သိမ်မွေ့တဲ့ လေပြေကလေး သဲ့သဲ့တိုက်ခတ်နေစဉ် ဒီဇင်္ဘာလ တရက်မှာ ကျွန်မတို့ဟာဖိလစ်ပိုင် တောင်ပိုင်းကမ်းခြေတလျှောက်မှာ အေးအေးဆေးဆေး ရွက်လွှင့် ထွက်ခွာနေကြတယ်။ကျွန်မတို့ ရောက်ရှိနေတဲ့ နေရာကနေ ပြန်လှည့်ကြည့်လိုက်ရင်တော့ ကျွန်မတို့နေတဲ့ကျွန်းကလေးကို ရေးရေးဘဲ မြင်နိုင်တော့တယ်။ ဖြာကျနေတဲ့ နေရောင်ခြည်ကလေးက ရေပေါ်မှာ အပြာရောင်ဖွဖွလေး တောက်ပနေတယ်။ သစ်ပင်တွေနဲ့ စက်ရုံတွေကိုလည်း နေရာတိုင်းမှာ ထိုးထိုးထောင်ထောင် မြင်နေရတယ်။ ပျော်ပျော်ရွှင်ရွှင် ကျီကျီကျာကျာ အော်မြည်ရင်း ဟို..ကောင်းကင်အမြင့်ကို ပျံတက်နေတဲ့ ချစ်စရာငှက်ကလေးတွေကိုလဲ မြင်နေရတယ်။ ဒါဟာ ၁၉၈၀ခုနှစ်များဆီက..ရိုက်ကူးခဲ့တဲ့ ဖိလစ်ပိုင် ရုပ်ရှင်ပြကွက်တခုကို ဖေါ်ပြပေးနေတာပါ ။
ကျွန်မဟာ နှစ်ပေါင်းများစွာ ရုပ်ရှင် သရုပ်ဆောင်အဖြစ် ကျင်လည်ရင်း ခုအခါမှာလဲ ရုပ်ရှင်ရိုက်ကူးဖို့ တစ်ဖန် ရောက်ရှိလာခဲ့တာပါ။ အဖွဲ့သားအားလုံး ၃၀လောက်ရှိမဲ့ ကျွန်မတို့ဟာ ကျွန်မတို့ တည်းခိုရမဲ့ ဧည့်ရိပ်သာမှာ အသီးသီး အသင့် နေရာယူလိုက်ကြပါတယ်။ နောက်နေ့မနက် ကျွန်မတို့ ရိုက်ကူးရမယ့် နေရာမှာ ပွဲကြည့်ပရိသတ်တွေက အများကြီးဘဲ။ ညံညံ စီစီ ဝေေ၀ ရှိနေပီ။ ကျွန်မတို့လည်း မိတ်ကပ် အသင့်အနေအထားပြင်ဆင်ပြီးကြပြီ။
“ မီး ကင်မရာ အက်ရှင်” ဆိုတဲ့ အသံတွေ ထွက်ပေါ်လာပြီ။ ဒါပေမဲ့..
မမျှော်လင့်တဲ့ ထူးထူးဆန်းဆန်းအသံတခု။ ပရိသတ်ကြားက ထွက်ပေါ်လာတယ်။
“ ဒီနှစ်ယောက်ကို ငါတို့ ငှားချင်တယ် ရမလား” တဲ့။
ကျွန်မအသံလာရာ ကြည့်လိုက်တော့
“အလိုလေး”
လူအုပ်ထဲက လူရွယ်တယောက်ရှေ့ထွက်လာပြီး လက်နက်ကိုင် လူတစု ခြံရံလို့၊ ပြောတဲ့ အသံက မူးမူးရူးရူး ထွေလုံးရစ်ပတ်နှင့်..
ဒါရိုက်တာကတော့ ကောင်းကောင်းမွန်မွန်ပါဘဲ.ယဉ်ယဉ်ကျေးကျေး ပြန်ပြောတယ်။
“ မရပါဘူးခင်ဗျာ၊ ကျွန်တော်တို့ အစီအစဉ်အတိုင်း ဆက်လုပ်ဖို့ ရှိပါတယ်” တဲ့။
“ ”တိတ်စမ်း”
လူရွယ်က ဖြတ်အော်လိုက်တယ်။ ဒါရိုက်တာ့ပခုံးကို တချက်ပုတ်လိုက်ရင်း ..
“မကြာပါဘူး သူတို့ကို ကျုပ်ပြန်ပို့မှာပါ” လို့ပြောတယ်။
“ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ ခွင့်ပြုလို့ မဖြစ်နိုင်ပါဘူး”
လူရွယ်က စူးစူးဝါးဝါး စိမ်းစိမ်းခါးခါး ကြည့်ရင်း စိတ်ဆိုးလာဟန်ဖြင့် ..
“ကျုပ်ပြန်ပို့မှာပါ။ ကျုပ်အိမ်မှာ သူတို့ကို စပယ်ရှယ် ပြစရာကလေးတခုရှိနေလို့ပါ”
ဒီအချိန်မှာတော့ လူတိုင်းဟာ မတ်မတ်ရပ်လို့ မမှိတ်မသုံ ငေးစိုက် ကြည့်နေကြတယ်။ ကျွန်မတို့ အားလုံး ဘာလုပ်ကြရမယ် မသိဘူး။ လူရွယ်ကတော့ဒါကို အခွင့်ကောင်းယူပြီး ကျွန်မတို့ လက် ကို ဆတ်ကနဲ ဆွဲယူခါ အစောင့်အရှောက်တွေ ခြံရံလို့ ဘော်ဒီဂတ်တွေနှင့်အတူ သူ့ ယဉ်တန်းရှိရာ ထွက်ခွာသွားတယ်။
ကျွန်မတို့ ကို ညှာတာဖို့သနားဖို့ ကျွန်မတို့ နှစ်ယောက်စလုံးက တောင်းပန်ကြပါတယ်။ ကျွန်မတို့ကို အဓမ္မ ခေါ်ဆောင်လာသူက
“စိတ်ချနေ ခင်ဗျားတို့ ဘာမှ မဖြစ်စေရဘူး ကားနောက်မှာ ပျော်ပျော်ကလေး ထိုင်လိုက်ခဲ့”လို့  ထေ့ငေါ့ငေါ့ အမိန့်ပေးနေတယ်။
ကားက နေရာက ထွက်ခွာသွားပါပြီ။ ဆယ်မိနစ်လောက် မောင်းရသေးတယ်။ အိမ်တလုံးရှေ့မှာ ထိုးရပ်သွားတယ်။ သူ့လူနှစ်ယောက်ကို ထားခဲ့အပြီး ကျွန်တို့ကို ဧည့်ခန်းမကြီးတခုဆီ ဦးဆောင် ခေါ်ယူသွားတယ်။ ကျွန်မတို့ကို အအေးတခွက်စီတိုက်ပြီးချိန်မှာ ကြိုတင် ပြင်ဆင်ထားပုံရတဲ့ အဖြူရောင် အယ်ဘမ်တခုကို သူက ပြတယ်။ ကျွန်မကြည့်လိုက်တော့ အယ်လ်ဘမ်ထဲမှာ မင်္ဂလာဆောင် အခန်းအနားဓါတ်ပုံတွေနှင့်ပြည့်နေပြီးတော့ သတို့သားက သူဖြစ်နေတယ်။ ပိုပြီးမယုံကြည်နိုင်စရာကောင်းတာက သတို့သမီးဟာ ကျွန်မနှင့် ချွတ်စွပ်တူနေလို့ပါဘဲ။
“ဘုရားရေ”လို့ လန့်ဖြန့် အော်မိတော့တယ်။
သူက နာကျည်းစွာ တချက် ရှိုက်ငိုလိုက်ပြီး.
“လွန်ခဲ့တဲ့ ၂နှစ်လောက်က သူသေသွားတယ်။ ကျုပ် သူမရှိရင် မနေတတ်ဘူး ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျုပ် သူ့ကို ပြန်ရမှ ဖြစ်မယ်။ ဒီကနေ့ ဘုရားသခင်က ကျုပ်ကို ဒီအခွင့်အရေးကို ပေးသနားခဲ့ပြီ်”တဲ့။ ပြောပုံ။ သူဟာ ကျွန်မကို စူးစိုက်ကြည့်ရှုရင်း နူးနူးညံညံညံ့ ရှိနေရာက ရုတ်တရက် အမူအရာပြောင်းလဲသွားပြီး အသံကျယ်ကျယ်နှင့် ဟက်ဟက်ပက်ပက် ရယ်မောနေတယ်။ “ငါသိပ်ကံကောင်းတာဘဲ။ ဒီနေ့ကို ငါ့မိန်းမ ငါ့ဆီ ပြန်လာတဲ့ နေ့ အဖြစ် မှတ်တမ်းတင်ရမယ် “တဲ့။ ကျွန်မ ကြက်သီးတွေ ဖြန်းကနဲထလာပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး။ ဒီနေရာက အမြန်ဆုံးထွက်ပြေးလွတ်မြောက်ချင်နေတယ်။ ဘယ်လိုလုပ်ရပါ့မလဲ။
သူကတော့ ကျွန်မတို့လို ဘယ်ဟုတ်ပါ့မလဲ။ ခြိမ်းခြောက်သလိုလိုနဲ့သူစုဆောင်းထားတဲ့ လက်နက်တွေ အပြည့် သိုလှောင်ထားတဲ့အခန်းကြီးတခန်းကို ပြသနေသေးတယ်။ အို .. ကျွန်မကြောက်လိုက်တာ။ ဘုရားတပြီး ငြိမ်ငြိမ်လေး ဆုတောင်းနေရတော့တယ်။
နောက်ပြီးရင်တော့ ဧည့်ခန်းကြီးဆီ ပြန်လာပြီး ကျွန်မတို့လည်း ဆိုဗါပေါ်ထိုင်မိရော သူက ကျွန်မတို့ နှစ်ယောက်အကြား ၀င်တိုးထိုင်ချလိုက်တယ်။ သူ့ လက်တွေကလည်းကျွန်မတို့ရဲ့ ပခုံးတွေပေါ်ကို သိမ်းကြုံး သိုင်းဖက်ထားလိုက်တယ်။
“ကိုင်း ..မင်း ငါပြောသလိုလုပ်။ ဟုတ်လား။ မင်းဘာလိုချင်သလဲ။ မြေလား ငွေလား။ မင်းလိုတာ ငါ ဘာမဆိုပေးနိုင်တယ်။ နာမည်သာတပ်လိုက် မင်းရှေ့ ရောက်လာစေရမယ်” လို့ သူက ပြောနေပြန်တယ်။ ခက်တယ်။
ခဏနေတော့ သူ အချိုးတမျိုးပြောင်းသွားပြီး နေရာကထလို့ အပြင်ကို ထွက်သွားတယ်။ ကျွန်မတို့မှာ တွေဝေနေစရာ အချိန်မရှိဘူး။ ကျွန်မတို့ရဲ့ ဖိနပ်တွေကို အမြန်စွပ်လိုက်ကြတယ်။ အိမ်ထဲကို အကဲခတ်ကြည့်လိုက်တော့ တော်ပါသေးရဲ့။ လူရိပ်လူချေ မမြင်ရဘူး။ ကျွန်မတို့ရဲ့ ကိုယ်ပိုင် ဘ၀တခု ရှင်သန်ဖို့အတွက်ရုပ်ရှင် ဇတ်လမ်းမဟုတ် တဲ့ စွန့်စားခန်းတခု စတင်မိကြပြီ။ ကျွန်မတို့ လာလမ်းအတိုင်းပြေးလာကြတယ်။
ကျွန်မတို့ကို ပြန်ပေးဆွဲလာသူဟာ ဒီနယ်တ၀ိုက်ချမ်းသာကြွယ်ဝပြီး သြဇာညောင်းတဲ့ လူရိုသေ ရှင်ရိုသေသူဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့  သူဟာ မူးယစ်ဆေးစွဲသူတယောက်ဆိုတာ သိသာပါတယ်။
ကျွန်မတို့ တည်းခိုတဲ့ ဧည့်ရိပ်သာကိုလည်းရောက်ရော သေနတ်သံတွေ ဆက်တိုက်ကြားလာရတယ်။
ကျွန်မနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားအသံတခုက သဲကြီးမဲကြီးအော်နေတယ်။
“ငါ စိတ်ရှည်လက်ရှည် ပြောနေတယ်နော်။ မင်းနားထောင်ပါ။ မင်းကို ငါ ဘာမှ အမှားမလုပ်ပါဘူး။” အသံက တဖြည်းဖြည်းနီးနီးလာတယ်။
“မင်းအထဲမှာ ရှိနေတယ်ဆိုတာ ငါသိတယ်။ ပြောလိုက်စမ်း သူတို့ကို ။ ငါ မင်းကို နာကျဉ်အောင် ဘာမှ မလုပ်ခဲ့ဘူးဆိုတာ။ မင်း ထွက်လာပါ။”
“မင်းအခု ထွက်လာပါ”
ကျွန်မအရမ်းကို ကြောက်နေပြီ။ ဒါပေမဲ့  ရွေးစရာ လမ်း မရှိဘူး။ တံခါးပေါက်ဆီ ကျွန်မဖြေးဖြေးလျှောက်ရင်း ဘုရားကို အာရုံပြုနေရတယ်။ တံခါးလက်ကိုင်ကိုလည်းဆွဲမိရောအချက်ပေးခေါင်းလောင်းသံတွေ ရဲကားသံတွေ ကြားလိုက်ရတယ်။ ရဲအရာရှိတွေ တလှေကြီး ပေါ်ထွက်လာတယ်။
ချက်ခြင်းဘဲ အဲဒီလူဆိုးဟာ ရဲတွေ လက်ကို ရောက်သွားတယ် ။
ရဲအရာရှိကြီးက ပြောပါတယ်။
“မင်းဘယ်သူလဲဆိုတာ ငါသိတယ်။ မင်းဘာတွေလုပ်နေသလဲ ငါသိတယ်။ ဒါပေမဲ့ ဒီတကြိမ်တော့ ငါတို့ မင်းကို ခွင့်လွှတ်ပေးနိုင်စရာ အကြောင်းမရှိတော့ဘူး။ ကဲ တက်”
သူ့ကို ရဲကားပေါ် တင်ခေါ်သွားကြတယ်။
ကျွန်မတို့ ဒါရိုက်တာက အချိန်မဖြုံးလိုပါဘူး။ ရိုက်စရာရှိတာ ဆက်ရိုက်ကြမယ်တဲ့။
နာရီ အနည်းငယ်ကြာပြီးချိန်မှာတော့ ကျွန်မတို့ပြန်ဖို့ ဖယ်ရီတစီးပေါ်မှာ အသင့် သိမ်းဆည်း ထုတ်ပိုးပြင်ဆင်ပြီးကြပါပြီ။ မနီလာမြို့ပေါ်မှာ ရှိတဲ့  ရိုက်ကွင်းအချို့ ရိုက်ပြီးရင် အဆုံးသတ် ပြီးစီးပါလိမ့်မယ်။
ကျွန်မအဖို့တော့ အားလပ်ချိန်များမှာ နောက်ကြောင်းပြန်ငဲ့ကြည့်မိရင် ကျွန်မအတွက် တုန်လှုပ်ခြောက်ခြားဖွယ် သဲထိတ်ရင်ဖို စွန့်စားခန်းတခု လိုလိုနှင့် တကယ်တွေးကြည့်မှ အိမ်မက်ဆန်တဲ့ ရယ်စရာ ဟာသ ဇတ်လမ်းကလေး တစ်ခုဖြစ်နေပြီ ဆိုတာ သိလာရပါတယ် ရှင်။
Florist မြန်မာမှုပြုသည်။
ဒီဇာတ်လမ်းကလေးကို ရေးသူက ဖိလစ်ပိုင် နိုင်ငံက နာမည်ကြီး မင်းသမီး “နာတီ ဆန်တီယာဂို “ ( Naty Santiago) ပါ။ သူမဟာ Reader Digest အယ်ဒီတာအဖွဲ့က ချီးမြှင့်တဲ့ ဒေါ်လာ ၃၅၀ ရရှိသူဖြစ်ပါတယ်။ ကိုယ်တွေ့ ဇတ်လမ်းကို ရေးခြယ်သီကုံးထားတာပါ။ သူမဟာ ၂၀၀၀ ပြည့်နှစ် က ရုပ်ရှင်လောကမှ အနားမယူမီ အသက် ၄၀ အရွယ်က ဖြစ်စဉ်တခုကို တင်ပြထားခြင်းဖြစ်တယ်။ ယခုအခါ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သားသမီး ၅ယောက် မြေး၁၁ယောက်နှင့်အတူ သိုက်မြိုက် ခမ်းနားစွာ နေထိုင်လျက်ရှိပါတယ်။
Source: Trouble in Paradise (By Naty Santiago) RD march 2012