Sunday, February 26, 2012

သင်္ကြန်ရက်တွေမှာ

သင်္ကြန်ရောက်တော့မယ်။ သင်္ကြန်သီချင်းတွေက ဟိုမှာသည်မှာ ကြားနေရပြီ။ ဒီနှစ်သင်္ကြန်မှာတော့ မေလင်းသာ ထူးထူးခြားခြား ကြိုတင်ရင်ခုန်နေမိပြီ။ အရင်နှစ်သင်္ကြန်တွေမှာကတော့ မေလင်းက ရန်ကုန်မြို့ကြီးမှာမဟုတ်ဘူးလေ။ ဒီနှစ်တော့ မေလင်း ပထမနှစ်ကျောင်းစတက်တဲ့နှစ်ပေါ့။ နယ်မြို့လေးတစ်မြို့ကနေ ဆယ်တန်းအောင်လို့ ပထမနှစ်စတက်ရတော့ ကိုကြီးနဲ့ မေလင်းက အတူတူပဲ။ ၁၀တန်းကိုတစ်နှစ်တည်းအတူတူအောင်ခဲ့ကြတာ။ ရန်ကုန်သင်္ကြန်ဆိုတာကို တစ်ခါမှ မကြုံဘူးသေးတဲ့ ကိုကြီးရော မေလင်းရော ရန်ကုန်သင်္ကြန်ရက်တွေကို ရန်ကုန်သူရန်ကုန်သားတွေနဲ့ အတူတူနွှဲချင်ခဲ့ကြတာပေါ့။ သင်္ကြန်ရက်တွေမှာ တီဗီကလာတဲ့ သတင်းတွေကို အမြဲစောင့်ကြည့်ခဲ့ရတာ။ သင်္ကြန်မဏ္ဍပ်တွေမှာ ရေပက်နေကြတဲ့သူတွေ၊ မဏ္ဍပ်တွေကို လာကြတဲ့ နာမည်ကြီးအဆိုတော်၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကိုစောင့်ကြည့်ရင်း ရေစိုစို ဒီဇိုင်းဆန်းဆန်းနဲ့ လှနေကြတဲ့သူတွေကိုကြည့်ပြီး သိပ်အားကျတာပဲ။ သူတို့လို သင်္ကြန်ရက်တွေလည်ချင်ခဲ့တာပေါ့။ ဒီနှစ်တော့ မေလင်း စိတ်ကူးလေးတွေပြည့်ဝတော့မယ်။ မေမေ့ကို ခွင့်တောင်းထားတယ်လေ။ ကိုကြီးလည်းပါတယ်၊ ကိုကြီးသူငယ်ချင်းရယ်၊ ကိုကြီးသူငယ်ချင်း မေမေရော၊ ညီမလေးတွေ မိုးသူတို့ ဇာခြည်တို့လည်းပါမယ်ဆိုတော့ မေမေက စိတ်ချတယ်။ တစ်ရက်လည်ခွင့်ပေးတယ်။ နောက်ရက်တွေမှာ မဏ္ဍပ်ထိုင်ဖို့လည်း ခွင့်ပြုတယ်။ အဲဒါကြောင့်မို့ မေလင်း သိပ်ပျော်နေတာပေါ့။ ဒီဇိုင်းလှလှလေးဝတ်မယ်။ နှုတ်ခမ်းနီ နီနီရဲရဲလေးများဆိုးပြီးလည်ရမယ်ဆို မေလင်းရဲ့အသားဝင်းဝင်းဝါ၀ါလေးနဲ့ ရေစိုစိုမှာ အလှပိုနေမှာပဲ။ မင်းသမီးတွေလောက်တော့ မေလင်း ဘယ်လှပါ့မလဲနော်၊ ဒါပေမယ့် မေလင်းက ချစ်စရာကောင်းတယ်တဲ့ သူငယ်ချင်းတွေက ပြောကြသားပဲ။ ဒီလိုနဲ့ မေလင်းတို့ ရင်ခုန်စွာစောင့်မျှော်နေခဲ့တဲ့ သင်္ကြန်ရက်ရောက်လာခဲ့ပါပြီ။

--------------------------------
ဒီနေ့အကြိုနေ့ပေါ့။ မနက်ပိုင်းလမ်းထဲမှာ ကလေးတွေရေပက်နေကြတာကြည့်ပြီး မေလင်း ရင်ထဲတဒိတ်ဒိတ်ခုန်လို့ ပျော်နေခဲ့ပြီ။ ပိတောက်ပန်းရနံ့လေးတွေလည်း သင်းပျံ့ကြိုင်လှိုင်နေတာပဲ။ မေမေ ဒီနေ့မနက်စောစောဈေးထဲမှာ ပိတောက်ပန်းတွေရလို့ ၀ယ်လာပြီး ဘုရားမှာ ကပ်ထားပြီလေ။ မေမေက အတာအိုးလေးပြင်နေပါတယ်။ ညနေပိုင်းရောက်တော့ ကိုကြီးသူငယ်ချင်း မိုးနိုင်ရောက်လာပါတယ်။ မေလင်း အလှပြင်နေတာကို ကြည့်ပြီး မေမေက ဘာမှတော့မပြောပါဘူး။ အရာရာစိတ်ပူတတ်တဲ့မေမေက စိတ်တော့ပူနေဦးမလားပဲ။ ကိုကြီးကိုတော့ ကားသေချာမောင်းဖို့ တဖွဖွမှာနေတာ၊ မေလင်းကိုဂရုစိုက်ဖို့လည်း ပါသေးရဲ့။ မေလင်းရယ် ကိုကြီးရယ် မိုးနိုင်ရယ် သုံးယောက် ဗိုလ်ချုပ်ပန်းခြံရှေ့က မဏ္ဍပ်ဆီကို အရင်သွားကြတယ်။ အိုး .. မြို့ထဲမှာတော့ တကယ့် သင်္ကြန်ရက်လိုပါပဲလား။ ရေတွေပက်နေလိုက်ကြတာ ရွှဲရွှဲကို စိုလို့။ မဏ္ဍပ်ပေါ်မှာလည်း အနက်ရောင်မျက်မှန် အနက်ရောင်လူငယ်တစ်ယောက် ဆိုနေတယ်။ မဏ္ဍပ်ရှေ့မှာ အနက်ရောင်လူငယ်တွေရော ရောင်စုံဒီဇိုင်းတွေနဲ့ ကလေးလူကြီးအများကြီးပဲ ပျော်ရွှင်နေလိုက်ကြတာ။ သီချင်းသံတွေရယ် စင်အောက်ကလိုက်ဆိုကြတဲ့သူတွေရဲ့ အသံတွေရော နားထဲမှာဆူညံလို့ ပျော်တော့ပျော်စရာကြီးပဲ။ နောက်ထပ် မြို့တော်ခန်းမရှေ့မဏ္ဍပ်ဖွင့်ပွဲခဏကြည့်ပြီး ပြန်လာခဲ့ပါတယ်။ မေလင်းတို့ သိပ်မကြာဘူး ပြန်ရောက်လာကြတော့ မေမေကတော့ စိတ်အေးသွားတဲ့ပုံစံလေးနဲ့။

နက်ဖြန်အတွက် ညစောစောအိပ်ရာဝင်ခဲ့ကြတယ်။ မနက်စောစော ၆မိုင်ခွဲက ကိုကြီးသူငယ်ချင်းမိုးနိုင်အိမ်မှာ လူစုကြမှာလေ။ မိုးနိုင်အိမ်ရောက်တော့ လူတွေတောင်တော်တော်စုံနေပြီ။ မေလင်းတို့ မြို့ကပဲ ကိုကြီးသူငယ်ချင်းတစ်ယောက်ပါသေးတယ်။ နေမျိုးတဲ့။ မိုးနိုင်ညီမလေးနှစ်ယောက် မိုးသူ၊ ဇာခြည်၊ မိုးနိုင်မေမေရယ်၊၊ မိုးနိုင်ရယ် နောက်ထပ် ခပ်ငယ်ငယ်ကောင်မလေးသုံးယောက်လောက်ပါတယ်။ ပြီးတော့ နောက်ထပ် ယောက်ျားလေးသုံးယောက် မိုးနိုင်အကိုဝမ်းကွဲတွေတဲ့၊ မိုးနိုင်မေမေကို အခုမှမြင်ဖူးပေမယ့် ပျော်တတ်ပုံရတဲ့ အန်တီကခင်ခင်မင်မင်ပါပဲ။  မိုးနိုင်ညီမလေးတွေကလည်း မေလင်းနဲ့ ခုမှ တွေ့ဖူးကြတာ။ တကယ်ဆို မေလင်းက လူခပ်ကြောက်ကြောက်ရယ်၊ အခုက ရန်ကုန်သင်္ကြန်လည်ချင်လွန်းလို့သာ၊ ကိုကြီးလည်းပါတယ်။ ငယ်ငယ်လေးတည်းကအိမ်မှာဝင်ထွက်နေတဲ့ မိုးနိုင်ရယ် သူ့ညီမလေးတွေရယ်ကြောင့်သာ လိုက်လည်ဖြစ်ခဲ့တာပေါ့။

မေလင်းတို့ကားက အင်းလျားဘေးက လမ်းတွေထဲဝင်ပြီး နောက်ထပ်အသိတွေဝင်ခေါ်ရသေးတယ်။ အခုမှ ရန်ကုန်ကိုရောက်ခါစမို့ ဘယ်လမ်းတွေမှန်းမမှတ်မိပါဘူး။ ရေတွေက ပက်နေကြပြီ။ မေလင်းလည်း တစ်ကိုယ်လုံးရွှဲရွှဲစိုလို့ပေါ့။ ကိုကြီး၊ မိုးနိုင် နဲ့ နေမျိုးတို့ကတော့ သီချင်းတွေအော်ဆို၊ အပျော်ကြီးပျော်နေကြပုံပဲ။ သူတို့ကို ကြည့်ပြီး အပျော်တွေကူးစက်လို့နေတယ်။ မေလင်းပဲ တစ်ခါမှ သင်္ကြန်မလည်ဘူးလို့လားပဲ၊ မနက်ပိုင်းခဏလေးပဲ ရှိသေးတယ်။ ချမ်းနေပြီ၊ ချမ်းပြီး တကိုယ်လုံးတုန်နေတော့တယ်။ ကိုကြီးက မေလင်းကို ဂရုမစိုက်အားပါဘူး။ အင်းလျားလမ်းရောက်တော့ ကားတွေကအများကြီးပဲ၊ မဏ္ဍပ်တစ်ခုတစ်ခု ရေပက်ခံရဖို့ကို စောင့်လိုက်ရတာ။ ကားက ဖြည်းဖြည်းချင်းပဲသွားနိုင်ပါတယ်။ ဖြည်းဖြည်းချင်းတောင်မဟုတ်ဘူး ရပ်တောင်ထားရတာ၊ မစောင့်နိုင်တဲ့ တစ်ချို့သူတွေကတော့ ကားပေါ်ကဆင်းပြီး မဏ္ဍပ်ရှိတဲ့နေရာကိုသွားကြတယ်။ မေလင်းကတော့ မဆင်းရဲဘူး။ ကိုကြီးကလည်း ကားပေါ်မှာ ရှိမနေဘူး၊ ကိုကြီးက စိတ်မရှည်လို့၊ ပျင်းလာလွန်းလို့ထင်ပါရဲ့ သီချင်းတွေအကျယ်ကြီးအော်ဆိုပါတယ်။ ကိုကြီး အရက်တွေများသောက်ထားသလားပဲ၊ ကိုကြီး အသံကြီးကအောင်တယ်၊ အဆိုတော်တစ်ယောက်လိုပဲ အသံကောင်းတယ်။ အစတော့ တခြားကားတွေကကောင်လေးတွေက ဒီအတိုင်းပဲကြည့်နေကြတယ်။ ရယ်ကြမောကြဒီလောက်ပဲ။ နောက်တော့ ကိုကြီး အသံက ဆိုရင်းဆိုရင်း …

              ~ အေးစက်သောလက်များနဲ့ ပွေ့ဖက်ထား ~ ငရဲကိုဖောက်ထွက် ~

အသံမြှင့်ပြီး ဆိုလိုက်တယ်။ အားလုံးကလည်း ဟေ့ … ဟေ့ လို့ လိုက်ပြီးအော်လိုက်ကြတာ အသံတွေဟိန်းထွက်သွားတာပဲ။ မေလင်းမှာ မကြုံစဖူး အံသြလို့နေမိခဲ့ပါရဲ့။ သူငယ်ချင်းအရင်းအခြာတွေကျနေတာပဲ၊ ဖက်ရမ်းနှုတ်ဆက်နေလိုက်ကြတာ။

              ~ ရှေ့မှာ သေခြင်းရဲ့တံခါးများ ~  အနားမှာ သေခြင်းရဲ့ တံခါးများ ~ 

ကိုကြီးလိုပဲ အားလုံးလည်းစိတ်မရှည်နိုင်ကြတော့ဘူး ထင်ပါတယ်။ ကိုကြီးကရှေ့ကဆို ကျန်တဲ့သူတွေက နောက်ကလိုက်ဆိုကြနဲ့ အတိုင်အဖောက်ညီနေလိုက်ကြတာ။

ခဏနေတော့ ကားတွေသွားလို့ရတော့ မေလင်းတို့ကားလည်းထွက်ဖို့ပြင်တယ်။ သီချင်းဆိုရင်း တခြားကားက ကောင်လေးတွေနဲ့ရောနှောပြီး ကိုကြီး ဘယ်ရောက်သွားလည်းမသိလိုက်ဘူး။ မေလင်းမှာ ရင်ထဲတထိတ်ထိတ်နဲ့၊ ပျော်ရတဲ့အပျော်ကြားထဲမှာ မေလင်း တွေးမထားမိတဲ့ ပူပန်စိုးထိတ်မှုတွေဘယ်ကဘယ်လိုများ ရောက်လာကြပါလိမ့်။

              “မိုးနိုင် .. ကိုကြီးကို ရှာပါဦး၊ ခေါ်ပါဦး၊ ကားထွက်တော့မယ်”

မိုးနိုင်ကို အလန့်တကြားအော်ပြောမိတယ်။

              “ကိုကိုသာ ကိုကိုသာ၊ လာဟ သီချင်းပဲဆိုမနေနဲ့ ကားထွက်တော့မယ်၊ လာလာ”

              ~ တံခါးများလည်း ပိတ်လိုက်ပါတော့ ~

ဒါတောင်မပြီးနိုင်သေးဘူး ကိုကြီးက သီချင်းဆက်ဆိုနေတုန်းပဲ။ သီချင်းသံကြားလိုက်ရသေးတယ်။ ကိုကြီးလက်ကိုဆွဲပြီး မိုးနိုင် ကားဆီကိုအပြေးရောက်လာပါတယ်။ ကိုကြီး တော်တော်မူးနေတဲ့ပုံပဲ။ ခုမှ နေ့လည်ပိုင်းတောင်မရောက်သေးဘူး၊

              “မေလင်း နင့်ကိုကြီးတော့ မလွယ်ဘူး တော်တော်မူးနေပြီဟာ၊ ခုမှ ဘာမှတောင်မလည်ရသေးဘူး၊ သူက မူးနေပြီ၊ စိတ်ညစ်ပါတယ်”

               “ဟင်၊ ကိုကြီးဘယ်တုန်းကသောက်လိုက်တာလဲ၊ အရက်တွေယူလာတာလား၊ မေလင်းလည်းမသိလိုက်ဘူး”

“ယူတာတော့ယူလာတာပေါ့ဟာ နည်းနည်းပါးပါးပေါ့၊ အရမ်းအေးရင်သောက်ရအောင်လို့ပါ၊ နင့်ကိုကြီးက တစ်ခါတည်းအများကြီးမော့လိုက်တာဟေ၊ ငါ ပြောတာလည်းမရဘူး။ လေပါတယ် ကိုကိုသာရာ၊ တကယ်ပဲ”

ကိုကြီး ကားပေါ်ခုန်တက်လာတယ်။ ပြီးတော့ ကားနောက်ခန်းထဲ ပစ်လှဲပြီး အိပ်တော့တာပဲ။ ကားထဲမှာဖြင့် ရေတွေက ၀င်နေတာ၊ ကိုကြီးကို ဆွဲယူပြီး မေလင်းပေါင်ပေါ်ကို တင်ထားပေးရတာပေါ့။ ဒီလိုနဲ့ အင်းလျားလမ်း မဏ္ဍပ်တွေထင်ပါရဲ့၊ ကားဆက်တိုက်မောင်းလို့တော့ရသွားတယ်။ မဏ္ဍပ်တစ်ခုရှေ့ရောက်တိုင်း မီးသတ်ပိုက်လုံးကြီးတွေက ရေအားက ပြင်းလိုက်တာ၊ မေလင်းမှာ ကိုကြီးကိုလည်းပေါင်ပေါ်တင်ထားရသေးတယ်၊ ကိုကြီးနားထဲကိုလည်းရေ၀င်မှာစိုးတော့ ဦးထုပ်နဲ့ရော၊ လက်နဲ့ပါကာထားပေးရတာ၊ ကိုယ့်ဘာသာ ကာမထားနိုင်ပါဘူး၊ ရန်ကုန်သင်္ကြန်ဆိုတာ တစ်ခါမှလည်း ကြုံဖူးခဲ့တာမဟုတ်တော့ မျက်နှာသုတ်ပုဝါကြီးကြီး ယူလာရကောင်းမှန်းလည်းမသိဘူး။ မေလင်းဝတ်လာတာကိုလည်းကြည့်ပါဦး၊ ပန်းရောင်နဲ့အသားရောင်အပွင့်လေးတွေပါတဲ့ အသားနုနုချည်သားအင်္ကျီလေး၊ ဒူးအထက်ထိရောက်နေတဲ့ အသားရောင်စကပ်ဘောင်းဘီတိုလေးရယ် ကားနောက်ခန်းမှာထိုင်နေကြတာဆိုလို့ ကိုကြီးရယ် မေလင်းရယ်နှစ်ယောက်ပဲ။ ကျန်တဲ့သူတွေအားလုံး မဏ္ဍပ်တစ်ခုဖြတ်တိုင်း ခုန်ပေါက်နေကြတာပဲ။ အမိုးဖွင့်ကားနောက်ခန်းမှာ မေလင်း ခြေထောက်စင်းပြီးထိုင်နေတော့ ဒူးအထက်စကပ်ဘောင်းဘီးလေးက မေလင်းရဲ့ ပေါင်တစ်ဝက်သာသာရယ်၊ မေလင်းပေါင်ပေါ်မှာ ကိုကြီး အိပ်မောကျနေတဲ့ပုံစံကိုမြင်တဲ့သူတွေက သိမှမသိနိုင်ဘဲ။ အမူးလွန်နေကြတဲ့ အတွဲတစ်တွဲလို့ထင်သွားကြမယ်ထင်ပါရဲ့။ မေလင်းရဲ့ ခြေထောက်တွေဆီ ရေပိုက်တွေနဲ့ မရပ်မနားတိုးပြီးပက်ကြတယ်။ ခြေသလုံးသားတွေ၊ ပေါင်တွေမှာဆို နီရဲကျိန်းစပ်လို့နေပါပြီ။ ကိုကြီးနားထဲကိုလည်းရေ၀င်မှာစိုးလို့ ပိုတိုးပြီး ကာထားပေးရတယ်။ ခြေထောက်တွေဆိုမလှုပ်နိုင်ဘူး။ ကိုကြီးကတော့ ဒါတွေမသိနိုင်ပါဘူး။ တခြား ကိုကြီးသူငယ်ချင်းတွေကလည်း အပျော်လွန်နေကြတာ၊ မေလင်းတို့ကို လှည့်မကြည့်အားကြဘူး။ မေလင်းမှာသာ ခြေထောက်တွေမှာ ကျိန်းစပ်ပြီးနာလွန်းလာလည်း လှုပ်လို့လည်းမရတာမို့ ဒီအတိုင်းငြိမ်နေရတာပဲ၊ သင်္ကြန်ရေတွေထဲ ပျော်ရွှင်နေကြသူတွေကြားထဲမှာ မျက်ရည်တွေ တလိမ့်လိမ့်ကျလာတော့တယ်။ သင်္ကြန်ရေထဲမှာ မပျော်နိုင်ပဲ မေလင်းလို ငိုရတဲ့သူ ရှိနိုင်ပါ့မလား။

နောက်မှ မိုးနိုင်ကသတိရသွားပုံနဲ့ မေလင်းနဲ့ ကိုကြီးအနားရောက်လာပါတယ်။

              “ကိုကိုသာ့ကို ငါ့ပေါင်ပေါ်တင်ထားလိုက်မယ်။ နင် ခြေထောက်ရွှေ့လိုက်ဦး”

မေလင်း ခြေထောက်တွေကို ကွေးယူပြီးဖွက်ထားလိုက်ပါတယ်။ နီရဲနေတဲ့ မေလင်းခြေထောက်တွေဟာ ထုံကျဉ်လို့တောင်နေလေရဲ့။ ကိုကြီးကို သူ့ပေါင်ပေါ်ထင်ထားရက်ကြီးနဲ့ ကားကိုယ်ထည်ကြီးတဗြန်းဗြန်းပုတ်ပြီး ကိုကြီးနာမည်ကို အကျယ်ကြီး အော်နေတော့တယ်။

              “ကိုကိုသာ .. ကိုကိုသာရေ၊ ခုမှ မနက်ပိုင်းပဲရှိသေးတယ်ဟ .. ထ ကြည့်ပါဦး၊ အော် ငါ့နှယ် .. ငါ့နှယ် စိတ်ညစ်တယ်ဟေ့”
--------------------------------
နေ့လည်စာစားပြီး ပြန်ထွက်ကြတော့ ကိုကြီးကိုကြည့်ရတာ သိပ်အမူးကြီးမဟုတ်တော့ပါဘူး၊ ဒါပေမဲ့ ကိုကြီးကိုပဲ သတိထားကြည့်နေရတာရယ်၊ ချမ်းတာရယ်၊ ရေပိုက်တွေပြင်းလွန်းတဲ့ဒဏ်တွေနဲ့ မပျော်နိုင်ပါဘူး။ ဘယ်မဏ္ဍပ်အပေါ်ကိုမှ မကြည့်နိုင်ဘူး။ ဘယ်နာမည်ကြီးအဆိုတော်မှလည်း မကြည့်နိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ပဲ ညနေပိုင်းရောက်တော့ လသာက ကိုကြီးသူငယ်ချင်းတစ်ယောက်အိမ်မှာ လူစုခွဲကြတယ်။ မိုးနိုင်ညီမလေးတွေကလည်း လသာက မဏ္ဍပ်တစ်ခုမှာ သီချင်းဆိုတာကြည့်ကြဦးမယ်တဲ့။ အဲဒီလိုနဲ့ သီချင်းဆိုတာကြည့်ကြပြန်တယ်။ စင်ပေါ်ကခုန်ပေါက်ပြီး ကခုန်ကြသလို စင်အောက်မှာလည်း အားလုံးဟာ တလှုပ်လှုပ်နဲ့ချည်းပါပဲ။ မိုးနိုင်ညီမလေးတွေနဲ့အတူ မေလင်းလည်း ခုန်ပေါက်ပြီးပျော်ကြည့်လိုက်တာ ပျော်စရာကောင်းသလိုလိုတော့ရှိသား၊ တစ်ခါတစ်ရံ ခပ်မူးမူးကောင်လေးတစ်ချို့အနားကိုရောက်လာပြီး ရေမွှေးတွေ ရွှီးခနဲ ဖြန်းတဲ့အခါမျိုးကျရင်တော့ ကိုကြီးတို့ကလည်း အချင်းချင်းအရိပ်အကဲပြပြီး မေလင်းတို့ကို ကာထားကြတဲ့အခါ သူတို့တွေလည်းနောက်ဆုတ်နောက်ဆုတ်နဲ့ ရှောင်ထွက်သွားကြပါတယ်။ သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ်နားထောင်ကြရင်းနဲ့ ညကိုးနာရီကျော်လာပြီ။ ကိုးနာရီခွဲလောက်မှာ သီချင်းဆိုတာရပ်လိုက်ကြပါတယ်။ လသာက သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး မေလင်းတို့ ခြောက်မိုင်ခွဲအိမ်ကိုပြန်ဖို့ ကားဂိတ်ဘက်ကို လမ်းလျှောက်ခဲ့ကြတယ်။ အဲဒီမှာ မိုးနိုင်ရယ်၊ သူ့ညီမလေးနှစ်ယောက်ရယ်၊ နေမျိုး၊ ကိုကြီး၊ မေလင်း အားလုံးခြောက်ယောက်ပေါ့။ အဲဒီအချိန် ကားတစ်စီးက အရှိန်လျှော့မောင်းပြီး မေလင်းတို့ဘေးကကပ်လိုက်လာတယ်။ ခေတ်ဆန်ဆန်ဒီဇိုင်းကောင်မလေးသုံးယောက်နဲ့ ကောင်လေးတွေ သူတို့မြင်တာ အဲဒီလောက်ပဲနေမှာ၊ လိုက်ပို့ရမလား လို့ တစ်ချိန်လုံးဘေးကနေလိုက်မေးလာပါတယ်။ ကားထဲကို ကြည့်လိုက်တော့ အသက်ခပ်ကြီးကြီးအမျိုးသားကြီးတွေ၊ မိုးနိုင်ညီမလေးတွေက "နေပါစေ၊ ရတယ်ရှင့်" လို့ ပြန်ပြောလိုက်တယ်ထင်တယ်။ အဲဒီလူကြီးတွေက လာပါ လိုက်ပို့မယ် ကားပေါ်တက်ပါဆိုပြီး ထပ်ပြောပြန်တယ်။ စိတ်ဆတ်ဆတ်မိုးနိုင်ညီမလေး မိုးသူက ထအော်တော့တယ်။

“ရှင်တို့ ခုထွက်သွားစမ်း၊ ကျွန်မတို့က မောင်နှမတွေ အိမ်ပြန်မလို့ ကားစောင့်နေတာ”

“လုပ်မနေပါနဲ့ လာစမ်းပါ” ဆိုပြီး အဲဒီလူကြီးတွေက ဆိုးဆိုးဝါးဝါးစကားတွေပြောထွက်လာတော့တယ်။ အဖြစ်အပျက်ကခဏလေးနဲ့ ခပ်မြန်မြန်ဖြစ်ကုန်တော့တာပဲ၊ ခပ်အေးအေးနေတတ်တယ်လို့ ထင်ရတဲ့ နေမျိုးက ချက်ချင်းပဲ အုတ်ခဲတစ်လုံးစွဲကိုင်တော့တယ်။ ကိုကြီးကလည်း “တိတ်စမ်း၊ ခင်ဗျားတို့ထွက်သွားစမ်း၊ ကားနံပါတ်မှတ်ထားတယ်၊ ခင်ဗျားတို့ကို တိုင်မယ်”ဆိုပြီး အော်တော့တာ၊ မေလင်းက ကိုကြီးကို အတင်းဆွဲ၊ မိုးသူတို့လည်း နေမျိုးကို ချုပ်ထားနဲ့၊ အခြေအနေတွေက ချက်ချင်းကို ရှုပ်ထွေးကုန်တော့တယ်။ အဲဒီတော့မှ အဲဒီကားက မောင်းထွက်သွားပါတယ်။ အိုး လန့်လိုက်တာ … သင်္ကြန်မှာပျော်ရွှင်ကြရတဲ့အပျော်ကနည်းနည်းလေးပဲ၊ တကယ့်ကို ရင်ထိတ်စရာတွေချည်းပါလား။ အဲဒီထက်ပိုပြီး ဆိုးဆိုးဝါးဝါး ဘာမှမဖြစ်ခဲ့လို့သာ ကံကောင်းသေးရဲ့။ မေလင်းအရင်က စိတ်ကူးနဲ့ ပျော်ရွှင်ရင်ခုန်ခဲ့ရတဲ့သင်္ကြန်ရက်တွေမှာ ဒီလိုအဖြစ်အပျက်တွေမပါခဲ့ဘူး။ ပျော်စရာဘယ်မှာတဲ့လဲ သင်္ကြန်ရယ်။

အရင်က သင်္ကြန်ရက်တွေဆို မေမေ ဘုန်းကြီးကျောင်းသွားတဲ့အခါ မေမေနဲ့အတူ လိုက်တယ်။ မေမေနဲ့ အတူ မုန့်လုံးလေးတွေလုံးပြီး မုန့်လုံးရေပေါ်လုပ်စားကြတယ်၊ ဘေးအိမ်တွေကို ဝေပေးကြတယ်။ ရေပက်ရမယ့်သူမရှိတော့ မေမေ့ကိုပဲရေလောင်းရတယ်။ မေမေကလည်း ရေပြန်လောင်းတယ်။ ပြီးတော့ မေမေ့ကို ခြေသည်းလက်သည်းညှပ်ပေးတယ်။ မေမေက အဲဒီအချိန်ဆို ရှက်ပြုံးလေးပြုံးလို့ နေတာပေါ့။ သင်္ကြန်အတက်နေ့ဆို မေမေက ဘုရားကျောင်းဆောင်ကိုရှင်းလင်းပါတယ်။ ဘုရားရုပ်ပွားတော်လေးတွေကို တစ်ဆူစီ ရေသပ္ပါယ်တယ်။ အဲဒီအခါ မေလင်းလည်း ဂွမ်းလေးနဲ့ ရေသပ္ပါယ်တယ်။ ဘုရားကျောင်းဆောင်ထဲ ရေမွှေးဖြန်းသေးတယ်။ မေလင်းကတော့ မေမေ့ဘေးကနေ မေမေ့ကို ကူသလိုလိုနဲ့ စကားတွေ ဖောင်ဖွဲ့ပြီးပြောနေတတ်တာပေါ့။ ပြီးရင်တော့ သင်္ကြန်အားလပ်ရက်တွေမှာ မေမေနဲ့အတူစာဖတ်၊ စာရေး ဒီလိုလေးပဲ၊ အဲဒီရက်လေးတွေများ ငြိမ်းချမ်းအေးဆေးလိုက်တာ၊ အဲဒီလို ပျော်စရာသင်္ကြန်ရက်လေးတွေကို မေလင်းက တန်ဘိုးထားရကောင်းမှန်းမသိ ဥပက္ခာပြုချင်ခဲ့သေးတာ။
--------------------------------
မနက်ရောက်တော့ ကိုကြီးက ခေါ်ပြန်တယ်။
              “မေလင်း ပြင်လေဟာ၊ ဒီနေ့မဏ္ဍပ်ထိုင်မှာလေ၊ ပိုက်ဆံသွင်းထားပြီးသားနော်”

မေလင်း ခေါင်းကိုပဲ ခပ်သွက်သွက်ယမ်းပြလိုက်တော့တယ်။

           “ကိုကြီး ညီမလေး မလိုက်တော့ဘူး၊ ကိုကြီးလည်း သွားမနေနဲ့၊ ညီမလေး မပျော်ဘူး၊ မပျော်တတ်ဘူး”

ကိုကြီးကတော့ တဟားဟားရယ်နေခဲ့ပါတယ်။ မေမေ့ကို မနေ့ကအကြောင်းတွေ သွားမပြောနဲ့နော် လို့လည်းပြောသေးတယ်။
ဟုတ်တယ်၊ အပြင်က လူတွေအများကြီးနဲ့ သင်္ကြန်ကို မေလင်း မပျော်ပါဘူး။
အိမ်ထဲမှာပဲ မေမေနဲ့ စကားပိကျိပိကျိပြောလိုက်၊ ကော်ဖီလေးဖျော်ကာ၊ စာအုပ်ဖတ်လိုက် ကော်ဖီလေးသောက်လိုက်နဲ့၊ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ အဲဒါကပဲ အေးချမ်းတဲ့အပျော်လေးတွေပေါ့။ ဘုရားကျောင်းဆောင်က ပိတောက်ပန်းရနံ့လေးတွေရယ်၊ အနီးအနားက ကလေးတစ်ချို့ရဲ့ ရေကစားရင်းနောက်ပြောင်ကြတဲ့အသံလေးတွေရယ်။ ဟိုကသည်က လွင့်မြောလာတတ်တဲ့ သင်္ကြန်သီချင်းသံတွေရယ်၊ ဒီလောက်နဲ့ပဲ မေလင်းသာအတွက် သင်္ကြန်ရက်တွေက လှပပြည့်စုံနေပြီးသားပါ။ ပူလောင်စိုးထိတ်မှုတွေကင်းတဲ့ သင်္ကြန်ရက်တွေထဲမှာပဲ ပျော်ရွှင်ရကောင်းမှန်းလည်း မေလင်းသာ သိသွားခဲ့ပါပြီ။ သင်္ကြန်ရက်တွေမှာ ၀င်နွှဲကြဖို့ ပြင်ဆင်နေကြသူ အားလုံးလည်း အန္တရာယ်ကင်းကင်းပျော်ရွှင်တတ်ကြပါစေ ဆုတောင်းမိပါပြီ။     ။

Friday, February 17, 2012

ကလေးတွေရဲ့ အွန်လိုင်းပေါ်ကလုံခြုံစိတ်ချရတဲ့နေရာ

အွန်လိုင်းပေါ်မှာ လူကြီးတွေတောင် လုံခြုံစိတ်ချရမှု ကင်းမဲ့လာတဲ့အဖြစ်အပျက်တွေရှိနေပါတယ်။ ကလေးတွေအတွက် လုံခြုံစိတ်ချရမယ့်နေရာကတော့ ပိုပြီးတော့တောင် ရှာဖွေဖို့ခက်ခဲနေပါလိမ့်မယ်။ လူငယ်တွေအတွက် အွန်လိုင်းမှာ လုံခြုံစိတ်ချရနိုင်ဖို့ဆိုတာ အရေးတကြီးကိစ္စမျိုးပါ။ Facebook လို လူသိများလှတဲ့ လူမှုကွန်ယက်ဆိုက်တွေမှာ အသုံးပြုနေကြသူပေါင်း သန်း၈၀၀ကျော် ရှိနေကြပါတယ်။ အဲဒီထဲမှာ အသက် ၁၃ နှစ်အရွယ်၊ အဲဒီထက်ငယ်ရွယ်တဲ့ကလေးတွေတောင် Facebook ထဲ ခြေလှမ်းလှမ်းနေကြပါပြီ။ Facebook မှာ တင်လိုက်တဲ့ ပိုစ့်တွေကို “like” နေကြတဲ့သူတွေ နေ့တိုင်းအများကြီးပဲ ရှိနေကြတယ်။ သူငယ်ချင်းတွေနဲ့ ကိုယ်ဘာတွေလုပ်နေသလဲဆိုတာတွေကို ဝေမျှကြတယ်။ သူတို့အားလုံး တကယ်ပဲသူငယ်ချင်းတွေလား။ မဖြစ်နိုင်ပါဘူး။ Facebook အကောင့်(account)တွေကို လိမ်ညာပြီး ယူထားကြသူတွေလည်းရှိကြတယ်။ Facebook မှာ ကျင်လည်ဖို့ လုံခြုံစိတ်ချရမယ့်နည်းလမ်းတွေတော့ရှိနေပါတယ်။ အဲဒီနည်းလမ်းတွေအတိုင်းလူကြီးတွေက လိုက်နာနိုင်ကြပါတယ်။ 

ကလေးငယ်တွေအတွက်ကတော့ ကိုယ်တိုင်ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ဖို့ဆိုတာ ခက်ခဲလွန်းလှပါတယ်။
ဝက်ဘ်ဆိုက်ရဲ့ဘေးမှာဝင်လာတတ်တဲ့ ကြော်ငြာမျိုးစုံ၊ မရိုးနိုင်တဲ့ third party software တွေဟာ ကလေးငယ်တွေကို အခက်တွေ့စေနိုင်ပါတယ်။ အဲဒီအခက်အခဲမျိုးတွေဖြေရှင်းပေးနိုင်မယ့်၊ အွန်လိုင်းပေါ်မှာ လုံခြုံစိတ်ချစေနိုင်မယ့် လူမှုကွန်ယက်တစ်ခုဟာ အခုဆိုရင်သုံးစွဲသူကလေးငယ်တွေအရေအတွက်များလာခဲ့ပါပြီ။ Disney Online Studio က ထုတ်လုပ်ပြီး New Horizon Interactive က ၀က်ဘ်ဆိုက်ရေးသားသူတွေဖန်တီးခဲ့ကြတဲ့ “Club Penguin” ဆိုတဲ့ လူမှုကွန်ယက်ဝက်ဆိုက်လေးပါ။ ၂၀၀၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ စတင်ခဲ့ပြီး ၂၀၀၇နောက်ပိုင်းမှာ အသုံးပြုသူကလေးငယ်တွေများလာခဲ့ပါပြီ။ အခုဆိုရင် အသုံးပြုသူ ကလေးငယ်ပေါင်း သန်း ၁၅၀ကျော်လာခဲ့ပါပြီ။ Club Penguin မှာ ကလေးငယ်တွေ ဂိမ်းကစားနိုင်မယ်။ အချင်းချင်းအပြန်အလှန်ဆက်သွယ်နိုင်ကြမယ်။ အသုံးပြုမယ့် ကလေးဟာ Penguin ရုပ်ပုံလေးတစ်ကောင်နဲ့ account ယူနိုင်ပါမယ်။ ဂိမ်းတွေကို အသက် ၆ နှစ်ကနေ ၁၄ နှစ်အထိ ကလေးငယ်တွေအတွက် ရည်ရွယ်ဒီဇိုင်းထုတ်ထားတယ်လို့ဆိုပါတယ်။
Club Penguin ဟာ ကလေးငယ်တွေအတွက် လုံခြုံစိတ်ချရဖို့ ရည်ရွယ်ပေမယ့် လူကြီးတွေကိုလည်းတားမြစ်မထားပါဘူး။ ကလေးငယ်တွေကိုမှ မြူဆွယ်ဖျားယောင်းလိုသူတွေလည်း ဆိုက်ထဲကို ၀င်လာနိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး ပြောဆိုဆွေးနွေးလာတာတွေကို filter နဲ့ စိစစ်ပြီး ပိတ်ပစ်တာတွေပြုလုပ်ပါတယ်။ ကလေးတွေရဲ့ လိပ်စာ၊ ကျောင်း၊ ဖုန်းနံပါတ်တွေ ဖော်ပြခွင့်မရှိပါဘူး။ အဲဒီနေရာမှာ ရိုးရှိုးရှင်းရှင်းပါပဲ။ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေဖော်ပြဖို့ အခွင့်အရေးပေးမထားပါဘူး လို့ တွဲဖက်တည်ထောင်သူ လိန်းမာဖီးလ်ဒ်ကပြောပါတယ်။ စောင့်ကြည့်ကြီးကြပ်သူ(moderator) ၂၀၀ကျော်က မသင်္ကာစရာကောင်းတဲ့ ဘာသာစကားမျိုးတွေ တွေ့လာရင်လည်း အဲဒီ ပင်ဂွင်းကို နှောင့်ယှက်သူပင်ဂွင်းအဖြစ်သတ်မှတ်လိုက်ပါလိမ့်မယ်။ ကလေးငယ်တွေ လမ်းမပေါ်မှာ စက်ဘီးစီးနိုင်ဖို့ စတင်သင်ယူကြသလို အင်တာနက်ကို ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်ဖို့ Club Penguin ကို အစမ်းလေ့ကျင့်တဲ့နေရာအဖြစ်လည်း ရည်ရွယ်ထားပါတယ်။ “ကလေးတွေ အွန်လိုင်းမှာ ဘယ်လိုလုံခြုံစိတ်ချစေနိုင်မလဲဆိုတာ သင်ကြားပေးနိုင်မယ့်အရာမျိုး ကျွန်တော်တို့ လိုအပ်ပါတယ်” လို့ security softwareတွေနဲ့ hardware ထုတ်လုပ်တဲ့ကုမ္ပဏီ SOPHOS ရဲ့စီနီယာအတိုင်ပင်ခံ ဂရေဟမ်ကာလေးက ပြောပါတယ်။
Club Penguin စတင်တည်ထောင်သူ သုံးဦးထဲက တစ်ဦးဖြစ်တဲ့ လိန်းမာဖီးလ်ဒ်က အင်တာနက်မှာ သူ့ရဲ့ ကလေးငယ်တွေအတွက် လုံခြုံစိတ်ချရမယ့်လူမှုဆက်ဆံရေးရရှိဖို့ အခွင့်အရေးအင်မတန်နည်းပါးလွန်းလှသလို ခံစားမိတာကြောင့် Club Penguin ကိုဖန်တီးဖို့ ကြိုးစားဖြစ်ခဲ့ပါတယ်လို့ ဆိုပါတယ်။ Club Penguin ရဲ့ စောင့်ကြည့်သူတွေထဲမှာ Rsnail, Billybob, Fake Happy77, Gizmo, Screenhog, Silvawolf, dblowe, Nanu, Speedybones, Testdec4 နဲ့ Willredfern တို့ကို Club Penguin အသုံးပြုသူကလေးငယ်တွေ အသိများကြပါတယ်။ Club Penguin ဖန်းတီးရှင်တွေထဲက အသက် ၃၃ နှစ်အရွယ် လန်စ့်ပရိဘ်(Rsnail) ဟာ အလုပ်ရှိရာကို စက်ဘီးတစ်စီးနဲ့ရောက်ရောက်လာတတ်ပါတယ်။ သူက Game နဲ့ Art Director ပါ။ ဒေဗ့်ခရစ်ကို(Gizmo)ကတော့ အသက် ၅၆နှစ်အရွယ်ရှိပြီး တွဲဘက်တည်ထောင်သူပါ။ New Horizon Interactive မှာ Rsnail ရဲ့ အလုပ်ရှင်ဖြစ်ခဲ့ပါတယ်။ အသက် ၂၈နှစ်ပဲရှိသေးတဲ့ Club Penguin ဖန်တီးသူ လိန်းမာဖီးလ်ဒ်(Billybob)ကို Club Penguin မှာ အစိမ်းရောင်အင်္ကျီလေးနဲ့ပင်ဂွင်းအဖြစ်တွေ့နိုင်ပါတယ်။
Club Penguin ရဲ့ အစိမ်းရောင်ပင်ဂွင်း ဘီလီဘောဘ့်ရဲ့ အမေးအဖြေတစ်ချို့ ဖော်ပြပေးလိုက်ပါတယ်။

Club Penguin ကို စတင်တည်ထောင်တော့ ခင်ဗျားစိတ်ထဲမှာ ပစ်မှတ်ထားခဲ့တဲ့ကလေး သတ်သတ်မှတ်မှတ်ရှိခဲ့လား။
ဟုတ်ကဲ့။ ကျွန်တော်ရဲ့ကလေးတွေပေါ့။ လန်စ့်မှာလည်း သက်တူရွယ်တူကလေးတွေရှိတယ်။ ဒေ့ဗ်မှာရောပဲ။ ကျွန်တော်တို့မှာ ကလေးတွေအများကြီးပဲရှိတယ်။ တူမလေးတွေ၊ တူလေးတွေလည်းအများကြီးပဲ။ ကျွန်တော်တို့ လိုချင်တာ သူတို့အတွက် လုံခြုံစိတ်ရတဲ့၊ ကြော်ငြာတွေမပါတဲ့၊ အွန်လိုင်းကစားကွင်းတစ်ခု ဖွင့်ပေးချင်တာပါ။

ဘာကြောင့် ပင်ဂွင်းလေးကို ခင်ဗျားရဲ့ ဇာတ်ကောင်အဖြစ်ရွေးချယ်ခဲ့တာလဲ။
ကျွန်တော်တို့ ပင်ဂွင်းကိုရွေးဖြစ်ခဲ့တာက ပင်ဂွင်းလေးတွေရဲ့အစုလိုက်အဖွဲ့လိုက်နေတတ်တဲ့သဘာဝကို သဘောကျလို့၊ ပြီးတော့ ကိစ္စတွေအောင်မြင်ပြီးမြောက်ဖို့ အတူတူလက်တွဲလုပ်ကိုင်ရတယ်။ အုပ်စုလိုက်နေတော့ လုံခြုံစိတ်ချရတယ်။ အဲဒါတွေကြိုက်လို့ရွေးခဲ့တာပါ။ မူရင်းဒီဇိုင်းရေးဆွဲခဲ့တဲ့သူ ဒေ့ဗ်ကို ခင်ဗျားမေးကြည့်ရင်တော့ ပင်ဂွင်းလေးတွေက animation လုပ်ရတာလွယ်တယ်လို့ပဲ သူက ဖြေလိမ့်မယ်။

Club Penguin မှာ ဘယ်ဂိမ်းက ပေါ်ပြူလာအဖြစ်ဆုံးလဲ။
ယူကေမှာ ဘယ်ဂိမ်းတွေကို အများဆုံးကစားနေကြသလဲ ဆိုတာ ကျွန်တော့်မှာ စာရင်းအချက်အလက်မရှိဘူးဗျ။ တစ်ခုချင်းပြောရမယ်ဆိုရင်တော့ EPF( Elite Penguin Force) အသစ်ပေါ့။ ကျွန်တော်တို့ရဲ့ လှို့ဝှက်သူလှိုအစီအစဉ်ဇာတ်လမ်းမျိုးပါ။ ကစားတဲ့သူတွေကိုလည်း EPF ရဲ့ အဖွဲ့ဝင်အဖြစ်လက်ခံတာကြောင့် Club Penguin အုပ်စု အတွက် လှုပ်ရှားတက်ကြွစေတဲ့အပိုင်းတွေဖြစ်တယ်။ အွန်လိုင်းကမ္ဘာကြီးကို ကာကွယ်မယ့်စစ်ဆင်ရေးတွေဖြည့်ဆည်းနိုင်ကြမယ်။

ကလေးတွေရဲ့မိဘတွေရော ရာခိုင်နှုန်းဘယ်လောက် Club Penguin မှာရှိလဲ။ သူတို့ Club Penguin မှာ ဘာတွေလုပ်နိုင်မလဲ ခင်ဗျားမှာရှိတဲ့ စိတ်ကူးလေးပြောပါဦး။
မိဘတွေစိတ်အေးရမယ့်၊ ကလေးငယ်တွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ လုံခြုံစိတ်ချရတဲ့ကမ္ဘာမျိုးကျွန်တော်တို့ အမှန်တကယ် တည်ဆောက်ပေးချင်ပါတယ်။ ကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော်တွေ့ခဲ့ဖူးတဲ့ မိဘတစ်ဝက်ကျော်လောက်က Club Penguin မှာ ဘယ်လိုအခြေအနေရှိလဲ ဆိုတာ သေသေချာချာနားလည်ကြပါတယ်။ အဲဒါအထူးသဖြင့်အရေးကြီးပါတယ်။ အဲဒီမိဘတစ်ဝက်ကျော်မှာ ကလေးတစ်ယောက်ထက်ပိုရှိမယ်ဆိုရင် ကြီးတဲ့ကလေးတွေက သူတို့ရဲ့ ညီလေးညီမလေးတွေကို ကူညီပြသပေးလိမ့်မယ်။ Club Penguin အတွက် ပိုပြီးသိချင်တဲ့ မိဘတွေအတွက်လည်း အခန်းကဏ္ဍတွေရှိပါတယ်။ မိဘတွေပဲ သီးသန့်အသုံးပြုနိုင်မယ့်ခလုပ်တွေရှိလိမ့်မယ်။ ကိုယ့်ရဲ့ ကလေးအတွက် Club Penguin မှာ ကစားနိုင်မယ့်အချိန်အတိုင်းအတာကို မိဘက သတ်မှတ်ပေးထားနိုင်တာမျိုးတွေရှိပါတယ်။

Club Penguin မှာကစားနိုင်မယ့် ကလေးငယ်တွေ အမြင့်ဆုံးအသက်ဘယ်လောက်ထိ သတ်မှတ်ထားလဲ။ ကလေးတွေအတွက် ဘယ်ဝက်ဘ်ဆိုက်တွေကိုရော Club Penguin ကနေ ညွှန်းပေးဦးမလဲ။
CP က အသက် ၆နှစ်ကနေ ၁၄ အထိ ကလေးငယ်တွေအတွက် ဒီဇိုင်းရေးဆွဲထားပါတယ်။ တစ်နေရာစီရောက်နေကြတဲ့ အဖိုးအဖွားတွေလည်း ပင်ဂွင်းကမ္ဘာထဲမှာ သူတို့ရဲ့ မြေးလေးတွေကို လာကြည့်ကြတယ်။ သူတို့ရဲ့ အဖိုးအဖွားတွေအတူကစားကြတာလည်းရှိပါတယ်။ ဥပမာဆိုဗျာ ကျွန်တော်ခရီးသွားနေတုန်းက တစ်ခါတစ်ရံ CP မှာ ကျွန်တော့်သားနဲ့ တွေ့တယ်။ သူ့ကို နှင်းဘောလုံးတွေနဲ့ ပစ်ပေါက်လိုက်တယ်။ Club Penguin က အမှန်တကယ်တော့ အဲဒီအရွယ်ကလေးငယ်တွေ ငြိမ်းငြိမ်းချမ်းချမ်းဆော့ကစားနိုင်စေဖို့ ဒီဇိုင်းလုပ်ထားတာပါ။ အဲဒီအရွယ်ကလေးတွေက ကျွန်တော်တို့ လူကြီးတွေလုပ်သလို အဖြစ်အပျက်တွေဆွေးနွေးငြင်းခုံနိုင်တဲ့၊ ဓါတ်ပုံတွေ ဝေမျှနိုင်တဲ့ လူမှုကွန်ယက်ဆိုက်တွေ စိတ်ဝင်တစားသုံးနေကြတာထက်စာရင် သူငယ်ချင်းတွေနဲ့ အတူတူ ဆော့ကစားဖို့ကိုပဲ ပိုအားသန်ကြတယ်။ လူကြီးတွေရဲ့အမူအကျင့်မျိုး နည်းနည်းကြီးလာတဲ့ ဆယ်ကျော်သက်လေးတွေမှာတော့ရောင်ပြန်ဟပ်လာကြတယ်။ ဆယ်ကျော်သက်လေးတွေက သူတို့ဘယ်သူဆိုတာ ပိုပြီးဖော်ပြချင်လာကြတယ်။ ပိုပြီး မျှဝေချင်လာကြတယ်။ အဲဒါကြောင့် Myspace နဲ့ Facebook လို လူမှုကွန်ယက်ဆိုက်တွေ ဆယ်ကျော်သက်လေးကြားမှာ အလွန်အမင်းအောင်မြင်နေကြတယ်။ လွတ်လပ်ခွင့်ဆိုတာ ဆယ်ကျော်သက်လေးတွေအတွက် အရေးကြီးတာမှန်ပေမဲ့၊ သူတို့ လုံခြုံစိတ်ချရစေမယ့် နေရာမျိုး ဖန်တီးချင်တဲ့ ကျွန်တော်တို့ရဲ့စိတ်ကူးတွေကိုတော့ ဘယ်တော့မှ ရပ်ပစ်မှာမဟုတ်ဘူး။

ကလေးတွေရဲ့ မိဘ၊ အဖိုးအဖွားတွေလည်း ပူပန်စရာမလိုတဲ့ ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ အွန်လိုင်းကမ္ဘာလေးအကြောင်း မျှဝေလိုက်ပါတယ်။
လုံခြုံစိတ်ချရတဲ့ ပင်ဂွင်းကမ္ဘာလေးမှာ ကလေးတွေ ပျော်ရွှင်စွာဆော့ကစားနိုင်ကြပါစေ။             ။

source : Meet Lane Merrifield of Club Penguin form www.ukparentslounge.com

Education Digest (Vol 1. No.11)

Friday, February 10, 2012

အကြိုက်

(မရေးမဖြစ်ရေးရတဲ့စာကလွဲလို့ သူ့အလိုလိုရေးချင်စိတ်ပေါ်လာတဲ့ စာမျိုးမရေးဖြစ်ပါဘူး။ အပ်ထားတဲ့website မြန်မြန်ပြီးချင်လို့၊ အဲဒါလုပ်နေရင်းနဲ့မှ စာရေးပြီးပျော်ရတဲ့အပျော်နဲ့ နည်းနည်းလေးမှမတူဘူး ဆိုတာပိုသိလာတယ်။ စာလာဖတ်ဖြစ်တဲ့သူငယ်ချင်းအားလုံး နားလည်ခွင့်လွှတ်ပေးကြပါရန်၊ အဲဒါနဲ့ပဲ မေမေ့ရဲ့စာ ပိုစ့်တင်လိုက်ပါတယ်။)
ဖြိုးဖြိုးကပြောတယ် ၊
အရင်က နှင်းတွေကို သူချစ်တယ် ခု မချစ်တော့ဘူးတဲ့။
သူပြောတာ ဟုတ်ပါလိမ့်မယ်။
ကျွန်မကတော့..
အရင်ကလဲနှင်းတွေ မြူတွေကို ချစ်တယ် ၊ခုလဲချစ်တုံးဘဲ။
ခက်တာက ကျွန်မ၀န်းကျဉ်မှာနှင်းတွေ မရှိဘူး။မြူတွေ မရှိဘူး။
ရှိတဲ့ မြူရွက်တွေကိုဘဲ နှမ်း မြေပဲ ဆီကျက်တွေနဲ့သုပ်သုပ်စားနေရလို့  ပါးစပ်မအားဘူး ဖြစ်နေတယ်။
အဲဒါ ကျွန်မအတွက်ပြောင်းလဲမှုမရှိတဲ့ အမှန်တရားတွေဘဲ။

စုမီအောင်ကပြောတယ်၊
အရင်က ကြိုက်ဖူးတာတွေ အခု ငါမကြိုက်တော့ဘူးတဲ့။
အရင်က “ဒေးဗစ်ဘက်ခမ်း” ကိုကြိုက်တယ် အခု မကြိုက်တော့ဘူးတဲ့။

သူပြောတာ ဟုတ်ပါလိမ့်မယ်၊
ကျွန်မကတော့
အရင်ကလဲ “ရောဘတ်တေလာ” ကိုကြိုက်တယ် ။ခုလဲကြိုက်တုံးဘဲ။
အရင်ကလဲ” ၀င်းမင်းသန်း” ကိုကြိုက်တယ် ခုလဲ ကြိုက်တုံးဘဲ။
အရင်က “ဖရိုဆို “ ၀တ္ထုကို ကြိုက်တယ် ခုလဲကြိုက်တုံးဘဲ။
အရင်က “ဇင်းဒါးအကျဉ်းသား” ကို ကြိုက်တယ်၊ ခုလဲ ကြိုက်တုံးဘဲ။
အရင်က “ဖူးစာနှစ်ခိုင်”ကို ကြိုက်တယ်၊ခုလဲကြိုက်တုံးဘဲ။
အရင်က “ရူပနန္ဒီ ရူပကလျာဏီ” ကို ကြိုက်တယ်၊ခုလဲကြိုက်တုံးဘဲ။

ကျွန်မအမုန်းဆုံး ကြက်ဥ ဘဲဥတွေ အရင်ကလဲ မစားဘူး။ ခုလဲမစားဘူး။
ကြက်၊ဘဲ၊၀က်၊၊ ဆိတ်၊အမဲ အရင်ကလဲမစားဘူး။ခုလဲမစားဘူး။
“ခင်ဗျား အားနည်းနေပြီ အသားများများစား” တဲ့။ဆရာဝန်ကပြောတယ်။
ငါ့အမေကို ဆေးရုံတင်တော့ အသားပြုတ်ရည်တွေ ပိုက်နဲ့ အဓမ္မသွင်းတယ်။
အမေက ပိုက်ကို ဆွဲဖြုတ်ပြစ်တယ်။ သေတာ ဘာဆန်းသလဲ။ တဲ့။အသေခံတယ်။
မောင်ကြည်ရှင်ကို ဆေးရုံတင်တော့ ဆရာဝန်က အသားစားခိုင်းတယ်။သူကလည်း အသေသာခံမယ် မစားဘူး တဲ့။သူတို့ ဘာမှ မပြောင်းလဲဘူး။
ကျွန်မလဲ မပြောင်းလဲပါဘူး။ဒါပေမဲ့…

(ကျေးဇူးပြုပြီးကျွန်မ အလှည့်မှာ တော့ ဆေးရုံ ဆေးခန်းတွေဆီ ခေါ်မသွားကြပါနဲ့ နော်။ အဓမ္မ ပိုက်ထည့်မှာ  ကြောက်တယ်။
တိတ်တိတ်ဆိတ်ဆိတ်ကလေးဘဲ အိမ်မှာ နားနေခွင့်ပေးကြပါ။

ဟိုတယောက်..
သူကြွေးတဲ့ကြက်ဥ မစားကောင်းလားမျက်မာန်တွေပွားပြီး ပုဂံတွေ ခွဲလားခွဲရဲ့။မစားထိုက်ဘူးလဲပြောရဲ့။ကျွန်မက အားကျမခံ
ဒါဟာ
” ပါရမီ ရင့်ကျက်နေလို့ဘဲ” ဆိုတာ အဲဒီလူကို အသားယူ ပြောလိုက်တယ်။    ။
florist
၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ ၃ရက်

ရောဘတ်တေလာ=ဟောလီဝုဒ်မင်းသား
ဝင်းမင်းသန်း=ခရမ်းရောင်လွင်ပြင် မင်းသမီး
ဖရိုဆို=တက္ကသိုလ်ဥပစာဝိဇ္ဇာတန်းပြဌာန်းဝတ္ထု(Phroso)
ဖူးစာနှစ်ခိုင်=ဇင်းဒါးအကျဉ်းသား အင်္ဂလိပ်ဝတ္ထု ကို အသက်သွင်းထားတဲ့ ကျော်ဆွေ  မေသစ်  အသံထွက်ရုပ်ရှင် ကား
ရူပနန္ဒီ ရူပကလျာဏီ =ဆရာကြီးရွှေဥဒေါင်း၏ ၀တ္ထု

Sunday, February 5, 2012

It's Black , It's White !

~ It Don't Matter If You're Black Or White ~

Wednesday, February 1, 2012

ချစ်ရတဲ့ သားအမွှာ

မေမေပို့ပေးလို့ ဖတ်ကြည့်ပြီး ညက်ရေတွေပိုးပိုးပေါက်ပေါက်ကျတယ်။ ဘာဝမ်းနည်းမှန်းမသိ :'(
 အသက်အားဖြင့် ၂၉နှစ်သာ ရှိသေးတဲ့ “ကိတ်” ဟာ နယူးဆောက်သ်ဝေးလ် ပြည်နယ် သားဖွားဆေးခန်းတခုမှာ ရောက်နေပါတယ်။သူမ ဗိုက်ထဲမှာ လွယ်ထားတဲ့ အမွှာ မောင်နှမကို မွေးဖွားဖို့ နောက်ထပ်သီတင်း ဆယ့်လေးပတ်စောင့်ရအုံးမှာပါ။ ဒါနဲ့များ သူမ ဘာ့ကြောင့် ဗိုက်နာ နေရပါလိမ့်။ သူမခင်ပွန်း” ဒေးဗစ်” က သိပ်ကိုမှခလေးလိုချင်ရှာတာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက သူတို့ တောင့်တောင့်တတ ကြိုးစားနေတာပါ။မကြာခဏ ဆေးခန်းကိုလည်းသွားရောက် စစ်ဆေးကြရတယ်။ ခုတော့ သူတို့ အောင်မြင်ပါပြီ။ ဒါပေမဲ့ အချိန်မတန်မီ ဗိုက်နာလာရတဲ့ အကြောင်းရင်းက ဘာပါလိမ့်။ သူမ ဆေးရုံကို အပြေးလေးရောက်လာခဲ့တာပါ။ သူမ သားအိမ်ခေါင်းဟာ နှစ်စင်တီမီတာလောက်တော့ ပွင့်နေတယ်တဲ့။ လိုအပ်သမျှ ပြုစုနိုင်ဖို့ဆရာဝန်က သူမကို ဆေးရုံမှာဘဲ သီတင်းတပတ်အကြာ အနားယူစေတယ်။ ဒါပေမဲ့ သူမကိုယ်ဝန်ဟာသီတင်း၂၇ပတ် အရမှာ တဖန်ပြန်ပြီး ဗိုက်နာလာပြန်ပါတယ်။
နောက်နေ့မနက်မှာဘဲ သူမသားအိမ်က၆.၅ စင်တီမီတာ ပွင့်လာပေမဲ့ ခလေးတွေကို ဆွဲယူဖို့က မလွယ်ပါဘူး။ “ဘရစ်ဘင်းမြို့”ကိုရောက်နေတဲ့” ဒေးဗစ်” ကို လှမ်းခေါ်ရတယ်။ အချိန်မတန် လမစေ့သေးပေမဲ့ လိုအပ်ရင် ဗိုက်ခွဲ မွေးဖို့ အခြေအနေ ရောက်နိုင်ပါတယ်။ ခလေးတွေရဲ့ အသက်ကို မိမိရရ ကယ်တင်ဖို့ ၂၄နာရီ စောင့်ကြည့်ရမဲ့  အနေအထားပါ။ “ဒေးဗစ်”ဟာ “ကိတ် “ အနားက မခွာဘူး။ လက်ဖျားလေးတွေ ကို ဆုတ်ကိုင်ပြီး အားပေးနေတယ်။” ကိတ် “နဲ့” ဒေးဗစ်”တို့ ဟာ စကားတခွန်းမှ မပြောနိုင်ကြပေမဲ့ “ဒေးဗစ်”မျက်နှာပေါ်က ထင်ရှားသိသာလွန်းတဲ့ အားပေးနှစ်သိမ့်မှုဟာ သူမကို ခွန်အားတွေ အများကြီးဖြစ်စေပါတယ်။သူမရင်မှာ “ဒေးဗစ်”အတွက် “ဒေးဗစ် “လိုချင်တဲ့ ကလေးကို မွေးပေးနိုင်တော့မယ် ဆိုတဲ့ အသိကသာ သူမအပေါ် လွှမ်းခြုံကြည်နူးပုံကလည်း “ ဒေးဗစ် “ ကို ပျော်မြူးစေပြန်တယ်။ ခုဆိုရင် “ကိတ်”ကိုခွဲခန်းသုံး အ၀တ်အစားတွေ ဆင်မြန်းပေးပြီးပါပြီ။ ခွဲခန်းအတွင်း ကိုလည်း တဖြည်းဖြည်း တွန်းလှည်းကလေးနှင့် သယ်ဆောင်သွားပါပြီ။ခွဲခန်းမှာ တာဝန်ယူမဲ့  သားဖွားမီးယပ်ပါရဂူနှင့် ဆရာဝန်က ၁၄ယောက်ပါ။ တာဝန်ကျ သူနာပြုဆရာမ တွေ သားဖွားအကူ ဆရာမတွေလည်းဝန်းရံထားရှိပါတယ်။ 

ပထမ ထုတ်ယူရရှိတဲ့ ကလေးက သားယောင်္ကျားလေးပါ။သူ့ဖေဖေက ခလေးကို တစိမ့်စိမ့်ကြည့်ရင်း “ဂျင်မီ” လို့ချစ်စနိုး နာမည်ပေးလိုက်တယ်။ မိခင်က ပီတိတွေနဲ့ ကြည်နူးပြုံးပျော်နေတယ်။သူမဟာ ပုံမှန်ထက် စောမွေးဖွားလိုက်ရတယ် ဆိုတာတောင် စိတ်မပူအားဘဲ ၀မ်းသာနေတာပါ။ ခလေးရဲ့ အသက်ရှူ လမ်းကြောင်းတွေ ဖြောင့်ဖြူးစေဖို့ ဆရာဝန် ဆရာမတွေက ပိုက်တွေနှင့် ခလေးအဆုတ်ကိုမပြတ် စေ့စပ်သေချာစွာ အောက်ဆီဂျင်ပေးပါတယ်။ ဒုတိယအကြိမ် သူမဗိုက်ထဲက ခလေးကို ထုတ်ယူလိုက်တဲ့အခါမတော့ မိန်းခလေး ဖြစ်နေတာကြောင့် သူမ မေမေက “အင်မီလီ “ လို့ နာမည်ပေးလိုက်ပြန်ပါတယ်။ဒီကလေးက အပြင်ရောက်တယ် ဆိုရင်ဘဲ လောကကြီးထဲ ကို “ငါရောက်ပီဟေ့ “လို့ ကြွေးကြော်သည့်အလား တ၀ါးဝါးနှင့် ငိုနေလိုက်ပုံများ ဆူညံပွက်လောရိုက်လို့။ အားလုံးအတွက်ကျေနပ်စရာဖြစ်နေတယ်။ သူမရဲ့ ကျန်းမာရေးက တော့ စိတ်ချရပါပြီ။ ငိုလိုက်တော့ ပါးကလေးနှစ်ဘက်က ရဲ တွတ်နေတယ်လေ။ ဒါပေမဲ့ .. ငိုသံ တချက်ကလေးမှ မကြားလိုက်ရသေးတဲ့  သားလေး “ဂျင်မီ”့အတွက် မိခင်က စိတ်ပူနေရပြီ။သူမက “ဂျင်မီ့” ငိုသံကို ကရုစိုက် နားထောင်နေတာ။ဆရာမတွေကလည်း “ဂျင့်မီ့”အနားမှာ ၀ိုင်းလို့နေတယ်။ 

ဘုရား ဘုရား။ မိနစ်နှစ်ဆယ်လောက် သူတို့ ကြိုးစားပန်းစားပြုစု လှုပ်နိုး နေတာတောင်မှ ခလေးက လှုပ်မလာဘူး။ ဆရာဝန်တယောက်က လက်လျော့တဲ့ဟန်နဲ့ကိတ် ကို လှမ်းပြောတယ်။ “ငါတို့ ဂျင်မီ့ကို လက်လွှတ်ရတော့မယ် ထင်တယ်” တဲ့။ ခလေးကို အထုပ်လိုက်ကလေး မိခင့် အနားလာချပေးတယ်။ စက္ကန့်သုံးဆယ်အရမှာ ခလေးဟာအသက်ရှူဖို့ ကြိုးစားတဲ့ပုံနှင့် ပင့်သက်ရှိုက်မှု အလိုအလျောက်ပြုလာတယ်။ တခြားတော့ ဘာမှ သိသာထင်ရှားတဲ့ဟန်မျိုး မတွေ့ရဘူး။ ဒါဟာ ပင်စည် ဦးနှောက်ရဲ့ တုံပြန်မှုလို့ လဲဆိုနိုင်တယ်။ “ဒေးဗစ်” ဟာ ခလေးကို အသာအယာ မနာကျင်အောင် စောင်ကလေးနှင့် လွှမ်းးခြုံ ပြီး မိခင့်ကိုပါ ထွေးပိုက်လိုက်တယ် “ကိတ် “ကတော့ ဒီလို အလုံ လွှမ်းခြုံထားရင်း”သူ အဝေးကို ထွက်ခွာသွားမှာစိုး”တဲ့အတွက် လက်မခံဘူး။သူမရင်တွေ ကွဲကြေသွားမတတ်ပါဘဲ။စောင်တွေ ခွာချပြီး ကိုယ်လုံးတည်းကလေး သူမရင်ခွင်ထဲ ဆွဲပွေ့ ရင်ငွေ့နှင့်ကပ်ခါ အနွေး”ဓါတ်ရဖို့သူမကြိုးစားနေတယ်။ပါးနှင့်ကပ်ထားတယ်။ ဒီလို ခလေးကို ရင်ခွင်မှာအပ်ထားပြီး ချော့သိပ်နေရှာတဲ့” ကိတ် “ ကိုကြည့်ရတာ တကယ့်ကို ဆွေးမြေ့ကြေကွဲစရာကြီးပါဘဲ။ “ဒေးဗစ်” စိတ်တွေ ခပ်လေးလေးရယ်။ခေါင်းလဲ ကိုက်လာတယ်။ သူမကတော့ ခလေးကို ဘယ်မျှချစ်တယ် ။ဘယ်လောက်ခံစားနေရတယ် ဘယ်လောက်မျှော်လင့်ထားတယ် ဆိုတာ ခလေးသိအောင် ငိုပြောကလေးပြောနေတာပါ။ဒီလို သူမ ရှိုက်ရှိုက်ငိုနေတာကို ကြည့်ပြီး ဒေးဗစ်လဲ ငိုချင်လာတယ် ။နှစ်နဲချီတောင့်တခဲ့ရတဲ့ သားကလေး ရမဲ့ရလာတော့ ဒီလိုဖြစ်ရတယ်လို့။ဒါကို သူတို့ လက်မခံနိုင်သေးပါဘူး။ “ကိတ်”.ရဲ့ ပင်ကိုယ် စရိုက်မှာလဲ နူးညံ့သိမ်မွေ့ပြီး သံယောဇဉ် အလွန်ကြီးတတ်သူ ဖြစ်တယ်။ သူမဟာ နှစ်များစွာကတည်းက မီတာ ဂ၀၀ လမ်းလျှောက်ပွဲတွေမှာ နာမည်ကျော်ကြားခဲ့သူပါ။ “ဒေးဗစ် နဲ့ ကိတ်” တို့ဟာ တဦးကို တဦး မျက်ခြေမပြတ် စောင့်ကြည့် အားပေးတတ်ကြသူများလည်းဖြစ်တယ်။ တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးက အားပေးဖြည့်စွက်ရင်း နွေးနွေးထွေးထွေးဆက်ဆံတတ်သူများပါ။ “ကိတ်”ဟာ သားကလေးကို ထွေးပွေ့ထားရတာ အားမရဘူး။ ပိုမို တင်းကြပ်စွာ မိမိရင်ခွင်နှင့်အနီးစပ်ဆုံးထားလိုက်ပြန်တယ်။ နှုတ်ကလည်း တတွတ်တွတ်နှင့် ။ ဂျင်မီကလေးရယ် .မင်းမှာ မိသားစုရှိတယ်။ ညီမလေးလည်းရှိတယ် ။ ဖေဖေ မေမေရှိတယ်။မင်းးကို ဘယ်လောက်ချစ်ကြသလဲ။ မင်းသိရဲ့လား စသဖြင့် တီတီတာတာပြောနေတာပါ။မိနစ်အနည်းငယ်အတွင်းမှာဘဲ သူမ လန့်ခုန်မိမလား စိတ်မှာမှတ်ထင်ရလောက်အောင်အတွေ့အကြုံတခုကသူမကို နိုးဆွလိုက်တယ်။ ဂျင်မီလေးကို ကြည့်လိုက်တော့ “ဂျင်မီံ့” ရင်ဘတ်ကလေးက နိမ့်တုံ မြင့်တုံ စီးချက်ညီညီ လှုပ်နေတာကလား။ “ဘယ်လိုပါလိမ့်” သူမဒေးဗစ်ကိုဆရာဝန် ဆီလွှတ်ပြီး ပြောတော့။ ဆရာဝန်ကပူဆွေးသောကရောက်နေတဲ့မိဘတွေကို လာရောက်ဖျောင်းဖျ နှစ်သိမ့်မှုပေးပြီး ပြန်လည်ထွက်ခွာသွားတယ်။
မိဘတွေကလည်းသူတို့သားကလေးသေဆုံးသွား ပြီဆိုတာ သိသိကြီးနဲ့ဘဲ ချက်ခြင်း လက်မခံနိုင်သေးပါဘူး။ သူတို့ သုံးယောက်စလုံးဟာအသဲနှလုံးချင်း တသားတည်းဆက်စပ် ပွေ့ပိုက်ပြီး ခေါင်းချင်းဆိုင်လို့သက်ရှိတယောက်ပမာ ခလေးကို အလယ်မှာထားပြီး စကားတွေဖေါင်ဖွဲ့ပြောမပြီးကြဘူး။လူကလေးရယ် မင်းကို “သိပ်ချစ်တာဘဲကွယ်။ငါတို့အားလုံး မင်းကို မျှော်လင့်နေကြတာ” တဲ့။မင်းဖေဖေကို ကြည့်လိုက်စမ်း။ မင်းကို တယုတယ ထွေးံပိုက်ထားတာ မင်း ခံစားမိရဲ့ မဟုတ်လား” “ ကိတ်” က သူမမွေးကင်းစ သားကလေးကို တီတီတာတာပြောဆို ငိုရှိုက်နေတာပါ။ နောက်ပိုင်းဖြစ်ပျက်သမျှကိုတော့” ကိတ်ရော ဒေးဗစ် “ပါ အားလုံးက ယုံကြည်နိုင်မှာ မဟုတ်ပါဘူး။ဘာကြောင့်လဲ ဆိုရင် .လမစေ့ ရက်မစေ့ မွေးထုတ်ခဲ့ရတဲ့ မွေးကင်းစ ကလေးသူငယ်ကလေးက မျက်စိပွင့်လာပါပြီ။ သူ့အဖေရဲ့ လက်ချောင်းတွေပေါ် ခေါင်းကလေးနှင့်တောင် တိုးဝှေ့ လာနေသတဲ့။ ဆရာဝန်က မယုံဘူး။ဒါဟာ စောစောကပြောသလို ထင်ယောင် ထင်မှားဖြစ်နိုင်ပါတယ်။ ဆရာဝန်က ကုလားထိုင်တလုံးဆွဲထိုင်ပြီးသေချာရှင်းပြတယ်။ “ဒါပေမဲ့  ..အလို ..ကြည့်ကြပါအုံး ” ကိတ် “်က အော်တယ်။ “ သူ ကျွန်မလက်ကို စုပ်တယ် ။ “ဆရာဝန်က ခလေးကို သူ့အမေ့ရင်ခွင်ထဲကနေ ဆွဲယူ ပွေ့ချီလိုက် တယ်။အဖြစ်က မယုံနိုင်စရာပါဘဲ။ ဒါကို ဘယ်သူယုံမတဲ့လဲ။

“ ဆရာမရေ.. . နားထောင်စမ်း။ “ သူငိုနေသလား။ ဟုတ်ပါတယ်။ ခလေးငိုသံအထင်အရှား ကြားနေရတယ်။ ဆရာဝန်လက်ထဲလဲရောက်ရော။ ကလေးက လန့်ဖြန့် အော်ငို လိုက်တယ်။ အဆုတ်ထဲမှာ လေတွေ ဖေါင်းပွလာပြီ။အသွေးအရောင်ကလေးကလဲ စိုပြည်ဝင်းမှည့်လို့။ ဘာလိုအုံးမလဲ။ လူတိုင်းက မယုံနိုင်ကြပါဘူး။ အမှန်တော့ မိခင်ရဲ့ရင်သားနှစ်မွှာဟာ အေးခဲနေတဲ့ သားငယ်အတွက် လုံခြုံစိတ်ချရတဲ့ အကောင်းဆုံး နွေးထွေးမှုကို အပြည့်အ၀ ပေးနိုင်ခဲ့တာလေ။ ဒါကို သဘောပေါက်မယ်ထင်ပါတယ်။ ဒါဟာ ရုပ်ဝတ္ထု သဘောတရားအရ..မိခင်ဟာ သားကို ချစ်ခြင်းဖြင့်ပွေ့ပိုက်ထားစဉ်သားမြတ်နှစ်မွှာရဲ့ အပူငွေ့ကအေးခဲနေတဲ့ ကလေးကိုယ်ကို လိုအပ်တဲ့ နွေးထွေးမှုပေးနိုင်ခဲ့လို့ပါ။ သြစတြေလျနိုင်ငံ မဲလ်ဘန်းမြို့ကတော်ဝင်အမျိုးသမီးများဆေးရုံမှ မွေးကင်းစ ကလေးသူငယ်များဆိုင်ရာ ရောဂါအထူးကုဆရာဝန်မကြီး “အက်ဘီအားလ်” က ပြောရာမှာ “ဒါဟာ ဒရာမာ ဆန်ကောင်းဆန်ပါလိမ့်မယ်။ ဒါပေမဲ့ ကင်ဂရူးမိခင် စောင့်ရှောက်မှု ကုထုံး Kangaroo mother careဆိုတာ “တကယ်ရှိပါတယ်“တဲ့။
“ကင်ဂရူးမိခင်စောင့်ရှောက်မှု“ကို ကမ္ဘာတ၀ှမ်းက “မိခင်နှင့်ကလေးဆေးရုံတွေ”သိကြပါတယ်။ ရိုးရာဓလေ့ပွဲတွေ့ဆေးနည်းတခုပါ။ ဆေးပညာမှာလည်းဖေါ်ပြပါရှိပါတယ်။ မိခင်နှင့်ကလေး အရေပြားခြင်းဆက်သွယ်ပေါင်းကူးပေးပြီး (skin -0n – skin contact ) စွမ်းရည်တန်ဘိုးမြှင့်တင်ပေးခြင်းဖြစ်ပါတယ်။ ကလေးအပေါ်ထားရှိတဲ့ မိခင်ရဲ့ ပြင်းပြတဲ့အာသီသအပေါ်မှာလည်းအခြေခံပါတယ်။ ဒါဟာ ခလေးအတွက် တခုတည်းသော မျှော်လင့်ချက်ဖြစ်ပါတယ်။ ပမာပြောရရင် သားပိုက်ကောင်ပေါက်စကလေးလိုပါဘဲ။ မိခင်ရဲ့ ဗိုက်ကပ်အိတ်ထဲမှာ လုံခြုံနွေးထွေးစွာ ခိုအောင်းရင်း မေတ္တာဓါတ်ခွန်အားတွေပေါင်းစုပြီး ရှင်သန်နေထိုင်ရသလိုပါဘဲ..မွေးမွေးချင်း မိခင့် ဗိုက်ကပ်အိတ်ထဲမှာ ခိုအောင်း ကြီးထွား ဖွံ့ဖြိုးလာတာပါ။ မိခင်ရဲ့ရင်ခွင်ထဲမှာအသားချင်းထိစပ်ခိုလှုံရတဲ့ အကျိုးကျေးဇူးဟာ ဘာနှင့်မှနှိုင်းယှဉ်လို့မရပါဘူး တဲ့။ သေအံ့မူးမူးအခြေအနေပင် ဖြစ်ပေမဲ့ မိခင့်မေတ္တာငွေ့ကို ခိုလှုံရတဲ့ အတွက် အသက်ဘေးက လွတ်မြောက်ခဲ့တာလို့ ဆိုပါတယ်။ ဒါဟာအိမ်မက်ဆန်ကောင်းဆန်ပါလိမ့်မယ်။ (ဆွီဒင်နိုင်ငံUpprala ယူနီဘာစီတီက လည်း ဒါကို ထောက်ခံလိုက်ပါတယ်။ မွေးကင်းစကလေးသူငယ်များကို မိခင်နှင့် ခွဲခြားမထားဘဲ နီးနီးကပ်ကပ်ထားရှိပေးဖို့သင့်ကြောင်းအကြံပေးဖူးပါတယ်) အဲဒီလို စိတ်အားထက်သန်တက်ကြွမှုကြောင့် (မိခင်ရင်ငွေ့ ခိုလှုံမှုကနေ ) အရေပြားချင်းထိစပ်ပေါင်းကူးမှုပြုစေပြီးရှင်သန်နိုင်ကြောင်း တိတိကျကျ မသိနီုင်သေးတဲ့ ၁၉၇၀ ခုနှစ်တွေက ဘိုဂိုဒါ နှင့် ကိုလံဘီယာ နိုင်ငံတို့မှာ ရာခိုင်နှုံး (၇၀) အထိ လမစေ့မွေးကင်းစကလေးသူငယ်များသေကြေပျက်စီးခဲ့ရတယ်တဲ့။
ယနေ့အခါမှာတော့ ကင်ဂရူးတွေရဲ့မိခင်စိတ်ဟာအလွန်ထူးခြားဆန်းကြယ်ပြီးမှတ်သားထိုက်ကြောင်း အဆိုပြုလာနေပြီဖြစ်တယ်။ ကိတ် တို့ မိသားစုကလေးဟာ သီတင်း ဆယ့်တစ်ပတ်အရမှာ အိမ်ကို ပြန်လာနိုင်ကြအပြီး ၁ဂလ အကြာမှာတော့ ပုံမှန်အတိုင်း ဂျင်မီနှင့် အင်မီလီ တို့ပျော်ပျော်ရွှင်ရွှင် သွားလာ နေထိုင် နိုင်ကြပါပြီ။ သူတို့အကြောင်းကိုတော့ အားလုံးက ပြောမဆုံးပေါင်တောသုံးထောင်ပါဘဲ တဲ့။ နောက်တနှစ်မှာ “ကိတ်” တို့ မိသားစုထဲ“ချာလီ” ဆိုတဲ့ သားငယ်လေးတယောက် ထပ်မံဝင်ရောက်ခဲ့ပါတယ်။ “ကိတ်”အဖို့တော့ မိခင့် မေတ္တာ စန်းရေ ကြည်တွေ ခြောက်ခန်းသွားတယ်မရှိတသွင်သွင်စီးဆင်းနေဆဲပါလို့ပြောပါတယ်။          ။

Florist
RD Feb 2012 “The Baby Who Was Loved Back To Life by Helen Signy
Living Fashion Magazine,
December, 2012