Monday, October 29, 2012

ညွှန်းတဲ့ ရုပ်ရှင်

Fun size
Comedy
Paramount Pictures
ဒါရိုက်တာ - Josh Schwartz
ထုတ်လုပ်သူ - Stephanie Savage, Josh Schwartz, Bard Dorros, David Kanter
ဇာတ်ညွှန်း - Max Werner
သရုပ်ဆောင်များ - Victoria Justice,Jane Levy,Thomas McDonell,Chelsea Handler

အမေရိကန်သရုပ်ဆောင်၊ ပေါ့ပ်အဆိုတော်မလေး Victoria Justice က ဟဲလိုးဝင်းပါတီပွဲဆင်နွှဲဖို့ ရင်ဖိုစိတ်လှုပ်ရှားစွာ ပြင်ဆင်နေတဲ့ ဆယ်ကျော်သက်မလေး ၀ါရင်းန်အဖြစ်သရုပ်ဆောင်ထားတယ်။ ၀ါရင်းန် အရူးအမူးစွဲလမ်းမျက်စိကျနေတဲ့ အဲရွန်(Thomas McDonell)က ၀ါရင်းန်ကိုဖိတ်ခဲ့တာလေ။ ၀ါရင်းန် ပါတီပွဲညအတွက် အဲရွန်မျက်စိကျစေဖို့ ပြင်ဆင်မှုန်းခြယ်နေတဲ့အချိန်ပေါ့။ မိခင် (Chelsea Handler)က ဟဲလိုးဝင်း trick-or-treat ပွဲအတွက် သွားဖို့ ၀ါရင်းန်ထက် အချိန်ပိုစောပြီး အဆင်သင့်ဖြစ်နေခဲ့ပြီ။ “မေမေ ပြောဖို့ မေ့သွားလို့၊ အဲလ်ဘတ်ကို ဒီညကြည့်ထားပေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်ကွယ်” ဆိုပြီး လှစ်ကနဲ ထွက်သွားခဲ့ပြီ။ ၀ါရင်းန်ကို မိခင်က တာဝန်ပေးခဲ့ပြီ။ ၀ါရင်းန်ဘယ်လိုမှ ငြင်းချိန်မရတော့ဘူး။ အဲလ်ဘတ်ကလည်း ပင်ကူလူသားဝတ်စုံလေးနဲ့ အဆင်သင့်ဖြစ်နေခြဲ့ပီ။ ၀ါရင်းန်သွားမယ့် ဟဲလိုးဝင်းပါတီပွဲကို သူမရဲ့ အင်မတန်အဆော့သန်လှတဲ့မောင်လေး အဲလ်ဘတ်(Jackson Nicoll) ကို ခေါ်သွားရမတဲ့လား။ ၀ါရင်းန်က အဲရွန်ဆီကို မသွားချင်တော့ပါဘူးတဲ့။ အဲလ်ဘတ်ထ်ကိုပဲ ထိန်းကျောင်းရင်း ဟဲလိုးဝင်းပွဲတော်ည မီးထွေထိန်ထိန်ညီးနေတဲ့ လမ်းမတွေထဲ ၀ါရင်းန်ရဲ့ သူငယ်ချင်းမလေး ဧပြီ(Jane Levy)ရယ် လျှောက်ကြည့်ကြရတော့တယ်။ တခဏလေးအကြာလေးမှာ “အဲလ်ဘတ်ထ် .. အဲလ်ဘတ်ထ် ဘယ်မှာလဲ” ၀ါရင်းန်တကြော်ကြော်အော်ခေါ်တယ်။ အဲလ်ဘတ်ကို ရှာမတွေ့တော့ဘူး။ ၀ါရင်းန်စိတ်ပူရပြီ။ “မေမေတော့ ငါ့ကို သတ်တော့မှာပဲဟာ” အဲလ်ဘတ်ကို လိုက်ရှာဖို့ ကားတစ်စီးရှာတယ်။ ဒီလိုနဲ့ ကားမောင်းပို့တဲ့လူငယ်လေးတွေနဲ့ ရုတ်ရုတ်ရုတ်ရုတ် ဗရုတ်ကျတဲ့အဖြစ်တွေ ဖြစ်ကုန်ကြပြီ။

Cloud Altas
Drama / Mystery / Sci-Fi
ပြသချိန်- ၁၆၄ မိနစ်
Warner Bros. Pictures
ဒါရိုက်တာ -  Lana Wachowski, Tom Tykwer, Andy Wachowski
ထုတ်လုပ်သူ - Grant Hill, Stefan Arndt, Lana Wachowski, Tom Tykwer, Andy Wachowski
ဇာတ်ညွှန်း - Lana Wachowski, Tom Tykwer, Andy Wachowski
သရုပ်ဆောင်များ - Tom Hanks, Halle Berry, Jim Broadbent, Hugo Weaving, Jim Sturgess, Doona Bae, Ben Whishaw, James D'Arcy, Zhou Xun, Keith David, David Gyasi, Susan Sarandon, Hugh Grant

The Matrix, The Matrix Reloaded နဲ့The Matrix Revolutions စတဲ့ Matrix ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်ကြားလာခဲ့ပြီး အမေရိကန် သိပ္ပံဆန်းကြယ်၊ စိတ်ကူးယဉ်၊ ထိတ်လန့်ဖွယ်ရာရုပ်ရှင်အကယ်ဒမီဆု- Saturn Award for Best Director ဆု ရရှိခဲ့ကြတဲ့ နာမည်ကြီးဒါရိုက်တာ Wachowski ညီအစ်ကိုနှစ်ဦး (လာနာ နဲ့ အန်ဒီ)တို့ ရဲ့ ထူးခြားဆန်းပြားရုပ်ရှင် နောက်ထပ်တစ်ကားပါ။ Purfume ရုပ်ရှင်ကား ဒါရိုက်တာ ဂျာမန်လူမျိုး Tom Tykwer ကပါ အားဖြည့်ထားပါသေးတယ်။ တွမ်ဟန့်ခ်၊ ဟယ်လီဘယ်ရီ၊ ဟူးဂ်ျဂရန့်၊ တို့နဲ့ အတူ တရုတ်မင်းသမီးလေးနှစ်ဦး၊ နောက် ကိုရီးယားမင်းသမီးလေးရယ် များပြားလှတဲ့ သရုပ်ဆောင်တွေ အပြိုင် သရုပ်ဆောင်ထားကြတယ်။ လူသားမျိုးနွယ်ရဲ့ သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ပြည့်နှက်နေတဲ့ လှုပ်ရှားမှုတွေ၊ အကျိုးဆက်တွေဟာ အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂတ်ကာလတလျှောက်လုံး ရိုက်ခတ်လို့နေတယ်။ အသက်ဝိညာဉ်တစ်ခုဟာ လူသတ်ကောင်တစ်ဦးကနေ ကယ်ဆယ်သူအသွင်ကူးပြောင်းပြန်ရောတဲ့၊ လှိုင်းဂယက်တွေဟာ ရာစုနှစ်တွေအများကြီးပဲ အသက်ဝိညာဉ်တိုင်းကို ပြင်းထန်စွာရိုက်ခတ်လာလိုက်တာ နောက်ဆုံးတော့ တော်လှန်ရေးအသွင်ပေါ်ထွက်ဖို့ လှုံ့ဆော်တဲ့အထိပဲ။ အရာအားလုံးက ဆက်နွယ်နေပါသတဲ့။ ၁၈၄၉ ခုနှစ်က ပစိဖိတ်တ၀ှမ်းပင်လယ်ရေကြောင်းခရီးသွားခဲ့တဲ့ ဒိုင်ယာရီမှတ်တမ်း စာတွေပေါ့။ သီချင်းရေးဆရာတစ်ဦးက သူငယ်ချင်းဆီကို ရေးပို့နေတယ်။ “ငါ ဖန်တီးတဲ့ ဂီတက ငါရဲ့အိပ်မက်ကလာတာ၊ ကွဲပြားတဲ့ ဘ၀တွေ အကြိမ်ကြိမ်ဆုံတွေ့ကြတယ်။ အသက်အရွယ်တွေ ကွဲပြားတယ်။ အိပ်မက်တွေ၊ အိပ်မက်ဆိုးတွေ၊ စားပွဲထိုးမလေးတွေဟာ အများကြီးပဲ။ ဒါပေမဲ့ မျက်နှာတွေက အကုန်လုံးအတူတူပါပဲ။ မိန်းကလေး .. ငါ့ကို ပုန်းမနေပါနဲ့တော့ကွာ၊ မင်းဟာ ဆွန်မီ - ၄၅၁ ပါ” တဲ့။ ပြီးတော့ တွေ့လိုက်ရတဲ့ မြင်ကွင်းက ရင်သပ်ရှုမောဖွယ်ရာပဲ။ အဆောက်အဦးတွေဟာ တလက်လက်၊ မီးအလင်းအမှောင်တွေက ပြိုးပြိုးပြက်ပြက်နဲ့။ နျူကလီးယားစက်ရုံက လူသတ်သမားတစ်ဦးက ရင်ဖိုတုန်လှုပ်စရာ၊ သူနာပြုဆောင်က သီချင်းရေးဆရာကြီးရဲ့ ယုတ္တိယုတ္တာမရှိလှတဲ့အဖြစ်၊ အနာဂတ်ကမ္ဘာထဲက ကိုးရီးယားမှာ ကိုယ်ပွား(clone)တွေရဲ့ ပုန်ကန်ထကြွမှု၊ ကမ္ဘာပျက်ကပ်အလွန် ဟာဝိုင်ရီမှာရှင်ကျန်ခဲ့တဲ့ လူမျိုးစုတစ်စု။ သေဆုံးခြင်း၊ အသက်ဘ၀၊ မွေးဖွားခြင်း အားလုံးက ဆက်သွယ်နေကြတယ်။ “မနေ့က ငါ့ရဲ့ ဦးတည်ရာက နေရာတစ်ခု၊ ဒီနေ့ တခြားတစ်နေရာဆီကို” တဲ့။ ငါ ယုံကြည်တယ်။ ဟိုမှာ တခြားကမ္ဘာတစ်ခု ငါတို့ကိုစောင့်နေတယ်။ ပိုကောင်းတဲ့ကမ္ဘာတစ်ခုပေါ့။ ပြီးတော့ နောက်ထပ် တစ်ခု .. မင်းကိုစောင့်နေသေးတယ် ဆိုပဲ။

Skyfall
Action / Adventure / Thriller
ပြသချိန်- ၁၄၅ မိနစ်
M. G. M, Columbia Pictures
ဒါရိုက်တာ - Sam Mendes
ထုတ်လုပ်သူ - Michael G. Wilson, Barbara Broccoli
ဇာတ်ညွှန်း - John Logan, Neal Purvis, Robert Wade
သရုပ်ဆောင်များ - Daniel Craig, Javier Bardem, Ralph Fiennes, Naomie Harris, Bérénice Marlohe, Albert Finney, Judi Dench

၂၃ ကားမြောက် ဂျိမ်းစ်ဘွန်း သူလျိုရုပ်ရှင်ကားသစ်ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်မင်းသား ဒယ်နီရယ်ဂရေဂ်ျ့ရဲ့ လှို့ဝှက်အေးဂျင့် ဂျိမ်းစ်ဘွန်းအဖြစ်  တတိယအကြိမ်မြောက် ကြမ်းကြမ်းရမ်းရမ်းသရုပ်ဆောင်ဦးမယ့် ရုပ်ရှင်ပါ။ ဒါရိုက်တာက American Beauty ရုပ်ရှင်ကားနဲ့နာမည်ကြီးတဲ့ Sam Mendes တဲ့။ တူရကီနိုင်ငံမြို့တော် အီစတန်ဘူလ်က အန္တရာယ်ထူပြောလှတဲ့ စစ်ဆင်ရေးခရီးကြီးပြီးတဲ့အခါ  ဘွန်းကို “သေသေကြေကြေ ပစ်လိုက်စမ်းပါ” လို့ ခိုင်းတဲ့သူရှိလာခဲ့ပြီ။ ဘွန်းပျောက်နေပြီတဲ့။ ဘွန်း သေဆုံးသွားပြီလို့ ယူဆလိုက်ကြတယ်။ လှို့ဝှက် M16 အေးဂျင့်တိုင်းရဲ့ ID တွေ အင်တာနက်မှာ ပေါက်ကြားကုန်တယ်။ နောက်ဆက်တွဲ မေးခွန်းမေးစရာရှိလာတာက လှို့ဝှက်ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ M(Judi Dench)ကိုပဲပေါ့။ ထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ အထူးယုံကြည်ရတဲ့ အကြီးအကဲအမျိုးသမီးကြီး M က ဒီကိစ္စတွေအားလုံးကို ကိုင်တွယ်သူလေ။ M ကို တစ်ဖန် ခြောက်လှန့်တဲ့သူရှိလာပြန်ပြီ။ M ရဲ့ ကားထဲက ရေဒါစကရင်မှာ ပေါ်လာတဲ့စာတမ်းက “မင်း အပြစ်တွေ ပြန်တွေးနေပေတော့” တဲ့။ အန္တရာယ်ကြီးတဲ့ ဗီလိန် ရာအူးလ်ဆီးလ်ဗား ရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ထဲက M ကို ဆွဲထုတ်ယူဖို့ ဘွန်းက သူ့ရဲ့ သစ္စာတရားကို ထိုးကျွေးလေမလားပဲ။ Adele ရဲ့ အဆို Skyfall သီချင်းသံက ဆွေးဆွေးမြေ့မြေ့ရယ်၊  “ဒါ အဆုံးသတ်ပဲ၊ အသက်ရှုသွင်းနေပါ၊ ပြီးတော့ ၁၀ အထိ ရေတွက်ပါတော့၊ ကမ္ဘာကြီးရွေ့နေတာ ခံစားပါ .. ပြီးတော့ကွယ် … ငါ့ နှလုံးသား နောက်ထပ်တစ်ကြိမ်ပေါက်ကွဲတာ ကြားလိုက်စမ်းပါ။ ဒီအဆုံးသတ်မှုအတွက်ပါပဲ…. ”

Flight
Drama
ပြသချိန်- ၁၃၈ မိနစ်
Paramount Pictures
ဒါရိုက်တာ - Robert Zemeckis
ထုတ်လုပ်သူ - Laurie MacDonald, Walter F. Parkes, Jack Rapke, Steve Starkey, Robert Zemeckis 
ဇာတ်ညွှန်း - John Gatins
သရုပ်ဆောင်များ - Denzel Washington, Kelly Reilly, Bruce Greenwood, Don Cheadle, John Goodman, Melissa Leo, James Badge Dae

Forrest Gump/ Cast Away နဲ့ What Lies Beneath ရုပ်ရှင်တွေရဲ့ အမေရိကန်ဒါရိုက်တာ Robert Zemeckis နဲ့ ဒန်ဇယ်ဝါရှင်တန်တို့  Flight မှာတွေ့ကြပါပြီ။ လေယာဉ်မှူး ကပ္ပတိန်ဝီလျမ်ဝစ်တိတ်ကာက လေယာဉ်ကို အရေးပေါ်အခြေအနေနဲ့ မြေပြင်ကို ခက်ခက်ခဲခဲ ထိုးဆင်းလိုက်ရတယ်။ လေယာဉ်ပေါ်မှာပါလာခဲ့တဲ့ အသက်တွေအားလုံး ကပ္ပတိန်ဝစ်တိတ်ကာက ကယ်တင်လိုက်နိုင်ပါတယ်။ အားလုံးဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ မြေပြင်ပေါ်ပြန်ရောက်ခဲ့ကြတယ်။ ဒါပေမဲ့ ကပ္ပတိန်ဝစ်တိတ်ကာအတွက်တော့ ဘေးအန္တရာယ်တွေက မကင်းရှင်းနိုင်ပါဘူး။ လေယာဉ်ပျံသန်းမောင်းနှင်စဉ်မှာ အရက်သေစာသောက်စားခဲ့သတဲ့။ ကပ္ပတိန်ဝစ်တိတ်ကာ ကိုယ်တိုင်တော့ အကျဉ်းသားအဖြစ် ဆင်းသက်လိုက်ရသလိုပါပဲ။ စုံစမ်းစစ်ဆေးမှုတွေ ကပ္ပတိန်ဝစ်တိတ်ကာ နောက်ကိုလိုက်နေတယ်။ ပြဿနာက ပိုပိုကြီးမားလာတယ်။ ကပ္ပတိန်ဝစ်တိတ်ကာ အပြစ်လို့ ဘယ်သူတွေကများ ဖန်တီးနေကြသတဲ့လဲ။ သတင်းထောက်တွေကလည်း တချိန်လုံး လိုက်လံမေးမြန်းနေတော့တယ်။ “ကပ္ပတိန် .. တစ်ခုခုကိုများ ဖုံးကွယ်ထားသလားတဲ့”။ အဲဒီတော့ … ကပ္ပတိန်ဝစ်တိတ်ကာ ကိုယ်တိုင်တောင်မသိတဲ့၊ နောက်ကွယ်က လုပ်ကြံ၊ ဖုံးကွယ်ထားမှုတွေကို ဖော်ထုတ်ရှင်းလင်းရတော့မှာပေါ့။
Living Fashion Magazine, November, 2012
မဉ္ဇူရီ

0 comments:

Post a Comment