Showing posts with label ဘီလူးကြီး သို့မဟုတ် ဘလူးဂျီးန်စ်. Show all posts
Showing posts with label ဘီလူးကြီး သို့မဟုတ် ဘလူးဂျီးန်စ်. Show all posts

Saturday, March 12, 2011

ဘီလူးကြီး သို့မဟုတ် ဘလူးဂျီးန်စ်

ဂျီးန်စ် ဟာ ဒဲနင်မ်သား နဲ့ချုပ်ထားတဲ့ ဘောင်းဘီတွေဖြစ်ပါတယ်၊
[ဒဲနင်မ်သားဟာ ချည်ကြမ်းကျစ်လိမ်ထားတဲ့ရက်ထည်ဖြစ်ပါတယ်၊ ဖောက်ချည်မျှင်ကို ထုပ်ပိုးမယ့်ချည်နှစ်ကြောင်း ဒါမှမဟုတ် နှစ်ကြောင်းထက်ပိုတဲ့ချည်ရဲ့အောက်ကနေဖြတ်ပြီးယက်ထားတဲ့ချည်ကြမ်းသားပါ။ ဒဲနင်မ်သားကို ရှေးရိုးရာမဲနယ်ပြာဆိုးဆေးအသုံးပြုပြီး ဘလူးဂျီးန်စ်အဖြစ်ပြုလုပ်ခဲ့ကြတယ်၊ မဲနယ်ပြာ(Indigo)ဟာ သစ်ပင်တွေကထုတ်ယူထားတဲ့ ထင်ရှားတဲ့အပြာရောင်အော်ဂဲနစ်ဓါတ်ပေါင်းပါ]

အစောဆုံးအမေရိကန် ဂျီးန်စ်အပြာ(ဘလူးဂျီးန်စ်) အချို့ကို ဂျက်ကော့ဘ်ဒါဗစ်စ်၊ ကယ်လ်ဗင်ရော်ဂျားစ် နဲ့ လေးဗီးစထရောက်စ် တို့ က ၁၈၇၃ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ကြတယ်၊ ၁၉၅၀ မှာ ဂျီးန်စ်ကို အလုပ်သမားတွေအတွက်ရည်ရွယ်ဒီဇိုင်းထုတ်ခဲ့ပါတယ်၊ နောက် လူငယ်တွေကြားပေါ်ပြူလာဖြစ်လာတယ်၊ သမိုင်းဝင် ဂျီးန်စ် တံဆိပ်တွေမှာ Levi’s ၊ Lee နဲ့ Wrangler တို့ဖြစ်ကြတယ်၊ ဂျီးန်စ် အကျပ်တွေအမျိုးမျိုးမှာ skinny, straight , tapered , boot cut , mommy cut , maternity နဲ့ flare ဆိုပြီး ရှိပါတယ်၊

ဂျီးန်စ် Jeans တွေဟာ ဒီနေ့တကမ္ဘာလုံးမှာ မရှိမဖြစ် လူတိုင်းဝတ်ဆင်နေကြတဲ့အ၀တ်အစားဖြစ်နေပါပြီ၊ စတိုင်လ်အမျိုးမျိုးနဲ့ အရောင်အမျိုးမျိုးရနိုင်နေပြီ၊ ဒါပေမဲ့ အပြာရောင်ဂျင်း ကတော့ အမေရိကန်ယဉ်ကျေးမှုကိုရည်ညွှန်းနေပါတယ်၊ အထူးသဖြင့် ရှေးခေတ်အမေရိကန်လူမျိုးတွေပြယုဂ်ပါပဲ။

ဘီလူကြီး သမိုင်း ၁

ဂျီးန်စ်(Jeans) ဆိုတဲ့စကားလုံးဟာ အိန္ဒိယနိုင်ငံ ဒေလီမြို့ကလာတယ်လို့ဆိုတယ် bleu de Gênes(the blue of Genoa) ဆိုတဲ့ စာပိုဒ်ကလာတယ်၊ ဂျီးန်စ် အ၀တ်အထည် (ဒဲနင်မ်သား-denim)သမိုင်းမှာ ပြင်သစ်နိုင်ငံ မြိ့လေးဖြစ်တဲ့ နီးမ်မာ(Nimes)နဲ့ denim စကားလုံးပေါင်းပြီး(de Nimes) ဖြစ်တယ်၊ နောက်တစ်ခုက အိန္ဒိယနိုင်ငံ ဒွန်ဂရီ(Dongari killa) မြို့လေးရဲ့ စာလုံး dungarees ကလာတယ်လို့လဲ ဆိုကြပြန်တယ်၊ ဒဲနင်မ်ဘောင်းဘီတွေကို ၁၅ရာစုအတွင်းက အီတလီနိုင်ငံ တူရင်မြို့တော်အနီးက ချီရီမြို့လေးမှာ ချုပ်လုပ်ခဲ့ကြတယ်၊ ၁၉ရာစုမှာ ပေါ်ပြူလာဖြစ်လာခဲ့ပါတယ်၊ အဲဒီဘောင်းဘီတွေကို မြောက်ပိုင်းအီတလီက အရေးပါလှတဲ့ ဆိပ်ကမ်းမြိုကလေး ဂျဲနိုဝါ တ၀ိုက်ရောင်းချခဲ့တယ်၊ ရေတပ်သားတွေများလှတဲ့နေရာလေးမှာ  ဒဲနင်မ်သားဘောင်းဘီတွေ ရောင်းအားကောင်းလှပါတယ်၊ သင်္ဘောကုန်းပတ်မှာဆေးကြောရတဲ့သင်္ဘောသားတွေအတွက် အကြမ်းပတမ်းအသုံးခံတဲ့ ဒဲနင်မ်သားဘောင်းဘီတွေက သူတို့အတွ တကယ့်လိုအပ်ချက်ဖြစ်လာခဲ့တယ်၊ အဲဒီခေတ်က သင်္ဘောသားတွေဟာ ဒဲနင်မ်သားဘောင်းဘီတွေကို ပိုက်ကွန်ထဲမှာ စုပြုံထည့်ပြီး သင်္ဘောနောက်ပိုင်းမှာ ချိတ်ကာဒရွတ်ဆွဲကာ ပင်လယ်ရေနဲ့ ဆေးကြောလျှော်ဖွတ်ကြပါတယ်၊ ပင်လယ်ရေနဲ့ နေရောင်ကြောင့် ဆေးရောင်တွေကျွတ်ပြီး တဖြည်းဖြည်းဖြူကုန်ကြတယ်။

၂၀ရာစုမှာ ဂျီးန်စ်(အဲဒီခေတ်တုန်းက ခေါ်တာ ဒန်ကရီးစ်) အပြာဖျော့ချည်သားအချောရှပ်အကျီဟာ ယူနိုက်တက်စတိတ်ရေတပ်ရဲ့ အလုပ်လုပ်တဲ့ယူနီဖောင်းဖြစ်လာခဲ့တယ်၊ အလုပ်လုပ်တဲ့ယူနီဖောင်းဟာ ရိုးရာယူနီဖောင်းကိုပဲ သင်္ဘောရဲ့ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ခံနိုင်အောင် ရွေးချယ်ကြပါတယ်၊ ၁၉ရာစုအတွင်း ဘောင်းဘီကိုတဖြောင့်တည်းအရှည်ပဲ ချုပ်ခဲ့ကြပြီး ၂၀ရာစုမှာ boot cut စတိုင်လ် ဖိနပ်ပေါ်လာတဲ့အတိုဝတ်ဖို့ခွင့်ပြုလာခဲ့တယ်၊ အကျဉ်းထောင်မှာ ထောင်သားတွေအတွက် ယူနီဖောင်းအဖြစ်လဲ ဂျီးန်စ်ကို အသုံးပြုလာကြတယ်၊ ဒဲနင်မ်ဘောင်းဘီတွေဝတ်ထားတဲ့ အကျဉ်းသားအဖြစ် Cool Hand Luke အမေရိကန်ဒရာမာရုပ်ရှင်မှာ ပေါလ်နယူးမန်းစတင်ဝတ်စားထားတာ တွေ့နိုင်ပါတယ်။

၁၈၅၀ ခုနှစ်မှာ လေးဗီးစထရောက်စ်ဟာ ဘလူးဂျီးန်စ်ကို ကယ်လီဖိုးနီးယားမှာ ရွှေရှာတဲ့မိုင်းသားတွေအတွက် ချုပ်လုပ်ရောင်းချခဲ့ပါတယ်၊ စထရောက်ရဲ့ ဖေါက်သည်တစ်ယောက်ဖြစ်တဲ့ အပ်ချုပ်သမားဂျက်ကော့ဘ်ဒါဗစ်စ် ဟာ လေးဗီးစထရောက်ကုမ္ပဏီ ပင်မအရောင်းဌာနကနေ ၀ယ်ယူပါတယ်၊ ဒါဗစ်ရဲ့ ဖောက်သည်တစ်ယောက်က ပြဲစုတ်သွားတဲ့ ဘောင်းဘီတွေကိုပဲဝယ်ပါတယ်၊ ပြန်လည်ဖာထေးပြီးအသုံးပြုလေ့ရှိပါတယ်၊ အဲဒါနဲ့ ဒါဗစ်က ကြေးနီသံမှိုလေးတွေကို အိတ်ကပ်ရဲ့ထောင့်လို ပြုတ်ထွက်လွယ်တဲ့နေရာမှာ တပ်ဖို့ စိတ်ကူးရခဲ့ပါတယ်၊ ဒါဗစ်မှာ မူပိုင်ခွင့်ဝယ်ယူဖို့ ပိုက်ဆံမရှိပါဘူး၊ စထရောက်ဆီ စာလှမ်းရေးပြီး သူ့ရဲ့ ကြေးနီသံမှိုကြယ်သီးဒီဇိုင်း အကျိုးတူစီးပွားရေးလုပ်ဖို့ တိုင်ပင်ပါတယ်၊ ဒါဗစ်ရဲ့ ကမ်းလှမ်းချက်ကို စထရောက်ကလက်ခံလိုက်ပြီးတဲ့နောက် ၁၈၇၃ မေ ၂၀ မှာ “အိတ်ကပ်ပေါက်တွေကို မြဲမြံစေမယ့် တိုးတက်မှု” ဆိုတဲ့ ယူအက်စ် မူပိုင်ခွင့်အမှတ် ၁၃၉,၁၂၁ ရရှိခဲ့ကြတယ်။

၁၈၈၅ မှာ ဂျီးန်စ်တစ်ထည်ဟာ ၁.၅ ဒေါ်လာ(ဒီနေ့ဈေး ပျှမ်းမျှ ၃၇ ဒေါ်လာ) ပေးရပါတယ်၊ ဒီနေ့ ဂျီးန်စ် တစ်ထည်ကို ဒေါ်လာ ၃၀ နဲ့ ဒေါ်လာ ၅၀ ၀န်းကျင်ပေးရပြီး၊ ပိုပြီးစတိုင်ကျတဲ့ ဂျီးန်စ်အတွက် ဈေးပိုကြီးပါတယ်၊ အမေရိကမှာ ဂျီးန်စ်အတွက် အသုံးပြုငွေ ၂၀၀၄ ခုနှစ်မှာ ဒေါ်လာ၁၄ ဘီလီယံ ရှိပြီး ၂၀၀၅ ခုနှစ်မှာ ဒေါ်လာ ၁၅ဘီလီယံအသုံးပြုခဲ့ကြတယ်။

ဘီလူကြီး သမိုင်း ၂
လေးဗီးစထရောက်စ် ဘလူးဂျီးန်စ်ကို တီထွင်ခဲ့တာ နှစ်ပေါင်း ၁၃၀ခန့်ရှိခဲ့ပါပြီ၊ ဒီနေ့ထိခေတ်စားနေဆဲပါပဲ၊ အစပိုင်းမှာ လယ်သမားတွေနဲ့ အလုပ်သမားတွေဝတ်ဆင်ကြပြီး၊ ကလေးငယ်တွေကတော့ ဆော့ကစားချိန်တွေမှာ အကြမ်းခံအောင်ဝတ်ဆင်ခဲ့ကြပါတယ်၊ တစ်ချို့ကလည်း သက်တောင့်သက်သာရှိလို့ဝတ်ခဲ့ကြတယ်၊ ၁၉၅၀ခုနှစ်မတိုင်ခင်မှာ ဘလူးဂျီးန်စ်ဟာ အမေရိကအနောက်နဲ့ အနောက်တောင်ပြည်နယ် ၅ခုမှာပဲ ပေါ်ပြူလာဖြစ်ခဲ့ပါတယ်၊ အခုတော့ လူတိုင်းဝတ်ဆင်နေကြပါပြီ၊ အမေရိကန်တွေဟာ တစ်နှစ်မှာ ဂျီးန်စ်ထည်ပေါင်း သန်း၅၀၀ ၀ယ်ယူနေကြတယ်လို့ဆိုတယ်၊ လူတစ်ဦးမှာ ၂စုံထက်ပိုရှိနေတယ်ဆိုတဲ့ ပမဏဖြစ်နေပါပြီ၊ လေးဗီးစထရောက်စ် ကုမ္ပဏီက ယူနိုက်တက်စတိတ်မှာရှိတဲ့ ဂျီးန်စ်အားလုံးရဲ့ ၃ ပုံ ၁ပုံခန့်ထုတ်လုပ်ပါတယ်၊ တခြားတိုင်းပြည်တွေက ၇ပုံ တစ်ပုံထုတ်လုပ်ကြတယ်၊ လူတွေက ဘလူးဂျီးစ်ဆိုရင် လိဗိုင်းစ်(Levi’s) နဲ့ အတူတွဲမြင်ကြတယ်၊ ဘာကြောင့်လည်းဆိုတော့ လေးဗီးစထရောက်စ်က ပထမဆုံးဂျီးန်စ်ကို တီထွင်ခဲ့သူဖြစ်နေလို့ပါ၊ လေးဗီးစထရောက်စ်ဟာ ဂျာမန်-ဂျူး ပြောင်းရွှေ့အခြေသူတစ်ဦးဖြစ်တယ်၊ ၁၈၄၈ခုနှစ်မှာ လူငယ်လေး လေးဗီးစထရောက်စ် ဂျာမနီကနေ ထွက်ခွာခဲ့တယ်၊ နယူးယောက်စီးတီးမှာနေထိုင်တဲ့ သူ့ရဲ့အစ်ကိုနှစ်ဦးဆီကိုထွက်လာခဲ့ပါတယ်၊ နှစ်နှစ်လောက် အရောင်းလုပ်သားအဖြစ် အလုပ်ကို ကြိုးစားလုပ်ကိုင်ခဲ့ပေမဲ့ ပိုက်ဆံသိပ်မရခဲ့ပါဘူး၊ ဆန်ဖရန်စ္စကို ကိုသွားဖို့ဆုံးဖြတ်ခဲ့တယ်၊ ၁၈၄၈ခုနှစ်မှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရွှေတူးဖော်ရရှိခဲ့ကြတဲ့သတင်းကြောင့် ရွှေရှာဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်၊ အဲဒီအချိန်မှာ လူတွေအများကြီးပဲ သူတို့ရဲ့ အိုးအိမ်တွေနဲ့အလုပ်တွေကိုစွန့်ခွာပြီး ကယ်လီဖိုးနီးယားမှာရှိတဲ့ မိုင်းတွင်းတွေဆီထွက်ခွာနေခဲ့ကြတယ်၊ သူတို့ရဲ့ မျှော်လင့်ချက်တွေက ရွှေရှာထွက်ကြဖို့ ချမ်းသာကြွယ်ဝကြဖို့ပါပဲ၊ တစ်ချို့လည်းရွှေရခဲ့ကြတယ်၊ အများစုကတော့ မရကြပါဘူး၊ လေးဗီး ကယ်လီဖိုးနီးယားကို ထွက်ခွာခဲ့တဲ့အခါ အင်မတန်ခိုင်ခန့်တဲ့ကင်းဗတ်စ်စ တချို့ယူခဲ့ပါတယ်၊ သူ တွေးတာက ရွက်ထည်တဲဆောက်လုပ်ရာမှာ အသုံးပြုလိုတဲ့မိုင်းသမားတွေကို ရောင်းချဖို့ပါ၊ တကယ်တမ်းမှာတော့ လေးဗီးရဲ့ ကင်းဗတ်စ်ဟာ ရွက်ထည်တဲအတွက် သင့်တော်တဲ့အစမျိုးမဟုတ်တော့ ဘယ်သူကမှ မ၀ယ်ကြဘူး၊ ဒါပေမဲ့ လေးဗီးက တခြားနေရာမှာ အသုံးပြုဖို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်၊ မိုင်းတူးသမားတစ်ယောက်က လေးဗီးကိုပြောတယ်၊ ရွှေတူးရတဲ့အလုပ်ဟာ အင်မတန်ကြမ်းတမ်းလွန်းတော့ သူ အကြမ်းခံတဲ့ ဘောင်းဘီကောင်းကောင်းတစ်ထည်လောက် လိုချင်တယ်တဲ့၊ လေးဗီးက သူ့ရဲ့ ကင်းဗတ်စ်စတွေနဲ့ အဲဒီမိုင်းတူးသမားအတွက် ဘောင်းဘီတစ်ထည်ပြုလုပ်ပေးလိုက်တယ်၊ အဲဒီ မိုင်းတူးသမားက ရွှေစတွေရှိတယ်ဆိုတဲ့ နေရာက ဖုန်လုံးကြီးတွေကြားမှာပဲ လဲဗီးကို ၆ဒေါ်လာပေးခဲ့ပါတယ်၊ သူ ရဲ့ ကင်းဗတ်စ်ဘောင်းဘီဟာ မိုင်းသမားတွေကြားမှာ နာမည်ကြီးသွားပြီး ချက်ချင်းပဲ ဘောင်းဘီတွေအများကြီးပဲရောင်းချလိုက်ရတော့တယ်၊ လေးဗီးလည်း နယူးယေက်က သူ့ရဲ့ အစ်ကိုနှစ်ယောက်ဆီကို ကင်းဗတ်စ်တွေထပ်ပို့ပေးဖို့ စာလှမ်းရေးပါတယ်၊ ဒါပေမဲ့ လေးဗီးအစ်ကိုတွေက ကင်းဗတ်စ်အစား လေးလံတဲ့ ဒဲနင်မ်သားတစ်ချို့ ပို့ပေးခဲ့တယ်၊ အဲဒီ ဒဲနင်မ်သားတွေက ဂျဲနီးစ်(Genes- အီတလီဆိပ်ကမ်းမြို့လေး ဂျဲနိုဝါ)မြို့လေးကလာတဲ့ ရက်ထည်တွေပါ၊ လေးဗီးက ဂျဲနီးစ်ကို ဂျီးန်စ်လို့ နာမည်ပြောင်းခေါ်လိုက်တယ်၊ သူ့ရဲ့ ဒဲနင်မ်သားနဲ့ချုပ်ထားတဲ့ ဘောင်းဘီအသစ်တွေကို ဘလူးဂျီးန်စ် (blue jeans) လို့ခေါ်ခဲ့ပါတယ်၊ ၁၈၅၃ မှာ လေးဗီးနဲ့ အစ်ကိုတွေက ဆန်ဖရန်စ္စကိုမှာ အထည်ရောင်းတဲ့ဆိုင်လေးစဖွင့်ခဲ့ကြတယ်၊ ဒီနေ့မှာတော့ အမျိုးသမီးဝတ်၊ အမျိုးသားဝတ် ဘလူးဂျီးန်စ်ပေါင်း တစ်နှစ်မှာ အထည်ပေါင်း သန်း ၂၅၀ခန့်ရောင်းချနေရပါပြီ။


အလင်္ကာဝတ်ရည်မဂ္ဂဇင်း
ဧပြီလ ၂၀၁၁

Ref : http://en.wikipedia.org/wiki/Jeans