Tuesday, October 27, 2009

Do you like Belgrade?

ဘဲလ်ဂရိတ်မြို့ကို ကြိုက်ရဲ့လား တဲ့ ၊ ဒီ မေးခွန်းကို ကျွန်မ ဘဲလ်ဂရိတ်မြို့ကိုရောက်ပြီး သိပ်မကြာပါဘူး၊ ခဏခဏ အမေးခံရပါတယ်၊ ပထမတော့ ဘာကိုကြိုက်ပြီး ဘာကိုမကြိုက်မှန်း ကျွန်မ တကယ့်ကိုဝေခွဲမရ စဉ်းစားမရနဲ့၊ ကျွန်မရဲ့အဖြေကလဲ တိတိကျကျှမရှိလှဘူး၊  ကျွန်မရဲ့ အကျင့်ကလဲ + အိုး သိပ်ကြိုက်တာပေါ့ .. အိမ်မက်ထဲက တိုင်းပြည်အလားးပဲ .. သိပ်ထူးခြားခမ်းငြားလှတဲ့ မြို့ပါ + လို့ မြှောက်ပင့်ဖြီးဖြန်းပြီး သမိုင်းနဲ့ ချီ မချီးမွန်းတတ်လေတော့ ကျွန်မရဲ့အဖြေကို ဘဲလ်ဂရိတ်မြို့သားတွေ ကြိုက်၊ မကြိုက်မသိနိုင်ဘူး၊ ကျွန်မ မေမေ က နိုင်ငံတိုင်းရဲ့ သမိုင်းကြောင်းတွေ အထူးသဖြင့်နိုင်ငံရေး အခြေအနေသိပ်စိတ်ဝင်စားသူမို့ ဘဲလ်ဂရိတ်မြိ့မရောက်ခင်ကတည်းက ဆားရ်ဘီးယားနိုင်ငံသမိုင်းကြောင်း မေမေ့ဆီက တဆင့် သိထားခဲ့ပြီးပါပြီ။

ပထမဆုံး ကျွန်မ အမျိုးသားရဲ့မာမား(မေမေ) က မေးတယ်။ ဘဲလ်ဂရိတ် ရောက်ပြီး တစ်ပတ်လောက်ကြာတော့ “ဘဲလ်ဂရိတ်မြို့ကို ကြိုက်ရဲ့လားတဲ့၊ ဘယ်လိုကြိုက်တာလဲ” တဲ့ ကျွန်မရဲ့ ပထမဆုံးအဖြေက ++ တမြို့လုံး ကုန်းမြင့်မြင့်တွေ အနိမ့်အမြင့် ဆင်ခြေလျှောတွေနဲ့ အဲဒါကို ကြိုက်တယ်၊ ရန်ကုန်နဲ့မတူဘူး++ ဖြေမိသွားတယ်။ ဟုတ်တယ် မြို့လယ်ခေါင်ကပဲ အနိမ့်အမြင့် ကုန်းမြေပေါ်မှာ လမ်းတွေဖောက်ထားကြတယ်၊ ဟိုးရှေးရှေးက တောင်ကုန်းအနိမ့်အမြင့်တွေထဲက ဘဲလ်ဂရိတ်မြို့ကို ပုံဖော်ကြည့်လိုက်ပါသေးတယ်။ စက်ဘီးစီးဖို့လမ်း၊ လူသွားလမ်းတွေကို ကားလမ်းမတစ်ဖက်တစ်ချက်စီမှာ ရှိကြတယ်။ စက်ဘီး စီးရတာ သိပ်ပျော်ဖို့ကောင်းပါတယ်၊

ပထမဆုံးစက်ဘီးလျှောက်စီး ဖြစ်တဲ့နေ့မှာပဲ စက်ဘီးလမ်း ဘေးမြက်ခင်းစပ်စပ်မှာ ကျောက်ပြားလေး၊ ဓါတ်ပုံတစ်ပုံနဲ့ ဘေးဖက်မှာ အလှဆင်ပန်းခြောက်လေးတွေနဲ့၊ ကျွန်မ ချက်ခြင်းပဲ စိတ်ဝင်စားသွားတယ်၊ စက်ဘီးကိုရပ်ရင်း သေချာကြည့်မိတော့ သေဆုံးသွားတဲ့လူတစ်ယောက်အတွက် ၀မ်းနည်းကြောင်းအမှတ်တရ ကျောက်ပြားမှန်းသိလိုက်ရတယ်၊ ကျန်ရစ်တဲ့မိသားစုဝင်တွေက ထားပေးထားတယ်လို့ အမျိုးသားကရှင်းပြပါတယ်။ ဂူသချိုင်းတွေမှာလို အရမ်းမကြီးလွန်း ခပ်ငယ်ငယ်ပါပဲ။ အမွှေးတိုင်လေးတွေလာလာပြီးထွန်းပေးကြတယ်။ နောက်ပိုင်း အဝေးပြေးလမ်းမတွေရဲ့ လမ်းဘေး ၀ဲ ယာ မှာ မကြာခဏ တွေ့ တွေ့ နေရပါတယ်။

နံရံဆေးခြယ်ပန်းချီထွန်းကားတဲ့ မြို့ပါ၊ စက်ဘီးစီးဖြစ်တဲ့ လမ်းမတလျှောက်နံရံတွေမှာ graffiti art တွေ နေရာတော်တော်များများတွေ့ရတယ်၊ တော်တော်ကြည့်ကောင်းတဲ့ လက်ရာမျိုးတွေလဲပါတယ်၊ ရထားတစ်စီးလုံး graffiti art တွေနဲ့ ဆေးခြယ်ထားတာလဲ တွေ့လိုက်ပါတယ်။ ဒါပေမဲ့ အများစုက စာလုံးတွေကိုပဲ အရောင်တွေ ဖြည့်သိပ်ထားကြပြီး သရုပ်ဖော်ပုံအနည်းအကျဉ်းလောက်ပဲ သုံးထားကြတယ်။ အိမ်နံရံတိုင်းမှာ စာလုံးတွေနဲ့လူငယ်တွေလက်တည့်စမ်း ထားကြတယ်။ မြို့လယ် အဆောက်အဦး အချို့မှာတောင် လက်တည့်စမ်းထားတဲ့ စာလုံး graffiti တွေ မညီမညာတွေ့ရတတ်တယ်။ အဆောက်အဦးတွေရဲ့နံရံတွေမှာ ပန်းချီဆွဲထားကြတယ်၊ တော်တော်အရွယ်အစားကြီးကြီးတွေဆွဲကြတယ်။ ကျောင်းတစ်ကျောင်းရဲ့နံရံမှာ အမျိုးသမီးပုံ သစ်ပင်စိုက်နေဟန် နှစ်ထပ်ကျောင်းဆောင်အပြည့်ရေးထားတာ တွေ့လိုက်ရသေးတယ်။ အမျိုးသမီးရဲ့ မျက်နှာကခပ်ဆွေးဆွေးဟန် ဖြစ်နေတာမို့ ကျွန်မက ကလေးငယ်တွေရဲ့ ကျောင်းနဲ့ သူ့ဟန်က မလိုက်ဘူးလို့ ကျွန်မအမျိုးသားကိုပြောပြတော့ ကျောင်းသွားရမှာ ကြောက်လို့နေမှာ ပေါ့တဲ့၊ သူလဲ နောက်ပိုင်း တော်တော် အစ အနောက်သန်လာပါတယ်၊ ကျွန်မက သိပ်နောက်တတ်တာကိုး၊ နေတိုးမဟာမိတ်အဖွဲ့ဗုံးကြဲတဲ့အသံကိုလဲ သူ လုပ်ပြတတ်တယ်၊ "နေတိုးဘွန့်ဘ် ပလိစ်"ဆိုတာနဲ့ ဗုံးတလုံးကျလာသံ အနီးအဝေးအသံ နောက် ဗုံးကွဲသွားတဲ့ အသံမျိုးတူအောင်လုပ်ပြပါတယ်၊ တခါတခါ မအောင်မြင်တဲ့ဗုံးသံတောင်ပါလိုက်သေးတယ်။

Sava နဲ့ Danube မြစ်နှစ်စင်း က ဘဲလ်ဂရိတ်မြို့ထဲ စီးဆင်းလို့ မြို့သူမြို့သားတွေလဲ ဒီမြစ်တွေပေါ် နေ့တိုင်းဖြတ်သန်းလှုပ်ရှားနေကြတယ်။ New Belgradeမှာ နေထိုင်သူတွေက Sava မြစ်ကိုဖြတ်သန်းလို့ သွားလာကြတယ်၊ Danube မြစ်ရဲ့ ညာမြစ်ကမ်းပါးတလျှောက် က Zemun ရပ်ကွက်ဟာ ဘဲလ်ဂရိတ်မြို့ရဲ့ရှေးရှေးက လူချမ်းသာကြီးတွေ နေကြတယ်လို့ဆိုတယ်။ ဇီမန်ရပ်ကွက်ရဲ့ အဓိက လမ်းမကြီးက တော်တော်လေး လှတယ်၊ ကလေးလေးတွေပြေးလွှားဆော့ကစား နေကြပြီး ကော်ဖီဆိုင်တွေ၊ shopping center တွေပြည့်လို့၊ မီးတိုင်တွေကအစ ရှေးဟောင်းလက်ရာမျိုးလို၊ အဆောက်အဦးတွေကလဲရှေးဟောင်းလက်ရာမျိုးတွေပါ၊ အင်မတန်လှပတဲ့ ဇီမန်ရပ်ကွက်ပါ၊ ဇီမန် ကမ်းနားမှာ ပန်းချီပြခန်းဆောင်တွေလဲ တွေ့ရတယ်၊ ဆားလ်ဘီးယားမှာလည်း မြန်မာနိုင်ငံမှာလိုပဲ ပြည်သူပိုင်သိမ်းတဲ့ ခေတ်ရှိခဲ့ပါတယ်၊ ဒုတိယကမ္ဘာစစ်ကြီးအပြီးအဆောက်အဦးကြီးတွေကို လက်လွှတ်လိုက်ရတဲ့ သူဌေးကြီးတွေလဲရှိတယ်။ အရင်က ရုပ်ရှင်ရုံပါတဲ့ ဟိုတယ် အကြီးကြီးတွေက အခုအခါပြုပြင်မွမ်းမံမှုမရှိတော့.. ထည်ဝါဆဲပုံသဏ္ဍာန်ရှိပေမဲ့ ခပ်အုပ်အုပ်ပုံစံ အနေအထားနဲ့ ... အလိုမကျတဲ့မှုန်ကုပ်ကုပ်အဘိုးကြီးတွေလို တွေ့ရပြန်တယ်။ ဇီမန်ရပ်ကွက်ရဲ့ မြစ်ကမ်းပါးကကြည့်ရင် ရွက်လှေတွေ ရွက်လွှင့်လို့ .. မြစ်ကမ်းပါးပေါ်မှာ ကလေးငယ်တွေနဲ့မိသားစု တွေ အစုလိုက်အစုလိုက်သွားလာနေကြတယ်။ ကမ်းပါးတလျှောက်အပင်တွေက ပြည့်သိပ်နေတော့ အအေးဓါတ် တော်တော်ကဲပါတယ်။ ဘယ်နေရာကြည့်လိုက်ကြည့်လိုက် ကလေးငယ်လေးတွေ ဆတ်တောက်ဆတ်တောက် လမ်းလျှောက်နေတာတွေ့ရတယ်။ တွန်းလှည်းလေးတွေထဲ ကလေးငယ်ငယ်လေးတွေထည့်လို့ လမ်းလျှောက်နေကြတဲ့ မိသားစုတွေလဲ တော်တော်များများတွေ့ရတယ်၊ ဒါတောင် ဆားရ်ဘီးယားမှာ ကလေးမွေးဖွားနှုန်းကျဆင်းနေတယ် လို့ ဆိုတယ်။

ဘဲလ်ဂရိတ်မြို့လမ်းတွေပေါ်မှာ၊လူနေအိမ်တွေဘေးလမ်းတွေတစ်လျှောက်အပင်တွေတော်တော်များများတွေ့ရတယ်။ အပင်တွေက အရိုးအဆစ်ကြီးကြီးသန်သန်မာမာအပင်တွေအပြင်၊ ဆောင်းတွင်းမှာ ပါရှင်သန်နိုင်အောင် သဘာဝကပြုပြင်ပေးထားတာတဲ့  အပင်မျိုးလေးတွေပါ ရှိတယ်၊ ရာသီဥတုက အလျှင်အမြန်ပြောင်း တတ်တယ်၊ နေ့လည်ဘက် နေရောင်စူးရဲရဲ၊ အပူပြင်းထန်တဲ့နွေရာသီမျိုးမှာတောင် အဲဒီညနေခင်းတွေမှာအပူချိန်ရုတ်တရက်ကျသွားတတ်ပြီး၊ အဲဒီအအေးဓါတ်က ရန်ကုန်ဆောင်းထက်အေးပါတယ်။ မိုးလေ၀သခန့်မှန်းချက်ကို အမြဲသတင်းမှာစောင့်ကြည့်ကြတယ်။ အိမ်အပြင်ဘက် ပြတင်းပေါက်တွေဘေးမှာ အပူချိန်တိုင်းပြဒါးတိုင်လေးတွေထားကြပြီး အပြင်ထွက်ခါနီး အပူချိန်ကိုကြည့်အ၀တ်အစား ရွေးရသေးတယ်၊ အဆောက်အဦးတွေကလဲ ရာသီဥတုဒဏ်ခံနိုင်အောင် ဆောက်ထားကြတော့ သူတို့ကို ကြည့်လိုက်မိတိုင်း စစ်တိုက်ခါနီး ၀တ်စုံပြည့်ဝတ်ထားတဲ့ စစ်သူကြီးတွေလိုပဲ မြင်မြင်နေမိသေးတယ်။ အခုလတ်တလောအခြေအနေမှာတော့ အဆောက်အဦးအသစ်ဆောက်ရင် bomb shelter အခန်းထည့်ဆောက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်မျိုးရှိ မရှိ မသိပေမဲ့ အရင်ကအဆောက်အဦးဆောက်ရင် bomb shelter အခန်းထည့်ဆောက်ရပါတယ်။ အဆောက်အဦး တစ်ခုမှာ အားလုံးပုန်းခိုနိုင်မယ့် အခန်းတခန်းမျိုးပါ။ ဗုံးဒဏ် ထိမှန်ထားတဲ့ ပျက်ဆီးနေတဲ့ အဆောက်အဦးတွေကို အခုထက်ထိမြင်နေရဆဲပါ။ ကိုဆိုဗိုခွဲထွက်ရေးစစ်ပွဲအတွင်း နေတိုးမဟာမိတ်အဖွဲ့ဗုံးကြဲတဲ့အခါ အမျိုးသားရဲ့ အဖွားက နေမကောင်းဖြစ်နေတာကြောင့် အိပ်ရာထဲက မထနိုင်တဲ့ အဖွားနဲ့အတူ အိမ်ခန်းထဲမှာပဲ နေခဲ့ကြတယ်၊ အမျိုးသားရဲ့ မိသားစုတွေတော့ ဗုံးကျင်းထဲ မဆင်းကြဘူးလို့ ပြောပြပါသေးတယ်။ ဗုံးကြဲမယ့်အချိန် ကြိုတင်ကြေညာထားခဲ့ပေမဲ့ target လွဲတဲ့ဗုံးတွေက စစ်ပွဲတိုင်းမှာရှိတတ်ပါတယ်။ target လွဲတဲ့ ဗုံးဆံတွေကြောင့် ထိခိုက်မှုများတာတွေရှိကြတယ်။ စစ်ပွဲတိုင်းဟာ စစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေပေးကြစမြဲပါ။

ကျောဖက်၊ရင်ဘတ်နဲ့အတောင်ပံ၊အရင်းပိုင်းမှာ ခဲရောင်လိုလို၊ အဖြူရောင်ရောင်လိုလို အရောင်ပြေးနေတဲ့ ကျီးတွေကလဲ walnut(သစ်ကြားသီး)တွေ ကိုက်ချီပြီးအမြင့်က ပစ်ချ၊ ပြန်ဖဲ့ တစ်ခါ ပြန်ကိုက်ချီ အမြင့်ကိုပျံ ပြန်ပြီး ပစ်ချလိုက်နဲ့ ဥာဏ်ကြီးလှတဲ့ ကျီးတွေကိုကြည့်ပြီး အံ့သြရသေးတယ်၊ သစ်ကြားသီးရဲ့အစိမ်းရောင်အခွံပိုင်းက လက်နဲ့ တိုက်ရိုက်ကိုင်တွယ်ရင် အင်မတန်စွန်းထင်းလွယ်ပါတယ်။ စွန်းနေတဲ့ အမည်းရောင်က ပြန်ဖျက်ဖို့ခက်လှတယ်၊ ဆံပင်ဆိုးဆေးလုပ်ရင်ရမှာပဲလို့ ကိုယ်ကတွေးမိရုံရှိသေး အဲဒီအစိမ်းရောင်အပြင်ဖက် အခွံပျော့ပိုင်းကနေ ဆံပင်ဆိုးဆေးလုပ်ကြတယ် လို့ ပြောပြကြတယ်။

ဒီက အပင်(ပန်းအလှပင်)လေးတွေက လဲ အရိုးတွေ တော်တော်သန်မာတယ်၊ ကျွန်မတို့ အခန်းပြတင်းပေါက်မှာ တန်းစီစိုက်ထားတဲ့ ပန်းပင်လေးတစ်ပင် သစ်သားယင်းလိပ်ကို ဆွဲချလိုက်ရင်း ပြတ်ကျသွားဘူးတယ်၊ ကျွန်မက ပန်းပွင့်လေးတွေနဲ့မို့ စိတ်မကောင်းတွေဖြစ်လို့၊ ကျွန်မအမျိုးသားက အေးအေးလူလူ၊ အဲဒီ အပင်ကိုင်းလေးယူပြီး ရေခွက်တခွက်ထဲ စိမ်ထားလိုက်တယ်၊ မသေပါဘူးတဲ့၊ နောက်၃၊ ၄ ရက်လောက်ဆို မြေကြီးထဲ ပြန်ထည့်စိုက်လို့ရပြီတဲ့၊ တကယ်ပဲ နောက်ပိုင်း မြေကြီးထဲ ပြန်ထည့်စိုက်လိုက်တော့ အပင်နောက်တစ်ပင် ပြန်ပေါက်နေရော၊ ရန်ကုန်မှာ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဘုရားပန်းအိုးရေလဲ တတ်တဲ့ မေမေ့ကိုတောင် သတိရလိုက်မိတယ်၊ ပန်းအိုးထဲရေထည့်ထားပြီးရင် ၄၊၅ ရက်လောက်ထားလို့ရတယ်၊ ရေလဲပေးဖို့လဲ မလိုဘူး၊ သိပ်အေးတာကိုး၊

နောက် အမျိုးသားရဲ့ သူငယ်ချင်းတစ်ယောက်က မေးပြန်တယ်၊ Do you like Belgrade? တဲ့၊ ဒီတစ်ခါလဲ စိတ်ထဲပေါ်လာတာပြောမိပြန်တယ်၊ ကားတွေမှာ၊ မြို့ထဲမှာ သီချင်းသံတွေမဆူဘူး၊ အဲဒါကိုကြိုက်တယ်လို့ ဖြေလိုက်မိတယ်။ ဒီက ကိုယ်ပိုင်ကား၊ ဘတ်စ်၊ ရထား(အမှန်က ကားရထား)တွေမှာ သီချင်းတွေမဖွင့်ကြဘူး၊ အပြင်ထွက်တိုင်း သီချင်းသံကြားရဖို့ခက်ပါတယ်။ ရန်ကုန်မှာ ဟိုနားဒီနား၊လဘက်ရည်ဆိုင်တွေမှာ သီချင်းသံဆူညံတတ်တာရယ်၊ တက္ကစီကားငှားစီးတဲ့အခါမှာတောင် သီချင်းသိပ်ကြိုက်လွန်းတဲ့ ကားသမားနဲ့တွေ့ရင် သူဖွင့်ထားတဲ့ သီချင်းသံအကျယ်ကြီးကို အောင့်အည်းနားထောင်ပေးလိုက်ရတယ်၊ သည်းမခံနိုင်တော့လို့ နဲနဲတိုးပေးပါလို့ ပြောလိုက်ရင်လဲ ဆူဆောင့်ဆောင့်နဲ့ လျှော့တယ်ဆိုရုံလေးလျှော့ပေးတာမျိုးကြုံဖူးထားတော့ သီချင်းသံတွေမကြားရတဲ့ ဘဲလ်ဂရိတ်မြို့မှာ သီချင်းမကြိုက်ကြဘူးလား လို့တောင် ပြန်မေးမိပါသေးတယ်။ ကားတစီးတလေပဲ သီချင်းသံကြားလိုက်မိတာရှိပေမဲ့ အများစုက သီချင်းကျယ်ကျယ်မဖွင့်ကြပါဘူး။

ဘဲလ်ဂရိတ် ဘိုဟီးမီးရမ်း(Bohemian)ရပ်ကွက်ရဲ့ စကာဒါလီယာလမ်းက နိုင်ငံခြားသားတွေ အများစုလာကြတယ်၊ အနုပညာရှင်၊ ပန်းချီဆရာ၊စာရေးဆရာတွေ စုကြတဲ့နေရာပါ။ အဲဒီလမ်းထဲက ကော်ဖီဆိုင်၊စားသောက်ဆိုင်လေးတွေမှာ ဆားလ်ဗီးယန်းတိုင်းရင်းသားဝတ်စုံဝတ်ပြီးတိုင်းရင်းသားတေးသံတွေကို အကော်ဒီယံ၊ ဂီတာနဲ့ ဖျော်ဖြေနေတာလဲတွေ့ရတယ်၊ ၁၈၃၀ ခုနှစ်လောက်က ဂျစ်ပဆီတွေအခြေချနေထိုင်ခဲ့ကြတဲ့နေရာ လို့ဆိုတယ်၊ အဲဒီလမ်းလေးရဲ့ ထိပ်မှာ ဘောစ့်နီးယန်း စာရေးဆရာ၊ပန်းချီဆရာ၊ ကယ်ရီကေးချားရေးဆွဲသူ ဇူကို (Zuko Džumhur) ကျောက်စာတိုင်လေးမှာရေးသားထားတဲ့ စာကြောင်းတွေဟာ စိတ်ဝင်စားဖို့ကောင်းလှတယ်၊ ဇူကိုက လမ်းကလေး နေရာက ပြောပြနေဟန်ရေးထားတာပါ။
"My name is Skadarlija...or Skadarska street, however you like it. I am no boulevard...or avenue...or highway. I am common steep curved alley in the middle of Belgrade. And that would be everything meaningful to be told about me if it wouldn't be for my bohemian history, my crumbling roofs, my shaking chairs... "  လို့ အစချီပြီးရေးထားတယ်။
အဲဒီလမ်းကလေးကို လာလည်ကြတဲ့ နာမည်ကျော်တွေထဲမှာ ဂစ်တာသမား ဂျီမီဟန်းဒရစ်ဇ်၊ ၄၁ကြိမ်မြောက်အမေရိကန်သမ္မတ ဂျော့ခ်ျ အိတ်ခ်ျ ဒဗလျူဘုရှ် (George Herbert Walker Bush), ယူဂိုဆလပ်ဗ်တော်လှန်ရေးသမား ဂျောစစ်ပ်ဘရောဇ်တီတိုး(Josip Broz Tito)၊ စပိန်သမ္မတဂျူရန်ကာလို့စ်ဝမ်း(King Juan Carlos I of Spain)၊ အီတလီဆိုရှယ်လစ်သမ္မတဟောင်း စန်ဒရိုပါတီနီ(Sandro Pertini)နဲ့ စစ်တုရင်ကစားသမား အနာတိုလီ ကာပေါဗ့်(Anatoly Karpov)တွေပါတယ်၊ အဲဒီလမ်းလေးက စားသောက်ဆိုင်လေးတွေရဲ့နံရံတွေမှာ လာလည်ကြတဲ့နာမည်ကျော်တွေရဲ့ပုံတွေ ဂုဏ်ယူဝံ့ကြွားစွာ ချိတ်ဆွဲထားကြတယ်။

ဘဲဂ်ဂရိတ်မှာသရဲတစ္စေရှိတယ်လို့မကြားဖူးပေမဲ့ သွေးစုတ်ဖုတ်ကောင်ရှိတယ်လို့တော့ကြားဖူးတယ်လို့ အမျိုးသားပြောပြတယ်။ ဘဲလ်ဂရိတ်မြို့က၁၅ကီလိုမီတာဝေးတဲ့ စကဲလာရွာလေးရောက်တော့ အိမ်မှာ သွေးစုတ်ဖုတ်ကောင်ကာကွယ်ဖို့ ကြက်သွန်ဖြူတွေတံခါးဝမှာချိတ်ဆွဲထားတာ တွေ့ရပါသေးတယ်။ ရွာလေးတွေမှာ အဲဒီအယူရှိကြတယ်၊ အိမ်တံခါးဝတွေမှာကြက်သွန်ဖြူတွေ ချိတ်ဆွဲထားကြတယ်။ မြို့မှာတော့အဲဒီလိုအယူမရှိတော့ပါဘူး၊ ဘဲလ်ဂရိတ်ကနေ စကဲလာရွာလေးရဲ့ လမ်းတလျှောက်ရွာလေးတွေ ဖြတ်သန်းခဲ့တယ်။ ရွာလေးတွေလို့ သူတို့က ပြောကြပေမဲ့ကာတွန်းစာအုပ်တွေထဲကလို ခေါင်မိုးချွန်ချွန်၊ ခေါင်မိုးနီနီ၊ ပန်းရောင်စုံ၊ မီးခိုးခေါင်းတိုင်လေးတွေနဲ့ အိမ်လှလှလေးတွေပါ၊ ပန်းတွေအများကြီးပဲစိုက်ပြီးအိမ်ကိုအလှဆင်ကြတယ်။

ဘဲလ်ဂရိတ်ကောင်းကင်မှာ တိမ်ထူထပ်ပုံဟာ အလိပ်လိုက်အလိပ်လိုက် ပြည့်သိပ်နေအောင် ထူထပ်လေ့ရှိတယ်။ တိမ်ထူထူမရှိ၊ တိမ်ကင်းစင်နေတဲ့အချိန် ကောင်းကင်မှာပျံသန်းနေကြတဲ့ လေယာဉ်တွေရဲ့ လေယာဉ်လမ်းကြောင်းတစ်လျှောက်အဖြူရောင်အခိုးအငွေ့အစင်းလိုက် အစင်းလိုက်ကျန်နေခဲ့တာ အလွန်ကြည့်လို့လှပါတယ်၊ ကောင်းကင်ကလေထုစွတ်စိုမှုမြင့်မားတော့ လေယာဉ်ရဲ့ အင်ဂျင်ကထွက်တဲ့ အပူကြောင့်လမ်းကြောင်းတွေကျန်နေခဲ့တာဟာ လေကြောင်းလိုင်းများတဲ့နေ့ဆို လေယာဉ် ၄ စီး၊ ၅စီးရဲ့လမ်းကြောင်းတွေ တစ်ခုကို တစ်ခုက ထပ်လို့ကောင်းကင်မှာပြည့်နေတတ်တယ်။

မီးရောင်တွေမှာ အများအားဖြင့် အ၀ါရောင်မီးရောင်တွေ တွေ့ရတယ်၊ အဖြူရောင်မီးရောင်တွေ သိပ်မတွေ့ရဘူး၊ စကဲလာရွာလေးကအပြန် မှောင်ခါစညခင်းမှာ ဘဲလ်ဂရိတ်မြို့ကို
အ၀ါရောင် မီးရောင်ကဲကဲ တလက်လက်တောက်နေတာတွေ့လိုက်ရတော့ ကုန်းမြင့်ထက်က ဘဲလ်ဂရိတ်မြို့ရဲ့ အမြင့်ကိုပိုသတိထားမိလိုက်ပါတယ်။








Do you like Belgrade တဲ့

(နိုင်ငံတစ်ခုရဲ့ သမိုင်းဆိုင်ရာအထောက်အထားတွေနဲ့ရေးထားတာမဟုတ်ပါဘူး၊ ကျွန်မ တွေ့ခဲ့ရ သိခဲ့ရသလောက် အဖြစ်အပျက်လေးတွေသာ ရေးထားတာပါ၊ အမှန်ကလဲ ဒီ့ထက်ပို မသိလို့၊ :D ကလာမန်ဒန်ခံတပ် (အခုတော့ပန်းခြံ)၊ အခုထက်ထိ တည်ဆောက်နေဆဲ ထူးခြားလှတဲ့ စိန့်ဆာဗာအော်သိုဒေါ့စ်ဘုရားကျောင်းတွေအကြောင်း ထပ်ရေးကြည့်ပါဦးမယ်၊ တခြား ပေါ့ပေါ့ပါးပါး လူနေမှုစရိုက်လေးတွေရေးကြည့်ဦးမလားလို့)

Sunday, October 18, 2009

ပေါပ့်ဘုရင်မ မက်ဒေါနားရဲ့ ဘဲလ်ဂရိတ်ည



ဘဲလ်ဂရိတ်မြို့က ဂီတပရိတ်သတ်တွေ မျှော်လင့်နေတဲ့ ညတညရောက်လာခဲ့ပါပြီ။ သြဂုတ်လ ၂၄ ရက်နေ့ညမှာ နယူးဘဲလ်ဂရိတ် အူးစ်ချက်(Ušće)စူပါမားကတ်အနီးက အူးစ်ချက်ပန်းခြံကွင်းပြင်မှာ ဖျော်ဖြေခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက အဲဒီအူးစ်ချက်မှာပဲ ဘီယာပွဲတော်ပြုလုပ်ခဲ့ပါသေးတယ်။ ဥရောပ ဘီယာတွေအများစု တွေ့ရပြီး Beck's, Heniken လောက်သာ သိလိုက်ပါတယ်။ ဘီယာပွဲတော်မှာတော့ ဆားရ်ဘီးယန်းလူငယ်ဂီတအဖွဲ့တွေ ဖျော်ဖြေခဲ့ကြတယ်။ (Serbian လို့ အင်္ဂလိပ်လိုစာလုံးပေါင်းမှာ သူတို့က ဆားရ်ဘီးယန်းလို့ရသံပီပီသသထွက်ပြောပါတယ်) ABBA သီချင်းတွေကို မူရင်းအတိုင်း သီဆိုသွားတယ်။ ဘီယာခွက်တွေကိုင်ရင်း Money Money Money လို့ သံပြိုင်သီဆိုနေခဲ့ကြတဲ့ ဆားရ်ဘီးယန်းလူငယ်တွေကို တွေ့ဖူးထားတော့ အခုတစ်ခါ ပေါပ့်ဘုရင်မ မက်ဒေါနားသီချင်းတွေနဲ့ ရင်းနှီးနေကြမလား သိချင်မိတယ်။ လက်မှတ်မှာ ကင်မရာယူခွင့်မရှိ မိုဘိုင်းလ်ဖုန်းယူနိုင်တယ်လို့သတိပေးထားပါတယ်။

ည ကိုးနာရီမှာ မက်ဒေါနားက စပြီးဆိုမယ်လို့သိထားကြပေမဲ့ ခပ်စောစောပဲ အူးစ်ချက်ကွင်းပြင်ဆီထွက်ခဲ့ကြတယ်။ အခုအချိန်က နွေရာသီဆိုတော့ နေ့တာသိပ်ရှည်လွန်းတယ်။ မနက် ၅နာရီမိုးလင်းနေပြီး ညဆို ၈နာရီခွဲလောက်မှ နေ၀င်တော့ အူးစ်ချက်ကွင်းပြင်ရှေ့အရောက် ၈ နာရီကျော်နေပေမဲ့ နေ၀င်ခါစ အချိန်ပါ။ လမ်းတစ်လျှောက် ဆားရ်ဘီးယန်းလူငယ်တွေ အူးစ်ချက်ကွင်းပြင်ဆီ လှုပ်လှုပ်ခပ်ခပ် သွားလာနေကြတယ်။ ဥရောပသားတွေရဲ့ဝတ်စားဆင်ယင်မှုအတိုင်း ဂီတညတစ်ညနဲ့အပြိုင် အံဝင်ခွင်ကျဖြစ်နေကြပြီ။ အနက်ရောင်၊ ဆံပင်ရှည်လျားလျား ဆားရ်ဘီးယန်းလူငယ်တွေ တွေ့ရပေမဲ့ မြန်မာနိုင်ငံက ဂီတပွဲတွေမှာ အားလုံးနီးပါး အနက်ရောင်လူငယ်တွေ ပြည့်သိပ်နေကြတာမျိုးတော့ မဟုတ်ပါဘူး။ မြန်မာလူငယ် ဂီတပရိတ်သတ်တွေလောက် အနက်ရောင်သိပ်မကြိုက်ကြဘူးလို့တောင် အတွေးဝင်မိပါသေးတယ်။

မီးအရောင်စုံထွက်နေတဲ့ မျက်မှန်တွေတပ်ဆင်ထားတဲ့ ခပ်ရွယ်ရွယ်မိန်းကလေးတွေက အဖြူရောင်နဲ့ အရောင်ခပ်လွင်လွင် တောက်တောက်ပပ ၀တ်ဆင်ထားကြတယ်။ ကွင်းပြင်ရှေ့ ရင်ပြင်မှာ လူငယ်တွေအုပ်စုလိုက်ပြည့်သိပ်နေကြပြီ။ ဆားရ်ဘီးယန်မိသားစုတွေပါ ကလေးငယ်လေးတွေလက်ဆွဲလို့ ကွင်းထဲကို ၀င်ဖို့ တန်းစီနေကြပြီ။ ကွင်းထဲကိုအသွားလမ်းမကြီးကို အလယ်က သံဇကာတွေ အပြည့်ကာထားတာတွေ့လိုက်ရတယ်။ ကွင်းထဲကိုအသွား လမ်းမတစ်လျှောက် ရဲသုံးယောက် ၂ယောက်တစ်စုစီ လုံခြုံရေးအပြည့်အသိပ် ချထားတယ်။ ကွင်းထဲမှာသီချင်းသံတွေဆူညံနေပါပြီ။ ဆားရ်ဘီးယန်းလူငယ်တွေလဲ ကခုန်နေကြပြီ။ မက်ဒေါနားမဆိုခင် တခြားဂီတအဖွဲ့တွေဖျော်ဖြေနေကြတယ်။ စင်မြင့်ရဲ့ တစ်ဘက်တစ်ချက်မှာ တလက်လက်တောက်နေတဲ့ M ဆိုတဲ့ စာလုံးတွေက စင်ရဲ့အမြင့်ထက်တောင်ပိုကြီးနေပါသေးတယ်။ ကွင်းရဲ့ညာဖက်နားမှာ မသန်စွမ်းသူတွေ ကြည့်နိုင်မယ့်စင်မြင့်ခပ်သေးသေးတစ်ခုလုပ်ထားပေးပါတယ်။ တရုတ်လူမျိုး ၄၊ ၅ ယောက် လောက်တွေ့လိုက်ရတယ်။ အရေးပေါ်ကယ်ဆယ်ရေးဝတ်စုံတွေနဲ့ ဆေးအဖွဲ့သားတွေကိုလဲ ခပ်များများတွေ့ရတယ်။ ည ကိုးနာရီခွဲပြီးတဲ့အထိ မက်ဒေါနားက ငြိမ်ချက်သားကောင်းနေပါသေးတယ်။ ကွင်းထဲကဆားရ်ဘီးယန်းဂီတပရိတ်သတ်တွေက ကိုယ့်အစုနဲ့ကိုယ် ကခုန်နေကြတယ်။ မက်ဒေါနားကိုစောင့်နေကြတဲ့ပရိသတ်တွေက When you call my name its like a little prayer.. I'm down on my knees.. I wanna take you there ... လို့ အော်ဟစ်သီဆိုကြတယ်။ မက်ဒေါနားရဲ့ သီချင်းတော်တော်များများ သူတို့သိထားကြပါတယ်။ တပုဒ်ပြီးတပုဒ် အော်ဟစ်သီဆိုနေကြပေမဲ့ မက်ဒေါနားက ၁၀ နာရီထိုးခါနီးအထိ ပေါ်မလာသေးပါဘူး။

၁၀နာရီထိုးခါနီးတော့ စင်မြင့်ဘေးက LED screen ကြီးနှစ်ခုမှာ ကြော်ငြာတာတွေရပ်သွားပြီး M ဆိုတဲ့စာလုံးကိုပဲပြထားတယ်။ မက်ဒေါနားရဲ့သီဆိုပုံကိုကြည့်ချင်နေတဲ့ ပရိတ်သတ်တွေ ပိုပိုပြီး လှုပ်လှုပ်ရှားရှားဖြစ်လာကြတယ်။ ၁၀ နာရီကျော် ပြီး ၃ မိနစ်လောက်မှာတော့ count down လုပ်တဲ့ ၅ ၄ ၃ ၂ ၁ အသံကြားလိုက်ရပြီး မက်ဒေါနား ပရိတ်သတ်မြင်ကွင်းထဲ ရောက်လာတယ်။ မီးရောင်စုံတွေက ဟိုကဒီကလင်းလက်ကုန်တယ်။ မိုဘိုင်းလ်ဖုန်းတွေလေထဲမြောက်တက်ကုန်ကြတယ်။ CANDY SHOP သီချင်းနဲ့ ဘဲလ်ဂရိတ်ဂီတညကို စတင်လိုက်ပါတယ်။ C.. A.. N.. D.. Y ဆိုတဲ့ စာလုံးတွေ playback screen မှာ ထိုးပြပြီး ကြွက်သားအဖုဖုနဲ့ တက်ကြွသွက်လက်နေဆဲ ပေါ့ပ်ဘုရင်မက ခုန်ပေါက်သီဆိုပါတယ်။ အနက်ရောင် ၀တ်စုံဝတ်ထားပြီး I'll be your one stop လို့ဆိုတယ်။ သီချင်းက ချစ်စရာကောင်းပါတယ်။ ဒီသီချင်းကို ဆားရ်ဘီးယား ဂီတပရိတ်က သိနေကြတယ်။ အားပါးတရ လိုက်ဆိုကြတယ်။ my sugar is raw, sticky and sweet လို့ဆိုတဲ့ rap စကားပြောဆန်ဆန်ဆိုတဲ့နေရာမှာတော့ music video မှာလို နားထောင်ရသိပ်မကောင်းပါဘူး။ အတီးနဲ့ ကွဲထွက်သွားတယ်။

CANDY SHOP ပြီးတော့ All right Serbia, this is what I am talking about ဆိုပြီး ဆားရ်ဘီးယန်းပရိတ်သတ်နဲ့ စကားစမြည်ပြောရင်းနှုတ်ဆက်လိုက်တယ်၊ အဖွဲ့သား ဗြိတိန်လူမျိုး DJ Paul Oakenfold ကို မက်ဒေါနားက မိတ်ဆက်ပေးတယ်။ နောက်တော့ tick tock tick tock tick tock ဆိုတဲ့ မက်ဒေါနားအဆိုနဲ့ အတူ ကမ္ဘာကြီးကိုကယ်ဆယ်ဖို့ ၄မိနစ်ပဲကျန်တော့တယ်ဆိုတဲ့ သီချင်းတေးသွားပေါ်လာပေမဲ့ 4 MINUTES သီချင်းကိုမဆိုပဲ VOGUE သီချင်းကို အဲဒီ tick tock တေးသွားနဲ့သီဆိုသွားပါတယ်။ playback ပုံရိပ်တွေမှာ ကမ္ဘာတ၀ှမ်းက ဆိုးဝါးတဲ့နိုင်ငံခေါင်းဆောင်တွေပုံ ဟစ်တလာ၊ ရောဘတ်မူဂါဘီ၊ ကင်မ်ဂျုံအီ၊ မာမွတ်အာမက်ဒီနီဂျက်(မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးအပါအ၀င်)ပြထားပြီး ကမ္ဘာကြီးကပ်ဘေးသင့်နေပုံ၊ စစ်ဒဏ်ရာဒဏ်ချက်နဲ့ လဲပြိုနေတဲ့ အဆောက်အဦးတွေ၊ အစားအစာငတ်မွတ်ခေါင်းပါးနေတဲ့ ကလေးငယ်တွေပုံတွေပေါ်လာပြီး၊ ပြန်လည်ကျန်းမာလာတဲ့ကမ္ဘာကြီးကို မာသာထရီဇာ၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ နဲ့ယှဉ်ပြသွားတယ်။ ပြီးတော့ ငွေရောင်တလက်လက်တောက်ပနေတဲ့ ကားတစ်စီးနဲ့ အဖွဲ့သားခုနှစ်ယောက်လောက်နဲ့အတူ မက်ဒေါနားကားပေါ်ကဆင်းလာလိုက်တယ်။ နောက်တော့ ငွေရောင်ကားနဲ့ အဖွဲ့သားတွေ ပရိတ်သတ်တွေရှေ့ကထွက်ခွာကြတယ်။

ဦးထုတ်ဖြူဆောင်းထားတဲ့မက်ဒေါနားက ဂစ်တာကိုတီးရင်း MILES AWAY သီချင်းကိုဆိုတယ်။ MILES AWAY သီချင်းအပြီး စင်နောက်ကိုပြေးသွားတဲ့မက်ဒေါနားက တောက်ပလွန်းတဲ့ မီးရောင်တွေအပြောင်းအလဲကြားမှာပဲ ၀တ်စုံလဲပြီးသားဖြစ်နေတယ်။ ဖော်မြူလာဝမ်းကားပြိုင်ပွဲတွေမှာ ကားဘီးတွေလျှပ်တပြက် ပြောင်းလဲတပ်ဆင်ကြသလို မက်ဒေါနားအ၀တ်အစားပြောင်းလဲပုံက မြန်ဆန်လှတယ်။ စကပ်တိုတိုအနီရောင် နဲ့ခြေအိတ်ရှည်အနက် အနီအနက်နဲ့ မက်ဒေါနားက သီချင်းဟောင်းတပုဒ် INTO THE GROOVE ကို ကျောင်းသူတစ်ယောက်စတိုင်လ် ချစ်စဖွယ် သွက်လက်လွန်းလှစွာသီဆိုပါတယ်။ အတီးတွေအားလုံးကို live show ပရိတ်သတ်အတွက် ကခုန်ဖို့ dance music တွေပြောင်းထားတယ်။ သီချင်းတိုင်းကို မြန်မြန်ကြီးပဲ ဆိုပါတယ်။ တစ်ခါတစ်ခါ မက်ဒေါနားရဲ့အသံ electroinc sound ပုံစံပြောင်းလိုက်တယ်။ မက်ဒေါနားရဲ့အကအဖွဲ့သားတွေက သီချင်းကိုသရုပ်ဖော်ကြတယ်။ ခုန်ကြတယ်၊ ကကြတယ်၊ ပရိတ်သတ်တွေပျော်တာထက် စင်ပေါ်ကလူတွေက ပိုတောင်ပျော်ရွှင်နေပုံရတယ်။ ပရိသတ်တွေခုန်နိုင်တာထက် စင်ပေါ်က မက်ဒေါနားက ပိုပြီးတောင်ခုန်နိုင်ပါသေးတယ်။

INTO THE GROOVE အပြီး မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုသရုပ်ဖော်ကြတယ်။ မိုက်ကယ်ဂျင်ဆင်အတိုင်း ၀တ်ဆင်ပြီး မိုက်ကယ်လ်ဂျက်ဆင်အကအတိုင်း ကပြနိုင်ပါတယ်။ အဲဒီ dancer က ဘယ်သူလဲတော့ မသိပါဘူး။ နောက်တစ်ပုဒ် အတွက် မက်ဒေါနားက common common လို့ ဆိုလိုက်တယ်။ ပရိသတ်ရဲ့ အာခေါင်ခြစ်အားပေးသံတွေဆူညံသွားတယ်၊ HOLIDAY လို့ အော်ဟစ်ကြတယ်။ HOLIDAY သီချင်း ကို music can be such a revelation ဆိုတဲ့စာသားနဲ့အတူ ပရိသတ်ပါ စင်ပေါ်က မက်ဒေါနားအဖွဲ့သားတွေနဲ့အတူ ပိုပြီးဟန်ချက်ညီညီ ခုန်ပေါက်သီဆိုကြတယ်။ performer ၂၈ ယောက်၊ dancer ၁၆ ပါဝင်တဲ့ မက်ဒေါနားရဲ့ ဖျော်ဖြေမှုမှာ ဆားရ်ဘီးယန်းဂီတပရိတ်သတ်တွေကျေနပ်ပုံရပါတယ်။ မိန်းကလေးတစ်ယောက်မူးလဲတာကို ဆေးအဖွဲ့က ပြုစုကုသနေတာကိုလဲ တွေ့လိုက်ရတယ်။ ကျန်တဲ့ ဂီတပရိတ်သတ်အားလုံးနီးပါး ခိုက်ရန်ဖြစ်ပွားမှုမရှိပဲ ပျော်ရွှင်သွက်လက်နေကြတယ်။

ပထမပိုင်း အပြီး ခဏနားချိန်မှာ မီးအလင်းတွေတလက်လက်၊ ဘီယာစည်တွေကျောပေါ်မှာပိုးထားတဲ့ အမျိုးသမီး၊ အမျိုးသားအချို့ ဘီယာသောက်ချင်နေသေးတဲ့ သူတွေအတွက် လိုက်ဖြည့်ပေးနေတဲ့ beer service ကလဲစိတ်ဝင်စားစရာပါပဲ။ ဒုတိယပိုင်းမှာ ဂစ်တာတီးပြီး YOU MUST LOVE ME ဆိုတဲ့သီချင်းကို ခပ်အေးအေး၊ ခပ်ဖြည်းဖြည်းပဲ သီဆိုပါတယ်။ Where do we go from here?This isn't where we intended to be ... We had it all, you believed in me ... I believed in you.. စာသားတိုင်း ပီပီသသ သီဆိုပါတယ်။ အဲဒီသီချင်းအဆုံး ဆားရ်ဘီးယန်းဂီတပရိသတ်တွေရဲ့ အားပေးချီးမြှောက်တဲ့လက်ခုပ်သံတွေ တခြားသီချင်းတွေထက် ပိုပြီးဆူညံသွားတယ်။ ပြီးတော့ Are you ready to dance? လို့ ပရိသတ်ကိုမေးရင်း အခြေအနေကို မက်ဒေါနားက စူးစမ်းတယ်။

နောက်တော့ LA ISLA BONITA သီချင်းကို ယူကရိန်းဂျစ်ပဆီဂီတအဖွဲ့နဲ့ အတူဖျော်ဖြေပါတယ်။ ဂျစ်ပဆီ ရိုးရာသီချင်းတွေပေါင်းပြီး သီဆိုတယ်။ အနက်ရောင်လက်ရှည်လက်စည်းဖောင်းဖောင်း အနက်ရောင်ဝတ်စုံမှာ ရောင်စုံတလက်လက်ကြိုးတွေစည်းထားတဲ့ ၀တ်စုံက သီချင်းနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ရောင်စုံပုတီးတွေလဲ ခပ်များများဝတ်ဆင်ထားတယ်။ I want to be where the sun warms the sky စတဲ့ ... LA ISLA BONITA သီချင်းစားသားတစ်ကြောင်းဆိုပြီးတိုင်း ဂျစ်ပဆီရိုးရာအကနဲ့အတူ တယောသံ၊ အကော်ဒီယံ၊ ဟော်လိုဂစ်တာအတီးတွေက ၀င်ပါတယ်။ ရိုးရာရောင်စုံအ၀တ်အစားတွေဝတ်ဆင်ထားတဲ့ မက်ဒေါနားရဲ့ အကအဖွဲ့ကလဲဆားရ်ဘီးယန်း၊ရိုးမေးနီးယန်း၊ ဘူလ်ဂေးရီးယန်းတွေရဲ့ ရိုးရာအကမျိုးလို သွက်သွက်လက်လက်ကကြတယ်။

ပရိသတ်သတ်တွေရဲ့လက်ခုပ်သံကလဲ သီချင်းစည်းချက်အတိုင်း ဟန်ချက်ညီနေတယ်။ စင်ပေါ်မှာ အသွက်လက်ဆုံး ခုန်ပေါက်ကခုန်ကြတဲ့အခါ စင်အောက်ကပရိတ်သတ်လိုက်မခုန်နိုင်တော့ပါဘူး။ မိုလ်ဘိုင်းဖုန်းတွေနဲ့ ပုံ၊ ဗီဒီယိုဖိုင် ရနိုင်သမျှယူကြတယ်။ ပရိသတ်ထဲထိ သွားနိုင်တဲ့ stage row အတိုင်း ပရိသတ်နဲ့ နီးနိုင်သမျှနီးအောင် မက်ဒေါနားနဲ့အဖွဲ့က ကခုန်ရင်းရှေ့ကိုတိုးတိုး သွားကြတယ်။ ပရိသတ်တွေရဲ့ အားပေးသံတွေ အူးစ်ချက်ပန်းခြံထဲ ပေါက်ကွဲလွင့်ပျံနေကြတယ်။ LA ISLA BONITA အပြီး Life is a mystery... ဆိုတဲ့ Like a prayer သီချင်းအ၀င်စာသားကို ခပ်ဖြည်းဖြည်းဆိုပြီး သီချစ်တစ်ပုဒ်လုံးကို dance music စတိုင်လ်တီးထားပြီး မြန်မြန်ကြီးဆို၊ မြန်မြန်ပဲ ကကြတယ်။ LIKE A PRAYER သီချင်းမှန်းမသိနိုင်လောက်အောင်ကို မြန်ပါတယ်။

FROZEN သီချင်း၊ 4 MINUTESသီချင်းတွေကိုသီဆိုတယ်၊ အဲဒီနောက်တော့ GIVE IT TO ME သီချင်းကို သီဆိုတော့ စင်ပေါ်စင်အောက် မီးရောင်စုံ အလင်းတန်းတွေ စူးစူးရှရှထွက်ပေါ်လာတယ်၊ အပြာရောင်မီးရောင်တွေကဲနေတဲ့စင်ပေါ်မှာ အနက်ရောင်အ၀တ်အစားနဲ့ မက်ဒေါနားက သေသေချာချာကခုန် သီဆိုပါတယ်။ ပရိသတ်တွေဆီ မီးအလင်းတန်းတွေ စူးစူးရှရှ ဖြာကျလာတယ်။ မီးရောင်စုံတွေ ရှုပ်ယှက်ခတ် ပြေးလွှားနေသလို ပရိသတ်တွေလဲ ရှုပ်ယှက်ခတ်ကခုန်ရင်း ပျော်ရွှင်နေကြတယ်။ ပရိသတ်တစ်ချို့ လူအုပ်ထဲက တိုးထွက်လာကြတယ်။ နွေရာသီဆိုပေမဲ့ ညလယ်မှာအအေးဓါတ်က ပိုလာပါတယ်။ မက်ဒေါနားက ပရိတ်သတ်ဆီ မိုက်ကရိုဖုန်းကို ထိုးပေးရင်း Give it to me .. no one's gonna show me how လို့ ပရိသတ်တွေက သီဆိုကြတယ်။ ပရိတ်သတ်လဲ ခုန်လို့ မောလောက်တဲ့အခါ GIVE IT TO ME .. လို့ မက်ဒေါနားက အဆုံးသတ်ဆိုလိုက်တယ်၊ Game Over ဆိုတဲ့ စာသားပေါ်လာပြီး Thank you Belgrade, good night လို့ မက်ဒေါနားက နှုတ်ဆက်ရင်း ဘဲလ်ဂရိတ်ရဲ့ pop dance ညတစ်ညကို ရပ်တန့်လိုက်ပါတယ်။

ပရိသတ် သုံးသောင်းကျော်လောက်ကြည့်ရှုခဲ့ကြတယ်။ အူးစ်ချက်ပန်းခြံက အပြန်လမ်းတစ်လျှောက်မှာတော့ ပြောင်းဖူးပြုတ်၊ ပြောင်းဖူးမီးကင် ဆိုင်တွေ၊ ကော်ဖီဆိုင်လေးတွေမှာ လူတွေ တိုးဝှေ့ရင်း ၀မ်းဗိုက်ဆာလောင်မှုကိုဖြည့်တင်းကြရင်းနဲ့ အိမ်အပြန်လမ်းမဆီ အရောင်စုံလူငယ်တွေ အလုအယက် ခပ်သုတ်သုတ်ခရီးနှင်ကြပြီ။            ။
Fashion Magazine, December, 2009

တကယ်ပါ .. နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး ..


တကယ်ပါ .. နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး

ဒီနေ့ ကျွန်တော့်စိတ်တွေ ၀ုန်းဒိုင်းကြဲလှုပ်ရှားလို့နေလိုက်တာ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ရဲ့ အသည်းလေးဖြူဖြူ က အသာတကြည်အနားတိုးကပ်လို့ "ကျလိ ကျလိ ကျွိကျွိ"... ကျွန်တော်ဖြင့်ပျော်လိုက်တာ၊

ဘာကြောင့်လဲဆိုတော့ သူနဲ့ ကျွန်တော်က ဘယ်တော့မှ မတည့်ကြဘူး၊ ကျွန်တော်သူ့ အနားတိုးကပ်သွားလိုက်တာနဲ့ သူက နှုတ်သီးတပြင်ပြင် ထိုးဆိတ်ဖဲ့ရွဲ့ဖို့အသင့်အနေအထားနဲ့မို့၊ ဒီနေ့ တော့ သူအင်မတန် ပျော့ပျော့ပြောင်းပြောင်းရှိလှတယ်။ ကျွန်တော့်ရဲ့ ပြောင်းလဲလာတဲ့ အပြုအမူတွေကို ဖြူဖြူခံစားမိပုံရတယ်၊ +အိုး ပျော်လိုက်တာ+

xxxxxxxxxxxxxxx

ကျွန်တော်တို့အိမ်မှာ လူက မများလှပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်အသည်းလေးက တစ်အိမ်၊ နောက် တာတာ(ဖေဖေ) မေမေ(မာမာ)၊ နောက် သူတို့ရဲ့ သား နဲရှော လို့ ခေါ်ကြတယ် ဒါပါပဲ။ ကျွန်တော်တို့အိမ်ကတော့ တာတာက ဆောက်ပေးထားတာပါ၊ အပြာရောင်ကြည်ကြည်နဲ့ နေချင်စဖွယ်ပါပဲ၊ ကျွန်တော့်အသည်းလေး ကြည့်ဖို့ မှန်ချပ်ဝိုင်းဝိုင်းလေးရယ်၊ ကျွန်တော့်အတွက် ကျွန်တော်ထင်တာပြောတာ၊ ကျွန်တော်တစ်ရပ်စာ အဖြူရောင် စက်ဝိုင်းကွင်းလေးရယ်၊ လှေကားထစ်လေးတွေရယ်၊ နောက် ကျွန်တော့်အသည်းလေး နဲ့ ရန်ဖြစ်ရင် အနိုင်ရအောင် ထိုးဆိတ်နိုင်မယ့် နှုတ်သီးသွေးစရာ ငါးကြီးအရိုးရယ်၊ နောက် ပန်းသီး၊ မုန်လာဥ၊ လူးနှံ၊ ရေ၊ ဆလပ်ရွက်၊ အစာမကြေဖြစ်လာရင် ဆေးဝါးအဖြစ်ဝါးစရာ ကျောက်စရစ်သေးသေးတွေလဲ မာမား က ခွက်လေးတွေနဲ့ ချိတ်ထားပေးတယ်၊ အစုံအလင်ရှိနေတော့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ မကျယ်လှတဲ့ကမ္ဘာလေးထဲ နေ့တိုင်း ခပ်ခါခါ ခပ်လှုပ်လှုပ် ပျော်နေတာပါပဲ၊ ဒါကြောင့်ပဲ နေမှာ ကျွန်တော့် အသည်းလေး ဖြူဖြူက ကြည့်မရတာ၊ ဒါလဲ ကျွန်တော်ကတော့ အမှတ်မရှိပါဘူး ကျွန်တော့်စတိုင်လ်အတိုင်း ခပ်ခါခါ ကျလိ ကျလိ ကျလာ ကျလာ အော်မြည် ဟိုဟိုဒီဒီ ပျံလို့ ၊ အော်.. ပျံတယ် ဆိုလို့ ကျွန်တော် တကယ်ပဲ စိတ်မကောင်းပါဘူး၊ ကျွန်တော့်ရဲ့ ဖြူဖြူက မပျံနိုင်ဘူး၊ သူ ဘယ်လိုပဲ ကြိုးစားကြိုးစား ဘုတ်ကနဲ အောက်ပြုတ်ကျလို့ မလှုပ်နိုင်အောင် နာကျင်ခဲ့ရတာလဲ အခါခါ၊ ဘာကြောင့်လဲ ကျွန်တော်မသိပါဘူး၊ ကျွန်တော် တို့ ဒီအိမ်ကို ရောက်မလာခင် ဖြူဖြူနဲ့ စတွေ့ကတတည်းက သူ က မပျံနိုင်ပါဘူး၊ တကယ်တမ်းပြောရရင် သူ့ရဲ့ အတောင်ပံကတောင် ကျွန်တော့်ထက် အများကြီး ပိုရှည်လျားသေးတယ်၊ ကျွန်တော်က ပျံသန်းလိုက်တိုင်းရင်ထဲ နာကျင် စိတ်မကောင်းဖြစ်ရပေမဲ့ ကျွန်တော့်ရဲ့ ပြောင်ချော်ချော် လှုပ်ခါခါဟန်ပန်တွေကပဲ ဖြူဖြူ ကျွန်တော့်ကို ပိုပြီး မုန်းတီးနာကျည်းစရာဖြစ်နေမလား မသိနိုင်ဘူး၊ သူ ကလဲ ကျွန်တော့်ကို ကောင်းကောင်းမွန်မွန်ပြောဆိုတယ်လို့လဲ မရှိတော့ သူ့ရဲ့ စိတ်ရင်းအမှန်ကို မသိရပြန်ဘူး၊ဘုရားသခင်ရဲ့အလိုတော်အတိုင်းပါပဲ၊ သူ့ ကို ကျွန်တော် အသက်လောက်ချစ်ပါတယ်။ ကျွန်တော် အသံနေအသံထား အမျိုးမျိုးနဲ့ ဖြူဖြူစိတ်ဝင်စားအောင် အချိန်တိုင်းကလိတယ်၊ သူ ကတော့ ခပ်တည်တည် ခပ်စွာစွာ ခပ်ခွာခွာ၊ ကျွန်တော်က ခါလေ သူက ခွာလေ ဖြစ်နေကြတယ်၊ ကျွန်တော့်မှာလဲ ကလိစရာ ဖြူဖြူပဲ ရှိနေတာကိုး။



အိမ်မှာတော့ မာမားကလွဲလို့ ကျွန်တော်တို့ကို ဂရုတစိုက်စောင့်ကြည့်နေမယ့်သူမရှိဘူး၊ ကျွန်တော်တို့ရဲ့ အိမ်ပြာပြာလေးကို ဧည့်ခန်းထောင့်မှာ နေရာချထားပေးတယ်။ ဒီ ဧည့်ခန်းထဲမှာ ဧည့်သည်တွေလာတယ်၊
ရယ်မောကြ၊ နောက်ပြောင်ကြ၊ စကားတွေ ဖောင်ဖွဲ့ပြောကြဆိုကြ ကျွန်တော်တို့ကို ငဲ့စောင်းလို့မှ ကြည့်လေ့မရှိကြပါဘူး၊ တခါတရံ “အိုး .. ချစ်စရာကြက်တူရွေးလေးတွေပါလား .. လို့ ပြောဆိုသံ ကြားလိုက်ရတဲ့ အခါ ရှိတတ်တယ်၊ အဲဒီအခါ အားလုံးရဲ့ အကြည့်တွေ ကျွန်တော်တို့ဆီ စုပြုံရောက်လာကြပေမဲ့ ခဏလေးပါပဲ၊ မာမားက တော့ တပြုံးပြုံးနဲ့ ကျေနပ်ပီတိ ဖြစ်လေဟန် စိုက်ကြည့်နေလေ့ရှိတယ်။ ဧည့်သည်တွေရဲ့ အာရုံက ကျွန်တော်တို့ဆီမှာ ကြာကြာမရှိကြဘူး၊ ဒီတော့ ကျွန်တော် အသည်းယားလာတယ်၊ ကျွန်တော့်ကို ပိုပြီး ဂရုစိုက်စေချင်တာနဲ့ပဲ ဧည့်သည်တွေ ဦးခေါင်းပေါ်ဆီက ပွတ်ကာသီကာ ခဏခဏ ပျံသန်းပြ၊ ဒါလဲ ဟန်ပုံမရဘူး၊
ကျွန်တော်ဘာပဲ လုပ်ပြလုပ်ပြ သူတို့ စကားလှိုင်းလုံးတွေထဲ တိုးမပေါက်နိုင်၊ ဟူး ကြာတော့ ကျွန်တော်ပဲ မောဟိုက်လာရော၊ ဧည့်သည်တွေ ပြန်သွားတော့ ကျွန်တော့်မှာ မောဟိုက်ပင်ပမ်းလို့ ကျန်ရစ်တယ်၊ ကျွန်တော့်ရဲ့ ဖြူဖြူကိုတောင် မကလိနိုင်တော့ဘူး၊ သူ ကတော့ မထီတရီ အကြည့်မျိုးနဲ့ ခေါင်းခါခါ လည်ခါခါ ဟန်ပန်မျိုးလုပ်ပြလို့ အဲဒါမျိုးလေးတွေပေါ့ ကျွန်တော် ချစ်နေရတာ၊ ခဏလေးအနားယူပြီး ဖြူဖြူ့ကို ကလိဦးမှပါပဲ၊
ဖြူဖြူက ကျွန်တော့်ကိုကျောပေးလို့ ငေးရီရီ၊ သူ ဘာတွေများ တွေးနေတာပါလိမ့်၊ သူ့ ကို ဒီလို တွေးတွေးငေးငေး မမြင်ချင်ဘူး၊ ဒါနဲ့ပဲ ကျွန်တော်ရဲ့ စက်ဝိုင်းဖြူလေးကို နှုတ်သီးနဲ့ ဆွဲယူကိုက်ချီလိုက်ပြီး ပြန်လွှတ်လိုက်တယ်၊
စက်ဝိုင်းကလေးက ဖြူဖြူ ရဲ့ ကျောဘက်ဆီ ဘုတ်ကနဲမြည်အောင်ရိုက်ခတ်ပြီး ပြန်လွတ်အလာ ကျွန်တော်က ပြန်ဖမ်း၊ တခါ ပြန်ကိုက်ယူ၊ အရှိန်နဲ့ ဆွဲယူ ပြန်လွှတ်၊ အကြိမ်ကြိမ်ပေါ့၊ ဒီလို စရတာ ကျွန်တော်သိပ်ပျော်တာပဲ၊ ဖြူဖြူ ခမြာသနားတော့ သနားပါတယ်၊ ကျွန်တော့်ကို ခပ်စူးစူးအသံနဲ့ အော်မြည် ရန်တွေ့၊ ကျွန်တော်ကလဲ မရပ်ဘူး၊ ခဏနေတော့ ဖြူဖြူအဲဒီနေရာက ထွက်ပြေးတော့တာပဲ၊

ကျွန်တော်က အသည်းလေး ကို ဖြူဖြူ လို့ပဲ ခေါ်ပေမဲ့ မာမာကတော့ ကီးရှော ကီးရှာလို့ ခေါ်တယ်။ ကျွန်တော်က ကီးရှော လား၊ ဖြူဖြူက ကီးရှာလား၊ ကျွန်တော်တို့မသိဘူး၊ ဒါပေမဲ့ မာမား က ကီးရှောဖြစ်ဖြစ်၊ ကီးရှာဖြစ်ဖြစ် ခေါ်တိုင်း နှစ်ဦးသား အမြန်လှည့်ကြည့်ဖို့ကတော့ ၀တ္တရားမပျက်ကြဘူး၊ မာမားက ကျွန်တော်တို့ ကို အလွန်ဂရုစိုက်တယ်၊ နေ့တိုင်း ကျွန်တော်တို့အတွက် အစားအစာတွေ ပြင်ဆင်လဲလှယ်ပေးရင်း အင်မတန်ကြင်နာသနားလေဟန် စကားတီတီတာတာဆိုတတ်တယ်၊ “ကီးရှော များများစား” “ကီးရှာ ဘယ်သွားနေတာလဲ၊ လာ လာ၊ စားချည်ဦး မုန်လာဥရဲရဲလေး မင်း အကြိုက်ကွဲ့” .. အဲဒီလို စကားတွေ ဖောင်နေအောင် ပြောတတ်တယ်၊ ကျွန်တော်တို့ကို ဂရုစိုက်တာဆိုလို့ မာမား တစ်ယောက်ပါပဲ၊ အင်း .. တာတာကတော့ ကျွန်တော်တို့အတွက် လှေကားပျက်နေရင်ပြင်ပေးတယ်။

တစ်နေ့ သုံးယောက်ပဲ ရှိနေတဲ့ ကျွန်တော်တို့အိမ်မှာ တာတာ၊ မာမာ၊ နဲရှော တို့ နဲ့အမျိုးအစားမတူတဲ့ မိန်းကလေးတစ်ယောက် ရောက်လာတယ်၊ အသားအရောင်က ၀င်းဝါ၀ါ၊ ဆံပင်နက်နက်၊ ပုပုသေးသေး ခပ်ပြုံးပြုံးမျက်နှာပေးနဲ့၊ သူ က ဧည့်ခန်းထဲကို မျက်လုံးဝေ့၀ဲကြည့်ရင်း ကျွန်တော်တို့ရှိတဲ့ အိမ်ပြာပြာလေးကိုလဲ တွေ့ရော သူ ခုန်ဆွ ခုန်ဆွ ဖြစ်သွားတယ်၊ ကျွန်တော်တို့ အနားစွေ့ကနဲ ရောက်လာရင်း “ဟယ် နဲရှော ပြောဖူးတဲ့ ကီးရှောနဲ့ ကီးရှာပါလား၊ အိုး .. ချစ်ဖို့ကောင်းလိုက်တာ” ပြောပြော ဆိုဆို သူ့ရဲ့ လက်တစ်ဖက်က အရှေ့ကိုတန်းတန်းမတ်မတ်ထွက်လာတယ်၊ အမလေးဗျာ .. ကျွန်တော့်ကို လာကိုင်ပါရောလား၊ ကျွန်တော့်လောက် သွက်လက်ရဲရင့်တဲ့ သူတောင် ဘယ်နားပြေးပုန်းလိုက်ရမှန်းမသိ၊ လက်မြန်လိုက်ပုံများ၊ ကျွန်တော်တောင်နေစရာမရှိအောင် လန့်သွားတာ ကျွန်တော့်ဖြူဖြူသာဆို .. အိုး သူလဲ ထောင့်တထောင့်မှာ ကပ်လို့ မျက်လုံးကလည်ကလည်၊ တော်တော်ကြီးလန့်ဖြတ်နေပုံပဲ၊ အသားဝါ၀ါ မိန်းကလေးကတော့ ကျွန်တော်ထွက်ပြေးတဲ့နောက် သူ့ ရဲ့လက်ချောင်းတွေနဲ့ လိုက်လံတို့ထိရင်း နဲနဲမှ အငြိမ်မနေတဲ့ ဒီ မိန်းကလေးကြောင့်တော့ ကျွန်တော် ဒုက္ခတွေ့ရတော့တာပဲ၊ ပြေးရင်းလွှားရင်း သူ့ မျက်လုံးတွေကို လိုက်ကြည့်မိတော့ ရန်လိုပုံ ဟန်ပန်မျိုးမဟုတ်တာ ခံစားမိတယ်၊ ဒါပေမဲ့ဗျာ .. သူ ဒီလို လက်မြန်ပုံမျိုးနဲ့ ကျွန်တော်လန့် ပြီး သေမှာပဲ၊ ဖြူဖြူ့ကို ချစ်စနိုးနဲ့ ကြည်စယ်တတ်တဲ့ ကျွန်တော် ဖြူဖြူ့ ဒုက္ခမျိုးတွေ့ရပြီထင်ပါရဲ့။

ဒီမိန်းကလေးရောက်လာပြီးတဲ့နောက် အိမ်မှာ ဧည့်သည်တွေ ပိုပိုများလာတယ်၊ အချိန်တိုင်းပဲ၊ တစ်ယောက်ပြီးတစ်ယောက် ပြတ်တယ်ကို မရှိဘူး၊ အရင်က တင်းနစ်ကစားပွဲတွေ ခပ်ငြိမ်ငြိမ်ထိုင်ကြည့်နေတတ်တဲ့ တာတာ၊ အလုပ်အားချိန် ဧည့်ခန်းမှာ သတင်းစာဖတ်ရင်း တချက်တချက် တင်းနစ်ကစားပွဲတွေအကြောင်းဝင် ပြောတတ်တဲ့ မာမား လဲ နားရတယ် ကိုမရှိဘူး၊ တချိန်လုံး တလှုပ်လှုပ်နဲ့ ကျွန်တော့်လောက် လှုပ်ခါလွန်းတဲ့ သူတောင် သူတို့တွေကို ကြည့်ပြီးမောမော လာလွန်းလို့ မျက်လုံးစုံမှိတ်ကျောခိုင်းနေရတာအခါခါ၊ တစ်ခါက ဧည့်သည်တွေ ပြန်သွားတဲ့အချိန်ဧည့်ခန်းမှာ အသားဝါ၀ါ မိန်းကလေးနဲ့ နဲရှောတို့ ကယုကယင် ကြည်စယ်နေပုံများ ကျွန်တော့်တို့နဲ့ တခြားစီပါပဲ၊ ဒီမိန်းကလေးဝါ၀ါရဲ့ အမြဲပြုံးနေတဲ့ သူ့မျက်နှာဟာ အခု ပိုပိုပြီးပြုံးနေသလို ပြောင်စပ်စပ်နဲ့ ကျွန်တော် စိတ်မရှည်တော့ဘူး၊ ဒီမြင်ကွင်းကို မြင်ရတိုင်း ကျွန်တော့်ရဲ့ ဖြူဖြူ ကျွန်တော့်ကို အခါခါကြည့်လေ့ရှိတဲ့ မုန်းတီးတဲ့အကြည့်တွေ မြင်မြင်လာမိတယ်၊ ကဲ .. ဒါနဲ့ပဲ ..မိန်းကလေးဦးခေါင်းပေါ် မထိတထိ ဖြတ်ကနဲ ဝေ့လည်ပျံသန်းလိုက်တော့တယ်၊ ++ ဖလပ် ဖလပ် ၀ှီး .. တစ်ကြိမ် ++.. ဖလပ် .. ဖလပ် ..၀ှီး နှစ်ကြိမ် ++ .. သုံးလေးကြိမ် စိတ်ရှိလက်ရှိ ပျံသန်းပစ်လိုက်တယ်။ ဒီတော့မှ မိန်းကလေးရဲ့ မျက်လုံးနက်နက်တွေ ကျွန်တော့် နောက်မှာ ထပ်ကြပ်မကွာလိုက်ပါလာရော၊ သူ ကျွန်တော့်ဘက်ကို တည့်တည့်မတ်မတ် လှည့်ထိုင်ရင်း စူးစူးစိုက်စိုက် စပ်စုနေတယ်၊ ကျွန်တော့်ကို ကြည့်နေမှန်းလဲ သိနေတဲ့ ကျွန်တော် က ဖြူဖြူအနားတိုးသွားလိုက်တယ်၊ အမှန်က ကျွန်တော်ဖြူဖြူ့ရဲ့ နီတာတာနှုတ်ခမ်းလေးကိုဖြစ်ဖြစ် ခပ်သာသာတို့ထိပြမလို့ပါပဲ၊ ဖြူဖြူက ဆတ်ကနဲ နေရာရွှေ့ရင်း နှုတ်သီးနီနီနဲ့ အစွမ်းကုန်ထိုးဆိတ်တော့တယ်၊ အိုး .. ဆိုးလိုက်တဲ့ဖြူဖြူ ... ကျွန်တော် လဲ စိတ်ညစ်ညစ်နဲ့ ဟိုပြေဒီပြေး၊ အိမ်ပြာလေးအပြင်ထွက်လိုက် ၀င်လိုက် အကြိမ်ကြိမ်လုပ်တော့တာပဲ၊ တံခါးပေါက်ဝနားရပ်ပြီး ခြေထောက်တစ်ချောင်းထဲနဲ့ ရပ်ပြတယ်၊ အိမ်ထဲကို ပြေးဝင်ရင် စက်ဝိုင်းဖြူလေး ကိုက်ဆွဲ ပြန်လွှတ် ဖြူဖြူ့ကို စတယ်၊ အကြိမ်ကြိမ်ပါပဲ၊ ဖြူဖြူ နာကျင်မလား ကျွန်တော် တစ်ခါမှ မတွေးမိပါဘူး၊
အဲဒီလို စရတာ ကျွန်တော့်အတွက် ပျော်ဖို့ကောင်းနေတာကိုး၊ ကျွန်တော်လုပ်သမျှကို အသားဝါ၀ါ မိန်းကလေးက တခွိခွိနဲ့ ရယ်တယ်၊ ဖြူဖြူ့ ကို စလိုက် ဖြူဖြူက ရန်တွေ့လိုက်၊ သူလဲ အိမ်ပြင်ထွက်ပြေးဖို့ ပြင်လေတော့ သူ့ရဲ့ ရှည်လျားလျား အမြီးလေးကို ချစ်စနိုး ဆိတ်ဆွဲလိုက်တယ်၊ သူ သိပ်ကို လန့်သွားတယ်ထင်ပါရဲ့၊ ရုတ်တရက် ခုန်အထ အိမ်ပြာလေးရဲ့အောက်ကို ဒလိမ့်ခေါက်ကွေး လဲပြိုကျသွားတော့တယ်၊ ဖြစ်ချင်တော့ မိန်ကလေးနဲ့ နဲရှောတို့ နှစ်ဦးသားထိုင်နေတဲ့ခုန်အောက်ထဲ ထိ ကျသွားရှာတာ၊ ဖြူဖြူရဲ့ မလှုပ်မယှက်နိုင် နာကျင်နေပုံကို ကြည့်ရင်း နဲရှောက “သူက ကြက်တူရွေးမလေးကို အမြဲနှိပ်စက်တယ်၊ အဖြူလေးဟာ ဘယ်တော့မှ အေးအေးလူလူနေရတယ် မရှိဘူး” လို့ ခပ်ဖြည်းဖြည်းပြောဆိုသံ ကြားလိုက်ရတယ်၊ + အိုး မဟုတ်တာ .. ကျွန်တော် ဖြူဖြူ့ ကို သိပ်ချစ်တာပါ၊ သူ့ ကို တချိန်လုံး အနားက မခွာနိုင်အောင်ချစ်တာ.. ဘယ့်နှယ် ကျွန်တော်က နှိပ်စက်ရမှာတဲ့လဲ .. +

ဖြူဖြူလဲ လှေကားကို နှုတ်သီးလေးနဲ့ ကိုက်ကာ ကိုက်ကာ အိမ်ပြာလေးဆီ ခပ်ဖြည်းဖြည်း ပြန်တက်လာတယ်၊ ကျွန်တော် လဲ ၀မ်းနည်းလွန်းလို့ အိမ်ပြင်ဘက်ထွက်ပျံသန်းရင်း ခပ်ဝေးဝေးက ပြတင်းတံခါးမ ဘောင်ပေါ်ကနေ ဖြူဖြူ့ကို ကြည့်နေမိတယ်၊ ကျွန်တော်ဖြူဖြူနဲ့ ခပ်ဝေးဝေးမှာ မနေနိုင်ပါဘူး၊ အိမ်ပြာလေးဆီပြန်လာတဲ့ အချိန်မှာတော့ အိမ်ပြာလေးရဲ့ တံခါးဟာ ပိတ်လျှက်သား ကျွန်တော် အိမ်ထဲဝင်လို့ မရတော့ဘူး၊ ကျွန်တော့်ရင်တွေပူလောင်လာတော့တယ်၊ နဲရှောရဲ့ ပြောသံလဲ ကြားလိုက်ရတယ်၊ “ခဏလောက်တော့ အဖြူလေးကို အေးအေးဆေးဆေး ပေးနေဦးမှပါ၊ တံခါးပိတ်ထားလိုက်မယ်၊ သူ အပြင်မှာ နေပါစေ” တဲ့၊ တဆက်တည်း မာမားကို လှမ်းမေးလိုက်တယ်၊ “မာမား .. သူတို့ အတွက် အိမ် ၂ လုံးလုပ်ပေးထားဖို့ လိုမယ်လို့ မထင်ဘူးလား” ဆိုပဲ၊

+ အာ .. မဖြစ်နိုင်တာ .. ကျွန်တော် ဖြူဖြူနဲ့ ခဏလေးတောင် မခွဲနိုင်ဘူး၊ ဖြူဖြူကို ကျွန်တော် မစတော့ပါဘူး၊ တကယ့်ကို မကလိတော့ပါဘူး၊ ဘယ်တော့မှ နာကျင်အောင်မလုပ်တော့ပါဘူး ..+ လို့ကျယ်ကျယ်လောင်လောင်ပဲ အော်ဟစ်ပြောလိုက်တယ်၊ အသားဝါ၀ါ မိန်းကလေးက ကန့်ကွက်တယ်၊ “ဒီလိုနေရတာ သူတို့ အတွက် အသားကျနေပြီထင်ပါတယ်၊ သူတို့ကို ခွဲမပစ်ပါနဲ့”တဲ့၊

+ မိန်းကလေးရေ .. နဲရှောကို ကြည့်ပြောပါဦး နောက်တကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး၊ ဖြူဖြူနဲ့ပဲ နေပါရစေ + လို့ အသားဝါ၀ါ မိန်းကလေးရဲ့ နူးနူးညံ့ညံ့ မျက်ဝန်းတွေထဲ စိုက်ကြည့်ရင်း အကူအညီတောင်းနေမိတယ်၊

+ တကယ်ပါ နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး ..

နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး +



Thursday, October 15, 2009

ကျွန်တော်သေတဲ့အခါ

ဂျီးစ် Jeezzz .. မကြည့်ချင်ပါဘူး၊

မကြည့်ချင်ဘူးဆိုပေမယ် မျက်လုံးတွေကို အစွမ်းကုန်ချဲ့ပြီး ပုံတွေအကုန်သေချာကိုကြည့်လိုက်မိသေးတယ်။
အသုဘအခမ်းအနားတစ်ခုက ဖြူဖြူဖွေးဖွေး ဆန့်ဆန့်ရန့်ရန့်ပုံတွေကိုပေါ့။ မကြောက်တတ်လှပေမဲ့ ပုံတွေကိုမျက်လုံးထဲကမထွက်ဘူး။
လူတွေကို ဘာလို့များ ဒီလို ပုံကြီးတွေချပြပြီး စိတ်ညစ်ညူးစေကြလဲ။

ကျွန်တော်သေရင်...
တကယ်ပါ ... ကျွန်တော်သေရင်တော့ လူတွေရှေ့မှာ ဘယ်နေရာက ကြည့်ကြည့် ကြည့်လို့မလှတဲ့ ကျွန်တော့် ရဲ့အသက်မရှိတော့တဲ့ ရုပ်အလောင်းကြီးကို မကြည့်စေချင်ပါဘူး။
ခေါင်းတလား အနက်ရောင် ဒါမှမဟုတ် အဖြူရောင် တခါတည်းပိတ်ထားလိုက်မယ်။ အားနာပါးနာဟန်နဲ့ မျက်နှာတွေကိုအစွမ်းကုန်အပြိုင်အိုမင်းထားကြပြီး မိတ်ကပ်ဖြူဖြူဖွေးဖွေးအရာကြီးကို အသေအချာစိုက်ကြည့်။ ဒီကြားထဲ စိတ်မထင်ရင် စိတ်မထင်သလို ကျွန်တော့်အလောင်းကောင်ကြီးကို ရွှတ်ခနဲ နှုတ်ဆက်အနမ်းပေးကြမယ့်သူတွေလဲ ရှိဦးမယ်။ ဒါပေမဲ့ ကျွန်တော်ပြောရဲတယ် အဲဒီလိုနမ်းရှုံ့လိုက်တဲ့အခါ လူတိုင်း အသက်အောင့်ထားကြမှာပဲ။ ဒါကို ကျွန်တော်သိတယ်။ ဘာလုပ်မှာလဲ၊ အဲဒီလို အဓိပ္ပါယ်မရှိတဲ့အလုပ်တွေ ကျွန်တော်သိပ်မုန်းတယ်။
လူတွေကို မဟုတ်မဟပ်အလုပ်တွေနဲ့ အလုပ်မရှုပ်စေချင်ဘူးဗျ။

ကျွန်တော်ဒီလိုလုပ်မယ်စိတ်ကူးထားတယ်။
ကျွန်တော့်အလုပ်က ဥပမာဗျာ IT ပွဲတစ်ခုရှိလာပြီဆိုတာနဲ့ Presentation တွေကို animate တွေလုပ်၊ ပုံတွေကိုဟိုက၀င် ဒီကထွက် လုပ်ပြရတာမျိုးကိုဗျ။
ဒီတော့ ကျွန်တော့်ရဲ့အသုဘ အခမ်းအနားမှာဆိုရင် ကျွန်တော့်ရဲ့ငယ်ငယ်က ပုံတွေကစပြီး၊ ကျွန်တော်ဘာတွေလုပ်ခဲ့လဲ၊ ကျွန်တော်က ဘယ်လိုလူမျိုး၊ ခပ်ကြောင်ကြောင်လူဆိုရင် ဘယ်လောက်ထိကြောင်တယ်ဆိုတာ projector နဲ့ပြမယ်။ အင်မတန်နောက်ပြောင်တတ်တဲ့သူဆိုရင် ဘယ်လိုနောက်တတ်တယ်ကအစ ဘယ်သူတွေအစအနောက်ခံခဲ့ရတယ်အဆုံး မြင်အောင်ပြမယ်ဗျ။ ကျွန်တော်က ပုံဆွဲတာကြိုက်တဲ့သူဆိုတော့ ဘာတွေဆွဲခဲ့တယ်။ ဘာတွေလုပ်ပြီးပြီ၊ ဘာတွေကိုလုပ်ဖို့ရှိတယ်၊ သေတဲ့အချိန်ကကြိုမသိနိုင်တော့ မလုပ်ရသေးတာတွေရှိနိုင်တယ်မဟုတ်လား။ နောက် သူ ဘယ်သူတွေကိုချစ်တယ်၊ သူ့ကိုသူငယ်ချင်းတွေကနာမည်ပြောင်ဘယ်လိုပေးထားတယ်။ ဒါတွေကို ဖြတ်ခနဲဖြတ်ခနဲပြမယ်။ font တွေကိုလဲ လှလှပပလေးတွေသုံးဦးမယ်။
သူ ဘာသီချင်းတွေကြိုက်လဲ ဒါတွေလဲပြထားမယ်။ အသုဘအခမ်းအနားလာတဲ့လူတွေ မပျင်းမရိရအောင်၊ စိတ်မညစ်ညူးစေအောင်၊ ငိုချိန်ကိုမရအောင် ဖမ်းစားထားချင်တယ်။
အဲဒီထဲမှာတော့ ကျွန်တော့်ကြောင့် စိတ်ညစ်ခဲ့ရသူတွေ။ ကျွန်တော့်ကိုစိတ်ညစ်အောင်၊
ငိုရအောင်လုပ်ခဲ့ကြသူတွေ ... ဒီလူတွေကိုတော့ ဖျောက်ထားလိုက်မယ်။ စိတ်ရှုပ်ကုန်ကြမှာစိုးရိမ်လို့ပါ။

ကျွန်တော့်ရဲ့ အသုဘမှာဆိုရင် free style နဲ့လာနိုင်တယ်။ အနက်ရောင်တော့ဝတ်ခဲ့ကြပါ။ အနက်ရောင်ယဉ်ကျေးမှုတွေစီးမြောနေတဲ့ underground show တွေကို ကျွန်တော်ကသိပ်ကြိုက်တယ်ဗျ ...လူငယ်တွေရဲ့ ရိုးသားမှုတွေကို အမည်းရောင်မည်းမည်းသိပ်သိပ်တွေထဲမှာ လင်းလင်းထင်းထင်းမြင်ရလွန်းလို့။
ရောခ့်ဘိုးအေကြီးတွေရဲ့ show တွေမှုာ တစ်ခါတစ်ရံတွေ့ရတတ်တဲ့ ရန်လိုမှုတွေ လူငယ်တွေကြားမှာ မရှိကြတာ ကျွန်တော့်မှာ အဆန်းတကြယ်ကိုဖြစ်လို့ ... ဒါကိုကြိုက်တယ်။
disco သွားရတာကြိုက်တဲ့ သူငယ်ချင်းတွေကိုလဲ disco ခန်းမထဲကို ၀င်လာသလို
ပေါ့ပေါ့ပါးပါးဟန်နဲ့ဝင်လာစေချင်သေးတယ်။ mp3,mp4,iPod ကြိုက်တာယူလာကြဦးဗျာ။ သီချင်းတွေလဲနားထောင်ကြပါဦး၊ ရတယ်။ သိပ်တော့ မငိုကြပါနဲ့၊ အသံထွက်မငိုကြေး၊
ကဲ ... ဖြစ်တယ်မဟုတ်လား။
အသံထွက်အောင်ငိုတဲ့သူကို ဒဏ်ငွေဆောင်စေဦးမယ်။
အဲဒီငွေတွေကိုတော့ မိဘမဲ့ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို လှူပေးပါမယ်။အိမ်မှာဆိုရင်လဲ အသုဘအိမ်မှာ ဖဲရိုက်တတ်တဲ့အလေ့အထကိုဖျောက်ပစ်ချင်တယ်။
ဖဲမရိုက်ရ။
နောက် ကွာစေ့ ... ဘာလို့ကွာစေ့ပဲကျွေးကြတာလဲ စားရတာလဲခက် အမှိုက်ကလဲပွသေးတယ်၊
အပူမီးတောက်နေသူတွေကို တံမျက်စည်းလှဲခိုင်းတဲ့အလုပ်ထပ်ရှုပ်စေသေးတယ်။
ကျွန်တော်က လူတွေကိုမေးမယ် ၀ီစကီကြိုက်သူကို ၀ီစကီတိုက်မယ်၊ ၀ိုင်သောက်မလား ရတယ်။
လဘက်ရည်၊ကော်ဖီ မေးပြီးမှ ကျွေးစေမယ်။ မုန့်လဲ ရရမှာပေါ့။ အသုဘအခမ်းအနားတွေမှာ ပန်းခြင်းတွေကို ကြည့်ရတာကြိုက်တယ်။ ဒီတော့ ခင်ဗျားတို့လာရင် ပန်းခြင်းလှလှလေးတွေယူခဲ့ပေးကြပါ။ ပန်းတွေက ဈေးကြီးပေမဲ့ ဒီလောက်တော့လုပ်ပေးကြပေါ့ဗျာ။ ကျွန်တော့်ကိုတကယ်ချစ်ကြတယ်ဆိုရင်ပေါ့။ ကျွန်တော်ကလဲ ကျွန်တော့်ရဲ့ အသုဘအခမ်းအနားကပြန်ထွက်လာကြသူတွေ လက်ထဲကို တန်ဘိုးရှိတဲ့ ပစ္စည်းတစ်ခု အသေအချာ ထည့်ပေးလိုက်မှာပါ။
အဲဒါကတော့ လူလူချင်း ချစ်ခြင်းမေတ္တာ အပြည့်အ၀ထားနိုင်ကြဖို့ ရိုးသားပြီးသစ္စာရှိကြဖို့ အကောင်အထည်ဖော်ပေးနိုင်မယ့်
ပစ္စည်းတစ်ခုခု ...
အဲဒီပစ္စည်း ဘာဖြစ်နိုင်မလဲ ခင်ဗျားလာခဲ့ရင် သိရမှာပေါ့ ...
၂၀၀၈ သြဂုတ်လ၊ ဇီဝကမဂ္ဂဇင်း - “မငိုကြေး”
Mee_Nge
Friday, 05 September 2008
စိတ်ကူးလေးတော်တော်ကောင်းပါတယ်။
maythae`
Thursday, 31 July 2008
မိုက်တယ် ..
cza
Tuesday, 15 July 2008
“ကျွန်တော်သေတဲ့အခါ” စိတ်ကူးတွေကိုတော့ ကြိုက်သွားပြီ။ ဖတ်နေရင်း “ငါသေတဲ့ခါကျရင်လည်း..” လို့ စိတ်တွေကူးမိကုန်ပြီ.... ကဲ!
fancy
Tuesday, 15 July 2008
ကျန်နေရစ်တဲ့လူတွေကို တော်တော်အလုပ်ရူတ်ပြီးအကုန်အကျများစေမဲ့ အသုဘပဲ...သေတာတောင် ဒုက်ခပေးဖို့ကြံစည်နေသေးတယ်...ဆိုးလိုက်တာ..:-) ကြောက်တတ်တတ်သူတွေအတွက်တော့ ဒီရုပ်ကြီးပြန်မမြင်ရလို့ တော်တော်ကံကောင်းမယ်....:-)
lmn
Monday, 24 March 2008
မှတ်တမ်းတင် ဓါတ်ပုံအတွက် တာဝန်ယူပါရစေ။
NgaOak
Friday, 14 March 2008
အင်း. . .သေတဲ့အခါကျရင်. . .ဖိတ်စာပါရိုက်ပြီးပို့လိုက်. . .
perfume
Friday, 14 March 2008

Funeral Project အသစ်နဲ.လာတိုးနေတယ် ၊ လာရအောင်လဲ တော်တော်နဲ. မလာရ လောက်ပါဘူး ၊ ဟီး .....
mtmaung
Friday, 14 March 2008
မဆိုးပါဘူး .. တစ်ခုဘဲ ဗလာမပါ ကံစမ်းမဲ အစီစဉ်လေးပါ ထည့်ပေးရင်ကောင်းမယ် .. ပြီးတော့ underground show ပါ အပြင်မှာလုပ်ထားပေးလိုက်ရင် ပိုလန်းတာပေါ့
zest
Thursday, 13 March 2008
စိတ်ဝင်းစားစရာပဲ မကြူံစဖူး အထူးအဆန်း မ်ု့အခုတောင်သေခိုင်းချင်စိတ်ပေါက်မိတယ် :P
Pooh
Thursday, 13 March 2008
အင်း အဲ့ခါကျရင်ခေါ်လိုက် လာခဲ့မရ် အတော်ပျော်ဖို့ကောင်းမရ့်ပုံပဲ :P
Nge
Thursday, 13 March 2008
လန်းတယ်ကွာ... အဲလို အသုဘမျိုး တီထွင်ကြည့်စမ်းချင်တယ်း)
spooky
Thursday, 13 March 2008
မိုက်တယ်ကွာ
forsaken
Thursday, 13 March 2008
တော်တော်တော့ စိတ်ဝင်စားဖို့ကောင်းမယ့် Funeral ပဲ။

ကားတစ်စီးထဲက ကျွန်မရဲ့ညတွေ

ကားတံခါး သော့တွေ အသေအချာ ပိတ်လိုက်ပါပြီ။ အိပ်စက်ခြင်း အရသာကို မှေးခနဲ ရယူ ဖမ်းဆုပ်မိစဉ် ခဏမှာပဲ ကျွန်မကားလေး တည်ရှိရာ လမ်းကြားဆီကို ကားမီးရောင်တွေ ဝေ့၀ဲ ဖြာ ကျလို့လာတယ်။ ဝေ့ဝေ့၀ဲဝဲ အလင်းတွေဟာ မနီးမဝေးမှာ ရပ်တန့်သွား ကြတယ်။ ကားစက်သံ မရပ်တန့်ခင် ဒရမ်သံ၊ ဘေ့စ်သံ ခပ်ပြင်းပြင်း ဂီတသံစဉ် တွေဟာ အဲဒီကားဆီက တွန်းထိုး လှုပ်ယမ်း အန်ကျ လာပြန်တယ်။ ရယ်မောသံတွေနဲ့ ကားတံခါး ဆောင့်ပိတ်လိုက်တဲ့ အသံတွေကလည်း ဆက်တိုက် ဆိုသလို ကျွန်မနဲ့ အနီးဆုံးကို ချဉ်းကပ်လာနေ ကြပြီ။

ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းအေးခဲ သွားမတတ် လန့်ထိတ်လာတယ်။ ခြေသံတွေဟာ တဖြည်းဖြည်း နီးလို့ နီးလို့ ၊ တဖြည်းဖြည်း ကျယ်လို့ ကျယ်လို့ လာနေပါပကော။ ကျွန်မ အသက်အောင့် ထားလိုက်ရင်းက ကားသော့ကို အလောတကြီး စမ်းတ၀ါးဝါး ရှာဖွေလိုက်တယ်။ ခြေအစုံကိုလည်း မှို့ယာအိတ်ထဲမှာ မထုတ်ရသေးပါဘူး။ အဲဒီနောက် ကားကို အရှိန်ပြင်းပြင်း မောင်းနှင်ထွက်ခွာ ခဲ့လိုက်တယ်။ ရယ်မောသံ၊ ဂီတသံ ၊အလင်း၊ အရိပ်သဏ္ဌာန်တွေ အားလုံး ဟိုးခပ်ဝေးဝေးမှာ ကျန်ရစ်ခဲ့ပြီ။ ဒီလိုပဲ၊ ဒီလိုပဲ ကျွန်မ ကားထဲမှာ အိပ်စက်ခဲ့ရတဲ့ လတွေ အတော်လေး များနေခဲ့ပြီ။ ဒါပေမဲ့ ဒီလို ပြင်းပြင်း ထန်ထန် လန့်ထိတ်ခဲ့ရတဲ့ ခံစားမှုက ဒီနေ့အထိ အရှိန်သေသွားတယ် ရယ်လို့ မရှိသေးပါဘူး။ ကားတစ်စီးထဲမှာ ရှင်သန် နေထိုင်နေရတဲ့ ဟောဒီလို မိန်းမတစ်ယောက် ရှိနေတယ် ဆိုတာ ဘယ်သူမှ မသိနိုင် သေးပါဘူး။


ကျွန်မရဲ့ မေမေဟာ ဇာတိမြေ အိုင်ယာလန်ကို ကျောခိုင်း ထွက်ခွာခဲ့စဉ်က အလွန် ငယ်ရွယ်ပြီး လက်မထပ်ရသေးပါဘူး။ မေမေက ကျွန်မကို ကျွန်မ အဒေါ်ရဲ့ လက်ထဲ လက်လွှဲခဲ့လိုက်ပြီး ပျောက်ကွယ် သွားခဲ့တယ်။ အချိန် နည်းနည်း ကြာလာတော့ ကျွန်မရဲ့ အဒေါ်ဆိုသူဟာ ကျွန်မကို ထောင့်စုံ၊ နေရာစုံက တိုက်ခိုက်ဖို့ အမြဲ ခြောင်းမြောင်းနေတဲ့သူ ဖြစ်လာတယ်။ အဒေါ်ရဲ့ ယောကျာ်းဟာလည်း ကျွန်မကို အမြဲတမ်း ငြူစူ အပြစ်တင် နေတတ်သူ ဖြစ်လာတယ်။ အဒေါ်ရဲ့ ယောကျာ်း၊ ကျွန်မရဲ့ ဦးလေးဟာ နောက်တော့ ကျွန်မကို လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားမှု ပြုလုပ်ခဲ့တယ်။ ကျွန်မ အဲဒီအိမ်က စွန့်ခွာမှ ဖြစ်တော့မယ်။ တစ်နေ့မှာတော့ ဆုံးရှုံးမှု၊ နာကျည်းမှုတွေနဲ့ အဲဒီအိမ်က ထွက်ခွာခဲ့ တော့တယ်။ ဥပဒေ ဒီဂရီ တစ်ခုရအောင် ကြိုးစားခဲ့တယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ဘ၀ကို တည်ဆောက်နိုင်ဖို့ ကိုယ်တိုင် ကြိုးစားခဲ့ရင်း အနာရွတ် ဟောင်းတွေ ဖုံးကွယ်ထားဖို့ ကျွန်မ အတန်အသင့် တတ်နိုင်ခဲ့တယ်။ ဟန်ဆောင် ပန်ဆောင် တင်းမာနေတဲ့ မျက်နှာပြင် တစ်ခုရဲ့ အောက်ခြေမှာတော့ အနာရွတ်ဟောင်းတွေ လတ်လတ် ဆတ်ဆတ် ရှိနေဆဲပါ။

ကျွန်မ အသက် ၃၃ နှစ်ရောက်တဲ့ အခါ လန်ဒန်မှာ နေဖြစ်ခဲ့တယ်။ အဲဒီ အချိန်တွေက ကရေ့ခ်ျ နဲ့ ဆုံဖြစ်တဲ့ အချိန်တွေပေါ့။ ကရေ့ခ်ျ ဆိုသူက ကျွန်မ လိုအပ်သမျှ အရာတွေကို ဖြည့်ဆည်းပေး နေတဲ့ မိတ်ဆွေတစ်ယောက်ပါ။ ကရေ့ခ်ျ နဲ့ သိကျွမ်းနေတဲ့ အချိန်မှာပဲ အခြား တစ်ဖက်မှာလည်း အမျိုးသား တစ်ဦးနဲ့ ကျွန်မ ချစ်ခင်နှစ်သက် နေတာ ၅ နှစ် လောက်တောင် ရှိပါတော့မယ်။ ကရေ့ခ်ျရဲ့ အသက်က ကျွန်မထက် ၂၀ နှစ်တောင် ကြီးနေတော့ အစပိုင်းမှာ ဖခင် တစ်ယောက်နဲ့ တောင် ဆင်တူနေသေးရဲ့။

နောက်ပိုင်းမှာတော့ အတွင်းကျကျ ရင်းနှီးလာခဲ့သလို ကျွန်မရဲ့ အတိတ်ကို ကရေ့ခ်ျက ပိုမို စပ်စု လိုဟန် ပြလာတဲ့ အတွက် ကျွန်မ သူ့ကို သိပ်မနှစ်မြို့တော့ဘူး။ တစ်စုံတစ်ခု အတွက် ကျွန်မကို ဆွဲဆောင်ဖို့ ကြိုးစားလာနေပြီဆိုတာ မိန်းကလေးဖြစ်တဲ့ ကျွန်မ အလိုလို သိနှင့် နေခဲ့ပါပြီ။ ကရေ့ခ်ျ ရဲ့ ချဉ်းကပ် တုပ်နှောင်မှု တွေကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့ ပါတော့တယ်။ အချိန် ၂ နှစ်လောက်တော့ ယူခဲ့ရပါတယ်။ ပထမ တစ်ကြိမ် ကျွန်မနေတဲ့ အိမ်က ပြောင်းတဲ့အခါ အိမ်အသစ်ကို ကရေ့ခ်ျ က ခြေရာခံ မိသွားလို့ နောက်တစ်အိမ် ထပ်မံ ပြောင်းရွှေ့ရ ပြန်တယ်။ သူ့ ရဲ့အနှောင်အဖွဲ့ တွေက ရုန်းထွက်ရင်းနဲ့ ကျွန်မ စိတ်ဓာတ်တွေ ကျဆင်းလာခဲ့တယ်။ လက်ထောက် ဥပဒေ ၀န်ထမ်း အလုပ်ကိုလည်း ဆုံးရှုံးခဲ့ရပြီပဲ။

၂၀၀၅ ခုနှစ်မှာ ကျွန်မရဲ့ ကားကို မွမ်းမံရင်း အသုံးစရိတ်တွေ ပိုလာခဲ့တယ်။ ကျွန်မရဲ့ ယောကျာ်းလေး မိတ်ဆွေ ဟာလည်း ကျွန်မဆီက ပိုက်ဆံတွေ ချေးငှားထားပြီး ပြန်မပေးခဲ့ဘူး။ ကျွန်မ မတတ်နိုင်တာတွေ ပိုမို များလာတဲ့အခါ ငှားထားတဲ့ အိမ်ခန်းကို ပြန်အပ်လိုက်ရတယ်။ အဲဒီ အချိန်ကစပြီး ဟိုဟိုဒီဒီ သွားလိုက်လာလိုက်နဲ့ ကျွန်မဘ၀ စတင် မျောလွင့်ခဲ့ပါပြီ။ ကျွန်မရဲ့ အဖေရင်း ဘရန်ဒန် ဆီက ငွေကြေး အနည်းငယ် ရရှိခဲ့တယ်။ ဒီလိုနဲ့ အချိန်တွေ ကုန်လွန်လာလိုက်တာ အမျိုးသားမိတ်ဆွေ ချေးငှားထားတဲ့ ငွေတွေဟာ လုံးဝကို ပေါ်ထွက် မလာတော့ပါဘူး။ တစ်နေ့ ဘရိုက်တန် ပင်လယ် မျက်နှာပြင်ဆီ မြင်တွေ့နေရတဲ့ နေရာလေးကနေ ဖခင် ဘရန်ဒန် ဆီ ဖုန်းခေါ်ပါတယ်။

ျွအခု နောက်တစ်ခါ ပေးမယ့် ငွေကြေးဟာ နောက်ဆုံးပဲဍ္ဎလို့ သူက တိတိပပ ဖွင့်ဟ ပြောဆိုလိုက်တယ်။ဒ

ကျွန်မ ငေးရီနေဆဲ…၏၏။ အနောက်ဘက်ဆီက ပျက်စီးနေတဲ့ ဆိပ်ခံ ဘောတံတား အနီးမှာ မီးခိုးရောင် ပင်လယ်ကြီးဟာ အမှုန်အမွှားတွေ အဖြစ် ဖွာလန်ကျဲ ကြေသွားခဲ့သလို ရုတ်ချည်း အကျည်းတန် ကုန်တော့တယ်။ ဖေဖေ ဘရန်ဒန်က ဆက်ပြီး ကြေငြာ ပါသေးတယ်။

"၀မ်းနည်းပါတယ် ကလေးရယ်၊ ဒီထက် ပိုပြီး ငါ ဘာမှ မတတ်နိုင်တော့ ပါဘူးကွယ်”တဲ့။

ကျွန်မ ကားထဲမှာ စိတ်ပါ လက်ပါ ငိုကြွေးလိုက်တယ်။ ဘယ်တော့မှ အဆုံးမသတ်မယ့် ငိုခြင်းမျိုးနဲ့ပေါ့။ မိသားစုရဲ့ စိမ်းကား ပြတ်တောက်မှု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်ခင် နှစ်သက်သူ ဒါတွေအားလုံး ကျွန်မမှာ လက်ရှိ ဘာမှ မရှိတော့ဘူး။ အဲဒီအချိန် ကျမှပျွဲကရေ့ခ်ျဍ္ဎ ကို ကျေးဇူး တင်ရကောင်းမှန်း သိလာခဲ့တယ်။ ဒါပေမဲ့ ကျွန်မ အခုလို ဖြစ်ပျက်နေတာတွေကို ဘယ်သူ့ကိုမှ အသိမပေးဝံ့ပါဘူး။ ငိုကြွေးရင်း အရမ်းကို မောပန်းလာတဲ့ အခါ အနားယူဖို့ လိုအပ်ပြီဆိုတာ ကျွန်မ သတိရလာတယ်။ ရှိသမျှ သိုးမွေး အစအနတွေ ဆွဲထုတ်၊ စုပုံပြီး ကားထဲက ထိုင်ခုံနေရာမှာ ချပြီး လဲလျောင်းလိုက်တယ်။ အဆင်မပြေ လှပါဘူး။ လက်ကိုင် ဘရိတ်တံက ကျွန်မကို တွန်းထိုး ထောက်ကန်ထားတယ် မဟုတ်လား။ ဘေးတစ်ဖက် ဆင်းအိပ် ပြန်တော့လည်း ကောင်းကင်ကြီးပဲ မြင်နေရတော့ ကျွန်မကိုယ် ကျွန်မ အစရှာ မရလောက်အောင် ပျောက်ကွယ်နေသလို စိတ်အားငယ်ငယ် ဖြစ်ရပြန်တယ်။ မျက်လုံးတွေ အသာမှိတ်ကာ ငြိမ်နေရင်း မျက်လုံးတွေ တစ်ခါ ဖွင့်ကြည့်လိုက်ပြန်တော့ ဩဂုတ်လရဲ့ နေအကျ၊ တစ်ချက် တစ်ချက် သုတ်ခနဲ ရိုက်ခတ်လိုက်တဲ့ လေပြင်းနဲ့ အတူ ကြည်လင်ပြာလဲ့တဲ့ ကောင်းကင်ကြီးမှာ စင်ရော်လေးတွေ စူးစူးဝါးဝါး အော်ဟစ်ရင်း ဟိုက သည်က ထွက်ပေါ်နေကြတယ်။ အဲဒီနေ့က ပထမဆုံး အကြိမ်အဖြစ် ကားထဲမှာ တစ်ညလုံး အချိန်ဖြုန်း နေလိုက်ပါတယ်။ ပထမဆုံးည ဖြတ်သန်းခဲ့ပြီးတဲ့အခါ နောက်တစ်နေ့ အတွက်က လွယ်ကူသွားပါပြီ။ ကျွန်မဘယ်သူ့ ကိုမှ မျက်နှာချင်း မဆိုင်ချင်ဘူး။ ဈေးပေါပေါနဲ့ ရတဲ့ သကြားမှုန့် တွေကိုပဲ တချိန်လုံး တကြွပ်ကြွပ် ကိုက်ဝါးနေခဲ့တယ်။ တစ်ယောက်ယောက်က ကျွန်မရဲ့ အဖြစ်မှန်ကို ရိပ်စားမိနိုင်တဲ့ အပြုအမူမျိုးကို ရှောင်တယ်။ ဥပမာ လမ်းတစ်လမ်း တည်းမှာပဲ နှစ်ကြိမ် နှစ်ခါ ည မအိပ်တာ မျိုးပေါ့။

နာမည်ကြီး ဟိုတယ်တွေရဲ့ လော်ဘီ(lobby) ခန်းမတွေကို အလွတ် ကျက်ထား လိုက်တယ်။ ဒါမှ ယောင်နန မဖြစ်ဘဲ ယုံကြည်မှု အပြည့်နဲ့ အကျွမ်းတ၀င် ၀င်ထွက် သွားလာနိုင်မယ် မဟုတ်လား။ အစားအသောက် နည်းပါးလွန်းတဲ့ရက်တွေ များလာတာနဲ့ အမျှ စိတ်ဓာတ်ကျဆင်းတဲ့ လက္ခဏာတွေ ပြလာတယ်။ ကျွန်မရဲ့Gp(General Physician) နဲ့ သွားတွေ့ပါတယ်။ ဆရာဝန်က စားသောက်မှု ပုံစံကြောင့် အကျိုးဖြစ်ထွန်းမှု မရှိတာ၊ အာဟာရ မဖြစ်တဲ့ လက္ခဏာတွေ တွေ့နေရပြီလို့ ဆိုတယ်။ ကျွန်မ အလုပ် တစ်ခု ရမှ ဖြစ်တော့မယ်။ ဒါပေမဲ့ ကျွန်မတွေ့ခဲ့သမျှ အေဂျင်စီတွေ အားလုံးအတွက် အဆက်အသွယ် ပြုစရာအဖြစ် ကျွန်မရဲ့ လိပ်စာကို မပေးနိုင်တာကြောင့်ပဲ လက်လျှော့ခဲ့ရတယ်။ ဒီလိုနဲ့ အများသုံး ရေချိုးခန်းတွေ အသုံးပြုနေခဲ့တာ တစ်လ လောက်ကြာတဲ့အခါ volunteer အမျိုးသမီး တစ်ဦးကို ကျွန်မဟာ အိုးအိမ်မဲ့ တစ်ဦး ဖြစ်တယ်ဆိုတာ ဖွင့်ပြောလိုက်ပါတယ်။

အဲဒီ အမျိုးသမီးဟာ အံ့အားသင့်သွားဟန်နဲ့ ညစ်စုတ်စုတ် အမူအရာတွေ ပြလာပါတယ်။ ခပ်ကြမ်းကြမ်း စကားတွေ အော်ကြီးဟစ်ကျယ် ပြောဆိုလိုက်တာကြောင့် အနီးအနားက အမျိုးသားတွေကပါ ပြူးတူးပြဲတဲ အကြည့်တွေနဲ့ ၀ိုင်းကြည့် လာကြတယ်။ ဘရိုက်တန် တစ်ဝိုက်မှာ ရှိတဲ့ အိုးအိမ်မဲ့ တွေတိုင်းက အခုဆို ကျွန်မကို မှတ်မိလာကြပါပြီ။ ကျွန်မ လန်ဒန်ကို ပြန်မှဖြစ်မယ်ဆိုတဲ့ အချက် ပေးသံတွေ ဦးနှောက်က လက်ခံ ကြားသိရပြီ။

ဒါနဲ့ပဲ လန်ဒန်ကို ကျွန်မ ပြန်ခဲ့တယ်။ ဒီလို ဆိုတော့လည်း လန်ဒန်မှာ မြို့ရဲ့ အိမ်ရာရှေ့ လမ်းတွေမှာ အခမဲ့ ကားရပ်နားဖို့ အတွက် ခက်ခဲ သွားပြန်ပါလေရော။ တစ်ခါတစ်ရံမှာ ကားရပ်နားခွင့် လက်မှတ်နဲ့ပဲ တစ်ညလုံး အချိန်ဖြုန်း လိုက်ရတာ လည်းရှိခဲ့တယ်။ တစ်နေ့ ကားထဲကနေ အိပ်မှုန်စုံမွှား နိုးထလာတဲ့ ကျွန်မကို မြင်သွားတဲ့ ပေါ်တူဂီလူမျိုး ယာဉ်စောင့်တစ်ဦးက ရေသုတ်တံမှာ ကားရပ်နားခွင့် လက်မှတ်အသစ် တစ်စောင်ကို ဖိညှပ်လိုက်ရင်း……++

ွ“မိန်းကလေးရေ ၊ မင်းဆေးရုံမှာ အမြဲပဲ ကားထိုးလေ့ ရှိသလား။ လုံခြုံရေး အစောင့်တွေကတော့ အမြဲ စစ်ဆေးနေတာပါပဲ။ ဒါပေမဲ့ ငါတို့ ဘာဆိုတာကို သူတို့ အခုထိ သေချာ မသိကြသေးပါဘူး။ ဟုတ်တယ် မဟုတ်လားဍ္ဎဍ္ဎ ”

အဲဒီလို တစ်ဆက်တည်း ပြောချလိုက်ပြီးတော့ မျက်စိတစ်ဖက် မှိတ်ပြသွား လိုက်ပါသေးတယ်။ အဲဒီ အခိုက်အတန့်လေးမှာ ရှက်ရွံ့မှုတွေဟာ ကျွန်မရဲ့ အရိုး၊ အကြောတွေထဲမှာ လူးလားဆန်ခတ် ပြေးလွှားကုန်ကြပါပြီ။ ဒီလိုနဲ့ ကျွန်မ ကားရပ်နားဖို့ အတွက် ဆေးရုံတွေကို ရွေးချယ်လိုက်တယ်။ ဆေးရုံတွေမှာ ကားပတ်ကင် ထိုးရတာဟာ တစ်နေ့လုံးအတွက် ကားကို စိတ်ချလက်ချ ထားနိုင်သလို ရေချိုးဖို့လည်း အခွင့်အရေး ရပါတယ်။ကံကောင်းရင် ၀န်ထမ်းအယောင်ဆောင်ပြီး ဆေးရုံကင်တင်း ကိုတောင်မှ အသုံးပြုခွင့် ရနိုင်သေးတယ်လေ။

ကျွန်မျွအိုးအိမ် အကြံပေး အဖွဲ့အစည်း နဲ့ ကုသိုလ်ဖြစ် အဖွဲ့တွေဆီကို သွားခဲ့တယ်။ ကျွန်မမျှော်လင့်တာက အိမ်ခန်း တစ်ခန်းအတွက် စပေါ်တင်နိုင်မယ့် ငွေကြေးပမာဏ ရရှိရေးအတွက်ပါ။ ဒါပေမဲ့ သူတို့အားလုံးက ကျွန်မရဲ့ နေရပ်လိပ်စာကိုပဲ တွင်တွင် တောင်းနေကြတယ်။ ခက်တာက ကျွန်မဟာ အိုးအိမ်မဲ့ တစ်ယောက် ဖြစ်တယ် ဆိုတာ အခုချိန်ထိ ဘယ်သူ့ ကိုမှ အသိ မပေးဝံ့ သေးပါဘူး။ သစ်တော စပ်စပ်က လမ်းကြားလေးမှာ ကျွန်မရဲ့ ကားလေး နေရာယူ ခိုနားခဲ့ရပြန်တယ်။ မှောင်မည်း တိတ်ဆိတ်မှုက ကြောက်ရွံ့စရာ အခြေအနေနဲ့ ရင်ဆိုင်ရဖွယ် ရှိကောင်း ရှိနိုင်ပေမဲ့ မနက်ခင်းတွေမှာ ရရှိလေ့ရှိတဲ့ လူတွေရဲ့ ပြူးတူးပြဲတဲ စူးစမ်းတဲ့ အကြည့် ရိုင်းရိုင်းတွေကိုတော့ ရှောင်တိမ်းနိုင်မယ်လေ။ ဒါကြောင့် ကျွန်မကတော့ ဟောဒီ သစ်တော စပ်စပ်နေရာလေးကို သဘောကျနေမိတယ်။

ဒီလိုနဲ့ နွေရာသီကနေ ဆောင်းရာသီကို ကူးပြောင်းလာခဲ့ပြီ။ ရာသီဥတုကလည်း ဆိုးဆိုးရွားရွား အေးခဲလာပါပြီ။ ကျွန်မရဲ့ ခန္ဓာကိုယ်မှာ ဦးထုပ်တွေ ၊ခြေအိတ်တွေ ၀တ်နိုင်သမျှ အထပ်လိုက် ၊ အလွှာလိုက် အများကြီး ၀တ်ရပါတယ်။ ဒါတောင်မှ ကျွန်မရဲ့ သွေးထဲမှာ ငွေရောင်ရေခဲတွေ ထိုးဖောက်ဝင်ရောက် သွားခဲ့ပြီလို့ ထင်ရလောက်အောင် အအေးဒဏ်ကို ခံစားနေရဆဲပါ။ ခရစ်စမတ် မနက်ခင်းတစ်ခုမှာ ကားမှန်တံခါးမှာ ကပ်တွယ်နေတဲ့ ရေခဲစတွေကို ခပ်ကြမ်းကြမ်း ပွတ်တိုက် ဖယ်ရှားလိုက်ပြီး အပြင်ဘက်ဆီ ကျွန်မ ငေးမော မိပါတယ်။ အအေးဒဏ်ကို ကာကွယ်ဖို့ coffee ဆိုင်လေးတွေ စောစောစီးစီး ဖွင့်နေကြပါပြီ။ ဆောင်းအေးအေး နေ့ရက်တွေရဲ့ နေ့ခင်းဘက်တွေမှာ အအေးဒဏ်ကို ကာကွယ်နိုင်တဲ့ နေရာတွေထဲမှာ ကျွန်မ သဘောအကျ ဆုံးကတော့ အများသုံး စာကြည့်တိုက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ငွေကြေးကုန်ကျစရာ မလိုဘဲ အအေးဒဏ် တွေကနေ ရှောင်တိမ်းလို့ရတယ် မဟုတ်လား။

အိုးအိမ်မဲ့ ဆိုတဲ့ အခြေအနေကို ရုပ်ဖျက်ပြီး အလုပ်တွေလည်း လျှောက်နေဆဲပါပဲလေ။ တစ်နေ့ ဆေးရုံကင်တင်းမှာ ချထားတဲ့ ဆောင်းပါးတစ်ခု တွေ့လိုက်ရတယ်။ အဲဒီဆောင်းပါးက ဘလော့ဂ် စာမျက်နှာတွေ အကြောင်း ဖော်ပြထားတဲ့ ဆောင်းပါးပါ။ အင်တာနက် ဒိုင်ယာရီတွေကို ဘယ်သူမဆို ဖန်တီးရေးသားနိုင်ပြီး ဘယ်သူမဆို ၀င်ရောက် ဖတ်ရှုနိုင်တယ်လို့ သိလိုက်ရတယ်။ ဒါနဲ့ပဲ နှင်းတွေဝေနေတဲ့ ၂၀၀၆ ဖေဖော်ဝါရီ ရက်တစ်ရက်မှာ ဘလော့ဂ် ဒေါ့ကွန်းကို ၀င်လိုက်ရင်း create blog ဆိုတဲ့ ခလုတ်လေး ကို နှိပ်လိုက်ပါတယ်။ကျွန်မ ဘလော့ဂ်တစ်ခု လုပ်ဖြစ်ခဲ့တယ်။ ဘလော့ဂ်တစ်ခု ယူတော့မယ်ဆိုရင် စိတ်ကြိုက် နာမည်ကို ရွေးချယ်ဖို့ လိုပါတယ်။ ကျွန်မကတော့ ခရီးသွားကလောင်ရှင် (wanderingscribe)လို့ အမည်ပေး လိုက်တယ်။ ကျွန်မ အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွ နေပါတယ်။ နက်နက် ရှိုင်းရှိုင်း ခပ်ပြင်းပြင်း အသက်ရှူသွင်းလိုက်ရင်း ကျွန်မဟာ အိုးမဲ့အိမ်မဲ့ တစ်ယောက် ဖြစ်တယ် ဆိုတာ ရင်ဖွင့်ရေးချပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ွပြီးခဲ့တဲ့ညက လေပြင်းတွေ တိုက်လိုက်တာ။ မိုးကလည်း အကြမ်းပတမ်းကြီးကို ရွာချနေ ပါသေးတယ်။ သစ်ကိုင်းတွေဟာ မထိန်းနိုင်၊ မသိမ်းနိုင် လှုပ်ခါယိမ်းထိုးလို့။ ကျွန်မရဲ့ ကားလေး စတည်းချနားခိုရာ လမ်းကြားလေးဟာ လုံခြုံမှု မရှိတော့သလို ခံစားနေရတယ်။ ချမ်းစိမ့်လွန်းတဲ့ ဒဏ်ကို ရှောင်ရှားရင်း အိပ်ရာအိတ်ထဲ နစ်ဝင် စိုက်ထည့်ထားတဲ့ ကျွန်မရဲ့ ဦးခေါင်းဟာ ညာဘက်က ဇစ်နဲ့ ဖိမိနေတာကြောင့် အသက်ရှူရ ခက်ခဲနေခဲ့တယ်။ ကားမှန်တံခါး တွေဟာလည်း ရေငွေ့တွေ ရိုက်ခတ် နေလိုက်တာများ………++ အဲဒ်ီလို အစချီပြီး ကျွန်မစိတ်ထဲမှာ ခံစားရသမျှ ဖွင့်အံရေးချနေမိတယ်။ ကျွန်မ ရေးဖူးသမျှတွေထဲမှာ ဒီစာတွေဟာ ရေးသားရတာ အခက်ခဲဆုံး စာတွေပဲလို့ ပြောရပါမယ်။ ဒါပေမဲ့ ကျွန်မ တတ်စွမ်းသလောက် စိတ်ထဲရှိသမျှ ဒလဟော သွန်ချ ရေးသားနေမိ ခဲ့ပါတယ်။ ဘလော့ဂ်တွေဟာ စာဖတ်သူတွေရဲ့ အမြင်တွေကိုပါ ရေးပေးထားနိုင်တယ် မဟုတ်လား။ ဘလော့ဂ်တွေ သန်းပေါင်းများစွာ ရှိနေတာကြောင့် ကျွန်မရဲ့ ဘလော့ဂ်ကို တစ်ဦးဦးက မြင်တွေ့ဖတ်ရှုမိသွားဖို့ ကျွန်မ အလွန်အမင်း မျှော်လင့်နေမိပါတယ်။ သူတို့ တကယ်ပဲ အလုပ်တွေ လုပ်ခဲ့ကြတယ်။ သူတို့ ဆိုတာက ကျွန်မရဲ့ ဘလော့ဂ်ကို ဖတ်မိတဲ့ သူတွေပေါ့။ ကျွန်မ ပထမဆုံး ရေးခဲ့တဲ့နေ့မှာပဲ မက်ဆေ့ခ်ျ(message) ၁၂ ခုတောင်မှ ထားရစ်ခဲ့ကြတယ်။ အဲဒီနေ့မှာ ၀မ်းသာအားရ ရှိလွန်းလို့ စာကြည့်တိုက် လေးဆီ တစ်နေ့တည်း ငါးကြိမ်၊ ခြောက်ကြိမ်လောက် သွာြး သွားကြည့်နေခဲ့ မိတယ်။ ကျွန်မ ဘလော့ဂ်ကို တစ်ခါ ဖတ်မိတိုင်း မက်ဆေ့ခ်ျတွေ ပိုပို များများ လာနေတာတွေ့ရတယ်။ သိပ်ကို အားရစရာ ကောင်းတာပါပဲ။

နောက်တစ်နေ့ မနက်ရောက်တော့ ကျွန်မ ဘာကိုမှ စောင့်ဆိုင်း မနေနိုင်တော့ဘူး၊ စာကြည့်တိုက် ဖွင့်ဖွင့်ချင်း အပြေးအလွှား သွားလိုက်တယ်။ နောက်ရက်တွေမှာ တစ်နေ့ပြီး တစ်နေ့ ကျွန်မရဲ့ ဘ၀၊ကျွန်မရဲ့ နေရက်၊ ကျွန်မရဲ့ အခိျန်၊ ကျွန်မရဲ့ အခြေအနေတွေ အကြောင်း ရေးနေခဲ့တယ်။ ကျွန်မရဲ့ ဘလော့ဂ်လေးက ကျွန်မရဲ့ တစ်နေ့တာ အလုပ်တွေကို ပြီးမြောက် နေစေခဲ့တယ်။ ကျွန်မဟာ ကျွန်မရဲ့ အပြင်ဘက်က တကယ့်ကမ္ဘာနဲ့ ဝေးကွာတဲ့ သီးသန့်ကမ္ဘာတစ်ခုမှာ ငြင်းဆန်မှုတွေကို ကြောက်ရွံ့ထိတ်လန့် နေဖို့ မလိုဘူး။ သနားကရုဏာသက်မှု၊ အထင်အမြင်သေး ရှုံ့ချမှု၊အဲဒါတွေ ဘာဆို ဘာတစ်ခုမှ ရှိမနေကြဘူး။ အဲဒီနေရာလေးမှာ အမည်မရှိ တစ်ဦးအဖြစ် ရှင်သန်နေထိုင်နိုင်သလို လုံခြုံမှုကလည်း အပြည့်အ၀ ရှိနေတယ်။ မော်နီတာ တစ်ဖက်မှာရှိနေတဲ့ ကမ္ဘာတစ်ဖက်ခြမ်းက လူတွေ အများကြီးနဲ့ ဒီလိုဆက်သွယ်ဟာ ကျွန်မဘ၀ကို တဖန်ပြန်စဖို့ အားသစ်တွေ ယူဆောင်လာပေး တာပါပဲ။

တစ်ဦးတစ်ယောက်ကမှ အထင်အမြင်သေးတဲ့ မက်ဆေ့ခ်ျမျိုး မပေးကြတဲ့အတွက် ကျွန်မ စိတ်အေးချမ်းသာ ရှိလှတယ်။ ကျွန်မ ဘလော့ဂ်ကို ဖတ်ရှုခဲ့ ကြသူတွေက ကျွန်မကို အားပေး ချီးမြှောက်ကြတယ်။ နေအိမ် မရှိတဲ့ ကိစ္စရပ်တွေဟာ ကျွန်မတစ်ဦးတည်းမှာ ကံတရား ချွတ်ချော်တိမ်းပါးပြီး ဖြစ်ပွားတာ မဟုတ်ဘဲ တခြားသူ တွေမှာပါ ဖြစ်ပျက် နေကြတာတွေကို ကိန်းဂဏန်းတွေနဲ့၊ အချက်အလက် တွေနဲ့ပါ တင်ပြလာခဲ့ကြတယ်။ အိမ်ဈေးနှုန်းတွေဟာ လူတွေကို ရူးလောက်အောင် တိုးမြင့်လာတာတွေ၊ အကြွေး ၀ဲဂယက်ထဲ လူးလူးလိမ့်လိမ့် မွှေနှောက် ခံနေရတာတွေပါ ပြောလာကြတယ်။ ဘ၀ခရီးလမ်းမှာ လျှောက်လှမ်းနေရတဲ့ လူတွေရဲ့ ခြေထောက်တွေ ကို ဘဏ္ဍာရေး ကြိုးမျှင်တွေက ပိုမိုတင်းကျပ်စွာ တုပ်နှောင် လာမှုကြောင့် ခက်ခက်ခဲခဲ ရုန်းကန် နေကြရတယ် ဆိုတာတွေပါ ကျွန်မ သိလာရတယ်။ ထုတ်ကုန်လုပ်ငန်း လုပ်ဆောင်နေသူ ၊ ချီရှိုင်းယားရပ်မှာ အဆင့်မြင့် အိပ်ခန်း ၅ ခန်းပါ အိမ်ကို ပိုင်ဆိုင်သူ စတူးဝပ်ဆိုတဲ့ အမျိုးသားတစ်ဦး ဟာလည်း အကြွေးစာရင်းတွေ ပေးချေနိုင်ဖို့ ရုန်းကန်နေရတယ်၊ သူ့ရဲ့ အဖြစ်အပျက်တွေကို မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကိုပါ မပြောဝံ့တဲ့ အကြောင်းတွေပါ သူ့ရဲ့ ဘလော့ဂ်မှာ ရေးသားလာခဲ့ကြတယ်။ နေ့ရက်တစ်ရက်ဟာ ရက်သတ္တပတ် တစ်ပတ်ကို ဘယ်လို ဦးဆောင် ယူငင်သွားမလဲ၊ အဲဒီ ရက်သတ္တတစ်ပတ်ဟာ နောက်ထပ် ရက်သတ္တတစ်ပတ် ကို ဘယ်လို လက်ဆင့် ကမ်းသွားကြမလဲ………။

ကျွန်မတို့ လူ့အဖွဲ့အစည်းထဲမှာ ချွတ်ချော် တိမ်းပါးမှုတွေ မြန်မြန် ဆန်ဆန်ကြီး ဖြစ်ပွားနေကြပြီ ဆိုတာ ကျွန်မ နားလည် သဘော ပေါက်လာတယ်။ အဲဒါကြောင့် အခုတော့ ကျွန်မ ရှက်ရွံခြင်း ဆိုတဲ့ခံစားမှု တသစိုးတစိမျှ မခံစားရတော့ပါဘူး။ အအေးဓာတ် သိပ်သည်းနေတဲ့ အင်္ဂါနေ့ တစ်နေ့မှာ ကျန်မရဲ့ အီးမေးလ် ဘောက်စ်ကို ဖွင့်ကြည့်လိုက်တော့ နှင်းတွေကြားထဲမှာ ကျွန်မဘယ်လို ရှင်သန် နေရသလဲလို့ စိတ်ပူနေကြတဲ့ ဘလော့ဂ်ဂါ (blogger) တွေရဲ့ မေးလ်တွေ အများကြီး အများကြီးပဲ တွေ့လိုက်ရတယ်။ နယူးယော့ခ် တိုင်းမ် ဂျာနယ်လစ် တစ်ဦးက ကျွန်မကို တွေ့ဆုံမိဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းစကား ပါးထားတဲ့ မေးလ်တစ်စောင်ကိုလည်း ဖတ်လိုက် ရပါသေးတယ်။ျွအိုင်ရန်အာဘီနာဍ္ဎ ဟာ အမေရိက တစ်ဝိုက်မှာရှိတဲ့ ၊ ကားထဲမှာ နေထိုင်ရသူတွေ အကြောင်းကို ဆောင်းပါး ရေးသားဖို့ သုတေသန ပြုနေသူတစ်ဦး ဖြစ်တယ်။ ကျွန်မတို့ အီးမေးလ် အပြန်အလှန် ပေးပို့ကြပြီးတဲ့ နောက်တစ်ညမှာ ကျွန်မဆီ ဖုန်းခေါ်လာတယ်။ ကျွန်မ ဖုန်းမပြောဖြစ်တာ လပေါင်းများစွာ ရှိနေခဲ့ပါပြီ။ သူပြောလာတာက ကျွန်မရဲ့ ဘ၀ဖြစ်စဉ်ကို လေ့လာဖို့ ကြိုးစားနေတဲ့ နယူးယော့ခ်တိုင်းမ်၊ လန်ဒန်ရုံးက တစ်စုံတစ်ဦးနဲ့ တွေ့ဆုံလိုက်ဖို့ စဉ်းစား စေချင်တယ် လို့ ပြောလာပါတယ်။

ဒီလိုနဲ့ ကျွန်မရဲ့ တကယ့်ကမ္ဘာထဲက စိန့်ဘယ်ရီ Canden Branch နားက ကားပတ်ခ်(car park)တစ်ခုမှာပဲ အင်မတန် ရည်မွန်လှပြီး အသက် ၅၀ အရွယ် ရှိပြီဖြစ်တဲ့ နယူးယော့ခ်တိုင်းမ်ရုံးက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးနဲ့ ကျွန်မ လက်ခံ တွေ့ဆုံခဲ့တယ်။ အဲဒီ မွန်မွန်ရည်ရည် အမျိုးသမီးကြီးက ကျွန်မရဲ့ ကားထဲကို စွေ့ခနဲ ၀င်ထိုင်ရင်း ကျွန်မ ရှင်သန်နေခဲ့ရာ ကားထဲကို စူးစမ်းနေပါတယ်။ကျွန်မရဲ့ ညစ်စုတ်စုတ် ကားလေးအတွက် ကျွန်မအတော်ပဲ စိတ်ကသိကအောက်ဖြစ်ပြီး သူ့ကို အားနာနေမိခဲ့တယ်။ တစ်ခါတစ်ခါ စူးစူးရှရှ၊ ဆိုးဆိုးရွားရွား အနံ့တွေက ထောင်းခနဲ ရတတ်သေးတာကိုး။ ဘာလိုလိုနဲ့ ကျွန်မ အဲဒီကားလေးထဲမှာ နေလာခဲ့တာ အခုဆို ကိုးလတောင် ရှိခဲ့ပါပြီ။

ကျွန်မ အင်တာနက် ကဖီးတစ်ခုဝင်ပြီး အီးမေးလ်တွေ ဖွင့်ဖတ်ဖြစ်တဲ့ မနက်ခင်းလွန် အချိန်အထိ ကျွန်မအကြောင်း ဆောင်းပါးဟာ ပထမဆုံး စာမျက်နှာမှာ ခေါင်းကြီးသတင်း ဆောင်းပါးအဖြစ် ပါလာခဲ့တယ် ဆိုတာကို မသိသေးပါဘူး။ အီးမေးလ်တွေ ဖတ်ရင်း ဖတ်ရင်းနဲ့ သိလာရတာနဲ့ သတင်းစာကို အပြေး ကြည့်မိရသေးတယ်။ အီးမေးလ် တွေဟာလည်း နိုင်ငံ အများအပြားက ရေးပို့ လာကြတာပါ။ ယူနိုက်တက်စတိတ် နိုင်ငံ တစ်ဝိုက်က လူတွေ၊ ဘရာဇီး၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မီလာမီ နိုင်ငံက လူတွေ………' အားလုံးကပဲ စာနာနားလည်စွာ ရေးပို့ခဲ့ကြတယ်။ ကျွန်မရဲ့ ဖြစ်တည်မှုကို တစ်နှစ်ခန့် ဘယ်သူမှ မသိရှိဘဲ နေလာရာက အခုတော့ ရာပေါင်းများစွာသော တိုင်းပြည် အနှံ့အပြားက လူတွေက ကျွန်မအကြောင်းကို ခရေစေ့တွင်းကျ သိရှိ သွားခဲ့ကြပါပြီ။ အဲဒီလူတွေဆီက အကြံဉာဏ်ပေးစာ၊ အချက်အလက် ဝေမျှတဲ့ စာနဲ့ ဆုမွန်ကောင်း တောင်းပေးတဲ့ စာတွေ အစုံအလင်ပဲ လက်ခံရရှိခဲ့တယ်။ ကျွန်မ နှလုံးသား တည့်တည့်ဆီကို အလောတကြီး ပြေးဝင်လာတဲ့ အမယ်စုံ စိတ် လှုပ်ရှားမှုတွေ ရရှခဲ့ပေမဲ့ ကျွန်မ အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်း ပေးနိုင်တာမျိုးတော့ ဘယ်သူဘြယ်သူကမှ အခုထိ တကယ်ကို မကူညီနိုင်ကြပါဘူး။ ကျွန်မမှာ အခုဆို အစားအသောက် ငတ်မွတ်တာ၊ ချမ်းအေးတဲ့ ဒဏ်တွေကို အလူးအလိမ့် ခံရတာ………၊ ဒါတွေကို အပြည့်အ၀ ခံစားနေရဆဲပါ။

ကျွန်မရဲ့ စိတ်မှာ ခိုကိုးရာမဲ့ခြင်းကြီးစွာ ဖြစ်လာတဲ့ အခါတိုင်း အနီးအနားက ဘုရားကျောင်းလေးရဲ့ အရိပ်ဆီကို တိုးဝင်ခိုလှုံလေ့ရှိတယ်။ အဲဒီနေ့ကလည်း ဘုရားကျောင်း လေးဆီ အပြေးသွားခဲ့ရပြန်တယ်။ ဘုရားကျောင်း လေးထဲမှာ နိုင်ငံခြားသား တချို့ဟာ သံချေးတက်နေတဲ့ ဆီမီးခုံမှာ ဖယောင်းတိုင်တွေ ထွန်းညှိရင်း ၀တ်ပြုဆုတောင်း နေကြတယ်။ ကျွန်မမှာသာ ကျွန်မရဲ့ ဦးခေါင်းကို ကျွန်မရဲ့ လက်နှစ်ဖက် ကြားထဲ ထိုးစိုက် နှစ်မြှုပ်လိုက်ရင်း ကျွန်မရဲ့ မျက်လုံးဆီမှာ မျက်ရည်စက်တွေ ပြိုဆင်း ခုန်ထွက် လာကြတော့တယ်။ ဒီ့နောက်မှာတော့ သတင်းဌာန တစ်ခုရဲ့ နာမည်ကြီး သတင်းထောက် တစ်ဦးက ကျွန်မနဲ့ လာရောက်တွေ့ဆုံခဲ့ပြီး သူတိုရဲ့ sunday time မဂ္ဂဇင်းမှာ ကျွန်မအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြန်တယ်။

အခုဆိုရင် ကျွန်မရဲ့ မေးလ်ဘောက်စ်ကျွမေးလ်စစ်ရန်(message) ဆိုတဲ့ ခလုတ်လေးကို အကြိမ်များစွာ နှိပ်လို့ နှိပ်လို့နေမိတယ်။ အဲဒီလို နှိပ်လိုက်တိုင်းမှာလည်း အသစ် အသစ် ထပ်ထပ် ၀င်လာတဲ့ မက်ဆေ့ခ်ျ အီးမေးလ်တွေ အများကြီး ရရှိဆဲပါပဲ။ ကျွန်မရဲ့ ဘလော့ဂ် စာမျက်နှာမှာ ၀င်ရောက်ဖတ်ရှုတဲ့ ဧည့်သည် စာဖတ်သူတွေ အရေအတွက်ကို သိရှိနိုင်မယ့် counter ထည့်ထားပါတယ်။ အဲဒီကနေ ကျွန်မရဲ့ ဘလော့ဂ်ကို ဖတ်ရှုသူတွေ ကမ္ဘာတစ်ဝန်း ရာပေါင်းများစွာ ရှိနေပြီဆိုတာ သိနိုင်ခဲ့တယ်။ကျွန်မရဲ့ အံ့ဩဖွယ် အဖြစ်ဆိုးကြီးကို စိုးရွံ့စိတ်နဲ့ ၀ှက်သိမ်းထားခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ပတ်ကြာတဲ့ အခါ ပြင်သစ်၊ အီတလီ နဲ့ ချီလီ သတင်းစာတွေမှာ ကျွန်မအကြောင်း ဆောင်းပါးတွေ ပါလာကြပြန်တယ်။ အဲဒီနောက် စာပေဆိုင်ရာ အေးဂျင့် အမျိုးသမီး တစ်ဦးက ကျွန်မကို ဆက်သွယ် လာပါတယ်။အဲဒီ အမျိုးသမီးကို ကျွန်မဘ၀ရဲ့ နောက်ခံဖြစ်ရပ်တွေပါ ပြောပြဖြစ်တော့ သူမက မှတ်ချက်ချရင်း ပြောတယ်။ ကျွန်မရဲ့ ကလေးဘ၀ ဖြစ်စဉ်တွေဟာ အင်မတန် အားကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်လာဖို့ အထောက်အပံ့ကောင်းတွေ ပါပဲတဲ့။


ဒါနဲ့ပဲ ကျွန်မ အင်အားတွေ ပြည့်လာတယ်။ နောက်ရက်သတ္တတစ်ပတ် ထပ်မံ ကုန်သွားတဲ့အခါ စာကြည့်တိုက်မှာ၊ သစ်တော ခပ်စပ်စပ်လေးမှာ၊ လမ်းမီးတိုင် ဖျော့ဖျော့အောက်က ကားနားခိုရာ နေရာလေးမှာ အချိန်ရသမျှ ကျွန်မဘ၀ ဖြစ်စဉ်တွေ အားလုံးကို အင်တိုက်အားတိုက် ချချ ရေးနေမိခဲ့တယ်။ ကျွန်မရဲ့ ကားဒက်ရှ်ဘုတ်လေးပေါ်မှာ စာရွက်တွေ ပြန့်ကြဲလို့ပေါ့။အင်မတန် ဆိတ်ငြိမ်တဲ့ လမ်းကြားလေးရဲ့ မနက်ခင်းတွေတိုင်းမှာ ကျွန်မ စာတွေရေးနေဆဲပါ။ကျွန်မဘ၀ ဖြစ်ရပ်မှန်တွေနဲ့ ကျွန်မ အမှန်တကယ် ရင်ဆိုင်ကျော်လွှားခဲ့ရတွဲျ့ကားထဲက ကျွန်မရဲ့ညတွေဍ္ဎ အကြောင်းကိုပေါ။့

**************

• အန်ယာ (Anya)ရေးသားခဲ့တဲ့ အစွန့်ပစ်ခံ သို့မဟုတ် ဘာမှ မပိုင်ဆိုင်တဲ့ အမျိုးသမီးငယ်လေးရဲ့ ဖြစ်ရပ်မှန် စာအုပ်ဟာ ၂၀၀၇ မေလ အတွင်းက ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။

• ယူနိုက်တက်စတိတ်မှာ ဆန်းဒေးတိုင်းမ်ရဲ့ ဖြစ်ရပ်မှန်(Non-Fiction)အရောင်းရဆုံး စာရင်း နံပါတ်လေး ချိတ်ခဲ့ပါတယ်။

• စိတ်ဝင်စားသူတွေ အန်ယာရဲ့ ဘလော့ဂ် ကို ၀င်ရောက်ဖတ်ရှုနိုင် ပါတယ်။ ဘလော့ဂ် လိပ်စာက www.wanderingscribe.blogspot.com ပါ။

• အန်ယာဆိုတဲ့ မိန်းကလေး တစ်ယောက်ဟာ ဘက်ဆဲလား စာအုပ်ရေးသား ခဲ့သူအဖြစ် အခုတော့ အိုးအိမ်မဲ့ ဘ၀ကနေ လွတ်မြောက်သွားခဲ့ပါပြီ။ဘယ်လောက်ပဲ ဘ၀အခြေအနေတွေ ဆိုးနေပါစေ၊ အဲဒီ ဘ၀ဆိုးကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေတယ်ဆိုတာ အန်ယာဆိုတဲ့ မိန်းကလေးက လက်တွေ့ ပြသနိုင်ခဲ့တဲ့ အတွက် ကျွန်မတို့ အားလုံးအတုယူနိုင်ဖို့ မဂ္ဂဇင်း စာမျက်နှာပေါ်ကနေ ဝေငှပြောပြလိုက်တာပါ။