Showing posts with label ပင်ကိုရေးဆောင်းပါး. Show all posts
Showing posts with label ပင်ကိုရေးဆောင်းပါး. Show all posts

Monday, August 6, 2012

ကလေးတွေကို ပြုံးပျော်စေလိုသူ ဂျိုကာ "Smiley"

"ကလေးတွေဟာ မွေးကင်းစကလေးငယ်နီတာရဲလေးအရွယ်ကနေ တဖြည်းဖြည်းချင်းအရွယ်ကြီးလာခဲ့ပြီးတဲ့နောက် စကားတွေ တီတီတာတာ ပြောလာခဲ့မယ်။ လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ဖို့ စတင်သင်ယူလာတော့မယ်။ အဲဒီကနေ စလို့ မဆုံးတဲ့ သင်ယူမှုတွေပြည့်နေတဲ့ လောကကြီးထဲ တိုးဝင်ရပါတော့မယ်။ ကလေးရဲ့ သင်ယူမှုစတင်တော့မယ့် ပထမဆုံးအဆင့်မှာ အင်မတန်အရေးကြီးပါတယ်။ မိဘရဲ့လက်ကနေ ပြင်ပလောကဆီက အသစ်အသစ်သောလူတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ကြောက်ရွံ့ထိတ်လန့်စိတ်ဝင်မသွားစေဖို့၊ ကျောင်းစာသင်ခန်းလေးတွေကို ကြောက်လန့်မသွားဖို့ သတိထားသင့်ပါတယ်။ အတန်းပညာအတွက် ကျောင်းစာတစ်ခုထဲသာမဟုတ်ပဲ၊ ပျော်ရွှင်မြူးတူးစရာသီချင်းလေးတွေ၊ ကစားနည်းလေးတွေကို သူငယ်ချင်းအသစ်လေးတွေနဲ့ အတူတူ သီဆို၊ ဆော့ကစားဖို့လိုအပ်လှပါတယ်။ မိဘတွေကိုယ်တိုင် လိုက်ပါစောင့်ရှောက်နိုင်မယ့် ကလေးငယ်လေးတွေအတွက် ပြုလုပ်တဲ့အစီအစဉ်လေးတွေမှာ သင်တို့ရဲ့ ချစ်စရာ ကလေးငယ်တွေကို ပါဝင်ဆင်နွဲဖို့ တိုက်တွန်းပေးပါ။ ကလေးငယ်တွေအတွက် ပူဖေါင်းအဆင်တန်ဆာလေးတွေ ဖန်တီးပေးမယ့်ပွဲအတွက် သင့်ကို ဖိတ်ကြားလိုက်ပါတယ်"

သင်တို့ရဲ့
Clown Smiley (Klovn Smehuljko)

ကျွန်မ လက်ထဲကို ရောက်လာခဲ့တဲ့ ဖိတ်စာလေးတစ်စောင်ပါ။ ဖိတ်စာမှာ ရေးထားတဲ့ စာသားလေးတွေက စိတ်ဝင်စားဖို့ကောင်းနေတာနဲ့ပဲ အဲဒီဖိတ်စာလေးမှာ ပါတဲ့ နေရာ၊ အချိန်အတိုင်း ကျွန်မရောက်သွားခဲ့ပါတယ်။ အခန်းလေးထဲကို တံခါးဖွင့် လှမ်းဝင်လိုက်တာနဲ့ ကလေးတွေရဲ့ ခိုးခိုးခစ်ခစ်ရယ်သံလေးတွေပေါ့၊ ကျွန်မဆီအပြေးဝင်လာကြတယ်။ သူတို့လေးတွေနဲ့အတူ ကျွန်မပါရောယောင်ပျော်ရွှင်လာခဲ့ပြီ။ တလက်လက်တောက်နေတဲ့မျက်လုံးလေးတွေရဲ့အကြည့်တွေက တစ်နေရာတည်းမှာ ဆုံဆည်းနေကြတယ်။ ကလေးတွေရဲ့ အရှေ့မှာ အ၀ါရောင် အကျီဖားဖားပွပွကြီးကို ၀တ်ဆင်ထားသူတစ်ယောက် ဂျိုကာ(clown)တစ်ဦးရှိနေပါတယ်။ သူ့ရဲ့ လက်ချောင်းတွေဟာ စန္ဒရားခလုတ်လေးတွေပေါ်မှာ ပြေးလွှားလှုပ်ရှားနေလိုက်တာ။ စန္ဒရားတီးနေတဲ့ အဲဒီ ဂျိုကာ ဟာ ကိုယ်ကို လှုပ်ခါလို့ သီချင်းလည်း ဆိုနေပါတယ်။ ရောင်စုံခြယ်ထားတဲ့သူရဲ့မျက်နှာဟာ မြင်လိုက်တာနဲ့ပဲ ရွှင်မြူးစရာ၊ သူ့ရဲ့ တေးသံဟာ ကခုန်မြူးတူးချင်စရာ ကောင်းနေလိုက်တာ။ သာယာနာပျော်ဖွယ်ရှိလိုက်တာ။ ကလေးတွေလည်း ကခုန်နေကြပြီပေါ့။  သီချင်းသံလေးလွင့်ပျံနေပါတယ်။
~ သဘာဝလောကကြီးမှာကွယ် ~
အလှဆုံးအရောင်လေးတွေရှိတယ် ~
အလှဆုံးငှက်လေးတွေရှိတယ် ~ အလှဆုံး ရောင်စုံဘောလုံးလေးတွေရှိတယ်~ အလှဆုံးသူငယ်ချင်းတွေရှိတယ်~
အဲဒီအလှဆုံးတွေ ... ငါ ... အားလုံးပိုင်ဆိုင်တယ် ~ ငါ့အနားမှာ ၀ိုင်းပတ်ကခုန်နေကြတယ် ~
ငါလည်း ကခုန်မိတော့မယ် ~
ကဲ ကဲ ... ငါ အခုပဲ ကခုန်လိုက်ပါပြီ ~

ကြည်နူး ပျော်ရွှင်စရာကောင်းလိုက်တဲ့အခိုက်အတန့်လေးပါပဲ။ ပြုံးချိုနေတဲ့ ဆေးရောင်ခြယ်နှုတ်ခမ်း၊ ကာတွန်းရုပ်တွေ ရောယှက်ထားတဲ့ အ၀ါရောင်အကျီ၊ အနီရဲရဲ ဖောင်းဖောင်းကားကားဆံပင် ရောင်စုံအပြင်အဆင်တွေကြားမှာပေါ့၊ နူးညံ့သိမ်မွေ့လွန်းလှတဲ့ မျက်ဝန်းတစ်စုံကို ကျွန်မ ခံစားနားလည်နိုင်လိုက်တယ်။ အဲဒီ ဂျိုကာ ကို ကျွန်မ စိတ်ဝင်စားသွားခဲ့ပါပြီ။ ကလေးတွေကို ရယ်မောပျော်ရွှင်စေသူတစ်ဦးရဲ့ အကြောင်းကို ကျွန်မ သိပ်ကို သိချင်သွားခဲ့ပြီ။ စကားပြောကြည့်တဲ့အခါ နှစ်လိုဖွယ်ရာ စကားကိုပေါ့ပေါ့ပါးပါးပြောဆိုတတ်သူဖြစ်တာကိုလည်း ကျွန်မ သိလိုက်ရတော့တယ်။ သူ့ရဲ့ မျက်လုံးမှာ နှလုံးသားက နူးညံ့နွေးထွေးမှုအရိပ်တွေ ရောင်ပြန်ဟပ်နေတယ်။ ကလေးငယ်တွေကို ပြုံးပျော်စေတဲ့ အစီအစဉ်လေးတွေလည်း နိုင်ငံတိုင်းမှာ ရှိနေကြပါတယ်။ အဲဒီလို အစီအစဉ်လေးတွေ ဖန်တီးနေခဲ့တဲ့သူဖြစ်တဲ့ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့က ဂျိုကာ Clown Smiley ရဲ့ ကလေးတွေကို ဖျော်ဖြေပေးနေတဲ့ performance လေးတွေအကြောင်းကို Clown Smiley ပြောပြတဲ့အတိုင်းပဲ ဖော်ပြပေးလိုက်ပါတယ်။
ကျွန်တော် ငယ်ငယ်က ခေတ်ဟောင်း၊ မော်ဒန်၊ ဂျက်ဇ် နဲ့ ဘဲလေး အကသင်တန်းကျောင်းသွားခဲ့ပါတယ်။  အဲဒီကျောင်းပြီးတော့ ဘာဆက်လုပ်ရမလဲ ကျွန်တော်ကိုယ့်ဘာသာမသေမချာ မရေမရာနဲ့ပဲ။ အဲဒီအချိန်မှာ စိတ်စွမ်းအားနဲ့ဆိုင်တဲ့၊ တရားထိုင်တာတွေကျွန်တော်စိတ်ဝင်စားနေခဲ့ပြီ။ ဘုရားကျောင်းမှန်မှန်သွားပါတယ်။ ဘုရားကျောင်းမှာ သီလရှင်တစ်ဦးနဲ့ တရားဓမ္မအကြောင်းအကြိမ်များများ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ ကျွန်တော်ကလေးပဲရှိသေးပါတယ်။ ဒါပေမယ့် ဆွေးနွေးဖြစ်တဲ့အကြောင်းအရာပေါ်မှာ စိတ်ကျေနပ်မှုရခဲ့တယ်။ အဲဒီသီလရှင်က ကျွန်တော့်ကို အများကြီး လမ်းညွှန်သင်ပြခဲ့ပါတယ်။ တစ်ကြိမ်တော့ ကျွန်တော်မေးမိတယ်။ ကျွန်တော့်ဘ၀အတွက် ကျွန်တော် ဘာဆက်လုပ်ရမယ်မသိသေးဘူးရယ်ပေါ့။ သူမက ကျွန်တော့်ကို ဓမ္မဆ၇ာတစ်ဦးဆီ သွားပြီးအကြံဥာဏ်တောင်းဖို့ လေးလေးနက်နက်တိုက်တွန်းပါတယ်။ ကျွန်တော့် စိတ်တော့နည်းနည်းရှုပ်သွားတယ်။ ဒါပေမဲ့ ကျွန်တော်သွားပါတယ်။ မေးတယ်။ ကျွန်တော်သွားတွေ့ ခဲ့တဲ့ ဓမ္မဆ၇ာဆီက အင်မတန်ကောင်းတဲ့လမ်းညွှန်မှုလေးတွေရခဲ့ပါတယ်။ ဓမ္မဆရာက ကျွန်တော့်ကိုပြောတယ်။
ငါ့ရဲ့ ကလေးရယ်၊ ဘုရားသခင်ဟာ လူတိုင်းကို စွမ်းရည်တွေအမြောက်အများပေးထားပါတယ်။ ကလေးမှာရှိတဲ့စွမ်းရည်တွေကို အသုံးမချနိုင်သေးရင်၊ ကလေးရဲ့ စိတ်နှလုံး၊ ၀ိညာဉ်အတွင်းပိုင်းထဲထိ နက်နက်ရှိုင်းရှိုင်းဝင်ပါ။ ဘယ်အရာက စွမ်းရည်လဲ၊ ဘယ်အရာက ကလေးရဲ့ စိတ်နှလုံးအတွင်းပိုင်းထဲထိ စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှုပေးနိုင်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်လာမလဲ။ မြင်အောင်ကြည့်ပါ။ ကမ္ဘာပေါ်က စိတ်နှလုံးဝိညာဉ်တိုင်းမှာ အတူစေလွှတ်လိုက်တဲ့ကိုယ်ပိုင်လုပ်ငန်းတွေရှိနေကြပါတယ်။ ကလေးတတ်မြောက်ထားတဲ့ အက နဲ့ မရပ်တည်နိုင်ရင်လည်း စိတ်မပူပါနဲ့။ သေချာတယ်။ ဘုရားသခင်က နောက်ထပ်စွမ်းရည်တွေဖြည့်ပေးထားပါသေးတယ်။ အဲဒီစွမ်းရည်နဲ့ ဘုရားသခင်ကို အလုပ်အကျွေးပြုနိုင်တယ်။ လူ့လောကကြီးကို အလုပ်အကျွေးပြုနိုင်ပါလိမ့်မယ် တဲ့။ အဖြေကရိုးရိုးရှင်းရှင်းပါပဲ။ ဒါပေမဲ့ ကျွန်တော့်ကို နောက်ထပ်တစ်ယောက်လောက် ပြောပြ၊ ရှင်းပြဖို့ လိုနေဆဲပါ။ ကျွန်တော့်အတွက် အလင်းခလုတ်ဖွင့်ပေးဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော် နားလည်သဘောပေါက်တာတော့ ရှိပါတယ်။ ကျွန်တော်ကလေးတွေနဲ့ အလုပ်လုပ်ရတဲ့အခါ သိပ်ကို ကျေနပ်ပျော်ရွှင်တယ်ဆိုတာပါပဲ။ ကလေးတွေကို အကသင်ပေးတယ်။ စာသင်ပေးတယ်။ သီချင်းဆိုကြတယ်။ သူတို့လေးတွေနဲ့ အတူရှိနေတဲ့ အချိန်တိုင်းမှာ ကျွန်တော်ပေါ့ပါးလွတ်လပ်စွာ ပျော်ရွှင်တယ်။ အဲဒီအချိန်တုန်းက ကျွန်တော် ဂျိုကာ တစ်ဦး ဖြစ်လာလိမ့်မယ်ဆိုတာကိုတော့ မသိခဲ့သေးပါဘူး။ ၂၀၀၀ ခုနှစ်မှာ နယူးယောက် နဲ့ စန်ဒီရေးဂိုးကို ခဏအလည်အပတ်ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဒစ္စနေလန်းကိုရောက်ဖြစ်တယ်။ အဲဒီမှာ ဂျိုကာတွေ၊ မျက်လှည့်ပညာရှင်တွေ၊ ဖျော်ဖြေရေးသမားတွေ၊ ဗီဒီယိုဖန်တီးရှင်တွေအများကြီးပဲ တွေ့ခဲ့ရတယ်။ သိကျွမ်းခွင့်ရရှိခဲ့ပါတယ်။ ကျွန်တော်ချက်ချင်းပဲ ကျွန်တော့်အတွက် အမှန်ကန်ဆုံး အလုပ်အကိုင်ကို သိလိုက်တယ်။ ပြီးတော့ ကျွန်တော့်အတွက်လိုအပ်တဲ့ လက်မှုပညာလေ့လာဖို့ စတင်ခဲ့ပါတယ်။

ဂျိုကာကောင်းတစ်ဦး၊ ဖျော်ဖြေရေးသမားကောင်းတစ်ဦးဖြစ်ဖို့ လေ့လာရမယ့်နယ်ပယ်တွေက မျက်လှည့်အတတ်၊ ဘောလုံး(ပူဖေါင်း)အရုပ်ဖန်တီးမှု၊ ရုပ်သေးအတတ်၊ မိတ်ကပ်မျက်နှာဖုံးဆေးခြယ်၊ သရုပ်ဆောင်၊ အက၊ သီချင်းဆို၊ ကလေးကစားနည်းဖန်တီးမှု၊ ဂီတတူရိယာတီးခတ်မှုတွေ တတ်ကျွမ်းရပါမယ်။ အဲဒါတွေက ကျောင်းမှာသင်တဲ့ဘာသာရပ်တွေပါ။ အကုန်လုံးသာတူညီမျှကျွမ်းကျင်မယ့်သူတော့မရှိနိုင်ပါဘူး။ artist တစ်ဦးစီဟာ အဲဒီထဲကမှ ကိုယ်အကြိုက်ဆုံး၊ ကိုယ့်အတွက်အကျွမ်းကျင်ဆုံး ဘာသာရပ်ကို ရွေးချယ်ရမှာပါ။ ဒါပေမဲ့ ကိုယ်က ပိုပြီး သိထားလေလေ ကလေးတွေအတွက် အကောင်းဆုံးအစီအစဉ်လေး လုပ်ပေးနိုင်မယ့်အခွင့်အရေးပိုပြီး ကြီးမားလေပဲပေါ့။ အဲဒါက ကလေးတွေကို ပိုပြီး ပျော်ရွှင်စေတယ်။ ဂျိုကာသင်တန်းကျောင်း၊ အကယ်ဒမစ်ကျောင်းတွေ ကျွန်တော်တို့နိုင်ငံမှာမရှိသေးပါဘူး။ အဲဒါကြောင့် ကျွန်တော် နည်းလမ်းအမျိုးမျိုးနဲ့ လေ့လာပါတယ်။ စာအုပ်ဖတ်တယ်၊ ဒီဗီဒီ၊ ဗီဒီယိုခွေတွေကြည့်တယ်။ အင်တာနက်ကနေလည်း လိုအပ်တာရှာပါတယ်။ ကျွန်တော်တတ်နိုင်တဲ့အချိန်တော့ နိုင်ငံခြားမှာ ကာလတိုသင်တန်းလေးတွေသွားတက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကြီးလှတယ်။ အချိန် နဲ့ ငွေကို တော်တော်များများဖြုန်းနိုင်ရပါလိမ့်မယ်။ ကျွန်တော့်အတွက် ကျောင်း၊ သင်တန်းကာလတိုလောက်ပဲ တက်နိုင်ခဲ့ပါတယ်။
ကျွန်တော့်နာမည်လား၊ စမဲဟူးလ်ရ်ကို(Smehuljko) "အပြုံး" ပါ။ ကျွန်တော့်မိတ်ဆွေ သီလရှင် ပေးတဲ့နာမည်ပါ။ ကျွန်တော်ပြောခဲ့ပြီးတဲ့အတိုင်းပါပဲ။ ကျွန်တော် တရားဓမ္မအကြောင်း၊ ဘုရားသခင်အကြောင်း ငယ်ငယ်လေးထဲက တော်တော်စိတ်ဝင်စားခဲ့တယ်။ သူမဟာ ဗဟုသုတကြွယ်ဝနေတဲ့ တကယ့် ရတနာတစ်ပါးပါပဲ။ ကျွန်တော်မေးလိုက်တဲ့ မေးခွန်းတစ်ခုစီအတွက် စိတ်ကျေနပ်စရာအဖြေ သူမမှာ အမြဲ ရှိနေခဲ့တယ်။ သူမရဲ့ အဖြေတွေကြောင့် ကျွန်တော်ဝိညာဉ်အနက်ရှိုင်းဆုံးအထိ ကြည်ကြည်လင်လင်ပြုံးနိုင်ခဲ့တယ်။ သူမဟာ ကျွန်တော့်အမေလိုပဲ၊ ကျွန်တော့်အမေ မှတ်ချက်ပေးသလို အမြဲပြုံးချိုနေတဲ့ ကလေးပဲတဲ့ ကျွန်တော့်ကို ပြောပါတယ်။ အဲဒါကို ကျွန်တော်သိပ်သဘောကျတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဂျိုကာ အလုပ်အတွက် နာမည်ကို စမဲဟူးလ်ရ်ကို လို့ပဲ ပေးလိုက်ပါတယ်။

ကျွန်တော့်အလုပ်အစပိုင်းမှာ လမ်းပေါ်ကဖျော်ဖြေသူတွေ၊ ဆပ်ကပ်ပညာရှင်တွေ၊ လူရွှင်တော်တွေကို မြင်နိုင်သလောက် တီဗီမှာ၊ ပြဇာတ်ရုံမှာ၊ ကလေးမွေးနေ့ပါတီပွဲလေးတွေက ဖျော်ဖြေပွဲတွေမှာ၊ အဲဒီလို နေရာတိုင်းမှာ လိုက်ကြည့်ပါတယ်။ အားလုံးက ဆက်စပ်တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဂျိုကာဇာတ်ကောင်စတိုင်လ်ဖန်တီးနိုင်တာဟာ အဲဒီပွဲလေးတွေကလည်း  အကူအညီပေးခဲ့လို့ပါ။

ကျွန်တော်သိပ်ကြိုက်တဲ့ လူရွှင်တော်လား၊ ရှိတာပေါ့။ ကျွမ်းကျင်တဲ့ပညာရှင်တွေအများကြီးပါပဲ။ ရွေးချယ်ရမယ်ဆိုရင်တော့ အီတာလျံ Artist အာတူရိုဘရာချက်တီ(Arturo Brachetti)ပဲ ဖြစ်ပါလိမ့်မယ်။ (အမြန်ဆုံးပြောင်းလဲနိုင်တဲ့ artist အဖြစ် ၂၀၀၆ နဲ့ ၂၀၀၇မှာ Guinness Book မှတ်တမ်းဝင်ဖြစ်ခဲ့ပါတယ်) သူက ကျွန်တော့်အတွက် ထိပ်ဆုံးက လူရွှင်တော်၊ မျက်လှည့်ဆရာပါ။ သူက ကျွန်တော်စောစောက ပြောသလို ပညာရပ်အားလုံးကို ညီညီမျှမျှတတ်ကျွမ်းသူ နိုင်ငံတကာအနုပညာရှင်အနည်းငယ်ထဲက တစ်ဦးပါ။ သူ့ရဲ့ ဖျော်ဖြေမှုက ကြည့်ရှုသူတွေရဲ့စိတ်နှလုံးထဲအထိ ထိတွေ့နိုင်ပါတယ်။ နည်းပညာကျွမ်းကျင်မှုက သူ့ရဲ့ ဖန်တီးမှုကို ပြည့်စုံစေသလို၊ အ၀တ်အစား၊ စင်မြင့်အပြင်အဆင်၊ စင်ပေါ်က effect တွေဟာ မှော်မျက်လှည့်ဆန်ပြီ၊ အကောင်းဆုံးနတ်သမီးပုံပြင်တွေထဲကလို ထူးခြားလှတယ်။ ပြင်သစ်က ကျော်ကြားတဲ့ အိုလံပီယာခန်းမမှာ သူ့ရဲ့ ပွဲကြည့်ခဲ့ဖူးပါတယ်။ အကုန်အစင်နားမလည်ခဲ့ပေမယ့် ကျွန်တော့်အတွက် အလှပဆုံး performance တစ်ပွဲပါပဲ။

နည်းပညာပိုင်း လေ့ကျင့်ထားရသလို၊ ဂျိုကာတစ်ဦးမှာ နွေးထွေးတဲ့နှလုံးသားတစ်စုံရှိရပါတယ်။ အဲဒီနှလုံးသားက ကလေးတွေကို ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုတွေဖန်တီးပေးနိုင်ရမယ်။ ကလေးတွေဟာ အပြုအမူ၊ အပြောအဆိုလေးတွေဟာ သူတို့ရဲ့ နှလုံးသားဆီက တိုက်ရိုက်လာတာပါ။ ဂျိုကာတစ်ဦးက ဟန်ဆောင်နေမယ်၊ တစ်ခုခုမှားယွင်းနေမယ်ဆိုရင် သူတို့က ချက်ချင်းသတိပြုမိပါတယ်။ သူတို့ကို လိမ်ညာလှည့်ဖြားပြီး ဖန်တီးကပြလို့မရပါဘူး။ ကလေးတွေနဲ့ အလုပ်လုပ်ရတဲ့ ဂျိုကာတွေလည်း ကလေးကြီးတွေပါပဲ။

ပွဲတစ်ခုလုံးဖျော်ဖြေရတာကို အကြိုက်ဆုံးပါ။ ကလေးတွေအများကြီး အတူတူရှိနေကြတဲ့အခါ စွမ်းအင်ဖန်တီးနိုင်တယ်။ အဲဒီစွမ်းအင်က ပွဲတစ်ပွဲမှာအရေးကြီးတယ်။ ကလေးတွေကပါ သွက်သွက်လက်လက်ပါဝင်လှုပ်ရှားလာပြီဆိုရင်၊ ကလေးတွေရဲ့ မျက်နှာပေါ်က  အပြုံးလေးတွေမြင်ရပြီဆိုရင် အဲဒီထက် ၀မ်းမြောက်ဝမ်းသာဖြစ်စရာကိစ္စဆိုတာ ဂျိုကာတစ်ဦးအတွက်မရှိတော့ပါဘူး။ ကျွန်တော်အားလုံးကို သဘောကျပါတယ်။ မျက်လှည့်အတတ်နဲ့ တစ်ခဏလေးအတွင်းလှည့်စားလိုက်တာ၊ ကိရိယာဆန်းတွေအသုံးပြုပြီး ဆန်းဆန်းပြားပြားတွေပြရတာအားလုံးအတူတူပဲ သဘောကျပါတယ်။ အဲဒါတွေအားလုံးက ကွဲပြားတဲ့အပိုင်းအစလေးတွေစုပေါင်းပြီး ပြပွဲတစ်ခုလုံးကို ပြည့်စုံစေတာပါ။ ပေါင်းစပ်မှုဟာ ကွဲပြားမှုတွေရဲ့အလှတရားပါ။ ကျွန်တော့်ရဲ့ပူဖေါင်းတွေနဲ့ဖန်တီးမှု၊ စန္ဒရားတီးပြီး ကလေးလေးတွေကို ပျော်ရွှင်စေရတာ အကျိုးကျေးဇူးနည်းချင်နည်းနေပါလိမ့်မယ်။ ကျွန်တော် အများကြီးဆက်ပြီး ကြိုးစားဖန်တီးကြည့်ချင်ပါသေးတယ်။
ကျွန်တော့်အလုပ်မှာ ပိုပြီးကျယ်ပြန့်အောင်ကြိုးစားယူဖို့ ခက်ခဲတာတော့ နားလည်သဘောပေါက်ထားရပါတယ်။ ဂျိုကာတွေအတွက်ကျောင်းတွေ၊ အကယ်ဒမစ်သင်တန်းတွေ နဲ့ ပရော်ဖက်ရှင်နယ်သင်တန်းဆရာတွေမရှိတာဟာ ရှေ့ကိုဆက်ပြီးလေ့လာလိုသူအတွက် အခက်အခဲပါပဲ။ ပွဲတွေမှာ အသုံးပြုရမယ့် လူရွှင်တော်တွေအတွက် လိုအပ်တဲ့ပစ္စည်း၊ အသုံးအဆောင်တွေရောင်းချတဲ့ ဆိုင်တွေလည်းမရှိကြဘူး။ အနုပညာရှင်တွေသူတို့အချင်းချင်း အတွေ့အကြုံလဲလှယ်နိုင်မယ့် ပညာရပ်နှီးနှောဖလှယ်ပွဲတွေလည်း မရှိကြပါဘူး။ ဒီအလုပ်အတွက်လိုအပ်ချက်တွေက ဈေးအင်မတန်ကြီးမြင့်သလို ဖြစ်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးလိုအပ်တယ်။ ကျွန်တော် ဥပမာ ပြောရရင်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက စတော့ဟုမ်းမှာ မျက်လှည့်ပညာရှင်တွေ နှီးနှောဖလှယ်ပွဲလုပ်ကြတယ်။ ကိုယ့်ရဲ့မျက်လှည့်အစီအစဉ်လေးသုံးခုစာကိုပြဖို့အတွက် ဒေါ်လာ ၈သောင်းလောက်ကုန်ကျပါတယ်။ အနုပညာသမားတွေဆိုတာ အဲဒီလိုပမာဏငွေကြေးမတတ်နိုင်ကြပါဘူး။ ကျွန်တော် ပြည်ပကို ခရီးသွားဖို့ အခွင့်အရေးရတဲ့အခါ ဂျိုကာတွေရဲ့ အဆင့်မြင့်အနုပညာကို မြည်းစမ်းခွင့်ရခဲ့ရင် ကျွန်တော်ပျော်ရွှင်ရတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်လုပ်ပြချင်သလောက် ပိုပြီးတိုးတက်ဆန်းပြားအောင်မလုပ်ပြနိုင်သေးလို့ ၀မ်းနည်းရပါတယ်။ ဟုတ်ကဲ့၊ ကျွန်တော်တစ်ခုခုလုပ်ပြလိုက်လို့ ကလေးငယ်တွေရဲ့ မျက်နှာမှာ အပြုံးတွေ၊ ပြုံးပျော်ကြည်နူးမှုတွေ မြင်ရရင် အဲဒီအချိန်လေးက ကျွန်တော့်ဘ၀မှာ အပျော်ရွှင်ဆုံးအချိန်ပါ။ ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေရတဲ့အခါ သိပ်ပျော်ပါတယ်။
ပူဖေါင်းဘောလုံးလေးတွေက ဂျိုကာအလုပ်မှာအရေးကြီးပါတယ်။ ကျွန်တော့်အတွက် အလှပဆုံးအရာပါ။ ဘောလုံးတွေနဲ့ figure တစ်ခု လုပ်ပြီးတိုင်း ကျွန်တော်ကျေနပ်ပီတိဖြစ်ရတယ်။ ပူဖေါင်းတွေက ကျွန်တော့်ဘ၀ကို ပျော်ရွှင်မှုတွေအများကြီးပဲ သယ်ဆောင်လာခဲ့ပါတယ်။ ကလေးတွေလည်း ပူဖေါင်းလေးတွေကို အင်မတန်ချစ်ကြတယ်။ ပူဖေါင်းလေးတွေနဲ့ figure တစ်ခုဖန်တီးပြီဆိုရင် ကလေးတွေအများကြီးပဲ ၀ိုင်းလာကြတယ်။ စောင့်ပြီးကြည့်ကြတယ်။ ကလေးတွေက figure တစ်ခုကို စိန်ပွင့်တွေလိုပဲ တန်ဖိုးထား၊ သိမြင်ခံစားကြတယ်။ ပူဖေါင်း figure တစ်ခုရဖို့ တစ်နာရီဆိုလည်း သူတို့ စောင့်နိုင်ကြတာပဲ။ ကလေးတစ်ယောက်အတွက် ပူပေါင်း ၅လုံးကနေ ၁၀လုံးအထိသုံးပြီး figure တစ်ခုပြုလုပ်ဖို့ ဆုံးဖြတ်ပါတယ်။ အစမှာတော့ ဖန်တီးရတာမလွယ်လှပါဘူး။ အချိန်ကြာတယ်။ လေ့ကျင့်မှုလိုတယ်။ ပထမလေ့လာတာက အရေးအကြီးဆုံး၊ အလိုအပ်ဆုံး figure လေးတွေပါ။ အခြေခံအချက်လေးတွေနဲ့ အရင်လေ့လာပါတယ်။ ကျွန်တော် ပူဖေါင်း figure ပြုလုပ်နည်း စာအုပ်၊ DVD တွေကြည့်ပြီး လေ့လာသင်ယူပါတယ်။ ရိုးရိုးရှင်းရှင်း figure လေးတွေကနေ စပြီး လေ့လာသင့်ပါတယ်။ ပြီးမှ တဖြည်းဖြည်းချင်း ပိုပြီး ရှုပ်ထွေးတဲ့ figure တွေဆီသွားရမှာပါ။ပူပေါင်းလေးတွေတစ်ခုနဲ့တစ်ခု ဘယ်လိုတွယ်ဆက်ရမလဲ အစမှာလေ့လာရပါတယ်။ ဖောင်းကနဲ ကွဲထွက်မသွားအောင်(အန္တရာယ်ကင်းကင်းအလန့်တကြားမဖြစ်ရအောင်) လက်ထဲမှာ ဘယ်လိုကိုင်တွယ်ရမလဲ အရေးကြီးပါတယ်။ ပူဖေါင်းလေးတွေ ကျွန်တော်တို့လက်ထဲမှာ ဘယ်လိုတုံ့ပြန်သလဲဆိုတာ တွေ့လာပါလိမ့်မယ်။ အဲဒါက ပူဖေါင်းမာစတာကြီးတွေရဲ့ လှို့ဝှက်နည်းလမ်းပေါ့(ဟား ဟား- နောက်တာပါဗျာ)။ ပူဖေါင်း figure လုပ်ချင်သူတွေရဲ့ ပထမဆုံးနဲ့ အဓိကအလိုအပ်ဆုံးအဆင့်က ပူဖေါင်းလေးတွေကို လက်ထဲမှာ လိုသလိုထိန်းကျောင်းကိုင်တွယ်နိုင်ဖို့ပါ။ အဲဒီအဆင့်အောင်မြင်သွားပြီးဆိုရင်တော့ ခင်ဗျားရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ figure တွေဖန်တီးနိုင်ပါပြီ။
ကလေးတွေပါဝင်သရုပ်ပြထားတဲ့ ပူဖေါင်းဦးထုပ်၊ လက်ကောက်၊ လက်စွပ်၊ အ၀တ်အစားနဲ့ တခြား figure လေးတွေ ဖန်တီးတဲ့ ပွဲလေးတွေကြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော့် Website - www.klovnsmehuljko.com မှာ ကြည့်နိုင်ပါတယ်။ ကလေးတွေရဲ့ မျက်နှာမိတ်ကပ်ဆေးခြယ်တာလည်း ကလေးတိုင်းက သဘောကျကြတယ်။ သူတို့စိတ်ကြိုက် ကာတွန်းကား၊ နတ်သမီးပုံပြင်လေးတွေထဲက ဇာတ်ကောင်လေးတွေအတိုင်း သူတို့မျက်နှာမှာ ခြယ်သလိုကြပါတယ်။ live performance အတွက်ဆိုရင်တော့ ရိုးရှင်းတဲ့ figureလေးတွေ၊ ပူဖေါင်းဦးထုပ်လေးတွေ အများဆုံးလုပ်ဖြစ်တယ်။ ပိုပြီးရှုပ်ထွေးတဲ့ ပုံစံလေးတွေက အချိန်ပိုပေးရတာကိုး။ တကယ်လို့ ကလေး အယောက် ၁၀၀ အတွက် ဖန်တီးရတော့မယ်ဆိုရင် အချိန်များများမရတော့ဘူး။ ကလေးတိုင်း figure လေး တစ်ခုစီရဖို့ အင်မတန်မြန်မြန်ဆန်ဆန် လုပ်ရတော့မယ်။ ဒီဇိုင်းဆန်းဆန်း ပူပေါင်း figure လေးတွေကိုတော့ များသောအားဖြင့် TV show ၊ children's TV channel တွေနဲ့ တခြား သီးသန့်အစီအစဉ်တွေ အတွက်ပဲ ပြုလုပ်ဖြစ်ပါတယ်။ နာရီအတော်ကြာပြုလုပ်ရတာကြောင့်ပါ။ ဖန်တီးမှုတစ်ခုအကုန်ပြီးဖို့ တစ်နေ့လုံးကုန်သွားတတ်တယ်။
ကလေးတွေနဲ့ ဒီလိုအစီအစဉ်လေးတွေပြုလုပ်ရတာဟာ ကျွန်တော့်အတွက် အလှပဆုံး၊ ဖန်တီးမှုအကောင်းဆုံး နဲ့ ပျော်ရွှင်စရာအကောင်းဆုံးအလုပ်ပါ။ ကျွန်တော့် ကိုယ်ပိုင် performance လေးတွေ ကို ကလေးတွေနဲ့ ဖန်တီးတဲ့အခါ ကျွန်တော့်မှာ လွတ်လပ်မှုအပြည့်အ၀ရရှိတယ်။ ကျွန်တော့်ရဲ့ လူသားဖြစ်တည်မှုကို ကလေးတွေအတွက် ကုန်ဆုံးစေတာဟာ ကျွန်တော့် နှလုံးသားဝိညာဉ်အတွက် အားဖြည့်နိုင်ခဲ့တယ်။ ကလေးတွေက ကမ္ဘာမှာ အရိုးသားဆုံးနဲ့ အလှပဆုံးပရိတ်သတ်ပါ။ ကလေးတွေရဲ့ နှလုံးသားကလာတဲ့ စစ်မှန်တဲ့အပြုံးတွေ၊ ရိုးသားတဲ့ မျက်လုံးလေးတွေက ကျွန်တော်တို့ဘ၀တွေကို အဓိပါယ်ပြည့်ဝစေပါတယ်။ ကလေးတွေရဲ့ စိတ်က နှလုံးသား၊ ၀ိညာဉ်မှာ ကိန်းအောင်းတယ်။ လူကြီးတွေရဲ့ ကမ္ဘာနဲ့ ကွဲပြားပါတယ်။ လူကြီးတွေရဲ့ စိတ်က အာဏာ၊ ငွေကြေးနဲ့ အကျိုးရလာဒ်တွေမှာ ကိန်းအောင်းတတ်ကြတာကိုး။

ကျွန်တော် ဆွံ့ အ နားမကြား၊ မသန်စွမ်း ကလေးငယ်တွေ၊ ဂျစ်ပဆီကလေးတွေ၊ ဒုက္ခသည်စခန်းက ကလေးတွေနဲ့ အတူတွဲပြီး အကြိမ်အတော်များများ အလုပ်လုပ်ဖူးပါတယ်။ အကြင်နာကင်းတဲ့အနေအထား၊ ကျန်းမားရေးနဲ့ မညီညွတ်တဲ့နေရာ၊ ကြမ်းတမ်းခက်ထန်တဲ့ အခြေအနေတွေမှာ နေထိုင်နေကြရတဲ့ လူတွေအများကြီး ကျွန်တော် တွေ့ဖူးပါတယ်။ ကလေးတွေဟာ ဆာလောင်နေတယ်။ လုံလောက်တဲ့ အ၀တ်အစား၊ ဖိနပ်တွေ မရှိကြဘူး။ ကစားစရာ အရုပ်မရှိတဲ့ ကလေးငယ်တွေအများကြီးပဲ။ သူတို့ဟာ ခက်ခဲတဲ့အခြေအနေတွေကနေ ရုန်းမထွက်နိုင်တဲ့အခြေအနေတွေမှာ ကျွန်တော် ရုတ်တရက်ဖန်တီးပေးလိုက်တဲ့ ပူဖေါင်း figure လေးတစ်ခုရလိုက်တဲ့အချိန် တလက်လက်တောက်လာတဲ့ မျက်ဝန်းလေးတွေမြင်ရတာ ကျွန်တော်ဝမ်းသာရပါတယ်။ ကျွန်တော်ဖန်တီးပေးတဲ့ figure တစ်ခုဟာ မျက်လှည့်အတတ်လိုပဲ။ သိပ်မကြာခင်မှာ ဖျတ်ကနဲ ကွယ်ပျောက်သွားမယ်။ အဲဒီအတွက်တော့ ကျွန်တော် ၀မ်းနည်းရပြန်တယ်။ သူတို့ မျက်နှာလေးတွေပေါ်မှာ ဆေးရောင်လေးတွေ ခြယ်ပေးရတဲ့အခါ သူတို့ချစ်တဲ့ ဇာတ်ကောင်လေးအတိုင်း တကယ်ပဲဖြစ်သွားခဲ့သလို ကလေးတွေ ပျော်ရွှင်နေကြတာ မြင်လိုက်ရတာဟာ ကျွန်တော့်အရာအားလုံး ပြည့်စုံသွားတဲ့ တခဏလေးပါပဲ။ 

 အဓိက ကျွန်တော် အလုပ်လုပ်ဖြစ်တာက ဆားဘီးယား နဲ့ အိမ်နီးချင်း ဘဲလ်ကန်နိုင်ငံတွေမှာပါ။ အရင်က ယူဂိုဆလားဗီးယားစစ်ပွဲတွေကြောင့် ထိခိုက်ခဲ့တဲ့ ဒေသက ကလေးတွေဆီကိုလည်း ကျွန်တော်သွားပါတယ်။ ယူအက်စ်၊ ရုရှား နဲ့ ဆူနာမီကြောင့် ဘေးဒုက္ခခံခဲ့ရတဲ့ အာရှဒေသတွေကိုလည်း သွားခဲ့ပါတယ်။ Oneness, Heart, Tears and Smiles ကုသိုလ်ဖြစ်အဖွဲ့နဲ့ SRI Chinmoy (ဘာသာရေးအဖွဲ့အစည်း Sri Chinmoy စင်တာကို တည်ထောင်သူ တရားပြဆရာ) တို့ရဲ့ ဖိတ်ကြားချက်နဲ့ ဆူနာမီကြောင့် ဘေးဒဏ်ခံခဲ့ရတဲ့ သီရီလင်္ကာက ကလေးငယ်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ၂၀၀၄ခုနှစ်ကပါ။ ရက်ပေါင်း ၁၀ ရက်မှာ performance ပွဲ ၃၀ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအစီအစဉ်လေးတွေကို ဆူနာမီဒဏ်အပြင်းဆုံးခံခဲ့ရတဲ့ သီရီလင်္ကာ အရှေ့တောင်ဘက်ပိုင်းမှာ ပြုလုပ်ပါတယ်။ ကမ်းခြေတစ်လျှောက်လုံး အိမ်တွေအများကြီးပဲ ပျက်စီးနေလိုက်တာ၊ ဂူသင်းချိုင်းအစုအပုံတွေလိုပါပဲ။ အဲဒီမှာ လူတွေအများကြီးပဲ မြှုပ်နှံခဲ့ရတယ်။ ကျွန်တော်နဲ့ အတူ တခြား လူရွှင်တော်နှစ်ဦး ကျောင်းတွေ၊ နေ့ကလေးထိန်းကျောင်း၊ ဆေးရုံ နဲ့ ဒုက္ခသည်စခန်းတွေကို သွားကြတယ်။ အဲဒီက  မိဘတွေနဲ့ ကွဲကွာခဲ့ရတဲ့ မိဘမဲ့ကလေးတွေကို ဖျော်ဖြေကြပါတယ်။ ပြပွဲလုပ်ဖို့ အခြေအနေတွေက တော်တော်ခက်ခဲပါတယ်။ အဲဒီပတ်ဝန်းကျင်နေရာမျိုးမှာ ကလေးငယ်တွေကို ခဏလေးဖြစ်ဖြစ် ပျော်ရွှင်မှုရဖို့ ကျွန်တော်တို့ ဖျော်ဖြေရတာ အခက်ခဲဆုံးအနေအထားပါ။ မြင်ကွင်းတွေ၊ ပုံရိပ်တွေဟာ ကျွန်တော့်နှလုံးသားကို ထိခိုက်ကြေကွဲစေခဲ့တယ်။ အဲဒီနေရာမှာ ရှိနေတဲ့သူတွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်း တော်တော်သန်စွမ်းမှ နေနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ နုနယ်ငယ်ရွယ်တဲ့ကလေးတွေကတော့ ရွေးချယ်စရာနည်းလမ်းမရှိပဲ ကြောက်စရာသဘာဝဘေးဒဏ်ကြီးရဲ့ ဒဏ်ကို ခံစားနေရတာပါ။ ကလေးတွေဟာ အင်မတန် ဖော်ရွေရင်းနှီးလွယ်ကြတယ်။ အခြေအနေဆိုးအတွင်းမှာတောင် ကျွန်တော်တို့နဲ့ ပူးပေါင်းပါဝင်ဖို့ စိတ်အားထက်သန်ကြတယ်။ 
သီရိလင်္ကာကို သူတို့ ဘာသာစကားတစ်လုံးတစ်လေမှ နားမလည်ပဲ သွားခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်အတွက် အဲဒါ ပြဿနာမဟုတ်ခဲ့ပါဘူး။ ဘယ်ဘာသားစကားကိုပဲ ပြောကြပါစေ ကမ္ဘာထဲက ကလေးတိုင်းနားလည်တဲ့ ”ကလေးငယ်တွေရဲ့ စိတ်နှလုံးနဲ့ ထိတွေ့တဲ့ဘာသာစကား”  ကို ကျွန်တော် နားလည်သဘောပေါက်ထားပါတယ်။ လေ့လာသင်ယူထားပါတယ်။ စကားပြန်ရဲ့ အကူအညီ နည်းနည်းပဲ ယူပြီး လက်သေးသေးလေးတွေ၊ ခြေထောက်သေးသေးလေးတွေ၊ နှလုံးသားနုနုလေးတွေနဲ့ ဆက်သွယ်ကြတယ်။ ကျွန်တော်တို့ အပြန်အလှန် နားလည်ခဲ့ကြတယ်။ အဲဒါ မယုံနိုင်စရာပဲ။ ဒါပေမဲ့ အဲဒါ အမှန်ပါ။ နေရာဒေသအမျိုးမျိုးက၊ မတူတဲ့ ဘာသာစကားတွေပြောတဲ့ကလေးတွေကို ဖျော်ဖြေတိုင်း ကျွန်တော် တွေ့ကြုံရတဲ့ ခံစားချက်ကအတူတူပါပဲ။ ကလေးငယ်တွေဟာ သူတို့ရဲ့ နှလုံးသားဘာသာစကားနဲ့ ဆက်သွယ်ကြတယ်။ အဲဒီဘာသာစကားဟာ အင်မတန်ရိုးရှင်းပါတယ်။ လေ့လာဖို့လည်း လွယ်ကူပါတယ်။ ရိုးရိုးဖြောင့်ဖြောင့်ဆက်သွယ်ဖို့ပါပဲ။ သီရီလင်္ကာက ကလေးငယ်တွေဟာ performance တစ်ခုပြီးတိုင်း ကျွန်တော်တို့အနားကို ရောက်လာကြတယ်။ သူတို့လက်လေးတွေကမ်းပေးတယ်။ ကျွန်တော့်လက်ကို ဆုပ်ကိုင်ပြီး လှုပ်ယမ်းနေခဲ့ကြတယ်။ ပြီးတော့ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားလေးကို ထပ်ကာ ထပ်ကာ အော်ဟစ်ကြပါတယ်။ ကျွန်တော့်နိုင်ငံက ဆားရ်ဘီးယန်းကလေးငယ်တွေရဲ့လက်ဆောင်၊ လက်မှတ်လေးတွေရေးထိုးထားတဲ့ ရုပ်ပုံကားချပ်၊ ကဗျာ၊ သူတို့ရေးပေးလိုက်တဲ့ စာတိုလေးတွေကို အာရှက ကလေးငယ်တွေအတွက် ယူသွားခဲ့ပါတယ်။

ကျွန်တော် အမှတ်ရမိပါသေးတယ်။ သီရီလင်္ကာခရီးအတွက် ပြင်ဆင်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံပါ။ ကျွန်တော်ရဲ့ ဖျော်ဖြေရေးပစ္စည်းနဲ့ အ၀တ်အစားတွေက အိတ်တစ်အိတ်၊ နောက်တစ်အိတ် အိတ်ကြီးနဲ့ အပြည့်က ဆားရ်ဘီးယန်းကလေးငယ်တွေပေးပို့လိုက်တဲ့ သတင်းစကားလေးတွေ၊ ပန်းချီကားလေးတွေပါတယ်။ လေဆိပ်မှာ ကျွန်တော်အခက်တွေ့တော့တာပဲ။ ၂ အိတ်လုံးသယ်သွားဖို့ မဖြစ်နိုင်ဘူးတဲ့။ ကျွန်တော် တုန်လှုပ်သွားတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီကလေးတွေရဲ့ အမှာစကားလေးတွေ ဘယ်လိုလုပ်ချန်ထားခဲ့နိုင်ပါ့မလဲ။ အဲဒီတုန်းက လေဆိပ်က တာဝန်ရှိသူကို ကျွန်တော် ဘာတွေပြောမိမှန်းတောင် ကျွန်တော်ကိုယ်တိုင် မမှတ်မိတော့ပါဘူး။ နောက်တော့ အဲဒီတာဝန်ကျလေဆိပ်ကအရာရှိက ငြင်းဆန်တဲ့စကားတစ်ခွန်းမှမပြောဘဲ အိတ်နှစ်အိတ်လုံး သယ်ခွင့်ပြုလိုက်ပါတယ်။ ဘုရားသခင်က ကျွန်တော့်ကို စောင့်ရှောက်ခဲ့တာပါပဲ။

ကျွန်တော်ရဲ့ စိတ်ကူးကဆိုရင်။ တစ်နေ့ ကျွန်တော့် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းဖွင့်ပါမယ်။ ကလေးတွေကို သင်ကြားပေးမယ်။ ကျွန်တော်အသက်ကြီးလာရင်တော့ ကလေးတွေကို ဖျော်ဖြေနိုင်တော့မှာ မဟုတ်ဘူးလေ။ ၂၀၁၁ မှာ ကျွန်တော် ဂျိုကာအဖြစ် ဖျော်ဖြေခဲ့တာ ၁၀နှစ်ပြည့်ခဲ့ပါပြီ။ နောက်ထပ် နှစ် ၂၀၊ နှစ် ၃၀ ပြည့်ခဲ့ရင် ဗဟုသုတ၊ အတွေ့အကြုံတွေ ပိုပြီး များလာပါလိမ့်မယ်။ performance တွေ အသစ်အသစ် ထပ်ပြီး ဖန်တီးပါ့မယ်။ ကျွန်တော့် ရဲ့ website မှာလည်း ကျွန်တော် performance တွေကြည့်နိုင်ပါတယ်။ Youtube မှာဆိုရင် Klovn Smehuljko နဲ့ စာရိုက်ပြီး ကျွန်တော့် ဗီဒီယိုတွေ ရှာတွေ့နိုင်ပါတယ်။ မြန်မာပြည်က ကလေးငယ်တွေလည်း ကျွန်တော် တွေ့ချင်ပါတယ်။ ကမ္ဘာကြီးထဲက ကလေးတိုင်းကို ကျွန်တော် တွေ့ချင်တာပါ။

မြန်မာပြည်က ကလေးငယ်တွေအားလုံးကိုလည်း လေးလေးနက်နက်နှုတ်ခွန်းဆက်ပါတယ်။ နှလုံးသားနဲ့ ပါ။
သင်တို့ရဲ့ Clown Smiley

Special Thanks to Clown Smiley (Belgrade, Serbia)

Thursday, July 5, 2012

သက်ဝင်လှုပ်ရှား "Street Art" အနုပညာ

မကြာခင် နွေးထွေးတဲ့ နွေရာသီရောက်လာတော့မယ်။ နွေကျောင်းပိတ်ရက်တွေ၊ အလုပ်နားရက်တွေကိုယ်စီကိုယ်ငှ ယူကြပြီး ဆားဘီးယားနိုင်ငံက၊ ဒီဘဲလ်ဂရိတ်မြို့မှာ သက်ဝင်လှုပ်ရှားလာကြရော့မယ်။ ပန်းချီဆရာစဉ်းစားပါတယ်။ သူ့မြို့လေးက လှုပ်ရှားသက်ဝင်လာကြတော့မယ်အချိန်မှာ သူ့ရဲ့မိတ်ဆွေတွေကို ဘာများပေးနိုင်ပါ့မလဲ။ သူဖန်တီးနိုင်တဲ့ ပန်းချီကားတွေ တစ်ချပ်စီလက်ဆောင်ပေးဖို့လား။ မဖြစ်နိုင်ပါ။ ပန်းချီကားတစ်ချပ်ရေးဆွဲရခြင်းဟာ အဖိုးတန်တဲ့ သူ့ရဲ့ အချိန်တွေများစွာကို ဖဲ့ပေးရတယ်။ တန်ကြေးကြီးကြီး ပန်းချီဆေးတွေသုံးရသေးတယ်။ ပြီးတော့ အချိန်၊ ပစ္စည်းပစ္စယတွေထက် ပိုပြီး အဖိုးထိုက်တန်တဲ့ သူ့ရဲ့ ကျန်းမာရေးကို ဖဲ့ဖဲ့ပေးရသေးတယ်။ တကယ်ပါ။ ပန်းချီကားတစ်ချပ်ဖြစ်လာဖို့ ကြွက်သားတွေရဲ့ညောင်းညာမှုတွေ။ မျက်စိရဲ့ လင်းလင်းမှုန်မှုန်အမြင်အာရုံပီသမှုတွေ။ အနုပညာအား၊ ကာယအား ... အား... အား.. အား ....။ အဲဒီအားတွေကို နှမြောတွန့်တိုမနေပဲ တရိရိဖြုန်းနိုင်လွန်းမှ ကောင်းမွန်ပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်ဖြစ်လာရတာ။ အရေအတွက်များများ မြန်မြန်ဆန်ဆန်ဘယ်လိုနည်းနဲ့မှ ဖန်တီးလို့မရနိုင်ပါဘူး။ အဖိုးတန်လှတဲ့ အရာတွေပေးဆပ်ပြီးမှရလာတဲ့ ပန်းချီကားတစ်ချပ်အတွက် ထိုက်တန်တဲ့ တန်ဖိုးတစ်ခုခုကတော့ဖြင့် ဘာကိုမှ မရေရာလှပါဘူး။ ကံဇာတာအားကောင်းလာတဲ့အခါမှသာ  ပန်းချီဆရာရဲ့အိမ်ကို၊ ပန်းချီဆရာရဲ့ပြခန်းကို လူတစ်ချို့ရောက်လာပြီး အဖိုးတန်အရာတွေဖြုန်းတီးမြုပ်နှံထားတဲ့ ပန်းချီကားတွေကို ဟိုဟိုဒီဒီလက်ညိုးထိုးကြပါလိမ့်မယ်။ တီးတိုးတစ်မျိုး၊ ကျယ်ကျယ်လောင်လောင်တစ်ခါ အမျိုးမျိုး အခါခါ ပြောဆိုဆွေးနွေးကြပါလိမ့်မယ်။ ပြီးတော့ ခေါင်းခါမယ်။ ခေါင်းငြိမ့်မယ်။ ခေါင်းလှုပ်မယ်၊ လက်လှုပ်မယ်၊ နောက်ဆုတ်မယ်။ ရှေ့တိုးမယ်။ ဒီလိုဟန်ပန်တွေနဲ့ ဘောင်လေးထဲကို စူးစိုက်ကြည့်ကြလိမ့်မယ်။ မျက်လုံးတွေရဲ့ စူးစိုက်မှု ပိုပြီးအားကောင်းလာပြီ၊ ခေါင်းညိတ်တာတွေ အကြိမ်အရေအတွက်စိတ်လာပြီဆိုရင်တော့ ပန်းချီဆရာ သိလိုက်ပြီ။ သူ့ရဲ့ ဘောင်ခတ်ထားတဲ့တန်ဖိုးကြီးအရာတစ်ချို့ကို တန်ဖိုးတစ်ချို့- ယူရိုစက္ကူချပ်တစ်ချို့၊ ဒီနာစက္ကူချပ်တစ်ချို့ နဲ့ အလဲအလှယ်လုပ်မယ့် ပွဲတစ်ပွဲဖြစ်ပြီပဲပေါ့။

ပြီးရင်တော့ အဲဒီပန်းချီကားကို ပိုင်ဆိုင်သွားသူတစ်ယောက်ပဲ အနုပညာကို တစ်စိမ့်စိမ့် ခံစားပါလိမ့်မယ်။ ဒါဟာ သက်ငြိမ်အနုပညာခံစားမှုမျိုးပါ။ ပန်းချီဆရာပိုပြီး နှစ်သက်တာကတော့အားလုံးဝိုင်းဝန်းပါဝင်လာနိုင်မယ့် အနုပညာမျိုး။ ၀ိုင်းဝန်းဖန်တီးမယ်။ ၀ိုင်းဝန်းခံစားကြမယ်။ အားလုံးမဟုတ်ရင်တောင် လူတွေ .. လူငယ်လေးတွေပူးပေါင်းပါဝင်နိုင်မယ့် သက်လှုပ်အနုပညာမျိုး.. လှုပ်လှုပ်ခတ်ခတ် သဘာဝဆန်တဲ့အနုပညာမျိုးလေ။ ဒါကြောင့် လမ်းမပေါ်မှာ ဖန်တီးသရုပ်ပြတဲ့အနုပညာမျိုးတွေကို ပိုသဘောကျလာခဲ့ရတာ။ တစ်ယောက်တည်းက ဖန်တီးပြီး လူတစ်ဦးကိုပဲ ခံစားမှုပေးတဲ့ အနုပညာရောင်းဝယ်ခြင်းထက်၊ ၀ိုင်းဝန်းခံစားပုံဖော်ပြီးရလာတဲ့ အနုပညာဖန်တီးမှုမျိုး အားလုံးကိုဝေမျှချင်တာ။ အဲဒီအနုပညာဝေမျှမှုဟာ အနုပညာရောင်းဝယ်မှုလို ငွေစက္ကူချပ်တွေမရနိုင်ဘူးဆိုတာတော့ ပန်းချီဆရာ သိတာပေါ့။ ဒါပေမယ့် သူဘာများတတ်နိုင်မလဲ။ သူ့ရဲ့ အသက်ဝိညာဉ်မချုပ်ခင်လေးအတွင်းမှာ သူလုပ်ချင်တာလေးတွေ လုပ်ကြည့်သွားချင်သေးတဲ့ စိတ်အဆာက သူလွန်ဆန်လို့မရနိုင်တဲ့အရာပဲမဟုတ်လား။ ဒီလိုနဲ့ ပန်းချီဆရာ Street Art ပွဲတစ်ပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လေးလေးကန်ကန်လူကြီးတွေရဲ့တိမ်းမယိမ်းအတွေးအခေါ်တွေကနေဖြစ်ပေါ်လာမယ့် လက်ရာတွေချည်းပဲမြင်တွေ့ ရမှာထက်စာရင်၊ ကလေးတွေရဲ့ကိုယ်ပိုင်စိတ်ကူးလေးတွေ သူ ခံစားကြည့်ချင်သေးတယ်။ အလယ်တန်း အထက်တန်းကလေးတွေပါ လှုပ်လှုပ်ရှားရှားပါဝင်ပြီး ဖန်တီးတာက ပိုပြီး သက်ဝင်နွေးထွေးစေတယ်လို့ ပန်းချီဆရာတွေးပါတယ်။ ကလေးတွေကို ကျောင်းစာသင်ခန်းထဲမှာပဲ နစ်မြုပ်မနေစေချင်ပါဘူး။ ကျောင်းစာသင်ခန်း ပြင်ပပတ်ဝန်းကျင်က လှုပ်ရှားမှုလေးတွေထဲ ပါဝင်လှုပ်ရှားစေချင်တယ်။ ဒီတော့ သူ့ရဲ့ မြို့လေးက ကျောင်းတွေကို ဖိတ်ရမှာပဲပေါ့။ အဲဒီ Street Art ကို ကမ္ဘာ့ပတ်ဝန်းကျင်နေ့ ဇွန်လ ၅ ရက်နေ့ရယ် ၆ ရက်နေ့ရယ် ၂ ရက် ပြုလုပ်မယ်လို့ သတ်မှတ်လိုက်တယ်။ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ ဆာဗာမြစ်နဲ့ ဒူးနာဗ့်မြစ်တစ်လျှောက် မြက်ကမ်းဘေးက လူသွားလမ်း၊ စက်ဘီးပြေးလမ်းတစ်လျှောက် ရေးဆွဲကြမယ်။ သူတို့ရေးဆွဲမှာက စိတ်ခွန်အားပေးမယ့် စာလုံးတွေပါ။ ဥပမာ - ပျော်ရွှင်ခြင်း၊ တာဝန်သိခြင်း၊ သစ္စာတရား၊ ရိုးသားခြင်း၊ ဇွဲလုံ့လရှိခြင်း၊ သည်းခံခြင်း၊ ခွန်အား၊ အသိပညာ၊ ငြိမ်းချမ်းရေး၊ အဓိဌာန်၊ အလှတရား၊ ၊ သန့်ရှင်းစင်ကြယ်မှု။ အားကစား၊ မိတ်ဆွေ ဆိုတဲ့စာလုံးမျိုးတွေပါမယ်။ စာလုံးတစ်လုံးနဲ့ တစ်လုံး ၁၀မီတာကွာဝေးစေမယ်။ Graffiti Art ပါပဲ။ အာဒါဆီဂန်လီယာ (Ada Ciganlija) ကန်အနီးက မော်တော်တွေရပ်နားတဲ့ မာရီနာမော်တော်ဆိပ်၊ ဘရန်ကို(Branko)တံတားနဲ့ ဓါတ်ရထားတံတားကြားက ပဲဒဲစတွီးရန်း (Pedestrian)လမ်းကြောတစ်လျှောက်၊ နဲဘောရီစာ(Nebojsa)မျှော်စင် နဲ့ ဒူးနာဗ့်သင်္ဘောဆိပ် အာဒါဟူးရား (Ada Huja) နေရာ ၄ နေရာကို ပန်းချီဆရာရွေးချယ်လိုက်ပါတယ်။ စာလုံးတွေကို ကလေးတွေရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ ပဲ အရောင်အသွေး၊ စာလုံးဒီဇိုင်း သူတို့ စိတ်တိုင်းကျရေးခြယ်စေမယ်။ လိုအပ်တဲ့ ပန်းချီဆေးတွေအတွက်တော့ ပန်းချီဆရာစီစဉ်နိုင်သားပဲ။  ရုံးလုပ်ငန်းတွေ၊ စာရွက်စာတမ်းကိစ္စတွေနဲ့ အလုပ်တွေရှုပ်ဦးမှာ ပန်းချီဆရာနားလည်ပေမယ့် သူ လုပ်နိုင်ပါတယ် လို့တွေးလိုက်တယ်။

ပထမဆုံး ပန်းချီဆရာရဲ့ ပန်းချီအဖွဲ့အစည်း ULUS (Union of Visual Artists of Serbia) မှာ လျှောက်လွှာတင်ပါတယ်။ သူလုပ်မယ့် အစီအစဉ်အသေးစိတ်ကို သတင်းပို့လိုက်တယ်။ ဒါရိုက်တာက သဘောတူလက်မှတ်ထိုးပြီးတဲ့အခါ အဲဒီလက်မှတ်နဲ့ပဲ Street Art လုပ်မယ့် မြို့နယ်မြူနီစပယ်ရုံး ၄ ရုံး မှာ စာတင်ရပါတယ်။ အဲဒီအချိန်မှာ လက်ကမ်းကြော်ငြာတွေ ပန်းချီဆရာကိုယ့်ဘာသာပဲ ရိုက်ပြီး ကျောင်းတွေကို မေးလ်ပို့ထားတယ်။ လူကိုယ်တိုင် သွားပို့တယ်။ မိတ်ဆွေ Artist တွေကို လည်း မေးလ်ပို့ပြီး ပါဝင်လက်တွဲဖို့ မေးလ်ပို့ပါတယ်။ မီဒီယာဌာနတွေကိုပါ သတင်းပို့ခဲ့တယ်။ နောက်တော့ ပန်းချီဆရာ့ဆီကို ကျောင်းတွေ ဆီကနေ စာပြန်လာပါတယ်။ စိတ်ဝင်စားတဲ့ကျောင်းတွေက ဖုန်းတွေဆက်လာကြတယ်။ မေးလ်ပြန်ပို့လာကြပါတယ်။ ကျောင်းသား ၄ ယောက်လောက်ကို ဆရာမတစ်ယောက်က တာဝန်ယူကြရပါလိမ့်မယ်။ ကလေးတွေရဲ့လုံခြုံရေးအတွက် ကျောင်းစာသင်ခန်းပြင်ပမှာမို့ ကျောင်းသားအများကြီးနဲ့ ဆရာတစ်ယောက်စောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက်ပါ ပန်းချီဆရာ စဉ်းစားရပါတယ်။ ဖုန်းဆက်၊ မေးလ်ပို့လာတဲ့ ဆရာ၊ ဆရာမတွေကို အစီအစဉ်တွေ အသေးစိတ်ရှင်းပြပေးခဲ့တယ်။ အဲဒီအစီအစဉ်တွေအားလုံးအတွက် ၃ လ လောက် ကြိုတင်ပြင်ဆင်ရပါတယ်။ နောက်တော့ ပန်းချီဆရာရဲ့ မိတ်ဆွေတွေ Artist တွေလည်း ပါဝင်လာကြပါတယ်။ အားလုံး ၁၂ ယောက်ပါ။ ပါဝင်လာတဲ့ကျောင်းတွေက Secondary school ရှစ်ကျောင်း "Filip Kljajić-Fića" "Vladimir Nazor" "Sveti Sava" "Jovan Cvijić" "Stevan Dukić" "Isidora Sekulić" "Vojvoda Radomir Putnik" "Braća Baruh" ကျောင်းတွေပါ။ Secondary school က Gimnazija "Dr Kosta Ćukić" နဲ့ "Filološka gimnazija "Stefan Nemanja"  ကျောင်းတွေပါဝင်ဖို့ ကတိပြုလာကြတယ်။ နောက် သတင်းဌာနတစ်ခု နှစ်ခုလောက်ကလည်း ပန်းချီဆရာ့ ဆီကို အမေးအဖြေရိုက်ကူးရေး လုပ်လာကြပါတယ်။  ပန်းချီဆေးကုမဏီ "Zvezda-Helios"ကလည်း စပွန်ဆာပေးလာခဲ့ပါတယ်။ ကလေး အယောက် ၅၀ ကျော်နဲ့ Artist တွေအတွက် ဆေးအလုံအလောက်ပို့ပေးလာခဲ့တယ်။ ၅ ရက်နေ့မတိုင်ခင် ကတည်းက Street Art ရေးဆွဲကြမယ့်နေရာ ၄ နေရာကို ပန်းချီဆရာ သွားကြည့်ထားလိုက်ပါတယ်။

ဒီလိုနဲ့ ဇွန်လ ငါးရက်နေ့ကို ရောက်လာခဲ့ပါပြီ။ အဲဒီနေ့က မိုးခပ်ဖွဲဖွဲ ဖြိုးဖြိုးဖြောက်ဖြောက်ဆိုရုံလေး ကျနေခဲ့ပါတယ်။ ကျိုးတို့ကျဲတဲ မိုးစက်လေးတွေပျောက်သွားရင်တောင်မှ မပြင်းလွန်းတဲ့နေရောင်အောက်မှာ ဆိုတော့ သူတို့ သိပ်ပြီး မပင်ပမ်းခဲ့ကြပါဘူး။ ပထမရက်မှာတော့ ကျောင်း၂ ကျောင်းပဲ ရောက်လာခဲ့ပါတယ်။ Artist တစ်ချို့လာပါတယ်။ ကလေးအယောက် ၂၀ ခန့် သူတို့ရဲ့ ဆရာမတွေနဲ့ ရောက်လာကြတယ်။ ပန်းချီဆရာ စာလုံးပုံစံအကြမ်း ဆွဲပြီး ၁၀ မီတာစာကို ခြေလှမ်းနဲ့ပဲ မြန်မြန်မှတ်ပြီး စာလုံးတွေနေရာချပါတယ်။ တစ်ချို့ကလေးတွေနဲ့ ဆရာမတွေက သူတို့ စာရွက်လေးတွေနဲ့ နမူနာဒီဇိုင်းပုံစံလေးတွေ ပြင်ဆင်လာခဲ့ကြတယ်။ တစ်ချို့ကလေးတွေက အပြည့်အ၀ပူးပေါင်းပါဝင်လိုတာ တွေ့ရပြီး စာလုံးပုံလေးတွေ သူတို့စိတ်ကူးလေးတွေပြောပြပြီး ရေးဆွဲကြပါတယ်။ ကလေးတစ်ချို့လည်း ရေးဆွဲရမှာ ရှက်ယောင်ယောင်ဟန်ပန်ရှိနေကြပြီး စာလုံးလေးဆေးခြယ်ပြီးသွားတဲ့အခါမှာလည်း ဓါတ်ပုံအရိုက်ခံလိုစိတ်မရှိကြပါဘူး။ အများပြည်သူနဲ့ ဆိုင်တဲ့နေရာမှာ ဆေးခြယ်ရမှာ မ၀ံ့မရဲဖြစ်ဟန်လေးတွေလည်း ကလေးတစ်ချို့မှာ မြင်တွေ့ရပါတယ်။ ကလေးအများစုကတော့ ပေါ့ပေါ့ပါးပါး ပျော်ရွှင်စွာနဲ့ပဲ စာလုံးလေးတွေ ရေးဆွဲ ဆေးခြယ်ကြတယ်။ စာလုံးတစ်လုံး ပီးသွားတဲ့အခါမှာလည်း ရေးဆွဲကြတဲ့ကလေးတွေ သူတို့ဖန်တီးခဲ့တဲ့ စာလုံးလေးအရှေ့မှာ လွတ်လပ်ပျော်ရွှင်စွာနဲ့ ဓါတ်ပုံအရိုက်ခံကာ အပြည့်အ၀ပူးပေါင်း ပါဝင်ကြပါတယ်။

ဒုတိယနေ့မှာတော့ မိုးသားအားလုံးကင်းစင်နေခဲ့ပြီ။ လင်းလက်တဲ့နေခြည်ဟာ မြစ်ရေစီးကြောင်းထဲတိုးဝင် ရုန်းကန်ပြီး တလက်လက်တောက်နေခဲ့ပါတယ်။ သူတို့ မနက် ၉ နာရီလောက်ကနေ စတင်ပြီး စာလုံးလေးတွေရေးဆွဲကြပါတယ်။ ဆေးဖြည့်တယ်။ အာဒါးကန်ဆီရေကူးသွားမယ့် လမ်းသွားလမ်းလာတွေ၊ ကလေးတွေ၊ လူကြီးတွေက အလုပ်ရှုပ်နေကြတဲ့ ပန်းချီဆရာနဲ့ ကလေးတွေ၊ တစ်ခြား Artist တွေကို စူးစမ်းကြပါတယ်။ ဒုတိယနေ့က ကလေးငယ်တွေမှာ ပိုပြီး ပျော်ရွှင်မြူးတူးနေတာ ပန်းချီဆရာတွေ့လိုက်ရတယ်။ ပန်းချီဆရာလိုချင်တာ အဲဒါပါပဲ။ ကလေးတွေကို အသင်းအဖွဲ့လေးနဲ့ အနုပညာ လှုပ်ရှားမှုအကြောင်း ဝေမျှခံစားပေးနိုင်တယ်။ အများပြည်သူဆိုင်တဲ့နေရာမှာ အများပြည်သူတွေမရှိတဲ့ လူခြေတိတ်ချိန်မှ ပန်းချီ မှုတ်ဆေးဗူးတွေကိုင်ပြီး ဗရမ်းဗတာရေးဆွဲတတ်ကြတဲ့ လူငယ်တွေအများကြီးရှိနေတတ်ပါတယ်။ သူတို့လေးတွေဟာ အများပြည်သူပိုင်ဆိုင်တဲ့နေရာမှာ ကိုယ့်တစ်ဦးတည်းစိတ်ကြိုက်လုပ်ခွင့်မရှိဘူးဆိုတဲ့သဘောကို မျက်ကွယ်ပြုလိုကြတယ်။ ကလေးတွေအတွက် စည်းကမ်းတကျ ဒီလို လှုပ်ရှားမှုလေးတွေပြုလုပ်ပေးချင်တယ်။ သူတို့ရဲ့ စိတ်ထွက်ပေါက်ဖွင့်လှစ်ခွင့်၊ သူတို့တစ်ဦးချင်းဆီမှာ ရှိတဲ့ အနုပညာအစွမ်းအစထုတ်ဖော်ပြသခွင့်၊ အဲဒီ အခွင့်အရေးလေးတွေကို ပန်းချီဆရာဆုပ်ကိုင် ဖန်တီးပေးချင်ပါတယ်။ အဲဒါ ပန်းချီဆရာဖန်တီးချင်တဲ့ အနုပညာပါပဲ။

လမ်းပေါ်မှာ ဆေးခြယ်နေကြတဲ့ ကလေးတွေ၊ Artist မိတ်ဆွေကို ကြည့်ပြီး ပန်းချီဆရာရင်ထဲမှာ လှိုက်လှိုက်လှဲလှဲပျော်ရွှင်ခဲ့မိတယ်။ ကလေးတွေက မေးလာတဲ့အခါ သူတို့ စိတ်ကူးအတိုင်းပဲ အသွေးအရောင်ကျကျနန စာလုံးလေးတွေပေါ်လာအောင် ပန်းချီဆရာရှင်းပြပါတယ်။ ဒီလိုနဲ့ ပန်းချီဆရာကိုယ်တိုင်အတွက် ရေးဆွဲရမယ့်စာလုံးမှာ အချိန်များများမပေးနိုင်တော့ပါဘူး။   အဲဒီအတွက် ပန်းချီဆရာ သိပ်ပြီးမစဉ်းစားမနေတော့ဘူး။ ပန်းချီဆရာရဲ့  ခွေးလေး "happy" ပုံစံ တစ်လိုင်းထဲ ခပ်သွက်သွက်လေးဆွဲလိုက်ပြီး စာလုံးတစ်လုံးဖြည့်လိုက်ပါတယ်။ ဟက်ပီလေး အမြဲပျော်ရွှင်နေစေဖို့ စိတ်ကူးပြီး သူ့ရဲ့ ကိုယ်ထည်လေးထဲမှာ "ပျော်ရွှင်ခြင်း" ဆိုတဲ့ စာလုံးလေးဖြည့်လိုက်ပါတယ်။ ဒီလိုဆိုတော့ သက်ဝင်လှုပ်ရှားခဲ့တဲ့ Street Art အနုပညာတစ်ခု ပျော်ရွှင်စွာပဲ ဖန်တီးဖြစ်ခဲ့ပြီပေါ့။    ။

(ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ မှာ World Environment Day အထိမ်းအမှတ် ဇွန်လ ၅ ရက်နဲ့ ၆ ရက်နေ့မှာ Eco-art installation တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဆားဘီးယန်း Artist Nenad Vučković  စီစဉ်ခဲ့ပြီး Artist တွေဖြစ်တဲ့ Ema Parezanović,, Brana Marković, Vlada Milinković, Eli Obođan, Dobrica Kamparelić, Goran Ostojić Vid, Stojanka Bošnjak, Zoran Pantelić, Dejan Bogojević, Dragoljub Jovičić, Marijeta Milovanović တို့ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ အဲဒီ Eco-art installation ကို ပြန်လည်ခံစားရေးဖွဲ့ထားပါသည်။
http://ekoartproject.blogspot.com မှာလည်း အသေးစိတ်ကြည့ိနိုင်ပါတယ်။)