Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, June 30, 2010

အရင်ကကြိုက်ခဲ့ဖူးတာတွေ အခု ငါမကြိုက်တော့ဘူး

အရင်ကကြိုက်ခဲ့ဖူးတာတွေ
အခု ငါ မကြိုက်တော့ဘူး။
ကဲ…ဘယ်သူဘာပြောဦးမလဲ
လင်းကင်းပတ်ခ်က “ချက်စတာ”ကို မကြိုက်တော့ဘူး။
နိမ်း(မ်)က “စောစော”ကို မကြိုက်တော့ဘူး။
ဘောလုံးမင်းသား“ဒေးဗစ်ဘက်ခမ်း”ကို မကြိုက်တော့ဘူး။
အိနြာကျော်ဇင်က“ဘရက်ပစ်”မကြိုက်တော့ဘဲ
“ဒေးဗစ်ဘက်ခမ်း”ကြိုက်နေတယ်လို့ လူသိရှင်ကြားဝန်ခံချိန်မှာ
ငါက“ဒေးဗစ်ဘက်ခမ်း”မကြိုက်တော့ဘဲ
“ဘရက်ပစ်”ကိုကြိုက်နေမိတာ ရယ်စရာ။
တစ်ယောက်တစ်ပြန် အကြိုက်တွေ ရွေ့နေတဲ့ကြားက
ငါ့ကိုယ်ငါကြိုက်မိချိန် တစ်ခါလေးမှ မရှိဖူးခဲ့တာ ရင်နာစရာ။

ဒီနေရာမှာ
မှားတာကို မှားကြောင်းအပြစ်ဖွဲ့ဖို့ မှန်ကြည့်တာလား။
အားလုံးပဲ အားတိုင်း မှန်ထထကြည့်နေကြလို့
မှန်တွေလည်း ဘယ်တော့မှ မအားရရှာကြ။
ကြောက်ခမန်းလိလိ အမှန်တွေနဲ့
တစ်သက်စာ ဖူလုံပါးနပ်နေတဲ့ ဒီအခန်းထဲမှာ
တစ်ယောက်တည်း မှန်မကြည့်ဘဲ
မှားပြီးရင်းမှားပြန်တာ ငါ။

ဒီနေရာမှာ
တစ်ခါတစ်ခါ နားကလောရင်း
တစ်ခါတစ်ခါ နားဝင်ချိုရင်း
ငါ့နေ့စွဲတွေ ပြိုခဲ့ရ။
တစ်ခါတစ်ခါ ဟန်ဆောင်ကြီးထွားရင်း
တစ်ခါတစ်ခါ မှန်ကန်သေးကျုံ့ရင်း
ငါ့နေ့စွဲတွေ မွဲခဲ့ရ။

ဒီနေရာမှာ
ကိုရီးယား ဂျင်ဆင်းပဲသောက်သောက်
နေဗီယာလိုးရှင်းပဲလူးလူး
ဘာများထူးပြီး ပျိုမျစ်လာမှာမို့လို့လဲ။
အပန်းဖြေစရာ ရီခရေးရှင်းစင်တာမှ မရှိတာ။
သီချင်းသံအစား ငါ့နားထဲဝင်လာတာက
သေမင်းရဲ့ခေါင်းလောင်းသံ။

ဒီနေရာ ဒီဘ၀မှာ ငါမဟန်တော့တာ သေချာပြီ။
နောက်ဘ၀မှာ ဟန်ကျဖို့
အခု ငါ ဘာချန်ရရင်ကောင်းမလဲ။
အဖန်တစ်ရာမက ကြံစည်သမျှတွေကတော့
တောမီးမလောင်ဘဲ ပြာကျခဲ့ကြပြီ။
အရင်က နားကလောဖူးတဲ့
ကိုကျားပေါက်အသံက
ခုတော့လည်း ငါ့နားထဲ ထူးထူးဆန်းဆန်းချိုလို့။
ကဲ…ဘယ်သူဘာပြောဦးမလဲ။
အရင်က ကြိုက်ခဲ့ဖူးတာတွေ အခု ငါမကြိုက်တော့ဘူးလေ။ ။

အမရဲ့ကဗျာ
ဒီကဗျာကို ပြန်ဖတ်မိတိုင်းသဘောကျလို့
http://www.mysuboo.com/index.php?option=com_blog&name=Mr.Point&task=view&pid=195&Itemid=

Thursday, March 25, 2010

ခရစ်ယာန်တစ်ယောက်လို့ပြောတဲ့အခါ

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
“ငါဟာ လုံခြုံနေပါပြီလို့”အော်ဟစ်ကြုံးဝါးမနေပါဘူး
တိုးတိုးလေးသာဆိုပါရစေ “ငါဟာ အရှုံးကိုမြတ်နိုးခဲ့သူပါ”
ဒါကြောင့်ပဲ ဒီလမ်းကိုရွေးချယ်ပါတယ်။

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
မာနထောင်လွှားဝံ့ကြွားလိုစိတ်နဲ့မပြောပါဘူး
ငါဟာချွတ်ချော်မှားယွင်းမှုကို ဝန်ခံလိုစိတ်ရှိနေပါတယ်
ငါ့အတွက်လမ်းပြပေးမယ့်သူ တစ်ဦးဦးကိုလဲ အလိုရှိပါတယ်။

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
ငါဟာ သန်မာကြံ့ခိုင်သူဖြစ်ဖို့ကြိုးစားနေမှာမဟုတ်ဘူး
ငါ့ရဲ့အားနည်းမှုကို ကိုယ့်ဘာသာသင်ကြားလေ့လာနေမယ်၊
ပြီးတော့ဆုတောင်းပါတယ်၊ ခွန်အားတွေနဲ့ရှေ့ဆက်ဖို့အတွက်ပေါ့။

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
အောင်မြင်မှုကို ကြွားဝါမနေပါဘူး
ငါဟာရှုံးနိမ့်တာကို လက်ခံနေမှာပါ
ငါဟာ အပြစ်အကြွေးတွေအမြဲပေးမနေနိုင်ပါဘူး၊

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
ငါ့ကိုယ်ကိုပြည့်စုံနေဖို့ တောင်းဆိုမနေပါဘူး
ငါ့ရဲ့အပြစ်အနာအဆာတွေက အထင်းသားနဲ့
ဒါပေမဲ့ ဘုရားသခင်ကယုံကြည်ပါတယ် ငါဟာဘုရားသခင်နဲ့ ထိုက်တန်တဲ့သူဖြစ်တယ်ဆိုတာကိုပေါ့၊

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
နာကျင်မှုတွေက စူးစူးရှရှရှိနေဆဲပဲ
ငါ့နှလုံးသားကကိုက်ခဲနာကျင်မှုတွေ ဝေငှပြောပြဖို့ရှိနေသေးတယ်
ဒါကြောင့် ငါ သူ့(ဘုရားသခင်)နာမည်ကိုပြောပြတာပေါ့၊

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
ငါတရားစီရင်လိုစိတ် အလျဉ်းမရှိပါဘူး
ငါ့မှာ ဒီလိုအခွင့်အာဏာမရှိပါဘူး
ငါက ချစ်ခင်ဖို့ပဲ သိတာပါ။ ။

by Carol S.Wimmer
ref: http://www.promiseofgod.com/iamachristian/