Showing posts with label ဖြိုးဖြိုးဖတ်ဖို့. Show all posts
Showing posts with label ဖြိုးဖြိုးဖတ်ဖို့. Show all posts

Wednesday, December 12, 2012

သမားတော် ဇီဝက

ဘုရားရှင် လက်ထက်က သမားတော်ဇီဝက ဆိုတာ ရှိတယ် သမီးရဲ့။ သမီဖွားဖွားက မေမေတော်တော်ကြီးတဲ့အထိ (၁၃နှစ် ၁၄နှစ် ထိ) နေ့လည်နေ့ခင်း သားအမိ အားလပ်တဲ့အခါ ပြောပြတတ်တယ်။ ခု သူ့အကြောင်း အကျဉ်းချုံးပြောပြချင်တယ်။ ဘုရားရှင့်လက်ထက်တော်ကတည်းက ခွဲစိတ်ချုပ်လုပ်တဲ့ အတတ်ပညာ ရှိခဲ့ကြောင်းသိထားရအောင်လို့..။

ဒီလိုကွဲ့ ..
ရာဇဂြီုလ်ပြည် ဗိမ္ဗိသာရ မင်းကြီးလက်ထက်မှာ သာလ၀တီဆိုတဲ့ အမျိုးကောင်းသမီးတယောက်ကို ကခြေသည်အရာထားလို့ မင်းမူးမတ်များ တစ်ညကို အသပြာတစ်ထောင်ပေးပြီး ပျော်ပါးကြတဲ့အထဲမှာ သားတော် အဘယမင်းသားလဲ ပါဝင်နေတယ်။ (အဇာတသတ်က တစ်ယောက်)  တစ်နေ့တော့ သာလ၀တီမှာ အဘယမင်းသားရဲ့ သန္ဓေ စွဲကပ်တည်ရှိနေတဲ့အတွက် ကခြေသည်မဟာ  မကျန်းမာဟန်ဆောင်ပြီးအခန်းအောင်းနေတယ်ကွဲ့။ ဆယ်လပြည့်တဲ့အခါ တင့်တယ်လှပတဲ့  သားယောက်ျားလေးကို မွေးဖွားပေမဲ့ မရှိအပ်လို့ ယူဆပြီး သားကို ကျွန်မ တို့အား စွန့် ပစ်စေပါတယ်။ကျွန်မတွေက လူသွားလမ်းတခုက အမှိုက်ပုံမှာ အလွယ်တကူ စွန့်ပစ်လိုက်သတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ  အဘယမင်းသားကလဲ အကြောင်းတစ်ခုခုကြောင့် အဲဒီ အမှိုက်ပုံနားရောက်ရှိလာပြီး ကျီးငှက်တို့ ၀ိုင်းအုံထိုးဆိတ်နေတဲ့ အထုပ်တခုကို စိတ်ဝင်တစား ကြည့်ရှု မိပါရော။   မွေးကင်းစ ကလေးသူငယ်မှန်း သိတော့ (ငါနှင့် ထိုက်လို့ ရပေသည် )လို့ နှစ်လုံးမူကာ သိမ်းပိုက် မွေးမြူထားတယ်။ 
“အသက်ရှိသေးရဲ့လား" လို့ အဘယမင်းသားရဲ့ အမေးစကားကြောင့် အများက ကလေးနာမည်ကို "ဇီဝက"လို့ဘဲ လွယ်လွယ် ခေါ်လိုက်ကြတော့တယ် တဲ့။

အရွယ်ရောက်လာတဲ့အခါ အဘယမင်းသားကို “ခမည်းတော် သားရဲ့ မိခင် အဘယ်သူဖြစ်သနည်း" လို့ မေးတော့တာပေါ့။ အဘယမင်းသားကလဲ မကွယ်မ၀ှက်  “ဇိဝက သင့်မိခင်ကို ငါမသိ အမှိုက်ပုံတွင် ကျီးငှက်တို့ ၀ိုင်းအုံသဖြင့် ငါ ကောက်ယူ မွေးမြူထားခြင်းဖြစ်သည်"   လို့ အမှန်အတိုင်း ဖွင့်ပြောလိုက်တယ်။  
ဒါနဲ့ဘဲ ငါ့မှာ တွယ်တာစရာမိခင်ဘခင် မရှိ ငါ့ကိုယ်ငါ အားကိုးရမည်။ ပညာရှာ၇မည် လို့ တွေးတောပြီး ဘယ်လိုပညာမျိုးကို သင်ယူမလဲ အလေးအနက်ထား စဉ်းစားလိုက်တော့ ဆေးပညာမှတpfပါး သူ့အကျိုး ကိုယ့်အကျိုး ရှိစေမည့် အခြားသော ပညာရေးကို မမြင် လို့ ဆုံးဖြတ်ပြီး တက္ကသိုလ်ပြည်ကို ဦးတည် ထွက်ခွာ ခဲ့တယ်။ ဒီသာပါမောက္ခဆရာ့ထံမှာ ကောင်းစွာပညာသင်ကြားပြီး ၇နှစ်ရှိတဲ့အခါ
“ဆရာ ဆေးအတတ်ပညာ ပြီးဆုံးပါပြီလား “ မေးတယ်။ ဆရာက တူရွင်းတစ်ချောင်းပေးပြီး
 “အချင်း ဇီဝက ဤတူရွင်းကို ယူ၍ အရပ်လေးမျက်နှာမှာ ဆေးဘက်မ၀င်သည့် အပင်ကို တူးယူးခဲ့ “
ခိုင်းစေသတဲ့။ ဇီဝကလဲ လေးရက်တိုင်တိုင် ရှာပေမဲ့ ဘယ်မှာမှ ဆေးဘက်မ၀င်တဲ့အပင် ရှာမရ သူ့နေရာနဲ့သူ အသုံးဝင်နေတာမို့ “ဆရာ မတွေ့ပါ" လို့ လျှောက်သတဲ့ 
“ကောင်းပြီ။ ဇီဝက အသင် ပညာစုံပြီးဖြစ်၍ ဆေးကုသခွင့် ငါပေးပြီ။ ပြန်လိုက ပြန်လော့" လို့  ဆိုတယ်။

ဒါနဲ့ ဆေးတက္ကသိုလ်က ကျောင်းဆင်းလာတဲ့ ဆေးသမားလေး ဆရာ ဇီဝကဟာ သာကေတပြည်ရောက်တော့ ဦးစွာ ဆေးကုဖို့ လူနာတယောက် ရရှိလိုက်တယ်။ သာကေတပြည်သူဋ္ဌေးကြီးကတော်ရဲ့ ဦးယဉ်းခေါင်းခဲနာ ကို ထောပတ်မှာ ဆေးများ ပေါင်းထည့် စပ်ယူပြီး နှာနှပ် ပေးပါသတဲ့။ ၇နှစ်ရှိပြီဖြစ်တဲ့ ခေါင်းကိုက် ရောဂါဟာမမန်းရ မမှုတ်ရဘဲ  တခဏချင်းပျောက်ကင်းချမ်းသာသွားပါသတဲ့ကွယ်။ ဒီတော့ အသာပြာလေးသိန်း ဆေးဘိုးရပါတယ်။ဇီဝကဟာ ရလာတဲ့ဆေးဘိုးဝါးခ လေးသိန်းကို ရာဇဂြိုလ်ပြည်ရောက်တဲ့အခါ အဘယမင်းသားထံခစားပြီး “တကြိမ်သာ ဆေးကုရသေးသည့် လာဘ်ဦးကို ကျွန်ုပ်အားမွေးမြူသော ကျေူဇူးရှိသည်ဖြစ်၍ သိမ်းတော်မူပါ” လို့ အပ်သတဲ့။ အဘယမင်းသားက မသိမ်းပါဘူး။
"သင်ရသော ဥစ္စာသည် သင့် အဖို့သာ ဖြစ်ပါစေ” လို့ ငြင်းပယ်လိုက်တယ်။
‘ဒီ့နောက် ဗိမ္ဗိသာရမင်းကြီးရဲ့ မြင်းသရိုက်နာကို ကုပါတယ်။ လက်သည်းထိပ်မှာ ပါလာတဲ့ ဆေး မျှလောက်နဲ့ မင်းကြီးရဲ့အနာ အရှင်းပျောက်တယ်လို့ ဆိုပါတယ်။ မင်းကြီးက ကျေးဇူးတင်လွန်းလို့ ဥစ္စာငွေကြေး ပေးသော်လည်း အဘိုးအဘွား ဥစ္စာကို မယူကောင်း မယူထိုက်ပါလို့ ငြင်းပယ်လိုက်တယ်။ အဲဒီနောက် ရာဇဂြိုလ် သူဋ္ဌေးကြီးရဲ့ ခေါင်းကိုက်နာကိုတော့ အိပ်ယာမှာ ပက်လက်သိပ်ပြီး နှာ ၏ အာနုဘော်နှင့် အိပ်ပျော်စေသတဲ့။ မေ့ဆေးသဘောပါ။ ပြီးရင် ဦးရေကို ဓါးနဲ့ ခြစ်လွှာပြီး ဦးနှောက်ဖေါက်စားနေတဲ့ ပိုးနှစ်ကောင်ကို ဖယ်ရှားပါတယ်။ ပြီးရင် ဦးရေကို ပြန်စေ့ပိတ်ပြီး ဆေးလူးပါတယ်။ ၂၁ရက်အကြာမှာ အကောင်းပကတိ ဖြစ်သွားပါသတဲ့။ ရရှိလာတဲ့ အသပြာ နှစ်သိန်းထဲက တ၀က်ကို မင်းကြီးအား ပေးအပ်ပါသတဲ့။

နောက်တစ်ယောက်က ဗာရာဏသီသူဋ္ဌေးသားတစ်ယာက် ခလေးတို့ ဘာဝဦးခေါင်းဇောက်ထိုး ဆော့ကစားရာမှာ အူထုံးသွားလို့ ဗိုက်ကိုခွဲ ပြီး  ထုံးနေတဲ့ အူကို ဖြေပေးပါသတဲ့။ ပြီးမှ နေရာမှန် ပြန်ထားပြီး ခွဲထားတဲ့ ဗိုက်ကိုပြန်ချုပ်ပါတယ်။ ဆေးလိမ်းကြံထားပေးပြီးတာနဲ့ ၂ရက်အကြာမှာဘဲ အကောင်းပကတိ ဖြစ်သွားပါတယ်။ နောက်ထပ်  သမီးအဖွားပြောတာက နားရောဂါ ဝေဒနာ ကို နှစ်ချီ ခံစားနေရတဲ့ သူဋ္ဌေးမတယောက်ရဲ့ နားထဲက ပိုးကောင်ကို ဗုံသံတစ်မျိုးပေးပြီး  ချော့မြှူ ခေါ်ထုတ်တာနဲ့ ပျောက်ကင်းသွားတယ် လို့ ဆိုတယ်။ နောက် စမ္ပာနဂိုရ်ပြည်က စန္ဒပဇ္ဇောတမင်းရဲ့ ရောဂါကိုတော့ ထောပတ်နံ့ မရအောင် အနံ့ဖျောက်ပြီး ဆေးပေါင်းစုံ ပြွမ်းနှောလို့ တိုက်ကြွေးရ တယ်။ ဒီမင်းက အစောကတဲက ထောပတ်နံ့ မခံနိုင်ဘူးပြောထားတာမို့ သူကလဲ ထောပတ်မပါဘဲ ဆေးစီရင်လို့ မရတာကြောင့် ဆေးတိုက်ပြီးရင် ပြေးဖို့ အဆင်သင့်ပြင်ထားတာလေ။ ဇီဝကတို့ ဥာဏ်သွားပုံများ။ မင်းဆိုတာ စိတ်မထင်ရင် သတ်မှာကိုး။ ဆေးသောက်ထားတဲ့သူက လေကြို့ထိုးတဲ့အခါ ထောပတ့် နံ့ ထွက်ပါလေရော ဇီဝကကို သတ်စေ မိန့်တာဘဲလေ။

အစကတည်းက ဇီဝက က ဘုရင့်ထံ မြို့တခါးတွေကို ဇီဝကလာရင် ဖွင့်ထားပေးဖို့ ကြို ခွင့် တောင်းထားတာကွဲ့။ ဘာရမလဲ။ ဇီဝက က ဘဒ္ဒ၀တီဆင်မကိုစီး ပြေးလိုက်တာ တစ်ခါတည်း ရာဇဂြိုလ်ရောက်ရောဘဲတဲ့။ ရောဂါ ရှင်းရှင်းပျောက်သွားတဲ့အခါ သိဝိတိုင်းဖြစ် အသပြာ တသိန်းထိုက်တဲ့ ပုဆိုးကို ကံတော့ပါသတဲ့။ ရှင်ဘုရင်တွေမှ ၀တ်ရတဲ့ပုဆိုးလေ။ ကျေးဇူးသိတတ်တဲ့ ဇီဝကဟာ ဘိုးတော်  ဗိမ္ဗိသာရမင်းကြီးကို မင်းနဲ့ထိုက်သည်လို့ တသိန်းတန်ပုဆိုးကို  ကံတော့လိုက်ပါသတဲ့။  ဇီဝက ဟာ မိခင်ဘခင် ဘယ်သူဘယ်ဝါဆိုတာ မသိပါဘူး။ ဒါပေမဲ့  အားမငယ်တတ်ဘူး။ ကိုယ်စွမ်းကိုယ်စနဲ့ ရပ်တည်နိုင်အောင် ကြိုးစားတာများ တကယ် အတုယူဖို့ပါဘဲ။ သူ ဆေးပညာသင်မယ်လို့ လာတော့ ငွေကြေးဥစ္စာတပြားတစ်ချပ်မှ  ပါလာတာမဟုတ်ဘူးကွဲ့. အဘယမင်းသားကိုတောင် ဘခင် မဟုတ်တာသိရော မပြောမဆို ထွက်ချသွားတာ။ ဆေးပညာသင်ပေးတဲ့ ဆရာ့အိမ်မှာ ဝေယျာဝိစ္စအားလုံး မငြီးမငြူ လုပ်ပေးတာကိုး။ ဆရာကလည်း ချစ်တော့ ဆရာစားမချန် အကုန်သင်ပေးတယ်။တဲ့။

ဇီဝကဟာ နောင်အခါ ဘုရားရှင့်သမားတော်လည်း ဖြစ်ခဲ့တာပါ။ ဘုရားရှင် ကိုယ်တော်တိုင် မကျန်းမမာ ဖြစ်ရင် ဇီဝကသာ ကုသရပါတယ်။ (ဘုရားဘဲ နေမကောင်းမဖြစ်နိုင်ဘူးလို့ မထင်လေနဲ့။) ဘုရားက ဟောထားတယ်လေ။ ငါဘုရား၏ ခန္ဓာကိုယ်သည် ရေ မြေလေ မီး ဓါတ်ကြီးလေးပါး အစုအဝေးသာဖြစ်သည့်လူသားစင်စစ်တည်း တဲ့ သွေးလေဖေါက်ပြန်ရင် ကိုယ်လက်မအီသာတာ ဘာညာ ဖြစ်မှာဘဲလို့ ဆိုလိုတာ။  ဘုရားရှင် ၀မ်းတော်လားတဲ့အခါ ၀မ်းချုပ်တော်မူတဲ့အခါ စသည်တို့မှာ သမားတော် ဇီဝက သာ ကုစားရပါတယ်။ ဒေ၀ဒတ် က တောင်စောင်းကနေ ကျောက်မောင်းဆင် လှိမ့်ချတုံးက ခြေမတော် ထိခိုက်ပါတယ်။ ဇီဝက ကုသရပါတယ်။ အဲဒီနောက်မှာ သမားတော် ဇီဝက ရယ်လို့ ရာဇဂြိုလ် ဝေသာလီ သာဝတ္ထိ စသည် ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့ ကာလ တလျှောက်လုံး ရှမ်းရှမ်းတောက် နာမည်ကြီးခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။ အဇာတသတ်မင်းသားကို ဘုရားရှင့်ကျောင်းတော်ကို သွားတရားနာဖို့ လမ်းညွှန်ခဲ့တာလဲ သမားတော် ဆရာ ဇီဝက ဘဲ ဖြစ်ပါတယ်။ ဆရာဇီဝကရဲ့ အကြံဥာဏ်ကိုယူလို့  အဇာတသတ်မင်းဟာ ဗုဒ္ဓဘာသာဝင်တဦး  ဖြစ်မြောက်ခဲ့ပါတယ်။ လူသားတို့၏ အကျိုးစည်းပွားကို ဆောင်ရင်း နောက်ဆုံးမှာတော့ ဆရာဇီဝက ဟာ  နိဗ္ဗာန်ဝင် စံပျော်သွားခဲ့ပါတယ် သမီးရေ..။

မေမေ ခင်မေသစ် 

Wednesday, December 5, 2012

အနန္တငါးဖြာ မှတ်စရာ

photo from :
တို့ဗမာ.. အနန္တော  အနန္တ .. ငါးပါးကို  .. ကိုယ်ရေတင်.. ရိုသေလျှင် ဆင်းရဲခြင်း.. ကင်းကွာ .. 
ဘုရားနဲ့ တရားတော် ရဟန်းသံဃာ .. မိဘနှစ်ပါးနဲ့ သင်ကြားတဲ့ ဆရာ..
ယုံကြည်စွာ ..ပြုစုကြပါ.. ပုပုရွရွ..သတိပေးချင်တာ..။ 
နေ့တိုင်းသာ ညတိုင်းသာ .. လက်ဆယ်ဖြာ ..ဦးထိပ်တင်မိုးကာ  ရှိခိုးလို့  ၀န္ဒနာ . ပူဇော်ကြဖို့ အမျိုးသား… တို့ ဗမာ….။..

ဂါရ၀တရား..ထာဝရထား .. မမှားကြဖို့ရာ.. စွဲမြဲကြ မလွဲအောင်သာ.. မျိုးရိုးဇာတိပါ..
မသွေတမ်းမှတ်ကြပါ..ရွှေကျမ်း မြတ်ဘုရာ့အလာ အနန္တငါးဖြာမှာ.. 
လင်းထင်စွာ ရှိရင်း ဒေသနာ…

ရဟန်းတော် တွေ့ရင် … ၀တ်ချပါ .. ဖိနပ်ကို ချွတ်ကာ လူရှေ့မှာ .. စိတ်မမှားနဲ့  အရိပ်များလဲ  ခြေနင်းမိ  ရှောင်ကွင်းပါ..။
ကိုယ်ကျင့် တရားဖြင့်  လူတိုင်းရှိတာ အမှန်ပါ ..
ဗိုလ်စိတ်ပေါက်ကာနဂိုစိတ်ပျောက်လာ  စဉ်းစားကြဖို့  ..အမျိုးသားတို့ဗမာ..
အဖေ အမေ ဆုံးမရင် ပယ်တာ..
တို့ရော..သူသူငါငါ  ..မှားယွင်းချက်တွေ ..ပြင်ကြစေရာ. 
စေတနာထားတဲ့သူပါ..နိုးဆော်ကြဖို့  မျိုးနွယ်စစ်တွေ့ပါ….။

ဒီသီချင်းကို ခေတ်ဟောင်းအဆိုတော် မေစိန်က သီဆိုထားပါတယ်။သီချင်းရေးဆရာကိုတော့ မသိရပါဘူး။ သီချင်းစာသားထဲမှာ ပါသလိုဘဲ ကျွန်မတို့ ဗမာ လူမျိုးတွေဟာ မျိုးရိုးကောင်းတဲ့ သာကီဝင် တွေက ဆင်းသက်လာတာပါ။

ဘုရား တရား သံဃာ၊ ဆရာမိဘ ဆိုတာ အနန္တော အနန္တ ငါးပါးမှာ ပါဝင်တာမို့  မျိးရိုးဇာတိမြင့်မြတ်သူများဟာ ရိုသေစွာ ပြုစုလုပ်ကြွေးကြပါ နေ့နေ့ညည လက်ဆယ်ဖြာ ဦးထိပ်တင်မိုးလို့ ကံတော့ကြပါ ဒုက္ခဆင်းရဲခြင်းက  လွတ်ကင်းချမ်းသာနိုင်ပါတယ် ဆိုတာ  ဘုရားဟောရှိပါတယ်။လို့ သီချင်းမှာ ဆိုထားပါတယ်။

ပြီးတော့ အရေးဆုံးကြီးအချက်က လမ်းမှာဖြစ်စေ တနေရာရာမှာ ဖြစ်စေ သံဃာ တပါးပါးနဲ့ တွေခဲ့သည်ရှိသော် သံဃာရဲ့ အရိပ်ကိုတောင် မနင်းမိစေရန် ရှောင်ကွင်းသွားလာကြရပါမယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင် ကောင်းတယောက်ရဲ့ ကိုယ်ကျင့်တရားအစစ်အမှန်ပါ။ ဗိုလ်စိတ်ပေါက် နဂိုစိတ်ပျောက်လို့ တလွှားလွှား မထီတထီ မရှောင်ကွင်းပါနှင့် လို့ သီချင်းရေးဆရာက ဆိုချင်တာပါ။

VOA မြန်မာပိုင်းအစီအစဉ် သူယုံကြည်ရာကဏ္ဍတခုမှာ ဆရာ ဦးဝင်းထွဋ်ဇော် ကလည်း မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး သူယုံကြည်တာတွေ တခန်းတနားပြောသွားပါပြီ။ လူငယ်လေးများ မှတ်သားစရာတွေပါဘဲ။ တိုင်းပြည် ပြုစု ပျိုးထောင်ရာမှာ အတုခိုးမမှားဖို့ အနောက်နိုင်ငံတွေဆီက ၀တ်စားဆင်ယင်မှုမှာ အလွန်အကျွံ ပုံတူကူးမချဘဲ မိမိယဉ်ကျေးမှုကို တဘက်က ထိမ်းသိမ်းရင်း  အတုယူသင့်သည်ကိုသာ ယူဖို့ ပြောဆိုသွားတာ တော်တော်ကောင်းတယ်။
ဒီလောက်လဲ ဗိုလ်စိတ် မပေါက်ကြပါနဲ့ လို့ ဆိုချင်တာပါ။

ကျွန်မတို့ဟာ တခါတရံ သံဃာကို ပြစ်မှားမိကြပါတယ်။ သင်္ကန်းကြီးတလွှားလွှား နဲ့ ဟိုချောင်တိုး ဒီချောင်တိုး ဆိုင်ကယ်စီး ဘာစီး ညာစီး အနေအထိုင် မဆင်ချင်ဘူး။ မာတုဂါမတွေနဲ့ ရောရောနှောနှော နေတယ်ရယ်လို့ ကရုဏာ စကားနဲ့ ပြစ်တင်မိကြတယ်။
ဒါက သူ့အပိုင်းလေ။ သူ့အပြစ်နဲ့ သူ ဘဲ။ ကျွန်မတို့ က သင်္ကန်းကို ရိုသေကြရမယ်။

ဆဒ္ဒန်ဆင်မင်းဟာ မြှားဒဏ်ရာကြောင့်စိတ်ဆိုးခြင်းပြင်းစွာ နဲ့ သတ်မယ် ဖြတ်မယ် ပြေးလာပေမဲ့ လိမ္မာပါးနပ်တဲ့  သောနုတ္ထိုမုဆိုးဟာ  သင်္ကန်းကို အကာအကွယ်ယူ ရုံထားတာမို့ သင်္ကန်းအရှိန်အ၀ါကြောင့်  ကိုယ်ရှိန်သပ်ပြီး လက်တုံ့ပြန်ခြင်းမပြုခဲ့ပါဘူး။ သာသနာအပက အဟိတ်တိရိစ္ဆာန်ဘ၀မှာ ရှိသေးတဲ့ ဆဒ္ဒန်ဆင်မင်းကတောင် ဒီလောက် အသိတရားရှိနေသေးရင် သာသနာတွင်းက ကျွန်မတို့ လူသားစင်စစ်ကြီးတွေဟာ သံဃာ ဆိုတဲ့ အရှိန်အ၀ါနဲ့ သင်္ကန်း ဆိုတဲ့ အရှိန်အ၀ါနဲ့ သံဃာ တွေကို ဘယ်လို အကြောင်းပြချက် မျိုးနှင့်မှ အန္တရယ်ပေးဖို့  မသင့်ပါဘူး။  ပေးရင်လည်း ပေးသူကသာ အပြစ်ကြီးပါတယ်။ အင်မတန် ကြေကွဲစရာသာ ဖြစ်ပါလိမ့်မယ်။

တန်ဆောင်တိုင်ညဟာ မမျှော်လင့်ဘဲ အကျည်းတန်တဲ့ည ကြေကွဲညဖြစ်သွားရတာကိုလည်း  စိတ်မကောင်းပါဘူး။

ကျွန်မက ဖြိုးဖြိုးကို တန်ဆောင်တိုင် ညရဲ့ အလှအကြောင်း  အမျိုးမျိုး စာဖွဲ့ ပြောပြခဲ့တာ ခုဆိုရင် အကြောင်းအရာ တခုတိုးသွားပြန်တာပေါ့။ စိတ်မကောင်းစရာပါပဲ။

ဒါပေမဲ့ အမှားကိုသိရင် သိတဲ့နေ့ဟာ အမှန်ကို ရောက်တဲ့နေ့ပါ။ ကျွန်မတို့ရဲ့ အပြစ်တွေကို ယနေ့ပင် ဆေးကြောသုတ်သင် ပြုပြင် လိုက်ကြရအောင်လား။      ။

ခင်မေသစ်

Monday, December 3, 2012

အဇာတသတ်နှင့် စက်ယန္တရားများ

ပြီးခဲ့တဲ့ အပတ်က မေမေပြောခဲ့သလိုပါဘဲ အာတသတ်ဟာ လူပေါင်းမှားပြီး တန်ဆောင်မုန်းညရဲ့အလှအေးရိပ်မှာ ကြည်နူးချွေးသိပ်ဖို့ နေနေသာသာ စားလို့ မ၀င်အိပ်လို့မပျော် နေမထိ ထိုင်မသာ နောင်တတွေရ  ဗြုံးကနဲ သူ့ဆရာ ဒေ၀ဒတ် မြေမျိုခံရတယ်လို့ ကြားရော ဒါးသွားလှံသွားပေါ် တည်ရှိနေတဲ့လူလို ဒုက္ခဆင်းရဲတွေ ဖြာဖြာဝေနေသတဲ့။

ဒီနေရာမှာ ဒေ၀ဒတ်မြေမျို ခံရပုံကလေး နည်းနည်းမြင်သာ ထင်သာ ပြောပြချင်သေးတယ်။ ဒေ၀ဒတ်ဟာ ယသော်ဓရာဒေ၀ီရဲ့ မောင်တော်အရင်း ဖြစ်တာမို့ ဘုရားရှင်နဲ့ ဆွေမျိုးစပ်ရင် လူ့ဘ၀က ယောက်ဖတော် ဖြစ်ပါတယ်။ ဘုရားကို အမြဲ ကန့်လန့်တိုက်ခဲ့တဲ့  ဒေ၀ဒတ်ဟာ နောက်ဆုံးသူ့အမှားကိုမြင်လာတဲ့ တနေ့ ဘုရားရှင်ကို ကြေရာကြေကြောင်းဝန်ချတောင်းပန်ဖို့ အသွား ဘုရားရှင့် ဇေတ၀န်ကျောင်းတော် အနီး ရေကန်ကြီးအရောက် ကိုယ်လက်သန့်စင်မယ်လို့ ညောင်စောင်းကုတင်က အဆင်းခြေနင်းရာ အရပ်မှာဘဲ  မဟာပထ၀ီမြေကြီးက ဟက်တက်ခွဲ စုပ်ယူ မျိုချလိုက်တာ တချီတည်း မဟာအ၀ီဇိငရဲကို တန်းရောက်သွားပါသတဲ့။
(ဒေ၀ဒတ်က သွေးအံထားတော့ အားပျော့ပြီး မလှုပ်နိုင်ဘူး။ညောင်စောင်းကုတင်ကို ထမ်းစင်လုပ် ခေါ်လာကြတာ)
ဒီအကြောင်းကို လဲ ကြားရော အဇာတသတ်ဟာ ဘယ်လိုမှ ဆောက်တည်လို့ မရဘဲ ပူဆွေးသောကရောက်နေရာက  ဆရာဇီဝကလမ်းညွှန်ချက်အရ  ဘုရားရှင့်အထံတော်ဝင် သူ့အမှားကို ပြင်ဆင်ခဲ့ရတယ်မဟုတ်လား။ ဘခင်ကိုပြစ်မှားမိခဲ့တဲ့ကံကြောင့် မဂ်ဖိုလ်ရဖို့ အခွင့်မရှိတော့ဘူး။ သာမန် သောတာပန် အဆင့်မျှလောက်နဲ့ဘဲ ကျေနပ်ရတော့တာပေါ့။

အဲဒီနော က်  မြတ်ဘုရားရှင်ဟာ မာန်နတ်ရဲ့ တောင်းဆိုမှုကို လိုက်လျောပြီး အာယုသင်္ခါရ လွှတ်တော် မူတယ်။နောက်သုံးလအကြာမှာ ပရိနိဗ္ဗာန်စံပါတယ်။ အဲဒီနောက် ရှင်မဟာ ကဿပ ရဟန္တာကြီးမှူးပြီး ပထမသင်္ဂါယနာတင်ပါတယ်။ သင်္ဂါယနာ တင်ရတဲ့အကြောင်းရင်းကိုတော့ ဗုဒ္ဓစာစဉ်တွေမှာ ရေးခဲ့ဖူးပါပြီ။ ရဟန်းတော်များ သင်္ဂါယနာ တင်ရာမှာ မင်းရဲ့ အထောက်အပံ့ဟာ အလွန်အရေးပါပါတယ်။ အဇာတသတ်မင်းဟာ စရည်းပင်ပေါက်ရာ လှိုဏ်ဂူဝတွင် ရဟန်း၅၀၀ စုဝေးနိုင်တဲ့ ဗိမာန်တခုကို နတ်တို့ ဖန်ဆင်းသည့်အလား အဆန်းတကျယ် တည်ဆောက်လှူဒါန်းခဲ့ပါတယ်။ရဟန်းတော်များလိုအပ်သမျှ ဆွမ်းကွမ်းကအစ ဘာမှ မချို့ တဲ့စေရဘူးတဲ့။
(ဆဋ္ဌသင်္ဂါယနာတင်စဉ်က မြန်မာနိုင်ငံမှာ ၀န်ကြီးချုပ် ဦးနုဟာလည်း အဲဒီလိုဘဲ ဆွမ်းကွမ်းကအစ ပံ့ပိုးပြီး  ရဟန်းတော်များစုဝေးဖို့ကမ္ဘာအေး လှိုဏ်ဂူတော်ကြီး ကို ခန်းခန်းနားနား ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။) 

အဇာတသတ်ဟာ ဗုဒ္ဓဘာသာမှာ မိမိဆန္ဒအလျောက် သက်ဝင် ယုံကြည်ပြီးတဲ့နောက် ဗုဒ္ဓဘာသာကို ပြန့်ပွားထွန်းကားအောင် ဆောင်ရွက်ခဲ့ပုံကလေးကို မေမေက ပြောချင်တာပါ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံအပြီးမှာ အလောင်းတော်ကို စန္ဒကူးနံ့သာထင်းပုံထက်မှာ ထားပြီး ပူဇော် ကံတော့ကြစဉ် အလိုအလျောက်ရဲရဲတောက်လောင်ခါ  မီးသဂြိုလ်ပြီးဖြစ်ရာမှ  ကြွင်းသော ဓါတ်တော်တို့ကို    အဇာတသတ်မင်းဟာ အာဏာစက်နဲ့ စုစည်းခဲ့ရပါတယ်။ဓါတ်တော်များဟာ ဒေါနပုဏ္ဏား အဝေမတဲ့ရာက နေရာအနှံ့ ပျံ့ နှံ့ ကုန်လို့ပါ။ ရဟန်းတော်များနှင့် ညှိနှိုင်းတိုင်ပင်ပြီးဘုရားသာသနာနဲ့ ကောဇာတညီတည်းဖြစ်ရန် ၁၄၈ ကိုဖြိုပြီး ကိန်းအသစ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ခု သာသနာ ၂၅၀၀ ကျော်ခဲ့ပါပြီ။ အတိအကျကိုတော့ အမေက မသိဘူးဖြစ်နေတယ်။ 

အဇာတသတ်ဟာ ဘုရားဓါတ်တော်တို့ကို ဌာပနာဖို့ ရာဇဂြိုလ်ပြည်ရဲ့ အရှေ့တောင်ဘက် ကုန်းခေါင်မြင့်မောက်ရာအရပ်မှာ  မတ်မတ်ရပ်ပြီး “တူး၍နက်သော်လည်း ရေမထွက်စေသော။မညီမလှသော ကျောက်တို့သည် ကွယ်ပျောက်၍မြေအတိပြီးစေသော" လို့  ဒိဋ္ဌာန်ပြိး မြေတူးပါတယ်။  မြေကျစ်စာတွေကိုအုတ်ဖုတ်ပါတယ်။ တွင်းရဲ့ အပေါ်က ရဟန္တာ ၂ကျိပ် တို့ရဲ့ စေတီများဝန်းရံ တည်ထားပါတယ်။တွင်းရဲ့ အနက်ကိုတော့ အတောင်၆၀ ရောက်အောင်တူးသတဲ့။ပြီးမှ အောက်ခြေကြေးနီပြားခံ ကျောင်းဆောက်တယ်။  ဓါတ်တော်မွေတော်တို့ကို စန္ဒကူးကြုပ်ရှစ်လုံးမှာ ထည့်သွင်းပါတယ်။ရတနာကိုးပါးတို့နဲ့ စီချယ်တဲ့ ရွှေကြုပ် ငွေကြုပ် တို့ဖြင့်  အပေါ်က ထပ်ခါထပ်ခါ အဆင့်ဆင့်   မွန်းမံ ထားရှိတယ်။    အပေါ်ကမှ တခါ ပတ္တမြားပြောက် ကျောက်ကို စေတီပြု ပြန်တယ်။ပြီးရင် ရွှေကျောင်း ငွေကျောင်း ပတ္တမြားကျောင်းစသည် အထပ်ပေါင်း ၁၆၀ရှိတယ်လို့ ဗုဒ္ဓ၀င်မှာ (ဇိနတ္ထပကာသနီကျမ်း)ပြဆိုထားတယ်။  

 တခါ အဲဒီ ဓါတ်တော် ဋ္ဌာပနာတိုက်ကိုမှ ရတနာ ၇ပါးအတိပြီးတဲ့ သဲတို့နဲ့ ကြဲပက် ဖြန့်ချပြီးရေပန်း တွေလြဲပုလုပ်ထားတယ်တဲ့။  ပြီးတော့ ၅၅၀ ဇတ်တော်လာ ဘုရားသခင်ရဲ့ မိခင်ဘခင် ဆွေမျိုးစသည် ဖွားဖက်တော်များပါမကျန် ရွှေအတိ အရုပ် သွန်းလုပ်ထားရှီပြန်တယ်။ ရွှေတံခွန် ငွေတံခွန် ၅၀၀စီ ရွှေမြူတာ ငွေမြူတာ ၅၀၀စီ နဲ့ ရွှေဆီမီးတိုင် ငွေဆီမီးတိုင် နံ့သာ ဆီမီးတိုင် ၅၀၀စီကိုလဲ ထားရှိတယ်။။ပြီးရင် မွှေးကြူလှတဲ့ ကြာညိုပန်းတခိုင်ကိုလဲ စိုက်ထူထားတယ်တဲ့။ ဒါတွေဟာ အဇာတသတ်မင်းက ရှင်မဟာ ကဿပရဲ့ အစီအမံနဲ့ ပြုလုပ်ထားရှိတာပါ။ ရှင်မဟာကဿပက နောင် အာသောကမင်းကြီး ဖွင့်လှစ်ယူဆောင် သာသနာပြုတဲ့နေ့အထိ ဆီမီးမငြိမ်းစေရန် ပန်းမညှိုးစေရန် ဓိဋ္ဌာန်ခဲ့တယ်ကွဲ့။ ရွှေပေမှာလည်းအက္ခရာရေးထိုးခဲ့သေးတာ။ အစီအမံတွေက အဆန်းတကျယ်တွေချည်းဘဲ။ ဒါတွင်ဘယ်ကမလဲ။ အထူးပြောချင်တာက ယန္တရားစက်တွေဘဲကွဲ့။

ရန်သူတွေ ဖျက်ဆီးနိုင်ခြင်းမရှိအောင် လက်နက်စွဲကိုင်ထားပြီး လေအဟုန်လို လျင်မြန်လည်ပတ်နေတဲ့ သက်ရှိလူသားလို အရုပ်တွေ ဆင်ရုပ် မြင်းရုပ်တွေ ကိုလဲ ယန္တရားအတတ်နဲ့ ဆန်းဆန်းပြားပြားဆင်ထားခဲ့သေးတာပါ။ အဲဒီအရုပ်တွေဟာ အလွန်ကြောက်မက်ဖွယ် သတ်မယ် ဖြတ်မယ်နဲ့ လည်ပတ်နေလိုက်တာ မြင်တာနဲ့ အသက်တောင် ထွက်လောက်သတဲ့။ အဲဒီအပေါ်ကမှကျောက်ဖျာကြီးတွေနဲ့ ဖုံးအုပ်ပြန်တယ်။ ကျောက်ဖျာပေါ်ကမှ မြေမှုံတွေ ခင်းပြီး ကျောက်စေတီ တည်ထားကိုးကွယ်ပြန်တယ် ကွဲ့။ ဘလောက်များ အစီအမံ ကောင်းလိုက်သလဲနော်။ ဒီလိုနဲ့
အဇာတသတ်မင်းဟာ အစဉ်အတိုင်းမင်းပြုပြီး နန်းသက် ၃၂နှစ်မှာ  ဘုရင်လုပ်ချင်လှပြီဖြစ်တဲ့ သားတော် ဥဒယဘဒ္ဒ မင်းသား လုပ်ကြံလို့ ကံကုန်ခဲ့ပါတယ်။ သူဟာ ပဋိသန္ဓေ ကောင်းပါလျက် လူပေါင်းမှားခဲ့ပါတယ်။ မှားမှန်းသိတာနဲ့ ပြန်လည်ပြင်ဆင်ခဲ့တာရယ် ဘုရားသာသနာ အဓွန့်ရှည်အောင် ပြုမူဆောင်ရွက်ခဲ့တာတွေရယ်ကြောင့် သူဟာ မဟာအ၀ီဇိငရဲမှာ အနှစ် ၆သောင်းသာ ခံရမှာဖြစ်ပြီး အရိမေတ္တေယျ ဘုရားမပွင့်မီ အချိန်မှာပင် ပစ္စေကာဗုဒ္ဓါ အဖြစ် ကျွတ်တမ်းဝင်ပါလိမ့်မယ်။

ပါဋလိပုတ်ပြည် အာသောကမင်းကြီး လက်ထက်ရောက်တော့ အဇာတသတ်မင်းထားရစ်ခဲ့တဲ့ ဓါတ်တော်တိုက်ကို ဖေါက်ပြီး ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင်ကို ရည်စူးပြီး စေတီပေါင်းရှစ်သောင်းလေးထောင် ၊ ရေတွင်းပေါင်းရှစ်သောင်းလေးထောင် တည်ထားပါတယ်။ ဓါတ်တော်များကိုလည်း ဌာပနာပြီး စေတီတည် ကိုးကွယ်ခဲ့တယ်ကွဲ့။ ပထမတော့ သူကလျို့ဝှက်တည်ဆောက်ထားတဲ့  ဓါတ်တော်တိုက် ကို သေချာမသိဘူး။ ရဟန်းတွေ တဆင့်စကားပြောကြားချက်အရ ရဇဂြိုလ်ပြည်မှာ အဇာတသတ်မင်းက အစီအမံထားခဲ့ကြောင်း သိတာပဲရှိတယ်။ အဲဒါ ယန္တရားအတတ်ကို နားလည်တတ်ကျွမ်းတဲ့ ဆရာကို အသပြာ ထောင်ထုပ်ကို ဆင်ကျောက်ကုန်းမှာတင်ပြီး  စည်လည် ရှာရတယ်။

ရှာတော့ ယခင် ယန္တရားအတတ်ကျွမ်းသူ အဆက်အနွယ်ထဲက ခေါမတိုင်း ယောမသားတွေက ငွေတထောင်ထုပ်ကို လာသိမ်းကြတယ်လေ။ အဲဒီ ယန္တရားအတတ် ကျွမ်းသူများဟာ  ယောမ သား ခေါမသားလို့ ဆိုတယ်။ သူတို့ ကိုယ်မှာ မိမိအမည်နဲ့တကွ အတတ်ပညာကို ရေးထိုးထားကြတယ်။ တခြားတနိုင်ငံကိုသွားရင် သူတို့က လိုက်လံသတ်ဖြတ်ပြစ်ကြသတဲ့။ မိမိတို့ အတတ်ပညာကို ပြန့်ပွားမှာ စိုးလို့ တဲ့။အကြောင်းက ဒီလိုကွဲ့။ တခါတော့ ပါဋလိပုတ်သားတယောက်ဟာ ယောမခေါမတိုင်းကို သွားပြီး ယန္တရားအတတ်သင်ဖို့ ယန္တရားဆရာရဲ့သမီးနဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ် သမက်ဖြစ်လာတဲ့အခါ ယောက္ခမ က မနေသာ ယန္တရားအတတ်ကို သင်ပေးရတော့တာပေါ့။  သားသမီးထွန်းကားတဲ့အခါ  အတတ်ပညာကလဲ စုံပီိဆိုတော့ ပါဋလိပုတ်ပြည်ကို ပြန်ချင်တာပေါ့ကွယ်။ဒါနဲ့ သားကိုမှာတယ်။ အဖေတော့ မွေးရာဇာတိကို ပြေးတော့မယ်။ ပြေးမှန်းသိရင်  ဒီက လူတွေက ကောင်းကင်ခရီးကနေ သူတို့ ယန္တရားအတတ်နဲ့ အဖေ့ကို လိုက်သတ်လိမ့်မယ်။ အဖေ လွတ်အောင်ပြေးရလိမ့်မယ်။ တကယ်လို့ အဖေအသတ်ခံရရင် အဖေ့ကိုယ်ကအတတ်ပညာကိုယူပြီးအသက်မွေးပါလို့ မှာသတဲ့။ အဖေဖြစ်သူဟာ ပါဋလိပုတ်ပြည်ကို ပြန်မရောက်မီ အသတ်ခံသွားရပါတယ်။

အဖေမှာခဲ့တဲ့အတိုင်း အလောင်းကို သင်္ဂြိုလ်ပြီး သူ့ပေါင်မှာရှိတဲ့ အတတ်ပညာကိုယူကာ သားက အသက်မွေးနေတာကိုး။ ဘုရင် စည်လည်တော့ သူကငွေထုပ်ထွက်သိမ်းတာလေ။  ဒါနဲ့ ယန္တရား ဆရာက မြေကိုတူး တံတိုင်ခုနှစ်ထပ်ကို အစဉ်အတိုင် တဆင့်ချင်း ဖယ်ရှားတော့တယ်။ဓါတ်တော်ပြသာဒ်ပေါ်လာတဲ့အခါ မင်းကြီးနဲ့တကွ ပြည်သူပြည်သားများ လင်္ကျာရစ် ၃ကြိမ်လှည့်လို့ စုပေါင်း ဖူးမျှော့်ကြတယ်။   ဆီမီးတိုင်တွေလဲ မငြိမ်းပါဘူး။ ကြာညိုပန်းဟာလဲမနွမ်းပါဘူး တဲ့။ နှစ်ပေါင်းအများကြိးနော် တွက်ရမှာပျင်းလို့ တွက်တော့ မကြည့်မိဘူး။ နောက်ဆုံးအဆင့်အနေနဲ့ လက်နက်စွဲကိုင်ထားပြီး  အရှိန်အဟုန်ပြင်းစွာ  လည်ပတ်ပြေးလွှားနေသူ  စက်ယန္တရား ရုပ်တွေကို လုံးဝငြိမ်သက်စေနိုင်ခဲ့ပါတယ်။့ သီရိဓမ္မာ  အသောကမင်းကြီးဟာ လည်း အဇာတသတ်မင်း ခက်ခက်ခဲခဲ ထားရှိခဲ့တဲ့ ဓါတ်တော်တိုက်ကို ယန္တရားစက်ဖျက်ဆီးရယူနိုင်ပြီး အမြို့မြို့ အနယ်နယ်မှာ စေတီပေါင်းရှစ်သောင်း လေးထောင် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် တည်စေပါတယ်။

မိမိရင်မှဖြစ်သော သား မဟိန္ဒနဲ့ သမီး သင်္ဂမိတ္တာတို့ကို သာသနာ့ဘောင်အတွင်းသွတ်သွင်း ချီးမြှင့်ပြီး လင်္ကာဒီပကျွန်းကို( သီဟိုရ်ကျွန်း ယခု သီရိလင်္ကာနိုင်ငံ) သာသနာပြု စေလွှတ်ခဲ့ပါတယ်။  ဒီအကြောင်း ယောမတိုင်းသားတို့ ကြားသိတဲ့အခါ ယောမဘုရင်ကို လျှောက်ထားပါတယ်။ ယောမဘုရင်က သိပ်စိတ်ဆိုးပြီး ဘယ်သူဖျက်သနည်း မေးတော့ ရှေးယခင်က အတတ်သင်လာဖူးသူ၏ သား ဖျက်ဆီးကြောင်း လျှောက်တင်တဲ့အခါ သံအတိပြီးသောတံတင်းတခု တည်ဆောက်စေပြီး အတွင်းမှာ သံလျက်ပုန်းစွဲကိုင်သူ သူသတ်သမားကိုစီရင်ကာ အသောကမင်းကြီးထံ လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သစေတယ်။ အသောကမင်းကြီးနိုင်ငံမှာ ဒီလိုပညာရပ်မျိုး တတ်ကျွမ်းသူ မရှိပါဘူး။ ယခင် ယန္တရားဆရာကလေးကို ခေါ်ယူ ဖွင့်စေတဲ့အခါ ဆရာလေးက  မဖွင့်ပါရစေနှင့် လို့ အကြိမ်ကြိမ်ငြင်းဆိုပါတယ်။ သံတံတင်း(သေတ္တာ) အတွင်းမှာ ပါရှိတဲ့ စက်ရုပ်ဟာ သူ့လည်ကိုဖြတ်ယူပြီး ယောမသို့ ကောင်းကင်ခရီးဖြင့် လျင်မြန်စွာ ပြေးသွားမှာဖြစ်ကြောင်းပြောပေမဲ့ ဘုရင်က နားမ၀င်ပါဘူး။  ရတနာ သေတ္တာသာဖြစ်တယ်လို့ ယူဆပြီး မင်းမိန့် မင်းအာဏာနဲ့ဖွင့်ခိုင်းတော့တယ်။

ဖွင့်မိရင် ဖုတ်သွင်းအပ်သော လူရုပ်ဟာ သူ့လည်ကို ထိုးခုတ်ဖြတ်ယူလိမ့်မယ် အသက်ကို ချမ်းသာပေးပါလို့ သနားစဖွယ်ပြောသော်လဲ ဘုရင်က မယုံပါဘူး။ အမတ်တွေ စကားကိုသာ အကောင်းထင်ပြီး အဓ္မ္မဖွင့်စေပါတယ်။ မဖွင့်ရင်လဲ ဘုရင်က သတ်မယ်။ ဖွင့်ရင်လဲ လူရုပ်က သတ်ဖြတ်မယ်။ တကယ့် အကျဉ်းအကြပ်ထဲပါဘဲ။ယန္တရားဆရာလေးဟာ အိမ်သူဇနီးနဲ့ သားသမီးထံပြန်လို့ မှာစရာရှိတာ မှာကြားပြီး ဘုရားကို အာရုံပြု လို့ မင်းမိန့်အတိုင်း ဖွင့်ပါတယ်။ လျှို့ဝှက်တဲ့သော့ခလုပ်လဲပွင့်ရော သေတ္တာထဲက သံလျက်နှင့်လူ ဟာ ခုန်ထွက်လာပြီး တချက်တည်း ၀ါးညွှန့်ကို ဖြတ်သလို ဦးခေါင်းကိုဖြတ်ယူခါ ကောင်းကင်ခရီးကနေ ယောမတိုင်းကို လေအလျင်ကဲ့သို့ ပြေးပါလေရော တဲ့ကွယ်။

ကျမ်းကိုး..ကျီးသဲလေးထပ်ဆရာတော်၏  ဇိနတ္ထပကာသနီကျမ်း။

မေမေ ခင်မေသစ်

Friday, November 30, 2012

ပပ ထူမှ ထမယ်

အမေငယ်ငယ်က သမီးဖွားဖွားပြောတဲ့ ပုံတွေထဲမှာ ဘုရားအလောင်း မင်းကုသဇာတ်ကလဲ ဘုရားလောင်း သိဝိမင်းဇာတ်လိုဘဲ ခလေးတွေ တော်တော်ကြိုက်ကြတယ်။

သိဝိမင်းဇာတ်မှာတော့  ဘခင်ဖြစ်သူကိုယ်တိုင်က သမီး ဥမ္မာဒန္တီရဲ့ အလှဟာ မင်းစိုးရာဇာနဲ့မှ ထိုက်တန်တယ်ရယ်လို့ ဘုရင်ကို ဆက်သခဲ့ပါလျက် ကြားကမလိုသူတွေရဲ့ စကားနားဝင်ပြီး တော်မကောက်မိဘဲ လွဲချော်ခဲ့ရတာကိုး။ ဒီတော့မယ်ဥမ္မာက ရှက်စိတ်နာလွန်းလို့  နက္ခတ်ပွဲသဘင်နေ့မှာ အခွင့်ကြုံတာနဲ့ လက်စားချေတော့တာပဲ။ ဘယ်လို ချေသလဲဆိုတော့ တောင်ထိပ် နက္ခတ်ပွဲသဘင် ရှုစားဖို့ မင်းခန်း မင်းနားနဲ့ သိဝိဘုရင် ဆင်စီးပီးထွက်ကြွအလာ ဥမ္မာဒန္တီက သူ့ကိုယ်သူ အလှဆုံးပြင်ဆင် လေသာခန်းမ ပြတင်းဝက ရပ်လို့ဆီးတဲ့ပြီး ပန်းတွေနဲ့ ပစ်ပေါက် ကြဲပက်တော့ တာကိုး။ သူ ဘယ်လောက်လှသလဲ သူ့အလှကို သိဝိမင်းမြင်အောင် ပြတာပေါ့ကွယ်။ ဒီတော့ မရူးဘဲ ဘယ်မှာ ခံနိုင်မလဲ။ ဆင်ထက်က ကျလို့ ဥုံရေ.. မာရေ..နဲ့ ရူးတော့တာကိုး။ 

ရူးခန်းဆိုတော့ ခလေးတွေက သဘောကျတာပေါ့။ ဒီအချိန်မှာ ဥမ္မာဒန္တီက စစ်သူကြီးကတော်ဖြစ်နေပြီ။မရနိုင်တော့ဘူးလေ။ ယူကြုံးမရဖြစ် အပူလုံးတွေထလို့  သွက်သွက်ကို ခါရောဘဲတဲ့။ ဇာတ်တော်ထဲမှာ ဒီလိုဆိုပါတယ်။ မိုးသားကင်းစင်ပြီး ရွှန်းတင့်နေတဲ့ လပြည့်ဝန်းရဲ့ အလှဟာ တန်ဆောင်တိုင်ညမှာ လူတွေကို ဖမ်းစားနေသလား ထင်မှားစရာပါ။  ကုသဇာတ်မှာတော့ သာဂလတိုင်းပြည်ကြီး သူဌေးသမီး ပပ၀တီ ဟာ ခုနှစ်ဆောင် တိုက်ခန်းမှာ မီးမထွန်းဘဲ လင်းစေတဲ့သတ္တိရှိသတဲ့။ ချောတာ လှတာကလဲ ဘုံကြိုးပြတ်တဲ့ မိုးနတ်သူဇာတောင်ရှုံးရသတဲ့။

သာဂလခေါ်  .. တိုင်းပြည် ကြီးဝယ်  .. ပပ၀တီရယ် .. ခုနှစ်ဆောင် တိုက်ခန်း ကို   ....မီးမထွန်းဘဲ ..လင်းရပြန်ပေတယ်..အလောင်းတော်ဘုရင် ကုသမင်း အဆင်းမလှပြန်တယ်   .. မင်းပပကို ကြံရွယ် ..ညီတော်ကို ဘမ်းပြကာ လှည့်စားလို့ အရုပ်ဆိုးသူများက လှတာကိုမှ သူက လိုချင်တယ်.။

တနေ့သော် ရေကန်တွင်းဝယ် ..ယမင်းပပ ဆင်းကာ စံပယ် .... ရေကစားကာ ..ခေါင်းလျှော်ရင်း..များပျိုတသင်းရယ် .. မပျင်းဖွယ် ..၀န်းရံ ခကြတယ် ကုသဘုရင် ကြာပင် အောက်ကရယ် ..၀မ်းမြောက် ၀မ်းသာ ခုမှ မြင်ရတယ် အတင်းပါကွယ် ..ရေကန်တော်ထဲ ..လက်ဆွဲခန်းပေါ်တယ်.. 

သာဂလဘုရင့် သားတော်ကြီးက မင်းကုသ ပေါ့ ။ညီနောင်နှစ်ပါးရှိကြတယ်။ သားတော်ကြီးက ငယ်ငယ်က ကျောက်ပေါက်လို့ အရုပ်ဆိုးအကျည်းတန်ပြီး ညီတော်ကတော့  ချောလွန်းလှလွန်း နေပါသတဲ့။ အရုပ်ဆိုးတဲ့သူများ လှတာကိုမှလိုချင်တယ်တဲ့။ မင်းကုသက ပပမှ ပပ ဖြစ်နေတာပေါ့။ ပပ၀တီ ရေကစားထွက်စံစဉ် ညီတော်ကို ဘမ်းပြပြီး ကြာဘက်အောက်ကနေ မနေနိုင် မထိုင်နိုင် လက်ကို အတင်းအဓမ္မ ဆွဲထား သတဲ့။  ဒီတော့ ပပ၀တီက ရွှေရင်ဖိုပြီး  အော်ငိုတော့တာပေါ့ သူရဲကြီး သူ့လက် ဆွဲပါတယ်ပေါ့။ ပပ၀တီက အော်လေ  မေမေတို့က ရယ်ချင်လေ တ၀ါးဝါး  တဟားဟားပေါ့ လေ။ မဟားပဲ နေပါ့မလား။ သမီးအဖွားက အနားကလူလက် အတင်းဆွဲ ပြီး သရုပ်ဖေါ်ကောင်းနေတော့ မေမေတို့အားလုံး  မပြုံးဘဲ ၀ါးလုံကွဲ  ဟားကြတာပေါ့။ အမှတ်ရမိတယ်။

ဒါပေမဲ့ သနားပါတယ်ကွယ် သူ့ခမြာ လူကြီးချင်း ထိမ်းမြားလက်ထပ်ပေးဖို့ ရွှေလမ်းငွေလမ်း ဖေါက်ထားတာတောင်  ပပ၀တီက မချစ်နိုင် မကြိုက်နိုင်ပါဘူး တဲ့။ အတင်းငြင်းဆန်ပြီး မိဘရပ်ထံ ပြန်ပြေးပါလေရောတဲ့။ ဒီတော့ ကုသမင်းသားက ပပ၀တီရဲ့ မိဘများနေထိုင်ရာ အိမ်ကို စောင်းတော်ကြီးပိုက် လိုက်ပြီး အဆောင်တော်ပြတင်းဝနားသွားပြီး စောင်းသံပေး ချစ်ရေးဆိုခဲ့ပေမဲ့ နားခါးလွန်းလို့ မကြားချင်ဘူးဟဲ့ ရုပ်ကြီးကို အော့နှလုံးနာလွန်းလို့ တဲ့။ ခု နှင်ထုတ်ကြ.ဟဲ့ နဲ့ ။ အထိန်းတော်တွေကို ဆိုသတဲ့။

ဒီတော့ ကုသမင်းက အိုးလုပ်တဲ့ အိမ်က အိုးသည်ဆီမှာ သူ့ဖြစ်စဉ်ကို ဇာတ်လမ်းထွင်  အရုပ်ရေးလို့ အိုးဖုတ်စေသတဲ့။ အိုးဖုတ်ပြီး ပပ၀တီထံ ဆက်သတဲ့အခါမှာတော့ ပပ၀တီက စိတ်ဆိုးလွန်းလို့ ပေါက်ခွဲပြစ်လိုက်သတဲ့။ နောက်တခါ ဖျာယက်တဲ့အိမ်မှာနေပြီး သူ့ဖြစ်စဉ်ကို ဖျာမှာ အရုပ်ထည့် ယက်စေပြီး ဆက်ပြန်သတဲ့။ ဒါလဲ မရဘူး။ နောက်တခါ စားတော်ကဲနဲ့ ပေါင်းပြီး ဟင်းကောင်းတွေ ထမင်းကောင်းတွေဆက်သပေမဲ့လဲ မယ်ပပ က ပေါက်ခွဲ ပြစ်လိုက်တာမို့ ထမင်းအုပ်ကြီးလဲကွဲ မှောက်ရက်များတောင် ဗွက်ထဲ လဲပါသတဲ့။ လဲသွားတဲ့ အချိန်ကစလို့ ဘယ်သူမှ ထူလို့ မရဘဲ ပပထူမှ ထမယ် ချည်း ဘဲ။ နားပူနားဆာပြောနေတော့တယ်။ နောက်ဆုံးမှာတော့ သူက ဘုရားလောင်းမင်းသားမို့လား။ နတ်တွေ နိုးဆော်လို့ သို့မဟုတ် ဇာတ်ထဲမှာတော့ နတ်တွေက ပပ၀တီကို ထူပေးရင် ပေး မပေးရင် ခုနှစ်ပိုင်း ပိုင်းပြီး ခုနှစ်ပြည်ထောင် မင်းတွေ ဝေပေးမယ် လို့ သတိပေးအော်ဟစ်ကြတော့မှ ပပ၀တီက ကြောက်လန့်ပြီး ထူပေးရသတဲ့။ ရွှံ့ဗွက်တွေပေနေတာကို ပပ က ဆေးကြောပေးရသတဲ့ ။ 

အဲဒီတော့မှ  ကုသမင်းဟာလည်း ကမ္ဘာမှာ အလှဆုံး မင်းသားလေး ဖြစ်သွားပါရောတဲ့ကွယ်။အားလုံးဇာတ်ပေါင်းလိုက်တော့ ကုသမင်းက ပပ၀တီကို လက်ဆွဲ လို့ အောင်စည်တော်ယွန်း ပြီး နန်းသိမ်းပွဲ ခံပါလေရော တဲ့ကွယ်..။

အိုးတော်ခေါင်းနဲ့ သူပေါင်းတယ် ။ ဖျာတော်ခေါင်းနဲ့ သူပေါင်းတယ် ဇာတ်စုံခင်းလို့ ပပလက်တွင်း  ဆက်သွင်း တယ်..လုံ့လလဲမလျှော့ဘူးကွယ် ..၀ိရိယလဲ ..မလျှော့ဘူး ..ကွယ် ပပကိုမှ မရရင်  ..အဟုတ်မနေနိုင်ပါတယ်..

တနည်း တဖုံကြံတယ် စားတော်ကဲနဲ့ တွဲကာ ၀င်ပြန်တယ်.. ပွဲတော်အုပ် ကို သူထမ်းလို့  ..ချစ်စမ်းပါ့ ခင်ရယ် …ကြိုက်စမ်းပါ့ ခင်ရယ် ..

တပါးကညာရယ် …သနား မညှာ တယ် ..ကုသမောင် ..မျက်နှာမွဲ.. မှောက်ရက်လဲ အောင် ..သူပြုရက်တယ်.. အရွယ်လှတဲ့ မယ်ပပ ပျို .ရယ်  မင်းကိုယ်တိုင် ထူမှ ..ထမယ်  ထမယ် ကွယ်။

ဒီသီချင်းကို ရန်နိုင်စိန်က ရေးပြီး ဥသြဘသောင် က သီဆိုထားပါတယ်။

မေမေ ခင်မေသစ်

Thursday, November 29, 2012

ဘုရားပြီး ငြမ်းဖျက်တဲ့အခါ .. မယ်ကုဝဏ်ခမြာ

ဟိုရှေးရှေးတုံးက တိုင်းပြည်တပြည်မှာ  ဘုရင်ကြီးတပါး မင်းကျင့် တရား ဆယ်ပါးနဲ့အညီ စိုးမိုးအုပ်ချုပ်လို့ နေတယ်တဲ့ကွဲ့။ တိုင်းသူပြည်သားတွေကလဲ ချစ်ခင် ကြည်ဖြူကြသတဲ့။  တနေ့တော့ ဟစ်တိုင်မှာ လူတွေ စုရုံး စုရုံးနဲ့ ဆူပူ ဟစ်အော်သံ ဘုရင်ကြီး ကြားရော ဆိုပါတော့။

(အော် ..ပြောပြအုံးမယ်။ ဟစ်တိုင်ဆိုတာက  ဘုရင် က စိုက်ထူပေးထားခြင်းဖြစ်တယ်။ တိုင်းပြည် အုပ်ချုပ်သူ ဘုရင်နဲ့  အသိုင်းအ၀ိုင်းကို မကျေနပ်တာ တိုင်ကြားလိုတာရှိရင် ဟစ်တိုင်ကနေ ဘုရင့်ကို လျှောက်ထား တိုင်ကြားရတယ် ။အဲဒီအခါ ဘုရင် ကိုယ်တော်တိုင် စစ်ဆေးပြီး မေးမြန်းပြီး  ခြေမ မကောင်းရင် ခြေမ လက်မ မကောင်းရင် လက်မ ထိထိရောက်ရောက် အရေးယူဆုံးမပေးတယ် တဲ့။ကောင်းလိုက်တဲ့စံနစ်နော်)
ဒါနဲ့  “ဘာသံတွေလဲ မင်းကြီးများ" လို့ ဘုရင်က မေးတော့ “သားတော်ဝိဇယမင်းသား ခိုးဆိုးလုယက် တိုက်ခိုက်နေလို့ ပြည်သူဗျာလှိုင် မခံနိုင် သံပြိုင်ဟစ်အော်ကြပါသည်ဖျား”
လို့ မူးကြီး မတ်ကြီးများက လျှောက်ထားကြတော့တာပေါ့။

(ခုခေတ်မှာများ အဲလို ဟစ်တိုင် ရှိရင် သိပ် ကြည့်ကောင်းမှာဘဲ)
ဒီတော့ အမှန်ဘဲလား လို့ သားတော်ဝိဇယကို ရှေ့တော်သွင်းမေးမြန်းတဲ့အခါ သားတော် ၀ိဇယမင်းသားကလဲ မကွယ်မ၀ှက် ဟုတ်တိုင်းမှန်ရာ အစစ်ခံတယ်။ ကွဲ့ ။မှတ်ထားနော်။ မညာဘူး။

ဒါဖြင့် အမိန့်တော်မှတ်မယ် အမတ်ကြီးများ ဆိုပြီး  ၀ိဇယမင်းသားနှင့် အပေါင်းပါများကို ဘယ်သောင် ဘယ်ကမ်းဆိုက်ဆိုက် ဖေါင်ပေါ်တင်ပြီး တိုင်းပြည်က နှင်ထုတ်လို့ မြစ်ဧရာကြော မျှောလိုက်ကြ အမတ်ကြီးများ လို့ အမိန့်ချမှတ်တယ်ကွဲ့။ ဒီတော့ သားတော်ကလဲ ခမည်းတော်စကားကို မဖီဆန်ဘူး။ အာဏာ သက်ရောက်စေပြီး လိုက်နာကျင့်သုံးတာကိုး။ အဓိပ္ပါယ်ကတော့ အပေါင်းအသင်းတွေ အားလုံးခေါ်ပြီအေးအေးသက်သာ ဖေါင်ပေါ် တက်လိုက်သွားတာပေါ့ကွယ်။ ထိုးဝါးမပါဘူးနော်။ထိုးဝါးပါရင် လိုရာ သွားနိုင်တယ်။ အဲဒါနဲ့ ကမ်းမမြင် လမ်းမမြင် ဖေါင်မျောရာ ပါလာကြတဲ့ ၀ိဇယ မင်းသားနဲ့ နောက်လိုက် တပည့်များဟာ အဆုံးမှာ လူမရှိတဲ့ကျွန်းတကျွန်းကို ဆိုက်ကပ်မိရော ဆိုပါတော့။

အဲဒီကျွန်းက  ဘီလူးတွေ နေတဲ့ ကျွန်းတဲ့ကွဲ့။ လှေ သင်္ဘောတို့များ ဆိုက်ကပ်လာရင် ဘီလူးမတွေက လူယောင်ဆောင် မြှားပြီး စားပစ်ကြတယ်။ဝိဇယမင်းသားရဲ့ တပည့် တော်တော်များများဟာ မဆင်မခြင် အသိမရှိလို့ လူယောင်ဆောင်ထားတဲ့ ဘီလူးမတွေနောက် အဟုတ်ထင် လိုက်သွားရင်း ဘီလူးအစားခံကြရတယ်။ ၀ိဇယမင်းသားကတော့ ဥာဏ်ရှိတဲ့သူဆိုတော့  သူ့တပည့်တွေလဲ တစ်ယောက် လိုက်သွားရင်း တယောက်ပျောက်သွားရင်းဆိုတော့  မသင်္ကာဖြစ်ရာက ဘီလူးမတစ်ယာက်လဲ  သူ့ကို  လာဖြားယောင်းပါလေရော တခါတည်း သံလျက်ဆွဲ လည်ကိုခုတ်ပိုင်းမယ် လုပ်ကရော ဘီလူးမလဲ ဟုတ်တိုင်းမှန်ရာ ဖွင့်ပြောရတော့တာပေါ့။ ဘုန်းရှိတဲ့ ယောက်ျားဆိုတော့ မနေသာတော့ဘူးလေ။

ဒီအခါမှာ ဘုရားရှင် ပရိနိဗ္ဗာန်မစံခင်က ဗျာဒိတ်မိန့်မှာချက်အရ အဲဒီကျွန်းဟာ နောင်အခါ သာသနာထွန်းကားပျံ့ပွားရာ အရပ်ဒေသ ဖြစ်မဲ့အကြောင်း ဗျာဒိတ်ထားခဲ့တာကွဲ့ ။သီဟိုရ်ကျွန်းတဲ့။ ကိုးတိုင်းကိုးဌာနကို သာသနာပြုစေလွှတ်ခဲ့တာမို့ ၀ိဇယမင်းသားနဲ့ အံကိုက်လောက်ဘဲ ရဟန်းတစ်ပါး ကြွလာပြီး ဘုရား ပရိတ်တော်များ ပရိတ်ကြိုးများ ပရိတ်ရေများ ပက်ဖြန်း ချီးမြှင့်ပေးတဲ့အတွက် ဘီလူးတွေ မနေနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်သွားကြရတယ်ကွဲ့။  သီဟိုရ်ကျွန်းဆိုတာ ခုအခါ သီရိလင်္ကာနိုင်ငံလို့ ခေါ်တွင်ပါတယ်။ ယခုထက်တိုင် ဗုဒ္မ ဘာသာဝင် နိုင်ငံပါ။

ဒါနဲ့  ပြောရအုံးမယ် ။ အမေတို့ အမေ သမီးဖွားဖွားပြောတာက  ၀ီဇယမင်းသားကို ဖြားယောင်းသွေးဆောင် ခေါ်ယူသွားတဲ့ ဘီလူးမဟာ မယ်ကုဝဏ်လို့ ခေါ်တယ် တဲ့။ ဘီလူးရန်ကို နှိမ်နင်းရာမှာ သူ့အမျိုးသူ့အဆွေ  ဘီလူးတွေအပေါ်  သစ္စာဖေါက်ပြီးဝိဇယမင်းသားကို ချစ်တဲ့ဇောနဲ့ ကူညီခဲ့ရှာတယ်တဲ့။ ဘယ်လိုကူညီသလဲဆိုတော့ ၀ိဇယမင်းသားက ဘီလူးတွေကို မြှားနဲ့ပစ်ရာမှာသူက ကောင်းကင်ကနေ ဘီလူးတွေ ရှိရာအရပ်ကို အသံပေးကူညီသတဲ့။ အသံကြားရာ မှန်း လှမ်းပြီးမြှားနဲ့ ပစ်တော့ တဖုတ်ဖုတ်နဲ့ ဘီလူးတွေ ကောင်းကင်က ပြုတ်ပြုတ်ကျသတဲ့။ ပြီးတော့ မယ်ကုဝဏ်ရဲ့ အကြံဥာဏ်ကို ရယူပြီး ထီးနန်းစိုက်ထူခဲ့တာလေ။ နောက်ပိုင်း ၀ိဇယမင်းသားက တိုင်းပြည်တည်ထောင်  ပြီးမြောက်လို့ ဘိသိက်သွန်းလောင်းတဲ့အခါကျတော့  ဘီလူးမဆိုပြီး  နှင်ထုတ်ခဲ့တာပါ။ လူသားစစ်စစ်ကိုသာလက်ဆွဲ လို့ နန်းသိမ်းပွဲ ခံခဲ့တာပါ။ ။

ဒါ့အပြင် လူသားများက  ကြောက်လန့်စိုးရိမ်မှု ရှိနေကြတဲ့အတွက် တိုင်းပြည်က နှင်ထုတ်ခဲ့တာမို့ သားနဲ့သမီးကို လက်ဆွဲ ပြီး မယ်ကုဝဏ်ဟာ အပြီးတိုင် နန်းတော်က ထွက်ခွာသွားခဲ့ရပါတယ်။ နောက်ဆုံးမှာ  သူမရဲ့ ဦးလေးဖြစ်သူ နတ်ဘီလူးစစ်သည်တဦးနဲ့တွေ့ပြီး  ရန်ညှိုးထား ရိုက်ပုတ်သတ်ဖြတ်ပြစ်တာကိုလဲ မချိတရိ  ခံခဲ့ရရှာပါတယ် တဲ့။ ဘုရားပြီးရင် ငြမ်းဖျက်တယ် ဆိုတဲ့ သဘော သက်ရောက်သွားတာပေါ့နော်။ 

ဒီဇာတ်လမ်းကလေးကို အေ၀မ်း ရုပ်ရှင်က ၀ိဇယ အမည်နဲ့ဘဲ အသံထွက် ရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။ မယ်ကုဝဏ်နေရာမှာ ပါဝင်သရုပ်ဆောင်သူက မေသစ်။ ငယ်ငယ်ကလေးပါ။ ၀ိဇယမင်းသားက အေးကြူ ဆိုတာများလားဘဲ။ မမှတ်မိဘူး။

မေမေ ခင်မေသစ်

Friday, November 23, 2012

ဟက်ပီးမင်းသားလေး

မေမေနဲ့ စာကလေး

ပျဉ်မနားအိမ်က  မေမေ့ရဲ့ အခန်းဘေးဝရံတာမှာ စာကလေးတွေလာလာနားကြတာကိုး။ ဒါနဲ့ မေမေက ဆန်တွေ ကြဲပက် ထားပြီး သောက်ရေခွက်လေးပါ ချထားတော့ တကျွီကျွီ တကျာကျာနဲ့ တနေကုန် ပျံလိုက် စားလိုက် နားလိုက် သောသောကိုညံနေတာကွဲ့ ။ပြီးတော့ မေမေကလေ သမီးတို့ငယ်ငယ်ကဆိုရင် နှင်းဆီတွေ စိုက်တယ် မို့လား။ပိုက်နဲ့ ရေဖြန်းရတယ်။ နွေဆို မနက်တခါ ညတခါ ဖြန်းးတာကိုး။ ရေဖြန်းတော့ မြေကြီးမှာ ပိုက်ထိုးမိတဲ့နေရာက ရေအိုင်လေးဖြစ်ပြီး စာကလေးတွေက အဲဒီရေအိုင်မှာ လူးကြ လှိမ့်ကြ ရေချိုးကြပေါ့ ။စာကလေးတွေက ပျော်။ မေမေက ပျော်။အဲလို နေလာကြတာ မို့လား။

တနေ့ကတော့ မေမေ သမီးမှာတဲ့အတိုင်း  ဖုန်းတလုံးဝယ်ပြီး အင်တာနက်ချိတ်လိုက်တယ်။ အားရပါးရ ဂူးဂဲလ်မှာ ၀င်မွှေမိပါရော။ ဒီမှာတင် “အော်စကာ ၀ိုင်းလ်ထ် “ရဲ့ The Happy Prince နှင့် အခြားဝတ္ထုများ “ စာအုပ်ကို သွားတွေ့တယ်။သူကတော့ စာကလေး (sparrow ) လို့ မဆိုဘူးပျံလွှား (swallow)တဲ့။သူတို့ချင်းကတော့ ခပ်ဆင်ဆင်လို့ ဆိုရမလားဘဲ။ပျံလွှားက အမြီးရှည်ပြိး တောင်ပန်ဖြန့်လိုက်ရင် ချွန်တယ်။အပြားကြီးတယ် အတွန့်ကလေးတွေနဲ့။ သူက ပိုလှတယ် ထင်တယ်။ ပျံလွှားလေးတအုပ်များ မိုးပေါ် ပျံတက်သွားရင် မေမေ ငယ်ငယ်က ဆရာမဆိုပြတဲ့ သီချင်းကလေး မှတ်မိသေးတော့တယ်။
”ပျံလွှားလေးတွေ လည်ချင်းယှက်တော့ အစက်မဲကလေးတွေ ..မိုးမှာ ထင်ပြီကွယ် “  တဲ့။
သူတို့လေးတွေက ဟို မိုးကောင်းကင်အမြင့်ကြိးတက်ပျံတာဆိုတော့ အောက်ကနေကြည့်နေတဲ့သူက မဲမဲအစက်ကလေးတွေဘဲ မြင်နေရတာကိုး။

အဲဒါနဲ့ မေမေက စာကလေးတို့ ပျံလွှားတို့များဆိုရင် အလိုလို သနားနေတာလေ။ အော်စကာဝိုင်းလ်ရဲ့ ပုံပြင်မှာထဲမှာ အများအကျိုးဆောင်တဲ့ ပျံလွှားလေး  ရုပ်တုကြီးခြေရင်းမှာ ဘုံးကနဲ ပြုတ်ကျပြစ်လဲ သေဆုံးသွားတော့ ပျံလွှားလေးကို အသနားထပ်ပိုမိရော။ ဒါနဲ့ဘဲ ဖြိုးဖြိုးကို ပြောမပြရသေးတဲ့ ပုံပြင်တပုဒ်အနေနဲ့ ခု ကိုယ့်စကားနဲ့ ကိုယ်ပဲ အကျဉ်းခြုံးပြန်ပြောပြမိတော့တယ်။
ဟိုရှေးရှေးတုံးက ရှေးဟောင်းမြို့တော်ကြီးတမြို့မှာပေါ့ ။
မြို့ကြီးကို စီးပြီး ငုံ့ကြည့်နေတဲ့ ရှည်မျောမျော မင်းညီမင်းသားပုံ ရုပ်တုကြီးတခု ရှိသတဲ့။ ထီးထီးမြင့်မြင့်ကြီး မိုးပေါ်ထိုးတက်နေပုံများ။လူတကာအားကျစရာပါပဲ။
လူတွေက ပျော်ရွှင်ရယ်မောနေတဲ့ သူ့ပုံသဏ္ဍာန်ုကိုကြည့်ပြီး “ဟက်ပီးမင်းသားလေး” လို့ ခေါ်ကြတယ်။
သူ့ မျက်လုံး နှစ်လုံးကို  အဖိုးထိုက်တန်လှတဲ့ ပြာလဲ့လဲ့ကျောက်မျက်ရတနာတွေ မြှုပ်နှံထားပြီး ဓါးရိုးအနှောင့်မှာလဲ အရည်လည်နေတဲ့  ပတ္တမြား နီနီရဲရဲကြီး တလုံးတပ်ဆင်ထားတယ်။  သူ့တကိုယ်လုံးကိုတော့  အဖိုးတန် ရွှေပြားတွေလွှမ်းခြုံ ဖုံးအုပ်ထားတယ်။

မြို့စားကြီးက “လေကြောင်းပြလေတံခွန်ကြီးလိုဘဲ ခန်းနားကြီးကျယ်လိုက်တာ“ဆိုပြီး သူ့ ရွှေရောင် မျက်နှာလှလှလေးကိုလည်း  ချီးကြူးခန်းဖွင့်တယ်။

စိတ်ညစ်ညူးနေတဲ့ လူတယောက်ကတော့ ရုပ်တုကိုကြည့်ပြီး “ကမ္ဘာပေါ်မှာ သူ့လို ပျော်တတ်သူလဲ ရှိသေးသကိုး “လို့ ခပ်ငေါ့ငေါ့ပြောတယ်။ မိခင်တယောက်ကလဲ  ရုပ်တုကို မော့ကြည့်ပြီး  “ဟောဒီ မင်းသားကလေးတို့များ နားအေးလိုက်တာ ဘာလိုချင်တယ် ညာလိုချင်တယ် မပူဆာပေါင် “လို့ သူ့ သားငယ်ကို ဆုံးမနေတယ်။ အနီရောင် ၀တ်စုံ တောက်တောက်ခြုံထည်တွေ  ဆင်မြန်းထားတဲ့ ခလေးတသိုက်ကတော့ ဘုရားကျောင်းထဲကနေ ၀တ်ပြု ဆုတောင်းထွက်လာကြပြီး ခန့်ညားလှပတဲ့ နတ်သားလေးတပါးအသွင် ဟက်ပီးမင်းသားလေးကို  ငေးမောအားကျနေကြလေရဲ့။ မြို့တော်ကောင်စီဝင်တယောက်ကတော့ ရုပ်တုကြီးကိုကြည့်ပြီး အနုပညာရသကို နားလည်ခံစားတတ်သူလို့ ဂုဏ်သတင်းကျော်ဇောစေချင်လှပေမယ့် တကယ်တော့ ဘာများအသုံးဝင်မှာလဲ တဲ့။ မလိုတမာ ပြောနေတယ်။

တစ်ညမှာတော့  ပျံလွှားငှက်ကလေးတအုပ် မင်းနေမြို့တော်ကြီးပေါ် ဖြတ်သန်းရောက်ရှိလာကြတယ်။ပျံလွှားအုပ်ထဲက တကောင်ကတော့ နောက်ကျပြီး မှ ရောက်လာတာကိုး။သူက နောက်ချန်နေခဲ့တာလဲ ဖြစ်နိုင်တာပေါလေ။ အားလုံးကတော့ ထုံးစံအတိုင်း လွန်ခဲ့တဲ့ သီတင်း၆ပတ်ကတည်းက ပျံသန်းထွက်ခွာနေကျ နွေးထွေးတဲ့ အီဂျစ်နိုင်ငံဆီ ဆောင်းခိုဖို့ ရှေ့ရှူပျံသန်းကုန်ကြပြီလေ။ ဒီပျံလွှားကလေး ကျန်နေရစ်ပုံက လွမ်းစရာလေးကွဲ့။ သူက ဇတ်လမ်းရှိတယ်။ပြီးခဲ့တဲ့ နွေဦးရာသီ တုံးက ပိုးဖလံလေးတွေနဲ့ ရောနှောလိုက်ပါရင်း မြစ်ချောင်းကလေးတခုမှာ ဇတ်လမ်းက စခဲ့တာ။ ဒီလိုကွဲ့။

ရှည်လျားပျော့ပြောင်းပြီး သွယ်လျလျ  ခန္ဓာကိုယ်ရှိတဲ့ ကျူရိုးမကလေးကို  တဒင်္ဂမြင် မိတာနဲ့ ချစ်မိသွားပြီး မခွဲနိုင်မခွာရက် ဖြစ်သွားခဲ့တာလေ။လေယူရာယိမ်းနွဲ့နေတဲ့ ကျူရိုးမကလေးကို ၀ဲလယ် လှည့်ပတ် ပျံသန်းရင်း မင်းကို ချစ်ချင်တယ်ကွယ် ။ ချစ်ရမလား လို့ ပျံလွှားကလေးက တစာစာ ချစ်စကားပြောသတဲ့။ချောင်းရေမြောင်းရေထဲ  လှိုင်းလုံးဖြူလေးတွေထလာအောင် သူ့တောင်ပန်တွေနဲ့ တဖြတ်ဖြတ် ရိုက်ခတ်ပြရင်းလဲ ကျူရိုးမယ်ကလေး ကျေနပ်အောင် သူ့အစွမ်းအစတွေ ထုတ်ပြနေသတဲ့။ အဲဒီလိုနဲ့ တနွေလုံး ပျော်ခဲ့ကြတာလေ။ခု ဆောင်းရာသီ မှာ ဆောင်းခိုကြရတော့မယ်တဲ့။ အီဂျစ်ကို သွားရတော့မယ်။ ကျူရိုးမယ်ကလေးကို သူ အားရပါးရ နှုတ်ဆက်ချင်သေးတာကွဲ့။ ပျံလွှားကလေး လွမ်းခန်းရောက်ပြီပေါ့။ သူ့သူငယ်ချင်းတွေက တော့ “မဖြစ်နိုင်တာကွာ“ လို့ တီးတိုးဆိုကြသတဲ့။တကယ်တော့ ပျံလွှားကလေး ကိုယ်တိုင်လဲ ညည်းငွေ့လာပါပြီလေ။အသွင်မှ မတူတာဘဲ။ပျံလွှားဆိုတာက တချိန်လုံး လှုပ်ခါနေတဲ့ဥစ္စာ တဲ့။
သူက ငါ့ကို လေတိုက်တိုင်း ယိမ်းနွဲ့  မြှူဆွယ်နေတာ တချိန်လုံးဘဲ။ဟိုဘက်ယိမ်းလိုက် ဒီဘက် ယိမ်းလိုက် ယိမ်းခါ နေလိုက်ပုံများ ငြိမ်တယ်ရယ်မရှိဘူး။ တဲ့။
ပျံလွှားကလေးကလဲ အပြစ်မြင်လာတယ်။
ဒါပေမဲ့ ငါနဲ့လိုက်ခဲ့မလား ပျံလွှားကလေးက မေးတယ်။
ကျွန်မအိမ်က ဒီမှာလေ။ အမျိုးအဆွေတွေ က အများကြီး ကျွန်မ ခွဲ မလိုက်နိုင်ဘူး တဲ့။
သူမက နှုတ်နဲ့ တီတီတာတာ မပြောတတ်ပေမဲ့ ခေါင်းခါပြတယ်။
ပျံလွှားကလေးက သိတာပေါ့။
မြစ်ချောင်းတစ်လျှောက် ပေါလိုက်တဲသူ့ အမျိုးတွေ။ အုံနဲ့ကျင်းနဲ့။
ဟင်း..အလကားငါ့ကို လှဲ့ဖျားနေတယ်။ပျံလွှားလေးက စိတ်ဆိုးသွားတယ်။

အင်းပေါ့လေ။ ငါက တော့ မဖြစ်မနေ သွားရတော့မှာ ။အီဂျစ်က ပီးရမစ်ကြီးတွေဆီဲ ငါ နားခိုရလိမ့်မယ်။တဲ့။ဒီလိုနဲ့၊မနားမနေ နှုတ်ဆက် ..
ထွက်ခွာပျံသန်းလာလိုက်တာ တနေ့လုံးဘဲတဲ့။
ညနေခင်းရောက်မှ ဟက်ပီး ရုပ်တု ကြီးဆီ ရောက်လာပြီး သူ့ပခုံးကျယ်ကြီးမှာ အခိုက်အတန့်ခိုနားခွင့်ရတော့တယ်။
ပျံလွှားကလေးက ရှည်မျောမျော ရုပ်တုကြီးကို မြင်တော့ ဟန်ကျလိုက်တာ ဒီတည ငါနားခိုဖို့ နေရာကောင်းတော့ရပီ ဆိုပြီးပျော်နေသတဲ့။

ဒါနဲ့ မောမောနဲ့ရုပ်တုကြီးခြေရင်းမှာ  အိပ်မယ်ပြင်ပါလေရော။ပေါက် ဆို မိုးရေ ပေါက်ကြီး သူ့ကိုယ်ပေါ် ကျလာသတဲ့။
“ရော်.အချိန်မဟုတ်အခါမဟုတ် ဒီဥရောပ မိုးစုတ်ကလဲ” လို့ သူကျိန်ဆဲမိပြီး “ဒလောက် မြင့်ပီး  ကြီးရက်နဲ့ မိုးတပေါက်တောင် မလုံဘူး “ဆိုပြီး ရုပ်တုကိုလဲ ကဲ့ရဲ့နေတာပေါ့လေ။
မကြာပါဘူး နောက် ထပ်လို့  ပေါက် ..ပေါက် ဆိုပြီးကျလာပြန်ပါရော။လက်စသပ်တော့ ရုပ်တုကြီးက ငိုနေတာကိုး။ သူ့မျက်လုံးထဲက မျက်ရေတွေ ပျံလွှားကလေးကိုယ်ပေါ် တပေါက်ပေါက်ကျလာနေတာ။
ရယ်မော ပျော်ရွှင် နေပါလျက် ဘာ့ကြောင့် ငိုကြွေးနေရသလဲ လို့ တွေးပြီး လရောင်အောက်က လှပတဲ့ ရုပ်တုမျက်နှာကိုမော့ကြည့်ပြီးသနားစိတ်တွေ ယိုဖိတ်ကုန်သတဲ့။
ပျံလွှားကလေးက။
ဒါနဲ့ ပျံလွားကလေးက  “ခင်ဗျား ဘယ်သူလဲ။ ဘာကြောင့် ငိုသလဲ “
 မေးပါလေရော။
“ငါက ခန်းနားသိုက်မြိုက်တဲ့ ဆန်ဆူစီ နန်းတော်ကြီးထဲမှာ လှပတဲ့ပန်းဥယျာဉ်တွေထဲမှာ လှည့်လည်ကခုန်ပျော်ပါးနေခဲ့ရတဲ့ မင်းသား တပါးပါ။ မျက်ရည်ရှိတယ်ဆိုတာတောင် မသိပါဘူး။ ဟုတ်ပါတယ်။ ပျော်စရာတွေချည်းငါမြင်တွေ့ နေခဲ့ရတာပါ။ခုတော့ ငါ သေလူဖြစ်နေပြီလေ။။ငါ့ရုပ်ကို အမြင့်ကြီး  ထုဆစ် ချထားတော့ အရာရာ ငါမြင်တွေ့နေရပြီ။ လူသားဘ၀မှာ ငါမမြင်ခဲ့ရတာတွေ ငါမသိခဲ့တာတွေ အခု ငါ  မြို့ကိုစီးပြီး မြင်ရ သိရပါပြီ။ငါ့ရဲ့သတ္တုနှလုံးသားဟာ လူ့နှလုံးသားလိုဘဲ ခံစားတတ်လာပြီ။
“ပျံလွှားကလေးရေ..ဒီတညတော့ ငါ့ကို ကူညီပါ။

ဟိုးရှေ့က အိမ်နုပ်နုပ်သေးသေးလေးထဲမှာ ပန်းသီနေတဲ့ အဖွားတယောက်ကို မြင်ရဲ့လား။ သူ့အနားမှာ ခလေးတယောက် လဲနေတယ် ။သူနေမကောင်းဘူး။ လိမ္မော်သီးစားချင်တယ်လို့ ပူဆာနေတယ်။ သူ့အဖွားက ရေဘဲ တိုက်နိုင်တယ်။ မနက်ခင်းဘုရင့်နန်းတော်အရောက်  ဆက်သဖို့ရှိတဲ့ ပန်းတွေ ပြီးအောင် မှုံနေတဲ့မျက်စိကို အားကိုးရင်း ပန်းထိုးပန်းသီနေရတာ ကြည့်မကောင်းဘူး။ငါ့ဓါးမှာတပ်ဆင်ထားတဲ့ပတ္တမြားကို ထုတ်ပြီး သွားပေးပါ။ကျေးဇူးတင်ပါတယ်ကွယ်”တဲ့။ ရုပ်တုက ဆိုတယ်။
ပျံလွှားကလေးက ..
“ ဟာဗျာ ကျုပ်သူငယ်ချင်းတွေ ခုဆို နိုင်းမြစ်ထဲ ကြာပန်းတွေနဲ့ တီတိုးစကားဆိုနေရော့မယ်။ ပြီးရင် သူတို့ ဆေးရောင်စုံခြယ်ထားတဲ့ အီဂျစ်ဘုရင်ကြီးတပါးရဲ့ အုတ်ဂူမှာ အိပ်ကြလိမ့်မယ်။  ဘုရင်ကြီးက ကျောက်စိမ်းဆွဲကြိုးကြီးဝတ်လို့ဗျ။
အ၀ါရောင်လိုင်နင်စခြုံထည်ကြီးနဲ့ပတ်ရစ်လို့။မွှေးကြိုင်နေတာဘဲ “ ။
ဒီတော့ မင်းသားလေးက

“ပျံလွှားငှက်ကလေးရယ် ပျံလွှားငှက်ကလေးရယ်..တောင်းပန်ပါတယ်။ဟိုခလေးကိုကူညီဖို့ ဒီတညတော့ငါနဲ့ နေပေးပါ “ လို့ ဆိုပြန်တယ်။ပျံလွှားငှက်ကလေးက ဒီလို ကောင်စုတ်တွေပေါ့ ကျုပ်ကို ခဲနဲ့ လိုက်ပေါက်တတ်တာလို့ ဆိုပြီး စိတ်ကောက်သွားတာပေါ့။ပျံလွှားလေးက ခလေးတွေကို မကူညီချင်ပါဘူး။ ဒါပေမဲ့ မျက်ရည်တွေတွေ ကျနေတဲ့ရုပ်တုကို သနားပြီးကူညီပါမယ်လို့ ဆိုကာ ခရီးစတင်တော့တယ်။

ရုပ်တုက ပတ္တမြားကို ကော်ထုတ်ပြီး ပျံလွှားကလေးဟာ မြို့ပေါ်က အဆောက်အဦတွေ နန်းတော် နဲ့ဘုရားရှိခိုးကျောင်းတွေ ကိုကျော်ဖြတ်သွားတယ်။  နောက်ဆုံးတော့ ပန်းထိုးနေတဲ့ ဆ်းရဲသူမအိမ်ရောက်သွားပြီး ပတ္တမြားကြီးကိဲု အဖွားအပ်ချုပ်လက်စွပ်အနား ချပေးသတဲ့။
ကိုယ်တွေ ပူခြစ်နေတဲ့ခလေးကို ပျံလွှားကလေးက သူ့တောင်ပန်လေးတွေနဲ့ ခတ်ပြီး အေးမြစေတယ်။ဒီတော့မှ ခလေးဟာ အပူကျပြီးကောင်းကောင်း အိပ်နိုင်သွားသတဲ့။
အပြန်လမ်း မှာ နန်းတော်ထဲက ကပွဲ အခန်းအနားကျင်းပဖို့ ပြင်ဆင်နေတာမြင်ခဲ့ရပြီး ဘုရင့်သမီးတော်ကလေးတပါးဟာ ၀ရံတာမှာ သူ့ချစ်သူနဲ့ ရပ်လို့  ‘ ကျွန်မတော့ ဒီည ပန်းသီအင်္ကျီဝတ်မှ ၀တ်ရပါ့မလားဘဲ “ဆိုတဲ့ ကနွဲ့ကရ  ညီးညူနေသံ ပြီးတော့ အပ်ချုပ်သည်တွေက အပျင်းထူတယ် မောင်ရဲ့ ဆိုတဲ့အသံတွေ ပျံလွှားလေးကြားလိုက်မိသတဲ့။

ဟက်ပီးရုပ်တုဆီ ညဘက် ပြန်ရောက်တဲ့အခါမှာတော့  သူက
 “ကျုပ်သွားပါရစေတော့ ကျုပ်သူငယ်ချင်းတွေ မျှော်နေလိမ့်မယ် ခုဆိုရင် သူတို့ မနက်ခင်း ရေတံခွန်မှာ ဆုံကြဖို့ စီစဉ်နေကြပြီ။အဲဒီမှာ အိပ်ပျော်နေတဲ့ ရေနဂါးကြီးလဲ ရှိတယ်။ခန်းနားကြီးကျယ်တဲ့ နတ်ဘုရား ကျောင်းတော်လည်းရှိတယ်။လင်းလက်လာတဲ့ ကြယ်ပွင့်တွေကို လမင်းကြီးနဲ့အတူ ကျုပ်တို့ လက်ချိုးရေတွက်ကြမယ်။ညခင်း ရေသောက်ဆင်းလာတဲ့ ခြင်္သေ့ကြီးတွေ တောင်ကျရေထက် ဆူညံကျယ်လောင် စွာ ဟိန်းမဲ့ဟောက်မဲ့အသံကို  ပုန်းပြီး ကျုပ်တို့ နားထောင်ကြမယ်။
လို့ပျံလွှားကလေးက စိတ်ကူးနဲ့ ဆိုရှ
ရုပ်တုကြီးက
”ငှက်လေးရယ်  ငှက်ကလေးရယ် တညလောက်နေပါအုံး။ဟိုရှေ့က အိမ်တအိမ်မှာ လူငယ်လေးတယောက် ပြဇတ်ရေးနေတာ မပြီးနိုင်ဘူး။ ချမ်းတုန်နေရှာတယ် ။အဲဒါ ငါ့ မျက်လုံးထဲက ကျောက်မျက်ပွင့်တလုံးကို ထုတ်ပြီး သွားပေးပါအုံး။ ဒီတော့မှ သူ့ခမြာ ထင်းဝယ်နိုင်မယ် မီးလှုံနိုင်မယ်။စာဆက်ရေးနိုင်မယ် ။ပြဇတ်ဒါရိုက်တာဆီ စာမူ ပေးနိုင်မယ်”လို့ ရုပ်တုက ဆိုတယ်။

ပျံလွှားငှက်ကလေးလဲ မနေသာတော့ဘူးပေါ့။ “ကောင်းပါပြီ တညဆက်နေပါမယ် “လို့ ဆိုပြီး စာရေးဆရာကလေးဆီကို ပျံသွားလို့  ကျောက်ကလေးကို ချပေးလိုက်တယ်။

“ကဲ ကျုပ်သွားတော့မယ်။ “တဲ့ ပျံလွှားကလေးက။
 ကျုပ်သူငယ်ချင်းတွေ စောင့်နေပြီ အခုဆို ဆောင်းဝင်လာပြီ အီဂျစ်မှာတော့ နွေးနွေးထွေးထွေးရှိတယ်လေ။ ကျုပ်သူငယ်ချင်းတွေ ဘုရားကျောင်းမှာ အသိုက်ဆောက်နေတာ ကျုပ်ကူညီရလိမ့်မယ်။ ပျင်းပျင်းတွဲတွဲ မိချောင်းကြီးတွေက ရွှံ့နွံ့ထဲကနေ ငေးကြည့်နေလိမ့်မယ်။ပန်းရောင်ချိုးငှက်ကလေးတွေက တေးတကြော်ကြော်အော်ဆိုရင်း အချင်းချင်း ကူညီ ရိုင်းပင်းကြလိမ့်မယ်။”
 ဒီတော့
ရုပ်တုက ဆိုပြန်တယ်။
   “ဒါပေမဲ့ကွယ် တည ၊ တည ထပ်နေပေးပါအုံး။ ဟိုရှေ့က အိမ်တအိမ်မှာ  မီးခြစ်ဆံလုပ်တဲ့ ခလေးမကလေးငယ်ငယ် မီခြစ်ဆံတွေ ရေစိုကုန်လို့ ငိုနေတယ်။ သူ့အဖေက ရိုက်လိမ့်မယ်။ ကျန်တဲ့ မျက်စိတဘက်ဖြုတ်လို့ သွားပေးခဲ့ပါအုံး။   ပျံလွှားကလေးရယ် ။ “
“ခလေးမကလေးကိုကျန်တဲ့မျက်စိတဘက်ပေးလိုက်ရင် ခင်ဗျားစုံလုံးကန်းတော့မပေါ့” လို့ ပျံလွှားငှက်ကလေးက တားပေမဲ့ ရုပ်တုက သူ့စိတ်ကူးကို မဖျက်ဘူး။ ဒီတော့ ပါရမီဖြည့်ဘက် လိုဖြစ်နေတဲ့ ပျံလွှားကလေးက ခိုင်းတဲ့အတိုင်လုပ်ရပြန်တာပေါ့။

ဒီ့နောက်မှာတော့ ပျံလွှားကလေးက ရုပ်တုကြီးကို သနားလွန်းလို့တဲ့ကွယ် အီဂျစ်ကို သူမသွားတော့ပါဘူး ရုပ်တုကြီးကို စောင့်ရှောက်ရင်းအတူနေတော့မယ်လို့ဆိုတယ်။ သူမရှိရင် ရုပ်တုကြီးပျင်းနေလိမ့်မယ် ဆိုပြီး မြို့တော်ကြီးဆီ ပျံသန်းလှည့်လည်လိုက် ရုပ်တုရဲ့ ပခု့းံမှာ နားလိုက်   မြို့ကို အပေါ်စီးက မြင်မြင် သမျှ ပြောပြောပြလိုက်နဲ့ပေါ့။ အီဂျစ်သဲကန္တာရထဲက ထီးထီးကြီး တည်ရှိနေတဲ့ ဧရာမ စဖင့်ရုပ်ကြီးတွေအကြောင်း နိုင်းလ်မြစ်ရိုးတလျှောက်  အလေ့ကျ ပေါက်ရောက်နေတဲ့ အပင်တွေ နဲ့ စုန်ချီ ဆန်ချီ ၀ဲပျံပျော်မြူးနေမဲ့ သူငယ်ချင်းတွေအကြောင်း  ရွှေငါးလေးတွေကို မညှာမတာ မြှောက်လိုက် လှန်လိုက် ကျီစားဖမ်းယူစားသောက်နေတဲ့ ငှက်တွေ အကြောင်း ၀န်တင်ကုလားအုပ်တွေနဲ့ ခရီးသွားနေတဲ့ အာရပ်ကုန်သည်တွေအကြောင်း ကုန်ရောင်းကုန်ဝယ် ဈေးဆစ်နေတဲ့ ဂျူးအဖိုးအိုတွေအကြောင်း သူက သိသလောက် အကုန်ပြောပြ ရှာတယ်။ ပြီးတော့ ဒီမှာ သူဘာတွေမြင်ရသလဲဆိုတော့ ပိုးဖဲကတ္တီပါတွေနဲ့  လူချမ်းသာတွေ အ၀တ်မပါ ဗလာကိုယ်ထည်နဲ့ လမ်းဘေးက ဆင်းရဲသားတွေ တောင်းစားနေရသူတွေ အကြောင်း  ပျံလွှားကလေးက ပြောပြနေတာပေါ့။
ဒီတော့ ဟက်ပီးရုပ်တုက
“ပျံလွှားကလေးရယ်  ပျံလွှားကလေးရယ် ကျုပ် ကိုယ်မှာ ဖုံးအုပ်တပ်ဆင်ထားတဲ့  ရွှေပြားတွေကို တချပ်ချင်းခွာပြီး ဆင်းရဲသားတွေကို ဝေချမ်းပေးပါ “လို့ ဆိုပြန်တယ်။
ပျံလွှားကလေးလဲ ဆိုဆိုတဲ့အတိုင်း မဆိုင်းမတွ လုပ်တော့တာဘဲ။ တချပ်ခွာ တခါပြေးပေးလိုက် တချပ်ခွာ တခါပြေးပေးလိုက်နဲ့ နောက်ဆုံးတော့ ပျံလွှားကလေးခမြာ ထူထပ် သိပ်သည်းလှတဲ့ ဆီးနှင်းထုအကြား မလှုပ်နိုင်တော့ဘဲ အေးခဲ ပြီး တောင့်လာတော့တယ်။ ရုပ်တုရဲ့ကိုယ်မှာလဲ မဲညစ်ညစ် မှုံတေတေနဲ့ ကြည့်ရဆိုးလိုက်တာ။ သိပ်မကြာခင်မှာ နှင်းတွေက ထူထပ်စွာကျလာနေတယ်။လမ်းမကြီးတွေပျောက်သွားပြီးငွေရောင် ပြောင်ချောချောလက်လက်တွေ ဖွေးဖွေးလှုပ် တသီတတန်းကြီးမြင်နေရပီ။အိမ်တွေရဲ့ တံစက်မိတ်တွေမှာသလင်းကျောက်  ငွေချည်မျှင်များ  တွဲလောင်းချိတ်ဆွဲထားသလို ပါဘဲ။အဖျားချွန်တဲ့  ငွေဓါးမျှောင်တွေ လို ဖွေးဥ ၀င်းပြောင်နေတာများ လှမှ လှသေးတော့။ အဲဒိရေခဲပြင်မှာ ခလေးတွေက ဆောင်းဝတ်စုံတွေ အပြည့်အသိပ် ထူထူထဲထဲဝတ်လို့ ပြေးလွှားကစားနေကြတာလေ။ ပျံလွှားလေးခမြာမတော့ ချမ်းရှာလွန်းလို့လှုပ်တောင်မလှုပ်နိုင်ဘူး။ သူသေတော့မယ် ဆိုတာ သူသိနေတယ်။
“ကျုပ်သွားပီနော် “လို့ ပျံလွှားကလေးက ရုပ်တုကြီးရင်ခွင်ကြားထဲတိုးဝင်နှုတ်ဆက်လိုက်တော့
“အေးဗျာ..ဒီတခါတော့ ကျုပ်မတားတော့ပါဘူး ခင်ဗျားသူငယ်ချင်းတွေ ရှိရာ အမြန်သာ ပျံပါတော့”
လို့ အကြည်အသာ ခွင့်ပေးလိုက်တာနဲ့ ပျံလွှား ကလေးက “
“ကျုပ် ..ကျုပ်သွားမှာ  အဲဒီကို အီဂျစ်နိုင်ငံကို ..မဟုတ်ပါဘူး။ သေမင်းနိုင်ငံကိုပါ .သေခြင်းဟာ .အိပ်ခြင်းနဲ့ ညီအကိုဘဲလေ “လို့ တိုးတိတ်ဝမ်းနည်းစွာ စကားဆိုရင်း  အောက်ကို ဘုတ်ကနဲပြုတ်ကျ သေဆုံးပါလေရော တဲ့ကွယ်။
မသေခင် ရုပ်တုကြီးရဲ့ပခုံးပေါ်မှာနား လက်ကလေးကိုရောနမ်း  နှုတ်ခမ်းလေးကိုရော  နမ်းလို နှုတ်ဆက်လိုက်သေးတယ်ကွဲ့။ပျံလွှားလေးက ဟက်ပီးမင်းသားလေးကိုသိပ်ချစ်ရှာတာနော်။ သူခိုင်းရင် ဘာမဆိုလုပ်ပေးရှာတယ်။
မင်းသားလေးကတော့ အနီးက ပျံလွှားကလေး ဘလောက်ချမ်းမယ်ဆိုတာ မသိဘူးပေါ့လေ။
ပျံလွှ့ာားးကလေးကို ခိုင်းဖို့သာသိပြီး ပျံလွှားကလေးချမ်းရှာလိမ့်မယ်လို့ တခါမှ အတွေးမရောက်ခဲ့သူ ရုပ်တုကြီးဟာ ပျံလွှားကလေး အချမ်းလွန်သေဆုံးသွားမှဘဲ  စာနာသိမြင်လာပြီး   နှလုံးကြေကွဲ သွားရှာတော့တယ်။
ရုပ်တုရဲ့ ရင်အတွင်းပိုင်း ရှိ သတ္တုကိုယ်ထည် နှစ်လုံးသားတစုံက ထူးထူးဆန်းဆန်း နှစ်ပိုင်းကွဲအက်ပြတ်တောက်သွားတော့တာပါ။အဓိပ္ပါယ်ကတော့ သတ္တုရုပ်တုဟာ လည်း လူသားကဲ့သို့ ခံစားနိုင်သော သတ္တိအရှိန်အ၀ါဖြင့် လူသားလိုဘဲ အသဲနှလုံး ကြေကွဲ ဖို့ ဖန်လာခဲ့ရတယ်လို့  ပုံပြင်က တင်စား ဖေါ်ပြထားတာပါ။
“ပျံလွှားကလေးကို ခိုင်းစေဖို့သာသိပြီး ချမ်းရှာလိမ့်မယ်လို့ မတွေးမိခဲ့သူ ဟက်ပီးမင်းသားလေး။
ရေခဲတမျှ အေးခဲနေတဲ့ လဟာပြင်ထဲမှာ  ကိုယ်တိုင်က အေးမှန်းပူမှန်းမသိ ခေါက်တုံလူးလာ ကူးခါသယ်ချည် ပြုရရှာတဲ့ ပျံလွှားငှက်ကလေး၊
အချမ်းလွန်သေဆုံးသွားမှ အမှန်ကို  သိမြင်လာလို့ ပျံလွှားကလေးအတွက်  ရင်ထုမနာဖြစ်ရပြီး  ရင်ကွဲနာကျသွားရတဲ့ ဟက်ပီးမင်းသားလေး။တဲ့။
ပုံပြင်က ဒီလိုဆိုပါတယ်။
နောက်နေ့တွေမှာ လမ်းရှောက်ထွက်လာတဲ့ မြို့စားကြီးဟာ ပုံပျက် ပန်းပျက်ဖြစ်နေတဲ့ ဟက်ပီးရုပ်တုကြီးကို ဖြိုချဖို့ သူ့လူတွေကို အမိန့်ပေးစေခိုင်းလိုက်ပြီး  ရုပ်တုနေရာမှာ သူ့ကိုယ်ပွားရုပ်တုတခု အသစ်ထုဆစ် ထားရှိဖို့ အမိန့်ထုတ်ပြန် ငြောငြာခဲ့တယ် တဲ့။
မြို့စားတွေ အချင်းချင်း သူပုံထုမယ် ငါ့ပုံထုမယ် အငြင်းပွား ရန်ဖြစ် နေကြသေးသတဲ့။
 ထူးဆန်းတာတခုက ဟက်ပီးမင်းသားလေးရဲ့ နှစ်ပိုင်းပြတ်ကွဲအက်သွားတဲ့ အသဲနှလုံးသား၂စ ဟာ မိးမှာ အရည်ကြိုလို့ မပျော်ပါဘူးတဲ့ကွယ်။
ဘုရားသခင်ကတော့ ပျံလွှားလေးကိုကောက်ယူပြီး  သူ့ရဲ့ ဗိမာန်တော်မှာ ရောက်လာသူတိုင်းအတွက် သာယာနာပျော်စေရန်  တေးဆိုဖို့ တာဝန်ချထားပေးလိုက်တယ်။ တဲ့။ ကြင်နာတတ်တဲ့ ဟက်ပီမင်းသားလေးကိုလည်း ဥယျာဉ်တော်မှာ ထာဝရ ရှင်သန်နေထိုင်ဖို့ ခွင့်ပြုလိုက်သတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
ပုံပြင်တိုင်းမှာ အတုယူ မှတ်သားထိုက်တာတွေ ပါစမြဲမို့ ယူတတ်ဖို့ပဲလိုပါတယ်။
ဖြိုးဖြိုးကလေးတယောက်လည်း စိတ်သဘောထား ဖြူသည်ထက်ပိုလို့ ပိုလို့ ဖြူစင်ပါစေသတည်း လို့ ဆုတောင်းနေမယ်။
မေမေ ခင်မေသစ်
Oscar Wilde ၏ The Happy Prince ကိုမှီးသည်။

Friday, October 26, 2012

နှင်းဆီမယ်

Beauty & the Beast 
တခါတုံးက တောရွာလေးတခုမှာ ကုန်ရောင်းကုန်ဝယ် ခရီးထွက်လေ့ရှိတဲ့ ကုန်သည်တယောက်ရှိတယ်။ သူ့မှာ လှပတဲ့  သမီးသုံးးယောက်လဲ ရှိသတဲ့။ မကြီး မလတ် မငယ် ဆိုပါတော့ ။မကြီးနှင့် မလတ်က အလှအပ အ၀တ်အစား အလွန်မက်ပြီး သူ့ တို့  ဘခင် ခရီးထွက်ရင် ဟိုဟာ ၀ယ်ခဲ့ပါ ဒီဟာ ၀ယ်ခဲ့ပါနှင့် အဖိုးတန် လက်ဝတ်ရတနာလိုမျိုး ပိုးဖဲ ကတ္တီပါလိုမျိုး မှာလေ့ ရှိသတဲ့။ မငယ်လေးကတော့ “သမီးလေး ဘာမှာမလဲ ဘာလိုချင်လဲ မေးရင် "ဖေဖေသင့်တင့်သလို ၀ယ်ပါ လို့ ပြောတတ်တယ်ကွဲ့။ သူက စိတ်ထားလဲဖြူစင် စာနာတတ်တဲ့သူဆိုတော့ သူ့ ဘခင် ငွေကုန်ကြေးကျ များမှာ စိုးရိမ်ရှာတယ်။ အခု တစ်ခေါက်လဲ “ဖေဖေကုန်ရောင်းကုန်ဝယ် သွားရလိမ့်မယ် ငါ့သမီးတွေ ဘာမှာမလဲ" လို့ ကုန်ရောင်းသွားကာနီးလို့ မေးပြန်တဲ့အခါ  အကြီး  သမီးနှစ်ယောက်ကတော့ ခါတိုင်းလိုပါဘဲ အကောင်းစားပစ္စည်းတွေ အဖိုးတန်လက်ဝတ်ရတနာတွေ ၀ိုင်းမှာကြသတဲ့ ။ အငယ်သမီးကလေးကတော့ “ဖေဖေရယ် သမီးအတွက်တော့ နှင်းဆီပန်းလေးတစ်ပွင့် ပဲ ၀ယ်ခဲ့ပေးပါ" လို့ ထူးထူးခြားခြား မှာသတဲ့။

ဒါနဲ့ ကုန်သည်ကြီးလဲ အိမ်ကထွက်လာရင်းလမ်းမှာ တွေးလာသတဲ့။ "ငါ့သမီးကလေးနှယ်နော် ရိုးအလိုက်တာ။ အမတွေ ကတော့ ပိုးဖဲ ကတ္တီပါ တွေ မှာကြတယ်။ သူကလေးက နှင်းဆီပန်းတစ်ပွင့် တဲ့။ အော် သနားပါတယ်" လို့ တွေးလာတာပေါ့။ ပြီးတော့ “အင်း နှင်းဆီပန်းဆိုတော့ ငါ သွားသွား နေတဲ့လမ်းမှာ နှင်းဆီရောင်စုံတွေ စိုက်ပျိုးထားတဲ့ နှင်းဆီခြံကြီးတစ်ခြံ တွေ့ တွေ့ နေတယ် အတော်ပဲ။ အပြန်ကျရင် အဲဒီခြံက  နှင်းဆီပန်းဝင်ဝယ်သွားမယ်" လို့ စဉ်းစားလာသတဲ့။ ဒါနဲ့ပဲ ကုန်သည်ကြီးလည်း ကုန်ရောင်းကုန်ဝယ်ကိစ္စပြီးတော့ သမီးတွေ မှာလိုက်တဲ့ပစ္စည်းတွေကို ၀ယ်ယူ စုဆောင်းသိမ်းဆည်းပြီး ပြန်လာရောဆိုပါတော့။ သမီးငယ်လေးအတွက်တော့ လမ်းမှာ တွေ့ နေကျ နှင်းဆီးခြံကြီးထဲက အလှဆုံး ပန်းတစ်ပွင့် ၀င်ဝယ်လိုက်မယ် ဆိုပြီးစိတ်ကူးနှင့် ပျော်နေသတဲ့။

ဒီလိုနဲ့ ပျော်တပြုံးပြုံး စိတ်ကူးယဉ်ပြန်လာလိုက်တာ နှင်းဆီခြံကြီးရှေ့ကို ရောက်လာပါရော..။ ခြံရှင်တို့ ခြံရှင်တို့ လို့ အသံပေးသတဲ့။ ဘာသံမှ တုံ့ ပြန်တာမကြားရတော့ ထပ်ပြီး အသံပေးပြန်ပါရော။ ခြံရှင်တို့ ခြံရှင်တို့ နှင်းဆီပန်း လေးတစ်ပွင့်လောက် လိုချင်လို့ ရောင်းပေးကြပါဗျို့ လို့ အော်ပြန်ပါရော။ ဒါလည်းတုတ်တုတ်မှ မလှုပ်ကြဘူး။ ဒါနှင့် ခြံဝင်းတံခါးနားကပ် လှုပ်ပြန်တော့ တံခါးက ကျွီ ဆိုပြီး ပွင့်သွားသတဲ့။ ဒီတော့ ကုန်သည်ကြီးလည်း ဘာမှ စဉ်းစားမနေပဲ  ခြံထဲဝင်သွားတာပေါ့။ ပါးစပ်ကတော့ ပန်းတစ်ပွင့်လောက်ရောင်းပါ ခြံရှင်တို့လို့ အော်ရက်ဘဲ။ အော်လဲ အော်အော်ဘဲ။ ဘယ်လိုမှ မလှုပ်ကြတော့ ကုန်သည်ကြီးလဲ သမီးကလေးဖို့ ပန်းကလေးတစ်ပွင့်လောက်တော့ပါအောင် ယူသွားချင်တာနဲ့ အလှဆုံး နှင်းဆီပန်းလေးတစ်ပွင့် ကို ခူးယူလိုက်ပါရောတဲ့။ ခူးလည်း ခူးလိုက်ရောလူတစ်ပိုင်း  သတ္တ၀ါတစ်ပိုင်း ပုံဆိုးဆိုး အကောင်ကြီးတကောင်ပေါ်လာပြီး ပန်းကို ခူးယူတဲ့အတွက်ခူးသူရဲ့အသက်ကို  လျော်ကြေးအဖြစ် ပေးရမယ် လို့  တောင်းဆိုတာပေါ့။
ကုန်သည်လည်း စိတ်ညစ်သွားပြီး သမီးတွေအတွက် စိတ်ပူသွားသတဲ့။ “ဒါဆိုရင်လဲ ကျုပ်အိမ်က သမီးတွေဆီပြန်ပြီး သူတို့ မှာလိုက်တဲ့ ပစ္စည်းကလေးတွေ ပြန်ပေးပါရစေအုံး" တဲ့။ သမီးသုံးယောက်ရှိတာရော ဘယ်သမီးက ဘာမှာလိုက်တယ် ဘာညာ ပြောပြပြီး  ပြီးရင် ကျုပ်ဆက်ဆက် ဒီကိုပြန်လာပါ့မယ်လို့  သစ္စာပြုသတဲ့။ ဒီတော့ သတ္တ၀ါကြီးက
 “ကောင်းပြီ ခင်ဗျားပြန်တော့။ နှင်းဆီပန်းလိုချင်တဲ့ သမီးကိုနှင်းဆီပန်း ပေးလိုက်ပါ။ ပြီးရင် ခင်ဗျားအစား နှင်းဆီမယ်ကို လွှတ်လိုက် ကိုင်း ပြန်တော့ ကတိတည်ပါစေ" ဆိုပြီး ကုန်သည်ကြီးကို ပြန်လွှတ်လိုက်ပါလေရော။ ကုန်သည်လည်း အိမ်ရောက်ရင် ဘယ်လိုပြောရပါ့မလဲ ဆိုပြီးစိတ်ပူရင်း မျက်နှာမသာမယာပြန်လာတဲ့ ဖအေကြီးကို မငယ်လေးကပဲ သတိထားမိသတဲ့။အကြီးနှစ်ယောက်ကတော့ဘာသိဘာသာပဲ။ သူတို့ လိုချင်တာရလို့ ပျော်နေကြတာပေါ့လေ။ မငယ်ကလေးကသာ အမူအရာ ပျက်နေတဲ့ ဖအေကြီးကို အကဲခတ်ရင်း ချော့မေးသတဲ့။ နောက်ဆုံး အကျိုးအကြောင်းလဲ သိရော မငယ်လေးက “ကျွန်မလိုက်သွားမှ ဖြစ်မယ် ဖေဖေ” ဆိုပြီး ချက်ခြင်းခရီးထွက်ဖို့  ပြင်ပါလေရော။

ဒါနဲ့ တိုတိုပြောရရင် နှင်းဆီခြံလဲ ရောက်ရော။ သူ့ ဘခင် ပြောစကားအရ သိနေတာကြောင့် ခြံဝင်းတံခါးဖွင့်ဝင်လိုက်တော့ ရောင်စုံနှင်းဆီတွေ တစ်ခြံလုံးဝေနေတဲ့ရှုခင်းကို မြင်လိုက်ရတော့ အံ့သြတကြီး ငေးမောကြည့်နေမိပါရော တဲ့။ နောက်မှ တဖြည်းဖြည်း နန်းတော်ကြီးတမျှ ခန်းနားလွန်းတဲ့ အိမ်ကြီးထဲဝင်လိုက်တော့မှ သူ့ကို စားသောက်ပွဲကြီးနှင့် အသင့်စောင့်ကြိုနေတဲ့ သတ္တ၀ါကြီးကို တွေ့လိုက်ရရော။ ပထမတော့ လန့်သွားသတဲ့။ နောက်တော့လဲ “အော် ဖြစ်ရတယ်။ သူ့ ခမြာသနားပါတယ်။ လူစကားလည်း ပြောတတ်သတဲ့။ ဘယ်လို အကြောင်းများကြောင့်ပါလိမ့်" ဆိုပြီး သိချင်စိတ်တွေ ဖိတ်လျှံနေတော့ မေးတော့တာပေါ့။ ဒီတော့ သတ္တ၀ါကြီးက ဖြစ်ကြောင်းကုန်စင် နတ်သံ မနှောဘဲ ပြောပြတာကိုး။

သူဟာ မင်းသားလေးတစ်ပါးဖြစ်ပြီး စုံးမအိုကြီးတယောက်က ကျိန်စာတိုက် ပြုစားထားလို့ ဒီလို ဖြစ်နေတဲ့အကြောင်း မိန်းခလေးချောချောတယောက်က ဒီရုပ်ရည်အတိုင်း ကို  မကြောက်မရွံ့လက်ထပ်ပါ့မယ်လို့ သဘောတူကြည်ဖြူမှ ဒီဝဋ်က ကျွတ်မဲ့အကြောင်းသူက ပြောပြတာပေါ့။ ပြီးတော့ မငယ်လေးကသာ တကယ် ကိုယ်ရော စိတ်ပါ ကြင်နာသနားလို့ သူ့ကို လက်ထပ်ရင်  သူ ဒီဘ၀က လွတ်မှာ ဖြစ်တယ် ဆိုတာပြောပြတာပေါ့လေ။ မငယ်လေးလဲ လှိုက်လှိုက် လှဲ လှဲ နှင့် တစိမ့်စိမ့်ကြည့်ပြီး သနားသွားတာပေါ့။ ဘာပဲဖြစ်ဖြစ် သူ့ဘ၀ ၀ဋ်ဆင်းရဲက လွှတ်မြောက်ပါစေ ဆိုတဲ့ စေတနာနဲ  လက်ထပ်ပါ့မယ် လို့  ကတိပေးလိုက်တာနဲ့  သတ္တ၀ါကြီးလည်း ချက်ခြင်း လူသားစင်စစ် မင်းသားကလေး  ပြန် ဖြစ်သွားပါလေရော တဲ့။ မဆန်းဘူးလားကွယ်။ ဒါကပုံပြင်ကိုးနော်။ ပုံပြင်ထဲမှာဘာမဆိုဖြစ်လို့ ရတာဘဲဟာ။ သူတို့နှစ်ယောက်လည်း ၀မ်းအသာကြီးသာလို့ မင်းသားလေးရဲ့ ဘခမည်းတော်မယ်တော်တို့ ထံ အကြောင်းကြားပြီးလက်ထပ်မင်္ဂလာပွဲ အမြန်ကျင်းပလို့ အိမ်ရှေ့မင်းနှင့် အိမ်ရှေ့မိဖုရား ဖြစ်သွားကြတာပေါ့ကွယ်။ ဘခင်ကုန်သည်ကြီးလဲ ကုန်ရောင်းကုန်ဝယ် မလုပ်ရတော့ဘဲ နန်းရှေ့မှာ အဆောင် ပြဿဒ် နဲ့ အကျအန စည်းစိမ်ခံစားရတယ်။ အလှကြိုက် အကောင်းကြိုက်တဲ့ အစ်မနှစ်ယောက်လည်း နန်းပြဿဒ် တဆောင်စီနှင့်  ပိုလို့ ပိုလို့ အကောင်းတွေ ရ အလှတွေ ဆင် ခံစားစံစား နိုင်ကြပါလေရောတဲ့ကွယ်။ မင်းသားလေးက ကျေးဇူးရှင်ဆိုပြီး ကျေးဇူးတုံ့ ပြန်လိုက်တာ တဆွေလုံးတမျိုးလုံးပါဘဲ တဲ့ကွယ်။ မငယ်လေးက သမိုင်းမှာ “နှင်းဆီမယ်" ဆိုပြီးထင်ရှားသွားသတဲ့။

ပုံပြင်လေးက ဒီလောက်ပါပဲ။ ရိုးသားပြီးစိတ်ထားဖြူစင်တဲ့ ညှာတာသနားတတ်တဲ့ မငယ်လေးရဲ့ စိတ်ထားလေးက  အတုယူချီးကျူးစရာ ပေါ့ နော်။

ခင်မေသစ်

Wednesday, October 24, 2012

မနူဟာမင်း

photo from
ကျွန်မအမေက မနူဟာမင်းအကြောင်းကိုတော့ ပြောမပြခဲ့ဖူးပါဘူး။ ဒါပေမဲ့ မနူဟာဘုရင်ရဲ့ ဘ၀ဇတ်ကြောင်းကလေးက သနားစရာလဲကောင်း စိတ်ဝင်စားစရာလဲကောင်းလွန်းလို့ ကျွန်မက ဖြိုးဖြိုးကို ပြောပြချင်နေတယ်။ ဖြိုးဖြိုး သိပြီးလည်းဖြစ်မှာပါ။ မနူဟာဘုရားကိုလဲ ဖူးမြင်ပြီးဖြစ်မှာပါ။ မနူဟာဘုရင်ဆိုတာက သထုံကပါ။ ရှေးတုံးအခါကတော့ သုဝဏ္ဏဘူမိသထုံပြည်တဲ့ခေါ်ကြတယ်။ အသောကမင်းကြီးက ကိုးတိုင်းကိုးဌာနကို သာသနာပြု စေလွှတ်ရာမှာ အရှင်သောဏမထေရ်နှင့် အရှင် ဥတ္တရ မထေရ်တို့ကို သုဝဏ္ဏသထုံပြည် စေလွှတ်ခဲ့တယ်တဲ့။ ဒါ့ကြောင့် သထုံပြည်ဟာ အစောဆုံး ဗုဒ္မသာသနာလွှမ်းခြုံရာဒေသဖြစ်ပါတယ်။ ဒီတုံးက လာအို  ယိုးဒယား ကမ္ဘောဒီးယားတို့ဟာ သထုံဘုရင်ရဲ့ လက်အောက်ခံများဖြစ်ပါသတဲ့။ ရှေးအခါသမယက မြန်မာနိုင်ငံဟာ ခုခေတ်လို့ ပြည်ထောင်စု ပုံစံမဟုတ်ဘဲ  သူတလူ ငါတမင်း နိုင်သလောက် ရသလောက် သိမ်းပိုက် အုပ်ချုပ်ပြိး မင်းလုပ်နေကြတာကလား။ ဒီတုံးက ပုဂံပြည်မှာ အနော်ရထာမင်းကြီးအုပ်ချုပ်နေတာလေ။ သုဝဏ္ဏဘူမိသထုံပြည်မှာတော့ မနူဟာဘုရင် မင်းလုပ်စိုးစံနေခိုက်ပါ။ ဗုဒ္မဘာသာကို အစောဆုံးကိုးကွယ်ဆည်းကပ်ခွင့်ရတဲ့မင်းပေါ့။  သထုံပြည်မှာ အစောဆုံး ဗုဒ္မသာသနာ ရောင်ဝါ ထွန်းလင်းခဲ့တာပါ။

 ဒါပေမဲ့ သထုံမှာက သထုံကွက်ကွက်ကလေးဘဲ ဗုဒ္မဘာသာဝင်ရှိပြီး ဘေးပတ်ဝန်းကျင်မှာ မဟာယန တန္တရ မန္တရ ဂိုဏ်းတွေက မှိုလိုပေါက်နေသတဲ့။ ဘုရင်ကိုယ်နှိုက်ကလဲ ယောင်ဝါးဝါးနဲ့ ရဟန်းတော်များကို သိပ်ပြီးအထောက်အပံ့မပေးဘူးတဲ့။ ။ဗျတ်ဝိဗျတ္တ တို့ရဲ့ ဆရာ(ပုဂံရာဇ၀င်မှာ သိဒ္ဓိပေါက် ကိုယ်ပျောက်တဲ့တန္တရဂိုဏ်းသား)ကို နန်းဦးတင်ထားပြီးကိုးကွယ်နေသတဲ့။ (ဗျတ်ဝိဗျတ္တ ဆိုတာကလဲ မြိုံရိုးကို ခုန်ကျော်ပျံလွှားနိုင်တဲ့ အိန္ဒိယတိုင်းသား လူစွမ်းကောင်းတွေလို့ ပုဂံရာဇ၀င်မှာဆိုပါတယ်။)
 ဒါ့ကြောင့် ရှင်အရဟံဆိုတဲ့ ရဟန်းတော်တပါးက  သထုံကိုစွန့်ခွာပြီး ဘုန်းတံခိုးကြီးမြတ်တဲ့ အနော်ရထာမင်းကြီးထံ ကိုးစား ယုံကြည်စွာ လာရောက် တောင်းဆိုခြင်းဖြစ်တယ်။

ရှင်အရဟံဟာ ပုဂံပြည်ကို ကြွချီလာပြီး ပုဂံပြည်မှာ ဗုဒ္မအယူဝါဒထွန်းကားပြန့်ပွားပါစေဆိုတဲ့ စေတနာနဲ့ အနော်ရထာမင်းကြီးကို သထုံပြည်က ပိဋကတ်တော်များ ပင့်ဆောင်ဖို့ တိုက်တွန်းနိုးဆော်ပါတယ်။ အနော်ရထာကိုယ်နှိုက်ကလဲ အရည်းကြီးတို့ရဲ့ အသွင်သဏ္ဍာန်ကို မနှစ်မျို့ဘဲ တရားစစ် တရားမှန်ကို လိုလားတောင့်တနေခိုက် ဆိုတော့ အကြိုက်တွေ့သွားတာပေါ့။  အနော်ရထာမင်းကြီးဟာ သထုံပြည်ကရဟန်းတော်များနှင့်တကွ  ပိဋကတ်တော်များကို ဆင်ဖြူတစီးလက်ဆောင်ပေးပြီး သံတမန်များစေလွှတ်ပင့်ဆောင်စေပေမဲ့ ဘုရင်က ပိဋကတ်တော်အစုံ(၃၀)ရှိသည်ကိုလည်း ခွဲဝေပေးခြင်းမရှိတဲ့အပြင် သံတမန်များကို   မခြေမငံ ပြောဆိုလိုက်တဲ့အတွက် အနော်ရထာမင်းဟာ ကိုယ်တိုင် စစ်ချီတက်သိမ်းပိုက်ဖို့ ဆုံးဖြတ်ခဲ့ရတယ်။

အဲဒါကြောင့် သာသနာ သက္ကရာဇ်၁၆၀၀ခုနှစ်မှာ အနော်ရထာမင်းကြီးဟာ သထုံကိုစစ်ပြုလို့ အလွယ်တကူအောင်နိုင်တဲ့အခါ ပိဋကတ်တော်အစုံ(၃၀)နှင့်တကွ အရိယသံဃာအပါး တထောင်ကိုပင့်ဆောင်ခဲ့ပြီး မနူဟာမင်းနှင့်တကွ မိဖုရား မောင်းမမိဿံကျေးကျွန်များ၊ လက်မှုပညာသည်များကို  အားလုံးခေါ်ယူခဲ့ပါသတဲ့။ ပုဂံကိုရောက်တဲ့အခါ မင်းနှင့်တကွ မိဖုရား ကျေးကျွန်တို့ကိုဘုရားကျွန်အဖြစ် တတန်းတည်းထားပြီး  လှူဒါန်းလိုက်ပါသတဲ့။ 

ဒီနေရာမှာ ဘယ်လိုပဲ မခြေမငံပြောပြော  သူပိုင်ပစ္စည်း မပေးနိုင်ဘူး ပြောပြော ဒီလိုမျိုး လုပ်ဖို့မသင့်ဘူး ထင်တယ်နော်။ အနော်ရထာဘုရင်ရဲ့ သာသနာပြုလုပ်ငန်းအ၀၀ကို ချီးကြူးစရာ ရှိပေမဲ့ တစ်ပါးဘုရင်ကို  ဘုရားကျွန်အဖြစ် ထားတာကတော့ ဆိုးလှတယ်။ စစ်တိုက်သိမ်းပိုက် ပြီး ယူလာခဲ့ရင် ပြီးနေတာဘဲမဟုတ်လား။ သူများနိုင်ငံ ခေါ်လာပြီး အရှက်တကွဲ ဘုရားကျွန်အဖြစ်အထားခံရတော့ ရှက်ရှာမှာဘဲ။ သူလည်း ကိုယ့်ထီးကိုယ့်နန်းနဲ့ အုပ်ချုပ်လာတဲ့ မင်းတစ်ပါးပဲမို့လား။ လက်အောက်ခံ ဘုရင်ငယ်အဖြစ် သထုံမှာဘဲ ထားလိုက်ဖို့သင့်ပါတယ်။ ခုတော့ သေတာထက် အရှက်ခွဲခံရတာက ပိုလို့ ဆိုးတာပေါ့။ အရှက်ကြီးတဲ့ တောင်ကိုးရီးယား သမ္မတတောင်သူ့ရဲ့ဂုဏ်သိက္ခာအတွက်  တောင်ပေါ်က ခုန်ချသေခဲ့ပါရောလား။ ဗုဒ္မဘာသာမှာတော့ မိမိကိုယ်ကိုရော တပါးသူကိုရောသေကြောင်းမကြံရပါဘူး။ ဗုဒ္မက တင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ 

ဒီလိုနဲ့ မနူဟာမင်းဟာ ဘုရားစောင့် ဘုရားကျွန်အဖြစ် နေခဲ့ရာကနေ စိတ်ကူးကောင်းပုံပြောပါတယ်။ ပါလာတဲ့ လက်ဝတ်ရတနာတွေ ထုခွဲ ရောင်းချပြီးဘုရားတည်ပါသတဲ့။ ဘုရားတည်တဲ့အခါ ဘုရားကြီးက ဧရာမကြီး။ လူတိုင်းက တအံ့တသြ မော့ကြည့်ရတယ်။ သူတကယ် ခံစားနေရတဲ့ အတွင်းစိတ်ဝေဒနာကို သေသေချာချာ ဖေါ်ကျူး ထားပုံရတယ်လို့ မြင်သူတိုင်း ယူဆကြတယ်။ ဘာဖြစ်လို့လဲဆိုရင် 
ကိန်းဝပ်စံပယ်ရတဲ့ အဆောင်နေရာက ဘုရားကိုယ်ခန္ဓာနဲ့  အံကိုက်ကြီးလေ။ ပန်းလှူစရာ နေရာမရှိ ထိုင်ပြီးဘုရားကြည်ညိုစရာနေရာမရှိ။ ဘုရားဖူးသူတိုင်းလဲ မသက်မသာ မလှုပ်သာ မလှည့်သာ ကျဉ်းကျဉ်းကြုတ်ကြုတ်နဲ့။ အမိုးကလဲဦးခေါင်းတော်နဲ့  ကွက်တိ။ နေရာအလပ်မရှိ။ တကယ့်ကို စိတ်မောစရာကြီးပါဘဲ။

အော်.. မနူဟာမင်း ခမြာ ဘယ်လောက် များ စိတ်သောကများခဲ့ရှာပါလိမ့်။

ယနေ့အထိ ဒီဘုရားကို လေ့လာကြသူတွေအဖို့  မနူဟာမင်းကြီးဟာ သူ့ရဲ့ ရင်တွင်းခံစားချက်နဲ့  စိတ်ညစ်ညူး ကြပ်တည်းမှုကို အပြည့်အ၀ လူသိအောင် ဒီနည်းနဲ့  ထင်ဟပ်ပေါ်လွင်စေခဲ့တာပဲလို့ ယူဆလိုရင် ယူဆနိုင်ပါတယ်။ လွတ်လပ်မျှတမှုမရှိခဲ့ရှာတဲ့ ဘုရင်တစ်ပါးအတွက် စာနာစိတ်နဲ့ ဖြိုးဖြိုး သိပါစေ လို့ ပုံပြင်လိုလို စာဖွဲ့ပြီး ပြောပြရခြင်းဖြစ်ပါတယ်။       ။

ခင်မေသစ်

Saturday, October 20, 2012

မင်းမဟာဂီရိ

တကောင်းရာဇ၀င်မှာ သူမပါမပြီးတဲ့ ပုဂ္ဂိုလ်ကတော့ အိမ်တွင်းမင်းမဟာဂီရိအမည်ခံ  ပန်းပဲဆရာကြီး ဦးတင့်တယ်ပါဘဲ။ အမေပြောတဲ့ပုံပြင်တွေမှာ သူ့အကြောင်းလဲ ပါပါတယ်။ အလွန်ကြေကွဲစရာကောင်းတဲ့ ပုံပြင်ကလေးပါဘဲ။
ကျွန်မတို့ အမေက ပုံပြောကောင်းတယ်။ လူက ဖြူဖြူနုနု ပိန်ပိန်ပါးပါး ပုပုပြတ်ပြတ်လေး။ သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းထားရင် သိပ်ကျက်သရေရှိတာဘဲ။ မျက်စိကောင်း နားကောင်း သွားကောင်း သေတာတောင် ဆံပင် မဖြူပါဘူး။ ကျွန်မတို့ အမေများခေတ်က မိန်းကလေးဆို ၄တန်းလောက်နဲ့ ကျောင်းနှုတ်ကြသတဲ့။ ဒါပေမဲ့ ဘုန်းတော်ကြီးကျောင်း နေကြသူဆိုတော့ ပါဠိဘာသာ တတ်ကျွမ်းကြပါတယ်။ ယက္ကန်းအတတ်လဲ တတ်ကြရပါတယ်။ ကျွန်မတို့ အမေဆို ဇာထိုးပန်းထိုး လဲ တတ်တယ်။ တက်တင်းဇာလဲ ထိုးတတ်တယ်။ အိပ်ယာခင်း ခေါင်းအုံးစွပ် ကုလားထိုင်စွပ် စားပွဲခင်းတွေဆိုရင်  အမေက အဖြူရောင်ဘဲသုံးပြီး တက်တင်းဇာနားကွပ်ထားတာပါ။

အမေက ပါဠိဘာသာ တတ်ကျွမ်းတော့ ရှေးဟောင်းစာပေတွေကိုပါ အခက်အခဲမရှိဖတ်နိုင်မှတ်နိုင်လို့  ဗဟုသုတပိုကြွယ်ဝပါတယ်။ ကျွန်မက အမေ့ကို မမှီပါဘူး။ ဒီတော့ဗုဒ္မ၀င်  ပုံပြင်ဒဏ္ဍာရီ စသည် နှံ့နှံ့ စပ်စပ် ပြောတတ်တာပေါ့။ ခုပုံပြင်ကလဲ အမေပြောတာတွေထဲက တခုပါ။ ဖြိုးဖြိုးတို့မောင်နှမတတွေကို ကျွန်မ မပြောပြခဲ့ရသေးဘူး။ ဒါဟာ ကျွန်မရဲ့ အားနည်းချက်ပါဘဲ။ ဒီအားနည်းချက်ကို ဖြည့်စွမ်းတဲ့အနေနဲ့ ခု ဖြိုးဖြိုး ဖတ်ဖို့ ဆိုပြီး ရေးပြနေခြင်းဖြစ်ပါတယ်။
“သနား..စရာ ကောင်းတဲ့..ပုံပြင်ဝယ် ….. လွမ်းစရာ  ..ဆွေးစရာ တွေနဲ့  အိမ်တွင်း ..မှာ ..ချိတ်ကိုး ပါ…သည်…ဦးတင့်တယ်တဲ့  အိမ်တွင်း မင်းမဟာ ဂီရီ…။  တကောင်း..ပြည်…ဦးတင့်တယ် အမည်  …ဆင်ပြောင် စွယ်ကို ချိုး နိုင်အောင်သာ..ခွန်အား ရှိပေသည်..အများသိပေသည်….”
ဟိုရှေးရှေးတုံးက တကောင်းပြည်မှာ ဆင်ပြောင်စွယ်ကို အလွယ်တကူ ချိုးယူနိုင်တဲ့ ပန်းပဲဆရာကြီး ဦးတင့်တယ် ဆိုတာ ရှိသတဲ့။ သူ့မှာ့ ညီမနှစ်ယောက်လည်း ရှိသတဲ့။ မိဘတွေ မရှိကြတဲ့နောက် အိုးအိမ်မထူထောင်ဘဲ ညီမနှစ်ယောက်ကိုဘခင်ပမာ  ကြွေးမွေးစောင့်ရှောက်နေရှာတာဖြစ်တယ်။ ဦးတင့်တယ်က ခွန်အားကြီးတဲ့သူဆိုတော့  တခါတရံ သူတူထုတဲ့အသံက တတိုင်းတပြည်လုံး သိမ့်သိမ့်တုန်သွားကရော ဆိုဘဲ။ ဒါနဲ့ တကောင်းဘုရင် က မကြာမကြာ ကြားနေရတဲ့တူသံကို ဘာသံလဲ လို့ မူးကြီးမတ်ကြီးတွေကို မေးသတဲ့။ အမတ်ကြီးတွေထဲမှာ တချို့က အကောင်းဘက်က လျှောက်တင်သလို အဆိုးဘက်က လျှောက်တင်တတ်တဲ့ သူလဲ ရှိတာကိုး။ တတိုင်းတပြည်လုံး တုန်ခါသွားအောင် တူထုနိုင်တဲသူဖြစ်လို့ နောင်တနေ့ မိမိထီးနန်းကို လုယူသိမ်းပိုက်မှာ စိုးရွံ့ တဲ့ တကောင်းဘုရင်က အမတ်ဆိုးဆိုးတွေနဲ့ တိုင်ပင်ပြီးအကောက်ကြံပါလေရော တဲ့။ 
“ပန်းပဲဆရာ..ဘာသာ ဘာဝ .၀မ်းစာတွေ ရှာဖွေ ..လာကြ ..ဆိုးတဲ့ ကံကြမ္မာ..ညှိုးဖွဲ့  ကြုံလာသည်..သူရသတ္တိဂုဏ်ရည်..တာမရှည်  အောင်ဘဲ..မင်းမြတ်ရာဇာ..လည်ဆည်ဥာဏ်နဲ့  နှမ ကေသီ…မဟာဒေ၀ီ …မြှောက်စားလို့ . ကြောက်အားနဲ့ ...ဖမ်းဆီး  ကြတော့..သည်။”
အကောက်ကြံပုံက ယဉ်ယဉ်ပဲ။ နှမကို တော်ကောက်ပြီး မောင်ကို သုတ်သင်ရှင်းလင်းမယ်ပေါ့လေ.။ တစ်နေ့ မောင်တင့်တယ်က မီးသွေးဖုတ်ဖို့ တောထဲအသွား  အမတ်ကြီးတွေက ဘုရင့်အမိန့်ပါတဲ့စာချွန်တော်ကိုဖတ်ကြားပြီး အိမ်ကို ရာဇမတ်ကွက်ကာ သဲဖြူခင်းလို့ ညီမ အကြီး မြတ်လှကို ဘုရင်က မိဖုရားမြှောက်ဖို့ ကောက်ယူတယ် ဆိုပြီး တချီထဲ ခေါ်သွားတာပေါ့။ အကိုဖြစ်သူက ပန်းဘဲဆရာဆိုတော့ ထင်းမီးသွေးလိုတယ်လေ။ မီးသွေးကျက်အောင်နေရတော့ နှစ်ရက် သုံးရက် တန်သည် တောထဲမှာရှိနေတာမို့ မသိရှာဘူး။ မီးသွေးကျက်လို့ မီးသွေးအိပ်ကြီးထမ်း ပြန်အလာ ညီမအငယ်လေးက ဆီးပြီးငိုယိုတိုင်တော့တာပေါ့။ မောင်တင့်တယ်က ဒေါသူပုန်ထ အရမ်းစိတ်ဆိုးပြီး တူကို နာနာထုပါလေရော။ တကယ်ဆို အကိုကြီးအဘအရာ တောင်းရမ်းပြောဆိုသင့်တာပေါ့။ ငါဘုရင်ဆိုပြီး လုပ်ချင်တိုင်းလုပ်ရမလားဆိုပြီး စိတ်ဆိုးတာပေါ့နော်။ သူမလွန်ပါဘူး။

သူက တူကို နာနာထုလေ ဘုရင်က ကြောက်လေ။ ကြောက်လေ အကောက်ကြံလေ။ ဒါပေမဲ့ ဘုရင်ကလဲ အကြံသမား။ အမတ်ကြီးတွေလွှတ်ပြီး စိတ်မဆိုးပါနှင့် မောင်ကြီးကိုလဲ မြို့စားနယ်စားအရာချီမြှင့်ပါ့မယ် လို့ ဥာဏ်ဆင်ပြီး ဝေါနဲ့များတောင် ထမ်းခေါ်သွားသတဲ့။ မြတ်လှကိုလဲ နားသွင်းပြီး အကြည်အသာ လိုက်လာဖို့ ဖြားယောင်းခိုင်းတာပေါ့လေ။ နှမအငယ်လေးကိုလဲ အခြွေအရံပေး အဆောင်ပေး မွေးမယ်ပေါ့လေ။ မောင်တင့်တယ်တို့ မြတ်လှ တို့ ဆိုတာက တောသူ တောင်သား ရိုးလွန်း အလွန်းတော့ တဘက်ကလဲ ရှင်ဘုရင်လဲ ဖြစ်နေတော့ မလွန်ဆန်သာဘူး နှမလေးတွေ ကောင်းစားဖို့ဘဲလို့ တွေးပြီး ယုံစားပြီးအကြည်အသာ လိုက်လာခဲ့တာပေါ့။

နန်းတော်ရောက်တော့ ဘုရင်က အတွေ့တောင်မခံပါဘူး။ တခါတည်း စကားပင်မှာမီးဖိုကျင်တင် ထိုး သတ်တော့တာပဲ။ အဆင်သင့်ပြင်ထားတာလေ။လူသူအင်အားမျာစွာနဲ့ ၀ိုင်းဖမ်းတော့ မောင်တင့်တယ်လဲ ဘယ်လောက် ခွန်အားကြီးကြီး မခံနိုင်ရှာဘူးပေါ့။
“လည်ဆည်ဥာဏ်နဲ့ မင်းရယ် ..မင်းငယ်..မင်းရယ်လေး…..×စကားပင်..ကားစင်တင်၍ ရက်စက်စွာ ကြမ်းကြုတ်စွာ…မင်းယုတ်ရယ် ..ပြုရက် လေတယ်…။”
ဒီအကြောင်း မြတ်လှက ကြားတဲ့အခါ ရင်ကွဲနာကျရှာတာပေါ့။ သူ့မောင်ကြီးဟာ သူ့ကြောင့် မီးရှို့အသတ်ခံရတယ်လို့ စိတ်နှလုံး ညှိုးခြုံး ပူလောင်ပြီး အရူးတပိုင်းဖြစ်လို့ သူပါ..တခါထဲ မီးဖိုအတွင်း  ခုန်အဆင်း ဘုရင်ကလဲ လှမ်းအဆွဲ လိုက် မျက်နှာကိုပဲ ဆွဲမိတော့တယ် လို့ ဆိုပါတယ်။
“စကားပင်..မီးဖိုကျင်  တင်ကာ ထိုး….မြတ်မျိုးရဲ့  အမိမောင် …မချိအောင် ခင့်မှာ ရူး… လျင်စွာပြု ..မင်းမသမာ… ရင်သာထုလို့ ရတက်ပွေ ရှာ  အသက်သေစရာပ  ခုဝယ်များ…မီးစလို့ လောင်…”
မီးလောင်ကျွမ်းပြီးသေဆုံးသွားတဲ့အခါ နတ်မောင်နှမရယ်လို ဖြစ်လာပါတယ်။ ညီမအငယ်လေးကိုလည်း လိပ်ပြာနှုတ်ခေါ်ယူပြီး အတူထားပါသတဲ့။ အဲလိုနဲ့ သူတို့မောင်နှမ သေဆုံးခဲ့ရတော့  နတ်ဖြစ်သွားကြတဲ့ မောင်နှမ နှစ်ယောက်ဟာ သူတို့ရဲ့ နစ်နာမှု မကျေနပ်မှုကို ဖေါ်ပြတဲ့အနေနဲ့ စကားပင်အောက် ရောက်လာသူတိုင်း မူးရူးသွားအောင်ဖမ်းစားကြပါသတဲ့။ ကြာတော့ လူပြောသူပြောများလာတဲ့အခါ ဘုရင်က စကားပင်ကို အမြစ်ကတူး ခုတ်လှဲပြီး ဧရာကြောမျောလိုက်ပါတော့တယ်။

အဲဒီ စကားပင်ဟာ အနော်ရထာ စိုးစံနေတဲ့ ပုဂံပြည်ကို ရောက်သွားပါတယ်။ တိုင်းသူပြည်သားတွေကို ရင်ဝယ်သားလို ချစ်ခင်ကြင်နာ သနားတတ်တဲ့ အနော်ရထားမင်းကြီးဟာ ခိုကိုးရာမဲ့နေတဲ့ မောင်နှမကိုပုပ္ပါးအရပ်ဒေသမှာ  မင်းမဟာဂီရိ ဘွဲ့အမည်နဲ့   နေရာထိုင်ခင်းအဆောင်အယောင်တခု အပိုင်စားပေးသနားပြီး ကောင်းစွာထားပါသတဲ့။   မောင်တင့်တယ်ဟာ ညီမတွေကို မိဘသဖွယ် ကြင်နာစွာ ကြွေးမွေးစောင့်ရှောက်ခဲ့လို့ အိမ်ထောင်ဦးစီးကောင်းဖြစ်လို့မိမိတို့ အိမ်အသီးသီးမှာလဲ  အစစ အဆင်ပြေ ရန် အကြီးအကဲအဖြစ်  အိမ်တိုင်းအိမ်တိုင်းက အုံးငှက်ပျောနဲ့ အသိအမှတ်ပြု ချိတ်ဆွဲကြတာ ပုဂံခေတ်ကတည်းကပါပဲ။ ရိုးရာအနေနဲ့ လက်ဆင့်ကမ်းလို့ ယနေ့တိုင် အိမ်တိုင်းချိတ်ကိုးကြပါတယ်။

ဗုဒ္မအလိုအရ အတွင်း၃၇မင်း အပြင်၃၇မင်းစတဲ့နတ်များဟာ သာသနာအပမှာ တည်ရှိနေတဲ့အတွက် သာသနာတွင်းက လူများဟာ အသိအမှတ်ပြုရုံကလွဲလို့ ကိုးကွယ်ဆည်းကပ်ခြင်းမပြုရဘူးလို့ ဆိုပါတယ်။ ကျွန်မတို့ မိဘများကလဲလယ်တီဆရာတော်ဘုရားရဲ့ တပည့်သားမြေးများဖြစ်လို့ လယ်တီဆရာတော်ဘုရား ရဲ့ အဆုံးအမကိုဘဲ  ခံယူပါတယ်။ ဂေါတမဗုဒ္မမှလွဲ၍ အခြား  ကိုးကွယ်ရာမရှိ လို့ အမြဲခံယူထားပါတယ်။ တချို့ကလဲ ကိုးကွယ်ခြင်းဆိုတဲ့အဆင့်မှာ မရောက်စေဘဲ အသိအမှတ်ပြုတဲ့အနေနဲ့ ၀ါဝင် ၀ါထွက် အုန်းလဲပေးကြတာမျိုးရှိပါတယ်။
“စိတ်နှလုံးဖြင့် မသာမကြည်…ရှင်ဘုရင် မုန်းးလို့ …ဆုံးရရှာသည်…တအိမ်လုံးဖြင့် ရိုသေပါသည်..နတ်ကွန်းစင် ပန်းပဲ မောင်တင့်တယ်..မမေ့ဖို့  ကိုးကြ သည်။”
ဒီတေးသီချင်းကို ဂျူဗလီစိန်က ရေးသားပြီး ပြည်လှဖေက သီဆိုထားပါတယ်။ ဖြိုးဖြိုးပြောသလိုပါပဲ ကမ္ဘာကြီးဟာ ရေးစရာတွေနဲ့ ပြည့်လျှံနေတော့ ရေးရပါလိမ့်အုံးမယ်။

ခင်မေသစ်

Wednesday, October 17, 2012

ရေသူမကလေးပုံပြင်

ဒီပုံပြင်ကလေးက အမှန်တော့ အင်္ဂလိပ်ကဗျာတပုဒ်ပါ။မေမေ ငယ်ငယ် wesley ကျောင်းမှာ နေစဉ်တုံးက  ဆရာမ ပြောပြတဲ့ ဇတ်လမ်းလေး ဆိုပါတော့။နောင်အခါ မေမေ့ အကို မောင်ကြည်ရှင် ရန်ကုန်တက္ကသိုလ်ကျောင်းတက်တုံးက  ဥပစာ တန်းမှာ အဲဒီကဗျာ သင်ရတယ်လို့  ထင်ပါတယ်။ ကဗျာခေါင်းစဉ်ကိုတော့ မမှတ်မိတာလား နဂိုထဲက မသိတာလား ဆိုတာကို မသိတော့ပါဘူး။

ဟို ရှေးရှေးတုံးက ပင်လယ်ကမ်းစပ် တနေရာမှာ တံငါရွာလေးတရွာရှိသတဲ့။တံငါရွာ ဆိုတဲ့အတိုင်း ငါးဖမ်းခြင်းနဲ့  အသက်မွေးနေထိုင်ကြတာပေါ့ကွယ် ။အဲဒီရွာ မှာ ဘုရားရှိခိုးကျောင်းကလေးတကျောင်းလဲ ရှိသတဲ့။ အသက်အတော်အတန်ကြီးပြီဖြစ်တဲ့ ရွာသားတယောက်က ကျောင်းစောင့်အဖြစ် တာဝန်ယူနေရတာပေါ့ကွယ်။ တနေ့တော့ ဘုရားရှိခိုးကျောင်းစောင့်ကြီးဟာ ပင်လယ်ကမ်းစပ်မှာ  ငါးဖမ်းနေစဉ် ထူးထူးဆန်းဆန်း ပိုက်ထဲကို တိုးဝင်လာတဲ့ ငါးလှလှလေးတကောင်က “ ကျွန်မကို လွှတ်ပါ ကျွန်မကိုလွှတ်ပါ .ကျေးဇူးဆပ်ပါမယ် “ လို့  တစာစာ အော်နေတော့ တငါသည် ကျောင်းစောင့်လဲ လန့် ဖြန့် ပြီး ပိုက်ကြီးပါလွှတ်ချပြစ်လိုက်သတဲ့။ဒီတော့မှ ငါးကလေးဟာ ပိုက်ထဲကနေ တိုးထွက်ပြီး ရေထဲ ငုတ်ဆင်းသွားပါလေရောတဲ့။

နောက်နေ့ နောက်နေ့ တွေမှာလဲ ကျောင်းစောင့်ကြီးဟာ ငါးကလေးကို တွေ့ ရလို တွေ့ ရငြား ပိုက်ချကြည့်ပေမဲ့ မတွေ့ ရတော့ပါဘူး တဲ့။ ဒါနဲ့  ကျောင်းစောင့် ကြီးလဲ လက်လျော့ ရတာ့တာပေါ့. မေ့တော့ မမေ့နိုင်ဘူးတဲ့။ သူဘဲ နားကြားလွဲသလား ငါးသတ္တ၀ါကဘဲ တကယ် လူစကားပြောသလား ၀ိုးတ၀ါးနဲ့ ဘဲပေါ့။
 တကယ်တော့ အဲဒီငါးကလေးဟာ ရေသူမကလေးတဲ့ကွဲ့ ။သူကလဲ ကျောင်းစောင့်ကြီးကို သတိရနေတာပေါ့။ သူ့ ကို လွတ်ပေးလိုက်တဲ့အတွက် ဘယ်လို ကျေးဇူးဆပ်ရမလဲ အမြဲ တွေးနေသတဲ့။ အဲဒီရေသူမလေးမှာ မိဘတွေလဲ ရှိတယ် ညီမတွေလဲ ရှိတယ် တဲ့။

ဒါနဲ့ တနေ့ တော့ ရေသူမလေးဟာ ညီမတွေနှင့် ပျော်ပျော်ပါးပါး ရေကူးနေရင်း အဖေါ်ကွဲ ပြီး  သူတယောက်ထဲ  ကုန်းပေါ် ရောက်သွားသတဲ့။ ကုန်းပေါ်လဲ ရောက်ရော  သူက လူယောင်ဆောင်လိုက်သတဲ့။ ရေသူမတွေက မြွေမင်းသားလေးလိုဘဲ နော် ။ လူယောင်ဖန်ဆင်းနိုင်တယ် ။သူလဲ ကုန်းပေါ် ရောက်ကရော ဘုရားရှိခိုးကျောင်းက ခေါင်းလောင်းထိုးသံ ကြားရသတဲ့။ ဘုရားဝတ်ပြုဖို့  နိုးဆော်တဲ့အသံပေါ့ကွယ်။ အဲဒီခေါင်းလောင်းကို ကျောင်းစောင့်ကြီးက ထိုးလိုက်တာပေါ့။ ရေသူမလေးက ခေါင်းလောင်းသံလဲ ကြားရော ရင်ထဲမှာ သိမ့်ကနဲ ငြိမ့်ကနဲ ကြည်နူးသွားသတဲ့။ သာယာနာပျော်လိုက်တာဆိုပြီး တဖြည်းဖြည်း ခေါင်းလောင်းသံ ကြားရာ ဌာနအရောက် လျှောက်လာခဲ့တာပေါ့။ လူတွေ လူတွေ ဘုရားရှီခိုးကျောင်းထဲ ၀င် ၀င် သွားကြတာ မြင်တော့ သူတို့ ဘာ လုပ်ကြတာပါလိမ့် ဆိုပြီး ရေသူမလေးက စူးစမ်းသတဲ့။ ဒါနဲ့  နောက်ဆုံးတော့ ရေသူမလေးဟာ တခြားဘုရားရှိခိုးတဲ့သူတွေနဲ့ ရောနေလိုက်သတဲ့။ နောက်ပြီး ကျောင်းစောင့်ကြီးကို မြင်တော့လည်း သိဟောင်းကျွမ်းဟောင်းတယောက်လိုဘဲ ရင်းးနှီးနေသတဲ့။ ကျောင်းစောင့်ကလဲ ရေသူမလေးမှန်း မသိပေမဲ့  အလားတူ သိဟောင်းကျွမ်းဟောင်းတယောက်လိုဘဲ ခံစားရသတဲ့။ဝတ်ပြုဆုတောင်းပွဲ ပြီးသွားတဲ့အခါ သူတို့ ချင်း နှုတ်ဆက်မေးမြန်းပြီး ပို ပိုရင်းနှီးလာပြီး သူမဟာ လှေတစင်းနဲ့ မျောပါလာတာဖြစ်ကြောင်း အဖေါ်တွေနဲ့ ကွဲသွားကြောင်း သနားစဖွယ် ပြောပြပြီးတဲ့အခါမှာသနားကြင်နာတတ်တဲ့ ကျောင်းစောင့်ကြီးဟာ သူ့ အိမ်ကို ခေါ်သွားပြီး စောင့်ရှောက်ထားရာက နောက်ဆုံးတော့ အဲဒီ ဘုရားကျောင်းကလေးမှာဘဲ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားလိုက်ကြသတဲ့။ ဒီလိုနဲ့  သူတို့နှစ်ဦးမှာ သမီးတယောက် သားတယောက် ထွန်းကားလာသတဲ့ကွယ်။ ဒီအချိန်ထိလဲ ကျောင်းစောင့်ကြီးဟာ ရေသူမဆိုတာ မသိသေးဘူးတဲ့။ လူတယောက်ရဲ့  ပြုမူဆက်ဆံပုံအတိုင်း ပိရိသေသပ်နေတော့ ဘယ်သူကမှ မသိကြပါဘူးတဲ့။ ဒါပေမဲ့ သူမဟာ ခလေးနှစ်ယောက် ရအပြီးမှာ တော့ ကျောင်းစောင့်ကြီးကို ငိုယိုပြီး သူမဟာ တကယ်တော့ ရေသူမတယောက်သာ ဖြစ်တာမို့  ဒီ့ ထက်ပိုလို့ နှစ်ကြာကြာ နေလို့ မရတော့ကြောင်းပြောပြသတဲ့။ သူလဲ ဟန်ဆောင်နေထိုင်ရတာ ပင်ပန်းလှပြီလို့  ၀န်ခံရှာတယ်။ ဒီလို အားရှိပါးရှိပြောဆိုစရာရှိတာ ပြောဆိုအပြီး သူတို့  အားလုံး ရေသူမလေးကို ပင်လယ်ကမ်းစပ်အထိ လိုက်ပို့ ကြတယ်။ ခလေးတွေကလဲ ငိုတာပေါ့။ ကျောင်းစောင့်ကြီးကလဲ ဒီလိုဘဲ နေကြတာပေါ့ကွာ ဘာမှ ဖြစ်စရာ အကြောင်းမရှိပါဘူးလို့  ဘယ်လို ပြောပြော သူ မကို မိဘတွေက ခေါ်နေပြီဲဖြစ်ကြောင်း ဒီထက် ပို နေလို့ မရဘူး ပြောပြီး သူမကို ခွင့်လွှတ်ပါလို့ ပြောပြောဆိုဆို ရေထဲ ဆင်းသွားသတဲ့ ။ ရေထဲလဲ ရောက်ရော တခါတည်း ရေတပိုင်းကုန်းတပိုင်း သတ္တ၀ါ မလေးတန်းဖြစ်သွားတာပေါ့ကွယ်။ခါးအောက်ပိုင်းက ငါးအကြေးခွံ တွေနဲ့ အမြီးနဲ့ တကယ့် ငါးတကောင်ရဲ့  ခန္ဒာကိုယ်ပေါ့။ ခါးအပေါ်ပိုင်းမှာတော့ ပန်းချီဆရာတွေ စိတ်ကူးယဉ်ဖန်တီးထားတဲ့ အတိုင်းဘဲ ဆိုပါတော့။

ရေထဲ ရောက်သွားတဲ့  ရေသူမလေးဟာ မြွေမင်းသားလေးလိုဘဲ တောထဲရောက်တော့ တောစိတ်ဝင်သွားပြီး ကလေးကိုလဲ မသိတော့ဘူး။ မထွေးလေးကိုလဲ မမှတ်မိတော့ သလိုပါဘဲ ရေသူမလေးလဲ ရေထဲလဲ ရောက်ကရော ရေစိတ်မွန်ပြီး တခါတည်း နောက်ပြန်မကြည့် ရေငုတ်ပျောက်ကွယ်သွားပါရောတဲ့ကွယ် ။ ဒီနေ့ အထိ သူ ပြန်မလာတော့ပါဘူး။ ကျောင်းစောင့်ကြီးနဲ့ ခလေးနှစ်ယောက်ကတော့ ညနေစောင်းတာနဲ့  ပင်လယ်ကမ်းနား အပြေးသွားလို့  မေမေရေ ပြန်လာပါ  ။မေမေရ ပြန်လာပါ နှင့် ရေသူမလေးဆင်းသွားတဲ့ နေရာနားကနေ .ခုထိ အော်ခေါ်နေတုံးပါဘဲ တဲ့။ ကျောင်းစောင့်ကြီးက ပိုတောင် ဆိုးပါသေးတယ်။ ရေသူမလေးကို တနေ့ မှ မေ့ မရနိုင်ဘဲ တမ်းတမ်းတတ လွမ်းလွမ်းဆွေးဆွေး  တကြော်ကြော် ဟစ်အော်လို့  ခေါ်နေဆဲပါတဲ့ ကွယ်။ ကျောင်းစောင့်ကြီးခမြာ ခလေးတွေကို ဘယ်တယောက် ညာတယောက် ထမ်းပြီး ယနေ့ တိုင် ပင်လယ်ကမ်းနားမှာ လမ်းလျှောက်ရင်း စောင့်နေဆဲဘဲ  လို့  ကဗျာက ဆိုပါတယ်။     

မေမေ ခင်မေသစ်

Tuesday, October 16, 2012

နေပြည်တော် ပျဉ်းမနားက နှစ်ကျိပ်ရှစ်ဆူ ပွဲတော်

၁၉၅၈ခုနှစ်မှာ ကျွန်မပျဉ်းမနားမြို့ကို အခြေချနေထိုင်ခဲ့ရပါတယ်။ မကြာခင်မှာဘဲ ပျဉ်းမနားမြို့ရဲ့ နာမည်ကြီး နှစ်ကျိပ်ရှစ်ဆူပွဲတော်ကြီးနဲ့ တိုးမိတော့တာပါဘဲ။ဒီပွဲဟာ ပျဉ်းမနားမြို့ရဲ့ ထုံးတမ်းစဉ်လာ အရ နှစ်စဉ်ကျင်းပလာခဲ့တာတဲ့။အဓ္ဓိပါယ်ကတော့ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားများ လှည့်လည်အပူဇော်ခံတဲ့ပွဲပေါ့။ ဒေသစာရီ ကြွချီတဲ့ပွဲ ဆိုပါတော့။ ဘုရားရုပ်ပွားတော်များကို  လူတွေက ကြွချီပေးရတာပေါ့လေ။ သဘောက။

ဒီတုံးကဘုရားရုပ်ပွားးတော်များခမြာ လူတွေထမ်းတဲ့ ပခုံးပေါ်မှာ ဆိုက်ကားတွေပေါ်မှာလူတွေအပူဇော်ခံဖို့ လိုက်ပါလာကြရတာဆိုတော့  သက်သက်သာ သာမရှိလိုက်တာလို့ ကျွန်မစိတ်မောမိပေမဲ့   ပခုံးထမ်းရတဲ့ အကျိုး ကျေးဇူး ဆိုက်ကားတွန်းရတဲ့ အကျိုးကျေးဇူး မနည်းလှဘူးလို့ တွက်မိပါတယ်။

ဒါ့အပြင် ဒီတုံးက ပျဉ်းမနားဟာ လမ်းတွေက မကောင်းဘူး ကျဉ်းကလဲကျဉ်း ဘုရားကိုယ်တော်တွေ တလှုပ်လှုပ်နဲ့  လမ်းတကာ လိုက်ပါ ကြရတာဆိုတော့ မြင်ရတဲ့သူက(ကျွန်မက) သိပ် စိတ်မချမ်းသာလှဘူး။ ဒါဖြစ်သင့်သလားပေါ့။ ကျွန်မတွေးမိတယ်။ ကျွန်မက တမျိုး။ ဘာဘဲဖြစ်ဖြစ် သူများတွေ လုပ်သမျှ ပြစ် လက်ခံတတ်တဲ့အကျင့်က မရှိဘဲ  ဝေဖန်တတ်လေ့ရှိတယ်။ ဘာပဲဖြစ်ဖြစ်လေ ဒါရိုးရာအစဉ်အလာ ဘာသာရေးပွဲတော်ဘဲဟာ တောင်တောင်အီအီ မပြောသင့်ပါဘူး။ နော်။ ရပ်ရွာသာယာရေးအတွက်မို့လား။ ထားလိုက်ကြရအောင်။ ဒီတုံးက ဘုရားပွဲတော်ဆိုတော့ ဘာသာ သာသနာနဲ့ ဆက်နွယ်တဲ့ တေးသီချင်းများကို တီးမှုတ်ကခုန်ကြတာဆိုတော့ ကျွန်မအရမ်းကြည်နူးမိတယ်။

ဥပမာ ရောင်တော်ဖွင့် သီချင်း ။ရွှေတိဂုံ သမိုင်းသီချင်း ၊ အောင်ခြင်းရှစ်ပါး ၊ ဗောဓိပင်နဲ့ရွှေပုလ္လင်သီချင်း ..စတဲ့ သီချင်းတွေကိုသာ တီးကြ မှုတ်ကြတာဆိုတော့ ကြက်သရေလဲရှိ ကြည်နူးစရာလဲကောင်း ပေါ့။ ရှေ့ဆုံးမှာ မတ်ရပ်ဘုရားရုပ်ပွားတော်ကြီးပင့်ဆောင်  လှည့်လည်လာရင်း တေးသီချင်းဖွင့်လာတာလေ။
 ရွှေဘုန်းတော် ရောင်ခြည်.. ခြောက်ရောင်.. ကွန့်မြူးသည် ..တန်ခိုး  တော် အနန္ဒ ပြည့်စုံလှ ..ကြည်နူး လို့သာ ..ဖူးခိုက်သည် .. မီးရေ  တောက်ပွား ခြောက်ပါးသောရောင်ခြည်..

ဖြူသော ရောင်ခြည်   .. ညိုသောရောင်ခြည် ..နိသော ရောင်ခြည် ..ေ၇ွှသော ရောင်ခြည် ..ကြည်ညိုဖွယ် ကောင်းလိုက်ပါတဲ့  ..မောင်းသော ရောင်ခြည်….
စသည်
ဆိုလိုက်တော့ ဘုရားကိုယ်တော် ရုပ်ပုံတော်မှာ ပူဇော်ထားတဲ့ မီးရောင်တွေက တဖြတ်ဖြတ် တလက်လက်နဲ့ ရောင်ခြည်တော် ခြောက်သွယ် လှည့်ပတ်ကွန့်မြူးနေဟန် ဆင်ယဉ်ထားတာတာမို့  အရမ်းကို ကြည်နူးမိပါတယ်။ ပြီးတော့  ..
မြတ်ဘုရား ××…ရွှေတိ  ဂုံ ..လေးဆူဓါတ်ပုံ ခိုလှုံ ..ရည် စူးလို့သာ .ဖူးမျှော်ပါကုန်.. ခြောက်သွယ် မီးရေ.ပြည့်စုံ ..ကျွန်းဇမ္ဗူမှာ ..အံ့ချီး၍ မကုန် ……
ဥက္ကလာ တိုင်း…ဋ္ဌာနီ ရဂုံ  ညီနောင် တပုဿနဲ့ဖလိကတို့  တူယှဉ်နွဲကာ.. စုံ   ဋ္ဌာနီ ရွှေဂုံ ..ပြန်ရောက်မှ  ကြုံ ဗိုလ်ခြေများစွာ..ဖူးမျှော်ကြပုံ   ကျွန်း ဇမ္ဗူမှာ.အံ့ချီး လို့ မကုန်...
တကယ်ဘဲ ကြည်နူးရပါတယ်။
ဘုရားပွဲ ဆိုတော့ တကယ့်ကို ဘုရားနဲ့ပတ်သက်တဲ့ သီချင်းတွေ ကိုသာ ဆိုကြတာပါ။ စောစောလဲ ပွဲသိမ်းပါတယ် ။

နှစ်ကျိပ်ရှစ်ဆူလှည့်လည် အပူဇော်ခံပွဲ အတွက် မြို့ဦးဓမ္မာရုံ အသင်းသားများ ဤသို့ ဤနှယ် အလှူခံထွက်ကြတယ်။ နောက်တော့ ခေတ်နှင့်အညီ တိုးတက်ဖွံ့ဖြိုးလာသည့်အလျှောက် ရုပ်ပွားတော်များကိုဂျစ်ကားတွေမှာ အလှဆင် ဒက်ကရေးရှဲန်အမျိုးမျိုးထွင်  ပင့်ဆောင်ကြတယ်။ အစိုးရ ဌာန တခုတခုစီကဖြစ်စေ ကျောင်း ရုံးစသည် ပုဂ္ဂိုလ်တဦးဦးကဖြစ်စေ  ဘုရားတဆူ နှစ်ဆူ စသည် တာဝန်ယူ ပင့်ဆောင်ကြရတာပါ။ ကိုယ်ပင့်ထားတဲ့ ဘုရားကားနောက်ကမှ ကိုယ့်တီးဝိုင်းအဖွဲ့ကား လိုက်ပါသီဆိုကြရတာပေါ့။

တီးဝိုင်းအဖွဲ့များဟာလဲ သုံးတန်လိုကားတွေပေါ်မှာ စတေ့(ဂ်ျ) စင်မြင့် ဇတ်ခုံဆောက် ပြီး တူရိယာပစ္စည်းတွေတင် အဆိုတော် များငှားရမ်းပြီး သီဆိုလာတြတယ်။ဒေသခံ ၀ါသနာအိုးများ မြေစမ်းခရမ်းပျိုး ကြရင်းလဲ သီဆိုလာ ကြတယ်။စောစောပိုင်းမှာတော့ ဘုရားသီချင်းလောက် အဓိက ထားသီဆိုကြတာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ သီချင်းမျိုးစုံ သီဆိုလာတာ တွေ့ရတယ်။ ပြီးတော့ ၀တ်စားဆင်ယင်ရာမှာလဲ ထိုင်မသိမ်းင်္ကျီဝတ်ပြီး မြန်မာသံစစ်စစ်သီချင်းများ သာ သီဆိုကခုန်ကြရာက  ခုခေတ်မှာတော့ အများကြားတဲ့မြင်တဲ့အတိုင်းပါဘဲ။ ခေတ်ကြီးက တဟုန်ထိုး ပြောင်းလဲသွားပြီ။ကျွန်မဖြင့် မျက်စိတောင်လည်သွားတယ်။ ဖြိုးဖြိုးတို့ မောင်နှမ ငယ်ငယ်က ဆိုရင်  ကျွန်မသူတို့လက်ဆွဲပြီး ရန်ကုန်က အဆိုတော် ဘိုဘိုဟန်တို့ပါတဲ့ ကားနောက်ကို တကောက်ကောက် မိုးအလင်း လိုက်ကြည့်ကြတာပါ။ လမ်းဒေါင့်မှာကားထိုးပြီးလဲ ကားခေါင်မိုးပေါ် ဖြိုးဖြိုးတို့ကို တင်ပြီးပေးကြည့်ရတယ်။

ဖြိုးဖြိုးဆယ်ကျော်သက်ကလေးမှာ တော့ သူ့အမ စုမီ နဲ့ နှစ်ယောက်သား ကားစင်မြင့်ပေါ် ကိုယ်တိုင်တက်သီချင်းဆိုကြတယ်လေ။ အပြာနုရောင် ဖဲဂါဝန်တိုတိုလေးတွေနဲ့။ လှမှလှ။ ဒီတုံးက ဖြိုးဖြိုးဆိုတာ အင်္ဂလိပ်သီချင်း စုမီနဲ့ အတူဆိုကြတာလေ။ သီချင်းနာမည် မေ့နေလို့။ ဖြိုးဖြိုးတော့မှတ်မိမယ်ထင်ပါရဲ့။ အဲဒီအချိန်မှာကတည်းက ဘုရားသီချင်းတွေ ပျောက်သလောက်ပါဘဲ။ သိပ်မကြားရတော့ပါဘူး။ အဲ တခုတော့ရှိရဲ့။ ဘုရားကားတွေမှာတော့ ဘုရားသီချင်းဖွင့်တယ်။ သူ့ခေတ်နဲ့သူပေါ့လေ။ ဘုရားပွဲဆိုပေမဲ့ အပျော်အပါးသက်သက်လို ဖြစ်နေတော့တယ်။
ပြီးတော့ သူသူကိုယ်ကိုယ်  (များသောအားဖြင့်လူငယ်တွေက)ဘုရားပွဲတော်လို့ အာရုံထားကြည်နူးဖို့ထက် သီတင်းကျွတ်ရင် ဘုရားပွဲ ကျင်းပတော့မယ် ရန်ကုန်က ဘယ်သူပါမယ် ဆိုတာသာ အာရုံရောက်နေကြတော့တယ်။ ခုလဲ ဖြိုးဖြိုးက မေမေ  ဘယ်သူတွေပါသလဲတဲ့။ လှမ်းမေးနေလေရဲ့။
အော် ခေတ်က ပြောင်းလဲလာတာကိုး။

Florist

အရုဏ်ဦးဆွမ်းကပ်ပွဲ
တူရိယာ သံစုံကျင်းပါလို့ လင်းပြီတဲ့ နိဗ္ဗာန်ဆော်၊
ကျုံးတဲ့လို့အော် ၊ ထကြပါနော်၊
တကြော်ကြော် သူနှိုး။
ကညာခင် ငွေစင်ပန်းရယ်နှင့်၊
သဒ္ဒါရွှင် ရွှေလင်ပန်းရယ်နှင့်။
ဓမ္မာရုံ ၀တ်ဖြူ အသင်းတို့ရယ် ၊
ဆွမ်းကပ်ဖို့ဗျိုး။      ။

ကြက်သရေ တက်နေ၀င့်ပါလို့၊
မနက်ခင့်ချိန်ယာယာ၊ဆွမ်းကပ်ဖို့လာ၊
ရွှန်းသစ်တဲ့သူ့မူရာ ကညာနွဲ့လှယမင်း၊
ပါးထက်မှာ ဗေဒါကွက်နှင့်၊
လှရက်လေခြင်း။        ။

ကောင်းကင်က မှိုင်းနီလာ၊ တိမ်စူကာ ဖြူပြာလဲ့ ၊
ထွန်းတဲ့ရောင်ဝါ။
ကျေးငှက်တို့ မာဂဓါ ဘာသာကွဲ့ဖေါ်နှော။
လင်းအရုဏ်ရောင်ခြည်ဦးမှာ မြူးကြပြီကော။      ။

ဒေါနနဲ့ သပြေခိုင် နှင်းပန်းခရေနှင့်၊
ဝါရွှေနီ စုံရနံ့ငယ် သင်းပျံ့ပျံ့လှိုင်၊
မလေးငဲ့ကေသာခိုင် ကြိုင်ကြိုင်တဲ့ ဇွန်ကုံး။
သည်ရွာမှာ အလှဆုံးပေါ့ကွယ် ခေါင်းမော့လို့ ပြုံး။      ။

ပျဉ်းမနားမြို့ ၀တ်ဖြူတော်အသင်းများ၏ အရုဏ်ဦးဆွမ်းကပ်ပွဲမျာကို မှတ်တမ်းတင်ပါသည်။
(၁၉၈၄ခုနှစ် အောက်တိုဘာလထုတ်မြ၀တီ မဂ္ဂဇင်းနှင့်၁၉၈၄ခုနှစ်ထုတ်နိုဝင်ဘာလထုတ် ဂီတပဒေသာမဂ္ဂဇင်းတို့တွင် ဖေါ်ပြပါရှိသည်ကို ထပ်ဆင့် ဝေမျှပါသည်။)
ဒီဓါတ်ပုံကလေးက ဖြိုးဖြိုးငယ်ငယ် သူ့သူငယ်ချင်းတွေနဲ့ မနက်လေးနာရီထ မြို့ဦးဓမ္မာရုံ အသင်းနဲ့ ဆွမ်းကပ်ပြီးအပြန်မှာ ရိုက်ထားတဲ့ပုံပေါ။့မနက်ခင်း အရုဏ်ဦးအချိန်ကလေးမှာ ဘုရားသီချင်းတွေ တီးမှုတ်သီဆိုပြီး ဆွမ်းကပ်ထွက်လာကြတဲ့အခါ ကြားရသူတိုင်း အလွန်သာယာနာပျော်ဖွယ်ကောင်းပြီး ကြည်နူးစရာကြီးပေါ့ ကျွန်မဖြင့် နားထဲက မထွက်ဘူး။ မျက်ရည်စို့မတတ်ပါဘဲ။ ဖြိုးဖြိုးကလေးလဲ ဒီတုံးက ဆွမ်းကပ်လိုက်ရတာ  ပျော်နေပါတယ်။

ခင်မေသစ်

Monday, October 8, 2012

ပုဝါလေးတွေသိုင်းလို့ပင်

မနက်မနက် mail box ဖွင့်ရင် စာရေးနိုင်လွန်းတဲ့ မေမေ့ဆီက မေမေရေးထားတဲ့ စာတွေ တွေ့ရတယ်။
ကိုယ်လုပ်ပေးနိုင်တာ များများစားစားမရှိတော့ မေမေ့ စာလေးတွေပါ ဒီဘလောဂ့်မှာ တင်ထားပေးရတာပါ။
လာလည်တဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေလည်း ကိုယ်နဲ့ စိတ်ကြိုက်တွေ့မယ့် စာမျိုးတွေ့ခဲ့ရင်တော့ ဖတ်သွားနိုင်အောင်လို့ပါ။

ကိုယ်မအားတဲ့အခါ မေမေပို့ပေးတဲ့ ဖိုင်တွေစုနေပြီး မတင်နိုင်လို့ မတင်ဖြစ်တော့ပါဘူး။ 
အဲဒါကြောင့် တခါတလေ တစ်ခါတည်းပဲ စုတင်ပစ်လိုက်တာကို နားလည်ပေးပါနော်။
ဒီနေ့တော့ ရှက်ရှက်နဲ့ပဲ မေမေ့စာ တစ်ပုဒ်တင်လိုက်ပြန်ပါပြီ။ :'(  :'( :'(

~ ပုဝါလေးတွေသိုင်းလို့ပင် ပလိုင်းကိုသာ လွယ်စေချင် ~

ဒီခေါင်းစဉ်ကလေးကို မြင် ရင်ဘဲ ကျွန်မသမီးကလေးဖြိုးဖြိုး တယောက် ပြုံးရယ်နေမှာ မြင်ယောင်မိတယ်။ ကျွန်မ လွမ်းလိုက်တာ။ (ဖြိုးဖြိုးကိုလဲ လွမ်းလိုက်တာ) လို့ ခေါင်းစဉ်ပေး စာရေးအုံးမှ။

ဖြိုးဖြိုး ငယ်ငယ်ကလေ (ကျွန်မအထင် ၅နှစ်သမီးလောက်) ကက်ဆက်ဖွင့်ရင် အရမ်းကတာဘဲ။ ကျွန်မက ထားရဲ့သီချင်းခွေ ရောင်တော်ဖွင့်ကို စဖွင့်လိုက်ရင်ဘဲ ဖြိုးဖြိုးလေးက ကဖို့ပြင်တော့တာ။
(ဖြူသောရောင်ခြည် ညိုသောရောင်ခြည် နီသောရောင်ခြည် ရွှေသောရောင်ခြည်  ကြည်ညိုဖွယ် ကောင်းလှပါတဲ့ မောင်းသော ရောင်ခြည်  ဆိုတာလေ..။)

နံရံကပ်ဘီရိုကြီးထဲက မင်းသမီးအင်္ကျီတွေ ဆွဲထုတ် ယူချလာတော့တာဘဲ။ ဖြ့န့်ထမီလေးက ကျွန်မငယ်ငယ် ၂နှစ်သမီးလောက်က နားသတုံး ၀တ်ခဲ့တဲ့ ထမီလေးပေါ့ ရှေ့တဲ့တဲ့မှာ အတောင်ဖြန့်ထားတဲ့ ဒေါင်းရုပ်ကလေး ရွှေချည်ထိုးထားတယ်။ လှမှလှ။ ဒါဘဲ ကျန်ခဲ့တာ။ အဲဒါလေးတွေ ၀တ်ပေး ။မင်းသမီးအင်္ကျီလေးကတော့ အသစ်ချုပ်ရတာပေါ့။ ကတောင်အင်္ကျီ(ရှေးတုံးကအခေါ် ခုခေတ်တော့ ထိုင်မသိမ်းအင်္ကျီ) လေး ၀တ်ပေးလိုက်   ပုဝါကလေးပါလည်မှာ စုံချပေးလိုက် ကတော့တာဘဲ။ ဖြိုးဖြိုးကလေ ပုဝါ စုံမကျရင် သူ့ဘာသူ စုံကျအောင် ဆွဲသေးတာနော။ ကရင်းနဲ့ ထမီနားခတ်ပုံလေးကချစ်စရာပါ။ ထမီနားခတ်ရမယ်လို့ ဘယ်သူမှ သင်မပေးရဘူး။ ကျွန်မအထင် သူလှည့်ပတ်ကရင်း ထမီနားရှုပ်သွားလို့ ခတ်ထုတ်လိုက်တာဖြစ်မယ်။

အဆိုတော်ထားကလဲ သီချင်းဆိုက ခပ်ကောင်းကောင်း ဘာရမလဲ။ ဖြိုးဖြိုးကလဲ အကကောင်း။ ပုဝါလေး တွေ သိုင်းလို့ပင် ပလိုင်းကိုပင် လွယ်စေချင်  ခင်နှမ  လေဘာတီကိုဆင်။ဆိုတဲ့နေရာများ  တကယ့်ကို သွက်သွက်လက်လက်နဲ့ လှည့်ပတ်ကတာပါ။ သိပ်ကြည့်ကောင်းတာဘဲ။ ပြီးတော့ သီချင်းတွေက အစုံဘဲ။ တခွေလုံး အကုန်ကတာ။ မမောဘူး။ ကျွန်မတို့လဲ မ၀နိုင်ဘူး ကြည့်ရတာ။ စပယ်တင်မှဲ့နဲ့ တကယ့်ကိုယဉ် ဆိုတဲ့ သီချင်း လဲ ပါတယ်။ ယောဆရာလဲပါတယ်။ သီချင်းတွေက ကလို့ကောင်းတာကိုး။  ဖြိုးဖြိုးလေးကို ဘယ်သူမှ မသင်ရပါဘူး ။ ကပါလို့လဲ မတိုက်တွန်းဘူးပါဘူး။ သူ့သဘောနဲ့သူ ကနေတာပါ။ သူ ကပြီဆိုတော့ သူ့အမကြီးကလဲအားပေး ကျွန်မကလဲ အားပေး အနားရှိတဲ့သူတွေ အကုန်အားပေး တာပေါ့၊ လူတွေကြည့်နေတယ်ဆိုပြီး နည်းနည်းမှ မရှက်ဘူး။ ရှိုတိုးရှန့်တန့်မဖြစ်ဘူး။ စိတ်ပါလက်ပါ တခွေလုံး ကုန်အောင် ကတော့တာဘဲ။ လူတွေကြည့်လေ ကလေဘဲ။ ကျွန်မဖြင့်လေ ပုဝါလေးတွေ သိုင်းလို့ပင် လို့ ကက်ဆက်ကဆိုလိုက်ရင်  ဖြိုးဖြိုးကလေ သူ့လည်ဂုတ်မှာချထားတဲ့ပုဝါလေးကို မ မ ပြီး ကိုယ်ကလေးကို လှည့်လှည့် ကတတ်တာလေးကို ကြည့်ကောင်းလွန်းလို့ ချစ်စရာကောင်းလွန်းလို့ ကြည့်လို့မ၀ ရှုလို့မ၀ပေါ့။ မျက်စိထဲက ခုထိမထွက်ဘူး။
ဒီတုံးက ဖြိုးဖြိုးရဲ့ဆံပင်ပုံစံက  ဂျပန်ဆံထောက် လေးလေ။ အိအိနွဲ့နွဲ့ကလေး။

ဖြိုးဖြိုးက တမျိုးရှင့်။ သူတကာတွေ မှုံရွှေရည်နဲ့ တဂျိန်းဂျိန်းကနေကြတုံး  သူက နည်းနည်းမှ မလှုပ်ဘူး။  မှုံရွှေရည်ကို  မကဘူး။ အဲဒီ ထားသီချင်းခွေနဲ့မှ ဖြိုးဖြိုးက ကချင်တာ။ ကျွန်မတို့က ဖြိုးဖြိုးကို ကစေချင်ရင် ထားသီချင်းခွေသာ ဖွင့်ပေးလိုက် ကတော့တာဘဲ။ ဘယ်အချိန်ဖွင့် ဖွင့် ကတာဘဲ။

ထားသီချင်းတွေက နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့နဲ့ အေးအေးကလေး အသံသာပေတာကိုး။
ပတမ ဦးဆုံး စလာတဲ့ သီချင်းက ရောင်တော်ဖွင့်ပါ။ ပီးတော့ …

သိန္တွီနယ် လားရှိုးက.. ရွာဖြိုးအုံ့ဆင် .လဲ ဆိုလိုက်ရော ဖြိုးဖြိုးအကလေးက ပို သွက်လာလေဘဲ။ 
အော် လွမ်းလိုက်တာ ..ခုနေများ  ထားသီချင်းဖွင့်ပြရင် ဖြိုးဖြိုးကအုံးမှာလား သိချင်လိုက်တာ။

ဒီသီချင်းကို နန်းတော်ရှေ့ ဆရာတင်က လေဘာတီမမြရင်ကို ရေးစပ်သီကုံးပေးခဲ့တာတဲ့။သီချင်းနာမည်က ကမ္ဘောဇ ပါ။ ဒီသီချင်းလေး ဖွင့်လိုက်ရင် ဖြိုးဖြိုးကလွန်းလို့  နောင်အခါ ကြီးလာတော့ အမတွေက ဖြိုးဖြိုးကိုမြင်တိုင်း  ပုဝါလေးတွေ. သိုင်းလို့ပင် လို့  မကြားတကြားဆိုပြီး စကြရင် .. ဖြိုးဖြိုးက ရယ်တော့တာဘဲ။ ခု ဒီစာရေးနေဆဲမှာတောင်.. သူ့အမကြီးက ခေတ်ဟောင်းသီချင်းဖွင့်နေရင်း  ကမ္ဘောဇသီချင်းကို နားထောင်ခိုက်မို့  ရူပလေးကို သတိရလိုက်တာ လို့ လှမ်းပြောနေသေးရဲ့။

(စမ်း စမ်း ကြည် ကြည် လင် လင်  တောညို က..တောကြို က ..စီးကျပါတဲ့ ..ရေသွင်သွင်.သနားစရာ တနေ၀င် .တသွင် သွင်..)၂.ရှမ်းမလေး အပန်းဖြေ စိတ်အတွေးယဉ် ..မမြရင် ..တမ်းတသရှင်..ဤသို့ ပုံသွင် ..အော်..အော်..အော်..အော်..မျှော်..မျှော်..မျှော်..မျှော်..ပုဝါလေးတွေ  သိုင်းလို့ပင် ..ပလိုင်းကိုသာ လွယ်စေချင်..နန်းရှေ့ကိုကြီးတင် က ခင်နှမ လေဘာတီကို ..ဆင် ..။

သိန္တွီနဲ့ လားရှိုးက ရွာဖြိုးအုံ့ဆင် …ခါမိုးဟုတ်မထင် … ရွာဖြိုးအုံ့ဆင် ကမ္ဘောဇကုန်းမြတ်မဟီ..ဒုဋ္ဌ၀တီ ရေသီတာယဉ်ယဉ်..။

Florist

Sunday, October 7, 2012

ဥတ္တရာ

ဒီတစ်ခါ ဖြိုးဖြိုးကို ပြောပြချင်တဲ့ပုံပြင်လေးက ဥတ္တရာ တဲ့။ ကျွန်မငယ်ငယ်က မေမေပြောပြနေကျပုံပြင်လေးပါဘဲ။ ပုံပြင်ဆိုတာထက် ပိုလေးနက်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘုရားဟော ဖိနတ္တပကာသနီ ကျမ်းထွက် ဥတ္တရာထေရီ ရဟန္တာမရဲ့ ရှေးဘ၀ဖြစ်စဉ်ဖြစ်ရပ်မှန်ဇတ်လမ်းလေးတပုဒ်ဖြစ်နေလို့ပါဘဲ။ အဲဒါက  ပိုမှန်မယ်ထင်ပါတယ်။ ဒီပုံပြင်ကို ကျွန်မဖြိုးဖြိုးတို့မောင်နှမတတွေကို ပြောမပြဖြစ်ခဲ့ဘူး။ နည်းနည်းများ ရင့်နေသလားလို့။ (ပျင်းမလားလို့ )။
 မောင်နီတို့ မစီတို့ နှမမုံ့ရောင်း မောင်မုံ့ထောင်းလောက် ခလေးတွေ စိတ်ဝင်စားမှာမှ မဟုတ်တာ။ ခုတလော ဘာသာရေးနဲ့ပတ်သက်ပြီး လှုပ်လှုပ်ခတ်ခတ် အသံတွေကြားနေရတော့ ဘာသာရေးနဲ့ ပတ်သက်တဲ့ပုံပြင်ကလေးများပြောရရင် ကောင်းမလားလို့။

ဟိုးရှေးရှေးတုံးက ရာဇဂြိုလ်ပြည်မှာ သူဋ္ဌေးပုဏ္ဏ နဲ့သူဋ္ဌေးကတော်ဘာရိကာ တို့မှာ လှပသိမ်မွေ့ပြီး ရိုးသားလိမ္မာတဲ့ ဥတ္တရာ အမည်ရှိ့ သမီးကလေး တယောက် ရှိသတဲ့။သူတို့ မိသားစုက လဆန်းလေးရက် လဆုတ်လေးရက်နေ့တိုင်း ဘုရားရှင်နဲ့သံဃာတော်များကို ဆွမ်းခဲဖွယ် ဘောဇဉ်ကပ်လှူလို့  ရှစ်ပါးသီလဆောက်တည်ကြတယ်။

အချိန်တန် အရွယ်ရောက်တဲ့အခါ သူဋ္ဌေးသား နန္ဒဆိုတာနဲ့ လက်ထပ်ထိမ်းမြားပေးလိုက်တော့ သူဋ္ဌေးနန္ဒအိမ်ကို လိုက်သွားရတာပေါ့။ဒီအခါမှာ နန္ဒမိသားစုဟာ ဗုဒ္မဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်သူများမဟုတ်ဘဲ  ရေငုပ်တုံးခုန်တဲ့ ဆရာကြီးတွေကို ကိုးကွယ်သူဆိုတော့ ဥတ္တရာခမြာ စိတ်အနေကျဉ်းကြပ်ပြီး ညိုးငယ်နေရှာသတဲ့။ အဆိုးဆုံးက သူ့ကို နန္ဒက တစ်ရက်ကလေးမှ ဥပုဒ်သီတင်း ဆောက်တည်ခွင့်မပေးဘူးဆိုတာဘဲ။

“ဟဲ့ ..ဥတ္တရာ နင်တို့ဆရာ ဂေါတမကို ကိုးကွယ်နေရင် ဆန်ကုန် ဥစ္စာခန်းဖြစ်ရုံဘဲ။ လူရယ်လို့ဖြစ်လာရင် လူနဲ့တူအောင် ခံစားစရာရှိ ခံစားရမှာပေါ့ ငါတို့ အယူဝါဒကိုလိုက်လို့" ဆိုသတဲ့။

ကြာတော့ ဥတ္တရာလဲ စိတ်ဆင်းရဲလွန်းလို့ မိခင်ဘခင်ထံ အကျိုးအကြောင်း လှမ်း စာပါးတာပေါ့လေ။
ဒီတော့ ဘခင်နဲ့ မိခင်တို့က နန္ဒသူဋ္ဌေးကို ပြုစုဖို့ ရာဇဂြိုလ်ပြည်က နာမည်ကျော်ကြားတဲ့ မိန်းမလှလေး သီရိမာကို တနေ့တထောင်ကျ ပေးငှားပြီး ငါ့သမီး သီလဆောက်တည်ပါ လို့ လူကြုံမှာစာပါးလိုက်တယ်။ လိုသလောက်ငွေကိုလဲ မိဘများက  ပေးလိုက်တာပေါ့။ ဒီတော့ လောကစည်းစိမ်ကို မပြတ်ခံစားချင်တဲ့ နန္ဒသူဋ္ဌေးဟာ သီရိမာရဲ့အပြုအစုမှာရစ်မူးပြီး ဥတ္တရာကိုတောင်မေ့လျော့နေတာပေါ့။ ဥတ္တရာကိုလည်း ကျေးဇူးတွေ တင်နေသတဲ့။ “မယ်မင်းကြီးမ သဘောဖြူရှာတယ် အူစင်းရှာတယ် “ဆိုပြီးတော့ပေါ့။

ဥတ္တရာကတော့ အလှူအတန်းမှာသာရစ်မူးတတ်သူဖြစ်ပြီး သီတင်းသီလမပြတ်ဆောက်တည်ခွင့်ရလို့ ပျော်နေတာပေါ့။ မကြာပါဘူး။ ငှားရမ်းထားတဲ့ရက် စေ့ခါနီးချိန်မှာ သီရိမာဟာ စည်းစိမ်ကိုမက်ပြီး သူဋ္ဌေးနန္ဒအိမ်ကနေ မခွာချင်တော့ဘူး။ အပိုင်စီးချင်နေပြီလေ။ ဒါ့ကြောင့် ဥတ္တရာကို လုပ်ကြံဖို့ ကြိုးစားပါတော့တယ်။ ဘယ်လို လုပ်ကြံဖို့ ကြိုးစားသလဲဆိုတော့ ပွက်ပွက်ဆူနေတဲ့  ထောပတ်ရည်ပူတွေကို ဥတ္တရာကိုယ်ပေါ်လောင်းချလိုက်တာပေါ့။ အဲဒီတော့  ဥတ္တရာကမြင်တာပေါ့။  ထောပတ်အိုးကြီး မပြီး သူ့ဆီလာတာဟာ မကောင်းတဲ့အကြံအစည်ရှိလို့ပဲ ဆိုတာ။ ဒါပေမဲ့ ဥတ္တရာက စိတ်မဆိုးဘူး။ အမျက်ဒေါသ မဖြစ်ဘူး။ ရန်တုံ့မမူဘူး။ သီရိမာ့ကျေးဇူးငါ့မှာရှိတယ်လို့ အဖန်ဖန်အောက်မေ့ပြီး  သီရိမာ ကူညီလို့သာ ငါ့မှာ ဘုရားရှင်နဲ့ သံဃာတော်မြတ်များကို ဆွမ်းကွမ်းလှူဒါန်းခွင့်ရတယ် လို့ တစိမ့်စိမ့် ကြည်နူးနေတာကိုး။ ဆီက ဘယ်ပူမလဲ။ ဆီမပူပေမဲ့ အဲဒီ သူတော်ကောင်းကို ဆီပူလောင်းခဲ့တဲ့ပြစ်မှုကတော့ ပြယ်မသွားပါဘူး။ အပါယ်ငရဲကျသွားပါတယ်။ ခုတိုင် ဆီပူထဲဝဋ်ခံနေရသတဲ့။ ဥတ္တရာကတော့ ဘုရားရှင့် ထံတော်ပါးမှာ တရားကျင့်ရင်း ကျွတ်တမ်းဝင်ပြီး ရဟန္တာမဖြစ်သွားပါတယ်။ ဥတ္တရာထေရီရယ်လို့ ထင်ရှားခဲ့ပါတယ်။

ဒီပုံပြင်မှာ သင်ခန်းစာယူဖို့က စိတ်ထားတတ်ရင် မြတ်တယ် ဘေးကင်းတယ်ဆိုတာပါဘဲ။
ဒါဟာ ဗုဒ္မဘာသာဝင်စစ်စစ်ဖြစ်ရခြင်းရဲ့အနှစ်သာရပါဘဲ။
မိမိအသက်ကို ရန်ပြုလာသည့်တိုင် ဒေါသစိတ်မ၀င်ပါနှင့်။
လက်စားမချေပါနှင့်။
ဗုဒ္မဘာသာဝင်စစ်စစ်ဖြစ်ချင်ရင် ရန်တုံ့မမူကြပါနှင့်။
ဘယ်လိုဘဲ ဗုဒ္မဘာသာအဆောက်အဦးကို စော်ကားဖျက်ဆီးပါစေ။
ပြန်လည်တုံ့ပြန်ခြင်းမပြုပါနှင့်။
သူ့သဘောသူဆောင်တာဘဲ လို့ မှတ်ပါ ဆိုတာ ဗုဒ္မဘာသာဝင်တို့ကို အလေးအနက် ပန်ကြားချင်ပါတယ်။
 
Florist