Showing posts with label ညွှန်းတဲ့ ရုပ်ရှင်. Show all posts
Showing posts with label ညွှန်းတဲ့ ရုပ်ရှင်. Show all posts
Thursday, December 6, 2012
အနားမှာ ဘာမှ မရှိတော့တဲ့အခါ
ဘ၀မှာ လူသားပီပီ စား ၀တ်နေရေး အတွက် ရုန်းကန်ရမည်။ 
အလုပ်ရှိမည်၊ ငွေကြေးရှိမည်၊ 
အိမ်ထောင်မိသားစုရှိမည်၊ ဇနီး ခင်ပွန်း ချစ်သူ ရှိမည်၊ မိတ်ဆွေရှိမည်။ 
ဒါတွေ ဘာမှ မရှိတော့တဲ့အခါ ဒီလူအဖို့ ဘယ်လိုရှေ့ဆက်ရပါ့…..။ 
ဒီအဖြေကို နစ်ခ်ဟယ်လ် ဆေး က ကျွန်မကို ပါးပါးလျပ်လျပ်လေး ချပြခဲ့သည်။
xxxxxx
နစ်ခ်ဟယ်လ်ဆေး  စိတ်လေနေသည်။ ကားကို ဘယ်ဆီမောင်းရပါ့။ သူ အလုပ်လုပ်သည့် ကုမ္ပဏီက အပြောင်းအလဲလုပ်ဖို့ စဉ်းစားသည့်အခါ သူ့လို လခများများ လူကြီးဝန်ထမ်းထက် လစာနည်းနည်း လူငယ် ၀န်ထမ်းအသစ်တွေကို အစားထိုးတော့မည်။ ၁၅နှစ်လုံးလုံးအချိန်တွေ ဒီကုမ္ပဏီကို ပေးဆပ်ခဲ့ခြင်း၏ရလဒ်က အလုပ်ထွက်ရခြင်းပဲလား။ နစ်ခ်စိတ်ထဲ ခံပြင်းလှသည်။ ပိုဆိုးတာက ရိုးရိုးသားသား နှင်ထုတ်ခြင်းမဟုတ်ဘဲ ဘယ်နှခုနှစ်က ဘယ်လိုဖြစ်ပျက်ခဲ့ ဆိုပြီး အရက်မူးလွန်စဉ်က အပြစ်တွေကို ခုမှ ထုတ်ဖော်ပြောခံ ရတာပါပဲ။ သူ့အပိုင်ပစ္စည်းတွေကို ပုံး သုံးပုံးနှင့် ယူသွားနိုင်သည်တဲ့။ ဒါဆိုလုံလောက်ပြီတဲ့။ ကားကိုတော့ အခုလ နောက်ဆုံးပတ်ထိ အသုံးပြုနိုင်သေးသည်။ ဒီတော့လည်း ဒီကားတစ်စီးနှင့်ပဲ စိတ်ဦးတည့်ရာ လျှောက်သွားရတော့မည်။ ကားကို ရပ်လိုက်၊ ဘီယာ တစ်ဘူးမော့သောက်လိုက်။ နစ်ခ်အတွက် ဒီဘီယာဘူးတွေက မိတ်ဆွေထက် ရင်းနှီးမှုပိုနေကျ အဖော်တွေဖြစ်သည်။
`မင်းရဲ့ထုတ်ကုန်ကို သိရမယ်၊ အလုပ်ထဲမှာ ပါစင်နယ်ကွန်ပျူတာဖြစ်ဖြစ်၊ စာရွက်တစ်ရွက်ပဲဖြစ်ဖြစ် ဘယ်လို အလုပ်လုပ်နေ တယ်ဆိုတာ သိရမယ်၊ ဖောက်သည်ကို သိရမယ်၊ သူတို့ဆီက ရသမျှ အကုန် သင်ယူရမယ်။ သူတို့ ဘာလိုချင်တယ် ဘာမလိုချင်ဘူး ဆိုတာ နားထောင်နိုင်ရမယ်၊ ကွက်ကျော်ကြိုမြင်နေရမယ်။ အဖြေမရှိရင် အဖြေကို ရှာကိုရှာရမယ်၊ ရှင်းရှင်းလေးပဲ……´။
မနေ့ကအထိ တော့ ပြောခဲ့တဲ့စကားအတိုင်း တစ်သဝေမတိမ်း နစ်ခ် အလုပ်တွေလုပ်နိုင်ခဲ့သားပဲ။ အခု……။
နစ်ခ်သိလိုက်ပြီ။ ထွေးရှုပ်လိမ်ရစ်တဲ့ စိတ်တွေနဲ့ အိမ်ကို ပြန်လာတော့ အံ့သြကြေကွဲစရာ မြင်ကွင်းတစ်ခုက ဆီးကြိုနေသည်။ အိမ်ထဲရှိသမျှ သူ့ကိုယ်ပိုင်ပစ္စည်းမှန်သမျှက အိမ်ရှေ့ မြက်ခင်းပြင်မှာ ဖရိုဖရဲပြန့်ကြဲ နေသည်။ အိမ်ကလည်း သော့ပြောင်းပိတ်ခံထားရပြီ။ တံခါးရွက်က သော့အိမ်က သူ့သော့တံကို မှတ်မိနိုင် ခြင်းမရှိတော့။ ကိုယ်ပိုင်လျှို့ဝှက်နံပါတ်ကိုလည်း သူ့အိမ်တံခါးက ငြင်းဆန်ခဲ့ပြီ။ ထူးဆန်းလှချည့်။ မတတ်နိုင်။ ဇနီးသည် ကက်သရင်းဆီ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်။ ဒီနေ့ ငါအလုပ်ပြုတ်ခဲ့တယ်လို့ ပြောပြမယ့် စကားတစ်ခွန်းကိုတောင် အချိန်ပေး နားထောင်မယ့်သူ မရှိ။ ပစ္စည်းအစုအပုံတွေကြားမှာ ဆက်တီတစ်ခုံကို ချကာ အဲဒီခုံပေါ် ထိုင်လျက် အိပ်ရတော့သည်။ မနက်လင်းတော့ အိမ်ရှေ့အိမ်မှာ မိန်းမတစ်ယောက် ပစ္စည်းတွေချနေတာမြင်သည်။ အိမ်ပြောင်းလာတာဖြစ်မည်။ ဗိုက်အနည်းငယ်စူထွက်နေသည့် ကိုယ်ဝန်ဆောင်မိန်းမကို ပစ္စည်းတချို့နစ်ခ် ကူသယ်ပေးလိုက်သည်။ သူမ နာမည်က စမန်သာ။ ဓာတ်ပုံဆရာမ တဲ့။
“မင်း ငါ့ပစ္စည်းတွေ ခဏကြည့်ပေးနိုင်မလား စမန်သာ”
စမန်သာက မြက်ခင်းပေါ်ပြန့်ကြဲနေသည့် ပစ္စည်းတွေကို လှမ်းကြည့်ကာ “အိုကေ”တဲ့။ ပြီးမှ သူ့ဝမ်းဗိုက်ကို သတိရသွားဟန်နှင့် ဆိုသည်။
“အို မဖြစ်သေးဘူး။ ကျွန်မ ဒီက ဆရာဝန်အသစ်နဲ့ သွားတွေ့ရဖို့ ရှိသေးတယ်ရှင့်”
xxxxx
သူ့ပစ္စည်းတွေအနားမှာ ကောင်လေးတစ်ယောက် စက်ဘီးတစ်စီးနှင့် ရိပ်သီရိပ်ဝှဲ လုပ်နေတာ နစ်ခ် မြင်သည်။ ကောင်လေး နာမည်က ကင်နီ။ ကားသော့ ဘယ်ရောက်သွားမှန်း မသိ။ ကောင်လေး၏စက်ဘီးနှင့် စတိုးဆိုင်ပြေးရသည်။ ဆိုးတာက အကြွေးဝယ် ကတ်ကလည်း အလုပ်မလုပ်တော့။ တစ်ယောက်ယောက်က သူ့ကတ်ကို ပိတ်လိုက်ပြီ၊ အပြင်လူလုပ်လို့မရမှန်း နစ်ခ် သိပါသည်။ ကတ်ပေါ်မှာ လက်မှတ်အတူ ရှိနေသည့်လူ၊ ကက်သရင်းပဲပေါ့။ ရက်စက်ပါပေ့။ ပြန်လာချိန်မှာ သူ့ကားပေါ်လူတစ်ယောက်က တက်ထိုင်ကာ မောင်းထွက်သွားသည်။ သော့ပျောက်နေတဲ့ကြားက ဘာနဲ့ဘယ်လို ဖွင့်မောင်းပါလိမ့်။ ပေါ်ပေါ်ထင်ထင်ပဲ သူ့ကားကို ခိုးမောင်းသွားသည်။ နစ်ခ် ပြေးလိုက်ပေမဲ့ မမီ။ ကားထဲက သူ့အကျီတချို့ လမ်းမပေါ်ပြန့်ကြဲလျက်။ နောက်ဆုံး ဒီမြက်ခင်းပြင်ကိုပဲ ယာယီအိမ် လုပ်ရတော့သည်။ သူ့တစ်ကိုယ်စာ လှည့်သာ ထိုင်သာရှိအောင် ပြန့်ကြဲနေသည့်ပစ္စည်းတွေကို အနည်းငယ် နေရာတကျဖြစ် အောင် ရွှေ့ပြောင်းတပ်ဆင် နေရာချရသည်။ ထိုင်စရာ အိပ်စရာ ထိုင်ခုံတစ်လုံး။ တပ်ဆင်ခြင်းအနုပညာအောက်မှာ ဘီယာတစ်ဘူး ထိုင်သောက်နေခိုက် ရဲတစ်ပွေ ရောက်လာ သည်။ လူမြင်ကွင်းမှာ မဖွယ်မရာ မလုပ်ရဘူးတဲ့။ သောက် ပြဿနာပဲ။
“ ကျွတ်…ဒါ မဖွယ်မရာလား၊ ကျုပ်အိမ်ရှေ့ ကျုပ်ဘာသာ ဘီယာထိုင်သောက်တာလေ”
မကျေမချမ်းနှင့် အဲဒီရဲပြန်ထွက်သွားပြီး နောက်ထပ် ရဲတစ်ပွေရောက်လာပြန်သည်။ ဒါက သူ့မိတ်ဆွေ ဖရန့်ခ် ပါ။
“ငါ အလုပ်ပြုတ်ခဲ့တယ်၊ ငါ့မိန်းမကလည်း ထွက်သွားပြီ…”လို့ ပြောပြလိုက်တော့ ဖရန့်က အံ့သြပုံမရ။ တစ်နေ့ ဒီလိုပဲ ဖြစ်မှာ ပေါ့ဆိုသည့် အရာရာကို ကြိုသိနေသလို မျက်လုံးဝါ၀ါတွေနှင့် စိတ်ပျက်သလို နှစ်သိမ့်ချင်သလို ကြည့်သည်။ နစ်ခ်က သူ့ သဘောထား ကို ရှင်းပြလိုက်သည်။
 “ဒါ ငါ့အိမ်လေ၊ ငါ့မြက်ခင်းလေ၊ ဒီနေရာလေးက ငါ့နေရာလေးပါကွာ၊ ငါ ဒီဟာတွေကို ချန်မထားခဲ့နိုင်ဘူး၊ ငါ ဒီကနေ ခွာမသွားချင်ဘူး”
“ကောင်းပြီ၊ ဒီည ဘယ်သူမှ ဒီဘက် ကင်းမလှည့်အောင် ငါ ကြည့်ကြက်လုပ်လိုက်မယ်”
ဒီလိုဆိုတော့လည်း ဖရန့် ကို ကျေးဇူးတင်စရာပဲ။ မနက်လင်းတော့ ဖရန့် ရောက်လာသည်။ သူ့လက်ထဲ စာရွက်တစ်ရွက် လာထည့်သည်။
“ဒီမှာ ထိုင်နေရင် စုတ်တီးစုတ်ပဲ့ပဲ ဖြစ်နေမှာပဲ၊ ရော့ ဒီမှာ ပိုင်ဆိုင်မှုမရှိသူတွေကို ၅ ရက်နဲ့နေရာပြန်ချပေးတယ်၊ လက်မှတ်ထိုးလိုက်၊ မင်းဆို သုံးရက်နဲ့ရမယ်”
တယ်တော်တဲ့ သူငယ်ချင်းပဲ၊ အများသူငါထက် အခွင့်အရေးပိုရအောင် လုပ်ပေးထားတယ်ပေါ့။ ခက်တာက ဒီနေရာလေး ကနေ ခွာမသွားချင်။ အရာရာ ဒီနေရာမှာရှိသည်။ ကက်သရင်းချစ်သည့် ငါးလေးတွေမွေးထားသည့် ရေကန်လည်းရှိသည်။ ဒါ သူ့အိမ်၊ အရာရာမြှုပ်နှံရင်းနှီး တည်ဆောက်ခဲ့တဲ့ အိမ်တစ်လုံးကို ချန်ရစ်ထားခဲ့ရမှာ မဖြစ်နိုင်တာပဲ။
“ငါ့ဟာတွေ ဒီဟာတွေရောင်းပစ်ခဲ့ရမှာလား၊ ထိုက်သင့်သလောက်ပိုင်ဆိုင်ခဲ့ပြီးမှ အရာရာကို ဖြိုဖျက်ခဲ့ပြီး ဘ၀ကို ငါ အသစ်ပြန်စရမှာလား”
”မင်းရဲ့စုတ်တီးစုတ်ပဲ့ပစ္စည်းတွေ ရောင်း မရောင်း ငါစိတ်မ၀င်စားဘူး၊ သုံးရက်နဲ့ ဒီပစ္စည်းတွေ အပြီးရှင်းမလား၊ ထောင်ထဲ သွားမလားဆိုတာလည်း  ငါ မမေးတော့ဘူး”
ဖရန့်စိတ်ဆိုးသွားပြီ။ ဆိုးလေ ဆိုးပေါ့။ အိမ်ကို အပိတ်ခံရတော့ရော ဘာအရေးလဲ ဒီလိုပဲ အိမ်ရှေ့ ဒီမြက်ခင်းပြင်လေးမှာ နေလိုက်ရုံပေါ့။ ဒီမှာပဲ နေဖို့ နစ်ခ် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့။ သူ့ပစ္စည်းတွေအတွက် အစောင့်သဘော ကန်နီဆိုတဲ့ကောင်လေးကို ခေါ်ထားရသည်။ တော်တော်လာတဲ့ ချာတိတ်၊ ဘာတွေလုပ်ရမှာလဲ အရင်မေးသည်။ ပြီးတော့ ငွေဘယ်လောက်ရမလဲတဲ့။ တစ်နာရီ ၄ဒေါ်လာပေးမည် ဆိုတော့ အရီဇိုးနားမှာ အလုပ်ခေါ်ဈေးက အနိမ့်ဆုံး ၇ဒေါ်လာနဲ့ ၂၅ဆင့်ရှိတယ်တဲ့ ။ ၇ဒေါ်လာနဲ့တည့်သွားသည်။ နစ်ခ်ပိုင်ဆိုင်သည့် ပစ္စည်းတွေကို ကင်နီက ရောင်းပေးရမည်၊ နစ်ခ်မရှိချိန်မှာ အစောင့်လုပ်ပေးရမည်။
“ဒါ ရှင့်ရဲ့ ပထမဆုံး အဟောင်းရောင်းတဲ့ အတွေ့အကြုံလား”လို့ စမန်သာက မေးလာသည်။ စနေနေ့ဆို ရောက်လာ တတ်တဲ့လူတွေကို သတိထား၊ သူတို့ကအောက်ဈေးနဲ့ မတရားဈေးနှိမ်ယူတတ်တယ်လို့ သတိပေးလာသည်။ စမန်သာက အဲဒီလူတွေ နှင့် အဆက်အသွယ်ရှိသည်၊ ဟောင်းပေမဲ့ ကောင်းနေဆဲ ကင်မရာတွေ သူတို့ဆီက ပြန်ဝယ်သုံးသည်တဲ့။
“မင်းဓာတ်ပုံပြပွဲလုပ်ဖူးလား”
“တချို့တလေ ရောင်းရဖူးတယ်၊ ဒါပေမဲ့ ဒါနဲ့တော့ ဘယ်တော့မှ ချမ်းသာလာမှာမဟုတ်ဘူး၊ ဒါနဲ့ စကားမစပ် ပြောရဦးမယ်၊ ကျွန်မ ယောက်ျားက ကျွန်မဆီက ဓာတ်ပုံဝယ်ဖူးတယ်ရှင့်၊ ဒါနဲ့ပဲ သူနဲ့ဖူးစာဆုံတာ”
“ငါ့မှာ နမော်နမဲ့ အမှားတွေရှိခဲ့တယ်”လို့ အစချီကာ စမန်သာကို အတိတ်ဇာတ်လမ်းတစ်ခု ပြောပြဖြစ်သည်။
“အလုပ်ကိစ္စ အရောင်းအ၀ယ်တစ်ခု ပြီးဆုံးသွားလို့ အောင်ပွဲခံပါတီလုပ်တုန်းက လူတိုင်းရှန်ပိန်သောက်ကြတယ်၊ ငါလည်း သောက်တယ်၊ ဘယ်လောက်သောက်မိလဲတော့ မသိဘူး၊ ရှယ်ရွန်ဆိုတဲ့ကောင်မလေးအခန်းမှာ ငါတို့ဆက်သောက်ဖြစ်တယ်၊ မိုးလင်း တော့ ရှယ်ရွန်ထွက်သွားတယ်၊ မကြာခင်ပဲ စုံစမ်းစစ်ဆေးရေးနဲ့ အင်တာဗျူးသမားတွေရောက်လာပြီး…ဟာ..ငါ မပြောချင်တော့ ဘူး…..မင်းသိမှာပါ မင်းဘာသာတွေးကြည့်တော့…”
“ရှင် တစ်ခုခု လုပ်မိခဲ့သလား…”
“မသိဘူး မသိဘူးကွာ၊ ငါသိတာက အဲဒီတုန်းက လူတိုင်းလက်ထဲမှာ ဖန်ခွက်တစ်လုံးစီရှိသလို င့ါလက်ထဲမှာလည်း ဖန်ခွက်တစ်လုးံရှိတယ်ဆိုတာပဲ”
ကျွန်မ သွားသင့်ပြီ ဆိုကာ စမန်သာ ထထွက်သွားသည်။ ပစ္စည်းတွေ ရောင်းကူနေသည့် ကင်နီ့ကိုကြည့်ကာ နစ်ခ်မေးသည်။
“မင်းကိုအသုံးမကျဘူးလို့ မင်းအိမ်က ဘာလို့ထင်တာလဲ ငါမသိဘူး၊ တကယ်တော့ လူတိုင်းမှာ `ငါ´ဆိုတာ များနေလို့ပါ၊ `ငါ´နည်းနည်းပဲလိုပြီး `ငါတို့´ဆိုတာ များများလိုတာ ဒါကို လူတော်တော်များများ မသိကြဘူး”
အမေသုံးခဲ့သည့် ကင်မရာလေးကို နစ်ခ်မရောင်းချင်။ စမန်သာ့ကို သတိရသွားသည်။ စမန်သာ့ကို ကင်မရာသွားပေးလိုက် သည်။
“ကောင်းသေးလားတော့မသိ”
“အို ဘုရားရေ အကောင်းကြီးပဲရှိသေးတယ်”
ကင်မရာလေးကို ကြိုက်ပုံရပေမဲ့ စမန်သာက ငြင်းသည်။ ငါမင်းကို လက်ဆောင်ပေးချင်လို့ပါလို့ ပြောရသည်။ စမန်သာက နစ်ခ် ဘက်ကိုလှည့်ချိန်ကာ ဓာတ်ပုံတစ်ပုံစမ်းရိုက်လိုက်သည်။
နောက်တစ်နေ့မှာ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း ဒီလိုင်လာ့လိပ်စာကို စုံစမ်းကာ နစ်ခ်သွားလည်သည်။ လောလောဆယ် ငယ်ငယ်တုန်းကမိတ်ဆွေတစ်ယောက်ယောက်ကို တွေ့ချင်စိတ်ပေါ်နေသည်။ ခင်ပွန်းသည်က ပစ်ထားခဲ့လို့ ကလေး သုံးယောက်နှင့် ဘ၀ကို ဆက်လက်ရင်ဆိုင်နေသည့် သူငယ်ချင်းကို ကြည့်ကာ နစ်ခ် များစွာ အံ့အားသင့်ရသည်။
“မင်း ဒီဟာလေးတွေကို ဘယ်လိုဖြေရှင်းလဲ၊ ကျွေးမွေးရတယ်၊ ပြုစုရတယ်၊ ထောက်ပံ့ရတယ် တစ်နေ့တစ်နေ့ မဆုံးတဲ့ တာဝန်တွေလေ”
နစ်ခ်တကယ်အံ့သြနေသည်။ သူ့မှာတော့ တစ်ကိုယ်စာပင် တာဝန်ယူနိုင်ခြင်းမရှိ၊ အလုပ်ပြုတ်၊ မိန်းမက အိမ်ကထွက်သွား၊ အိမ်က အပိတ်ခံရ။ အရေးအကြောင်းဆို မိန်းမတွေမှာ ယောက်ျားတွေထက် တာဝန်ယူရဲတဲ့သတ္တိ ပိုရှိလေသလားမဆိုနိုင်။ ဒီလိုင်လာ ပြောခဲ့တဲ့စကားက သူ့အာရုံထဲ ကပ်ငြိပါလာသည်။ `အဆိုးမရှိဘဲ တစ်လျှောက်လုံးကောင်းနေတာဟာ အကောင်း မဟုတ်ဘူး၊ အဆိုးတွေကြုံပြီး အဆိုးတွေထဲမှာ ကောင်းအောင် လုပ်နိုင်တာကမှ တကယ့် ပြည့်ဝတဲ့ အကောင်း´   တဲ့။
အဆိုးတွေထဲမှာ ကောင်းအောင် ဘယ်လိုလုပ်ရပါ့။ လောလောဆယ် နစ်ခ်မှာ ဘီယာကုန်နေပြီ။ ညက ဘီယာသောက်ဖို့ ပိုက်ဆံမရှိတော့။ စတိုးဆိုင်ရှေ့သွားပြီး ဈေးဝယ်သူတွေဆီကနေ ဘီယာတစ်ဘူးလောက်ပေးဖို့ မရှက်မကြောက် တောင်းမိသည်။ ဘယ်သူမှလည်း သူ့ကို အရေးမလုပ်ကြ။ သူ့နေရာလေးကို ပြန်လာခဲ့သည်။ မြက်ခင်းပေါ်ပြန့်ကြဲနေသည့် ပစ္စည်းတွေကို ဒေါသထွက် ထွက်နှင့် ကန်ကျောက်ပစ်လိုက်သည်။ အိမ်ကနေလှမ်းမြင်နေသည့် စမန်သာက မနေနိုင်တော့ဘဲ ဆေးလာတိုက်သည်။ ငါ ဘီယာတစ် ဘူးလောက် သောက်ဖို့လိုနေတယ်ပြောတော့ စမန်သာက ဒီဆေးပဲသောက်ပါ ပင်ပန်းတာတွေလျော့ကျသွားလိမ့်မယ်တဲ့။
ပင်ပန်းနွမ်းနယ်မှု၊ အထီးကျန်မှုနဲ့အတူ ရှုပ်ထွေးနေတဲ့လက်ရှိခံစားချက်တွေက စကားတွေ မှားယွင်းအောင် စေ့ဆော်လေ သလား နစ်ခ် မစဉ်းစားတတ်တော့ပြီ။
“မင်းကို စတွေ့ကတည်းက ငါးမိနစ်အတွင်း ငါနားလည်ခဲ့တယ်၊ မင်းကမင်းခင်ပွန်းအတွက် မင်းမြတ်နိုးတဲ့ဓာတ်ပုံသမားဘ၀ ကို စွန့်လွှတ်အနစ်နာခံခဲ့တာပဲ၊ ပြီးတော့ သူက တအားသောက်တယ်မို့လား၊ ငါ့လိုပဲလေ၊ သူ့ကို စိတ်ပြောင်းသွားအောင် နေရာအသစ် ၀န်းကျင်အသစ်တွေ မင်းဖန်တီးပေးတယ်၊ အဲဒါက ပိုကောင်းသွားအောင်လား၊ ပိုဆိုးသွားအောင်လား၊ ဘယ်လိုမိန်းမမျိုးက ဒီလူနဲ့ နေထိုင်ဖို့ ကြိုးစားနေတာလဲ”
မချိတင်ကဲခံစားချက်တွေ ဖိတ်လျှံထွက်ကျကုန်သည်။
“ဘာ… ဘာပြောတယ် ဘယ်လိုမိန်းမ ဟုတ်လား ဒါဆို ကျွန်မက ဘာလဲ ဘာကို ဆိုလိုတာလဲ”
မျက်နှာတွေနီမြန်းဒေါသထွက်လာသည့် စမန်သာကို ကြည့်ကာ နစ်ခ် ပြောချလိုက်သည်။
“မင်းအိမ်ခန်းလိုက်ကာတွေဆွဲတင်ဖို့လိုပြီ”
“ဘာလဲ တစ်နေ့လုံး ငေးကြည့်နေတဲ့ အမူးသမားတစ်ယောက်ရှိလို့လား”
ဘာတွေဖြစ်ကုန်သလဲ နစ်ခ်မသိတော့။ စမန်သာက သူ့ကို ဘီယာဘူးခွံတွေနှင့် ကောက်ပေါက်ကာ ပြန်သွားသည်။ နစ်ခ် ၀မ်းနည်းထိခိုက်ကာ ကျန်ရစ်ခဲ့သည်။ သူ့အနားမှာ ဘယ်သူမှ မရှိတော့။ ဘယ်အရာမှလည်း မရှိတော့၊ သောက်စရာ ဘီယာလေး တစ်ဘူးတောင်မှ မရှိတော့၊ ရှိရင်ကော သောက်ချင်ဦးမှာလား မသိတော့။ ဘယ်လို ဘယ်ပုံ အိပ်ပျော်သွားသည် မသိတော့။ ဘာမှ မသိတော့ဘဲ အိပ်ရာကနိုးထလာချိန်မှာ ကင်နီက သူ့ပစ္စည်းတွေကို မျိုးတူတာ မျိုးမတူတာ ခွဲခြားကာ စနစ်တကျနေရာချပေးထား သည်ကို တွေ့ရသည်။ ၀ယ်တဲ့သူတွေအတွက် လွယ်ကူအောင်လုပ်ပေးထားတာလို့ ကင်နီပြောသည်။  ဖရန့်ရောက်လာကာ ပစ္စည်းတွေကို လှည့်ပတ်ကြည့်ရှု ၀ယ်ယူအားပေးနေကြသည့် လူတွေကို ကြည့်ရင်း နစ်ခ်ကို ပြောသည်။
“မင်း သူတို့ကို သွားခွင့်ပြုလိုက်ပြီပေါ့…”
“ဒါပေါ့ အဆုံးတော့ အားလုံး သွားရမှာပဲလေ” ကျွမ်းကျင်စွာ ဈေးရောင်းပေးနေသည့် ကင်နီ့ကို ငေးကြည့်ကာ ကက်သရင်းဆီဖုန်းခေါ်မိသည်။ ဖုန်းက ကိုင်မည့်သူမရှိ။ မက်ဆေ့ခ်ျအသံထားခဲ့လိုက်သည်။ “ကက်သရင်း အခု ငါ ဒါတွေကို မစွဲလမ်းတော့ဘူး၊ အားလုံးကို သွားခွင့်ပြုလိုက်ပြီ၊ ဘယ်အချိန်ပဲဖြစ်ဖြစ် မင်းအဆင်သင့်ဖြစ်ရင် ငါ့ကို ခေါ်လိုက်ပါကွာ”။
စမန်သာ့ဆီသွားကာ ညက စကားတွေကတောက်ကဆတ်ဖြစ်ခဲ့တာကို တောင်းပန်ရသည်။ သူမခင်ပွန်း ရောက်လာတော့ မည်လို့ စမန်သာပြောပြခဲ့သည်။ ၀မ်းသာစရာပဲ။ ကက်သရင်းရော သူ့ဆီ ဘယ်တော့ ရောက်လာမှာလဲလို့ တွေးကာ နစ်ခ် ရင်တွေ ခုန်လှုပ်သည်။ စမန်သာက ကင်မရာစမ်းကြည့်ရင်း ရိုက်ခဲ့သည့် သူ့ပုံကို ခုမှ ပေးလာသည်။ ပုံအောက်မှာ စာတန်းတစ်ခုတွေ့သည်။ အရာရာ မဆုံးရှုံးသေးပါဘူး တဲ့။ နစ်ခ် အားတက်သွားသည်။ အလုပ်ကတော့ ဆုံးရှုံးခဲ့ပြီ။ မဆုံးရှုံးသေးတာ ဒါဖြင့် ..ကက်သရင်းဖြစ်မှာပေါ့။
ဖရန့်အလုပ်ရှိရာ ရဲစခန်းကို လိုက်သွားသည်။ ဖရန့်က ခဏစောင့်ပါဆိုကာ အတွင်းခန်းထဲ ၀င်သွားသည်။ စားပွဲပေါ်က ဖရန့်ရဲ့ဖုန်းမြည်လာသည်။ ကြည့်မိသွားသည့်မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်သည်အထိ မုန်းတီးစက်ဆုပ်သွားသည်။ ဖုန်းခေါ်သူက ကက်သရင်း။ အရာရာအခုပဲ ဆုံးရှုံးသွားပြီ။ စမန်သာ့စကား မမှန်နိုင်တော့။ ဖရန့်ဝင်လာတော့ စိတ်တွေထိန်းမရဘဲ လက်သီးနှင့်ပစ်ထိုး မိသည်။ ဘယ်ရမလဲ ဖရန့်က လူဆိုးတွေကို လျှပ်တစ်ပြက် ဖမ်းဆီးနိုင်သည့် ရဲပဲ။ နစ်ခ်လက်သီးလောက်တော့ အပျော့ပေါ့။ နစ်ခ်လက် တွေကို ပြန်ချုပ်ထားနိုင်သည်။
“မိန်းမတွေက သောက်ပြီး အလုပ်မလုပ်တဲ့သူနဲ့ မသောက်ဘဲ အလုပ်လုပ်တဲ့သူ ဘယ်သူ့ကို ပိုကြွေမယ်ထင်လဲ၊ ကက်သရင်း က ပိုကောင်းတဲ့သူနဲ့ ထိုက်တန်တာ”တဲ့။
ဖရန့်စကားတွေက နစ်ခ်ရင်ကို မြားနဲ့တည့်တည့်ပစ်ခွင်းလိုက်သလို၊ ရင်တစ်ပြင်လုံး စူးနစ်အောင် နာသည်။ တော်သေး တာပေါ့၊ `မင်းမိန်းမ ကက်သရင်းက မင်းထက်ပိုကောင်းတဲ့ ငါ့လိုလူနဲ့မှ ထိုက်တန်တာ´လို့ တိုက်ရိုက်မပြောတာပဲ ကျေးဇူးတင်ရဦးမည်။ နာနေတဲ့သူ့ရင်ကို ဗြန်းဗြန်းကွဲထွက်သွားအောင် မေးခွန်းတွေနဲ့ ပစ်ပေါက်ခဲ့သေးသည်။
“မင်းနဲ့ ကက်သရင်း အတူအိပ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ ပြီးတော့ ကက်သရင်းကို ပျော်ရဲ့လားလို့ မမေးခဲ့တာ ဘယ် လောက် ကြာပြီလဲ”တဲ့။
“မင်းက မူးဖို့ပဲ သိတဲ့လူ၊ မူးပြီး ရှယ်ရွန်နဲ့အိပ်ခဲ့ဖူးတယ်၊ မင်းကို ချစ်နေသေးတယ်လို့တော့ ကက်သရင်းက ပြောပါတယ်၊ ဒါပေမဲ့ သူ အခု မင်းကို ကွာရှင်းချင်ပြီတဲ့၊ ဒီမှာ စာရွက်စာတမ်းတွေ သူ့လက်မှတ်ပါပြီးသား..အော် ပြီးတော့ အိမ်ကိုလည်း သူတစ် ယောက်တည်း အပိုင်လိုချင်တယ်တဲ့၊ ဒီထဲမှာ သုံးစွဲဖို့ငွေတချို့လည်း ရှိတယ်…”
xxxxxxxx
အရာအားလုံး ဆုံးရှုံးလိုက်ရသည့်အခါ လူတစ်ယောက်ရဲ့ရင်ထဲ ဘယ်လောက်ဗြောင်းဆန်သွားမှာပါလိမ့်….ကျွန်မ တွေးထိတ် ကာ နစ်ခ်ရဲ့ကြေကွဲမျက်နှာကို ဘယ်လို ဆက်ကြည့်ရမယ်မှန်း မသိတတ်တော့ပါ။ မျက်စိရှေ့မှာ မြင်နေရသည့် နစ်ခ် ပုံစံကတော့ ဘာမှမရှိတော့သည့် သူ့ဘ၀အခြေအနေအပေါ် တည်ငြိမ်စွာလက်ခံယူလိုက်ပြီ ဆိုတာပါပဲ။ ပြီးတော့ သူက ပြောလိုက်သေးသည်။
“တောင်းပန်ပါတယ် လို့ ငါ့မိန်းမကို ပြောလိုက်ပါ”တဲ့။ မိမိရဲ့အားနည်းချက်ကို မိမိဘာသာ သိရှိသဘောပေါက်သွားသူအဖို့ တောင်းပန်စကားကလွဲပြီး တခြားစကား ဆိုဖွယ်မရှိတော့ပြီပဲ။
ဘီယာဝယ်နေကျ စတိုးဆိုင်လေးရှေ့ နစ်ခ် ရောက်သွားချိန်မှာ ကျွန်မ ထိတ်ခနဲဖြစ်သွားသည်။ ဘာမှမရှိတော့သည့်ဘ၀ကို စိတ်နာနာနှင့် ဘီယာရည်တွေထဲ ထပ်ကာထပ်ကာ ရေစုန်မျော နစ်မြှုပ်ပစ်လိုက်တော့မလား။
ခြေလှမ်းတွေ တစ်ချက်တုံ့ခနဲဖြစ်သွားပေမဲ့ နစ်ခ်က စတိုးဆိုင်ကို လျစ်လျူရှုကျောခိုင်းကာ ဆက်လျှောက်သွားခဲ့သည်။ နစ်ခ်ရဲ့ အနာဂတ်အတွက် ကျွန်မ စိတ်မပူတော့ပါ။ လောလောဆယ် သူ့မှာ ဘာမှ မရှိတော့ပေမဲ့ တစ်နေ့ အရာရာသူ့ဆီ ပြန်ရောက်လာအောင် နစ်ခ် စွမ်းဆောင်နိုင်လိမ့်မည်လို့ ကျွန်မ ယုံကြည်လိုက်ပါသည်။ အခု သူ့ဆီက ထွက်သွားကြသည့်အရာတွေထက် ပိုပြီး သစ်လွင် တောက်ပမည့် အရာရာတွေပေါ့။
ဂျူနီယို
Film – Everything Must Go
Cast – Will Ferrell ( Nick Halsey )
         Rebecca Hall( Samantha )
         Michael Pena ( Frank)
(Family မဂ္ဂဇင်း၊ ဒီဇင်ဘာ)
Sunday, December 2, 2012
ညွှန်းတဲ့ရုပ်ရှင်
Rise of the Guardians
Animation / Adventure / Family
ပြသချိန် - ၉၇ မိနစ်
Paramount Pictures
ဒါရိုက်တာ - Peter Ramsey
ထုတ်လုပ်သူ - Christina Steinberg, Nancy Bernstein
ဇာတ်ညွှန်း - David Lindsay-Abaire
သရုပ်ဆောင်များ - Chris Pine ... Jack Frost (voice)
Alec Baldwin ... North (voice)
Hugh Jackman ... E. Aster Bunnymund (voice)
Isla Fisher ... Tooth (voice)
Jude Law ... Pitch (voice)
Dakota Goyo ... Jamie (voice)
ပူပင်ကြောင့်ကြမဲ့တဲ့လူငယ်လေး Jack Frost လေး။ သူက ဘာစည်းကမ်းမှမရုမစိုက်ပါဘူး။ ဘာတာဝန်ဝတ္ထရားမှလည်း ထမ်းဆောင်စရာမရှိတဲ့လူငယ်လေးပဲ။ သူသွားတဲ့နေရာဒေသတိုင်းမှာ အေးမြတဲ့ဆောင်းရာသီကိုသယ်ဆောင်သွားနိုင်သေးသတဲ့။ ဒါပေမဲ့ အရာရာတိုင်း ပြောင်းလဲသွားမယ့်တစ်နေ့ရောက်လာခဲ့ပြီ။ အိပ်မက်ဆိုးတွေရဲ့ဘုရင်ကြီး Pitch က ကလေးတွေရဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကို အမှောင်ကမ္ဘာထဲသိမ်းကျုံးဆွဲနှစ်တော့မယ်။ မည်းနက်သိပ်သည်းတဲ့ကမ္ဘာကြီးထဲမှာ ကလေးတွေအလဲလဲအပြိုပြို ထိခိုက်ရှနာကုန်တော့မှာပေါ့။ ကလေးတို့ရဲ့ ကမ္ဘာကို အုပ်ထိန်းကြတဲ့သူတွေ ခရစ်စမတ်ဘိုးဘိုး၊ ဒဏ္ဍာရီထဲက ကလေးတွေရဲ့ငယ်သွားနတ်သမီးလေး၊ အီစတာယုန် နဲ့ သဲလူ တို့က ဂျက်ကိုပါ တာဝန်တွေပေးအပ်တော့တယ်။ “ဂျက် ရဲ့ အကူအညီကို ငါတို့လိုအပ်နေပြီ။ မင်း မကူညီဘဲ ငါတို့ ဘာမှမလုပ်နိုင်တော့ပါဘူး” တဲ့။ ဒဏ္ဍာရီထဲက သဲလူလေးSandy ဖန်တီးပေးတဲ့ ကလေးတွေရဲ့ ရွှေရောင်သဲအိပ်မက်လေးတွေကို Pitch က လက်ညိုးတစ်ချက်ပဲကွေးပြီး တောက် ထုတ်လိုက်တယ်။ ရွှေရောင်အိပ်မက်တွေပြိုပျက်ကုန်ပြီ။ ညအိပ်မက်ဆိုးတွေအဖြစ် ပြောင်းလဲဖန်တီးလိုက်ပြီ။ ဘူဂီးမန်း Pitch ရဲ့ မိစ္ဆာလုပ်ရပ်တွေကို ရပ်တန့်ဖို့ ဘာဝတ္ထရားမှ ဂရုမစိုက်တဲ့လူငယ်လေးဂျက်က ခေါင်းညိတ်ပါ့မလားပဲ။ အမှောင်ကမ္ဘာထဲ စုံးစုံးမြုပ်မသွားအောင် အကုန်လုံးက နိုးထရတော့မှာပေါ့။ Sandy နိုးထတော့၊ ဂျက်ရောပဲ။ အားလုံးပဲ ဒီအချိန်မှာ နိုးထ ပေါ်ထွက်ရတော့မှာပေါ့။ ဂျက်ကတော့ ပြောပါတယ်။ “ငါ မကြောက်ဘူး” တဲ့။
Anna Karenina
Drama 
ပြသချိန်- ၁၃၀ မိနစ်
Universal Pictures 
ဒါရိုက်တာ -  Joe Wright
ထုတ်လုပ်သူ - Tim Bevan, Paul Webster 
ဇာတ်ညွှန်း - Tom Stoppard 
သရုပ်ဆောင်များ - Keira Knightley, Jude Law, Aaron Taylor-Johnson, Kelly Macdonald 
Pride & Prejudice နဲ့ Atonement တို့မှာ ကီရာနိုက်တလေ တို့နဲ့ အတွဲညီခဲ့တဲ့ အင်္ဂလိပ်ဒါရိုက်တာ Joe Wright ရဲ့ ကီရာနိုက်တလေ နဲ့ ရိုက်ကူးခဲ့တဲ့ ဒရာမာရုပ်ရှင်နောက်ထပ်တစ်ကားပါ။ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ ၁၈၇၇ ခုနှစ်က ၀တ္ထုကို နောက်ထပ်ပုံဖော်လိုက်တဲ့ ရုပ်ရှင်ပါပဲ။ ၁၉ ရာစုနှစ်က ရုရှားအင်ပါယာရဲ့ အဆင့်မြင့် လူအဖွဲ့အစည်းအတွင်းက မင်းမျိုးနွယ်ဝင် အမျိုးသမီးလေးတစ်ဦးရဲ့ ခက်ခဲကြမ်းတမ်းခဲ့တဲ့အချစ်၊ မိသားစုဘ၀အကြောင်းတွေ ဇာတ်အိမ်တည်ရေးသားခဲ့တဲ့ လီယိုတော်စတွိုင်းရဲ့ Anna Karenina ကို ရုပ်ရှင်အဖြစ် အများကြီးပဲ ရိုက်ကူးခဲ့ကြတယ်။ ၁၉၁၄ မှာ Anna Karenina နဲ့ပဲ ရုရှားဒါရိုက်တာ ဗလာဒီမာဂါဒင်က ရိုက်ကူးအသက်သွင်းလိုက်တယ်။ ၁၉၁၅ မှာ အမေရိကန်ရုပ်ရှင်ပါ။ ၁၉၂၇ မှာ ရုပ်ရှင်ကားနာမည်ကို Love လို့ပေးခဲ့တယ်။ အမေရိကန်ပရိတ်သတ်အကြိုက် ပျော်စရာဇာတ်သိမ်းနဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ ၁၉၃၅ က Anna Karenina နာမည်နဲ့ပဲ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်က နာမည်အကြီးဆုံးလူပြောအများဆုံးပဲလို့ဆိုတယ်။ ၁၉၄၈ မှာ ဗီဗီယန်လေးနဲ့၊ ၁၉၅၃ မှာ ရုရှားရုပ်ရှင်၊ ၁၉၆၀ မှာ River of Love လို့နာမည်ပေးထားတဲ့ အီဂျစ်ရုပ်ရှင်၊ ၁၉၆၇ မှာ ဒါရိုက်တာ အလက်ဇန်းဒါးဇာခီရဲ့ ရုရှားရုပ်ရှင်၊ ၁၉၇၄ မှာ လည်း ရုရှားရုပ်ရှင်နောက်ထပ်တစ်ကား၊  ၁၉၈၅ မှာ မင်းသားခရစ်စတိုဖာရိဖ် သရုပ်ဆောင်တဲ့ တီဗီဇာတ်လမ်း၊ ၁၉၉၇ မှာ မင်းသမီး ဆိုဖီမာဆဲ နဲ့ အကြိမ်ကြိမ်ရိုက်ကူးခဲ့ကြတာပါ။ ကီရာနိုက်တလေ ရဲ့ Anna Karenina ကားမှာလည်း တောက်ပခမ်းနားလွန်းလှတဲ့ ကပွဲခမ်းမကြီးတစ်ခုအတွင်း မိန်းမပျိုလေးတွေပျော့ပြောင်းနူးညံ့စွာ ကခုန်နေကြတာများ တိမ်းညွတ်ယစ်မူးစရာရယ်။ များပြားလှတဲ့အသည်းနှလုံးတွေကြားမှာ အချစ်တွေကလည်းများမှာပဲပေါ့။ အင်ပါယာတစ်ခုရဲ့ ဆည်းဆာအချိန်လေးမှာ အချစ်တစ်ခု တုန်ရီလှိုက်ဖိုသွားခဲ့တယ်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး တစ်စုံတစ်ခုအတွက်မဟုတ်ဘဲ၊ အားလုံးအတွက် စတေးသင့်ပါရဲ့လား။ ကျွန်မ သိတယ်။ ဒါ ရာဇ၀တ်မှုပဲ။ ရှင် စည်းကမ်းချိုးဖျက်ခဲ့ပြီ။ ကျွန်မရဲ့ ဘ၀ကို လွတ်မြောက်ခွင့်ပေးပါ လို့ အော်ဟစ်လိုက်တယ်။ သူကလည်း ဂုဏ်သိက္ခာမရှိတဲ့မိန်းမတစ်ယောက်လို့ စွတ်စွဲခဲ့ပြီ။ ဒါ မင်းလိုချင်တာပဲလေ။ မင်းသိလား၊ မင်းလိုချင်တာဘာလဲ တဲ့ ပြန်လှန်အော်ဟစ်တာပဲ။ ရုရှားစစ်ဗိုလ်ချုပ် ကာရဲနင် ရဲ့ ဇနီး အန်နာဟာ ကြွယ်ဝချမ်းသာတဲ့ ဗရွန်စကီးနဲ့ ချစ်ကျွမ်းဝင်သွားတယ်။ လူပျိုလူလွတ် ဗရွန်စကီးက အန်နာကို ချစ်မြတ်နိုးသွားခဲ့ပြီ။ ဗရွတ်စကီးက အန်နာကို လက်ထပ်ယူလိုပါတယ်တဲ့။ အာဏာနဲ့ ကြွယ်ဝချမ်းသာမှုတွေရဲ့ တိုက်ပွဲကြားမှာ အန်နာရဲ့ အချစ်က အာဏာဆီမှာလား ငွေကြေးဆီမှာလား၊ အဲဒါတွေနဲ့ မသက်ဆိုင်တဲ့ အချစ်သပ်သပ် တစ်ခုတည်းလား။ အန်နာရဲ့ဘ၀က အေးချမ်းနိုင်ပါ့မလားပဲ။ ကီရာနိုက်တလေရဲ့ ချစ်မက်ဖွယ်ရာ၊ သနားကြင်နာစရာ အပြောင်မြောက်ဆုံး သရုပ်ဆောင်မှုတွေ ခံစားနိုင်မှာပါ။ ထူးခြားတဲ့ Anna Karenina ရုပ်ရှင်နောက်ထပ်တစ်ကားအဖြစ်လည်း ရုပ်ရှင်ကြည့် ပရိတ်သတ်တွေနှစ်သက်စွာ စောင့်မျှော်ကြည့်ရှုကြဦးမှာပါပဲ။
Killing Them Softly
Crime / Drama / Thriller
ပြသချိန်- ၉၇ မိနစ်
The Weinstein Company
ဒါရိုက်တာ - Andrew Dominik
ထုတ်လုပ်သူ - Brad Pitt,Dede Gardner,Steve Schwartz,Paula Mae Schwartz,Anthony Katagas
ဇာတ်ညွှန်း - Andrew Dominik
သရုပ်ဆောင်များ - Brad Pitt, Ray Liotta, Richard Jenkins, Scoot McNairy
ရာဇ၀တ်ပြစ်မှုဝတ္ထုမျိုးတွေနဲ့ နာမည်ကျော်ကြားတဲ့ အမေရိကန်စာရေးဆရာကြီး George V. Higgins ရဲ့ ၁၉၇၄ လောက်က ၀တ္ထု Cogan’s Trade ကို နယူးအော်လိန်းမှာ တည်ပြီးရိုက်ကူးထားပါတယ်။ ၂၀၁၂ ကိန်းရုပ်ရှင်ပွဲမှာ အစမ်းပြသခဲ့တော့ ဘရက်ပစ်ရဲ့ အပစ်အခတ်တွေနဲ့ ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်ပုံတွေကို ပရိတ်သတ်တွေက အားရကျေနပ်ခဲ့ကြသတဲ့။ လုံခြုံရေးအတွက် အမြင့်ဆုံးကြိုတင်ကာကွယ်ထားတဲ့ ဒိတ်ဒိတ်ကြဲ ပိုကာကစားပွဲတစ်ခုမှာ လုယက်တိုက်ခိုက်မှုကြီးဖြစ်ပွားခဲ့တယ်။ အဲဒီဖရိုဖရဲဖြစ်ပျက်ခဲ့တဲ့လုယက်မှုထဲ ဘယ်သူက အဓိက တရားခံလည်းဆိုတာ သေသေကြေကြေစုံစမ်းထောက်လှမ်းမယ့် သေနတ်သမားတစ်ဦးက ဂျက်ကီကိုဂန်(Brat Pitt) ပေါ့။ လူနှစ်ယောက်ထဲနဲ့ ဒီပွဲကို ကစားသွားခဲ့တာ။ သွေးအေးသေနတ်သမား ကိုဂန်က ပြောတယ်။ စကားလုံးတွေ တစ်လုံးပြီးတစ်လုံးပေါ့။ “ငါ မင်းဆီက အမိန့်အာဏာကို လက်မခံနိုင်ဘူး။ အမေရိကဟာ နိုင်ငံတစ်ခုမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းတစ်ခုပဲကွ”“ငါက အမေရိကမှာ နေတာလေ၊ အမေရိကမှာ မင်းကိုယ်တိုင် မင်းအပိုင်ပဲ” လို့လည်းပြောရဲ့။ “မင်း ဘယ်သူ့ကိုမဆို အမြဲသတ်ဖြတ်နေကြပဲလား” တစ်စုံတစ်ယောက်ကို သာမန်ကာလျှံကာမေးတယ်။ မေးလည်းမေးတယ်၊ ပြောလည်းပြောနေတာပဲ။ ပြီးတော့ သတ်ပစ်လိုက်တော့တယ်။ “သူတို့ ငိုယိုတယ်။ သူတို့ မိခင်တွေအတွက် အသနားခံတောင်းပန်ကြပြန်တယ်။ ငါ သူတို့ကို နူးညံ့စွာ .. အသာအယာလေးပဲ။ ပစ်သတ်လိုက်ရတာ ကြိုက်တယ်။ ခပ်ဝေးဝေးကနေပေါ့”  တဲ့။
Silent Night
Horror 
ပြသချိန်- ၉၄ မိနစ်
Anchor Bay Films
ဒါရိုက်တာ - Steven C. Miller
ထုတ်လုပ်သူ - Shara Kay, Phyllis Laing, Richard Saperstein, Brian Witten
ဇာတ်ညွှန်း - Jayson Rothwell
သရုပ်ဆောင်များ - Denzel Malcolm McDowell, Jaime King, Donal Logue, Ellen Wong
မြို့လေးတစ်မြို့က လုံခြုံရေးလက်ထောက်အရာရှိတစ်ဦးဟာ စန်တာကလော့စ်အသွင်သဏ္ဍာန်နဲ့ လူသတ်ချင်နေတဲ့အန္တရယ်ကောင်ကို အမဲလိုက်သလို သတိကြီးကြီးထားပြီး ရှာဖွေနေတယ်။ အဲဒီစန်တာကလောစ့်က ခရစ်စမတ်ညနေခင်းမှာပေါ့။ မြို့ငယ်လေးက လူတွေကို အကြောက်ကြီးကြောက်၊ အလန့်ကြီးလန့်နေရအောင် ကြမ်းရမ်းနေခဲ့တာကိုး။ ခရစ်စမတ်စန်တာတွေက ပွဲတော်ညနေခင်းမှာ လမ်းပေါ်မှာပြည့်နှက်နေတယ်။ လူသတ်သမားဟာ စန်တာကလောစ့်တွေထဲ ရောနှောနေလိုက်တယ်။ သူ သတ်ဖြတ်ရမယ့်လူတွေရဲ့ စာရင်းကို ချရေးနေတယ်။ နှစ်ကြိမ်ပြန်ပြီး စစ်တယ်။ ဘုရားကျောင်းမှာ Slilent Night သီချင်းကို သီကြွေးနေကြပြီ။ “Silent Night .. Holy Night … တိတ်ဆိတ်တဲ့ည၊ သန့်စင်မွန်မြတ်လှတဲ့ ညပါ။ အားလုံးဟာ ငြိမ်းအေးလို့၊ အားလုံးဟာ တောက်ပလို့ …” ။ ဒေါက် … ဒေါက် … ဒေါက် … တံခါးခေါက်သံနဲ့ အတူ ခေါင်းလောင်းလေးတွေလှုပ်ခါသံ ချိုလွင်စွာကြားလိုက်ရတယ်။ တံခါးဖွင့်ပေးတဲ့မိန်းမငယ်လေးရဲ့ ပထမမျက်နှာအမူအရာက ပျော်ရွှင်မှုတွေနဲ့ ပီဘိကလေးငယ်လိုပဲ။ မိန်းကလေးရဲ့ ဒုတိယမျက်နှာမှာတော့ မယုံနိုင်ခြင်းများစွာနဲ့ ထိတ်လန့်တုန်လှုပ်လို့သွားတယ်။ အားကုန် အော်ဟစ်လိုက်ပေမယ့် မိန်းကလေးနောက်ကျသွားခဲ့ပါပြီ။ စန်တာကလောစ့်လာခဲ့ပြီ။ မြို့ငယ်လေးက လူတွေအတွက် အဲဒီစန်တာကလောစ့်က ဘာတွေများ ယူဆောင်လာခဲ့ပါသလဲ။ တိတ်ဆိတ် အေးချမ်းတဲ့ ခရစ်စမတ်တစ်ညနေခင်းမှာပေါ့။
မဉ္ဇူရီ
Living Fashion Magazine,
December, 2012
Thursday, November 8, 2012
အချိန် ငွေကြေး အသက်ဘဝ
(စုမီအောင် ရဲ့ စာ)
အိပ်ရာကနိုးသည်နှင့် နာရီကို တကြည့်ကြည့်၊ အလုပ်သွားရန်ပြင်ဆင်၊ သုတ်သုတ်သွား သုတ်သုတ်လာနှင့် အချိန်ရှားပါးသည့်ကာလမှာ ၀ီလ်ဆလပ်စ်နေထိုင်ရာ Time Out Zone (အချိန်မဲ့ဇုန်)ထဲ ကျွန်မရောက်ခဲ့ရတော့ ခေါင်းနားပန်းကြီးထွက်သွားသည်။ ၀ီလ်ဆလပ်စ်မိသားစုအပါအ၀င် Time Out Zone ထဲမှာ နေထိုင်သူ လူသားအားလုံးတို့အတွက် အချိန်သည် ငွေကြေးနှင့်ထပ်တူကျသလို အချိန်သည် ဘ၀လည်းဖြစ်သည်တဲ့။ ကျွန်မတို့ ယခု လက်ရှိနေထိုင်ကြသလို ဘုရားသခင်က တစ်နေ့မှာ ၂၄နာရီအပြည့်အ၀ ပေးထားတာမျိုးမဟုတ်။ ကျွန်မတို့အတွက် အချိန်ကို အလိုအလျောက် ရရှိနေသော်လည်း သူတို့မှာ အဲသည်အချိန်ကိုပဲ အာသာငမ်းငမ်းရှာဖွေကာ ခြိုးခြံချွေတာ သုံးစွဲနေရသည်။ အိပ်ရာကနိုးထသည်နှင့် လက်ပေါ်က တရွေ့ရွေ့ပြေးနေသည့် စက္ကန့်၊ မိနစ်၊ နာရီတွေကိုအထိတ်တလန့်စိုက်ကြည့်ကာ ကုန်ဆုံးသွားတော့မည့်အချိန်အတွက် ပြေးလွှားလှုပ်ရှား ရုန်းကန်နေရသည်။ ကျွန်မတို့မှာက အချိန်တွေကုန်သွားလည်း အသက်ဘ၀က မကုန်ဆုံးခဲ့၊ ရှိမြဲရှိဆဲ။ သူတို့မှာက လက်ပေါ်က အချိန်အမှတ် အသားဖြစ်သည့် ဂဏန်းဆယ့်သုံးလုံးတို့ အားလုံးတစ်ချိန်တည်း သုံည ဖြစ်သွားချိန်မှာ ဘ၀သက်တမ်းလည်း ကုန်ဆုံးပြီ။ သည်တော့ အသက်ရှင်ရဖို့ အချိန်ကို နည်းလမ်းမျိုးစုံနှင့် ရှာဖွေဖြည့်ဆီးနေရသည်။ အချိန်ကို အပိုင်မရနိုင်ဘဲ ချေးငှားသုံးစွဲလျက် အသက်ဆက်နေရသူများလည်း ရှိသည်။ ဘ၀က သူတို့အတွက် ဈေးကြီးလွန်းလှပါရဲ့။ ကျွန်မတို့သာ `အချိန်´ဆိုသည့်အရာကို အခမဲ့ရနေတာမျိုးမဟုတ်ဘဲ သူတို့လို ရှာဖွေ-သုံးစွဲ-ကုန်ဆုံး၊ ပြန်ရှာဖွေ-ပြန်ဖြည့်-ပြန်သုံးစွဲ-ပြန်လည်ကုန်ဆုံး ..နှင့် အဲသည်လို အချိန်သံသရာထဲမှာ ရုန်းကန်နေထိုင်ရမည်ဆိုလျှင်…….
ကျွန်မတို့ အခုလို အချိန်ကို ဖြုန်းတီးရက် ပါတော့မလား….
Xxxxx
            ရပ်ကွက်ထဲက ကလေးမလေးတစ်ယောက်က `အချိန်တစ်မိနစ်လောက်ပေးပါ´လာတောင်းခံသည်။ `မင်းမှာတစ်နှစ်ရှိတာ ငါသိတယ်´ ဆိုတော့ `အဲဒါအခွန်ဆောင်ဖို့ သီးသန့်စုထာတာ၊ သုံးပစ်လို့မဖြစ်လို့ပါ၊ လုပ်ပါ´တဲ့။ `ကဲ ရော့ ငါးမိနစ်ယူ´၊ ကလေးမလေးရဲ့ အချိန်စုဆောင်းကိရိယာထဲ ဖြည့်ပေးလိုက်သည်၊ ပျော်ရွှင်စွာပြေးခုန်ထွက်သွားသည့် ကလေးမလေးကို ကြည့်ကာ ၀ီလ်ကျေနပ် သွားသည်။ အချိန်ကို အာသာငမ်းငမ်းရှာဖွေ နေရပေမဲ့ သူတစ်ပါးရဲ့လိုအပ်ချက်ကို ဖြည့်ဆီးပေးဖို့ နဲ့ သူတစ်ပါးကို ပျော်ရွှင်အောင်လုပ်ပေးဖို့ ၀ီလ် မမေ့ပါ။ ဘ၀က ထင်မှတ်ထားတာထက် တစ်နေ့တခြား ဈေးကြီးလာသည်။ မနေ့ကပင် ကော်ဖီတစ်ခွက် `သုံးမိနစ်´၊ ဒီနေ့`လေးမိနစ်´တဲ့။ မတတ်နိုင်၊ အစာအိမ်အတွက် သောက်ဖို့လို တော့လည်း မဖြစ်မနေသောက်ရသည်။
            ဘီယာနှင့်ဝိုင် ကလပ်ဘ် တစ်ခုမှာ ၀ီလ်ရောက်နေပေမဲ့ ဈေးကြီးတဲ့ဘီယာသောက်ဖို့လာတာမဟုတ်၊ လက်လှဲအားစမ်းသည့် လောင်းကစားနှင့် အချိန်ကိုလာဖြည့်ခြင်းသာ။  လူစိမ်းတစ်ယောက်ကို ညွှန်ပြရင်း သူငယ်ချင်း ဘိုရယ်က ခပ်တိုးတိုးပြောသည်။
`အဲဒီလူရဲ့လက်မှာ အချိန်တွေ ရာစုနှစ်နဲ့ချီပြီးရှိတယ်ကွ´။ ၀ီလ်အံ့သြသွားသည်။ လက်ပေါ်က ချမ်းသာသမျှအချိန်တွေကို လူအများမြင်သာ အောင် ပြထားခြင်းမှာ အန္တရာယ်ကြီးလှသည်ကို ဒီလူမသိရော့သလား။ ဒီအချိန်မဲ့ဇုန်က လူဆင်းရဲတွေက တရားမျှတမှုရှိမရှိနားမလည်၊ အချိန်ကို ရသည့်နည်းနှင့်  ယူတတ်သည်။ လူစိမ်းအနားကပ်ကာ ၀ီလ်သတိပေးပေမဲ့ ဒီလူက မှုပုံမရ။ ထင်သည့်အတိုင်း၊ အချိန်ကို ခိုးဆိုးလုယက်ယူသည့် လူမိုက်တွေရောက်လာပြီ။ `ကိုယ်နဲ့မဆိုင်တဲ့ကိစ္စထားလိုက်´လို့ ဘိုရယ်သတိပေးတဲ့ကြားက လူစိမ်းကို လူမိုက်တွေလက်ကနေ ကယ်ထုတ်ပေးခဲ့သည်။
လုံခြုံစိတ်ချရသည့်အဆောက်အဦဟောင်းတစ်ခုထဲမှာ မျက်နှာချင်းဆိုင်ထိုင်မိကြသည်။ လူစိမ်းက`ငါ့အသက်က ၁၀၅နှစ်´တဲ့။ ၀ီလ်အသက်က ခုမှ ၂၅နှစ်။ ၀ီလ် မအံ့သြပါ။ အချိန်မဲ့ဇုန်ဖြစ်စေ၊ အချိန်ဇုန်ဖြစ်စေ သူတို့မှာ အိုမင်းရင့်ရော်ခြင်းမရှိကြ။
“ခင်ဗျားအသက်ရှည်လွန်းလို့ စိတ်ညစ်နေတာလား၊ ခင်ဗျားက အသက်ရှည်ကျန်နေပြီး ခင်ဗျားသိသမျှလူတွေအားလုံးသေကုန်ကြလို့ စိတ်ညစ်နေတာလား”
“ဟုတ်တယ် လူတိုင်းသာ ထာဝရအသက်ရှင်မယ်ဆိုရင် သူတို့ဘယ်နေရာမှာ သွားနေကြမလဲ၊ အချိန်ဇုန်တွေ ခွဲထားတာဘာကြောင့်လို့ မင်းထင်လဲ၊ ကုန်ဈေးနှုန်းတွေ အခွန်တွေနေ့ချင်းညချင်းတက်နေတာ ဘာကြောင့်လို့ မင်းထင်လဲ၊ နေထိုင်မှုစရိတ်က ကြီးသထက်ကြီးလာတယ်။ စရိတ်ကြီးတော့ လူတွေမလိုက်နိုင်တော့ဘူး၊ ထပ်မဖြည့်ဆီးနိုင်တော့ဘူး။ ဒါမှ လူတွေသေကြမှာ လူဟာ သေဖို့လိုတယ်”
လူစိမ်းပုံစံက မခိုးမခန့်၊ ဒီလောက်ချမ်းသာနေတဲ့သူက ဘ၀ကို သရော်နေသလို ၀ီ့လ်စိတ်ထဲ တစ်မျိုးတစ်မည်ခံစားလိုက်ရသည်။
“မင်းလက်ပေါ်မှာ အချိန်တွေ ငါ့မှာရှိသလောက်များ ရှိနေရင် မင်းဘာလုပ်မလဲ ပြောပါဦး”
မဖြစ်နိုင်တာ၊ ၀ီလ် ရိုးရိုးလေးပဲ ဖြေလိုက်သည်။
“ကောင်းသားပဲ မနက်မိုးလင်းတိုင်း တထိတ်ထိတ်နဲ့ လက်ကို စိုက်စိုက်ကြည့်နေစရာမလိုတော့ဘူးပေါ့၊ သေချာတာက ဖြုန်းတော့ဖြုန်း မပစ်ဘူး”
လူစိမ်းတိုက်သည့် အကောင်းစားအရက်ကို သောက်ပြီး ၀ီလ်အိပ်ပျော်သွားသည်။ မိုးလင်းလာတော့ ပြုမြဲအကျင့်အတိုင်း လက်ကို ပြူးခနဲစိုက်ကြည့်မိချိန်မှာ ၀ီလ် အံ့သြမကုန်နိုင်ဖြစ်ရသည်။ လက်ပေါ်မှာ အချိန်တွေက မယုံနိုင်စရာ များပြားလှချည့်။ လူစိမ်းက သူပိုင်ဆိုင်သမျှ အချိန်တွေအားလုံး ၀ီ့လ်ကို လွှဲပြောင်းပေးခဲ့ကာ ထွက်သွားခဲ့ပြီ။ ပြတင်းကနေ ဟိုဟိုသည်သည်ကြည့်တော့ ဖုန်တက်နေသည့်မှန်ချပ်ပေါ်မှာ လက်နှင့် ရေးထားခဲ့သည့် စာတန်းတစ်ခု။ လူစိမ်း ရေးခြစ်သွားတာဖြစ်နိုင်သည်။
“ငါ့အချိန်တွေကို ဖြုန်းမပစ်ပါနဲ့”တဲ့။
ဖြစ်နိုင်ချေရှိသည့်နေရာသို့ အပြေးအလွှားလိုက်ကြည့်တော့ မမီတော့။ တံတားအောက်ခြေမှာ ကားခနဲ ကျသေနေသည့်လူစိမ်း၏အလောင်း ကိုမြင်လိုက်ရသည်။ ၀ီလ်ယူကျုံးမရဖြစ်သွားသည်။ ငါသာအိပ်မပျော်ခဲ့ရင် ဒီလူသေမှာမဟုတ်။ သက်ပြင်းချကာ လက်ခံလိုက်ရသည်။ ခက်တာက အချိန်မဲ့ဇုန် ထဲက လူအားလုံးကတော့ ၀ီလ်က ဒီလူစိမ်းကို သတ်ပြီး အချိန်တွေကို ခိုးယူခဲ့သည်လို့ တစ်ထစ်ချယုံသွားနိုင်သည်။ မတတ်နိုင်တော့။ အမှန်တရားကို ဘုရားသခင်သိသည်။ `ငါ့အချိန်တွေကို ဖြုန်းမပစ်နဲ့´ဆိုသည့် လူစိမ်း၏အမှာစကားအတိုင်း သူလွှဲပြောင်းပေးခဲ့သည့် အချိန်တွေကို အကျိုးရှိရှိ အသုံးချလိုက်ဖို့ပဲ ရှိတော့သည်။
အရင်ဆုံး ဘိုရယ်ဆီသွားသည်။ ဘိုရယ့်မိန်းမ ဂရီတာက မွေးကင်းစ ကလေးငယ်နှင့်။ ဘိုရယ့်ကို အမှန်အတိုင်းပြောပြလိုက်သည်။
“မင်းနဲ့ငါ ပေါင်းလာတာဘယ်နှနှစ်ရှိပြီလဲ”ဘိုရယ့်ကိုမေးတော့ “ဆယ်နှစ်”တဲ့။ ကောင်းပြီ။ ဘိုရယ့်လက်ကို ဆွဲယူဆုပ်ကာ အချိန်ဆယ်နှစ်ခွဲဝေ ပေးလိုက်သည်။
“အမေ့ကိုလည်း နယူးဂရင်းဝစ်ခ်ျကို ခေါ်သွားလို့ရပြီ”
အမေသိရင် သိပ်ပျော်မှာပဲ အမေကြိုက်သည့် ပန်းစည်းလက်ဆောင်ကို ကိုင်ကာ ၀ီလ် ကားဂိတ်မှာ အမေပြန်အလာကို စောင့်ကြိုနေ လိုက်သည်။ ခါတိုင်းထက်နောက်ကျနေတော့ စိတ်ထဲသံသယဖြစ်ကာ ပန်းစည်းကိုလွှတ်ချကာ အမေပြန်လာမည့်လမ်းအတိုင်း ပြေးသွားသည်။ နားထဲမှာ အမေ့ခြေသံကြားသည်။ လမ်းဆုံတစ်ခုမှာ အမေ့ကို ရေးရေးမြင်သည်။ ၀ီလ် ဘုရားတမိသည်၊ အမေ့မှာ အချိန်သိပ်နည်းနေပြီပဲ။ အရှိန်ကို ပိုမြင့်ကာ အမေ့ဆီ အပြေးသွားပေမဲ့ လက်တကမ်းအလိုမှာပဲ အမေက အချိန်ကုန်ဆုံးကာ သူ့လက်ထဲ အရုပ်ကြိုးပြတ် ပြုတ်ကျလာသည်။ အချိန်တွေ များများစားစားပိုင်ဆိုင်လေကာမှ အမေ သေရတယ်လို့။ အပြန်လမ်းမှာ မနေ့ကထက် ပိုဈေးကြီးနေသည့် ကားခနှုန်းထားတွေကြောင့် အမေ ကားမစီးနိုင်တော့ဘဲ အိမ်ကို ပြေးလွှားပြန်ခဲ့ရတာဖြစ်မှာပေါ့၊ တစ်နေ့တခြား ဈေးကြီးလာသည့် ဘ၀က အမေ့ကိုသတ်ပစ်ခဲ့တာ။ သက်မဲ့အမေ့ခန္ဓာကို ပွေ့ဖက်ကာ ၀ီလ် ငိုကြွေးမဆုံးတော့ပါ။
xxxxxxx
ပိုင်ဆိုင်မှုအသစ်၊ ဘ၀အသစ်နှင့် နယူးဂရင်ဝစ်ခ်ျကို ၀ီလ်ရောက်ခဲ့ပြီ။ Time Zone (အချိန်ဇုန်)ထဲမှာ ရှိသည့် နယူးဂရင်းဝစ်ခ်ျမြို့တော်ကို လူတိုင်းမက်မောသည်။ အချိန်ချမ်းသာကြွယ်ဝသည့် လူချမ်းသာတွေ နေထိုင်ကြသည်။ အမေ့ကို ဒီနေရာကို ပို့ချင်လှပေမဲ့ အမေမရှိတော့ အမေ့ ကိုယ်စား ဒီနေရာကနေ ရသမျှ အရာတွေ ပြန်ယူရမည်။ ရောက်ရောက်ချင်း ၀ီလ်မနေတတ်။ အချိန်များများစားစား ပိုင်ဆိုင်ကြွယ်ဝကြသည့် လူချမ်းသာ တွေပီပီ ဟန်ပန်တစ်ခွဲသားနှင့် ဖြည်းဖြည်းသက်သာ သွားလာနေကြသည့်လူတွေကြားထဲ သုတ်သုတ်ပျာပျာပြေးလွှားနေသည့် ၀ီ့လ်ပုံစံက ဒီနေရာကလူ မဟုတ်မှန်း သိသာထင်ရှားနေသည်။ ခပ်များများပိုင်ဆိုင်ထားသည့် လက်ကအချိန်တွေကို မေ့ကာ ဘ၀ဟောင်းကအတိုင်း စားသုတ်သုတ် သွားသုတ် သုတ် ဖြစ်နေလို့ ကိုယ်ရှိန်သတ်ရသေးသည်။ ဆိုင်လ်ဗီးယား၏ဖခင်က ၀ီ့လ်ကို ပါတီပွဲခေါ်ဖိတ်ခဲ့ရာက ၀ီလ်နှင့် ဆိုင်လ်ဗီးယားတို့ သိကျွမ်းသွားသည်။ “ကျွန်မနဲ့အတူ`က`ပါလား”လို့ မိန်းကလေးက ဖိတ်ခေါ်သည်။ ဆိုင်လ်ဗီးယားက ၀ီ့လ်ကို အချိန်ကြွယ်ဝသူလို့ထင်နေရှာသည်။ `ရှင့်မှာ မွေးကတည်းက အချိန်တွေအများကြီးပါလာတာလား´တဲ့။ `သံသယဖြစ်နေတာလား´လို့ ၀ီလ်မေးတော့`ဟုတ်တယ်၊ ရှင်ပြေးနေတာမြင်ဖူးတယ်၊ အချိန်ရှားပါးတဲ့ ဆင်းရဲသား တစ်ယောက်လိုပဲ၊ ရှင့်လုပ်ရပ်တွေက မြန်နေတယ်၊ ရှင်က ဒီအချိန်ဇုန်က မဟုတ်ဘူးထင်တယ်’တဲ့။ ၀ီလ်မဖြေရှင်းတော့။ `ငါနဲ့လိုက်ခဲ့´ဆို ကာ ပါတီပွဲနောက်ဘက် ကိုခေါ်သွားသည်။ မီးရောင်လက်လက်အောက်မှာ ကြည်လဲ့နေသည့်ရေပြင်။ အ၀တ်တွေချွတ်ကာ ၀ီလ်ရေထဲ ဆင်းကူးသည်။ `လာခဲ့လေ၊ တစ်ခါတလေ ရူးရူးနှမ်းနှမ်းလေးတွေ လုပ်ကြည့်ရတယ်´လို့မြှောက်ပေးတော့ ဆိုင်လ်ဗီးယားကပါ ရေထဲဆင်းလာသည်။ အနီးကပ်ဆုံးအနေ အထားမှာ ဆိုင်လ်ဗီးယားက `ရှင့်ကို ကျွန်မကောင်းကောင်းမသိဘူး´တဲ့။ `သိအောင်လုပ်လို့ရတယ်လေ´၀ီလ်ပြောလိုက်သည်။ ဆိုင်လ်ဗီးယား၏ကိုယ်ရံ တော်နှစ်ယောက် လိုက်ရှာနေပြီ၊ ဆိုင်လ်ဗီးယား ပြန်ပြေးတက်သွားသည်။ ခပ်တည်တည်နှင့်ပါတီပွဲကျင်းပရာ ခန်းမဆောင်သို့ ၀ီလ်ပြန်ရောက်လျှင် ဆိုင်လ်ဗီးယားအဖေက `ငါ့သမီးရော´တဲ့။ အချိန်မီလေး ဆိုင်လ်ဗီးယားရောက်လာသည်။ဆံနွယ်တွေက ရေမခြောက်သေး။
ဝီ့လ်ကို လိုက်ရှာနေသည့် အချိန်ထိန်းချုပ်သူ ရေမွန်နှင့်သူ့အပေါင်းအပါတစ်စု ပါတီခန်းမထဲ ၀င်လာသည်။ ဟင်နရီဟာလ်မီတန် ကို သတ်ပြီး အချိန်ခိုးယူသည့်အမှုနှင့် ၀ီ့လ်ကို ဖမ်းချုပ်သည်။ တရားမျှတမှုရှိမရှိ ဂရုမစိုက်ဘဲ ၀ီ့လ်အချိန်တွေကို ၂နာရီပဲချန်ကာ ရေမွန်အကုန်ယူသွားပြီ။ ပြောလိုက်သေးသည်။ `မသမာသူတွေလက်ထဲ ရောက်နေတဲ့ အချိန်တွေကို ပြန်ထိန်းသိမ်းရတာ´တဲ့။ ဟင်နရီဟာလ်မီတန်က သူအိပ်ပျော်နေချိန်မှာ အချိန်လွှဲပြောင်းပေးခဲ့ပြီး သူ့ဘာသာသူသွားကြောင်း ဘယ်လိုပြောပြော သူတို့မယုံ။ `ဒီလောက်အချိန်ကြွယ်ဝသူက ကိုယ့်ကိုယ်ကိုယ်သေအောင်လုပ်ပါ့ မလား´တဲ့။ ၀ီလ် ရုတ်တရက်လှုပ်ရှားလိုက်သည်။ ရုန်းရင်းဆန်ခတ်အခြေအနေဖန်တီးလိုက်ကာ ဆိုင်လ်ဗီးယားကို ဓားစာခံလုပ်ပြီး ကားပေါ်တင် လျက် အချိန်မဲ့ဇုန်သို့ ပြန်ထွက်ပြေးခဲ့သည်။ လမ်းမှာ အချိန်နည်းနည်းဝေမျှပေးဖို့ပြောတော့ ဆိုင်လ်ဗီးယားကလက်မခံ။ တစ်နေရာမှာ ကားက ဆူးညောင့် 0ထောင်ချောက်နင်းမိကာ လမ်းဘေးထိုးကျသွားသည်။ နှစ်ယောက်လုံး သတိရလာချိန်မှာ လက်ပေါ်ကအချိန်က နည်းလွန်းနေပြီကို သူတို့မြင်လိုက်ရ သည်။ အချိန်တွေပြန်ဖြည့်ဖို့ တစ်ခုခုလုပ်ရတော့မည်။ ဘိုရယ့်ဆီ အကူအညီရလိုရငြား ပြေးသွားတော့ ဘိုရယ်သေပြီတဲ့။ အချိန်ဆယ်နှစ်ပေးခဲ့တာကို အကျိုးရှိရှိအသုံးမချဘဲ အရက် ကိုးနှစ်ဖိုးသောက်ကာ ဘိုရယ်သေသွားတာ လို့ ဂရီတာက ပြောပြသည်။  ဆိုင်လ်ဗီးယား၏စိန်နားကပ်ကို သွားရောင်းတော့လည်း ဈေးနှိမ်သည်။ ဒီလောက်တန်ဖိုးကြီးစိန်တွေကို အချိန် နှစ်ရက်ပဲ ပေးသည်။ မတတ်နိုင်၊ ရသလောက်နှင့် လဲလှယ်ရတော့သည်။
မြို့တော်တစ်ခုလုံး WEIS Timelenders ဆိုသည့် ဆိုင်းဘုတ်တွေတွေ့တော့ `တစ်မြို့လုံး မင်းနာမည်တွေချည်းပါပဲလား´လို့ ၀ီလ်ကပြော သည်။ ဆိုင်လ်ဗီးယားက ခေါင်းယမ်းကာ`အဖေ့နာမည်ပါ´တဲ့။
“တော်တော်ကြွယ်ဝချမ်းသာတဲ့လူပဲ၊ မင်းအဖေ ဘယ်လောက်တန်ဖိုးရှိလဲ ပြောကြည့်ပါဦး”     
“ထာဝရပဲ”
ဝီလ်အကြံရသွားသည်။ ပါတီပွဲမှာတုန်းကတော့ ရေမွန်တို့လက်ကလွတ်ရင်ပြီးရောသဘောနှင့် ဆိုင်လ်ဗီးယားကို ဓားစာခံလုပ် ထွက်ပြေးခဲ့ တာ။ အခုမှ တကယ့် ချက်ကောင်းကို ကိုင်လို့ရပြီပဲ။ `ဟုတ်ပြီ၊ သူ့ဆီဖုန်းဆက်ပြီး မင့်ကို လာရွေးခိုင်းရမယ်´ပြောတော့ ဆိုင်လ်ဗီးယားက ၀ီ့လ်ကို မုန်းတီးစွာကြည့်လျက် `ရှင်အရှက်မရှိတဲ့လူ´တဲ့။ ဆိုင်လ်ဗီးယားအဖေက တိုက်ရိုက်ဖုန်းမပြော။ အချိန်ထိန်းသူကတစ်ဆင့် ပြောသည်။
“ဘယ်လောက် လိုချင်တာလဲ”
“နှစ်တစ်ထောင်”
များလှချည့်လို့ ဆိုင်လ်ဗီးယားအဖေက မျက်မှောင်ကြုတ်တော့ အမေက `အဲဒါ သမီးလေးအတွက်လေ´လို့ ၀င်ပြောသည်။ မစ္စတာ Weis ပဲ၊ သိပ်သိတာပေါ့။ `မဟုတ်ဘူး၊ အဲဒါ သူတို့နှစ်ယောက်လုံးအတွက် ဖြစ်မှာ၊ ငါသိတာပေါ့´။ ၀ီလ်နှင့် သမီးဖြစ်သူ ဆိုင်လ်ဗီးယား ပူးပေါင်းကြံစည်တာ လို့ မစ္စတာ Weis ကကောက်ချက်ချသည်။ ဟုတ်လည်းဟုတ်သည်။ တော်ဝင်အမျိုးအနွယ်လို ဟန်ပန်တစ်ခွဲသားနှင့် အမြဲနေထိုင်ခဲ့သူ ဆိုင်လ်ဗီးယားခမျာ ၀ီလ်နှင့်အတူ ပေပေတေတေစရိုက်သဘာဝတွေကြား ကျင်လည်ရင်း တစ်နေ့စာတစ်နေ့ ရုန်းကန်ဖြတ်သန်းနေရသည့် အချိန်မဲ့ဇုန်ထဲက လူသားတွေ အပေါ် စာနာနားလည်ရကောင်းမှန်းသိခဲ့ပြီ။ မိမိလက်ထဲရှိသမျှအချိန်လေးကို သူတစ်ပါးအတွက် ခွဲဝေပေးဖို့အမြဲအသင့် ရှိနေတတ်သည့် ၀ီ့လ် စိတ်နှလုံးကို လေးစားရာက မေတ္တာသက်ဝင်သွားခဲ့ပြီ။ ၀ီ့လ်ဘ၀ကို စူးစမ်းလေ့လာသည်။
“ရှင့်အဖေက လက်လှဲအားပြိုင်တဲ့လောင်းကစားလုပ်ရင်း သေသွားတာလားဟင်”
“အသတ်ခံရတာလို့ ငါတော့ထင်တာပဲ၊ သူနိုင်ခဲ့တဲ့ အချိန်တွေကို ပြန်ဖြန့်ဝေပေးမိလိုက်လို့၊ သူက အဲဒီလူတွေကို လက်ပေါ်ကအချိန်သာ မက၊ မျှော်လင့်ချက်ကိုပါ ပေးခဲ့တာ၊ ငါအချိန်ပြတ်ပြီး လဲပြိုမလို ဖြစ်ဖူးတယ်၊ အချိန်က တစ်ပတ်ပဲ ရှိပြီး အကြွေးတွေက ပတ်လည်ဝိုင်းနေတာ၊ အဲဒီကစပြီး တစ်နေ့လုပ် တစ်နေ့စား ရှင်သန်လာခဲ့တာ”
“ကျွန်မကြီးပြင်းလာတဲ့ဘ၀က ဒီလိုမဟုတ်ဘူး” အားနာဟန်ဖြင့်ကြည့်ကာ ဆိုင်လ်ဗီးယားပြောသည်။
“အင်း…မွေးကတည်းက အဆင်သင့်ပါလာတဲ့အရာတွေအတွက် မင်းမှာ အပြစ်မရှိပါဘူး”
ဝီ့လ်အိမ်ခန်းကျဉ်းလေးထဲကနေ ဆိုင်လ်ဗီးယားအပြင်ကိုလှမ်းကြည့်နေသည်။ အပြင်မှာ အဖေ့ရဲ့နာမည်နဲ့ အဆောက်အဦ၊ LEIS Timelenders ။ အချိန်ပိုင်မရှိသူ အချိန်မဲ့ဇုန်ထဲက လူဆင်းရဲတွေက အဖေ့ဆီကနေ အချိန်ကို အတိုးနှင့်ချေးငှားကာ အသက်ဆက်နေကြရသည်ပဲ။ ဘ၀တစ်လျှောက်လုံး အချိန်ဇုန် အပျံစားမြို့တော်မှာ နေထိုင်ခဲ့သည့် ဆိုင်လ်ဗီးယားခမျာ အချိန်မဲ့ဇုန်ထဲက လူဆင်းရဲတွေကို တစ်ခါမှ မမြင်ဖူးခဲ့။ လောကမှာ ဒီလို လူဆင်းရဲတွေ ရှိမှန်း သိတောင် မသိရှာခဲ့။ ဆိုးတာက ဒီလူတွေအားလုံး အဖေ့ဆီကနေ အချိန်တွေ ငှားရမ်းသုံးစွဲ ရှင်သန်နေရခြင်းပါပဲ။
“ဟိုမှာ Timelenders ဖွင့်တော့မယ်၊ မင်းအဖေ ဘယ်လောက် ရက်ရောတယ်ဆိုတာ ကြည့်ရအောင်လား”
မျှော်လင့်ခြင်းတို့ကို ထမ်းပိုးကာ စောင့်ဆိုင်းနေသည့် လူတန်းရှည်ကြီး ကို ဆိုင်လ်ဗီးယား မမှိတ်မသုန်ကြည့်သည်။ လူတွေက အဲဒီနေရာကနေ ပျော်ရွှင်ဟန်နှင့် ပြန်သွားသူမရှိ၊ တစ်ယောက်ပြီး တစ်ယောက် ခေါင်းငိုက်စိုက်ချကာ လှည့်ပြန်သွားသည်ကို မြင်နေရတာ စိတ်မချမ်းသာစရာ။ တစ်နေ့တခြာ အတိုးက များများလာသည့်အတွက် ချေးငှားဖို့တောင် မတတ်နိုင်ကြတော့သည့် လူတွေကို မျက်ဝါးထင်ထင်မြင်နေရပြီ။ ခုတော့ ဆိုင်လ်ဗီးယား သဘောပေါက်သွားပြီ။ အချိန်မဲ့ဇုန်ထဲကလူတွေအပေါ် အတိုးနှုန်းများများတောင်းယူ၊ အချိန်နည်းရာကနေ နောက်ဆုံး အချိန်မဲ့ပြီး မြန်မြန်သေအောင် အဖေလုပ်နေတာပါလား၊ သူတို့ဆီက လွန်လွန်ကျူးကျူးကောက်ခံထားတဲ့ အချိန်တွေနဲ့ ငါအပါအ၀င် အဖေ့မိသားစုတွေ ကြွယ်ဝချမ်း သာနေခဲ့တာပေါ့။ ရင်ထဲ ဆို့နင့်လာသည်။ ၀ီလ်က ဆိုင်လ်ဗီးယားလက်ထဲ သေနတ်တစ်လက် ၀ှက်ထည့်ပေးကာ `မင်းပြန်ဖို့အကောင်းဆုံးအချိန်ပဲ၊ လူတွေကြားထဲကနေ ဖြတ်သွားလိုက်´။ ဆိုင်လ်ဗီးယား ဖုန်းခေါ်နေချိန်မှာ အချိန်ထိန်းသူတစ်ယောက်က လမ်းဘေးမှာထိုင်နေသည့် ၀ီ့လ်အနား သေနတ်ချိန်ကာ ကပ်လာနေသည်ကို လှမ်းမြင်လိုက်သည်။ ၀ီ့လ်အသက်ကို စိုးရိမ်သွားကာ အချိန်ထိန်းသူကို ဆိုင်လ်ဗီးယားပစ်ထည့်လိုက်သည်။ လဲကျ သွားသည့် အချိန်ထိန်းသူအနီးမှာ ထိုင်ပြီး ၀ီလ် တစ်ခုခုလုပ်နေသည်။ ၀ီလ့်လက်ကို ကြည့်လိုက်တော့ စောစောကထက် အချိန်တွေ လျော့နေတာမြင် သည်။ မကြာခင် အချိန်တဖြည်းဖြည်းကုန်ဆုံးကာ အလိုလို သေသွားမည့် အချိန်ထိန်းသူလက်ထဲ သူ့ရှိတဲ့အချိန်ထဲကနေ ၀ီလ်က ဝေငှပေးနေခဲ့သေး သတဲ့၊ ဆိုင်လ်ဗီးယားအံ့သြသွားသည်။
 “ရှင် ဘာလို့ သူ့ကို အချိန်သွားပေးနေတာလဲ၊ သူ့ဆီကတောင် ရသရွေ့ယူပစ်ရမှာ”
 “သူလည်း ကိုယ်တို့လိုပဲ၊ တစ်နေ့စာပဲ အသက်ရတာ၊ သူ့လူတွေ ဒီနေရာကိုရောက်လာဖို့က အချိန်လိုဦးမှာ….ဒါကြောင့် သူ့အတွက် အသက် အချိန်မီအောင် ပေးလိုက်တာပါ”
ဒီအချိန်မှာ ဆိုင်လ်ဗီးယားအဖေအပါအ၀င် အားလုံးက ဆိုင်လ်ဗီးယားကို ၀ီ့လ်ဘက်ကလူလို့ ထင်မြင်နေကြပြီ။ ရင်ခွင်ထဲက မိန်းကလေးကို အသာငုံ့ကြည့်ကာ ၀ီလ် စိတ်မကောင်းစွာပြောလိုက်သည်။
“အားလုံးက မင်းမှားတယ်လို့ ပြောကြမှာပဲ”
“ကျွန်မကတော့ မမှားခဲ့ဘူးလို့ပဲ တွေးမိနေတယ်”
ဆိုင်လ်ဗီးယားကို  ၀ီလ်က သေနတ်ပစ်သင်ပေးသည်။
“ရှင့်မှာ အချိန်တွေအများကြီးရှိရင် သူများတွေကို ခွဲဝေပေးပစ်ဖို့ တကယ်ပှဲဆန္ဒရှိလား”
“ငါ့အတွက်က တစ်ရက်ဆို လောက်ပြီ၊ ဘာတွေ ပိုလိုဦးမှာလဲ၊ ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေ အချိန်ကုန်ဆုံးပြီး သေကုန်တာကို မြင်နေရမယ်ဆိုရင် ကိုယ်လည်း ဘယ်လောက်ကြာကြာ အသက်ရှင်ချင်ဦးမှာလဲ”
“မြင်စရာမလိုပါဘူး မျက်စိမှိတ်ထားလိုက်ပေါ့ ကျွန်မအဖေလိုလေ…”
အဖေ့ကို ဆိုင်လ်ဗီးယားမချစ်တော့ပါ။ အဖေက အချိန်မဲ့ဇုန်ထဲကလူတွေအပေါ် မေတ္တာနဲ့အချိန်တွေ ထပ်လောင်းဝေမျှဖြည့်ဆီးပေးရမယ့်အစား သူတို့ လက်ပေါ်ကအချိန်တွေကို ရသလောက် မတရားသဖြင့် ဖဲ့ချွေယူနေခဲ့တာပဲ။ ဆိုင်လ်ဗီးယားဆုံးဖြတ်ချက်ချလိုက်သည်။ ၀ီလ်နှင့် ပူးပေါင်းကာ အဖေပိုင်ဆိုင်သမျှ LEIS Timelenders အဆောက်အဦတွေကို ဖျက်ဆီးပစ်လိုက်သည်။
“လူကြီးမင်းတို့ အချိန်တွေ အခမဲ့ပေးဝေနေပါတယ်၊ တစ်လလားတစ်နှစ်လား လိုသလောက်ကြိုက်သလောက် လာယူကြပါ၊”
အာဏာပိုင်တွေကတော့ လူသားတို့၏ အသက်ဘ၀ အချိန်ကို ထိန်းချုပ်နိုင်သည်လို့ ဆိုသည်။ အားလုံး၏ အသိစိတ်ထဲမှာတော့ အချိန်စနစ် ကြီး တစ်ခုလုံး ပြိုလဲသွားခဲ့ပြီ လို့ အသေအချာ ယုံကြည်နေကြပါသည်။
xxxxx
ဆိုင်လ်ဗီးယား၏ ရဲရင့်သောလုပ်ရပ်ကို ကျွန်မ သဘောကျသွားသည်။ ဖခင်၏ မတရားမမျှတစွာကောက်ခံတိုးယူခဲ့သော စည်းစိမ်ချမ်းသာ ကြွယ်ဝမှုအားလုံးကို ပြန်လည်ဖောက်ထွင်းယူကာ လူဆင်းရဲတွေလက်ထဲအရောက် ပေးဝေပစ်ခဲ့သည်။ `လူကြားမကောင်း၊ အဖေဆီက ပြန်ခိုးသတဲ့´လို့ ဖခင်ဖြစ်သူက စွပ်စွဲတော့ “ခိုးရာပါပစ္စည်းတွေကို ပြန်ယူတာဟာ ခိုးတာမဟုတ်ဘူး”လို့ ဆိုင်လ်ဗီးယားက ရဲရဲရင့်ရင့် ပြောခဲ့လို့ပဲဖြစ်ပါသည်။ အချိန်ကင်းမဲ့ဇုန်ထဲက လူဆင်းရဲအားလုံး နယူးဂရင်းဝစ်ခ်ျမြို့တော်ရှိရာအချိန်ဇုန်ဆီသို့ အပျော်မျက်နှာကိုယ်စီနှင့် ချီတက်ပြောင်းရွှေ့သွားကြသည့် မြင်ကွင်းကြောင့် ကျွန်မစိတ်တွေ ကြည်နူးဝမ်းမြောက်လိုက်သည်မှာ ဆိုဖွယ်မရှိတော့။ လူတိုင်းကို အသက်ဘ၀ ငွေကြေးနှင့် ထပ်မျှ တန်ဖိုးရှိသည့် အချိန်တွေ လုံလောက်စွာ ပေးဝေချင်ပါသည်။ သို့သော် ဖခင် (သို့မဟုတ်)တစ်စုံတစ်ယောက်ကို လွန်ဆန်ဝံ့သည့်အထိ ဆိုင်လ်ဗီးယားလို ရဲရင့်သော ခွန်အား ကျွန်မမှာရှိပါ့မလား ကိုယ့်ကိုယ်ကိုယ် သံသယ၀င်ချင်သည်။
တစ်ခါတစ်ခါ စိတ်အလိုလိုက်ကာ ဘာမှအလုပ်မလုပ်ဘဲ အချိန်ဖြုန်းနေမိချိန်မျိုးမှာ ၀ီလ်ဆလပ်စ်ကို ကျွန်မ ပြင်းပြင်းပြပြ သတိရနေပါလိမ့်ဦး မည်။ “ငါ့မှာ အချိန်တစ်ရက်ရှိရင် လုံလောက်ပြီ၊ ဒီတစ်ရက်မှာပဲ လုပ်စရာတွေ အများကြီးပဲ” လို့ ပြောခဲ့သည့် သူ့စကားသံကို ကြားယောင်ရင်းနဲ့ပေါ့။
ဂျူနီယို
Film      – In Time
Cast      – Justin Timberlake(Will Salas).
-Amanda Seyfried(Sylvia Weis)
Director&Writer   -Indrew Niccol
Monday, October 29, 2012
ညွှန်းတဲ့ ရုပ်ရှင်
Fun size
Comedy
Paramount Pictures
ဒါရိုက်တာ - Josh Schwartz
ထုတ်လုပ်သူ - Stephanie Savage, Josh Schwartz, Bard Dorros, David Kanter
ဇာတ်ညွှန်း - Max Werner
သရုပ်ဆောင်များ - Victoria Justice,Jane Levy,Thomas McDonell,Chelsea Handler
အမေရိကန်သရုပ်ဆောင်၊ ပေါ့ပ်အဆိုတော်မလေး Victoria Justice က ဟဲလိုးဝင်းပါတီပွဲဆင်နွှဲဖို့ ရင်ဖိုစိတ်လှုပ်ရှားစွာ ပြင်ဆင်နေတဲ့ ဆယ်ကျော်သက်မလေး ၀ါရင်းန်အဖြစ်သရုပ်ဆောင်ထားတယ်။ ၀ါရင်းန် အရူးအမူးစွဲလမ်းမျက်စိကျနေတဲ့ အဲရွန်(Thomas McDonell)က ၀ါရင်းန်ကိုဖိတ်ခဲ့တာလေ။ ၀ါရင်းန် ပါတီပွဲညအတွက် အဲရွန်မျက်စိကျစေဖို့ ပြင်ဆင်မှုန်းခြယ်နေတဲ့အချိန်ပေါ့။ မိခင် (Chelsea Handler)က ဟဲလိုးဝင်း trick-or-treat ပွဲအတွက် သွားဖို့ ၀ါရင်းန်ထက် အချိန်ပိုစောပြီး အဆင်သင့်ဖြစ်နေခဲ့ပြီ။ “မေမေ ပြောဖို့ မေ့သွားလို့၊ အဲလ်ဘတ်ကို ဒီညကြည့်ထားပေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်ကွယ်” ဆိုပြီး လှစ်ကနဲ ထွက်သွားခဲ့ပြီ။ ၀ါရင်းန်ကို မိခင်က တာဝန်ပေးခဲ့ပြီ။ ၀ါရင်းန်ဘယ်လိုမှ ငြင်းချိန်မရတော့ဘူး။ အဲလ်ဘတ်ကလည်း ပင်ကူလူသားဝတ်စုံလေးနဲ့ အဆင်သင့်ဖြစ်နေခြဲ့ပီ။ ၀ါရင်းန်သွားမယ့် ဟဲလိုးဝင်းပါတီပွဲကို သူမရဲ့ အင်မတန်အဆော့သန်လှတဲ့မောင်လေး အဲလ်ဘတ်(Jackson Nicoll) ကို ခေါ်သွားရမတဲ့လား။ ၀ါရင်းန်က အဲရွန်ဆီကို မသွားချင်တော့ပါဘူးတဲ့။ အဲလ်ဘတ်ထ်ကိုပဲ ထိန်းကျောင်းရင်း ဟဲလိုးဝင်းပွဲတော်ည မီးထွေထိန်ထိန်ညီးနေတဲ့ လမ်းမတွေထဲ ၀ါရင်းန်ရဲ့ သူငယ်ချင်းမလေး ဧပြီ(Jane Levy)ရယ် လျှောက်ကြည့်ကြရတော့တယ်။ တခဏလေးအကြာလေးမှာ “အဲလ်ဘတ်ထ် .. အဲလ်ဘတ်ထ် ဘယ်မှာလဲ” ၀ါရင်းန်တကြော်ကြော်အော်ခေါ်တယ်။ အဲလ်ဘတ်ကို ရှာမတွေ့တော့ဘူး။ ၀ါရင်းန်စိတ်ပူရပြီ။ “မေမေတော့ ငါ့ကို သတ်တော့မှာပဲဟာ” အဲလ်ဘတ်ကို လိုက်ရှာဖို့ ကားတစ်စီးရှာတယ်။ ဒီလိုနဲ့ ကားမောင်းပို့တဲ့လူငယ်လေးတွေနဲ့ ရုတ်ရုတ်ရုတ်ရုတ် ဗရုတ်ကျတဲ့အဖြစ်တွေ ဖြစ်ကုန်ကြပြီ။
Cloud Altas
Drama / Mystery / Sci-Fi
ပြသချိန်- ၁၆၄ မိနစ်
Warner Bros. Pictures
ဒါရိုက်တာ -  Lana Wachowski, Tom Tykwer, Andy Wachowski
ထုတ်လုပ်သူ - Grant Hill, Stefan Arndt, Lana Wachowski, Tom Tykwer, Andy Wachowski
ဇာတ်ညွှန်း - Lana Wachowski, Tom Tykwer, Andy Wachowski
သရုပ်ဆောင်များ - Tom Hanks, Halle Berry, Jim Broadbent, Hugo Weaving, Jim Sturgess, Doona Bae, Ben Whishaw, James D'Arcy, Zhou Xun, Keith David, David Gyasi, Susan Sarandon, Hugh Grant
The Matrix, The Matrix Reloaded နဲ့The Matrix Revolutions စတဲ့ Matrix ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်ကြားလာခဲ့ပြီး အမေရိကန် သိပ္ပံဆန်းကြယ်၊ စိတ်ကူးယဉ်၊ ထိတ်လန့်ဖွယ်ရာရုပ်ရှင်အကယ်ဒမီဆု- Saturn Award for Best Director ဆု ရရှိခဲ့ကြတဲ့ နာမည်ကြီးဒါရိုက်တာ Wachowski ညီအစ်ကိုနှစ်ဦး (လာနာ နဲ့ အန်ဒီ)တို့ ရဲ့ ထူးခြားဆန်းပြားရုပ်ရှင် နောက်ထပ်တစ်ကားပါ။ Purfume ရုပ်ရှင်ကား ဒါရိုက်တာ ဂျာမန်လူမျိုး Tom Tykwer ကပါ အားဖြည့်ထားပါသေးတယ်။ တွမ်ဟန့်ခ်၊ ဟယ်လီဘယ်ရီ၊ ဟူးဂ်ျဂရန့်၊ တို့နဲ့ အတူ တရုတ်မင်းသမီးလေးနှစ်ဦး၊ နောက် ကိုရီးယားမင်းသမီးလေးရယ် များပြားလှတဲ့ သရုပ်ဆောင်တွေ အပြိုင် သရုပ်ဆောင်ထားကြတယ်။ လူသားမျိုးနွယ်ရဲ့ သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ပြည့်နှက်နေတဲ့ လှုပ်ရှားမှုတွေ၊ အကျိုးဆက်တွေဟာ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ကာလတလျှောက်လုံး ရိုက်ခတ်လို့နေတယ်။ အသက်ဝိညာဉ်တစ်ခုဟာ လူသတ်ကောင်တစ်ဦးကနေ ကယ်ဆယ်သူအသွင်ကူးပြောင်းပြန်ရောတဲ့၊ လှိုင်းဂယက်တွေဟာ ရာစုနှစ်တွေအများကြီးပဲ အသက်ဝိညာဉ်တိုင်းကို ပြင်းထန်စွာရိုက်ခတ်လာလိုက်တာ နောက်ဆုံးတော့ တော်လှန်ရေးအသွင်ပေါ်ထွက်ဖို့ လှုံ့ဆော်တဲ့အထိပဲ။ အရာအားလုံးက ဆက်နွယ်နေပါသတဲ့။ ၁၈၄၉ ခုနှစ်က ပစိဖိတ်တ၀ှမ်းပင်လယ်ရေကြောင်းခရီးသွားခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်း စာတွေပေါ့။ သီချင်းရေးဆရာတစ်ဦးက သူငယ်ချင်းဆီကို ရေးပို့နေတယ်။ “ငါ ဖန်တီးတဲ့ ဂီတက ငါရဲ့အိပ်မက်ကလာတာ၊ ကွဲပြားတဲ့ ဘ၀တွေ အကြိမ်ကြိမ်ဆုံတွေ့ကြတယ်။ အသက်အရွယ်တွေ ကွဲပြားတယ်။ အိပ်မက်တွေ၊ အိပ်မက်ဆိုးတွေ၊ စားပွဲထိုးမလေးတွေဟာ အများကြီးပဲ။ ဒါပေမဲ့ မျက်နှာတွေက အကုန်လုံးအတူတူပါပဲ။ မိန်းကလေး .. ငါ့ကို ပုန်းမနေပါနဲ့တော့ကွာ၊ မင်းဟာ ဆွန်မီ - ၄၅၁ ပါ” တဲ့။ ပြီးတော့ တွေ့လိုက်ရတဲ့ မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ရာပဲ။ အဆောက်အဦးတွေဟာ တလက်လက်၊ မီးအလင်းအမှောင်တွေက ပြိုးပြိုးပြက်ပြက်နဲ့။ နျူကလီးယားစက်ရုံက လူသတ်သမားတစ်ဦးက ရင်ဖိုတုန်လှုပ်စရာ၊ သူနာပြုဆောင်က သီချင်းရေးဆရာကြီးရဲ့ ယုတ္တိယုတ္တာမရှိလှတဲ့အဖြစ်၊ အနာဂတ်ကမ္ဘာထဲက ကိုးရီးယားမှာ ကိုယ်ပွား(clone)တွေရဲ့ ပုန်ကန်ထကြွမှု၊ ကမ္ဘာပျက်ကပ်အလွန် ဟာဝိုင်ရီမှာရှင်ကျန်ခဲ့တဲ့ လူမျိုးစုတစ်စု။ သေဆုံးခြင်း၊ အသက်ဘ၀၊ မွေးဖွားခြင်း အားလုံးက ဆက်သွယ်နေကြတယ်။ “မနေ့က ငါ့ရဲ့ ဦးတည်ရာက နေရာတစ်ခု၊ ဒီနေ့ တခြားတစ်နေရာဆီကို” တဲ့။ ငါ ယုံကြည်တယ်။ ဟိုမှာ တခြားကမ္ဘာတစ်ခု ငါတို့ကိုစောင့်နေတယ်။ ပိုကောင်းတဲ့ကမ္ဘာတစ်ခုပေါ့။ ပြီးတော့ နောက်ထပ် တစ်ခု .. မင်းကိုစောင့်နေသေးတယ် ဆိုပဲ။
Skyfall
Action / Adventure / Thriller
ပြသချိန်- ၁၄၅ မိနစ်
M. G. M, Columbia Pictures
ဒါရိုက်တာ - Sam Mendes
ထုတ်လုပ်သူ - Michael G. Wilson, Barbara Broccoli
ဇာတ်ညွှန်း - John Logan, Neal Purvis, Robert Wade
သရုပ်ဆောင်များ - Daniel Craig, Javier Bardem, Ralph Fiennes, Naomie Harris, Bérénice Marlohe, Albert Finney, Judi Dench
၂၃ ကားမြောက် ဂျိမ်းစ်ဘွန်း သူလျိုရုပ်ရှင်ကားသစ်ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်မင်းသား ဒယ်နီရယ်ဂရေဂ်ျ့ရဲ့ လှို့ဝှက်အေးဂျင့် ဂျိမ်းစ်ဘွန်းအဖြစ်  တတိယအကြိမ်မြောက် ကြမ်းကြမ်းရမ်းရမ်းသရုပ်ဆောင်ဦးမယ့် ရုပ်ရှင်ပါ။ ဒါရိုက်တာက American Beauty ရုပ်ရှင်ကားနဲ့နာမည်ကြီးတဲ့ Sam Mendes တဲ့။ တူရကီနိုင်ငံမြို့တော် အီစတန်ဘူလ်က အန္တရာယ်ထူပြောလှတဲ့ စစ်ဆင်ရေးခရီးကြီးပြီးတဲ့အခါ  ဘွန်းကို “သေသေကြေကြေ ပစ်လိုက်စမ်းပါ” လို့ ခိုင်းတဲ့သူရှိလာခဲ့ပြီ။ ဘွန်းပျောက်နေပြီတဲ့။ ဘွန်း သေဆုံးသွားပြီလို့ ယူဆလိုက်ကြတယ်။ လှို့ဝှက် M16 အေးဂျင့်တိုင်းရဲ့ ID တွေ အင်တာနက်မှာ ပေါက်ကြားကုန်တယ်။ နောက်ဆက်တွဲ မေးခွန်းမေးစရာရှိလာတာက လှို့ဝှက်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ M(Judi Dench)ကိုပဲပေါ့။ ထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ အထူးယုံကြည်ရတဲ့ အကြီးအကဲအမျိုးသမီးကြီး M က ဒီကိစ္စတွေအားလုံးကို ကိုင်တွယ်သူလေ။ M ကို တစ်ဖန် ခြောက်လှန့်တဲ့သူရှိလာပြန်ပြီ။ M ရဲ့ ကားထဲက ရေဒါစကရင်မှာ ပေါ်လာတဲ့စာတမ်းက “မင်း အပြစ်တွေ ပြန်တွေးနေပေတော့” တဲ့။ အန္တရာယ်ကြီးတဲ့ ဗီလိန် ရာအူးလ်ဆီးလ်ဗား ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ထဲက M ကို ဆွဲထုတ်ယူဖို့ ဘွန်းက သူ့ရဲ့ သစ္စာတရားကို ထိုးကျွေးလေမလားပဲ။ Adele ရဲ့ အဆို Skyfall သီချင်းသံက ဆွေးဆွေးမြေ့မြေ့ရယ်၊  “ဒါ အဆုံးသတ်ပဲ၊ အသက်ရှုသွင်းနေပါ၊ ပြီးတော့ ၁၀ အထိ ရေတွက်ပါတော့၊ ကမ္ဘာကြီးရွေ့နေတာ ခံစားပါ .. ပြီးတော့ကွယ် … ငါ့ နှလုံးသား နောက်ထပ်တစ်ကြိမ်ပေါက်ကွဲတာ ကြားလိုက်စမ်းပါ။ ဒီအဆုံးသတ်မှုအတွက်ပါပဲ…. ”
Flight
Drama
ပြသချိန်- ၁၃၈ မိနစ်
Paramount Pictures
ဒါရိုက်တာ - Robert Zemeckis
ထုတ်လုပ်သူ - Laurie MacDonald, Walter F. Parkes, Jack Rapke, Steve Starkey, Robert Zemeckis 
ဇာတ်ညွှန်း - John Gatins
သရုပ်ဆောင်များ - Denzel Washington, Kelly Reilly, Bruce Greenwood, Don Cheadle, John Goodman, Melissa Leo, James Badge Dae
Forrest Gump/ Cast Away နဲ့ What Lies Beneath ရုပ်ရှင်တွေရဲ့ အမေရိကန်ဒါရိုက်တာ Robert Zemeckis နဲ့ ဒန်ဇယ်ဝါရှင်တန်တို့  Flight မှာတွေ့ကြပါပြီ။ လေယာဉ်မှူး ကပ္ပတိန်ဝီလျမ်ဝစ်တိတ်ကာက လေယာဉ်ကို အရေးပေါ်အခြေအနေနဲ့ မြေပြင်ကို ခက်ခက်ခဲခဲ ထိုးဆင်းလိုက်ရတယ်။ လေယာဉ်ပေါ်မှာပါလာခဲ့တဲ့ အသက်တွေအားလုံး ကပ္ပတိန်ဝစ်တိတ်ကာက ကယ်တင်လိုက်နိုင်ပါတယ်။ အားလုံးဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ မြေပြင်ပေါ်ပြန်ရောက်ခဲ့ကြတယ်။ ဒါပေမဲ့ ကပ္ပတိန်ဝစ်တိတ်ကာအတွက်တော့ ဘေးအန္တရာယ်တွေက မကင်းရှင်းနိုင်ပါဘူး။ လေယာဉ်ပျံသန်းမောင်းနှင်စဉ်မှာ အရက်သေစာသောက်စားခဲ့သတဲ့။ ကပ္ပတိန်ဝစ်တိတ်ကာ ကိုယ်တိုင်တော့ အကျဉ်းသားအဖြစ် ဆင်းသက်လိုက်ရသလိုပါပဲ။ စုံစမ်းစစ်ဆေးမှုတွေ ကပ္ပတိန်ဝစ်တိတ်ကာ နောက်ကိုလိုက်နေတယ်။ ပြဿနာက ပိုပိုကြီးမားလာတယ်။ ကပ္ပတိန်ဝစ်တိတ်ကာ အပြစ်လို့ ဘယ်သူတွေကများ ဖန်တီးနေကြသတဲ့လဲ။ သတင်းထောက်တွေကလည်း တချိန်လုံး လိုက်လံမေးမြန်းနေတော့တယ်။ “ကပ္ပတိန် .. တစ်ခုခုကိုများ ဖုံးကွယ်ထားသလားတဲ့”။ အဲဒီတော့ … ကပ္ပတိန်ဝစ်တိတ်ကာ ကိုယ်တိုင်တောင်မသိတဲ့၊ နောက်ကွယ်က လုပ်ကြံ၊ ဖုံးကွယ်ထားမှုတွေကို ဖော်ထုတ်ရှင်းလင်းရတော့မှာပေါ့။
Living Fashion Magazine, November, 2012
မဉ္ဇူရီ
Friday, October 12, 2012
သွေးစွန်းတဲ့ ပျားရည်
(သွေးလွှမ်းမြေက ပျားရည်အချစ်)
ဇတ်ညွှန်းနှင့် ဒါရိုက်တာ ………………”.အိန်ဂျယ်လီနာ ဂျို လီ”
အဓိက ပါဝင် သရုပ်ဆောင်သူ……”.ဂေါ်ရန်ကိုစတစ်ခ် “်(ရုပ်ရှင်ထဲမှာ=ဒင်နီဂျေး လ်)
                                          “ ဇာနာမာဂျာနိုဗစ်”(ရုပ်ရှင်ထဲမှာ-အေဂျေလာ)
                                          “ ရိတ်ဒ်ဆာဗီဇီဂျာ”(ရုပ်ရှင်ထဲမှာ -နီဗိုဂျာ)
တည်းဖြတ်……………………………”.ပက်ထရစ်စီယာရွမ်မေးလ်”
ပြသခွင့် ရရှိသည့်နေ့  ………………ဒီဇင်ဘာ ၂၃ ၂၀၁၁
ပြသချိန် ……………………………….၁၂၇မိနစ်
နိုင်ငံ ……………………………………အမေရိကန်ပြည်ထောင်စု
ဘာသာ………………………………..အင်္ဂလိပ် ၊ဘောဇနီးယဲန်၊ဆာဘို -ခရိုအေးရှင်း
ကုန်ကျစရိတ် …………………………ဒေါ်လာ ၁၃သန်း
ကမ္ဘာကျော်အမေရိကဲန် ရုပ်ရှင်မင်းသမီး “အိန်ဂျယ်လီနာဂျိုလီ” ပွဲဦးထွက် ရိုက်ကူးလိုက်တဲ့ ရုပ်ရှင်ကားကောင်းတခုပါ။သူမဟာ ကုလသမဂ္ဂသံတမန်အရာရှိလည်း ဖြစ်တဲ့အပြင် စစ်ပွဲတွေကိုလည်း ပြင်းပြင်းထန်ထန် ဆန့် ကျင်သူဖြစ်ပါတယ်။ ဒီကားမှာ ဘော်လ်ကန်ဒေသကို သွားရောက်ပြီး ဒေသခံ သရုပ်ဆောင်များ မွေးထုတ်ကာ ရုပ်ရှင်ထဲမှာ အင်္ဂလိပ် ဘာသာ ဘောစနီးယဲန်ဘာသာ ခရိုအေးရှင်းဘာသာ စသည် အလျင်းသင့်သလို စကားပြောစေခဲ့တယ်။ ဘောစနီးယဲန်စစ်ပွဲကို နောက်ခံထားပြီးတော့ ဘောစနီးယဲ(န်) ဆာ့(ဘ်)တို့ အတွက် စစ်ဆင်ရေးတွေ ပြုလုပ်နေတဲ့ ” ဒင်နီဂျေး(လ်)”ရဲ့  ဖြစ်စဉ်တွေကို ဖေါ်ညွှန်းတင်ပြထားတာပါ။ ဘာသာမတူ အယူကွဲ ပြားတဲ့ ဘောစနီးယဲန် မူဆလင်အမျိုးသမီးလေးကို ချစ်ရည်မျှခဲ့မိရှာသူ ဆာ့(ဘ်) စစ်သည်တော်လေးတဦး  အကြောင်းပါ။
 ဘောစနီးယဲ(န် )စစ်ပွဲတွေ မတိုင်မီကတည်းက ချစ်သစ္စာထားခဲ့ကြလေတော့ စစ်ပွဲ ဖြစ်ပွားလာချိန်မှာ သူတို့ နှစ်ဦးရဲ့  လူနေမှု ဘ၀စတိုင်ကို ကြေကွဲ ၀မ်းနည်းမှုတွေ ဖြစ်စေဖို့  စစ်ပွဲတွေက ဖိအားပေး ခြိမ်းခြောက်လာနေတယ်။
“ ဒင်နီဂျေး လ်”  ဟာ သူ့ရဲ့  ဘခင်ဘောစနီးယား ဆာ့(ဘ်) စစ်ဦးစီးချုပ့်လက်အောက်မှာ အမှုထမ်းနေရသူ ဖြစ်ပြီး ဆိုးဝါးလှတဲ့ အကြောင်းကံ ဖန်တီးပုံက သူစစ်မြေပြင်က ပြန်အလာ သူ့ ချစ်ရသူကလေးနှင့် နှစ်ဦးသားဆုံတွေ့ ကြဖို့  မြှော်လင့်ထားခဲ့သမျှ မထင်မှတ်ဘဲ  သူတန်ဘိုးထားမြတ်နိုး ရသူကလေးကို   ဘောစနီးယဲန်ဆာ့(ဘ်) စစ်သည်တို့  အတွက် ဖျော်ဖြေရေးအုပ်စုထဲမှာထည့်သွင်း ဖမ်းဆီးထားကြောင်း မျက်ဝါးထင်ထင် တွေ့  မြင်လိုက်ရတဲ့အချက်ပါဘဲ။
ချစ်သူနဲ့  တွေ့ ဖို့  အပျော်လေးတွေ ရင်မှာပွေ့ လာတဲ့ စစ်သည်တော်ကလေးဟာ တချီထဲ ရင်ကွဲ ပက်လက် ဖြစ်ရရှာပြီပေါ့။ သူတို့ အတွက် သီးသန့် ဆုံတွေ့ ဖို့ က မလွယ်တော့ပါဘူး။ ဆက်သွယ်ရေး လမ်းကြောင်းတွေ က ပိတ်ဆို့  နေပြီ ဖြစ်တယ်။
“ဂျိုလီ “ဟာ ဒီဇတ်ကားကို ရိုက်ဖို့  ဇတ်ညွှန်းရေးဖို့  စိတ်ကူးရခဲ့တာက ကုလသမ၈္ဂသံတမာန်အဖြစ် ဘောစနီးယား ဟာဇီ ဂိုးဗီးနားကို ရောက်ခဲ့စဉ် က သူမ တွေ့ ကြုံ ခံစားခဲ့ရတဲ့ အဖြစ်သနစ်တွေအပေါ်မှာ အခြေခံသွားတာဖြစ်ပါတယ်။ ဒီတုံးက သူမတာဝန်ကို
် သူမ ကျေပွန်အောင်  ထမ်းဆောင်နိုင်ခဲ့ပါတယ်။
အဆင့်မြင့် အမေရိကန် သံအဖွဲ့  ခေါင်းဆောင် “မစ္စက် ကလင်တန်”နှင့်အတူ “ရစ်ချတ် ဟော ဘရု (ခ်) “တို့  ထံမှလည်း အကြံဥာဏ်များ ရယူနိုင်ခဲ့တယ်။ တွေ့ ဆုံ ဆွေးနွေး နိုင်ခဲ့ပါတယ်။ဘောစနီးယား စစ်ပွဲ အဆုံးသတ် ဒေတွန် သဘောတူညီမှုရဲ့  ဖန်တီးရှင် သံတမာန် ရစ်ချတ်ဟော ဘရု (ခ်) ၊ စစ်ပွဲအတွင်း မဟာဗျူဟာကျတဲ့ စီမံဖေါ်ဆောင်ချက်နှင့် အမေရိကန်မူဝါဒများ ကို ချမှတ်သူ အမေရိကန် ကာကွယ်ရေးဋ္ဌာန၏အကြီးအကဲ ‘ ၀က်စလေ ကလပ် (ခ်) “ နှင့် နိုင်ငံရပ်ခြား သတင်းထောက်” တွမ် ဂျေလ်တဲန်”တို့ နှင့်လည်း ဆွေးနွေးညှိနှိုင်းခဲ့တယ်။
ဇတ်ညွှန်းရေးသားပြီးစီးချိန်မှာတော့ သူမ ဟာ အေးအေးဆေးဆေးရှိသွားပြီးတော့ သူမရဲ့  ဇတ်ညွှန်းကို  ကိုယ်တိုင်က သဘောကျကြည်နူးပြီး  “အမည်မပေးရသေးတဲ့  အချစ်ပုံပြင် ဇတ်လမ်း “ လို့  ရိုးရိုးလေး ခေါ်တွင်စေခဲ့တယ်။ရိုက်ကူးခွင့်ကျတဲ့အခါမှာတော့ သူမက ဒါရိုက်ကောင်းတယောက်ကို အလျင်အမြန်ရွေးချယ်ပါတယ်။ ဒါပေမဲ့  သူမ စိတ်ထဲမှာလည်း ဇတ်ကားတကားလောက် ရိုက်ကူးကြည့်အုံးမယ် ဆိုတဲ့  အတွေးကလဲ ရှိနေပြီးဖြစ်လို့  ကိုယ်တိုင်ဘဲ ရိုက်ကူးတော့မယ်လို့  ဆုံးဖြတ်ပြီး သရုပ်ဆောင်မဲ့ သူကိုဘဲ ရွေးချယ် ရှာဖွေ လိုက်တော့တယ်။
ရုပ်ရှင်လုပ်ငန်းဘက်မှာ သြဇာတိက္ကမရှိပြီး ချမ်းသာကြွယ်ဝသူ ဆာဘီးယဲ(န်) သူကြွယ်ကြီး “ဇီလီကိုမီထရိုဗစ်  “ပိုင် Pink International Company က  Pink Flims ကို ထုတ်လုပ်ရေးအပိုင်းအတွက် ချဉ်းကပ်ခဲ့တယ်။ဒါပေမဲ့ သူကသူမနှင့် အလုပ်အတူလုပ်ဖို့  ညင်းပယ်ခဲ့ပါတယ်။့  ဘယ်လိုဘဲ ညင်းဆိုခဲ့ပါစေ သတင်းထုတ်ပြန်ကြေညာတာမျိုးကိုတော့ ခွင့်ပြု ခဲ့ပါတယ်။
“ကျုပ်က ဂျိုလီကို အနုပညာသမားတယောက်အနေနဲ့ ရော လူသားတယောက်အနေနဲ့ ပါ လေးစားပါတယ်ချစ်ခင်ပါတယ်။ဒါပေမဲ့ ကံမကောင်းချင်တော့ ဂျိုလီက ဆာ့ဘ်တွေကိုဆန့်  ကျင်မုန်းတီးစိတ် အားကြီးနေတယ်လေ။သူ့ ဇတ်ညွှန်းတော်တော်များများမှာ ဆာ့ဘ်တွေ ကို ဆိုးသွမ်းလူငယ်အသွင် တင်ပြထားတယ်လေဗျာ ” လို့  သူကညီးညီးညူညူ ပြောပါတယ်။
“ဂျိုလီ နှင့် ဘရက်ပစ် “တို့ ဟာ “သွေးလွှမ်းမြေက ပျားရည် အချစ်  “ ဖတ်ကားအတွက် ၂၀၁၀ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့ အတွင်း စတင်ခရီးထွက်ခွာခဲ့ကြပြီး ဘူဒါပက် နှင့် Esztergom တို့ မှာ  ရိုက်ကူးခဲ့ကြတယ်။ သရုပ်ဆောင်နေရာအတွက် ယခင် ယူဂိုဆလားဗီးယားပြည်ထောင်စုဟောင်း မှ  စစ်ပွဲအတွင်း အတွေ့ အကြုံရှိသူ အများအပြားကို ခေါ်ယူ အသုံးပြု ရိုက်ကူးထားခြင်းဖြစ်တယ်။သူတို့  တွေ့ ရှိခံစားချက်များပါ ပေါင်းစု ပြီး ဇတ်ကားမှာ  ထည့်သွင်းအားဖြည့် ရိုက်ကူးထားတာပါ။ လို့ ” ဂျိုလီ “က ပြောပါတယ်။ ဘောစနီးယားစစ်ပွဲ အပြီး  အသက်ရှင် ကျန်ရစ်သူ များဟာ မကြာမှီကမှ သမိုင်းရာဇ၀င်မှာ နေရာယူ လာကြတာဖြစ်ပါတယ်။ ဒါကို ဂျိုလီက ဖေါ်ထုတ်တင်ဆက်တာပါ တဲ့။ ဒါဟာ ဥရောပရဲ့  ဒုတိယကမ္ဘာစစ်အတွင်း အဆိုးဆုံး မျိုးတုံးသတ်ဖြတ်မှု ကြီးဖြစ်ပြီးသူ့ မှာ ဒီလို ဖေါ်ထုတ်တင်ဆက် ရိုက်ကူးပြသဖို့  တာဝန်ရှိတယ်လို့  သူမ ခံစားရပါတယ်လို့  မင်းသမီးက ဆိုပါတယ်။
“ကျွန်မတို့  ဘာလုပ်ကြမလဲ။ ဒီလောက်ကလေး လုပ်ပေးလိုက်ရုံနဲ့  ပြည့်စုံပါ့မလား။ စစ်ပွဲဟာ တရားမျှတမှု မရှိပါဘူး။ ကျွန်မတော့ လူတွေကို နားမလည်နိုင်တော့ဘူး။ တချို့ လူတွေက ဒီအဖြစ်အပျက်တွေဟာ တကယ်မဟုတ်ဘူးလို့  ဆိုနေကြတယ်။ သိပ်စိတ်တိုဖို့ ကောင်းတယ် “တဲ့. ။”ဂျိုလီ “တကယ် စိတ်ဆိုးနေပါတယ်။ ဒီဇတ်ကားကို ရိုက်ကူးနေစဉ် ဘောစနီးယဲန်မူဆလင်အမျိုးသမီး ဟာ သူမကို အဓမ္မကျူးလွန်သူ ဆာဘီးယဲန် အမျိုးသားနှင့်  သဘောတူ ချစ်ကြိုက်ခဲ့ကြောင်း ဖေါ်ပြထားချက်ဟာ မှားယွင်းနေတယ်လို့ စစ်ပွဲ ရဲ့ သားကောင် ဘောစနီးယဲန်မူဆလင် အမျိုးသမီး အဖွဲ့ အစည်းမှ သဘောမတူဘူးဆိုပြီး ကန့် ကွက် လာတာကြောင့်ပြန်လည်ရုတ်သိမ်းပေးခဲ့ရတယ်။ဒါပေမဲ့ …
 ဂျိုလီက ဒါတွေဟာ ကောလာဟလမျှသာဖြစ်တယ် လို့   ညင်းဆိုပြီးတော့  ဘောစနီးယားယဉ်ကျေးမှု ၀န်ကြီးဋ္ဌာန သို့  ဇတ်ညွှန်းကိုထပ်မံ တင်သွင်းရာမှာ ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာန က ချက်ခြင်းဘဲ မူလအတိုင်းပြန်လည် ခွင့်ပြုခဲ့  တယ်။ တခါ..
၂၀၁၁ စက်တင်ဘာမှာ ဘောစနီးယဲန်ခရိုအေ့ထ်စာရေးဆရာ “ဂျိမ်းစ် ဂျေ ဘရက်ဒေါ့ခ် “က ၂၀၀၇ခုနှစ်က ရေးသား ထုတ်ဝေဖြန့် ချီခဲ့တဲ့ (Slamanje duse) “အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည့် ၀ိညာဉ်” စာအုပ်ထဲက အချက်အလက် တော်တော်များများ ခိုးယူထားတယ်လို့  စွပ်စွဲ ခဲ့ပြန်တယ်။ တရားစွဲဆိုခဲ့တာပါ။ ဂျိုလီက ပယ်ချပါတယ်။ “ဒါဟာ ဖြစ်တတ်ပါတယ်။ စာအုပ်တွေမှာ ဆင်တူရိုးမှား  စာပန်းချီ မှုံးချယ်မှုတွေ အများကြီး ရှိနေပါတယ်။ ဒီတအုပ်ထဲ မဟုတ်ပါဘူး။ ကျွန်မတို့  ဇတ်ညွှန်းရေးဆရာတွေဟာ ဟိုအကြောင်းဒီအကြောင်း စာအုပ်တွေကို အခြေခံပြီး ကိုးကားရေးဖွဲ့  ကြရတယ်။စာအုပ်တွေဟာ လူသားတွေရဲ့  ဖြစ်ကြောင်းကုန်စင် ကို ရေးသီ ဖွဲ့ ဆိုထားတာမို့  အားလုံးဟာ ပေါင်းစုနေတာမို့ လား။ သီးခြားတည်ရှိနေတယ်ရယ်လို့ ကျွန်မ တခါမှ မသိခဲ့ဘူး “ လို့ ထုချေခဲ့ပါတယ်။
“ဂျိုလီ”က  ဆာရာဂျေဗို ရုပ်ရှင်ပွဲတော်မှာ VOA ကိုလည်း  ခုလိုဘဲ ပြောခဲ့တယ်။
၂၀၁၁ ဒီဇင်္ဘာလ ၅ရက်နေ့  နယူးရော(့ခ်)မှာ ပွဲဦးထွက် ရုံတင်ခဲ့စဉ် ဘောစနီးယား စစ်မြေပြင်က  သတင်းတွေကို စဉ်ဆက်မပြတ် ပေးပို့ ခဲ့တဲ့ CNN သတင်းထောက်  “ခရစ်စတင်း အေမင်ပေါလ်” က လူထုကို ရုပ်ရှင်ကားနှင့် မိတ်ဆက်ပေးခဲ့တယ်။ရုပ်ရှင်အပြီး နယူးရော့ (ခ်) မြို့ က The standard ဟိုတယ် ခေါင်မိုးပေါ်မှာ အောင်ပွဲ ခံစဉ် “ဂျိုလီ၏ ရဲ ရင့် ပြောင်မြောက်မှု “ လို့  အမွှန်းတင် ချီးကြူးခဲ့ကြတယ်။ အမေရိကဲန် စစ်ဗိုလ်ချုပ်ကြီး “၀က်စလေ  ကလပ်(ခ်) “ကိုယ်တိုင်ကလည်း “ဂျိုလီ”ရဲ့  ရုပ်ရှင်ကားကို  “မယုံကြည်နိုင်လောက်အောင် ထူးခြားပြောင်မြောက်လွန်းတယ်” စသဖြင့် အလားတူ ချီးကြူးစကားပြောဆိုခဲ့တယ်။
ဝါရှင်တန် ပို့ (စ်) သတင်းစာရဲ့  ပင်တိုင် ဆောင်းပါးရှင် “ရစ်ချတ် ကိုဟင်  “က   “ရုပ်ရှင် က ကောင်းပါတယ်။ချီးမွမ်းစရာပါဘဲ။   ဘောစနီးယား မူဆလင်တွေအပေါ်ဆာ့(ဘ်)တို့ ရဲ့   ဆန့်ကျင် ရက်စက်မှုကို အမေရိကန်က တခုခု တုံ့ ပြန်ဖို့  နှောင့်နှေးခဲ့တယ် ။လစ်ဗျားလို စစ်ရေးအရ အရေးယူတာမျိုး ဖြစ်ဖြစ် အမှု စွဲဆိုစေတာမျိုးဖြစ်ဖြစ်ပေါ့ “စသည် ရေးသားခဲ့တယ်။
“ဒီရုပ်ရှင်ကားမှာ ထင်ရှားပေါ်လွင်မှု အရှိဆုံးက အစုအပြုံလိုက် သုတ်သင်မှု အဓမ္မကျူးလွန်မှု နှင့် လူသားဒိုင်းလွှားအသုံးချမှုတို့ ဘဲ ဖြစ်တယ် “ တဲ့။ ဂျိုလီက အားပါးတရ ပြောပါတယ်။
ဆရီဘရီနီကာသားကောင်များ အသင်းအဖွဲ့ တွေကလည်း အပီပြင်ဆုံး အကောင်းဆုံးရုပ်ရှင်ကားအနေနှင့် ချီးကြူးကြတယ်။
ဟောလီဝု(ဒ်) သတင်းထောက် တဦးဖြစ်တဲ့ “ တော့(ဒ်)မက်ကာသီ “ကလည်း “အစွမ်းထက်တဲ့ ရိုက်ချက်တွေပါဘဲဗျာ “လို့  ဆိုတယ်။
ဘယ်လိုဘဲ ချီးကြူးခဲ့ကြပါစေ  ဆာ့(ဘ်) တို့ ဘက်က ကြည့်ရင်လဲ သူတို့ ကို ခွဲခြားဆက်ဆံသွားတယ်
လို့ မြင်နေပါတယ်။ ဘာ့ကြောင့် ဒီရက်စက်မှု ကို (ဆရီဘရီနီကာ အစုအပြုံ သတ်ဖြတ်မှု)ကို ကျူးလွန်ဝံ့သွားကြသလဲ ဆိုတဲ့ ဇဇ်မြစ်ကိုပါ တူးဖေါ်မျှတရိုက်ကူးသင့်တယ်လို့  ဆိုနေပါတယ်။
“လော့(စ်) အိန်ဂျယ်လိ(စ် )တိုင်း(မ်) ကတော့  အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ဂျိုလီ က ထိထိမိမိ အကွက်ဆင် ရိုက်ကူးထားတာတွေ လွန်ကဲနေတယ်”လို့  ဆိုပါတယ်။ကမ္ဘာက ဆာ့(ဘ်) တို့ ကို ပိုမို အဆိုး မြင်သွားစေနိုင်တယ် လို့  ဆိုတယ်။ ထိတ်လန့် စက်ဆုတ်ဖွယ် မြင်ကွင်းများ
စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်း ဆိုင်ရာ အပြာခန်းများ  အကြောင်းမဲ့  ပုံကြီးချဲ့ အသားပေးလွန်းတယ် လို့ လည်း  ဆိုပါတယ်။
Floristအနေနှင့် ပြောရရင်
ဒီလိုစစ်ပွဲမျိုး တွေ ကျူးလွန်နေခြင်းဟာ တကယ်တော့ လူမျိုးတူသည့်တိုင် ဘာသာမတူ အယူကွဲပြားနေခြင်းက အဓိက ဖြစ်နေတယ်။
မတူကွဲပြားတဲ့ ဘာသာရေး အယူသီးမှုအရ မလိုမုန်းထားမှုများ  ထိုမှတဆင့်တက်လို့  အမျက်ဒေါသများ ညှင်းပန်းနှိပ်စက်မှုများ သတ်ဖြတ်မှုများ စဉ်တိုက် ဖြစ်ပေါ်လာတတ်လေ့ရှိပါတယ်။
ဗုဒ္မဘာသာမှာ မလိုမုန်းထားမှု အမျက်ဒေါသကြီးမှု ညှင်းပန်းနှိပ်စက်မှု သတ်ဖြတ်မှု စသည် မပြုရပါဘူး။ မရှိပါဘူး။ ဘာသာတရားက ထိမ်းချုပ်ထားပြီးဖြစ်ပါတယ်။ ရန်ညိုးသိုဝှက်ခြင်း လက်တုံ့ ပြန်ခြင်း မပြုရန် သည်းခံခွင့်လွှတ်ရန် ဘာသာတရားကပင် ဆုံးမတားမြစ်ထားတဲ့အတွက် ဗုဒ္မဘာသာဝင်များဟာ  ထာဝရ ငြိမ်းအေးချမ်းသာကြပါတယ်။
ကမ္ဘာပေါ်က ဘယ်နိုင်ငံ ဘယ်လူမျိုးမဆို ဗုဒ္မအယူဝါဒအတိုင်း  မေတ္တာတရားရှေ့ထားပြီး မိမိအကျိုး သူတပါးအကျိုး မျှတညီညွတ်စွာ ချစ်ခင်သင့်တင့် ကြမယ်ဆိုရင် စစ်ပွဲ ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ လူသားတွေရဲ့ ငြိမ်းချမ်းမှုကို ဖေါ်ဆောင်ပေးနိုင်တာ ဗုဒ္မ၀ါဒပါ။ေုဒ္မ၀ါဒ ပြန့် ပွားထွန်းလင်းဖို့ ဘဲ လိုပါတယ်။စွမ်းဆောင်နိုင်သူ ပုဂ္ဂိုလ်များက ကမ္ဘာအနှံ့ ဖြန့် ဖြူးပေးကြလိမ့်မယ် လို့  ယုံကြည် မျှော်လင့်ပါတယ်။      ။
Florist
 ကိုးကား .wikipedia
Saturday, October 6, 2012
“အနက်ရှိုင်းဆုံးက ဘယ်သူ့ဆီမှာ”
အလုပ်နှင့် ငွေကြေးက ၀ါးမျိုလိုက်သည့်အခါ ချစ်ခြင်းက ကစဉ့်ကလျား လွင့်စဉ်သွားခဲ့သည်။ အဲသည်ချစ်ခြင်းကို ဂျွန်ထရူး စကော့ဆိုသည့် လူငယ်လေးက သူ့ရင်ခေါင်းထဲမှာ လှလှပပ ကောက်ယူ ထိန်းသိမ်းစောင့်ရှောက်ကာ ကျွန်မအား ယနေ့ ခင်းကျင်းချပြလိုက်သည်။ သာမန်အပေါ်ယံ ချစ်ခြင်းမဟုတ်။ အနက်ရှိုင်းဆုံးသော ချစ်ခြင်း။ `ဂျွန်´ဆိုသည့် လူငယ်လေး တစ်ယောက် ကြောင့် နက်ရှိုင်းလှသည့်ချစ်ခြင်းကို ယခု ကျွန်မ နားလည် သွားရပါပြီ။
xxxxx
            `မင်္ဂလာပါ ဂျွန်ထရူးစကော့ ငါက ဘယ်လန်စိုင်း၊ ငါတို့ဒေသက ကြိုဆိုပါတယ်´
ဘယ်လန်စိုင်း ဆိုသည့် အီဘန်ရွာလူကြီး၏သား ဒေသခံတစ်ဦးက သူ့အား ခပ်မာမာ သို့သော် ရိုးဖြောင့်စွာကြိုဆိုခဲ့သည်။ ဒေသ အုပ်ချုပ်သူအရာရှိကြီး ဟင်နရီဘူးလက်ဒ်နှင့်တွေ့သည်။ `ဘာလို့ အလုပ်လုပ်တာလဲ၊ အကြွေးတွေရှိလို့လား၊ မိသားစု အတွက်လား၊ မိန်းမယူဖို့လား သူ့ကိုမေးသည်။ ဆာရာဝက်မှာ ရှိတဲ့ အီဘန်လူမျိုးတွေရဲ့ နိမ့်ကျနေသော ပညာရေးစနစ်ကို မြှင့်တင်ပေးဖို့ ဂျွန်စိတ်ဝင်စားခဲ့တာ။ ဒါ ကွယ်လွန်သွားသည့် သူ့ဖခင်၏ ဆန္ဒတစ်ခုဖြစ်သလို  ဆက်လက်အကောင်အထည်ဖော်ဖို့ကလည်း သူ့တာဝန်ပဲ ပေါ့။
“အမေဆုံးတာ ၂နှစ်ရှိပြီ၊ အဖေက ပတ်ချန်ဒေးလ်မှာ အသတ်ခံရတယ်။ အဖေမရှိတော့တဲ့နောက်ပိုင်း ရှေးဆန်လွန်းပြီး နိမ့်ကျနေတဲ့ အီဘန်တွေကို ပညာရေးပိုင်းမှာ မြှင့်တင်ပေးဖို့က ကျွန်တော့်တာဝန်ဖြစ် လာပြီလို့ ခံယူထားတယ်”
ဟင်နရီဆိုသည့် ခပ်၀၀လူက `လေသံကတော့ ကြီးကျယ်ပါ့´ဟု ခပ်ထေ့ထေ့ဆိုသည်။ သူ့ကို ခြေဆုံး ခေါင်းဆုံးကြည့်လျက် ပြောလိုက်သေးသည်။ `မင်းအရွယ်က သိပ်ငယ်သေးတော့ ဖြစ်မယ်မထင်ဘူး´တဲ့။
“မနက်ဖြန် မင်းကို ဒေသခံရွာသားတွေက ကြိုဆိုဧည့်ခံပွဲလုပ်လိမ့်မယ်”
“အဲဒီမှာ သူတို့ အလွန်အကျွံသောက်ကြမယ်၊ နတ်ဘုရားရုပ်တုတွေ ပူဇော်ပသမယ်၊ အတီးအမှုတ်တွေနဲ့ ကခုန်ကြမယ် ဟုတ်တယ်မို့လား”
စာတော်တော်ဖတ်ပုံရတယ် ဟု ဟင်နရီက ဂျွန့်ကို အထင်ကြီးသွားသည်။ တက္ကသိုလ်မှာလည်း အီဘန်လူမျိုးတွေအကြောင်း အဓိက သင်ယူခဲ့သည် သာမက အဖေချန်ရစ်ထား ခဲ့ သည့် စာအုပ်တွေကို ကြိမ်ဖန်များစွာ ဂျွန် ဖတ်မှတ်လေ့လာခဲ့ဖူးသည်။
အရာရှိငယ်အသစ်ကို ဒေသခံများက ကြိုဆိုသည့်ည။ အင်မတန်လှပလွန်းသည့် ဒေသခံမိန်းမငယ်လေးတစ်ဦးက အရက် ခွက်တွေကမ်းသည်။ ဂျွန်က မသောက်ချင်။ မသောက်ရင်ရိုင်းရာကျမယ် ဆိုသည့် ဘယ်လန်စိုင်း၏သတိပေးစကားကြောင့် တစ်ခွက် ယူသောက်ချိန်မှာ နီးကပ်လွန်းစွာ ရှိနေသည့် မိန်းမငယ် လေး၏မျက်နှာကို ရုတ်တရက်ငေးကြည့်မိကာ ဂျွန့်စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ် သွားသည်။ တိရစ္ဆာန်အရိုးဖြစ်ပုံ ရပြီး ဆေးအနက်ရောင်ခြည်ထားသည့် လည်ဆွဲတစ်စုံကို ဆွဲလျက် စောစောက မိန်းမငယ် လေး ဦးဆောင်သည့် အကမယ်လေးတွေက ကပြဖျော်ဖြေကြ သည်။ အရိုင်းဆန်ပြီး ရဲရင့်ပြတ်သားပုံရသည့် မျက်ဝန်းတစ်စုံက ဖမ်းစားမှု ကြောင့် ဂျွန့်မှာ ဘယ်နှခွက်သောက်မိမှန်းမသိတော့သည့် မူးမူးထွေထွေ ခံစားချက်တွေကို ထမ်းပိုးကာ ငေးရီရီ ကြည့်နေမိတော့သည်။ မိန်းကလေး က အကကိုရပ်ကာ သူမလည်တိုင်က လည်ဆွဲကိုချွတ်ပြီး ဂျွန့်ကို လာစွပ် ပေးသည်။ ရှိုးတိုးရှန်းတန်းဖြစ်နေသည့် ဂျွန့်ကို ဘယ်လန်စိုင်း က ပြောသည်။          
“အဲဒါ မင်းတစ်ခုခု ဒီပွဲမှာ လုပ်ပြရမယ့်သဘော၊ ရတယ်၊ သူတို့လို ကခုန်ပြမလား၊ သီချင်းဆိုမလား၊ ကဗျာရွတ်မလား၊ သုံးမျိုးလုံးလုပ်ချင်သပ ဆိုလည်း သိပ်ရ”
ဂျွန် မတ်တတ်ရပ်ကာ လူဘုံအလည်လျှောက်သွားလျက် ကဗျာတစ်ပုဒ်ရွတ်သည်။
ကန္တာရသဲမြေတွေဟာ အနီရောင်တွေနဲ့ စိုရွှဲဖုံးလွှမ်းလို့နေ…
ကျိုးကြေပွထနေတဲ့ ဒိုက်သရောတန်းကြီးတွေလည်း နီကျံခြင်းနဲ့အတူ စွန်းထင်းနေခဲ့…
ဂတ်တလင်းမြစ်ရေ ကလည်း ကာနယ်ရဲ့အသေကောင်စစ်သားတွေနဲ့ ပြည့်ကျပ်နေခဲ့…
တပ်ရင်းတစ်ခုလုံးလည်း မီးခိုးပြာမှုန်တွေနဲ့ မျက်ကန်းတစ္ဆေဖြစ်လို့
မြစ်ကမ်းပါးတွေမှာ အလောင်းကောင်တွေ အလွှာလပ်အထပ်လိုက် မို့မောက်ခဲ့ပြီ
ဟိုးဝေးဝေးက အင်္ဂလန် နိုင်ငံကြီးဆီကိုတော့ သူတို့ရဲ့ ဂုဏ်ထူးဆောင် သတင်းတွေ၊ ဂုဏ်သိက္ခာတွေ ထပ်ဆင့်လို့ ပျံ့လွင့်လို့။
ဒါပေမဲ့ ကျောင်းသားလူငယ်လေးတို့ရေ…မင်းတို့ရဲ့ စုစည်းညီညွတ်စွာထွက်ပေါ်လာတဲ့အသံတွေက အနုပညာဖန်တီးမှု တစ်ခုပဲလား…
အေး ဟုတ်ပြီ.. ဟုတ်ပါပြီ သည်းခံကြ သည်းခံကြ အော်ကြဟစ်ကြ ကစားလိုက်ကြ။
ဂျွန်၏ကဗျာရွတ်သံကို မည်သူမျှစိတ်မ၀င်စား၊ နားလည်းမလည်ကြ။ ဂျွန် ကောက်ခါငင်ကာ ဘယ်လန်စိုင်းကို လက်ဆွဲကာ ရင်ချင်းပူးကပ် လျက် တန်ဂိုအက ထကပစ်လိုက်မှ ရွာသားတွေအားလုံး သဘောအကျကြီးကျကာ အူလှိုက်သည်းလှိုက် ရယ်မောကြ သည်။ မူးခွေလဲကျသွားချိန်မှာ ဂျွန့်မျက်လုံးထဲ ခေါင်းပြတ်တွေကို လှမ်းမြင်နေသည်။
xxxx
“အီဘန်လူနေမှုပုံစံက၊ လွန်လွန်ကျွံကျွံသောက်မယ်၊ ပြင်းပြင်းထန်ထန်လုပ်မယ်၊ လက်တွေ့ကျကျ ရယ်မောမယ် ဒါပဲ”အဲသည်လို ဟင်ရနီက ရှင်းပြသည်။
“ဒါပေမဲ့ ကျွန်တော်က သူတို့အခြေကို မြှင့်တင်ပေးဖို့လာတာ၊ သူတို့ကို အရူးလိုအမူးသမားလို ဖျော်ဖြေဖို့မှမဟုတ်တာ”
ကာယာပုလုသတ္တုတွင်းစီမံကိန်းက အီဘန်တို့၏ပိုင်နက်တွင်း ကျူးကျော်ဝင်ရောက်လာကြောင်း၊ ဂျွန် အုပ်ချုပ်ရမည့်ဒေသ တစ်ဝိုက်မှာ သတ္တုတွင်းတူးသမားများ ရောက်နေကြောင်း ဟင်နရီပြောသည်။
“မင်းအလုပ်က သူတို့ရဲ့ဦးခေါင်းတွေကို ဖြတ်ပေးရမှာ”
ဂျွန် အံ့သြတုန်လှုပ်သွားသည်။
                                                                                                                   xxxxx
မနေ့က အကကောင်းသည့် မိန်းကလေး ဆယ်လီမာ ကို ဂျွန့်ဆီလာပို့သည်။ သူ့အတွက်အိပ်ရာဝင်အဖော်တဲ့။ စာချုပ်အရ ဒီ၃နှစ်မှာ သူအိမ်ထောင် မပြုရ၊ အဖော်မဲ့မှာစိုးလို့ စီစဉ်ပေးကြောင်း၊ အီဘန်ဘာသာစကားတတ်မြောက်ဖို့ အထောက်အကူ တစ်ခုဖြစ်ကြောင်း ဟင်နရီကရှင်းပြ သည်။
“ဒီ ၃နှစ်ကျော်ရင် ကော”
“အင်္ဂလန်ပြန်ပြီး အိမ်ထောင်ပြုလို့ မင်းဇနီးခေါ်လာမယ်ဆိုရင် ဆယ်လီမာက သူ့ရွာသူ ပြန်မှာပါ၊ ပြဿနာမရှိဘူး”
ဆယ်လီမာက ဘာသာစကားခြောက်မျိုးတတ်ကျွမ်းသည်။ တစ်ခုခုဆို ဂျွန်က အင်္ဂလိပ်လိုပြောလိုက်သည်နှင့် အီဘန်စကားနှင့် ဖလှယ် ပြောပြသည်။ သို့သော် ဂျွန်က ဆယ်လီမာနှင့် အတူမအိပ်၊ အမြဲငြင်းဆန်သည်။ တကယ်တော့ ဂျွန့်ကို အဖော်ပြုဖို့ ဆယ်လီမာက ရွေးချယ်ခြင်းဖြစ် သည်။ ခုထက်ထိအဖော်မပြုရသေး။ ဆယ်လီမာ ၀မ်းနည်းသလိုလို၊ ဒေါသထွက်သလိုခံစားရကာ တောထဲသွားနေမည် ဟုပြောသည်။ ရွာပြန်နေဖို့ ဂျွန် က ပြောသော်လည်း အင်္ဂလိပ်အရာရှိက လက်မခံသည့်အတွက် ရွာပြန်လာခဲ့ရသည်ဆိုလျှင် ရွာသားတွေအလယ်မှာ ကဲ့ရဲ့ပြစ်တင်ခံရကာ အရှက်ရသိမ်ငယ်ရတော့မည်တဲ့။ အီဘန်တွေရဲ့ထုံးစံက အရိုင်းဆန်သည်။ ဂျွန် ကြိုးစား ကာ ရှင်းပြလိုက်သည်။
“မင်းမလှလို့ မဟုတ်ပါဘူး၊ မင်းသိပ်လှတယ်၊ ဒါပေမဲ့ ငါ့ရဲ့ယုံကြည်မှုတစ်ခုကြောင့် မင်းနဲ့မအိပ်တာ၊ ငါတို့တိုင်းပြည်က နတ်တွေက ဒါမျိုး မကြိုက်ဘူး”
“’ဒါဖြင့် အဲဒီနတ်တွေတားမြစ်ထားလို့ ရှင်က ကျွန်မနဲ့မအိပ်တာပေါ့”
“ဟုတ်တယ်”
အံ့သြသိမ်ငယ်သွားသည့်မျက်ဝန်းလေးတွေကို ငေးကြည့်ရင်း ဂျွန့်ရင်ထဲ ထူးထူးဆန်းဆန်း ခုန်လှုပ်သွားသည်။ မရည်ရွယ်ဘဲ စကားတစ်ခွန်း လွှတ်ခနဲထွက်သွားသည်။
“ဒါပေမဲ့ ငါ ကြိုးစားကြည့်ချင်ပါတယ်”
အဲသည်ည ဂျွန်နှင့်ဆယ်လီမာ စာအုပ်တစ်အုပ် အတူဖတ်ရင်း စကားပြောကြသည်။
“ကျွန်မက အင်္ဂလိပ်သွေး တစ်ဝက်ပါတယ်၊ ကျွန်မအဖေက ကျွန်မငါးနှစ်မှာ အင်္ဂလန်ပြန်သွားခဲ့တာ”
“င့ါအဖေက ငါ လေးနှစ်မှာ ဆုံးသွားတယ်”
နက်သော နက်ရှိုင်းသော ပင်လယ်ရဲ့အောက်ခြေ၊ အဲဒီမှာ ရေတွေဟာ ဖန်သားပြင်လို ပကတိသန့်ရှင်းကြည်လင် နေမှာ…ပင်လယ်ဘုရင်ရဲ့နန်းတော်က အဲဒီဖန်သားပြင်မှာ လဲလျောင်းဖွဲ့တည်နေတာ၊ သန္တာကျောက်တွေရဲ့ နံရံ ပြီးတော့ လိပ်သည်းကျောက်ခွံတွေရဲ့ အမိုးတွေ၊ ဒါ ရေသူမလေးရဲ့ကမ္ဘာပေ…..
“မင်း အင်္ဂလိပ်လိုဖတ်နိုင်သားပဲ”
“နှလုံးသားနဲ့ဖတ်တာလေ၊ ဘာမဆို နှလုံးသားနဲ့ ကြိမ်ဖန်များစွာဖတ်လိုက်ရင် ကျွမ်းကျင်တာပဲ”
Deep, Deep ဟုရေရွတ်ရင်း အနက်ရှိုင်းဆုံး ပင်လယ်ရေအောက်ကြမ်းပြင်မှာ အတူတကွ လဲလျောင်းမိကြသည်။ ပင်လယ်ဘုရင်၏ ကြည်စင်သောနန်းတော်ကို သူတို့ရောက်ဖူးသွားသည်။ ဆယ်လီမာက ရေသူမလေးလား.. ဂျွန် ဆယ်လီမာ့ကို ချစ်သွားသည်။ နောက်တစ်နေ့ညမှာ ဂျွန်က ဆယ်လီမာ့ကို မြတ်နိုးတပ်မက်စွာ အနမ်းပေးချိန် ဆယ်လီမာက ဂျွန်ပြောခဲ့ဖူးသည့် စကားကို အစကောက်ကာ မေးတော့သည်။
“ရှင်တို့တိုင်းပြည်က နတ်တွေ အခု ဘယ်ရောက်နေလဲ”
“သူတို့လား အသက်ကြီးလို့ အနားယူသွားကြပြီ” သူတို့ ပျော်ရွှင်စွာ ရယ်မောမိကြသည်။
ဒီတစ်ကြိမ်မှာတော့ ဆယ်လီမာက ရင်ကွဲဖွယ်ရာစကား ဂျွန့်ကို ပြောခဲ့သည်။ `ကျွန်မတို့အတွက် ဒီလောက်ပဲ လုံလောက်ပါပြီ၊ အိုင်ဘန်လူမျိုး တွေမှာ ငါးညတိုင်အောင်အတူအိပ်ပြီးရင် လက်ထပ်ပြီးယူရတယ်၊ အဲဒီအဖြစ်မျိုး ရှင်မလိုလားဘူးမို့လား´ တဲ့။
                                                                                             xxxxxxx
ဂျွန်က ဆယ်လီမာ့ကို လက်ထပ်ချင်ကြောင်းပြောလျှင် ဟင်နရီအကြီးအကျယ်ပေါက်ကွဲတော့သည်။
“ငါတို့က ဥရောပမှာ အာဏာရှင် အထက်တန်းစားတွေ၊ အင်္ဂလိပ်အရာရှိတစ်ယောက်အနေနဲ့ ကိုယ့်တိုင်းပြည်အရှက်ရအောင် မလုပ်ရဘူး၊ မိသားစုရော အတူတူပဲ”
ဂျွန်က ဟင်နရီမျက်နှာကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
“ဒေသခံမိန်းမနဲ့ အတူအိပ်ဖို့တော့ခွင့်ပြုပြီး ဘာလို့လက်မထပ်နိုင်ရမှာလဲ”
“သူ့အတွက် မင်းက ပထမဆုံးမဟုတ်ဘူး သိရဲ့လားကွ”
ဒါကတော့ ဆယ်လီမာက အီဘန်သူလေးဖြစ်နေတာကိုး၊ အီဘန်တို့ရဲ့ ထုံးတမ်းစဉ်လာအရ တာဝန်တစ်ခုလို လည်စင်းခံပေး ဆပ်နေရတာကိုး။ ဒါကိုအကုန် ချုပ်ငြိမ်းစေချင်ပြီ။ ကျွန်တော်ဟာ သူ့အတွက် ပထမဆုံးမဟုတ်တော့ ဘာဖြစ်လဲ၊ ပထမ ဒုတိယ က အရေးမကြီး၊ အဓိက က နက်ရှိုင်းစွာချစ်ဖို့ပဲ မဟုတ်လား၊ သည်အတွေးနဲ့ ဂျွန် စိတ်ဆုံးဖြတ်လိုက်သည်။ ဆယ်လီမာကိုလက်ထပ်မည်။ သို့သော် ဟင်နရီ၏သမီး စီဆီးလီ က ဂျွန်ကိုအပိုင်လိုချင်နေသည်။ မစ္စစ်ဟင်နရီက ဂျွန့်ကို တိုးတိုးတိတ်တိတ်ခြိမ်းခြောက်သည်။
“အီဘန်တွေအတွက် စာသင်ကျောင်းထူထောင်ချင်တဲ့ကိစ္စ ငါတို့ကောင်းကောင်း ကူညီနိုင်တယ်၊ ဒါပေမဲ့ စီဆီးလီကို မင်းပျော်အောင်လုပ်ပေးရ မယ်၊ ငါ့သမီးက မင်းကို သဘောကျနေတာ”
ဆယ်လီမာ့ခမျာလည်း ရွာသားအချင်းချင်းသာ အိမ်ထောင်ပြုဖို့ နားချခံနေရသည်။ ဘယ်လန်စိုင်းနှင့် လက်ထပ်ရမည်ဟု ရွာလူကြီးက ပြောသည်။ ဆယ်လီမာ့ဆီ အပြေးသွားချိန်မှာ ဂျွန် နောက်ကျခဲ့ပြီ။ သစ်သားတိုင်လုံးတွေအလယ်မှာ ဖမ်းချုပ်ခံထားရသည့် ဆယ်လီမာ့ကို မြင်လျှင် ဂျွန် ရူးမတတ်ခံစားရသည်။ ရှိသမျှအားအင်တို့သုံးကာ သစ်လုံးတိုင်တွေကို ဖြုတ်သည်။ ဟင်နရီက တစ်ခွန်းတည်း အော်ပြော သည်။
“ဂျွန်ထရူးစကော့ မင်းကို ငါအရေးယူမယ်”
သည်စကားကြားလျှင် ဆယ်လီမာတုန်လှုပ်သွားသည်။ ဂျွန့်ဘ၀ သူမကြောင့် ကသောင်းကနင်းမဖြစ်စေချင်။ အံကိုကြိတ်ကာ အားလုံးကို ကတိပေးလိုက်ရသည်။
“ကျွန်မ သူ့ကို စွန့်လွှတ်ပါ့မယ်၊ ဒီရွာကလူနဲ့ပဲ လက်ထပ်ပါ့မယ်”
xxxxx
ဘ၀ချင်းခြားသွားသော်လည်း အသည်းနှလုံးက နီးကပ်နေဆဲ။ စီဆီးလီနှင့်လက်ထပ်ပြီး ဆာရာဝက်ကို ပြန်လာချိန်မှာ ဆယ်လီမာက ဘယ်လန်စိုင်းနှင့် ကလေးတစ်ယောက်ရနေပြီ။
“သူတို့ပျော်နေကြမယ်ထင်တယ်” ဟု စီဆီးလီပြောလျှင် ဂျွန် သတိလစ်ကာ ၀င်ပြောမိသွားသည်။
“ငါက အားလုံးကို ပျော်စေချင်တာပါ”
“ဘာရယ် ဘယ်လို အားလုံး? ဟုတ်လား၊ အားလုံးဆိုတာ ဘာသဘောလဲ”ဟုမေးလျက် စီဆီးလီ မျက်နှာက ပြိုတော့မည့်မိုးလို ဖြစ်သွားသည်။ အားလုံးကို ပျော်စေချင်လို့မှ မရတာ။ ကျွန်မကိုလည်း ပျော်စေချင်၊ ဆယ်လီမာ့ကိုလည်း ပျော်စေချင် နှစ်ဦးနှစ်ဖက်လုံး ပျော်အောင် ရှင်ဘယ်လို လုပ်ပေးမှာတဲ့လဲဂျွန်..တွေးကာတွေးကာ စိတ်ကနာချင်လာသည်။ တကယ်တော့ စီဆီးလီအလုံးစုံကို သိနေခဲ့ပါသည်။ ဒီဒေသကို ရောက်ကတည်းက ဂျွန့်စိတ်တွေ မတည်မငြိမ်ဖြစ်မှန်း သိပါသည်။ အနမ်းတွေက ပေါ့ပျက်နေသည်။ အမေ့ ရှေ့မှာ သမီးဖြစ်သူကို ဂရုစိုက်ဟန်နဲ့ ဟန်လုပ်နမ်းပြတတ်သည်။ သူမအနားမှာနေလျက် စိတ်က ဆယ်လီမာ့ထံရောက်နေတတ်သည်။ ဆိုးတာက ဆယ်လီမာ့ဓာတ်ပုံတစ်ပုံကို ဂျွန်ဆီမှာတွေ့ရတာ ပါပဲ။ အရမ်းလှတယ် ပြောရင်း စီဆီးလီမနာလိုဖြစ်ရသည်။ ဆယ်လီမာက လှတယ်မို့လား ဟု မေးလျှင်တော့ ဂျွန်က သူ့စတိုင်နဲ့သူပေါ့ကွာ တဲ့ ဝေ့လည်လည်လုပ်ပစ်သည်။
            မမျှော်လင့်ဘဲ မြစ်ဆိပ်တစ်နေရာတွင် ဆယ်လီမာနှင့်အတူ ကလေးတစ်ယောက်ကို မြင်လိုက်ရလျှင် ဂျွန်သွေးပျက်သွားတော့ သည်။ ကလေးက ဘယ်လန်စိုင်းနှင့် နှမ်းစေ့တစ်စေ့စာပင် တူတာမရှိ၊ သူ့လို လူဖြူ အင်္ဂလိပ်ရုပ်မှ အင်္ဂလိပ်ရုပ်။ ဆယ်လီမာရှိရာ ခိုးသွား ကာ သားကို တွေ့ခွင့်တောင်းရသည်။ ဆယ်လီမာကပြတ်သည်။ မြန်မြန်ကြည့်၊ ကျွန်မတို့ကို ဒီပုံစံနဲ့တွေ့ရင် သူတို့သတ်လိမ့်မယ်တဲ့။ဆယ် လီမာက သူရင်ကွဲအောင် ပြောရက်သေးသည်။ `ကျွန်မကိုယ်ဝန်ရှိမှန်းသိသိကြီးနဲ့ ဘယ်လန်စိုင်းကလက်ထပ်ခဲ့တယ်၊ ဒါကြောင့် ဒီကလေးက ဘယ်လန်စိုင်းရဲ့သားပဲ´တဲ့။
            ဆယ်လီမာ့ရင်ခွင်ထဲက ကလေးကို တုန်ခိုက်စွာကြည့်လျက် ဆယ်လီမာရွတ်ပြခဲ့ဖူးသည့် ကဗျာတစ်စကို ဂျွန် ရွတ်လိုက်သည်။
နက်သော နက်ရှိုင်းသော ပင်လယ်ရဲ့အောက်ခြေ၊ အဲဒီမှာ ရေတွေဟာ ဖန်သားပြင်လို ပကတိသန့်ရှင်းကြည်လင် နေမှာ…ပင်လယ်ဘုရင်ရဲ့ နန်းတော်က အဲဒီဖန်သားပြင်မှာ လဲလျောင်းဖွဲ့တည်နေတာ၊ သန္တာကျောက်တွေရဲ့ နံရံ ပြီးတော့ လိပ်သည်းကျောက်ခွံတွေရဲ့ အမိုးတွေ၊ ဒါ ရေသူမလေးရဲ့ကမ္ဘာပေ…
ဂျွန့်ပုံစံကို ရိပ်စားမိသူ ယောက္ခမကြီးမစ္စစ်ဟင်နရီက စောင်းကာမြောင်းကာ စကားဆိုသည်။ `ငါ ဘာလို့ ဟင်နရီနောက် လိုက်နေတာလဲသိ လား၊ သူ့ကိုစိတ်မချလို့ သူ့ရဲ့မိန်းကလေးဆီ ပြန်ပါသွားမှာ စိုးလို့ပဲ´။ သည်ကြားထဲ တစ်ည ဂျွန်အိပ်နေတုန်း လူတစ်ယောက်က ခြင်ထောင်ကို ခွဲကာ ဓားဖြင့် ထိုးခဲ့သည်။ ဘယ်လန်စိုင်း။
မတတ်နိုင်၊ စစ်ဆေးကာ အမိန့်ချမှတ်ဖို့ ဂျွန့်မှတာဝန်ရှိသည်။
“မင်း ငါ့ကို သတ်ချင်တာလား နာကျင်ရုံလေး လုပ်တာလား”မေးလျှင် ဘယ်လန်စိုင်းက `သတ်ချင်တာ´တဲ့။ `သတ်ဖို့ရည်ရွယ်ပြီးလာတာလား၊ ရုတ်တရက်စိတ်ရိုင်းဝင်လို့လား´ `သတ်ဖို့လာတာ´။ အပြစ်လျှော့ပေါ့ပေးနိုင်အောင် အမျိုးမျိုး လှည့်ပတ်မေးပေးနေသော်လည်း ဘယ်လန်စိုင်းအဖြေက ပြတ်သားနေသည်။ သည်လောက်တောင်မှ သူ့ကိုမုန်းတီးနေပြီပေါ့။
ဆယ်လီမာက သူ့အား လာရောက်တောင်းပန်တိုးလျှိုးနေပြန်သည်။ `ဘယ်လန်စိုင်းက ကလေးအတွက် ဖခင်ကောင်းတစ်ယောက်မို့၊ သူ့ကို သေမိန့်မချပါနဲ့၊ အပြစ်လွှတ်ပေးပါ´။ `မပေးနိုင်ဘူး´ဟု ဂျွန်ဖြေလျှင် ဆယ်လီမာ တုန်လှုပ်သွားသည်။ နောက်တစ်နေ့မှာ ဘယ်လန်စိုင်းကို ဂျွန်က သေမိန့်ချလိုက်သည်။ မသေမချင်းကြိးကွင်းစွပ်သတ်စေ။ သို့ပေမဲ့ အဲသည်ည လူခြေတိတ်ချိန်မှာ ဘယ်လန်စိုင်းကို ဂျွန် လွှတ်ပေးခဲ့သည်။ ဒါဟာ အလဲအလှယ် ၊ အလျော်အစား တစ်ခုပဲလား မဆိုနိုင်။ ဆယ်လီမာနှင့်ကလေးကို ခေါ်ယူကာ ဂျွန်က ထွက်ပြေးတော့မည်။
စီဆီးလီမှာလည်း ဘ၀တစ်ခုလုံးနှင့်ရင်းကာ ချစ်ရသူမို့ ဂျွန့်စိတ်ကို နောကြေအောင် သိနေခဲ့ပါပြီ။ ဂျွန့်ကို ချုပ်နှောင်မထားလိုတော့။
“ရှင်နဲ့ ဆယ်လီမာကို ပျော်စေချင်ပါတယ်၊ ရှင်သွားပါတော့”။ သူမ ၀မ်းဗိုက်ကလေးကို ပုတ်ကာ ပြောလိုက်သေးသည်။ `ရှင်နဲ့ပတ်သက်တာ ဒီမှာ ချန်ထားခဲ့ပြီပဲ ကျွန်မ ကျေနပ်ပါတယ်´တဲ့။
xxxxx
စီဆီးလီ၏အမေကတော့ အကြီးအကျယ်ဒေါသထွက်ပြီ။ နဗီးလ်အပါအ၀င် ဟင်နရီ၏လူတွေကို ဂျွန်နှင့်ဆယ်လီမာအား မတွေ့တွေ့အောင် ရှာခိုင်းနေပြီ။ စီဆီးလီက ငြိမ်ငြိမ်ကလေးထိုင်နေရာက သူမအမေကို မကြည့်ဘဲ ပြောလိုက်သည်။
“ရှာတာက ရှာပါ၊ ဒါပေမဲ့ ဂျွန့်ကို ဘာမှမထိခိုက်စေချင်ဘူး၊ ကျွန်မ ညီမ ဆယ်လီမာ ကိုရောပေါ့”
တကယ်တော့ ဟင်နရီ့မှာလည်း ဂျွန့်လို အတိတ်ပုံပြင်တစ်ပုဒ် ရှိခဲ့သည်။ အီဘန်ဒေသခံမိန်းမငယ်လေးတစ်ဦးနှင့် အိပ်ရာဝင်အဖော် ပြုခဲ့ရာက ထိုမိန်းမငယ်လေးမှာ သမီးလေးကျန်ခဲ့ပါသည်။ အဲဒါ ဆယ်လီမာပေါ့။ သားမက်ဖြစ်သူ ဂျွန်နှင့်ထွက်ပြေးရန် ကြံရွယ်သည့် ဆယ်လီမာ့နောက်ကို ဟင်နရီ ခြေရာခံလိုက်မိခဲ့ချိန်မှာ ဆယ်လီမာက သူ့အား စာအုပ်လေးတစ်အုပ်ထုတ်ပေးခဲ့သည်။ အမေ့ရဲ့စာအုပ်လေး လို့ ဆယ်လီမာ ပြောပြရန်ပင်မလို။ သည်စာအုပ်လေးမြင်သည်နှင့် ဟင်နရီသိပြီ။ နှစ်များစွာကွဲကွာနေခဲ့သည့် အီဘန်သွေးတစ်ဝက်နှောသည့်သမီးကို တုန်ခိုက်သောလက်များဖြင့် ပွေ့ဖက်မိခဲ့သည်။ ဘယ်တော့မှ မသေခဲ့သည့် အတိတ်ခံစားချက်တွေက ဂျွန်နှင့်ဆယ်လီမာကို လွတ်မြောက်ခွင့်ပေးလိုက်ဖို့ တိုက်တွန်းနေခဲ့သည်။ ဟင်နရီ အိမ်သို့ တိတ်ဆိတ်စွာပြန်လာခဲ့သည်။ ဂျွန်နှင့် ဆယ်လီမာ့ကို ဘယ်မှာမှ မတွေ့ခဲ့ဘူးပေါ့။
သမီးဖြစ်သူ စီဆီးလီနှုတ်က ထွက်ကျလာသည့် ကျွန်မညီမ ဆယ်လီမာ ဆိုသည့် စကားကြောင့် မစ္စစ်ဟင်နရီ သွေးပျက်ချောက်ချားသွားပြီ။ ခင်ပွန်းဖြစ်သူ ဟင်နရီ၏ နက်ရှိုင်းသောအချစ်က ဘယ်သူ့ဆီမှာလဲ …သူမ ဆီမှာ မဟုတ်ခဲ့ဘူးလား၊ မတွေးလိုတော့ပါပြီ။ အရာရာပြီးဆုံးခဲ့ပြီဟု သဘောထားကာ နေလိုက်ကြရုံသာ။
ဂျွန်ကတော့ ဘ၀သစ် ဆိုမလား၊ ဘ၀ဟောင်းကို တစ်ဖန် ပြန်လှုပ်နှိုးတယ် ဆိုမလား ဂုဏ်ရှိန်ပါဝါ အရာရာကို စွန့်လွှတ်ကာ ဆယ်လီမာ၊  သားလေး မန်ဒါ တို့နှင့်အတူ သာမန်မိသားစုဘ၀လေးကို တည်ဆောက်တော့မည်။ ဂျွန်၏ အနက်ရှိုင်းဆုံး အချစ်က ဆယ်လီမာ့ဆီမှာ ရှိခဲ့တာ သေချာပါ သည်။
ဂုဏ်ရှန်ပါဝါ အရာရာထက် ချစ်ခြင်းမေတ္တာက အရေးကြီးကြောင်း၊ ပထမ ဖြစ်စေ ဒုတိယဖြစ်စေ အနက်ရှိုင်းဆုံးအချစ်ဖြင့် တစ်ဦးအပေါ် တစ်ဦး ချစ်တတ်ဖို့လိုကြောင်း `ဂျွန်´က ကျွန်မကို ပြောပြခဲ့ပါသည်။ အနက်ရှိုင်းဆုံးအချစ် ဆိုတာကို လှလှပပခင်းကျင်းပြသခဲ့သည့်အတွက် ဂျွန်ထရူးစကော့ ကို ကျေးဇူးတင်နေမိရင်းက လူသားအားလုံး အပေါ်ယံတွေဖယ်ခွာချပြီး အနက်ရှိုင်းဆုံးအချစ်နှင့်သာ ချစ်တတ်ကြပါစေ ဟု…တစ်ပြိုင်တည်း ဆန္ဒပြုပေးလိုက်ပါသည်။
ဂျူနီယို
Tuesday, September 25, 2012
ညွှန်းတဲ့ ရုပ်ရှင်
Hotel Transylvania 3D
Animation / Comedy / Family
ပြသချိန်- ၉၁မိနစ်
Columbia Pictures
ဒါရိုက်တာ - Genndy Tartakovsky
ထုတ်လုပ်သူ - Michelle Murdocca
ဇာတ်ညွှန်း - Peter Baynham, Robert Smigel
သရုပ်ဆောင်များ - Adam Sandler, Selena Gomez, Andy Samberg, Kevin James, Fran Drescher, Jon Lovitz, Cee Lo Green, Steve Buscemi, Molly Shannon, David Spade
အမေရိကန်TV Show “Saturday Night Live” သရုပ်ဆောင် အာဒမ်ဆန်ဒလားဟာ ဒရက်ကူလာဇာတ်ကောင်နေရာမှာ အသံသရုပ်ဆောင်ထားပါတယ်။ ဒရက်ကူလာက ကမ္ဘာ့သရဲတစ္စေ၊ ဘီလူးမိစ္ဆာတွေအတွက် အထူးဖွင့်လှစ်ထားတဲ့  ကြယ်ငါးပွင့်ဟိုတယ် “ဟိုတယ်ထရန်ဆေးလ်ဗေးနီးယား” ရဲ့ ပိုင်ရှင်ကြီးပါ။ သမီး မာဗစ်(ဆယ်လီနာဂိုးမက်ဇ်)ရဲ့ အသက် ၁၁၈နှစ်မြောက်မွေးနေ့ပွဲကို တက်ရောက်ဖို့ အကျော်ကြားဆုံး သရဲတစ္စေတွေကို ဒရက်ကူလာက ဖိတ်ထားတယ်။ မွေးနေ့ပွဲမှာ မမျှော်လင့်တဲ့လူသားဧည့်သည်လေး မျက်စိလည်လမ်းမှားလို့ ရောက်လာတယ်။ “ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ” ဒရက်ကူလာက လူသားတစ်ဦးကိုတွေ့တော့ ဒေါသထွက်စွာမေးပါတယ်။ မကြောက်မလန့်တတ်တဲ့လူငယ်လေးက ဒရက်ကူလာရဲ့ထူးခြားတဲ့ အသုံးအဆောင်တွေနဲ့ အ၀တ်အစားတွေကို သဘောအကျကြီးကျနေတော့တယ်။ သမီးငယ် မာဗစ် နဲ့ပါ မျက်လုံးချင်းဆုံသွားခဲ့ပြီ။ ဒရက်ကူလာအခက်တွေ့ရပြီ။ လူငယ်လေးကို ပြောတယ်။ “လာရာလမ်းကိုပြန်လှည့်၊ ပစ္စည်းတွေသိမ်း၊ အမြန်ဆုံးထွက်သွားတော့၊ ငါ့သမီးနဲ့ ခပ်ဝေးဝေးနေစမ်းဟေ့၊ နောက်ထပ်တစ်ခါ ဘယ်တော့မှပြန်လာစရာမလိုဘူး” မျက်လုံးချင်းစိုက်ကြည့် ညှို့ငင်ပြီး အမိန့်ပေးပါတယ်။ လူငယ်လေးက မျက်ကပ်မှန်တပ်သူလေးပါ။ ဒရက်ကူလာရဲ့ အစွမ်းတွေက ဘယ်လိုမှ မထိရောက်နိုင်တော့ဘူး။ သမီးငယ် မာဗစ် ကလည်း သရဲတစ္စေကမ္ဘာထဲကနေ အပြင်လောကကြီးထဲ လျှောက်ကြည့်ချင်နေတယ်။ “ကျွန်မ အပြင်ကို သွားချင်တယ်။ ကမ္ဘာကြီးကို ကြည့်ချင်တယ်”  လို့ ပူဆာနေပါပြီ။
(Hotel Transylvania 3D တော့ကြည့်ဖြစ်ပါတယ်။ တော်တော်ကြီးကြိုက်တယ်။ သီချင်းဆိုတဲ့အခန်းတွေ သီချင်းလုဆိုကြတာ ပျော်စရာကြီး)
Looper
Action / Sci-Fi
ပြသချိန်- ၁၁၈ မိနစ်
TriStar Pictures
ဒါရိုက်တာ - Rian Johnson
ထုတ်လုပ်သူ - Ram Bergman, James D. Stern
ဇာတ်ညွှန်း - Rian Johnson
သရုပ်ဆောင်များ - Bruce Willis (Joe), Joseph Gordon-Levitt (Older Joe), Emily Blunt(Sara)
၂၀၇၇ ခုနှစ် အနာဂတ်ကမ္ဘာကြီးထဲက ရာဇ၀တ်ပြစ်မှုတွေရှုပ်ထွေးပွေလီနေတဲ့နေရာမှာပေါ့။ ဂျိုး - ဂျိုးဆက်ဆိုင်မွန်စ် (Joseph Gordon-Levitt) အသက် ၂၅နှစ်အရွယ် လူငယ်လေးဟာLoopers ဆိုတဲ့ လူသတ်သမားတွေစုစည်းထားတဲ့ အဖွဲ့မှာ အလုပ်လုပ်တယ်။ ရှန်ဟိုင်းမှာရှိတဲ့ ရုံးချုပ်က အေးဂျင့်တွေဟာ ဂျိုးကို ၂၀၄၂ခုနှစ်ဆီပို့ထားပြီး သတ်ဖြတ်မှုတွေလုပ်ခိုင်းထားတယ်။ ဂျိုးတာဝန်ယူရှင်းလင်းပေးနေရတာက ကန်ဆက်မြို့တော်က မာဖီးယားကုမ္ပဏီတစ်ခုအတွက်ပါ။ အလုပ်ရှင်တွေက ဂျိုးကို တစ်ဦးပြီးတစ်ဦး သတ်ဖြတ်ဖို့ စီစဉ်ခိုင်းစေကြတယ်။ Looper တွေ အားလုံးက ပြင်းပြင်းထန်ထန်လေ့ကျင့်ထားတဲ့ ခြေလျင်တပ်သားတွေလေ၊ သူတို့ရဲ့ ပစ်မှတ်ဟာ ဘယ်တော့မှ လွတ်မြောက်တယ်ဆိုတာမရှိခဲ့ဘူး။ သေမင်းဆီအရောက် ပို့ပစ်နိုင်ခဲ့ကြတာချည်းပဲ။ တစ်နေ့ ဂျိုးရဲ့ နောက်ထပ်ပစ်မှတ်တစ်ခုကို အလုပ်ရှင်တွေက ထပ်ပြီးညွှန်ကြားလာတယ်။ ဂျိုးရဲ့ ပစ်မှတ်က ဘယ်သူလဲ။ ပစ်မှတ်ရှေ့တည့်တည့်ကို ဂျိုးရောက်ပြီ။ ဂျိုး ပစ်ရမယ်တဲ့။ ဒါပေမဲ့ ဂျိုးသိလိုက်ရတာက “ကြောက်စရာအကောင်းဆုံးအရာက သင် ကိုယ်တိုင်ပဲ”  ဆိုတဲ့စကားပေါ့။ ပစ်မှတ်က ဂျိုးကိုယ်တိုင်ဖြစ်နေခဲ့ပြီ။ ဂျိုးရဲ့ မိန်းကလေး ဆာရာ(Emily Blunt) ကြောက်လန့်တကြားအော်ဟစ်လိုက်တယ်။ “အိုး ဘုရားသခင်၊ ဂျိုး သတိထား” တဲ့။ အသက် ၅၅ နှစ်အရွယ် ဂျိုး(Bruce Willis) က အိတ်ဆောင်နာရီကိုထုတ်ကြည့်တယ်။ ၁၁ နာရီ ခွဲသွားခဲ့ပြီ။ “ငါ စိတ်မကောင်းပါဘူးကွယ်”လို့ပဲ သူ ပြောတယ်။ ပြီးတော့ မီးကုန်ယမ်းကုန် စတင်ပစ်ခတ်တော့တယ်။
Arbitrage
Drama / Thriller
Lions Gate Entertainment
ဒါရိုက်တာ - Nicholas Jarecki
ထုတ်လုပ်သူ - Laura Bickford, Kevin Turen, Justin Nappi, Robert Salerno, Mohammed Alturki
ဇာတ်ညွှန်း - Nicholas Jarecki (screenplay)
သရုပ်ဆောင်များ - Richard Gere, Susan Sarandon and Brit Marling
စီးပွားရေးလောကမှာ သြဇာညောင်းလှတဲ့ လုပ်ငန်းရှင် ရောဘတ်မေးလ်လာ(ရစ်ချတ်ဂီယာ)ဟာ ဒေါ်လာသန်း၄၀၀တန်လှို့ဝှက်ချက်ပါရှိတဲ့ မက်ဟန်တန်ရင်းနှီးမြှုပ်နှံမှုမှုာ ကြိုးကိုင်ကစားနေခဲ့ပါတယ်။ သူ့ရဲ့ သီးသန့်ငွေကြေးတွေ တစ်ဝက်လောက်ဆုံးရှုံးတဲ့ကိစ္စလည်းပေါ်လာတော့ စာရင်းတွေကိုရှုပ်ထွေးအောင်လုပ်တော့တယ်။ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပင်မစီးပွားရေးအဖွဲ့အစည်းကို ရောင်းချနိုင်လိုက်တယ်။ အဲဒီအရှုပ်အထွေးကြီးက မေးလ်လားရဲ့ မိသားစုကို အပြင်းထန်ဆုံးရိုက်ခတ်ခဲ့ပြီ။ မေးလ်လားရဲ့ သမီး ဘရွတ်ဟာ ဖခင်ရဲ့စီးပွားရေးလုပ်ငန်းကြီးမှာ အကြီးအကဲအရာရှိပါ။ ဒါပေမဲ့ ဖခင်ရဲ့ ဗရုတ်ကျမှုတွေ ဘာကိုမှ မသိခဲ့ရှာဘူး။ ဖခင်ဘက်ကပဲ အမြဲရပ်တည်ခဲ့တယ်။ ဘရွတ်ရဲ့ ခိုင်မာတဲ့ရပ်တည်မှုကြောင့်  သူမအလုပ်ကိုရော၊ သူမ ဖခင်အပေါ်ထားတဲ့မျှော်လင့်ချက်တွေကို အားလုံးဆုံးရှုံးရတော့မှာ။ မေးလ်လာက စကားလုံးငါးလုံးကို အမြဲပြောတယ်။ “M-O-N-E-Y” တဲ့ ။ အချစ်ရေး၊ မိသားစုဘ၀အရေးမှာလည်း အတူတူပဲ ကစားတာပဲ။ မေးလ်လားရဲ့ကစားကွက်တွေသိရှိသွားခဲ့တဲ့ မိန်းကလေးတစ်ဦးကိုလည်း သတ်ပစ်လိုက်တယ်။ အစီအစဉ်မရှိပဲ ခရီးတစ်ခုသွားကြစို့လို့ မေးလ်လားကခေါ်တယ်။ လမ်းမှာတော့ စီးလာတဲ့ကားက နှစ်ပတ်သုံးပတ်လိမ့်လို့ ၀ုန်းဒိုင်းကြဲသွားခဲ့ပြီ။ မေးလ်လာက လွတ်မြောက်အောင်ရှောင်တိမ်းခဲ့တယ်။ ဘရွတ်ရဲ့ မိခင်က ဘရွတ်ကို သတိပေးနေပါတယ်။ “သူက ကျွန်မရဲ့ အဖေလေ၊ ကျွန်မယုံကြည်ရမယ်” တဲ့။ စုံထောက်တွေက ဖုန်းတွေဆက်လာပြီ။ မေးလ်လားနဲ့ လာတွေ့နေကြပြီ။ မေးလ်လားက ဘရွတ်ကိုပြောတယ်။ “မင်းဟာ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်မဟုတ်ဘူး၊ ငါ့အတွက်အလုပ်လုပ်ပေးတဲ့သူပဲ” တဲ့။ မိသားစုဝင်တွေကပြောတဲ့ စကားလုံးတွေက မေးလ်လား အမြဲပြောခဲ့တဲ့ စကားလုံးငါးလုံးကို မယှဉ်နိုင်ပါဘူး။
Resident Evil: Retribution 3D
Action / Horror / Sci-Fi
ပြသချိန်- ၉၅ မိနစ်
Screen Gems
ဒါရိုက်တာ - Paul W.S. Anderson
ထုတ်လုပ်သူ - Paul W. S. Anderson, Jeremy Bolt, Don Carmody, Samuel Hadida, Robert Kulzer
ဇာတ်ညွှန်း - Paul W.S. Anderson
သရုပ်ဆောင်များ - Milla Jovovich, Sienna Guillory, Johann Urb, Li Bingbing, Shawn Roberts, Kevin Durand, Oded Fehr, Boris Kodjoe, Michelle Rodriguez, Colin Salmon
ဂျပန်ဗီဒီယိုဂိမ်းကုမ္ပဏီ Capcom ရဲ့Resident Evil ဗီဒီယိုဂိမ်းတွေကို အခြေခံပြီး ရိုက်ကူးခဲ့တဲ့ Paul W. S. Anderson ရဲ့ ငါးပိုင်းမြောက် Resident Evil ဇာတ်လမ်းတွဲပါ။ ဆေးကုမ္ပဏီ Umbrella Corporation ကထုတ်လုပ်ခဲ့တဲ့ သေစေနိုင်တဲ့ T-virus ဟာ ကမ္ဘာကြီးကို ဆက်ပြီးဖျက်ဆီးကြတယ်။ ဘယ်တော့မှမသေဆုံးနိုင်တဲ့ အသားစားကျူးသူတွေအဖြစ် လူတွေ အသွင်ပြောင်းကုန်ကြတယ်။ အဲလစ်(Milla Jovovich) Umbrella ကုမ္ပဏီရဲ့ လှို့ဝှက်ခွဲစိတ်ဆောင်ထဲမှာ နိုးထလာခဲ့ပါပြီ။ “ဒီမှာ ဘာတွေဖြစ်နေကြပြီလဲ” အဲလစ်ကမေးတယ်။ ဖန်သားပြင်ထဲကလူက “ငါတို့ အားလုံးထိန်းချုပ်ထားနိုင်ပြီ”လို့ ပြောတယ်။ ဘယ်သူ့ကို ယုံကြည်နိုင်မလဲ။ သားစားကျူးမိစ္ဆာတွေက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပြီတဲ့။ “နယူးယောက်ကို ထိန်းထားပြီ၊ မော်စကို၊ ပြီးတော့ တိုကျို၊ အဲဒါတွေက အဆုံးသတ်ဖို့ အစပဲ” လို့ သူက ပြောတယ်။ အဲလစ်ကျိန်ဆဲလိုက်တယ် “ကျွန်မ ရှင့်ကို သတ်မယ်”။ ဖန်သားပြင်ကလူက “ကဲ ကံကောင်းပါစေ၊ မင်း အဲဒါလိုအပ်တယ်” လို့ ပြောပြီး ပျောက်ကွယ်သွားတော့တယ်။ နောက်ဆုံးတိုက်ပွဲ စရပြီ။ အဲလစ် ဘယ်သူတွေနဲ့ ယုံယုံကြည်ကြည်လက်တွဲနိုင်မလဲ။ အဲလစ်တစ်ယောက်တည်းနဲ့ မိစ္ဆာတွေကိုရှင်းပစ်ဖို့ဆိုတာက သိပ်ကိုခက်ခဲလွန်းတဲ့ကိစ္စမဟုတ်လား။         ။
Living Fashion, October, 2012