Thursday, January 14, 2010

ပေါ့ပါးလွတ်လပ်တဲ့ အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့ The Used

(အင်ပါယာမဂ္ဂဇင်းမှာ Digit အမည်နဲ့ရေးဖြစ်တုန်းက စာမူအဟောင်းပါ၊ The Used ကိုကြိုက်လို့ အမှတ်တရ ပြန်တင်လိုက်ပါတယ်)
Emperor Magazine [March 2007 Vol:3/ No.9]



Screamo (scream-emo) ဂီတအရောင်သမ်းနေတဲ့ ရောခ့်သီချင်းတွေကို တစိုက်မတ်မတ် ဖန်တီးနေကြတဲ့ ဂီတအဖွဲ့ကတော့ အမေရိကန်နိုင်ငံ Utah  ပြည်နယ်၊ Otem မြို့ ဇာတိဖွား လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ The Used ပါ။ ဘာအမျိုးအစားပဲဖြစ်ဖြစ် ရောခ့် ဆိုလာခဲ့ ဆိုတဲ့ လူငယ်လေးတွေကတော့ နားစွင့်လိုက်ကြ… နားစိုက်လိုက်ကြ…CD တွေဝယ်ယူစုဆောင်းလိုက်ကြတာပါပဲ။

The Used အဖွဲ့သားတွေရဲ့ သဘောထားက သူတို့ရဲ့ သီချင်းတွေလိုပဲ လူငယ်ဆန်ဆန် ရိုးသားလွန်းပါတယ်။  The Used အဖွဲ့မှာ အရေးပါခဲ့တဲ့ ဒရမ်သမားဟောင်း ဘရန်ဒန်က ''ကျွန်တော်တို့ရဲ့ သီချင်းတွေဟာ တကယ့်လူနေမှုဘ၀ အစစ်အမှန်တွေထဲ အရောက်သွားမယ်။  အဲဒီလို ဘ၀မျိုးတွေ ကျွန်တော်တို့ရဲ့ သီချင်းတွေမှာ မြင်တွေ့ရမယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့ တတ်စွမ်းသလောက် လုပ်ကြည့်ရအောင်၊ ဒါ The Used တွေရဲ့သဘောထားပါ'' လို့ဆိုပါတယ်။ ဟုတ်လောက်ပါတယ်။ ၂၀၀၄ ဒီဇင်ဘာ ဆူနာမီဒုက္ခသည်တွေအတွက် ရံပုံငွေ ဖျော်ဖြေပွဲတစ်ခုမှာ Queen အဖွဲ့ရဲ့ သီချင်း Under Pressure ကို My Chemical Romance အဖွဲ့နဲ့အတူ စိတ်ကြိုက်ပြန်လည်ဖန်တီးပြီး သီဆိုသွားခဲ့ကြတယ်။ ''Pushing Down On Me … Pressing Down On You .. no man ask for ... Under Pressure'' ဆိုတဲ့ စာသားတွေဟာ ပရိသတ်တွေ နှုတ်ဖျားမှာအားပါးတရ ခုန်ပေါက်နေကြတော့တယ်။


The Used အဖွဲ့ဟာ ၂၀၀၀ ပြည့်နှစ်မှာ ရှင်သန်လှုပ်ရှားလာခဲ့တဲ့ အမေရိကန် ရောခ့်အဖွဲ့တစ်ခု ဖြစ်တယ်ဆိုပေမယ့် စေ့စေ့ပေါက်ပေါက် ကြည့်မယ်ဆိုရင် ဒရမ်သမား Branden Steineckert က ၁၉၉၀ ခုနှစ် နှောင်းပိုင်းမှာကတည်းက အဖွဲ့တစ်ခုတည်ထောင်ဖို့ အသေအချာ ကြံစည်နေခဲ့တာပါ။ ပထမဆုံးအဖွဲ့အမည်ကို Froglick ကိုပေးထားပြီး Randy Krudop Lou Eastman Rich Stofleth နဲ့ Mark Falagrady တို့က ဂီတလမ်းကြောင်းအစကို tour ခရီးစဉ်တွေနဲ့ပဲ စတင်ပြီး ပရိသတ်နဲ့ တွေ့ထိဖို့ ကြိုးစားပါတယ်။ နောက်တော့ Used လို့ ပြောင်းလဲခဲ့ပေမယ့် ဘော်စတွန် ဂီတအဖွဲ့တစ်ခုရဲ့ အမည်နဲ့ သွားတိုက်ဆိုင်နေခဲ့တော့ The Used လို့ အမည်ပေးဖြစ်ခဲ့တယ်။ Something to Burn ဆိုတဲ့ အမည်နဲ့လည်း CD တစ်ချို့ထုတ်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီ CD ပါသီချင်းတွေဟာ The Used အယ်လဘမ်မှာ ပြန်လည်ပါဝင်ခဲ့တဲ့ သီချင်းတွေပါပဲ။ အဆိုသမား Ber Mc Cracken ကတော့ အမေးအဖြေတစ်ခုမှာ အဖွဲ့အမည်ကို Creed လို့ပေးချင်ခဲ့ပေမယ့် ရှိပြီးသားဖြစ်နေတဲ့အတွက် အမည်ပြောင်းခဲ့ရတယ်လို့ ပြောခဲ့ဖူးပါတယ်။

အဖွဲ့ရဲ့အမည်ကိုပေးဖို့ အသေအချာစဉ်းစားခဲ့သလို အဖွဲ့သားတွေကိုလဲ အကောင်းဆုံးဖြစ်အောင် ရွေးချယ်ခဲ့ပြီးမှ ၂၀၀၁ ခုနှစ်မှာ တရားဝင် စတင်ဖွဲ့စည်းလိုက်တယ်။ အဖွဲ့သားတွေကတော့ အဆို/စန္ဒရား/ကီးဘုတ် (Ber McCracken)၊ ဘေစ့်/နောက်ခံအဆို (Jeph Howard)၊ ဂစ်တာ/နောက်ခံအဆို (Quinn Allman) နဲ့ ဒရမ် (Dan Whitesides) တို့ ပါဝင်ပါတယ်။ ၂၀၀၂ ခုနှစ် ဇွန်လမှာ The Used ဆိုတဲ့ အဖွဲ့အမည်ပေးထားတဲ့ အယ်လ်ဘမ်ကို Reprise Record Label နဲ့ ထုတ်ဝေခဲ့တယ်။ ပထမဆုံး အယ်လ်ဘမ်မှာပဲ အောင်မြင်ခဲ့ပါတယ်။ Ozzfest ဂီတပွဲတော်မှာ Linkin Park, Snoop Dogg တို့နဲ့ အတူတကွ ဖျော်ဖြေခဲ့ကြတယ်။ tour ခရီးစဉ်တွေတစ်လျှောက် သွားသွားလာလာ၊ လှုပ်လှုပ်ရှားရှားပုံတွေပါဝင်တဲ့ May be Memories CD/DVD ခွေထွက်ရှိုခဲ့ပါတယ်။

၂၀၀၄ ခုနှစ် စက်တင်ဘာလမှာတော့ In Love and Death အယ်လ်ဘမ် ထုတ်ဝေခဲ့တယ်။ Billboard Top 200 မှာ နံပါတ် ၆ အထိ ခုန်တက်ခဲ့ပါတယ်။ လောလောဆယ် အယ်လ်ဘမ်အတွက် အမည်မရွေးရသေးပေမယ့် လာမယ့် ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ အယ်လ်ဘမ်အသစ်ထွက်ဖို့ အားလုံးပြင်ဆင်ထားပြီးပြီလို့ ဆိုတယ်။ The Used ပရိသတ်တွေကို ခေါင်းခဲသွားစေခဲ့တဲ အဖြစ်အပျက်ကတော့ အဖွဲ့မှာ အရေးပါခဲ့တဲ့ ဘရန်ဒန်ကို  The Used က ထွက်ခွာသွားစေခဲ့တာပါပဲ။ ၂၀၀၆ခှုနှစ်၊ စက်တင်ဘာ ၁၂ရက်နေ့က The Used အဖွဲ့ရဲ့ website က ဘရန်ဒန်စတိုင်းအက်ကာ့ထ်ဟာ The Used အဖွဲ့သားအဖြစ် ဆက်လက်ရှိနေတော့မှာ မဟုတ်ပါဘူးလို့ တရားဝင်ကြေညာခဲ့ပါတယ်။ အဖွဲ့သားတွေက ဘရန်ဒန်ကို ဆိုးဆိုးရွားရွားထိခိုက်စေမယ့် အလုပ်တွေ မဟုတ်ပါဘူး။ ဘရန်ဒန် ကျေးဇူးတွေ The Used မှာ အကြွေးတင်ကျန်နေပါပြီ လို့ ရေးသားထားပါတယ်။

၂၀၀၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့ မှာတော့ ဒရမ်သမားအသစ် ဒန်ဝှိုက်ဆိုဒ်စ် ကိုရွေးချယ်လိုက်ပြီ ဖြစ်ကြောင်းကို ထပ်ပြီး ကြေညာခဲ့တယ်။ ဘရန်ဒန်ကတော့ Rancid အဖွဲ့ကို ထွက်ခွာသွားခဲ့ပါတယ်။ The Used အဖွဲ့နဲ့ ပုံစံတူ ဂီတမျိုးကို ပုံဖော်နေကြတဲ့ အဖွဲ့တွေကတော့ Escape the Fate, From First to Last, Fighting Jacks, Alexisonfire, Story of the year, Boys Night Out , My Chemical Romance, Underoath နဲ့ Thrice တို့ ဖြစ်ပါတယ်။ 

တိုရွန်တိုမြို့ Halloween Night မှာ ပြုလုပ်ခဲ့တဲ့ San the Record Mah Acoustic ဂီတ ဖျော်ဖြေပွဲတစ်ခုမှာ ဘရန်ဒန်နဲ့ ဘေစ့်ဂစ်တာသမား ဂျက်ဇ် တို့ ဖြေကြားခဲ့တဲ့ အမေးအဖြေ ကို အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။

ဘရန်ဒန်ရေ၊ ခင်ဗျားတို့ရဲ့ "Take It Away" single ပါမကျန် ဗီဒီယိုရိုက်ကွင်းတွေမှာ ကနေဒါ၊ တိုရွန်တို တစ်ဝိုက်မှာပဲ လှည့်ပတ်ရိုက်ကူးထားတယ်နော်၊ အဲဒီနေရာကိုပဲ ဘာကြောင့်ရွေးဖြစ်တာပါလိမ့်၊
ကနေဒါမှာ မိတ်ဆွေကြီးတွေ များများစားစားရှိနေတယ်ဗျ။ ပြည်နယ်တွေထက် အဲဒီမှာ ရိုက်ကူးဖို့ ညှိနှိုင်းရတဲ့ နည်းဥပဒေတွေ တော်တော်လေး အဆင်ချောတယ်။ ကျွန်တော်တို့ရဲ့ tour ခရီးစဉ်တွေက အဲဒီအရှေ့ဘက် ကမ်းရိုးတန်းဘက်တွေဆီ ခြေဦးလှည့်နေတော့ လွယ်လင့်တကူ ရိုက်ဖြစ်သွားတာလည်း ပါတာပေါ့ဗျာ။ အင်မတန် သဘောကျဖို့ကောင်းတဲ့ နေရာတွေပါပဲ။

ပထမ အယ်လ်ဘမ် The Used ရဲ့ အောင်မြင်မှုက ကြီးမားခဲ့တော့ နောက်အယ်လ်ဘမ်အတွက် ဘယ်လိုဖိအားတွေ ဖိစီးခဲ့လဲ၊ ပရိသတ်တွေက ခင်ဗျားတို့ဆီက ဘာတွေမျှော်လင့်မလဲ၊ ဒါတွေကို သိခဲ့ပြီလား။
(ဂျက်ဖ်)
အခွေစလုပ်တော့ ကျွှန်တော်တို့ ဂီတကို ဘယ်လိုဖန်တီးမယ်၊ ကျွန်တော်တို့ ဘာတွေလဲဆိုတာ ပရိသတ်သိစေချင်တယ်၊ ပထမ အယ်လ်ဘမ်မှာ ကျွန်တော်တို့ ဖြစ်ညှစ် ရေးထားခဲ့တဲ့ စာသားတွေ၊ တတ်စွမ်းသလောက် ဖန်တီးခဲ့တဲ့ သံစဉ်တွေ၊ ဒါတွေအကုန် ပရိသတ်တွေကို ချကျွေးခဲ့တယ်။ အယ်လ်ဘမ် အသစ် (In Love and Death) မှာတော့ ကျွန်တော်တို့ကို ပရိသတ်က အကျွမ်းတ၀င်ရှိသွားပြီဆိုတော့ ဘာတွေထပ်လုပ်ထားသလဲ ဆိုတာကိုပဲ ပြဖို့လိုတော့တယ်။ ဖိအားရယ်လို့တော့ ကျွန်တော်မယူဆဘူး၊ အခွေတစ်ချပ်၊ ငါးချပ် ဒီလောက်ပဲရောင်းရပါစေ၊ ဂရုမစိုက်ဘူး။
(ဘရန်ဒန်)
ရိုးရိုးသားသားပြောရရင်တော့ဗျာ၊ ဖိအားတွေ အများကြီးရှိတာပေါ့၊ သိပ်ကောင်းတဲ့ ဖိအားပါ၊ ပိုကြိုးစားရတယ်၊ ပိုရေးရတယ်၊ ပိုဆိုရတယ်၊ ပိုတီးရတယ်၊ recording ပိုင်းကိုလည်း ပိုဂရုစိုက်ရတယ်၊ ဘယ်ဘက်ကိုမှ မဟစေရဘူး။ ကျွန်တော်တို့ စွမ်းအားတွေအကုန်ဖြုန်းပြီး သီချင်းတွေ ဖန်တီးခဲ့ကြတယ်။ ကံကောင်းတာက record label ကအစ မန်နေဂျာ၊ ပရိုဂျူဆာ၊ ဒီလူတွေ ဘယ်သူကမှ အတင်းလာမမေးကြဘူးဗျ၊ ကျွန်တော်တို့ စိတ်ကြိုက်ဖန်တီးခွင့်ရခဲ့တယ်။ In Love and Death အောင်မြင်ခဲ့တာလဲ ပထမအယ်လ်ဘမ်မှာ အတွေ့အကြုံတွေရခဲ့တော့ ပရိသတ်က ဘာတွေကို မျှော်လင့်ထားမလဲ၊ ကျွန်တော်တို့ ဘာတွေပေးနိုင်မလဲ ချိန်ဆသတ်သွားတာကြောင့်ပါ။

In Love and Death နဲ့ The Used ဘာတွေ ကွဲပြားလဲ။
(ဘရန်ဒန်)
တော်တော်လေးကွဲပြားပါတယ်။ The Used အယ်လ်ဘမ်ထဲက သီချင်းစာသားတွေဆို ကျွန်တော်တို့ ထိတွေ့ဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေကို ရေးထားတာ၊ ဒါကိုခင်ဗျားလဲ သိမှာပါ။

ခင်ဗျားတို့ဘ၀တွေ ပျော်ဝင်နေတဲ့ သီချင်းဆိုရင် Just A Little ကို ကျွန်တော် ရွေးလိုက်မယ်၊ ဟုတ်နေမလားပဲ။
(ဘရန်ဒန်)
တစ်ပုဒ်တည်း မဟုတ်ဘူးဗျ၊ သီချင်းတိုင်းမှာ ကျွန်တော်တို့ဘ၀တွေ ပါတယ်၊ Just A Little က သီချင်းကောင်းတစ်ပုဒ်ပါ။
(ဂျက်ဖ်)
ဒုတိယ အယ်လ်ဘမ်က recording ပိုင်းမှာ တော်တော်ကြာသွားတယ်။ အားလုံးပြီးမှ နောက်တစ်ကြိမ် ပြန်သွင်းရတယ်။ အသံဖမ်းဖို့ အားလုံး အသင့်ဖြစ်ပြီးမှ စာသားတွေ ခေါင်းချင်းဆိုင် ပြန်ရေးကြသေးတယ်၊ Hard to Say သီချင်းဆို စန္ဒရားတစ်ခုတည်းနဲ့ လွှတ်ပေးထားတာ ပိုကောင်းတယ်ဆိုပြီး ပြန်တီးကြတာ။

ပထမ အယ်လ်ဘမ်ပြီးစ tour ခရီးတွေ သွားရတယ်၊ ပြီးတော့ အယ်လ်ဘမ် အသစ်အတွက် ပြင်ဆင်ရတော့ အချိန်ရရဲ့လား။
(ဂျက်ဖ်)
ကလေးဘ၀တည်းက လက်လီရောင်းချတဲ့ စက်ရုံတွေမှာ အချိန်ပြည့် အလုပ်သမား လုပ်ခဲ့ဖူးတယ်ဗျ။ (ဘရန်ဒန်)
ဟုတ်တယ်၊ ထုပ်ပိုးတာကအစ အကုန်လုပ်တယ်၊ အလေ့အကျင့် ရှိခဲ့ပြီးးသားပါဗျာ၊ (ရယ်မောလျှက်)
အေင်မြင်မှုကို အဓိပ္ပါယ်ဖွင့်ရင် အဘိဓာန်မှာ တစ်ခုပဲရှိမယ်၊ လူတွေကသာ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ကြတာ မဟုတ်လား၊ တချို့က အောင်မြင်ကြတယ်၊ တချို့ကျတော့လည်း အောင်မြင်မှု မရကြဘူး၊ The Used အဖွဲ့သားတွေက "အောင်မြင်မှု" ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမှာပါလိမ့်။
(ဘရန်ဒန်)
ကျွန်တော်တစ်ယောက်တည်းရဲ့ ခံယူချက်ကတော့ အရာဝတ္ထုပေါ်မှာမူတည်မထားပါဘူးဗျာ၊ ကျွန်တော် ပြောချင်တာ သိရဲ့လား။ ကွန်တော်တို့ record label နဲ လက်မှတ်ထိုးနိုင်ခဲ့တယ်၊ မဆိုးပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ အလုပ်တစ်ခု ရချင်တာမဟုတ်ဘူးဗျ၊ ဂီတကို ဖန်တီးခွင့်ရချင်တာ၊ ဒါအဖြေပါပဲ၊ Tour ခရီးတွေ ဖျော်ဖြေနိုင်ဖို့၊ အယ်လ်ဘမ်တွေ ထုတ်နိုင်ဖို့၊ ပရိသတ်နဲ့ အဆက်မပြတ်ဖို့ record label နောက်ခံရှိဖို့ လိုတယ်။ The Used ရှင်သန်နေဖို့ အဆက်မပြတ်ကြိုးစားနေမယ်၊ Live Show အကြီးကြီး လုပ်မယ်ဗျာ၊ ခင်ဗျားရော ဘယ်လိုမြင်လဲ၊ The Used တွေ အောင်မြင်ကြရဲ့လား။

The Used တွေကို ပရိသတ်က Acoustic Performance လုပ်ပေးပါလို့ တောင်းဆိုလာရင် ပရိသတ်ဆန္ဒကို ခင်ဗျားတို့ ဖြည့်ပေးမလား။
(ဘရန်ဒန်)
ပရိသတ်က Format မတူတာ နားထောင်ချင်လှတယ်ဆိုရင်တောင် Acoustic Show လုပ်ဖို့ စိတ်မ၀င်စားပါဘူးဗျာ၊ အချိန်ယူလေ့ကျင့်ပြီး ဆိုပြခဲ့ရင်တောင် Acoustic ဂီတကို ငယ်ငယ်လေးတည်းက ရူးသွပ်ခဲ့တဲ Acoustic ဘိုးအေကြီးတွေရဲ့ လက်သံလို ဘယ်မှာနားထောင်ကောင်းနိုင်မှာလဲ၊ Acoustic ဂီတကို မက်မက်စက်စက် ချစ်မြတ်နိုးပြီး တီးခတ်တာ မဟုတ်တော့ အနှစ်သာရမဲ့နေတော့မှာပေါ့၊ Acoustic ဂီတကို သဘောကျတယ်၊ ကိုယ်တိုင်တီးခတ်ဖို့တော့ ၀ါသနာမပါပါဘူး။

လောဘရမက်ကြီးကြီး record label အချို့က တခါတရံ အနုပညာသမားရဲ့ ကိုယ်ပိုင် Art ကို ပြောင်းလဲပစ်ဖို့ ကြိုးစားတတ်ကြတယ်။ The Used တွေ ကြုံခဲ့ရပြီးပြီလား။
(ဘရန်ဒန်)
ကျွန်တော်တို့ ကံကောင်းပါတယ်၊ ကျွန်တော်တို့ရဲ့ record label က ဘာဖိအားမှ မပေးဘူးဗျ၊ ဘယ်လို single ပဲလုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျွန်တော်တို့ရဲ့ ရွေးချယ်မှုကပဲ အတည်ဖြစ်ခဲ့တယ်။

ခင်ဗျားတို့ အယ်လ်ဘမ်ကာဗာမှာ Artist Alex Pordee ရဲ့ လက်ရာတွေ့လိုက်ရတယ်။ သူ့ကိုဘာလို့ရွေးချယ် ခဲ့တာလဲ၊ The Used ရဲ့ မိတ်ဆွေဖြစ်နေလို့လား
(ဂျက်ဖ်)
မစ္စတာ အဲလက်စ်ရဲ့ လက်ရာတွေကို online မှာ ကြည့်ဖူးတယ်။ လူချင်းတော့ မရင်းနှီးလှပါဘူး၊ ကျွန်တော်တို့ရဲ့ show တွေမှာ ပရိသတ်တွေကို ပန်းချီကားတွေ လိုက်လိုက်ရောင်းနေတဲ့ သူ့ကို တွေ့ဖူးတယ်၊ သူ့ပန်းချီကားတွေကို ပရိသတ်ဆီက တောင်းကြည့်ပြီး ကြိုက်သွားတာနဲ့ အယ်လ်ဘမ်ကာဗာ ရေးပေးဖို့ အပ်လိုက်တာ။

ဂျက်ဖ်နဲ့ ဘရန်ဒန်ရေ ခင်ဗျားတို့အကြိုက်ဆုံး သီချင်းတွေ ပြောပြပါဦးလား၊ live show မှာ ဘယ်သီချင်းကို ဆိုရတာအာအတွေ့ဆုံးလဲ၊ နောက်ဆုံးမေးခွန်းလေး ဖြေပေးခဲ့ပါဦး။
(ဂျက်ဖ်)
Let It Bleed ကို အကြိုက်ဆုံးပဲ၊ ဒါပေမယ့် live show တွေမှာ Let It Bleed ကို တစ်ခါမှ မဆိုဖြစ်ခဲ့ဘူး၊ Say Days Ago ကို အစက တော်တော်ကြိုက်တယ်၊ အခုတော့ live show တွေမှာ ဆိုဖို့ [I'M]a Fake ကို အကြိုက်ဆုံးဖြစ်နေတယ်။
(ဘရန်ဒန်)
Blue and Yellow ကို အကြိုက်ဆုံးပါဗျာ။

အောင်မြင်မှုဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရအစစ်အမှန်ကို မှန်မှန်ကန်ကန် မခံစားတတ်သူအချို့ ဂီတလျှောက်လှမ်းတစ်ဝက်လောက်မှာပဲ နောက်ဆုတ် ကျောခိုင်းသွားကြပါပြီ၊ အောင်မြင်မှုကို ရိုးရိုးရှင်းရှင်းပဲ တွေးမြင်လက်ခံထားတြတဲ့ The Used အဖွဲ့သားတွေကတော့ လုပ်ချင်တာတွေ လုပ်ခွင့်ရနေတဲ့ဘ၀မှာ အသေအချာ ပျော်ရွှင်နေကြပါတယ်။ ဒါဆို The Used ဟာ လွတ်လပ်ပေါ့ပါးတဲ့ အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့ ခေတ်ရေစီးကြောင်းထဲက လူငယ်ကြိုက် ရောခ့်အဖွဲ့လို့ ဆိုရင် အင်ပါယာပရိသတ်ကြီးလက်ခံကြမယ်မဟုတ်လား။

(ဒီဆောင်းပါးက နဲနဲကြာနေလို့ The Used ရဲ့ လက်ရှိ update discography အတွက် ဒီ link http://www.theused.net/discography မှာရနိုင်ပါတယ်)



This photo from

5 comments:

  1. ဒီလိုမျိုး အောင်မြင်လာတဲ့ တီးဝိုင်းလေး အကြောင်း ဖတ်ရတာ ကျေးဇူးပါ ... ယူအက်စ်မှာ သဘောကျတဲ့ တ၀ိုင်းလည်း ရှိတယ် MOE တဲ့ သူတို့ကို အရမ်းလေးစားရပါတယ်ဗျာ

    ReplyDelete
  2. အင်း၊ ရေးလိုက်မှဖြင့် ကျနော်နားမလည်တာချည်းပဲ ဖြစ်နေတယ် ဗျာ။ သို့သော် ဖတ်ဖြစ်လိုက်ပါတယ်။ စေ့စပ်သေချာတယ်၊ စေတနာပါသော အားထုတ်ချက်တရပ် ဖြစ်တယ်ဆိုတာတော့ ကျနော်ခံစားလို့ ရခဲ့ပါတယ် ခင်ဗျာ ။

    ခင်မင်လျက်

    မင်းဒင်

    ReplyDelete
  3. မမရေ..နားထောင်ရင်း ဖတ်သွားတယ်။
    အားပေးနေပါတယ်။
    နောက်လည်းများများ တင်ပေးပါအုံးနော်။

    ReplyDelete
  4. ကောင်းတယ်
    ဆက်ရေးပါ

    ReplyDelete