Saturday, October 6, 2012

“အနက်ရှိုင်းဆုံးက ဘယ်သူ့ဆီမှာ”

အလုပ်နှင့် ငွေကြေးက ၀ါးမျိုလိုက်သည့်အခါ ချစ်ခြင်းက ကစဉ့်ကလျား လွင့်စဉ်သွားခဲ့သည်။ အဲသည်ချစ်ခြင်းကို ဂျွန်ထရူး စကော့ဆိုသည့် လူငယ်လေးက သူ့ရင်ခေါင်းထဲမှာ လှလှပပ ကောက်ယူ ထိန်းသိမ်းစောင့်ရှောက်ကာ ကျွန်မအား ယနေ့ ခင်းကျင်းချပြလိုက်သည်။ သာမန်အပေါ်ယံ ချစ်ခြင်းမဟုတ်။ အနက်ရှိုင်းဆုံးသော ချစ်ခြင်း။ `ဂျွန်´ဆိုသည့် လူငယ်လေး တစ်ယောက် ကြောင့် နက်ရှိုင်းလှသည့်ချစ်ခြင်းကို ယခု ကျွန်မ နားလည် သွားရပါပြီ။

xxxxx

            `မင်္ဂလာပါ ဂျွန်ထရူးစကော့ ငါက ဘယ်လန်စိုင်း၊ ငါတို့ဒေသက ကြိုဆိုပါတယ်´

ဘယ်လန်စိုင်း ဆိုသည့် အီဘန်ရွာလူကြီး၏သား ဒေသခံတစ်ဦးက သူ့အား ခပ်မာမာ သို့သော် ရိုးဖြောင့်စွာကြိုဆိုခဲ့သည်။ ဒေသ အုပ်ချုပ်သူအရာရှိကြီး ဟင်နရီဘူးလက်ဒ်နှင့်တွေ့သည်။ `ဘာလို့ အလုပ်လုပ်တာလဲ၊ အကြွေးတွေရှိလို့လား၊ မိသားစု အတွက်လား၊ မိန်းမယူဖို့လား သူ့ကိုမေးသည်။ ဆာရာဝက်မှာ ရှိတဲ့ အီဘန်လူမျိုးတွေရဲ့ နိမ့်ကျနေသော ပညာရေးစနစ်ကို မြှင့်တင်ပေးဖို့ ဂျွန်စိတ်ဝင်စားခဲ့တာ။ ဒါ ကွယ်လွန်သွားသည့် သူ့ဖခင်၏ ဆန္ဒတစ်ခုဖြစ်သလို  ဆက်လက်အကောင်အထည်ဖော်ဖို့ကလည်း သူ့တာဝန်ပဲ ပေါ့။

“အမေဆုံးတာ ၂နှစ်ရှိပြီ၊ အဖေက ပတ်ချန်ဒေးလ်မှာ အသတ်ခံရတယ်။ အဖေမရှိတော့တဲ့နောက်ပိုင်း ရှေးဆန်လွန်းပြီး နိမ့်ကျနေတဲ့ အီဘန်တွေကို ပညာရေးပိုင်းမှာ မြှင့်တင်ပေးဖို့က ကျွန်တော့်တာဝန်ဖြစ် လာပြီလို့ ခံယူထားတယ်”

ဟင်နရီဆိုသည့် ခပ်၀၀လူက `လေသံကတော့ ကြီးကျယ်ပါ့´ဟု ခပ်ထေ့ထေ့ဆိုသည်။ သူ့ကို ခြေဆုံး ခေါင်းဆုံးကြည့်လျက် ပြောလိုက်သေးသည်။ `မင်းအရွယ်က သိပ်ငယ်သေးတော့ ဖြစ်မယ်မထင်ဘူး´တဲ့။

“မနက်ဖြန် မင်းကို ဒေသခံရွာသားတွေက ကြိုဆိုဧည့်ခံပွဲလုပ်လိမ့်မယ်”

“အဲဒီမှာ သူတို့ အလွန်အကျွံသောက်ကြမယ်၊ နတ်ဘုရားရုပ်တုတွေ ပူဇော်ပသမယ်၊ အတီးအမှုတ်တွေနဲ့ ကခုန်ကြမယ် ဟုတ်တယ်မို့လား”

စာတော်တော်ဖတ်ပုံရတယ် ဟု ဟင်နရီက ဂျွန့်ကို အထင်ကြီးသွားသည်။ တက္ကသိုလ်မှာလည်း အီဘန်လူမျိုးတွေအကြောင်း အဓိက သင်ယူခဲ့သည် သာမက အဖေချန်ရစ်ထား ခဲ့ သည့် စာအုပ်တွေကို ကြိမ်ဖန်များစွာ ဂျွန် ဖတ်မှတ်လေ့လာခဲ့ဖူးသည်။

အရာရှိငယ်အသစ်ကို ဒေသခံများက ကြိုဆိုသည့်ည။ အင်မတန်လှပလွန်းသည့် ဒေသခံမိန်းမငယ်လေးတစ်ဦးက အရက် ခွက်တွေကမ်းသည်။ ဂျွန်က မသောက်ချင်။ မသောက်ရင်ရိုင်းရာကျမယ် ဆိုသည့် ဘယ်လန်စိုင်း၏သတိပေးစကားကြောင့် တစ်ခွက် ယူသောက်ချိန်မှာ နီးကပ်လွန်းစွာ ရှိနေသည့် မိန်းမငယ် လေး၏မျက်နှာကို ရုတ်တရက်ငေးကြည့်မိကာ ဂျွန့်စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ် သွားသည်။ တိရစ္ဆာန်အရိုးဖြစ်ပုံ ရပြီး ဆေးအနက်ရောင်ခြည်ထားသည့် လည်ဆွဲတစ်စုံကို ဆွဲလျက် စောစောက မိန်းမငယ် လေး ဦးဆောင်သည့် အကမယ်လေးတွေက ကပြဖျော်ဖြေကြ သည်။ အရိုင်းဆန်ပြီး ရဲရင့်ပြတ်သားပုံရသည့် မျက်ဝန်းတစ်စုံက ဖမ်းစားမှု ကြောင့် ဂျွန့်မှာ ဘယ်နှခွက်သောက်မိမှန်းမသိတော့သည့် မူးမူးထွေထွေ ခံစားချက်တွေကို ထမ်းပိုးကာ ငေးရီရီ ကြည့်နေမိတော့သည်။ မိန်းကလေး က အကကိုရပ်ကာ သူမလည်တိုင်က လည်ဆွဲကိုချွတ်ပြီး ဂျွန့်ကို လာစွပ် ပေးသည်။ ရှိုးတိုးရှန်းတန်းဖြစ်နေသည့် ဂျွန့်ကို ဘယ်လန်စိုင်း က ပြောသည်။          

“အဲဒါ မင်းတစ်ခုခု ဒီပွဲမှာ လုပ်ပြရမယ့်သဘော၊ ရတယ်၊ သူတို့လို ကခုန်ပြမလား၊ သီချင်းဆိုမလား၊ ကဗျာရွတ်မလား၊ သုံးမျိုးလုံးလုပ်ချင်သပ ဆိုလည်း သိပ်ရ”

ဂျွန် မတ်တတ်ရပ်ကာ လူဘုံအလည်လျှောက်သွားလျက် ကဗျာတစ်ပုဒ်ရွတ်သည်။
ကန္တာရသဲမြေတွေဟာ အနီရောင်တွေနဲ့ စိုရွှဲဖုံးလွှမ်းလို့နေ…
ကျိုးကြေပွထနေတဲ့ ဒိုက်သရောတန်းကြီးတွေလည်း နီကျံခြင်းနဲ့အတူ စွန်းထင်းနေခဲ့…
ဂတ်တလင်းမြစ်ရေ ကလည်း ကာနယ်ရဲ့အသေကောင်စစ်သားတွေနဲ့ ပြည့်ကျပ်နေခဲ့…
တပ်ရင်းတစ်ခုလုံးလည်း မီးခိုးပြာမှုန်တွေနဲ့ မျက်ကန်းတစ္ဆေဖြစ်လို့
မြစ်ကမ်းပါးတွေမှာ အလောင်းကောင်တွေ အလွှာလပ်အထပ်လိုက် မို့မောက်ခဲ့ပြီ
ဟိုးဝေးဝေးက အင်္ဂလန် နိုင်ငံကြီးဆီကိုတော့ သူတို့ရဲ့ ဂုဏ်ထူးဆောင် သတင်းတွေ၊ ဂုဏ်သိက္ခာတွေ ထပ်ဆင့်လို့ ပျံ့လွင့်လို့။
ဒါပေမဲ့ ကျောင်းသားလူငယ်လေးတို့ရေ…မင်းတို့ရဲ့ စုစည်းညီညွတ်စွာထွက်ပေါ်လာတဲ့အသံတွေက အနုပညာဖန်တီးမှု တစ်ခုပဲလား…
အေး ဟုတ်ပြီ.. ဟုတ်ပါပြီ သည်းခံကြ သည်းခံကြ အော်ကြဟစ်ကြ ကစားလိုက်ကြ။
ဂျွန်၏ကဗျာရွတ်သံကို မည်သူမျှစိတ်မ၀င်စား၊ နားလည်းမလည်ကြ။ ဂျွန် ကောက်ခါငင်ကာ ဘယ်လန်စိုင်းကို လက်ဆွဲကာ ရင်ချင်းပူးကပ် လျက် တန်ဂိုအက ထကပစ်လိုက်မှ ရွာသားတွေအားလုံး သဘောအကျကြီးကျကာ အူလှိုက်သည်းလှိုက် ရယ်မောကြ သည်။ မူးခွေလဲကျသွားချိန်မှာ ဂျွန့်မျက်လုံးထဲ ခေါင်းပြတ်တွေကို လှမ်းမြင်နေသည်။

xxxx

“အီဘန်လူနေမှုပုံစံက၊ လွန်လွန်ကျွံကျွံသောက်မယ်၊ ပြင်းပြင်းထန်ထန်လုပ်မယ်၊ လက်တွေ့ကျကျ ရယ်မောမယ် ဒါပဲ”အဲသည်လို ဟင်ရနီက ရှင်းပြသည်။

“ဒါပေမဲ့ ကျွန်တော်က သူတို့အခြေကို မြှင့်တင်ပေးဖို့လာတာ၊ သူတို့ကို အရူးလိုအမူးသမားလို ဖျော်ဖြေဖို့မှမဟုတ်တာ”

ကာယာပုလုသတ္တုတွင်းစီမံကိန်းက အီဘန်တို့၏ပိုင်နက်တွင်း ကျူးကျော်ဝင်ရောက်လာကြောင်း၊ ဂျွန် အုပ်ချုပ်ရမည့်ဒေသ တစ်ဝိုက်မှာ သတ္တုတွင်းတူးသမားများ ရောက်နေကြောင်း ဟင်နရီပြောသည်။

“မင်းအလုပ်က သူတို့ရဲ့ဦးခေါင်းတွေကို ဖြတ်ပေးရမှာ”

ဂျွန် အံ့သြတုန်လှုပ်သွားသည်။

                                                                                                                   xxxxx

မနေ့က အကကောင်းသည့် မိန်းကလေး ဆယ်လီမာ ကို ဂျွန့်ဆီလာပို့သည်။ သူ့အတွက်အိပ်ရာဝင်အဖော်တဲ့။ စာချုပ်အရ ဒီ၃နှစ်မှာ သူအိမ်ထောင် မပြုရ၊ အဖော်မဲ့မှာစိုးလို့ စီစဉ်ပေးကြောင်း၊ အီဘန်ဘာသာစကားတတ်မြောက်ဖို့ အထောက်အကူ တစ်ခုဖြစ်ကြောင်း ဟင်နရီကရှင်းပြ သည်။

“ဒီ ၃နှစ်ကျော်ရင် ကော”

“အင်္ဂလန်ပြန်ပြီး အိမ်ထောင်ပြုလို့ မင်းဇနီးခေါ်လာမယ်ဆိုရင် ဆယ်လီမာက သူ့ရွာသူ ပြန်မှာပါ၊ ပြဿနာမရှိဘူး”

ဆယ်လီမာက ဘာသာစကားခြောက်မျိုးတတ်ကျွမ်းသည်။ တစ်ခုခုဆို ဂျွန်က အင်္ဂလိပ်လိုပြောလိုက်သည်နှင့် အီဘန်စကားနှင့် ဖလှယ် ပြောပြသည်။ သို့သော် ဂျွန်က ဆယ်လီမာနှင့် အတူမအိပ်၊ အမြဲငြင်းဆန်သည်။ တကယ်တော့ ဂျွန့်ကို အဖော်ပြုဖို့ ဆယ်လီမာက ရွေးချယ်ခြင်းဖြစ် သည်။ ခုထက်ထိအဖော်မပြုရသေး။ ဆယ်လီမာ ၀မ်းနည်းသလိုလို၊ ဒေါသထွက်သလိုခံစားရကာ တောထဲသွားနေမည် ဟုပြောသည်။ ရွာပြန်နေဖို့ ဂျွန် က ပြောသော်လည်း အင်္ဂလိပ်အရာရှိက လက်မခံသည့်အတွက် ရွာပြန်လာခဲ့ရသည်ဆိုလျှင် ရွာသားတွေအလယ်မှာ ကဲ့ရဲ့ပြစ်တင်ခံရကာ အရှက်ရသိမ်ငယ်ရတော့မည်တဲ့။ အီဘန်တွေရဲ့ထုံးစံက အရိုင်းဆန်သည်။ ဂျွန် ကြိုးစား ကာ ရှင်းပြလိုက်သည်။

“မင်းမလှလို့ မဟုတ်ပါဘူး၊ မင်းသိပ်လှတယ်၊ ဒါပေမဲ့ ငါ့ရဲ့ယုံကြည်မှုတစ်ခုကြောင့် မင်းနဲ့မအိပ်တာ၊ ငါတို့တိုင်းပြည်က နတ်တွေက ဒါမျိုး မကြိုက်ဘူး”

“’ဒါဖြင့် အဲဒီနတ်တွေတားမြစ်ထားလို့ ရှင်က ကျွန်မနဲ့မအိပ်တာပေါ့”

“ဟုတ်တယ်”

အံ့သြသိမ်ငယ်သွားသည့်မျက်ဝန်းလေးတွေကို ငေးကြည့်ရင်း ဂျွန့်ရင်ထဲ ထူးထူးဆန်းဆန်း ခုန်လှုပ်သွားသည်။ မရည်ရွယ်ဘဲ စကားတစ်ခွန်း လွှတ်ခနဲထွက်သွားသည်။

“ဒါပေမဲ့ ငါ ကြိုးစားကြည့်ချင်ပါတယ်”

အဲသည်ည ဂျွန်နှင့်ဆယ်လီမာ စာအုပ်တစ်အုပ် အတူဖတ်ရင်း စကားပြောကြသည်။

“ကျွန်မက အင်္ဂလိပ်သွေး တစ်ဝက်ပါတယ်၊ ကျွန်မအဖေက ကျွန်မငါးနှစ်မှာ အင်္ဂလန်ပြန်သွားခဲ့တာ”

“င့ါအဖေက ငါ လေးနှစ်မှာ ဆုံးသွားတယ်”

နက်သော နက်ရှိုင်းသော ပင်လယ်ရဲ့အောက်ခြေ၊ အဲဒီမှာ ရေတွေဟာ ဖန်သားပြင်လို ပကတိသန့်ရှင်းကြည်လင် နေမှာ…ပင်လယ်ဘုရင်ရဲ့နန်းတော်က အဲဒီဖန်သားပြင်မှာ လဲလျောင်းဖွဲ့တည်နေတာ၊ သန္တာကျောက်တွေရဲ့ နံရံ ပြီးတော့ လိပ်သည်းကျောက်ခွံတွေရဲ့ အမိုးတွေ၊ ဒါ ရေသူမလေးရဲ့ကမ္ဘာပေ…..

“မင်း အင်္ဂလိပ်လိုဖတ်နိုင်သားပဲ”

“နှလုံးသားနဲ့ဖတ်တာလေ၊ ဘာမဆို နှလုံးသားနဲ့ ကြိမ်ဖန်များစွာဖတ်လိုက်ရင် ကျွမ်းကျင်တာပဲ”

Deep, Deep ဟုရေရွတ်ရင်း အနက်ရှိုင်းဆုံး ပင်လယ်ရေအောက်ကြမ်းပြင်မှာ အတူတကွ လဲလျောင်းမိကြသည်။ ပင်လယ်ဘုရင်၏ ကြည်စင်သောနန်းတော်ကို သူတို့ရောက်ဖူးသွားသည်။ ဆယ်လီမာက ရေသူမလေးလား.. ဂျွန် ဆယ်လီမာ့ကို ချစ်သွားသည်။ နောက်တစ်နေ့ညမှာ ဂျွန်က ဆယ်လီမာ့ကို မြတ်နိုးတပ်မက်စွာ အနမ်းပေးချိန် ဆယ်လီမာက ဂျွန်ပြောခဲ့ဖူးသည့် စကားကို အစကောက်ကာ မေးတော့သည်။

“ရှင်တို့တိုင်းပြည်က နတ်တွေ အခု ဘယ်ရောက်နေလဲ”

“သူတို့လား အသက်ကြီးလို့ အနားယူသွားကြပြီ” သူတို့ ပျော်ရွှင်စွာ ရယ်မောမိကြသည်။

ဒီတစ်ကြိမ်မှာတော့ ဆယ်လီမာက ရင်ကွဲဖွယ်ရာစကား ဂျွန့်ကို ပြောခဲ့သည်။ `ကျွန်မတို့အတွက် ဒီလောက်ပဲ လုံလောက်ပါပြီ၊ အိုင်ဘန်လူမျိုး တွေမှာ ငါးညတိုင်အောင်အတူအိပ်ပြီးရင် လက်ထပ်ပြီးယူရတယ်၊ အဲဒီအဖြစ်မျိုး ရှင်မလိုလားဘူးမို့လား´ တဲ့။

                                                                                             xxxxxxx

ဂျွန်က ဆယ်လီမာ့ကို လက်ထပ်ချင်ကြောင်းပြောလျှင် ဟင်နရီအကြီးအကျယ်ပေါက်ကွဲတော့သည်။

“ငါတို့က ဥရောပမှာ အာဏာရှင် အထက်တန်းစားတွေ၊ အင်္ဂလိပ်အရာရှိတစ်ယောက်အနေနဲ့ ကိုယ့်တိုင်းပြည်အရှက်ရအောင် မလုပ်ရဘူး၊ မိသားစုရော အတူတူပဲ”

ဂျွန်က ဟင်နရီမျက်နှာကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

“ဒေသခံမိန်းမနဲ့ အတူအိပ်ဖို့တော့ခွင့်ပြုပြီး ဘာလို့လက်မထပ်နိုင်ရမှာလဲ”

“သူ့အတွက် မင်းက ပထမဆုံးမဟုတ်ဘူး သိရဲ့လားကွ”

ဒါကတော့ ဆယ်လီမာက အီဘန်သူလေးဖြစ်နေတာကိုး၊ အီဘန်တို့ရဲ့ ထုံးတမ်းစဉ်လာအရ တာဝန်တစ်ခုလို လည်စင်းခံပေး ဆပ်နေရတာကိုး။ ဒါကိုအကုန် ချုပ်ငြိမ်းစေချင်ပြီ။ ကျွန်တော်ဟာ သူ့အတွက် ပထမဆုံးမဟုတ်တော့ ဘာဖြစ်လဲ၊ ပထမ ဒုတိယ က အရေးမကြီး၊ အဓိက က နက်ရှိုင်းစွာချစ်ဖို့ပဲ မဟုတ်လား၊ သည်အတွေးနဲ့ ဂျွန် စိတ်ဆုံးဖြတ်လိုက်သည်။ ဆယ်လီမာကိုလက်ထပ်မည်။ သို့သော် ဟင်နရီ၏သမီး စီဆီးလီ က ဂျွန်ကိုအပိုင်လိုချင်နေသည်။ မစ္စစ်ဟင်နရီက ဂျွန့်ကို တိုးတိုးတိတ်တိတ်ခြိမ်းခြောက်သည်။

“အီဘန်တွေအတွက် စာသင်ကျောင်းထူထောင်ချင်တဲ့ကိစ္စ ငါတို့ကောင်းကောင်း ကူညီနိုင်တယ်၊ ဒါပေမဲ့ စီဆီးလီကို မင်းပျော်အောင်လုပ်ပေးရ မယ်၊ ငါ့သမီးက မင်းကို သဘောကျနေတာ”

ဆယ်လီမာ့ခမျာလည်း ရွာသားအချင်းချင်းသာ အိမ်ထောင်ပြုဖို့ နားချခံနေရသည်။ ဘယ်လန်စိုင်းနှင့် လက်ထပ်ရမည်ဟု ရွာလူကြီးက ပြောသည်။ ဆယ်လီမာ့ဆီ အပြေးသွားချိန်မှာ ဂျွန် နောက်ကျခဲ့ပြီ။ သစ်သားတိုင်လုံးတွေအလယ်မှာ ဖမ်းချုပ်ခံထားရသည့် ဆယ်လီမာ့ကို မြင်လျှင် ဂျွန် ရူးမတတ်ခံစားရသည်။ ရှိသမျှအားအင်တို့သုံးကာ သစ်လုံးတိုင်တွေကို ဖြုတ်သည်။ ဟင်နရီက တစ်ခွန်းတည်း အော်ပြော သည်။

“ဂျွန်ထရူးစကော့ မင်းကို ငါအရေးယူမယ်”

သည်စကားကြားလျှင် ဆယ်လီမာတုန်လှုပ်သွားသည်။ ဂျွန့်ဘ၀ သူမကြောင့် ကသောင်းကနင်းမဖြစ်စေချင်။ အံကိုကြိတ်ကာ အားလုံးကို ကတိပေးလိုက်ရသည်။

“ကျွန်မ သူ့ကို စွန့်လွှတ်ပါ့မယ်၊ ဒီရွာကလူနဲ့ပဲ လက်ထပ်ပါ့မယ်”

xxxxx

ဘ၀ချင်းခြားသွားသော်လည်း အသည်းနှလုံးက နီးကပ်နေဆဲ။ စီဆီးလီနှင့်လက်ထပ်ပြီး ဆာရာဝက်ကို ပြန်လာချိန်မှာ ဆယ်လီမာက ဘယ်လန်စိုင်းနှင့် ကလေးတစ်ယောက်ရနေပြီ။

“သူတို့ပျော်နေကြမယ်ထင်တယ်” ဟု စီဆီးလီပြောလျှင် ဂျွန် သတိလစ်ကာ ၀င်ပြောမိသွားသည်။

“ငါက အားလုံးကို ပျော်စေချင်တာပါ”

“ဘာရယ် ဘယ်လို အားလုံး? ဟုတ်လား၊ အားလုံးဆိုတာ ဘာသဘောလဲ”ဟုမေးလျက် စီဆီးလီ မျက်နှာက ပြိုတော့မည့်မိုးလို ဖြစ်သွားသည်။ အားလုံးကို ပျော်စေချင်လို့မှ မရတာ။ ကျွန်မကိုလည်း ပျော်စေချင်၊ ဆယ်လီမာ့ကိုလည်း ပျော်စေချင် နှစ်ဦးနှစ်ဖက်လုံး ပျော်အောင် ရှင်ဘယ်လို လုပ်ပေးမှာတဲ့လဲဂျွန်..တွေးကာတွေးကာ စိတ်ကနာချင်လာသည်။ တကယ်တော့ စီဆီးလီအလုံးစုံကို သိနေခဲ့ပါသည်။ ဒီဒေသကို ရောက်ကတည်းက ဂျွန့်စိတ်တွေ မတည်မငြိမ်ဖြစ်မှန်း သိပါသည်။ အနမ်းတွေက ပေါ့ပျက်နေသည်။ အမေ့ ရှေ့မှာ သမီးဖြစ်သူကို ဂရုစိုက်ဟန်နဲ့ ဟန်လုပ်နမ်းပြတတ်သည်။ သူမအနားမှာနေလျက် စိတ်က ဆယ်လီမာ့ထံရောက်နေတတ်သည်။ ဆိုးတာက ဆယ်လီမာ့ဓာတ်ပုံတစ်ပုံကို ဂျွန်ဆီမှာတွေ့ရတာ ပါပဲ။ အရမ်းလှတယ် ပြောရင်း စီဆီးလီမနာလိုဖြစ်ရသည်။ ဆယ်လီမာက လှတယ်မို့လား ဟု မေးလျှင်တော့ ဂျွန်က သူ့စတိုင်နဲ့သူပေါ့ကွာ တဲ့ ဝေ့လည်လည်လုပ်ပစ်သည်။

            မမျှော်လင့်ဘဲ မြစ်ဆိပ်တစ်နေရာတွင် ဆယ်လီမာနှင့်အတူ ကလေးတစ်ယောက်ကို မြင်လိုက်ရလျှင် ဂျွန်သွေးပျက်သွားတော့ သည်။ ကလေးက ဘယ်လန်စိုင်းနှင့် နှမ်းစေ့တစ်စေ့စာပင် တူတာမရှိ၊ သူ့လို လူဖြူ အင်္ဂလိပ်ရုပ်မှ အင်္ဂလိပ်ရုပ်။ ဆယ်လီမာရှိရာ ခိုးသွား ကာ သားကို တွေ့ခွင့်တောင်းရသည်။ ဆယ်လီမာကပြတ်သည်။ မြန်မြန်ကြည့်၊ ကျွန်မတို့ကို ဒီပုံစံနဲ့တွေ့ရင် သူတို့သတ်လိမ့်မယ်တဲ့။ဆယ် လီမာက သူရင်ကွဲအောင် ပြောရက်သေးသည်။ `ကျွန်မကိုယ်ဝန်ရှိမှန်းသိသိကြီးနဲ့ ဘယ်လန်စိုင်းကလက်ထပ်ခဲ့တယ်၊ ဒါကြောင့် ဒီကလေးက ဘယ်လန်စိုင်းရဲ့သားပဲ´တဲ့။

            ဆယ်လီမာ့ရင်ခွင်ထဲက ကလေးကို တုန်ခိုက်စွာကြည့်လျက် ဆယ်လီမာရွတ်ပြခဲ့ဖူးသည့် ကဗျာတစ်စကို ဂျွန် ရွတ်လိုက်သည်။

နက်သော နက်ရှိုင်းသော ပင်လယ်ရဲ့အောက်ခြေ၊ အဲဒီမှာ ရေတွေဟာ ဖန်သားပြင်လို ပကတိသန့်ရှင်းကြည်လင် နေမှာ…ပင်လယ်ဘုရင်ရဲ့ နန်းတော်က အဲဒီဖန်သားပြင်မှာ လဲလျောင်းဖွဲ့တည်နေတာ၊ သန္တာကျောက်တွေရဲ့ နံရံ ပြီးတော့ လိပ်သည်းကျောက်ခွံတွေရဲ့ အမိုးတွေ၊ ဒါ ရေသူမလေးရဲ့ကမ္ဘာပေ…

ဂျွန့်ပုံစံကို ရိပ်စားမိသူ ယောက္ခမကြီးမစ္စစ်ဟင်နရီက စောင်းကာမြောင်းကာ စကားဆိုသည်။ `ငါ ဘာလို့ ဟင်နရီနောက် လိုက်နေတာလဲသိ လား၊ သူ့ကိုစိတ်မချလို့ သူ့ရဲ့မိန်းကလေးဆီ ပြန်ပါသွားမှာ စိုးလို့ပဲ´။ သည်ကြားထဲ တစ်ည ဂျွန်အိပ်နေတုန်း လူတစ်ယောက်က ခြင်ထောင်ကို ခွဲကာ ဓားဖြင့် ထိုးခဲ့သည်။ ဘယ်လန်စိုင်း။

မတတ်နိုင်၊ စစ်ဆေးကာ အမိန့်ချမှတ်ဖို့ ဂျွန့်မှတာဝန်ရှိသည်။

“မင်း ငါ့ကို သတ်ချင်တာလား နာကျင်ရုံလေး လုပ်တာလား”မေးလျှင် ဘယ်လန်စိုင်းက `သတ်ချင်တာ´တဲ့။ `သတ်ဖို့ရည်ရွယ်ပြီးလာတာလား၊ ရုတ်တရက်စိတ်ရိုင်းဝင်လို့လား´ `သတ်ဖို့လာတာ´။ အပြစ်လျှော့ပေါ့ပေးနိုင်အောင် အမျိုးမျိုး လှည့်ပတ်မေးပေးနေသော်လည်း ဘယ်လန်စိုင်းအဖြေက ပြတ်သားနေသည်။ သည်လောက်တောင်မှ သူ့ကိုမုန်းတီးနေပြီပေါ့။

ဆယ်လီမာက သူ့အား လာရောက်တောင်းပန်တိုးလျှိုးနေပြန်သည်။ `ဘယ်လန်စိုင်းက ကလေးအတွက် ဖခင်ကောင်းတစ်ယောက်မို့၊ သူ့ကို သေမိန့်မချပါနဲ့၊ အပြစ်လွှတ်ပေးပါ´။ `မပေးနိုင်ဘူး´ဟု ဂျွန်ဖြေလျှင် ဆယ်လီမာ တုန်လှုပ်သွားသည်။ နောက်တစ်နေ့မှာ ဘယ်လန်စိုင်းကို ဂျွန်က သေမိန့်ချလိုက်သည်။ မသေမချင်းကြိးကွင်းစွပ်သတ်စေ။ သို့ပေမဲ့ အဲသည်ည လူခြေတိတ်ချိန်မှာ ဘယ်လန်စိုင်းကို ဂျွန် လွှတ်ပေးခဲ့သည်။ ဒါဟာ အလဲအလှယ် ၊ အလျော်အစား တစ်ခုပဲလား မဆိုနိုင်။ ဆယ်လီမာနှင့်ကလေးကို ခေါ်ယူကာ ဂျွန်က ထွက်ပြေးတော့မည်။

စီဆီးလီမှာလည်း ဘ၀တစ်ခုလုံးနှင့်ရင်းကာ ချစ်ရသူမို့ ဂျွန့်စိတ်ကို နောကြေအောင် သိနေခဲ့ပါပြီ။ ဂျွန့်ကို ချုပ်နှောင်မထားလိုတော့။

“ရှင်နဲ့ ဆယ်လီမာကို ပျော်စေချင်ပါတယ်၊ ရှင်သွားပါတော့”။ သူမ ၀မ်းဗိုက်ကလေးကို ပုတ်ကာ ပြောလိုက်သေးသည်။ `ရှင်နဲ့ပတ်သက်တာ ဒီမှာ ချန်ထားခဲ့ပြီပဲ ကျွန်မ ကျေနပ်ပါတယ်´တဲ့။

xxxxx

စီဆီးလီ၏အမေကတော့ အကြီးအကျယ်ဒေါသထွက်ပြီ။ နဗီးလ်အပါအ၀င် ဟင်နရီ၏လူတွေကို ဂျွန်နှင့်ဆယ်လီမာအား မတွေ့တွေ့အောင် ရှာခိုင်းနေပြီ။ စီဆီးလီက ငြိမ်ငြိမ်ကလေးထိုင်နေရာက သူမအမေကို မကြည့်ဘဲ ပြောလိုက်သည်။

“ရှာတာက ရှာပါ၊ ဒါပေမဲ့ ဂျွန့်ကို ဘာမှမထိခိုက်စေချင်ဘူး၊ ကျွန်မ ညီမ ဆယ်လီမာ ကိုရောပေါ့”

တကယ်တော့ ဟင်နရီ့မှာလည်း ဂျွန့်လို အတိတ်ပုံပြင်တစ်ပုဒ် ရှိခဲ့သည်။ အီဘန်ဒေသခံမိန်းမငယ်လေးတစ်ဦးနှင့် အိပ်ရာဝင်အဖော် ပြုခဲ့ရာက ထိုမိန်းမငယ်လေးမှာ သမီးလေးကျန်ခဲ့ပါသည်။ အဲဒါ ဆယ်လီမာပေါ့။ သားမက်ဖြစ်သူ ဂျွန်နှင့်ထွက်ပြေးရန် ကြံရွယ်သည့် ဆယ်လီမာ့နောက်ကို ဟင်နရီ ခြေရာခံလိုက်မိခဲ့ချိန်မှာ ဆယ်လီမာက သူ့အား စာအုပ်လေးတစ်အုပ်ထုတ်ပေးခဲ့သည်။ အမေ့ရဲ့စာအုပ်လေး လို့ ဆယ်လီမာ ပြောပြရန်ပင်မလို။ သည်စာအုပ်လေးမြင်သည်နှင့် ဟင်နရီသိပြီ။ နှစ်များစွာကွဲကွာနေခဲ့သည့် အီဘန်သွေးတစ်ဝက်နှောသည့်သမီးကို တုန်ခိုက်သောလက်များဖြင့် ပွေ့ဖက်မိခဲ့သည်။ ဘယ်တော့မှ မသေခဲ့သည့် အတိတ်ခံစားချက်တွေက ဂျွန်နှင့်ဆယ်လီမာကို လွတ်မြောက်ခွင့်ပေးလိုက်ဖို့ တိုက်တွန်းနေခဲ့သည်။ ဟင်နရီ အိမ်သို့ တိတ်ဆိတ်စွာပြန်လာခဲ့သည်။ ဂျွန်နှင့် ဆယ်လီမာ့ကို ဘယ်မှာမှ မတွေ့ခဲ့ဘူးပေါ့။

သမီးဖြစ်သူ စီဆီးလီနှုတ်က ထွက်ကျလာသည့် ကျွန်မညီမ ဆယ်လီမာ ဆိုသည့် စကားကြောင့် မစ္စစ်ဟင်နရီ သွေးပျက်ချောက်ချားသွားပြီ။ ခင်ပွန်းဖြစ်သူ ဟင်နရီ၏ နက်ရှိုင်းသောအချစ်က ဘယ်သူ့ဆီမှာလဲ …သူမ ဆီမှာ မဟုတ်ခဲ့ဘူးလား၊ မတွေးလိုတော့ပါပြီ။ အရာရာပြီးဆုံးခဲ့ပြီဟု သဘောထားကာ နေလိုက်ကြရုံသာ။

ဂျွန်ကတော့ ဘ၀သစ် ဆိုမလား၊ ဘ၀ဟောင်းကို တစ်ဖန် ပြန်လှုပ်နှိုးတယ် ဆိုမလား ဂုဏ်ရှိန်ပါဝါ အရာရာကို စွန့်လွှတ်ကာ ဆယ်လီမာ၊  သားလေး မန်ဒါ တို့နှင့်အတူ သာမန်မိသားစုဘ၀လေးကို တည်ဆောက်တော့မည်။ ဂျွန်၏ အနက်ရှိုင်းဆုံး အချစ်က ဆယ်လီမာ့ဆီမှာ ရှိခဲ့တာ သေချာပါ သည်။

ဂုဏ်ရှန်ပါဝါ အရာရာထက် ချစ်ခြင်းမေတ္တာက အရေးကြီးကြောင်း၊ ပထမ ဖြစ်စေ ဒုတိယဖြစ်စေ အနက်ရှိုင်းဆုံးအချစ်ဖြင့် တစ်ဦးအပေါ် တစ်ဦး ချစ်တတ်ဖို့လိုကြောင်း `ဂျွန်´က ကျွန်မကို ပြောပြခဲ့ပါသည်။ အနက်ရှိုင်းဆုံးအချစ် ဆိုတာကို လှလှပပခင်းကျင်းပြသခဲ့သည့်အတွက် ဂျွန်ထရူးစကော့ ကို ကျေးဇူးတင်နေမိရင်းက လူသားအားလုံး အပေါ်ယံတွေဖယ်ခွာချပြီး အနက်ရှိုင်းဆုံးအချစ်နှင့်သာ ချစ်တတ်ကြပါစေ ဟု…တစ်ပြိုင်တည်း ဆန္ဒပြုပေးလိုက်ပါသည်။

ဂျူနီယို

2 comments:

  1. အဲဒီလို ရေးတတ်ချင်တယ်။ ကြိုက်တယ်။
    Bravo Wat thoe!!

    ReplyDelete
  2. မရေ..အရင်ကောမန့်က ကိုယ့်ဘာသာဖျက်ပြီး ပြန်ရေးဖို့ဟာ ဆိုက်ဒ်ကိုဝင်မရတော့လို့။ ဒီပို့စ်ဖတ်ပြီးတော့ အစ်မရေးတာမှတ်ပြီး ကမန်းကတန်း ကောမန့်ပေးမိလို့ ဖျက်လိုက်တာပါး)) အစ်မတို့ ညီအစ်မတွေ ဘာသာပြန် အရမ်းတော်ကြတယ်နော်း)

    ReplyDelete