Tuesday, November 29, 2011

ဆီးရီးယားအနာဂတ် အပြောင်းအလဲဆီသို့ (၁)

ဆီးရီးယားသမ္မတ
ဘာရှား အယ်လ် အာဆတ်ဒ်
ဆီးရီးယားမှာ ၂၀၁၁ ရဲ့ မတ်လကစလို့ လူထုအုံကြွမှုတွေ ဆက်တိုက်လိုဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၁ ဇွန်လ ၂၆ရက်မှာ ဆန္ဒပြပွဲတွေ အတောမသတ်ကြတော့ဘူး။ ဆီးရီးယားပြည်သူတွေက “ဘုရားသခင်၊ ဆီးရီးယား၊ လွတ်လပ်ခြင်း၊ အဲဒါဆို လုံလောက်ပြီ”လို့ ကြွေးကြော်ဆုတောင်းကြတယ်။ အဲဒီ မတ်လ ၁၈ရက်နေ့မှာ ဗလီဝတ်ကျောင်းထဲကိုပါ လုံခြုံရေးတပ်သားတွေက အကြမ်းဖက်ဝင်ရောက်နှိမ်နင်းတော့တယ်။ အကြမ်းဖက်နှိမ်နင်းမှုတွေရဲ့ရလာဒ်ကတော့ တူရကီနိုင်ငံဘက်ကို ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ကြတာပါပဲ။ တူရကီနယ်စပ်က ဒုက္ခသည်စခန်းမှာ လူဦးရေတွေများလွန်းလာတော့ ဒုက္ခသည်စခန်းတစ်ခု ထပ်ပြီးဆောက်ကြရတော့တယ်။ ဇွန်လမှာ ဆီးရီးယားတပ်သားတွေက တူရကီနယ်စပ်နားက ရွာလေးကိုဝင်ရောက်စီးနင်းကာ လူတွေကိုသတ်ဖြတ်ဖမ်းဆီးခဲ့ပါတယ်။ အိမ်တွေကို မီးရှို့ပစ်ခဲ့ကြတယ်။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ကိုဆန့်ကျင်တဲ့ လက်နက်ကိုင်အစိုးရဆန့်ကျင်ရေးတပ်သားတွေက အဲဒီအထောက်အထားတွေကို ထုတ်ပြလာခဲ့တယ်။ သမ္မတအာဆတ်ဒ်က ဝေါလ်စထရိဂျာနယ်ကို ပြောပါတယ်။ သူဟာ "အစ္စရေးဆန့်ကျင်သူ"၊ "အနောက်ကိုဆန့်ကျင်သူ" ဖြစ်တယ်လို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်သတ်မှတ်ထားပါတယ်တဲ့။ တကယ်တမ်းတော့ ဆီးရီးယားပြည်သူတွေကိုပါဆန့်ကျင်သူဖြစ်နေခဲ့ပါတယ်။ သမ္မတအာဆတ်ဒ်ရဲ့ သေနတ်သမားတွေဟာ ဆီးရီးယားနိုင်ငံရဲ့ နာမည်ကျော်နိုင်ငံရေးကာတွန်းဆရာ အလီဖာဇက်ကိုပါ ရိုက်နှက်တိုက်ခိုက်လိုက်ပါတယ်။

အလီဖာဇက်ဟာာ ဆီးရီးယားပုန်ကန်မှုတွေတလျှောက်လုံးမှာလည်း အစိုးရဆန့်ကျင်တဲ့ ကာတွန်းတွေကို ချက်ကျကျရေးဆွဲခဲ့တယ်။ အထူးသဖြင့် သမ္မတအာဆတ်ဒ်ကို တိုက်ရိုက်ဦးတည်ရေးဆွဲခဲ့ပါတယ်။ လစ်ဗျားနိုင်ငံရဲ့မြို့တော်ထရီပိုလီကျဆုံးပြီးတဲ့နောက် ဂဒါဖီကို တော်လှန်သူတွေက မြေလှန်ရှာနေကြတဲ့အခါ ဖာဇက်ဆွဲခဲ့တဲ့ ကာတွန်းသရုပ်ဖော်ပုံတစ်ခုမှာဆိုရင် ချွေးပြိုက်ပြိုက်ကျနေတဲ့ အာဆတ်ဒ်ဟာ လက်ဆွဲသေတ္တာလေးတစ်လုံးဆွဲလို့၊ ကားတစ်စီးနဲ့ အလောတကြီး ထွက်ပြေးဖို့ကြိုးစားနေတဲ့ဂဒါဖီကို လူကြုံခေါ်သွားဖို့ပြောနေဟန် သရုပ်ဖော်ထားပါတယ်။ ဖာဇက်ရဲ့လက်ရာကာတွန်းတိုင်းဟာ ထိထိမိမိရှိလွန်းလှတော့ ဖာဇက်ကိုအစိုးရအဖွဲ့လက်နက်ကိုင်တွေက ရှင်းလင်းပစ်ချင်လာခဲ့ပါတယ်။ သြဂုတ်လ ၂၅ရက်နေ့မှာတော့ မြို့တော် ဒမတ်စကတ်မြို့လယ် အူးမေယတ်ဒ်ရင်ပြင်မှာ မျက်နှာဖုံးစွပ်သေနတ်သမားတွေက ဖာဇက်ကိုကားထဲကနေဆွဲထုတ်ပြီး ပြင်းထန်စွာရိုက်နှက်ခဲ့ကြတယ်။ ပြီးတော့ လေဆိပ်သို့သွားရာလမ်းဘေးမှာ ပစ်ချထားခဲ့ပါတယ်။ အစိုးရလုံခြုံရေးတပ်သားတွေလို့ယုံကြည်ရတဲ့ အဲဒီသေနတ်သမားတွေက ကျော်ကြားလှတဲ့လက်ရာတွေကိုဖန်တီးနိုင်တဲ့ ဖာဇက်ရဲ့လက်နှစ်ဘက်ကို ပစ်မှတ်ထားရိုက်ချိုးခဲ့ကြတယ်။ ပြီးတော့ သူတို့က ခြိမ်းခြောက်ကြတယ်။ “ဒါသတိပေးရုံပဲရှိသေးတယ်။ ဆီးရီးယားခေါင်းဆောင်တွေကို လှောင်ပြောင်တာမလုပ်နဲ့တော့”တဲ့။
အဲဒီနောက်ပိုင်း ဆီရီးယားဆန့်ကျင်သူတွေနဲ့ များပြားလှတဲ့အွန်လိုင်းလှုပ်ရှားတက်ကြွသူတွေဟာ facebook မှာ သူတို့ရဲ့ profile ရုပ်ပုံတွေကို ဖာဇက်ဆေးရုံတက်ကုသမှုခံယူနေရတဲ့ပုံအဖြစ် ပြောင်းလဲခဲ့ကြပြီး ကာတွန်းဆရာဘက်မှာ စည်းလုံးညီညွတ်စွာအားပေးရပ်တည်ခဲ့ကြပါတယ်။ ဖာဇက်ရိုက်နှက်မခံရမှီ တစ်လအလိုမှာလည်း အစိုးရဆန့်ကျင်ရေးသီချင်းသီဆိုခဲ့သူကို အသံကြိုးဖြတ်တောက်ခံထားရပြီး သေဆုံးနေတာကိုတွေ့ရှိခဲ့ကြပါသေးတယ်။ ဆီးရီးယားပြည်သူတွေကိုပါ ဆန့်ကျင်လာခဲ့တဲ့၊ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ အာဆက်ဒ်ကိုလည်း ဆီးရီးယားနိုင်ငံရဲ့ အိမ်နီးချင်းတွေနဲ့ တစ်ခြား အာရပ်ပြည်နယ်တွေကပါ ဖိအားပေးဆန့်ကျင်မှုတွေတိုးမြှင့်လာခဲ့ကြပါပြီ။ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းနေတာကို ရပ်တန့်ဖို့ကြိုးပမ်းလာကြပါပြီ။ ဆီးရီးယားကသာ လျှောက်နေတဲ့လမ်းကြောင်းပြောင်းလဲဖို့မရှိဘူးဆိုရင်တော့ တူရကီဟာ သူတို့ရဲအိမ်နီးချင်းဆီ လျှပ်စစ်ပေးပို့နေတာကို ဖြတ်တောက်ရတော့မယ်လို့  တူရကီလျှပ်စစ်ဝန်ကြီးတနားရီးလ်ဒစ်ဇ် ကပြောလိုက်ပါတယ်။

ဆီးရီးယားကို ဘယ်လို ပိတ်ဆို့မှုတွေလုပ်ပြီးကြပြီလဲ။
အာရပ်လိဂ်က ဆီးရီးယားကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နိုဝင်ဘာ၁၂ ရက်နေ့က ရပ်တန့်လိုက်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ဖို့ မဲပေးခဲ့ကြပြီး နိုဝင်ဘာ ၂၇ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ သဘောတူလိုက်ကြတယ်။ အာရပ်တိုင်းပြည်တွေမှာရှိတဲ့ ဆီးရီးယားအစိုးရရဲ့ပိုင်ဆိုင်မှုတွေကို ပိတ်ပင်တာတွေလည်းပါဝင်တယ်။ ဆီးရီးယားဗဟိုဘဏ်နဲ့ ဆက်သွယ်မှုတွေနဲ့ ဆီးရီးယားမှာရှိနေတဲ့ အာရပ်အစိုးရတွေရဲ့လုပ်ငန်းတွေကိုလည်း ရပ်တန့်ကြတော့မယ်။ ကုန်သွယ်လေကြောင်းလိုင်းအ၀င်အထွက်ကိုလည်း ဖြတ်တောက်ပါတယ်။ ဆီးရီးယားအစိုးရအဖွဲ့ဝင်တွေရဲ့ ခရီးသွားလာမှုတွေကိုလည်း တားမြစ်လိုက်ကြတယ်။ ဒါပေမဲ့လည်း ဒီလိုတားမြစ်ပိတ်ဆို့မှုတွေကြားထဲက ဖြစ်နိုင်ခြေရှိတာတွေကိုလည်း အာရပ်တိုင်းပြည်တွေက မေးခွန်းထုတ်နေကြပါတယ်။ မေလ ၁၀ ရက်နေ့မှာ အီးယူက သမ္မတရဲ့ညီ မာဟား အယ်လ် အာဆတ်ဒ် အပါအ၀င် ကန့်သတ်လိုက်တဲ့ အစိုးရအဖွဲ့ဝင်၁၃ဦးရဲ့စာရင်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ မေ ၂၃ မှာ သမ္မတအာဆတ်ဒ်ကိုယ်တိုင်နဲ့ လက်တွဲအကူအညီပေးကြတဲ့ အဖွဲ့အစည်းတွေရဲ့နာမည်ပါဝင်တဲ့ စာရင်း ထပ်မံပေါ်ထွက်လာတယ်။ အဲဒီစာရင်းမှာပါဝင်သူတွေအားလုံး အီးယူမှာ ခရီးသွားလာခွင့်တားမြစ်ခံရပါတယ်။ ဆီးရီးယားနိုင်ငံဆီကလောင်စာဆီမှာယူတင်သွင်းနေမှုကိုလည်း အီးယူက ရပ်လိုက်ပါတော့တယ်။ ယူအက်စ်ကလည်း သမ္မတအာဆတ်ဒ်နဲ့ ထင်ရှားတဲ့အစိုးရအဖွဲ့ဝင်တွေ၊ လုံခြုံရေးအရာရှိတွေကို ကန့်သတ်တားမြစ်တာတွေ ပြုလုပ်ခဲ့တာပါပဲ။ ၂၀၁၁ မငြိမ်မသက်မှုတွေ မစတင်ခဲ့စဉ်ကတည်းက ယူအက်စ်ရဲ့ စီးပွားရေးပိတ်ပင်တားမြစ်မှုတွေ ဆီးရီးယားအပေါ်ရှိနှင့်နေခဲ့ပါပြီ။ ယူအက်စ်က ဆီးရီးယားကို ၁၉၇၉ ကတည်းက “အကြမ်းဖက်ဝါဒအားပေးတဲ့တိုင်းပြည်” ရယ်လို့ ကြေညာထားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစလို့ ပိတ်ဆို့မှုတွေ အကြိမ်ကြိမ်သက်တမ်းတိုးလာခဲ့တယ်။ ဆီးရီးယားငွေကြေးဥစ္စာတွေလှုပ်ရှား လည်ပတ်ခွင့်မရရှိအောင် ဘုရှ်အစိုးရအဖွဲ့က ၂၀၀၄မှာ ကန့်သတ်မှုတွေလုပ်ဆောင်ခဲ့ကြတယ်။ လက်ဘနွန်ဟစ်ဇ်ဘိုလာပြောက်ကျားတွေနဲ့ ပါလက်စတိုင်းတိုက်ခိုက်ရေးတပ်သားတွေကို ဆီးရီးယားကအထောက်အပံ့ပေးနေတာနဲ့ပတ်သတ်ပြီး ဒမတ်စကတ်ကို အပြစ်ပေးခဲ့ကြပါတယ်။

တူရကီက ဆီးရီးယားရဲ့ လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်နိုင်သလား။
ဆီးရီးယားပြည်တွင်းလျှပ်စစ်ဓါတ်အား နှစ်စဉ်သုံးစွဲမှုရဲ့ ၁၀ရာခိုင်နှုန်းကို တူရကီက ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားဟာ ၁၉၆၀ ခုနှစ်ကတည်းက ရေနံထုတ်လုပ်ရောင်းချနိုင်ခဲ့သလို တစ်နေ့ကို ဓာတ်ငွေ့ ကုဗမီတာ၂၂သန်း ထုတ်နိုင်တဲ့တိုင်းပြည်ဖြစ်နေတာကြောင့် ဘယ်လိုပြတ်လပ်မှုမျိုးကိုမဆို ဓာတ်ငွေ့တွေရေနံတွေနဲ့ ပြန်လည်ဖြည့်တင်းပါလိမ့်မယ်။ တူရကီအစိုးရကလည်း သာမန်ဆီးရီးယားပြည်သူတွေကို မထိခိုက်နိုင်တဲ့ ပိတ်ဆို့မှုမျိုးကိုပဲပြုလုပ်ခဲ့ပါတယ်။ ဆီးရီးယားပြည်တွင်းရေနံကုမ္ပဏီနဲ့ပြုလုပ်နေတဲ့ ဖက်စပ်ရေနံစီမံကိန်းတစ်ခုကိုလည်း ရပ်တန့်ကြောင်းကြေညာခဲ့တယ်။

ဆီးရီးယားကို ဘယ်သူတွေက စီးပွားရေးပိတ်ဆို့မှုလုပ်ပြီး ဖိအားပေးနိုင်ဦးမလဲ။
ဆီးရီးယားစီးပွားရေးကို အပြင်းထန်ဆုံးရိုတ်ခတ်နိုင်မှုက အီးယူကနေရေနံဝယ်ယူမှုရပ်တန့်လိုက်တာပါပဲ။ ရေနံကရတဲ့ဝင်ငွေပမာဏဟာ ဆီးရီးယားကုန်ထုတ်စွမ်းအား(GDP)ရဲ့ ၂၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အီးယူပိတ်ဆို့မှု မလုပ်ခင်တုန်းက ရေနံထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းကို အီးယူက သိမ်းကျုံးဝယ်ယူပါတယ်။ အထူးသဖြင့် ဂျာမနီ၊ အီတလီနဲ့ ပြင်သစ်နိုင်ငံတို့က ၀ယ်ကြတယ်။ တစ်ချို့ဆီးရီးယားကျွမ်းကျင်သူတွေက ခန့်မှန်းကြပါသေးတယ်။ ပိတ်ဆို့မှုတွေ အီးယူကစတင်လိုက်တော့ ဆီးရီးယားဟာ ရေနံဝယ်မယ့်နိုင်ငံသစ်တွေ၊ ဥပမာ တရုတ်နဲ့ အိန္ဒိယတို့လို နိုင်ငံတွေကိုမိတ်ဖွဲ့ရောင်းချနိုင်တာမို့ မတုန်မလှုပ်နေနိုင်ခဲ့ပါသေးတယ် တဲ့။ ဒါပေမဲ့လည်း တစ်ခြားဝယ်ယူမယ့်သူရှာရတာဟာ ပိုပြီးခက်ခဲစေပါတယ်။ ထုတ်လုပ်မှုလည်း ကျဆင်းလာနိုင်တယ်။ အတင်းအဓမ္မစီးပွားရှာမှုကလည်း တိုင်းပြည်ကို အကျဉ်းအကျပ်ထဲ ပိုပြီးကျရောက်စေပါတယ်။ တရားဝင်တားမြစ်ပိတ်ဆို့မှုတွေကြောင့် တရားမ၀င်စီးပွားရှာမှုတွေဟာ နယ်စပ်တစ်လျှောက်မှာ ပြည့်နှက်နေခဲ့တာကလည်း သမိုင်းရာဇ၀င်တွေပြန်ကြည့်ရင် သိနိုင်ကြပါတယ်။ အထူးသဖြင့် လက်ဘနွန်နဲ့ အီရတ်တို့လို့နိုင်ငံတွေဆီ တရားမ၀င်ရေနံရောင်းချမှုတွေ ပိုပြီးများလာနိုင်တယ်။

ဘယ်သူတွေက ဆီးရီးယားရဲ့ အကြီးမားဆုံးကုန်သွယ်မိတ်ဖက်တွေလဲ။
ဥရောပကော်မရှင်အရ ၂၀၁၀ မှာ အီးယူဟာ ဆီးရီးယားရဲ့ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ခဲ့ပါတယ်။ အီးယူရဲ့ ကုန်သွယ်မှုဟာ ၂၂.၅ရာခိုင်နှုန်းရှိပြီး အီရတ်က ၁၃.၃ရာခိုင်နှုန်း၊ ဆော်ဒီအာရေးဘီးယားက ၉ ရာခိုင်နှုန်း၊ တရုတ်က ၆.၉ရာခိုင်နှုန်းနဲ့ တူရကီက ပဉ္စမနေရာ ၆.၆ရာခိုင်နှုန်းရှိပါတယ်။  ရုရှားက န၀မမြောက် ၃ရာခိုင်နှုန်းကုန်သွယ်မှုရှိကြတယ်။

ဆီးရီးယားကို ပိတ်ဆို့မှုမှာ ဘယ်သူက ဆန့်ကျင်လဲ။
ဆီးရီးယားကို အာရပ်အဖွဲ့ဝင်အဖြစ်က ဖြုတ်ချထားလိုက်တာကို ဆန့်ကျင်တဲ့အာရပ်လိဂ်အဖွဲ့ဝင် သုံးဦးက ဆီးရီးယားနိုင်ငံကိုယ်တိုင်၊ လက်ဘနွန်နဲ့ ရီမင်နိုင်ငံတို့ပါ။ ရီမင်အစိုးရကိုယ်တိုင်က သမ္မတအလီအဗ္ဗဒူလာဆာလာကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆီးရီးယားဟာ အိမ်နီးချင်းလက်ဘနွန်နိုင်ငံကိုလည်း နိုင်ငံရေးအရသြဇာသက်ရောက်စေဖို့ ကြိုးပမ်းနေဆဲပါပဲ။ အကြမ်းဖက်နှိမ်နင်းမှုတွေဆက်ပြီးလုပ်နေတာကြောင့် ယူအန် လုံခြုံရေးကောင်စီက အရေးယူဆန့်ကျင်ခဲ့တယ်။ ရုရှားနဲ့ တရုတ်က ဆီးရီးယားပြည်တွင်းရေးမှာ ယူအန်ပါဝင်ပတ်သက်မှုကို ဗီတိုအာဏာသုံးပြီးပယ်ချခဲ့ပါတယ်။ သူတို့ရဲ့ဆန့်ကျင်မှုကိုပြသကြတယ်။ ရုရှားနိုင်ငံဆိုင်ရာ ယူအန်သံအမတ်ကြီး ဗီတဲလီချာကင်က လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ လစ်ဗျားပုံစံ နိုင်ငံခြားတပ်သားတွေဝင်ရောက်အရေးယူမှုမျိုး ဦးဆောင်နိုင်တယ်လို့ပြောပါတယ်။ ရုရှားနိုင်ငံအခြေစိုက် စစ်ပရိယာယ်၊ နည်းပညာသုတေသနစင်တာရဲ့သတင်းအရ ရုရှားဟာဆီးရီးယားကို အနည်းဆုံး ဒေါ်လာ၂.၅ဘီလီယံခန့်တန်ကြေးရှိတဲ့ လက်နက်နဲ့ စစ်သုံးကိရိယာတွေ ရောင်းချခဲ့တယ်လို့ ဆိုတယ်။

ဘက်ပေါင်းစုံက ပိတ်ပင်တားဆီးမှုတွေစုပြုံရရှိခဲ့ပြီး အာရပ်လိဂ်အပြင်ဘက်ရောက်ခဲ့ရတဲ့ အာရပ်နိုင်ငံတစ်နိုင်ငံရဲ့ လမ်းကြောင်းပြောင်းလဲလာလေမလား။ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ခြေလှမ်းတွေကို စောင့်ကြည့်ရပါဦးမယ်။ သမ္မတအာဆတ်ဒ်ကတော့ နိုင်ငံအတွက် အသေခံဖို့ဆန္ဒရှိတယ်လို့ ပြောနေပါတယ်။ နိုင်ငံအတွက်ထားတဲ့ သမ္မတအာဆတ်ဒ်ရဲ့ဆန္ဒအတိုင်းပဲ ဆီးရီးယားနိုင်ငံရဲ့အနာဂတ်လှပလာလေမလား မျှော်လင့်စောင့်စားကြရမှာပါပဲ။              ။

နွယ်နီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၂

3 comments:

  1. သိပ်ကောင်းတဲ့ ဆောင်းပါးလေးပါ အစ်မ။ အစ်မ ဘာသာပြန်လိုက်တာမို့  ပို ပြည့်စုံသွားတာ ဖြစ်မှာပါ။ တရုတ်နဲ့ ရုရှားကတော့ နေရာ တကာ သူတို့  အကျိုး ထိပ်ဆုံး ထည့်ကြည့်တဲ့ အင်အားကြီးနိုင်ငံတွေ ပါပဲ။ ဘယ်သူပဲ သေသေ ကိုယ်လက်နက်ရောင်းရဖို့ ၊ ကိုယ့်အတွက် အမြတ်ကျန်ဖို့  သာ အရင်ကြည့်တဲ့ သူတွေမို့  စက်ဆုတ်မိပါတယ်။

    ReplyDelete
  2. ကဒါဖီပြီးပြန်တော့ နောက်တစ်ခုပါလား ဖြိုးရေ...။ သေချာတာကတော့ အုပ်ချုပ်သူတွေဟာ အများကလက်မခံရင် ဘယ်လောက် သက်တမ်းရှည်ရှည် တချိန်မှာတော့ အများဆန္ဒရဲ့ အောက်ကို ရောက်မှာဆိုတာ လက်ရှိ ကမ္ဘာ့ဖြစ်ရပ်တွေက သက်သေခံနေတယ်နော်..။ စိတ်ဝင်စားစွားဖတ်သွားပါတယ်ဖြိုးရေ..။

    ReplyDelete
  3. ဒီနှစ်တော့ အရှေ့အလယ်ပိုင်းနိုင်ငံတွေအတွက် ကံဆိုးတဲ့နှစ်ပြောမလား
    ကောင်းသောပြောင်းလဲခြင်း ပြောမလားမသိဘူး။
    အပြောင်းအလဲတွေ မထင်မှတ်တာတွေ သိပ်များတာဘဲ..
    ကောင်းသောပြောင်းလဲခြင်းကိုတော့ ကြိုဆို ဝမ်းမြောက်ရမှာပါ.
    ကိုယ့်ပြည်မှာတောင် ပြောင်းလဲခြင်း လမ်းစလေးတွေ တွေ့လာရပြီမို့လို့ ပျော်ရွှင်ရသေးတာဘဲလေ..
    ဘယ်နိုင်ငံမဆို လူသားဆန်ဆန် အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေကိုဘဲ အလိုရှိတာ သဘောဝကျပါတယ် ဖိနှိပ်တာမျိုးတော့ ဘယ်သူက ကြိုက်ပါ့မလဲနော်..
    စကားမစပ်.
    Sweet December...... :P

    ReplyDelete