Tuesday, October 16, 2012

မြန်မာ့သူရဲကောင်းများ

အကျဉ်းချုပ်မှတ်ချက်များ

ပြူစောထီး
မြန်မာ့သမိုင်းတွင် အစောဆုံးတွေ့ရသောသူရဲကေင်းအဖြစ်မှတ်တမ်းတင်ခံရသူမှာ ပြူစောထီးဖြစ်သည်။
သာသနာသက္ကရာဇ်  ၆၅၁နှစ် အရိမန္ဒနာပေါက္ကံပြည်မှာ (ပုဂံပြည်)ရှူးပျံကြီး ၀က်ကြီး ငှက်ကြီးကျားကြီး တို့  မင်းမူရန်ပြုသဖြင့် လူတို့ ပင်ပန်းဆင်းရဲကြသည်တွင် ပြူစောထီးမှ နှိမ်နင်းအောင်မြင်ခဲ့သဖြင့် သူရဲကောင်းစာရင်းဝင်သွားသည်။

အနော်ရထာ ကျန်စစ်သား    (၁၀၄၄-၁၀၇၇)
အနော်ရထာဘုရင်နှင့် ကျန်စစ်မင်းကြီးသည် ပထမမြန်မာနိုင်ငံကိုစုစည်းထူထောင်ခဲ့သူများ ဖြစ်ပြီး ဆည်မြောင်းချောင်းကန်များစွာတူးဖေါ်ခဲ့သည်။သုဝဏ္ဏဘူမိသထုံပြည်ကို သိမ်းပိုက်ရယူခါ  ပိဋကတ်သုံးပုံသည်ဆောင်၍ ဗုဒ္မသာသနာတော်ကို နေလိုလလို ထွန်းလင်းတောက်ပစေခဲ့သည်။ ရဟန်းတုရဟန်းယောင်  အရည်းကြီးများကိုလည်း သုတ်သင်ရှင်းလင်းခဲ့သည်။အလားတူ သားတော် ကျန်စစ်သားသည်လည်းအနော်ရထာ တည်တော်မူဆဲ ရွှေစည်းခုံစေတီတော်ကို ပြီးမြောက်အောင် ဆက်လက် တည်တော်မူသည့်  သာသနာပြု သူရဲကောင်းမင်းမြတ်တပါးပင် ဖြစ်သည်။ ဘုရားပထိုး စေတီပေါင်းများစွာ တည်ထားကိုးကွယ်ကြသည်။

ကျန်စစ်သားသည် ထူးခြားသည့် လက်ရုံးရည်နှလုံးရည် ရှိသူတည်း။၎င်းသည် မွန်မင်းသမီး ခင်ဦးကို ကောက်တော်မူခါ မွန်မြန်မာ သွေးစည်းရေးကို ဆောင်ရွက်ခဲ့သည်။မိမိ၏ ရွှေနန်းတက်ပွဲ ကို လည်း မွန်ထုံးစံနှင့်အညီ ဆင်ယဉ်ကျင်းပခဲ့သည်။မွန်ဘာသာဖြင့် နန်းတက်ပွဲ အခန်းအနားကို ကျောက်စာရေးထိုးခဲ့သည်။ နိုင်ငံတော်ကို ကျစ်လစ်ခိုင်မာအောင် ပြုစု ပျိုးထောင်ခဲ့သည်။
အနော်ရထာမင်းခေတ်မှစ၍ ကျောက်စာရေးထိုးကမ္ဗည်းတင်ခြင်းဓလေ့ ထွန်းကားသည်။ နံရံဆေးရေးခြင်းအတတ် ပန်းချီရေးဆွဲခြင်းအတတ် အစရှိသည့်ပန်းချီ ပန်းပု ပန်းဘဲ ပန်းတင်း၊ပန်းရံ။ပန်းတမော့ ပန်းတိမ် ပန်းပွတ်စသည် ယွန်းထည်လုပ်ငန်း စသည် လက်မှုပညာ ပျံ့ပွားထွန်းကားသည်။ အနော်ရထာသည်နိုင်ငံကို ၃၃နှစ် အေးချမ်းသာယာစွာ အုပ်ချုပ်စိုးစံနိုင်ခဲ့သည်။

အလောင်းစည်သူ
ကျန်စစ်သား၏မြေးဖြစ်ပြီး ဖေါင်စကြာဖြင့် မြင့်မိုရ်တောင်အထိ တိုင်းခန်းလှည့်လည်ခဲ့သည်။ ဘုန်းတန်ခိုးကြီးသည်ဟု အဆိုရှိသည်။သားတော်နရသူက ခေါင်းအုံးဖြင့်ဖိသတ်ခံရသည်ဟုလည်း  သမိုင်းတွင်သည်။

ရာဇကုမာရမင်းသား
ကျန်စစ်မင်းကြီး၏ သားတော် ရာဇကုမာရသည် သမိုင်းဝင် မြစေတီမွန်မြန်မာ ကျောက်စာကို ရေးထိုးခဲ့သည်။ ဘခင်၏ကျေးဇူးတရားကို အထူး တုံ့ပြန်ခဲ့သူဖြစ်၏။ ကျန်စစ်မင်းကြီး၏ သားတော်ရင်းဖြစ်သော်လည်း မြေးတော်အလောင်းစည်သူကို ပေးပြီးဖြစ်သည့်ထီးနန်းတွင် စိတ်ဝင်စားခြင်းအလျင်းမရှိ မတပ်မက်ချေ။

အလောင်းဘုရား(၁၇၅၂--၁၇၆၀)
ရွှေဘိုမြို့ မုဆိုးခြုံရွာမှ ဦးအောင်ဇေယျသည် အကွဲကွဲအပြားပြားဖြစ်နေသော နိုင်ငံကို စုစည်း၍ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်သည်။ ကုန်းဘောင်ခေတ်မင်းဆက်ကို အစပျိုးခဲ့သူ သူရဲကောင်း တဦးဆိုလျှင်မမှားပေ။ မူးမြစ်ကိုဆည်တော်မူ၍ မဟာနန္ဒာကန်ကို တူးဖေါ်သည်။ရွှေစေတီ ရွှေချက်သိုနှင့် ရွှေဂူကြီးဘုရားတို့ကိုတည်တော်မူသည်။
သို့သော် အလောင်းဘုရားနှင့် သားတော် ဆင်ဖြူရှင် တို့ သည် ထားဝယ်ကို ထိပါးသည်ဟုဆိုကာ ယိုးဒယားသို့ ချီတက်၍ အယုဒ္ဓယကို အပြီးတိုင် မီးရှို့ ချေမှုံးဖျက်ဆီးခဲ့ခြင်းကြောင့်ထိုင်းမြန်မာ ဆက်ဆံရေးသည် ယခုတိုင် အပြင်ပန်းကြည့်သော်  ဖြောင့်ဟန်ရှိသော်လည်း အတွင်းမှာမူ ယနေ့တိုင် လှိုက်စားနေဆဲဖြစ်သည်။ ၁၇၆၀ခုနှစ်  ယိုးဒယားမှအပြန် သထုံတွင် အလောင်းဘုရားနာမကျန်းဖြစ်၍နတ်ရွာစံသည်။

ဗညားဒလ(သက္ကရစ် ၉၁၆ -၉၃၄ခုနှစ်)
မွန်သူရဲကောင်း ဗညားဒလ သည် မြန်မာ့ သမိုင်းတွင် မြန်မာ မွန် ရှမ်း ကချင် စသည် တိုင်းရင်းသားပေါင်းစုံစည်းလုံးညီညွတ်စေပြီး  ဒုတိယအကြိမ် မြန်မာနိုင်ငံကို စုစည်းတည်ထေင်ခဲ့သူ ဘုရင့်နောင်မင်းတြားကြီးနှင့် တိုင်းပြည်တည်ထောင်ဘက် ဆိုသော်မမှားပေ။ ဗညားဒလသည် လက်ရုံးရည် ရောနှလုံးရည်ပါစွမ်းဆောင်ရည်ပြည့်ဝသူဖြစ်သည်။ ”ရာဇဓိရာဇ်အရေးတော်ပုံကျမ်း”ကို မွန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရာတွင် ထူးချွန်ပြောင်မြောက်သည်။ ဗညားဒလသည် မွန်မြန်မာစစ်ပွဲတွင် မွန်တို့ စစ်ရှုံးရာမှ  ခိုဝင်လာသူဖြစ်သလော။ သုံ့ပန်းအဖြစ် ဖမ်းမိရာမှဘုရင့်နောင်မင်းတြားက လက်ရုံးရည် ထူးချွန်သည်ဟု မြှောက်စားခဲ့သလော မသဲကွဲချေ။

နှစ်ပေါင်း၃၀ကျော် ဘုရင့်နောင်အမှုကို သက်စွန့် ကျိုးပမ်းထမ်းဆောင်ခဲ့သော်လည်း ဟံသာဝတီမွန်ထီးနန်းအား မြန်မာဘုရင်ကို  မပေးလို၍ သေကြောင်း၃ကြိမ်ကြံစည်ခဲ့သူလည်းဖြစ်သည်။ ဘုရင့်နောင်က ကိုယ်ရေးကိုယ်တာကိစ္စဟု သုံးကြိမ်စလုံးခွင့်လွတ်ခဲ့၏။လင်းဇင်းအရေး တပ်ဆုတ်မှုတွင်မူ ဘုရင့်နောင်သည် သည်းမခံနိုင်ချေ။အရာမှ နှုတ်၍ ကမန်ပိုက်အရပ်သို့ အကျဉ်းပို့သည်တွင် အဖျားရောဂါဖြင့်ကွယ်လွန်သည်။ မွန်မြန်မာသည် မျိုးနွယ်တစုတည်းးဖြစ်သော်လည်း ကုန်းဘောင်ခေတ်ဟိုမှာဘက်တွင် ညီနောင် စကားများရန်ဖြစ်သလို မကြာခဏ ခိုက်ရန်ဖြစ်ပွားကြသည်။

နတ်သျှင်နောင်
တောင်ငူဘုရင် နတ်သျှင်နောင်သည် လက်ရုံးရည် ရော နှလုံးရည်ပါ ထူးချွန်ထက်မြက်သူစာဆို စစ်သည် ဖြစ်သည်။ခမည်းတော် တောင်ငူဘုရင် မင်းရဲသီဟသူ မယ်တော်မင်းခင်စော တို့မှ ဖွားမြင်သည်။
ကလောင်သွားထက်သလို ဓါးသွားလည်းထက်သူပါပေ။ သို့သော် အင်းဝဘုရင်အနောက်ဘက်လွန်မင်း၏ နိုင်ငံချဲ့ထွင် စစ်ပြုခြင်းကို မခုခံနိုင်ဘဲ (သို့မဟုတ် မိမိစံမြန်းရာ နန်းတော်ဥကင် မှန်ကင်းကို ဖြုတ်ချသဖြင့်မကျေနပ်နိုင်ဘဲ ) သံလျင်တွင် အခိုင်အခန့် စီမံနေထိုင်သူ ပေါ်တူဂီလူမျိုးဖိလစ်ဒီဘရစ်တိုနှင့် ဖိတ်ခေါ်ပူးပေါင်းမိရာတွင် အနောက်ဘက်လွန်မင်းက သစ္စာဖေါက်ဟု စွပ်စွဲကာ အဆုံးစီရင် ကွပ်မျက်ခဲ့သည်။၁၆၁၂တွင် နတ်ထီးစံသည်။

မင်းရဲကျော်စွာ (၁၃၉၀-၁၄၁၆အေဒီ)
အင်းဝဘုရင် မင်းခေါင်နှင့် မောမိဖုရား ရှင်မိနောက်တို့ သင့်မြတ်ရာမှ ဖွားမြင်သည့်သားတော် အိမ်ရှေ့မင်းသားမင်းရဲကျော်စွာသည်သက်တော်၁၂နှစ်အရွယ်ကပင် ခမည်းတော် ဘုရင်မင်းခေါင်နှင့် မွန်မင်းရာဇာဓိရာဇ်တို့ဖြစ်သည့် နှစ်လေးဆယ်နီးပါ်းကြာသော စစ်ပွဲအတွင်း စစ်မှုထမ်းခဲ့သူ အာဇာနည် သူရဲကောင်းတဦးဖြစ်သည်။ရဲရင့်သည်။ထက်မြက်သည်။ ရိုးသား၏။ စစ်သွေးစစ်မာန်ပြင်းပျ၏။
အခြားစစ်သူရဲကောင်းများကိုလည်းချီးမြှောက်တတ်သည်။ချစ်ခင် မြတ်နိုးတတ်သည်။

မွန်နှင့်ဖြစ်သော ဒလစစ်ပွဲတွင် မွန်မင်းရာဇာဓိရာဇ်က ဆင်မှကျသည့် မင်းရဲကျော်စွာကို ဖမ်းယူကာ ဆေးဝါးကုမည် သားသမက်အဖြစ်မွေးမည်  မိမိထံ ခိုလှုံပါဟုဆိုသော်လည်း” မွန်တို့ ထံ မခိုလှုံ သူ့ကျွန်အမည် မခံ သေရသော်မြတ်၏ “ဟု ပေးသောဆေးကို မသောက် ရဲရဲတောက်စကားဆို၍  အသက်အသေခံခဲ့သည်။ မိခင်နှင့်နှမကို သိမ်းပိုက်ခဲ့သောရာဇာဓိရာဇ်အား အခဲမကျေ ရင်နာစွာနတ်ပြည်စံခဲ့ရသည်။ 

ရာဇာဓိရာဇ်
မွန်ဘုရင် ရာဇာဓိရာဇ်၏ ငယ်မည် ဗညားနွဲ့။ ဟံသာဝတီဘုရင် ခမည်းတော် ဗညားဦး မယ်တော်သီရိမာလာတို့မှ ဖွားမြင်သည်။ရဲသွေးရဲမန်တက်ကြွသည်။တိုက်ရည်ခိုက်ရည် ရှိသည့် သူရဲကောင်းတဦးပါပေ။အင်းဝဘုရင်မင်းကြီးစွာသားတော်မင်းခေါင်တို့နှင့် နှစ်လေးဆယ်နီးပါးစစ်ဆင်နွဲခဲ့ကြသည်။

မင်းခေါင် (၇၃၄-)
အင်းဝဘုရင် မင်းခေါင် ငယ်နာမည် မင်းဆွေသည် အင်းဝ ဒုတိယနန်းစံမင်း မင်းကြီးစွာစော်ကဲနှင့် ကျေးတောသူမိဖုရား မိဘေဇာတို့မှ ဖွားမြင်သည်။ မွန်ဘုရင် ရာဇာဓိရာဇ်နှင့် ဖြစ်သော စစ်ပွဲတွင် အနှစ် ၃၀မက ရှည်ကြာခဲ့သည်။ထိုစစ်ပွဲအတွင်း ဆင်မှ ကျခဲ့သောမင်းခေါင်၏မိဖုရားရှင်မိနောက်နှင့် သမီိးတော် စောပြည့်ချမ်းသာ တို့ကို ရာဇဓိရာဇ်က သိမ်းပိုက်သည်။

 တပင်ရွှေထီး          --၉၁၂ခုနှစ်
ကေတုမတီ တောင်ငူဘုရင်မင်တြားရွှေထီးသည် ဘုန်းလက်ရုံးနှင့်ပြည့်စုံသောမင်းတပါးဖြစ်သည်။ရှေးမင်းများအစဉ်အလာအရ နားထွင်းတော်မူရန် နေရာကို မွန်တို့နယ်မြေ ရွှေမော်ဓေါဘုရားတွင်ပြုရန် သတ်မှတ်သည်။ ရန်သူတို့နယ်မြေ ဟု မူးမတ်တို့က ကန့်ကွက်သည်ကို ပယ်ချ၍ ရွှေမော်ဓေါဘုရားသို့ ချီတော်မူသည်။ နားထွင်းနေစဉ် ရန်သူတို့ဝိုင်းရံလာကြောင်း မူးမတ်များလျှောက်တင်ရာ “နားကိုသာ ပြီးအောင်ထွင်းပါလေ” ဟု မိန့်မြွက်သည်။  ပြီးလျှင် ကိုယ်တော်တိုင် ဓါးလှံလက်နက်စွဲကိုင်ဝှေ့ရမ်းလျက် ရှေ့ဆုံးမှ မြင်းကို ကဆုန်စိုင်း ထိုးဖေါက်ခါ ရွှေမော်ဓေါဘုရားမှ အေးဆေးစွာ ထွက်ခွာသွားသည်။
သို့ ရာတွင် ထန်းရည်မူးစဉ် မွန်အမတ် သမိန်စောထွတ်လုပ်ကြံ၍ နတ်စွာစံ ကံကုန်ခဲ့ရသည်။

ဘုရင့်နောင် (၁၅၅၁-၁၅၈၁)
ဒုတိယမြန်မာနိုင်ငံကို ထူထောင်သူမှာ တပင်ရွှေထီး၏ နောင်တော် ရှင်ရဲထွတ် သို့မဟုတ် ဘုရင့်နောင် ကျော်ထင်နော်ရထာမင်းတြားကြီးဖြစ်သည်။ တပင်ရွှေထီးနောက်  အကွဲကွဲ အပြားပြားဖြစ်နေသော မြန်မာနိုင်ငံကို စုစည်းတည်ထောင်ခဲ့သည်။ ဘုရင်နောင်၏ ဖေါင်ဖျက် စစ်ချီသည့်စစ်ဆင်ရေး နောင်ရိုးစစ်ပွဲသည် အထူးနာမည်ကျော် ထင်ရှားသည်။ဂုဏ်ယူဖွယ်လည်းဖြစ်သည်။
သူသည် ရန်သူ မိတ်ဆွေ မခွဲခြား သူရဲကောင်းမှန်လျှင် ချစ်မြတ်နိုး၍  ချီးမြှင့်မြှောက်စားသည်။ သက္ကရစ် ၉၂၁တွင် ကောင်းမှုတော် မဟာဝန်စေတီကို တည်သည်။

မဟာဗန္ဒုလ(၁၇၈၂- ၁၈၅၂)
ငယ်မည် မောင်ရစ် ဘုတလင်နယ် ငပယင်းရွာ နေ ဦးပေါက်တော ဒေါ်မယ်ငြိမ်းတို့မှဖွားမြင်သည်။အရွယ်ရောက်သော် နန်းတွင်၍ခစားသည်။အလုံမြို့ဝန်အဖြစ် ခန့်အပ်ခံရပြီးနောက် အာသံကို အောင်နိုင်ခဲ့သဖြင့်စစ်သူကြီးအရာ ထားခံရသည်။ဘကြီးတော်လက်ထက် ရှင်မဖြူကျွန်းအားထိပါးလာသော အင်္ဂလိပ်တို့ကို ခုခံ တိုက်ထုတ်ခဲ့သည်။ ပန်းဝါတိုက်ပွဲတွင် သက်စွန့်ကြိုးပမ်းထမ်းဆောင်မှုတို့ကြောင့် သူ၏ဂုဏ်သတင်းကျော်ဇောခဲ့သည်။ဓနုဖြူတွင် အင်္ဂလိပ်တို့ဖြစ်သော တိုက်ပွဲမှာ  ဗုံးဆံထိမှန်၍ ကွယ်လွန်သွားသည်။

မင်းတုန်းမင်းနှင့်ညီတော် ကနောင်မင်း
၁၂၃၂ခုနှစ်တွင် မန္တလေးမြို့တည် နန်းတည် ဘ၀ရှင် ဘုရင် မင်းတုန်းမင်းသည် ဆဌသံဂါယနာကိုလည်း  တင်တော်မူခဲ့သည်။စကျင်ကျောက် အချပ်၇၂၉ချပ်တွင် ဗုဒ္မစာပေများကိုလည်း ကမ္ဗည်းအက္ခရာတင် ရေးထိုးစေခဲ့သည်။စာပေပရိယတ္တိအထွန်းကားဆုံးကာလဟု ဆိုနိုင်သည်။ ရတနာပုံနေပြည်တော် သတင်းစာကို စတင်ထုတ်ဝေခဲ့သည်။ ငါမကောင်းလျှင် ငါ့ကိုရေး ငါ့မိဖုရားမကောင်းငါ့မိဖုရားအကြောင်းရေး ဟု မီဒီယာလွတ်လပ်ခွင့်ပေးခဲ့သူ ဖြစ်သည်။ ညီတော်ကနောင်မင်းသည် ခေတ်မှီလက်နက်နိုင်ငံအဖြစ် ထူထောင်လိုသူ မင်းတပါးဖြစ်သည်။ ထက်မြက်သောလူငယ်များကို နိုင်ငံရပ်ခြားစေလွှတ်၍ ပညာသင်စေသည်။မဲနယ် စက်ရုံ ပန်းကန်စက်ရုံ လက်နက်စက်ရုံ ကော်ဇောစက်ရုံစသည် စက်ရုံပေါင်း (၅၀)ကျော် ကို ဖွင့်လှစ် တည်ထောင်ခဲ့သည်။မြန်မာနိုင်ငံအား ခေတ်မှီတိုးတက်ဖွံ့ဖြိုးလိုသူ ကနောင်မင်းမှာ နန်းရလိုသည့်နောင်တော်မင်းတုန်းမင်း၏ သားတော်များက လုပ်ကြံသဖြင့် အချိန်မတန်မှီ နတ်ရွာလားံခဲ့ရသည်။

Florist

ပြည့်စုံမှု မရှိသေးပါ။ မှတ်ချက်ဆိုသော်လည်း ငယ်ငယ်က သင်ခဲ့ရသမျှ မှတ်မိသလောက် ပြန်ရေးပေးတာမို့ အရေးကြီးသော ဆောင်ရွက်ချက်များ ကျန်ရှိနိုင်ပါသည်။

1 comment:

  1. မြန်မာပြည်ရဲ့ ထူးချွန်ထင်ရှားတဲ့ သူရဲကောင်းတွေအကြောင်း ဖတ်သွားတယ် ဖြိုးရေ..
    ဖြိုးမေမေရေးတာ တော်တော်လေးကို ပြည့်စုံနေပါပြီ..
    အားပေးလျှက်ပါလို့နော်

    ReplyDelete