Showing posts with label ဘင်လာဒင်မရှိတော့တဲ့ ကမ္ဘာထဲမှာ. Show all posts
Showing posts with label ဘင်လာဒင်မရှိတော့တဲ့ ကမ္ဘာထဲမှာ. Show all posts

Thursday, May 5, 2011

ဘင်လာဒင်မရှိတော့တဲ့ ကမ္ဘာထဲမှာ သူတို့က ဒီလို .... ပြောကြတယ်

Shown here is a view of Usama bin Laden's compound in Abbottabad, Pakistan, on May 3.
Photo from Fox news
အယ်လ်ကေးဒါးခေါင်းဆောင် အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းက အဘော့တာဘက်ဒ်မြို့တော်မှာရှိတဲ့ ခြံဝန်းတစ်ခုမှာ အမေရိကန်အထူးတပ်ဖွဲ့က စီးနင်းသတ်ဖြတ်ခဲ့ပါပြီ။ အဘော့တာဘက်ဒ်မြို့တော်ဟာ အော်ရှပ်တောင်ကြားမှာရှိပြီး သစ်ပင်တွေပေါများတယ်၊ ရာသီဥတုကောင်းမွန်တယ်၊ အဆင့်မြင့်ပညာရေးအခြေစိုက်အဖွဲ့အစည်းတွေနဲ့ စစ်တပ်အဖွဲ့အစည်းတွေ ရှိတယ်၊ ပါကစ္စတန်နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်နေရာဖြစ်တယ်လို့ ဆိုတယ်။ မေလ ၁ ရက်နေ့ ညနက်ပိုင်းမှာ အမေရိကန်အထူးတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်တွေ ဟာ ခြံစည်းရိုးမြင့်မြင့်ကာရံထားတဲ့ ဘင်လာဒင်ရှိနေတဲ့ ခြံဝန်းနဲ့ နီးနိုင်သမျှ နီးအောင် နိမ့်နိမ့်လေး ပျံသန်းပြီး ပစ်ခတ်ခဲ့ကြပါတယ်။ ခြံဝန်းအတွင်းဝင်ရောက်ပြီး ဘင်လာဒင်ရဲ့ ဦးခေါင်းကို ပစ်သတ်နိုင်ခဲ့ကြတယ်။ အေးချမ်းလှပတဲ့ တောင်ကြားလမ်းတွေနဲ့ အဘော့တာဘက်ဒ်မြို့တော်ထဲက ငိုက်မြည်းနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာ ... အဲဒီညက သေနတ်သံတွေနဲ့ တုန်လှုပ်ခြောက်ခြားစွာလန့်နိုးခဲ့ကြပါပြီ။
အိုစမာဘင်လာဒင်သေဆုံးမှုနဲ့အတူ နိုင်ငံ့ခေါင်းဆောင်တွေက သူတို့ရဲ့ ထင်မြင်ချက်တွေပြောကြပါတယ်။

ယူအက်စ်နဲ့ ကနေဒါ
အမေရိကန်သမ္မတဘားရက်အိုဘားမား
ဒီည၊ အမေရိကန်လူမျိုးတွေနဲ့ ကမ္ဘာကြီးကို သတင်းပို့နိုင်ပါပြီ၊ ယူနိုက်တက်စတိတ်ကနေ ဦးဆောင်ခဲ့တဲ့ တပ်ဖွဲ့ကနေ အယ်လ်ကေးဒါးခေါင်းဆောင်၊ ပြီးတော့ အပြစ်မဲ့တဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ရာမှာ တာဝန်ရှိတဲ့ အကြမ်းဖက်သမားတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ဆယ်စုနှစ်ကာလနှစ်ခုကျော်၊ ဘင်လာဒင်ဟာ အယ်လ်ကေးဒါးရဲ့ ခေါင်းဆောင်၊ အမှတ်အသားဖြစ်နေခဲ့တယ်၊ ကျွန်တော်တို့တိုင်းပြည်၊ မိတ်ဆွေအပေါင်းဖော်တွေကို ဆန့်ကျင်တိုက်ခိုက်မယ့် နည်းလမ်းတွေဆက်တိုက်စီစဉ်ခဲ့တယ်။ အယ်လ်ကေဒါကျဆုံးဖို့ ကျွန်တော်တို့နိုင်ငံရဲ့ကြိုးပမ်းမှုမှာ ဘင်လာဒင်သေဆုံးမှုဟာ အောင်မြင်မှုအရှိဆုံးလို့သတ်မှတ်ရပါမယ်။ သူ့ရဲ့ သေဆုံးမှုဟာ ကျွန်တော်တို့ကြိုးပမ်းမှုရဲ့ နောက်ဆုံးမဟုတ်ပါဘူး။ အယ်လ်ကေဒါကကျွန်တော်တို့ကို ဆန့်ကျင်တိုက်ခိုက်ဖို့ စီစဉ်နေဦးမှာပဲ ဆိုတာ သံသယဖြစ်စရာမရှိဘူး။ ပြည်တွင်းနဲ့ ပြည်ပမှာကျန်နေသေးတဲ့ တက်ကြွလှုပ်ရှားသူတွေကို ကျွန်တော်တို့ ရှာရမယ်၊ ရှာနေဦးမယ်။ ကျွန်တော်တို့ ကြိုးပမ်းနေသလိုပဲ ယူနိုက်တက်စတိတ်ဟာ အစ္စလာမ်ဘာသာနဲ့ ဘယ်တော့မှ စစ်မတိုက်ဘူး ဆိုတာလည်း အခိုင်အမာထပ်ပြီးပြောချင်ပါတယ်။

ကနေဒါဝန်ကြီးချုပ်စတီဖန်ဟားပါး
ကနေဒါက အိုစမာဘင်လာဒင်ရဲ့ သေဆုံးမှုသတင်းကို စိတ်သက်သာရကျေနပ်မိပေမဲ့ ၀မ်းနည်းစရာကောင်းတာကတော့ တခြားသူတွေ သူ့ရဲ့နေရာကို ၀င်ယူကြဦးမှာပဲ။ အဲဒါဟာ ဘာကြောင့်ကနေဒါတပ်သားတွေ အာဖဂန်နစ္စတန်ကို စေလွှတ်ပေးခဲ့သလဲဆိုတာ ကျွန်တော်တို့ကို သတိပေးတယ်။ သူတို့ရဲ့စစ်ဆင်ရေးဟာ အကြမ်းဖက်မှုရဲ့ အရင်းအမြစ်ကိုဖြတ်တောက်ဖို့ပါပဲ။ ကျွန်တော်တို့ရဲ့ ယူနီဖောင်းဝတ်အမျိုးသားတွေ၊ အမျိုးသမီးတွေဟာ ပြည်တွင်းပြည်ပက ကနေဒီးယန်းတွေရဲ့လုံခြုံရေးအတွက် အမြောက်အမြား ပါဝင်ပေးဆပ်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတဟောင်းဂျော့ရှ်ဒဗလျူဘုရှ်
ဒီအလွန်အရေးကြီးတဲ့ အောင်မြင်မှုဟာ အမေရိကအတွက်၊ ကမ္ဘာတ၀ှမ်းကငြိမ်းချမ်းရေးကိုရှာဖွေသူတွေအတွက်၊ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က ချစ်ခင်မြတ်နိုးသူတွေကို ဆုံးရှုံးခဲ့ရသူတွေအတွက် အောင်ပွဲတစ်ခုအဖြစ် သတ်မှတ်ရမှာပါ။ အကြမ်းဖက်မှုတွေကို ရှာဖွေတိုက်ခိုက်မှုတွေကတော့ ဆက်သွားနေပါဦးမယ်။ ဒါပေမဲ့ ဒီညတော့ အမေရိက က မမှားတဲ့သတင်းကို ပေးပို့နိုင်ခဲ့ပါပြီ၊ အချိန်ဘယ်လောက်ပဲကြာပါစေ၊ တရားမျှတမှုဟာ အဆုံးသတ်ပေးပါလိမ့်မယ်။

အမေရိကန်သမ္မတဟောင်းဘီလ်ကလင်တန်
ဒါဟာ လေးနက်တဲ့ဖြစ်ရပ်ကြီးပါ၊ 9/11 နဲ့ တခြား အယ်လ်ကေးဒါးအဖွဲ့ရဲ့တိုက်ခိုက်မှုတွေမှာ ဆုံးပါးခဲ့ကြသူတွေရဲ့ မိသားစုဝင်တွေအတွက်ချည်းပဲ မဟုတ်ပါဘူး၊ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေးရှိနေတဲ့အနာဂတ်ကိုတည်ဆောက်ချင်တဲ့ ကမ္ဘာတ၀ှမ်းလုံးက လူတွေအတွက်နဲ့ ကျွန်တော်တို့ရဲ့ ကလေးငယ်တွေအတွက်ပါအရေးကြီးတဲ့ဖြစ်ရပ်ပါ။ သွေးဆာနေတဲ့ အယ်လ်ကေးဒါးရဲ့ တိုက်ခိုက်မှုအပြီး ဆယ်စုနှစ်တစ်စုကျော်အကြာမှာ အိုစမာဘင်လာဒင်ကို တရားမျှတမှုဆီယူဆောင်လာခဲ့ပေးတဲ့ သမ္မတကြီး၊ အမျိုးသားလုံခြုံရေးအဖွဲ့နဲ့ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တပ်သားတွေကို ချီးကျူးပါတယ်။

နယူးယောက်မြို့တော်ဝန်မိုက်ကယ်ဘလွန်းဘာဂ့်
၂၀၀၁ စက်တင်တာ ၁၁ ရက်နေ့နောက်ပိုင်းမှာ အိုစမာဘင်လာဒင်ကို ဖမ်းဆီးဖို့ သတ်ဖြတ်ဖို့ မရပ်နားဖူးဆိုတဲ့ စကားလုံးတွေ အမေရိကန်တွေကို ပေးခဲ့ပါတယ်၊ တပ်သားသန်းပေါင်းများစွာ ကျွန်တော်တို့တိုင်းပြည်အတွက် အဆုံးသတ်စတေးခံခဲ့ပြီးတဲ့အခါ အဲဒီစကားတွေအတိုင်း ကျွန်တော်တို့လုပ်နိုင်ခဲ့ကြပြီ။ နယူးယောက်သားတွေ ဒီသတင်းအတွက် ၁၀နှစ်နီးပါးကြာအောင် စောင့်နေခဲ့ရပါတယ်။ ၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့က ချစ်ခင်မြတ်နိုးသူတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရသူအားလုံးအတွက် စိတ်သက်သာမှုပေးနိုင်ဖို့က ကျွန်တော့်မျှော်လင့်ချက်ပါပဲ။

အိမ်တော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ဘိုးနား
ဒီသတင်းဟာ အမေရိကန်ပြည်သူပြည်သားတွေရဲ့လုံခြုံရေးအတွက် သိပ်ကြီးကျယ်တဲ့သတင်းပါ၊ ပြီးတော့ ကျွန်တော်တို့ ဆက်ပြီးတိုက်နေတဲ့ အယ်လ်ကေးဒါးနဲ့ ကမ္ဘာတ၀ှမ်းက အကြမ်းဖက်သမားအစွန်အဖျားတွေကိုပါ အမြစ်လှန် စီးနင်းတိုက်ခိုက်မှုရဲ့ အောင်ပွဲတစ်ခုဖြစ်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ထပ်ခါထပ်ခါပြောခဲ့တာကို ကမ္ဘာက နားလည်သဘောပေါက်သင့်ပါတယ်။ ဒီနှစ်တွေတိုင်းမှာ၊ နေ့တစ်နေ့တိုင်းမှာ အကြမ်းဖက်ဝါဒကိုဆန့်ကျင်တဲ့စစ်ပွဲဟာ အာဖဂန်နစ္စတန်ရွာလေးတွေနောက်ကိုပဲ လိုက်မနေသင့်ပါဘူး၊ အကြမ်းဖက်ဝါဒကိုဆန့်ကျင်တဲ့စစ်ပွဲဟာ ရိုးသားအပြစ်ကင်းတဲ့ အာဖဂန်ပြည်သူပြည်သားတွေရဲ့ အိုးအိမ်တွေထဲမှာ စီးနင်းမနေသင့်ဘူး၊ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုဟာ အာဖဂန်နစ္စတန်မှာရှိတဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ဗုံးကျဲနေဖို့မဟုတ်ဘူး၊ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တဲ့ စစ်ပွဲဟာ အကြမ်းဖက်သမားရှိနေတဲ့နေရာ၊ သူ့ရဲ့လေ့ကျင့်ရေးစခန်းရှိတဲ့နေရာကိုပဲ နွှဲရမယ်၊ အာဖဂန်နစ္စတန်ကိုမဟုတ်ဘူး။ ဒီနေ့ အိုစလာဘင်လာဒင်သေဆုံးမှုက အမှန်တရားကို သက်သေပြနိုင်ခဲ့ပါပြီ။

တောင်အာရှ

အာဖကန်နစ္စတန်သမ္မတဟာမစ်ကာဇိုင်း
အပြစ်ဒဏ်အရ သေဆုံးခဲ့ရတဲ့ အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုပြီးတဲ့နောက် အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်တွေ ရပ်တန့်သွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်ယူးဆွတ်ဖ်ရာဇာဂီလာနီ
အကြမ်းဖက်ဝါဒအတွက် ကျွန်တော့်တို့ မြေကြီးကို တခြားတိုင်းပြည်ကဆန့်ကျင်ပြီး အသုံးပြုလာမှာကို ကျွန်တော်တို့ ခွင့်မပြုပါဘူး။ ဒါဟာ ကြီးမားတဲ့ အောင်ပွဲတစ်ခုလို့ ကျွန်တော်ထင်တယ်။ အထူးတပ်ဖွဲ့ရဲ့ အောင်မြင်မှုကို ချီးကျူးပါတယ်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး
အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုဟာ ပါကစ္စတန်နိုင်ငံအပါအ၀င် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်ဝါဒ တိုက်ခိုက်၊ အဆုံးသတ်ရေးအဓိဌာန်ကို ပုံဖော်ပြသလိုက်တာပါပဲ။ ဒီအဖြစ်အပျက်ဟာ ကမ္ဘာတ၀ှမ်းက အကြမ်းဖက်အဖွဲ့အစည်းတွေအတွက် ကြီးမားတဲ့အဟန့်အတားဖြစ်စေတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး
ကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံထဲက အကြမ်းဖက်သမားတွေကိုထောက်ပံ့ပေးနေနိုင်တဲ့ ဒုက္ခသည်စခန်းတွေ၊ ဘာသာရေးအဆောက်အဦးတွေကို ထုတ်ပယ်ဖို့၊ အကြမ်းဖက်ဝါဒကို ကျော်လွှားနိုင်ဖို့ စုစည်းကြိုးပမ်းနေမှုတွေ အရေအတွက် လျှော့မချသင့်ဘူး။ ကြိုးပမ်းအားထုတ်မှုတွေမလျော့ပဲ ဆက်လုပ်သွားရမှာပဲ။

ဥရောပ
ယူကေ၀န်ကြီးချုပ်ဒေးဗစ်ကမ်မရွန်း
အိုစမာဘင်လာဒင်သေပြီဆိုတဲ့သတင်းဟာ ကမ္ဘာတ၀ှမ်းကလူတွေအတွက် အထူးသက်သာရာရစေဖို့ ဆောင်ကြဉ်းပေးလိမ့်မယ်။ အိုစမာဘင်လာဒင်က ကမ္ဘာ့အရက်စက်ဆုံးအကြမ်းဖက်တိုက်ခိုက်မှု 9/11 နဲ့ တခြားတိုက်ခိုက်မှုတွေအများကြီးအတွက် တာဝန်ရှိခဲ့ပါတယ်။ အသက်ပေါင်းများစွာသေကြေခဲ့ကြတယ်။ ဗြိတိန်လူမျိုးတွေလည်း အများကြီးပဲ။ သူ့ကိုရှာတွေခဲ့တဲ့သတင်းဟာ ကြီးကျယ်တဲ့အောင်မြင်မှုပါ။ တကမ္ဘာလုံးကိုကြောက်လန့်စေတဲ့သူ့ရဲ့အဖွဲ့သားတွေ အကြမ်းဖက်လုပ်ရပ်တွေအတွက် မကြိုပမ်းနိုင်တော့ပါဘူး။

ယူကေ၀န်ကြီးချုပ်ဟောင်းတိုနီဘလဲ
သမ္မတအိုးဘားမားနဲ့ဒီစစ်ဆင်ရေးကို တာဝန်ယူတဲ့သူ အဆုံးသတ်ကြိုးစားဖမ်းဆီးပေးခဲ့တဲ့သူတွေအားလုံးကို လှိုက်လှိုက်လှဲလှဲချီးကျုးပါတယ်။ ကျွန်တော်တို့ 9/11 ကို ဘယ်တော့မှ မမေ့သင့်ဘူး။ ကျွန်တော်တို့ရဲ့အတွေးတွေမှာ 9/11 မှာ သေဆုံးခဲ့ကြသူတွေ၊ ချစ်ခင်မြတ်နိုးသူတွေဆုံးရှုံးလိုက်ရတဲ့၊ ဆုံးရှုံးမှုတွေနဲ့ ရှင်ကျန်ရစ်သူအမေရိကန်တွေ၊ ဗြိတိန်လူမျိုးတွေနဲ့ ကမ္ဘာတ၀ှမ်းလုံးကသူတွေအားလုံးနဲ့အတူရှိနေပါတယ်။ 9/11 ဟာ ယူနိုက်တက်စတိတ်ကိုပဲထိခိုက်တာမဟုတ်ပါဘူး၊ ယဉ်ကျေးတဲ့လူသားတန်ဖိုးကို အလေးထားသူတွေအားလုံးကိုပါထိခိုက်ခဲ့တာပါ။ ဒီစစ်ဆင်ရေးက အပြစ်မဲ့သူတွေကိုဆန့်ကျင်သတ်ဖြတ်တဲ့လုပ်ရပ်ဟာ တရားမျှတမှုဆီအရောက်ပို့ပေးတယ်ဆိုတာပြတယ်။ အချိန်ဘယ်လောက်ကြာကြာပေါ့။ ဒီသတင်းဟာ အကြမ်းဖက်ဝါဒကိုဆန့်ကျင်မှုမှာ ကြီးမားတဲ့အောင်မြင်မှုပါ။ ဒါပေမဲ့ ကျွန်တော်တို့ သိနေကြတာက အကြမ်းဖက်ဝါဒစစ်ဆင်ရေးနဲ့ ဘင်လာဒင်ရဲ့အယူဝါဒဟာဆက်ပြီးရှိနေဦးမှာပဲ၊ အမြဲတမ်းအရေးကြီးနေဦးမှာပဲ။

ပြင်သစ်သမ္မတနီကိုလာစ့်ဆာကိုဇီ
အကြမ်းဖက်ဝါဒရဲ့ပြင်းထန်တဲ့ပြစ်ဒဏ်က ရာဇ၀င်တွင်တဲ့ ကျဆုံးမှုမျိုးခံစားရမှာပဲ။ ဒါပေမဲ့ ဒါဟာ အယ်လ်ကေးဒါးရဲ့ အဆုံးသတ်တော့မဟုတ်သေးဘူး။

ဂျာမန်အဓိပတိအန်ဂဲလာမာကယ်
ယူအက်စ်စစ်တပ်ရဲ့ အယ်လ်ကေဒါကို အဆုံးသတ်ထိုးနှက်မှု အောင်မြင်ခဲ့ပါပြီ၊ ကွန်မန်ဒိုစစ်ဆင်ရေးက အိုစမာဘင်လာဒင်နဲ့ သူ့ရဲ့ သတ်ဖြတ်မှုတွေကိုအနိုင်ယူလိုက်ပြီ။ အိုစမာဘင်လာဒင်က အပြစ်မဲ့တဲ့လူ ထောင်ပေါင်းများစွာသေကြေပျက်စီမှုမှာ တာဝန်ရှိတဲ့သူဖြစ်ခဲ့တယ်။ သူ့ရဲ့ အမိန့်တွေနဲ့ သူရဲ့အမည်ကြောင့် အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တွေ၊ ခရစ်ယာန်တွေနဲ့ မူစလင်တွေအကြား တိုင်းပြည်အများကြီးမှာထိတ်လန့်ခဲ့ကြရတယ်။ အိုစမာဘင်လာဒင်က သူ့ရဲ့ အကြမ်းဖက်မှုတွေကို အစ္စလာမ်ဘာသာရဲ့အမည်တပ်ခဲ့တယ်။ ဒါပေမဲ့ သူလုပ်ခဲ့တာက သူ့ရဲ့ ကိုယ်ပိုင်သဘောထားအတိုင်းကပျက်ကချော်လုပ်ခဲ့တာ၊ တခြားဘာသာတရားတွေကိုပါ လှောင်ပြောင်ခဲ့တာပါ။

အီတလီဝန်ကြီးချုပ်စီလ်ဗီယိုဘာလူစကိုနီ
ဒါဟာ ယူနိုက်တက်စတိတ်ရဲ့ကြီးကျယ်တဲ့ရလဒ်ဖြစ်သလို ဒီမိုကရေစီနိုင်ငံအားလုံးအတွက်လည်းဖြစ်တယ်။ ကျွန်တော်ထင်တာက ကျွန်တော်တို့ရဲ့ လုံခြံရေးတွေလျှော့မချပစ်သင့်ဘူး၊ ဘာကြောင့်လဲဆိုတော့ အကြမ်းဖက်ဝါဒကို ဆွပေးသလိုလည်းဖြစ်လာနိုင်တယ်။
စပိန်အစိုးရ
အိုစမာဘင်လာဒင်သေဆုံးမှုဟာ အပြည်ပြည်ဆိုင်ရာအကြမ်းဖက်ဝါဒရဲ့ အဆုံးသတ်ခြေလှမ်းဖြစ်ဖို့ ယူဆပါတယ်။ စပိန်အစိုးရက အကြမ်းဖက်ဝါဒဆန့်ကျင်ရေးအတွက် ဘယ်နေရာမှာပဲဖြစ်ဖြစ် ရှင်သန်ကြီးထွားနေကြပါစေ ယူနိုက်တက်စတိတ်နဲ့ အခြားနိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ထပ်ပြီးပြောလိုက်ပါတယ်။

ဥရောပပါလီမန်သမ္မတဂျာဇီဘူဇက်ခ်
ကျွန်တော်တို့ ပိုပြီးလုံခြုံတဲ့ ကမ္ဘာကြီးမှာ နိုးထခဲ့ကြပါပြီ။

တူရကီသမ္မတအဗ္ဗဒူလာဂူးလ်
အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းခေါင်းဆောင်တွေဟာ အဆုံးမှာတော့ အသေဖြစ်ဖြစ်၊ အရှင်ဖြစ်ဖြစ်အဖမ်းခံရမှာပဲဆိုတာပြလိုက်တာပဲ။ ကမ္ဘာမှာ အန္တရာယ်အကြီးဆုံးနဲ့ ဥာဏ်အများဆုံးအကြမ်းဖက်အဖွဲ့အစည်းခေါင်းဆောင်ဟာ ဒီလိုနည်းလမ်းနဲ့ အဖမ်းခံလိုက်ရတယ်ဆိုတာ လူတိုင်းသင်ခန်းစာယူသင့်ပါတယ်။

ရုရှား
အပြည်ပြည်ဆိုင်ရာအကြမ်းဖက်ဝါဒဆန့်ကျင်ရေးစစ်ပွဲမှာ ယူနိုက်တက်စတိတ်က အောင်မြင်မှုရရှိခဲ့တဲ့အတွက် ကရင်မလင်က အရေးပါလှတဲ့အောင်မြင်မှုကို ကြိုဆိုလိုက်ပါတယ်။ အကြမ်းဖက်သမားတိုင်းအတွက် ရှောင်လွှဲမရတဲ့အပြစ်ဒဏ်ဆိုတာရရှိတာပဲ။

အရှေ့အလယ်ပိုင်း

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမန်နာတန်ရာဟု
ဒါဟာ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ရှုတ်ချတဲ့ ဒီမိုကရက်တစ်တိုင်းပြည်တွေဝေမျှလိုတဲ့ တန်ဖိုးထားမှု၊ တရားမျှတမှု၊ လွတ်လပ်ခြင်းအတွက် အုတ်အော်သောင်းတင်းဖြစ်ရတဲ့အောင်မြင်မှုတစ်ခုပါ။

အစ္စရေးသမ္မတရှီမွန်ပဲရက်စ်
လွတ်လပ်တဲ့ကမ္ဘာကြီးအတွက် ကြီးကျယ်တဲ့သတင်းတစ်စပါပဲ။ ယူနိုက်တက်စတိတ်ရဲ့ လုံခြုံရေးတပ်သားတွေရဲ့အောင်မြင်မှု၊ အမေရိကန်သမ္မတ ဘားရက်အိုဘားမားရဲ့ကြီးကျယ်တဲ့အောင်မြင်မှုပါ။ ဒီလူက မီဂါလူသတ်သမားကြီး၊ သူ လူတွေ ထောင်ပေါင်းများစွာသတ်ခဲ့တယ်။ သတ်ခဲ့တဲ့လူတွေဟာ အပြစ်လုံးဝကင်းမဲ့တဲ့သူတွေချည်းပဲ၊ သူက လူတွေကိုသတ်ဖို့ ကြိုးစားတယ်။ အစ္စရေးနိုင်ငံအပါအ၀င် တိုင်းပြည်တွေကို သတ်ဖို့ကြိုးစားတယ်၊ သူ .. သူ့ရဲ့ အဆုံးသတ်ကိုရောက်သွားရတာပဲ။ အကြမ်းဖက်သမားနဲ့ လူသတ်သမားတွေဟာ သိပ်ကိုအန္တရာယ်ကြီးပါတယ်။ ဆေးမနိုင်တဲ့လူတွေရဲ့ အစတေးခံသားကောင်တွေအဖြစ် ကျွန်တော်တို့ မကျဆုံးသင့်ပါဘူး။

ဆော်ဒီအသံလွှင့်ဌာနတစ်ခု
အကြမ်းဖက်အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးအဆုံးသတ်သွားတာဟာ အကြမ်းဖက်ဝါဒနဲ့ အစွယ်အပွားတွေကိုတွန်းလှန်ဖြိုဖျက်ဖို့ ရည်ရွယ်တဲ့ အပြည်ပြည်ဆိုင်ရာကကြိုးပမ်းမှုတွေအတွက် အထောက်အပံ့ပေးမယ့် လှေကားတစ်ထစ်ဖြစ်ဖို့ ဆော်ဒီအာရေဗျက မျှော်လင့်ပါတယ်။

အစ္စမေးလ်ဟားနီးယား (ဂါဇာကမ်းမြှောင်ကဟားမာစ့်အုပ်စုခေါင်းဆောင်)
အာရပ်ရဲ့ မြင့်မြတ်လှတဲ့တပ်သားတစ်ဦးကို သတ်ဖြတ်လုပ်ကြံလိုက်တဲ့အတွက် ကျွန်တော်တို့ ရှုတ်ချတယ်။ မူဆလင်တွေနဲ့ အာရပ်တွေရဲ့ သွေးတွေကို ယိုစီးစေခဲ့တဲ့၊ ဖိနှိပ်ချုပ်ချယ်တဲ့အမေရိကန်ရဲ့ ပေါ်လစီမှာ အခြေခံပြီး ဆက်တိုက်ဖြစ်လာတဲ့ကိစ္စရပ်တွေလို့ ကျွန်တော်တို့ ယူဆပါတယ်။

အီရတ်နိုင်ငံခြားရေးဝန်ကြီးဟောစ့်ရှာဇဲ့ဘာရီ
ကမ္ဘာကြီးထဲက လူတွေအများကြီးလိုပဲ ကျွန်တော်တို့လည်း သူရဲ့စိတ်နေသဘောထားနဲ့ ကွေ့ကောက်တဲ့အယူအဆတွေအဆုံးသတ်သွားတာကို မြင်ရတာဝမ်းမြောက်တယ်။ အီရတ်လူမျိုးတွေလည်း သူ့ရဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့မဟာအကြံအစည်ကြီးမှာ ဒုက္ခခံခဲ့ရတာပဲ။ သူ့ရဲ့ အယူအဆတွေကြောင့် အီရတ်လူမျိုးထောင်ပေါင်းများစွာ အသတ်ခံရတယ်၊ သေကြေခဲ့ကြရတယ်။ အယ်လ်ကေးဒါးနဲ့ ခေါင်းဆောင်ကြီးကြောင့် ကျွန်တော်တို့ ဒုက္ခတွေ တနင့်တပိုး ခံစားခဲ့ကြရတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ရာမင်မာမန်ပါရက်စ်
အကြမ်းဖက်ဝါဒကို တိုက်ခိုက်တယ်ဆိုတဲ့ ဆင်ခြေနဲ့ ယူအက်စ်နဲ့ မဟာမိတ်တွေ အရှေ့အလယ်ပိုင်းမှာ တပ်သားတွေဖြန့်ကျက်ချတာမျိုးကို ခွင့်လွတ်နေစရာအကြောင်းမရှိဘူး။

အာဖရိက

ကန်ညာသမ္မတ မူဝါအီကီဘာကီ
အိုစမာကိုသတ်နေကြတာ နိုင်ရိုဘီမှာ အကြမ်းဖက်ဗုံးခွဲခဲ့လို့ လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပြီး နှစ်ပေါင်း ၁၃နှစ်နီးပါးကြာမြင့်ခဲ့ပြီ၊ အဲဒီဗုံးခွဲမှုမှာလည်း အိုစမာရဲ့ ကြံစည်ညွှန်ကြားလို့ ယုံကြည်ခဲ့ရတယ်။ သူအသတ်ခံရတာဟာ အသက်ဆုံးရှုံး၊ ဒဏ်ရာခံစားခဲ့ရတဲ့ ကင်ညာလူမျိုးတွေအတွက် တရားမျှတမှုတဲ့အဖြစ်အပျက်တစ်ခုပါပဲ။

အာရှပစိဖိတ်

ဂျပန်ဝန်ကြီးချုပ်နာအိုတိုကန်
အကြမ်းဖက်ဝါဒတန်ပြန်တိုက်ရေးရဲ့ အဓိပ္ပါယ်ရှိတဲ့တိုးတက်မှုကို ကျွန်တော်တို့ ကြိုဆိုလိုက်ပါတယ်။ ယူနိုက်တက်စတိတ်နဲ့ ပါကစ္စတန်ရဲ့ကြိုးပမ်းမှုတွေကိုလည်း လေးစားပါတယ်။ တာဝန်ရှိတဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းရဲ့အဖွဲ့ဝင်အဖြစ် အကြမ်းဖက်ဝါဒဆန့်ကျင့်တိုက်ခိုက်ရေးကို အသက်ဝင်အောင် ကျွန်တော်တို့ ဆက်ပြီး ပူးပေါင်းပါဝင်ကြိုးပမ်းသွားပါမယ်။

သြစတြေးလျဝန်ကြီးချုပ်ဂျူလီယာဂျီလာဒ့်
အယ်လ်ကေးဒါး ဒီနေ့ အထိနာခဲ့ပေမဲ့ အယ်လ်ကေားဒါး မပြီးသေးပါဘူး။ ကျွန်တော်တို့ရဲ့ အကြမ်းဖက်ဝါဒဆန့်ကျင်ရေးစစ်ပွဲဟာ ဆက်ပြီးသွားနေရပါဦးမယ်။ အာဖဂန်နစ္စတန်နဲ့အဆက်အဆံ ဆက်လုပ်သွားပါမယ်၊ အဲဒီတိုင်းပြည်ဟာ  အကြမ်းဖက်သမားတွေခိုလှုံရာ နောက်တစ်ခါဖြစ်မလာတော့ပါဘူး။

နယူးဇီလန်ဝန်ကြီးချုပ်ဂျွန်ကီး
ကမ္ဘာကြီးရဲ့ နေရာတွေအများကြီးက လူတွေနဲ့ နယူးဇီလန်နိုင်ငံသား ထောင်ပေါင်းများစွာရဲ့ သေဆုံးမှုတွေမှာ အိုစမာဘင်လာဒင်ဟာ တာဝန်ရှိခဲ့ပါတယ်။ သူ့ကိုဖယ်ရှားလိုက်ရုံနဲ့ အကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ပစ်စေမှာတော့ မဟုတ်ဘူး။ အိုစမာဘင်လာဒင်မရှိတဲ့ ကမ္ဘာကြီးက ပိုပြီးလုံခြုံတဲ့နေရာဖြစ်လာပြီဆိုတာကိုတော့ ကျွန်တော် သံသယမရှိပါဘူး။

အမေရိကန်သမ္မတကြီး၊ နယူးဇီလန်ဝန်ကြီးချုပ်နဲ့ တခြား နိုင်ငံအကြီးအကဲတွေကတော့ ကမ္ဘာကြီးက ပိုပြီးလုံခြုံစိတ်ချရတဲ့ ကမ္ဘာကြီးဖြစ်လာပါပြီလို့ ဆိုတယ်။ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ကြီးသေဆုံးမှုနဲ့ မတူ ခြားနားလှတဲ့ အဘော့တာဘက်ဒ်မြို့လေးမှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်မယ့် သမိုင်းဝင် အိမ်တစ်အိမ်ကျန်ရစ်ပါဦးမယ်။ ဘင်လာဒင်သေဆုံးခဲ့တဲ့နေရာ သမိုင်းဝင်အိမ်တအိမ်နဲ့အတူ အကြမ်းဖက်ခေါင်းဆောင်တွေ၊ နောက်လိုက်တွေလည်း အများကြီးပဲ ကမ္ဘာကြီးရဲ့ နေရာအနှံ့အပြားမှာ ကျန်ရစ်နေပါဦးမယ်လို့ ကျွန်မကတော့ထင်မိတယ်။ Twin Tower ကြီးပြိုကျသွားတော့ အကြမ်းဖက်သမားတွေက ပျော်ရွှင်မြူးတူးစွာကခုန်ကြတယ်တဲ့၊ အခု အယ်လ်ကေးဒါးခေါင်းဆောင်ကြီး သေဆုံးသွားပြီဆိုတော့ အမေရိကန်နိုင်ငံသားတွေ ပျော်ရွှင်စွာခုန်ပေါက်ကြပြန်သတဲ့၊ သေကြေ ပျက်စီးမှုတွေပြည့်နှက်နေတဲ့ ကမ္ဘာကြီးကတော့ အခုထက်ထိ မပျော်ရွှင်နိုင်သေးတာကတော့ အသေအချာပါ။

လူသားအားလုံးအတွက်ဘလော့ဂ်က ဒီပိုစ့်လေး က စာကြောင်း“ကုန်သွယ်ရေး အဆောက်အဦးကြီးလား ? အဲဒါကြီးပြိုတုန်းက သူတို့တွေ ကကြ ခုန်ကြ တယ်။ အခု ဘင်လာဒင် သေပြီဆိုတော့ ဒီလူတွေ ကကြ ခုန်ကြ တယ်။ ဘာတွေ မှန်းကို မသိတော့ဘူး။ တိုက်ပြိုတာလဲ ပျော်စရာမှ မကောင်းတာ၊ အခု ဘင်လာဒင် သေတာကရော ပျော်စရာကောင်းလို့လား” အဲဒါလေးကို သဘောကျလို့ နည်းနည်းယူသုံးထားပါတယ်၊ ခွင့်ပြုပါရှင်။ ငြိမ်းချမ်းရေး နိုင်ငံ သမ္မတကြီး မိုးယံ အား ကျေးဇူးအထူးတင်ရှိပါသည်။


မော်နီတာဂျာနယ်
Vol 1, No-54