Saturday, July 31, 2010
ကော်ဖီထဲက ကြမ္မာ
မီလန်ကာ ကော်ဖီကို အခုကြိုက်နေသည်။ ငယ်ငယ်တုန်းကတော့မကြိုက်မိခဲ့၊ နွားနို့မှာ ပြောင်းဖူးမှုန့်တွေထည့်ထည့်ပြီး သောက်ခဲ့သည်။  ဟိုး ငယ်ငယ်တုန်းက ... မီလန်ကာ့ အဖွားသောက်တာမြင်ဖူးနေကြ၊ မြည်းနေကြဆိုတော့ အဖွားကိုချစ်တဲ့မီလန်ကာလဲ ပြောင်းဖူးမှုန့်လေးတွေထည့်ထားတဲ့ နွားနို့က အရသာရှိသည်ဟု ငယ်ငယ်က ထင်ခဲ့မိသည်။ အဖွားကတော့ “အစာအိမ်နာအတွက်သောက်တာ အရသာသိပ်မရှိလှပါဘူးကွယ်” လို့ ခဏခဏ ညည်းပြလေ့ရှိသည်၊ အဖွားက ဒီလို ညည်းနေပေမဲ့လဲ ပြောင်းဖူးမှုန့်တွေ ထည့်ထားတဲ့နွားနို့တစ်ခွက်ကိုပဲ မနက်တိုင်း သောက်နေခဲ့ပါသည်။
မီလန်ကာ အရွယ်ရောက်လာတော့ အရသာအမျိုးမျိုးကိုစမ်းကြည့်ခဲ့သည်။ အတွေ့အကြုံအသစ်တွေလဲ စိတ်ဝင်စားခဲ့ပြီ၊ အဖွားရဲ့ပြောင်းဖူးမှုန့်တဖွေးဖွေး နွားနို့တစ်ခွက်ဟာ အရသာမရှိလှဘူးဆိုတာလဲသိခဲ့ရပြီ။ ကော်ဖီတစ်ခွက်ကို တစ်ကြိုက်စီအရသာခံမြည်းရင်း ကော်ဖီကုန်သွားမဲ့အချိန်ကို နှမြောတတ်ခဲ့ပြီ၊ အရက်ချို အချစ်ခါးလား၊ အချစ်ချို အရက်ခါးလား၊ နှစ်ခုစလုံးမှန်မယ်ထင်တဲ့ ချိုတစ်ခါ ခါးတစ်လှည့်  အချစ်ရဲ့အတွေ့အကြုံတွေလဲ ရခဲ့ပြီ၊  အချစ်ခံခဲ့ရဖူးပြီ၊ ချစ်ခဲ့ဖူးပြီ၊ အသည်းခွဲခဲ့ဖူးပြီ၊ အသည်းကွဲခဲ့ဖူးပြီ၊ ချစ်ခဲ့ဖူးပြီ၊ မုန်းခဲ့ဖူးပြီ၊ အမှတ်တရ လက်ဆောင်နုနုရွရွလေးတွေ (ဥပမာ အသည်းပုံပိစိကွေးလေးတွေနဲ့ ပုံဖော်ထားတဲ့... တကယ်တမ်းအသုံးမ၀င်လှတဲ့ပစ္စည်းလေးတွေ)ကို ရလဲရခဲ့ဖူးပြီ၊ ပေးလဲ ပေးခဲ့ဖူးပြီ၊ အဲဒီနုနုရွရွ အမှတ်တရပစ္စည်းလေးတွေနဲ့အတူ ထုတ်ပိုးထားတဲ့စက္ကူပါးတစ်စပါမကျန် သိမ်းထားခဲ့ဖူးသလို၊ အနည်းငယ်တန်ဖိုးရှိနေတဲ့ပစ္စည်းတွေပါမကျန် အားလုံးကိုလွှင့်ပစ်ခဲ့ဖူးပြီ၊ အပြုံးချိုချိုတွေကို အူလှိုက်သည်းလှိုက် ပြုံးပြတတ်ခဲ့သလို၊ ခပ်မာမာအမုန်းတစ်ခုကိုလဲ အပြုံးတုနဲ့အတူ မြန်မြန်လေးပဲ ထုတ်သုံးတတ်ခဲ့ပြီ၊ ၀မ်းနည်းခဲ့ဖူးပြီ၊ ပျော်ရွှင်ခဲ့ဖူးပြီ၊ ခံစားချက်တွေ အမယ်စုံ မီလန်ကာ ရခဲ့ဖူးပြီထင်ပါသည်။ မီလန်ကာ ဒါတွေကို မခံစားချင်တော့၊ ငြိမ်ငြိမ်လေးပဲနေချင်တော့သည်။ မီလန်ကာ စာရေးမည်။ စာဖတ်မည်။ ဒီဇိုင်းတွေဆွဲမည်။ ပုံတွေဆွဲမည်။ ကိုယ့်ဘာသာ လှလှပပလေးပြင်မည်။ အ၀တ်အစားလှလှ၊ အလှပြင်ပစ္စည်းလှလှလေးတွေ စိတ်ကူးရတိုင်းဝယ်မည်။ မီလန်ကာ သိပ်ချစ်ရတဲ့အဘွားအတွက် ပိုက်ဆံပေးမည်။ ဒါဆိုရင် မီလန်ကာ့ဘ၀ဟာ ပြည့်စုံနေပြီလို့ ကိုယ့်အယူအဆနဲ့ ယုံကြည်နေခဲ့သည်။ မီလန်ကာရဲ့သူငယ်ချင်းမ ဗဲရာကတော့ မီလန်ကာ့အပြောကို သူ့ရဲ့မျက်လုံးလှလှတွေ ပိတ်သွားတဲ့အထိ သဘောကျစွာရယ်မောခဲ့နေခဲ့ပါသည်။ ဗဲရာကပြောသည် “မီလာ ရယ်၊ ယူက ဒါနဲ့ပဲ ယူ့ဘ၀ကိုပြည့်စုံပြီဆိုပြီး အလုံပိတ်အခန်းလေးထဲ ပိတ်ထားတော့မှာတဲ့လား၊ ဒီလို ခံစားချက်တွေက အမြဲရှင်သန်နေတာနော်၊ အမြဲရှင်သန်နေရမှာပဲပေါ့၊ ချစ်လိုက်၊ မုန်းလိုက်၊ မချစ်ရင်မုန်းလိုက်၊ ရွေးစရာတွေမှ အများကြီးပဲလေ၊ ယောက်ျားတွေက နားဆွဲလှလှတွေလိုပဲ၊ နားဆွဲလေးတွေကို သူ့နေရာနဲ့သူဝတ်ရသလိုပေါ့၊ ညနေခင်းလမ်းလျှောက်ထွက်တဲ့အခါ၊ ညဘက် ကော်ဖီဘားကို သွားတဲ့အခါ ရွေးပြီး လိုက်ဖက်မဲ့နားကပ်မျိုး ၀တ်ပေးရတယ်၊ အလှသုံးနားဆွဲလေးတွေက လူကိုပိုပြီးတက်ကြွစေတယ်။ တို့များမိန်းကလေးတွေရဲ့အလှကို ပိုပြီးလန်းဆန်းစေတယ်။ ဒီလိုပဲ ပုလဲနားကပ်၊ စိန်၊ ပတ္တမြား ဒီလို နားကပ်မျိုးကိုလဲ တစ်သက်တာအတွက်တော့ ပိုင်ဆိုင်ရဖို့ကြိုးပမ်းရဦးမှာပဲ” တဲ့၊ ဗဲရာပြောသမျှစကားတွေအားလုံး မီလန်ကာ နားမလည်ခဲ့၊ ရှုပ်ထွေးလွန်းလှသည်။ တစ်ခါတစ်ခါ ဗဲရာကိုယ်တိုင်လည်း နားလည်ဟန်မတူ၊ သူ့မှာရှိနေတဲ့ များပြားလှတဲ့နားကပ်တွေ မရိုးနိုင်အောင် ၀တ်ဆင်ရင်း၊ တချိန်လုံး သူအလုပ်တွေရှုပ်နေခဲ့သည်။
တကယ်တမ်းတော့ ဗဲရာက ချစ်ဖို့ကောင်းလှသည်။ အသားအရည်ဖြူသည်။ ၀င်းသည်၊ စိတ်ဆိုးလွယ်သူ မဟုတ်သလို၊ စိတ်လည်းရှည်သည်၊ သည်းခံတတ်သည်။ အမြဲပြုံးနေတဲ့ ဗဲရာကိုစတွေ့ခါကာစက အပြုံးလှလှလေးကြောင့် ချစ်ဖို့ကောင်းလှသည်ဟု ထင်ခဲ့မိသလို အလုပ်ခွင်မှာအတူတူ ရင်းနှီးလာတဲ့ အချိန်မှာလည်း အကောက်အကွေ့မရှိတဲ့ သဘောဖြူအူစင်းမိန်းကလေး အမျိုးအစားမှန်း သိလာခဲ့ရသည်။ တစ်ခုပဲ ဗဲရာ့နားမှာ နားကပ်ရောင်စုံလေးတွေများလွန်းလှသည်။ ဗဲရာ့အနားမှာ အရွယ်စုံယောက်ျားလေး မိတ်ဆွေတွေ အမြဲရှိနေတတ်သည်။
ဗဲရာအမေက သစ္စာရှိသော(သစ္စာ)လို့ အဓိပ္ပါယ်ရတဲ့ ဗဲရာဆိုတဲ့ အမည် သမီးလေးကိုပေးခဲ့သည်တဲ့ ဗဲရာပြောခဲ့ဖူးသည်။ ဗဲရာကတော့ သစ္စာဆိုတာ သိပ်စိတ်ဝင်စားပုံမရခဲ့၊ သစ္စာရှိဖို့ဆိုတာ သူ သိပ်အလေးအနက်မရှိလှ၊ ဗဲရာကြောင့် ပုံစံမျိုးစုံနဲ့ စစ်ရှုံးခဲ့ဖူးတဲ့ယောက်ျားလေးတွေ မီလန်ကာတွေ့ခဲ့ရဖူးသည်။ မီလန်ကာ တစ်ခါတော့ပြောဖူးသည်။ ဒီလိုမလုပ်ဖို့၊ ဗဲရာကတော့ ခွက်ထိုးခွက်လန်ကိုရယ်မောနေခဲ့သည်။
ဗဲရာကပြောသည်
“သူတို့က သနားစရာမကောင်းလှပါဘူး၊ သူတို့လိုတာလဲ သစ္စာမဟုတ်ဘူးလေ မီလာရဲ့၊ ဗဲရာ သူတို့ကို ဘာမှမလုပ်ပါဘူး၊ ဗဲရာ့ကိုလည်း သူတို့ဘာမှ လုပ်လို့မရဘူး၊ ဗဲရာ တစ်နေ့အိမ်ထောင်ပြုမှာပါ၊ ဗဲရာကလေးတွေလဲ အများကြီးမွေးဦးမှာပဲ၊ ဗဲရာလက်ထပ်မယ့်သူက စိန်နားကပ်လို ယောက်ျားမျိုးလေ၊ ဗဲရာ ပိုက်ဆံရှာဖို့ မကျွမ်းကျင်ဖူး မီလာရဲ့၊ ပိုက်ဆံပဲသုံးတတ်တာ၊ ဗဲရာ ဘာမှပေါက်ကရမလုပ်ပါဘူး၊ မီလာ မစိုးရိမ်နဲ့ သိလား၊ မီလာကလေ မီလန်ကာဆိုတဲ့နာမည်နဲ့ လိုက်အောင် ချစ်စရာကောင်းတယ်၊ တစ်ခါတစ်ခါ မီလာက အရာအားလုံးသိနေတဲ့ အမေလို၊ အမလို တစ်ခါတစ်လေလည်း ဘာမှနားမလည်တတ်သေးတဲ့ ညီမငယ်လေးလိုပဲ၊ ဒါကြောင့် မီလာ့ကို ဗဲရာ သဘောကျတာ”
တဲ့၊
ဗဲရာ က သူ့အကြောင်းပြောပြရင်း ပြောပြရင်းနဲ့ နောက်ဆုံးတော့ မီလန်ကာကိုပဲ တခုတ်တရချီးမွမ်းတော့သည်။ ဟုတ်တော့လည်းဟုတ်သည်။ ဗဲရာဘေးမှာ ယောင်္ကျားလေးတွေ အများကြီးရှိနေခဲ့ပေမဲ့ ဗဲရာ အလည်မလွန်ခဲ့ပါ၊ ကော်ဖီသောက်မည်။ မုန့်ဆိုင်သွားမည်။ ဒီလောက်ပဲ၊ ရုပ်ရှင်အတူသွားကြည့်ကြတာမျိုးတောင် ဗဲရာ အရှုပ်မခံခဲ့၊ နားကပ်လေးတွေတော့ အများကြီးပဲ ရွေးရွေးပြီးတပ်သည်။ နားကပ်လေးတွေကို အမြဲတမ်းပဲ ရွေးနေခဲ့သည်၊ ဒီလိုဆိုတော့လည်း ဗဲရာကို မီလန်ကာစိတ်ချထားလိုက်သည်။ ဗဲရာက သူ့ဘာသာ ကောင်းကောင်းမွန်မွန်ထိန်းကျောင်းနိုင်သည့် မိန်းကလေးဖြစ်ပါသည်။
ဗဲရာကို မီလန်ကာ စိတ်ချထားပေမဲ့ ဗဲရာကတော့ မီလန်ကာကို တစ်စက်ကလေးမှ စိတ်မချခဲ့၊ သူ့ရဲ့ မအားမလပ်နိုင်တဲ့အချိန်တွေ ကြားထဲက မီလန်ကာအတွက် အချိန်ကို အမြဲဖဲ့ချန်ထားလေ့ရှိသည်။ အလှအပကြိုက်တာချင်းတူသူမို့ ဈေးဝယ်ထွက်ကြမည်ဆို ဗဲရာရဲ့ တခြားအစီအစဉ်တွေ အားလုံးကိုခပ်ဝေးဝေးလွှင့်ပစ်တတ်သည်။ ဗဲရာရေ...လို့ ဆိုတာနဲ့ ဗဲရာ ပိုက်ဆံအိတ်လေး ကောက်ကိုင်ပြီးသား ဂျီအမ်အလစ်မှာ မီလန်ကာတို့ ကုမ္ပဏီအနားးက ရှော့ပင်းစင်တာကို သွားကြဖို့ အသင့်ရှိနေတတ်မြဲ၊ ငြိမ်ငြိမ်ကုတ်ကုတ်နေတတ်လွန်းလို့ မီလန်ကာကို ဗဲရာက စိတ်မချ၊ တစ်သက်လုံး ငြိမ်သက်သွားတော့မှာကို သူအမြဲစိုးရိမ်နေခဲ့သည်။ မီလန်ကာ အလှတွေပြင်ရင် သူကြိုက်သည်၊ ဟိုဟိုဒီဒီ သွားမယ် ခေါ်ရင် သူ လိုက်မည်၊ အမြဲအသင့်ရှိတတ်သည်။
မီလန်ကာနဲ့ ဗဲရာက ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ကြပေမဲ့ ဌာနချင်းတော့မတူ၊ ဗဲရာက ဂျီအမ်ရဲ့ အထွေထွေအတွင်းရေးမှူး၊ အက်ဒမင်(admin) ဌာနက၊ မီလန်ကာက web development ဌာနက ဒီဇိုင်နာ၊ မီလန်ကာ က ကွန်ပျူတာရှေ့ မခွာ၊ အလုပ်တွေကလည်း မများတဲ့နေ့ဆိုရင်တောင် အင်တာနက်မှာ မီလန်ကာရေးချင်တဲ့အကြောင်းတွေ လိုက်ဖွ၊ ရှာပြီးဖတ်၊ အလုပ်အတွက် လိုအပ်မယ့် ကျူတိုရီယယ်ဖိုင်တွေ ဟိုဟိုဒီဒီလိုက်ရှာတာနဲ့ပဲ မအားနိုင်ခဲ့၊ ဗဲရာကတော့ မရ၊ အချိန်သိပ်တိကျသည်။ ကော်ဖီသောက်ချိန် ၂နာရီ ခွဲ ၃နာရီလောက်ဆိုရင် သူလှုပ်လှုပ်ရှားရှားဖြစ်လာပြီ၊ တစ်ခါတစ်ရံ ကော်ဖီကို ရုံးမှာပဲ သောက်ကြသည်။ တစ်ခါတစ်ရံတော့လဲ မီလန်ကာတို့ ကုမ္ပဏီအောက်ထပ်က ကော်ဖီဆိုင်လေးမှာ သွားထိုင်ကြသည်။ ကော်ဖီသောက်ရင်း စကားတွေပြောကြသည်။ တခြားသူငယ်ချင်းတွေလဲ ပါတဲ့အခါ ပါသည်။ အားလုံး စကားတွေ ၀ိုင်းဖွဲ့ပြောကြတာ တော်တော်ပျော်ဖို့ကောင်းသည်။ တစ်ခါ နှစ်ခါမဟုတ် ရုံးကခွင့်ပြုတဲ့ ကော်ဖီသောက်ချိန်ထက် ပိုယူကြတဲ့ နေ့တွေ အများကြီးရှိခဲ့သည်။
မီလန်ကာရဲ့အချစ်တွေ... မီလန်ကာ အမည်က ချစ်လှစွာသော ချစ်စရာကောင်းသောလို့ အဓိပ္ပါယ်ရတယ်တဲ့၊ မီလန်ကာ အဖွားကပေးတဲ့နာမည်ပါ၊ ဖေဖေ၊ မေမေရှိစဉ်တုန်းကတည်းက အခုထိ ဗဲရာပါမကျန် မီလာ လို့ပဲ ခေါ်ကြသည်။ လူးဘာ ကတော့ မီ လို့ တစ်လုံးတည်းခေါ်လေ့ရှိခဲ့သည်။ လူးဘာက မီ့ထက် ၄နှစ်လောက်ငယ်သည်။ ငယ်ပေမဲ့ ဆရာလုပ်ချင်သည်။ မီလန်ကာကို လွှမ်းမိုးချင်သည်။ .. ဟိုဟာမစားနဲ့၊ ဒါ စားကြစို့.. လို့ စားသောက်ဆိုင် အတူသွားဖြစ်တိုင်း ဒီလို သူကရွေးချယ်သည်။ ..မီ .. ဒါလေးကလှတယ်။ ဒါကိုပဲယူ.. တဲ့၊ အ၀တ်အစားဝယ်ဖို့ အတူသွားဖြစ်ကြတိုင်း အဲဒီလို လူးဘာက အမိန့်ဆန်ဆန်ပြောသည်။ ဆံပင်တိုတာ လူးဘာ မကြိုက်၊ အရှည်ထားစေချင်သည်။ မီလန်ကာ က အရှည်ထားဖို့စိတ်မ၀င်စား၊ ခဏခဏဆံပင်ညှပ်ချင်သည်။ ဆံပင်ညှပ်တိုင်း လူးဘာစိတ်ဆိုးတော့သည်။ လူးဘာရှေ့ရောက်ရင် မီလန်ကာ ကလေးတစ်ယောက်လိုဖြစ်နေသည်။ မီလန်ကာ.. လူးဘာရှေ့မှာ သေးနုတ်ပျောက်ကွယ်လုမတတ်ဖြစ်နေခဲ့သည်။ ကြာတော့ မီလန်ကာ စိတ်ညစ်လာခဲ့ပြီ၊ ချစ်ရတာ ပျော်စရာလဲ မကောင်းလှ၊ မတွေ့ရရင် လွမ်းလှပေမဲ့ တွေ့ရတဲ့အခါ စိတ်ကျဉ်းကျပ်ရသည်။ လူးဘာရှေ့မှာ တစ်စက်ကလေးမှ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ရှိမနေခဲ့၊ ဒီလိုနဲ့ မီလန်ကာနဲ့ လူးဘာ တဖြည်းဖြည်းဝေးလာခဲ့သည်။ မီလန်ကာ ကလည်း နီးဖို့မကြိုးစား၊ လူးဘာကရော ... သူလဲ ဝေးဖို့မပြင်ဆင်ခဲ့သလို နီးစပ်ဖို့ .. ဒါကိုလည်း မကြိုးစားခဲ့ပါဘူး၊
နောက်တစ်ယောက်ကတော့ မာကို၊ သူ့ကျတော့လဲ တကယ့်ကို တမျိုး၊ မီလန်ကာ ကို အပျောက်မခံနိုင်အောင် သည်းသည်းလှုပ်တတ်သည်။ မီလန်ကာကို တော်ကြောင်း၊ တတ်ကြောင်း အင်မတန်ချီးမွမ်းခန်းဖွင့်သည်။ ပြီးတော့ အဲဒါတွေကြောင့် အထင်တကြီးချစ်သည်ဆိုတော့ အဲဒါတွေမီလန်ကာမှာမရှိတော့ရင်၊ မီလန်ကာ သာညံ့နေမယ်ဆို .. ဒါလဲ မာကို သိပ်မဟုတ်လှဘူး ဟုတွေးမိခဲ့ပြန်သည်။ တစ်ရက်ကလေးမတွေ့လိုက်ရင် မာကို သေမလောက်လွမ်းပြတတ်သည်။ မီလန်ကာ သိပ်စိတ်ပျက်လှသည်။ တွေ့ပြန်ရင်လည်း မီလန်ကာ နေကောင်းရဲ့လား၊ ဘယ်လိုအခြေအနေရှိနေလဲ စူးစမ်းဖို့ထက်၊ သူ ဖြစ်နေတာတွေ ဆက်တိုက်ပြောပြဖို့ပဲ ကြိုးပမ်းတတ်သည်။ ပြောပြတတ်သည်။
“မနေ့ကဆို မာကို မီလာကိုလွမ်းလွန်းလို့ အိပ်လို့မရဘူး၊ မီလာ ထားသွားမလား တွေးပြီး စိတ်မကောင်းဖြစ်လွန်းလို့ လှေကားထိပ်မှာ ထိုင်ငိုလိုက်သေးတယ်၊ ညစာတောင် စားလို့မ၀င်ခဲ့ဘူး”
တဲ့၊
အဲဒါတွေအစချီပြီး သူ့ရဲ့ တူလေးက ဘယ်လိုကအစ၊ တူမလေးက ဘယ်လို၊ အမကတော့ ဘယ်လိုအဆုံး၊ သူ့အကြောင်းတွေပြောပြပြီး နောက်ဆုံးမှ မီလန်ကာကို စူးစမ်းတတ်သည်။ အော် ခက်ရချည့်၊ မီလန်ကာက မငိုနိုင်ဘူး .. မီလန်ကာမှီတွယ်ရမဲ့ပုခုံးပိုင်ရှင်က ပိုပြီး သည်းသည်းထန်ထန်ငိုကြွေးနေတော့တာကိုး .. ဘာမှမဟုတ်လောက်တဲ့ ကိစ္စသေးသေးတွေကို စာဖွဲ့မဆုံးဖြစ်နေတတ်သည်။ ဒီယောက်ျားလေးကတော့ သူ့အတ္တကို ဖွင့်ထုတ်ကြေညာဖို့ မီလန်ကာကိုရွေးချယ်ထားပုံရသည်။ မီလန်ကာ ဒါကိုမကြိုက်၊ ဒါကိုမှမဟုတ် မကြိုက်တာတွေမှ အများကြီးပဲ၊ နောက်ထပ်တစ်ယောက်၊ သူကတော့ အကြွားသန်ချင်ပုံရသည်။ မီလန်ကာရှေ့မှာ သူ့ရဲ့ ခေတ်ပေါ်လက်နက်ဆန်းတွေ တစ်ခုပြီးတစ်ခုထုတ်သုံးသည်။ အသံစုံထွက်တဲ့ကိရိယာတွေ သူ့မှာ  အများကြီးရှိသည်။ မီလန်ကာနဲ့တွေ့ဖြစ်ကြတဲ့ အချိန်မှာ ဖုံးခဏခဏပြောသည်၊ wifi လက်ပ်တော့ပ်သွားလေရာသယ်သည်။ wifi ရတဲ့ ကော်ဖီဆိုင်ကောင်းကောင်းမှာ ထိုင်လေ့ရှိသည်။ သဘောအင်မတန်ကောင်းသည်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးသွားလာနေချင်သည်။ ဘီယာကြိုက်သည်။ သူငယ်ချင်းတွေစားချင်ရာ ကျွေးသည်။ သွားချင်တဲ့နေရာလိုက်ပို့သည်။ သူငယ်ချင်းလိုပေါင်းသင်းဆက်ဆံဖို့တော့ အကောင်းဆုံး ယောက်ျားလေးဖြစ်သည်။ ဒီလိုနဲ့ သူငယ်ချင်းအဆင့်မှာသာ ရပ်ထားလိုက်ပြီး မီလန်ကာ အေးအေးပဲနေဖြစ်တော့သည်။
ရုံးပိတ်ရက်တစ်နေ့ မီလန်ကာ အိမ်မှာ အလုပ်တွေရှုပ်နေချိန်ဖြစ်သည်။ စိတ်တွေလည်းရှုပ်ရသည်၊ ဘာကြောင့်လဲဆိုတော့ မီလန်ကာအွန်လိုင်းက adobeTV မှာ flash software lesson ဖိုင်တစ်ဖိုင်ကြည့်နေသည်။ တစ်ဆင့်ပြီးတစ်ဆင့်ကြည့်နေရင်း photoshop မှာ ၀က်ဆိုက်ဘ်တစ်ခုလုံးအတွက်သေချာဆွဲ၊ layer တွေမှာ နာမည်တွေကအစ သူ့ content နဲ့သူပေး၊ flash ကနေ အဲဒီ photoshop ဒီဇိုင်းဖိုင်ကို ဆွဲထည့်(import) လုပ်၊ import လုပ်တဲ့အခါမှာလည်း layer တစ်ခုစီကအစ movie clip တွေပြောင်းချင်သလား၊ ရိုးရိုး bitmap ပုံနဲ့ပဲ သိမ်းမလား၊ photoshop မှာ gradient နဲ့ ဒီဇိုင်းချလာရင် flash ထဲကို သိမ်းတဲ့အခါ မူလဒီဇိုင်းအတိုင်းရချင်ရင် ဘယ်လိုသိမ်းရမယ် တစ်ဆင့်စီရှင်းပြသွားပေးတဲ့ www.lynda.com ရဲ့ ဗီဒီယိုဖိုင်က စိတ်ဝင်စားဖို့ကောင်းလှသည်။ မီလန်ကာ ပို ပိုပြီး စိတ်ဝင်စားလာတဲ့အချိန် နောက်တစ်ဆင့်မှာတော့ ပိုက်ဆံသွင်းမှ ကြည့်လို့ရတော့မည်တဲ့၊ စိတ်ကုန်လိုက်တာကွယ်..  အဲဒီအချိန်လေးမှာပဲ ဗဲရာဖုန်းခေါ်လာခဲ့သည်။ ကော်ဖီဆိုင်သွားကြပါစို့ လို့ ဗဲရာက ခေါ်သည်။ စိတ်ညစ်စိတ်ရှုပ်နေတဲ့ မီလန်ကာလည်း ချက်ချင်းပဲ သဘောတူလိုက်ပါသည်။
ဒီလိုနဲ့ မီလန်ကာနဲ့ ဗဲရာ ကော်ဖီဆိုင်လေးတစ်ဆိုင်ရောက်နေကြပြီ၊ ကော်ဖီဆိုင်လေးနာမည်က “ကံကြမ္မာ”တဲ့၊ အဲဒီကော်ဖီဆိုင်လေးမှာ ကော်ဖီသောက်သူတွေအနာဂါတ်အကြောင်းမေးမြန်းလို့ရသည်။ ကော်ဖီခွက်တွေကိုကြည့်ပြီး .. အတိအကျဆိုရလျှင် ကော်ဖီခွက်မှာ တင်ကျန်နေတဲ့ ပုံသဏ္ဍာန်တွေကို ကြည့်ပြီး ဗေဒင်ဟောပေးသည်လို့ ဗဲရာက သတင်းပေးသည်။ တူရကီကော်ဖီ (Turkish coffee) တစ်မျိုးတည်းသာရပြီး  ကော်ဖီကိုပဲသီးသန့်သောက်ချင်သူတွေ အတွက်လဲ နေရာသပ်သပ်လုပ် ပေးထားသည်။ ဘာမဆို စူးစမ်းချင်တဲ့ ဗဲရာကတော့ ဗေဒင်ဟောပေးမည့်အမျိုးသမီးကြီးကို မေးမြန်းစပ်စုနေနှင့်ပြီ၊ မီလန်ကာ ဗေဒင်ကိုစိတ်မ၀င်စား၊ အယုံအကြည်မရှိလှပါ၊ ဗဲရာနှင့် စကားပြောနေသည့်အမျိုးသမီးကြီးကတော့ စိတ်ဝင်စားဖို့ကောင်းလှသည်။ သလင်းကျောက်သားပုတီးစေ့ကြီးကြီးတွေ အများကြီးပါသည့် ပုတီးကိုလည်မှာဆွဲလို့၊ စီးကွင့်များများမှူန်းခြယ်ထားထားတဲ့ အနီရဲရဲပုဝါစကို ဦးခေါင်းမှာစည်းထားသည်။ နှုတ်ခမ်းနီရဲရဲ စိုလက်လက်နဲ့ လက်သည်းရှည်တွေကလည်း အနီစစ်စစ် အရောင်ကိုပဲ ဆိုးထားပြန်သေးသည်။ လက်နှစ်ဘက်မှာ အဆင်တန်ဆာပုတီးလက်ကောက်တွေအများကြီးပဲ ၀တ်ထားသည်။ နားဆွဲကလည်းကြီးလွန်းသည်။ မျက်စိနောက်အောင်ကို လှုပ်ခါလွန်းလှသည်။ ဂါဝန်ဖါးဖါးကလည်း ဂျစ်ပဆီအမျိုးသမီးတွေရဲ့အဆင်အပြင်ပုံစံမျိုးပါပဲ၊ အဲဒီအမျိုးသမီးကြီးရဲ့ကိုယ်အလေးချိန်ကတော့ ပုတီးစေ့တွေနဲ့ကိုပဲ တော်တော်ကြီးလေးနေလောက်ပြီလို့ မီလန်ကာ ကပ်ကပ်သပ်သပ်တွေးရင်း ပြုံးမိသေးသည်။ တကယ်ပါပဲ အဲဒီအမျိုးသမီးကြီးရဲ့ ခေါင်းအငဲ့၊ လက်အရွှေ့မှာ သလင်းပုတီးစေ့တွေရဲ့ အလင်းတွေကလက်ကနဲ၊ လက်ကနဲ၊ ပြိုးပြိုးပြက်ပြက် ကြည်လို့တော့ ကောင်းလှသည်။ ဗဲရာနှင့်စကားပြောနေရင်းမှာပဲ အဲဒီအမျိုးသမီးကြီးရဲ့ အကြည့်တွေက မီလန်ကာဆီ ခဏခဏ ရောက်လို့လာတော့၊ မီလန်ကာ စိတ်ထဲတွေးနေတာပဲ သိသွားမလား တွေးမိလိုက်သေးသည်။ ကိစ္စတော့မရှိပါ၊ လူတိုင်းက အတွင်းစိတ်မှာရောက်ယက်ခတ်တွေးတောရင်း မသိမသာကဲ့ရဲ့ အတင်းဆိုတတ်ကြတာပဲမဟုတ်လား၊ မီလန်ကာ က ကဲ့ရဲ့အပြစ်ဆိုချင်တာထက် စိတ်ဝင်စားစရာ ကောင်းလွန်းလှတဲ့ အဲဒီအမျိုးသမီးကြီးကို သဘောကျသွားရုံ၊ မှတ်ချက်ပေးမိရုံလေးပါပဲ။
အဲဒီအမျိုးသမီးကြီးက ဗဲရာနှင့်စကားဆိုနေရင်းမှာပဲ မီလန်ကာစားပွဲဆီရွှေ့လာခဲ့သည်။ မီလန်ကာကို ပြုံးမြမြနှုတ်ဆက်တော့မှ အနီးကပ်မြင်ရတဲ့ သူမက ထင်သလောက်အသက်မကြီးသေး၊ မျက်ဝန်းတွေကနုနုညံ့ညံ့၊ လေသံကလဲခပ်ချိုချို
“မိန်းကလေးရေ၊ မင်းရဲ့ကော်ဖီခွက်ကို နောက်နေ့စပ်စုပါရစေကွဲ့”
တဲ့၊ သူမက ဆိုသည်။
မီလန်ကာ စိတ်အိုက်မိသည်၊ သူမကပဲ ထပ်ပြောပြန်သေးသည်။
“ပိုက်ဆံပေးစရာမလိုဘူးကွဲ့၊ အပျင်းပြေစကားပြောရင်း ငါက မင်းရဲ့အကြောင်း ပြောပြချင်လာရင် ပြောပါရစေပေါ့၊ မင်းလဲ လက်ခံမယ်လို့ ငါတော့ မျှော်လင့်မိတာပဲ၊ မိတ်ဖြစ်ဆွေဖြစ်ပေါ့ကွယ်”
လို့ အဲဒီအမျိုးသမီးက ဆက်တိုက်ပြောလာသည်။
သူမအမည်က ယဲလီနာတဲ့၊ မီလန်ကာ ငြင်းဆန်လိုစိတ်မရှိခဲ့ပါ၊ သူမမှာ မမြင်မသိနိုင်တဲ့ စွမ်းအားတစ်ခုခုတော့ရှိနေသည် ထင်မိသည်။ မီလန်ကာ ပေါ့ပေါ့ပါးပါးပြုံးရင်း
“နောက်တစ်ကြိမ်ဆုံကြသေးတာပေါ့၊ တကြိမ်မကလည်းဆုံနိုင်ကြသေးတာပဲ၊ ကျွန်မက ကော်ဖီဆို သိပ်ကြိုက်တဲ့သူလေ”
လို့ စကားပြန်လိုက်မိသည်။
နောက်တော့ ဆိုင်ခန်းအပြင်အဆင်လှလှ၊ ကော်ဖီကောင်းကောင်း “ကံကြမ္မာ” ကော်ဖီဆိုင်လေးကို ဗဲရာနှင့် ခဏခဏရောက်ဖြစ်ကြသည်။ ရောက်တိုင်းလည်း ကော်ဖီဆိုင်က ယဲလီနာနှင့် စကားလက်ဆုံကျ ပြောကြဆိုကြသည်။ တခြား ကော်ဖီဗေဒင်ဖတ်ပေးနေတဲ့အမျိုးသမီးတွေလဲ ၄၊ ၅ ဦးခန့် ရှိနေပေမဲ့ ယဲလီနာနှင့်သာ မီလန်ကာတို့ အဖွဲ့ကျခဲ့ကြသည်။ ကော်ဖီဗေဒင် နိမိတ်ဖတ်ပုံဖတ်နည်းတွေ မီလန်ကာမမေးပါပဲနဲ့ ယဲလီနာက ရှင်းပြလေ့ရှိသည်။ မီလန်ကာ ကော်ဖီကိုမသောက်ခင် ယဲလီနာက အမြဲသတိပေးသည်။
“မီလာရေ၊ (နောက်ပိုင်းတော့ သူမက မီလာလို့ပဲ ဗဲရာခေါ်သလိုလိုက်ခေါ်သည်၊)၊ ကော်ဖီကို တစ်နေရာထဲကပဲသောက်နော်၊ နေရာအမျိုးမျိုးပြောင်းမသောက်နဲ့၊ ပြီးရင် ကော်ဖီအောက်ခံပန်းကန်ပြားနဲ့ဖုံးကွဲ့၊ ပြီးတော့ မီလာလိုချင်တဲ့ ဆုကိုတောင်းရဦးမယ်၊ ဆုတောင်းပြီးရင် ကော်ဖီခွက်ကို ရင်ဘတ်နားမှာ အဖုံးကို အုပ်လျက်သား ကိုင်ထား၊ နာရီလက်တံအတိုင်း ဖြည်းဖြည်းချင်း အကြိမ်နည်းနည်းလှည့်ပေးရမယ်နော်၊ ပြီးရင်တော့ ကော်ဖီခွက်မှောက်လျက်သားအနေအထားမှာ ပြန်ချထားပြီး အေးအောင် ခဏစောင့်ပေး၊ တို့ မီလာအနာဂါတ်ကိုဖတ်ချင်တယ်” လို့ ယဲလီနာကဆိုသည်၊
တစ်ခါတစ်ရံမီလန်ကာ ကော်ဖီခွက်အအေးခံနေတဲ့အချိန် ကော်ဖီခွက်ပေါ်မှာ ပိုက်ဆံအကြွေစေ့တစ်စေ့ကို လာတင်ထားတတ်သည်။ မကောင်းတဲ့နိမိတ်တွေကို အဝေးသို့နှင်ပစ်နိုင်သည်တဲ့၊
“အမှန်က ကော်ဖီခွက်မြန်မြန်အေးအောင်လို့ပါ”
လို့ ယဲလီနာ စိတ်လိုလက်ရရှိသည့်အခါ နောက်တီးနောက်တောက်ပြောတတ်သေးသည်၊
“ကော်ဖီခွက်ကို ကော်ဖီသောက်သူကိုယ်တိုင်မဖွင့်ရဘူး၊ ကော်ဖီခွက်ကို ဖတ်မဲ့သူကသာဖွင့်ရမယ်၊ open the heart လို့ မီလာက ရွတ်ရမယ် ”
လို့ ယဲလီနာက သင်သည်။
မီလန်ကာတော့ မယုံပေမဲ့ အပျင်းပြေလိုက်လုပ်ကြည့်ပါသည်။
ဗဲရာကတော့ အကြိမ်တိုင်းမေးသည်။ တခြားအမျိုးသမီးတွေနှင့် ကြုံသလိုမေးသည်။ သိပ်မှန်တာပဲလို့ ဗဲရာက တပြုံးပြုံးနှင့် ကျေနပ်စွာဖြေသည်။ ဘာတွေမှန်နေလဲတော့ မီလန်ကာ သေသေချာချာ မစပ်စုနိုင်သေးပါ။
ယဲလီနာက မီလန်ကာ ကော်ဖီခွက်အတွင်းက ကော်ဖီအနှစ်တွေကိုကြည့်ကာ “အိုး ခွေးလေးပါလား၊ ဒါ မီလာ့မှာ သိပ်သစ္စာရှိတဲ့ သူငယ်ချင်း၊ ဆွေမျိုးရှိရမယ် လို့ဆိုတာ” တဲ့၊ မီလန်ကာက ဗဲရာကို ညွှန်ပြရင်း “သူပေါ့” လို့ ဆိုတော့ ယဲလီနာ အားပါးတရပြုံးပါသည်။ မီလန်ကာ ကော်ဖီခွက်ကို ယူကြည့်မိတော့ ကော်ဖီအနှစ်တွေ တဖွားဖွားပြန့်ကျဲနေသလိုသာ မြင်သည်။ ဘာခွေးပုံလေးမှမတွေ့၊ ဗဲရာကိုသာ ခွေးလေးဗဲရာလို့ စနောက်မိတော့သည်။ ဗဲရာကလည်း တဟားဟားရယ်မောနေခဲ့သည်။
“ပန်းသီးပုံစံ တွေ့ရရင် ဗဟုသုတကြွယ်ဝတဲ့သဘော၊ အတန်းပညာပြီးဆုံးခြင်း၊ ဒီပလိုမာတစ်ခုခုရခြင်းမျိုးပေါ့၊ ငှက်လေးတွေ ပျံနေတဲ့ပုံမျိုးဆိုရင် သတင်းကောင်းကြားရတော့မယ်ကွဲ့၊ ဖယောင်းတိုင်းလေးမြင်ပြီဆိုရင်တော့ အသိဥာဏ်ပညာ တိုးတက်ဦးမယ်၊ ကြောင်လေးဆိုရင် ကလိန်ဥာဏ်ဆင်မယ့်သူငယ်ချင်း ဆွေမျိုးရှိတတ်လို့ သတိထားရမယ်၊  ယစ်ဘီးနဲ့လွှတ်ရတဲ့ စွန်ပုံတွေ့ရင် မင်းရဲ့ဆန္ဒတွေအမှန်တကယ်ဖြစ်လာတော့မယ်ဆိုတဲ့သဘောပေါ့၊ အိုး ကျီးနက်ကြီးတော့ မတွေ့တာအကောင်းဆုံးပဲ၊ သူက သေဆုံးခြင်းနဲ့ သတင်းဆိုးတွေပဲ ယူလာပေးတတ်တယ်”
လို့ ယဲလီနာက ရှင်းပြခဲ့သည်။
ယဲလီနာပြောပြတဲ့ကော်ဖီနိမိတ်ဖတ်ခြင်းပညာက မီလန်ကာအဖို့တော့ပျော်ရွှင်စရာကောင်းလှသည်ဟု ထင်မိခဲ့ပေမဲ့ တစ်နေ့တော့ ယဲလီနာအလန့်တကြားပြောလာသည်။
“မီလာရယ် သတိတော့ထားကွဲ့ မင်းရဲ့ခွက်ထဲမှာ ကျီးနက်ကြီးတစ်ကောင် တို့တွေ့နေတယ်” တဲ့၊
ပြီးတော့ ထပ်ပြီးရှင်းပြသေးသည်၊ နိမိတ်ဖတ်တဲ့အခါ တ၀က်စီခွဲခြားပြီးဖတ်ရသည်။ အပေါ်တစ်ဝက်က အနာဂါတ်အတွက်ဖြစ်ပြီး အောက်ဖက်တစ်ဝက်မှာထင်ကျန်နေတဲ့ပုံရိပ်တွေက အတိတ်အတွက်ဖြစ်သည် လို့ဆိုသည်။ အဲဒီတ၀က်စီမှာမှ ညာဘက်ခြမ်းအပိုင်းတွေက နမိတ်ကောင်းတွေအဖြစ်ဖတ်ရပြီး၊ ဘယ်ဘက်ခြမ်းမှာက မကောင်းတဲ့ကိစ္စရပ်တွေ၊ ရန်သူတွေ၊ ဖျားနာခြင်းနဲ့ ပြဿနာတွေနဲ့ တခြားဆင်တူအဆိုးတွေအတွက် ဖတ်ရသည်တဲ့၊ ကော်ဖီနိမိတ်ဖတ်တဲ့အခါ တခြားယုံကြည်မှုတစ်ခုက လာမယ့်ရက်ပေါင်း ၄၀ အတွင်းဖြစ်မယ့်ကိစ္စမျိုးသာ ဟောပြောနိုင်သည်။ အဲဒီရက်ကျော်သွားတဲ့အချိန်အတွက် ဖတ်တဲ့အခါ မမှန်နိုင်တော့ဘူးလို့လဲ ဆိုသည်။ ယဲလီနာက ထပ်ပြောသေးသည်။ ခွက်မှာရှိတဲ့ကော်ဖီအနှစ်တွေရော၊ အောက်ခံပြားမှာ ထင်ကျန်နေတဲ့ပုံရိပ်တွေပါ ကြည့်ပြီး အသေးစိတ် ဖတ်ရသေးသည်။ အောက်ခံပြားက ကော်ဖီခွက်ပိုင်ရှင်ရဲ့ အိမ်၊ မိသားစုဘ၀ကို ရည်ညွှန်းသည် လို့ ဆိုသည်။ ဒီတစ်ခါ မီလန်ကာကော်ဖီခွက်ရဲ့ အောက်ခံပြားမှာ ကျီးနက်ကြီးပုံရိပ်တွေ့သည်ဟု ထပ်ပြီးသတိပေးရင်းပြောပြန်သည်။ ယဲလီနာပြောချင်တာက မီလန်ကာရဲ့ မိဘဆွေမျိုးတစ်ဦးဦးဖျားနာသေဆုံးနိုင်တယ် တဲ့၊ ပြီးတော့ ခွက်အတွင်းမှာလဲ ဘယ်ဘက်အပေါ်ခြမ်းမှာ ရှုပ်ရှုပ်ထွေးထွေးပုံရိပ်တွေ တွေ့နေတော့ လာမယ့် ရက် ၄၀ အတွင်း သတိထားဖို့ ယဲလီနာ အထပ်ထပ် သတိပေးနေခဲ့သည်။ မီလန်ကာက အစထည်းက အယုံအကြည်ရှိသူမဟုတ်၊ ယဲလီနာကိုတောင် စိတ်မပူဖို့ ပြန်ပြီးဖျောင်းဖြလိုက်ရသေးသည်။
ထူးခြားလွန်းလှတဲ့တိုက်ဆိုင်မှုလေလား... ယဲလီနာကော်ဖီနိမိတ်ဖတ်ပြီး တစ်လခန့်အကြာ မီလန်ကာတောင် အဲဒီနိမိတ်ဆိုးကိုမေ့နေတဲ့အချိန်မှာမှ.. အဲဒီညတစ်ညမှာ ... အဘွားက အစောကြီးပဲအိပ်ရာဝင်ဖို့ပြောလာသည်။ သူ ဒီနေ့ မျက်တောင်တွေစင်းကျလာအောင်ငိုက်မျဉ်းနေသည်တဲ့၊ ကျန်တာတော့ အားလုံးအကောင်းပကတိ၊ တခြားရက်တွေထက် ထူးထူးခြားခြားပိုမိုအိပ်ချင်နေခဲ့တာတစ်ခုပဲ၊ အဘွား အိပ်ရာထဲဝင်သွားပြီးနောက် မီလန်ကာလဲ အိပ်မက်လှလှမက်စေဖို့ နှုတ်ဆက်နေကြအတိုင်း နှုတ်ဆက်လိုက်သေးသည်။ နောက်တစ်နေ့မနက်ခင်းမှာတော့ အဘွားက နိုးထမလာတော့ပါ၊ တကယ့်ကို မနိုးတဲ့အိပ်ခြင်းမျိုးနဲ့ အိပ်စက်နေခဲ့ပြီ၊ “ယဲ...လီနာ ... ” မီလန်ကာ အလန့်တကြားရေရွတ်လိုက်မိသည်။ ပြီးတော့ မီလန်ကာ ၀မ်းနည်းစွာငိုကြွေးမိသည်။
အဘွားကိစ္စတွေအားလုံးပြီးတဲ့တစ်နေ့မှာတော့ ဗဲရာနဲ့ပဲ မီလန်ကာ ကော်ဖီဆိုင်လေးကို သွားခဲ့ပြန်သည်။ မီလန်ကာ .. ယဲလီနာကို သိပ်တွေ့ချင်နေခဲ့သည်။ ယဲလီနာပြောသောစကားတွေ နိမိတ်တွေအကြောင်း ဘာမဆို ပိုပြီးသိချင်လာခဲ့သည်။ ယဲလီနာကို အဘွားအကြောင်းပြောပြတော့ .. မီလန်ကာကို သနားကြင်နာခြင်းကြီးစွာ ပွေ့ဖက်နှစ်သိမ့်လေသည်။ မီလန်ကာကျောကို အသာအယာပွတ်သပ်ရင်း
“ဒီနေ့ ကော်ဖီသောက်ဦးမှာပဲလားကွဲ့”
ဟု မေးသည်။ မီလန်ကာကလည်း
“သေချာတာပေါ့၊ ကော်ဖီလဲ သောက်ဦးမယ်၊ ယဲလီနာကလည်း မီလန်ကာအတွက် နိမိတ်ဖတ်ပေးရဦးမယ်”
လို့ ပြောချလိုက်တော့၊
ယဲလီနာက “နိမိတ်ဆိုးတွေမကြောက်ဖူးလား” တဲ့ မေးလာသည်၊
“နိမိတ်ဆိုးဆိုတာ အမြဲရှိနေနိုင်တာမှမဟုတ်တာ၊ အဆိုးရှိသလို အကောင်းလဲ ရှိနိုင်တာပဲမဟုတ်လား”
လို့ မီလန်ကာ ဆက်ကနဲ ပြန်မေးလိုက်တော့မှ ယဲလီနာ အပြုံးယဲ့ယဲ့ပြုံးပြရင်း၊ “ဟုတ်သားပဲကွယ်” လို့ ခေါင်းငြိမ့်ထောက်ခံလေသည်။
“ကဲ စကြဦးစို့ရဲ့”
ဟု ခါးကိုဆန့်ဆန့်ပြန်မတ်ရင်း ယဲလီနာကဆိုသည်၊
အဲဒီနောက်တော့ ယဲလီနာ အရင်က ပြောနေကြအတိုင်း၊ တစ်နေရာထဲက ကော်ဖီကိုသောက်ရမယ် ဆိုတာနဲ့အတူ ဆောင်ရန်၊ ရှောင်ရန်တွေ ဆက်တိုက်ပြောသည်။ မီလန်ကာလည်း အဆင့်ဆင့် ရင်ဘတ်နားဆီဆွဲယူ နာရီလက်တံအတိုင်း အကြိမ်နည်းနည်းလှည့်ပြီး နောက်တော့ ကော်ဖီခွက်အေးအောင်စောင့်ကြရင်း စကားတွေဆက်ပြောကြပြန်သည်။ ဗဲရာကတော့ သူ့ကော်ဖီခွက်မှာ ပျံသန်းနေတဲ့ငှက်လေးတွေတွေ့ရတယ်ဆိုတဲ့အကြောင်းပြောပြလေသည်။ ဗဲရာက ရက် ၄၀ အတွင်း ဘယ်လိုသတင်းကောင်းကြားရလေမလဲ စောင့်ရမည်ဟု စိတ်လှုပ်ရှားစွာပြောသည်။ ကော်ဖီအေးလောက်တဲ့အချိန်ရောက်တော့ open the heart လို့ မီလန်ကာကပြောပြီး၊ ယဲလီနာကော်ဖီခွက်ကိုဆွဲမတဲ့အခါ အောက်ခံပြားလေးနဲ့ကပ်နေကာ လုံးဝခွာမရ၊  “အိုး သိပ်ကောင်းတာပဲ” လို့ယဲလီနာက လွှတ်ကနဲအော်လိုက်သည်။ ကော်ဖီနိမိတ်ဖတ်သူတို့ ယုံကြည်တာက အောက်ခံပြားနှင့် ခွာမရရင် အဲဒီကော်ဖီခွက်အတွက် မဖတ်သင့်၊ ဖတ်စရာမလိုလောက်အောင် အားလုံးကောင်းနေတယ်လို့ ယုံကြည်ကြသည်လို့ ယဲလီနာက ပြောပြပြန်သည်။ မီလန်ကာအတွက် နောက်ထပ်စိုးရိမ်ပူပန်စရာကိစ္စတွေ မရှိနိုင်ပါလို့ ယဲလီနာက အခိုင်အမာဆိုသည်။
အဲဒီရက်တွေအတွင်း ဗဲရာသိပ်ပျော်နေသည်ဟုထင်မိသည်။ အမြဲသွက်လက်နေတဲ့ဗဲရာကို ရုံးမှာလည်း  ပိုပြီး ပြုံးချိုပျော်ရွှင်နေသည်ဟု မီလန်ကာ တွေးနေမိသည်။ အဲဒီညနေမှာ ဗဲရာက ပြောစရာရှိသည်ဟုဆိုသည်။ “ကံကြမ္မာ” ကိုပဲ သွားကြရအောင်တဲ့၊ မီလန်ကာတို့ ကော်ဖီဆိုင်လေးဆီ ဦးတည်ခဲ့ကြသည်။ ဗဲရာက ကော်ဖီဆိုင်လေးရောက်တော့ ကော်ဖီမှာရင်း စောင့်နေကြဆဲ သူ ဘ၀လက်တွဲဖော်တွေ့ပြီဟု ဆိုသည်။ စိန်နားကပ်လို ယောက်ျားလေးမျိုး သူတွေ့ထားပြီလို့ ပြောသည်။ ဒီနားကပ်ကိုတော့ သူ အမြဲတပ်တော့မည်လို့ဆိုသည်။ ယဲလီနာလည်း အနားမှာရှိနေခဲ့သည်။
“ကဲ.. ကဲ ဒါဆို မိတ်ဆက်ပေးတော့၊ ဗဲရာရေ ၊ အချိန်မဆွဲနဲ့ တော့”
လို့ဆိုတော့ ဗဲရာလှလှလေးပြုံးပြသည်၊
“မီလာသိပါတယ်”
တဲ့၊
“မသိလိုက်ပါဘူး၊ ဗဲရာက အမြဲနားကပ်လေးတွေနဲ့အလုပ်ရှုပ်နေတာလေ၊ ဘယ်နားကပ်လေး တကယ်ကြိုက်မှန်းမသိလိုက်ဘူး”
လို့ မီလန်ကာလျှာထုတ်ပြောင်ပြရင်း နောက်လိုက်တော့ ဗဲရာက တခစ်ခစ်ရယ်မောတော့သည်။
ဗဲရာက ဒီ “ကံကြမ္မာ”ကော်ဖီဆိုင်လေးရဲ့ပိုင်ရှင်နဲ့ လက်တွဲတော့မည်ဟု အတိအကျကြေညာလေသည်။ တူရကီ၊ ဘူလ်ဂေးရီးယား ဘက်မှာပါ ကော်ဖီဗေဒင်ဆိုင်ခွဲတွေ ဖွင့်ထားတဲ့ ဗဲရာအဆိုအရ စိန်နားကပ်လို ဒီယောက်ျားလေးက သူမနဲ့အသင့်တော်ဆုံးလို့ ဆိုလေသည်။ ဗဲရာလူကဲခတ်မမှားနိုင်ပါ၊ မီလန်ကာလဲ မြင်ဖူးတွေ့ဖူးနေခဲ့ပါသည်။ အင်မတန်မွန်ရည်ပြီး အေးဆေးတည်ငြိမ်သလောက် အလုပ်မှာစိတ်ဝင်စားတဲ့ စိန်နားကပ်လေးနဲ့ စိတ်ထားဖြူလှသူလေး ဗဲရာ အတွက် မီလန်ကာ ကြည်ကြည်နူးနူး ၀မ်းသာပျော်ရွှင်ရသည်။
နောက်ပိုင်း ဗဲရာနဲ့ ဒီဆိုင်လေးကိုရောက်ချိန်တိုင်း ဗဲရာက စိန်နားကပ်လေးနဲ့ အလုပ်ရှုပ်နေသလို မီလန်ကာနဲ့ ယဲလီနာလည်း စကားတွေတွတ်ထိုးကြသည်။ ယဲလီနာကလည်း မီလန်ကာအတွက် ကော်ဖီနိမိတ်တွေလဲ ဖတ်ပေးနေဆဲ၊ မီလန်ကာ ကော်ဖီခွက်ထဲမှာ ငှက်ကလေးတွေအများကြီးပဲ ပျံနေတာတွေ့တဲ့အခါတွေ့၊ မီးစာတလွင့်လွင့် ဖယောင်းတိုင်လေးတွေ တွေ့ပြန်ပြီဟု ပြောတဲ့အခါပြောလိုက်၊ ယဲလီနာပြောသမျှ မီလန်ကာအတွက် အကောင်းတွေပဲဖြစ်နေတော့သည်။ ယဲလီနာက ခုနောက်ပိုင်း ပိုပိုပြီး စနောက်ရင်း ပြောလာသည်။
“မီလာရဲ့ ဖယောင်းတိုင်းလေးကလင်းလှချည်ရဲ့၊ ငှက်ကလေးတွေများဟာလည်း အများကြီးပဲ ပျံသန်းလို့နော်၊ မီလာ သတင်းကောင်းကြားရတော့မယ်။ တစ်ခုခုကို အသေအချာ ထူးခြားရစေ့မယ်ကွဲ့”
လို့ ခဏခဏပြောတတ်လာသည်။
မီလန်ကာ ကတော့ “ဘာ သတင်းမျိုးပါလိမ့်၊ ဘာတွေထူးခြားရမှာတဲ့လဲ ယဲလီနာ၊ မီလန်ကာ ယောက်ျားယူရတော့မယ်တဲ့လား” လို့ စနောက်ချင်လှစွာ တဲ့တိုး မေးလိုက်တော့သည်။ အဲဒီလိုမေးလိုက်တိုင်း မီလန်ကာ့အနားက ယဲလီနာ လှစ်ကနဲ ပြေးထွက်သွားလေ့ရှိသည်။
ဒီလိုနဲ့ပဲ ယဲလီနာရဲ့ကော်ဖီဗေဒင် မှန်ရဦးမယ့် နေ့တစ်နေ့ရောက်လာခဲ့ပြန်သည်။
“မီလန်ကာ .. ကိုယ် က မီလိုရာဒ့်ပါ၊ မီလာကို သိနေခဲ့တာ ကြာခဲ့ပြီ၊ မီလာ ဒီဆိုင်လေးကို ပထမဆုံး စရောက်လာခဲ့တဲနေ့ကတည်းက ယဲလီနာ့ကို မျက်မှောင်ကျုံ့ရင်း စပ်စုနေတဲ့ မိန်းကလေးကို ကိုယ်အစွဲကြီးစွဲသွားခဲ့တာ၊ ကိုယ့်ဘာသာ ပြန်မေးရင်း၊ မီလာအကြောင်းတွေလဲ စုံစမ်းရင်းနဲ့ပဲ ...... ကိုယ် အချိန်ယူခဲ့ပြီးပါပြီ၊ ဒီနေ့တော့ ကိုယ် .. ပြောပါရစေတော့၊ ကိုယ့်ဘက်က သေချာခဲ့ပြီ၊ မီလာ့ကို လက်ထပ်ပါရစေ”
ဆိုပြီး စကားအစချီပြောလာတဲ့ သူ့ကို ကြည့်မိတော့ ... အရပ်ရှည်ရှည် နူးနူးညံ့ညံ့ မျက်ဝန်း၊ မီလန်ကာထက် အများကြီး အသက်ကြီးပုံရတဲ့ သူ့ကိုကြည့်ရင်း သူ ဆက်ပြောလာတဲ့ သူ့အကြောင်းတွေ နားထဲမကြားတစ်ချက်၊ ကြားတစ်ချက်၊ ကလေးလဲ မဟုတ်ပါပဲနဲ့ မီလန်ကာ ဆက်ကျော်သက်လေးလို ရင်တွေ အဆမတန် ... တဒိတ်ဒိတ်ခုန်လို့ ...
ဗဲရာဆီ လှမ်းကြည့်လိုက်တော့ ဗဲရာက အားလုံးကို သိနေသလို မီလန်ကာ့ကို ပြုံးပြုံးလေးစိုက်ကြည့်နေသည်။ ခေါင်းလေးတစ်ချက် ဆတ်ပြသည်။
ဗဲရာရဲ့ ခေါင်းလေးဆတ်ကနဲ အငြိမ့်မှာ ဗဲရာ နားက စိန်နားဆွဲ အရောင်လေးက ပြိုးကနဲ ပြက်ပြက် တစ်ချက်ထလက်လေသည်။
တကယ်ပါပဲ ... ကော်ဖီဗေဒင် စိတ်ဝင်စားဖို့ကောင်းလှသည်။
ယဲလီနာရဲ့ ... ကော်ဖီဗေဒင် မှန်ရဦးတော့မည်။         ။
Nweni Magazine, March, 2011
လာလည်တဲ့သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါတယ်၊ ပျော်ရွှင်ချမ်းမြေ့ကြပါစေ
တူရကီကော်ဖီ နဲ့ နိမိတ်ပုံများအကြောင်း
Turkish ကော်ဖီကိုကြည့်ပြီး ဗေဒင်ဟောတဲ့အလေ့အထဟာ ဥရောပနိုင်ငံတွေမှာ ထင်ရှားလှတဲ့ရိုးရာဓလေ့ထုံးစံလို ဖြစ်နေပါတယ်၊ Turkish coffee ဆိုတာက ကော်ဖီတစ်မျိုးရဲ့အမည် မဟုတ်ပဲ၊ ကော်ဖီပြုလုပ်ပုံနည်းသာဖြစ်ပါတယ်၊
အော်တမန်အင်ပါယာ(တူရကီအင်ပါယာ)တခေတ်ထူထောင်ခဲ့စဉ် အားအကြီးဆုံးအချိန် ၁၆ရာစု၊ ၁၇ ရာစုနှစ်တွေမှာ တူရကီယဉ်ကျေးမှုဟာ ဥရောပအရှေ့တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိက၊ ကော့ကေးဆပ်ပြည်နယ်၊ ဘော်လ်ကန်ဒေသ(အယ်လ်ဘေးနီးယား၊ ခရိုအေးရှား၊ ဂရိ၊ ကိုဆိုဗို၊ မက်ဆီဒိုနီးယား၊ ဆားဘီးယား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆလိုဗေးနီးယား)အပါအ၀င် တခြားဥရောပနိုင်ငံတွေမှာပါ လွှမ်းမိုးခဲ့တယ်၊ ကော်ဖီမှုန့်ကို အ၀ကျဉ်းအိုးလေး ဆဗဲ(cezve)နဲ့နှပ်ပြီး သောက်ရတဲ့ Turkish coffee ယဉ်ကျေးမှုဟာလည်း အဲဒီဒေသတွေမှာ လွှမ်းမိုးခဲ့တယ်၊ ကော်ဖီ အစပြုခဲ့တာက အီသီယိုးပီးယားနဲ့ ရီမင်နိုင်ငံက စတင်ခဲ့တယ်လို့ ဆိုတယ်၊ ၁၅ရာစု၊ ၁၆ရာစုမှာ ကိုင်ရိုနဲ့ မက်ကာကို ပြန့်နှံ့ခဲ့တယ်၊ အော်တမန်သမိုင်းမှတ်တမ်းဆရာ အီဗရာဟင်ပန်ချဲဗီ နှစ် ၉၆၂(၁၅၅၄-၅၅)ခုနှစ် အော်တမန်ဒေသတွေမှာ ကော်ဖီနဲ့ ကော်ဖီဆိုင်ဆိုတာမရှိသေးပါဘူး၊ အဲဒီနှစ်ထဲမှာပဲ ဆီးယီးယားမြောက်ပိုင်း အဲလဲပို က ဟာကမ် ဆိုသူနဲ့ ဆီးယီးယားမြို့တော် ဒမတ်စ်ကပ်စ် က ရှမ်းစ် တို့ မြို့တော်ကို ရောက်လာခဲ့ပြီး ကော်ဖီရောင်းတဲ့ ဆိုင်ကြီးတစ်ဆိုင်ဖွင့်ခဲ့ကြတယ် လို့ မှတ်တမ်းပြုထားခဲ့ ပါတယ်၊ ကော်ဖီဟာ တူရကီယဉ်ကျေးမှုမှာ အင်မတန်လွှမ်းမိုးပါတယ်၊ ကော်ဖီကို တူရကီလို Khave လို့ခေါ်ကြတယ်၊ မနက်စာကိုတောင်မှ khavalti (before coffee) လို့ခေါ်ကြတဲ့အထိပါပဲ၊ အော်တမန်အင်ပါယာရဲ့နယ်နမိတ်ကျယ်ပြန့်သလို တူရကီရဲ့ ကော်ဖီယဉ်ကျေးမှုကလဲ နိုင်ငံအနှံ့အပြား ပြန့်နှံ့ခဲတယ်၊ လက်ရှိ တူရကီနိုင်ငံမှာ Starbucks အမေရိကန်ကော်ဖီဆိုင်တွေ၊ Gloria Jean’s သြစတြေးလျကော်ဖီဆိုင်မျိုးတွေကိုမှ လူငယ်တွေက ထိုင်ဖို့ နှစ်သက်လာကြပေမဲ့ Turkish coffee ကိုပဲ စွဲစွဲမက်မက်သောက်နေကြတဲ့သူတွေ Turkish coffee ဗေဒင်ဆိုင်တွေမှာလဲ လူတွေ အများကြီးရှိနေပါသေးတယ်၊ ဒီမှာလဲ မိတ်ဆွေတွေအိမ်သွားလည်တဲ့အခါ Turkish coffee လား၊ နက်စ်ကော်ဖီလားလို့ ဒီ ၂ မျိုးပဲမေးကြလေ့ရှိတယ်၊ ရိုးရာ Turkish Coffee ကို ဧည့်ခံတဲ့အခါ ရေတစ်ဖန်ခွက်၊ ချောကလက်နဲ့ တွဲပြီး ရိုးရာမပျက်ဧည့်ခံကြလေ့ရှိတယ်၊
Preparation of Turkish coffee
ကော်ဖီကို (cezve ) လို့ခေါ်တဲ့အိုးလေးနဲ့ လူဦးရေအတိအကျအတွက် ရေကိုထည့်ပြီး ဆူပွက်အောင် အရင်တည်တယ်၊ ရေနွေးဆူလာပြီဆိုတော့မှ လူလေးယောက်စာဆို ကော်ဖီဇွန်း ၄ ဇွန်းစာထည့်ပြီး အခါးပိုချင်ရင် နဲနဲပိုထည့်ပေးနိုင်ပါတယ်၊ ပြီးရင် ပွက်ပွက်ဆူတဲ့ ရေနွေးနဲ့အတူ ကော်ဖီအမြုပ်တွေ ထလာတဲ့အခါ ဝေမကျအောင် ကော်ဖီအိုးကို ၂ခါ သုံးခါ မီးဖိုမှ အထက်ကိုနည်းနည်း မြှောက်ပေးကြတယ်၊ အဲဒီအခါမှ ကော်ဖီအနံ့ပိုထွက်တယ်လို့ဆိုကြတယ်၊ Turkish coffee နှပ်တာကို အနုပညာတစ်မျိုးလို အလေးထားကြပါတယ်၊ ကော်ဖီအမြှပ်တွေကိုလည်း ခွက်တိုင်းမှာပါအောင် ဇွန်းလေးနဲ့ ခပ်ပြီး ဝေငှထည့်ပေးကြတယ်၊ ပြီးရင်တော့ သကြား၊ နို့ က တစ်ယောက်ချင်းစီအကြိုက်အတိုင်း ထည့်ကြပြီး ကော်ဖီခွက်တိုင်းကို ဇွန်းလေးနဲ့ မွှေပါတယ်၊ အမြှပ်လေးတွေ အလည်မှာစုပြီးလည်နေတာကို အကြိုက်ဆုံးပါပဲ၊ အဲဒီလို လည်နေတဲ့အမြှပ်ဝိုင်းလေးက ကြီးနေတယ်ဆိုရင် လာဘ်လာဘပေါများတယ်လို့ အယူရှိတယ်၊ ကော်ဖီဖျော်တိုင်း သေသေချာချာဂရုစိုက်လေ့ရှိပါတယ်၊
ကော်ဖီဗေဒင်ကို Tasseography(Tasseomancy/tassology) လို့ခေါ်ပြီး ကော်ဖီဗေဒင်အတွက် Turkish coffee ကိုသာ အသုံးပြုပြီးနိမိတ်ဖတ်ပေးကြတယ်၊ ကော်ဖီဗေဒင်ဟောတဲ့အခါ အင်မတန်အသေးစိတ်ဆန်ပြီး အပိုင်းလိုက်ခွဲခြား နိမိတ်ဖတ်ဟောပြောကြတယ်၊ ပြင်သစ်စကားလုံး တာဆီ(ခွက်)၊ ဂရိနောက်ဆက်တွဲ စကားလုံး  ဂရပ်ဖီ“ရေးခြင်း”၊ လော်ဂျီ“လေ့လောခြင်း”၊ “မန်ဆီ” အနာဂါတ်ဟောပြောခြင်းတို့ဖြစ်တယ်။
သမိုင်းအရဆိုရရင်တော့ စကော့တလန်၊ အိုင်ယာလန်နဲ့ အင်္ဂလန်မှာ ဒီအလေ့အထ ထွန်းကားခဲ့တယ်လို့လဲ ဆိုကြတယ်၊ အင်္ဂလိပ်အိုးလုပ်သူတွေက ဗေဒင်ဟောပြောမှုအတွက် အထောက်အကူဖြစ်မယ့် ကော်ဖီခွက်ဒီဇိုင်းတွေ ဖန်တီးပြုလုပ်ခဲ့ကြတယ်၊ ခွက် ဒီဇိုင်းတွေမှာ ၁၂ရာသီခွင်ဒီဇိုင်း၊ ဖဲချပ်များ(၅၂ချပ်၊၃၂ချပ်)ဒီဇိုင်း နဲ့ ကော်ဖီဗေဒင်ဟောရာမှာ အများဆုံးအသုံးပြုကြတဲ့ မြင်တွေရလေ့ရှိတဲ့ နိမိတ်ပုံတွေပါတဲ့ဒီဇိုင်း သုံးမျိုးပြုလုပ်ခဲ့ကြတယ်။
http://www.okokchina.com/Files/uppic/ZODIAC%20MUG359.jpg
www.aspencountry.com
http://www.readersandrootworkers.org/images/thumb/b/bc/Vintage-fortune-telling-tea-cups.jpg/300px-Vintage-fortune-telling-tea-cups.jpg
 ကော်ဖီဗေဒင်ဖတ်တဲ့အခါ အနည်းဆုံး နည်း၂ နည်းသုံးကြလေ့ရှိတယ်၊  ၂ နည်းလုံးမှာ ကော်ဖီပန်းကန်အောက်ခံပြား ကာထားပေးရပါတယ်၊ ရိုမေးနီးယားမှာဆိုရင် အောက်ခံပြားမဖုံးကာခင်မှာ အနည်တွေကို ခွက်ထဲမှာ အရင်မွှေလိုက်ပါသေးတယ်၊ တူရကီနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာတော့ မမွှေကြပါဘူး၊ ကော်ဖီတွေအနည်ကျဖို့ အချိန်စောင့်ရတယ်၊ အအေးခံရပါတယ်၊ ဖတ်တဲ့အခါ ပထမဆုံးကော်ဖီသောက်သုံးသူက တစ်နေရာထဲကပဲ သောက်ရပါတယ်၊ ကော်ဖီကုန်သွားတဲ့အခါ အောက်ခံပြားလေးနဲ့ဖုံးကာပြီး ရင်ဘတ်နားဆီဆွဲယူကာ နာရီလက်တံအတိုင်း ၂ကြိမ်၊ ၃ကြိမ်ခန့်ဖြည်းဖြည်းချင်းလှည့်ရတယ်၊ ပြီးမှာ ခွက်ကိုမှောက်လျှက် ပြန်ချထားပြီး အအေးခံပါတယ်၊ တစ်ချို့ကတော့ အအေးခံတဲ့အချိန်မှာ အကြွေစေ့ကို ကော်ဖီခွက်ပေါ်မှာတင်ထားရင် မကောင်းတဲ့နိမိတ်ဆိုးတွေ ရှင်းပြီးသားဖြစ်တယ်လို့ ယုံကြည်ကြတယ်၊ ကော်ဖီသောက်တဲ့သူက ခွက်ကိုမဖွင့်ရပါဘူး၊ နိမိတ်ဖတ်မယ့်သူကသာဖွင့်ပြီး ကော်ဖီသောက်သူက မဖွင့်ခင်မှာ open the heart လို့ပြောရတယ်၊
ကော်ဖီအနည်တွေကိုကြည့်ပြီ ဖတ်တဲ့အခါ အင်မတန်အသေးစိတ်ဆန်လှပါတယ်၊ နိမိတ်ဖတ်တဲ့အခါ တ၀က်စီခွဲခြားပြီးဖတ်ကြတယ်၊ အပေါ်တစ်ဝက်က အနာဂါတ်အတွက်ဖြစ်ပြီး အောက်ဖက်တစ်ဝက်မှာ ထင်ကျန်နေတဲ့ပုံရိပ်တွေက အတိတ်အတွက်ဖြစ်ပါတယ်၊ အဲဒီတ၀က်စီမှာမှ ညာဘက်ခြမ်းအပိုင်းတွေက နမိတ်ကောင်းတွေအဖြစ်ဖတ်ရပြီး၊ ဘယ်ဘက်ခြမ်းမှာက မကောင်းတဲ့ကိစ္စရပ်တွေ၊ ရန်သူတွေ၊ ဖျားနာခြင်းနဲ့ ပြဿနာတွေနဲ့ တခြားဆင်တူအဆိုးတွေအတွက် ဖတ်ရတယ်လို့ဆိုတယ်၊ ကော်ဖီနိမိတ်ဖတ်တဲ့အခါ တခြားယုံကြည်မှုတစ်ခုက လာမယ့်ရက်ပေါင်း ၄၀ အတွင်းဖြစ်မယ့်ကိစ္စမျိုးသာ ဟောပြောနိုင်တယ်၊ ရက် ၄၀ လွန်သွားတဲ့အချိန်အတွက် မမှန်နိုင်ဘူးလို့လဲ ယုံကြည်ကြတယ်၊ နိမိတ်ပုံတွေမှာ ခွေးပုံစံ- သစ္စာရှိတဲ့သူငယ်ချင်း၊ ဆွေမျိုး၊ ပန်းသီးပုံစံ - ဗဟုသုတကြွယ်ဝခြင်း၊ အတန်းပညာပြီးဆုံးခြင်း၊ ဒီပလိုမာတစ်ခုခုရခြင်း၊ ပျံနေတဲ့ငှက်လေးများ- သတင်းကောင်းကြားရခြင်း၊ ဖယောင်းတိုင်- အသိဥာဏ်ပညာတိုးတက်ခြင်း၊ ကြောင်ပုံစံ- ကလိန်ဥာဏ်ဆင်မယ့် သူငယ်ချင်း၊ ဆွေမျိုး၊ စွန်(ယစ်ဘီးနဲ့လွှတ်ရတဲ့စွန်)- ဆန္ဒတွေပြည့်စုံခြင်းနဲ့ ကျီးကန်းပုံစံ- သေဆုံးခြင်း သတင်းဆိုးတွေ လို့ ယေဘူယျသတ်မှတ်ပြီး ဖတ်ကြတယ်၊ ကော်ဖီခွက်နဲ့ အောက်ခံပြားကပ်ပြီး ခွာမရရင် ဗေဒင်ဖတ်စရာမလိုလောက်အောင် အကောင်းတွေပြည့်နေတယ်လို့ ယူဆကြတယ်၊ ကော်ဖီနိမိတ်ဖတ်တဲ့အခါ နေ့လည်စာဖြစ်ဖြစ်၊ ညစာဖြစ်ဖြစ် ပြီးတဲ့အချိန်တွေမှာသာ ဖတ်ကြလေ့ရှိပါတယ်၊
တူရကီနဲ့ အခြားဥရောပနိုင်ငံတွေမှာ ကော်ဖီနိမိတ်ဖတ် ကျွမ်းကျင်သူတွေနဲ့ ဖွင့်လှစ်ထားတဲ့ ဆိုင်တွေတိုးတိုးလာနေပါတယ်၊ ကြုံကြိုက်တဲ့အခါ Turkish coffee တစ်ခွက်သောက်ရင်း ကိုယ့်ရဲ့အနာဂါတ်ကို မြည်းစမ်းကြည့်နိုင်ပါတယ်။
(ကျွန်မတော့ မမေးဘူးသေးပါဘူး၊ တစ်နေ့သွားမေးကြမယ်လို့တော့ အသိတွေနဲ့ ပြောထားပါတယ်၊ မေးကြည့်ပြီးတဲ့အခါ မှန်၊ မမှန်ပြောနိုင်ကောင်းပါရဲ့)
(လျှပ်တပြက်ဂျာနယ်) တူရကီကော်ဖီနှင့် နိမိတ်ပုံများအကြောင်း
Business - Vol2 No.98
Source : http://en.wikipedia.org/wiki/Turkish_coffee
             http://www.ineedcoffee.com/01/fortune/
Tuesday, July 27, 2010
ည၏ ခြောက်လှန့်မှုများ
ညနက်သန်းခေါင်  ဟိုတယ် စင်္ကြန်လမ်းတွေပေါ်မှာ  ...
တရွေ့ ရွေ့ သွားလာနေတာ ..ဘယ်သူပါလဲ ။
ဝိညာဉ်လား..တစ္ဆေလား..။
မျက်စိ တပ်အပ် ..သေချာ မြင်ခဲ့တာလို့  ယုံကြည်ရမလား။
တက္ကဆက်ပြည်နယ်  ဆန်အန်တိုနီယို အရပ် က  ခန်းနားသိုက်မြိုက်လှတဲ့  မင်ဂါဟိုတယ် စင်္ကြန်လမ်းတွေမှာ  ညကြီးမင်းကြီး အချိန်မတော်
ကျမ ဟိုတယ် အလုပ်သမလေး  “ ဆယ်လီဝှိုက်”  ကို အငန်းမရ ရှာဖွေနေမိတယ်။
ညညတွေမှာ  ဆယ်လီဝှိုက်ဟာ  ဟိုတယ်သုံး လိုင်နင်စတွေ ၊မျက်နှသုတ်ပုဝါတွေ  တပွေ့ တပိုက် သယ်ဆောင်ရင်း  စင်္ကြန်လမ်းတွေမှာ
ခေက်တုံ့ ခေါက်ပြန် ကွေ့ ပတ်ရှောက်သွားနေတတ်ကြောင်း ကျမ သိထားလို့ ပါ။ မျက်နှာသုတ်ပုဝါတွေ ကျမ မလိုပါဘူး။ ကျမလိုတာက..
ဘာလဲဆိုရင် ...။
ကျမဟာ  တစ္ဆေ သူရဲတွေ အကြောင်း အထူးပြု ဘာသာရပ်အနေနဲ့  စာတမ်းတင်သွင်းဖို့  ရှိနေပါတယ်။ သက်တမ်း ၁၅၀ရှိပြီဖြစ်တဲ့  မင်ဂါဟိုတယ်ကြီးမှာ  ရာစုတခုကျော် လူပြောသူပြော များနေတဲ့ “ဆယ်လီဝှိုက်တစ္ဆေ “ အကြောင်းက  အဓိက စိတ်ဝင်စားဖို့  ကောင်းနေတဲ့ အတွက် ကျမ လေ့လာချင်ပါတယ်။  
မင်ဂါဟိုတယ်ဝန်ထမ်းတွေလဲ  သူမနဲ့ ပတ်သက်တဲ့  ဇာတ်လမ်းပုံပြင်တွေ ကြားသိပြီးဖြစ်မှာပါ။ ဒီတော့ ..သူတို့ နဲ့ လဲ ..တွေ့ ဆုံပြီး  ကျမ မေးမြန်းပါမယ်။ ဟော...ဟိုမှာ ၀န်ထမ်းတဦး  လာနေပါပြီ။  “ဟဲလို..မစ္စတာ....”
ဒါပေမဲ့   အဲဒီအချိန်မှာပဲ  တိုက်တိုက်ဆိုင်ဆိုင်  ရုတ်တရက် ..တံခါးခေါက်သံ  ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတာ သူရော ကိုယ်ပါ ပြိုင်တူ ကြားကြရတယ်။ 
ဘယ်သူ တံခါးခေါက်ပါသလဲ ။ 
ကျမတို့  အတူ စစ်ဆေးကြည့်ရှုကြတယ်။
ဘယ်သူ့ အရိပ်အရောင်မှ မမြင်ရပါဘူး။ ဒါဖြင့် ....ဘာ့ကြောင့် တခါးခေါက်သံ ထွက်ပေါ်လာပါလိမ့်။ ဘုရားရေ.....၊
အောင်မလေး  ..ကျမ တကိုယ်လုံး  ကြက်သီးမွေးညှင်းထသွားတော့တယ်။ မယုံနိုင်စရာပါပဲ။  ဟိုတယ်ဝန်ထမ်းကလေးလဲ  ဟိုဟိုဒီဒီ  ပြေးကြည့်  ရှာကြည့် ..၊ ခေါင်းတခါခါ ..လည်တခါခါ နဲ့ ။
ဘာဘဲဖြစ်ဖြစ်  ဒါဟာ ကျမအတွက် အကွက်ကောင်းဝင်ခြင်းပါပဲ ။ ဟုတ်ပြီ။ဒါ ကျမ အရူးအမူး စူးစမ်းလိုတဲ့ အချက်အလက်တွေပဲ မို့ လား။
တစ္ဆေတွေနဲ့ ပတ်သက်ပြီး ကျမမှာ ငယ်ငယ်ထဲက  ခံစားချက်ရှိနေခဲ့ တာပါ။ ဖူးခက်သောင်ပြင်ကို စီးမြင်နေရတဲ့ အိမ်မှာ ကျမတို့ နေခဲ့ စဉ်ကပေါ့။ အိမ်ကလေးကချစ်စရာလေး။ အနီရောင် စိုစို ခြယ်မှုံးလို့  ။ ဒါပေမဲ့  လူတွေက သချိုင်းမြေတခုကို ခွဆောက်ထားတာလို့  ပြောနေကြတယ်။  ကျမအမြင်မှာတော့  ဘာထူးခြားမှုမျိုးကိုမှ မမြင်တွေ့ ရတဲ့ အတွက်  တစ္ဆေသူရဲတွေနဲ့  ပတ်သက်လိမ့်မယ်လို့ မထင်မိဘူ။
မနက်မနက် မိုးလင်းချိန်များမှာတော့  လူတွေက .. ကျမတို့  အိပ်ပျော်နေတတ်တဲ့  သန်းခေါင်ကျော် အချိန်များမှာ  ၀ါဂွမ်းတိမ်တိုက်လေးတစ မျောလွင့်နေသလို  ရွ၇ွဖွဖွ လေး ရွေ့ ရှားနေတဲ့  မိန်းခလေးတယောက်ရဲ့  ပုံရီပ်  တခု ကို မြင်တွေ့ ကြရတယ်လို့ ဆိုတယ်။ ငိုသံသဲ့သဲ့တောင် ကြားကြရတယ်လို့  လဲ လူတွေကပြောကြတယ်။ ဒါက ကျမငယ်ငယ်က အမှတ်မထင် ရိရီဝေေ၀ သိခဲ့ရတဲ့ ပုံပြင်တခုပါ။
ဒီနောက် ကျမ အချိန်ယူပြီး တစ္ဆေသူရဲတွေနဲ့  ပက်ပင်း တိုးခဲ့ ဖူးတယ်ဆိုတဲ့ လူတွေနဲ့   အင်တာဗျူးလုပ်ခဲ့တယ်။ ဘယ်တော့မဆို တိမ်ကောမသွားတဲ့  ပုံပြင်ကတော့ “ဆယ်လီဝှိုက်တစ္ဆေ” ပါပဲ။ သူတို့ ဟာ အကြမ်းဖက် သတ်ဖြတ်ခံကြရသူများ ဖြစ်လို့   တရားသဖြင့် အဆုံးအဖြတ်ခံယူနိုင်ဖို့ အတွက် ကမ္ဘာမြေအနှံ့  လှည့်လည်သွားလာပြီး ကူကယ်မဲ့ သူကို ရှာဖွေနေကြတယ်လို့  ဆိုပါတယ်။
ဆယ်လီဟာ လှပ သိမ်မွေ့ တဲ့  မိန်းကလေးတယောက်ပါ။ ၁၈၇၆ခုနှစ် မတ်လ (၂၈)ရက်နေ့ က မင်ဂါဟိုတယ် စင်္ကြန်လမ်းတနေရာမှာ ပစ်သတ်ခံရပါ သတဲ့ ။မနာလို အူတိုတတ်တဲ့ ခင်ပွန်းသယ်က သတ်တာပါ။ ဟိုတယ်ရဲ့ ဒါရိုက်တာ “အားနက်စတို မာလတ်ကာနာ “ က ရှေးကျပြီး  ဟောင်းနွမ်းနေပြီဖြစ်တဲ့  ဟိုတယ်လယ်ဂျာစာအုပ်မှာ ထိန်းသိမ်းထားတဲ့  “ဆယ်လီရဲ့  အမှုတွဲ” ကို အတည်ပြု ပြသပါတယ်။
ခေါင်းတလားဘိုးကိုလဲ ဟိုတယ်က ကျခံခဲ့ ကြောင်း စာအုပ်ပါ မှတ်ချက်အရ  ကျမသိခဲ့ရတယ်။ဟိုတယ်ဝန်ထမ်းတွေဟာ “ဆယ်လီ “ အတွက် စိတ်ထိခိုက်ခဲ့ ကြတယ်လို့  ဆိုတယ်။”မာလတ်ကာရာ “ ရဲ့  ဟိုတယ်ဝန်ထမ်းသက် ၂၈နှစ်အတွင်း တည်းခိုလာသူများက “ဆယ်လီ “
တစ္ဆေကို မြင်တွေ့ ဖူးခဲ့ ကြကြောင်း ၀န်ခံ ပြောကြားခဲ့ ကြတယ်။ သံသယရှိသူတွေက “ဒါဟာ နားထောင်ကောင်းတဲ့  ပုံပြင် တပုဒ်”လို့ သုံးသပ်ကြပေမဲ့  ကျမအဘို့ တော့ ဒါဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ် ဆိုတာ လက်ခံနိုင်ပါတယ်။ ဟိုတယ် ဧည့်သည်အများစုက
ကျမယူဆသလို ..၀ိညာဉ်နဲ့ တူတဲ့  ပုံရိပ်တွေကို တကြိမ်မက  နှစ်ကြိမ် သုံးကြိမ် ဘွားကနဲ ..ဘွားကနဲ  ရင်ဆိုင်တိုးမိခဲ့ လို့  ကြက်သီးဖြန်းဖြန်းထကြရကြောင်း ပြောဆိုကြတယ်။  သူတို့ အထဲက ..”  ဇီဇာ ဂွန်ဇာလက်စ် “ ဆိုသူဟာ ခုထိ ကွန်ပြူတာ ကုမ္မဏီ တခုမှာ အလုပ်လုပ်နေဆဲ ပါ။ 
သူက ၁၉၉၈ခုနှစ်က မင်ဂါဟိုတယ်မှာ တည်းခို ခဲ့ဘူးကြောင်း ပြောပါတယ်။  တညမှာ အမှတ်တမဲ့  စင်္ကြန်လမ်းတခုဆီ  ငေးမိလိုက်စဉ်  ဖြတ်ကနဲ  အရပ်မြင့်မြင့်  လှလှ ချောချော  မိန်းခလေးတယောက်  အညိုရောင် ဆံပင်ဖါးဖါးဝေေ၀ချရင်း  လက်မှာ လိုင်နင်စတွေ တထွေးကြီးသယ်ပြီး  လမ်းသလားနေတာ မြင်ရကြောင်း ပြောပါတယ်။ သူမဟာ ၀တ်စုံအနက် ကို ၀တ်ဆင်ထားပေမဲ့  ခေါင်းဆောင်းနဲ့  ရှေ့ခါးဖုံးတွေက အဖြူရောင်ဖြစ်လို့   ထင်ရှားသိသာတယ်လို့ ဆိုတယ်။ သူက  အံ့သြတကြီး ပြူးပြဲကြည့်နေစဉ်  ဖြတ်ကနဲ မြင်ကွင်းက သူမ ပျောက်သွားတယ်တဲ့ ။ ဒီဖြစ်စဉ်ဟာ ၀ိညာဉ်ဆန်လွန်းလှပါသတဲ့ ။ လူသားမဟုတ်တဲ့  တစ္ဆေတကောင်ဆိုတာ သူ အပိုင်သိကြောင်း ကတုန်ကရင်နဲ့  အခိုင်အမာ ပြောတာပါ။
ဒီလိုကိစ္စတွေမှာ သိပ္မံနည်းကျ စူးစမ်းလိုသူ  “မာတင်လီ” ဆိုသူဟာ  အနီအောက်ရောင်ခြည် ဗွီဒီယို ကင်မရာ အသုံးပြုပြီး လူသာမန်မျက်စိနဲ့  မမြင်နိုင်တဲ့  တစ္ဆေသူရဲတွေရဲ့  ပုံရိပ်တွေကို    ဖေါ်ထုတ်ဖို့  ကြိုးစားနေတယ်။  EMF (Electro    Magnetic Field Detectors) ဖြစ်ပါတယ်။
သိပ္မံနည်းကျ တီထွင်စီမံထားတဲ့  အပူစီးကြောင်းကတဆင့် ထိတွေ့ ခံစားစေမဲ့  ကိရိယာတမျိုးပါ။ ဒါကိုကိုင်တွယ်မိရင် လျှပ်စစ်ဓါတ်စီးဝင်လာမှာဖြစ်ပြီး အန္တရယ်ရှိနိုင်ပါတယ်။ “မာတင်လီ “ဟာ “ဆန်အန်တိုနီ ယိုတစ္ဆေ”ကို ဒိနည်းမျိုးစမ်းသပ်ဖူးပါတယ်။
ခုလဲ မင်ဂါဟိုတယ် စင်္ကြန်လမ်းတွေမှာ မွမွဖွဖွ လေး လျှောက်လှမ်းနေမဲ့  “ဆယ်လီ တစ္ဆေ”  ကို အရအမိဖမ်းဖို့  သူရည်ရွယ်နေပါပြီ။
ဒါပေမဲ့  ...
၁၉၉၇ခုနှစ် က မင်ဂါဟိုတယ်ကို လာရောက်တည်းခိုသူ “ကာရင်းဂင်ဂရီ  ဆိုင်မော” က   “ဆယ်လီတစ္ဆေ” နဲ့ သူမ တို့  အပြန်အလှန် စကားဆိုခဲ့ ဖူးကြောင်း တုန်ရီခြောက်ခြားစွာ  အခုလို စိတ်ဝင်စားဖွယ် ပြောပြနိုင်ခဲ့တယ်။ “ကျမ ပထမ ဦးဆုံး သံသယဖြစ်ခဲ့ တာက ခရီးဆောင်အိတ်ပွင့်နေခြင်းပါပဲ။ အဲဒါကို ကျမ အသေအချာ သော့ခတ်ထားတာပါ။ ဟိုတယ်ဝန်ထမ်းတွေကလဲ ကျမအခန်းထဲ ကို အ၀င်အထွက် မလုပ်ခဲ့ပါဘူး တဲ့။
အံ့စရာပါပဲ။ ဒါနဲ့  ကျမအခန်းကထွက်လာပြီး စင်္ကြန်လမ်းကနေ အမျိုးသမီးနားနေဆောင်ထဲ  အ၀င် ခြေချကာရှိသေး ကျမတကိုယ်လုံး ကြက်သီးမွှေးညှင်း ထလာ ရော။ အဲဒါ တစ္ဆေတကောင်ရဲ့အနံ့အသက်ကို ကျမ ရှူရှိုက်မိလို့ ပေါ့။ ထူးခြားတာက အဲဒီအချိန်မှာပဲ မိန်းခလေးတယောက် အသံမပေးဘာမပေး  ပေါ်လာတယ်လေ။ ကျမခေါင်းက ဆံပင်တွေ အကုန် ထောင်မတ်သွားတယ်။ သူမမျက်နှာက ဖြူဖတ်ဖြူရော်နဲ့ ။ကိုယ်ပေါ်မှာလဲ ဟိုတယ်ဝန်ထမ်းဝတ်စုံဝတ်လို့ ။ ဟုတ်ပါတယ်။ သူမဟာ  ဟိုတယ်အလုပ်သမလေး..”ဆယ်လီဝှိုက်ပါပဲ။” အရပ်အမောင်းကောင်းကောင်း ရုပ်ချောချော ..မျက်နှာလေးက လှပေမဲ့  ချစ်စရာ မကောင်းဘူး။  ညိုမှောင်တဲ့  မျက်လုံးတွေက ၀န်းဝိုင်းလို့ ။
ခြောက်သွေ့ သွေ့  အက်ကွဲ ကွဲ ရယ်လိုက်ရင်း “ရှင် ဒီမှာ နေရတာ  ပျော်ရွှင်ချမ်းမြေ့ မှု ရှိပါရဲ့ လား  “တဲ့ ။ အလို..ဘုရားရေ ...၊ကျမ ကတုန်ကရင်ကြီး  ခေါင်းငြိမ့်မိတယ်။ မိန်းခလေးက  ကျမဆီ  ငွေလက်ကောက်လေးတခု လှမ်းပေးပြီး      “’ဒါ ရှင့်ပစ္စည်းလား  “ တဲ့ ။ ကျမဆီမှာ ဒါမျိုးရှိတာ အမှန်ပါ။ဒါပေမဲ့  ဒါက ကျမပစ္စည်း မဟုတ်လောက်ဘူး။ ကျမပစ္စည်းတွေက ခရီးဆောင်အိတ်ထဲမှာ ..၊ သော့ခတ်ထားတယ်လေ။ ကျမ စိတ်ချ လက်ချ ခေါင်းခါလိုက်တယ်။
မနက်စောစောပဲ ဟိုတယ်က အပြီး ချက်ကောက်ထ် (check out)လုပ်ထွက်ခွာခဲ့ တယ် ၊   တဲ့ ။
“ဆယ်လီဝှိုက်” ရဲ ခင်ပွန်းသည် ဟာ  ပြစ်ဒါဏ်ချမှတ်မခံရခင်..ကွယ်လွန်ခဲ့ပြီးဖြစ်တာကို “ဆယ်လီ “ သိရှိဟန်မတူဘူး။ တရားရုံးမှာ အမှုရင်ဆိုင်ဘို့   နှစ်အတန်ကြာ စောင့်ဆိုင်းနေရှာတယ်လို့ ဆိုတယ်။
၁၉၈၈ခုနှစ် မတ်လ  (၂၅)ရက်နေ့က ကယ်လီဖိုးနီးယားနေအိမ်မှာ နေရင်းထိုင်ရင်း ဘုမသိဘမသိ အသတ်ခ်ံရတဲ့  “’ဒီဘိုရာ ၀ှစ်လော့ခ်” တစ္ဆေဟာလဲ  သူမလိုပဲ နှစ်ပေါင်းများစွာ တရားမျှတမှုကို လှည့်လည်ရှာဖွေရင်း  ငြိမ်းချမ်းမှု မရနိုင်ခဲ့ပါဘူးတဲ့။ မိခင် “ဂျက်ကီ မက်ဒေါ်နယ်” ပြောပါတယ်။ လူသတ်သမားကို ရှာဖွေနိုင်ဖို့ အတွက် TV နဲ့  ကြော်ငြာဘုတ်တွေကို အသုံးပြုခဲ့ရပါတယ်တဲ့ ။ ဒီအတောအတွင်း ဒီဘိုရာနေထိုင်ခဲ့ တဲ့  အိမ်ဟာ အရောင်းအ၀ယ် နှစ်ကြိမ်ဖြစ်ခဲ့ တယ်။ နောက်ဆုံးဝယ်ယူခဲ့တဲ့သူဟာ အငြိမ်းစားအရာရှိတယောက်ဖြစ်ပြီးတော့ သူတို့ ဝယ်ယူလိုက်တဲ့ အိမ်မှာ လူသတ်မှု ဖြစ်ခဲ့တယ်ဆိုတာ မသိကြပါဘူး။ တနေ့ သူတို့ ဈေးဝယ်ထွက်စဉ် ပါလာတဲ့ ကလေးကို လှည်းအတွင်း ထည့်သွင်းထိုင်စေရာမှာ ခလေးက သွေးရူးသွေးတမ်းနဲ့  “ဟင့်အင်း ..ဟင့်အင်း  ဒီဘိုရာ့ရင်ခွင်ထဲ မထိုင်ဘူး “ လို့  ဟစ်အော် ငြင်းဆန်ခဲ့ တယ်။ ဒါဟာ ဒီဘိုရာက သူတို့ကို ခြောက်လှန်နေကြောင်း ထင်ရှားစေတဲ့  သာဓကတခုပါပဲ။
တနေ့ နံနက်စောစောမှာတော့  ကျမ ထူးဆန်းတဲ့  အိပ်မက်တခုမှာ ကျွံဝင်ရင်း မောပန်းလှိုက်ဖိုစွာ အိပ်ယာက နိုးထခဲ့ တယ်။အိပ်မက်ထဲက မြင်ကွင်းကတော့ တကယ့် သွေးပျက်စရာပါပဲ ။ လူတယောက်က မိန်းခလေး ချောချောလှလှလေးတယောက်ကို လည်မျိုညှစ်သတ်နေတယ်။
အလို...၊
ကွန်ပြူတာ ဖန်သားပြင်မှာ...၊ ဘာတွေ ပေါ်နေသလဲ ။ အီးမေးလ် တစောင်ပါပဲ။ ပေးပို့ သူက  “’ဒယ်မီ ရှယာဘားတွမ့်” ဆိုပါလား။
သူမဟာ  ကျမရဲ့  စာဖတ် ပရိသတ်တဦးပါတဲ့ ။ အားကိုးတကြီး အကူအညီ တောင်းခံပါတယ်တဲ့ ။ OK  ပါ ။ဒါ ကျမအကြိုက်ဖြစ်ပါလိမ့်မယ်။
စာမှာက ၁၉၈၂ခုနှစ် ဇွန်လအတွင်းက “ဒယ်မီ့” မိခင် “ဗာနာ” ဟာ သူမကို နှုတ်ဆက်အနမ်းပေးပြီး နေအိမ်ကနေ ၀ါရှင်တန်ဒီစီ  ကို  ထွက်ခွာသွားခဲ့ တယ်။ နာတာရှည်ရောဂါသည် အဖွားအိုကို ပြုစုဘို့ ပါ။ ဒါပေမဲ့  မကြာလိုက်ဘူး။ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်။  ယောင်္ကျးလေးမိတ်ဆွေနဲ့  အပြီးအပိုင် စွန့်ခွာဘို အခြေအတင် စကားများကြရင်း  အသတ်ခံလိုက်ရတယ်လို့  ဆိုပါတယ်။ နောက်သီတင်းနှစ်ပတ်အလွန်မှာပဲ  တရားခံကို ပြစ်ဒါဏ်ချမှတ်ပေးနိုင်ခဲ့ သော်လဲ  ပြဿနာက မပြီးပြေနိုင်ပဲ ဖြစ်နေပါတယ်။ သူမမိခင်ဟာ သူမ ရနှစ်အရွယ်မှာ ထားရစ်ခဲ့ ရလို့   စိတ်မအေးရပဲ သူမအိမ်အနီး  တ၀ိုက်  ညည အချိန်မတော် လှည့်လည် သွားလာ ငိုကြွေးနေတာ လူတွေအမြင်ပါပဲ တဲ့ ။ ယခုအခါ  “ဒယ်မီ “ အသက် ၃၀ တောင်ရှီခဲ့ ပြီ ဖြစ်ပေမဲ့  မေမေရော သူမပါ တစက်ကလေးမှ စိတ်မအေးခဲ့ ကြရပါဘူးတဲ့။ ရနှစ်သမီးအရွယ်ကတည်းက သူမ မေမေ  ပြန်လာနီုး မျှော်နေရတာ  ခုအထိပါပဲ တဲ့ ။ သူမရဲ့ မေမေဟာ သူမနှလုံးသားထဲ က ဘယ်ကိုမှ ထွက်ခွာမသွားရဘူးတဲ့ ။ မေမေ့ဝိညာဉ်ကိုလဲ ပင်ပန်းဆင်းရဲခြင်းကင်းစွာ အိပ်စက်နားနေစေချင်ပြီ လို့ဆိုပါတယ်။ ဒီဆန္ဒတွေ မပြည့်သေးသမျှ သူမ မွန်းကြပ်နေမှာမို့  မေမေ့ကို နောက်ဆုံး နှုတ်ဆက်အနမ်းပေးပြီး  ငြိမ်းချမ်းစွာ နားနေပါတော့လို့  မေမေ့ဝိညာဉ်နဲ့ တွေ့ဆုံ ပြောကြားခွင့်ကိုရချင်ပါတယ် တဲ့ ။  ကောင်းပါပြီ။ ကျမ ၀ါရှင်တန် ဒီစီ က နာနာဘာဝများကို အမိန့် ပေး စေခိုင်းနိုင်သူ “ နော်မာ ဂျင်းန်ကက်ပ်နာရို “ နဲ့  အမြန်ဆုံး ကျမဆက်သွယ်လိုက်ပါမယ်။
၂၀၀၅ခုနှစ် ဇွန်လ ၁၂ရက်နေ့ (ဗာနာသေဆုံးအပြီူ ၂၃နှစ်အကြာ) ကျမတို့  “ဗာနာ” အသတ်ခံရတဲ့ မြို့လယ်ခေါင်တိုက်ခန်းမှာ အားလုံး ဆုံတွေ့ နေကြပြီ။ “ဒယ်မီ”ဟာ သူမ မေမေအသတ်ခံရတဲ့  တိုက်ခန်းကို ညွှန်ပြပြီး  မျက်ရည်တွေတွေ ကျရင်း “ မေမေဟာ ကျမအတွက် အကောင်းဆုံး အဖေါ်မွန်ပါပဲ။ ကျမကိုနွေးထွေးမှု အများဆုံးပေးခဲ့တာပါ။  ကျမကိုပြိုလဲမသွားအောင်လဲ  အမြဲပိုက်ပွေ့  တည့်မတ်ပေးတယ်။ မေမေမရှိတော့ ကျမသိမ်ငယ်ခဲ့ ရတယ်  တဲ့ ။ ဟိုမှာ ကြည့်ပါအုံး ..ကျမ အဲဒီပြတင်းလေးမှာ မေမေနဲ့ အတူ ထိုင်ခဲ့ တာပေါ့ တဲ့။
“ကျေးဇူးပြုပြီး  ဗာနာ ရော ဒယ်မီပါ  ငါ့ကို ပူးပေါင်း ကူညီကြပါ။ “ဗာနာ  “  ငါတို့  မင်းဝင်ဖို့  တခါးဖွင့်ထားတာ သိတယ်နော်..။” ဒယ်မီက အရင် အခန်းထဲ ၀င်ပါ။ ငါက တစ်၊နှစ်၊သုံး ရေတွက်မယ် ..အဲဒီတခါးပေါက်ကနေ “ဗာနာ” ၀င်လာပါ ..။”ဒယ်မီ  “   မင်းက တခုခုထူးခြားလာရင်  ငါ့ကို သတင်းပို့  ။ဟုတ်ပလား။  တဲ့ ။ လူတွေကိုရော ။ဝိညာဉ်ကိုပါ အမိန့် ပေး စေခိုင်းနေပြီ။
ငါးမိနစ်လောက်ငြိမ်သက်နေတယ်။ “ဒယ်မီ” တယောက်  တုန်တုန်ရီရီ  ထစ်ထစ်အအ စကားဆိုတယ်။ ဖွဖွရွရွလေး ..။”  ကျမ.....၊”
အခန်းတံခါး ရုတ်တရက် ပိတ်သွားတယ်..။
“ ကျမ.. အခု  ကျမကိုယ်ထဲ .. နွေးထွေးတဲ့  မေတ္တာ အငွေ့ အသက်တွေ  .......
အင်း.....၊ပြီးတော့ ..ပြီးတော့  ဟို ..ချစ်ခင်ယုယမှုတွေ.......စီးဝင်လာတယ်ရှင့် ..၊
အို သိပ်သေချာတာပေါ့ .။ ကျမ ခံစားနေရတယ် ။ အခု  ကျတဲ့ မျက်ရည်တွေဟာ  ..ပျော်လွန်းလို့ ပါ .။ အို ...ကျမ သိပ်ပျော်တာပဲ ..။ဒီနေ့ ဟာ ကျမမေမေရဲ့ အချစ်တွေ ကျမဆီ..ပြန်စီးဝင်လာတဲ့ နေ့ ပေါ့ ။ ကျမ စိတ်အေးသွားပါပြီ။ မေမေ ..ကျမမေမေ  လေ..၊ ကျမကို စိုက်ကြည့်နေတယ်ရှင့် ..။ ပြုံးနေတာပဲ.. ပြီးတော့ ဟိုတုံးကလိုပဲ ကျမကိုရင်ခွင်မှာ ထွေးပွေ့ ပိုက်ချီ ချော့မြူနေတယ် ။
တကယ့်ကိုကြည်နူးစရာပါ။ ဟော...ဟော...၊ကျမကို နှုတ်ဆက်နေပြီ..၊မေမေ အိပ်တော့မယ်တဲ့ ။
ဟုတ်ကဲ့ပါ မေမေ ..။ ငြိမ်းချမ်းစွာ အိပ်စက်ပါတော့..၊
ဟုတ်ကဲ့ ....၊ဟုတ်ကဲ့  ....၊ကောင်း...ပါပြီ ၊ မေ....မေ..။ “
“ဒယ်မီ့ “ အသံစာစာ လေးတိတ်သွားတာမို့   ကျမတို့  အခန်းတံခါးဖွင့် အထဲကို အ၀င်..
အလို.........။
“ဒယ်မီ့ “  ကိုယ်ကလေး  ..ပျော့ ခွေ  လျက်......။           ။
florist      
25  /3  /  2010  . 1: 36am
စစ်ပွဲတွေကို ရပ်ပြစ်
US မြင်းတပ်ရင်း (၅ )က ပင်လယ်ကွေ့ စစ်ပွဲပြန် ဆာဂျင် စတီဗင်ဗင်းဆင့် ဟာ မြောက်ပိုင်း မက်ဆီဒိုးနီးယားနယ်စပ်ကနေ သံဆူးကြိုးတွေ သဲအိပ်တွေကို ကျော်ပြီး ဆာဘီးယားဘက် မျှော်ကြည့်နေတယ်။ သူ့နေရာကနေ ဆာဘီးယားဟာ ကိုက်(၃၀၀)လောက်ပဲ ဝေးလိမ့်မယ်လို့  သူ ခန့်မှန်းနေတာပါ။ နယ်စပ်တလျှောက် စစ်အင်အား (၄၀၀၀၀)လောက် ဆာဘီးယားတွေဘက်က တပ်ဖြန့်ချထားမယ်ဆိုတာ သူသိတယ်။ ကုလတပ်သား (၁၁၀၀) လဲ အတူရှိနေတာပါ။ နယ်မြေထိမ်းသိမ်းဘို့  သူတို့ ရောက်ရှိနေတာ မှန်ပေမဲ့  ဒါဟာ လှဲ့ စားမှုသက်သက်လား။မရေရာပါဘူး။ အချိန်မရွေး ထပေါက်ကွဲနိုင်တဲ့ မီးတောင်ရှင်တခုလိုပါပဲ ။နောက်ထပ် ဘော်လ်ကန်စစ်ပွဲ ထပ်ဖြစ်လာနိုင်ပါတယ်။
၁၉၉၁ခုနှစ် ယူဂိုဆလားဗီးယား ပြိုကွဲပျက်သုန်း ပြီးနောက် သူ့  တာဝန်အရ ငြိမ်းချမ်းရေးထိန်းသိမ်းဘို ရောက်လာတာပါ။ မက်ဆီဒိုးနီးယားရဲ့  အရွယ်အစားဟာ ဆာဒီးနီးယားအီတာလျှံကျွန်းလိုပါပဲ။ လူဦးရေမှာလဲ နှစ်သန်းလောက်ပဲ ရှိတာပါ။ မြောက်ဘက်မှာ ဆာဘီးယား၊ အနောက်ဘက်မှာ အယ်လ်ဘေးနီးယား၊ အရှေ့  ဘက်မှာ ဘူလ်ဂေးရီးယား။ တောင်ဘက်မှာတော့ ဂရိစ်စသည် ၀န်းရံထားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ ငယ်တခုဖြစ်ပါတယ်။ဒါပေမဲ့  ဘော်လ်ကန်ဒေသနဲ့  မြေထဲပင်လယ်ဒေသတို့ အတွက် အသည်းအသန် အရေးပါတဲ့ အချက်အချာ ဒေသဖြစ်တယ်။ ဘောဆနီးယားနဲ့  ခရိုအေးရှား တို့ ထက်လဲ ပိုပြီး မဟာဗျူဟာကျပါတယ်။ ဆလပ်ဗစ် မဟုတ်တဲ့  အယ်လ်ဘေးနီးယန်းတွေက ၄ပုံ တပုံရှိပြီး အားလုံးလိုလို မူဆလင် တွေဖြစ်ပါတယ်။ အော်သိုဒေါက်စ်ခရိယန်က(၇၀)ရာခိုင်နှုံး ရှိပြီး သူတို့ ဟာ မက်ဆီဒိုးနီးယန်းမျာပါ။ ခရိယာန်မက်ဆီဒိုးနီးယန်းတွေနဲ့  အယ်လ်ဘေးနီးယန်းမူဆလင်တို့ အကြား (စုပေါင်းနေထိုင်ကြရာက )အချင်းချင်း သံသယတွေနဲ့  မကြာခဏ ခိုက်ရန်ဖြစ်ပွားမှု တွေ ရှိခဲ့ တယ်။
၁၉၉၅ခုနှစ် ဖေဖေါ်ဝါရီလမှာ တော့ သွေးထွက်သံယိုမှုတွေ ဖြစ်ပွားခဲ့ တော့တာပါပဲ။ အဖြစ်က မူဆလင် အယ်လ်ဘေးနီးယန်း ကျောင်းသားတွေက စ ခဲ့ ကြတာပါ။ Tetovo University အဆောက်အဦကို ၀ိုင်းပြီး အယ်လ်ဘေးနီးယန်းဘာသာစကား အဓိကထားသင်ကြားပေးဘို့  အရေးဆိုခဲ့ တယ်။ လက်နက်အပြည့်အစုံနဲ   ရဲတွေ ရောက်လာချိန်မှာတော့ ရုတ်ရုတ်သဲသဲဖြစ်လာပြီး ရရာကျောက်ခဲများနဲ့  ပစ်ပေါက် ကြလို့  ရဲ တွေက တန်ပြန် မျက်ရည်ယိုဗုံးသုံး ဖြိုခွင်းတော့တာပါပဲ။ ရဲ ၉ယောက်ဒါဏ်ရာရပြီး အယ်လ်ဘေးနီးယန်းတယောက်သေသွားပါတယ်။ ထိန်းမနိုင် သိမ်းမရ ဘောစနီးယားပြည်တွင်းစစ်အသွင် ထင်ဟပ်ခဲ့ တယ်။ မက်ဆီဒိုးနီးယား မြောက်ပိုင်း နယ်စပ်မှာ ဆာဘီးယားပြည်နယ် တခုဖြစ်တဲ့  ( ယခု ခွဲထွက်) ကိုဆိုဘိုဒေသမှာလဲ အယ်လ်ဘေးနီးယန်း လူများစုနဲ့  အုပ်ချုပ်သူ လူနည်းစု ဆာဘီးယန်း ကျောင်းဆရာများအကြား တင်းမာမှုများလဲ ရှိလာတာပါ။ဆာ့ဘ်တွေက ကိုဆိုဘိုတွေကို သူတို့ ရဲ့ ဝိညာဉ် သူတို့ ရဲ့  အသဲနှလုံး သဘွယ် ခံယူထားတတာမို့  ဘဲလ်ဂိတ် အာဏာပိုင်များဟာ ဘောဆနီးယားနဲ့  ခရိုအေးရှား တိုက်ပွဲအတွင်း အိမ်ခြေယာမဲ့ ဖြစ်သွားတဲ့  ဆာ့ဘ်တွေကို ကိုဆိုဘိုဒေသမှာ ပြန်လည်နေရာချထားဖို့  ကြိုးစားပါတယ်။ ဒီအခါ လူဦးရေ ၉၀ % ပါဝင်နေတဲ့  အယ်လ်ဘေးနီးယန်းတွေကြားမှာ ဆာ့ဘ်တို့ လုံခြုံ ဘေးကင်းဘို့ ဆိုတာ မလွယ်ကူလှပါဘူး။ အုပ်စုနှစ်ခုဟာ ပဋိပက္ခဖြစ်တော့တာပါပဲ ။ ဆာဘီးယန်းဒုက္ခသည်များ ကိုဆိုဘိုမှာ နေရာချပေးလိုက်ခြင်းဟာ မီးခတ်ကျောက်ပေါ် လောင်စာချလိုက်ခြင်းပါပဲ။ လို့  သမိုင်းဆရာတွေက ဆိုပါတယ်။ မက်ဆီဒိုးနီးယန်းကိုပါ ကူးစက်လောင်ကျွမ်းခဲ့ ရတယ်။ ဆာဘီးယန်းရဲတွေဟာ နေအိမ်တွေကို ၀င်ရောက် ရှာဖွေ ဖမ်းဆီးတာ ရိုက်နှက်တာလုပ်လာတယ်။ လုပ်ရိုးလုပ်စဉ် သာမညောင်ညကိစ္စလို့  သူတို့က သဘောထားပုံရပါတယ်။ အဲဒီက စလို့  မျိုးတုံးသုတ်သင်မှု “Ethnic Cleaning “ဆိုတာပေါ်ပေါက်ခဲ့ တာပါပဲ။
ဘော်လ်ကန်ဒေသ ရှိ နိုင်ငံငယ်အားလုံးဟာ ကိုယ်စီ ကိုယ်စီ သွေးစွန်းပေခဲ့ ကြတယ်။ ဒီ ကြောက်ခမန်းလိလိ ဖြစ်ရပ်ဆိုးတွေက နေ့ညမရွေး ခြောက်လှန့်နေတယ်။ အယ်လ်ဘေးနီးယန်းတွေက သူတို့  ဒီမှာ အခြေချနေလာတာ နှစ်ထောင်ချီနေပြီ တဲ့  ။ ဘာ့ကြောင့်ဒုတိယလူ ဖြစ်ရမှာလဲ တဲ့ ။ ဒါဖြင့် ကောင်းပြီ ။ပထမ ၊ဒုတိယ ဆိုတဲ့ နေရာတခုအတွက် စစ်ပွဲတွေကို အဟုတ်တကယ် ပြင်ကြမှာလား။ ဒါပေမဲ့ ကုလငြိမ်းချမ်းရေးတပ်တွေ ၀င်လာတယ်။ စစ်ပွဲတွေကို ရပ်ပြစ်။
ဆလပ်ဗစ်မက်ဆီဒိုးနီးယန်း အများစုနဲ့  အယ်ဘေးနီးယန်း မျိုးနွယ်စုတို့ ဟာ တကယ်တော့ ဘောစနီးယားက မျိုးတုံးသတ်သင်မှုမျိုး ဖြစ်လာမှာကို ကြောက်ရွံ့ နေတာပါ။ သူတို့ ဟာ နောင်ဖြစ်လာနိုင်ခြေရှိုတဲ့  စစ်ပွဲတွေကို တားဆီးကြဘို့  ဆန္ဒရှိလာကြတယ်။
ခောတ်မှီငြိမ်းချမ်းတဲ့  နိုင်ငံတော်ကြီးဖြစ်လာဖို့  ဆန္ဒတူညီရှိုလာကြတယ်။ အရှေ့ ဥရောပတခွင် ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်မှုကို ပွင့်လင်းညင်သာစွာ အသွင်ကူးပြောင်းလိုကြတယ်။ “ မာရှယ်တီးတိုး ရဲ “အာဏာရှင်ဝါဒလဲ ကျဆုံးပါပြီ။ ဆာဘီးယန်း အာဏာရှင် “ဆလိုဘိုဒင် မီလိုဆီဗစ် “ရဲ့  ဖိနှိပ်ချုပ်ချယ်မှုကလဲ လွတ်မြောက်ခဲ့ ပါပြီ။ မက်ဆီဒိုးနီးယားက ၂၉ခုမြောက်TV Station ပိုင်ရှင် ဂါဒင်နာစတူးဆစ်စ်က ယူဂိုဆလားဗီးယားခောတ်ဟောင်းမှာ မပြောရခဲ့ တာတွေ ခု ပြောရဲပါပြီ တဲ့ ။
မက်ဆီဒိုးနီးယားဟာ နုနယ်ပျိုမြစ်သေးတာမို့  ရင့်ကျက်ဖို့ တော့ လိုကောင်းလိုမှာဖြစ်ပါတယ်။
ဘော်လ်ကန်ဒေသမှာ စစ်မက် မဖြစ်ပွားစေလိုပါဘူး။ စစ်ပွဲတွေကိုရပ်ပြစ်။
လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဖေါ်ဆောင်ကြဖို့  ဒီမိုကရေစီ စနစ်ကို ထူထောင်ကြဖို့  သူတို့ တကယ် ကြိုးစားနေကြပါပြီ။
source : RD sep:1996, Can the Next Balkan War Be Stopped ? by , Fergus MBordewich
florist
Tuesday, July 13, 2010
မီးတောင်တွေကို မက်မောကြသူများ
၁၉၉၁ခုနှစ်၊ မေလ၊ ၂၈ရက်နေ့က အန်ဒရေးဒီးမေဆန်ရဲ့ အသံဖမ်းစကားပြောစက်မှာ ထားခဲ့တဲ့ မိတ်ဆွေတွေရဲ့စကားသံတွေကို ဒီးမေဆန်နားထောင်နေခဲ့တယ်။
“ဟေး .. တိုတို ငါပါကွ မောရီးစ်လေ၊ ငါ အခု လေဆိပ်ကဆက်နေတာ၊ ဂျပန်က မီးတောင်ပေါက်ကွဲလုနီးနီး ဖြစ်နေပြီ၊ အဲဒီကို သွားကြမလို့၊ ဒီခရီးအတွက် သိပ်ကို စိတ်လှုပ်ရှားနေကြပြီ” မိတ်ဆွေကြီး မောရီးစ်ရဲ့စကားသံ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်ထွက်လာခဲ့တယ်။
အန်ဒရေးဒီးမေဆန် တစ်ကိုယ်တည်း ခပ်ဖွဖွပြုံးလိုက်မိသေးတယ်၊ သူ သိပြီးသားပါလေ၊
သူ့ရဲ့မိတ်ဆွေ အရင်းအချာတွေဖြစ်တဲ့ မောရီးစ်ခရတ်ဖ်ထ်နဲ့ ကာတီယာတို့က မီးတောင်တွေကို မက်မက်စက်စက် စိတ်ဝင်တစားရှိကြလွန်းသူတွေ၊ သူတို့ စိတ်ဝင်စားကြတယ်ဆိုတာလည်း လွန်တယ်မဆိုနိုင်၊ ဂျပန်နိုင်ငံက အဲဒီအူဇန်မီးတောင်ကြီးဟာ သူ့ရဲ့နှစ်ပေါင်း ၂၀၀သက်တမ်းမှာ အခု ပထမဆုံးအကြိမ် ရှူးရှူးရှဲရှဲ လှုပ်ရှားနေပြီလေ။
“ဒါပေါ့ ဒီလိုပဲ ဖြစ်ရမယ်”
သူ့ရဲ့မိတ်ဆွေကြီးတွေကို ထောက်ခံလိုက်ရင်း ဒီးမေဆန် ခပ်တိုးတိုးရေရွတ်လိုက်တယ်၊
ဒီးမေဆန်တစ်ယောက် မောရီးစ်တို့ဇနီးမောင်နှံကို သိကျွမ်းလာခဲ့တာ ၁၉နှစ်ခန့်ရှိပြီ၊ စတင်သိကျွမ်းခဲ့တာက မြေကမ္ဘာသိပ္ပံပြပွဲတစ်ခုမှာ သူ ဒီဇိုင်နာအဖြစ်ပါဝင်ခဲ့တုန်းက၊ မောရီးစ်နဲ့ ကာတီယာတို့ကို စသိသိချင်း ထူးထူးခြားခြားသတိထားမိခဲ့တာက အိတ်ထဲမှာ နိုင်ငံကူးလက်မှတ်တွေကို သွားလေရာဆောင်ထားကြလို့ပါပဲ။
“တစ်နေရာရာမှာ မီးတောင်ပေါက်ဖို့ အစပျိုးနေပြီ၊ လှုပ်လှုပ်ရှားရှားရှိနေပြီဆိုတဲ့သတင်းရရချင်း အဲဒီနေရာကို မြန်နိုင်သမျှ အမြန်ဆုံးရောက်အောင်သွားနိုင်ဖို့ နိုင်ငံကူးလက်မှတ်ကို ကိုယ်နဲ့မကွာဆောင်ထားရတာဗျ” မောရီးစ်က အဲဒီလို မိတ်ဆက်စကားဆိုရင်းနဲ့ သူ့အကြောင်းအနည်းငယ်ဖွင့်ဟလာတယ်၊ ဒီးမေဆန်ကတော့ သိပ်ထူးဆန်းတဲ့လူတွေပဲလို့ မှတ်ချက်ချရင်း သူတို့နှစ်ဦးကို သဘောအကျကြီးကျသွားတော့တယ်၊ နောက်ပိုင်း ဒီးမေဆန်သိလာခဲ့တာက မောရီးစ်နဲ့
ကာတီယာတို့ဟာ မီးတောင်ဗေဒပညာရှင်အဖွဲ့ကဖြစ်ပြီး သူတို့ရဲ့ဟာ မီးတောင်တွေသုတေသနပြုရင်း၊ အချက်အလက်တွေကို စုစည်းတင်ပြရင်းနဲ့သာ အချိန်တွေကို ကုန်ဆုံးစေကြသူတွေဆိုတာပါပဲ။
“ကျွန်တော်တို့က မီးတောင်တွေကို ၀ါးမျိုစားသောက်ကြသူတွေ” လို့ သူတို့ကိုယ်သူတို့ အမြဲရည်ညွှန်းပြောဆိုလေ့ရှိတယ်၊
သူတို့ဟာ မီးတောင်တွေရဲ့သဘာဝကို လောဘတကြီး လိုက်လံရှာဖွေရင်း ပြုံးပျော်နေပြန်တယ်၊ မောရီးစ်တို့ ရည်မှန်းထားတဲ့ ပစ်မှတ်က မီးတောင်တစ်ခုကိုနီးနိုင်သမျှ အနီးဆုံးနေရာဆီ အရောက်သွား၊ ဓါတ်ပုံရိုက်၊ ဗီဒီယိုမှတ်တမ်း အချက်အလက်တွေ ပြုစုကြဖို့ပဲဖြစ်တယ်၊ ကျွမ်းကျင်သူပညာရှင်အများစုက သူတို့ရဲ့ မှတ်တမ်းမှတ်ရာတွေကို အံ့အားတသင့် ချီးမြှောက်လိုဟန် မပြခဲ့ကြပါဘူး။ ၀ါရှင်တန်သတက္ကသိုလ် ဘူမိဗေဒဌာနက ခရစ်နယူးယောလ် တစ်ယောက်သာ “ဒီဇနီးမောင်နှံရဲ့ ကြီးမြတ်တဲ့လုပ်ဆောင်ချက် တွေဟာ မြေကမ္ဘာက မီးတောင်ရှင်တွေဆီက ဖုံးကွယ်နေတဲ့ ထူးခြားဆန်းပြားတဲ့အခြေအနေတွေကို စုစုစည်းစည်း ဖော်ပြထားနိုင်ဖို့ အကောင်အထည်ဖော်နေကြတာပါ” လို့ ပြောကြားခဲ့ကြတယ်။
ဒီးမေဆန် မသိခဲ့ပါဘူး၊
မေ လ ၂၈ ရက်နေ့က သူ့ရဲ့ စကားပြောစက်မှ အသံသွင်းထားခဲ့တဲ့ မောရီးစ်ရဲ့အသံဟာ နောက်ဆုံးစကားသံတွေဖြစ်နေခဲ့မယ်ဆိုတာ သူ တကယ်ပဲ မသိခဲ့ပါဘူး။
စိန့်ဟယ်လင်မီးတောင်
ဒီးမေဆန်မှတ်မိနေပါတယ်၊ ၁၉၈၀ခုနှစ် ယူနိုက်တက်စတိတ်က စိန့်ဟယ်လင်မီးတောင် ပေါက်ကွဲခဲ့စဉ်အချိန်ကပေါ့။
 ကနဦး မီးတောင်ပေါက်ကွဲပြီးချိန်မှ အော်ရီဂွန်ပြည်နယ်ကို သူတို့ရောက်ရှိခဲ့ပါတယ်၊ သူတို့နောက်ကျသွားခဲ့ပြီလို့ ထင်မှတ်ပြီး ဟိုတယ်အခန်းထဲမှာပဲ နှစ်ယောက်သားငူငူငိုင်ငိုင် ထိုင်နေလိုက်တယ်၊ တီဗီမှာ ထုတ်လွှင့်ပြသနေတဲ့ စိန့်ဟယ်လင်မီးတောင် ပေါက်ကွဲနေပုံကို မအီမအာမျက်နှာထားတွေနဲ့ စွေစောင်းစောင်းကြည့်နေကြတယ်၊ မီးတောင်ဆီက ပေါက်ကွဲထွက်လာတဲ့ ချော်ရည်တွေရဲ့အမြင့်ပေကို ကြည့်လိုက်မိရင်း မောရီးစ်ထခုန်လိုက်တယ်၊ မောရီးစ် နဲ့ ကာတီယာ နှစ်ဦးသား ဟိုတယ်ဆီကအပြေးထွက်ခဲ့ကြပါတယ်၊ လေဆိပ်လေးဆီကို ဦးတည်လို့ပေါ့၊ မီးတောင်ဆီသွားကြဖို့ လေယာဉ်မှူးတစ်ဦး အမြန်ဆုံး သူတို့ လိုအပ်နေကြပြီ၊ လေယာဉ်မှူးချက်စ်နာကို တွေ့ရှိသွားတယ်၊ မောရီးစ်က လေယာဉ်မှူးချက်စ်နာကို တွေ့တွေ့ချင်းပဲ
“လူကြီးမင်းချက်စ်နာခင်ဗျား ... စိန့်ဟယ်လင်မီးတောင်ဆီ အမြန်ဆုံးပို့ပေးဖို့ ခင်ဗျားကလွဲပြီး ဘယ်သူမှကူညီနိုင်မယ် မထင်ဘူး” လို့ ပြောချလိုက်တယ်။
အဲဒီနောက် လေယာဉ်ငယ်တစ်စင်းနဲ့ စိန့်ဟယ်လင်မီးတောင်ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်ခဲ့ကြတယ်၊ ကံမကောင်းလှဘူးလို့ ဆိုရပါမယ်၊ စိန့်ဟယ်လင်မီးတောင်ကြီးဟာ ရှိသမျှဒေါသမီးခဲတွေမျိုချပြီး ဟန်ဆောင်မျက်နှာချိုပြနေလိုက်ပြီ၊ အကဲဖမ်းမရတဲ့ လူညာတစ်ဦးဟန်ပန်အနေအထားမျိုးနဲ့သာ သူ့ကို ရင်ဆိုင်လိုက်ရတယ်၊ အတန်ကြာ မီးတောင်တစ်ဝိုက် လှည့်လည်နေခဲ့ပြီးတဲ့နောက် လက်လျှော့ကာ ဟိုတယ်ခန်းဆီပြန်ကြဖို့ ပြင်ဆင်နေတုန်းမှာပဲ ... မီးတောင်ကြီးက ဟန်မဆောင်နိုင်တော့ပါဘူး၊ သူ့ရဲ့ ဒေါသမီးလျှံ၊ မီးခဲ၊ ချော်ရည်၊ ချော်မြှပ်တွေကို ၁၄မိုင် အမြင့်လောက်ထိ မြောက်တက်သွားအောင် ပွက်ခနဲထွေးထုတ်လိုက်တော့တယ်။
အဲဒီမှာ နှစ်နာရီကျော်ကျော်ကြာတဲ့အချိန်ဟာ ငရဲဆိုးတစ်ခုကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသလိုပဲ၊ ပြာပူ၊ မီးလျှံ၊ မီးခဲ အစအနတွေ ပွက်ပွက်ထလွင့်ပျံမြောက်တက်နေပုံဟာ မိုးကုတ်စက်ဝိုင်းထဲမှာ နေမင်းကြီးက တစ်ဝက်တစ်ပျက်နစ်မြုပ်နေပုံနဲ့ သိပ်တူတယ်လို့ မောရီးစ်က နောက်ပိုင်းမှာ ပြန်လည်ပြောပြခဲ့ပါတယ်၊ ကမ္ဘာမြေကြီးဟာ သူ့ရဲ့ကလီစာမီးလျှံ၊ မီးခဲတွေ အန်ထုတ်ပြလိုက်တာကို အံ့ဘနန်းမှင်တက်မိန်းမောခဲ့ရတယ်လို့ ဆိုတယ်။
ဟာဝိုင်ရီကျွန်း၊ မော်နာလိုအာမီးတောင်
၁၉၈၄၊ မတ်လ၊ ၂၅ရက်နေ့က ဟာဝိုင်ရီကျွန်းမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံးမီးတောင်ရှင်ဖြစ်တဲ့ မော်နာလိုအာမီးတောင်ရှင်ဟာ ပေါက်ကွဲလုနီး ရှူးရှူးရှဲရှဲ အသံဗလံတွေထွက်ပေါ်လာပြီး ၁၅မိုင်ရှည်လျားတဲ့ အက်ကွဲကြောင်းကြီး ထွက်ပေါ်လာခဲ့တယ်။
“ကျွန်တော်တို့ဟာ ဒီကမ္ဘာဥခွံကြီးဆီက မီးနှစ်၊ မီးခဲတွေကို သိပ္ပံနည်းကျကျဖော်ပြနိုင်ဖို့၊ ကမ္ဘာမြေကြီးကိုယ်တိုင် ဖန်တီးလိုက်တဲ့အနုပညာတစ်ခုကို မြင်တွေ့သိရှိနိုင်ဖို့ အဲဒီနေရာကို ရောက်နေခဲ့ကြတာပါ” လို့ မောရီးစ်က သူ့ရဲ့ ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်၊ “ကမ္ဘာကြီးရဲ့ မူလဇာစ်မြစ်ကို အသိပေးလိုတဲ့ တယောက်သောသူက မျက်လုံးနီရဲရဲကြီးဖွင့်ပြီး ကျွန်တော်တို့ကို စူးစူးစိုက်စိုက်ကြည့်နေတာ သိပ်ထူးခြားတာပဲ” လို့ မောရီးစ်က တင်စားလိုက်တယ်။
အိုက်စ်လန်ကျွန်း၊ ဟေးမေးမီးတောင်
မီးတောင်တွေရဲ့ အငွေ့အသက်ကို အမြဲချောင်းမြောင်း၊ စောင့်ကြည့်နေခဲ့တဲ့ မောရီးစ်နဲ့ ကာတီယာ တို့ဟာ ဟေးမေးမြို့ကို ရောက်ရှိနေခဲ့ပြန်တယ်၊ အဲဒီမီးတောင်ဟာ အနီးအနား ရွာလေးတွေရဲ့ သစ်သီးဝလံ၊ အိမ်ခြံမြေတွေကို ဖျက်ဆီးခဲ့တယ်၊ မောရီးစ်တို့လူစု အဲဒီမြို့လေးကိုရောက်တော့ မြို့လေးဟာ အစာမရှိတဲ့ ဟောင်းလောင်းပေါက်၊ ၀မ်းခေါင်ခေါင် အနေအထားမျိုးဖြစ်နေခဲ့ပြီ။
ဟိုတယ်တစ်ခုရဲ့အရှေ့မှာ ခြေစုံရပ်လိုက်ကြရင်း အခန်းတစ်ခန်းစာအတွက် မေးမြန်းကြည့်ဖို့ ဟိုဟိုဒီဒီစူးစမ်းကြည့်တော့ ပစ္စည်းတွေထုပ်ပိုးသိမ်းဆည်းရင်း မိနစ်မဆိုင်း ဒီနေရာက ထွက်ခွာလိုဟန်နဲ့ ဟိုတယ်ပိုင်ရှင်လို့ထင်ရတဲ့လူတစ်ဦးကို သူတို့ တွေ့လိုက်ကြရတယ်၊ ဟိုတယ်နောက်ဘက်က ပေါ်ထွက်လာတဲ့ ဆူဆူညံညံမြည်ဟည်းနေတဲ့ချော်ရည်ပေါက်ကွဲသံတွေကို ဖုံးလွှမ်းဖို့ ကြိုးစားအော်ဟစ် ပြောဆိုကြရတယ်။ “ဘာတွေပဲဖြစ်လာဖြစ်လာ၊ ခင်ဗျားတို့ဟာ ဒီဟိုတယ်ရဲ့နောက်ဆုံးဧည့်သည်တွေပဲ ဖြစ်လာမှာပါ” တဲ့၊ နောက်တော့ သူတို့ဟိုတယ်က အခန်းတစ်ခန်းကို ခေတ္တယူလိုက်ကြတယ်၊ ဟိုတယ်အခန်းတံခါးဆီက အပြင်ကိုလှမ်းကြည့်လိုက်တဲ့အခါ ပြာမှုန်တွေပြည့်သိပ်နေတဲ့ မိုးရွာချနေပါပြီ၊ ဒီလိုနဲ့ တစ်ညတာ အချိန်ဖြုန်းအိပ်စက်လိုက်ကြတယ်၊ သူတို့ အတော်လေး ပင်ပမ်းနေကြပြီကိုး ... ။
နောက်တစ်နေ့မနက်ရောက်တော့ ဟိုတယ်ကြမ်းပြင်က ပြာမှုန်တွေထဲမှာ နစ်မြုပ်နေပါပြီ၊ ဟိုတယ်အ၀င်တံခါးမကြီးကလည်း ပြာမှုန်တွေနဲ့ ပိတ်နေခဲ့ပြီ၊ သူတို့ အပြင်ထွက်ဖို့ တံခါးတစ်ခုရှာကြတယ်၊ လက်မတင်လေးပါပဲ၊ ဟိုတယ်အပြင်ကိုရောက်တဲ့အခါ မီးတောင်ဆီကမီးလောင်ဗုံးတွေ တစ်လုံးပြီးတစ်လုံးဟိုတယ်လေးဆီ ပြေးဝင်လာတော့တယ်။ “တကယ့်ကိုပဲ၊ ဟိုတယ်ပိုင်ရှင်ပြောသွားခဲ့သလို ကျွန်တော်တို့ သူ့ရဲ့နောက်ဆုံးဧည့်သည်တွေ အသေအချာဖြစ်ခဲ့တာပဲကိုး”
သူတို့ အဲဒီဟိုတယ်လေးနဲ့ ဒေါသခိုးဝေနေတဲ့မီးတောင်ဆီကနေ ခပ်သုတ်သုတ်ထွက်ခွာခဲ့ကြပါတော့တယ်။
ဇိုင်ယာမြို့၊ ရမ်းမလားဂျီးယားမီးတောင်
၁၉၈၁ ခုနှစ်မှာ မောရီးစ်၊ ကာတီယာ နဲ့ မီးတောင်မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အလိန်းဂျီရန်တီ(အာဖရိကအရှေ့ဘက် ကမ်းရိုးတန်း Reunion Island တက္ကသိုလ်သင်္ချာဌာန)တို့ဟာ ဇိုင်ယာမြို့က ရမ်မလားဂျီးယားမီးတောင်ပေါက်ကွဲစဉ်မှာ အတူတူရှိနေခဲ့ကြတယ်။ အဲဒီနေ့ ခက်ခက်ခဲခဲ ပင်ပမ်းခဲ့ရတဲ့ နေ့ရက်တစ်ရက်ပြီးဆုံးချိန်၊ ညနေခင်းမှာ ရွက်ဖျင်တဲရှေ့အားလုံးစုပေါင်းထိုင်နေကြပြီး ချော်ရည်မီးပွားတွေ တဖွားဖွား အဆုတ်လိုက်ပြုတ်ပြုတ်ကျနေတာကို စောင့်ကြည့်နေခဲ့ကြတယ်၊ ညက အဲဒီညနေခင်းရဲ့လက်ကျန်နေအလင်းရောင်ကို ၀ါးမျိုရှင်းလင်းပစ်လိုက်တယ်၊ မီးတောင်ဆီက မီးလျှံ၊ မီးပွားတွေရဲ့အလင်းရောင်တွေကတော့ ထိန်ထိန်ညီးနေဆဲပါ၊ လှို့လှို့ဝှက်ဝှက်အမြဲရှိလွန်းတဲ့ ကာတီယာက စကားတွေတတွတ်တွတ်ပြောလာတယ်၊ “ဒီနေ့ကျွန်မရဲ့ငယ်ဘ၀က အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တဲ့နေ့ပဲ၊ ကျွန်မချစ်သမျှ အရာအားလုံးတို့ဟာ အရိုင်းဆန်ပြီး ကြမ်းတမ်းရက်စက်တဲ့ သဘာဝတရား၊ မီးတောင်နဲ့ ဆက်စပ်၊ ပတ်သက်သမျှရယ်၊ ဆာလနံ့သင်းနေတဲ့ ပြာမှုန်တွေရယ်ချည်းပဲ” လို့ ကာတီယာ ကဆိုတယ်။
ကာတီယာ နဲ့ မောရီးစ်တို့ရဲ့ဘဝ
မောရီးစ် နဲ့ ကာတီယာ တို့ အကြောင်းပြောရရင် နှစ်ဦးလုံးက ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်း အဲလ်ဆေ့စ်ပြည်နယ်ကပါ၊ သူတို့တွေ့ဆုံဖြစ်ခဲ့တာက စထရက်ဘာ့ဂ်ျတက္ကသိုလ်မှာ၊ ကာတီယာကွန်ရက်ဒ် က ရူပဗေဒ၊ ပထ၀ီဝင်နဲ့ ဓာတုဗေဒကို အဓိကဘာသာတွေယူထားသူ၊ မောရီးစ်ခရတ်ဖ်ထ်က ဘူမိဗေဒဘာသာရပ်ကျောင်းသားတစ်ယောက်၊ ၁၉၆၈ခုနှစ် မောရီးစ်က ၂၂ နှစ်အရွယ်မှာ ကာတီယာဟာ မောရီးစ်ကို သူမရဲ့မီးတောင်လေ့လာရေးခရီးစဉ်မှာလိုက်ပါဖို့ စတင်ကမ်းလှမ်းခဲ့တယ်၊ မောရီးစ်က အစတော့ စိတ်မပါသလိုရှိနေခဲ့ပေမဲ့ နောက်တော့ သူ သဘောတူလိုက်တယ်။ သူ စိတ်လေးနေခဲ့တာက ဒီခရီးမျိုးဟာ မိန်းကလေးတစ်ယောက်အတွက် အင်မတန်အန္တရာယ်များပြားမယ့် အခြေအနေ ဖြစ်တာကြောင့်ပါ၊ ကာတီယာဟာ 16mm ရုပ်ရှင်ကင်မရာတစ်လုံး ပိုင်ဆိုင်ထားတယ်၊ မောရီးစ်က ကာတီယာထက် လုပ်ငန်းကျွမ်းကျင်မှုရှိနေတယ်၊ ဘွဲ့မရသေးတဲ့ ကျောင်းသူ၊ ကျောင်းသားဘ၀မျိုးမှာ ဒီလိုကင်မရာတစ်ခုပိုင်ဆိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး၊ နောက်ဆုံးမီးတောင်တွေကို ကြည့်ရှုဖို့ ၀ါသနာကြီးလှတဲ့ သူတို့နှစ်ဦးဟာ ပထမဦးဆုံးမီးတောင်ခရီးအတွက် သဘောတူညီမှုတွေ ရသွားခဲ့တယ်၊ ခရီးကပြန်လာတဲ့အခါ နှစ်ဘက်မိဘတွေကို သူတို့နှစ်ဦး စေ့စပ်ကြမယ့်သတင်းကို အတိအလင်း ကြေညာလိုက်ကြတယ်။
“မောရီးစ်ရဲ့မီးတောင်တွေကို စိတ်ဝင်စားတတ်တဲ့စရိုက်ကို သူ့ အသက် ၇ နှစ်အရွယ်က မိသားစုလိုက် အီတလီကို ခရီးထွက်ဖြစ်စဉ်က သိခဲ့ရတယ်” လို့ မောရီးစ်ရဲ့ ဖေဖေ ရေမွန်ခရတ်ဖ်ထ်က ဆိုတယ်။ “မောရီးစ်“ဟာ ကလေးငယ်တစ်ယောက်နဲ့မတူလောက်အောင် အရာရာတိုင်းကို ဂရုတစိုက် စူးစူးစိုက်စိုက်လှည့်ပတ်ကြည့်ရှုနေတာကို တွေ့ခဲ့ရတယ်၊ မီးတောင်ဝကြီးနဲ့ အနီးအနားက မီးသင့်လောင်ကျွမ်းနေတဲ့ မြေဆီလွှာတွေကိုကြည့်ရှုရင်း မောရီးစ်ရဲ့မျက်လုံးတွေ တလက်လက် တောက်ပနေတာ ကျွန်တော် ကောင်းကောင်းသတိပြုမိခဲ့တယ်” လို့ မောရီးစ်ရဲ့ဖေဖေ ရေမွန်က ပြောပြခဲ့တယ်၊ အသက် ၂၀ မှာ မောရီးစ်ဟာ ဘူမိဗေဒကျောင်းတက်ခဲ့တယ်၊ ကာတီယာကလည်း မောရီးစ်လိုပါပဲ၊ သူမ လူလားမြောက်စအရွယ်ကပဲ မီးတောင်ကို စိတ်ဝင်စားတဲ့ပိုးမွှားတစ်မျိုး ဖမ်းဆီးစားသောက်ခြင်းခံခဲရတယ်လို့ ကာတီယာရဲ့မိသားစုကပြောကြတယ်၊ ကာတီယာဟာ ခေါင်းမာသူတစ်ဦးပါလို့ အန်ဒရေးဒီးမေဆန်ကပြောပါတယ်၊ ခေါင်းမာသူနှစ်ဦးရဲ့ဆက်ဆံရေးက အံ့သြဖွယ်ပြိုင်ဘက်တွေလို ရှုပ်ရှုပ်ထွေးထွေး ကိစ္စရပ်တွေရှိတော့ရှိခဲ့တယ်၊ မောရီးစ်မပါဘဲ ကာတီယာ ခရီးသွားဖြစ်တဲ့အချိန်တိုင်း၊ တစ်ရက်လောက် ဖုန်းမခေါ်ဖြစ်ခဲ့တာနဲ့ ကာတီယာရဲ့ကျန်းမာရေး အတွက်အလွန်အမင်း ပူပူပင်ပင်ရှိလှတယ်၊ မောရီးစ် ပဲရစ်ကို ၄ ရက်လောက် ခရီးထွက်ဖြစ်ခဲ့စဉ်တုန်းက ကာတီယာဆီရေးပို့ခဲ့တဲ့စာတွေကို ကာတီယာရဲ့အံဆွဲထဲမှာ တွေ့ခဲ့ဖူးတယ်လို့ ကာတီယာရဲ့မေမေက ပြောခဲ့ဖူးတယ်၊ သူတို့နှစ်ဦး သံယောဇဉ်သိပ်ကြီးကြတယ်လို့ ဒီးမေဆန်ကဆိုပါတယ်၊ မောရီးစ်အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်၊ “ကျွန်တော်တို့နှစ်ဦးရဲ့မီးတောင်တွေကို အာသာငမ်းငမ်း နှစ်သက်ပုံဟာ မီးတောက်တွေကို ၀င်ဝင်တိုးနေတဲ့ ပိုးဖလံတွေ၊ လိပ်ပြာကောင်တွေလိုပါပဲ” တဲ့။
ကီလီမန်ဂျာရိုမီးတောင်
ကီလီမန်ဂျာရိုမီးတောင်ကို တက်ဖြစ်ခဲ့ကြတုန်းက အဖြစ်အပျက်တွေသတိရမိသေးတယ်လို့လည်း ဒီးမေဆန်က ပြောပြခဲ့ပါသေးတယ်။ “အမြင့်ပေ ၁၆၅၀၀ ရှိလာတော့ တိုးတက်မှုနှေးကွေးလာကြပြီ၊ ကာတီယာနဲ့ ကျွန်တော်ကတော့ ဒီလိုဆင်ခြေလျှောကို လျှောက်ရတာခရီးမတွင်ကြဘူး၊ ပြာမှုန်ထဲနစ်ဝင်သွားတဲ့ ခြေလှမ်းတိုင်းကို ဆွဲထုတ်နေရတာလည်း သိပ်မဟန်လှပါဘူး၊ မောရီးစ်ကတော့ရှေ့ဆုံးမှာ အလောတကြီးခရီးဆက်နေတယ်၊ မီးတောင်ဝက ဆာလ်ဖာနံ့တွေက သူ့ကို ဆွဲဆောင်ဖျားယောင်းနေပြီ၊ ကျွန်တော်တို့တောင်ထိပ်မရောက်ခင် နှစ်နာရီလောက်လိုနေသေးတဲ့အချိန်မှာ မောရီးစ်ကတော့ တောင်ထိပ်မှာအခန့်သားရောက်ရှိနေပြီ” လို့ ဒီးမေဆန်ကပြောပါတယ်။
မောရီးစ်အမြဲလုပ်ဖြစ်ချင်နေတဲ့အလုပ်က ချော်ရည်တွေ ၀င်းဝင်းတောက်စီးမျောနေတဲ့မြစ်ထဲ လောင်းလှေနဲ့ လှော်ခတ်သွားလာချင်တာပါပဲ၊ သူ ရွေးချယ်လိုက်တဲ့နေရာက ဟာဝိုင်ရီမှာ၊ မောရီးစ်မှာ ပြင်သစ်နိုင်ငံလုပ် မီးလောင်ဒဏ်ခံနိုင်တဲ့ လောင်းလှေတစ်မျိုးရှိနေပြီ၊ အပူချိန် ၁၂၅ ဒီဂရီဆဲစီးယပ်စ်ကိုတောင် ခံနိုင်ရည်ရှိတဲ့ ပါဝါကိုယ်ထည် ပါရှိတယ်၊ လောင်းလှေကို ရဟတ်ယာဉ်နဲ့အချိန်မရွေးဆွဲယူ၊ မ,တင်နိုင်အောင် ချိတ်ဆက်ထားတယ်၊ ချော်ရည်တွေ ပင်လယ်ထဲစီးဝင်သွားတဲ့အချိန်ရောက်ခဲ့ရင် ဒီလောင်းလှေကို လျှစ်စစ်သံလိုက်နည်းနဲ့ ရဟတ်ယာဉ်ကနေဆွဲယူ၊ မ,တင်စေပါမယ်၊ ကာတီယာက မောရီးစ်ရဲ့စွန့်စားခန်း အတွက် လိုအပ်နေမယ့်အခြေအနေတွေအားလုံးကို စူးစမ်းလေ့လာခဲ့တယ်၊ ကာတီယာ တွေ့ရှိခဲ့တာက မီးတောင်ဒဏ်ခံနိုင်တဲ့ကိုယ်ထည်ဟာ ပူပြင်းနေတဲ့ချော်ရည်ထဲမှာ ၁၀မိနစ်အတွင်း ပျော်ဝင်သွားနိုင်တယ် ဆိုတာပါပဲ၊ မောရီးစ်မေ့လျော့နေခဲ့တာက မီးတောင်က ထွက်ရှိလာခဲ့တဲ့ ဓာတ်တွေနဲ့ အက်ဆစ်တွေ ဓာတ်ပြုခဲ့ရင် ကိုယ်ထည်ဟာအမြန်ဆုံး စားသွားနိုင်တယ်ဆိုတဲ့အခြေအနေကို တွက်ချက်ဖို့ပါပဲ၊ ချော်ရည်ထဲမှာ ဖြစ်ပျက်နိုင်တဲ့ ဓာတ်ပြုမှုတွေကို ကာတီယာက ပြောပြခဲ့ပေမဲ့ မောရီးစ်ကတော့ ကြောက်ရွံ့တုန်လှုပ်ဟန်မပြခဲ့ပါဘူး၊ “ဒီခရီးသွားဖြစ်ဖို့ ပိုပိုပြီး နီးကပ်လာနေပြီ” လို့ပဲ မောရီးစ်က တွင်တွင်ပြောခဲ့တယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ကာဝါအိုင်ဂျန်မီးတောင်
အင်ဒိုနီးရှားနိုင်ငံက ကာဝါအိုင်ဂျန်မီးတောင်ပေါက်ကွဲမှုမှာ သူ့ရဲ့လောင်းလှေခရီး စတင်ဖို့ မောရီးစ် ဆုံးဖြတ်လိုက်ပါပြီ၊ အနိမ့်ဈေးနဲ့ရလာခဲ့တဲ့ လောင်းလှေကိုအသုံးပြုပြီး မီးတောင်ဆီက ပြုတ်ထွက်ကျလာတဲ့ ဆာလ်ဖျူရစ်အက်ဆစ်ကန် ချော်ရည်စီးကြောင်းထဲ လှော်ခတ်ဖို့ပြင်ဆင်ပါတော့တယ်၊ မောရီးစ်နဲ့ လက်ထောက်တစ်ဦးဟာ အားအရှိဆုံးလို့ သတ်မှတ်ထားတဲ့ အက်ဆစ်ဓာတ်တွေပျော်ဝင်နေတဲ့နေရာဆီ လောင်းလှေနဲ့ထွက်ခွာခဲ့ကြတယ်၊ အခြေအနေ သိပ်မကောင်းလှတာကြောင့် လောင်းလှေကို ဆွဲတင်လိုက်တဲ့အခါ ငါးမိနစ်မပြည့်ခင် အချိန်လေးမှာပဲ အက်ဆစ်တွေက လောင်းလှေရဲ့ကိုယ်ထည် သတ္တုတွေကို စားပြီးဖြစ်နေတာတွေ့လိုက်တ၊ သူတို့ခန့်မှန်းထားတဲ့ နှစ်နာရီအတွက်လက်လျှော့ လိုက်ရပါတယ်။
ကာတီယာက မိတ်ဆွေ အလိန်းဂျီရန်တီကို အခုလိုပြောပြတယ်။
“ကျွန်မတို့ တစ်နေ့ ဒီမီးတောင်ပေါက်ကွဲမှုတွေဆီက စီးလာတဲ့ ချော်ရည်ပူလက်လက်တွေနဲ့ ဘ၀ဆုံးကြတော့မယ်ဆိုတာ ကျွန်မသိနေတယ်၊ နီရဲတောက်လောင်နေတဲ့ ချော်ရည်ပြာတွေနဲ့ ကျွန်မတို့ရဲ့ တရားသဖြင့်လုပ်ဆောင်မှုတွေဟာ ကျွန်မတို့ရဲ့အသက်ဝိညာဉ်တွေအတွက် အာမခံချက်မရှိပါဘူး၊ ကျွန်မတို့က သေခြင်းတရားကို မျက်ကန်းသဖွယ် ရူးရူးနှမ်းနှမ်းတိုးတိုက် ကစားကြတာမဟုတ်ဘူး၊ မီးတောင်ပေါက်ကွဲမှုတွေကြောင့် လူတွေသေကျေပျက်စီးဆုံးရှုံးရတာတွေ နည်းနိုင်သမျှနည်းပါးစေဖို့ စွန့်စားမှုတွေနဲ့ ပြေးလွှားနေကြတာပါ”
၁၉၉၁ ခုနှစ်၊ ဧပြီ ၂ ရက်၊ မောရီးစ်တို့ မသေဆုံးခင်
၁၉၉၁ ခုနှစ်၊ ဧပြီ ၂ ရက်၊ သူတို့ မသေဆုံးခင်တစ်လလောက်အလို ဖိလစ်ပိုင်က ပီနာတူဘိုမီးတောင် ရုတ်တရက် ပေါက်ကွဲ ခဲ့တဲ့အခါ ဒေသခံအာဏာပိုင်တွေအတွက် ဘယ်နေရာကလူတွေ ဘယ်လောက်အန္တရာယ်ရှိနိုင်မလဲ၊ ဘယ်သူတွေကိုပြောင်းစေဖို့ ကြေညာပေးရမလဲဆိုတာ ဆုံးဖြတ်ချက်ချဖို့လိုလာပါပြီ၊ အဲဒီအတွက် အဖြေကိုတော့ မောရီးစ်တို့ရိုက်ကူးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်တွေဆီက ရရှိခဲ့တယ်။ မှတ်တမ်းရုပ်ရှင်မှာ ၁၉၈၅ ခုနှစ်က ကိုလံဘီယာနိုင်ငံ၊ အာမီရိုမြို့မှာ ပေါက်ကွဲခဲ့တဲ့ မီးတောင်ကြောင့် လူပေါင်း ၂၂၀၀၀ သေဆုံးခဲ့ပုံကို ရိုက်ယူထားပါတယ်၊ ချော်ရည်စီးကြောင်းတွေကို တိတိကျကျရိုက်ကူးထားခဲ့တဲ မှတ်တမ်းရုပ်ရှင်ကိုကြည့်ပြီး ဖီလစ်ပိုင်အာဏာပိုင်တွေဟာ နေရာပြောင်းဖို့ လိုအပ်တဲ့လူတွေကိုတွက်ချက်နိုင်ခဲ့ပြီ၊ လူပေါင်း ၂၀၀၀အတွက် ယာယီစခန်းတွေဆီ နေရာချထားပေးနိုင်ခဲ့တယ်။ “ဒီမှတ်တမ်းရုပ်ရှင်ရဲ့အကူအညီသာ မရယူနိုင်ခဲ့ရင် မီးတောင်အတွေ့အကြုံကို မသိရှိနိုင်ဘဲ လူပေါင်းထောင်ပေါင်းများစွာ သေဆုံးကြမှာ သံသယဖြစ်စရာမရှိဘူး” လို့ ၀ါရှင်တန်တက္ကသိုလ်က ပြောကြားခဲ့တယ်။
၁၉၉၁၊ ဇွန်လ၊ ၃ ရက်နေ့ ဂျပန်နိုင်ငံ၊ အူဇန်မီးတောင်ပေါက်ကွဲမှု
၁၉၉၁ခုနှစ်၊ ဇွန်လ၊ ၃ရက်နေ့၊ ဂျပန်နိုင်ငံ အူဇန်မီးတောင်ပေါက်ကွဲခဲ့တဲ့အခါမှာတော့ သူတို့နှစ်ဦးရဲ့ဘ၀တွေ အဆုံးသတ်ခဲ့ရတယ်၊ မောရီးစ်ခရတ်ဖ်ထ်(အသက် ၄၅နှစ်) နဲ့ ဇနီး ကာတီယာ(၄၉နှစ်) တို့ဟာ အူဇန်မီးတောင်ကြီးဆီက အလွန်အမင်းပူလောင်နေတဲ့ ဓာတ်ငွေ့တိမ်လိပ်ကြီးရဲ့ တွန်းထိုးဝှေ့ယမ်းမှုကြောင့် မီးတောင်ပြာမှုန်တွေနဲ့ ကျောက်တုံး၊ ကျောက်ခဲအပိုင်းအစတွေဟာ သူတို့ဆီ ပြေးဝင်လာခဲ့တယ်၊ အဲဒီအရှိန်နဲ့ပဲ မီးတောင်ဘေးပတ်ဝန်းကျင်က တစ်နာရီ မိုင် ၆၀ နှုန်း စီးဆင်းလာတဲ့ မြစ်ထဲကို ထိုးစိုက်နစ်မြုပ်သွားခဲ့ပါတယ်၊ အဲဒီချော်ရည်မြစ်ကြီးက အမေရိကန်မီးတောင်ဗေဒပညာရှင် ဟယ်ရီဂလစ်ခ်ကန်၊ ဂျပန်သတင်းထောက် ၁၄ဦးနဲ့အတူ သူတို့နှစ်ဦးကို ဆွဲယူနှစ်မြှပ်လိုက်တယ်။
“မောရီးစ်နဲ့ ကာတီယာတို့ဟာ မီးတောင်ဝနဲ့ နီနီး ချဉ်းကပ်သွားနေကြတယ်၊ သူတို့ တော်တော်လေး စိတ်ပျက်အားလျော့နေကြပုံပဲ၊ မိုးကလည်းရွာနေတော့ ဓာတ်ပုံရိုက်ယူရတာ အခက်အခဲတွေ့နေကြတယ်၊ မီးတောင်ကလည်း အဲဒီလို ပြင်းပြင်းထန်ထန်ချော်ရည်တွေ မှုတ်ထုတ်မယ်လို့ မထင်လောက်အောင် နူးညံ့သိမ်မွေ့ပြနေတာကိုး”
အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ ကျူးရှူးတက္ကသိုလ်က ဆက်ဆုယနာယာဒါက အဲဒီလိုပြန်ပြောင်းပြောပြခဲ့တယ်၊ မောရီးစ်နဲ့ ကာတီယာတို့ဟာ ကွယ်လွန်ချိန်မှာ ဖြတ်သန်းခဲ့တဲ့ ၂၅ နှစ်သက်တမ်း မီးတောင်စူးစမ်းလေ့လာမှုကာလအတွင်း မီးတောင်လှုပ်ရှားမှု ဓာတ်ပုံပေါင်း ၃ သိန်းနဲ့ နာရီပေါင်း ၃၀၀ စာ ဗီဒီယိုတိတ်ခွေတွေကို ရိုက်ကူးထားနိုင်ခဲ့တယ်၊ ဟောပြောပို့ချချက်များစွာလည်း ဝေမျှခဲ့ပြီး စာအုပ် ၂၀ ရေးသားထုတ်ဝေခဲ့တယ်။
“မောရီးစ်နဲ့ ကာတီယာတို့ချန်ထားရစ်ခဲ့တဲ့ မီးတောင်တွေရဲ့ဗဟုသုတ၊ အသိပညာအားလုံးဟာ ကျွန်တော်တို့အားလုံးအတွက် အင်မတန်အကျိုးကျေးဇူးရရှိစေခဲ့တယ်” လို့ World Organization of Volcanic Observation အဖွဲ့က ဥက္ကဌ ဂျီးန်လူးဝစ်ချီမင်းနီက အမှတ်တရစကားပြောကြားခဲ့ပါတယ်။
“လက်ရှိ မီးတောင်လေ့လာစူးစမ်းမှုတွေအားလုံးဟာ မောရီးစ်နဲ့ ကာတီယာတို့ စနစ်တကျပြုစုထားခဲ့တဲ့ အချက်အလက်တွေကို မှီခိုလုပ်ဆောင်နေရတာပဲ၊ မောရီးစ်နဲ့ ကာတီယာတို့ မီးတောင်တွေကို ချစ်မြတ်နိုးသလို ကျန်ရှိတဲ့ မောရီးစ်တို့ရဲ့မိတ်ဆွေတွေက ဆက်လက်လုပ်ဆောင်သွားပါမယ်” လို့ ဂျာမနီနိုင်ငံ University of Fribaurg-en-Brisgau က ဒေါက်တာဂျော့ခ်ျတဲလားက ၀မ်းနည်းစွာ ကတိစကားဆိုခဲ့တယ်။
၁၉၉၁ ခုနှစ်၊ ဇွန်လ၊ ၃ ရက်နေ့မှာတော့ တောင်ပံတွေ အားကုန် တဖျတ်ဖျတ်ရိုက်ခတ်နေတဲ့ လိပ်ပြာလေးတွေဟာ သီချင်းတွေဆိုညည်းရင်း အလျှံညီးညီးတောက်လောင်နေတဲ့ မီးတောင်တွေဆီ တရွေ့ရွေ့တိုးဝင်ကာ ခရီးဆက်လက်ထွက်ခွာသွားခဲ့ပါပြီ။
Ref : A Passion for Volcanoes by Leopold Sanchez(Reader's Digest)
Sunday, July 11, 2010
ဝါဒဖြန့်ခြင်းလား မျိုးချစ်စိတ်လား၊ အဆုံးသတ်မှာ စစ်ပွဲနဲ့ပဲ တစ်ခန်းရပ်၊
"သူတို့ပြောတာမကြိုက်ဘူး၊ ဒါနဲ့ပဲ သူတို့ကို ခင်ဗျားသတ်တယ်၊ စစ်ပွဲတစ်ပွဲရဲ့ စည်းမျဉ်းတွေကို ခင်ဗျားပြောင်းလဲလိုက်တာပဲ" တဲ့၊ The Independent သတင်းထောက် ရောဘတ်ဖစ်ခ် က ဒေါသတကြီးမှတ်ချက်ချခဲ့တယ်၊ ၁၉၉၉ ခုနှစ် ဧပြီ၂၄ရက်နေ့ညမနက် သတင်းတွေမှာ ဖစ်ခ်ရေးသားခဲ့တယ်၊ ရောဘတ်ဖစ်ခ်ဟာ ကိုဆိုဗိုစစ်ပွဲအတွင်း နေတိုးတပ်ဖွဲ့ဗုံးကြဲတဲ့အချိန် ဘဲလ်ဂရိတ်မှာသတင်းယူနေခဲ့ပါတယ်၊
စစ်ပွဲတစ်ပွဲဟာ အကျိုးအကြောင်းနဲ့ဖြစ်တည်လာခဲ့တယ်ဆိုဆို၊ အကျိုးရလာဒ်အတွက် တိုက်ခဲ့ကြတယ်ပဲ ဆိုဆို၊ အကျိုးမဲ့တဲ့ဖြစ်ရပ်တွေကြားထဲမှာ အသက်စတေးခဲ့ရတဲ့ ဓါးစာခံတွေက တိုင်းသူပြည်သားတွေပါ၊ တစ်ဖက်က မီဒီယာကိုနိုင်ငံရေးဘက်မှာ ၀ါဒဖြန့်ဖို့အတွက် အသုံးချခဲ့သလို၊ နိုင်ငံရေးကြောင့်ပဲ မီဒီယာဟာ အဓိက ပြစ်မှတ်တစ်ခုလို ဖြိုဖျက်တိုက်ခိုက်ခံခဲ့ကြရတယ်၊
ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့ရဲ့ရေဒီယိုတယ်လီဗေးရှင်းဆားရ်ဘီးယား - Radio Television of Serbia (RTS) ရုံးချုပ် ကို နေတိုးမဟာမိတ်တပ်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့မှုဟာ မီဒီယာသမားတွေ အများဆုံးသေဆုံးခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ခဲ့ရတယ်၊ နေတိုးတိုက်လေယာဉ်ပျံက ဒုံးကျည်တစ်လုံးထဲနဲ့ပဲ RTS အဆောက်အဦးကို အတိအကျ ချိန်ရွယ်ပစ်ခတ်မှုကြောင့် တာဝန်ကျ RTS ၀န်ထမ်း၁၆ဦး သေဆုံးခဲ့ပြီး ၀န်ထမ်းပေါင်းများစွာ ပြိုကျနေတဲ့အဆောက်အဦးအတွင်း ပိတ်မိနေခဲ့ကြတယ်၊ အဲဒီအချိန်မှာ ၀န်ထမ်းပေါင်း ၂၀၀ခန့် လုပ်ငန်းခွင်မှာရှိနေကြတယ်လို့ဆိုတယ်၊
နေတိုးတပ်ဖွဲရဲ့ ၁၉၉၉ ဗုံးကြဲတိုက်ခိုက်မှုဟာ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘူးလို့ ယခင်ယူဂိုဆလားဗီးယားအတွက် ယူအန်အပြည်ပြည်ဆိုင်ရာ ပြစ်မှုစီရင်ရေးအဖွဲ့ (ICTY) က ၂၀၀၀ ဇွန်လ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်၊ ICTY က “မီဒီယာဟာ စစ်တပ်နှင့်တရားဝင်သက်ဆိုင်တဲ့ ခေါင်းစဉ်တစ်ခု မဟုတ်ပေမဲ့ စစ်တပ်ရဲ့အကျိုးအတွက် လုံးလုံးလျားလျားအသုံးချနေပြီ ဆိုရင်တော့ စစ်ပွဲတစ်ခုကို ပြုစုပြိုးထောင်ပေးတာနဲ့ အတူတူပါပဲ” လို့ ဆိုတယ်၊ ဆားရ်ဘီးယားဆိုရှယ်လစ်သမ္မတ ဆလိုဘော်ဒန်မီလိုရှဗစ်ခ်ျ ရဲ့အုပ်ချုပ်ရေး ယန္တရားကိုဖျက်ဆီးဖို့ဆိုရင် ပင်မသွေးကြောဖြစ်တဲ့ RTS ကိုတိုက်ခိုက်မှ ဖြစ်မယ်၊ RTS ဟာ ပြည်သူပြည်သားတွေရဲ့မီဒီယာတံခါးပေါက်မဟုတ်ဘူးလို့ ကြေညာချက်မှာဖော်ပြခဲ့တယ်၊ အဲဒီကြေညာချက် ထုတ်ပြီး ၅ ရက်အကြာမှာ ထုတ်ပြန်ကြေညာခဲ့တဲ့ Amnesty International အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့'အရပ်သားသေကြေပျက်စီးမှု' ဒါမှမဟုတ် 'တရားမ၀င်သတ်ဖြတ်မှု' လို့ခေါင်းစဉ်တပ်ခဲ့တယ်၊ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျိုးလောခ့်ဟာ့ထ် က “RTS ဟာပစ်မှတ်တစ်ခုဖြစ်ခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ မီလိုရှဗစ်ခ်ျဟာ သူ့စစ်တပ်ရဲ့ ဖိနှိပ်ချုပ်ချယ်တဲ့လုပ်ရပ်တွေကို ထိန်းချုပ်ထားဖို့ မီဒီယာကို ၀ါဒဖြန့်ချိရေးလက်နက်လို အသုံးပြုနေခဲ့တာကိုး” လို့ ပြန်လည်ငြင်းဆိုခဲ့တယ်၊ ဗြိတိသျှနိုင်ငံခြားရေး အတွင်းရေးမှူး ရောဘတ်ကွတ်ခ် ကလည်း 'နေတိုးအဖွဲ့ရဲ့ တိုက်စစ်ဆင်မှုမှာ ဆလိုဘော်ဒန်မီလိုရှဗစ်ခ်ျရဲ့ အဆိပ်သင့်ဝါဒဖြန့်ချိမှု ကို ရပ်တန့်မှဖြစ်မယ်'လို့ ရှင်းပြခဲ့ကြတယ်။
http://upload.wikimedia.org/wikipedia/commons/thumb/e/ed/CK_building_on_fire_1999.jpg/320px-CK_building_on_fire_1999.jpg
ဆားရ်ဘီးယား ပထမဆုံး သမ္မတ ဆလိုဘော်ဒန်မီလိုရှဗစ်ခ်ျ (Slobodan Milosevic)ဟာ ဆားရ်ဘီးယားဆိုရှယ်လစ်ပြည်သူ့သမ္မတနိုင်ငံကို တည်ဆောက်ခဲ့တယ်၊ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ သမ္မတတာဝန်ယူခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ စုပေါင်းယူဂိုဆလားဗီးယား ပြည်သူ့သမ္မတနိုင်ငံ (FRY) ရဲ့သမ္မတဖြစ်ခဲ့တယ်၊ ကိုဆိုဗိုခွဲထွက်ရေးမှာ ချုပ်ကိုင်ထားတဲ့ မီလိုရှဗစ်ခ်ျ ရဲ့ ဆိုရှယ်လစ်ယန္တရားနဲ့ သမ္မတအာဏာကိုဖြိုဖျက်ဖို့ နေတိုးအဖွဲ့ဝင်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်၊ RTS အဆောက်အဦး လေကြောင်းတိုက်ခိုက်မှု မစတင်ခင်မှာ နေတိုးတပ်ဖွဲ့ဘက်က ကြိုတင်သတိပေးမှုတွေ ပေးပို့ခဲ့တယ်၊ နေတိုးတပ်ဖွဲ့ရဲ့ပစ်မှတ်တွေအတွင်း အရပ်သားတွေရှောင်နေကြဖို့ ကြိုတင်ကြေညာခဲ့ပါတယ်၊ လေကြောင်းကနေ ဆားရ်ဘီးယားအစိုးရကို ဆန့်ကျင်ဖို့ စာရွက်တွေကြဲချခဲ့ကြတယ်၊ တိုင်းပြည်ခေါင်းဆောင်ရဲ့ အာဏာ၊ ဖိနှိပ်ချုပ်ချယ်မှု၊ လက်တကမ်းအတွင်း က စစ်ပွဲရဲ့ခေါ်သံ စာရွက်စာတမ်းတွေ၊ ကြေညာချက်တွေ အမျိုးစုံကြားမှာ အရပ်သားပြည်သူတွေ စိတ်ရှုပ်ထွေး၊ စိတ်ခြောက်ခြားကာ ဒေါသပြင်းထန်ခဲ့ကြတယ်၊
အဆိုးဆုံးက RTS ဒါရိုက်တာဟောင်း ဒရာဂိုလူဘ် မီလန်နိုဗစ်ခ်ျဟာ မီလိုရှဗစ်ခ်ျအစိုးရရဲ့ အလိုကျ နိုင်ငံတကာကို အရပ်သားသေကြေပျက်ဆီးမှု များပြားတာကို ချပြချင်ခဲ့တယ်၊ ဗုံးကြဲတိုက်ခိုက်မှာကို ကြိုတင်သိထားခဲ့ပေမဲ့လည်း ၀န်ထမ်းတွေကို အသိမပေးပဲ လေကြောင်းတိုက်ခိုက်မှုသတင်းအကြောင်း ထိန်ချန်ထားလိုက်တယ်၊ ပုံမှန်အတိုင်း အလုပ်ဆင်းဖို့ တာဝန်တွေပေးခဲ့ပါတယ်၊ ဒါရိုက်တာကိုယ်တိုင် ကတော့ အဆောက်အဦးက ကြိုတင်ရှောင်တိမ်းခဲ့တယ်လို့ ဆိုတယ်၊ ဗုံးကြဲတိုက်ခိုက်မှုအပြီးနောက်ပိုင်းမှာ ၀န်ထမ်းတွေရဲ့ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ခဲ့ခြင်းမရှိ၊ လေကြောင်းတိုက်ခိုက်မှုသတင်းထိန်ချန်တဲ့ အပြစ်ထင်ရှားတာကိုစုံစမ်းသိရှိရတဲ့အတွက် ထောင်ဒဏ် ၁၀နှစ် ကျခံခဲ့ရတယ်။
နောက်ထပ် မီဒီယာပစ်မှတ်တစ်ခု က အာဗာလာ(Avala)ရုပ်သံလွှင့်မျှော်စင်ပါ၊ မျှော်စင်ရဲ့အမြင်က ၂၀၄.၅ မီတာ(၆၇၁ပေ) ရှည်လျားပါတယ်၊ မြို့တော်ဘဲလ်ဂရိတ်အနီး အာဗာလာတောင်မှာရှိတဲ့ အဲဒီရုပ်သံလွှင့်မျှော်စင်ကိုတော့ ဧပြီလ ၂၉ ရက်နေ့မှာ ဗုံးကြဲခဲ့တယ်၊ ၂၀၀၆ ဒီဇင်ဘာ ၂၁ ရက်နေ့ မှာ ပြန်လည်တည်ဆောက်ဖို့ အုတ်မြစ်ချခဲ့ကြပြီး၊ ပြီးခဲ့တဲ့ ၂၀၁၀ ဧပြီ ၂၁ ရက်နေ့က တရားဝင်ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါတယ်၊ မျှော်စင်အသစ်ဟာ ဆားရ်ဘီးယားနဲ့ ဘော်လ်ကန်ဒေသမှာ အမြင့်ဆုံးအဆောက်အဦး ဖြစ်တဲ့အတွက် ဒေသခံတွေက ပျော်ရွှင်ဝမ်းမြောက်နေကြတယ်၊ တကယ်တမ်းတော့ ဗုံးကြဲဖျက်ဆီးခံရပြီး နောက်ပိုင်း ပျက်စီးဆုံးရှုံးမှုတွေဟာ နေရာအတော်များများမှာ ရင်ဆိုင်ခဲ့ကြတယ်၊ အဆောက်အဦး အပျက်အဆီး၊ လူသားတွေရဲ့ အသက်ပေါင်းများစွာဆုံးရှုံးမှု၊ ဒါတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒေသခံတွေဟာ မျှော်စင်အသစ်လေးတစ်ခု ပြန်လည်အစားထိုးနိုင်ခဲ့တာကိုပဲ ဂုဏ်ယူဝမ်းမြောက်နေခဲ့ရတာပါ၊ အာဗာလာမျှော်စင်ဟာ နေတိုးစစ်ဆင်ရေးရဲ့ နောက်ဆုံးပစ်မှတ်တစ်ခု ဖြစ်ခဲ့တယ်၊ “အာဗာလာမျှော်စင်ကို အထူးဗုံးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်၊ ဘဲလ်ဂရိတ်မှာ ကျဲချခဲ့တဲ့ ဗုံးတွေထဲမှာ အသံအကျယ်ဆုံး”လို့ ဒေသခံတွေက မျှော်စင်ဖွင့်ပွဲ မှာ ပြန်ပြောင်းပြောပြခဲ့ကြတယ်၊
http://upload.wikimedia.org/wikipedia/commons/thumb/e/e1/Avala_Tower_2.jpg/450px-Avala_Tower_2.jpg
မျှော်စင်အဟောင်းရဲ့ ဗိသုကာပညာရှင်တွေက အူလီရဲရှာဘော့ဒါနိုဗစ်ခ်ျ၊ ဆလိုဘော်ဒန်ရာညစ်ခ်ျနဲ့ အင်ဂျင်နီယာမီလန်ခရာစတစ်ခ်ျ တို့ဖြစ်ပြီး၊ တြိဂံပုံသဏ္ဍန်၊ ခြေထောက် သုံးချောင်းပေါ်မှာ တည်ဆောက်ထားတယ်၊ ဖျက်ဆီးခံခဲ့ရတဲ့ မျှော်စင်တွေထဲ (World Trade Center) အပါအ၀င် သုံးခုမြောက် အမြင့်ဆုံးဖြစ်ပါတယ်၊ မျှော်စင်အသစ်ကိုတော့ ရာထ်ကိုမီထရိုဗစ်ခ်ျကုမဏီနဲ့ RTS ဒါရိုက်တာ အလက်ဒန်းဒါးတီရာနစ်ခ်ျ တို့ ပူပေါင်းပြန်လည်တည်ဆောက်ခဲ့ကြတယ်၊ မျှော်စင်အသစ်ပြန်လည် တည်ဆောက်ရာမှာ ဆားရ်ဘီးယန်း တင်းနစ်စတား အန်နာအီဗန်နိုဗစ်ခ်ျ နဲ့ နိုဗက်ခ်ဂျော့ကိုဗစ်ခ်ျ တို့ က ပထမဆုံးအလှူငွေထည့်ခဲ့ကြပါတယ်၊ ယူရို ၁ သန်းကျော်အလှူငွေရရှိခဲ့ကြတယ်၊ အာဗာလာမျှော်စင်မှာ တော့ အသက်ဆုံးပါးသူမရှိခဲ့ပါဘူး၊ ကိုဆိုဗိုစစ်ပွဲအတွင်း နေတိုးမဟာမိတ်တပ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆားရ်ဘီးယန်းလူမျိုးပေါင်း ၂၀၀ ခန့်သေဆုံးခဲ့တယ်၊ ဆားရ်ဘီးယားနိုင်ငံရှိ အစိုးရအချက်အခြာ အဆောက်အဦးတော်တော်များများ ဗုံးဆံသင့်ပျက်ဆီးခဲ့ပါတယ်။
ရေဒီယိုတယ်လီဗေးရှင်းဆားရ်ဘီးယား - Radio Television of Serbia (RTS) ရုံးချုပ် အဆောက်အဦး တိုက်ခိုက်မှုမှာ ဗုံးကြဲတိုက်ခိုက်သူ၊ သတင်းကွယ်ဝှက်ထိန်ချန်သူ စစ်တုရင်ကစားသမား နှစ်ဦးရဲ့နယ်ရုပ်လေးတွေကတော့ အပြစ်မဲ့မီဒီယာဝန်ထမ်းတွေပါပဲ၊ ၀ါဒဖြန့်ခြင်းလား မျိုးချစ်စိတ်လား၊ အဆုံးသတ်မှာတော့ စစ်ပွဲနဲ့ပဲ တစ်ခန်းရပ်ခဲ့ကြရပြီ။
Friday, July 9, 2010
အသွင်မတူ အိမ်သူမဖြစ်
ဒီပိုစ့်က မသီတာရေးခိုင်းတဲ့ အသွင်မတူ အိမ်သူမဖြစ် တက်ဂ်ပိုစ့်လေးပါ၊ မသက်ဝေ ပိုစ့်လေးမှာ တစ်ယောက်ချင်းစီ တက်ဂ်ထားတာတွေ့ရတော့ အော် ကိုယ့်ကျတော့ တက်ဂ်မဲ့သူလဲ မရှိ လို့ စိတ်မကောင်းတောင်ဖြစ်သွားတယ်၊ (တကယ်) ဘလောဂ့်တွေဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်၊ တက်ဂ်ပိုစ့်တွေ မရေးတော့ဘူးလို့ ပြောကြတာတွေလဲ တချို့ဘလော့ဂ်တွေမှာဖတ်လိုက်ရတယ်၊ တစ်ခါတစ်ခါ ကိုယ်က အချိန်မရတော့ မြန်မြန်ဖတ်၊ တခြားအိမ် ဆက်လည်နဲ့၊ ကွန်မန့်လဲ ထားတဲ့အခါထား၊ မထားတဲ့အခါ မထားနဲ့၊ ပေါက် ရေးတဲ့ ကိုယ့်အကြိုက်မှာ တက်ဂ်ထားတာကို ရေးကြတာ မြန်မာထဘီလေးတွေအကြောင်း၊ အဲဒါတစ်ယောက်ချင်းစီ လိုက်ဖတ်ပြီး သဘောတွေကျလို့၊ အဲဒီတော့မှ တက်ဂ်ပိုစ့်ဆိုတာကို ဖတ်ဖူးတာပါ၊
ပထမဆုံး တက်ဂ်ပိုစ့်လေး
မြန်မြန်ရေးလိုက်ပါတယ် မသီတာရေ၊ ဒါ ပထမဆုံး၊ ချစ်လို့တက်ဂ်တယ် မှတ်ပါတယ်၊ ဟုတ်ပါတယ်နော်
အသွင်မတူ အိမ်သူမဖြစ်ဆိုတော့ မှန်လဲမှန်တယ်၊ မှန်လဲမမှန်ဘူး
ကျွန်မနဲ့ နဲရှော (နဲရှောလို့ပဲ ရေးလိုက်တော့မယ်နော်၊ မရွှေစင်ဦးလို ချစ်ချစ်ကြီးလို့တော့ ခေါ်ချင်သား၊ copyright ငြိမှာစိုးတော့ မဖြစ်ချေဘူး)
အပြင်ပမ်း အသွင်အပြင်
ကျွန်မ က အရပ် ပုပါတယ်၊ လမ်းမှာတွဲသွားရင် ခေါင်းတစ်လုံးကျော်နိမ့်တယ်၊ ဖိနပ်အမြင့်စီးရင်လဲ နဲရှောက မကြိုက်ဘူး၊ လှတာမလှတာထက်၊ ခြေထောက်နာတာ မနာတာ ပိုအရေးကြီးတယ်ဆိုပဲ၊
ရုပ်၊ မျက်နှာကျ
ကျွန်မနဲ့ နဲရှော ဘယ်လိုမှ မတူဘူးထင်တယ်၊ အာရှရုပ်နဲ့ သူ့ရုပ်နဲ့
အကြိုက်တွေ
ကျွန်မ ကော်ဖီ အရမ်းကြိုက်တယ်၊ နဲရှောက ကော်ဖီ မကြိုက်ဘူး၊
ကျွန်မက သီချင်း ကျယ်ကျယ်အမြဲ ဖွင့်ထားချင်တယ်၊ သူက အဲဒီလို အမြဲ နားမထောင်တတ်၊
အသားကြီးငါးကြီးတွေ နဲရှောလဲ မစား၊ ကျွန်မလဲ မစား၊ (သေးသေးလေးတွေ တုံးပြီးစားပါတယ်၊ ဟီး)
အမဲသား၊ ၀က်သား တို့ ကို ပြောတာပါ၊
ကျွန်မက အစပ်၊ ငရုတ်သီး ကြိုက်တယ်၊ နဲရှောက လုံးဝမစားနိုင်၊
နဲရှောက မြေကြီးကြိုက်တယ်( အပင်စိုက်ရတာကိုပြောတာပါ) အပင်စိုက်ရင် မြေကြီးကိုင်ရတယ်လေ၊ ကျွန်မက မြေကြီးကိုင်ရမှာမကြိုက်ဘူး၊ မြေကြီးထဲက တီကောင်တို့ ခရု တို့ သိပ်ကြောက်တယ်၊ သူက အဲဒီအကောင်တွေ သဘောကျတယ်၊
ကျွန်မက ရီစရာ ခဏခဏပြောတတ်တယ်၊ နဲရှောက မပြောတတ်၊ နောက်ပိုင်းတော့ လိုက်နောက်တတ်လာပါပြီ၊
ကျွန်မက ဘောလုံးပွဲကြိုက်၊ သူက မကြိုက်၊
(ဒါလဲ လိုက်ကြည့်ပေးတတ်လာပြီ)
ဒါတွေက အပေါ်ယံအသွင်အပြင်၊ ကြိုက်တာ မကြိုက်တာတွေပါ၊
အိမ်ထောင်ပြုတယ်ဆိုတာ သူ့ရဲ့ အကောင်းအဆိုး ၊ ကိုယ့်ရဲ့အကောင်းအဆိုးတွေ ဝေမျှကြတာပါပဲ၊ တူတာတွေရော မတူတာတွေရော၊ အကောင်းတွေ အဆိုးတွေ အကုန်လဲလှယ်ယူရတာ၊
နဲရှောနဲ့ ကျွန်မဆိုရင် သည်းခံနိုင်တယ်၊ ဒေါသမကြီးကြဘူး၊ မကြိုက်တာ တစ်ခုခု တွေ့ရင် မင်းကြောင့်ဆိုတဲ့ အပြစ်တင်တာမျိုးမလုပ်တတ်ကြဘူး၊ အဲဒါက တော်တော်ရန်ငြိမ်းပါတယ်၊
အိမ်ထောင်တစ်ခုမှာ အပြစ်တင်တတ်သူ မပါရင် အဲဒီအိမ်ထောင် နားတော်တော်အေးမယ်ထင်ပါတယ်၊
တစ်ခါတစ်လေ ကျွန်မစိတ်ဆိုးရင် "ဘာစိတ်ဆိုးတာလဲ၊ သူ ဘာမှားနေလဲ၊ သူ့ကို သင်ပေးပါ၊ သူ ကြိုးစားပြင်ပါ့မယ်" လို့ အမြဲ စပြောတတ်တယ်၊
တစ်ခါတစ်လေ ကျွန်မ အလွဲအချော်ဖြစ်ခဲ့ရင် ''ဒီကိစ္စလေးက ဘာမှမဟုတ်ပါဘူး" လို့ စပြောတတ်တယ်၊ တစ်ခါ ရေကူးကန်တခုကို ရောက်သွားရင်း အဲဒီမှာ ၀ါတာပိုလို တိုင်းအဆင့်ပြိုင်ပွဲတစ်ခုလုပ်နေတာနဲ့ ၀င်ကြည့်ကြတယ်၊ ကျွန်မကော်ဖီသောက်ချင်တာနဲ့ပူဆာတယ်၊ ရေကူးကန်စားသောက်ဆိုင်ကိုမေးတော့၊ ကော်ဖီဝယ်ပြီး အတွင်းကို ယူသွားလို့ရတယ်တဲ့၊ သူက အစေ့အဆံ snack တွေ ၂ခွက်ကိုင်၊ ကျွန်မက ကော်ဖီခွက်ကိုကိုင်ရင်း ရေကူးကန်ထဲဘေးက ခုံတန်းတွေဆီပြန်လာ၊ လူတွေကလဲ အာရှသားမြင်တာနဲ့ ပြူးကြည့်၊ ကျွန်မက လဲ ခြေလှမ်းတွေမှား ခလုတ်တိုက်တော့ ကော်ဖီတွေမှောက်ကုန်ရော၊ ခုံတန်းမှာ ကော်ဖီတွေဖွားကနဲ၊ ဘေးနားကလူတစ်ယေက် ချထားတဲ့ အကျီတောင် စင်သွားမယ်ထင်တယ်၊ သူ က ချက်ချင်း ကျွန်မကို နေရာမှာ ပေးထိုင်ပြီး၊ ဘေးနားက ပေသွားတဲ့အင်္ကျီပိုင်ရှင်ကို တောင်းပန်တယ်၊ အေးအေးဆေးဆေးပဲ သန့်ရှင်းစရာ တစ်သျှုးစက္ကူသွားယူပါတယ်၊ ခုံတန်းအောက်နားထိုင်ပြီး သေချာသုတ်တယ်၊ ပြီးတော့ ပခုံးတွန့်ပြပြီး သူ့ထုံးစံအတိုင်း "ဒီကိစ္စလေးက ဘာမှမဟုတ်ပါဘူး" တဲ့၊ ခုနက စိတ်အိုက်ပြီး နေရထိုင်ရခက်သွားတဲ့ ကျွန်မလဲ အဲဒီတော့မှ စိတ်ပေါ့သွားတော့တယ်၊
ကျွန်မတို့ကြုံရတဲ့ အခက်အခဲတွေလဲ အများကြီးပဲ၊ ရန်ကုန်ကနေထွက်ခဲ့ကြကတည်းက၊ ရန်ကုန်မှာ သူ့ပြပွဲကိစ္စ၊ လက်ထပ်ဖို့ကိစ္စတွေ၊ ၊ လမ်းခရီးမှာ ဘန်ကောက်ကနေလေယာဉ်တစ်စီးစီ ပြောင်းစီးခဲ့ရတာတွေ၊ ဒီမှာတစ်ခါပြန်လက်ထပ်ဖို့ကိစ္စတွေ အခက်အခဲတွေ တစ်ဆင့်စီကျော်ဖြတ်ပြီးကြတိုင်း Today mission accomplished လို့ ကျွန်မရော နဲရှောပါ ပြောဖြစ်ကြတယ်၊
အခက်အခဲတွေ့တိုင်း ဒါလဲပြီးသွားမှာပါ ဆိုတဲ့ စိတ်မျိုး ၂ ယောက်လုံးမှာရှိကြတယ်၊
ကျွန်မ က အငယ်ပေမဲ့ အနိုင်ယူတာမျိုး သိပ်မလုပ်မိဘူး၊ နဲရှောကလဲ ညှာတတ်တယ်၊
ကျွန်မ တစ်ခုခု မေးရင် စိတ်ရှည်လက်ရှည်ရှင်းပြတတ်တယ်၊ ဘာသာပြန်ရင်း နိုင်ငံရေးအကြောင်းနားမလည်လို့ ကျွန်မက မေးတိုင်း နဲရှောအလုပ်ရှုပ်လဲ ချက်ချင်းရှင်းပြပေးတယ်၊
ကျွန်မ photoshop မှာ tool တစ်ခု မသိလို့ မေးရင် နားလည်အောင်ရှင်းပြပေးတယ်၊ သူမသိရင်လဲ ကျွန်မပြောပြတာ သေချာနားထောင်တယ်၊
အိမ်ထောင်ဖက်အဖြစ်ရွေးတော့မယ်ဆိုကတည်းက field တူတာမျိုးကိုရွေးကြတယ်နဲ့တူတယ်၊ မဟုတ်ရင် သူသိတာ ကိုယ်က လုံးဝမသိ၊ ကိုယ်သိတာကို သူက နားမလည်တတ်၊ အထင်မကြီးတတ် ဖြစ်ကုန်မှာပဲ၊
ဟိုနေ့ကဆို ကျွန်မကခြောက်ပြီးသား ပန်းကန်တွေစီပြီးသိမ်းနေတယ်၊ သူက ကျွန်မကို ဖရဲသီးစိတ် ခွံကျွေးတယ်၊ စိတ်မရှည်လို့လဲ ဖြစ်ချင်ဖြစ်မယ်၊ အစိတ်ကြီးက နဲနဲကြီးနေတော့၊ ကျွန်မက စိတ်ထဲကနေ ဖရဲသီးစိတ်ကလဲ ကြီးလိုက်တာ ၀ါးရတာညောင်းလိုက်တာလို့ တွေးနေတုန်းပဲ ရှိသေးတယ်၊ သူက ကျွန်မကို လှမ်းမေးတယ်၊ "ဖရဲသီးစိတ်က ကြီးနေလား" တဲ့၊
အဲဒီလိုပဲပေါ့
အသွင်တူလို့ အိမ်သူဖြစ်လာကြပြီးတဲ့နောက် အတွေးအမြင်၊ စိတ် တွေပါ တူလာကြဦးမလားပဲ၊
မသီတာရေ စာရေးတာ ခေါင်းစဉ်တစ်ခုအောက်မှာရေးရတာ တကယ်ရေးတော့ ခက်သား၊
ဖတ်တဲ့သူဖတ်ကနေလဲ ကြည့်ရေးရသေးတယ်၊ လေပေါတယ်ထင်မှာစိုးတော့ များများလဲ မရေးရဲ၊
ရေးခိုင်းတာကတခြား ရေးရင်း ဟိုရောက်ဒီရောက်ဖြစ်ကုန်လို့ ပြန်လှည့်၊ ဒါတောင် ဘာတွေရေးမိမှန်းမသိ
မသီတာနဲ့ ကိုဧရာ၊ ရေချမ်း ရေစင် သားလေး နှစ်ယောက်နဲ့ နှစ်၁၀၀တိုင် ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ဆုတောင်းရင်း ဟိုရောက်ဒီရောက် တက်ဂ်ပိုစ့်ကို ဒီမှာပဲ ရပ်ပါပြီ၊