Thursday, November 17, 2011

အေသင်မြို့တော်က ကြိုဆိုနေပါတယ် (မေမေ့ရဲ့စာ)

ကမ္ဘာပေါ်မှာ ခန့်ညားထယ်ဝါမှုအရှိဆုံး သမိုင်းကြောင်းအထင်ရှားဆုံးနှင့် အလှဆုံးမြို့တော်ကတော့ ဂရိနိုင်ငံက  “အေသင်”  ပါဘဲ။ အေသင်မြို့တော်ဟာ “အလွန်ပဉ္စလက်ဆန်တဲ့ မြို့တော်”ပါတဲ့။ လူအများက အဲလို သတ်မှတ်ထားကြတယ်။ အေသင်မြို့တော်ရယ်လို့ ဖြစ်ပေါ်လာပုံ က အလွန်ဆန်းကျယ်ပါတယ်။ အေသင်ရဲ့ ရှေးဦးသမိုင်းကာလတွေမှာ လူတွေနဲ့နတ်တွေဟာ အမြဲရောထွေးနေတယ်။  လူတွေကရော နတ်တွေကရောအလေးထားရတဲ့ မြို့တော်ကြီးဟာ အေသင်ပေါ့။အထူးခြားဆုံးကတော့ သူ့ထံကို မလာ လာချင်အောင် ညှို့ယူဖမ်းစားနိုင်တဲ့စွမ်းအားနဲ့ ပြည့်စုံခြင်းဘဲဖြစ်ပါတယ်။ ဒါတင်ဘဲလားဆိုတော့ မကသေးပါဘူး။ တွေးခေါ်မျှော်မြင်မှု အရှိဆုံး ပညာဥာဏ်အကြီးဆုံးလူသားတွေကို ရှေးဦးအကျဆုံး မွေးဖွားပေးခဲ့တဲ့မြို့တော်ကြီးလဲ ဖြစ်ပါတယ်။ ဥပမာ “ဆိုကရေးတီးစ်” “ပလေတိုး”  “ဟုမ္မား”  “ဟီရိုဒိုးတပ်စ်”စတဲ့ ပုဂ္ဂိုလ်အကျော်အမော်တွေ ကိုပေါ့။ ဟီရိုဒိုးတပ်စ် (Herodotus) အပလိုဒိုးရပ်စ် (Apollodorus) အိုဗစ်ဒ်(Ovid)ပလူတားခ်ျ(Plutarch) ပူဆားနီးယပ်စ်(Pausanias) စတဲ့ အကျော်အမော်စာရေးဆရာများလည်းရှိပါသေးတယ်။ ဒီမိုကရေစီ စတင်ထွန်းကားရာ ဒေသလည်းဖြစ်တယ်။ သမိုင်းစာမျက်နှာတွေပေါ်မှာ ရုပ်ပုံတွေနှင့်တကွ တလေးတစားဖေါ်ပြခြင်းခံရတဲ့ မြို့တော်၊ ထောင်သောင်းချီ လာရောက်လည်ပတ်ကြတဲ့ ဥရောပဧည့်သည်တော်တွေ မပြတ်စီးဝင်နေတဲ့ မြို့တော်ပါ။ “အိုလန်းပတ်နတ်ကွန်း” “ပါသီနွန်ကျောင်းတော်” “မီခရိုလီမာနို”  တို့လို ကမ္ဘာ့ အခမ်းနား အကြီးကျယ်ဆုံး စာရင်းဝင်   ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများစွာဖြင့် ယဉ်ကျေးမှု ထွန်းကားပျံ့ပွားကြွယ်ဝရာ မြို့တမြို့အဖြစ်ကျော်ကြားနေဆဲဖြစ်တယ်။ အေသင်ရဲ့ နာမည်အထင်ရှားဆုံး လူသိအများဆုံး  ရှေးဟောင်းအထိမ်းအမှတ်ရုပ်တုများ ပြတိုက်အမျိုးမျိုး စသည်များ ကို ဥရောပကသာမက ကမ္ဘာ့လူသားသန်းပေါင်းများစွာ နေ့နေ့ညည  တအံ့တသြ တလေးတစားလေ့လာ ကြည့်ရှုကြတယ်။
Athens Photos
တစုံတယောက်ဟာ အေသင်ရဲ့ “အခရိုပိုလစ်စ်” (Acropolis)ဆိုတာ ကြားဖူးပါရဲ့လား။အခရိုပိုလစ်  ဆိုတာ ယနေ့ခေတ်မှီကမ္ဘာ့နိုင်ငံကြီးများထဲက အံ့ဖွယ်ခုနှစ်ခုမှာ တခု စာရင်းဝင် အဆောက်အဦပါ။ အေသင်ရဲ့  ထင်ရှားတဲ့ အမှတ်တံဆိပ်တခုလည်းဖြစ်ပါတယ်။ 5th BC နှစ်ရဲ့ Holy rock of Acropolis ခေတ်ကို   ပြန်သွားကြည့်ရင်  နာမည်ကျော်ကြားတဲ့ “Golden Age of Periklis”ခေတ်ဆိုတာ တွေ့လိမ့်မယ်။ ရာဇ၀င်သမိုင်းဆိုတာက အနိမ့် အမြင့်အတက်အကျ ရှိစမြဲပါဘဲ။ အေသင်ဟာ ပွင့်လဲ ပွင့်ခဲ့တယ်။ ကြွေလဲကြွေခဲ့တယ်။ စစ်ပွဲတွေ နဲ့ အများကြီး ကြုံဆုံခဲ့ရတယ်။
Athens Pictures
မက်ဆီဒိုးနီးယဲန်(အလက်ဇင်းဒါးသည်ဂရိတ်)တွေရဲ့ လက်အောက်ရောက်ခဲ့တယ်။ ရောမရဲ့လက်အောက်ရောက်ခဲ့တယ်။ဗီနီရှဲန်(Venetian) တို့ ကြီးစိုးတာခံခဲ့ရတယ်။ အော်တိုမင်အင်ပါယာထဲ ရောက်ခဲ့ရတယ်။နောက်ဆုံးဒုတိယကမ္ဘာစစ်အတွင်း ကွန်မြူနစ် နာဇီဂျာမဏီရဲ့ လက်အောက်ရောက်ခဲ့တယ်။ အော်တိုမင်အင်ပါယာရဲ့ ဗြိတိသျှသံတမန်အရာရှိ လော့ဒ် အီလ်ဂင် (Lord Elgin) က ပါသီနွန်ကျောင်းတော်ရဲ့ အလှဆင် မျက်နှာကျက်ပန်းဆွဲများကို တစစီ ဖြုတ်ယူသွားတယ်။ ပြင်သစ်ကလည်း သုံးပိုင်းပိုင်းခွဲေ၀၀ယ်ယူသွားတာမျိုး ကြုံခဲ့ ရတယ်။ ဒါပေမဲ့  ဘယ်လောက်ဘဲ လျှောက်လမ်းဟာ ကြမ်းတမ်းပါစေ မိုးကောင်းကင်ကြီးရဲ့ အောက်က အထပ်ခိုးကလေးကနေမသိမသာ အနာဂတ်ကို ပုံဖေါ် ငေးကြည့်လိုက် ယနေ့တိုင် တောက်ပ၀င်းလက် နေမြဲဘဲဆိုတာ ယုံမှားစရာ မရှိပါဘူး။ပါသီနွန် (Parthenon)  ဘုရားကျောင်းရယ် အခြား ဖြူဖွေးသန့်စင်တဲ့ စကျင်ကျောက်နဲံ့  လှပစွာ ထုဆစ်ထားတဲ့ရုပ်တု တွေရယ်  အဆောက်အဦးအားလုံးရယ်ကို   လက်လက်ခါနေတဲ့ ကြယ်ပွင့်များပမာ ယနေ့တိုင် အံ့မခန်း တွေ့ မြင်နေရဆဲဖြစ်ပါတယ်။ ၁၉၈၁ခုနှစ်မှာ EU အဖွဲ့ ဝင်ဖြစ်လာတယ်။ ၁၉၉၆ခုနှစ်မှာ နှစ်တရာပြည့်အိုလံပစ်ပွဲတော်ကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တယ်။ 1833ခုနှစ်မှာမှ အော်တိုမင်တို့ ထံမှ လွတ်လပ်ရေးကို အပြီးအပိုင် ရရှိခဲ့တာပါ။
ယနေ့ အေသင်ရဲ့တည်ရှိမှုဟာ ကျွန်းဆွယ်ပိုင်းမှာသာမက ဂရိနိုင်ငံ အလယ်ပိုင်းတခုလုံးမှာ  ပျံ့လွင့်ကျော်ကြားနေပါတယ်။ Ymmytos,Pendeli,Parnitha,စတဲ့ တောင်တန်းတွေက မြောက်ဘက်နဲ့ အနောက်ဘက်ကနေ အေသင်မြို့ကို  ၀န်းရံထားတာမို့ အေသင်ဟာ ပိုပြီးအိမ်မက်ဆန်ဆန်လှပနေပါတယ်။  SAronic ပင်လယ်ကွေ့ ကတော့ တောင်ဘက်နှင့် အနောက်ဘက်မှာ ရှိနေပါတယ်။နေရောင်ခြည်ဟာ အေသင်မြို့ကို တနှစ်ပတ်လုံး ထွန်းလင်းတောက်ပနေတာမို့် ဆောင်းလယ်မှာ သာယာပြီး နွေရာသီမှာ့ တကယ့်ကို ပူပြင်းလှပါတယ်။ဒါပေမဲ့  ခရီးသွားဧည့်သည်များအတွက် အေသင်ဟာ ဥရောပရဲ့   အဆင်အပြေဆုံး နံပတ်ဝမ်းအဖြစ့် အကောင်းဆုံးရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ မြို့တော်ကြီးပါဘဲ။ Piraeus ဆိပ်ကမ်းကနေ ကီလိုမီတာ အနည်းငယ်သာ ကွာလှမ်းတဲ့ atticaဟာလည်း မြိ့တော်ရဲ့ အချက်အချာကျတဲ့ တောင်ဘက်ကမ်းခြေရှိ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဗဟို ဌာနဖြစ်နေပါတယ်။

အေသင်လူမျိုးတို့ဟာ နီယိုလီသစ်ခ်  (NEOLITHIC)ခေတ်မှာကတည်းက အမြဲတစေ ဒီမြေ ဒီရေမှာ အစဉ်တစိုက်ရှင်သန်နေထိုင်လာကြတာဖြစ်တယ်။၅ရာစုနှစ်ကတည်းက အစွမ်းကုန် ပွင့်လန်းခဲ့တဲ့  ပန်းလို ရှင်သန်လာတာပါ။ ပြောရရင်  “အေ သင်”အမည်ရပုံကလည်း  ခပ်ဆန်းဆန်းပါ။ ဒဏ္ဍာရီ ဆန်လွန်းလှပါတယ်။  ရှေးအခါက ဂရိတို့ အလိုအရ လူသားနဲ့ မြို့ရွာကို စောင့်ရှောက်သူ သို့ မဟုတ် ကမ္ဘာလောကကြီးကို စိုးမိုး အုပ်ချုပ်သူဆိုတဲ့
“အေသင်နာ နတ်ဖုရားမ (goddess Athena)အမည် ကနေ ဆင်းသက်လာခဲ့တယ်လို့  ဆိုပါတယ်။ “အားပေးချီ:မြှင့်သူ” လို့  ဆိုလိုဟန်ရှိတယ်။ “ဂရိပညာရှင် ပလေတို” ရဲ့အဆိုအရ ဝေါဟာရဇစ်မြစ်ကို စစ်လိုက်ရင်ရှေးဟောင်း ဂရိဘာသာစကားက ဆင်းသက်လာခြင်းဆိုတာသိရနိုင်တယ်။ ဒဏ္ဍာရီလာ ပုံပြင်တခုမှာ  “အေသင်နာ” နတ်ဖုရားမနဲ့ နတ်ဘုရား  “ပိုဆီဒွန်” Poseidon”တို့ ဟာ ပြိုင်ဆိုင်မှုတခုကို ပြုလုပ်ကြသတဲ့။ ဟီရိုဒိုးတပ်စ် (Herodotus) အပလိုဒိုးရပ်စ် (Apollodorus) အိုဗစ်ဒ်(Ovid)ပလူတားခ်ျ(Plutarch) ပူဆားနီးယပ်စ်(Pausanias) စတဲ့ “ပိုဆီဒွန် “ဟာ အသွားသုံးခွပါရှိတဲ့  မှိန်းတခုနှင့် မြေကြီးကို ရိုက်ခတ်ပြီးနောက် “ရေကြောင်းဆိုင်ရာစွမ်းအင်တမျိုး”ကို ထုတ်လုပ်ဖန်ဆင်းပါတယ်။ “နတ်ဖုရားမ အေသင်နာ “ ကတော့ အောင်မြင်ခြင်းနှင့် ငြိမ်းချမ်းခြင်း သင်္ကေတသဘောဆောင်တဲ့ “သံလွင်ပင်  “ကို ဖန်ဆင်းပါတယ်။ အနိုင်ရသူရဲ့ အမည်ဟာ မြို့အမည်အဖြစ်သတ်မှတ်ဖို့သဘောတူခဲ့ကြတဲ့အတွက် အနိုင်ရသူ အေသင်နာအမည်တွင်ခဲ့တာပါ။  အဲဒီအချိန်အခါကတည်းက အေသင်လူမျိုးတို့ ဟာ သံလွင်ခက် ကို ငြိမ်းချမ်းခြင်းအထိမ်းးအမှတ်သင်္ကေတ တခုအဖြစ် ယနေ့တိုင် အလေးအနက်  မှတ်ယူခဲ့ကြပါတယ်။ အေသင်နာ နတ်ဖုရားမကိုလည်းပိုမို အထွတ်အမြတ်ထားခဲ့  ကြတယ်။ဂရိအမျိုးသမီးကလေးများဟာ သံလွင်ခက်ကို ဦးခေါင်းမှာအမြတ်တနိုး ပတ်ရစ်ဆင်မြန်းပြီး အတိတ်ကောင်းနမိတ်ကောင်း ယူကြတယ်။
Athens Images
ပင်ထရိုဆုစ် ခေါ် နောင်အခါ ပါသီနွန် အမည်ရ (parthenon) ရှေ့မျက်နှာစာ မြင့်မိုရ်ပိတ်ပါရှိတဲ့ ရှေးခေတ်ဂရိ ဘုရားကျောင်း အဆောက်အဦကိုလည်း တွေ့မြင်လာရနိုင်တယ်။ ပါရှန်စစ်ပွဲများအတွင်း အထွတ်အမြတ်ထားရာ သံလွင်ပင်ဟာ ဘုရားကျောင်းပရ၀ဏ်တခုလုံး နှင့်အတူ  မီးဘေးသင့်ခဲ့  ရပေမင့်  ဟီရိုဒိုးတပ်စ်( Herodotus) ရဲ့ ပြုစုမှုကြောင့် သစ်ငုတ်တိုဘ၀မှ  ပြန်လည်ရှင်သန်ကြီးထွားခြင်းသို့  ပူဆားနီးယပ်စ်ခေတ်မှ AD 2ရာစု တိုင်  သံလွင်ပင်ဟာ ထင်ရှားခဲ့တယ်လို့  ဆိုပါတယ် ။ (တကယ်တော့  ယနေ့အထိ အလေးအမြတ်ထားကြဆဲပါ။ ဂရိတွေမှ မဟုတ်ပါဘူး။ ဒီအယူအဆဟာ တကမ္ဘာလုံးကို ပျံ့နှံ့ နေတာလို့ပြောနိုင်ပါတယ်။) အေသင်မြို့တော်ဟာ ၁၆ရာစုနှစ်များဆီက အော်တိုမင်လက်အောက်ကျရောက်ခဲ့ရာမှာ ရှေးဟောင်းအမွေအနှစ် အဆောက်အဦများ ဖျက်ဆီးခံခဲ့ရပါတယ်။ ပါသီနွန်ကျောင်းတော် နှင့် ပရိုပိုင် လာအာ (Propylaea)ကျောင်းတော်တိုံ့ဟာ ဖေါက်ခွဲဖျက်ဆီးခံရအပြီး ပျက်စီးယိုယွင်းသွားခဲ့ရာမှာ ယနေ့မြင်တွေ့ရတဲ့ပုံစံအတိုင်းကျန်ရစ်တာဖြစ်ပါတယ်။  အေသင်ဟာ နိုင်ငံရပ်ခြားယဉ်ကျေးမှုကို အကန့် အသတ်နဲ့သာ လက်ခံခဲ့ပေမဲ့ အောင်နိုင်သူ စစ်ဘုရင်များဟာ ရာစုနှစ်များစွာကပင် အေသင်ကို သိမ်းပိုက်ပြီး မိမိယဉ်ကျေးမှု ထွန်းကားဖို့ အပြင်းအထန်  ကြိုးစားခဲ့ ကြတယ်။စစ်အောင်နိုင်သူတို့ ဟာ အေသင်ကို ကာလကြာရှည် သိမ်းပိုက်ရယူထားနိုင်ဖို့ နည်းမျိုးစုံသုံးခဲ့ပေမဲ့
၁၈၃၄ခုနှစ်မှာတော့ ဂရိနိုင်ငံတော်ကို ထူထောင်နိုင်ခဲ့အပြီး မြို့တော်ပတ်လည် မှာ အခရိုပိုလစ်စ် တံတိုင်းများကာရံခဲ့တယ်။ အေသင်ဟာ ဂင်္ရနိုင်ငံရဲ့  မြို့တော်ကြီးဖြစ်လာတော့တယ်။

ယနေ့မှာတော့ အေသင်ဟာ နိုင်ငံတကာဆက်ဆံရေး ။နိုင်ငံရေး။ စီးပွားရေး ၊ရောင်းဝယ်ရေး နှင့် ယဉ်ကျေးမှုစသည်တို့ အတွက် အချက်အချာမြို့တော်ဖြစ်လာပါတယ်။ နိုင်ငံတကာက ဧည့်သည်များဟာ စီးပွားရေးအတွက်ကြောင့်သော်၎င်း၊ အာရုံခံစားဖို့  အလည်အပတ်သော်၎င်း တဖွဲဖွဲ လာရောက်နေကြဆဲပါ။ ( ဒါပေမဲ့ ဒီစာကိုရေးနေစဉ်မှာတော့   ဂရိအကြွေးထူနေသတဲ့။ တချို့ကလဲ   ရွှေဘုံပေါ်ထိုင်မှိုင်ပြနေတာတဲ့  နိုင်ငံရေးပရိယယ်တွေတဲ့။၂၀ ၀၈ခုနှစ်ကစလို့  စီပွားရေးကျဆင်းလာတာပါ) ဘာဘဲပြောပြော ယနေ့ အေသင်ရဲ့ အဆင်အပြင် အသွင်သဏ္ဍာန်ဟာ  တော်တော်ကို ထူးခြားနေပါတယ်။ ကမ္ဘာ့အဆင့်မှီဟိုတယ်ကြီးများ၊ရိုးရာစားသောက်ဆိုင်များ။ခရီးသွားဧဂျင်စီများ၊ စိန်ရွှေရတနာဆိုင်များ၊ အလှအပစတိုးဆိုင်များ၊ဇိမ်ခံပစ္စည်းအရောင်းဆိုင်များ ၊ယဉ်ကျေးမှု အနုပညာပစ္စည်းအရောင်းဆိုင်များ စစ်သမိုင်းပြတိုက် ပန်းပု ပန်းချီပြတိုက် ရှေးဟောင်းသမိုင်းပြတိုက် စတဲ့ ပြတိုက်ကြီးများ။အနုပညာမျိုးစုံပြခန်းများ၊ အင်တာနက်ကေ့ဖ်များ၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ ဆားဖေ့စ် လုပ်ငန်းများ။ ရှေးဟောင်း ရုပ်တုများ  အထိန်းအမှတ် အဆောက်အဦကျောက်တိုင်များ။ရှုမဆုံး ဖွယ် တွေ့မြင်ရမှာပါ။
Syintagma Square ဟာ အေသင်ရဲ့ အသဲနှလုံးပါဘဲ။ အဲဒီမှာ (တော်ဝင်နန်းတော်ဟောင်း)ပါလီမန် အဆောက်အဦရှိတယ် ၊( တော်ဝင်နန်းတော်သစ် )သမတနန်းတော်ရှီတယ်၊အမျိုးသားဥယျာဉ် အမျိုးသားစာကြည့်တိုက်ရှိတယ်။ အကယ်ဒမီကျောင်းများရှိတယ်။ lycabettus ဟာ တနှစ်ပတ်လုံး ထောင်နှင့်ချီတဲ့ လာရောက်လည်ပတ်သူ ဧည့်သည်ပေါင်းများစွာကို ဆွဲဆောင်နေတဲ့ အလွန် လှပသာယာတဲ့ တောင်ကုန်းကလေးပါ။ ဒီကနေ ကီလိုမီတာ အနည်းငယ်သာကွာဝေးတဲ့ ပင်လယ်ကမ်းစပ်ရွာကလေးတွေက လေပြေလေညှင်းကလေးတွေနှင့်လည်း တီးတိုးစကားစမြည်ပြောရင်း  ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်နိုင်ပါတယ်။  အေးအေးဆေးဆေးဇိမ်ယူ အပန်းဖြေနိုင်ပါသေးတယ်။ သမိုင်းဝင် နေရာများဖြစ်တဲ့ “Faliro,Glyfada,Voula နှင့် Vouliagmeni များကိုလည်း သွားရောက်လေ့လာနိုင်ပါတယ်။  ဂရိမှာ နာမည်ကျော်” ဇု “ နတ်မင်းကြီးနှင့် နတ်မိဖုရားများ ပျော်စံရာ “အိုလန်းပတ် “တောင်တော်မဟာနှင့် ဘုရားကျောင်းများ နတ်ကွန်းများ။အများအပြား တွေ့မြင်ရမှာဖြစ်ပြီး အိုလံပစ်ပွဲတော်များကျင်းပရာ အားကစားရုံများ ပညာရှင်အများအပြား ပေါ်ထွန်းရာ တက္ကသိုလ်အမျိုးမျိုးနှင့်  အကယ်ဒမီသိပ္ပံကျောင်းများ ။ ပညာရှင် ဆိုကရေးတီးစ်နှင့် ပလေတို စသည်တို့ရဲ့ ရုပ်တုများကို ကိုယ်တွေ့ လေ့လာနိုင်ပါလိမ့်မယ်။

အဖိုးထိုက်တန်လှတဲ့ ရတနာပစ္စည်းများကိန်းအောင်းရာ ရှေးဟောင်းအမွေအနှစ်တို့ သိုမှီးသိမ်းဆည်းစုဝေးရာ ၈ရိနိုင်ငံ အေသင်မြို့တော်ကို လာရောက်လည်ပတ်ကြဖို့  ဖိတ်ခေါ်ပါတယ်။ အေသင်ဟာ လူသန်းပေါင်းများစွာကို အာရုံစိုက်လာအောင်ဆွဲအားအပြည့်ရှိတဲ့ မြို့တော်ဖြစ်ပါတယ်။ အထူးသဖြင့် အေသင်ရဲ့ညများဟာ သင့်ကို တစ်သက်မေ့ရက်နိုင်စရာမရှိအောင် ဆွဲဆောင်နေမှာဖြစ်ပါတယ်။ အေသင်ရဲ့ညတွေဟာ  တကယ်လဲ ဘယ်အချိန် ဘယ်အခါမှ ရိုးအီသွားတယ်မရှိပါဘူး။ အမြဲ ဆန်းသစ်နေပါတယ်။ Bouzoukia နှင့် အခြားနာမည်ကြီးဖျော်ဖြေရေးပွဲများ သာမက တေးဂီတနှင့်  ပြဇာတ်အမျိုးမျိုးကို ကြည့်ရှုလေ့လာဖို့ အကောင်းဆုံးမြို့တမြို့ဖြစ်ကြောင်းညွှန်းဆိုပါရစေ။ ဒီမိုကရေစီ စတင်ထွန်းကားရာ ဒေသလဲဖြစ်တာကြောင့် ကမ္ဘာပေါ်က ဘယ်လူသားမဆို ဂရိကို စိတ်ပါဝင်စားကြလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။  သွားရောက်လည်ပတ်ဖို့ဦးမလေးကြဘူးထင်ပါတယ်။ “အေသင်”ဟာ တခြား ဥရောပမြို့တော်များထက် သင့်ကို ပိုမို ညှို့ယူဖမ်းစားနေမှာ မလွှဲပါဘူး။         ။

6 comments:

  1. အစ်မရေးပြတော့မှပဲ အေသင်မြို့ဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတော့တယ်။ မရောက်နိုင်သေးတဲ့ နိုင်ငံတွေ၊ ဒေသတွေအကြောင်းကို ဖတ်ဖူးခွင့်ရတဲ့အတွက် ကျေးဇူးပါမရေ..း)

    ReplyDelete
  2. ကျေးဇူး ညီမ ရေ ပြည့်၂စုံ၂ ဖတ်လိုက်ရတယ်

    ချစ်တဲ့
    အမရွှေစင်

    ReplyDelete
  3. စိတ်ဝင်စားစရာတွေအတိနဲ့ မြို့တစ်မြို့ပါပဲ ဖြိုးရေ...။ ပြည်ပကဘလော့ဂါတွေဆီကနေ အခုလို ကိုယ်မရောက်ဘူး၊ မသိဘူးသေးတဲ့ နေရာတွေရဲ့ ဒေသန္တရဗဟုသုတကို အလွယ်တကူသိရှိနေရတာ ဘလော့ဂါတွေအတွက် အမြတ်တစ်ခုပါပဲနော်..။

    ReplyDelete
  4. အသွားလည်ချင်ဆုံး မြို့ထဲမှာ အေသင်က ထိပ်ဆုံးက ပါတယ်
    သမိုင်းတွေနဲ့ ပြည့်နေတဲ့မြို့
    ရာဇာဝင်တွေနဲ့ ဖုံးလွှမ်းနေတဲ့မြို့..
    ဒဏ္ဍာရီတွေနဲ့ ထင်ရှားတဲ့မြို့
    ဒီမြို့ကလေးက သိပ်စိတ်ဝင်စားဖို့ကောင်းတာဘဲ..
့ဖြိုးမေမေ စကားလုံးလေးတွေ ရွေးထားတာလှတယ်..
    ဆောင်းပါးလေးတွေ စိတ်ဝင်စားဖွယ်ရေးတတ်တယ်..
    ဗဟုသုတလဲရေးတယ်..
    အေသင်မြို့နဲ့အတူ ဂရိတွေရဲ့ နတ်ဘုရားအကြောင်းတွေပါ သိလိုက်ရတယ်..
    ကျေးဇူးတင်ပါတယ်.

    ReplyDelete
  5. တစ်မေ့ တမောကြီး ဖတ်လိုက်ရသဗျာ။ ကံကြမ္မာရဲ့ အလှည့် အပြောင်းတွေပဲ ဆိုရမှာပေါ့ဗျာ။ ဇတ်လမ်းတွဲတွေမှာလည်း ရောမ အင်ပါယာရဲ့ အကြောင်းတွေ အတော်လေး မြင်ရ ကြားရပါတယ်။

    တစ်လောက ထိုင်းသူငယ်ချင်းနဲ့  စကားပြောမိကြတာလေး ပြောချင်တာ..... အယုဒ္ဓယ မြို့ဟောင်း အကြောင်း နဲ့  ပတ်သတ်ပြီး ဘုရင့်နောင် အကြောင်း သူတို့  သမိုင်းကြောင်းမှာ သင်ရတာနဲ့  ကိုယ့်ဖက်က အကြောင်းတွေ ပြောမိတာပါ။

    မဖြိုးဒီအကြောင်းရေးတော့ ကျနော်လည်း မြန်မာ ရှေးဟောင်း ခေတ်တွေကို နည်းနည်း ပြန်စိတ်ဝင်စားလာမိသလိုပါပဲ။

    ReplyDelete
  6. ခရစ္စတလ်November 20, 2011 at 1:09 AM

    အဘိုးကြီးက လွဲရင်
    ရှေးကျတာတွေတော်တော်များများ ကြိုက်သတော် ဟိ....

    ReplyDelete