Showing posts with label အေးခဲနေဆဲ နျူကလီးယားစက်ရုံကြီး. Show all posts
Showing posts with label အေးခဲနေဆဲ နျူကလီးယားစက်ရုံကြီး. Show all posts

Tuesday, July 26, 2011

ကွဲပြားတဲ့အမြင်တွေနဲ့ အေးခဲနေဆဲ နျူကလီးယားစက်ရုံကြီး

ဖိလစ်ပိုင်နိုင်ငံက ဘတန်းနျူကလီးယားလျှပ်စစ်စက်ရုံ(Bataan Power Plant) ကို ခရီးသွားတွေလှည့်လည်ကြည့်ရှုနိုင်စေရန် ဖွင့်လှစ်လိုက်ပါပြီ။ ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာ အနောက်ဘက်ပိုင်း ကီလိုမီတာ ၁၀၀(မိုင် ၆၀)အကွာ နာရီအနည်းငယ်လောက်သာ သွားလိုက်တဲ့အခါ ဆလင်ဒါပုံမျှော်စင်ကြီးတစ်ခု မတ်မတ်ရပ်လို့နေတာတွေ့ရပါလိမ့်မယ်။ ပင်လယ်ဘက်က လှမ်းကြည့်လိုက်ရင်လည်း အထင်းသားမြင်နေရတဲ့အငူအစွန်းနေရာမှာ အဲဒီ မီးခိုရောင်အဆောက်အဦးကြီးတစ်ခု ရှိနေပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ တစ်ခုတည်းသော နျူကလီးယားစက်ရုံဖြစ်ပြီး ၁၉၇၆ ခုနှစ်က စတင်တင်တည်ဆောက်ခဲ့ကြတယ်။ ဒေါ်လာ ၂ ဘီလီယံ(ပေါင် ၁.၂ ဘီလီယံ)ကျော် အကုန်အကျခံတည်ဆောက်ခဲ့ပေမယ့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် တစ်ခါမှ အသုံးမပြုခဲ့ကြပါဘူး။ ဆယ်စုနှစ်သုံးခုကျော်ကြာ အသုံးမပြုပဲထားခဲ့ရာက အခုတော့ဖွင့်လှစ်လိုက်ပါပြီ။ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့အတွက်တော့ မဟုတ်ပါဘူး။ ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက်သာ ရည်ရွယ်လိုက်ပါတယ်။ ဘတန်းနျူကလီးယားစက်ရုံနဲ့ပတ်သတ်ပြီး စက်ရုံကိုဖွင့်လှစ်နိုင်မယ်၊ မဖွင့်နိုင်တော့ဘူး၊ စကားအချေအတင်ပြောဆိုနေခဲ့ကြတာ နှစ်တွေအများကြီးကြာခဲ့ပါပြီ။ နောက်ဆုံးတော့ စက်ရုံရဲ့ ခလုတ်ကို နှိပ်လိုက်ကြပါပြီ။

ဝန်ထမ်းတွေက စက်ရုံထဲကိုလာကြည့်ကြတဲ့ခရီးသွားအုပ်စုတွေကို နျူကလီးယားစက်ရုံတစ်ရုံအလုပ်လုပ်ပုံကို ရှင်းလင်းပြသကြတယ်။ “ကျွန်တော်တို့ ဒီလိုပုံစံမျိုးနဲ့ ဘတန်းနျူကလီးယားစက်ရုံကို စတင်အလုပ်လုပ်စေခဲ့ပါပြီ။ အဲဒီတော့ စက်ရုံကိုပြုပြင်ထိန်းသိမ်းဖို့ ရံပုံငွေ ရလာမယ်။ လုံခြုံရေးအတွက်လည်းစိတ်ချရနိုင်တယ်။ နျူကလီးယားလျှပ်စစ်ဓါတ်အားပေးစက်ရုံနဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပုံတွေကိုလည်း လူတွေကို သိမြင်စေချင်ပါတယ်” လို့ စက်ရုံမန်နေဂျာ မော်ရိုမာချဲလို က ပြောပါတယ်။ ခရီးသွားအုပ်စုတွေ အဆောက်အဦးတစ်ဝိုက်လှည့်လည်ကြည့်ရှုကြတယ်။ ၁၉၇၀ ခုနှစ်ပိုင်းက စနစ်တကျမရှိခဲ့သေးတဲ့အဆောက်အဦးကြီးကို စနစ်တကျပြင်ဆင်ထားခဲ့ပုံရပါတယ်။ Star Trek ဇာတ်လမ်းတွဲတွေထဲကလို ထိန်းချုပ်ခန်းကြီးက နေရာတကျမရှိ ဖရိုဖရဲဖြစ်နေတာမျိုးတော့ မတွေ့ခဲ့ရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဓါတ်ရောင်ခြည်အန္တရာယ်လည်းရှိမနေလို့ပါပဲ။ နျူကလီးယားစက်ရုံကြီးရဲ့ အသည်းနှလုံးနေရာလို့ ပြောရမယ့် အဏုမြူဓါတ်ပေါင်းအိုးရှိတဲ့နေရာကိုပါ ကြည့်ရှုခွင့်ပြုထားတယ်။ လောင်စာချောင်းတွေကိုထုတ်ပိုးထားပြီးသားအသင့်အနေအထားမှာမြင်တွေ့နိုင်ကြပါတယ်။

ဘတန်းအဆောက်အဦးဟာ ဘယ်တုန်းကမှ လှုပ်လှုပ်ရှားရှားမရှိခဲ့ဘူး။ လည်ပတ်ရခြင်းမရှိခဲ့ပါဘူး။ ဘာကြောင့်လဲ၊ အဆောက်အဦး ပြီးဆုံးတဲ့အချိန်ဟာ လုံးလုံးမှားယွင်းနေခဲ့ပါတယ်လို့ ဆိုကြတယ်။ အဆောက်အဦးဆောက်လုပ်၊ ပြင်ဆင်ပြောင်းလဲပြီး နှစ်တွေအများကြီး ကြာတဲ့အခါ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာအဆောက်အဦးလုံခြုံရေးအဖွဲ့တွေ စစ်ဆေးမှုတွေလုပ်ခဲ့ကြတယ်။ ၁၉၈၆ ခုနှစ်အစပိုင်းမှာ အဆောက်အဦးဟာ အသင့်အနေအထားရှိနေပြီလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ တိုင်းပြည်ထဲမှာ နျူကလီးယားစက်ရုံဆောက်လုပ်ရေး အတွက် အဓိကထောက်ခံအားပေးခဲ့သူ သမ္မတဖါဒီနန်မားကိုစ့်ကိုဆန့်ကျင်တဲ့ ပထမဆုံး ပြည်သူ့စွမ်းအားတော်လှန်ရေးစတင်လာခဲ့တယ်။ မားကိုစ့်ကိုအောင်နိုင်သွားခဲ့တဲ့ ကိုရာဇွန်အကွီနိုက ပြီးခဲ့တဲ့အစိုးရတစ်ရပ်ရဲ့ အဂတိလိုက်စားမှုအတွက် စွပ်စွဲချက်တွေ၊ မေးခွန်းတွေအများကြီးပဲထုတ်လိုက်တယ်။ အထူးသဖြင့် နျူကလီးယားစက်ရုံတည်ဆောက်မှုမှာလည်း နည်းမှန်းလမ်းမှန် တည်ဆောက်ခဲ့ခြင်းမရှိဘူးလို့ စွပ်စွဲခဲ့ပါတယ်။ အကွီနိုပြောတဲ့အချက်တွေမှာ ဘတန်းအဆောက်အဦးဟာ ရေမြေအနေအထား မှားယွင်းမှုအများကြီးရှိနေတဲ့နေရာမှာ တည်ရှိနေတယ်လို့ဆိုတယ်။ ငလျင်နဲ့ စူနာမီထိခိုက်လွယ်တဲ့နေရာမှာရှိနေတယ်။ နာတစ်ဘ်တောင်နဲ့လည်း မဝေးကွာလှဘူး။ နာတစ်ဘ်တောင်ကို ငလျင်မီးတောင်ပညာရှင်တွေက “လှုပ်ရှားမှုအလားအလာရှိတဲ့ မီးတောင်” အဖြစ် ဖော်ပြပြောဆိုလေ့ရှိကြတယ်။ အကွီနိုအာဏာရပြီးချိန် လအနည်းငယ်ကြာတဲ့နောက် ယူကရိန်းနိုင်ငံက ချာနိုဘိုင်းပေါက်ကွဲမှုဖြစ်ပွားမှုကြောင့် နျူကလီးယားလျှပ်စစ်စွမ်းအားထုတ်လုပ်မှုကို ကမ္ဘာ့မှာတပ်လှန့်ပြီး ပြန်လည်စစ်ဆေးဖို့ ပြောဆိုနေကြတဲ့အချိန်ဖြစ်ခဲ့တယ်။ ဖိလစ်ပိုင်ဟာ နျူကလီးယားစွမ်းအင်အတွက် ဆိုင်းငံ့ထားသင့်သေးတယ်လို့ အကွီနိုက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘတန်းအဆောက်အဦးဟာ ကြီးမားတဲ့ဆင်ဖြူတော်တစ်ကောင်အဖြစ်ပဲ ရပ်တည်ခဲ့ရတော့တယ်။

လတ်တလော ဂျပန်နိုင်ငံက ဖူကူရှီးမားနျူကလီးယားစက်ရုံရဲ့အကျပ်အတည်း ဖြစ်ပွားနေဆဲအချိန်မှာတောင် ဖိလစ်ပိုင်လူမျိုးတွေဟာ တစ်နေ့မှာဘတန်းဓါတ်ပေါင်းဖိုအလုပ်လုပ်နိုင်ရမယ် ဆိုတဲ့ မျှော်လင့်ချက်ကို လက်မလွှတ်ကြပါဘူး။ ပြီးခဲ့တဲ့နှစ်အထိ လွှတ်တော်အမတ် ဖြစ်ခဲ့တဲ့ မာ့ခ်ကိုဟွမ်ကို က ဘတန်းအတွက် ငွေကြေးချထားပေးရေးမူကြမ်းတင်ပြခဲ့တယ်။ မစ္စတာကိုဟွမ်ကိုဟာ ဘတန်းကိုထောက်ခံတဲ့ အဆင့်အမြင့်ဆုံးအရာရှိတွေထဲကတစ်ဦးဖြစ်ပါတယ်။ “ကျွန်တော်တို့ နျူကလီးယားစွမ်းအင်လိုအပ်ပါတယ်။ ဒီနျူကလီးယားစက်ရုံမှာ ဘယ်တုန်းကမှ ဓါတ်ရောင်ခြည်မတွေ့ခဲ့ဘူး၊ နျူထရွန်လေးတစ်လုံးတောင်မတွေ့ခဲ့ရပါဘူး၊ စိတ်ချရတဲ့ အသစ်စက်စက်အဆောက်အဦး တစ်ခုပါ” လို့ သူက ပြောခဲ့တယ်။ မာခ့်ကိုဟွမ်ကို ကပဲ ဖိလစ်ပိုင်နိုင်ငံဟာ အာရှတိုက်တစ်ခုလုံးမှာ ပြည်တွင်း လျှပ်စစ်ဓါတ်အားခအမြင့်ဆုံးနှုန်းထားဖြစ်နေပြီ။ အဲဒီနှုန်းထားကြောင့်စီးပွားရေးကျပ်တည်းစေမယ်၊ အဆင်းရဲဆုံးတိုင်းပြည်တွေရဲ့ဒေသတစ်ခုလိုဖြစ်လာမယ်လို့ ထောက်ပြပြောဆိုခဲ့တယ်။ ရေအားလျှပ်စစ်နဲ့ လေအားလျှပ်စစ်စက်ရုံတွေ ရင်းနှီးမြှပ်နှံနေတာတောင် ဖိလစ်ပိုင်ရဲ့ လျှစ်စစ်စွမ်းအားက လတ်တလောမှာ ကျောက်မီးသွေးစက်ရုံတွေကပဲ အများဆုံးထုတ်လုပ်နေပါတယ်။ ကျောက်မီးသွေးက သွင်းကုန်ဖြစ်တာကြောင့်ငွေကြေးကုန်ကျမှုများလှပါတယ်။ “လျှစ်စစ်စွမ်းအားကို မထုတ်လုပ်နိုင်ရင် တခြားတိုင်းပြည်တွေနဲ့ စီးပွားရေးအရယှဉ်ပြိုင်ဖို့ အခွင့်အရေးမရှိနိုင်ဘူး။ ပြည်တွင်းစီးပွားတိုးတက်ရေးစူးစိုက်ဖို့ထက် ကျွန်တော်တို့ရဲ့လူတွေ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ဖို့ တင်ပို့ပေးနေသလိုပဲ ဖြစ်နေမှာပဲ” လို့ မစ္စတာကိုဟွမ်ကိုက ဆိုတယ်။

အဆုံးမှာတော့ ဘတန်းအတွက်ထောက်ခံခဲ့သူတွေဟာ တောင်တက်ရသလိုခက်ခဲတဲ့စစ်ပွဲတစ်ပွဲ ရင်ဆိုင်ကြရမှန်းသိလာကြတယ်။ တစ်ချို့ဒေသခံတွေကလည်း နျူကလီးယားစက်ရုံကို ဆန့်ကျင်ကြတယ်။ သူတို့ရဲ့အိမ်တံခါးဝကို ဘေးအန္တရာယ်တစ်ခုက တံခါးလာခေါက်မှာ ကြောက်ရွံ့နေကြတယ်။ ဟိုကသည်က နျူကလီးယားဘေးအန္တရာယ်တွေအကြောင်းကိုးကားပြောဆိုကြတယ်။ လက်ရှိသမ္မတ ဘီနင်ညိုအကွီနိုဟာ ကိုရာဇွန်ရဲ့သားဖြစ်ပါတယ်။ သူက မိခင်ရဲ့ ပထမသော့ချက်ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ ဘတန်းအဆောက်အဦးကိုတော့ ပြန်လည်အစဖော်လုပ်ဆောင်နိုင်ချေမရှိပါဘူး။ ဖူကူရှီးမားနျူကလီးယားစက်ရုံရဲ့နိုးထလာမှုကြောင့် ငလျင်ဒဏ်ခံဒေသတွေရဲ့ နျူကလီးယားစွမ်းအင်အန္တရာယ်တွေအကြောင်းတွေ သိလာရတာကြောင့်လည်း ထိတ်လန့်မှုတွေက ပြန်ပြီး အသစ်ဖြစ်နေခဲ့ကြတယ်။

နျူကလီးယားစက်ရုံ မန်နေဂျာ မော်ရိုမာချဲလို က အကောင်းကိုပဲ တွေးမြင်မျှော်လင့်မနေခဲ့ဘူး။ သူ တာဝန်ကျနေတဲ့သက်တမ်းတလျှောက် ဘတန်းဖွင့်လှစ်နိုင်ဖို့ မျှော်လင့်မထားပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဘတန်းကို အလည်ရောက်လာခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကတော့ ဘတန်းက လုံးဝအောင်နိုင်သွားပါပြီလို့ ဆိုကြတယ်။ ကျောင်းသားတစ်ယောက်က “အံ့သြစရာကောင်းတယ်၊ ကျွန်တော်တော့ စက်ရုံဖွင့်လှစ်သင့်တယ်လို့ ထင်တယ်”လို့ ပြောသွားပါတယ်။ “အဆောက်အဦးထဲလှည့်လည်ကြည့်ရှုခဲ့ရတာ ပျော်ရွှင်စရာကောင်းလှပါတယ်။ အများကြီးပဲ လေ့လာခဲ့ရတယ်။ ဒါပေမဲ့ နျူကလီးယားစက်ရုံက အမှန်တကယ်အသုံးမပြုနိုင်တာကတော့ ရှက်စရာကောင်းတဲ့အရာလိုပဲ” လို့ နောက်ထပ်ကျောင်းသားတစ်ယောက်က ပြောခဲ့တယ်။

မစ္စတာမာချဲလိုနဲ့ နျူကလီးယားမဲဆွယ်သူတွေမှာ တစ်ခြားစိန်ခေါ်မှုတစ်ခုကိုလည်း ရင်ဆိုင်နေရပါသေးတယ်။ နျူကလီယားဆန့်ကျင်ရေးပြင်းပြင်းထန်ထန်လုပ်ဆောင်နေကြတဲ့ Greenpeace အဖွဲ့က ဘတန်းခရီးသွားအစီအစဉ်အကြောင်းသိရတဲ့အခါ “သဘာငပတ်ဝန်းကျင်လေ့လာရေး”အဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီ ခရီးစဉ်မှာ ဓါတ်ပေါင်းဖိုထဲ လှည့်လည်ကြည်ရှုဖို့ရယ် အနီးအနားက လိပ်ဘေးမဲ့ဇုန်နဲ့ ဒုတိယကမ္ဘာစစ်အထိမ်းအမှတ်နေရာကိုလည်း သွားရောက်လေ့လာကြမယ်လို့ ဆိုတယ်။ “ဘတန်းကိစ္စအရေးတကြီးဆွေးနွေးဖို့ Napocor လျှပ်စစ်ဓါတ်အားပေးစက်ရုံနဲ့ သဘောတူညီမှုတွေ ကျွန်တော်တို့ရှိထားပါတယ်။ ကျွန်တော်တို့ ခရီးစဉ်ကတူညီနေပေမဲ့ အင်မတန်ကွဲပြားတဲ့ဆွေးနွေးမှုလေ့လာမှုတွေ ဖြစ်နေကြလိမ့်မယ်” လို့ မနီလာအခြေစိုက် Greenpeace အဖွဲ့ဝင် ဖရန့်စစ်ဒဲလာခရုဇ်က ပြောပါတယ်။

ဘတန်းစက်ရုံကို ပစ်ထားပြီး ၂၅နှစ်အကြာမှာ အမြင်မတူတဲ့အဖွဲ့နှစ်ခုက ဘတန်းနျူကလီးယားစက်ရုံကြီးဆီကို အလည်လာနေကြပါပြီ။

ဘတန်းကိုလာလည်ပြီးတဲ့အခါ နျူကလီးယားစွမ်းအင်အကြောင်း သူတို့ရဲ့ကိုယ်ပိုင်အယူအဆနဲ့ပဲ သိမြင်ခွင့်ရကြပါလိမ့်မယ်။ ဒါပေမဲ့ တချိန်က အဆင့်မြင်နည်းပညာဖွံ့ဖြိုးမှုပြယုဂ်ဖြစ်တဲ့ သိပ္ပံနည်းကျကိရိယာကြီးဟာ အခုထိတိုင် အေးစက်နေဆဲပဲဆိုတာကိုလည်း သူတို့ ကြုံတောင်ကြုံခဲ သိမြင်သွားနိုင်ပါလိမ့်မယ်။           ။

Source : http://www.bbc.co.uk/news/world-asia-pacific-14184234
မော်နီတာဂျာနယ်
အတွဲ ၁ ၊ အမှတ် ၆၈