Sunday, October 7, 2012

ဥတ္တရာ

ဒီတစ်ခါ ဖြိုးဖြိုးကို ပြောပြချင်တဲ့ပုံပြင်လေးက ဥတ္တရာ တဲ့။ ကျွန်မငယ်ငယ်က မေမေပြောပြနေကျပုံပြင်လေးပါဘဲ။ ပုံပြင်ဆိုတာထက် ပိုလေးနက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘုရားဟော ဖိနတ္တပကာသနီ ကျမ်းထွက် ဥတ္တရာထေရီ ရဟန္တာမရဲ့ ရှေးဘ၀ဖြစ်စဉ်ဖြစ်ရပ်မှန်ဇတ်လမ်းလေးတပုဒ်ဖြစ်နေလို့ပါဘဲ။ အဲဒါက  ပိုမှန်မယ်ထင်ပါတယ်။ ဒီပုံပြင်ကို ကျွန်မဖြိုးဖြိုးတို့မောင်နှမတတွေကို ပြောမပြဖြစ်ခဲ့ဘူး။ နည်းနည်းများ ရင့်နေသလားလို့။ (ပျင်းမလားလို့ )။
 မောင်နီတို့ မစီတို့ နှမမုံ့ရောင်း မောင်မုံ့ထောင်းလောက် ခလေးတွေ စိတ်ဝင်စားမှာမှ မဟုတ်တာ။ ခုတလော ဘာသာရေးနဲ့ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ် အသံတွေကြားနေရတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့ပုံပြင်ကလေးများပြောရရင် ကောင်းမလားလို့။

ဟိုးရှေးရှေးတုံးက ရာဇဂြိုလ်ပြည်မှာ သူဋ္ဌေးပုဏ္ဏ နဲ့သူဋ္ဌေးကတော်ဘာရိကာ တို့မှာ လှပသိမ်မွေ့ပြီး ရိုးသားလိမ္မာတဲ့ ဥတ္တရာ အမည်ရှိ့ သမီးကလေး တယောက် ရှိသတဲ့။သူတို့ မိသားစုက လဆန်းလေးရက် လဆုတ်လေးရက်နေ့တိုင်း ဘုရားရှင်နဲ့သံဃာတော်များကို ဆွမ်းခဲဖွယ် ဘောဇဉ်ကပ်လှူလို့  ရှစ်ပါးသီလဆောက်တည်ကြတယ်။

အချိန်တန် အရွယ်ရောက်တဲ့အခါ သူဋ္ဌေးသား နန္ဒဆိုတာနဲ့ လက်ထပ်ထိမ်းမြားပေးလိုက်တော့ သူဋ္ဌေးနန္ဒအိမ်ကို လိုက်သွားရတာပေါ့။ဒီအခါမှာ နန္ဒမိသားစုဟာ ဗုဒ္မဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်သူများမဟုတ်ဘဲ  ရေငုပ်တုံးခုန်တဲ့ ဆရာကြီးတွေကို ကိုးကွယ်သူဆိုတော့ ဥတ္တရာခမြာ စိတ်အနေကျဉ်းကြပ်ပြီး ညိုးငယ်နေရှာသတဲ့။ အဆိုးဆုံးက သူ့ကို နန္ဒက တစ်ရက်ကလေးမှ ဥပုဒ်သီတင်း ဆောက်တည်ခွင့်မပေးဘူးဆိုတာဘဲ။

“ဟဲ့ ..ဥတ္တရာ နင်တို့ဆရာ ဂေါတမကို ကိုးကွယ်နေရင် ဆန်ကုန် ဥစ္စာခန်းဖြစ်ရုံဘဲ။ လူရယ်လို့ဖြစ်လာရင် လူနဲ့တူအောင် ခံစားစရာရှိ ခံစားရမှာပေါ့ ငါတို့ အယူဝါဒကိုလိုက်လို့" ဆိုသတဲ့။

ကြာတော့ ဥတ္တရာလဲ စိတ်ဆင်းရဲလွန်းလို့ မိခင်ဘခင်ထံ အကျိုးအကြောင်း လှမ်း စာပါးတာပေါ့လေ။
ဒီတော့ ဘခင်နဲ့ မိခင်တို့က နန္ဒသူဋ္ဌေးကို ပြုစုဖို့ ရာဇဂြိုလ်ပြည်က နာမည်ကျော်ကြားတဲ့ မိန်းမလှလေး သီရိမာကို တနေ့တထောင်ကျ ပေးငှားပြီး ငါ့သမီး သီလဆောက်တည်ပါ လို့ လူကြုံမှာစာပါးလိုက်တယ်။ လိုသလောက်ငွေကိုလဲ မိဘများက  ပေးလိုက်တာပေါ့။ ဒီတော့ လောကစည်းစိမ်ကို မပြတ်ခံစားချင်တဲ့ နန္ဒသူဋ္ဌေးဟာ သီရိမာရဲ့အပြုအစုမှာရစ်မူးပြီး ဥတ္တရာကိုတောင်မေ့လျော့နေတာပေါ့။ ဥတ္တရာကိုလည်း ကျေးဇူးတွေ တင်နေသတဲ့။ “မယ်မင်းကြီးမ သဘောဖြူရှာတယ် အူစင်းရှာတယ် “ဆိုပြီးတော့ပေါ့။

ဥတ္တရာကတော့ အလှူအတန်းမှာသာရစ်မူးတတ်သူဖြစ်ပြီး သီတင်းသီလမပြတ်ဆောက်တည်ခွင့်ရလို့ ပျော်နေတာပေါ့။ မကြာပါဘူး။ ငှားရမ်းထားတဲ့ရက် စေ့ခါနီးချိန်မှာ သီရိမာဟာ စည်းစိမ်ကိုမက်ပြီး သူဋ္ဌေးနန္ဒအိမ်ကနေ မခွာချင်တော့ဘူး။ အပိုင်စီးချင်နေပြီလေ။ ဒါ့ကြောင့် ဥတ္တရာကို လုပ်ကြံဖို့ ကြိုးစားပါတော့တယ်။ ဘယ်လို လုပ်ကြံဖို့ ကြိုးစားသလဲဆိုတော့ ပွက်ပွက်ဆူနေတဲ့  ထောပတ်ရည်ပူတွေကို ဥတ္တရာကိုယ်ပေါ်လောင်းချလိုက်တာပေါ့။ အဲဒီတော့  ဥတ္တရာကမြင်တာပေါ့။  ထောပတ်အိုးကြီး မပြီး သူ့ဆီလာတာဟာ မကောင်းတဲ့အကြံအစည်ရှိလို့ပဲ ဆိုတာ။ ဒါပေမဲ့ ဥတ္တရာက စိတ်မဆိုးဘူး။ အမျက်ဒေါသ မဖြစ်ဘူး။ ရန်တုံ့မမူဘူး။ သီရိမာ့ကျေးဇူးငါ့မှာရှိတယ်လို့ အဖန်ဖန်အောက်မေ့ပြီး  သီရိမာ ကူညီလို့သာ ငါ့မှာ ဘုရားရှင်နဲ့ သံဃာတော်မြတ်များကို ဆွမ်းကွမ်းလှူဒါန်းခွင့်ရတယ် လို့ တစိမ့်စိမ့် ကြည်နူးနေတာကိုး။ ဆီက ဘယ်ပူမလဲ။ ဆီမပူပေမဲ့ အဲဒီ သူတော်ကောင်းကို ဆီပူလောင်းခဲ့တဲ့ပြစ်မှုကတော့ ပြယ်မသွားပါဘူး။ အပါယ်ငရဲကျသွားပါတယ်။ ခုတိုင် ဆီပူထဲဝဋ်ခံနေရသတဲ့။ ဥတ္တရာကတော့ ဘုရားရှင့် ထံတော်ပါးမှာ တရားကျင့်ရင်း ကျွတ်တမ်းဝင်ပြီး ရဟန္တာမဖြစ်သွားပါတယ်။ ဥတ္တရာထေရီရယ်လို့ ထင်ရှားခဲ့ပါတယ်။

ဒီပုံပြင်မှာ သင်ခန်းစာယူဖို့က စိတ်ထားတတ်ရင် မြတ်တယ် ဘေးကင်းတယ်ဆိုတာပါဘဲ။
ဒါဟာ ဗုဒ္မဘာသာဝင်စစ်စစ်ဖြစ်ရခြင်းရဲ့အနှစ်သာရပါဘဲ။
မိမိအသက်ကို ရန်ပြုလာသည့်တိုင် ဒေါသစိတ်မ၀င်ပါနှင့်။
လက်စားမချေပါနှင့်။
ဗုဒ္မဘာသာဝင်စစ်စစ်ဖြစ်ချင်ရင် ရန်တုံ့မမူကြပါနှင့်။
ဘယ်လိုဘဲ ဗုဒ္မဘာသာအဆောက်အဦးကို စော်ကားဖျက်ဆီးပါစေ။
ပြန်လည်တုံ့ပြန်ခြင်းမပြုပါနှင့်။
သူ့သဘောသူဆောင်တာဘဲ လို့ မှတ်ပါ ဆိုတာ ဗုဒ္မဘာသာဝင်တို့ကို အလေးအနက် ပန်ကြားချင်ပါတယ်။
 
Florist

0 comments:

Post a Comment