Monday, December 3, 2012

အဇာတသတ်နှင့် စက်ယန္တရားများ

ပြီးခဲ့တဲ့ အပတ်က မေမေပြောခဲ့သလိုပါဘဲ အာတသတ်ဟာ လူပေါင်းမှားပြီး တန်ဆောင်မုန်းညရဲ့အလှအေးရိပ်မှာ ကြည်နူးချွေးသိပ်ဖို့ နေနေသာသာ စားလို့ မ၀င်အိပ်လို့မပျော် နေမထိ ထိုင်မသာ နောင်တတွေရ  ဗြုံးကနဲ သူ့ဆရာ ဒေ၀ဒတ် မြေမျိုခံရတယ်လို့ ကြားရော ဒါးသွားလှံသွားပေါ် တည်ရှိနေတဲ့လူလို ဒုက္ခဆင်းရဲတွေ ဖြာဖြာဝေနေသတဲ့။

ဒီနေရာမှာ ဒေ၀ဒတ်မြေမျို ခံရပုံကလေး နည်းနည်းမြင်သာ ထင်သာ ပြောပြချင်သေးတယ်။ ဒေ၀ဒတ်ဟာ ယသော်ဓရာဒေ၀ီရဲ့ မောင်တော်အရင်း ဖြစ်တာမို့ ဘုရားရှင်နဲ့ ဆွေမျိုးစပ်ရင် လူ့ဘ၀က ယောက်ဖတော် ဖြစ်ပါတယ်။ ဘုရားကို အမြဲ ကန့်လန့်တိုက်ခဲ့တဲ့  ဒေ၀ဒတ်ဟာ နောက်ဆုံးသူ့အမှားကိုမြင်လာတဲ့ တနေ့ ဘုရားရှင်ကို ကြေရာကြေကြောင်းဝန်ချတောင်းပန်ဖို့ အသွား ဘုရားရှင့် ဇေတ၀န်ကျောင်းတော် အနီး ရေကန်ကြီးအရောက် ကိုယ်လက်သန့်စင်မယ်လို့ ညောင်စောင်းကုတင်က အဆင်းခြေနင်းရာ အရပ်မှာဘဲ  မဟာပထ၀ီမြေကြီးက ဟက်တက်ခွဲ စုပ်ယူ မျိုချလိုက်တာ တချီတည်း မဟာအ၀ီဇိငရဲကို တန်းရောက်သွားပါသတဲ့။
(ဒေ၀ဒတ်က သွေးအံထားတော့ အားပျော့ပြီး မလှုပ်နိုင်ဘူး။ညောင်စောင်းကုတင်ကို ထမ်းစင်လုပ် ခေါ်လာကြတာ)
ဒီအကြောင်းကို လဲ ကြားရော အဇာတသတ်ဟာ ဘယ်လိုမှ ဆောက်တည်လို့ မရဘဲ ပူဆွေးသောကရောက်နေရာက  ဆရာဇီဝကလမ်းညွှန်ချက်အရ  ဘုရားရှင့်အထံတော်ဝင် သူ့အမှားကို ပြင်ဆင်ခဲ့ရတယ်မဟုတ်လား။ ဘခင်ကိုပြစ်မှားမိခဲ့တဲ့ကံကြောင့် မဂ်ဖိုလ်ရဖို့ အခွင့်မရှိတော့ဘူး။ သာမန် သောတာပန် အဆင့်မျှလောက်နဲ့ဘဲ ကျေနပ်ရတော့တာပေါ့။

အဲဒီနော က်  မြတ်ဘုရားရှင်ဟာ မာန်နတ်ရဲ့ တောင်းဆိုမှုကို လိုက်လျောပြီး အာယုသင်္ခါရ လွှတ်တော် မူတယ်။နောက်သုံးလအကြာမှာ ပရိနိဗ္ဗာန်စံပါတယ်။ အဲဒီနောက် ရှင်မဟာ ကဿပ ရဟန္တာကြီးမှူးပြီး ပထမသင်္ဂါယနာတင်ပါတယ်။ သင်္ဂါယနာ တင်ရတဲ့အကြောင်းရင်းကိုတော့ ဗုဒ္ဓစာစဉ်တွေမှာ ရေးခဲ့ဖူးပါပြီ။ ရဟန်းတော်များ သင်္ဂါယနာ တင်ရာမှာ မင်းရဲ့ အထောက်အပံ့ဟာ အလွန်အရေးပါပါတယ်။ အဇာတသတ်မင်းဟာ စရည်းပင်ပေါက်ရာ လှိုဏ်ဂူဝတွင် ရဟန်း၅၀၀ စုဝေးနိုင်တဲ့ ဗိမာန်တခုကို နတ်တို့ ဖန်ဆင်းသည့်အလား အဆန်းတကျယ် တည်ဆောက်လှူဒါန်းခဲ့ပါတယ်။ရဟန်းတော်များလိုအပ်သမျှ ဆွမ်းကွမ်းကအစ ဘာမှ မချို့ တဲ့စေရဘူးတဲ့။
(ဆဋ္ဌသင်္ဂါယနာတင်စဉ်က မြန်မာနိုင်ငံမှာ ၀န်ကြီးချုပ် ဦးနုဟာလည်း အဲဒီလိုဘဲ ဆွမ်းကွမ်းကအစ ပံ့ပိုးပြီး  ရဟန်းတော်များစုဝေးဖို့ကမ္ဘာအေး လှိုဏ်ဂူတော်ကြီး ကို ခန်းခန်းနားနား ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။) 

အဇာတသတ်ဟာ ဗုဒ္ဓဘာသာမှာ မိမိဆန္ဒအလျောက် သက်ဝင် ယုံကြည်ပြီးတဲ့နောက် ဗုဒ္ဓဘာသာကို ပြန့်ပွားထွန်းကားအောင် ဆောင်ရွက်ခဲ့ပုံကလေးကို မေမေက ပြောချင်တာပါ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံအပြီးမှာ အလောင်းတော်ကို စန္ဒကူးနံ့သာထင်းပုံထက်မှာ ထားပြီး ပူဇော် ကံတော့ကြစဉ် အလိုအလျောက်ရဲရဲတောက်လောင်ခါ  မီးသဂြိုလ်ပြီးဖြစ်ရာမှ  ကြွင်းသော ဓါတ်တော်တို့ကို    အဇာတသတ်မင်းဟာ အာဏာစက်နဲ့ စုစည်းခဲ့ရပါတယ်။ဓါတ်တော်များဟာ ဒေါနပုဏ္ဏား အဝေမတဲ့ရာက နေရာအနှံ့ ပျံ့ နှံ့ ကုန်လို့ပါ။ ရဟန်းတော်များနှင့် ညှိနှိုင်းတိုင်ပင်ပြီးဘုရားသာသနာနဲ့ ကောဇာတညီတည်းဖြစ်ရန် ၁၄၈ ကိုဖြိုပြီး ကိန်းအသစ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ခု သာသနာ ၂၅၀၀ ကျော်ခဲ့ပါပြီ။ အတိအကျကိုတော့ အမေက မသိဘူးဖြစ်နေတယ်။ 

အဇာတသတ်ဟာ ဘုရားဓါတ်တော်တို့ကို ဌာပနာဖို့ ရာဇဂြိုလ်ပြည်ရဲ့ အရှေ့တောင်ဘက် ကုန်းခေါင်မြင့်မောက်ရာအရပ်မှာ  မတ်မတ်ရပ်ပြီး “တူး၍နက်သော်လည်း ရေမထွက်စေသော။မညီမလှသော ကျောက်တို့သည် ကွယ်ပျောက်၍မြေအတိပြီးစေသော" လို့  ဒိဋ္ဌာန်ပြိး မြေတူးပါတယ်။  မြေကျစ်စာတွေကိုအုတ်ဖုတ်ပါတယ်။ တွင်းရဲ့ အပေါ်က ရဟန္တာ ၂ကျိပ် တို့ရဲ့ စေတီများဝန်းရံ တည်ထားပါတယ်။တွင်းရဲ့ အနက်ကိုတော့ အတောင်၆၀ ရောက်အောင်တူးသတဲ့။ပြီးမှ အောက်ခြေကြေးနီပြားခံ ကျောင်းဆောက်တယ်။  ဓါတ်တော်မွေတော်တို့ကို စန္ဒကူးကြုပ်ရှစ်လုံးမှာ ထည့်သွင်းပါတယ်။ရတနာကိုးပါးတို့နဲ့ စီချယ်တဲ့ ရွှေကြုပ် ငွေကြုပ် တို့ဖြင့်  အပေါ်က ထပ်ခါထပ်ခါ အဆင့်ဆင့်   မွန်းမံ ထားရှိတယ်။    အပေါ်ကမှ တခါ ပတ္တမြားပြောက် ကျောက်ကို စေတီပြု ပြန်တယ်။ပြီးရင် ရွှေကျောင်း ငွေကျောင်း ပတ္တမြားကျောင်းစသည် အထပ်ပေါင်း ၁၆၀ရှိတယ်လို့ ဗုဒ္ဓ၀င်မှာ (ဇိနတ္ထပကာသနီကျမ်း)ပြဆိုထားတယ်။  

 တခါ အဲဒီ ဓါတ်တော် ဋ္ဌာပနာတိုက်ကိုမှ ရတနာ ၇ပါးအတိပြီးတဲ့ သဲတို့နဲ့ ကြဲပက် ဖြန့်ချပြီးရေပန်း တွေလြဲပုလုပ်ထားတယ်တဲ့။  ပြီးတော့ ၅၅၀ ဇတ်တော်လာ ဘုရားသခင်ရဲ့ မိခင်ဘခင် ဆွေမျိုးစသည် ဖွားဖက်တော်များပါမကျန် ရွှေအတိ အရုပ် သွန်းလုပ်ထားရှီပြန်တယ်။ ရွှေတံခွန် ငွေတံခွန် ၅၀၀စီ ရွှေမြူတာ ငွေမြူတာ ၅၀၀စီ နဲ့ ရွှေဆီမီးတိုင် ငွေဆီမီးတိုင် နံ့သာ ဆီမီးတိုင် ၅၀၀စီကိုလဲ ထားရှိတယ်။။ပြီးရင် မွှေးကြူလှတဲ့ ကြာညိုပန်းတခိုင်ကိုလဲ စိုက်ထူထားတယ်တဲ့။ ဒါတွေဟာ အဇာတသတ်မင်းက ရှင်မဟာ ကဿပရဲ့ အစီအမံနဲ့ ပြုလုပ်ထားရှိတာပါ။ ရှင်မဟာကဿပက နောင် အာသောကမင်းကြီး ဖွင့်လှစ်ယူဆောင် သာသနာပြုတဲ့နေ့အထိ ဆီမီးမငြိမ်းစေရန် ပန်းမညှိုးစေရန် ဓိဋ္ဌာန်ခဲ့တယ်ကွဲ့။ ရွှေပေမှာလည်းအက္ခရာရေးထိုးခဲ့သေးတာ။ အစီအမံတွေက အဆန်းတကျယ်တွေချည်းဘဲ။ ဒါတွင်ဘယ်ကမလဲ။ အထူးပြောချင်တာက ယန္တရားစက်တွေဘဲကွဲ့။

ရန်သူတွေ ဖျက်ဆီးနိုင်ခြင်းမရှိအောင် လက်နက်စွဲကိုင်ထားပြီး လေအဟုန်လို လျင်မြန်လည်ပတ်နေတဲ့ သက်ရှိလူသားလို အရုပ်တွေ ဆင်ရုပ် မြင်းရုပ်တွေ ကိုလဲ ယန္တရားအတတ်နဲ့ ဆန်းဆန်းပြားပြားဆင်ထားခဲ့သေးတာပါ။ အဲဒီအရုပ်တွေဟာ အလွန်ကြောက်မက်ဖွယ် သတ်မယ် ဖြတ်မယ်နဲ့ လည်ပတ်နေလိုက်တာ မြင်တာနဲ့ အသက်တောင် ထွက်လောက်သတဲ့။ အဲဒီအပေါ်ကမှကျောက်ဖျာကြီးတွေနဲ့ ဖုံးအုပ်ပြန်တယ်။ ကျောက်ဖျာပေါ်ကမှ မြေမှုံတွေ ခင်းပြီး ကျောက်စေတီ တည်ထားကိုးကွယ်ပြန်တယ် ကွဲ့။ ဘလောက်များ အစီအမံ ကောင်းလိုက်သလဲနော်။ ဒီလိုနဲ့
အဇာတသတ်မင်းဟာ အစဉ်အတိုင်းမင်းပြုပြီး နန်းသက် ၃၂နှစ်မှာ  ဘုရင်လုပ်ချင်လှပြီဖြစ်တဲ့ သားတော် ဥဒယဘဒ္ဒ မင်းသား လုပ်ကြံလို့ ကံကုန်ခဲ့ပါတယ်။ သူဟာ ပဋိသန္ဓေ ကောင်းပါလျက် လူပေါင်းမှားခဲ့ပါတယ်။ မှားမှန်းသိတာနဲ့ ပြန်လည်ပြင်ဆင်ခဲ့တာရယ် ဘုရားသာသနာ အဓွန့်ရှည်အောင် ပြုမူဆောင်ရွက်ခဲ့တာတွေရယ်ကြောင့် သူဟာ မဟာအ၀ီဇိငရဲမှာ အနှစ် ၆သောင်းသာ ခံရမှာဖြစ်ပြီး အရိမေတ္တေယျ ဘုရားမပွင့်မီ အချိန်မှာပင် ပစ္စေကာဗုဒ္ဓါ အဖြစ် ကျွတ်တမ်းဝင်ပါလိမ့်မယ်။

ပါဋလိပုတ်ပြည် အာသောကမင်းကြီး လက်ထက်ရောက်တော့ အဇာတသတ်မင်းထားရစ်ခဲ့တဲ့ ဓါတ်တော်တိုက်ကို ဖေါက်ပြီး ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင်ကို ရည်စူးပြီး စေတီပေါင်းရှစ်သောင်းလေးထောင် ၊ ရေတွင်းပေါင်းရှစ်သောင်းလေးထောင် တည်ထားပါတယ်။ ဓါတ်တော်များကိုလည်း ဌာပနာပြီး စေတီတည် ကိုးကွယ်ခဲ့တယ်ကွဲ့။ ပထမတော့ သူကလျို့ဝှက်တည်ဆောက်ထားတဲ့  ဓါတ်တော်တိုက် ကို သေချာမသိဘူး။ ရဟန်းတွေ တဆင့်စကားပြောကြားချက်အရ ရဇဂြိုလ်ပြည်မှာ အဇာတသတ်မင်းက အစီအမံထားခဲ့ကြောင်း သိတာပဲရှိတယ်။ အဲဒါ ယန္တရားအတတ်ကို နားလည်တတ်ကျွမ်းတဲ့ ဆရာကို အသပြာ ထောင်ထုပ်ကို ဆင်ကျောက်ကုန်းမှာတင်ပြီး  စည်လည် ရှာရတယ်။

ရှာတော့ ယခင် ယန္တရားအတတ်ကျွမ်းသူ အဆက်အနွယ်ထဲက ခေါမတိုင်း ယောမသားတွေက ငွေတထောင်ထုပ်ကို လာသိမ်းကြတယ်လေ။ အဲဒီ ယန္တရားအတတ် ကျွမ်းသူများဟာ  ယောမ သား ခေါမသားလို့ ဆိုတယ်။ သူတို့ ကိုယ်မှာ မိမိအမည်နဲ့တကွ အတတ်ပညာကို ရေးထိုးထားကြတယ်။ တခြားတနိုင်ငံကိုသွားရင် သူတို့က လိုက်လံသတ်ဖြတ်ပြစ်ကြသတဲ့။ မိမိတို့ အတတ်ပညာကို ပြန့်ပွားမှာ စိုးလို့ တဲ့။အကြောင်းက ဒီလိုကွဲ့။ တခါတော့ ပါဋလိပုတ်သားတယောက်ဟာ ယောမခေါမတိုင်းကို သွားပြီး ယန္တရားအတတ်သင်ဖို့ ယန္တရားဆရာရဲ့သမီးနဲ့ ရင်းနှီးကျွမ်းဝင်အောင်လုပ် သမက်ဖြစ်လာတဲ့အခါ ယောက္ခမ က မနေသာ ယန္တရားအတတ်ကို သင်ပေးရတော့တာပေါ့။  သားသမီးထွန်းကားတဲ့အခါ  အတတ်ပညာကလဲ စုံပီိဆိုတော့ ပါဋလိပုတ်ပြည်ကို ပြန်ချင်တာပေါ့ကွယ်။ဒါနဲ့ သားကိုမှာတယ်။ အဖေတော့ မွေးရာဇာတိကို ပြေးတော့မယ်။ ပြေးမှန်းသိရင်  ဒီက လူတွေက ကောင်းကင်ခရီးကနေ သူတို့ ယန္တရားအတတ်နဲ့ အဖေ့ကို လိုက်သတ်လိမ့်မယ်။ အဖေ လွတ်အောင်ပြေးရလိမ့်မယ်။ တကယ်လို့ အဖေအသတ်ခံရရင် အဖေ့ကိုယ်ကအတတ်ပညာကိုယူပြီးအသက်မွေးပါလို့ မှာသတဲ့။ အဖေဖြစ်သူဟာ ပါဋလိပုတ်ပြည်ကို ပြန်မရောက်မီ အသတ်ခံသွားရပါတယ်။

အဖေမှာခဲ့တဲ့အတိုင်း အလောင်းကို သင်္ဂြိုလ်ပြီး သူ့ပေါင်မှာရှိတဲ့ အတတ်ပညာကိုယူကာ သားက အသက်မွေးနေတာကိုး။ ဘုရင် စည်လည်တော့ သူကငွေထုပ်ထွက်သိမ်းတာလေ။  ဒါနဲ့ ယန္တရား ဆရာက မြေကိုတူး တံတိုင်ခုနှစ်ထပ်ကို အစဉ်အတိုင် တဆင့်ချင်း ဖယ်ရှားတော့တယ်။ဓါတ်တော်ပြသာဒ်ပေါ်လာတဲ့အခါ မင်းကြီးနဲ့တကွ ပြည်သူပြည်သားများ လင်္ကျာရစ် ၃ကြိမ်လှည့်လို့ စုပေါင်း ဖူးမျှော့်ကြတယ်။   ဆီမီးတိုင်တွေလဲ မငြိမ်းပါဘူး။ ကြာညိုပန်းဟာလဲမနွမ်းပါဘူး တဲ့။ နှစ်ပေါင်းအများကြိးနော် တွက်ရမှာပျင်းလို့ တွက်တော့ မကြည့်မိဘူး။ နောက်ဆုံးအဆင့်အနေနဲ့ လက်နက်စွဲကိုင်ထားပြီး  အရှိန်အဟုန်ပြင်းစွာ  လည်ပတ်ပြေးလွှားနေသူ  စက်ယန္တရား ရုပ်တွေကို လုံးဝငြိမ်သက်စေနိုင်ခဲ့ပါတယ်။့ သီရိဓမ္မာ  အသောကမင်းကြီးဟာ လည်း အဇာတသတ်မင်း ခက်ခက်ခဲခဲ ထားရှိခဲ့တဲ့ ဓါတ်တော်တိုက်ကို ယန္တရားစက်ဖျက်ဆီးရယူနိုင်ပြီး အမြို့မြို့ အနယ်နယ်မှာ စေတီပေါင်းရှစ်သောင်း လေးထောင် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် တည်စေပါတယ်။

မိမိရင်မှဖြစ်သော သား မဟိန္ဒနဲ့ သမီး သင်္ဂမိတ္တာတို့ကို သာသနာ့ဘောင်အတွင်းသွတ်သွင်း ချီးမြှင့်ပြီး လင်္ကာဒီပကျွန်းကို( သီဟိုရ်ကျွန်း ယခု သီရိလင်္ကာနိုင်ငံ) သာသနာပြု စေလွှတ်ခဲ့ပါတယ်။  ဒီအကြောင်း ယောမတိုင်းသားတို့ ကြားသိတဲ့အခါ ယောမဘုရင်ကို လျှောက်ထားပါတယ်။ ယောမဘုရင်က သိပ်စိတ်ဆိုးပြီး ဘယ်သူဖျက်သနည်း မေးတော့ ရှေးယခင်က အတတ်သင်လာဖူးသူ၏ သား ဖျက်ဆီးကြောင်း လျှောက်တင်တဲ့အခါ သံအတိပြီးသောတံတင်းတခု တည်ဆောက်စေပြီး အတွင်းမှာ သံလျက်ပုန်းစွဲကိုင်သူ သူသတ်သမားကိုစီရင်ကာ အသောကမင်းကြီးထံ လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သစေတယ်။ အသောကမင်းကြီးနိုင်ငံမှာ ဒီလိုပညာရပ်မျိုး တတ်ကျွမ်းသူ မရှိပါဘူး။ ယခင် ယန္တရားဆရာကလေးကို ခေါ်ယူ ဖွင့်စေတဲ့အခါ ဆရာလေးက  မဖွင့်ပါရစေနှင့် လို့ အကြိမ်ကြိမ်ငြင်းဆိုပါတယ်။ သံတံတင်း(သေတ္တာ) အတွင်းမှာ ပါရှိတဲ့ စက်ရုပ်ဟာ သူ့လည်ကိုဖြတ်ယူပြီး ယောမသို့ ကောင်းကင်ခရီးဖြင့် လျင်မြန်စွာ ပြေးသွားမှာဖြစ်ကြောင်းပြောပေမဲ့ ဘုရင်က နားမ၀င်ပါဘူး။  ရတနာ သေတ္တာသာဖြစ်တယ်လို့ ယူဆပြီး မင်းမိန့် မင်းအာဏာနဲ့ဖွင့်ခိုင်းတော့တယ်။

ဖွင့်မိရင် ဖုတ်သွင်းအပ်သော လူရုပ်ဟာ သူ့လည်ကို ထိုးခုတ်ဖြတ်ယူလိမ့်မယ် အသက်ကို ချမ်းသာပေးပါလို့ သနားစဖွယ်ပြောသော်လဲ ဘုရင်က မယုံပါဘူး။ အမတ်တွေ စကားကိုသာ အကောင်းထင်ပြီး အဓ္မ္မဖွင့်စေပါတယ်။ မဖွင့်ရင်လဲ ဘုရင်က သတ်မယ်။ ဖွင့်ရင်လဲ လူရုပ်က သတ်ဖြတ်မယ်။ တကယ့် အကျဉ်းအကြပ်ထဲပါဘဲ။ယန္တရားဆရာလေးဟာ အိမ်သူဇနီးနဲ့ သားသမီးထံပြန်လို့ မှာစရာရှိတာ မှာကြားပြီး ဘုရားကို အာရုံပြု လို့ မင်းမိန့်အတိုင်း ဖွင့်ပါတယ်။ လျှို့ဝှက်တဲ့သော့ခလုပ်လဲပွင့်ရော သေတ္တာထဲက သံလျက်နှင့်လူ ဟာ ခုန်ထွက်လာပြီး တချက်တည်း ၀ါးညွှန့်ကို ဖြတ်သလို ဦးခေါင်းကိုဖြတ်ယူခါ ကောင်းကင်ခရီးကနေ ယောမတိုင်းကို လေအလျင်ကဲ့သို့ ပြေးပါလေရော တဲ့ကွယ်။

ကျမ်းကိုး..ကျီးသဲလေးထပ်ဆရာတော်၏  ဇိနတ္ထပကာသနီကျမ်း။

မေမေ ခင်မေသစ်

1 comment:

  1. ဒီလိုဇာတ်တော်လေးတွေ ဖတ်မိတော့ တီတင့်တို့ ငယ်စဉ်ကဆိုရင် ဇာတ်တော်တွေကို ဇာတ်လမ်းလေးတွေလို ကြည့်ဘူးပြီး အာရုံထဲမှာစွဲကျန်ခဲ့သလို ဗုဒ္ဓဝင်ဇာတ်တော် အတော်များများကို သိနေတယ်လေ။ အခုခေတ် လူငယ်အချို့ ကံ ကံရဲ့အကျိုးကို ယုံကြည်မှုအားနည်းလာတာ တွေ့ရတယ်။
    ပြန်လည်ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ ဖြိုးဖြိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete