Showing posts with label ဒရက်ကူလာတွေနေတဲ့ အိမ်. Show all posts
Showing posts with label ဒရက်ကူလာတွေနေတဲ့ အိမ်. Show all posts

Wednesday, October 17, 2012

ဒရက်ကူလာတွေနေတဲ့ အိမ်

အောက်တိုဘာလ ၃၁ ရက်နေ့ကို နီးကပ်လာတာနဲ့ ဟဲလိုးဝင်းနိုက်(Halloween Night) ကို ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲချင်တဲ့ လူငယ်လေးတွေရှိကြမှာပါ။  ဟဲလိုးဝင်းနိုက်ပါတီပွဲကျင်းပဖို့ စိတ်ကူးရှိကြမယ့် လူငယ်လေးတွေအတွက် ကိုယ့်ရဲ့အိမ်ကို ဒရက်ကူလာသွေးစုတ်ဖုတ်ကောင်တစ်ကောင်ရဲ့ အိမ်မျိုးပြင်ဆင်ဖန်တီးတဲ့အခါ ဘာတွေလိုအပ်နိုင်မလဲ ကိုယ်ပိုင်စိတ်ကူးအမျိုးမျိုးနဲ့ စိတ်ကြိုက်ဖန်တီးကြည့်နိုင်ပါတယ်။  ဟဲလိုးဝင်းနိုက်အတွက်ဆိုရင် ဖရုံသီးကိုထွင်းထားတဲ့ မီးအိမ်ကိုလည်း ပြင်ဆင်ရဦးမှာပါ။ အရိုးစုပုံစံ၊ လင်းနို့ပုံစံတွေကိုလည်း အခန်းထဲဟိုဟိုဒီဒီ နေရာချပေးရပါလိမ့်ဦးမယ်။ လူကြီးမိဘတွေအတွက် စိတ်အာရုံ ရှုပ်ထွေးညစ်ညူးတာတွေတော့ဖြစ်ကြမှာပါပဲ။ လူငယ်လေးတွေအတွက်ကတော့ ချောက်ချားထိတ်လန့်စရာပျော်ရွှင်မှုကို ဖန်တီးဖို့ စိတ်လှုပ်ရှားနေကြမှာပါ။ နိုင်ငံရပ်ခြားကလူငယ်လေးတွေရော ဟဲလိုးဝင်းနိုက်မှာ ပျော်ရွှင်စွာဆော့ကစားဖို့ ဘယ်လိုပြင်ဆင်ဖန်တီးကြလဲသိရှိနိုင်အောင်  ဟဲလိုးဝင်းနိုက်ထဲက သရဲအိမ်တစ်အိမ်ရဲ့အခင်းအကျင်းကို ဖော်ပြပေးလိုက်ပါတယ်။
ကြောက်လန့်စရာအိမ်တစ်အိမ် ခြယ်မှုန်းဖန်တီးတဲ့အခါ အတွင်းပိုင်းအခင်းအကျင်းကိုသာမကဘဲ အိမ်အပြင်ဘက်ကနေလှမ်းဝင်လာတာနဲ့ ကျောချမ်းစရာကောင်းသွားအောင် အိမ်ရဲ့အပြင်ဘက်ကိုလည်း ပြင်ဆင်သင့်ပါတယ် လို့ ဒီဇိုင်းပညာရှင်တွေကပြောပါတယ်။

အိမ်တံခါးဝင်ပေါက်ရှေ့ကို ခြေစုံရပ်လိုက်တာနဲ့ ပထမဆုံး စတင်ခြောက်လှန့်နိုင်ဖို့ ပင့်ကူအိမ်ဒီဇိုင်းခြေသုတ်ဖုံက အသင့်တော်ဆုံးပါပဲ။

ခြံထဲမှာရှိနေတဲ့ ပန်းအိုးလွတ်တစ်လုံးထဲမှာ ဒီလို စုံးမခြေထောက်ဇောက်ထိုးပုံစံ ထိုးထိုးထောင်ထောင်ပြင်ဆင်ထားလိုက်မယ်ဆိုရင် အနည်းငယ်ထိတ်လန့်မိမှာပါ။

ကတ်ထူးပြားကို ဒီလိုပုံစံမျိုးရအောင်ဖြတ်၊ ညှပ်၊ ကပ်ပြီး ခြံထဲမှာ ထောင်ထားမယ်ဆိုရင်ရော။

အရိုးစုသဏ္ဍာန်ပလာစတာရုပ်တွေ ခပ်များများရဖို့ကတော့ ငွေကုန်ကြေးကျများနိုင်ပါတယ်။ ဒါပေမဲ့ သူတို့တွေက ဟဲလိုးဝင်းပါတီကိုလာတဲ့ဧည့်သည်တွေကို ကြိုဆိုရေးအတွက် သိပ်ကိုအားကိုးရပါလိမ့်မယ်။

ဒီလိုပန်းချီရေးဆွဲခြယ်မှုန်းဖို့အတွက် မခက်ခဲလှသလို၊ ချစ်စရာကောင်းတဲ့ အလိုက်ဖက်ဆုံးဒီဇိုင်းလည်း ဖြစ်သွားနိုင်ပါတယ်။

အိမ်ခန်းအပြင်၊ အတွင်း ဒီလို  မျက်လုံးပြူးကျယ်ကျယ်လေးတွေ အများကြီးပဲ အသုံးပြုနိုင်ပါတယ်။ လွယ်လည်းလွယ်ကူပြီး မျက်လုံးတွေအများကြီးနဲ့ စောင့်ကြည့်နေခံနေရသလိုခံစားချက်မျိုးက အသည်းအေးစရာပါ။

စတစ်ကာလှလှလေးတွေနဲ့ ပြူတင်းပေါက်မှန်တွေမှာကပ်ထားလိုက်မယ်။ ရွှေဝါရောင်မီးအလင်းရောင်မျိုးနဲ့ဆိုရင် ထူးခြားတဲ့သရဲအိမ်လေးပေါ့။

သူတို့က ခြံထဲမှာ ဒီလိုစောင့်နေကြလိမ့်မယ်။

အိမ်ခန်းထဲက ဟယ်လိုဝင်းအသုံးအဆောင်တွေ
အတွင်းခန်းထဲ ထားနိုင်တဲ့ အပြင်အဆင်လေးတွေမှာ ဖရုံသီးမီးအိမ်ထွန်းညှိလို့ရလောက်အောင်အထိ ထွင်းစရာမလိုပဲ ပါးစပ်ပေါက်မှာ အစွယ်ဖွေးဖွေးနဲ့ ဆိုတော့ ထရန်ဆေးလ်ဗေးနီးယားက ဒရက်ကူလာဝိညာဉ်လို အာရုံခံစားမိကြမှာပါ။
ရိုးရှင်းတဲ့ ဒီ အလှဆင်ပစ္စည်းလေးဆိုရင်လည်း ကြည့်ပါ။ လေတင်းတင်းပူဖောင်းတွေမှာ ဆေးအမဲရောင်နဲ့ ခြယ်မှုန်းလိုက်ရုံပါပဲ။


အနက်ရောင်ဆက်တီတွေနဲ့ အ၀ါရောင်အခန်းတစ်ခန်းမှာ အခန်းဆီးတွေဟာ ပိုးမွှားတွေဟိုသည်ကိုက်လို့ ဖွာရရာကျဲနေလိုက်တာများ။ ခါတိုင်းထည့်ထားနေကျ မိသားစုဓာတ်ပုံလေးတွေကို အသာဖြုတ်သိမ်းပြီး မျက်လုံးပုံစံတွေ ဆေးခြယ်ထားလိုက်မယ်။ မှန်ချပ်တွေမှာပါ မျက်လုံးပုံတွေခြယ်မှုန်းထားမယ်ဆိုရင်တော့ မှန်ကြည့်ရမှာ တော်တော်လေး ၀န်လေးစရာဖြစ်နေတော့မှာပဲပေါ့။  

သိပ်ကောင်းတဲ့စိတ်ကူးလေးပါ။ အနက်ရောင်မပါပဲ ပြီးပြည့်စုံစွာမျက်ပဉ္စလက်ဆန်တဲ့အခန်းအပြင်အဆင်ရဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့်ပဲ စက္ကူအနက်ရောင်နဲ့ အရိပ်မည်းသဏ္ဍန်တစ်ခုပုံဖော်ပြီး လှေကားထစ်တွေမှာ ကပ်ထားလိုက်မယ်။ တစ်ယောက်ယောက်က ချောင်းမြောင်းစောင့်ကြည့်နေသလို၊ ကိုယ့်ကိုလှမ်းပြီးတို့ထိလိုက်တော့မလိုခံစားရမှာ အသေအချာပါ။

Easter egg တော့မဟုတ်ပါဘူး။ Halloween egg ပါတဲ့။

ဒီလိုပြင်ဆင်ထားမယ်ဆိုရင် အဲဒီဝိုင်ခွက်တွေ ဘယ်သူကများ လက်ကမ်းလို့ လှမ်းယူရဲပါ့မလဲ။

ချစ်စရာကောင်းတဲ့ ချိတ်ဆွဲစရာ စာရွက်ခေါက်ဟဲလိုးဝင်းမျက်နှာလေးတွေ။



အလိုက်ဖက်ဆုံးအသွေးအရောင်တွေနဲ့ လှလှပပခင်းကျင်းထားတဲ့ ဟဲလိုးဝင်းစားပွဲဝိုင်း။
 
ပြုလုပ်ရတာ လွယ်ကူတဲ့ အနက်ရောင်စက္ကူအခန်းဆီးနဲ့ အိမ်ခန်းအပြင်အဆင်မှာ .

အနောက်နိုင်ငံတွေမှာ ဟဲလိုးဝင်းနိုက်ပွဲတော်ညအတွက် အိမ်ခန်းပြင်ဆင်ပေးတဲ့ဝန်ဆောင်မှုတွေ ရှိနေကြတယ်။ ဟဲလိုးဝင်းလက်မှုပစ္စည်းတွေ နှစ်စဉ်အောက်တိုဘာလမှာ တွင်တွင်ကျယ်ကျယ်ရောင်းချနေကြပါတယ်။ (မြန်မာနိုင်ငံမှာတော့ အဲဒီအလေ့အထမွေးဖွားရာဒေသ မဟုတ်တဲ့အတွက်  ဟဲလိုးဝင်း အိမ်ခန်းပြင်ဆင်မှုတွေပြုလုပ်လေ့မရှိပါဘူး။) ဒရက်ကူလာတွေ၊ သွေးစုတ်ဖုတ်ကောင်တွေရဲ့ အိမ်နေရာအပြင်အဆင်ကို ဟဲလိုးဝင်းပျော်ပွဲရွှင်ပွဲအခမ်းအနားတွေမှာ ကိုယ့်စိတ်ကူးအတိုင်း ပျော်ရွှင်စရာ၊ ချောက်ချားစရာ၊ ကျောချမ်းစရာကောင်းလောက်အောင် အမျိုးမျိုး ပြုပြင်ဖန်တီးကြပါတယ်။

အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ ဟဲလိုးဝင်းကာလလေးဖြစ်ပါစေ။         ။
Living Fashion Magazine, Octber, 2012
မဉ္ဇူရီ