Thursday, November 3, 2011

ဆိုင်ကရောင်းတဲ့ ယဉ်ကျေးမှုရဲ့အရသာ

စူးစူးရဲရဲ တောက်ပလွန်းလှတဲ့ စိမ်းပြာရောင်မီးစတွေ၊ ရွှေရောင်မီးစတွေ တဖွားဖွားလွင့်စင်ကျနေတုန်းပဲ၊ မြန်မြန်လက်စသတ်ရတော့မယ်။ ဗိုက်ထဲက အူတွေ လိမ်ကျစ်ကာ ပူနွေးလာတဲ့ခံစားမှုက အဆက်မပြတ်တော့ဘူး။ အဲဒါ ဗိုက်ဆာတာ။ ဟုတ်တယ်လေ .. ကြည့်ပါဦး။ မနက်စောစောစီးစီးကြီး ငါးနာရီကျော်လောက်ကတည်းက အိပ်ရာထခဲ့ရတယ်။ မတ်ခွက်ကြီးကြီးနဲ့ ကော်ဖီအပြည့်ဖျော်တယ်။ အဲဒီကော်ဖီကို လည်ချောင်းထဲ မြန်မြန်လျှောချပြီး ကားဂိတ်ကိုထွက်ခဲ့တယ်။ ဒီမြို့လေး .. အဲ ရွာလေးကိုရောက်ဖို့ တစ်နာရီခွဲလောက် ဘတ်စ်ကားကြီးစီးခဲ့ရတယ်။ အူးမ်ခါဆိုတဲ့ ဟောဒီရွာလေး ရောက်တာနဲ့ အလုပ် စ ခဲ့တာ၊ အူးမ်ခါက ရွာမျက်နှာဖုံးလို့ ပြောရမယ့် ဦးဂျင်မီက ၀င်းတံခါးသံပန်းတံခါးအတွက် ကျွန်တော့်ကို အလုပ်အပ်ခဲ့တာလေ။ ကျွန်တော်နဲ့ ၀ီလီရယ်၊ စောလှရယ် သုံးယောက်သား ဦးဂျင်မီအိမ်မှာပဲ ဆုံကြတယ်။ အ၀င်ဝတံခါးမအတွက်က ပြီးသလောက်ဖြစ်နေပါပြီ။ အချောသတ်ရမယ်၊ အဆက်တွေကို စစ်ရမယ်။ ကျွန်တော်က ဂဟေဆက်သမားပေါ့။ ပညာရှင်ဆန်ဆန်ပြောရရင်တော့ ဂဟေဆက်ကျွမ်းကျင်ပညာရှင်ပါ။ အခု နေ့လည် ၁၂နာရီခွဲပြီး ၁နာရီထိုးလုနီးပါးရှိနေပြီ။ ကျွန်တော်တို့ သုံးယောက်လုံး ၀မ်းဗိုက်တွေ တကြုတ်ကြုတ်မည်နေကြပြီ။ တစ်ချက်တစ်ချက် ဂွီ ဆိုတဲ့ အသံမျိုး ၀ီလီ့ဗိုက်ထဲက ကြားလိုက်ရတယ်။ မြှော့ .. မြှော့ မြှော့ ဆိုလားပဲ … စောလှဗိုက်ထဲကလည်း အော်တာပဲ။ မထူးပါဘူး၊ ကျွန်တော့်ဗိုက်ထဲကလည်း တစ်ခါတစ်လေ မြှောင်း ………..ဆိုပြီး အသံရှည်လေးဆွဲပြီးအော်တဲ့အခါ အော်တယ်။
   
        “ဟာ မရတော့ဘူး၊ ဗိုက်ဆာတယ်။ ၀ီလီ ငါတော့ ရပ်ပြီဟေ့”

ကျွန်တော် ပြောပြောဆိုဆိုနဲ့ ဦးထုပ်ကြီးဆွဲချွတ်ပြစ်လိုက်တယ်။ မျက်လုံးထဲမှာ စိမ်းပြာ၊ ရွှေဝါရောင်အလင်းတွေက မနားတမ်း ပြေးနေသေးတယ်။
စောလှနဲ့ ၀ီလီတို့လည်း ကျွန်တော့်အနားရောက်လာကြပါတယ်။

            “ဘယ်မှာစားကြမလဲ”

ပြည့်ပြည့်ဖောင်းဖောင်း ၀ီလီ့မျက်နှာတောင် နည်းနည်းလေး သေးကွေးသွားသလိုပါပဲ။ စောလှက ဘာကိုမှစောင့်ဆိုင်းချင်ပုံမရတော့ဘူး။ ဦးဂျင်မီကိုသွားမေးနေပြီ။ ဦးဂျင်မီနဲ့ စောလှတို့ ကျွန်တော်တို့အနားကို ရောက်လာကြပါတယ်။ နောက်တစ်ရွာက စားသောက်ဆိုင်မှာ သွားစားကြမယ်တဲ့။ ဦးဂျင်မီက သူလိုက်ပို့မယ်လို့ဆိုတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ သုံးယောက်သား ဦးဂျင်မီရဲ့ မီးခိုးပြာ ခပ်ဖျော့ဖျော့ အရောင်ဖီးယက်ကားလေးနဲ့ စားသောက်ဆိုင်ဆီ ထွက်ခဲ့ကြပါတယ်။

ဘေးဘီဝဲယာမှာ ပြောင်းခင်းဝါ၀ါတွေရိပ်ခနဲ ရိပ်ခနဲ ကျန်နေခဲ့ကြတယ်။ ကျွန်တော်တို့ကားလေးလည်း စားသောက်ဆိုင်တစ်ခုဆီ အပြေးနှင်လို့ပေါ့။ ကျွန်တော် ဒီရွာလေးကို မရောက်ဘူးသေးပါဘူး။ ကျွန်တော့်အလုပ်ကလည်း အချိန်ပြည့်အလုပ်မဟုတ်တော့ အော်ဒါရတယ်ဆိုရင် ရတဲ့နေရာ ပြေးရတာပဲ။ တစ်ခါတစ်လေလည်း အိမ်မှာပဲ အကွေ့အ၀ိုက်တန်ဆာဆင်၊ ဂဟေဆက်အချောကိုင်ပြီးရင် ပြီးတဲ့ တံခါးတို့ သံပန်းတို့ကို ယူသွားပြီးဆင်ပေးရတာလည်းရှိတတ်တယ်။ ပညာတတ်ဘွဲ့ရကြီး မဟုတ်ပေမဲ့ ကျွန်တော်တတ်ကျွမ်းတဲ့ ဒီဂဟေဆက်တဲ့အလုပ်ကို ကျွန်တော်ချစ်ပါတယ်။ ဒီအလုပ်နဲ့ပဲ ကျွန်တော့ မိန်းမ မာယာနဲ့ သားကြီးဒရာဂန်၊ အငယ်လေး လာ့ဇာတို့ကို အိမ်တစ်ဆောင်၊ မီးတစ်ပြောင် ထားနိုင်ခဲ့တာလေ။ ကျွန်တော်တို့ ဟိုဟိုဒီဒီ ဈေးဝယ်ထွက်တဲ့အခါ အသုံးပြုနိုင်မယ့် ကားတစ်စီးလည်း ၀ယ်ထားနိုင်တယ်။ ကားလေးက နောက်ဆုံးမော်ဒယ်အမျိုးအစား မဟုတ်ပေမဲ့ ဒီကားလေးနဲ့ပဲ ကျွန်တော့်အလုပ်တွေသယ်သွားနိုင်တယ်။ မာယာ့ကိစ္စတွေလည်း သယ်သွားနိုင်တယ်။ ကျွန်တော့သားတွေရဲ့ မရိုးနိုင်တဲ့ကိစ္စမျိုးစုံလည်း သယ်သွားနိုင်သေးတာပဲ။ တစ်ခါတစ်ရံ ကျွန်တော့် သူငယ်ချင်းတွေရဲ့ ကိစ္စ၀ိစ္စတွေတောင် သယ်သွားနိုင်ခဲ့တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်ကတော့ ကျွန်တော့်အလုပ်ကိုချစ်တယ်။ တစ်ခုပဲ အလုပ်က အချိန်ပြည့်အလုပ်မဟုတ်တော့ အော်ဒါရှိတဲ့အချိန်တွေမှာ သုံးလေးခု ထပ်နေပြီး လူက မနားတမ်းအလုပ်လုပ်ရသလို၊ အော်ဒါမရရင် အလုပ်ရှိနိုင်မယ့်နေရာကိုလိုက်ပြီး မေးရမြန်းရ အလုပ်ရှာဖွေရတာမျိုးတွေတော့ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်က ဒီအလုပ်နဲ့ပဲ အသက်မွေးလာတာ သားတွေ တစ်သက်မကတော့ဘူးဆိုတော့လည်း အလုပ်ရှိမယ့်နေရာကို ကျွန်တော်က ရှာတတ်ပါတယ်။ ကျွန်တော်ရှိမယ့်နေရာကိုလည်း အလုပ်က လိုက်ရှာတတ်ကြတယ်။
“ရှဗာဘစ်ခ်ျ ကော်ဖီဆိုင်”လို့ ဆိုင်းဘုတ်တပ်ထားတဲ့ သစ်သားတိုင်လုံးမုခ်ဦးအခင်းအကျင်းနဲ့ဆိုင်လေးရှေ့ရောက်တော့ ဦးဂျင်မီကားလေး ချိုးကွေ့ဝင်လိုက်ပါတယ်။ ကော်ဖီဆိုင်ဆိုပေမဲ့ အစားအသောက်အစုံလည်းရနိုင်တယ်လို့ ဦးဂျင်မီကတော့ ပြောသားပဲ။ ခြံဝန်းလေးက အတော်အသင့်ကျယ်ပါတယ်။ ကားတွေလည်း တော်တော်များများ ရပ်ထားကြတာလည်းတွေ့လိုက်ရသေးရဲ့။ ဦးဂျင်မီက ကားထားစရာနေရာ ဟိုဒီစောင်းငဲ့ ကြည့်လိုက်ပြီး နေရာလွတ်တစ်ခုမှာ ကားကို ကားကို ကျကျနနရပ်လိုက်တယ်။ ဆိုင်ရဲ့ အပြင်အဆင်က ကျွန်တော့်အတွက်တော့ ထူးဆန်းလို့နေတယ်။ ဘာလို့လဲဆိုရင်၊  ကြည့်ပါဦး အ၀င် ၀င်းတံခါးကို၊ သစ်သားတိုင်လုံးကြီးနှစ်လုံး မတ်တပ်ထောင်ထားလိုက်ပြီး ကန့်လန့်သစ်သားတိုင်လုံးတွေရိုက်ထားတယ်။ ကန့်လန့်သစ်သားတိုင်လုံး တွေရှေ့မှာ ရှဗာဘစ်ခ်ျကော်ဖီဆိုင်ဆိုတဲ့ ဆိုင်းဘုတ်ပြားတပ်ထားတယ်။ ဒါပဲရှိတယ်။
ဘာဝင်းတံခါးမှလည်း ပိတ်ဆို့မထားဘူး။ တိုးလျှိုပေါက်ကြီးဗျာ၊ ကျွန်တော်ကတော့ စိတ်ထဲကနေ ကျွန်တော့် သံပန်းတံခါးလှလှကြီးကို အကျအနတပ်ကြည့်နေလိုက်တယ်။ ကားရပ်တဲ့နေရာကနေ အတွင်းဘက် ဆိုင်ထဲကိုရောက်ဖို့ နောက်ထပ်ဂိတ်ပေါက်တစ်ခုထပ်ဖြတ်ရသေးတယ်။ ဒီတစ်ခါလည်း ခုနကလိုပါပဲ ဟာလာဟင်းလင်းပဲ။ ဘာဝင်းတံခါး၊ သံပန်းတံခါးမှရှိမနေပါဘူး။ ဒီဂိတ်ပေါက်ကိုတော့ သစ်သားလုံးတွေအစား ကျောက်တုံးကျောက်သားတွေအကွက်ဖော်ပြီး အလှဆင်ထားတယ်။ အဲဒီကနေ အထဲကို ၀င်လိုက်တော့ ဘေးနှစ်ဘက်မှာ သစ်သားအသားပြည့်ပြည့်စားပွဲ၊ ခုံတန်းတွေရှိနေကြပါတယ်။ ကျွန်တော့်မျက်စိထဲမတော့ နေ့စဉ်ပုံဖော်နေကျ ကွေးညွတ်ကော့ပျံနေတဲ့ သံပန်းဝင်းတံခါးတွေရဲ့ ခမ်းခမ်းနားနားအလှအပနဲ့ တစ်ခြားစီပဲလို့ မြင်နေမိတယ်။ လူဝကြီးတစ်ယောက် ပုံ့ပုံ့ကြီး ထိုင်နေသလိုလို၊ ထူထူပြစ်ပြစ်ကြီး။ မှုန်ကုပ်ကုပ်ကြီးလိုပဲ။
        “ကိုယ်တော့ အလုပ်လေးနည်းနည်းပါး၊ အချိန်အားလေးရတာနဲ့ ဒီဆိုင်ကို အပြေးလာတာပဲဟေ့၊ ၀င်လိုက်တာနဲ့ကို မျက်စိထဲမှာ အေးချမ်းပြီး ပြည့်ပြည့်၀၀ရှိလွန်းလို့။ အေးအေးလူလူနဲ့။ အခုက အပြင်မှာထိုင်ရရင်တော့ အေးတယ်။ ဟုတ်ဘူးလား။ အထဲမှာပဲ ထိုင်ကြစို့ရဲ့”
ကျွန်တော် ရုတ်တရက်အံ့သြသွားတယ်။ လူတစ်ကိုယ်အကြိုက်တစ်မျိုး၊ အမြင်ချင်းမတူကြဘူးဆိုတာ သိထားပါရဲ့နဲ့။ ခု ဦးဂျင်မီပြောလိုက်တော့မှပဲ စိတ်ကူးနဲ့တပ်ကြည့်နေမိတဲ့ သံပန်းတံခါးကြီးတွေ အလန့်တကြားဖြုတ်ပစ်လိုက်မိတယ်။ ခုံတန်းတွေလိုက်ကြည့်မိပါတယ်။ အသားပြည့်နေတဲ့သစ်သားခုံတန်းကြီးတွေက အဆော့သန်လှတဲ့ ကလေးလေးငါးယောက်မက ခေါ်လာဦးတော့ တုပ်တုပ်မှလှုပ်ရှားလိမ့်မယ်မဟုတ်ဘူး။ မာယာနဲ့ ကျွန်တော် ကလေးနှစ်ကောင်ခေါ်ပြီး မြို့လယ်ခေါင်က စားသောက်ဆိုင်တွေသွားဖြစ်ကျရင် ပေါ့ပါးလှပလှတဲ့ သတ္ထုခုံလေးတွေမှာ ထိုင်ကြတိုင်း၊ ကလေးတွေများ အဲဒီသတ္ထုခုံနဲ့အတူ ဘုန်းခနဲပြုတ်ကျလေမလား ပူပန်ရတာ၊ ပြီးတော့ … ထိုင်လိုက်ရင်လူမြုပ်လောက်အောင်ပြည့်ဖောင်းနေတဲ့ ဆိုဖာအိအိထိုင်ခုံတွေမှာ ထိုင်ဖြစ်ကြရင် ကလေးတွေအချိုရည်မှောက်ချလိုက်လေမလား ပူပန်ရတာ၊ အဲဒီလို ပူပန်ရတာမျိုးတွေတော့ ဟောဒီက ခုံတန်းကြီးတွေမှာ လိုအပ်မှာမဟုတ်ဘူးလေ။
ဦးဂျင်မီ ဦးဆောင်ခေါ်ရာအတိုင်းပဲလိုက်လာကြပြီး ဆိုင်ထဲ ညာဘက်ထောင့်စွန်းက အသားပြည့်ခုံတန်းကြီးမှာ ကျွန်တော်တို့ ထိုင်လိုက်ကြပါတယ်။ အပြင်ဘက်မှာ ငြိမ်ဆက်တိတ်ဆိတ်နေသလောက် ဆိုင်ထဲမှာတော့ လူတွေအများသားပဲ။ ဆေးလိပ်ငွေ့တွေရယ်၊ စကားလုံးတွေရယ်နဲ့ ကော်ဖီဆိုင်လေးက စည်ကားနေပါတယ်။ ဆိုင်ရဲ့အခင်းအကျင်းဆွဲဆောင်မှုနောက်မြောပါနေတာနဲ့ပဲ ဗိုက်ဆာနေတဲ့ဒဏ်ကတော့ ခဏလေးရပ်သွားလိုက်တယ်။ ဆိုင်အတွင်းမှာလည်း ကျေးလက်တောရွာရဲ့အငွေ့အသက်တွေ အကုန်ဖြည့်ထားသေးရဲ့။ ဆိုင်ရဲ့ မျက်နှာကြက်မှာ တောကောင်တွေရဲ့ အစာသွပ်အရုပ်တွေကို တွဲရရွဲ ချိတ်ဆွဲထားပါတယ်။
အမဲလိုက်မုဆိုးတစ်ဦးရဲ့ စုဆောင်းသိမ်းဆည်းထားတဲ့အစာသွပ်တောကောင်တွေများလားပဲ။ ဓါး၊ လှံ၊ တံစဉ်း လက်နက်ပစ္စည်းကိရိယာတွေ၊ အမဲလိုက်ရာမှာ သုံးလေသလား၊ ဂျုံစိုက် ပြောင်းစိုက်တဲ့အခါ သုံးလေသလား၊ ကောက်ရိုးသယ် မြက်ရိတ်တဲ့အခါ သုံးရလေသလား ကျွန်တော်တော့မသိပါဘူး။ ကျွန်တော်သိတာက စတီးချောင်းတွေ၊ အလူမီနီယံ၊ ကြေးနီ၊ ပလပ်စတစ်၊  ပိုလီမာအသားတွေ အဲဒါတွေလေ။

        “၀က်ပေါင်သားကင်ရယ်၊ ငါးစွပ်ပြုတ်၊ ချိစ်ဆလတ်သုတ်၊ ခင်ဗျားကရော”

အမြဲခပ်အေးအေးနေတတ်လေ့ရှိတဲ့ စောလှဆီက အရင်ဆုံးအသံထွက်လာတယ်။ ကျွန်တော့်ကျောကိုတစ်ချက်ပုတ်ရင်းမေးပါတယ်။ အော .. စားပွဲဘေးမှာ ကလေးမလေးတစ်ယောက် ရပ်လို့နေပါရောလား။ စာအုပ်သေးလေးတစ်အုပ်ရယ် ဘောပင်တစ်ချောင်းကိုင်လို့ အသင့်အနေအထားနဲ့ စောင့်နေပါတယ်။ အသားကပ်အနက်ရောင်ဘောင်းဘီရှည်၊ အဖြူရောင် ရှပ်အင်္ကျီပွပွမှာ လက်ကို တံတောင်ဆစ်နားထိ ခေါက်ဝတ်ထားတဲ့ ရွှေရောင်ဆံပင်နဲ့မိန်းကလေး၊ ရွှေဝါရောင်ဆံပင်တွေကို အားလုံးစုသိမ်းပြီး နောက်မှာ ခပ်မြင့်မြင့်စည်းနှောင်ထားတယ်။ ပိုနီတေးလ်ခေါ်တဲ့ မြင်းမြီးလေးလိုဆံပင်စည်းထားတာမျိုးလေး  ကိုယ်ခန္ဓာက ထွားထွားကျိုင်းကျိုင်းရယ်။ ဒီမိန်းကလေးကို ကြည့်ရင်း မာယာ့ကိုတောင် သတိရလိုက်ပါသေးတယ်။ မာယာက ဖြူစင်နေတဲ့အသားမှာ ကျောလယ်လောက်ရှိတဲ့ဆံပင်ခွေလိပ်လိပ်လေးတွေနဲ့၊ မျက်လုံးပြာနဲ့မိန်းကလေးပေါ့။ သေးသေးကွေးကွေးလေးပါပဲ။ ကျွန်တော်ကရော၊ ကျွန်တော့အလုပ်ကပြီးလို့အိမ်ပြန်ရောက်တဲ့အခါ ပင်ပမ်းတာအကြောင်းပြပြီး အစားတွေအားကြီးစားတယ်။ ဘီယာမပြတ်၊ ဘရန်ဒီ၊ ၀ိုင်မပြတ်သောက်တတ်လေတော့ ကျွန်တော့်ဝမ်းဗိုက်က စူပုံ့ပုံ့နဲ့။ လူကောင်ကြီးကြီးကျွန်တော်ပေါ့။ စားပွဲထိုးမိန်းကလေးကို မြင်လိုက်တာနဲ့ပဲ ကျွန်တော်အတွေးတွေလည်ထွက်သွားလိုက်တာ ကျွန်တော့်ရဲ့ဝမ်းဗိုက်စူဖောင်းဖောင်းကြီးဆီရောက်မှပဲ အတွေးကရပ်ပါတော့တယ်။ ကျွန်တော့်ဝမ်းဗိုက်ကြီးတောင် ဒီနေ့တော့ နည်းနည်းကျုံလှီသွားသယောင်၊ ကျွန်တော့်ဘာသာသနားမိပါသေးရဲ့။

        “ငါ အာလူးချောင်းကြော်၊ ကြက်သားကင် ပြီးတော့ ငါးစွပ်ပြုတ်ပဲ စားမယ်ဟေ့”

ကျွန်တော့် ၀မ်းဗိုက်ကြီးကို ငုံ့ကြည့်ရင်း အားတက်သရောမှာလိုက်ပါတယ်။ ဦးဂျင်မီကတော့ ကော်ဖီတစ်ခွက်မှာပါတယ်။ သူကနေ့လည်စာစားခဲ့ပြီးပြီကိုး။ ၀ီလီက အမဲကင်၊ အမဲကင်လို့ ရွတ်နေရင်းကပဲ

        “ကြက်သားကင်ပဲပေးပါ၊ ပြီးတော့ ပေါင်မုန့်ညိုရော” လို့ မှာလိုက်တယ်။

        “ပေါင်မုန့်ကတော့ စားပွဲတစ်ဝိုင်းကို ကျွန်မတို့လက်ဖြစ်ပေါင်မုန့်အလုံးတွေ ကြိမ်ဗန်းတစ်ခုနဲ့အပြည့်ပေးပါတယ်၊ ၀ယ်စရာမလိုပါဘူးရှင်”

မိန်းကလေးက ချိုရွှင်ရွှင်လေး ဖြေပါတယ်။ ၀ီလီ့မျက်နှာကလည်း ပြုံးပြုံးကြီး၊ သူလည်း တော်တော်ဆာနေရှာပြီပဲ။ ၀ီလီ့ဗိုက်ထဲက အသံတစ်သံထွက်လာတာတောင် ကျွန်တော်ကြားဖြစ်အောင်ကြားလိုက်သေးတယ်။

        “လက်ဖြစ်ကတော့ တကယ့်လက်ဖြစ်တွေကွနော်၊ အာလူး၊ ဆလပ်၊ အသား၊ ငါး အကုန် ဒီဆိုင်ကပဲ၊ ဒီမှာပဲ စိုက်ထားပျိုးထား၊ မွေးမြူထားတယ်၊ ဒါကြောင့် ဈေးသက်သာပြီး အများကြီးစားရတယ်ဟေ့၊ တွေ့ပါလိမ့်မယ်၊ တော်ကြာနေ”

ဦးဂျင်မီက ကလေးမလေးရဲ့ စကားအဆုံး စကားဖြည့်ပြောလိုက်ပါတယ်။

ကျွန်တော်တို့လည်း စောင့်ရင်း ငေးရင်း စကားစမြည်ပြောရင်း ဆာနေတဲ့ဝမ်းဗိုက်ဟာဟာတွေအကြောင်း ခဏမေ့ထားလိုက်ကြတယ်။
       “ဘယ်နေ့သံပန်းတံခါးမကြီးတပ်မလဲဗျာ၊ ကိုယ် တွေ့သလောက်တော့ အပြီးအစီးနီးပါး ပြီးနေပြီထင်ပါရဲ့။ တပ်ဖို့လောက်ပဲ လိုတော့မယ်ထင်တယ်။ ဂဟေဆက်တဲ့အလုပ်ကလည်း စိတ်အတော်ရှည်ရတာပဲဗျ၊ အာရုံစူးစိုက်ရတယ်နော်။ အသေးစိတ်လိုက်စစ်ရတာ၊ မီးအလင်းစူးတာရယ်။ အသံကြီး တရွှီးရွှီးဆူတာရယ် မလွယ်ဘူး၊ ချီးကျူးပါတယ်ဗျာ။ ခင်ဗျားတို့ ဒီလို စိတ်ရှည်လက်ရှည် ကူညီလုပ်ကိုင်ပေးကြလို့၊ ဒီနေ့ နေ့လည်စာအတွက် ကျွန်တော် ဒကာခံပါရစေဗျ နော်။ ကျွန်တော် သိချင်တာလေး တဆိတ်လောက်၊ ကျွန်တော့်လို ပညာရှင် မဟုတ်တဲ့သူ လူပြိန်းအလွယ်နားလည်နိုင်အောင် ဂဟေဆက်ပုံနည်းလေး နည်းနည်းပါးပါးပြောပြပါလားဗျာ၊ ဥပမာ ခုလို သံပန်းတံခါးတစ်ခုရလာဖို့ ဘယ်လိုစလုပ်ခဲ့ရတယ်ပေါ့၊ အစားအစာတွေလည်းစောင့်ရင်းပေါ့”
စကားပြော သွက်သွက်လက်လက်ရှိတဲ့ ၀ီလီကပဲ ပြောပြဖို့ လှုပ်လှုပ်ရှားရှားဖြစ်လာတာနဲ့ ကျွန်တော်လည်း ငြိမ်နေလိုက်ပါတယ်။ ဆိုင်ထဲမှာလူတွေအများကြီးရယ်။ ကောင်တာမှာ ရှပ်အင်္ကျီအဖြူရောင်လက်ရှည်ကိုလက်ခေါက်ဝတ်ထားတဲ့ အနက်ရောင်ဘောင်းဘီနဲ့လူတစ်ယောက် အေးအေးလူလူကြီးကို အလုပ်ရှုပ်နေဟန်တူပါတယ်။ သူ အလုပ်ရှုပ်နေပုံက အေးအေးဆေးဆေးနိုင်လွန်းလို့ပါ။ ကောင်တာက အရွယ်စုံပုလင်း၊ ဒီဇိုင်းစုံဖန်ခွက်တွေကြားထဲမှာရှိနေတဲ့ အဲဒီလူရွယ်က ဖန်ခွက်ကြီးတွေထဲကို ဘီယာတွေလောင်းချနေပါတယ်။ ပြီးတော့ အဲဒီဖန်ခွက်ကြီးတွေကိုင်ပြီး စားပွဲတစ်ခုဆီ သွားတယ်။ ဘောင်းဘီအနက်ရောင်ကို ခပ်ရွှဲရွှဲဝမ်းဗိုက်အောက်ကနေ လျှောချပြီးဝတ်ထားပါတယ်။ ရှပ်အင်္ကျီကို လက်ခေါက်ထားတဲ့ ပုံစံက ခန့်ခန့်ညားညားတော့ရှိသားပဲ။ ဆိုင်ထဲမှာ ဘီယာသောက်နေတဲ့ သူတွေ၊ ကော်ဖီဖြစ်ဖြစ်သောက်နေတဲ့သူတွေ အစားစားနေကြတဲ့သူတွေ အားလုံး သူတို့အာရုံမှာ သူတို့ နစ်မြုပ်နေကြတယ်။

       “ဒီလိုဗျာ အစတော့ ကျွန်တော်တို့တပ်မယ့်တံခါးအကွာအဝေး သေချာတိုင်းပေါ့၊ ပြီးတော့ ကျွန်တော်တို့ ဒီဇိုင်းကို စဉ်းစားရတယ်၊ အင်တာနက်က၊ စာအုပ်တွေက ကြည့်ပြီး ဒီဇိုင်းဆွဲကြတာပေါ့၊ တစ်ခါတစ်လေလည်း အလုပ်အပ်တဲ့သူက လိုချင်တဲ့အတိုင်းလုပ်ပေးလိုက်ရုံပဲ၊ ပြီးရင် လိုအပ်တဲ့ပစ္စည်းဝယ်ရမယ်၊ အသင့်လုပ်ပြီးသားဝင်းတံခါးမျိုးလည်းရှိတတ်တယ်။ ကျွန်တော်တို့က ကိုယ်လိုချင်တဲ့အံဝင်ဂွင်ကျအချိုးအစားဖြစ်အောင်တော့ လုပ်ရတယ်။ ကျွန်တော်တို့ ဒီဇိုင်းမှာ အကွေ့အကောက်ပါမလား၊ ထောင့်ချိုးတွေများများနဲ့ပဲလား၊ အကွေ့အကောက်ပါတဲ့ ဒီဇိုင်းဆိုလည်း သံကွေးတဲ့ ကိရိယာမျိုးတွေလိုတယ်၊ ဒီဂရီအတိုင်းအတိအကျဖြစ်ဖို့ သတိထားရပါတယ်။ အဲဒီအဆင့်မှာ သံတွေညှပ်ပြီးထိန်းတဲ့အခါ အန္တရာယ်မဖြစ်အောင်တော့ ဂရုစိုက်ရတယ်ဗျ၊ အဲဒီမှာ ထိခိုက်မိတတ်လို့ပါ၊ ပြီးရင်တော့ ဂဟေဆော်တော့မယ့် အဆင့်ပေါ့ဗျာ၊ ဂဟေဆော်ရင် အာဂွန်ဓါတ်ငွေ့သုံး စက်အသေးနဲ့ အရင်သံမှိုရိုက်သလို လိုအပ်တဲ့နေရာတွေမှာ ဂဟေလိုက်တို့တယ်။ ယာယီပေါ့၊ နောက်တစ်ဆင့်မှာတော့ အမြဲတမ်းကြာရှည်ခံမယ့် ဂဟေအဆင့်ဆော်ရတော့မှာလေ။ ဂဟေဆော်ပြီးရင် ဂဟေသားတွေကြမ်းရှမနေအောင်အချောကိုင်ဖို့လိုတယ်။ စေတနာပါပါနဲ့ သေချာစစ်ပြီးရင်တော့ အလုပ်အပ်သူအကြိုက် တံခါးတစ်ခုရပြီပေါ့။ ပြီးရင်တော့ ကြာရှည်ခံဆေးကောင်းကောင်းသုတ်ဖို့လိုတာပေါ့ဗျာ။ အဲဒါ ဦးဂျင်မီတာဝန်ပဲ၊ ကျွန်တော်တို့ တာဝန်မဟုတ်တော့ဘူးဗျ၊ နော့ ဦးဂျင်မီ”
ကျွန်တော် ဗိုက်ဆာလှပြီ။ စိတ်မရှည်နိုင်တော့ဘူး၊ စောလှကလည်း စကားဝိုင်းမှာ စိတ်ဝင်တစားမရှိပါဘူး။ ဆိုင်ထဲကလူတွေဆီငေးတဲ့အခါ ငေးတယ်။ မှန်အကွဲအစတွေအလှဆင်ထားတဲ့နံရံပေါ်က မှန်ထဲမှာပေါ်နေတဲ့ သူ့ပုံရိပ်ကို စိတ်ပျက်လက်ပျက် ငေးကြည့်တဲ့အခါ ကြည့်နေပါတယ်။

       “ဦဂျင်မီ ကျွန်တော် ကောင်တာဆီကို သွားရင် ကောင်းမလားပဲ”

       “ဟေ ဘာလုပ်မလို့တုန်းကွ”

       “မဟုတ်တော့ဘူး၊ ကျွန်တော်တို့ စောင့်နေတာ တစ်နာရီကျော်လာပြီ။ တစ်နာရီခွဲတောင် ကျော်ပြီထင်ပါရဲ့ဗျာ၊ ကြာလိုက်တာ၊ ကျွန်တော် တကယ်ကြီးဗိုက်ဆာနေတာဗျ”

       “အိုး ကိုယ် မပြောမိဘူးထင်တယ်၊ အဲဒါ ဒီဘက်က ရွာတွေရဲ့ ယဉ်ကျေးမှုပဲဗျာ၊ ၁၉ရာစုလောက်ကတည်းက ယဉ်ကျေးမှုပေါ့၊ ဒီနေ့အထိ ဒီဆိုင်လေးမှာ အဲဒီယဉ်ကျေးမှုက ထွန်းကားတုန်းပဲ၊ မှာထားတဲ့အစားအသောက်တွေ မြန်မြန်ဆန်ဆန်ကြီး ချပေးလိုက်ရင် ယဉ်ကျေးမှု မရှိရာရောက်တယ်၊ စားသုံးသူကို ကိုယ့်ဆိုင်ကနေ မြန်မြန်စား၊ မြန်မြန်သွား သဘောမျိုးဖြစ်မှာစိုးတယ်၊ အေးအေးဆေးဆေး စကားလက်ဆုံကျပြီး စားကြ သောက်ကြ၊ ရယ်ကြ မောကြပေါ့ဗျာ၊  အဲဒီ ယဉ်ကျေးမှုအတိုင်းပဲ ကိုယ့်စိတ်ထင် နောက် နာဂီဝက်ကျော်လောက်မှ လာလိမ့်မယ်ဟေ့”

       “ဗျာ၊ ယဉ်ကျေးမှုအတိုင်း၊ ၁၉ရာစုက ယဉ်ကျေးမှုအတိုင်း၊ အလိုလေးဗျာ ကျွန်တော် အဆာလွန်ပြီး သေရတော့မှာပဲ”

ကျွန်တော် စိတ်ညစ်ညစ်နဲ့ပဲ ရွှတ်နောက်နောက်အသံမျိုးနဲ့ အော်ဟစ်လိုက်ပါတယ်။ ဆိုင်ထဲက လူတွေက ကျွန်တော်ရဲ့ အသံကို စိတ်မ၀င်စားကြပါဘူး။ သူတို့လည်း အော်ဟစ်ရယ်မောနေကြတာပါပဲ။ စောလှ က “ကောင်းဗျာ .. ကောင်းဗျာ” လို့ပဲ အထပ်ထပ်ရေရွတ်နေလေရဲ့။ ဦးဂျင်မီကြီးကတော့ တဟားဟားရယ်မောနေခဲ့ပါတယ်။ ၀ီလီက စကားစ ပြန်ဆက်တယ်။

       “လိုအပ်တဲ့အခြေံခံပစ္စည်းလေးတွေပြောဦးမယ်ဗျ၊ ဂဟေဆက်တဲ့အခါသုံးမယ့် လျှပ်စီးနိုင်တဲ့သတ္ထုချောင်းလေးတွေလိုတယ်၊ အဲဒါလေးတွေကို အရည်ပျော်စေပြီး အဆက်တွေထိကပ်ဖို့သုံးတယ်၊ metal active gas-MAG ဒါမှမဟုတ် metal inert gas-MIG ဂဟေသမား နဲ့ tungsten inert gas-TIG ဂဟေသမားလည်းလိုတယ်၊ တိုင်းတာရမယ့် တိတ်ကြိုး၊ ၃ ပေအနည်းဆုံးရှိတဲ့ ပေတံ၊ လက်သမားသုံးပေတံလည်း လိုတယ်ဗျာ၊ လက်ဆွဲသတ္ထုသားသွေးတဲ့စက်၊ လက်ဆွဲလွှကွေးရယ်၊ အကျဉ်းအကျယ်ညှိနိုင်တဲ့ ပြုတ်တူ၊ ထိပ်လုံးတူလည်း လည်းလိုတာပဲ၊ နောက် ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက ခေါင်းဆောင်းကောင်းကောင်း၊ လက်အိတ်ကောင်းကောင်းတွေပေါ့ဗျာ”

       “ဟော လာပြီဟေ့ ဒီတစ်ခါ သိပ်မကြာဘူးကွ၊ စောလှ နဲ့ ဒန်ရန် တို့ ဆာနေမှန်း သိလို့ဖြစ်မယ်”

ဦးဂျင်မီလည်းပြောအပြီး၊ ရွှေရောင်ပိုနီတေးလ်မလေး အနားရောက်လာပါတယ်။ အိုး အသားကင်တစ်ပွဲတစ်ပွဲမှာ အများကြီးပါပဲလား။ အာလူးချောင်းကြော်တွေကလည်း ပန်းကန်ကြီးကြီးနဲ့ အပြည့်အမောက်ကြီးရယ်။ ပေါင်မုန့်ညိုလုံးလေးတွေကို ကြိမ်ခြင်းလေးထဲမှာထည့်ထားတယ်။ ငါးစွပ်ပြုပ်ကလည်း အငွေ့တထောင်းထောင်း မွှေးလှချည်ရဲ့။ ကျွန်တော်တော့ ပိုနီတေးလ်မလေးကို မကြည့်နိုင်တော့ဘူး၊ အစားအသောက်တွေပဲ မျက်စိရော လက်ရောရောက်တော့တာပါပဲ။ ကျွန်တော်တို့ သုံးယောက်သား ခေါင်းမဖော်နိုင်ဘူး၊ အစားကိုပဲစားလိုက်ကြတာ။ ဦးဂျင်မီက ကော်ဖီလေး တကျိုက်စီသောက်ရင်း ကျွန်တော်တို့ကို ခပ်ပြုံးပြုံးမျက်နှာပေးနဲ့ ကြည့်နေခဲ့ပါတယ်။
တကယ်ပဲဗျာ အဲ့ဒီနေ့လောက် ဗိုက်ဆာတဲ့နေ့ မကြုံဖူးဘူး၊ အဲဒီနေ့လောက် စားကောင်းတာလည်း မကြုံဖူးဘူး။ နောက်ပြီးတော့ အဲဒီနေ့လောက် စောင့်လိုက်ရတာလည်း မကြုံဖူးဘူးပေါ့ဗျာ။ ကျွန်တော်တော့ နောက်တစ်ခါ ဒီ အူးမ်ခါရွာမှာ အလုပ်လက်ခံရလို့ ဒီ “ရှဗာဘစ်ခ်ျ ကော်ဖီဆိုင်” မှာ စားရမယ့်အခြေအနေမျိုးကြုံလာခဲ့ရင်တော့၊ ဗိုက်မဆာခင် နှစ်နာရီလောက်အလိုကတည်းက ဒီဆိုင်ကို အရောက်လာခဲ့ဖို့ တွေးထားလိုက်ပြီ။ နောက်တစ်ခါဆိုတဲ့အချိန်အတွက် ခုကတည်းက စဉ်းစားထားလိုက်ပါပြီ။ ဒီဆိုင်ကရောင်းတဲ့ ယဉ်ကျေးမှုအရသာကို ကျွန်တော်က စွဲသွားခဲ့ပြီကိုး။ မိတ်ဆွေတို့လည်း ယဉ်ကျေးမှုအရသာကို မြည်းစမ်းချင်တယ်ဆိုရင်တော့ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၆၀ အကွာမှာရှိတဲ့ “ရှဗာဘစ်ခ်ျ ကော်ဖီဆိုင်” ကို လာခဲ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ မသွားခင် အဆာပြေတစ်ခုခုတော့ ကျွန်တော်တို့  ကြိုတင်စားသွားကြတာပေါ့ဗျာ။            ။
Faces Magazine, June, 2012

5 comments:

  1. ဟင်.. ဆိုင်ရဲ့ ပုံတွေတော့ပါပီး အစားအသောက်တွေက ဘယ်မတုန်းလို့ ..
    ပြီးတဲ့အထိ ပုံတွေပါမလား လိုက်ရှာနေတာ ပါလဲမပါဘူး. အကုန်စားပစ်လိုက်တာလား...
    ဆိုင်ရဲ့ ဒက်ကရေးရှင်းလေး ကြိုက်လိုက်တာ
    ယဉ်ကျေးမှု အရသာတော့ နည်းနည်းစပ်ရှိန်းရှိန်းဖြစ်တယ်..
    စောင့်ရတာ ကြာရင် ထပြန်တတ်တဲ့ စိတ်မရှည်မှုမျိုး ရှိနေလို့
    အင်းလေ ဖြိုးပြောသလို ဒီဆိုင်သွားရင် ဗိုက်ထဲ အဆာပြေနည်းနည်းဖြည့်ပြီး သွားတာပေါ့နော။
    ဆိုင်ကလေးရဲ့ စိတ်ဝင်စားဖွယ်ပုံလေးတွေနဲ့ ယဉ်ကျေးမှုတွေအကြောင်းကတော့ ဗဟုသုတပေါ့ဖြိုးရေ မရောက်နိုင်ပေမဲ့ စာလေးဖတ်တော့လည်း ဗဟုသုတရတာပါဘဲ။

    ReplyDelete
  2. ဟန်ကြည်November 5, 2011 at 5:42 AM

    သုတကို ရသဘက်နွယ်အောင်ရေးထားနိုင်တဲ့ အရေးအသားပဲ ညီမရေ...ဖတ်နေရင်းကနေ ဂျူးရဲ့ဝထ္ထုတွေကို ပြန်စဉ်းစားနေမိသေးတယ်...အရေးအသားချင်းက ဆင်သလိုလို ခံစားရလို့...“ အေးအေးလူလူ အလုပ်ရှုပ်နေသော ” ဆိုတဲ့ တင်စားချက်ကို အခုတစ်ခါပဲ မြင်ဖူးတယ်...အတော်လေးကို လှတဲ့ တင်စားချက်ပါပဲ...ရိုးရိုးလေးနဲ့ လှနေတယ်...

    စားသောက်ဆိုင်လေးအကြောင်းကို အဓိက ပြောချင်တယ်ဆိုပေမယ့် ပြေပြစ်တဲ့ စကားပြေအရေးအသားကြောင့် ဇာတ်အိမ်ရယ်လို့ တိတိပပ တည်မထားတာကို သတိမထားမိလောက်အောင်ဖြစ်သွားရတယ်...Congratulation ပါ...

    အဲဒီစားသောက်ဆိုင်ကတော့ ဦးဟန်ကြည်တို့နဲ့ ကီးကိုက်မယ်မထင်ဘူး...ဘာဖြစ်လို့လဲဆိုတော့ မြန်မြန်...မြန်မြန် ဆိုတဲ့ အမေရိကန်စတိုင်ဖြစ်နေလို့...

    ReplyDelete
  3. ကျွန်တော်ကအဲဒါကို ၀တ္ထုတိုဆိုတဲ့ခေါင်းစဉ်အောက်မထည့်ချင်ဘူး။ ဆောင်းပါးဘက်နွယ်မယ်ထင်တယ်။ ကျွန်တော့်အထင်မှန်ချင်မှမှန်ပါလိမ့်မယ်။ ဒါပေမဲ့ဆိုင်ထဲကို ကျွန်တော်ဘယ်လိုရောက်သွားမှန်းမသိဘူးဗျ။ အဲဒါကတော့ရေးသူတော်တာဖြစ်မယ်။ ဗဟုသုတရပါတယ်။

    ReplyDelete
  4. ဆိုင်ထဲမှာ ကိုယ်တိုင် ၀င်ထိုင်မိလိုက်တယ်...။
    ပုံမှန်မြင်တွေ့နေကျ ဆိုင်တွေမျှိုးမဟုတ်ပဲ စိတ်ကို ထူးထူးခြားခြား စွဲဆောင်သွားတာ ခံလိုက်ရတယ်။ ဆိုင်လေးက ဘာတွေများပေးမလည်းလို့ ဖတ်ရင်း သိချင်လာတယ်။ ဆိုင်အ၀င်တံခါးလေးကို ဒီအတိုင်းလေးပဲ ရှိနေစေချင်မိတယ်။

    ReplyDelete
  5. မနေ့ ညနေက ဗိုက်ဆာနေတဲ့အချိန် ဒီပိုစ့်ဖတ်ပီး ဒီပိုစ့်ထဲကလိုအစားစာတွေ အရမ်းစားချင်စိတ်ပေါက်လာတာပဲ

    ReplyDelete