Friday, July 9, 2010

အသွင်မတူ အိမ်သူမဖြစ်

ဒီပိုစ့်က မသီတာရေးခိုင်းတဲ့ အသွင်မတူ အိမ်သူမဖြစ် တက်ဂ်ပိုစ့်လေးပါ၊ မသက်ဝေ ပိုစ့်လေးမှာ တစ်ယောက်ချင်းစီ တက်ဂ်ထားတာတွေ့ရတော့ အော် ကိုယ့်ကျတော့ တက်ဂ်မဲ့သူလဲ မရှိ လို့ စိတ်မကောင်းတောင်ဖြစ်သွားတယ်၊ (တကယ်) ဘလောဂ့်တွေဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်၊ တက်ဂ်ပိုစ့်တွေ မရေးတော့ဘူးလို့ ပြောကြတာတွေလဲ တချို့ဘလော့ဂ်တွေမှာဖတ်လိုက်ရတယ်၊ တစ်ခါတစ်ခါ ကိုယ်က အချိန်မရတော့ မြန်မြန်ဖတ်၊ တခြားအိမ် ဆက်လည်နဲ့၊ ကွန်မန့်လဲ ထားတဲ့အခါထား၊ မထားတဲ့အခါ မထားနဲ့၊ ပေါက် ရေးတဲ့ ကိုယ့်အကြိုက်မှာ တက်ဂ်ထားတာကို ရေးကြတာ မြန်မာထဘီလေးတွေအကြောင်း၊ အဲဒါတစ်ယောက်ချင်းစီ လိုက်ဖတ်ပြီး သဘောတွေကျလို့၊ အဲဒီတော့မှ တက်ဂ်ပိုစ့်ဆိုတာကို ဖတ်ဖူးတာပါ၊

ပထမဆုံး တက်ဂ်ပိုစ့်လေး
မြန်မြန်ရေးလိုက်ပါတယ် မသီတာရေ၊ ဒါ ပထမဆုံး၊ ချစ်လို့တက်ဂ်တယ် မှတ်ပါတယ်၊ ဟုတ်ပါတယ်နော်
အသွင်မတူ အိမ်သူမဖြစ်ဆိုတော့ မှန်လဲမှန်တယ်၊ မှန်လဲမမှန်ဘူး
ကျွန်မနဲ့ နဲရှော (နဲရှောလို့ပဲ ရေးလိုက်တော့မယ်နော်၊ မရွှေစင်ဦးလို ချစ်ချစ်ကြီးလို့တော့ ခေါ်ချင်သား၊ copyright ငြိမှာစိုးတော့ မဖြစ်ချေဘူး)

အပြင်ပမ်း အသွင်အပြင်
ကျွန်မ က အရပ် ပုပါတယ်၊ လမ်းမှာတွဲသွားရင် ခေါင်းတစ်လုံးကျော်နိမ့်တယ်၊ ဖိနပ်အမြင့်စီးရင်လဲ နဲရှောက မကြိုက်ဘူး၊ လှတာမလှတာထက်၊ ခြေထောက်နာတာ မနာတာ ပိုအရေးကြီးတယ်ဆိုပဲ၊

ရုပ်၊ မျက်နှာကျ
ကျွန်မနဲ့ နဲရှော ဘယ်လိုမှ မတူဘူးထင်တယ်၊ အာရှရုပ်နဲ့ သူ့ရုပ်နဲ့

အကြိုက်တွေ
ကျွန်မ ကော်ဖီ အရမ်းကြိုက်တယ်၊ နဲရှောက ကော်ဖီ မကြိုက်ဘူး၊

ကျွန်မက သီချင်း ကျယ်ကျယ်အမြဲ ဖွင့်ထားချင်တယ်၊ သူက အဲဒီလို အမြဲ နားမထောင်တတ်၊

အသားကြီးငါးကြီးတွေ နဲရှောလဲ မစား၊ ကျွန်မလဲ မစား၊ (သေးသေးလေးတွေ တုံးပြီးစားပါတယ်၊ ဟီး)
အမဲသား၊ ၀က်သား တို့ ကို ပြောတာပါ၊

ကျွန်မက အစပ်၊ ငရုတ်သီး ကြိုက်တယ်၊ နဲရှောက လုံးဝမစားနိုင်၊

နဲရှောက မြေကြီးကြိုက်တယ်( အပင်စိုက်ရတာကိုပြောတာပါ) အပင်စိုက်ရင် မြေကြီးကိုင်ရတယ်လေ၊ ကျွန်မက မြေကြီးကိုင်ရမှာမကြိုက်ဘူး၊ မြေကြီးထဲက တီကောင်တို့ ခရု တို့ သိပ်ကြောက်တယ်၊ သူက အဲဒီအကောင်တွေ သဘောကျတယ်၊

ကျွန်မက ရီစရာ ခဏခဏပြောတတ်တယ်၊ နဲရှောက မပြောတတ်၊ နောက်ပိုင်းတော့ လိုက်နောက်တတ်လာပါပြီ၊

ကျွန်မက ဘောလုံးပွဲကြိုက်၊ သူက မကြိုက်၊
(ဒါလဲ လိုက်ကြည့်ပေးတတ်လာပြီ)

ဒါတွေက အပေါ်ယံအသွင်အပြင်၊ ကြိုက်တာ မကြိုက်တာတွေပါ၊

အိမ်ထောင်ပြုတယ်ဆိုတာ သူ့ရဲ့ အကောင်းအဆိုး ၊ ကိုယ့်ရဲ့အကောင်းအဆိုးတွေ ဝေမျှကြတာပါပဲ၊ တူတာတွေရော မတူတာတွေရော၊ အကောင်းတွေ အဆိုးတွေ အကုန်လဲလှယ်ယူရတာ၊
နဲရှောနဲ့ ကျွန်မဆိုရင် သည်းခံနိုင်တယ်၊ ဒေါသမကြီးကြဘူး၊ မကြိုက်တာ တစ်ခုခု တွေ့ရင် မင်းကြောင့်ဆိုတဲ့ အပြစ်တင်တာမျိုးမလုပ်တတ်ကြဘူး၊ အဲဒါက တော်တော်ရန်ငြိမ်းပါတယ်၊
အိမ်ထောင်တစ်ခုမှာ အပြစ်တင်တတ်သူ မပါရင် အဲဒီအိမ်ထောင် နားတော်တော်အေးမယ်ထင်ပါတယ်၊
တစ်ခါတစ်လေ ကျွန်မစိတ်ဆိုးရင် "ဘာစိတ်ဆိုးတာလဲ၊ သူ ဘာမှားနေလဲ၊ သူ့ကို သင်ပေးပါ၊ သူ ကြိုးစားပြင်ပါ့မယ်" လို့ အမြဲ စပြောတတ်တယ်၊
တစ်ခါတစ်လေ ကျွန်မ အလွဲအချော်ဖြစ်ခဲ့ရင် ''ဒီကိစ္စလေးက ဘာမှမဟုတ်ပါဘူး" လို့ စပြောတတ်တယ်၊ တစ်ခါ ရေကူးကန်တခုကို ရောက်သွားရင်း အဲဒီမှာ ၀ါတာပိုလို တိုင်းအဆင့်ပြိုင်ပွဲတစ်ခုလုပ်နေတာနဲ့ ၀င်ကြည့်ကြတယ်၊ ကျွန်မကော်ဖီသောက်ချင်တာနဲ့ပူဆာတယ်၊ ရေကူးကန်စားသောက်ဆိုင်ကိုမေးတော့၊ ကော်ဖီဝယ်ပြီး အတွင်းကို ယူသွားလို့ရတယ်တဲ့၊ သူက အစေ့အဆံ snack တွေ ၂ခွက်ကိုင်၊ ကျွန်မက ကော်ဖီခွက်ကိုကိုင်ရင်း ရေကူးကန်ထဲဘေးက ခုံတန်းတွေဆီပြန်လာ၊ လူတွေကလဲ အာရှသားမြင်တာနဲ့ ပြူးကြည့်၊ ကျွန်မက လဲ ခြေလှမ်းတွေမှား ခလုတ်တိုက်တော့ ကော်ဖီတွေမှောက်ကုန်ရော၊ ခုံတန်းမှာ ကော်ဖီတွေဖွားကနဲ၊ ဘေးနားကလူတစ်ယေက် ချထားတဲ့ အကျီတောင် စင်သွားမယ်ထင်တယ်၊ သူ က ချက်ချင်း ကျွန်မကို နေရာမှာ ပေးထိုင်ပြီး၊ ဘေးနားက ပေသွားတဲ့အင်္ကျီပိုင်ရှင်ကို တောင်းပန်တယ်၊ အေးအေးဆေးဆေးပဲ သန့်ရှင်းစရာ တစ်သျှုးစက္ကူသွားယူပါတယ်၊ ခုံတန်းအောက်နားထိုင်ပြီး သေချာသုတ်တယ်၊ ပြီးတော့ ပခုံးတွန့်ပြပြီး သူ့ထုံးစံအတိုင်း "ဒီကိစ္စလေးက ဘာမှမဟုတ်ပါဘူး" တဲ့၊ ခုနက စိတ်အိုက်ပြီး နေရထိုင်ရခက်သွားတဲ့ ကျွန်မလဲ အဲဒီတော့မှ စိတ်ပေါ့သွားတော့တယ်၊
ကျွန်မတို့ကြုံရတဲ့ အခက်အခဲတွေလဲ အများကြီးပဲ၊ ရန်ကုန်ကနေထွက်ခဲ့ကြကတည်းက၊ ရန်ကုန်မှာ သူ့ပြပွဲကိစ္စ၊ လက်ထပ်ဖို့ကိစ္စတွေ၊ ၊ လမ်းခရီးမှာ ဘန်ကောက်ကနေလေယာဉ်တစ်စီးစီ ပြောင်းစီးခဲ့ရတာတွေ၊ ဒီမှာတစ်ခါပြန်လက်ထပ်ဖို့ကိစ္စတွေ အခက်အခဲတွေ တစ်ဆင့်စီကျော်ဖြတ်ပြီးကြတိုင်း Today mission accomplished လို့ ကျွန်မရော နဲရှောပါ ပြောဖြစ်ကြတယ်၊
အခက်အခဲတွေ့တိုင်း ဒါလဲပြီးသွားမှာပါ ဆိုတဲ့ စိတ်မျိုး ၂ ယောက်လုံးမှာရှိကြတယ်၊
ကျွန်မ က အငယ်ပေမဲ့ အနိုင်ယူတာမျိုး သိပ်မလုပ်မိဘူး၊ နဲရှောကလဲ ညှာတတ်တယ်၊
ကျွန်မ တစ်ခုခု မေးရင် စိတ်ရှည်လက်ရှည်ရှင်းပြတတ်တယ်၊ ဘာသာပြန်ရင်း နိုင်ငံရေးအကြောင်းနားမလည်လို့ ကျွန်မက မေးတိုင်း နဲရှောအလုပ်ရှုပ်လဲ ချက်ချင်းရှင်းပြပေးတယ်၊
ကျွန်မ photoshop မှာ tool တစ်ခု မသိလို့ မေးရင် နားလည်အောင်ရှင်းပြပေးတယ်၊ သူမသိရင်လဲ ကျွန်မပြောပြတာ သေချာနားထောင်တယ်၊
အိမ်ထောင်ဖက်အဖြစ်ရွေးတော့မယ်ဆိုကတည်းက field တူတာမျိုးကိုရွေးကြတယ်နဲ့တူတယ်၊ မဟုတ်ရင် သူသိတာ ကိုယ်က လုံးဝမသိ၊ ကိုယ်သိတာကို သူက နားမလည်တတ်၊ အထင်မကြီးတတ် ဖြစ်ကုန်မှာပဲ၊

ဟိုနေ့ကဆို ကျွန်မကခြောက်ပြီးသား ပန်းကန်တွေစီပြီးသိမ်းနေတယ်၊ သူက ကျွန်မကို ဖရဲသီးစိတ် ခွံကျွေးတယ်၊ စိတ်မရှည်လို့လဲ ဖြစ်ချင်ဖြစ်မယ်၊ အစိတ်ကြီးက နဲနဲကြီးနေတော့၊ ကျွန်မက စိတ်ထဲကနေ ဖရဲသီးစိတ်ကလဲ ကြီးလိုက်တာ ၀ါးရတာညောင်းလိုက်တာလို့ တွေးနေတုန်းပဲ ရှိသေးတယ်၊ သူက ကျွန်မကို လှမ်းမေးတယ်၊ "ဖရဲသီးစိတ်က ကြီးနေလား" တဲ့၊

အဲဒီလိုပဲပေါ့
အသွင်တူလို့ အိမ်သူဖြစ်လာကြပြီးတဲ့နောက် အတွေးအမြင်၊ စိတ် တွေပါ တူလာကြဦးမလားပဲ၊
မသီတာရေ စာရေးတာ ခေါင်းစဉ်တစ်ခုအောက်မှာရေးရတာ တကယ်ရေးတော့ ခက်သား၊
ဖတ်တဲ့သူဖတ်ကနေလဲ ကြည့်ရေးရသေးတယ်၊ လေပေါတယ်ထင်မှာစိုးတော့ များများလဲ မရေးရဲ၊
ရေးခိုင်းတာကတခြား ရေးရင်း ဟိုရောက်ဒီရောက်ဖြစ်ကုန်လို့ ပြန်လှည့်၊ ဒါတောင် ဘာတွေရေးမိမှန်းမသိ

မသီတာနဲ့ ကိုဧရာ၊ ရေချမ်း ရေစင် သားလေး နှစ်ယောက်နဲ့ နှစ်၁၀၀တိုင် ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ဆုတောင်းရင်း ဟိုရောက်ဒီရောက် တက်ဂ်ပိုစ့်ကို ဒီမှာပဲ ရပ်ပါပြီ၊

9 comments:

  1. ဖြိုးဖြိုးရေးပေးတဲ့ အချက်လေးတွေက
    မသီတာတို့ တန်ဖိုးထားတဲ့ အချက်တွေ...ကွက်တိပဲ
    ကျေးဇူးနော်

    ဖြိုးဖြိုးနဲ့ ချစ်ချစ်ကြီး နဲရှော... ပျော်ရွှင်ချမ်းမြေ့ကြပါစေ

    ReplyDelete
  2. ဖြိုးဖြိုး ရေးတဲ့ အသွင်တူတာလေး တွေကလည်း ချစ်စရာလေးပါ ဒီလိုဘဲပေါ့ တယောက်နဲ့ တယောက် အချစ်တွေတူကြတော့ အားလုံး အဆင်ပြေသွားတာပေါ့နော်

    နှစ်ပေါင်း များစွာချစ်နိုင်ကြပ့ါစေ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  3. သြ မေ့တော့ မလို့ ကိုယ့် ချစ်ချစ်ကြီး ကို ကိုယ် ခေါ်တာဘဲဗျာ ခေါ်လို့ ရပါတယ် ချစ်ချစ်ကြီး နံမည် က ရွှေစင်ဦး မပိုင်ပါဘူး တရားမစွဲပါဘူး အားရပါးရ ကိုယ့်ချစ်ချစ်ကြီး ကို ချစ်ချစ်ကြီး ခေါ်စမ်းပါဟားးးးးးးးးးးးးးးး

    ReplyDelete
  4. ဖြိုးဖြိုးတို့က အေးအေးချမ်းချမ်း အတွဲပဲ။ စိတ်ချမ်းသာ စရာ ကောင်းတယ်။

    နဲရှောဆိုလို့ မစ္စတာ အန်းရှောကို သတိရသွားတယ်။

    မအယ်

    ReplyDelete
  5. ဒီအိမ်က အသွင်တူ အိမ်သူ ပိုစ်လေးကလည်း တကယ် ကြည်နှုးစရာနော်.. ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ အပြန်အလှန်ထားတတ်တာလည်း အတုယူစရာပါ။ မမရွှေစင်လို ချစ်ချစ်ကြီးလို့ မခေါ်ချင်ရင် ချစ်ချစ်လေးလို့ပဲ ခေါ်ပစ်လိုက်..နော်း)))

    ReplyDelete
  6. @မသီတာ - တကယ်ရေးတော့ ဘာရေးရမယ် မသိဘူး တက်ဂ် တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အိမ်ထောင်သက်ကနည်းနည်းလေးပဲ ရှိသေးတော့ နောက် ၁၀ နှစ်လောက်နေမှ ဘယ်လိုနေမလဲပဲ၊ ရန်တွေဖြစ် ရန်တွေဖြစ်ပိုစ့် ရေးနေရဦးမယ် :D
    @မရွှေစင် - မရွှေစင်ဦးခေါ်တာ ပို နားထောင်ကောင်း(ဖတ်လို့ကောင်း)တယ်၊ ကျေးဇူးအများကြီး၊
    @ဂျူနို wuthering heights က မစ္စတာအန်းရှောကြီးလား၊ ဟိကလစ်ဖ်ရောပဲ သတိမရဘူးလား :D ကျေးဇူး မအယ်၊
    @လသာည ကျေးဇူးတင်ပါတယ်၊ ရေးသေးဘူးလား ဖတ်ချင်လို့ :)

    ReplyDelete
  7. ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်ရေးလေးတစ်ခုပါဘဲ..
    ရေရှည်နားလည်မှုလေးများနဲ့ ရာစက်ပန်ခိုင်မြဲသော ချစ်ခြင်းတစ်စုံဖြစ်နိုင်ပါစေရှင်...


    ဆုတောင်းများစွာဖြင့်

    မချော

    ReplyDelete
  8. ဖြိုးနဲ့ နဲရှောကြီး...
    အရာရာ အဆင်ပြေပါစေ..။
    အမှန်တော့..အရှေ့ကလူတွေပြောသလို..ဖြိုးတို့က
    အေးဆေးတဲ့ အိမ်ထောင်ရေးပဲနော်ဲ..။
    ကောင်းထှာ..။

    ReplyDelete
  9. ဟုတ်တယ်လေ ကိုယ်တွေသိတာ ဒီအန်းရှောပဲ ရှိသလားလို့ ဟားဟားဟား။
    နာမည်က နဲရှောမို့ပါ ဖြိုးဖြိုးရေ။
    နဲကလစ်ဖ်မှ မဟုတ်တာကိုး။:))

    မအယ်

    ReplyDelete