Showing posts with label ဆီးရီးယား. Show all posts
Showing posts with label ဆီးရီးယား. Show all posts

Monday, September 3, 2012

ဆီးရီးယားစစ်မြေပြင်မှာ ကြွေလွင့်ခဲ့ရတဲ့ ဂျပန်သတင်းထောက်မလေး

အမည် မီကာ ယာမာမိုတို  ( အသက် ၄၅နှစ်)
မွေးနေ့ = ၂၆ မေ   ၁၉၆၇
ကိုချီ ယာမာမိုတို မိသားစုမှ ပေါက်ဖွားသည်။
ဇာတိ
= ဂျပန်နိုင်ငံ ယာမာနာရှီစီရင်စုနယ် ဆူရူကျေးရွာ
သေဆုံးသည့်နေ့ 
= ၂၀ သြ၈တ်စ် ၂၀၁၂
သေဆုံးသည့်နေရာ
= ဆီးရီးယားစစ်မြေပြင် အလက်ပို မြို့ ၊ ဆီးရီးယားနိုင်ငံ
သေဆုံးရသည့် အကြောင်းရင်း
= ဆီးရီးယား ပြည်တွင်းစစ်တွင်  ဆီးရီးယား အစိုးရ တပ်မှ ပစ်ခတ်သော သေနတ်ဒါဏ်ရာဖြင့် ကွယ်လွန်ခဲ့ရသည်။
ဆူရူုတက္ကသိုလ်မှ ဘွဲ့ ရရှိသည်။
အလုပ်အကိုင်
= သတင်းစာဆရာ နှင့် စစ်မြေပြင်သတင်းထောက်
၁၉၉၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ  တာဝန်ထမ်းဆောင်ခဲ့သည်။


သူမတွင် ညီမနှစ်ယောက်ရှိပြီး ဘခင်”ကိုချီ ယာမာမိုတို “မှာ ယခင်က အဆာဟိရှင်ဘွန်းသတင်းစာ၏ သတင်းထောက်တဦးလည်းဖြစ်သည်။ သူမနေခဲ့သော မိခင်တက္ကသိုလ်တွင် သတင်းစာ ပညာကို ဟောပြော ပို့ချသူလည်းဖြစ်သည်။ ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားသော ပြည်တွင်းစစ်တွင် ဂျပန်ပရက်စ်သတင်းဌာနအတွက် ဆီးရီးယားသူပုန်တို့ ဖွဲ့စည်းထားသော “ဖရီးဆီးရီးယားအာမီ”ခေါ် လွတ်လပ်သော ဆီးရီးယားတပ်မတော်စစ်ကြောင်းနှင့်အတူ လိုက်ပါ သတင်းရယူရင်း အစိုးရ တပ်ဖွဲ့မှ ပစ်ခတ်သည့် သေနတ်ဒါဏ်ရာဖြင့် ၂၀ရက် ၈လ ၂၀၁၂ခုနှစ်တွင် သေဆုံးခဲ့သည်။
သူမသည်၂၀၁၁ခုနှစ် မတ်လတွင် စတင်ခဲ့သော စစ်ပွဲ မှသည် ယခုအချိန်ထိ ဆီးရီးယားပြည်တွင်းစစ်တွင် ကျဆုံးခဲ့ရသော သတင်းထောက် များအနက် စတုတ္ထမြောက်နိုင်ငံခြားသားသတင်းထောက်ဖြစ်ပြီး ပထမဦးဆုံး ဂျပန်လူမျိုးအမျိုးသမီး သတင်းထောက်ဖြစ်သည်။ ဆီးရီးယား စစ်ပွဲ တွင် သတင်းထောက်များအသက်စွန့်  သတင်းယူကြရာသူမသည် ၁၅ယောက်မြောက်လည်းဖြစ်သည်။


 ဂျပန်သတင်းစာထုတ်ဝေသူ တည်းဖြတ်သူများအသင်းမှ ချီးမြှင့်သော Vaughn-Uyeda Memorial Prize ဆုကို ၂၀၀၄ခုနှစ်က ရရှိခဲ့သည်။ နိုင်ငံတကာ သတင်းတင်ဆက်မှု အကောင်းဆုံးလို့ ဆိုရမည်ဖြစ်ပါသည်။ အီရတ်တွင် အသက်စွန့် တာဝန်ထမ်းဆောင်ခဲ့မှု အပေါ် အသိအမှတ်ပြု ချီးကျူးခဲ့ခြင်းဖြစ်သည်။
သူမသည် ၁၉၉၀ ခုနှစ်တွင် “အဆာဟိ နယူးစတား” တယ်လီ ဗွီးရှင်း တခုတွင် သတင်းထောက်အလုပ် ကို စတင် ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး ဗွီဒီယို သတင်းထောက် ၊ဒိုကူမင်ထရီ သတင်းမှတ်တမ်းတင် အဖြစ် လှုပ်ရှားခဲ့သည်။ ထိုမှ ဂျပန်ပရက်စ် ( Japan press) နှင့်ဆက်သွယ်ကာ လွတ်လပ်သော သတင်းမီဒီယာအဖွဲ့ကို ထူထောင်၍၂၀၀၁ခုတွင်  အရှေ့အလယ်ပိုင်း နိုင်ငံများ “ကိုဆိုဗို၊ ဘောစနီးယား၊ ချေချင်းညာ၊အင်ဒိုနီးရှား ၊ အာဖဂန်နစ္စတန်၊သို့၎င်း။ အီရတ်နှင့် ယူဂန်ဒါ သို့ ၂၀၀၃တွင်၎င်း မှတ်တမ်းတင် စစ်ပွဲ သတင်းများရိုက်ကူးပေးပို့ခဲ့သည်။ အာဖဂန်အမျိုးသမီးများဘ၀ ပုံရိပ်ကို ထင်ဟပ်ပေါ်လွင်စေသော မှတ်တမ်းတင် ဇတ်လမ်းများ တာလီဘန်တို့၏ အကြောင်း စသည်“ကဘူး”တွင်ရှိအမျိုးသမီးများနှင့် အမေးအဖြေ ပြုလုပ်ခဲ့သည်။ အီရတ်ရှိ နိပွန် သတင်းဌာန တွင် အထူးဓါတ်ပုံသတင်းထောက် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သေးသည်။ ၂၀၀၃ခု အေပြီ ၃ရက်နေ့က ဘက္ကဒက်ရှိ ပါလက်စတိုင်းဟိုတယ်လေကြောင်းတိုက်ခိုက်ခံရစဉ် သူမ သီသီကလေး လွတ်ကင်းခဲ့သည်။ ထိုစဉ်က  စပိန်သတင်းထောက်တဦးနှငိ့ ရိုက်တာ သတင်းဌာနမှ သတင်းထောက် နှစ်ဦးသေဆုံးခဲ့သည်။ သူမသည် လုပ်ဖေါ်ကိုင်ဖက်လည်းဖြစ်သူ ခင်ပွန်းသည် “ကာဇူတာကာ ဆာတို” နှင့်အတူ အန္တရယ်စက်ကွင်းများကို သီကာရီကာ ရှောင်တိမ်းရင်း အလက်ပို မြို့တွင် စစ်မြေပြင် တိုက်ပွဲအကြား အရဲစွန့် ၍ လျှပ်တပြက် သတင်းများပေးပို့ နေခိုက်  သေနတ်ထိမှန်ခဲ့ခြင်းဖြစ်သည်။
ထိုသတင်းကို “ကာဇူတာကာဆာတို” က ထုတ်ဖေါ်ပြောဆိုရာတွင် “ကျည်ဆံ တွေက ဒလစပ် စည်းမဲ့ ကမ်းမဲ့ ပရမ်းပတာ ကျနေတာပါ စစ်အာဏာရှင်ကို လိုလားတဲ့ စစ်တပ်က ပစ်ခတ်လိုက်တဲ့ ကျည်တွေဟာ  သူမရဲ့လည်တိုင်လေးကို ထိမှန်ကြတယ်။ ကြေကွဲဖို့ အရမ်းကောင်းပါတယ်။ ဆေးရုံ ကိုခေါ်သွားပေမယ့် ဆေးရုံအနီးအနားမှာဘဲ  သေဆုံးသွားခဲ့တယ်။ သံချပ်ကိုယ်ထည်အကျီဝတ်ဆင်ထားသော်လဲ  သေနတ်ဒါဏ်ရာတွေက လည်တိုင်မှာပါ။ ကိုယ်တွင်းက သွေးတွေ ဒလဟော ထွက်ပြီး ချက်ခြင်းဆိုသလို ကိုယ်မှာ သွေးမရှိတော့ပါဘူး။ မြန်မြန်ဆန်ဆန်ဘဲ အသက်ရှုရပ်သွားခဲ့ပါတယ်" တဲ့။
တိုကျိုရှိနိုင်ငံခြားရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ “မာဆာရူ”  က ပြောဆိုရာမှာ “ကျွန်တော် တို့ အလောင်းကို ခွဲစိတ်ခန်းပို့စစ်ဆေးပါတယ်။ ဒါဏ်ရာကြောင့် သွေးထွက်လွန်ပြီးသေတာ ဟုတ်မှန်ပါတယ် တဲ့။ ကြွင်းကျန်သော ရုပ်ကလပ်ကို၂၀၁၂ခု သြဂုတ်လ ၂၁ရက် နေ့ ညနေ၁နာရီတွင် FSA (ဖရီးဆီးရီးယဲန်အာမီ)မှ တူရကီလေကြောင်းလိုင်းလေယာဉ်ဖြင့် အစ္စတန်ဘူမြို့ တော်သို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် ၂၃ရက်နေ့တွင် ၄င်း ရုပ်ကလပ်ကို တိုကျို နာရီတာလေဆိပ်သို့ အရောက် FSA မှ စီစဉ်ညွှန်ကြားပေးပို့ခဲ့သည်။ ၂၅ရက်နေ့တွင် တိုကျို လေဆိပ်သို့ ရောက်ရှိလာရာ အလောင်းသည်ချလာစဉ်တွင်  လေယာဉ်မှူးနှင့် တကွ ၀န်ထမ်းအားလုံး ငြိမ်သက်စွာ အလေးပြု နှုတ်ဆက် ဂါဝရ ပြုခဲ့ကြသည်။
ထိုလေယာဉ်တွင်  “ကာဇူတာကာဆာတို” နှင့် အတူ တူရကီနိုင်ငံ  အစ္စတန်ဘူလ်မြို့တော်အထိ လာရောက်ကြိုဆိုကြသော  ညီမနှစ်ယောက်နှင့် တူတော်စပ်သူတို့လည်း လိုက်ပါလာကြသည်။ လေဆိပ်တွင် အသင့်စောင့်ဆိုင်းနေကြသော  သတင်းစာသမားများအား ညီမဖြစ်သူနှစ်ဦးစလုံးက တစုံတရာ တုံ့ပြန်ပြောဆိုခြင်းမပြုခဲ့ကြချေ။ သူမဆွေမျိုးများနေထိုင်ရာ ဆူရူကျေးရွာတွင် သူမ၏ ဇျာပနအခန်းအနားကို ကျင်းပခဲ့ရာ လူပေါင်းရှစ်ထောင်ကျော် တက်ရောက် ဂါရ၀ပြုကြသည်။ သတင်းမီဒီယာလောကတခုလုံး ၀မ်းနည်းစကား များ သ၀ဏ်လွှာများ နက်ရှိုင်း လှိုက်လှဲ စွာ ပေးပို့ ပြောဆိုခဲ့ကြသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မိသားစုအတွက် အလွန်စာနာဝမ်းနည်းပါကြောင်း အလွန်ကြေကွဲ ထိခိုက်ရပါကြောင်း တန်ဘိုးထားလေးစားရပါကြောင်း အစားထိုးမရသော ဆုံးရှုံးမှုအဖြစ်မှတ်တမ်းပြုပါကြောင်းပြောဆိုသည်။
   
အမေရိကန်ပြည်ထောင်စု မှ ပြောရေးဆိုခွင့်ရှိသူ “ဗစ်တိုးရီးယား နျူလင်း” က “မီကာ ယာမာမိုတို” ကို သတ်တာ ဆီးရီးယားအစိုးရပါ သူတို့ မှာ တာဝန်အပြည့်အ၀ရှိပါတယ်။ ဒီပုံမျိုးနဲ့ သတ်ခဲ့တာ မနည်းတော့ပါဘူး” လို့ ပြင်းပြင်းထန်ထန် သတိပေး စွပ်စွဲ လိုက်ပါတယ်။ စစ်မြေပြင်ကို တာဝန်အရ အနီးကပ် စစ်သတင်းရယူနေကြရတဲ့ စစ်မြေပြင်က စစ်သတင်းထောက်တွေကို ဘယ်သူအကာအကွယ်ပေးကြမလဲ။ ဘယ်သူက တာဝန်ယူ စောင့်ရှောက်ပေးနိုင်မလဲ။ မြန်မာနိုင်ငံမှာလဲ ဂျပန်အမျိုးသား သတင်းထောက်တဦး ခက်ခက်ခဲခဲ ကင်မရာမှတ်တမ်းတင်ရိုက်ကူးနေစဉ် အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။

မှန်ပါတယ်။ ဆီးရီးယားသမ္မတဟာ မိုက်မိုက်ကန်းကန်းခေါင်းမာနေတယ်။ သူ့ကြောင့်အပြစ်မဲ့  အ၇ပ်သား ခလေးလူကြီး မိန်းမတွေ ထောင်သောင်းချီ သေနေတာကိုလည်း ဂရုမစိုက်ပါဘူး။ နိုင်ငံတကာက ကန့်ကွက် နေတာကိုလဲ ရပ်ရှားနှင့် အီရန်ကို အားကိုးပြီး မထေမဲ့မြင် လုပ်နေတယ်။ သူ့လို အာဏာမက်မောသူ များကြောင့် စစ်ပွဲတွေ ဖြစ်။ စစ်ပွဲ တွေကြားမှာ အသက်ကို ပဓါန မထားစွန့်စားသတင်းယူနေကြရသူများ အသတ်ခံနေရတာ ဒီလိုဘဲ လစ်လျူရှု နေကြတော့သည်လား စစ်ပွဲတွေကို Florist ကန့်ကွက်ပါတယ်။ ဂျပန်မလေး သေဆုံးရတာကိုလည်း အလွန်ဝမ်းနည်းပါတယ်။ ဒီမျှနုနယ် သိမ်မွေ့တဲ့ မိန်းခလေးတယောက် မကြောက်မရွံ့သတင်းပေးပို့နေရှာတဲ့ ဂျပန်အမျိုးသမီးကလေးရဲ့ ကြေကွဲဖွယ် အဖြစ်သနစ်မြင်ကွင်းဟာ တစ်ကမ္ဘာလုံးကို မီးမောင်းထိုးပြနေပြီဖြစ်တယ် ။
စစ်ပွဲတွေ ရပ်ပြစ် ...
လက်နက်တွေကို စွန့် ပြစ် ... လို့ တပ်လှန့်ချင်ပါတယ်။ ဂျပန်အမျိုးသမီး သတင်းထောက်မကလေး ကြွေလွင့် ခဲ့ရသည်ကို ၀မ်းနည်းကြောင်း Florist  က  မှတ်တမ်းတင်လိုက်ပါတယ်။
Florist
reference:  wikipideia
ဆီးရီးယားသမ္မတကတော် ရဲ့ ကံကြမ္မာ
ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၁)
ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၂)

Monday, April 16, 2012

ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၂)

ဘက်ပေါင်းစုံက ပိတ်ပင်တားဆီးမှုတွေစုပြုံရရှိခဲ့ပြီး အာရပ်လိဂ်အပြင်ဘက်ရောက်ခဲ့ရတဲ့ အာရပ်နိုင်ငံတစ်နိုင်ငံရဲ့ လမ်းကြောင်းပြောင်းလဲလာလေမလား။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ခြေလှမ်းတွေကို စောင့်ကြည့်ရပါဦးမယ်။ သမ္မတအာဆတ်ဒ်ကတော့ နိုင်ငံအတွက် အသေခံဖို့ဆန္ဒရှိတယ်လို့ ပြောနေပါတယ်။ နိုင်ငံအတွက်ထားတဲ့ သမ္မတအာဆတ်ဒ်ရဲ့ဆန္ဒအတိုင်းပဲ ဆီးရီးယားနိုင်ငံရဲ့အနာဂတ်လှပလာလေမလား မျှော်လင့်စောင့်စားကြရမှာပါပဲ။ ပိတ်ပင်တားဆီးမှုတွေကို သမ္မတအာဆတ်က ဂရုပြုခဲ့ဟန်မတူပါဘူး။ အကြမ်းဖက်နှိမ်နင်းတိုက်ခိုက်မှုတွေဟာလည်း တစ်နှစ်ကျော်လာခဲ့ပါပြီ။ ပြင်းထန်နေဆဲအကြမ်းဖက်မှုတွေကို အဟန့်အတားဖြစ်စေဖို့ ယူအန်-အာရပ်လိဂ်သံတမန်အဖွဲ့ကို ဆီးရီးယားနိုင်ငံထဲဝင်ရောက်ခွင့်နဲ့အတူ ကြိုးပမ်းချက်တစ်ရပ်အဖြစ် အချက် ၆ချက်ပါတဲ့ ညွှန်ကြားချက် ကို ကုလသမ္မဂအထွေထွေအတွင်းရေးမှူးဟောင်း ဂါနာလူမျိုး သံတမန် ကိုဖီအာနန်က ၁၉၁၂ ဖေဖေါ်ဝါရီ ၁၂ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချက်တွေမှာ >>

(၁) သံတမန်အဖွဲ့ကို ဆီးရီးယားပြည်သူတွေလိုလားထောက်ခံတဲ့ ဆီရီးယားပြည်သူတွေဦးဆောင်တဲ့နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲရေးမှာ ပါဝင်လက်လုပ်ကိုင်ခွင့်ပြုရမယ်။

(၂) ပြည်သူပြည်သားတွေကိုကာကွယ်ဖို့ နဲ့ နိုင်ငံတည်ငြိမ်စေဖို့၊ လက်နက်ကိုင်တိုက်ခိုက်တဲ့ အဖွဲ့အစည်းမှန်သမျှကို ယူအန်ရဲ့ထိရောက်တဲ့အကူအညီနဲ့ အပစ်အခတ်တွေရပ်တန့်အောင်ကြိုးပမ်းရာမှာခွင့်ပြုရမယ်။ (ဒီလိုအပစ်အခတ်အဆုံးသတ်မှုမှာ ဆီးရီးယားအစိုးရကလည်း ချက်ချင်းဆွေးနွေးညှိနှိုင်းပြီး တပ်သားတွေပြန်ရုတ်သိမ်းရပါမယ်။ လူစည်ကားရာနေရာတွေမှာ လက်နက်ကြီးတွေ အသုံးပြုနေတာတွေရပ်တန့်ရမယ်။ အစိုးရဆန့်ကျင်တဲ့အဖွဲ့အစည်းတွေရဲ့လက်နက်ကိုင်တိုက်ခိုက်မှုတွေကိုရပ်တန့်ရေးမှာ ယူအန်ရဲ့ယန္တရားအကာအကွယ်ယူသင့်တယ်။)

(၃) လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းတွေရဲ့ဆေးဝါး၊ ရိက္ခာအထောက်အပံ့ပေးရေးအတွက် တစ်နေ့မှာ ၂နာရီခန့် အချိန်အတိအကျ အပစ်အခတ်ရပ်စဲဖို့ ကြိုးပမ်းရမယ်။

(၄) ငြိမ်းချမ်းတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေတွေမှာ ပါဝင်ခဲ့တဲ့သူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ ကို ထိမ်းသိမ်းခံရတဲ့သူတွေကို လွှတ်ပေးပြီး နေရာတိုင်းဒေသအသီးသီးက ဖမ်းဆီခံရသူတွေကို နှောင့်နှေးခြင်းမရှိ စာရင်းထုတ်ပြန်ဖို့ ကြိုးစားရမယ်။

(၅) စာနယ်ဇင်းသမားတွေအတွက် လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပြုပြီး သူတို့တွေအတွက် ပြည်ဝင်ခွင့်ဈည်းမျဉ်း ခွဲခြားသတ်မှတ်တာတွေ မရှိရဘူး။

(၆) ငြိမ်းချမ်းစွာဆန္ဒဖော်ဆောင်ကြသူတွေရဲ့အခွင့်အရေးကိုလေးစားရမယ်၊ တရားဥပဒေအရအကာအကွယ်ပေးရပါမယ် ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ သမ္မတအာဆတ်ဦးဆောင်တဲ့ လက်နက်ကိုင်တပ်သားတွေက အပစ်အခတ်ရပ်စဲလိုက်ပြီလို့တော့ ပြောလာပါတယ်။

ကိုဖီအာနန်ရဲ့ အချက်၆ချက်ပါညွှန်ကြားချက်ထဲက တစ်ခုကို လိုက်လျောခဲ့တယ်လို့ဆိုပေမယ့် လူစည်းကားတဲ့နေရာတွေမှာ လက်နက်ကြီးတပ်ဆင်ထားမှုတွေနဲ့ တပ်သားတွေအပြည့်အသိပ် တပ်ဖြန့်ချထားဆဲပါပဲ။ အတိုက်အခံ ဒေသခံညိနှိုင်းရေးကော်မတီ(LCC)ရဲ့ ထုတ်ပြန်ချက်အရ ဧပြီ ၁၃ရက်နေ့မှာပဲ ဟာမာ၊ ဒါရား၊ ဟာစာကာ၊ အိဒ်လိဘ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ၁၃ဦးခန့်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရကတော့ အကြမ်းဖက်အုပ်စုတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလို့ အပြစ်တင်လိုက်တယ်။ အစိုးရသတင်းဌာန ဆီးရီးယားအာရပ်သတင်းဌာန(SANA) က ဟာမာမှာ လက်နက်ကိုင်အကြမ်းဖက်အုပ်စုတစ်ခုဟာ အရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့တယ်။ အစိုးရရုံးစိုက်ရာအကြီးဆုံးမြို့တော် အာလပ်ပိုမြို့တော်မှာ အရာရှိတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အုပ်စုနဲ့အမျိုးအစားအတူတူပဲလို့ ကြေညာခဲ့ပါတယ်။ အဲဒီလိုအုပ်စုတွေနဲ့ သူတို့ကိုထောက်ခံသူတွေဟာ ငြိမ်းချမ်းရေးအစီအစဉ်ကို ဘေးချော်စေဖို့ ရည်ရွယ်နေကြတယ်လို့ SANAက ကြေညာပါတယ်။ ၂၀၁၁ မတ်လကစတင်ခဲ့တဲ့ ဆီးရီးယားရဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ သေဆုံးခဲ့သူပေါင်း အနည်းဆုံး ၉၀၀၀ ခန့်ရှိပြီလို့ ယူအန်က စာရင်းထုတ်ပြန်ခဲ့ပီး LCC က သေဆုံးသူပေါင်း ၁၁၀၀၀ ကျော်တယ်လို့ ဆိုတယ်။

ကမ္ဘာကြီးရဲ့ထောင့်ပေါင်းများစွာမှာ အကြမ်းဖက်မှုတွေရှိနေကြပါတယ်။ ဆီးရီးယားကိစ္စတွေဟာ အထူးသဖြင့် အမေရိကန်တွေအတွက် ဘာကြောင့်များ အရေးကြီးနေရပါသလဲလို့ မေးခွန်းထုတ်နေကြတယ်။ စီအန်အန်သတင်းဌာနက အမေရိကန်တွေဘာကြောင့် ဆီးရီးယားကို ဂရုပြုသင့်သလဲဆိုတဲ့မေးခွန်းကို ဟီလာရီမန်းလဲဗရက်ထ်၊ ဂျိုးဇက်ဟောလီဒေး (ယူအက်စ်စစ်သားဟောင်း နိုင်ငံခြားရေးမူဝါဒလေ့လာသူ)နဲ့ ရောဘတ်ဇာရိတ်ထ် (ဘူမိနိုင်ငံရေးကျွမ်းကျင်) တို့ကို မေးမြန်းခဲ့ပါတယ်။ သူတို့ဖြေခဲ့တာက -----

သဘာဝကုန်းမြေအနေအထား
အရှေ့အလယ်ပိုင်းရဲ့ဗဟိုချက်အဖြစ်ရှိနေတဲ့ ဆီးရီးယားတည်နေရာကို ထည့်ပြီးတွေးကြပါတယ်။ အဲဒီနေရာမှာအားနည်းနေရင်၊ မတည်မငြိမ်ဖြစ်နေမယ်ဆိုရင် ကိုယ်ခန္ဓာမှာပြင်းထန်တဲ့ဒဏ်ရာရဖို့ ပိုပြီးထိရောက်လွယ်ကူပါလိမ့်မယ်။ ဆီးရီးယားက အကြမ်းဖက်မှုဟာ နယ်မြေချင်းထိစပ်နေတဲ့ အီရတ်ထဲကို အလွယ်တကူစိမ့်ဝင်နိုင်တယ်။ အီရတ်မှာက ၂၀၀၃မတ်လကနေ ၂၀၁၁ ဒီဇင်ဘာလအထိ နွှဲခဲ့တဲ့စစ်ပွဲ ပြီးဆုံးကာစ အခြေအနေပဲရှိနေပါသေးတယ်။ အဲဒီမှာ ယူအက်စ်တပ်သားတွေ၊ အမေရိကန်အရပ်သားတွေ အလုပ်လုပ်လက်စရှိနေကြသေးတယ်။ အီရတ်အလွန်မှာ ယူအက်စ်မဟာမိတ် တူရကီနဲ့ ဂျော်ဒန်၊ လက်ဘနွန်တို့မှာလည်းအတူတူပါပဲ။ ဆီးရီးယားရဲ့ဆန့်ကျင်တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ကို ဆိုးဆိုးဝါးဝါးရိုက်ခတ်မယ်ဆိုရင်၊ လက်ဘနွန်မှာ အရင်ဆယ်စုနှစ်တွေတုန်းက ဖြစ်ခဲ့ဖူးသလို ပြည်တွင်းစစ်အတွင်း ရောက်သွားနိုင်ပါတယ် လို့ ဟောလီဒေးက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုမျိုးဟာ နောက်ထပ်နိုင်ငံရေးနဲ့ သံတမန်ဆိုင်ရာပြဿနာ မီးတစ်စ ယူနိုက်တက်စတိတ်ကို လွင့်ကျသလို ရင်ဆိုင်ရနိုင်တယ်။

အယ်လ်ကေးဒါး
ယူနိုက်တက်စတိတ်ရဲ့ နံပါတ်တစ် ရန်သူ အယ်လ်ကေးဒါးတွေက အရှေ့အလယ်ပိုင်းစစ်ဆင်ရေးမှာ အမေရိကန်ရှုံးနိမ့်တဲ့နောက်ထပ်နိုင်ငံပေါ်လာပြီဆိုပြီး လိုလိုလားလား ကြိုဆိုနေပါလိမ့်မယ်။

အီရန်
ဆီးရီးယားက အီရန်ကိုအထောက်အပံ့ပေးပါတယ်။ ဆယ်စုနှစ်တွေမှာ ယူနိုက်တက်စတိတ်နဲ့ အီရန်တို့ရဲ့ ဆက်ဆံရေးက အထိမခံတဲ့အခြေအနေရှိနေခဲ့ကြတယ်။ ဘုရှ်ရဲ့ စကားကို အမှတ်ရနေကြဦးမှာပါ။ အီရန်၊ မြောက်ကိုးရီးယား နဲ့ အီရတ်နိုင်ငံတို့ကို “မိစ္ဆာဝင်ရိုးတန်းနိုင်ငံများ” လို့ သုံးနှုန်းခဲ့ဖူးတယ်။ “ဆီးရီးယားဟာ အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ မောင်းတံပါ” လို့ ဇာရိတ်ထ်ကပြောတယ်။ အီရန်ဟာ ဆီးရီးယားကို စစ်ရေးလေ့ကျင့်တဲ့ကွင်းလို အသုံးပြုတယ်။ အီရတ်နိုင်ငံထဲကို ဖြတ်ဝင်လာပြီး ကျွန်တော်တို့တပ်သားတွေကို ထိခိုက်အနာတရဖြစ်စေမယ့် စစ်သွေးကြွတွေ ထောက်ပံ့ပေးတယ်။ တစ်ခြားအကြမ်းဖက်လှုပ်ရှားမှုတွေကိုလည်း လေ့ကျင့်ပေးနေပါတယ်။ ပြီးတော့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ပါပဲ။ အီရန်က နျူကလီးယားလက်နက်လုပ်နိုင်စွမ်းရှိနေပြီလားဆိုတာ ယူအက်စ်နဲ့ ကမ္ဘာက သေချာမသိနိုင်ကြသေးပါဘူး။

လောင်စာဆီဈေးနှုန်း
ဆီးရီးယားဟာ လစ်ဗျားထက်လောင်စာဆီထုတ်လုပ်နိုင်မှု နည်းပါးတယ်ဆိုတောင်မှ ဥပမာအားဖြင့် ဆီးရီးယားက အကြမ်းဖက်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာလောင်စာဆီဈေးကစားမှုနဲ့ ဈေးနှုန်းတွေကို သက်ရောက်မှုရှိနိုင်ပါတယ် လို့ လဲဗရက်ထ်က ပြောပါတယ်။

စီးပွားရေး
ဆိုးပါတယ်။ ယူနိုက်တက်စတိတ်မှာ အခု အီရတ်စစ်ပွဲအကြောင်း မစဉ်းစားကြတော့ပါဘူး။ ဒါပေမယ့် သူတို့ပြောတာက အဲဒီစစ်ပွဲအတွက်ကုန်ကျစရိတ်ဟာ ခန့်မှန်းခြေ ဒေါ်လာ တစ် ထရီလီယံလောက် ရှိခဲ့တယ်ဆိုတာကို မေ့မပြစ်ဖို့ အရေးကြီးတယ်တဲ့။ ဆီးရီးယားမှာ အထောက်အပံ့ပေးတာပဲဖြစ်ဖြစ်၊ အတိုက်အခံလုပ်တာပဲဖြစ်ဖြစ် စစ်ရေးအရကြားဝင်ခဲ့မယ်ဆိုရင်ကုန်ကျစရိတ်တွေဟာ အမေရိကန်စီးပွားရေးကို အကျိုးသက်ရောက်မှုရှိမှာပါပဲ။

ကမ္ဘာအနှံ့ပျံ့နှံ့နေတဲ့ဂုဏ်သတင်း
ကမ္ဘာတ၀ှမ်းကလူတွေက ကျွန်တော်တို့ရဲ့ မပြောင်းလဲတဲ့ နိုင်ငံခြားရေးမူဝါဒကို စောင့်ကြည့်နေကြတယ်။ အာရပ်နွေဦးအဓိကရုဏ်းတွေအတွင်းမှာတော့ မတူညီမှုတွေရှိတယ်လို့ အပြစ်တင်ခံခဲ့ရတယ် လို့ ဇာရိတ်ထ်ပြောပါတယ်။ ယူနိုက်တက်စတိတ်ဟာ နေတိုးဦးဆောင်တဲ့နည်းနဲ့ ၂၀၁၁က လစ်ဗျားမှာ စစ်ရေးကြားဝင်မှုရှိခဲ့တယ်။ အီဂျစ်သမ္မတဟိုစနီမူဘာရတ်ကို အီဂျစ်နိုင်ငံသားတွေဆန့်ကျင်ကြတုန်းက ၀ါရှင်တန်က အနည်းဆုံးစကားလုံးတွေနဲ့ အထောက်အပံ့ပေးခဲ့တယ်။ ပြည်သူ့အစိုးရ၀ါဒအခြေခံသဘောတရားတွေကို အကာအကွယ်ပေးနိုင်မယ့် ကမ္ဘာ့ခေါင်းဆောင်အဖြစ် တာဝန်ယူရပ်တည်တာက အမေရိကရဲ့ အမျိုးသားရေးတန်ဖိုးပါလို့ ဆိုတယ်။

ဆီးရီးယားနိုင်ငံတစ်လျှောက်က သေသေကြေကြေတိုက်ပွဲသတင်းတွေကို သတင်းယူနိုင်ဖို့အတွက် ယူအန်လုံခြုံရေးကောင်စီ ရဲ့ မဲခွဲဆုံးဖြတ်မှုဟာ ဧပြီ ၁၄ရက်နေ့မှာတော့ အဖွဲ့ဝင်၁၅ နိုင်ငံအားလုံးက တညီတညွတ်တည်း မဲပေးလိုက်ကြပါပြီ။ လက်နက်မပါတဲ့ လေ့လာစောင့်ကြည့်တဲ့အဖွဲ့ကို ဖြစ်နိုင်သမျှအမြန်ဆုံးစေလွှတ်မယ်လို့ ယူအန်အထွေထွေအတွင်းရေးမှုး ဘန်ကီမွန်းက ပြောကြားခဲ့ပြီး နောက်တစ်နေ့မှာပဲ ပထမဆုံးအဖွဲ့ဝင်၆ဦးပါ အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ခဲ့ပါတယ်။ ကျန်နေသေးတဲ့အဖွဲ့ဝင် ၂၄ဦးဟာလည်း  မြို့တော် ဒမတ်စကပ်ကို အမြန်ဆုံးရောက်ရှိလိမ့်မယ်လို့ ယူအန်ရုံးအဖွဲ့ကပြောပါတယ်။ လေ့လာစောင့်ကြည့်တဲ့အဖွဲ့ဝင် ၂၅၀အထိ ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အဖွဲ့သားတွေ နောက်တစ်သုတ်တပ်ဖြန့်ချထားဖို့ကိုတော့ အပစ်အခတ်ရပ်စဲရေးသဘောတူညီထားတာကို ဘယ်လောက်အထိ လိုက်နာသလဲဆိုတာ ဆီးရီးယားနဲ့ အာနန်တွေ့ဆုံဆွေးနွေးမှုတွေရဲ့ တိုးတက်မှုကိုကြည့်ပြီး စေလွှတ်မှာပါ။ ဆီးရီးယားအစိုးရကလည်း အတိုက်အခံအဖွဲ့အစည်းတွေဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အခွင့်ကောင်းယူပြီး အကြမ်းဖက်တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ ဆိုနေပါတယ်။

ဒီနေ့ထက်ထိ လုပ်ကြံမှုအန္တရာယ်တွေက ဆီးရီးယားမှာတော့ အတောမသတ်နိုင်သေးပါဘူး။ ဆီးရီးယားဟာ အသေခံကားဗုံးခွဲမှုတွေနဲ့ ဒဏ်ရာဗရပွဖြစ်ခဲ့ရပြန်ပါပြီ။ မေလ ၁၁ရက် သောကြာနေ့က မြို့တော်သတင်းဌာနက ဆီးရီးယားရဲ့အကြီးဆုံး မြို့တော် အလက်ပိုရဲ့ မြောက်ပိုင်းမှာ ကားဗုံးတစ်ခုနဲ့ တိုက်ခိုက်ဖွယ်ရှိတာကို ရှင်းလင်းခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။ ကားထဲမှာ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ၁၂၀၀ကီလိုဂရမ်(၂၆၄၀ပေါင်)သယ်ဆောင်ထားပြီး ဗုံးခွဲမယ့်သူလို့ထင်မြင်ရသူတစ်ဦးကို လုံခြုံရေးတပ်သားတွေက အသေပစ်သတ်ခဲ့ရတယ် တဲ့။ မြို့တော်သတင်းမှာပြောသွားပါတယ်။ အလက်ပိုမြို့တော်ဟာ ဆီးရီးယားအုပ်ချုပ်ရေးနယ်မြေ ၁၄ခုထဲက လူဦးရေ အထူထပ်ဆုံးမြို့တော်တစ်ခုပါ။ ဆီးရီးယားလူဦးရေစုစုပေါင်းရဲ့ ၂၃ရာခိုင်နှုန်း ၂၀၁၀ ကောက်ယူထားတဲ့စာရင်းအရ လူဦးရေ ၄၇၄၄၀၀၀ ရှိပါတယ်။ အဲဒီနေ့ မတိုင်ခင် ကြာသပတေးနေ့က အင်မတန်လူအသေအပျောက်များခဲ့တဲ့ ဗုံးခွဲမှု ဒမတ်စကပ်မှာဖြစ်ပွားခဲ့ပါတယ်။ ဒမတ်စကတ်အသေခံဗုံးခွဲမှုကြောင့် လုံခြုံရေးတပ်သားတွေပိုပြီး သတိကြီးကြီးထားခဲ့ကြရဟန်တူရဲ့။ ဒမတ်စကတ်မှာ အသေခံဗုံးခွဲမှု နှစ်ကြိမ်တိုင်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၅ဦးအနည်းဆုံး သေဆုံးခဲ့ပြန်တယ်။ ဒဏ်ရာရသူတွေက ၃၇၀ခန့်ရှိခဲ့တယ် လို့ ဆီးရီးယားအာဏာပိုင်တွေက ပြောပါတယ်။ ဆီးရီးယားအတိုက်အခံပုန်ကန်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၁၄လအကြာမှာ အသေအပျောက်အများဆုံးလုပ်ကြံဗုံးခွဲမှုတစ်ခုဖြစ်ခဲ့ပါပြီ။ လူအသွားအလာအများဆုံးအချိန်မှာ တစ်မိနစ်တောင်အချိန်မကွာလိုက်ပဲ ဗုံးနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲပါတယ်။

ကားဒါဇင်ပေါင်းများစွာ လောင်ကျွမ်းပျက်စီးကာ အနီရောင်မီးတောက်တွေရဲ့အလွန်မှာတော့ အနက်ရောင်မီးခိုးတွေဟာ လေထဲမှာ တလိပ်လိပ်ဝေ့၀ဲနေပါတော့တယ်။ ကာဇာ့ရပ်ကွက် အဝေးပြေးလမ်းမရဲ့ဘေးဘက်က အစိုးရလုံခြုံရေအဆောက်အဦ၀င်းထဲမှာဖြစ်ပွားခဲ့တဲ့ အဲဒီဗုံးခွဲမှုမှာ၊ ကားဗုံးခွဲသူတွေဟာ သူတို့ရဲကားတွေကို မနက်စောစော လူတွေအပြေးအလွှားအလုပ်များတဲ့အချိန်၊ အချိန်ကိုက် ဖောက်ခွဲခဲ့တယ် လို့ ဆိုတယ်။ အသုံးပြုခဲ့ကြတဲ့ ပေါက်ကွဲပစ္စည်း ၁၀၀၀ကီလိုဂရမ်ရဲ့ အားဟာ အဝေးပြေလမ်းမအထိပါ ကြီးမားတဲ့ချိုင့်ကြီးတွေဖြစ်ပေါ်ခဲ့ကြတယ်။ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးတဲ့အခါတိုင်း တိုက်ခိုက်မှုအတွက်တာဝန်ရှိတဲ့သူအဖြစ် ဘယ်သူကမှ ဖော်ထုတ်ကြေညာခြင်းမရှိပါဘူး။ ဆီးရီးယားအစိုးရကလည်း သမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ကိုဆန့်ကျင်တဲ့အဖွဲ့အစည်းနောက်ခံရှိနေတဲ့ အကြမ်းဖက်သမားတွေရဲ့လက်ချက်လို့ပဲ ချက်ချင်းအပြစ်တင်လိုက်ပါတယ်။ ဆီးရီးယားအမျိုးသားကောင်စီကတော့ ယူအန်လေ့လာစောင့်ကြည့်တဲ့အဖွဲ့ကို ခြောက်လှန့်စေဖို့နဲ့ အတိုက်အခံလှုပ်ရှားမှုတွေကို အမည်းစက်စွန်းထင်းစေဖို့ လုပ်ဆောင်နေတဲ့၊ အစိုးရရဲ့ဇာတ်ကွက်ဇာတ်လမ်းတွေထဲက တစ်ခုပါပဲလို့ ပြောလိုက်တယ်။ လွတ်လပ်တဲ့ဆီးရီးယားစစ်တပ်ကို လတ်တလောကူးပြောင်းခဲ့တဲ့ ဗိုလ်ချုပ်ဖာရက်ဇ်အမ်းမရိုက အာရေဘီယျတီဗီကိုပြောပါတယ်။ ဆီးရီးယားနိုင်ငံတွင်းမှာ ဒီလိုဗုံးမျိုးမရနိုင်ပါဘူး၊ နိုင်ငံခြားအထူးကျွမ်းကျင်တပ်ဖွဲ့တွေမှာသာရနိုင်တဲ့ ဖောက်ခွဲပစ္စည်းတွေကိုအသုံးပြုထားပါတယ် တဲ့။

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာအနီးအနားမှာ အမျိုးသမီးငယ်တစ်ဦး ငိုရှိုက်နေတယ်။ ပြီးတော့ သူမက မေးနေတယ်။ ဘယ်သူတွေကများ ဒီလိုတိုက်ခိုက်မှုမျိုးလုပ်ထိုက်တယ်လို့ထင်နေကြသလဲ တဲ့။ နောက်အမျိုးသားတစ်ဦးကလည်း ပြောပြတယ်။ ပထမဗုံးကွဲပီးတော့ သူ့ရဲ့ကလေးတွေကို ပြတင်းပေါက်နားကနေ ခပ်ဝေးဝေးကိုခွာစေခဲ့တယ်။ နောက်ထပ်ဗုံးတစ်လုံးပေါက်ပြီးတဲ့အခါမှာတော့ အဲဒီနေရာမှာမှန်ကွဲစတွေ ကွန်ကရစ်တုံးအပိုင်းအစတွေအနီးအနား ဟိုဒီမှာ ပြန့်ကျဲနေခဲ့ပါပြီ။ အဆောက်အဦးနံရံတွေလည်း ပြိုပျက်ကွဲထွက်ကုန်ကြပြီ။ ဗုံးခွဲမှုတွေဟာဆီးရီးယားအတွက် ဘေးအန္တရာယ်ပါ။ အင်မတန်သေချာတာကတော့ ဒီလိုအကြမ်းဖက်မှုမျိုးလုပ်တဲ့သူ ဘယ်သူမဆို သိစေချင်ပါတယ်။ ဒါဟာ ပြဿနာတွေကိုဖြေရှင်းနိုင်မယ့်နည်းလမ်းမျိုးမဟုတ်ပါဘူး။ ဒီလိုအကြမ်းဖက်ဗုံးခွဲမှုတွေဟာ ဆီးရီးယားပြည်သူပြည်သားတွေအတွက် ပြင်းထန်တဲ့ဆင်းရဲဒုက္ခကို ဖန်တီးပေးနေတာပါပဲ။ ဆီးရီးယားအပြင်ဘက်၊ ဆီးရီးယားအတွင်းဘက်လူတိုင်းကို နားလည်စေချင်ပါတယ် လို့ ဆီးရီးယားပြည်သူပြည်သားတွေအားလုံးက ပြောနေကြပါပြီ။

မပြီးပြတ်နိုင်သေးတဲ့ ဆီးရီးယားအရေးမှာ ယူအန်ကရော ဘယ်လိုစောင့်ကြည့်ထိန်းချုပ်ပေးနိုင်မှာလဲ။
သမ္မတအာဆတ်ကရော ဆီးရီးယား ပြည်သူတွေရဲ့ အသံတွေကို ဆက်ပြီးလစ်လျူရှုထားနေဦးမှာလား၊။
ဘယ်အချိန်မှာ သေကြေပျက်စီးမှုတွေရပ်တန့်ပြီး ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်ဖြစ်တဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာမှာလဲ။
ဆီးရီးယားအနာဂါတ်အပြောင်းအလဲဆီသို့ ဦးတည်လှုပ်ရှားမှုတွေဟာ တစ်နှစ်ကျော်လာတဲ့အထိ ရင်ထိတ်စရာကောင်းနေပါသေးတယ်။        ။
ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၁)

source : CNN

နွယ်နီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၂

Friday, March 23, 2012

ဆီးရီးယားသမ္မတကတော်ရဲ့ ကံကြမ္မာ

(“အက်(စ်)မာ” ဟာ ကျက်သရေရှိတယ်၊ ဆွဲဆောင်မှုရှိတယ်၊ စမတ်ကျတယ် စသဖြင့် အနောက်တိုင်းစာနယ်ဇင်းလောကမှာပါ ထင်ရှားတဲ့ ဆီးရီးယားနိုင်ငံ့ဥသျှောင် ဂုဏ်သရေရှိသမ္မတကတော်လေးတဦး ဖြစ်ပေမဲ့ စစ်အာဏာရှင်“ ဘာရှား အယ်လ်အာဆတ်ဒ်”ရဲ့ ဇနီးဖြစ်နေတယ် လို့” ခရစ်တိုဖါ ဒစ်ကီ ကပြောလိုက်ပါတယ်။)

“အက်(စ်)မာ အယ်(လ်) အာဆတ်(ဒ်)” ဟာ အသက်အားဖြင့် ၃၆နှစ်ရှိပြီး ခလေးသုံးယာက်မိခင်ဖြစ်ပါတယ်။ သူမဟာ နူးညံ့ပျော့ပျောင်းစွာ ဆက်ဆံပြောဆိုတတ်တယ်။ ဗြိတိန်မှာမွေးပြီး အဆင့်မြင့် ဘဏ်အရာရှိ တဦးလည်းဖြစ်ပါတယ်။ အနောက်တိုင်းဆန်ပြီး သွက်လက်ချက်ချာတယ်။  ခေတ်မှီ ပညာတတ်အမျိုးသမီးတဦးလည်းဖြစ်တယ်။ သူမဟာ  ဒေါက်ဖိနပ်လှလှလေးစီးပြီး ကိုယ်ဟန်ကြော့ကြော့ နှင့် သွားလာတတ်တယ်။ ၀တ်စားဆင်ယင်မှုမှာ ပြေပြစ်တင့်တယ် သိမ်မွေ့တယ် စသဖြင့် နာမည်ကြီးတဲ့သူပါ။ “သဲကန္တာရရဲ့ နှင်းဆီတပွင့်” လို့ တင်စားခေါ်ဝေါ်နေကြတာပါ။ ဒါဟာ လူထုအုံကြွမှု မဖြစ်မီက ကျော်ကြားမှုတွေပါ။ ခုဆိုရင် မတည်မငြိမ် ဆန့်ကျင်ဆန္ဒပြမှုတွေဟာ တနှစ်ကျော်လာတဲ့ အချိန်မှာ  ဆီးရီးယားဟာ ပြည်တွင်းစစ်ကို့ ဦးတည်သွားပါပြီ။
“ဘာရှားအာဆတ်ဒ်”ဟာ စစ်တပ်ကို အသုံးချပြီး လူတွေကို အစုအပြုံလိုက် သုတ်သင်နေပါတယ်။ စစ်တပ်ရဲ့  လူမဆန်စွာ ခြေမှုံးပြစ်ခတ်မှုများဟာ  Homs မြို့ကို မွစာကြဲသွားစေပါတယ်။ အရိုင်းဆန်တဲ့ ဒီမိုကရေစီ အဆောက်အဦးအိမ်ထဲ ကြိုးကိုင် ထိန်းချုပ်ပြီး  ၀ယ်ယူထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဘယ်လို စံနစ်တကျ နေရာချထားမလဲ ငယ်ရွယ်နုပျိုသေးတဲ့ ပညာတတ်အမျိုးသမီးလေး။ ငယ်ရွယ်နုပျိုသေးတဲ့ ခလေးသုံးယောက်မိခင်လေး။ သူမလက်ထက်မှာ ဖြစ်ပေါ်လာတဲ့ လူထု တောင်းဆိုမှုတွေကို ဘယ်လိုများ ထိန်းညှိ စွမ်းဆောင်ပေးမလဲ။ လူထုက ဒါဏ်ရာတွေ ဗလပွနှင့် တစာစာ  အော်ဟစ်တောင်းဆိုနေပါပြီ။  သူမတခုခု ဆောင်ရွက်ပေးနိုင်မလား။ မျှော်လင့်နေကြတယ်။

သူမရဲ့ လာမဲ့  ရှေ့အနာဂါတ်ခရီးမှာ သူမ ဘယ်လို လျှောက်လှမ်းမလဲ။ လူထုကတော့ ဒီကနေ့မှာ သူမဘာလုပ်မယ်ဆိုတာ မသိကြရသေးပါဘူး။ အာရပ်အမျိုးသမီးတဦးဖြစ်ပေမဲ့လည်း  နိုင်ငံတကာ အတွေ့အကြုံတွေရှိပါလိမ့်မယ်။ အနောက်နိုင်ငံတွေက  “ဘာရှား အာဆတ်ဒ်” နှင့်  အပေးအယူ ကိစ္စတွေ ဆွေးနွေးလာနိုင်ပါတယ်။ “အက်စ်မာ”ကို လက်ထပ်ထိမ်းမြားထားသူအနေနဲ့ တစုံတရာလေးစား တန်ဘိုးထားတတ်ရင် သူမအပေါ် ကြင်နာ သနားမှုရှိရင် တခုခု အကောင်းဘက်ကို ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ လူတိုင်းက “ကျက်သရေရှိတာ ချောတာ လှတာ ဘာလုပ်ရမှာလဲ။ ဒီ ခန့် တဲ့ ချောတဲ့ အမျိုးသမီးဟာ ဘာ့ကြောင့်များ လူမဆန်တဲ့ သတ္တ၀ါကြီးကို လက်ထပ်ရပါလိမ့်။ ဒီအကောင်ကြီးကို ယူထားမှတော့ ဘာသွား အသုံးကျတော့မှာလဲသူမ တခုခုတော့ မှားနေပြီ” လို့ ရင်ထုမနာ ပြောကြတယ်။ သူမ နိုင်ငံ၊ သူမလူမျိုး၊ သူမဇာတိ မြေ ဘာတွေ ဖြစ်နေသလဲ။ သူမသိရဲ့လား။ သူမဟာ “သူ့လူ”  ဘေးမှာဘဲ  သူ့ခလေးဘေးမှာဘဲ ရပ်နေတော့မှာလား။ တပြည်လုံး တနိုင်ငံလုံးပြည်သူတွေ  အုံးအုံးကြွက်ကြွက် ဘာတွေ ဖိစီးလွှမ်းမိုး နှိပ်စက်လျက် ရှိနေတယ်ဆိုတာ သူမ သိရဲ့လား။ သူမ ခင်ပွန်းရဲ့ ကြမ်းကြုတ်ရက်စက်မှုကြောင့် Homs မြို့ကြီးတမြို့လုံး ပြာဖြစ်သွားတာ သိရဲ့ လား တဲ့။ မေးခွန်းတွေ စဉ်တိုက် ထုတ်ခဲ့ကြတယ်။

သူမဟာ  ကြုံတောင့်ကြုံခဲ လူထုအကြားမှာခဏတော့  မြင်လိုက်ရတယ်။ ဇန်န၀ါရီလအတွင်းက သူမ သားတယောက် သမီးတယောက် ခြံရံလို့ အားမာန်အပြည့်နှင့် “ဘာရှား” အတွက် အားဖြည့်ပေးနေတာမြင်ကြရတယ်။ လူထုကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။ ဖေဖေါ်ဝါရီ လကုန်ပိုင်းမှာ ဆီးရီးယားဖွဲ့စည်းပုံ ဥပဒေအသစ်ရေးဆွဲဖို့  ဆန္ဒမဲ ပေးရာမှာ စိုးရိမ်မကင်းဟန်သူမကို ခေတ္တ တွေ့မြင်ကြရတယ်။ “ဓါတ်ပုံတွေမှာ သူမ ရုပ်က ကြောက်ရွံ့န ဟန် ဖေါ်ပြနေတယ်” လို့ “အက်စ်မာ” နဲ့  ၂နှစ်လောက် ယဉ်ကျေးမှု ပွဲတော်တခုမှာ အလုပ်အတူလုပ်ခဲ့တဲ့  ဗြိတိအီတာလျှံ လူမျိုး စာရေးဆရာ  “ ဂါလာဆာဗါဒီယို”က ဆိုပါတယ်။ ဒါပေမဲ့ သူမကို ကြည့်ရတာ အူထဲ အသည်းထဲကနေ တခုခု ပြောချင်နေပုံရတယ် လို့  ဆိုပြန်တယ်။

“အက်စ်မာ “ရဲ့  အနေအထားဟာ Godfather ရုပ်ရှင်ထဲက Diane Keaton ဇတ်ရုပ်နဲ့  တူနေတယ် တဲ့။ ဟုတ်ပါတယ်။ သူမဟာ “အပြင်ကလူ“ပါဘဲ။ သွေးဆာနေတဲ့ “အာဆတ်ဒ်”ဆွေမျိုးများ၊ လက်ရှိဘ၀အမှန်ထဲက လူဆိုးဂိုဏ်းဝင် လူမိုက်များ၊ နောင်တတဖန်ရဖို့ လမ်းမရှိတဲ့  ရက်စက်ယုတ်မာသူများ။ သူတို့ ကြိုက်သလို သတ်ဖြတ်ပြစ်ပြီးရင် သူတို့ကတော့ အသက်ရှင်ကျန်နေရမယ်လို့ သူတို့  ကိုယ် သူတို့ယုံကြည်ထားတယ်။ တကယ်လို့ သူတို့ သာ  လက်နက်ချ အညံ့ခံလိုက်ရင် လည်း  သေမင်းနဲ့  ရင်ဆိုင်ရမှာက  မြေကြီးလက်ခတ်မလွဲဘဲ။

“အက်စ်မာ” ဇတ်ရုပ်ဟာ အပြင်ကလူ ဖြစ်နေပါတယ်။ သူမဟာ ကံကြမ္မာရဲ့ ဆိုးမွေ ကောင်းမွေကို မုချ ခံစံရလိမ့်မယ်။ ဒါပေမဲ့ ဒီတသက် သူမ ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ သူမဟာ လူသိထင်ရှား တစုံတရာ ပြောဖို့ အားထုတ်မှာ မဟုတ်ဘူး။ သူမဘာကို ပြောဖို့ အားသန်တယ်ဆိုတာလဲ ဘယ်သူသိနိုင်မလဲ။ ဒီလို ဆူပူအုံကြွမှုတွေ ဖြစ်မလာခင်ကလည်း သူမဟာ အောင်မြင်နေတဲ့ ခေတ်မီ အာရပ် သမိုင်း ရာဇ၀င်ထဲ က အမျိုးသမီးတွေနှင့် နည်းနည်းတော့ ကွဲပြားနေတယ်။ သမ္မတကတော်တွေဟာ  ရာဇပလ္လင်ရဲ့  အရှေ့မှာ၊ ဘေးမှာ၊ အနောက်မှာ လူမြင်သူမြင် ထင်ထင်ပေါ်ပေါ် ရှိခဲ့ကြတယ်။ ဥပမာ အီဂျစ် စစ်အာဏာရှင်”မူဘာရပ်” ဇနီး “ဆူဆန်နီ “ဆိုရင်သူမခင်ပွန်း  သမ္မတဖြစ်ဖို့  လူသိရှင်ကြားရပ်တည် ပေးပြီး သူမကောက်ကြောင်းက လူထုရှေ့မှာ  သိသာထင်ရှားခဲ့တယ်။

ဂျော်ဒန်ဘုရင် ရဲ့ မိဖုရား “ရိန်းနီးယား” ကတော့ သိပ်ကိုမှ အနောက်တိုင်းဆန်ပြီးလှပတင့်တယ်လွန်းသူတယောက်ပါ။ သူမခင်ပွန်းထက်ပင် ပိုမို သာလွန် ထင်ပေါ်သူဖြစ်လို့  သူမ အနေအထားကို မနှစ်က  လျော့ချပေးခဲ့ရတယ်လို့  ဆိုပါတယ်။

“အက်စ်မာ” အဖို့ ရော။ သူမဟာ ဆီးရီးယားနိုင်ငံရဲ့  အထွတ်အမြတ် “First Lady”ပါ။ ဒါပေမဲ့ သူမ  “အာဆတ်ဒ် မျိုးနွယ်စုမှာ” ဘယ်နေရာက ရှိခဲ့သလဲ။ သဲကန္တာရရဲ့ နှင်းဆီပန်းလေးတစ်ပွင့် ဆိုတာက ဟုတ်ပါပြီ။

ခုအခါမှာပြည်တွင်းစစ်ကို ဦးတည်နေတဲ့  စစ်မုန်တိုင်းကြားက ဆီးရီးယားမှာ သူမဘယ်လို ရပ်တည် ရှင်သန်မလဲ .. သူမရဲ့ ကံကြမ္မာကို ဘယ်သူ သိနိုင်မလဲ။       ။

Florist  မြန်မာမှုပြုသည်။
Asma al Assad ( Syria’s first lady, by Christopher Dickey)
Source: Newsweek march 12,  2012

Tuesday, November 29, 2011

ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၁)

ဆီးရီးယားသမ္မတ
ဘာရှား အယ်လ် အာဆတ်ဒ်
ဆီးရီးယားမှာ ၂၀၁၁ ရဲ့ မတ်လကစလို့ လူထုအုံကြွမှုတွေ ဆက်တိုက်လိုဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၁ ဇွန်လ ၂၆ရက်မှာ ဆန္ဒပြပွဲတွေ အတောမသတ်ကြတော့ဘူး။ ဆီးရီးယားပြည်သူတွေက “ဘုရားသခင်၊ ဆီးရီးယား၊ လွတ်လပ်ခြင်း၊ အဲဒါဆို လုံလောက်ပြီ”လို့ ကြွေးကြော်ဆုတောင်းကြတယ်။ အဲဒီ မတ်လ ၁၈ရက်နေ့မှာ ဗလီဝတ်ကျောင်းထဲကိုပါ လုံခြုံရေးတပ်သားတွေက အကြမ်းဖက်ဝင်ရောက်နှိမ်နင်းတော့တယ်။ အကြမ်းဖက်နှိမ်နင်းမှုတွေရဲ့ရလာဒ်ကတော့ တူရကီနိုင်ငံဘက်ကို ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ကြတာပါပဲ။ တူရကီနယ်စပ်က ဒုက္ခသည်စခန်းမှာ လူဦးရေတွေများလွန်းလာတော့ ဒုက္ခသည်စခန်းတစ်ခု ထပ်ပြီးဆောက်ကြရတော့တယ်။ ဇွန်လမှာ ဆီးရီးယားတပ်သားတွေက တူရကီနယ်စပ်နားက ရွာလေးကိုဝင်ရောက်စီးနင်းကာ လူတွေကိုသတ်ဖြတ်ဖမ်းဆီးခဲ့ပါတယ်။ အိမ်တွေကို မီးရှို့ပစ်ခဲ့ကြတယ်။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ကိုဆန့်ကျင်တဲ့ လက်နက်ကိုင်အစိုးရဆန့်ကျင်ရေးတပ်သားတွေက အဲဒီအထောက်အထားတွေကို ထုတ်ပြလာခဲ့တယ်။ သမ္မတအာဆတ်ဒ်က ဝေါလ်စထရိဂျာနယ်ကို ပြောပါတယ်။ သူဟာ "အစ္စရေးဆန့်ကျင်သူ"၊ "အနောက်ကိုဆန့်ကျင်သူ" ဖြစ်တယ်လို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်သတ်မှတ်ထားပါတယ်တဲ့။ တကယ်တမ်းတော့ ဆီးရီးယားပြည်သူတွေကိုပါဆန့်ကျင်သူဖြစ်နေခဲ့ပါတယ်။ သမ္မတအာဆတ်ဒ်ရဲ့ သေနတ်သမားတွေဟာ ဆီးရီးယားနိုင်ငံရဲ့ နာမည်ကျော်နိုင်ငံရေးကာတွန်းဆရာ အလီဖာဇက်ကိုပါ ရိုက်နှက်တိုက်ခိုက်လိုက်ပါတယ်။

အလီဖာဇက်ဟာာ ဆီးရီးယားပုန်ကန်မှုတွေတလျှောက်လုံးမှာလည်း အစိုးရဆန့်ကျင်တဲ့ ကာတွန်းတွေကို ချက်ကျကျရေးဆွဲခဲ့တယ်။ အထူးသဖြင့် သမ္မတအာဆတ်ဒ်ကို တိုက်ရိုက်ဦးတည်ရေးဆွဲခဲ့ပါတယ်။ လစ်ဗျားနိုင်ငံရဲ့မြို့တော်ထရီပိုလီကျဆုံးပြီးတဲ့နောက် ဂဒါဖီကို တော်လှန်သူတွေက မြေလှန်ရှာနေကြတဲ့အခါ ဖာဇက်ဆွဲခဲ့တဲ့ ကာတွန်းသရုပ်ဖော်ပုံတစ်ခုမှာဆိုရင် ချွေးပြိုက်ပြိုက်ကျနေတဲ့ အာဆတ်ဒ်ဟာ လက်ဆွဲသေတ္တာလေးတစ်လုံးဆွဲလို့၊ ကားတစ်စီးနဲ့ အလောတကြီး ထွက်ပြေးဖို့ကြိုးစားနေတဲ့ဂဒါဖီကို လူကြုံခေါ်သွားဖို့ပြောနေဟန် သရုပ်ဖော်ထားပါတယ်။ ဖာဇက်ရဲ့လက်ရာကာတွန်းတိုင်းဟာ ထိထိမိမိရှိလွန်းလှတော့ ဖာဇက်ကိုအစိုးရအဖွဲ့လက်နက်ကိုင်တွေက ရှင်းလင်းပစ်ချင်လာခဲ့ပါတယ်။ သြဂုတ်လ ၂၅ရက်နေ့မှာတော့ မြို့တော် ဒမတ်စကတ်မြို့လယ် အူးမေယတ်ဒ်ရင်ပြင်မှာ မျက်နှာဖုံးစွပ်သေနတ်သမားတွေက ဖာဇက်ကိုကားထဲကနေဆွဲထုတ်ပြီး ပြင်းထန်စွာရိုက်နှက်ခဲ့ကြတယ်။ ပြီးတော့ လေဆိပ်သို့သွားရာလမ်းဘေးမှာ ပစ်ချထားခဲ့ပါတယ်။ အစိုးရလုံခြုံရေးတပ်သားတွေလို့ယုံကြည်ရတဲ့ အဲဒီသေနတ်သမားတွေက ကျော်ကြားလှတဲ့လက်ရာတွေကိုဖန်တီးနိုင်တဲ့ ဖာဇက်ရဲ့လက်နှစ်ဘက်ကို ပစ်မှတ်ထားရိုက်ချိုးခဲ့ကြတယ်။ ပြီးတော့ သူတို့က ခြိမ်းခြောက်ကြတယ်။ “ဒါသတိပေးရုံပဲရှိသေးတယ်။ ဆီးရီးယားခေါင်းဆောင်တွေကို လှောင်ပြောင်တာမလုပ်နဲ့တော့”တဲ့။
အဲဒီနောက်ပိုင်း ဆီရီးယားဆန့်ကျင်သူတွေနဲ့ များပြားလှတဲ့အွန်လိုင်းလှုပ်ရှားတက်ကြွသူတွေဟာ facebook မှာ သူတို့ရဲ့ profile ရုပ်ပုံတွေကို ဖာဇက်ဆေးရုံတက်ကုသမှုခံယူနေရတဲ့ပုံအဖြစ် ပြောင်းလဲခဲ့ကြပြီး ကာတွန်းဆရာဘက်မှာ စည်းလုံးညီညွတ်စွာအားပေးရပ်တည်ခဲ့ကြပါတယ်။ ဖာဇက်ရိုက်နှက်မခံရမှီ တစ်လအလိုမှာလည်း အစိုးရဆန့်ကျင်ရေးသီချင်းသီဆိုခဲ့သူကို အသံကြိုးဖြတ်တောက်ခံထားရပြီး သေဆုံးနေတာကိုတွေ့ရှိခဲ့ကြပါသေးတယ်။ ဆီးရီးယားပြည်သူတွေကိုပါ ဆန့်ကျင်လာခဲ့တဲ့၊ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ အာဆက်ဒ်ကိုလည်း ဆီးရီးယားနိုင်ငံရဲ့ အိမ်နီးချင်းတွေနဲ့ တစ်ခြား အာရပ်ပြည်နယ်တွေကပါ ဖိအားပေးဆန့်ကျင်မှုတွေတိုးမြှင့်လာခဲ့ကြပါပြီ။ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းနေတာကို ရပ်တန့်ဖို့ကြိုးပမ်းလာကြပါပြီ။ ဆီးရီးယားကသာ လျှောက်နေတဲ့လမ်းကြောင်းပြောင်းလဲဖို့မရှိဘူးဆိုရင်တော့ တူရကီဟာ သူတို့ရဲအိမ်နီးချင်းဆီ လျှပ်စစ်ပေးပို့နေတာကို ဖြတ်တောက်ရတော့မယ်လို့  တူရကီလျှပ်စစ်ဝန်ကြီးတနားရီးလ်ဒစ်ဇ် ကပြောလိုက်ပါတယ်။

ဆီးရီးယားကို ဘယ်လို ပိတ်ဆို့မှုတွေလုပ်ပြီးကြပြီလဲ။
အာရပ်လိဂ်က ဆီးရီးယားကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နိုဝင်ဘာ၁၂ ရက်နေ့က ရပ်တန့်လိုက်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ဖို့ မဲပေးခဲ့ကြပြီး နိုဝင်ဘာ ၂၇ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ သဘောတူလိုက်ကြတယ်။ အာရပ်တိုင်းပြည်တွေမှာရှိတဲ့ ဆီးရီးယားအစိုးရရဲ့ပိုင်ဆိုင်မှုတွေကို ပိတ်ပင်တာတွေလည်းပါဝင်တယ်။ ဆီးရီးယားဗဟိုဘဏ်နဲ့ ဆက်သွယ်မှုတွေနဲ့ ဆီးရီးယားမှာရှိနေတဲ့ အာရပ်အစိုးရတွေရဲ့လုပ်ငန်းတွေကိုလည်း ရပ်တန့်ကြတော့မယ်။ ကုန်သွယ်လေကြောင်းလိုင်းအ၀င်အထွက်ကိုလည်း ဖြတ်တောက်ပါတယ်။ ဆီးရီးယားအစိုးရအဖွဲ့ဝင်တွေရဲ့ ခရီးသွားလာမှုတွေကိုလည်း တားမြစ်လိုက်ကြတယ်။ ဒါပေမဲ့လည်း ဒီလိုတားမြစ်ပိတ်ဆို့မှုတွေကြားထဲက ဖြစ်နိုင်ခြေရှိတာတွေကိုလည်း အာရပ်တိုင်းပြည်တွေက မေးခွန်းထုတ်နေကြပါတယ်။ မေလ ၁၀ ရက်နေ့မှာ အီးယူက သမ္မတရဲ့ညီ မာဟား အယ်လ် အာဆတ်ဒ် အပါအ၀င် ကန့်သတ်လိုက်တဲ့ အစိုးရအဖွဲ့ဝင်၁၃ဦးရဲ့စာရင်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ မေ ၂၃ မှာ သမ္မတအာဆတ်ဒ်ကိုယ်တိုင်နဲ့ လက်တွဲအကူအညီပေးကြတဲ့ အဖွဲ့အစည်းတွေရဲ့နာမည်ပါဝင်တဲ့ စာရင်း ထပ်မံပေါ်ထွက်လာတယ်။ အဲဒီစာရင်းမှာပါဝင်သူတွေအားလုံး အီးယူမှာ ခရီးသွားလာခွင့်တားမြစ်ခံရပါတယ်။ ဆီးရီးယားနိုင်ငံဆီကလောင်စာဆီမှာယူတင်သွင်းနေမှုကိုလည်း အီးယူက ရပ်လိုက်ပါတော့တယ်။ ယူအက်စ်ကလည်း သမ္မတအာဆတ်ဒ်နဲ့ ထင်ရှားတဲ့အစိုးရအဖွဲ့ဝင်တွေ၊ လုံခြုံရေးအရာရှိတွေကို ကန့်သတ်တားမြစ်တာတွေ ပြုလုပ်ခဲ့တာပါပဲ။ ၂၀၁၁ မငြိမ်မသက်မှုတွေ မစတင်ခဲ့စဉ်ကတည်းက ယူအက်စ်ရဲ့ စီးပွားရေးပိတ်ပင်တားမြစ်မှုတွေ ဆီးရီးယားအပေါ်ရှိနှင့်နေခဲ့ပါပြီ။ ယူအက်စ်က ဆီးရီးယားကို ၁၉၇၉ ကတည်းက “အကြမ်းဖက်ဝါဒအားပေးတဲ့တိုင်းပြည်” ရယ်လို့ ကြေညာထားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစလို့ ပိတ်ဆို့မှုတွေ အကြိမ်ကြိမ်သက်တမ်းတိုးလာခဲ့တယ်။ ဆီးရီးယားငွေကြေးဥစ္စာတွေလှုပ်ရှား လည်ပတ်ခွင့်မရရှိအောင် ဘုရှ်အစိုးရအဖွဲ့က ၂၀၀၄မှာ ကန့်သတ်မှုတွေလုပ်ဆောင်ခဲ့ကြတယ်။ လက်ဘနွန်ဟစ်ဇ်ဘိုလာပြောက်ကျားတွေနဲ့ ပါလက်စတိုင်းတိုက်ခိုက်ရေးတပ်သားတွေကို ဆီးရီးယားကအထောက်အပံ့ပေးနေတာနဲ့ပတ်သတ်ပြီး ဒမတ်စကတ်ကို အပြစ်ပေးခဲ့ကြပါတယ်။

တူရကီက ဆီးရီးယားရဲ့ လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်နိုင်သလား။
ဆီးရီးယားပြည်တွင်းလျှပ်စစ်ဓါတ်အား နှစ်စဉ်သုံးစွဲမှုရဲ့ ၁၀ရာခိုင်နှုန်းကို တူရကီက ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားဟာ ၁၉၆၀ ခုနှစ်ကတည်းက ရေနံထုတ်လုပ်ရောင်းချနိုင်ခဲ့သလို တစ်နေ့ကို ဓာတ်ငွေ့ ကုဗမီတာ၂၂သန်း ထုတ်နိုင်တဲ့တိုင်းပြည်ဖြစ်နေတာကြောင့် ဘယ်လိုပြတ်လပ်မှုမျိုးကိုမဆို ဓာတ်ငွေ့တွေရေနံတွေနဲ့ ပြန်လည်ဖြည့်တင်းပါလိမ့်မယ်။ တူရကီအစိုးရကလည်း သာမန်ဆီးရီးယားပြည်သူတွေကို မထိခိုက်နိုင်တဲ့ ပိတ်ဆို့မှုမျိုးကိုပဲပြုလုပ်ခဲ့ပါတယ်။ ဆီးရီးယားပြည်တွင်းရေနံကုမ္ပဏီနဲ့ပြုလုပ်နေတဲ့ ဖက်စပ်ရေနံစီမံကိန်းတစ်ခုကိုလည်း ရပ်တန့်ကြောင်းကြေညာခဲ့တယ်။

ဆီးရီးယားကို ဘယ်သူတွေက စီးပွားရေးပိတ်ဆို့မှုလုပ်ပြီး ဖိအားပေးနိုင်ဦးမလဲ။
ဆီးရီးယားစီးပွားရေးကို အပြင်းထန်ဆုံးရိုတ်ခတ်နိုင်မှုက အီးယူကနေရေနံဝယ်ယူမှုရပ်တန့်လိုက်တာပါပဲ။ ရေနံကရတဲ့ဝင်ငွေပမာဏဟာ ဆီးရီးယားကုန်ထုတ်စွမ်းအား(GDP)ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အီးယူပိတ်ဆို့မှု မလုပ်ခင်တုန်းက ရေနံထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းကို အီးယူက သိမ်းကျုံးဝယ်ယူပါတယ်။ အထူးသဖြင့် ဂျာမနီ၊ အီတလီနဲ့ ပြင်သစ်နိုင်ငံတို့က ၀ယ်ကြတယ်။ တစ်ချို့ဆီးရီးယားကျွမ်းကျင်သူတွေက ခန့်မှန်းကြပါသေးတယ်။ ပိတ်ဆို့မှုတွေ အီးယူကစတင်လိုက်တော့ ဆီးရီးယားဟာ ရေနံဝယ်မယ့်နိုင်ငံသစ်တွေ၊ ဥပမာ တရုတ်နဲ့ အိန္ဒိယတို့လို နိုင်ငံတွေကိုမိတ်ဖွဲ့ရောင်းချနိုင်တာမို့ မတုန်မလှုပ်နေနိုင်ခဲ့ပါသေးတယ် တဲ့။ ဒါပေမဲ့လည်း တစ်ခြားဝယ်ယူမယ့်သူရှာရတာဟာ ပိုပြီးခက်ခဲစေပါတယ်။ ထုတ်လုပ်မှုလည်း ကျဆင်းလာနိုင်တယ်။ အတင်းအဓမ္မစီးပွားရှာမှုကလည်း တိုင်းပြည်ကို အကျဉ်းအကျပ်ထဲ ပိုပြီးကျရောက်စေပါတယ်။ တရားဝင်တားမြစ်ပိတ်ဆို့မှုတွေကြောင့် တရားမ၀င်စီးပွားရှာမှုတွေဟာ နယ်စပ်တစ်လျှောက်မှာ ပြည့်နှက်နေခဲ့တာကလည်း သမိုင်းရာဇ၀င်တွေပြန်ကြည့်ရင် သိနိုင်ကြပါတယ်။ အထူးသဖြင့် လက်ဘနွန်နဲ့ အီရတ်တို့လို့နိုင်ငံတွေဆီ တရားမ၀င်ရေနံရောင်းချမှုတွေ ပိုပြီးများလာနိုင်တယ်။

ဘယ်သူတွေက ဆီးရီးယားရဲ့ အကြီးမားဆုံးကုန်သွယ်မိတ်ဖက်တွေလဲ။
ဥရောပကော်မရှင်အရ ၂၀၁၀ မှာ အီးယူဟာ ဆီးရီးယားရဲ့ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ခဲ့ပါတယ်။ အီးယူရဲ့ ကုန်သွယ်မှုဟာ ၂၂.၅ရာခိုင်နှုန်းရှိပြီး အီရတ်က ၁၃.၃ရာခိုင်နှုန်း၊ ဆော်ဒီအာရေးဘီးယားက ၉ ရာခိုင်နှုန်း၊ တရုတ်က ၆.၉ရာခိုင်နှုန်းနဲ့ တူရကီက ပဉ္စမနေရာ ၆.၆ရာခိုင်နှုန်းရှိပါတယ်။  ရုရှားက န၀မမြောက် ၃ရာခိုင်နှုန်းကုန်သွယ်မှုရှိကြတယ်။

ဆီးရီးယားကို ပိတ်ဆို့မှုမှာ ဘယ်သူက ဆန့်ကျင်လဲ။
ဆီးရီးယားကို အာရပ်အဖွဲ့ဝင်အဖြစ်က ဖြုတ်ချထားလိုက်တာကို ဆန့်ကျင်တဲ့အာရပ်လိဂ်အဖွဲ့ဝင် သုံးဦးက ဆီးရီးယားနိုင်ငံကိုယ်တိုင်၊ လက်ဘနွန်နဲ့ ရီမင်နိုင်ငံတို့ပါ။ ရီမင်အစိုးရကိုယ်တိုင်က သမ္မတအလီအဗ္ဗဒူလာဆာလာကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆီးရီးယားဟာ အိမ်နီးချင်းလက်ဘနွန်နိုင်ငံကိုလည်း နိုင်ငံရေးအရသြဇာသက်ရောက်စေဖို့ ကြိုးပမ်းနေဆဲပါပဲ။ အကြမ်းဖက်နှိမ်နင်းမှုတွေဆက်ပြီးလုပ်နေတာကြောင့် ယူအန် လုံခြုံရေးကောင်စီက အရေးယူဆန့်ကျင်ခဲ့တယ်။ ရုရှားနဲ့ တရုတ်က ဆီးရီးယားပြည်တွင်းရေးမှာ ယူအန်ပါဝင်ပတ်သက်မှုကို ဗီတိုအာဏာသုံးပြီးပယ်ချခဲ့ပါတယ်။ သူတို့ရဲ့ဆန့်ကျင်မှုကိုပြသကြတယ်။ ရုရှားနိုင်ငံဆိုင်ရာ ယူအန်သံအမတ်ကြီး ဗီတဲလီချာကင်က လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ လစ်ဗျားပုံစံ နိုင်ငံခြားတပ်သားတွေဝင်ရောက်အရေးယူမှုမျိုး ဦးဆောင်နိုင်တယ်လို့ပြောပါတယ်။ ရုရှားနိုင်ငံအခြေစိုက် စစ်ပရိယာယ်၊ နည်းပညာသုတေသနစင်တာရဲ့သတင်းအရ ရုရှားဟာဆီးရီးယားကို အနည်းဆုံး ဒေါ်လာ၂.၅ဘီလီယံခန့်တန်ကြေးရှိတဲ့ လက်နက်နဲ့ စစ်သုံးကိရိယာတွေ ရောင်းချခဲ့တယ်လို့ ဆိုတယ်။

ဘက်ပေါင်းစုံက ပိတ်ပင်တားဆီးမှုတွေစုပြုံရရှိခဲ့ပြီး အာရပ်လိဂ်အပြင်ဘက်ရောက်ခဲ့ရတဲ့ အာရပ်နိုင်ငံတစ်နိုင်ငံရဲ့ လမ်းကြောင်းပြောင်းလဲလာလေမလား။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ခြေလှမ်းတွေကို စောင့်ကြည့်ရပါဦးမယ်။ သမ္မတအာဆတ်ဒ်ကတော့ နိုင်ငံအတွက် အသေခံဖို့ဆန္ဒရှိတယ်လို့ ပြောနေပါတယ်။ နိုင်ငံအတွက်ထားတဲ့ သမ္မတအာဆတ်ဒ်ရဲ့ဆန္ဒအတိုင်းပဲ ဆီးရီးယားနိုင်ငံရဲ့အနာဂတ်လှပလာလေမလား မျှော်လင့်စောင့်စားကြရမှာပါပဲ။              ။

နွယ်နီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၂