Sunday, March 4, 2012

လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ အီရန်ရဲ့ နျူကလီးယားအန္တရာယ်

အီရန်နျူကလီးယားပညာရှင်တွေကို ဘယ်သူကများလုပ်ကြံနေသလဲဆိုတာ အီရန်နိုင်ငံတွင်း လူတွေအများကြီးကမေးချင်နေကြတဲ့ မေးခွန်းတစ်ခုတော့ဖြစ်နေပါပြီ။ အီရန်နိုင်ငံကိုစောင့်ကြည့်နေကြတဲ့ ကမ္ဘာတစ်လွှားကလူတွေကလည်း သိချင်နေကြတယ်။ ဘယ်သူက နျူကလီးယားပညာရှင်တွေကို သတ်နေသလဲတဲ့။ မေးနေကြပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၁ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုတစ်ခုမှာ နာတန်ဇ်နျူကလီးယားသန့်စင်စက်ရုံက အကြီးတန်းပညာရှင် တီဟီရန်နည်းပညာတက္ကသိုလ် ပါမောက္ခ မောစတာဖာ အမာဒီရိုရှန် သေဆုံးခဲ့တယ်လို့ အီရန်အစိုးရသတင်းဌာနကပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း လှိုဝှက်တဲ့ဗုံးဖောက်ခွဲလုပ်ကြံမှုလေးခုမှာ တတိယမြောက်သေဆုံးခဲ့တဲ့ နျူကလီးယားပညာရှင်ပါ။ လုပ်ကြံမှုတစ်ခုစီမှာ တစ်ဦးဦးက ဗုံးကို ကားမှာထားခဲ့တာမျိုးတွေချည်း ဆင်တူနေခဲ့ပါတယ်။ နောက်ဆုံးသေဆုံးခဲ့တဲ့လုပ်ကြံမှုမှာ မော်တော်ဆိုင်ကယ်စီးလူနှစ်ဦးဟာ သံလိုက်ဗုံးကို နျူကလီးယားပညာရှင်ရဲ့ အီရန်ခိုဒရိုကုမ္ပဏီထုတ် ဖူးဂျော့ ၄၀၅ ကားမှာကပ်သွားခဲ့တယ်။ လုပ်ကြံသူဟာ လုပ်ကြံခံရမယ့်သူရဲ့ လမ်းကြောင်း၊ အချိန်အတိအကျ အားလုံးကို ရှင်းရှင်းလင်းလင်းသိနေခဲ့ပါတယ်။ သေးငယ်ပြီးအဆင့်မြင့်နည်းပညာနဲ့ဒီဇိုင်းထုတ်ထားတဲ့ သံလိုက်ဗုံးဟာ ပစ်မှတ်ကိုထိထိရောက်ရောက်တိုက်ခိုက်နိုင်သလို ပတ်ဝန်းကျင်ကိုပျက်စီးဆုံးရှုံးမှုမရှိအောင်လည်း အထူးစီမံထားခဲ့ပါတယ်။
နောက်ဆုံးလုပ်ကြံမှုမှာ သေဆုံးခဲ့သူ ပါမောက္ခ မောစတာဖာ အမာဒီရိုရှန်

၂၀၁၀ နိုဝင်္ဘာလက နျူကလီးယားပညာရှင် မာဂျစ် ရှာဟရီယာရီကို လုပ်ကြံခဲ့တဲ့ဗုံးနဲ့ အတူတူပါပဲ။ သေဆုံးခဲ့တဲ့ မာဂျစ် ရှာဟရီယာရီဟာ ရှာဟစ်ဒ်ဘယ်ဟက်ရှ်တီတက္ကသိုလ်ရဲ့ နျူကလီးယားအင်ဂျင်နီယာဌာနက အဖွဲ့ဝင်တစ်ဦးပါ။ အဲဒီ နိုဝင်္ဘာလမှာပဲ လက်ရှိ အနုမြူစွမ်းအင်ဌာနအကြီးအကဲဖြစ်နေတဲ့ ဖယ်ရေဒွန် အက်ဘက်စီ ဒါဗါနီလည်း လုပ်ကြံခံခဲ့ရပေမယ့် ဒဏ်ရာရရုံရခဲ့ပါတယ်။ ၂၀၁၀ခုနှစ် ဇန်န၀ါရီလမှာ ရူပဗေဒပါမောက္ခ မာဆာ့ဒ် အလီမိုဟာမာဒီရဲ့ ကားအနီးက ဗုံးတပ်ထားတဲ့ဆိုင်ကယ်ကို အဝေးထိန်းခလုတ်နှိပ်ကာဖောက်ခွဲလုပ်ကြံနိုင်ခဲ့တယ်။ ဇူလိုင်လမှာ သေနတ်သမားတစ်ဦးပစ်ခတ်မှုကြောင့် ရူပဗေဒပညာရှင် ဒါရီရပ်ရှ် ရယ်ဇိုင်းသေဆုံးခဲ့ပြီး အဲဒီသေဆုံးမှုဟာလည်း နျူကလီးယားလုပ်ငန်းစဉ်တွေနဲ့ ချိတ်ဆက်မှုရှိတယ်လို့ဆိုကြတယ်။
အီရန်အစိုးရသတင်းဌာနတွေက အစ္စရေးနဲ့ ယူနိုက်တက်စတိတ်ကို လုပ်ကြံမှုတွေမှာ နောက်ကွယ်ကကြိုးကိုင်နေကြတယ်လို့ အပြစ်တင်ခဲ့ပါတယ်။ ယူအက်စ်အတွင်းရေးမှူးဟီလာရီကလင်တန်က “အီရန်နိုင်ငံအတွင်းမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်မှု တစ်ခုမှမရှိဘူးဆိုတာ ပြတ်ပြတ်သားသားပဲ ငြင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။ “ရန်စနေတဲ့အပြုအမူ၊ နျူကလီးယားလက်နက်ရှာဖွေမှု စတာတွေကို အဆုံးသတ်နိုင်မယ့်နည်းလမ်းအတွက်လိုအပ်တဲ့ အီရန်နဲ့ အိမ်နီးချင်းနိုင်ငံတွေ အပြည်ပြည်ဆိုင်ရာအုပ်စုတွေကြားက နားလည်မှုဟာ ဖြစ်တည်လာလိမ့်မယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ အီရန်နိုင်ငံဟာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းနဲ့ပြန်လည်ပေါင်းစည်းပြီး အပြုသဘောဆောင်တဲ့အဖွဲ့ဝင်ဖြစ်လာဖို့လည်းယုံကြည်ပါတယ်” လို့ ဆိုတယ်။ အစ္စရေးကတော့ စွပ်စွဲချက်တွေနဲ့ ဆင်ခြင်သုံးသပ်မှုတွေကို ယေဘူယျအားဖြင့် မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အတွက် ပြောရေးဆိုခွင့်ရှိသူ တပ်မဟာမှူး ဗိုလ်ချုပ်ကြီး ယော့ဗ်မိုးဒါ့ချိုင်က သူ့ရဲ့ facebook စာမျက်နှာမှာတော့“အီရန်ပညာရှင်ကို ဘယ်သူကပစ်မှတ်ထားခဲ့သလည်း ကျွန်တော်စိတ်ကူးကြည့်လို့တောင့်မရပါဘူး၊ ဒါပေမယ့် ကျွန်တော်တော့ မျက်ရည်တစ်စက်ကျဖို့တောင်မလုပ်ဘူး၊ အဲဒါအသေအချာပဲ” လို့ ရေးခဲ့ပါတယ်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ အီရန်ဌာနခွဲ ဒါရိုက်တာဖြစ်ခဲ့ဖူးတဲ့ မစ်ကီစီးဂဲလ်က အစ္စရေးစစ်တပ်ရေဒီယိုကို အခုလို ပြောခဲ့ပါတယ်။ “အဲဒီလုပ်ကြံမှုဟာ သမ္မတမာမွတ်အာမက်ဒီနီဂျက်အစိုးရကိုပြချင်တဲ့ ဖိအားတွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ လက်ရှိအချိန်ကာလမှာ အီရန်မှာ ဆိုးဝါးတဲ့အခြေအနေတွေအများကြီးပဲဖြစ်နေပါတယ်။ အီရန်ဟာ ဖိအားတွေတပ်ဆင်ထားတဲ့အခြေအနေထဲမှာရောက်နေတယ်။ ခုနောက်ဆုံးဖြစ်တဲ့လုပ်ကြံမှုဟာ အီရန်အစိုးရရင်ဆိုင်နေရတဲ့ ဖိအားတွေကိုအားဖြည့်လိုက်တာပဲ” တဲ့။

လုပ်ကြံမှုရဲ့နောက်ကွယ်က အသံတိတ်အဖွဲ့အစည်းတွေ
ဘယ်သူကမှ သူတို့လက်တွေမြှောက်မပြကြပါဘူး။ ဘယ်သူကမှ ဒီလုပ်ကြံမှုတွေမှာတာဝန်ရှိတယ်ဆိုတာ ၀န်ခံခြင်းမရှိကြဘူး။ လူသတ်မှုတွေဟာ ပဟေဠိဆန်စွာဖုံးကွယ်နေဆဲပါပဲ။ ဒါပေမယ့် အစ္စရေးကတော့ အီရန်နျူကလီးယားအစီအစဉ်တွေကို အဟန့်အတားဖြစ်စေမယ့်ကိစ္စမှန်သမျှအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရတာကိုတော့ လှို့ဝှက်မနေပါဘူး။ ပြီးခဲ့တဲ့လုပ်ကြံမှုတွေမှာ အစ္စရေးက လုပ်ကြံမှုမှာ ဘယ်အပိုင်းကမှဆက်နွယ်မှုမရှိဘူးလို့ ငြင်းဆိုတဲ့အခါရှိသလို မှတ်ချက်ပေးဖို့ ငြင်းဆန်တဲ့အခါလည်းရှိခဲ့တယ်။ ဒါပေမဲ့ အစ္စရေး မောဆာ့ဒ်(Mossad)ထောက်လှမ်းရေးအေဂျင်စီ ပြည်ပအဖွဲ့တွေရဲ့ သတင်းပေးသူ၊ လှုပ်ရှားဆောင်ရွက်သူတွေလှုပ်ရှားနေတဲ့ အကောင်းဆုံးကွန်ယက်တွေဟာ အရှေ့အလယ်ပိုင်းဒေသတွေမှာ ထဲထဲဝင်ဝင်ရှိနေတယ်လို့ ယုံကြည်စရာရှိနေပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက အီရန်လူမျိုးတစ်ဦးဟာ နျူကလီးယားပညာရှင်တစ်ဦးကို လုပ်ကြံဖို့ မောဆာ့ဒ်ရဲ့ အဖွဲ့သားအဖြစ်သိမ်းသွင်းခံရတယ်လို့ ၀န်ခံခဲ့တယ်။ အဓမ္မ၀န်ခံခိုင်းမှုတွေဟာလည်း အီရန်မှာတော့ ရိုးအီနေတဲ့လုပ်ရပ်တွေပါ။ အီရန်သမ္မတ မာမွတ်အာမက်ဒီနီဂျက်က အီရန်ရဲ့ နျူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းအတွက်ဖြစ်တယ်၊ တိုင်းသူပြည်သားတွေရဲ့ စွမ်းအင်လုပ်ငန်းတွေအတွက်လို့ပဲ ပြောနေပါတယ်။

၂၀၀၉ခုနှစ်မှာ အီရန်ရဲ့ နျူကလီးယားလုပ်ငန်းရဲ့ကွန်ပျူတာစနစ်တွေကို Stuxnet ကွန်ပျူတာဗိုင်းရပ်စ်နဲ့ ၀င်ရောက်ဖျက်ဆီးမှုဖြစ်ခဲ့ပါသေးတယ်။ စက်ဒလက်ပိုင်းတွေမှာ ယာယီရပ်ဆိုင်းပျက်စီးမှုတွေဖြစ်ခဲ့တယ်။ အဲဒီတိုက်ခိုက်မှုဟာ ယူအက်စ်၊ အစ္စရေးနဲ့ ဗြိတိသျှဆိုက်ဘာကျွမ်းကျင်သူတွေ ပြုလုပ်ခဲ့ကြတာလို့ ယုံကြည်ကြပါတယ်။ “ပြိုင်ဖက်၊ ရန်ဖက်တွေလိုဖြစ်နေကြတဲ့ အစ္စရေးတွေက ပြုလုပ်နိုင်တယ်၊ အီရန်မူဂျာဟီဒင်အဖွဲ့နဲ့ ပူးပေါင်းလုပ်ကြံကြတာဖြစ်နိုင်ပါတယ်” လို့ အမျိုးသား အီရန်အမေရိကန်ကောင်စီဥက္ကဌ (“အံစာတုံးရဲ့ တစ်ဖက်တည်းသောအလှည့်: အိုဘားမားရဲ့ အီရန်နဲ့ သံခင်းတမန်ခင်း”စာအုပ်ကို ရေးသားခဲ့သူ) ထရီတာပါစီ ကပြောပါတယ်။ “လုပ်ကြံမှုတွေဟာ နျူကလီးယားလုပ်ငန်းတွေရပ်တန့်စေဖို့နဲ့ အီရန်ကိုတားဆီးနှောင့်ယှက်ဖို့ဖြစ်ပြီး၊ ဒီလိုတိုက်ခိုက်မှုတွေကို အီရန်အစိုးရက မကာကွယ်နိုင်ဘူးဆိုတာကိုလည်းပြသချင်တာပါပဲ။ တကယ်လို့ အီရန်ကသာ အကြမ်းဖက်လုပ်ရပ်တစ်ခုခုနဲ့ လက်တုံ့ပြန်လိုက်မယ်ဆိုရင် အစ္စရေးက ဒီအီရန်အစိုးရကို စစ်ရေးအရအရေးယူဆန့်ကျင်ဖို့ အကြောင်းပြချက်တစ်ခုပြစရာရသွားနိုင်တာပေါ့” လို ပါစီက ပြောခဲ့တယ်။ American Enterprise Institute က ပညာရှင်မိုက်ကယ်ရူဘင်က အစ္စရေးပါဝင်ပတ်သက်မှုက ဖြစ်နိုင်ခြေအရှိဆုံးဇာတ်ကွက်ပဲလို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးသုတေသနအဖွဲ့ Carnegie Endowment for International Peace က စီနီယာအဖွဲ့ဝင် မာခ့်ဟစ်ဘ်စ်ကလည်း အီရန်အထဲက အဖွဲ့အစည်းတစ်ခုခုနဲ့ အစ္စရေးပူးပေါင်းခဲ့ကြတာ ဖြစ်နိုင်တယ်လို့ ဆိုပြန်တယ်။ ပါစီပြောတာကတော့ လုပ်ကြံမှုတွေက ယူအက်စ်လုပ်ခဲ့တာလို့ မယုံကြည်ပါဘူး။ ယူအက်စ်ထောက်လှမ်းရေးတွေက စစ်ရေးအရပြောင်ပြောင်တင်းတင်းမကြေညာပဲ နိုင်ငံတစ်ခုထဲ ၀င်ရောက်လုပ်ရှားဖို့ဆိုတာ သူတို့ရဲ့ မူဝါဒနဲ့ မကိုက်ညီပါဘူးတဲ့။ တခြားတိုင်းပြည်အတော်တော်များများက အီရန်နျူကလီးယားကိစ္စကို စိုးရိမ်စရာလို့မြင်ကြပေမယ့် ယူအက်စ်နဲ့ အစ္စရေးကတော့ အီရန်ရဲ့ နျူကလီးယားလုပ်ငန်းတွေကို ကန့်ကွက်တာကို အမြဲပဲ ဗြောင်ကျကျပြောပါတယ်။ အစ္စရေးကသာ အီရန်ပြည်သူ့မူဂျာဟီဒင်Mujahedin-e-Khalq(MEK)အဖွဲ့ နဲ့လက်တွဲခဲ့မယ်ဆိုရင် အဲဒါအန္တရာယ်ကြီးတဲ့စွန့်စားမှုကြီးပါ။  MEK ကို ယူအက်စ်က အကြမ်းဖက်အဖွဲ့စာရင်းသွင်းထားပါတယ်။ အစ္စရေးဟာ အကြမ်းဖက်ဝါဒရဲ့ယဇ်ကောင်ဖြစ်နေတယ်၊ အကြမ်းဖက်ဝါဒကိုဆန့်ကျင်တာကိုပြဖို့ တခြားပြည်နယ်တွေကို အကြမ်းဖက်ဖိနှိပ်တာဖြစ်သွားပါလိမ့်မယ်။ မူဂျာဟီဒင်နဲ့ ပူးပေါင်းခဲ့တာသာ ပေါ်ထွက်လာခဲ့ရင် အကြမ်းဖက်ဝါဒကိုဖြိုခွင်းဖို့ အကြမ်းဖက်အုပ်စုတစ်ခုနဲ့ပူပေါင်းလိုက်တာပဲဖြစ်သွားမှာပါပဲ။ MEK ကို အကြမ်းဖက်သမားစာရင်းကပယ်ဖျက်ပေးဖို့ သဘောတူထားကြတဲ့တစ်ချို့အဖွဲ့ဝင်တွေလည်း လွှတ်တော်မှာရှိကြပါတယ်။

လေ့လာသူအများအပြားကတော့ ဘယ်သူကပဲ လုပ်ကြံမှုတွေစီစဉ်ဆောင်ရွက်နေပါစေ၊ အီရန်တွေပါဝင်နေပါတယ် လို့ဆိုတယ်။ “အီရန်ခေါင်းဆောင်တွေမှာသာ သဲလွန်စတစ်ခုခုရှိခဲ့ရင် တစ်ဦးဦးကိုစွပ်စွဲနေတာထက် အဲဒီလုပ်ကြံမှုတွေကိုအခုပဲ ရပ်တန့်ဖို့ကြိုးစားရမယ်” လို့ ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်က အရှေ့အလယ်ပိုင်းပညာရှင် ဒန်နီရယ်ဆားဝါးက ပြောပါတယ်။ မယုံနိုင်စရာအဖြစ်အပျက်တွေက ရှေ့ဆက်ဖြစ်လာနေတုန်းပဲ၊ ဘယ်သူကပဲစပွန်ဆာပေးပေးပါ၊ အီရန်တွေပါဝင်လုပ်ဆောင်နေတယ်၊ အီရန်မှာ နိုင်ငံခြားသားတွေအတွက် အင်မတန် ကျပ်တည်းတဲ့စစ်ဆေးမှုတွေရှိနေကြတယ်တဲ့။ ဒါပေမဲ့ အစ္စရေးအေးဂျင့်တွေ အီရန်နိုင်ငံတွင်းမှာရှိနေတယ်လို့ ယုံကြည်ကြသူများလည်းရှိကြတယ်။ ဘယ်သူတွေက နျူကလီးယားပညာရှင်တွေလည်းဆိုတာတွေ၊ သူတို့သွားမယ်ခရီးလမ်းကြောင်း ဘယ်လိုဆိုတာကိုလည်း အသေးစိတ်သိနေကြတယ်။ အဲဒါက အီရန်အတွင်းမှာရှိတဲ့ နိုင်ငံခြားတိုင်းပြည်တွေက ထောက်လှမ်းရေးအဖွဲ့တွေရဲ့ ပါးနပ်မှုမျိုးလို့ ဆိုကြတယ်။ နျူကလီးယားအစီအစဉ်ဟာ လက်ရှိအီရန်အစိုးရယန္တရားအတွက် အင်မတန်အားပြင်းစေမယ့်လက်နက်ဖြစ်နေတာကြောင့် ဒီလိုအလုပ်မျိုးကို အီရန်ပြင်ပက အထောက်အပံ့တွေမယူပဲနဲ့ အစိုးရကိုဆန့်ကျင်တဲ့အီရန်အဖွဲ့အစည်းတွေကလုပ်နိုင်တယ်လို့လည်း ယူဆကြပါတယ်။ အာရပ်ထောက်လှမ်းရေးအဖွဲ့တွေမှာ နာမည်ကြီးတဲ့ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မောဆာ့ဒ်(Mossad)လိုပဲ အာရပ်ကမ္ဘာမှာ အီရတ်က ရှီးဟိုက်(Shiites) တွေကို စုဆောင်းထားတဲ့ တစ်ခြားထောက်လှမ်းရေးလုပ်ငန်းတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

အစ္စရေးသမ္မတ ရှီမွန်ပီရက်စ်က အီရန်ပြည်သူပြည်သားတွေကို ရည်ရွယ်ပြီးပြောပါတယ်။ “ကျွန်တော်တို့ဟာ ရန်သူတွေအဖြစ်မွေးဖွားလာကြတာမဟုတ်ပါဘူး၊ ရန်သူတွေလို ရှင်သန်ကြဖို့ မလိုပါဘူး၊ သင်တို့ရဲ့အမွေအနှစ်ကိုအရိပ်မည်းစွန်းထင်းစေမယ့် စစ်မြှူနေတဲ့အလံတွေ ခွင့်မပြုပါနဲ့။ သင်တို့ဟာ ဆန့်ကျင်တိုက်ခိုက်မှုနဲ့ စစ်ပွဲတွေမလိုချင်ပါဘူး၊ မိတ်ဆွေဖွဲ့ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြင်းပြပါတယ်”တဲ့။
အီရန်က လက်တုံ့ပြန်မှာလား
အခုထက်ထိ အီရန်က အဲဒီတိုက်ခိုက်လုပ်ကြံမှုတွေကို တုံ့ပြန်တာမရှိသေးပါဘူး။ လက်တုံ့ပြန်တာထက် ကျယ်ကျယ်လောင်လောင်စွပ်စွဲအပြစ်တင်နေတယ်။ ပြီးတော့ သူ့ရဲ့ နျူကလီးယားအစီအစဉ်ကို ဆက်ပြီးလုပ်ဆောင်သွားမယ်ဆိုတာကိုသာ အခိုင်အမာအဓိဌာန်ပြုနေပါတယ်။ အခုနောက်ဆုံးလုပ်ကြံသတ်ဖြတ်မှုကတော့ အီရန်ရဲ့ အားကောင်းတဲ့ထောက်လှမ်းရေးအဖွဲ့ အက်ထ်လာ့ထ်(Etilaat) နဲ့ တော်လှန်ရေးတပ်သားများရဲ့ Quds Force တို့ရဲ့ ပြည်ပအဖွဲ့ခွဲတွေအစွမ်းကို ဆွပေးသလိုဖြစ်နေပါပြီ။ အီရန်ကသာ ယူအက်စ်ကို ဆန့်ကျင်လက်တုံ့ပြန်ချင်တယ်ဆိုရင် အီရတ်နဲ့အာဖဂန်နစ္စတန်မှာ သူတို့ရဲ့ထောက်လှမ်းရေးတပ်သားတွေ လုံလုံလောက်လောက်ရှိနေတယ်။ အဲဒီမှာရှိနေတဲ့အမေရိကန်တပ်သားတွေကို လုပ်ကြံသတ်ဖြတ်ပြီးလက်စားချေနိုင်ပါတယ်။ အစ္စရေးရဲ့ အီရန်နျူကလီးယားပညာရှင်တွေတိုက်ခိုက်လိုမှုကိုလည်း ပိုပြီးအခက်တွေ့လာနိုင်ပါတယ်။ အီရန်က အစောင့်အကြပ် ပိုပြီးဂရုစိုက်မယ်လို့ပြောလာတယ်။ အစ္စရေးကလည်း အီရန်ရဲ့ ဘယ်လိုတုံ့ပြန်မှုမျိုးကိုပဲဖြစ်ဖြစ် ၀မ်းသာအားရဖြစ်နေပါတယ်။ ၂၀၀၂ကနေ ၂၀၀၆ခုနှစ်အထိ အီရန်မှာအမှုထမ်းခဲ့တဲ့ ဗြိတိန်သံအမတ်၊ ယူကေရဲ့ think tank အဖွဲ့ဝင် ရစ်ချတ်ဒဲလ်တန်ကပြောပါတယ်။ “အီရန်နျူကလီးယားပညာရှင်တွေကိုဆန့်ကျင်နေတဲ့ အဲဒီမရှင်းလင်းသေးတဲ့တိုက်ခိုက်မှုတွေဟာ အန္တရာယ်ကြီးတဲ့အဆင့် ရောက်နေပါပြီ။ နောက်တစ်ဆင့်က အီရန်က အလားတူလက်တုံ့ပြန်တော့မလား ဖြေရတော့မယ်။ လုပ်ကြံမှုနောက်ကွယ်မှာ နိုင်ငံတစ်ခုကရှိနေရင် အဲဒါကအပြည်ပြည်ဆိုင်ရာအကြမ်းဖက်ဝါဒပါပဲ။ လက်တုံ့ပြန်မှုကို ဖိတ်ခေါ်နေတာပဲ။ ပိုပြီးရှုပ်ထွေးဖို့ပဲရှိနိုင်တယ်။ အဲဒါဆို လက်စားချေခြင်း- tit for tat ကိုပဲ ဦးတည်တော့မယ်” တဲ့။

ဘယ်လိုပဲ မှန်းဆအကြံပြုမှုတွေရှိနေပါစေ၊ နျူကလီးယားပညာရှင်တွေလုပ်ကြံမှုဟာ အဖြေမထွက်သေးတဲ့ ပုစ္စာတစ်ပုဒ်ဖြစ်နေဆဲပါပဲ။ လုပ်ကြံမှုတွေရဲ့ဇစ်မြစ်ဖြစ်နေတဲ့ အီရန်ရဲ့နျူကလီးယားအန္တရာယ်ဟာဘယ်လောက်ကြီးမားနေခဲ့သလဲ။ အမေးအဖြေတစ်ခုမှာ စူးစမ်းကြည့်ရအောင်ပါ။
အပြည်ပြည်ဆိုင်ရာအနုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency - IAEA) က အီရန်ရဲ့နျူကလီးယားအစီအစဉ် နောက်ဆုံးအစီရင်ခံစာကိုထုတ်ပြန်ခဲ့တယ်။ အထေက်အထားအသစ်တွေမှာ အီရန်ဟာ နျူကလီးယားလက်နက်ရရှိဖို့ လှို့ဝှက်လုပ်နေတယ်ဆိုတဲ့ အကြံပြုချက်ကိုရရှိပါတယ်တဲ့။ အီရန်ကတော့ လုပ်ကြံဇာတ်လမ်းတွေလို့ပဲ အခိုင်အမာပြောနေပါတယ်။

IAEA အစီရင်ခံစာက ဘာတွေပြောခဲ့လဲ။
အီရန်ရဲ့ နျူကလီးယားအထောက်အပံ့ပစ္စည်းတွေကို IAEA က စောင့်ကြည့်နေပါတယ်။ IAEA က ပုံမှန်အစီရင်ခံစာတွေထုတ်ပြန်တယ်။ အီရန်နျူကလီးယားအစီအစဉ်အစီရင်ခံစာတွေထုတ်ပြန်ခဲ့တာကြာပါပြီ။ ဒါပေမဲ့ ခုနောက်ဆုံးအစီရင်ခံစာက အရင်ထက်ပိုပြီးအသေးစိတ်ကျယ်ပြန့်ပါတယ်။ နိုင်ငံပေါင်း၁၀နိုင်ငံကရရှိတဲ့ သက်သေခံအချက်အလက်တွေကိုရေးဆွဲကြည့်တဲ့အခါ IAEA ပြောတာက အီရန်မှာ နျူကလီးယားဖေါက်ခွဲလက်နက်ချဲ့ထွင်ဖို့ လှုပ်ရှားမှုတွေရှိနေတယ်။ အဲဒီလုပ်ငန်းစဉ်ကို အီရန်ကထိန်းချုပ်နေလား၊ ဒါမှမဟုတ် ဗုံးတစ်လုံးပြုလုပ်ဖို့ အီရန်အချိန်ဘယ်လောက်ယူမလဲဆိုတာကိုတော့မပြောထားပါဘူး။ အစီရင်ခံစာမှာ အီရန်က ဖေါက်ခွဲမှုကို စမ်းသပ်ခဲ့တာဟုတ်တယ်လို့ဆိုတယ်။ နျူကလီးယားလက်နက်စမ်းသပ်ဖေါက်ခွဲမှုတွေနဲ့ လက်နက်ထုတ်လုပ်တဲ့လုပ်ငန်းစဉ်တွေမှာ ကိရိယာတစ်ချို့ပြင်ဆင်ဖို့ရှိပြီး ဒုံးကျည်ထိပ်ဖူးမှာတပ်ဆင်ဖို့ ခက်ခဲနေတာရှိတယ်။ ပထမတစ်ကြိမ်ထွက်ပေါ်လာတဲ့ စွပ်စွဲမှုတွေမှာ အီရန်က နျူကလီးယားလက်နက်အပြင်အဆင်ရှိတဲ့ကွန်ပျူတာပုံစံငယ်ကို အသုံးပြုခဲ့တယ်လို့ဆိုတယ်။ ၂၀၀၃အထိ တည်ဆောက်မှုလုပ်ငန်းကာလတွေဖြစ်ပြီး။ နောက်ပိုင်းကာလတွေမှာ အသေးစိတ်အချက်အလက်တွေမရခဲ့ပါဘူး။ ဒါပေမယ့် တစ်ချို့ဆက်ပြီးလုပ်နေခဲ့တယ်။ သြဂုတ်လက လက်နက်စစ်ဆေးရေးအဖွဲ့တွေရဲ့ ခရီးစဉ်အတွင်းမှာ  တီဟီရန်က အင်မတန်ပွင့်လင်းမြင်သာ တဲ့ ဆက်ဆံရေးပုံစံမျိုးပြသခဲ့ပေမယ့် စစ်ဆေးသူတွေနဲ့ အပြည့်အ၀လက်တွဲတာမရှိခဲ့ပါဘူး လို့ IAEA က ညည်းညူခဲ့ပါတယ်။
ယူအန်လုံခြုံရေးကောင်စီက အီရန်ကို နျူကလီးယားသန့်စင်နေမှုရပ်တန့်ဖို့ အမိန့်ပေးခဲ့တယ်။ ဘာကြောင့်များလဲ။
ဘာကြောင့်လဲဆိုတော့ နျူကလီးယားစွမ်းအင်အတွက်လိုအပ်တဲ့အဆင့်လောက်ပဲ ယူရေနီယံသန့်စင်အသုံးပြုနိုင်ပါတယ်။ အဆင့်မြင့်သွားခဲ့ရင် နျူကလီးယားပေါက်ကွဲရေးလက်နက်အတွက်အသုံးပြုနိုင်တယ်။ အီရန်ဟာ ယူရေနီယံပြည့်ဝသန့်စင်နေတဲ့အစီအစဉ်တွေကို ၁၈နှစ်စာ ဖုံးကွယ်ထားပါတယ်။ အဲဒါကြောင့် လုံခြုံရေးကောင်စီကပြောတာက ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တဲ့ အီရန်ရဲ့လုပ်ငန်းစဉ်သာအမှန်ဖြစ်ခဲ့ရင် အခုအချိန်မှာတည်ထောင်ပြီးဖြစ်နေပါပြီ။ ပြည့်ဝသန့်စင်နေမှုနဲ့ တစ်ခြားနျူကလီးယားလှုပ်ရှားမှုတွေ ရပ်တန့်သင့်ပါပြီတဲ့။ တစ်ခြားအပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေက ခွင့်ပြုပေးထားခဲ့ရင်တောင် အပြည်ပြည်ဆိုင်ရာဥပဒေအရ လုံခြံရေးကောင်စီဟာ ပယ်ဖျက်တားဆီးနိုင်တယ်။ ကောင်စီက ယူအန်စာချုပ် အပိုဒ် ၄၁ အရ စီးပွားရေးပိတ်ဆို့မှုပြုလုပ်ဖို့ အမိန့်ပေးနိုင်ပါတယ်။ လုံခြုံရေးကောင်စီက အီရန်ကို သဘောတူလက်မှတ်ရေထိုးဖို့၊ နျူကလီးယားလုပ်ငန်းတွေကို စစ်ဆေးကြည့်ရှုမှုတွေကျယ်ကျယ်ပြန့်ပြန့်ခွင့်ပြုဖို့ တိုက်တွန်းထားပါတယ်။

လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို ငြင်းဆန်နေမှုဟာ တရားမျှတတယ်လို့ အီရန်ကဘယ်လိုသက်သေပြနိုင်မှာလဲ။
နျူကလီးယားမပြန့်ပွားရေးစာချုပ် (Non - Proliferation Treaty - NPT) အရ၊ စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံဟာ ပြည်တွင်းနျူကလီးယားစွမ်းအင်အတွက် ယူရေနီယံကို သန့်စင်အသုံးပြုနိုင်တဲ့အခွင့်အရေးရှိပါတယ်။ အဲဒီနိုင်ငံဟာ IAEA ရဲ့စောင့်ကြည့်စစ်ဆေးမှုအောက်မှာရှိနေရမယ်။ အတင်းကျပ်ဆုံးစည်းကမ်းတွေကိုပါ လက်ခံခွင့်ပြုရမှာတော့မဟုတ်ပါဘူး။ အဲဒါဆိုရင်တော့ စာချုပ်ပါနိုင်ငံတွေက သဘောတူကြတော့မှာ မဟုတ်ဘူး။ ၁၉၆၈ စာချုပ်စတင်လက်မှတ်ရေးထိုးကြတဲ့အချိန်တုန်းက နျူကလီးယားလက်နက်ရှိတဲ့နိုင်ငံတွေကို နျူကလီးယားလက်နက်အတွက် ယူရေနီယံ အဆင့်မြင့်သန့်စင်ခွင့်ပြုခဲ့ပါတယ်။ အီရန်ကပြောပါတယ်။ စာချုပ်ကခွင့်ပြုတဲ့အတိုင်း ရိုးရိုးရှင်းရှင်းလုပ်ဆောင်နေတယ်၊ ယူရေနီယံသန့်စင်တာဟာ စွမ်းအင်စက်ရုံအတွက်နဲ့ တစ်ခြားငြိမ်းချမ်းရေးလုပ်ငန်းတွေအတွက်ပဲ ရည်ရွယ်တယ်လို့ဆိုတယ်။ သူပြောချင်တာက ယူအန်ဆုံးဖြတ်ချက်တွေဟာ နိုင်ငံရေးအရ မူတည်ပြောင်းလဲမှုတွေရှိတယ်ဆိုတဲ့သဘောပဲ။ သမ္မတ မာမွတ်အာမက်ဒီနီဂျက် က အီရန်နိုင်ငံဟာ ဗိုလ်ကျမှု၊ ကျူးကျော်နှောင့်ယှက်မှုနဲ့ အီရန်ရဲ့အခွင့်အရေးကို စော်ကားဖောက်ဖျက်မှုတွေကို အညံ့ခံမှာမဟုတ်ဘူး လို့ ပြောပါတယ်။

နျူကလီးယားလက်နက်ဖွံဖြိုးတိုးတက်မှုအကြောင်းရော အီရန်က ဘာပြောလဲ။
ပြောတာက နျူကလီးယားဗုံးမလုပ်ဘူးတဲ့။ ယူအက်စ်ကထုတ်ပြလာတဲ့ IAEA အစီရင်ခံစာပါ မှတ်ချက်တွေကိုကြည့်ရသလောက်တော့  သမ္မတအာမက်ဒီနီဂျက်ကကြေညာချက်ထုတ်ခဲ့တယ်။ “ကျွန်တော်တို့ အနုမြူဗုံးမလိုအပ်ပါဘူး၊ အီရန်နိုင်ငံက ဥာဏ်ကြီးပါတယ်။  ခင်ဗျားမှာ ဒုံးကျည်ထိပ်ဖူး နှစ်သောင်းလောက်ရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ အနုမြူဗုံးနှစ်လုံးလောက်တည်ဆောက်မနေပါဘူး”တဲ့။ နျူကလီးယားလက်နက်တွေဟာ “လူသားတစ်ရပ်လုံးကိုလောင်ကျွမ်းစေမယ့် မီးပါ” လို့ သူက ၂၀၁၀ တုန်းက ယူအန်ကိုပြောပါတယ်။

အီရန်က နျူကလီးယားဗုံး ဘယ်လောက်မြန်မြန်လုပ်နိုင်လဲ။
အဲဒါက နျူကလီးယားလက်နက်ပြုလုပ်ဖို့ဆုံးဖြတ်ချက်ချတဲ့အချိန်ကို မူတည်ပါတယ်။ အီရန်ကတော့ မလုပ်ဘူးလို့ ပြောနေဆဲပဲ။ ဒါပေမဲ့ ကျွမ်းကျင်သူတွေယုံကြည်တာက နည်းပညာပိုင်းအရ ဗုံးတစ်လုံးအတွက် အဆင်မြင့်ယူရေနီယံသန့်စင်ထုတ်လုပ်မှုဟာ လအနည်းငယ်အတွင်းလုံလောက်တယ်တဲ့။ ၂၀၁၀ ဧပြီမှာ ယူအက်စ်ဗိုလ်ချုပ်ကြီးတစ်ဦးက အီရန်ဟာ နှစ်တွေအများကြီးလက်နက်ထုတ်ဖို့ လုပ်နေခဲ့တယ်လို့ပြောပါတယ်။ ၂၀၁၀ ဇွန်လမှာ စီအိုင်အေအကြီးအကဲ လီယွန်ပါနက်တာက ၂နှစ်လောက်အချိန်ယူနိုင်တယ်လို့ ပြောခဲ့တယ်။ အငြိမ်းစားအစ္စရေးထောက်လှမ်းရေးမှူး မီယာဒေဂန်ကတော့ ၂၀၁၅အထိအချိန်ယူနိုင်တယ်လို့ဆိုတယ်။ စီးပွားရေးပိတ်ဆို့မှုတွေဟာ အီရန်ရဲ့ နျူကလီးယားလုပ်ငန်းတွေကို အရှိန်နှေးကွေးစေတယ်လို့ ဟီလာရီကလင်တန်က ၂၀၁၁ ဇန်န၀ါရီမှာ ပြောခဲ့ပါတယ်။ အီရန်မှာ နည်းပညာပိုင်းအခက်အခဲတွေရှိခဲ့တယ်။ ကွန်ပျူတာဗိုင်းရပ်စ်က စက်ရဲ့ဒလက်ပိုင်းကို ထိခိုက်စေခဲ့တယ်လို့ သူမကပြောပါတယ်။ ဒါပေမဲ့ ဇူလိုင် ၂၀၁၁မှာ စက်အသစ်ကို တပ်ဆင်လိုက်ပြီး ပိုမြန်သွားတဲ့ ဒလက်ပိုင်းဟာ ယူရေနီယံသန့်စင်မှု ပိုပြီးတိုးတက်စေမယ်လို့ အီရန်ကဆိုတယ်။ အောင်မြင်ခဲ့ရင် လိုအပ်တဲ့ပမာဏကို အချိန်တိုအတွင်းထုတ်နိုင်ပြီး ပြည်သူပြည်သားတွေရော စစ်တပ်လုပ်ငန်းအတွက်ပါရရှိနိုင်ပါမယ်။ သီအိုရီအရတော့ အီရန်က သုံးလအတွင်း NPT ကနေ ထွက်နိုင်တယ်၊ ပြီးရင် သူလုပ်ချင်တဲ့ပမာဏကို လွတ်လွတ်လပ်လပ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ထွက်လိုက်ခြင်းအားဖြင့် မသင်္ကာဖွယ်ရာပိုပြီးဖြစ်လာနိုင်ပြီး ကျူးကျော်တိုက်ခိုက်ဖို့ ကိုယ့်ဘာသာလမ်းစဖွင့်ပေးလိုက်သလိုဖြစ်သွားနိုင်တယ်။ NPT နိုင်ငံအဖြစ်ဆက်ရှိနေပြီး နျူကလီးယားလက်နက်အဆင့်မြှင့်သန့်စင်မယ်။ လမ်းကြောင်းပြောင်းပြီး နျူကလီးယားဗုံးအတွက် လှို့ဝှက်လုပ်ဆောင်မယ်ဆိုရင်လည်း တူညီတဲ့အန္တရာယ်ကျရောက်နိုင်တာပါပဲ။

ယူအန်က အီရန်ကို ဘယ်လို စီးပွားရေပိတ်ဆို့မှုတွေသတ်မှတ်ခဲ့လဲ။
လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အတိုင်း ယူအန်က ပိတ်ဆို့မှု ၁၇၃၇၊ ၁၇၄၇၊ ၁၈၀၃နဲ့ ၁၉၂၉ ပြဋ္ဌာန်းချက်၎ခု သတ်မှတ်ခဲ့ပါတယ်။ အဲဒီပိတ်ဆို့မှုတွေက နျူကလီးယားလှုပ်ရှားမှုတွေကိုထောက်ပံ့ရန် အီရန်အတွက်လိုအပ်တဲ့ ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ ဘဏ္ဍာရေးအထောက်အပံ့တွေရရှိဖို့ ပိုပြီးခက်ခဲစေပါတယ်။ နျူကလီးယားလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ နည်းပညာနဲ့ကုန်ကြမ်း၊ heavy-water(D2O)လုပ်ငန်း၊ ဒုံးကျည်ပစ်ခတ်တဲ့နည်းပညာသင်ကြားမှုနဲ့ နိုင်ငံခြားတိုင်းပြည်တွေကနေ အီရန်ဘဏ်တွေနဲ့ ငွေကြေးဆက်သွယ်မှု၊ အီရန်ဘဏ်အချင်းချင်းငွေကြေးဆယ်သွယ်မှု၊ လက်နက်ပစ္စည်းရောင်းဝယ်မှုတွေ တားမြစ်ခဲ့တယ်။ (ရုရှားက လေယာဉ်ပစ်ဒုံးကျည်စနစ်ကိုရောင်းချဖို့ ပယ်ဖျက်ခဲ့ပါတယ်)လေကြောင်း၊ ရေကြောင်းကုန်သွယ်ဖို့ကိုတော့ စစ်ဆေးပြီးခွင့်ပြုပါတယ်။ ဒါပေမယ့် အီရန်ဝင်ငွေရဲ့ အဓိကအရင်းအမြစ်ဖြစ်တဲ့ ဓာတ်ငွေ့နဲ့ လောင်စာဆီကုန်သွယ်မှုကိုတော့ သူတို့မရပ်တန့်ခဲ့ပါဘူး။

ယူအက်စ်နဲ့ အီးယူရဲ့ ထပ်တိုး ပိတ်ဆို့မှုတွေကဘာတွေလဲ။
၁၉၇၉ အမေရိကန်ဓါးစားခံဖမ်းဆီးခဲ့တဲ့ကိစ္စဖြစ်ခဲ့ပြီး ကုန်သွယ်ရေးတွေမှာတားမြစ်မှုတွေလုပ်ခဲ့တယ်။ ၁၉၉၅ မှာပိုပြီး တင်းကျပ်ခဲ့ပါတယ်။ ၂၀၁၀မှာတော့ အီရန်ဘဏ္ဍာရေး၊ ရေကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ကိုပစ်မှတ်ထားတဲ့ပိတ်ဆို့မှုတွေထပ်တိုးခဲ့တယ်။ ယူအက်စ်လွှတ်တော်ကလည်း အီရန်စွမ်းအင်လုပ်ငန်းတွေနဲ့အလုပ်လုပ်တဲ့ကုမ္ပဏီတွေကို ယူအက်စ်မှာရင်းနှီးမြှုပ်နှံခွင့်ပိတ်ပင်တဲ့ဥပဒေပြဌာန်းထားပါတယ်။ ၂၀၁၀ဇူလိုင်မှာ အီးယူကလည်း အီရန်လောင်စာဆီနဲ့ ဓာတ်ငွေ့လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတားမြစ်ချက်ကို အတည်ပြုလိုက်တယ်။

အီရန်ကို တိုက်ခိုက်နိုင်တဲ့အခြေအနေတွေကရော။
IAEA ရဲ့နောက်ဆုံးအစီရင်ခံစာထွက်ပေါ်လာခဲ့ပြီးတော့ ယူအက်စ်အစိုးရပိုင်းက သတင်းဌာနတွေကိုပြောပါတယ်။ အားလုံးကစားပွဲပေါ်မှာပဲရှိနေပါသေးတယ်တဲ့။ ဒါပေမဲ့ တားမြစ်ပိတ်ဆို့မှုတွေနဲ့ ပိုပြီးဖိအားပေးရမယ့်နေရာလွတ်တွေအများကြီးပဲ လို့ဆိုတယ်။ အမေရိကန်အစိုးရပိုင်းကတော့ အီရန်ကိုတိုက်ခိုက်လိုက်ရင် အီရန်နိုင်ငံတွင်း မတည်မငြိမ်ဖြစ်လာနိုင်တဲ့ရလာဒ်မျိုးအတွက် စိုးရိမ်ပါတယ်။ အီရန်ရဲ့နျူကလီးယားကျွမ်းကျင်မှုဟာ ဆက်ပြီးတိုးတက်နေဦးမယ်ဆိုရင်တောင် အနုမြူဗုံးတည်ဆောက်ဖို့မကြိုးစားတာကို သူတို့မျှော်လင့်ကြတယ်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက လက်ရှိဖြစ်ပေါ်နေတဲ့ အီရန်ရဲ့ခြိမ်းခြောက်မှုတွေကို အမြဲမပြတ်အရေးစိုက်နေခဲ့တော့ လက်ရှိတိုက်ခိုက်နိုင်ခြေရှိတာ အစ္စရေးပဲကျန်နေပါတယ်။ ၀ီကီလိခ်ရဲ့ ထုတ်ဖော်မှုမှာ အီရန်ကိုဝင်တိုက်ဖို့ အာရပ်ပင်လယ်ကွေ့နိုင်ငံတွေက ယူအက်စ်ကို တိုက်တွန်းနေတယ်လို့ ဖော်ပြထားပါတယ်။
Bushehr Nuclear Power Plant model 2010
ဘာရှာက နျူကလီးယားစက်ရုံကို ဘယ်လိုတပ်ဆင်ထားလဲ။
အဲဒီဓာတ်ပေါင်းဖိုက ၁၉၇၀ ရှား(ဘုရင်)အုပ်ချုပ်ရေးအောက်မှာ စတင်ခဲ့ပြီး ၁၉၇၅မှာဂျာမန်ကုမ္ပဏီကတည်ဆောက်ခဲ့တယ်။ လက်ရှိရုရှားကတည်ဆောက်ပြီးစီးခဲ့ပါတယ်။ ရုရှားက လောင်စာကြမ်းထောက်ပံ့ပေးပြီး အသုံးပြုပြီးလောင်စာတွေကိုပြန်ယူပါလိမ့်မယ်။ ပလူတိုနီယံအခြေပြုနျူကလီးယားဗုံးတစ်လုံးပြုလုပ်ရာမှာအသုံးပြုနိုင်ပါတယ်။ ဘာရှာဟာ ယူရေနီယံသန့်စင်မှုနဲ့ နည်းပညာအရကွဲပြားပါတယ်။ ဒါပေမဲ့ ယူအက်စ်က ပြောပါတယ်။ ရုရှားက လောင်စာစီစဉ်ပေးနေတော့ အီရန်က သူ့ရဲ့ကိုယ်ပိုင်လောင်စာသန့်စင်လုပ်ငန်းတွေမလိုအပ်ပါဘူးတဲ့။ အီရန်ကတော့ ဓာတ်ပေါင်းဖိုက ပြည်တွင်းနျူကလီးယားစွမ်းအင်အစီအစဉ်အတွက်ဖြစ်တယ်။ ရေရှည်အထောက်အပံ့ပေးဖို့အတွက် ယူရေနီယံသန့်စင်ခြင်းလုပ်ငန်းဆက်လုပ်ဖို့လိုအပ်ပါတယ်လို့ ဆိုတယ်။

တီဟီရန်သုတေသနဓာတ်ပေါင်းဖိုအတွက် လောင်စာကရော။
ပြီးခဲ့တဲ့နှစ်တွေတုန်းက အမေရိကန်ကတပ်ဆင်ပေးထားတဲ့ သုတေသနဓာတ်ပေါင်းဖို ရှိတယ်။ ဆေးသုတေသနအတွက် မျိုးကွဲဒြပ်စင်(isotope)တွေ ထုတ်လုပ်တယ်။ အဲဒါက လောင်စာနည်းနည်းလေးပဲ လိုအပ်ပါတယ်။ ပြင်ပနိုင်ငံတွေကပဲထောက်ပံ့ပါတယ်။ ယူအက်စ်၊ ရုရှား နဲ့ ပြင်သစ်တို့က အီရန်ရဲ့ ပြည့်ဝအဆင့်နိမ့်(၃.၅ရာခိုင်နှုန်း) ယူရေနီယံတွေကို အီရန်အပြင်ရောက်အောင်သယ်ဆောင်ဖို့နဲ့  ပြည့်ဝအဆင့်မြင်(၂၀ရာခိုင်နှုန်း) လောင်စာချောင်းတွေ ပြန်ပို့ပေးဖို့ အဆိုပြုခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည့်ဝအဆင့်နိမ့်ယူရေနီယမ်ကို အီရန်အပြင်ဘက်ရောက်သွားစေပြီး နျူကလီးယားလက်နက်အတွက်အသုံးပြုနိုင်တာကို ကာကွယ်ဖို့ပါ။ ၂၀၁၀ မေ၁၇ မှာ တူရကီ၊ ဘရာဇီးနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး တီဟီရန်က ကြေညာချက်ထုတ်ပြန်ပါတယ်။ အီရန်က ပြည့်ဝအဆင့်နိမ်ယူရေနီယံတွေကို တူရကီကို ရောင်းချဖို့သဘောတူလိုက်ပါတယ်။ ဒါပေမယ့် ၂၀ရာခိုင်နှုန်းပြည့်ဝအဆင့်ထိရောက်အောင်လည်း ဆက်ပြီးတော့လုပ်သွားမယ်လို့ပြောလိုက်တယ်။ အနောက်အစိုးရတွေက အဲဒီကုန်သွယ်မှုကို ငြင်းဆန်လိုက်ပြီး နျူကလီးယားသန့်စင်ကိစ္စကြီးကို မဖြေရှင်းနိုင်ပါဘူးလို့ဆိုတယ်။
Satellite photo of what is believed to be a uranium-enrichment facility near Qom, Iran.
Photograph: Digital Globe/Reuters
အီရန်ရဲ့ကွမ်(Qom)မှာရှိတဲ့ လှို့ဝှက်နျူကလီးယားသန့်စင်စက်ရုံအကြောင်းကဘယ်လိုလဲ။
ကွမ်အနီးက မြေအောက်မှာ အရင်ကတိတ်တဆိတ်တည်ဆောက်နေခဲ့တဲ့ သန့်စင်စက်ရုံအကြောင်းကို ၂၀၀၉မှာ အီရန်က ထုတ်ဖော်ပြောခဲ့တယ်။ IAEA က ဒီ့ထက်ပိုပြီးစောစောစီးစီးကြေညာသင့်တယ်လို့ဆိုပြီး ဆောက်လုပ်ရေးကိုလည်း ရပ်တန့်ဖို့တောင်းဆိုလိုက်ပါတယ်။ အီရန်က စည်းကမ်းဖောက်တာမရှိဘူးလို့ပြောပါတယ်။ IAEA နဲ့ တစ်ခြားနိုင်ငံတွေတာဝန်ကြီးနေတဲ့ အငြင်းပွားစရာကိစ္စက စက်ရုံကို လေကြောင်းကတိုက်ခိုက်ခြင်းမပြုလုပ်နိုင်အောင် တောင်တစ်လုံးထဲမှာ ဆောက်လုပ်ထားတာကြောင့်ပါ။ အဲဒီနျူကလီးယားစက်ရုံမှာ စက်ဒလက် ၃၀၀၀အတွက် အခန်းတွေရှိနိုင်တာကို IAEA ကစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စက်တင်ဘာလက ထွက်ပေါ်ခဲ့တဲ့ IAEA လှို့ဝှက်အစီရင်ခံစာမှာ ကွမ်မြို့အနီးမှာ မြေအောက်လိုဏ်ခေါင်းတည်ဆောက်ပြီး ယူရေနီယံသန့်စင်စက်ရုံအတွက်ပြင်ဆင်နေကြောင်းပါခဲ့တယ်။

NPT အရ နျူကလီးယားစွမ်းအင်ဆိုင်ရာစာချုပ်မှာ သူတို့ရဲ့လက်နက်တွေဖျက်ဆီးရမယ်ဆိုတာမပါဘူးလား။
စာပိုဒ် ၆မှာ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုပြိုင်ဆိုင်နေတာကို ရပ်ဆိုင်းဖို့၊ လက်နက်လျှော့ပေါ့ဖို့ စောစောစီးစီးကာလတွေမှာပဲ ဆွေးနွေးညှိနိုင်းမှုတွေလုပ်ရမယ် ဆိုတာ ရေးထားပါတယ်။ ဒုံးကျည်ထိပ်ဖူးပိုင်ဆိုင်မှုလျှော့ချပြီး နျူကလီးယားစွမ်းအင်ထုတ်လုပ်မှုဘက်ကို လုပ်ဆောင်နေကြတယ်လို့ဆိုပေမယ့် တကယ်တမ်းတော့ နျူကလီးယားလက်နက်လျှော့ပေါ့ရေးကို ဦးမတည်ကြဘူးလို့လည်း ဝေဖန်နေကြတယ်။ ဝေဖန်မှုတွေမှာ ယူအက်စ်နဲ့ ယူကေက စာချုပ်ကိုဖောက်ဖျက်ပြီး နျူကလီးယားနည်းပညာလွှဲပြောင်းနေကြတာနဲ့ပတ်သတ်ပြီး ငြင်းခုံနေကြပါတယ်။ ယူအက်စ်နဲ့ ယူကေက NPT စည်းကမ်းတွေနဲ့အကျုံးမ၀င်ပါဘူးလို့ ဖြေရှင်းကြတယ်။

အစ္စရေးမှာ နျူကလီးယားဗုံးရှိလား။
အစ္စရေးမှာ၊ ရှိပါတယ်။ ဒါပေမယ့် အစ္စရေးက NPT အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် အစီရင်ခံဖို့ တာဝန်မရှိပါဘူး။ အိန္ဒိယ နဲ့ ပါကစ္စတန်ကလည်း NPT မှာ တစ်ခါမှ လက်မှတ်မထိုးခဲ့ကြဘူး။ သူတို့ နျူကလီးယားလက်နက်တွေပိုင်ဆိုင်ပါတယ်။ မြောက်ကိုရီးယားက သဘောတူစာချုပ်ကနေထွက်ခဲ့တယ်။ နျူကလီးယားလက်နက်သိုမှီးဖို့လိုအပ်တယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၀၉ စက်တင်ဘာ ၁၈ မှာ IAEA က အစ္စရေးကို NPT ကို ပူးပေါင်းဖို့၊ နျူကလီးယားပစ္စည်းတွေစုံစမ်းစစ်ဆေးခွင့်ပြုဖို့ တိုက်တွန်းခဲ့တယ်။ IAEA ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေမှာ NPT ကို သဘောတူလိုက်လျောပြီး နျူကလီးယားပစ္စည်းတွေအားလုံးကို IAEA ရဲ့စောင့်ရှောက်မှုအောက်မှာ ထားရှိရမယ်လို့ဆိုတယ်။ အစ္စရေးက NPT ကို ပူးပေါင်းဖို့ငြင်းဆန်ခဲ့တယ်။ စုံစမ်းစစ်ဆေးမှုတွေကိုလည်း လက်မခံခဲ့ပါဘူး။ ဒုံးကျည်ထိပ်ဖူး ၄၀၀ အထိရှိနိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေကို အတည်မပြုသလို၊ ငြင်းလည်းမငြင်းဆန်ခဲ့ပြန်ဘူး။

Source : Iran’s nuclear issue
              Who's killing Iranian nuclear scientists?
              Iran and the undeclared campaign by Frank Gardner

4 comments:

  1. ခရစ္စတလ်March 4, 2012 at 5:02 PM

    စိတ်ဝင်စားစရာတွေပဲ
    အားရပါးရဖတ်သွားပါတယ် :)

    ReplyDelete
  2. တော်တော်စိတ်ဝင်စားပါတယ်.. သေသေချာချာ ပြင်ဆင်ရေးသားတဲ့အတွက် ကျေးဇူးတင်ပါတယ်..း)

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  3. ဖြိုး
    ဒီလောက်အရှည်ကြီးနဲ့ အချက်အလက်တွေ အများကြီးကို ဘယ်လောက်များ အချိန်ပေးပြီး ရေးလိုက်ပါလိမ့်..
    တကယ်ကို ချီးကျူးမိပါတယ်။
    ကိုယ်မသိတာတွေ အများကြီးကို သိနေလို့၊ ရေးနိုင်လို့လည်း လေးစားရပါတယ်။
    ဒါကြောင့်များ ပျောက်ပျောက်နေတာလား ဟင်..
    သတိရနေတယ်..

    ReplyDelete
  4. အတော့်ကို ကြောက်စရာကောင်းပါတယ်။
    ကျေးဇူးတင်ပါတယ် မမဖြိုး

    ReplyDelete