Thursday, January 14, 2010

ပေါ့ပါးလွတ်လပ်တဲ့ အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့ The Used

(အင်ပါယာမဂ္ဂဇင်းမှာ Digit အမည်နဲ့ရေးဖြစ်တုန်းက စာမူအဟောင်းပါ၊ The Used ကိုကြိုက်လို့ အမှတ်တရ ပြန်တင်လိုက်ပါတယ်)
Emperor Magazine [March 2007 Vol:3/ No.9]



Screamo (scream-emo) ဂီတအရောင်သမ်းနေတဲ့ ရောခ့်သီချင်းတွေကို တစိုက်မတ်မတ် ဖန်တီးနေကြတဲ့ ဂီတအဖွဲ့ကတော့ အမေရိကန်နိုင်ငံ Utah  ပြည်နယ်၊ Otem မြို့ ဇာတိဖွား လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ The Used ပါ။ ဘာအမျိုးအစားပဲဖြစ်ဖြစ် ရောခ့် ဆိုလာခဲ့ ဆိုတဲ့ လူငယ်လေးတွေကတော့ နားစွင့်လိုက်ကြ… နားစိုက်လိုက်ကြ…CD တွေဝယ်ယူစုဆောင်းလိုက်ကြတာပါပဲ။

The Used အဖွဲ့သားတွေရဲ့ သဘောထားက သူတို့ရဲ့ သီချင်းတွေလိုပဲ လူငယ်ဆန်ဆန် ရိုးသားလွန်းပါတယ်။  The Used အဖွဲ့မှာ အရေးပါခဲ့တဲ့ ဒရမ်သမားဟောင်း ဘရန်ဒန်က ''ကျွန်တော်တို့ရဲ့ သီချင်းတွေဟာ တကယ့်လူနေမှုဘ၀ အစစ်အမှန်တွေထဲ အရောက်သွားမယ်။  အဲဒီလို ဘ၀မျိုးတွေ ကျွန်တော်တို့ရဲ့ သီချင်းတွေမှာ မြင်တွေ့ရမယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့ တတ်စွမ်းသလောက် လုပ်ကြည့်ရအောင်၊ ဒါ The Used တွေရဲ့သဘောထားပါ'' လို့ဆိုပါတယ်။ ဟုတ်လောက်ပါတယ်။ ၂၀၀၄ ဒီဇင်ဘာ ဆူနာမီဒုက္ခသည်တွေအတွက် ရံပုံငွေ ဖျော်ဖြေပွဲတစ်ခုမှာ Queen အဖွဲ့ရဲ့ သီချင်း Under Pressure ကို My Chemical Romance အဖွဲ့နဲ့အတူ စိတ်ကြိုက်ပြန်လည်ဖန်တီးပြီး သီဆိုသွားခဲ့ကြတယ်။ ''Pushing Down On Me … Pressing Down On You .. no man ask for ... Under Pressure'' ဆိုတဲ့ စာသားတွေဟာ ပရိသတ်တွေ နှုတ်ဖျားမှာအားပါးတရ ခုန်ပေါက်နေကြတော့တယ်။


The Used အဖွဲ့ဟာ ၂၀၀၀ ပြည့်နှစ်မှာ ရှင်သန်လှုပ်ရှားလာခဲ့တဲ့ အမေရိကန် ရောခ့်အဖွဲ့တစ်ခု ဖြစ်တယ်ဆိုပေမယ့် စေ့စေ့ပေါက်ပေါက် ကြည့်မယ်ဆိုရင် ဒရမ်သမား Branden Steineckert က ၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာကတည်းက အဖွဲ့တစ်ခုတည်ထောင်ဖို့ အသေအချာ ကြံစည်နေခဲ့တာပါ။ ပထမဆုံးအဖွဲ့အမည်ကို Froglick ကိုပေးထားပြီး Randy Krudop Lou Eastman Rich Stofleth နဲ့ Mark Falagrady တို့က ဂီတလမ်းကြောင်းအစကို tour ခရီးစဉ်တွေနဲ့ပဲ စတင်ပြီး ပရိသတ်နဲ့ တွေ့ထိဖို့ ကြိုးစားပါတယ်။ နောက်တော့ Used လို့ ပြောင်းလဲခဲ့ပေမယ့် ဘော်စတွန် ဂီတအဖွဲ့တစ်ခုရဲ့ အမည်နဲ့ သွားတိုက်ဆိုင်နေခဲ့တော့ The Used လို့ အမည်ပေးဖြစ်ခဲ့တယ်။ Something to Burn ဆိုတဲ့ အမည်နဲ့လည်း CD တစ်ချို့ထုတ်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီ CD ပါသီချင်းတွေဟာ The Used အယ်လဘမ်မှာ ပြန်လည်ပါဝင်ခဲ့တဲ့ သီချင်းတွေပါပဲ။ အဆိုသမား Ber Mc Cracken ကတော့ အမေးအဖြေတစ်ခုမှာ အဖွဲ့အမည်ကို Creed လို့ပေးချင်ခဲ့ပေမယ့် ရှိပြီးသားဖြစ်နေတဲ့အတွက် အမည်ပြောင်းခဲ့ရတယ်လို့ ပြောခဲ့ဖူးပါတယ်။

အဖွဲ့ရဲ့အမည်ကိုပေးဖို့ အသေအချာစဉ်းစားခဲ့သလို အဖွဲ့သားတွေကိုလဲ အကောင်းဆုံးဖြစ်အောင် ရွေးချယ်ခဲ့ပြီးမှ ၂၀၀၁ ခုနှစ်မှာ တရားဝင် စတင်ဖွဲ့စည်းလိုက်တယ်။ အဖွဲ့သားတွေကတော့ အဆို/စန္ဒရား/ကီးဘုတ် (Ber McCracken)၊ ဘေစ့်/နောက်ခံအဆို (Jeph Howard)၊ ဂစ်တာ/နောက်ခံအဆို (Quinn Allman) နဲ့ ဒရမ် (Dan Whitesides) တို့ ပါဝင်ပါတယ်။ ၂၀၀၂ ခုနှစ် ဇွန်လမှာ The Used ဆိုတဲ့ အဖွဲ့အမည်ပေးထားတဲ့ အယ်လ်ဘမ်ကို Reprise Record Label နဲ့ ထုတ်ဝေခဲ့တယ်။ ပထမဆုံး အယ်လ်ဘမ်မှာပဲ အောင်မြင်ခဲ့ပါတယ်။ Ozzfest ဂီတပွဲတော်မှာ Linkin Park, Snoop Dogg တို့နဲ့ အတူတကွ ဖျော်ဖြေခဲ့ကြတယ်။ tour ခရီးစဉ်တွေတစ်လျှောက် သွားသွားလာလာ၊ လှုပ်လှုပ်ရှားရှားပုံတွေပါဝင်တဲ့ May be Memories CD/DVD ခွေထွက်ရှိုခဲ့ပါတယ်။

၂၀၀၄ ခုနှစ် စက်တင်ဘာလမှာတော့ In Love and Death အယ်လ်ဘမ် ထုတ်ဝေခဲ့တယ်။ Billboard Top 200 မှာ နံပါတ် ၆ အထိ ခုန်တက်ခဲ့ပါတယ်။ လောလောဆယ် အယ်လ်ဘမ်အတွက် အမည်မရွေးရသေးပေမယ့် လာမယ့် ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ အယ်လ်ဘမ်အသစ်ထွက်ဖို့ အားလုံးပြင်ဆင်ထားပြီးပြီလို့ ဆိုတယ်။ The Used ပရိသတ်တွေကို ခေါင်းခဲသွားစေခဲ့တဲ အဖြစ်အပျက်ကတော့ အဖွဲ့မှာ အရေးပါခဲ့တဲ့ ဘရန်ဒန်ကို  The Used က ထွက်ခွာသွားစေခဲ့တာပါပဲ။ ၂၀၀၆ခှုနှစ်၊ စက်တင်ဘာ ၁၂ရက်နေ့က The Used အဖွဲ့ရဲ့ website က ဘရန်ဒန်စတိုင်းအက်ကာ့ထ်ဟာ The Used အဖွဲ့သားအဖြစ် ဆက်လက်ရှိနေတော့မှာ မဟုတ်ပါဘူးလို့ တရားဝင်ကြေညာခဲ့ပါတယ်။ အဖွဲ့သားတွေက ဘရန်ဒန်ကို ဆိုးဆိုးရွားရွားထိခိုက်စေမယ့် အလုပ်တွေ မဟုတ်ပါဘူး။ ဘရန်ဒန် ကျေးဇူးတွေ The Used မှာ အကြွေးတင်ကျန်နေပါပြီ လို့ ရေးသားထားပါတယ်။

၂၀၀၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ မှာတော့ ဒရမ်သမားအသစ် ဒန်ဝှိုက်ဆိုဒ်စ် ကိုရွေးချယ်လိုက်ပြီ ဖြစ်ကြောင်းကို ထပ်ပြီး ကြေညာခဲ့တယ်။ ဘရန်ဒန်ကတော့ Rancid အဖွဲ့ကို ထွက်ခွာသွားခဲ့ပါတယ်။ The Used အဖွဲ့နဲ့ ပုံစံတူ ဂီတမျိုးကို ပုံဖော်နေကြတဲ့ အဖွဲ့တွေကတော့ Escape the Fate, From First to Last, Fighting Jacks, Alexisonfire, Story of the year, Boys Night Out , My Chemical Romance, Underoath နဲ့ Thrice တို့ ဖြစ်ပါတယ်။ 

တိုရွန်တိုမြို့ Halloween Night မှာ ပြုလုပ်ခဲ့တဲ့ San the Record Mah Acoustic ဂီတ ဖျော်ဖြေပွဲတစ်ခုမှာ ဘရန်ဒန်နဲ့ ဘေစ့်ဂစ်တာသမား ဂျက်ဇ် တို့ ဖြေကြားခဲ့တဲ့ အမေးအဖြေ ကို အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။

ဘရန်ဒန်ရေ၊ ခင်ဗျားတို့ရဲ့ "Take It Away" single ပါမကျန် ဗီဒီယိုရိုက်ကွင်းတွေမှာ ကနေဒါ၊ တိုရွန်တို တစ်ဝိုက်မှာပဲ လှည့်ပတ်ရိုက်ကူးထားတယ်နော်၊ အဲဒီနေရာကိုပဲ ဘာကြောင့်ရွေးဖြစ်တာပါလိမ့်၊
ကနေဒါမှာ မိတ်ဆွေကြီးတွေ များများစားစားရှိနေတယ်ဗျ။ ပြည်နယ်တွေထက် အဲဒီမှာ ရိုက်ကူးဖို့ ညှိနှိုင်းရတဲ့ နည်းဥပဒေတွေ တော်တော်လေး အဆင်ချောတယ်။ ကျွန်တော်တို့ရဲ့ tour ခရီးစဉ်တွေက အဲဒီအရှေ့ဘက် ကမ်းရိုးတန်းဘက်တွေဆီ ခြေဦးလှည့်နေတော့ လွယ်လင့်တကူ ရိုက်ဖြစ်သွားတာလည်း ပါတာပေါ့ဗျာ။ အင်မတန် သဘောကျဖို့ကောင်းတဲ့ နေရာတွေပါပဲ။

ပထမ အယ်လ်ဘမ် The Used ရဲ့ အောင်မြင်မှုက ကြီးမားခဲ့တော့ နောက်အယ်လ်ဘမ်အတွက် ဘယ်လိုဖိအားတွေ ဖိစီးခဲ့လဲ၊ ပရိသတ်တွေက ခင်ဗျားတို့ဆီက ဘာတွေမျှော်လင့်မလဲ၊ ဒါတွေကို သိခဲ့ပြီလား။
(ဂျက်ဖ်)
အခွေစလုပ်တော့ ကျွှန်တော်တို့ ဂီတကို ဘယ်လိုဖန်တီးမယ်၊ ကျွန်တော်တို့ ဘာတွေလဲဆိုတာ ပရိသတ်သိစေချင်တယ်၊ ပထမ အယ်လ်ဘမ်မှာ ကျွန်တော်တို့ ဖြစ်ညှစ် ရေးထားခဲ့တဲ့ စာသားတွေ၊ တတ်စွမ်းသလောက် ဖန်တီးခဲ့တဲ့ သံစဉ်တွေ၊ ဒါတွေအကုန် ပရိသတ်တွေကို ချကျွေးခဲ့တယ်။ အယ်လ်ဘမ် အသစ် (In Love and Death) မှာတော့ ကျွန်တော်တို့ကို ပရိသတ်က အကျွမ်းတ၀င်ရှိသွားပြီဆိုတော့ ဘာတွေထပ်လုပ်ထားသလဲ ဆိုတာကိုပဲ ပြဖို့လိုတော့တယ်။ ဖိအားရယ်လို့တော့ ကျွန်တော်မယူဆဘူး၊ အခွေတစ်ချပ်၊ ငါးချပ် ဒီလောက်ပဲရောင်းရပါစေ၊ ဂရုမစိုက်ဘူး။
(ဘရန်ဒန်)
ရိုးရိုးသားသားပြောရရင်တော့ဗျာ၊ ဖိအားတွေ အများကြီးရှိတာပေါ့၊ သိပ်ကောင်းတဲ့ ဖိအားပါ၊ ပိုကြိုးစားရတယ်၊ ပိုရေးရတယ်၊ ပိုဆိုရတယ်၊ ပိုတီးရတယ်၊ recording ပိုင်းကိုလည်း ပိုဂရုစိုက်ရတယ်၊ ဘယ်ဘက်ကိုမှ မဟစေရဘူး။ ကျွန်တော်တို့ စွမ်းအားတွေအကုန်ဖြုန်းပြီး သီချင်းတွေ ဖန်တီးခဲ့ကြတယ်။ ကံကောင်းတာက record label ကအစ မန်နေဂျာ၊ ပရိုဂျူဆာ၊ ဒီလူတွေ ဘယ်သူကမှ အတင်းလာမမေးကြဘူးဗျ၊ ကျွန်တော်တို့ စိတ်ကြိုက်ဖန်တီးခွင့်ရခဲ့တယ်။ In Love and Death အောင်မြင်ခဲ့တာလဲ ပထမအယ်လ်ဘမ်မှာ အတွေ့အကြုံတွေရခဲ့တော့ ပရိသတ်က ဘာတွေကို မျှော်လင့်ထားမလဲ၊ ကျွန်တော်တို့ ဘာတွေပေးနိုင်မလဲ ချိန်ဆသတ်သွားတာကြောင့်ပါ။

In Love and Death နဲ့ The Used ဘာတွေ ကွဲပြားလဲ။
(ဘရန်ဒန်)
တော်တော်လေးကွဲပြားပါတယ်။ The Used အယ်လ်ဘမ်ထဲက သီချင်းစာသားတွေဆို ကျွန်တော်တို့ ထိတွေ့ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေကို ရေးထားတာ၊ ဒါကိုခင်ဗျားလဲ သိမှာပါ။

ခင်ဗျားတို့ဘ၀တွေ ပျော်ဝင်နေတဲ့ သီချင်းဆိုရင် Just A Little ကို ကျွန်တော် ရွေးလိုက်မယ်၊ ဟုတ်နေမလားပဲ။
(ဘရန်ဒန်)
တစ်ပုဒ်တည်း မဟုတ်ဘူးဗျ၊ သီချင်းတိုင်းမှာ ကျွန်တော်တို့ဘ၀တွေ ပါတယ်၊ Just A Little က သီချင်းကောင်းတစ်ပုဒ်ပါ။
(ဂျက်ဖ်)
ဒုတိယ အယ်လ်ဘမ်က recording ပိုင်းမှာ တော်တော်ကြာသွားတယ်။ အားလုံးပြီးမှ နောက်တစ်ကြိမ် ပြန်သွင်းရတယ်။ အသံဖမ်းဖို့ အားလုံး အသင့်ဖြစ်ပြီးမှ စာသားတွေ ခေါင်းချင်းဆိုင် ပြန်ရေးကြသေးတယ်၊ Hard to Say သီချင်းဆို စန္ဒရားတစ်ခုတည်းနဲ့ လွှတ်ပေးထားတာ ပိုကောင်းတယ်ဆိုပြီး ပြန်တီးကြတာ။

ပထမ အယ်လ်ဘမ်ပြီးစ tour ခရီးတွေ သွားရတယ်၊ ပြီးတော့ အယ်လ်ဘမ် အသစ်အတွက် ပြင်ဆင်ရတော့ အချိန်ရရဲ့လား။
(ဂျက်ဖ်)
ကလေးဘ၀တည်းက လက်လီရောင်းချတဲ့ စက်ရုံတွေမှာ အချိန်ပြည့် အလုပ်သမား လုပ်ခဲ့ဖူးတယ်ဗျ။ (ဘရန်ဒန်)
ဟုတ်တယ်၊ ထုပ်ပိုးတာကအစ အကုန်လုပ်တယ်၊ အလေ့အကျင့် ရှိခဲ့ပြီးးသားပါဗျာ၊ (ရယ်မောလျှက်)
အေင်မြင်မှုကို အဓိပ္ပါယ်ဖွင့်ရင် အဘိဓာန်မှာ တစ်ခုပဲရှိမယ်၊ လူတွေကသာ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ကြတာ မဟုတ်လား၊ တချို့က အောင်မြင်ကြတယ်၊ တချို့ကျတော့လည်း အောင်မြင်မှု မရကြဘူး၊ The Used အဖွဲ့သားတွေက "အောင်မြင်မှု" ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမှာပါလိမ့်။
(ဘရန်ဒန်)
ကျွန်တော်တစ်ယောက်တည်းရဲ့ ခံယူချက်ကတော့ အရာဝတ္ထုပေါ်မှာမူတည်မထားပါဘူးဗျာ၊ ကျွန်တော် ပြောချင်တာ သိရဲ့လား။ ကွန်တော်တို့ record label နဲ လက်မှတ်ထိုးနိုင်ခဲ့တယ်၊ မဆိုးပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ အလုပ်တစ်ခု ရချင်တာမဟုတ်ဘူးဗျ၊ ဂီတကို ဖန်တီးခွင့်ရချင်တာ၊ ဒါအဖြေပါပဲ၊ Tour ခရီးတွေ ဖျော်ဖြေနိုင်ဖို့၊ အယ်လ်ဘမ်တွေ ထုတ်နိုင်ဖို့၊ ပရိသတ်နဲ့ အဆက်မပြတ်ဖို့ record label နောက်ခံရှိဖို့ လိုတယ်။ The Used ရှင်သန်နေဖို့ အဆက်မပြတ်ကြိုးစားနေမယ်၊ Live Show အကြီးကြီး လုပ်မယ်ဗျာ၊ ခင်ဗျားရော ဘယ်လိုမြင်လဲ၊ The Used တွေ အောင်မြင်ကြရဲ့လား။

The Used တွေကို ပရိသတ်က Acoustic Performance လုပ်ပေးပါလို့ တောင်းဆိုလာရင် ပရိသတ်ဆန္ဒကို ခင်ဗျားတို့ ဖြည့်ပေးမလား။
(ဘရန်ဒန်)
ပရိသတ်က Format မတူတာ နားထောင်ချင်လှတယ်ဆိုရင်တောင် Acoustic Show လုပ်ဖို့ စိတ်မ၀င်စားပါဘူးဗျာ၊ အချိန်ယူလေ့ကျင့်ပြီး ဆိုပြခဲ့ရင်တောင် Acoustic ဂီတကို ငယ်ငယ်လေးတည်းက ရူးသွပ်ခဲ့တဲ Acoustic ဘိုးအေကြီးတွေရဲ့ လက်သံလို ဘယ်မှာနားထောင်ကောင်းနိုင်မှာလဲ၊ Acoustic ဂီတကို မက်မက်စက်စက် ချစ်မြတ်နိုးပြီး တီးခတ်တာ မဟုတ်တော့ အနှစ်သာရမဲ့နေတော့မှာပေါ့၊ Acoustic ဂီတကို သဘောကျတယ်၊ ကိုယ်တိုင်တီးခတ်ဖို့တော့ ၀ါသနာမပါပါဘူး။

လောဘရမက်ကြီးကြီး record label အချို့က တခါတရံ အနုပညာသမားရဲ့ ကိုယ်ပိုင် Art ကို ပြောင်းလဲပစ်ဖို့ ကြိုးစားတတ်ကြတယ်။ The Used တွေ ကြုံခဲ့ရပြီးပြီလား။
(ဘရန်ဒန်)
ကျွန်တော်တို့ ကံကောင်းပါတယ်၊ ကျွန်တော်တို့ရဲ့ record label က ဘာဖိအားမှ မပေးဘူးဗျ၊ ဘယ်လို single ပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျွန်တော်တို့ရဲ့ ရွေးချယ်မှုကပဲ အတည်ဖြစ်ခဲ့တယ်။

ခင်ဗျားတို့ အယ်လ်ဘမ်ကာဗာမှာ Artist Alex Pordee ရဲ့ လက်ရာတွေ့လိုက်ရတယ်။ သူ့ကိုဘာလို့ရွေးချယ် ခဲ့တာလဲ၊ The Used ရဲ့ မိတ်ဆွေဖြစ်နေလို့လား
(ဂျက်ဖ်)
မစ္စတာ အဲလက်စ်ရဲ့ လက်ရာတွေကို online မှာ ကြည့်ဖူးတယ်။ လူချင်းတော့ မရင်းနှီးလှပါဘူး၊ ကျွန်တော်တို့ရဲ့ show တွေမှာ ပရိသတ်တွေကို ပန်းချီကားတွေ လိုက်လိုက်ရောင်းနေတဲ့ သူ့ကို တွေ့ဖူးတယ်၊ သူ့ပန်းချီကားတွေကို ပရိသတ်ဆီက တောင်းကြည့်ပြီး ကြိုက်သွားတာနဲ့ အယ်လ်ဘမ်ကာဗာ ရေးပေးဖို့ အပ်လိုက်တာ။

ဂျက်ဖ်နဲ့ ဘရန်ဒန်ရေ ခင်ဗျားတို့အကြိုက်ဆုံး သီချင်းတွေ ပြောပြပါဦးလား၊ live show မှာ ဘယ်သီချင်းကို ဆိုရတာအာအတွေ့ဆုံးလဲ၊ နောက်ဆုံးမေးခွန်းလေး ဖြေပေးခဲ့ပါဦး။
(ဂျက်ဖ်)
Let It Bleed ကို အကြိုက်ဆုံးပဲ၊ ဒါပေမယ့် live show တွေမှာ Let It Bleed ကို တစ်ခါမှ မဆိုဖြစ်ခဲ့ဘူး၊ Say Days Ago ကို အစက တော်တော်ကြိုက်တယ်၊ အခုတော့ live show တွေမှာ ဆိုဖို့ [I'M]a Fake ကို အကြိုက်ဆုံးဖြစ်နေတယ်။
(ဘရန်ဒန်)
Blue and Yellow ကို အကြိုက်ဆုံးပါဗျာ။

အောင်မြင်မှုဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရအစစ်အမှန်ကို မှန်မှန်ကန်ကန် မခံစားတတ်သူအချို့ ဂီတလျှောက်လှမ်းတစ်ဝက်လောက်မှာပဲ နောက်ဆုတ် ကျောခိုင်းသွားကြပါပြီ၊ အောင်မြင်မှုကို ရိုးရိုးရှင်းရှင်းပဲ တွေးမြင်လက်ခံထားတြတဲ့ The Used အဖွဲ့သားတွေကတော့ လုပ်ချင်တာတွေ လုပ်ခွင့်ရနေတဲ့ဘ၀မှာ အသေအချာ ပျော်ရွှင်နေကြပါတယ်။ ဒါဆို The Used ဟာ လွတ်လပ်ပေါ့ပါးတဲ့ အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့ ခေတ်ရေစီးကြောင်းထဲက လူငယ်ကြိုက် ရောခ့်အဖွဲ့လို့ ဆိုရင် အင်ပါယာပရိသတ်ကြီးလက်ခံကြမယ်မဟုတ်လား။

(ဒီဆောင်းပါးက နဲနဲကြာနေလို့ The Used ရဲ့ လက်ရှိ update discography အတွက် ဒီ link http://www.theused.net/discography မှာရနိုင်ပါတယ်)



This photo from

မိုက်ကယ်လ်ဂျက်ဆန်ရဲ့လိဒ်ဂစ်တာသမား အော်ရီယန်သီ

 ပေါ့ပ်စတားမိုက်ကယ်လ်ဂျက်ဆင်ရဲ့ "This is It" ဂီတပွဲ ၅၀ ကို လန်ဒန် The O2 arena မှာ ၂၀၀၉ ဇူလိုင်ကနေ ၂၀၁၀ မတ်လအထိ ပြုလုပ်ဖို့ စီစဉ်ထားဆဲ မှာ ပေါ့ပ်စတားက အဲဒီဂီတပွဲတွေ ကို မျက်ကွယ်ပြုလို့ အားလုံးနဲ့ အဝေးဆုံးကိုထွက်ခွာသွားခဲ့ပါပြီ၊ This is It ဂီတပွဲတွေကို  လိဒ်ဂစ်တာ အော်ရီယန်သီ ပါ့နာဂရစ်၊ ကီးဘုတ်ဒ် မိုက်ကယ်လ်ဘာ့ဒန် နဲ့ မောရစ်ပလဲရှာ၊ ရစ်သမ်ဂစ်တာ သောမတ်စ်အော်ဂန်၊ ဘေစ့်ဂစ်တာကိုတော့ အဲလ်ဖရက်ဒန်ဘာ၊ percussion ရော်ဂျာဘာရှီရီဂျွန်ဆန်၊ ဒရမ် ဂျွန်နသန်မောဖက် တို့ တီးခတ်ကြမယ်လို့ဆိုတယ်၊ နောက်ပိုင်းမှာတော့ This is It ဂီတပွဲ မှတ်တမ်းရုပ်ရှင်ကားကို ကမ္ဘာတစ်ဝှမ်းမှာပြသခဲ့တယ်၊ အဲဒီ အဖွဲ့သားတွေထဲက မှ လိဒ်ဂစ်တာသမား မိန်းကလေး အော်ရီယန်သီကို ဂီတပရိတ်သတ်တွေ ပိုပိုပြီးသတိထားမိခဲ့ကြတယ်၊

ရောခ့်ဂစ်တာသမား စတိဗ်ဗိုင်းပရိတ်သတ်တွေကတော့ အော်ရီယန်သီကို သိထားကြပြီးဖြစ်နေမှာပါ၊ အော်ရီယန်သီရဲ့ ပထမဆုံးစင်ပေါ်ကအတွေ့အကြုံကို ၁၅ နှစ်အရွယ်က စတိဗ်ဗိုင်းရဲ့ဂီတပွဲနဲ့စတင်ခဲ့တယ်၊ နောက်တော့ ကာလို့စ်စန်တာနားနဲ့တွဲလို့ ၁၈ နှစ်အရွယ်ကဖျော်ဖြေခဲ့ဘူးတယ်၊ အမေရိကန်ပေါပ့်အဆိုတော် ပရင်စ့်ရဲ့ ဂီတပွဲတွေမှာလဲ တီးခဲ့တယ်၊ ဘလူးစ်ရောခ့်ဂစ်တာသမား အဲရစ်ခ်ကလပ်ပ်တန် စီစဉ်ကျင်းပခဲ့တဲ့ crossroads ဂစ်တာပွဲတော်မှာ တီးခတ်ခဲ့တယ်၊ အဲဒီ ဂစ်တာပွဲတော်မှာ အော်ရီယန်သီရဲ့ ဂစ်တာလက်စွမ်းကို ဂစ်တာဝါသနာအိုးအမျိုးသားတွေ အင်မတန်အားကျ သဘောကျခဲ့ကြတယ်၊ ကျားသစ်ကွက်လက်ပြတ်ပြတ် အင်္ကျီမှာ ဂျင်းဘောင်းဘီပြာပြာ၊ ငွေရောင်နားကွင်းကြီးကြီး အော်ရီယန်သီရဲ့ပုံရိပ်၊ ဂီတလက်သံကို ဂစ်တာသမားတွေအကြိုက်တွေ့ခဲ့ကြတယ်၊ အဲဒီ့နောက် အော်ရီယန်သီကို ထူးခြားလှတဲ့ အမျိုးသမီး အီလက်ထရစ်ဂစ်တာသမား ၁၂ဦးထဲက တစ်ဦးအဖြစ် နယူးယောက်တိုင်းမ် သတင်းစာကရွေးချယ် ဖော်ပြခဲ့ပါတယ်၊ နောက် မိုက်ကယ်လ်ဂျက်ဆင်ရဲ့ လိဒ်ဂစ်တာသမား အဖြစ်ရွေးချယ်ခံရတယ်၊

အော်ရီယန်သီက “မိုက်ကယ်လ်- သူဘာကြောင့်ကျွန်မကို ရွေးချယ်ခဲ့လဲမသိဘူး၊ ဒါပေမဲ့ သူပြောပြတယ်၊ Youtube မှာတင်ထားတဲ့ ကျွန်မရဲ့ ဗီဒီယိုဖိုင်တွေကို သူရှာဖွေပြီးကြည့်တယ်၊ ကျွန်မတီးတာကြိုက်တယ် ဆိုပဲ၊ မိုက်ကယ်က သူ့အတွက် ဂစ်တာသမားတွေကို သူကိုယ်တိုင်ပဲရွေးတယ်၊ Beat It သီချင်း ဆိုလိုကိုကျွန်မ တီးပြလိုက်တယ်၊ ပြီးတော့ သူ ကျွန်မလက်မောင်းကို အားပါးတရ ဆုတ်ကိုင်ပြီး သိပ်ပျော်သွားတဲ့ပုံနဲ့ အဲဒီ စင်ဘေးတစ်လျှောက် ကျွန်မဘေးမှာ လျှောက်လိုက်နေခဲ့တယ်၊ ပြီးတော့ ငါ့အတွက် နောက်တစ်ခေါက်လောက် ထပ်တီးပြနိုင်မလားတဲ့၊ သူ့ ကြောင့် ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုတွေ ပိုရှိလာတယ်၊ မိုက်ကယ်လ်နဲ့ အလုပ်လုပ်ဖြစ်တာ ကျွန်မဘ၀အပြောင်းအလဲ၊ အတွေ့အကြုံတစ်ခုပါပဲ”လို့ ဆိုတယ်၊အသက် ၂၄ အရွယ် အော်ရီယန်သီပါ့နာဂရစ် ဟာ သြစတြေးလျတောင်ပိုင်း အဒဲလဲဒ့်ဒဲမြို့တော်မှာ မွေးဖွားခဲ့တယ်၊ ဂရိ-သြစတြေးလျသူလေးပါ၊  အော်ရီယန်သီရဲ့ ပထမဆုံးစင်ဂဲလ် According to You ဟာ သြစတြေးလျမှာ နံပါတ် ၆အဆင့်နဲ့၊ ယူအက်စ်မှာတော့ နံပါတ် ၃၃ ရောက်ခဲ့တယ်၊ Believe အယ်လ်ဘမ် ကတော့ ၂၀၀၉ အောက်တိုဘာက ထွက်ရှိခဲ့တယ်၊ ၂၀၀၉ ဂရမ်မီဆုပေးပွဲမှာ အမေရိကန်ကန်းထရီးအဆိုရှင် ကာရီအန်ဒါဝုဒ်ရဲ့ လိဒ်ဂစ်တာသမားအဖြစ်တီးပေးခဲ့ပါတယ်၊ အော်ရီယန်သီရဲ့ဂစ်တာလက်စွမ်းကို ဘလောဂ့်တွေမှာ၊ သတင်းတွေမှာ ပလူပျံအောင်ချီးကျူးရေးသား ဖော်ပြလာကြတယ်၊ မိုက်ကယ်လ်ဂျက်ဆန်လဲ အဲဒီသတင်းတွေဖတ်ရင်း၊ ဗီဒီယိုဖိုင်တွေကြည့်ရင်း အော်ရီယန်သီလက်စွမ်းကို သဘောကျပြီး ဆက်သွယ်ခဲ့ပါတယ်၊ မိုက်ကယ်လ်ဂျက်ဆန်ရဲ့ အဖွဲ့သားတွေအဖြစ် အက်ဒီဗန်ဟဲလန်၊ စန်တားနား၊ စလဲ့ရှ်၊ စတိဗ်စတီဗင်စ်၊ ဂျနီဖာဘက်တန်း နဲ့ လယ်ရီကာလ်တန်တို့လို ဂစ်တာဂုရုကြီးတွေနဲ့ အတူတီးခတ်ဖို့ မိုက်ကယ်လ်က ဖိတ်ခေါ်ခဲ့တယ်၊ 

အော်ရီယန်သီရဲ့ ဂစ်တာတီးခတ်ဖြစ်ဖို့ စိတ်ဝင်စားခဲ့တာက အသက် ခြောက်နှစ်အရွယ်ကတည်းကပါ၊ သူမဖခင်ရဲ့ အသံသွင်းချိန်တွေမှာ အတူလိုက်သွားရင်း သူမရဲ့ ၀ါသနာစတင်လာခဲ့တယ်၊ အော်ရီယန်သီရဲ့ဖခင်က ဂျီမီဟန်းဒရစ်ဇ်၊ အဲရစ်ခ်ကလပ်ပ်တန်၊ ခရင်းမ်၊ စန်တာနားတို့နဲ့ အတူ တီးခတ်တဲ့ဂစ်တာသမားပါ၊ “သီချင်းတွေလဲ ရေးကြတဲ့ ဂီတသမားအစစ်တွေပေါ့” လို့ အော်ရီယန်သီက သူမရဲ့အဖေအကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောပြလေ့ရှိတယ်၊ သူမသိပ်ကြိုက်တဲ့ ဂစ်တာသမားတွေက ၀ှိုက်စနိတ်ခ်၊ ဗန်ဟဲလန်၊ ဒဲဖ့်လဲ့ပ်ပါ့ဒ်တို့ ပါ၊ ဂရိဂီတအဖွဲ့တစ်ခုမှာ အမြဲတီးခတ်နေတဲ့ဖခင်ကြောင့် အိမ်မှာ တူရိယာပစ္စည်းတွေအမျိုးစုံနဲ့ အော်ရီယန်သီက ရင်းနှီးနေခဲ့တယ်၊ ဖခင်ရဲ့ဗီဇ အပြည့်အ၀ပါလာတဲ့ အော်ရီယန်သီဟာဂစ်တာတီးခတ်ဖို့ အချိန်သိပ်မယူလိုက်ရဘူးလို့ဆိုတယ်၊ “ကျွန်မ အသက် ၁၁ နှစ်က အဒဲလဲဒ့်ဒဲမှာ ဖျော်ဖြေသွားခဲ့တဲ့ ကာလိုစ့်စန်တာနား ရဲ့ပွဲက ဂစ်တာကို ထိမ်းမနိုင်သိမ်းမရစွဲလမ်းသွားဖို့ အားပေးလိုက်သလိုပဲ၊ ကျွန်မအဖေကို အီလက်ထရစ်ဂစ်တာဟောင်းတစ်လုံးလောက် ၀ယ်ပေးဖို့ ပူဆာတော့တာပေါ့၊ ကျွန်မလဲ ကားလိုစ့်လိုဖြစ်နိုင်တာပဲ၊ ကျွန်မ ကားလိုစ့်ဗီဒီယိုတွေ အကုန်ဝယ်တော့တယ်၊ ပြီးတော့ ထပ်ခါထပ်ခါ၊ ပြန်ပြန်ပြီးဖွင့်၊ သူရဲ့ ဂစ်တာဆိုလိုတွေကို အထပ်ထပ်လေ့ကျင့်၊ နောက်တော့ ကားလိုစ့်ရဲ့ ဂစ်တာဆိုလိုတိုင်း ကျွန်မအကုန်တီးနိုင်သွားတယ်၊ ကားလိုစ့်လိုပဲပေါ့” လို့ အော်ရီယန်သီက သူမ ဂစ်တာတီးလေ့ကျင့်ပုံကို ပြန်ပြောပြခဲ့တယ်၊

နောက်ထပ် ၇ နှစ် ကြာပြီးတဲ့အခါ ကားလိုစ့်စန်တာနား  အဒဲလဲဒ့်ဒဲကို ထပ်လာရင်း အော်ရီယန်သီဂစ်တာ လက်သံကို အသံစမ်းဖြစ်ခဲ့ကြတယ်၊ နောက်တော့ဂစ်တာဂုရုကြီးက အော်ရီယန်သီကို သူ့ရဲ့ ဂီတပွဲမှာ တီးခတ်စေခဲ့တယ်၊ ဇာတိမြို့လေးက ပရိသတ်ရှေ့မှာ ကားလိုစ့်စန်တာနားနဲ့ အော်ရီယန်သီ ဂစ်တာလက်စွမ်းပြခွင့်ရခဲ့ပါတယ်၊ Gaffen record နဲ့ ၂၀၀၆ ခုနှစ်မှာ စာချုပ်ချုပ်ခဲ့တယ်၊ ၂၀၀၉ American Music Award မှာ တီးခတ်ဖျော်ဖြေခဲ့ပြီး ABC ရုပ်သံက လွှင့်တဲ့ ဒီဇင်ဘာ ၃၁ new year eve တီဗီအစီအစဉ်အတွက် According to You သီချင်းနဲ့ တီးခတ်သီဆိုခဲ့တယ်၊ အော်ရီယန်သီရဲ့ ပရိတ်သတ်တချို့က Suffocated နဲ့ Think Like A Man သီချင်းတွေက  Evanescence, Avril Lavigne, Paramore နဲ့ Taylor Swift တို့ရဲ့ သီချင်းမျိုးတွေကိုသွားသတိရစေတယ်လို့ မှတ်ချက်ပေးကြတယ်၊ တချို့ကလဲ အမေရိကန်ဆယ်ကျော်သက်ရောခ့်အမျိုးသမီးအဖွဲ့ The Runaways ရဲ့ ဂစ်တာသမား အဆိုတော် Joan Jett သီချင်းတွေရဲ့ အရသာမျိုးပဲလို့ ဆိုကြတယ်၊

Entertainment World ရဲ့ အော်ရီယန်သီနဲ့ အမေးအဖြေလေးက အော်ရီယန်သီရဲ့ ဂစ်တာပရိသတ်တွေအတွက်ပါ၊

EW - အော်ရီယန်သီရေ၊ သြစတြေးလျ၊ အဒဲလဲဒ့်ဒဲ မှာ နေခဲ့တဲ့အသက် ၁၁ အရွယ်က ခင်ဗျားရဲ့ ဂစ်တာဝါသနာအစပျိုးပုံကို ပြန်ပြောကြဦးစို့ ၊ ခင်ဗျားရဲ့ဖခင်က ရောခ့်ဂစ်တာဂုရုကြီးတွေဖြစ်တဲ့ ကလပ်တန်၊ ဟန်းဒရစ်ဇ်၊ စန်တာနား တို့လို ဖြစ်ဖို့ တွန်းအားပေးခဲ့တာလား၊ ခင်ဗျား ဘ၀ အပြောင်းအလဲလေး ၊
Orianthi - ၁၁ နှစ်အရွယ်ဆီလား၊ အဲဒီတုန်းက ကလစ်စစ်ဂီတကို လေ့လာနေဆဲပါ၊ အဖေ က ဂီတသမားပဲ ဆိုတော့၊ ကားလိုစ့်စန်တာနာရဲ့ concert က ပိုပြီးတွန်းအားပေးခဲ့တယ်၊ အဲဒီပွဲလဲ ပြီးရော အီလက်ထရစ်ဂစ်တာ ၀ယ်ပေးဖို့ အဖေ့ကို ပူဆာတော့တာပဲ၊ နောက် ကျွန်မ demo စီဒီကို ကားလိုစ့်ကိုနားထောင်ပေးဖို့ တောင်းဆိုခဲ့တယ်၊ နောက် ကားလိုစ့်က နားထောင်ပြီး အသံစမ်း၊ သူ့ concert မှာ တီးဖို့ ခွင့်ပြုလိုက်တာ၊ အဲဒီ ၃၅ မိနစ်စာအချိန်လေးက ကျွန်မ ဘ၀ရဲ့ ပြောင်းလဲမှု အစပဲ၊

EW - မိုက်ကယ်လ်ဂျက်ဆန်နဲ့ရော ဘယ်လို အချိတ်အဆက်မိသွားတာလဲ၊
Orianthi - MYSPACE မှာ၊ မိုက်ကယ်လ်က ကျွန်မ MYSPACE account ကနေ တစ်ဆင့် မေးလ်ပို့တယ်၊ ကျွန်မကိုမေးတယ် အသံစမ်းကြည့်ချင်တယ်၊ ဖြစ်မလားပေါ့၊ Beat It သီချင်းနဲ့ အသံစမ်းကြည့်ဖို့အတွက်၊

EW - မိုက်ကယ်လ်နဲ့ အလုပ်လုပ်နေရင်း သူဘာတွေသင်ပေးခဲ့လဲ၊
Orianthi  - မိုက်ကယ်လ်က ကျွန်မကိုယ့်ကိုယ်ကို ဘယ်လိုတွန်းအားပေးရမလဲဆိုတာ မြင်တတ်အောင်သင်ပေးတယ်၊ သူက Black or White သီချင်းကို ဘယ်လောက်ထိ အမြင့်ဆုံးတီးနိုင်မလဲ စိန်ခေါ်ခဲ့သေးတယ်၊ ကျွန်မကို စိတ်မလှုပ်ရှားဖို့နဲ့ တည်တည်ငြိမ်ငြိမ်တီးခတ်နိုင်ဖို့သင်ပေးတယ်၊ အဖွဲ့သားတွေနဲ့ ဟန်ချက်ညီညီတီးခတ်နိုင်ဖို့လဲ သင်ပေးတယ်၊ မိုက်ကယ်လ်နဲ့ ၃ လလောက် အစမ်းလေ့ကျင့်ခဲ့ရတယ်၊

EW - ဂစ်တာဟီးရိုးဘ၀မှာ ခင်ဗျားဘယ်လိုလဲ
Orianthi - ခပ်ဆိုးဆိုးဂစ်တာဟီးရိုးပါပဲ၊ သိပ်အကောင်းစားကြီးမဟုတ်သေးဘူး၊

EW - အိုကေ၊ ခင်ဗျား ဂီတာနုတ်စ်ဖတ်နိုင်လား၊ နားအကြားနဲ့ပဲ တီးတာလား၊
Orianthi - အခြေခံကစပြီးလေ့ကျင့်ထားပြီးပါပြီ၊ ကျွန်မ ဖတ်နိုင်ပါတယ်၊

EW - ဒီရက်ပိုင်းတွေခင်ဗျားစိတ်လှုပ်ရှားနေမှာပဲ၊ မိုက်ကယ်လ်ဂျက်ဆန်ရဲ့ ရုပ်ရှင်လဲ ပြနေပြီ၊ ခင်ဗျားရဲ့ ပထမဆုံးအယ်လ်ဘမ်းလဲ ဖြန့်နေပြီဆိုတော့၊ ပြီးတော့ စင်ဂဲလ်ခွေကလဲ ရေဒီယိုမှာအချိန်တိုင်းလွှင့်နေ၊ Accourding to You ဗီဒီယိုကလဲ အားလုံးအဆင်သင့်ဖြစ်နေပြီ၊ ဒါနဲ့ Believe က ဘာတွေကိုပေးချင်တာလဲ၊
Orianthi - ယုံကြည်ချက်၊ စွမ်းအားပြန်လည်ဖြည့်တင်းဖို့နဲ့ မျှော်လင့်ချက်တွေ ပေးချင်တာ၊

EW - ကျွန်တော်အကြိုက်ဆုံး သီချင်း ၂ ပုဒ်က ဘဲလေးသီချင်း God only knows နဲ့ Highly Strung သီချင်းတွေပဲ၊ အဲဒီသီချင်းတွေနားထောင်တိုင်း ဂျက်ဖ်ဘက်ခ်၊ အဲရစ်ခ်ကလပ်တန်နဲ့ ဂျင်မ်မီပေခ်ျ့ တို့ ကို သတိရမိလွန်းလို့၊  ခင်ဗျားအကြိုက်ဆုံး သီချင်းတွေကရော၊
Orianthi - Bad News, Highly Strung, Suffocated နဲ့ God only knows လဲ ကြိုက်ပါတယ်၊ God only knows က ကျွန်မကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့သီချင်းပေါ့၊ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းနဲ့ မိုက်ကယ်လ်ဂျက်ဆန်ဆုံးရှုံးလိုက်ရတယ်၊ အဲဒီသီချင်းက သူတို့အတွက်ပါ၊

EW - ခင်ဗျား သီချင်းတွေကို တစ်ယောက်ယောက်က remix လုပ်ချင်တယ်ဆိုရင်၊ Akon? Diddy? Timberland? ဘယ်သူနဲ့ဖြစ်မလဲ၊
Orianthi - Timberland ပေါ့၊ ဘာကြောင့်လဲဆိုရင် OneRepublic ရဲ့သီချင်း Apologize မှာ တင်မ်ဘားလန်းဒ် ကိုသိပ်ကြိုက်တယ်၊ ပြီးတော့ ဂျပ်စ်တင်တင်မ်ဘားလိတ်ခ်နဲ့ ဆိုလဲ၊

EW - ခင်ဗျား i-Pod မှာ ထဲမှာ
Orianthi -  မိုက်ကယ်လ်ဂျက်ဆင်ရဲ့ P.Y.T သီချင်း၊ King of Leon အဖွဲ့ သီချင်းတွေ၊ ဘောပ့်မာလေး၊ သီချင်းတွေရှိတယ်၊ Thriving Ivory အဖွဲ့ရဲ့ Runaway သီချင်းက ကျွန်မ ringtone ပဲ၊

EW - ခင်ဗျား ပရိတ်သတ်တွေကို သိစေချင်တာများရှိရင် -
Orianthi - ကျွန်မက တကယ်ပဲ အကောင်ပလောင်လေးတွေကို ချစ်တယ်၊ လောစ့်အင်ဂျယ်လိစ်မှာ ဟိုဟိုဒီဒီလမ်းလျှောက်ရတာလဲ သိပ်ကြိုက်တယ်၊ ကျွန်မအတွက် အဲဒီမြို့က ထူးဆန်းတယ်ရှင့်၊


Thursday, January 7, 2010

ကျွန်မရဲ့ သူ၊ သူ့ ရဲ ပိစိကွေးအင်စတော်လေးရှင်းများ

artist တွေဟာ တော်တော်ထူးဆန်းတဲ့လူသားတွေဆိုတာကျွန်မအရင်ကတည်းက သိထားပေမယ့် အခုလို နီးနီးနားနားနေရပြန်တော့ ပိုပိုပြီးထူးဆန်းတာတွေ သိလာရပြန်ရော၊ ဒီနေ့ ညနေစာ စားပြီး ကော်ဖီလေးတစ်ခွက်နဲ့ ဟိုဟိုဒီဒီရှာဖွေ ဂိမ်းဆော့၊ facebook မှာမွေးထားတဲ့ ကြောင်လေးတွေ အစာကျွေး၊ သူတို့ကို လည်ပင်းလေး၊ ကျောလေးတွေပွတ်သပ်ပေး၊ ဒီလိုနဲ့ အမှတ်တွေတိုးလာ၊ သူတို့နဲ့ ကြွက်အရုပ်ပေးဆော့၊ ပြီးတော့ ဟိုး ငယ်ငယ်လေးကတည်းက ဆော့ခဲ့ဖူးတဲ့ battle city တင့်ကားဂိမ်းကို အင်တာနက်မှာရှာပြီးဆော့၊ ဟော ကြယ်ဖြူဖြူလေး ဒါဆို တင့်ကားက ကျည်ဆံ မြန်လာတယ် စားဖို့ အမြန်ပြေးနေတုန်း၊ ဗြုန်းကနဲ အခန်းထဲ သူ ၀င်လာပါရော၊ "ဟန်နီရေ ကြည့်ပါဦး"တဲ့ ဘာမပြောညာမပြော ကြည့်ပါဦးဆိုတော့ ကျွန်မလဲ ကြည့်ပေးရတာပေါ့၊ သူ့လက်ထဲမှာတော့ ထင်းရှုးသားဖြတ်စလေးတစ်ခုထဲ ကြေးနန်းကြိုး သွပ်ကြိုးတွေစိုက်ထည့်ထားတဲ့ ပိစိကွေးအရာတစ်ခု ကိုင်လို့ ဘာမှန်းလဲမသိ၊ ကျွန်မကလဲ ဖြီးတာပေါ့ အင်း ကြေးနန်းကြိုးရောင်၊ သွပ်ရောင်တွေနဲ့ဆိုတော့ သက်တန့် ခုံးခုံးလေးလိုပဲ လို့ ဘာရယ်မဟုတ် သူ့ကိုကျေနပ်အောင် ပြီးပြီးရော ပြောလိုက်တာ၊ ပြောလိုက်ခါမှ သူ့မျက်နှာက ပြုံးဖြီးဖြီးနဲ့ ၀င်းကနဲလက်သွားလိုက်တာများ သကြားလုံးရတဲ့ ကလေးလိုပဲ၊ ဒါ sunset တဲ့ အော် .. နေ၀င်တာပေါ့ ဘာပဲဖြစ်ဖြစ် သူ့ ပိစိကွေးအရာလေးအတွက် မှတ်ချက်တစ်ခုရတော့ သူကျေနပ်သွားတယ်၊ လှစ်ကနဲ ပြန်ထွက်သွားပြန်ရော၊ ကျွန်မလဲ ဂိမ်းဆက်ပြီး ဆော့မယ်လုပ်တော့ ကျွန်မ တင့်ကားလေးကို ရန်သူ တင့်ကားက ၀င်ပစ်သွားပြီ၊ စားစရာကြယ်ကလဲ အချိန်နဲနဲကြာတော့ ပြန်ပျောက်သွားပြီပေါ့၊
ဒါနဲ့ပဲ ကျွန်မ စာရေးမယ် ပြင်တုန်း တံခါးဝက သူ ပေါ်လာပြန်တယ်၊ လက်ထဲမှာ လဲ နောက်ထပ်ပိစိကွေးတစ်ခု၊ ဘာပါလိမ့်၊ ကျွန်မစိတ်တော့ အတော်ညစ်သွားတယ်၊ ကျွန်မ က အင်စတော်လေးရှင်းတို့ performance တို့ sculpture တို့ နဲနဲမှ မခံစားတတ်ဘူး၊ သိလဲမသိဘူး၊ ပန်းချီကားလှလှမြင်ရင် သဘောကျတာလောက်ပဲ၊ သူ့ လက်ထဲ မှာ ဒီတစ်ခါ ဘဲငန်းဖြူဖြူလေး လည်က ရှည်ထွက်လို့ ပါးစပ်က အဖြဲသား၊ ဒီအတိုင်းလက်နဲ့ ကိုင်ပြရုံတင်မဟုတ်ဘူး ဖြတ်ကနဲ စားပွဲပေါ်တင်လိုက်သေးတယ်၊ အဲဒီတော့ အောက်ခြေကို လုံးလုံးဝိုင်းဝိုင်းလုပ်ထားတဲ့ ဘဲငန်းဖြူဖြူလေးက လှုပ်တုတ်လှုပ်တုတ်နဲ့ မရပ်တော့ဘူး၊ ပြီးတော့ ဘယ်ဘက်ကိုယိမ်းနေတယ်၊ ကျွန်မ က ရုတ်တရက်အင်မတန်စချင် နောက်ချင်စိတ်ကပေါ်လာတာနဲ့ "ဟီး ဘဲလေးက ဘယ်သန်နော်" လို့ ရီပြော ပြောလိုက်မိတယ်၊ သူကလဲ အသံများထွက်အောင်ရီ၊ သဘောတွေကျလို့၊ အဲဒီ ဘယ်သန်ဘဲဖြူလေး ပြန်ကောက်ယူပြီး ခပ်သွက်သွက်ထွက်သွားပြန်တယ်၊
ကျွန်မ ခေါင်းကို ကွန်ပျူတာစကရင်ဘက်လှည့်ခါရှိသေး လာပြန်ပြီတစ်ခါ၊ ဒီတစ်ခါ ကလေးရုပ် ခေါင်းနဲ့ ဘယ်က ရှာဖွေစုဆောင်းထားမှန်းမသိ၊ စစ်သားရုပ်ခြေထောက်တွေဆက်လို့၊ ကိုယ်ထည်နောက်ပိုင်းနေရာမှာ မွန်ရိုးပုံ အသေးလေးညှပ်ထည့်ထားလိုက်သေးတယ်၊ ဒီပိစိကွေးက လမ်းလျှောက်နိုင်သေးတယ်ဆိုပဲ၊ ဓါတ်ခဲနဲ့ နန်းကြိုးဆက်ပြီး လွှတ်လိုက်တော့ ဆတ်တောက် ဆတ်တောက်သွားနေပုံက အသည်းယားဖို့ကောင်းလိုက်တာ၊ ကျွန်မမှာ အဲဒီကို့ရိုးကားယား အရုပ်လေး လမ်းလျှောက်နေပုံကြည့်လိုက် သူ့ကိုကြည့်လိုက်နဲ့ အူကြောင်ကြောင်၊ သူကတော့ အရောင်တဖြတ်ဖြတ်လက်နေတဲ့ မျက်လုံးမျိုးနဲ့ စိတ်ဝင်တစားကြည့်နေတာများ ဒီတစ်ခါတော့ ကျွန်မမှတ်ချက်ဆန်းဆန်းမဖြီးတတ်တော့ဘူး၊ ရှင်က သိပ်ထူးဆန်းတာပဲ လို့ ပဲ ပြောလိုက်နိုင်တယ်၊ အဲဒီပိစိကွေးအရုပ်ထက် ရှင်က ပိုထူးဆန်းတယ်လို့ပြောလိုက်မိတယ်၊ ဒါလဲ သူက သဘောကျပြန်တာပဲ၊ ပြုံးစိပြုံးစိနဲ့ အဲဒီကို့ရိုးကားယားလေးကို ပြန်ကောက်ယူပြီးထွက်သွားပြန်ပြီ၊
ဒါနဲ့ပဲ ကျွန်မနေရာပြန်ထိုင်ပြီး ဂိမ်းဆော့မလို့ အစကပြန်အရှိန်ယူနေတုန်း "ဒါလေးကိုကြည့်ပါဦး" တဲ့ လာပြန်ပြီ၊ မီးလုံးတစ်လုံး၊ မီးလုံပေါ်မှာ အဖြူရောင်ဆေးတွေနဲ့ ခေါင်းမိုးချွန်ချွန်အိမ်ရယ်၊ နေလို လ လို အ၀ိုင်းရယ်၊ ဟို ဒီ ခြစ်ထားတဲ့ လိုင်းတွေရယ်၊ ဘယ်သူသွားပြပြ သိသာနေတဲ့ အိမ်လေးကို ကျွန်မက ဒါ အိမ်ပုံ လို့ ပြောတော့ ပြုံးစိစိနဲ့ ငြိမ်ပြီးနားထောင်နေတယ်၊ ပြီးတော့ ဒါ က တော့ "နေ" လို့ပြောလိုက်တော့ "လ" ပါတဲ့၊ အော် အင်း "လ" ပေါ့၊ ကျန်တဲ့လိုင်းတွေက တိမ်တွေလို့ ပြောတော့ ဘာမှတော့ပြန်မပြောပါဘူး၊ "အမြင်အမျိုးမျိုးက ကြည့်လို့ရတယ် တခြားဘက်က ကြည့်ရင် အရသာ က တစ်မျိုး"ဆိုပြီး လှည့်ပြလိုက်သေးတယ်၊ ကျွန်မ လဲ ဟုတ်ပါရဲ့ တမျိုးတော့တမျိုးပဲ ဆိုပြီး ရောယောင်ထောက်ခံပေးလိုက်ပါတယ်၊ သူ ကျေနပ်သွားပြန်တယ်၊ မီးလုံးလေး တယုတယကိုင်ပြီး အခန်းထဲက ပြန်ထွက်သွားပြန်တယ်၊ သူ့အလုပ်ခန်းထဲဝင်သွားတယ်၊ ဒီလိုနဲ့ သိနေပြီ သူနောက်တစ်ခု ယူလာပြဦးမယ်ဆိုတာ၊
နောက်တစ်ခု က ဇွန်းကို ကွေးပြီး အလုံးဖြူဖြူလေး ၂ လုံးထည့်ထားတဲ့ ပိစိကွေးလေး ယူလာပြန်တယ်၊ ရွှေရောင်အလုံးလေးတွေနဲ့ ရွှေရောင်ဇွန်းဆို ပိုကြည့်ကောင်းမယ်လို့ စိတ်ဝင်စားချင်ယောင်ဆောင်ပြီး လျှောက်ပြောလိုက်တော့ သူက ခပ်ဆဆတွေးဟန်ပြုလို့ ခေါင်းတညိမ့်ညိမ့်နဲ့၊ “ဟုတ်တယ်နော်” တဲ့၊ ကျွန်မထက် ၁၀ နှစ်တောင်ကြီးတဲ့ သူ က ခုလိုကျတော့ တကယ့်ပီဘိ ကလေးတစ်ယောက်လိုပဲ၊ အမေကိုကိစ္စကြီးငယ်လာတိုင်ပင်နေတဲ့ သားတစ်ယောက်လို၊ ကျွန်မဘာပြောပြော သူ့မှာကျေနပ်နေတော့တယ်၊ ပြီးတော့ ပြောသေးတယ် သူ့မှာ ဒါမျိုးလေးတွေ အများကြီးဆိုပဲ၊ သဘောကတော့ တစ်ခုပြီးတစ်ခု ပြဦးမယ်ပေါ့၊
ဒီလိုနဲ့ နောက်ပိစိကွေးတစ်ခု လူ ၄ ယောက်က အောက်ကကြိုးနဲ့ ၀ိုင်းပြီးဆွဲနေပုံ၊ အလယ်ကလူက အပေါ်အောက် ဆင်းလိုက်တက်လိုက်၊ ကျွန်မဘာပြောရမှန်းမသိလို့ ဘာစိတ်ကူးနဲ့ "ဒါကိုလုပ်တာလဲ"ဆိုတော့ "ဒီလိုလုပ်ချင်လို့"တဲ့ ပခုံးကိုပဲ တွန့်ပြတယ်၊ ဒါကြောင့်ကျွန်မကတောင် နောက်မိသေးတယ်၊ "ပြခန်းတစ်ခုမှာ ပန်းချီကားတစ်ခုကို လူ ၃ ယောက်လောက် ၀ိုင်းကြည့်နေကြတယ်၊ သူတို့ရဲ့ အမြင်တွေက အမျိုးမျိုး တစ်ယောက်က ဆိုတယ် ဒါ လူနှစ်ယောက်ပုံ၊ တစ်ယောက်က ဒါ ကြောင်လေးပါတဲ့၊ နောက်တစ်ယောက်က သစ်တောစပ်စပ်နဲ့ abstract ဆန်ဆန်ပေါင်းပြီးဆွဲထားတာပါတဲ့၊ နောက်တစ်ယောက် ရောက်လာတယ်၊ ပန်းချီကားကိုဆွဲသူပေါ့၊ သူ က မေးစေ့ကိုပွတ်ရင်း ခင်ဗျားတို့ တကယ်ပဲ အဲလိုမြင်ကြလား အမှန်က ရိုးရိုးမျဉ်းကြောင်းတွေ ဟိုဒီ စိတ်ကူးတည့်သလိုဆွဲထားတာပါတဲ့" သူ့ ကိုအဲဒါ ပြောပြရင်း "ရှင်လည်း ဒီလိုလား"ဆိုတော့ ပခုံးထပ်တွန့်ပြတယ်၊ သေချာပါတယ် သူ့မှာလဲ အဖြေမရှိဘူး၊ ကျွန်မ ထပ်မေးရင် ပခုံးပဲ တွန့်ပြဦးတော့မယ်၊ နောက်ထပ်တစ်ခုကလည်း တကယ့်ကို ဘာမှ မဟုတ် နန်းကြိုးကို ဟိုလိမ်ဒီလိမ် ခေါင်းနေရာမှာ သစ်ရွက်ခြောက်သေးသေးတွေကို ကော်နဲ့ကပ်ထားတယ်၊ အဲဒါ dancer တဲ့၊ အော် ဖြစ်ရတယ်၊
နောက်တစ်ခု ဒါက သူ ရခဲ့ဖူးတဲ့ ပရောဂျက်တစ်ခု ဂိတ်အ၀င်ဝတစ်ခု ပုံစံငယ်တဲ့၊ ယောက်ျားနဲ့ မိန်းမပုံတဲ့၊ အပေါက်တွေက ကျောချင်းကပ်ပုံ၊ ဒါနဲ့ "ရန်ဖြစ်ထားလို့လား" မေးတော့ သူက တခွီးခွီးနဲ့ ရယ်တယ်၊ နောက် ပင့်ကူလူသားတဲ့၊ ခြေထောက်၂ ချောင်းပဲ ဆက်ထားတယ်၊ ကြည့်ရင်း ကွန်မက "ကြည့်ရတာ ညောင်းလိုက်တာ"လို့ ပြောလိုက်တော့ ရယ်ပြန်တယ်၊


နောက်ထပ်တစ်ခု က တရားထိုင်နေတဲ့ သူပုံ ရှရီချင်မွိုင်(Sri Chinmoy) ပုံစံငယ် ပလာစတာရုပ်လေးပါ၊ အိန္ဒိယလူမျိုးတရားဟောဆရာ တရားထိုင်ဖို့ သင်ကြားပေးခဲ့သူရဲ့ ပုံပါ၊ (ကျွန်မရဲ့သူ- သူကိုယ်တိုင်လဲ တရားထိုင်ဖူးတယ်တဲ့) အဲဒီ Sri Chinmoy မှန်း သူ့ဆီက စာအုပ်တွေတွေ့ထားဖူးလို့ သိနေတယ်၊ တွေ့တွေ့ချင်း “ဒါ ရှရီချင်မွိုင်မလား” လို့မေးလိုက်တော့ သူ့မျက်နှာ ပီတိတွေဖြာသွားလိုက်တာ၊ တော်တော်ကျေနပ်သွားရှာတယ်၊

ဒီလိုနဲ့ ပဲ ပိစိကွေးနောက်တစ်ခု .. နောက်တစ်ခု ထပ်ထပ်ပြီး ထုတ်ပြတယ်၊ တကယ်ပဲ ပိစိကွေးကို့ရို့ကားယားလေးတွေ သူ့ဆီမှာ အများကြီးပဲ အဲဒီနေ့က ကျွန်မ ဂိမ်းမဆော့နိုင် စာမရေးနိုင် သူ့ရဲ့ ပိစိကွေး အင်စတော်လေးရှင်း sculpture တွေ မှတ်ချက်ပေးရင်းနဲ့ပဲ ....




Wednesday, January 6, 2010

ငါ့ရဲ့လမ်း ... အားလုံးရဲ့လမ်း

(ကြာတော့ကြာပါပြီ၊ ရေးထားတာ၊ ၂၀၀၈ ခုနှစ်က အဟောင်းပြန်တင်လိုက်တာပါ)

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂုဏ်ပြုပွဲ အခမ်းအနားတစ်ခုမှာ ရော်ဘီဝီလျမ်(စ်)သီဆိုဂုဏ်ပြုထားတဲ့ သီချင်းတစ်ပုဒ်ကိုနားထောင်မိရင်း အဲဒီသီချင်းကို သဘောကျသွားပြန်တယ်။ မန်ချက်စတာပရိသတ်တွေ သံပြိုင်သီဆိုထားတဲ့ အသံတွေနဲ့ အင်အားပြည့်ဝလှတဲ့ သီချင်းတစ်ပုဒ်က `ငါ့ရဲ့လမ်း´  `My Way´ ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်ပါ။
ဒီ My Way သီချင်းကို သီဆိုဂုဏ်ပြုခဲ့ကြသူတွေ အများကြီးပါပဲ။ ဈာပနအခမ်းအနားတွေမှာ အဓိက သီကျူးလေ့ရှိတယ်လို့ သိရပါတယ်။ ဗြိတိန်ဈာပနအခမ်းအနားတွေမှာ ထိပ်ဆုံးက တောင်းဆိုခြင်းခံရတဲ့သီချင်းဖြစ်တယ်။ My Way ကို မူရင်း သီဆိုခဲ့သူက ဖရန့်ခ်စီနားထရားပါ။

အဲဒီလိုအခမ်းအနားတွေမှာ ပရိသတ်တွေ ဒုတိယ တောင်းဆိုခံရတဲ့သီချင်းက ဘက်တီမစ်ဒ်လားရဲ့ Wind Beneath Will Go On ပါပဲ။ တီနာတားနားရဲ့ Simply the Best သီချင်းကတော့ နံပါတ် ၅ လိုက်တဲ့ သီချင်းတစ်ပုဒ်ပါ။ တခြားနာမည်ကြီး သီချင်းတွေလည်း တော်တော်များများရှိပါသေးတယ်။ သိသလောက် ပြောပြရရင် ဂျိမ်းစ်ဘလန့်ထ်ရဲ့ Goodbye My Lover ၊ ဂျနီဖာဝမ်းန်စ်ရဲ့ I've Had the Time of My Life ၊ ရီကွင်းမ်ရဲ့ Pie Jesus ၊ အယ်လ်တန်ဂျွန်ရဲ့ Candle In the Wind ၊ U2 ရဲ့ With or Without You ၊ အဲရစ်ခ်ကလက်ပ်တန်ရဲ့ Tears in Heaven ၊ Police ရဲ့ Every Breath You Take နဲ့ Righteous Brothers ရဲ့ Unchanged Melody သီချင်းတွေက လူကြိုက်များလှတဲ့ သီချင်းတွေဖြစ်တယ်။ တချို့လူငယ်တွေကတော့ သူတို့ရဲ့ တစ်နေ့ ကြုံဆုံလာမယ့် ဈာပနအခမ်းအနားတွေမှာ Green Day ရဲ့ Time of your life(Good Riddance) သီချင်း၊ Led Zeppelin ရှဲ့ Stairway to Heaven သီချင်းတွေကို သီဆိုစေဖို့ ဆန္ဒ ရှိတယ်လို့ သိရတယ်။

My Way သီချင်းရဲ့ရာဇ၀င်ကို စူးစမ်းကြည့်တဲ့အခါ မူရင်းအဆို ဖရန့်ခ်စီနားထရား ဆိုထားပါတယ်။ ပေါလ်အန်ကာ က ရေးပေးထားပြီး သံစဉ်က ကလော်ဒီဖရန်ကွိုက်စ် နဲ့ ဂျက်ရီဗော့က်ခ်တို့ ရေးထားတဲ့ ပြင်သစ်သီချင်း Comme d'habitude  ရဲ့သံစဉ်ကို ယူထားခဲ့တယ်။ အင်္ဂလိပ်သီချင်းစာသားတွေကတော့ မူလပြင်သစ်သီချင်းနဲ့ ဆက်စပ်မှုမရှိပါဘူး။ My Way သီချင်းစာသားတွေဟာ သေခြင်းတရားနဲ့ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ လူတစ်ဦးကပြောပြနေဟန် ရေးထားတာပါ။

တေးရေးဆရာ ပေါလ်အန်ကာက My Way သီချင်းရေးဖြစ်ပုံနဲ့ ပတ်သက်ပြီး ခုလိုပြောပြခဲ့ဖူးတယ်။
“၁၉၆၇ ခုနှစ်လောက်က ကျော်ကြားခဲ့တဲ့ပြင်သစ် ပေါ့ပ်သီချင်း တစ်ပုဒ် Comme d'habitude ကို ကျွန်တော် ပါရီကို အလည်အပတ်သွားရင်းနဲ့ နားထောင်ခဲ့ရတယ်။ နားထောင်မိကတည်းက မသိမသာ နားစွဲသလို ဖြစ်ခဲ့တယ်။ နောက် ၂နှစ်လောက်ကြာတဲ့အထိ မေ့ပျောက်မသွားဘဲ မှတ်မှတ်ထင်ထင် နားထဲစွဲနေတာနဲ့ပဲ အဲဒီသီချင်းကို စာသားတွေ ဖန်တီးဖြစ်ခဲ့တာဗျ။ မူရင်းပြင်သစ် သီချင်းမှာ အသံဖမ်းထားပုံက သန့်သန့်ခန့်ခန့် မရှိလှပါဘူး။ ဒါပေမဲ့ အဲဒီသီချင်းထဲမှာ တစ်ခုခုတော့ လှလှပပကလေး ပုန်းအောင်းနေတယ်လို့ ကျွန်တော့်စိတ်ထဲ ခံစားလိုက်ရတယ်။ ကျွန်တော် ဒါကို ဖမ်းဆုပ်ရယူကြည့်ချင်လာတယ်။ ဒါနဲ့ပဲတစ်ရက် မနက်ခင်း တစ်နာရီလောက် အချိန်မှာ ကျွန်တော်လက်နှိပ်စက် အအိုအဟောင်းရှေ့မှာ ထိုင်ရင်း တစ်ယောက်တည်းပဲ အဲဒီပြင်သစ်ပေါ့ပ်သီချင်းကို နားထဲပြန်ကြား ယောင်ခံစားကြည့်လိုက်တယ်။ ခံစားမှုနောက်ကိုလိုက်ပြီး လက်ကလည်း စာလုံးတွေ တတောက်တောက်နဲ့ လိုက် - ရိုက်နေမိတယ်။ စကားလုံးခပ်ဆန်းဆန်းလေးတွေရဖို့ လစဉ်ထုတ်မဂ္ဂဇင်းတွေလည်း ရှာလိုက်၊ ဖတ်ကြည့်လိုက်နဲ့။ အရင်ဆုံး ကျွန်တော့်ရင်ထဲက ထွက်ကျလာတဲ့စာလုံးက “အခုတော့ အဆုံးသတ်ဖို့ နီးလာနေပြီ” ဆိုတဲ့ စာသားတွေပါပဲ။ ပြီးတော့ ကျွန်တော် ဘယ်တော့မှ မသုံးဖူးတဲ့ စာလုံးတွေ... “ငါလေ ၀ါးမျိုစား သုံးလိုက်၊ အခြေအနေမဟန်ရင် ဒါကိုပဲ ပျစ်ခနဲ ထွေးထုတ် လိုက်နဲ့” တဲ့။ ဒီလိုအသုံးအနှုန်းမျိုးကို ဖရန့်ခ်ရဲ့ တွန်းအားကြောင့် ရေးတတ်ခဲ့တယ်လို့ပဲ ပြောရမယ်ဗျ။ အဲဒီမနက် ငါးနာရီလောက်မှာပဲ သီချင်းရဲ့ ending ကို လက်စသတ်နိုင်ခဲ့တယ်။ ပြီးတာနဲ့ နီဗားနားမြို့က Caesar's Palace ဟိုတယ်ကို ရောက်နေတဲ့ ဖရန့်ခ်ကို ဖုန်းခေါ်လိုက်တယ် (နည်းနည်းမှအချိန်မဆိုင်းနိုင်ဘူး)။ ဟော့ဒီလို ပြောချလိုက်တယ်။
ဖရန့်ခ်ရေ... မင်းအတွက် အထူးသီးသီးသန့်သန့် ပေးစရာတစ်ခု ငါ့မှာ ရှိနေပြီဟေ့ ...လို့။
ဒီသီချင်းကို ကျွန်တော့်အသံဖမ်းကုမ္ပဏီက ကျွန်တော့်အတွက်ပဲ ထိန်းသိမ်းထားစေလိုတယ်လို့ ပြောကြတယ်။ သဘောက တခြားသူမပေးလိုက်နဲ့၊ ကျွန်တော်ပဲ ဆိုလိုက်ပေါ့လေ...။ ကျွန်တော်က ဒီသီချင်းကို ရေးနိုင်ခဲ့ပေမဲ့ ကောင်းအောင်ဆိုနိုင်မယ့် လူစားမျိုးတော့မဟုတ်ဘူးလို့
ဝန်ခံပြောပြခဲ့ရပါသေးတယ်"...။
သီချင်းရေးဆရာ ပေါလ်အန်ကာရဲ့ ရိုးသားမှုတွေကို သူ့စကားတွေထဲမှာ အထင်းသားတွေ့မြင်ခဲ့ရတယ်။
သူဟာ ကောင်းအောင် ဆိုနိုင်မယ့်လူမဟုတ်ဘူးဆိုပြီး `ဆိုခွင့်´ကို ပစ်ပစ်ခါခါ ငြင်းဆန် ခဲ့တာပါ။

ဒါနဲ့ပဲ ဖရန့်ခ်စီနားထရားဆိုဖို့ဖြစ်လာခဲ့တယ်။ Mya Way အယ်လ်ဘမ်ဟာ ၁၉၆၉ ခုနှစ်မှာ ထွက်ရှိခဲ့တယ်။
ယူအက်စ်မှာ သိက္ခာရှိရှိကျော်ကြားခဲ့ပြီး ချစ်စရာ၊ လှပဆွေးမြည့်ဖွယ်ရာ ခံစားမှုလေးတွေ လိမ်ယှက်နေတဲ့သီချင်းကောင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်။ မူရင်းသီဆိုသူ စီနားထရား သေဆုံးခဲ့တဲ့အခါ ပေါလ်အန်ကာက ကာဗာသီချင်းအဖြစ် ဖန်တီးခဲ့သေးတယ်။ စီနားထရားရဲ့ မူရင်းသီချင်းနဲ့ လုံးဝကွဲပြားတဲ့ ထရက်ခ်(track)ပါ။ အဲလ်ဗစ်စ်ပရက်စလေ ကလည်း ၁၉၇၀ နှစ်လယ်ပိုင်းက ဂီတပွဲတစ်ခုမှာ သီဆိုခဲ့ပြီး Elvis In Concert  စင်ဂဲလ်အယ်လ်ဘမ်ကို CBS-TV အတွက် ရိုက်ကူး ထုတ်လွှင့်ခဲ့တယ်။

Sex Pistols အဖွဲ့ရဲ့ ဘေ့စ်ဂစ်တာသမား ဆစ်ဒ်ဗီးဆီးယပ်စ် က အရင့်အရင်နဲ့ လုံးဝမတူအောင်
Punk -Rock သီချင်းပုံစံပြောင်းလဲ သီဆိုပြန်တော့လည်း အင်မတန် ကျော်ကြားခဲ့ပါသေးတယ်။ စာသားတွေလည်း အများကြီးပြောင်းထားတယ်။ ပြီးတော့ မြန်မြန်ဆန်ဆန် တီးခတ်ထားတာတွေ့ရတယ်။ ပြီးတော့ မိတ်ဆွေကြီးရေ...ဆိုတဲ့ သီချင်းစာသားတွေမှာ ဦးထုပ်တွေ အများကြီးဆောင်းသူ ပရက်ထ် ရေ...လို့ ဆိုထားတာဟာ ဗီးဆီးယပ်စ်က သူ့သူငယ်ချင်း ဂျွန်လိုင်ဒန် ကို တိုက်ရိုက်ရည်ညွှန်း သီဆိုထားတယ်လို့ Sex Pistols အဖွဲ့ကို မွှေနှောက်ကျွမ်းဝင်ထားကြသူတွေက အသေအချာဆိုကြတယ်။ တကယ်လည်း ဂျွန်လိုင်ဒန်က ဘယ်နေရာ ရောက်ရောက် ဦးထုပ် အမျိုးမျိုး ရှာဖွေဝယ်ယူစုဆောင်းတဲ့သူ ဖြစ်နေတော့တာကိုး။

ရက်ပ်ပါဂျေဇီကလည်း ၂၀၀၀ခုနှစ်ကထွက်ရှိခဲ့တဲ့ The Gift & the Curse အယ်လ်ဘမ်မှာ ကာဗာသီချင်းအဖြစ် သီဆိုခဲ့ပါ သေးတယ်။ ရစ်ချီရေးနဲ့ ဘော့ဘီကာ့ဇ်တို့ကလည်း ၁၉၆၉ ခုနှစ်က စပိန်ဘာသာနဲ့ A Mi Manera သီချင်းကို သီဆိုခဲ့ကြတယ်။ ရော်ဘီဝီလျံမ် အသံသရုပ်ဆောင် ပါဝင်ခဲ့တဲ့ Happy Feet ကာတွန်းကားရဲ့ အဓိကဇာတ်ကောင် ပင်ဂွင်းလေး ရာမွန်ဟာ အဲဒီ စပိန်သီချင်း
A Mi Manera ကို ဇာတ်ကားထဲမှာ အကောာင်းဆုံး သီဆိုသရုပ်ဆောင်ခဲ့တယ်။

Pirates of Silicon Valley ရုပ်ရှင်ဇာတ်ကားမှာ ဘီလ်ဂိတ် အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အန်ထော်နီမိုက်ကယ်လ်ဟောလ် ကလည်း ဒီ My Way သီချင်းကို သီဆိုခဲ့သေးတယ်။ နောက် စာရေးဆရာမ ဂျေကေရိုးလင်းရဲ့ ဇာတ်ကောင် ပရော်ဖက်ဆာ ဒေါက်တာဒမ်ဘဲလ်ဒေါ ရဲ့ ဈာပနအခမ်းအနားမှာလည်း My Way သီချင်းနဲ့ တခမ်းတနား ခင်းကျင်းခဲ့တယ်။
တခြား သီဆိုခဲ့ကြတဲ့ နာမည်ကြီးအဆိုတော်တွေလည်း အများကြီးရှိနေပါသေးတယ်။
ပေါလ်အန်ကာရဲ့ ငါ့ရဲ့လမ်း သီချင်းစာသားတွေထဲက ပုန်းအောင်းနေတဲ့အရာ တစ်ခုခုကို (သီချင်းရေးသူနဲ့ထပ်တူ) ရှင်းရှင်းလင်းလင်း ခံစားစေလိုတဲ့ရည်ရွယ်ချက်နဲ့ပဲ စကားလုံးတွေ တစ်လုံးပြီးတစ်လုံး ဖလှယ်သွန်ချလိုက်မိတော့တယ်။
 - - - - - - -

ကဲ... အခုတော့ အဆုံးသတ်ဖို့ နီးကပ်လာခဲ့ပြီပေါ့...
အဲဒါကြောင့်ပဲ... နောက်ဆုံးကားလိပ်ကြီးကလည်း ...
ငါ့ရဲ့ဘ၀ကြီးကို အမှောင်ချပိတ်သိမ်းဖို့ ဟန်တပြင်ပြင်လုပ်နေတာ ...
ငါ မြင်တွေ့လိုက်ရတယ်...
မိတ်ဆွေကြီးရေ.... တကယ်ပဲ
သေချာလှတဲ့ ငါ့အဖြစ်၊ ငါ့အခြေအနေတွေကို အခု ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပါတော့မယ်။

ငါ ရှင်သန်နေထိုင်ခဲ့ရာ ငါ့ရဲ့ဘ၀ဟာ...
ခရီးတွေ တစ်ခုစီ တစ်ခုစီ သွားလာလှုပ်ရှားမှုတွေနဲ့ ပြည့်နှက်လို့ပေါ့...
ခရီးတိုင်းကလည်း တာဝေး ခရီးတွေချည်းပါပဲလား...
အဲဒီထက် ပိုလာမယ့်အဖြစ်တွေ ရှိလာတဲ့အခါတိုင်း...
ငါ့ရဲ့ နည်းလမ်းအတိုင်း ရှင်းလင်းလုပ်ဆောင်ခဲ့တယ်.....။

နောင်တတွေကတော့... ငါ့မှာ နည်းနည်းပဲရှိခဲ့ပါတယ်၊
သေချာစေ့စေ့ပေါက်ပေါက်စဉ်းစားလေတိုင်းလဲ ချပြစရာ အင်မတန်ကိုနည်းတာပါပဲ၊
ငါက လုပ်ရမယ့်အလုပ်တွေပဲ လုပ်ခဲ့တာကိုး၊
ငါ့ကိုငါလည်း အလွတ်မပေးပဲ အမြဲသတိထားစောင့်ကြည့်ခဲ့သေးတာလေ.....။

လုပ်စရာတွေကို အပိုင်းလိုက် အပိုင်းလိုက် တစ်ခုစီ စီစဉ်ထားခဲ့တယ်၊
ခြေလှမ်းတလှမ်းစီကိုလည်း တလျှောက်လုံးဂရုပြုလှမ်းလျှောက်ခဲ့တယ်၊
အဲဒီထက် ပိုလာမယ့်အဖြစ်တွေ ရှိလာတဲ့အခါတိုင်း...
ငါ့ရဲ့ နည်းလမ်းအတိုင်း ရှင်းလင်းလုပ်ဆောင်ခဲ့တယ်.....။

ဟုတ်တယ်... အဲဒီအချိန်အခါ၊ အဖြစ်အပျက်တွေကို မင်းသိမယ် လို့ ငါ...သေချာပြောရဲပါတယ်၊
ငါလေ... ၀ါးမျိုနိုင်တဲ့အစားအစာတွေထက် ပိုပိုပြီး ကိုက်ဝါးမိခဲ့တဲ့ အခါ...
အဲဒီအရာတွေအားလုံးကို သံသယတွေ ဗရုန်းသုန်းကား ဖြစ်လာတဲ့ အခါ...
ငါကတော့ ၀ါးမျိုစားသုံးလိုက်.. အခြေအနေမဟန်ရင် ပျစ်ခနဲ ထွေးထုတ်လိုက်နဲ့ အဲဒီအရာတွေကိုပေါ့...
ထိပ်တိုက်ဝင်တိုးလိုက်... မတ်မတ်ရပ်ရင်း ကြံ့ကြံ့ခံ ရင်ဆိုင်လိုက်နဲ့...
ငါ့ရဲ့နည်းလမ်းအတိုင်းပဲ ရှင်းလင်းလုပ်ဆောင်ခဲ့တာပါပဲ.....။

ငါလေ...ချစ်ခြင်းမေတ္တာ.. သံယောဇဉ် တစ်ပြုံတစ်မကြီးနဲ့ ပျော်ဝင်နစ်မြုပ်ခဲ့ဖူးတယ်၊
ငါ ရယ်မောခဲ့တယ်...
ပြီးတော့ ငါ ငိုကြွေးခဲ့သေးတယ်...
ငါ့ဘ၀မှာ ခံစားချက်အားလုံး ပြည့်ပြည့်သိပ်သိပ် ခံစားခဲ့တယ်၊
ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခုန်ဆင်းလာတတ်တဲ့ မျက်ရည်တွေကိုလည်း ရယူခံစားခဲ့တယ်၊
ကဲကွယ်... အခုတော့ မျက်ရည်တွေများ...
တလိမ့်ချင်း တလိမ့်ချင်း လျှောကျ ပျောက်ကွယ်သွားပြီးတဲ့အချိန်တိုင်း အချိန်တိုင်း...
ငါ့မှာ ပျော်ရွှင်မြူးထူးစရာလေး တစ်ခုခုတော့ ရှာဖွေတွေ့ရှိခဲ့မိတာချည်းပါပဲ...

အဲဒီအဖြစ်အပျက်တွေကို တွေးတော... စောင်းငဲ့ ကြည့်ကြည့်တဲ့အခါ...
ပြောပါရစေတော့... ငါရှက်ရွံ့သိမ်ငယ်မနေခဲ့ပါဘူးကွဲ့...
မဟုတ်ဘူး... ငါဟာ အဲဒီလို လူစားမျိုး မဟုတ်ခဲ့ဘူး...
ငါ့ရဲ့နည်းလမ်းအတိုင်း လုပ်ဆောင်ခဲ့သူတစ်ဦးပါပဲ.....။

‘သူ’---  ဆိုတာ ဘာလဲ...
‘သူ’ --- ဘာတွေ ရရှိခဲ့လဲ...
‘သူ’ ကိုယ်တိုင်ကလွဲလို့ ကျန်တာ အားလုံး ဗလာနတ္တိ ပဲ...
အစစ်အမှန်ခံစားချက်တွေ ဖွင့်ဟလာတဲ့ အဲဒီ ‘သူ’ ရဲ့ စကားလုံး တွေဟာ...
ဒူးထောက်၊ အရှုံးပေး ကျဆုံးနေတဲ့ လူသားတစ်ယောက်ဆီက တောင်စဉ်ရေမရ လွင့်ထွက်ကျလာတဲ့အရာတွေ မဟုတ်ဘူး ...။
ဘ၀မှတ်တမ်းက ပြသမှာပါ... ထိုးနှက်တိုက်ခိုက်မှုတွေကိုလည်း ရယူခဲ့တာပဲလေ...
ပြီးတော့... ငါ့ရဲ့နည်းလမ်းအတိုင်းပဲ...
ငါ လုပ်ဆောင်သွားခဲ့ပါပြီ...။

Tuesday, January 5, 2010

မြန်မာစာလုံး အလှဆုံး၊ ကြိုးစားရေးမယ် တစ်ပြုံးပြုံး

"သေချာရေးပါဟာ လက်ရေးကလဲ လှချင်ရက်သားနဲ့ ဘယ်လိုလုပ်ရေးမှန်းမသိဘူး၊ ခဏ ခဏဖတ်ဖူးနေတာတောင် ဘယ်လိုမှစာလုံးဖော်မရဘူး၊ စိတ်ညစ်ပါတယ်" ပြောပြောဆိုဆို အမ က ပွစိပွစိ ဆူပြောပြောရင်း စာရွက်ထပ်ကြီးစားပွဲပေါ်လာချပေးတယ်၊ စာရွက်တွေကို ကြည့်လိုက်တော့ မှင်နီတွေက တော်တော်များများ၊ ဒါကြောင့် စာရိုက်ပြီးပေးပါဆိုတော့လဲ မရိုက်ဘူး၊ တဲ့ ပြောပြန်ပီ၊ နားညီးလိုက်တာ အလွန်ပဲ၊ ကျွန်မကလဲ အမှတ်မရှိပါဘူး၊ သူ ဘယ်လိုပြောပြော ရေးချင်သလိုရေးပီးပေးလိုက်တာပဲ၊ ကျွန်မမှာ တနေကုန် ကွန်ပျူတာကြီး မျက်စိနှစ်လုံး အလယ်စိုက်နေအောင် ကြည့်ရ အိမ်ရောက်တော့လဲ တစ်ခါ ကြည့်ရနဲ့ဆိုတော့ မကြည့်ချင်တော့ဘူး၊ လက်ရေးနဲ့ရေးပြန်တော့လဲ ကျွန်မက စာရေးသိပ်ပျင်းတာ၊ မြန်မြန်ပြီးချင် မြန်မြန်ကြီးရေး၊ ဒီလိုနဲ့ ကျွန်မလက်ရေးတွေက ဖတ်ရ မလွယ်တာ တကယ့်ကိုပဲ၊ ကျွန်မ ဘာသာပြန်စာတွေ ရေးဖြစ်ပါတယ်၊ ဘောလုံးသမားတစ်ယောက်အကြောင်းလစဉ်၊ ဒါကိုတော့ ကြိုက်တယ်၊ ကျွန်မက ဘောလုံးပွဲ ကြည့်ရတာဝါသနာပါတာကိုး၊ ဘာသာပြန်တွေလောက်ပဲ ရေးဖြစ်ပြီး ကိုယ့်ဘာသာ ကိုယ်ပိုင်စာရယ်လို့ မရေးတတ်ဘူး၊ တစ်ခါ ကျွန်မတစ်ယောက်တည်း ရန်ကုန်အိမ်မှာ ၅ ရက်လောက်နေဖြစ်ခဲ့ရတော့မှ ကြောက်ရလန့်ရပုံကို စာရေးချင်စိတ် သူ့ဘာသာပေါ်လာပြီး ရေးဖြစ်တာ အဲဒါပထမ ဆုံးပဲ၊
နောက်တစ်ခါ လူသတ်မှုတစ်ခု ကြောင့်အားလုံးလှုပ်လှုပ်ရွရွတွေဖြစ်၊ အင်တာနက်မှာလဲ ဆိုးဆိုးဝါးသေဆုံးနေတဲ့ ပုံတွေတက်လာ၊ အားလုံးက၀ိုင်းကြည့်၊ ပြီးတော့ အဲဒီ နာရေးတွေရဲ့ပုံတွေ အများကြီးကြည့်ရပြန်တော့ အော်ဂလီဆန်လာလိုက်တာ၊ ဒါနဲ့ပဲ "ငါသေခဲ့ရင်" ဆိုပြီးတွေးမိတာကနေ စာရေးကြည့်ချင်စိတ်က တားမနိုင်ဆီးမရ ပေါ်လာပြန်ရော၊ "ကျွန်တော်သေတဲ့အခါ" ဆိုပြီး မိုင်စုဘူး ဘလောဂ့်မှာ ရေးပြီးတင်ကြည့်ဖူးပါတယ်၊ သူငယ်ချင်းတွေက ပြောကြတယ်၊ တော်တော်ပေါတာပဲတဲ့၊ တစ်ယောက်က တော့ အခုပဲ သေခိုင်းချင်စိတ်ပေါက်မိတယ်တဲ့ ကဲ ကောင်းရော၊ စာရေးဖို့ ကိုယ်တိုင်စိတ်ပါလာပေမဲ့ စာရေးပျင်းတုန်း၊ အိမ်က စားပွဲပေါ် မြန်မာဂျာနယ်တွေတစ်ထပ်ကြီးနဲ့ Reader's Digest တအုပ်တွေ့ခဲ့ရင် Reader's Digest စာအုပ်ကိုပဲ ကျွန်မက အရင်ကောက်ကိုင်ဖတ်ကြည့်တတ်တဲ့သူမျိုး၊ အင်္ဂလိပ်စာကိုဖတ်ဖို့ ပိုပြီးအားသန်နေတတ်တဲ့ ကျွန်မကတော့ မြန်မာစာ၊ မြန်မာစာလုံးလေးတွေကို ဘယ်တော့မှ လှလှ ပပ ရေးဖို့ အားမထုတ်ခဲ့ဘူး၊ လတိုင်းလတိုင်း လဆန်းပိုင်းတွေမှာ အမ က ဖတ်မရတဲ့ ကျွန်မစာမူ စာရွက်ကြီးကိုင်ပြီး ဆူတုန်း၊ ကျွန်မကလဲ ပြီးစလွယ်မြန်မြန်ကြီးရေးပေးတုန်း၊ ဒီလိုနဲ့ပဲ ကျွန်မရဲ့မြန်မာစာလက်ရေး စုတ်ချာချာလေးတွေက အရင်အတိုင်းပဲ၊ ပို ပြီးလှမလာခဲ့ဘူး၊

နောက်တော့ ကျွန်မ အမျိုးသားရှိရာ လိုက်ပြီးနေခဲ့ရတော့ မြန်မာဂျာနယ်ဆိုတာ ဖတ်ရဖို့မလွယ်၊ အင်တာနက်မှာ ဖတ်လို့ရတယ်၊ မြန်မာစာလုံးလေးတွေ ရိုက်လို့ရနေတယ် ဆိုပေမယ့် ဂျာနယ်တစ်စောင်ကိုင်ဖတ်ရတာ၊ ကိုယ့်ဘာသာ စာအုပ်ပေါ်မှာ ချရေးရတာ တူကိုမတူပါဘူး၊ ကျွန်မ ဘဲလ်ဂရိတ်ကိုရောက်တော့ မြန်မာရယ်လို့တောင် မရှိကြဘူး မြန်မာသံရုံးရှိပေမဲ့ အဲဒီက အမ တွေနဲ့ မတွေ့ဖြစ်ကြဘူး သူ့တိုတွေလဲ အလုပ်ရှုပ်နေ၊ ကျွန်မကလဲ မအားတာနဲ့ပဲ၊ မအားသာမအားတယ်၊ ဘာရှုပ်နေမှန်းမသိဘူး၊ အလုပ်က ခုထိရှာမရသေးပါဘူး၊ ကျွန်မတတ်တဲ့ ၀က်ဘ်ဒီဇိုင်းအလုပ်မျိုးရှာနေတာ ခုထိ မရသေးဘူး၊ သူတို့ဘာသာစကားကလဲ အခုမှ သင်နေတုန်း မပြောတတ်သေးဘူးဆိုတော့လဲ၊ တနေ့တနေ့ ဒေါ်ဘရော ယူသရော့( မင်္ဂလာနံနက်ခင်းပါ)၊ ဒေါ်ဘာဒန်(ကောင်းသောနေ့ပါ)၊ လာကူနောခ့်ျ(ကောင်းသောညပါ) အဲဒီ နှုတ်ဆက်စကားတွေကနေကို မတက်ဘူး၊ သူများစကားတစ်ခုကို သင်ရတိုင်း ရေးရတိုင်း မျက်လုံးထဲ မြန်မာစာလုံးလေးတွေ ပြေးပြေးဝင်လာတယ်၊ မြန်မာစကားလုံးတွေ ယောင်ယမ်းပြောမိတာလဲ အခါခါ၊

ဒီလိုနဲ့ ကျွန်မ လုပ်နိုင်တာဆိုလို့ စာပဲရေးနိုင်တယ်၊ အမကလဲ စာရေးပါ၊ စာရေးပါနဲ့ ဂျီတောခ့်မှာ တွေ့တိုင်းတိုက်တွန်းတတ်လေတော့၊ တခါတခါ ကျွန်မစိတ်ကူးရရင် ရေးချင်တာလေးတွေ စာအုပ်လေးနဲ့ ခေါင်းစဉ်တွေချရေးထားတတ်တယ်၊ အရင်ကလဲ ရန်ကုန်မှာရှိနေကတည်းက ရေးရန်ဆိုပြီး ခေါင်းစဉ်တွေ နံပါတ်စဉ်ထိုးရေးထားပြီး၊ ရေးပြီးပြီဆို ပြီးပြီလို့ မှတ်ထားတတ်တာ၊ သိပ်ထူးဆန်းတာပဲ အရင်က ကျွန်မ အဲဒီလိုအမှတ်အသားလုပ်ရင် အင်္ဂလိပ်လိုပဲ ခေါင်းစဉ်တွေရေး ရေးရန်ကို လဲ to write၊ ရေးပြီးပြီ ဆိုရင်လဲ done လို့ရေးတတ်တယ်၊ အခုတော့ ကျွန်မ မှတ်စု စာအုပ်ထဲမှာ အားလုံး မြန်မာစာလုံးလေးတွေနဲ့၊ ကျွန်မဘာသာ သတိထားလိုက်မိတယ်၊ to write ဆိုရင်လဲ ရေးရန်လို့ ပီပီသသ၊ ရေးပြီးရင်လဲ ရေးပြီး အဲဒီလို ရေးတတ်လာတယ်၊ ပြီးတော့ အတတ်နိုင်ဆုံး လှအောင် ၀ိုင်းဝိုင်းစက်စက်လေး ဖြစ်အောင် ရေးမိတတ်တယ်၊

တစ်နေ့ ကျွန်မအခန်းထဲ ထိုင်ပြီး လက်ပ်တော့ပ်နဲ့ စာရိုက်နေတုန်း ကျွန်မအမျိုးသားရဲ့ အမေ ၀င်လာပါတယ်၊ မာမာက "ဖြိုးဖြိုးရေ၊ ကာဖူ သောက်မလား၊(သူတို့ က ကော်ဖီကို ကာဖူ လို့ခေါ်တယ်) ဘာတွေလုပ်နေတာလဲဟင်" လို့ မေးလာပြီး စကရင်ပေါ်ကို လှမ်းကြည့်လိုက်တယ်၊ မာမာ က အံ့သြသွားပုံနဲ့ စူးစူးစိုက်စိုက်ကြည့်ပါတယ်၊ ပြီးတော့ မေးတယ်၊ "ဒါ မြန်မာစာလုံးလေးတွေလားတဲ့၊ မာမားမျက်လုံးထဲတော့ အားလုံး လုံးလုံးဝိုင်းဝိုင်းလေးတွေပဲမြင်တယ်၊ အာလုံးလိုလို စက်ဝိုင်းလေးတွေနော်၊ သိပ်ချစ်ဖို့ကောင်းတာပဲ" တဲ့၊ ကျွန်မ တစ်ခါမှ မြန်မာစာလုံးလေးတွေမမြင်ဘူးသူ ဘက်က တွေးမကြည့်ခဲ့ဘူး၊ အဲလိုမတွေးဖြစ်ခဲ့ပါဘူး၊ မာမာပြောမှ စကရင်ဘက်ပြန်ကြည့်၊ တွေ့နေကျ ဇော်ဂျီစာလုံးလေးတွေက ပိုပိုပြီး လုံးဝိုင်းနေသလို၊ ချစ်ဖို့ကောင်းလိုက်တာ၊ ရင်ထဲမှာ တခုခုကို လွမ်းလွမ်းဆွတ်ဆွတ် ခံစားမိလိုက်တယ်၊ ဘာရယ်လို့လဲ မပြောတတ်ပါဘူး၊ အဲဒီနောက်ပိုင်း ကျွန်မစာရေးနေတဲ့ အခါ မာမာလဲ သူအားတဲ့အခါ လာထိုင်ပြီးကြည့်တတ်တယ်၊ ပြီးတော့ အမြဲပြောတယ်၊ ၀ိုင်းဝိုင်းလေး တွေနော်၊ ချစ်စရာလေးတွေ တဲ့၊ ကျွန်မအမျိုးသားကလဲ အဲဒီ ၀ိုင်းဝိုင်းစက်စက်စာလုံးလေးတွေ သူရေးတတ်ချင်လိုက်တာတဲ့၊

ဟုတ်တယ်၊ ဟိုး အရင် ...ကျွန်မ ငယ်ငယ် မူကြိုတက်တုန်း ကျောက်သင်ပုန်းမှာ “၀” ဆိုတာကိုပဲ ၀ိုင်းအောင် မရေးတတ်သေးလို့ နေ့ရက်ပေါင်းများစွာရေးခဲ့ရတာကို ပြန်တွေးသတိရမိတယ်၊ ကျွန်မ အဲဒီ“၀”ကို ၀ိုင်းအောင် ရေးတတ်ပြီးဖြစ်ရဲ့သားနဲ့ နဂိုက ၀ိုင်းစက်လှပနေတဲ့ စာလုံးလေးတွေကို ၀ိုင်းဝိုင်းစက်စက် ဖြစ်အောင် မရေးခဲ့ဘူး၊ ကျွန်မ နောင်တရလိုက်တာ၊ ပြီးတော့ မြန်မာစာလုံးလေးတွေကို ပိုပိုပြီး ချစ်လာလိုက်တာ၊ မျဉ်းလေးကြောင်းထဲ ၀င်အောင် ရေးခဲ့ရတဲ့ ကျွန်မရဲ မူကြိုဘ၀နေ့ရက်တွေထဲက မြန်မာစာလုံးလေးတွေကို စိတ်ကူးနဲ့ ပြန်ပြန်ပြီး ဖတ်ကြည့်မိတယ်၊ ပြီးတော့ စာရွက်ပေါ်မှာ ချရေးကြည့်တယ်၊ ဟိုး ၀ လုံးလေး က စပြီး မြန်မာစာလုံးလေးတွေ တစ်လုံးချင်း အလုံးတိုင်း အလုံးတိုင်း ငယ်ငယ်ကလို ၀ိုင်းအောင် လှအောင် ပီသအောင် ကြိုးစားပြီး ရေးကြည့်မိတယ်။
ကျွန်မ အမကို ပြောပြချင်မိတယ်၊ အခု ကျွန်မ မြန်မာစာလုံးလေးတွေ ၀ိုင်းအောင်ရေးဖို့ ကြိုးစားနေပါပြီ ဆိုတဲ့အကြောင်းပေါ့၊ သူကတော့ ပြောလိမ့်မယ်။
ဇော်ဂျီစာလုံးက ၀ိုင်းပြီးသားလို့ပဲ .. သူ လိုတာ ဇော်ဂျီစာလုံးနဲ့ soft copy ကိုး။          ။ 

Monday, January 4, 2010

ဘဲလ်ဂရိတ်မြို့သားတွေနဲ့ ခရမ်းရောင်

ဘဲလ်ဂရိတ်မြို့မှာ ဟိုနားဒီနားသွားရင်း ခဏခဏတွေ့ရတာ ခရမ်းရောင်ပါ၊ ကျွန်မကလဲ ခရမ်းရောင်ကြိုက်တတ်တော့ သတိထားမိနေတယ်၊ လမ်းဘေး ကြော်ငြာဘုတ်တွေကအစ စတိုးဆိုင်၊ ဘဏ် တွေနဲ့ အိမ်ခန်းတွေမှာပါ ခရမ်းရောင်ကိုတော်တော်သုံးကြတယ်၊ မြစ်ကမ်းပါးဘေး သွားလိုက်တော့လဲ အပင်လေးတွေ အသစ်စိုက်ထားတာ အမှတ်အသားလုပ်ထားတာကိုက ခရမ်းရောင်ဖဲကြိုးလေးတွေနဲ့၊ စူပါမားကတ် ဆိုင်ခန်းတွေမှာ အ၀င်ဝနားမှာ ခရမ်းရောင် အ၀တ်အစားတွေကို ပြထားကြတာ တွေ့ တွေ့နေရတော့ ဘဲလ်ဂရိတ်မြို့ ဟိုနားဒီနား ပြန့်ကျဲနေတဲ့ ခရမ်းရောင်တွေ ကို စုစုစည်းစည်းမြင်ချင်လာလို့ ဓါတ်ပုံရိုက်ယူထားလိုက်တယ်၊ ပြီးတော့ ဒီနေရာမှာ ...

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ