန်ချင်လည်းမှန်နိုင်တာပါပဲလေ။ အဲဒီညနေခင်းတွေဆို သူက ပင်ပမ်းနွမ်းနယ် ချင်ယောင်ဆောင်တတ်တာ။ ညလယ်စာစားပြီးတာနဲ့ အိပ်ရာထဲဝင်တော့တာပဲ။ သူက အလုပ်ကနေ ဘယ်တော့မှ စောစောပြန်ရောက်တတ်တာမဟုတ်ဘူးဆိုတော့ ညလယ်စာ ကို ၁၁နာရီမှစားတယ် မွန်ဆီရာ”

“သူ့ရဲ့ စွန့်စားခန်းတွေအကြောင်း ပြောလို့ဆိုလို့ ပြီးပြီဆိုရင်တော့ အခန်းတ၀ိုက် လမ်းလျှောက်မယ်။ ဆေးလိပ်သောက်မယ်။ သူက သိပ်ကို ချောမောခန့်ညားခဲ့တဲ့သူပါရှင်၊ သူရဲ့နှုတ်ခမ်းမွှေးတွေနဲ့ ခွေလိပ်လိပ်ဆံပင်တွေ၊ ဒါနဲ့ပဲ ကျွန်မက သူပြောတာတွေအားလုံး အမှန်တွေချည်းပဲနေမှာဆိုတဲ့ အတွေးက၀င်လာတော့တာပဲ၊ ကျွန်မ အဲဒီလူကို အရူးအမူး ဖြစ်ခဲ့တုန်းက တစ်ခြားသူတွေရော ဘာလို့များ ကျွန်မလိုမဖြစ်ခဲ့ကြပါလိမ့်။ သူက ဆေးလိပ် လေး ဖွာနေတဲ့အချိန်၊ ကျွန်မကစားပွဲကိုရှင်းလင်းနေချိန်မှာတော့ ကျွန်မ ငိုချင်စိတ် ပေါက်နေခဲ့ပြီလေ၊ သံသေးသံကြောင်ကိုဟစ်အော်ပြီး အဝေးကိုပြေးထွက်သွား ချင်နေခဲ့တော့တာ၊ ပြီးတော့ ပြူတင်းပေါက်ကခုန်ချလိုက်။ သူကတော့ သမ်းဝေနေပါပြီ။ သူဘယ်လောက် ပင်ပမ်းခဲ့ကြောင်းပြရမယ်လေ။ ပြီးတော့ အိပ်ရာထဲမ၀င်ခင် နှစ်ခါ သုံးခါလောက်“ဟာ ငါတော့ ဒီညဘယ်လိုလုပ် အိပ်ပျော်နိုင်ပါတော့မလဲကွာ”လို့ လည်း ပြောဦးမှာပဲ”

“ကျွန်မက သူ့ကို သီးခံနေတော့လည်း ကျွန်မထိခိုက်နာကျင်ရကြောင်း သူ မသိခဲ့ပါဘူှးရင် သူ မသိနိုင်ခဲ့ပါဘူး။ သူက အမျိုးသမီးတွေအကြောင်း ကြွားဝါနေဖို့ပဲ ကြိုက်တာလေ၊ ဒေါင်းတွေ သူတို့အမွှေးအတောင်တွေ တသသဖြစ်နေသလိုမျိုးပေါ့၊ အားလုံးက သူ့ကိုပဲအရေးစိုက်နေကြတယ်။ သူ့ကို လိုလားနှစ်သက်ကြတယ်ဆိုတာမျိုးပဲ တွေးတောနေခဲ့တာ”

“သူ အိုမင်းလာတော့ အခက်တွေ့တာပဲ၊ အိုး မွန်ဆီရာ ကျွန်မသူ့ရဲ့ ပထမဆုံး ဆံပင်ဖြူတွေ့တုန်းက ကျွန်မ ထိတ်လန့်တုန်လှုပ်ခဲ့တာပေါ့၊ နောက်တော့ အကြီးအကျယ် ၀မ်းမြောက်ဝမ်းသာဖြစ်တာပေါ့ရှင်၊ ကောက်ကျစ်တဲ့ပျော်ရွှင်မှုမျိုးပေါ့။ ဒါပေမဲ့ သိပ်ကောင်းတယ်၊ သိပ်ကောင်းတာပဲ၊ ကျွန်မဘာသာပြောမိတယ်။ ““အဲဒါ အဆုံးပဲ၊ အဆုံးသတ်ပဲ”လို့၊ အဲဒါက သူ့ကို အကျဉ်းသားအဖြစ်က လွတ်မြောက်စေခဲ့သလိုမျိုးပဲ၊ နောက်ဆုံးတော့ ကျွန်မ သူ့ကို ပြန်ရနိုင်ပြီလေ၊ သူ့ကို ပိုင်ပိုင်နိုင်နိုင် ရပြီပေါ့။ ဘယ်သူကမှ သူ့ကိုမလိုချင်တော့တဲ့ အချိန်ကျမှလေ”

“တစ်မနက်ခင်း အိပ်ရာထဲမှာ သူက  အိပ်ပျော်နေတုန်းပဲ၊ ကျွန်မသူ့ပေါ်မှာ မှီတွယ်ပြီး အနမ်းတစ်ပွင့်နဲ့ နှိုးလိုက်တယ်။ သူ့ရဲ့ ဆံပင်အခွေအလိပ်တွေထဲမှာ အပ်ချည် ကြိုးမျှင်သေးသေးလေးလို ငွေရောင်လက်လက်တွေ့လိုက်တော့ ၀မ်းသာလိုက်တာရှင်၊ ကျွန်မ အဲဒီလိုမတွေးသင့်ပါဘူးလေ၊ အစတော့ ကျွန်မ သူ မမြင်အောင်ဖယ်ရှားပစ် လိုက်ဦးမလို့ပဲ၊ ဒါပေမဲ့ သေသေချာချာကြည့်မှ နောက်ထပ်ပြီးတွေ့ပြန်ရော၊ ဆံပင်ဖြူ၊ သူ့မှာ ဆံပင်ဖြူတွေရှိလာပြီပဲ။ ကျွန်မနှလုံးသားဆို တဒုတ်ဒုတ်ခုန်ပြီး တစ်ကိုယ်လုံး ချွေးစေးတွေပြန်လာလိုက်တာ။ ဒါပေမဲ့ တကယ်ကြီးကို ကျွန်မ ပျော်ရွှင်နေခဲ့တာပဲ”

“ကျွန်မ အဲဒီနေ့မနက်က ပေါ့ပါးတဲ့နှလုံးနဲ့ အိမ်အလုပ်တွေလုပ်နေခဲ့ပါတယ်။ သူ့ကိုလည်း မနှိုးပဲထားလိုက်တယ်။ ချက်ချင်းပဲ သူ့မျက်လုံးတွေဖွင့်လိုက်ပြီး၊ နိုးလာတယ်။ ကျွန်မ သူ့ကိုပြောလိုက်တာပေါ့”“

“ရှင် သိလား၊ ရှင်အိပ်ပျော်တုန်း ကျွန်မဘာတွေ ရှာဖွေတွေ့ရှိခဲ့သလဲ ဆိုတာလေ”

“မသိပါလားကွာ””

“ကျွန်မဆံပင်ဖြူတွေ တွေ့တယ်ရှင့်”

သူ ကတော့ ကျွန်မ သူ့ကို ကလိနေတယ်ထင်ပြီး ဒေါသထွက်ထွက်နဲ့ “မမှန်ပါဘူးကွာ” လို့ ပြောတယ်။

“အဟုတ်ပါရှင်၊ ရှင့်ရဲ့နားသယ်စပ်အပေါ်နားမှာ လေးပင်ရှိတယ်ရှင့်”

“သူ အိပ်ရာက ခုန်ထပြီး မှန်ရှိရာကို ဒုန်းစိုင်းပြေးတော့တာပဲ၊ သူက မတွေ့နိုင်ဘူးဖြစ်နေသေးတယ်။ ကျွန်မက အောက်ဆုံးက ဆံပင်ခွေသေးသေးလေး ပြလိုက်တယ်။ ကျွန်မ ပြောလိုက်သေးတယ်” “ဒါ အံ့သြစရာမှ မဟုတ်တာပဲရှင်၊ ဘ၀ဆိုတာဒီလိုပဲ ရှေ့ကိုဆက်ရင်း နောက်နှစ်နှစ်ဆို အားလုံးဖြူကုန်ကြမှာပဲလေ”

“ကိုင်း မွန်ဆီရာ၊ ကျွန်မအမှန်ကိုပြောခဲ့တာပဲလေ။ နောက်နှစ်နှစ်လည်း ကြာရော တစ်ယောက်လေးတောင်မှ သူ့ကို မမှတ်မိနိုင်ကြတော့ဘူး၊ လူတစ်ယောက် ပြောင်းလဲသွားတာ ဘယ်လေက်မြန်လိုက်သလဲရှင်၊ သူ ချောမောခန့်ညားဆဲပါပဲ၊ ဒါပေမဲ့ နုပျိုသွက်လက်မှုတွေတော့ ဆုံးရှုံးပြီပေါ့၊ မိန်းမတွေလည်း သူ့အနား ကြာကြာ မနေကြ တော့ဘူးလေ။ အဲဒီအချိန်ကများ ကျွန်မဘယ်လိုဦးဆောင်ခဲ့ရသလဲ။ သူ ကျွန်မကို ဘယ်လိုစောင့်ရှောက်ခဲ့ပါသလဲ။ ဘာမှ သင့်တော်တာသူ့မှာမရှိခဲ့ဘူး။ ဦးထုပ်လုပ်ငန်း လုပ်မယ်ဆိုပြီး သူ့ရဲ့အရောင်းအ၀ယ်လုပ်ငန်း စွန့်ခဲ့တယ်။ အဲဒီမှာလည်း ရသမျှ ပိုက်ဆံ အားလုံး သူပဲ စားသုံးပစ်တာပါပဲ၊ ပြီးတော့ သရုပ်ဆောင်တစ်ဦးလုပ်ဖို့ မအောင်မမြင် ကြိုးစားခဲ့သေးတယ်၊ နောက်ဆုံးတော့လည်း လူများများနဲ့ကပွဲတွေပဲ မကြာမကြာ သွားတော့တာပဲ၊ ကံကောင်းတာက ကျွန်မတို့ရဲ့အခုလိုဘ၀မျိုးကို ထိမ်းသိမ်းထားဖို့ လက်တွေကျတဲ့ဆုံးဖြတ်နိုင်မှုလေးတော့ သူ့မှာ အလုံအလောက်ရှိခဲ့ရှာသား။ အဲဒါက ပဲ လုံလောက်ပါတယ်လေ၊ သိပ်တော့ ကြီးကြီးကျယ်ကျယ် မဟုတ်ဘူးပေါ့၊ ကျွန်မတို့ ကံကောင်းတယ်လို့တော့ တွေးရမှာပါပဲ”

“အခု သူဘာလုပ်သလဲ ရှင်မြင်ပြီပဲလေ၊ ဒီအလေ့အကျင့်က သူ့ကို အရူးထဖို့ပဲ ဖြစ်နေတာ၊ သူ ငယ်ရွယ်ရမယ်၊ ရေမွှေးနံ့၊ မိတ်ကပ်နံ့တွေထောင်းထောင်းထနေတဲ့ အမျိုးသမီးတွေနဲ့ ကရဦးမယ်။ သနားစရာ ဒါလင်အိုကြီးရယ်”

အဖွားအိုက တခေါခေါ ဟောက်နေတဲ့ခင်ပွန်းအိုကြီးကို ချစ်ခင်စွာကြည့် နေပါတယ်။ ငိုချလိုက်တော့မယ့်ပုံအသင့်အနေအထားနဲ့ကြည့်နေခဲ့တယ်။ ပြီးတော့ ခြေဖျားအသာအယာထောက်ပြီး အဖိုးအိုဆီ တိုးကပ်သွားတယ်။ အဖိုးအိုရဲ့ဆံပင်တွေကို နမ်းရှိုက်လိုက်ပါတယ်။ ဆရာဝန်လည်း မတ်တပ်ထရပ်လိုက်တယ်။ ပြန်ဖို့ အသင့်ပြင်ပါ တယ်၊ ဟောဒီလိုထူးဆန်းလှတဲ့စုံတွဲအတွက် ပြောစရာစကားစလေးတောင် ရှာမရခဲ့ဘူး။ သူပြန်တော့မယ်ဆိုတာလောက်ပဲ ပြောလိုက်နိုင်တယ်။ အဖွားအိုက မေးခဲ့ပါတယ်။

“မွန်ဆီရာ စိတ်မရှိရင်တော့ ရှင့်ရဲ့လိပ်စာလေးများ ပေးထားခဲ့နိုင်မလား၊ အကယ်၍ သူ ပိုဆိုးလာခဲ့မယ်ဆိုရင် ကျွန်မရှင့်ကို ရှာရအောင်လို့ပါရှင်”။           ။
-------------------------- ။ --------------------------
Guy de Maupassant ရဲ့ The Mask  ကို ဘာသာပြန်ဆိုပါသည်။
--------------------------------------------------------------------------------------------
အီလီဆေး-မွန့်မာထရီ(Élysée Montmartre)
- ပြင်သစ်နိုင်ငံ၊ ပါရီမြို့ boulevard de Rochechouart မှာရှိတဲ့ ကဇာတ်ရုံတစ်ခုပါ၊ ဒီကပွဲခန်းမကို ၁၈၀၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တယ်၊ ပရိသတ် ၁၂၀၀ ဆန့်ပါတယ်၊ ကျော်ကြားတဲ့ပြင်သစ်ဗိသုကာပညာရှင် Edward John Niermans ရဲ့လက်ရာပါ။

Mi-Carême(Mid-Lent) - ဟာ ကက်သလစ်ဘာသာဝင်တွေနဲ့ ပြင်သစ်စကားပြော ပြင်သစ်နွယ်ဖွားတွေရဲ့ ရှေးကျတဲ့ပွဲတော် အခမ်းအနားတစ်ခုပါ၊ အလယ်ခေတ်ကာလမှာ ဘာသာရေးပွဲတော် ကြားရက်တွေမှာ မီကာရဲမဲကို ပြုလုပ်ကြလေ့ရှိပါတယ်၊ ပြင်သစ်နိုင်ငံရွာတစ်ချို့မှာ ဒီနေ့ထိ ရှေးရိုးရာအတိုင်း ကျင်းပလျှက်ရှိကြတယ်၊ ရိုးရာဓလေ့အရတော့ အမျိုးသမီးတွေရဲ့ပါတီပွဲလို့ဆိုကြတယ်။

အက်ဘ်ဆင့်သ် (Absinthe) - ဟာ ဆေးဘက်ဝင်အပင်၊ ပန်းပွင့်များနဲ့ပေါင်းခံပြုလုပ်ထားတဲ့ သမိုင်းဝင်အဖျော်ယမကာလို့ဆိုတယ်၊ အယ်လ်ကိုဟောပမာဏ(45-74% ABV) မြင့်မားစွာပါဝင်ပါတယ်၊ ဆွဇ်ဇလန်နိုင်ငံကစတင်ခဲ့တယ်လို့ဆိုပြီး ၁၉ရာစုနဲ့ ၂၀ရာစုအစောပိုင်းကာလ ပြင်သစ်နိုင်ငံ အနုပညာရှင်တွေနဲ့ စာရေးဆရာတွေအကြားရေပမ်းစားတဲ့အဖျော်ယမကာဖြစ်တယ်၊ ဘိုဟီးမီးရမ်း အနုပညာရှင်တွေအကြား ခေတ်စားလှပါတယ်။
--------------------------------------------------------------------------------------------
ဂိုင်းဒဲ့မာ့ပါးဆန့်ထ် (Guy de Maupassant) ဟာ ၁၉ရာစုက ထင်ရှားကျော်ကြားခဲ့တဲ့ ပြင်သစ်စာရေးဆရာကြီးပါ၊ ၁၈၅၀ သြဂုတ် ၅ရက်နေ့ မှာ မွေးဖွားခဲ့ပြီး ၁၈၉၃ ဇူလိုင် ၆ရက် အသက် ၄၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်၊ မော်ဒန်ဝတ္ထုတိုဖခင်ကြီးတွေထဲက တစ်ယောက်လို့နာမည်ကျော်ခဲ့တယ်၊

လီယိုတော်စတွိုင်းရဲ့ “ဂိုင်းဒဲ့မာ့ပါးဆန့်ထ်ရဲ့အလုပ်များ” ဆိုတဲ့ အက်ဆေးတစ်ပုဒ်မှာ မာ့ပါးဆန့်ထ်၏ စာရေးခြင်းအနုပညာကို ဝေဘန်ရေးသားထားတဲ့အက်ဆေးဟာလည်း ထင်ရှားခဲ့ပါတယ်၊ “မာ့ပါးဆန့်ထ်ဟာ မွေးရာပါလက်ဆောင်လို့ပြောရမယ့် ဗီဇစွမ်းရည်ပါလာတယ်၊ အဲဒီလက်ဆောင်ကြောင့် အရာဝတ္ထုတွေ မှာရှိတဲ့ တခြားလူတွေမမြင်နိုင်တဲ့အရာတွေကိုသူက ထဲထဲဝင်ဝင်မြင်တယ်၊ ဒါပေမဲ့ ကျွန်တော်ဖတ်ခဲ့တဲ့ ၀တ္ထုတိုလေးတွေကို ပြောရမယ်ဆိုရင်တော့ လိုအပ်တဲ့အဓိကအကြောင်းအရာဖွဲ့စည်းမှုမှာ ဟာနေတယ်၊ တခြားတစ်ဘက်မှာ စစ်မှန်တဲ့အနုပညာမြောက်စာပေအရေးအသားကို ဖန်တီးနိုင်တဲ့ဗီဇစွမ်းရည်ရှိနေတယ်” ရှင်းလင်းတဲ့ မော်ဒန်အဖွဲ့အနွဲ့မျိုးမှာ အားသာတယ်လို့ အစချီပြီး မာ့ပါးဆန့်ထ်ရဲ့ ၀တ္ထုတိုတွေကို တစ်ပုဒ်စီဝေဘန်ခဲ့တဲ့ “ဂိုင်းဒဲ့မာ့ပါးဆန့်ထ်ရဲ့အလုပ်များ” ကြောင့် မာ့ပါးဆန့်ထ် ပိုပြီးလူသိများခဲ့ပါတယ်။

ဝတ္ထုများ
Une vie – LIFE (1883) -
Bel-Ami (1885)
Mont-Oriol (1887)
Pierre et Jean - Pierre and Jean (1888)
Fort comme la mort - Strong as death (1889)
Notre Cœur - Our Heart (1890)

လက်ရွေးစင်ဝတ္ထုတိုများ
Les Soirées de Médan (with Zola, Huysmans et al. Contains Boule de Suif" by Maupassant) (1880)
La Maison Tellier (1881)
Mademoiselle Fifi (1882)
Contes de la bécasse - Tales of the Woodcock (1883)
Miss Harriet (1884)
Les Sœurs Rondoli - Sisters Rondoli (1884)
Clair de lune - Moonlight (1884) (contains "Les Bijoux")
Yvette (1884)
Toine (1885)
Contes du jour et de la nuit - Tales of day and night (1885) (contains "La Parure" or "The Necklace")
Monsieur Parent (1886)
La Petite Roque (1886)
Le Horla (1887)
Le Rosier de Madame Husson (1888)
La Main gauche - Left Hand (1889)
L'Inutile Beauté - The Useless Beauty (1890)

ခရီးသွားဆောင်းပါး
Au soleil – The Sun(1884)
Sur l'eau – On The Water(1888)
La Vie errante – The Wandering Life(1890)

ကဗျာ
Des vers – Worms (1880)

Source : http://en.wikipedia.org/wiki/Guy_de_Maupassant
             http://en.wikisource.org/wiki/The_Works_of_Guy_de_Maupassant
             http://www.online-literature.com/kipling/186/
ရတီ မဂ္ဂဇင်း၊ ဇန်န၀ါရီ၊ ၂၀၁၂