Showing posts with label အန်တီစု ကျေးဇူးအများကြီးတင်ပါတယ်. Show all posts
Showing posts with label အန်တီစု ကျေးဇူးအများကြီးတင်ပါတယ်. Show all posts

Monday, November 15, 2010

အန်တီစု ကျေးဇူးအများကြီးတင်ပါတယ်

 အရင်က မိတ်ဆွေအသစ်တစ်ယောက်နဲ့တွေ့လို့ မိတ်ဆက်တဲ့အခါတိုင်း ဘယ်နိုင်ငံကလည်းမေးရင် “မြန်းမာ(Myanmar) ဘူးရ်မာ(Burma)”-သူတို့အသံထွက်အတိုင်း ပြောလည်း “အော်” ဆိုပြီး ယောင်ဝါးဝါးဖြစ်သွားပြီး သူတို့မသိတဲ့နိုင်ငံအကြောင်း ရှေ့ဆက်ပြီး စကားဆက်လို့မရတဲ့အချိန်တွေတိုင်း တော်တော်စိတ်ညစ်မိတယ်၊ ကိုယ့်နိုင်ငံအကြောင်းတွေဆက်ပြောပြချင်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နာမည်ကိုတပ်ပြီး မိတ်ဆက်ရတိုင်း စိတ်မကောင်းဘူး၊ ဒီနေ့တော့ တော်တော်ပျော်မိတယ်၊ အမြဲတွေ့နေကျ ကျွန်မရဲ့ဆရာဝန်မလေးက “မင်းရဲ့နာမည်မှာ အောင် ပါတယ်၊ မင်းတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်လွတ်ပြီနော်၊ ငါ သတင်းထဲတွေ့လိုက်တယ်၊ မင်းရဲ့ ပရဲဇီးမဲ(Last name)နဲ့တူတယ်၊ မင်း ကို ချက်ချင်းသတိရလိုက်တယ်၊ ဒါ မင်းရဲ့နိုင်ငံပဲဆိုပြီး၊ သူက နိုဘယ်ဆုလည်းရထားတယ်၊ တော်တော်ရဲရင့်တာပဲ၊ သူ့အသွင်အပြင်ကလည်း ကျက်သရေရှိတယ်၊ (ဂရေစ့်)ဖြစ်တယ်” တဲ့၊ ကျွန်မမှာ ပျော်လိုက်တာ၊ ချက်ချင်းပဲ “တိုင်းသူပြည်သားတွေက သိပ်ချစ်ကြတယ်၊ ငါလည်းပဲ သိပ်ချစ်တယ်”လို့ ပြောလိုက်မိတယ်၊

မနေ့ကလည်း မိတ်ဆွေအသစ်တစ်ယောက်တွေ့တယ်၊ သူကလည်း မြန်းမာ လို့ပြောလိုက်တာနဲ့ “အိုး .. ဒီမိုကရေစီခေါင်းဆောင်လေ၊ နိုဘယ်ဆုရှင် သူ .. နေအိမ်အကျယ်ချုပ်ကလွတ်ပြီပဲ၊ သိပ်ကောင်းတာပဲ၊ မင်းကို တွေ့ရတာသိပ်ဝမ်းသာတယ်”  လို့ ထပ်ခါထပ်ခါ ပြောတယ်၊ နောက်တစ်ယောက် ဒဿနိကဗေဒပရော်ဖက်ဆာတစ်ဦး၊ နောက်မှ ပရော်ဖက်ဆာမှန်းသိလိုက်တာပါ၊ သူကတော့ အာရှယဉ်ကျေးမှုတွေ စာရေးဖူးတဲ့သူ၊ ဇင်ဝါဒအကြောင်းလည်း စာအုပ်ထုတ်ဖူးတယ်တဲ့၊ နဲရှောအနားမှာမရှိတုန်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြပွဲ http://www.greenscreenfest.org/ က နဲရှောရဲ့စားပွဲလေးမှာထိုင်နေချိန်မှာ သူက လာနှုတ်ဆက်တယ်၊၊ မြန်းမာဆိုတာနဲ့ အန်တီစုလွတ်တာကိုပြောတယ်၊ အန်တီစုအကြောင်းတွေမေးတယ်၊  ဗုဒ္ဓဘာသာအကြောင်းမေးတယ်၊ ချက်ချင်းပဲ သိဟောင်းကျွမ်းဟောင်းလိုပဲ စကားတွေအကျယ်ကြီးအားရပါးရပြောတော့တယ်၊ ဘေးကလူတွေတောင် စိတ်ဝင်တစားနားစွင့်လာကြတယ်၊ ဒီမိုကရေစီအကြောင်းတွေပြောတယ်၊ သူကလည်း အန်တီစုအကြောင်းတော်တော်သိထားပါတယ်၊ ကိုယ့်လူမျိုးတွေမရှိသလောက်နည်းတဲ့ ဒီနိုင်ငံမှာ အရင်က မိတ်ဆွေအသစ်နဲ့ မိတ်ဆက်ရတိုင်း အားငယ်မိတယ်၊ ကျွန်မနိုင်ငံကို ဘယ်လိုပြောပြောသိပ်မသိကြဘူး၊ သူတို့ကိုယ်တိုင် ဗဟုသုတအားနည်းတာလည်းပါပါတယ်၊

အခုတော့ အန်တီစုကြောင့် ဘာသိဘာသာနေတဲ့သူတွေတောင် ကျွန်မရဲ့နိုင်ငံကို သတိထားမိလာကြပြီ၊ စိတ်ဝင်တစားစောင့်ကြည့်နေကြပြီ၊ ကျွန်မ အားငယ်တာတွေလည်း ပျောက်သွားမိတယ်၊ ဘ၀မှာ ပိုပိုပြီး ကြိုးစားရပ်တည်ဖို့ အန်တီစုက အားတွေပေးလိုက်တယ် လို့ ခံစားရတယ်၊ ဒီနေ့ ကျွန်မသိပ်ပျော်ပါတယ်၊ အန်တီစု ကြောင့် သိပ်ပျော်ပါတယ်၊ ကျွန်မ ပြောပြချင်မိတယ်၊

“အန်တီစု ကျေးဇူးအများကြီးတင်ပါတယ်” ...

မှတ်ချက် - အခုပဲ သတင်းမှာလာနေတယ်၊ အန်တီစုလွတ်တဲ့နေ့ညနေက ဗီဒီယိုပါ “ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ၊ စည်းကမ်းရှိပါ” ဆိုတဲ့ အန်တီစုကို ကြိုဆိုနှုတ်ဆက်နေကြတဲ့စကားသံတွေ စာရေးနေတဲ့အချိန်ကြားနေရတယ်။